“သတ္တဝါ ဘယ်က စပါလိမ့်”
နာရီဝက်တရား(၂)ပုဒ်ဖြစ်သည်။
မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၏ အမှာစာ
မိုးကုတ်ဆရာတော်ဘုရားကြီးသည် ဒကာ,ဒကာမများ သိသင့် သိထိုက်သော တရား တော်များကို လိုလေသေးမရှိအောင် ဟောကြားတော်မူထားခဲ့ရာ သတ္တဝါအစကိုပင် ဟောကြားခဲ့ပါ သေးသည်။
ဂေါတမမြတ်စွာဘုရား ပွင့်တော်မမူမီ၊ ပွင့်ခဲ့ပြီးသော နောင် တော့် နောင်တော် ဘုရား ပေါင်းမှာ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူ သည်ဟု မိန့်တော်မူပါသည်။
ဂေါတမ မြတ်စွာ ဘုရားသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်စဉ် နှစ်ကျိပ် ရှစ်ဆူသော ဘုရားများသာ ပွင့်တော်မူသဖြင့် ဂင်္ဂါမြစ်တွင်းရှိ သဲပွင့်မက ပွင့်တော်မူခဲ့သော ဘုရား အဆူဆူ အတွက် အချိန်ကာလ ကမ္ဘာအရေအတွက်ကို ဉာဏ်မီသမျှ မှန်းဆကြည့်သင့်ပါသည်။
ထို့အတူ ကမ္ဘာတစ်ခု၏ သက်တမ်းကာလကို ကြည့်ပြန်လျှင် ဘုရားငါးဆူ ပွင့်တော်မူသော ဤကမ္ဘာ၌ ဘုရားတစ်ဆူနှင့် တစ်ဆူကြား သက်တမ်း ကာလသည် လူတစ်ယောက်၏ ဘဝဖြစ်စဉ် အရိုးများကို စုပုံထားပါလျှင် (၁၃) မိုင်ခန့် မြင့်မည်ဟု ဟောကြား တော်မူသဖြင့် ဘုရားငါးဆူ ပွင့်သော ဤကမ္ဘာ၏ သက်တမ်းကို တွေးတောချိန်ဆနိုင်ပါသည်။
သို့ဖြစ်၍ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ နောက်နောက်က ဖြစ်စဉ်၊ သတ္တဝါအစကို ပြန်တွေး ပါလျှင် မိုးမဆုံး မြေမဆုံးသာ ဖြစ်ပါမည်။ အကျိုးမရှိ ငြင်းခုံလိုသူများ အထူး စဉ်းစား နိုင်ရန် ဖော်ပြ ခြင်းသာ ဖြစ်ပါသည်။
ဤစာအုပ်မှ တရားတော်များသည် နာရီဝက်ခန့်စီသာရှိသဖြင့် ယောဂီများ ကျေးဇူးများ စေရန် မိုးကုတ် ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော သစ္စာလေးပါး တရားတော် အမှတ်စဉ် (၇) မှ (၂၅-၁၀-၆၁)နေ့ ဟောကြားခဲ့သော တရားတော်နှင့် အမှတ်စဉ် ၂၅ မှ (၁၃-၅-၆၂)နေ့ ဟောကြားခဲ့သော တရားတော် နှစ်ပုဒ်ကို ပေါင်း၍ ရိုက်နှိပ်ထားခြင်းဖြစ်ပါသည်။
သူတော်ကောင်းရတနာ (၇) ပါး ကိန်းနိုင်ကြပါစေ။
၁၆-၆-၉၉
အမှုဆောင်အဖွဲ့။
ပဋိစ္စသမုပ္ပာဒ်စက်ဝိုင်း စာရွက်ကြည့်ရှုလေ့လာပါ။
ဒုက္ခ ပြတ်ကြောင်းငါး= မဂ္ဂင်၅-ပါး (သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ)
ဖြစ်ကြောင်း၅ (ဆက်ကြောင်း)= အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကံ။
ဒုက္ခ= ခန္ဓာ၅ပါး= ဝိညာဏ်၊ နာမ်ရုပ်၊ သဠာ ယတန၊ ဖဿ၊ ဝေဒနာ။
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်
“သတ္တဝါ ဘယ်က စပါလိမ့်”
(၂၅-၁၀-၆၁)
ဘုရားသခင်ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်မှာ သီတင်းသုံး နေတယ်လို့ မှတ်ရမယ် (မှန်ပါ့)၊ သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း သီတင်းသုံး နေပြီးတော့ ရဟန်းတို့ သတ္တဝါ အစတော့ ငါမမြင်ဘူး အမိန့်ရှိလိုက်တယ်။
သတ္တဝါအစဆိုတာ
သတ္တဝါ အစကို ငါမမြင်ဘူးတဲ့၊ အစဆိုတာက အထည်စ, ဓမ္မအစ, နှစ်မျိုး ရှိတယ်လို့ ဒကာ,ဒကာမတွေက မှတ်ထား လိုက် စမ်းပါ (မှန်ပါ့)၊ အထည်စ, ဖြစ်တာကို ဘုရား မမြင်ဘူး၊ အထည် ဖြစ်ခြင်း အစတော့ သူ သိတယ် (မှန်လှပါ ဘုရား)။
အဲဒါ ငြင်းကြခုံကြတာ အလွန်များပါတယ် (မှန်ပါ့)၊ ဘုရားဟာ အကုန်သိတယ်ဆိုပြီး သတ္တဝါအစ မသိဘူးတဲ့၊ ဒီလိုပြောတဲ့လူ ရှိတယ် (မှန်ပါ့)။
အဲဒါတွေလဲ မှတ်ကြရလိမ့်မယ်။ အထည်စ,ကိုတော့ လျှောက် တွေးမယ်ဆို မဆုံးနိုင်ဘူး (မှန်လှပါ)၊ အထည် ဖြစ်ကြောင်း အစကိုတော့ တွေးလိုက်ရင် သူသိတယ် (မှန်လှပါ)။
ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် အထည်စ,ကို တော့မသိဘူး၊ အထည်ဆိုတာ ဝတ္ထုပစ္စည်း (မှန်လှပါ)၊ အထည် ဆိုတဲ့ ဝတ္ထုပစ္စည်း အစတော့ လျှောက်တွေး နေလို့ရှိရင် မဆုံးပေ ဘူးတဲ့ (မှန်ပါ့)၊ အဲဒီ ဝတ္ထုပစ္စည်းကို ဘယ်သူ တည်ထောင်တယ် ဆိုတဲ့ အစတော့ ငါသိတယ် (မှန်လှပါ)၊ ဒီလိုဆိုတော့ ရှင်း သွားပြီ (မှန်လှပါ)။
အထည်စတော့ မသိဘူး
စာက ဆိုထားတာက “အနမတဂ္ဂါယံ ဘိက္ခဝေ သံသာရော ပုဗ္ဗကောဋိ န ပညာယတိ” ဘိက္ခဝေ= ငါ၏ချစ်သား တပည့်များတို့၊ အယံ သံသာရော- ဤခန္ဓာ သံသရာကြီးသည်။ အနမတဂ္ဂေါ- မသိ အပ်သော အစရှိ၏ (မှန်လှပါ)။
ဤခန္ဓာသံသရာကြီးသည် မသိအပ်သော အစရှိတယ်တဲ့ (မှန်ပါ့)၊ နောက် ပေါ်လာတယ်၊ “အဝိဇ္ဇာ နီဝရဏာနံ တဏှာ သံယောဇနာနံ” ဆိုတော့ အဝိဇ္ဇာ နီဝရဏတို့ တဏှာ သံယောဇဉ် တို့ဟာ အထည် အစ, အရင်းကျတဲ့ သဘောနဲ့ မြတ်စွာဘုရား မိန့်တော်မူလိုက် တာကို မသိကြတဲ့ ပုဂ္ဂိုလ်တွေက ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟာ အထည်စ,ကို မသိဘူးပေါ့- ဆိုပြီး သကာလ ဘုရားကို စွဲချက်တင်ချင်လည်း တင်နေကြတယ်၊ မြတ်စွာဘုရားဟာ အကုန် အစင်သိတယ် ဆိုပြီး သတ္တဝါအစ, မသိဘူးဟေ့ (မှန်ပါ့)၊ စွဲချက် ကြံဖန်စွဲတာ၊ တရားလည်း အဆုံး သိတာ မဟုတ်ဘူး (မှန်ပါ့)။
စင်စစ်တော့ဖြင့် ဥပမာမယ် ဦးမောင်ကလေး ခန္ဓာကိုယ်မှာ ဒီဘဝ ဦးမောင်ကလေး ဖြစ်တယ်၊ နောက်ဘဝက ဘယ်သူမှန်း မသိဘူး၊ ဖြစ်တော့ ဖြစ်တယ်၊ ဒီလို လျှောက်လျှောက် နောက် ဆုတ်ပြီး တွေးလိုက်ရင် မဆုံးဘူး (မှန်ပါ့)၊ တွေးလို့ကော ဘာထူးဦးမှာတုန်း (မထူးပါ ဘုရား)။
သို့သော် ဒီအထည်တွေဟာ ဘယ်ကစ,တယ် ဆိုတာတော့ ငါသိပါတယ်၊ ကဲ အဝိဇ္ဇာ တဏှာ လုပ်တာပါတဲ့ (မှန်လှပါ)၊ ဆိုတော့ အထည်စ,တွေ ပြောလို့၊ ကျေးဇူး မရှိလို့ မသိဘူး ပြောတာ (မှန်ပါ့)၊ ဓမ္မအစတော့ (သိပါတယ် ဘုရား)။
အဲဒီလိုမှတ်ရမယ်တဲ့၊ ဒါကြောင့် မနေ့က ပဋိစ္စသမုပ္ပာဒ်ထဲမှာ အထည်စကို ဖော်တယ်နော် (မှန်ပါ့)။
ဓမ္မအစတော့ သိတယ်
ကောင်းပြီတဲ့၊ အထည်စ,ကိုတော့ သူ မသိ၊ ဓမ္မကိုတော့ သိသောကြောင့် အဝိဇ္ဇာ နီဝရဏဟာ သတ္တဝါတို့၏ ရေသောက် မြစ်လို့ သူဟောတယ် (မှန်ပါ့)၊ ဒီလို ဆိုတော့ ဒကာ, ဒကာမတွေ ရှင်းသွားတယ် (ရှင်းသွားပါတယ် ဘုရား)။
အဝိဇ္ဇာနဲ့ တဏှာသည် သတ္တဝါအစလို့ မှတ်ကြစမ်းပါ (မှန်ပါ့)၊ အဝိဇ္ဇာနဲ့ တဏှာသည် (သတ္တဝါ အစပါ ဘုရား)၊ သတ္တဝါ အစလို့ မှတ်ထားလိုက်စမ်းပါ၊ သတ္တဝါအစ အဝိဇ္ဇာ တဏှာကလို့ မှတ်ထား လိုက်လို့ ရှိရင်တော့ဖြင့် ဘုရားပေါ်၌ စွဲချက် တင်စရာ မလိုတော့ပါဘူး (မှန်ပါ့)။
ကိုင်း ဒါဖြင့် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သတ္တဝါအစ ငါမမြင်ဘူးကွာ၊ အဝိဇ္ဇာနဲ့ တဏှာ နီဝရဏ အစကို ငါမြင်တယ်လို့ ဆိုသဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး မြင်ပုံက သာပြီး အရင်းကျတယ်လို့ မှတ်လိုက်တာပေါ့ (မှန်လှပါ)။
ဖြစ်ကြောင်းကိုသိတယ် (မှန်ပါ့)၊ ဖြစ်ကျိုးကိုတော့ မဆုံး နိုင်လို့ မသိဘူး (မှန်လှပါ)၊ သိလဲ ကျေးဇူး မရှိဘူး (မှန်လှပါ)၊ အကြောင်းသတ်မှ အကျိုး ပြတ်မယ် (မှန်ပါ့)၊ အကြောင်း သတ်မှ အကျိုး ပြတ်မှာ ဖြစ်ပြီး နေတော့ ဘုန်းကြီးတို့ ဒကာ, ဒကာမတွေက အကြောင်းသိတဲ့ ပုဂ္ဂိုလ်သာ လူစွမ်းကောင်း မှတ်ရုံပေါ့ (မှန်လှပါ ဘုရား)။
ကောင်းပြီ- သို့သော်- ဒါဖြင့်-တဲ့၊ မင်းတို့ သတ္တဝါ အစကို ငါမသိဘူး ဆိုငြားသော်လဲ ဓမ္မအစကိုတော့ ငါသိတယ်လို့ ငါ ရှင်းပြီးပြီတဲ့ (မှန်ပါ့)။
ဤဓမ္မအစကို မဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်များဟာ ငါ ဥပမာ ပြမယ်ကွာ-တဲ့၊ မဟာ သမုဒ္ဒရာ လေးစင်းရေ ဆိုတာ ယူဇနာပေါင်း ရှစ်သောင်း လေးထောင် နက်ပါတယ်။ အဲဒါ ခန်းဖို့ ခြောက်ဖို့ကို ငါမြင်ပါတယ် (မှန်ပါ့)၊ အဝိဇ္ဇာ တဏှာ ချုပ်အောင် မလုပ်နိုင်တဲ့ ပုဂ္ဂိုလ် ခန္ဓာ ဒုက္ခဝဋ် ဘယ်တော့မှ မကျွတ်ပါဘူးတဲ့ (မှန်ပါ့)။
သမုဒ္ဒရာရေ ခန်းဖို့ခြောက်ဖို့ဟာ ကမ္ဘာပျက်ရင် သူမြင်တယ် တဲ့ (မှန်ပါ့)၊ အဝိဇ္ဇာ တဏှာ မချုပ်တဲ့ ပုဂ္ဂိုလ်မှာ ခန္ဓာဇာတ် ရုပ်သိမ်း လိမ့်မယ်လို့ မရှိဘူး (မှန်ပါ့)၊ တယ် ကြောက်စရာ ကောင်း ပါကလား (ကောင်းပါတယ် ဘုရား)၊ ဒါဖြင့် အဝိဇ္ဇာ တဏှာဟာ ယနေ့ ကျုပ်တို့ ဖြတ်ရမှာ (မှန်ပါ့)။
ပြီးတော့ကွာတဲ့၊ မြင်းမိုရ် တောင်ကြီးဟာ ရေထဲမှာ ယူဇနာ ပေါင်း ရှစ်သောင်းလေးထောင်၊ အထက်မြင့်တာလဲ ယူဇနာပေါင်း ရှစ်သောင်း လေးထောင်၊ ဒါတွေ ပျောက်မှာ ပျက်မှာ ငါမြင် တယ်ကွတဲ့၊ အဝိဇ္ဇာ တဏှာ ချုပ်အောင် မလုပ်နိုင်တဲ့ ပုဂ္ဂိုလ် ခန္ဓာ ဝဋ်ဒုက္ခ ကျွတ်လိမ့်မယ်လို့ ငါမမြင်ဘူးတဲ့ (မှန်လှပါဘုရား)။
ဒီတော့ သိပ်ကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)၊ သိပ်ကြောက်စရာ ကောင်းတယ်လို့ မှတ်ကြစမ်းပါ (မှန်ပါ)။
ပြီးတော့ မဟာပထဝီ မြေကြီး ဆိုတာကွာ ယူဇနာ နှစ်သိန်းလေး သောင်းအထု ရှိတယ် (မှန်ပါ့)၊ ကျယ်တာလဲ ပြောဖို့ရာ အဆုံး မရှိအောင် ကျယ်ပါတယ် (မှန်ပါ့)၊ အဲဒါကြီးဟာ အကုန် ပျောက်ဖို့ ငါ မြင်သေးတယ်တဲ့ (မှန်ပါ့)၊ အဝိဇ္ဇာ တဏှာ မချုပ်တဲ့ ပုဂ္ဂိုလ်မှာ ဒီခန္ဓာ ကြီးထမ်းပြီး အိုဘေး၊ နာဘေး၊ သေဘေးနဲ့ လွတ်လိမ့်မယ်လို့ ငါ ဘယ်တော့မှ မမြင်ဘူးတဲ့ (မှန်ပါ့ဘုရား)။
ဒီလိုဆိုတော့ ဘုန်းကြီးတို့ ဒကာ, ဒကာမတွေ သြော် လက်သည် အရင်းကျကျလဲ ဘုရားက ဟောပြီး အလွန်ပဲ ကြောက် စရာ ကောင်းနေပြီ၊ ဒီ အဝိဇ္ဇာ တဏှာ တော့ဖြင့် ချုပ်အောင် လုပ်မှပဲ ဆိုတဲ့ စိတ်ကို မွေးကြပါ (မှန်ပါ့)။
ဒီကလဲ အခု ဘုန်းကြီးနဲ့ တွေ့နေတုန်း ဒီဒကာ,ဒကာမတွေ ဒီအကြောင်း ကြားရတာနော် (မှန်လှပါ)၊ ကိုယ့်အိမ် ကိုယ့်ရာ ရောက်သွားပြီ ဆိုမှဖြင့် ကြားဖူးတဲ့ ပုဂ္ဂိုလ်ကတော့ အင်း ဆုံးအောင် လုပ်ဦးမှပဲ ဆိုတဲ့ စိတ်ရှိရမယ်၊ ဘာမှ မကြားဖူးတဲ့ ပုဂ္ဂိုလ်တွေကလဲ ဦးမောင်ကလေး အနန္တပဲ (အနန္တ ပါ ဘုရား)။
အဲဒီတော့ ဘုရားတစ်ဆူ တစ်ဆူပွင့်တာသည် လက်သည်းပေါ် တင်တဲ့ မြေမှုန့် လောက် ပါတယ် (မှန်ပါ့)၊ ကျန်တာတွေက မဟာ ပထဝီမြေကြီးနဲ့ အမျှ သတ္တဝါတွေ ကျန်ရစ်တယ် (မှန်ပါ့)၊ ဒီတော့ ကုန်နိုင်စရာရှိရဲ့လား (မရှိပါဘုရား)၊ မကုန်နိုင်ဘူးတဲ့၊ ကျုပ်တို့ မုန့်ကလေး တစ်ခု ဝင်ဝယ်ဗျာ၊ အပ်ဖျား ကလေးနဲ့ ကော်စား နေရင် ခင်ဗျားတို့ ဘယ်တော့ ကုန်မှာတုန်း (ဘယ်တော့မှ မကုန်ပါ ဘုရား)။
ဒီလိုကော်ထုတ်သွားတယ် (မှန်ပါ့)၊ ဒီလို ကော်ကော်ထုတ် သွားတဲ့အတွက် ကုန်စရာ၊ ကျွတ်စရာ မမြင်ဘူး ဆိုလို့ရှိရင် အခုလို ဆရာကောင်း သမားကောင်းနဲ့တွေ့၊ ကိုယ်ကလဲ ထောင် နိုင်တဲ့နား ရှိတယ် (မှန်ပါ့)။
ထောင်နိုင်တဲ့နား ရှိဖို့လို
ဒီထောင်နိုင်တဲ့ နားဆိုတာက မောင်သစ်၊ အင်မတန် အရေးကြီး တယ်နော် (ကြီးပါတယ် ဘုရား)၊ ဘုန်းကြီး အိန္ဒိယ တစ်ခုလုံး သွားဟော ထောင်နိုင်တဲ့ နားရှိတဲ့လူ တစ်ထောင်ပြည့်ဖို့ ခဲယဉ်း ပါတယ် (ခဲယဉ်းပါတယ် ဘုရား)၊ အမေရိကတိုက် သွားပြောရင် လုံးလုံး တွေ့မှာ မဟုတ်ဘူး (မှန်ပါ့)၊ မတွေ့ပေဘူး၊ ထောင်နိုင်တဲ့ နားကို မတွေ့ဘူး (မတွေ့ပါ ဘုရား)။
ကဲ-အခုကော ထောင်နိုင်တဲ့နား တွေ့ တယ်၊ ဟောနိုင်တဲ့ ဆရာနဲ့ တွေ့တုန်းကို ခင်ဗျားတို့မှာ အထိ သုံးပါး ညီတယ်လို့ လောကီ ပြောတဲ့အတိုင်း ဦးမောင်ကလေး၊ ဇာတ်သိမ်း တာပဲ (မှန်ပါ့)၊ ပေမနေနဲ့ (မှန်ပါ့)။
ပေမနေနဲ့၊ ခင်ဗျားတို့ ပေနေတာကတော့ ရွံပြီး ပေတာပါ၊ သူများလို မူး ရူး တေ ရမ်း ပေတာ မဟုတ်ဘူး (မှန်ပါ့)၊ မအားတာနဲ့ ပေနေတာ (မှန်ပါ့)။ ရိပ်မိပလား (ရိပ်မိပါပြီ)။
ခင်ဗျားတို့ပေပုံက သူများလို မူး၊ ရူး၊ တေပြီး မပေပါဘူး၊ ဒီ ဒကာ, ဒကာမတွေ အတွက် ဒါတော့ မစိုးရိမ်ပါဘူး (မှန်ပါ့ ဘုရား)။
ဒါတော့ မစိုးရိမ်ပါဘူး၊ မအားလို့ဆိုတဲ့ အလုပ်တစ်ခုနဲ့ ပေနေတာ ကြောက်စရာ အကောင်းဆုံးပဲ (မှန်ပါ့)၊ ဟိုက သေရည် သေရက်ရူး (မှန်ပါ့)၊ ဒီဟာက ကာမဂုဏ်ရူး (မှန်ပါ့)၊ တယ် တော့ ထူးလှမယ် မဟုတ်ပါဘူး (မထူးပါ ဘုရား)။
အရူးချင်းတော့ အတူတူပဲ (မှန်ပါ့)၊ အတူတူပါပဲတဲ့၊ ဟိုက သေရည် သေရက်ရူး၊ ဒီက ပစ္စည်းရလိုတဲ့ လောဘနဲ့ရူး (မှန်ပါ့)၊ အဲဒါ မအားဘူး ဆိုတာနဲ့ ဆင်ခြေလဲ (မှန်ပါ့ဘုရား)၊ ဆင်ခြေလဲ လိုက်တော့ သိပြီး မကျင့်နိုင်ပြန်လို့ ရှိရင်လဲ ဆေးရှိ၍ မသောက်မိ သောကြောင့် ရောဂါ မပျောက်ဖြစ်မှာပဲ (မှန်ပါ့)၊ မဟုတ်ဘူး လား (မှန်ပါ့)။
အဲဒါ ဦးမောင်ကလေး ကလဲ ပြန်တော့မှာ၊ ဒကာကြီးကလဲ ပြန်တော့မှာ ဖြစ်နေတော့ ငါ ဘာရူး တာတုန်းကွလို့ ဒီလို စဉ်းစားရ မယ် (မှန်ပါ့)၊ ဒါ မစဉ်းစားလို့ရှိရင် ဖြစ်ကိုမဖြစ်ဘူး (မှန်ပါ့)။
ဟိုကောင်တွေ မိုက်လိုက်တာ ရသရွေ့ သောက်ပစ်တာပဲလို့ သူများတော့ အပြစ် တင်တတ် ကြတယ် (မှန်ပါ့)၊ ငါလဲ ခန္ဓာ ကလေး ရသရွေ့ ကာမဂုဏ်နဲ့ ဖြုန်းပစ် လိုက်တာပဲ (မှန်ပါ့)၊ ဘာထူးသေးသတုန်း။
အဲဒီလောက် အရုပ်ဆိုးနေတာ၊ ဒါ့ကြောင့် ခင်ဗျားတို့သည် သူများအပြစ်ကို ကြည့်မယ် ကြံရင် ငါကော လွတ်ကဲ့လား ဆိုတာကို ဝေဖန်ကြည့်ပါ (မှန်ပါ့)၊ ဟိုဟာက လူမြင်မတော် ရူးတာ (မှန်ပါ့)၊ ဒါက လူတိုင်း ရူးထဲ ဝင်လိုက်တာ (မှန်ပါ့)၊ သဘောပါပလား (ပါ,ပါပြီဘုရား)။
အံမလေး- ကိုယ့်ဟာ ကိုယ်တော့ ရူးမှန်း တယ်သိခဲတယ် နော် (မှန်ပါ့ ဘုရား)၊ ကိုယ့်ဟာ ကိုယ် ရူးမှန်း တယ် သိခဲတယ်၊ ကဲ-သဘောပါပြီ (ပါ,ပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အဲဒီ အရူးနှိပ်စက်တာနဲ့ အချက်ကောင်း ပြုတ်ကုန်မှာ စိုးရတယ် (မှန်ပါ့)၊ အဝိဇ္ဇာ တဏှာပြတ်တဲ့ အလုပ်တော့လဲ ဘုန်းကြီးက ခန္ဓာ ရှုရင်ပြတ်ပါတယ် (မှန်ပါ့)၊ ခန္ဓာမှာ လက္ခဏာ ရေးသုံးပါး တစ်ပါးပါးသာ မြင်ပါစေ (မှန်ပါ့)၊ အဝိဇ္ဇာက ဝိဇ္ဇာ ဖြစ်လို့သာ မြင်တာ၊ တဏှာတည်း ဟူသော မှောင်ထု ကြီး မရှိလို့သာ မြင်တာ (မှန်ပါ့)၊ သို့မဟုတ်ရင် မြင်နိုင်စရာ ရှိရဲ့လား (မရှိပါ ဘုရား)။
မရှိပါဘူးတဲ့၊ အဲဒါကြောင့် ခင်ဗျားတို့သိပြီးတော့ နစ်နာမှာ စိုးတယ် (မှန်လှပါ)၊ နဂိုတုန်း ကတော့ဖြင့် မသိနစ်နာ (မှန်ပါ့)၊ အခုတော့ဖြင့် (သိပြီးနစ်နာပါဘုရား)၊ အရုပ်တယ် ဆိုးပါကလား (ဆိုးပါတယ် ဘုရား)။
သိပြီး အပါယ်ရောက်
အရုပ် တယ်ဆိုးတယ်နော် (မှန်ပါ့)၊ လူတော့လှပါရဲ့ ကွာ၊ အကျင့်က သိပ်တန်နေတယ်၊ သိပြီး အပါယ် ရောက်နေတယ် (မှန်ပါ့)။
သူ ဗဟုသုတတော့ ရှိသားကွ၊ လူက မလုပ်ဘူး (မှန်ပါ့)၊ ဆိုတော့ ဒါ ကောင်းသေးရဲ့လား (မကောင်းပါဘုရား)၊ လူတော့ လှပါရဲ့ အကျင့်က တန်တယ် ဆိုတာလိုပေါ့။
အဲဒါကိုလဲ ဉာဏ်နားနဲ့ ထောင်ကြည့်တော့မှ သြော် တို့ ဟုတ်ပါလားဆိုတာ ပေါ်လာတယ် (မှန်ပါ့)၊ မအားဘူးတဲ့ မောင်သစ်၊ ဘာအတွက် မအားတာတုံး၊ ဟာ- ဘုန်းကြီးတို့ ရှေ့တွင် မြင်သားပဲ (မှန်ပါ့)၊ ဒါပြောတာကိုး (မှန်လှပါ ဘုရား)၊ ရလိုမှု၊ ယူလိုမှုပဲ (မှန်ပါ့)၊ စီးပွားတက်မှု မဟုတ်ဘူးလား (မှန်ပါ့)။
ဒါက ဘယ်တော့မဆို မဆုံးနိုင်တဲ့ အလုပ်ပဲ (မှန်ပါ့)၊ ဒီဘဝ ဘယ်တော့ ပြီးမယ်လို့ရှိရဲ့လား (မရှိပါဘုရား)၊ ခန္ဓာကသာ ပြတ်သွားတယ်၊ သူက မပြတ်ဘူး (မှန်ပါ့)၊ တဏှာက မပြတ်ဘူး (မှန်ပါ့)၊ ခန္ဓာကတော့ဖြင့် အိုခြင်းဆိုး၊ နာခြင်းဆိုးနဲ့ ဗိုင်းခနဲ လဲသေ လိုက်တယ် (မှန်ပါ့)၊ တဏှာ ကတော့ဖြင့် နောက်ဘဝ ဆက်ခိုင်း လိုက်တယ် (မှန်ပါ့)။
ဒီဘဝမှာ တော့ဖြင့် မင်းသေပြီ၊ နောက်ဘဝခိုင်းဖို့ရာ ခိုင်းဖို့ရာ အထည်တစ်ခု မင်းဖြစ်ဦး မှာပဲ ဖြစ်ရင် ငါခိုင်းဦးမှာပဲ (မှန်ပါ့)၊ တဏှာက ဘယ်တော့မှ မသေဘူး မောင်နိုင် (မှန်ပါ့)၊ ဒါဖြင့် ခန္ဓာ သေသရွေ့ တဏှာ မသေမှုဟာလဲ အနုသယ သဘောလို့ မှတ်လိုက် (မှန်ပါ့)။
နို့ “သရာဂစိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ” သူချုပ်သွား တယ် မဟုတ်လား၊ ချုပ်သွား တယ်ကွ၊ အဲဒါ ပရိယုဋ္ဌာနသာ ချုပ်တာ အနုသယက မချုပ်ဘူး (မှန်ပါ့)၊ ပရိယုဋ္ဌာန ထကြွလာ တာကိုသာ ခင်ဗျားတို့ ဝိပဿနာရှုလို့ ရတာကိုး (မှန်ပါ့ဘုရား)၊ အနုသယ ကျတော့ (မရပါ ဘုရား)။
ရှုလို့လဲ မရဘူး၊ လူက ဘာလုပ်ဖို့ စောင့်နေတုန်း မေးတဲ့အခါ ကျတော့ မဂ်နဲ့ မဖြတ်လို့ရှိရင် မင်းကို နောက်ဘဝ ခိုင်းဖို့ရာ ငါစောင့်နေတယ်လို့ (မှန်ပါ့ဘုရား)၊ မဆိုးရွား ဘူးလား (မှန်ပါ့ ဘုရား)၊
ကိုင်း ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီနှစ်ခု မချုပ်လို့ရှိရင် မြင်းမိုရ်တောင် ပျောက်စရာ မြင်တယ်၊ ဒီပုဂ္ဂိုလ်တွေ ဒုက္ခ ကုန်သွား လိမ့်မယ်လို့ ငါ မဟောရဲဘူးတဲ့ (မှန်ပါ့)၊ အဝိဇ္ဇာ တဏှာ မချုပ်ရင် (မှန်ပါ့)၊ ဒုက္ခသိမ်းဖို့ ငါမမြင်ဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒီထက်ကြီးတဲ့ တရား ရှိသေးရဲ့လား (မရှိပါဘုရား)၊ စကားကတော့ ကြီးပါရဲ့၊ တပည့်တော်တို့က ဒါလောက်တော့ အပျော့ဆိုရင် အတော် ခက်တဲ့လူတွေဗျ။
ကိုင်း ဒါဖြင့် ခင်ဗျားတို့ ဒါ ဘာကြောင့်တုံးလို့ မေးတဲ့အခါ ကျတော့ကိုတဲ့၊ အဝိဇ္ဇာနဲ့ တဏှာ မချုပ်တာလဲ တခြားကြောင့် မဟုတ်ပါဘူးကွာ၊ ခန္ဓာကိုယ်ကို ငါ, ငါ့ဥစ္စာထင်နေလို့ အဝိဇ္ဇာ တဏှာကလဲ မချုပ်တာ (မှန်ပါ့)၊ ဒါဖြင့် ဘုရားက တစ်ဖန် လက်သည်ပြန် ဖမ်းတော့ အဝိဇ္ဇာ တဏှာ ကတော့ ရေသောက်မြစ် ဖြစ်တယ်ကွာတဲ့၊ အဝိဇ္ဇာ တဏှာ ရေသောက်မြစ် ဖြစ်နေတာက ဘယ်သူ့ကြောင့် ဖြစ်ရတယ် ဆိုတာ အကြောင်းရှာပြန် တော့လဲ ခန္ဓာကိုယ်ကို ငါ, ငါ့ဥစ္စာစွဲနေလို့ အဝိဇ္ဇာ တဏှာကလဲ မချုပ်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဘာစွဲနေတာတုံး (ငါ-ငါ့ဥစ္စာ စွဲနေပါတယ် ဘုရား)၊ အေး ခန္ဓာကိုယ်ကို ငါ-ငါ့ ဥစ္စာစွဲနေတယ် (မှန်ပါ့)၊ ခန္ဓာကိုယ်ကို ငါ-ငါ့ဥစ္စာ စွဲနေတော့ အဝိဇ္ဇာ တဏှာကလဲ မချုပ်နိုင်ဘူး (မှန်ပါ့)၊ ဘာချုပ် မလဲတဲ့၊ ဒိဋ္ဌိတည်း ဟူသော တရားက လွှမ်းမိုး နေတော့ အဝိဇ္ဇာ တဏှာက ဒီထဲ၊ တဏှာကလဲ ဒိဋ္ဌိထဲ သဟဇာတ အဖြစ် နဲ့ပါ၊ အဝိဇ္ဇာကလဲ သဟဇာတ အဖြစ်နဲ့ပါ ပါနေတော့ သူတို့သုံးခုဟာ ဒိဋ္ဌိက ခေါင်းဆောင်ပြီး သကာလ ငါ-ငါ့ဥစ္စာ လုပ်နေတော့ အဝိဇ္ဇာကလဲ မသိအောင် ဖုံးထားလို့ ဒိဋ္ဌိလုပ်တာ (မှန်ပါ့ဘုရား)၊ တဏှာကလဲ သူလုပ်ထားတာကို အကြိုက်၊ ဒိဋ္ဌိ လုပ်ထား တာကို အကြိုက်ပဲ (မှန်ပါ့)၊
ဒါ့ကြောင့် ဒိဋ္ဌိနဲ့ တဏှာ ကတော့ တွဲလျက်၊ အဝိဇ္ဇာ ကတော့ အထောက်အပံ့ အဖြစ်နဲ့ ကူညီလျက်ပဲ ဆိုတာ တစ်ခါတည်း မှတ်ထားပါ (မှန်လှပါ)။
အဝိဇ္ဇာတဏှာက ခန္ဓာလုပ်တာ
ကောင်းပြီတဲ့၊ ဒါဖြင့် ဒီ အဝိဇ္ဇာ တဏှာ မချုပ်လို့ရှိရင် ဘာဖြစ်မတုံး ဆိုတော့ အဝိဇ္ဇာ တဏှာ ဆိုတာ သင်္ခါရလဲ တဏှာပဲ (မှန်ပါ့)၊ အဲဒါကြောင့် ခင်ဗျားတို့ မှတ်စရာက အဝိဇ္ဇာ တဏှာသည် ခင်ဗျားတို့ကို ဘာလုပ်သတုန်း ဆိုတော့ ခန္ဓာငါးပါးကို လုပ်တယ်လို့ မှတ်ထားပါ (မှန်ပါ့)။
အဝိဇ္ဇာတဏှာသည် (ခန္ဓာငါးပါး လုပ်ပါတယ် ဘုရား)၊ ခန္ဓာငါးပါး လုပ်တယ်၊ ပဋိစ္စ သမုပ္ပာဒ်လို သုံးတဲ့ အခါကျတော့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာလို့ မှတ်ပါ (မှန်ပါ့)။
ပဋိစ္စသမုပ္ပာဒ်လို သုံးပြတော့ (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာ ယတန၊ ဖဿ၊ ဝေဒနာပါ)၊ ပေါင်းပြီး ခေါ်လိုက်တော့ ခန္ဓာငါးပါး – (မှန်ပါ့ဘုရား)၊
ဒါဖြင့် ဒီဥစ္စာကို အဝိဇ္ဇာ၊ တဏှာ၊ သင်္ခါရတို့က လုပ်တာပေါ့ (မှန်ပါ့)၊ အဝိဇ္ဇာ၊ တဏှာ၊ သင်္ခါရတို့က လုပ်ပြီး သကာလ နေပြန်တော့ ဒီခန္ဓာကြီးဟာ ပေါ်လာပြန်တယ် ဆိုတော့ သြော် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဒီခန္ဓာတွေ ဘယ် လောက်များတယ် ဆိုတာသာ သူမသိတာ၊ နောက် ဘယ်လောက် ဖြစ်ခဲ့တယ် မသိဘူး (မှန်ပါ့)၊ နောက်ဘယ်လောက် ဖြစ်ခဲ့တယ် မသိဘူး (မှန်ပါ့)၊ အမြစ်ရှာ လိုက်တော့လဲ သူပဲ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် အဝိဇ္ဇာနဲ့ တဏှာဆိုတဲ့ တရားကြောင့် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတော့ ပဋိစ္စသမုပ္ပာဒ်နည်းနဲ့ ငါးပါး၊ ခန္ဓာလို့ပြန်ဖွဲ့ လိုက်ပြန်တော့လဲ ထိုနည်းတူ ငါးပါးပဲ ပြန်ဖြစ်ပါတယ် (မှန်ပါ့)။
ခန္ဓာလို့ဖွဲ့လိုက်လဲ (ငါးပါးပါပဲဘုရား)၊ ငါးပါးပဲ ပြန်ဖြစ် တယ်လို့ မှတ်ထား လိုက်တာပေါ့ (မှန်ပါ့)၊ သူ မချုပ်သရွေ့ ဒီခန္ဓာမချုပ်ဘူး (မှန်ပါ့)၊ သဘောကျလား ( ကျပါပြီဘုရား)၊ ဒီခန္ဓာ မချုပ်တော့ကို ဒီခန္ဓာသည် ရိုးရိုး မနေတော့ဘူး (မှန်ပါ့)၊ သူက ရိုးရိုး မနေပြန်တော့ ဘာလုပ် ပြန်သတုံးဆို သူ့ထဲက နေပြီး အဝိဇ္ဇာ၊ တဏှာ လာဦးမှာပဲ (မှန်ပါ့)၊ မလာပေဘူးလား (လာပါ တယ်ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ကို ဝေထားတယ်၊ အဲဒီ ပဋိစ္စသမုပ္ပာဒ် ကြည့်တော့ အဝိဇ္ဇာနဲ့ တဏှာ လာပြန်တော့ ကိုတဲ့ တဏှာ ဥပါဒါန် ကံတွေလဲ လာဦးမှာပဲ (လာမှာပါဘုရား)၊ မလာပေဘူးလား (လာပါတယ် ဘုရား)၊ ဒါဖြင့် ငါးပါးပဲပြန်ဖြစ်တယ် (မှန်ပါ့)။
ဖြစ်ကြောင်းငါးပါး ဖြစ်ကျိုးငါးပါး
ဒါဖြင့် နောက်တုန်းကလဲ ဘုရားက ချုံးထားလို့ စင်စစ် ငါးပါးပဲ မှတ်လိုက် (မှန်ပါ့)၊ နောက်တုန်းကလဲ (ငါးပါးပဲ)၊ အတိတ်ကလဲ ငါးပါးပဲ (မှန်ပါ့)၊ အတိတ်က ဖြစ်ကြောင်း ငါးပါးပေါ့ ဗျာ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ ဖြစ်ကြောင်း ငါးပါး၊ ဖြစ်ကျိုး ငါးပါး (မှန်ပါ့)၊ တစ်ခါ သူက ပေါက်ပွား တာကကော (ငါးပါးပဲ)၊ ဖြစ်ကြောင်း ငါးပါး (မှန်ပါ့)၊ တစ်ခါ သူက လာပြန်တော့ကောဗျာ (ဖြစ်ကျိုး ငါးပါးပါ ဘုရား)၊ ဖြစ်ကျိုး ငါးပါး (မှန်ပါ့)။
ဒါဖြင့် ဖြစ်ကြောင်း ငါးပါးကြောင့် ဖြစ်ကျိုး ငါးပါးလာတယ်၊ ဖြစ်ကျိုး ငါးပါးက ပေါက်ပွား လာတာက (ဖြစ်ကြောင်း ငါးပါးပါ)၊ ဖြစ်ကြောင်း ငါးပါးက ပေါက်ပွား တာကကော (ဖြစ်ကျိုးငါးပါးပါ ဘုရား)၊
တစ်ခါ သူက ပေါက်ဦးမယ်၊ ဖြစ်ကျိုးငါးပါးက (မှန်ပါ့ ပေါက်ဦးမှာပါ)၊ ဖြစ်ကျိုး ငါးပါးက (မှန်ပါ့ ဖြစ်ကြောင်းငါးပါး ပေါက်ဦးမှာပါ)၊ ပေါ်ပလား (ပေါ်ပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ ပြောပြောနေကျ စကား မီးခိုးမဆုံး မိုးမဆုံးပဲ (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)၊ ဘာဖြစ် နေကြသတုံး (မီးခိုးမဆုံး မိုးမဆုံး ဖြစ်နေ ပါတယ်)၊ မီးခိုးမဆုံး မိုးမဆုံးပဲ ကြည့်လေ ဒီမျိုးစေ့ကြောင့် ဒီအပင်ပေါက်တယ် (မှန်ပါ့)၊ ဒီအပင်က ဒီအသီးကို သုံးတယ် (မှန်ပါ့)၊ ဒီအသီး ငါးသီးကြောင့် ဒီအပင်ကြီး ပေါက်တယ် (မှန်ပါ့)၊ ဒီအပင်ကြီးက ဒီအသီး ငါးသီး ပေါက်မှာပဲ (မှန်ပါ့)၊ သဘောကျပလား (မှန်ပါ့ ဘုရား)။
ဖြစ်ကြောင်းကုန်လို့ ဘုရားဖြစ်
အဲဒီလောက် ခင်ဗျားတို့မှာတဲ့ ဘုရားသခင် ကိုယ်တော်မြတ် ကြီး ငါမမြင်ဘူးကွတဲ့ (မှန်ပါ့)၊ ငါမမြင်ဘူးတဲ့၊ ဖြစ်ကြောင်း ငါးပါးကြောင့် ဖြစ်ကျိုး ငါးပါး၊ ဒီလိုသာ လှည့်နေတာ၊ ငါမြင်တော့ကို တဲ့၊ မင်းတို့ ဒီအထဲမှာ ငါ သဗ္ဗညုတဉာဏ်နဲ့ မင်းတို့ကို ချွတ်ဖို့၊ ကျွတ်ဖို့ ငါကိုယ်တိုင် ကျွတ်လာတာ ကတော့ ဖြစ်ကြောင်း ငါးပါးသေလို့ ငါ ဘုရား ဖြစ်လာတယ် (မှန်ပါ့ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ဒကာ, ဒကာမတွေ ဘာလုပ်ရမလဲ (ဖြစ်ကြောင်း ငါးပါး ပယ်ရပါမယ် ဘုရား)၊ ဖြစ်ကြောင်း ငါးပါး ပယ်ရမယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီဘုရား)။
ဒါဖြင့် ခင်ဗျားတို့သည် ဒါဝိုင်းလိုက်မယ်ဆိုရင် ဟိုအဝိုင်းကြီး သွားဖြစ်တယ် (မှန်ပါ့)၊ ပေါ်ပြီနော် (မှန်ပါ)။
ဒီကနေ ငါးခုပွားလိုက်လို့ရှိရင် ဒါလှည့်သွားမယ် (လှည့် သွားပါတယ်ဘုရား)။
လှည့်သွားတော့ တဲ့၊ ကဲ လှည့်နေရင် ကြာနေရော့မယ်၊ ဒီလောက်ရှိ ရိပ်မိပြီ (မှန်ပါ့)။
ဒါ ဘယ့်နှယ်ကြောင့် ဒီဖြစ်ကြောင်းငါးပါး ဖြစ်ကျိုး ငါးပါး ဖြစ်ကျိုး ငါးပါး ပေါက်ပွား လာပြန်တယ် ပေါက်ပွားမှု ငါးခု ပေါက်ပွားမှု ငါးခုကြောင့် အကြောင်းငါးပါး တစ်ခု ပေါ်ပြန်တယ်၊ ဖြစ်ကျိုး ငါးပါးသည် တစ်ခါ ပေါက်ပွား လာမှု ငါးခုကို တစ်ခါ အသီးအပွင့်တွေနဲ့ ကြွေကျဦးမှာပဲ (မှန်ပါ့)။
အင်း၊ ကြွေကျရင် ဒီအပင်မျိုးပဲ (ပေါက်ဦးမှာပဲ)၊ ပေါက်ဦးမှာ ပဲဆိုတော့ အမြစ်ဖြတ်ဆေး မရသရွေ့ ကာလပတ်လုံး ဒကာ, ဒကာမတွေမှာ ဒုက္ခသမုဒယ စက်ဟာ ရပ်မှာ မဟုတ်ပါဘူး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဘာစက်တုန်း (ဒုက္ခ သမုဒယစက် မရပ်ပါ ဘုရား)၊ ဟောဒီငါးခု သမုဒယစက် (မှန်ပါ့)၊ ဒီအကျိုးငါးခုက ဒုက္ခစက်ပါဘုရား)။
အကြောင်းငါးခုက (သမုဒယစက်ပါဘုရား)၊ အကျိုးငါးခုက (ဒုက္ခစက်ပါ ဘုရား)၊ အဲဒါပဲ အဝိုင်းကြီးပဲ လှည့်ထားတာ ဒါပဲပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
ဝဋ်သုံးပါး
ဝဋ်လို့ ဟောမယ် ဆိုလို့ရှိရင် လွယ်ပါတယ်၊ အဝိဇ္ဇာနဲ့ တဏှာက ကိလေသာဝဋ်၊ မဟုတ်ဘူးလား (မှန်ပါ့)၊ ကံက ကမ္မဝဋ် (မှန်ပါ့)၊ မဟုတ်ဘူးလား ကဲ သင်္ခါရတွေက ကမ္မဝဋ်၊ ဒါက ဝိပါကဝဋ် (မှန်ပါ့)။
ဒီအတိုင်း မနေဘူးလား (နေပါတယ် ဘုရား)၊ ဝိပါကဝဋ်ထဲက ကိလေသာဝဋ်၊ ကမ္မဝဋ် သွားဦးမှာပဲ။ မသွားပေဘူးလား (သွားပါတယ်)၊ ကမ္မဝဋ် လာလို့ ရှိရင် ဝိပါကဝဋ် လာမယ် (မှန်ပါ့)။
ဝိပါကဝဋ်ထဲက ဘာဝဋ် နှစ်ခု လာဦးမလဲ၊ ကိလေသာဝဋ်ပါ။ ကိလေသာဝဋ် ပြီးတော့ ကမ္မဝဋ် လာဦးမှာပဲ (မှန်ပါ့ လာမှာပါ)၊ ကမ္မဝဋ်ပြီးတော့ (ဝိပါကဝဋ် လာပါမယ်)။
ရော ခင်ဗျားတို့ဥစ္စာလဲ ခက်နေပကော (မှန်ပါ့)၊ ဂျာအေး သူ့အမေ ရိုက်ပါလို့ ဖြစ်နေပြီ (မှန်ပါ့)၊ ဟင် အဲဒီ သီချင်းအတိုင်း နေမှာပဲ။
ကိုင်း ဒကာ, ဒကာမတို့ ဘယ့်နှယ် လုပ်ကြမှာတုံးလို့ မေးတဲ့အခါ ကျုပ်တို့ ဉာဏ်စွမ်း၊ ကံစွမ်းနဲ့တော့ မောင်သစ်၊ ဘာမှလုပ်လို့ မတတ်နိုင်ဘူး (မှန်ပါ့)၊ ဒါရိုးရာပဲ (မှန်ပါ့)၊ မတတ်နိုင်ဘူး၊ သေမျိုးပဲ (မှန်ပါ့ဘုရား)၊ ဒီမှာ လမ်းဆုံးနေတယ်၊ သေမျိုးသာရှိတယ်၊ သူ့ မသေမျိုးကို စကားထဲ ထည့်ကို မပြောဘူး (မှန်ပါဘုရား)၊ ဟင် (မှန်ပါ့)။
အလောင်းတော်ဓမ္မပါလ
ခင်ဗျားတို့ဟာက ဘုရားအလောင်း ဓမ္မပါလဖြစ်တုန်းက လောက်တောင် မလိမ္မာသလို ဖြစ်နေတယ် (မှန်ပါ့ဘုရား)။
ဓမ္မပါလ ကလေးကျတော့ တက္ကသိုလ် ပြည်သွားပြီး ပညာသင် တယ်၊ သူတို့ ဓမ္မပါလရွာ ကတော့ အိုရင် သေရတယ်၊ ငယ်ငယ် မသေရဘူး (မှန်ပါ့ဘုရား)။
သူ တက္ကသိုလ်ပြည် ပညာသွားသင်တော့ တက္ကသိုလ်ဆရာ ကြီးရဲ့ သားက သေရှာတယ် (မှန်ပါ့)၊ သေတော့ သူတို့ တပည့် တွေက လိုက်ပို့ကြတယ်၊ ဖအေ မအေတွေကလဲ ငိုကြ တယ်၊ သူတစ်ယောက် တည်းပဲ၊ ဆရာ့သား သေငြား သော်လဲ မငိုဘူး (မှန်ပါ့)။
ဘာလို့မငိုသတုံး မေးတော့ သူတို့ဆီမှာ ထုံးစံ မရှိလို့ မငိုဘူးတဲ့၊ သူတို့ဆီ ငယ်ငယ် သေတဲ့ ထုံးစံ မရှိဘဲကိုး (မှန်ပါ)၊ ကြီးမှ သေတာကိုး။
ဒါနဲ့ တပည့်တွေက ပြောကြတယ်၊ မင်းကွာ ဆရာသမားလဲ အမှီပြုနေသေးတယ်၊ ဆရာသမား ညာလက်ရုံး ပြုတ်သွားတဲ့ ဥစ္စာကို မင်းမို့ပဲ အောင့်ပြီး နေနိုင်ပါပေတယ် ဆိုတော့ သြော် ကျုပ်တို့ဆီမှာ ထုံးစံမရှိဘူးတဲ့။
ထုံးစံမရှိတဲ့ဥစ္စာ ရှိသေးတယ် (မှန်ပါ့)၊ ခင်ဗျားတို့က သေမျိုး ထုံးစံပဲ ထုံးစံမရှိတာ မသိမှ မသိဘဲ၊ ထုံးစံ မရှိတာ ရှိသေးတယ်၊ သဘောကျပလား (ကျပါပြီ)။
ထုံးစံမရှိတာကတော့ကို ခန္ဓာ မပေါက်အောင် လုပ်လို့ ရှိရင်ဖြင့် သေပေါက် သေဝ မရောက်ဘူးပေါ့ (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)။
ခန္ဓာမပေါက်အောင် လုပ်နိုင်တဲ့ပုဂ္ဂိုလ်ဟာ (သေပေါက် သေဝ မရောက်ပါ ဘုရား)၊ ကဲ ဒါ ထုံးစံ မလွတ်ဘူးလားဗျာ (လွတ် ပါတယ်ဘုရား)။
အဲဒါ ခင်ဗျားတို့က သြော် ဘယ်သူသေသတဲ့၊ ဒီအရွယ်ကွာ မထူးပါဘူး၊ တို့လဲ ဒီလမ်း သွားရမှာပဲ (မှန်ပါ့)၊ သူတို့သွားတာလဲ ဒီလမ်း၊ တို့ကလဲ ဒီလမ်း၊ တို့က မွေးတာတွေကလဲ (ဒီလမ်းပါပဲ)၊ ဒီလမ်းသာ ရှိတော့ ခင်ဗျားတို့ တစ်လမ်းဖြစ်ပြီ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ခင်ဗျားတို့က သူများကိုတော့ သြော် တယ်မိုက်တဲ့ အကောင်၊ တံငါ လုပ်နေတယ်၊ တစ်လမ်း သွားပဲတဲ့၊ ခင်ဗျားတို့ကကော ဘယ့်နှယ် ဖြစ်နေသလဲ (တစ်လမ်းသွားပါပဲ)၊ အတော်ကို ဆိုးနေတာ (မှန်ပါ့)။
အဲဒီတော့ကို တစ်လမ်းသွားက သူ့သာ ခင်ဗျားတို့က အပါယ်တစ်လမ်း တည်းပြောလို့ အပါယ်တစ်လမ်း တည်းသွားတာ ခင်ဗျားတို့က လမ်းစုံ သွားနေကြတယ်၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။
လမ်းစုံသွားလဲ သေသေချာချာ စဉ်းစား ကြည့်တော့ ဘယ်လမ်း မှလဲ အန္တရာယ် မကင်း ပါဘူး (မှန်ပါ့)၊ ကင်းရဲ့လား (မကင်းပါ ဘုရား)။
နတ်ပြည် သွားလမ်းလဲ အိုဘေး၊ နာဘေးနဲ့ပဲ (မှန်ပါ့)၊ မဟုတ်ဘူးလား၊ ဗြဟ္မာပြည် လမ်းသွားလဲ (အိုဘေး၊ နာဘေး၊ သေဘေးနဲ့ပါပဲ)။
သူ့တစ်လမ်းသွားကလဲ အိုဘေး၊ နာဘေး တွေ့တာပဲ (မှန်ပါ့)၊ ခင်ဗျားတို့ လမ်းစုံ သွားကတော့ (အိုဘေး၊ နာဘေး တွေ့တာပါပဲ)၊ ဒါဖြင့် လမ်းက ဖြတ်မှ ကောင်းမယ် (မှန်ပါ့)။ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အရိယာများ တော့ ခရီးလမ်း ဆုံးသွားပြီကွာတဲ့ (မှန်ပါ့)။
ဂတဒ္ဓိနော ဝိလောကဿ၊
ဝိပ္ပမုတ္တဿ သဗ္ဗဓိ။
သဗ္ဗဂန္တပ္ပ ဟီနဿ၊
ပရီဠာယော နဝိဇ္ဇတိ။
ဓမ္မပဒ ပါဠိတော်မှာ (မှန်ပါ့)၊ ရဟန္တာများ ကျတော့ကွာ ဒီ အဝိဇ္ဇာ တဏှာ သတ်လိုက်တာ လမ်းဆုံး သွားပြီတဲ့ (မှန်ပါ့)၊ ခရီးသည်အဖြစ်မှ လွတ်ပြီ။
ခန္ဓာဝန်ထမ်းပြီး ဟိုနေရာ ထိုးလဲလိုက်၊ ခန္ဓာဝန်ထမ်းပြီး တိရစ္ဆာန်ဘုံ ထိုးလဲလိုက် (မှန်ပါ့)၊ ခန္ဓာဝန်ထမ်းပြီး နတ်ရုပ်ကြီးနဲ့ ထိုးလဲလိုက် (မှန်ပါ့)၊ ခန္ဓာဝန်ထမ်းပြီး ဗြဟ္မာရုပ်ကြီးနဲ့ (ထိုးလဲ လိုက်ပါ ဘုရား)၊ ဘယ်လောက် ကြာပြီတုန်း (မရေတွက်နိုင် ပါဘုရား)၊ မရေတွက်နိုင်တော့ ဘုန်းကြီး ပြောတာကို ဦးမောင် ကလေးက မှတ်ထားဦး၊ မင်းတို့ မသာလည် ပြချင်သေးသလား မမေးသင့် မေးသင့် (မေးသင့်ပါတယ် ဘုရား)၊ မေးသင့်တယ်တဲ့။ ဒါကြောင့် ဘုန်းကြီးက ပုညာဘိ သင်္ခါရကို ကြောက်တာ၊ ဦးမာဒင် ရိပ်မိပလား (မှန်လှပါဘုရား)။
အဝိဇ္ဇာ ပစ္စယာ ပုညာဘိသင်္ခါရာ အပုညာဘိ သင်္ခါရာ ဒီ ပုညာဘိသင်္ခါရကို ကြောက်တာ၊ ပုညက ကုသိုလ်ဗျာ (မှန်ပါ့၊ ကုသိုလ်ပါ ဘုရား)။
ဒီဝဋ္ဋကုသိုလ် မကြောက်ရဘူးလား (ကြောက်ရပါတယ်)၊ ဘာဖြစ်လို့တုံး ဆိုလို့ရှိရင် မသာ လည်ပြတဲ့ ကုသိုလ် ကိုးဗျ (မှန်ပါ့)၊ ဘာတဲ့တုံး (မသာလည် ပြပါတယ်)၊ ဟာ မသာဟာ ပြပွဲ မဟုတ်ဘူး၊ မင်းတို့ကသာ ပြပွဲ ထင်ပြီး ဆုတောင်း ယူနေတာ (မှန်ပါ့)၊ မသာ ဆိုတာ တံတွေး ထွေးပွဲ၊ အလှပြတဲ့ပွဲ မဟုတ်ဘူး (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)၊ မသာဆိုတာ ဘာတုံး (ပြပွဲ မဟုတ်ပါ ဘုရား)၊ တံတွေးထွေးတဲ့ပွဲ (မှန်ပါ့)၊ ခင်ဗျားတို့က ဘယ့်နှယ်တုံး (ပြပွဲ ထင်နေပါတယ်)။
အတော်ခက်နေပါပြီ၊ မြွေကိုက် တတ်ပါတယ် ဆိုတာ ကိုက်တာ သွားကြည့်ဦးမယ် ဆိုသလို ဖြစ်နေပြီ (မှန်ပါ့)၊ ကလေးလိုဖြစ် နေတယ်၊ မြွေအလမ္ပာယ် ကြည့်ဖြစ်နေတယ် (မှန်ပါ့)။
ကဲ ဒါဖြင့် ကျုပ်တို့ ခင်ဗျားတို့သည် ဘုရားသခင် ကိုယ်တော် မြတ်ကြီး လက်သည် ရှာလိုက်တော့ ပထမ ဒိဋ္ဌိ သတ်ဖို့၊ ဒုတိယ အဝိဇ္ဇာ တဏှာ သတ်ဖို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပထမ (ဒိဋ္ဌိသတ်ဖို့ပါ)၊ နောက်မှ (အဝိဇ္ဇာ တဏှာသတ်ရ ပါဦးမယ်)၊ ဒါက တစ်မျိုး ဟောတယ် (မှန်ပါ့)၊ ဒါ ခန္ဓာဝဂ္ဂ သံယုတ် ပါဠိတော်မှာ လာတဲ့ ပဋိစ္စသမုပ္ပာဒ် (မှန်ပါ့)၊ ပထမ ဘာသတ် ရမယ် (ဒိဋ္ဌိသတ် ရပါမယ်)၊ နောက်မှ (အဝိဇ္ဇာသတ်ရ ပါမယ်ဘုရား)။
အဝိဇ္ဇာနဲ့ တဏှာသတ်ရမယ်၊ ရေသောက် မြစ်တော့ မှန်ပါရဲ့၊ ရေသောက်မြစ် အားပေးတာက ရှိသေးတယ်တဲ့ (မှန်ပါ့)၊ ရေသောက် မြစ်ကို ဒိဋ္ဌိက အားပေးတယ် (မှန်ပါ့)။
ကဲ ဘယ်သူက အရင်းကျသတုံး (ဒိဋ္ဌိက အရင်း ကျပါတယ် ဘုရား)၊ ဒိဋ္ဌိက အရင်းကျတယ်၊ ဒါကြောင့် ခုနင်က သမုဒ္ဒရာ ရေခန်းစရာ မြင်သေးတယ်၊ မြင်းမိုရ် တောင်ကြီး ပျောက်စရာ မြင်သေးတယ်၊ မင်းတို့ အဝိဇ္ဇာ တဏှာ မချုပ်လို့ ရှိရင် ခန္ဓာဇာတ် မသိမ်းဘူး (မှန်ပါ့)။
ဒိဋ္ဌိအရင်သတ်
ဘယ့်နှယ် ကြောင့်တုံးလို့ မေးကြည့်တော့ တရားက သူ ပဲ အဖြေထွက်လာတယ် (မှန်ပါ့)၊ “ရူပံ အတ္တတော သမနုပဿတိ” လို့ အဖြေ ထွက်လာတယ်၊ ရုပ်ကို ငါထင် နေလို့ကွတဲ့၊ ဒိဋ္ဌိ သတ်ရမယ် ပြောတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
ဒါဖြင့် ဒိဋ္ဌိ ရှေ့ထားသတ် (မှန်ပါ့)၊ အဝိဇ္ဇာ တဏှာကို (နောက်ထား သတ်ရပါမယ်)၊ နောက်ထား သတ်ရမယ်၊ အဲဒီတော့ စချီ လိုက်တော့ ဟုတ်ပါတယ်။ သတ္တဝါ ရေသောက်မြစ်ဟာ အဝိဇ္ဇာ တဏှာပဲ။ ဒါ့ကြောင့် သူ မချုပ်သရွေ့ ကာလပတ်လုံး သမုဒ္ဒရာ မြင်းမိုရ်မြေကြီးသာ ပျောက်စရာ မြင်သေးတယ်၊
ဘယ့်နှယ်ကြောင့်တုံးလို့ တစ်ခါ အကြောင်း ထုတ်လာပြန်တော့ “ရူပံ အတ္တတော သမနုဿတိ” တဲ့ (မှန်ပါ့)၊ ဝေဒနာ အတ္တတော သမနုဿတိတဲ့ (မှန်ပါ့)၊ ရုပ်ကို ငါထင် ဝေနာကို ငါထင် နေတာ က စ,တာပဲကွ (မှန်ပါ့ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ရုပ်ကိုငါထင်တာ၊ ဝေဒနာ ငါထင်တာ ဆိုလို့ရှိရင်ဖြင့် အတ္တဒိဋ္ဌိပဲ (မှန်လှပါဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် အတ္တဒိဋ္ဌိကို အနတ္တဒိဋ္ဌိ ဖြစ်မှ နေရာကျမယ် (မှန်ပါ့ ဘုရား)၊ အတ္တဒိဋ္ဌိက မိစ္ဆာဒိဋ္ဌိ (မှန်ပါ့)၊ အနတ္တဒိဋ္ဌိက သမ္မာဒိဋ္ဌိ (သမ္မာဒိဋ္ဌိပါ)၊ အနတ္တမြင်တဲ့ ဒိဋ္ဌိကိုး (မှန်ပါ့)။
ပဿတီတိ ဒိဋ္ဌိ မြင်တာကို ဆိုတယ် (မှန်ပါ့)၊ ဟိုကတော့ မိစ္ဆာ ပဿတီတိ ဒိဋ္ဌိ (မှန်ပါ့)၊ သမ္မာ ပဿတီတိ ဒိဋ္ဌိ (မှန်ပါ့)၊ (မှန်ပါ့)၊ အမြင်မှန်တဲ့ ဒိဋ္ဌိက တစ်မျိုး၊ အမှားမြင်တဲ့ (ဒိဋ္ဌိက တစ်မျိုးပါ ဘုရား)။
ဒါဖြင့် အတ္တဒိဋ္ဌိကို အနတ္တဒိဋ္ဌိဖြစ်မှ ခင်ဗျားတို့ အဝိဇ္ဇာ တဏှာ မကုန်ငြားသော်လဲ သောတာပန် တည်ပြီးတော့ အပါယ် လေးပါး လွတ်သွားမယ် (မှန်ပါ့)၊ သူတည်ပြီးတော့မှ ခုနင်က တဏှာကို သတ်ရမယ် (မှန်ပါ့)၊ အဝိဇ္ဇာကို (သတ်ရပါမယ်)၊ သတ်ရမယ်ဆို သူက အထက်တန်း ကျတဲ့ လူတွေ ကိုးဗျ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
ဒါဖြင့် ဒကာ,ဒကာမတွေ၊ ယနေ့ ခန္ဓာဝဂ္ဂ သံယုတ်မှာ မြင်းမိုရ် ဥပမာ၊ မြေကြီးဥပမာ၊ သမုဒ္ဒရာ ဥပမာ ပျောက်စရာ ကွယ်စရာ မြင်သေးတယ်၊ ဒီခန္ဓာ ပျောက်စရာ ကွယ်စရာ မထင်ဘူး ဆိုတဲ့ နေရာ ဌာနမှာတော့ အတ္တဒိဋ္ဌိ အရင်ဖြုတ်ပြီးတော့မှ အဝိဇ္ဇာနဲ့ တဏှာ နောက်ထား ဖြုတ်ပါ ဆိုသောကြောင့် ခင်ဗျားတို့ သည် ဝိပဿနာနဲ့ ဖြစ်ပျက်အနတ္တကို မြင်အောင်ရှုဖို့ရာ ခင်ဗျား။ တို့အရေး (မှန်ပါ့ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် အကျိုးငါးပါးက ဒါပစ္စုပ္ပန်ဘ၀ (မှန်ပါ့)၊ ပစ္စုပ္ပန် ဘဝထဲမှာက အနာဂတ် အကြောင်း ဆိုချင်ဆို၊ ပစ္စုပ္ပန် အကြောင်း ဆိုချင်ဆိုပေါ့ဗျာ အတူတူပဲ၊ အနာဂတ် အကြောင်းဆိုလဲ ဒါ့ကြောင့် ထွက်လာတာ (မှန်ပါ့)၊ ပစ္စုပ္ပန် ဒီခန္ဓာ အကျိုးတရား ထွက်လာတယ်လို့ ဆိုရင်လဲ ဟုတ်တာပဲ (မှန်ပါ့)။
ပစ္စုပ္ပန် ခန္ဓာကြီးက နောက်ကြောင်းအတွက် ထွက်လာတယ် (မှန်ပါ့)၊ ပစ္စုပ္ပန် အကြောင်း ထွက်လာတယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ပစ္စုပ္ပန် အကြောင်းကြောင့် အနာဂတ် အကျိုး ဖြစ်တယ်၊ အတူတူပဲတဲ့ (မှန်ပါ့ဘုရား)။
ကောင်းပြီ၊ ဒီလို သိထားတဲ့ အခါကျတော့ ဒီအကျိုး ခန္ဓာငါးပါး အဝိဇ္ဇာ သင်္ခါရရယ်၊ တဏှာရယ်၊ ဥပါဒါန်ရယ်၊ ကံရယ် ဆိုတော့ ငါးခု၊ ဒါဟာ ကျုပ်တို့ မဂ်နဲ့ လှော်, ဖုတ်, ကြော်ပစ် လိုက်ရလို့ ရှိရင် သူသွားမယ် (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)၊ မဂ်နဲ့လှော်, ဖုတ်ကြော် ပစ်လိုက် ရလို့ရှိရင်ဖြင့် အနာဂတ် အကြောင်း သေသွားမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
အနာဂတ်အကြောင်း မသေသရွေ့ ကာလပတ်လုံး ကျုပ်တို့ သည် ဆက်လက် သွားဦးမည် ဆိုတာ မှတ်ရလိမ့်မည် (မှန်ပါ့)၊ ဆက်လက် မသွားပေဘူးလား (သွားပါတယ်ဘုရား)။
ကဲ ဒါဖြင့် ဒီလိုလုပ်ကြစို့၊ ပစ္စုပ္ပန် ခန္ဓာကြီးကို ကျုပ်တို့ ခင်ဗျားတို့ အမှန်သိဖို့ အရေးကြီး ပါတယ် (မှန်လှပါ ဘုရား)၊ ပစ္စုပ္ပန် ခန္ဓာကို (အမှန်သိဖို့ အရေးကြီး ပါတယ်)၊ ပစ္စုပ္ပန်ခန္ဓာကို မဂ္ဂင်ငါးပါးနဲ့ အမှန်သိဖို့ အရေးကြီး ပါတယ် (မှန်ပါ)။
ဒါဖြင့် ပစ္စုပ္ပန်ခန္ဓာ အမှန်သိဖို့ အရေးကြီး တော့ကို မဂ္ဂင် ရှစ်ပါးက ဘာများ လုပ်သတုံး၊ မဂ္ဂင်ငါးပါးက ဘာများ လုပ်သတုံး လို့ မေးတဲ့အခါ ကျတော့ သမ္မာဒိဋ္ဌိက မိစ္ဆာဒိဋ္ဌိ အန်ထုတ်တယ် ကွ (မှန်ပါ့)၊ သမ္မသင်္ကပ္ပက မိစ္ဆာသင်္ကပ္ပကို အန်ထုတ်တယ်၊ မဟုတ်ဘူးလား (မှန်ပါ့)၊ ဒါဖြင့် အသီးသီး အန်ထုတ် လိုက်တဲ့ အခါကျတော့ မိစ္ဆာ မဂ္ဂင် ရှစ်ပါး ပြုတ်ပြီးတော့ သမ္မာမဂ္ဂင် ရောက် လာမှာပဲ (မှန်ပါ့)၊ ဘယ့်နှယ် လုပ်ကြမယ် (သမ္မာမဂ္ဂင်ဖြစ် အောင် လုပ်ကြရမယ်)၊
သမ္မာမဂ္ဂင်ဖြစ်အောင် လုပ်ကြရမယ် (မှန်ပါ့)၊ သမ္မာမဂ္ဂင်ဖြစ်အောင် ဘယ့်နှယ် လုပ်ကြ မှာတုံးလို့ မေးတဲ့ အခါကျတော့ ကလျာဏမိတ္တရှာပါ (မှန်ပါ့)၊ ဒါကို ရှေးဦးစွာ ဖြစ်အောင် လုပ်ရမယ် (မှန်ပါ့)၊ နော် (မှန်ပါ့)၊ ဘာလုပ်ရမလဲ (ကလျာဏမိတ္တ ရှေးဦးစွာ ရှာရပါမယ်ဘုရား)။
ကလျာဏမိတ္တ ရှာပါ
ကလျာဏမိတ္တ ရှာပါတဲ့၊ ဒီငါးခုဟာ မိစ္ဆာမဂ္ဂင် ကတော့ သေချာနေပြီ (မှန်ပါ့)၊ သူ့ ပဋိစ္စ သမုပ္ပာဒ် အတိုင်း ဆိုရင် မိစ္ဆာ မဂ္ဂင်ပဲ (မှန်ပါ့)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ်)၊ ပဋိစ္စ သမုပ္ပာဒ် အတိုင်းဆိုရင် အနာဂတ် အကျိုးငါးပါး ဆိုလဲ ဟုတ်၏။ မိစ္ဆာတရားတွေ ဆိုရင်ကော (ဟုတ်ပါတယ် ဘုရား)။
ဟုတ်တာပဲတဲ့၊ ဒါဖြင့် ဒါကို သမ္မာ ဖြစ်အောင် လုပ်ဖို့ ဆိုတော့ ဘုရား မပွင့်ရင်တော့ သမ္မာ မဖြစ်နိုင်ဘူး (မှန်ပါ့)၊ ဘုရား၏ တပည့်သားနဲ့ မပေါင်းသင်းရင်တော့ (သမ္မာ မဖြစ်နိုင်ပါဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဘုရား မပွင့်ရင်လဲ သမ္မာ မဖြစ်နိုင်ပါ ဘူး၊ ဘုရား၏ တပည့်သားများနဲ့ (မပေါင်းသင်း ရင်ကော မဖြစ်နိုင်ပါ ဘုရား)၊
သမ္မာ မဖြစ်နိုင်တော့ ခင်ဗျားတို့ ခု တပည့်သားတွေနဲ့ ပေါင်းသင်း နေကြတယ် (မှန်ပါ့)၊ ပေါင်းသင်း နေတော့ ခင်ဗျားတို့သည် သမ္မာတော့ ဖြစ်နေပြီ (မှန်ပါ့ဘုရား)၊ သမ္မာတော့ ဖြစ်နေပြီတဲ့၊ သမ္မာဒိဋ္ဌိတော့ ဖြစ်နေပြီ၊ နို့ ဖြစ်ပါလျက်သားနဲ့ တပည့်တော် ဘယ့်နှယ်ကြောင့် ဘုန်းကြီးက ခွင့်မလွှတ်သေးသတုံး လို့ (မှန်ပါ့)၊ လုပ်ပါဦးလို့ ဒုတိယ တိုက်တွန်းချက်ကို ဘယ့်နှယ်ကြောင့် ပေးနေရသတုံး ဆိုတော့ ဒကာ,ဒကာမတို့ ဒီသမ္မာဒိဋ္ဌိကလဲ နုသေးလို့ပါ (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီဘုရား)။
နုနေသေးလို့ (မှန်ပါ့)၊ နုတော့ ခင်ဗျားတို့ ဘာဖြစ်သလဲ နုတော့ ပုပ်သွားမယ် (ပုပ်သွားပါမယ် ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ နောက်က ဒကာ, ဒကာမတွေ ဘာဖြစ်နေတုံး (နုတော့ ပုပ်သွားပါတယ် ဘုရား)၊ ဝိပဿနာ သမ္မာဒိဋ္ဌိဆိုတာ နုတယ်ကွ (မှန်ပါ့)။
ဝိပဿနာ သမ္မာဒိဋ္ဌိ ဆိုတာ မောင်သစ် (နုပါတယ်ဘုရား)၊ အာရုံကြမ်းနဲ့ လိုက်လာရင် (ပုပ်သွား ပါမယ်)၊ ပုပ်သွားပါမယ်၊ သဘောကျပလား (ကျပါပြီ)၊ မဂ်သမ္မာဒိဋ္ဌိ ကျတော့ သမ္မတ္တ နိယတာ ဓမ္မာ မဖောက်မပြန်ဘဲနဲ့ မြဲသွားတော့ ဘုန်းကြီးလဲ ကဲ သွားချင်တဲ့ဆီ သွားတော့ (မှန်ပါ့ဘုရား)၊ အခုဟာက နုသေးတာ ကိုး (မှန်ပါ့ဘုရား)။
နုနေသေးတော့ရော ဟိုမှာ နေထိ လေထိမှ မခံသေးပါကလား (မှန်ပါ့)၊ မစိုးရိမ်ရဘူးလား (စိုးရိမ် ရပါတယ် ဘုရား)၊ လေထိ နေထိမခံတဲ့ အဖြစ်ကလဲ သိပ်ကြောက်စရာ ကောင်းတယ် (ကောင်းပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က ဆင်ခြေလဲပြီးသကာလဟာ လေထိ, နေထိ မခံပေမယ့် တပည့်တော် တို့သည်ကား တပည့်တော်တို့ အကြောင်း တပည့်တော်တို့မှ သိတာဆိုပြီး ဦးမောင်လေး ကလဲ ဒီအတိုင်းပဲ ပြန်ရမှာပေါ့ ဗျာ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)၊ ဦးမာဒင် ကကော (ပြန်ရမှာပါ)၊ ဒီအတိုင်းပဲ ပြန်ရမှာပဲ၊ လေထိ, နေထိမှ မခံဘဲ ကိုးဗျ (မှန်ပါ့)။
ဒီ လေထိ, နေထိမခံတဲ့ သတ္တိကလဲ ဘာကြောင့်တုံးလို့ မေးရင် ခုနက ပြောတဲ့ စကား အတိုင်း မောင်သစ် ပြန်ဖြစ်တယ်၊ နုနေသေးလို့ (မှန်ပါ့)။
အဲဒီတော့ နုနေတဲ့ ဥစ္စာကို ခင်ဗျားတို့သည်ကားလို့ဆိုရင် ဘာလုပ် ရမှာတုံး ဆိုရင် မှန်မှန် သွားရင် ရင့်မှာပဲ (မှန်ပါ့)၊ မှန်မှန် သွားရင် (ရင့်မှာပါပဲ ဘုရား)။
ဒါနဲ့နေ၊ ဒါနဲ့သေပါ
အဲဒီတော့ သွားမှု အလုပ်ကိုဖြင့် ဝတ်ထားကြပါ (မှန်ပါ့)၊ သွားမှု အလုပ်ကို (ဝတ်ထား ကြပါ)၊ ဒါဖြင့် သေလဲ ဒါနဲ့ သေ။ ဒီအချိန်နဲ့ ဒီအချိန်လဲ ဒါနဲ့နေမယ်၊ ဒီဝတ်ကို မပျက်စေနဲ့ (မှန်ပါ့)။
ဒီဝတ်ပျက်သွားလို့ရှိရင် နုပြီးပုပ်သွားမှာပဲ (မှန်ပါ့)၊ ပုပ်သွား လို့ရှိရင် ဘာဖြစ်မတုံး ဆိုလို့ရှိရင် ဒီငါးပါးက ခုနင်က ဒီခန္ဓာ က ပေါက်ပွားတယ်၊ ခုနင်က ဒီငါးပါး ပြန်လာတယ် (ပြန်လာ ပါတယ်)၊ မလာပေဘူးလား (လာပါတယ်)၊ အဝိဇ္ဇာ သင်္ခါရ ဟုတ်လား၊ တဏှာဥပါဒါန် ကမ္မဘဝ ဒီပြန်လာတယ် (လာပါ တယ်)၊ မလာပေဘူးလား (လာပါတယ်)၊ ဘာဖြစ်လို့တုံး ဟိုဟာ ပုပ်သွားလို့ (မှန်ပါ့၊ ပုပ်သွားလို့ပါ)၊ ပုပ်သွားရင် လာမှာပဲ။
ရင့်သွားလို့ရှိရင်တော့ “သမ္မတ္တနိယတာ ဓမ္မာ”လို့ ဓမ္မသင်္ဂဏီ မှာ ဘုရားက မဖောက်ပြန် တော့ဘူးကွ၊ မြဲပြီတဲ့ (မှန်ပါ့)။
ဟိုဘက် တစ်ခါကူးပြီးလို့ရှိရင် (မြဲပြီ)၊ မကူးသေးလို့ရှိရင် (မမြဲသေးပါ)၊ နုသေးတယ် (မှန်ပါ့)၊ နုရင်ဘာတုံး (ပုပ်မှာပါ ဘုရား)၊ လေထိမခံ နေထိမခံ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ခင်ဗျားတို့ နေရမှာက လေထဲနေထဲ နေရမှာ (မှန်ပါ့ဘုရား)။
လောကဓံ လေထဲမှာ လောကဓံ နေထဲမှာ နေရမှာပဲ ဆိုတော့ ကွာ တရား ငါသိပါရဲ့ တဲ့ကိစ္စက မင်းတို့မြင်တဲ့ အတိုင်း အလွန်ကြီး နေတာကွ ဆိုလို့ရှိရင် လုပ်တော့မလို့၊ တကယ် ကြောက်စရာ ကောင်းတယ် (မှန်ပါ့ဘုရား)၊ ခင်ဗျားတို့ကတော့ အဲဒီအပုပ်ဘက် ကတော့ သန်နေကျ ဖြစ်နေတယ် (မှန်ပါ့)။
မောင်သစ်၊ ဘယ့်နှယ်တုံး (အပုပ်ဘက်က သန်ပါတယ်)၊ အပုပ်ဘက်ကတော့ အားများ နေကြတယ် (အားများ နေပါတယ်)၊ မဟုတ်ဘူးလား (မှန်ပါ့)၊ ရင့်ကျက်ဖို့ ဘက်ကတော့ (အားနည်း နေပါတယ် ဘုရား)။
အားက အတော် နည်းနေတယ်၊ အခုမှစ, ရတာကိုး (မှန်ပါ့)၊ ကိုင်း ဒါဖြင့် ကိုယ်ရထားတဲ့ ပါရမီရင့်,မရင့်ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ ဘာမှ ဒီပြင်ဟာ တွေးမနေနဲ့ (မှန်ပါ့)၊ ပါရမီရင့်,မရင့်ဆိုတာ မဂ်ရင့်မှုမရင့်ကိုဆိုတာ (မှန်ပါ့ဘုရား)၊ ခင်ဗျားတို့အတွက်က မဂ်ရင့်ဖို့လိုတယ် (မှန်ပါ့ဘုရား)။ – အဲဒီတော့ကို သူက အနိယတာဓမ္မာ (မှန်ပါ့)၊ ဝိပဿနာက အနိယတာ ဓမ္မာ (မှန်ပါ့)၊ မမြဲသေး ဘူးကွတဲ့ (မှန်ပါ့)၊ မဂ်ကျတော့ “သမ္မတ္တနိယတာဓမ္မာ၊” မဖောက်ပြန်ဘဲနဲ့ မြဲပြီတဲ့ (မှန်ပါ့ဘုရား)။
ဒီလိုဆိုတော့ လူမမာကို ဆရာဝန် လက်လွှတ် သွားတဲ့အခါ ကျလို့ ရှိရင်ဖြင့်တဲ့ ရေလဲ ချိုးတော့ဗျာ စားချင်တာလဲ စားတော့ ဗျာ (မှန်ပါ့)၊ ဒီလိုဆိုတော့ ဆရာဝန်က သူ ကောင်းကောင်း စိတ်ချလို့ ဘယ်လို ပြဒါးချိန် ထိုးထိုး၊ မဟုတ်ဘူးလား (မှန်ပါ့)၊ ဒီဂရီ ကိုးဆယ်ရှစ်နဲ့ ခြောက်မှတ် ဆိုရင် သူ လုံလောက်လို့ ခင်ဗျားတို့က ဒီကိုးဆယ့်ရှစ်ကို မရှိသေးဘူးဗျ (မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိ ပါပြီ)။
ရိပ်မိတော့ အင်း ငါ့လူတွေ ပြန်များ ဖျားနေဦးမလား၊ မောင်သစ်၊ မစိုးရိမ်ရဘူးလား (စိုးရိမ် ရပါတယ် ဘုရား)၊ အဲဒါ သွားကာနီးမို့ ပြောနေတယ်လို့ အောက်မေ့မနေနဲ့၊ လွှတ်ကို မလွှတ် ရသေးလို့ ပြောတာ (မှန်ပါ့)၊ လွှတ်ကို မလွှတ်ရသေးဘူး (မှန်ပါ့)။
ကဲ ဒါဖြင့် ဒီတရား ပြန်မလာလို့ရှိရင် ကျုပ်တို့ ခင်ဗျားတို့မှာ နောက်ထပ်ပြီး ဒီအပင် မပေါက် တာပေါ့ ဗျာ (မှန်ပါ့)၊ အနာဂတ် ခန္ဓာပင်ကြီး (မပေါက်ရပါဘုရား)။
ဒီတရား ပြန်လာလို့ရှိရင် မပေါက်ပါနဲ့ ဆိုလို့ မရဘူး။ သူက ဓမ္မနိယတ တာလို့ ဘုရားက သေသေချာချာ ဟောတယ်၊ ဒါ ဓမ္မနိယာမကွတဲ့ (မှန်ပါ့)၊ သူတို့သာ ပြန်လာရင် ဒီခန္ဓာပင် ပေါက်မယ် (မှန်ပါ့)၊ အနာဂတ် ခန္ဓာပင် (ပေါက်ပါမယ်)။
ငါမရှိလဲ ပေါက်မှာပဲ၊ ငါရှိလဲ ပေါက်မှာပဲ၊ သဘောကျပလား (ကျပါပြီ)။ ဒါဖြင့် ဒီငါးခုကို ခင်ဗျားတို့က မဂ်ရင့်အောင် ဒီငါးခုကို ဖြုတ်နော် (မှန်ပါ့)၊ ဒီငါးခုကို ဖြုတ်ပြီး ဒီငါးခု ရင့်အောင် လုပ်ရမယ် (မှန်ပါ့)၊ ဒီငါးခု ရင့်ရင် ရှစ်ဖြစ်မယ် (မှန်ပါ့)။
ဒီငါးခုရင့်ရင် (ရှစ်ဖြစ်ပါမယ်)၊ ရှစ်ဖြစ်မှာပဲဆိုတော့ ငါးနဲ့ ရှစ်ဟာ သိပ်ဝေးသလားလို့ မေးရင် ဦးမောင်ကလေး ဘယ့်နှယ် ဖြေမယ် (မဝေးပါဘုရား)။
ဟာ ဒါ လူတိုင်း မဟုတ်ဘူး (မှန်ပါ့)၊ လုပ်တဲ့ လူမှာတော့ဖြင့် မဝေးပါဘူးနော် (မှန်ပါ့)၊ မလုပ်တဲ့ လူမှာတော့၊ ငါးတောင် ပျောက်တယ် (ပျောက်ပါတယ်)၊ မလုပ်တဲ့လူမှာ ဘယ့်နှယ်ဖြစ် နေသလဲ (ငါးတောင် ပျောက်ပါတယ်)၊ ငါးတောင် ပျောက်လို့ ရှိရင်ဖြင့် ငါးပျောက်ရင် ငါးပေါ်မှာပဲ (မှန်ပါ)။
မှတ်ချက်။ ။(မဂ္ဂင်၅ပါးပျောက်ရင် ခန္ဓာ၅ပါးပေါ်မည်။)
ဒါ ခင်ဗျားတို့ ဟိုပဋိစ္စသမုပ္ပာဒ်အတိုင်းပဲ (မှန်ပါ့)၊ ဦးမာဒင်က ပဋိစ္စသမုပ္ပာဒ်တော့ ကုသိုလ် လုပ်တယ် (မှန်ပါ့)၊ ဘာဖြစ်လို့ ကုသိုလ် လုပ်တာတုံး တပည့်တော်တို့ ဒီလိုပဲ ငါးပျောက်ရင် ငါးရောက် အောင် လုပ်တာ။
ဆက်ကြောင်းငါး
ဒီ ငါးပျောက်လို့ ရှိရင်ဖြင့် အင်မတန်ကောင်းပါမယ် (မှန်ပါ့)၊ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကံဆိုတော့ ငါးမနေဘူးလား (မှန်ပါ့)။
ပြတ်ကြောင်းငါး
အဲဒီငါးပျောက်ပြီး သကာလ ဒီငါးရောက်မှ သာလျှင် သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ ဆိုတဲ့ ဒီငါး မရောက်သရွေ့ ကာလပတ်လုံး ခင်ဗျားတို့မှာဖြင့် သြော် အနာဂတ် အကြောင်းငါးပါး ရောက်ပြီး သကာလ ဟုတ်လား၊ ဒုက္ခ ပြတ်ကြောင်းငါး မရောက် ပါလား (မှန်ပါ့)။
ဒုက္ခ ပြတ်ကြောင်းငါး ရောက်ဖို့ အရေး ကြီးတယ် (ကြီးပါ တယ်ဘုရား)၊ အနာဂတ် အကြောင်း ငါး ရောက်ဖို့ (အရေးမကြီး ပါဘုရား)။
ဒါက ခင်ဗျားတို့ဟာ အိပ်နေရင်း ရောက်တာပဲ၊ အိပ်နေရင်း ရောက်တာကွ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါဖြင့် ဆရာ မှာလိုက်တာ ရိပ်မိပလား (မှန်ပါ့)၊ အင်း ပြတ်ကြောင်းငါး တော့ဖြင့် ရောက်စေချင်တယ် (မှန်ပါ့)၊ ဆက်ကြောင်းငါးကို (မရောက်စေချင်ပါ)။
ဒါ ကိုယ့်ဟာကိုယ် နဖူး ပေါ်လက်တင်စဉ်းစား (မှန်ပါ့)၊ ဖြတ်ကြောင်းငါး ဘယ်လောက် ရောက်ပါလိမ့်၊ ဆက်ကြောင်းငါး က ဘယ်လောက်ပါလိမ့် ဟင်း (မှန်ပါ့)၊ ဒီဘက်က တောထမှာ စိုးရတယ် (မှန်ပါ့)။
ကိလေသာမိုးစွေ
ဆက်ကြောင်းငါးက (တောထမှာ စိုးရတယ်)၊ တောထမှာ စိုးရတယ်၊ ဘာဖြစ်လို့ တောထမှာ စိုးရသတုံး ဆိုတော့ ဟိုမှာ ကိလေသာမိုးက စွေတယ်ကွ (မှန်ပါ့ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မောင်သစ် ဘာဖြစ်လို့ တောထမှာစိုးရသတုံး (ကိလေသာမိုး စွေမှာစိုးလို့ပါ ဘုရား)၊
သြော် ခင်ဗျားတို့ အဲဒီမသွားပါနဲ့ဆိုလို့ မရဘူး (မှန်ပါ့၊ မရပါဘုရား)၊ ကိလေသာမိုး စွေတဲ့ နေရာမှာ ခင်ဗျားတို့က တယ် အပင်သန် ချင်တာကိုး (မှန်ပါ့)။ သဘောပါကြရဲ့လား (ပါ,ပါတယ် ဘုရား)။
ဒါ ရယ်စရာ ပြောနေတာ မဟုတ်ပါဘူး (မှန်ပါ့)၊ ခင်ဗျားတို့ သွားမှာက ကိလေသာ မိုးစွေမည့် နေရာ သွားမယ် (မှန်ပါ့)၊ သဘောကျရဲ့လား (ကျပါတယ်ဘုရား)။
အဲဒီတော့ ဒီဆက်ကြောင်းငါးကလဲ သူသန်လာမှာပဲ (မှန်ပါ့)၊ မသန်ပေဘူးလား (သန်ပါတယ် ဘုရား)၊ သန်ရင် အနာဂတ်အပင် က (ပေါက်မှာပါဘုရား)၊ ဘာပင်ပေါက်မယ်လို့ မဆိုနိုင်ဘူးဗျ ဟင် (မှန်ပါ့)၊ ခြေလေးချောင်း ပေါက်မလား၊ ကင်းခြေများပဲ ပေါက်လာမလား မပြောတတ်ဘူး၊ ပေါက်ချင်တာ ပေါက်မယ် (မှန်ပါ့)။
ဒါကြောင့် ခင်ဗျားတို့ ပြတ်ကြောင်းငါးရင့်ရင် ရှစ်ဖြစ်မယ် (မှန်ပါ့)၊ ရှစ်ဖြစ်မယ်နော် (မှန်ပါ့)၊ ဆက်ကြောင်းငါးသာ ပေါက်လို့ ရှိရင်ဖြင့်တဲ့ ခင်ဗျားတို့ ဘယ်သူကယ်လို့မှ မရဘူး (မှန်ပါ့ဘုရား)၊ ဘုရားပွင့်မှာက နောက်မြေကြီး ၁၃ မိုင် တက်ရဦးမယ် (မှန်ပါ့)၊ ကယ်မည့်သူ တွေ့ပါဦးမလား (မတွေ့ပါဘုရား)၊ အခုဟာ တွေ့တာပဲ (မှန်ပါ့)။
ပြတ်ကြောင်းရင့်အောင်လုပ်
အဲဒီတော့ တို့ဆရာဘုန်းကြီးက အရေးတကြီး ပြောဆိုတာ ယနေ့မှတ်ပါ (မှန်ပါ့)၊ ပြတ်ကြောင်း ငါးကိုဖြင့် သြော် ရင့် အောင် လုပ်ရလိမ့်မယ် (မှန်ပါ့)၊ ရင့်ရင် ရှစ်ဖြစ်တယ် (မှန်ပါ့)။
ဖြစ်ကြောင်းငါး ကတော့ဖြင့် အိပ်နေလဲ ဖြစ်တယ် (မှန်ပါ့)၊ ဘာ့ကြောင့်တုန်း ဆိုတော့ ငါတို့ ကိလေသာမိုး ငွေတဲ့နေရာမှာ နေမိပြီ (မှန်ပါ့)၊ ဒါ မျိုးစေ့ငါးခုပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဘာတုံး (မျိုးစေ့ငါးခုပါဘုရား)၊ မျိုးစေ့ငါးခု ဆိုတော့ အဝိဇ္ဇာလဲပါ ရမယ် (မှန်ပါ့)၊ တဏှာကော (ပါ,ပါတယ်)၊ ကံလဲ ပါမယ်၊ တဏှာကော (ပါ,ပါမယ်)၊ ဥပါဒါန်ကော (ပါ,ပါ မယ်)၊ ဒီဟာတွေ သန်နေသရွေ့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက အဆိပ်မျိုးပဲ၊ အဆိပ်ပင်ကြီး၊ ငါးဖြစ်သန် လေလေ အဆိပ်ပင် ကြီးထွားလေလေ ဖြစ်မှာပဲ (မှန်ပါ့)၊ ထွားလေလေ ခင်ဗျားတို့ ဒီအဆိပ်ပင်က ဒီအဆိပ်သီး သီးဦးမှာ (မှန်ပါ့)၊ ဒီငါးသီး ထပ်မသီး ပေဘူးလား (သီးပါတယ်)၊ သီးလို့ရှိရင် ဒီအပင်ဟာ သူ့အသီးက သူ့သတ်ဦးမယ် (မှန်ပါ့)၊ နောက်ပေါက် တဲ့ အပင်ကလဲ သူပဲ သတ်မှာပဲ (မှန်ပါ့)၊ သဘောပါပြီလား (ပါ,ပါပြီဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဦးမာဒင်၊ ဘာမှာသတုံး၊ ငါးနှစ်ခုလဲဖို့ အရေးကြီးတယ် (မှန်လှပါဘုရား)၊ ဆက်ကြောင်းငါးကိုဖြုတ် ပြတ်ကြောင်းငါးကို သွင်းရမယ် (ရှုရပါမယ်)၊ ပြတ်ကြောင်းငါး ကိုသွင်း ရမယ် (သွင်းရပါမယ် ဘုရား)။
ဒီနေရာပဲ (မှန်ပါ့)၊ နေရာတော့တစ်နေရာတည်းပဲ (မှန်ပါ့)၊ ကြည့် ပစ္စုပ္ပန်ခန္ဓာနဲ့ အနာဂတ် ခန္ဓာကြီးထဲမှာ ဆက်ကြောင်း ငါးကလဲ မောင်ချစ်စိန်ဒါပဲ (မှန်ပါ့)၊ ပြတ်ကြောင်းငါးကို သွင်းပြန်လဲ ဒီကြားပဲ (မှန်ပါ့)။
နေရာတော့ ဘုန်းကြီးက ဒီနေရာပဲ ဆိုတာတော့ သတိပေး လိုက်တယ် (မှန်ပါ့)၊ ဒီနေရာက နေပြီး ဆက်ကြောင်းငါး အသစ် လုပ်လဲရတာပဲ ရပါတယ်)၊ ပြတ်ကြောင်း ငါးလုပ်လဲ (ရပါ တယ် ဘုရား)။
အဲဒါ ခင်ဗျားတို့သည် ဆက်ကြောင်းငါး လုပ်မိလို့ရှိရင်ဖြင့် အိုဘေး, နာဘေး, သေဘေး ဆိုတဲ့ အပင်ကြီး ပေါက်တော့မယ် (ပေါက်ပါမယ် ဘုရား)၊ မပေါက်ပေဘူးလား (ပေါက်ပါတယ် ဘုရား)။
ပြတ်ကြောင်းငါးကို လုပ်လိုက်လို့ရှိရင် အိုဘေး၊ နာဘေး၊ သေဘေးဆိုတဲ့ အပင်ကြီးဟာဖြင့် ပြတ်ထွက်သွားမယ် (ပြတ် ထွက်သွားပါမယ် ဘုရား)၊ မသွားပေဘူးလား (သွားပါတယ် ဘုရား)။
မဂ္ဂင်ငါးပါးသွင်းပါ
အဲဒီတော့ကို ကိုယ့်ကိုယ်ကို နောက်ထပ် မသေချင်ဘူး၊ တကယ် သနားပါတယ် ဆိုလို့ ရှိရင်ဖြင့် ဒီငါးနေရာမှာ ဒီငါးကို သွင်း (မှန်ပါ့ဘုရား)၊ မဂ္ဂင်ငါးသွင်း (မဂ္ဂင်ငါး သွင်းရပါမယ်)၊ သဘောကျ ပလား (ကျပါပြီ)။
ဒါဖြင့် မဂ္ဂင်ငါးသည် မှတ်ထားကြပါ၊ မဂ္ဂင်ငါးက သူ့အလိုလို ဆုတောင်းတာနဲ့ ပေါ်တာလား အာရုံကြောင့် ပေါ်တာလား ဆိုတာ အရေးတကြီးမှတ် (မှန်လှပါဘုရား)။
အဲဒီတော့ ဘုန်းကြီးက ရှင်းရှင်း ပြောပါတယ်၊ ခင်ဗျားတို့လဲ အင်မတန် အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေလို့ မဂ္ဂင်ငါး ဆိုတာ ဆုတောင်းလို့ ပေါ်တာမဟုတ်ဘူး မဟုတ်ပါဘုရား)၊ အာရုံ ကြောင့်ပေါ်တာ (မှန်ပါ့၊ အာရုံကြောင့် ပေါ်တာပါဘုရား)၊ ရှင်းပလား (ရှင်းပါ ပြီ)။
ဒါဖြင့် ဒီဘက်ကို အာရုံပြုရင် ဒီငါးခု ပေါ်တယ် မဟုတ် ဘူးလား (မှန်ပါ့)၊ ဒီဘက်ကို အာရုံပြုရင် (ဒီငါးပေါ်ပါတယ်)။
အေး ဒါဖြင့် ငါးခုကို ခင်ဗျားတို့ ဝိပဿနာလုပ် မဂ်ငါးခု ပေါ်မှာကိုးဗျ (မှန်ပါ့)၊ ဒီငါးခုကို ခင်ဗျားတို့က ဘာမှမကြည့်ဘဲ နေလို့ရှိရင် ဒီငါးခုလာမယ် (မှန်ပါ့ဘုရား)၊ ဒီဟာကိုပင်လျှင် ခင်ဗျားတို့ ခန္ဓာငါးပါးကို မသိတာ အဝိဇ္ဇာ (မှန်ပါ့)၊ ပြုတာ သင်္ခါရ၊ ခင်တာ တဏှာ၊ စွဲလမ်းတာက ဥပါဒါန်၊ အခု စက်တွေလုပ်၊ ကုန်တိုက်တွေ လုပ်ဆိုတာ ကမ္မဘဝတွေ (မှန်ပါ့ ဘုရား)၊ ခင်ဗျားတို့ လုပ်နေတဲ့ အလုပ်တွေက ကမ္မဘဝ တွေချည့်ပဲ (မှန်ပါ့ဘုရား)၊ သဘောကျပလား (ကျပါပြီဘုရား)။
အဲဒီတော့ကို ဘုရားက ဟောလိုက်တယ်၊ လူတစ်သိန်း သေလို့ သုဂတိသွားတဲ့ လူတစ်ယောက် ငါမမြင်ပါဘူးတဲ့ (မှန်ပါ့ဘုရား)။
လူတစ်သိန်း သေရင် တစ်ယောက်သွားတဲ့လူ ငါမမြင်ဘူးတဲ့ (မှန်ပါ့)၊ ဒါဖြင့် သူ့ လက်ထက် တုန်းက သူကြီးစိုး နေတုန်းက မမြင်ရင် အခု အကုန်သွားပဲ (မှန်ပါ့)၊ အတော် မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ခန္ဓာငါးပါး၊ ခန္ဓာငါးပါးဆိုတာ ပဋိစ္စသမုပ္ပာဒ်ကို ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဒါပေါင်း လိုက်ရင် ခန္ဓာငါးပါး လာဖြစ်တာပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
ခန္ဓာငါးပါးဆိုတာ ပဋိစ္စသမုပ္ပာဒ်နဲ့ တခြားစီလားလို့ မေးတော့ ပဋိစ္စသမုပ္ပာဒ် ငါးမျိုး ပေါင်းလိုက် လို့ရှိရင် ခန္ဓာငါးပါးဖြစ်တယ် (မှန်ပါ့)။
ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿဝေဒနာ ပေါင်းလိုက် တော့ (ငါးပါး)၊ ခန္ဓာဖွဲ့ လိုက်တော့ကော (ငါးပါးပါဘုရား)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
ဪ ဒါဖြင့် တခြားစီ မဟုတ်ပါလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ်ဘုရား)၊ နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့က အံမာ ရှုပ်စရာ မရှိရင် ကြံဖန်ရှုပ်မည့် လူတွေက ရှိသေးတယ် (မှန်ပါ)၊ ပဋိစ္စသမုပ္ပာဒ်က တန်းပြီးပြတယ်၊ ဘုန်းကြီးက ပေါင်းပြီးပြတယ် (မှန်ပါ့)။
ပဋိစ္စသမုပ္ပာဒ်က မနေ့က ပြောခဲ့တယ်၊ ပန်းလိုသီတာ (မှန်ပါ့)၊ ပန်းဆိုတာက သီထားတော့လဲ တန်းနေတယ် (မှန်ပါ့ ဘုရား)၊ ပွင့်တော့လဲ အဆုပ်ကလေးတွေ ပွင့်တယ်၊ ဒါ အဆုပ် ကလေးတွေ ပွင့်တယ်၊ ဒါ အဆုပ်ကလေးတွေပွင့်တာပဲ၊ ပင်ကို ပွင့်ကို ပြောတာ (မှန်ပါ့)၊ ပင်ကိုပွင့်ပေမယ့် လူပယောဂနဲ့ သီထား တာ (မှန်ပါ့)၊ အဲ သုတ္တန်နည်းကလဲ လူ့ပယောဂနဲ့ သီထား တာ (မှန်ပါ့)။
သီတံနဲ့ သီထားတာကို ဘာခေါ်မယ် (သုတ္တန်နည်းပါ ဘုရား)၊ သုတ္တန်နည်း ဆိုရင် တန်းသွားလိမ့်မယ် (မှန်ပါ့ဘုရား)။
သီတံနဲ့ သီမထားပါဘူး၊ ဖြစ်စဉ်ကိုက် ဟောမယ်ဆိုတာ ခန္ဓာငါးပါးပေါင်းပြတာ (မှန်ပါ့)၊ အဘိဓမ္မာနည်းက ပေါင်းပြ တယ်၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
ဒါဖြင့် အဘိဓမ္မာနည်းဟာ ဖြစ်စဉ်ကိုက်အမှန် (မှန်ပါ့)၊ သုတ္တန်နည်းက သိလွယ်အောင်လို့ တန်းပြတာ (မှန်ပါ့)၊ သိလွယ် အောင်လို့ တန်းပြတာ၊ ဖြစ်စဉ်တော့ မဟုတ်ဘူး (မှန်ပါ့)၊ ဒါဖြင့် အခုပြတာ ဘာတုံး၊ ဖြစ်စဉ်ကိုက်ပြမယ် (မှန်ပါ့ဘုရား)။
ခန္ဓာငါးပါး ပေါင်းမရှုနှင့်
ဖြစ်စဉ်ကိုက်ပြတော့ ခန္ဓာငါးပါး (မှန်ပါ့)၊ ခန္ဓာငါးပါးဟာ ငါးပါးစလုံး ရှုခဲ့သော် နိဗ္ဗာန် မရနိုင်ဘူး၊ ဘာ့ကြောင့်တုံးလို့ မေးတဲ့ အခါကျတော့ ဖြစ်ပုံနဲ့ ချုပ်ပုံ အသက်တမ်း မတူလို့ (မှန်ပါ့)၊ ဒါမှတ်ထား။
ဖြစ်ပုံနဲ့ချုပ်ပုံ (အသက်တမ်း မတူပါ ဘုရား)၊ ရူပက္ခန္ဓာက အသက်ရှည်တယ်၊ နာမက္ခန္ဓာက အသက်တိုတယ် (မှန်ပါ့ ဘုရား)။
အဲ ပေါင်းမရှုရဘူး (မှန်ပါ့)၊ ဘုရားက ဟောလိုက်တော့ ပေါင်းမရှုပုံ ရှင်းပြမယ် ဆိုပြီး ကာယာနုပဿနာ သတိပဋ္ဌာန်ဆိုပြီး ရုပ်ပြတယ် (မှန်ပါ့)။
ဝေဒနာ နုပဿနာဆိုတော့ ဝေဒနာပြတယ်၊ ဓမ္မာနုပဿနာ ဆိုတော့ သညာသင်္ခါရပြတယ်၊ စိတ္တာနုပဿနာဆိုတော့ စိတ်ပြ တယ် (မှန်ပါ့)၊ ပေါင်းမရှုနဲ့လို့ပြောတာ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဘယ့်နှယ်ပြောသတုံး (ပေါင်းမရှုနဲ့ ပြောပါတယ်ဘုရား)၊ ကြည့်လေ သတိပဋ္ဌာန်လေးပါး ခွဲလိုက်တယ် (မှန်ပါ့)၊ ပေါင်း မရှုနဲ့ဆိုတော့ ကာယာနုပဿနာ ရှုချင်ရှု၊ ဝေဒနာနုပဿနာ ရှုချင်ရှု၊ ဓမ္မာနုပဿနာ ရှုချင်ရှု၊ စိတ္တာနုပဿနာ ရှုချင်ရှု သဘောပါပလား (ပါ,ပါပြီဘုရား)။
သြော် ဒါဖြင့် ခန္ဓာငါးပါးကို သတိပဋ္ဌာန်နဲ့ ဝေဖန်လိုက်တော့ လေးပါးဖြစ်တယ် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီဘုရား)။
ကောင်းပြီ၊ သတိပဋ္ဌာန်လေးပါးကို ပေါင်းလိုက်ဦးမယ် ကျုပ်က (မှန်ပါ့)၊ သတိပဋ္ဌာန် လေးပါးကို ပေါင်းလိုက်ဦးမယ်တဲ့။ ခင်ဗျားတို့က လေးပါးတောင် ဘုရား၊ များလိုက်တာ လူတစ်ယောက်တည်း လေးလုပ် လုပ်ရမယ်ဆိုရင် မဖြစ်ပါဘူးလို့ ခင်ဗျားတို့ကလဲ ခပ်ပျင်းပျင်းနဲ့၊ ခပ်ဖျင်းဖျင်းနဲ့၊ ဆင်ခြေများများနဲ့ နဂိုက ဟန်မကျင့်တဲ့အထဲ ချေးက ထူသေးတယ် (မှန်ပါ့ဘုရား)။
ဒီလိုရှိသေးတော့ ဒီလိုလုပ်ပါတဲ့၊ ခန္ဓာငါးပါးကို သစ္စာဖွဲ့လိုက် ဆိုတော့ ဒုက္ခသစ္စာချည့် ဖြစ်သွားတယ် (မှန်ပါ့)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ်ဘုရား)၊ “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ” ကိုး အကုန် ဒုက္ခဖြစ်သွားတယ် (မှန်ပါ့)။
အဲဒီတော့ အကုန်ဒုက္ခကို သိလိုက်တော့ ဪ ဒါ ဒုက္ခ တစ်ခုတည်းဖြစ်သွားပြီ၊ ပေါ်ပြီ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။ ဒုက္ခတစ်ခုတည်း ဖြစ်သွားပြီ၊ ဒုက္ခ တစ်ခုတည်း ဘယ့်နှယ်ကြောင့် ဖြစ်ရသတုံး ဆိုလို့ရှိရင် ဒီနှစ်ခု စလုံးဟာ ဖြစ်မှု ပျက်မှုပဲ ရှိတယ် (မှန်ပါ့)၊ ဖြစ်မှု, ပျက်မှု ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဒုက္ခသစ္စာ တစ်လုံးတည်း ဆိုရင် ခင်ဗျားတို့ အလျှော့ နောက် ထပ်မခိုင်းနဲ့တော့ မရဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒုက္ခသစ္စာရှု
ဘာရှုရမတုံး (ဒုက္ခသစ္စာ ရှုရပါမယ် ဘုရား)၊ အဲဒီ ဒုက္ခသစ္စာ တစ်လုံးတည်းရှု၊ ဒီထက် လျှော့လို့တော့ မဖြစ်တော့ဘူး၊ အိပ်နေ ရုံပဲ ရှိတော့တယ် (မှန်ပါ့)၊ ဒုက္ခသစ္စာ တစ်လုံးတည်း ရှုလိုက်ရင် ပြီးတာပဲ၊ မပြီးသေးဘူးလား (ပြီးပါတယ်ဘုရား)။
ကဲ ဒါဖြင့် ခင်ဗျားတို့ ကာယာနုပဿနာ ကြိုက်လဲ ဖြစ်ပျက်ရှု (မှန်ပါ့)၊ ဒုက္ခသစ္စာပဲရှု (မှန်ပါ့)၊ ဝေဒနာနုပဿနာ ကြိုက်ကော (ဖြစ်ပျက် ရှုပါမယ် ဘုရား)၊ ဓမ္မာနုပဿနာ ကြိုက်ကော (ဖြစ်ပျက် ရှုပါမယ် ဘုရား)၊ စိတ္တာနုပဿနာ ကြိုက်ကော (ဖြစ်ပျက် ရှုပါမယ် ဘုရား)။
ဒီအထဲ အကုန်ဝင်တာပဲ (မှန်ပါ့)၊ မြတ်စွာဘုရား ဉာဏ်ကြီး ဘယ်လောက် ကြီးသတုံးဟင် (မှန်ပါ့)၊ အင်မတန် ကြီးကျယ်တယ် (ကြီးကျယ်ပါတယ် ဘုရား)။
သို့သော် ခင်ဗျားတို့ ပြောတတ်တဲ့ ပုဂ္ဂိုလ်က ပြောလို့သာ ခင်ဗျားတို့က နားလည်တာ၊ နို့မဟုတ်လို့ရှိရင် ဝေဒနာမှ နိဗ္ဗာန်ရောက်တယ် ထင်ချင် ထင်နေတာ (မှန်ပါ့)။
စိတ်မှ နိဗ္ဗာန် ရောက်တယ်လို့ ထင်ချင် ထင်နေတာ (မှန်ပါ့)၊ မဟုတ်ဘူးတဲ့၊ နောက်ဆုံး နိဂုံးချုပ်တော့ ဖြစ်ပျက် မြင်ကြဖို့ပါပဲ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီဘုရား)။
ဘာမြင်ကြရမလဲ (ဖြစ်ပျက် မြင်ရပါမယ် ဘုရား)၊ နို့ ဝေဒနာ ရှုတာမှမဟုတ်ဘဲ ခင်ဗျားတို့ သမုဒယနဲ့ ဝယရှုတာ (မှန်ပါ့)၊ သမုဒယ ဆိုတာ ဖြစ်တာ၊ ဝယဆိုတာ ပျက်တာ (မှန်ပါ့)၊ သမုဒယ နဲ့ ဝယရှုတာပဲ (မှန်ပါ့)။
နောက်ဆုံးပိတ်ကျတော့ ဘာတွေ့သတုံး (ဖြစ်ပျက်တွေ့ပါ တယ်ဘုရား)၊ ဖြစ်ပျက် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒီ ဒုက္ခသစ္စာ တစ်လုံးတည်း ရှုရမှာ၊ ရလိုက်ရင် သမုဒယသစ္စာ ပယ်မယ်၊ မပယ်ဘူးလား (ပယ်ပါတယ်ဘုရား)။
ကဲ ဒါဖြင့် ဒုက္ခသစ္စာ တစ်လုံးတည်း ခင်ဗျားတို့ ရှုရတော့ မယ်၊ ဒုက္ခသစ္စာ တစ်လုံးတည်း ရှုရတော့မယ် ဆိုတော့ ဖြစ်ပျက် တစ်ခုတည်းပဲ (မှန်ပါ)။
ဖြစ်ပြီး ပျက်တာချည့်ပဲ ရှိတယ်ဆိုတော့ သြော် ဖြစ်,ပျက် ဆိုတာ သစ်ပင်လဲ ဖြစ်,ပျက်ပဲ၊ တောတွေတောင်တွေလဲ ဖြစ် ပျက်ပဲ၊ ရုပ်နာမ်ရှိတဲ့ ဟာတွေမှာကော (ဖြစ်,ပျက်ပါဘုရား)၊
ဖြစ်,ပျက်ချည့်ပဲလို့ဆိုတော့ ခင်ဗျားတို့ မြင်သရွေ့ ဖြစ်ပျက်ရှုရမယ် ဆိုတော့ ရှုပ်သွားတယ် (မှန်ပါ့)၊ မြင်သရွေ့ ဖြစ်ပျက်ရှုရမယ် ဆိုတော့ (ရှုပ်သွားပါတယ် ဘုရား)၊ ရှုပ်သွားတယ် ဉာဏ်က မငုံနိုင်ဘူး (မှန်ပါ့)။
စိတ္တာနုပဿနာရှုနည်း
ဉာဏ်က မငုံနိုင်တော့ ဘုန်းကြီးက ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ် စိတ္တာ နုပဿနာရှု (မှန်ပါ့)၊ ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ် (စိတ္တာနုပဿနာ ရှုရပါမယ် ဘုရား)။
အဲဒီတော့ စိတ်ကို ဘုန်းကြီးက ခင်ဗျားတို့ကို ဟောရမယ် (မှန်ပါ့)၊ ဖြစ်ပျက်တော့ ဖြစ်ပျက်ပဲ၊ စိတ်ဖြစ်ပျက် ဟောရတော့မှာပဲ (မှန်ပါ့)။
အဲ စိတ်ဝေဖန်ကြစို့ ၊ စိတ်ကို ဝေဖန်ကြစို့ဆိုတော့ စိတ်ဟာ ဘုရားက ဟောထားတာက သတိပဋ္ဌာန် ပါဠိတော်မှာ ကာမစိတ်၊ ရူပစိတ်၊ အရူပစိတ်၊ လောကုတ္တရာစိတ် (မှန်ပါ့)၊ ဘုရားက ကာမရူပ၊ အရူပ၊ လောကုတ္တရာလို့ ဝေဖန်ထားတယ် (မှန်ပါ့)။
အဲဒီတော့ ကာမစိတ်၊ ဪ ဒါ ခင်ဗျားတို့နဲ့ ကိုက်တယ် ကာမဘုံသား (မှန်ပါ့)၊ ရူပ, အရူပ, လောကုတ္တရာ ဆိုတော့ – ကိုက်ပါ့မလား (မကိုက်ပါ ဘုရား)၊ အဲဒီတော့ ဒါကိုလဲ နှုတ်တက် ရသေးတယ် (မှန်ပါ့)၊ ဒါ နှုတ်မတက်ရင် သွားပြီ (မှန်ပါ့ ဘုရား)။
ဒါမနှုတ်လို့ရှိရင် ပါဠိတော်က အကုန် ဆိုတယ်၊ မင်းက ဘာဘုံသားတုံး မေးမှာပဲ (မှန်ပါ့ ဘုရား)၊ ပါဠိတော်က ကာမ ပုဂ္ဂိုလ်လဲ သူဟောတယ်၊ ရူပ ပုဂ္ဂိုလ်ကော (ဟောပါတယ် ဘုရား)၊ အရူပ ပုဂ္ဂိုလ်ကော (ဟောပါတယ် ဘုရား)၊ လောကုတ္တရာ ပုဂ္ဂိုလ်ကော (ဟောပါတယ်ဘုရား)၊
ခင်ဗျားက ဘာပုဂ္ဂိုလ်တုံး (ကာမ ပုဂ္ဂိုလ်ပါဘုရား)၊ ကာမပုဂ္ဂိုလ်ဖြစ်ရင် ရူပစိတ် ခင်ဗျား သန္တာန် ရှိပါ့ မလား (မရှိပါဘုရား)၊ အရူပစိတ်ကော (မရှိပါဘုရား)၊ လောကုတ္တရာစိတ်ကော (မရှိပါဘုရား)။
အဲ ရှိတာကိုရှု၊ မရှိတာရှုရင် ပညတ် ဖြစ်သွားမယ်၊ ဒါ ဝေဖန်ရသေးတယ် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အလုပ်ပေးနည်းက မလွယ်ဘူး (မှန်ပါ့၊ မလွယ်ပါဘုရား)၊
ဒါ့ကြောင့် တစ်နေ့က ရန်ကုန် မင်းကွန်းက ဘုန်းကြီး တပည့် ကလေးတွေ တရားဟော ရသေးတယ်၊ မိုးကုတ် လိုက်လာတယ် (မှန်ပါ့)၊ မင်းတို့ အလွဲတွေ ရှောင်လုပ်မနေနဲ့၊ မင်းတို့ ဘုရားက ဟောထားတာက ကာမပုဂ္ဂိုလ် ကာမစိတ်တွင် ရှုနိုင်တယ်၊ ဘုရားမှာတော့ ပရိနိဗ္ဗာန် စံမှာမို့ ပုဂ္ဂိုလ်စုံ အတွက် အကုန် ဟောခဲ့ရ တယ်၊ မင်းတို့က ရန်ကုန်သူတွေ ဟောနေတာ ပုထုဇဉ် တွေဟာတော့ ကာမပုဂ္ဂိုလ် ကာမစိတ် ကွက်ပြီးတော့ အရှုခိုင်း (မှန်ပါ့)။
သြော် ဒီလိုပါလားလို့ အဲဒီကျမှ ရိပ်မိတယ် (မှန်ပါ့)၊ နို့မို့ ပါဠိတော် အတိုင်း သွားနေမယ် (သွားပါတယ် ဘုရား)။
ပါဠိတော်ကတော့ အကုန် သိမ်းကြုံးပြီး ဟောတာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ပါဠိတော်ဆိုတိုင်း အကုန် လိုက်မလား ကိုယ်နိုင်ရာ ကိုယ်လုပ်ရမှာလား (ကိုယ်နိုင်ရာ ကိုယ်လုပ်ရမှာပါ ဘုရား)။
အံမာလေး မနည်းစစ်ရပါလား (မှန်ပါ့)၊ ကိုယ်နိုင်ရာ ကိုယ်လုပ်ရမယ် (မှန်ပါ့ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ အများဆုံးဖြစ်တာ ၃၇ ပဲ ရှိတယ် (မှန်ပါ့)၊ ဒါပဲ လှည့်ပေါ်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
ခင်ဗျားတို့သန္တာန်မှာ (၃၇-ပဲ ပေါ်ပါတယ် ဘုရား)၊ ဒါပဲ။ အကုသိုလ်က ၁၂ ခု၊ ဒါကတော့ ခင်ဗျားတို့ တစ်ခုမှ မပယ် သေးတာ ပေါ်ချင်တာ ပေါ်မယ် (မှန်ပါ့)၊ အဟိတ်စိတ်က ၁၈ ရှိတယ်၊ ၁၈ ပါးရှိပေမယ့် ရဟန္တာမှာ သာဖြစ်တဲ့ ဟသိဘုပ္ပါဒ် စိတ်တစ်ခု နုတ်လိုက်တော့ သူကလဲ ဘယ်လောက် ရမလဲ (၃၇ ခု ရပါတယ်ဘုရား)၊ အေး ဒါပဲရမယ် ဟုတ်လား (မှန်ပါ့ဘုရား)။
အဲဒီတော့ မဟာကုသိုလ်စိတ် ၈ ခုထည့်လိုက် (၃၇ ခုပါ ဘုရား)၊ ဝိပါတ်တွေဆိုတာ ခင်ဗျားတို့ သန္တာန် အများအားဖြင့် အိပ်မှဖြစ်တာ၊ ဒါကို ခင်ဗျားတို့ ရှုလို့ဖြစ်မှာ မဟုတ်ဘူး (မှန်ပါ့)။
သြော် တို့ရှုရမှာ ၃၇ ထဲမှာလား၊ ဒါ ရ ဒါထဲပါမှ အဖိုးတန်မယ် (မှန်ပါ့)၊ ရမ်းရူလို့ မဖြစ်ဘူး၊ ၃၇ ထဲပေါ်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
၃၇ ကို တစ်ခါ ဘုန်းကြီးက ဟ ၃၇ တောင် များလှတယ်။ ဒါ ပညာသည်ဆိုတော့ ချုံးပြနိုင် တာကိုး (မှန်ပါ့)။
ဟာ ၃၇ ကို ဒီလို မနေနဲ့ ကြာတယ်၊ ၃၇ ပေါ်တိုင်းလဲ ခင်ဗျားတို့ ထင်ရှားနေတဲ့ နေရာကိုရှု ဆိုတာတော့ မြင်စိတ် (မှန်ပါ့)။ မလာဘူးလား၊ မြင်စိတ် ဆိုတော့ ခင်ဗျားတို့က သိပြီ၊ ဒါ ၃၇ ထဲကပဲ (မှန်ပါ့)၊ ကြားစိတ် ဟုတ်လား (မှန်ပါ့ ဘုရား)၊ နံစိတ် စားစိတ် သဘောကျပလား (ကျပါပြီဘုရား)၊ ယားယံ နာတဲ့စိတ် ကိုယ်စိတ်ပေါ့လေ၊ ကာယဝိညာဏ်စိတ် (မှန်ပါ့)၊ ကောင်းစိတ် ကိုယ်ပေါ်မှာ သုခစိတ် (မှန်ပါ့)၊ သုခ သဟဂတံ ကာယဝိညာဏ (မှန်ပါ့)၊
ဒါ အပြင်ဧည့်သည် ခြောက်ယောက်ကွ၊ ဘုန်းကြီးက တစ်ခါ ချုံးလိုက်ပြန်တယ် (မှန်ပါ့ ဘုရား)။
ပြီးတော့မှ မင်းတို့သန္တာန်မှာ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ် ဟုတ်လား (မှန်ပါ့)၊ ပြီးတော့မှ အလောဘ၊ အဒေါသ၊ ဟော ဒါ အတွင်းဧည့်သည် ဆိုတာ ဝမ်းထဲပေါ်တာ (မှန်ပါ့ ဘုရား)၊ အတွင်းမှာလဲ သူတို့ငါးခု ပြိုင်ပေါ်တာ မဟုတ်ဘူး၊ တစ်ခုစီ ပေါ်တာ (မှန်ပါ့)။
ပြီးတော့ အိမ်သည် နှစ်ခု ရှိသေးတယ် ဆိုတာက မရှုဘဲ မရှိုက်ဘဲ မနေနိုင်လို့ လေထုတ် တဲ့စိတ်၊ လေရှိုက်တဲ့စိတ် (မှန်လှပါ ဘုရား)။
အဲဒီမှာ အမောဟ ချန်ပစ်ခဲ့တယ်၊ ဘာဖြစ်လို့ ချန်ပစ်ခဲ့သတုံး ဆိုတော့ ရှုရမည့် တရား ဖြစ်လို့ ချန်ပစ်ခဲ့တယ် (မှန်ပါ့)၊ ဒါတွေ ကတော့ အရှုခံ တရားမို့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊
မြင်စိတ် (ကြားစိတ်၊ နံစိတ်၊ စားစိတ်)၊ ယားနာတဲ့စိတ်၊ ကောင်းတဲ့စိတ်၊ ဒီ ကိုယ်ပေါ်မှာ ချည့်ပေါ်တာ (မှန်ပါ့)၊ အပြင် ဧည့်သည်ခြောက် ယောက် (မှန်ပါ့)။
ဒါ အပြင်မှာပေါ်တာ၊ စာလိုတော့ အဇ္ဈတ္တိကာယတန၊ ဒါပေမယ့် ကိုယ့်သန္တာန်မှာ ဒါ အပြင်ဘက်ပေါ်လို့ အပြင်ဧည့်သည်သာမှတ်လိုက် (မှန်ပါ့)၊ အပြင်မှာပေါ်လို့ အပြင် ထာဝရ မပေါ်လို့ ဧည့်သည် (မှန်ပါ့)၊ ဒါကြောင့် ပေါင်းလိုက်သော် အပြင် ဧည့်သည် (မှန်ပါ့)။
အတွင်းဧည့်သည်က ငါးခု၊ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ (မှန်ပါ့)။
အမောဟ ဘာဖြစ်လို့မပါသတုန်း မရှုရမှာကြောင့် (မှန်ပါ့ ဘုရား)၊ အမောဟက နေပြီး အကုန်ရှုမှာ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီဘုရား)။
ကဲ ဒါဖြင့် ဒါက လေထုတ်တဲ့စိတ်၊ ဒါက လေပြန်ရိုက်တဲ့ စိတ် (မှန်ပါ့)၊ သူက အိမ်သည် နှစ်ခု၊ အိမ်သည် နှစ်ခုဆိုတော့ သက်စောင့် (မှန်ပါ့)၊ သူမရှိ သေသွားမယ် (မှန်ပါ့၊ သေရမှာပါ ဘုရား)။
ကဲ ဒါဖြင့် ခင်ဗျားတို့ ဒီနေ့ အလုပ်စ,ပေးပြီ (မှန်ပါ့)၊ ဒါပေါ်ရင် ဒါဖြစ်ပျက်လိုက် (မှန်ပါ့)၊ ဒါပေါ်ရင် (ဖြစ်ပျက် ကြည့်လိုက်ရပါမယ် ဘုရား)။
အဲ အပြင်ဧည့်သည်ပေါ်ရင်လဲ တစ်ခုစီ ပေါ်မှာပဲ၊ အကုန်ဖြစ် ပျက်လိုက် (မှန်ပါ့)၊ အတွင်းဧည့်သည် ငါးယောက် တစ်ယောက်ယောက်ပေါ်ရင် (ဖြစ်ပျက် လိုက်ရပါမယ် ဘုရား)၊
ဘာမှမရှိဘူး ဆိုရင် ဒီနှစ်ခုလှည့်ရှု (မှန်ပါ့)၊ ပေါ်ရင် ပြန်လိုက်၊ သဘောပါ ပလား (ပါ,ပါပြီဘုရား)။
ဒါဖြင့် စိတ်ဘယ်နှစ်မျိုးပြသတုံး ကြည့် (ဆယ့်သုံးမျိုးပါ ဘုရား)၊ အဲ သုံးဆယ့်ခုနစ်ခုကို ချုံးလိုက်ရင် ဒါပဲရှိတယ် (မှန်ပါ့)။
သုံးဆယ့်ခုနှစ်ကို ချုံးလိုက်ရင် (ဆယ့်သုံးပဲ ရှိပါတယ် ဘုရား)၊ အဲ ဆယ့်သုံးမျိုးပဲ ရှိတယ်၊ ဘာဖြစ်လို့တုံး ဆိုတော့ ဟိုမှာတော့ အင်မတန် ကျယ်ဝန်း အောင်ပြတယ် (မှန်ပါ့)၊ ဒွိဟိတ် ပုဂ္ဂိုလ်ရော တိဟိတ် ပုဂ္ဂိုလ်ပါပြတယ် (မှန်ပါ့ ဘုရား)၊ ဒါက ခင်ဗျားတို့က ဒွိဟိတ်ဖြစ်ဖြစ်၊ တိဟိတ်ဖြစ်ဖြစ် ဒါတော့ ပေါ်ရမယ် (မှန်ပါ့)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
လောဘမပေါ်နဲ့ဆိုလို့ မရဘူး၊ အကြောင်း တိုက်ဆိုင်ရင် ပေါ်ရမှာပဲ (မှန်ပါ့)၊ ဒေါသ မပေါ်ပါနဲ့ ဆိုလို့ မရဘူး၊ မောဟ မပေါ်ပါနဲ့ဆိုလို့ မရဘူး၊ အကြောင်း တိုက်ဆိုင်ရင် ပေါ်မှာပဲ။ ပယ်မှ မပယ်သေးဘဲကိုး (မှန်ပါ့)။
အလောဘဆိုတဲ့ လှူချင်, တန်းချင်တာကော၊ အဒေါသဆိုတဲ့ မေတ္တာကော (ပေါ်ပါတယ် ဘုရား)၊ ရှူမှု၊ ရှိုက်မှုကကော ကင်းရဲ့လား (မကင်းပါ ဘုရား)။
အဲဒီတော့ အပြင်ဧည့်သည် ၆၊ အတွင်းဧည့်သည် ၅၊ အိမ်သည် ၂ ကို ခင်ဗျားတို့ အမောဟနဲ့ ရှု (မှန်ပါ့)။
အမောဟက သူချည့် တစ်ခုတည်းဖြစ်လေ့ မရှိသောကြောင့် ၅ ခုပြတယ် (မှန်ပါ့)၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊သမ္မာသတိ၊ သမ္မာသမာဓိ၊ ဒီ ၅ ခုနဲ့ ရှု (မှန်ပါ့)။
ဓမ္မကို ဓမ္မနှင့်ရှု
ရှုတာ ဘယ်သူတုံးလို့ မေးရင် ဓမ္မ (မှန်ပါ့)၊ အရူခံတာ ဘယ်သူတုံးလို့ မေးရင် ဓမ္မပဲ၊ ဓမ္မကို ဓမ္မနဲ့ရှု (မှန်ပါ)၊ ဓမ္မကို ဓမ္မနဲ့ ရှုဆိုတော့ ဘုန်းကြီးက အထူး ပြောဖို့ မလိုတော့ဘူး၊ သက္ကာယ ဒိဋ္ဌိပြုတ်တယ် (မှန်ပါ့)။ မပြုတ်သေးဘူးလား (ပြုတ်ပါတယ် ဘုရား)။
ဓမ္မကို (ဓမ္မနဲ့ ရှုရပါမယ်)၊ အဲဒါဟာ ပြီးသွားတာပေါ့၊ ဓမ္မကို ဓမ္မနဲ့ရှုနေရတာ သိလို့ရှိရင်ဖြင့် သက္ကာယဒိဋ္ဌိပြုတ်ပြီ (မှန်ပါဘုရား)။
ဓမ္မကို ဓမ္မနဲ့ ရှုနေရင် (သက္ကာယ ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)၊ ဒီဓမ္မတွေဟာ အကြောင်းကင်း ဖြစ်တာ မဟုတ်ဘူး၊ အကြောင်းကြောင့် ဖြစ်တယ်လို့ သိနေလို့ရှိရင် ဝိစိကိစ္ဆာ ပြုတ်ပြီ (မှန်ပါ့ ဘုရား)။
ဒီဓမ္မတွေဟာ အလိုလို ပေါ်တာလား၊ အကြောင်း ကြောင့်ဖြစ် တာလား (အကြောင်း ကြောင့် ဖြစ်တာပါ)၊ အဲ အကြောင်း ကြောင့် ဖြစ်တယ် ဆိုတော့ အကြောင်း ကြောင့်ဖြစ်တဲ့ အကျိုး တရား တွေပဲလို့ သိနေလို့ ရှိရင် ဝိစိကိစ္ဆာ ပြုတ်ပြီ (မှန်ပါဘုရား)။
ညနေအားထုတ် မနက်ရမယ်၊
အဲဒါကြောင့် ဒီသမ္မသနဆိုတဲ့ ဝိပဿနာဉာဏ် ခင်ဗျားတို့ ယနေ့စပြီး (မှန်ပါ့)၊ ဘာမှမရှိရင် ဒါကလေး ရှုနေ (မှန်ပါ့)၊ ပေါ်ရင် ပေါ်ရာလိုက်၊ သဘောကျပလား (ကျပါပြီဘုရား)။
အဲဒီတော့ ဖြစ်ပျက် မဂ်၊ ဖြစ်ပျက် မဂ်၊ ဖြစ်ပျက် မဂ်ကြား က ကိလေသာ ကြားမခြားဘူး၊ ဒါနဲ့ဒါနဲ့ ကြားမှာ မခြားတော့ဘူး ဆိုရင် ညနေ အားထုတ်၊ မနက်ရမယ် (မှန်ပါ့)၊ မနက် အားထုတ် ရင် (ညနေ ရပါမယ်)၊ မရရင် ခင်ဗျားတို့ ကြားခြားလို့ ဆိုတာ ကျုပ်က ဆုံးဖြတ်ချက် ချပြီ (မှန်ပါ)၊
ဘယ့်နှယ်နေသတုံး မေးလို့ ရှိရင် တယ် ကိလေသာ ပေါတဲ့ လူတွေဗျာ (မှန်ပါ့)၊ ဒါပဲ ဆိုရမှာပဲ။ ဒီပြင် ဘာဆိုစရာရှိသေးသတုံး (ဒါပဲဆိုရမှာပါဘုရား)။
ဘုရားက ညနေအားထုတ် မနက်ရ, ရမယ်တဲ့၊ မနက် အားထုတ် ညနေ ရရမယ် ဆိုတော့ မရသေးဘူး ဘုရာ့၊ မရရင် ကိလေသာ ကြားခိုတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။