နိဗ္ဗာန်ဆိုတာ ဘယ်လိုပါလိမ့်
အသံဖိုင်ခေါင်းစဉ်= အဖုံးနှစ်ချက်ဖွင့်ကြည့်မှ နိဗ္ဗာန်မြင်ပုံ
စာအုပ်ခေါင်းစဉ်= နိဗ္ဗာန်ဆိုတာ ဘယ်လိုပါလိမ့်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌
ဟောကြားတော်မူသောတရားတော်
နိဗ္ဗာန်ဆိုတာ ဘယ်လိုပါလိမ့်
(၁၈-၆-၆၂)
သစ္စာမသိလို့ရှိရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟော တယ်နော်၊ သစ္စာ မသိကြလို့ ရှိရင် မင်းတို့ ခန္ဓာကိုယ်တွေဟာ ဘယ်လို ဖြစ်မယ် ဆိုတာ ငါ သဗ္ဗညုတ ဉာဏ်တော်တည်း ဟူသော အမြင်နဲ့ ပြော ရလို့ ရှိရင်ကွာတဲ့ ကောင်းကင် မြှောက်တဲ့ တုတ်လိုဖြစ်မယ်၊ ဘယ်လို ဖြစ်မတုံး (ကောင်းကင် မြှောက်တဲ့ တုတ်လို ဖြစ်မှာပါ ဘုရား)၊ ကောင်းကင် မြှောက်တဲ့ တုတ်လို ဖြစ်မယ်တဲ့။
တုတ်ဆိုတာ အရင်းအဖျား ရှိတယ်၊ အရင်းအဖျား ရှိတော့ ကို မြှောက်လိုက်တဲ့ အခါကျတော့ ကျချင်တဲ့ ဘက်က ကျမယ်၊ အမြဲ တမ်း ပုံသေ မှန်းခြေကိုက် ရှိရဲ့လား (မရှိပါဘုရား)။
ဘယ့်နှယ်ကြောင့် မှန်းခြေကိုက် မရှိပါလိမ့်မတုံး လို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့်-တဲ့၊ ကိုယ်၏ လက်ဆ အတိုင်း ကျချင်သလို ကျပြီး သကာလ အရင်းကျလိုက်၊ အဖျားက ကျလိုက်၊ အလယ်က အဖုကလေး ရှိရင်လဲ အလယ်က ကျလိုက်၊ ကိုစောမောင် ကျချင်သလို ကျနေမှာပဲ (မှန်ပါ့)။
ဘယ့်နှယ်ကြောင့် ကျချင်သလို ကျမလဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မေးလို့ ရှိရင်ဖြင့် မမြဲလို့ (မှန်ပါ့)၊ သဘော ကျပြီလား (ကျပါပြီဘုရား)။
ဘာပဲလုပ်နေနေ သစ္စာမသိသေးရင် ခင်ဗျားတို့ သံသရာ ထဲမှာ ကျချင်သလို ကျလိမ့်မယ်၊ မမြဲသေးဘူးသာမှတ် (မှန်ပါ့) – ရှင်းကြပလား (ရှင်းပါပြီဘုရား)။
သစ္စာမသိရင် ကိုယ်ကျိုးနည်းမယ်
သစ္စာမသိသေးရင် သံသရာထဲမှာဖြင့် နတ်ဖြစ်လို့လဲ ဒီတစ်ခါ ရှုံးရရှာတယ်၊ နောက်တစ်ခါ နတ်ကနေပြီး သကာလ အဝီစိ ငရဲကိုလဲ ကျချင်လဲ ကျသွားမှာပဲ၊ အဖျားက ကျချင်လဲ ကျသွားမှာပဲ။ မောင်နိုင် မြဲပါ့မလား (မမြဲပါ ဘုရား)။
အဲဒါတွေ သေသေချာချာ စဉ်းစားတော့မှ သြော် သစ္စာမသိလို့ ရှိရင်ဖြင့် ကိုယ်ကျိုး အကြီး အကျယ် နည်းပါပေါ့လား (မှန်ပါ့)။
မောင်နိုင် သစ္စာမသိရင် (ကိုယ်ကျိုး အကြီးအကျယ် နည်း ပါတယ် ဘုရား) ကိုယ်ကျိုး အကြီးအကျယ် နည်းပါပေါ့လား ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ သစ္စာမသိတဲ့ ပုဂ္ဂိုလ် လုပ်နေတဲ့ အလုပ်ဟာ ကိုစောမောင် စဉ်းစားကြည့်၊ မောင်နိုင် စဉ်းစား သာကြည့် ဒကာကြီး လှိုင် စဉ်းစားကြည့်၊ ပေါ်ပါ လိမ့်မယ်နော် (မှန်ပါ့) ဒီ သားမယား နဲ့ပဲ လူ့ပြည်, နတ်ပြည် ရောက်ချင်တယ်။
မောင်နိုင် – သစ္စာသိတဲ့ ပုဂ္ဂိုလ် လှူတာလား၊ သစ္စာ မသိတဲ့ ပုဂ္ဂိုလ် လှူတာလား၊ (သစ္စာ မသိတဲ့ ပုဂ္ဂိုလ် လှူတာပါ ဘုရား)၊
လူ့ပြည် နတ်ပြည် ဖြစ်တယ် ဆိုတော့ ဇာတိဇရာ မရဏ လာရမှာလား မလာရမှာလား (လာရမှာပါ ဘုရား) သြော် ဒို့ ဇာတိ, ဇရာ, မရဏကို ပန်းနဲ့ ဝယ်ယူတယ် ဆိုတဲ့ အဓိပ္ပာယ်လဲ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဒါဖြင့် ယခု- လက်ရှိ ခန္ဓာကြီး ပန်းလှူတဲ့ ခန္ဓာကြီးကလဲ ကိုစောမောင်က ဆုံးဖြတ်ချက်ချ။ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား) အို-နာ-သေရှိတယ် (မှန်ပါ့) ၉၆-ပါး ရောဂါတွေကော (ရှိပါတယ် ဘုရား)။
ဒီ ဒုက္ခသစ္စာ ရှိလျက်နဲ့ ဒီပန်းတစ်ပွင့်နဲ့ လူ့ပြည် နတ်ပြည် ရချင်တယ် ဆိုတော့ ပန်းတစ်ပွင့်နဲ့ပဲ ဒုက္ခသစ္စာ ဝယ်ယူတယ် (မှန်ပါ့) ၊ လက်ဆောင် ထိုးပြီး သကာလ အသေ ခိုင်းတဲ့ ဖြစ်စဉ်သမားနဲ့ တူ နေတယ် (မှန်ပါ့) ဦးဘကလေး မတူဘူးလား (တူပါတယ်) အခု အသေ ရှိလျက်နဲ့ အသေ ရှာတဲ့ အဓိပ္ပာယ် ဒကာကြီးလှိုင် ရောက် မရောက် (ရောက်ပါတယ် ဘုရား)။
ဒါ ဘာတုံးဆိုတော့ နောက်လာမည့် “ဇာတိပိ ဒုက္ခသစ္စံ ဇရာပိ ဒုက္ခသစ္စံ မရဏမ္ပိ ဒုက္ခသစ္စံ” ဆိုတဲ့ ဒုက္ခသစ္စာ မသိ လိုက်တာ (မှန်ပါ့) မသိလိုက်တဲ့ အတွက် ကိုစောမောင် ဘာတွေ ရသတုံး (ဒုက္ခတွေ ရပါတယ် ဘုရား)။
ဒါက မသိဘူး ဆိုတော့ ဒကာ ဒကာမတွေက ဗြုန်းခနဲတော့ မရှင်းပေဘူးတဲ့၊ ကိုယ့်ခန္ဓာ ဒုက္ခသစ္စာ မသိမှုက ရှေ့ကျနေတာနဲ့ နောက်ခန္ဓာလဲ မသိတော့ဘူး (မသိပါဘုရား)။
ဒကာကြီးလှိုင် ‘ပေါ်ပလား (ပေါ်ပါပြီ) ကိုဝတို့ ပေါ်ပြီနော် (ပေါ်ပါပြီဘုရား)။
ကိုယ့်ခန္ဓာကို ဒုက္ခသစ္စာလို့ မသိတော့ ဟို လာလတ္တံ့ ခန္ဓာကြီးကို သူက သိသေးရဲ့လား (မသိပါ ဘုရား)။
ဒါဖြင့် သစ္စာမသိတဲ့ အတွက် ခုနင်က ကောင်းကင်မြှောက် လိုက်တဲ့ တုတ်လို ဒုက္ခသစ္စာထဲပဲ ပြန်ကျတယ် (မှန်ပါ့)။
အပါယ် ဒုက္ခသစ္စာထဲ ပြန်ကျလိုက်၊ သုဂတိ ဒုက္ခသစ္စာထဲ (ပြန်ကျလိုက်ပါ ဘုရား) ဘယ်သစ္စာက သုခ ပါသေး သတုံး (မပါ, ပါဘုရား)။
ဒါ ဘယ့်နှယ်ကြောင့် ဒီအလုပ်တွေကို တွင်တွင်ကြီး လုပ်နေ ပါလိမ့်မတုံး၊ လုပ်နည်း ဒီပြင် ပြောင်းပါဦး တော့လား။ ဒီပန်းတစ်ပွင့်နဲ့ နိဗ္ဗာန် ရအောင် လုပ်ချင်လို့ ရှိရင် အရသားနဲ့ ဘယ့်နှယ် ကြောင့် လူတွေ, နတ်တွေ, ဗြဟ္မာတွေ ထည့်ချင် ပါလိမ့်မတုံးလို့ အမေးထုတ်လို့ ရှိရင်ဖြင့် မောင်နိုင် ပေါ်ပါပြီ (ပေါ်ပါပြီ)၊ဘာမသိ လို့တုံး (သစ္စာမသိလို့ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီသစ္စာ ကွယ်ရင် ခင်ဗျားတို့မှာ သံသရာ ခရီးသည်ဘဝ မဆုံးတော့ဘူး (မှန်ပါ့)။
သစ္စာကွယ်ရင် (သံသရာ ခရီးသည်ဘဝ မဆုံးတော့ပါ ဘုရား)။
ဒါဖြင့် ကိုဝတို့ အကြီးအကျယ် လုပ်ဖို့ ကောင်းတယ် (မှန်ပါ့ဘုရား)။
အကြီးအကျယ် လုပ်ဖို့ကောင်းတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။
သစ္စာသိအောင်လုပ်စမ်းပါ
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အင်မတန် ဟောရှာပါတယ်၊ သစ္စာများကွာ သိအောင် လုပ်စမ်းပါဟ တစ်နေ့ လှံအချက် သုံးရာထိုး အသက်တစ်ရာ နေတဲ့ ပုဂ္ဂိုလ်ဟာ ထိုးပစေကွ၊ တစ်နေ့ သုံးရာ သုံးရာ ၊ နောက်ဆုံး ပိတ်မှာ သစ္စာ ပြောမယ် ဆိုရင် ခံသာ ခံလိုက်လို့ တစ်နေ့က ပြောလိုက် သေး တယ် (မှန်ပါ့ဘုရား)။
သစ္စာ မသိလို့ရှိရင် လည်လှီး သေရမည့် ဘဝတွေ၊ သူများ ပါးစပ်ထဲမှာ သေရမည့် ဘဝတွေနဲ့ စာလိုက်လို့ ရှိရင်ကွာ တဲ့၊ လှံအချက် သုံးရာ, သုံးရာ ဆိုတာ မပြောပလောက်ပါဘူး၊ ရေတွက် လို့ ရပါသေးတယ် (မှန်ပါ့)၊ နောက် အသေဆိုး တွေဟာ ရေတွက်လို့ မရဘူး (မှန်ပါ့)။
ဦးဘကလေး ဘယ်လောက် ဆိုးဝါးသလဲ (ဆိုးဝါးပါတယ် ဘုရား)။
ဒါကြောင့် ဒီ-ဒကာ ဒကာမတွေ ဒီသစ္စာ အကြီးအကျယ် ပြောနေတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သစ္စာ မသိတာ လောက် လောကကြီးထဲ ဆိုးဝါးတာဖြင့် ဘာမှ မလုပ်တတ်တဲ့ ပုဂ္ဂိုလ် အဓိပ္ပာယ် ရောက်တယ် (မှန်ပါ့ ဘုရား) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
လှူလဲ- မလှူတတ်ဘူး၊ ပေးလဲ မပေးတတ်ဘူး၊ ကမ်းလဲ မကမ်းတတ်ဘူး ကိုယ့်ဟာ ကိုယ်လဲ ဘာမှန်းမသိဘူး ဆိုတော့ စုံလုံးကန်း ကျနေတယ် (မှန်ပါ့) သဘောပါလား (ပါပါ တယ်ဘုရား)။
စုံလုံးကန်း ကျတော့ကို ဘယ့်နှယ် ဖြစ်နေသတုံးလို့ မေးတဲ့ အခါကျတော့ မျက်စိကန်းတွေကို စုပြီး ဆင်ကို ပြသလို ဖြစ်နေတယ်၊ ဒီအတိုင်းမကျပေဘူးလား – (ကျပါတယ်ဘုရား)။
ဗိုက်စမ်းမိတဲ့ လူကလဲ မင်း ဆင်ပြောစမ်းပါလို့ လူတစ်ယောက် က မေးလို့ရှိရင် ဆင်ဆိုတာ အိုးနဲ့ တူတယ် ပြောမှာပဲ (မှန်ပါ့) ဆင်စစ် သိသေးရဲ့လား (မသိပါ ဘုရား) နှာမောင်း စမ်းမိတဲ့လူက ဆင်ဆို တာ နွယ်ကြီးနဲ့ တူတယ်လို့ ပြောမှာပဲကိုး၊ ခြေထောက် စမ်းမိတဲ့ သူကလဲ ဆင်ဟာ တိုင်ကြီးနဲ့ တူတယ်လို့ ပြောမှာပဲ၊ သူစမ်း မိရာသာ သူပဓာန ထားလိမ့်မယ်၊ သစ္စာ မသိလို့ (မှန်ပါ့)။
အဲဒီလောက် ကျအောင် ခင်ဗျားတို့ ဆိုးဝါး သွားလိမ့်မယ်ဆို တဲ့ အဓိပ္ပာယ် ရှင်းကြပါပြီ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သစ္စာ သိအောင် လုပ်ဖို့ အရေးဟာဖြင့် အလွန်ကြီး တော့တယ် ဆိုတာဖြင့် ခင်ဗျားတို့ ဘာမှ ဆင်ခြေလဲ မနေနဲ့တော့ ဘုရားက အရေး အကြီးဆုံး တရားလို့ ဟောတယ်လို့ မှတ်လိုက် (မှန်ပါ့)။
ဒကာကြီးလှိုင် အရေး အကြီးဆုံး တရား ဆိုတာ ရှင်းပြီ နော် (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ သစ္စာ မသိတော့ ဒကာ ဒကာမတွေက ဒို့ကံ တွေ လုပ်နေတာပဲ ကံတွေ အမျိုးမျိုး လုပ်နေတာပဲ၊ ဒို့ ဒါနကံတွေ သီလကံတွေ, အမျိုးမျိုး လုပ်ပြီး သကာလ နေတာပဲ၊ ဒါတွေ နိဗ္ဗာန် မရောက်ဘဲ ရှိပါ့မလားလို့ ဒကာ ဒကာမတွေက ဆင်ခြေ လဲချင် လဲမယ်၊ မလဲ ပေဘူးလား (လဲပါတယ် ဘုရား)။
လဲတဲ့ အခါကျတော့ ဘုန်းကြီးကလဲ အကိုးအကား ကလေး ထုတ်ပြပြီး ဒကာ ဒကာမတွေကို ရှင်းပြပါ့မယ်နော် (မှန်ပါ့)။
နိဗ္ဗာန်သည် ကံကလုပ်ထားတာမဟုတ်
ရှင်းပြတော့ မိလိန္ဒမင်းကြီးက ရဟန္တာဖြစ်တဲ့ ရှင်နာဂသိန် ကို မေးတယ်၊ လောကကြီးထဲမှာ ဘုရား ၊ ကံကြောင့် ဖြစ်တယ် ဆိုတာတွေလဲ ထင်ရှား ပါတယ်တဲ့၊ လူ့ပြည်က နတ်ဖြစ်တဲ့ ကံတွေ လုပ်လိုက်လို့ ရှိရင် နတ်ကောင်ကြီး သွားဖြစ်တယ် ဆိုတာ မောင်နိုင် မထင်ရှားဘူးလား (ထင်းရှား ပါတယ် ဘုရား)။
တစ်နည်းအားဖြင့်လဲ ဟေတု- အကြောင်းတွေ ဆိုတာလဲ အများကြီး ရှိပါတယ်တဲ့။
ဥတုကြောင့်ဖြစ်တဲ့ သစ်ပင်တွေ၊ တောင်တွေကော မရှိဘူး လား (ရှိပါတယ်ဘုရား)။
လောကကြီးထဲမှာ ဒီအကြောင်းရှိတဲ့ အကြောင်း သုံး ကြောင်း တပည့်တော် နားလည် ပါတယ်တဲ့။
အကြောင်း မရှိဘဲနဲ့ ဖြစ်နေတဲ့ တရားကို တပည့်တော် သိချင်တယ်တဲ့၊ ကပ်တာလို့လဲ မဆိုနဲ့ ကိုစောမောင် (မှန်ပါ) အဓိပ္ပာယ် ပေါ်စေချင်လို့ မေးရှာတာ (မှန်ပါ့)။
လောကကြီးထဲမှာ ကံကြောင့် ဖြစ်တယ် ဆိုတာလဲ တပည့် တော် သိပါတယ်တဲ့၊ နတ်ပြည်တွေ ဘာတွေဆိုတာ ဘုံတွေလဲ ကံ, က ဆောက်တာပဲ၊ အကောင် အထည်တွေလဲ ကံ,ကပဲ လုပ်ပေး တယ် ဆိုတာ တပည့်တော် သိပါတယ် တဲ့၊ ဒီပြင် ရုပ်နာမ်တွေ ဖြစ်တယ် ဆိုတာလဲ သဟဇာတ တကွ ဖြစ်တဲ့ အကြောင်းတွေ ကြောင့် ဖြစ်ပေါ် နေတယ် ဆိုတာ တပည့်တော် သိပါတယ်၊ သစ်ပင်ရေ၊ မြေ, တော, တောင်တွေဟာ ဥတုကြောင့် ဖြစ်နေတယ် ဆိုတာ တပည့်တော် သိပါတယ်။
အဲဒီ အကြောင်းသုံးခု လွတ်ပြီး ရှိနေတဲ့ တရား အကြောင်း သုံးခုလွတ်တဲ့ တရား ပြောစမ်းပါ၊ ကံ,ကလဲ မပါဘူး၊ ဟေတု အစရှိ လည်လဲ မပါဘူး၊ ဥတုတည်း ဟူသော အကြောင်းလဲ မပါဘဲနဲ့ ဖြစ်တာ- အရှင်ဘုရား ပြောစမ်းပါ ဆိုတော့ ဒကာကြီးလှိုင် မေးကွက် က အတော် စေ့တယ် (စေ့ပါတယ် ဘုရား)။
အဲဒီမှာ ဟိုက ဖြေလိုက်တယ်၊ ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်က ဒကာကြီး တဲ့၊ ဟာလာ ဟင်းလင်း ဆိုတဲ့ ကောင်းကင်ကြီး ဟာ ဘယ်သူမှ လုပ်ထားတာ မဟုတ်ဘူးတဲ့။
ကံ, က လုပ်လာတာလဲ မဟုတ်ဘူးတဲ့ ကိုစောမောင် ဟာလာဟင်းလင်း ကောင်းကင်းကြီး ဟာလေ (မှန်ပါ့)၊ ခင်ဗျား အထက်က ကောင်းကင် မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒီ အမိုး ဒီဘက် ကြားထဲ ရှိတဲ့ ကောင်းကင် ပေါ့ဗျာ (မှန်ပါ့)၊ ဘယ်သူ လုပ်ထားတာလို့ ဆိုမတုံး (ဘယ်သူမှ လုပ်ထားတာ မဟုတ်ပါ ဘုရား)။
ဘယ်သူ လုပ်ထားတာမှ မဟုတ်ဘူး၊ ဟေတု လုပ်ထားတာ လား၊ နှစ်ဆယ့်လေး ပစ္စည်း လုပ်ထား တာလား ဆိုတော့လဲ မဟုတ် ဘူး၊ သဘောကျပြီလား (ကျပါပြီ)။ ဒါဖြင့် ဥတုက လုပ်ထား တာလား ဆိုတော့လဲ မဟုတ်ဘူး၊ သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် ကောင်းကင်ဟာ အကြောင်းသုံးပါး မလွတ်ဘူးလား (လွတ်ပါတယ်ဘုရား)။
ဒါတွင် မကသေးဘူး ဒကာကြီးတို့ နိဗ္ဗာန်ဟာ ကံ,က လုပ်ထားတာလဲ မဟုတ်ဘူးတဲ့၊ ပေါ်ပလား (ပေါ်ပါပြီ)။
ဒါဖြင့် နိဗ္ဗာန်က ကံ,ကလုပ်ထားတာ မဟုတ်ဘူး ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
ကိုဝတို့က စဉ်းစားရမယ် ကိုပေါ်တို့က စဉ်းစား ရမယ်၊ ကံ,ကလုပ်ထားရင် ကံ,ပျက်ရင် ပျက်မယ် (မှန်ပါ့) ဘာပြုလို့ တုံး ကံ, ကုန်လို့ စုတေတယ် ပြောကြတယ် (မှန်ပါ့)။
ကိုဝ သဘောပါပလား (ပါပါပြီ) ကံ,ကလုပ်ရင် ကံ ကုန်ရင် ဘာဖြစ်မလဲ (ပျက်ပါမယ်ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ဟာ ကံ,ကလုပ်ထားတာ ဟုတ်ပါရဲ့လား (မဟုတ်ပါဘုရား)။
ဘာ့ကြောင့်တုံး၊ ဓုဝနိဗ္ဗာန်, နိစ္စနိဗ္ဗာန် အမြဲတမ်း ခိုင်မြဲတဲ့ နိဗ္ဗာန် ဖြစ်နေတော့ ကံနဲ့ကော စပ်သေးရဲ့လား (မစပ်ပါ ဘုရား)။
ကိုစောမောင် ဟေတု အစရှိသော အကြောင်း တွေနဲ့ကော (မစပ်ပါဘုရား) ဥတုနဲ့ကော (မစပ်ပါ ဘုရား)။
ဒါဖြင့် နိဗ္ဗာန် သည်ကားလို့ ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ကံ, ဥတု, သဟဇာတ အစရှိသည် လွတ်ပြီး သကာလ ဖြစ်တဲ့တရား (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။
ဒါဖြင့် ကျပ်ဖြင့် ကျုပ်ကံနဲ့ ကျုပ်ပဲ ရောက်ရမှာပဲ ဆိုတဲ့ အသွားဟာ မောင်နိုင် သွားပြီ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။
သူလုပ်ထားတာဖြင့်လဲ သူက အကြောင်း ဆိုလို့ရှိရင် ဟိုက အကျိုး ဖြစ်ရမယ် (မှန်ပါ့) သူအကြောင်း ဖြစ်လို့ ရှိရင်လဲ ကိုစောမောင်က စဉ်းစား ကံကုန်လို့ ကုန်ရဦးမှာပဲ (ကုန်ရပါမယ် ဘုရား) ဒီလို ကုန်တဲ့ တရားကော ဟုတ်ကဲ့လား (မဟုတ် ပါဘုရား) ဒကာကြီးလှိုင် သဘောကျ ပလား (ကျပါပြီ)။
နောက်က ဒကာ ဒကာမတွေ(ပေါ်ပါပြီဘုရား) နိဗ္ဗာန် ဟာ ကံနဲ့စပ်ရဲ့ လား (မစပ်ပါဘုရား)။ ကံလုပ် ထားတာလို့ ဆိုနိုင်မလား (မဆိုနိုင်ပါဘုရား)။
မဆိုနိုင်ဘူး ဆိုတော့ ဥတုတို့ လုပ်ထားတာကော (မဟုတ်ပါ ဘုရား)။
ဥတုတို့ လုပ်ထားလို့ ရှိရင်လဲ ကမ္ဘာ မီးလောင်တော့ ဥတုကနေ ဖျက်ချတော့ ပါသွားမှာပေါ့ (မှန်ပါ) မပါပေဘူးလား (ပါပါ တယ် ဘုရား)။
ဒီ့ပြင် သဟဇာတ, ဟေတု အစရှိသော အကြောင်းတွေက လုပ်ထားတာ လို့ကော ကိုစောမောင် က ဆိုချင်သေးသလား (မဆိုချင်ပါဘုရား)။
ဒါဖြင့် ကံ, ဟေတု ဥတုအစရှိသော အကြောင်းတွေက မလုပ်နိုင်ခြင်းကြောင့် နိဗ္ဗာန်ဟာ ကံပျက်လို့လဲ မပျက်ပါဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
နတ်ပြည် ဘုံတွေ ပေါက်တယ်၊ ကံကုန်တော့ ဘုံပျောက် တယ် (မှန်ပါ့) ခန္ဓာပါ ပျောက်တယ်၊ မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ ဒီပြင်ဟာတွေ ကတော့ဖြင့်တဲ့ မမြဲဘူး ဆိုတဲ့ ဥစ္စာ သိနေတော့ နိဗ္ဗာန်က ဘယ်အကြောင်းနှင့်မှ ဘယ်သူ လုပ်ထားတာမှ မဟုတ်သောကြောင့် မြဲတယ် (မှန်ပါ့)။
နိဗ္ဗာန်ကိုလုပ်ထားတဲ့အကြောင်းမရှိပါ
အဲဒါကြောင့် အဲဒီ နိရောဓ သစ္စာကို ခင်ဗျားတို့ အရ ကြိုးစား ရမယ် (မှန်ပါ့)။သူ့ကို လုပ်ထားတဲ့ အကြောင်း မရှိဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
လုပ်ထားတဲ့ အကြောင်း (မရှိပါ ဘုရား) လုပ်တဲ့ အကြောင်း ရှိလို့ရှိရင် ဒီအကြောင်း ကုန်ရင် အကျိုး ကုန်မယ် (မှန်ပါ့) မကုန် ပေဘူးလား (ကုန်ပါတယ် ဘုရား)၊ အဲဒါဖြင့် ဒီလိုကုန်တဲ့ တရားမျိုးကော ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။
အဲဒါကြောင့် ဒီနိဗ္ဗာန်ကို နိရောဓသစ္စာလို့ ခေါ်ပါတယ် (မှန်ပါ့) နိဗ္ဗာန် ဘာသစ္စာ ခေါ်မယ် (နိရောဓသစ္စာ ခေါ်ပါတယ် ဘုရား)၊ နိရောဓ သစ္စာလို့ ခေါ်တယ် ဆိုတာ ရှင်းပလား (ရှင်း ပါပြီ) ကိုစောမောင် (ရှင်းပါပြီ)။
ကဲ ဒါဖြင့် အဲဒီ နိရောဓသစ္စာ ကြီးဟာ ကံကလဲ လုပ်ထားတာ မဟုတ်ဘူး၊ ဥတု လုပ်ထား တာလဲ မဟုတ်ဘူး၊ ဟေတု အစရှိသည် တို့ကလဲ လုပ်ထားတာ မဟုတ်တော့ ရှိလဲရှိတယ် အမြဲ တမ်းရှိတယ် ကိုစောမောင် (မှန်ပါ့)။
ဘယ့်နှယ့်ကြောင့် တပည့်တော်တို့ မရောက်၊ မတွေ့ မမြင်ကြပါ လိမ့်မလဲလို့ ကိုပေါ်တို့ ကိုဝ တို့က မေးမယ် ဆိုရင် မေးစရာ ကြီးပဲ (မှန်ပါ့)၊ မေးစရာ မကောင်းဘူးလား (ကောင်း ပါတယ်ဘုရား)။
ဒါဖြင့် အခုပြောလိုတဲ့ အဓိပ္ပာယ်ကော ကိုစောမောင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ကံနဲ့ မစပ်ဘူးလား (မစပ် ပါဘုရား)၊ မစပ်ဘူး ဆိုတာ သေချာပလား (သေချာပါပြီ)။
အဲဒါကြောင့် ဒီဒကာ ဒကာမတွေကလဲ ဪ နိဗ္ဗာန် ကံက လုပ်ထားတာပဲ၊ သို့သော်လဲ ကံတွေက ကုသိုလ်ကံ၊ အကု သိုလ်ကံ တွေကလဲ နည်းတာတွေ မဟုတ်ဘူး၊ ဒီအကြောင်းတွေ လုပ်လို့ ရှိရင် ဟိုအကျိုး နိဗ္ဗာန် ရလိမ့်မယ်လို့ သွားပြီး မယူလိုက်ပါနဲ့ ကံက လုပ်ထားတဲ့ နိဗ္ဗာန် မဟုတ်လို့ ကံအကျိုး မဟုတ်ဘူး (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီဘုရား)။
ကံအကျိုး မဟုတ်ဘူးဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေက ပြောင်းပြီး သေသေချာချာ မှတ်လိုက်တော့ ဉာဏ် အကျိုးပဲဟေ့ (မှန်ပါ့) ပေါ်လာပြီ (ပေါ်ပါပြီဘုရား)။
ကံအကျိုး မဟုတ်ဘူး ဆိုရင် (ဉာဏ်အကျိုးပါ ဘုရား)၊ ဉာဏ် ၏ အကျိုး တရား (မှန်ပါ့) ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဉာဏ်ကပို့မည့်နိဗ္ဗာန်
ကံအကြောင်းတရားကြောင့်တော့ မဆိုင်ဘူး (မှန်ပါ့) ဉာဏ် အကြောင်းတရားကြောင့်တော့ (ဆိုင်ပါတယ်ဘုရား)။
ကိုစောမောင် နိဗ္ဗာန် သွားချင်ရင် ခင်ဗျား ဉာဏ်စခန်း အလုပ် လုပ်ရလိမ့်မယ် (မှန်ပါ့)၊ နောက် ဒကာ ဒကာမတွေ (ဉာဏ်စခန်း အလုပ် လုပ်ရပါမယ်) ဉာဏ်နဲ့ လုပ်ရ လိမ့်မယ်နော် (မှန်ပါ့)
ကိုစောမောင် ဒါလဲ ဉာဏ်က လုပ်ထားတဲ့ နိဗ္ဗာန်တော့ မဟုတ်ဘူးနော် (မဟုတ်ပါ ဘုရား)၊ ဉာဏ်က ပို့မည့် နိဗ္ဗာန်သာ ဖြစ်တယ်၊ သူ့မှာ ဘယ်သူမှ လုပ်ထားတာ မဟုတ်ဘူး (မှန်ပါ့) နို့မို့ ဉာဏ် ပျက်ရင် သူပျက် ဦးမယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါကြောင့် နိဗ္ဗာန် ဆိုတာသည် ကံလမ်းလား ဉာဏ်လမ်း လားလို့ မေးကြလို့ရှိရင် ဒကာ ဒကာမတွေ ကံပို့မှာလား၊ ဉာဏ်ပို့မှာ လားဆိုတာ သေသေချာချာ ဝေဖန်ပါ (ဉာဏ်ပို့မှာပါဘုရား)။
ဪ ဒါဖြင့် ဉာဏ်စခန်း သိပ်အရေးကြီးလာပြီ ဆိုတာ ကိုပေါ်တို့ ကိုဝတို့ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီဘုရား)။
နိဗ္ဗာန် ကံလမ်းလား၊ ဉာဏ်လမ်းလားမေးရင် (ဉာဏ်လမ်း ပါဘုရား)၊ ဉာဏ်လမ်းနော် (မှန်ပါ့)၊ အဲဒါ ကိုပေါ် တို့ လူစုက ယောင်ချာချာ လုပ်ပြီး သကာလ သူများပြောတာနဲ့ မင့်မှာ ကံတွေ နည်းတာတွေ မဟုတ်ဘူးကွာ၊ မင်းတော့ သေချာပါပြီ ဆိုပြီး ပြော မနေနဲ့ဦး၊ ကံလုပ် ထားတာ မဟုတ်ဘူး ဆိုတာ သေချာပြီ မဟုတ်လား (သေချာပါပြီ ဘုရား)။
ကံလုပ်ရင်၊ ကံပျက်ရင် (ပျက်ပါတယ်ဘုရား) ဒီလို ပျက်တဲ့ ပစ္စည်းမျိုးလား (မဟုတ်ပါ ဘုရား) ကောင်းကောင်း ရှင်းပလား (ရှင်းပါပြီဘုရား)။
အေး ဒါကြောင့် ကံက ဥပတ္ထမ္ဘက သာဖြစ်တယ် ကိုစောမောင်၊ အထောက်အပံ့ပဲ (မှန်ပါ့) နိဗ္ဗာနပစ္စယော = နိဗ္ဗာန် ၏ အထောက်အပံ့သည်၊ ဟောတု = ဖြစ်စေ သတည်း၊ ကိုဝ- ဒီလို မလာဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် အထောက်အပံ့ပဲ၊ သူကအရောက်လား၊ အထောက် အပံ့လား (အထောက်အပံ့ပါ ဘုရား)။
အထောက် အပံ့ပဲ ဆိုတာ မသေချာဘူးလား (သေချာပါ တယ် ဘုရား)၊အေး ဒါတွေလဲ စဉ်းစားတော့မှ သြော် ကံ ထဲ ဉာဏ်စွက် ဦးမှ ရမှာပါ ကလား (မှန်ပါ့)၊ဘယ်လို မှတ်ကြမယ် (ကံထဲ ဉာဏ်စွက် ဦးမှ ရမှာပါ ဘုရား)။
ကံထဲ ဉာဏ်စွက်ဦးမှ ရမယ် ဆိုတာကလဲ သေသေချာချာ မှတ်ဖို့ အရေးကြီး ပါတယ်နော် (မှန်ပါ့)။
ကိုင်း ဒါဖြင့် နိဗ္ဗာန်ကြီးဟာ ကံလုပ်ထားတာလဲ မဟုတ်၊ ဥတု လုပ်ထားတာလဲ မဟုတ် ဟေတု အစရှိသည် လုပ်ထား တာလဲ မဟုတ်သောကြောင့် သဘာဝဓမ္မ ရှိနေတဲ့ သဘော (မှန်ပါ့)။ ဒါဖြင့် တစ်ယောက် တလေ မျက်စိလည်ပြီး တိုးမိဖို့ မကောင်းဘူးလား ဆိုတဲ့ စကားမျိုးလဲ လောက သုံးမယ်ဆို သုံးနိုင်တယ် (မှန်ပါ့)၊ မသုံးနိုင် ဘူးလား (သုံးနိုင်ပါတယ် ဘုရား)။
နောက်က ဒကာ ဒကာမတွေ မသုံးနိုင်ဘူးလား (သုံးနိုင် ပါတယ်ဘုရား)။
ဉာဏ်၏လက္ခဏာပြောပါ့မယ်
သုံးနိုင်တော့ ဘုန်းကြီး ရှင်းပြပါ့မယ် တဲ့၊ မိလိန္ဒမင်းကြီး ကလဲ မေးတယ် ကိုစောမောင် (မှန်ပါ့)။
အရှင်ဘုရား ဉာဏ်၏ လက္ခဏာ ပြောစမ်းပါတဲ့၊ ဉာဏ်မေးတာကိုး၊ ခုနင်က နိဗ္ဗာန် မေးပြီးပြီ (မှန်ပါ့)၊ ဉာဏ်မေး လာပြန်တယ် ကိုဝရေ (မှန်ပါ့)၊ ဉာဏ်မေးလာတော့ ဉာဏ်၏ ၊ လက္ခဏာ ပြောစမ်း ပါဦး ဘုရားတဲ့ (မှန်ပါ့)။
အို ဒကာကြီး ဉာဏ်ဆိုတဲ့ ဥစ္စာသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့်တဲ့၊ ထိုးထွင်း သိမြင်တဲ့ စွမ်းရည် သတ္တိ ရှိတယ်၊ ဥပမာကလေး ဆောင်စမ်းပါဦး ဘုရာ့ တဲ့ (မှန်ပါ့)။
ဒကာကြီး မှောင်ထဲမှာ မီးထွန်း လိုက်ပါ၊ မှောင်ထဲမှာ မီးထွန်းလိုက်တဲ့၊ ဒကာ ဒကာမတွေနော် (မှန်ပါ့)၊ မှောင်ထဲ မီးထွန်းလိုက်တဲ့ အခါကျတော့ ဒီမီးလဲ ရောက်ရော အမှောင်ကော (ပျောက်ပါတယ် ဘုရား)၊ အလင်းရော (ရောက်ပါတယ် ဘုရား)။
ဒါဖြင့် ဒီမီးသည်ကားလို့ ဆိုရင် အလင်း ပေးတာလဲ သူပဲ၊ အမှောင် ပျောက်တာလဲ သူပဲ (မှန်ပါ့)၊ ရှိတဲ့ပစ္စည်း အဲဒီ အမှောင် အောက်မှာ ရှိနေတဲ့ ပစ္စည်းကို မြင်အောင် ပြတာလဲ ဘယ်သူပါလိမ့် (မီးပါပဲ ဘုရား)။
ဟာ မီးဟာ ကို တော်တော် အရေးကြီး ပါကလား (ကြီးပါတယ် ဘုရား)၊ကိုပေါ် ဘယ့်နှယ်တုံး (ကြီးပါတယ် ဘုရား)။
အမှောင် ဖျောက်ပေးတာလဲ (မီးပါပဲ ဘုရား)၊ အလင်းပေး တာလဲ (မီးပါပဲဘုရား)၊ အဲဒီ အမှောင် အောက်မှာ နဂိုက ရှိနေ တဲ့ မမြင်တဲ့ ပစ္စည်းကို မြင်အောင် ယူပြတာလဲ (မီးပါပဲ ဘုရား)
ဉာဏ်၏ လက္ခဏာ ဒီအတိုင်းပဲ၊ အဝိဇ္ဇာ မှောင်ကိုလဲ ဖျောက် ပေးတယ်၊ ပညာတည်း ဟူသော သူ့အရောင် အလင်းလဲ ထွက်ပါ တယ် (မှန်ပါ့) ရှိနေတဲ့ နိဗ္ဗာန်လဲ ပြပါတယ် (မှန်ပါ့)။
ဒီအထဲက ဉာဏ်စခန်း ဆိုထာ ပေါ်လာပြီ (ပေါ်လာ ပါပြီဘုရား) ဒကာ ဒကာမတွေ ဘယ်လို ပေါ်လာ ပါလိမ့် (ဉာဏ် စခန်း ပေါ်လာ ပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒို့တင်းတိမ် နေတာ မတင်းတိမ် သင့်သေးဘူး (မှန်ပါ့) ဒါန- သီလနဲ့လဲ တင်းတိမ် နေတာ (မတင်းတိမ် သင့်သေးပါ ဘုရား)။
ဘာဖြစ်လို့တုံး ဆိုတော့ သူက အမှောင် ဖျောက်တယ် လို့လဲ မလာဘူး (မှန်ပါ့)၊ အလင်း ပေးတယ် လို့ကော (မလာပါ ဘုရား)၊ ရှိတာတွေ ပြတယ်လို့ကော (မလာပါ ဘုရား)၊ ဉာဏ်ကမှ လာပါတယ် (မှန်ပါ့)၊ ပေါ်ကြပြီလား (ပေါ်ပါပြီဘုရား)။
သြော် ဒါဖြင့် ဒီဒကာ ဒကာမတွေ မသိတာကို ကိုယ်က အတော် ဖော်ပြောနေရတယ် (မှန်ပါ့)၊ နို့မဟုတ်လို့ ရှိရင် ခင်ဗျားတို့က ကံ-အမိ၊ ကံ-အဖနဲ့ပဲ ကိုပေါ်တို့က ခပ်ပြုံးပြုံး သေချင် သေပစ် လိုက်မှာ (မှန်ပါ့ ဘုရား)၊ ရောက်ပါ့မလား (မရောက် ပါဘုရား)။
မရောက်နိုင်ဘူးတဲ့၊ အမှောင်က ပျောက်ကဲ့လား (မပျောက် ပါဘုရား) အလင်းကို ပေးရဲ့လား (မပေးပါ ဘုရား)၊ ဒါဖြင့် ရှိတဲ့ အထည် ဝတ္ထုပြပါ့မလား (မပြပါဘုရား)၊ ဒါဖြင့် ဘယ်သူကမှ ပြမယ် ဆိုတာ ကိုစောမောင်က ဆုံးဖြတ်ချက်ချ (ဉာဏ်ကမှ ပြပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
သြော် ဒါကြောင့် ခင်ဗျားတို့ကို တရား အားထုတ်ကြ စမ်းပါ၊ တရား အားထုတ် ကြစမ်းပါ ဆိုတာ မတိုက်တွန်း သင့်ဘူးလား၊ တိုက်တွန်း သင့်သလား (တိုက်တွန်း သင့်ပါတယ် ဘုရား)။
နိဗ္ဗာန်ကို ဘာ့ကြောင့်မတွေ့မမြင်ကြပါလိမ့်
အမြဲရှိနေတဲ့ နိဗ္ဗာန်ကြီးကို ခင်ဗျားတို့က အမှောင်ကွယ် နေတော့ ဘယ်တော့မှ မမြင်ဘူး (မမြင်ပါ ဘုရား)၊ခင်ဗျားတို့ ဉာဏ် က မလင်းရင်ကော (မမြင်ပါ ဘုရား)၊ ဒါဖြင့် ရှိနေတဲ့ ပစ္စည်းကော (မမြင်ပါ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ကို ဘယ့်နှယ်ကြောင့် မရောက် မတွေ့မမြင် ကြပါလိမ့်မလဲလို့ မေးတဲ့ အခါ ကျတော့မှ အဝိဇ္ဇာ မှောင်ထုကြီး ရှေ့က ခံနေတယ် (မှန်ပါ့)၊ ပညာ အလင်းရောင် ကတော့ ကျုပ်တို့မှာ မရှိဘူး (မှန်ပါ့) သဘော ကျပလား (ကျပါပြီဘုရား)။
ပညာ အလင်းရောင်က မရှိပါ ဘုရား။ ဒါဖြင့် အမြဲတမ်း ရှိတဲ့ နိဗ္ဗာန် ဘယ်တော့မှ မတွေ့ရဘူး (မှန်ပါ့) ပေါ်ပလား (ပေါ် ပါပြီဘုရား)။
ဒါဖြင့် တို့ ဘာအရေး ထားပြီး ကြိုးစားဦးမှ သင့်မြတ်မယ် ဆိုတာဖြင့် ယနေ့ပေါ်သွားပြီ (ပေါ်သွားပါပြီ)၊ ဘာအရေး ထားရ မလဲ (ဉာဏ်အရေးထား ရပါမယ် ဘုရား) ဉာဏ်အရေး ထားရဦးမယ် နော် (မှန်ပါ့)။
အဲဒီကျတော့မှ ကိုပေါ်တို့ ကိုဝတို့က ပေါ်လာတယ်၊ သြော် ဝဋ်ဘဝ တိုတိုနဲ့ နိဗ္ဗာန် မဂ်ဖိုလ်ကြီး ရောက်ရပါလို၏ ဆိုတော့ မနေ့က ပြောခဲ့တဲ့ အချောင်သမား သွားဖြစ်တယ် (မှန်ပါ့)၊ အချောင် လိုချင်တဲ့ သဘော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ရပါ့မလား (မရနိုင်ပါ ဘုရား)၊ဉာဏ် အလင်းမှ မပါဘဲ (မှန်ပါ့) သဘော ကျပလား (ကျပါပြီဘုရား)။
ဉာဏ်ကမှ ခုနင်က အင်္ဂါသုံးပါးကို ရွက်ဆောင် နိုင်တာ (မှန်ပါ့) အမှောင် ပျောက်တာက ဉာဏ်၊ အဝိဇ္ဇာ အမှောင် ပျောက်တယ် (မှန်ပါ့)၊ ဝိဇ္ဇာ အလင်းပေးတာလဲ (ဉာဏ်ပါ ဘုရား) ရှိတာကို မြင်ရတာလဲ (ဉာဏ်ပါဘုရား)။
ဒါဖြင့် ကိုစောမောင် ပေါ်ရောပေါ့ဗျာ (ပေါ်ပါပြီ) ဒကာကြီးလှိုင် ပေါ်ပလား (ပေါ်ပါပြီဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဆုတောင်း အလုပ်လား၊ ဉာဏ်အလုပ် လား ဆိုတာ သေချာ ကြပလား (သေချာပါပြီ ဘုရား) သေချာကြပြီ နော်။
ဆုတောင်း အလုပ်လား၊ ဉာဏ်အလုပ်လား ဆိုတာ ကိုပေါ်တို့ ကိုဝတို့တော့ ယနေ့ ပြောပါပြီ၊ ဆုံးဖြတ် ချက်ချပါ (ဉာဏ်အလုပ် ပါဘုရား) ဉာဏ်စခန်း သက်သက်ပဲ ဆိုတာဖြင့် စဉ်းစား လေလေ ပေါ်လေလေ ဆိုတဲ့ အဓိပ္ပာယ်ဖြင့် ဘာမှပြောဖို့ မလိုပါဘူး (မလိုပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီး ဘာပြောရမတုံး မေးတဲ့ အခါကျလို့ ရှိရင် နိဗ္ဗာန် ရောက်ချင်လို့ တရားနာ ကြတာတွေ ဖြစ်နေတော့ ကိုဝ ဉာဏ်ပဲ ပြောနေ ရတာပဲ (မှန်ပါ့) ကိုပေါ် ဘာဟောရမလဲ (ဉာဏ်ဟော ရပါမယ် ဘုရား) ဉာဏ်ကို အရေးတကြီး ပြောရမယ် (မှန်ပါ့) ဒကာ ဒကာမတို့ ဘာပြောရမလဲ (ဉာဏ်ကို အရေးတကြီး ပြောရပါမယ် ဘုရား)။
ဉာဏ်ကို အရေးတကြီး ပြောရမယ် ဆိုတော့ ဉာဏ်ကမှလဲ အမှောင် ပျောက်မယ် (မှန်ပါ့) သဘောကျပလား (ကျပါ ပြီဘုရား)။
ဒါကြောင့် ခင်ဗျားတို့ ဘယ်ပါဠိတော်မှာပဲ ကြည့်ကြည့် “ဒုက္ခေ ဉာဏံ” ဆိုတာ ခင်ဗျားတို့ ဒုက္ခ သိတဲ့ ဉာဏ်ပဲလို့ ဆိုလိုတယ်၊ “ဒုက္ခသမုဒယေ ဉာဏံ၊” သမုဒယ ဖြတ်တာလဲ ဉာဏ်ပဲ (မှန်ပါ့)၊ “ဒုက္ခနိရောဓေ ဉာဏံ” ဆိုတာကော (ဉာဏ်ပါပဲ ဘုရား)၊ ဉာဏ်ကမှ နိဗ္ဗာန် မြင်တာကိုး (မှန်ပါ့)၊ “ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ” တဲ့ (မှန်ပါ့)၊ အင်း ဉာဏ်ချည့်လာပါကလား (မှန်ပါ့)။
ကဲ ကိုဝ ပေါ်ပလား (ပေါ်ပါပြီ) နောက်က ဒကာ ဒကာမတွေ ပါဠိတော်ကြည့်၊
“ဒုက္ခေ ဉာဏံ” တဲ့၊ ဒုက္ခ သိတာကော (ဉာဏ်ပါ ဘုရား)။
“ဒုက္ခသမုဒယေ ဉာဏံ” တဲ့။ သမုဒယ သစ္စာ သိတာကော (ဉာဏ်ပါ ဘုရား) သူ ဖြတ်ပေးတာလဲ ဉာဏ်ပဲ (မှန်ပါ့)။
“ဒုက္ခနိရောဓော ဉာဏံ” တဲ့၊ ဒုက္ခချုပ်ငြိမ်းတဲ့ နိဗ္ဗာန် မြင်တာကော (ဉာဏ်ပါပဲဘုရား)။
“ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ” တဲ့၊ မလာ ဘူးလား (လာပါတယ် ဘုရား)။
အင်း ဒါဟာ ဘုန်းကြီးက စကားတတ်လို့ ပြောနေတာ လား၊ မောင်နိုင် သူ့ ပါဠိတော်ကို ဒီလို ရှိတာလား (ပါဠိ တော်က ဒီလိုရှိတာပါ ဘုရား)။
အဲဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဟာ ကံလမ်းလား၊ ဉာဏ် လမ်းလား မေးပြီ (ဉာဏ်လမ်းပါ ဘုရား)၊ ဒီအထဲ ရှင်းသွားပြီ (မှန်ပါ့) ကိုဝ အကိုးအကား လုံလောက်ပလား (လုံလောက် ပါပြီ)၊ လုံလောက်ပြီ ဆိုတော့ သြော် တို့သည်ကားလို့ ဆိုလို့ ရှိရင် ဉာဏ်မျက်လုံး တပ်ပြီး ပေးမည့်သူ မရှိလို့ ရှိရင် ကိုယ်ကျိုး နည်းပေါ့ (မှန်ပါ့) ။
နောက်က ဒကာ ဒကာမတွေ (ကိုယ်ကျိုးနည်းပါပြီ ဘုရား) ဘာတပ်မည့်လူ မရှိရင် (ဉာဏ်မျက်လုံး တပ်ပေးမည့် သူ မရှိရင်ပါ ဘုရား)။
ကံမျက်လုံး တပ်ပေးလို့တော့ ခင်ဗျားတို့ သွားပြီ (မှန်ပါ့) ဉာဏ်မျက်လုံး တပ်ပေးမှ သာလျှင် ကိုဝ- မအို, မသေ, အမြဲ နေတဲ့ နိဗ္ဗာန် ရောက်မယ် (မှန်ပါ့) ကံမျက်လုံး တပ်ပေးလို့ ရှိရင် အထောက် အပံ့ပဲ ဖြစ်နေဦးမှာပဲ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။
ကံမျက်လုံးထက် ဉာဏ်မျက်လုံး အရေးကြီးတယ်
ဒါဖြင့် ကံမျက်လုံးထက် ဒကာကြီးလှိုင် ဉာဏ်မျက်လုံး အရေးကြီးတယ် (မှန်ပါ့) ဘာတဲ့တုံး (ကံမျက်လုံးထက် ဉာဏ်မျက်လုံး အရေးကြီး ပါတယ် ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီဘုရား)။
ဪ ဒါဖြင့် ဉာဏ်မျက်လုံး တပ်မှပဲ ကိုစောမောင် နေရာကျတော့မယ် (မှန်ပါ့) ကံမျက်လုံး ဖြင့် (နေရာမကျ ပါဘုရား) နေရာ မကျသေးဘူး၊ ဒါနဲ့ တင်းတိမ် နေလို့ မတော်သေး ဘူးဆိုတာလဲ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကံက အထောက် အပံ့သာ ရမယ်၊ ဉာဏ်က အရောက်ပို့ မယ် (မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)၊ ကံက (အထောက်အပံ့သာ ရပါမယ် ဘုရား) ဉာဏ်က (အရောက်ပို့ပါမယ် ဘုရား)။
ဒါဖြင့် အထောက်အပံ့ ခင်ဗျား ဟောဟိုနားသွားဗျာ ကျုပ်ဒီလောက်တော့ လိုက်ပို့ လိုက်မယ် ဆိုတာနဲ့ အရောက်လိုက်ပို့ တဲ့ လူနဲ့ ကိုစောမောင်တို့က ဘယ်ဟာ ကျေးဇူးတင်သလဲ (အရောက် ပို့တဲ့လူ ကျေးဇူးတင်ပါတယ် ဘုရား)။
သူကမှ လမ်းသိတာကိုး (မှန်ပါ့) ကံကတော့ ဟောဟို ထက်ဝက်လောက် အဲ အဲ အဲဒီလောက် ဆိုရင် သွားတတ် ပါပြီဗျာ ဆိုပြီး သူပြန်လာခဲ့မှာပဲ (မှန်ပါ့)။
တော်တော်ကြာ ကိုယ်က မျက်စိလည်ဦးမှာပဲ (မှန်ပါ့) မလည်ပေဘူးလား (လည်ပါတယ် ဘုရား)။
ကံက မျက်စိလည်နေလို့ နတ်ပြည် ဗြဟ္မာပြည်ရလဲ ခုန်ခုန် ချနေကြတာပဲ၊ မျက်စိလည်မှု တွေပေါ့၊ အပါယ် လေးပါး ရောက်နေ တာတွေလေ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။
ဒါဖြင့် ကံက အထောက် အပံ့သာ ဖြစ်သောကြောင့် အဆုံး ရောက်အောင် မပို့နိုင် (မှန်ပါ့) သဘောကျပလား (ကျ ပါပြီဘုရား)၊ ဉာဏ်ကဖြင့် (အဆုံး ရောက်အောင် ပို့နိုင်ပါတယ် ဘုရား) ပို့နိုင်တယ် ဆိုတာ သေချာပလား (သေချာပါပြီဘုရား)။
ကိုင်း ဒါဖြင့် ခင်ဗျားတို့ရတဲ့ ဟေတုပစ္စယောထဲက နှစ်ဆယ့်လေး ပစ္စည်းထဲက ကိုစောမောင် မဂ္ဂပစ္စယောသာ ရွတ်ပေရော့ (မှန်ပါ့)။
ကဲ ဒကာ ဒကာမတွေ ရွတ်စမ်း (မဂ္ဂပစ္စယော) ကို ပေါ်ပလား (ပေါ်ပါပြီဘုရား)။
နှစ်ဆယ့်လေး ပစ္စည်းထဲမှာ ကြည့်ပါ တဲ့၊ သူပဲ၊ မဂ္ဂပစ္စယော= ဒုဂ္ဂတိ, သုဂတိဘဝမှ လွတ်မြောက်ပြီး သကာလ နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်တဲ့ တရားသည် လည်းကောင်း ဆိုတော့ မဂ္ဂင် ရှစ်ပါး လာ နေတယ် (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား) ဘာလာသတုံး (မဂ္ဂင်ရှစ်ပါး လာပါတယ် ဘုရား) ကံ-ပါသေး သလား (မပါ-ပါဘုရား)။
ဟော ဒကာကြီးလှိုင် သေချာပလား (သေချာ ပါပြီ) မဂ္ဂပစ္စယော ဆိုတော့ ဒါကောက်ရပြီ၊ မဂ္ဂင်ရှစ်ပါးလေ (မှန်ပါ့) မကောက်ရဘူးလား (ကောက်ရပါပြီ ဘုရား)။
မဂ္ဂင်ရှစ်ပါးဆိုတာလဲ ခေါင်းဆောင်က ဘယ်သူတုံး ဉာဏ်ပဲ (မှန်ပါ့ ဉာဏ်ပါ ဘုရား) ဉာဏ်ပဲ ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒီဒကာ ဒကာမတွေဟာ ဉာဏ်စခန်းမှ မလိုက်လို့ နေကြလို့ရှိရင်ဖြင့် ထက်ဝက် ပို့တာနဲ့ လမ်းမှာ မျက်စိလည်ချေရဲ့ (မှန်ပါ့)၊ ကံစခန်းနဲ့ နေလိုက်ရင်လေ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ကံပေါ် ဉာဏ်ဆင့်မှ ရမယ် (မှန်ပါ့) ဘယ်လို မှတ်ကြမယ် (ကံပေါ် ဉာဏ်ဆင့်မှ ရပါမယ်ဘုရား) ကံပေါ် ဉာဏ်ဆင့်မှ ရမယ် ဆိုတာဖြင့် ခင်ဗျားတို့ ဘာမှ သံသယ မရှိဘဲနဲ့ ဉာဏ်ရဲ့ လက္ခဏာ သာ ကြည့်လိုက် (မှန်ပါ့) အမှောင် ပျောက် တာလဲ (ဉာဏ်ပါပဲ ဘုရား) အလင်းပေးတာလဲ (ဉာဏ်ပါ ပဲဘုရား) ရှိနေတဲ့ နိဗ္ဗာန်ကြီး ပြတာလဲ (ဉာဏ်ပါပဲ ဘုရား)။ ဉာဏ်ပဲ လို့ မိလိန္ဒပဉ္စာက ဟောထားတော့ ဉာဏ်စခန်း သိပ်အရေးကြီး ပါ ကလား ဆိုတဲ့ ဥစ္စာ အထူးသဖြင့်ကို ဒီနေ့ ပေါ်သွားပြီ (မှန်ပါ့) မပေါ်ကြ သေးဘူးလား (ပေါ်ပါပြီဘုရား)။
သေပျော်ပြီလို့ လုပ်မနေနဲ့
အဲဒီ ခင်ဗျားတို့ချင်း နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ပြီး သကာလ ခင်ဗျားတော့ သေပျော်ပြီလို့ လုပ်မနေနဲ့ ကိုစောမောင်ရေ (မှန်ပါ့)၊ ခင်ဗျား ဘာမှ မလိုတော့ဘူး၊ စုံလို့ တဲ့။
မစုံတာမှ သူမသိဘဲ (မှန်ပါ့) ဘာကလေး လိုနေ သတုံး (ဉာဏ်လို နေပါတယ် ဘုရား)၊ ဉာဏ်လို နေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီဘုရား)။
ကြည့်လေ “ဒုက္ခ နိရောဓေ ဉာဏံ” ကိုး၊ ဒုက္ခ နိရောဓေ= ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်၌၊ ဉာဏံ သိတဲ့ ဉာဏ်သည် အရေးကြီး သကွတဲ့ (မှန်ပါ့)၊ ဉာဏ်က သိတယ်လို့ ပြောတာ (မှန်ပါ့)၊ ကံက သိတယ်လို့ ပြောသလား (မပြောပါဘုရား)၊ ရှင်းကြ ပြီလား (ရှင်းပါပြီဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ဘယ်လမ်းကို ပြင်းပြင်း ထန်ထန် လိုက်ရမလဲ (ဉာဏ်လမ်းကို ပြင်းပြင်းထန်ထန် လိုက်ရပါမယ် ဘုရား)။
ဉာဏ်လမ်းကိုလိုက်မှ “အာလောကော ဥဒပါဒီ” ဆိုပြီး ဉာဏ်အလင်း လာတာကိုး (မှန်ပါ့) “ဝိဇ္ဇာဥဒပါဒိ” ဆိုပြီး သကာလ ဝိဇ္ဇာ မဂ္ဂင် မလာဘူးလား (လာပါတယ် ဘုရား) သဘောကျ ပလား (ကျပါပြီ ဘုရား)။
“ဉာဏံ ဥဒပါဒီ” ဆိုတာတွေ ဉာဏ်လမ်းချည့် ပြောတာ (မှန်ပါ့) မပြောဘူးလား (ပြောပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။
နိဗ္ဗာန်ဟာ အမြဲတမ်းရှိတဲ့တရား
ကဲ-ဒါဖြင့် ဉာဏ်လမ်းပဲ ဒကာ ဒကာမတွေကို အရေးတကြီး သင်ပါ့မယ်၊ သေလွယ်ကာ ပျောက်လွယ် တာမို့ (မှန်ပါ့)။
ကဲ ဒါဖြင့် အထူးကလေး တစ်ခါ မှတ်လိုက် ပေတော့ နော်၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ ကြားဘူး မယ်လဲ မဟုတ်ပါဘူးတဲ့။ နိဗ္ဗာန်ဟာ အမြဲတမ်းရှိတဲ့ တရား၊ ဘယ်သူ လုပ်ထားတာမှ မဟုတ် သောကြောင့် အမြဲတမ်း ရှိနေတယ် (မှန်ပါ့)။
မျက်စိလည်ပြီး တွေ့ပါတော့လားလို့ မေးတဲ့ အခါကျတော့ ကိုတဲ့ ကိုစောမောင် ဒီလို မှတ်လိုက်၊ အဝိဇ္ဇာက တစ်ချက် ဖုံးတယ် (မှန်ပါ့) အဝိဇ္ဇာကို ဖယ်လိုက်ပြန်တော့လဲ ခန္ဓာက တစ်ချက် ဖုံးတယ် (မှန်ပါ့) ဘယ်နှစ်ချက် ရှိပလဲ (နှစ်ချက် ရှိသွားပါပြီ)။
အဲဒီအဝိဇ္ဇာ အရင်လှန်ပြီး သကာလ ခန္ဓာကို ခင်ဗျားတို့ ဝိပဿနာနဲ့လုပ် (မှန်ပါ့)။
အဲဒီ ခန္ဓာ မလိုချင်မှ ခန္ဓာဖုံးထားတဲ့ဆီက ပေါ်တော့မှ ခန္ဓာအဆုံး နိဗ္ဗာန် ပေါ်လာတယ် (မှန်ပါ့)။
တော်တော် အရေးကြီးပါကလား (ကြီးပါတယ် ဘုရား)။
ဒီဥစ္စာ ခင်ဗျားတို့ ကြားဘူးမှာလဲ မဟုတ်ပါဘူး၊ အခုသေ သေချာချာ ပြောတော့မှ ဟုတ်သားပဲ၊ ကိုယ့်ခန္ဓာမှာ ခန္ဓာငါးပါး ဖြစ်ပျက်တရား မမြင်တာက အဝိဇ္ဇာ (မှန်ပါ့)။
တစ်ခါ ခန္ဓာကို ဖြစ်ပျက်တွေ့မြင်ပြန်တော့လဲ ဖြစ်ပျက်သာ မြင်ရတယ် နိဗ္ဗာန်လဲ မတွေ့ဘူး (မှန်ပါ့)။ ခန္ဓာက တစ်ချက်ကွယ် ထားတယ်၊ သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် အဝိဇ္ဇာတဏှာတို့က တစ်ချက် ကွယ်လိုက်၊ ခန္ဓာ က (တစ်ချက် ကွယ်လိုက်ပါ ဘုရား)။
အဲဒီခန္ဓာ မရှိမှ “ခန္ဓနိရောဓော နိဗ္ဗာနံ ”ဆိုတော့ ဘယ် နှစ်ချက် ကွယ်သလဲ (နှစ်ချက် ကွယ်ပါတယ် ဘုရား)။
အဝိဇ္ဇာ တဏှာက တစ်ချက် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ) ပြီးတော့မှ ဖြစ်ပျက် တွေ ဆိုလဲ ခန္ဓာတွေကလဲ ဖြစ်ပျက် ခန္ဓာ ကြီးကလဲ ဦးဘကလေး ကွယ်နေတယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ)။
နိဗ္ဗာန်မှာ အကွယ်နှစ်ချက်ရှိ
အဲဒါ သူဆုံးမှပဲ ကိုစောမောင်ရေ ဘာတွေ့မလဲ (နိဗ္ဗာန် တွေ့ပါမယ် ဘုရား) ဒါဖြင့် နိဗ္ဗာန်ဟာ အကွယ် ဘယ်နှစ်ချက် ရှိပါသတုံး (နှစ်ချက် ရှိပါတယ်ဘုရား)။
နှစ်ချက်ရှိတယ်လို့ဆိုတော့၊ ဪ ဒီနှစ်ချက်မှ ဆရာသမား ဖွင့်ဟပြီး တွန်းလှန် မပေးလို့ ရှိရင်ဖြင့် ခင်ဗျားတို့၏ စွမ်းရည် သတ္တိနဲ့တော့ဖြင့် လဲသေသေ မရဘူး (မရပါ ဘုရား) မရနိုင်ဘူး။
ဦးလှိုင် မရနိုင်ဘူး၊ ဘယ်နည်းနဲ့မှ မရနိုင်တော့ဘူး ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။
အဲဒါကြောင့် ခင်ဗျားတို့ တော်လောက်ပြီ ဆိုတဲ့ စကားမျိုး သင့်လောက်ပြီဆိုတဲ့ စကားမျိုးကို မသုံးသေးဘဲနဲ့ ဉာဏ် စခန်းပေါက်ရောက်မှ တော်လောက်ပြီဟေ့ဆိုတာကို သုံးပါ (မှန်ပါ့)။
ကိုပေါ် ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် နိဗ္ဗာန်ဟာ အဖုံး ဘယ်နှစ်ချက် ဖုံးလို့ အကွယ် ဘယ်နှစ်ချက် ကွယ်ပြီး အကာဘယ် နှစ်ချက် ကာနေပါလိမ့်မတုံး ဆိုတာ မောင်နိုင် ပေါ်သွားပြီ (ပေါ်သွား ပါပြီ)။
အဝိဇ္ဇာနဲ့တဏှာက (အဖုံးတစ်ချက်ပါ) ခန္ဓာက (တစ်ချက် ပါ) သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် ဒါကိုလဲ ဘုန်းကြီးက ကြံဖန်ပြောတဲ့ စကားလားလို့ မေးတော့ အဝိဇ္ဇာတဏှာ ချုပ်မှလဲ “တဏှာနိရောဓော နိဗ္ဗာနံ” က ဟောထားတယ် (မှန်ပါ့) “ခန္ဓနိရောဓော နိဗ္ဗာနံ” ကလဲ ဟောထားတယ် (မှန်ပါ့) ဒါဖြင့် နှစ်ချက်ကွယ် ဆိုတာ သေချာ ပလား (သေချာပါပြီ) ပေါ်ကြပလား (ပေါ်ပါပြီ) တဏှာ နိရောဓော (နိဗ္ဗာနံ ပါ ဘုရား) ခန္ဓနိရောဓော (နိဗ္ဗာနံ ပါ ဘုရား)။
ကဲ ကိုဝ မပေါ်သေးဘူးလား (ပေါ်ပါပြီဘုရား) ဒီ ထဲက နိဗ္ဗာန် ဘယ်နှစ်ချက် ကွယ်နေတယ် ဆိုတဲ့ ဥစ္စာ ခင်ဗျားတို့ ချင့်ချိန်နိုင်ပါပြီ (မှန်ပါ့)။
မောင်နိုင် ဘယ်နှစ်ချက်ပါလိမ့် (နှစ်ချက်ပါ ဘုရား) ဒကာ ဒကာမတွေ အင်မတန် ကံထူး အကြောင်းထူး လို့ ဒီအကြောင်း သိရပေတယ် ဆိုတာဖြင့် ဝမ်းအမြောက်ကြီး မြောက်ဖို့ပါပဲ (မှန်ပါ့။ ဘုရား) သဘောကျ ပလား (ကျပါပြီ)။
ဒီအတိုင်း သာမည ဆရာသမားတွေနဲ့ တွေ့နေမယ်ဆိုလို့ ရှိရင်ဖြင့်၊ သာမည အသိလောက်နဲ့ ကိုယ်ကလဲ လမ်းဆုံး နေမယ် ဆိုလို့ရှိရင် ဒီအကွယ်နှစ်ခု ဘယ်လိုလုပ်ပြီး တွန်းလှန် ထုတ်မလဲ (မထုတ်နိုင်ပါ ဘုရား) မြင်သေးရဲ့လား (မမြင်ပါဘုရား)။
မမြင်နိုင်ဘူးတဲ့၊ ရှုဟဲ့ ရှုဟဲ့ဆိုလို့သာ ရှုမှာကိုး (မှန်ပါ့)။
ကိုစောမောင် ရှူဆိုပေမယ့်လို့ ဖယ်ပြီး ရှုရမှာကိုး (မှန်ပါ့) ဖယ်နည်း နိဿရည်းကို မရလို့ ရှိရင်လည်း ဦးဘကလေး သွားရော ပေါ့ (မှန်ပါ) မသွားပေဘူးလား (သွားပါတယ်ဘုရား)။
နိဗ္ဗာန်မှာ အကာအကွယ် ဘယ်နှစ်ခုရှိနေလို့ ကျုပ်တို့ မကြုံ ရမှ မတွေ့ရ မရောက်ရ ပါလိမ့်မလဲ လို့ မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ယနေ့ပေါ်သွားပြီ (ပေါ်သွားပါပြီ ဘုရား)။
အဝိဇ္ဇာနဲ့ တဏှာကွယ်တယ်
၁-က ဘယ်သူ ကွယ်သတုံး (အဝိဇ္ဇာနဲ့ တဏှာကွယ် ပါတယ်ဘုရား) ၂-က ဘယ်သူ ကွယ်သတုံး (ခန္ဓာ ကွယ်ပါတယ် ဘုရား)။
ဖြစ်ပျက်တွေ တွေ့နေတုန်း အနိစ္စတွေ တွေ့နေတုန်း လဲ ကိုပေါ် နိဗ္ဗာန် တွေ့တာမှ မဟုတ်သေးဘဲ (မတွေ့ပါ ဘုရား)။
အဲဒီတော့ ခန္ဓာဖြစ်ပျက်က ကွယ်နေတယ် (မှန်ပါ့) မကွယ် ဘူးလား (ကွယ်ပါတယ် ဘုရား)။
အဲဒါကြောင့် သြော် ဒကာ ဒကာမတို့ ပထမတစ်ချက် မလှန်ရင်လဲ ခန္ဓာမတွေ့ဘူး (မှန်ပါ့)၊ ခန္ဓာ မတွေ့လို့ ရှိရင်လဲ ဖြစ်ပျက် အနိစ္စတွေ (မတွေ့ပါဘုရား) ဒီ အနိစ္စကို ဆုံးအောင်မလိုက် လို့ ရှိရင်လဲ နိစ္စနိဗ္ဗာန် ရောက်ပါ့မလား (မရောက်ပါဘုရား)။
ခန္ဓာကွယ်တယ်
ကဲ-ဒါဖြင့် ဒီလမ်းဟာဖြင့် ပထမ ရှေးဦးစွာ အဝိဇ္ဇာနဲ့ တဏှာ တွန်းလှန် ရလိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒုတိယ ခန္ဓာကို ဆုံးအောင် လိုက်ရလိမ့်မယ် (မှန်ပါ့)။
အဲဒီ ခန္ဓာ ဆုံးမှသာလျှင် ခန္ဓာဆုံး နိဗ္ဗာန် တဏှာဆုံး နိဗ္ဗာန် ကိုး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။
ခန္ဓာဆုံးရင် (နိဗ္ဗာန်ပါဘုရား) တဏှာဆုံးရင် (နိဗ္ဗာန်ပါ ဘုရား) သြော် နိဗ္ဗာန်ဆိုတဲ့ဥစ္စာ ခန္ဓာလဲဆုံး၊ တဏှာလဲ ဆုံးမှပါလား ဆိုတဲ့ဥစ္စာ ကောင်းကောင်းကြီး ပေါ်လာပြီ (ပေါ်လာပါပြီ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
တော်တော် ခင်ဗျားတို့ နားကြီးလို့သာ ကိုဝ – ဒီအဓိပ္ပာယ် နားထောင်လို့ ဖြစ်တာနော် (မှန်ပါ့) ဖော်ပြောမည့် သူကလဲ အရှားကြီးကို ကိုယ်ရ (မှန်ပါ့)။
လွယ်ပါ့မလား ဒကာ ဒကာမတို့ (မလွယ်ပါဘုရား) လွယ်ကို မလွယ်ဘူး ဆိုတော့ ခင်ဗျားတို့ ဒီအတိုင်းသာ ဒီဆရာနဲ့လဲ မတွေ့တော့ဘူး၊ တရားလဲ မနာကြတော့ဘူး ဆိုလို့ ရှိရင်ဖြင့်ကွာ တို့မိဘများ လုပ်ထားတဲ့ အတိုင်းပေါ့ကွာ ဒီထက်ကောင်းတာ ဘယ်ရှိမလဲ ဆိုပြီး သကာလ မနက် ဆွမ်းတော်ချိန် ဆွမ်းတော်တင် အမျှပေးဝေ မေတ္တာပို့ တော်ရောပေါ့ကွ၊ ဒီ တော်ရောပေါ့နဲ့ပဲ အချိန်ကုန် သွားမယ် (မှန်ပါ့) လမ်းလဲ ဆုံးပါ့မလား (မဆုံးပါ ဘုရား) မဆုံးသေးဘူး ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အေး ဒါကြောင့် သူများ ပြောသံကြား သူများ ပါးစပ် လမ်းဆုံးပြီး နေရတာ သစ္စာ မသိမှုကြောင့် (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
သစ္စာမသိတော့ ကောင်းကင်မြှောက်တဲ့တုတ် အောက်ပြန် ရောက်တယ်၊ ကျချင်သလို ကျတယ် ကိုစောမောင် (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။
ကောင်းကင် မြှောက်တဲ့ တုတ်ဟာ ဘာတဲ့ (ကျချင်သလို ကျပါတယ်ဘုရား) ကျချင်သလို ကျတယ် ဆိုတာ “အဝိနိပါတဓမ္မော” မဟုတ်ဘူး၊ ဝိနိပါတ ဘေး သင့်တာလို့ မှတ်လိုက်၊ ဖရိုဖရဲ ကျတဲ့ဘေး၊ ရှင်းကြပလား (ရှင်းပါပြီဘုရား)။
ကဲ ဒါဖြင့် ၁-နံပါတ် ဆရာဘုန်းကြီးက ဘာကို ဖယ်ပေး ရမှာပါလိမ့် (အဝိဇ္ဇာနဲ့ တဏှာကို ဖယ်ပေး ရပါမယ် ဘုရား) အဲ အဝိဇ္ဇာနဲ့ တဏှာ ဖယ်ပေး လိုက်မယ်နော် (မှန်ပါ့) ပြီးတော့မှ ခန္ဓာ ဖော်ပေး လိုက်တော့မှ ခင်ဗျားတို့ ဉာဏ်က အမှောင် ဖျောက်ပေးတဲ့ တရား ရောက်တော့ တော်တော် အလင်းရောင် ကလေး ရတဲ့အခါ ကျတော့ ပင်ကိုခန္ဓာကြီး သွားတွေ့တယ် (မှန်ပါ့ဘုရား) ပင်ကိုခန္ဓာ ဆိုတာက ယောက်ျား မိန်းမတွေ့တာ မဟုတ်ဘူး ဖြစ်ပျက် သွားတွေ့တယ် (မှန်ပါ့) နဂိုရှိတာက “သဗ္ဗေ သင်္ခါရာ အနိစ္စာ” ကို (မှန်ပါ့)။
အဲဒီတော့ အဝိဇ္ဇာနဲ့တဏှာ ဖယ်ပေးလိုက်တော့ ခန္ဓာ အနိစ္စ သွားတွေ့တယ် (မှန်ပါ့) ၊အဲဒီ အနိစ္စကလဲ မောင်နိုင်ရေ နိဗ္ဗာန်ဖုံးတယ် (မှန်ပါ့)။
ဘာ့ကြောင့် နိဗ္ဗာန် ဖုံးထားသတုံး လို့ မေးတဲ့အခါ ကျတော့ မှ အနိစ္စက ဝိပဿနာဉာဏ်တဲ့ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ) အဲဒီတော့ ဝိပဿနာဉာဏ်နဲ့လဲ နိဗ္ဗာန် မရောက် နိုင်သေးဘူး (မှန်ပါ့) ရောက်ပါ့မလား (မရောက်ပါ ဘုရား)။
သူ့နောက်က သူရင့်ကျက်ပြီး သကာလ ဝိပဿနာဉာဏ်က ဘယ်သူက ဘာပြောပြော မဂ္ဂင် ၅-ပါး ၆-ပါးထက် မပိုဘူး (မှန်ပါ့) ရှစ်ပါးကို ပြည့်ရဲ့လား (မပြည့်ပါ ဘုရား)၊ မပြည့်သေးလို့ ရှိရင် နိဗ္ဗာန် မြင်နိုင်ပါ့မလား (မမြင်နိုင်ပါ ဘုရား)။
ကိုဝ – မြင်နိုင်ပါ့မလား (မမြင်နိုင်ပါဘုရား) အဲဒီတော့ ဝိပဿနာ ဉာဏ်ကလေးနဲ့ သေသွား ပြန်လို့ ရှိရင်လဲ ဪ တို့ တော်လောက်ပြီဟလို့ ဒီလိုလဲ မအောက်မေ့နဲ့ဦး (မှန်ပါ့) သဘော ကျပြီလား (ကျပါပြီ ဘုရား)၊ ဝိပဿနာ ဉာဏ်နဲ့ သေသွားမယ် ဆိုလို့ရှိရင်လဲ အလှုပ်အရှား ကို မခံနိုင်ဘူး (မှန်ပါ့) ခံပါ့မလား (မခံပါ ဘုရား)။
သာသနာတွင်း ကုသိုလ်လောက်ပဲ ဖြစ်ပြီး သကာလ နေ တယ်၊ တကယ့် နိဗ္ဗာန်ကို မြင်ရပလား (မမြင်ရသေးပါ ဘုရား) မမြင်ရသေးဘူး၊ ခန္ဓာက ဖြစ်ပျက်ပဲ တွေ့သေးတာကိုး (မှန်ပါ့)။
အဲဒီတော့ ခန္ဓာကွယ် နေတဲ့ နိဗ္ဗာန်ကို တွေ့ပလား (မတွေ့ သေးပါ ဘုရား) မတွေ့သေးတော့ ဒီခန္ဓာ ဖယ်နည်း နိဿရည်း ကိုလဲ တစ်ခါ ဟောရမယ် (မှန်ပါ့) မဟောရပေဘူးလား (ဟောရပါ မယ်ဘုရား)။
ကိုင်း ဒါဖြင့် ဒီလောက် ဆိုလို့ရှိရင် ဒကာ ဒကာမတွေ ဪ ဒို့မှာ ဝိပဿနာလုပ်, ဝိပဿနာလုပ် ဆိုငြား သော်လဲ ဝိပဿနာ ကွယ်နေတာက အဝိဇ္ဇာနဲ့ တဏှာ (မှန်ပါ) တစ်ခါ ဝိပဿနာ တွေ့ပြန်တော့လဲ နိဗ္ဗာန် ကွယ်နေ ပြန်တယ်၊ နိရောဓသစ္စာ ကွယ်နေတယ် (မှန်ပါ့)။
နိရောဓသစ္စာကို အနိစ္စက ဒုက္ခသစ္စာကိုး ၊ ဒုက္ခသစ္စာ လာကွယ် လိုက်တယ် (မှန်ပါ့) မောင်နိုင် ရှင်းပလား (ရှင်းပါပြီ)။
ခုနင်က ရှေ့က ကွယ်တာက သမုဒယသစ္စာ၊ မှတ်မိပလား (မှတ်မိပါပြီ) အဝိဇ္ဇာနဲ့ တဏှာက (သမုဒယ သစ္စာပါဘုရား) နောက် က တစ်ခါ ကွယ်တာက (ဒုက္ခသစ္စာပါ ဘုရား) ကိုင်း နှစ်ချက် လှန်ရမှာ (မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီဘုရား)၊ နှစ်ချက် မလှန်လို့ ရှိရင်ဖြင့် ခင်ဗျားတို့ နိဗ္ဗာန် ရောက်လိမ့်မယ် ဆိုတဲ့ တရားမျိုး နဲ့ပဲ အချိန် ကုန်လိမ့်မယ် (မှန်ပါ့) နှစ်ချက် မလှန်ဘဲနဲ့တော့ဖြင့် နိဗ္ဗာန်ကို (မမြင်ပါ ဘုရား)။
မမြင်နိုင်ဘူး ဆိုတော့ သြော် နိဗ္ဗာန် ရောက်လိမ့်မယ် ဆိုတဲ့ တရားမျိုးနဲ့ဖြင့် ခက်ကရောပေါ့ (မှန်ပါ့) မခက်သေးဘူးလား (ခက်ပါတယ် ဘုရား)။
ရောက်လိမ့်မယ် ဆိုပြီး ကိုယ်က ဘယ်ဟာဖယ်လို့ ဘယ်လို ရှင်းပြီး ဘယ်ကို သွားရမှာတုံးမှ ကိုယ်က မသိလို့ရှိရင် သူ့ ရောက် လိမ့်မယ်နဲ့ ကိုယ့်နားက လမ်းဆုံးနေမယ် (မှန်ပါ့)။
အဲဒီတော့ ဖယ်စရာ ရှားစရာတွေ သိသေးရဲ့ လား (မသိပါ ဘုရား) မသိဘဲနဲ့ တိုးတော့ ကိုစောမောင်က ရောက်ပါ့မလား မရောက်ဘူးလား (မရောက်ပါဘုရား) မရောက်နိုင်ဘူး ဆိုတာ မောင်နိုင်-သေချာပလား (သေချာပါပြီဘုရား)။
နောက်က ဒကာ ဒကာမတွေ (သေချာပါပြီ ဘုရား) ထူးထူးခြားခြား နာရပေပြီ ဆိုတာကော ပေါ်ကြပလား (ပေါ် ပါပြီဘုရား)။
ကဲ နောက်လာသည်မှာ ခင်ဗျားတို့ အဖယ်တရား အရှင်းတရားလို့ပဲ မှတ်ကြပေတော့ (မှန်ပါ့) ဒကာကြီးလှိုင် ဒါ့ကြောင့် မသေစေချင်ဘူး ဆိုတာကော သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါကလေးတွေ မတွေ့လိုက်ရလို့ ရှိရင်ဖြင့် နောက်က ဒကာ ဒကာမတွေ အတော် ခက်သွားမယ် (မှန်ပါ့) အတော်ခက် သွားမယ် တဲ့၊ အဖုံးမှ မဖွင့်တတ်လို့ရှိရင် ရှိတဲ့ ပစ္စည်း ရနိုင်ဖို့ အတော် ခဲယဉ်းသွားမယ် (မရနိုင်ပါ ဘုရား) မရနိုင်ဘူးနော် (မှန်ပါ့) အဲဒါ ကံနဲ့ဖွင့်ရမှာလား ဉာဏ်နဲ့ ဖွင့်ရမှာလား (ဉာဏ်နဲ့ ဖွင့်ရမှာပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ,ဒကာမတို့ ဉာဏ်စခန်း ဆိုတာ ကော ထောက်ခံချက် ပေးပလား (ပေးပါပြီ ဘုရား) မပေးသေးဘူး လား (ပေးပါပြီဘုရား)။
ကံနဲ့ ဖွင့်ရမှာလား၊ ဉာဏ်နဲ့ဖွင့်ရမှာလား (ဉာဏ်နဲ့ ဖွင့်ရမှာပါ ဘုရား) ဒီအဖုံးနှစ်ချက်ကို (မှန့်ပါ) သဘောပါ ပလား (ပါပါပြီဘုရား)။
နိဗ္ဗာန်ဆိုတာဉာဏ်စခန်း
ကဲ-ဒကာကြီးလှိုင်- နိဗ္ဗာန်ဆိုတာ၊ ဉာဏ်စခန်း ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ) ကဲ ဒါဖြင့် ပြောကြ ပါစို့ တဲ့၊ နာရီကလဲ နည်းနည်းပဲ ကျန်တော့တယ်၊ နိဗ္ဗာန်ကို ဖော်ကြပါစို့ နော် (မှန်ပါ့)။
ကိုင်း- ဒါဖြင့် ဒကာ, ဒကာမတို့ ဘုန်းကြီးကလဲ ရှေးဦးစွာ အဝိဇ္ဇာနဲ့ တဏှာကို ဖယ်ပေးရမယ်၊ ဒါက ကလျာဏမိတ္တ ဆိုတဲ့ ဆရာသမား မပါရင် ကိုဝ- ဖယ်ပေးမည့်သူ မရှိဘူး (မှန်ပါ့)။
ဒါက ခင်ဗျားတို့ဟာ ခင်ဗျားတို့ ဖယ်လို့တော့ဖြင့် ဖယ်နည်း မှ မရတော့ ဘယ်သိမတုံး (မှန်ပါ့) မောင်နိုင်-သိပါ့မလား (မသိပါဘုရား) မသိတော့မှ ကိုင်း-ဒကာ ဒကာမတို့ အဝိဇ္ဇာနဲ့ တဏှာ ဖယ်ကြပါစို့ ဆိုတော့ ကိုယ့်ခန္ဓာ ဆိုတာ ကိုယ် အင်မတန် ခင်ပါတယ်၊ မခင်ကြဘူးလား (ခင်ပါတယ် ဘုရား)။
ခလုတ်မထိ- ဆူးမငြိပါစေနဲ့၊ “အဟံ အဝေရော ဟောမိ” ငါအန္တရာယ် ကင်းပါရစေ ဆိုတာ သာမည ခင်တာလား ကိုစောမောင် (အလွန်ခင်ပါတယ် ဘုရား) “အဟံ အဝေရော ဟောမိ” က စ,တာဗျ (မှန်ပါ့)။
အဟံ- ငါသည်၊ အဝေရော- ရန်မရှိသည်၊ ခလုတ်မထိ-ဆူး မငြိသည်၊ ဟောမိ- ဖြစ်ရပါလို၏ (မှန်ပါ့)။
အံမာလေး မေတ္တာလိုလိုနဲ့ တဏှာက ခင်ထားလိုက် တာ နည်းတာ မဟုတ်ဘူး (မနည်းပါ ဘုရား)။
ကဲ-တဏှာဖုံးနေတယ်ဆိုတော့ တစ်ခါတည်း ခန္ဓာအတုံး ကြီး ပေါ်လာတယ် (မှန်ပါ့) မပေါ်သေး ဘူးလား (ပေါ်ပါ တယ်ဘုရား)။
ဟ ဘယ်သူ အန္တရာယ် ကင်းဖို့ နင်- လုပ်နေတာတုံး၊ ဆရာဘုန်းကြီးကလဲ အကွက်ကျကျ မေးတဲ့ အခါကျ ဟောဒီ ခန္ဓာကြီး ဘုရာ့ ဆိုတော့ ဟောဒီ ကိုယ်ကြီး ဘုရာ့ ကိုပေါ် လာရ မလာရ (လာရပါတယ် ဘုရား) ဒါဖြင့် အဝိဇ္ဇာ သတ္တိသေချာတယ် (သေချာပါတယ ်ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ မေတ္တာက အဝိဇ္ဇာကို တွန်းလှန်နိုင် ဖို့ ဝေးပါသေးရဲ့ဆိုတာ ကိုစောမောင် (ပေါ်ပါပြီဘုရား)။
မပေါ်သေးဘူးလား (ပေါ်ပါပြီဘုရား) ဒီကိုယ်ကြီး ပို့ရမှာကိုး (မှန်ပါ့) မပို့ရပေဘူးလား (ပို့ရပါတယ် ဘုရား)။
အဟံ- အကျွန်ုပ်သည် ဆိုကတည်းက တစ်ကိုယ်လုံးဆိုတာ (မှန်ပါ့) အဝေရော- ရန်မရှိသည်။ ဟောမိ- ဖြစ်ရပါလို၏ ဆိုတော့ – ခန္ဓာ ဘယ်လောက် ခင်လို့တုံး ကိုစောမောင် (အားကြီးခင်ပါတယ် ဘုရား)။
ဒါဖြင့် ဒီတဏှာ ဖုံးနေပြီ ဆိုတာကော (ပေါ်ပါပြီဘုရား) အနိစ္စတွေ ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒါဘယ့်နှယ်ကြောင့် ဒီခန္ဓာကြီးဟာ ပြီးတော့မှ “သဗ္ဗာ ဣတ္ထိယော သဗ္ဗေပုရိသာ” နဲ့များ လာလိုက်တာ၊ ယောက်ျားလဲ ကင်းတာ မဟုတ်ဘူး၊ မိန်းမတွေရော (မကင်းပါ ဘုရား)။
သမထဟာ နိဗ္ဗာန်မရောက်ပါ
ဘယ်မှာတုံး ကိုစောမောင်ရဲ့ တဏှာ ဖယ်နိုင်သေးရဲ့လား (မဖယ်နိုင်ပါ ဘုရား)၊ကိုဝ-ဖယ်နိုင် သေးရဲ့လား (မဖယ်နိုင်ပါ ဘုရား) မဖယ်နိုင်ဘူး ဆိုတာ ဒါသမထ စခန်းဆိုတာ ကိုပေါ်က ရှင်းရောပေါ့ (မှန်ပါ့) မရှင်းသေး ဘူးလား (ရှင်းပါပြီ)။
ဒါ့ကြောင့် သမထဟာ နိဗ္ဗာန် မရောက်ဘူး ဆိုတာလဲ အထူးမှတ်ပါ။ ဒီတဏှာနဲ့ အဝိဇ္ဇာမှ မဖယ်နိုင်ဘဲ (မှန်ပါ့) ဖယ်နိုင် သေးရဲ့လား (မဖယ်နိုင်ပါ ဘုရား) မထင်ရှားသေးဘူးလား (ထင်ရှား ပါပြီ)။
အေး ဒါ့ကြောင့် ဒကာကြီးလှိုင်ရ အင်မတန် အရေးကြီး ပါတယ် ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ) ပေါ်ပြီ ပေါ်ပြီ။
ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြပါစို့၊ အဝိဇ္ဇာနဲ့ တဏှာ ဖယ် ကြပါစို့နော် (မှန်ပါ့)။
မျက်လုံးမမှိတ်ရင်မဖြစ်ဘူး
မေတ္တာ အသာချိတ်ထား မောင်နိုင်ရ (မှန်ပါ့) ဝိပဿနာ ဆို တဲ့ အခါကျလို့ ရှိ ရင် ဖြင့် တဲ့။ ကဲ ဝိပဿနာဉာဏ်နဲ့ ခန္ဓာ ကိုယ် ကျုပ်တို့ကြည့်တော့ ကြည့်ရမှာပဲ၊ မျက်လုံး မှိတ်ပါ (မှန်ပါ့) မမှိတ်ရင် မဖြစ်ဘူး (မှန်ပါ့)။
မျက်လုံး မမှိတ်လို့ရှိရင်ဖြင့် တဲ့၊ ဒကာ ဒကာမတို့ မျက်လုံးက အဆင်း မြင်နေဦးမှာ (မှန်ပါ့) ချောတယ်၊ လှတယ်၊ အရုပ် ဆိုးတယ် ဆိုတာ မြင်နေဦးမှာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် မနော တစ်ပေါက်တည်းဖွင့် (မှန်ပါ့ဘုရား) ကျန်တဲ့ ငါးပေါက် ဒကာကြီးလှိုင် ပိတ်လိုက် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ)။
မနောတစ်ပေါက်တည်းဖွင့်ပါ
ကိုဝ- ဘယ်နှစ်ပေါက် ပိတ်မလဲ (ငါးပေါက် ပိတ်ရမယ် ဘုရား) စက္ခု၊ သောတ, ဃာန, ဇိဝှာ, ကာယ, ဘာလုပ်ရမလဲ (ပိတ်ရပါမယ် ဘုရား) မနော တစ်ပေါက်တည်း ဖွင့်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အံမာလေး အဝိဇ္ဇာနဲ့ တဏှာ ဖယ်ဖို့ကို ကိုစော မောင်ဒွါရ ခြောက်ပေါက် အရင်ပိတ် ရသေးတယ် (မှန်ပါ့)။
ကဲ ဒါဖြင့် မျက်လုံးမှိတ်ပြီး သကာလ ကျုပ်တို့ ခန္ဓာစိုက် တာပေါ့နော် (မှန်ပါ့)။
မျက်လုံး မှိတ်ပြီး စိုက်တော့ ဘာမြင်မှာတုံး ဘုရား လို့ မေးတဲ့အခါကျတော့မှ -ခန္ဓာထဲမှာ ဒကာ ဒကာမတွေ မနေ့ က ပြောခဲ့တဲ့ ခန္ဓာထဲမှာ ဖောက်ပြန်တာ ကလေးတွေ၊ ယားတာ ကလေးတွေ၊ ယံတာ ကလေးတွေ၊ နာတာ ကလေးတွေ၊ အောင့်တာ ကလေးတွေ ဆိုတဲ့ ဝေဒနာ က္ခန္ဓာကြီးဟာက မျက်လုံးမှိတ် လိုက်တော့ မှ အို ဝေဒနာတွေ ဟိုကရွရွ၊ ဒီကရွရွ၊ ဟိုက အောင့်သလို၊ ဒီက နာသလို၊ ကိုက်သလို၊ ခဲသလို ကိုဝ-မလာဘူးလား (လာပါ – တယ်ဘုရား)။
ငြိမ်ငြိမ် ကလေးထားတော့မှ ဒါတွေ ထင်ရှားလာတယ် (မှန်ပါ့)။
ဒီကျတော့ မောင်မင်းကြီး အဝိဇ္ဇာနဲ့ မောင်မင်းကြီး တဏှာ သြော် ကျုပ်တို့ ဝေဒနာက္ခန္ဓာ ဆိုတဲ့အတိုင်း အခု သေသေ ချာချာ စိုက်ကြည့်လိုက်တဲ့ အခါ မျက်လုံးမှိတ်ပြီး ဒွါရ ၅-ပေါက် ပိတ်ပြီး သကာလ မနောပေါက် တစ်ပေါက်တည်းက ဉာဏ်ပေါက် တစ်ပေါက်တည်း ကနေပြီး ဖွင့်ပြီး ကြည့်လိုက်တဲ့ အခါ ကျတော့မှ ဝေဒနာ သွားတွေ့တယ် (မှန်ပါ့) ပုဂ္ဂိုလ် သတ္တဝါ ပျောက်နေ တယ် (မှန်ပါ့)။
ဘာသွားတွေ့သလဲ (ဝေဒနာသွားတွေ့ပါတယ်ဘုရား)။
အင်း သုခဝေဒနာ ပေါ်လိုက်၊ ဒုက္ခဝေဒနာ ပေါ်လိုက်၊ ဥပေက္ခာဝေဒနာ ပေါ်လိုက်၊ သုခစိတ် ပေါ်လိုက်၊ ဒုက္ခစိတ်ပေါ် လိုက်၊ ဥပေက္ခာစိတ် ပေါ်လိုက် ကိုစောမောင် (မှန်ပါ့) အတူတူပေါ့။ ဒါတွေက စိတ္တနဲ့ ဝေဒနာ အတူတူပါပဲ (မှန်ပါ့ဘုရား)။
ကိုပေါ် အတူတူပဲ မဟုတ်လား (မှန်ပါ့) သဟဇာတ တွေဗျာ တကွဖြစ်တာတွေ (မှန်ပါ့) ဝေဒနာနဲ့ စိတ္တဟာလေ သဟဇာတသာ မှတ်ထားလိုက် မောင်နိုင်ရ (မှန်ပါ့) မှတ်မိကြ ပလား (မှတ်မိပါပြီ) သဟဇာတဆိုတာ တကွဖြစ်တာ။
အဲဒီလို မျက်လုံးမှိတ်ပြီး တစ်ပေါက်တည်းနဲ့ ဖွင့်ပြီး ကြည့် လိုက်တဲ့အခါကျတော့မှ ကိုဝရေ ဘာတွေ တွေ့ပါသတုံး (ဝေဒနာတွေတွေ့ပါတယ်) ဝေဒနာတွေ စိတ်တွေ တွေ့နေတာပဲ – (မှန်ပါ့)။
အင်း ဒါက ကိုစောမောင်ရေ အဝိဇ္ဇာနဲ့ တဏှာ ဖယ်လိုက်တာ (မှန်ပါ့) အခုဝေဒနာတွေ တွေ့တဲ့အခါကျတော့ တဏှာကလဲ အင်း ဒီဥစ္စာ သူခင်စရာ အကွက် မဟုတ်လို့ မခင် တော့ဘူး (မှန်ပါ့) အဝိဇ္ဇာကလဲ သူ မကာကွယ်နိုင်တော့ဘူး။
သူ မနောပေါက် တစ်ပေါက်တည်း ဖွင့်ကြည့်နေပြီပေါ့ ပင် ကိုယ်ရှိ သိသွားပြီဆိုပြီး သူ ကာကွယ် နိုင်သေးရဲ့ လား (မကာ ကွယ်နိုင်ပါ ဘုရား)။
အဲဒီမှာ အဝိဇ္ဇာနဲ့တဏှာ တွန်းလှန်လိုက်တာ မနောပေါက် က ဉာဏ်သွင်းပြီး ခန္ဓာစိုက် လိုက်တော့မှ ကိုဝရေ သူတို့ နှစ်ခုလွင့် ပြေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
လွင့်ပြေးတယ်နော် (မှန်ပါ့) ဒါဖြင့် ပွင့်ပြီ ဒကာ ဒကာမတို့ အဖုံး တစ်ချက်ဖြင့် ဖွင့်နိုင်ပြီ (မှန်ပါ့) ဘယ့်နှယ်တုံး (အဖုံးတစ်ချက် ဖွင့်နိုင်ပါပြီ ဘုရား) ဒကာကြီးလှိုင် (ဖွင့်ပြီးပါပြီ ဘုရား) အဖုံး တစ်ချက် ကျန်သေးတယ် (မှန်ပါ့)။
နောက်က ဒကာ ဒကာမတွေ ဘာကျန် သေးသတုံး (အဖုံး တစ်ချက် ကျန်ပါသေးတယ် ဘုရား) နိဗ္ဗာန်ကို ဖုံးနေတဲ့ ခန္ဓာအဖုံး ကျန်သေးတယ် (မှန်ပါ့)၊ အခု ခန္ဓာစပြီး တွေ့ကာ ရှိသေးတာကိုး (မှန်ပါ့) ကိုစောမောင် ရှင်းပလား (ရှင်းပါပြီ)။
အဖုံးတစ်ချက်တော့ ကျန်တယ်၊ တစ်ချက်ပွင့်သွားပြီ (မှန်ပါ့) နောက်တစ်ချက် ကျန်သေးတယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကဲ ဒါဖြင့် နောက်တစ်ချက် ကြည့်ကြစို့ ဆိုတော့ ကိုင်း ခုနင်ကလိုပဲ ဝေဒနာတွေ တွေ့တော့ တွေ့ ကုန်ပြီ၊ ပူတာ အေးတာ တွေပဲ ရုပ်တွေလဲ တွေ့ကုန်ပြီ တောင့်တာ တင်းတာတွေလဲ တွေ့ကုန် ပြီဆိုပြီး သကာလ သတိပဋ္ဌာန် လေးပါးထဲက တစ်ပါးပါးကို အတွေ့ ရှာလိုက်တာပေါ့၊ အကုန်တော့ မကြည့်နဲ့ ပေါ့နော် (မှန်ပါ့) တစ်ပါးပါး အတွေ့ ရှာလိုက်ပါတဲ့။
ကဲ ဒါဖြင့် ကိုဝ-ထင်ရှားတဲ့ ဝေဒနာပဲ တွေ့တယ် ဆိုကြ ပါစို့၊ မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)၊ သုခရင်လဲ တွေ့ရ မယ်၊ ဒုက္ခရင်ကော (တွေ့ရပါမယ် ဘုရား)။ ဥပေက္ခာရင်လဲ တွေ့ရမယ်။
အင်း ဒါ ဘယ်သူ ရှောင်ပေးလို့ ဒီအတွေ့-တွေ့ပါလိမ့် မတုံး ဆိုတာ ကိုစောမောင်က ဆုံးဖြတ်ချက်ချ (အဝိဇ္ဇာနဲ့ တဏှာပါ ဘုရား)။
အဝိဇ္ဇာနဲ့တဏှာ ရှောင်ပေးတာ (မှန်ပါ့) သူတို့ကို ဒွါရ ၅-ပေါက် ပိတ်ပြီးသကာလ တစ်ပေါက် တည်းနဲ့ ကြည့်လိုက်တဲ့ အခါကျတော့မှ အဝိဇ္ဇာ တဏှာ ကာကွယ်ထားတဲ့ ယောက်ျား မိန်းမ ပျောက်တယ် (မှန်ပါ့) ပုဂ္ဂိုလ် သတ္တဝါတွေကော (ပျောက်သွား ပါတယ် ဘုရား) ဝေဒနာက္ခန္ဓာကြီး ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါတယ်ဘုရား)။
ပေါ်တော့ ခန္ဓာ ပေါ်လာတော့ ခန္ဓာပဲ တွေ့နေပြန်တော့ နိဗ္ဗာန် မတွေ့ပြန်ဘူး (မှန်ပါ့)။
ခန္ဓာပဲတွေ့နေတယ်၊ နိဗ္ဗာန်ကို (မတွေ့ပါဘုရား) အင်း နိဗ္ဗာန်ကို ဘယ်သူ ဖုံးနေပြန်ပါလိမ့် (ခန္ဓာ ဖုံးပါတယ် ဘုရား) ခန္ဓာဖုံးနေတယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နိဗ္ဗာန် ဘယ်သူဖုံးနေသတုံး (ခန္ဓာဖုံးနေပါတယ် ဘုရား)။
ကြည့်စမ်းပါဦး၊ ကဲ ကိုစောမောင်တို့ မောင်နိုင်တို့ ဆရာ မကူရင် ဘယ်ကလာ ရမလဲ (မရပါဘုရား) မရနိုင်ဘူး ဆိုတာ သက်သေခံ လုံလောက်ပလား (လုံလောက်ပါပြီ)။
လုံလောက်ပါပြီတဲ့၊ ဒါဖြင့် ဒကာ ဒကာမတို့ ကိုင်း အဲဒီ မင်းတို့တွေ့တဲ့ ဒွါရခြောက်ပေါက် ရှိတဲ့ အနက်က ၅-ပေါက် ပိတ်ပြီး တစ်ပေါက် ရှာလိုက်တဲ့ အခါ ခန္ဓာ တွေ့တယ်ဟေ့ အဲဒီ ခန္ဓာ သဘောကို မင်း စောင့်ကြည့်ပါဦး သူဘာပြောမလဲ ဆိုတာ ရှင်းပလား (ရှင်းပါပြီဘုရား)။
အဲဒီ ဝေဒနာက္ခန္ဓာတော့တွေ့ပြီ၊ ဝေဒနာက္ခန္ဓာကို အစ အဆုံး မင်းပြန်ကြည့်ပါဦး လို့၊ ဆရာ ဘုန်းကြီးက နည်းပေး လိုက်တယ် (မှန်ပါ့)။
နည်းပေးလိုက်ပြန်တဲ့ အခါကျတော့ ကိုပေါ်တို့ ကိုဝတို့က ကြည့်လိုက်တော့ သြော် – ပေါ်လဲ ပေါ်တယ်၊ စောင့်ကြည့်တော့ ပျောက်လဲ ပျောက်တယ် ဆိုတာ ပေါ်လာတယ် (ပေါ်ပါတယ်ဘုရား) မပေါ်လာ ပေဘူးလား (ပေါ်လာပါတယ် ဘုရား)။
အင်း ရှိလဲ ရှိရဲ့၊ ပျောက်လဲ ပျောက်တယ် ဆိုတာ ကော (ပေါ်ပါတယ် ဘုရား) အင်း ဒီကျတော့လဲ ဒကာ ဒကာမတို့ အနိစ္စ ခန္ဓာတွေ့ပြီ (တွေ့ပါပြီဘုရား) အဝိဇ္ဇာနဲ့ တဏှာဖယ် ပြီး ကြည့်လိုက်တော့ ဘာခန္ဓာ တွေ့သတုံး (အနိစ္စခန္ဓာ တွေ့ပါတယ် ဘုရား) အနိစ္စ ခန္ဓာကြီး သွားတွေ့တယ် (မှန်ပါ့)။
ဒကာ ဒကာမတွေ ဘာတွေ့သလဲ (အနိစ္စ ခန္ဓာကြီး သွားတွေ့ပါတယ် ဘုရား) အနိစ္စ ခန္ဓာကြီး သွားတွေ့တော့ ကိုဝရေ နိဗ္ဗာန်ကို မတွေ့ပြန်ဘူး (မှန်ပါ့) အင်း အနိစ္စခန္ဓာ ဖုံးနေတယ် (မှန်ပါ့) ဒကာ ဒကာမတွေ ဘယ်လို ဆိုကြမလဲ (အနိစ္စခန္ဓာ ဖုံးနေပါတယ် ဘုရား)။
အနိစ္စခန္ဓာကြီး ဖုံးပြီး သကာလ နေပြန်တော့လဲ အင်း သေပျော်ပြီလို့ မအောက်မေ့လိုက်ပါနဲ့ (မှန်ပါ့) သောတာပတ္တိမဂ်က မရသေးဘူး (မှန်ပါ့) ဝိပဿနာပဲ ရှိသေးတယ် (မှန်ပါ့)။
အနိစ္စခန္ဓာ တွေ့တော့ ဘယ်မဂ်ရသတုံး (ဝိပဿနာမဂ် ရပါတယ် ဘုရား)၊ဝိပဿနာမဂ် ရသေးတယ် ဒကာ ဒကာမတို့ နော် (မှန်ပါ့)၊ လောကုတ္တရာမဂ် ရပြီလား (မရသေးပါဘုရား)။
ဟာ ဒါဖြင့် ကျုပ်တို့အဖုံး အကုန်ဖွင့်မှ တော်တော့ မယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ လာရတော့မယ် (မှန်ပါ့)၊ မလာရ ပေဘူးလား (လာပါမယ် ဘုရား)။
အဖုံးဖွင့်ကြပါစို့
ကိုင်း ဒါဖြင့် အဖုံးဖွင့် ကြပါစို့ ဆိုတော့မှ ကိုစောမောင် ရေ ဒီဝေဒနာကို ပေါ်ရာလိုက်ပြီး သကာလ အနိစ္စ မြင်အောင် ကြည့်ပါ (မှန်ပါ့)။
ပေါ်ရာလိုက်ပြီးတော့ (အနိစ္စမြင်အောင် ကြည့်ရပါ မယ်ဘုရား)၊အနိစ္စ မြင်အောင် ကြည့်ပါ၊ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ကလဲ စိတ် အဆုံး လိုက်ပြီးတော့ အနိစ္စ မြင်အောင်ကြည့်ပါ (မှန်ပါ့)။
ဖြစ်လိုက်-ပျက်လိုက်၊ ဖြစ်လိုက်-ပျက်လိုက်ဟာ ဘာပါလိမ့် (အနိစ္စပါ ဘုရား)၊အနိစ္စပဲ၊ ဖြစ်လိုက် ပျက်လိုက်ဟာ ဒုက္ခပဲ၊ ဖြစ်လိုက် ပျက်လိုက်ဟာ အနတ္တပဲ၊ ဖြစ်လိုက်- ပျက်လိုက်ဟာ အသုဘပဲ (မှန်ပါ့) သေတာဟာ အသုဘပေါ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
ဖြစ်လိုက်-ပျက်လိုက်ဟာ သေတာပဲမဟုတ်လား (မှန်ပါ့) ဒါကို ဘာခေါ်ကြမယ် (အသုဘပါ ဘုရား)။
ဒါဖြင့် ဒီလေးခုစလုံးဟာ ဒကာ ဒကာမတွေက ကြည့်လိုက် တာပေါ့။ အင်း ဒီတစ်ခုတည်းကို လေးနာမည် တပ်ထားတာကိုး (မှန်ပါ့)၊ ဖြစ်ပျက် တစ်ခုတည်းကို လေးနာမည် တပ်ထားတယ် (မှန်ပါ့)။
ဖြစ်ပျက် တစ်ခုတည်းကို အနိစ္စဆိုတဲ့ နာမည် ရှေးဦးစွာ တပ်လိုက်တယ် (မှန်ပါ့) ဒုက္ခဆိုတဲ့ နာမည်ကော (တပ်လိုက်ပါတယ် ဘုရား) အနတ္တ ဆိုတဲ့နာမည် (တပ်ပါတယ်ဘုရား) အသုဘ ဆိုတဲ့နာမည် (တပ်ပါတယ် ဘုရား)။
ဒါဖြင့် နာမည်သာတပ်တယ်၊ ကိုယ်ကြည့်ရမှာက တစ်ခု တည်း (မှန်ပါ့) ကိုယ်ကြည့်ရမှာက ဖြစ်ပျက် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီဘုရား)။
ကိုယ်ကြည့်ရမှာက (ဖြစ်ပျက်ပါဘုရား) ဖြစ်ပျက်ပဲဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဖြစ်ပျက်အနိစ္စကွယ်နေတယ်
အဲဒီတော့ နိဗ္ဗာန် တွေ့ပလားဟေ့ ဖြစ်ပျက် အနိစ္စ ကွယ်နေ ပြန်ပြီလားလို့ (ဖြစ်ပျက် အနိစ္စ ကွယ်နေပါတယ် ဘုရား) ကွယ်နေပြန်ပြီ ကိုစောမောင်ရ (မှန်ပါ့)။
ကဲ ဒါကို ဆရာ ဘုန်းကြီးက ဒါကိုလဲ ရှင်းရလိမ့်ဦးမယ်၊ ဒါကို မရှင်းရင် နိဗ္ဗာန်ကို (မမြင်ပါ ဘုရား) မတွေ့ နိုင်တော့ဘူး ဆိုတာလဲ သေချာသွားပြန်တယ် (မှန်ပါ့)။
ကိုပေါ် (သေချာပါတယ် ဘုရား) အဲဒီမှာ ခင်ဗျားတို့ ပြောနေကျ၊ ဆိုနေကျ ဆိုရင် လက္ခဏာ ရေး သုံးပါးထက် ကောင်းတာ ဘာရှိသေးသတဲ့ ၊ ဒါ နိဗ္ဗာန် ရောက်ကြောင်း မဟုတ်ဘူးလားလို့ ဒီလက္ခဏာ ရေးသုံးပါးချည့် လုပ်နေမယ် ဆိုလို့ ရှိရင်လဲ နိဗ္ဗာန် မတွေ့သေးဘူး ကိုစောမောင် (မှန်ပါ့) တွေ့ပါ့မလား (မတွေ့ပါဘုရား)။
တွေ့နိုင်ပါ့မလား (မတွေ့နိုင်ပါဘုရား) လက္ခဏာ ရေးသုံးပါးက နိဗ္ဗာန်ပါမလား (မပါ-ပါဘုရား) မပါသေးဘူး၊ နိဗ္ဗာန် မပါတာ ဘုန်းကြီး ရှင်းပြပါမယ်၊ နိဗ္ဗာန်ဟာ နိစ္စလား၊ အနိစ္စလား (နိစ္စပါဘုရား) ဒါဖြင့် အနိစ္စက ကွယ်နေပါတယ် (မှန်ပါ့)။
နိဗ္ဗာန်ဟာ သုခလား၊ ဒုက္ခလား (သုခပါ ဘုရား) ဒါဖြင့် – ဒုက္ခက ကွယ်နေပြန်ပြီ။
နိဗ္ဗာန်ဟာ အတ္တလား၊ အနတ္တလားလို့ မေးတော့ နိဗ္ဗာန် ဆိုတာကတော့ အနတ္တပဲ၊ ဘယ်သူ လုပ်ထားတာမှ မဟုတ်သောကြောင့် အနတ္တ (မှန်ပါ့ဘုရား) ဒီ ရှေ့အနတ္တက တစ်ခါလာကွယ် မကွယ်ဘူးလား (ကွယ်ပါတယ် ဘုရား)။
အနတ္တ-အနတ္တချင်း လာကွယ်တယ်၊ မကွယ်ဘူးလား (ကွယ်ပါတယ်ဘုရား)။
နိဗ္ဗာန်ဟာ သုဘလား၊ အသုဘလား (သုဘပါဘုရား) သူဖြစ်ပျက် ဆိုတော့ သေတဲ့ အသုဘကြီး ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
အဲ သူက လာကွယ်နေတော့ ဒကာ ဒကာမတွေက ဒီအကွယ်ကို မကျော်သွားနိုင်လို့ မခုတ်ထွင် နိုင်ပြန်လဲ ကိုဝ ရပါ့ မလား (မရပါဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာကြီးလှိုင် အင်မတန် မဖိုးတန်တယ် ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
အင်း ဟင် ဒါဖြင့် အဖုံးလှန်ကြဦးစို့နော် (မှန်ပါ့) လှန်ကြဦးစို့ ဆိုတော့ ဘယ်လို လှန်ရမလဲ ဆိုတော့ အဲဒီ ဖြစ်ပျက်တွေ ဟာကွာ သေသေ ချာချာ ကြည့်ပါဆိုတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘတွေ သွား ဖြစ်နေ ပြန်တယ် (မှန်ပါ့) ဖြစ်တဲ့ အခါကျတော့ကို ဒီဟာကို ကြည့်သာ ကြည့်ဟေ့ မဂ်ဉာဏ် မရင့်သေးဘူး (မှန်ပါ့) ကြည့်နိုင် သလောက်ကြည့်ပါ။
ကြည့်နိုင် သလောက် ကြည့်တဲ့ အခါကျတော့ ကျောက်ကို ကြည့်ဖန်များ လေလေ ကျုပ်တို့ ကျောက်ဉာဏ်မှာ သိလေလေပေါ့ (မှန်ပါ့)။
မိုးကုတ် ထုံးစံပေါ့ (မှန်ပါ့) အတွေ့အကြုံများတဲ့ လူ လောက် ကိုဝရေ၊ ကျောက်ကုန်သည်မှာ အတွေ့ အကြုံနည်းတဲ့ လူနဲ့တော့ အများကြီး ခြားနားမှာပဲ (မှန်ပါ) ဒါဘာတုံး ၊ ကျင့်သား ပဲ သဘောကျ ပလား (ကျပါပြီဘုရား)။
အဲဒီ ကျင့်သားဖြစ်တဲ့ ဒီ အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘကို ပင်လျှင် ကြပ်ကြပ် ပွားပေးစမ်းပါ၊ ကျင့်သား ရအောင် (မှန်ပါ့)။
ပွားဖန်များတော့ ဉာဏ်ရင့်လာမယ်
ပွားပေးလိုက်တဲ့ အခါကျတော့ကို-တဲ့၊ ဪ ဒီဥစ္စာသည် ငါ-ပွားနေတာသည် ဘာပါလိမ့်မလဲ လို့ ကြည့်တဲ့ ဒီ အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘတွေဟာ မောင်နိုင်- ပွားဖန်များ လာတော့ ဉာဏ်က ရင့်မလာ ဘူးလား (ရင့်လာပါတယ် ဘုရား)။
ရင့်လာတော့ ယထာဘူတဉာဏ်က ရပြီးသားဖြစ်တော့ သမ္မသန, ဥဒယဗ္ဗယ, ဘင်္ဂ ဘယ အာဒီနဝ, နိဗ္ဗိန္ဒတွေ ဆိုတာတွေဟာ ဒီထဲ ဝင်လာမှာပေါ့ (မှန်ပါ့) ဉာဏ်ရင့်ရင့် သွားတာကို ဆိုတာပါ (မှန်ပါ့)၊ ပဋိသမ္ဘိဒါမဂ် မှာလည်း ဒီအတိုင်းပဲ ဆိုပါတယ်။
ကဲ ဒါဖြင့် ဉာဏ်ရင့်အောင် ပွားပေးလိုက် ကိုယ်တို့ ကိုဝတို့ (မှန်ပါ့) ပွားလိုက်တဲ့ အခါကျတော့ ဉာဏ်ရင့်လာတော့ သြော် ဒါအနိစ္စလဲ ဆိုနိုင်တာပဲ၊ သို့သော်လဲ ဒါတွေက မိမိခန္ဓာ – ဒုက္ခ ရောက် နေတာတွေပါ၊ ဉာဏ်ရင့်သွားတော့ (မှန်ပါ့ဘုရား)။
ဘာထင်ကြသတုံး (မိမိခန္ဓာ ဒုက္ခ ရောက်နေတာတွေ ပါဘုရား)။
ဪ မိမိခန္ဓာဟာ ဒုက္ခ, သစ္စာပဲ၊ ဒုက္ခက ဆင်းရဲတာ သစ္စာက အမှန် ဆိုတော့ ဆင်းရဲတာ အမှန်ပါကလား လို့ ဉာဏ်ကမြင်တယ် (မှန်ပါ့)။
ခုနင်က အနိစ္စ, ဒုက္ခ, အနတ္တ ဟုတ်သေးရဲ့လား (မဟုတ် ပါဘုရား)။
ဘယ့်နှယ်ကြောင့် ဉာဏ်ပြောင်း သွားပါလိမ့်မတုံးလို့ မေးတဲ့ အခါကျတော့ ပွားများ ဖန်များ လို့ ရင့်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝိပဿနာမဂ်ကိုပွားရမယ်
ဘယ်လိုပါလိမ့် (ပွားများဖန်များလို့ ရင့်တာပါဘုရား) ပွားများ ဖန်များလို့ ရင့်တာ ဆိုတာ ဒကာ, ဒကာမတို့ သေချာကြ ပလား (သေချာပါပြီ) ဒါဖြင့် မပွားရင်လဲ မရဘူး၊ ဘာဝေတဗ္ဗ ကိစ္စလို့ ဟောလိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
ဘာဝေတဗ္ဗ ကိစ္စဆိုတာ မဂ်စစ်ကို ဆိုတာ မဟုတ်၊ ဝိပဿ နာမဂ်ကို ဆိုတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပွားများ ရမယ် ဆိုတာ ဘယ်မဂ်ကို ဆိုတာလဲ (ဝိပဿနာ မဂ်ကို ဆိုတာပါဘုရား)။
မဂ်စစ်က တစ်ကြိမ်ထဲကျတာ
လောကုတ္တရာမဂ်က တစ်ကြိမ်ထဲ ကျတာပဲ၊ သူ့ကို ပွားများ လို့ အာသေဝနမှ မဟုတ်တာ (မှန်ပါ့) “အာသေဝန ပစ္စယော” ထဲကို သူ မပါတဲ့ ဥစ္စာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတွေ ရှေ့ပိုင်း ပွားများနေတာ ဟာ ရင့်အောင် လုပ်နေတယ် ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား) ကဲ ရင့်ပြီ ယထာဘူတ ဉာဏ်လဲ ရတော့ ဒါတွေ ငြီးငွေ့ ငြီးငွေ့ရာ က နေပြီး ဒုက္ခသစ္စာလို့ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်အောင် ရင့်အောင် လုပ်လိုက် ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်လို ရင့်အောင် လုပ်ရမလဲ (ဒုက္ခသစ္စာလို့ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်အောင် လုပ်ရပါမယ် ဘုရား)။
အဲဒါ ဒုက္ခသစ္စာ ပိုင်ပိုင်နိုင်နိုင် သိအောင် လုပ်နိုင်လို့ ရှိရင် ဒုက္ခသစ္စာ ပိုင်းခြားပြီလို့ ရှေးက ရေးတဲ့ ဥစ္စာ ပိုင်ပိုင် နိုင်နိုင် သိတာကို ဆိုသည် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ပိုင်ပိုင်နိုင်နိုင် သိတာကို ဒုက္ခသစ္စာ ပိုင်းခြား သိတယ်လို့ ပြောတာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် အခု ဒကာ ဒကာမတွေ အကုန် ပွားရမယ်၊ ဝေဒနာ ရှုတဲ့ပုဂ္ဂိုလ်က ဝေဒနာပွား၊ ဖြစ်ပျက်တွေ ကြပ်ကြပ်ပွား (မှန်ပါ့) စိတ်ရှုတဲ့ ပုဂ္ဂိုလ်လဲ စိတ်ဖြစ်ပျက်တွေကို (ကြပ်ကြပ် ပွားရပါမယ် ဘုရား) ပွားရမှာပဲတဲ့၊ ဘာကြောင့်တုံး၊ ဘာဝေတဗ္ဗ ကိစ္စကိုး (မှန်ပါ့) ဒီပြင် ကိစ္စရှိရဲ့လား (မရှိပါဘုရား) ကိစ္စဆိုတာ အလုပ်ပေါ့ဗျာ ၊ ပွားရမည့် အလုပ်ပါ (မှန်ပါ့) ရှင်းကြပလား (ရှင်း ပါပြီ ဘုရား)။
ဆုတောင်းလို့မရ
ပွားရမည့် အလုပ်ကို ဆုတောင်း ယူလို့ ရပါ့မလား ကိုဝ (မရပါဘုရား) ဟောဒါ သူက သက်သေ ခံတယ် (မှန်ပါ့) ပွားရမည့် အလုပ်ကို ဆုတောင်းယူလို့ မရဘူးလို့ သူက သက်သေခံ ပြန်တယ် (မှန်ပါ့) ဘာဝေတဗ္ဗ ကိစ္စကပဲ သက်သေခံတယ်။
မောင်နိုင်- မခံဘူးလား (ခံပါတယ်ဘုရား) ရှင်းကြပလား။ (ရှင်းပါပြီ) ဒါဖြင့် အချောင်သမား မရနိုင်ဘူး (မရနိုင်ပါဘုရား) ပွားတဲ့ လူရမယ် (ရပါမယ် ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒုက္ခသစ္စာဉာဏ်ထဲထင်လာတယ်
ကောင်းပြီ ဒါဖြင့် ပွားလိုက်တဲ့ အခါကျတော့ ဉာဏ်ရင့် တော့ကို ခုနင်က ဖြစ်ပျက်တွေဟာ ဘာသစ္စာရယ်လို့ ဉာဏ်ထဲ ထင်သလဲ (ဒုက္ခသစ္စာ ရယ်လို့ ဉာဏ်ထဲ ထင်ပါတယ် ဘုရား)။
ဒုက္ခသစ္စာလို့ ထင်တော့ ခုနင်က ခန္ဓာထဲ အနုသယသဘော နဲ့ ကိန်းနေတဲ့ ဒိဋ္ဌိတို့ ဝိစိကိစ္ဆာ တို့က သံသယ ရှိသေးရဲ့ လား (မရှိပါဘုရား)။
ဒိဋ္ဌိက ငါထင်သေးသလား ဒုက္ခသစ္စာလို့ သိသွားတဲ့ အချိန် ကတော့ (မထင်ပါဘုရား) ဒိဋ္ဌိကလဲ မထင် ဟုတ်လား၊ ဝိစိ ကိစ္ဆာကလဲ သံသယ မရှိဘူး (မရှိပါဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီ ဒုက္ခသစ္စာလို့လဲ ပိုင်ပိုင်နိုင်နိုင် သိပါရော ဒိဋ္ဌိ ဝိစိကိစ္ဆာ ကလဲ ပြုတ်တယ်၊ ဒုက္ခသစ္စာကလဲ ချုပ်တယ် နှစ်ချက်ချုပ်တယ် (မှန်ပါ) ဒိဋ္ဌိ ဝိစိကိစ္ဆာ ကလဲ (ပြုတ်သွားပါတယ် ဘုရား) ဒုက္ခသစ္စာကလဲ (ချုပ်သွားပါတယ် ဘုရား)။
ဒါဖြင့် ဒိဋ္ဌိ ဝိစိကိစ္ဆာ ကပြုတ်၊ ဒုက္ခသစ္စာကြီးက ပိုင်ပိုင်နိုင်နိုင် သိလို့ ချုပ် ဆိုတော့ ကျုပ်တို့ ဉာဏ်သည် တဲ့ နှစ်ဖြတ်- ဖြတ်ချ လိုက်တယ်၊ ကိလေသာဖြတ်, ခန္ဓာ ဖြတ်တယ် (မှန်ပါ့) သဘောပါ ပလား (ပါပါပြီ ဘုရား) ကိလောသာဖြတ် (ခန္ဓာဖြတ်ပါတယ် ဘုရား)။
ဒုက္ခမရှိတာနိဗ္ဗာန်
အဲဒါကြောင့် ကိလေသာပယ်, ခန္ဓာပယ်ပြီး သကာလ ခန္ဓာ အဆုံးမှာ ရှိတဲ့ ဒုက္ခကိုယ့်မှာ မရှိတော့ ပါကလား ဆိုတာ သိတဲ့ဉာဏ် ပေါ်လာတယ်၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဒါဖြင့် ဒုက္ခမရှိတာက ဘာဆိုမယ် (နိဗ္ဗာန်ပါ ဘုရား) သိတဲ့ဉာဏ်က (မဂ်ပါဘုရား) အဲဒီ မဂ်ဉာဏ် လာပြီးလို့ ရှိရင် မဂ်တစ်ကြိမ် ကျပြီးလို့ရှိရင် နောက် ဖိုလ်နှစ်ကြိမ် သုံးကြိမ်၊ နောက် ပစ္စဝေက္ခဏာ ဇောများစွာ ပေါ့ဗျာ (မှန်ပါ့) အဲဒါ နိဗ္ဗာန်ချည့် မြင်တာပဲ ဆိုတာ ဖော်တတ်ပြီလား (ဖော်တတ်ပါပြီ ဘုရား)။
ဒါဖြင့် အဖုံးနှစ်ချက် လှန်တတ်ကြပလား (လှန်တတ် ပါပြီဘုရား)။
အဝိဇ္ဇာနဲ့ တဏှာလှန်တော့ အနိစ္စတွေ့မယ် (မှန်ပါ့) အနိစ္စ ကို ပွားများပြီး လှန်လိုက်တဲ့ အခါကျတော့ နိရောဓ တွေ့မယ် (မှန်ပါ့) သဘောပါ ကြပလား (ပါပါပြီ ဘုရား) ဒီအတိုင်း လုပ်ရလိမ့် မယ်ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။