ကိုယ်ကိုယ်တိုင်အရိယာဖြစ်အောင်လုပ်နည်း
အသံဖိုင်ခေါင်းစဉ် = ဝေဒနာနုပဿနာသတိပဋ္ဌာန် ဥပရိပဏ္ဏာသပါဠိတော် ဆဆက္ကသုတ္တန်
စာအုပ်ခေါင်းစဉ်= ကိုယ်ကိုယ်တိုင်အရိယာဖြစ်အောင်လုပ်နည်း
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်
ကိုယ်ကိုယ်တိုင်အရိယာဖြစ်အောင်လုပ်နည်း
(တရားထိုင်နေသူများအတွက်)
ဟောကြားသည့်နေ့
(၅-၁၂-၁၉၅၇)
မနေ့က ဟောခဲ့တာက သုတဝါအရိယသာဝကော အကြားအမြင်ရှိမှ အရိယသာဝက ဖြစ်မယ်၊ အကြားအမြင် မရှိတဲ့ပုဂ္ဂိုလ်သည် အရိယာ၏ သာဝက မဖြစ်ပါဘူး – ဒီလိုဟောခဲ့တယ်။
ဒီနေ့တော့ သုတဝါ အရိယသာဝကော ဆိုတာလည်း အင်မတန် မှန်တာပဲ၊ အရိယ သာဝကော ဖြစ်တော့ မဂ္ဂင်ငါးပါး ရတယ်လို့ မနေ့က ဟောခဲ့တယ်၊ အဲဒါက မဂ္ဂသစ္စာ မှတ်ထားကြပါ (မှန်ပါ)။
မဂ္ဂင်ငါးပါးက မဂ္ဂသစ္စာ
မဂ္ဂင်ငါးပါးကို ဘာမှတ်ကြမယ် (မဂ္ဂသစ္စာပါ ဘုရား) မဂ္ဂသစ္စာ မှတ်ထားကြပါ။ အာရုံတစ်ခု ရှုတယ် ဆိုရင်ဖြင့် မဂ္ဂင် ငါးပါး မဂ္ဂသစ္စာ (မှန်ပါ) အဲဒီတော့ ဒီနေ့တော့ မဂ္ဂသစ္စာက နေပြီး မဂ္ဂအရိယသစ္စာ ဖြစ်အောင် ဟောလိမ့်မယ် (မှန်ပါ)။
မဂ္ဂသစ္စာက နေပြီး ဘယ်ရောက်အောင် ဟောမှာပါလိမ့် (မဂ္ဂအရိယသစ္စာ ရောက်အောင် ဟောမှာပါ)။
ဒါဖြင့် ဒီနေ့ အရိယတိုးဟောမယ် (မှန်ပါ)၊ မဂ္ဂသစ္စာ တစ်မျိုး, မဂ္ဂအရိယသစ္စာတစ်မျိုး၊ မှတ်မိကြပလား (မှတ်မိပါပြီ) မဂ္ဂသစ္စာက မဂ္ဂင်ဘယ်နှစ်ပါးတုံး (ငါးပါးပါ ဘုရား)၊ မဂ္ဂ အရိယ သစ္စာကျတော့ မဂ္ဂင်ကရှစ်ပါး (မှန်ပါ)။
ကိုယ်ကိုယ်တိုင် အရိယာဖြစ်အောင်လုပ်နည်း
ဪ ဒါဖြင့် ဒီနေ့ ဟောမှာ ဒကာ ဒကာမတွေ အရိယ သာဝက, ကနေပြီး သကာလ အလျင်ကတော့ အရိယာ၏ တပည့်၊ ဒီနေ့တော့ ကိုယ်ကိုယ်တိုင် အရိယာ ဖြစ်အောင်လုပ်နည်း၊ ဒါကို ငါ နာကြရလိမ့်မယ်တဲ့ (မှန်ပါ) သေသေချာချာ မှတ်ပါ (မှန်ပါ)။
မနေ့ကတော့ သုတဝါ အရိယသာဝကော ဖြစ်တယ်၊ အကြားအမြင် ရှိသောကြောင့် ဒီဝေဒနာသုံးပါး တစ်ပါးပါးကို ဖြစ်ပျက်ရှုနိုင်သောကြောင့် အရိယ သာဝကမို့ ရှုနိုင်တာ (မှန်ပါ)။
အဲဒါကို ဒီအတိုင်းနဲ့ သေရင် ဒုတိယဘဝမှာ သောတာ ပန်တည်နိုင်တယ် (မှန်ပါ)၊ အရိယာတို့၏ သုဂတိပေါ့ဗျာ သုဂတိဖြစ်ပြီးတော့ အိပ်သောယောက်ျား နိုးသောလားသို့ ဒုတိယဘဝမှာ သေသေချာချာ သောတာပန်တည်မယ် (မှန်ပါ)။
ကိုယ်ကိုယ်တိုင်ဆရာဖြစ်တဲ့လမ်း
ဒီနေ့ ဒကာ ဒကာမတွေ ဟောရမှာက အရိယသာဝက၊ အလျင်တုန်းကတော့ သာဝက ဆိုတဲ့တပည့်၊ ယနေ့တော့ ကိုယ်ကိုယ်တိုင် ဆရာဖြစ်တဲ့လမ်းကို ဟောမယ်လို့ မှတ်ပါ (မှန်ပါ)၊ ရှစ်ပါးပြည့်သွားတော့ ဘာတုံး (ကိုယ်ကိုယ်တိုင် အရိယာဖြစ်သွားပါတယ်)၊ ကိုယ်ကိုယ်တိုင် အရိယာ ဖြစ်သွားပြီ။
ဒီကျတော့ ဘယ်သူမှ မသင်နဲ့ဦးတော့ အရိယာက ဖြစ်နေတော့ သူ့ဟာသူလည်း ကယ်နိုင်တယ်၊ ဆရာမပါတောင်မှ (မှန်ပါ) သောတာပတ္တိမဂ် ရပြီးတယ် ဆိုရင် ဆရာမပါဘဲလည်း တက်နိုင်တယ် (မှန်ပါ) ဒါကြောင့် မနေ့က ဟောလိုက်တာက အရိယသာဝက ဟောလိုက်တယ်၊ ဒီနေ့တော့ ကိုယ်တိုင် အရိယာအဖြစ်ကို ဒကာ ဒကာမတွေ နားလည်ရလိမ့်မယ်လို့ မှတ်ထားပါ (မှန်ပါ့)။
သူက မဂ္ဂအရိယသစ္စာ
ဒါဖြင့် သူက မဂ္ဂသစ္စာ၊ သူက မဂ္ဂအရိယသစ္စာ၊ အရိယ တိုးလာတယ် (မှန်ပါ)။
ငါးခုက ဘာပါလိမ့် (မဂ္ဂသစ္စာပါ) ရှစ်ခုပြည့်သွား ရင် (မဂ္ဂအရိယသစ္စာပါ)။
ဪ ဒို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ယနေ့ပွား များမှု အစဉ်ကိုလည်း ဆရာဘုန်းကြီး ပြတော့မှာပဲ၊ ငါးပါးက ရှစ်ပါးပြည့်ဖို့ဆိုတာလည်း သိပ်မဝေးလှပါဘူး။
အဲဒီတော့ သာဝကအဖြစ်မှ အရိယာအဖြစ်သို့ ပြောင်းလွှဲနိုင်တယ်လို့ ဒကာ ဒကာမတွေ ကလည်း ယုံကြည်ကြပါ (မှန်ပါ) ဒီတရားမျိုးဟောရင် ဘယ်သူမှ မနာချင်ဘူး၊ နာမည့် သူလည်း မရှိဘူး (မှန်ပါ)။
လူ့ပြည်နတ်ပြည်ဆိုတာ ငါးပါးအာရုံ
ကွာ ဒါတွေက တကယ့် အထက်တန်း တရားတွေ ပါကွ၊ ဒို့လိုချင်တာနဲ့ ဒါနဲ့ တခြားစီပါကွ၊ ဒို့က အမျိုးမျိုးသော လောကီအာရုံ ကာမဂုဏ်တွေကို ကြိုက်နှစ်သက် နေတာတွေကြောင့် လူ့ပြည်နတ်ပြည် ဆိုတာလည်း ငါးပါးအာရုံ ကာမဂုဏ် ပါပဲ (မှန်ပါ)။
အဲဒီတော့ ဒါဟောမယ်ကြံတော့ကို ဒကာ ဒကာမတို့ အခြေကလေး တည်ပေးပါဦးတဲ့၊ ယခုနှစ်မှ နာရတဲ့ ဒကာ ဒကာမ တွေကလည်း ပါနေတော့ အခြေမပါဘဲနဲ့ နာလို့ရှိရင်လည်း ဖြစ်စဉ်တော့ သဘော ကျသွားမှာပဲ၊ ဖြစ်ရာအာရုံကို သဘော မကျဘဲနေလို့ရှိရင်လည်း ခက်ကြမှာ စိုးတဲ့အတွက် အခြေကလေး စပြီး ဒကာ ဒကာမတွေ မှတ်ကြ၊ အခြေကလေး တည်ပေးမယ်နော် (မှန်ပါ)။
အခြေမတည်ရင် မဖြစ်သေးဘူးလို့ မှတ်ကြ၊ ဟောမှာ ကတော့ ဒီခေါင်းစဉ်တော့ ပြလိုက်ပြီ၊ မဂ္ဂသစ္စာက မဂ္ဂ အရိယ သစ္စာရောက်အောင် ယနေ့ ဟောလိမ့်မယ် (မှန်ပါ)၊ မနေ့က သူများ၏ တပည့်၊ ယနေ့ ကိုယ်ကိုယ်တိုင် ဆရာဖြစ်အောင် ဟောလိမ့်မယ် (မှန်ပါ)။
လိုလေသေးမရှိအောင်ဘဲ သင်ပေးမယ်
အဲဒီတော့ တရားကဖြင့် ဒကာ ဒကာမတွေ ဘာမှ လိုလေသေးမရှိအောင်ဘဲ ဆရာဘုန်းကြီးက သင်လည်းသင် မှာပဲ၊ ပြလည်းပြမှာပဲ၊ သို့သော် လုပ်ယူမှ ရမယ်ဆိုတာ မနေ့က ဆုံးဖြတ်ချက် ချထားတဲ့အတွက်၊ ငါးပါးက ရှစ်ပါး ဖြစ်ချင်လို့ရှိရင် သုံးပါး မထည့်ရင် မဖြစ်ဘူးတဲ့ ဖြစ်ကြပါ့မလား (မဖြစ်ပါဘူး)။
ဒါဖြင့် သုံးပါးထည့်မှ ဖြစ်မှာ ဖြစ်နေသောကြောင့် သုံးပါးထည့်တာသည် ထိုင်နေလို့တော့ အလိုလို ဝင်မှာ မဟုတ် ပါဘူး (မှန်လှပါ) ဝင်ပါ့မလား (မဝင်ပါဘူး) အားထုတ်လိုက်ရင် တော့ဖြင့် (ဝင်မှာပါ ဘုရား) ဝင်လာလိမ့်မယ်ဆိုတာ မှတ်ထား လိုက်တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှင်းလို့လင်းလို့ သွားပါတယ် (မှန်ပါ)။
ဘယ်ကစပြီး သင်ရမလဲ
သို့သော် အားလုံး ဒကာ ဒကာမတွေ လောကီမှာကျ တော့ ခင်ဗျားတို့ အရောင်းအဝယ် တွေမှာတော့ ဆရာတွေပဲ။ ကိုယ့် အတတ် ကိုယ့်ပညာနဲ့ကိုယ် ကိုယ့် ဆရာတွေပဲ။ လောကုတ္တရာ ကျတော့ ခင်ဗျားတို့ ဘယ်ကစသင်ရမလဲ မေး တော့ က-ကြီး ခ-ခွေးက စသင်ရမယ် (မှန်ပါ) သူ့နေရာနဲ့ သူကိုဗျ (မှန်ပါ)။
လောကုတ္တရာကျတော့ ခင်ဗျားတို့ ဘယ်အခြေအနေ က စသင်ရတယ်ထင်သတုံး (ကကြီး ခခွေးက စသင်ရပါမယ်) အဲ ဝိပဿနာ၏ ကကြီး ခကွေးက စသင်ရမယ် (မှန်ပါ) ဒိပြင်ဟာ မဆိုပါဘူး၊ ဝိပဿနာမှာလည်း သူ့ ကကြီး ခကွေး ရှိပါသေးတယ် (မှန်ပါ)။
ငါးပါးက ရှစ်ပါးဖြစ်လိမ့်မယ်
အဲဒီတော့ သူ့ ကကြီး ခကွေးက စသင်မှသာလျှင် ဒကာ ဒကာမတွေ ငါးပါးက ရှစ်ပါး ဖြစ်လိမ့်မယ်လို့ မှတ်တော့၊ အခု နာရတဲ့ ဒကာ ဒကာမတွေ သော် အခြေနဲ့ တကွ ပါပြီး တော့ တို့သည်ကား ကျင့်ရန် ကြံရတော့မှာပဲလို့ စိတ်ထဲမှာ အောက်မေ့ကြပါ (မှန်ပါ)။
အခြေအနေဆိုတာ ဘာတုံးဆိုတော့ ဝေဒနာနုပဿနာ ကနေ တက်တယ်၊ ဝေဒနာနုပဿနာ ကနေ တက်တော့ကို ဝေဒနာ နိရောဓာ တဏှာနိရောဓော ဆိုသောကြောင့်၊ တဏှာ ချုပ်ရင် နိဗ္ဗာန်ပဲ ဆိုသောကြောင့်၊ ဝေဒနာ နိဗ္ဗာန်ရဖို့ အနီး ဆုံး တရားတစ်ခုပဲ (မှန်ပါ)။
ဝေဒနာပစ္စယာလည်း တဏှာ၊ တဏှာ ချုပ်အောင် ရှုနိုင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဝေဒနာပစ္စယာ ဘယ့်နှယ်ဆိုကြမလဲ (တဏှာနိရောဓောပါ ဘုရား) တဏှာ နိရောဓော နိဗ္ဗာနံ လို့ တစ်ခါ ဘုရားက ဟောလိုက်ပြန်တယ် (မှန်ပါ)။
တဏှာချုပ်ရင် နိဗ္ဗာန်ပဲ
တဏှာ နိရောဓော နိဗ္ဗာနံဆိုတော့ တဏှာ ချုပ်အောင် လုပ်နိုင်လို့ရှိရင် နိဗ္ဗာန်ပဲလို့ ဆိုတော့၊ ခင်ဗျားတို့ နိဗ္ဗာန်ဆိုတာက အကြောင်းအကျိုး ဆက်လိုက်တဲ့အခါ၊ ဒီနေရာမှာ အကျိုးဖြစ်ပြီး သကာလ နေတော့ ဝေဒနာ နိရောဓော မဖြစ်ရင် တဏှာ နိရောဓော ဖြစ်ပါ့မလား (မဖြစ်ပါဘူး)။
တဏှာ နိရောဓော မဖြစ်ရင် တဏှာ နိရောဓော နိဗ္ဗာနံဆိုတာကော (မဖြစ်ပါဘူး) မဖြစ်နိုင်ဘူး။
ဤကဲ့သို့ သံယုတ်ပါဠိတော်တွေမှာ အကြောင်းအကျိုး ဟောချက်တွေရှိတော့၊ ဒကာ ဒကာမတို့ ဝေဒနာသိမှ ဝေဒနာ နိရောဓောကို သိမယ်၊ ဝေဒနာမသိရင် (ဝေဒနာ နိရောဓော မသိနိုင်ပါဘူး)။
ဝေဒနာဖြစ်တာသိမှ
ကောင်းပြီ ဒါဖြင့် ဒီနှစ်မှစပြီး နာရတဲ့ ပုဂ္ဂိုလ်များ ဝေဒနာဖြစ်တာကိုသိမှ ဝေဒနာနိရောဓ ဝေဒနာချုပ်တာ သိမယ်၊ ဝေဒနာဖြစ်တာ မသိရင် (ဝေဒနာချုပ်တာ မသိပါဘူး)။
အဲဒီတော့ လောကီ ဥပမာ ပြောကြပါစို့ ဆိုလို့ရှိရင် ချုပ်တာ သိဖို့ ဆိုတော့ ချုပ်တာဟာ သေတာပဲ (မှန်ပါ)။
မသာပို့ ကြွတော်မူပါလို့ ကိုထွန်းကို ဖိတ်လိုက်တယ်။ အရပ်လည်း မပါဘူး၊ နေရပ်လည်း မပါဘူးဆိုရင် ခင်ဗျား ဘယ်သွားမတုံး (သွားလို့မရပါဘူး) ဒါဖြင့် မသာနဲ့ မတွေ့ပေဘူး (မတွေ့ပါဘူး) ဒီမှာလည်း သုခဝေဒနာဟာ ဘယ်နေရာမှာ သူ မသာပေါ်တယ်ဆိုတာ ခင်ဗျားတို့ သူပျက်တာ သိမှ (မှန်ပါ)။
ဒုက္ခဝေဒနာ မသာသိချင်ရင် မသာဖြစ်နေတဲ့ နေရာဟာ ဘယ်နေရာဆိုတာ သိမှ၊ ဥပေက္ခာ ဝေဒနာဟာ ဘယ်နေရာမှာ မသာဖြစ်နေတယ်ဆိုတာ သိမှသာလျှင်၊ ဒီနေရာမွေး ဒီနေရာ သေတယ် ဆိုတဲ့ ဖြစ်ပျက်ကို သိမယ် (မှန်ပါ) နို့မဟုတ် သိကြ ပါ့မလား (မသိပါဘူး)။
ဒါကြောင့် နေရာကလေးကို ယနေ့ ရှေးဦးစွာ ကျကျ နန ပြရမယ်၊ နေရာကလေး ပြုပြီးတော့မှ ငါးပါးက ရှစ်ပါးဖြစ်တာ သွားကြစို့ (မှန်ပါ)။
ကိုယ်ဆိုတာ တစ်ကိုယ်လုံးကိုပြော
ဒါဖြင့် ဒကာ ဒကာမတွေ ရှင်းပြမယ်၊ ခင်ဗျားတို့ ကိုယ်ပေါ်မှာ ကိုယ်ဆိုတာ တစ်ကိုယ်လုံး ပေါ့ဗျာ ခြေဖျား, ဆံဖျားစတဲ့ ကာယ ပသာဒ မဖြစ်နိုင်တဲ့ နေရာတွေချန်၊ ကျန်တဲ့ နေရာတွေမှာဖြင့် ကိုယ်ပေါ်မှာ တစ်ခါတလေ သုခဝေဒနာ ပေါ်တယ်၊ တစ်ခါတလေ ဒုက္ခဝေဒနာ ပေါ်တယ် (မှန်ပါ)။
ကိုယ်ပေါ်မှာ ဒကာ ဒကာမတို့ ဝေဒနာ ဘယ်နှစ်မျိုး ပေါ်နိုင်သတုံး (နှစ်မျိုးပေါ်နိုင်ပါတယ်)၊ ဘာပါလိမ့် (သုခနဲ့ ဒုက္ခ ပါ ဘုရား)၊ ဒါကလေး မှတ်ထားပါ။
ကိုယ်ပေါ်မှာ ပေါ်တယ်ဆိုပေမယ့်လည်း တစ်ကိုယ်လုံး မှာ ပေါ်နိုင်တာ ပြောတာနော် ၊ သို့သော် ပေါ်ချင်တဲ့ နေရာကွက် ပေါ်မှာပဲ၊ သူပေါ်နိုင်တဲ့ နေရာဌာနကတော့ တစ်ကိုယ်လုံး ပဲ (မှန်ပါ)၊ သို့သော် ပေါ်တဲ့နေရာကတော့လည်း တစ်နေရာမှာပဲ ထူးထူးခြားခြား ပေါ် ရမယ် (မှန်ပါ)။
ကိုယ်ပေါ်မှာ သုခနဲ့ ဒုက္ခဝေဒနာရှုပါ
ဒါကြောင့် ကိုယ်ပေါ်မှာ ပေါ်နိုင်တာ သုခနဲ့ ဒုက္ခ၊ သုခဝေဒနာရှုပါဆိုလို့ရှိရင် ခင်ဗျားတို့ မျက်လုံးအမြင် ရှုမယ်၊ နားက အကြားရှုမယ်ဆိုရင် မရဘူး (မှန်ပါ)၊ မရနိုင်တော့ သင်္ချိုင်း မမှန်သေးရင် အသုဘဉာဏ် မပေါ်နိုင်ဘူး (မှန်ပါ)၊ ပေါ်နိုင်ကြပါ့မလား (မပေါ်နိုင်ပါဘူး)။
ဒါဖြင့် အရမ်း အနိစ္စပေါ့ဗျာ (မှန်ပါ)၊ အရမ်း အနိစ္စ ဖြစ်နေရင် ကိုထွန်းကြီး ရှုချင်တိုင်းရှု အလကာပဲ ခရီးမရောက်ဘူး (မှန်ပါ)၊ အာရုံလွတ်နေပါတယ်။
အဲဒီတော့ အာရုံလွတ်နေတော့ အာရမ္မဏိက တရား ကလည်း ပေါ်ခွင့်ကို ရရဲ့လား (မရပါဘူး) ဒါဖြင့် အာရုံမှ မရှိ ဘဲနဲ့ အာရမ္မဏိကလည်း မရှိဘဲနဲ့ ဆိုရင်ဖြင့် အိပ်ရာထဲ ယောင်ရမ်းနေတာနဲ့ အတူတူပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်ပေါ်မှာ ဘာပေါ်ကြသတုံး တစ်ပြိုင်နက်တည်း ပြောပါ (သုခနဲ့ ဒုက္ခပေါ်ပါတယ် ဘုရား)
အိုက်နေတဲ့အခါမှာ ဘာဝေဒနာပေါ် သတုံး (ဒုက္ခဝေဒနာ ပေါ်ပါတယ်)။
ဘယ်အခါမှ ဝေဒနာမကင်းဘူး
လေပြေလေညှင်းကလေး တိုက်လိုက်တဲ့အခါ (သုခ ဝေဒနာပေါ်ပါတယ်) အေးနေတဲ့အခါများ အအေးလွန်နေရင် ဘာဝေဒနာတုံး (ဒုက္ခဝေဒနာပါ) ခြုံထည် ရုံထည်ကလေးနဲ့ ပေါင်းစပ်မိတဲ့ အခါကျတော့ (သုခဝေဒနာပါ)။
ဒါဖြင့် ခင်ဗျားတို့ ဝေဒနာ ကင်းကြရဲ့လား (မကင်း ပါဘူး) အဲ ဒီကျမှ ပေါ်လာတယ်၊ သော် ဘယ်အခါ မှ ဝေဒနာမကင်းပါလား (မှန်ပါ) ကင်းကြသေးရဲ့လား (မကင်းပါဘူး) ဝေဒနာကင်းတယ်လို့ ယူဆတဲ့ ပုဂ္ဂိုလ်ကတော့ မသိတာမှ တစ်ပါး ဘာမှ အဓိပ္ပါယ်မရှိပါဘူး (မှန်ပါ)။
ဒီ ဒကာ ဒကာမတွေ ကိုယ်နဲ့ သင့်မြတ်တဲ့ ခြုံထည် ရုံထည်တွေကို ဝတ်ရုံပြီး မလာကြရ ဘူးလား (လာကြရပါတယ်) ဘယ့်နှယ်ကြောင့် ဒါတွေ ကြပ်စည်းလာရသတုံး မေးရင် ဘယ့်နှယ် ဖြေကြမတုံး (ဝေဒနာရှိလို့ပါ ဘုရား)။
အနာရှိလို့ ၊ အနာဆေးကုပြီး သကာလ ကြပ်စည်း ပြီး လာခဲ့ကြရတယ် (မှန်ပါ) ဒီအတိုင်း လာလို့ရရဲ့လား (မရ ပါဘူး) ကောင်းကောင်းလာလို့ ဖြစ်ပါ့မလား (မဖြစ်ပါဘူး)။
ဘာ့ကြောင့် ခင်ဗျားတို့ အထပ်ထပ်တွေ အလီလီတွေနဲ့ အပွေပွေတွေနဲ့ ဒကာ ဒကာမတွေ လာခဲ့ကြပါလိမ့်မတုံးဆိုတော့ ဝေဒနာပေါ်လို့ပါဘုရား၊ ကြပ်စည်းလာခဲ့ကြတယ် (မှန်ပါ) ဒီကျတော့ ဖြုတ်ကြည့်ပါ၊ ဝေဒနာပြင်းလာလိမ့်မယ် (မှန်ပါ ပြင်းပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က ဝမ်းထဲမှာ ဒီဝေဒနာကို သဘောမကျသေးလို့ရှိရင်ဖြင့် ငါက ဘယ်လို သက္ကလပ်ဝတ်နိုင် တယ်၊ ငါက ဘယ်လို ဆွယ်တာကို ဝတ်နိုင်တယ်ဆိုတာ ခင်ဗျားတို့ အပြောပါပဲ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။
စင်စစ်တော့ ကြပ်စည်းတာထက်, ပတ်တီးစည်းတာ ထက် ပိုပြီး သကာလ သူ့သတ္တိ ရှိသေးသလား (မရှိပါဘူး) ရောဂါ သည်တွေ ဝေဒနာမှ မကင်းဘဲကိုးဗျ၊ ဝေဒနာ မကင်းတော့ ဒကာ ဒကာမတွေ ဘာဆိုကြမယ် (ရောဂါသည်ပါ ဘုရား)။
ရောဂါသည်တွေ အကူအညီယူထားရတယ်
ရောဂါသည် ၊ ဟုတ်တယ် မဟုတ်တယ်လည်း ကိုယ့်ကိုယ်ကို ပြန်ကြည့်တာပေါ့၊ ကိုယ့်ကိုယ်ကို ပြန်ကြည့် လိုက်တဲ့ အချိန်မှာ ဒို့သည် အကူအညီ ယူထားရသလား မယူ ရဘူးလား ဒါကိုသာ မေးလိုက်ပါ (ယူရပါတယ် ဘုရား)။
အထည်အလိပ်နဲ့ အကူအညီယူရတယ် မရှိဘူးလားဗျ (ရှိပါတယ် ဘုရား) တစ်ခါတလေ ကျတော့ အစားအသောက်နဲ့ အကူအညီယူရတာကော (ရှိပါတယ် ဘုရား) ဒါဖြင့် အတွင်း ဆေး, အပြင်ဆေးပေါ့ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ)။
ဘာတဲ့တုံး (အတွင်းဆေး, အပြင်ဆေးပါ ဘုရား) ဒါလောက် မမာနေတာတောင်မှ မမာမှန်း မသိဘူး ဆိုရင်တော့ ခက်သေးသဗျာ (မှန်ပါ) အတွင်းဆေး အပြင်ဆေးနဲ့ နေရတာ တောင်မှ ကျန်းမာ ပါတယ်လို့ ပြောရင်တော့ ဦးဘအုန်း ခက်ပြီ (မှန်ပါ) မခက်သေးဘူးလား (ခက်ပါတယ် ဘုရား)။
ဘယ်ဆေးနဲ့ နေကြရသလဲ (အတွင်းဆေး၊ အပြင်ဆေး နဲ့ နေကြရပါတယ်) အတွင်းကို ခင်ဗျားတို့ အိမ်က ၃-နာရီ ၄နာရီ သို့မဟုတ်လည်း အခုလာခါနီး အတွင်းဆေးကုပြီးမှ လာနိုင်တယ် (မှန်ပါ) သဘောကျပလား (မှန်လှပါ)။
အပြင်ဆေးက ဒီခရီးနဲ့ ဒီခရီး နည်းနည်းဝေးတယ်ကွာ၊ လေတွေတိုက်တာလည်း များလိမ့်မယ်၊ လုံလို့ရှိရင်လည်း လုံသလို ဝတ်တာပေါ့၊ မလုံလို့ရှိရင်လည်း ခပ်ထူထူ ခြုံတာပေါ့ ဆိုတော့ ခုနင်က အတွင်းဆေးလည်း ကုပြီးလို့ အပြင်ဆေးကို တစ်ခါတည်း ကြုံရတော့တာပဲ (မှန်ပါ) မခြုံရဘူးလား (ခြုံရပါတယ် ဘုရား)။
ဒါဖြင့် ဒီကိုလာတဲ့ ဒကာ ဒကာမတွေဟာ ကျန်းမာ ချမ်းသာလို့ လာနိုင်ကြသလားမေးရင် ဘယ့်နှယ်ပြောမလဲ (မဟုတ်ပါဘူး ဘုရား) အတွင်းဆေး အပြင်ဆေးကို စပ်ကုပြီး လာခဲ့တာပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
နကုလပီတာ
အတွင်းဆေး, အပြင်ဆေးနဲ့ လာခဲ့ရတယ်၊ ဒီကြားထဲ မှာ လမ်းမှာ မူးမှာစိုးလို့ အိတ်ကလေးနဲ့များ ထည့်ခဲ့ရသေးတယ်၊ ရှုဆေးရှိုက်ဆေးကလေး (မှန်ပါ) ဒါလောက်တောင် မကျန်းမာ တာဖြင့် ပေါ်လောက်ပါပြီ (မှန်ပါ)
ဒါကြောင့် တစ်နေ့က ပြောခဲ့တာ နကုလပီတာကို ဟောလိုက်တဲ့ နေရာမှာ၊ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ဆောင်ထားပြီး ကိုယ့်ကိုယ်ကို ကျန်းမာ တယ် ထင်နေတဲ့လူဟာ၊ မိုက်မဲတာမှတစ်ပါး ဘာမှ အဓိပ္ပါယ် မရှိပါဘူးတဲ့ (မှန်ပါ) ဆိုတော့ ခင်ဗျားတို့ ဒီနေ့ ကျန်းမာကြ ရဲ့လား (မကျန်းမာပါဘူး)။
အတွင်းဆေး အပြင်ဆေး လက်လွှတ်ရပြီလား (မလွှတ် ရပါဘူး ဘုရား) ဘယ်တော့ လွှတ်ရမှာတုံး ခန္ဓာရှိရင် ဘယ်တော့ မှ မလွှတ်ရဘူး (မှန်ပါ)။
ဘယ်တော့ လက်လွှတ်ရမတုံးဆိုတော့ ခင်ဗျားတို့ ခန္ဓာဇာတ်သိမ်း ငြိမ်းမှပဲ ဆေးလက်လွှတ် ရမယ် (မှန်ပါ) ဒီကြားမှာဖြင့် မလွှတ်ရဘူးဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် အတွင်းဆေး, အပြင်ဆေး အပြင် ရှုဆေး, ရှိုက်ဆေး ဆိုတာတွေကလည်း ကိုထွန်း ဘယ့်နှယ် နေသတုံး (မနည်းပါဘူး) အမြဲဆောင်ထားရတယ်၊ ရောက်တဲ့ နေရာမှာ လည်း တစ်ခါ ဆေးရုံများ ရှိပါရဲ့လားဆိုတာ မေးရသေးတယ် (မှန်ပါ)။
ခန္ဓာကိုယ်အသွားက ရောက်တဲ့နေရာလည်း ကျယ် ကျယ်ဝန်းဝန်း နေရာထိုင်ရာနဲ့ သန့်သန့်ရှင်းရှင်းနဲ့ အနံစော် ကင်းကင်းနဲ့ ရှိပါရဲ့လား၊ ကျင်ကြီး ကျင်ငယ်များကော သွားစရာ ရှိပါရဲ့လား၊ ဒီကျတော့လည်း အနာထပြီး အနာကြွဦးမှာလည်း ခင်ဗျားတို့က သိတယ် (မှန်ပါ) မသိရဘူးလား (သိရပါတယ်)။
သိရတော့ ဒီရောက်တဲ့နေရာမှာလည်း ဆေးရုံမေးပြီး သကာလ ဆေးရုံ၏ အကြောင်း ကောင်းကောင်းသိမှ လာရဲ တယ် ခင်ဗျားတို့ (မှန်ပါ) နို့မဟုတ် လာရဲလား (မလာရဲပါဘူး) ဒီတော့ အနာကင်းလို့ မေးတာလား, အနာရှိလို့ မေးတာလား (အနာရှိလို့ မေးတာပါ)။
ခန္ဓာရှိတဲ့ပုဂ္ဂိုလ်အနာရှိတာချည်းပဲ
ဒါဖြင့် ခင်ဗျားတို့ဥစ္စာ ခန္ဓာရှိတဲ့ ပုဂ္ဂိုလ်အနာရှိတာ ချည်းပဲလို့ ဘုရားဟောတော်မူတာများ ခင်ဗျားတို့ အင်မတန် ယုံကြည်စရာ ကောင်းပါတယ်၊ ဦးဘကြည် ဘယ့်နှယ်တုံး (တပည့်တော် ယုံပါတယ် ဘုရား)။
လာခဲ့ရတာ လွတ်လွတ်လပ်လပ်ပဲလား, အတွင်းဆေး, အပြင်ဆေးနဲ့ပဲလားလို့ မေးလိုက်တယ် (အတွင်းဆေး, အပြင် ဆေးနဲ့ပါ ဘုရား) အံမယ်လေး ကြောက်စရာပါလားဗျ၊ စိတ်ချ ရတဲ့အကွက်ကို ပါရဲ့လား (မပါပါဘူး)။
စိတ်ချရတဲ့အကွက်ကို ဒကာ ဒကာမတို့ လုံးလုံးမပါဘူး၊ ဘာကြောင့်တုံးဆိုတော့ သုခဝေဒနာ မရှိရင် ဒုက္ခဝေဒနာရှိမယ် (မှန်ပါ) မရှိပေဘူးလား (ရှိပါတယ်)။
ဝိပဿနာအစ
ကောင်းပြီ ဒကာ ဒကာမတို့ ဒါ ဝိပဿနာ၏ ကကြီး, ခကွေးပဲ (မှန်ပါ) ကိုယ်ပေါ်မှာ ဒကာ ဒကာမတို့ ဘာဝေဒနာ ပေါ်နိုင်သတုံး (သုခဝေဒနာနဲ့ ဒုက္ခဝေဒနာ ပေါ်နိုင်ပါတယ်) ပြိုင်ပေါ် သလားမေးရင် (မဟုတ်ပါဘူး)။
တစ်ခုချုပ်ပြီးမှ တစ်ခုပေါ်နိုင်တယ် (မှန်ပါ) တစ်ခု ချုပ်ပြီးမှ တစ်ခုပေါ်တယ်ဆိုတာ ဒကာ ဒကာမတွေ ရှင်းရှင်း လင်းလင်း မှတ်ပါ၊ ဒါကို နေ့တိုင်း ဟောမနေနိုင်ဘူးနော် (မှန်ပါ) သူကနေ စခန်းတက်တဲ့ သောတာပန် တည်နိုင်မှုကို အရေး တကြီး ဟောရမှာ (မှန်ပါ) ဒါက သရုပ်သဘော ပြောနေ ရတာ (မှန်ပါ)။
ကိုယ်ပေါ်မှာ ဘာဝေဒနာပေါ်နိုင်သတုံး
နောက်က ဒကာ ဒကာမတွေ ကိုယ်ပေါ်မှာ ဘာဝေဒနာ ပေါ်နိုင်သတုံး (သုခဝေဒနာနဲ့ ဒုက္ခဝေဒနာ ပေါ်နိုင်ပါတယ် ဘုရား) သုခ ဘယ်အချိန်ပေါ်သတုံး အိုက်နေလို့ လေပြေလေညှင်း တိုက်ရင် ဘာပေါ် သတုံး (သုခဝေဒနာ ပေါ်ပါတယ်) နဂိုက ဘာရှိနေသတုံး (ဒုက္ခဝေဒနာ ရှိနေပါတယ်)။
ဪ ဒါဖြင့် ဒုက္ခတစ်လှည့် သုခတစ်လှည့် နေရတာပေါ့ (မှန်ပါ) အဲဒါ ခင်ဗျားတို့က ပြိတ္တာဘုံ ကျတော့ ပြောလိုက်ကြတာ နေ့စံ ညခံ၊ ဒီပြိတ္တာတော့ မဖြစ်ချင်ပါဘူးတဲ့ ခင်ဗျားတို့ကတော့ ဘာဖြစ်နေ သတုံး မေးရင် ဘယ့်နှယ်ပြောမလဲ (ပြိတ္တာလိုပါပဲ ဘုရား) သုခနဲ့ ဒုက္ခ လှည့်ခံနေရတာ ပဲ (မှန်ပါ)။
ကောင်းပြီ ဒါဖြင့် ကိုယ်ပေါ်မှာ သုခ ဒုက္ခဝေဒနာ ပေါ်တယ်ဆိုသဖြင့် တစ်ကိုယ်လုံးလို့ မှတ်လိုက်ပါ။ ရှင်းပလား (ရှင်းပါပြီ)၊ စာနဲ့ ပေနဲ့ ကြည့်ရင်တော့ သုခ သဟဂတံ ကာယဝိညာဏံ၊ ဒုက္ခသဟဂတံ ကာယဝိညာဏီ ဆိုတော့ ပါဠိတော်နဲ့လည်း ကိုက်သွားပြီ မဟုတ်လား (မှန်ပါ)။
ကောင်းပြီ ဒါဖြင့် ကိုယ်ပေါ်မှာ ဒကာ ဒကာမတို့ သုခဝေဒနာနဲ့ ဒုက္ခဝေဒနာမှတစ်ပါး တခြားဝေဒနာ မပေါ်နိုင် ဘူး (မှန်ပါ) ရှင်းပြီနော် (မှန်ပါ)။
ဝမ်းသာတယ်ဆိုတာ
ဝမ်းထဲကျတော့ ဟဒယဝတ္ထု၊ နှလုံးသွေးထဲကျတော့ ဝမ်းသာတယ်ဆိုတာ နဂိုကတည်းက စကားထဲမှာ ပါတယ်၊ ဝမ်းထဲက သာယာတာ (မှန်ပါ) ဝမ်းသာတာဆိုတာ ဝမ်းထဲက သာယာတာ ဖြစ်လေသောကြောင့်၊ ဒကာ ဒကာမတို့ ဟဒယ ဝတ္ထု နှလုံးသွေးထဲမှာ အာရုံကောင်းနဲ့ တွေ့လို့ရှိရင်ဖြင့် ဝမ်းသာတယ်ဆိုတဲ့ သုခဝေဒနာ (သောမနဿ) မပေါ်ဘူးလား (ပေါ်ပါတယ်)။
ဒါဖြင့် ဝမ်းထဲမှာ သုခဝေဒနာ (သောမနဿ) ပေါ်နိုင် တယ် (မှန်ပါ) ပေါ်တာသိမှ ပျက်တာကို သိမှာကိုးဗျ (မှန်ပါ)။ ပေါ်တာမသိရင် (ပျက်တာမသိပါဘူး)။
အဲဒါကြောင့် ဒကာ ဒကာမတို့ သူ့နေရာဌာန သင်္ချိုင်း မှန်ကလေးကိုလည်း မပြလို့ရှိရင် ဦးလှထွေး ရ-မရ (မရပါဘူး) ရမ်းအနိစ္စ ဖြစ်မယ်၊ ဦးသံဒိုင် မဖြစ်ပေဘူးလား (ဖြစ်ပါတယ်)။
ဒါဖြင့် ဒီဟာ သေသေချာချာ မှတ်ရမယ်၊ ဒါ သေသေ ချာချာ မှတ်ရမယ် (မှန်ပါ)။
ဒါဖြင့် အာရုံတစ်ခု အကြောင်းညီညွတ်လို့ ကျေးဇူး ရှိတဲ့ ကုန်တစ်ခု၊ မှန်းခြေပေါက် ကျေးဇူးရှိတယ် ဆိုတဲ့ဥစ္စာ ကြားရပြီ၊ လက်ထဲတော့ မရောက်သေးဘူး၊ ဝမ်းသာမလား၊ မသာဘူးလား၊ (သာပါတယ် ဘုရား)။
ဒါ ဘာဝေဒနာတုံး (သုခဝေဒနာပါ ဘုရား) ဘယ်မှာ ပေါ်ပါလိမ့် (ဟဒယဝတ္ထုမှာပါ) နားထဲက ကြားရရုံတင် ကြားရတာ ဝမ်းသာတာက ဝမ်းထဲက သာတာပါ (မှန်ပါ) ဒါဖြင့် ဝမ်းထဲမှာ သုခဝေဒနာ လည်း ပေါ်နိုင်တယ်၊ ဟုတ်လား (မှန်ပါ)။
မှန်းခြေမပေါက် ဖြစ်တဲ့အခါကျတော့ အထင်ကြီးနဲ့ လွှတ်လိုက်တာ မှန်းခြေက မပေါက်ဘူး ဆိုတော့ ကြားရပြီဗျာ၊ ဝမ်းထဲမှာ ဘာဝေဒနာ ပေါ်မတုံး (ဒုက္ခဝေဒနာ ပေါ်ပါတယ်) ဘယ်ထဲ ဒုက္ခရောက် သတုံး မေးရင်ကော (ဟဒယဝတ္ထု ပေါ်မှာပါ) ဝမ်းထဲမှာ ဒုက္ခရောက်တယ်၊ သဘော ကျပလား (မှန်ပါ)။
ဝမ်းထဲမှာ ဒုက္ခဝေဒနာ ရောက်လို့ပေါ့ဗျ၊ ခင်ဗျားတို့ တချို့များ မကောင်းတာ ကြားလိုက်ရလို့ နှလုံးသွေးများ ပျက်သွားလိုက်သေးတယ် (မှန်ပါ) နှလုံးသွေးဆိုတာ ဝမ်းထဲမှာ ပျက်တာမဟုတ်လား (မှန်ပါ) အဲဒီနှလုံးသွေးထဲမှာ ပေါ်ရတာ မဟုတ်လား ဒီဝေဒနာကလေး (မှန်ပါ)။
ဝမ်းထဲမှာ သုခ ဒုက္ခပေးနိုင်တယ်
ဒါဖြင့် ဝမ်းထဲမှာ သုခဝေဒနာလည်း ပေါ်နိုင်တယ်၊ ဒုက္ခဝေဒနာကော (ပေါ်နိုင်ပါတယ် ဘုရား)။
ဘာမှမတိုက်ဆိုင်တဲ့ ကုန်ပစ္စည်းမျိုးကျတော့ အရှုံး အမြတ် အလိုမရှိဘဲနဲ့ ကိုယ့်အိမ်မှာ နေလည်း ကုန်ဆွေးပြီး ရှုံးနေ တာပဲ၊ ဒိထက်လည်း ရှုံးပြီး ရောင်းလိုက်ရတယ်ဆိုဦးတော့ အို ကမ္မဿကာပေါ့ကွာ၊ ကမ္မဿကာထားနိုင်တဲ့ နေရာ တွေကော မရှိကြဘူးလား (ရှိပါတယ်) အဲဒီ ကမ္မဿကာ ဆိုတာ ဥပေက္ခာ (မှန်ပါ) ဘယ်မှာပေါ်သတုံး (ဟဒယဝတ္ထုပေါ်မှာ ပေါ်ပါတယ်)။
ဟဒယဝတ္ထုမှာ ဘယ်နှစ်မျိုးပေါ်နိုင်
ဒါဖြင့် ဟဒယ ဝတ္ထုမှာ ဘယ်နှစ်မျိုးပေါ်နိုင်သတုံး (သုံးမျိုးပေါ်နိုင်ပါတယ်) သုခ ဝေဒနာ, ဒုက္ခ ဝေဒနာ, ဥပေက္ခာ ဝေဒနာ (မှန်ပါ)။
ဒါလည်း မှတ်မထားလို့ရှိရင် ဘယ်လို ပဋိစ္စသမုပ္ပါဒ် ဆက်ဆက် မရဘူး (မှန်ပါ) ရပါ့မလား (မရပါဘူး) ပဋိစ္စ သမုပ္ပါဒ် ဖြုတ်ပြကော (မရပါဘူး) မသိနိုင်ဘူးတဲ့၊ သူ့နေရာကနေ ဖြတ်ပြီး သူ့နေရာကနေ ချုပ်ရမှာကိုးဗျ (မှန်ပါ)။
ကိုင်း ဒကာ ဒကာမတို့ နှလုံးသွေးထဲမှာ ဝမ်းထဲ မှာတော့ ဝေဒနာ ဘယ်နှစ်မျိုး ပေါ်နိုင်သတုံး (သုံးမျိုးပါ ဘုရား) ပြိုင်ပေါ်နိုင်သလား (မပေါ်နိုင်ပါဘူး ဘုရား) တစ်ခုချုပ်ပြီးမှ တစ်ခုပေါ် ရမှာပဲ (မှန်ပါ)။
နို့ ဘယ်သူက အလျင်ပေါ်၍ ဘယ်သူက နောက် ပေါ်မှာတုံးဆိုတော့ အဲဒါတော့ မမေးနဲ့၊ ခင်ဗျားတို့ အာရုံအတိုင်း ဖြစ်လိမ့်မယ် (မှန်ပါ) ရှင်းပလား (မှန်လှပါ)။
ဘယ်လိုဖြစ်ကြမယ် (အာရုံအတိုင်း ဖြစ်မှာပါ) ခင်ဗျားတို့ အာရုံက ချမ်းသာတဲ့အာရုံ, ဣဋ္ဌာရုံနဲ့ တွေ့ရင် သုခပေါ်မှာပဲ၊ ဆင်းရဲတဲ့အာရုံ, အနိဋ္ဌာရုံနဲ့ တွေ့ရင် (ဒုက္ခပေါ်ပါမယ်) အလယ်အလတ် အာရုံနဲ့ တွေ့ရင် (ဥပေက္ခာပေါ်ပါမယ်)။
ဒါကတော့ အာရုံအတိုင်း ပေါ်ရမယ်ဆိုတော့ ဒကာ ဒကာမတို့ ကိုယ်ပေါ်မှာ ဘာပေါ်မလဲ (သုခနဲ့ ဒုက္ခပါ) ဝမ်းထဲကျတော့ (သုခ ဒုက္ခ ဥပေက္ခာပါ ဘုရား) အဲဒီတော့ ဪ တို့သန္တာန်မှာ ဒီလိုဝေဒနာတွေက ရှိနေသကိုး-လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
ဒီဝေဒနာမရှိရင် ဒီဝေဒနာရှိမှာပဲ၊ ဝမ်းထဲမှာလည်း ဒီဝေဒနာ သုံးခုအနက်က တစ်ခုခုက ရှိမှာပဲ (မှန်ပါ) ဒီတော့ ဒကာ ဒကာမတွေမှာ ဘယ်အချိန်မှ ဝေဒနာမကင်းဘူး ဆိုတာ ကျေနပ်ကြပလား (ကျေနပ်ပါပြီ)။
ကိုင်း ဒါဖြင့် အားလုံး ဒကာ ဒကာမတို့ ကိုယ့်ကိုယ် ကို ဝေဒနာကင်းတယ်များ ရှိကြရဲ့လား (မရှိပါဘူး) ဝေဒနာ ဘယ်တော့မှ မကင်းဘူးနော် (မကင်းပါဘူး)။
ထမင်းဆာတော့ ဒုက္ခဝေဒနာပေါ်တယ်
ကောင်းပြီ ထမင်းဆာတော့ ဒကာ ဒကာမတို့ ဒုက္ခဝေဒနာပေါ်တယ်၊ သဘောကျပလား (ကျပါပြီ) ထမင်း ဆာလို့ စားလိုက်တဲ့အခါကျတော့ ဝမ်းထဲမှာ ဘာပေါ် သတုံး (သုခဝေနာ ပေါ်ပါတယ်)။
ဒါဖြင့် ထမင်းဆာတော့ ဒုက္ခဝေဒနာ ဆာလောင် မွတ်သိပ်တဲ့ ဝေဒနာ ဖြစ်ပါတယ်၊ ထမင်းစားတော့ကော (သုခ ဝေဒနာဖြစ်ပါတယ်) ထမင်းစား လွန်သွားပြန်တော့ (ဒုက္ခဝေဒနာ ဖြစ်ပါတယ်)
ဒါဖြင့် ခင်ဗျားတို့မှာ အနာက ကုလိုက် ပြန်ပေါက်လိုက်, ကုလိုက်ပြန်ပေါက်လိုက်ပဲ (မှန်ပါ) ကုလိုက်, ပြန်ပေါက်လိုက် မနေဘူးလား (နေပါတယ် ဘုရား) ကုလိုက်, ပေါက်လိုက် နေတော့ ဪ ဝေဒနာ မကင်းတော့ဘူးဆိုတဲ့ အဓိပ္ပါယ် ဟာ မရှင်းသေးဘူးလား (ရှင်းပါတယ်) ရိပ်မိပလား (ရိပ်မိပါပြီ)။
ခင်ဗျားတို့မှာ ကုစရာ အနာကလည်း ဒွါရခြောက် ပေါက်ရှိတယ်၊ မျက်လုံး, နား, နှာခေါင်း, လျှာ, ကိုယ်, ဟဒယဝတ္ထုဆိုတဲ့ မနောဟုတ်လား (မှန်ပါ) မျက်လုံးပေါက်, နားပေါက်, နှာခေါင်းပေါက်, လျှာပေါက်, ကိုယ်ပေါက်, ဟဒယ ဆိုတဲ့ ဝမ်းထဲက အပေါက်၊ အပေါက် ဘယ်နှစ်ပေါက် ရှိသလဲ (ခြောက်ပေါက်ပါ ဘုရား)။
အဲဒီခြောက်ပေါက်ကို ခင်ဗျားတို့ မျက်လုံးကြိုက်ကို ဝယ်ပေးရတဲ့ငွေပေါင်း မရေတွက်နိုင်ဘူး၊ နားပေါက်ကို ဆက်သ ရတဲ့ငွေပေါင်း (မရေတွက်နိုင်ပါဘူး)။
ဒွါရခြောက်ပေါက်ဟာ သမုဒ္ဒရာခြောက်စင်း
နှာခေါင်းပေါက် ဆက်သရတဲ့ ငွေပေါင်း (မရေတွက် နိုင်ပါဘူး) လျှာပေါက် ဆက်သရတဲ့ ငွေပေါင်း (မရေတွက် နိုင်ပါဘူး) ကိုယ်ပေါက်ကို တန်ဆာဆင်ပြီး သကာလ ကုသရတဲ့ ဆေးဖိုးပေါင်း (မရေတွက်နိုင်ပါဘူး)
မနောပေါက် အကြိုက်ကို လိုက်ပြီး ကုသနေရတာနဲ့ကော (မရေတွက်နိုင်ပါဘူး) ဒါဖြင့် ခင်ဗျားတို့ ဒွါရခြောက်ပေါက်ဟာ သမုဒ္ဒရာကြီး ခြောက်စင်းလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။
သမုဒ္ဒရာကြီး ခြောက်စင်းကို ခြောက်စင်းစလုံး ကျေကျေ နပ်နပ် ဖြစ်အောင် ခင်ဗျားတို့ ပြေးလွှားပြီး ထည့်ပေးနေတာပဲ (မှန်ပါ) ပြည့်မလားလို့ပေါ့ဗျာ (မှန်ပါ) ပြောတဲ့လူကသာ လဲပြီး သေတယ်၊ မပြည့်ဘူး (မှန်ပါ)။
မျက်လုံးပေါက်ကနေပြီး မျက်လုံးအလိုရှိတာတွေ ပေးနေလိုက်တာ အားလုံး ဒကာ ဒကာမတို့ တော်ပြီတန်ပြီများ ဘယ်တော့ ပြောဖူးသတုံး (မပြောပါဘူး)
ဒါကြောင့် မျက်လုံး ဟာ သမုဒ္ဒရာလို့ ဟောထားတယ် (မှန်ပါ) နားဟာကော (သမုဒ္ဒရာပါ) ဒွါရခြောက်ပေါက်စလုံး (သမုဒ္ဒရာပါ ဘုရား)။
အဲဒီသမုဒ္ဒရာတွေကို အင်မတန် ကြီးကျယ်တာကြီးကို ခင်ဗျားတို့က အခွန်ထမ်းပြီး သကာလ ဒီအပေါက် အလိုရှိလို့ ရှိရင် ဒီအပေါက်ကနေပြီး သွင်း, နားပေါက်က အလိုရှိရင် နားပေါက်က သွင်းပေးလိုက်, နှာခေါင်းပေါက်က အလိုရှိရင် နှာခေါင်းပေါက်က, ကိုယ်ပေါက်က အလိုရှိရင် ကိုယ်ပေါက်က သွင်းပေးလိုက်ဆိုတော့
ဒီအပေါက်တွေ ကျေနပ်လောက်အောင် လုပ်နေရတာ သေတဲ့အခါများ ကျေနပ်ပြီး သေရသလား, မပြည့်ဘဲနဲ့ သေသွား ရသလား (မပြည့်ဘဲနဲ့ သေသွားရပါတယ်) ရိပ်မိကြပလား (မှန်ပါ)။
ဒါ ဘာဖြစ်လို့ ခြောက်ပေါက် ပြည့်အောင် အခွန် ဆက်ရပါသတုံး ဆိုတော့ အနာချည်း အတွင်းက ပေါက်နေလို့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ) ပျောက်ကဲ့လားလို့ မေးတော့ (မပျောက်ပါဘူး) အဲဒါ ခင်ဗျားတို့၏ နေ့မအား ညမအား အခွန်ဆက်ရတာ ဒါပါပဲ (မှန်ပါ) သဘောကျပလား (မှန်လှပါ)။
ဒွါရခြောက်ပေါက်က နားပေါက်က ပြီးလည်း ဟိုဘက် က လိုလာတာပဲ (မှန်ပါ) နှာခေါင်းပေါက် ကပြီး လျှာပေါက်ကကော (လိုလာပါတယ်) လျှာပေါက်ကပြီး ကိုယ်ပေါက်ကကော (လိုလာပါတယ်) ကိုယ်ပေါက်ကပြီး စိတ်ချမ်းသာ လက်ချမ်းသာ နေဖို့ ဆိုပြီး မနောပေါက်ကကော (လိုလာပါတယ်) လိုလာတော့ အဲဒီသမုဒ္ဒရာတွေကို ခင်ဗျားတို့ သမုဒ္ဒရာဆိုတာ မပြည့်နိုင်တာမျိုး ဆိုတယ် (မှန်ပါ)။
ပျိုလည်းမအား အိုလည်းမအား
ခင်ဗျားတို့ ကလည်း ဝန်ထမ်းသမား, ကျွန်သမား ဆိုတော့၊ ဒီအပေါက်တွေကို တစ်ခါတည်း ဖြည့်စွက်ပြီး ဒါက ဒီအပေါက်ဖို့ ဒါက ဒီအပေါက်ဖို့ လုပ်နေရတာနဲ့၊ သူတို့ကိုလည်း အခွန်ထမ်းပြီး သကာလ ရွက်ဆောင်နေရတာနဲ့၊ ဒကာ ဒကာမတို့ အိုလည်းမအား, ပျိုလည်းမအား, ငယ်လည်း မအားရတော့ဘူး၊ အားကြသေးရဲ့လား (မအားပါဘူး)။
ဘာဖြစ်လို့တုံးဆိုတော့ ဒီသမုဒ္ဒရာ ခြောက်စင်း ဖြည့်စွက် နေရလို့ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် ဒီသမုဒ္ဒရာခြောက်စင်း ဖြည့်စွက်နေရတာက ဘယ်လိုကြောင့် ဖြည့်စွက်ရပါလိမ့်မတုံး ဆိုတော့၊ ဝမ်းထဲမှာ ပေါ်တဲ့ သုခ, ဒုက္ခ ဝေဒနာတွေကို ဝမ်းထဲမှာ ဒီသုံးခု ပေါ်ဖို့ကို ဒီခြောက်ခုကနေ သွင်းနေရတယ် ရိပ်မိပလား (မှန်ပါ)။
အဲဒီတော့ အနာကုနေတာ မဟုတ်လား (မှန်ပါ) ကုသာ ကုတယ် ပျောက်သလား မပျောက်ဘဲနဲ့ သေရသလား (မပျောက်ဘဲနဲ့ သေရပါတယ်)။
ဒါဖြင့် ဒီဝေဒနာချုပ်မှ ခင်ဗျားတို့ အကုသက်သာမယ်၊ အကုသက်သာမှ အနာလုံးလုံး ပျောက်မယ် (မှန်ပါ) ရှင်းကြ ပလား (ရှင်းပါပြီ) ဝေဒနာ ဘယ်လောက် ကြီးကျယ်တယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ။
ဒွါရခြောက်ပေါက်ကနေပြီး နေ့စဉ် အခွန်ဆက်နေတာ မျက်လုံးကလည်း ကြိုက်ဦးမှ၊ ကိုယ်ကလည်း ကြိုက်ဦးမှ ဥပမာ အထည်အလိပ် ဆိုလို့ရှိရင် မျက်လုံးက အဆင်ကလေး ကလည်း လှဦးမှ၊ ကိုယ်ကလည်း ဆောင်းတွင်းဆိုတော့ နွေးဦးမှ အံမယ်လေး ဆက်လိုက်တဲ့ အခွန် (မှန်ပါ) သဘောကျ ပလား (ကျပါပြီ) ခင်ဗျားတို့ မကြိုက်တဲ့အဆင်များ ဝယ်ပေးလို့ရှိရင် ဝတ်မိရဲ့လား (မဝတ်မိပါဘူး) မျက်လုံးက မကြိုက်ဘူး (မှန်ပါ)။
ကိုယ်ကတော့လည်း ဆောင်းတွင်းမှာ ဒီအထည်တော် သားပဲ ဆိုတော့လည်း မျက်လုံးက မကြိုက်တော့ ကိုယ်ကလည်း မကြိုက်ဘဲ နေရသေးတယ် ဆိုတဲ့အဓိပ္ပါယ်က အတော်ရှုပ်မနေ ဘူးလား (ရှုပ်နေပါတယ်)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီသမုဒ္ဒရာလောက် ကြီးကျယ်ခမ်းနားတာ ရှိသေးရဲ့လား (မရှိပါဘူး)။
အလုပ်နဲ့ လက်နဲ့မပြတ်ခဲ့ဘူး
ဒါဖြင့် ဒကာ ဒကာမတွေ ကိုယ့်အိမ်မှာလည်း အလုပ်နဲ့ လက်နဲ့ပြတ်တာ ဦးဗထွေး တွေ့ ဖူးရဲ့လား (မတွေ့ဖူးပါဘူး) ဟိုဘက်အိမ်ကြည့်စမ်း (မတွေ့ဖူးပါဘူး) ဘာလုပ်နေကြသတုံး အခွန်ဆက် နေကြတယ်၊ ဒီသမုဒ္ဒရာကြီး ပြည့်အောင်ဆိုပြီးတော့ (မှန်ပါ)။
ဟာ ဒါဖြင့် ဟိုအိမ်က စုတေစိတ်ကျသွားတယ် ဆိုပြန်တော့လည်း သူ့သမုဒ္ဒရာပြည့်လို့ သေတာလား မပြည့် စုံဘဲနဲ့ လက်မှိုင်ချလိုက်ရတာလား (မပြည့်စုံဘဲနဲ့လက်မှိုင်ချ လိုက်ရတာပါ)။
မပြည့်စုံဘဲနဲ့ လက်မှိုင်ချပြီး သေပွဲသာ ဝင်လိုက်ရတယ်၊ နောက်ဘဝ ဆက်ပြီး သကာလ အခွန်ဆက်ဦး သေပွဲ၊ ဟိုဘက် ဘဝဆက်ပြီး ဒီအပေါက်က အခွန်ဆက် (မှန်ပါ သေပွဲပါပဲ ဘုရား) သေပွဲ လမ်းဆုံး သော်လည်း ပြည့်တယ်လို့ ရှိရဲ့လား (မရှိပါဘူး)။
အဲဒါ ခင်ဗျားတို့ ဒီအနာလောက် ကြီးကျယ်တာ မရှိတော့ဘူးတဲ့ ဘုရားက ကဲ ဝေဒနာကို မဟောသင့်ဘူးလား ဟောသင့်သလား (ဟောသင့်ပါတယ် ဘုရား) သဘော ကျပလား (ကျပါပြီ)။
ဒီဝေဒနာတွေ ဒါလောက်ကြီးကျယ်လို့ ဒါလောက် ကုရတာ ပေါ့ဗျ၊ ဒွါရခြောက်ပေါက် ကနေပြီးတော့ သူက အချောမှ ခံစားချင်တယ်၊ အကြမ်းမှ ခံစားချင်တယ်၊ အနုမှ ခံစားချင်တယ်၊ ခိုင်မှ ခံစားချင်တယ် အစရှိသည်နဲ့ ခေတ်နဲ့လျော် မှ ခံစားချင်တယ် (မှန်ပါ) ဒီအတိုင်း မနေပေဘူးလား (နေပါတယ် ဘုရား)။
အဲဒီတော့ ဒါတွေကို ခင်ဗျားတို့က ဒွါရခြောက်ပေါက် ရောက်အောင် မပို့ရဘူးလား အဝေးက ရှာရှာပြီးတော့ (ပို့ရပါတယ်) ပို့တော့ ပြည့်ရဲ့ လား (မပြည့်ပါဘူး) မပြည့်ဘဲနဲ့ သေပွဲဝင်ရတယ်၊ ရိပ်မိကြပလား (မှန်ပါ) ဦးမောင်ကလေး ဘယ်လောက်ဆိုးသလဲ (ဆိုးပါတယ် ဘုရား) ဒကာ ဒကာမတို့ ဆိုးပုံပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဒါဖြင့် ဒါကို ဘယ်သူ နှိပ်စက်တယ်လို့ ဆိုမလဲ (ဝေဒနာ နှိပ်စက်တာပါ)။
တစ်သံသရာလုံး နှိပ်စက်လာတာ
ဒါဖြင့် ဒီဝေဒနာကို ကျုပ်တို့က နှိပ်စက်မှ သူက နှိပ်စက်တာကတော့ တစ်သံသရာလုံး ကျွန်သပေါက် လုပ်ပြီး သူခိုင်းတယ် (မှန်လှပါ) သဘောကျပလား (ကျပါပြီ)။
ဝေဒနာက နှိပ်စက်တာကတော့ ဘာတဲ့ (တစ်သံသရာ လုံးပါ ဘုရား) ဘယ်အဖြစ်နဲ့ သူက နှိပ်စက်ပါလိမ့်၊ ငါ့ကို အခွန်ဆက်ကြဆိုပြီး ကျွန်သပေါက်အဖြစ်နဲ့ ထားပြီး နှိပ်စက်တာဗျ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။
သူက အချိုစားချင်တယ်၊ ရှာပေးပါမယ်ခင်ဗျာ၊ အချဉ်စားချင်ကော (ရှာပေးပါ့မယ်) အဖန်စားချင်ကော (ရှာပေး ပါ့မယ်) ဇီဇာကြောင်တယ်လို့ ခင်ဗျားတို့ ငြင်းရဲရဲ့ လား (မငြင်းရဲပါဘူး) တယ်လည်း ကြောက်ပါလား (မှန်ပါ ဘုရား)။
ဒါကြောင့် ဝေဒနိန္ဒြေကွ-တဲ့၊ ငါ သာမည မဟုတ်ဘူး၊ မင်းတို့ကို အစိုးရတယ် (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ) ဘာတဲ့ တုံး (ဝေဒနိန္ဒြေပါ) ဝေဒနာက ဝေဒနာ၊ ဣန္ဒြေက အစိုးရတယ် သဘောကျပလား (ကျပါပြီ ဘုရား)။
ဝေဒနာခမ်းနားပုံ ယနေ့ သဘောပါအောင် ပြောနေ တယ် (မှန်ပါ) ဝေဒနာဟာ အလွန် ကြီးကျယ်လို့ ပြောနေတာ၊ တစ်သက်လုံးလည်း ဆပ်လို့မပြေတာဟာလည်း သူနှိပ်စက်တာ၊ သူနှိပ်စက်တော့ သူက သခင်အဖြစ်နဲ့ နှိပ်စက်သလား ကျွန် အဖြစ်နဲ့ နှိပ်စက်သလား ကျုပ်တို့ကို (သခင်အဖြစ်နဲ့ နှိပ်စက် ပါတယ်) ဣန္ဒြေကိုးဗျ အစိုးရတယ်ကွ တဲ့၊ ငါက မင်းတို့ အပေါ်မှာ အစိုးရတယ် (မှန်ပါ)။
ငါက အချိုစားချင်ရင် မင်းတို့ အချိုကိုမရ-ရအောင် ရှာ၊ မရရင် ငါ ဗိုင်းဗိုင်းလဲလိုက်မှာကိုး၊ ဒီတော့ မလဲတော် မူပါနဲ့ ကျုပ်ရှာပါ့မယ်၊ ဒီအဓိပ္ပါယ်ကော မလာဘူးလား, လာသလား (လာပါတယ် ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ သေတဲ့ပုဂ္ဂိုလ်တောင် ဒီဆေး ကလေး မသွင်းလိုက်ရလို့ ပြောသေးတာ၊ မဟုတ်ဘူးလား (ပြောပါတယ် ဘုရား) ဒီဆေးကလေး မသွင်းလိုက်ရလို့ အဲဒီ တစ်ချက် လိုသွားတယ် ဆိုတာ ပြောချင်ရာ ပြောသေးတယ် (မှန်ပါ) ပြောပေမယ့်လည်း သေမှာပဲ (မှန်ပါ)။
ဘာ့ကြောင့်တုံးဆိုတော့ အခွန်ဆက်တဲ့လူက အိုပြီဗျ နာပြီဗျ မဆက်နိုင်တော့ဘူးဗျ သဘောကျရဲ့ လား (ကျပါတယ်) မဆက်နိုင်တော့ ကဲ မင်း မဆက်နိုင်တဲ့အတူတူ ငါ ဗိုင်းဗိုင်းလဲ လိုက်တော့မယ် ဆိုပြီး ဝေဒနာချုပ်သွားတာပဲ။ ဝေဒနာသတ်လိုက်လို့ သေသွားတာပဲ (မှန်ပါ)။
သတ္တဝါမှာ ဘယ်သူသတ်လို့သေသတုံး
သတ္တဝါမှာ ဘယ်သူသတ်လို့ သေတာတုံး (ဝေဒနာ သတ်လို့သေတာပါ) ကျွေးနိုင်ရင် ကျွေး၊ မကျွေးနိုင်ရင် မင်းကို သတ်မယ်ပြောတာပဲ (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ)။
ကျွေးနိုင်လို့ရှိရင် ကျွေးကြပါတဲ့၊ ကျွေးနိုင်လို့ရှိရင် ကျွေးပါဆိုတာတောင် မအားအောင် လုပ်ကျွေး တာတောင် ဝ, တယ်လို့ ထုံးစံရှိရဲ့လား (မရှိပါဘူး) နောက်ကျတော့ မကျွေး နိုင်တော့ပါဘူး၊ ကျုပ် ခါးကိုင်း, နားထိုင်း, သွားကျိုး, ဆံဖြူနဲ့ ကျုပ်ဖြင့် ဗိုင်းဗိုင်းလဲပါပြီ၊ ဘယ်လိုမှ စိတ်ကလည်း မကြံတတ် တော့ပါဘူး၊ ကိုယ်ကလည်း မသန်ပါဘူးဆိုတော့ လဲလိုက် တော့မယ်၊ မင်းက မဆပ်နိုင်လို့ ရှိရင် ငါလဲလိုက်တော့မယ်ဆိုပြီး လဲလိုက်တယ် (မှန်ပါ)။
သာမညမှတ်မနေနဲ့ အစိုးရတယ်
ဝေဒနာသတ်ချလိုက်တာ လူပေါင်း ဘယ်လောက် သေသတုံး (မရေတွက်နိုင်ပါဘူး) ဣန္ဒြေဗျ သာမညများ မှတ်မနေနဲ့၊ အစိုးရတယ် (မှန်ပါ) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့ ကြီးကြီးငယ်ငယ် လိုက်ပို့လိုက်ရတာတွေ သူတို့လက်ချက်ချည်းမှတ် (မှန်ပါ) ဘယ်သူ့ လက်ချက်တုံး (ဝေဒနာ့လက်ချက်ပါ ဘုရား) သုခဝေဒနာ့ လက်ချက်, ဒုက္ခ ဝေဒနာ့ လက်ချက်ပဲ၊ သုခဝေဒနာ လိုက်စားပါများလည်း သေမှာပဲ (မှန်ပါ)။
ဒုက္ခဝေဒနာက သိပ်နှိပ်စက်ပါများကော (သေမှာပါ ဘုရား) ဥပေက္ခာဝေဒနာက နှိပ်စက်လို့ တချို့ မူးမိုက်ပြီး သွားတာတွေကော (ရှိပါတယ်) သေတာကော မရှိဘူးလား (ရှိပါတယ်)။
တချို့က မေ့တယ်ဟုတ်လား၊ တချို့က စားချင်လျက် သောက်ချင်လျက်နဲ့သေတယ်၊ တချို့ကလည်း မစားရ မသောက် ရလို့ သေတယ်ဆိုတော့ အသုဘပို့ကြရတာ ဘာဝေဒနာတုံး မေးမနေနဲ့ ဒီဝေဒနာသုံးမျိုး တစ်ခုခုပဲသာ ဆုံးဖြတ်ချက်ချ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ ကမ္ဘာမှာ သန်းပေါင်းငါးရာပဲရှိရှိ တစ်ထောင်ပဲရှိရှိ ရှိချင်သလောက်ရှိ အုပ်ချုပ်ရေးဆရာက ဒီ သုံးယောက်ပဲ ရှိတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
အုပ်ချုပ်ရေးက ဘယ်နှစ်ယောက်ရှိသတုံး (သုံးယောက် ပါ ဘုရား) သုခ, ဒုက္ခနဲ့ ဥပေက္ခာပဲ (မှန်ပါ)။
ဒါဖြင့် အခုရှင်နေတဲ့ ပုဂ္ဂိုလ်က ဘယ်သူ့ကျွန်းခံရသတုံး (ဝေဒနာ့ကျွန် ခံရပါတယ်) သေတဲ့ ပုဂ္ဂိုလ်ကို ဘယ်သူ သတ် လိုက်တာတုံး (ဝေဒနာသတ်ပါတယ် ဘုရား) အံမာလေး ကျွန် ခိုင်းခိုင်းပြီး သတ်တာပါလား (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ)။
ဘာတဲ့တုံး ဒကာ ဒကာမတို့ (ကျွန်းခိုင်း ခိုင်းပြီး သတ်တာပါ ဘုရား) ဖြစ်မှဖြစ်ရလေဗျာ ဖြစ်မှဖြစ်ရလေတယ် ဦးဘခင် (မှန်ပါ) ကျွန်ခိုင်းခိုင်းပြီး သကာလ သူ့ကို အခွန်ဆက်လိုက် ရတာကလည်း မနက်မအား နေ့မအား ညမအား။ အားကြရဲ့လား (မအားပါဘူး) နောက်ဆုံးပိတ် ကျတော့လည်း မဆက်နိုင်တော့ပါဘူးဆိုတော့ သတ်လိုက်တာပဲ မသတ်လိုက် ဘူးလား (သတ်လိုက်ပါတယ်)။
ဝေဒနာသည်သေမင်း
ဒါကြောင့် ဝေဒနာ မာရောလို့ ဘုရားဟောတော်မူတာ ဝေဒနာ ဝေဒနာသည်၊ မာရော သေမင်းကွ ၊ သေအောင် သတ်တတ်တဲ့ စက်ရှင်တရားသူကြီးပဲ (မှန်ပါ) မဆိုထိုက်ဘူးလား ဆိုထိုက်သလား၊ အခု အမြင်နဲ့ ပြောရင်လေ (မှန်ပါ ဆိုထိုက် ပါတယ်) ရိပ်မိပလား (ရိပ်မိပါပြီ)။
အဲဒါလောက်တောင် ဆိုးရွားနေတော့ ဒီဝေဒနာဟာ သူက နိုင်သရွေ့ ကာလပတ်လုံးဖြင့် ကျုပ်တို့က သေပွဲချည်း နွှဲရမယ် သဘောကျပလား (ကျပါပြီ) ကျုပ်တို့က နိုင်လို့ရှိရင် သေပွဲရှိပါ့မလား (မရှိပါဘူး) ဒါဖြင့် မသေရာ နိဗ္ဗာန်ပဲ (မှန်ပါ)။
ဒါကြောင့် ‘‘ဝေဒနာနံ ခယာ ဘိက္ခု၊ နိစ္ဆာတော ပရိနိဗ္ဗုတော၊’’
ဘိက္ခု -ရဟန်းသည်၊ ဝေဒနာနံ -ဝေဒနာတို့၏၊ ခယာ -ကုန်ခြင်းကြောင့် (ဝါ) ကုန်အောင် ရှုနိုင်လို့ရှိရင် နိစ္ဆာတော နိတ္တဏှာ – တဏှာ မရှိသည်ဖြစ်၍၊ ပရိနိဗ္ဗုတော -ပရိနိဗ္ဗာန် ပြုတာပဲ၊ ကိလေသ ပရိနိဗ္ဗာန်စံတယ်တဲ့ (မှန်ပါ)။
ရှုရင်း မတ္တနဲ့ သဥပါဒိသေသ နိဗ္ဗာန်ရတယ် (မှန်ပါ) ကဲ ဘယ်လောက် အဖိုးတန်သတုံး၊ ဒါ သံယုတ်ပါဠိတော် မှာ ကိုယ်တော်တိုင်ဟောတာ (မှန်ပါ) အဋ္ဌကထာဆိုတဲ့ စကားတောင် မဟုတ်ပါဘူး ဒကာ ဒကာမတို့ (မှန်ပါ)။
ဝေဒနာကုန်အောင်နိုင်ရင် နိဗ္ဗာန်
ဝေဒနာ ကုန်အောင် ရှုနိုင်ရင် ဦးမောင်လေး တဏှာ ဘယ့်နှယ်နေသတုံး (ကုန်ပါတယ် ဘုရား) တဏှာ ကုန်ရင် ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား)။
ဒီနားတွင် ကပ်နေတယ် နိဗ္ဗာန်ဟာ (မှန်ပါ) ဝေဒနာ ကုန်အောင် ရှုနိုင်တော့ တဏှာက လာခွင့် ရသေးသလား မရပါဘူး) မရတော့ တဏှာကုန်တော့ ဘာခေါ်သတုံး (နိဗ္ဗာန်ပါ) တဏှာနိရောဓော နိဗ္ဗာနံ လို့ ဘုရားက ဟောတော်မူတယ် (မှန်ပါ) သဘောကျပလား (မှန်ပါ)။
အဲဒီတော့ ဝေဒနာ အစားမထိုးအောင် ရှုနိုင်ကြလို့ရှိရင် ကဏှာသေမှာပဲ (မှန်ပါ) အစားထိုး ရင်တော့ ကျွန်ဖြစ်ဦးမှာပဲ ရိပ်မိကြပလား (ရိပ်မိပါပြီ)။
အဲဒီတော့ ခင်ဗျားတို့က နတ်ပြည်ဆုတောင်းတော့ နတ်ဝေဒနာနဲ့ နေရပါလို၏ နတ်ပြည်မှာ ဝေဒနာ့ကျွန်ဖြစ်ပြီး သကာလ ဝေဒနာ သတ်၍ သေရပါလို၏ ၊ ဒါ ဆုတောင်း လိုက်တာပဲ (မှန်ပါ) ဦးဘကြီး ဒိပြင် ဘာပါသေးသတုံး (ဘာမှမပါပါဘူး)။
နတ်ပြည်မှာကျွန်ခံ၍ ဒွါရခြောက်ပေါက် အခွန်ဆက် ပြီးတော့ပေါ့ဗျာ၊ နတ်ပြည်မှာ ဒီဝေဒနာ သတ်၍ သေရပါလို၏လို့ သိရင် ဘယ်သူမှ မတောင်းဘူး ဟုတ်လား (မှန်ပါ)။
ဒီလို အခွန်ဆက်ရမယ်ဆိုတဲ့ အာဟာရ ပရိယေသန ဒုက္ခကို သိမယ်တစ်ချက် သူသတ် လိမ့်မယ်လို့ သိတဲ့ မရဏမ္ပိ ဒုကံ ္ခကိုသိရင် ဘယ်သူတောင်းမလဲ (မှန်ပါ မတောင်းပါဘူး) ဒါဖြင့် သစ္စာမသိလို့ တောင်းနေကြတာ (မှန်ပါ) ရိပ်မိကြပလား (ရိပ်မိပါပြီ)။
ဒီနေ့ ဒါဖြင့် ဝေဒနာကို ဪ သူ့မသတ်ရင် မဖြစ်ဘူးဆိုတာ ဆုံးဖြတ်ချက်ချပစ်ပါ (မှန်ပါ)။
ဘုရားကဘယ်လိုဟောသတုံး
ဘုရားက ဘယ်လိုဟောသတုံး ၊ ဝေဒနာနံ ခယာ ဘိက္ခု၊ နိစ္ဆာတော ပရိနိဗ္ဗုတော၊ ဝေဒနာ ကုန်လို့ရှိရင် တဏှာ ကုန်ပါတယ်။ တဏှာကုန်လို့ရှိရင် နိဗ္ဗာန်ပါပဲကွာ-တဲ့၊ ရှင်းပလား (ရှင်းပါပြီ)။
ဒီတော့ နိဗ္ဗာန်ဟာဝေးသလား နီးသလား (နီးပါ တယ်)။
နီးလျက်နဲ့ မရောက်တာ ဘာတုံးလို့ မေးခွန်းထုတ်လို့ ရှိရင်ဖြင့် ဦးခင်မောင်တို့ လုပ်နည်း မမှန်လို့၊ ရှုနည်း မမှန်လို့(မှန်ပါ)၊ သက်ရမည့်လူကို မသတ်လို့ (မှန်ပါ)၊ မဆိုထိုက်ဘူး လား (ဆိုထိုက်ပါတယ်)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အခုကံ ကောင်း အကြောင်းသင့်ပြီး သကာလ ဆရာနဲ့ဒကာ ဆုံကြတယ်၊ ဒီဆုံတဲ့အချိန်မှာ ဪ ဒါဟာ တရားစစ် တရားမှန်ပါ လား၊ များများ သတ်စရာမလိုဘူး၊ ဝေဒနာကို လှည့်သတ်လိုက် ရင် ပြီးတာပါပဲ (မှန်ပါ)၊ ဝေဒနာသတ်ရင် တဏှာသေတာပဲ (မှန်ပါ)။
ဝေဒနာသတ်ရင် တဏှာသေတယ်
ဘာဖြစ်လို့တုံး ဝေဒနာ နိရောဓာ -ဝေဒနာသေသည် ရှိသော်၊ တဏှာနိရောဓော -တဏှာ သေသည်၊ ဟောတိ-ဖြစ်၏။ တဏှာနိရောဓော -တဏှာသေသည် ရှိသော်၊ နိဗ္ဗာနံ -ငြိမ်းအေးသည် မည်သည်၊ ဟောတိ -ဖြစ်၏ ဆိုတော့ တန်းမနေ ဘူးလား (တန်းပါတယ်)၊ သိပ်ဝေးသလား (မဝေးပါဘူး)။
အဲဒါ ပြောသံကြားတိုင်းကိုလည်း မယုံနဲ့၊ နိဗ္ဗာန် ဆိုတာ တစ်စ, တစ်စ သွားရတာကွ၊ ဘယ်သူမှ ဝုန်းခနဲ ရောက်တာ မဟုတ်ဘူး အောက်မေ့မနေနဲ့၊ အခုဟာလုပ်ပါ သေသေချာချာ ရောက်နိုင်ပါတယ် (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဝမ်းထဲမှာဝေဒနာသုံးမျိုး
ကောင်းပြီ၊ ဒါဖြင့် ဝမ်းထဲမှာ ဝေဒနာ ဘယ်နှစ်မျိုးတဲ့ ဒကာ ဒကာမတို့ (သုံးမျိုးပါ ဘုရား)။
ဒါ သင်္ချိုင်းပြနေတာ၊ သူတို့မွေးရာဌာနနဲ့ သူတို့သေရာ ဌာနဟာ ဒီနေရာတွေသာ မှတ်ပေတော့၊ တခြားမရွှေ့နဲ့၊ ဝိပဿနာ ရှုတော့ ဒီနေရာ စိုက်ခနဲ စိုက်ခနဲ သွားအောင်လုပ် ရမယ်၊ ရှင်းပလား (မှန်ပါ)။
သူပေါ်တဲ့နေရာမှာ စိုက်ရမှာနော် (မှန်ပါ)၊ သူပေါ် တဲ့နေရာမှာ ပထမစောင့်နေ၊ တော်တော်ကြာ မိအောင်ဖမ်း လိုက်၊ သူပေါ်တဲ့နေရာကို (မှန်ပါ)။
ဒါဖြင့် ဝမ်းထဲမှာ ဘယ်ဝေဒနာနဲ့ ဘယ်ဝေဒနာ (သုခဝေဒနာ, ဒုက္ခဝေဒနာနဲ့ ဥပေက္ခာဝေဒနာ ပါ ဘုရား)၊ ကိုယ်ပေါ်မှာ (သုခနဲ့ ဒုက္ခဝေဒနာပါ)။
ကောင်းပြီ ဒကာ ဒကာမတို့ ဒီလို သိထားတော့ ဒိပြင် ဟာ နည်းနည်းကလေးပဲ ပြောစရာ ရှိတော့တယ် ဒကာ ဒကာမ တို့။ မျက်လုံးဟာမြင်တယ်၊ မျက်လုံးဟာ မြင်တတ်တာပဲ ရှိတယ်၊ လိုချင်တာက ဝမ်းထဲက သုခက (သောမနဿ)၊ လိုချင်တာ (မှန်ပါ)၊ စိတ်ဆိုးတာကလည်း ဝမ်းထဲက စိတ်ဆိုးတော့ မဟုတ် ဘူးလား (မှန်ပါ)၊ လျစ်လျူရှုနိုင်တာကကော (ဝမ်းထဲက ပါပဲ ဘုရား)။
ဒါဖြင့် မျက်လုံးထဲမှာပေါ်နေတဲ့ ဓမ္မကလေး အစစ် သက်သက်ရှုလို့ရှိရင် မျက်လုံးမှာ ဥပေက္ခာ ဝေဒနာလို့သာမှတ် (မှန်ပါ)၊ မြင်စိတ်ကလေးကို ဥပေက္ခာ ဝေဒနာ လို့သာမှတ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
မျက်လုံး မြင်စိတ်ကလေး ဘာဆိုကြမယ် (ဥပေက္ခာပါ ဘုရား)၊ နားက ကြားစိတ်ကလေးကော (ဥပေက္ခာပါ)၊ လျှာမှာပေါ်တဲ့ စားတဲ့စိတ်, လျက်တဲ့စိတ်ကတော့ (ဥပေက္ခာ ပါ ဘုရား)၊ အဲ ဒီလေးခု ကိုတော့ ဥပေက္ခာ ဝေဒနာချည်း မှတ်ပါ၊ သဘောကျပလား (မှန်ပါ)။
ဥပေက္ခာသာပေါ်နိုင်သော လေးနေရာ
အဲဒီတော့ ဥပေက္ခာသာ ပေါ်နိုင်တဲ့နေရာက ဒီလေးခု ပါလားဆိုတာလည်း မှတ်ထားပြီး ပျော် ဒီနေရာမှာ မွေးတဲ့ ဥပေက္ခာဟာ ဒီမှာ သေလိမ့်မယ်၊ ဘယ်မှ မရွေ့ဘူး (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
အခု မျက်လုံးမှာမွေးတဲ့ ဥပေက္ခာဟာ ဘယ်မှာရွှေ့ သေမတုံး (ဘယ်မှမရွှေ့ပါဘူး၊ မျက်လုံးမှာပဲ သေမယ်)၊ နားထဲ ပေါ်တဲ့ ဥပေက္ခာကော (နားထဲသေပါမယ်)၊ နှာခေါင်းထဲ ပေါ်တဲ့ဥပေက္ခာကော (နှာခေါင်းထဲသေပါမယ်)၊ လျှာထဲပေါ်တဲ့ ဥပေက္ခာ (လျှာထဲသေပါမယ်)။
ဪ ဒါဖြင့် ဒီနေရာဖြစ် ဒီနေရာပျက်ဆိုတော့ ဘုရားက စက္ခုဝိညာဏံ အနိစ္စာ- လို့လည်း ဟောတဲ့အခါ ဟော တယ် (မှန်ပါ)။ စက္ခုသမ္ဖဿဇာ ဝေဒနာ အနိစ္စာ -လို့လည်း ဟောနိုင်တယ်၊ ဘယ်လို ဟောဟော ဝေဒနာတွေဟာ သူ့နေရာ ကိုယ်ပေါ်မှာ ဘာတဲ့ ဒကာ ဒကာမတို့ (သုခဝေဒနာနဲ့ ဒုက္ခဝေဒနာပါ ဘုရား)၊ ဝမ်းထဲကျတော့ (သုခဝေဒနာ, ဒုက္ခဝေဒနာနဲ့ ဥပေက္ခာဝေဒနာပါ ဘုရား)။
ဝေဒနာကိုးပါးဖြစ်ရာဌာန
ဪ ဒါဖြင့် ၄ ရယ် ၂ ရယ် ၃ ရယ် ပေါင်းရာ ဘယ်လောက်ရှိသတုံး (၉-ပါ ဘုရား)၊ ဝေဒနာ ၉ပါး ဖြစ်ရာ ဌာနနဲ့ ဝေဖန်လိုက်တော့ ဝေဒနာ ဘယ်နှစ်ပါး ရှိသတုံး (၉ပါး ပါ ဘုရား)။
ဝေဒနာသုံးပါးလို့ ဘုရားဟောပါတယ်ဘုရား၊ အဲဒါက သတိပဋ္ဌာန်မှာ ဝေဒနာသုံးပါး ဟောတာ ဟုတ်လား၊ အခြား နေရာတွေကျတော့ ၉-ပါး စသည် ဟောတယ် (မှန်ပါ)၊ ရိပ်မိ ကြပလား (ရိပ်မိပါပြီ)၊ ၉-ပါး ဘယ့်နှယ်ကြောင့် ဟောရသတုံး ဆိုတော့ မွေးရာဌာနနဲ့ သေရာဌာန သိဖို့ (မှန်ပါ)၊ ရှင်းပလား (မှန်လှပါ)။
မွေးရာဌာနနဲ့ သေရာဌာနမှ မသိဘဲနဲ့ နေတဲ့ ဒကာ ဒကာမတွေ ဆိုလို့ရှိရင် သုတဝါ အရိယသာဝကောကို မဖြစ်ဘူး (မှန်ပါ)၊ ဖြစ်ပါ့မလား (မဖြစ်ပါဘူး)၊ ဦးဘကြီး၊ ဘယ့်နှယ်လုပ် မလဲ၊ ရှုရင် တည့်ပါ့မလား (မတည့်ပါဘူး)။ မွေးတဲ့နေရာနဲ့ လည်း မတည့်ဘူး၊ သေတဲ့နေရာနဲ့ကော (မတည့်ပါဘူး)။
ကဲ ဒါဖြင့် အခု ဒါရှင်းပြီမဟုတ်လား၊ ဒကာ ဒကာမတို့ (မှန်ပါ)၊ ရှင်းတော့ ဒါကို တစ်သက်လုံး မှတ်ထားပါ။ ဘုရားက ဒီလိုဆိုလို့ရှိရင် အင်မတန် ကျယ်ဝန်းပြီး သကာလ နေမှာစိုးလို့ ဘုရားက ဝေဒနာကို သုံးပါး တည်းထားပြီး ဟောမယ်ဆိုတော့ ပေါင်းပစ်တာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဝေဒနာသုံးမျိုး
ဝမ်းထဲမှာ ဘာတဲ့ ဒကာ ဒကာမတို့ (သုခ ဒုက္ခ ဥပေက္ခာဝေဒနာပါ ဘုရား)၊ မျက်စိ, နား, နှာခေါင်း, လျှာကျတော့ (ဥပေက္ခာဝေဒနာပါ)၊ ဒါဖြင့် ဥပေက္ခာ ဥပေက္ခာချင်း ပေါင်းလိုက် ငါးခု ဖြစ်မသွားဘူးလား (ဖြစ်ပါတယ်)။
ကောင်းပြီ ဝမ်းထဲမှာလည်း ဒကာ ဒကာမတို့၊ သုခ ဒုက္ခကောမပေါ်ဘူးလား (ပေါ်ပါတယ်)၊ အဲဒီဒုက္ခကို ခုနင်က ကိုယ်ပေါ်မှာပေါ်တဲ့ ဒုက္ခနဲ့ ပေါင်းလိုက်၊ နှစ်ခုဟာ တစ်ခုပေါ့ဗျာ (မှန်ပါ)။
ဝမ်းထဲမှာပေါ်တဲ့ သုခနဲ့ ပေါင်းလိုက် သုခ တစ်ခုတည်း ဖြစ်သွားတော့ ဝေဒနာသုံးမျိုးပဲ သွားပြီး ဖြစ်တယ် (မှန်ပါ)။ ဥပေက္ခာဝေဒနာ, သုခဝေဒနာ, ဒုက္ခဒေနာ သုံးမျိုးပဲဖြစ်တယ်၊ သဘောကျပလား (ကျပါပြီ)။
ဒါသိထားမှ ဪ ဒီနေရာကလေး ဒီနေရာ ကလေးဟာ အနိစ္စရှုရမည့် အချက်ကလေးပါလား၊ သင်္ချိုင်းရှိတဲ့ နေရာကလေးပါလား ဆိုတဲ့ဥစ္စာ မွေးရင်သေတဲ့နေရာ၊ မွေးတာ လည်း ဒီနေရာ၊ သေတာလည်း ဒီနေရာပဲဆိုတော့မှ ဖြစ်ပျက် သွားပြီး တွေ့မှာကိုးဗျ၊ နို့မဟုတ်ရင် တွေ့ပါ့မလား (မတွေ့ပါဘူး)။ မွေးတာလည်းသိတော့ သေတာလည်းသိတော့ ဦးမောင်လေး ဖြစ်ပျက်မတွေ့ဘူးလား (တွေ့ပါတယ်)။
ဒါဖြင့် သူမွေးတဲ့နေရာမှ ကျုပ်တို့က မသိဘဲနဲ့အလိုလို ဖြစ်တယ်, အလိုလိုပျက်တယ်လို့ တချို့ ဒကာ ဒကာမတွေ သုံးစွဲလိမ့်မယ်နော် (မှန်ပါ) အလိုလိုဖြစ်၍ အလိုလို ပျက်တယ် ဆိုလို့ရှိရင်ဖြင့် အကြောင်း ကင်းမဲ့တဲ့ ဒိဋ္ဌိမဖြစ်ပေဘူးလား (ဖြစ်ပါတယ်)။
ဝေဒနာဘယ်နှစ်မျိုးရှိသတုံး
ကောင်းပြီး ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာ သည်ကားလို့ဆိုရင် ဘယ်နှစ်မျိုး ရှိသတုံး (သုံးမျိုး ရှိပါတယ်) ပေါင်းလိုက်တော့ သုံးမျိုး၊ ဖြန့်လိုက်ရင် (ကိုးမျိုးပါ)။
နာမည်ကတော့ သုခ, ဒုက္ခ, ဥပေက္ခာ၊ အဲဒါကလေးကို တော့ဖြင့် ဒကာ ဒကာမတွေ ဘုန်းကြီး ကလည်း မေတ္တာရပ်တယ်၊ အနိစ္စ, ဒုက္ခ, အနတ္တဉာဏ် မပါဘဲနဲ့ မဂ်ဖိုလ်နိဗ္ဗာန် ကူးသွား တော်မူကြတဲ့ ဘုရား, ရဟန္တာရယ်လို့ တစ်ပါးမျှ မရှိဘူး၊ ရှိပါ့ မလား (မရှိပါဘူး) မရှိတော့ ဒီနေရာတွေ သူ့နေရာနဲ့သူ ရှုတတ်လို့ ကိစ္စပြီးသွားတယ်ဆိုတာလည်း ခင်ဗျားတို့ အသိသားဆိုတော့–
ဪ ဒါနဲ့ နိဗ္ဗာန်ကူးတော့မယ် ဆိုရင်ဖြင့် ဒါ မူရင်း မပျောက်စေနဲ့ မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်း သင့်ပါတယ်၊ ဒါကလေး ပျောက်သွားရင် ဘယ့်နှယ်လုပ်မလဲ၊ ရှုစရာ ဌာနရှိပါဦးမလား (မရှိပါဘူး)၊ ရှုစရာဌာနမရှိရင် ရမ်းပြီး အော်နေသလို ဖြစ်မှာပေါ့ (မှန်ပါ)။
ဝေဒနာသုံးမျိုးပဲမှတ်
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာကို သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခဝေဒနာလို့ သုံးမျိုးပဲ မှတ်လိုက်တော့၊ သူ့ပေါ် ရာတွေ ဌာန ခင်ဗျားတို့ဟာ ခင်ဗျားတို့ ဝမ်းထဲမှာပဲထား လိုက်တော့ (မှန်ပါ)၊ ရှုရမှာက ဘယ်နှစ်မျိုးတုံး-(သုံးမျိုး ပါ ဘုရား)၊ ရှုရမည့်နေရာဌာနနဲ့ ပြောလိုက်တော့ ၉-နေရာပေါ့ဗျာ (မှန်ပါ)၊ ရှုရမည့် တရားသဘောနဲ့ကော (သုံးမျိုးပါ)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သုံးမျိုးရှုလို့ ဟောငြား သော်လည်း၊ ခင်ဗျားတို့ သေသေချာချာ ကိုယ်တိုင် လုပ်ကြည့်တဲ့အခါကျတော့၊ ဝေဒနာကို ခရီးပေါက်လာတဲ့ပုဂ္ဂိုလ် ကျတော့ တပည့်တော် တစ်မျိုးတည်း တွေ့တယ်၊ ခင်ဗျားတို့က လျှောက်ချင် လျှောက်မယ်၊ တစ်မျိုးတည်း တွေ့တယ်လို့ လျှောက်ချင်လျှောက်မယ် (မှန်ပါ)။
တစ်မျိုးတည်းတွေ့တယ်ဆိုရင်
တစ်မျိုးတည်းတွေ့တယ်ဆိုတော့ သုခလည်းမတွေ့ဘူး။ ဒုက္ခလည်းမတွေ့ဘူး၊ ဥပေက္ခာ လည်း မတွေ့ဘူး၊ ဖြစ်ပျက် ကလေးပဲ တွေ့တယ်၊ ဒီကျတော့ တစ်မျိုးတည်း ဖြစ်သွားတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ နဂိုက ဘာရှိသတုံး (ဖြစ်ပျက်ပဲရှိပါတယ်)။
ဖြစ်ပြီးပျက်တာသာရှိလို့ဖြစ်ပြီး ပျက်တာတင်တွေ့ ပါတော့တယ်ဆိုတော့ ဒကာ ဒကာမတို့ အဲဒါ တော်တော် ရင့်ပြီလို့ အောက်မေ့ပါ (မှန်ပါ)
ဒါဖြင့် ဒီစကားနှစ်ခွန်းကို ဘုန်းကြီးသုံးလိုက်တဲ့ အဓိပ္ပါယ် ခင်ဗျားတို့ လေးလေးနက်နက် မှတ်ကြစမ်းပါ။ ဝေဒနာတွေ့တာနဲ့ ဖြစ်ပျက်တွေ့တာ အတော်ခြားနားတယ် (မှန်ပါ)။
ဝေဒနာတွေ့တာနဲ့ ဖြစ်ပျက်တွေ့တာခြားနားတယ်
ကိုထွန်းဦး ဝေဒနာတွေ့တာနဲ့ ဖြစ်ပျက်တွေ့တာ (အတော် ခြားနားပါတယ် ဘုရား)။
ဘယ်လိုခြားနားသတုံးလို့ မေးလိုက်တော့မှ ဝေဒနာ တွေ့တာဟာ ဝေဒနာဟာ နာမ်ဓမ္မ ဖြစ်သောကြောင့် နာမပရိစ္ဆေဒဉာဏ်ဖြစ်တယ်။ ဖြစ်ပျက် တွေ့တာက ဥဒယဗ္ဗယဉာဏ်ကို ရောက်လာတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ဦးဘကြီး ဘာတဲ့တုံး ဝေဒနာတွေ့တော့ (နာမပရိစ္ဆေဒဉာဏ်ပါ)၊ ဖြစ်ပျက်တွေ့တော့ (ဥဒယဗ္ဗ ယဉာဏ်ပါ)၊ အတော်တက်သွားပြီ၊ ဒါဉာဏ်တက်သွားတာ မသိလိုက်ဘူး (မှန်ပါ)။
နာမပရိစ္ဆေဒဉာဏ်ပဲရှိသေးတယ်
ဝေဒနာ တွေ့တော့ ဘာတဲ့ ဒကာ ဒကာမတို့ (နာမပရိစ္ဆေဒဉာဏ်ပါ)၊ နာမပရိစ္ဆေဒဉာဏ်ပဲ ရှိသေးတယ်၊ ကျုပ်တော့ ဝေဒနာတွေ တွေ့ပါတယ်လို့ ခင်ဗျားတို့က အသားယူပြီး များ ပြောလို့ရှိရင် ကိုယ်တွေ့တာလည်း အမှန်ဖြစ်နေလို့ရှိရင် ဒီပုဂ္ဂိုလ် ဝိပဿနာ မဆိုက်သေးဘူး (မှန်ပါ)၊ ရှင်းပလား (မှန်ပါ)။
ဝေဒနာတွေ့ပြီ တပည့်တော် သုခလည်းတွေ့လိုက် တယ်၊ ဒုက္ခလည်း တွေ့လိုက်တယ်၊ ဥပေက္ခာလည်း တွေ့ လိုက်တယ်၊ အေး မင်းသည်ကားလို့ ဆိုရင်ဖြင့် နာမပရိ စ္ဆေဒဉာဏ်ရပြီဆိုတော့ ဉာဏ်ဆယ်ပါးမှာ အောက်ဆုံးဉာဏ် ရတယ်ဆိုတာ (မှန်ပါ) ဝေဒနာမတွေ့ဘူးဘုရား တပည့်တော် ဘယ်ဟာ ရှုလိုက်ရှုလိုက် သုခရယ်လို့ ရှုလိုက်ပြန်လည်း ဖြစ်ပြီး ဖြစ်ပျက်သွားတာပဲ၊ ဉာဏ်ထဲမှာ တက်နေပြီ (မှန်ပါ)။
ဥဒယဗ္ဗယဉာဏ်တက်သွားပြီ
ဒုက္ခရယ်လို့ ရှုလိုက်ပြန်တော့ကော (ဖြစ်ပြီး ပျက်သွား တာပါပဲ) ဥပေက္ခာရယ်လို့ ရှုလိုက် ပြန်တော့ကော (ဖြစ်ပြီး ပျက်သွားတာပါပဲ) အဲဒါတွေ့လို့ရှိရင် ဥဒယဗ္ဗယ တက်သွားပြီ (မှန်ပါ) မကွာဘူးလား (ကွာပါတယ်)။
အဲဒါကြောင့် ဒကာ ဒကာမတွေ ဝေဒနာတွေ့မှလည်း ဖြစ်ပျက်က တွေ့နိုင်တော့ ဝေဒနာကို ရှေးဦးစွာ သင်ရတယ်၊ သူ့တွေ့ပြီးမှ ဖြစ်ပျက်က တွေ့မှာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ၁-၂-၃ ရှိထိုက်တာက ဝေဒနာသုံးမျိုး၊ ရှိဆဲကတော့ တစ်မျိုး ချည်းမှတ် (မှန်ပါ)။
ရှိထိုက်တာက သုံးမျိုး၊ ရှိဆဲက တစ်မျိုး
ရှိထိုက်တာက (သုံးမျိုးပါ) ရှိဆဲကတော့ (တစ်မျိုးပါ ဘုရား) ရှိဆဲကတော့ သုခရှိလို့ရှိရင် ကျန်တဲ့ နှစ်ခုမရှိဘူး၊ ဒုက္ခရှိရင် ကျန်တဲ့နှစ်ခု (မရှိပါဘူး) ဥပေက္ခာရှိရင် ကျန်တဲ့နှစ်ခု (မရှိပါဘူး) ဒါဖြင့်ရှိထိုက်တာက (သုံးမျိုးပါ) ရှိဆဲက (တစ်မျိုးပါ ဘုရား)။
အဲဒါ သေသေချာချာ မှတ်ပါတဲ့ ဝိပဿနာကို ဒါ စ-ပြီး ချီးနေတာပဲ၊ တစ်ခါတည်း ဉာဏ်တည့် လိုက်လို့ ရှိရင် ချက်ချင်း မဂ္ဂင်ငါးပါးက မဂ္ဂင်ရှစ်ပါး ဖြစ်စေချင်လို့ ဒါလောက် ရှေ့က ရှင်းပေးနေတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။
ကောင်းပြီ၊ ဒါဖြင့် ဆရာဘုန်းကြီး ခုနင်က တရားချီးခဲ့ တာ ခင်ဗျားတို့ မှတ်မိပါလိမ့်ဦးမယ်၊ မဂ္ဂသစ္စာနဲ့ မဂ္ဂအရိယသစ္စာ ဟောမယ်လို့ ဒီနေ့တရားစပြီး ချီးထားပါတယ် (မှန်ပါ)။
ဘာပါလိမ့် (မဂ္ဂသစ္စာနဲ့ မဂ္ဂအရိယသစ္စာကို ဟောပါ မယ် ဘုရား)။
မဂ္ဂအရိယသစ္စာ
မဂ္ဂသစ္စာက အရိယသာဝကဆိုတဲ့ ကလျာဏ ပုထုဇဉ် ပုဂ္ဂိုလ်တွေမှာ ရတယ်။ မဂ္ဂအရိယ သစ္စာက အရိယာပုဂ္ဂိုလ်မှ ရတယ်၊ အရိယာပုဂ္ဂိုလ်ဖြစ်ကြောင်း သေသေချာချာ တာဝန် ခံတယ် (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
ဒါဖြင့် မဂ္ဂသစ္စာနဲ့ ဘာကိုဟောမှာတုံး (မဂ္ဂအရိယ သစ္စာကို ဟောမှာပါ) ဒါဖြင့် ရှေ့ပိုင်းက ဘာဟောရမတုံး (မဂ္ဂသစ္စာ ဟောရပါမယ်) နောက်ပိုင်းက ဘာဟောရမတုံး (မဂ္ဂအရိယသစ္စာ ဟောရပါမယ်) ဒါဖြင့် ဒကာ ဒကာမတို့ ဒါကို ဂရုစိုက်တော့၊ ဒါဖြင့် ဒီဟာ သေချာပြီ၊ သုခ, ဒုက္ခ, ဥပေက္ခာ လို့ပဲ မှတ်ထားလိုက်တာပေါ့ (မှန်ပါ)။
အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဥပရိပဏ္ဏာသ ပါဠိတော် ဆဆက္ကသုတ်မှာ ဟောတယ်၊ ပါဠိတော်ဆိုတော့ ဘုရား ကိုယ်တော်တိုင် ဟောတာလို့ မှတ် ကြပါ (မှန်ပါ) အဲဒီ ဆဆက္ကသုတ် မှာလာတဲ့ အဓိပ္ပါယ်နဲ့ ပေါင်းစပ်ပြီးတော့ ပြောပါ့မယ်။
ဘုရားဟောကို ဘုန်းကြီးပြောနေတာ
ဒကာ ဒကာမတွေက ဪ ဒါဟာ ဘုန်းကြီး ပြောနေတာ မဟုတ်ဘူး၊ ဘုရားဟော ပါကလားလို့ အောက်မေ့ ရမယ်၊ ဘုရားက ဘယ်လို ဟောလိုက်သတုံး ဆိုတော့ အားလုံး ဒကာ ဒကာမတွေ နည်းနည်း မှတ်စေချင်တယ်၊ ဒါက သုခ ဝေဒနာထားပါ (မှန်ပါ) သုခဝေဒနာပစ္စယာ တဏှာလို့ မနေ့က ဟောခဲ့တယ်၊ ဒုက္ခဝေဒနာပစ္စယာ ဒေါသလို့ ဟောခဲ့တယ်၊ ဒုက္ခ ရှိလို့ရှိရင် ဒေါသလိုက်ရမယ်၊ ဥပေက္ခာရှိရင် မောဟ (မှန်ပါ)။
ကွာ-တဲ့ ငါဘုရားဖြစ်လာတယ်၊ ရှေးကလည်း ငါ၏ နောင်တော်ကြီးတွေ ဘုရားဖြစ်တော် မူကြတယ်၊ အဲဒီမြတ်စွာ ဘုရားသခင်တွေ မဟောတဲ့တရားကို ငါလည်း မဟောဘူးတဲ့၊ အဲဒီ မြတ်စွာဘုရားသခင်တွေ ဟောတဲ့တရားကို ငါလည်းဟောတာပဲ။ ဒီလို ဟောထားတဲ့ သုတ်တော်များ ကိုလည်း မှတ်ထားကြပါဦး (မှန်ပါ)။
ဦးဘကြီး ရှေးနောင်တော်ကြီးတွေ ဟောတဲ့ တရားကို ယခု မြတ်စွာဘုရားက ဟောတာပဲ (မှန်ပါ) ရှေးနောင်တော် ကြီးတွေက မဟောတဲ့တရားဆိုရင် (မဟောပါဘူး)။
ဘုရားဆိုတာ ဉာဏ်တော်အတူတူချည်းပဲ
အဲဒီတော့ အားလုံး သဘောတူတာ ဟောကြတာ ချည်းပဲ၊ ဘုရားဆိုတာ အတူတူ ဟောတာ ချည်းပဲ၊ ဉာဏ်တော် အတူတူဆိုတာ သိနေတဲ့အတွက်၊ ဟောဒီ သုခဝေဒနာ နောက်က လောဘ လာနေတဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ရလိမ့်မယ်လို့ ရှေးဘုရားတွေလည်း မဟောဘူး၊ ယခု မြတ်စွာဘုရားလည်း မဟောဘူး (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဝေဒနာနောက်က တဏှာလိုက်ရင် နိဗ္ဗာန်မရ
သုခဝေဒနာ ပစ္စယာ တဏှာဆိုတော့ သုခဝေဒနာ နောက်က တဏှာသာလိုက်နေလို့ရှိရင် နိဗ္ဗာန် ရလိမ့်မယ်လို့ ငါဘုရားလည်း မဟောဘူးတဲ့ ရှေးဘုရားတွေလည်း (မဟော ပါဘူး) ရှင်းပလား (ရှင်းပါပြီ)။
အံမာလေး ဘုရားအဆူဆူ စွန့်တာပါလား ဒီဥစ္စာ၊ ခင်ဗျားတို့ကသာ သုခဝေဒနာနောက်က တဏှာလိုက်ဖို့ ကြိုးစားနေကြတာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဘုရားအဆူဆူကတော့ စွန့်နေတယ်၊ ဒီနောက်က တဏှာလိုက်လို့ရှိရင် နိဗ္ဗာန် ရောက်လိမ့်မယ်လို့ ငါဘုရားလည်း မဟောဘူးတဲ့ ရှေးဘုရားတွေကော (မဟောပါဘူး)
ကဲ ဒါဖြင့် ဒါ ထားလိုက်ပြီး ပြောင်းပြန် လှည့်လိုက်၊ ဪ သူ့နောက် ဒါစွန့်လို့ရှိရင် ငါဘုရား လည်း နိဗ္ဗာန် ရောက်ပြီလို့ ဟောတယ်၊ ရှေးဘုရားတွေလည်း ရောက်တယ်လို့ ဟောတော်မူကြတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ဒီနောက်က တဏှာမလာဖို့ဟာ ဘုန်းကြီး တာဝန် အပေါ်ကျလာတယ် (မှန်ပါ)။
ကောင်းပြီ ဒါဖြင့် ဒီအချက်ကလေးလည်း ခုနင်က အတိုင်းယူပါဦး၊ ဒုက္ခနောက်က ဒေါသ၊ ဒုက္ခရောက်လို့ ဒေါသ ဖြစ်တယ်ဆိုတာ အဖြစ်များကြပါတယ်။ ဦးမောင်လေး မဆို ထိုက်ဘူးလား (ဆိုထိုက်ပါတယ်)၊ ဒုက္ခရောက်ရင် ဒေါသဖြစ် တယ်၊ ဒေါမနဿဝေဒနာ ဖြစ်တာပေါ့လေ (မှန်ပါ)။
ဒေါမနဿလိုက်လည်းနိဗ္ဗာန်မရ
အဲဒီ ဒုက္ခနောက်က ဒေါမနဿ လိုက်တဲ့ ပုဂ္ဂိုလ် သရွေ့ နိဗ္ဗာန်ရောက်လိမ့်မယ်လို့ မဟောဘူးတဲ့ ဟုတ်လား (မှန်ပါ)၊ ရှေးဘုရားတွေလည်းမဟောဘူး၊ အခုမြတ်စွာဘုရား လည်းမဟောဘူး၊ ဘုရားအဆူဆူမဟောတဲ့သဘောပဲ (မှန်ပါ) ရိပ်မိကြပလား (ရိပ်မိပါပြီ)။
အားလုံး ဒကာ ဒကာမတွေ ဘုရားအဆူဆူက စွန့်ဖို့ ဟောကြားတဲ့အလုပ်ကြီး ခင်ဗျားတို့က ကြိုးစားနေလို့ ခက်နေ ဘာပါ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဘုရားအဆူဆူကတော့ ဘာတုံး (စွန့်ပါတယ် ဘုရား)၊ ခင်ဗျားတို့ ပုဂ္ဂိုလ်အထွေထွေကတော့ ဘာတုံး (သိမ်းပိုက် နေပါတယ်)၊ အတော်ဆိုးနေတယ်ဗျ (မှန်ပါ)။
မောဟလိုက်လည်းနိဗ္ဗာန်မရ
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒါကလေး တစ်ခု လည်း ခုနင်ကအတိုင်း မှတ်ပါဦး၊ ဥပေက္ခာ ဝေဒနာ နောက်က မောဟလိုက်တဲ့ ပုဂ္ဂိုလ်ကို ရှေးမြတ်စွာဘုရား တွေလည်း နိဗ္ဗာန် ရောက်လိမ့်မယ်လို့ ဟောတော်မမူကြဘူး၊ အခု မြတ်စွာဘုရား လည်း မဟောဘူး (မှန်ပါ)။
ဥပေက္ခာဝေဒနာ နောက်က မောဟ မလိုက်တဲ့ ပုဂ္ဂိုလ် နိဗ္ဗာန်ရမယ်လို့ ဟောတော်မူတယ် (မှန်ပါ)၊ မြတ်စွာ ဘုရားကိုယ်တိုင် ဆဆက္ကသုတ်မှာ ဒီအဓိပ္ပါယ်အတိုင်း နှုတ်မြွက်တော်မူပြီး တာဝန်ခံ တော်မူတာ (မှန်ပါ)။
ဦးဘကြည် ကဲ ဘယ်လောက် အဖိုးတန်သတုံး (မှန်ပါ တန်ပါတယ်)၊ ဒါ ဝေဒနာ အသားယူပြီး ဟောနေတယ် လို့ဆိုစရာ လိုသေးသလား (မလိုပါဘူး)၊ သေသေချာချာ သူ့အဓိပ္ပါယ်ကိုက ဟုတ်နေတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒါ ဝေဒနာနဲ့ပတ်သက်ပြီးတော့ ဟောတော်မူတာ (မှန်ပါ)။
ဒါဖြင့် ဒကာ ဒကာမတွေ သုခဝေဒနာနောက်က တဏှာလိုက်လို့ရှိရင်ဖြင့် ရှေးမြတ်စွာဘုရား သခင်တို့သည်လည်း ဘယ်တော့မှ နိဗ္ဗာန်မရောက်ဘူးလို့ ဟောတော်မူကြသည်။ အခု ဂေါတမ မြတ်စွာဘုရားကော (ဒီအတိုင်း ဟောပါတယ် ဘုရား)။
ဝေဒနာဖြစ်ပျက်မြင်ရင်နိဗ္ဗာန်ရနိုင်တယ်
တကယ်လို့များ ကျုပ်တို့ ဝေဒနာ ဖြစ်ပျက်မြင်လို့ ဒီကနေပြီး ဖြစ်ပျက်ရှုတဲ့ဉာဏ် ဒီနေရာများ အစားထိုးနိုင်မယ် ဆိုရင်ဖြင့် ဒီဘဝတွင် နိဗ္ဗာန် ရနိုင်လိမ့်မယ်လို့ ဘုရားက ဟောတော်မူတယ် (မှန်ပါ)။
သူ့နောက်က တဏှာမလိုက်လို့ မဂ်လိုက်လာလို့ရှိရင် ဘာဆိုကြမလဲ (နိဗ္ဗာန် ရနိုင်ပါတယ် ဘုရား)။ ဒီဘဝတွင် ရောက်နိုင်တယ် (မှန်ပါ)။
ထုံးစံကိုဖျက်ပေးရမယ်
ဒါဖြင့် ဘုန်းကြီးတာဝန်က ခင်ဗျားတို့ နောက်ကလိုက် နေကျထုံးစံကို ဖျက်ပေးရမယ် (မှန်ပါ)။
ဪ ထုံးစံတော့ မဖျက်ပါရစေနဲ့ဘုရား ခင်ဗျား တို့က ဆိုများဆိုချင်သေးသလား (မဆိုပါဘူး ဘုရား)။
ထုံးစံမဖျက်လို့ ရှိရင်ဖြင့် ထုံးစံမဖျက်တဲ့ တရားလည်းရှိ တယ်၊ ဒီဝေဒနာသုံးပါး၏ ဖြစ်ပျက်ကို မကြည့်တော့ ဒါမေ့မူး နေတဲ့ပုဂ္ဂိုလ်လို့ မဆိုထိုက်ဘူးလားဗျာ (ဆိုထိုက်ပါတယ် ဘုရား)၊ အဲဒီလို မေ့လျော့ပေါ့ဆနေတဲ့ ပုဂ္ဂိုလ်များသည်ကားလို့ ဆိုရင် သူတို့ထုံးကို ပြောရလို့ရှိရင်ဖြင့်–
ထုံးစံမဖျက်ရင် အပါယ်ရောက်မယ်
‘‘ပမတ္တဿ နာမ စတ္တာရော အပါယာ သကဂေဟသဒိသာ’’။ ပမတ္တဿ နာမ ဒါတွေဖြစ်တိုင်း ဖြစ်တိုင်း မသိတဲ့ မေ့လျော့နေသော ပုဂ္ဂိုလ်အား၊ စတ္တာရော လေးပါးကုန် သော။ အပါယာ အပါယ်ဘုံ တို့သည်၊ သကဂေဟသဒိသာ- မိမိ အမြဲနေရာ အိမ်ဂေဟာကြီးနဲ့ တူပါပေကုန်၏ တဲ့၊ ဓမ္မပဒ အဋ္ဌကထာမှာ ဆိုပါတယ် (မှန်ပါ)။
ထုံးစံမပျက် ပါရစေနဲ့ဆိုရင် အပါယ်လေးဘုံဟာ ဒို့အမြဲ နေတဲ့အိမ်လို့မှတ်လို့ အဋ္ဌကထာက ဖော်ပြတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ထုံးစံဘယ့်နှယ်လုပ်ကြမလဲ (ဖျက်ရပါမယ် ဘုရား)၊ ဖျက်ရမှာပဲ၊ ရှေးလူကြီးပြောပြော၊ နောက်လူက ဆော်ဩ ဆော်ဩ၊ ဟုတ်လား ဒီထုံးစံတော့ ဖျက်ပါ၊ သဘောကျပလား (ကျပါပြီ)။
ရှေးလူက ပြောလည်း ဖျက်၊ နောက်လူက ဆော်ဩ လည်း (ဖျက်ရမှာပါ)၊ မဖျက်လို့ရှိရင် အပါယ်လေးဘုံဟာ ကိုယ့်အိမ်လို့ မှတ်ထားလို့ ကျမ်းဂန်မှာဖော်ပြတယ် (မှန်ပါ)၊ ကောင်းသေးရဲ့လား (မကောင်းပါဘူး)။
ထုံးစံမဖျက်ရင်ဖြစ်ကိုမဖြစ်ဘူး
အဲဒါကြောင့် ယောင်တောင်တောင် ပေတေတေ ဒို့ဒီလို နေလာတာပဲ၊ အခုမှ ဒီဘုန်းကြီးနဲ့ တွေ့မှ ထူးထူးဆန်းဆန်းလို့ များ အောက်မေ့မနေနဲ့ဦး၊ ဖျက်သာဖျက်၊ ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)၊ မဖျက်ရင် ဖြစ်ကိုမဖြစ်ဘူး (မဖြစ်ပါဘူး ဘုရား)။
ဦးဗထွေး ငြင်းချင်သေးသလား (မငြင်းပါဘူး ဘုရား)၊ ဦးခင်မောင်ကြီးကော (မငြင်းပါဘူး ဘုရား)၊ မငြင်းပါနဲ့တဲ့၊ ဒီဥစ္စာက သေသေချာချာ ကြည့်တော့လည်း ခင်ဗျားတို့က ဘာမှ တွေးမနေ နဲ့တော့ ဝေဒနာပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါန်၊ ဥပါဒါနပစ္စယာ အပါယ်ဘဝ သွားလိမ့်မယ်၊ ဒိပြင် ဘယ်သွားဦးမလဲ (ဘယ်မှမသွားပါဘူး)။
ဒီကလည်း ဒုက္ခဝေဒနာပစ္စယာ ဒေါသ ဟုတ်လား ဒေါသဆိုတာက မသိလို့ဖြစ်တာမဟုတ်လား (မှန်ပါ)၊ မသိ တော့ အဝိဇ္ဇာမပါဘူးလား (ပါပါတယ်)၊ အဝိဇ္ဇာပစ္စယာသင်္ခါရာ နဲ့သွားပြီ၊ ဝိညာဏ် ကျတော့ ပဋိသန္ဓေ ဝိညာဏ်ရောက် အပါယ် ပဋိသန္ဓေဝိညာဏ် ဖြစ်မှာပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ကဲ ဥပေက္ခာမရှုတော့ ဘာတုံး (မောဟပါ)၊ မောဟတိုက်ရိုက် လာတယ်၊ ဒီမှာတော့ တွဲလာတယ်၊ ရှင်းပလား (မှန်ပါ)၊ မောဟဆိုတာ အဝိဇ္ဇာပဲ၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ အပါယ်ဝိညာဏံ၊ သူက ဆက်တာကိုးဗျ (မှန်ပါ)။
ဒယ်အိုးဟာ ဒို့မိတ်ဆွေလို့မှတ်ထား
အဲဒီတော့ အပါယ်ဝိညာဏ်ဆိုတော့ဒီသုံးခု မဖြတ်နိုင် လို့ရှိရင် ဒယ်အိုးချည်း မျက်စောင်းထိုး နေတာကိုး ဆိုတာကော (ပေါ်လာပါတယ်)၊ သေချာပလား (မှန်ပါ)၊ ဒီသုံးခု မရှု ရင်လေ (မှန်ပါ)၊ ဒီသုံးခုမပေါ်အောင် မတတ်နိုင်တဲ့ပုဂ္ဂိုလ်များ ဖြင့် ဒယ်အိုးဟာ ဒို့မိတ်ဆွေပဲလို့ မှတ်ထား (မှန်ပါ)၊ ရိပ်မိပြီ မဟုတ်လား (မှန်ပါ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ဟောမည့်တရား ကို မရောက်သေးပါဘူး၊ ခင်ဗျားတို့ ရှေ့က လမ်းခင်းနေရတာ နဲ့၊ ဒီနေ့ဟောမည့်တရားက ဘာပါလိမ့်ဗျာ (မဂ္ဂသစ္စာနဲ့ မဂ္ဂအရိယသစ္စာပါ ဘုရား)၊ ရှေ့ပိုင်းက (မဂ္ဂသစ္စာ) နောက်ပိုင်းက (မဂ္ဂအရိယသစ္စာပါ)။
တပည့်ဆိုတော့ အောက်တန်းကျသေးတယ်
ဪ ဒါဖြင့် အရိယသာဝက ပထမက အရိယာ ၏ တပည့်၊ တပည့်ဆိုတော့ အောက်တန်းကျ သေးတယ် (မှန်ပါ)၊ နောက်ကျတော့ ကိုယ်တိုင် အရိယာဖြစ်တာ၊ သဘော ကျပလား (ကျပါပြီ)။
ဒါဖြင့် အရိယာ၏တပည့်နဲ့ အရိယာကိုယ်တိုင်နဲ့ဆို တော့ ထူးခြားလိမ့်မယ် (မှန်ပါ)၊ ထူးခြား လိမ့်မယ် ဒကာ ဒကာမ တို့ အရိယာတပည့်နဲ့ ကိုယ်တိုင် အရိယာ၊ ဒါလည်း နကုလ ပိတာသုတ်မှာ လာပါတယ် (မှန်ပါ)။
ဒီနေ့အရိယာဖြစ်အောင်လုပ်ပါ
မနေ့က ဘာဖြစ်ကြသတုံး ခင်ဗျားတို့ ဖြစ်ပျက်ရှုနိုင် ကြတော့ အရိယာတပည့်ဖြစ်တယ်၊ သဘောကျပလား (မှန်ပါ)၊ ကောင်းပြီ အရိယာ၏တပည့် ဖြစ်ခဲ့တယ်၊ ဒီနေ့ အရိယာဖြစ် အောင်လုပ်။ အရိယာ ဖြစ်အောင်လုပ်တဲ့နည်း ဒီနေ့အပြည့်အစုံ ပေးရမယ် (မှန်ပါ)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့၊ အရိယာဖြစ်တဲ့ နည်း ပေးရတော့မယ် ဆို တော့ မဂ္ဂင်ငါးပါးက မဂ္ဂသစ္စာ၊ သဘောကျပလား (မှန်ပါ)၊ ငါးပါးဆိုတော့ ရှုတဲ့အခါမှာ ငါးပါးဖြစ်ရင် (မဂ္ဂသစ္စာပါ)။
ရှုတဲ့အခါမှာ ရှစ်ပါးဖြစ်ရင် (မဂ္ဂအရိယာသစ္စာ ပါ)၊ ဒါကလေးကိုရှေးဦးစွာ နုတ်(စ်)လုပ်ပြီး မှတ်ထား လိုက်ကြ ပါ။ ပြီးတော့မှ ရှုနည်းကိုပြမယ် (မှန်ပါ)။
ဖြစ်ပျက်မြင်နေရင်မဂ္ဂင်ငါးပါး
ရှေးဦးစွာ ဖြစ်ပျက်မြင်နေလို့ရှိရင် ဒကာ ဒကာမတို့ မဂ္ဂင်ငါးပါးဟာ (မဂ္ဂသစ္စာပါ)၊ ဖြစ်ပျက် မမြင်တော့ဘူး၊ အဖြစ် နဲ့ အပျက်ကို ရှာမတွေ့ဘူး၊ ဖြစ်ပျက်ဒုက္ခ ဆုံးသွားတာ မြင်လိုက် လို့ရှိရင် မဂ္ဂင်ရှစ်ပါး ဖြစ်တယ်၊ မဂ္ဂအရိယာသစ္စာ ဖြစ်တယ်၊ သဘောကျပလား (ကျပါပြီ)။
ဖြစ်ပျက်အဆုံးမြင်ရင် မဂ္ဂင်ရှစ်ပါး
ဖြစ်ပျက်မြင်တုန်း မဂ္ဂသစ္စာပါ၊ ဖြစ်ပျက်အဆုံးကို မြင်လို့ရှိရင် (မဂ္ဂအရိယာသစ္စာပါ)၊ ဖြစ်ပျက် အဆုံးဆိုတာ ဒုက္ခ အဆုံးကို (မှန်ပါ)၊ ဒုက္ခဿ- ဖြစ်ပျက်ဒုက္ခ၏၊ အန္တံ- အဆုံး။ သဘောကျပလား (ကျပါပြီ)၊ ဒုက္ခ၏အဆုံးကို ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ)
ဒါဖြင့် ဒုက္ခအဆုံးကို လိုက်နိုင်တဲ့ ဒကာ ဒကာမတွေက မဂ္ဂင် ဘယ်နှစ်ပါးတုံး (ရှစ်ပါးပါ ဘုရား)၊ ဒုက္ခအဆုံး မလိုက်နိုင် တဲ့ပုဂ္ဂိုလ်က (ငါးပါးပါ ဘုရား)၊ ကောင်းပြီ ဒါကလေး ရှေးဦးစွာ မှတ်ထား၊ ရှုပုံသင်ပါ့မယ်။
ယခုဘဝမှာပဲ သောတာပန်တည်နိုင်တယ်
ဒီငါးပါးက သတ္တိညံ့တယ်၊ ရှစ်ပါးက သတ္တိထက်တယ် (မှန်ပါ)၊ ငါးပါးသည် ဒုတိယဘဝမှာ သောတာပန် တည်နိုင် တယ်၊ ရှစ်ပါးပြည့်သွားရင် ယခုဘဝမှာပဲ သောတာပန် တည်နိုင် တယ်ဆိုတော့ ခင်ဗျားတို့ ပြောတော့ဖြင့် ရှစ်ပါးကြိုက်တာပဲ။ ပြောတော့ပြောမှာပဲ (မှန်ပါ)။
အဲဒီတော့ ကြိုက်တော့ ရှစ်ပါးကြိုက်ရမှာ သေချာ တယ်၊ မဂ္ဂင်ရှစ်ပါး မပြည့်ဘဲနဲ့တော့ဖြင့် အရိယာက မဖြစ်နိုင်ဘူး (မှန်ပါ)၊ မဂ္ဂင်ငါးပါးနဲ့တော့ အရိယာသာဝကပဲ ဖြစ်တယ်၊ သဘော ကျပလား (ကျပါပြီ)။
အရိယာသာဝကနဲ့ အရိယာ ကိုယ်တိုင်ဖြစ်တာ ခင်ဗျား တို့ ဘယ်ဟာကိုကြိုက်ပါသတုံးလို့ မေးလို့ရှိရင် ကိုယ်တိုင် အရိယာဖြစ်တာ ကျေနပ်မှာပဲ (မှန်ပါ ဘုရား)၊ ကျေနပ်လို့ရှိရင် ဘုန်းကြီး ပြောတဲ့ ဉာဏ်သုံးဆင့်နဲ့ လိုက်၊ သေသေချာချာ ရောက်ရမယ် (မှန်ပါ)။
ဉာဏ်သုံးဆင့်နဲ့လိုက်ရင်ပြီးတယ်
ဒကာ ဒကာမတို့ ဉာဏ်ဘယ်နှစ်ဆင့်နဲ့ လိုက်ရမတုံး (သုံးဆင့်နဲ့ လိုက်ရပါမယ်)။ ဉာဏ်သုံးဆင့်နဲ့ လိုက်ရင် ပြီးတာပါ ပဲ (မှန်ပါ)။
ဒီဉာဏ်သုံးဆင့်ကလည်း ကိုယ့်ဟာကိုယ် ဆင့်ရမှာလား၊ သူ့ဟာသူ ရင့်မှာလား ဆိုတာလည်း အစောကြီးက မှတ်ထား (မှန်ပါ)။
ကိုယ်တိုင်ဆင့်ရမှာလား၊ သူ့ဟာသူ အားထုတ်ရင်း မတ္တနဲ့ရင့်သွားမှာလား (သူ့ဟာသူ အားထုတ်ရင်း မတ္တနဲ့ ရင့် သွားမှာပါ ဘုရား)၊ သူ့ဟာသူကို ဆင့်တက်သွားမယ် (မှန်ပါ)၊ သဘော ကျပလား (ကျပါပြီ)။
သူ့ဟာသူ ဆင့်တက်သွားမယ်
ဒါဖြင့် ဒကာ ဒကာမတို့၊ သူ့ဟာသူ ဆင့်ဆင့် ဆင့်ဆင့် သွားတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ ဘယ်အဓိပ္ပါယ် ပါလိမ့်မတုံး ဆိုတော့ ခင်ဗျားတို့ ‘‘မဂ္ဂံ ဘာဝနာဘိသမယေန အဘိသမေတိ’’ ဆိုတဲ့ ပွားများလို့ ဖြစ်သွားတာကိုး (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
မဂ္ဂသစ္စာဆိုတာ ပွားများလို့ဖြစ်တာ၊ ပွားများခြင်း ကြောင့် ငါးပါးက တိမ်တိမ်မြင်တဲ့ ငါးပါး, နက်နက်မြင်တဲ့ငါးပါး, အဆုံးမြင်လို့ ရှစ်ပါး ဒီလိုမလာပေဘူးလား (လာပါတယ်)။
ဝေဒနာဟာ ဒုက္ခသစ္စာ
ကောင်းပြီ ဒါဖြင့် ဝေဒနာသုံးမျိုးရှိတယ်၊ ဝေဒနာ သုံးမျိုးကိုပေါင်းလိုက် (မှန်ပါ)၊ သုံးမျိုးကို ပေါင်းလိုက် ဆိုတာ တခြားမဟုတ်ဘူး၊ ‘‘ယံ ကိဉ္စိ ဝေဒယိတံဓမ္မံ၊ သဗ္ဗန္တံ ဒုက္ခံ၊’’ အလုံး စုံသော ဝေဒနာဟာ ဒုက္ခသစ္စာ တဲ့ (မှန်ပါ)။
ဝေဒနာ သုံးပါးလုံး ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ပင်ကိုသဘော မစွန့်တဲ့ဝေဒနာ တွေ့ဖူးကြရဲ့လား (မတွေ့ဖူး ပါဘူး)။
ဒုက္ခဝေဒနာဟာလည်း ပျောက်ပျက်သွားတော့ နာကျင်တဲ့သဘော ကိုက်ခဲတဲ့သဘော ရှိသေးသလား (မရှိပါဘူး)။
ပင်ကိုသဘောစွန့်တယ်
ဒါဖြင့် ပင်ကိုယ်သဘော စွန့်သွားကတည်းကိုက ဖောက်ပြန်သွားတာလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
ဒါဖြင့် ဖောက်ပြန်တာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။ ဪ ဒါဖြင့် ဒုက္ခသစ္စာတစ်လုံးတည်း ရှုခိုင်းမှ ခင်ဗျားတို့ ရှင်းပလား (မှန်လှပါ ဘုရား)။
မရှိဘူးဆိုတာ တစ်လုံးတည်း
တစ်လုံးတည်း အရှုခိုင်းမယ်၊ သုခလည်း မရှုနဲ့တော့ ဒုက္ခလည်း မရှူနဲ့တော့၊ ဝိပရိဏာမ -ဖောက်ပြန်တာ ကလေး၊ ဪ မရှိဘူး မရှိဘူး ဆိုတာ တစ်လုံးတည်း ရှုတော့၊ ကြိုက် ပလား (ကြိုက်ပါပြီ)၊ တရားများ များနေဦးမှာလားဗျာ (မများပါဘူး ဘုရား)။
ဦးဘအုန်း ဘုန်းကြီးက လျှာရှည်လို့ ပြောပေမယ့် တော်တော်များနေတယ်၊ တပည့်တော်တို့ ဘယ်ဟာမှ မမှတ်မိ ဘူးလို့ ဆိုချင် သေးသလား၊ ရှုရမှာက တစ်လုံးတည်းဗျ (မှန်ပါ)။
ရှုရမှာက ဒကာ ဒကာမတို့ သူကကြည့်လေ မနေ့က ပြောသလို စောင့်ကြည့်နေတဲ့ အခါကျတော့၊ ပင်ကို သဘော စွန့်-မစွန့်သာ ခင်ဗျားတို့က ဝေဖန်ပေတော့၊ ဦးဘကြည် ဘယ်လို ပြောမယ် ထင်သတုံး (ပင်ကိုသဘောစွန့်ပါတယ် ဘုရား)။ သူ့ပင်ကိုသဘောလုံးလုံး စွန့်သွားမယ် (မှန်ပါ)။
နာတတ်တဲ့သဘောဟာ ကြည့်ရင်း မတ္တနဲ့ပဲ ပျောက် ပျက်သွားတော့ကို ဪ အနာ စွန့်သွားတော့ ဒါ ဝေဒနာ အဖြစ် ရှိ-မရှိ (မရှိပါဘူး)၊ ဝေဒနာ အဖြစ်မရှိဘူးတဲ့၊ အနိစ္စ အဖြစ်ရင်လည်း ခင်ဗျားတို့တွေ့မယ်၊ ဝိပရိဏာမ ဒုက္ခ အဖြစ်ကော (တွေ့မှာပါ ဘုရား)။
အနတ္တအဖြစ်နဲ့လည်း ဪ ဝေဒနာဟာ နာပါဦး တဲ့-ဆိုပြီး တားထား ငြားသော်လည်း (မရပါဘူး)၊ မရ သောကြောင့် အနတ္တ အဖြစ်နဲ့လည်းမတွေ့ပေဘူးလား (တွေ့ပါ တယ်)၊ အဲဒါတွေ စကားရှည ်နေမှာစိုးလို့ သူ့ဝိပရိဏာမ သဘောကလေးသာ ရှုပေတော့၊ ကြိုက်ပလား (မှန်ပါ)။
ဘာသဘောရှုရမှာလဲ
ဘာသဘောကလေးတုံး (ဝိပရိဏာမ သဘော ကလေးပါ ဘုရား)၊ ဒကာ ဒကာမတွေ ဘာသဘော ရှုရမလဲ (ဝိပရိဏာမ သဘောရှုရပါမယ်)။
ဝိပရိဏာမ သဘော ဆိုတာကတော့ ခင်ဗျားတို့ မြို့ထဲ ရွာထဲ သုံးနေတာလည်း ရှိပါတယ်၊ ဟိုအိမ်က ခလေးမလေးဟာ ဝိပရိဏာမ ဖြစ်နေရှာတယ်၊ ရူးတာပြောတာ (မှန်ပါ)၊ မဟုတ် ဘူးလား (မှန်ပါ)၊ ရူးတာပြောတာ ဘာမှမဟုတ်ဘူး ဒီဥစ္စာ ပင်ကိုစိတ် မရှိတော့ဘူး၊ ဒါပြောတာပဲ မဟုတ်ဘူးလား (မှန်ပါ)။
သို့သော် ခင်ဗျားတို့က သမုတိသစ္စာမှာ သွားသုံးနေလို့၊ ပရမတ္ထ သစ္စာမှာသာသုံးရင် မြင်အောင် ကြည့်မယ်ဆိုရင် မဂ်ဆိုက် လောက်တယ် (မှန်ပါ ဘုရား)၊ ချက်ချင်း မဂ်ဆိုက်
လောက်ပါတယ်။
ဝိပရိဏာမဆိုတာ
ဒါဖြင့် ဝိပရိဏာမဆိုတာ ဒုက္ခဝေဒနာဟာ ဒုက္ခ သဘောစွန့်သွားရင် ဒုက္ခကို ရှာမတွေ့တော့ဘူး (မှန်ပါ)၊ ဒုက္ခဝေဒနာဟာ နာတယ်, ကျဉ်တယ်, ကိုက်တယ်, ခဲတယ် ထားကြစမ်း ဒကာ ဒကာမတို့ အဲဒါကို စိုက်ရှုပါ။
စိုက်ရှုတဲ့အခါတော့ အရိယာသာဝက ဘာကိုမြင်သတုံး လို့ မေးတော့ ဒုက္ခဝေဒနာကို မတွေ့တော့ဘူး၊ သူ့သဘောက လေးစွန့်သွားတာပဲ တွေ့တယ် (မှန်ပါ)၊ ဒီနေရာမှာ ဒုက္ခ ဝေဒနာဟာ ရှုရင်း မတ္တနဲ့ မရှိတော့ဘူးဘုရား၊ မရှိတာကို မသိ ပေဘူးလား (သိပါတယ်)။
ဒါဖြင့် မရှိတာကို ဒကာ ဒကာမတို့ အနိစ္စလို့ဆိုလိုက်ပါ (မှန်ပါ)၊ ဝိပရိဏာမကော (ဆိုနိုင်ပါတယ်)။
ဒါဖြင့် မရှိတာလည်းအနိစ္စ၊ ဝိပရိဏာမ ဖြစ်သွားတာ ကော (ဒုက္ခပါ ဘုရား)၊ ဒီဥစ္စာနဲ့ ခင်ဗျားတို့ တားမရ။ ဆီးမရလို့ ဖောက်ပြန်သွားတာကော (အနတ္တပါ ဘုရား)၊ အနတ္တပဲ ဆို သဖြင့် ခင်ဗျားတို့ ဟာ အင်မတန် ဒီ ဥစ္စာသည် ပင်ကိုသဘောစွန့်တာ ကလေးဆီ လိုက်တဲ့အတွက် ဉာဏ် အင်မတန် ထည့်ထားလို့ ပင်ကိုသဘော စွန့်တာသိတာ၊ သဘော ကျပလား (မှန်ပါ)။
ဒီနေရာသေတာကြည့်ဖြစ်အောင်ကြည့်
ဒါဖြင့် ဒီနေရာမှာတင် ဝေဒနာကလေး ပေါ်ရာကိုသာ ခင်ဗျားတို့ ဉာဏ် ဦးတည်ဖို့ လိုသနော်။ ဘာ့ကြောင့်တုံး သူ ဒီနေရာမှာမွေးတော့ ဒီနေရာမှာ သေတာကို ကြည့်ဖြစ်အောင် ကြည့်ရမယ်၊ သဘောကျပလား (မှန်လှပါ)။
ဒီနေရာမှာမွေးတာ, ဒီနေရာ သေတာ တစ်ခါတည်း ရှင်းနေအောင် မြင်ရမယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ ရှင်းနေအောင် မြင်အောင်ကြည့်၊ မြင်အောင်ကြည့် ပြီဆိုမှဖြင့် သူမြဲသလား မမြဲဘူးလားဆိုတာ ဘယ်သူက ပြော မတုံး (သူကပြောပါတယ်)၊ ဓမ္မက ပြောမယ် (မှန်ပါ)။
ပုတီးရမ်းစိပ်နေတာ ကျေးဇူးမများပါဘူး
ဒီဓမ္မက မပြောပေဘူးလား(ပြောပါတယ်)၊ ဓမ္မကပြော မှ ခင်ဗျားတို့ ဉာဏ်သဘောက အယုံအကြည် ရှိပါ (မှန်ပါ)၊ ဓမ္မက မပြောဘဲနဲ့ ပုတီး ရမ်းစိပ်နေတာကတော့ ကျေးဇူးသိပ် ရှိလှမည် မဟုတ်ဘူး (မှန်ပါ)၊ ကျေနပ်ပလား (ကျေနပ်ပါပြီ)။
ဓမ္မက မပြောဘဲနဲ့ အနိစ္စ, အနိစ္စ-တဲ့၊ ဓမ္မက ပြောတာ လား, ကိုယ့်ပါးစပ်က လုပ်နေတာလား (ကိုယ့်ပါးစပ်က လုပ်နေတာပါ)၊ ဒါဖြင့် ဒါဟာ အလကားပဲ၊ သိပ်ခရီးမရောက် ဘူး၊ ဘာဖြစ်လို့တုံး ဓမ္မကမှ မပြောဘဲကိုး (မှန်ပါ)။
ခင်ဗျားတို့က အနိစ္စ ဆိုတာက ဟိုက အနိစ္စရောက်မှ ခင်ဗျားတို့ အနိစ္စဉာဏ်က၊ ဪ အနိစ္စ ဆိုတာ ဒါကိုးလို့ ခင်ဗျားတို့က ဆုံးဖြတ်ချက်ချရမှာ (မှန်ပါ)၊ သဘောကျ ပလား (မှန်ပါ)။
အသက်တစ်ရာ အနိစ္စရွတ်နေတာထက်သာတယ်
တစ်နေ့တည်းမှာ တစ်ချက်တည်း ဖြစ်ပေစေတဲ့ အသက် တစ်ရာ အနိစ္စဆိုရုံဆိုပြီး ပုတီးရစ်နေတာထက် သာတယ်၊ တစ်နေ့ တစ်ကြိမ်တည်း ဖြစ်သွားပစေ၊ သဘောကျပလား (ကျပါပြီ)။
ဒါကြောင့်ကြည့်ပေါ့။ ဒီနေရာပေါ်ပြီ ဒီနေရာ ပျောက်တာ ဟာ အင်မတန် ထင်ရှားတယ်၊ သဘော ကျပလား (မှန်လှပါ)၊ သုခဝေဒနာလည်း သူမွေးတဲ့နေရာမှာသူသေမှာပဲ၊ ဒုက္ခ ဝေဒနာကော (သူမွေးတဲ့ နေရာ သူသေမှာပါပဲ)။
အဲ သူမွေးတဲ့နေရာ သူသေတော့ သူက တစ်နေ့ ဘယ်နှစ်ခါမွေးလို့ ဘယ်နှစ်ခါ သေတယ် ဆိုတာတော့ ဘုန်းကြီး တို့က မဟောနိုင်ပါဘူး အများကြီး၊ ခင်ဗျားတို့က မွေးတာလည်း မသိ, သေတာလည်း မသိဘဲနဲ့ အဝိဇ္ဇာချည်း နေတယ် (မှန်ပါ)၊ ဒါကြောင့် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ လမ်းချည်း သွားနေတယ် (မှန်ပါ)။
မွေးတာလည်း မသိ, သေတာလည်းမသိ ဆိုတော့ မသိတာ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)၊ ဒါဖြင့် မသိတာ က အဝိဇ္ဇာ၊ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)၊ သင်္ခါရ ပစ္စယာ (ဝိညာဏံပါ)။
အောက်လမ်းဖြစ်နေလို့မလျှောက်ကြပါနဲ့
ဝိညာဏံဆိုတော့ ဒီဝိညာဏ်က သာမည ဝိညာဏ် လား အပါယ်ဝိညာဏ် ဖြစ်နိုင်သလား (အပါယ်ဝိညာဏ် ဖြစ် နိုင်ပါတယ် ဘုရား)၊ အဲ ခင်ဗျားတို့ ဒီလမ်းချည်း လျှောက် နေတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီလမ်းကို မလျှောက်ကြပါနဲ့လို့ ပြောလိုက်တယ်၊ အောက်လမ်းဖြစ်နေလို့ (မှန်ပါ)၊ ဦးဘကြည် မဟောထိုက်ဘူး လား (ဟောလိုက်ပါတယ်)။
ဒီဘဝမှာပင် ကိစ္စပြီးချင်ပြီးနိုင်တယ်
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ပြင်လိုက်လို့ရှိရင် မပြီးဘူးလား (ပြီးပါတယ်)၊ ခင်ဗျားတို့ဟာ ဘာမှ ကြောက်စရာမရှိဘူး၊ ဒီဘဝမှာပင် ကိစ္စပြီးချင် ပြီးနိုင်တာပဲ (မှန်ပါ) ဘာကြောင့်တုံးဆိုတော့ အင်္ဂုလိမာလ လောက် လူပေါင်း တစ်ထောင်ကျော် ခင်ဗျားတို့ သတ်ဖူးရဲ့ လားမေးရင် ဘယ့်နှယ် ပြောမလဲ (မသတ်ဖူးပါဘူး)။
အင်္ဂုလိမာလဟာရဟန္တာဖြစ်တယ်
ဒီလောက် အပြစ်ကြီးခဲ့တဲ့ လူ တစ်ယောက်မှ ပါမယ် မဟုတ်ပါဘူး၊ အဲဒီ အင်္ဂုလိမာလဟာ ရဟန္တာဖြစ်တယ်၊ ဉာဏ် တည့်သွားလို့ (မှန်လှပါ)၊ ဒီက ဖြစ်ပျက်နဲ့ ဒီကမဂ်နဲ့ဟာ လိုက် သွားတယ် (မှန်ပါ)၊ သဘောကျပလား (မှန်ပါ)။
ရှေ့က ဘာတုံး (ဖြစ်ပျက်ပါ)၊ နောက်က ဘာတုံး (မဂ်ပါ)၊ အဲ ရှေ့ကဖြစ်ပျက်နဲ့ နောက်ကမဂ် ကိုက်အောင် သာလုပ်ပါ၊ ရှေ့ကဖြစ်ပျက် ပြီးတာနဲ့ ဦးဘထွေး ဒီဥစ္စာကလေးဟာ မဂ်ဆိုတာ တခြားမှ မဟုတ်ဘဲ မနေ့က ပြောခဲ့တဲ့ ငါးပါးကို ဆိုတာပဲ (မှန်ပါ)၊ ရှေ့က ဖြစ်ပျက် နောက်ကမဂ် ဆိုတော့ ငါးပါး မနေဘူးလားဗျာ (နေပါတယ် ဘုရား)။
ဝေဒနာလားဖြစ်ပျက်လား
ကဲ-ဒီဥစ္စာ ဝေဒနာလား, ဖြစ်ပျက်လား မေးပြီ (ဖြစ်ပျက်ပါ ဘုရား)၊ ဖြစ်ပျက်ဖြင့် နောက်သိ တာက (မဂ်ပါ ဘုရား)။
ဒီလိုမရှုတဲ့ ပုဂ္ဂိုလ်ကျတော့ ဝေဒနာပစ္စယာ ဒီဘက်က ဘာပါလိမ့် တဏှာဥပါဒါန် ကံ ဇာတိ ဇရာ မရဏ၊ မလာ ပေဘူးလား (လာပါတယ်)။
အခုပြောတာက လည်တဲ့လမ်း၊ ခုနင်ကပြောတာက ဖြတ်တဲ့လမ်း (မှန်ပါ)။
ဒါဖြင့် လည်လမ်းနဲ့ ဖြတ်လမ်း ဒကာ ဒကာမတို့ အင်မတန် မရှင်းသေးဘူးလား (ရှင်းပါပြီ)။
ကျုပ်တို့တော့ ခပ်အေးအေး နေတာပဲလို့ ခင်ဗျားတို့က ညည်းလုံး မထုတ်နဲ့ (မှန်ပါ)၊ ခပ်အေးအေး နေတာ လည်လမ်း ချည်းသွားနေတာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
အကုသိုလ်နည်းတယ်လို့မအောက်မေ့နဲ့
ကျုပ်ဘာမှ မဟုတ်တာလည်း မပြောဘူး၊ ကောင်းသော ရောင်းခြင်း, ကောင်းသော ဝယ်ခြမ်းခြင်းနဲ့ ခပ်မှန်မှန်ပဲ လုပ်စား နေတာပဲ၊ အချိန်ကျတော့ လှူချိန်ကျလှူတာပဲ၊ တန်းချိန်ကျ တန်းတာပဲ၊ အိပ်ချိန်ကျ အိပ်တာပဲ၊ အကုသိုလ်တော့ နည်းပါး တယ်လို့ အောက်မေ့မနေနဲ့၊ သဘောကျပလား (ကျပါပြီ)။
ဒါတွေ ဖြစ်ပျက် မသိတော့ ဘာခေါ်ကြမလဲ (အဝိဇ္ဇာပါ)၊ အဝိဇ္ဇာလာတော့ သင်္ခါရက ကျုပ်လိုက်ခဲ့ဦးမယ်ပေါ့ (မှန်ပါ) မလိုက်ပေဘူးလား (လိုက်ပါတယ်)။
သင်္ခါရ လိုက်လာတဲ့ အခါကျတော့ ဝိညာဏ်ကလည်း ကျုပ်ပဋိသန္ဓေ နေဦးမယ်ဆိုတာ ပြောမှာပဲ၊ ဝိညာဏ်လာလို့ ရှိရင် အို, နာ, သေနဲ့ ကျုပ်ဇာတ်သိမ်းမယ်ဆိုတာကော မပါသေး ဘူးလား (ပါပါတယ်)၊ အဲဒါ အေးအေးနေရင် ဒါဖြစ်နိုင်တယ်။ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒကာ ဒကာမတွေမှာ ပြောလေ့ဆိုလေ့ ရှိကြတယ် ဦးခင်မောင်ရဲ့ နော် (မှန်ပါ)၊ တို့တော့ ရိုးရိုးပဲကွ-တဲ့၊ ဘာရိုး တာတုံးမေးတော့ ဘယ့်နှယ်ဖြေကြမလဲ၊ ဒီလမ်းကို ရိုးရိုးလိုက် နေတာ (မှန်ပါ)၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာလမ်းကို ဆိုနေတာ သေသေချာချာ စဉ်းစားတော့ ပြောပါတယ် (မှန်ပါ)။
ဘာဖြစ်လို့တုံး၊ သူတင်းတိမ်တာက ဒါနနဲ့ တင်းတိမ် တယ်၊ သီလနဲ့တင်းတိမ်တယ်ဆိုတော့ ဒကာ ဒကာမတွေ သီလ ဆိုတာက ဘာနဲ့တူသတုံးဆိုတော့ အပြင်ဘက်က ခြံရံထားတာ နဲ့ တူတယ်၊ အပြင်ဘက်သာ ကာတာ၊ အတွင်းက မနောဒွါရ ကို သူလုံအောင် လုပ်နိုင်ရဲ့ လား (အလုပ်နိုင်ပါဘူး)။
ဒါကြောင့် သီလဆောက်တည်ခဲ့အခါမှာ ကာယကံ ရယ် ဝစီကံရယ် ဆောက်တည်တယ်၊ မနောကံ ပါရဲ့လား (မပါ ပါဘူး)၊ မနောကံကို ကာယကံ ဝစီကံထဲ ပါရဲ့ လား (မပါပါဘူး) မနောကံကို ကာယကံ, ဝစီကံနဲ့ စောင့်ရှောက်နေတယ်၊ သဘောကျပလား (ကျပါပြီ)။
ဖြစ်ပျက်ပေါ်တိုင်းမဂ္ဂင်ငါးပါးနဲ့လိုက်ပါ
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာဟူသရွေ့ ဘယ်မှာ လမ်းဆုံးသတုံး (ဖြစ်ပျက် လမ်းဆုံး ပါတယ်)၊ ကောင်းပြီ ဖြစ်ပျက်လမ်းဆုံးတော့ ရှေ့က ဖြစ်ပျက်ပေါ်တိုင်း နောက်က ဘာလိုက်ပေးရမလဲ (ဉာဏ်လိုက်ပေးရပါမယ်)၊ ဘယ်နှစ်ပါး လိုက်ရမလဲ (မဂ္ဂင်ငါးပါးနဲ့ လိုက်ရပါမယ်)။
ဒါဖြင့်ရှေ့ကဖြစ်ပျက်ဆိုတာသည် ဒကာ ဒကာမတွေ ရှေ့ကဖြစ်တာနဲ့ ပျက်တာပဲရှိတယ်၊ နောက်က ဖြစ်ပျက်ကို သိတာက ဘာပါလိမ့် (မဂ်ပါ ဘုရား)၊ ဘယ်နှစ်ပါးနဲ့ သိသလဲ (ငါးပါးနဲ့ သိပါတယ်)။
စောင့်တာသုံးပါး၊ ဖမ်းတာနှစ်ပါး
ငါးပါးနဲ့ သိတယ်ဆိုတော့ မနေ့က ပြောခဲ့သလို စောင့်တဲ့သုံးပါး, ဖမ်းတဲ့နှစ်ပါး အားလုံး ဘယ်နှစ်ပါးပါလိမ့် (ငါးပါးပါ ဘုရား)။
စောင့်တာက ဘယ်နှစ်ပါးပါလိမ့်(သုံးပါးပါ)၊ ဖမ်းတာက (နှစ်ပါး)၊ ဘယ်နှစ်ပါး ရှိသွားပလဲ (ငါးပါးပါ)။
ကောင်းပြီ၊ ဒါဖြင့် ဖြစ်ပျက်နဲ့ မဂ်နဲ့ ဆိုတာ ငြင်းဖို့လို သေးသလား (မလိုပါဘူး)၊ ပဋိစ္စသမုပ္ပါဒ် ပြတ်-မပြတ်- (ပြတ်ပါ တယ်)၊ ဒီနေရာမှာ မဂ် မလာရင် ဘယ်သူလာမတုံး (တဏှာ လာပါမယ်)၊ မဂ်လာလို့ ဘာဖြစ်သွားသတုံး (ပြတ်သွားပါတယ်)။
မဂ္ဂသစ္စာတော့ဖြစ်တယ်
ဒါဖြင့် ဒီလိုရှုတဲ့ပုဂ္ဂိုလ်သည် မဂ်တော့ ဖြစ်ပါရဲ့၊ အရိယာ မဖြစ်သေးဘူး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
ဘာဖြစ်သွားသတုံး (မဂ်တော့ဖြစ်ပါတယ် ဘုရား)၊ မဂ္ဂသစ္စာဖြစ်တယ်၊ သစ္စာတော့ ထည့်ပေးလိုက်ဦး (မှန်ပါ)၊ မဂ္ဂအရိယာသစ္စာ (မဖြစ်ပါဘူး)၊ ဒါဖြင့် အရိယာ ဖြစ်ဖို့ တက်ဦးမှပေါ့၊ မတက်လို့ရှိရင် ဒီကာ ဒကာမတွေ တော်ပါ့ မလား (မတော်ပါဘူး)၊ မတော်တော့ ဒါကို တက်ဖြစ်အောင် တက်ပါလို့ ဦးမောင်လေးတို့ တိုက်တွန်းရတယ် (မှန်ပါ)။
မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့်ပါတယ်)၊ ဘယ့်နှယ်ကြောင့် တိုက်တွန်းသင့်သတုံး သူက ဒုတိယဘဝမှာ မဂ်စစ်လာနိုင်တယ် မဟုတ်ဘူးလား (မှန်ပါ)။
တိမ်းချင်တိမ်းသွားနိုင်တယ်
သေခါနီးမှာ အာသန္နကံ နှောင့်ယှက်သွားရင် ကိုထွန်း သူက အာစိဏ္ဏကံ ညံ့လို့ အာသန္နကံ နှောင့်ယှက်သွားရင် ဘယ့်နှယ်ဆိုကြမလဲ၊ တိမ်းချင်တိမ်းသွားမယ် (မှန်ပါ)၊ မတိမ်း နိုင်ဘူးလား (တိမ်းနိုင်ပါတယ်)၊ တိမ်းနိုင်တော့ ဒကာ ဒကာမတွေက စဉ်းစားရမယ်၊ ဪ သေချာတာ ကောင်းတယ် (မှန်ပါ)။
ဘယ်လို ကောင်းပါလိမ့် (သေချာတာ ကောင်းပါတယ် ဘုရား)၊ သေချာတာ ကောင်းတယ် ဆိုတော့ ဘာဖြစ်မှ သေချာ မှာတုံး (မဂ်စစ်ဖြစ်မှ သေချာပါတယ်)၊ ရှစ်ပါးဖြစ်မှ သေချာမယ် (မှန်ပါ)၊ ငါးပါးနဲ့တော့ ဘယ့်နှယ်နေသတုံး (မသေချာပါဘူး)။
ဖြစ်ပျက်ကိုမုန်းအောင်ရှုပါဦး
ဒါဖြင့် ဒီဖြစ်ပျက်ကို ဒကာ ဒကာမတွေ ဖြစ်ပျက်မြင်ရုံ နဲ့ မပြီးသေးဘူး၊ ဘာဖြစ်လို့တုံး ငါးပါး ဖြစ်နေတယ် (မှန်ပါ)။ ဒီဖြစ်ပျက်ကို ဒကာ ဒကာမတို့ မုန်းအောင်ရှုပါဦး၊ ရှင်းပလား (ရှင်းပါပြီ)။
ဖြစ်ပျက်ကို ဘာလုပ်ရမတုံး (မုန်းအောင်ရှုရပါ မယ်)၊ မုန်းအောင်ရှုတော့လည်း ငါးပါးပဲ ရှိသေးတယ်၊ ဖြစ်ပျက် မြင်တုန်းကကော (ငါးပါးပါပဲ)။
ဖြစ်ပျက်မြင်တာကော (ငါးပါးပါပဲ)၊ ဖြစ်ပျက်မုန်းတာ ကော (ငါးပါးပါပဲ)။
ကောင်းပြီ၊ ဒီနေ့တော့ ခပ်တိုတိုပဲ ဟောရမယ်၊ နက်ဖြန် အကျယ်ဟောမယ်နော် (မှန်ပါ)။
ဖြစ်ပျက်က ဒကာ ဒကာမတွေ ဖြစ်တာလည်း ဒုက္ခပဲ၊ ပျက်တာကော (ဒုက္ခပါပဲ)။
မွေးကတည်းက ဒကာ ဒကာမတွေ သူငယ်နာ ကုတ်ကျိုးကလေး မွေးလာတယ်၊ အနာမျိုးစုံနဲ့ မွေးလာတယ်။ ဒီကောင်ကလေး သက်ဆိုးရှည်ပါ့မလား၊ မေးရင် ဘယ့်နှယ် ပြောကြမလဲ (မရှည်ပါဘူး)၊ ဘာဖြစ်လို့တုံး မွေးကတည်း က သေဖို့ရာ ပါလာတယ် (မှန်ပါ)။
ဖြစ်တာသည်ပျက်ဖို့ဖြစ်တာ
ဒါဖြင့် မွေးတာ ဝမ်းသာမလား, မသာဘူးလား (မသာပါဘူး)၊ မွေးကတည်းက သေနာကလေးနဲ့ မွေးလာတဲ့ ကလေးဖြစ်လေသောကြောင့် ဒကာ ဒကာမတွေက သေလိမ့် မယ်လို့ပဲ ဆုံးဖြတ်ချက် ချမယ် (ဒုက္ခပါပဲ)။
ဒါဖြင့် ဖြစ်တာသည် ပျက်ဖို့ဖြစ်တာ (မှန်ပါ)၊ ဖြစ်တာ လည်း ဒုက္ခ, ပျက်တာကော (ဒုက္ခပါပဲ)။
အဲဒီ ဒုက္ခ နှစ်ခုကို ခင်ဗျားတို့ ပိုင်းခြားရမယ်၊ အဖြစ် လည်း မကြိုက်တော့ဘူး၊ အပျက်ကော (မကြိုက်တော့ပါဘူး)၊ မကြိုက်တော့ ဒကာ ဒကာမတွေ နဂိုတုန်းကတော့ ငါးပါးကတော့ ငါးပါး အောက်က အနုသယ ကလေးက အောက်ခံဖြစ်နေ တယ်၊ ငါးပါးအောက်မှာ အနုသယခံနေတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ငါးပါးအောက်မှာ ဘာကလေးခံနေသတုံး (အနုသယကလေး ခံနေပါတယ်) ငါးပါးအောက်မှာ အနုသယကလေး ရှိမနေဘူးလား (ရှိနေပါတယ်)၊ ကောင်းပြီ ငါးပါးတော့ ငါးပါးပဲ အနုသယကလေး ရှိနေတယ်၊ ဒီဖြစ်တာလည်း ဒုက္ခပဲ၊ ပျက်တာလည်း (ဒုက္ခပါပဲ)။
ဖြစ်တာ ဘယ့်နှယ်ကြောင့် ဒုက္ခတုံး (ပျက်ဖို့ရာ သေချာလို့ပါ)၊ သဘောကျပလား (ကျပါပြီ)။ ပျက်တာလည်း ပျက်ခြင်း ဆုံးသွားလို့ ဒုက္ခပဲ (မှန်ပါ)၊ ဒါဖြင့် ဖြစ်ဒုက္ခ ပျက်ဒုက္ခ (မှန်ပါ)၊ ဘယ်ဟာ ကြိုက်သတုံး (ဘယ်ဟာမှ မကြိုက်ပါဘူး)။
သုံးဆယ့်တစ်ဘုံမှာတော့ ဒကာ ဒကာမတို့ ခန္ဓာကိုယ် မှာ ဖြစ်ဒုက္ခ ပျက်ဒုက္ခမှတစ်ပါး ဘာများ ရှိသေးသတုံး (ဘာမှ မရှိပါဘူး)၊ ဒါဖြင့် သုံးဆယ့်တစ်ဘုံမှာ ဒုက္ခချည်းပဲလို့ ခင်ဗျားတို့ ဆုံးဖြတ်ချက် မချနိုင်ဘူးလား (ချနိုင်ပါတယ်)၊ တစ်ကိုယ်လုံး မှာကော (ဒုက္ခချည်းပါပဲ)၊ တစ်ကိုယ်လုံးမှာလည်း ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် (မှန်ပါ)၊ အဲဒီတော့ ဘာတွေပါလိမ့် ဒီဟာတွေက (ဒုက္ခတွေပါ)။
ဒီဒုက္ခကို မလိုချင်ရင် မဂ္ဂင်ရှစ်ပါးပြည့်တယ်
ဪ ဒါဖြင့် ဒုက္ခအစုကြီးနဲ့ တို့နေတာပါလားလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ ဤဒုက္ခဖြင့် မလိုချင်တော့ပါဘူး ဆိုတာ လာပါ့မလား (လာပါတယ် ဘုရား)၊ အဲ ရှုရင်း မတ္တနဲ့ မလိုချင်တော့ဘူး (မှန်ပါ)။ မလိုချင်လို့ ရှိရင် သုံးပါးတိုးတယ် (မှန်ပါ)၊ သုံးပါးတိုးပြီး ခုနင်က အောက်ခံ ကလေးက ပြုတ်ထွက် သွားတယ်၊ ခြေကုတ် ပြုတ်ထွက်သွား တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
မဂ္ဂအရိယသစ္စာ
အနုသယကလေး ပြုတ်ထွက်သွားတယ်၊ အနုသယ ကလေး ပြုတ်ထွက်သွားတော့ သုံးပါးလည်း တိုးလိုက်ပါရော အနုသယလည်း ပြုတ်ထွက်သွားတယ် (မှန်ပါ)၊ အနုသယ ပြုတ်လာတယ် ဆိုတော့ ဒီက ဘယ်နှစ်ပါးပြည့်သွားသတုံး (ရှစ်ပါးပြည့်သွားပါတယ်)၊ ဒါဖြင့် သူ့ကို ဘာသစ္စာဖွဲ့မလဲ (မဂ္ဂ အရိယသစ္စာပါ)၊ ငါးပါးတုန်းကတော့ (မဂ္ဂသစ္စာပါ)၊ ဒါကလေး ကျန်နေလို့ ရိပ်မိပလား (ရိပ်မိပါပြီ)။
သုံးပါးတိုးလိုက်တာ ဒါကလေး ပြုတ်ထွက်သွားတယ်၊ ပြုတ်ထွက်သွားတော့ ဒကာ ဒကာမတို့ ဒါကို ဘာသစ္စာခေါ် ကြမလဲ (မဂ္ဂအရိယသစ္စာပါ)။
အပါယ်တံခါးပိတ်တယ်
မဂ္ဂအရိယာသစ္စာ ဖြစ်ခြင်းကြောင့် ခင်ဗျားတို့ အပါယ် လေးပါး တံခါးပိတ်တယ်၊ ခင်ဗျားတို့ ပြုထားတဲ့ အပါယ် ရောက်ကြောင်း အကုသိုလ်ကံတွေ အကုန်သွားကုန်ပြီ။ အကုန် အဟောသိကံ ဖြစ်တယ်၊ ဘာမှ မပူနဲ့တော့ ဒီ ဖြစ်ဒုက္ခ ပျက်ဒုက္ခကို ပိုင်းခြားနိုင်လို့ရှိရင် ပြီးတာပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။