171

၁။ စင်္ကြန်လျှောက်ရှုပွားနည်း (ကာယာနုပဿနာ)

၁။ စင်္ကြန်လျှောက်ရှုပွားနည်း (ကာယာနုပဿနာ)

၂။ ခန္ဓာကပြောတာ စောင့်ကြည့်ရတာ ဝိပဿနာ

အလုပ်ပေးတရားနှစ်ပုဒ်ပါဝင်ပါသည်။ ဟောစဉ်တရားများ ထဲမှကောက်နှုတ်ထားခြင်းဖြစ်သည်။

မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၏ အမှာစာ

မိုးကုတ်ဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိ စဉ်က၊ တရားစခန်းဝင် ယောဂီများ အခြေအနေကို သိလို သဖြင့် ဆရာတော်ဘုရားကြီး၏ တပည့်ရင်း ဒကာရင်းများ ဖြစ်ကြသော အသက် (၈၀) ကျော်ပြီဖြစ်သည့် မိုးကုတ် ဝိပဿနာအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဦးမြင့်၊ ဒုတိယဥက္ကဋ္ဌကြီး ဦးအောင်ချီတို့အား မေးမြန်းကြည့်မိပါသည်။

အချိန်ရသ၍ တရားထိုင်ကြသည်

မိုးကုတ်မြို့၌ သီးခြားစခန်းပွဲ မရှိပါ။ နေ့စဉ် ယောဂီများ သည် နံနက် ၉-နာရီ သီလခံယူပြီးသည်နှင့် ကိုယ့်ဟာကိုယ် ဆိတ်ငြိမ်သောနေရာများ၌ တရားထိုင်ကြပါသည်။ ကိုယ်နှင့် သင့်မည့်နေရာ၌ ကိုယ်ထိုင်နိုင်သ၍ ထိုင်ကြပါသည်။ သဒ္ဓါ တရား ထက်သန်ကြပြီး ယုံယုံကြည်ကြည်နှင့် အထူးကြိုးစား ကြသည်။ တချို့ယောဂီများမှာ နံနက်မှသည် ညနေ ဆရာတော် ဘုရား တရားဟောကြားသည်အထိ၊ တရားထိုင်နေသည်ကို တွေ့ရသည်။ အချိန် အကန့်အသတ် မထားပါ။ အရုဏ်တက်ချိန် တရားထိုင်ကြသည်။ တစ်ရေးနိုးချိန် တရားထိုင် ကြသည်။ တရားထိုင်ကြသော ယောဂီများအတွက် နေ့စဉ် ဆွမ်းအလှူရှင်များ ရှိသည်ဟု ပြောကြားကြပါသည်။

ဆရာတော်ဘုရားကြီးက ကမ္မဋ္ဌာန်းလေးမျိုးတွင် ဘယ်ကမ္မဋ္ဌာန်းကို ဦးစားပေးပြီး ထိုင်ခိုင်းပါသလဲဟု မေးမိပြန်ရာ ဆရာတော်ဘုရား၏ တရားတော်တွင် အမျိုးမျိုးဟောထားပြီး ဖြစ်၍၊ ကိုယ်နှင့် တော်တဲ့တရား ကြည့်ပြီး ထိုင်ကြသည်။ ဆရာတော်ဘုရား တရားဟောပြီးလျင် ဝတ်ဖြည့်ကြပါသည်။ ထိုအချိန်တွင် တရားထူး၊ အကျိုးထူးများ ရသူများသည် ဆရာတော်ထံလာ၍ လျှောက်ကြသည်။ ထို့ကြောင့်လည်း တပည့်တွေက တရားထူးရရန် အထူးကြိုးစား အားထုတ်ကြ သည်။ တိတ်ဆိတ်တဲ့ နေရာတွေသွားပြီး အချိန်ပြည့် အား ထုတ်ကြသည်။ အကျိုးလည်းရှိကြသည်ဟု ဖြေကြားကြပါသည်။

စင်္ကြန်ကမ္မဌာန်း

စင်္ကြန်ကမ္မဌာန်းနှင့် ပတ်သက်၍ မေးမြန်းမိပြန်ရာ ဥက္ကဌကြီး ဦးမြင့်က မိုးကုတ်မြို့က သိပ်ပြီးအေးသည်။ ဆီးနှင်းတွေကလည်း ကျသည်။ အပြင်ထွက်လမ်းလျှောက်၍ မဖြစ်နိုင် ပါ။ ကျောင်းထဲမှာပင် အနွေးထည်နှင့် ထိုင်ရကြောင်း ပြောပါသည်။ သို့ရာတွင် မိုးကုတ်ဆရာတော် ဘုရားကြီးသည်၊ အေးတဲ့ အချိန်များမှာပင် သက္ကလပ်စောင်ကို ခေါင်းပေါ်ခြုံ၍၊ တစ်နာရီ ကျော်ကျော် ကျောင်းကိုပတ်ပြီး နံနက်ခင်း စင်္ကြန်လျှောက် ပါသည်။ ညနေပိုင်းမှာ တောလမ်း တွေထဲ စင်္ကြန်လျှောက်သော အခါ တစ်ပါးတည်းရှေ့က လျှောက်ပါသည်။ မည်သူ့ကိုမှ စကား မပြောပါ။ တရားမှတ်၍ သာ လျှောက်နေကြောင်းနှင့် ဒကာကြီးများ နောက်က အမြဲလိုက်၍ စောင့်ရှောက်ရကြောင်း ပြောပြပါသည်။

ဆရာတော်ဘုရား၏ ကျောင်းပေါ်တွင် ရိုးကုမ္ပဏီက ဝယ်ထားသော ကောဇောကြီးကို အရှည်ပေ (၃၀) ခန့် ခင်းပေး ထားသဖြင့်၊ မိုးကုတ်ဆရာတော်ဘုရားကြီးသည် နံနက်၌လည်း စင်္ကြန်လျှောက်ပါသည်။ ညနေ၌လည်း စင်္ကြန်လျှောက်ပါသည်။ ညတစ်ရေးနိုးလျင်ပင် စင်္ကြန်လျှောက်သည်ဟု ဦးကြီးမှုက ပြောကြောင်း ပြောပြပါသည်။

ပုတီးစိပ်တာမဟုတ်ဘူး

ဆရာတော်ဘုရားလမ်းလျှောက်သောအခါ တစ်ခါတရံ ပုတီးဆောင်ထားသဖြင့် အမေဖုံကမေးမြန်းခဲ့ဖူးပါသည်။

“အရှင် ဘုရားက ပုတီးအမြဲစိပ်သလားဘုရား၊ ဘာများစိပ်ပါသလဲ ဘုရား” ဟု မေးမြန်းခဲ့ပါသည်။

ဆရာတော်ဘုရားကြီးက “ပုတီးစိပ်တာမဟုတ်ဖူး မဖုံတို့အနေနဲ့ အလေ့အကျင့်မရှိဘူး၊ ဒါက ဝိပဿနာအလုပ် လုပ်နေတာ၊ ပုတီးနဲ့အလုပ်လုပ်တာ” ဟု မိန့်ကြားကြောင်း ဦးမြင့် က ပြောပြပါသည်။

စင်္ကြန်ကိုမတိုက်တွန်းပါ

ဆရာတော်ဘုရားအနေကတော့ လမ်းလျှောက်ခြင်းကို အလေးပေးသည်။ တရားအလုပ်လုပ်လို၍ လည်းဖြစ်သည်။ ကျန်းမာရေးအတွက်ကြောင့်လည်း ဖြစ်သည်။ သို့သော် စင်္ကြန်လျှောက်ပြီး အားထုတ်ရန်ကိုမူ တပည့်များအား မတိုက်တွန်းပါ။ ဆရာတော်ဘုရားသည် စိတ္တာနုပဿနာနှင့် ဝေဒနာနုပဿနာကို ပို၍ ဟောကြားတော်မူသည်။

တဏှာလောဘများတဲ့ပုဂ္ဂိုလ် ဝေဒနာနုပဿနာရှု၊ ဒိဋ္ဌိ များတဲ့ပုဂ္ဂိုလ် စိတ္တာနုပဿနာရှုရန် မကြာခဏ ဟောကြား တော်မူထားပါသည်။ ထိုင်၍တရားအားထုတ်ခြင်းသည် အပြင် အာရုံတွေနည်းသဖြင့် ပို၍ အားပေးတော်မူသည်ကို တွေ့ရပါ သည်။

စင်္ကြန်အားထုတ်ရင်လွယ်ပါတယ်

တစ်ခါက ဆရာတော်ဘုရားက ဦးမြင့်ကို အမိန့်ရှိသည်မှာ မင်းတို့ စင်္ကြန်လျှောက်တဲ့အနေနဲ့ အားထုတ်ရင် လွယ် ပါတယ်။ မင်းတို့အကျင့်မရှိသေးလို့ပါ။ ငါတော့ စင်္ကြန်လျှောက်ပြီး အားထုတ်တယ်။

မောင်မြင့်၊ မင်းလမ်းလျှောက်ရင်း တရားနှလုံးသွင်းနေ ရမယ်။ သတိနဲ့ ဝီရိယအမြဲထား၊ မလွတ်စေနဲ့၊ စင်္ကြန်လျှောက်ရင်း လမ်းလျှောက်ရင်းမှတ်သွား၊ ဝိညာဏ်ကလေး ဖြစ်ပျက်ရှုနေ၊ နားက အသံကြားရင်သိလိုက်၊ သိတာကို ဖြစ်ပျက်ရှုနေရင်၊ ဖြစ်ပျက်အစဉ်မပျက်တဲ့အတွက် ကမ္မဋ္ဌာန်းမပျက်ဘူး ဆက်ရက် ရှုနေတဲ့သဘောဖြစ်တယ်။

ဘာစိတ်ပေါ်ပေါ်အဆက်မပြတ်သိနေပါ

စင်္ကြန်လျှောက်ရင်းဘာစိတ်ပေါ်ပေါ်၊ စိတ်ကို အဆက် မပြတ်သိနေသ၍ ကာလပတ်လုံး ကမ္မဋ္ဌာန်းမပျက်ဘူး၊ ချမ်းလို့ ဖြစ်စေ၊ တခြားနှလုံးသွင်းလို့ဖြစ်စေ၊ သိနေသ၍ မပျက်ဘူး။ နဂိုရှုနေတဲ့ကမ္မဋ္ဌာန်းနဲ့ ဆက်ရက်ပဲ။ – ကိုက်တာ၊ နာတာ၊ မြင်တာ၊ အားလုံးကိုသာ ဖြစ်ပျက် မပြတ်အောင်ရှုနေရင် ကမ္မဋ္ဌာန်းမပျက်ဘူး၊ သတိက အားကြီး လိုတယ်။ သတိကတော့ နံပါတ်တစ်ပဲ။

ပျက်သွားတာသိရင်တရားပဲ

စင်္ကြန်လျှောက်တယ်ဆိုရင် ထိတဲ့အခါသိပြီး၊ ပျက်သွား တာ သိအောင်ရှုပါ။ ထိုင်ပြီးအားထုတ်တဲ့အနေကတော့ အပြင် အာရုံတွေ နည်းတာပေါ့။ ဒါကြောင့် ထိုင်ပြီးအားထုတ်တာကို အားပေးတာ။

မင်းတို့ သတိရှိရင် စိတ်နဲ့ဘယ်လိုမှ မလွတ်နိုင်ဘူး၊ မြင် တာကို ပျက်တာသိရင် တရားပဲ၊ ထိပြီးပျက်သွားတာ သိရင် တရားပဲ၊ မြင်လို့သိသိ၊ ကြားလို့သိသိ၊ ထိလို့သိသိ၊ ပျက်သွားတာ သိရင် တရားပဲလို့ ဆရာတော်ဘုရားက ဟောကြားတော် မူကြောင်း ပြောပါသည်။

ဘောပတန်းရွာ

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဘောပတန်းရွာသို့ ဦးမြင့်တို့ စစ်ပြေးခဲ့ရပါသည်။ မိုးကုတ်ဆရာတော်ဘုရားသည် ထိုနေရာသို့ ကြွလာပြီး ဒီနေရာက တောင်ပေါ်ထက် တိတ်ဆိတ် တယ်။ အေးချမ်းတယ်လို့ အမိန့်ရှိသဖြင့်၊ အမေဖုံက အရှင် ဘုရား နေခင်းနေ့လည် တရားအားထုတ်နိုင်ဖို့ လှူလို့ရလား ဘုရားဟု လျှောက်ထားရာ ဆရာတော်က လက်ခံသဖြင့် သူကြီးဟောင်း ဦးရွှင်၏ အကူအညီယူ၍ လှူဖြစ်သွားပါသည်။

ဦးမြင့်တို့ တဲတန်းလျားနှင့် ပေ (၁၅၀) ခန့်အကွာ ကုန်းမြင့်တွင် ဝါးတောနှင့် တောင်ကြာပင် တောကြီး ရှိသည်။ လူသွားလူလာ မရှိသဖြင့် ငြိမ်သက်အေးချမ်းသည်။ ထိုနေရာကို ဦးရွှင်ကိုယ်တိုင် ရွာသားများကို ခေါ်လာပြီး ရှင်းလင်းသည်။

တောင်ကုန်းပေါ်အထိ စင်္ကြန်လမ်းဖောက်လုပ်ထားပြီး ကုန်းမြင့်ပေါ်တွင် အကျယ် (၈) ပေ ပတ်လည်ခန့် အောက်ခြေကို ရှင်းထားသည်။ ဘေးပတ်လည်ရှိ တောင်ကြောပင်များကို အပေါ်က စုပြီး စည်းထားသည်။ တောင်ကြာကိုင်းများကိုလည်း အပေါ်က အုပ်ထားသဖြင့် နေရိပ် မထိုးတော့ပါ။

တောင်ကြာပန်းရုံ

အနီးအနားရှိ ဝါးပင်များကိုပါ အပေါ်က စု၍ စည်းပြီး အုပ်ထားပြန်သဖြင့် ဝါးရုံတော၊ တောင်ကြာပန်းရုံ ဂူဖြစ်နေ ပါသည်။ ဘေးပတ်လည်တွင် တောင်ကြောပင်နှင့် ကျောက်တောင် ကိုသာ မြင်ရပြီး ဝင်ပေါက်တစ်ပေါက်သာ ရှိပါသည်။ မိုးကုတ်ဆရာတော် ဘုရားကြီးသည် ဆွမ်းစား ပြီးလျင် ကြွလာပြီး ညနေ (၄) နာရီခွဲခန့်အထိ နေသည်။ ကြိုးစားပြီး ကျင့်သည်။

အောက် အခင်းမှာ ဝါးဖြင့် ကွပ်ပျစ်ပြုလုပ်ထား၍ ကျန်းမာရေးညီညွတ်သည်။ ထိုကွပ်ပျစ် အပေါ်မှာ သင်ဖြူးခင်း၍ ခေါင်းအုံးပါလှူထားပါသည်။ သောက်ရေ၊ သုံးရေအတွက် သဘာဝ စမ်းရေကိုပင် ဆရာတော်ဘုရား အနီးရောက်အောင် သွယ်ပေး ထား ပါသေးသည်။ နေ့လည် နေ့ခင်း မည်သူမှ ဆရာတော်ထံ မသွားကြရပါ။ ညနေပြန်ခါနီးမှ ထမ်းလျက်ကပ် ကြပါသည်။

လောကီအကျိုးထူး

ထိုနေရာသည် ဆရာတော်ဘုရားအတွက် အကျိုးထူး ဖြစ်စေသကဲ့သို့၊ ကိုယ်တိုင် လုပ်အားဖြင့် လှူခဲ့သော အလှူရှင် မှာလည်း ယခုဘဝတွင်ပင် ပထမဇော အကျိုးခံစားခဲ့ရသည်။ အလွန်အဖိုးတန်သော ကျောက်နီကြီး တစ်ပွင့်ရခဲ့သည်။ လောက တွင် မမြင်ဖူးသေးသော ကျောက်မျိုး ဖြစ်သဖြင့် အကြီးအကျယ် အကျိုးရှိသွားပါတော့သည်။

လောကုတ္တရာအကျိုးထူး

ထို့အတူပင် ဆရာတော်ဘုရား၏ ဒကာမများ တကယ် အလုပ်လုပ်ကြသဖြင့် အကျိုးရှိသွားပုံကိုလည်း ကြားသိရပါသေးသည်။

ဆရာတော်ဘုရားကြီးရှိစဉ်က မိုးကုတ်မြို့ မြို့မရပ်တွင် နေသော အသက် (၇၀) ကျော် ဒေါ်တင့်သည်၊ သတိလစ် နေသည်မှာ (၄) ရက်ခန့်ရှိသွားသဖြင့် သားသမီးများက မီးသင်္ဂြိုလ်ဖို့ ကိစ္စကိုပင် ပြင်ဆင်နေကြရာမှ မမျှော်လင့်ပဲ သတိပြန်ရခဲ့ပါသည်။

သတိရ၍ ချက်ချင်း ဆိုသလိုပင် အမေဖုံကို လာခေါ် သဖြင့် လိုက်သွားကြရာ၊ ကြည်ကြည် လင်လင် မျက်နှာနှင့် ဒေါ်တင့်ကို တွေ့ရပါသည်။ “ညည်းကို စကားပြောချင်လို့ ဆရာတော်၏ တရားတွေဟာ သိပ်မှန်တယ်၊ ငါမေ့မြောသွားတော့ အရင်ဘဝတုန်းက အကြောင်းတွေကို သတိရ လာတယ်၊ ငါအရင်ဘဝတွေတုန်းက ပုပ္ပါးက ရွာလေးတစ်ရွာမှာ လူဖြစ် ခဲ့တယ်” ဟု ပြောလာ ပါသည်။

စေတနာမပါပေမယ့် ကံမြောက်သည်

ဆက်၍ ပြောကြားသည်မှာ “အဲဒီတုန်းက ငါ့မှာ ဆင်းဆင်းရဲရဲနဲ့နေရပြီး နွားနို့ညှစ်နေတုန်း နွားကလေးက နွားမကြီးနားကပ်လာလို့ နွားကလေးကို ဖယ်လိုက်တာ၊ နွားကလေး လက်ကပ် သွားတယ်၊ အဲဒါ စေတနာမပါပေမယ်လို့ ကံမြောက်သွားလို့ လူ့ဘဝမှာ ငါဝဋ်ခံရတယ်။

ငါငယ်ငယ်တုန်း ကလည်း အမေက နို့မထွက်လို့ နို့မဝ ခဲ့ဘူး၊ ကြီးလာတော့လည်း အသက် (၃၀) ကစပြီး ငါ့မှာ လက်ကပ်သွားလို့ ဒုက္ခအတော်ရောက်ရတယ်၊ ငါလည်း ဒီ ဝဋ်ဒုက္ခတွေက ကျွတ်ချင်လို့ ဆရာတော်ရဲ့ တရားတော်ကို မနေမနား အားထုတ်ခဲ့တာပဲ။ အားထုတ် သလောက်လည်း အကျိုး ရှိခဲ့တယ်။ ငါစိတ်တိုင်းကျသွားပြီ၊ သေရမှာလည်း ငါမကြောက်တော့ဘူး။

သေရမှာမကြောက်တော့ဘူး

မဖုံ၊ ညည်းကို ငါရဲ့ ကိုယ်တွေ့ တွေ ပြန်ပြောချင်လို့ အခေါ်ခိုင်းတာ၊ ဆရာတော်ဘုရားရဲ့ တရားတော်တွေကို နာဖြစ်အောင် နာပါ။ ယုံယုံကြည်ကြည်နဲ့ ကြိုးစားပြီးတော့ အားထုတ်ပါ။ တရားတော်တွေက သိပ်မှန်တယ်။ သိပ်ပြီး အကျိုးရှိတယ်။ ဒါကို ပြန်ပြောချင်လို့ ငါတော့ သေရမှာကို မကြောက်တော့ဘူး ဆိုပြီး နောက် (၂) ရက်လောက်ကြာတော့ အနိစ္စ ရောက်သွားကြောင်း အမေဖုံ၏သား ဥက္ကဋ္ဌကြီးဦးမြင့်က ပြောပြပါသည်။

(၁၉-၁၀-၆၁) ရက်နေ့က မိုးကုတ်ဆရာတော်ဘုရားက ဟောကြားတော်မူခဲ့ပါသေးသည်။ ဒီလိုသာ ဣန္ဒြေထိုက်အောင်၊ ဗိုလ်ထိုက်အောင် အားထုတ်ရင် အကုန်ရတယ်။ ဘုရားရှိရှိ မရှိရှိ ရတယ်။ ဘုရားရှိလည်း ဒီကိလေသာသတ်တာပဲ။ ဘုရား မရှိတော့ကော ကိလေသာသတ်တဲ့ အလုပ် လုပ်တာပဲ။

ကျွတ်လိုက်တာတွေ မနည်းပါဘူး

ဘုရားမရှိသော်လည်း ဒီကိလေသာ ပဋိစ္စသမုပ္ပာဒ် ပြတ်အောင်လုပ်ဖို့ပဲ။ ဘုရားရှိလည်း ဒီကိလေသာ ပဋိစ္စသမုပ္ပာဒ် ပြတ်အောင်လုပ်ဖို့ပဲ။

ဒါကြောင့် ဘုရားရှိတုန်း ကျွတ်တာနဲ့ ဘုရားမရှိမှ ကျွတ်တာနဲ့ ဒါပဲကွာတယ်။ ဘုရားမရှိတဲ့နောက် သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ) မှာ ကျွတ်လိုက်တာတွေ မနည်းပါဘူး။

စပါးလှန်းလို့တောင်မရဘူး

ရှေးခေတ်က ကျွတ်လိုက်တာတွေ စပါးလှန်းလို့တောင် မရအောင် ကောင်းကင်မှာ ရဟန္တာတွေ ဒါတွေ ဘယ့်နှယ်ကြောင့် ကျွတ်ပါလိမ့်မလဲဆိုတော့ ဘုရားမရှိဘဲနဲ့ ကျွတ်တာဟာ ဣန္ဒြေရင့်လို့ကျွတ်တာ။

ဣန္ဒြေရင့်တယ်ဆိုတာ သူများက လုပ်ပေးတာမဟုတ် ဘူး။ ကိုယ့်ဟာကိုယ် ဝီရိယကို တိုးတိုး တိုးတိုးပြီးသွားရတာ၊ အလုပ်ခွင်ခရီးပေါက်ဖို့ရာက ကိုယ့်တာဝန်လို့ ဟောကြားတော် မူထားပါသည်။

(၂၄-၁၂-၅၇) နေ့တွင်လည်း မိုးကုတ်ဆရာတော်ဘုရား ကြီး ဟောကြားတော်မူ ထားခဲ့သည်မှာ “ဖြစ်ပျက်တွေကို နိဗ္ဗိန္ဒ ဉာဏ်ရအောင် မုန်းအောင်ရှုပါ ကုသိုလ်လည်းရှု၊ အိပ်ချင်တဲ့စိတ် လည်း ရှု၊ ပေါ်တဲ့စိတ်တွေ အကုန်သာရှုချ၊ မုန်းအောင်ရှု။”

လွယ်တယ်များ အောက်မေ့မနေနဲ့

မုန်းအောင်ရှုတဲ့အခါကျတော့ ဖြစ်ပျက်မြင်တာ မဟုတ် တော့ဘူး။ မုန်းလာလို့ရှိရင် မဂ္ဂင်ငါးပါး မရဘူးလား (ရပါတယ် ဘုရား)။

သို့သော် မဂ္ဂင်ဖောင်ရှစ်လုံးစုံပြီလား၊ မစုံသေးရင် စုံ အောင် လုပ်ပါဦး။ တော်တော်နဲ့ စုံနိုင်ပါ့မလား (မစုံနိုင် ပါဘုရား) တရားဟောနေသလောက် လွယ်တာ မဟုတ်ဘူးဗျ။ တကယ် လုပ်တော့ မဂ္ဂင်ရှစ်ပါးစုံဖို့ အားလုံး ဒကာ ဒကာမတွေ လွယ်တယ်များ အောက်မေ့ မနေနဲ့နော်။

ဖြစ်ပျက်က နေပြီး ဖြစ်ပျက်မုန်းဖို့ကို အတော်တက် ယူရတယ်။ မုန်းပြီး သကာလ ဒီဖြစ်ပျက်တွေကို မုန်းအောင် ရှုလို့ ဆရာဘုန်းကြီးက မသင်ဘူးလား (သင်ပါတယ်) သင်ပေမယ်လို့ အလိုလို ဆုံးလိမ့်မယ်များ ထင်သလား အလိုလို ဆုံးတာ မဟုတ်ဘူးတဲ့။

အဓိပိုလာတယ်

မဂ္ဂသစ္စာ ထိုက်လာတော့ သာမည မဟုတ်တော့ဘူး၊ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာဆိုတဲ့ အဓိပိုလာတယ်။ မဂ် ဆိုက်ရင် အဓိ တိုးလာတယ်လို့ မှတ်ရမယ်။

အဓိဆိုတာ နားမလည်ပဲ နေမှာစိုးရတယ်။“အဓိဆိုတာ လွန်သောသီလ၊ လွန်သော သမာဓိ၊ လွန်သောပညာ၊ ဘယ်သူ ဖျက်လို့မှမရ” လို့ ဟောကြားတော်မူထားပါသည်။

သို့ဖြစ်၍ မိုးကုတ်ဝိပဿနာ ယောဂီများသည် တစ်နာရီ ကြာ၍ ခေတ္တစခန်းနားချိန်တွင် တတ်နိုင်သမျှ ဆက်၍ ထိုင်ကြ ပါ။ ဆက်၍ အားထုတ်ကြပါ။ အခန်းသို့ ပြန်သောအချိန်၊ ဓမ္မာရုံတွင်းသို့လာသောအချိန်တို့၌ သတိပဋ္ဌာန်နှင့် လာကြပါ။ ပြန်ကြပါ။ ထိုင်ချိန်များ၍ လမ်းလျှောက်ချင်လျင် စင်္ကြန်လျှောက် ချင်ရင် ရှုပွား၍ သွားပါ။ သတိပဋ္ဌာန် လက် မလွှတ်ကြပါနှင့်။

အဓိဆိုသဖြင့် သာမည ရိုးရိုးမဟုတ်တော့ပါ။ အထူး ကြိုးစားအားထုတ်ကြရမည် ဖြစ်ပါသည်။

အချိန်တွေ မဖြုန်းကြပါနှင့်

ထို့ကြောင့် တရားအားထုတ်၍ နေကြကုန်သော သူတော်စင်အပေါင်းတို့ ဘုရားအပေါ်၌ ယုံကြည်မှု ပြင်းထန်ပါ။ တရားတော်အပေါ်၌ ယုံကြည်ပါ။ ကြိုးစားအားထုတ်ပါ။ မိုးကုတ်ဆရာတော် ဘုရားကြီးအပေါ်၌ ယုံကြည်စိတ်ချပါ။ ဆရာတော်ဘုရား ဟောကြား ဆုံးမတော်မူသည့်အတိုင်း လိုက်နာ အားထုတ်ကြပါ။ ပွားများကြပါ။ ကြိမ်ဖန်များစွာ ပွားများကြပါ။ ကိုယ့်ကိစ္စမပြီးမချင်း ပွားများ အားထုတ်ကြပါ။

အသေမဦးခင် ရသမျှအချိန်ကို တရားနှလုံးသွင်း၍ သာနေကြပါ။ ထိုင်၍ အားထုတ်ကြပါ။ ထ၍ အားထုတ်ကြပါ။ လမ်းလျှောက်၍ အားထုတ်ကြပါ။ အိပ်၍ အားထုတ်ကြပါ။ တရားအားထုတ် သူအား တရားကဆောင်မည်သာဖြစ်ပါသည်။

သူတော်ကောင်း ရတနာ (၇) ပါးပြည့်စုံကြပါစေ။

၁-၁၀-၂၀၀၀။

အလုပ်အမှုဆောင်အဖွဲ့။

ကာယာနုပဿနာ (စင်္ကြန်ကမ္မဋ္ဌာန်း)

ဝါယောရုပ်ရှုနည်း

မိုးကုတ်ဆရာတော်ဘုရားကြီး ကိုယ်တော်ဟောသော စင်္ကြန်ကမ္မဋ္ဌာန်းဖြစ်ပါသည်။ ဝါယောရုပ်ရှုနည်းဖြစ်သည်။

အလုပ်သမားယောဂီများ သေချာ စေ့စေ့စပ်စပ် လေ့လာသင့်ပါသည်။ ဖျတ်ဖျတ်၊ ဖျတ်ဖျတ်နဲ့ ဖြစ်ပျက်အစိပ်တွေမြင်ပုံ သစ္စာဆိုက်ပုံ ပါဝင်ပါသည်။

အသံဖိုင်ခေါင်းစဉ်= သမုဒ္ဒရာ(၆)စင်းကို ဒုက္ခသစ္စာဖြင့် ဥပမာပြ၍ ဟောကြားပုံတရားတော်မှ အဆုံးပိုင်း(၁၀)မိနစ်ခန့်မှ ကောက်နှုတ်ထားခြင်းဖြစ်သည်။

စာအုပ်ခေါင်းစဉ်= စင်္ကြန်လျှောက်ရှုပွားနည်း (ကာယာနုပဿနာ)

မှတ်ချက်။ ။စာအုပ်နံပတ်(၁၃၀)မှ ဒုတိယအပုဒ်ဖြစ်သည်။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ဟောကြားသောတရားတော်

စင်္ကြန်လျှောက်ရှုပွားနည်း

(ကာယာနုပဿနာ)

(၁၀-၁၂-၅၈)

အစချီလိုက်တာ ကတော့ဖြင့် ဒုက္ခသစ္စာ ချီလိုက်တာ ပါပဲ၊ သို့သော် ဒီ ဒုက္ခကို ဘယ်ကနေ သိမ်းရမယ် ဆိုတာကို နိဂုံးချုပ်လိုက်တော့ ရုပ်နာမ် ရောက်လာတယ်။

ရုပ်နာမ်ဆုံးမှ ဒုက္ခ ဆုံးမယ်၊ ရုပ်နာမ် ဘာသစ္စာ (ဒုက္ခ သစ္စာ)။

ရုပ်နာမ်ဆုံးရင် နိဗ္ဗာန်

အဲ သူဉာဏ်ထဲမှာ ဆုံးသွားလို့ရှိရင် ကျုပ်တို့ ဘယ်များ ရောက်သွားမလဲ (နိဗ္ဗာန် ရောက်ပါတယ်) အဲ သူ ဆုံးအောင် လုပ်ရမယ်၊ ရှင်းပလား (ရှင်းပါပြီ) ဘာလုပ်ကြရမယ် (သူဆုံးအောင် လုပ်ရမယ်) ရုပ်နာမ်၊ ဆုံးအောင် လုပ်ရမယ်။

ဒါဖြင့် ရုပ်ဆုံးရင် (နိဗ္ဗာန်ပါ) နိဗ္ဗာန်။ နာမ်ဆုံးရင် (နိဗ္ဗာန်ပါ)။

အဲဒီတော့ ရုပ်ဆုံးရင်၊ နာမ်ပါ ရောဆုံးတယ်၊ နာမ်ဆုံး တော့ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။

နိဗ္ဗာန်ဘယ်မှာရှိသလဲ

အေး ဒါကြောင့် နိဗ္ဗာန်တစ်လံမျှ လောက်သော ရုပ်နာမ် အဆုံးမှာ ရှိတယ်၊ နိဗ္ဗာန် ဘယ်မှာ ရှိပါလိမ့် (တစ်လံမျှ လောက်သော ရုပ်နာမ် အဆုံးမှာပါ)။

တစ်လံမျှလောက်သော ရုပ်နာမ်အဆုံးမှာ ရှိတယ်၊ ကိုယ့်အလံနှင့် ကိုယ်လံရင် တစ်လံပဲ ရှိတယ်၊ အဲဒီ အဆုံးမှာ နိဗ္ဗာန် ရှိတယ်ကွ၊ သဘောပါပလား (ပါပါပြီ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ရုပ်နာမ်တစ်ခုခု ဆုံးအောင် လုပ်ကြပါစို့လို့ ဟောရတော့မှာပဲ။ ဒကာ ဒကာမတို့ ရုပ်နာမ် တစ်ခုခုဆုံးအောင် လိုက်ကြပါစို့။

ဒီအဓိပ္ပါယ်များ သိရတာ ဒကာ ဒကာမတို့ အလွန် ဘုန်းရှင်၊ ကံရှင်၊ ပါရမီရှင်တွေမို့ ကြားရ တာနော်။ နို့မို့ ကြားရဖို့ အတော် ခဲယဉ်းပါတယ်။ အင်မတန် ခဲယဉ်းပါတယ်၊ အင်မတန် ခဲယဉ်းပါတယ်။

ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ အဆုံး လိုက်ကြပါစို့ ဆိုတော့ ရုပ်တစ်ခုကို ဥပမာမယ်၊ ရုပ်ကိုပဲ ဒကာ ဒကာမတွေ လိုက်ချင်လို့ ရှိရင်လဲ ရတာပဲ၊ နာမ်ကို ဟောချင်လည်း ရတာပဲ ကြိုက်တာသာ ရှုကြနော်၊

ကိုယ်နဲ့သင့်မှာသာရှု

ရုပ်ရှုချင်တဲ့ ပုဂ္ဂိုလ်ရုပ်ရှု၊ နာမ်ရှုချင်တဲ့ပုဂ္ဂိုလ် (နာမ်ရှုပါ)၊ သို့သော် ဘုန်းကြီးကတော့ဖြင့် ဆေးသမား သဖွယ် ပဲ အကုန် ပေးမှာပဲ၊ ခင်ဗျားတို့ ကြိုက်တဲ့၊ ကိုယ်နဲ့ သင့်မှာသာ စားပါ၊ ရှင်းပလား (ရှင်းပါပြီ)။

ဝါသနာချင်းက မတူကြဘူး၊ တချို့ကရုပ်မှ ဖြစ်ပျက် ရှင်းတယ်၊ တချို့က နာမ်မှ ဖြစ်ပျက် ရှင်းတယ်၊ ဒီလို မရှိပေ ဘူးလား (ရှိပါတယ်) တချို့လည်း ပေါ်တာလေးတွေ လိုက်လို့ ရှင်းပါတယ်၊ အဲဒီတော့ကို ဘုန်းကြီး ကတော့ဖြင့် ဆေးသမား သဖွယ် ဖြစ်နေတော့ အားလုံး ဒကာ ဒကာမတွေ ကို အကုန်ပြတာပဲ။

ကြိုတ်တာရှုကြ၊ ကြိုက်တာရှုပေါ့။

ဝါယောဆိုတာလေဓါတ်

ကိုင်း ဒကာ ဒကာမတို့ ဝါယောဓါတ်ဆိုတာ ရှိတယ်။ ဝါယောဓါတ် ဆိုတာ လေဓါတ်၊ လေဆိုတာ လှုပ်တာလဲ ရှိတယ်၊ ငြိမ်တာလဲ ရှိတယ်။

ရပ်ပြီးနေတဲ့ အချိန်များ၊ ရပ်ပြီးနေတဲ့ အချိန်မှာ ဒကာ ဒကာမတို့ ဒါထောက်ကန်ထားတဲ့ ဝါယော။

လှုပ်ရှားတဲ့ဝါယော

နည်းနည်းလေး လှုပ်လိုက်လို့ ရှိရင်၊ လှုပ်ရှားတဲ့ ဝါ ယော၊ ရပ်နေတဲ့အခါ၊ တောင့်နေတဲ့ အခါ (ထောက်ကန်ထား တဲ့ဝါယော) လှုပ်လိုက်တဲ့ အခါ (လှုပ်ရှားတဲ့ ဝါယော)။

အဲ လှုပ်တဲ့လေသည်၊ ဒကာ ဒကာမတို့ ထောက်ကန်တဲ့ သဘော မရောက်နိုင်ဘူး၊ (မှန်ပါ့) ထောက် ကန်တဲ့ လေသည် လှုပ်တဲ့ဆီ (မရောက်နိုင်ပါ) သဘောကျ ပလား (ကျပါပြီ)။

ဓါတ်ကြီးလေးပါး

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီးသည် ကားလို့ ဆိုလို့ရှိရင်ဖြင့် ပထဝီဓါတ်ကြီး၊ တေဇောဓါတ်ကြီး၊ အာပေါဓါတ်ကြီး၊ ဝါယောဓါတ်ကြီးလို့ သတိပဋ္ဌာန်ထဲမှာ လာပါတယ်။

အဲဒီတော့ ဒီဝါယောဓါတ် တစ်ခုကိုပဲ ဒီနေ့ဟောပါ့ မယ်၊ ဝါယောဓါတ် ဖြစ်တယ်ဆိုတော့ သူနဲ့ အတူ ဓါတ်သုံးပါက လည်း ရောဖြစ်တယ်။ သူမှီနေတဲ့ ဥပါဒါန်ရုပ်တွေလည်း ရောဖြစ်တယ်။

ဒီတော့ အကုန်ပါသွားတာပဲ တစ်ခုဖြစ်ရင် အကုန်ပါ တယ်၊ သဘောကျပလား (ကျပါပြီ)။

ကောင်းပြီ ဒါဖြင့် ဒီ ဝါယောဓါတ် ကလေး တစ်လုံးကို ခင်ဗျားတို့၊ လမ်းသွားရင်းလည်း ရှုတတ်အောင် ရပ်နေရင်း လည်း ရှုတတ်အောင် သင်ပေးပါ့မယ်။

ထောက်ကန်တဲ့ဝါယော

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ခြေထောက်ကလေး လှမ်းတဲ့ အခါကျလို့ ရှိရင် ရှေ့လှမ်းတဲ့ အခါမှာ အင်း လှုပ်တဲ့ ဝါယောဖြစ်တယ်၊ ဖျတ်ဆို မြေကြီးပေါ်လည်း ကျပါ ရော (ထောက်ကန်တဲ့ ဝါယောဖြစ်) ထောက်ကန်တဲ့ ဝါယော။

ဪ၊ ဒါဖြင့် ဒီခြေထောက် ကလေးမှာပဲ၊ နဂိုတုန်း က လှုပ်တဲ့ ဝါယောတွေ ရှိတယ်၊ ဖျတ်ဆိုပြီး အောက် မြေကြီးနဲ့လည်း ထိပါရော၊ လှုပ်တဲ့ ဝါယော ဓါတ်တစ်တို၊ တစ်ထောင့်မှ ရှာလို့ မတွေ့ဘူး။

လှုပ်တဲ့ဝါယောက ထောက်ကန်တဲ့ဝါယော ပြောင်းတယ်

အင်း ထောက်ကန်တဲ့ ဝါယောနဲ့ပဲ နေရတယ်၊ သဘောကျပလား (ကျပါပြီ)

အင်း ဒါခြေထောက် ကလေးကပဲ ဒကာ ဒကာမတို့ ဒီဝါယောဓါတ်သည် ကားလို့ ဆိုရင်ဖြင့်၊ ခဏကလေးပဲ နှစ်ခု ပြောင်းသွားတယ်၊ လှုပ်တဲ့ ဝါယောကနေ ထောက်ကန်သို့ မပြောင်းဘူးလား (ပြောင်းပါတယ်)။

ပြောင်းသွားပြီဆိုတော့ အရင်ဟာ ပျောက်ပြီ၊ နောက် ဟာ ပေါ်တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဒီဝါယောဓါတ် သည်ကားလို့ ဆိုရင်ဖြင့် ဖြစ်ပြီး ပျက်တာပဲ (မှန်ပါ့) လှုပ်တဲ့ ဝါယော ဓါတ်သည် (ဖြစ်ပြီး ပျက်ပါတယ်) အခုဘာနဲ့ အသက်ရှင် နေသလဲလို့ မေးတော့ (ထောက်ကန်တဲ့ ဝါယောနဲ့ပါ) ထောက်ကန် ဝါယောနဲ့ ဒကာ၊ ဒကာမတို့ ရပ်နေတော့တယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ်)။

လမ်းလျှောက်တယ်

အဲ ဒီ ထောက်ကန် ဝါယောနဲ့ နေတဲ့အချိန်၊ ဒကာ ဒကာမတွေက ဒီနေရာလေး ရပ်နေ မပြီးသေးဘူး ဆိုပြီး သကာလ၊ မပြီးသေးတော့ လျှောက်ဦးမှ တော်မယ်။

လျှောက်ဦးမှ တော်မယ် ဆိုတဲ့ စိတ်ကလေး ပေါ်လာ တယ်၊ အဲဒီ စိတ်ကနေပြီး တစ်ခါတည်း ဝါယော ထပ်လှုပ် လိုက်တာ၊ လှုပ်တဲ့ ဝါယော ပြန်ဖြစ်တယ်၊ သဘောကျပလား (ကျပါပြီ)။

လှုပ်ရှားအနိစ္စ

လှုပ်တဲ့ ဝါယောက ခန္ဓာကိုယ်ထဲမှာ ပြန်ဖြစ်တယ် ဆိုတာ သဘောကျပလား (ကျပါပြီ) ဒါဖြင့် ခုနက ရပ်နေ တုန်းက ဝါယောတွေဟာ ဒီအတွင်းမှာပဲ ပျောက်ထွက်တယ်။ မပျောက်ဘူးလား (ပျောက် ပါတယ်)။

ထောက်ကန်အနိစ္စ

ဖြစ်ပြီး မပျက်လား (ပျက်ပါတယ်) ဒါဖြင့် သူလည်း အနိစ္စ (မှန်ပါ့) ခုနဟာက လှုပ်ရှား အနိစ္စ၊ အခု ဒုတိယ အပျက်ကျတော့ ထောက်ကန် အနိစ္စ၊ ဒီလိုမနေ ဘူးလား (နေပါတယ်။)

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဝါယောဟာ တစ်ကိုယ်လုံး ပဲ (မှန်ပါ့) လှုပ်တုန်းကလည်း တစ်ကိုယ်လုံး၊ ငြိမ်တော့ကော (တစ်ကိုယ်လုံးပါ ဘုရား)။

ပြန်လှုပ်ပြန်တော့ကော (တစ်ကိုယ်လုံးပါ) သြော် ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးဟာ ဒီလိုသာ ယူကြပေတော့ (မှန်ပါ့)။

သံပုန်းကြီး ရေအပြည့်ထည့်၊ သဘော ကျပလား (ကျပါပြီ) သံပုန်းကြီး ရေအပြည့် ထည့်ပြီး ကိုယ့်ဘက်စောင်း လိုက်၊ အပေါ်ရေတင် စောင်းသလား အောက်ရေပါစောင်း သလား (အောက်ရေပါ စောင်းပါတယ် ဘုရား)။

ပြန်တည့်လိုက်တော့ အပေါ်ရေတင် တည့်သလား၊ အောက်ရေပါ တည့်သလား (အောက်ရေပါ တည့်ပါ တယ် ဘုရား) အဲဒီ အတိုင်း ယူရမယ်။ ရိပ်မိပလား (ရိပ်မိပါပြီ)။

တစ်ကိုယ်လုံးဖြစ်လိုက်ပျောက်လိုက်

အဲဒီအတိုင်း ယူလိုက်တော့ သြော် တစ်ကိုယ် လုံး ပျက်ပါလား၊ ဖြစ်နေတာလည်း တစ်ကိုယ်လုံး လှုပ်ပြီး၊ တစ်ကိုယ်လုံး ပျောက်တာပဲ။

ထောက်ကန်တယ် ဆိုတော့လည်း တစ်ကိုယ်လုံး ထောက်ကန်ပြီး သကာလ၊ လှုပ်လာတယ် ဆိုတော့လည်း တစ်ကိုယ်လုံး ထောက်ကန်ပြီး တစ်ကိုယ်လုံး ပျောက်တာပဲ မပျောက်ဘူးလား ပျောက်သလား (ပျောက်ပါတယ်)။

လှုပ်ရှားကော (ပျောက်ပါတယ်) အဲဒီကဲ့သို့ ပျောက်ကြတော့၊ ဒီပျောက်ပျက် တာလေးတွေ ကြည့်ပြီး နေတော့၊ သေပြန်ပြီ၊ သေပြန်ပြီ၊ သေပြန်ပြီ၊ ချည့်လာမှာပဲ ဒီပြင် ဘာလာစရာ ရှိသေးလဲ (ဘာမှ မရှိပါဘူး)။

သေပြန်ပြီ၊ သေပြန်ပြီ၊ သေပြန်ပြီပဲ လာမှာပဲ။ သဘောကျကြပလား (ကျပါပြီ)။

အင်း ဒါဖြင့် ဒကာ ဒကာမတို့ အထိမခံ၊ ကြွေ ပန်းကန် ဖြစ်နေတယ်၊ လှုပ်တာသည်၊ ထောက်ကန်တဲ့ ဆီ မလိုက်ဘူး၊ ထောက်ကန်တာက (လှုပ်တဲ့ဆီ မလိုက်ဘူး)။

လှုပ်တာသည် (ထောက်ကန်တဲ့ ဆီမလိုက်ပါ) ထောက်ကန်တာသည် (လှုပ်တဲ့ဆီ မလိုက်ပါ)။ အင်း ဒကာ ဒကာမတို့မှာလည်း ခန္ဓာကိုယ်ကြီးကဖြင့် ဒီအတိုင်း နေတာပဲ (မှန်ပါ့) ပြောင်းလဲ နေတာပဲ (မှန်ပါ့)။

ထောက်ကန်လိုက်၊ လှုပ်ရှားလိုက်၊ လှုပ်ရှားလိုက် ထောက်ကန်လိုက် ထောက်ကန်လိုက် လှုပ်ရှားလိုက်၊ လှုပ်ရှားလိုက် ထောက်ကန်လိုက်၊ ဒကာ ဒကာမတို့ ဒီပြင် ဘာများရှိသေးသလဲ (မရှိပါ ဘုရား)။

အင်း ဒါပဲပြောင်းလဲနေတာပဲ အင်း ဒါဖြင့် တစ်သေတည်းသေ၊ ဖြစ်ပျက်ချည်း ရှိတာပေါ့ (မှန်ပါ့) ဝါယော ဖြစ်ပျက်၊ ဒီသဘော မနေဘူးလား၊ (နေပါတယ်)။

ဖြစ်ပျက်တွေဉာဏ်နဲ့မြင်အောင်ရှု

အဲဒီတော့ အဲဒီဖြစ်ပျက်တွေ မြင်အောင် ရှုနေပါ (မှန်ပါ့) ဉာဏ်နဲ့ မြင်နေရင် ပြီးတာပဲ၊ သြော် မရှိဘူး၊ သြော် မရှိဘူး၊ သိနေရင် ပြီးတာပဲ။

အဲဒီ ဖြစ်ပျက်တွေကို မြင်ပါများလာရင် ဒကာ ဒကာမတို့ မုန်းလိမ့်ဦးမယ်၊ မမုန်းပေဘူးလား (မုန်းပါတယ်)။

ဘယ်သူမုန်းမှာတုံး (ဖြစ်ပျက်မုန်းမှာပါ)၊ ဖြစ် ပျက်မုန်းတာ၊ နဂိုက ငါထင်နေတာကြီး မုန်းပြမှာ (မှန်ပါ့)။

နဂိုက ငါမထိနဲ့ဆိုတော့ အမယ် ဒါကြီးက ရွှေကိုယ်တော် ဖြစ်နေတာ၊ ငါ့မထိနဲ့ ဆိုတော့ ရွှေကိုယ်တော် ဖြစ်နေတာ၊ အခုတော့ဖြင့် ရွှေကိုယ်တော် ဟုတ်သေးရဲ့ လား (မဟုတ်ပါဘူး)။

အနိစ္စသက်သက်

ရွှေကိုယ်တော် မဟုတ်တော့ပါဘူး ဒကာကြွယ်တို့ရ၊ ဪ အနိစ္စ သက်သက် ဖြစ်သွားပြီ၊ သဘောကျပလား (ကျပါပြီ)၊ အနိစ္စ သက်သက်ပဲ။

အနိစ္စ သက်သက် ဖြစ်သွားတော့ ဒီဘက် ရွှေ့လိုက်လည်း အနိစ္စ သက်သက်၊ ဟိုဘက်က ပါလာတာ လည်း (အနိစ္စ သက်သက်ပါ)။

အနိစ္စသက်သက်ချည်း ဖြစ်နေတဲ့ အခါကျလို့ ရှိရင် ဖြင့် ဒကာ ဒကာမတို့ အနိစ္စချည်း ကြည့်ပါ များရင်၊ အနိစ္စ မုန်းတဲ့ ဉာဏ် လာရမယ်၊ မလာရဘူးလား (လာရမယ် ဘုရား)။

ဒါ စကား တစ်လုံးတည်းနော်၊ အနိစ္စချည်း ကြည့်ပါ များရင် နောက် ဘာဉာဏ် လိုက်လာမယ် (အနိစ္စ မုန်းတဲ့ ဉာဏ်ပါ ဘုရား) အနိစ္စ မုန်းတဲ့ဉာဏ် လိုက်လာလိမ့်မယ်၊ သဘောပါပလား (ပါပါပြီ)။

အဲဒီတော့ ဒကာ ဒကာမတွေသည်ကားလို့ ဆိုရင် မျက်လုံးမှိတ် ကြည့်တဲ့ အခါကျတော့ ဒွါရ ပေါက်လေးတွေက ဖျတ်ဖျတ်၊ ဖျတ်ဖျတ်၊ ဖျတ်ဖျတ်နဲ့ ခဏခဏ နေပြီး၊ ကြာတော့ အမြင်က အခုသာ အစွဲ ပြတာကိုးဗျ။

ဪ ကိုယ့်ဟာကိုယ်မြင်တော့ အစိပ်တွေ မြင်လာလိမ့်မယ်၊ သဘောကျပလား (ကျပါပြီ) အဲဒီလိုနဲ့ အစိပ်တွေ မြင်လာ လို့ရှိရင်ဖြင့် မြင်ရာကနေ မုန်း၊ မုန်းရာက နေပြီး သကာလ၊ ဪ ခဏခဏ သေတဲ့၊ အသေကြီးဖြင့် သူနဲ့ မနေရရင် ကောင်းမှာပဲ။ (မှန်ပါ့) ဒီရုပ်တွေ ခန္ဓာတွေနဲ့ မနေရရင်တော့ (ကောင်းမှာပါ ဘုရား)။

မလိုချင်တဲ့ဉာဏ်

အဲဒီ ကောင်းမှာပဲ ဆိုတာ မလိုချင်တဲ့ဉာဏ်၊ မလိုချင် တဲ့ဉာဏ်ဟာ မဂ်ဉာဏ်ပဲ (မှန်လှပါ ဘုရား)။

ဒီအမြင်ကြီးဟာ အသေဘက်သက်ပဲ ဆိုတာ ဒုက္ခပိုင်းခြား ချလိုက်တာ၊ အသေ သက်သက် ပဲလို့ ပိုင်းခြား လိုက်တာ ဘာတုံး (ဒုက္ခပိုင်းခြား လိုက်တာပါ)။

အပိုင်းအခြား ခံလိုက်ရတာ ဒုက္ခသစ္စာ၊ ပိုင်းခြား တဲ့ဉာဏ်က (မဂ္ဂသစ္စာ) အသေ သက်သက်သာ ရှိတယ်လို့ ပိုင်းခြား ခံရတာကြီးဟာ ပျောက်သွားတယ်၊ သဘောကျ ပလား (ကျပါပြီ)။

နိဗ္ဗာန်ကပေါ်လာတယ်

အပိုင်းအခြား မခံရတာက ပေါ်လာတယ်။ နိဗ္ဗာန်က ပေါ်လာတယ်။ အပိုင်းအခြား ခံရတာက ဒုက္ခသစ္စာ၊ အေး သူက ဘာသစ္စာလဲ။ ပျောက်သွားပြီ သူနေရာ ဘယ်သူ အစားထိုးလဲ နိဗ္ဗာန် အစားထိုး လာတယ်။

နိဗ္ဗာန် အစားထိုး လာတယ် ဆိုတာကတော့ ဒုက္ခတွေ ပျောက်ပြီး၊ ဒုက္ခတွေ မရှိတာ သိလာတာပါ။

ဒါဖြင့် ဒုက္ခတွေ မရှိတာက ဘာသစ္စာ (နိရောဓ သစ္စာပါ) မြင်တာက (မဂ္ဂသစ္စာပါ) သဘောကျပလား (ကျပါပြီ)။

စိတ်ကြောင့် ဝါယော ဖြစ်တယ်၊ စိတ်က အကြောင်း ဝါယောက အကျိုး၊ အဲဒီတော့ ဝါယော ပျက်သွားတဲ့ အခါ ကျတော့ ဝါယောကို မလိုချင်တော့ဘူး ဆိုသဖြင့် အားထုတ်တဲ့ စိတ်ကလည်း မလိုချင် မလုပ်တော့ပါဘူး ဖြစ်သွားတယ် ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်က ဘာသစ္စာ၊ (ဒုက္ခသစ္စာ) မြင်တာက (မဂ္ဂသစ္စာ) အဲ ဖြစ်ပျက် အဆုံးက (နိရောဓသစ္စာ) သဘောကျပလား (ကျပါပြီ)။

ဖြစ်ပျက်မြင်တဲ့ ဉာဏ် နောက်၊ ကိလေသာ မလာတာ က အကြောင်း အကျိုးတွေ ချုပ်တာ ရိပ်မိပလား (ရိပ်မိပါပြီ)

ကဲ ယနေ့ ဒီတွင်တော်ကြစို့။

သာဓု သာဓု သာဓု။

မူရင်းအုပ်၌ ကူးရေးသူ၏နားကြားအမှား သက်ပုံအမှားအနည်းငယ်ရှိ၍ပြင်လိုက်ပါသည်။

——

ခန္ဓာကပြောတာ စောင့်ကြည့်ရတာ ဝိပဿနာ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

ခန္ဓာကပြောတာ စောင့်ကြည့်ရတာ ဝိပဿနာ

ဟောကြားသည့်နေ့ (၂၀. ၂. ၆၀)

မျောက်ဥပမာပြ (အလုပ်ပေးတရား)

(တရားအားထုတ်သူယောဂီများ အတွက်)

အဲဒီခန္ဓာငါးပါးဟာ သူ့ပင်ကိုသဘောကတော့ဖြင့် ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ ခဏ ခဏ ဖောက်ပြန် ပျက်စီး နေတာပဲ (မှန်ပါ့) ခန္ဓာငါးပါး ပင်ကိုသဘောက ဘာပါလိမ့် (ဖောက်ပြန် ပျက်စီး နေပါတယ် ဘုရား) အဲဒါ-ဒကာ ဒကာမ တွေက သူ့ပင်ကို သဘော သိအောင် ကြည့်လိုက်ပြီး သကာလ ဉာဏ်ကလေးနဲ့ စောင့်ကြည့် နေရမယ် (မှန်ပါ့)။

ခန္ဓာကပြောတာ စောင့်ကြည့်ပါ

ဝိပဿနာဆိုတာ ခန္ဓာက ဘာပြောတယ်ဆိုတာ စောင့်ကြည့်ရတာဝိပဿနာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ခန္ဓာကပြောတာစောင့်ကြည့်ရတာ ဝိပဿနာ၊ ခန္ဓာက ပြောတာကို (စောင့်ကြည့်ရတာ ဝိပဿနာ)။

သြော် ဝိပဿနာ ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အလွန်ခဲယဉ်းတယ်လို့ အောက်မေ့ပြီး သကာလ နေကြငြားသော်လည်း ဆရာမပြ နည်းမရကြလို့သာလျှင် ဦးခင်မောင်ရေ စိတ်ပူနေတာ (မှန်ပါ့)။

စောင့်ကြည့်ပြီး သိနေပါ

သေသေချာချာ ရှင်သာရိပုတ္တရာက ဟောတယ်၊ ဝိပဿနာဟာကွာတဲ့။ အရှိ ခန္ဓာကြီးက ပြောတာကို စောင့် ကြည့်ပြီး သိနေဖို့ပါဘဲ (မှန်လှပါဘုရား)။

ဝိပဿနာဆိုတာ၊ အရှိခန္ဓာကြီးကပြောတာ၊ စောင့် ကြည့်နေပါ၊ ဒကာ ဒကာမတို့ (မှန်ပါ့) ခန္ဓာငါးပါး အရှိတရား ကြီးက အမျိုးမျိုးသော ဖောက်ပြန်ပြီး အမျိုးမျိုးသော ပျက်စီး မှုတွေ ပြတာကို ဒီကဉာဏ်နဲ့ စောင့်ကြည့်နေခဲ့ပြီဆိုမှဖြင့် ဝိပဿနာဖြစ်တော့တာဘဲလို့ ဦးဘတင်တို့ ဦးခင်မောင်တို့ မှတ်ဖို့ပေါ့ (မှန်လှပါဘုရား)။

သြော်-ဒါဖြင့် အားလုံးဒကာ ဒကာမတို့ ဝိပဿနာဆို တာ သိရမည့်အလုပ်လား၊ စောင့်ပြီးကြည့်ရမည့်အလုပ်လား ဆိုတာသတိထားပါ (စောင့်ပြီးကြည့်ရမည့် အလုပ်ပါဘုရား) စောင့်ပြီးကြည့်ရမည့် အလုပ်နော် (မှန်ပါ့) ဒကာ ဒကာမတို့ ဝိပဿနာဆိုတာ ဘာပါလိမ့် (စောင့်ပြီးကြည့်ရမည့် အလုပ်ပါဘုရား) စောင့်ပြီးကြည့်ရမည့်အလုပ် (မှန်ပါ့)။

ဘယ်လိုနေရမယ်လို့ မဆိုပါဘူး

စောင့်ပြီး ကြည့်နေ ဆိုတော့ ရူပက္ခန္ဓာကလည်း “ရုပ္ပတီ တိ ရူပံ” ဆိုတော့ သူကလည်း ဖောက်ပြန်တာပဲ၊ ခန္ဓာငါးပါးထဲက သူတို့လိုကျန်တဲ့ခန္ဓာတွေကလည်း ဘာလုပ်ပြန်သလဲဆိုတော့ အကုန်ဖောက်ပြန်တာဘဲ (မှန်လှပါဘုရား)၊ “လုဇ္ဇနပလုဇ္ဇနဋ္ဌေန လောကော” ဆိုသောကြောင့် ခဏခဏ ဖြစ်လိုက် ပျက်လိုက် ဖြစ်နေတာဘဲ (မှန်ပါ့)။

အဲဒီတော့ ဒါတွေသည် ဘုန်းကြီးတို့ ဒကာ ဒကာမ တွေက စောင့်ပြီးသကာလ၊ ဘုရားရှေ့မှာ ထိုင်ထိုင် အိပ်ရာ ထဲမှာထိုင်ထိုင် မထိုင်ချင်ပက်လက်ပဲနေနေ၊ နေချင်သလိုနေ ပါ၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဘယ်လိုနေရမယ်လို့ မဆိုပါဘူး (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် ဘယ်လိုနေရမယ်လို့မဆိုဘူး ဆိုရသလဲဆိုတော့ ဦးခင်မောင်တို့က သတိထားမိ ပါလိမ့် မယ်နော် “သယာနောဝါ သယာနောမှီတိ ပဇာနာတိ” ဆိုတော့ အို အိပ်ပြန်လည်း၊ အိပ်ရင်းရှုကွ လို့ပြောတာ (မှန်ပါ့)။

လမ်းသွားပြန်လည်း သွားရင်းရှု

ဂစ္ဆန္တာဝါ ဂစ္ဆာမီ တိပဇာနာတိ ဆိုတော့ သွားပြန်လည်း သွားရင်း ရှုရတာပဲ (မှန်ပါ့)၊ မပြောဘူးလား (ပြောပါ တယ်ဘုရား)။

ဒကာ ဒကာမတွေက ဝိပဿနာဆိုတာ အပါးမဝခင် က ထိုင်တာ (မှန်ပါ့) နောင် အသား ရလာတဲ့ အခါ ကျတော့ ဖြင့် အဲဒါဘာမှ မလိုတော့ဘူး သိတဲ့အချိန်မှာ သူက ပြောတဲ့ အချိန်မှာ ဝိပဿနာ ဆိုပြီး မှတ်လိုက် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။

အမြဲတမ်းဖောက်ပြန်နေတဲ့ခန္ဓာကြီး

ခန္ဓာက ပြောတဲ့အချိန်မှာ ဝိပဿနာ (မှန်ပါ့) ခန္ဓာ ဆိုတာလည်း ဒကာ ဒကာမတို့ ဘယ်အချိန် မပြောဘူး လို့ ဘယ်တော့မှ မယူနဲ့ အမြဲတမ်း ဖောက်ပြန် ပျက်စီးတဲ့ ခန္ဓာကြီး ဖြစ်နေတော့ စားလည်း ဖောက်ပြန် သွားလည်း ဖောက်ပြန် အိပ်လည်း ဖောက်ပြန်၊ စောင်း နေလည်း ဖောက်ပြန်တာပဲ ထမင်းစားနေလည်း ဖောက်ပြန်တာပဲ၊ ဆေးလိပ် သောက်နေ လည်း ဖောက်ပြန် နေတာပဲ။

အဲဒါကို ဒကာ ဒကာမတွေ သေသေချာချာ စောင့်ပြီး ကြည့်နေလို့ရှိရင်ဖြင့် သြော် ဝိပဿနာ ဆိုတဲ့ဥစ္စာ သည် ကြည့်ရမယ်ဆိုတာက စောင့်ပြီး ကြည့်ရမယ်ဆိုတဲ့ သဘောကို ဆိုတာလို့ မှတ်လိုက်စမ်းပါ (မှန်လှပါဘုရား)။

ဝိပဿနာဆိုတဲ့ ဥစ္စာသည် ဒကာ ဒကာမတို့ ခန္ဓာ ကိုယ် ဖြစ်စဉ်ကိုစောင့်ကြည့်နေတဲ့ သဘော၊ ဘာခေါ်ကြမယ် (ဝိပဿနာပါဘုရား) ဝိပဿနာဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သေသေချာချာမှတ်ထားတော့ ဒါကြောင့် နိဗ္ဗာန် ဆိုတာ ဝိပဿနာဆုံးရင် နိဗ္ဗာန်ရောက်တာပါပဲ။ (မှန်ပါ့ ဘုရား)။

အိပ်ရင်းလည်း နိဗ္ဗာန်ရောက်နိုင်တယ်

အဲဒီတော့ ထိုင်ရင်းလည်း နိဗ္ဗာန်ရောက်နိုင်တယ်၊ အိပ်ရင်းလည်း နိဗ္ဗာန်ရောက်နိုင်တယ်၊ ထမင်းချက်ရင်းလည်း နိဗ္ဗာန်ရောက်နိုင်တယ်၊ လည်ပင်း ဓါးလှီး တာတောင်မှ နိဗ္ဗာန် ရောက်နိုင်တယ်၊ ကျိုးတာ ပဲ့တာလည်း (ရောက်နိုင်ပါတယ်)။

ဦးဘတင်တို့ သေသေချာချာစဉ်းစားကြည့်တော့မှ ဪ ခန္ဓာကပြောတဲ့ အချိန်ကြည့်ပြီး၊ သိတဲ့အချိန်မှာ ဉာဏ်သက်ရောက်ပြီး သကာလ ဒီခန္ဓာမလိုချင်လို့ ဆုံးတဲ့ အချိန်မှာဖြင့် အိပ်ရင်းဆုံးတော့ အိပ်ရင်းနိဗ္ဗာန်ရတာပဲ (မှန်ပါ့ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဝိပဿနာဆိုတာ ဘယ် အဓိပ္ပါယ်ပါလိမ့်ဆိုတာ ယနေ့ရှင်းပလား (ရှင်းပါပြီ ဘုရား) စောင့်ကြည့်ရမည့် အဓိပ္ပါယ်ကိုး (မှန်ပါ့) သဘော ကြပလား (ကျပါပြီ)။

သွားရင်းလည်း စောင့်ကြည့်နေ

ဝိပဿနာဆိုတာ ဘယ်လိုလုပ်ကြရမလဲ (စောင့်ကြည့်ရမယ်ဘုရား) အိပ်နေလည်း စောင့်ပြီးကြည့်နေ၊ ရပ်နေ လည်း စောင့်ပြီးကြည့်နေ သွားရင်လည်း စောင့်ကြည့်ရင် ကြည့်လိုက် သူဘာလုပ်နေတယ် ဆိုတော့ ဖောက်ပြန်နေ တယ်ဆို တာဟာ ဦးခင်မောင် ကြည့်ပေးပါနော် (မှန်လှပါဘုရား)။

ထိုကဲ့သို့ စောင့်ပြီး ကြည့်ပေးတော့၊ လောကီ ဥပမာ ပြောကြစို့ ဆိုတော့ မျောက်ဟာ အငြိမ်မနေဘူးဆိုတာ လူတိုင်းသိတယ် (မှန်ပါ့) မျောက်ဟာဘာတဲ့လဲ (အငြိမ် မနေပါဘုရား) အငြိမ် မနေတာကို မျောက်ရှင် လုပ်တဲ့ ပုဂ္ဂိုလ်က ကြည့်နေလို့ရှိရင်ဖြင့် တော်ကြာ ခုန်ပြန်ပြီ၊ တော်ကြာ ဆော့ ပြန်ပြီ၊ တော်ကြာ သစ်ပင် တက်ပြန်ပြီ၊ တော်ကြာ ဂျွမ်းထိုး ချပြန်ပြီ (မှန်ပါ့) ဦးခင်မောင် အမျိုးမျိုး မြင်ရတယ် (မှန်ပါ့)။

မျောက်သဘောကဖြင့် အငြိမ်နေတဲ့ သဘောပါရဲ့ လား (မပါပါဘုရား) မပါတော့ မျောက်ရှင်လုပ်တဲ့ ပုဂ္ဂိုလ်က စောင့်ကြည့်နေလို့ရှိရင် မျောက်၏ ဆော့ပုံတွေ မျောက်၏ ဖောက်ပြန်ပုံတွေ မျောက်၏ အငြိမ် မနေပုံတွေ မမြင်ရပေဘူး လား (မြင်ရပါတယ်ဘုရား)။

ခန္ဓာကိုယ်ကိုမျောက်ဥပမာထားပါ

ဒီမှာလည်း ခန္ဓာကိုယ်ကို မျောက်ဥပမာထားပြီး၊ ယောဂီပုဂ္ဂိုလ်က မျောက်ရှင်ဥပမာနဲ့ အလားတူစွာ ကြည့်နေ ပြီဆိုမှဖြင့် ခန္ဓာ၏သဘော ဗောလောကြီးပေါ်လာ လိမ့်မယ် ဆိုတာ သေသေချာချာ မှတ်ပါ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီကဲ့သို့ ခန္ဓာ၏သဘော ဗောလောကြီး ပေါ်လာပြီ ဆိုမှဖြင့် သြော် ဖောက်ပြန်ပြန်ပြီ ပျက်စီးနေပြီ၊ အစားထိုး လာပြန်ပြီ၊ သြော် ပျက်စီးသွားပြန်ပြီ၊ သြော် အစားထိုး လာပြန်ပြီ ဆိုတော့ သူ့မှာ ဒီနှစ်ခုပဲရှိတယ်။ ဦးခင်မောင်ရေ (မှန်ပါ့)။

အရင်ဖြစ်တာက ပျက်စီးတယ်၊ နောက်အစားထိုး တာက ပေါ်လာပြန်တယ်၊ ပေါ်လာတာက ပျက်စီးပြန်ရင် နောက်အစားထိုးတာ ပေါ်လာပြန်တယ် ဒါပဲ ရှိတယ်၊ ဒကာ ဒကာမတို့ သဘော ပါပလား (ပါပါပြီဘုရား)။

ပျက်တာနဲ့အစားထိုးတာပဲရှိတယ်

ပျက်စီးတာနဲ့ အစားထိုးတာ ဒီနှစ်ခုပဲရှိတယ်၊ ရုပ်ပျက်ရင် ရုပ်အစားထိုး၊ ဝေဒနာပျက်ရင် (ဝေဒနာအစား ထိုး) သညာပျက်ရင် (သညာအစားထိုး) စေတနာပျက်ရင် (စေတနာအစားထိုး) စိတ်ပျက်သွားရင် (စိတ်အစားထိုး)

အင်း ဦးခင်မောင် ပျက်တာရယ် အစားထိုးတာ ရယ် တစ်ကိုယ်လုံးမှာ ဖောက်ပြန် ပျက်စီးဆိုတာ ဒီနှစ်ခု ပြောနေတာ (မှန်ပါ့ဘုရား) ဒါလိုရင်းဆိုတာ မှတ်လိုက် စမ်းပါ၊ ဒကာ ဒကာမတို့ ပျက်တာရယ်၊ အစားထိုးတာရယ် ဒါပဲရှိတယ်၊ (မှန်ပါ့ဘုရား) ခန္ဓာကိုယ်မှာ ဘယ်လိုများရှိပါ လိမ့် (ပျက်တာရယ် အစားထိုး တာရယ် ဒါပဲ ရှိပါတယ် ဘုရား)။

အင်း-ပျက်တာ အနိစ္စ၊ အစားထိုးတာ သင်္ခါရလို့ မှတ်လိုက် (မှန်ပါ့) ပျက်တာက အနိစ္စ အစားထိုးတာက (သင်္ခါရပါဘုရား) ဒီနှစ်ခုပဲရှိကြတဲ့ဥစ္စာ၊ ဒါခန္ဓာ ကပြောနေတာ ဦးခင်မောင်ရ၊ အဲဒါသူများက ပြောနေတာမှ မဟုတ်ဘဲ (မှန်ပါ့)။

သူက ဘယ်လိုပြောသလဲဆိုတော့ အနိစ္စ တစ်ချက်၊ သင်္ခါရတစ်ချက်၊ အနိစ္စတစ်ချက် သင်္ခါရတစ်ချက် ဒါပဲပြော နေတာ ဒါပဲပြောနေတော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စောင့်ကြည့် နေတဲ့ ပုဂ္ဂိုလ်က၊ မျောက်ကို စောင့် ကြည့်နေတော့ မျောက်၏ ဖြစ်စဉ် အကုန် မြင်ရသလို၊ ခန္ဓာ ၏ဖြစ်စဉ် အလုံးစုံ အကုန်မြင်ရတယ် (မှန်လှပါဘုရား)။

ခန္ဓာ၏ ဖြစ်စဉ် အလုံးစုံ အကုန် မြင်ရတော့ကို ဒကာ ဒကာမတို့ သိတဲ့အတိုင်း ခန္ဓာက သူ့ဖြစ်စဉ်က အနိစ္စနဲ့ သင်္ခါရ ဖြစ်နေတယ် သူ့ဖြစ်စဉ်က ဘာတဲ့ (အနိစ္စနဲ့ သင်္ခါရပါဘုရား) အနိစ္စ ဆိုတာ ပျက်စီးသွားတာ (မှန်ပါ့) သင်္ခါရ ဆိုတာ ပျက်တဲ့ နေရာ အစားထိုးတာ (မှန်ပါ့)။

ပျက်တာအနိစ္စ၊ အစားထိုးတာသင်္ခါရ

အစားထိုးတာ သင်္ခါရ၊ ပျက်စီးသွားတာ(အနိစ္စ) ဒါဖြင့် “အနိစ္စာ ဝတ သင်္ခါရာ” ဆိုတာ ကိုက် သွားတယ်(မှန်ပါ့)။ ဦးခင်မောင် ကိုက်ပြီလား (ကိုက်ပါတယ်ဘုရား)။

ပျက်သွားတာ ဘာခေါ်ကြမယ် (အနိစ္စပါဘုရား) စောင့်ကြည့်နော် အစားထိုးတာ ဘယ့်နှယ် ခေါ်ကြမယ် (သင်္ခါရပါ ဘုရား) ဒါဖြင့် “အနိစ္စာ ဝတ သင်္ခါရာ” ဆိုတော့ သြော် သင်္ခါရနဲ့ အနိစ္စသာ ရှိပါလား ဘယ်မလဲ ယောက်ျား မိန်းမ ပုဂ္ဂိုလ်သတ္တဝါဆိုတာ မပါဘူးဆိုတဲ့ အဓိပ္ပါယ်က ဒီလိုစောင့် ကြည့်တဲ့ ပုဂ္ဂိုလ်မှာ သက္ကာယဒိဋ္ဌိ အထူးတောင် ဖြုတ်စရာ မလို တော့ဘူး (မှန်ပါ့ဘုရား) လိုသေးသလား (မလိုပါဘုရား)။

ဘယ်တော့နိဗ္ဗာန် ရောက်ပါ့မလဲ

အဲဒီမှာ အဖိုးတန်ပြီး သကာလ၊ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ့သွားသောကြောင့်၊ သြော်- ဝိပဿနာ ဆိုတာ ဘယ်လိုများ လုပ်ရပါလိမ့်မတုန်း ကျုပ်တို့ဖြင့် ဆရာကောင်း သမား ကောင်းနဲ့ မတွေ့သေးတော့ ဝိပဿနာ သဘော ဘယ်လိုများ ရှုကြမှတ်ကြပြီး သကာလ၊ ဘယ်တော့ များမှ နိဗ္ဗာန် ရောက်ပါ့မလဲ ဆိုတော့၊ အို ဒကာ ဒကာမတို့ ခန္ဓာ ငါးပါး မျောက် ဥပမာ ထားပါ၊ ယောဂီ ပုဂ္ဂိုလ် ဉာဏ်က မျောက်ရှင် ဥပမာ ထားပြီး နောက် ဘယ်လို ဖြစ်နေတယ် ဆိုတာ သိလို့ ရှိရင် ပြီးတာပါဘဲ (မှန်ပါ့ဘုရား)။

အဲဒါ-ဝိပဿနာ အလုပ်ပါပဲဆိုတဲ့ ဥစ္စာ ကိုင်း မျောက်က ဘယ်လိုများ ပြသလဲ ဆိုတော့ ပျက်ပြလိုက် အစားထိုးပြလိုက် ပျက်ပြလိုက် (အစားထိုးပြလိုက်) – ပျက်တာဘာခေါ်ကြမလဲ (အနိစ္စပါဘုရား) အစား ထိုးတာက (သင်္ခါရပါဘုရား) အင်း ရုပ်ပျက်ရင် ရုပ်အစားထိုးတယ်၊ နာမ်ပျက်ရင် (နာမ် အစားထိုး ပါတယ် ဘုရား)။

ဒါဖြင့် ဦးခင်မောင်ရ ပျက်တာက အနိစ္စ၊ အစားထိုး တာက သင်္ခါရ သဘောကျပလား (ကျပါပြီဘုရား) ဒါဖြင့် အနိစ္စနဲ့ သင်္ခါရပဲ ရှိတယ်၊ ဒကာ ဒကာမတို့ (မှန်ပါ့) ခန္ဓာမှာ ဘာရှိပါလိမ့် (အနိစ္စနဲ့ သင်္ခါရပဲ ရှိပါတယ် ဘုရား)

အစားထိုးတာက အကြောင်းလေးပါး နှင့် အာရုံ ဒွါရ

အနိစ္စဆိုတာလည်း ငါ၊ ငါ့ဥစ္စာမဟုတ်ပါဘူး၊ သင်္ခါ ရ အစားထိုး တာလည်း ငါ၊ ငါ့ဥစ္စာ မဟုတ်ပါဘူး၊ မနေ့က ပြောတဲ့ အကြောင်း လေးပါးတွေက အစားထိုး၊ အာရုံ ဒွါရတွေက အစားထိုး ရှင်းပလား (ရှင်းပါပြီ) အဲဒါတွေက အစား ထိုးတာ (မှန်လှပါဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ ဝိပဿနာဖြင့် အလွယ် နည်းနဲ့ ရှင်သာရိပုတ္တရာ ဉာဏ်ကျယ်တဲ့ ပုဂ္ဂိုလ်က သေသေ ချာချာ ဟောသောကြောင့် ကာယ မိမံ သမ္မသထ တဲ့ သူ့ကိုယ်တိုင် ရွတ်တာနော် ဣမံကာယံ – ဤခန္ဓာငါးပါး ကြီးကို သမ္မသထ- မင်းတို့စောင့်ပြီး သုံးသပ်ကြကွ စောင့်ပြီး သုံးသပ်ကြည့်ပါလို့ ပြောပြန်တယ်နော်။

မဂ္ဂသစ္စာက ဘာဝေတဗ္ဗကိစ္စ

ကာယမိမံ(ကာယံ ဣမံ) သမ္မသထ၊ ပရိဇာနာထ၊ ပုနပ္ပုနံ၊

ကာယေသဘာဝံ ဒိသွာန၊ ဒုက္ခဿန္တံ ကရိဿထ။

ပုနပ္ပုနံ – ခဏခဏ မင်းတို့အဖန်ဖန်လေးတော့ ကြည့်ပေးပါကွာတဲ့၊ ဘာ့ကြောင့် ဟောရပါလိမ့်မလဲဆိုတော့ မဂ္ဂသစ္စာက ဘာဝေတဗ္ဗကိစ္စလို့ သူဟောရှာတာ (မှန်ပါ့ ဘုရား)။

ဣမံကာယံ-ဤခန္ဓာငါးပါး ရုပ်နာမ်တရားကို သမ္မသထ- စောင့်ပြီး ကြည့်စမ်းပါကွာ၊ ဦးခင်မောင် ဘယ်လို ကြည့်ရမလဲ (စောင့်ကြည့်ရမယ်ဘုရား) စောင့်ကြည့် ရမယ်တဲ့ ဒကာ ဒကာမတွေ သတိထားစမ်းပါတဲ့ ခန္ဓာကိုယ် ကြီး ဘယ်လိုလုပ်ကြည့်ရမယ် (စောင့်ကြည့် ရမယ် ဘုရား)။

ရှင်သာရိပုတ္တရာ၏အလွယ်နည်း

“ပရိဇာနာထ ပုနပ္ပနံ” – ပုနပ္ပုနံ – အဖန်တလဲလဲ၊ ပရိဇာနာထ – စောင့်ကြည့်ရမှာ ခဏလေးစောင့်ပြီး တော်ပြီလို့ မလုပ်ပါနဲ့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) အဖန်ဖန် စောင့်ကြည့်ပေးစမ်းပါလို့ ဦးခင်မောင် ရှင်သာရိပုတ္တရာက ဟောတယ်နော်(မှန်ပါ့ဘုရား)။

အဲဒီလို ဟောတဲ့အခါကျတော့ “ကာယေသဘာဝံ ဒိသွာန”တဲ့ ခန္ဓာငါးပါး၏ သဘောကြီး မင်းတို့သိလာပါလိမ့် မယ်တဲ့၊ မသိပေဘူးလား (သိပါတယ်ဘုရား) ဘယ်လို သိလာမလဲဆိုတော့ ပျက်တာရယ်၊ အစားထိုးတာရယ်၊ ဒါပဲ ရှိပေတယ်လို့ သိလာပါလိမ့်မယ်တဲ့(မှန်ပါ့)။

ဘယ်ခန္ဓာက ပြောပါသတုံး

ပျက်တာရယ် (အစားထိုးတာရယ်) ဒါပဲရှိတယ်။ ခန္ဓာသဘောဟာ ဒါပဲရှိတယ်ဆိုတာ ခန္ဓာက ပြောလာတာ၊ ဘယ်သူက ပြောပါလိမ့် (ခန္ဓာကပြောတာပါ) ခန္ဓာက ပြောတော့ ဘယ်ခန္ဓာက ပြောပါသတုံးလို့ မေးတဲ့အခါကျ တော့ ရူပက္ခန္ဓာကလည်း ပြောမှာပဲ ဝေဒနာက္ခန္ဓာ ကလည်း ပြောမှာပဲ၊ အေး မပြောတာ တစ်ခုမှမပါဘူး သဘော ကျပလား (ကျပါပြီ)။

ခန္ဓာကလည်း ပြောမှာပဲ အာယတနဆိုတော့ အာယတနကလည်း ပြောတယ်ဆိုရမှာပဲ သဘော ကျပလား (ကျပါပြီ) ဒီခန္ဓာတွေက ပြောတယ် ဆိုလို့ရှိရင် ဓါတ်လေးပါးက ပြောတယ် ဆိုရမှာဘဲ (တင်ပါ့ဘုရား)။

ဒီလိုလည်း မပြောချင်ပါဘူးဘုရား အနိစ္စနဲ့ သင်္ခါရရှိ တာနဲ့ တပည့်တော်ဖြင့် ဝေဒနာလည်း မမှတ်ဘူး၊ သညာလည်း မမှတ်ဘူး၊ ပျက်တာလေးရယ် အစားထိုး တာလေးရယ်၊ ဒါလေးတွေ ကြည့်နေမယ် ဆိုလည်း ဦးခင်မောင် ပြီးတာပဲ (မှန်ပါ့)။

ဒကာ ဒကာမတွေ ကျေကျေနပ်နပ် သဘော ကျအောင် ပြောနေတယ်နော် (မှန်ပါ့) ကာယေ သဘာဝံ ဝိဒိတွာန၊ ကာယေ – ခန္ဓာငါးပါးဆိုတဲ့ ကာယတရား၌၊ သဘာဝံ – သဘောကို၊ ဝိဒိတွာန – အဖန်ဖန်ပြု၍ ကြည့်သည်ရှိသော်၊ ဒုက္ခဿ – ဒုက္ခ၏၊ အန္တံ- အဆုံးကို၊ ကရိဿတိ – မင်းတို့ ရောက်ပါလိမ့်မယ် (ဝါ) နိဗ္ဗာန် ရောက်မယ်။

ခန္ဓာသဘောသိရင်နိဗ္ဗာန်ရောက်မယ်

ဒါ ဦးခင်မောင် အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်ပေါ့နော်၊ ခန္ဓာ သဘောသိ၊ နိဗ္ဗာန်ရောက်မယ်၊ တိုတိုပဲ ဟောလိုက်မယ် (မှန်ပါ့) ဒကာ ဒကာမတို့ ဘယ်လိုဟောပါလိမ့် (ခန္ဓာသဘော သိ နိဗ္ဗာန် ရောက်မှာပါဘုရား) ခန္ဓာ သဘော သိရင် နိဗ္ဗာန် ရောက်မယ် (မှန်လှပါဘုရား)။

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဘယ်လိုကြောင့် ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကြီး မရောက် ကြပါလိမ့်မလဲဆိုတော့ အို ကိုယ့်ခန္ဓာအကြောင်း ကို ကိုယ်မသိကြလို့ (မှန်လှပါ ဘုရား)၊ ဘယ့်နှယ်ကြောင့် မရောက်ကြပါလိမ့် (ကိုယ့်ခန္ဓာ အကြောင်းကိုယ်မသိကြလို့)။

မိစ္ဆာဒိဋ္ဌိနဲ့ သိနေတာ

ဘာသိမလဲတဲ့၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်ခန္ဓာ အကြောင်း ကိုယ်မသိဘူးတဲ့ သိပြန်တော့ လည်းတဲ့ သမ္မာဒိဋ္ဌိနဲ့က မသိ မိစ္ဆာဒိဋ္ဌိနဲ့ သိနေတာ သမ္မာဒိဋ္ဌိနဲ့က (မသိပါ) မိစ္ဆာဒိဋ္ဌိနဲ့ ကျတော့ (သိနေတယ် ဘုရား)။

ငါ့ကိုယ်ငါ့ဟာ အဖြစ်နဲ့တော့ သိနေတယ်၊ ငါ့ကိုယ် ငါဟာ မဟုတ်ဘူးဆိုတဲ့ အသိမျိုး ကျတော့ (မသိပါ ဘုရား)။

သြော် ဒါဖြင့် ဒကာ ဒကာမတို့ စောင့်လည်း မကြည့် အသိကလည်း လွဲပြန်၊ မရှိတာ သိပြီး သကာလ နေပြန်တော့၊ ဒါကြောင့် သံသရာရှည်သကိုး၊ ဆိုတဲ့ဥစ္စာဖြင့် ပေါ်လာ ပြန်ပြီ (မှန်လှပါ) မပေါ်လာဘူးလား (ပေါ်လာပါ တယ်ဘုရား)။

ကြပ်ကြပ်သတိထား နားထောင်ကြပါ ဒကာ ဒကာမ တို့ တရားမများသေးပါဘူး (မှန်ပါ့) ဒီခန္ဓာကြီးကို စောင့်ကြည့် လို့ရှိရင် ခန္ဓာကပြောပါလိမ့်မယ် ပြောရင်ခင်ဗျားတို့ကို အနိစ္စ နဲ့ သင်္ခါရချည့်ပဲ သူပြောပါမယ် (မှန်ပါ့)။

ခန္ဓာက ဘယ်လိုပြောမယ်

ခန္ဓာက ဘယ်လိုပြောမယ် (အနိစ္စနဲ့ သင်္ခါရချည့် ပြောပါမယ်) ခန္ဓာက ဒါပဲ ပြောစရာ ရှိတယ်၊ ဝေဒနာပေါ်လာ ရင်လည်း ဝေဒနာက ဝေဒနာပါလို့ သူမပြောတော့ဘူး၊ ပထမတော့ ဝေဒနာပဲ နောက်ကျတော့ သူသည် ပျက်စီးသွား ပါပြီ။ နောက်တစ်ခါ အစားထိုး လာပြန်တော့ ဝေဒနာတစ်မျိုး ပေါ်လာပြန်ပါတယ်၊ ဒါဖြင့် ဝေဒနာပျက် ဝေဒနာ အစားထိုး တာတွေ မြင်အောင် ကြည့် (မှန်လှပါဘုရား)။

စိတ်ပျက်ပြီ စိတ် အစားထိုးတာကို (မြင်အောင် ကြည့် ရမှာပါ ဘုရား)၊ ရုပ်ပျက်ပြီး ရုပ်အစားထိုး တာကို (မြင်အောင် ကြည့်ရပါမယ်ဘုရား) မြင်အောင် ကြည့်တဲ့ အခါကျတော့

ကာယေ သဘာဝံ ဝိဒိတွာန တဲ့၊ ကာယေ-ကိုယ့်သဘော၌ ကာယေ သဘာဝံ-ကိုယ်၏ သဘောကို (ဝါ) ကိုယ်၌ရှိတဲ့ သဘောကို၊ ဝိဒိတွာန-သြော် အနိစ္စနဲ့ သင်္ခါရသာ ရှိတယ်လို့ သိခြင်း ကြောင့်၊ ဒုက္ခဿ- ဒုက္ခ၏၊ အန္တံ -အဆုံး ဖြစ်သော နိဗ္ဗာန်ကို၊ ကရိဿတိ – သစ္ဆိကရိဿတိ- မင်းတို့ သေသေချာချာ မြင်ပါလိမ့်မယ်ကွာ။

သူ့သဘောသိရင် နိဗ္ဗာန်သိတယ်

သူ့သဘောသိရင် နိဗ္ဗာန် သိတယ်မှတ်၊ သူ့သဘောသိ ရင် (နိဗ္ဗာန် သိပါတယ် ဘုရား) အဲဒီတော့ ဉာဏ်ကျယ်တဲ့ ပုဂ္ဂိုလ်က ဦးဘတင် ခပ်ကျဉ်းကျဉ်း ဟောလိုက် တယ်နော်၊ ကျုပ်တို့က ဒီအထဲမှာ ဉာဏ်ကလေး နည်းနည်း ထည့်ရအောင် (မှန်ပါ့)။

သူ့သဘောသိရင် မုန်းလာမယ်၊ မုန်းတဲ့ အခါကျတော့ မလိုချင်တဲ့ ဉာဏ် လာလိမ့်မယ်၊ ဦးခင်မောင် ဒါတွေက လာလိမ့်မယ်၊ ဒီလိုလာမှ သာလျှင် ဆုံးသွားလိမ့်မယ် မဟုတ် လား။

ပေါ်ရာကိုသာလိုက်လိုက်ပါ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာရှုနည်း ကို ခန္ဓာငါးပါးကို ဘယ်ဟာရယ်လို့ မဟုတ်ဘူး၊ ထိုင်သာ ကြည့်နေပြီး၊ ပေါ်ရာကိုသာလိုက်လိုက်ပါတော့ (မှန်ပါ့) ယားရင်ယားတဲ့ နေရာ လိုက်ပေါ့ဗျာ (မှန်ပါ့) ယားတဲ့နေရာမှာ ဒါကလေးဟာ အခုမှပေါ်တာ ဟာပျောက်သွားတာပဲ၊ အခုမှ ပေါ်တာသည် ဒကာ ဒကာမတို့ သင်္ခါရပျောက်သွားတာသည် အနိစ္စ အခု ပေါ်လာ ပြန်ပြီ (သင်္ခါရ) ဦးခင်မောင် ကျေနပ် ပလား (ကျေနပ်ပါပြီ)။

စောင့်ကြည့်ရင် ဒီနှစ်ခုမှ တစ်ပါးလည်း ဒကာ ဒကာမ တို့ ရှုစရာ မရှိပါဘူး၊ ဒီနှစ်ခုပဲ ရှိတယ် ကျေနပ်ပလား (ကျေနပ်ပါပြီဘုရား) ဦးခင်မောင် ဒါအင်မတန် စိပ်တယ်နော် တကယ်ဆို ဝိပဿနာ မရှုတတ်ဘူး ဆိုတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မရှိရအောင်လို့ ဘုရားရှေ့မှာ ထိုင်ထိုင်၊ အိပ်ရာ မှာပဲ ထိုင်ထိုင်၊ ထိုင်ချင်တဲ့ နေရာမှာထိုင်၊ ရပ်ချင်တဲ့ နေရာမှာ ရပ်ပြီး ခန္ဓာကိုယ်၏ သဘောကိုသာ စောင့်ကြည့် စောင့်ကြည့် နေလို့ရှိရင် ပျက်ပြီလို့လည်း ပြောမှာပဲ၊ အစားထိုး ပြန်ပြီလို့ လည်း (ပြောမှာပဲ)။

ပျက်ပြီလို့လည်း ပြောမှာပဲ့ အစားထိုးပြီလို့ကော (ပြောပါတယ်) ဘယ်သူက ပြောသလဲ ခန္ဓာက ပြောတယ် ဘယ့်နှယ်ကြောင့် ဒီခန္ဓာကြီးက ပြောမှန်း သိပါ သလဲဆိုတာ စောင့်ကြည့် နေလို့ (မှန်ပါ့ဘုရား)။ စောင့်ကြည့် နေလို့ရှိရင် ပျက်ပြီလို့လည်း ပြောမှာပဲ၊ အစားထိုး ပြန်ပြီလို့ လည်း (ပြောမှာပဲ) ပျက်ပြီလို့လည်း (ပြောမှာပဲ) အစားထိုးတယ်လို့ကော (ပြောမှာပါပဲ) ဘယ်သူ က ပြောသလဲ (ခန္ဓာက ပြောပါတယ်) ဘယ့်နှယ် ကြောင့် ဒီခန္ဓာကြီးက ပြောမှန်း သိပါသလဲ ဆိုတော့ စောင့်ကြည့်နေလို့ သဘောကျပလား (ကျပါပြီဘုရား)။

ယောက်ျားမိန်းမ ရှာမတွေ့ဘူး

ဪ ဒီဒကာ ဒကာမတွေကို ခန္ဓာကပြောလို့ ရှိရင် ဪ-သူမျာ ပြော မဟုတ်ဘူးပေါ့ ဆိုပြီး သကာလ အနိစ္စနဲ့ သင်္ခါရသာ ရှိသကွ၊ ယောက်ျား မိန်းမ ရှာမတွေ့ဘူးကွ ဆိုတော့ ဒိဋ္ဌိက လည်း ခန္ဓာက ပြောတော့ ပြုတ်ထွက်သွား တယ်၊ အဲဒီမှာ ခန္ဓာက ပြောတော့ ဘယ်နှယ့်လည်း (ပြုတ်ထွက် သွားပါတယ် ဘုရား)။

အားလုံး ဒကာ ဒကာမတွေ ခန္ဓာက ပြောလိုက်တာ၊ မပြုတ်ပါနဲ့ဆိုလို့ (မရပါဘုရား) မရဘူး၊ ဘယ်နှယ့် များ ဖြစ်နေပါလိမ့်မလဲ ဆိုတဲ့ ဝိစိကိစ္ဆာလည်း မလာဘူး ပျက်ရင် အစားထိုး တာပဲ ရှိတယ်၊ သဘောကျပလား (ကျပါပြီဘုရား) ပျက်ရင် အစားထိုးပါတယ်။

အစားထိုးတာ သင်္ခါရ

အစားထိုးတာပဲ ရှိတော့ ဒကာ ဒကာမတွေ ပျက်တာ က အနိစ္စ၊ အစားထိုးတာက သင်္ခါရ၊ သဘောကျပလား (ကျပါပြီ) အဲဒီ အစားထိုးတာလေး ပျက်သွားတော့ (အနိစ္စပါဘုရား) အနိစ္စ ဖြစ်သွားပြန်ရော ဆိုတော့ ဒကာ ဒကာမတို့ နောက်အစားထိုး တာကလေး လာပြန်တော့ ဘာခေါ်ကြမယ် (သင်္ခါရပါ ဘုရား) အင်း အဲဒီ သင်္ခါရလေးဟာ ဘယ်လမ်းဆုံးပြန်သတုံး (အနိစ္စလမ်း ဆုံးပါတယ် ဘုရား)။

ပျက်စီးသွားတာအနိစ္စ

ဒကာ ဒကာမတွေက ဉာဏ်နဲ့စောင့်ပြီး၊ အစားထိုး တာ ကြည့်လိုက် ပျက်စီးသွားတာ အနိစ္စကြည့်လိုက် ထိုကဲ့သို့ ကြည့်တဲ့အခါကျတော့ အဲဒီနောက်ဆုံးပိတ် အနိစ္စဟာ အခု ဒီတပတ် ဆုံးသွား ပြီးနောက် အနိစ္စကို ရှာမတွေ့တော့ဘူး ဆုံးတဲ့ဆီရောက်လိမ့်မယ် (မှန်ပါ့)။

ဒီအနိစ္စတွေ့တွေ့နေတာ၊ ပျက်သွားတာ ဘာခေါ် ကြမယ် (အနိစ္စပါဘုရား) နောက်ကျ တော့ အစားထိုး တာလည်း မလာ ဦးဘတင်ရေ ပျက်သွားတာလည်းမလာ၊ အဲဒီကဲ့သို့ အစားထိုး တာလည်းမလာ၊ ပျက်သွား တာလည်း မလာတော့ကို “တေသံ ဝူပသမော သုခေါ” ဖြစ်တယ် (မှန်ပါ့)။

ဖြစ်ခြင်းပျက်ခြင်းမရှိတာ နိဗ္ဗာန်

တေသံ- ထိုအစားထိုးသော တရားတို့၏ (ဝါ) ပျက်တတ်သော တရားတို့၏၊ ဝူပသမော-နှစ်ခု မရှိခြင်းသည် သုခေါ- နိဗ္ဗာန်ပဲကွ (မှန်ပါ့) ခန္ဓာကိုယ် စောင့်ကြည့်တာနဲ့ ပေါ် လာတယ် ခန္ဓာကိုယ် စောင့်ကြည့်တာနဲ့ ဘာပေါ်လာသလဲ (နိဗ္ဗာန် ပေါ်လာပါတယ်) ဦးခင်မောင် ပေါ်ပလား (ပေါ်ပါပြီ)။

စောင့်မကြည့်တဲ့ ပုဂ္ဂိုလ်မှာဖြင့် ဒီနှစ်ခုမတွေ့သော ကြောင့် ဒီနှစ်ခုအဆုံးကို ဘယ်နည်းနဲ့မှာ ရှာမတွေ့ပါဘူး၊ ဒီနှစ်ခုကိုတွေ့ရင်ဖြင့် ဒီနှစ်ခုအဆုံးကို ဘယ်နည်းနဲ့ မဆို တွေ့မှာပဲ (မှန်ပါ့) မရှုတဲ့ ပုဂ္ဂိုလ်ဟာ အစလည်း မတွေ့ဘူး အဆုံးလည်း မတွေ့ဘူး၊ ရှုကြည့်တဲ့ ပုဂ္ဂိုလ်သည် အစလည်း တွေ့မှာဘဲ၊ အဆုံးလည်း တွေ့မှာဘဲ (မှန်လှပါဘုရား)။

ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ တကယ် ရှိတာဖြင့် ဘယ်နှစ်ခု သာ ရှိပါလိမ့် (နှစ်ခုသာ ရှိပါတယ်) သင်္ခါရနဲ့ အနိစ္စပဲ ရှိတယ်၊ သင်္ခါရနဲ့ ဘာပါလိမ့် (အနိစ္စပါဘုရား) အဲဒီ သင်္ခါရနဲ့ အနိစ္စကို ဒကာ ဒကာမတို့က လိုက်နိုင်သမျှ လိုက်ပေး လိုက်ပါ။

ခန္ဓာ မရှိတာတွေ့ပြီ

အင်း- သင်္ခါရတွေ့ပြီ တစ်ချက် အနိစ္စတွေ့ပြီ တစ်ချက် ဒါလိုက်ပေးထားပါ အဲဒီနှစ်ခုကိုပဲ ဘုရား တပည့်တော်တို့ဖြင့် လိုက်ရတာလည်း နည်းနည်း ကြာတာနဲ့ သင်္ခါရလည်း မတွေ့တော့ဘူး ဘုရား၊ အနိစ္စလည်း မတွေ့တော့ဘူးဘုရား ဆိုတော့ အင်း ခန္ဓာမှာရှိတာက အနိစ္စနဲ့ သင်္ခါရရှိတာ အခု ခန္ဓာ မရှိတာ သူတွေ့ပြီ (မှန်ပါ့)။

ခန္ဓာ မရှိတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) အဲ- နိဗ္ဗာန်ဆိုတာ ဒကာ ဒကာမတို့က အစအဆုံးမလိုက်လို့ ခင်ဗျားတို့လမ်းလွဲနေကြတာကိုး၊

သြော်-တကယ်တမ်းဆိုရင် အနိစ္စနဲ့ သင်္ခါရပဲရှိတဲ့ ဥစ္စာ၊ အနိစ္စ သင်္ခါရ ဆုံးအောင် လိုက်လိုက်မယ် ဆိုလို့ရှိရင်ဖြင့် အနိစ္စနဲ့ သင်္ခါရလည်းမုန်း၊ အနိစ္စ သင်္ခါရလည်း မလိုချင်လို့ရှိရင် အနိစ္စ သင်္ခါရလည်း ချုပ်ရမယ် (မှန်ပါ့)။

ဒါဖြင့်-အနိစ္စနဲ့ သင်္ခါရ ချုပ်သွား သောကြောင့် နိဗ္ဗာန် သည် ကားလို့ ဆိုလို့ရှိရင်ဖြင့် နိစ္စ နိဗ္ဗာန် ဆိုလိုက် (မှန်ပါ့)။ သင်္ခါရချုပ်သွားတော့ အသင်္ခတနိဗ္ဗာန်လို့ပဲဆိုလိုက် (မှန်ပါ့)။

အသင်္ခတနိဗ္ဗာန်

ဒီနှစ်လုံး သေသေချာချာမှတ်ပါ၊ အနိစ္စချုပ်သွားရင် (နိစ္စနိဗ္ဗာန်ပါဘုရား) သင်္ခတချုပ်သွားရင် (အသင်္ခတ နိဗ္ဗာန်ပါဘုရား) သင်္ခတမလာရင် အသင်္ခတနိဗ္ဗာန် ဖြစ်သွား မယ်။

ဒါဖြင့် အသင်္ခတ နိဗ္ဗာန်ကို ခင်ဗျားတို့ ဒီနှစ်လုံးက နေပြီး လိုက်လိုက်လို့ ရှိရင်ဖြင့်တဲ့ ရှင်သာရိပုတ္တရာက မတွေ့ မရှိပါဘူးကွာတဲ့ သေသေချာချာ ရောက်ပါတယ်၊ ရပါတယ် ဆိုတဲ့ အကြောင်းကို ရဲဝံ့စွာနဲ့ သူကိုယ်တိုင် တက်လာတဲ့ လမ်းဖြစ်လေ သောကြောင့် သူကိုယ်တိုင် တစ်ပါးသော ပုဂ္ဂိုလ် တို့ကို ဒီလမ်းသာ လိုက်လာရင် ဒီအဆုံး တွေ့ရမယ်ကွ ဆိုတာ ကို တာဝန်ခံ ဟောရှာတယ်၊ ရှင်းပလား (ရှင်းပါပြီ) အင်မတန် သဘော ပါတယ်နော် ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။