217

ဘုံဘဝမှာခံစားချင်သေးသလား? ကိုယ့်ကိုယ်ကိုယ်စစ်တမ်းထုတ်ပါ

အသံဖိုင်ခေါင်းစဉ်= သဿဒဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ ရှိ မရှိ သိရှိရန် ကိုယ်တွင်းစုံးစမ်းရေး

စာအုပ်ခေါင်းစဉ်= ဘုံဘဝမှာခံစားချင်သေးသလား? ကိုယ့်ကိုယ်ကိုယ်စစ်တမ်းထုတ်ပါ

၃၉-မိနစ်

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူအပ်သော တရားတော်

ဘုံဘဝမှာခံစားချင်သေးသလား?

ကိုယ့်ကိုယ်ကိုယ်စစ်တမ်းထုတ်ပါ

ဟောကြားသည့်နေ့

(၉-၁၂-၆၀)

အားလုံးဒကာ ဒကာမတွေ သဿတဒိဋ္ဌိဆိုတဲ့ဥစ္စာက ဒီဘဝပြီးလို့ရှိရင်ဖြင့် ဟိုဘဝမှာ စံစားချင် ခံစားချင်တယ်၊ ဒီကိုယ်က ပြုလုပ်ပြီး ဒီကိုယ်ပဲ ခံစားချင်တာကို သဿတဒိဋ္ဌိလို့ မှတ်ကြစမ်းပါ (မှန်ပါ့ ဘုရား)။

မင်းပြုရင်မင်းရမှာပဲဆိုတာ

မင်းပြုရင် မင်းရမှာပဲဆိုတာ ဘာဒိဋ္ဌိပါလိမ့် (သဿတဒိဋ္ဌိပါ)၊ ဒါကို ဒကာသစ်တို့၊ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ သုံးစွဲနေကြတယ်နော် (မှန်ပါ့) မင်းပြုရင် မင်းရမှာပေါ့ ကွ၊ မင်းကောင်းကောင်း ဖြစ်မှာပေါ့ကွ ဆိုတော့ ဒီပုဂ္ဂိုလ်ကပဲ ဟိုမှာ ခံစားတယ်လို့ ယူတဲ့အယူဟာ သဿတဒိဋ္ဌိလို့ မှတ်တာပေါ့ (မှန်ပါ့ ဘုရား)။

ဥစ္ဆေဒ ဒိဋ္ဌိအယူ

ဒီပုဂ္ဂိုလ်ကပြုပြီးတော့ ဘာမှမဖြစ်တော့ပါဘူး၊ ပြုတာဟာ ပြုကာမတ္တပါလို့ ယူလိုက်လို့ရှိရင်ဖြင့် ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ့)၊ ပြတ်ထွက်သွားတယ် (မှန်ပါ့)၊ ပြုတာ ပြုကာမျှ မတ္တပါပဲလို့ ဒကာ ဒကာမတွေက ယူလိုက်လို့ရှိရင်လည်း ဘာဒိဋ္ဌိပါလိမ့် (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။

လူတစ်ဦးဦးမှာ အဲဒီသဿတနဲ့ ဥစ္ဆေဒ တစ်ခုခုရှိမယ် ဆိုတဲ့ ဥစ္စာမှတ်ထားပါနော် (မှန်ပါ့)၊ အဲဒီနှစ်မျိုးထဲက တစ်ခုခုရှိနေရင် သဿတ ရှိနေလည်း နိဗ္ဗာန်တော့မရဘူး (မှန်ပါ့)၊ သုဂတိ နတ်ပြည်တော့ ရမှာပဲ (မှန်ပါ့)၊ ဥစ္ဆေဒဒိဋ္ဌိ ရှိနေရင် သုဂတိနတ်ပြည်တောင် မရဘူး၊ အပါယ်ငရဲပဲ ရမှာပဲ (မှန်ပါ့)၊ ဒါကြောင့် ကနေ့ဟောမည့် တရားဟာ ကိုယ်တွင်း စုံစမ်းရေးတရားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ကိုယ်တွင်းစုံစမ်းရေးတရား

ဘာတရားဟောမှာပါလိမ့် (ကိုယ်တွင်းစုံစမ်းရေး တရားပါ ဘုရား)၊ ကိုယ်တွင်း စုံစမ်းရေး တရားတဲ့၊ ဒကာ ဒကာမ တို့ သန္တာန်မှာ မဂ်ဖိုလ် မရထိုက်တဲ့ တရားရှိသေးသလား၊ မရှိဘူး လားဆိုတာ ယနေ့ စုံစမ်းမယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့် မေးပြန်ပါလိမ် မတုံးလို့ မေးတဲ့အခါ ကိုယ်ဝမ်းထဲမှာ ဥစ္ဆေဒဒိဋ္ဌိ ရှိနေပြန်လို့ ရှိရင်လည်း ဘယ်လိုပဲ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရအောင် ဆရာသမားက ဟောလို့ မိမိ အားထုတ်ငြား သော်လည်း မရနိုင်ဘူးတဲ့ (မှန်ပါ့)။

မဂ်ဖိုလ်တားတယ်

ဒါဖြင့် မဂ်တား၊ ဖိုလ်တားဟာ သဿတ-ဥစ္ဆေဒတရား လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)၊ မဂ်တား ဖိုလ်တားဟာ (သဿတ ဥစ္ဆေဒတရားပါ ဘုရား)၊ သဿတတရား၊ ဥစ္ဆေဒ တရားရယ်လို့ နှစ်ပါး ရှိတော့ကို ဒီတရားဟောမှာက သဿတ ဥစ္ဆေဒလွတ်ပြီး အလယ်လမ်းကို ဟောရပါလိမ့်မယ်၊ အလယ် လမ်းဟောလိုက်တဲ့အခါကျတော့ သဿတ သမားကလည်း မကြိုက်တတ်ဘူး (မှန်ပါ့ ဘုရား)။

သဿတသမား

သဿတသမား မကြိုက်တာက ဘယ့်နှယ်ကြောင့်တုံး လို့ မေးတဲ့အခါကျတော့ နောက်ဘဝမှာ ဒုက္ခသစ္စာတွေ ချုပ် ငြိမ်းရုပ်သိမ်း သွားပါတယ်လို့ ဒီက အလယ်လမ်းက ဟောလိုက် တဲ့အခါ သဿတ သမားက ငါတို့ဖြင့် မကြိုက်ဘူး ဆိုပြီး သကာလ ဘုံဘဝထဲ နေရစ်ဦးမယ်ဆိုပြီး ဘုံဘဝထဲမှာပဲ ပုန်းအောင်း နေတတ်တယ် (မှန်ပါ့)၊ သဿတသမားက ဘဝချုပ်တာကို ဟောလိုက်လို့ရှိရင် ဘဝထဲမှာ ပုန်းအောင်းနေ တတ်တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘဝထဲမှာပုန်းအောင်းနေတတ်တယ်

သဿတသမားက ဘဝချုပ်တာတွေ၊ ဒုက္ခသစ္စာချုပ် တာတွေ ဟောလိုက်လို့ရှိရင် သူဘယ်မှာ ပုန်းအောင်း နေတတ် ပါလိမ့်မတုံး (ဘဝထဲမှာ ပုန်းအောင်းနေတတ်ပါတယ် ဘုရား)၊ ကျုပ်တို့ တော့ဖြင့် နိဗ္ဗာန် မလိုချင်သေးပါဘူးဆိုတဲ့ အသံတွေဟူသရွေ့ သဿတသမားရဲ့ အသံတွေချည်းလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ကျုပ်တို့တော့ နိဗ္ဗာန်မလိုချင်သေးပါဘူး၊ ဖြုန်းခနဲများ ရမယ်ဆိုရင်တောင် ကျုပ်တို့ မလိုချင်သေးပါဘူး ဆိုတာ ဘာသံ ပါလိမ့်(သဿတ ဒိဋ္ဌိသံပါ ဘုရား)၊ သဿတ ဒိဋ္ဌိ အသံဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဥစ္ဆေဒ သမားက ဒီတရားပွဲထဲ ပါပြန်နေလို့ရှိရင်လည်း ဘဝချုပ်တာ ဟောလိုက်လို့ရှိရင်ဖြင့် သူကျတော့ ကျေနပ်တယ် တဲ့ (မှန်ပါ့)၊ ကျေနပ်ပြီး သကာလ ဒီဘဝချုပ်သွားရင် အေးတာ ပဲကွာလို့ အေးတာလောက်ကိုပဲ သူသိတယ်၊ ဘဝပြတ်ခြင်းကိုသာ အလိုရှိတယ်၊ ဘဝဆုံးသွားလို့ရှိရင်ဖြင့် နိရောဓသစ္စာ ကိုယ်တိုင် ရမယ်ဆိုတဲ့ အသိမျိုး သိတာတော့ မဟုတ်ဘူး (မှန်ပါ့)၊ သဘောကျပါလား (ကျပါပြီ ဘုရား)။

ဘာကြောင့်ကျွဟ်တမ်းမဝင်ကြတာလဲ

ဘဝများစွာ သံသရာ ကိုယ် ဘယ်ဒိဋ္ဌိနဲ့နေတယ်ဆိုတဲ့ ဥစ္စာ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက သေသေချာချာ ဟောလို့ တို့ဟာ ဘုရားအဆူဆူနဲ့ မတွေ့ခဲ့လို့ ကျွတ်တမ်း မဝင်တာလား ဒီ ဒိဋ္ဌိနှစ်ခု တစ်ခုခုခံနေလို့ ကျွတ်တမ်းမဝင် ရတာလားဆိုတာ ယနေ့ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင် ကိုယ့် ကိုယ် ဆုံးဖြတ်ချက် ချပါလို့ ဒကာကြွယ်တို့ သတိပေးတယ်နော် (မှန်ပါ့)၊ အားကြီး အရေးကြီးတဲ့ တရားလို့ ဒကာ ဒကာမတွေ မှတ်ထားစမ်းပါ (မှန်ပါ့ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ပြတ်အောင်၊ ပဋိစ္စသမုပ္ပါဒ် ဆိုတာ စာလို ပြောတာပါ။ မြန်မာလိုဆိုတော့ မဂ်နဲ့ ဖြတ်လိုက်တယ်လို့ ဆိုလို့ရှိ ရင်ဖြင့် ဒုက္ခသစ္စာတွေ ပြတ်သွားတာ နိဗ္ဗာန် ခေါ်တာပဲ (မှန်ပါ့)၊

အဲဒီ ဒုက္ခသစ္စာ ပြတ်သွားတာ နိဗ္ဗာန်ကိုပင်လျှင် ဒုက္ခသစ္စာကို ငါထင်နေတဲ့ ပုဂ္ဂိုလ်က ပြတ်မှာ စိုးရိမ်ခဲ့သည်ရှိသော် ဪ ဒီတရား နာလိုက်လို့ ရှိရင်ဖြင့် ဒုက္ခသစ္စာတွေ ပြတ်တော့မှာပဲ ဆိုတာ မယူပဲနဲ့ ငါတော့ဖြင့် ဒီဘဝမှာ ငါလုပ်ထားတဲ့ ကုသိုလ်တွေ ငါခံစားစရာ မရှိတော့ဘူး၊ ဒီတရား မကြိုက်ပါဘူးလို့ ဆိုလို့ ရှိရင်ဖြင့် ဘာဒိဋ္ဌိ ဆိုကြမဆုံး (သဿတဒိဋ္ဌိပါ ဘုရား)။

ငါက ဆုတောင်းထားတာက လူ့ပြည် နတ်ပြည် အ ကြိမ်ကြိမ် ခံစား၍လို့ ဆုတောင်းထားတယ်၊ တရားနာလိုက် တဲ့အခါကျတော့ ဒုက္ခတွေ ပြတ်ထွက်သွားပြီ၊ ဒုက္ခချုပ်ငြိမ်း ရုပ် သိမ်းရာ နိဗ္ဗာန် ပေါ်လာတယ် (မှန်ပါ့)၊

ထိုကဲ့သို့ပေါ်လာ ငြားသော်လည်း သဿတဒိဋ္ဌိအယူရှိသူက ဖြည်းဖြည်းမှ ယူမယ်လို့ စိတ်ထဲမှာ ပေါ်လာလို့ရှိရင်ဖြင့် ငါ့သန္တာန်မှာ မဂ်တား ဖိုလ်တားတဲ့ သဿတဒိဋ္ဌိ ဧကန်ရှိတယ်လို့ တရားနာတဲ့ ပုဂ္ဂိုလ်က ဧကန် ဆုံးဖြတ်ချက်ချတာပါ (မှန်ပါ့ ဘုရား)။

ရမ်းကြိုက်နေတဲ့အယူ

ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ကတော့ ဒီဘဝ ဆင်းရဲလွန်းလို့ သေတာပဲ ကောင်းပါတယ်။ သေသွားရင် ဘာမှမဖြစ်ရင် အေးတာပဲလို့ ဆင်းရဲလွန်းလို့ ဘဝကြီးထဲမှာနေရတာ တောင်းစားရ တော့မလိုလို၊ ရမ်းစားရတော့မလိုလို ရောဂါကထူ၊ ဝေဒနာကပူနဲ့ ဒီလိုနေတဲ့ ပုဂ္ဂိုလ်ကျတော့ မွေးတစ်နေ့ သေတစ်နေ့ကွာ၊ သေရင်ပြီးတာပဲလို့ ယူတဲ့အယူ ကိုယ့်သန္တာန်ရှိနေလို့ ဘဝပြတ် တာတော့ ကြိုက်တယ်၊ နိဗ္ဗာန် ကြိုက်တာ မဟုတ်တဲ့ အရမ်းကြိုက် နေတဲ့အယူကျတော့ ဥစ္ဆေဒဒိဋ္ဌိ အယူရှိတဲ့ပုဂ္ဂိုလ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် သဿတအယူက ဘဝပြတ်မှာကြောက်သည်၊ ဥစ္ဆေဒအယူက အရမ်းပြတ်တာ ကြိုက်သည်၊ နိဗ္ဗာန်ပေါ်မှာကို သူမကြိုက်ဘူး (မှန်ပါ့)၊ ဒါဖြင့် သဿတနဲ့ ဥစ္ဆေဒ ဒကာသစ်တို့၊ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ ကွဲသွားပါပြီ (ကွဲသွားပါပြီ ဘုရား)။

ဘုံဘဝတွေ ခံစားချင်သေးရင်

အဲဒီမှာ စိတ်ထဲမှာ ဝေဖန်ကြစို့၊ ဒကာ ဒကာမတို့ ဒီဘဝမှာ ဒကာကြွယ်ကို ဟောလိုက်တယ်၊ ဆရာဘုန်းကြီးက ဒကာကြွယ်ကလည်း ဟောတဲ့အတိုင်း အားထုတ်တဲ့ အခါကျလို့ ရှိရင်ဖြင့် ကိုယ်ပြုထားတဲ့ အကုသိုလ်တွေ ဘာမှမလိုက်နိုင်တဲ့ နိဗ္ဗာန် ရောက်ဖို့ဆိုလို့ရှိရင် ဖြည်းဖြည်းမှ ယူချင်တယ်၊ အခုမယူ ချင်သေးဘူး၊ ဘုံဘဝတွေ ခံစားချင်သေးတယ် ဆိုရင် ဘာဒိဋ္ဌိ သဘောလဲ (သဿတဒိဋ္ဌိ သဘောပါ)၊ ကိုယ့်ဟာကိုယ် သိတယ်နော် (မှန်ပါ့ ဘုရား)။

သေရင်ဘာမှမဖြစ်တော့ဘူးလို့ယူရင်

ဥစ္ဆေဒဒိဋ္ဌိ အယူရှိတဲ့ ပုဂ္ဂိုလ်များမှာကတော့ သေပြီးရင် အေးတာပဲ၊ ဘာမှမဖြစ်တော့ဘူးလို့ ဒကာ ဒကာမတို့ ဒီလိုကော မယူတတ်ကြဘူးလား (ယူတတ်ကြပါတယ်)၊ နောက်ဘာမှ မဖြစ်တော့ဘူးလို့ သူယူလိုက်ပြန်လို့ရှိရင်လဲ ဘာ ဒိဋ္ဌိဆိုကြမလဲ (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။

ဒါဖြင့် သဿတဒိဋ္ဌိသမားက ဘဝပြတ်ဟောရင် မကြိုက်ဘူး (မှန်ပါ့)၊ ဥစ္ဆေဒဒိဋ္ဌိ သမားက ဘဝပြတ် ဟောရင် ကြိုက်တယ် (မှန်ပါ့)၊ အဲဒါ နှစ်ယောက်စလုံး လွဲတယ်လို့ ဒကာ ကြွယ်တို့၊ ဒကာသစ်တို့၊ ဦးလှဘူးတို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ပထမပုဂ္ဂိုလ်က ဘာ့ကြောင့် လွဲတယ်လို့ ဆိုရသတုံး ဆိုလို့ရှိရင် ဘဝဒိ ဘဝတဏှာ ရှိနေ သောကြောင့် နိဗ္ဗာန် မကြိုက်နိုင် သောကြောင့်လည်း ဒီဒိဋ္ဌိအပင်းခံနေတယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊

ဒုတိယပုဂ္ဂိုလ်က ဆင်းရဲလွန်းလို့ ဘဝကျွတ်ရေး၊ လွတ်ရေးတော့ အလိုရှိပါရဲ့၊ နောက်ဘာမှ မဖြစ်တာ ကြိုက်ပြီး သကာလ နေတဲ့ အတွက် ဒုက္ခချုပ်တာရယ်လို့ ကို မယူတတ်ဘဲနဲ့ သေတစ်နေ့ မွေးတစ်နေ့ ဆိုတဲ့ အကြိုက်မျိုး ကို ကြိုက်နေပြန်လို့ရှိရင် ဘာဒိဋ္ဌိပါလိမ့် (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ သူကလည်း ဘဝပြတ်ဆိုရင် အရမ်းကြိုက်တာပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သုတ္တန်တရားတွေကို ဟော တော့ ဒိဘဝ ဘာလုပ်ပြီး ဟိုဘဝ ခံစားရမယ် ဆိုပြီး သကာလ ဟိုဘဝမှာ ဒီကိုယ်နဲ့ ခံစားရတယ် ထင်ပြီး ကြိုက်နေတဲ့ ပုဂ္ဂိုလ် ကျတော့ ဘာဒိဋ္ဌိဆိုကြမလဲ (သဿတဒိဋ္ဌိပါ)၊ ဒီဘဝ သေပြီးရင် နောက်ဘဝ ဘာမှမဖြစ်တော့ဘူး ဆိုတာ ကြိုက်နေ ပြန်လို့ ရှိရင်လဲ ဘာဒိဋ္ဌိ (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။

ချမ်းသာတောင့်တတဲ့ပုဂ္ဂိုလ်

များသောအားဖြင့်တော့ ချမ်းသာသုခ တောင့်တတဲ့ ပုဂ္ဂိုလ် သဿတဘက် သွားသည် (မှန်ပါ့)၊ ချမ်းသာလိုတဲ့ ပုဂ္ဂိုလ်က ဒီသား ဒီသမီး ဒီမြေး ဒီမြစ်နဲ့ နိဗ္ဗာန် အတူတူဝင်ချင် တယ်ဆိုတာ ဘာဒိဋ္ဌိမျိုးပါလိမ့် (သဿတဒိဋ္ဌိမျိုးပါ)၊ အို ကိုယ်မချိ အမိသော်လည်း သားတော်ခဲ ဘဝပြတ် အေးတာပဲလို့ ယူလိုက်ပြန်လို့ ရှိရင်လဲ ဘာသမားပါလိမ့် (ဥစ္ဆေဒဒိဋ္ဌိ သမားပါ ဘုရား)။

အဲဒီတော့ သဿတသမားက ဘဝထဲ ပုန်းအောင်း နေတယ် (မှန်ပါ့)၊ ဥစ္ဆေဒသမားက နိဗ္ဗာန် ရောက်ကြောင်းကို ဟောလိုက်လို့ရှိရင်ဖြင့် ဟောတာထက် လွန်ပြီး သကာလ ဉာဏ်လွန် သွားတက်တယ်။ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

ဒါဖြင့် ဘဝပုန်းအောင်း တာက ဘာဒိဋ္ဌိ (သဿတဒိဋ္ဌိပါ)၊ ဟောတာထက် လွန်ပြီးသွားတာက (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။

အဲဒါကြောင့် အလယ်လမ်း မရောက်သရွေ့ ကာလ ပတ်လုံး ဒီဒိဋ္ဌိနှစ်ခု တစ်ခုခုခံလို့ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့တရားပွဲမှာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)

သဿတနဲ့ဥစ္ဆေဒအလယ်မရောက်သရွေ့ ကာလပတ်လုံး ဘယ်အခါကာလမဆို ဘုရားမြတ်စွာတွေ ဘယ်လိုပင်ပွင့်နေ စေကာမူ ကိုယ်အလယ်လမ်းပေါ်မရောက်သရွေ့ ကာလ ပတ်လုံး ကိုယ်နိဗ္ဗာန် မရဘူး (မှန်ပါ့) ဘာခံနေလို့ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ) ဘာပါလိမ့်ဗျာ (သဿတနဲ့ ဥစ္ဆေဒ ခံနေပါတယ် ဘုရား)၊ သဿတ ဥစ္ဆေဒဟာ ဘယ်လောက် ကြောက်စရာ ကောင်းတယ် ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ကုသိုလ်အများကြီးပြုတယ်

ဒါဖြင့် ဒကာ ဒကာမတို့က သဿတနဲ့ ဥစ္ဆေဒဟာ သိပ်ကြောက်စရာ ကောင်းတယ် ဆိုတာတော့ ယနေ့ ရှင်းပါပြီ တဲ့ (မှန်ပါ့)၊ သဿတသမား ဘယ်လိုစိတ်ထား စိတ်နေ ရှိတယ်ဆိုတာ ဘုန်းကြီး ရှင်းပြမယ်နော် (မှန်ပါ့)။ သဿ တသမားက ဒီဘဝ ဟိုဘဝရှိတယ်ဆိုတာလဲ သူယုံကြည်တယ်။

ကုသိုလ်လဲ အင်မတန်ပြုတယ် (မှန်ပါ)၊ ကုသိုလ်လည်း အများကြီး ပြုပါတယ်၊ သဿတ သမားများမှာ (မှန်ပါ့)၊ အကုသိုလ်လည်း ကြောက်တယ် (မှန်ပါ့)၊ ဒါဘယ်သူ့ သတ္တိထင်ကြသတုံး (သဿတ သမားသတ္တိပါ)၊ သို့သော်လည်း ဝဋ်ဘဝထဲ ဟိုဘဝ ဒီဘဝ ရောက်မယ်ဆိုပြန်တော့လည်း ပျော်နေတယ် (မှန်ပါ့ ဘုရား)။

အဲ့ဒီပုဂ္ဂိုလ်ဟာ ဆရာကောင်း သမားကောင်းနဲ့ တွေ့ ငြားသော်လည်း ကျွတ်တမ်းဝင်မှု နှေးကွေးတယ် (မှန်ပါ့)၊ ဘာခံနေလို့ပါလိမ့် (သဿတဒိဋ္ဌိ ခံနေလို့ပါ ဘုရား)။

ကျွတ်တမ်းဝင်မှုနှေးတယ်

တစ်ခေါက် ပြန်ပြောပါဦးမယ်၊ သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ် စိတ်ထားကို (မှန်ပါ့)၊ ဟိုဘဝ သည်ဘဝ ရှိတယ်ဆိုတာ လည်း သူယုံကြည်တယ်၊ ကောင်းတာလုပ် ကောင်းကျိုးပေး တယ် ဆိုတာလည်း သူယုံကြည်တယ် (မှန်ပါ့)၊

ကုသိုလ်ကို လည်း ပြုလေ့ရှိပါတယ်၊ အကုသိုလ်ကိုလည်း ကြောက်လေ့ ရှိပါတယ်၊ ကောင်းတဲ့ဘဝထဲ သူပျော်မွေ့ချင်တာကိုးဗျ (မှန်ပါ့) အဲဒီပုဂ္ဂိုလ်က ဘုရား၏ တပည့်သားနဲ့ဖြစ်စေ၊ ဘုရားနဲ့ ဖြစ်စေတွေ့စေကာမူ ကျွတ်တမ်းဝင်မှု နှေးကွေးတယ် ရုတ်တရက် ကျွတ်တမ်းမဝင်နိုင်ဘူး (မှန်ပါ့)၊ ဘာခံနေလို့ပါလိမ့် (သဿတဒိဋ္ဌိ ခံနေလို့ပါ ဘုရား)၊ တယ်လဲ သဿတဟာ ဆိုးပါလား ဒကာသစ်ရေ (ဆိုးပါတယ် ဘုရား)။

ကုသိုလ်ပြုလေ့မရှိဘူး

ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ကတော့ ဟိုဘ၀ ဒီဘဝရှိတယ် ဆိုတာ သူမယုံကြည်လှဘူးတဲ့ ကုသိုလ် လည်း ပြုလေ့ မရှိဘူးတဲ့၊ (မှန်ပါ့)၊ အကုသိုလ်ပြုတဲ့ အခါကျတော့ ဘဝပြတ်တာပဲ ဘာအရေးကြီး သတုံး ဆိုပြီး အကုသိုလ် ကျတော့လည်း ရဲရဲ တင်းတင်း ပြုတယ် (မှန်ပါ့)၊ ဒါ ဘာဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ပါလိမ့် (ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။

အဲဒီပုဂ္ဂိုလ်သည်ကားလို့ ဆိုလိုရှိရင်ဖြင့် အကုသိုလ် မှီဝဲခဲ့တယ်၊ ကုသိုလ်ကို မပြုခဲ့ဘူး၊ သဘော ကျပလား (ကျပါပြီ)၊ ကုသိုလ်ကျတော့ မပြုဘူး၊ အကုသိုလ်ကျတော့ ပြုတာပဲ၊ ငါ့မှာ ဘဝပြတ် ဘာကိစ္စရှိသတုံး၊ ဆိုပြီး သကာလ လုပ်နေကြတာ။ တချို့တရား အစောင်းအတိမ်း တွေနဲ့ တွေ့တဲ့ အခါကျတော့ အကုသိုလ်လုပ်လည်း ကျေနပ်မှာ ကျုပ်မှာ အပြစ်မရှိဘူး ပြောချင်ပြောနေတာ (မှန်ပါ့)၊ အဲဒါဥစ္ဆေဒအယူရှိတဲ့ ပုဂ္ဂိုလ် တွေနော် (မှန်ပါ့)၊ သူဘဝပြတ်ပြီဟေ့ ဆိုပြီး သကာလ အကုသိုလ် လုပ်ပါတယ်တဲ့၊ ဒါ ဥစ္ဆေဒအယူရှိတဲ့ ပုဂ္ဂိုလ်၏ စိတ် ထားပဲ (မှန်ပါ့ ဘုရား)။

မြန်မြန်ကျွတ်တမ်းဝင်နိုင်တယ်

အဲဒီပုဂ္ဂိုလ်ကျတော့ ဘုရားနဲ့တွေ့တွေ့၊ ဘုရား၏ တပည့်သားနဲ့တွေ့တွေ့မြန်မြန် သူ့အယူကို စွန့်တယ်၊ မြန်မြန် အယူစွန့်ပြီး မြန်မြန် ကျွတ်တမ်းဝင်နိုင်တယ် (မှန်ပါ့ ဘုရား)။

ဒီလိုဆိုတော့ ဘယ်သူက နိဗ္ဗာန်နဲ့ နီးပါလိမ့် (ဥစ္ဆေဒ က နီးပါတယ်ဘုရား၊ သဿတသမားက ဝေးပါတယ် ဘုရား)။

ဒါဖြင့် ဒကာသစ်တို့၊ ဒကာကြွယ်တို့ အားလုံး တရားတစ် ပွဲလုံး ဆုံးဖြတ်ချက်ချကြစမ်းပါ၊ ငါတို့ဟာ ဘာဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ထဲ မှာ ပါနေတယ်ဆိုတာ ကိုယ့်ဟာကိုယ် ဝေဖန်ကြ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဒကာသစ် ဒီနေ့တရားမှာ ပြင်ရလိမ့်မယ်၊ မဇ္ဈိမပဋိပဒါ အလယ်လမ်းရောက်အောင် ပြင်ရလိမ့်မယ်ဆိုတဲ့ ဥစ္စာသေသေချာချာမှတ်ကြပါ (မှန်ပါ့ ဘုရား)။

ကိုင်း ဒကာ ဒကာမတွေ ယခုပြမှာ ဘယ်လမ်း ပြမယ်ထင်ကြသတုံး (မဇ္ဈိမပဋိပဒါ အလယ်လမ်း ပြမှာပါ ဘုရား)။

“ဣဓ ဘိက္ခဝေ ဘိက္ခု ဘူတံ ဘူတတော ပဿတိ” ခန္ဓာငါးပါး ရှိတယ်လို့ သေသေချာချာ မှတ်ယူရမယ် (မှန်ပါ့ ဘုရား)။

အသိငါးမျိုး

ဒကာ ဒကာမတို့ ဘာတဲ့တုံး (ခန္ဓာငါးပါး ရှိတယ်လို့ ယူရပါမယ်)၊ ခန္ဓာငါးပါးရှိတယ်လို့ ဧကန် ယူရမယ်နော် (မှန်ပါ့)၊ ခန္ဓာငါးပါးရှိလို့ ရှိရင်ဖြင့်

၁။ အနိစ္စတရား ရှိ-မရှိ (ရှိပါတယ် ဘုရား)၊

၂။ ဒုက္ခတရား (ရှိပါတယ်)၊

၃။ အနတ္တတရား (ရှိပါတယ် ဘုရား)၊

၄။ အသုဘတရား (ရှိပါတယ် ဘုရား)၊

၅။ ဒုက္ခသစ္စာတရား (ရှိပါတယ် ဘုရား)။

ဒီလို သိထားတော့မှ ဒါ အလယ်လမ်းပေါ် တက်လာလို့ ရှိရင် ဒီအသိ ငါးမျိုးဝင်လာတယ် (မှန်ပါ့)၊ အလယ်လမ်းပေါ် တက်လာလို့ရှိရင် ဒီအသိ ငါးမျိုး ဝင်လာတယ်လို့ မှတ်လိုက်စမ်း ပါ (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါးလည်း ရှိတယ်၊ ၎င်းခန္ဓာငါးပါးမှာ အနိစ္စ သဘော၊ ဒုက္ခသဘော၊ အနတ္တသဘော၊ အသုဘသဘော၊ ဒုက္ခ သစ္စာသဘော၊ ဒီငါးမျိုးရှိတယ်ဆိုတာ ဒကာ ဒကာမတွေက ဧကန်ယုံ၊ တကယ်ယုံပါ (မှန်ပါ့)၊ ဧကန်ယုံ, တကယ်ယုံတဲ့ အခါကျတော့မှ အလယ်လမ်းပေါ် တက်စပြုတယ် (မှန်ပါ့ ဘုရား)။

ဘူတံ ဘူတတော ပဿတိ ဘူတံ = ခန္ဓာငါးပါး အနိစ္စတရားကို၊ ဘူတတော= ခန္ဓာငါးပါး အနိစ္စတရားရှိ၏ဟူ၍၊ ပဿတိ= မြင်၏။

ဪ ခန္ဓာငါးပါး အနိစ္စတရား, ဒုက္ခတရား,အနတ္တတရား၊ ဒုက္ခသစ္စာတရားရှိပါကလားလို့ သိထားရမယ် (မှန်ပါ့ ဘုရား)။

ဝိပဿနာဉာဏ်နဲ့ဝေဖန်ကြည့်

ဘူတံ ဘူတတော ဒိသွာ – သူ့ကို တစ်ခါတည်း ဒကာ ဒကာမတွေ့က ဝိပဿနာရှုပြီး ဉာဏ်ကလေးနဲ့ ဝေဖန်ကြည့်ရမယ်နော် (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါး ဝိပဿနာဉာဏ်နဲ့ ဒကာ ဒကာမတွေ ဘာလုပ်ရမယ် (ဝေဖန်ကြည့်ရပါမယ်)၊ ဝေဖန်ကြည့်တဲ့အခါ ကျလို့ရှိရင် ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ ခန္ဓာကလေးက အနိစ္စသဘောတွေ ပြော၊ ဒုက္ခသဘောတွေ ပြော၊ အနတ္တသဘောတွေ မပြောဘူး လား (ပြောပါတယ် ဘုရား)၊ ပြောလာလို့ရှိရင် ဘူတံ-ဘူတတော ဒိသွာ၊ ထင်ရှားရှိတဲ့ ခန္ဓာငါးပါး၊ အနိစ္စတရား၊ ဒုက္ခတရား၊ အနတ္တတရား၊ အသုဘတရား တွေကို ဒကာကြွယ် မြင်လာပြီ (မှန်ပါ့)၊

မြင်လာတဲ့အခါကျတော့ ဒီလိုမြင်လာရင်ပဲ ဒကာသစ်က မပူနဲ့တော့၊ ဦးဘအုန်း မပူနဲ့တော့ (မှန်ပါ့)၊ ဒီလိုမြင်လာတော့ ဖြစ်မှု မြင်ကတည်းက ဥစ္ဆေဒစင်နေပြီ (မှန်ပါ့)၊ ပျက်မှုမြင်ကတည်းက (သဿတ စင်နေပါတယ် ဘုရား)။

အလယ်လမ်းတက်လိုက်လို့ ဒိဋ္ဌိစင်တယ်

ကြည့်စမ်း ဒကာ ဒကာမတို့ အလယ်လမ်းတက်လိုက် သည်နဲ့ တစ်ပြိုင်နက်တည်း ဒိဋ္ဌိနှစ်မျိုး စင်ထွက်သွားတယ်(မှန်ပါ့)၊

အလယ်လမ်းတက်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း (ဒိဋ္ဌိနှစ်မျိုး စင်သွားပါတယ်)၊ ခိုင်မြဲတာလည်း မယူတော့ဘူး၊ ပြတ်တာလည်း မယူတော့ဘူးမဟုတ်လား (မှန်ပါ့)၊

“သဗ္ဗေ သင်္ခါရာ အနိစ္စာ” ဆိုတဲ့အတိုင်း သင်္ခါရက ပြုပြင်တာ၊ အနိစ္စက ဖျက်ချလိုက်၊ သင်္ခါရက ပြုပြင်လိုက်၊ အနိစ္စက ဖျက်ချလိုက်၊ ဤကဲ့သို့ချည်း ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ ထင်လာတယ် (မှန်ပါ့ ဘုရား)။

ဒီလိုဖြစ်ပျက်မြင်တယ်ဆိုရင်ပဲ ဪ ငါတို့သည် ဘဝများစွာ သံသရာက ဘဝခင်တွယ်ခြင်း ကြောင့် သဿတရှိခဲ့ တာဟာ ဒီအမြင် မရလို့ (မှန်ပါ့ ဘုရား)။

လောကထဲမှာဖြစ်ပျက်သာရှိတယ်

ဒကာသစ် အဖိုးတန်သွားပြီ (တန်သွားပါပြီ ဘုရား)။ ဒီအမြင်ကလေးရလိုက်တာ ဦးလှဘူး အဖိုးတန် သွားတယ် (မှန်ပါ့)၊ ဒီဟာကလေးဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ ဖျက်ခနဲ ဖျတ်ခနဲ ပျောက်ပျောက် သွားပြန်တော့လည်း ဖြစ်လိုက် ပျောက် လိုက် ဖြစ်လိုက် ပျောက်လိုက်နဲ့ ဒီလိုမြင်ပြီး သကာလ နေပြန်တော့လည်း ပျောက်တာ မြင်ပြန်တော့လည်း သဿတ စင်သွားတယ် (မှန်ပါ့)၊ ဖြစ်တာ မြင်ပြန်တော့လည်း (ဥစ္ဆေဒ စင်ပါတယ်)၊ ဥစ္ဆေဒစင်သွားတော့ ဪ လောကကြီးထဲမှာ ဖြစ်မှု ပျက်မှုသာ ရှိတယ်၊ ခိုင်တာလည်း မရှိဘူး၊ ပြတ်တာလည်း မရှိဘူး (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဘူတံ- ထင်ရှားရှိတဲ့ အနိစ္စ, ဒုက္ခ, အနတ္တတရား အသုဘတရား, ဒုက္ခသစ္စာတရားကို၊ ဘူတတော- ဖြစ်ပျက်သာ ရှိသောအားဖြင့်၊ ဒိသွာ- မြင်၍ (မှန်ပါ့)၊

ဒီလိုမြင်လို့ရှိရင်ပဲ ဒကာကြွယ်၊ ဒကာသစ်၊ ဦးလှဘူးတို့ မပူနဲ့တော့ (မှန်ပါ့)၊ မပူနဲ့တော့၊ ဘာစင်သွားသတုံး (သဿတ ဥစ္ဆေဒ စင်ပါ တယ် ဘုရား)။

ဪ ဒါဖြင့် ရှေးတုန်းက ကျုပ်တို့ သဿတ ယူမိ တာလည်း ဒကာ ဒကာမတို့ အပျက်ကို မရှုမိလို့ပဲ (မှန်ပါ့)၊ ဥစ္ဆေဒ ယူမိတာလည်း ဖြစ်မှုကို တစ်ခါမှ မမြင်ဖူးလို့ပဲ (မှန်ပါ့)၊ ဆိုနိုင်ကြလား (ဆိုနိုင်ပါတယ် ဘုရား)။

ရှေးတုန်းကဝိပဿနာကင်းခဲ့လို့

ရှေးတုန်းက သဿတ ဥစ္ဆေဒ ယူတာဟာ အပျက်ကို မမြင်သောကြောင့်လည်း သဿတ ယူမိပါတယ် (မှန်ပါ့)၊ အဖြစ်ကို မမြင်သောကြောင့်လည်း ဥစ္ဆေဒ ယူမိပါတယ် (မှန်ပါ့)၊ ဒါဖြင့် ရှေးတုန်းက ကျုပ်တို့မှာ ဝိပဿနာ ကင်းခဲ့လို့ပဲ ဆိုတာ ဦးဘအုန်း ကိုယ့်ကိုယ်ကို ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။

ရှေးတုန်းက ဘာကင်းခဲ့ပါလိမ့် (ဝိပဿနာကင်းခဲ့ ပါတယ်)၊ ဝိပဿနာကင်းခဲ့လို့သာ ဒကာ ဒကာမတွေ ဒီအခြေ ဆိုး အနေဆိုးနဲ့ မဂ်တား ဖိုလ်တားတရားနှစ်ခုအနက် တစ်ခုခု နဲ့ ကျုပ်တို့ နေခဲ့ရတဲ့ ဖြစ်တွေဟာ ဒကာသစ်ရေ သိပ်ဆိုးတာပဲ (ဆိုးပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း – ယနေ့တော့ဖြင့် ဒကာ ဒကာမတွေ အင်မတန် အဖိုးတန်တဲ့နေ့ ငါတို့ဆရာက ခန္ဓာငါးပါး ရှိတယ် ဆိုတာလည်း သိရမယ်၊ ရှိပြီးခန္ဓာငါးပါးဖြစ်မှုနဲ့ ပျက်မှုနဲ့ နေတယ် ဆိုတာလည်း သိရမယ် (မှန်ပါ့ ဘုရား)။

ဖြစ်မှုမြင်ရင်ဥစ္ဆေဒစင်တယ်

ခန္ဓာငါးပါး ရှိတယ် ဆိုတာလည်း (သိရပါမယ်)၊ ရှိပြန် ပြီး ဘာနဲ့နေပါလိမ့် ဖြစ်မှုနဲ့ (ပျက်မှုနဲ့ နေပါတယ်)၊ ဖြစ်မှု ပျက်မှုနဲ့ နေတယ်လို့သိတော့ ဖြစ်မှုမြင်သဖြင့် ဥစ္ဆေဒဒိဋ္ဌိ စင်ပြီး၊ ဝမ်းထဲမှာ ဘဝများစွာ သံသရာက ကပ်လာတဲ့ ဥစ္ဆေဒဒိဋ္ဌိလည်း စင်သွားပါပြီ (မှန်ပါ့)၊ ဝမ်းထဲမှာ ဘဝများစွာ သံသရာက သဿတဒိဋ္ဌိ ရှိလာခဲ့တဲ့ ပုဂ္ဂိုလ်ကလည်း ပျက်မှုမြင်တဲ့ အချိန်က စပြီးတော့ (သဿတဒိဋ္ဌိ စင်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်မှ အလယ်လမ်းပေါ်ကို ရောက်ပါတယ် (မှန်ပါ့)၊ ဒကာကြွယ် ဘာတဲ့ဗျာ (ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်မှ အလယ်လမ်းပေါ် ရောက်ပါတယ် ဘုရား)။

အဲဒီတော့ များသောအားဖြင့် ဗုဒ္ဓဘာသာဝင်တွေမှာပင် သဿတဒိဋ္ဌိ ဝင်ကပ်မှု များလေရဲ့ (မှန်ပါ့ ဘုရား)။

ဒကာသစ် ယုံပလား (ယုံပါပြီ ဘုရား)၊ ဗုဒ္ဓဘာသာ ဝင်လို့ အမည်ခံထားစေကာမူ နောက်ဘဝ မရှိဘူး၊ သေရင် ပြတ်တယ်လို့ ယူထားတဲ့ ပုဂ္ဂိုလ်တွေမှာ ဥစ္ဆေဒ ဒိဋ္ဌိရှိတယ် (မှန်ပါ့)၊ မွေးတစ်နေ့ သေတစ်နေ့ပဲကွာ၊ ဟိုဘဝဆိုတာ မယုံပါ ဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဒကာသစ် ဘယ်လို ဆုံးဖြတ်ချက် ချမလဲ (ဥစ္ဆေဒအယူပါ ဘုရား)၊ ဥစ္ဆေဒသမားတွေ ဆိုတာ မသေချာဘူးလာ (သေချာပါတယ်) ဒါဖြင့် သူတို့ မဂ်တား ဖိုလ်တား နှစ်ယောက်သားပဲလို့ ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

အဲဒါ ယနေ့ ဆရာဘုန်းကြီးက ဒကာ ဒကာမတွေ အထူး သဖြင့် ရွက်ဆောင်ပြီး သကာလ ပေးလိုက်တာ ဒကာ ဒကာမတို့ ခင်ဗျားတို့ သန္တာန်၌ ဖြစ်မှုကလေးကိုလည်း မြင်အောင်ကြည့်ပါ။ ပျက်မှုကလေးကိုလည်း (မြင်အောင်ကြည့်ရပါမယ် ဘုရား)၊ ကဲ မယုံရင် ကိုယ့်လက်မောင်း ကလေး တစ်ခုကို ကိုယ့်လက်သည်း ကလေးနဲ့ ခြစ်ကြည့်လိုက်တာပေါ့၊ နာမှုကလေးဖြစ်လာတယ် (မှန်ပါ့)၊ နောက်နာမှုကလေး ပျောက်မသွားဘူးလား (ပျောက်သွားပါတယ်)၊ ဪ ဒီခန္ဓာထဲမှာ နာမှုဝေဒနာ ကလေးဟာ ဖြစ်မှုပျက်မှု ရှိပါကလား (မှန်ပါ့ ဘုရား)။

တစ်ခါ နာမှု ဝေဒနာကကို သိတဲ့ စိတ်ကလေး ကလည်း နာတာလည်းသိ၊ မနာလည်း သူသိတာပဲ (မှန်ပါ့)၊ သူသိပြီး ပျက်သွားတာပဲ (မှန်ပါ့ ဘုရား)။

အရှုခံကဖြစ်ပျက်၊ ဉာဏ်လဲဖြစ်ပျက်

ဒါဖြင့် အာရုံဘက်ကလည်း ဖြစ်ပျက်၊ အာရမ္မဏိက ရှုတဲ့ ဘက်ကကော (ဖြစ်ပျက်ပါ ဘုရား)၊ ဪ ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ ရှုစရာကလည်း ဖြစ်ပျက်၊ ရှုဉာဏ်ကလည်း ဖြစ်ပျက်၊ အရှုခံတာလည်း ဖြစ်ပျက်၊ အကုန် ဖြစ်ပျက်ချည်း ရှိနေပါကလားလို့ သိနေလို့ရှိရင် ဘာစင်တယ် ဆိုတာ ယနေ့ ဆုံးဖြတ်ချက် ချပါ (သဿတနဲ့ ဥစ္ဆေဒ စင်ပါတယ် ဘုရား)။ ဥစ္ဆေဒရော စင်ပါတယ်။

အပျက်မြင်ရင်သဿတစင်တယ်

ဒါဖြင့် ဘဝများစွာ သံသရာက ဒကာကြွယ်တို့ ဦးလှဘူး တို့၊ ဒကာသစ်တို့၊ ဦးဘအုန်းတို့ ဆုံးဖြတ်ချက် ချကြည့်စမ်း အဖြစ် မမြင်ခဲ့သော် သူဘယ်အယူနဲ့ နေလေ့ရှိပါလိမ့် (ဥစ္ဆေဒနဲ့ပါ ဘုရား)၊ အပျက် မမြင်ခဲ့သော် ဘယ်အယူနဲ့ နေလေ့ရှိပါလိမ့် (သဿတနဲ့ပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ အဖြစ်မြင်လို့ ရှိရင် ဥစ္ဆေဒပြတ်တယ်၊ အပျက်ကို မြင်လို့ရှိရင် (သဿတ ပြတ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ကို ဆရာဘုန်းကြီး နှစ်ပေါင်းများစွာ ဆိုသလိုပဲ၊ ဖြစ်ပျက်ရှုပါ၊ ဖြစ်ပျက်ရှုပါ ဆိုတာ အလယ်လမ်း တက်ခိုင်းတာ (မှန်ပါ့)၊ ဖြစ်ပျက် မပါတဲ့တရား မှန်ခဲ့သော် ဒကာ ဒကာမတို့ ဒိဋ္ဌိနှစ်ခု ရှိနေတဲ့အတွက် ဘယ်တော့မှ နိဗ္ဗာန် မရတဲ့ တရားလို့မှတ်ကြပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါ ပြီ ဘုရား)။

ဖြစ်ပျက်က ခန္ဓာငါးပါးအကုန်နော်

ဖြစ်ပျက်ကလည်း ခန္ဓာငါးပါးအကုန်နော် (မှန်ပါ့)၊ ဝေဒနာကလေးတစ်လုံးတည်းလို့ ယူမနေနဲ့နော် (မှန်ပါ့)၊ အလုံးစုံ အကုန်ရောပြီ ပျက်တာတွေပါသိရမယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကျုပ်တို့ဘဝများစွာ သံသရာကအဖြစ်လည်း မမြင်ဖူးသောကြောင့် ဥစ္ဆေဒ ကြိုက်ခဲ့ ကြတယ် (မှန်ပါ့)၊ အပျက် မမြင်ဖူးသောကြောင့် (သဿတ ကြိုက်ခဲ့ပါတယ် ဘုရား)။

ဒီဘဝဆရာကောင်းနဲ့မတွေ့ရင်

ဒကာသစ်ရေ ဒါဖြင့် ကျုပ်တို့ တစ်ခုခုတော့ ဖြစ်ခဲ့ပြီဆို တာ သေချာတယ် (မှန်ပါ့)၊ ဒီဘဝ တောင်မှ ဆရာကောင်းနဲ့ မတွေ့လို့ရှိရင် ခင်ဗျားတို့ အများအားဖြင့် သဿတဘက် သွားလေရဲ့ (မှန်ပါ့)၊ ဒကာကြွယ် မသွားဘူးလား (သွားပါ တယ်)။

ကျောင်းဆောက်၊ ဘုရားတည် အလှူပြုပြီး ငါလုပ် ငါရမှာပေါ့၊ ငါခံစားဖို့ ငါလုပ်ထားခဲ့ရတယ်ကွ၊ တစ်ခါတည်း သဿတဘက်မသွားဘူးလား (သွားပါတယ်)၊ ဥစ္ဆေဒ ယူလိုက်တဲ့ ပုဂ္ဂိုလ်ကလည်း မွေးတစ်နေ့ သေတစ်နေ့ကွာ ဘာထူး မှာတုံး၊ နောက်ဘဝဆိုတာ မယုံပါဘူး (မှန်ပါ့)၊ သူ့ကျတော့ ဘယ်ဘက်သွားပြန်ပါလမ် (ဥစ္ဆေဒဘက် သွားပါတယ် ဘုရား)။

အဲ့ဒါ အားလုံးတရားတစ်ပွဲလုံး ဆုံးဖြတ်ချက်ချစမ်းပါ၊ ဘာကို မမြင်လို့ပါလိမ့် (ဖြစ်ပျက်ကို မမြင်လို့ပါ ဘုရား)၊ ရှင်း ပေးပါဦးမယ်၊ ဖြစ်တာကို မြင်ရင် ဥစ္ဆေဒ စင်တယ်၊ အပျက်မြင်ရင် (သဿတ စင်ပါတယ် ဘုရား)။

ဖြစ်ပျက်မြင်မှ အလယ်လမ်းရောက်တယ်

အဲ့ဒီတော့ ဖြစ်ပျက်နှစ်ခုကို မြင်ပါမှ ကျုပ်တို့သည် ဘူတံ ဘူတတော ဒိသွာ- ဆိုသည့်အတိုင်း ဘူတံ- ခန္ဓာငါးပါး ရုပ်နာမ် ဖြစ်ပျက်တရားကို၊ ဘူတတော- ဖြစ်ပျက်နေပါကလားလို့ ဒိသွာ- မြင်မှ သာလျှင်တဲ့ အလယ်လမ်း ရောက်တယ် (မှန်ပါ့)။

ဒါဖြင့် ဒကာကြွယ်ရေ ဆရာဘုန်းကြီးက ဘာဟော သတုံးဆိုရင် ဒကာကြွယ် အဖြေ ထွက်ပလား (ထွက်ပါပြီ)၊ ဘာဟောပါလိမ့် (အလယ်လမ်း ဟောပါတယ် ဘုရား)။

အလယ်လမ်း ဟောတော့ကို အလယ်လမ်းဟာ ဘယ်အမြင်ရောက်မှ အလယ်လမ်း ဆိုတာကော သိပလား (သိပါပြီ)၊ ဘယ်အမြင်ပါလိမ့် (ဖြစ်ပျက်အမြင်ပါ ဘုရား)၊ ဖြစ် ပျက်မြင်မှ အလယ်လမ်း ရောက်တယ် (မှန်ပါ့)၊ ဖြစ်ပျက်မပါ တဲ့ တရားဆိုရင် အလယ်လမ်းပေါ်ကို သိကိုမသိဘူး ဦးဘအုန်း (မှန်ပါ့)၊ သိသေးရဲ့လား (မသိပါ ဘုရား)။

ဒီဥစ္စာ ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကို သေသေချာချာ ပြနေတာ၊ ရှင်သာရိပုတ္တရာဟောပြီး ဘုရားက ထောက်ခံချက် ပေးတဲ့ကျမ်းလို့ မှတ်လိုက်စမ်းပါဦး (မှန်ပါ့)၊ ဟောတာက ရှင်သာရိပုတ္တရာ၊ ထောက်ခံချက် ပေးတာက ဘုရား (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက်မြင်ပြီးမှ ငြီးငွေ့တာ

အဲဒီ ဖြစ်ပျက်မြင်မှသာလျှင် ဘယ်လမ်းပေါ် ရောက် သတုံး (အလယ်လမ်းပေါ်ရောက်ပါတယ်)၊ ဖြစ်ပျက် မြင်တော့မှ

‘‘ဘူတံ ဘူတတော ဒိသွာ၊ ဘူတဿ နိဗ္ဗဒါယ၊’’ ဖြစ်ပျက်မြင်ပြီးမှ ငြီးငွေ့တယ် ဆိုတာ လိုက်တာ (မှန်ပါ့)၊ ဖြစ်ပျက် မမြင်ရင် (ငြီးငွေ့တာ မလိုက်ပါ ဘုရား)၊ ငြီးငွေ့တာ မလိုက်လို့ ရှိရင်ဖြင့် ဒကာအုန်းတို့ကို စဉ်းစားတာပေါ့၊ သာယာ နေဦးမယ် (မှန်ပါ့)၊ မသာယာပေဘူးလား (သာယာပါတယ် ဘုရား)။

ယထာဘူတဉာဏ်

အဲဒါကြောင့် ဘူတဿ= ဖြစ်ပျက်တရားကို၊ နိဗ္ဗိဒါယ = ငြီးငွေ့ခြင်းငှာတဲ့၊ ဝိရာဂါယ ဆိုတော့ သူ့ကို ငြီးငွေ့ပြီးရင် လိုချင် တဲ့ သဘော ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ မလိုချင်လို့ရှိရင် ရှေ့ပိုင်းက ဖြစ်ပျက် မြင်လို့ရှိရင် ယထာဘူတဉာဏ် ဆိုတာက သဿတ ဥစ္ဆေဒကွာလို့ ယထာဘူတဉာဏ်လို့ ပြောလိုက်ပါ တယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်မြင်တာသည် ဘာဉာဏ်ပါလိမ့် – (ယထာဘူတ ဉာဏ်ပါ) ဘယ့်နှယ်ကြောင့် သူ့ကို ယထာဘူတဉာဏ် လို့ဆိုရပါ လိမ့် (သဿတဥစ္ဆေဒ ပယ်နိုင်လို့ပါ)၊ သဿတနဲ့ ဥစ္ဆေဒနှစ်ခု စလုံးကို ပယ်နိုင်လို့ သူ့ကို ဘာဉာဏ်ခေါ်ကြမယ် (ယထာ ဘူတဉာဏ်ပါ ဘုရား)၊ သေချာပါလား (သေချာပါပြီ)။

သေပျော်တဲ့တရား

ဪ ဒါဖြင့် ဦးလှဘူးတို့ရေ သေပျော်တဲ့တရားပဲ (မှန်ပါ့)၊ ဖြစ်ပျက်မြင်တော့ ဘာဉာဏ်တဲ့ဗျာ (ယထာ ဘူတဉာဏ်ပါ)၊ ဒီဉာဏ်က ဘယ်ဒိဋ္ဌိနှစ်ခုကို ဖြုတ်ပစ်လိုက်တယ် ဆိုတာကော သေချာပလား (သေချာပါပြီ)၊ သဿတ ဥစ္ဆေဒ နှင်ထုတ်ပစ်တဲ့ဉာဏ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဘာ နှင်ထုတ်ပစ်ပါလိမ့် (သဿတ ဥစ္ဆေဒ နှင်ထုတ် ပစ်ပါတယ် ဘုရား)၊ ကိုင်း-ဒါဖြင့် သဿတ ဥစ္ဆေဒ နှင်ထုတ်လိုက် လို့ ခုနင်ကပြောတဲ့ နိဗ္ဗိန္ဒဉာဏ်ဆိုတာ ဖြစ်ပျက်ရှုဖန်များလို့ ပေါ် မလာဘူးလား (ပေါ်လာပါတယ်)၊ ဖြစ်ပျက်ရှုဖန်များလို့ နိဗ္ဗိန္ဒဉာဏ်ပေါ်လာတာသည် ကားလို့ဆိုရင် အဖြစ်ကိုလည်း ငြီးငွေ့တယ် (မှန်ပါ့)၊ အဖြစ် ငြီးငွေ့တယ် ဆိုကတည်းက ဥစ္ဆေဒ မရှိတော့ဘူး (မှန်ပါ့)၊ အပျက်ငြီးငွေ့ ပါတယ် ဆိုက တည်းကကော (သဿတမရှိတော့ပါ ဘုရား) သဿတ မရှိတော့ သဿတဥစ္ဆေဒ မကပ်လို့ ငြီးငွေ့တဲ့ ဒုတိယဉာဏ် တက်လာတာလို့ ဒကာကြွယ် မှတ်စမ်းပါ (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် ငြီးငွေ့တဲ့ဉာဏ် တက်လာပါလိမ့်မတုံး (သဿတဥစ္ဆေဒ မကပ်လို့ပါ ဘုရား)၊ သဿတ ဥစ္ဆေဒ အနားကို မသိနိုင်လို့ (မှန်ပါ့)၊ သဿတရှိရင် သာယာနေ မယ်ဗျ (မှန်ပါ့)၊ ဥစ္ဆေဒရှိရင် အယူလွဲမယ် (မှန်ပါ့)။

မဂ်ကိုကျေးဇူးပြုမည့်ဉာဏ်

ဒါဖြင့် ဒကာ ဒကာမတို့ ဪ ငြီးငွေ့တဲ့ဉာဏ်ဆို တာ ဖြစ်ပျက်မြင်မှ ငြီးငွေ့နိုင်တယ် (မှန်ပါ့)၊ ဒီဒိဋ္ဌိနှစ်ခု တစ်ခုခုခံနေရင် ငြီးငွေ့တယ်ဆိုတဲ့ ဉာဏ်လာနိုင်ပါ့မလား (မလာနိုင်ပါ)၊

ဒါဖြင့် ယထာဘူတဉာဏ်သည် သဿတဥစ္ဆေဒကို နှင်ထုတ်တဲ့ဉာဏ် (မှန်ပါ့)၊နိဗ္ဗိန္ဒ္ဒဉာဏ်သည် သဿတဥစ္ဆေဒကို နှင်ထုတ်ပြီးသောကြောင့် မဂ်ကို ကျေးဇူးပြုမည့်ဉာဏ် ပေါ်ပါတယ် (မှန်ပါ့)၊ မဂ်ဖိုလ်ကို ကျေးဇူးပြုမည့် ဉာဏ် ပေါ်လာတယ် ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိမကွာဘဲနဲ့ရှုနေရင် နိဗ္ဗိန္ဒဉာဏ် ရပါ့မလား (မရပါ ဘုရား)၊ သဿတ ဥစ္ဆေဒရော ကွာပါ့မလား (မကွာပါ)၊ ကောင်းပြီ ဒါဖြင့် ရှူကာမျှ ရှိုက်ကာမျှ ဆိုရုံပဲလုပ်မယ်၊ ဖြစ်ပျက်ထိအောင် မသွားဘူး ဆိုရင်တော့ ဦးဘအုန်း ဒါဟာ အဝေးကြီး ကျန်သေးတယ် (မှန်ပါ့)၊ မကျန်ဘူးလား (ကျန်ပါတယ် ဘုရား)။

ဘုရားက ဆရာကောင်းရှာဖို့မှာတယ်

အေး ဒါကြောင့် ဒကာ ဒကာမတွေ ဆရာကောင်း သမားကောင်း ရှာကြဖို့ ဘုရားမှာတယ် ဆိုတာ ဒကာကြွယ် မှာသင့် – မမှာသင့် (မှာသင့်ပါတယ် ဘုရား)။

အဲ ဒါဖြင့် အားလုံးတရားနာတဲ့ ဒကာ ဒကာမတွေ အခု ယထာဘူတဉာဏ် ရတဲ့ အချိန်ကစပြီး သူ့ဝမ်းထဲမှာ ဘဝများစွာ သံသရာက မဂ်တား – ဖိုလ်တား သဿတ ဥစ္ဆေဒ တရား နှစ်ပါးသွားပြီ (မှန်ပါ့)၊ သွားပြီ သွားပြီး ဒကာ ဒကာမတို့ ဝမ်းသာမြောက်ပေတော့ (မှန်ပါ့)၊ ငါတို့ မဂ်ဉာဏ်ရဖို့ အနီးကလေး ကျန်တော့တယ်လို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့ ဘုရား)။

နီးတယ်၊ မနီးတယ်ဆိုတာ ခုနင်က ခန္ဓာငါးပါး တစ်ပါးပါး ကို ဖြစ်မှုမုန်း မမုန်းသာကြည့်တော့ (မှန်ပါ့ ဘုရား)၊ မုန်းလာရင် ဒကာသစ် ဘယ်လိုဆိုမတုံး (နိဗ္ဗိန္ဒဉာဏ်ပါ)၊ နိဗ္ဗိန္ဒဉာဏ်ဟာ မဂ်ဉာဏ်နဲ့ မနီးသေးဘူးလား (နီးပါတယ်)၊ နိဗ္ဗိန္ဒဉာဏ်ပြီးရင် မဂ်ဉာဏ်လာရုံ ကျန်တော့တယ် (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် ဒီကြားမှာ နိဗ္ဗိန္ဒဉာဏ် ဝင်ပါလိမ့်မတုံး ဆိုတာ ဟိုက သဿတ ဥစ္ဆေဒ ပြုတ်ခဲ့လို့ ဒီဉာဏ် တက်လာတာ (မှန်ပါ့)၊ နို့မဟုတ်ရင် တက်ပါ့မလား (မတက်ပါ)၊ သဘောပါ ကြပလား (ပါပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒီဉာဏ် တက် လာတာ သည် ဒကာကြွယ်တို့၊ ဒကာသစ်တို့၊ ဦးလှဘူးတို့ ဘာဖြစ်လို့ တက်လာ ပါလိမ့်ဗျာ (သဿတဥစ္ဆေဒ ပြုတ်လို့ပါ)၊ သဿတဥစ္ဆေဒ ပြုတ်ပြီး သကာလ လာခဲ့တဲ့အတွက် ဖြစ်တာနဲ့ ပျက်တာ ကလေးတွေ မြင်လို့ သဿတ ဥစ္ဆေဒပြုတ်ပြီး လာခဲ့တဲ့ အတွက် ဉာဏ်စဉ် အတိုင်း နိဗ္ဗိန္ဒ္ဒ ဉာဏ်တက်လာပါတယ် (မှန်ပါ့)။

ခန္ဓာငြီးငွေ့သော နိဗ္ဗိန္ဒဉာဏ်

နို့မဟုတ်လို့ရှိရင်ဖြင့် နိဗ္ဗိန္ဒဉာဏ်ဆိုတာလည်း ရှင်းရှင်း ပြောလို့ရှိရင်ဖြင့် မိမိခန္ဓာကိုယ် ငြီးငွေ့တာ (မှန်ပါ့)၊ မိမိခန္ဓာ ငြီးငွေ့ပါတယ် ဆိုတော့ သုံးဆယ့်တစ်ဘုံ ခန္ဓာတွေရော မိမိရမည့် ခန္ဓာတွေ၊ မိမိဖြစ်ရမည့် ခန္ဓာတွေကော ဘယ့်နှယ်တုံး (ငြီး ငွေ့ပါတယ်)၊ ဟော သုံးဆယ့်တစ်ဘုံနဲ့ကို တစ်ခါတည်း အဆက်ပြတ်တယ် (မှန်ပါ့)၊ သုံးဆယ့်တစ်ဘုံ သင်္ချိုင်းရှိတဲ့ ဘုံတွေနဲ့ အဆက်ပြတ် ပါတယ် (မှန်ပါ့ ဘုရား)။

သုံးဆယ့်တစ်ဘုံမှာ ဘာတွေ အမြဲတမ်းရှိသတုံး (သင်္ချိုင်းတွေ ရှိပါတယ် ဘုရား)၊ သင်္ချိုင်းတွေ အမြဲတမ်း ရှိတယ်လို့ မှတ်စမ်းပါ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဘုန်းကြီးကပြောရပါတယ်၊ ဒကာသစ်တို့ ခင်ဗျားတို့ ရွာတည်မည်ကြံရင် သင်္ချိုင်း ထည့်ပြီး စဉ်းစားရတယ် (မှန်ပါ့)၊ မြို့တည်မည် ကြံရင် သင်္ချိုင်းထည့် စဉ်းစားရပါတယ် (မှန်ပါ့)၊ ဒါ ဘာကြောင့်တုံးလို့ မေးတဲ့အခါကျတော့ ခန္ဓာရှိလို့ သင်္ချိုင်းထည့် စဉ်းစားရတာ (မှန်ပါ့ ဘုရား)။

ခန္ဓာရှိလို့ ဘာပါလိမ့် (သင်္ချိုင်း ထည့်စဉ်းစား ရပါတယ်)၊ သင်္ချိုင်း ထည့်စဉ်းစားရတယ် ဆိုကတည်းက ဒကာ ဒကာမတို့ ဒီခန္ဓာ မလိုချင်တဲ့ ဉာဏ်သည် သင်္ချိုင်းကိုပဲ မသေချင်လို့ကို ငြီးငွေ့ လာတာ (မှန်ပါ့)။

မသေချင်လို့ ဘာဖြစ်လာသတုံး (ငြီးငွေ့လာ ပါတယ်)၊ သင်္ချိုင်းကိုပဲ ကြောက်လွန်းလို့ ရွာတည်ရင် သင်္ချိုင်းပါ ပါလာလွန်းလို့ (မှန်ပါ့)၊ မြို့တည်ရင်ကော (သင်္ချိုင်း ပါလွန်းလို့ပါ)၊ သင်္ချိုင်းပါ ပါလာလွန်းလို့၊ အလွန် စက်ဆုပ်လွန်းလို့ အသေမုန်း အနေမုန်း (မှန်ပါ့)၊ သင်္ချိုင်းပါလာတယ် ဆိုတော့ နေရတာကော ပျော်သေးရဲ့ လား (မပျော်ပါ ဘုရား)။

ရွာတည်ရင်သချိုင်းထည့်စဉ်းစားရတယ်

ရွာတည်တော့ သင်္ချိုင်းပါ ထည့်ပြီး စဉ်းစားရတယ် ဆိုကတည်းက နေသာနေတယ်၊ သေရမှာပဲ ဆိုတာ ပါတယ် (မှန်ပါ့)၊ အနေကိုလည်း သူသဘော မကျဘူး၊ ဒါကြောင့် အဖြစ်ကိုလည်း မုန်းတယ် (မှန်ပါ့)၊ သေရမှာဆိုတဲ့ သင်္ချိုင်း ရှိနေမှန်း သိနေသောကြောင့် အပျက်ကိုလည်း (မုန်းပါတယ် ဘုရား)။

အဲဒါသည် ဒကာ ဒကာမတို့ အနေအသေ နှစ်ခုတို့တွင် အနေလည်း သူမကြိုက်၊ အသေလည်း သူမကြိုက်လို့ မုန်းဉာဏ် တက်လာတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ့်နှယ့်ကြောင့် မုန်းဉာဏ်လာပါလိမ့်မတုံး (အနေလည်း သူမကြိုက် အသေလည်း သူမကြိုက်လို့ပါ ဘုရား)၊

ဟာ ဒါဖြင့် အဖြစ်လည်း သူမကြိုက်တော့ဘူး (မှန်ပါ့)၊ အပျက်လည်း သူမကြိုက်တော့ဘူး (မှန်ပါ့)၊ ဒါကြောင့် ဘာဉာဏ်ဖြစ်လာသတုံး (နိဋ္ဌိန္ဒဉာဏ်ဖြစ်လာပါတယ် ဘုရား)၊ မုန်းဉာဏ်၊ နိဗ္ဗိန္ဒဉာဏ် တက်လာတယ်မဟုတ်လား (မှန်ပါ့ ဘုရား)။

မဂ္ဂင်ရှစ်ပါးပေါ်လာတယ်

အဲဒီလို တက်လာလို့ ရှိရင်ဖြင့် ဝေဒနာရှုတဲ့ ပုဂ္ဂိုလ် ကလည်းပေရှု (မှန်ပါ့ ဘုရား)၊ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ကလည်း စိုက်ရှု၊ မုန်းလျက်နဲ့ ပေရှုနေပါ (မှန်ပါ့)၊ မုန်းလျက်နဲ့ – ဦးဘအုန်း စွဲစွဲမြဲမြဲ ရှုပေးပါ (မှန်ပါ့)၊ ရှုလိုက်လို့ ရှိရင်ဖြင့် မုန်းတဲ့ ပုဂ္ဂိုလ်ဟာဖြင့် မပေါင်းချင်ဘူး၊ မလိုချင်ဘူး ဆိုတာ လာထိုက် မလာထိုက် (လာထိုက်ပါတယ် ဘုရား)၊ အဲ့ဒီခန္ဓာငါးပါးကြီး နဲ့ မပေါင်းချင်ဘူး၊ မလိုချင်ဘူးဆိုတဲ့ မဂ္ဂင်ရှစ်ပါး တစ်ခါတည်း ပေါ်တာပဲ (မှန်ပါ့)။

မဂ္ဂင်ရှစ်ပါး ပေါ်လာတယ်ဆိုတော့ ဒကာ ဒကာမတို့ ဒီမုန်းတဲ့ မလိုချင်တဲ့ ခန္ဓာကြီးဟာ ပျောက်ပျက် သွားတယ် (မှန်ပါ့)၊ ပျောက်ပျက်သွားတာသည် ဒုက္ခသစ္စာက ပျောက်ပျက်၊ နိရောဓသစ္စာက ပေါ်ထွက်ကိုးဗျ (မှန်ပါ့ ဘုရား)။

နိရောဓသစ္စာပေါ်လာတယ်

ဒုက္ခသစ္စာက (ပျောက်ပျက်ပါ ဘုရား)၊ နိရောဓ သစ္စာက (ပေါ်ထွက်ပါ ဘုရား)၊ ဟော ခန္ဓာငါးပါး ဒုက္ခ သစ္စာတရားမလိုချင်တော့ ပျောက်ထွက်သွားပါတယ် (မှန်ပါ့)၊ အဲဒီမှာ သေမည့် ပုဂ္ဂိုလ်လည်း မရှိဘူး၊ သေရာ သင်္ချိုင်းလည်း မရှိဘူး၊ ဒါက နိရောဓပဲ (မှန်ပါ့ ဘုရား)။

သေမည့်ပုဂ္ဂိုလ် မရှိတာနဲ့ သေရာသင်္ချိုင်း မတွေ့တာက ဘာပါလိမ့် (နိရောဓပါ)၊ မသေရာ ဆိုတာ ဒါပါကလား၊ သေစရာ အထည်လည်း မရှိတော့ဘူး၊ သေလို့မြှုပ်စရာ သင်္ချိုင်း လည်း မရှိတော့ဘူး ဆိုတော့ မသေရာအမှန် ပြည်နိဗ္ဗာန်ဆိုတာ လည်း ဒါပါပဲ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဆရာဘုန်းကြီး ဟောနေတဲ့ အလုပ်၊ ဖြစ်ပျက် မြင်တဲ့အလုပ်ဟာ သဿတဥစ္ဆေဒ ခွာနေတာ (မှန်ပါ့)၊ ခွာတာကိုကွာ – မကွာ အကဲခတ်၊ အကဲခတ်လိုက် (မှန်ပါ့) တက်လာလို့ရှိရင် ဒကာသစ်တို့က ဘယ်လို ဆုံးဖြတ်ချက် ချမတုံး (သဿတဥစ္ဆေဒ ကွာပါတယ်)၊ သဿတဥစ္ဆေဒ ကွာလို့ မုန်းလာတာ (မှန်ပါ့ ဘုရား)။

မုန်းလာတဲ့ပုဂ္ဂိုလ်သည် ရှုပါများလာလို့ ရှိရင်ဖြင့် သဿတ သဘောလည်း သူမကြိုက် တော့ဘူး၊ ဥစ္ဆေဒ သဘောကော (မကြိုက်ပါ ဘုရား)၊ ဖြစ်မှုပျက်မှုကြီးကို တွေ့ချင်သေး ရဲ့လား (မတွေ့ချင်ပါ ဘုရား)၊

မတွေ့တော့ သဿတ ဥစ္ဆေဒ ခြေကန်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ခန္ဓာချုပ်ပါတယ် (မှန်ပါ့ ဘုရား) ခန္ဓာချုပ်သည်နဲ့ တစ်ပြိုင်နက်တည်း ခန္ဓာ နိရောဓော နိဗ္ဗာနံ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ချုပ်ငြိမ်းမှုကိုယ်တိုင်ရာနိဗ္ဗာန်

ဒါဖြင့် နိဗ္ဗာန်ဆိုတာသည် သေရင် ပြတ်သွားတာလား၊ ချုပ်ငြိမ်းမှု ကိုယ်တိုင်ရတာလား (ချုပ်ငြိမ်းမှု ကိုယ်တိုင်ရတာ ပါ ဘုရား)။

ဥစ္ဆေဒသမားကတော့ သေပြီးပြတ်တာကို ယူလိုက်ရင် ဥစ္ဆေဒ (မှန်ပါ့)၊ ဪ ဒီဥစ္စာသည် အရင်တုန်းက ဒုက္ခနဲ့နေရတာ၊ နိဗ္ဗာန် ဆိုတာ ဒုက္ခချုပ်တာကို ဆိုတာပါလား၊ ဒုက္ခချုပ်ခြင်းကို မိမိရတာ ပါကလား၊ ရောက်တာ ပါကလား၊ သိရင် ဥစ္ဆေဒ လွတ်ထွက်သွားတယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ကိုယ့်ကိုယ်ကိုယ်စစ်တမ်းထုတ်ပါသည်

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ကိုယ့်ကိုယ် ကိုယ် စစ်တမ်းထုတ်ပြီး သကာလ တို့ဟာ သဿတ များတယ် ဆိုတာ မှတ်ကြပါ (မှန်ပါ့ ဘုရား)။

အားလုံး သီလရှင်တွေကော လူတွေကော များသော အားဖြင့် ဘာများသတုံး (သဿတက များပါတယ် ဘုရား)။ နိဗ္ဗာန်မရမီ စပ်ကြား ခံစားရပါလို၏ ဆိုတာကို ဘယ်သူက ထည့် တာတုံး (သဿတက ထည့်တာပါ)၊ ကိုယ်လုပ်ထားတာ တွေ ဘယ်သွားမတုံးကွလို့ မေးပြန်တာကော့ (သဿတ ပါ ဘုရား)၊ ဒါကြောင့် သဿတ ဒိဋ္ဌိတွေ မများကြဘူးလား (များပါတယ် ဘုရား)။

ကျွတ်တမ်းဝင်ခဲ့သော သဿတဒိဋ္ဌိကြောင့်

အဲဒီ သဿတဒိဋ္ဌိတွေကြောင့် ဘုရားမြတ်စွာတွေနဲ့ တွေ့ခဲ့လို့ ကျွတ်တမ်း မဝင်ခဲ့တာသူဘဲ (မှန်ပါ့)၊ ဘယ်သူပါ လိမ့်ဗျာ (သဿတဒိဋ္ဌိပါ ဘုရား)။

ဒါကြောင့်

‘‘ကဉ္စိ သင်္ခါရံ နိစ္စတော သမနုပဿန္တော အနုလောမိကာယ ခန္တိယာ သမန္နာဂတော ဘဝိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ’’တဲ့ အင်္ဂုတ္တိုရ်ပါဠိတော်မှာ (မှန်ပါ့ ဘုရား)။

တစ်ခုသော ဒိဋ္ဌိခံနေရင် သစ္စာနဲ့လျော်ညီ ဉာဏ်မရပါဘူး တဲ့ (မှန်ပါ့)၊ သစ္စာနဲ့လျော်တဲ့ ဉာဏ်တောင် မရဘူးလို့ ဆိုထား သဖြင့် ဒကာသစ် နိဗ္ဗာန် သွားပြီ (မှန်ပါ့)၊ သဿတ ခံနေရင် နိဗ္ဗာန် မရဘူး ဥစ္ဆေဒ ခံကော (နိဗ္ဗာန်မရပါ ဘုရား)။

နိဗ္ဗာန်တံခါးဝ ငါရောက်ပဟ

ဒါဖြင့် ဖြစ်ပျက်မမြင်သရွေ့ ဒကာ ဒကာမတို့ ဘယ်အခါ ကာလမှ နိဗ္ဗာန်နဲ့ နီးပေါ့လို့ ဆိုစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ နိဗ္ဗာန်တံခါးဝရောက်ပေါ့ လို့ကော (မဆိုရပါ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်မြင်တဲ့ အချိန်ကစပြီး နိဗ္ဗာန်တံခါးဝ ရောက် ပဟနော် (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘယ်သူမျှ မလျှော့နဲ့၊ ခန္ဓာကိုယ် စိုက်ကြည့် ဖြစ်ပျက်မြင်တဲ့အချိန်ကစပြီး နိဗ္ဗာန် တံခါးဝ ငါရောက်ပဟ ၊ ဒီလို ဆုံးဖြတ်ချက်ချပြီး သကာလ နိဗ္ဗာန် တံခါးဝ ရောက်ပြီး တင်းတိမ်လဲ မနေဘဲနဲ့ ဆက်ရှုပါ (မှန်ပါ့ ဘုရား)။

ဆက်ရှုတော့ အဖြစ်ကိုလည်းမုန်း၊ အပျက်ကော (မုန်းပါတယ် ဘုရား)။

နိဗ္ဗာန်နဲ့အတော်နီးနေပြီ

ဪ ဒါဖြင့် နိဗ္ဗာန်တံခါးဝ မကဘူး၊ နိဗ္ဗာန်မြို့တော်နဲ့ အတော် နီးနေပြီ ဆိုတာ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ နီးကြောင်း ဘယ်သူက သက်သေခံသတုံးလို့ မေးတဲ့အခါကျတော့ အဖြစ် မုန်းတဲ့ဉာဏ်၊ အပျက်မုန်းတဲ့ဉာဏ် နိဗ္ဗိန္ဒဉာဏ်က သက်သေခံ လိုက်တယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါ, ပါပြီ ဘုရား)။

ဒီလိုပဲဆက်ရှုစမ်း ဒကာကြွယ်၊ ဒကာသစ်၊ ဦးလှဘူးတို့ ဆက်ရှုတော့ ဒီဖြစ်ပျက်ကြီးနဲ့ နေချင်သေးရဲ့လား (မနေချင် ပါ ဘုရား)၊ မနေချင်တော့ ဖြစ်ပျက်ကြီး လိုချင်သေးရဲ့လား (မလိုချင်ပါ ဘုရား)။

မလိုချင်တာ ဘယ်လိုကြောင့်ပါလိမ့်မတုံး မေးတော့ ဖြစ်တာလည်းဒုက္ခ၊ ပျက်တာလည်းဒုက္ခ (မှန်ပါ့)၊ ဖြစ်တာက သေမလို့ဖြစ်တဲ့ဒုက္ခ၊ ပျက်တာက သေပွဲဝင်တဲ့ဒုက္ခ (မှန်ပါ့)၊ ဒါဖြင့် ဒကာသစ် ဘယ်ဒုက္ခကြိုက်သတုံး (ဘယ်ဒုက္ခမှ မကြိုက်ပါ ဘုရား)။

ဒုက္ခချုပ်သွားတာနိဗ္ဗာန်

အဲဒီကဲ့သို့ ဖြစ်ဒုက္ခ ပျက်ဒုက္ခကို သေသေချာချာပိုင်တဲ့ အခါကျတော့ ခုနင်က ရှေ့ရှုစရာ ခန္ဓာငါးပါး ချုပ်တယ် (မှန်ပါ့)၊ ခန္ဓာငါးပါး ချုပ်တော့ကို ဒုက္ခချုပ်သွားတာ ဆိုရင် လွဲပါ မလား (မလွဲပါ ဘုရား)၊ ဒုက္ခချုပ်တာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ)၊

ဖြစ်တာ ပျက်တာ ဒုက္ခသစ္စာ၊ သူ့ကိုမတွေ့တာက (နိရောဓသစ္စာပါ)၊ နိရောဓသစ္စာကို မြင်နေတာက ဘာဆိုကြမယ် (မဂ္ဂသစ္စာပါ)၊ မဂ္ဂသစ္စာဆိုတာ သေချာပလား (သေချာ ပါပြီ ဘုရား)။

ဖြစ်ပျက်တွေ့ရင် မဂ်ရတော့မယ်ဆုံးဖြတ်

ဒါဖြင့် ငါတို့ မဂ်ရမှ ရပါ့မလားဆိုတာကို ဘယ်တော့မှ မတွေးနဲ့၊ ဖြစ်ပျက်တွေ့တဲ့ အချိန်က စပြီးတော့ ရတော့မယ်လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။