ဝိဇ္ဇာ မဖြစ်သရွေ့ လိုသေးတယ် (ဓမ္မာနုပဿနာ)
အသံဖိုင်ခေါင်းစဉ်= သစ္စာသိဖို့ အရေးကြီးပုံ
စာအုပ်ခေါင်းစဉ် = ဝိဇ္ဇာ မဖြစ်သရွေ့ လိုသေးတယ် (ဓမ္မာနုပဿနာ)
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌
ဟောကြားတော်မူအပ်သော တရားတော်
ဝိဇ္ဇာ မဖြစ်သရွေ့ လိုသေးတယ်
ဓမ္မာနုပဿနာ
(၂၅-၆-၆၁)
ဒကာ ဒကာမတွေ သစ္စာသိအောင် လုပ်ပါဆိုတဲ့ စကားဟာ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက အရေးအကြီးဆုံး ပြောဆိုတဲ့စကားလို့ မှတ်ထားကြပါ။
သစ္စာသိအောင်လုပ်ပါ
သစ္စာသိအောင် လုပ်ပါဆိုတဲ့ စကားဟာ အရေးအကြီး ဆုံးပြောတဲ့ စကားပါ (မှန်ပါ့)။
ဒါနပြုကြပါဆိုတဲ့ စကားဟာ အရေး အကြီးဆုံးပြောတဲ့ စကား မဟုတ်ဘူး။ သီလ ဆောက်တည်ပါ ဆိုတဲ့ စကားဟာလည်း ဒီလောက် အရေးမကြီးလှဘူး။ သစ္စာသိအောင် လုပ်ပါဆိုတဲ့ စကားသာ အရေး အကြီးဆုံး စကားလို့ ဘုရား ကိုယ်တော်မြတ် ကြီးပြောတဲ့ အထဲမှာဖြင့် ဒီဟာကို လေးစားစွာနဲ့ မှတ်ရတော့ မယ် (မှန်ပါ့)။
ဦးဘရှင်း ဘာသိဖို့လဲ (သစ္စာသိဖို့ပါ ဘုရား)၊ သစ္စာ သိဖို့နော်၊ ဒကာ ဒကာမတို့ သစ္စာဖြင့် သိအောင် လုပ်ပါလို့ ဆိုတဲ့ ဥစ္စာ အင်မတန် အရေးတကြီး မှာတယ်နော် (မှန်ပါ့)။
အားကိုးအစစ်ကိုရှာကြပါ
သစ္စာဟာတဲ့ ဒိပြင်တရားက သစ္စာလို့ မလာဘူး။ ဒါနသစ္စာလို့ မလာဘူး။ သီလသစ္စာလို့ မလာဘူး။ ကိုဝ လာရဲ့လား (မလာပါ)၊ သမထ သစ္စာလို့လာရဲ့လား (မလာပါ ဘုရား)၊ ဝိပဿနာ ကျတော့ သစ္စာလို့ လာတယ် (မှန်ပါ့)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားကိုး အစစ်ကိုရှာကြပါဆိုတဲ့ ဥစ္စာကိုလည်း ဆရာကောင်း သမားကောင်းမို့ သာသနာတွင်း တရားနဲ့ လမ်းညွှန် ပေးနေတယ် ဆိုတာ မှတ်ပါ(မှန်ပါ့)။
ဆရာသမားလည်း ကောင်းမှနော် (မှန်ပါ့)။ သာသနာတွင်း နားနဲ့လည်း ထောင်မှ၊ ဆရာသမား ကလည်း သာသနာတွင်း တရားဟောပါဦးမှ၊ ဒကာကြီးလှိုင် အရေးကြီးပုံ က (မှန်ပါ့)။
သာသနာပတရားတွေနော်
ဆရာသမားကလည်း ဘာတရားဟောရမလဲ (သာ သနာတွင်းတရား ဟောရပါမယ်)၊ သာသနာတွင်း တရားပဲ ဟောပါဦးမှ ပေးကြဟ၊ ကမ်းကြဟ၊ လှူကြဟ ဆိုတာ သာသနာပ တရားတွေနော် (မှန်ပါ)။
သီလဆောက်တည်ကြဟ ဆိုတာ (သာသနာ ပတရားပါ)၊ အို သာသနာပ တရားတွေ တိရစ္ဆာန်တွေ တောင် စောင့်နေတာ၊ ရှိနေတာ သာသနာပမှာ မောင်နိုင် မရှိဘူးလား (ရှိပါတယ် ဘုရား)။
အဲဒါ ဒီလောက် အရေး မကြီးလှဘူးလို့ ဆိုတာ သေသေ ချာချာ မှတ်တော့ သစ္စာသိအောင် လုပ်ပါလို့ ဆိုတာ အရေး အကြီးဆုံးစကား (မှန်ပါ့)။
ဒါဖြင့် သစ္စာသိအောင် ဘုန်းကြီးများ ကလည်း ပြောပါ မယ်။ ဒကာ ဒကာမတွေကလည်း သစ္စာ ထောင်တတ်တဲ့ နားနဲ့ ထောင်ပေးပါ ဆိုတာ ကိုလည်း ဦးဘရှင်း အထူးပဲ ဘုန်းကြီး များက ရှေ့ထားပြီး တောင်းပန် တယ်နော် (မှန်ပါ့)။
အရေးကြီးတာ ကြီးသလိုပြောနေတယ်
ဒကာကြီးလှိုင် အရေးကြီးတာ ကြီးသလို ပြောနေ တယ်မှတ်ပါ (မှန်ပါ့)။
တရားချီးနေတယ်လို့ ဒီလိုမယူလိုက်ပါနဲ့ သစ္စာ မသိရင် သောတာပန်လည်း မဖြစ်ဘူး။ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဘုရား ပစ္စေက ဗုဒ္ဓါ (ဘယ်သူမှ ထွက်ရပ်လမ်း ပုဂ္ဂိုလ် ဟူသရွေ့) ဖြစ်ကို မဖြစ်ဘူးဆိုတာ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
ကိုပေါ် မှတ်မိပလား (မှတ်မိပါပြီ)၊ သစ္စာ မသိရင် သောတာပန်လဲ (မဖြစ်ပါ ဘုရား)၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဘုရား (မဖြစ်ပါ ဘုရား)၊ ပစ္စေကဗုဒ္ဓါ (မဖြစ်ပါ ဘုရား)၊ မဖြစ်ဘူး၊ ဘယ်သူမှ ဘာမှမဖြစ်တော့ဘူး။
ဒါဖြင့် ဘယ်သူမှ ဘာမှ မဖြစ်လို့ရှိရင်ဖြင့် နိဗ္ဗာန် ဘယ်သူမှ မရဘူးလို့ ဦးဘရှင်း ကန့်ကွက်လိုက်တော့ (မှန်ပါ့) သစ္စာထဲမှာမှ နိဗ္ဗာန် ပါတာကိုး (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်အထဲမှာ နိဗ္ဗာန်ပါသတုံး (သစ္စာထဲမှာ ပါ, ပါတယ်)၊ သစ္စာထဲမှာမှ နိဗ္ဗာန်ပါတာကို သိနေတော့ ဪ ဒါဖြင့် တို့သည် ဒုက္ခ ခပ်သိမ်း ငြိမ်းတာ နိဗ္ဗာန်၊ ကိလေသာ သိမ်းတာ နိဗ္ဗာန် ဆိုတာဟာ သစ္စာထဲမှာပဲ ပါတယ်၊ ဒိပြင် နေရာမှာ မပါဘူး။ အဲဒီတော့ တို့ သစ္စာမသိသရွေ့ ကာလပတ်လုံး နိဗ္ဗာန် မရောက်ဘူးဆိုတဲ့ စကားတစ်လုံးကို ကိုဝ သေသေချာချာ မှတ်လိုက်စမ်းပါ (မှန်ပါ့)။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
သစ္စာမသိတဲ့ပုဂ္ဂိုလ် နိဗ္ဗာန်မရှိ
သစ္စာမသိရင် သူ့သန္တာန်မှာ နိဗ္ဗာန် မရှိဘူးသာ မှတ်လိုက် (မှန်ပါ့)၊ အားထုတ်နေတဲ့ ပုဂ္ဂိုလ်သန္တာန် သူတို့ လုပ်ချင်တာ လုပ်နေတဲ့ သဘောတွေ လုပ်နေပြီး သစ္စာ မသိလို့ရှိရင်ဖြင့် သူ့သန္တာန်မှာဖြင့် နိဗ္ဗာန်မရှိဘူး (မှန်ပါ့) သစ္စာသိရင် နိဗ္ဗာန်ရှိတယ် (မှန်ပါ့)။
သစ္စာမသိရင် (နိဗ္ဗာန်မရှိပါ ဘုရား)၊ နိဗ္ဗာန်မရှိဘူး ဆိုတာ သေသေချာချာ မှတ်ပါ (မှတ်ပါ့မယ် ဘုရား)။
အဲဒီတော့ ဘယ့်နှယ်ကြောင့် ဒီဆရာ ဘုန်းကြီးက ဒီလောက်တောင် အရေးတကြီး ဒကာ ဒကာမတွေ သစ္စာမသိရင် နိဗ္ဗာန်မသိဘူး။ သူတို့ တောင်းသာနေတာ ရမှာလည်း မဟုတ် ပါဘူး။ သူတို့ သန္တာန်မှာ သစ္စာမသိလို့ သူတို့ ဝမ်းထဲမှာလည်း နိဗ္ဗာန်ရှိဖို့ ဝတ္တရား မရှိဘူး (မှန်ပါ့) ဦးဘရှင်း ကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား)။
သစ္စာဟာတဲ့ ဒကာ ဒကာမတို့ “နိဗ္ဗာနန္တိ ခန္ဓပဋိဗဒ္ဓ မေဝ” နိဗ္ဗာနန္တိ – နိဗ္ဗာန်ဟူသည်ကား ခန္ဓပဋိဗဒ္ဓမေဝ – ခန္ဓာနဲ့ စပ်လျက်ရှိသည် သာလျှင်တည်း၊ ခန္ဓာနဲ့ စပ်နေတယ်တဲ့ (မှန်ပါ့)။
နိဗ္ဗာန်သည် ခန္ဓာနှင့် စပ်နေ
ဒကာ ဒကာမတို့ နိဗ္ဗာန်ဟာ ဘာနဲ့ နီးစပ်နေသလဲ (ခန္ဓာနဲ့ စပ်နေပါတယ် ဘုရား)။
ခန္ဓာနဲ့ စပ်နေတယ် ဆိုတာ ခန္ဓာက ဒုက္ခသစ္စာ၊ ခန္ဓာနဲ့ စပ်နေတာက နိရောဓသစ္စာ (မှန်ပါ့)၊ ဆိုတော့ ခန္ဓာ မသိလို့ရှိရင်ဖြင့် ခန္ဓာ ဒုက္ခသစ္စာ မသိလို့ ရှိရင်ဖြင့် သူသည် ခန္ဓာနဲ့ စပ်နေတဲ့ နိဗ္ဗာန်ကို ရောက်နိုင်စရာ၊ တွေ့နိုင်စရာကော (မရှိပါ ဘုရား)။
ဒါကြောင့် အားလုံး အရေးတကြီး ပြောနေတဲ့ တရားလို့ ခင်ဗျားတို့က လေးလေးစားစား မှတ်ပါ (မှန်ပါ့)၊ သာမည ပြောဆိုလို့ရတဲ့ တရားမဟုတ်လို့ အခု သေသေချာချာ တရားကို နားစိုက်အောင်လို့ပဲ ရှင်းရှင်းလင်းလင်း ပြောနေပါတယ်ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ သစ္စာမသိတဲ့ ပုဂ္ဂိုလ် သူတို့မှာ နိဗ္ဗာန်မရှိဘူး (မှန်ပါ့)။။
သစ္စာမသိတဲ့ ပုဂ္ဂိုလ် (သူတို့မှာ နိဗ္ဗာန်မရှိပါ ဘုရား) “နိဗ္ဗာနန္တိ ခန္ဓပဋိဗဒ္ဓမေဝ” နိဗ္ဗာနန္တိ – နိဗ္ဗာန်ဟူသည်ကား ခန္ဓပဋိဗဒ္ဓမေဝ = ခန္ဓာနဲ့ စပ်လျက် ရှိသည် သာလျှင်တည်း၊
ဒီလို ပါဠိတော်တွေက ရှိပြီး သကာလ နေသောကြောင့် “အညေ ခန္ဓာ အညံ နိဗ္ဗာနန္တိ၊ နဟေဝံ ဝတ္တဗ္ဗေ” နိဗ္ဗာန်နဲ့ ခန္ဓာဟာ တခြားစီလို့ မယူနဲ့ကွာဆိုတာ ကထာဝတ္ထု ပါဠိတော် လာတာ လို့ မှတ်လိုက် (မှန်ပါ့)။
အဘိဓမ္မာခုနစ်ကျမ်း
ကထာဝတ္ထု ပါဠိတော်ဆိုတာ ကြားဖူးကြပါလိမ့်မယ် (မှန်ပါ့)၊ မောင်နိုင် အဘိဓမ္မာ ခုနစ်ကျမ်း ထဲမှာ ကထာဝတ္ထု မပါဘူးလား။ (ပါ, ပါတယ် ဘုရား)။
ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာ ဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း ဆိုပြီးတော့ သကာလ ဦးဘရှင်း အဘိဓမ္မာ ခုနစ်ကျမ်း ရှိတဲ့အထဲ ကထာဝတ္ထုမှာလာတယ် (မှန်ပါ့)။
ဒါဖြင့် သစ္စာမသိရင် နိဗ္ဗာန် မရှိဘူး (မှန်ပါ့ ဘုရား)။ သစ္စာမသိတဲ့ ပုဂ္ဂိုလ်(နိဗ္ဗာန် မရှိပါ ဘုရား)၊ သူတို့ သန္တာန်မှာ နိဗ္ဗာန် မရှိဘူး ဆိုတာ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ (မှန်ပါ့)။
ဒါဖြင့် သစ္စာသိမှ နိဗ္ဗာန် ရှိတယ် (မှန်ပါ့)၊ သစ္စာသိမှ (နိဗ္ဗာန် ရှိပါတယ် ဘုရား)၊ နိဗ္ဗာန် ရှိတယ် ဆိုတာ လေးလေး စားစားကလေး မှတ်လိုက်မှ၊ ဪ ဒါဖြင့် နိဗ္ဗာန် ဘယ်သူနဲ့ စပ်နေသတုံး ဆိုတော့ ဘယ့်နှယ် ဖြေကြမလဲ (ခန္ဓာနဲ့ စပ်နေပါတယ် ဘုရား)။
ခန္ဓာတွေ့ပြီးမှ နိဗ္ဗာန်တွေ့မယ်
ခန္ဓာနဲ့ စပ်နေတယ်လို့ ဆိုတော့ ခန္ဓာတွေ့အောင် ရှာပြီး တော့မှ နိဗ္ဗာန်တွေ့မယ် (မှန်ပါ့)။
ကိုဝ ခန္ဓာတွေ့ပြီးတော့မှ (နိဗ္ဗာန်တွေ့ပါတယ် ဘုရား)။
ခန္ဓာက ဒုက္ခသစ္စာကိုး၊ အဲဒီ ဒုက္ခသစ္စာ တွေ့ပြီးတော့မှ နိဗ္ဗာန် နိရောဓသစ္စာ သွားတွေ့မယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒုက္ခသစ္စာမတွေ့ဘဲနဲ့ နိရောဓသစ္စာ နိဗ္ဗာန် တွေ့လိမ့်မယ် လို့ ဘယ်တော့မှ မအောက်မေ့နဲ့ (မှန်ပါ့)၊ ဘာ့ကြောင့်တုံး၊ သူတို့က တစ်စပ်တည်းနေတာ (မှန်ပါ့)။
တစ်စပ်တည်း နေတော့ ဥပမာ မိုးကုတ် ကသည်းနဲ့ ကျပ်ပြင် တစ်စပ်တည်း နေတယ်ဆိုတော့ ကသည်းမှ မတွေ့သေး တဲ့ ပုဂ္ဂိုလ်ဟာ ကျပ်ပြင် တွေ့ချင်လို့တော့ ဒီက မိုးကုတ်သား ကတော့ အတော် ခဲယဉ်းတယ်(မှန်ပါ့)။
ဘာဖြစ်လို့တုံး တစ်စပ်တည်းနေတာ၊ ကသည်း တွေ့ပြီးမှ ကျပ်ပြင်ကို (တွေ့ရပါမယ်)၊ တွေ့ရမယ် ဆိုတော့ ထို့အတူပဲတဲ့။ ခန္ဓာ အရင်တွေ့ပြီးမှ ခန္ဓာ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို ဒုတိယ တွေ့မယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ခန္ဓာတွေ့ပြီးမှ (ခန္ဓာ ချုပ်တဲ့ နိဗ္ဗာန် တွေ့ရပါမယ် ဘုရား)။
ခန္ဓာအရင် တွေ့အောင်ဖမ်းပါ
ဪ ဒါဖြင့် နိဗ္ဗာန် ရှာလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခန္ဓာ အရင်တွေ့အောင်ဖမ်း (မှန်ပါ့)။
နိဗ္ဗာန်ရှာရင် (ခန္ဓာ အရင်တွေ့အောင် ဖမ်းရပါမယ် ဘုရား)။
ခန္ဓာ အရင်တွေ့အောင် ဖမ်းရမယ်ဆိုတဲ့ စကားဖြင့် လေးလေးစားစားပဲ ကိုပေါ်တို့ ကိုဝတို့ မှတ်ရတော့ မှာပဲ (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)။
ကျုပ်တို့ကလည်း အိုဘေး၊ နာဘေး၊ သေဘေး ကြောက် တဲ့ ပုဂ္ဂိုလ်တွေ၊ အပါယ် ဘေးတွေ ကြောက်တဲ့ ပုဂ္ဂိုလ်တွေ၊ ဆင်းရဲ ဟူသရွေ့ လည်း ဒီအထဲ မကြောက်တဲ့ ပုဂ္ဂိုလ်မပါကြဘူး (မှန်ပါ့)။
ဒါဖြင့် ဆင်းရဲ ဇာတ်သိမ်း ချင်လို့ရှိရင်လည်း ခန္ဓာတွေ့မှ နိဗ္ဗာန်တွေ့မယ်၊ နိဗ္ဗာန်တွေ့မှလည်း ဆင်းရဲဇာတ်က သိမ်းမယ် (မှန်ပါ့)။ နို့မဟုတ်လို့ရှိရင် ဆင်းရဲဇာတ် သိမ်းနိုင်ကြပါ့မလား (မသိမ်းနိုင်ပါ ဘုရား)။
မသိမ်းနိုင်ဘူးဆိုတော့ ဪ ဒါဖြင့် ရှေးဦးမှာ ဒုက္ခသစ္စာ တွေ့အောင် ရှာရမှာပဲ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘာတွေ့အောင် ရှာရမလဲ (ဒုက္ခ သစ္စာတွေ့အောင် ရှာရပါမယ် ဘုရား)။
ဒုက္ခသစ္စာတွေ့အောင် ရှာရမယ်
ဒုက္ခသစ္စာ တွေ့အောင် ရှာရမယ်၊ ဒုက္ခသစ္စာက ခန္ဓာ၊ အဲဒီ ဒုက္ခသစ္စာနဲ့ တစ်စပ်တည်း နေတာက နိရောဓသစ္စာ (မှန်ပါ့ ဘုရား)။
ဒုက္ခသစ္စာနဲ့ တစ်စပ်တည်း နေတာက (နိရောဓ သစ္စာပါ ဘုရား)။
ဒါဖြင့် ဒုက္ခသစ္စာတည်း ဟူသော ကသည်းမြို့ မတွေ့ဘဲနဲ့ နိရောဓသစ္စာ တည်းဟူသော ကျပ်ပြင်မြို့ တွေ့ချင်လို့ (မဖြစ်နိုင်ပါ ဘုရား) မိုးကုတ်သားမှာ မဖြစ်နိုင်ဘူး။ သဘောကျ ပလား (ကျပါပြီ ဘုရား)။
ကဲ မိုးကုတ်က သွားတယ်ဆိုရင်ဖြင့် ဒါ အစဉ် အတိုင်း တွေ့ရမှာပဲ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သေသေချာချာပဲ သစ္စာသိအောင် ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဟောရှာ တယ်၊ မင်းတို့ကွာ တဲ့။ ဆရာကောင်း သမားကောင်းရှာပြီး ဒီသစ္စာ တွေ့ အောင်ဖြင့် ရှာဖြစ်အောင် ရှာပါတဲ့။ မင်းတို့ ဒုက္ခ တွေဟာ သစ္စာတွေ့ပြီးလို့ ရှိရင်လည်း အင်မတန် ချမ်းသာ သွားပါ လိမ့်မယ်တဲ့ (မှန်ပါ့)။ သစ္စာ မတွေ့သေးဘူး ဆိုလို့ရှိရင်လည်း မင်းတို့ အတွက်ဟာဖြင့် ငါ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘယ်နည်းနဲ့မှ မတတ်နိုင်ပါဘူးတဲ့ သဘောကျပလား (ကျပါပြီ)။
ဘုရားကို ကိုးကွယ်ကြ၊ ဆည်းကပ်ကြတယ် ဆိုငြား သော်လည်း ငါဘုရား ကိုးကွယ် ဆည်းကပ်ရင် မင်းတို့ သုဂတိတော့ ရောက်ပါတယ်ကွာ တဲ့၊ နိဗ္ဗာန်တော့ဖြင့် ငါ မပို့ နိုင်ဘူးတဲ့ (မှန်ပါ့) သစ္စာသိမှပဲ မင်းတို့ နိဗ္ဗာန် ရောက်မယ် တဲ့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
ဘုရားကိုးကွယ်ရင် သုဂတိပဲ ရောက်မယ်
ဘုရား ကိုးကွယ်ဆည်းကပ်ရင် ဘယ်ရောက်မယ် (သုဂတိရောက်ပါမယ်) သုဂတိပဲ ရောက်မယ်လို့ ဒကာ ဒကာမတွေက မှတ်ပါ (မှန်ပါ့)၊ အဲဒါတွေဟာ ပဏ္ဏာသ ပါဠိတော် အလဂဒ္ဒုမ သုတ်မှာ ကိုယ်တော်တိုင် ဟောတယ်(မှန်ပါ့)။
ငါ့ ကိုးကွယ် ဆည်းကပ်ရင် သုဂတိပဲကွ ရှင်းပလား (ရှင်းပါပြီ)၊ သစ္စာသိရင် နိဗ္ဗာန်ကွ ဆိုတော့ ရှင်းမနေဘူးလား (ရှင်းပါတယ် ဘုရား)။
သစ္စာသိရင် (နိဗ္ဗာန်ပါ ဘုရား)၊ သစ္စာသိရင် နိဗ္ဗာန် ကွ လို့ဆိုသဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သြော် ဘုရားကိုလည်း ကိုးကွယ်ရမှာပဲ။ သို့သော် ဘုရားကိုးကွယ် မှုထက် သစ္စာသိမှုက အရေးကြီးတယ် (မှန်ပါ့)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။
ဘုရားကိုးကွယ်မှုထက် (သစ္စာသိမှုက အရေးကြီး ပါတယ် ဘုရား)၊ ဝက္ကလိ နှင်ပစ်တာဟာ ဘုရား ကိုးကွယ်လွန်းလို့ ကို နှင်ပစ်တာ၊ သစ္စာ မသိမှာစိုးလို့ (မှန်ပါ့ ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား)။
ရေကန်ထဲက ရေဥပမာ
ကိုင်း ဒါဖြင့် ပြောကြပါစို့တဲ့။ မင်းတို့ သစ္စာ မသိမှာ ငါစိုးရိမ် လိုက်တဲ့ ဖြစ်ခြင်း၊ မပြောပါနဲ့ တော့ကွာ။ ငါ သဗ္ဗညုတ ဉာဏ်တော်ကြီးနဲ့ ချိန်ကြည့်တယ်ကွ တဲ့။ သဗ္ဗညုတဉာဏ် ချိန်ခွင်ကြီးနဲ့ ချိန်ကြည့်တယ်တဲ့၊ ၁၃ မိုင်ပတ် လည် ရေကန်ကြီး အောက် အနက်ကလည်း ၁၃မိုင်ဆိုတော့ ကိုပေါ် နည်းတဲ့ ရေကန် မဟုတ်ဘူး (မှန်ပါ့)။
အဲဒါ နှုတ်ခမ်းနဲ့ ညီနေအောင် ရေတွေထည့်ပါတဲ့။ (မှန်ပါ့)၊ ရေတွေထည့်ပါ။ ရေတွေ ထည့်ပြီး သကာလ ကျုပ်တို့ မြက်ဖျား ကလေးနဲ့ သွားတို့လိုက်၊ ပြင်ဘက် သွားခါလိုက်၊ အဲဒီ ရေ သွားတို့လိုက်၊ ပြင်ဘက် သွားခါလိုက်၊ ခုနှစ်ခါ ခါလိုက်ပါ – တဲ့။ ခုနှစ်ခါ ခါတဲ့ ရေနဲ့ အတွင်းရှိတဲ့ ရေနဲ့ ကိုဝ ဘယ်သူက များပါ့မလဲ (အတွင်းရှိတဲ့ရေက များပါတယ်)။ နှိုင်းချိန် လို့တောင်မှ ပြောစရာ ရှိရဲ့လား (မရှိပါ ဘုရား)။
အဲ သစ္စာသိပြီးရင် ခုနှစ်ခါ ခါတဲ့ သဖန်းမြက်ဖျား မှာ ပါတဲ့ ရေလောက်ပဲ မင်းတို့မှာ ဒုက္ခ ကျန်တော့ တယ်တဲ့။ သစ္စာမသိသေးရင် ခုနက ရေကန်ထဲမှာရှိတဲ့ ရေတွေလောက် ဒုက္ခတွေဟာ မင်းတို့ဟာချည်းပဲမှတ် (မှန်ပါ့)။
ကဲ ဘယ်လောက် အရေးတကြီး ဟောသလဲ (ကြီးပါတယ် ဘုရား) နောက်က ဒကာ ဒကာမတွေ ပေါ်ကြ ပလား (ပေါ်ပါပြီ)၊ ဘာအရေးတကြီး ဟောပါလိမ့် (သစ္စာလေးပါး အရေးတကြီး ဟောပါတယ် ဘုရား)။
ငါ သစ္စာမသိလို့လဲ သူများ ပါစပ်ထဲမှာ ခန္ဓာပျက်ပြီး လမ်းဆုံးခဲ့ရတယ်ကွာ တဲ့။
အပါယ်လေးပါး လမ်းဆုံးခဲ့တဲ့ အပြင် သူများပါးစပ် ထဲမှာ ငါးဖြစ်လို့၊ ဖားဖြစ်လို့ သူများ ပါးစပ်ထဲမှာ သေခဲ့ရတဲ့ ဘဝတွေလည်း ငါကိုယ်တိုင် သဗ္ဗညုတဉာဏ်နဲ့ ဂဏန်းတွက် ကြည့်တယ်၊ မရဘူးပေါ့ တဲ့။ အသေများလွန်းလို့ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်လောက် ဒုက္ခကြီးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
သောတာပန်တည်ရင်ပြင်ဘက်ရေမှုန်ပဲရှိတော့တယ်
ဒါဖြင့် ဘာသိမှတုံး (သစ္စာသိမှပါ ဘုရား) သစ္စာ သိလိုက်တော့လည်း သောတာပန် တည်တယ်ဆို၊ ခုနက ပြင်ဘက်ခါတဲ့ ရေခုနှစ်မှုန် လောက်သာ ဒကာ ဒကာမတို့ ရှိတော့ တယ်တဲ့ (မှန်ပါ့)၊ အတွင်း ရေမှုန်တွေလောက် ရှိတဲ့ ဒုက္ခတွေ ကုန်သွားပြီကွာတဲ့ (မှန်ပါ့)။
ဒါ ငါ သဗ္ဗညုတဉာဏ်နဲ့ ချိန်တာပါတဲ့၊ သူများ ပြောသံကြားနဲ့ ငါပြောတယ် လို့လည်း မင်းတို့က အယူ မရှိပါနဲ့တဲ့။ ပိတ်လိုက်သေးတယ် (မှန်ပါ့)၊ ငါကိုယ်တိုင် သိပြီး သကာလ ရှင်းလင်းတဲ့ အလုပ်ပါကွာ ဆိုတော့ ဦးဘရှင်းက ယုံမှား သံသယ ရှိသေးသလား (မရှိပါ ဘုရား)။ ကိုဝ တို့ကော (မရှိပါ ဘုရား)၊ ကိုပေါ် (မရှိပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘာအရေးကြီးနေသလဲ (သစ္စာသိဖို့ အရေးကြီးပါတယ် ဘုရား)။
အဲဒါ ခင်ဗျားတို့ သြော် တရားနဲ့ – တရားနဲ့ ဆိုပြီး သကာလ နေကြငြား သော်လည်း ကျုပ်တို့ တရားအောင်တော့ နေတာပဲဆိုတာ မပြီးသေးဘူး။ ကိုဝ ကျုပ်တို့ တရားသဖြင့် လုပ်နေတာပဲ ဆိုရုံ ပြီးပါ့မလား (မပြီးသေးပါ ဘုရား)။
မပြီးသေးတဲ့၊ တရားသဖြင့် လုပ်နေတယ် ဆိုတာ သူဘာ ပြောသတုံး။ ဒကာ ဒကာမတွေက ဘုန်းကြီး မေးလို့ရှိရင် ကျုပ် သီလ ပျက်မှာစိုးလို့ သီလ လုံခြုံအောင် လုပ်နေတယ် ပြောတာ (မှန်ပါ့)။
ကျုပ်တို့ သီလ ပျက်မှာစိုးလို့ ကျုပ် သီလ လုံခြုံအောင် လုပ်နေတယ်လို့ ပြောတာ၊ စဉ်းစား ကြည့်ပါ။ ဒီအသံပဲ ထွက် ပါတယ် (မှန်ပါ့)။
သစ္စာမပါဘူး၊ သီလပဲ ပြောနေတာ
ကျုပ် တရားသဖြင့် ရောင်းဝယ် ဖောက်ကား စားနေ ပါတယ်ဆိုတာ ကိုဝ ဘာပြောတယ် ထင်သတုံး (မှန်ပါ့)၊ သီလ လုံခြုံအောင် ထိန်းသိမ်း တာပါဘုရား၊ သီလ စကား ပြောနေတာ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
မောင်နိုင် ဘာစကား ပြောနေတာလဲ (သီလ ပြောနေတာပါ)၊ သစ္စာပါပလား (မပါ, ပါ ဘုရား)။
ဒကာ ဒကာမတွေ ဒါပဲ၊ တချို့ ဒကာ ဒကာမတွေက ဂုဏ်ယူပြီး သကာလ နေကြတယ်။
ကျုပ်တို့ ကောင်းသော ရောင်းခြင်း၊ ကောင်းသော ဝယ်ခြင်းပဲ၊ မဟုတ်တာလဲ မပြောပါဘူးတဲ့၊ သီလပဲ ပြောတာပဲ (မှန်ပါ့)။
မဟုတ်တာ မပြောဘူး ဆိုတော့ မုသား မပြောဘူး ပြောတာ သီလပဲ မကျဘူးလား (ကျပါတယ် ဘုရား)။
အဲဒီတော့ မဟုတ်တာလည်း မပြောပါဘူးတဲ့၊ ကျုပ်တို့ သည်ကားလို့ ဆိုရင်ဖြင့် အပြစ် လွတ်အောင် နေတာပါပဲဆိုတာ သင့်နေတဲ့ အပြစ်ကို မသိဘူး (မှန်ပါ့)။
အပြစ်က သင့်နေတယ်
သီလ ပြစ်တော့ လွတ်ပါရဲ့၊ သစ္စာ မသိတဲ့ အဝိဇ္ဇာပြစ်က သင့်နေတယ် (မှန်ပါ့)၊ သီလ ပြစ်တော့ (သိပါတယ် ဘုရား)။ သစ္စာ မသိတဲ့ အဝိဇ္ဇာ ဖြစ်တော့ (မသိပါ ဘုရား)။
ဒါဖြင့် အဝိဇ္ဇာ ပြစ်သင့်တာ မသိလို့ရှိရင် “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ” က ကိုပေါ် နေပါ့မလား (မနေပါ ဘုရား)၊ “သင်္ခါရ ပစ္စယာ ဝိညာဏံ” ဆိုတဲ့ နောက် ပဋိသန္ဓေတွေ ကကော (မနေပါ ဘုရား)။
အဲဒီ ပဋိသန္ဓေတွေ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။
အဲဒီ ဒုက္ခတွေနဲ့တော့ သူလွတ်ပါ့မလား (မလွတ် ပါ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့က အားလုံး ယဉ်ကျေးနေတဲ့ ဒကာ ဒကာမတွေ အပေါ်မှာ ထူးခြားစွာ ဟောပြန်တယ်လို့ ကိုဝ မှတ်ပေတော့ (မှန်ပါ့)။
သီလနဲ့ တင်းတိမ်နေတယ်
နို့မို့ ကိုယ့်ဟာကလေးနဲ့ ကိုယ် တင်းတိမ် နေတော့ သူ သီလနဲ့ တင်းတိမ် နေတာပဲ (မှန်ပါ့)၊ အဝိဇ္ဇာကို ဝိဇ္ဇာဖြစ်အောင် သူလုပ်ပလား (မလုပ်သေးပါ ဘုရား)၊ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်မှ သစ္စာ သိမှာကိုး (မှန်ပါ့)။
အဲဒီတော့ လိုနေတာကို ကိုယ်တို့၊ ကိုဝတို့က မသိ တော့ တော်ပြီ၊ ကျုပ်တို့တော့ဖြင့် သူများလိုတော့ အပါယ် သွားကြောင်းတွေ ကျုပ်တို့ မရှိပါဘူး၊ ဘာဖြစ်လို့တုံး၊ ကောင်းသော ရောင်းခြင်း၊ ကောင်းသော ဝယ်ခြင်းပဲ။ သူတစ်ပါးလည်း စားသာအောင် မုသားလည်း မသုံးပါဘူး။ ဒီလိုနဲ့ပဲ ကျုပ်ဖြင့် သားတွေ သမီးတွေ ကျွေး၊ ဒါနဲ့ပဲ လှူဒါန်း လာခဲ့တာပဲ။
အံမာ သူ့ဟာနဲ့သူတော့ ကိုဝ ဟုတ်နေတာ (မှန်ပါ့)။။
ဘာနဲ့ ဟုတ်နေတာတုံး (သီလနဲ့ ဟုတ်နေတာပါ)။ ဒါဖြင့် သစ္စာကျတော့ သူ ဘယ့်နှယ် နေသတုံး (မရှိပါ ဘုရား)၊ မရှိတော့ သစ္စာမသိတာက ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။
ဒါဖြင့် သူမှာ “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ” – ဆိုတဲ့ဥစ္စာက သူ့မှာ အကြိမ်ပေါင်း တစ်နေ့ ဘယ်လောက်တုံး (မရေတွက်နိုင်ပါ ဘုရား)၊ မရေတွက် နိုင်တော့ ဒီအပြစ်က လွတ်ပါ့မလား မလွတ်ဘူးလား (မလွတ်ပါ ဘုရား)။
ဒါဖြင့် သြော် ဒကာ ဒကာမတို့ မသိတဲ့ လူပြော တော့ မသိသလိုနဲ့ဘဲ မသိတဲ့လူက အင်း သူတော်လိုက် တာလို့ ချီးမွမ်းရတော့မလိုလိုဘဲ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)။
သီလအသားယူပြီး ပြောနေတယ်
မသိတဲ့လူက သူက သီလ အသားယူပြီး ပြောနေတာကိုး (မှန်ပါ့) သီလ အသားယူပြီး ပြောနေတော့ ဒီကလည်း ဒီလောက်မှ မရှိတဲ့ ပုဂ္ဂိုလ်ဆိုတော့ ကိုဝရေ တော်ပေသကွာ အံမာ တော်သေးသကွာ လို့တောင် ခင်ဗျားတို့က လက်ခုပ်တီး သေးတယ် (မှန်ပါ့)။
တော်သလား (မတော်ပါ ဘုရား)၊ ဘာလိုနေသတုံး (သစ္စာ မသိပါ ဘုရား)၊ သစ္စာမသိတာက ဘယ်သူတုံး (အဝိဇ္ဇာပါ ဘုရား)၊ ဒါဖြင့် အဝိဇ္ဇာက ရှိတော့၊ အဝိဇ္ဇာက သူတင် လားလို့ မေးတော့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” (မှန်ပါ့)၊ သင်္ခါရ ပစ္စယာ (ဝိညာဏံ ပါ ဘုရား)၊ ကဲ သွားလိုက်ပါတော့ ဇာတိ၊ ဇရာ မရဏ မရဘူးလား (ရပါတယ် ဘုရား)။
အဲဒါ ဆုံးသွားလိုက်တော့ “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဒုက္ခဖြစ်ကြောင်းပဲ သူလုပ် နေတယ်တဲ့ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဘာဖြစ်ကြောင်းတဲ့တုံး (ဒုက္ခဖြစ်ကြောင်းပါ ဘုရား)၊ တစ်နေ့ ဘယ်နှစ်ကြိမ်တုံး မေးတော့ သူမသိတဲ့ အချိန်က (မရေတွက်နိုင်ပါ ဘုရား)။
လုံးဝမှ မပါဘဲ (မှန်ပါ့)၊ လုံးဝ မပါတော့ ခန္ဓာက ဘယ်လို ပြောနေနေ သူ ဒုက္ခသစ္စာလို့ သိသေးရဲ့လား (မသိပါ ဘုရား)၊ မသိတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရ ပေါင်း တစ်နေ့ အကြိမ် ဘယ်လောက်ရှိမလဲ (မရေတွက်နိုင်ပါ ဘုရား)။
ဒါဖြင့် သွားရော (မှန်ပါ့)၊ ကိုဝ အပါယ် သာ တွန်းချလိုက်တော့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
လွတ်ရေးကျွတ်ရေးမြင်သေးရဲ့ လား
သီလတန်ခိုးကြောင့် နတ်ပြည်ရောက်၊ အဝိဇ္ဇာ တန်ခိုး ကြောင့် အပါယ်သွားဆိုတော့ လွတ်ရေး ကျွတ်ရေးမြင် သေးရဲ့လား (မမြင်ပါ ဘုရား)၊ သူ့သီလနဲ့သူ ဖြစ်တဲ့ အဝိဇ္ဇာ ကိုပေါ်က ချိန်ကြည့်စမ်း။ မျှရဲ့ လား (မမျှပါ ဘုရား) မမျှ ဘူးဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
အေး ဒါကြောင့် အခါကောင်း အခွင့်ကောင်းကြုံ တုန်းကို ခင်ဗျားကို ခုနင်က ၁၃ မိုင် ပတ်လည်ရှိတဲ့၊ ရေကန် ကြီးထဲမှာ ရှိတဲ့ ရေကလေး သဖန်းမြက်ဖျားနဲ့ တို့ တစ်ခုတစ်မှုန် တစ်ခုတစ်မှုန် ဆိုရင် ဒီအထဲမှာ အမှုန်ပေါင်း ရေတွက်နိုင်ကြ ပါ့မလား (မရေတွက်နိုင်ပါ ဘုရား)။
အဲဒီ ဒုက္ခတွေဟာ ခင်ဗျားတို့က ဝိဇ္ဇာ မဖြစ်သရွေ့ ကာလပတ်လုံး အကုန်ရှိတယ်(မှန်ပါ့)။
သစ္စာမသိသေးသရွေ့ ကာလပတ်လုံး (အကုန် ရှိပါတယ်)၊ ဒါဖြင့် ဒုက္ခပေါင်း အရေအတွက် ဘယ်လောက် ပါလိမ့် (မရေတွက်နိုင်ပါ ဘုရား)၊ ကိုင်း ဒကာ ဒကာမတို့ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် သစ္စာမသိတဲ့ပုဂ္ဂိုလ် ခုနက ပြောတဲ့စကား ပြန်နိဂုံး ချုပ်လိုက်၊ နိဗ္ဗာန် မရှိဘူး (မှန်ပါ့ ဘုရား)၊ ပေါ်ကြ ပလား(ပေါ်ပါပြီ)၊ သစ္စာမသိတဲ့ ပုဂ္ဂိုလ်မှာ (နိဗ္ဗာန်မရှိ ပါ ဘုရား)၊ နိဗ္ဗာန် မရှိဘူး ဆိုတော့ အားလုံး ဒကာ ဒကာမတွေ ကျေနပ်ကြပလား (ကျေနပ်ပါပြီ)၊ ရှင်းပလား (ရှင်းပါပြီ)။
သစ္စာသိအောင် ပြောကြပါစို့
အေး ဒါကြောင့် ကဲ ဒါဖြင့် ပြောကြပါစို့ သစ္စာသိအောင်နော်၊ သစ္စာသိအောင် ပြောကြပါစို့။ ဒကာ ဒကာမတို့ သစ္စာမသိလို့ရှိရင် ဒုက္ခ အနန္တကြီးက ကျန်နေ လို့ ကိုဝ မဟောထိုက်ဘူးလား ဟောထိုက်သလား (ဟောထိုက် ပါတယ် ဘုရား)၊ မဟောလို့ ရှိရင် ဖြစ်ကို ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။
မဖြစ်တော့ဘူး ဆိုတဲ့ တရားပါပဲ။ ဒကာ ဒကာမတို့ မဟောရင် လုံးဝကို မဖြစ်တဲ့တရားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ဦးဘကလေး ဟောရမယ် (မှန်ပါ့)။
သစ္စာပြောမယ်ဆိုရင်
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သစ္စာ များ ဟောနိုင်တဲ့ ဆရာသမား တွေ့ရင် ကွာ တဲ့။ မင်းက အသက်တစ်ရာ ရှည်ပါလိမ့်မယ်။ တစ်နေ့ကို မနက် လှံအချက် သုံးရာထိုး လိမ့်မယ်။ နေ့လယ် သုံးရာထိုး။ ညနေ သုံးရာထိုး၊ အဲ ကိုးဆယ့် ကိုးနှစ် ကျော်မှ တစ်ရာပြည့်ကာနီးမှ သစ္စာ ပြောမယ် ဆိုရင်ဖြင့်တဲ့၊ ရက်ပေါင်း များစွာ လှံထိုးတာတွေ ခံသာ ခံလိုက် (မှန်ပါ့)။
ခုနင်က ရေမှုန် ဒုက္ခနဲ့ စာတော့ ဒီလှံ ထိုးချက်က ဖြစ်လောက်ကဲ့လား (မဖြစ်လောက်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တစ်နေ့ကို လှံနဲ့ အချက်ကိုးရာ အထိုးခံ
အဲဒါကြောင့် ဒကာ ဒကာမတို့ သစ္စာသိအောင် ပြောနိုင်တဲ့ ပုဂ္ဂိုလ်နဲ့ ကြုံလို့ရှိရင်ဖြင့် လှံအချက် တစ်နေ့ကို ကိုးရာ အထိုးခံ၊ အသက် တစ်ရာ ပြည့်ရင် နောက်ဆုံး သေကာနီး ရက်မှာ သစ္စာသိအောင် ခံလိုက်ကွ ဆိုတော့ ကိုဝ ဒါ အရေး တကြီး ပြောတဲ့ စကား ဟုတ်မဟုတ် (ဟုတ်ပါတယ် ဘုရား)။
နောက်က ဒကာ ဒကာမတွေ အရေးကြီးတဲ့စကားမှ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)၊ ဘယ်သူက ပြော တာတုံး (ဘုရားက ပြောတာပါ ဘုရား)၊ သစ္စသံယုတ်မှာ ဘုရားက ပြောတယ် ဆိုတော့ ဒကာ ဒကာမတွေ အလွန်ရိပ်မိ ဖို့ ကောင်းသွားပြီ (မှန်ပါ့ ဘုရား)။
စိတ်မချရတဲ့ ဝမ်းသာလုံးတွေ
အဲဒါကြောင့် ခင်ဗျားတို့ ကျောက် အရောင်းအဝယ်နဲ့၊ ခင်ဗျားတို့တွင်းနဲ့ ခင်ဗျားတို့ အကျိုးပေး နေတာ ကလေးတွေကို ဘုန်းကြီးများသည် ဝမ်းသာပါတယ်၊ တိုက်တွေတည်၊ ကားတွေ ဝယ်ကြ၊ အမျိုးမျိုး အဖုံဖုံ၊ ဝမ်းသာ ငြားသော်လည်း စိတ်မချရတဲ့ ဝမ်းသာလုံးတွေ (မှန်ပါ့ ဘုရား)။
ဘယ်လို ဆိုကြမလဲ (စိတ်မချရတဲ့ ဝမ်းသာလုံးတွေ ပါ)။ ဪ ယနေ့ သူဌေးကြီး၊ နက်ဖြန် ခွေးကြီးကိုး (မှန်ပါ့)၊ ဒီလိုဖြစ်သွားမှာ စိုးရိမ်ရတယ် (မှန်ပါ့)၊ ယနေ့ သူဌေးကြီး မနက်ဖြန် ခွေးဆိုတော့ ကို ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။
တောဒေယျပုဏ္ဏားကြီး
တောဒေယျ ပုဏ္ဏားကြီးဟာ ယနေ့ သူဌေးကြီးပဲ (မှန်ပါ့)၊ မြေထဲမှာ ကုဋေ လေးဆယ် မြှုပ်နိုင်တယ်။ သုံးဖို့ အပေါ် မှာ နေ့တိုင်း သုံးဖို့ ကုဋေ လေးဆယ် ပုံထားတယ်။ မောင်နိုင် နက်ဖြန် ခွေးကြီး သွားဖြစ်တယ် (မှန်ပါ့ ဘုရား)။
သစ္စာမသိတော့ ဘယ်လောက် ကြောက်စရာ ကောင်း သ (ကောင်းပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။
အဲဒါကြောင့် ခင်ဗျားတို့ ကျန်းမာ ချမ်းသာမှုနဲ့ နေတာ ကိုလည်း ဘုန်းကြီးများက အင်မတန် ဝမ်းသာတယ်။ ဘာ့ကြောင့် ဝမ်းသာသတုံး ဆိုလို့ရှိရင်ဖြင့်တဲ့၊ ဪ ဒီဒကာ ဒကာမတွေ “ပုဗ္ဗေစ ကတပုညတာ” =ရှေးက ပြုလုပ်ခဲ့ဖူးတဲ့ ကောင်းမှုအထူး – ရှိပါပေတယ်လို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
အသစ်ဒုက္ခလွတ်ရေးကိုရှာပါ
ရှေးကပြုဖူးတဲ့ ကောင်းမှု ရှိပါပေတယ် (မှန်ပါ့) ရှိပေမယ့် အဟောင်းစား ဖြစ်သွားတယ် (မှန်ပါ့)၊ အသစ် ဒုက္ခ လွတ်ရေးကို မရှာဘူး (မှန်ပါ့)၊ မရှာတာက သစ္စာ မသိတော့ မရှာဘူး (မှန်ပါ့)၊ ဒီလိုဆိုတော့ တို့ လိုသေးတယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဟောပါတော့မယ်တဲ့။ သစ္စာဟောဖို့ ရာ အကြောင်းကို ခင်ဗျားတို့က သာမည ပုဂ္ဂိုလ် ကလည်း မဟောနိုင်၊ ခင်ဗျားတို့ ကလည်း သာမည နားနဲ့ကလည်း မထောင်နိုင်၊ ဘယ့်နှယ် ကြောင့်တုံး၊ အရေးကြီးမှန်း မသိတော့ ခက်တယ် (မှန်ပါ့)၊ အခုတော့ သူ့ထက် အရေးကြီးတာ ရှိသေးသလား (မရှိ ပါဘု ရား)၊ မရှိဘူးဆို တာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကဲ ဒါဖြင့် သစ္စာပြောပါတော့မယ်ဆိုတော့ ဒကာ ဒကာမတို့ သစ္စာဆိုတာ တခြား မမှတ် နေနဲ့နော် (မှန်ပါ့) ဘာတုံးမေးလို့ ရှိရင် ခင်ဗျားတို့၏ ခန္ဓာငါးပါး တစ်ပါးပါးသည် သစ္စာပဲ (မှန်ပါ့)။
ခန္ဓာငါးပါး တစ်ပါးပါးသည် ဒုက္ခသစ္စာ
ခန္ဓာငါးပါး တစ်ပါးပါးသည် (သစ္စာပါ ဘုရား) ဒါ ဒုက္ခသစ္စာနော် (မှန်ပါ့)။
ခန္ဓာငါးပါး တစ်ပါးပါးသည် (ဒုက္ခသစ္စာပါ) သြော် ဒါဖြင့် ခန္ဓာငါးပါး တစ်ပါးပါးကို တို့ ပိုင်ပိုင် နိုင်နိုင် သိလို့ရှိရင် ဖြင့် သူ့ခန္ဓာ အကြောင်း ကောင်းကောင်း သိလို့ရှိရင်၊ ခန္ဓာ၏ ဖြစ်ပုံ ကောင်းကောင်း သိလို့ ရှိရင်ဖြင့် ခန္ဓာ၏ အနေအထားကို ကောင်းကောင်း သိလို့ရှိရင် သစ္စာသိတာပါပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ခန္ဓာ၏ အနေအထားကို ကောင်းကောင်း သိရင် (သစ္စာ သိပါတယ် ဘုရား)၊ သစ္စာသိတာ ပါပဲဆိုတာ သဘောကျ ပလား (ကျပါပြီ ဘုရား)။
ဒုက္ခသစ္စာရယ်လို့ မသိဘူး
အခုတော့ ဒကာ ဒကာမတွေသိတဲ့ သစ္စာက ဘယ်လို နေသတုံး၊ ယားတယ် ဆိုလို့ရှိရင်ဖြင့် ယားတယ် ဆိုလို့ရှိရင်ဖြင့် ယားလိုက်တာတဲ့၊ ဒုက္ခသစ္စာရယ် လို့တော့ မသိဘူး (မှန်ပါ့ ဘုရား)။
သိပြန်တော့လည်း ယားလိုက်တာ၊ စိတ်များ ပျက်ပါပေါ့၊ ဒေါမနဿနဲ့ လာနေတယ် (မှန်ပါ့)၊ ဒေါမနဿက သိတာမျိုး ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)။
ဒေါမနဿ သိတာမျိုး မဟုတ်ဘူး၊ ဒေါမနဿက စိတ်ပျက်တယ်၊ ယားလို့ စိတ်ပျက်တယ် (မှန်ပါ့)၊ ယားလို့ ဉာဏ်နဲ့ သိတာ၊ ဒုက္ခသိတာရယ်လို့ သိတာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)၊ ဒါဖြင့် အင်မတန် ကွာခြားမနေဘူးလား (ကွာခြား နေပါတယ် ဘုရား)။
ရှင်အာနန္ဒာက မှာတယ်
အေး ဒါကြောင့် အိမ်မှာလည်း ဒကာ ဒကာမတွေ တွေးကြပါ ဆိုတဲ့ဥစ္စာ ရှင်အာနန္ဒာများ ဒကာကြီးလှိုင် မှာလိုက် တာလေ။ မင်းအမျိုး- မင်းအနွယ်၊ မင်းကြည်ညို မင်းဝတ်ပြုနေ တဲ့ ပုဂ္ဂိုလ် ဖြစ်စေ၊ မင်းသနားတဲ့ ပုဂ္ဂိုလ် ဖြစ်စေ၊ အလုံးစုံကွာ တဲ့၊ မင်းသနားလို့ရှိရင်ဖြင့် ဒိပြင် အမွေတွေ ဘာမှ မပေးနဲ့။ ဒီသစ္စာသိဖို့ အမွေကလေး တစ်လုံးသာ ပေး၊ (မှန်ပါ့) ဒါ သူတို့ ဒုက္ခကျွတ်သွားလိမ့်မယ်။။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်လောက် အရေး ကြီးတယ်ဆိုတာ ရှင်အာနန္ဒာ မှာကတည်း က ကိုက ကိုဝ သေချာ ပြီ (သေချာပါပြီ ဘုရား)။
အဲဒါ အဖိုးတန်တဲ့ ဆရာက ပြောနေလို့ အဖိုးတန်တယ် လို့ မအောက်မေ့ပါနဲ့။ ဒါ ပါဠိတော် ချည်းပဲလို့ မှတ်လိုက် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။ ဘာတွေပါလိမ့် (ပါဠိတော်တွေပါ ဘုရား)၊ ပါဠိမှာ ရိုးရိုး မဟုတ်ပါဘူး။ “တော်” ပါလာသေးတယ်နော် (မှန်ပါ့ ဘုရား)။
ကိုယ်တော်တိုင်ဟောတာ
ဒိပြင်ဟာတော့ ပါဠိလို့ သုံးတယ်။ ဒီဟာကျတော့ တော်ပါလာတယ်။ သဘောကျပလား (ကျပါတယ် ဘုရား)။
တော် ပါလာတာက ဘယ်သူတုံး(ဘုရားဟော တာပါ ဘုရား) ကိုယ်တော်တိုင် ဟောတာ ဒါက ပါဠိ ပါဠိသားတွေပဲဆိုတာက သူကိုယ်တိုင် ဟောတာ မဟုတ်ပါဘူး။ ရှင်းပလား (မှန်ပါ့) သာဝကတွေ ဟောတာ ဖြစ်နေတယ်။
အဲဒီတော့ ဒကာ ဒကာမတို့ ဒါ ပါဠိတော် ဆိုတော့ ရိပ်မိပြီ (မှန်ပါ့)၊ ကိုင်း ဒါဖြင့် သစ္စာရှာကြစို့ (မှန်ပါ့)။
စာကရေးတဲ့သစ္စာ မလိုချင်
သစ္စာ ရှာကြစို့ဆိုတော့ လွယ်ပါတယ်။ ဒကာ ဒကာမတို့ သစ္စာ ရှာချင်တော့ လွယ်ပါတယ်။ စာက ရေးတဲ့ သစ္စာကို မလိုချင်၊ ခန္ဓာထဲ အခုပေါ်တဲ့ သစ္စာကို လိုချင်သည်။ ဒါလည်း မှတ်ကြပါဦး (မှန်ပါ့)။
စာက ရေးတဲ့သစ္စာကို မလိုချင်ပါဘူးနော် (မှန်ပါ့) စာက ရေးတဲ့သစ္စာကို (မလိုချင်ပါ ဘုရား)၊ ခန္ဓာက အခု ပြောတဲ့ သစ္စာကို (လိုချင်ပါတယ် ဘုရား)၊ ဒီရောက်ရမယ် ဆိုတာကော သဘောပါပလား (ပါ, ပါပြီ ဘုရား)။
စာမှာ ပါသားပဲလို့ ဆိုလို့ရှိရင် ဒီ ဒကာ ဒကာမတွေ နိဗ္ဗာန်မရောက်ပါဘူး (မှန်ပါ့)။
စာသိနှင့် ပညာသိ
ဘာဖြစ်လို့တုံးဆိုလို့ရှိရင် စာသိက ကိုဝ သညာ (မှန်ပါ့)၊ ကိုယ့်ခန္ဓာထဲ ကိုယ်သိတာက ပညာ (မှန်ပါ့)။ သညာနဲ့ ပညာ ကွာခြားတယ် (ကွာပါတယ် ဘုရား)။
သညာနဲ့ပညာ (ကွာခြားပါတယ်)၊ ရှင်းပလား (ရှင်းပါပြီ) သညာက ပဋိစ္စသမုပ္ပါဒ် မပြတ်ဘူး (မှန်ပါ့)၊ ပညာက ပဋိစ္စသမုပ္ပါဒ် ပြတ်တယ် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
သညာက (ပဋိစ္စသမုပ္ပါဒ် မပြတ်ပါ ဘုရား)၊ အဲ ဒုက္ခကို မဖြတ်နိုင်ဘူး (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ် ဆိုတာ ဒုက္ခပဲ (မှန်ပါ့ ဘုရား)။
စာသမားကို အားကိုးမနေနဲ့ဦး
ပညာကတော့ (ဖြတ်နိုင်ပါတယ် ဘုရား)၊ ဖြတ်နိုင် တယ် ဆိုတော့ ကိုဝ စာသမားကို ခင်ဗျားတို့က အားကိုးမ နေနဲ့ဦး (မှန်ပါ့)။
ရှေ့ကတော့ အို သူက စာဖတ်တတ်တယ်၊ သူက တော်တယ်၊ စာဆိုသူက တော်တော် မွှေနှောက် ထားတာ၊ အင်း ခန္ဓာ မွှေနှောက် တယ်လို့ ပါရဲ့လား (မပါ,ပါ ဘုရား)၊ စာမွှေနှောက် ထားတာလို့ ပြောနေတယ် (မှန်ပါ)။
အဲဒီကတည်းက ရှိတဲ့ဆီ ရှာတာလား၊ မှတ်တမ်းထဲ ရှာနေတာလား (မှတ်တမ်းထဲ ရှာနေတာပါ ဘုရား)။
မှတ်တမ်းထဲ ရှာလို့ရှိရင်ဖြင့် စာရင်းစာအုပ်ထဲမှာ ငွေမရှိ သလိုပဲ အဲဒီထဲ သွားမရှာနဲ့(မှန်ပါ့)၊ ကိုယ်ထားတဲ့ မီးခံ သေတ္တာထဲမှာ ဖြစ်စေ၊ တခြားသော သားရေအိတ်ထဲမှာ ဖြစ်စေ ရှာရင်တော့ ငွေတွေ့မယ် (မှန်ပါ့)။
မှတ်တမ်းထဲ သွားရှာလို့ မရှိရင်ဖြင့် ငွေစက္ကူ နံပါတ် တောင်မပါဘူး (မှန်ပါ့)၊ ပါ ပါ့မလား (မပါ,ပါ ဘုရား)၊ ကဲ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ခန္ဓာဉာဏ်ရောက်တဲ့ ပုဂ္ဂိုလ်အရေးကြီးတယ်
ဒါဖြင့် စာသမားလည်း အားကိုးလို့ မရသေးဘူး။ ခန္ဓာဉာဏ် ရောက်တဲ့ ပုဂ္ဂိုလ် အရေးကြီးတယ် (မှန်ပါ)။
ကိုပေါ် ဘာအရေးကြီးသတုံး (ခန္ဓာဉာဏ်ရောက်တဲ့ ပုဂ္ဂိုလ် အရေးကြီးပါတယ် ဘုရား)။
ခန္ဓာဉာဏ် ရောက်တဲ့ ပုဂ္ဂိုလ် အရေးကြီးတယ် ဆိုတာ လည်း ပေါ်ကြပလား (ပေါ်ပါပြီ)၊ ကဲ ဒါဖြင့် ခန္ဓာထဲ ရှာကြစို့(မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်ထဲရှာကြမယ် (ခန္ဓာထဲ ရှာပါ မယ် ဘုရား)။
အခု လမ်းညွှန်ကောင်းနဲ့ တွေ့နေတာ
ခန္ဓာထဲ ရှာမယ်ဆိုတော့ လွယ်ပါတယ်တဲ့။ အခု ဆရာကောင်း သမားကောင်း၊ လမ်းညွှန် ကောင်းနဲ့ တွေ့နေတာ ကိုဝ၊ ဒါ မခဲယဉ်းပါဘူး (မှန်ပါ့)။
ဒကာ ဒကာမတို့ အခု ဘုန်းကြီး ပြောတဲ့အသံကို ကြားရဲ့ လားလို့ မေးလို့ ရှိရင်ဖြင့် ဘယ့်နှယ် ဖြေပါ့မလဲ (ကြားပါတယ်၊ ဘုရား)။
အဲဒါဟာ နားထဲမှာ ကြားစိတ်ကလေး ပေါ်တာ (မှန်ပါ့ ဘုရား)။
နားထဲမှာ (ကြားစိတ်ကလေး ပေါ်ပါတယ် ဘုရား)။ နားထိုင်း ဆိုရင် ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။ ဝမ်းထဲ ကတည်းက နားပင်း လာတဲ့ပုဂ္ဂိုလ် (မပေါ်ပါ ဘုရား)။
ဒါဖြင့် ဘုန်းကြီး အသံနဲ့၊ သူ့မှာ ကြားတတ်တဲ့ ရုပ်နဲ့၊ တိုက် ဆိုင်တာနဲ့ နားထဲမှာ အမွေးနု ပေါက်ရာမှာ ကြားစိတ်ကလေး ပေါ် တယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဒီကြားစိတ်ကလေး ပေါ်တာ သိသွား ပလား (သိသွားပါပြီ ဘုရား)။
ကြားစိတ်က ဝိညာဏက္ခန္ဓာ
အဲဒီ ကြားစိတ် ကလေးဟာ ဒကာ ဒကာမတို့ သြော် ကြားစိတ် ကလေး ကြည့်တာ ပေါ့တဲ့။ ကြားစိတ် ကလေးက ဒါ ကိုယ့်ခန္ဓာပဲလို့ မှတ်လိုက် (မှန်ပါ့)။ ဝိညာဏက္ခန္ဓာ (မှန်ပါ့ ဘုရား)။
ကြားတိုင်း-ကြားတိုင်း ကြားတဲ့ စိတ်ကလေးဟာ နားထဲ ပေါ်တယ်။ ပေါ်တိုင်း-ပေါ်တိုင်း သူ့ကို ဘာဆိုကြမလဲ (ဝိညာဏက္ခန္ဓာပါ ဘုရား)။
ဒီ ဝိညာဏက္ခန္ဓာက အခုကြားတဲ့ ပုဂ္ဂိုလ် သန္တာန်ပေါ်တဲ့ ခန္ဓာ (မှန်ပါ့)။ တခြားသော ပုဂ္ဂိုလ် သန္တာန်ပေါ်တာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။
ဒါဖြင့် ဒီခန္ဓာကလေးဟာ သူ့ခန္ဓာပဲ ဆိုကြစို့ ဆိုတော့ ကြားတဲ့ ပုဂ္ဂိုလ်၏ခန္ဓာပဲ (မှန်ပါ့) ဆိုနိုင်ကြရဲ့လား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီကြားတဲ့ ပုဂ္ဂိုလ်၏ ခန္ဓာထဲမှာ ဒါ ဝိညာဏက္ခန္ဓာ ဆိုတာဟာ ဒကာ ဒကာမတို့ ခန္ဓာပဲဆိုတာ သိသွားကြပြီ (မှန်ပါ့)၊ ခန္ဓာသည် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဪ ဒါဖြင့် ငါ့သန္တာန် ဒုက္ခသစ္စာ ကလေးပေါ်ပြီလို့ ဒီက စ,သိလိုက် (မှန်ပါ့)။
ဘာသစ္စာ ပေါ်တာသတုံး (ဒုက္ခသစ္စာ ပေါ်လာပါ တယ် ဘုရား)။
သစ္စာဆိုတာ အခုကြားတဲ့စိတ်
ကဲ ကိုဝ ခက်သလားဗျာ (မခက်ပါ ဘုရား)၊ နားမလည်တာ လည်အောင် ပြောတတ်တဲ့ ဆရာသမား နဲ့ ကြုံပြန်တော့လည်း သြော် ဒုက္ခသစ္စာ ဆိုတာ အခုကြားတဲ့ စိတ်ကလေး ဆိုတာ ပါလား (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။။
သစ္စာဆိုတာ ဘာပါလိမ့် (အခု ကြားတဲ့ စိတ်ကလေး ဆိုတာပါ ဘုရား)။။
ကြားတဲ့ စိတ်ကလေး ဆိုတာပဲ ဒကာ ဒကာမတို့နော် အဲဒီကြားတဲ့ စိတ်ကလေး ကြားပြီး သကာလ ကြားတဲ့စိတ် ကလေးက ပြီတော့ ချုပ်သွားတာပဲ(မှန်ပါ့)။
ကြားပြီ ဒကာ ဒကာမတွေက ဪ ဒါကလေးဟာ ငါ့သားကလေးက ခေါ်လို့ကြားတာပဲ ဆိုပြီး ကြားစိတ်ကလေး ဆို ပြီး သကာလ၊ သားကလေး အသံကြားတဲ့ ကြားစိတ် ကလေး ပေါ် ပြီး သကာလ ဟိုက ငိုတဲ့ အသံကလေး ကြားတော့ ကြားစိတ် ကလေး ပေါ်တယ်နော်(မှန်ပါ့)။
ကြားတော့ ကလေးလေးဆီကို သွားချင်တဲ့ စိတ်ကလေး ကော မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ အင်း ဘယ့် နှယ်ကြောင့် သွားချင်ပါလိမ့် မတုံး ဆိုတော့ ကိုယ်မွေးထားတဲ့ သားကလေးမို့ ကိုယ်ခင်တယ် မလာဘူးလား (လာပါတယ် ဘုရား)။
ခင်တဲ့စိတ်
ကြားစိတ်ကလေး မရှိဘူး၊ ခင်စိတ်ကလေးနဲ့ ဒကာ ဒကာမတွေမှာ ဖြစ်နေတယ်(မှန်ပါ့)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဒီ ခင်စိတ်ကလေးကလည်း ဘာသစ္စာတုံးလို့ မေးပြန် တော့ (ဒုက္ခသစ္စာပါ ဘုရား)၊ သူလည်း ခင်ဗျားတို့ သန္တာန်ပေါ် တော့ ဝိညာဏက္ခန္ဓာပဲကိုး (မှန်ပါ့)၊ ဒါဖြင့် သူ ဘာ သစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဒုက္ခသစ္စာလို့ သိသိသွားပါ
ထားဦး ထားဦး ဒုက္ခသစ္စာပဲလို့ သိသိသွားပါ (မှန်ပါ့ ဘုရား)။
ကဲ တစ်ခါ သွားပါဦး ကြားပြီးသည်၏အခြားမဲ့ ၌ အို ကြားကာမျှ နေသလား တဲ့။ စွဲစွဲလမ်းလမ်းပဲ ရှိသလားလို့ မေးရင် (စွဲစွဲလမ်းလမ်း ရှိပါတယ် ဘုရား)။
ဟာ ဒါဖြင့် ကြားစိတ်ကလေး တဏှာချုပ်ပြီး သကာလ ကိုဝ ကိုပေါ် ဥပါဒါန်စိတ် ဖြစ်တယ် (မှန်ပါ့)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
စွဲလမ်းတဲ့စိတ်
ဒုက္ခသစ္စာပဲ မှတ်ထား လိုက်တာပေါ့။ ဟာ တို့သန္တာန်မှာ ကြားစိတ်ကလည်း ဒုက္ခသစ္စာ၊ ကြားလို့ ခင်တဲ့ စိတ်ကလေးကလည်း ဒုက္ခသစ္စာ၊ စွဲလမ်းတဲ့ စိတ်ကလေးကော (ဒုက္ခသစ္စာပါ)၊ ဒုက္ခသစ္စာတွေ ဆက်ဖြစ်သွားတာပဲ (မှန်ပါ့)၊ သဘော ကျပလား(ကျပါပြီ)။
အင်း ဒါဖြင့် သွားဦးမှပဲ ဆိုပြီး သကာလ နှုတ်က ပြောလိုက်တယ်၊ ကလေး ငိုနေတယ်၊ သွားဦးမှပဲလို့ မထသေး ပါဘူး ကိုဝ သွားဦးမှပဲ ဆိုတာ ကလေးကော မပြောဘူးလား (ပြောပါတယ် ဘုရား)။
ပြောရင် စေတနာပါလို့ ပြောတာ(မှန်ပါ့)၊ စေတနာ မပါရင်ကော (မပြောပါဘူး ဘုရား)။
ဝစီကံ
အဲဒါကလေးက ဘာတုံးမေးတော့ ဥပါဒါန ပစ္စယာ ကမ္မဘဝေါ ဝစီကံ ကလေး ဖြစ်လာတယ် (မှန်ပါ့)။
ဒါ ဘာပါလိမ့်၊ ဝစီကံနော် (မှန်ပါ့)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။။
အင်း ကြည့်စမ်း မောင်နိုင်။ ကြားစက စပြီးတော့ ဘာသစ္စာတွေ တန်းသလဲ (ဒုက္ခသစ္စာတွေ တန်း ပါတယ် ဘုရား)။
ဒုက္ခသစ္စာတွေ တန်းနေပြီ
ဪ ဒါ ဒုက္ခသစ္စာတွေချည့် တန်းနေပြီဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ကဲဒါဖြင့် ကြားစိတ်ကလည်း ဒုက္ခသစ္စာ၊ ကြားလို့ ခင်တာ ကလေးကလည်း (ဒုက္ခသစ္စာပါ)၊ ကြားလို့ စွဲလမ်း တာကလေး ကကော (ဒုက္ခသစ္စာပါ)၊ ဒါဖြင့် ကြားလို့သွားဦး မှပဲလို့ ပြောတဲ့ ဝစီကံ ကလေးဟာကော (ဒုက္ခသစ္စာပါ)၊ ဒုက္ခသစ္စာပဲ။
ဟုတ်တယ်-မဟုတ်တယ် ဘုန်းကြီးက တစ်ခါ ရှင်းပြီး ပြပါ ဦးမယ်၊ ဒါ ဒုက္ခသစ္စာပဲ ဆိုတဲ့ဥစ္စာ သေသေချာချာ ရှင်းပြတဲ့အခါ ကျတော့ဖြင့် “သောတဉ္စ ပဋိစ္စ သဒ္ဒေစ ဥပ္ပဇ္ဇတိ သောတဝိညာဏံ” ဆိုတဲ့ ကြားစိတ်ကလေး မောင်နိုင် မပေါ်ဘူးလား (ပေါ်ပါ တယ် ဘုရား)။
အင်း ကြားပြီးသည်၏ အခြားမဲ့၌ “တိဏ္ဏံ သင်္ဂတိ ဖဿာ ဖဿပစ္စယာ ဝေဒနာ” တွေတော့ ကျော်လိုက် ပါတော့။
ဝေဒနာပစ္စယာ တဏှာ ဆိုတဲ့ ခင်စိတ်ကလေးကော (ပေါ်ပါ တယ်)၊ တဏှာပစ္စယာ ဥပါဒါနံ ဆိုတာကော (ပေါ်ပါတယ် ဘုရား)၊ ဘာသစ္စာ ကလေးတွေချည့် လျှောက်ဖြစ်နေသလဲ။ (ဒုက္ခ သစ္စာတွေ ချည့် လျှောက်ဖြစ် နေပါတယ် ဘုရား)။
ကာယကံ
ဥပါဒါနပစ္စယာ ကမ္မဘဝေါ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ သွားဦးမှပဲ ဆိုပြီး ဝစီကံ ကလေး မလာဘူး လား (လာပါတယ်) တော်တော် ကြာကျတော့ အင်း ထကို သွားတာပဲ ဆိုတော့ ကာယကံ ကလေးကော (လာပါ တယ် ဘုရား)၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။
အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်နဲ့လည်း ဒါ မကိုက်သေးဘူးလား (ကိုက်ပါတယ် ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ကို အဆုံးရွတ်လိုက်
ကဲ ပဋိစ္စသမုပ္ပါဒ်ကို ဦးဘရှင်းက ဖြစ်စေ၊ ကိုပေါ်က ဖြစ်စေ အဆုံး ရွတ်လိုက်စမ်းပါတဲ့။ အလယ်ဟာတွေ ကျုပ်တို့ ပြောနေရင် ရှည်နေမှာစိုးလို့၊ အဆုံး ရွတ်လိုက်တော့ ကိုယ် ဘာ တွေ့သလဲ (ဒုက္ခက္ခန္ဓဿ တွေ့ပါတယ် ဘုရား)။
ဟော ဒုက္ခက္ခန္ဓဿ တဲ့၊ ဒုက္ခအစုကြီးကွ ဆို တော့ ဒုက္ခသစ္စာလို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။
နောက်က ဖြစ်ခဲ့တာဟူသရွေ့ ဘာချည်းတဲ့တုံး (ဒုက္ခချည့်ပါ ဘုရား)၊ ဒုက္ခသစ္စာ ချည့်ပဲ ဆိုတာ ဘုရားကပဲ တာဝန် မခံဘူးလား (ခံပါတယ် ဘုရား)။
ဒါ ဘုရားဟောလို့ သိရတာလား တဲ့။ ခင်ဗျားတို့ ဖြစ်စဉ်ကို ဘုရားက လက်ညှိုး ထိုးတာလား (ဖြစ်စဉ် လက်ညှိုး ထိုးတာပါ ဘုရား)။
ဘုရားက ဖြစ်စဉ်ကိုလက်ညှိုးထိုးပြတယ်
အဲ ဘုရားက ဟောတာ မဟုတ်ဘူး၊ ခင်ဗျားတို့ ဖြစ် စဉ်ကို လက်ညှိုး ထိုးပြတာ (မှန်ပါ့)။
ဘုရားဟောလို့ သိရပေသည် (မှန်ပါ့)၊ ရှိတာက ကော (ဒုက္ခသစ္စာပါ ဘုရား)။
ဒီ ဒကာ ဒကာမတွေ သန္တာန်မှာရှိတယ် (မှန်ပါ့) ဘုရားက လက်ညှိုးထိုးဖော်ရတယ် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။
ရှိတဲ့ ဒုက္ခသစ္စာက ခင်ဗျားတို့ဆီမှာ (မှန်ပါ့)၊ ဘုရား က ဘာပြောဖော်ရသတုံး ဆိုတော့ ဟောဒါ ဒုက္ခသစ္စာ အတန်း ကြီးကွာလို့ ကျုပ်တို့က သစ္စာ မသိတဲ့ ပုဂ္ဂိုလ်မို့ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ ဆိုပြီး ပြောရှာတယ် (မှန်ပါ့)၊ ဒုက္ခတွေ ဖြစ်နေပြီပေါ့။ တစ်ပုံကြီးပဲ၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။
ပြောတော့ အခု တရားနာရတာ ဒကာ ဒကာမတွေ ဒုက္ခသစ္စာ ဆိုတာ ရှားသလား၊ ပေါသလား ပြောစမ်း (ပေါပါတယ် ဘုရား)။
ပေါပြီး သကာလ မသိဘဲ ဖြစ်နေတယ် (မှန်ပါ့)၊ ကျုပ်တို့ ဒီဂေါ်ကြိုး မပေါ်ခင် ဂေါ်ကြိုးတွေဟာ မသိဘူးလား (ပေါပါတယ် ဘုရား)၊ ရောင်းစားရမှန်း သိရဲ့လား (မသိ ပါ ဘုရား)။
ပေါပြီး မသိဘဲဖြစ်နေတယ်(မှန်ပါ့)၊ အခုသိလာ တော့ ရှားတယ်(မှန်ပါ့)၊ သဘောကျပလား (ကျပါ တယ် ဘုရား)။
ပေါပြီး မသိတုန်းကတော့ ဒါတွေဟာ ကျုပ်တို့ အလကားပဲ၊ ကြောင်ကျောက်တွေ ဘာလုပ်ဖို့တုံး၊ အနီထဲလည်း ကြောင်ထိုး လာရင် အလကားပဲ အပြာထဲလည်း ကြောင်ထိုးလာ ရင် ဦးဘရှင်း အလကားပဲ၊ ပေါပင်ပေါ ငြားသော်လည်း အဖိုးတန် မှန်းမသိတော့.(မှန်ပါ့)။
ခန္ဓာထဲမှာ သစ္စာတွေက ပေါပါရဲ့
ဒီမှာလည်း ခန္ဓာထဲမှာ သစ္စာတွေတော့ ပေါပါရဲ့ သစ္စာ သိတဲ့ဉာဏ်က နောက်က မလိုက်တော့ အဖိုးတန်သေးရဲ့လား (မတန်ပါ ဘုရား)။။
ဒါဖြင့် သူ့ဟာသူဖြစ်နေတဲ့ ဒုက္ခသစ္စာ (မှန်ပါ့)၊ ခင်ဗျားတို့ ဉာဏ်ဝရောက်တဲ့ ဒုက္ခသစ္စာလို့ ဆိုလို့ရရဲ့ လား (မရပါ ဘုရား)။။
ဒါဖြင့် ခင်ဗျားတို့ရှေ့က ဒုက္ခသစ္စာ သိခဲ့ရဲ့လားလို့မေး တော့ မသိခဲ့ပါဘူး (မှန်ပါ့ မသိခဲ့ပါ ဘုရား)။
ဒေါသသိနဲ့ဉာဏ်သိ
သိပါရဲ့ ဘုရား ခွေးကိုက်တဲ့ အခါ နာတာ သိတယ် (မှန်ပါ့)၊ ထမင်းစား မကောင်းရင် မကောင်းတာ သိတယ် (မှန် ပါ့)၊ အဲ့ဒါ ဒေါသသိကွ၊ ဉာဏ်သိ မဟုတ်ဘူး (မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။
ဒါ ဘာသိပါလိမ့် (ဒေါသသိပါ ဘုရား)၊ အရေးကြီး တာက ဘာအသိ အရေးကြီးသလဲ (ဉာဏ်သိ အရေးကြီး ပါတယ်)၊ ဉာဏ်သိကမှ ပဋိစ္စသမုပ္ပါဒ် ဖြတ်မှာကိုး (မှန်ပါ့)။
ဉာဏ်သိကမှ ဖြတ်မှာဖြစ်နေတော့ ဉာဏ်သိက ဒုက္ခ ဖြတ်တယ်(မှန်ပါ့)။
ကဲ ဒါဖြင့် ဉာဏ်သိနဲ့ ဒုက္ခဖြတ်ကြပါစို့ဆိုတော့ ဒကာ ဒကာမတွေ ကလေးလေးက ကိုယ့်သား သမီးကလေး က အော်လိုက်တယ်။ ငိုသံကလေးနဲ့ အော်လိုက်တယ်၊ ကြား စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ကြားစိတ်ကလေး ပေါ်ရင် ဒုက္ခသစ္စာ သိပေးပါ
အင်း ကြားစိတ်ကလေးပေါ်တာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် ပေါ်ရင် ဒုက္ခသစ္စာလို့ နောက်က သိပေး (မှန်ပါ့)။
ပေါ်ရင်(ဒုက္ခသစ္စာလို့ သိပေးရမယ် ဘုရား)၊ ဒုက္ခ သစ္စာနော် ဒုက္ခသစ္စာလို့ ဆိုတော့ ဒု-က စက်ဆုပ်စရာ၊ ခက အသုံးမကျတာ၊ သစ္စာက မှန်တာ၊ မောင်နိုင် မှတ်မိပလား (မှန်ပါ့ ဘုရား)၊ ဒု-က စက်ဆုပ်စရာနော်။ ခ-က အသုံး မကျတာ၊ သစ္စာက (မှန်တာပါ ဘုရား)။
ဒုက္ခသစ္စာဆိုတာ
ဒု-က ဘာတဲ့ (စက်ဆုပ်တာပါ) ခ-က (အသုံး မကျတာပါ)၊ သစ္စာက (မှန်တာပါ ဘုရား)။
ဒါဖြင့် စက်ဆုပ်စရာ၊ အသုံးမကျတာ အမှန်ပေါ်တာ (မှန်ပါ့)၊ ကြားစိတ် ကလေးဟာ (မှန်ပါ့)။
ကြားစိတ်ကလေးဟာ ဘာတ ဲ့(စက်ဆုပ်စရာ၊ အသုံးမကျတာ၊ အမှန်ပါ ဘုရား)။။
အမှန်ပေါ်တာကို ဘယ့်နှယ်ကြောင့် သူ့ကို စက်ဆုပ်စရာ၊ အသုံးမကျတာ အမှန်ပါပဲလို့ ကျုပ်တို့က နောက်က သိရမှာတုံး လို့မေးတဲ့ အခါကျလို့ ရှိရင်ဖြင့်တဲ့ သူဟာ အာရုံဒွါရ တိုက်ဆိုင် တာနဲ့ ပေါ်လိုက်တာ (မှန်ပါ့)။
မွေးပြီး သေသွားတယ်
ဦးဘရှင်း ပေါ်ပြီးတော့ကို သူသည် သူ့မှာလည်း ဖြစ် ပြီးပျက်သွားတယ် (မှန်ပါ့)၊ မွေးပြီး သေသွားတယ် (မှန် ပါ့)၊ အသုဘကလေး ပေါ်လာတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာကလေး ပေါ်လာသလဲ (အသုဘကလေး ပေါ် လာပါတယ်)၊ အသုဘကို ဘာသစ္စာ ဖွဲ့မလဲ (ဒုက္ခသစ္စာ ဖွဲ့ ပါမယ်)၊ ကျုပ်တို့အိမ် အသုဘ တွေ့ပြီဗျာ၊ ဒုက္ခပဲဆိုတာ လူတိုင်း ပြောတယ် (မှန်ပါ့)။
ကျုပ်တို့အိမ် အသုဘတွေ့ပြီ၊ ဒုက္ခပဲလို့ လူတိုင်းမပြော ဘူးလား (ပြောပါတယ် ဘုရား)။
ဒီလိုဟာတော့ ပြောပါတယ် သာဓကတွေ ထင်ရှား တာတွေကျတော့ ကိုဝတို့က အလွန် ပြောပါတယ် (မှန်ပါ့)။
တကယ် အစ ပျောက်သေတဲ့ ကြားစိတ်ကလေးကို – အသုဘ ဒုက္ခသစ္စာလို့ တစ်ခါမှ မပြောဘူး (မှန်ပါ့)၊ ပြောကြ ရဲ့လား (မပြောပါ ဘုရား)။
မပြောဘဲ ဖြစ်ပြီး သကာလ နေတော့ အဲဒါ မသိလို့ဘဲဆို တာ သေချာသွားပြီ (သေချာ သွားပါပြီ)၊ ဒါဖြင့် မသိတာ က အဝိဇ္ဇာ(မှန်ပါ့)။
မသိတာက (အဝိဇ္ဇာပါ ဘုရား)၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ သင်္ခါရ ပစ္စယာ ဝိညာဏံ ဆိုပြီး ကိုယ်က ဒုက္ခက္ခန္ဓဿ သွားလိုက် (မှန်ပါ့)၊ အကုန် ဒုက္ခအစုကြီး ဖြစ်ကြောင်း တွေသာ ခင်ဗျားတို့ ကြိုးစား နေတယ်တဲ့။ ဒုက္ခသစ္စာ သိတဲ့ မဂ္ဂသစ္စာ ပေါ်ရဲ့လား (မပေါ်ပါ ဘုရား)။
ပေါ်တဲ့စိတ်သည် ဒုက္ခသစ္စာလို့ ဉာဏ်နဲ့သိပေး
ကိုင်း ဒါဖြင့် ဒီကရှေ့ ဒကာ ဒကာမတွေ ကြားစိတ် ကလေးပေါ်လာလို့ရှိရင် ပေါ်တဲ့ စိတ်ကလေးသည် ဒုက္ခသစ္စာလို့ နောက်က ကိုဝတို့က ဉာဏ်နဲ့သိပေး (မှန်ပါ့)။
ဘာဖြစ်လို့တုံးလို့ မေးတော့ အသုဘကလေးကို (မှန် ပါ့)၊ အသုဘဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဒုက္ခသစ္စာပဲ ဆိုတာ ဆင်းရဲတာ အမှန် (မှန်ပါ့)၊ ဘယ် သူသေတာတုံးကွ (မိမိ သေတာပါ)၊ မိမိသေတာ။
မိမိသေတဲ့ဒုက္ခမိမိမသိဘူး၊
ဒကာ ဒကာမတို့ ခင်ဗျားတို့က သူများသေမှ ဒုက္ခရောက် တာ (မှန်ပါ့)၊ မိမိသေတဲ့ ဒုက္ခကို မိမိမသိဘူး(မှန်ပါ့ ဘုရား)။
ဟိုက အသုဘက သူများသေတဲ့ဒုက္ခက မောင်နိုင် ငွေ ကုန်ရုံပဲ(မှန်ပါ့)၊ အခုဟာက ကိုယ့်ခန္ဓာ ပျောက်တာ (မှန် ပါ့ ဘုရား)။
ဘယ်လိုဆိုကြပါလိမ့် (ကိုယ့်ခန္ဓာ ပျောက်တာပါ)၊ ကိုယ့်ခန္ဓာ ပျောက်တာဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။။
ကဲ ဘာပျောက်သတုံး (ကိုယ့်ခန္ဓာ ပျောက် တာပါ)။ ကိုယ့်ခန္ဓာ ဒုက္ခရောက်တယ် (မှန်ပါ့)၊ ဘာခန္ဓာတဲ့၊ ဝိညာဏက္ခန္ဓာ (မှန်ပါ့)။
ဒီ ဝိညာဏက္ခန္ဓာကြီး ကိုဝ ဘာဖြစ်သွားသတဲ့ (ဒုက္ခ ရောက်သွားပါတယ် ဘုရား)။
ဒုက္ခရောက်တယ် ဆိုတာ မသေချာဘူးလား (သေ ချာပါတယ်)၊ ဒါဖြင့် သူ့ကို ဘာသစ္စာ ဖွဲ့ကြမလဲ (ဒုက္ခသစ္စာ ဖွဲ့ ရပါမယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ဟာ ကိုယ့်အသေဒုက္ခတော့ ကိုယ် မသိ ဘူး၊ သူများ သေတာ့ ဪ အိမ်သား တစ်ယောက်ယောက် ဖောက်ပြန်ပြီး သေလိုက်လို့ ရှိရင် ဒုက္ခပဲ၊ ကျုပ်တို့ အကုသိုလ် ဝင်ပြီ ထင်တယ်၊ ဒီလိုပြောချင်ပြောတာ(မှန်ပါ့)၊ ကိုယ်သေ တဲ့ ဒုက္ခကျတော့ ကိုယ်တို့က ရှုမိရဲ့ လား (မရှုမိပါ ဘုရား)။
မရှုမိတော့ ခင်ဗျားတို့သည် အသုဘကို သာသိ၍ ဒုက္ခ သစ္စာမသိဘူး (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။
အခုဟောတဲ့တရားက နှစ်ချက်သိတယ်
အခုဟောတဲ့တရားက အသုဘကလည်းသိ၊ ဒုက္ခသစ္စာ ကော (သိပါတယ် ဘုရား)၊ နှစ်ချက်သိ (မှန်ပါ့)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီကဲ့သို့ သိနေတော့ ဪ ကိုယ့်သန္တာန်မှာ ကြားစိတ် ကလေးသည် ဒုက္ခသစ္စာပဲလို့ နောက်က သိလိုက်တယ်။ သိလိုက်တော့ကို ဒကာ ဒကာမတို့ သိသည်နဲ့ တစ်ပြိုင်နက်တည်း ခုနင်က ကြားလို့ ခင်တာ ကလေးဟာလည်း လိုက်သေးရဲ့လား (မလိုက်ပါ ဘုရား)၊ ခင်လို့ စွဲလမ်းတာ ကလေးဟာကော (မလိုက်ပါ ဘုရား)၊ စွဲလမ်းလို့ သွားမယ်၊ လာမယ် ပြောတဲ့ ဝစီကံ ကမ္မဘဝကော (မလိုက်ပါ ဘုရား)။
လာလတ္တံ့ ဒုက္ခတွေ အကုန်ချုပ်တယ်
ဒါဖြင့် ကမ္မဘဝမှ မလိုက်ဘဲနဲ့ စုတေမနေ သေလွန်သည် ၏အခြားမဲ့၌ ကမ္မဘဝပစ္စယာ ဇာတိ လိုက်လို့ကော (မရပါ)။
သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿလိုက်လို့ကော (မရပါ)၊ ဟာ ဒါဖြင့် ဒုက္ခက္ခန္ဓဿ နိရောဓေါ ဟောတိ (မှန်ပါ့)။
ကိုပေါ် မှတ်စမ်း (ဒုက္ခက္ခန္ဓဿ နိရောဓေါ ဟောတိ ပါ ဘုရား)။
မဂ်ကဝင်ပြီး ကြားတာကို ဒုက္ခသစ္စာ သိတဲ့ သဘောက နေပြီး လာလတ္တံ့ ဒုက္ခတွေ အကုန်ချုပ်အောင် မလုပ်တော့ဘူး လား (လုပ်ပါတယ် ဘုရား)။
အဲဒီတော့ ပါဠိတော်ရွတ်ပါ၊ ဘုန်းကြီးက ဟောနေ တယ်လို့ မယူကြပါနဲ့ နော် (မှန်ပါ့)၊ ဘာတဲ့တုံး (ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ ပါ ဘုရား)။။
ဒါ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ၊ ကဲ ဦးဘရှင်း မလာဘူးလား (လာပါတယ် ဘုရား)။
ဒါ ဘယ့်နှယ်ကြောင့် ဒီ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ၊ ဖြစ်ပါလိမ့်မတုံး၊ ခုနတုန်း ကတော့ ဒုက္ခက္ခန္ဓဿ သမု ဒယော ဟောတိ နဲ့ (မှန်ပါ)၊ အခုတော့ ကိုဝ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ ချုပ်သွားပြီလို့ မပြောဘူးလား (ပြော ပါတယ် ဘုရား)။
သစ္စာသိလိုက်လို့
ဘယ့်နှယ် ကြောင့်ပါလိမ့် မတုံး ဆိုတာ သစ္စာ သိလိုက်လို့ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ဘာဖြစ်လို့ပါလိမ့် (သစ္စာသိလိုက်လို့ပါ ဘုရား)။
သစ္စာသိလိုက်တော့ ပါဠိ ရွတ်ကြည့်လိုက်ပါ၊ ဘာတဲ့တုံး ဒကာ ဒကာမတို့ (ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိပါ ဘုရား)။
ဒုက္ခက္ခန္ဓဿ – နောင်လာလတ္တံ့ ဒုက္ခအစုကြီး၏၊ နိရောဓော- ဒီပုဂ္ဂိုလ်လို သန္တာန်၌ မရှိခြင်းသည် (ဝါ) ချုပ်ပျောက်ခြင်းသည် ဟောတိ – ဖြစ်၏။ ဆိုတော့ နောက်ဘဝတွေရော၊ ယခုဘဝ တွေရော၊ နောက်လာလတ္တံ့ ဒုက္ခတွေရော ကိုဝ ရှိသေး သလား (မရှိပါ ဘုရား)။
ဒါ ဘာဖြစ်လို့တုံးလို့ မေးတဲ့အခါ ကျတော့မှ ကြားစိတ် ကို ဒုက္ခသစ္စာလို့ တပည့်တော်တို့က နောက်က အသိလိုက်လိုက် လို့ဘုရား (မှန်ပါ့)၊ ဒကာကြီးလှိုင် ပေါ်ပါပလား(ပေါ်ပါ ပြီ ဘုရား)။
ဓမ္မာနုပဿနာ သတိပဋ္ဌာန်
ကြားစိတ်ကို ဘာလိုက်လိုက်လို့လဲ (နောက်က မဂ် လိုက်လိုက်လို့ပါ)၊ ဒုက္ခသစ္စာလို့ အသိကလေး လိုက်ရတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ၊ ဒါ ဓမ္မာနုပဿနာ သတိပဋ္ဌာန် လို့ခေါ်သည် (မှန်ပါ့)။
သတိပဋ္ဌာန်ထဲ သွင်းရင် ဘာတဲ့ (ဓမ္မာနုပဿနာ သတိပဋ္ဌာန်ပါ ဘုရား)၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်လို့ ဆိုငြား သော်လည်း ဖြစ်ပျက်ပါပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီး ဘုရား)။
အင်း ကြားစိတ်ကလေးဟာ ဖြစ်ပြီး ပျက်သွားတယ် လို့ သိလိုက်တာ ဖြစ်ဒုက္ခ ပျက်ဒုက္ခပဲ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။
ဖြစ်တာလဲ (ဒုက္ခပါပဲ ဘုရား)၊ ပျက်တာလဲ (ဒုက္ခ ပါပဲ ဘုရား)။
ဖြစ်ဒုက္ခပျက်ဒုက္ခ
ဘာကြောင့်တုံးလို့ ဆရာဘုန်းကြီးက ဒီဥစ္စာ ဒီဖြစ်ဒုက္ခ၊ ပျက်ဒုက္ခလို့ ကြားစိတ်ကလေးကို ဖြစ်တာလည်း ဒုက္ခပဲ၊ ပျက်သွား တာလည်း ဒုက္ခပဲလို့ ဟောရသတုံး ဆိုတော့ အို ဓမ္မစကြာရတဲ့ ပုဂ္ဂိုလ်ကျတော့ “သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာပိ ဒုက္ခာ” ဆိုတော့ မင်းတို့ သန္တာန်ထဲ ခန္ဓာတွေ ဘယ်ခန္ဓာပေါ်ပေါ် ဒုက္ခသစ္စာလို့ ဟော တယ် (မှန်ပါ့ ဘုရား)။
ပေါ်လဲ ဒုက္ခသစ္စာပဲ (မှန်ပါ့)၊ ပျက်လဲ (ဒုက္ခ သစ္စာပါပဲ ဘုရား)။
အဲဒါကလေးကို ဒကာ ဒကာမတို့က ဒီကြားစိတ်ကလေး ကို ပေါ်သည်နဲ့ တစ်ပြိုင်နက်တည်း သြော် ဒုက္ခသစ္စာပဲလို့ သူ့ဆီကို ဉာဏ်လှည့်ပြီး ရှုလိုက်စမ်းပါ(မှန်ပါ့)။
ရှုလိုက်သည်နှင့် တစ်ပြိုင်နက်တည်း ဦးဘရှင်း ဒုက္ခ က္ခန္ဓဿ နိရောဓော ဟောတိ (မှန်ပါ့)။
ဒကာကြီးလှိုင် ဘာတဲ့ (ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိပါ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ခင်ဗျားတို့ စာသာရွတ် နေတယ်၊ ကိုယ့်ဒုက္ခ ကိုယ်မသိမ်း တတ်ဘူး (မှန်ပါ့)၊ အခုတော့ဖြင့် ဘယ့်နှယ်တုံး (သိမ်းတတ်ပါပြီ ဘုရား)။
ကြားတဲ့စိတ်က ဒုက္ခသစ္စာ
ဟာ ကြားတဲ့ စိတ်ကလေးကို ဒုက္ခသစ္စာလို့ သိလိုက် ပါတယ်တဲ့ ဒါဖြင့် ကြားတဲ့စိတ်က ဒုက္ခသစ္စာ၊ သိလိုက်တာက “ဝိဇ္ဇာဥဒပါဒိ” ဝိဇ္ဇာ ဖြစ်သွားပြီကွတဲ့ (မှန်ပါ့)၊ “အာလောကော ဥဒပါဒိ ဉာဏံ ဥဒပါဒိ” ဖြစ်သွားပြီကွတဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။
ဝိဇ္ဇာမဂ္ဂသစ္စာဖြစ်သွားတယ်
ဝိဇ္ဇာဉာဏ်တွေ မရသေးဘူးလား (ရပါပြီ ဘုရား)၊ ဝိဇ္ဇာဉာဏ်လည်း ရပါရော ကိုပေါ်ရေ ရတဲ့ အကျိုး ဘာခံစားရ သတုံးလို့ မေးတဲ့ အခါကျတော့ လာလတ္တံ့ ခင်ဗျားတို့ပြုထားတဲ့ ကံတွေက ကမ္မဘဝပစ္စ ယာ ဇာတိ ကမ္မဘဝ ပစ္စယာ ဇာတိနဲ့ ဇာတိ၊ မရဏ၊ သောက၊ ပရိဒေဝနဲ့ ဦးဘရှင်း တစ်ပုံကြီး နောက်က လာမှာတွေ မရှိဘူးလား (ရှိပါတယ် ဘုရား)။
အဲဒါတွေဟာ ဒီက ဖြစ်ပျက်က ကြားစိတ်ကလေးတွေက ဒုက္ခသစ္စာ၊ သိလိုက်တာကလေးက မဂ္ဂသစ္စာ၊ ဝိဇ္ဇာ မဂ္ဂသစ္စာကလေး ဖြစ်သွားတော့ ကိုဝ မဖြစ်လိုက်ဘူးလား (ဖြစ်လိုက် ပါတယ် ဘုရား)။
ကျုပ်သေရင် ဘယ်သွားရမှာတုံးလို့မေးမနေနဲ့နော်
ဖြတ်လိုက်တော့ကို ခင်ဗျားတို့ ဘယ်သူမှ ကျုပ်သေရင် ဘယ်သွားမှာတုံးလို့ မေးမနေနဲ့နော် (မှန်ပါ့)၊ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ လို့ ဘုရားက ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။
မောင်နိုင် မဟောဘူးလား(ဟောပါတယ် ဘုရား)၊
ဘယ့်နှယ်ကြောင့် ချုပ်သွားတာတုံးလို့ ကြားစိတ်က လေးကို တပည့်တော်တို့က ဒုက္ခသစ္စာလို့ သိလိုက်လို့ ဘုရား၊ သိလိုက်တာကလေးက ဝိဇ္ဇာမဂ်မဖြစ်ဘူးလား (ဖြစ်ပါ တယ် ဘုရား)။
သစ္စာသိတော့ ဒုက္ခတွေ ချုပ်သွားတယ်
အဲဒီတော့ ဝိဇ္ဇာမဂ်ကလေးလာတော့ ဟိုဘက်က ဘာတွေ ချုပ်သွားသတုံး (ဒုက္ခတွေ ချုပ်သွားပါတယ်)၊ ဒုက္ခတွေ အကုန် မချုပ်သွားဘူးလား (ချုပ်သွားပါတယ် ဘုရား)။
ဒါဖြင့် သစ္စာသိတော့ကို ဒုက္ခချုပ်တယ် ဆိုတော့ ဒကာ ဒကာမတို့ သစ္စာသိလိုက်တော့ မသိတဲ့ ပုဂ္ဂိုလ်မှာ ဟိုဘက်လာ မည့် ဒုက္ခပေါင်း တစ်နေ့- တစ်နေ့ ရေတွက်နိုင်ကြရဲ့လား (မရေတွက်နိုင်ပါ ဘုရား)။။
ဒါဖြင့် ၁၃မိုင် ပတ်လည်ကန်ထဲမှာရှိတဲ့ ရေမှုန်တွေလို ဒုက္ခ တွေဟာ နောက်က လုပ်ထားတဲ့ ဒုက္ခတွေ၊ အခုလုပ်ထားတဲ့ ဒုက္ခတွေဟာ သစ္စာ သိလိုက်တော့ ဒီဒုက္ခတွေ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာသိတဲ့ တန်ခိုး ဟာ တယ်ကြီးမားပါကလား (မှန်ပါ့)၊ ကိုဝ ဆိုထိုက် ပလား (ဆိုထိုက်ပါတယ်)၊ နောက်က ဒကာ ဒကာမတွေ(ဆို ထိုက်ပါတယ် ဘုရား)။
လေးလေးစားစားနဲ့ပြောနေတာ
ခင်ဗျားတို့က ဤကား ဒုက္ခသစ္စာ၊ ဤကား သမုဒယ သစ္စာ ခင်ဗျားတို့က ရနေတာကိုး (မှန်ပါ့)၊ ကိုယ့်သန္တာန် ပေါ်တာတော့ သိမှ မသိဘဲကိုး (မှန်ပါ့)၊ ဒါကြောင့် လေးလေးစားစားနဲ့ အပင်ပန်းခံပြီး ပြောနေတယ် ဆိုတာ မောင်နိုင် ရိပ်မိဖို့ကောင်းပါပြီ။ (ရိပ်မိပါပြီ ဘုရား)။
ကဲ ဒါဖြင့် ကြားစိတ်ကလေးက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ သိလုံးကလေးက (မဂ္ဂသစ္စာပါ ဘုရား)။
မဂ္ဂသစ္စာ ဘာများလုပ်လိုက်သတုံး
ဒီမဂ္ဂသစ္စာက ဘာများ လုပ်လိုက်သတုံးလို့ မမေးဘူး လား (မေးပါတယ် ဘုရား)၊ မေးလိုက် တော့ သူမလာလို့ရှိရင် တဏှာ ဥပါဒါန်၊ ကံလာမယ် (မှန်ပါ့)၊ မလာပေဘူးလား (လာပါတယ်)၊ ကံလာလို့ ရှိရင် ဟိုဘက် ဇာတိ၊ ဇရာ၊ မရဏ လာမယ် (မှန်ပါ့)။
ဒါဖြင့် တဏှာ၊ ဥပါဒါန်က ကိလေသာဝဋ် (မှန်ပါ့)၊ ကံက (ကမ္မဝဋ်ပါ)၊ ဟိုဘက်ဇာတိ၊ ဇရာ၊ မရဏတွေက (ဝိပါ ကဝဋ်ပါ)၊ ဝဋ်သုံးပါး ကျွတ်သွားတယ် (မှန်ပါ့)။
ဘယ်လိုဆိုကြမယ် (ဝဋ်သုံးပါး ကျွတ်သွားပါတယ်)၊ ဝဋ်သုံးပါး ကျွတ်သွားတယ် ဆိုတော့ ခင်ဗျားတို့က ဘုရားရှေ့သွားပြီး သကာလ ဝဋ်ကြီး မြန်မြန် ကျွတ်ပါရစေဘုရား ဆိုတော့ မဂ်ကလည်း မပါဘူး၊ ဒီတော့ ဘုရားက မတတ်နိုင်ဘူး (မှန်ပါ့)။
မဂ်မပါတော့ တတ်နိုင်ပါ့မလား (မတတ်နိုင်ပါ ဘုရား)၊ ဖြစ်တာက ကျုပ်တို့သန္တာန်မှာ (မှန်ပါ့)၊ ဘုရားကို ဖြတ်ပေးပါခိုင်းလို့ ရပါ့မလား (မရပါ ဘုရား)။။
မရဘူးဆိုတာ သစ္စာသိတဲ့ ကိုယ့်ဝိဇ္ဇာ မဂ္ဂင်နဲ့ ကိုယ့်ဟာ ကိုယ်ဖြတ်ရမယ်(မှန်ပါ့)၊ ရှင်းပလား ဒကာကြီးလှိုင် (မှန်ပါ့ ဘုရား)။
ဘုရားသွားပြီးပူဆာရင် နားငြီးရုံပဲ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)၊ ကိုယ့်ဟာကိုယ် ဖြတ်မှသာလျှင် (ရပါတယ်)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကြားစိတ်ကလေးက ဘာသစ္စာ တုံး (ဒုက္ခသစ္စာပါ ဘုရား)၊ သိတာကလေးက (မဂ္ဂသစ္စာ ပါ)၊ ဝိဇ္ဇာမှ ဟုတ်ရဲ့လား (ဟုတ်ပါတယ် ဘုရား)။
ဝိဇ္ဇာဆိုလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော လည်းဖြစ်ပါတယ် (မှန်ပါ့)၊ ဟိုဘက်ကလာ လတ္တံ့ ဝိညာဏ နိရောဓောကော (ဖြစ်ပါတယ် ဘုရား)၊ ဒုက္ခက္ခန္ဓဿ နိရောဓောကော (ဖြစ်ပါတယ် ဘုရား)။
ဒါဖြင့် ကိုဝ သက်သေခံ လုံလောက်ရဲ့လား (လုံ လောက်ပါတယ် ဘုရား)။
ကယ်မည့်ကူမည့်သူ ဘယ်သူတုံး
ဒါဖြင့် ခင်ဗျားတို့ ကယ်မည့် ကူမည့်သူ ဘယ်သူပါလိမ့် မတုံးလို့ မေးတဲ့အခါကျတော့ သစ္စာသိတဲ့ ဉာဏ်ပါပဲဘုရား။
ဦးဘကလေး ဘာတုံး (သစ္စာသိတဲ့ ဉာဏ်ပါ)၊ သစ္စာ သိတဲ့ဉာဏ်ပဲလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဪ ဒါဖြင့် သစ္စာသိတော့ ဒကာ ဒကာမတို့ နောက်လာ လတ္တံ့ ဒုက္ခတွေ ဘယ့်နှယ် နေကြသတုံး (ချုပ် သွားပါတယ် ဘုရား)၊ ရှေးက မိုက်မဲထားလို့ ပေးစရာ ဒုက္ခ တွေကော (ပြတ်ပါတယ် ဘုရား)၊ ချုပ်တယ်၊ ရှေ့နောက်ဖြတ် တာ မောင်နိုင်ရေ (မှန်ပါ့)။
အတိတ်ကံတွေလဲဖြတ်တယ်
အတိတ်ကံတွေလဲ (ဖြတ်ပါတယ် ဘုရား)၊ အနာဂတ် လာလတ္တံ့တွေကော (ဖြတ်ပါတယ် ဘုရား)၊ သဘောကျပ လား (ကျပါပြီ)၊ ရှင်းပြီနော် (မှန်ပါ့ ဘုရား)။
အဲဒီတော့ကို အတိတ်ကံတွေက အကျိုး ပေးချင် ပြန်တယ်၊ တပည့်တော်တို့ဘုရား၊ ယခုဘဝ ကံတွေသာ တပည့် တော်တို့ ကံတဏှာတွေသာ ဖြတ်တယ်၊ အတိတ်ဘဝက တဏှာ တွေ၊ ကံတွေတော့ဖြင့် တပည့်တော်တို့က မဖြတ်နိုင်ဘူး၊ ထင်ချင် လည်း ထင်နေကြမယ် (မှန်ပါ့)။
အတိတ်ဘဝက မူးခဲ့မိုက်ခဲ့တာတွေ ကိုဝ မရှိပေဘူးလား (ရှိပါတယ် ဘုရား)၊ အပရာ ပရိယ ဝေဒနိယကံ ဆိုတာ လူတိုင်းရှိ တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အသိကလေးက မဂ္ဂသစ္စာခေါ်တယ်
ဟေ့ ရှိချင်ရှိပေစေကွ ဘုန်းကြီးကလည်း ဟော တယ်၊ ဘုရားကလည်း ဟောတယ်၊ ဘယ်လို ဟောသတုံးဆိုတော့ မောင်နိုင် ကဲ ကြားစိတ်ကလေးကို သိလိုက်တော့ သူ့နောက်က အသိကလေး မလိုက် လိုက်ဘူးလား (လိုက် လိုက်ပါတယ်)။။
လိုက်တဲ့ အခါကျတော့ မဂ္ဂသစ္စာ ကလေးက မပေါ်ဘူး လား (ပေါ်ပါတယ် ဘုရား)။
သူ့နောက်က ထုံးစံအတိုင်း လိုက်မည် မသိလို့ လိုက်မည့် တဏှာ ဥပါဒါန် လာသေးရဲ့လား (မလာပါ)၊ ကံကော (မလာပါ)၊ ကံမလာတော့ ခန္ဓာလာသေးရဲ့လား (မလာပါ ဘုရား)။
ခန္ဓာပျောက်တယ်
ခန္ဓာမလာရင် ခန္ဓာပျောက်တဲ့ အတွက်၊ ခန္ဓာ မပေါ်တဲ့ အတွက် အတိတ်ကံတွေ ကလည်း ဒကာ ဒကာမတို့ ခန္ဓာရှိမှ လိုက်အကျိုး ပေးတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ပစ္စုပ္ပန်ကံကလည်း မပေါ်လို့ ခန္ဓာမလုပ်တော့ဘူး (မှန်ပါ့ ဘုရား)၊ ကံမပေါ်လို့ ခန္ဓာ လုပ်သေးရဲ့လား (မလုပ်ပါဘူး ဘုရား)။
ပစ္စုပ္ပန်ခန္ဓာကလည်း (မပေါ်လို့ ခန္ဓာမလုပ်တော့ပါ ဘုရား)။
နို့ ခန္ဓာရှိမှလည်း နောက် အတိတ်ကံတွေကလည်း လိုက်အကျိုးပေးမှာကိုး (မှန်ပါ့)၊ ပေးနိုင်သေးရဲ့လား (မပေး နိုင်ပါ ဘုရား)။
ဒါဖြင့် ရှေ့က ပြေးမည့် လူရှိမှ နောက်က လိုက်မယ် (မှန်ပါ့)၊ ပြေးမယ့်လူ ဇာတ်သိမ်း လိုက်လို့ ရှိရင် နောက်က လိုက်တာတွေ ဟာလည်း လိုက်နိုင်သေးရဲ့ လား (မလိုက်နိုင် ပါ ဘုရား)။
ဒါဖြင့် ကိုဝပြေးမည့် ခန္ဓာပေါ်မှ နောက်က လိုက် မယ် (မှန်ပါ့)။
ပစ္စုပ္ပန်ကံတွေကော ဖြတ်တယ်
ဒါဖြင့် အတိတ်ကံတွေကော မဖြတ်ဘူးလား (ဖြတ် ပါတယ် ဘုရား)၊ ပစ္စုပ္ပန်ကံတွေကော (ဖြတ်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက် ဒုက္ခသစ္စာကို သိတဲ့ မဂ်ဉာဏ်သည် အတိတ်ကံတွေ ကိုလည်း တားမြစ်နိုင်တယ် (မှန်ပါ့)၊ ပစ္စုပ္ပန်ကံတွေကိုလည်း အကျိုး မပေးအောင် ကန့်ကွက် ပါတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဒီကံတွေက အကျိုးပေးရင် ဘာသစ္စာတွေ လာကြမယ်ထင်သလဲ (ဒုက္ခ သစ္စာတွေပါ ဘုရား)။
ဒါဖြင့် အတိတ်က ကံတွေက အကျိုးပေးမည့် ဒုက္ခသစ္စာ ကိုလည်း ယခုသစ္စာသိတဲ့ ဉာဏ်က ဖြတ်လိုက်တယ် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)၊ နောက် လာလတ္တံ့ ကံတွေ လည်း သစ္စာသိလို့ မပေါ်လာတော့ဘူး (မှန်ပါ့)၊ ပေါ်လာသေးရဲ့ လား (မပေါ်လာပါ ဘုရား)။
မပေါ်လာတော့ ကိုယ်က စဉ်းစား ကိုဝက စဉ်းစား ဪ အတိတ်ကံတွေလည်း ကြောက်စရာ မလိုတော့ပါ ကလား (မှန်ပါ့)၊ ယခုဘဝကံတွေကော (ကြောက်စရာ မလိုတော့ပါ ဘုရား)။
မဂ်ကဖြတ်လိုက်တယ်
လာကို လာသေးရဲ့လား (မလာပါ)၊ ဘာက ဖြတ် လိုက်သလဲ (မဂ်က ဖြတ်လိုက်ပါတယ်)၊ မဂ်က ဖြတ်တယ် သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒီမဂ်ဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီသစ္စာသိတဲ့ မဂ်လာမှကွာ ခုနက ၁၃မိုင်ပတ်လည် အနက် ၁၃မိုင်ရှိတဲ့၊ ရေမှုန်ထက်များတဲ့ ဒုက္ခတွေဟာ အတိတ်ဒုက္ခတွေ ဟာလည်း အကုန်ခန်းရမယ် (မှန်ပါ)၊ ပစ္စုပ္ပန်လည်း ကျုပ်တို့က ဒီကန်ထဲမှာ ရေမှုန်တွေ ပြန်ထည့်သေးရဲ့လား (မထည့်ပါ ဘုရား)။
ဒါဖြင့် ဒီရေကန်သည် အတိတ်ကဟာလဲခန်း၊ နောက်က လည်း ရေသစ် မလောင်းတော့ဘူး ဆိုလို့ရှိရင်ဖြင့် ကန်ဟာ ဟောင်းလောင်ကြီး ဖြစ်ရုံပဲရှိတယ် (မှန်ပါ့)၊ ဒုက္ခတွေ အကုန် ကုန်သွားတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာတွေကုန်ပါလိမ့် (ဒုက္ခတွေ ကုန်ပါတယ် ဘုရား)။
ဒုက္ခကုန်ချင်ရင် သစ္စာသိအောင်လုပ်ပါ
ဒါဖြင့် ဒုက္ခကုန်ချင်ရင် သစ္စာသိအောင်လုပ် (မှန်ပါ့)။ ပေါ်ကြပလား(ပေါ်ပါပြီ ဘုရား)။
ဒုက္ခကုန်ချင်ရင်(သစ္စာ သိအောင် လုပ်ရပါမယ်)၊ သစ္စာသိအောင် လုပ်မှု မှတစ်ပါး တခြားသော နည်းမှာဖြင့် ကိုဝ ဘုန်းကြီး ပိဋကတ်သုံးပုံ အလုံးစုံ အကုန် ဘုရားသခင်ကိုယ်တော် မြတ်ကြီး ဟောတာ၊ အကုန် မွှေနှောက် ရှာတာ၊ ဒါပဲရှိတယ် (မှန်ပါ့)၊ သစ္စာသိမှပဲ (မှန်ပါ့)၊ သစ္စာ မသိလို့ရှိရင် ဒီပြင်ဟာ ယောင်ဝါးဝါး ချည့်မှတ်(မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
သစ္စာမသိသေးရင် ဒီပြင်ဟာတွေ (ယောင်ဝါးဝါး ချည့်ပါ ဘုရား)၊ ယောင်ဝါးဝါးတွေပဲ ဆိုတော့ သစ္စာသိမှ ဝိဇ္ဇာဖြစ်တာကိုး (မှန်ပါ့)။
ကိုဝ ဘယ့်နှယ်ဆိုကြမလဲ (သစ္စာသိမှ ဝိဇ္ဇာဖြစ်တာ ပါ ဘုရား)။
သစ္စာမသိတဲ့ပုဂ္ဂိုလ် အဝိဇ္ဇာ (မှန်ပါ)၊ သစ္စာသိတော့ (ဝိဇ္ဇာပါ ဘုရား)။
ကဲ ဒါဖြင့် မဂ်ဝိဇ္ဇာ မဖြစ်သေးဘူးလား (ဖြစ်ပါ တယ် ဘုရား)။
အဲ မဂ်လဲခေါ်၊ ဝိဇ္ဇာလဲခေါ်ဆိုတော့ ဒကာ ဒကာမ တွေက ဒီကြားစိတ် ကလေးပေါ်လည်း သိနေ (မှန်ပါ့)၊ သြော် ဒုက္ခသစ္စာ သိလို့ ရှုလိုက်၊ ဒါ ဒုက္ခသစ္စာပဲလို့ ပွားလိုက်၊ သဘော ကျပလား (ကျပါပြီ ဘုရား)။
ဒုက္ခသစ္စာသာ ပွားနေလိုက်စမ်းပါ
နံစိတ်ကလေးပေါ်လဲ (ဒုက္ခသစ္စာပါ ဘုရား)၊ စား စိတ်ကလေးပေါ်လဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ယားစိတ် ယံစိတ် ကလေးပေါ်လဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာ ပွားပွားနေ လိုက်စမ်းပါ (မှန်ပါ့)။
ပွားလိုက်တော့ အတိတ်ကံတွေကော မဂ်က (ဖြတ်ပါတယ် ဘုရား)၊ ပစ္စုပ္ပန်ကံတွေ လာခွင့် ပေးသေး သလား (မပေးပါ ဘုရား)။
မပေးတော့ အင် ဟင် အတိတ်က ဝဋ်ကြွေးတွေ လဲ ပြေပေါ့ဟ (မှန်ပါ့)၊ ဝဋ်သစ်တွေလည်း မလာဘူးဟ (မှန်ပါ့)။။
ဘယ့်နှယ်ဆိုကြမလဲ (ဝဋ်ကြွေးတွေလည်း ပြေပါ တယ်ဘုရား။ ဝဋ်သစ်တွေလည်း မလာပါ ဘုရား)။
ဒါဖြင့် ဒီပုဂ္ဂိုလ်သည် ဝဋ်ကျွတ်သွားတဲ့ ပုဂ္ဂိုလ်ဆိုရမယ် (မှန်ပါ့)။
ဒကာကြီးလှိုင် ဘယ့်နှယ်ဆိုကြမလဲ (ဝဋ်ကျွတ် သွားတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။
ဝဋ်ကျွတ်သွားတဲ့ပုဂ္ဂိုလ် ဆိုထိုက်-မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘုရားကို ဖြတ်ပေးပါခိုင်းလို့တော့မရပါ
တပည့်တော်ဖြင့် ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန် ရောက်ရပါလို၏ ဘုရားဆိုတာ ဝဋ်ကျွတ်ပါရစေ ဘုရားလို့ပြောတာပါ (မှန်ပါ့ ဘုရား)၊ မောင်နိုင် ဝဋ်တိုတိုနဲ့ နိဗ္ဗာန် ရောက်ရပါလို၏လို့ ဘုရားရှေ့မှာ လုပ်နေတာ ဘာပါလိမ့် (ဝဋ်ကျွတ်ပါရစေ ပြောတာပါ)၊ ကျွတ်ရဲ့ လား (မကျွတ်ပါ ဘုရား)။
ဘာကြောင့်တဲ့ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုမှ ကိုယ်မဖြတ် ဘဲနဲ့ ကိုယ့် ပဋိစ္စသမုပ္ပါဒ် ဒဏ်ကြောင့် ကိုယ်ဝဋ် ဖြစ်နေတာကို ကိုယ့် ပဋိစ္စသမုပ္ပါဒ် ကိုယ့်ဉာဏ်နဲ့ မပြတ်ဘဲနဲ့ ဘုရားကို ဖြတ်ပေးပါ ခိုင်းလို့ တော့ဖြင့် မရဘူးကွ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘုရားကြည်ညိုရင် သုဂတိရောက်ရုံပဲ
ဒါကြောင့် ဘုရားက ငါ ဘုရားကြည်ညိုလို့ရှိရင် သုဂတိ , ရောက်ရုံပဲ၊ နိဗ္ဗာန် ရောက်ချင်လို့ ရှိရင်ဖြင့် သစ္စာ သိအောင်လုပ်တဲ့ (မှန်ပါ့)၊ မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ ဘုရား)။
နိဗ္ဗာန်ရောက်ချင်ရင်တော့ (သစ္စာသိအောင် လုပ်ရ ပါမယ်)၊ ကဲ ကိုဝ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်သန္တာန်မှာ ပေါ်လာ သရွေ့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ကဲ ဒါဖြင့် အခုတော့ စိတ်တွေချည့်ပဲရှု၊ လာသရွေ့ စိတ်ကို ဖမ်းရှုနေတယ် (မှန်ပါ့)၊ ရှူစိတ်ကလေး လာလဲ ရှုပဲ၊ ရှိုက် စိတ်ကလေး လာလဲ (ရှုရပါမယ်)၊ စားချင်တဲ့ စိတ်ကလေး လာလဲ၊ အိပ်ချင်တဲ့ စိတ်ကလေးလာလဲ (ရှုရပါမယ် ဘုရား)။
အင်း အကုန် ဒုက္ခသစ္စာ ချည့်ရှုပေး လိုက်စမ်းပါ (မှန်ပါ့)၊ ရှုတိုင်း ရှုတိုင်း အရှုခံရတာက ဒုက္ခသစ္စာ၊ ရှုဉာဏ်က မဂ္ဂသစ္စာ ဖြစ်ပါတယ် (မှန်ပါ့)။
ရှုဉာဏ်ကမဂ္ဂသစ္စာ
အရှုခံရတာက(ဒုက္ခသစ္စာပါ)၊ ရှုဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား)။
ဒါဖြင့် ဒီမဂ္ဂသစ္စာတစ်လုံးသည် ဦး-ပဲ့ထမ်းသလိုပဲ အတိတ်ကံတွေကို ဖြတ်တောက် ပေးတာလဲ သူပဲ (မှန်ပါ့)၊ အနာဂတ်ကံ တွေကို မလာအောင် ကန့်ကွက်တာလဲ (သူ ပါပဲ ဘုရား)။
သူပဲလို့ဆိုသဖြင့် ကျုပ်တို့မှာ ဪ ဒီဘဝတော့ဖြင့် တို့ ကောင်းကောင်းမွန်မွန် စားကာ သောက်ကာနဲ့ နေကြတာပဲ၊ အတိတ်ကံတွေကများ မတော်လို့ နှိပ်စက် လိုက်ရင်ဖြင့် အင်း ဒီအိမ်ပေါ်က ဆင်းချင် ဆင်းရမယ် စိုးရိမ် နေရတယ် (မှန်ပါ့)၊ မစိုးရိမ်ရဘူးလား (စိုးရိမ်ရပါတယ် ဘုရား)။။
နောက်လဲ ဘာဖြစ်ဦးမယ် မသိသေးပါဘူးလေဆို တဲ့ ကြောက်လုံးကော မလာဘူးလား (လာပါတယ် ဘုရား)။
ဝိဇ္ဇာ မဖြစ်သရွေ့လိုသေးတယ်
အဲဒါ ဝိဇ္ဇာ မဖြစ်သရွေ့ ကာလပတ်လုံး လိုသေးတယ် မှတ်ပါ (မှန်ပါ့)။
ဒီကြောက်လုံးနှစ်ခုလာမှာပဲ (မှန်ပါ့)၊ အိမ်ပေါ်ကပဲ ဗြုန်းခနဲများ ဥပစ္ဆေဒကကံ များက ဖြတ်ချလိုက်ရင် အခက်ကြီးပဲ။ မလာဘူးလား (လာပါတယ် ဘုရား)။
အင်း ဒီဘဝလည်း ကိုယ်က မူးမိုက်ထားတာတွေ ဖြစ် နေတော့ ဒီကံတွေကလည်း ကြောက်စရာပဲ ဒါ အမြဲ တမ်းစိုးရိမ်နေရတယ်(မှန်ပါ့)။
အတိတ်အတွက်လည်း လှမ်းပြီးတော့ (စိုးရိမ်ရပါ တယ်)၊ ပစ္စုပ္ပန်အတွက်လဲ (စိုးရိမ်ရပါတယ် ဘုရား)။
မဂ်သည်သာ အားကိုးရာအစစ်အမှန်
အဲ မစိုးရိမ်ချင်လို့ရှိရင် ဘာလုပ်ကြမယ် (သစ္စာ သိအောင် လုပ်ရပါမယ်)၊ သစ္စာသိအောင် လုပ်ပစ်လိုက်ပါ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ သိလုံး ကလေးက (မဂ္ဂသစ္စာပါ)၊ အတိတ်ကံ ပြတ်တာလည်း ဘယ်သူ့ကြောင့် (မဂ်ကြောင့်ပါ)၊ ပစ္စုပ္ပန်ကံတွေ မလာတာလဲ (မဂ်ကြောင့်ပါ ဘုရား)။
ဒါဖြင့် မဂ်သည် ဒကာ ဒကာတို့၏ အားကိုးရာ အစစ် အမှန်ဖြစ်တော့တယ် ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။