ပြုံးမယ်များကြံရင်၊ စဉ်းစားပါဦး (တောဒေယျပုဏ္ဏား)
အသံဖိုင်ခေါင်းစဉ်= အမှောင်းငါးစင်း အလင်းငါးချက် အမှတ်(၂)
စာအုပ်ခေါင်းစဉ်= ပြုံးမယ်များကြံရင်၊ စဉ်းစားပါဦး (တောဒေယျပုဏ္ဏား)
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့၌ ဟောကြားတော်မူသောတရားတော်
ပြုံးမယ်များကြံရင်၊ စဉ်းစားပါဦး
(တောဒေယျပုဏ္ဏား)
(၅-၅-၆၁)
အဝိဇ္ဇာဆိုတာ ဘာပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် အကျဉ်းချုပ်တော့ အဝိဇ္ဇာဆိုတာ သစ္စာလေးပါး မသိတာလို့ မှတ်ထားလိုက်ကြစမ်းပါ။ အကျယ်ချဲ့ပြီး သကာလ ဘုရားဟော တော်မူတာကို အရှင်ဘုရား ပြောပါ ဆိုလို့ရှိရင်ဖြင့် မသိကောင်း တာကို သိတာ အဝိဇ္ဇာ။ သိကောင်းတာ မသိတာ အဝိဇ္ဇာ သေသေချာ ချာမှတ်ပါ (မှန်ပါ)။
အဝိဇ္ဇာဆိုတာ
မသိကောင်းတာကို သိတာက (အဝိဇ္ဇာပါ) သိကောင်းတာကို မသိတာက (အဝိဇ္ဇာပါ)၊ ဪ တယ် ဆိုးတဲ့တရားပါကလား ဆိုတာ ပေါ်လာကြပြီလား (ပေါ်လာပါပြီ)။
ဘယ်လောက်အရုပ်ဆိုးတဲ့ တရားလဲဆိုတာ ဒကာ ဒကာမတို့ သိရောပေါ့ဗျာ (သိပါပြီ ဘုရား) မသိကောင်းတာ ကျတော့ သူက သိလိုက်တာလွန်လို့။
သိကောင်းတာကျတော့ လည်း လုံးဝမသိဘူး ဆိုတော့ အင်မတန်အရုပ်ဆိုး အကျည်းတန် ပြီး သကာလ နေတဲ့တရားကို ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကသော် လည်းကောင်း၊ ဘုရား၏ တပည့်သားများက သော်လည်းကောင်း၊ ကယ်တင်မှု မရှိလို့ရှိရင်ဖြင့် မသိကောင်းတာကို သိနေပြီး သိကောင်းတာကို လုံးဝရှောင်ကွင်း လိမ့်မယ်လို့ မှတ်ထားကြစမ်း ပါ (မှန်ပါ)၊ ဘယ်လောက်ဆိုးတဲ့ တရားလဲ ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
မသိကောင်းတာသိတာ
ကောင်းပြီ- ဒါဖြင့် အခု ထင်ထင်ရှားရှား ပြောကြပါစို့ ဆိုရင်ဖြင့် ဥပမာ- ငါးတွေထောင်တဲ့ ပိုက်ကွန်တွေ ဘာတွေ၊ ငါးကို မမိ-မိအောင် ဖမ်းနိုင်တဲ့ ခဲတွေ ဘာတွေဆွဲပြီး သကာလ ပိုက်တွေ ဘာတွေ ထိုးကြတဲ့ ဒီဉာဏ်တွေဟာ ကိုစောမောင် မသိ ကောင်းတာကို သိထားတာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ အဲဒါ ဘာခေါ်ကြမယ် (အဝိဇ္ဇာပါ ဘုရား)။
အခု အနောက်နိုင်ငံမှာဖြစ်နေတဲ့ အဏုမြူတွေဟာ သတ္တဝါတွေ သေရာသေကြောင်းကို သူတို့ဓာတ်တွေ ဖမ်းနိုင် တယ်ဆိုတဲ့ ဥစ္စာတွေဟာ မသိကောင်းတာသိထားတာ (မှန်ပါ)။ အဲဒါကို ဘာဆိုကြမလဲ (အဝိဇ္ဇာပါ ဘုရား)။
အဲဒီတော့ အဝိဇ္ဇာဟာ ဒကာ ဒကာမတို့ သူကြီးပွားလာ တယ်ဆိုတာဟာ မောင်နိုင်တို့ ကိုစံလှတို့ အထူးပြောဖို့ မလိုတော့ ဘူး (မှန်ပါ ဘုရား)။
သာသနာတော်ဆုတ်လေ၊ လောကဓာတ်ထက်လေ
ဘုရားသာသနာတော်ကြီး ဆုတ်ဆုတ်-ဆုတ်ဆုတ်သွား လေလေ ခင်ဗျားတို့ ကျုပ်တို့အပေါ် လောကဓာတ်က ထက် လေလေဆိုတာ သဘောကျကြပြီလား (ကျပါပြီ ဘုရား)။
အဝိဇ္ဇာတည်းဟူသောတရား ထက်မြက် ထက်မြက်လာ တာတွေလို့ သေသေချာချာ မှတ်ပါ (မှန်ပါ)။ သူတို့အနောက် နိုင်ငံသားတွေဟာ တယ်ပြီး ဉာဏ်ကောင်းတယ်လို့ ဒီလိုမယူလိုက် ပါနဲ့ မောင်နိုင် (မှန်ပါ)။ မသိကောင်းတာကို သိတာ ဘာခေါ်ကြမယ် (အဝိဇ္ဇာပါ ဘုရား)၊ အဲ ရှေးက လူသတ် ဖို့ကို ဒါလောက် ထက်ထက်မြက်မြက် သူတို့ သိပါရဲ့ လား (မသိပါဘူး)။
အခုတော့ အဏုမြူ(atom)တွေ ဖမ်းပြီး သကာလ ကောင်းကင်ကနေပြီး ဗုံးထဲထည့် ခွဲရလို့ ရှိရင်ဖြင့် မည်သူမှ မကျန် ဘူး။ အကုန်သေနိုင်တယ်ဆိုတဲ့ ဉာဏ်ဟာ ကိုစောမောင် ရသွား ပြီ (မှန်ပါ)။
ဒါဟာ သာသနာနောက်ဆုတ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ခင်ဗျားတို့အခု အမြင်အထင် အားဖြင့် မသိကောင်းတာသိတဲ့ အဝိဇ္ဇာ ထက်မြက်လာတယ်ဆိုတာသာ ကြည့်ကြပေတော့ (မှန်ပါ)။ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် မသိကောင်းတာ သိတာကိုဘာခေါ်ကြမယ် (အဝိဇ္ဇာပါ)။
ကံကောင်းအကြောင်းသင့်လို့
သိကောင်းတာ မသိတာကတော့ဖြင့် သစ္စာသိမှ နိဗ္ဗာန် ရောက်မှာ။ သစ္စာကျတော့ အခု ဒီမှာ ဆရာကောင်း သမားကောင်းတွေ့လို့သာ ကြားကြ သိကြရသေးတာကိုး ကိုစောမောင် (မှန်ပါ)။ တချို့နေရာမှာ ရှိလိမ့်မယ်များ ကိုစောမောင် ထင်သလား (မထင်ပါဘူး ဘုရား)။ မထင်နဲ့တော့ ကွယ်ကို နေပါတယ် (မှန်ပါ)။
အဲဒါ အင်မတန်ကံကောင်း အကြောင်းသင့်ပြီး ကိုစံလှ တို့ ကြုံကြဆုံကြတယ် မှတ်ရမယ်နော် (မှန်ပါ)၊ သိကောင်း တာကို ကျုပ်တို့သိရသေးတယ် (မှန်ပါ)။
အနောက်နိုင်ငံတွေ ဘာတွေမှာဆိုတော့ အခု အပြိုင် အဆိုင်လုပ်နေကြတာသည် မသိကောင်းတာ သိဖို့ ကြိုးစားနေကြတာ (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ)။
ဒါဖြင့် အဝိဇ္ဇာသည်ကားလို့ဆိုရင် ယနေ့ပြောတဲ့ အဓိပ္ပါယ်ဟာ မသိကောင်းတာသိတာ အဝိဇ္ဇာ၊ သိကောင်းတာ ကို မသိတာလဲ (အဝိဇ္ဇာပါ ဘုရား)။
မိစ္ဆာဉာဏ်လို့မှတ်
ဪ အဝိဇ္ဇာဟာ တယ်စွမ်းရည်သတ္တိထက်ပါ လားဆိုတော့ သေသေချာချာ ခင်ဗျားတို့ မှတ်ကြတော့။ အတိုကောက်နာမည်နဲ့ပြောလိုက်တယ်၊ မိစ္ဆာဉာဏ်လို့ မှတ်လိုက်စမ်း ပါ (မှန်ပါ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (မိစ္ဆာဉာဏ်ပါ ဘုရား)၊ မိစ္ဆာ ဉာဏ်လို့ ဒကာ ဒကာမတွေက မှတ်လိုက်တော့ အခု ကျောက်တွေ ဘာတွေ အမျိုးမျိုး အဖုံဖုံ ရောင်းကြဝယ်ကြ ပယောဂတွေ ဝင်ပြီး သကာလ ဉာဏ်ကွန့်ပြီး လုပ်ကြံကိုင်ကြတာတွေလည်း ရှိ သေးတာပေါ့။ ဒါတွေလည်း ဘာဉာဏ်လို့ ခေါ်ကြမလဲ (မိစ္ဆာ ဉာဏ်ပါ ဘုရား)။
မိစ္ဆာဉာဏ်ဆိုတော့ တရားကိုယ်ကောက်လိုက်တော့ မသိကောင်းတာ၊ မလုပ်ကောင်းတာကို လုပ်တတ်တဲ့ အဝိဇ္ဇာပဲ (မှန်ပါ)။ သိကောင်းတာ လုပ်ကောင်းတာကိုတော့ မသိ၊ မလုပ်တတ်တာဘဲလို့ ကိုစံလှ သေသေချာချာ မှတ်စမ်းပါ (မှန်ပါ)။ အဝိဇ္ဇာ၏ စွမ်းရည်သတ္တိနေကြပြီလား (ပေါ်ပါပြီ ဘုရား)။
မိစ္ဆာဉာဏ်ဆိုတာ အဝိဇ္ဇာ
ဪ တယ်ဆိုးပါကလား ဒကာ ဒကာမတို့။ ဒီလိုပြောလိုက်ရင် ဒီလိုဆိုလိုက်ရင် ဒီလူဟာ ပါလာရဲ့။ ဒီလို ရောင်းသွားတယ်၊ ဒီလိုဝယ်သွားတယ်ဆိုတဲ့ဉာဏ်တွေဟာလည်း ကိုစောမောင် ဘာထင်သတုံး ( အဝိဇ္ဇာပါ ဘုရား)၊ မိစ္ဆာဉာဏ် လေဗျာ။ မိစ္ဆာဉာဏ်ဆိုတာကတော့ အဝိဇ္ဇာပဲ မဟုတ်လား (မှန်ပါ)၊ ဒါတွေက မထွန်းကားဘူးလား၊ ထွန်းကားသလား၊ အကဲခတ်ကြပါ (ထွန်းကား ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မသိကောင်းတာ သိတာက ဘာခေါ်ကြမယ် (အဝိဇ္ဇာပါ)။ သိကောင်းတာ မသိတာကကော (အဝိဇ္ဇာပါပဲ)။
‘‘အဝိန္ဒိယံ ဝိန္ဒိတ ဝိန္ဒိယံ နဝိန္ဒတိကိ အဝိဇ္ဇာ’’ လို့ ဟောထားပြန်တော့ မသိကောင်းတာ သိတာ အဝိဇ္ဇာ၊ သိကောင်းတာကို မသိတာ အဝိဇ္ဇာဆိုတော့ ကျုပ်တို့ ခင်ဗျားတို့မှာ ဒီလူစုလောက်ပဲ သိကောင်းတာ သိနေသေးတာကိုးဗျ။
ဒီပြင်ဟာတွေကဖြင့် လောက၌ လည်တယ်ဆိုတာ ကိုစောမောင် အကဲခတ်လိုက်စမ်းပါ။ မသိကောင်းတာ သိတာချည့်ပဲ (မှန်ပါ)။
လူချီးမွမ်းခံနေရတယ်
လောကမှာ သူများမျက်ခုံးမွေး ပေါ်မှာ လမ်းလျှောက် သွားနိုင်တယ်ဆိုတဲ့ ဉာဏ်တွေဟာ ဘာခေါ်ကြမလဲ။ (မသိကောင်းတာ သိတာပါ ဘုရား)။ မသိကောင်းတာသိတော့ တရား ကိုယ် ကောက်လိုက်တော့ ဘာရသတုံး (အဝိဇ္ဇာပါ ဘုရား)။ အဲဒီ အဝိဇ္ဇာသမားတွေဟာ ယခုအခါမှာ မောင်နိုင်တို့ လူချီးမွမ်းခံနေရတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။
ဘာသမားကို လူချီးမွမ်းနေကြသတုံး (အဝိဇ္ဇာသမား ကို ချီးမွမ်းနေကြပါတယ်)။ ချီးမွမ်းတဲ့ သူကလည်း ဒကာ ဒကာမ တွေ။ သူကလည်း အဝိဇ္ဇာသမားပဲ (မှန်ပါ) ဟိုကလည်း သူ့ထက် ထက်တဲ့ အဝိဇ္ဇာနဲ့ လမ်းသွားနေတယ်လို့ ကိုစောမောင် ဆိုလိုက်ပါတော့ (မှန်ပါ)။ ချီးမွမ်းတဲ့လူကလည်း အဝိဇ္ဇာနဲ့ မသိလို့ ချီးမွမ်း တာပဲမဟုတ်လား (မှန်ပါ)။ ထိုပုဂ္ဂိုလ်ကလည်း သူ့ထက် ထက်တဲ့အဝိဇ္ဇာနဲ့ သူများ မျက်ခုံးမွေးပေါ် စင်္ကြံလျှောက် သွားနေတယ် ဆိုတဲ့ဥစ္စာလည်း လက်ခုပ်တီးတဲ့လူလည်း လူအပဲ အဝိဇ္ဇာပဲ။ ဟိုပုဂ္ဂိုလ်ကလည်း သူ့ဟာနဲ့သူ ဘဝင်မြင့်နေတာက လည်း ဘာဆိုကြမလဲ (အဝိဇ္ဇာပါ)။
ဘယ်လောက်များ ကြောက်စရာ ကောင်းတယ်ဆိုတာ ပေါ်ကြပြီလား ဒကာ ဒကာမတို့ (ပေါ်ပါပြီ ဘုရား)။ အဝိဇ္ဇာ၏ စွမ်းရည်သတ္တိဟာ မှောင်မိုက်လွန်းအားကြီးလို့ အမိုက်မှာ ထက်မြက် လွန်းလို့ အားလုံးပဲ ကိုယ်တို့လူစု ပြောလို့မကုန်အောင်ဘဲ သူ့အဓိပ္ပါယ်ဟာများပါတယ် (မှန်ပါ ဘုရား)။ ဘယ်လောက်ဆိုးတဲ့ တရားဆိုတာ သိကြပြီလား ဒကာ ဒကာမ တို့ (သိပါပြီ ဘုရား)။
မုဆိုးမွေးထားတဲ့သမင်မ
အဲဒီတော့ ဒီအဝိဇ္ဇာ လက်အောက်မှာ ဒကာ ဒကာမ တွေကနေကြတော့ အဝိဇ္ဇာဟာ မုဆိုးမွေးထားတဲ့ ယဉ်နေတဲ့ တောသမင်မနဲ့ တူတယ်တဲ့ (မှန်ပါ)။ ဒကာ ဒကာမတို့ မုဆိုး မွေးထားတဲ့ ယဉ်ကျေးနေတဲ့ တောသမင်မနဲ့ တူတယ်တဲ့ (မှန်ပါ)။
မုဆိုးဆိုတာကသေမင်း
ဒီတော့ သမင်မက- သမင်မလည်းဖြစ်ပြီး သကာလ နေပြန်တော့ မုဆိုးကလည်း မွေးထားပြန် (မှန်ပါ)၊ မုဆိုးဆို တာက သေမင်းလို့မှတ်လိုက်ကြစမ်းပါ (မှန်ပါ)၊ သမင်မက အဝိဇ္ဇာပါပဲ (မှန်ပါ)။
အဲဒီ သမင်မနဲ့တူတဲ့ အဝိဇ္ဇာက ဒကာ ဒကာမတို့ တော ထဲမှာ သမင်တွေကို ဖြားယောင်းပြီး သကာလ မုဆိုးရှိရာကိုခေါ်ခေါ် လာတာပဲ (မှန်ပါ)၊ မုဆိုးရှိရာ ခေါ်လာတော့ မုဆိုးသည် ပင်ပင်ပန်းပန်းနဲ့ သတ်ဖြတ်ဖို့ ဖြစ်ရသေးသလား (မဖြစ်ရပါ ဘူး)၊ လွယ်လွယ်ကူကူနဲ့ပဲ သတ်ဖို့ ဖြတ်ဖို့ ဖြစ်မလား (ဖြစ်ပါတယ် ဘုရား)။
အဝိဇ္ဇာက အောင်းသမင်မ
ဒီမှာလည်း ဇရာ၊ မရဏဆိုတဲ့ သေမင်း နှစ်ယောက်ဆီသို့ အဝိဇ္ဇာတည်းဟူသော အောင်းသမင်းမက ဒကာ ဒကာမတို့ သင်္ခါရတည်းဟူသော ကျော့ကွင်းတွေထဲ မတိုး တိုးအောင် လုပ် လိုက်ပါတယ် (မှန်ပါ)။
သင်္ခါရနှစ်ခုက ဘာနဲ့တူသတဲ့ (ကျော့ကွင်းနဲ့တူပါ တယ်)၊ အဝိဇ္ဇာက အောင်းသမင်မနော် (မှန်ပါ)။ ဇရာ မရဏက မုဆိုးနော် (မှန်ပါ)။ သင်္ခါရနှစ်ခုကျော့ကွင်းထဲကို မဝင် ဝင်အောင် အောင်းသမင်မက ဖြားယောင်းပြီး သကာလ ပို့တယ် (မှန်ပါ)။
ကုသိုလ်ကျော့ကွင်း၊ အကုသိုလ်ကျော့ကွင်း
ထိုကျော့ကွင်းနှစ်ခုထဲတော့ ကုသိုလ်ေ ကျာ့ကွင်းထဲဝင် လည်း ခန္ဓာရလို့သေပွဲဝင်မှာပဲ (မှန်ပါ)၊ အကုသိုလ်ကျော့ ကွင်းထဲဝင်တော့ (ခန္ဓာရလို့ သေပွဲဝင်မှာပါပဲ)။ ကြောက် စရာကြီးပါလား ဒကာ ဒကာမတို့ (မှန်ပါ)။
ဒါ အလင်းကိုပြချင်လို့ ဪ တယ်ဆိုးနေပါက လားဆိုတာ ပေါ်အောင်လို့ မောင်နိုင် ပဏ္ဏာသက ထုတ်ပြီး ပြော နေတယ် (မှန်ပါ)၊ ကိုစောမောင် ဒါ ဘယ်လောက်ဆိုးသတုံး (ဆိုးပါတယ် ဘုရား)။
အောင်းသမင်မက ဖြားယောင်းလာ
ဒကာ ဒကာမတို့ အဝိဇ္ဇာကဘာတဲ့ (အောင်း သမင်မနဲ့တူပါတယ်)၊ သင်္ခါရနှစ်ခုက မုဆိုး ထောင်ထားတဲ့ ကျော့ ကွင်းနှစ်ခုနဲ့တူတယ် (မှန်ပါ)၊ အောင်းသမင်မက ဖြားယောင်း လာလို့ရှိရင် ဒီကျော့ကွင်း တော့ဖြင့် တိုးမိတော့မှာပဲ (မှန်ပါ)၊ တိုး မိလို့ရှိရင် ပုထုဇဉ်မိုက်နဲ့တူတဲ့ ခန္ဓာဝန်ထမ်း သမားသည် မမိပေ ဘူးလား မိမလား (မိပါတယ် ဘုရား)၊
မိလို့ရှိရင် ဇရာ မရဏ တည်းဟူသော သေမင်းလက်ချက်နဲ့ အသက်ထွက် မယ် သာပြင်ပေရော့။ ဒီမုဆိုးရဲ့ စာဖတ်ဝါးဖတ်ဖြစ်ရတော့ မယ် (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
သင်္ခါရကျော့ကွင်းထဲက ပုထုဇဉ်မိုက်တွေ
ဘယ်လောက် ကြောက်စရာ ကောင်းတယ်ဆိုတာ ခင် ဗျားတို့ ဒီအတိုင်းနေတော့ ဘာမှ မသိဘူး။ အခု ဆရာသမားနား ရောက်လာတော့ သော် တယ်ပြီးနယ်ကျယ်ပါကလား။
လောကမှာသေပွဲဝင်တဲ့ ပုဂ္ဂိုလ်ဟူသရွေ့၊ နာပွဲဝင်တဲ့ပုဂ္ဂိုလ် ဟူသရွေ့ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မုဆိုးက ထောင်ထားတဲ့ ကျော့ကွင်း နှစ်ခုဆီသို့ အဝိဇ္ဇာ အောင်းသမင်မက ဖြားယောင်းပြီး သွင်းလိုက်တဲ့ အတွက် ပုထုဇဉ်မိုက်ဟူသရွေ့ သည် သင်္ခါရကျော့ ကွင်းထဲမှာ ဒါတွေလုပ်ပြီး သကာလ ခန္ဓာငါးပါးတည်းဟူသော အကောင်ကြီးဟာ အမိခံရတာပဲ သင်္ခါရပြင်ဘက် မထွက်နိုင်တော့ ဘူး (မှန်ပါ)၊ ထွက်နိုင်သေးရဲ့လား (မထွက်နိုင်ပါဘူး)။
အဲဒီတော့ ဇရာ မရဏတွေဟာ ကိုစောမောင် ခန္ဓာရ နေတော့ လိုက်ပြီးသတ်ရသလား၊ မိပြီးသား သတ်ရသလား (မိပြီးသား သတ်ရပါတယ်။)
မမိ မိအောင်ဖြားယောင်းလာတာ
တယ်လဲ ဒကာ ဒကာမတို့ အဝိဇ္ဇာတည်းဟူသော အောင်းသမင်မက ဖြားယောင်း ချက်ကလည်း တယ်ကောင်းပါ ကလား (ကောင်းပါတယ် ဘုရား)၊
မုဆိုးထောင်ထားတဲ့ ကျော့ကွင်းထဲ မမိ မိအောင် ဖြားယောင်းလာခဲ့တာလည်း အဝိဇ္ဇာ ၏ စွမ်းရည်သတ္တိ (မှန်ပါ)၊ ဒီကျော့ကွင်းထဲမှာ ပုထုဇဉ်မိုက်တွေ ဟူသရွေ့ကလည်း မမိဘူးလို့ ဆိုနိုင်ပါ့မလား (မဆိုနိုင် ပါဘူး)၊ ကုသိုလ်လုပ်မှကွ၊ ဆုတောင်းမှကွ ဘုံဘဝတွေ ဆိုတော့ ကျော့ ကွင်းနှစ်ခုထဲ မိတော့တာပဲ (မှန်ပါ)၊ မမိသေးဘူးလား (မိပါတယ် ဘုရား)၊
မိလိုက်ပြီဆိုမှဖြင့် ခန္ဓာကြီး မပေါ်လာသေးဘူးလား (ပေါ်လာပြီ ဘုရား)။ ခန္ဓာက ကျော့ကွင်းက မိနေတဲ့ခန္ဓာကိုး မောင်နိုင်ရ (မှန်ပါ)၊ ဘယ့်နှယ်လုပ်ပြေးမတုံးဟေ့ (မပြေးနိုင်ပါဘူး ဘုရား)၊ မပြေးနိုင်တဲ့ ဇရာ မရဏ လက်တွင်း ခေါင်းစင်းပြီးတော့သာ ဝင်လိုက်ပေတော့။ ပွဲသာ ဝင်ကြပေတော့ (မှန်ပါ)။
သေမင်းထောင်ထားတဲ့ကျော့ကွင်းနှစ်ခု
ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာတည်း ဟူသော အောင်း သမင်မက ဖြားယောင်းချက်က တယ်ကောင်း ပါကလား ဆိုလို့ရှိ ရင်လည်း မလွဲဘူးဆိုရမှာပဲ (မှန်ပါ)
ဘယ်ထိအောင် ဖြားယောင်းထားသတုံးဆိုတော့ သေမင်းထောင်ထားတဲ့ ကျော့ကွင်းနှစ်ခု ဆိုတဲ့ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ ဒီဟာနဲ့ ထောင်ထားတယ် (မှန်ပါ) ထောင်ထားတော့ ပုထုဇဉ်မိုက်က လည်းမသိတော့ ပုညာဘိသင်္ခါရနဲ့ အပုညာဘိသင်္ခါရကို လုပ်လိမ့်မယ် ကိုစောင်မောင် (မှန်လှပါ)၊ လုပ်လိုက်တဲ့။ အခါကျတော့ ခန္ဓာပေါ် မပေါ် (ပေါ်ပါတယ် ဘုရား)၊ ပေါ်ရင်သေမယ့်သာ ပြင်တော့ (မှန်ပါ ဘုရား)။
သေဖို့သာပြင်
ဘယ့်နှယ် ဆိုကြမလဲ (သေဖို့သာပြင်ပါတော့) သေ ဖို့သာပြင်တဲ့ ဆိုတဲ့ဥစ္စာဖြင့် ရှင်းရှင်းလင်းလင်းပဲ ဒကာ ဒကာမတွေကို ဟောပါတယ် (မှန်ပါ)၊
ဒါဟာ မလုပ်ကောင်း တဲ့ အကုသိုလ်နဲ့ မတောင်းကောင်းတဲ့ဆုဆိုတာကော ကျေနပ်ပြီ လား (ကျေနပ်ပါပြီ)၊ ဝဋ်ကျွတ်အောင် သစ္စာမြင်ပြီး ဒုက္ခသစ္စာကြီး ကျွတ်ချင်လို့ လုပ်တဲ့ကုသိုလ်မျိုးကိုတော့ ပုညာဘိသင်္ခါရသွားပြီး မဆိုနဲ့။ သဘောကျပြီလား (ကျပါပြီ)။
အဲဒီကုသိုလ်မျိုးကို ဆိုသည်မဟုတ်ပါဘူး၊ ဒီဘုံ အကြိမ် ကြိမ် ခံစားချင်တဲ့ ကုသိုလ်မျိုးဟာ မုဆိုးထောင်ထားတဲ့ကျော့ ကွင်း၊ သေမင်းထောင်ထားတဲ့ ကျော့ကွင်းသာ မှတ်ပေတော့ (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ ထူးထူးလည်လည်ပဲ ပြော နေတဲ့အတွက် ဪ တို့သည်ကားလို့ ဆိုရင် ယခု ဘယ် အထဲများ ရောက်နေပါလိမ့်မတုံးလို့ ကြည့်လိုက်တော့မှ ခန္ဓာ ငါးပါးကြီး ပေါ်နေတာက ဒီကုသိုလ်၊ အကုသိုလ်ကျော့ကွင်း၏ စွမ်းရည်သတ္တိကို လွန်နိုင်သေးရဲ့လား (မလွန်နိုင်ပါဘူး ဘုရား)၊
ကိုစောမောင် ဒီကုသိုလ်ပြုသ၍ ခံရုံပဲ (မှန်ပါ ဘုရား)၊ မလာဘူးလား (လာပါတယ် ဘုရား)၊ ဒီဆုတောင်းပြည့် သရွေ့ (ခံရုံပါပဲ ဘုရား)။
ဒါတွေဟာ ဆုတောင်းပြည့်တာ
လေနာတယ်၊ ရင်နာတယ် အမျိုးမျိုးအဖုံဖုံ ဒုက္ခတွေတွေ့ ရင် ဒါတွေဟာ ဆုတောင်း ပြည့်တာလို့ ဆရာဘုန်းကြီးက ခဏ ခဏဟောတယ် (မှန်ပါ)၊ မဟောထိုက်ဘူးလား ဟောထိုက် သလား (ဟောလိုက်ပါတယ် ဘုရား)။
မောင်နိုင် ဆံဖြူတယ်၊ သွားကျိုးတယ်၊ ရောဂါတွေများ တယ်၊ ခါးကိုက်တယ်၊ ရင်နာတယ်၊ လေအောင့်တယ် အစရှိ သည်နဲ့ ဒကာ ဒကာမတွေဖြစ်နေတာဟာ ဪ ဘာ ကြောင့်ပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ကျော့ကွင်းထဲမှာ ကျော့ကွင်းမိနေလို့ ကျော့ကွင်းနာဖြစ်တာ (မှန်ပါ) သဘော ကျပြီလား (ကျပါပြီ)၊
ကျော့ကွင်းမှာ ရုန်းလေ ခြေထောက်မှာ အနာရလေပဲ။ ပြုတ်များ၊ ပျက်များသွားလိမ့်မယ်လို့ မအောက်မေ့ နဲ့နော် (မှန်ပါ)၊ ကြိုးပြတ်နိုင်ရဲ့လား (မပြတ်နိုင်ပါဘူး)၊ မပြုတ်ပျက် နိုင်အောင်ကို ကျုပ်တို့က လုပ်ထားတာ (မှန်ပါ)။ ဆုတောင်းပြည့်တယ်ဆိုတာ ကိုစောမောင် ရိပ်မိပြီလာ (ရိပ်မိပါပြီ)။
ခန္ဓာငါးပါးဟာ သေမင်းရဲ့အစာ
ပုညာဘိသင်္ခါရနဲ့ လုပ်ပြီး အပုညာဘိသင်္ခါရနဲ့ ဆုတောင်း လိုက်တာကတော့ဖြင့် ပြုတ်ဖို့ ပျက်ဖို့ပါသေးရဲ့ လား (မပါပါ ဘူး)၊ အိုဘေး နာဘေးတွေဟာ သူ့ပစ္စည်းတွေ မဖြစ်ရပေဘူးလား (ဖြစ်ရပါတယ်)၊
အဲ ဒါဟာ ဘယ်သူက ညွှန်ပြ လိုက်တာနဲ့ ဒီကျော့ကွင်းနှစ်ခုထဲမှာ ဒီပုဂ္ဂိုလ် မိရပါလိမ့်မတုံး ဆိုတော့ အောင်းသမင်မနဲ့ တူတဲ့ အဝိဇ္ဇာက ဘာမှမသိအောင် ဖြားယောင်းပြီး ပုထုဇဉ်မိုက်တွေ ခေါ်လာပြီး သကာလ ပုညာဘိ သင်္ခါရတည်းဟူသော ကျော့ကွင်းထဲသွင်း၊ အပုညာဘိသင်္ခါရ တည်းဟူသော ကျော့ကွင်းထဲသွင်းလို့ ကိုယ်ကိုယ်တိုင် ကျော့ ကွင်းတွေကို ဒကာ ဒကာမတွေက အကောင်းထင်ပြီး သကာလ လုပ်တဲ့အတွက် အခုတော့ဖြင့် ခန္ဓာငါးပါးဆိုတဲ့သေမင်းရဲ့ အစာ ကြီးတော့ဖြင့် ဖြစ်ပါပြီ (မှန်ပါ)၊ မဖြစ်သေးဘူးလား (ဖြစ် ပါပြီ ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)၊
ခန္ဓာငါးပါးဟာ သေမင်း၏အစာဆိုတာ ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။
ကုသိုလ်မလုပ်တတ်လို့ကျော့ကွင်းထဲမိတယ်
အဲဒါ ဒကာ ဒကာမတွေ ကောင်းကောင်းကြီးသတိပေး လိုက်ပါတယ်။ ဪ ဒကာ ဒကာမတွေဟာ ကုသိုလ်တော့ လုပ်ကြရှာတာပါပဲ။ မလုပ်တတ်ကြတော့ ကျော့ကွင်းထဲမိတာပဲ (မှန်ပါ)။
ဘယ့်နှယ်ဆိုကြပါ့မလဲ (မလုပ်တတ်တော့ ကျော့ ကွင်းထဲမိပါတယ်)၊ လုပ်တော့လုပ်တာပါပဲ။ မလုပ်တတ်တော့ ကျော့ကွင်းထဲပဲမိတယ် (မှန်ပါ)၊ မိတယ် မမိတယ် ကိုယ့်ခန္ဓာ ကြီး အခု ဘယ်လို နေတယ်သာ စဉ်းစားပါ။ ရှေ့တိုးလို့ရရဲ့ လား (မရပါ ဘုရား)၊ နောက်ဆုတ်လို့ကော (မရပါဘူး)၊
ဒီအပူတွေ ငြိမ်းစေချင်လို့ကော (မရပါဘူး)၊ ဒီသူခိုးဒုက္ခ သူဝှက်ဒုက္ခတွေ ကင်းစေချင်လို့ကော (မရပါဘူး)၊ အို အခုတော့ ကမ္မသကာပဲ မပြေးသာ မရှောင်သာ ဖြစ်နေပေါ့ပဲ လို့နေကြရတယ်၊ ကျော့ကွင်း ပြင်ဘက်ကို ကိုစောမောင် ထွက်အောင် ရုန်းနိုင်သေးရဲ့လား (မရုန်းနိုင်ပါဘူး)၊
မရုန်းနိုင်တော့ ကျော့ကွင်းမိနေတဲ့ ပုဂ္ဂိုလ်သည် မရဏမင်းနဲ့တူတဲ့ မုဆိုးက သူ့သမင်မက ဖြားယောင်း လာတဲ့ဥစ္စာကို သူ့သမင်မက ဖြားယောင်းလာလို့ ဤကျော့ကွင်း နှစ်ခုထဲ ပုထုဇဉ်မိုက် မိနေတာကို ကိုစောမောင် တခြား သွားရှာရမှာလား အနီးကလေးတွင် ပဲလား၊ အကဲခတ်ကြည့်ပါ (အနီးကလေးတွင်ပါ ဘုရား)၊ သဘောပါကြပြီလား (ပါပါပြီ)။
ဉာဏ်နဲ့စဉ်းစားပါ
တယ်လည်း ဆိုးဝါးပါကလား ဆိုတာ ဒကာ ဒကာမတွေ ဉာဏ်နဲ့ စဉ်းစားပါနော် (မှန်ပါ)၊ အခု ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ ဒီအရပ် မကောင်းလို့ ဟိုအရပ်ပြောင်းစရာလည်း ပုညာဘိသင်္ခါရ ကျော့ကွင်းက လွတ်ကဲ့လား (မလွတ်ပါဘူး)၊
ဒီအရပ် မကောင်းလို့ ဟိုအရပ်ပြောင်းပြန်တော့လည်း အပုညာ ဘိသင်္ခါရ တောင်းထားတဲ့ ဆုပြည့်တာက ကိုစောမောင် ခန္ဓာမရှိမှဘဲ သူလွတ်တော့မယ် (မှန်ပါ)၊ ခန္ဓာသာရှိနေရင် (မလွတ်ပါဘူး ဘုရား)၊ ကျော့ကွင်းပြင်ဘက်ကို ရောက်သေး ရဲ့လား (မရောက်ပါဘူး)၊ စဉ်စားမိကြပြီလား (မှန်ပါ ဘုရား)။
ဆရာသမားနဲ့ကြုံတုန်း
အဲဒီတော့ ခင်ဗျားတို့က အခုလို ဆရာသမားများနဲ့ ကြုံ တုန်းမှာ ဒီကျော့ကွင်းမျိုး နောက်ထပ် မဖြစ်စေရဘူးကွ၊ ဒီ သမင်မ ဖြားယောင်းတာ မရဘူးကွ ဆိုပြီး ဒီလို အခုအခါမှာ တတ် နိုင်ရင်တက်ပါ။ မတက်နိုင်လို့ရှိရင် ဒီထက်ကိုယ်ကျိုးနည်းတာတော့ မရှိတော့ဘူး (မှန်ပါ)၊
နောက်ဘဝလည်း ဒီလိုပဲ သမင်မပဲ ဖြားယောင်း၊ ဒီကျော့ကွင်းတွေရအောင်လုပ်။ ဒီပုထုဇဉ် မိုက်ကိုမိ။ ဒီမုဆိုးက ခေါင်းဖြတ်ပြီး အသက်ကို သတ်။ ကိုစောမောင် ဒီလိုချည့် မနေပေဘူးလား (နေပါတယ်)။ ကိုစံလှ ကောင်းကောင်းရိပ်မိပြီလား (ရိပ်မိပါပြီ)။
အခု ခင်ဗျားတို့ မသေရာကို ပြေးကြည့်စမ်းပါ၊ ရသေးရဲ့ လား (မရပါဘူး)၊ ဘာကြောင့်တုံး ဆိုတော့ ကျော့ကွင်းစွမ်း ရည်သတ္တိကို ခင်ဗျားတို့က ခုန်ကျော်ပြီး သကာလ ပြတ်အောင် တောက်အောင် လုပ်နိုင်သေးရဲ့လား (မလုပ်နိုင်ပါဘူး)၊ အင် မတန် မနာဘူးလား (နာပါတယ် ဘုရား)။
မင်းတို့ကံကောင်းလိုက်တာတဲ့
ဪ ခက်လိုက်ပါဘိတော့တယ် တို့မှာ တချို့က တော့ ပြောမှာပဲ၊ မင်းတို့ကံကောင်း လိုက်တာကွာ၊ မင်းတို့ မိုးကုတ် မြို့ လူလာဖြစ်တဲ့ အတိုင်း စီးပွားရေးလည်း သိပ်ပြီးမပင်ပန်းကြဘူး။
အဲဒါက သာမညဟောတဲ့ တရားကို ကိုစောမောင် (မှန်ပါ)၊ သာမညဟောတာ သစ္စာ ဆိုက်အောင် ဟောတဲ့တရားမှ မဟုတ် ဘဲ (မှန်ပါ)၊ ဒါက မြှောက်တရားလို့သာ ဆိုရမယ်။ တကယ် တမ်း အဖြစ်တရားလို့ မဆိုနဲ့အုံး (မှန်ပါ)၊ ဆိုလို့ကော ရပါ့ မလား (မရပါဘူး)၊ ခန္ဓာကို ဘာသစ္စာ ဖွဲ့ကြမလဲ (ဒုက္ခသစ္စာပါ)။
ကျုပ်မှာ အနာနဲ့လို့ပြောလိုက်ပါ
ဒီဒုက္ခသစ္စာ မလွတ်သေးသရွေ့ ဘယ်သူက မြှောက် မြှောက် အနာမပျောက်သေးတဲ့ ပုဂ္ဂိုလ်မှာဖြင့် မင်းကြည့်ရတာ စိတ်ချမ်းသာ လိုက်တာ ဆိုငြားသော်လည်း ကျုပ်မှာအနာနဲ့လို့ သာ ပြောလိုက်ပါ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။
ဘေးက ပုဂ္ဂိုလ်ကတော့ ပြောချင်တာ ပြောမယ်၊ ကိုယ့် မှာဖြင့် အနာက မပျောက်သေးဘူး။ သူများကတော့ဖြင့် မင်း ကြည့်ရတာ ဝဝဖြိုးဖြိုးနဲ့ လေးလုံးခြောက်ဖက်ကြီးပဲ ကျားကို စီးစားလို့ မကုန်နိုင်ဘူး။ မင်းမြင်ရတာ စိတ်ချမ်းသာ လိုက်တာဆိုပေမယ့် သူ့မှာတော့ အနာက ပူနေတယ် (မှန်ပါ)။
ဒါဖြင့် သူများပြောလမ်းဆုံးလို့ တော်ပါ့မလား (မတော်ပါဘူး။ ကိုယ့်ခန္ဓာနာကြီးက ပျောက်ပြီလား (မပျောက်သေးပါဘူး)။
သေမင်းက ဘယ်အချိန် လာဆက်မလဲ ကျော့ကွင်းမိနေတဲ့ ဥစ္စာကြီးသူက ကံကောင်းတယ် ပြောနေ ပြန်တယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။ သူများပြော ယုံရမှာလား ကိုယ်မိနေတာက သေချာတာလား (ကိုယ် မိနေတာက သေချာတာပါ)။
ကိုယ့်ဟာနဲ့ကိုယ်ကျေနပ်နေမှာစိုးလို့
ရှင်းကြပါ၊ ရှင်းကြပါ၊ ဒါကို သေသေချာချာ ပြောနေ တယ်၊ ရှင်းကြစမ်းပါ၊ ခင်ဗျားတို့ဥစ္စာက ကိုယ့်ဟာကလေးနဲ့ကိုယ် အတော်ကျေနပ်နေမှာစိုးလို့ ကျော့ကွင်းထဲ မိမှန်းကို မသိလို့ ပြောနေတာ (မှန်ပါ)။
ကိုစောမောင်ရဲ့ စီးပွားရေးက အကြောင်းညီညွတ်၊ လူက ကျန်းမာ၊ ရှာလို့ဖွေလို့က တည့်ပြီ ဆိုမှဖြင့် အတော်နေရာ ကျနေတယ် ထင်လိုက်တယ်။ သူ့မှာ ကျော့ကွင်းက ပြတ်ထွက် သွားပြီလား (မပြတ်သေးပါဘူး)။
တို့သေမင်းလာသတ်တဲ့ အချိန်ဟာ သူရုန်းကန်ပြီး သကာလ လွတ်ရာသို့ ပြေးနိုင်သေး ရဲ့လား (မပြေးနိုင်ပါဘူး)။ ဘာကံကောင်းတာလဲလို့ မေးစမ်း ပါအုံး (ဘာမှမကောင်းပါဘူး ဘုရား)။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
အချိန်မရွေးအသတ်ခံရတော့မယ်
ဒီထဲမှာ ဒေါ်ကံကောင်းတို့ ကိုကံကောင်းတို့များ ပါနေ သေးသလား (မပါပါဘူး ဘုရား)။ သစ္စာနဲ့ ဟောရင် ပါကို မပါဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။ ပါကြရဲ့လား (မပါပါဘူး)။
ဘာဖြစ်လို့တုံးဆိုတော့ ကျော့ကွင်းနှစ်ခုကို ဒကာ ဒကာမတွေ အဝိဇ္ဇာသမင်မက ဖြားယောင်းလို့ ကျော့ကွင်း နှစ်ခုထဲ အမိကြီးမိပြီး ဇရာ မရဏကလည်း စောင့်နေပြီမောင်နိုင် (မှန်ပါ)။
သေရုံကျေရုံတင် ကျန်တော့တဲ့ဥစ္စာ ဘယ်မှာ ကံကောင်းတာတုံးလို့ မေးစမ်းချင်တယ်ဆိုရင် ဒီတရား တစ်ပွဲလုံး ဘယ့်နှယ်ဖြေကြမတုံး (ကံကောင်း မပါပါဘူး ဘုရား)။ ဦးမူ ကံကောင်းများ ပါသေးရဲ့ လား (မပါပါဘူး ဘုရား)။ မပါ ပါဘူး၊ ခင်ဗျားတို့ အချိန်မရွေးလာသတ်တာ ခံရတော့မယ် (မှန်ပါ)။
ဘယ်အချိန်တုံးလို့မဆိုနဲ့
ကိုစောမောင် ဇရာ မရဏရဲ့ လက်တွင်းမှာဖြင့် ဘယ် အချိန်တုံးလို့ မဆိုနဲ့၊ မိနေတဲ့ ပုဂ္ဂိုလ်ကတော့ သူဟင်းလိုတဲ့ အချိန်သာ မှတ်ပေတော့ (မှန်ပါ)။ ဘယ့်နှယ်ဆိုကြမယ် (ဟင်းလိုတဲ့ အချိန်ပါ ဘုရား)။ ဟင်းလိုတဲ့အချိန်ပဲ။
ဝက်ကို ခြံထဲ လှောင်ထား ကတည်းကိုက ဘယ်မှ မပြေးသာတဲ့အခါကျတော့ ဟင်းလိုတဲ့ အချိန်၊ ဟင်းဈေး ကောင်းမယ့်အချိန်၊ ဈေးနေ့ဒါပဲ ရှိတော့တယ် (မှန်ပါ)။ ဒီပြင်ဘာရှိသေးသတဲ့ (မရှိပါဘူး ဘုရား)။
ဒီမှာလည်း ဒကာ ဒကာမတို့ ကံကောင်းတစ်ယောက်မှ မပါဘူးလို့ ဆုံးဖြတ်ချက် ချလိုက်စမ်းပါ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
ကမ္မဿကတာ ဉာဏ်ကလေးလောက်တော့ သွားပြီး မပြောနဲ့၊ ဇရာ မရဏ မလွတ်တာကို ပဓာနထား (မှန်ပါ)။
ကိုစောမောင် ဘာကို ပဓာနထားရမတုံး (ဇရာ မရဏ မလွတ်တာကို ပဓာန ထားရပါမယ်)။
ဇရာ မရဏလွတ်မှ ကိုစောမောင် ဒုက္ခကျွတ်တယ် မဟုတ်လား (မှန်ပါ)။ ဇရာ မရဏ မလွတ်သေးတဲ့ ပုဂ္ဂိုလ်ဖြင့် ဇရာ မရဏ မုဆိုးသည်ကားလို့ဆိုရင် အလိုရှိတဲ့အချိန်မှာ အသုံးချဖို့ ဘယ်မှ မပြေးနိုင်တဲ့ ပုထုဇဉ်သတ္တဝါကို ထင်သလို ညှဉ်းပြီး သကာလ၊ သတ်ဖြတ်ပြီး သကာလ နေဖို့ပဲ မဟုတ်လား (မှန်ပါ)။ ပေါ်ကြရဲ့လား (ပေါ်ပါတယ် ဘုရား)။
ကားနဲ့ တိုက်နဲ့ ပျော်နေကြတာ
ဒါလောက်ဆိုးဝါးတဲ့ အခြေအနေ ရောက်နေကြတယ် ဆိုတာ ဒကာ ဒကာမတွေ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဪ ဒါဖြင့် ခင်ဗျားတို့ အခု ကားကလေးနဲ့ တိုက်ကလေး ဘာကလေးနဲ့ စိန်ကလေး ရွှေကလေးနဲ့ ပျော်နေကြတာဟာ ဝက်ခြံထဲမှာ ထမင်းရည်အိုးကလေး လာချတဲ့အခါ ဝက်တွေ တအီအီနဲ့ ပျော်နေတာနဲ့ သိပ်တူတယ် (မှန်ပါ ဘုရား)။ မတူ ဘူးလား (တူပါတယ် ဘုရား)။ ဈေးနေ့ မရောက်ခင် ကလေးနော် (မှန်ပါ)။
ဈေးနေ့မရောက်ခင်ပျော်နေတာ
ဘာပါလိမ့် (ဈေးနေ့ မရောက်ခင်ကလေးပါ ဘုရား)။ ဒီအချိန်မှာ ပျော်နေတာ (မှန်ပါ) ခြံအပြင်ဘက် ပျော်ရမှာလား ခြံတွင်းလား (ခြံတွင်းပါ ဘုရား)။
ဒါဖြင့် ဒီဝက်သတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ လိုချင်တဲ့ အချိန်မှာ အသာဆွဲထုတ်သွားရုံပဲဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါဘူး)။
အဲဒီတော့ ကိုယ်ပျော်နေတဲ့ အပျော်ကလေးလဲ ဒီနေ့ ရှင်းပြလိုက်ပါတယ် ဒကာ ဒကာမတို့၊ ကိုယ့်ကျောက်ကလေးနဲ့ ကိုယ့်တိုက် ကိုယ့်ကား ကိုယ့်မြေ ကိုယ့်ယာ ကိုယ့်ရွှေ ကိုယ့်စိန် ကလေးနဲ့ ပျော်ပြီး သကာလ နေတာ ဝက်စာအိုးကို ဖွဲနုနဲ့ ကျိုးပြီး ဝက်ခြံထဲ လာချတဲ့အခါ ဝက်တွေ ပျော်သလို ဖြစ်နေပြီ (မှန်ပါ)။ ခြံရဲ့ အပြင်ဘက်လဲ ကိုစောမောင်သွားနိုင်ရဲ့လား (မသွားနိုင်ပါဘူး)။ စားရတာလဲ မသိလို့ မြန်နေတာ (မှန်ပါ)။
ဘယ့်နှယ်ဆိုကြမလဲ (စားရတာဟာ မသိလို့ မြန်နေ ကြတာပါ ဘုရား)။ မသိလို့ မြန်တာမှ တစ်ပါး ဘာရှိသေးသတုံး (မရှိ ပါဘူး ဘုရား)။
သားသမီးနဲ့ ဝက်ပျော်ပျော်နေတယ်
ဒီမှာလဲ သားနဲ့ သမီးနဲ့၊ ဆွေနဲ့ မျိုးနဲ့ ပျော်နေကြတဲ့ ပုဂ္ဂိုလ် ဟာ ဝက်ခြံထဲမှာ ဝက်ပျော်ပျော်ပြီး သကာလ မသိလို့ မြန်တယ် မှတ်လိုက်စမ်းပါ (မှန်ပါ)။ မုဆိုးထောင်ထားတဲ့ ဝက်ခြံထဲမှာ ပုညာဘိ သင်္ခါရ၊ အပုညာဘိ သင်္ခါရ လွတ်မှ မလွတ်တော့ဘဲ ကိုစောမောင် (မှန်ပါ ဘုရား)။ လွတ်သေးရဲ့ လား (မလွတ်ပါဘူး ဘုရား)။ မိပြီးသား မနေဘူးလား (နေပါတယ် ဘုရား)။
ခင်ဗျားတို့ ကိုယ်တိုင် ပြောနေတာက ကံပြုသလိုခံရုံပဲ (မှန်ပါ)။ မိပြီးသား အကြောင်းကို ကိုယ့်ဟာကိုယ် ပြောတာ (မှန်ပါ)။
ကံပြုသလိုခံရုံပဲ
ဘယ်လိုပြောပါလိမ့် (ကံပြုသလိုခံရုံပဲ)၊ ကံပြုသလို ခံရုံပဲလို့ ဦးမူတို့ ခဏခဏ မသုံးဘူးလား (သုံးပါတယ် ဘုရား)၊ ကိုယ့်မှာ မိနေပါပြီ ပြောတာ (မှန်ပါ)။
ကံကိုတော့ ဘယ်နည်းနဲ့ ခင်ဗျားတို့ ရုန်းနိုင်သေးရဲ့လား (မရုန်းနိုင်ပါဘူး)၊ မရုန်းနိုင်တော့ ကံက ထောင်ထားတဲ့ ကံမိ နေတော့ ကံက မိရုံကလေး ဖမ်းထားတာပါ။ သတ်တာကတော့ ဇရာ မရဏက သတ်တာ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကံကတော့ဘာတုံး (မိရုံဖမ်းထားပါတယ်)၊ မပြေး နိုင်အောင် ဖမ်းထားတယ်၊ သုံးဆယ့်တစ်ဘုံ ပြင်ဘက်မှာ နိဗ္ဗာန် ရှိတယ်၊ မသွားသာအောင် ဖမ်းထားတယ် (မှန်ပါ)၊ ပုညာဘိ သင်္ခါရ ကုသိုလ် ကလည်း ဖမ်းထားတယ်၊ ဝဋ် တောင့်တလုပ်တဲ့ ကုသိုလ်ဟာ ဖမ်းထားတဲ့ ကုသိုလ်ပဲ ဆိုတာသေချာပြီလား (သေချာပါပြီ ဘုရား)။
ကိုစောမောင် သဘောပါရဲ့ လား (ပါပါတယ် ဘုရား)၊ ဝဋ် တောင့်တပြီးလုပ်တဲ့ ကုသိုလ်ဟာ ဘာတုံး (ဖမ်း ထားတဲ့ကုသိုလ်ပါ ဘုရား)၊ ဒီသုံးဆယ့်တစ်ဘုံ ပြင်ဘက် ထွက်နိုင် သေးရဲ့လား (မထွက်နိုင်ပါဘူး)၊
ဒါဖြင့် ခြံထဲတွင်ပေါ့ဗျာ (မှန်ပါ)၊ ခြံထဲတွင် ဝက် ပျော်နေတဲ့အဓိပ္ပါယ် ဆိုတာဟာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဝက်ခြံတွင်း တော်သေးတယ်ပြောတယ်
အဲဒါကြောင့် ဒကာ ဒကာမတွေကို ပြောရတယ်၊ ခင်ဗျား တို့ အခု ဘုန်းကြီး ဟောလတ္တံ့ဖြစ်တဲ့ အလင်းကို မရရင် အခက် ကြီး ခက်ပေါ့ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ ဘုရား)။
သို့မဟုတ်လို့ရှိရင် ကိုယ့်အခြေအနေကလေးနဲ့ ကိုယ်နဲ့အတော် အသင့်အတင့် ဟောပြောတဲ့ ဆရာသမားတွေနဲ့ အောက်တန်းကျ တဲ့ စာအုပ်တွေ ကြည့်မယ် ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေက တော်သေးတယ်ဟေ့ (မှန်ပါ)၊ ဝက်ခြံတွင်း တော်သေးတယ် ပြောပြီ ကိုစောမောင် (မှန်ပါ)။
မောင်နိုင် ဘယ့်နှယ်ပြောတာပါလိမ့် (ဝက်ခြံတွင်း တော်သေးတယ်ပြောပါတယ် ဘုရား)၊ ကိုပေါ် ပြောမိသေး သလား (မပြောမိပါဘူး ဘုရား)၊ မပြောမိရင် တော်သေးတာပေါ့ (မှန်ပါ)
ဝက်ခြံတွင်းက ဝက်ပျော် ပျော်နေတာ
နို့မဟုတ်ရင် ဝက်ခြံတွင်း ဝက်ပျော်ပျော်နေတာဆိုလို့ ရှိရင်ဖြင့် ဦးဘကလေး ငြင်းဖို့ လိုသေးသလား (မလိုပါဘူး)၊ ရှင်းကြပြီလား (ရှင်းပါပြီ)။
သေသေချာချာ ပြောတော့ ဪ အကုသိုလ်က လည်း ဘယ်တော့ဝင်လာမယ်မသိဘူး၊ သူဝင်လာတဲ့အချိန် ကျုပ်တို့ သေရုံပဲ ဆိုတော့ အပုညာဘိသင်္ခါရကို သူကြောက် နေရတယ် (မှန်ပါ)၊ ကုသိုလ်ကလည်း ဘယ်တော့များ ဖြုတ် လိုက်မယ်မသိဘူး၊ သူဖြုတ်လိုက်မယ့် တစ်နေ့ ကျုပ်တို့ သေပွဲဝင် ရုံပဲ ဆိုတော့ မရဏမင်းလက်ရောက်ရုံပဲ ပြောတာပဲ (မှန်ပါ)။ မပြောကြဘူးလား (ပြောပါတယ်)
အဲဒီတော့ ဝက်ခြံတွင်း မိနေတယ်ဆိုတဲ့ အကြောင်းဟာ ဒကာ ဒကာမတို့ သေချာတယ် (သေချာပါတယ် ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ)။
ပြုံးမယ်များကြံရင် စဉ်းစားပါဦး
အဲဒီတော့ ပြုံးမယ်များကြံရင် စဉ်းစားပါအုံးဆိုတာကို ဆရာဘုန်းကြီးက သတိပေးလိုက်ပါတယ် (မှန်ပါ)။
ဘယ်လို သတိပေးတာပါလိမ့် (ပြုံးမယ်ကြံရင် စဉ်းစားပါအုံး)၊ ပြုံးမယ်ကြံရင် ငါဟာ ခြံထဲတွင် ပြုံးတာလား၊ လွတ်လာလို့ ပြုံးတာလားဆိုတဲ့ အဓိပ္ပာယ်ကို ကြည့်ပြီး ပြုံးပါ (မှန်ပါ)၊ ကိုစောမောင် သဘောပါရဲ့လား (ပါပါတယ် ဘုရား)။
အားလုံး ဒကာ – ဒကာမတွေ၊ မေတ္တာရှေ့ထားပြီး သေသေချာချာ သစ္စာသိအောင် ပြောနေတဲ့ အဓိပ္ပာယ်လို့ ရှင်းရှင်းလင်းလင်း မှတ်လိုက်စမ်းပါ (မှန်ပါ)၊ သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်ကတော့ ဒကာ ဒကာမတို့ အပျော်ကြီး ပျော်နေတာပဲ (မှန်ပါ)၊
သားနဲ့ပျော်လိုက်၊ သမီးနဲ့ပျော်လိုက်၊ ပစ္စည်းနဲ့ ပျော်လိုက်၊ စိုးရိမ်ကြောင့်ကြပြီး သကာလ နေလိုက် အမျိုးမျိုး အဖုံဖုံနဲ့ မသေမယ့်ပုံဘဲ တစ်ခါတည်း မိပြီးသားကဖြင့် သားလဲမိပြီးသား၊ သမီးလဲ မိပြီးသား၊ ပစ္စည်းလဲ မိပြီးသား၊ ဝက်ခြံပြင်ဘက်တော့ မရောက်ပါဘူး။ ရောက်သေးရဲ့လား (မရောက်ပါဘူး)
ဈေးနေ့မကြုံသေးလို့ စိုးရိမ်ကြတယ်၊ ပူပင်ကြတယ်၊ ကြောင့်ကြ ကြတယ် ပြောနေတာပါ။
အသားတိုးလေလေ လှံချက်နီးလေလေ
ဈေးနေ့ကြုံရင်တော့ဖြင့် မိရာအကောင်တော့ အသား ကိုး လေလေ လှံချက်နီးလေလေ လာမှာပါပဲ (လာမှာပါ ဘုရား)၊ မလာပေဘူးလား လာမလား (လာမှာပါ ဘုရား)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
အဲဒါလောက် ခင်ဗျားတို့ ကျုပ်တို့ရဲ့ အဖြစ်ကြီးကဖြင့် ဒီထက်ဆိုးစရာ မောင်နိုင်-ရှိလေးရဲ့ လား (မရှိပါဘူး ဘုရား)။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါသံဝေဂ ရရုံ ဟောတာလားဆိုတော့ သံဝေဂရရုံ မဟုတ်ပါဘူး၊ ဖြစ်စဉ်ပြောနေတာ (မှန်ပါ)။
ဦးဘတင်-သံဝေဂပြောတာလား၊ ဖြစ်စဉ်ပြောတာလား (ဖြစ်စဉ်ပြောတာပါ)၊
သံဝေဂဆိုတာက ခင်ဗျားတို့ လန့်အောင်၊ ထိတ်အောင် ပြောတာ (မှန်ပါ)၊ အခုဟာက လန့်အောင်၊ ထိတ်အောင်ဆိုပြီး ချောက်တာ မဟုတ်ဘူး။ တကယ်မိနေပြီဟေ့ မင်းတို့ သတိထားတော့ ပြောတာ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
တကယ်ဖြင့် ဘယ့်နှယ်တုံး (မိနေပါပြီ ဘုရား) မင်းတို့ သတိထားတော့၊ အချိန်ပိုင်း ကျန်တော့တယ်၊ ဒါကို ပြောတာပါ။ ချောက်တာမဟုတ်ပါဘူး (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ဒီတစ်လုံးကိုမမေ့ကြပါနဲ့
အဲဒါကြောင့် ဒကာ – ဒကာမတို့ ပြုံးမယ်ကြံရင် စဉ်းစား ပါအုံးဆိုတဲ့ တစ်လုံးကို မမေ့ကြပါနဲ့ (မှန်ပါ ဘုရား)။
ဘယ့်နှယ်များမှာပါလိမ့် (ပြုံးမယ်ကြံရင် စဉ်းစားပါ အုံး)၊ ဘာဖြစ်လို့တုံး ဝက်ပြုံး ပြုံးမှာစိုးလို့ (မှန်ပါ)၊
ကိုစောမောင် ခုနင်က ပြောခဲ့တဲ့ ဟင်းနုနွယ်၊ ဖွဲနု စသည်နဲ့ ရောပြီး ကျိုချက်လာတဲ့ ဝက်စာကြီးကို ဝအောင်ကျွေးတာလား၊ ကိုစောမောင်၊ အသားတိုးအောင် ကျွေးတာလား (အသား တိုးအောင် ကျွေးတာပါ)၊ အသားတိုးရင် သတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ-မပါ (ပါပါတယ် ဘုရား)၊
အဲဒါနဲ့ ပြုံးနေတော့ အသားတိုးအောင်လို့ ကျွေးတာဟာ သဒ္ဓါလို့ကျွေးတာလား ကိုစောမောင် (မဟုတ်ပါဘူး ဘုရား)၊ သတ်မယ်လို့ ကျွေးတာ မှတ်ပါ။ ဘာများငြင်းစရာပါသေးသတဲ့ (မပါ-ပါဘူး ဘုရား)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒီမှာလဲ ဒကာ ဒကာမတို့ ခင်ဗျားတို့ ကျုပ်တို့၏ ဖြစ်စဉ်ကဖြင့် မလွတ်လပ်လိုက်တဲ့ဖြစ်ခြင်းဟာ အချိန်သာ လိုပါတော့လား၊ ဒီကျော့ကွင်း မပြတ်တော့ဘူး ဘယ်မှ ပြေးစရာမရှိတော့ဘူး (မှန်ပါ)၊ ကိုစောမောင် ရှိသေးသလား (မရှိပါဘူး)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ အလင်းမရလို့ရှိရင်ဖြင့် ဘယ်နည်းနဲ့မှ ဆရာသမားများကသာ အကူအညီ မပေးတော့ ပါဘူး ဆိုရင် ဒီခြံထဲ မွေး၍ ဒီခြံထဲသေပြီး သကာလ ဒီဝက်ထိုးသမား လက်အောက်မှာ အသက်ပျောက်၊ ဒိပြင်ဘာမှ မရှိဘူး (မှန်ပါ)။ ရှိသေးရဲ့လား (မရှိပါဘူး)၊ ကောင်းကောင်း သဘောပါကြရဲ့ လား (ပါပါတယ် ဘုရား)။
သေမည့်အရေးတော့ အရေးမထားဘူး
အဲဒါကြောင့် ခင်ဗျားတို့က သားကိစ္စ၊ သမီးကိစ္စ၊ ဆွေကိစ္စတွေ အရေးထားတယ်။ ကိုယ်သေမယ့် အရေးတော့ အရေးမထားဘူးဆိုတော့ တယ်လည်းခက်ပါလား (မှန်ပါ ဘုရား)။ ပြောထိုက်- မပြောထိုက် ကိုစံလှ (ပြောထိုက်ပါတယ် ဘုရား)။
သားကလေး နေမကောင်းလို့၊ သမီးကလေး နေမကောင်းလို့၊ သူတို့ လူလားမမြောက် သေးလို့တဲ့။ ကိုယ်ကဖြင့် ဈေးနေ့စောင့်နေတာ၊ သူတို့ လူလားမြောက်တာ အရေး မကြီးဘူး။ ကိုယ်လွတ်အောင် ရုန်းမယ်ဆိုတဲ့ အသွားကတော့ ပါရဲ့လား (မပါပါဘူး)။
ဒါလောက်ရူးတာ၊ အ,တာတွေ ဟာဖြင့် အတော်ခဲယဉ်းတဲ့ ပုဂ္ဂိုလ်တွေပဲလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။ မိနေတာတောင်မှ ကိုစောမောင် မိနေမှန်း မသိအောင်ကို သမင်မက ဒါလောက် ဖြားယောင်းတာ ကောင်းပါတယ် (မှန်ပါ)။
မိနေတာတောင် ဘယ့်နှယ်တုံး (ဖြားယောင်း ကောင်းပါတယ်) မိနေတာတောင် ပျော်ပျော်ခံ နေလို့ ပြောလိုက် သေးတယ် (မှန်ပါ)။
ပျော်ပျော်နေသေခဲတယ်တဲ့
ဒကာ-ဒကာမတို့၊ ဇရာ မရဏ မုဆိုးထောင်ထားတဲ့ ကျော့ကွင်းဟာ မိပြီးသားလား မမိသေးဘူးလား (မိပြီးသားပါ ဘုရား)။ အဲဒီမိပြီးသားဟာဖြင့် လွတ်ရာလွတ်ကြောင်း ကြံဖို့ အချိန်တောင် အဝိဇ္ဇာသမင်မ၏ စွမ်းရည်သတ္တိဟာ ဒီအပေါ်မှာ လွှမ်းမိုးနေတယ်၊ ပျော်ပျော် နေလိုက်စမ်းကွ (မှန်ပါ)။ ပျော်ပျော်နေ သေခဲတဲ့ လာသေးတယ် (မှန်ပါ) မလာဘူးလား (လာပါတယ်)။
ဒကာ-ဒကာမတို့ ဘယ်လောက်ထိအောင် ဆိုးဝါးတဲ့ စကားလဲဆိုတာ တွေးကြည့်မှ ဆိုးတယ်နော် (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
အဲဒါ အားလုံး ဒကာ ဒကာမတွေ မိဘဆွေမျိုးဉာတကာ မတော်ဖူးသူ မည်သည်မရှိနိုင် သလောက်မို့ သေသေချာချာ ပြောနေပါတယ်လို့ မှတ်ပါ (မှန်ပါ)။ သံဝေဂလား၊ ဖြစ်စဉ် ကိုက်လား (ဖြစ်စဉ်ကိုက်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါ ပြီ ဘုရား)။
အခုဘယ်အထဲရောက်နေကြသတုံး
ဪ- အခုဘယ်ထဲ ရောက်နေကြသတုံးဆိုတော့ ကျော့ကွင်းထဲမိပြီးသားဖြစ်ပြီလား (ဖြစ်ပါပြီ ဘုရား)။ ဒါဖြင့် ရုန်းလို့ကန်လို့ကော လွတ်သေးရဲ့လား (မလွတ်ပါဘူး ဘုရား)။ အင်မတန်ကြီးတဲ့ ကြိုးနော် (မှန်ပါ)။
ပုညာ ဘိသင်္ခါရ ကုသိုလ်ကြိုး ဆိုတာ ကိုစောမောင် သေလို့မဆုံးအောင် ကို ချည်ထားတာ (မှန်ပါ)။ အပုညာဘိသင်္ခါရ ကလည်း မပြေးနိုင်အောင်ကို မြဲထားတာပဲ (မှန်ပါ)။ မမြဲဘူးလား မောင်နိုင် (မြဲပါတယ် ဘုရား)။
ဒါဖြင့် ခုနင်က မုဆိုးတည်းဟူသော သေမင်းက ဇရာ၊ မရဏ၊ သေမင်းကဖြင့် ဒကာ ဒကာမတို့ အရှာခက်သလား၊ အသာကလေး ယူရုံဖမ်းရုံပဲလား (အသာကလေးယူရုံ ဖမ်းရုံပါ ဘုရား)။ အသာယူရုံ ဖမ်းရုံပဲဆိုတာ နောက်က ဒကာ – ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ သေတဲ့အခါများ သွားကြည့် ကြပါ။ အိမ်ပေါ်မှာ ဖျားတယ်ဆိုရင်ဖြင့် ဒကာ-ဒကာမတို့ ဒီအိမ် ဟာ ဖျားတတ်တဲ့အိမ်၊ သေမယ့်အိမ်၊ ကျုပ်ပြေးပါတော့မယ်လို့ ဆိုရသလား၊ ဒီအိမ်ပေါ်ကပဲ ထမ်းပစ်လိုက်ရသလားဆိုတာ အကဲခတ်ပါ (ဒီအိမ်ပေါ်က ထမ်းပစ်လိုက်ရပါတယ် ဘုရား)။
ကိုစောမောင် ဘယ်ပြေးနိုင်သေးသတုံး (မပြေး နိုင်ပါဘူး)။ ပုညာဘိသင်္ခါရနဲ့ အပုညာဘိသင်္ခါရ ကျော့ကွင်း ဘယ်လောက်ဆိုးတယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ရှင်းကြပြီနော် (ရှင်းပါပြီ ဘုရား)။
ဇရာ မရဏ မုဆိုး
ဒါဟာ အလင်းမရသေးသရွေ့ ကာလပတ်လုံး ဒီသမင် မက ဖြားယောင်း၊ ဒီကျော့ကွင်းနှစ်ခုဆီ တွန်းပြီး ဇရာ မရဏ မုဆိုးက အသက်သတ် (မှန်ပါ)။ ဒါဟာ နောက်ကလည်း ဒီအတိုင်း၊ ရှေ့ကလည်း အလင်းမရသေးရင် ဒီအတိုင်းသွားမှာပဲ (မှန်ပါ)၊ မသွားပေဘူးလား သွားမလား (သွားမှာပါ ဘုရား)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
တပည့်တော်တို့ ဘယ်တော့များ ဘုရား-ကံကောင်း အကြောင်းသင့်ပါမလဲဆိုတော့ အို ဒီကံတွေ၊ ကံကောင်း အကြောင်းသင့်ကို ထည့်မနေစမ်းနဲ့၊ ဉာဏ်ကောင်း အကြောင်းသင့် ဆိုရင်ဖြင့် လွတ်ပေါက်ရှိတယ် (မှန်ပါ) ကံကောင်း အကြောင်းသင့်ဆိုတာတော့ (လွတ်ပေါက်မရှိဘူး)။
ဉာဏ်ကောင်းရင် လွတ်မယ်
ကဲ-ဒါဖြင့် ဉာဏ်ကောင်းရင် လွတ်မယ် (မှန်ပါ)။ ကံကောင်းရင် မိနေမယ်ဆိုတဲ့ အဓိပ္ပာယ်ကော (ရှင်းပါပြီ ဘုရား)။
သေသေချာချာ ပြောပါပြီ ဒကာ-ဒကာမတို့။ ဒါ အင့် အကွက်မပါဘူး၊ သေသေချာချာပြောတဲ့ သစ္စာမို့ အမှန်ပြောနေ ရတယ်ဆိုတာ မှတ်လိုက်ပါ (မှန်ပါ) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ကဲ-ဒါဖြင့် ဒါက ဒီဟာ အမှောင်တွေ ပြနေတယ် ဆိုတာ ကော ရိပ်မိပြီလား (ရိပ်မိပါပြီ)။
အမှောင်ငါးစင်း
ဒါဖြင့် ဒကာ-ဒကာမတို့ မနေ့က တရားပဲ ပြန်ပြီး သကာလ မှတ်ကြပါ။ အမှောင်ကငါးစင်းလို့ မနေ့က မပြောဘူး လား (ပြောပါတယ်)။ အမှောင်က ဒီက ၁။ အဝိဇ္ဇာ၊ ၂။ အဝိဇ္ဇာ။ ၃။ အဝိဇ္ဇာ။ ၄။ အဝိဇ္ဇာ။ ၅။ အဝိဇ္ဇာ။ အမှောင်ငါးစင်း တဲ့ (မှန်ပါ)။
အဝိဇ္ဇာ ဘယ်နှချက်ပါလိမ့် (ငါးချက်ပါ ဘုရား)။ ဒကာဒကာမတို့ အဝိဇ္ဇာတစ်မျိုးတည်း မှတ်နေတယ်။ ကိုစောမောင်တို့က (မှန်ပါ)။ ဘယ်နှမျိုးပါလိမ့် (ငါးမျိုး ပါ ဘုရား)။
၁-နံပါတ်ဆိုတဲ့ အဝိဇ္ဇာအမှောင်ဓာတ်၊ ဒကာ ဒကာမတို့ ကံ ကံ၏အကျိုးတောင် မယုံကြည်နိုင်တဲ့ ကံ ကံ၏ အကျိုးတောင် မသိအောင် ဉာဏ်ကိုဖုံးထားတယ် (မှန်ပါ)။ ၁-နံပါတ် အဝိဇ္ဇာက ကမ္မဿကတဉာဏ်ကို ဖုံးထားတယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
အဝိဇ္ဇာငါးမျိုးဖုံးထားတယ်
၁-နံပါတ် အဝိဇ္ဇာက (ကမ္မဿကတဉာဏ်ကို ဖုံးထားပါတယ် ဘုရား)။
၂-နံပါတ်အဝိဇ္ဇာက ဒကာ-ဒကာမတို့ နာမ်နဲ့ရုပ်ကို မသိအောင် နာမရူပ ပရိစ္ဆေဒဉာဏ်ကို ဖုံးထားတယ် (မှန်ပါ)။
၃-နံပါတ် အဝိဇ္ဇာက ဒကာ-ဒကာမတို့၊ ခင်ဗျားတို့ ကျုပ်တို့ နေ့တိုင်း သင်နေတဲ့ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး သိမယ့် ဉာဏ်ကို ဖုံးထားတယ် (မှန်ပါ့)။
ပဋိစ္စသမုပ္ပါဒ်အကြောင်းအကျိုး မသိအောင်ဖုံးထားတဲ့ ဉာဏ်ဟာ ၃-နံပါတ် အဝိဇ္ဇာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။ ပဋိစ္စသမုပ္ပါဒ်သိမှုဉာဏ်ကို ဖုံးထားတယ် (မှန်ပါ)။
ခန္ဓာကြီးဟာ ပဋိစ္စသမုပ္ပါဒ်ပါလို့ ခဏခဏပြောင်းလဲ နေတာကော ပြန်ပြီး နှလုံးသွင်း ဖြစ်သေးရဲ့လား (မသွင်းဖြစ် ပါဘူး)။ အဲဒါ ဘယ်နံပါတ်-အဝိဇ္ဇာသတ္တိပါလိမ့် (၃-နံပါတ် အဝိဇ္ဇာ သတ္တိပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
၄-နံပါတ် အဝိဇ္ဇာက ခန္ဓာထဲမှာ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက် အနိစ္စကလေး တွေဟာ ရှိပါလျက်သားနဲ့ အနိစ္စကို ရှာမတွေ့အောင် ဖုံးထားတဲ့ အဝိဇ္ဇာက ရှိသေးတယ် (ရှိပါတယ် ဘုရား)။ ၄-နံပါတ် အဝိဇ္ဇာက လက္ခဏာရေး သုံးပါး ဖုံးထားတယ် (မှန်ပါ ဘုရား)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
၄-နံပါတ် အဝိဇ္ဇာက ဘာဖုံးထားသတုံး (လက္ခဏာရေးသုံးပါး ဖုံးထားပါတယ်)။ ဒကာ-ဒကာမ တွေ နားလည်နေတာနဲ့ ပြောကြပါစို့ ဆိုတော့ ဖြစ်ပျက်မသိအောင် ဖုံးထားတယ် (မှန်ပါ)။ ဒါကြောင့် တချို့ဖြစ်ပျက် ရှာမတွေ့ဘူး (မှန်ပါ)။
ဘာတဲ့တုံး ဒကာ – ဒကာမတို့ (ဖြစ်ပျက်ရှာမတွေ့ ပါဘူး)။ အနိစ္စာဝတ သင်္ခါရာဆိုတဲ့ဥစ္စာ ဘယ်သူ့မှာများ လွတ် သတုံး ကိုစောမောင် (မလွတ်ပါဘူး ဘုရား)။ အဲဒါ ရှာမတွေ့ဘူးတဲ့ (မှန်ပါ)၊
ဖြစ်တာနဲ့ ပျက်တာ ရှာမတွေ့ဘူး၊ ကျုပ်ဒီနေ့ ဘာဖြစ်တယ် မသိဘူးတဲ့၊ မလာဘူးလား (လာပါတယ်)။ ဘာမှဖြစ်တာ မဟုတ်ဘူး။ ၄-နံပါတ် အဝိဇ္ဇာ ဖုံးနေတယ် (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ကဲ-ဒီအထဲ တရားပွဲထဲမှာ ဒကာ-ဒကာမတွေ ဖြစ်ပျက် မှ မတွေ့သေးရင် ၄-နံပါတ် အဝိဇ္ဇာဖုံးတယ် ဆိုတာ သေချာပြီလား (သေချာပါပြီ)။
၅-နံပါတ်အဝိဇ္ဇာ
ဖြစ်ပျက်အဆုံးဟာ နိဗ္ဗာန်လို့ ဆရာဘုန်းကြီးက မဟော ဘူးလား (ဟောပါတယ်)။ အဲဒီဖြစ်ပျက် အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို မတွေ့သေးလို့ရှိရင်လည်း ၅-နံပါတ် အဝိဇ္ဇာက ဖုံးတယ် (မှန်ပါ)။
ကိုင်း ဒကာ-ဒကာမတို့၊ အဝိဇ္ဇာ ဘယ်နှချက်ပါလိမ့် (ငါးချက်ပါ ဘုရား)။
အလင်းငါးချက်ကိုအုပ်နေတယ်
ဒါဖြင့် အလင်းငါးချက်ကို အမှောင်ငါးချက်က အုပ်နေ တယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
ဒါ အကျယ်မဟောသေးပါဘူး၊ ဒကာ-ဒကာမတွေ မှတ်မိရုံကလေးနဲ့ ခေါင်းစဉ်ပြတာပါ (မှန်ပါ)။ သဘောပါ ကြပြီလား (ပါပါပြီ)။ ဒါ ဘယ်မှာလာသတုံး မေးတော့ သုက္ကနိပါတ် ပါဠိတော်မှာလဲ လာတယ်၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော် မှာလဲလာတယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။
သို့သော် ဒကာ-ဒကာမတွေအနေနဲ့ ဒီလိုစစ်စစ် မြစ်မြစ် ကြားဖူးဖို့၊ စစ်စစ်မြစ်မြစ်ခွာတတ်ဖို့ ရှားပါလိမ့်မယ်နော် (မှန်ပါ့)။ အင်မတန်မှ ခဲယဉ်းပါတယ် ဆိုတဲ့ အဓိပ္ပာယ်လည်း တွေးကြည့်မှ သိပါလိမ့်မယ် (မှန်ပါ)။
ဦးပြန့်တို့ သေသေချာချာ နားထောင်ကြပါ။ ဒီဥစ္စာ တစ်နေ့ကို တစ်ထပ်တစ်ထပ် ခွာမှ သင့်ရုံကလေး ရှိတယ်နော် (မှန်ပါ)။
၁။ ကံ ကံ၏ အကျိုးကိုသိတဲ့ဉာဏ်
ဒါနဲ့ မနေ့က ဒကာ-ဒကာမတွေကို ခွာပေးလိုက်တယ်။ ကံ ကံ၏ အကျိုးကို သိတတ်တဲ့ ဉာဏ်ကလေးကို တောင်မှ ဖုံးထားတဲ့ ဥစ္စာလည်း ၁-နံပါတ်က အဝိဇ္ဇာ ကိုစောမောင် ရှိ မရှိ (ရှိပါတယ် ဘုရား)။
ကဲ-ကြည့်လိုက်စမ်းပါ – မိစ္ဆာဒိဋ္ဌိတွေကျတော့ ကံ၏ အကျိုးကို ယုံကြည်သလား၊ သူတို့ကို ဖန်ဆင်းထားတယ်တဲ့ တန်ခိုးရှင်ကို ယုံကြည်နေသလား (သူတို့ဖန်ဆင်းထားတဲ့ တန်ခိုးရှင်ကို ယုံကြည်နေကြပါတယ်)
ကံ ကံ၏ အကျိုးကြောင့် ဖြစ်တယ်ဆိုတာ ပါသေးရဲ့လား (မပါပါဘူး)။ အဲဒီတော့ သိတဲ့ဉာဏ် ကလေး ဘယ့်နှယ်နေသတုံး (ဖုံးထားပါတယ် ဘုရား)။
ကိုင်း-ဒါဖြင့် အဲဒီသိထားတဲ့ ဉာဏ်ကလေးတောင် ဖုံးထားတဲ့ လူဦးရေနဲ့ မဖုံးတဲ့ လူဦးရေ ဘယ်ဟာက များမတုံး (ဖုံးထားတာက များပါတယ်)။ တိရစ္ဆာန်တွေတော့ ထည့် မနေပါနဲ့တော့ ကိုစောမောင် – တိရစ္ဆာန်ဆိုတာကတော့ အဝိဇ္ဇာ တုံးကြီး ဖြစ်နေလို့ အထူးထည့်ပြောဖို့ မလိုပါဘူး (မှန်ပါ)။
လူရယ်လို့ ဖြစ်လာတာတောင်မှ လူဦးရေ နည်းနည်း လောက်ပဲ ဒါကလေးတွေ ခွာနိုင်တာက (မှန်ပါ)။ ဒါကို ဖုံးထားတဲ့ လူဦးရေက ကိုစောမောင် များတယ် (မှန်ပါ ဘုရား)။ အင်မတန် မများဘူးလား (များပါတယ်)။
မှောင်ထဲမွေး၊ မှောင်ထဲနေ၊ မှောင်ထဲသေ
အဲဒါတွေ ကြည့်လိုက်တော့ ဪ ၁-နံပါတ်အဝိဇ္ဇာ တောင် မကွာလို့ရှိရင်ဖြင့် မှောင်ထဲမွေး၊ မှောင်ထဲနေ၊ မှောင်ထဲ သေ ဆိုတဲ့ မနေ့ကပြောတဲ့စကား မလွဲပါဘူး (မလွဲပါ ဘူး ဘုရား) လွဲသလား (မလွဲပါဘူး ဘုရား)။
မှောင်ထဲပဲ မွေးတယ်၊ မှောင်ထဲပဲသေတယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။
သွားကြည့်ပါ ကိုစောမောင် တို့၊ တစ်ခါတလေလည်း ရောက်ဖူးပါလိမ့်မယ်-တောထဲတောင် ထဲမှာ တောတွင်းသား မယဉ်ကျေးသေးတဲ့ လူအမျိုးမျိုး မရှိ ပေဘူးလား (ရှိပါတယ် ဘုရား)။ ဓားတစ်ချောင်း၊ လှံတစ် ချောင်း၊ ဒူးလေးတစ်ချောင်း စသည်ချိတ်ပြီး သကာလ တိရစ္ဆာန် တွေ သတ်ဖြတ်စားသောက်နေတဲ့ ပုဂ္ဂိုလ်တွေ ပရိယေသနက လည်း ခပ်ကျပ်ကျပ်နဲ့ဆိုတော့ ကိုစောမောင် ဘယ်လိုဆိုမတုံး (မှောင်ထဲမွေး၊ မှောင်ထဲနေ၊ မှောင်ထဲသေပါ ဘုရား)။
အားလုံး ဒကာ-ဒကာမတွေ ပေါ်ပြီလား (ပေါ်ပါပြီ)။ အဲဒါတွေကျတော့ ဒီပထမ အထပ်ကို ကွာနိုင်ရဲ့လား (မကွာနိုင်ပါဘူး ဘုရား)။
ဒါဖြင့် ဒီဘဝလည်း မကွာ၊ နောက်လည်း (မကွာ ပါဘူး)။ နောက်ထပ်ဖြစ်တော့လည်း မှောင်ထဲပဲ မွေးအုံးမှာ ပဲ (မှန်ပါ)။ နေတော့ကော (မှောင်ထဲပဲ နေမှာပါ ဘုရား)။ နောက်သေတော့ (မှောင်ထဲပဲ သေမှာပါ ဘုရား)။ သေတော့လည်း အလင်းရမလား (မရသေးပါဘူး ဘုရား)၊ ကဲ ဒိထက်ကိုယ်ကျိုးနည်းများ ဒကာ ဒကာမတွေ ရှိသေးရဲ့လား (မရှိဘူး ဘုရား)။
ဒီတစ်ခါ ခင်ဗျားတို့ လင်းရင်လင်းကြပါတော့၊ ဒီတစ်ခါမှ မလင်းတော့ဘူးဆိုရင်ဖြင့် ဘယ်သူမှ ကယ်နိုင်လိမ့်မယ် လို့တော့ မယူပါနဲ့ (မှန်ပါ)။
ငါးတွေဟာ ရေထဲမွေးပြီးရေထဲသေ
ငါးတွေဟာ ဒကာ-ဒကာမတို့၊ မွေးတော့ ဘယ်မှာမွေး သတုံး၊ ရေထဲပဲ မွေးတယ် (မှန်ပါ)။ နေတော့ (ရေထဲ ပဲနေပါတယ်)။ သေတော့ကော (ရေထဲပဲ သေပါတယ်)။ ဘာနဲ့များ တွေ့သွား သေးသတုံး မေးလို့ရှိရင် ဘယ်ဘုရား၊ ဘယ် ရဟန္တာ၊ ဘယ်ဒါန၊ ဘယ်သီလနဲ့များ တွေ့သွား သေးသတုံး (မတွေ့ပါဘူး ဘုရား)။
တောတွင်း တိရစ္ဆာန်တွေကော ဒကာ ဒကာမတို့၊ ဘယ်ဒါန ဘယ်သီလနဲ့ တွေ့သွား သေးသတုံး (မတွေ့ပါဘူး ဘုရား)။ ကမ္မဿကတဉာဏ်ကလေးတောင် တွေ့ မသွားဘူး (မှန်ပါ)။
ကိုစောမောင် ဘယ့်နှယ်ဆိုပါ့မလဲ သူ့အတွက် (ကမ္မဿကတ ဉာဏ်ကလေးတောင် တွေ့မသွားပါဘူး ဘုရား)။
မတွေ့တော့ သူ့အတွက်က မှောင်ထဲမွေး၊ မှောင်ထဲနေ၊ မှောင်ထဲသေ (မှန်ပါ ဘုရား)။ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
ထိုးထိုးထွင်းထွင်းသိတဲ့ပုဂ္ဂိုလ်နဲ့တွေ့လို့
အဲဒါ ခင်ဗျားတို့ မသေသေးတဲ့ ပုဂ္ဂိုလ်များသည် ဆရာ သမားကောင်းများနဲ့၊ ကရုဏာ မေတ္တာရှေ့ထားတဲ့ ပုဂ္ဂိုလ်နဲ့၊ ထိုးထိုးထွင်းထွင်း သိတဲ့ ပုဂ္ဂိုလ်နဲ့လာပြီး သကာလ တွေ့လို့ ကိုစောမောင် ပထမအလင်း ကလေးရတယ် (မှန်ပါ)။ သဘော ကျပြီလား (ကျပါပြီ)။
သို့သော် အမှောင်က ဘယ်နှချက် ကျန်သေးသတုံး (လေးချက် ကျန်ပါသေးတယ်)။ လေးချက် ကျန်တော့ အဲဒီလေးချက်ဟာ နိဗ္ဗာန်တို့ မဂ်ဉာဏ်တို့ အုပ်နေတာ ကိုစံလှ (မှန်ပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ)။ ကျန်တဲ့ အချက်တွေကို အုပ်နေတယ်ဆိုတာ သဘောပါကြပြီလား (ပါပါပြီ)။
ကမ္မဿကတဉာဏ်ဆိုတာ
ဒါဖြင့် အခုတရားနာလာကြတဲ့ ဒကာ ဒကာမတွေ ကမ္မဿကတဉာဏ်ဆိုတာက ကံ ကံ၏ အကျိုးကို ယုံကြည်တာ (မှန်ပါ)။ သားကလေး ဘာကလေး ရှင်ပြုကြ၊ ဆွမ်းကလေး ဘာလေးလဲ မကြာမကြာ ကျွေးကြလှူကြစသည်နဲ့ ကိုစောမောင် ကမ္မဿကတဉာဏ်ကလေးတွေ လုပ်ကြတာပဲ (မှန်ပါ)။
ဝါတွင်း ဝါပ၌ပင် ထိုက်တန်တဲ့ ဥပုသ်ကလေး ဘာလေးစောင့်ကြ တယ်။ အသက်ရှည်တာ သီလကျေးဇူးပေါ့ကွ၊ နောက်ဘဝတွေ အသက်ရှည်ချင်လဲ ဒီသီလပဲ အားကိုးရာ ရှိတယ်ဆိုတော့ ခန္ဓာပဲ ပြန်လှည့်လိုက်တယ် (မှန်ပါ)။
နောက်ဘဝဆိုတော့ခန္ဓာပဲပြနံလှည့်တယ်
နောက်ဘဝဆိုတော့ ဘာလှည့်လိုက်သတုံး (ခန္ဓာပဲ ပြန်လှည့်လိုက်ပါတယ်)။ ခန္ဓာပြန်လှည့် လိုက်တယ်ဆိုတော့ ပုညာဘိ သင်္ခါရသတ္တိဟာ လွတ်ကို မလွတ်ဘူး။ ကျော့ကွင်း ထဲမှာ မိနေတာပဲ (မှန်ပါ)။ မမိဘူးလား (မိပါတယ် ဘုရား)။
အဲဒီတော့ နောက်ဘဝပါနေကတည်းကိုက ဒကာ ဒကာမတို့ အဝိဇ္ဇာ၏ စွမ်းရည်သတ္တိ မကုန်သေး ဘူးဆိုတာ မှတ်ကြပါ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ ကျန် တဲ့ လေးခုသော အဝိဇ္ဇာတို့၏ အုပ်ချုပ်ရေး လွတ်ပြီလား (မလွတ်ပါဘူး)။ အဲဒါကြောင့် သူဟာ နောက်ဘဝတွေ နောက် ဘဝတွေ ပြေးနေတာ (မှန်ပါ)။ ကိုစောမောင် ရှင်းပြီလား (ရှင်းပါပြီ)။
ဖြည်းဖြည်းဆေးဆေးဟောမှရမယ်
အဲဒါ ဒကာ ဒကာမတို့ လေးလေးစားစား နားထောင် ပြီး သကာလ ဖြည်းဖြည်းဆေးဆေး ဟောမှ ဒကာ ဒကာမတွေ ရမယ်နော် (မှန်ပါ)။
ဒါကို သွက်သွက်ကြီး ဟောသွားလို့ရှိရင် ဒါက ဒါဖုံးတယ်၊ ဒါက ဒါဖုံးတယ်ဆိုရင် မောင်နိုင် မှတ်မိမှာ မဟုတ်တော့ဘူး (မှန်ပါ)။ သိပါ့မလား (မသိပါဘူး ဘုရား)။ မသိပါဘူး။ ပြီးတော့ အလုပ်က လည်း ဒီထဲမှာ ပါရအုံးမှာ (မှန်ပါ)။
အလုပ်ကလည်း အလုပ်လုပ်ပြီး ထည့်ရမှာ ကိုစောမောင် (မှန်ပါ)။ အလုပ်စခန်းက အများကြီး ပါပြီး သကာလ နေတော့ တယ်။ ဒကာ ဒကာမတွေ ဖြည်းဖြည်း ဆေးဆေး ၅-ရက် ၆ရက်ဆိုသလို ဟောမှ ဒီဥစ္စာကရှင်းမယ် (မှန်ပါ)။ နို့မဟုတ် လို့ရှိရင် မောင်နိုင်-ရှင်းပါ့မလား (မရှင်းပါဘူး)။
အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြောရတယ်၊ တစ်ရက်တည်း မှန်းပြီး မလာနဲ့နော်- ဒီဥစ္စာ ခင်းထားကတည်းက မဂ်ဉာဏ် ဆိုက်အောင် ပြောရမှာ၊ နိဗ္ဗာန် ဆိုက် အလုပ် လုပ်စဉ်နဲ့တကွ ပြောရမှာ ဖြစ်နေတော့ ဖြုန်းခနဲ နိဗ္ဗာန်ဆိုက်အောင် ပြောလိုက်ပါတော့လား၊ ဘာဖြစ်လို့ ဆွဲနေ သလဲလို့ ကိုစောမောင် မေးချင်မေးလိမ့်မယ် (မှန်ပါ)။
ခင်ဗျားတို့ ကြေးတွေက တွန်းလို့ ပွတ်လို့ မကုန်လို့ ပြောနေတာ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ကြေးက ထူလိုက်တာက ဘဝအဆက်ဆက်က ကပ်လာ တာ ဘယ်အခါကာလမှ ဆပ်ပြာနဲ့ ရေမချိုးဖူးတဲ့ ကြေးတွေပဲ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
တောဒေယျပုဏ္ဏား
ကိုင်း-ဒါဖြင့် သေသေချာချာ နားထောင်ကြပါ၊ ကမ္မဿကတဉာဏ်မှ မယုံနိုင်လို့ ဘုရား လက်ထက်က တုဒိရွာ မှာ တောဒေယျပုဏ္ဏား ဆိုတာ မရှိလား (ရှိပါတယ်)။ ပေးကမ်းရင် ပစ္စည်း ကုန်တယ်။ များလို့စုရင် ပစ္စည်းပွားတယ်။ ကိုစောမောင် ဒီလိုယူကြတာ သူတို့က (မှန်ပါ)။
မျက်စဉ်းတောင် ပုလင်းထဲထည့်ပြီး မျက်စဉ်းတံ ကလေးနဲ့တို့ရင် ကုန်သေး တယ်။ ပျားလို စုထားရင် ဘယ်လောက် ကောင်းမလဲ။ ဒါကြောင့် တို့တော့ မပေးပါဘူး။ မလှူပါဘူး ဆိုတော့ သူ့မှာ ကမ္မဿကတ ဉာဏ်တောင်မရှိဘူး (မှန်ပါ)။
တောဒေယျပုဏ္ဏားမှာ ဒီဉာဏ်တွေရှိရဲ့လား (မရှိ ပါဘူး)။ ဘယ်နှချက်အုပ် နေသတုံး (ငါးချက်တောင် အုပ်ပါ တယ်)။ ငါးချက်တောင် လုံခြုံနေအောင်အုပ်တယ်ဆိုတာကော ရှင်းကြပါဦး (ရှင်းပါပြီ)။
သူ့သားအိမ်မှာခွေးဖြစ်တယ်
အဲဒါနဲ့ သေသွားတဲ့ အခါကျတော့ သူ့သားရဲ့ အိမ်မှာ ပဲ ခွေးဖြစ်တယ်ဆိုတာလည်း အထင်အရှား မဟုတ်လား (ထင်ရှားပါတယ် ဘုရား)။ ဘယ့်နှယ်ကြောင့် ခွေးဖြစ်ပါလိမ့်မတုံး မေးတော့ အပုညာဘိသင်္ခါရ ကြောင့်ပေါ့ ကိုစောမောင် (မှန်ပါ)။
အပုညာဘိသင်္ခါရကို ဘယ်သူက အုပ်ချုပ်နေသတုံးဆို တော့ အဝိဇ္ဇာက အုပ်ချုပ်နေတယ် (မှန်ပါ)။ သဘောကျပြီ လား (ကျပါပြီ)။ အဝိဇ္ဇာက သိကောင်းတာတော့ မသိဘူး၊ ဆိုပါတော့။ မသိကောင်းတာကို သူသိနေတယ် (မှန်ပါ)။ ကုန်မှတော့ သူသိတယ်။ ရမှာတော့ သူမသိဘူး (မှန်ပါ)။
သူ့သား၊ သုဘလုလင်
ပစ္စည်းကုန်မှာတော့ (သိပါတယ်)။ နောက်ဘဝ ကောင်းကျိုးရမှာ၊ နိဗ္ဗာန်တိုင်အောင် ရမှာတော့ (မသိပါ ဘူး ဘုရား)။ အဲဒါကြောင့် တောဒေယျဟာ ပေးကမ်းလှူဒါန်း လုပ်သေးရဲ့ လား (မလုပ်ပါဘူး ဘုရား)။
မလုပ်တော့ သူ့သား သုဘဆိုတဲ့ လုလင်အိမ်မှာ သူသေတော့ ခွေးသွားဖြစ်တယ် ဆိုတာ မထင်ရှား ဘူးလား (ထင်ရှားပါတယ် ဘုရား)။
ဒကာ ဒကာမတို့ သဘောပါပြီလား (ပါပါပြီ)။ ဒါ ဘယ်ဉာဏ်ကိုတောင်မှ အုပ်ချုပ်ထားတယ် ဆိုတာကော ပေါ်ပြီလား (ပေါ်ပါပြီ)။
ကမ္မဿကတဉာဏ်ကိုတောင်မှ လင်းခွင့် ပွင့်ခွင့် ကိုစောမောင် ပေးသေးရဲ့ လား (မပေးပါဘူး)။ ၁-နံပါတ် အဝိဇ္ဇာက အုပ်ထားလိုက်တယ် (မှန်ပါ)။ ၂နံပါတ်၊ ၃-နံပါတ်၊ ၄-နံပါတ်၊ ၅-နံပါတ် တို့တော့ ပြောဖို့ရာ မရှိပေါ့ဗျာ အုပ်မြဲပေါ့ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။
ကိုင်း-ကမ္မဿကတဉာဏ်ကလေးတောင် နတ်ရွာ သုဂတိ ရောက်ဖို့ရာကလေးတောင် နိဗ္ဗာန် ဆိုတာ အသာထား စမ်းပါအုံး ကိုစောမောင်း အဲဒီဉာဏ်ကလေးတောင် မပွင့်ဘူး အုပ်ထားတယ် (မှန်ပါ)။ အဝိဇ္ဇာပစ္စယာ အပုညာဘိ သင်္ခါရ သူရှိတယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။
ကိုင်း ဒကာ ဒကာမတို့၊ အဝိဇ္ဇာကြောင့် အကုသိုလ် ဖြစ်ရတယ်ဆိုတာ နှမြောတဲ့ အကုသိုလ်တွေ မလာဘူးလား (လာပါတယ် ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ)။
ဘုရားကို ခွေးကဟောင်တယ်
ဘုရားက ဆွမ်းခံသွားတော့ အဲဒီခွေးက မဟောင်ဘူး လား (ဟောင်ပါတယ်)။ ဘုရားကတော့ ဟေ့-တောဒေယျ မင်းဟာ ကမ္မဿကတ ဉာဏ်လောက်မှ မရှိခဲ့တဲ့ ဆွမ်းတစ်ဇွန်း တစ်ယောက်မ တောင် မလှူမတန်းဘဲ သေသွားလို့ ခွေးဖြစ်နေ တာ အခု ငါဘုရားကို နောက်ထပ် အမိုက်ဓာတ်နဲ့ ပြစ်မှားပြန် ပြီလားလို့ မေးလိုက်တယ် (မှန်ပါ)၊ တောဒေယျက ဖြစ်လာတဲ့ ခွေးနဲ့ စကားပြောရတယ် (မှန်ပါ)။
ဘုရားက အင်မတန်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီး ခွေးကလေး နဲ့ ဘာဖြစ်လို့ စကားပြောပါလိမ့်မတုံး ဆိုတော့ တောဒေယျရဲ့ သားကလေး ကျွတ်တမ်းဝင်ပါစေတော့လို့ (မှန်ပါ)။ သဘော ကျပြီလား (ကျပါပြီ ဘုရား)။
သူ့သားကျွတ်တမ်းဝင်ပါစေတော့လို့
သူမွေးထားတဲ့ သားကလေးကို ဘာဖြစ်စေလိုလို့လဲ (ကျွတ်တမ်းဝင်အောင်လို့ပါ)။ ဒါတောင်မှ ကျွတ်တမ်းဝင် ဖို့အရေးကို သူ့အဖေပြ ချွတ်ရမှာ မောင်နိုင် (မှန်ပါ)။
ဒီတွင်မှ သူ့သား သုဘလုလင်က ဒီခွေးကို အင်မတန် ချစ်ခင်နေတော့ ခွေးဟောင်သံ ကြားတယ်၊ ဟေ့- ဆိုပြီး ဆင်းလာပြီး အခိုင်းအစေတွေ မေးတော့ မြတ်စွာဘုရားကြွလာတယ်။ ခွေးကို ပြောသွား တယ်။
ဘယ့်နှယ်ပြောသွားသတုံး။ တောဒေယျလို့ ခွေးကို ခေါ်ပါ တယ်၊ ဆွမ်းတစ်ဇွန်း တစ်ယောက်မလောက်မှ လှူခဲ့တာ မရှိလို့ ခွေးဖြစ်ရတဲ့ အထဲမှာ အခု ငါဘုရားကို ပြစ်မှားပြန်ပြီလား။ မင်း ဒီတစ်ခါ သေရင် အဝီစိသွားလိမ့်မယ် ပြောသွားတယ်လို့ ပြန် ပြောပြတယ် (မှန်ပါ)။
သူကလည်း ပုဏ္ဏားမျိုးဖြစ်နေတော့ မကျေနပ်လိုက်တာ ဒကာ ဒကာမတို့၊ သူတို့ပုဏ္ဏားများ သေရင် ဗြဟ္မာဖြစ်တယ်လို့ ယူထားတာကိုး (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
မင်းအဖေခွေးဖြစ်နေတယ်
ဒါနဲ့ မကျေနပ်ပါဘူး၊ ကျောင်းလိုက်ပြီး မေးပါမယ်ဆို ပြီး မေးတော့ မင်းအဖေ ခွေးဖြစ် နေတယ်လို့ ဘုရားက အတိ အလင်းပဲ မိန့်ကြားလိုက်တယ် (မှန်ပါ)။
မင်းမယုံလို့ရှိရင် နက်ဖြန်ကျတော့ ရေမရောတဲ့ နို့ရည်နဲ့ဆန်ပြုတ်ကျိုပြီး ကျွေးစမ်း၊ နို့ထမင်းကျိုပြီး ကျွေးစမ်းကွာ။ သူအိပ်ချင်လို့ နည်းနည်းကလေး မျက်စိမှေးတဲ့အခါ မင်းက ကျောကလေး သပ်ပေး။ ရွှေဘယက် ရွှေခြေနင်း ဘယ်ထားခဲ့သတုံး၊ ရွှေလင်ပန်း ဘယ်ထားခဲ့သတုံး မေး။ ပြောပါလိမ့်မယ် မိန့်လိုက်တယ် (မှန်ပါ)။
ပစ္စည်းတွေယက်ပြီးပြတယ်
ဒါနဲ့ပြန်လာခဲ့ပြီး နက်ဖြန်ကျတော့ ကျွေးလည်း ကျွေး တာပဲ မောင်နိုင်။ ကျွေးပြီးတော့ အိပ်ချင် နေတုန်း မျက်လုံးမှေး၊ မှေးနေတဲ့အချိန်မှာ ကျောသပ်ပြီးမေးတော့ ရတာပဲ။ ပြောတော့ သူခြေကလေး လက်ကလေးနဲ့ ယက်ပြီး နေရာတိုင်း လျှောက်ပြ တာ ကိုစောမောင်။ တူးကြည့်တော့ ရတာပဲ (မှန်ပါ)။
ဘယ်သူက ဖြစ်လာတဲ့ခွေးလဲ၊ သူ့အဖေက ဖြစ်လာတဲ့ခွေး (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဘာနဲ့ သေသွားသတုံးလို့ မေးတဲ့အခါကျတော့ သူ့သား ကလေးကိုလည်း သုံးဖြုန်းပစ်မှာ သိပ်စိုးရိမ်တယ်။ ငါစုထားတာတွေ နည်းတာမဟုတ်ဘူး။ ဒီကောင်ဟာ ရမ်းပြီး ဖြုန်းပစ်လိုက်လို့ ရှိရင် ခက်ချေရဲ့ဆိုပြီး ပစ္စည်းစွဲသွားတော့ တဏှာနဲ့ စွဲသွားတော့ အပုညာဘိသင်္ခါရမနေဘူးလား (နေပါတယ်)။ ဘယ်သူက အုပ်ချုပ်ထားသတုံး (အဝိဇ္ဇာက အုပ်ချုပ်ထားပါတယ် ဘုရား)။ အပုညာဘိ သင်္ခါရာ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
သေတော့ငရဲကျတယ်
ဒါကလေးတွေ လည်း အမွေပေးပြီးပါရော ကိုစောမောင် သေတာပါပဲ။ သေပြီး ငရဲသွား ပါလေရော (မှန်ပါ)။
ကဲ-သမ္မဿကတဉာဏ်တောင် ဖုံးထားတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။ ကံ – ကံ၏ အကျိုး ယုံကြည်ရဲ့ – အလှူအတန်းကလေး၊ သီလကလေး လောက်တောင်မှ ပါသေးရဲ့ လား (မပါပါဘူး)။ ဘယ်လောက်များ ဆိုးသတုံး (ဆိုးပါတယ် ဘုရား)။ ဘယ်သူအုပ်ထားတယ် ဆိုတာ သက်သေခံ လုံလောက်ပြီလား (လုံလောက်ပါပြီ)။
၁ – နံပါတ် ကမ္မဿကတဉာဏ်ကို ဘယ်သူအုပ်ထားသတုံး (အဝိဇ္ဇာအုပ်ထားပါတယ်)။
အပုညာဘိသင်္ခါရ
ကိုင်း-ယခု ဒကာ ဒကာမတွေတော့ ဒါဟာ မအုပ်ပါဘူး လို့ဘဲ၊ ဘုန်းကြီးက ဆိုပါတယ် (မှန်ပါ)။ သို့သော် အုပ်တဲ့ အခါလည်း အုပ်သေးတယ် (မှန်ပါ)။ ဆွမ်းတော်ကို မမျှနိုင် ဘူး၊ ဝမ်းတောင်မှ မဝဘဲနဲ့ ဆိုတဲ့ အခါကျတော့ အုပ်သွားပြန်တာပဲ (မှန်ပါ)။ မလာဘူးလား လာသလား (လာပါ တယ်)။
ဆွမ်းတော်မမျှနိုင်ဘူး၊ ဝမ်းတောင်မှ မဝတဲ့အခါဆိုတော့ မစ္ဆရိယ ကိုစောမောင် ပါ မပါ (ပါပါတယ် ဘုရား)။ ဒီကျတော့ အဝိဇ္ဇာပစ္စယာ (သင်္ခါရပါ ဘုရား)။ အပုညာဘိ သင်္ခါရလုပ်ပါ (မှန်ပါ)။
ပုညဘိသင်္ခါရ
ကိုင်း – နောက်ဘဝကောင်းစားရေးဆိုပြီး တစ်ခါလုပ် ပြန်တယ်။ ဒီဘဝလည်း တို့လူတမ်းစေ့စေ့ နေနိုင်တယ်။ ဒီလို မလှူလို့ရှိရင် နောက်ဘဝ ဒီထက်ပိုဆင်းရဲချေရဲ့၊ နောက်ဘဝ ပါလို့ရှိရင် လှူပြန်တော့ ပြန်ရွတ်ကြပါအုံး။ အဝိဇ္ဇာပစ္စယာ (ပုညာဘိ သင်္ခါရပါ)။ ပုညာဘိသင်္ခါရဘက် သွားပြန်ရော ကိုစောမောင် (မှန်ပါ)။
မလှူဘဲနေပြန်တော့လည်း အဝိဇ္ဇာပစ္စယာ (အပုညာဘိသင်္ခါရာပါ ဘုရား)။ ဝဋ်တောင့်တပြီး ဘုံဘဝတွေ တောင့်တပြီး နောက်ဘဝ မျှော်လင့်ရေးနဲ့ လုပ်ပြန်တော့လည်း (အဝိဇ္ဇာပစ္စယာ ပုညာဘိ သင်္ခါရာပါ ဘုရား)။ ဘယ်ဟာမှ မကောင်းဘူး (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
မကောင်းတာချည်းပဲ ဆိုတော့ သို့သော် မကောင်းထဲက မှ မကောင်းရှာတော့ အပုညာဘိသင်္ခါရက ပိုပြီးမကောင်းတယ် (မှန်ပါ)။
ဒါမကောင်းထဲကမှ အကောင်းရှာလို့ရှိရင် ပုညာဘိ သင်္ခါရကမှ တော်သယောင် ရှိသေးတယ်။ သို့သော် သံသရာ အပြင်ဘက်တော့ မထွက်ဘူး (မှန်ပါ)။ အိုဘေး၊ နာဘေး၊ သေဘေးတော့ (မလွတ်ပါဘူး ဘုရား)။ မလွတ်ဘူး ဆိုတာ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
သစ္စာမြင်ပြီးလှူစေချင်လို့
အဲဒါကြောင့် ဒီကုသိုလ်မျိုးကို မလုပ်ပါနဲ့။ လှူမယ်၊ တန်းမယ်၊ ပေးမယ် ကမ်းမယ်ဆိုလို့ရှိရင် မိမိခန္ဓာကြီးကို ဝိပဿနာ ရှုလို့ ဟောဒီဒုက္ခဝဋ်မှ ကျွတ်ရပါလို၏ဆိုပြီး လှူကြပါဆိုတာ ဆရာဘုန်းကြီးက ခဏခဏ သတိပေးပါတယ် (မှန်ပါ)။ သစ္စာမြင်ပြီး လှူစေချင်လို့ ပြောပါတယ် (မှန်ပါ)။ ဒုက္ခဝဋ်မှ ကျွတ်စေချင်လို့နော် (မှန်ပါ)။
အဲဒါမျိုးကျတော့ ဘယ်လောက်ပဲလှူလှူ ဒကာ ဒကာမတို့ ပုညာဘိသင်္ခါရ မဖြစ်တော့ဘူး (မှန်ပါ)။ ဝိဝဋ ကုသိုလ်ဖြစ်သွားပြီဆိုတာ သဘောကျပြီလား (ကျပါပြီ)။ နဂိုက ဒုက္ခသစ္စာ ကျွတ်ချင်လို့ စွန့်တာကိုးဗျာ။ ဒုက္ခသစ္စာ ကျွတ်ချင်တာက ဉာဏ်မဟုတ်လား (မှန်ပါ)။ သစ္စာဉာဏ်နဲ့ လှူတာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။
သစ္စာဉာဏ်နဲ့လှူရင်သံသရာတိုတယ်
သစ္စာဉာဏ်နဲ့လှူခဲ့လို့ ဒီဥစ္စာက သံသရာတိုတယ် (မှန်ပါ)။ ဘုရားက ငါဘုရား သစ္စာမသိလို့ သံသရာရှည်ခဲ့တယ် (မှန်ပါ)။ မင်းတို့လည်း သစ္စာသိပြီးလုပ်ရင် သံသရာပြတ် တယ်ဆိုတဲ့ အဓိပ္ပာယ် ကို ဘုရားက ထောက်ခံချက်မပေး ဘူးလား (ပေးပါတယ် ဘုရား)။
‘‘စတုန္နံ အရိယသစ္စာနံ ယထာဘူတံ အဒဿနာ သန္ဓာဝိဿံ သံသရိတံ ဒီယမဒ္ဓါနံ’’ ဆိုတာ ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်ဟောတာ (မှန်ပါ)။ သစ္စာမသိတော့ ငါဘုရား လည်း သံသရာ ရှည်ခဲ့တာပဲ (မှန်ပါ)။ သစ္စာသိတဲ့ အချိန်ကျမှ ကိုယ်တော်ကြီးလည်း ကျွတ်တမ်းဝင်တော်မူခဲ့ရတယ်။
သစ္စာ သိတဲ့ အချိန်ကျမှ ခန္ဓာဇာတ်သိမ်းတော့တယ်ဆိုတာလည်း ဘုရားက လုံလောက်အောင် ကိုစောမောင် ဟောသွား – မသွား (ဟောသွားပါတယ် ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ)။
တရားပွဲမှာအဝိဇ္ဇာကခွာပြီးသား
ဒါဖြင့် ဒကာ ဒကာမတို့ ၁-နံပါတ် ကမ္မဿကတဉာဏ်ဖုံး နေတဲ့ အဝိဇ္ဇာတော့ဖြင့် ဟောဒီ တရားပွဲမှာ ဒကာ ဒကာမတွေ အကုန်ပဲခွာပြီးသားပါပဲ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ ဒါဖြင့် ၁-နံပါတ်ဖြုတ်လိုက်ပါ ဒကာ ဒကာမတို့၊ ဘယ်နှယ်ခု ကျန်သတုံး (လေးခုကျန်ပါတယ် ဘုရား)။
ဒီတော့ အမှောင်ခွင်းလို့ အလင်းရောက်ပြီလားလို့ မေးရင် ကိုစောမောင်က ဘယ့်နှယ်ဖြေမတုံး (မရောက်သေးပါဘူး ဘုရား)။ နောက်က ဒကာ ဒကာမတွေ (မရောက်သေးပါ ဘူး ဘုရား)။ အမှောင် ဘယ်နှချက် လိုသေးသတုံး (လေး ချက်လိုပါတယ် ဘုရား)။
လေးချက်အုပ်နေသေးတယ်ဆိုကတည်း က ဒကာ ဒကာမတွေ ရေးရေးကလေး ရှိသေးတယ် (မှန်ပါ)။ ရေးရေးကလေးဆိုတော့ တော်တော်စူးမယ့်ဆူးကို မြင်ပါ မလား (မမြင်ပါဘူး)။ တော်တော်သေးတဲ့ မြွေကို မြင်ပါ့ မလား ( မမြင်ပါဘူး)။
ဒါဖြင့် ဒီမြွေကိုက်လို့၊ ဒီဆူး စူးလို့ သေပါလိမ့်အုံးမယ်၊ ရေးရေးရှိသေးတာကိုး (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ပြင်ကြပါအုံး၊ ဆင်ကြပါအုံး၊ ဒီဥစ္စာဖြင့် ခွာကြပါအုံးဆိုတာကို သတိပေးထိုက်၊ မပေးထိုက် (ပေးထိုက်ပါတယ် ဘုရား)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
၂။ ခန္ဓာကိုယ်မှာ ရုပ်နဲ့နာမ်ပဲရှိတယ်
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ၂-နံပါတ် အဝိဇ္ဇာကို ခွာကြပါစို့။ ၂-နံပါတ် ခွာကြပါစို့ ဆိုတော့ ခန္ဓာကြီးထဲမှာ ရုပ်နဲ့ နာမ်ပဲရှိတယ် ကိုစောမောင် (မှန်ပါ)။
အားလုံး တရားနာနေတဲ့ ဒကာ ဒကာမတွေ ဘာပဲရှိပါ -လိမ့် (ရုပ်နဲ့ နာမ်ပဲ ရှိပါတယ် ဘုရား)။
ဒါကလေးတောင်မှ တစ်ခါတစ်ခါ ဒကာ ဒကာမတွေက ရုပ်နာမ်ကလေးကိုပဲ တယ်- ငါရိုက်လိုက်ရ သေကုန်တော့မယ်၊ ငါအော်လိုက်ရလို့ရှိရင် လူကြားကုန်တော့မယ်၊ ရုပ်နာမ်ကို ငါလုပ်လာ လိုက်သေးတယ်။ မလာဘူးလား (လာပါတယ် ဘုရား)။ ငါအော်လိုက်ရလို့ရှိရင်ဖြင့် အိမ်ကို ပွက်လော လန်သွားတော့မယ်၊ ငါ ဒါကြောင့် ရေငုံနေတာ စသည်ဖြင့် ရှုပ်လို့ ကိုမောမောင် (မှန်ပါ)။
ဒါ ရုပ်နာမ်ကို မသိတဲ့ အဝိဇ္ဇာက လုပ်နေတာ ကိုစောမောင် (မှန်ပါ)။
ရုပ်နာမ်မှန်းမသိအောင်ဖုံးထားတယ်
ဘယ်သူက လုပ်တာပါလိမ့် (အဝိဇ္ဇာကလုပ်တာ ပါ)။ ၂-နံပါတ် အဝိဇ္ဇာက လုပ်တာ (မှန်ပါ)။ ရုပ်နာမ်မှန်း မသိအောင် ဖုံးထားတဲ့ အဝိဇ္ဇာက လုပ်တယ်။ ရုပ်နာမ်ပေါ် သေးရဲ့လား (မပေါ်ပါဘူး)။
အဲဒါကျတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ လျှော့ ပေးလို့မရတော့ဘူး၊ ရှိနေသေး တယ်လို့ ဟောရမယ် (မှန်ပါ)။
ကိုစောမောင် ဘယ့်နှယ်ဟောရမတုံး (ရှိနေသေး တယ်လို့ ဟောရပါမယ် ဘုရား) ရှိနေသေးတယ်ပဲ ဟောရမယ်။ ဒါအလုပ် မလုပ်တဲ့အချိန်မှာ ရှိနေတယ်နော် (မှန်ပါ)။
ဒါဖြင့် အဝိဇ္ဇာသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ရှိလို့သာ ဒီဒိဋ္ဌိထွက်လာတာ ကိုစောမောင် (မှန်ပါ)။ အဝိဇ္ဇာအုပ်ချုပ် ရေး ရှိနေလို့ ဒိဋ္ဌိလောဘထွက်လာတာပေါ့ (မှန်ပါ)။ သူလည်း တိုတိုပြောတော့ သူလည်း သင်္ခါရထဲကပါပဲ (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
သူတော်ကောင်းအလုပ်ကိုလုပ်ကြစမ်းပါ
ကိုင်း ဒကာ ဒကာမတို့အိမ်မှာ နေတဲ့အချိန် သူတော်ကောင်းအလုပ်ကို ဆရာဘုန်းကြီးက လုပ်ကြစမ်းပါ၊ လုပ်ကြစမ်း ပါ၊ ဖြစ်ပျက်ကလေးမြင်အောင် လုပ်ကြစမ်းပါ၊ ဖြစ်ပျက်ကလေး မုန်းသွားအောင် လုပ်ကြစမ်းပါ၊ ဖြစ်ပျက်ကလေးဆုံးသွားအောင် လုပ်ကြစမ်းပါဆိုတာများ ခင်ဗျားတို့ အလင်းရပါစေတော့လို့ ပြောနေတာ (မှန်ပါ)။
ခင်ဗျားတို့က ကြေးထူနေသေးတယ်၊ တပည့်တော်တို့က အမှောင်ကြိုက်ဘုရားလို့၊ ကြေးထူတဲ့ လူဟာ အမှောင်ကြိုက်လို့ဆိုတဲ့ စကားနဲ့ကော ထူးသေးရဲ့လား (မထူးပါဘူး)။
သားဆူးကစူး၊ သမီးဆူးကစူး
ကိုစောမောင် သဘောပါရဲ့ လား (ပါပါတယ် ဘုရား)။ လုပ်တော့လုပ်မယ်လို့ ရည်ရွယ်ချက် တော့ရှိတယ်။ ရည်ရွယ်ချက်တော့ရှိရင် အမှောင်ထဲ ပျော်သေးလို့လားလို့ အခုမေးရုံပဲ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။
မှောင်ထဲမှာ စမ်းသွားနေရလို့ ခလုတ်တံသင်းတွေနဲ့ စူးလိုက် တိုက်လိုက်နဲ့။ သားတည်း ဟူသော ဆူးကစူးလိုက်၊ သမီးတည်း ဟူသော ဆူးကစူးလိုက်၊ ဒါကို ကြိုက်နေသေးလို့လားလို့ မေးဖို့ မလိုဘူးလား (လိုပါတယ်)။
သားတည်းဟူသော ဆူးက စူးလိုက်လည်း ရင်ထဲမှာ ထိတ်ခနဲ၊ သမီးတည်းဟူသော ဆူးက စူးလိုက်လည်း ရင်ထဲမှာ ထိတ်ခနဲ၊ မျက်ရည်တွေ စိုက်ခနဲ ကျလာတယ်၊ မကျဘူးလား-ကျပါတယ်၊ အဲဒါ မှောင်ထဲသွား နေလို့ ဖြစ်ချင်သလို ဖြစ်နေတာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။
ရုပ်နာမ် မသိတဲ့အဝိဇ္ဇာ မကွာလို့
အဲဒီလိုဖြစ်တာတွေ ဟူသရွေ့ကို ဒကာ ဒကာမတွေက စဉ်းစားခန်း ထုတ်လိုက်တဲ့ အခါကျတော့ – ၂-နံပါတ် အဝိဇ္ဇာ မကွာလို့ ဒီဆူး အစူးခံနေရတာ (မှန်ပါ)၊
သားသမီး ဆူးစူး၊ ပစ္စည်းဆူးကစူး၊ ပစ္စည်းတွေကလည်း တစ်ခါတလေ ကျတော့ မြတ်မယ်လို့ ထားလိုက်တာ ရှုံးတယ်ဆိုတော့ ဟိုက်ခနဲ – စူးလိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့ (မှန်ပါ)။ အငြိမ်ကို နေလို့ရရဲ့လား (မရပါဘူး ဘုရား)။
အခုသွားပါဟ အခုပြော ပါဟ၊ အခုဆိုပါဟ၊ အခုလိုက်ပါဟ-စသည် မလာဘူးလား (လာပါတယ် ဘုရား)။
ဆူးဟူသ၍ ကျုပ်တို့အတွက်
အဲဒါ ရုပ်နာမ်မှ မသိတဲ့ အဝိဇ္ဇာအုပ်ချုပ်ပြီး သကာလ ထားလိုက်တဲ့အတွက် ကျုပ်တို့မှာဖြင့် ဆူးဟူသရွေ့ဟာ ကျုပ်တို့ အတွက်ချည်းပဲ (မှန်ပါ)။ သားက စူးလိုက်၊ သမီးက စူးလိုက်နဲ့ အမေ အဖေမှာ လိုက်စူးနေတာပဲ (မှန်ပါ)။
သားသမီးက စူးတာကော (အမေအဖေမှာပါ)။ ပစ္စည်းက စူးတာကော (အမေအဖေပါပဲ)။ ခေါင်းဆောင်မှာ သာပြီး စူးတယ်လို့ ဆိုကြပါစို့ (မှန်ပါ)။
ဘယ့်နှယ်ဆိုကြပါ့မလဲ (ခေါင်းဆောင်မှာသာပြီး စူးပါတယ်)။ သူက မှောင်ထဲ အပြေးသန် သကိုး (မှန်ပါ)။ မှောင်ထဲ အပြေးသန်တဲ့ပုဂ္ဂိုလ်ဟာ ဆူးများလိမ့်မယ်ဆိုတာကော ဦးပြန့် ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ခင်ဗျားတို့က အိမ်ခေါင်းဆောင်တွေဆိုတော့ အတော်ခက်နေတာ။ အိမ်က လူကတော့ ပြန်မှသိရမယ်၊ ကိုယ်ကဖြင့် စူးပြီးခဲ့ပြီဆိုတဲ့ အဓိပ္ပာယ်မျိုး လာမသွားဘူးလား (လာသွားပါတယ်)။
ရုပ်နာမ်ရယ်လို့မှ သိသေးရဲ့လား (မသိပါဘူး)။ အဲမသိတဲ့ အခါကျတော့ ငါလုပ်ဖြစ်တယ်ဆိုပြီး သကာလ ငါနဲ့ချည်း သွားလိုက်ကြတာ၊ မသိအောင် ဖုံးထားတဲ့ အဝိဇ္ဇာက ဖုံးထား လိုက်တာ အကုန်ငါဖြစ်ပြီး သကာလ ရုပ်နာမ်တွေ ငါဖြစ်မသွား ဘူးလား (သွားပါတယ်)။ အဲဒီကျအောင် ဖုံးထားတာက ဘယ်နံပါတ် အဝိဇ္ဇာပါလိမ့် (၂-နံပါတ် အဝိဇ္ဇာပါ)။ ၂-နံပါတ် အဝိဇ္ဇာဆိုတာ တော်တော်ခွာလို့ လွယ်တယ်မှတ် သလား (မလွယ်ပါဘူး)။
မရှိရင် ပေါင်နှံပြီးပေးရမယ်
မလွယ်ဘူး ဒကာ ဒကာမတွေ။ ၂-နံပါတ်အဝိဇ္ဇာက သူကတော့ အမှောင်ထဲ သွားနိုင်တယ်၊ ခုနင်က ပြောတဲ့ ဆွေကိစ္စ မျိုးကိစ္စ စသည်ဖြင့် နေမကောင်းလဲ မနေနိုင်ဘူး၊ မရှိလဲ ပေါင်နှံပြီး သကာလ ကူတန်ကူရမယ့် ကိစ္စတွေကော (ရှိပါတယ် ဘုရား)။ လှည့်ပတ်ပြီး ပေးရမယ့်ကိစ္စတွေကော (ရှိပါတယ် ဘုရား)။
အို-မပြောပါနဲ့တော့ အဲဒါတွေက တစ်ခါတည်း ချမ်းသာလဲပေး၊ မချမ်းသာလဲပေး၊ ရှိလဲပေး၊ မရှိလဲပေး မတတ် နိုင်ဘူး။ ဆင်းရဲတဲ့ဘဝကျလာရင် ဒီဥစ္စာတွေဟာ တစ်ခါတည်း ကိုယ့်ကိုယ်ချည်း စူးတဲ့ အဓိပ္ပာယ် မလာဘူးလား (လာပါ တယ် ဘုရား)။
ဘယ့်နှယ့်ကြောင့် ဒီစူးချက် သန်နေပါလိမ့် မှောင်ထဲပြေးနေတာကိုး (မှန်ပါ)။ ၂-နံပါတ် အမှောင် အောက်မှာ သူပြေးနေတာ (မှန်ပါ)။ ရုပ်နာမ်မှ မသိတော့ဘဲ ကိုးဗျ (မှန်ပါ)။
ရုပ်နာမ်သိရင် ဒိဋ္ဌိကွာတယ်
ရုပ်နာမ်သိလို့ရှိရင် ငါဆိုတဲ့ ဒိဋ္ဌိက ကွာမနေဘူးလား၊ (ကွာနေပါတယ်)။ ငါမှ မရှိဘူးဆိုလို့ရှိရင် ငါမရှိရင် သားဆိုတာကော (မရှိပါဘူး)။ သားဆူးလဲ မစူးတော့ဘူး၊ သမီးဆူး ကော (မစူးပါဘူး)။ ပစ္စည်း ဆူးကော (မစူးပါဘူး)။
အခုတော့ ၂-နံပါတ်အဝိဇ္ဇာက အုပ်ချုပ်ပြီး သကာလ နေတော့ ဒိဋ္ဌိတည်းဟူသော ဆူးကလဲ ငါရှိပြီး သကာလ နေပြန်တော့ သားကိစ္စနဲ့ ကြုံပြန်လဲ ဟိုက်ခနဲ ရင်ပူလိုက် တန်းခုန်လိုက် မြေလူးလိုက် လာပြန်တာပဲ။ မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒါတွေ ကြည့်လိုက်တော့ ဘယ်အဝိဇ္ဇာ မကျော်လွှား နိုင်လို့ ဒီကိစ္စတွေ အကြုံကြီး အဆုံကြီး ဆုံနေရပါလိမ့်မလဲ အကဲခတ်မိကြပြီလား (ခတ်မီနေပါပြီ)။ ဘယ်အဝိဇ္ဇာတုံး (၂-နံပါတ်အဝိဇ္ဇာပါ ဘုရား)။ ၂-နံပါတ်ရုပ်နာမ်မသိအောင် ဖုံးထားတဲ့ အဝိဇ္ဇာဒဏ်ချက်ကြောင့် သားဆူး၊ သမီးဆူး၊ ဆွေဆူး၊ မျိုးဆူး၊ ငါတည်းဟူသော ဆူးတွေက စူးလိုက်တဲ့ဖြစ်ခြင်း မောင်နိုင်ရေ။ ရှေ့သွားနောက်ဆုံး (မှန်ပါ)။ အိမ်နေတဲ့ အချိန်မှာလဲ အဝေးအတွက် လှမ်းစူး လိုက်တာကလဲ နည်းသလား (မနည်းပါဘူး)။
ငါရှိလို့ သား ငါ့သမီးရှိနေတာ
ဘယ်လောက်ထိအောင် ဒကာ ဒကာမတွေ ရုပ်နာမ် ပဲလို့ဆိုတာ မသိတဲ့အတွက် ကိုစောမောင်ရေ ငါရှိလို့ ငါ့သားက ရှိနေတာကိုး။ ရုပ်နာမ်ရယ်လို့ သိသေးရဲ့လား (မသိပါဘူး)။
ငါရှိလို့ ငါ့သမီးကကော (ရှိနေပါတယ်)။ ငါရှိနေလို့ ငါ့ပစ္စည်း ကကော (ရှိပါတယ် ဘုရား)။ ငါရှိလို့ ငါ့ဆွေမျိုးကော (ရှိပါတယ် ဘုရား)။ ငါရှိလို့ငါ့ဥစ္စာတွေကော (ရှိပါတယ် ဘုရား)။
ရူးလိုက်တဲ့ဖြစ်ခြင်းတွေ။ မောင်နိုင်အားသေးရဲ့လား (မအားပါဘူး ဘုရား)။ အဲဒီ မအားအောင် စူးတာသည် ဒကာ- ဒကာမတို့ ငါတည်းဟူသော ရုပ်နာမ်မသိတဲ့ ဒိဋ္ဌိက မဖြုတ်တတ်ပါဘူး။ မပြုတ်တော့ အဝိဇ္ဇာ အုပ်လျက်ပဲဆိုတာ မသေချာဘူးလား (သေချာပါတယ်)။
ရုပ်နာမ်ကလေး သိလို့ရှိရင်
ဒါကြောင့် ဒကာ-ဒကာမတို့ ရုပ်နာမ်ကလေး သိလို့ရှိရင် ဖြင့် ၂-နံပါတ်အဝိဇ္ဇာကွာမယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။
ရုပ်နာမ်သိဖို့ဆိုတော့ မခက်လှပါဘူး ဒကာ-ဒကာမတို့။ ခင်ဗျားတို့ ကိုင်တွယ်စမ်းသပ်လို့ရတဲ့ အလေးချိန်ရှိတာကြီးဟာ ရုပ်ပဲ (မှန်ပါ)။
ဒီထဲမှာ စားချင် သောက်ချင် ပြောချင်ဆိုချင် ဆိုတာ ကလေးတွေဟာ အထည်လဲမရှိဘူး။ ချိန်တွယ်လို့လဲ မရဘူး။ ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ ပေါ်လာပြီး ချုပ်သွားကြတဲ့ ဝေဒနာ ကလေးတို့၊ စိတ်ကလေးတို့၊ သညာကလေးတို့ဟာ မောင်နိုင် နာမ်လို့ မှတ်လိုက်ပါ (မှန်ပါ)။
အခိုင်းသမားကနာမ်၊ အလုပ်သမားကရုပ်
ဒါဖြင့် အခိုင်းသမား နာမ်၊ အလုပ်သမားရုပ်လို့ မှတ်လိုက်ရင်လဲ မပြီးဘူးလား (ပြီးပါတယ် ဘုရား)။ ဒီလို ချည်း သိနေပြန်လို့ရှိရင်လဲ ငါဆိုတာ ရှာတွေ့သေးရဲ့လား (မတွေ့ပါဘူး)။
အဲ-ငါရှာမတွေ့တဲ့ အခြေအနေ ရောက်ပြန်တော့ လဲ ဒကာ-ဒကာမတို့ ၂-နံပါတ် အဝိဇ္ဇာ ကွာသွားတဲ့ အတွက် ငါမရှိလို့ ငါ့သား၊ ငါ့ပစ္စည်း၊ ငါ့ကိုပြုသွားပြန်ပြီး အစရှိသည်နဲ့ လာသေးရဲ့လား (မလာပါဘူး)။
ဒါဖြင့် ရုပ်နာမ်ကွဲမှ ကိုစောမောင် ၂-နံပါတ်အဝိဇ္ဇာ ကွာမယ် (မှန်ပါ)။
သို့သော် ဝိဇ္ဇာဥဒပါဒိ ဆိုတဲ့ စတုတ္ထ၊ ပဉ္စမတို့နဲ့ အဝေး ကြီးကျန်သေးတယ် (မှန်ပါ)။ မကျန်ဘူးဘူး (ကျန်ပါ တယ်)။ သဘောပါကြပြီလား (ပါပါပြီ)။
အလင်းကလေးနှစ်လင်းတော့ရပြီ
ဒါဖြင့် ရုပ်နဲ့နာမ် သိလို့ရှိရင် ဘယ်အဝိဇ္ဇာကွာသတုံး (၂-နံပါတ် အဝိဇ္ဇာကွာပါတယ်)။ အဲ-အလင်းကလေး နှစ်လင်းရောင်တော့ဖြင့် ရပေါ့လို့ ဆုံးဖြတ်ချက် မချနိုင်ဘူးလား (ချနိုင်ပါတယ် ဘုရား)။
ကမ္မဿကတဉာဏ် အလင်းကလေး လည်း ဒီဒကာ ဒကာမတွေ ရှိနေပါပြီ၊ ရုပ်နာမ်သိတဲ့ အလင်း ဉာဏ်ကလေးကော (ရှိပါတယ် ဘုရား)။ အဲ-အလင်း ကလေး နှစ်လင်းတော့ ရပြီ၊
အမှောင်က ဘယ်နှချက် အုပ်နေ သတုံး (ငါးချက်ပါ)။ ရတာက-၂၊ အုပ်နေသေးတာက ၃ဆိုရင် ကိုစောမောင် မထေမိဘူး။ ထေမိပါ့မလား (မထေမိပါဘူး)။
အဲဒါကြောင့် အဆုံးထိအောင် ခင်ဗျားတို့ အလုပ်လုပ် ပြီး သွားကြရလိမ့်မယ်ဆိုတာ သဘောပါပြီလား (ပါပါပြီ)။
ကဲ-ယနေ့ ဒီတွင် တော်ပါအုံး။
သာဓု သာဓု သာဓု။