230

သုံးခွန်းဟောရင်မိုက်ရာရောက်လိမ့်မယ် (အရိန္ဒမမင်းသား)

အသံဖိုင်ခေါင်းစဉ်= အရိန္ဒမနှင့်သောဏကဝတ္ထု၊ ဝေဒနာကိုသေမင်းနှင့် ဥပမာပြဟောကြားပုံ

စာအုပ်ခေါင်းစဉ်=သုံးခွန်းဟောရင် မိုက်ရာရောက်လိမ့်မယ် (အရိန္ဒမ မင်းသား)

မှတ်ချက်။ ။ အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

သုံးခွန်းဟောရင် မိုက်ရာရောက်လိမ့်မယ်

(အရိန္ဒမ မင်းသား)

(၁၂-၃-၅၄)

ဒကာ ဒကာမတွေ အရေးကြီးတဲ့အချိန်မှာ အရေးကြီးတဲ့ အလုပ်ကို လုပ်ကြစို့၊ (မှန်လှပါ ဘုရား) ရာဓသုတ်ပဲ ဟောရမယ် (မှန်လှပါ ဘုရား)။

ရာဓဆိုတဲ့ ရဟန်းက ဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတုန်းကို မေးတော်မူတယ် (မှန်လှပါ) ဘုရားကိုဘယ်လို မေးလိုက် သလဲ ဆိုလို့ရှိရင် မာရော -သေတတ်တယ်၊ သေတတ်တယ် ဆိုတာ ဘုရား တဲ့၊ ဘာကို သေတတ်တယ် ဆိုတာတုံး (တင်ပါ့ ဘုရား)။

ရာဓရဟန်းကမေးတယ်

မာရော ဆိုတာ သေတတ်တယ်၊ ပါဠိလို မေးတော့ မာရော – မာရောတိ – ဘန္တေ ဝုစ္စတိ၊ ကိတ္တာဝတာနုခေါ ဘန္တေ မာရောတိ ဝုစ္စတိ အရှင်ဘုရား သေတတ်ဝယ်၊ သေတတ်တယ် လို့ ပြောကြတယ်၊ အဲဒီသေတတ်တာ သည်ကားလို့ဆိုရင်ဖြင့် အဘယ်ကဲ့သို့ အတိုင်းအရှည်အားဖြင့် ရှိတဲ့တရားကို သေတတ် တယ်လို့ ဆိုပါသလဲ ဘုရားလို့ ရာဓက မေးတယ် (တင်ပါ့ ဘုရား)။

မာရော – မာရောတိ ဘန္တေ ဝုစ္စတိ၊ ကိတ္တာဝတာ နုခေါဘန္တေ မာရောတိ ဝုစ္စတိ၊

အရှင်ဘုရား အဘယ်ကဲ့သို့သော သေတတ်တဲ့ တရားများကို မာရောလို့ဆိုပါသတုံး၊ ဆိုတော့ ဘုန်းကြီး ဒကာ ဒကာမတွေက သေမင်း သေမင်းဆိုတာ ၊ အကောင်ကြီး အထည်ကြီး ထင်ပြီး သကာလ နေကြလိမ့်မယ် (မှန်လှပါ ဘုရား)။

အကောင်အထည်ကြီး ထင်ပြီး သကာလ နေကြလိမ့် မယ် အဲဒါကြောင့် ယနေ့ သေမင်းကို သေချာပြမယ် ဒီကာ ဒကာမတို့ (မှန်လှပါ ဘုရား)၊ ခင်ဗျားတို့သည် သေမင်းကို ကြောက်- ကြောက်ပြီး သကာလ နေကြရတယ် (မှန်လှပါ ဘုရား)။

ဒီသေမင်းသည်ကားလို့ ဆိုရင်ဖြင့် ယနေ့ အကောင် အထည် ပေါ်အောင်ပြမယ်၊ ဘယ်သူပါလိမ့် မတုံးလို့ မေးတဲ့အခါ ကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ‘‘ဝေဒနာယ သတိ၊ မာရော ဝါ အဿ၊’’ ရာဓ – ရာဓရဟန်း ဝေဒနာယ – ဝေဒနာသည်၊ သတိ -ရှိသော်၊ မာရောသတ် တတ်သည်၊ ဝေဒနာ ရှိရင် သူ့သတ်မလို့ပေါ့။

ဒကာ ဒကာမတို့ ဝေဒနာသည် သတ်တတ်တဲ့တရားတဲ့ (မှန်လှပါ ဘုရား)၊ သေမင်းတဲ့ (မှန်လှပါ ဘုရား)၊ ဝေဒနာသည် သတ်တတ်တဲ့ သေမင်းတဲ့ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

သေမင်းဆိုတာ ဘာပါလိမ့်မယ်

ဒကာ ဒကာမတွေက သေမင်းဆိုတာ တို့သားသမီး မငဲ့မညှာဘဲနဲ့ ခေါ်ဆောင် သွားလိုက် ကြတာ စစ်တောင်တိုက် လိုက်ချင်သေးတယ် ဆိုပြီး သကာလ ပြောကြ၊ ဆိုကြ သေမင်း အပေါ် မကျေနပ်ပွဲ ခင်းကြ၊ စင်စစ်က သေမင်းဆိုတာ ဘာပါ လိမ့်မလဲလို့ မေးတော့ ဝေဒနာယ သတိ၊ မာရောဝါ အဿလို့ ဘုရားက ဟောလိုက်တယ်။

ဝေဒနာယ – ဝေဒနာသည်၊ သတိ – ရှိခဲ့သည်ရှိသော်၊ မာရော – သေတတ်သည်၊ အဿ ဘဝေ – ဖြစ်ရ၏။ ဝေဒနာက္ခန္ဓာ ရှိနေရင် ခင်ဗျားတို့ ဒါ သတ်တဲ့ တရားပဲတဲ့ သေတတ်တဲ့ တရားရှိနေတယ်၊ (မှန်ပါ ဘုရား)။

ဆိုတော့ ဒကာ ဒကာမတွေ သူဘက် သူသတ်ဆိုတာ သေမင်းဟာ သူသတ်လို့ ဆိုကြတယ် အဲဒီ သေမင်း သူသတ်ကို ဒကာ ဒကာမတွေက အခုဉာဏ်နဲ့ ပြူပါအောင် ကြည့်လိုက် တဲ့ အခါကျတော့ ဪ တို့သန္တာန်ရှိတဲ့ ဝေဒနာက – သေတတ်တဲ့ သေမင်းကို သေအောင်လုပ်တဲ့ သေမင်းကိုး ဆိုတာ ပေါ်လာပလား (ပေါ်လာပါပြီ ဘုရား)။

သေတတ်တဲ့တရားသည် ဘာပါလိမ့်

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သေတတ်တဲ့ သေတတ်တဲ့ တရားသည် ဘာပါလိမ့်မလဲလို့ မေးရင် ဝေဒနာကြရတော့မယ် (မှန်လှပါ ဘုရား)။

အားလုံး ဒကာ ဒကာမတွေ သေတတ်တဲ့ တရားဟာ ဘာပါလိမ့် (ဝေဒနာပါ ဘုရား) အဲဒိ ဝေဒနာကလည်း ခင်ဗျားတို့ သန္တာန် သုခဝေဒနာကလည်း သေတတ်တဲ့တရား (မှန်လှပါ ဘုရား)။

ဒုက္ခဝေဒနာကလည်း သေတတ်တဲ့ တရား (မှန်လှပါ ဘုရား)၊ ဥပေက္ခာဝေဒနာကလည်း သေတတ်တဲ့တရား (မှန်လှ ပါ) အဲဒိ သေတတ်တဲ့တရား ရှိသ၍ သေတာ (မှန်လှပါ ဘုရား)။

သေမင်းက အထည်ဒြပ်မရှိပါဘူး (မှန်လှပါ ဘုရား)။ ကိုင်း ဒကာ ဒကာမတို့ သေမင်း တွေ့ပလား (တွေ့ပါပြီ ဘုရား) ဝေဒနာတဲ့ ဗျ (မှန်လှပါ ဘုရား)။

ဝေဒနာသုံးမျိုးသည် သေတတ်တဲ့တရား

ဝေဒနာတဲ့ ဒကာ ဒကာမတို့ သုခဝေဒနာကလည်း သေတတ်တဲ့ တရားတဲ့ (မှန်လှပါ ဘုရား) ဒုက္ခဝေဒနာကော (သေတတ်တဲ့ တရားပါ ဘုရား) ဥပေက္ခာဝေဒနာကော (သေတတ်တဲ့တရားပါ ဘုရား)။

ဪ ဒကာ ဒကာမတွေက သေမင်းကိုယ်ပေါ် ထမ်းပိုးပြီး သကာလ သွားနေကြတော့ ဒီဒကာ ဒကာမတွေ သေဦးမှာပါပဲ သေမင်းတွေက ပါနေတာကို (မှန်လှပါ ဘုရား)။

ဝေဒနာဆိုတဲ့ သေမင်းတွေက ပါနေတဲ့အတွက် ယခုဘဝလည်း ဝေဒနာပါ သေမှာပဲ (မှန်လှပါ ဘုရား) နတ်ပြည် ဆုတောင်းလည်း နတ်ဝေဒနာဆိုတဲ့ သုခဒုက္ခဝေဒနာတွေပါ သေဦးမှာပဲ (မှန်လှပါ ဘုရား)။

ဗြဟ္မာပြည်ဆုတောင်းလည်း ဝေဒနာတွေပါနေရင် ဗြဟ္မာဝေဒနာနဲ့ သေဦးမှာပဲ (မှန်လှပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ သုခဝေဒနာလည်း သေတတ်တဲ့တရား (မှန်ပါ ဘုရား)၊ ဒုက္ခဝေဒနာ လည်း သေတတ်တဲ့တရား၊ ဥပေက္ခာဝေဒနာလည်း သေတတ်တဲ့ တရား (မှန်လှပါ ဘုရား)။

ဝေဒနာကို ဝိပဿနာရှုပါ

အဲဒါကြောင့် ဘုန်းကြီးများက ဒကာ ဒကာမတို့ ခင်ဗျား တို့ကို ဟောနေတာသည် ဒီသေမင်း ဆိုတဲ့တရား သည်ကား ဝေဒနာပဲ၊ ၎င်းဝေဒနာကို ဒကာ ဒကာမတွေက ဝိပဿနာဉာဏ်နဲ့ ဖွာဖွာကြဲအောင် ရှုပစ်လိုက်လို့ ဒုက္ခရောက် သွားတာမြင်လိုက် လို့ရှိရင်ဖြင့် ဒီဝေဒနာကြီးကို မဂ်ဉာဏ်နဲ့ မြင်လိုက်လို့ ရှိရင်ဖြင့် ဝေဒနာ ခံစားချင်တဲ့တဏှာကု လာသေးရဲ့လား (မလာပါ ဘုရား)။

မလာလို့ရှိရင်ဖြင့် သေမင်းနဲ့ ကျုပ်တို့နဲ့ အဆက်ပြတ်ပြီး သကာလ ဝေဒနာက္ခန္ဓာ မပေါ် တော့ဘူး (တင်ပါ ဘုရား) ဝေဒနာက္ခန္ဓာ မပေါ်သောကြောင့် ဝေဒနာသတ်၍ မသေရတော့ ဘူး (မှန်လှပါ ဘုရား)၊ သေမင်းတွေ့ပြီလား (တွေ့ပါပြီ ဘုရား)။

သေမင်းဟာ ဘယ်သူပါလိမ့် (ဝေဒနာပါ ဘုရား)၊ အေး အခုမှ လက်သည်ပေါ်လာတယ် (မှန်လှပါ ဘုရား)၊ အခုမှ လက်သည် ပေါ်လာတယ် အဖိုးတန်လိုက်တာ ဒကာ ဒကာမတွေ မသိခင်တုန်း ကတော့ ဝေဒနာသည်ကားလို့ ဆိုရင်ဖြင့် တို့ချမ်း သာအောင် လုပ်နေတာ သုခဝေဒနာတဲ့၊ ဆင်းရဲအောင်လုပ် နေတာ ဒုက္ခဝေဒနာတဲ့၊ အလယ် အလတ်ဖြစ်အောင် လုပ်နေတာ ဥပေက္ခာ ဝေဒနာဟေ့လို့ အောက်မေ့တယ်။

အခုတော့ ရာဓသံယုတ်မှာ၊ ရာဓက ဘုရားကို မေးလိုက်တော့ ဟေ့ ဝေဒနာဟာ သေတတ်တဲ့ တရားကွ၊ သူသေမင်းပဲလို့ ဟောတယ် (မှန်လှပါ ဘုရား) ရှင်းကြပလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဝေဒနာ လူချမ်းသာ၊ နတ်ချမ်းသာ ဆုတောင်းတဲ့ ပုဂ္ဂိုလ်တွေ သေမင်းနဲ့အတူနေရပါလို၏ တောင်းလိုက်တာပါပဲ (မှန်လှပါ ဘုရား) လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ တောင့်တတဲ့ ဒကာ ဒကာမတွေ ဘယ်သူနဲ့အတူ နေရပါလို၏ တောင်းတာတုံး (သေမင်းနဲ့အတူ နေရပါလို့၏ တောင်းတာပါ ဘုရား)။

သေချင်သေးလို့ဆုတောင်းတာ

သေချင်သေးလို့ ဆုတောင်းတာ- ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ‘‘ဝေဒနာယ သတိ၊ မာရောဝါ အဿ၊ ဝေဒနာယ’’ – ဝေဒနာသည် ဘယ်ဝေဒနာမဆို၊ သတိ-သတ္တဝါ တို့သန္တာန်၌ ကိန်းအောင်းခဲ့သည် ရှိသော်၊ မာရော-သေတတ် သည် (ဝါ) သေမင်းသည် (ဝါ) သေအောင် လုပ်မည့် တရားသည်၊ အဿ ဘဝေယျ – ဖြစ်ရ၏။

ဝေဒနာသာ ခင်ဗျားတို့အတွင်းမှာ ရှိနေမယ်ဆိုလို့ရှိရင် ဖြင့် သေမင်းရောက်နေပြီလို့သာ ဆုံးဖြတ်ချက်ချ၊ ဘယ်နေရာ ကားခနဲ့၊ စင်းခနဲ၊ ဟုတ်လား (မှန်ပါ) သေမလဲဆိုတာ ထင်ရှား တော့မှာပဲ (မှန်လှပါ ဘုရား)။

သေမင်းသိတဲ့တရား

ဒါကြောင့် လူ့ပြည်မှာ ဒကာ ဒကာမတွေ မသေတဲ့ ပုဂ္ဂိုလ်ရယ်လို့ တွေ့လိုက်ကြသေးရဲ့လား (မတွေ့ပါဘူး ဘုရား) ဝေဒနာက္ခန္ဓာတွေ ဝေဒနာသတ်လို့ သေသွားတာချည်ပဲ (တင်ပါ ဘုရား)၊ သူတို့သေမင်း သူတို့ဆုတောင်းယူလာတာဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အေး ဒါကြောင့် ယနေ့ တရားသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သေမင်းသိတဲ့ တရားဖြစ်လေ သောကြောင့် ဒကာ ဒကာမတွေ သိပ်အဖိုးတန်တဲ့ တရား (မှန်လှပါ ဘုရား)။

ဝေဒနာကို ဝိပဿနာ ရှုရင်ရှု၊ ဝေဒနာကို ရှုရင်ရှု၊ ဝေဒနာကို ကင်းအောင်လုပ်ချင်ရင် ဝေဒနာပေါ်၌ လောဘနဲ့ ကင်းအောင်လုပ်နိုင်လုပ်၊ ဝေဒနာကို လွတ်အောင် လုပ်နိုင်လုပ်၊ ဝေဒနာ ငြိမ်းချမ်းရာ ဖြစ်တဲ့ နိဗ္ဗာန်ရောက်အောင် လုပ်နိုင်ရင်လုပ် (မှန်လှပါ ဘုရား)။

ငှက်ပျောပင်ကို ငှက်ပျောသီးက သတ်တယ်

မလုပ်နိုင်လို့ရှိရင် ဘဝများစွာ သံသရာ ဝေဒနာက္ခန္ဓာ ကြီးက ကိန်းရာ ပုဂ္ဂိုလ် သတ်ပါလိမ့်မယ် (မှန်လှပါ ဘုရား)၊ ငှက်ပျောပင်သည်ကားလို့ဆိုရင် ငှက်ပျောသီးက သတ်သည် (မှန်လှပါ ဘုရား) ဝေဒနာသည် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆုတောင်းလာတဲ့ ချမ်းသာလုံးလေး ဝေဒနာကလည်း သတ်ဖို့ ပေါ်လာတာ (မှန်လှပါ ဘုရား)။

ဆင်းရဲလုံးလေး ဝေဒနာကကော (သတ်ဖို့ပေါ်လာတာပါ ဘုရား) အေး ချမ်းသာ၊ ဆင်းရဲ ကင်းတဲ့ ဝေဒနာလေး ကကော (သတ်ဖို့ပေါ်လာတာပါ ဘုရား)။

အဲတော့ ဒကာ ဒကာမတွေက နတ်ချမ်းသာ၊ လူချမ်းသာ ဖြစ်ရပါလို၏ ဆိုတာသည် သေမင်းနဲ့ အတူ နေရပါလို၏။ သူသတ်လို့ သေရပါလို၏ ဆိုတာ ဆုတောင်းထဲ ပါသွားတယ် (မှန်လှပါ ဘုရား)၊ ဆုတောင်းထဲ ပါသွားတယ် ဒကာ ဒကာမတို့ အဲဒါ ကြောင့် ကြပ်ကြပ်ဉာဏ်နဲ့ စဉ်းစားပြီးကြည့်မှ ဪ ဝေဒနာကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ယခု ရာဓသုတ် မှာ သေချာဟောပြီ (မှန်လှပါ ဘုရား)။

ဝေဒနာယ သတိ၊ မာရောဝါ အဿ၊ ဒါတင်မကသေးဘူး မာရောတာဝါ သတ်အပ်တဲ့ တရားလည်း ဖြစ်နေပြန်တယ်ကွတဲ့၊ သူကလည်း သတ်တတ်တယ်၊ သူ့ကိုလည်း မင်းတို့က ဉာဏ်နဲ့ လည်းသတ်ပေးမှ နေရာကြမှာတဲ့ (တင်ပါ ဘုရား)။

သူ့ကို မင်းတို့က ဉာဏ်နဲ့ မသတ်လိုက်ပြီဆိုမှဖြင့်လည်း သူကပြန်သတ်မယ် (တင်ပါ ဘုရား)၊ ဟုတ်ပြီလား (မှန်လှပါ ဘုရား) မြွေပွေးကိုင်မိသလို နေပြီ ဒကာ ဒကာမတို့ (တင်ပါ ဘုရား)။

မြွေပွေးကိုင်မိတာသည် လည်စည်းနားက ကိုင်ထားမှ (မှန်လှပါ ဘုရား) လည်စည်းနားက ကိုင်ထားတာ လွှတ်လိုက် ရင်လည်း ကိုယ့်ကိုက်လိုက်မှာပဲ (မှန်လှပါ ဘုရား)။

အဲဒီကဲသို့ ဝေဒနာကြီး လက်ရှိနဲ့ ဒကာ ဒကာမတွေ ဝေဒနာကို ဝိပဿနာမရှုရင် ဝေဒနာ ကြောင့်ပဲ ဒကာ ဒကာမတွေ တဏှာဖြစ်ပြီး သကာလ သံသရာထဲမှာ တစ်ခါတည်း ဝေဒနာ သတ်လို့ အမျိုးမျိုး အဖုံဖုံ သေရလိမ့်ဦးမယ် (မှန်လှပါ ဘုရား)။

သေမင်းမမြင်တဲ့နေရာ

ဒါဖြင့် သေမင်းဆို ဘာပါလိမ့်မလဲဆိုတာ ယနေ့ မှတ်မိပလား (မှတ်မိပါပြီ ဘုရား)၊ ဘာပါလိမ့်မတုံး (ဝေဒနာပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒါဖြင့် ဒကာ ဒကာမတို့ သေမင်း မမြင်နိုင်တဲ့ နေရာ ပုန်းချင်လို့ရှိရင်ဖြင့် ဝေဒနာ မရှိအောင် လုပ်မှရမယ် (မှန်လှပါ ဘုရား)။

သုခဝေဒနာလည်း မရှိစေနဲ့ (မှန်လှပါ ဘုရား)၊ ဒုက္ခ ဝေဒနာကော (မရှိရပါဘူး ဘုရား)၊ ဥပေက္ခာဝေဒနာကော (မရှိ ရပါဘူး ဘုရား)၊ မရှိစေနဲ့ ဝေဒနာကို ချုပ်ငြိမ်းရုပ်သိမ်းသွားမှ သေမင်း လက်တွင်းက လွတ်ကင်းမယ် (မှန်လှပါ ဘုရား)။

နို့မဟုတ်ရင် ဝေဒနာသည် မာရောဝါအဿလို့ဘုရားက ရာဓသုတ်မှာ ဟောလိုက်သဖြင့် မာရော သတ်တတ် သည် အဿစာဝေယျ ဖြစ်ရ၏ (မှန်ပါ ဘုရား)။

သတ်တတ်တဲ့ တရားဟေ့ သတ်တတ်တဲ့တရားတဲ့ အဲဒါကြောင့် ဘုန်းကြီးများက ဒကာ ဒကာမတွေအား အရေး တကြီး ပြောဆိုဆုံးမ နေတာသည် ဝေဒနာဝိပဿနာ ကြပ်ကြပ် ရှုပေး ပါနော် (မှန်ပါ)၊ မရှုရှင် သတ်ပါလိမ့်မယ် ယခုဘဝလည်း သူသတ်လို့ သေလိမ့်မယ် (မှန်ပါ ဘုရား)။

နောက် ဘဝများစွာတွေမှာလည်း သူ ကလည်း ဝေဒနာက္ခန္ဓာကြီးဖြစ်နေတော့ ပါပါနေ ပြန်တယ်။ ပါပါနေပြန်ရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ရောက်ရာဘဝမှာ သူသတ်တာနဲ့ သေရဦးမယ် (မှန်လှပါ ဘုရား)။

ဘယ်ဆေး ဘယ်ဝါးမှ ကုလို့မရဘူး (မှန်လှပါ ဘုရား) ဘယ်ဆေးဘယ်ဝါးမှ ကုလို့မရဘူး ဝေဒနာသတ်တာနဲ့ သေမှာပဲ (မှန်လှပါ ဘုရား) အဲဒါကြောင့် ရာဓက မေးတာ ဦးလှဘူး မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ရာဓက မာရော၊ မာရော – သူသတ် သူသတ်ဆိုတာ ဘာတုံးဘုရာ့ ဟ ဝေဒနာဟာ မာရောပေါ့ကွာ -တဲ့ “ဝေဒနာယ သတိ၊ မာရောဝါ အဿ” ကွတဲ့ ဝေဒနာရှိလို့ ရှိရင်ဖြင့် သတ်တတ်တဲ့ သဘောဟာ သူပဲ သတ်တတ်တာဟာ သူပဲတဲ့ သူက သတ်တယ်ကွတဲ့ (တင်ပါ့)။

ဝေဒနာသတ်လို့သေတာ

ဒကာ ဒကာမတို့ ဝေဒနာက သတ်တတ်တဲ့ တရားဆို ပါလား (မှန်လှပါ ဘုရား) ကိုင်း ဒကာ ဒကာမတို့ ခင်ဗျား တို့အခု အိုက်တယ် ပူတယ်ဆိုရင် ဒုက္ခဝေဒနာက မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) အဲ သူက ခင်ဗျားတို့ကို သတ်နေပြီ၊ ညှင်းဆဲနေပြီ (မှန်လှပါ ဘုရား)။

အခုဟာ ဒုက္ခလေးက ယပ်ခတ်လို့ ပျောက်တဲ့ ဒုက္ခလေး ရှိသေးတယ် (မှန်လှပါ)၊ ဆေးနဲ့ဝါးနဲ့ တားလို့တောင် မရတဲ့ ဒုက္ခ ဝေဒနာနဲ့ သေတာတွေချည်း သုသာန်ပို့လိုက်ရတဲ့ အသုဘ ပေါင်း ဘယ်လောက်ရှိပြီလဲ (မရေတွက်နိုင်ပါဘူး ဘုရား) အဲဒါ ဝေဒနာသတ်လို့ သေတာ မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။

အဲဒါ အခုနေ ယပ်ခတ်ပြီး တောင်းပန်လို့ ရသေးတယ် (မှန်လှပါ) ယပ်ခတ်ပြီး တောင်းပန် ထားတော့ အသေတော့ မသတ်သေးဘူး ဟုတ်လား။ အသေသတ်မည့် ဝေဒနာလည်း လာဦးမယ် မဟုတ်လား၊ (လာမှာပါ ဘုရား)။

အသေသတ်မည့် ဝေဒနာကလည်း လာဦးမှာ အခု ဝေဒနာလေးတော့ မောင်မင်းကြီး သိပ်မစိုက်ပါနဲ့၊ အိုက်တာနဲ့ ဖြင့် ကျုပ်တို့ကို မသတ်လိုက်ပါနဲ့၊ ပူတာနဲ့ မသတ်လိုက်ပါနဲ့ ဆင်းရဲမှုတွေနဲ့ မသတ်လိုက်ပါနဲ့ ယပ်ခတ်ပေးပါ့မယ်၊ ယပ် ကလေးနဲ့ တောင်းပန်ပါ့မယ်၊ ရိုရိုသေသေကို ခတ်ပေးပါ့မယ်၊ လေညှင်းလိုရင် လေညှင်းလေးရအောင် လေပြင်းလိုရင် လေပြင်းလေးရအောင် ကျုပ်ခတ်ပေးပါ့မယ် ဆိုပြီး တောင်းပန် ထားလို့မသေတာ (မှန်လှပါ ဘုရား)။

နို့မဟုတ်ရင် သွားပြီ ဒီကျောင်းပေါ်မှာ တစ်ပြုံကြီးပဲ (မှန်လှပါ) အဲဒါက ဒုက္ခဝေဒနာက အသေသတ်မယ် ဆိုလည်း သတ်နိုင်တယ် (မှန်လှပါ ဘုရား)။

အခုလည်း ခင်ဗျားတို့က ဒုက္ခဝေဒနာလေသတ်မှာ စိုးလို့ လေပြင်းလေးနဲ့ လေညှင်းလေးနဲ့ တောင်းပန်ထားလို့ မသတ်သေးတာနော် (မှန်လှပါ ဘုရား) မသတ်သေးတာ၊ မသတ် သေးတာ။

အဲတော့ တောင်းပန်လို့ရတယ် ဆိုတာမျိုးသည် တစ်ခါ နှစ်ခါ သုံးခါသာ တောင်းပန်ရမယ် (မှန်လှပါ ဘုရား) တောင်းပန် လို့မရတဲ့အခါ လာလိမ့်ဦးမယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါကြောင့် ဝေဒနာယသတိ မာရောအဿ၊ ရာဓရာဓရဟန်း၊ ဝေဒနာယ၊ ဝေဒနာသည်၊ သတိ-ရှိခဲ့သည် ရှိသော် ကွာ၊ မာရော သတ်တတ်သည်၊ အဿဘဝေယျ – ဖြစ်ရ၏။

ဝေဒနာသာရှိရင်တော့ သတ်တော့မှာပဲဟေ့ တောင်းပန် လို့ရတဲ့ အချိန်မှာ တစ်မျိုး၊ တောင်းပန်လို့ မရတဲ့အချိန်က တစ်မျိုး၊ သို့သော် နောက်ဆုံးပိတ် တောင်းပန်လို့ ရတယ်လို့တော့ တစ်ခုမှ မရိဘူးကွ သူသတ်မှာပဲတဲ့ စိတ်ချစရာအကွက် ပါရဲ့ လား (မပါ ပါဘူး ဘုရား)။

ယနေ့ဉာဏ်ပြောင်းပစ်လိုက်ဖို့ကောင်းပြီ

ဘုန်းကြီးတို့ ဒကာ ဒကာမတို့ ဝေဒနာနဲ့ အတူတူ နေရတော့ အင်း သူသတ်လို့ဖြင့် သေမှာပဲ၊ သူ့ကိုပင်လျှင် တို့က သတ်ပြီး သကာလ နိဗ္ဗာန် အရပ်သို့ သွားရမှပဲ နေရာကျမှာပဲ ဆိုတာ ယနေ့ဉာဏ် ပြောင်းပစ်လိုက်ဖို့ ကောင်းတယ်၊ ဉာဏ် ပြောင်းပစ်လိုက်ဖို့ ကောင်းတယ် ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

အရေးကြီးလို့ ပြောနေတယ် ခင်ဗျားတို့က ဝေဒနာကို ကျေးဇူးရှင်ကြီး မှတ်မနေနဲ့ (မှန်လှပါ ဘုရား)၊ သေသေချာချာ ဘုရားဟောပြီ (မှန်လှပါ ဘုရား)။

ဝေဒနာကို မြန်မြန်သတ်ပစ်ပါ

ဒါပဲလားလို့ဆိုတော့ မကသေးဘူးဟေ့ မင်းတို့ ဝေဒနာ ကို မင်းတို့ မြန်မြန် သတ်ပစ်လိုက်ပါတဲ့၊ မာရေတာဝါတဲ့၊ သတ်အပ်သည်ဖြစ်သည်လည်း၊ အဿ ဘဝေယျ-ဖြစ်ရ၏။ သူ့ကိုလည်း မင်းတို့က သတ်ပစ်လိုက်ဦးကွတဲ့၊ ဝိပဿနာဉာဏ် နဲ့ သတ်ပစ်လိုက် ဟုတ်လား (မှန်လှပါ)။

ဖြစ်ပျက်ရှုပစ်လိုက်ပါ

ဖြစ်ပြီးရင် ပျက်သွားတဲ့ ဒုက္ခသစ္စာလို့ ရှုပစ်လိုက်ပါ။ (မှန်လှပါ ဘုရား)၊ ရှုပစ်လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ဒီဝေဒနာ ရွံမုန်းငြီးငွေ့တဲ့ဉာဏ်၊ ဝေဒနာ၌ ခင်တွယ်မှု စွန့်တဲ့ဉာဏ်၊ ဝေဒနာကို လွတ်မြောက်ချင်တဲ့ဉာဏ်၊ ဝေဒနာငြိမ်းတဲ့ဉာဏ်၊ ဟုတ်လား (မှန်လှပါ ဘုရား)။

အဲဒီကဲ့သို့ရမယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သူ့ကို စွန့်အပ်တဲ့တရား၊ သတ်အပ်တဲ့ တရား ဖြစ်သောကြောင့် သူ့ကို သတ်ပစ်လိုက်မယ်ဆိုလို့ရှိရင်လည်း ကျုပ်တို့က သတ်ပစ်လိုက်ရင် သူက သတ်နိုင်သေးရဲ့ လား (မသတ်နိုင်ပါဘူး ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးလုပ်ပေးနေတာက ဝေဒနာကို ဉာဏ်က သတ်နေတယ် (မှန်လှပါ ဘုရား)၊ ခင်ဗျားတို့က ဝေဒနာ အလုပ်ကို မလုပ်ဘဲနဲ့ ဝေဒနာခိုင်းသလို လိုက်နာနေကြမယ်ဆို

ဝေဒနာက သတ်လိမ့်မယ် (သတ်မှာပါ ဘုရား)။ ဘုန်းကြီးပြောတဲ့အတိုင်း လိုက်နာ ကျင့်ကြံပြီး ဝေဒနာ ဝိပဿနာ ရှုနေလို့ရှိရင် ဝေဒနာကို ကျုပ်တို့က သတ်သောကြောင့် ဝေဒနာက ကျုပ်တို့ကို ပြန်မသတ် နိုင်တော့ဘူး၊ (မှန်လှပါ ဘုရား)။ နှစ်ချက်ဟောတယ်၊ နှစ်ချက်ဟောတယ် ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

ကိုယ်ကမသတ်ရင် သူကသတ်လိမ့်မယ်

နှစ်ချက် ဟောနေတယ်၊ နှစ်ချက်ဟောနေတယ်၊ ကိုင်း ဒါဖြင့် မာရေတာဝါ – သတ်အပ်သည် လည်း၊ အဿ ဘဝေယျ ဖြစ်ရ၏။ မင်းတို့ ဝေဒနာကို သတ်ပစ်ကြနော်တဲ့ ခုနကပြောတဲ့ အတိုင်း၊ သူကသတ်လိမ့်မယ် (မှန်လှပါ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ ခွဲခြမ်း ပြီး မေးရပြီ၊ ဝေဒနာက သတ်တာကို ဒကာ ဒကာမတွေ အသတ် ခံမလား၊ ဝေဒနာကို ကိုယ်က သတ်မလားဆိုတဲ့ မေးခွန်း ထွက်လာတယ် (ဝေဒနာ တပည့်တော်တို့က သတ်ပါ့မယ် ဘုရား)။

ဝေဒနာကို သတ်နိုင်မှ နိဗ္ဗာန်ရောက်မယ်

ဝေဒနာခင်ဗျားက သတ်ပါမှ ဝေဒနာတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ရောက်မယ် မဟုတ်ဘူးလား (မှန်လှပါ ဘုရား) ဝေဒနာက မသတ်နိုင်တော့ဘူး (မှန်လှပါ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးက ဒကာ ဒကာမတွေကို အား ပေးတာက ဝေဒနာကို ဒကာ ဒကာမ တွေက ဉာဏ်နဲ့ သတ်ပစ် လိုက်ပါ၊ (မှန်လှပါ ဘုရား)၊ ဝေဒနာသတ်လို့ချည်း ခင်ဗျားတို့က အဖန်ဖန် မသေချင်ပါနဲ့ (မှန်လှပါ ဘုရား)။

အဲဒါကြောင့် မာရော၊ မာရောဆိုတာ ဘာပါလိမ့်မတုံး ဆိုတော့ ဝေဒနာကွ၊ သတ်တတ်တယ်တဲ့ (မှန်လှပါ ဘုရား) အဲဒီ သတ်တတ်တဲ့တရားကို မင်းတို့က သတ်အပ်တဲ့ သဘောနဲ့ ဪ – သတ်ပစ်မှ ကောင်းမည် ဆိုပြီး မင်းတို့က သတ်လိုက် ရင်လည်း တော်ပါရဲ့ကွတဲ့ (မှန်လှပါ ဘုရား)။

ဝိပဿနာရှုရင်သက်သာမယ်

မင်းတို့က မသတ်နိုင်ဘူးဆိုရင် သူက သတ်မှာပဲတဲ့ (မှန်လှပါ ဘုရား)၊ ကိုင်း – ဒကာ ဒကာမတို့ မြွေပွေးဆုပ်မိလျက် ကြုံပြီ(မှန်လှပါ ဘုရား)၊ မြွေပွေးဆုပ်မိလျက် ကြုံပြီ၊ ဒါဖြင့် ဝေဒနာ ဝိပဿနာ ရှုရင်ရှု (မှန်လှပါ ဘုရား)၊ ရှုရင် ခင်ဗျားတို့က သတ်တယ် (မှန်လှပါ ဘုရား)။

မရှုလိုက်လို့ရှိရင် ဝေဒနာက သတ်မယ်(မှန်လှပါ ဘုရား)။ ကိုင်း – ဒကာ ဒကာမတို့ ဝေဒနာက ခင်ဗျားတို့ သတ်လိမ့်ဦးမယ် (မှန်လှပါ ဘုရား)။

ဒါကြောင့် ဝေဒနာသည် မာရောလို့ ဟောလိုက်သည် ယောဝါပန မိယတိလို့ ဟောလိုက်တယ်၊ ယေဝါပန – အကြင် ပုဂ္ဂိုလ်သည်ကား၊ မိယတိ- သေတတ်၏၊

ဒကာ ဒကာမတို့ ခင်ဗျားတို့ ခန္ဓာကိုယ်ဟာ သေတတ်တဲ့ ခန္ဓာကိုယ်တဲ့။ ဘာ့ကြောင့်တုံး ဝေဒနာလက်ခံမိလို့၊ (မှန်လှပါ ဘုရား)။

ဝေဒနာလက်ခံမိရင် ဘာဖြစ်မယ်

ဝေဒနာလက်ခံမိရင် ခင်ဗျားတို့ ခန္ဓာကြီး ဘာဖြစ်မယ် (သေတတ်ပါတယ် ဘုရား)၊ အေး သေတတ်တဲ့ ခန္ဓာကြီး ဖြစ်လာ တာပေါ့ (မှန်လှပါ)၊ အဲဒါ ခင်ဗျားတို့ကိုက လူချမ်းသာတောင်း မိတဲ့အတွက် ချမ်းသာပါလားလို့ ဆိုရင်ဖြင့် ငါတည်းဟူသော သုခဝေဒနာ သူသတ်ယောက်ျား ထည့် ဆုတောင်းပြီး ငါလိုက် မယ်ဆိုပြီး လိုက်သတ်တာပဲ (မှန်လှပါ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။ ၊

ခင်ဗျားတို့ လူချမ်းသာဆိုပြီး ဆုတောင်းလိုက်လို့ တစ်ခါတည်း ဝေဒနာကြီးက ပါမလာဘူးလား (ပါလာပါတယ် ဘုရား)၊ အဲဒီ ပါလာတဲ့ ဝေဒနာက ခင်ဗျားတို့ကို သတ်မလို့ လိုက်လာတာဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတွေ ဝိပဿနာဉာဏ်၊ သစ္စဉာဏ်၊ ကိစ္စဉာဏ်တွေ မရသေးသ၍ ကာလပတ်လုံး သူသတ် ယောက်ျားတောင် ဆုတောင်းပြီး ယူကြဦးမှာကိုး (မှန်လှပါ ဘုရား)။

ဒုက္ခသစ္စာမြင်မှ ဆုတောင်းမှန်မယ်

အဲဒါကြောင့် ဒုက္ခသစ္စာမမြင်သရွေ့ ဘယ်အခါ ကာလမှ ဆုတောင်းမမှန်သေး၊ ဒုက္ခသစ္စာ မြင်လာလို့ရှိရင်ဖြင့် (ဆုတောင်း မှန်လာမှာပါ ဘုရား)၊ အဲတော့အခု လူချမ်းသာ ဖြစ်ရပါလို၏ ဆိုတာ ဒုက္ခသစ္စာမြင်လို့လား၊ မမြင်လို့အား (မမြင်လို့ပါ ဘုရား)။

ဘာမြင်မလဲဗျ၊ သတ်တဲ့ ဝေဒနာကြီး ပါရပါလို၏ (မှန်လှပါ ဘုရား)၊ ဝေဒနာက္ခန္ဓာသတ်လို့ သေရပါလို၏ (မှန်လှပါ ဘုရား)၊ လူချမ်းသာဆိုတာသည် ဝေဒနာပဲ မဟုတ်လား (မှန်လှပါ ဘုရား)။

အဲဒီ ဝေဒနာကို ဝေဒနာကို ဆုတောင်းနေလိုက်တော့ ဝေဒနာကို ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ဝေဒနာယ သတိ၊ မာရောဝါအဿ၊ မာရေတာဝါ၊ ယောဝါပန မိယတိ၊ ဟုတ်လား၊ ယောဝါပန မိယတိ လို့ ဟောထားပြန်တော့ မင်းတို့ ကလည်း သူသတ်ယောက်ျားကြီးနဲ့ အတူတူ နေရပါလို၏လို့ မင်းတို့က တောင်းလိုက်တော့ မင်းတို့ သေတာ ဘုရားတောင် မတတ်နိုင်အောင် ဖြစ်နေတယ် (မှန်လှပါ ဘုရား)။

ကိုယ့်ဆုတောင်းနဲ့ကိုယ်သေနေသော

ကိုယ့်ဆုတောင်းနဲ့ ကိုယ်သေတာကိုဗျ၊ ကိုယ့်ဆု တောင်းနဲ့ ကိုယ်သေတာ ဒကာ ဒကာမတို့ ဒကာ ဒကာမတို့ ဘယ်သူတားလို့ ရဦးမှာတုံး (မရပါဘူး ဘုရား)၊ ဆုတောင်းပြည့် သည့်တိုင် အောင်တော့ သတ်မှာပဲ (မှန်လှပါ ဘုရား)၊ မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ကိုင်း ယနေ့တရားမှာ ဒကာ ဒကာမတို့ ဝေဒနာကို အလုပ်လုပ်ရင် လုပ်ကြနော် (မှန်လှပါ ဘုရား)၊ အလုပ်မလုပ်ကြလို့ ရှိရင် ဘာလုပ်မလဲ (သတ်မှာပါ ဘုရား)၊ အို ကြောက်စရာ ကောင်းလိုက်တာ (ကောင်းပါတယ် ဘုရား)။

အင်မတန် ကြောက်စရာကောင်းနေပြီ ယနေ့ရာဓသုတ် ကို ဟောတယ်၊ ရာဓသုတ်ကို ဟောတယ် ဒကာ ဒကာမတို့ ဝေဒနာ ဝိပဿနာ ရှုရင်၊ ရှုလိုက်ပါ၊ ရှုရင် ခင်ဗျားက ဝေဒနာကို သတ်တယ် (မှန်လှပါ ဘုရား)။

ခင်ဗျားတို့က မရှုဘဲထားနေရင်၊ ဝေဒနာသဘော အတိုင်း လိုက်နာနေကြမယ်ဆိုရင်ဖြင့် ဝေဒနာက သတ်တော့ မယ်ဆိုတာ သေချာပါပဲ။

သတ်ပုံလေးနည်းနည်း ရှင်းပြပါရစေဦး၊ (မှန်လှပါ ဘုရား)။ သုခဝေဒနာကလည်း သတ်တာပဲ (မှန်လှပါ ဘုရား)၊ သုခဝေဒနာ က ဒကာ ဒကာမတို့ စဉ်းစားကြည့်စမ်းပါ။

သုခဝေဒနာက သတ်တယ်

အစားမှားလို့ သေတယ်ဆိုတာ စားချင်တုန်းက စားတုန်းက စားချင်တာက သုခဝေဒနာ မဟုတ်ဘူးလား၊ ဟောအစားမှားလို့ သေတော့ သုခဝေဒနာ သတ်ပြီ (မှန်လှပါ ဘုရား)၊ အနေမှားလို့ သေပြီတဲ့ ဒီအရပ်နေရတာ နေလို့ကောင်းတယ် ထင်လို့ ငှက်သင့်ပြီး သေပြီ ဒကာ ဒကာမတို့ သုခဝေဒနာ သတ်တာမှ ဟုတ်ရဲ့လား (ဟုတ်ပါတယ် ဘုရား)။

အဲတော့ ခင်ဗျားတို့က သုခဝေဒနာ အစားမှားလို့ သေလည်း သုခဝေဒနာ သတ်တာ၊ အစားက နောက်မှ မှားမှန်း သိတာကိုဗျ (မှန်လှပါ ဘုရား)၊ စားကောင်းမယ်ဆိုပြီး စားလိုက် တာ စားကောင်း တာက ဘာဝေဒနာတုံး (သုခဝေဒနာပါ ဘုရား)။

မတည့်တော့ သေရောဗျာ မတည့်တော့ သေတော့ ဒါဘယ်သူသတ်တာတုံး (သုခဝေဒနာ သတ်တာပါ ဘုရား)၊ အမလေး ဒကာ ဒကာမတို့ ခင်ဗျားတို့ သုခဝေဒနာကြီး ဆုတောင်း လာလိုက်တာ သတ်ဖို့၊ သတ်ဖို့ရာကြီးကို လက်နက်ပါယူပြီး သကာလ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီး ဖြစ်ရပါလို၏ သေတတ်တဲ့ လက်နက်နဲ့ အသေခံရမည့် ခန္ဓာကိုယ်ကြီး တွဲယှက်စပ်ပြီး သကာလ ဖြစ်ရပါလို၏လို့ တောင်းလိုက်တဲ့ ဆုကြီးဟာ အစား မှားလို့ သေတော့ လှလှကြီး ပြည့်တာပေါ့ဗျာ (တင်ပါ)။

အနေမှားလို့ သေပြန်တော့ကော (ပြည့်ပါတယ် ဘုရား)၊ ကဲ သတ္တဝါတွေ အနေမှားလို့သေ၊ အစားမှား လို့ပဲ ဒီပြင့် ဘာရှိသေးတုန်း (ဘာမှ မရှိပါဘူး ဘုရား)၊ ဆေးမှားလို့သေ၊ ဆေးမှား ဆိုတာလည်း အစားမှားတာပါပဲ (မှန်လှပါ ဘုရား)။

အဲဒီတော့ ဘုန်းကြီး ဒကာ ဒကာမတွေမှာ ယနေ့ ပြောချင်တဲ့ သဘောက ဪ ဒကာ ဒကာမတွေ ခင်ဗျားတို့ သည်ကားလို့ဆိုလို့ရှိရင် သုခဝေဒနာသည် သူသတ်ယောက်ျား ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။

အေး ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဝေဒနာယသတိ မာရောဝါ အဿ၊ ဝေဒနာယ – ဝေဒနာ သည်၊ သတိ – မင်းတို့ သန္တာန်၌ ဖြစ်ပေါ် သည်ရှိသော်၊ မာရော – သတ်တတ်သည်၊ အဿ ဘဝေယျ – ဖြစ်ရ၏။

မင်းတို့သန္တာန် ဝေဒနာပေါ်ရင်ဖြင့် မင်းတို့ သတ်တော့ မှာပဲ ဟေတဲ့၊ ဒကာ ဒကာမတို့ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။ ဒီတရားမျိုးသည်ကားလို့ဆိုရင် နာရခဲတယ်နော်၊ အင်မတန် နာရခဲပါတယ်။

သုခဝေဒနာက ယဉ်ယဉ်နဲ့သတ်တာ

ဝေဒနာဟာ ခင်ဗျားတို့ အကြိုက်ဓာတ်ကြီး၊ အကြိုက် ၊ ဓာတ်ကြီး၊ သူသတ်လို့ သေတယ် ဆိုတာ တယ်ပြီး သကာလ မယုံနိုင်ဘူး (မှန်လှပါ ဘုရား)၊ မယုံနိုင်ဘူး၊ မယုံနိုင်ဘူး၊ သုခ ဝေဒနာက ယဉ်ယဉ်နဲ့ မျှားသတ်တာ (မှန်လှပါ ဘုရား)၊ ယဉ်ယဉ်နဲ့ များပြီး သကာလ သတ်ပါတယ်။

အနေမှားလို့သေတယ် အစားမှားလို့ သေတယ်၊ ဒကာ ဒကာမတို့ တခြား ဘာရှိသေးတုံး (ဘာမှ မရှိပါဘူး ဘုရား)။ ကျုပ်ဟာ အစားမှားလိုက်တာ ပြင်မရဘူး သေတာပဲ (မှန်လှပါ ဘုရား)၊ အနေမှား လိုက်တာ ပြင်မရဘူး သေတာပဲ (မှန်လှပါ ဘုရား)။

ထိုင်လို့ ကောင်းတယ် ဆိုပြီး ထိုင်နေတာနဲ့ ထိုင်လို့ ကောင်းတဲ့ သုခဝေဒနာ သတ်တာနဲ့ ဒူလာပါဒရက် မီးယပ်ကျိုး အစရှိသည် ဖြစ်ပြီးသေကြဗျာ (မှန်လှပါ ဘုရား)၊ ဘယ်သူ သတ်တာတုံး (သုခဝေဒနာ သတ်တာပါ ဘုရား)။

နွားနို့နဲ့သံပုရာ

အေး သုခဝေဒနာသတ်တာ၊ သုခဝေဒနာသတ်တာ စဉ်းစားကြည့်ပါလား တချို့သတိမရဘူးတဲ့ နွားနို့သောက်ပြီးသည့် အခြားမဲ့၌ သံပုရာသီး စားချင် စားလိုက်တယ်၊ နွားနို့သောက် ချင်တာလည်း သုခဝေဒနာ (မှန်လှပါ ဘုရား)။ ၊

သံပုရာသီး စားချင်တာကကော (သုခဝေဒနာပါ ဘုရား)၊ အဲ သူတို့နှစ်ခု တစ်ခါတည်း သတ်လိုက်တာနဲ့ အူတွေဘာတွေ ထဲမှာ နွားနို့တွေခဲလို့ အတောင့်ကြီးဖြစ်ပြီး အသက်ရှုပေါက် ပိတ်ပြီး မသေလား (သေပါတယ် ဘုရား) အဲဒါ ဘယ်သူ့ သတ်တာပါလိမ့် (သုခဝေဒနာသတ်တာပါ ဘုရား)။

အေး နောက်ဆုံးပိတ် ဒါက ရှေ့တင်သေရတာ၊ ကျုပ်တို့ ဒကာ ဒကာမတွေမှာ သုခဝေဒနာ သတ်တာချည်းပဲ ဆိုတာကော ငြင်းစရာ လိုသေးလား (မလိုပါဘူး ဘုရား)၊ အစားမှားလို့ သေ၊ အနေမှားလို့လေ၊ ဟုတ်လား ဆေးမှားလို့သေ ဆိုတဲ့ဥစ္စာ ကောင်းလိမ့်မယ် အထင်ရှိလို့ လုပ်တာချည်းပဲ (မှန်လှပါ ဘုရား)။

ဒါကြောင့် သေတာတွေကော တစ်ပုံကြီးပဲ ဆိုရင်ကော လွဲသလား (မလွဲပါ ဘုရား)၊ အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သုခဝေဒနာလည်း သူသတ်ယောက်ျားပဲဟေ့ (မှန်လှပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ခင်ဗျားတို့ အခု ဘယ်သူနဲ့ အတူ နေရတုံး (သူသတ်ယောက်ျားနဲ့ပါ ဘုရား)၊ ဒကာ ဒကာမတို့ နေကောင်း ကြတယ်မဟုတ်လား (နေကောင်းပါတယ် ဘုရား)။ နေကောင်းတာ ဘာဝေဒနာတုံး (သုခဝေဒနာပါ ဘုရား)။

အဲဒါ သူသတ်ယောက်ျားပဲ (မှန်လှပါ ဘုရား)၊ သတ်ပါ လိမ့်မယ်၊ သတ်ပါလိမ့်မယ် စိတ်သာချပါ (မှန်လှပါ ဘုရား)၊ သူနဲ့ပဲ သေရမှာပါပဲ (မှန်လှပါ ဘုရား)၊ တခြားနည်းရှာမနေပါနဲ့ သုခ ဝေဒနာ သတ်တာနဲ့ပဲ သေမှာပါပဲ (မှန်လှပါ ဘုရား)။

သုခဝေဒနာက မျှားခေါ်တယ်

ကိုင်း ဒါဖြင့် သုခဝေဒနာက ဒကာ ဒကာမတို့ သုခဝေဒနာက မျှားခေါ်တာ (မှန်လှပါ ဘုရား)၊ ဒုက္ခဝေဒနာဆီ ရောက်အောင် မျှားခေါ်တာ (မှန်လှပါ ဘုရား)။

သုခဝေဒနာက မျှားသမား (မှန်လှပါ ဘုရား)၊ ဒုက္ခ ဝေဒနာက သတ်သမား၊ ဥပေက္ခာ ဝေဒနာက လမ်းမှာဘာမှ ပြန်လမ်း မသိအောင် မျက်လုံးပိတ်ပေးသမား (မှန်လှပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဥပေက္ခာဝေဒနာက မျက်လုံးပိတ်တယ်

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သုခဝေဒနာက ဆွဲခေါ် လိုက်တယ်၊ ဥပေက္ခာဝေဒနာက မျက်လုံးပိတ် လိုက်တယ် ပြန်လမ်း မသိအောင် (မှန်လှပါ ဘုရား)၊ ဒုက္ခဝေဒနာက ရောက်တဲ့ နေရာကျတော့ သူက တိုက်ရိုက် သတ်လိုက်တယ် (မှန်လှပါ ဘုရား)။

ဒုက္ခဝေဒနာကသတ်တယ်

ဒါဖြင့် သုခဝေဒနာက လိမ်လည်ကောက်ကျစ်ဆွဲခေါ် သမား (မှန်လှပါ ဘုရား)၊ ဥပေက္ခာ ဝေဒနာက ပြန်လမ်းမသိအောင် မျက်လုံးကို ပိတ်ပေးသမား (မှန်လှပါ ဘုရား)၊ ဒုက္ခဝေဒနာ က တိုက်ရိုက် သတ်သမား (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ ဒီဟာသုံးခု ဘယ်ဟာ ကျေးဇူးရှင် ပါသေးတုံး (မပါ ပါဘူး ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ဘယ်ဟာမှ ကျေးဇူးရှင်မပါပါဘူး၊ သူသတ်ယောက်ျား အဖေါ် သုံးယောက်ပါပဲ (မှန်လှပါ ဘုရား)။

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဘယ်ဝေဒနာရယ်လို့ မဟောတော့ဘူးပေါ့ တဲ့၊ ဝေဒနာယ သတိ မာရောဝါအဿ ပဲတဲ့ ဝေဒနာယ – ဝေဒနာသည် ဝေဒနာ သုံးမျိုးသည်၊ သတိ- ရှိခဲ့သည်ရှိသော်။ မာရော – သတ်တတ်သော သေမင်းသည်၊ အဿဘဝေယျ – ဧကန်ဖြစ်တယ်ကွာ (မှန်လှပါ)။

ဝကွက်အပ်တယ်

ကြည့်စမ်း ဒကာ ဒကာမတို့ ဝေဒနာသုံးမျိုးသာရှိရင် သူ သတ် ယောက်ျားသည်၊ သူသတ် ယောက်ျားလက် သို့ ခင်ဗျားတို့ ‘ဝ’ ကွက်အပ်ပြီးသားဆိုတာသာ သေသေချာချာ မှတ်လိုက်ပါတော့ (မှန်လှပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဝေဒနာမရှုချင်သေးဘူးလားဗျာ၊ (ရှုချင်ပါတယ် ဘုရား)။ ရှုကြပါတော့ မရှုရင်တော့ဖြင့် ဖြစ်ကို မဖြစ်ပါဘူး (မှန်လှပါ ဘုရား)။

ဖြစ်ကိုမဖြစ်ပါဘူး ဒကာ ဒကာမတို့ သုခဝေဒနာကလည်း ယဉ်ယဉ်နဲ့ဆွဲမှာ (မှန်လှပါ ဘုရား)၊ ဥပေက္ခာဝေဒနာက ပြန်လမ်း မသိအောင် မျက်လုံးပိတ်ပေးသမား၊ ဒုက္ခဝေဒနာက သတ် သမား (မှန်လှပါ ဘုရား)။

ခန္ဓာကဝေဒနာသုံးမျိုးပဲရှိတယ်

ကိုင်း အဲဒါ ရှင်းပြရဦးမယ် ဒကာ ဒကာမတို့ ခင်ဗျားတို့ ခန္ဓာကလည်း ဝေဒနာသုံးမျိုးပဲရှိတယ် (မှန်လှပါ ဘုရား)၊ ဝေဒနာ သုံးမျိုးပဲ ရှိတယ်တဲ့ သုခဝေဒနာက စားလို့ကောင်းရင်၊ စားလို့ ကောင်းမှာပဲ ထင်ပါရဲ့ လေ ဆိုပြီး သကာလ စားလိုက်ကရော ဒကာ ဒကာမတို့ ဒါ သုခဝေဒနာက ချော့ပြီး ကျွေးလိုက်တာပဲ (မှန်လှပါ ဘုရား)။

သုခဝေဒနာက စားကောင်းထင်ပါရဲ့၊ ကောင်းတယ် ထင်ပါရဲ့၊ ဆိုတာက သုခဝေဒနာ မနေဘူးလား (နေပါတယ် ဘုရား)၊ ကောင်းတယ်ထင်ပါရဲ့ ဆိုပြီး သကာလ သုခဝေဒနာက ကျွေးလိုက် ကရော အဲဒီတင် ဥပေက္ခာဝေဒနာက ကိစ္စရှိတယ် မထင်ပါဘူးလေ၊ ဥပေက္ခာဝေဒနာက မျက်လုံးပိတ် ပေးလိုက် တယ် ဘာဆေးမှ ဖြေဆေးတွေ မသောက်နဲ့ ကိစ္စမရှိဘူးဒါ ဟုတ်လား (မှန်လှပါ ဘုရား)။

ဟော တနေ့ကျတော့ ဒုက္ခဝေဒနာတည်းဟူသော တရားက ဗွေဖောက်ပြီး သကာလ ဟုတ်လား လေနာ ရင်နာထ သေလိုက်တယ်၊ သုံးယောက်ပေါင်းတော့ ဘယ်နဲ့နေတုံး (သေပါတယ်)၊ သုံးယောက်ပေါင်းတော့ သေရောပေါ့ ဒကာ ဒကာမတို့ မသေသေးဘူးလား (သေပါတယ် ဘုရား)။

သုခဝေဒနာက စားကောင်းထင်ပါရဲ့ ဆိုပြီး သကာလ စားကောင်းလို့ စားလိုက်တယ် ဥပေက္ခာ ဝေဒနာကလည်း ကိစ္စမရှိတန်ပါဘူးလေ ဒီလောက်တော့ (မှန်လှပါ ဘုရား)၊ ညကျတော့ ဒုက္ခ ဝေဒနာက နေပြီး လေနာရင်နာထန်ပြီး သေအောင် မလုပ်လိုက်ဘူးလား (လုပ်ပါတယ် ဘုရား)။

လူသတ်ယောက်ျားတွေ

ဒါဖြင့် သုခဝေဒနာကလည်း သေမင်းတစ်မျိုး (မှန်လှပါ ဘုရား) ဥပေက္ခာဝေဒနာကလည်း ကိစ္စမရှိဘူးဆိုပြီး သကာလ သေအောင် တွန်းတဲ့ သေမင်းတစ်မျိုး၊ ဒုက္ခဝေဒနာက ဒုက္ခ ရောက်ပြီး သေကြရတဲ့ ပုဂ္ဂိုလ်ဖြစ်လေသောကြောင့် သူသတ် ယောက်ျား အစစ်တစ်မျိုး (မှန်လှပါ ဘုရား)။

သို့သော် ဒကာ ဒကာမတို့ သုခဝေဒနာကလည်း ဒုက္ခ ဝေဒနာဆီ ရောက်အောင် ပို့တာပဲ၊ (မှန်လှပါ ဘုရား)၊ ဥပေက္ခာ ဝေဒနာကကော (ဒုက္ခဝေဒနာဆီ အရောက်ပို့ပါတယ်)၊ အဲ-ဒုက္ခဝေဒနာ လက်တွင်း ခေါင်းစင်းပြီး သကာလ ဒုက္ခရောက်ပြီး သေကြရတာပဲ (မှန်လှပါ ဘုရား)။

ကျေးဇူးရှင်ဘယ်သူပါသတုံး

အဲဒီတော့ကို သတ်တဲ့ပုဂ္ဂိုလ်ရော ဆွဲခေါ်တဲ့ ပုဂ္ဂိုလ်ရော မျက်လုံးပိတ်ထားတဲ့ ပုဂ္ဂိုလ်ရော- ဘယ်သူ ကျေးဇူးရှင်ပါသေးတုံး (မပါပါဘူး ဘုရား)။

အဲဒါကြောင့် ဝေဒနာသုံးပါး၏ အပြစ်ကို ယနေ့ ပေါ်လွင်အောင် ပြောနေပြီ (မှန်လှပါ ဘုရား)၊ ဒါကြောင့် ဝေဒနာ သုံးမျိုးလုံး ရှုပါ၊ ရှုပါ ဝိပဿနာရှုပါ၊ ဖြစ်ပျက်ဒုက္ခသစ္စာမြင်အောင် ကြည့်ပါဆိုတာ သူသတ်ယောက်ျားကို ခင်ဗျားတို့ သန္တာန်ရှိတဲ့ ဉာဏ်နဲ့ အသတ်ခိုင်းနေတာ (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဖြစ်ပျက်ရှုပြီး သတ်လိုက်စမ်းပါ

အေး သူသတ်ယောက်ျားသုံးယောက်ကို ခင်ဗျား တို့က ဉာဏ်နဲ့ဖြစ်ပျက်ရှုပြီး သကာလ သတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)၊ ဒီဝေဒနာသုံးမျိုးသည်ကား ရန်သူချည်းပဲ – တစ်ခုမှ ကျေးဇူးရှင် မရှိဘူး (မှန်လှပါ ဘုရား)၊ ရန်သူချည်းပဲ။

ရန်သူတွေဖြစ် သောကြောင့် ရန်သူတွေသည်ကားလို့ ဆိုရင်ဖြင့် ရန်သူ ရန်သူမှန်းသိတာ ဒုက္ခရောက်တတ်တဲ့ တရားမှန်း သိတာ (မှန်လှပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ရန်သူရန်သူမှန်းသိသော

ရန်သူ ရန်သူမှန်းသိတာက ဘယ်ရယ်လို့ သိတာတုံး (ဒုက္ခရောက်တတ်တဲ့ တရားမှန်းသိတာပါ ဘုရား)၊ ဒုက္ခရောက် တတ်တဲ့ တရားမှန်းသိတယ် (မှန်ပါ ဘုရား)၊ အဲဒါ ဒုက္ခသစ္စာ မြင်အောင်ကြည့် (မှန်လှပါ ဘုရား)၊ ဒုက္ခရောက်တတ်တဲ့ တရားမို့ ဒုက္ခသစ္စာမြင်အောင်ရှု (မှန်လှပါ ဘုရား)။

အဲဒီကဲ့သို့ ကြည်ခဲ့သည်ရှိသော် ဒကာ ဒကာမတို့ ဝေဒနာ ပစ္စယာ တဏှာဆိုတဲ့နောက် ဝေဒနာက္ခန္ဓာကြီး ဆုတောင်းချင် သေးရဲ့လား (မတောင်းချင်ပါဘူး ဘုရား)၊ အဲ မတောင်းချင်တဲ့ တစ်နေ့ကျတော့ ဝေဒနာက္ခန္ဓာကြီး ပေါ်ဦးမလား (မပေါ်ပါဘူး ဘုရား)၊ မပေါ်ရင် သေမင်းနဲ့ ကျုပ်တို့နဲ့ အဆက်မပြတ်သေး ဘူးလား (ပြတ်ပါတယ် ဘုရား)၊ သေမင်းမြင်နိုင်သေးရဲ့လား (မမြင်နိုင်ပါဘူး ဘုရား)။

သေမင်းဆိုတာ ဘာပါလိမ့်

သေမင်းဆိုတာ ဘာပါလိမ့် (ဝေဒနာပါ ဘုရား)၊ အဲ ဝေဒနာနဲ့ အဆက်ပြတ်တော့ သေမင်းနဲ့ အဆက်ပြတ်တာ ဝေဒနာသတ်လို့ သေတာချည်းပဲ (မှန်လှပါ ဘုရား)၊ ဒါကြောင့် ဝေဒနာကို သေမင်းလို့ မာရောလို့ ဘုရားက ဟောလိုက်တယ် (မှန်လှပါ ဘုရား)။

ဟေ့ ဒါကြောင့် ဒီလိုပေါ်လွင်အောင် ဉာဏ်ထဲကို ထင်လာမှသာလျှင် အင်း ဝေဒနာနုပဿနာ ဆရာဘုန်းကြီး အရှုခိုင်းနေတာက အတော်အရေးကြီးလို့ မဟုတ်ဘူး အလွန် အလွန်အရေးကြီးလို့ အရှုခိုင်းတာကိုး (မှန်လှပါ ဘုရား)။

ဘုန်းကြီးက အကူအညီပေးနေတာ

သူသတ်ယောက်ျားတွေ ဖြစ်နေသောကြောင့် ကိုယ်က ဦးအောင် သတ်နိုင်ရင်သတ်၊ မသတ်နိုင်ရင် သူက သတ်တော့ မယ်ဆိုတာ သိလို့၊ ဪ တို့ကို အင်မတန် ကရုဏာ ရှေ့ထားပြီး သကာလ ကိုယ့်ဉာဏ်နဲ့ မြန်မြန် သတ်ပစ်လိုက်ကြလို့ ပြောတာ တယ်မြင်ပါလား၊ နို့မဟုတ်ရင်ဖြင့် တို့နေမြဲအတိုင်း နေရင် သူတို့က သတ်တော့မှာပဲဆိုတာသိလို့ ဆရာဘုန်းကြီးက အကူအညီ ပေးနေတာပါလားဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ ဘုရား)၊ အေး ပေါ်လာပြီ။

ကိုင်း ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီး ကိုယ်တော်တိုင်က “ဝေဒနာယ သတိ မာရောဝါ အဿ၊ မာရေတာဝါ၊ ယောဝါပန မိယတိ” ယောဝါပန -အကြင်ပုဂ္ဂိုလ် သည်ကား၊ မိယတိ -သေတတ်၏။ တသ္မာ -ထို့ကြောင့်၊ ရာဓ- ရာဓ၊ ဣဓ -ဤသာသနာတော်၌၊ ဝေဒနာ -ဝေဒနာကို၊ မာရောတိ -သေမင်းဟူ၍ (ဝါ) သတ်တတ်တဲ့ပုဂ္ဂိုလ်ဟူ၍ ပဿ – ရှုကွ၊ ဝေဒနာကို သေမင်းလို့ရှုတဲ့ (မှန်လှပါ ဘုရား)။

ဝေဒနာကို ဘယ်လိုရှုရမှာတုံး

ဒကာ ဒကာမတို့ ဝေဒနာကို ခင်ဗျားတို့က ကျေးဇူးတင် လိုက်တာလို့ လုပ်မနေနဲ့ သေမင်းကြီး လို့ ရှုလိုက်ပါတဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။ ဝေဒနာကို ဘယ်လိုရှုရမှာတုံး (သေမင်းလို့ ရှုရမှာပါ ဘုရား)၊ သေမင်းလို့ ရှုရမယ် (မှန်လှပါ ဘုရား)။

ဝေဒနာကို သေမင်းလို့ ရှုရမယ်တဲ့ ဒကာ ဒကာမတို့ ခင်ဗျားတို့က ထမင်းလေးများ စားကောင်းနေတာ သုခဝေဒနာ လေးများ ပေါ်လာလို့ရှိရင်ဖြင့် အို ကျုပ်ဖြင့် ဘယ်တုန်းကမှ ဒီလောက် မမြိန်ဖူးဘူး၊ ဒီတစ်ခါ မြိန်လိုက်တဲ့ဖြစ်ခြင်း မပြောပါ နဲ့တော့၊ ပိုပြီး ကျန်းမာဦးတော့မယ် ထင်တယ်၊ အင်း သတ်မယ်၊ သတ်မယ် (မှန်လှပါ ဘုရား)။

စားကောင်းတိုင်းစားလို့ စားပိုးနှင့်သေတယ်

သတ်လိမ့်မယ်၊ သတ်လိမ့်မယ် စားကောင်းတိုင်း စား၊ စားပိုးနှင့်သေ ဟုတ်ဘူးလား (မှန်လှပါ ဘုရား)၊ စားကောင်းတိုင်း စားတော့ တည့်တာ၊ မတည့်တာ ရွေးသေးလား (မရွေးပါဘူး ဘုရား)။

မရွေးတော့ သုခဝေဒနာ စားကောင်းတိုင်း စားလိုက် စားလိုက်တဲ့အခါကျလို့ရှိရင်လည်း ဥပေက္ခာဝေဒနာကလည်း ဒါတွေနဲ့ ဆေးသောက်မနေနဲ့ ကိစ္စမရှိပါဘူး (မှန်လှပါ ဘုရား)၊ စားကောင်း လို့စားတာ အရသာရှိစားသာစား ဥပေက္ခာဝေဒနာ ကလည်း (မှန်လှပါ ဘုရား)၊ စားသာစား သူကလည်း တွန်းသမားကို တော်ကြာ ဆေးသောက် ပျောက်သွားမှာ စိုးတယ်၊ (မှန်လှပါ ဘုရား)။

အဲဒီကျတော့ ဒုက္ခဝေဒနာက ကဲ မင်းတို့ ဘယ်ဆေးမှ လည်း ဖြေလို့မရတော့ဘူးဆိုပြီး သကာလ ဒုက္ခဝေဒနာက အစားမှားတဲ့ ဝေဒနာနဲ့ မတည့်တဲ့သဘောနဲ့ သတ်လိုက်တာပဲ (မှန်လှပါ ဘုရား)။

မတည့်တဲ့ ဒုက္ခဝေဒနာကနေပြီး ခင်ဗျားတို့ ခေါင်းဖြတ် အသက်သတ်လိုက်တာပဲ (မှန်လှပါ ဘုရား)၊ ကိုင်း ဝေဒနာ သုံးမျိုးသည် ဒကာ ဒကာမတို့ သုခဝေဒနာက အစားများများ အစားခိုင်းတယ် (မှန်လှပါ ဘုရား)။

ဥပေက္ခာဝေဒနာက အရသာရှိလို့ စားတာ ကိစ္စမရှိဘူး (မှန်လှပါ ဘုရား)၊ ဥပေက္ခာက ကိစ္စမရှိဘူးဆိုပြီး တွန်းချနေတာပဲ (မှန်လှပါ ဘုရား)။ ကလိကမာမထွန်းသာ လူနာတလဲလဲ ဆိုသလိုပဲ ဆေးသမားလိုပဲ ဆရာ အပူချိန်ဒီဂရီ (၁၀၈) လောက် ရှိရင် ကိစ္စမရှိဘူးထဲက (မှန်လှပါ ဘုရား)၊ ကိစ္စမရှိဘူးထဲကဘဲ ဥပေက္ခာဝေဒနာက (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဥပေက္ခာ ဝေဒနာက ကိစ္စ မရှိဘူးဆိုတော့ အစားတွေက လွန်ကုန်လို့ မတည့်တာ၊ တည့်တာက ဝမ်းထဲလုံးထွေးနေတော့ ဒုက္ခတွေရောက်မလား (ရောက်ပါတယ် ဘုရား)။ ရောက်တော့ ဆေးကုရသေးလား (မရပါဘူး ဘုရား)၊ မရတော့ ဒုက္ခဝေဒနာသတ်လို့ မသေလား (သေပါတယ် ဘုရား)။

အဲဒါဖြင့် သတ်ရာဌာနဆွဲခေါ် သမား (မှန်လှပါ ဘုရား) ဥပေက္ခာဝေဒနာက ပြန်လမ်း မသိအောင် ကိစ္စမရှိဘူး ပြောသမား (မှန်လှပါ ဘုရား)၊ ဒုက္ခဝေဒနာက တိုက်ရိုက်ကို သတ်ချလိုက်တာပဲ (မှန်လှပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဝေဒနာသုံးမျိုး ဘယ်ဟာကျေးဇူး ရှင်ပါသေးလဲ (မပါပါဘူး ဘုရား)၊ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက

‘‘ဝေဒနာယ သတိ မာရော ဝါ အဿ၊ မာရေတာဝါ၊ ယောဝါပန မိယတိ၊ တသ္မာတိဟ ရာဓ ဝေဒနာ မာရောတိ အဿ၊’’ ရာဓ ဝေဒနာဟာ ရန်သူလို့ရှုနော် မင်းသေလိမ့်မယ်၊ မင်းမြန်မြန်ရှု။

ဝေဒနာဟာသေမင်း

ဝေဒနာဟာ သေမင်းကွ (မှန်လှပါ ဘုရား)၊ ဝေဒနာဟာ သေမင်းလို့ ရှုပေး၊ မင်းက မိတ်ဆွေလို့ ရှုမနေနဲ့ (မှန်လှပါ ဘုရား)။ ထိုပုထုဇဉ် အမိုက်တွေမှာတော့ ဝေဒနာသည်ကားလို့ ဆိုရင် စားကောင်း တယ် ဆိုရင်ဖြင့် ကျုပ်မာဦးမယ်တောင် ထင်သေး။ သေမှာ မမြင်ရှာဘူးတဲ့ (မှန်လှပါ ဘုရား)။

စင်စစ်သည်ကားဆိုရင်ဖြင့် သေချာစဉ်းစားပါ။ သေသေ ချာချာ စဉ်းစားပါ ဝေဒနာသည် ဘာတဲ့တုံး ဘုရားက (သေမင်းပါ ဘုရား)။ သေမင်း သူသတ်ယောက်ျားတွေ ဘယ်ဝေဒနာလို့တောင် မဟောပါဘူး၊ ဝေဒနာဟူသ၍ဟာ သေမင်းချည်းပဲကွတဲ့ (မှန်လှပါ ဘုရား)။

သုခဝေဒနာကလည်း ဆွဲခေါ်ပြီ (မှန်လှပါ ဘုရား)။ ဥပေက္ခာဝေဒနာကား ပြန်လမ်းမသိအောင် မျက်လုံးပိတ်ထား ပြီ (မှန်လှပါ ဘုရား)။ ဘယ်ဝေဒနာသည် ဒကာ ဒကာမတို့ သူသတ်မဟုတ်တာ ပါသေးတုံး (မပါ ပါဘူး ဘုရား)။

သူ့လက်တွင်းခေါင်းစင်းပြီးသေခဲ့ရ

အေး မပါတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမ တွေဖြင့် ဝေဒနာသုံးမျိုး၏ လက်တွင်းမှာ ခေါင်းစင်းပြီး သေရတဲ့ ဘဝတွေဟာ – ဘယ်လောက်များ များပြီတုံး။

ကျုပ်တော့ ရေချိုးတော့ မှားတာပဲ ဆိုတော့ ရေချိုးချင် တာက သုခဝေဒနာ (မှန်လှပါ ဘုရား)။ သုခဝေဒနာနဲ့ အင်္ကျီလေး အဝတ်ကလေးလဲပြီးတဲ့အခါကျတော့ ကိစ္စမရှိပါဘူးလေ ကိုယ်က ဘာမှမဖြစ်ဘူး ဆိုပြီး ဥပေက္ခာဝေဒနာလေး ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ကိုယ့်ကိုယ်ကို လစ်လျူရှုလိုက်တာ ကိစ္စမရှိပါဘူး၊ ဟော တော်တော်ကြာတော့ (၂) နာရီ၊ (၃) နာရီလောက် ကြာတော့ စိမ့်သလိုလို၊ ချမ်းသလိုလို ဒုက္ခဝေဒနာ လာပြီ (လာပါတယ် ဘုရား)။ ဟော တော်တော်ကြာ ကျလို့ရှိရင် ဒုက္ခဝေဒနာ ကြီးကျယ်၊ ကြီးကျယ်ပြီးလာတော့ တချို့လည်း ရေချိုးမှားပြီး မသေကြဘူးလား (သေကြပါတယ် ဘုရား)။

အဲတော့ သုခဝေဒနာက၊ ရေချိုးချင်လို့ ချိုးလိုက်တာက သုခဝေဒနာ၊ ကိစ္စရှိတယ် မထင်ဘူး ဆိုတာက ဥပေက္ခာဝေဒနာ၊ ညကျတော့ တစ်ခါတည်း ကုမရ၊ သမရဖြစ်လာလို့ ဒုက္ခဝေဒနာ ကြောင့် ဒုက္ခသတ်လို့ သေလိုက်တာ (မှန်လှပါ ဘုရား)၊ ရိပ်မို ပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဘယ်ဝေဒနာ သုံးမျိုးသည် ဘယ်ဝေဒနာသည် ပူဇော်ထိုက်၊ ပသထိုက်ပါသလဲ (ဘယ်ဝေဒနာမှ မပူဇော်ထိုက်၊ မပသထိုက်ပါဘူး ဘုရား)။

ဘုရားက လူသတ်ယောက်ျားတွေတဲ့

ဘုရာက ဘာတဲ့တုံး (သေမင်းပါ ဘုရား)၊ သေမင်းတွေ တဲ့ သူသတ်ယောက်ျားတွေတဲ့ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။ ဘုရားက သေမင်းတွေတဲ့ ဘယ်သူ့ ပူဇော်ပသလို့ ရဦးမှာလဲ (မရပါဘူး ဘုရား)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရာဓ၊ ဝိပဿနာ ရှုစမ်းကွ၊ တသ္မာတိဟ တွံ ရာဓ- ဝေဒနာ မာရောတိ ပဿ၊ ရာဓ- ရာဓ၊ တသ္မာ – ထို့ကြောင့်၊ ဣဓ – ဤသာသနာတော်၌၊ တွံ – သင်သည်၊ ဝေဒနာ – ဝေဒနာကို၊ မာရောတိ – သူသတ်ယောက်ျားလို့၊ ပဿ – ကြပ်ကြပ်ရှုပေးစမ်းကွ။

ကဲ ဝေဒနာကို ဘယ်လိုရှုရမယ်တဲ့တုံး (သူသတ် ယောက်ျားလို့ ရှုပေးရမှာပါ ဘုရား)။ သုတ္တာန် သို့မဟုတ် ဝေဒနာနဲ့ နိဗ္ဗာန်ရောက်ပုံ အဲတော့ ခင်ဗျားတို့သည်ကား ဆိုရင်ဖြင့် ဝေဒနာ အလုပ်ကို လုပ်ပါတော့ ဆိုတဲ့ အချိန်ရောက်ကြောင်းကို ယနေ့ပြောမယ် (မှန်လှပါ ဘုရား)။

ဝေဒနာအလုပ်ကို ခင်ဗျားတို့သည်ကားဆိုရင်ဖြင့် လုပ်ချိန်ရောက်ပါပြီ (မှန်လှပါ ဘုရား)၊ ဒီအချိန်က လွန်သွားလို့ ရှိရင် ခင်ဗျားတို့ ဆင်းရဲလိမ့်မယ်ဆိုတဲ့အကြောင်းကို သေသေ ချာချာ သတိရစေချင်တဲ့ သဘောနဲ့ ဘုန်းကြီးက ပြောတယ် (မှန်လှပါ ဘုရား)။

သောဏကနဲ့ အရိန္ဒမ မင်းသား

အဲတော့ ဘုန်းကြီးတို့ ဘုရားအလောင်းသည် ဘုရား မဖြစ်မီ ရှေးအဖို့ ကာလက သူသည် တက္ကသိုလ်ပြည် သွားပြီး သကာလ ပရောဟိတ် ပုဏ္ဏား၏ သား သောဏကနဲ့ ဘုရား အလောင်း အရိန္ဒမ မင်းသားတို့ တက္ကသိုလ်ပြည်သွား ပညာ မသင်ကြလား (သင်ပါတယ် ဘုရား)။

တက္ကသိုလ်ပြည်မှာ ပညာသင်တယ်

အေး သင်ကြတယ် တက္ကသိုလ်ပြည်ကို ပရော ဟိတ် ပုဏ္ဏား၏ သားနဲ့ ကျုပ်တို့ ဘုရား အလောင်း အရိန္ဒမတို့ ပညာသင်သွားတယ် ပညာသင်သွားပြီး သကာလ သူတို့သည် တတ်အပ်တဲ့ ပညာတွေကို တတ်ခဲ့တယ်။

နောက် ပညာတွေ သုံးလေးနှစ် သင်ပြီးနောက် ပြန် မှ မလာဘူးလား (ပြန်လာပါတယ် ဘုရား)၊ ပြန်လာတဲ့အခါ တစ်ခုသော ရွာရောက်တယ် (မှန်လှပါ ဘုရား)၊ တစ်ခုသော ရွာရောက် လို့ရှိရင်ဖြင့် သူတို့ တစ်ခုသော မင်္ဂလာအခမ်းအနား ဝင်ကြတယ် (မှန်လှပါ ဘုရား)။

အဲဒီကဲ့သို့ မင်္ဂလာအခမ်းအနားဝင်ကြပြီ သကာလ သူတို့ မင်္ဂလာရှိတဲ့ပုဂ္ဂိုလ်ဆိုပြီး မင်္ဂလာ အခမ်းအနားကနေပြီး သူတို့ ကို ပရိတ်တွေ၊ မေတ္တာတွေ ဘာဝနာတွေ ရွတ်ခိုင်းလို့ သူတို့ ရွတ်ကြ ရတယ် (မှန်လှပါ ဘုရား)။

တိုင်းပြည်တစ်ပြည်ရောက်သွားတယ်

အဲဒီကနေ ရှေ့ဆက်လက်သွားတဲ့အခါကျလို့ရှိရင်ဖြင့် တိုင်းပြည်တစ်ပြည် ရောက်သွားပြီး၊ အဲဒီတိုင်းပြည်တစ်ပြည် ရောက်သွားတဲ့ အခါ တစ်ခုသော ကျောက်ဖျာပေါ်မှာ နှစ်ယောက် အိပ်ကြတယ် မဟုတ်လား (မှန်လှပါ ဘုရား)။

အေး နှစ်ယောက်အိပ်ကြတယ် အဲဒီနှစ်ယောက် အိပ်ကျလို့ရှိရင်ဖြင့် သူတို့ ရှိနေတဲ့ အနီးအနား တိုင်းပြည်ကလည်း တိုင်းပြည်အုပ်ချုပ် မင်းလုပ်ပြီး သကာလ နေတဲ့ ရှင်ဘုရင်က နတ်ရွာစံတယ် (မှန်လှပါ ဘုရား)။

သမီးတော်တစ်ပါးရှိတယ်

သမီးတော် တစ်ပါးကလည်း ရှိတယ်၊ အဲ့ဒီတိုင်းပြည် အုပ်ချုပ်ပြီး နောက်မင်းလုပ်ရမည့် ပုဂ္ဂိုလ်ကို သူ့တို့ ရှာကြစို့လို့ ဆိုပြီး မူးတော် မတ်တော်တွေက ရှာကြတယ် (မှန်လှပါ ဘုရား)။

ထိုကဲ့သို့ မူးတော်မတ်တော်တွေက ရှာကြတဲ့အခါ ကျတော့ကို မင်းမြှောက်တန်ဆာ ငါးပါး တင်ပြီး သကာလ ရတနာ ရှိတဲ့မြင်းကို ရထားတပ်ပြီး သကာလ မင်းလောင်းရှာတဲ့ သဘော တိုင်းပြည်ကို၊ ဒီရထားဆိုက်တဲ့ အိမ်ဟာ မင်းလုပ်မည့် ယောက်ျားရှိတယ် (မှန်လှပါ ဘုရား)။

ဖုတ်သွင်းရထားဆိုက်တယ်

ဆိုပြီးလွှတ်လိုက်တဲ့အခါ ခုနက အရိန္ဒမနဲ့ သောဏကတို့ နေတဲ့ကျောက်ဖျာမှာ မဆိုက်လား (ဆိုက်ပါတယ် ဘုရား)၊ သို့သော် မဆိုက်ခင်ကပဲ သောဏကဆိုတဲ့ ပုဂ္ဂိုလ်က သူသိတယ် (မှန်လှပါ ဘုရား)။

ဟိုကဟာ ဖုတ်သွင်းရထားပဲ အဲဒီရထားဆိုက်လာလို့ ရှိရင်ဖြင့် သူက ရှင်ဘုရင်လုပ်မှာ၊ ငါစစ်သူကြီး ဖြစ်ရလို့ရှိရင်ဖြင့် ဒုက္ခတော့ လှလှကြီး ရှိချေရဲ့၊ စစ်သူကြီး ဒုက္ခဝေဒနာရချေရဲ့ (မှန်လှပါ ဘုရား)။

သောဏကကရှောင်ပြေးတယ်

ခင်ဗျားတို့ ဆိုရင်တော့ဖြင့် အင်း သူ ရှင်ဘုရင် ဖြစ်လို့ရှိရင် ငါရာထူးရလို့ ဝမ်းသာမှာပေါ့ဗျာ (မှန်လှပါ ဘုရား)။ သို့သော် ဟိုပုဂ္ဂိုလ်က သုခဝေဒနာရမှာလည်းကြောက်၊ ဒုက္ခ ဝေဒနာလည်း ရမှာလည်း ကြောက်တာနဲ့ ရထားလာတာ မြင်ကတည်းက ကျောက်ဖျာပေါ်က ဆင်းပြီး တောထဲ ဝင်တော့ တာပဲ (မှန်လှပါ ဘုရား)၊ ဟိုပုဂ္ဂိုလ်က (တင်ပါ့)။

ကျုပ်တို့ ဘုရားအလောင်းကတော့ အိပ်ပျော်ပြီး နေရစ်တာနဲ့ သူမထဘူး (မှန်လှပါ ဘုရား)၊ မထတော့ ဖုတ်သွင်း ရထားဆိုက် လာပြီး သကာလ ဒီပုဂ္ဂိုလ်၏ ပုဆိုးခြုံထည်တွေ ဖွင့်ပြီး သကာလ သူရဲ့ အမူအရာတွေ ကြည့်တဲ့ အခါကျတော့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နိုင်တဲ့ အချင်းအရာ အားခွန်ဗလတွေ ပရောဟိတ် ပုဏ္ဏားကမြင်တယ် (မှန်လှပါ ဘုရား)။

အရိန္ဒမ မင်းသားမင်းဖြစ်တယ်

မြင်တော့ တီးကြ မှုတ်ကြ သီဆိုပြီး သကာလ ဒကာ ဒကာမတို့ တစ်ခါတည်း နိုးအောင်ပဲ တီးကြ မှုတ်ကြတဲ့အခါ ကျတော့ နိုးလာတယ်၊ နိုးလာတော့ ဘာပါလိမ့်မတုံးလို့ ကျုပ်တို့ ဘုရားအလောင်း အရိန္ဒမက မေးတဲ့အခါကျတော့ ဟာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ဖို့ရာ မင်းလောင်း ရှာတာ အရှင်နဲ့ပဲ ထိုက်တယ်။

ဒါကြောင့် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ဖို့ရန် လိုက်ခဲ့ပါ။ သို့သော် နဂိုကတည်းက သုခဝေဒနာ ကြိုက် ဖြစ်ပြီး သကာလ နေတော့ အေး လိုက်မယ် ဆိုပြီးတော့ ပါသွားတာပေါ့ဗျာ (မှန်လှပါ ဘုရား)၊ သုခဝေဒနာ ဆွဲသွားပြီ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

သုခဝေဒနာက ဆွဲသွားပြီ

ဘယ်သူဆွဲသွားတာတုံး (သုခဝေဒနာက ဆွဲသွားတာ ပါ ဘုရား) ဟာ ငါဖြင့် ချမ်းသာတဲ့ ရတနာကြီး ဆိုက်ပါပေါ့ လား (မှန်လှပါ ဘုရား)၊ ချမ်းသာတဲ့ ရတနာကြီး ဆိုက်ပါပေါ့လား ဆိုပြီး သုခဝေဒနာ ခေါ်သွားတာနဲ့ ပါသွားရော (မှန်လှပါ ဘုရား)။

ပါသွားပြီး တိုင်းပြည်မှာတဲ့ သမီးတော်တစ်ယောက်နဲ့ လက်ထပ်ပြီး သကာလ ဟုတ်လား နေလိုက် ထိုင်လိုက်ကြတယ် (မှန်လှပါ ဘုရား)၊ ခုနက တောထဲထွက်သွားတဲ့ ပရောဟိတ် ပုဏ္ဏား၏ သားက သူတို့လည်း ရထားထွက်သွားလို့ မမြင်တဲ့ နေရာ ရောက်ပါရော သူသည်ကားလို့ဆိုလို့ရှိရင် တစ်ခါတည်း ကျောက်ဖျာထက် တက်လာတာပဲ သောဏက က တက်လာပြီး သကာလ သူတက်လာပြီးများ မကြာမှီပဲ ကျောက်ဖျာနဲ့ ကပ်နေ တဲ့ သစ်ပင်က သစ်ရွက်ကလေး ကြွေကျတယ် (မှန်လှပါ ဘုရား)။

သစ်ရွက်ကလေးကြွေကျတယ်

ကြွေကျတာသည် တခြားဟုတ်ပါရဲ့လား မခိုင်မှုကြောင့် ကြွေတာပဲ၊ မပိုင်မှုကြောင့် ကြွေတာပဲလို့ သူစိတ် ထဲမှာ ဒီသစ်ရွက်ကလေး မြင်လိုက်တယ် (မှန်လှပါ ဘုရား)။ မြင်လိုက်ပြီး သကာလ ကိုယ့်ခန္ဓာ ကြည့်လိုက်တယ် (မှန်လှပါ ဘုရား)။

ကိုယ့်ခန္ဓာကြည့်လိုက်ပြန်တော့လည်း အင်း သူက တော့ဖြင့် သူခဝေဒနာကြိုက်လို့ အသတ်ခံသွားပြီ၊ ငါသည် ကားလို့ဆိုရင် သုခဝေဒနာ အသတ်မခံနိုင်ဘူးဆိုပြီး သူက သုခ ဝေဒနာ ဖြစ်ပျက်ရှုတယ် (မှန်လှပါ ဘုရား)။

သောဏက က ဆင်ချင်တယ်

သစ်ရွက်ကလေး နမူနာရပေါ့၊ သစ်ရွက်ကလေးက ဖြစ်ပြီးပျက်တာသည် ခိုင်ရာမှ မခိုင်ရာသို့ ရောက်တယ် တွဲလောင်းလေးနေရာမှ ပြုတ်ကျတဲ့ ဆီသို့ရောက်တယ် (မှန်လှပါ ဘုရား)။

အဲဒီကဲ့သို့ ဪ ဒီလိုဖောက်ပြန်ပျက်ဆီးနေပါ လားဆိုပြီး သကာလ သူ့စိတ်ထဲမှာဖြင့် သူ့ခန္ဓာထဲမှာ ဝေဒနာက္ခန္ဓာကြီးကို ကြည့်ပြီး သုခပေါ်လည်း ဖြစ်ပျက်ရှု (မှန်လှပါ ဘုရား)။

ဝေဒနာကို ဖြစ်ပျက်ရှုတယ်

ဒုက္ခပေါ်နေတော့ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဥပေက္ခာပေါ်ပြီး ဖြစ်ပျက်ရှု (မှန်လှပါ ဘုရား)၊ အဲဒီ ဖြစ်ပျက်ရှုပြီး သကာလ နေလိုက်တာ ဒကာ ဒကာမတို့ ဒီဖြစ်ပျက် သုခဝေဒနာ ဓါတ်သည် ဒီခန္ဓာကြီးထဲမှာပဲ ဝေဒနာဓါတ်တွေကို ဖြစ်ပျက်ရှု တာနဲ့၊ ဘယ်ဆရာမှ မပါဘူး ပစ္စေက ဗုဒ္ဓါကြီး ဖြစ်လာတယ် (မှန်လှပါ ဘုရား)၊ မမြန်ဘူးလား (မြန်ပါတယ် ဘုရား)။

ပစ္စေက ဗုဒ္ဓါဖြစ်တယ်

ဝေဒနာရှုတာပဲ၊ ဝေဒနာရှုလိုက်ကရော၊ သုခဝေဒနာ ပေါ်ရှု၊ ဒုက္ခဝေဒနာပေါ်ရှု၊ ကျောက်ဖျာ ပေါ်တင်။ နောက် သူ့ လက်နဲ့သူ၊ သူ့ ခေါင်းကို သပ်လိုက်တဲ့အခါကျတော့ကို ဆံပင်တွေ ဘာတွေ ပျောက်ပြီး သကာလ ပစ္စေကဗုဒ္ဓါ ဆိုတဲ့ ရဟန်းအသွင်အပြင် သပိတ်ပရိက္ခရာနဲ့ လွယ်ပြီးသား၊ ခြုံပြီးသား ရုံပြီးသား ပေါ်ပေါက်လာတယ် (မှန်လှပါ ဘုရား)၊ အင်မတန် မြန်တယ်နော် (မှန်လှပါ ဘုရား)။

အဲဒါ ဆရာမလိုပါဘူး (မှန်လှပါ ဘုရား)၊ ပစ္စေကဗုဒ္ဓါ သည်ကားလို့ဆိုရင် ဆရာမလိုပါဘူး၊ အဲဒါနဲ့ပဲ သူသည် အင်မတန် ချမ်းသာ ကျန်းမာပြီး သကာလ ဒီနေရာတင်ပဲ တစ်ခါတည်း ပစ္စေက ဗုဒ္ဓါ ဖြစ်တာနဲ့ နန္ဒမူ လိုဏ်ကြွသွားတယ် (မှန်လှပါ ဘုရား)။

နန္ဒမူလိုဏ်ကြွသွားတယ်

နန္ဒမူလိုဏ်ကြွသွားတယ် မမြန်ဘူးလား (မြန်ပါတယ် ဘုရား)၊ နန္ဒမူလိုဏ်ကြွပြီး သကာလ နေတော့ ဘာဖြစ်လို့ဒီ ကိုယ်တော် ခုနတော့ဖြင့် ခြေလျှင်လာပြီး အခုတော့ဖြင့် ကောင်းကင် ခရီးက သွားပါလိမ့်မလဲလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။

ကိလေသာအလေးဓါတ်မရှိလို့

ကိလေသာ အလေးဓါတ်တွေ မရှိလို့ ပေါ့သွားလို့ (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ အေး ကိလေသာ အလေးဓါတ်တွေ မရှိတော့ စိတ်နဲ့ရုပ်နဲ့ဟာ တစ်ခါတည်း တွဲပြီး သကာလ နန္ဒမူလိုဏ်ကြွမယ် ဆို နန္ဒာမူ လိုဏ်ရောက်သွားတယ် (မှန်လှပါ ဘုရား)။

ကိလေသာ အလေးဓါတ်ရှိတဲ့ ပုဂ္ဂိုလ်ကတော့ သွားတော့ သွားချင်တာပဲ ကျုပ်ကိုယ်နဲ့ ကျုပ်နဲ့ကို အခက်ကြီး (မှန်လှပါ ဘုရား)၊ ဆိုပြီး သကာလ ထိုင်ညည်းရတာ သွားနိုင်သေးရဲ့ လား (မသွားနိုင်ပါဘူး ဘုရား)။

ဒါဖြင့်လေးတာ ပေါ့တာသည် ဒကာ ဒကာမတို့ လူအချိန် ကို ဆိုတာလား ကိလေသာကို ဆိုတာလား (ကိလေသာကို ဆိုတာပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတွေ လူဝတာ လူပိန်တာ လိုရင်း မဟုတ် (မှန်လှပါ ဘုရား)၊ အတွင်းကိလေသာ မကုန်သ၍ ကာလပတ်လုံးလေးမယ် (မှန်လှပါ ဘုရား)။

ကိလေသာသေရင်ပေါ့တယ်

ကိလေသာသေသွားရင် (ပေါ့ပါတယ် ဘုရား)၊ အေး ဒါကြောင့် ဒကာ ဒကာမတို့ လေးတဲ့ ပစ္စည်းသည် မြုပ်တယ် (မှန်လှပါ ဘုရား)၊ ဟုတ်လား ပေါ့တဲ့ပစ္စည်းသည် ပေါ်တယ် (မှန်လှပါ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)၊ ဒါဖြင့် ပေါ်ချင်သလား မြုပ်ချင်သလားလို့ မေးရဦးမယ် (ပေါ်ချင်ပါတယ် ဘုရား)၊ ဘယ့်နဲ့ဆိုကြမတုံး (ပေါ်ချင်ပါတယ် ဘုရား)။

ပေါ်ချင်သလား၊ မြုပ်ချင်သလား

အေး ပေါ်ချင်ရင်တော့ အပြောနဲ့တော့ ပေါ်လို့ မရဘူး (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ အေး ပေါ်ချင်ရင်တော့ အပြောနဲ့တော့ ပေါ်လို့ မရပါဘူး၊

သေသေချာချာ လုပ်လို့ ကိလေသာ ကုန်ခန်းရင် ပေါ်မှာပဲ (မှန်လှပါ ဘုရား)၊ ကိလေသာ မကုန်ခန်းရင် (မပေါ်ပါဘူး ဘုရား)။ မြုပ်မှာပဲ (မှန်လှပါ ဘုရား)။

ကိလေသာကြောင့်လေးနေတာ

လေးတာသည်ကား ဆိုလို့ရှိရင် လူအလေးချိန်ကို ဆိုတာလား၊ ကိလေသာကြောင့် လေးတာလား (ကိလေသာကြောင့် လေးတာပါ ဘုရား)၊ ခုနက သောဏကသည်ကားဆိုရင် ဖြင့် သူတို့ ခြေလျှင် လာပြီး ကျောက်ဖျာပေါ် ရောက်ကြတာပဲ (မှန်လှပါ ဘုရား)၊ အခု ပစ္စေကဗုဒ္ဓါ ဖြစ်သွားလို့ ဝေဒနာနုပဿနာ ရှုလိုက်တဲ့အခါကျတော့ ကိလေသာက ဝေဒနာ နိယောဓာ တဏှာနိယောဓော ဖြစ်တယ်၊ (မှန်လှပါ ဘုရား)။

ဝေဒနာနိယောဓါ တဏှာနိယောဓော ဖြစ်လို့ တဏှာ သေသွားတဲ့အခါ ကျတော့ နန္ဒမူ လိုဏ်ကြွပါတော့မယ် ဆိုတဲ့ စိတ်လည်းပေါ်လာရော-နန္ဒမူလိုဏ်ရောက်တာပဲ (မှန်လှပါ ဘုရား)၊ စိတ်နဲ့ရုပ်နဲ့ အတူတူဖြစ်မနေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ပစ္စေကဗုဒ္ဓါက ဘာသာသတုံး

အေး အဲတော့ သူ့ရုပ်ကြီးလည်း ကျုပ်တို့ရုပ်မျိုး လိုပါပဲ (မှန်လှပါ ဘုရား)၊ သို့သော် သူက ဘာသာသတုံး ပေါ့တာ သာတယ်၊ ဟုတ်ပလား (မှန်လှပါ ဘုရား)။

အဲဒီတော့ ပေါ့တာသာတယ် ဆိုတာသည်ကားလို့ဆိုရင် အလေးချိန်ကို ဆိုတာလား၊ ကိလေသာကို ဆိုတာလား (ကိလေသာကို ဆိုတာပါ ဘုရား)၊ အေး ဒါကြောင့် ဒကာ ဒကာမတို့ ဘုန်းကြီး ခုနက ပြောခဲ့တဲ့အတိုင်းသာ မှတ်ကြပါတော့ (မှန်လှပါ ဘုရား)။

ဘုန်းကြီးခုနက ပြောခဲ့တာ ဘယ်လိုမှတ်ရမလဲဆိုတော့ အလေးချိန်များရင် မြုပ်ပြီ (မှန်လှပါ ဘုရား)၊ ဟုတ်ပလား (မှန်လှပါ ဘုရား)၊ ကိလေသာ အလေးချိန်များရင် (မြုပ်ပါတယ် ဘုရား)၊ ကိလေသာ မရှိရင် (ပေါ်ပါတယ် ဘုရား)၊ ပေါ်တယ်။

ကိလေသာကုန်အောင်လုပ်ကြစမ်းပါ

အဲဒါကြောင့် ကိုယ့်ဟာကိုယ်လည်း ရေကူးကြည့်ကြဦး (မှန်လှပါ ဘုရား)၊ မြုပ်မှာလား၊ ပေါ်မှာလား (မြုတ်မှာပါ ဘုရား)။ မြုပ်မှာပဲ၊ အေး – ဒါကိုယ့်ဟာကို ဆုံးဖြတ်ချက်ချ၊ ဘယ်သူ့မှ မေးနေစရာ မလိုပါဘူး (တင်ပါ ဘုရား)၊ ဘယ့်သူ့မှ မေးနေစရာ မလိုပါဘူး ဒါကြောင့် ဒကာ ဒကာမတို့ ကိလေသာ ကုန်အောင် လုပ်ကြစမ်းပါ (မှန်လှပါ ဘုရား)။

ဝေဒနာ နုပဿနာ ရှုလိုက်လို့ရှိရင် ဉာဏ်မလာဘူးလား (လာပါတယ် ဘုရား)။ ဉာဏ်လာကတည်းက ဝေဒနာချုပ်လို့ တဏှာမသေသေးဘူးလား (သေပါတယ် ဘုရား)။ ဒါ အပေါ့ဓါတ် လုပ်နေတာ မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။ အေး – ဒီအပေါ့ ဓါတ်မှတစ်ပါး ကျုပ်တို့မှာ ကိုးစားရာ အားထားရာ ရှိရဲ့လား (မရှိပါဘူး ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ မြုပ်သမား၊ မျောသမား၊ ပေါ် သမား၊ ဆန်သမားဆိုတာ တခြားစီ မြုပ်သမား၊ မျောသမား သည် ကိလေသာ အလေးဓါတ်ရှိတဲ့ ပုဂ္ဂိုလ် (မှန်လှပါ ဘုရား)။ ပေါ် သမား ဆန်သမားသည် ကိလေသာ ချုပ်တဲ့ပုဂ္ဂိုလ် (မှန်လှပါ ဘုရား)။

ဝေဒနာနုပဿနာကြပ်ကြပ်ရှု

အဲဒီကဲ့သို့ ဒကာ ဒကာမတို့က ဉာဏ်နဲ့ ဦးတိုက်ပြီး သကာလ တို့ဖြင့်ဟေ ပေါ် သမား၊ ဆန်သမားသာ ဖြစ်အောင် လုပ်တော့မယ် မြတ်သမား မျောသမား အဖြစ် လက်လျှော့ တော့မယ်ဟေ့ ဒါတွေ သပိတ်မှောက်တော့မယ်ဟေ့ ဆိုရင်ဖြင့် ဝေဒနာနုပဿနာ ကြပ်ကြပ်ရှု (မှန်လှပါ ဘုရား)၊ ရှုရင် တဏှာ မသေဘူးလား (သေပါတယ် ဘုရား)။

တဏှာသေရင် အဆန်သမားဖြစ်မယ်

တဏှာသေရင် မြုပ်သမား၊ မျောသမား ဖြစ်သေးရဲ့လား (မဖြစ်ပါဘူး ဘုရား)၊ အေး ဆန်သမား၊ ပေါ်သမားသာ ဖြစ်တော့ မယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။ သောဏက ထောက်လိုက်သဖြင့် မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အေး – ဒါနဲ့ပဲ သောဏကသည်ကားဆိုရင် နန္ဒမူလိုဏ် ရောက်တယ် ပေါ့ပေါ့ပါးပါးနဲ့ (မှန်လှပါ ဘုရား)၊ နှစ်ပေါင်း အနှစ် (၆၀) လောက်ရှိတဲ့ အခါကျတော့မှ ခုနက အရိန္ဒမ မင်းက သားလေး (၁၆) နှစ်လောက်ရှိမှပဲ သတိရတယ် ငါသည် ဘယ်နေရာက ရှင်ဘုရင် ဖြစ်လာပါလိမ့်မလဲ၊ ရှင်ဘုရင်ဖြစ်တာ တောင်မေ့ကုန်ပြီ (မှန်လှပါ ဘုရား)၊ ဘယ်လောက်များသည်ကား ဆိုရင် သုခဝေဒနာ လှည့်စားထား လိုက်တာ ဒကာ ဒကာမတွေ (မှန်လှပါ ဘုရား)။

သောဏက ဘယ်များရောက်နေသတုံး

သုခဝေဒနာ ချမ်းသာတာ လှည့်စားထားလိုက်တာ၊ အသက် (၆၀) ရောက်လာမှ ငါသည်ကား ဆိုရင် မိတ်ဆွေ သောဏက ဘယ်နေပါလိမ့်မတုံးလို့ အဲဒီအချိန်မှ ပေါ်လာတယ် (မှန်လှပါ ဘုရား)၊ ဘယ်လောက်များ မေ့ချက် သန်နေပြီ ဆိုတာ ပေါ်လား (ပေါ်လာပါပြီ ဘုရား)။

အဲဒါ ဘယ်ဝေဒနာ လှည့်စားလိုက်တာတုံး (သုခ ဝေဒနာ လှည့်စားတာပါ ဘုရား)။ အေး အဲဒါ အပါယ်စာတွေ စုနေရတာ သုခဝေဒနာကြောင့် (မှန်လှပါ ဘုရား)။

သတိရလို့ သီချင်းစပ်ပြီးရှာတယ်

အဲဒီတင်မှ သတိလေးဘာလေး ရပြီး သူသီချင်းကလေး စပ်ဆိုပြီး သောဏကကို သတင်း ပေးနိုင်ရင် ငွေတစ်ရာ ပေးမယ် ဟုတ်လား (မှန်လှပါ ဘုရား)၊ တိုက်ရိုက် လက်ထောက်ချနိုင် လို့ရှိရင် ကိုယ်တိုင် လိုက်ပို့နိုင်လို့ရှိရင် တစ်ထောင်ပေးမယ် ဆိုပြီး သီချင်းဘာတွေ လုပ်တော့ ဟိုကနေပြီး အဘိညာဉ်နဲ့ ကြည့်လိုက် တယ်။

အဘိညာဉ်နဲ့ ကြည့်လိုက်တယ်၊ ဘယ်လို အဘိညာဉ်နဲ့ ကြည့်လိုက်သလဲ ဆိုတော့မှ – ငါ့မိတ်ဆွေ အရိန္ဒမမင်းကြီး ယခုအခါ သံဝေဂများ ရလောက်ပလား ငါ့များ သတိရပလား လို့ ဟိုကကြည့်လိုက်တဲ့ အချိန်ကျတော့မှ သတိရတယ် (မှန်လှပါ ဘုရား)၊ သတိရလို့ သီချင်းစပ်ပြီး ငါ့ကိုရှာပြီ၊ (မှန်လှပါ ဘုရား)။

ချွတ်ချိန်ရောက်လို့ ချွတ်ဦးမှပဲ

ပစ္စေကဗုဒ္ဓါ ဥယျာဉ်ထဲ ကြွလာတယ် ဆိုတဲ့ ပြီးတော့မှ ကိုယ်တော်က ကဲသွားပြီ ချွတ်ချိန် ရောက်လို့ ချွတ်ဦးမှပဲဆိုပြီး လာခဲ့တယ် (မှန်လှပါ ဘုရား)၊ လာခဲ့တဲ့ အခါ ဥယျာဉ်ထဲ ရောက် လာတယ် နန်းတော်နဲ့ မနီးမဝေး ဥယျာဉ်ထဲ ရောက်လာပြီး နွားကျောင်းသားလေးက ဒီသီချင်း ဆိုနေတော့ ရှာတဲ့သီချင်းပေါ့ဗျာ (မှန်လှပါ ဘုရား)။

အဲဒီသီချင်းကလေး ဆိုပြီးတော့နေတော့ အရိန္ဒမ ငါ့ကိုရှာတဲ့ သီချင်းပဲလို့ သောဏက က သိတယ်၊ ပစ္စေက ဗုဒ္ဓက သိတယ် (မှန်လှပါ ဘုရား)၊ ဟေ့ သူငယ်လေး နွားကျောင်းသား လေး မင်း ဒီသီချင်းအဓိပ္ပာယ် သိရဲ့လား (မသိပါဘူး ဘုရား)။

ရှင်ဘုရင်က ဒီသီချင်းကို ကြိုက်နှစ်သက်တာနဲ့ တပည့် တော်တို့လည်း ဆိုနေတာပဲ (မှန်လှပါ ဘုရား)၊ အေး ဒီသီချင်း ပုဒ် ပြန်ပြီး ရေးလိုက်မယ် အဲဒီသီချင်းကို ငါပြန်ပြီး တစ်မျိုးစီစဉ် လိုက်မယ်၊ ငါတွေ့ခဲ့တယ်၊ လိုက်ပြမယ်လို့ပြော၊ ပြောလို့ရှိရင် ငွေထောင့်တစ်ရာ ပေးလိမ့်မယ် (မှန်လှပါ ဘုရား)။

ဘုရင်ကဝမ်းသာတယ်

ဆိုပြီး သီချင်းလေး ပြန်ပေးလိုက်တော့ ကလေးနဲ့ စာရွက်ကလေးနဲ့ လွှတ်လိုက်တဲ့အခါ ရှင်ဘုရင်ဆီ ရောက်တော့ ရှင်ဘုရင်က သိပ်ဝမ်းသာတာပေါ့လေ- ငယ်သူငယ်ချင်းတွေ့ရတော့မယ် (မှန်လှပါ ဘုရား)၊ ဆိုပြီး သကာလ တွေ့ချင်တာက ခင်လို့တွေ့ချင်တာ (မှန်လှပါ ဘုရား)၊ ဟုတ်လား ဘယ်အဓိပ္ပာယ် မျိုးမှ မရှိဘူး (မှန်လှပါ ဘုရား)။

သူငယ်ချင်းမို့ တွေ့ချင်တာ

ငယ်သူငယ်ချင်းမို့ တွေ့ချင်တာမှတစ်ပါး ဘာမှမရှိဘူး (မှန်လှပါ ဘုရား)၊ အဲဒီတင်မှ ကလေး သေချာပြမှာလား မင်း၊ ဟုတ်ပါတယ် ဥယျာဉ်ထဲမှာ ရှိပါတယ်။ သတင်းကော ပေးနိုင် ရဲ့လား၊ ဒီနေရမယ်၊ ဒါကြောင့် ထောင့်တစ်ရာသာ ပေးပါဆိုတော့ ကလေးကို ငွေထောင့်တစ်ရာပေးပြီး ကဲ မင်းလိုက်ပြ ရမယ် (မှန်လှပါ ဘုရား)။

ဆိုပြီး ရှင်ဘုရင်ဖြစ်တဲ့ အခါကျတော့ အကြီးအကျယ် အခမ်းအနားနဲ့ ထွက်ရတော့ (၂) ရက် (၃) ရက်မှ ထွက်နိုင် တာပေါ့ဗျာ (မှန်လှပါ ဘုရား)၊ ပြင်ဆင်နေတာကို (မှန်လှပါ ဘုရား)။

အဲ (၂) ရက်၊ (၃) ရက်မှ ထွက်ပြီး ခုနက ပစ္စေကဗုဒ္ဓါက နေရှာတာပဲ (မှန်လှပါ ဘုရား)။ နေပြီး သကာလ ရှင်ဘုရင်က အတွေ့ချင်ကြီး တွေ့ချင်ပြီး သကာလ သွားတော့ တွေ့တာပါပဲ သုံးရက် လောက် ရှိတော့ ထွက်ပြီးတွေ့တဲ့အခါ သူက ပြောစေ ချင်တာကတခြား၊ ဟိုကဟောတဲ့ တရားက တခြား (မှန်လှပါ ဘုရား)။

ဘယ့်နဲ့တုံး ငယ်ငယ်တုန်းက ဘယ်လိုနေခဲ့ကြတယ်။ ဘယ်လို ထိုင်ခဲ့ရတယ်၊ ဘယ်လို ပညာ သင်ခဲ့ရတယ်၊ ဘယ်လို ပျော်ခဲ့ရတယ် အခုကွဲနေတာ ကြာပြီ (မှန်လှပါ ဘုရား)။

ကျုပ်လည်း ကောင်းစားနေပြီဆိုပြီး သကာလ ဒီမှာပဲ အတူတူ ပျော်ပျော် နေကြဦးစို့၊ သူက ဒီအပြောမျိုး သဘောကျတာ (မှန်လှပါ ဘုရား)။

တို့ရဟန်းများမှာတော့

ဟိုက ရောက်၊ ရောက်ချင်း ပစ္စေကဗုဒ္ဓါ ဆိုတော့ ဒကာကြီး တရားဟောပြီ (မှန်လှပါ ဘုရား)၊ တရားဟော တယ်တဲ့၊ ဘယ်လိုတရား ဟောလိုက်ပါသလဲ ဆိုရင် တို့ရဟန်းများ မှာ သိပ်ချမ်းသာတာပဲ သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည်နဲ့ နေရတဲ့အတွက် ဘယ်သူခိုး၊ ဘယ်ဓါးပြမှ ကြောက်စရာမရှိဘူး (မှန်လှပါ ဘုရား)။

ချမ်းသာတယ်

စပါးတွေ ဘာတွေလည်း စပါးကျည်တွေနဲ့ ထားရတာ မဟုတ်သည် ဖြစ်လေသောကြောင့် စပါး မီးလောင်မှာလည်း နောက်ကြောင်း စိုးရိမ်စရာ မရှိဘူးကွ၊ သပိတ်ရှိပြီးတာပဲ။ (မှန်လှပါ ဘုရား)၊ ဒီလို ဟောနေတာ၊ ပြီးတော့ လမ်းသွားတဲ့ အခါမှာလည်း တို့မှာ ဘယ်ရန်သူမှလည်း တို့ကို မနှောက်ယှက် ဘူး သင်္ကန်းကလည်း စုတ်စုတ်ပြတ်ပြတ် ချုပ်ဖာဝတ်ထားရတာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဘယ်ဓါးပြ၊ ဘယ်သူခိုးမှလည်း ဒီပစ္စည်းကို မကြိုက်ဘူးကွ၊ (မှန်လှပါ ဘုရား)၊ အဲဒီလို ချမ်းသာတာကလည်း တစ်မျိုးကွ (မှန်လှပါ ဘုရား)၊ ကြောင့်ကြမှုတွေ အင်မတန်ကင်း တယ် ဘယ်နဲ့တုံး ဒကာကြီး သဘောကျရဲ့လားလို့ မေးလိုက် တယ် (မှန်လှပါ ဘုရား)။

ရဟန်းတွေကောင်းတာ လူနဲ့ဘာဆိုင်လို့လဲ

ဟား အရှင်ဘုရား ကောင်းတာ၊ အရှင်ဘုရား ဟော နေတာ- တပည့်တော်နှင့် ဘာဆိုင်တာ မှတ်လို့ ဘောက်ချတာ ပေါ့ဗျ။ ဟုတ်လား၊ အရှင်ဘုရားတို့ ရဟန်းတွေကောင်းတာ အရှင်ဘုရား ပြောနေတာ တပည့်တော် လူဝတ်ကြောင်၊ လူဝတ်ကြောင်တရား ဟောပါမှပေါ့ (မှန်လှပါ ဘုရား)၊ ဒီလောက် ထိအောင် ဘုရားအလောင်း အရိန္ဒမ အရုပ်ဆိုးနေတယ် ဆိုတာ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အေး ဘုရားအလောင်းလည်း ဆိုးချင်တဲ့အခါ သိပ်ဆိုးတာပဲဗျ၊ (မှန်လှပါ ဘုရား)၊ ဒါနဲ့ ကိုယ်တော်ကြီးက အင်း တော်တော် ခက်သေးတာပဲ တရားဟော အတော်ကြပ်နေပြီ (မှန်ပါ ဘုရား)။

တစ်ပုဒ်ဆက်ဟောဦးမယ် သင်နာဦးပေါ့ဗျာ (မှန်လှပါ ဘုရား)။ ချော့ဟောရတာနော် ဦးလှဘူး၊ လွယ်ရဲ့ လား (မလွှဲပါဘူး ဘုရား)၊ မလွယ်ဘူးတဲ့ ဒီ ဒကာ ဒကာမတွေလည်း ချော့ဟော နေရတာပဲ (မှန်လှပါ ဘုရား)၊ တိုက်ရိုက်များ ဟောလိုက် ဘယ် သဘောကျလိမ့်မတုံး (မှန်ပါ ဘုရား)။

တိုက်ရိုက် ဟောလိုက်လို့ရှိရင် သဘောမကျဘူး (မှန်လှပါ ဘုရား)၊ ခေါ် ရသေးတယ်၊ ဆွဲရသေးတယ် (မှန်လှပါ ဘုရား)၊ သံသရာကြီးနဲ့ ခြောက်ရသေးတယ်၊ နိဗ္ဗာန် ကောင်းကြောင်း ပြောပြ ရသေးတယ်၊ အဲ့ဒီပြောတဲ့အခါကျမှ နိဗ္ဗာန် ကောင်းတယ်ဆိုရင် ရချင်တယ်၊ (မှန်လှပါ ဘုရား)။

အလောင်းတော်ကြီးဆိုးဝါးနေတာ

သံသရာကြီး ကြောက်စရာ ကောင်းတယ်ဆို၊ ကြောက် တယ် ဒါဖြင့် ဆွဲပွေ့စမ်းပါ (မှန်လှပါ ဘုရား)၊ အမလေး မနည်း လုပ်ရပါလား (မှန်ပါ)၊ မနည်းလုပ်ရတယ် ခင်ဗျား တို့လည်း လွယ်တာ မဟုတ်ပါဘူး (မလွယ်ပါ ဘုရား)၊ မလွယ်ဘူး မလွယ်ဘူး။

အဲဒီလောက် ဆိုးဝါးနေတာ ဘုရားအလောင်းကြီး ဆိုးဝါးနေတာ ခင်ဗျားတို့က ကဲ့ရဲ့ချင် သေးလား (မကဲ့ရဲ့ ပါ ဘုရား)။ မကဲ့ရဲ့နဲ့ သူက အရင်ရောက်သွားပြီ (မှန်ပါ ဘုရား)၊ ခင်ဗျားတို့က ကဲ့ရဲ့မှားမှာပေါ့ (မှန်လှပါ ဘုရား)။ ဟုတ်ပလား (မှန်ပါ ဘုရား)။

ဆင်သေစီးတဲ့ ကျီးမိုက်ဥပမာ

အဲဒါနဲ့ပဲ ဘယ်နဲ့ ဖြစ်လာသတုံး ဆိုတော့ ဒုတိယ တရား ဆက်ဟောလိုက်တယ် ဦးလှဘူး ရေ (မှန်ပါ ဘုရား)၊ ဒုတိယ တရား ဆက်ဟောလိုက်တယ် ဒကာကြီး၊ ဒကာကြီး ဆင်သေ စီးတဲ့ ကျီးမိုက် ဆိုတာ သင်ကြားဖူးပါလိမ့်မယ်။

ဂင်္ဂါမြစ်ထဲ ဆင်သေကြီးတစ်ကောင် မျောလာတယ်ကွာ တဲ့၊ ကျီးတစ်ကောင်က မြင်လိုက် တယ်ကွာတဲ့၊ ကျီးတစ်ကောင် က မြင်လိုက် တော့ သူ့စိတ်ထဲ အားကိုးလုံးတွေ့သွားတာပေါ့ (မှန်လှပါ ဘုရား)။

မြစ်ထဲဆင်သေကြီး မျောလာတယ်

တယ်ကြီးတဲ့ အကောင်ကြီး၊ ဒီအကောင်ကြီးက အသားတွေ ငါစားမယ်၊ စားပြီး သကာလ ဒီအကောင်ကြီးက ကုန်နိုင်ဘူး (မှန်လှပါ ဘုရား) ရေဆာတဲ့အခါ ကျလို့ရှိရင် သူ့အထဲ က သွေးတွေ သောက်နေမယ် (မှန်လှပါ ဘုရား)။ ငါ့တော့ တစ်သက်လုံး အားကိုးလောက်ပြီ ဘာမှ ကြောင့်ကျစရာ မရှိဘူး ဆိုပြီး မြစ်ထဲ မျောလာတဲ့ ဆင်သေကြီးတစ်ကောင် အပေါ် ကျီးတစ်ကောင်က အားကိုး အားထားနဲ့ လိုက်လိုက်တယ် (မှန်လှပါ ဘုရား)။

သဘောမကျပေမယ့် မှိတ်နာနေရတယ်

ပစ္စေက ဗုဒ္ဓါက ဟောပြီ (မှန်လှပါ ဘုရား)၊ သူကလည်း နားထောင်နေတာပဲ (မှန်လှပါ ဘုရား)။ အင်း ဆင်သေတရားတော့ ဟောပြန်ပြီပေါ့လေ သူတယ်တော့ သဘော မကျပါဘူး မကျပေမဲ့လည်း ငယ်သူငယ်ချင်း ဆိုတော့ မှိတ်နာနေရတာပဲ။ ဒီမှာလည်း ဒကာ ဒကာမတို့ မကျ ကျကျ မှိတ်သာနာ (မှန်လှပါ ဘုရား)၊ မှိတ်နာမှပဲ နေရာကျမယ် (မှန်လှပါ ဘုရား)၊ ကိုယ့်အရေးကို။

အေး-ဒါနဲ့ပဲ ဆင်သေစီးတဲ့ ကျီးမိုက်သည်ကားလို့ ဆိုရင် ဒကာကြီးက နှစ်ရက် သုံးရက် ကြာတော့ ဆင်သေကြီးက ပုတ် လာတယ် (မှန်လှပါ ဘုရား)၊ ပုတ်လာတဲ့ အခါကျတော့ မြစ်တွေ က အဆုံး ပင်လယ်ဝသို့ ရောက်တယ်ကွ (မှန်လှပါ ဘုရား)။

ကျီးမိုက်က ဆင်သေကို အားကိုးတယ်

အဲဒီအချိန်မှာ ကျီးမိုက်သည်ကားဆိုရင် ငါဘယ်ဟာမှ အားကိုးစရာ မရှိဘူး ဒီအကောင်ကြီးက အကြီးကြီး၊ အသား စားချင်လို့ ရှိရင် အသားစားမယ်၊ ရေငတ်ရင် သွေးသောက်မယ် (မှန်ပါ)၊ ကုန်နိုင်ဘူး (မှန်လှပါ ဘုရား)။

အဲတော့ ပင်လယ်ဝ ရောက်လို့၊ အလှမ်းမှီတုံးကတော့ သူမပြန်ဘူးကွတဲ့၊ ဒီလိုနဲ့ပဲ စီးပြီး လိုက်သွား တယ်ကွတဲ့ နောက် ပင်လယ်၏ အလယ်သို့ ရောက်တဲ့အခါ ပုတ်ယိ လာတယ်၊ ရက်တွေ ကလည်း ကြာလာတော့ ငါးလိပ်မကန်းတွေက ထိုးကြ ဆွကြ၊ ဆိပ်ကြတော့ အပုတ်ကြီး ထိုးရတာကိုဗျ (မှန်လှပါ ဘုရား)။

ခဏလေး ဗလဗွ ကျဲသွားတယ်ကွတဲ့၊ အဲ့ဒီအခါကျမှ ကျီးကန်းက အားကိုးမှားပြီ ဆိုပြီး ပြန်တယ်ကွတဲ့၊ (မှန်လှပါ ဘုရား)။ ပြန်တော့ ပင်လယ် ဆိုတာ သောင်ကမ်းမမြင်တော့ ဟိုပြန်၊ ဒီပြန်နဲ့ပဲ ငါးလိပ်မကန်းတို့၏ အစာ ဆင်သေဖြစ်သလို ဖြစ်တယ် ကွ (မှန်လှပါ ဘုရား) ဒါ ဟောလိုက်တယ်။

အသင်ပင်လယ်ဝရောက်နေပြီ

အသင်မင်းကြီးလည်း ထို့အတူပဲ ထီးနန်းအာရုံ၊ ကာမဂုဏ် ဆိုတဲ့ သားရေး သမီးရေး စီးပွားရေးက ဆင်သေကြီး၊ တော်ကြာ ဖရိုဖရဲ ကျဲမှာ (မှန်လှပါ ဘုရား)။

ဒါကြီး ခင်တွယ်နေမယ်ဆိုရင် ယခုသင် အနှစ် (၆၀) ရှိပြီ၊ ပင်လယ်ဝ ရောက်နေပြီ၊ ဖရိုဖရဲ မကျဲသေးဘူး (မှန်လှပါ ဘုရား)။ ဒီအချိန် သူတော်ကောင်း တရားတည်းဟူသော ကမ်းခြေသို့ ကပ်လိုက်၊ ဝေဒနာနုပဿနာ တည်းဟူသော ကမ်းသို့ ကပ်လိုက်ပေါ့ဗျာ (မှန်လှပါ ဘုရား)။

ပြန်ချိန်ရောက်ပြီကွတဲ့

ဝေဒနာတည်း ဟူသော သစ်ပင်ပေါ်သို့ နားလိုက်ပေါ့ဗျာ (မှန်လှပါ ဘုရား)။ အခုတော့ သင်က စီးလိုက်နေတာကို ထီးနန်းအာရုံ ကာမဂုဏ် ဆင်သေကြီး စီးလိုက်နေတယ် ပြန်ချိန် ရောက်ပြီကွတဲ့ မင်း မပြန်သေးဘူးလား၊ ဒီလိုမေးတာပဲ (မှန်လှ ပါ ဘုရား)။

ဒီလိုမေးပြီး သကာလ တရားဓမ္မတွေ ဟောတာပဲ (မှန်လှပါ ဘုရား)။ ဟောပင်ဟောငြား သော်လည်း တရားလည်း ဆုံးသွားရော၊ ဆင်သေကြီးစီးတဲ့ ကျီးမိုက်ဟာ အလိုက်မှားတဲ့ အတွက် အဆုံးကြီးဆုံး၊ အရှုံးကြီးရှုံးပြီး ဆင်သေကြီးနဲ့ အတူ တကွ ဆုံးရှုံးရတယ် (မှန်လှပါ ဘုရား)။

သင်ရှင်ဘုရင်လည်း ဒီအတိုင်းသာလျှင် ထီးနန်းအာရုံ၊ ကာမဂုဏ်တည်းဟူသော ဆင်သေကြီး ကို သေသည်တိုင်အောင် လိုက်မယ်ဆိုလို့ရှိရင် အပါယ်လေးပါး တည်းဟူသော ငါးလိပ် မကန်း၏ အစာဖြစ်မယ် (မှန်လှပါ ဘုရား)၊ ဒါကြောင့် သင်ရပ် ချိန်ကရပ်၊ ပြန်ချိန်ကပြန် (မှန်လှပါ ဘုရား)။

ပင်လယ်ဝရောက်နေပြီ၊ ယခု တရားကောင်းရှာတော့၊ ဝေဒနာနုပဿနာ အားကိုးတော့ ဟောတယ် (မှန်လှပါ ဘုရား)။

ဟောပြီး သကာလ ဒုတိယ တစ်ခွန်းဟောလိုက်တယ်၊ ဟောပြီး မေးရသေးတယ်။

နားထဲတစ်လုံးမှမဝင်ဘူး

ပစ္စေကဗုဒ္ဓါက ဒကာကြီး ဘယ်နဲ့နေတုန်း၊ ဟာ – တပည့်တော် အရှင်ဘုရား ဟောတော်မူတဲ့ တရား နားထဲတစ်လုံး မှ မဝင်ဘူး (မှန်လှပါ ဘုရား)၊ ဟောချင်စရာလည်း မကောင်း ပါဘူးဗျာ၊ ဟောချင်စရာ ကောင်းသေးလား (မကောင်းပါဘူး ဘုရား)။

ဒီမှာတော့ ဒကာ ဒကာမတွေက တော်ပါသေးရဲ့ နားမလည်ပေမယ့် မြုံသွားလို့ (မှန်လှပါ ဘုရား)။ ဟိုကတော့ တိုက်ရိုက် ပြောတာကိုဗျ၊ အေး တိုက်ရိုက် ပြောတာကို (မှန်ပါ)။

အဲဒါနဲ့ပဲ ဒကာ ဒကာမတို့ ဒီတရား ဟောတဲ့ အခါကျလို့ ရှိရင်တော့ မရဘူး၊ မရဘူး၊ ဥပမာ၊ ဥပမေယျနဲ့ ဟောတာတောင် မှ ဘုရားအလောင်းကလည်း မရဘဲ ဖြစ်နေတယ် (မှန်လှပါ ဘုရား)။ ဒါနဲ့ ကိုယ်တော်ကလည်း မလျှော့တမ်း ကိုယ်တော်မို့ တော်သေးတယ် (မှန်လှပါ ဘုရား)။

မင်းသာမိုက်ရစ်ပါတော့

ကဲ ဒကာကြီးတဲ့ ငါတော့ အမိုက်မဖြစ်ပါရစေနဲ့၊ မင်းသာ မိုက်ရစ်ပါတော့ (မှန်လှပါ ဘုရား)၊ ငါတော့ အမိုက် မဖြစ်ပါရစေ နဲ့ မင်းသာ မိုက်ရစ်ပါတော့ဆိုပြီး သူက – ဂါထာလေး ရွတ်လိုက် တယ်။

ဧကဝါစမ္ပိ ဒွီဝါစံ၊ ဘဏေယျ အနုကမ္ပကော။

တတုတ္တရိံ န ဘာသေယျ၊ ဒါသောဝ,ယျဿ သန္တကေ။

သုံးခွန်းဟောရင် မိုက်ရာရောက်လိမ့်မယ်

ဒကာကြီး တစ်ခွန်းတည်းသောစကား ဟောရတယ် ကွတဲ့၊ နှစ်ခွန်း ထိအောင်လည်း ဟောရတယ်ကွတဲ့၊ သုံးခွန်း ဟောရင် ငါမိုက်ရာ ရောက်လိမ့်မယ်၊ ဒါကြောင့် ငါသုံးခွန်းတော့ မဟောနိုင်ဘူး (မှန်လှပါ ဘုရား)။

သူတစ်ပါး သနားတဲ့ ပုဂ္ဂိုလ်က နှစ်ခွန်းပဲ ပြောရတယ် သုံးခွန်း ပြောရင် ပြောတဲ့ပုဂ္ဂိုလ်က မိုက်တယ် (မှန်ပါ ဘုရား)။

နှစ်ချက်ဆုံးမတယ်

ဆုံးမတဲ့ အခါဒီအတိုင်းပဲ ဟုတ်ပလား၊ ဒီမှာလည်း ငါဆုံး မထားတာ ပထမရဟန်း၌ ကောင်းခြင်း တစ်ချက် ဆုံးမတယ်၊ (မှန်လှပါ ဘုရား)၊ ဆင်သေစီးတဲ့ ကျီးမိုက်ကဲ့သို့ မဖြစ်စေလို့လို့ ငါဟောခဲ့တယ် (မှန်လှပါ ဘုရား)။

သို့သော် နောက်တစ်ခါ ဟောလို့ရှိရင်ဖြင့် ငါ ပစ္စေက ဗုဒ္ဓသည်ပင်လျှင် မင်းထက်မိုက်ရာ ရောက်သွားလိမ့်မယ် (မှန်လှပါ ဘုရား)။ ဒါကြောင့် မင်းမဟောဘူး၊ (မှန်လှပါ ဘုရား)။

ကောင်းကင်ပျံတယ်

ကိုယ်တော်ကလည်း တင်းလာတယ်၊ တင်းလာပေမယ့် သူကတော့ မသိပါဘူး (မှန်လှပါ)။ ဒါနဲ့ ကိုယ်တော်က တစ်ခါ တည်း ခြေမ ကြားမှာ မြေမှုန့်တွေညှပ်ပြီး သကာလ တစ်ခါတည်း ကောင်းကင် ကနေ နန္ဒမူလှိုဏ် ပြန်တော့မှာ၊ ပျံပေမဲ့ ရိုးရိုးမပျံဘူး ကိုယ်တော်က သူ့အပေါ် တည့်တည့်ကမှ ပျံမှာ (မှန်လှပါ ဘုရား)။

ခေါင်းပေါ်ကို မြေမှုန့်တွေချခဲ့တယ်

အဲဒီတည့်တည့်က အပေါ်တက်ပြီးတော့မှ၊ တန်ခိုးနဲ့ တက်လိုက်တာ၊ တက်ပြီး မြေမှုန့်တွေနဲ့ တစ်ခါတည်း သူနဲ့တည့်တဲ့ အခါကျမှ-ခေါင်းပေါ် ချလိုက်တယ် (မှန်လှပါ ဘုရား)။ ခေါင်းပေါ် ချတော့မှ နည်းနည်း သတိရလာတယ်၊ ထိပ်ချတော့မှ ဓါးပြမှန်း သိရောပေါ့ဗျာ (မှန်လှပါ ဘုရား)၊ ဟုတ်ပလား၊ (မှန်လှပါ ဘုရား)။

ထိပ်ချလို့ ဓါးပြမှန်းသိရောပေါ့ဗျာ၊ ထိပ်ချလို့ ဓါးပြမှန်း သိလာတော့ အဲဒီကဲ့သို့ သိလာတဲ့ အခါကျတော့မှ ငါကျတော့ လေးလိုက်တဲ့ဖြစ်ခြင်း၊ မြေကြီးက တစ်ထွာမှ မခုန်နိုင်ဘူး၊ ဒီသောဏက က ပရောဟိတ်ပုဏ္ဏား၏သား ငါ့ထက်လည်း အမျိုးဇာတ် အောက်ကျသေးတယ်၊ သူကငါ့အပေါ် ခြေမှုန့်တွေ ချတယ် ဆိုပြီး သကာလ ခြေမှုန့်ချတာသည် သူသည် အပေါ့ဓါတ် ရှိလို့ပဲ ငါ့အလေးဓါတ် ရှိတယ် ငါတော့ အမြုပ်သမားနဲ့ တူပါရဲ့ (မှန်လှ ပါ ဘုရား)။

သံဝေဂရတယ်

နည်းနည်းသံဝေဂ ပါလာတယ်၊ အဲဒီမြေမှုန့်ချတော့မှ သံဝေဂရတယ်၊ ဦးလှဘူးရေ၊ မြေမှုန့် ဆိုတော့ နည်းဘူးလားဗျာ၊ ဒုတ်နဲ့ချတောင် ကျုပ်တို့ ဒကာ ဒကာမတွေက ရမှာမဟုတ်ဘူး (မှန်လှပါ ဘုရား)။

အေး ဒကာ ဒကာမတွေ၊ ခင်ဗျားတို့ကို သတိပေးတာက ယခုအချိန်မှာ ဝေဒနာနုပဿနာ တည်းဟူသော ကမ်းကို တက်ရင်တက်၊ မတက်လို့သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ မျောနေကြမယ် ဆိုရင်ဖြင့် သေမင်းပင်လယ်ထဲ ရောက်မယ် (မှန်လှပါ ဘုရား)။ မရောက်ပေဘူးလား (ရောက်မှာပါ ဘုရား)။

ရောက်လို့ရှိရင် အပါယ်လေးပါးတည်းဟူသော ငါးလိပ် မကန်းတို့၏ အစာမဖြစ်ပေဘူးလား (ဖြစ်မှာပါ ဘုရား)၊ အဲဒီကဲ့သို့ ဖြစ်မှာစိုးရိမ်တဲ့အတွက် ဆင်သေကြီး စီးလာတာ ကြာကြပြီ။ ပုပ်လည်း ပုပ်ပြီ၊ ယိလည်းယိပြီ၊ ခင်ဗျားတို့အားကိုးလည်း ခံတော့ မှာ မဟုတ်ဘူး (မှန်လှပါ ဘုရား)။

ကိုယ့်ခန္ဓာကိုယ် အားကိုးလို့ရသေးရဲ့လား

ခင်ဗျားတို့ ကိုယ်တိုင် ခင်ဗျားတို့ ကိုယ်ကိုအားကိုးလို့ ရသေးရဲ့ လား (မရပါဘူး ဘုရား)၊ သွားချင်သလို သွားနိုင်သေးရဲ့ (မသွားနိုင်ပါဘူး ဘုရား)၊ စားချင်သလို စားနိုင်သေးရဲ့ လား (မစား နိုင်ပါဘူး ဘုရား)၊ အဲတော့ ခန္ဓာကိုယ်ကြီးကိုက မရဘူး၊ ခေါင်း ကိုက်နေတယ် လေနာနေတယ် မသွားချင်ဘူး (မှန်လှပါ ဘုရား)။

ကမ်းကိုမြင်တုန်းမြန်မြန်တက်ပါ

အဲဒီလောက်တောင် မကောင်းတဲ့ ခန္ဓာကိုယ်ကြီးကို ခင်နေလို့ ကျီးကဲ့သို့ ခင်နေလို့ တော်ပါဦး မလား (မတော်ပါဘူး ဘုရား)။ ဒါဖြင့် ဝေဒနာနုပဿနာတည်းဟူသော ကမ်းနားမြင် တုန်း မြန်မြန် တက်လိုက် (မှန်လှပါ ဘုရား)။

မတက်လို့ရှိရင် ခင်ဗျားတို့ ခင်ဗျားတို့ ပင်လယ်ထဲ ရောက်တော့ ငါးလိပ်မကန်း အစာဖြစ်သလို ခင်ဗျားတို့ သေသည် တိုင်အောင်လိုက်သွားလို့ရှိရင် အပါယ်လေးပါးတည်းဟူသော ငါးလိပ်မကန်း၏ အစာမဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)၊ အဲဒါစိုးရိမ်လို့ ဟောနေတယ် (မှန်လှပါ ဘုရား)။

အဲဒီတော့မှ ကျုပ်တို့ ဘုရားအလောင်း အရိန္ဒမသည် ခေါင်းပေါ်ချတော့မှ အင်း ငါသည် ကားလို့ ဆိုရင်ဖြင့် ဒီအတိုင်း နေလို့မတော်တော့ပါလား သေခါနီးချည်း ဖြစ်ပါပေါ့လားဆိုတော့ အဲဒီတင် သတိရလာတယ် (မှန်လှပါ ဘုရား)၊ မြေမှုန့်လေးချတော့ မှ (မှန်ပါ)။

တောထွက်တယ်

ဒီတင်မှ သူ့သား ဒီဃာဝုဆိုတဲ့ ပုဂ္ဂိုလ်ကို ထီးနန်းလွှဲပြီး သကာလ တောထွက်တယ် (မှန်လှပါ ဘုရား)၊ တောထွက်ပြီး သမထ အားထုတ်လိုက်လို့ သမထ ခရီးရောက်ပြီး သကာလ ဗြဟ္မာပြည် ရောက်တယ်ဗျာ၊ (မှန်လှပါ ဘုရား)၊ ဝိပဿနာမပါ သေးဘူး၊ (မှန်လှပါ ဘုရား)။

ဗြဟ္မာပြည်ရောက်တယ်

ဝိပဿနာပါတဲ့ ပုဂ္ဂိုလ်က ပစ္စေကဗုဒ္ဓါ ဖြစ်သွားပြီ၊ (မှန်လှ ပါ ဘုရား)၊ သူက သမထနဲ့ တင်းတိမ် ရမည့်ပုဂ္ဂိုလ် ဗြဟ္မာပြည်ပဲ ရောက်တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ယနေ့သည်ကားလို့ ဆိုရင်ဖြင့် ဒကာ ဒကာမတွေ တိုက်တွန်း တာလည်း မပါဘူးလား (ပါပါတယ် ဘုရား)၊ ဆင်သေစီး ကျီးမိုက်ကဲ့သို့ အစအဆုံး မလိုက် ပါနဲ့လို့ကော မပြောဘူးလား (ပြောပါတယ် ဘုရား)၊ လိုက်ချိန် ကောရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။

နက်ဖြန်၊ သန်ဘက်သေနိုင်တယ်

အခု ခင်ဗျားတို့ ဦးလှဘူးတို့အရွယ်တွေ အားလုံး ပယ်လယ်ဝရောက်နေပြီ (မှန်လှပါ ဘုရား)၊ အဲတော့ သေခြင်း တရားနဲ့ ကြည့်လိုက်လို့ရှိရင် ပင်လယ်ဝရောက်တဲ့ ပုဂ္ဂိုလ်ချည်း ပဲ (မှန်လှပါ ဘုရား)၊ နက်ဖြန်သေနိုင်တဲ့ ပုဂ္ဂိုလ်တွေကို၊ သန်ဘက် သေနိုင်တဲ့ ပုဂ္ဂိုလ်တွေကိုလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မြန်မြန် ဝေဒနာကိုရှုပါ (မှန်လှပါ ဘုရား)၊ ဝေဒနာသတ်တာနဲ့ သေမှာ စိုးရတယ်၊ (မှန်လှပါ ဘုရား)။ အဲ ခင်ဗျားတို့သည်ကားဆိုရင်ဖြင့် ဝေဒနာသုံးမျိုးကို ယနေ့ဟောလိုက်တဲ့တရား အဆီ၊ အနှစ် ထုတ်လိုက်သည်ရှိသော် သူသတ် ယောက်ျား သုံးယောက်လို့ မှတ်ပြီး ရှု (မှန်လှပါ ဘုရား)။

ဝေဒနာသုံးပါးဝိပဿနာရှုပါ

ဒီသူသတ်ယောက်ျားနဲ့ မကင်းသ၍ ကာလပတ်လုံး ကျုပ်တို့ အသေမလွတ်သေးဘူး (မှန်လှပါ ဘုရား)၊ ဒါကြောင့် အသေလွတ်အောင် ဝေဒနာသုံးပါးကို ဘာလုပ်ရမတုံး (ဝိပဿ နာရှုရမှာပါ ဘုရား)၊ ဝိပဿနာရှုရမယ်၊ ဝိပဿနာရှုလို့ သူတို့သေ သွားလို့ရှိရင်ဖြင့် ကျုပ်တို့ တဏှာမသေဘူးလား (သေပါတယ် ဘုရား)။

ဒုက္ခသစ္စာ

ဝေဒနာကို ဒုက္ခသစ္စာကဲ့သို့ ချေမှုန်းပစ်လိုက်ပြီ၊ (မှန်လှ ပါ)။ ဝေဒနာဒုက္ခ ရောက်သွားပြီလို့ ချေမှုန်းပစ်လိုက်ပြီ ဆိုမှဖြင့် တဏှာသည် ကားဆိုရင်ဖြင့် ချေမှုန်းတာက ဉာဏ်နဲ့ ချေမှုန်းတာ၊ ဝေဒနာကြေမွ ညက်သွား သောကြောင့်၊ ပျက်ဆီး သွားသောကြောင့် ဒုက္ခသစ္စာ (မှန်လှပါ ဘုရား)။

မဂ္ဂသစ္စာ

ချေမှုန်းနိုင်တဲ့ ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား)၊ အဲတော့ ဝေဒနာလိုချင်စရာ၊ ရချင်စရာ ရှိသေးလား (မရှိတော့ပါဘူး ဘုရား)။ ဟောလိုချင်စရာ ရချင်စရာ မရှိတာက တဏှာချုပ်တာ၊ တဏှာ ချုပ်သောကြောင့် ဇာတိ ဇရာ မရဏတွေ မချုပ်ပေဘူးလား (ချုပ်ပါတယ် ဘုရား)။

နောက်သေစရာ အထည်ပေါ်သေးရဲ့လား (မပေါ်ပါဘူး ဘုရား)၊ အဲဒါ သူသတ်ယောက်ျားက ကြေမွပြီး ပျက်စီးသွားလို့ ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြပါဦးစို့။

သာဓု သာဓု သာဓု။