236

ပါရမီဘာကြောင့် မလိုတာတုံး (ဒီနည်းအတိုင်းသာအားထုတ်ပါ)

မှတ်ချက်။ ။အလုပ်ပေး အလွန်တရာ ကောင်းမွန်လှသော တရားဖြစ်ပါသည်။ နာရီဝက် တစ်နာရီ စသည်ဖြင့် စွမ်းနိုင်သ၍ အဓိဋ္ဌာန်တင်ပြီး အားထုတ်ရန်၊ အားထုတ်နေစဉ် ကိလေသာ ကြားမခိုရန် ဆုံးမထားပါသည်။

အသံဖိုင်ခေါင်းစဉ်= အနိစ္စရှု အနိစ္စမှတ် အနိစ္စသိ ကျင့်စဉ်တရားတော်

စာအုပ်ခေါင်းစဉ်= ပါရမီဘာကြောင့် မလို့ဘာတုံး (ဒီနည်းအတိုင်းသာ အားထုတ်ပါ)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

ပါရမီဘာကြောင့် မလိုတာတုံး

(ဒီနည်းအတိုင်းသာအားထုတ်ပါ)

(၁-၂-၁၉၆၀)

ဘယ်လိုအလုပ်လုပ်ရင် ရမယ်ဆိုတဲ့ဥစ္စာ ပုဂ္ဂိုလ်စရိုက် မရွေးဘဲနဲ့ ဟောထားတဲ့ တရား ရှိသည်လို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။

ဘုရားကိုယ်တော်တိုင်ဟောထားတယ်

ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ယခုဘဝနိဗ္ဗာန်ရ တဲ့ ပုဂ္ဂိုလ်များဟာ ဘယ်လို အလုပ်လုပ်ရင် ရတယ်ဆိုတဲ့ ဥစ္စာကို သေသေချာချာ အင်္ဂုတ္တိုရ် ပါဠိတော်ကြီး များမှာ ဟောပြီး သကာလ ထားသောကြောင့် ယခုဘဝနိဗ္ဗာန်ရတဲ့ ပုဂ္ဂိုလ်၏ ရှုပုံ၊ မှတ်ပုံ၊ သိပုံ တစ်ပါးသော ကိလေသာ တွေနဲ့ မရောပုံ၊ အဲဒါတွေပြပြီး သကာလ ဒီလိုသာတဲ့ ငါပြောတဲ့အတိုင်း လုပ်ကြမယ် ဆိုလို့ ရှိရင်ဖြင့်တဲ့ ပါရမီ မလိုပါဘူး။

ပါရမီဘာကြောင့်မလိုတာတုံး

ပါရမီမလိုဘူးဆိုတဲ့ အဓိပ္ပါယ်သည် ရှုပုံ၊ မှတ်ပုံ၊ သိပုံ၊ ကိလေသာ ကြားမခြားပုံကို ဒကာ၊ ဒကာမတွေက ယခုပြောတဲ့ အတိုင်း သိပြီး၊ ယခုပြောတဲ့ အတိုင်း အားထုတ်ကြမယ် ဆိုလို့ ရှိရင်ဖြင့်တဲ့ ဒီဘဝမှာပဲ အာသဝေါ ကုန်ခမ်း ရဟန္တာဖြစ်ပြီး သကာလ၊ သေသည်၏ အခြားမဲ့၌ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်ကို ရနိုင်တယ် ဆိုတဲ့ အကြောင်းကို အင်္ဂုတ္တိုရ် ပါဠိတော်ကြီး မှာ ရှုပုံနည်းလမ်းကို ဒကာကြွယ်တို့၊ ဒကာသစ်တို့ သေသေချာ ချာပြထားတယ် (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒကာ၊ ဒကာမတို့ အလုပ်တရား ဆိုတဲ့ဥစ္စာ အင်မတန်မှ အရေးကြီးတာကို ပြောရ ဟောရမှာ ဖြစ်နေတော့ ဒကာ ဒကာမတွေ လွယ်လွယ်ကူကူနဲ့ တို့ဒီနေရာ၊ ဒီဌာနရောက် ပြီး၊ ဒီဆရာဘုန်းကြီးနဲ့ တွေ့ကြရတယ် ဆိုတဲ့ဥစ္စာလေး ရှေ့ပိုင်းက ဒုလ္လဘ တရားငါးပါး လေးကိုလည်း ကိုယ်ရထိုက်တယ်၊ မရ ထိုက်တယ် သိဖို့ရာလေးကိုလည်း ချိန်ကြပါအုံး (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒုလ္လဘတရား ငါးပါးဆိုတဲ့ ဥစ္စာကို ရှေးဦးစွာ ရှေ့ပိုင်းက ရှင်းပြမယ်။ သာရန္ဒဒသုတ် ဆိုပြီးသကာလ အင်္ဂုတ္တိုရ် ပါဠိတော်ကြီးမှာ လာထားသည်လို့ မှတ်ရမယ်။

သူတို့တွေးတာအလွဲချည်းပါပဲ

လောကီသူတို့ ရချင်တာတွေကို သူတို့ ဉာဏ်မှီသ လောက်နဲ့ လိစ္ဆဝီမင်းသား တွေက သာရန္ဒဒ စေတီအနားမှာ သူတို့ တွေးကြတယ်။ သူတို့ တွေးတာကတော့ အလွဲချည့်ပါပဲလို့ပဲ မှတ် ကြပေတော့။

၁။ ဆင်ရတနာဆိုတာရခဲတယ်။

၂။ မြင်းရတနာဆိုတာရခဲတယ်။

၃။ ပတ္တမြားရတနာဆိုတာရခဲတယ်။

၄။ မိန်းမရတနာဆိုတာရခဲတယ်။

၅။ သူဌေးကြီးရတနာဆိုတာရခဲတယ်။ သူတို့ကရခဲ တဲ့ (၅)မျိုး သူတို့ချင်း တွေးတော နေကြတယ်။

လိစ္ဆဝီမင်းသား (၅၀၀)

အဲဒီသူတို့က သူတို့ချင်း တွေးတောတာဖြစ်တော့ လိစ္ဆဝီမင်းသား (၅ဝဝ)က ဆုံးဖြတ်ချက် ချလို့ မရကြဘူး၊ ကိုယ့်အထင်နဲ့ ကိုယ်ပြောကြတာ ဖြစ်နေတော့၊ ဒီလိစ္ဆဝီမင်းသား (၅၀ဝ)က လူ တစ်ယောက် လွှတ်ထားတယ်၊ ဒီလမ်းကွာ ဘုရားလည်း ကြွနေကျ လမ်းလည်း ဖြစ်ပါတယ်။

အဲဒီဘုရား ကြွလာလို့ ရှိရင်ဖြင့် ပင့်ပါကွာ၊ တို့ဆီ ခေတ္တ ကြွပေးပါလို့ ဆိုပြီး လူတစ်ယောက် လွှတ်ထားတယ်။ လွှတ်ထား တဲ့အတိုင်းပဲ ဘုရားကလည်း ကြွလာတာနဲ့ လိစ္ဆဝီ မင်းသားတွေ လွှတ်ထားတဲ့ ဒကာက ပင့်ပြီး သကာလ ဘုရားကပဲ စပြီး လိစ္ဆဝီ မင်းသားတွေ ရှိခိုးဦးတင်တဲ့ အခါမှာ မင်းတို့ ငါလာတဲ့အခါ ဘာများ ပြောဆို နေကြသတုံး။

ဒုလ္လဘတရား (၅)ပါး

တပည့်တော်တို့ ရခဲတဲ့ အကြောင်း (၅)ပါး၊ ဒုလ္လဘ (၅)ပါး ပြောနေပါတယ်ဘုရား။ ပြောစမ်းပါဦး ဆိုတော့ ခုနက ပြောတာ တွေ လျှောက်ပြောပါတယ်။

ဆင်ရတနာ၊ မြင်းရတနာ၊ ပတ္တမြားရတနာ၊ မိန်းမရတနာ၊ သူဌေးကြီး ရတနာ (၅)ခုဟာ ရခဲတယ်လို့ တပည့်တော်တို့ တွေးနေ ကြပါတယ် ဘုရား ဆိုတော့၊ အဲဒါတွေဟာ ရခဲတာ မဟုတ်ပါဘူး ကွာ။ ဒါတွေ အလွယ်လေးတွေပါလို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီး က ဟော လိုက်တယ်။

၁။ ဘုရားသာသနာနဲ့ကြုံပြီ

ရခဲတဲ့ဒုလ္လဘ (၅)ပါးကို သေသေချာချာ မှတ်ကြလို့ ဆိုပြီး ဒီလိစ္ဆဝီ မင်းသားတွေကို ဟောတယ်။ အဲဒီရခဲတဲ့ (၅)ပါးက-

ဒကာ ဒကာမတို့ ဘုရား သာသနာနဲ့ ကြုံဖို့ရာကလည်း ရခဲတဲ့ တစ်မျိုး၊ တစ်နံပါတ်က ဘာပါလိမ့် (ဘုရား သာသနာနဲ့ ကြုံဖို့ရာပါ ဘုရား)။

ပါရမီပြည့်ပြီးသားပုဂ္ဂိုလ်တွေ

အဲဒီတော့ ကိုယ်ကိုယ်တိုင် စဉ်းစားကြည့်ပါ၊ ဘုရားသာ သနာ (၅၀၀၀) အတွင်းမှာပဲ ရှိပါသေးတယ် ဆိုသဖြင့် သြော် တို့ သည်ကားလို့ ဆိုလို့ရှိရင် ဘုရား ဟောတော်မူတဲ့ အတိုင်း သာသနာတွင်း ကြုံပြီး သကာလ နေလိုက်တဲ့ အဖြစ်ဟာလည်း တို့မှာဖြင့် မဂ်ဖိုလ် ရကြောင်း တစ်ကြောင်း အပါအဝင် ဖြစ်ပြီး သကာလ နေတဲ့ အတွက် ဒို့ဖြင့် နောက်ကပါရမီ ဖြည့်ခဲ့ လေရော့ သလား၊ မဖြည့်ခဲ့ လေရော့သလား မတွေးပါနဲ့ ပြည့်ပြီးသား ဆိုတဲ့ အဓိပ္ပါယ်ဟာ လာပြီး ထောက်ခံချက် ပေးတယ် (မှန်လှပါ ဘုရား)။ သဘော ကျပြီနော် (ကျပါတယ် ဘုရား)။

၂။ ဟောတတ်တဲ့ဆရာကောင်းနဲ့ကြုံပြီ

ဒုတိယတစ်ခါ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါဘုရား ဟောတဲ့ တရားတွေကို သေသေချာချာ ကျကျနန မဂ်ဖိုလ် ဆိုက်အောင် ဟောနိုင်တဲ့ ပုဂ္ဂိုလ်ဟာလည်း မင်းတို့ကြုံဖို့ ရာ အင်မတန် ခဲယဉ်းပါတယ်ကွာ၊ အဲဒီပုဂ္ဂိုလ်နဲ့ ကြုံဖို့ရာဟာ ဒုလ္လဘတစ်မျိုး ပါပဲလို့ ဟောလိုက်သဖြင့် ခု ဆရာကောင်း၊ သမားကောင်းကြံပြီး နာကြရတော့ သေသေချာချာ လုပ်ရင်လည်း သေသေ ချာချာ ခရီးပေါက်တယ် ဆိုတာကလည်း ဒကာကြွယ်တို့ ကိုယ်တိုင် သိပြီးသား ဖြစ်နေတယ် (မှန်လှပါ ဘုရား)။

အဲဒီတော့ ဟောတတ်တဲ့ ပုဂ္ဂိုလ်နဲ့ ငါဘုရား၏ တရားကို ဟောတတ်တဲ့ ပုဂ္ဂိုလ်နဲ့ တွေ့ဖို့ရာလည်း ဒုလ္လဘ တစ်မျိုးပဲလို့ ၊ နှစ်နံပါတ် ပြောလိုက်တယ် (မှန်လှပါ ဘုရား)။

သုံးနံပါတ်က ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောဟော၊ ငါ၏ တပည့်သား များကပဲ နိဗ္ဗာန် ရောက်ကြောင်း ဟောဟော သိတတ်တဲ့ဉာဏ်၊ ထောင်နိုင်တဲ့နား၊ ထောင်နိုင်တဲ့ နားနဲ့ထောင်ပြီး သိတတ်တဲ့ဉာဏ် ရှိဖို့ရာလည်း ဒုလ္လဘတစ်မျိုးပဲ။

၃။ ထောင်နိုင်တဲ့ဉာဏ်နားနဲ့ပြည့်စုံပြီ

သိတတ်တဲ့ ဉာဏ် ရှိဖို့ရာလည်း ဒုလ္လဘတစ်မျိုးပဲလို့ ဟော လိုက်တော့ ဒီဒကာ ဒကာမတွေက ကိုယ့်ဟာကိုယ် စစ်ဆေးပြီး သကာလ တို့ဘုန်းကြီး ဟောတာ ဘုရားတရားတွေ၊ ပါဠိတော်ကြီး တွေထဲက ယူပြီး ပြောနေတယ်၊ ကိုယ့်ခန္ဓာနဲ့ ကိုက် ပြီးတော့ကို၊ ပါဠိတော်နဲ့ ကိုယ့်ခန္ဓာနဲ့ ကိုက်ကိုက် ကိုက်ကိုက်ပြီး တို့အသေအချာ ရှုလိုက်တဲ့အခါ တို့ခန္ဓာဖြစ်စဉ်နဲ့ ဟောလိုက် တဲ့တရားနဲ့ ဟာ ကိုက်ကိုက် နေတယ်လို့ ဆိုလို့ရှိရင်လည်း ထောင် တတ်တဲ့ဉာဏ် နားရှိလို့ သာလျှင် ဒကာ ဒကာမတွေ ခု နေ့တိုင်း ထောင်နိုင်ကြတယ် ဆိုတာ ဒုလ္လဘ တရားထဲ မှာလည်း ထောင် နိုင်တဲ့ ဉာဏ်နား ရှိတာ ပြည့်စုံပြီးသားလို့ မှတ်လိုက်ပါ (မှန်လှပါ ဘုရား)။

ဘယ်နှစ်ချက်ရှိသွားပြီတုံး (သုံးချက်ရှိပါပြီ ဘုရား) သုံးချက် ရှိသွားပြီလို့ ဒကာ ဒကာမ တွေက မှတ်ပါ။

၄။ ကျင့်နိုင်တဲ့စွမ်းရည်ပြည့်စုံနေပြီ

ပြီးတော့ကွာတဲ့ ငါဘုရား၏ တရားကို ထောင်နိုင်တဲ့နား၊ ပညာနားရှိပြီး သကာလ ထောင်နိုင်ကြငြား သော်လည်း ဒီတရား အတိုင်း “ဓမ္မာနုဓမ္မပဋိပတ္တိ” ဆိုတဲ့ ကျင့်မှု အလုပ်ကို လုပ်နိုင်တဲ့ စွမ်းရည်သတ္တိ၊ ကျင့်ပါ့မယ်၊ ကျင့်ဖြစ်အောင် ကျင့်လည်း ကျင့်တယ် ဆိုတဲ့၊ ကျင့်နိုင်တဲ့ စွမ်းရည်သတ္တိ ရှိဖို့ရာလည်း ဒုလ္လဘ တရား တစ်ပါးပါပဲလို့ ဟောလိုက်တယ် (မှန်လှပါ ဘုရား)။

သိပြီးမကျင့်တာက ရှိသေးတယ် (မှန်လှပါ ဘုရား)။ ခုတော့ ကျင့်နိုင်တဲ့ ဒကာ ဒကာမတွေ ဖြစ်နေတယ် ဆိုတာ ဒကာ သစ်တို့ သေချာနေတယ် (သေချာနေပါတယ် ဘုရား)။

အဲဒါကြောင့် တို့ပါရမီတွေ ဘာပါလိမ့်မတုံးလို့ မတွေးနဲ့၊ ဒုလ္လဘတရား ခု (၄)ပါး ပြည့်စုံ နေပြီ ဆိုတာ စဉ်းစား ကြပါတော့ (မှန်လှပါ ဘုရား)။

၅။ သူ့ကျေးဇူးပြန်ဆပ်ချင်တဲ့စိတ်တွေပေါ်ပြီ

ငါးနံပါတ်က ဒီတရားတွေ ကျင့်ပြီးကွာတဲ့၊ တရားတွေ နှလုံးသွင်းတိုင်း သွင်းတိုင်း၊ တရားတွေ ပေါ်တိုင်းပေါ်တိုင်း ဪ တို့ဆရာ ကျေးဇူးရှင်ကို၊ တို့မျက်စိ၊ နားတွေ ဖွင့်ပေးတဲ့ ပုဂ္ဂိုလ်ပဲ။

ဒါ့ကြောင့် တို့အသိဉာဏ်တွေ ထူးခြားပြီး သကာလ ဒုက္ခချုပ်တဲ့ နေရာလည်း မြင်ကြရ၊ ဒုက္ခတွေလည်း မြင်ကြရ၊ ဒုက္ခချုပ် တဲ့ နေရာ ဆိုတာလည်း ဒါနိဗ္ဗာန်ပဲ ဆိုတာလည်း သိကြရခြင်း ကြောင့် ကျေးဇူးဂုဏ်တွေဖြင့် တို့လက်အုပ်ချီ ၍သော် လည်းကောင်း၊ ပစ္စည်းလေးပါးဖြင့် သော် လည်းကောင်း၊ တို့ သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် မဆပ်ရင် မဖြစ်ဘူး ဆိုတဲ့ သူ့ကျေးဇူး သိတတ်တဲ့ ပုဂ္ဂိုလ်ထဲ မှာလည်းတဲ့ အင်မတန် ရှားတာ အဲဒီလို အထဲမှာ ကြုံ လာပြန်တာ ကလည်း ဒုလ္လဘ တစ်မျိုး ပဲကွ (မှန်လှပါ ဘုရား)။

သူ့ကျေးဇူး ပြန်ဆက်ချင်တဲ့ စိတ်တွေ စိတ်ထဲ တဖွားဖွား ပေါ်ပြီး သကာလ လာတာလည်း ဒုလ္လဘ တစ်မျိုးပဲ (မှန်လှပါ ဘုရား)။

ဒါမှဒုလ္လဘတရား (၅) ပါးအစစ်

အဲဒါတွေ ထောက်ကြည့်တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အင်း နေရာကျလိုက်တာ၊ ဒီအင်္ဂါ (၅)ပါးဟာ ဖြင့်၊ ဒီဒုလ္လဘ တရား (၅)ပါးဟာက ဘုရားက ဒါမှ ဒုလ္လဘ အစစ်ကွာလို့ သေသေချာချာ ဟောထားတော့ ကိုယ့်ကိုယ်ကိုယ် ယနေ့ပဲ ချိန်ကြည့်လိုက်တဲ့ အခါကျတော့ –

ဒုလ္လဘတရား – ၁။ ဘုရားသာသနာနဲ့ကြုံပါရဲ့လား (ကြုံပါတယ် ဘုရား)။

ဒုလ္လဘတရား -၂။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် ကြီး၏ နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကို ဟောတတ်တဲ့ ပုဂ္ဂိုလ်နဲ့ ကြုံပါရဲ့ လား (ကြုံပါတယ် ဘုရား)။ နှစ်နံပါတ်လည်း ကြုံသွားတယ်နော် (မှန်လှပါ ဘုရား)။

ဒုလ္လဘတရား -၃။ , ဟောတတ်တဲ့ ပုဂ္ဂိုလ်ရှိပြီး သကာလ ဟောနေငြား သော်လည်း ကိုယ့်နားထဲမှာ ဉာဏ်နဲ့ စိုက်ပြီး သကာ လ ကြည့်လိုက်တော့ ခန္ဓာထဲမှာဟော အကိုက်ပဲလို့ ဉာဏ် နားနဲ့ ထောင်ကြည့်တော့ ဟောတာနဲ့ ခန္ဓာနဲ့ ဟာဖြင့် တန်းပြီး သကာလ တစ်ထပ်တည်း၊ တစ်သားတည်း နေတော့တာပဲလို့ ဆိုတဲ့ ဉာဏ်နားကော ပါကြရဲ့လား (ပါပါတယ် ဘုရား)။

ကောင်းပြီ သုံးနံပါတ်လည်း ပြည့်စုံနေတော့ ဒုလ္လဘ – (၃)ပါး ပြည့်စုံပြီးသကာလနေတယ်။

ဒုလ္လဘတရား – ၄။ လေးနံပါတ် စစ်ဆေးလိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတွေ အိမ်ရောက်တဲ့ အခါမှာ ဖြစ်စေ၊ လမ်းသွားရင်းဖြစ်စေ၊ သံဝေဂ ရစရာရှိတဲ့ အခါမှာဖြစ်စေသော် ဒီခန္ဓာကြီး ပြန်ကြည့် လိုက်တဲ့ အခါကျတော့ ဖြစ်မှု၊ ပျက်မှုမှ တစ်ပါး ဘာမှမရှိတဲ့ ဒုက္ခသစ္စာ အမှန်ပါလား ဆိုတာလည်း ဉာဏ်ထဲမှာ မပေါ်ကြဘူးလား (ပေါ်ပါတယ် ဘုရား)။

ခန္ဓာထဲတရားရှိလို့

အဲဒါ “ဓမ္မာနု ဓမ္မပဋိပတ္တိ” ဆိုတဲ့ တရားရှိလို့ တရားပေါ် လာတာ ခန္ဓာထဲ ဒီတရားရှိလို့ ဉာဏ်ထဲ ဒီတရားတွေ ထင်ပြီး သကာလ လာတဲ့ အလုပ်ဟာလည်း “ဓမ္မာနုဓမ္မပဋိပတ္တိ” အလုပ် ဟာလည်း အလွန်ကို ရခဲတဲ့ အလုပ်ပဲကွာ ဆိုတာလည်း ဒကာ ဒကာမတွေ ရနေကြတဲ့အတွက် ဒီဒုလ္လဘ အတွက်ကလည်း ဒကာ ဒကာမတို့ စိုးရိမ်စရာ မလိုတော့ဘူး (မလိုပါ ဘုရား)။

ဒုလ္လဘတရား – ၅။ တစ်ခါဆရာသမားအပေါ်မှာ ဒကာ ဒကာမတွေက အင်း ဆရာဘုန်းကြီး ပြောလို့၊ နေ့တိုင်း သည်းခံပြီး ပြောပေးလို့ တို့မှာဖြင့် ဟေ့ ဓမ္မနဲ့ပူဇော်လို့လည်း မဆုံးနိုင် ဘူး၊ ပစ္စည်းလေးပါးနဲ့ ပူဇော်လို့လည်း တို့မှာ မဆုံးနိုင်ဘူး၊ ကိုယ်တတ်အား ရှိသလောက်ဖြင့် ပူဇော် ပသချင်တဲ့ စိတ်တွေကလည်း ပေါ်နေကြတယ် (မှန်လှပါ ဘုရား)။

“ကတညုတ ကတဝေဒီ” ဆိုတဲ့ တရားတွေကလည်း ပေါ်ပြီး သကာလ နေကြတဲ့ ဒကာ ဒကာမတွေ ဖြစ်တယ် ဆိုတာ လည်း ကိုယ့်ဟာကိုယ် သိကြမှာပေါ့ (မှန်လှပါ ဘုရား)။

ဒီဘဝမဂ်ဖိုလ်ရ၊ ရမယ်

အဲဒီတော့ ဒီဒုလ္လဘတရား (၅)ပါးနဲ့ ကြုံတဲ့ ပုဂ္ဂိုလ်များ ဒကာ ဒကာမတို့ ဒီဘဝ မဂ်ဖိုလ် ရရမယ် (မှန်လှပါ ဘုရား) ဒီဘဝ မဂ်ဖိုလ်ရ ရမယ်။ ဒါဖြင့် အားငယ်စရာပါ သေးသလား (မပါပါဘူး ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေက သြော် ဘယ်ဘုရား မှမတဘဲနဲ့ ဒီဘုရား သာသနာနဲ့ ဒီဆရာနဲ့ ဒီရထားတဲ့ ကိုယ့်ဉာဏ် နဲ့ ဒီအလုပ် လုပ်ပြီး သကာလ ဒီဇာတ်ဆိုတဲ့ ဒုက္ခဇာတ်ကြီးကို ဒကာ ဒကာမတွေ သိမ်းနိုင်တဲ့ အခြေအနေဟာ ဘာမှတွေးတော မနေနဲ့တော့၊ သိမ်းဖို့ရာ အင်္ဂါပြည့်စုံတဲ့ ဘဝမို့ သိမ်းသာ သိမ်းပါဆို တာ လေးစားစွာနဲ့ တိုက်တွန်း လိုက်တယ် (မှန်လှပါ ဘုရား)။

သိမ်းသာသိမ်းတော့ ဘာမှ တွေးမနေနဲ့တော့၊ သိမ်းချိန် ရောက်နေပြီ (မှန်လှပါ ဘုရား)။ သိမ်းချိန် ရောက်တာ တောင်မှ ဒကာကြွယ်ရေ တချို့ဒကာ ဒကာမတွေက မသိသေးတော့လေ

သြော် ခုမှစရတော့ ပါရမီများ ခုမှ အစထင်ပါရဲ့လို့ ထင်မနေ နဲ့ ဤအင်္ဂါစုံရင် ပါရမီ စုံနေပြီ (မှန်လှပါ ဘုရား)။ သဘောပါ ကြပြီလား (ပါပါတယ် ဘုရား)။

ရှေ့ဘုရားတွေကိုတောင့်တပြီးမနေနဲ့

ဒါဖြင့် ရှေ့ဘုရားတွေလည်း တောင့်တပြီး နေဖို့ မလိုဘူး (မှန်လှပါ ဘုရား)။ ကိုယ်တောင်း ထားတာ တွေသည် ဒီဘဝ နောက်ဆုံးပိတ် ပြည့်ခြင်းပဲလို့ ဒကာကြွယ်တို့၊ ဒကာသစ်တို့၊ ဒကာအုန်းတို့ သေသေချာချာ မှတ်ကြပေတော့ (မှန်လှပါ ဘုရား)။

အဲဒီတော့ ကိုတဲ့ ဒီဘုရားသာသနာတော်နဲ့လည်း ခုကြုံ၊ ဟောတတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ လည်းဆုံ၊ ထောင်တတ်တဲ့ နားနဲ့လည်း ကြုံ၊ ကျင့်တတ်တဲ့ အလုပ်တွေကလည်း ဒကာ ဒကာမ တွေက အကုန်စုရုံးပြီး သကာလ ကျင့်ကြတယ်၊ ကျင့်ကြလို့လည်း ကျေးဇူးတော်တွေကို ပြန်ပြီး ဆပ်ချင်တဲ့ စိတ်တွေကလည်း ပေါ်ကြတယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒီအင်္ဂါ (၅)ပါးစုံနေတဲ့ ဒုလ္လဘ (၅)ပါးစုံခြင်းသည် ဒကာ ဒကာမတို့ သာမည ဆုတောင်း၊ သာမည ပါရမီ၊ သာမညနဲ့ ဒီအချိန် ဒီကာလ ဒီလိုရောက်လာတယ်လို့ မဆိုကြနဲ့တော့၊ စုံပြီး ရောက်လာတယ်။ ကိစ္စပြီးဖို့ရာ အကြောင်းအကျိုးတွေ အကုန်ညီ ညွတ်နေတဲ့ ဘဝကို နောက် မျှော်နေလို့ရှိရင်ဖြင့် မျှော်သက်သာ ရှည်စရာ ရှိတယ်၊ ခုဟာ အညွှန့်တုံးမှာ စိုးရတယ် (မှန်လှပါ

ဘုရား)။

နောက်မျှော်ရင်အညွှန့်တုံးမှာခိုးရတယ်

နောက်မျှော်ရင် ခုဟာအညွှန့်တုံးမှာ စိုးရတယ် (မှန်လှပါ ဘုရား)။ ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရဲရဲတင်းတင်းနဲ့ပဲ ကြိုးစားပါတော့ ဆိုတဲ့ဥစ္စာ ဒီဒုလ္လဘ တရား (၅)ပါးက အင်္ဂုတ္တိုရ် ပါဠိတော် သာရန္ဒဒသုတ်မှာ သေသေချာချာ လိစ္ဆဝီမင်းသားတွေ၊ အမှား ဒုလ္လဘ ဆိုနေလို့ ဒီဒုလ္လဘကမှ ကျွတ်တမ်း ဝင်နိုင်တဲ့ ဒုလ္လဘလို့ ဘုရားက အသေအချာ ဟောလို့ မေ့မပစ်ကြ ပါနဲ့ ဒီဥစ္စာ အတော် အရေးကြီးတယ် (မှန်လှပါ ဘုရား)။

အတော် အရေးကြီးတယ် ဆိုတာ ဒကာ ဒကာမတွေ ကိုယ့်အားငယ်တဲ့စိတ်၊ ဪ တို့ဟာ အသက်ကြီးမှ တွေ့ရ တယ် သာသနာ နောက်ပိုင်းကျမှ တို့ဟာလည်း မွေးဖွားရတယ်၊ အင်း ရောဂါက လည်းထူလို့၊ တို့မှာဖြင့် ဒီဘဝကိစ္စမှ ပြီးပေါ့ မလားလို့ ကိုယ့်စိတ်ထဲမှာ ဆုတ်နစ်တဲ့ စိတ်ပေါ်တိုင်း၊ ပေါ်တိုင်း ဤ (၅)ပါး ကို စစ်ဆေးလိုက် (မှန်လှပါ ဘုရား)။

ဒီ (၅)ပါးညီရင် ဒီဘဝ မဂ်ဉာဏ် ရမယ်

ကိုယ့်စိတ်ထဲ ဆုတ်နစ်တဲ့စိတ်ပေါ်တိုင်း၊ ပေါ်တိုင်း ဤ (၅)ပါးနဲ့ စစ်ဆေးလိုက်တော့ ဟာ ဒီ(၅)ပါး ညီနေရင် ဘုရား က ဒီဘဝ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရရမယ်တဲ့ ဆိုထားတဲ့ဥစ္စာ ညီနေတဲ့ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်က ဘာများဆုတ်နစ် နေတာတုံးလို့ ကိုယ့်ဟာကိုယ်လည်း မြည်တွန် တောက်တီးပြီး သကာလ ဆုံးမကြပါ (မှန်လှပါ ဘုရား)။

ဒကာကြွယ်တို့ အင်မတန် အရေးကြီးလို့ ပြောနေတယ် နော် (မှန်လှပါ ဘုရား)။ ကဲ ဒကာသစ်တို့ ဆုတ်နစ်တဲ့စိတ် ပေါ်စရာ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။ ဒကာအုန်းတို့ကော မရှိပါဘူး၊ အားလုံး ဒကာ ဒကာမတွေ ဤအင်္ဂါတွေဟာစုံ နေပါတယ် (မှန်လှပါ ဘုရား)။

စုံနေတော့ကိုတဲ့ ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီဘဝရတဲ့နည်းကို ထပ်ဖြည့်ပြီး ပေးဦးမယ်ဆိုပြီး အင်္ဂုတ္တိုရ်ပါဠိ တော်မှာ လာပြန်တယ် (မှန်လှပါ ဘုရား)။

ဒီအင်္ဂါစုံနေတဲ့ ပုဂ္ဂိုလ်ဟာ ခုငါပေးတဲ့ ဤနည်းအတိုင်းနဲ့ သာ လုပ်လို့ရှိရင်ဖြင့် “ဒိဋ္ဌေဝ ဓမ္မေ အာသဝါနံ ခယော ဟောတိ” ယခုဘဝ၌ ကို၊ “ဒိဋ္ဌေဝ ဓမ္မေတိ – ပစ္စက္ခဘဝသ္မိံ” လို့ဆိုထားတော့ ကိုတဲ့ ယခုဘဝမှာပဲ ရရမယ်လို့ အသေအချာ ဟောတယ် (မှန်လှပါ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒုလ္လဘ နားလည်ပြီးတဲ့ ဒကာ ဒကာမတွေ ဖြစ်နေ သောကြောင့် သြော် တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ခုမှ အစလား၊ ခုမှအလယ်လားလို့ ဒီလိုတွေးမနေနဲ့ (မှန်လှပါ ဘုရား)။

ဆုတ်နစ်တဲ့စိတ်မလာပါစေနဲ့

ခုမှအစလား၊ ခုမှအလယ်လားလို့ ဒကာ ဒကာမ တွေ ခေါင်ပြီး သကာလ ကိုယ်ဆုတ်နစ်တဲ့ စိတ်ပေါ်အောင် တွေးလုံးကို မထုတ်ပဲနဲ့ အခု နောက်ဟောလတ္တံ့ ဖြစ်တဲ့ အင်္ဂါနဲ့ ညီအောင် လုပ်လိုက်လို့ ရှိရင်ဖြင့် မရ မရှိပါဘူး ဆိုတဲ့ ပါဠိတော်ကြီး ကလည်း အင်္ဂုတ္တိုရ် ပါဠိတော်မှာပဲ လာပြန်တော့ ဒုလ္လဘ ကလည်းကြုံ၊ လုပ်နည်းကိုလည်း ဤအတိုင်း လုပ်မယ် ဆိုရင် ယခုဘဝ ရရမယ်လို့ တစ်ခါဖြည့်စွက် ပြန်တော့ ဒကာကြွယ် တို့၊ ဒကာသစ်တို့၊ ဒကာအုန်းတို့ ဘာမှကို ဆုတ်နစ်တဲ့စိတ် မလာပါစေနဲ့ (မှန်လှပါ ဘုရား)။

ဒါ ဆရာ ဘုန်းကြီးက အားပေးတာလား၊ ဘုရားဟော တော်မူတဲ့အတိုင်း အမှန် ပြောတာ လား လို့ဆိုတော့ အမှန်ပြော တာ (မှန်လှပါ ဘုရား)။ ဘုရား ဟောတော်မူတာ တစ်လုံးမျှ တိမ်းပြီး သကာလ ဒကာကြွယ် ပြောတာမဟုတ်ဘူး (မှန်လှပါ ဘုရား)။

ဘုရားကတစ်ခွန်းနဲ့အမှန်ပြောတယ်

အမှန်တွေပြောဟောနေတာပဲဆိုတော့ သြော် – ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း “အဒွစ္စဝစနံ ဗုဒ္ဓာ” ဗုဒ္ဓံ – ဘုရားတို့ ထုံးစံသည်၊ အဒ္ဓစ္စဝစနံ – နှစ်ခွန်းဘယ်တော့မှ မပြောဘူး။ တစ်ခွန်းနဲ့ အမှန် ပြောတယ်၊ အမှန်ပြောတယ်။ အမှန်ပြောတဲ့ အထဲမှာလည်း တစ်ခွန်းနဲ့ အမှန် ပြောပြီး သကာလ အကျိုးရှိတာမှ သုံးတယ်ဆိုတာကလည်း ပါလိုက်သေးတယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် တစ်ခွန်းတည်းလည်းပြောပြန်တယ်၊ အမှန်လည်း ဆိုတတ်ပြန်တယ်၊ အကျိုး ရှိတာမှလည်း သုံးတတ်တဲ့ ကိုယ်တော် ကြီးက အင်္ဂုတ္တိုရ်ပါဠိတော်မှာ သူကိုယ်တိုင်နှုတ်က ဖွင့်ဟပြီး ဟောတဲ့တရား၊ ဟောတဲ့ ဒုလ္လဘ၊ နောက်ကျင့် ရမယ့် ကျင့်စဉ်က လည်း ဟောတဲ့ ကျင့်စဉ် ဖြစ်နေတော့၊ နှစ်ခွန်းမပြော၊ တစ်ခွန်းနဲ့ အမှန်ပြော၊ အမှန် ပြောတော့လည်း အကျိုး ရှိတာမှ သုံးသောကြောင့် ဒကာ ဒကာမတို့ ကိုယ်တော်ကြီး ပြောဆိုမှု ဟာလည်း သူ့အပေါ် ချို့ယွင်းချက် မပါပါဘူး (မပါပါဘူး ဘုရား)။

ပါသေးသလား (မပါပါဘူး ဘုရား)၊ နှစ်ခွန်းကော ပြောပါရဲ့လား (မပြောပါဘူး ဘုရား)၊ တစ်ခွန်းနဲ့ အမှန်ပဲ ပြောတယ် (မှန်လှပါ ဘုရား)။

အကျိုးရှိတဲ့အမှန်မျိုးကိုပြောတယ်

အမှန်ပဲ ပြောပြန်တော့လည်း အကျိုးမရှိတဲ့ အမှန်မျိုးလား အကျိုးရှိတဲ့အမှန်မျိုးလား (အကျိုးရှိတဲ့အမှန်မျိုးပါ ဘုရား)။ ခုအကျိုးရှိတဲ့ အမှန်မျိုးကိုလည်း ခု ဒုလ္လဘ တရား (၅)ပါး၊ နောက် ဟောလတ္တံ့ ဖြစ်တဲ့ ကျင့်စဉ် ဒါတွေ ပြောထား ပြန်တော့ ဒကာ ကြွယ်၊ ဒကာသစ်တို့ လိုရင်း တော့ဖြင့် တို့ဒီဘဝ အပြီးပါပဲ ဆိုတဲ့ ဥစ္စာ ဆုံးဖြတ်ချက်ချကြ (မှန်လှပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် နှစ်ခွန်းမပြော၊ တစ်ခွန်းနဲ့ အမှန် ပြောတဲ့ ကိုယ်တော်ကြီး၊ အမှန် ပြောပြန် ပေမယ့်လည်း လောကကြီးမှာ ဘယ်သူလာတာ၊ ဘယ်ဝါလာတာ၊ ဧကန်လာ ပါတယ်လို့ အကျိုး မရှိတာ ပြောတာ မဟုတ်ဘူး (မှန်လှပါ ဘုရား)။

မဂ်ဉာဏ်ဖိုလ်ဉာဏ်ဧကန်ရမယ်

ဒီလိုလုပ်လို့ ရှိရင်ဖြင့် ငါပြောတဲ့ ဒုလ္လဘ တရား (၅)ပါး လည်းကြုံမယ်၊ ငါပြောတဲ့ ကျင့်စဉ်ကိုလည်း ကျင့်မယ် ဆိုလို့ရှိရင် မင်းတို့ မဂ်ဉာဏ်ဖိုလ်ဉာဏ် တည်းဟူသော အကျိုး တရားတွေ မင်း တို့ ကိုယ်ပိုင် ကိုယ်ဆိုင် အဖြစ်နဲ့ မုချဧကန် ရပါလိမ့်မယ် ဆိုတဲ့ အကျိုးရှိတဲ့ စကားလည်း သုံးသည်ဖြစ်လေ သောကြောင့် ဒကာ ကြွယ် ဒီဥစ္စာဖြင့် လေးလေးစားစားနဲ့ပဲ ကျုပ်တို့ လုပ်ရတော့မှာပဲ (မှန်လှပါ ဘုရား)။

တရားအလုပ်စဉ်

ကောင်းပြီ ဒါဖြင့် ယနေ့တရား အလုပ်စဉ် ပြောတော့ မယ်လို့ ဒုတိယပိုင်းမှာ ဒကာ ဒကာမတွေ မှတ်လိုက်ပါ (မှန်လှပါ ဘုရား)။

“ဣဓ ဘိက္ခဝေ အရိယာသာဝကော ဝိညာဏသ္မိံ အနိစ္စာနုပဿီ ဝိဟရတိ အနိစ္စသညီ အနိစ္စပဋိသံဝေဒီ သတတံ သမိတံ အဗောကိဏ္ဏံ စေတသာ အဓိမုစ္စမာနော ပညာယ ပရိယောဂါဠှ မာနော။ သော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိ ပညာဝိမုတ္တိ ဒိဋ္ဌေဝဓမ္မေ အာသဝါနံ ခယာ ဟောတိ”

ဒါသူ့ပါဠိတော် အစစ်ပါပဲ ကွာတဲ့ မင်းတို့ အများကြီး ခန္ဓာငါးပါး ရှိတဲ့ အနက်က စိတ်ကလေး တစ်လုံးကို ဖြစ်စေ၊ ဝေဒနာလေး တစ်လုံးကိုဖြစ်စေ၊ ရုပ်ကလေး တစ်ခုကိုပဲ ဖြစ်စေ၊ မင်းတို့ သည်ကား လို့ဆို ရင် ရှုရမယ်ကွာ။ အနိစ္စလို့ပဲ ရှုရလိမ့်မယ် (မှန်လှပါ ဘုရား)။

ဣဓ အရိယာ သာဝကော – ဣဓ – ဤလောကကြီး၌၊ အရိယာသာဝကော – အရိယာတို့၏ တပည့်သား ဖြစ်သော ပုဂ္ဂိုလ်သည်၊ ဝိညာဏသ္မိံ – စိတ်တစ်ခု၌၊ အနိစ္စာနုပဿီ – အနိစ္စ လို့ ရှုသည် ဖြစ်၍ စိတ်ကလေး တစ်ခု ပေါ်လာလို့ ရှိရင် ဒကာ ဒကာမ တွေ ဘယ်စိတ်ပေါ်ပေါ်၊ ပေါ်ချင်တဲ့ စိတ်ပေါ် ပါတဲ့ တစ်နံပါတ် အနိစ္စလို့သာ ရှုလိုက် (မှန်လှပါ ဘုရား)။

၁။ အနိစ္စလို့သာရှု

ပေါ်ချင်တဲ့စိတ်ပေါ် ဘယ်လိုရှုကြမယ် (အနိစ္စလို့ရှုရ မှာပါ ဘုရား)။ အနိစ္စလို့သာ ရှုလိုက်၊ ပေါ်ချင်တဲ့စိတ် ပေါ်လာ၊ ဖြစ်ပြီးပျက်တဲ့ အနိစ္စပါလား၊ ဖြစ်ပြီးပျက်တဲ့ အနိစ္စပါလားလို့ ပေါ်ချင်တဲ့ စိတ်ပေါ်ပါစေ၊ ဒကာ ဒကာမတွေ ဘာမှ မစိုးရိမ်နဲ့ (မှန်လှပါ ဘုရား)။

ပေါ်ချင်တာပေါ် ဘယ်နှယ့်ရှုကြမယ် (အနိစ္စလို့ရှုရ မှာပါ ဘုရား)။ အနိစ္စလို့သာရှု ဒကာကြွယ်ရ၊ ဗျာများ မနေနဲ့ (မှန်လှပါ ဘုရား)။

“ဝိညာဏသ္မိံ အနိစ္စာနုပဿီ” လို့ ဆိုထားတော့၊ ဝိညာဏသ္မိံ- စိတ်ဆိုတဲ့အတိုင်း၊ အနိစ္စာနုပဿီ – အနိစ္စဟု ရှုသည်ဖြစ်၍ အနိစ္စလို့သာ ရှုနေပါ။

ဘယ်စိတ်ပေါ်ပေါ်၊ အနိစ္စလို့ရှု

ကောင်းပြီ၊ ဒါဖြင့် ဘယ်စိတ် ပေါ်လာလာ၊ ဒကာ ဒကာမ တွေက ဘယ်လို ရှုကြမယ် (အနိစ္စလို့ ရှုရမှာပါ ဘုရား)။

ဪ ဒါဖြင့် နေရာကျပြီ၊ လောဘစိတ် ဖြစ်လည်း သူပေါ်ချင် ပေါ်မယ်၊ ဒေါသစိတ် ပေါ်ချင်ပေါ်မယ်၊ ဣဿာစိတ် ပေါ်ချင်ပေါ်မယ် မစ္ဆရိယစိတ် ပေါ်ချင်ပေါ်မယ်၊ ဒကာကြွယ် ပေါ်ချင်တာ ပေါ်၊ မပေါ်ပါနဲ့လို့ ဆိုလို့ ပုထုဇဉ် အဖြစ် ကတော့ နေမှာ မဟုတ်ဘူး (မှန်လှပါ ဘုရား)။

အာရုံ ဒွါရတိုက်တဲ့အခါပေါ်မယ် (မှန်လှပါ ဘုရား)။ ပေါ်တော့ပေါ်မှာ၊ ပေါ်ပင် ပေါ်ငြား သော်လည်း ပေါ်လာတာကို ဒကာ ဒကာမတွေကတဲ့ “ဝိညာဏသို့ အနိစ္စာနုပဿီ ဝိဟရတိ” ဆိုတဲ့အတိုင်း အနိစ္စလို့သာ ရှုသာနေ (မှန်လှပါ ဘုရား)။

လောဘစိတ်

ရှုတဲ့အခါကျတော့ အရှင်ဘုရား ဒကာ ဒကာမတွေ ကမေးလိမ့်မယ် တစ်နံပါတ် အရှင်ဘုရားက ဘယ်စိတ် ပေါ်ပေါ် အနိစ္စလို့ ရှုလို့ ဆိုထားပြန်တော့ လောဘစိတ် ပေါ်လာတယ် ဘုရားတဲ့ အဲဒါလည်း အနိစ္စရှုရမှာပဲ (မှန်လှပါ ဘုရား)

ဒေါသစိတ်ပေါ်လာရင်ကော (အနိစ္စပဲလို့ ရှုရမှာပါ ဘုရား)။ အင်း ဝိစိကိစ္ဆာ – သံသယ ကလေးများ ပေါ်လာရင်ကော (အနိစ္စလို့ရှုရမှာပါ ဘုရား)။

ပျံ့လွင့်တဲ့စိတ်

အင်း စိတ်ကလေးက ပျံ့လွင့် နေရင်ကော (အနိစ္စလို့ ရှုရမှာပါ ဘုရား)။ အနိစ္စလို့ပဲရှု၊ ပျံ့လွင့်တဲ့ စိတ်ပေါ်လာ ရင်ကော ရှုသာရှု (မှန်လှပါ ဘုရား)။

ဥပမာမယ် ဒါနကလေးပြုလိုက်တယ် ကုသိုလ်စိတ် ကလေး ပေါ်လာ ရင်ကော (အနိစ္စပဲလို့ ရှုရမှာပါ ဘုရား)။ ဒါလည်း ရှုရမှာပဲတဲ့၊ ဒကာ ဒကာမတွေ ဝမ်းမြောက်တဲ့ စိတ်ကလေး ပေါ်လာရင်ကော (အနိစ္စလို့ရှုရမှာပါ ဘုရား)။

ဝမ်းနည်းတဲ့စိတ်

ဝမ်းနည်းတဲ့ စိတ်ပေါ်လာရင်ကော (အနိစ္စလို့ရှုရ မှာ ပါ ဘုရား)။ ဘာပဲလာလာလို့ ဆိုတော့ ပုထုဇဉ် သန္တာန် ပေါ်ချင်တဲ့ စိတ်ပေါ် ကိုယ်သိတဲ့ စိတ်ဟူသ၍ ကိုဖြင့် အိပ်နေတုန်း မှတစ်ပါး ကျန်တဲ့စိတ် လာချင်တဲ့စိတ်လာ ဒကာကြွယ် အနိစ္စလို့သာရှု (မှန်လှပါ ဘုရား)။ သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာသစ်တို့ ဒကာအုန်းတို့က မေးချင် မေးလိမ့်မယ်၊ လောဘစိတ် လာတော့ ဘုရား၊ လောဘ ဟာ အင်မတန် ကြမ်းတမ်းပါတယ်၊ ကြမ်းတမ်းတဲ့စိတ် လာတဲ့အ ခါလည်း တပည့်တော်တို့က ဝိပဿနာဉာဏ်နဲ့ နောက်က နေပြီး ရှုလိုက်တဲ့အခါ ဒီလောဘစိတ်က ရှုလိုက်တဲ့ အတွက် ဘာများဖြစ် သွားသတုံးလို့ မေးဖို့ လိုလာတယ်နော် (မှန်လှပါ ဘုရား)။ ဖြစ်ပြီးပျက်တဲ့ အနိစ္စသဘော လောဘစိတ် မဟုတ်ဘူး ဒကာအုန်းတို့ရ၊ ဒကာအုန်းတို့ ဉာဏ်ထဲမှာ လောဘရယ်လို့ မထင်တော့ပါဘူး၊ ဖြစ်ပြီးပျက်တဲ့ အနိစ္စသဘောကိုသာ မြင်သည် ဖြစ်လေ သောကြောင့်တဲ့ လော ဘစိတ်က လောဘ အလုပ်ကို သူမလုပ်ရ ရှာတော့ဘူး (မှန်လှ ပါ ဘုရား)။

လောဘစိတ်က ဒကာ ဒကာမတွေ သန္တာန်ကိန်းရင် ဒီ ပုဂ္ဂိုလ်ကို အပါယ်လေးပါး ရောက်အောင် သတ်ဖြတ်ပြီး ပို့မလို့ လာငြား သော်လည်း သူ့ကို ကျုပ်တို့က လောဘစိတ်ကို လောဘစိတ် ရယ်လို့ မထားဘဲနဲ့ မင်းဟာ အနိစ္စပဲလို့ ဖမ်းပြီး ဉာဏ်နဲ့ အုပ်လိုက်တဲ့ အတွက် လောဘ အဆက်နဲ့တကွ လောဘကနေ ပြတ်သွားတော့ ဒကာ ဒကာမတွေက လောဘပြီးတော့၊ လောဘ ကဖြစ်ပျက်၊ နောက်က ရှုတာက ဝိပဿနာမဂ် ဆိုတော့ လောဘက ဒကာသစ် ဥပါဒါန် သွားသေး သလား (မသွားပါ ဘူး ဘုရား)။

အင်း ရှိပါစေ ရှိပါစေ ဒါဖြင့် ဥပါဒါန်ရှိမှ သံသရာကို ပဋိသန္ဓေ အဖြစ်နဲ့ လှည့်နိုင်တာကိုးဗျ (မှန်လှပါ ဘုရား)။ ဥပါဒါန်မှ မရှိဘဲနဲ့ လူ့ပြည်စွဲလမ်းတဲ့ ဥပါဒါန်ရှိရင် လူ့ပြည် ရောက်တယ် (မှန်လှပါ ဘုရား)။

နတ်ပြည်စွဲလမ်းတဲ့ ဥပါဒါန်ရှိရင် (နတ်ပြည်ရောက် ပါတယ် ဘုရား)။ ဥပါဒါန်တောင် မလာပါဘူး (မှန်လှပါ ဘုရား)။ လောဘဟာ လောဘတွင်ပဲ ဒကာအုန်း ရုပ်သိမ်းသွား တယ် (မှန်လှပါ ဘုရား)။

ဥပါဒါန်ကူးသေးရဲ့လား

လောဘဟာ လောဘတွင် ရပ်ဆိုင်းသွားတော့ ဒကာ – ဒကာမတွေ ဥပါဒါန် ကူးသေး ရဲ့လား (မကူးပါဘူး ဘုရား)။ ဥပါဒါန် မကူးလိုက်ရတဲ့ အတွက် ကျုပ်တို့မှာ အကျိုးပေးမယ့် ကမ္မဘဝ ပေါ်သေးရဲ့လား (မပေါ်ပါဘူး ဘုရား)။

ဪ ဒါဖြင့် ကံလည်း မပေါ်တော့ ကံမရှိတဲ့ ပုဂ္ဂိုလ်၊ ကံကုန်နေတဲ့ ပုဂ္ဂိုလ်ကို အပါယ် အကျိုးပေး မလား၊ နတ်ရွာ သု ဂတိ အကျိုးပေးမလားလို့ မေးစရာကော ရှိသေးရဲ့လား (မရှိ ၊ ပါဘူး ဘုရား)။

ကံမရှိတော့ဘူးလေ၊ ကြည့်လေ လောဘစိတ် ရှုလိုက် တော့ ဥပါဒါန်က လာသေးရဲ့ လား (မလာပါဘူး ဘုရား)။ ဥပါဒါန ပစ္စယာ ဘဝေါ ဆိုတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံကော (မလာပါဘူး ဘုရား)။

အဲ့ဒါမလာတာ ထောက်ကြည့်လိုက်တော့ ပဋိစ္စသမုပ္ပါဒ်ဟာ အကျိုးပေးမယ့် အနာဂတ် အကြောင်းတွေဟာ ဥပါဒါန်တွေ၊ ကံတွေဟာ ဒကာကြွယ်ရေ ဆက်လို့ကို မရဘူး (မရပါဘူး ဘုရား)။

ဘာပြုလို့ တုံး၊ လောဘစိတ် လာတယ်ဆို တော့ ဒကာအုန်းတို့က ဖြစ်ပျက်ရှုပစ် လိုက်တယ် (မှန်လှပါ ဘုရား)။ တဏှာက သူ့လက်ခံထားမှ မရှုမိမှ ဥပါဒါန် ဘက်ကူးရမှာ (မှန်လှပါ ဘုရား)။ ဥပါဒါန်ဘက်ကူးမှ သာလျှင် ကံအလုပ်ကို သူ “ဥပါဒါနပစ္စယာ ကမ္မဘဝ” ဆိုပြီး ကံ အကျိုးပေး ရမယ် (မှန်လှ ပါ ဘုရား)။ ကံကို ဖြစ်စေရမယ် မဟုတ်လား (မှန်လှပါ ဘုရား)။

အာသဝေါ ကုန်တာ

အဲ့ဒါ ယခုလာခွင့်ရပါသေးသလားလို့ မေးလိုက် တယ် (မရပါဘူး ဘုရား)။ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “သော အာသဝါနံ ခယာ” လို့ ဆိုတာ အာသဝေါ ကုန်တာ ကွတဲ့၊ မင်းတို့က မသိလို့ ဆိုတော့ ခုနက စဉ်းစား ကြည့်ပါလား။

ဥပါဒါန်ဆိုတာ “ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါ ဒါန်၊ အတ္တဝါဒုပါဒါန် ဆိုတဲ့ ဥပါဒါန် တွေဟာ အာသဝတွေပဲ မဟုတ်လား (မှန်လှပါ ဘုရား)။ ကာမာသဝ၊ ဒိဋ္ဌာသဝပဲ မဟုတ်လားဗျာ (မှန်လှပါ ဘုရား)။

အင်း ကာမာသဝ၊ ဒိဋ္ဌာသဝတွေပဲတဲ့၊ အဝိဇ္ဇာသဝ တွေ ဖြစ်နေတော့ ဒီအာသဝတွေက လာသေးရဲ့လား (မလာတော့ပါ ဘုရား)။

မလာတော့၊ အာသဝ သမုဒယာမှ အဝိဇ္ဇာသမုဒယော၊ အဝိဇ္ဇာ ပစ္စယာမှ သင်္ခါရာ၊ သင်္ခါရ ပစ္စယာမှ နောက်ပဋိသန္ဓေ – ဝိညာဏ်လာမှာကိုးဗျ (မှန်လှပါ ဘုရား)။ ခုတော့ လာစရာရှိ သေးရဲ့ လား (မရှိတော့ပါ ဘုရား)။

ဒုက္ခတွေအကုန်ပြတ်တယ်

အင်း လာစရာမရှိတာ ထောက်လိုက်တော့ သြော် ဒါသည် ဒုက္ခ အဆက်တွေ ပြတ်တာ ပါလား ဆိုတဲ့ဥစ္စာ ဒုက္ခဖြစ်ကြောင်းတွေ ပြတ်တဲ့အတွက် နောက်ဒုက္ခတွေ အကုန် ပြတ်တယ် ဆိုတာ လေးစားစွာနဲ့ မှတ်လိုက်ပေတော့ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အလွန် အဖိုးတန်သွားပြီ (မှန်လှပါ ဘုရား)။ လာတဲ့ စိတ်ကလေးကို လောဘ စိတ်ကလေးကို ဖြစ်ပျက် ရှုလိုက်တဲ့ အတွက် ဥပါဒါန်၊ ကံတွေ ပြတ်တယ် (မှန် လှပါ ဘုရား)။

ဥပါဒါန်၊ ကံတွေပြတ်တယ်ဆိုတော့၊ ဥပါဒါန်ဆိုတာ ဘာတုံး “ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်” ဆိုတော့ ဥပါဒါန် လေးမျိုး မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဥပါဒါန်ကိုတစ်ခါ အာသဝ ဖွဲ့ပြန်တော့လည်း “ကာမာသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ” ပဲ၊ ဒီအာသဝတွေဟာ ပြတ်မသွား ဘူးလား(ပြတ်သွားပါတယ် ဘုရား)။

ဒီအာသဝတွေက ပြတ်ပြီး သကာလ သွားတော့ အာသဝ ပြတ်သွားတော့ “အာသဝနိရောဓာ အဝိဇ္ဇာနိရောဓော” ဖြစ်ရမယ် (မှန်လှပါ ဘုရား)။ အဝိဇ္ဇာနိရောဓာ ဖြစ်ရင် သင်္ခါရနိရောဓော ကော (ဖြစ်ရမှာပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ပြတ်တယ်

သင်္ခါရနိရောဓာ ဝိညာဏနိရောဓော ကော (ဖြစ်ရ မှာပါ ဘုရား)။ ဒါတွေဖြစ်တာကို ထောက် လိုက်တဲ့ အခါကျတော့ ပဋိစ္စသမုပ္ပါဒ် အဆက်ဟာ ဒကာ ဒကာမတွေ ရှုတဲ့ဉာဏ်က ဖြတ် လိုက်တယ် ဆိုတဲ့ဥစ္စာ အင်မတန် မှန်သွားတယ် (မှန်လှပါ ဘုရား)။ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

အဲဒါကြောင့် ဘယ်ကလာတဲ့ စိတ်ဖြစ်ဖြစ် ဒကာ ဒကာမ တို့က အနိစ္စလို့ ရှုစမ်းပါ (မှန်လှပါ ဘုရား)။ အဲ ဘယ်နေ ရာ ရှုရမှာတုံးလို့ ဒကာသစ်တို့ မေးရင် လွဲလိမ့်မယ်နော် (မှန် လှပါ ဘုရား)။ ဒကာကြွယ်က မေးရင်ကော (လွဲမှာပါ ဘုရား) နောက်က ဒကာ ဒကာမတွေက မေးရင်ကော (လွဲမှာပါဘုရား)။

လာတဲ့စိတ်ကိုရှုပါ

ဘယ်နေရာ ရှုရမှာတုံး၊ လာတဲ့စိတ်ကို ရှုပါတော့ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

လာတဲ့စိတ်ကိုရှုပါတော့လို့ ပြောလိုက်သဖြင့် ဘယ်စိတ်လာလာ ပုထုဇဉ်မှန်က ပုထုဇဉ် စိတ်ပဲ လာရမယ် (မှန်လှပါ ဘုရား)။ အဲဒီ လာတဲ့စိတ်ကို ဒကာသစ်တို့က ဘာလုပ် ကြရမယ် (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။

အဲဒီတော့ ဖြစ်ပျက်ရှုလိုက်တော့ လာတဲ့လောဘစိတ်ကို ပဲ ဖြစ်ပျက်ရှုလိုက်တော့ လောဘ ရှုလိုက်လို့ ရှိရင်ဖြင့် လောဘဟာ တဏှာပဲ မဟုတ်လား (မှန်လှပါ ဘုရား)။ တဏှာကို ဖြစ်ပျက် ရှုလိုက်တော့ ဥပါဒါန် လာသေးရဲ့လား (မလာပါဘူး ဘုရား)။ ဥပါဒါန် မလာကတည်းက အာသဝေါဟာ (မလာပါဘူး ဘုရား)။ ကောင်းပြီ ကံကော ဗျာ (မလာပါဘူး ဘုရား)။

ကံမှမလာဘဲနဲ့ ဇာတိ၊ ဇရာမရဏ လာချင်လို့ (မရပါ ဘူး ဘုရား)။ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တာ အထင်အရှား အမြင်သား ဖြစ်ပြီး သကာလ နေတဲ့အတွက် သြော် ဒါကြောင့် ဘုရား သခင် ကိုယ်တော်မြတ်ကြီးက-

“ဣဓ ဘိက္ခု အရိယာ သာဝကော” ဣဓ – ဤလောက ၌၊ အရိယာသာဝကော – အရိယာတို့၏ တပည့်သားဖြစ်တဲ့ ပုဂ္ဂိုလ်တွေ ခင်ဗျားတို့ဟာ အရိယာတို့ရဲ့ တပည့်သားတွေပါတဲ့၊ “ဝိညာဏသ္မိံ” လာသော- လောဘ ဆိုတဲ့ စိတ်၌၊ အနိစ္စာနုပဿီ- အနိစ္စလို့ ရှုသည်ဖြစ်၍ အနိစ္စသာ ရှုနေတဲ့ (မှန်လှပါ ဘုရား)။ သဘော ကျပြီလား (ကျပါတယ် ဘုရား)။

ရှုနေရင်အာသဝကုန်တယ်

ရှုနေလို့ရှိရင်ဖြင့် “သော အာသဝါနံ ခယာ”တဲ့ အာသဝ ကုန်သွားတာပေါ့တဲ့ (မှန်လှပါ ဘုရား)။ ကာမာသဝဆိုတဲ့၊ ကာမုပါဒါန် ဆိုတဲ့ အာသဝ လာသေးရဲ့လား (မလာပါဘူး ဘုရား)။ ကာမုပါဒါန် ဆိုတာသည် ကာမာသဝပဲ၊ ဒါကြောင့် မလာပါဘူး။

ဒိဋ္ဌုပါဒါန် ဆိုတဲ့ ဒိဋ္ဌာသဝကော (မလာပါဘူး ဘုရား)။ မလာပါဘူး၊ ဥပါဒါန်နဲ့ တွဲပြောတာ ခင်ဗျားတို့ အာသဝ မချုပ် ဘူးဆိုမှာ စိုးလို့ ပြောနေတာ (မှန်လှပါ ဘုရား)။ သဘောကျပြီ လား (သဘောကျပါတယ် ဘုရား)။

အဝိဇ္ဇာသဝ ဆိုတာလည်းတဲ့ ဒကာ ဒကာမတို့ သူလည်း အဝိဇ္ဇာ ဆိုတာသည် ခုနက ဖြစ်ပျက် မမြင်လို့ လာတာကိုးဗျ (မှန်လှပါ ဘုရား)။ ဖြစ်ပျက် မြင်တော့ လာသေးရဲ့လား (မလာ တော့ပါ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာသဝက ဖြစ်ပျက်မြင်နေတဲ့ ပုဂ္ဂိုလ်ကိုကော မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။ အဲဒီလိုချုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ကွာ ဒိဋ္ဌေဝဓမ္မေ တဲ့၊ ဒိဋ္ဌေဝဓမ္မေ- ဆိုတာ ယခု ပစ္စက္ခဘဝ ၌ကွာ ဆိုလိုက်တယ်၊ ဒါသ ူမဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရမယ်လို့ ပြောတာ (မှန်လှပါ ဘုရား)။

ယခု ပစ္စက္ခဘဝမှာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရရမယ်လို့ ပြောထားတယ် (မှန်လှပါ ဘုရား)။ ဒကာကြွယ် သေချာပြီလား (သေချာပါပြီ ဘုရား)။ နောက်က ဒကာ ဒကာမတွေ သေချာကြပြီလား (သေချာပါပြီ ဘုရား)။

ဒီအလုပ်ကိုလုပ်ပါ

အဲဒီတော့ ခင်ဗျားတို့ ဒီအလုပ်ကို လုပ်ပါ ဆိုတာ ဆရာ ဘုန်းကြီးက တိုက်တွန်းရတယ် (မှန်လှပါ ဘုရား)။ တိုက်တွန်း တာ ဘာဖြစ်လို့တုံး ဆိုတော့ ခင်ဗျားတို့မှာ ငိုစရာတွေက အများ ကြီးရှိတယ် (မှန်လှပါ ဘုရား)။

သောကပရိဒေဝ – စိုးရိမ်စရာတွေ၊ ငိုကြွေးစရာတွေက အများကြီး ရှိသေးတယ် (မှန်လှပါ ဘုရား)။ ဘာကြောင့်တုံး ဆိုတော့ ဆွေနဲ့မျိုးနဲ့ သားနဲ့သမီးနဲ့ နေတာတွေ (မှန်လှပါ ဘုရား)။

ဆွေနဲ့မျိုးနဲ့ သားနဲ့သမီးနဲ့ နေတာတွေ ဆိုတော့ ပူစရာ တွေ၊ ငိုစရာတွေ၊ ဆွေးစရာတွေ၊ မြေလူးစရာတွေ၊ ရင်ထုစရာတွေ က ဘယ်နှယ့်နေသတုံး (ရှိပါတယ် ဘုရား)။

အဲဒါတွေက လာစရာတွေရှိနေတော့ ဒကာ ဒကာမတို့ သူတို့က တွေ့လတ္တံ့ ဖြစ်နေတော့ တာကိုး၊ ယခုကတည်းက နေပြီး ရှောင်လွှဲတဲ့ လမ်းရှာထားဖို့ အရေးဟာက ကိုယ့်ဒုက္ခ ကိုယ်ရှောင် တဲ့အရေးဟာ ကိုယ့်အရေးပေါ့ဗျာ (မှန်လှပါ ဘုရား)။

ကိုယ့်ဒုက္ခ၊ ကိုယ်ရှောင်တာ ကိုယ့်အရေး

ကိုယ့်ဒုက္ခ ကိုယ်ရှောင်တဲ့ အရေးက (ကိုယ့်အရေး ပါ ဘုရား)။ အဲ ကိုယ့်ဒုက္ခ ကိုယ်ရှောင်တဲ့ အရေးက ကိုယ့်အ ရေးလို့ ဆိုတော့ လာတဲ့စိတ် ဖြစ်ပျက် ရှုမယ်လို့ ဆိုလို့ရှိရင် သောက ပရိဒေဝ ဒုက္ခဒေါမနဿ နောက်ထပ်လာပါ့မလား (မလာပါဘူး ဘုရား)။

ဒါဖြင့်ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကို သနားလို့ရှိရင် ရှုပေး (မှန်လှပါဘု ရား)။ ကို ယ် ကို ယ်ကို အပါယ်လေးပါး ရောက်မှာ စိုးရိမ်ရင်ကော (ရှုပေးရမှာ ပါ ဘုရား) ကိုယ့်ကိုယ်ကို ဒုက္ခ၊ ဒေါမနဿ ဖြစ်မှာ စိုးရိမ်ရင် ကော (ရှုပေးရမှာပါ ဘုရား)။

ကောင်းပြီ၊ ကိုယ့်ကိုယ်ကို နောက်ထပ် ပဋိသန္ဓေနေမှု၊ အိုမှု၊ သေမှုတွေနဲ့ အဆက် ဖြတ်ချင် ရင်ကော (ရှုပေးရမှာ ပါ ဘုရား)။

ဒါဖြင့်ဗျာ ပြတ်တာက အများကြီး ရှုတာက ရှုပေးရုံ လေးနဲ့ ပြတ်သွားတယ် ဆိုလို့ရှိရင် ဒကာအုန်း လေးလေးစားစား နဲ့ ကြိုးကြိုးစားစား လုပ်ထိုက်တယ် (မှန်လှပါ ဘုရား)။

သာသနာတွင်းနားမို့ထောင်နိုင်တာ

ဒါသာသနာတွင်းနားမို့ ထောင်နိုင်တော့နော် (မှန်လှပါ ဘုရား)။ သာသနာတွင်းနား၊ ထောင်နိုင်တဲ့ နားရှိလို့ သြော် ဟုတ်ပါလား ဆိုတာ လာတာ (မှန်လှပါ ဘုရား)။

နို့မဟုတ်လို့ရှိရင်ဖြင့် ရှုချင်တဲ့ စိတ်လည်း မလာဘူး၊ ရှုအောင် ဟောပေးမယ့် ဆရာလည်း မတွေ့ဘူး (မတွေ့ ပါဘူး ဘုရား)။ ခုတော့ဖြင့် စုံနေပြီ ဆိုသဖြင့် ဆုတ်နစ်တဲ့ စိတ်ယနေ့ ဖျောက်ပစ်ပါ ဆိုတာ စောစောက တိုက်တွန်းတာ လည်း ခင်ဗျားတို့ သဘောကျ လောက်ပါပြီ (မှန်လှပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် အနိစ္စလို့ရှု၊ အနိစ္စလို့ရှုပြီးသည့် အခြား၌ “အနိစ္စသ္မိံ ဣဓ ဘိက္ခဝေ အရိယာသာဝကော ဝိညာဏသ္မိံ အနိစ္စာနုပဿီ အနိစ္စသညီ”၊ ဖြစ်ပေါ် လာလို့ ရှိရင် အို ဘာမှ မဟုတ်ပါဘူး ဒါ အနိစ္စလို့ပဲ မှတ်ပစ်လိုက် (မှန်လှပါ ဘုရား)။

ဒါလေးဟာ အနိစ္စပဲလို့ မှတ်ပစ်လိုက်၊ ဒါဖြင့် –

တစ်နံပါတ်က အနိစ္စလို့ရှု၊

နှစ်နံပါတ်က အနိစ္စလို့သာ မှတ်ပစ်လိုက်တော့ (မှန် ၊ လှပါ ဘုရား)။

၂။ အနိစ္စလို့သာမှတ်

ရှေ့ပိုင်းက ဘာပေါ်ပေါ် ဘယ့်နှယ့် လုပ်မလဲ (အနိစ္စ လို့ မှတ်ရမှာပါ ဘုရား)။ အနိစ္စလို့သာ မှတ်ပစ်လိုက်၊ အနိစ္စလို့ရှုပစ် လိုက်၊ အနိစ္စလို့ မှတ်ပစ်လိုက် (မှန်လှပါ ဘုရား)။ ဒကာကြွယ် သွက်ပစေ ဗျနော် (မှန်လှပါ ဘုရား)။

သွက်ပစေလို့ ဆရာဘုန်းကြီးက ဟောတာ ဘယ်နှယ့်ကြောင့် ဟောပါလိမ့်မလဲလို့ ဒကာအုန်း တို့က မေးဖို့လိုတယ်နော် (မှန်လှပါ ဘုရား)။ မသွက်လို့ ရှိရင်ဖြင့် ဒီနိယာမ တရားကြီးဟာက သွက်သွားမှာစိုးလို့ (မှန်လှပါ ဘုရား)။

နိယာမတရားက ဘာတုံး

ကိုယ်က ဉာဏ်မသွက်ရင် နိယာမ တရားကြီးကသွက် မယ် (မှန်လှပါ ဘုရား)။ နိယာမ တရားက ဘာတုံးလို့ မေးတဲ့ အခါကျတော့ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏ ဒါက ဘုရား မရှိလည်း ဒီအစဉ်အတိုင်း သွားနေမှာပဲ (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒကာကြွယ်ရ ဒါဘာတရားလို့ ခေါ်မတုံး (နိယာမတရားပါ ဘုရား)။ နိယာမ တရားတဲ့ အမြဲသွားနေ တာ (မှန်လှပါ ဘုရား)။

သူကတော့ဖြင့် ခင်ဗျားကာ ဖြစ်ပျက် မရှုလို့ရှိရင်၊ ပေါ်တဲ့ စိတ်ဖြစ်ပျက် မရှုလို့ရှိရင်ဖြင့် လောဘ ပေါ်လာလို့ လောဘဖြစ် ပျက် မရှုလိုက်လို့ရှိရင်ဖြင့် လောဘက တဏှာ ဆိုတဲ့ နာမည်ယူ ပြီး သကာလ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏ သွားပစ် လိုက်မယ် (မှန်လှပါ ဘုရား)။

သူကနိယာမ ကိုးဗျ(မှန်လှပါ ဘုရား)။ အဲဒီနိယာမ ကြီးကို ခင်ဗျားတို့က သွက်လိုက် ပြန်တော့လည်း သူကပြတ်ထွက် သွားတယ် (မှန်လှပါ ဘုရား)။ သဘောကျပြီလား (မှန်လှပါ ဘုရား)။

အဲဒီတော့ ဓမ္မနိယာမအရေးက ဓမ္မဟာ ဓမ္မဆောင် တာပဲ (မှန်လှပါ ဘုရား)၊ ကျုပ်တို့က ပယောဂဆိုတဲ့၊ သာသနာတွင်း-ကြုံတဲ့ ပယောဂ အင်မတန် အားစိုက်ပြီး သကာလ မဖြစ်သေးတဲ့ ကုသိုလ် ဖြစ်အောင် ဆိုတဲ့ ဝိပဿနာ အလုပ်ကို လုပ်ပါ။

ပဋိစ္စသမုပ္ပါဒ်တရားဆိုတာ

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်တရား ဆိုတာ နိယာမတရား (မှန်လှပါ ဘုရား)။ ခင်ဗျားတို့ မရှုဘဲနေရင် ခင်ဗျားတို့ စိတ်အစဉ် အတိုင်းသွားတာပဲ (မှန်လှပါ ဘုရား)။

ရှုလိုက်လို့ ပယောဂနဲ့ ရှုလိုက်ပြန်လို့ရှိရင်လည်း သမ္မပဓာန် လေးပါးထဲက မဖြစ်သေးတဲ့ ကုသိုလ်မို့ ဖြစ်အောင် လုပ်မယ်ဟဲ့ ဆိုပြီးသကာလ ဒကာကြွယ်ရေး ဝိပဿနာကုသိုလ် ဟာ ရှေးက မဖြစ်ခဲ့ဘူးနော် (မှန်လှပါ ဘုရား)။

ခုမှတစ်ခါတည်း ဆရာကောင်း၊ သမားကောင်းနဲ့ တွေ့ပြီး ထောင်တတ်တဲ့နား ရှိလို့ ကဲ မဖြစ်ဘူးသေးတဲ့ မဂ် ကုသိုလ် ဝိပဿနာ မဂ် ကုသိုလ်ဖြင့် စိတ်ပေါ်လာရင် နောက်က လိုက်အောင် ကြိုးစားလိုက်မဟဲ့လို့ ဒီလို ကြိုးစား လိုက်ပြန်တော့ လည်း “အနုပ္ပါဒါနံ ကုသလာနံ ဥပ္ပါဒါယ ဝါယမော” ဆိုတဲ့ အတိုင်း မဖြစ်သေးတဲ့ ကုသိုလ်ကို ဖြစ်အောင် လုပ်ပစ်လိုက်တဲ့ အတွက် ဒကာအုန်းရေ ဟိုနိယာမ တရားကြီး ဘာဖြစ်သွား သတုံး (ပြတ်သွားပါတယ် ဘုရား)။

နိယာမတရားကြီးပြတ်သွားတယ်

ဒကာကြွယ် သေချာပြီလား (သေချာပါတယ် ဘုရား)။ နိယာမ တရားကြီး ဘာဖြစ် သွားပါလိမ့် (ပြတ်သွားပါတယ် ဘုရား)။ ဪ နိယာမတရား ပြတ်သွားတယ် ဆိုတော့ ဪ ဘာများ ပြတ်သွားသတုံးလို့ တို့က အောက်မေ့နေထယ်၊ နိယာမ တရားဆိုတာ အမြဲတမ်း တရားကြီး သံသရာ့ စက်ရဟတ် ကြီး ရပ်သွားတာပါလား (မှန်လှပါ ဘုရား)။

ဘယ်နှယ့်ဆိုကြမယ် (သံသရာ စက်ရဟတ်ကြီး ရပ်သွားတာပါ ဘုရား) သံသရာ့ စက်ရဟတ်ကြီး ရပ်သွားတော့ သံသရာ့စက် ရဟတ် ဆိုတာ အကျယ်တဝင့် ပြောစမ်းပါဦး ဆိုတော့ ဒုက္ခစက်ကြီး လည်နေတာ ရပ်သွားတာ (မှန်လှပါ ဘုရား)။

ဒုက္ခစက်ကြီးလည်နေတာ ပြတ်သွားတာ၊ သဘောပါကြ ပြီလား (ပါပါတယ် ဘုရား)။ ဪ ဒုက္ခစက်ကြီး လည်နေတာကို မဖြစ်သေးတဲ့ ကုသိုလ်နဲ့ ဖြစ်အောင် လုပ်လိုက်တော့ ဒကာအုန်း ဘယ်နှယ့် နေသတုံး (ပြတ်သွားပါတယ် ဘုရား)။ ဘယ်လောက် အဖိုးတန်သတုံး (တန်ပါတယ် ဘုရား)။ စဉ်းစားပြီး နားထောင်ပါ ဒကာ ဒကာမတွေ ဒီဥစ္စာ လေးလေးနက်နက်နဲ့ ပြောနေတာ (မှန်လှပါ ဘုရား)။

ဒါဖြင့်ပေါ်လာတဲ့တရား တစ်နံပါတ်က အနိစ္စလို့ရှု၊ နှစ်နံပါတ်က အနိစ္စလို့မှတ်ပေါ့ဗျာ (မှန်လှပါ ဘုရား)။

၃။ အနိစ္စလို့သာသိ

အနိစ္စ၊ အနိစ္စပဋိသံဝေဒီ တဲ့ ဪ ပေါ်လာလို့ ရှိရင်လည်း အနိစ္စလို့သာ ကဗျာကယာ သိပေးလိုက် (မှန်လှပါ ဘုရား)။ ဘယ်နှယ့် လုပ်ကြမယ် (အနိစ္စလို့ သိပေး ရမှာပါ ဘုရား)။

ကဲ ဒါဖြင့် တစ်နံပါတ်က စိတ်ကလေးတစ်ခုပေါ်လာ လို့ရှိရင် အနိစ္စလို့ရှု၊ အနိစ္စလို့မှတ်၊ အနိစ္စလို့သိလိုက် (မှန် လှပါ ဘုရား)။ ဒါမြဲအောင် ပြောနေတာ ဘုရားက မြဲအောင်ပြော နေတာ။

“အနိစ္စာနုပဿီ၊ အနိစ္စသညီ၊ အနိစ္စပဋိသံဝေဒီ” တဲ့ ကောင်းပြီ ဒါဖြင့် အနိစ္စလို့ရှု၊ အနိစ္စလို့မှတ်၊ အနိစ္စလို့သိ နေကြပါ (မှန်လှပါ ဘုရား)။

ဒီသိလုံးကလေးကဘာတုံး

ဒီသိလုံးကလေးဘာတုံး လို့မေးတဲ့ အခါကျတော့ မဖြစ် ဖူးသေးတဲ့ ကုသိုလ် ဖြစ်အောင် လုပ်နေတာ၊ ဒီသိလုံးကလေးက ဘာပါလိမ့် (မဖြစ်ဖူးသေးတဲ့ ကုသိုလ် ဖြစ်အောင် လုပ်နေတာ ပါ ဘုရား)။

ဪ မဖြစ်ဖူးသေးတဲ့ ကုသိုလ်ကို မဖြစ်ဖြစ်အောင် ဒကာ ဒကာမတွေက လုပ်နေတာ သိအောင် လုပ်တဲ့အလုပ် ပါပဲ။ မဖြစ်သေးတဲ့ ကုသိုလ်ကို ဖြစ်အောင်လုပ်နေတာ ဘာ ပါလိမ့် (သိအောင်လုပ်တာပါ ဘုရား)။

မဖြစ်ဖူးသေးတဲ့ ကုသိုလ်ဖြစ်အောင်လုပ်

သိအောင်လုပ်တဲ့အလုပ် ခုနက အနိစ္စလို့ရှု၊ အနိစ္စလို့ မှတ်၊ အနိစ္စလို့သိနေတဲ့ ခုနက ပြောခဲ့တဲ့ အသိ ကလေးတွေဟာ မဖြစ်သေးတဲ့ ကုသိုလ်ကို ဖြစ်အောင် လုပ်နေတာ (မှန်လှ ပါ ဘုရား)။

ဘာဖြစ်လို့ ဒီဥစ္စာလုပ်ရတာတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။ အို နိယာမ တရားကြီး ဖြတ်နေတာလေဗျာ (မှန်လှပါ ဘုရား)။ ဘယ်လို မှတ်ကြမယ် (နိယာမတရားကြီး ဖြတ်နေတာပါ ဘုရား)။

ဒုလ္လဘဆိုတဲ့ပုဂ္ဂိုလ်တွေမို့လို့

နိယာမတရား ဆိုတာ ဘာစက်ကြီးပါလိမ့် (ဒုက္ခ စက်ကြီးပါ ဘုရား)။ ဪ ဒုက္ခစက်ကြီး ဖြတ်နိုင်တာဖြင့် ဒီအချိန်မို့ ဖြတ်နိုင်တာ (မှန်လှပါ ဘုရား)။ ဒီဒုလ္လဘစုံတဲ့ ပုဂ္ဂိုလ် တွေမို့ ဖြတ်နိုင်တာ (မှန်လှပါ ဘုရား)။

ဟို မြို့ထဲ၊ ရွာထဲမှာ တရားနားလည်း မကပ်၊ အားက လည်း မထုတ်နိုင်၊ ဆင်းရဲ လိုက်တာကလည်း လွန်လို့၊ သားရေး၊ သမီးရေးနဲ့လည်း ပူလိုက်တာက လွန်လို့ စားဖို့ သောက်ဖို့ကလည်း ချည့်နဲ့၊ ဘယ်လိုမှ မရှာနိုင်တဲ့ ပုဂ္ဂိုလ်ကျတော့ အနိစ္စလို့ ရှုဆိုတာ လည်း မကြားနိုင် (မကြားနိုင်ပါ ဘုရား)။

အနိစ္စလို့မှတ်ပါ ဆိုတာကော (မမှတ်နိုင်ပါ ဘုရား)၊ မမှတ်နိုင်ဘူး၊ အနိစ္စလို့သိ ဆိုတာကော (မသိနိုင်ပါဘူး ဘုရား)။ မသိနိုင်ဘူးတဲ့။

မသိနိုင်တဲ့ပုဂ္ဂိုလ်တွေကျတော့

မသိနိုင်တဲ့ပုဂ္ဂိုလ်တွေကျတော့ ပဋိစ္စသမုပ္ပါဒ် နိယာမ တရားကြီးကလည်း သူ့နိယာမ အတိုင်း သွားနေတာ (မှန်လှပါ ဘုရား)။ မသွား ပေဘူးလား (သွားပါတယ် ဘုရား)။

နိယာမ အတိုင်း သွားနေတဲ့ဥစ္စာကို ဪ သူ့အ တွက် ဘယ်လို စဉ်းစားရမတုံး ဆိုတော့၊ သြော် သူ့အတွက် စဉ်းစားရမှာ ဒီဒုက္ခပြီး ဟိုဒုက္ခတွေ့ ဖို့ပဲ ရှိတော့တယ်။ (မှန်လှပါ ဘုရား)။

ဟိုဒုက္ခခံစားပြီး ပြန်ရင်ကော (ဟိုဒုက္ခတွေ့မှာပါ ဘုရား)။ သူ့အတွက် ဒါပဲစဉ်းစားကြတော့ ဒကာသစ်တို့ ဒကာအုန်း (မှန်လှပါ ဘုရား)။ ဒီပြင် ဘာစဉ်းစားစရာ ရှိသေးသတုံး (မရှိပါ ဘုရား)။ သူ့ဒုက္ခ စက်ရဟတ် နိယာမတရားကြီး ဖြတ်တတ်တဲ့ ခုနက မဖြစ်သေးတဲ့ ကုသိုလ်က သူ့မှာ ဖြစ်ပါရဲ့လား (မဖြစ်ပါဘူး ဘုရား)။ မဖြစ်သေးတဲ့ ကုသိုလ်မှ မဖြစ်တော့ ဒကာ ဒကာမတို့ သူ့ထုံးစံ အတိုင်း သွားနေတာပဲ (မှန်လှပါ ဘုရား)။

ထုံးစံအတိုင်းသွားနေတယ်ဆိုတာက ဒကာ ဒကာမတို့ က အိမ်မှာ ရက်ကန်း ခတ်နေပေမယ့် ရထားကတော့ သူ့နာရီနဲ့သူ အမှန် ထွက်နေတာပဲ (မှန်ပါ ဘုရား)၊ မထွက်ပါနဲ့ဆိုလို့ ရရဲ့လား (မရပါဘူး ဘုရား)။

ဒုက္ခစက်ကြီးလည်နေမှာပဲ

ဒီအတိုင်းပဲတဲ့၊ ရထား အချိန်မှန်ထွက်သလို ခင်ဗျားတို့က နည်းနည်းမှ ဂရုမစိုက် တော့ဘူး ဆိုလို့ရှိရင် ရထား အချိန်မှန် ထွက်သလိုပဲတဲ့ ခန္ဓာ့ ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်ကြီး ကတော့ လည်နေ မှာပဲ (မှန်လှပါ ဘုရား)။

အဲ့ဒါ ဖြတ်နိုင်ရင် ဖြတ်ပါ၊ မဖြတ်နိုင်လို့ရှိရင်ဖြင့် ဒကာကြွယ်ရေ ဒီစခန်းနဲ့ ဒီလမ်းချည့်ပဲ သွားနေတာပဲ (မှန်လှပါ ဘုရား)။

သူဘယ်နေ့မဲချ၊ မဲချ ဒုက္ခချည့် ကျနေတာပဲ (မှန်လှပါ ဘုရား)။ ဒီတရားကို မဖြစ်သေးတဲ့ ကုသိုလ်ကို ဖြစ်အောင် မလုပ် တဲ့ ပုဂ္ဂိုလ်ဖြင့် ဘယ်သူက ဘာဖြစ်ဖြစ် သူ့မှာဖြင့် နက်ဖြန် ဘာဖြစ်မှာတုံး၊ နက်ဖြန် ဒုက္ခရောက်မယ် (မှန်လှပါ ဘုရား)။

သန်ဘက်ခါ ဘာဖြစ်မှာတုံး (သန်ဘက်ခါ ဒုက္ခ ရောက်ပါတယ် ဘုရား)။ ဖိန်းနွှဲခါ ဘာဖြစ်မှာတုံး (ဖိန်းနွှဲခါ ဒုက္ခရောက်မှာပါ ဘုရား)။

သေပြီး ဘာဖြစ်မှာတုံး (ဒုက္ခရောက်မှာပါ ဘုရား)။ အင်း နောက် အဖန်ဖန် သေပြီး ပြန်ရင်ကော (ဒုက္ခရောက်မှာ ပါ ဘုရား)။ ဒုက္ခပဲ ပြန်ရမယ် ဆိုတော့ သူ့ ရထားသာ အမှန်ထွက်နေ သလိုပဲ ဒကာ ဒကာမတို့ ကြောက်စရာ သိပ်ကောင်းတယ် (မှန်လှပါ ဘုရား)။ သဘောပါကျပြီလား (ပါပါတယ် ဘုရား)။

စကားမို့လို့သုံးမျိုးပြောနေတာ

ဒါဖြင့် ဒကာ ဒကာမတို့ မဖြစ်သေးတဲ့ ကုသိုလ်ဖြစ်အောင် လုပ်ဆိုတာ ဒကာ ဒကာမတို့ ယခု ရှေ့က စိတ်တစ်ခုပေါ်တယ်၊ ယခု အနိစ္စလို့ရှု၊ အနိစ္စလို့မှတ်၊ အနိစ္စလို့သိ ဆိုတာလေးဟာ စကားမို့ သုံးမျိုး ပြောနေတာပါ။ ရှုလိုက်ရင် အကုန်ပါသွားတာ (မှန်လှပါ ဘုရား)။

ဒါဘုရားပြောလို့သာ ဘုန်းကြီးက သုံးချက် ထပ်ပြော နေရတာ (မှန်လှပါ ဘုရား)၊ အဲဒီတော့ ဒါ ဒုက္ခစက်ဖြတ်တာ ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ဒုက္ခစက်ဖြတ်တယ် ဆိုတော့ ရှုလိုက်တဲ့အခါ လောဘ စိတ်ကလေးရှုလိုက်၊ ဒီမဂ်က နောက်က မလိုက်ဘူးလား (လိုက်ပါတယ်ဘုရား)။ မရှုဘဲနေတော့ တဏှာ၊ ဥပါဒါန်၊ ကံ ဟောဒီ ဒုက္ခ၊ ဇာတိ၊ ဇရာ၊ မရဏ ဒုက္ခ မလည်လား (လည်ပါတယ် ဘုရား)။

ကဲ ဒီဒုက္ခစက်ကြီး လည်နိုင်သေးရဲ့လား (မလည်နိုင်ပါဘူး ဘုရား)။ အနိစ္စလို့ရှု၊ အနိစ္စလို့မှတ်၊ အနိစ္စလို့ သိနေတဲ့ ပုဂ္ဂိုလ်မှာ ဒုက္ခစက်ရဟတ် နိယာမတရား ဓာတ်ကြီးဟာ ပြတ်ထွက် သွားတယ် ဆိုတာ သူများပြော မဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာထဲမှာ ပြတ်တာပါ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သုံးဆင့်နဲ့အလုပ်လုပ်ရမယ်

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီသုံးဆင့်နဲ့ အလုပ် လုပ်ရမယ် ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။ ကောင်းပြီ –

၁။ တစ်နံပါတ် အနိစ္စလို့ရှု။

၂။ နှစ်နံပါတ်က အနိစ္စလို့ (မှတ်ရမှာပါ ဘုရား)။

၃။ သုံးနံပါတ်က အနိစ္စလို့ (သိရမှာပါ ဘုရား)။

အနိစ္စလို့သိပေး။ ဒါဖြင့် ရှု မှတ်၊ သိ ပေါ့ဗျာ (မှန်လှပါ ဘုရား)။ ဒါက ဘုရား အင်္ဂုတ္တိုရ်မှာ ဟောတာ(မှန်လှပါ ဘုရား)။

အနိစ္စလို့ ရှု၊

အနိစ္စလို့ မှတ်၊

အနိစ္စလို့ သိ ပါလို့ ဟောထားတယ်နော် (မှန်လှပါ ဘုရား)။

အဲဒီတော့ တပည့်တော်တို့ ဒီလိုလုပ်ပြီးတော့ နေတဲ့ အခါမှာ အင်း တစ်ခါတည်း အာသဝေါ ကုန်ခမ်း ရဟန္တာဖြစ် မှာလားလို့ မေးတော့ကွာတဲ့ ဒီလိုလေးတော့ ရှိသေးတယ်၊ ဒီလို လေးတော့ ရှိသေးတယ်တဲ့။

ဘာတုန်းလို့ မေးတဲ့အခါကျတော့ – “ဣဓ ဘိက္ခဝေ အရိယာ သာဝကော ဝိညာဏသ္မိံ အနိစ္စာနုပဿီ ဝိဟရတိ အနိစ္စသညီ အနိစ္စပဋိသံဝေဒီ သတတံ သမိတံ အဗ္ဗောကိဏ္ဏံ” ဒါမပြတ် ကလေးတော့ လုပ်ပေးပေါ့ကွာ (မှန်လှပါ ဘုရား)။

အနိစ္စမှတစ်ပါးဘာမှမဟုတ်ပါဘူး

မပြတ်အောင်တော့ လုပ်ပေးပါလို့ ဒကာကြွယ်ရဟော တယ်နော် (မှန်လှပါ ဘုရား)။ မင်းတို့ ရှုရင်းမတ္တနဲ့ ဪ ဒီဥစ္စာဖြင့် အနိစ္စမှတစ်ပါး ဘာမှမဟုတ်ဘူး ဆိုတာလေးတော့ ဆုံးဖြတ်ချက် ကလေး ချချလိုက်ပါ (မှန်လှပါ ဘုရား)။

အနိစ္စလို့ရှု၊ အနိစ္စလို့မှတ်၊ အနိစ္စလို့သိပြီး သကာလ ကိုယ့် စိတ်ကလေးဟာလည်း သြော် ဒါအနိစ္စအစစ်၊ ဘာမှမရော ဘူး။ ဒီတရားလေး ဘယ်တရား ပေါ်လာလာ ဘယ်နှယ် ဆုံးဖြတ် ချက်ချမတုံး (အနိစ္စပါ ဘုရား)။ အနိစ္စအစစ်ပဲလို့ ဆုံးဖြတ်ချက် ချစမ်းပါတဲ့ (မှန်လှပါ ဘုရား)။

“စေတသာ အဓိမုစ္စမာနော”လို့ ဘုရားက ဟောသော ကြောင့် အဓိမုစ္စမာနော ဆိုတဲ့ဥစ္စာ အနိစ္စဟူ၍ ဆုံးဖြတ်ချက်ချ ၍ ဒါဖြင့် ဒကာ ဒကာမတွေ ရှုတဲ့အခါ ဒါ အနိစ္စလို့ ဧကန်ဆုံးဖြတ် ချက်ချပေါ့ဗျာ (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သားသမီးကိစ္စတွေလာလိမ့်မယ်

“အာဗ္ဗောကိဏ္ဏံ”တဲ့ အဲဒီတော့ကွာတဲ့ ဒီလို ရှုရှုနေတဲ့ ကြားထဲမှာ ဥပမာမယ် (၅)မိနစ် ရှုတယ်ကွာ၊ (၅)မိနစ် ရှုပြီး သကာလ နောက် (၅)မိနစ်ကျလို့ ရှိရင်ဖြင့် လောဘ၊ ဒေါသ၊ မောဟတွေက ဒီထဲ စိတ်ကူးတွေက ပြောင်းပြောင်း ပြောင်းပြောင်းပြီး သကာလ သားကိစ္စ၊ သမီးကိစ္စတွေက ကြားထိုး အဖြစ် လာလိမ့်မယ်ကွာတဲ့ (မှန်လှပါ ဘုရား)။

အဲ့ဒါလေးတော့ မင်းတို့က မလာအောင်၊ မပြတ်အောင်၊ ဒါလေးကြား မထိုးနိုင် လောက်အောင် မင်းတို့ ဂရုစိုက်ရလိမ့်မယ် (မှန်လှပါ ဘုရား)။

ဥပမာ (၁)နာရီ ကိုယ်အဓိဌာန် ထားတယ်၊ (၃၀)မိနစ် ကိုယ်က အဓိဋ္ဌာန်ထားတယ်၊ ဒီအတွင်းတော့ကွာ ကိလေသာ ကြားထိုးတော့ မခံဘူးဟေ့၊ အဲ့ဒါလေးတော့ အဓိဋ္ဌာန်ချက်ထည့် ပေးပါ (မှန်လှပါ ဘုရား)။ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

အဓိဋ္ဌာန်ထားရမယ်

ဘယ်လိုထားရမယ်၊ အဓိဋ္ဌာန်ထားရမယ်၊ ဥပမာဒီနေ့ (၃၀)မိနစ်ထိုင်မယ်၊ ဒကာကြွယ် အဓိဋ္ဌာန်ချက်က ဘယ်လိုထားရ မယ် (၃၀)မိနစ်အတွင်း ကိလေသာ ကြားထိုး မခံနိုင်ဘူးပေါ့ (မှန်လှပါ ဘုရား)။ အနိစ္စနဲ့ချည့်ဆက်နေမယ် (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

(၃၀) မိနစ်အတွင်းမှ အဓိဋ္ဌာန်ထားတော့ ဘယ်လိုနေ ကြမယ် ကိလေသာ ကြားထိုးမခံဘူး (မှန်လှပါ ဘုရား)။ “အဗ္ဗောကိဏ္ဏံ” လို့ဆိုတယ်၊ “အဗ္ဗောကိဏ္ဏံ ” ကို အဋ္ဌကထာ ဆရာက “အညဟိ အသံမိဿံ”၊ အဗ္ဗောကိဏ္ဏံ – တစ်ပါးသောတရားနဲ့ မရောမူ၍ ဆိုတော့၊ အညေဟိ – တစ်ပါး သော ကိလေသာစိတ်တို့နဲ့၊ အသံမိဿံ – မရောဘဲ နေပါစေကွာ တဲ့(မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

(၁၀) မိနစ်ကိလေသာ၊ ကြားမခိုစေနဲ့ ။

ဒါဖြင့် အနိစ္စလို့ ဆုံးဖြတ်ပြီးသည့်နောက်ကိုတဲ့ ကဲ အနိစ္စတော့ ဆုံးဖြတ်ချက် ချပြီးပြီကွာ ငါတော့ (၁၀)မိနစ်တော့ ဖြင့် သေသေချာချာ ကိလေသာ တစ်ပါးသော စိတ်မဝင်အောင် ငါဆက်တိုက် ရှုနေမယ် ဆိုလို့ရှိရင်ဖြင့်တဲ့ ကိလေသာ ကြားမခိုစေ နဲ့ (မှန်လှပါ ဘုရား)။

ဒီနေ့ (၁၅)မိနစ်ကြားမခိုရဘူး၊ မနက်ဖြန်ကျတော့လည်း (၁၅)မိနစ် အသေအချာလုပ်မယ် အဲဒီအကြား ကိလေသာကို အဝင်မခံဘူး၊ အဝင်ခံရင် (၃၀)မိနစ် အဓိဋ္ဌာန်ထားတာ (၃၀)မိနစ် အတွင်း ပြန်ရအောင် လုပ်မယ်။ ဒီလိုသာ လုပ်သွားကြမယ်ဆိုလို့ ရှိရင်ဖြင့်ကွာတဲ့ ဒကာ ဒကာမတွေတဲ့ သော -ထိုပုဂ္ဂိုလ်သည်၊ အာသဝါနံ – အာသဝေါတရားတို့၏၊ ခယာ – ကုန်ခြင်းကြောင့် အာသဝေါ ကုန်သွားပြီပေါ့တဲ့ (မှန်လှပါ ဘုရား)။

ယခုဘဝရ ရမယ်

ဒီလိုသာ ကိလေသာ ကြားမထိုးဘဲနဲ့ ဒကာ ဒကာမတွေ က ကြိုးစားပြီး သကာလ နေကြမယ် ဆိုလို့ရှိရင်ဖြင့် “ဒိဋ္ဌေဝဓမ္မေ” တဲ့ “ပစ္စက္ခဘဝသ္မိံ” ပေါ့ဗျာ။ ယခုဘဝ၌ တဲ့ တစ်ခါတည်း “အာသဝါနံ” အာသဝေါ တရားတို့၏ “ခယာ” ကုန်ရာ ဖြစ်သော နိဗ္ဗာန်ကို “ပဝတ္တေတိ” ဖြစ်၏ (ဝါ) ရောက်စေ၏။

ကိလေသာ ကြားမထိုးဘဲနဲ့ ခုနက ရှေ့သွားကလေးနဲ့သာ လုပ်နေမယ်ဆိုရင် ဒကာအုန်း ရ ရမယ်တဲ့ (မှန်လှပါ ဘုရား)။

“ဒိဋ္ဌေဝ ဓမ္မေ- ပစ္စက္ခသ္မိံ” လို့ ဆိုထားသောကြောင့် ယခု ပစ္စက္ခဘဝ ရရမှာ (မှန်လှပါ ဘုရား)။ ဒကာကြွယ် အကြွေးတဲ့လားဗျာ (မဟုတ်ပါဘူး ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဒီပါဠိတော်ကလည်း ကိုယ် တော်တိုင်ဟောတဲ့ ပါဠိတော် အင်္ဂုတ္တိုရ် ပါဠိတော်မှာ ဖြစ်ပြီး သကာလ နေသောကြောင့် သြော် တို့လုပ်ရမှာက အနိစ္စလို့ ရှု၊ အနိစ္စလို့မှတ်၊ အနိစ္စလို့ သိပြီး အနိစ္စလို့ ဉာဏ်က ဒီအပေါ်မှာ တစ်ခါတည်း ဆင်းသက် အောင်သာ လုပ် (မှန်လှပါ ဘုရား)။

ဒီအပေါ်မှာချည်းဉာဏ်သက်ပါ

ဖြစ်ပျက် အပေါ်မှာပေါ့ဗျာ (မှန်လှပါ ဘုရား)။ ဉာဏ် ကလေးကလည်း ဒီအပေါ်မှာချည့် ဆင်းသက်ပြီး သကာလနေပြီ ဆိုမှဖြင့်တဲ့ တစ်ပါးသော ကိလေသာ ကြားမထိုးအောင် ဒီအနိစ္စနဲ့ ရှုတဲ့ဉာဏ်နဲ့ ဝေးသွားအောင် ကိလေသာက ကြားထိုးတ ဲ့အခါရှိ သေးတယ် (မှန်လှပါ ဘုရား)။

အဲဒီကြားထိုးတာလေး “အညေဟိ အသံမိဿံ”ဆိုတဲ့ အတိုင်း “အဗ္ဗောကိဏ္ဏံ” ကို အညေဟိ- အသံမိဿံ လို့ အဋ္ဌ ကထာ ဆရာများဖွင့်သောကြောင့် တစ်ပါးသော ကိလေသာစိတ် တွေ၊ ဝိတက်တွေနဲ့ မရောဘဲနဲ့ (၁၅)မိနစ်ဖြင့် (၁၅)မိနစ်၊ (၁)နာရီ ဖြင့် (၁)နာရီ (၃၀)မိနစ်ဖြင့် (၃ဝ)မိနစ်ကြားမှာ ကိလေသာမရော ဘဲနဲ့ ဒကာ ဒကာမတွေက ကြိုးစားသွားမယ် ဆိုလို့ရှိရင် “သော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိ ပညာဝိမုတ္တိ” “စေတောဝိမုတ္တိ” ဆိုတာ အရဟတ္တဖိုလ် သမာဓိ၊ ပညာဝိမုတ္တိ ဆိုတာ အရဟတ္တဖိုလ် ပညာပဲ။

ဧကန်ရ ရမယ်

ဒါ ဧကန်ရရမယ်ကွ (မှန်လှပါ ဘုရား)။ ဒုလ္လဘက လည်း (၅)ပါးစုံပြီးသားကွ၊ မင်းတို့ ကလည်း (၁၅)မိနစ်၊ (၃၀)မိနစ် အကြားမှာ တစ်ပါးသော ကိလေသာ ကြားမညှပ်ဘူး အနိစ္စနဲ့ ရှုမှတ်တဲ့ မဂ္ဂနဲ့သာ ဆက်နေမယ် ဆိုရင်ဖြင့် ငါကသေသေချာချာ ဒီဘဝ အာသဝေါ ကုန်ခမ်း ရဟန္တာ ဖြစ်တာကို တာဝန်ယူပါတယ် (မှန်လှပါ ဘုရား)။

ဘုရားက တာဝန်ယူတာနော် (မှန်လှပါ ဘုရား)။ ဒကာကြွယ် အားရှိစရာ ကောင်းတဲ့ ပါဠိတော်ပါလား (မှန်လှ ပါ ဘုရား)။ အင်မတန် အားရှိစရာ ကောင်းတဲ့ ပါဠိတော် ဖြစ်နေ သောကြောင့် သြော် တို့ခန္ဓာကိုယ်ကြီးကဖြင့် သူ့အတိုင်းသာ ထားမယ် ဆိုလို့ရှိရင်ဖြင့် အိုဘေး ဟူသ၍ သူ့ပစ္စည်း၊ နာဘေးဟူ သ၍ သူ့ပစ္စည်း လက်နက်တွေ ဟူသ၍ သူ့မှန်ဖို့၊ အနာတွေဟူ သ၍ သူ့ပေါက်ဖို့၊ ဒီလို မနေဘူးလား(နေပါတယ် ဘုရား)။

အဲဒီလိုခန္ဓာကြီးကို ခန္ဓာကြီးကို ရှေ့ကို ခင်ဗျားတို့မသွား စေနဲ့တော့၊ သူကတော့ဖြင့် ဘေးအတန်တန်၊ ရန်အထပ်ထပ် အကုန် လာသ၍ လက်ခံပါ့မယ်ဆိုတဲ့ တာဝန်ခံ ခန္ဓာကြီးပါ (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒီခန္ဓာကြီးမလိုချင်ပါနဲ့တော့

အဲဒီတာဝန်ခံ ခန္ဓာကြီးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့က စဉ်းစား ပါတော့တဲ့ မရချင်ပါနဲ့ (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ တာဝန်ခံ ခန္ဓာကြီး ကိုဖြင့် ဒကာ ဒကာမတွေက မလိုချင် ပါနဲ့တော့၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ရှုနည်း ဟောလိုက်တာ အင်မတန် သေချာ တယ်နော် (မှန်လှပါ ဘုရား)။

စိတ်ကလေးတစ်ခုကို အနိစ္စလို့ရှု အနိစ္စလို့မှတ်၊ အနိစ္စလို့ သိ၊ အနိစ္စလို့ ဉာဏ်နဲ့ သက်ဝင်လိုက် (မှန်လှပါ ဘုရား)။ အနိစ္စ လို့ပဲ ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချလိုက် (မှန်လှပါ ဘုရား)။

တစ်ပါးသောစိတ်နဲ့ မရောဘဲနဲ့ အနိစ္စနဲ့သာ နေလိုက် (မှန်လှပါ ဘုရား)။ ဒီလို ဆိုလို့ ရှိရင်ဖြင့်တဲ့ ဒီဘဝမှာပဲ။ ယခုပစ္စက္ခ ဘဝမှာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်ပြီး သကာလ မိမိတို့၏ အကြိုက်ဆုံး အနှစ်သက်ဆုံးဖြစ်တဲ့ ချမ်းသာမျိုးစုံ အကုန်စုံတဲ့ နိဗ္ဗာန်ဟာ ဧကန် ရရမယ်လို့ ဘုရားက တာဝန် ယူသည် (မှန်လှပါ ဘုရား)။

ပါရမီတွေ၊ ဘာတွေလိုက်ပြီး သကာလ ဒကာ ဒကာမ တွေက မနေပါနဲ့တော့၊ လိုက်မှာ စိုးလို့ဘဲ ဒုလ္လဘတရား (၅)ပါး ရှေ့နားက အုပ်ပြီး သကာလ ပြောထားခဲ့တယ် (မှန်လှပါ ဘုရား)။

သူများပါးစပ်လမ်းဆုံးနေတယ်

ခင်ဗျားတို့ စိတ်တွေဟာ တောင်တွေး၊ မြောက်တွေးနဲ့ သူများ ပါးစပ်လမ်းဆုံးတာတွေက မင်းတို့က ဘယ်လိုညာလို ဆိုတာတွေက သက်ကြီး စကား သက်ငယ်ကြား တွေကလည်း ဒကာအုန်း ကြောက်ရသေးတယ်ဗျ (မှန်လှပါ ဘုရား)။

မင်းတို့က ဘယ်လို၊ ညာလို၊ မင်းတို့ လက်ထက်မှာ ဘယ်လိုအစရှိသည်နဲ့ အတော် ရှုပ်တယ် (မှန်လှပါ ဘုရား)။ ရှုပ်သာ ရှုပ်တယ် သူလုပ်ပါရဲ့လား၊ သူဒီလို သိပါရဲ့လား မေးပြန် တော့လည်း မဟုတ်ဘူး ရှေးလူကြီးတွေကို ဒီလို နေလာတာ အဖြေထွက်မှာပဲ (မှန်လှပါ ဘုရား)။

ဘုရားဟောတာကို လိုက်နာပါ

မထွက်ပေဘူးလား (ထွက်ပါတယ် ဘုရား)။ အဲဒီအ ထွက်တွေကိုလည်း အတုခိုးစရာ၊ ကြောက်စရာ၊ လန့်စရာ၊ သူတို့နောက်ကို လိုက်စရာ မလိုပါဘူး (မှန်လှပါ ဘုရား)။ ခုဘုရား ဟောတော်မူတဲ့ နောက်ကို လိုက်ဖို့ပဲ (မှန်လှပါ ဘုရား)။

ရှုနေတုန်းကိလေသာမရောစေနဲ့

ဒါဖြင့် ဘုရားဟောတော်မူတာက စိတ်တစ်လုံးကို အနိစ္စ လို့ရှု၊ အနိစ္စလို့မှတ်၊ အနိစ္စလို့သိ၊ အနိစ္စလို့ဉာဏ်က သက်ဝင် (မှန်လှပါ ဘုရား)။ အနိစ္စလို့ ရှုနေတုန်း တစ်ပါးသော ကိလေ သာ မရောစေနဲ့ (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

အဲ့ဒါ မပြတ်ကလေးသာကြိုးစားဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ မပြတ်ဆိုတာက တစ်သက်လုံး မပြတ်တော့ ဘယ်သူ မှ မရှိဘူး (မှန်လှပါ ဘုရား)။ ဘယ်သူမှ မရှိဘူး။

ကိုယ်က၊ ဥပမာ ဒကာသစ်က ဒီနေ့ (၁၅)မိနစ် အတွင်း မှာကွာ အနိစ္စလို့ ရှုမှတ်ပြီး သိနေတဲ့ အလုပ်ကိုဖြင့် (၁၅)မိနစ်အတွင်း တစ်ပါးသော ကိလေသာ မရောအောင် နေလိုက်မယ် ဆိုရင် (၁၅)မိနစ်ကျရင် ထချင်ရင် ထပစ်လိုက်၊ မနက်ဖြန် ကျတော့ မိနစ် (၂၀)အတွင်းမှာ တစ်ပါးသော ကိလေသာ အရောမခံဘူးကွာ၊ မေ့ပျောက် သွားတာပေါ့ဗျာ (မှန်လှပါ ဘုရား)။

အခုဆရာဘုန်းကြီး ဟောတဲ့နည်းကလည်း ခင်ဗျားတို့ စိတ္တာနုပဿနာ ဟောနေတော့ တယ်လည်း လွယ်ပါလား (လွယ်ပါတယ် ဘုရား)။ တကယ်ပဲ ခင်ဗျားတို့က မထေတတ်လို့ ရှိရင်ဖြင့် ထေတတ်တဲ့ နည်းလည်း ဒကာကြွယ် သင်ပါဦးမယ် (မှန်လှပါ ဘုရား)။

ကြောင်မြည်သံကြားတဲ့စိတ်

တကယ်လို့ ကိုယ်က စိတ်ကလေးတစ်လုံး ဝိပဿနာရှု ပြီးသကာလ နေတယ်၊ ဖျတ်ဆို ရှုနေရင်မတ္တနဲ့ပဲ ခွေးဟောင်သံ ကကြားတယ်၊ ကြောင်မြည်သံက ကြားတယ်၊ အဲဒီကြားတဲ့စိတ် ကလေး ကြားတဲ့ စိတ်တစ်ခါ ဖြစ်ပျက် ရှုချလိုက်ပြန်တယ် (မှန်လှပါ ဘုရား)။

သူကြားထိုးမလို့ လာတာကိုး (မှန်လှပါ ဘုရား)။ လန့်အောင်လို့ လာတာ (မှန်လှပါ ဘုရား)။ အဲဒီလန့်အောင် လို့လာတဲ့ စိတ် ဘယ်နှယ့်လုပ်မယ် (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ကြားတဲ့စိတ် ဖြစ်ပျက်ရှုလိုက်တော့ ဒါ ကြားထိုးရာ မရောက်ဘူးတဲ့၊ ဝိပဿနာ ဖြည့်ရာ ရောက်တယ် (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာ ပျက်သွားတာလား၊ ဝိပဿနာ အကူအညီပေး လာတာလား (အကူအညီ ပေးလာတာပါ ဘုရား)။ ဒီလို ကျတော့ ဆရာဘုန်းကြီးက နည်းပေးသားပဲတဲ့ ဒကာ ဒကာမတို့ ဘယ်စိတ်လာလာ ရှုဆိုတဲ့ အထဲ မပါသေးဘူးလား (ပါပါတယ် ဘုရား)။

ကြောက်တဲ့စိတ်ဖြစ်ပျက်ရှု

အင်း ကြောက်တဲ့စိတ်လာရင် ကြောက်တဲ့စိတ်ဖြစ် ပျက်ရှုလိုက်တော့ သူကြောက်တာမူလ ရှုနေတဲ့ဖြစ်ပျက်နဲ့ ကြားထဲမှာ ဒီကြောက်တဲ့စိတ်ကြောင့် ထပြေးမလို့ တရားတွေဝင် မလို့ လာတာကိုးဗျ (မှန်လှပါ ဘုရား)။

အဲဒီဝင်မလို့လာတာကို ကျုပ်တို့က ကြောက်တဲ့စိတ် ဖြစ်ပျက် ရှုလိုက်တော့၊ ရှုပြီး သကာလ နေလိုက်တော့ သြော် ဒီဥစ္စာသည် ကျုပ်တို့ တစ်ပါးသော စိတ်ကြားခိုရာ ရောက်သေးသလား (မရောက်ပါဘူး ဘုရား)။ ဝိပဿနာပဲ ပြန်ဖြစ် တယ် (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့်မူလက လာသ၍ စိတ်ကို ဥပမာ ထွက်လေ၊ ဝင်လေ အားထုတ်တဲ့ စိတ်ကလေး ရှုနေတုန်း ကလည်း ဖြစ်ပျက် နဲ့မဂ်အကိုက်ပဲ (မှန်လှပါ ဘုရား)။

နောက်ပေါ်လာတဲ့ စိတ်ကလေးရှုနေပြန်တော့ကော (ဖြစ်ပျက်နဲ့ မဂ်ကိုက်ပါတယ် ဘုရား)။ တရားအားထုတ်တာ ကြာပြီကွာ (၁၅)မိနစ် ပြည့်ပြီ ထင်ပါရဲ့လို့ စိတ်ကလေး ပေါ်လာ တယ်၊ ထင်ပါရဲ့ ဆိုတာ ဝိစိကိစ္ဆာစိတ်ပါပဲ (မှန်လှပါ ဘုရား)။

ဝိစိကိစ္ဆာစိတ်ဖြစ်ပျက်ရှု

အဲဒီ ဝိစိကိစ္ဆာစိတ်ကိုလည်း ဒကာ ဒကာမတွေက – ဘယ်နှယ့် လုပ်ပစ်မယ် (ဖြစ်ပျက်ရှု ရမှာပါ ဘုရား)။ ဖြစ်ပျက်ရှု လိုက်တာပေါ့ဗျ။

“သမောဟစိတ္တံ သမောဟစိတ္တန္တိ ပဇာနာတိ” လို့ ဘုရား က ဟောနေတာပဲ ဝိစိကိစ္ဆာဟာ မောဟပဲ (မှန်လှပါ ဘုရား)။

အဲဒီ မောဟလေး ဘာလုပ် ပစ်ရမယ် (ဖြစ်ပျက်ရှုပစ် ရမှာပါ ဘုရား)။ ဖြစ်ပျက်ရှုပစ် လိုက်တော့ စဉ်းစား ကြည့်တာပေါ့ ဒကာအုန်းတို့ ဒကာကြွယ်တို့က ဒါ ကိလေသာ ကြားထိုး တာလား၊ တို့က နိုင်တာလား စဉ်းစားကြည့် (တို့က နိုင်တာပါ ဘုရား)။

လာတော့ ကြားထိုးမလို့ ဝင်လာတာပဲ (မှန်လှပါ ဘုရား)။ ဒီက ဉာဏ်က တစ်ခါတည်း သူလာမယ့် နိယာမကို ဖြတ်ပစ်လိုက်တယ် (မှန်လှပါ ဘုရား)။

သူက ကြားတယ်၊ ပြီးရင် လန့်မယ်၊ လန့်ရင် ပြေးမယ်၊ ဒီလို ကြားထိုး မလို့ လာတာကို ကျုပ်တို့က လာလာခြင်း မင်း ဒီစိတ် အသစ်လာတာ၊ မင်းလည်း ဖြစ်ပျက်ပဲဆိုပြီး ဉာဏ်နဲ့ ရှုလိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတွေ သူသည်ကားလို့ ဆိုရင် ကြားထိုးစိတ်လား၊ ကျုပ်တို့ ဝိပဿနာ အဆက်အကူးအတည့် ၊ လာတာပဲလား (ဝိပဿနာ အဆက်အကူး လာတာပါ ဘုရား)။

ဒါဖြင့် ကိစ္စမရှိဘူး (မှန်လှပါ ဘုရား)။ ကိစ္စမရှိဘူး ဒကာ ဒကာမတို့ ဘုရားက စိတ္တာနုပဿနာ ထဲ အကုန်ဝင်လာ တာပဲ (မှန်လှပါ ဘုရား)။ မဝင်ပေဘူးလား (ဝင်ပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က မဝင်မှာပဲ စိုးရိမ်တယ်တဲ့၊ စိတ္တာ နုပဿနာ ဝင်လာတော့ ဘေးက “ဒေါင်ခနဲ” အသံကြားလိုက်၊ “ဒက်ခနဲ” အသံကြားလိုက်၊ ကြားတဲ့စိတ်ကလေး ဒကာသစ်တို့က ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရမှာ ပါဘု ရား)။

ဖြစ်ပျက်မရှုတော့

ဖြစ်ပျက်ရှုတော့ ကြားတဲ့စိတ်က ကျုပ်တို့သည် ကြားပြီး သကာလ ဘာပါလိမ့်မတုံး တွေးတော့ သူပျက်တာပေါ့ဗျာ (မှန်လှပါ ဘုရား)။ ဘာပါလိမ့်မတုံး၊ ထကြည့်ဦးမှ ထင်ပါရဲ့ အစရှိ သည်နဲ့ ကိလေသာတွေ ကြားထိုးမလို့ လမ်းစထွင်လိုက်တာ (မှန်လှပါ ဘုရား)။

လမ်းစထွင်တဲ့ ရှေးဦးစွာ ဗိုလ်လုပ်တဲ့ စိတ်ကလေးကို ကျုပ်တို့က ဘာလုပ်ရမယ် (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။ ဖြစ် ပျက်ရှုလိုက်တော့ သူလမ်းစထွင်မလို့၊ အစဉ်တစိုက်သွားမလို့၊ သူ့ နိယာမကြီးကို ကျုပ်တို့က ဖြတ်ပစ်လိုက်တယ် (မှန်လှပါ ဘုရား)။

သူ့ နိယာမကြီး ဖြတ်ပစ်လိုက်တဲ့ အတွက် ဒကာကြွယ်ရေ တစ်ပါးသောစိတ် ကြားခြား သေးတယ်လို့ ဆိုလို့ရသေးရဲ့လား။ (မရပါဘူး ဘုရား)။ မရဘူး၊ အရင် ဝိပဿနာ ရှုစရာစိတ် နောက်က နောက် ဝိပဿနာ ရှုစရာစိတ် ပေါ်တာပဲလို့ မှတ်လိုက် (မှန်လှပါ ဘုရား)။ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

အဲဒီကဲ့သို့ ဒကာ ဒကာမတွေ “ဣဓ ဘိက္ခဝေ အရိယာသာဝကော ဝိညာဏသ္မိံ အနိစ္စာနုပဿီ အနိစ္စသညီ အနိစ္စပဋိသံဝေဒီ သတတံ သမိတံ အဗ္ဗောကိဏ္ဏံ စေတသာ အဓိမုစ္စမာနော ပညာယ ပရိယောဂါဠှမာနော” ၊

ပညာနဲ့ ရှုလိုက်စမ်းပါ

ပညာနဲ့ တစ်ခါတည်းတဲ့ ဆုံးဖြတ်ချက်ချ၊ ပညာနဲ့သက် ဆင်းပြီး သကာလ ရှုလိုက်စမ်းပါတဲ့ (မှန်လှပါ ဘုရား)။

“သော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ၊” ဒိဋ္ဌေဝ ဓမ္မေတဲ့ ယခုပစ္စုပ္ပန် ဘဝ၌ကို ပင်လျှင်ပဲ အာသဝေါတရား ကုန်တဲ့ ရဟန္တာ အသေအချာဖြစ်တာ (မှန်လှပါ ဘုရား)။

ဒါ ဘယ်သူက ဟောတာတုံး (ဘုရားက ဟောတာ ပါ ဘုရား)။ နှစ်ခွန်းပြောတာလား၊ တစ်ခွန်းပြောတဲ့ ကိုယ်တော်ကြီး လား (တစ်ခွန်းပြောတဲ့ ကိုယ်တော်ကြီးပါ ဘုရား)။

တစ်ခွန်းတည်းနဲ့ အမှန်ပြောလေသလား၊ အမှားပြေလေ သလား (အမှန်ပြောတာပါ ဘုရား)။ အမှန်ပြောပေမယ့် – အကျိုးမရှိတဲ့ အမှန်လား၊ အကျိုးရှိတဲ့ အမှန်လား (အကျိုးရှိတဲ့ အမှန်ပါ ဘုရား)။

ဪ ဒါဖြင့် နှစ်ခွန်း မပြောဘဲနဲ့ တစ်ခွန်းပြော၊ တစ်ခွန်း ပြောပြန်တော့အမှန်၊ အမှန် ပြောပေမယ့် မှန်ပေမယ့် မှ အကျိုး မရှိတာတွေက ရှိသေးတယ် (မှန်လှပါ ဘုရား)။

ဟိုနား မန်ကျည်းသီး ကြွေကျလို့ မန်ကျည်းသီးကြွေကျတယ် ပြောတာလည်း မှန်တော့ မှန်တာပဲ၊ အကျိုးမရှိဘူး (မှန်လှပါ ဘုရား)။

မန်ကျည်းသီး ကြွေကျတာ မဟုတ်ဘူးပေါ့ မန်ကျည်းပင်က အနိစ္စ ရောက်တာ ဆိုတော့ အကျိုးရှိတယ် (မှန်လှပါ ဘုရား) မရှိဘူးလား (ရှိပါတယ် ဘုရား)။

တို့ဘယ်တော့နိဗ္ဗာန်ရောက်မှာတုံး

အဲဒီလို အကျိုးမရှိတဲ့ စကားကိုလည်း မသုံးဘဲနဲ့၊ အကျိုးရှိတဲ့ စကားကိုသာလျှင်-သုံးတတ်တဲ့ ကိုယ်တော်ကြီးက ဟောပြောတဲ့ ပါဠိတော် ဖြစ်နေတော့ တို့ဘယ်တော့ နိဗ္ဗာန် ရောက်မှာတုံး ဆိုတော့ ကိလေသာ ကြားမခြားရင် ယခုဘဝ ရမယ်မှတ် (မှန်လှပါ ဘုရား) သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ကိလေသာကြားမခြားရင် (ယခုဘဝရမှာပါ ဘုရား) ယခုဘဝ ရမယ်မှတ်ဆိုတော့ ခု ဆရာဘုန်းကြီး ပြောတာလည်း (၁) နာရီရှိပါပြီ။

ကိလေသာကြား မခြား ဆိုတာ ခင်ဗျားတို့ မူလ ပေါ်လာ တဲ့ စိတ်ကို၊ မူလ ရှုနေတဲ့ စိတ်ကြားထဲမှာ ကြားစိတ် ဝင်တိုင်း ဝင်တိုင်းဟာ သူကိလေသာကို အဖော်၊ နောက်က အဖော် လိုက်အောင်လို့ လာတာ (မှန်လှပါ ဘုရား)။

ကြားစိတ်ဝင်တာသည် နောက်ကိလေသာပါ ခေါ်လာ မလို့ (မှန်လှပါ ဘုရား) အဲဒီတော့ ပထမဝင်လာတဲ့ စိတ်ကို ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ဒါဖြင့် သူ့နောက်က အဖော်တွေဟာ ပြတ်ထွက်မသွား ဘူးလား (ပြတ်ထွက်သွားပါတယ် ဘုရား)။ အဲ့ဒါကြောင့် ခန္ဓာနိယာမဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် နိယာမကြီးလည်း ပြတ်သွား တယ် ဒုက္ခစက် ပြတ် သွားတယ် ဆိုတာလည်း သေချာတယ် (သေချာပါတယ် ဘုရား)။

သံသရာအဆက်ပြတ်သွားတယ်

သံသရာဆက် ပြတ်သွားတယ်ဆိုတာကော (သေချာပါတယ် ဘုရား) အပါယ်လေးပါးနဲ့ အဆက်ပြတ်သွား တယ်ဆိုတာကော (သေချာပါတယ် ဘုရား)။

ကောင်းပြီ အိုဘေး၊ နာဘေး၊ သေဘေးတွေနဲ့ အဆက် ပြတ်တယ်ဆိုတာကော (သေချာပါတယ် ဘုရား) အင်း သူ့နောက်က ခေါ်လာမယ့် ကိလေသာတွေနဲ့ အဆက်ပြတ်တယ် ဆိုတာကော (သေချာပါတယ် ဘုရား)။ သဘောကျပြီလား ၊ (ကျပါတယ် ဘုရား)။

ဒါဖြင့် အဆက်မျိုးစုံ ဖြတ်နိုင်တာကဖြင့် မဂ်ဓါး သံလျှက်မှ တစ်ပါး ဘာမှမရှိဘူး (မရှိပါ ဘုရား)။ အဲဒီကဲ့သို့ ရှုလိုက်ပြီ ဆိုရင် အနိစ္စလို့ရှု၊ အနိစ္စလို့မှတ်၊ အနိစ္စလို့သိပြီးသကာလ အနိစ္စလို့ ဉာဏ်ကနေပြီးသကာလ ဆုံးဖြတ်ချက်ချ၊ အနိစ္စလို့ ဉာဏ်ကနေ သက်ဆင်းပြီး သကာလ အာရုံ အပေါ်မှာ သက်ဆင်း ရမယ်နော် (မှန်လှပါ ဘုရား)။

အဲ့ဒီကဲ့သို့ သက်ဆင်းကြမယ်ဆိုလို့ရှိရင်ဖြင့်တဲ့ မပြတ် ကလေးသာ လုပ်ပေးစမ်းပါကွာတဲ့ ဒီဘဝ နိဗ္ဗာန်မရဘူးလို့ ငါ ဘယ်တော့မှ မဟောပါဘူးတဲ့ (မှန်လှပါ ဘုရား)။ ရိပ်မိပြီ လား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် အင်မတန် အဖိုးတန်တဲ့နေ့ပဲလို့ ဒကာကြွယ်ဆို ရမယ် (မှန်လှပါ ဘုရား)။ မဆို ထိုက်ဘူးလား (ဆိုထိုက် ပါတယ် ဘုရား)။ ဒကာ ဒကာမတွေ အိမ်မှာကျလို့ရှိရင်လာတဲ့ စိတ်ဟူသ၍ကို အနိစ္စလို့ရှု၊ အနိစ္စလို့မှတ်၊ အနိစ္စလို့သာသိနေ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲ့ဒီကဲ့သို့ သိတဲ့အခါ ကြားကိလေသာ မညှပ်အောင် လုပ်ပါ (မှန်လှပါ ဘုရား)။ အကယ်၍ ညှပ်မယ်လို့ လာတဲ့ စိတ်လာလို့ရှိရင် အဲ့ဒီလာတဲ့စိတ်ကို ဖမ်းပြီးသကာလ ဖြစ်ပျက်သာရှုချ (မှန်လှပါ ဘုရား)။

သေခါနီးမှ နိဗ္ဗာန်ရမှာလား

လာနိုင်သေးရဲ့လား (မလာနိုင်ပါဘူး ဘုရား) မလာနိုင်လို့ရှိရင် ဒီဘဝနိဗ္ဗာန်ရမယ် (မှန်လှပါ ဘုရား)။

ဒီဘဝဆိုတော့ ဘုရား သေခါနီးမှများ ရနေမှာလားလို့ ဆိုတော့ ဒါကတော့ကွာတဲ့ တချို့မှာ “ဒုက္ခပဋိပဒါဒန္ဒာဘိညာ” တဲ့ ကျင့်တုန်းကလည်း ခပ်ဆင်းဆင်းရဲရဲ၊ ခပ်နှေးနှေးမှ ရတာလည်း ရှိသေး တယ်ကွတဲ့ (မှန်လှပါ ဘုရား)

အဲ့ဒါကတော့ ငါမတတ်နိုင်ဘူးတဲ့၊ မင်းတို့ ကိလေသာ ထူပြော မထူပြောပေါ်မှာ မှီနေတယ်၊ ရမှာကတော့ သေချာ တယ်တဲ့ (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါ တယ် ဘုရား)။

ဆင်းဆင်းရဲရဲကျင့်ပြီး နှေးနှေးမှရ

“ဒုက္ခပဋိပဒါဒန္ဒာဘိညာ” ဆိုတာ ကိလေသာ ထူပြော နေတော့ကို ကျင့်တဲ့အခါ ဆင်းဆင်း ရဲရဲ၊ ရတော့ နှေးနှေး ကွေးကွေး (မှန်လှပါ ဘုရား)။ မရဘူးတော့ မဟုတ်ဘူး (မှန်လှပါ ဘုရား)။

ကျင့်တဲ့အခါမှလည်း (ဆင်းဆင်းရဲရဲ ကျင့်ရပါ တယ် ဘုရား)၊ ရတဲ့အခါမှာ (နှေးနှေး ကွေးကွေးပါ ဘုရား)။

အဲ့ဒါကိလေသာထူလို့ ဖြစ်ရတဲ့ ဖြစ်ထွေတော့ ဘုရားနဲ့ မဆိုင်ဘူးဗျ (မှန်လှပါ ဘုရား) ဆိုင်ပါ့မလား (မဆိုင် – ပါဘူး ဘုရား)။ ဘုရားနဲ့ မဆိုင်ဘူး ဆိုတာ ဒကာကြွယ် သေချာ ပြီလား (သေချာပါပြီ ဘုရား)။

ဆင်းဆင်းရဲရဲကျင့်ပြီး မြန်မြန်ရ

တချို့ကျတော့ “ဒုက္ခပဋိပဒါခိပ္ပာဘိညာ” တဲ့ အင်း – ကျင့်တဲ့အခါမှာ ဆင်းဆင်းရဲရဲ ကျင့်ပြီးတော့ ဖျပ်ခနဲ မြန်မြန် ရတာ ရှိသေးတယ် (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒါကတော့ သူက ကိလေသာက ခုနက ပုဂ္ဂိုလ်ထက် ပါးလို့ပေါ့ဗျ (မှန်လှပါ ဘုရား)။

ချမ်းချမ်းသာသာကျင့်ပြီး နှေးနှေးမှရ

တချို့ပုဂ္ဂိုလ်ကျတော့ “သုခပဋိပဒါဒန္ဒာဘိညာ” တဲ့ – ချမ်းချမ်းသာသာ ကျင့်ပြီး နှေးနှေးမှ ရတာလည်း ရှိသေးတယ်။ (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ချမ်းချမ်းသာသာ ကျင့်ပြီး မြန်မြန်ရ

တချို့ပုဂ္ဂိုလ်ကျတော့ ကျင့်တော့လည်း ချမ်းချမ်းသာသာ၊ ရတော့လည်း မြန်မြန် ထက်ထက် (မှန်လှပါ ဘုရား)။

ဒီလိုတော့ရှိတယ် မရမဲ့ပုဂ္ဂိုလ်ဒီအထဲ ပါသေးသလား (မပါပါဘူး ဘုရား) သို့သော် ဒီ (၄) မျိုးထဲက (၁) မျိုးမျိုး တော့ ခင်ဗျားတို့ ဖြစ်ကြမှာပဲ (မှန်လှပါ ဘုရား)။

ဘယ်သူမှ စိတ်မပျက်နဲ့ ရမှာကတော့ (၄) ယောက် စလုံး (မှန်လှပါ ဘုရား) သေချာပြီလား (သေချာပါပြီ ဘုရား)။

ဒီအတိုင်းသာအားထုတ်ပါ မရမရှိဘူး

အဲ့ဒီတော့ အမြန်ဆုံးရချင်တဲ့ ပုဂ္ဂိုလ်မှန်လျှင် ကိလေသာ ကြားမထိုးတဲ့ ပုဂ္ဂိုလ်ဟာ အမြန်ဆုံး ရမယ်လို့မှတ် (မှန်လှပါ ဘုရား) (၇) ရက် ဒီအတိုင်းသာ အားထုတ်ပါ မရမရှိပါဘူး (မှန်လှပါ ဘုရား)။

နည်းနည်း ကိလေသာ ထုထူတဲ့ ပုဂ္ဂိုလ်ကျတော့ (၁၄)ရက်ပေါ့ဗျာ (မှန်လှပါ ဘုရား)၊ ဒိထက် ထုထူတဲ့ ပုဂ္ဂိုလ်ဖြင့် (၇) x (၃) – (၂၁) ရက် ဒီလို သွားရမှာ၊ ဒိထက် ထုထူလို့ရှိရင် ထူသလောက်တော့ ကြာတော့ကြာတယ် (မှန်လှပါ ဘုရား)။

ဘယ်လောက်ကြာကြာ လုပ်သာလုပ်

မရကတော့ဖြင့် (မရှိပါဘူး ဘုရား)၊ အဲဒီတော့ ဒကာ ဒကာမတို့ ဒါ မရမရှိတာက ကြိုးသာကြိုးစား ရအောင်ကြိုးစား၊

ဒိထက် ဟိုမှာ ယူဇနာ (၅၀) လောက် ပတ်လည်ရှိတဲ့ ရေအမှုန် တွေနဲ့ အမျှ ဒုက္ခတွေ ခံရမှာ ကြောက်လို့ ရှိရင် ဒီဟာကို ဘယ်လောက် ကြာကြာ လုပ်သာလုပ် (မှန်လှပါ ဘုရား)။ ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု။