နိဗ္ဗာန်အရှာမလွဲကြပါနဲ့၊ တရားထူးနာရလို့ဝမ်းမြောက်ကြစမ်းပါ
အသံဖိုင်ခေါင်းစဉ်= ခန္ဓာငါးပါးမှ စိတ်ကို ခွဲ၍ ဟောကြားပုံ
စာအုပ်ခေါင်းစဉ်= နိဗ္ဗာန်အရှာမလွဲကြပါနဲ့၊ တရားထူးနာရလို့ဝမ်းမြောက်ကြစမ်းပါ
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌
ဟောကြားဆုံးမတော်မူသော တရားတော်
နိဗ္ဗာန်အရှာမလွဲကြပါနဲ့
တရားထူးနာရလို့ဝမ်းမြောက်ကြစမ်းပါ
ဟောကြားသည့်နေ့
(၁၂-၅-၆၁)
တရားနာကြတယ်ဆိုတာ ဘာရှာကြတာတုံး (နိဗ္ဗာန်ရှာတာပါ ဘုရား)။ နိဗ္ဗာန်ရှာတာ ဖြစ်နေတော့ နိဗ္ဗာန် အရှာတည့်လို့ ရှိရင်လည်း မဝေးပါဘူးဆိုတာကိုလည်း ဘုရား သခင် ကိုယ်တော်မြတ်ကြီးက ဟောပါတယ် (မှန်ပါ)။
နိဗ္ဗာန်အရှာမလွဲကြပါနဲ့
ဒါကြောင့် အရှာဖြင့်မလွဲကြပါနဲ့ဆိုတာကို ဆရာဘုန်း ကြီးက သတိပေးတယ် (မှန်ပါ)။ နိဗ္ဗာန်အရှာ မလွဲပါနဲ့ (မှန်ပါ)။
နိဗ္ဗာန်အရှာလွဲလို့ရှိရင် ရှာလေမတွေ့လေဖြစ်မှာ ဒကာ ဒကာမတွေသိပ်စိုးရိမ်ရတယ် (မှန်ပါ)၊ အရှာတည့် သွားပြန်တော့လည်း ဪ အနီးလေးပါလားဆိုတာ ဒကာ ဒကာမတွေ ပေါလောကြီး ပေါ်လာတယ် (မှန်ပါ)။
အဲဒါကြောင့် နိဗ္ဗာန်ကို အရှာတည့်ကြပါစေ ဆိုတဲ့ဥစ္စာ မောင်နိုင်ပြောရတယ် (မှန်ပါ)။ ကဲ နိဗ္ဗာန်ရှာကြပါစို့ ဆိုတော့၊ ဪ-ဒကာ ဒကာမတို့ စဉ်းစားကြည့်စမ်းပါလား၊ ဒီခန္ဓာကိုယ်ကြီးက ပဋိစ္စသမုပ္ပါဒ်နဲ့ပြပြ၊ လက်ရှိ ခန္ဓာကြီး၊ ထိုင်နေတဲ့ ခန္ဓာကြီးကိုပဲကြည့်ကြည့်၊ နာမ်ရုပ်ပဲရှိမှာပဲ (မှန်ပါ)။
နာမ်ရုပ်ကလည်း၊ နာမ်ကလည်း ဖြစ်လိုက်ပျက်လိုက်မို့ ဒုက္ခသစ္စာပဲ (မှန်ပါ)၊ ရုပ်ကလည်း ဖြစ်လိုက် ပျက်လိုက်မို့ (ဒုက္ခသစ္စာပါ ဘုရား)။
ဪ ဒါဖြင့်မောင်နိုင်တို့ ရှာကြည့်လို့ရှိရင်ဖြင့် ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီးထဲမှာ ရှိနေလို့ရှိရင်ဖြင့် ဒီဒုက္ခသစ္စာဆုံးလို့ ရှိရင်ဖြင့် နိရောဓသစ္စာ ဖြစ်ရမယ် (မှန်ပါ)။
ခန္ဓာကိုယ်ထဲဉာဏ်နဲ့လျှောက်ကြည့်
ဒါဖြင့် ဒီခန္ဓာကိုယ်ထဲမှာ ဉာဏ်နဲ့လျှောက်ကြည့်ဖို့ အရေးကြီးတယ် (မှန်ပါ)။ ဒီခန္ဓာကိုယ်ထဲမှာ (ဉာဏ်နဲ့လျှောက်ကြည့် ဖို့ အရေးကြီးပါတယ် ဘုရား)။ ဉာဏ်နဲ့ လမ်းလျှောက်နေဖို့ အရေးကြီး တယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်စမ်းပါ (မှန်ပါ)။
ဉာဏ်နဲ့လမ်းလျှောက်လိုက်တဲ့ အခါကျတော့ကို ပထမ လမ်းလျှောက်လိုက်တဲ့ အခါကျတော့ အနိစ္စတွေ ပေါ်မှာ လမ်းလျှောက် (မှန်ပါ)၊ ဒီခန္ဓာကိုယ်ကြီး ခြေဖျားက ခေါင်းကျအောင်ပဲ လမ်း လျှောက်ကြည့် ပါ ဉာဏ်နဲ့ သာ လမ်းလျှောက်ကြည့်ပါ၊ ဘာမှမတွေ့ဘူး ကိုစောမောင် အနိစ္စ တွေပဲ တွေ့မယ် (မှန်ပါ)။ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။
ဪ အနိစ္စ တွေမြင်တဲ့ အခါကျတော့ ကို ဒီအပေါ်မှာချည်း လမ်းလျှောက်နေရတာ အသေပေါ်မှာ ဉာဏ်လမ်းလျှောက် နေရတော့ အသေပေါ်မှာ ဉာဏ်လမ်း လျှောက်ပြီး သကာလ နေရတော့ အသေပေါ်ချည့် ဉာဏ်နဲ့ နေရလို့ရှိရင်ဖြင့် ဉာဏ်နက်နည်းနေတဲ့ ယောဂီပုဂ္ဂိုလ်ဟာ အသေလမ်းဖြင့် လွတ်ချင်လှချည်ရဲ့ ဆိုတဲ့ဥစ္စာလာရမှာပဲ (မှန်ပါ)။
မလာရပေဘူးလား (လာရမှာပါ ဘုရား)၊ ဒီအသေ တွေပေါ်မှာချည်း ဉာဏ်က လမ်းလျှောက် တော့ကို အသေပေါ် မှာချည်း လျှောက်နေရတယ် (မှန်ပါ)။
ဖြစ်ပျက်၊ ဖြစ်ပျက်၊ ဖြစ်ပျက်ဆိုတဲ့ခန္ဓာကိုယ်ကြီးကို ခြေဖျားကနေလျှောက်ကြည့် ဆံဖျား ကြအောင်၊ ဆံဖျားကနေ လျှောက်ကြည့် ခြေဖျားကျအောင် ဉာဏ်နဲ့သာ လျှောက်ကြည့် စမ်းပါလို့ ကိုယ်တို့ သတိပေးလိုက်တယ် (မှန်ပါ)။ အသေ ပေါ်မှာလျှောက်နေရတယ် (မှန်ပါ)။
ခန္ဓာကိုယ်ကြီးက ခဏခဏ ဖြစ်ပျက်နေတာ၊ အသေ ပေါ် မှာလျှောက်နေရတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ် ပါပြီ ဘုရား)။ ဒါဖြင့် ဒီအသေတွေအပေါ်မှာ လူတစ်ဦး တစ်ယောက်က အမြဲတမ်း အသွားအပြန် နင်းနေရတဲ့ ပုဂ္ဂိုလ်ဖြင့် အင်း ကြောက်ချင်ရင်လည်း ကြောက်လာမယ်၊ ရွံချင်ရင် လည်း ရွံလာမယ် ဆိုတာ ကိုစောမောင် လာရမှာလား မလာရဘူးလား (လာရမှာပါ ဘုရား)။
ဖြစ်ပျက်မြင်တာ ယထာဘူတဉာဏ်
လာရလို့ရှိရင် ဒါသည်ကားလို့ရှိရင်ဖြင့် ခုနကဖြစ်ပျက် နင်းတာ ယထာဘူတဉာဏ်နဲ့နင်းတာ၊ ဒီအသေတွေကလည်း မြင်ပါများတော့ မုန်းလှပါပြီ၊ ရွံလှပါပြီ ဆိုတဲ့ဥစ္စာ နိဗ္ဗိန္ဒဉာဏ် တက်လာမယ် ဆိုတာ မသေချာသေးဘူးလား (သေချာ ပါတယ် ဘုရား)။
လူသေတွေနဲ့ ဒကာဒကာမတို့ လူသေဒုက္ခကြီးနဲ့ဖြင့် လွတ်ချင်လှချည်ရဲ့ဆိုတဲ့ ဉာဏ်ဟာ မပေါ်ပေဘူးလား၊ ပေါ်သလား (ပေါ်ပါတယ် ဘုရား)။
ပေါ်လို့ရှိရင်ဒီလူသေဟာ ဒကာ ဒကာမတွေက နဂိုက မလွှတ်ချင်တဲ့ တဏှာကြောင့် ဒီခန္ဓာ ဒုက္ခသစ္စာကြီးနဲ့ တွဲနေတာ (မှန်ပါ့)။ ကဲ မလိုချင်တော့ပါဘူး၊ ကိုယ့်ခန္ဓာကိုယ် ကိုယ့်ဉာဏ်နဲ့ လျှောက်ရတာ မလိုချင်တော့ပါဘူး ဆိုတော့ ဒီဒုက္ခကြီးဟာ ဆုံးသွားတယ် (မှန်ပါ)။
ဆုံးသွားတော့ ဒီဒုက္ခဆုံးတဲ့ နေရာမှာပဲ နိဗ္ဗာန်ဆိုတာ အစားထိုးလာတယ် (မှန်ပါ)။ ဒါဖြင့် နိဗ္ဗာန် ရှာကြလို့ရှိရင် ခန္ဓာ အပေါ်မှာဉာဏ်လမ်းလျှောက်ဖို့ပဲရှိတယ် (မှန်ပါ)။ တခြား သွားနေဖို့ (မလိုပါဘူး ဘုရား)၊ ဉာဏ်ပေါက်ကြ ပြီလား (ပေါက်ပါတယ် ဘုရား)။
နိဗ္ဗာန်လိုချင်ရင် ဘယ်အပေါ် ဉာဏ်လမ်းလျှောက် ရမယ် (ခန္ဓာအပေါ်မှာ လမ်းလျှောက်ရမှာပါ ဘုရား) ခန္ဓာအပေါ်မှာဉာဏ်နဲ့ လမ်းလျှောက်ပါ၊ လျှောက်တဲ့အခါ ဘာတွေ တွေ့မယ်လို့ထင်ကြတုံး အသေပဲတွေ့မယ် (မှန်ပါ)။
ဖြစ်ပျက်၊ ဖြစ်ပျက် မွေးလိုက်သေလိုက်၊ မွေးလိုက်သေ လိုက်၊ မွေးတာတောင် တွေ့မှာ မဟုတ်ပါဘူး အသေတွေချည်း တွေ့နေမှာပဲ (မှန်ပါ)။
ဒီအပေါ်မှာချည်း လမ်းလျှောက်နေရတော့ ဉာဏ်နဲ့ လမ်းလျှောက်ပြီး သကာလ နေရတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ဉာဏ်တည်း ဟူသောတရား လျှောက်ပါများ လေလေ၊ လူအသေပေါ်မှာလျှောက်ချင်တဲ့ သဘောတွေဟာ ကံမကောင်း အကြောင်းမသင့်လို့သာလျှင် တို့ လျှောက်နေရတယ် ဆိုတဲ့ ရွံစရာ၊ မုန်းစရာပေါ်မှာ ဉာဏ်လမ်း လျှောက်နေရတာပါလားဆိုတာ တက်မလာဘူးလား၊ လာလား ဆိုတာစဉ်းစားစမ်း (တက်လာပါတယ် ဘုရား)။
အိမ်ကျရင်ဒီအတိုင်းလျှောက်ကြည့်နေ
မလာပါနဲ့ ဆိုလို့ကို (မရပါဘူး ဘုရား) အဲဒါ အိမ်ကျလို့ရှိရင် ဒီအတိုင်းသာ လျှောက်ကြည့်နေ၊ ပထမ အသေ ပေါ်လျှောက်၊ အသေလျှောက်ရတာ များလာတဲ့အခါ လျှောက်တဲ့ ယောဂီသည်ပင်လျှင် မုန်းလာလိမ့်မယ် (မှန်ပါ) ရွံလာလိမ့်မယ် (မှန်ပါ)။ မလာပါနဲ့ဆိုလို့ (မရပါဘူး ဘုရား)။
မုန်းလာတဲ့ ပုဂ္ဂိုလ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဪ ကံမကောင်း အကြောင်းမသင့်လို့ရတဲ့ မုန်းစရာ၊ ရွံစရာပါ လား၊ လိုချင်စရာ တစ်စက် တစ်ကွက်မှ မရှိပါလားဆိုတာ လျှောက်ပါများရင် မောင်နိုင် လာသင့် မလာသင့် (လာ သင့်ပါတယ် ဘုရား)။
လာလို့ရှိရင်ဖြင့် ဒီခန္ဓာကြီးဟာ အသေခန္ဓာကြီးဟာ ကိုစောမောင်ပျောက်တော့တာပဲ (မှန်ပါ) ပျောက်လို့ရှိရင်ဖြင့် ဪ နဂိုက ဒီခန္ဓာကြီးဟာ ဒုက္ခသစ္စာပေါ်လမ်းလျှောက် နေရတော့ ဒုက္ခဆုံးပါ ပေါ့လား ဆိုတော့ ဒီလေးတောင် အပေါ် မှာပဲ ဆုံးသွားတယ် (မှန်ပါ)။
ခန္ဓာကိုယ့်အတောင်နဲ့ ကိုယ် တိုင်းကြည့်တော့ လေး တောင်ရှိတယ် (မှန်ပါ) ဒီလေးတောင် အဆုံးမှာ ဘာလာ တွေ့တာတုံး (နိဗ္ဗာန်တွေ့တာပါ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်အဝေး ရှာနေတဲ့ ပုဂ္ဂိုလ် တွေဖြင့် အလွဲကြီးလွဲရန် အချော်ကြီးအော်ပါလိမ့်မယ် ဆိုတာ သတိပေးလိုက်တယ် (မှန်ပါ)။
ဒီအနားတွင် ရှာလို့ရှိရင်ဖြင့် ဒီအနားတွင် တွေ့ပါလိမ့် မယ်ဆိုတာ ဘုန်းကြီးများက ရဲ့ဝံ့စွာပဲ တာဝန်ခံပါတယ် (မှန်ပါ) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
ဒါ ပါဠိတော်ရှိလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးတို့ ပါဠိတော်တွေကရှိပြီး သကာလ နေလို့ ပြောရတာ (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
အဲဒါ အသားထားလိုက်ပါဦးတဲ့၊ ကဲ အလုပ်ခွင်နဲ့ တကွပြကြပါစို့လို့ဆိုတော့ မနေ့ကတရားက သာဝတ္ထိပြည် ဇေတဝန်ကျောင်း သီတင်းသုံးပြီး သကာလ နေတုန်း မင်းတို့ ခန္ဓာကိုယ်ကြီးများ သုံးသပ် ဆင်ခြင်ကြရဲ့လားလို့ ဘုရားက မမေးဘူးလား (မေးပါတယ် ဘုရား)။
ရဟန်းတွေက တပည့်တော်တို့ ဘယ်လိုသုံးသပ်လို့၊ ဘယ်လိုဆင်ခြင်ရမယ် မသိပါဘူး ဘုရား ဆိုတော့ ခန္ဓာပေါ်ဉာဏ် လမ်းလျှောက်လို့ပြောတာ (မှန်ပါ) သဘောကျကြရဲ့လား (ကျပါတယ် ဘုရား)။
ခန္ဓာပေါ်ဉာဏ်လမ်းလျှောက်ဆိုတော့ ဒီနွားကြီး အကြီး ဆုံးသော ဒုက္ခ၊ ဒုက္ခမျိုးစုံ ဆုံးနေရာ၊ ဘယ်နေရာပါလိမ့်မတုံး ဆိုတော့ ဇရာ၊ မရဏ (မှန်ပါ)။
ဒုက္ခအစုံဆုံးကဖြင့် (ဇရာမရဏပါ ဘုရား) အိုတဲ့ အခါမှာလည်း ဒုက္ခမျိုးစုံဟာ တစ်ခါတည်း မစားနိုင်၊ မသောက် နိုင်၊ မဝတ်နိုင်၊ မသယ်နိုင်၊ မပိုးနိုင်တွေ ကိုစောမောင်တို့ ကိုပေါ် တို့လာလိမ့်၊ မလာလိမ့် (လာမှာပါ ဘုရား)။
ဒုက္ခကို စုံလို့မနေဘူးလား (နေပါတယ် ဘုရား) သေ ခါနီးကျတော့ ဘယ်နေရာကများ သက်သာတယ်လို့ လာသေး သတုံး (မသက်သာပါ ဘုရား)။
ဒါဖြင့် အိုမှု သေမှု နှစ်ခုသည် ဒကာ ဒကာမတို့ ဒုက္ခအစုံ ဆုံးပဲဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) အဲဒီ ဒုက္ခအစုံ ဆုံးဟာ ဘယ်ကလာသတုံးလို့ မင်းတို့စုံစမ်းကြလို့ ဘုရားက သာဝတ္တိပြည် ဇေတဝန် ကျောင်းမှာ သီတင်းသုံးနေတုန်း ပြောရှာပါတယ် (မှန်ပါ)။
ဒုက္ခတွေဘယ်ကများလာပါလိမ့်
ကိုင်း ဒကာ ဒကာမတွေကလည်း ဒီတရား နာရတာ က သုံးရက်လည်းရှိတော့မယ် ဆိုတော့ ပြောတတ်ကြပါပြီ၊ ဒီဒုက္ခ အစုံတွေ ဘယ်ကများလာပါလိမ့်မတုံး (ဇာတိက လာပါ တယ် ဘုရား)။
ပေါ်လာပြီ၊ ပဋိသန္ဓေနေမိလို့ ကိုစောမောင် ဒါကြီး ရတာ (မှန်ပါ) မနေမိရင် (မရပါဘူး ဘုရား) အဲတော့ ဪ ဇာတိက အကြောင်း၊ ဇရာ၊ မရဏက အကျိုးဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒီလို စုံစမ်းလိုက်တော့မှ ဇာတိက အကြောင်း သမုဒယ သစ္စာ၊ ဇရာ၊ မရဏက အကျိုး ဒုက္ခသစ္စာ ပေါ်လာပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဉာဏ်နဲ့ လမ်းလျှောက်လိုက်တဲ့ အခါကျတော့မှ ဒီ သစ္စာနှစ်ခု သွားတွေ့တာပဲ (မှန်ပါ) ဉာဏ်နဲ့ လမ်းလျှောက် လိုက်တော့ (သစ္စာနှစ်ခုသွားတွေ့ပါတယ် ဘုရား)။
ဒုက္ခဖြစ်အောင်ကြိုးစားတဲ့တရားကဇာတိ
သမုဒယနဲ့ ဒုက္ခသွားတွေ့တယ် (မှန်ပါ) ဪ မင်းတို့ နှစ်ခုဟာ တစ်ခုမှဖြင့် သက်သာခွင့် ပေးတဲ့တရား မရှိပါဘူး တစ်ခုကလည်း ဒုက္ခဖြစ်အောင် ကြိုးစားတဲ့တရား၊ တစ် ခုကလည်း ဒုက္ခခံနေရတဲ့ တရား၊ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)။
ဒုက္ခဖြစ်နေတဲ့တရားက ဇရာ၊ မရဏ
ဒုက္ခဖြစ်အောင် ကြိုးစားတဲ့တရားက ဇာတိ၊ ဒုက္ခ ဖြစ်နေရတဲ့ တရားက ဇရာ၊ မရဏ၊ ဒါကျုပ်တို့ ခန္ဓာနော် (မှန်ပါ) ကျုပ်တို့ ခန္ဓာပဲတဲ့။
အဲတော့ ဒီနှစ်ခုဟာ ကျုပ်တို့ ခင်ဗျားတို့သည် စုံစမ်း လိုက်လို့ ပေါ်လာတာပဲ (မှန်ပါ) စုံစမ်းလိုက်လို့ ပေါ်လာတဲ့ အခါကျတော့ စုံစမ်းတဲ့ဉာဏ်ဟာ ဘာဉာဏ်တဲ့ (မဂ်ဉာဏ် ပါ ဘုရား)။
စုံစမ်းတဲ့ဉာဏ်ကမဂ်ဉာဏ်
ဒကာ ဒကာမတို့ စုံစမ်းတဲ့ ဉာဏ် မဂ်ဉာဏ်ပေါ် လာပြီ (ပေါ်လာပါပြီ ဘုရား) ကောင်းပြီ ဒီလိုစုံစမ်းလိုက်တဲ့ အခါကျ တော့ကို စုံစမ်းနိုင်တဲ့ဉာဏ်ဟာ မဂ်ဉာဏ်ပဲ ဆိုတော့ ဪ ဒီနှစ်ခုရှိသ၍ ကာလပတ်လုံးဖြင့် ဘယ်တော့မှ ဒို့သည်ကားလို့ ဆိုလိုရှိရင်ဖြင့် ချမ်းသာမှာမဟုတ်ဘူး။
အကြောင်း သမုဒယ၊ ဒုက္ခပေးလေသမျှ သူကချည့်ပဲ၊ အကျိုးဒုက္ခ လက်ခံလေသမျှဟာ ခန္ဓာက ချည့်ပဲ ဆိုရင် လွဲပါ့ မလား (မလွဲပါဘူး ဘုရား) သူတို့ နှစ်ခုချုပ်မှ အေးမှာပဲ ဆိုတဲ့ ဥစ္စာကော မလာဘူးလား (လာပါတယ် ဘုရား)။
သူတို့ နှစ်ခုချုပ်ရင် ဘာသစ္စာတုံး (နိရောဓသစ္စာ ပါ ဘုရား) ဒီလို သစ္စာလေးပါးနဲ့ စုံစမ်းစမ်းပါ၊ ခန္ဓာပေါ် ဉာဏ်လမ်း လျှောက်စမ်းပါဆိုတာ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဇာတိဘယ်ကလာသတုံး
ကဲ ဒါတွေက သိပြီးသားဖြစ်နေလို့ သစ္စာလည်း သိပါပြီ ဒကာ ဒကာမတွေ ဇာတိ ဘယ်ကလာသတုံးလို့ ဆက်တွေးပါဦး (ကမ္မဘဝကပါ ဘုရား)။
ကံ အားထုတ်တဲ့ ပုဂ္ဂိုလ်များမှ လာတာတဲ့ (မှန်ပါ) သဘောကျကြရဲ့လား (ကျပါတယ် ဘုရား) ကံအားထုတ်တဲ့ ပုဂ္ဂိုလ်မှ (လာတာပါ ဘုရား) ဇာတိလာတာနော် (မှန်ပါ)။
ခင်ဗျားတို့ ဘယ်ကံတွေတုံးလို့ မေးတော့ ဘယ်နှယ်ဖြေ ကြ ဝဋ္ဋကံ၊ မှတ်ထားနော် (မှန်ပါ) ဝဋ္ဋကံ ဆိုတာ ဟော ဒီ ဝိပါကဝဋ် ကြိုက်တဲ့ ပုဂ္ဂိုလ်မှ ဒီကံတွေလုပ်တယ် (မှန်ပါ) အဲဒီ-ဇာတိဒုက္ခ ကြိုက်တဲ့ ပုဂ္ဂိုလ်မှ မောင်နိုင် (ဒီကံ တွေ လုပ်ပါတယ် ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီကံသည် ဘာကံခေါ်ကြမလဲ (ဝဋ္ဋကံပါ ဘုရား) လုပ်ကောင်း မလုပ်ကောင်း (မလုပ်ကောင်းပါဘူး ဘုရား) ကိုယ့်ဒုက္ခ ကိုယ်ရှာလို့ မလုပ်ကောင်းဘူး (မှန်ပါ) သဘောကျရဲ့လား (ကျပါပြီ ဘုရား)။
ကိုယ့်ဒုက္ခ ကိုယ်ရှာလို့ (မလုပ်ကောင်းပါဘူး ဘုရား) မလုပ်ကောင်းဘူး ဆိုတော့ ကံကို ပယ်လိုက်တာလား ဆိုတော့ အို ဝဋ္ဋကံကို ပယ်လိုက်တယ် (မှန်ပါ)။
ကိုစောမောင် ဘာပယ်လိုက်တာတုံး (ဝဋ္ဋကံ ပယ်လိုက် ပါတယ် ဘုရား) ဇာတိ ဒုက္ခရမည့် ကံတော့ ပယ်လိုက် တယ် (မှန်ပါ) ဇာတိဒုက္ခ မလိုချင်တဲ့ ကံမျိုး၊ ဉာဏ်ဦးစီးတဲ့ ကံမျိုးကျတော့ ဘုန်းကြီးများက မပယ်ဘူး (မှန်ပါ) ရှင်းကြရဲ့လား (ရှင်းပါပြီ ဘုရား)။
ဒါသေသေချာချာမှတ်ပါ၊ တော်ကြာကျလို့ရှိရင် ဘုန်းကြီး က ကံတွေ ပယ်နေပြန်ပြီလို့ ခင်ဗျားတို့က လမ်းကျရင် မလုပ်နဲ့ဦး၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်ကံပယ်တာပါလိမ့်
ဘယ်ကံပယ်တာပါလိမ့် (ဝဋ္ဋကံပါ ဘုရား) ဝဋ္ဋကံ ပယ်တာက ဒီဘက်ကို ဘာကျေးဇူးပြုတုံး (ဇာတိပါ ဘုရား)။
ဒါဖြင့် ဇာတိ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာပေး မည့်ကံတော့ ခင်ဗျားတို့ ယူလို့ရှိရင်ဖြင့် အယူလွဲ (မှန်ပါ) သဘောကျပြီလား (ကျပါတယ် ဘုရား) အယူ မလွဲဘူးလား (လွဲပါတယ် ဘုရား)။
ကိုစံလှရေ အယူမလွဲဘူးလား (လွဲပါတယ် ဘုရား) ဘယ့်နှယ် ကိုယ့်ဒုက္ခ ကိုယ်ဆုတောင်း ယူမယ်၊ ကိုယ့်ဒုက္ခ ကိုယ်လုပ်ယူမယ် ဆိုတဲ့လူ တစ်ဦး တစ်ယောက်သည် ဒကာ ဒကာမတို့ ပြိတ္တာမျိုးရင်လည်း ဖြစ်ရမယ် (မှန်ပါ)။
လာဘ်စားတဲ့ပုဂ္ဂိုလ်တွေ
တချို့လည်း ပြိတ္တာများမှာ ယခင်ကလာဘ်စားဖူးတဲ့ တရားသူကြီးတွေဖြစ်လို့၊ ဝန်ကြီးတွေဖြစ်လို့ လာဘ်စားတဲ့ ပုဂ္ဂိုလ် တွေ နောက်ဘဝပြိတ္တာဖြစ်တဲ့ အခါကျတော့ သူ့လက်ကလည်း လက်သည်းတွေကလည်း ရှည်ပါဘိနဲ့ အဲဒီလက်သည်းနဲ့ ကိုယ့် ကျောက အသားတွေကို ယူပြီး စားနေရတယ် (မှန်ပါ)။
ပြိတ္တာဖြစ်တဲ့အခါ၊ အဲတော့ ကိုယ်ကျောက အသား ကိုယ်ယူစားနေတော့ ဒီပြိတ္တာတွေ မောင်နိုင်က ဆုံးဖြတ်ချက်ချ ဪ သူ့ဒုက္ခ သူရှာနေတာ (မှန်ပါ)။
စားလည်းစားသေးတယ်၊ အော်လည်း နေရသေးတယ် (မှန်ပါ) ဆိုတော့ သူ့ဝဋ်ဟာ မကြီးဘူးလား (ကြီးပါတယ် ဘုရား) ဒါသူ့ ဒုက္ခသူရှာတာနော် (မှန်ပါ)။
သူ့လက်သည်းကြီး ရှည်ရှည်နဲ့ သူ့ကျောက အသားတွေ သူစားပြီး သကာလ နေတော့ မြင်ရသူ အပေါင်းက သူ့ဒုက္ခ သူရှာ နေတာလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီလိုပဲ ဒကာ ဒကာမတွေ ဘာဖြစ်ရပါလို၏ ညာဖြစ် ရပါလို၏၊ ပုဂ္ဂိုလ်သတ္တဝါ ဖြစ်ရပါလို၏ ဆိုတဲ့ ပုဂ္ဂိုလ်ကဖြင့် ကိုယ့်ဒုက္ခ ကိုယ်ရှာတဲ့ ကျောကအသား ယူစားနေတာနဲ့ အတူ တူပဲ (မှန်ပါ)။
ထူးသေးရဲ့ လား (မထူးပါဘူး ဘုရား) သဘော ပါကြပြီလား (ပါပါပြီ ဘုရား)။
ဝဋ္ဋကံဆိုတာ
ဒါဖြင့် ဒီကံကံခေါ်ကြမယ် (ဝဋ္ဋကံပါ ဘုရား) ဝဋ္ဋကံဆိုတာ ဒီဝဋ်ကို ရစေတတ်တဲ့ကံ (မှန်ပါ) သဘောကျကြရဲ့လား (မှန်ပါ)။
ဒီဝဋ်ကို ရစေတတ်တဲ့ကံဖြစ်လေ သောကြောင့် သူ့ဘာ ဆိုမယ် (ဝဋ္ဋကံပါ ဘုရား) “ကမ္မဘဝပစ္စယာ ဇာတိ” ဆိုတာ မလုပ်ကောင်းဘူး (မှန်ပါ)။
“ကမ္မဘဝပစ္စယာဇာတိ” ဆိုတာ (မလုပ်ကောင်း ပါဘူး ဘုရား) မလုပ်ကောင်းဘူးဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)။ ပင် ကုသိုလ်ကံလည်း မလုပ်ကောင်းဘူး၊ အကုသိုလ်ကံ ကလည်း ပင်ကိုကမလုပ်ကောင်းဘူး (မှန်ပါ) ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။
ကောင်းပြီ ဒါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သဘော ကျသွားတော့ ဪ ဒို့သည်ကားလို့ ဆိုလို့ရှိရင် ဒီကံနှစ်ခု ကို၊ ဒီကံလည်းမကောင်းဘူး၊ ဒီအကျိုးပေးကော (မကောင်း ပါဘူး ဘုရား)။
မကောင်းမှန်းသိတော့၊ မကောင်းမှန်းသိတဲ့ဉာဏ် ဘာဉာဏ်ခေါ်ကြမတုံး (မဂ်ဉာဏ်ပါ ဘုရား) ကောင်းပြီ ဒါဖြင့် သူတို့နှစ်ခုချုပ်မှသာလျှင် ဒါတွေအေးတော့မယ် ဆိုတာက (နိရောဓသစ္စာပါ ဘုရား) နိရောဓသစ္စာ၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
သူတို့ နှစ်ခုချုပ်တာ နိရောဓမကျဘူးလား (ကျပါ တယ် ဘုရား) ဒါတွေလည်းသိပြီး သကာလ သွားပါတော့၊ ကဲ သွားကြပါဦးစို့ အလုပ်စခန်းမရောက်ပဲနေမှာ စိုးလို့ ဒီကံသည်ကားလို့ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ကံ ကောင်းတယ်၊ မကောင်းတယ် သူ့ဖြစ်စေတဲ့ အကြောင်းသာ ကြည့် (မှန်ပါ)။
ဒီကံဘယ်ကလာသတုံး
ကဲ ဒီကံဘယ်ကလာသတုံး (ဥပါဒါန်ကပါ ဘုရား) ကိုင်း ဥပါဒါန်ဆိုတာ ကုသိုလ်လား၊ အကုသိုလ်လား (အကုသိုလ်ပါ ဘုရား)။
ဒါဖြင့် အကုသိုလ်ဦးစီးတဲ့ကံကြီး မောင်နိုင်-အုန်းသီးဆီ ဆွတ်မျိုးရင်ရမယ်၊ ဒီဥစ္စာ ကောင်းတယ် လို့တော့ မဟောနိုင်ဘူး (မှန်ပါ)။
ဥပါဒါန ပစ္စယာ (ကမ္မဘဝေါပါ ဘုရား) ကမ္မဘဝေါ ဆိုကတည်းက ဒကာ ဒကာမတွေ နဂိုကတည်းက အရုပ်ဆိုး နေတာကြီးကို ဘယ်လိုပင် ပေါင်ဒါ၊ သနပ်ခါးတွေ လိမ်းငြား သော်လည်း သူ့အတွက် သိပ်ထူးခြားလာမှာ မဟုတ်ပါဘူး (မှန်ပါ)။
ထူးခြားပါ့မလား (မထူးခြားပါ ဘုရား) ကောင်းပြီ ဒါဖြင့် ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ ဘုရား) ဥပါဒါန်က အကုသိုလ်၊ သူက အုပ်ချုပ်တဲ့ ဖြစ်စေတဲ့ကံ ဆိုကတည်းကကို စောမောင်က စဉ်းစားလိုက် ကံကောင်းလား ကံဆိုးလား (ကံဆိုးပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဥပါဒါန်က သမုဒယ သစ္စာ၊ ကံက (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာ ပေးမည့်ကံ၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
နှစ်ခုစလုံးသိတဲ့ဉာဏ်က (မဂ်ဉာဏ်ပါ ဘုရား) ဪ သူတို့ချုပ်မှာ (နိရောဓသစ္စာပါ ဘုရား) သူတို့ချုပ်တာ သိလို့ရှိရင် နိရောဓသစ္စာ ဆိုတော့ ဒီဥပါဒါန်တွေလည်း၊ ကံတွေ လည်းဖြစ်ပျက် မရှုရင် ခင်ဗျားတို့ ကျုပ်တို့ တော်ပါ့မလား (မတော်ပါဘူး ဘုရား)။
တဏှာကလာတာ
ကိုင်း တစ်ခါသွားလိုက်ပါဦး ဒီဥပါဒါန် မောင်နိုင် ရေ ဘယ်ကများ လာပါလိမ့်မလဲ (တဏှာက လာတာပါ ဘုရား) ဪ ခက်လိုက်တာ၊ ဒီဥပါဒါန်ကလည်း တဏှာအရင့်၊ တဏှာဆိုတာက တဏှာ အနုစား၊ အနုစားက အရင့်စားဖြစ်စေတယ်ဆိုတော့ ဘူးခါးသီးဟာ ကိုစောမောင် စဉ်းစားကြည့်စမ်းပါ ငယ်ငယ်ကလည်း ခါးတာပဲ (မှန်ပါ) ရင့်တော့ကော (ခါးပါတယ် ဘုရား)။
ဒါဖြင့် အခါးက အခါး ကျေးဇူးပြုနေတာ မောင်နိုင် မင်းသည်ကားလို့ဆိုရင်ဖြင့် ချက်ပြုပ်စားလို့ ကောင်းပါ့မလား (မကောင်းပါဘူး ဘုရား) ရှင်းကြပြီလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။
တဏှာက ဘူးခါးသီး သေးသေးလေး (မှန်ပါ) ဥပါဒါန်က ဘူးခါးသီး ရင့်တာ (မှန်ပါ) ကဲ ဘယ်အသီး ကိုခင်ဗျားတို့ စားသင့်သတုံး (ဘယ်အသီးမှ မစားသင့် ပါဘူး ဘုရား)။
ကဲ ဒါကြောင့် ဒီဥစ္စာဘုရားသခင် ကိုယ်တော်မြတ် ကြီးက အင်း ပယ်မှ ရမယ်ဟေ့၊ ဆိုတာ ဘူးခါးသီးမျိုး ဖြစ်နေလို့ မှတ်လိုက်ပါ (မှန်ပါ) သဘောပါပြီလား (ပါပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် တဏှာက သမုဒယသစ္စာ၊ ဥပါဒါန်က (ဒုက္ခသစ္စာပါ ဘုရား) သိတဲ့ဉာဏ်က (မဂ္ဂ သစ္စာပါ ဘုရား)။
ဪ ဥပါဒါန နိရောဓော၊ ဥပါဒါန်ချုပ်ရင် နိဗ္ဗာန်ပဲ၊ တဏှာ၊ ဥပါဒါန်ချုပ်ရင် ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
အဲဒါကြောင့် “တဏှက္ခယောတိ နိဗ္ဗာနံ” လို့ဟော တယ် (မှန်ပါ) သဘောကျပြီလား (ကျပါတယ် ဘုရား)။
တဏှက္ခယောတိ (နိဗ္ဗာနံပါ ဘုရား) ဟော တဏှာနဲ့ ဥပါဒါန်ဟာ တဏှာချည့်ပဲ၊ “တဏှက္ခယောတိ နိဗ္ဗာနံ” လို့ ဘုရားက ဟောပြန်တော့လည်း ဟောထိုက် မဟောထိုက် (ဟောထိုက်ပါတယ် ဘုရား) အဲဒါ နိရောဓသစ္စာ သိတာ (မှန်ပါ)။
တဏှာဘယ်ကလာပါလိမ့်
ကောင်းပြီ ဒါဖြင့် ဒီတဏှာဘယ်က လာပါလိမ့်မလဲ (ဝေဒနာက လာတာပါ ဘုရား)။ ဝေဒနာက လာတယ်ဆို တော့ အခုတရားနာနေတဲ့ ဒကာ ဒကာမတွေ ဘုန်းကြီး ပြောတဲ့တရားကို ကောင်းတယ် ဆိုတာလည်း ခင်ဗျားတို့ ခန္ဓာထဲ ဝေဒနာက၊ ဝေဒနာရှိလို့ ဝေဒနာက ကောင်းတယ်ပြောတာ (မှန်ပါ)။
မကောင်းဘူး ပြောတော့လည်း ဘယ်သူရှိလို့ ပြောတာ တုံး (ဝေဒနာ ရှိလို့ပါ ဘုရား)။ အဲ ကြားရ၊ ပြန်တော့ လည်း ဘယ်သူရှိလို့ပါလိမ် (ဝေဒနာရှိလို့ပါ ဘုရား)။
ဝေဒနာရှိလို့ပဲ၊ ကြားတာက ဥပေက္ခာဝေဒနာ၊ “ဥပေက္ခာသဟဂတံ သောတဝိညာဏံ’’ကိုး (မှန်ပါ)။
ကြားတာလည်း ဘယ်သူ့ကြောင့်ကြားတုံး (ဝေဒနာကြောင့်ပါ ဘုရား)။ ဝေဒနာက ကြားတော့ ဪ ဒို့တရားနာနေတဲ့ ခန္ဓာကိုဆိုတာပါလား (မှန်ပါ)။ ပေါ်လာ ပြီ (ပေါ်လာပါပြီ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်သူ့ဆိုတာပါလိမ် (တရား နာနေတဲ့ ခန္ဓာကို ဆိုတာပါ ဘုရား)။ ဪ ဝေဒနာ၊ ဝေဒနာ ဆိုတော့ ဒကာ ဒကာမတွေ တခြားလား အောက်မေ့ နေတယ် ဒို့ကိုဆိုနေတာပါလား (မှန်ပါ) ပေါ်လာကြပြီ လား (ပေါ်လာပါပြီ ဘုရား)။
ဝေဒနာနဲ့တရားနာတယ်
ဒါဖြင့် ဝေဒနာတစ်ခုတည်းနဲ့ နာနေကြသလား၊ ဘုန်းကြီးတရားတွေ၊ မှတ်မိအောင် မှတ်မယ် ဆိုတာလေးများ ပါကြသေးလား (ပါပါတယ် ဘုရား)။ ဒါဖြင့် သညာနဲ့လည်း နာနေကြတယ် (မှန်ပါ)။ သဘောကျရဲ့ လား (ကျပါ တယ် ဘုရား)။
သညာပါတယ်
သညာနဲ့လည်း နာမှတ်နေကြတယ်ဆိုတာကိုလည်း ကိုပေါ်တို့၊ ကိုစံလှတို့ ငြင်းဖို့ လိုသေး သလား (မလိုပါဘူး ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မှတ်ရုံလေး မှတ်သလားတဲ့၊ တရားနာတဲ့ အခါမှာ ဒကာ ဒကာမတို့ နာလိုတဲ့ စေတနာလေးကော မပါဘူးလား (ပါပါတယ် ဘုရား)။
စေတနာပါတယ်
စေတနာက သင်္ခါရက္ခန္ဓာ (မှန်ပါ)။ သင်္ခါရက္ခန္ဓာ လည်းပါတယ် (မှန်ပါ)။ ဒီ သင်္ခါရက္ခန္ဓာခိုင်းတဲ့ အတိုင်းတဲ့ ဒကာ ဒကာမတွေ၏ စိတ်ကလေးကလည်း တရားထဲများ ဝင်စားကြရဲ့လား (ဝင်စားပါတယ် ဘုရား)။ ဝင်စားတယ် ဆိုတော့ စိတ်ကလည်း ပါတာပဲ (မှန်ပါ)။ သဘောကျ ရဲ့လား (ကျပါတယ် ဘုရား)။
ဒကာ ဒကာမတို့ လက်အုပ်ချီတော့၊ လက်အုပ်ချီကြ တယ်၊ ဘုန်းကြီးဘက် မျက်နှာမူကြတယ်၊ ဒါတွေက ရုပ်ဓမ္မတွေပဲ (မှန်ပါ)။ ဒါတွေ မပါပဲနဲ့ တရားနာလို့ ဖြစ်ရဲ့လား (မဖြစ်ပါဘူး ဘုရား)။
ရူပက္ခန္ဓာပါတယ်
မဖြစ်တော့ ရူပက္ခန္ဓာကြီးကလည်း ပါနေတယ် (ပါ ပါတယ် ဘုရား)။ မပါဘူးလား (ပါပါတယ် ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ “ဝေဒနာ ပစ္စယာ တဏှာ” လို့ ဆိုငြား သော်လည်း ခန္ဓာပစ္စယာ တဏှာလို့ မှတ်လိုက်တော့ (မှန်ပါ)။
ခန္ဓာငါးပါးကြောင့် ဘာလာဖြစ်သတုံး (တဏှာ လာဖြစ်ပါတယ် ဘုရား)။ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒီခန္ဓာငါးပါးဟာ ဒကာ ဒကာမတွေ သေသေချာချာ မှတ်လိုက်စမ်းပါ လောကလို့ခေါ်သည် (မှန်ပါ)။ ခန္ဓာလောက (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ခဏခဏဖြစ်ပျက်နေလို့လောက
ခန္ဓာကြီး ဘာခေါ်ကြမတုံး (လောကပါ ဘုရား)။ လောကလို့ မှတ်လိုက်စမ်းပါ၊ လောကဆိုတာက “လုဇ္ဇနပလုဇ္ဇနဋ္ဌေန လောကော” ခဏခဏ ဖြစ်ပျက်နေလို့ သူ့ဘာဆိုကြမလဲ (လောကပါ ဘုရား)။
လောကဆိုတာ ဒကာ ဒကာမတွေ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။ ဖြစ်ပျက်ကို ဘာခေါ်မယ် (လောကပါ ဘုရား)။
“လဇ္ဇန ပလုဇ္ဇနဋ္ဌေန လောကော’’။ လုဇ္ဇနပလုဇ္ဇနဋ္ဌေန = ခဏခဏဖြစ် ခဏခဏ ပျက်နေ သောကြောင့်၊ လောကော= ဒါ-ဝိပါကဝဋ်တရားကြီးပဲကွ (မှန်ပါ)။ ရိပ်မိ ကြပြီလား (ရှင်းပါပြီ ဘုရား)။
ဘယ်နှယ့်ကြောင့် လောကတုံး အို ခဏခဏဖြစ်၊ ခဏခဏပျက်နေသောကြောင့် လောကပေါ့၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။
ဒီလောက်တောင် ဖြစ်ပျက်နေရတဲ့ပုဂ္ဂိုလ် ဝဋ်ကျွတ်တာ လား၊ ဝဋ်ထဲနေတာလား (ဝဋ်ထဲ နေတာပါ ဘုရား)။ ဒါဖြင့် ဝဋ်ပဲ (မှန်ပါ)။ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
သေသေချာချာမှတ်ပါ ဒါ-မနေ့ကထက် ထူးခြားပြီး သကာလ လာတဲ့အဓိပ္ပါယ်လို့ မှတ်လိုက် စမ်းပါ (မှန်လှပါ ဘုရား)။
ဒါဖြင့် သူ့ကို ဘာခေါ်ကြမယ် လောက၊ ဘယ်နှယ် ကြောင့် မောင်နိုင် သူ့လောက နာမည် ပေးပါလိမ့် (ဖြစ် ပြီး ပျက်နေလို့ပါ ဘုရား)။ ဖြစ်ပျက်နေလို့ သူ့လောက (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဝဋ်သင့်တဲ့ပုဂ္ဂိုလ်
အဲ နောက်ကျတော့ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက လောကဆိုတာ ဖြစ်ပျက်နေတာပဲ ဒါကြောင့် ဘယ်လို ပုဂ္ဂိုလ်ဖြစ်ပျက်သတုံး ဆိုတော့ ဝဋ်သင့်တဲ့ ပုဂ္ဂိုလ် (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။
ဘယ်လိုပုဂ္ဂိုလ်ပါလိမ့် (ဝဋ်သင့်တဲ့ပုဂ္ဂိုလ်ပါ ဘုရား) ဝဋ်သင့်တဲ့ပုဂ္ဂိုလ်လို့ ကောင်းကောင်း ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့တရားနာရတာ လောကဝဋ်ကြီးကျွတ်ဖို့ပဲ (မှန်ပါ)၊ ဘယ်လို ဆိုကြပါ့မယ် (လောကဝဋ်ကြီးကျွတ်ဖို့ပါ ဘုရား)။
ဪ လောကဝဋ်ကျွတ်ဖို့ကို ဒကာ ဒကာမ တွေက စိတ်ထားကြ၊ ဒီလောကကြီးက ကျုပ် ထွက်ချင်ပြီ ထွက်ချက်လို့ရှိရင်ဖြင့် ကျုပ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အမျိုး မျိုး ဒီဆရာကောင်း သမားကောင်းတွေ နားထောင်ပြီး သကာလ လောကကြီးထဲက ထွက်အောင်လုပ်မှပဲ ဆိုပြီး လုပ်ကြငြား သော်လည်း လောကမှ မတွေ့သေးတဲ့ ပုဂ္ဂိုလ်က ကိုစောမောင် လောကကြီးက ထွက်ချင်တယ် ဆိုတဲ့ စကားဟာ အပိုပါပဲ (မှန်ပါ)။
ဒီဘဝ မပျော်လို့ ဟိုဘဝထွက်တာသာ ရှိပါလိမ့်မယ် (မှန်ပါ)။ ဒိပြင် ဘာရှိသေးသတုံး (မရှိပါဘူး ဘုရား)။ ဒီဘဝ မပျော်လို့ (ဟိုဘဝ ထွက်တာပါ ဘုရား)။ ဟိုဘဝထွက်တာသာ ရှိပါလိမ့်မယ် ဆိုတော့ ဒီဝဋ်က ဟိုဝဋ်ပြောင်းတာပဲ ရှိပါတယ် (မှန်ပါ)။
ဘဝဆုတောင်းရင်ထောင်ပြောင်တာ
တခြားဘာရှိသေးသတုံး (မရှိပါဘူး ဘုရား)။ ကိုစံလှရေ ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။ ဒါဖြင့် ဟိုဘဝ ဒီဘဝ ဆုတောင်းတဲ့ ပုဂ္ဂိုလ်ဟာ ထောင်ပြောင်းတာ (မှန်ပါ)။
ဘယ်လိုဆိုကြပါ (ထောင်ပြောင်းတာပါ ဘုရား)။ ထောင်ပြောင်းတာတော့ ကိုစောမောင် မထူးလှပါဘူး (မှန်ပါ)။ နောက်က ဒကာ ဒကာမတွေ ထောင်ပြောင်းတာများ အားကျစရာ လိုသေးသလား (မလိုပါဘူး ဘုရား)။
ဘာမှ မလိုဘူးတဲ့၊ ဒီထောင်က ဟိုထောင်ပြောင်းတာ ဟိုထောင်ကျတော့လည်း ဒီမုံညှင်းစိုက်၊ မုံလာစိုက်ပြီး သကာလ ဒီအဝတ်တွေ ဝတ်ပြီး ဒီသံကွင်းစွပ် နေရမှာပါပဲ (မှန်ပါ)။
မဟုတ်ဘူးလား၊ ဟိုဘက်ထောင်ကျတော့ကော ထူးအုံး မှာလား (မထူးပါဘူး ဘုရား)။ အဲ့ဒါတွေ သိထားတော့မှ ဪ ဘုရားရှေ့သွားပြီး သကာလ ထောင်ပြောင်းဆုများ တောင်းနေကြတဲ့ ဒကာ ဒကာမတွေ ဝဋ်ကိုလည်း မသိပါ။ လောကကိုလည်း (မသိပါဘူး ဘုရား)။
လောကဆိုတာ ဘယ်နှယ့်ကြောင့် လောကပါလိမ့် (ဖြစ်ပျက်နေလို့ပါ ဘုရား)။ ဖြစ်ပျက်နေတဲ့ သဘောတရားကို လောကလို့ ခေါ်တာ (မှန်ပါ)။
အဲ့ဒါ ဘုရားက နိဂုံးချုပ်လိုက်တော့ဘာတဲ့ ဝဋ်သင့်တာ၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။ ဝဋ်သင့်တာ ဆိုတာ ကျေနပ်ကြပြီလား (ကျေနပ်ပါတယ် ဘုရား)။
ဒါဖြင့် ဒီခန္ဓာမကောင်းလို့ ဟိုခန္ဓာပြောင်းတဲ့ ပုဂ္ဂိုလ် များသည် ဟိုမှာပဲ ပျက်ပြီး၊ ဟိုမှာ ဝဋ်သင့်တာမှ တစ်ပါး ကိုစောမောင် ဘာရစရာရှိသေးသတုံး (ဘာမှ ရစရာ မရှိပါ ဘုရား)။
အဲဒီကဲ့သို့ ဘုန်းကြီးများက ရှင်းရှင်းလင်းလင်းနဲ့ ဒကာ ဒကာမတွေကို ဆုံးမတော့မှ ဪ -ဒီဝဋ်ဆိုတာ အသေအချာ စဉ်းစားကြည့်တဲ့အခါကျတော့မှ မောင်နိုင်ရေ ဘာသစ္စာဖွဲ့မယ် (ဒုက္ခသစ္စာပါ ဘုရား)။
ခန္ဓာငါးပါးဒုက္ခသစ္စာ
ဒီကျတော့ ဘုရားက သံခိတ္တေန ငါရှင်းရှင်း ပြောရမှာ ဖြင့်၊ ပဉ္စုပါဒါနက္ခန္ဓာ မင်းတို့ရထားတဲ့ ခန္ဓာငါးပါးသည်၊ ဒုက္ခာ ဒုက္ခသစ္စာပဲဆိုတော့ ဝဋ်ကြီးကို သေချာနေတာပဲ (မှန်ပါ)။ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲ့ဒိလို့ သေချာတော့မှ ကိုင်း ဒကာ ဒကာမတို့ ဒီဝဋ်ကျွတ်ချင်ရင် ဘာလုပ်ရမတုံးလို့ မေးတဲ့ အခါကျလို့ရှိရင် ကွာတာ ငါဘု ရားသခင် ကိုယ်တော်မြတ်ကြီးသည် လောကံတိ ဒုက္ခသစ္စာ၊ သဘောကျပြီလား (ကျပါတယ် ` ဘုရား)။
လောကံတိ (ဒုက္ခသစ္စာပါ ဘုရား) ဟော အသေ အချာဟောတာ၊ စတုကနိပါတ် အင်္ဂုတ္တိုရ် လောကဝဂ် ရောဟိတနတ်သား ဟောတာ (မှန်ပါ)။ လောကံတိ ဘာတဲ့ (ဒုက္ခသစ္စာပါ ဘုရား)။
လောကသမုဒယတိ သမုဒယသစ္စာ ဆိုတော့ သူ့ကို ဖြစ်စေတဲ့ ခန္ဓာငါးပါး ပစ္စယာက သင်္ခါရတို့မလာဘူးလား (လာပါတယ် ဘုရား) အဝိဇ္ဇာတို့ (လာပါတယ် ဘုရား) မလာပေဘူးလား (လာပါတယ် ဘုရား)။
သူတို့က သမုဒယ သစ္စာဖြစ်တယ် (မှန်ပါ)။ သူက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။ ဒကာ ဒကာမတွေ ဒီနေ့ ရှေ့တိုးလိုက်တယ်နော် (မှန်ပါ)။
ဒါဖြင့် ဒကာ ဒကာမတို့ သင်္ခါရပစ္စယာ ဝိညာဏံဆို တော့ ဒီထဲမှာစိတ်က ပါပြီးသားဖြစ်နေတယ် (မှန်ပါ)။ ဒါကြောင့် သင်္ခါရပစ္စယာ ခန္ဓာငါးပါး (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။
ခန္ဓာငါးပါးဖြစ်တယ်
သင်္ခါရပစ္စယာ (ခန္ဓာငါးပါးပါ ဘုရား)။ အဲ ဝိညာဏ်နာမ်ရုပ် ရွတ်မနေနဲ့ ဝိညာဏ်ပါလို့ရှိရင် နာမ်ရုပ်က လည်း (ပါပြီးသားပါ ဘုရား)။ သဠာယတန (ပါပြီးသားပါ ဘုရား)။ ဖဿကော (ပါပြီးသားပါ ဘုရား)၊ ဝေဒနာကော (ပါပြီးသားပါ ဘုရား)၊ ခန္ဓာငါးပါးဖြစ်တယ်လို့ မှတ်လိုက် (မှန်ပါ)။
သင်္ခါရကြောင့် (ခန္ဓာငါးပါး ဖြစ်ပါတယ် ဘုရား)။ ဒါဖြင့် သင်္ခါရက သမုဒယသစ္စာ၊ သဘော ကျပြီလား (ကျပါ တယ် ဘုရား)။ ဒီခန္ဓာငါးပါးက (ဒုက္ခသစ္စာပါ ဘုရား)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် လောက ငါရှင်းအောင်ပြောမယ်ဟေ့ဆိုတော့ လောကတိဒုက္ခသစ္စာ၊ လောကသမုဒယံတိ သမုဒယသစ္စာ၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။
လောကနိရောဓတိ ဆိုတဲ့ဥစ္စာကတော့ သမုဒယနဲ့ ဒုက္ခချုပ်တာ (မှန်ပါ)။ သင်္ခါရနဲ့ ခန္ဓာငါးပါး ချုပ်တာ (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။
ပဋိပဒံတိ မဂ္ဂသစ္စာဆိုတော့ မင်းတို့မပွားများလို့ရှိရင် ချုပ်ကို မချုပ်ဘူး (မှန်ပါ)။ သဘောကျ ကြပြီလား (မှန်ပါ)။ မပွားများရင် (မချုပ်ပါဘူး ဘုရား)။
ချုပ်ကို မချုပ်ဘူးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရင်းရင်းနှီးနှီး စွဲစွဲမြဲမြဲ မှတ်လိုက်စမ်းပါ (မှန်ပါ)။ သတိပေး လိုက်တယ်နော် (မှန်ပါ)။
ကိုင်း ဒါဖြင့် မင်းတို့ကွာတဲ့ အဲဒီ ရောဟိတ နတ်သားဟောတော့ ငါသည်ကားလို့ ဆိုလို့ရှိရင် ကွာတဲ့ နိဗ္ဗာန် ကို မင်းတို့ဝေးတယ်လို့ ငါမဟောပါဘူး၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။
လောကဆိုတာလည်း မင်းသည်ကားလို့ဆိုရင် တခြား မဟုတ်ပါဘူးတဲ့၊ ဒါ နှစ်ခုဆိုနေတာပါ (မှန်ပါ)။ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် တိဏ၊ ဝနပဗ္ဗတေသု နဟောတိ မင်းတို့ ခန္ဓာငါးပါး ဒီမြက်တွေ တောတွေ တောင်တွေပေါ်မှာ နိဗ္ဗာန် ရှိတယ်လို့ ဟောတာ မဟုတ်ဘူး၊ မင်းတို့ခန္ဓာငါးပါးအပေါ် မှာ ရှိတယ်လို့ ဟောတာ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိ ပါပြီ ဘုရား)။
နိဗ္ဗာန်ဘယ်မှာရှိသတုံး
နိဗ္ဗာန်ဘယ်ရှိတုံး (ခန္ဓာငါးပါးအပေါ်မှာ ရှိပါတယ် ဘုရား)။ ခန္ဓာငါးပါးမှာ ရှိတယ် ဆိုတာ သဘော ကျပြီလား (ကျပါတယ် ဘုရား)။
ဒါကြောင့် လောကံတိ ဒုက္ခသစ္စာ၊ လောကသမုဒယံတိ သမုဒယသစ္စာ ဆိုတဲ့အတိုင်း ဣမသ္မိံ ယေဝ သရီရေ ဗျာမပတ္တေကဠေဝရေ၊ တစ်လံမျှလောက်ရှိသော ခန္ဓာကိုယ်ထဲ နိဗ္ဗာန်ရှာယူ ကွ (မှန်ပါ)။ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
ခန္ဓာကိုယ်ထဲမှာနိဗ္ဗာန်ရှာပါ
တစ်လံမျှလောက်ရှိသော ခန္ဓာကိုယ်ထဲမှာ (နိဗ္ဗာန် ရှာရမှာပါ ဘုရား)။ နိဗ္ဗာန်ရှာယူဆိုတော့ ဒါဖြင့် အဝေးရှာလေ မောင်နိုင် မတွေ့လေ (မှန်ပါ)။
ကိုစောမောင် အဝေးရှာလေ (မတွေ့လေပါ ဘုရား)။ ခန္ဓာထဲရှာရင်တော့ (တွေ့ပါတယ် ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့က သတိပေးရတယ် ပါဠိတော် တွေထဲကြည့်၊ မှန်ကလည်း မှန်လွန်းလို့ ကိုယ်ကိုယ်တိုင်က လည်း သဘောကျလို့ ဒကာ ဒကာမတွေ နိဗ္ဗာန်အရှာမလွဲ စေနဲ့ (မှန်ပါ)။ နိဗ္ဗာန် အရှာမလွဲစေနဲ့တော့ ဆို တာ အင်မတန် သတိပေးရတယ် (မှန်ပါ)။
တချို့က တံမြက်စည်းလှဲ ရှာတာလည်း ရှိသေးတယ် (မှန်ပါ)။ တချို့ ရေအိုးစဉ် တည်ရှာတယ် (မှန်ပါ)။ ဥပနိဿယသာ ဖြစ်ပါတယ်တဲ့ အရှာစစ်တော့ မဟုတ်ဘူး (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။ ရှင်းကြပြီ (ရှင်းပါပြီ ဘုရား)။
ရောဟိတနတ်သားကိုဟော တယ် ဒါဖြင့် ဘုရားက တစ်လံမျှလောက်သော ကိုယ်ထဲမှာ ရှာလို့ ရောဟိတနတ်သား အသေအချာ ဟောတယ် (မှန်ပါ)။ ဘယ်ရှာရမတုံး (တစ်လံမျှလောက်သော ကိုယ်ထဲမှာ ရှာရမှာပါ ဘုရား)။
ကိုယ့် အလံနဲ့ ကိုယ်လံကြည့် ဒကာ ဒကာမတို့ လေးတောင်ချည့် ရှိကြမှာပဲ လူတိုင်း (မှန်ပါ)။ ပုတဲ့ ပုဂ္ဂိုလ်လည်း၊ ကိုယ့်အတောင်နဲ့ ကိုယ်တော့ (လေးတောင် ပါ ဘုရား) ရှည်တဲ့ပုဂ္ဂိုလ်လည်း (လေးတောင်ပါ ဘုရား)။
မှတ်ချက်။ ။‘‘ဣမသ္မိံယေဝ ဗျာမမတ္တေ ကဠေဝရေ သသညမှိ သမနကေ လောကဉ္စ ပညပေမိ လောကသမုဒယဉ္စ လောကနိရောဓဉ္စ လောကနိရောဓဂါမိနိဉ္စ ပဋိပဒန္တိ။’’ (သဂါထာဝဂ္ဂပါဠိ၊၆၁)
အဲဒီမှာ ရှာလို့ဆိုထားတာ (မှန်ပါ)။ ‘‘သသညိမှိ သမနကေ’’ တဲ့၊ သညာရှိတဲ့နေရာ၊ စိတ်ရှိတဲ့ နေရာ ရှာပါကွ ဆိုတော့ ခန္ဓာငါးပါးထဲ ရှာပါလို့ ပြောထားတာ (မှန်ပါ)။
အဲဒိမှာ လောကဉ္စ ပညာပေမိတဲ့ လောကဆိုတာလည်း ဒီခန္ဓာငါးပါးဆိုတာ၊ လောကသမုဒယဉ္စ ပညာပေမိတဲ့ လောက ဖြစ်ကြောင်း ဟာလည်း သူဖြစ်မှပါတာပဲကွ (မှန်ပါ)။ ဟုတ်ဖူးလား (မှန်ပါ)။
လောကနိရောဓဉ္စ ပညာပေမိတဲ့ လောကချုပ်ရာ နိဗ္ဗာန်ဟာလည်း ဒီအထဲမှာပဲ ငါပညတ်တယ် သဘောကျ ပြီလား (ကျပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အဝေးမရှာပါနဲ့ဆိုတာကို ဝမ်းထဲက လှိုက်လှိုက်လဲလဲနဲ့ ခင်ဗျားတို့ကို သတိပေးတယ် (မှန်ပါ)။
အဝေးရှာလေလေ မောင်နိုင် (မတွေ့လေလေပါ ဘုရား)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။ ရှိရာ မရှာပဲနဲ့ မရှိရာ ရှာနေကြမယ်ဆိုလို့ရှိရင် ကိုစောမောင်သွားပြီး (မှန်ပါ)။ မောရုံပဲ (မှန်ပါ)။ ရှင်းကြပြီလား (ရှင်း ပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ရှာရင် ခန္ဓာမှာတွေ့ပါလိမ့်မယ် (မှန်ပါ)။ နိဗ္ဗာန်ရှာရင် (ခန္ဓာမှာတွေ့မှာပါ ဘုရား)။ ခန္ဓာမှာ တွေ့ပါလိမ့်မယ်ဆိုတာ ဘယ်အခါကာလမှ မမေ့ပါနဲ့ (မှန်ပါ)။ နိဗ္ဗာန်ရှာချင်လို့ရှိရင် ခန္ဓာထဲမှာပဲ တွေ့လိမ့်မယ် (မှန်ပါ)။
ခန္ဓာငါးပါးထဲမှာ တွေ့မှာပေါ့ အို ခန္ဓာငါးပါး ဆုံးတဲ့ အခါတွေ့တာပဲ (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။
နိဗ္ဗာန်ရှာချင်ရင်ဘယ်မှာရှာရမယ်
နိဗ္ဗာန်ရှာရင် ဘယ်မှာ ရှာရမယ် (ခန္ဓာငါးပါးထဲမှာ ရှာရမှာပါ ဘုရား)။ အဲ ရှာဖန်များလာတော့ ဒီခန္ဓာကြီးဟာ ခုနက စပြောခဲ့သလို ကိုစောမောင်ရေ အသေတွေ နင်းနင်းသွား နေရတယ်နောက် အသေတွေ မုန်းလာတယ် (မှန်ပါ)။ နောက် ဒီအသေတွေ ငြိမ်းချင်တဲ့ သဘောမပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။
ငြိမ်းချင်တဲ့ သဘောပေါ်တဲ့ အခါကျတော့ အသေ ပျောက်တယ် (မှန်ပါ)။ အသေပျောက်တော့ အနေဆိုတဲ့ နိဗ္ဗာန်ရောက်တယ် (မှန်ပါ)။
အသေပျောက်တော့ (အနေဆိုတဲ့ နိဗ္ဗာန်ရောက် ပါတယ် ဘုရား)။ အနေ နိဗ္ဗာန် ရောက်လာတယ် ဆိုတော့ အားငယ်စရာ ရှိသေးသလား (မရှိပါဘူး ဘုရား)။
ဪ ဒါဘယ်မှာရှာလို့ မောင်နိုင် အနေ နိဗ္ဗာန် တွေ့တာပါလိမ့် (ခန္ဓာမှာရှာလို့ပါ ဘုရား)။ ဪ ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ရှာတာဟာ မလွဲဖို့ အကြောင်းကို ယနေ့အထူးတလည် ပြောပြန်တော့ ဪ ဒို့ရှာနေတာက မရှိရာရှာနေတယ် (မှန်ပါ)။ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
မရှိရာရှာလို့မတွေ့တာ
မရှိရာ ရှာနေတယ် ဆိုလို့ရှိရင်ဖြင့် ဒီမိုးကုတ်မြေမှာ အေးလွန်းလို့ ကွမ်းပင်လည်း မပေါက်နိုင်၊ မကျည်းပင်၊ ဆီးပင် တို့လည်း၊ မပေါက်နိုင်၊ ဒီနေရာ လျှောက်ရှာနေမယ်ဆိုရင်ဖြင့် ကျုပ် ဆီးသီး လိုချင်လို့၊ မကျည်းသီးလိုချင်လို့၊ ကွမ်းစားချင်လို့ ကွမ်းပင် ရှာနေတယ် ဆို ကိုစောမောင် ရှာလေ မတွေ့လေပဲ (မှန်ပါ)။
မရှိရာကို (ရှာနေလို့ပါ ဘုရား)။ ရှိရာ ရှာရင်တော့ ဖြင့် (တွေ့ပါတယ် ဘုရား)။ မုံညှင်းရှာမယ်၊ ဆိုင်ရာ မက်ခေါက်ရှာမယ်၊ ပန်းမုန်လာရှာမယ် တွေ့မှာပဲ (မှန်ပါ)။
ဒီမှာလည်း ဒကာ ဒကာမတွေ ရှိရာ ရှာလို့ရှိရင် တွေ့ကြပါလိမ့်မယ် (မှန်ပါ)။ ဒါဖြင့် ကျုပ်တို့ တစ်သံသရာ လုံးဟာ ဘယ်နှယ့်ကြောင့် နိဗ္ဗာန်ကို ကျုပ်တို့ မျက်မှောက်မပြု နိုင်ပါလိမ့်မတုံး၊ ဘယ်နှယ့်ကြောင့် မရောက်နိုင်ပါလိမ့်မတုံးဆို တာ မရှိရာ ရှာနေလို့၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။
ခန္ဓာနဲ့ဉာဏ်နဲ့တည့်ရမှာ
ဘယ်လို ဆုံးဖြတ်ချက်ချမတုံး (မရှိရာ ရှာနေလို့ ပါ ဘုရား)။ ဒါဖြင့် ခန္ဓာနဲ့ ဉာဏ်နဲ့တည့်ပါ (မှန်ပါ)။ ဘယ်လို (ခန္ဓာနဲ့ဉာဏ်နဲ့ တည့်ရမှာပါ ဘုရား)။ သဘောပါကြပြီလား (ပါပါတယ် ဘုရား)။
တစ်လံမျှလောက်သော ခန္ဓာကိုယ်ထဲမှာ ရှာပါကွာလို့ ဆိုပါရဲ့ သားနဲ့ ကျုပ်တို့ က နှစ်လံဆီ သွားရှာနေတော့ ကိုစောမောင် (မတွေ့ပါဘူး ဘုရား)။ သွားပြီတဲ့ မရနိုင်ဘူး၊ မရနိုင်ဘူး (မှန်ပါ)။
ဘာကြောင့်တုံးဆိုတော့ ဒုက္ခရှိတဲ့ နေရာမှ ဒုက္ခအဆုံး တွေ့မှာကိုး (မှန်ပါ)။ သဘောကျပြီလား (မှန်ပါ)။
အဲဒါ ဝတ္ထုမထုတ်တော့ပါဘူး၊ သူတို့ အရှာလွဲပုံကို ဝတ္ထုမထုတ်တော့ပါဘူး၊ ဒကာ ဒကာမတွေ အရှာတည့်ဖို့သာ ဘုန်းကြီးက အဓိကထားပြောဆိုနေပါတယ် (မှန်ပါ)။
နိဗ္ဗာန်ရှာရင်ခန္ဓာမှာတွေ့မယ်
ကဲ ဒါဖြင့် နိဗ္ဗာန်ရှာရင် ခန္ဓာမှာတွေ့ပါလိမ့်မယ်၊ (မှန်ပါ)။ ဒကာ ဒကာမတို့ နိဗ္ဗာန်ရှာရင် (ခန္ဓာမှာတွေ့မှာပါ ဘုရား)။ ခန္ဓာမှာတွေ့ပါလိမ့်မယ် ဆိုတာ ယနေ့ ကောင်းကောင်း ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ရှေ့ကို တရားမဟောသေးပါဘူး၊ ဒီဘက်မှာ ကျန်သေးတယ် ဟောစရာတွေ၊ သို့သော် ရှာနည်းကို သင်ကြစို့တော့ (မှန်ပါ)။
လောကံတိ ဒုက္ခသစ္စာ ဆိုတော့ ဒီလောက (မှန်ပါ)။ လောကသမုဒယံတိ သမုဒယသစ္စာ ဆိုတော့ သူဖြစ်စေတဲ့ အကြောင်း (မှန်ပါ)။
လောကနိရောဓံတိ နိရောဓသစ္စာ ဆိုတော့ သူသာချုပ် လို့ရှိရင် ဘာသစ္စာတုံး (နိရောဓသစ္စာပါ ဘုရား)။
လိုချင်လို့ရထားတဲ့ခန္ဓာ
ဒါဖြင့် ကျုပ်တို့သည် သူ့ဟာလိုချင်လို့ ရထားတာ ကိုစောမောင် (မှန်ပါ)။ ခန္ဓာငါးပါးဟာ ဒကာ ဒကာမတွေ ဘယ်နှယ့်ကြောင့် (လိုချင်လို့ရထားတာပါ ဘုရား)။
လိုချင်တဲ့ တရားကြောင့် ရထားတဲ့ခန္ဓာ၊ လိုချင်တဲ့ တရားများ ချုပ်သွားမယ်ဆိုရင်ဖြင့် ဒီခန္ဓာ ပျောက်လိုက်၊ မပျောက်လိုက် (ပျောက်လိုက်ပါတယ် ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် လိုချင်တုန်းကို ဒီခန္ဓာဘယ်တော့မှ မပျောက်ဘူး (မှန်ပါ)။ မလိုချင်တဲ့ဉာဏ်ပေါ်လာရင် (ပျောက်ပါ တယ် ဘုရား)။ ပျောက်ရင် လောကနိရောဓတိ ဘာသစ္စာတုံး (နိရောဓသစ္စာပါ ဘုရား)။
တစ်ခါတည်း ဒီနေရာမှာ လာတွေ့တယ် (မှန်ပါ)။ ဒကာ ဒကာမတွေ နိဗ္ဗာန်ဟာ ဝေးသလား၊ နီးသလား (နီးပါတယ် ဘုရား)။ သူချုပ်တဲ့ နေရာမှာ လာတွေ့တယ် (မှန်ပါ)။
ဥပမာ တစ်လက်မလောက်အတွင်းမှာ ချုပ်သွားတယ်၊ တစ်လက်မလောက် နေရာမှာ နိဗ္ဗာန် ပေါ်တာ (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။
အဲ ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတာသည် ကားလို့ဆိုရင် မရှာတတ်လို့ ခက်ကြတာကိုး (မှန်ပါ)။ ဘယ်လိုမှတ်ကြမယ် (မရှာတတ်လို့ပါ ဘုရား)။ ရှာတတ်ပြန် တော့လည်း၊ ဪ ဒီနားတင် ရှိနေပါလားလို့ ဘုရားက နိဗ္ဗာနဿေဝ သန္တိကေကွ (မှန်ပါ)။ မဟောဘူးလား (ဟောပါတယ် ဘုရား)။ သန္တိကော၊ သံယုတ်ပါဠိတော်ပဲ၊ နိဗ္ဗာနဿဝ နိဗ္ဗာန်သည် ခရီးမဝေး အနီးလေး၌ရှိသည် ဟောတိ- ဖြစ်၏။
ဘာ့ကြောင့်သံသရာရှည်ခဲ့ရတာတုံး
ဘုရားက အနီးလေးဟောထားပါရဲ့ သားနဲ့ ကျုပ်တို့မှာ ရှိရာမရှာ၊ မရှိရာရှာမှု ကျုပ်တို့၏ လွဲချော်မှုကြောင့် သံသရာ ရှည်ခဲ့ရတယ် (မှန်ပါ)။ စွဲချက်တင်နိုင်ကြပြီလား (တင်နိုင်ပါတယ် ဘုရား)။
သံသရာရှည်ခဲ့ရတာ ဘာတုံး ရှိရာကို (မရှာပါ ဘုရား) မရှိရာကို (ရှာပါတယ် ဘုရား)။ အဲ ဒါကြောင့် ဒကာ ဒကာမတို့ သတိပေးရတယ်၊ မရှိရာ ရှာလို့ရှိရင်တော့ ကိုစောမောင် ဘယ်နည်းနဲ့မှ မတွေ့ပါဘူး (မှန်ပါ)။
ရှိရာ ရှာလို့ရှိရင် တစ်နေ့နေ့တော့ (တွေ့ရမှာပါ ဘုရား)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။ ရှိရာ ရှာရင်တစ်နေ့နေ့မှာ (တွေ့ရမှာပါ ဘုရား)။
အဲ ခုတော့ဖြင့် ဒကာ ဒကာမတွေ နိဗ္ဗာန်ဟာ ဒီခန္ဓာအဆုံးမှာရှိတယ်၊ ဒီခန္ဓာက လေးတောင် ရှိလို့ရှိရင် ဒီလေးတောင်ပျောက်တဲ့နေရာ ရှိပါတယ် (မှန်ပါ)။ သဘော ကျပြီလား (ကျပါတယ် ဘုရား)။
နှစ်တောင်ရှိတဲ့ ပုဂ္ဂိုလ် နှစ်တောင်ပျောက်တဲ့နေရာ (ရှိပါတယ် ဘုရား)။ ဪ ဘာကြောင့်တုံး ဆိုတော့ နှစ်တောင်က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
နှစ်တောင်ပျောက်သွားတော့ကို ဒုက္ခသစ္စာ ချုပ်မသွား ဘူးလား (ချုပ်သွားပါတယ် ဘုရား)။ ချုပ်သွားတော့ နှစ်တောင် ပျောက်တဲ့ နေရာ ဘာသစ္စာပေါ်ရမတုံး (နိရောဓသစ္စာပါ ဘုရား)။
ဪ ဒီနေရာ ရှာတော့ ဒီနေရာတွေ့ ရှိတဲ့နေရာ ရှာတော့ တွေ့တယ် ကိုစောမောင် (မှန်ပါ)။ မရှိတဲ့ နေရာ ရှာတော့ (မတွေ့ပါဘူး ဘုရား)။
ရှာမှုလွဲလို့
ဒါဖြင့် သံသရာ ရှည်ခဲ့ကြတဲ့ ဒကာ ဒကာမတွေသည် ကားလို့ဆိုလို့ရှိရင့်ဖြင့် ဘယ်အတွက် ကြောင့်ပါလိမ့် မတုံးလို့ ဆိုတော့ ရှာမှုလွဲလို့ (မှန်ပါ)။ ဘယ်လို ဆုံးဖြတ်ချက်ချမတုံး (ရှာမှုလွဲလို့ပါ ဘုရား)။
ရှာမှုလွဲလို့ ဒကာ ဒကာမတွေ ဒါကောင်းကောင်း သဘောပါပြီလား (ပါပါပြီ ဘုရား)။ နိဗ္ဗာန် မတွေ့ခဲ့ကြတာ (ရှာမှုလွဲလို့ပါ ဘုရား)။
မရှိရာရှာ၊ ရှိရာမရှာ ကောင်းကောင်းရှင်းကြပြီ လား (ရှင်းပါပြီ ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတွေ တရားအားထုတ်တဲ့ ဒကာ ဒကာမတွေ အားလုံးပဲ၊ အိမ်မှာပဲ အားထုတ်တဲ့ ဒကာ ဒကာမဖြစ်ဖြစ် ဒီမှာလာပြီးကြိုးစားတဲ့ ဒကာ ဒကာမဖြစ်ဖြစ်၊ မင်းတို့ဉာဏ်ဘယ်မှ မလှည့်နဲ့နော် ခန္ဓာသာလှည့်ပါဆိုတာ ဘုန်းကြီးထပ်ပြန်တလဲလဲ ယောဂီအပေါင်းကို ဟောလေ့ရှိတယ် (မှန်ပါ)။
ရှိရာကို (ရှာရမှာပါ ဘုရား)။ ရှိရာ ရှာကြပါဆိုတာ ကော သေချာကြပြီလား (သေချာပါတယ် ဘုရား)။
နိဗ္ဗာန်ဘယ်နေရာမှာရှိသတုံး
ကောင်းပြီ ဒါဖြင့် နိဗ္ဗာန်ဘယ်နေရာရှိသတုံး (ခန္ဓာအဆုံးမှာ ရှိပါတယ် ဘုရား)။ ခန္ဓာအဆုံးမှာ ရှိတယ် (မှန်ပါ)။ ခန္ဓာရှိတုံးက သူမရှိဘူး (မှန်ပါ)။ ခန္ဓာချုပ်သွား ရင်တော့ (ရှိပါတယ် ဘုရား)။
ကိုင်း ဒါကြောင့် အားလုံးတရားနာတဲ့ ဒကာ ဒကာမတွေကော၊ တရားအားထုတ်တဲ့ ဒကာ ဒကာမ တွေကော ဒီနေရာမှာ အမည်းစက်၊ အမည်းစက်ဆိုတာ အဖြူပေါ် ကွက်တာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒီနေရာမှာ အမည်းပျောက်လို့ရှိရင် အဖြူ၊ ဘယ်နေရာ က ပေါ် သတုံးလို့မေးရင် ဘယ်နှယ့် ဖြေမလဲ (အမည်းပျောက်တဲ့ နေရာမှာ အဖြူပေါ်ပါတယ် ဘုရား)။ ဒါပဲ ဖြေစရာ ရှိတယ် (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
အမည်းစက်ရှိတယ်ဆိုကတည်းက ဒကာ ဒကာမတွေက စဉ်းစားတာပေါ့ အဖြူပေါ်ဖြင့် ကွက်နေတာပဲ (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒီအမည်းစက်ပျောက်တဲ့ဆေးကို ကျုပ်တို့ အက်ဆစ်တို့ ဆော်ဒါတို့နဲ့ အမျိုးမျိုးအဖုံဖုံ ပွတ်သတ် ပစ်လိုက်မယ် ဆိုလို့ရှိရင် ဖြင့် အဖြူဘယ်နေရာက ပေါ်ပါ့မတုံး (အမည်းပျောက်တဲ့ နေရာက ပေါ်မှာပါ ဘုရား)။
ဒါပဲ ဒုက္ခပျောက်တဲ့နေရာမှာ နိရောဓပေါ်တာပဲ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ဒုက္ခပျောက်တဲ့ နေရာ (နိရောဓပေါ်ပါတယ် ဘုရား)။
ဒုက္ခမတွေ့လို့နိရောဓမတွေ့တာ
ဪ ဒါဖြင့် ဒို့က ဒုက္ခမတွေ့လို့ နိရောဓ မတွေ့ တာဟေ့ (မှန်ပါ)။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ကြတော့ (မှန်ပါ)။ ဘယ်လိုအပြစ်တင်ကြမတုံး (ဒုက္ခမတွေ့လို့ နိရောဓမတွေ့တာပါ ဘုရား)။
ဒုက္ခသာတွေ့လိုက်လို့ ဒုက္ခရွံလို့၊ ဒုက္ခမုန်းလို့၊ ဒုက္ခတွေ့ ပြီး၊ ဒုက္ခရွံလို့ ဒုက္ခမုန်းခဲ့သည်ရှိသော် ဒကာ ဒကာမတို့ သုခတော့ဖြင့် ဒီနေရာပဲပေါ်ရမယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့ ရှေးဦးစွာ တော့ဖြင့် နိဗ္ဗာန်ကို ဘယ်သူမှ တွေ့ကြ မှာတော့ မဟုတ်ဘူး (မှန်ပါ)။ ဘာကြောင့်တုံး အမည်းဖုံးနေလို့ (မှန်ပါ)။
အမည်းဖုံးနေတာကို အဖြူတွေ့ချင်ပါတယ်ဆိုလို့ တော့ဖြင့် မောင်နိုင်မရပေဘူး (မှန်ပါ့)။ ဆုံးဖြတ်ချက်မချ နိုင်ဘူးလား (ချနိုင်ပါတယ် ဘုရား)။
ဒုက္ခမတွေ့ရင်နိဗ္ဗာန်မတွေ့
ဒီအမည်းကို ပျောက်တဲ့နည်းနဲ့ ပွတ်ရ၊ သတ်ရ၊ ချွတ်ရ လို့ရှိရင်ဖြင့် တွေ့တော့မှာပဲ (မှန်ပါ)။ ဒီနေ့ တစ်ထစ်ချ မှတ်စရာတစ်လုံးက ဒုက္ခမတွေ့ရင် ဘယ်တော့မှ နိဗ္ဗာန်မတွေ့ လို့ မှတ်လိုက် (မှန်ပါ)။
ဒုက္ခမတွေ့ရင် (နိရောဓမတွေ့ပါ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်လိုချင်လို့ရှိရင် ရှေးဦးစွာ တစ်လံမျှလောက်သော ခန္ဓာကိုယ်ဒုက္ခတွေ့ ဖို့အရေးဟာ တစ်နံပါတ်အရေး (မှန်ပါ)။
နောက်မှ ဦးဘလေးတို့ နိဗ္ဗာန်တွေ့ဖို့ အရေးဟာ နှစ်နံပါတ်အရေး (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းကြပါပြီ ဘုရား)။
ဒါဖြင့် ဒီနေ့ တရားနာရတဲ့ ဒကာ ဒကာမတွေ ဪ နိဗ္ဗာန်ဆိုတာ ဒို့အဝေးရှာရင် ရှာလေ လွဲလေပဲ (မှန်ပါ)။ အနီးပင် ရှာငြားသော်လည်း အနီးကို ဒုက္ခမဖြစ်သေးရင်လည်း၊ ဒုက္ခသစ္စာ မဖြစ်သေးရင်လည်း နိဗ္ဗာန် တွေ့လိမ့်မည် မဟုတ်သေး (မှန်ပါ)။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ဆီမှာ စင်္ကြန်ကျောင်းပေါ်မှာ အားထုတ်တယ်၊ ဟိုကမ္မဋ္ဌာန်းကျောင်းမှာ အားထုတ်တယ်၊ ဒီဘက် ဇရပ်တွေမှာ အားထုတ်ကြတယ်။
ဘယ်နေရာမှာ ဒုက္ခချုပ်သွားပါလိမ့်
ဒကာ ဒကာမတို့ ဒုက္ခချုပ်သွားတဲ့ အခါကျလို့ရှိရင်ဖြင့် ဘယ်နေရာများ ချုပ်သွားပါလိမ့်မတုံး၊ ထိုင်ရင်းချုပ်သွားတာပဲ ဘုရားဆိုရင် ထိုင်တဲ့နေရာ ဒုက္ခအဆုံးတွေ့တာပဲ (မှန်ပါ)။ ဘယ်နေရာမှ တွေ့စရာ မလိုတော့ဘူး (မှန်ပါ)။
ထိုင်တဲ့နေရာတွေ့ ရမှာ (မှန်ပါ)။ ထိုင်တာက ဒုက္ခသစ္စာကြီး ထိုင်နေတာ (မှန်ပါ)။ ဒုက္ခသစ္စာကြီး ချုပ်သွားပါတယ်ဆိုတော့ ဒီထိုင်ရုပ်ကြီး ပျောက်ပြီး သကာလ ဒုက္ခချုပ်တာ မြင်တဲ့ဉာဏ်ကလေး ကျန်နေသေးတယ် (မှန်ပါ)။
တခြားသွားပြီး နိဗ္ဗာန်တွေ့တာလား၊ ကိုယ့်ဇရပ်နဲ့ ကိုယ်နေတဲ့ နေရာမှာ လာတွေ့တာလား (ကိုယ့်ဇရပ်နဲ့ ကိုယ်နေတဲ့နေရာမှာတွေ့တာပါ ဘုရား)။
ထိုင်တော့ နှစ်တောင် ရှိတယ်၊ အဲဒိ နှစ်တောင်မှာပဲ နိဗ္ဗာန်လာတွေ့တယ် (မှန်ပါ)။
ရပ်ကြည့်တော့ လေးတောင်ရှိတယ်၊ လေးတောင် အဆုံးမှာ (နိဗ္ဗာန်တွေ့ပါတယ် ဘုရား)။ နိဗ္ဗာန်လာတွေ့ တယ်ဆိုတော့ ဪ ဪ ရှာတတ်ရင်လည်း အလွယ်လေးပါလား ဆိုနိုင်ကြပြီလား (ဆိုနိုင်ပါတယ် ဘုရား)။
အရှာမတည့်လို့ဖြစ်လိမ့်မယ်
ဒါဖြင့် တပည့်တော်တို့ဖြင့် ဘုရား ရှာလာတာလည်း ကြာပေါ့ တွေ့ကိုမတွေ့သေးပါဘူး၊ ဟာ ဒါဖြင့် အရှာမတည့် လို့ဖြစ်ပါလိမ့်မယ် (မှန်ပါ)။
ဘယ်လို ဆုံးဖြတ်ချက်ချပေးရမတုံး (အရှာမတည့် လို့ပါ ဘုရား)။ အရှာမတည့်လို့ ဖြစ်ပါလိမ့်မယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စွဲချက်တင်လိုက်ရမယ် (မှန်ပါ)။
ရှိတဲ့နေရာမရှာမိ၊ မရှိတဲ့နေရာ ရှာမိတော့ ကိုယ်ကျိုး နည်းနေတာပေါ့ (မှန်ပါ)။ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် ရှိတဲ့နေရာ ယနေ့ဖြင့် ရှင်းရှင်းလင်းလင်း ပဲ သိပါပြီး (မှန်ပါ)။ မသိသေးဘူးလား (သိပါပြီ ဘုရား)။ သိ တော့ ဒီကနေပြီး သကာလ ဒကာ ဒကာမတွေက ဒီခန္ဓာငါးပါးထဲက မနေ့က ဝေဒနာ ဟောလိုက်တယ်နော် (မှန်ပါ)။
ယနေ့စိတ်ကိုဟောမယ်
ယနေ့တော့ဖြင့် စိတ်ကို ဟောလိမ့်မယ်လို့ မှတ်လိုက်ပါ (မှန်ပါ)။ ခန္ဓာငါးပါးထဲက ကိုစောမောင် ယနေ့ ဘာဟောမှာတုံး (စိတ်ကိုဟောမှာပါ ဘုရား)။
အို စိတ်ဟောလို့ အရှင်ဘုရား တပည့်တော်တို့ ကွက်ရှုရမယ် ဆိုလို့သာ ကွက်ရှုတာ ဖြစ်စဉ်က ငါးပါးထဲကနော် လို့ စောစောကတည်းက ခင်ဗျားတို့က သတိထားလိုက် (မှန်ပါ)။ ခွဲလို့ကို မရဘူး (မှန်ပါ)။
ရှုတော့သာ ကျုပ်တို့က တစ်ပါးတည်း ရှုခိုင်းတာ၊ ခွဲလို့ က (မရပါဘူး ဘုရား)။ ဪ ဒါဖြင့် ဒီစိတ်ကို အဆုံးများ လိုက်လိုက်ရလို့ရှိရင် ဒီရုပ်ကြီးက တင်းတင်းကြီး ကျန်နေဦး မှာလား (မကျန်ပါဘူး ဘုရား)။ ဝေဒနာကကော (မကျန်ပါဘူး ဘုရား)။
သညာကကော (မကျန်ပါဘူး ဘုရား)။ ဘာကြောင့် တုံးလို့ မေးတဲ့ အခါကျတော့ ဒကာ ဒကာမတို့ ဖြစ်ပေါ် ဖြစ်ဖက် သဟဇာတပစ္စယော (မှန်ပါ)။ အတူတကွ ဖြစ်ပေါ် ဖြစ်ဖက်ပေါ့ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲဒီတော့ တစ်ခုဆုံးရင် ဘယ်နှယ့်ဆိုကြပါ့ (အကုန်ဆုံးပါတယ် ဘုရား)။ အကုန်ဆုံးသွားတော့၊ ငါးပါးဆုံး သွားတော့ ငါးပါးက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။
ငါးပါးဆုံးသွားတော့ (နိရောဓသစ္စာပါ ဘုရား)။ ဪ ဒီနားတွင်၊ ဒီနားပေါ်ပြီ ဒကာ ဒကာမတို့ နိဗ္ဗာန်တင် မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ခန္ဓာငါးပါးအဆုံးမှာနိဗ္ဗာန်ရှိတယ်
နိဗ္ဗာန် ဒီငါးပါးအဆုံးမှာရှိတယ် (မှန်ပါ)။ ကိုစောမောင် (နိဗ္ဗာန်ဒီငါးပါးအဆုံးမှာ ရှိပါတယ် ဘုရား)။ ကိုစံလှရေ (ငါးပါးအဆုံးမှာ ရှိပါတယ် ဘုရား)။
ဒါဖြင့် ကျုပ်တို့မှာ ဒီငါးပါးနဲ့ နေတဲ့ပုဂ္ဂိုလ်၊ ဒီငါးပါး အဆုံးမလိုက်တတ်၍သော် လည်းကောင်း၊ ငါးပါးကို ဉာဏ်မလိုက်၍သော် လည်းကောင်း နိဗ္ဗာန်နဲ့ ဝေးကြရတယ် (မှန်ပါ)။
တရားထူးနာရလို့ဝမ်းမြောက်ကြစမ်းပါ
ကိုယ်ရေ နေရာကျပြီလား (ကျပါတယ် ဘုရား) ယနေ့တရားထူး၊ တရားမြတ်နာရတဲ့ ဒကာ ဒကာမတွေ အလွန် ဝမ်းမြောက်စရာကောင်းတယ် (မှန်ပါ)။
အလွန်ဝမ်းမြောက်ကြစမ်းပါလို့၊ ဘုန်းကြီးတို့ ဟောရတဲ့ ပုဂ္ဂိုလ်မှာလည်း အင်မတန်မှ ဝမ်းသာပါတယ်၊ ချီးမြှောက်ထောက်ပံ့ပြီး သကာလ မေတ္တာရှေ့ထားပြီး သကာလ ကရုဏာ နဲ့ ပြောနေရတော့ ခင်ဗျားတို့လည်း အင်မတန် ဝမ်းမြောက် ကြစမ်းပါ။
ဪ ငါးပါးထဲက တစ်ပါးရှ၊ တစ်ပါးရှုတော့လည်း ဖြစ်ပေါ်ဖြစ်ဖက်မို့ တစ်ပါးပျက်တော့လည်း အကုန်ပျက် (မှန်ပါ)။ တစ်ပါးဆုံးသွားလို့ရှိရင် (အကုန်ဆုံးပါတယ် ဘုရား)။
အကုန်ဆုံးတော့ ဒီခန္ဓာဆုံးသွားတဲ့နေရာမှပဲ ခန္ဓာမရှိ တာပေါ် ရမယ် (မှန်ပါ)။ ခန္ဓာရှိတာ ဒုက္ခသစ္စာ၊ ခန္ဓာမရှိ တာ (နိရောဓသစ္စာပါ ဘုရား)။
ဒီနေရာပေါ်မှ၊ ဒိပြင်နေရာပေါ် စရာကိုမရှိဘူး (မှန်ပါ)။ ရှင်းရှင်းလင်းလင်းပဲပြောနေပါတယ် ဒကာ ဒကာမတို့၊ ကောင်းကောင်းကော သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
တစ်သံသရာမှတစ်ခါကြားရတာ
အင်မတန် ဂရုစိုက်ကြစမ်းပါ၊ တစ်သက်မှ တစ်ခါဆို သလို၊ တစ်သံသရာမှ တစ်ခါဆိုသလို ကိုစောမောင် ဒီလို နက်နက်နဲနဲကို ကြားရတာနော် (မှန်ပါ)။ လွယ်ကူကြ ရဲ့ လား (မလွယ်ကူပါဘူး ဘုရား)။
ဒါဖြင့် တပည့်တော်တို့က ဒီနိဗ္ဗာန်ကို ဒီခန္ဓာဆုံးသွား တဲ့ နိဗ္ဗာန်ကို တပည့်တော်တို့က ဆုံးသွားတဲ့ အခါကျတော့ တပည့်တော်တို့ ဘာနဲ့မြင်သတုံးလို့မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။
အို ဒုက္ခမြင်တုံးကလည်း ဉာဏ်နဲ့မြင်တာပဲ (မှန်ပါ)။ ဒုက္ခဆုံးသွားတော့ကော (ဉာဏ်နဲ့မြင်မှာပါ ဘုရား)။
ဪ ဒီဉာဏ်သည် ဒုက္ခမြင်တာလည်း မဂ်ဉာဏ်၊ ဒုက္ခ အဆုံးမြင်တာလည်း (မဂ်ဉာဏ်ပါ ဘုရား)။
ဪ မဂ်ဉာဏ်ရအောင်လုပ်၊ မဂ်ဉာဏ်ရအောင် လုပ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘာလုပ်ရမယ် (မဂ်ဉာဏ်ရအောင်လုပ်ရမှာပါ ဘုရား)။ မဂ်ဉာဏ်ရအောင် လုပ်လိုက်လို့ ရှိရင်ဖြင့် ဒုက္ခလည်း သူတွေ့မယ် (မှန်ပါ)၊ ဒုက္ခအဆုံးကော (တွေ့မှာပါ ဘုရား)။
ဒီမဂ်ဉာဏ်သည် နည်းတဲ့သတ္တိ မဟုတ်ဘူးနော် (မှန် ပါ)၊ ဟောဒီနောက်က လာလတ္တံ့ တွေလည်း လာခွင့်ပေးသေးရဲ့လား (မပေးပါဘူး ဘုရား)။
ဒါဖြင့် သမုဒယချုပ်အောင် လုပ်တာလည်း ဘယ်သူတုံး (မဂ်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါတယ် ဘုရား)၊ သူကိုယ်တိုင် ရှစ်ပါးပြည့်အောင် လုပ်တာလည်း သူပဲ (မှန်ပါ)။
သူကိုယ်တိုင်လည်း နဂိုက ငါးပါးကို ရှစ်ပါး ပြည့်အောင် လုပ်တယ် (မှန်ပါ)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
ဖြစ်ပျက်ကမဆုံးနိုင်သော ဘာကြောင့်ပါလဲ
ငါးပါးက ရှစ်ပါး ဖြစ်လာတာလည်း မဂ်ပဲ (မှန်ပါ)၊ ဒါဖြင့် ဒကာ ဒကာမတို့ တပည့်တော်တို့ ရှုနေတာလည်း ကြာ လှပါပြီဘုရား။ ဖြစ်ပျက်က ဆုံးကို မဆုံးနိုင်ဘူး။ ဆုံးကို မဆုံးနိုင် ဘူး ဆိုတာသည်ကား ဒုက္ခအပေါ်မှာ ဒကာ ဒကာမတို့ ဆုံးဖြတ်ချက် အချနည်းနေလို့လို့ မှတ်လိုက် (မှန်ပါ)။
ဘယ်လိုမှတ်ရမယ် (ဒုက္ခအပေါ်မှာ ဆုံးဖြတ်ချက် အချနည်းနေသေးလို့ပါ ဘုရား)၊ ကိုယ့်မှာ ဒုက္ခအစစ်ကိုပဲ ဆုံး ဖြတ်ချက်ချတဲ့ ဉာဏ်က ပိုင်ပိုင်နိုင်နိုင် မရသေးလို့ မဆုံးသေးတာ (မှန်ပါ)။
ဒုက္ခအစစ်၊ ဘာမှမရောတဲ့ဒုက္ခ၊ ဖြစ်တာလည်း ဒုက္ခပဲ၊ ပျက်တာလည်း ဒုက္ခပဲ၊ ဒီကြားထဲမှာ သုခဆိုတာ နည်းနည်းမှ ချမ်းသာလုံးကလေး ကြားမညှပ်ပါဘူးလို့ ဉာဏ်နဲ့သာ ရှင်းသွား လို့ရှိရင် မဂ္ဂင်ရှစ်ပါး ဖြစ်သွားတယ် (မှန်ပါ)၊ ဖြစ်သည်နှင့် တစ် ပြိုင်နက်တည်း ဆုံးတာပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။
အဲဒီတော့ ဘာမှအားမလျော့ကြနဲ့ ဒုက္ခတွေ့ကတည်း ကိုက ဒုက္ခအဆုံးဟာ တွေ့တော့မယ် ဆိုတာ ဖြစ်ပျက်ဟာ ဒုက္ခ သစ္စာ (မှန်ပါ)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
ဒီခန္ဓာထဲ စိတ်ကြည့်လိုက်ပြန်တော့ ဘာတွေ့သတုံး (ဖြစ်ပျက်တွေ့ပါတယ် ဘုရား)၊ ဝေဒနာ ကြည့်လိုက်ပြန်ရင်ကော ၊ (ဖြစ်ပျက်တွေ့ပါတယ် ဘုရား)။
ကြိုက်တာရှု တွေ့တာက ဒုက္ခသစ္စာပဲ
ကြိုက်တာရှု၊ ခင်ဗျားတို့ တွေ့တာက ဒုက္ခသစ္စာပဲ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ တွေ့တာကတော့ဖြင့် (ဒုက္ခသစ္စာပါ ဘုရား)။
ဒုက္ခသစ္စာပဲဆိုသဖြင့် ဒီဒုက္ခသစ္စာကို ခင်ဗျားတို့ တွယ် တာနေသေးရင် ဘယ်တော့မှမဆုံးဘူး (မှန်ပါ)။ သဘော ကျပြီလား (ကျပါတယ် ဘုရား)။
ကိုင်း မင်း ဒုက္ခသစ္စာမှန်းလည်း သိပေါ့ကွာ၊ ငါဖြင့် ဆရာသမားကောင်းဆီက နည်းရတာ တစ်ကြောင်း၊ ကိုယ်ပိုင် ဉာဏ်နဲ့လည်း မင်းမလိုချင်စရာ အစစ်မှန်းလည်း သိပါရောဆိုရင် ဖျတ်ဆို ချုပ်သွားတယ် (မှန်ပါ)။
ကိုစောမောင် မချုပ်ပါနဲ့ဆိုလို့ (မရပါဘူး ဘုရား)။ အဲဒီတော့ ဒုက္ခချုပ်တဲ့နေရာမယ် ခုနက အမည်းကွက် ပျောက်ပြီး အဖြူကွက်ပေါ်တယ် (မှန်ပါ)၊ အဖြူကွက်ပေါ်လာတော့ အဖြူကွက်က နိဗ္ဗာန် (မှန်ပါ) အမည်းကွက်က ဒုက္ခသစ္စာ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါ ပြီ ဘုရား)။
အမည်းကွက်က ဒုက္ခ၊ အဖြူကွက်က နိရောဓ (မှန်ပါ)။ အမည်းကွက်က (ဒုက္ခပါ ဘုရား)၊ အဖြူကွက်က (နိရောဓပါ ဘုရား)။
ခန္ဓာနဲ့ဉာဏ်နဲ့မခွဲနဲ့
အဲဒီတော့ ဒကာ ဒကာမတော့ ဝေးလို့မရောက်တာ လား၊ အရှာလွဲလို့မရောက်တာလား (အရှာလွဲလို့ မရောက် တာပါ ဘုရား)။ ဪ ဒါဖြင့် ယနေ့ည ဒကာ ဒကာမတွေ သည်ကားဆိုရင်ဖြင့် ဪ အရှာလွဲလို့ကိုး၊ ဘုန်းကြီးထပ် ပြန်တလဲလဲ သတိပေးတာ ခန္ဓာနဲ့ ဉာဏ်နဲ့မခွဲနဲ့၊ ခန္ဓာနဲ့ ဉာဏ်နဲ့ မခွဲနဲ့ ဆိုတဲ့စကားဟာ တယ်အဖိုးတန်ပါလားဆိုတာ ပေါ်လာ တယ် (ပေါ်လာပါတယ် ဘုရား)။
ခန္ဓာနဲ့ ဉာဏ်နဲ့မခွဲနဲ့ဆိုတော့ ခန္ဓာက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား)၊ ဟာ ဒုက္ခနဲ့ မဂ္ဂနဲ့ မခွဲနဲ့ (မှန်ပါ)။
ဒုက္ခနဲ့မဂ္ဂနဲ့မခွဲနဲ့
ဒကာ ဒကာမတွေ ဘာမှာပါလိမ့် (ဒုက္ခနဲ့မဂ္ဂ မခွဲရ ပါ ဘုရား)။ ဒုက္ခနဲ့မဂ္ဂနဲ့ဖြင့် ဒကာ ဒကာမတို့ မခွဲလိုက်ပါနဲ့ မဟော သင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)။
သူ ရှေ့ဦးစွာတွေ့ရမှာကလည်း မြို့ထဲဝင်ချင်ပါတယ် ဆိုမှ တံခါးကမှ မဝင်လို့ရှိရင်လည်း၊ ရှေးလူကြီးတွေမှာ မောင်နိုင် နန်းတော် ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါ ဘုရား)။
တံခါးပေါက်တွေ့မှ နန်းတော်တွေ့မှာ
ဒါဖြင့် တံခါးပေါက်မတွေ့တဲ့ ပုဂ္ဂိုလ်ဟာ နန်းတော်နဲ့တွေ့ ဖို့ရာ ဘယ့်နှယ်နေတုံး (မတွေ့နိုင်ပါ ဘုရား)။
အဲ ဒုက္ခသစ္စာက တံခါးနဲ့တူတယ်၊ နိရောဓသစ္စာ က နန်းတော်နဲ့တူတယ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား)၊ ဒုက္ခသစ္စာက (တံခါးနဲ့တူပါတယ် ဘုရား)၊ နိရောဓ သစ္စာက (နန်းတော်နဲ့ တူပါတယ် ဘုရား)။
အဲ ဒီတံခါးက သွားမှ ရောက်မှာ၊ တံခါးတောင်မှ မတွေ့သေးတဲ့ပုဂ္ဂိုလ်ဖြင့် နန်းတော်နဲ့တူတဲ့ နိဗ္ဗာန်ဖြင့် ငိုနေ မတွေ့ ပါဘူး (မှန်ပါ)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့တရားမှာ ရှာနည်းဖွေ နည်းကိုဖြင့် သေချာအောင် ဆရာဘုန်းကြီး ဟောနေတယ် ဆိုတာဖြင့် ဘာမှ ငြင်းဖို့မလိုဘူး (မှန်ပါ)။
ဒါ ဘုန်းကြီးက ဟောတာလည်း ဟောတယ်ပဲလို့ ယူကြ ပါ။ စတုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် မှာလည်း ခန္ဓာထဲမှာရှာပါ။ တစ်လံမျှလောက်သော ခန္ဓာထဲမှာ ရှာပါ။ ငါ မြက်ပင် ဟောတာ မဟုတ်ဘူးတဲ့၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
တုံးကိုင်ပြီး နိဗ္ဗာန်ရှိတယ်ဟောတာ မဟုတ်ဘူးတဲ့၊ မင်းတို့ တစ်လံမျှလောက်သော ခန္ဓာကိုယ်ထဲမှာ ရှိတယ်လို့ ငါဟောတာ မင်းတို့က အလွဲတော့မရှာနဲ့ (မှန်ပါ)၊ သေသေချာချာ ဟော တယ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။
တုံးကိုင်၊ မြက်သစ်ပင်အပေါ်၌ နိဗ္ဗာန်ရှိတယ်လို့ ငါ မဟောဘူးတဲ့၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
မင်းတို့ တစ်လံမျှလောက်သော ခန္ဓာကိုယ်မှာ (နိဗ္ဗာန်ရှိပါတယ် ဘုရား)၊ ရှိတော့ ဒကာ ဒကာမတွေက အကဲ ခတ်ကြည့်တော့ ဒုက္ခက ဒုက္ခချုပ်တာ၊ ချုပ်တာက (နိရောဓသစ္စာပါ ဘုရား)။
ဒါဖြင့် ဒီတစ်လံမျှလောက်ကလည်း ဒုက္ခသစ္စာ၊ ဒီတစ်လံ မျှလောက်ချုပ်သွားတာကလည်း (နိရောဓသစ္စာပါ ဘုရား)။ ဒါဖြင့် ဒီရှေ့ရှိတယ်လို့ ဟောရမယ် (မှန်ပါ)၊ ဒီပြင် ဟောစရာ ရှိပါရဲ့လား (မရှိပါဘူး ဘုရား)။
ဘာမှအားမငယ်ပါနဲ့
အဲ့ဒါကြောင့် ဒကာ ဒကာမတို့ ဘာမှအားမငယ်ပါနဲ့ ဆိုတာကိုလည်း လေးလေးစားစားနဲ့ပဲ သတိပေးရတယ် (မှန်ပါ)၊ မရှိရာရှာနေမှာ တစ်ခုကိုဖြင့် အတော်စိုးရိမ်တယ် (မှန်ပါ)၊ သဘော ကျပြီလား (ကျပါတယ် ဘုရား)။
ရှိရာ ရှာမိလို့ ရှိရင်ဖြင့်တဲ့ ခင်ဗျားတို့ ဘာမှမပူပါနဲ့တော့ (မှန်ပါ)၊ ကိုင်း နိဗ္ဗာန်ရှိတဲ့ နေရာကလည်း သိပါပြီ၊ ကိုယ့် အတောင်နဲ့ကို ဘယ်လောက်ရှိသတုံး (လေးတောင်ပါ ဘုရား)။
အဲဒီအထဲသာရှာ၊ သဘောကျပြီလား (ကျပါတယ် ဘုရား)၊ တခြားကိုရှာရင် ရှာလေ လွဲလေ ဖြစ်လိမ့်မယ် (မှန် ပါ)၊ သဘောကျပြီလား (မှန်ပါ)။
ဘယ်နေရာမှာ ဝိပဿနာရှုရမှာတုံး
တခြားကိုရှာရင်ဖြင့် (ရှာလေလွဲလေပါ ဘုရား)၊ အဲဒီတော့ ဒကာ ဒကာမတို့ ဘယ်နေရာ တပည့်တော် ဝိပဿနာ ရှုရမှာတုံးဘုရား ဟောဒီ တစ်လံမျှ ကိုယ့်အလံနဲ့ ကိုယ်တိုင်း ကြည့် တလံမျှ ခန္ဓာကိုယ်ထဲ ရှုဆိုတော့ လမ်းသွားလည်း သူပါဦး မှာပဲ (မှန်ပါ)။
ထိုင်နေရင်ကော (ပါပါတယ် ဘုရား)၊ ကုဋီသွားရင် ကော (ပါပါတယ် ဘုရား)၊ ထမင်းစား ရင်ကော (ပါပါ တယ် ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒါကြောင့် ဘုရားက ဂစ္ဆန္တာဝါ ဂစ္ဆာမီတိ ပဇာနာတိ လုပ်ရင်လည်း ရတယ်ကွ၊ သူပါ နေလို့ဟောတာ (မှန်ပါ)။ ဌိတောဝါ ဌိတောမီတိ ပဇာနာတိ ရပ်နေတဲ့အထဲလည်း သူပါနေတယ်ကွ (မှန်ပါ)။ ဆိုတော့ ရပ်တာကိုလည်း မင်းတို့ ရှုရင် နိဗ္ဗာန်ရတယ် (မှန်ပါ)၊ မဟောသင့်ဘူးလား (ဟော သင့်ပါတယ် ဘုရား)။
ကိုစောမောင်း (ဟောသင့်ပါတယ် ဘုရား)၊ သမိဉ္ဇိတေ ပသာရိတေ သမ္ပဇာနကာရီ ဟာတိ သတိပဌာန်က ကွေးတဲ့ ဆန့်တဲ့ အထဲမှာလည်း သူပါနေတယ် ရတယ်တဲ့ (မှန်ပါ)။ မရပေဘူးလား (ရပါတယ် ဘုရား)။
ခန္ဓာမလွတ်စေနဲ့ ဉာဏ်နဲ့သာလျှောက်တွေးနေ
ရုတ်စွအဆုံး ငါပြောမယ်ကွာတဲ့ ‘‘ဥစ္စာရပဿာဝ ကမ္မေ သမ္ပဇာနကာရီ ဟောတိ’’ တစ်ခါတည်း မင်းတို့ ကျင်ကြီးကျင်ငယ် စွန့်တဲ့နေရာတောင် ခန္ဓာမလွတ်စေနဲ့ ခန္ဓာထဲ ဉာဏ်နဲ့သာ လျှောက်တွေးနေ အဲဒီနေရာ နိဗ္ဗာန်ရှိတယ် (မှန်ပါ)။
နေရာရွေးသေးသလား (မရွေးပါဘူး ဘုရား)၊ မရွေး တော့ ဪ ဒါကြောင့်လည်း ဟောပေတာပဲ ဆိုတဲ့ အဟော ဟာ ကိုစောမောင် ရှင်းရှင်းကြီး ပေါ်လာပါတယ် (ပေါ်ပါ တယ် ဘုရား)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ကိုပေါ်ရေ ဒီနေ့တရားမှာ အင်မတန် အဖိုးတန်တယ်ဆို တာကော သိပြီလား (သိပါပြီ ဘုရား)။
ဘယ်အချိန်ရှာရမှာတုံး
ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ရှာလို့ရှိရင်ဖြင့်တဲ့ ခင်ဗျား တို့ ဘယ်မှမရှာနဲ့ ခန္ဓာထဲမှာရှာ ဆိုတော့၊ ဘယ်အချိန်ရှာရမတုံး အို ဘယ်အချိန်ရယ်လို့ ဘုန်းကြီးမဆိုလို (မှန်ပါ)၊ ခန္ဓာရှိ တဲ့အချိန် ရှာရင် ပြီးတာပါပဲ (မှန်ပါ)၊ ဆိုတော့မပြီးဘူးလား (ပြီးပါတယ် ဘုရား)။
အဲဒါကြောင့် ဘာမှလည်း အားငယ်စရာအကြောင်း လည်းမရှိတာသေချာပြီး သကာလ နေသောကြောင့် နို့ တပည့်တော်တို့ ယခု နိဗ္ဗာန်ရောက်နိုင်ပါ့မလားလို့ ခင်ဗျားတို့က မေးချင် ရင်လည်း မေးလိမ့်မယ် (မှန်ပါ့)။
ရှာတော့ အပည့်တော့ရှာတတ်ပါတယ်၊ အို နိဗ္ဗာန် ဆိုတာ ဒကာ ဒကာမတို့ ဘယ်အချိန်မဆို ရတယ်လို့ မှတ်ပါ (မှန်ပါ)၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။
နိဗ္ဗာန်ဆိုတာ (ဘယ်အချိန်မဆိုရပါတယ်ဘုရာ)၊ သစ္စာလေးပါးမှာ တစ်ပါးတွေ့ရင် အကုန် တွေ့တာပဲ (မှန်ပါ)။
ဒါဖြင့် ဒုက္ခသစ္စာသာ တွေ့လို့ရှိရင် ဒုက္ခသစ္စာနဲ့စပ်နေ တဲ့ ဒုက္ခသစ္စာဆုံးတဲ့ နိဗ္ဗာန်ဟာ မောင်နိုင် မတွေ့ချင်ပါဘူးဆိုလို့ (မရပါဘူး ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခသစ္စာတွေ့တဲ့ပုဂ္ဂိုလ်ရထိုက်တယ်
ဒါဖြင့် တပည့်တော်တို့ ယခုအချိန်မှ ရမှရထိုက်ပါ့မလား ဆိုတာ ဒီသံသယ မလာနဲ့ (မှန်ပါ)၊ ဒုက္ခသစ္စာ တွေ့တဲ့ပုဂ္ဂိုလ် ရထိုက်တယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ပါဠိတော်အကိုးအကားနဲ့ လိုချင်လို့ရှိရင်ဖြင့် သုဘဒ် ရဟန်းကြီး မေးတာသာ ထောက်ကြည့် တော့ (မှန်ပါ)၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။
သုဘဒ်ရဟန်းကြီးမေးတာကြည့်ပါလား၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး အင်ကြင်းပင်ပျို အကြားမယ်၊ ပရိနိဗ္ဗာန်စံခါနီး သုဘဒ်မလာလို့ ဘုရားက ဝိညာဉ်မချုပ်သေး (မှန်ပါ)၊ သုဘဒ် လာတဲ့အခါကျတော့ သူမေးတာပဲ။
အရှင်ဘုရား၊ အရှင်ဘုရားမရှိတဲ့အခါ ရဟန္တာတွေ၊ သောသာပန်၊ သကဒါဂါမ်တွေ ကွယ်တော့မှာလား၊ ဟ သုဘဒ် မမေးနဲ့ကွ၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။
ဘာမှမပူနဲ့ ရဟန္တာမဆိတ်ဘူး
ဒုက္ခသစ္စာ မှန်အောင်ဟောနိုင်တဲ့ဆရာနဲ့ ဒုက္ခသစ္စာ မင်းတို့က ဉာဏ်နဲ့တည့်လို့ရှိရင်ဖြင့် ဘယ်အခါမဆို သောတာပန် သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ရှိတာချည့်ပဲ (မှန်ပါ)၊ မင်း ဘာမှမပူရစ်နဲ့ (မှန်ပါ)၊ မဟောဘူးလား (ဟောပါတယ် ဘုရား)။
ဘယ်အချိန်မဆိုရှိတယ် (မှန်ပါ)၊ မဟောဘူးလား (ဟောပါတယ် ဘုရား)၊ အဲဒါကြောင့်
“ဣမေစ သုဘဒ္ဒ ဘိက္ခု သမ္မာ ဝိဟရေယျုံ အသုညော လောကော အရဟန္တတေဟိ အဿ”
သုဘဒ္ဒ – သုဘဒ်၊ ဣမေ – ဤယခုနေကြတဲ့ပုဂ္ဂိုလ်တွေ သည်၊ သမ္မာ – ကောင်းစွာ (ဝါ) မဂ်ဉာဏ်နဲ့ ကောင်းစွာ ဒုက္ခသစ္စာ ကို မြင်ခဲ့သည်ရှိသော်၊ အရဟန္တေဟိ – ရဟန္တာပုဂ္ဂိုလ်တို့မှ၊ အသုညော – ဘယ်အခါမှ မဆိတ်ဘူး၊ အဿ- ဖြစ်ရာ၏။
ဘယ်တော့မှ ရဟန္တာ မဆိတ်ဘူးလို့ မှတ်ကွာ (မှန်ပါ)၊ ဒုက္ခသစ္စာတွေ့နေတဲ့ပုဂ္ဂိုလ် ဘယ်တော့မှ မင်းတို့သည် ကားလို့ဆိုရင် သောတာပန် မဆိတ်၊ သကဒါဂါမ် မဆိတ်၊ အနာဂါမ် မဆိတ်၊ ရဟန္တာ မဆိတ်လို့ မင်းတစ်ထစ်ချမှတ်ထား (မှန် ပါ)၊ မဟောပေဘူးလား (ဟောပါတယ် ဘုရား)။
သီရိဓမ္မာသောကမင်းလက်ထက်
ကဲ ဟောတော့ ဟောခဲ့ပါတယ်။ အစစ်ကလေး ပြစမ်းပါဦးဆိုတော့ ဓမ္မသောကလက်ထက်တွင် ကိုစောမောင် ထောက်ကြည့်လိုက် (မှန်ပါ)။
ဘုရားရှိသေးလား၊ မရှိတော့ဘူးလား (မရှိတော့ပါ ဘုရား)၊ ကိုင်း ရဟန္တာတွေ ရှင်မဟိန္ဒ ဆိုတာတွေ မကြားဖူး ဘူးလား (ကြားဖူးပါတယ် ဘုရား)။ အဲ သူ့နောက်က လိုက် တဲ့ ငါးရာ၊ သိန်းသန်းတွေကော (ကြားဖူးပါတယ် ဘုရား)။
နောက် သီရိလင်္ကာကျွန်းမှာ ကြက်ပျံမကျအောင် ကောင်းကင်ပျံမြေလျှိုးတွေ ဆိုတော့ ဘုရားရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ ကဲ သူပြောခဲ့တဲ့စကား ဘယ်နှယ်နေ သတုံး (မှန်ပါတယ် ဘုရား)၊ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။
အဲဒီတုန်းက သီရိလင်္ကာကျွန်းတို့လို၊ အိန္ဒိယတို့လိုကျ တော့ ဒကာ ဒကာမတို့ ဓမ္မသောက လက်ထက်ကျလာတော့ နှစ်ပေါင်းကို အတော်ကြာသွားပြီ (မှန်ပါ)၊ နောက်မွေးတဲ့ ပုဂ္ဂိုလ်တွေ ဘုရားအသံ၊ တရားအသံ ဆိုတာ မကြားလိုက်ရပါဘူး (မှန်ပါ)။
ဘုရားကိုယ်တိုင် တွေ့ လိုက်ရရဲ့လား (မတွေ့ရပါ ဘုရား)၊ မတွေ့ရပေမယ့် ဘာဖြစ်ကုန် ကြသတုံး (ရဟန္တာတွေ ဖြစ်ကုန်ပါတယ် ဘုရား)။
အကုန်ရဟန္တာဖြစ်ကုန်တာတွေထောက်တော့ သုဘ ပရိနိဗ္ဗာန်စံခါနီး ပြောတဲ့စကားနဲ့ ဒုက္ခသစ္စာ တွေ့နေတဲ့ ပုဂ္ဂိုလ်ဖြင့် ကွာ မပူပါနဲ့ မင်းတို့ ဆရာသမားကသာ ဒီအရှာမလွဲတဲ့နည်း ဟောပါ (မှန်ပါ)။
ကိုစောမောင် ဘာဟောထားတုံး (အရှာမလွဲတဲ့ နည်းပါ ဘုရား)။ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရားတစ်ပွဲလုံး အရှာလွဲစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
နိဗ္ဗာန်ဘယ်မှာရှာကြမှာတုန်း
နိဗ္ဗာန်ရှာချင်ရင် ဘယ်မှာရှာကြမတုံး (ခန္ဓာထဲမှာ ရှာရမှာပါ ဘုရား)၊ ခန္ဓာအပေါ်မှာ ရှာလိုက်လို့ ရှိရင်ဖြင့် ဒီခန္ဓာ ကိုယ်ကြီး အနိစ္စမြင်၍၊ အနိစ္စမုန်း၍၊ အနိစ္စ အဆုံးမှာ နိစ္စ နိဗ္ဗာန် တွေ့ ရမယ် (မှန်ပါ)။
မတွေ့ပါနဲ့ဆိုလို့ (မရပါဘူး ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်အချိန်မှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာ ဆိတ်ပါလိမ့်မတုံး (မဆိတ်ပါဘူး ဘုရား)။
ဆိတ်တယ်ဆိုတာက အရှာလွဲတဲ့ပုဂ္ဂိုလ်အတွက်မှာဖြင့် ဘယ်အချိန်မှ သောတာပန် သကဒါဂါမ်၊ အနာဂါမ် မဖြစ်ပါဘူး (မှန်ပါ)။
အရှာသာတည့်တဲ့ပုဂ္ဂိုလ်ဖြင့် ဘယ်အချိန်မဆိုရှိတယ်ဆို တော့ အခု ဝတ္ထုတွေလည်း ဘုရား ပရိနိဗ္ဗာန်စံမှ ဟာတွေလည်း ထုတ်လိုက်တယ်။ ဘုရားမှာတမ်းနဲ့ ပရိနိဗ္ဗာန်စံပြီးမှရတဲ့ပုဂ္ဂိုလ်တွေ နဲ့၊ ဘုရားတောင်မမီလိုက်တဲ့ပုဂ္ဂိုလ်တွေ ရသွားတာမြင်လိုက်တာ နဲ့၊ ကိုစောမောင် သေမှ သေချာရဲ့လား (သေချာပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ စိတ်ကိုရှုပါ (မှန်ပါ)၊ မနေ့ က ဝေဒနာကိုဟောတယ်၊ ဒီနေ့ ဘာကို ဟောမှာတုံး (စိတ် ကို ဟောမှာပါ ဘုရား)။
စိတ်ကိုဟောမယ်ဆိုတော့လည်း ရှင်သာရိပုတ္တရာက ရော၊ ဘုရားကရော ဒကာ ဒကာမတို့ ကိုယ့်စိတ်အကဲခတ်ရတာ နဲ့၊ ကိုစောမောင်တို့အားလုံး တရားတစ်ပွဲလုံးရှင်းပါ သူများစိတ်ကို အကဲခတ်ရတာနဲ့ ဘယ်ဟာက လွယ်ပါ့မတုံး (ကိုယ့်စိတ်အ ကဲခတ်ရတာက လွယ်ပါတယ် ဘုရား)။
ကိုယ့်စိတ်ကို အကဲခတ်
ကိုယ့်စိတ်အကဲခတ်ရတာက လွယ်တယ်နော် (မှန်ပါ)၊ ဒကာ ဒကာမတို့ ဒါအသေအချာမှတ်ပါ (မှန်ပါ)၊ သူများစိတ်အကဲခတ်ရတာနဲ့ ကိုယ့်စိတ်အကဲခတ်ရတာ (ကိုယ့်စိတ်အကဲခတ်ရတာက လွယ်ပါတယ် ဘုရား)၊ သဘောပါ ပြီလား (ပါပါတယ် ဘုရား)။
ဪ ဒါဖြင့် ခင်ဗျားတို့ ကိုယ့်စိတ်ကိုယ့် အကဲ ခတ် (မှန်ပါ)၊ စိတ္တာနုပဿနာဆိုတာ ဘာပါလိမ့် (ကိုယ့်စိတ်ကိုယ် အကဲခတ်ရတာပါ ဘုရား)၊ ကိုယ့်စိတ်ကိုယ် အကဲခတ်ပါ၊ သဘော ကျပြီလား (ကျပါတယ် ဘုရား)။
ခု နင်က လောဘလေးဖြစ် တယ် ကိုယ် ကိုယ် ကိုစောမောင် (မှန်ပါ)၊ အကဲခတ်ကြည့်စမ် (မရှိတော့ ပါဘူး ဘုရား)၊ မရှိတော့ လောဘက ကျုပ်လောဘလို့ ပြော သလား၊ ကျုပ်အနိစ္စ လို့ပြောသလား (ကျုပ်အနိစ္စလို့ ပြောပါတယ် ဘုရား)။
ကိုယ့်စိတ်ကိုယ် အကဲခတ်တော့ အနိစ္စနေရာပဲတွေ့ တယ် (မှန်ပါ)၊ အကဲခတ်တာက နောက်ကျ တာကိုး (မှန်ပါ)၊ ပေါ်တာက (အရင်ကျပါတယ် ဘုရား)။
အရင်ကျတော့ သတ္တဝါ သန္တာန်မှာ နှစ်စိတ်ကမပေါ် ကောင်း (မှန်ပါ)၊ မပေါ်ကောင်းတော့ကိုး၊ နောက်စိတ်နဲ့ ရှေ့စိတ်ကို အကဲခတ် (မှန်ပါ)။
ရှေ့စိတ်ကို နောက်စိတ်နဲ့ (အကဲခတ်ရမှာပါ ဘုရား) အကဲခတ်လိုက်တဲ့အခါကျတော့ ဪ လောဘကလေး ရှိသေးသလားလို့ တွေ့လိုက်တဲ့အခါကျတော့၊ လောဘကလေးဟာ ပေါ်လည်း ပေါ်ပါတယ် ကျုပ်ဟာ သေလဲသေပါတယ်လို့ သူဖာသာပြောသွားတယ် (မှန်ပါ)။
ဒါ ကိုယ့်စိတ်ကိုယ်အကဲခတ်တာ (မှန်ပါ)၊ မခတ်လိုက်ဘူးလား (ခတ်လိုက်ပါတယ် ဘုရား)၊ ခတ်လိုက်တော့ လောဘက ကျုပ်ဟာဖြစ်ပျက်ပါပဲ၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။
အကဲခတ်တာသည်မဂ္ဂ
ဪ ကိုယ့်စိတ်ကိုယ်အကဲခတ်တာ၊ အကဲခတ် တာသည် မဂ္ဂ (မှန်ပါ)၊ ပျက်စီးတာက (အနိစ္စပါ ဘုရား)။
ဒါဖြင့် ကိုယ့်စိတ်ကိုယ်အကဲခတ်တာလောက် ဝိပဿနာ အလုပ်မှာ လွယ်တာရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။
ဥပမာ လေကလေး ထုတ်တဲ့စိတ် ရှိသေးသလားလို့ပြန် အကဲခတ်ကြည့် (မရှိပါဘူး ဘုရား)၊ မရှိတာက အနိစ္စ၊ အကဲ ခတ်တာက (မဂ္ဂပါ ဘုရား)။
လေကလေးပြန်ရှိုက်တဲ့ စိတ်ကလေးကို တစ်ခါပြန်အကဲ ခတ်လိုက်စမ်း (မရှိပါဘူး ဘုရား)၊ မရှိတာပဲတွေ့မှာပဲ၊ မရှိတာက (အနိစ္စပါ ဘုရား)၊ သိတာက (မဂ္ဂပါ ဘုရား)၊ ဆိုတော့ သူတို့ ပြောလိုက်သဖြင့် ဘယ်စိတ်လာလာ ဒကာ ဒကာ မတွေ အကဲခတ် မလျော့နဲ့ (မှန်ပါ)။
ဘယ်စိတ်လာလာ (အကဲခတ်မလျော့ရပါ ဘုရား)၊ သဘောပါပြီလား (ပါပါတယ် ဘုရား)၊ ဘယ်စိတ် လာလာ (အကဲခတ်မလျော့ရပါ ဘုရား)။
ကိုယ့်ကိုယ်မစစ်ဆေးလို့နိဗ္ဗာန်နဲ့ဝေးတာ
ဪ ဒါဖြင့် ခင်ဗျားတို့ နိဗ္ဗာန်မရောက်တာဟာ ကိုယ့်စိတ်ဖြစ်တာမှ ကိုယ့်ကိုယ်ကိုမှ စစ်ဆေးတဲ့ သဘော နည်းနည်းမှ ပါပုံမရလို့ နိဗ္ဗာန်နဲ့ဝေးတာ (မှန်ပါ)၊သဘောကျ ရဲ့လား (ကျပါတယ် ဘုရား)။
ကိုယ့်စိတ်ကိုမှ ဪ ငါ့စိတ်ကို ငါပိုင်လေရော့ သလား၊ ငါဆိုင်လေရော့သလား၊ ငါ့စိတ်က ဘယ်သဘောများရှိ ပါလိမ့်မတုံး၊ တစ်သံသရာလုံး မစစ်ဆေးခဲ့ဘူး ဆိုတဲ့ အဓိပ္ပါယ် ယနေ့ ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)၊ မပေါ် ကျဘူးလား (ပေါ်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒုတေပရစိတ္တ ဝိဇာနံ၊ ဇာနေယ အတ္တနော စိတ္တ ပတိဇာနေယ ဆိုတဲ့အတိုင်း သူတစ်ပါး စိတ်ကို အကဲခတ်ရတာ အင်မတန် ခက်ပါတယ်ကွာ ကိုယ့်စိတ်ကို ကိုယ်အကဲခတ် လိုက်လို့ ရှိရင် နိဗ္ဗာန်ရောက်ပါတယ် (မှန်ပါ) သဘောကျ ရဲ့လား (ကျပါတယ် ဘုရား)။
အဲတော့ ပုထုစဉ် သန္တာန်မှာ အရိယာစိတ်ပေါ်ပါ့မလား (မပေါ်ပါဘူး ဘုရား) ဘာစိတ်တွေ ပေါ်သတုံး (ပုထုစဉ်စိတ်ပဲ ပေါ်ပါတယ် ဘုရား)။
ဘာစိတ်ပေါ်ပေါ်အကဲသာခတ်
ပေါ်ချင်ရာပေါ် ဘုန်းကြီးက အရေးမကြီးနဲ့ အကဲခတ် သာမလျော့နဲ့ (မှန်ပါ)၊ ပေါ်ချင်ရာပေါ်ပါ (အကဲခတ် မလျော့ရပါ ဘုရား)။
အကဲခတ်မလျော့လို့ရှိရင် ပေါ်တဲ့ဓမ္မက အနိစ္စမှတစ်ပါး ဘာမှမပြဘူး (မှန်ပါ)၊ အကဲခတ်တဲ့ ဓမ္မလာလည်း သူက ဉာဏ်နဲ့ အကဲခတ်တော့ အနိစ္စမြင်ရတဲ့အတွက် အနိစ္စမြင်တဲ့ မဂ်ဉာဏ်မှတစ်ပါး ဘာမှမတွေ့ဘူး (မှန်ပါ)။
ဒီမဂ်ဉာဏ်ပဲ သွားဖြစ်တာပဲ (မှန်ပါ)၊ သဘောကျပြီ လား (ကျပါတယ် ဘုရား)။
ကားပေါ်တက်တဲ့စိတ်
ဒါဖြင့် ဒကာ ဒကာမတို့ အိမ်ရောက်သည်နှင့် တစ်ပြိုင် နက်တည်းဖြစ်စေ၊ လမ်းမှာဖြစ်စေ၊ အင်းကိုယ့်စိတ်ကိုယ် အကဲခတ်တာပေါ့၊ ကားရှိတဲ့ ပုဂ္ဂိုလ်၊ ကားပေါ်တက်တဲ့ စိတ်ကလေး ဟာ ဒကာ ဒကာမတို့ လှမ်းနေတဲ့စိတ်ကလေးဟာ ကားပေါ် ရောက်ရဲ့လားလို့ အကဲခတ်စမ်းပါ (မရောက်ပါ ဘုရား)။
မရောက်တော့ ဪ လှမ်းတဲ့စိတ်ကလေး ဟာ လှမ်းတဲ့နေရာမှာပဲ အနိစ္စရောက်သွားတယ် မသိလိုက်ဘူး လား (သိလိုက်ပါတယ် ဘုရား)။
သိတာကမဂ္ဂ
သိတာက မဂ္ဂသွားဖြစ်တယ် (မှန်ပါ)၊ အနိစ္စနဲ့ မဂ္ဂနဲ့၊ အနိစ္စ-မဂ္ဂဟုတ်လား (မှန်ပါ)၊ သမုဒယက သေတာ၊ မသေ ဘူးလား (သေပါတယ် ဘုရား)။
သမုဒယသေတော့ ဒီဘက်ကဇာတိ၊ ဇရာမရဏချုပ် တာက (နိရောဓပါ ဘုရား)၊ ဒါက အနာဂတ်ချုပ်တာကို ဟောတာ (မှန်ပါ)။
ပစ္စုပ္ပန် နိဗ္ဗာန်ကို ဟောတော့မယ် ဆိုတော့ အနိစ္စ၊ ဘယ်အနိစ္စမှ မလာတော့ဘူးဘုရား၊ ဖြစ်ပျက်တွေ တပည့်တော်တို့သန္တာန် လာကို မလာတော့ဘူးဘုရား၊ ခန္ဓာထဲဘာမှ ရှာမတွေ့တော့ဘူး တစ်ခုချုပ် အကုန်ချုပ်တာကိုး (မှန်ပါ)။
ခန္ဓာဆုံးသွားတယ်
ခန္ဓာငါးပါးက တစ်ခုချုပ်ရင် အကုန်မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)၊ အဲဒီတော့ ဘာမှမလာတော့ဘူးဆိုတော့ ဒီတစ်လံမျှလောက်သော ခန္ဓာ ကိုစောမောင် ဆုံးပြီပေါ့ (ဆုံးသွားပါပြီ ဘုရား)။
ဆုံးသွားတော့ သူ့အဆုံးမှာ ဘာရှိသတုံး (နိဗ္ဗာန် ရှိပါတယ် ဘုရား)၊ အင်း အမည်းပျောက်တဲ့ နေရာ (အဖြူရှိပါတယ် ဘုရား)။
နိရောဓသစ္စာပေါ်လာတယ်
အဲ အမည်းက ဒုက္ခသစ္စာ ပျောက်သွားပြီ၊ အဖြူ နိရောဓသစ္စာ ပေါ်ပေါက်လာတယ် (မှန်ပါ)၊ နိရောဓသစ္စာဆိုတော့ ဒီက မဂ္ဂသစ္စာ (မှန်ပါ)၊ ဒီက သမုဒယ သေတာ (မှန်ပါ)။
ဒီက စုတေမနေသေလွန်တဲ့ အခါကျလို့ရှိရင်ဖြင့် ခန္ဓာမရှိ တဲ့ နိဗ္ဗာန်ရောက်မယ် (မှန်ပါ)၊ အခုမြင်နေရတာက ခန္ဓာရှိ တုန်းကို ကိုယ်ကိုယ်တိုင် မြင်ထားရတဲ့ နိဗ္ဗာန် (မှန်ပါ)။
ခန္ဓာရှိတုန်းမြင်ရတဲ့နိုဗ္ဗာန်
ဒီဘက်က ခန္ဓာရှိတုန်း မြင်ရတဲ့ နိဗ္ဗာန် (မှန်ပါ)။ ဒါကသေမှ ခံစားရမယ့် နိဗ္ဗာန် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။ သဘောပါပြီလား (ပါပါပြီ ဘုရား)။
ကဲ ယနေ့ဒီတွင်တော်ပါဦး။
သာဓု သာဓု သာဓု။