တရားထိုင်နည်း နိဿရည်း
အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း၊
ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ၊
မိုးကုတ်ဆရာတော်ဘုရားကြီး၊
မင်္ဂလာရိပ်သာကျောင်းတိုက်၌ ဟောကြားဆုံးမတော်မူသော
တရားထိုင်နည်း နိဿရည်း
ဝိပဿနာကအစ ထွက် ဝင်သိတာက
ခန္ဓာကိုယ်ကို စိုက်ပြီး သကာလ ဘုရားရှေ့မှာဖြစ်စေ၊ ကိုယ့်အိပ်ရာပေါ်မှာဖြစ်စေ စိုက်ပြီးကြည့်ပါ၊ မကြည့်မီ ရှေ့အဖို့ကာလမှာ ဘာလုပ်ရမှာလဲလို့ မေးလို့ရှိရင်ဖြင့် လေကလေး ထွက်လာတာလဲသိနေပါ၊ လေကလေးပြန်ဝင်တာလဲ သိနေပါ။
ထိုကဲ့သို့ သိနေတဲ့အခါကျတော့ သိတဲ့စိတ်ကလေးဟာ ဘယ်မှမပြေးတော့ဘူး၊ ထိုကဲ့သို့ သိတဲ့စိတ်ကလေး ဘယ်မှမပြေးတဲ့ အချိန်ကျတော့ ဪ-ထွက်တိုင်းသိ၊ ဝင်တိုင်းသိ၊ ထွက်တိုင်းသိ-ဝင်တိုင်းသိ၊ ဒီ-သိတဲ့စိတ်ကလေး ဘယ်မှမပြေးအောင် ဒကာ၊ ဒကာမတွေက ထိန်းထားပါ (မှန်လှပါ ဘုရား)။
ဝိပဿနာကအစ ခန္ဓာကိုယ်မှာထွက် ဝင်သိတာကလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊ ဝိပဿနာအစ ခန္ဓာကိုယ်မှာ ထွက်တဲ့ လေကလေး၊ ဝင်တဲ့ကလေး သိတာကစပါ (မှန်လှပါ ဘုရား)။
ကောင်းပြီ ဤကဲ့သို့သိပြီးနေလို့ ငါးမိနစ်၊ ဆယ်မိနစ်တိုင်တိုင် မိမိစိတ်ကလေးဟာ ဘယ်မှမပြေးတော့ဘူးလို့ ဒီလိုကိုယ့်ဟာကိုယ် ကိုယ့်စိတ်ကလေးကို ထိန်းလို့ဖြင့်ရပြီဟလို့ ဆိုတော့ ထိန်းလို့ရနေရင်းမတ္တနဲ့ ခန္ဓာကိုယ်ထဲကနေပြီး သကာလ ဟိုကအောင့်သလိုလို ပေါ်လာလိမ့်မယ် (မှန်ပါ)၊
ထွက်သိ-ဝင်သိတဲ့စိတ်ကလေးကို ဖြုတ်ပစ်လိုက်
ဟိုနေရာက ယားသလိုလို ပေါ်ပါလိမ့်မယ်၊ ဟိုနေရာကပဲ စိတ်ကလေးတစ်မျိုးသော်လည်းကောင်း ကြားတဲ့စိတ်ကလေးလဲ ပေါ်လာလိမ့်မယ်၊ ပေါ်လာတဲ့အခါကျတော့ ထွက်သိ-ဝင်သိတဲ့စိတ်ကလေးကို ဖြုတ်ပစ်လိုက် (မှန်ပါ)၊ အောင့်တဲ့ ယားတဲ့နေရာကို လိုက်-လိုက်ပါ (မှန်လှပါ ဘုရား)။
အောင့်တဲ့ ယားတဲ့နေရာကို ဘုန်းကြီးတို့၊ ဒကာ-ဒကာမတွေကလိုက်တော့ ဒီ-အောင့်တာကလေးကလဲ နဂိုက အောင့်တာ မဟုတ်ဘူး၊ အခုမှဖောက်ပြန်ပျက်စီးပြီး ပေါ်လာတာ၊ အခုမှဖောက်ပြန်လာတာ (မှန်ပါ)၊ အဲဒီဖောက်ပြန် လာတာကလေးကို ဉာဏ်ထဲကြည့်လိုက်ပြီဆိုတော့ ပျက်စီးတာလေးတွေ့လိမ့်မယ် (တွေ့ပါတယ် ဘုရား)။
ထိုကဲ့သို့ ပျက်စီးတာလေး တွေတဲ့အခါကျတော့ ဖောက်ပြန်ပျက်စီးတာ ဒုက္ခသစ္စာ၊ ဖောက်ပြန်ပျက်စီးမှု သိတာက လောကီမဂ္ဂသစ္စာ (မှန်ပါ)၊ ဒါလေးကို ရှေးဦးစွာ ဖောက်ပြန်ပျက်စီးတဲ့စိတ်ကလေးကို ဒကာ ဒကာမတွေက ဟိုနေရာပေါ်ရင် ဟိုနေရာလိုက်၊ လက်မောင်းမှာပေါ်ရင် လက်မောင်းလိုက်၊ ဟဒယဝတ္ထုထဲမှာလိုက်၊ နားထဲမှာပေါ်ရင် နားထဲလိုက်၊ မျက်လုံးထဲက မြင်စိတ်ကလေး ပေါ်လဲ မြင်စိတ်ကလေးဟာလဲ အခုမှပေါ်လာတာ ဖြစ်ပြီးပျက်တာပဲ၊ ဖောက်ပြန်ပျက်စီးတဲ့ ဓမ္မကလေးပဲလို့ဆိုပြီး ဒကာ ဒကာမတွေက လိုက်နေပါ (မှန်လှပါ ဘုရား)။
လိုက်စရာမရှိပြန်ဘူးဆိုရင်
လိုက်လို့ လိုက်စရာမရှိပြန်ဘူးဘုရား၊ ဘယ်နေရာကမှ မပေါ်လာဘူးလို့ဆိုရင် ခုနကစိတ်ကလေးကို ထွက်သက် ဝင်သက်သိတဲ့ စိတ်ကလေးနဲ့တွဲနေတဲ့ ဉာဏ်ကလေးကို ဟဒယဝတ္ထုဆိုတဲ့ ခန္ဓာထဲကိုလှည့်လိုက်ပါ (မှန်ပါ)၊
ခန္ဓာထဲ လှည့်လိုက်တဲ့အခါကျတော့ ဒီခန္ဓာထဲမှာရှိတဲ့လေကို ထွက်အောင်အားထုတ်တဲ့စိတ်၊ လေကိုအတွင်းကို ပြန်ဆွဲယူတဲ့ စိတ်ကလေးနှစ်ခုကို လှည့်ပြီးရှုနေပါ (မှန်ပါ)၊ ဒါလေးတွေလဲ ဖောက်ပြန်ပျက်စီးတာပဲလို့ ဒကာ ဒကာမတွေက ဉာဏ်နဲ့လိုက်နေပါ၊ လိုက်နေရင်းမတ္တနဲ့တစ်ခါ ဟိုနေရာကယားတယ်၊ ဒီနေရာကအောင့်တယ်၊ ဒီနေရာကစပ်တယ်လို့ ပေါ်လာပြန်လို့ရှိရင်ဖြင့် အဲဒီနေရာတွေကို လှည့်လိုက်၊ ခန္ဓာထဲရှုနေတာလေးဟာ မရှိလဲမရှိသောကြောင့် ရှုမနေဘဲနဲ့ ပေါ်ရာကို ပြန်လိုက်ပါ (မှန်လှပါ ဘုရား)။
ထိုကဲ့သို့ပေါ်ရာကို ပြန်လိုက်ပြီဆိုမှဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဖြစ်ပျက်နဲ့ရှုတဲ့မဂ်နဲ့ ခွဲလို့ကို ရသေးရဲ့လား (မရတော့ပါ ဘုရား)၊ ဖြစ်ပျက်နဲ့ရှုတဲ့မဂ်နဲ့ ခွဲလို့မရတော့ပါဘူး (မှန်ပါ)၊ ခွဲလို့မရတော့ ဒကာသစ်တို့ ဒကာကြွယ်တို့ ဦးလှဘူးတို့ လူစုတွေက ဪ-မိမိစိတ်သည်ကားလို့ ဆိုရင်ဖြင့် ဖြစ်ပျက်နောက်က မဂ်အစဉ်လိုက် နေပြီဆိုပြီး ဝမ်းသာလိုက်ပါ (မှန်လှပါ ဘုရား)။
ဒိဋ္ဌိကြောင့် အပါယ်လေးပါးရောက်ရတယ်
ဘာကြောင့်-ဆရာဘုန်းကြီးက ဝမ်းသာနိုင်ပါလိမ့်မလဲလို့ ဦးသာအုန်းတို့က မေးလိမ့်မယ်နော် (မှန်ပါ)၊ မေးတဲ့ အခါကျတော့ ဖြစ်ပျက်နဲ့မဂ်နဲ့လိုက်တော့ ဖြစ်ပျက်မသိလို့ရှိရင်ဖြင့် ခိုင်တယ်၊ မြဲတယ်လို့ ယူထားတဲ့ဒိဋ္ဌိဆိုတာ မလာပေ ဘူးလား (လာပါတယ် ဘုရား)။ ဒိဋ္ဌိလာလို့ရှိရင် ဒီဘက်ကဖြစ်ပျက်ကို ဖြစ်ပျက်တယ်လို့မသိဘူး၊ ခိုင်တယ်၊ မြဲတယ်လို့ ယူတဲ့ ဒိဋ္ဌိကလိုက်တယ် (မှန်ပါ)၊ ဒါဖြင့် ဒိဋ္ဌိလာလို့ရှိရင် ဒိဋ္ဌုပါဒါန်ဆိုတာ နောက်ကလိုက်လာတယ် (မှန်ပါ)။
ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန် ၊ နောက်ကျတော့ ပဋိစ္စသမုပ္ပါဒ်က မရပ်ဘူး၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ မလာပေဘူးလား (လာပါတယ် ဘုရား)။ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံလာတော့ စုတေမနေ လွန်သည့်အခြားမဲ့၌ ဒိဋ္ဌိကြောင့် အပါယ်လေးပါးရောက်ရတယ် (မှန်ပါ)။ ဒိဋ္ဌိ ကြောင့် ဘယ်ရောက်ရပါလိမ့် (အပါယ်လေးပါးရောက်ရပါတယ် ဘုရား)။
ဪ ကံကနေ အပါယ်လေးပါးကို ခန္ဓာကိုယ်ပစ်ချလိုက်တယ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။ အဲဒါ ဒကာ, ဒကာမတွေ ဖြစ်ပျက်နောက်က မဂ်မလိုက်ဘဲနေတဲ့အချိန်မှာဖြင့် ငါတို့သည်ကားလို့ဆိုရင် ဒိဋ္ဌိဖြစ်နေတယ် ဖြစ်ပျက်ကို ခိုင်တယ်၊ မြဲတယ်လို့ယူတဲ့ ဒိဋ္ဌိကဖြစ်နေသောကြောင့် ဒကာကြွယ်၊ ဒိဋ္ဌုပါဒါန်လိုက်မလာဘူးလား (လိုက်ပါ တယ် ဘုရား)။ ဖြစ်ပျက်ကို ခိုင်တယ်၊ မြဲတယ်ထင်တာက၊ ဒိဋ္ဌိ (မှန်ပါ)။ ဒါလေး အစွဲကြီးနေတာက ဒိဋ္ဌုပါဒါန် (မှန်ပါ)။ ၎င်းင်းနောက်က ကံလိုက်လာတော့ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။ အဲဒီ ‘ကမ္မဘဝ ပစ္စယာ ဇာတိ’ ဆိုတော့ အပါယ်လေးပါး ဇာတိပေါ်လာတယ် (မှန်လှပါ ဘုရား)။
ပေါ်ရာ ကို မလိုက်လို့ ရှိရင်
ဒါဖြင့် ဒကာ,ဒကာမတွေ ဆရာဘုန်းကြီးပြောတဲ့အတိုင်း သမာဓိလဲ မဖမ်းဖြစ်မှု ပျက်မှုလေးတွေကိုလဲ ပေါ်ရာ ကို မလိုက်လို့ ရှိရင်ဖြင့် ဆေးလိပ်သောက်ရင်းလဲ အပါယ်ကိုသွားနေတာပဲ (မှန်ပါ)။ ထမင်းစားရင်းလဲ (အပါယ်ကို သွားပါတယ် ဘုရား)။ ရေသောက်ရင်း (အပါယ်ကိုသွားပါတယ် ဘုရား)။ ဪ ဒကာ,ဒကာမတို့ ဆရာဘုန်းကြီးကယ် တင်တဲ့အတိုင်း လိုက်ရင်လိုက်ကြပါ (မှန်ပါ)။ ကိုယ့်ရိုးရာနဲ့ဖြင့် ကိုယ့်ဒုက္ခဖြစ်ချည်ရဲ့ (မှန်ပါ)။ ဘယ်သူ့ ‘ပစ္စည်းမှ မဝှက် ၊ ဘယ်သူမှ မလိမ်၊ ဘယ်သူ့မှ ဒေါသမဖြစ်ဘဲနဲ့ ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံက ဆောင်သွားလို့ အပါယ်လေးပါး ရောက်ရပါတယ် (မှန်လှပါ ဘုရား)။
ဒကာ,ဒကာမတွေကတော့ ပြောကြလိမ့်မယ် ၊ ဒကာကြွယ်တို့၊ ဒကာသစ်တို့ ဦးလှဘူးတို့က ပြောကြလိမ့်မယ် (မှန်ပါ)။ ကျုပ်တို့ ဘာမှ မပြစ်မရှိဘူး၊ ကိုယ့်ထမင်းကိုယ်စားနေတာပဲ (မှန်ပါ)။ ကိုယ့်ဆေးလိပ်ကိုယ်သောက်နေတာပဲ လို့ ထင်ကြလိမ့်မယ်နော် (မှန်ပါ)၊ ကိုယ့်ထမ်းကိုယ်စားရင်း အပါယ်သွားတယ် (မှန်ပါ)။ ကိုယ့်ဆေးလိပ် ကိုယ်သောက် ရင်း (အပါယ်သွားပါတယ် ဘုရား)။ မနစ်နာဘူးလားဗျာ (နစ်နာပါတယ် ဘုရား)။
ဝိပဿနာမရှုရင် အပြစ်ရှိနေတယ်
အဲဒီတော့ ဘာပြစ်ရှိတုန်းဆိုတဲ့စကား ကို ယနေ့ကစပြီး သကာလ ဝိပဿနာမရှုရင် အပြစ်ရှိနေတယ်ဆိုတာကို သုံးလိုက်ပါတော့ (မှန်ပါ)။ ဒကာကြွယ်ရေ အရေးကြီးတယ်နော် (အရေးကြီးပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဤကဲ့သို့ရှုပြီး သကာလ နေတော့ ဖြစ်ပျက်တွေမြင်လို့လာပါလိမ့်မယ် (မှန်ပါ) အဲ ဖြစ်ပျက်တွေ မြင်အောင်ဆိုတော့ကို ဒကာ,ဒကာမတွေ ယားတဲ့ နေရာရှု၊ ယံတဲ့နေရာရှု ဒါလဲ စိတ်တွေရှုနေတာပဲ ရှုစိတ်ရှု၊ ရှုစိတ် ရှုလိုက်တဲ့အခါကျတော့ မဂ္ဂင်ငါးပါးကနဲ့လာတော့ ဒိဋ္ဌိပြတ်မသွားဘူးလား (ပြတ်ပါတယ် ဘုရား)။ ဒိဋ္ဌိပြတ်တော့ ဒိဋ္ဌုပါဒါန် ကော (ပြတ်ပါတယ် ဘုရား)။ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံကော (ပြတ်ပါတယ် ဘုရား)။ အပါယ်လေးပါးကော စခန်းမသိမ်းသေး ဘူးလား (သိမ်းပါတယ် ဘုရား)။
ဪ တို့သည်ကားလို့ဆိုရင်ဖြင့် ဆရာဘုန်းကြီးပြောတဲ့အတိုင်း ဘုရားကိုယ်တော်မြတ်ကြီး ဟောတဲ့အတိုင်း ဝိပဿနာအလုပ် လုပ်လိုက်တဲ့အခါကျပြန်တော့လဲ အပါယ်လေးပါးတံခါး ပိတ်သွားတယ်ဆိုတဲ့ဥစ္စာ သေသေချာချာ မှတ်ပါ (မှန်ပါ)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဒီအတိုင်းနေလို့ မဖြစ်ဘူးဆိုတာ ပေါ်လာကြတယ် (မှန်ပါ)။ ဒီအတိုင်းနေလို့ဖြင့် (မဖြစ်ပါ ဘုရား)။ မဖြစ်ဘူးဆိုတာ သေချာကြပြီလား (သေချာပါတယ် ဘုရား)။
ကိုယ့်အရောင်းနဲ့ ကိုယ့်အဝယ်နဲ့၊ ကိုယ့်ရငွေနဲ့ ကိုယ့်ကုန်ငွေနဲ့ ကိုယ့်ကုန်ငွေနဲ့ ဒါတွေ ပုတီးစိပ်နေတာကတော့ဖြင့် ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိ အုပ်ချုပ်တဲ့ကံတွေ လုပ်ကိုငနေတဲ့အတွက် ဒကာသစ်တို့ ဒကာကြွယ်တို့ အခု ပြုံးရသလောက် သေခါနီးမဲ့ရလိမ့်မယ် (မှန်ပါ)၊ စိုးရိမ်စရာမကောင်းဘူးလား (ကောင်းပါတယ် ဘုရား)၊ အဲအခု ပြုံးရသလောက် သေခါနီးမဲ့ရလို့ရှိရင်ဖြင့် ဒကာကြွယ်၊ ဒကာဦးလှဘူးတို့ မည်သူမှ (မကယ်နိုင်တော့ပါ ဘုရား)။
ကယ်မယ့်ယူမယ့်တရားကို အမှူးထားပြီး လုပ်ပါ
အဲဒါကြောင့်-ကယ်မယ့်ယူမယ့်တရားကို အမှုးထားပြီး လုပ်ပါဆိုတာကို တိုက်တွန်းရတယ် (မှန်ပါ)၊ ကယ်မယ့် ယူမယ့်တရားကို (အမှုးထားပြီး လုပ်ရမှာပါ ဘုရား)၊ ကယ့်မယ်ယူမယ့်တရားကို အမှုးထားပြီး သကာလ လုပ်ပါဆိုတာ ကိုဖြင့် လေးစားစွာနဲ့ပဲ ဒီတရားပလ္လင်ပေါ်ကနေပြီး ဒကာ ဒကာမတွေကို မေတ္တာရှေ့ထားပါတယ် (မှန်ပါ)၊ ဝစီကံမေတ္တာ ရော၊ မနောကံက ကျမှာစိုးရိမ်တာရော၊ ကိုယ့်ကိုမသနားဘဲ နေကြတဲ့ အခြေအနေရောက်မှာကိုရော၊ ဒကာသစ်ရေ သိပ်စိုးရိမ်တယ်နော် (မှန်ပါ)၊ မိဘရိုးရာတို့ ဘာအပြစ်ရှိသတုံးဆိုတာ မသုံးပါနဲ့၊ ကိုယ့်ဆေးလိပ်သောက်ရင်း ကိုယ်အပါယ် သွားရပါတယ် (မှန်ပါ)၊ ကိုယ်ရှာထားတဲ့ ထမင်းကိုယ်စားရင်ကော (အပါယ်သွားရပါတယ် ဘုရား) အင်မတန် မနစ်နာ ဘူးလား (နစ်နာပါတယ် ဘုရား)။
အဲဒီနစ်နာမှုတွေကို အခုလိုသာသနာတွင်း တရားနဲ့မှ ဦးဘအုန်းတို့ မသိမ်းလိုက်ရင်တော့ မရတော့ဘူး၊ (မရတော့ပါ ဘုရား)၊ ရပါဦးမလား (မရတော့ပါ ဘုရား)၊ အဲဒါ ကြပ်ကြပ်စဉ်းစားပါဆိုတာ ဒကာ ဒကာမတွေဖြစ်ပျက် လိုက်စမ်းပါဆိုတဲ့ဥစ္စာဖြင့် ဘယ်နေရာလိုက်ရမှာတုန်းလို့ မမေးပါနဲ့တော့ (မှန်ပါ့)၊ ယားလျှင် ယားတဲ့နေရာလိုက်၊ မြင်လျှင်မြင်တဲ့နေရာ (လိုက်ရမှာပါ ဘုရား)၊ ကြားလျှင် ကြားတဲ့နေရာ (လိုက်ရမှာပါ ဘုရား)၊ စားလျှင် စားတဲ့နေရာ (လိုက်ရမှာပါ ဘုရား)၊ အေး- ကြံလျှင်ကြံတဲ့နေရာ (လိုက်ရမှာပါ ဘုရား)၊ ကြံတဲ့နေရာ ကြံစိတ်ကလေးဖြစ်ပျက်ရှု (မှန်လှပါ ဘုရား)။
သစ္စာအနုလောမိကဉာဏ်ရပါတယ်
အဲဒီကဲ့သို့ ဒကာ ဒကာမတွေက နှလုံးသွင်းမှန်သွားပြီဆိုမှဖြင့် ရှေ့ကဖြစ်ပျက်၊ နောက်ကမဂ် (မှန်ပါ)၊ ရှေ့ ဘာပါလိမ့် (ဖြစ်ပျက်ပါ ဘုရား)၊ နောက်က ဘာပါလိမ့် (မဂ်ပါ ဘုရား)၊ အဲဒီ ရှေ့ကဖြစ်ပျက် နောက်ကမဂ်နဲ့ နေကြပါမူကား ဒကာ ဒကာမတွေ ဒါသစ္စာအနုလောမိကဉာဏ်ရပါတယ် (မှန်ပါ)၊ ဘယ်ဉာဏ်ရတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်လှ ပါ ဘုရား)။
ဒါကြောင့် ဒကာကြွယ်တို့ ဦးလှဘူးတို့ကို ပြောရတယ်၊ဒါ သာသနာအတွင်းတရားနော် (မှန်ပါ)။ ဖြစ်ပျက်ကို မြင်တဲ့ဉာဏ်ကို ဘာဉာဏ်ခေါ်ကြမယ် (သစ္စာအနုလောမိကဉာဏ်ပါ ဘုရား)။ သစ္စာအနုလောမိကဉာဏ် သစ္စာ သိတဲ့ဉာဏ် (မှန်ပါ)။ ဘယ်လိုမှတ်ကြမယ် (သစ္စာသိတဲ့ဉာဏ်ပါ ဘုရား)။ သစ္စာသိတဲ့ဉာဏ်လို့ သေသေချာချာ မှတ်ပါ (မှန်ပါ)။ သစ္စာဉာဏ်လို့လဲ ခေါ်ချင်ခေါ်လိုက်ပါ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ သစ္စာဉာဏ်လို့လဲ ခေါ်ချင်ခေါ်လိုက်ပါ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ သစ္စာဉာဏ်လို့လဲ (ခေါ်နိုင်ပါတယ် ဘုရား)။ ခေါ်နိုင် ပါတယ်ဆိုတာကိုပဲ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။
ကြာတော့ ခန္ဓာကိုယ်ကြီးမှာ ဟိုနေရာပေါ်လိုက်၊ ဒီနေရာကပေါ်လိုက်ဟိုနေရာကယားလိုက်၊ ဒီနေရာကဆေး လိပ်သောက်ချင်တဲ့စိတ်ပေါ်လိုက်၊ ဒီနေရာကကွမ်းစားချင်တဲ့စိတ် ပေါ်လိုက်၊ ပေးတဲ့စိတ်တွေကို ဖြစ်ပျက်တွေရှုနေတော့ ဒကာ,ဒကာမတွေ ဖြစ်ပျက်ဆိုတာ မိမိသေတာလို့ မှတ်ထားလိုက်စမ်းပါနော် (မှန်ပါ)။ ဘာကြောင့် မိမိသေတယ်လို့ ဆရာဘုန်းကြီးက ဆုံးဖြတ်ချက်ချပေးရသတုန်းဆိုတော့ သတ္တဝါမှာ နှစ်စိတ်နဲ့ အသက်မရှင်လို့ (မှန်ပါ)။ သတ္တဝါမှာ တစ်စိတ်နဲ့အသက်ရှင်တယ်ဆိုတာ မှတ်ထားလိုက်စမ်းပါ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အသေကို အရှင်က ကြည့် တာ
ပထမ စိတ်ပျက်သွားတာလဲ မိမိသေတာပဲ (မှန်ပါ)။ နောက်စိတ်နဲ့ပြန်ပြီး သကာလ ရှုနေတာ မိမိရှင်တာပဲ (မှန်ပါ)။ ဒါဖြင့် အသေကို အရှင်က ကြည့်တာပဲ (မှန်ပါ)။ ဒကာကြွယ် ဘယ်လိုမှတ်မယ် (အသေကို အရှင်က ကြည့် တာပဲ (မှန်ပါ)။ ဒကာကြွယ် ဘယ်လိုမှတ်မယ် (အသေကို အရှင်ကကြည့်တာပါ ဘုရား)၊ ကျေးဇူးများလိုက်တာ ဒကာ ဒကာမတို့ ကျေးဇူးများလိုက်တာ (များပါတယ် ဘုရား)၊ အသေကိုအရှင်ကကြည့်တာ (မှန်ပါ)၊ သေတာကလဲ သူများလား မိမိလား (မိမိပါ ဘုရား)၊ ရှင်တာကလဲ သူများလား၊ မိမိလား (မိမိပါ ဘုရား)၊ ဪ-မိမိအသေမိမိမြင်တာပါလား (မှန်ပါ)၊ မိမိဒုက္ခရောက်တာကို (မိမိမြင်တာပါ ဘုရား)၊ ဒကာသစ် မလျှော့နဲ့နော် (မှန်ပါ)၊ ဒီအမြင်ကို မလျှော့ကြပါနဲ့လို့ ဒကာ ဒကာမတွေကို သတိပေးလိုက်ပါတယ် (မှန်လှပါ ဘုရား)။
ဒီအမြင်ကို မလျှော့လိုက်ကြပါနဲ့ဆိုတော့ ကြာတော့ဒကာကြွယ်၊ ဦးလှဘူးတို့ မြင်ပါများတော့ မုန်းဉာဏ်ဆိုတဲ့ နိဗ္ဗိဒါဉာဏ်လာပါတယ် (မှန်ပါ)၊ မုန်းပေမယ့်လဲ ဆရာဘုန်းကြီးကထပ်ပြီး ဒကာ ဒကာမတွေကို အလုပ်ခွင်မှာနေတဲ့အခါ သတိလစ်သွားမှာစိုးတဲ့အတွက် ဒကာသစ်မုန်းလျက်နဲ့ ပေရှုပါ (မှန်ပါ)၊ မုန်းမုန်းနဲ့ပဲ ပေါ်ရာကိုလိုက်နေပါ (မှန်ပါ) မုန်းမုန်းနဲ့ ဘာလုပ်ရမှာတုံး (ပေါ်ရာကိုလိုက်နေရမှာပါ ဘုရား)၊ ပေါ်ရာလိုက်ပြီး ရှုနေတဲ့အခါကျတော့ ဪ-ဒီဒုက္ခ ထက်ကြီးတာ မရှိပါကလားလို့ (ဉာဏ်တက်လာမှာပါ ဘုရား)၊ ဉာဏ်တက်လာလိမ့်မယ်နော် (မှန်လှပါ ဘုရား)။
ဉာဏ်တက်လာတဲ့အခါကျတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ ဒီဒုက္ခထက်ကြီးတာ မရှိပါလားလို့ ဉာဏ်တက်လာတော့ ဖျတ်ဆို ခုနက၊ ဟိုနေရာကပေါ်တဲ့ဒုက္ခ၊ ဒီနေရာပေါ်လတ္တံဖြစ်တဲ့ဒုက္ခတွေဟာ အကုန်သိမ်းသွားတယ် (မှန်ပါ)၊ ဘာတွေ သိမ်းသွားပါလိမ့် (ဒုက္ခတွေ အကုန်သိမ်းသွားပါတယ် ဘုရား)၊ အို-ကြည့်ရင်းမတ္တနဲ့ ဒကာသစ်ရေ၊ ဘာတွေသိမ်းသွားတုံး (ဒုက္ခတွေသိမ်းသွားပါတယ် ဘုရား)၊ ဒုက္ခတွေသိမ်းသွားတာ သူများပြောလား၊ ကိုယ့်ဉာဏ်နဲ့ ရှုရင်းမတ္တနဲ့ သိမ်းသွားပါ ဘုရား)၊ ကိုယ့်ဉာဏ်နဲ့ ရှုရင်းမတ္တနဲ့ ဒုက္ခတွေသိမ်းသွားတယ် (မှန်လှပါ ဘုရား)။
ဒုက္ခတွေသိမ်းတာ နိဗ္ဗာန်
ဒုက္ခတွေသိမ်းတာ နိဗ္ဗာန် (မှန်ပါ)၊ သိမ်းမှန်းသိတာက မဂ်ဉာဏ် (မှန်ပါ)၊ ဒုက္ခသိမ်းတာက (နိဗ္ဗာန်ပါ ဘုရား)၊ ဒုက္ခသိမ်းမှန်းသိတာက (မဂ်ဉာဏ်ပါ ဘုရား)၊
အဲဒီတင်ကျမှ ပဋ္ဌာန်းပါဠိတော်က
‘နိဗ္ဗာနံ မဂ္ဂဿ အာရမ္မဏ ပစ္စယေန ပစ္စယော’ (မှန်ပါ)၊
နိဗ္ဗာနံ-နိဗ္ဗာန်သည်၊ မဂ္ဂဿ-မြင်သောဉာဏ်အား၊ အာရမ္မဏပစ္စယေန-အာရမ္မဏပစ္စယ သတ္တိဖြင့် ပစ္စယော ဥပကာရကော – ကျေးဇူးပြုတက်သည်၊ ဟောတိ-ဖြစ်၏။ တစ်ခါတည်း သောတာပတ္တိမဂ်ဆိုက်တယ် (မှန်ပါ)၊ သောတာပတ္တိမဂ်ဆိုက်သွားတော့ ဒီကသောတာပတ္တိမဂ် ဆိုက်ခါရှိသေးတယ်၊ ဒကာကြွယ်တို့ ဦးလှဘူးတို့ ကိုယ့်အတွက် အပါယ်လေးပါးတွေ၊ ငရဲအိုးဆူနေတာတွေ ငရဲမီး တဟုန်းဟုန်းတောက်နေတာတွေဟာ အလိုလိုငြိမ်းပါလား (မှန်လှပါ ဘုရား)။
အခုတော့ဖြင့် ဒီဉာဏ်မျိုး မရသေးတဲ့အတွက်၊ ဒီကလူတွေ သေခဲ့ဆိုပြီး ငရဲအိုးကြီးကလဲ စောင့်လို့ (မှန်ပါ)၊ ငရဲမီးလျှံတွေကလဲ ဆူလို့ပါလား (မှန်ပါ)၊ အဲဒီအဆူတွေကို ဒီကနေငြိမ်းရင်ရပါတယ် (မှန်ပါ)၊ အဲဒီမီးတွေကို ဒီကနေ သိမ်းရင်ကော (ရပါတယ် ဘုရား)၊
သာသနာတွင်း အလုပ်-လုပ်လိုက်စမ်းပါ
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သာသနာတွင်းသားဖြစ်ပြီး သာသနာတွင်း အလုပ်-လုပ်လိုက်စမ်းပါဆိုတာကိုပဲ ဆန်မရှိလို့လဲ မပူပါနဲ့၊ ဆီမရှိလို့လဲ မပူပါနဲ့၊ ပိုးအထည်တွေ ရောင်းမကောင်းလို့လဲ မပူနဲ့၊ ငရဲမီးငြိမ်း၍ ငရဲအိုးအိုးသိမ်းဖို့ အရေးသာလျှင် ဧကန်ရှိနေလို့ ပူကြစမ်းပါ၊ ဒါကိုသာ ငြိမ်းမယ်ဆိုတဲ့စိတ်ထား ပြင်းပြစမ်းပါဆိုတာကို ဒီကနေပြီး သကာလ အသိဉာဏ်နှင့် ပြောနေပါတယ် (မှန်ပါ)၊ ပေါ့ပေါ့နေလို့ တော်ကြပါ့မလား (မတော်ပါ ဘုရား)။
သားက ကယ်နိုင်၊ သမီးကကယ်နိုင်၊ ပစ္စည်းကကယ်နိုင်သလားလို့ဆိုတော့ ဟောဒီရှုတဲ့မဂ်ကမှ ကယ်နိုင်တယ် (မှန်ပါ)၊ ဒကာကြွယ်ရဲ့ သမီးကလေးတစ်ယောက်ကကော ကယ်နိုင်ရဲ့လား (မကယ်နိုင်ပါ ဘုရား)၊ ဆွေမျိုးဉာတကာတွေ ကကော (မကယ်နိုင်ပါ ဘုရား)၊
ဥပမာ-ဒကာကြွယ်ကြီးတစ်ယောက်သေတယ်၊ ဦးလှဘူးတစ်ယောက် သေတယ်ဆိုတော့ ဪ-ဖြစ်မှဖြစ်ရလေတယ်၊ ဒါပါပဲ (မှန်ပါ)၊ ဟို အပါယ်သွားမှုကြီးကို ကြည့်တာက လောကီမဂ် (မှန်ပါ)။ နောင်ရင့်ကျက် လာတော့ လောကုတ္တရာမဂ်၊ လောကုတ္တရာမဂ် ဆိုတာ မဂ္ဂင်ရှစ်ပါးလဲ ပြည့်ရာရော ဒကာကြွယ်ရေ ငရဲမီးသိမ်း၍ ငရဲအိုး ပွက်ပွက်ဆူတာ ငြိမ်းပါတယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒီအလုပ်သည် အမြင်ကျယ်တဲ့ပုဂ္ဂိုလ်က ဒကာကြွယ်အတွက် ငရဲမီးတွေသည် ဟုန်းဟုန်းတောက်နေတယ် ငရဲမီးကြီးက တပွက်ပွက်ဆူနေတယ် ၊ ဒကာကြွယ် ဒီကနေငြိမ်းနော်လို့ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။
မဂ်ပေါ်ရင် ငြိမ်းပါတယ်
ဒီကနေငြိမ်းဆိုတော့ ရေနဲ့သွားငြိမ်းလို့ မရဘူး (မရပါ ဘုရား)။ မဂ်ပေါ်ရင် ငြိမ်းပါတယ် (မှန်ပါ)။ ဘာတဲ့ (မဂ်ပေါ်ရင် ငြိမ်းပါတယ် ဘုရား)။ ဒါကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဒီလို ဆရာသမားက လမ်းညွှန်ကောင်းက တွေ့ကြုံ နေတဲ့အချိန်မှာဖြင့် ကိုယ့်ငရဲမီးငြိမ်းတာကို ကိုယ်လက်မနှေးပါနဲ့ (မှန်ပါ)။ ကိုယ့်ငရဲအိုးသိမ်းတာကို (ကိုယ့်လက်မနှေး ဖို့ပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ လက်ဆိုတာ ခင်ဗျားတို့ရှုတဲ့မဂ်ကို ဆိုပါတယ် (မှန်ပါ)။ လက်ဆိုတာ ဘာကိုဆိုပါလိမ့် (ရှုတဲ့မဂ်ကို ဆိုတာပါ ဘုရား)။ ရှုတဲ့မဂ်ကို ဆိုပါတယ်ဆိုတာကို ဒကာ,ဒကာမတွေ သတိပေးရတယ် (မှန်လှပါ ဘုရား)။
ဒီဘုန်းကြီးပြောတာမှ ဒီ ဒကာ,ဒကာမတွေက လေးလေးစားစား နားမထောင်တော့ပါဘုရားဆိုလို့ရှိရင်ဖြင့် မရှုဘဲ မမှတ်ဘဲနဲ့ နေကြထိုင်ကြမယ်ဆိုလို့ရှိရင်ဖြင့် တစ်လမ်းသွားတွေသာ မှတ်ပါ (မှန်ပါ)။ ခင်ဗျားတို့ ပြုထားတဲံ ကုသိုလ်လေးကလဲ တကယ်တမ်းမတားနိုင်ဘူးနော (မှန်ပါ)။ ဒကာကြွယ် တားနိုင်ပါ့မလား (မတားနိုင်ပါ ဘုရား)။ မဂ်ဆိုတော့ဖြင့် (တားနိုင်ပါတယ် ဘုရား)။ အဲဒီတော့ကို တကယ့်ဆေးကောင်းရှိပါလျက်သားနဲ့ ဆေးကောင်းကို သောက် ဖြစ်အောင် သောက်ပါဆိုတာကို လေးစားစွာနဲ့ သတိပေးရပါတယ် (မှန်ပါ)။ ဒါက ခန္ဓာကိုယ်ကြည့်ပြီး ရှုနည်းတစ်နည်း (မှန်လှပါ ဘုရား)။
ရှင်အာနန္ဒာ သောတာပန်တည်ပုံ
ကိုင်း-ရှင်အာနန္ဒာ သောတာပန်တည်ပုံလေး ရှေ့ပိုင်းမှာပြောပါဦးမယ် (မှန်ပါ)၊ ရှင်အာနန္ဒာသောတပန် တည်ပုံဟာ ဘုရားဆီမှာ တည်တယ်လို့ဒကာကြွယ်တို့ ဦးလှဘူးတို့၊ ဒကာသစ်တို့က မအောက်မေ့ပါနဲ့ (မှန်ပါ)၊ ရှင်ပုဏ္ဏဆီမှာ တည်ရပါတယ် (မှန်ပါ)၊
ဘယ်သူ့ဆီမှာ တည်ပါလိမ့်၊ ရှင်ပုဏ္ဏက သောတာပန်တည်အောင် ဟောတဲ့ နေရာဖြင့် ဒကာကြွယ်ရေ အကောင်းဆုံးပုဂ္ဂိုလ်ပဲ (မှန်ပါ)၊ မန္တာဏီ ပုဏ္ဏေးမ၏ သားရှင်ပုဏ္ဏဆိုတာ သောတာပန် တည်တဲ့နေရာဖြင့် အကောင်းဆုံးဟောနိုင်တယ် သောတာပန် တည်အောင် ဟောနိုင်တယ်၊ သောတာပန်တည်အောင် ကျင့်နည်းပေးနိုင်တဲ့ အထဲမှာဖြင့် တစ်စွဲတဲ့ပုဂ္ဂိုလ်ပဲ (မှန်လှပါ ဘုရား)၊
ဒါကြောင့် – ဒကာ ဒကာမတွေ သောတာပန်တည်နည်း နိဿရည်းကိုပဲ ရှင်းပြပါမယ့် (မှန်ပါ)၊ ရှင်အာနန္ဒာက ရဟန်းတို့လာကြဦး၊ လာကြဦးလို့ဆိုပြီး ခေါ်လိုက်ပါတယ် (မှန်ပါ)၊ ငါ့ဆရာ ရှင်ပုဏ္ဏဆိုတာ ရှိပါတယ်ကွာ၊ ငါတို့ရဟန်း ငယ်တွေမှာဖြင့် သူ့လောက်ကျေးဇူးများတဲ့ ပုဂ္ဂိုလ် ဘုရားအောက်မှာဖြင့် မရှိပါဘူးကွာ၊ သူက သောတာပန်တည်ပြီးသား ဖြစ်လို့ (မှန်ပါ)၊ ရဟန်းငယ်တွေကို ခေါ်ပြတာ၊ ဘယ်လိုများဟောလေ့ရှိတယ်ဆိုတာ ငါ့ဆရာ ဟောပုံကလေးကို မင်းတို့ နားထောင်ကြစမ်းပါ (မှန်လှပါ ဘုရား)။
ဒိဋ္ဌိလာပုံ ဖြုတ်ပုံ
”ဥဒါဒါယ အသ္မိဟောတိ၊ နော အနုပါဒါယ၊ ရူပံ ဥပါဒါယ အသ္မိဟောတိ၊
ဝေဒနံ ဥပါဒါယ အသ္မိဟောတိ၊ သညံဥပါဒါယ အသ္မိဟောတိ၊ နော အနုပါဒါယ”။
စာလိုပေါ့ဗျာ (မှန်ပါ)၊ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ထေရဝဂ်မှာ ဟောလိုက်ပါတယ် (မှန်လှပါ ဘုရား)။
သောတာပန်တည်ချင်ရင် ဒိဋ္ဌိဖြုတ်ရမှာကိုးဗျ (မှန်ပါ)၊ သောတာပန်တည်ချင်ရင် (ဒိဋ္ဌိဖြုတ်ရမှာပါ ဘုရား)၊ ဒိဋ္ဌိဖြုတ်ရမယ်နော် (မှန်ပါ)၊ အဲဒီဒိဋ္ဌိလာပုံကလေး ဒိဋ္ဌိဖြုတ်ပုံကလေးကို ရှင်အာနန္ဒာက ရဟန်းငယ်တွေကို ဟောပါတယ် (မှန်ပါ)၊ ဒါကြောင့် ဂရုစိုက်ပြီး ဒကာ ဒကာမတွေ နားထောင်ကြစမ်းပါလို့ တိုက်တွန်းရတယ်နော် (မှန်လှပါ ဘုရား)။
ခန္ဓာငါးပါးဟာ ဒကာ ဒကာမတွေ ကိုယ့်ခန္ဓာငါးပါးကြီးကို ပကတိမျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါကျတော့ အခုကျုပ်တို့ရှိတဲ့ ပကတိမျက်လုံးပေါ့ဗျာ (မှန်ပါ)၊ ဉာဏ်မျက်လုံးနဲ့မကြည့်ဘဲနဲ့ ရှိတဲ့မျက်လုံးနဲ့ ဒကာကြွယ်တို့ မျက်မှန်တပ် ထားတဲ့ မျက်လုံးပေါ့ဗျာ (မှန်ပါ)၊ ဒကာသစ်တို့၊ ပင်ကို အမေမွေးထားတဲ့ မျက်လုံးပေါ့ဗျာ (မှန်ပါ)၊ အဲဒါနဲ့ မိမိခန္ဓာကြီး ကြည့်လိုက်ပြီဆိုမှဖြင့် မိမိခန္ဓာကို မိမိမျက်လုံးနဲ့ မိမိလက်နဲ့စမ်းသပ်ပြီး ကြည့်လိုက်ပြီဆိုမှဖြင့် ဪ-ငါဟာ နေနိုင်ပါ သေးတယ် (မှန်ပါ)၊ ကြည့်လိုက်တာနဲ့ ‘ငါ’ထွက်လာတယ် (မှန်ပါ)၊ ကြည့်လိုက်တာနဲ့ ဘာထွက်လာတုံး (ငါထွက်လာ ပါတယ် ဘုရား)။
ပကတိမျက်လုံးနဲ့ကြည့်လိုက်တော့
အံမယ်လေး ဒကာ ဒကာမတို့ ပကတိမျက်လုံးနဲ့ကြည့်လိုက်တော့ ကိုယ့်ခန္ဓာတည်းဟူသော ကိုယ်ခန္ဓာကို ကြည့်လိုက်တာနဲ့ ကိုယ်ခန္ဓာကို ပကတိမျက်လုံးနဲ့ ကြည့်လိုက်တော့ ‘ငါ’နေနိုင်သေးတယ် (မှန်ပါ)၊ ‘ငါ’အသားအရေ တောင့်တင်းပါသေးတယ် (မှန်ပါ)၊ ‘ငါ’ဆံပင်လေးတွေလဲ မဖြူသေးပါဘူး (မှန်ပါ)၊ ‘ငါ’မျက်လုံးလေးဟာလဲ ကြည်ကြည် လင်လင် လုပ်ကိုင်စားနိုင်ပါသေးတယ်ဆိုတဲ့ ‘ငါ’တွေ အကုန်ထွက်လာတယ် (မှန်ပါ)၊ ခန္ဓာကိုယ်ကို ပကတိမျက်လုံးနဲ့ ကြည့်လိုက်တာနဲ့ ဘာတွေအရိပ် ထွက်လာတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဘာအရိပ်တွေ ထွက်လာတုံး (‘ငါ’အရိပ်တွေ ထွက်လာပါတယ် ဘုရား)၊ ‘ငါ’အရိပ်တွေ ထွက်လာတယ် (မှန်လှပါ ဘုရား)။
ဪ-ဒကာ ဒကာမတွေ စဉ်းစားကြည့်စမ်း ‘ငါ’ဆိုတဲ့ သက္ကာယဒိဋ္ဌိဟာ အလိုလိုလာတာလား၊ ခန္ဓာကိုယ်ကို ပကတိမျက်လုံးနဲ့ ကြည့်လို့လာတာလား (ခန္ဓာကိုယ်ကို ပကတိမျက်လုံးနဲ့ကြည့်လို့ လာတာပါ ဘုရား) တယ်လဲမှတ်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား)၊ ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာကို အကြည့်မတက်ပြီဆိုမှဖြင့် ‘ငါ’ဆိုတဲ့ ဒိဋ္ဌိက လာတော့တာပဲ (လာပါတယ် ဘုရား)၊ ဒိဋ္ဌိလာရင် တဏှာလာတော့မှာပဲ (မှန်ပါ)၊ တဏှာလာရင် မာနဆိုတာ (လာမှာပါ ဘုရား)။
ဪ-ဒကာ ဒကာမတို့-ခန္ဓာကိုယ်ကို ပကတိမျက်လုံးနဲ့ ကြည့်လိုက်ပြီဆိုမှဖြင့် ‘ငါနေနိုင်ပါသေးတယ်’၊ ‘ငါ’ ရောဂါကင်းသွားပြီ (မှန်ပါ)၊ ‘ငါ’အသားအရေလေးတွေလဲ တောင့်တင်းပါသေးတယ်ဆိုတဲ့ သဘောသည် ‘ငါ’တွေကြားထဲ ဝင်ရှုပ်လာတယ်။ (ရှုတ်ပါတယ် ဘုရား)၊ အင်း-ခန္ဓာကိုယ်ကို ရှေ့နားထားပြီး ပကတိမျက်လုံးနဲ့ ကြည့်လိုက်တာပဲ၊ တဏှာ၊ မာန၊ ဒိဋ္ဌိအလယ်မှာ ပေါက်ပွားလာတယ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
‘ငါ’နေနိုင်ပါသေးတယ်
ဟောဒါက ခန္ဓာငါးပါး အားလုံးတရားနာကြတဲ့ ဒကာ ဒကာမတွေ၏ ခန္ဓာငါးပါး (မှန်ပါ)၊ ကိုယ့်ခန္ဓာငါးပါးကို ပကတိမျက်လုံး၊ ပကတိနားနဲ့ ပကတိကိုယ်နဲ့သာ စမ်းသပ်ကြည့်ကြမယ်ဆိုရင် ‘ငါ’နေနိုင်ပါသေးတယ်ဆိုတဲ့ ဒိဋ္ဌိမလာ ဘူးလား (လာပါတယ် ဘုရား)၊ ငါ့ကိုယ်တော့ ငါကျန်းမာရေး ဂရုစိုက်ရဦးမယ်ဆိုတဲ့ လှပချင်တဲ့ ကျန်းမာစေချင်တဲ့ တဏှာမလာဘူးလား (လာပါတယ် ဘုရား)၊ ကျန်းမာလာတိုင်းလာတိုင်းလဲ ငါလုပ်နိုင်ပါသေးတယ် ဘယ်သူ့အောက်မှ မကျသေးဘူးဆိုတဲ့ မာနကော (လာပါတယ် ဘုရား)။
ဪ-ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်အကြည့်လွှဲတာနဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိတည်းဟူသော အရိပ်သုံးရိပ်ကြား ထဲမှာ ပေါ်ပါပေါ့လား (ပေါ်ပါတယ် ဘုရား)၊ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)၊ ခန္ဓာကိုယ်ကို ပကတိမျက်လုံး ပကတိနားနဲ့ ကြည့်လိုက်တာနဲ့ ဘာပေါ်လာတုံး (တဏှာ၊ မာန၊ ဒိဋ္ဌိပေါ်လာပါတယ် ဘုရား)၊ တဏှာ၊ မာန၊ ဒိဋ္ဌိပေါ်လာ တယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)၊ ဒါဖြင့်ဒကာ ဒကာမတို့ ဒါမကြည့်တက်လို့ ဖြစ်ရတာ (မှန်ပါ)၊ ဘယ်လိုကြောင့် ဖြစ်ပါလိမ့် (မကြည့်တက်လို့ ဖြစ်ရတာပါ ဘုရား)။
ကျုပ်မသေသေးဘူးဆိုတာများ ဒကာ ဒကာမတွေက တွင်တွင်ကြီးပြောလိုက်သေးတယ် (ပြောပါတယ် ဘုရား)၊ ရင်ဘတ်များ ပုတ်ပြလိုက်သေးတယ် (မှန်ပါ)၊ ကျုပ်နား အကန်းမဟုတ်ဘူး၊ ကျုပ်နားလေးနဲ့ ကျုပ်ထောင်နိုင်သေးတယ် (မှန်ပါ)၊ ငါ့နားလေးနဲ့ ငါထောင်နိုင်သေးတယ်ဆိုတဲ့ ဒိဋ္ဌိက မလာဘူးလား (လာပါတယ် ဘုရား)။ ငါ့များသာ သာမည အောက်မေ့မနေနဲ့၊ မကြားဘူးများ အောက်မေ့မနေနဲ့ဆိုတဲ့ မာနတွေကော (လာပါတယ် ဘုရား)။ အင်း ဒကာ,ဒကာမတို့ ခန္ဓာကြည့်ပြီး ခန္ဓာကိုယ်ကို ပကတိမျက်လုံးနဲ့ ကြည့်လို့ ဖြစ်ပေါ်လာတဲ့တဏှာ၊ မာန ၊ ဒိဋ္ဌိ (မှန်ပါ)။
တဏှာ၊ မာန ၊ ဒိဋ္ဌိလာတယ်
ခန္ဓာကိုယ်ကို ပကတိမျက်လုံးနဲ့ ကြည့်လိုက်တာနဲ့ ဘာတွေလာပါလိမ့် (တဏှာ၊ မာန ၊ ဒိဋ္ဌိလာပါတယ် ဘုရား)။ တဏှာ၊ မာန၊ ဒိဋ္ဌိမလာဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့်- တဏှာလာလို့ရှိရင် ဟောဒီကနေ ပဋိစ္စသမုပ္ပါဒ်ဆက်တော့မယ် (မှန်ပါ)၊ တဏှာ-ပစ္စယော (ဥပါဒါန်ပါ ဘုရား)၊ ဥပါဒါနပစ္စယော (ကမ္မဘဝပါ ဘုရား)၊ ကမ္မဘဝပစ္စယော (ဇာတိပါ ဘုရား)၊ ဟော-ဇာတိဆိုတဲ့ အပါယ်လေးပါး တွေ၊ ခန္ဓာငါးပါးတွေ မလာပေဘူးလား (လာပါတယ် ဘုရား)၊ ဒါတွေ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာတွေပါ ဘုရား)၊ ဪ- ခန္ဓာကိုယ်မကြည့်တက်တဲ့အတွက် ဒကာ ဒကာမတို့ ဒုက္ခသစ္စာတည်းဟူသော တရားတွေ နောက်ထပ်ပေါ်ပေါက် လာလတ္တံတွေ ကြိုးစားဖြစ်တယ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
ဒါကြောင့်-ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်မကြည့်တက်လို့ရှိရင် တဏှာ၊ မာန၊ ဒိဋ္ဌိ တည်းဟူသေသာ အရိပ်တွေဟာ သေသေချာချာ ထွက်လာတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊ ကိုယ်ခန္ဓာမကြည့်တက်ရင် (တဏှာ၊ မာန၊ ဒိဋ္ဌိအရိပ်တွေ ထွက်လာပါတယ် ဘုရား)၊ တဏှာ၊ မာန၊ ဒိဋ္ဌိအရိပ်တွေ ထွက်လာတယ်ဆိုတာ သေချာ ပလား (သေချာပါတယ် ဘုရား)။
ခန္ဓာကိုယ်ကို အစွဲပြု၍
ဒါဖြင့် ‘ဥပါဒါယ အသ္မိဟောတိ၊ ဥပါဒါယ – ခန္ဓာကိုယ်ကို အစွဲပြု၍၊ အသ္မိ- တဏှာ၊ မာန၊ ဒိဋ္ဌိသည် ဟောတိ-ဖြစ်၏။ ရှင်အာနန္ဒာက သူ့တပည့်တွေကို ရှင်ပုဏ္ဏဆီက နည်းယူပြီး ဟောနေတယ်ဆိုတာကို ဒကာသစ်မှတ် လိုက်ပါ (မှန်ပါ)၊ ခန္ဓာငါးပါး အကြည့်လွဲတာနဲ့ ဘာတွေပေါ်လာသတုံး (တဏှာ၊ မာန၊ ဒိဋ္ဌိတွေ ပေါ်လာပါတယ် ဘုရား) ရှင်းပလား (ရှင်းပါင်္ပြီ ဘုရား)။
ဒါဖြင့်- ခုနကပြောတဲ့အတိုင်း ဒကာ ဒကာမတွေက “ကာယမိယံ သမ္မသထ၊ ပရိဇာနာထ၊ ပုနပ္ပုနံ, ကာယေဘဘာဝ, ဝိဒိတွာန, ဒုက္ခဿန္တံကရိဿထ”ဆိုတဲ့ ရှင်သာရိပုတ္တရာဟောတဲ့အတိုင်း ခန္ဓာကိုယ်ကို ထွက်သက်ဝင် သက်ကလေး ရှုလိုက်ရှုလိုက်နဲ့ အဲဒါလေးသိပြီး ပေါ်ရာကိုလိုက်နေတော့ ပေါ်ရာမှာဖြစ်ပျက်တွေကို တွေ့နေလို့ရှိရင်လဲ တဏှာ၊ မာန၊ ဒိဋ္ဌိလာသေးရဲ့လား (မလာတော့ပါ ဘုရား)။
ဪ-ဒါဖြင့် မကြည့်တက်လို့ရှိရင် တဏှာ၊ မာန၊ ဒိဋ္ဌိလာမယ် (လာပါတယ် ဘုရား)၊ တဏှာ၊ မာန၊ ဒိဋ္ဌိလာလို့ ရှိရင်ဖြင့် မာနပစ္စယာလဲ၊ မာနလဲ တဏှာထဲကမို့ ဥပါဒါန်၊ ကံတေမလာပေဘူးလား (လာပါတယ် ဘုရား)၊ ဒိဋ္ဌိလဲတဏှာ ထဲကမို့ ဒိဋ္ဌိဥပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံတွေကော မလာပေဘူးလား (လာပါတယ် ဘုရား)၊
မကြည့်တက်ရင် ပပဉ္စလာသည်
ဪ-ဒါဖြင့် ဒကာ ဒကာမကို မကြည့်တက်ရင် ပပဉ္စလာသည် (မှန်ပါ)၊ မကြည့်တက်ရင် (ပပဉ္စလာပါတယ် ဘုရား)၊ ကြည့်တက်ရင် မဂ်ဉာဏ်လာသည် (မှန်ပါ)။ ကြည့်တက်ရင် (မဂ်ဉာဏ်လာပါတယ် ဘုရား)၊ ဒီနှစ်လုံးတည်းနဲ့ပဲ ဒကာကြွယ် သေပျော်တဲ့တရား (မှန်ပါ)၊ ခန္ဓာကိုယ် မကြည့်တက်ရင် ဘာလာပါလိမ့် (ပပဉ္စလာပါတယ် ဘုရား)၊ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပပဉ္စလာတယ် (မှန်ပါ) ကြည့်တက်ပြန်တော့လဲ ခန္ဓာကိုယ်ကို ပေါ်ရာလိုက်ပြီး ဖြစ်ပျက်ကလေးတွေသာ ရှိပါလားလို့ ကြည့်လိုက်ပြန်တော့လဲ တဏှာ၊ မာန၊ ဒိဋ္ဌိချုပ်စေတဲ့မဂ်လာတယ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
မကြည့်တက်ရင် ဘာလာပါလိမ့် (ပပဉ္စလာပါတယ် ဘုရား)၊ ပပဉ္စဆိုတဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိလာတယ် (မှန်ပါ)၊ ကြည့်တက်ရင် ဘာလာပါလိမ့် (မဂ်ဉာဏ်လာပါတယ် ဘုရား)၊ မဂ်ဉာဏ်လာတယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)၊ ဒါဖြင့်ဒကာကြွယ်ရေ၊ ကြည့်တက်တဲ့ပုဂ္ဂိုလ်နဲ့ မကြည့်တက်တဲ့ပုဂ္ဂိုလ်ဟာ ဘယ်ဟာကများပါလိမ့် (မကြည့်တက်တဲ့ ပုဂ္ဂိုလ်က များပါတယ် ဘုရား)၊ ဒါဖြင့် အပါယ်သွားမယ့် ပုဂ္ဂိုလ်ကများလေရဲ့ဆိုတာများ ငြင်းဖို့များလိုကြသေးရဲ့လား (မလိုတော့ပါ ဘုရား)။
ဦးဘအုန်းတို့ ကျေနပ်ကဲ့လား (ကျေနပ်ပါတယ် ဘုရား)၊ မကြည့်တက်ရင် ဘာလာမယ် (တဏှာ၊ မာန၊ ဒိဋ္ဌိ လာပါတယ် ဘုရား)၊ အဲ-တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပပဉ္စတွေလာပါတယ် (မှန်ပါ)၊ ကြည့်တက်ပြန်တော့ ခုနကရှင်သာရိပုတ္တရာ အကြည့်ခိုင်းတံအတိုင်း ကြည့်လိုက်ပြန်တော့လဲ ဒကာ,ဒကာမတို့ ဖြစ်ပျက် မဂ်၊ ဖြစ်ပျက် မဂ် ချည်းမလာဘူးလား (လာပါတယ် ဘုရား)။ မဂ်တွေလာတော့လဲ တဏှာ၊ မာန၊ ဒိဋ္ဌိတွေဟာမချုပ်ရဘူးလား (ချုပ်ရပါတယ် ဘုရား)။
မသုံးတတ်ရင်လဲ အပါယ်ဘေးသင့်ပါတယ်
ဒါကြောင့် ဒီခန္ဓာကြီးသည်ဒကာ ဒကာမတို့ သုံးတတ်ရင်လဲ ဆေးပါပဲ (မှန်ပါ)။ မသုံးတတ်ရင်လဲ သူ့ကြောင့် အပါယ်ဘေးသင့်ပါတယ် (မှန်ပါ)။ မသုံးတတ်လို့ရှိရင်လဲ အပါယ်ဘေးသင့်ပါတယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒကာ,ဒကာမတို့ အခုပြောတဲ့ရှင်သာရိပုတ္တရာဟောတာနဲ့ ရှင်အာနန္ဒာက မကြည့်တတ်ရင် ဘေးသင့် ပါတယ်ပြောတာနဲ့ ရှင်သာရိပုတ္တရာက ကြည့်တတ်လို့ရှိရင် ဒုက္ခဆုံးပါတယ်ပြောတာနဲ့ နှစ်ချက်ခွဲပြီး အသွားအပြန် ဟောနေပါတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။ နှစ်ချက်ခွဲပြီး အသွားအပြန်ဟောနေတာကော ကျေနပ်ပြီလား (ကျေ နပ်ပါပြီ ဘုရား)။ မကြည့်တတ်ရင် အပါယ်ဘေးသင့်သည် (မှန်ပါ)။ မကြည့်တတ်ရင် (အပါယ်ဘေးသင့်ပါတယ် ဘုရား)။ ကြည့်တတ်လို့ရှိရင်ဖြင့် မဂ်ဆေးဝင်သည် (မှန်ပါ)။ မဂ်ဆေးဝင်တော့ အပါယ်ဘေးတွေ အကုန်ပျောက်တယ် (ပျောက် ပါတယ် ဘုရား)။
ဖြစ်ပျက်ကြည့်ပေးလိုက်တော့
အဲဒီတော့ ဒကာ ဒကာမတွေ ဒီတဏှာ၊ မာန၊ ဒိဋ္ဌိကို သတ်ကြပါစို့ဆိုလို့ရှိရင်ဖြင့် ဒီခန္ဓာငါးပါးထဲက ဝေဒနာ ကြိုက်တဲ့ပုဂ္ဂိုလ်က ဝေဒနာနုပဿနာဖြစ်ပျက်ရှုပေး (မှန်ပါ)။ စိတ်ကြိုက်တဲ့ပုဂ္ဂိုလ်က စိတ္တာနုပဿနာကို (ရှုရမှာ ပါ ဘုရား)။ ဖြစ်ပျက်ကြည့်ပေးလိုက်တော့ ဖြစ်ပျက်နောက်က မဂ်ရိပ်သာပေါ်တော့တယ် (မှန်ပါ)။ တဏှာ၊ မာန ၊ ဒိဋ္ဌိ အရိပ်တွေ ပေါ်သေးရဲ့လား (မပေါ်တော့ပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲဒါကြောင့် ဒကာ,ဒကာမတို့ ကြည့်နည်း တယ်လိုပါကလားဆိုတာ ဒီနေ့မှာ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။ ဘာလို့ပါလိမ့်ဗျာ (ကြည့်နည်းလိုပါတယ် ဘုရား)။ မကြည့်တတ်ရင် ဘာလာပါလိမ့် (တဏှာ၊ မာန၊ ဒိဋ္ဌိလာပါ တယ် ဘုရား)။ တဏှာ၊ မာန၊ ဒိဋ္ဌိလာတယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ကြည့်တတ်ရင်ဘာပါလိမ့် (မဂ်ဉာဏ်ပေါ်ပါတယ် ဘုရား)။
ကဲ ဒကာကြွယ်၊ ဒကာသစ်တို့ ဦးလှဘူးတို့ ဪ နိဗ္ဗာန်သွားကြည့်နည်းကတစ်မျိုးပါလား (မှန်ပါ)။ အပါယ်သွားကြည့်နည်းက (တစ်မျိုးပါ ဘုရား)
ဒါဖြင့် ခန္ဓာကိုယ်ဟာ မှန်နဲ့တူတယ်လို့ အောက်မေ့ပါ (မှန်ပါ)။ ခန္ဓာကိုယ် မှန်ကို ပကတိမျက်လုံးနဲ့ ကြည့်လိုက်တဲ့ အခါကျတော့ တဏှာ၊ မာန၊ ဒိဋ္ဌိ အရိပ်တွေထွက်လာတယ် (မှန်ပါ)။ မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။
အင်း ဒီခန္ဓာကိုယ်ကြီးကိုပဲ ဟိုနေရာက ယား၊ဒီနေရာကနာ၊ ဟိုစိတ်ကလေးပေါ်၊ ဒီစိတ်ကလေးပေါ် တာတွေကို ခန္ဓာထဲက ပေါ်နေတာကို ခန္ဓာထဲ ကြည့်တတ်ပြန်တော့လဲ အင်း၊ ဖြစ်ပျက် ကြည့်တဲ့မဂ်ကလေး ပေါ် ပေါက်လာတယ် (မှန်ပါ)။ မပေါ်လာဘူးလား (ပေါ်ပါတယ် ဘုရား)။ ထိုကဲ့သို့ ပေါ်လာတဲ့အတွက် ဦးဘအုန်းတို့ရေ တဏှာ၊ မာန၊ ဒိဋ္ဌိချုပ်ရတယ် (မှန်ပါ)။ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
ကြည့်တတ်တဲ့နည်းနဲ့ ကြည့်ပါတော့မယ်
ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးကို ကြည်တတ်ဖို့ မကြည့်တတ်ဖို့ နှစ်ခု ခွဲမသင်လို့ရှိရင် ဒကာကြွယ် တော်ပါ့မလား (မတော်ပါ ဘုရား)။ အဲဒါကြောင့် ဘုန်းကြီးတို့က ဒကာ,ဒကာမတွေ တွေ့ခဲ့ကြုံခဲ့၊ အင်မတန်မှ မျှော်လင့်ပြီး သကာလ ဘုရားသာသနာကြီး မျှော်လင့်ရ၊ ဘုရားသာသနာနဲ့တွေ့ပြန်တော့ ကိုယ်နားလည်အောင် ပြောတတ်တဲ့ဆရာသမားမျှော် လင့်ရ (မှန်ပါ)။ ကိုယ့်အပေါယ်လေးပါး စိတ်မချရတာကြီးကိုလဲ ကိုယ်ကြောက်နေရ (မှန်ပါ)။ ဒါဖြင့် ကြည့်တတ်တဲ့နည်းနဲ့ ကြည့်ပါတော့မယ်ဆိုတာကို ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။
ကြည့်တတ်တဲ့နည်းနဲ့ ကြည့်လိုက်တဲ့အခါ ခန္ဓာကိုယ်စောင့်ကြည့် (မှန်ပါ) ယားရင် ယားတဲ့နေရာကို ဖြစ်ပျက်ရှု (မှန်ပါ)။ နာရင်ကော (နာတဲ့နေရာကို ဖြစ်ပျက်ရှုရမှာပါဘ ဘုရား)။ စားချင်တဲ့စိတ်ကလေး ပေါ်လာရင်ကော (ဖြစ်ပျက်ရှု ရမှာပါ ဘုရား)။ အိပ်ချင်တဲ့စိတ် ကလေးပေါ်လဲ (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။ ပျံ့လွင့်တဲ့စိတ်ကလေးပေါ်လာရင် (ဖြစ်ပျက်ရှု ရမှာပါ ဘုရား)။
အကြည့်မှန်တော့ မဂ်ဖြစ်တယ်
ဒါဖြင့်ခုနက ပြောခဲ့တာတွေက ဖြစ်ပျက်၊ ရှုတာက (မဂ်ပါ ဘုရား)၊ မဂ်ဖြစ်သွားတော့ကို ကိုယ်ခန္ဓာကိုယ် ထဲမှာပဲ အကြည့်မှန်တာနဲ့ မဂ်ဖြစ်လာတယ် (မှန်ပါ)၊ အကြည့်မှန်တော့ (မဂ်ဖြစ်ပါတယ် ဘုရား)၊ မဂ်ဖြစ်တော့ ဘယ်သူ သေပါလိမ့် (တဏှာ၊ မာန၊ ဒိဋ္ဌိသေပါတယ် ဘုရား)၊ တဏှာ၊ မာန၊ ဒိဋ္ဌိသေတော့တယ်ဆိုတာ ရိပ်မိပလား။
ဪ-ဒါဖြင့် တဏှာ၊ မာန၊ ဒိဋ္ဌိသေတော့ တဏှာဆုံးနိဗ္ဗာန်ပဲ (မှန်ပါ)၊ မာနဆုံးလဲ (နိဗ္ဗာန်ပါ ဘုရား)၊ ဒိဋ္ဌိဆုံးလဲ (နိဗ္ဗာန်ပါ ဘုရား)၊ ဒိဋ္ဌိဆုံးလဲ (နိဗ္ဗာန်ပါ ဘုရား)၊ အဲ-ပထမနိဗ္ဗာန်တော့ သေချာရပါတယ်ဆိုတာကိုတော့ ဘုန်းကြီးတို့က ရဲဝံ့စွာ တာဝန်ခံပါမယ် (မှန်ပါ)၊ ဒိဋ္ဌိဆုံးရင် ပထမနိဗ္ဗာန်ကို သေချာရပါတယ် (မှန်ပါ)၊ ဒါကြောင့်ခင်ဗျားတို့အားလုံး အမိအဘ ဆွေမျိုးဉာတကာတွေ မတော်ဘူးသည် မည်သည့်မရှိသောကြောင့် အကုန်ကျေးဇူးဆပ်နေတယ်လို့ အောက်မေ့ စမ်းပါ (မှန်လှပါ ဘုရား)။
ကြည့်နည်းလေး ပြောင်းကြစို့ဗျာ
ကြည့်တက်ရင် မဂ်ပေါ်ပါတယ် (မှန်ပါ)၊ မကြည့်တက်ရင် (တဏှာမာန၊ ဒိဋ္ဌိပေါ်ပါတယ် ဘုရား)၊ ဒါဖြင့် ကြည့်နည်းလေး ပြောင်းကြစို့ဗျာ (မှန်ပါ)၊ ဒကာ ဒကာမတို့ ဘာပြောင်းသင့်တုံး (ကြည့်နည်းကို ပြောင်းရမှာပါ ဘုရား)၊ ရှုရမှာကတော့ ဒီခန္ဓာချည်းပဲနော် (မှန်ပါ)၊ မရှုတက်လို့ရှိရင်ဖြင့် တဏှာ၊ မာန၊ ဒိဋ္ဌိပေါ်ပါတယ် (မှန်ပါ)၊ ရှုတက်လို့ရှိရင် (မဂ်ပေါ်ပါတယ် ဘုရား)၊ မဂ်ပေါ်ပါတယ်ဆိုတော့ ဒီခန္ဓာကိုယ်ကြီးဟာ ဒကာ ဒကာမတို့သုံးတက်ရင်လဲ ဆေးဖြစ်ပါတယ် (မှန်ပါ)၊ မသုံးတက်ရင်လဲ ဘေးသင့်ပါတယ် (မှန်ပါ)၊ သုံးတက်ရင်လဲ (ဆေးဖြစ်ပါတယ် ဘုရား)၊ မသုံးတက်ရင်လဲ (ဘေးသင့်ပါတယ် ဘုရား)။
ဪ-ဒါဖြင့် ဆရာဘုန်းကြီးသည် ယနေ့ဘယ်နည်းပြောပါလိမ့် (နှစ်နည်းပြောပါတယ် ဘုရား) သုံးတက်တဲ့ နည်းကိုလဲ ပြောပါတယ် (မှန်ပါ)၊ မိဘရိုးရာသုံးနေတာကလဲ မှားလွန်းလို့ တဏှာ၊ မာန၊ ဒိဋ္ဌိပွားလွန်းလို့ ပယ်လိုက်ပါ ဆိုတာလဲ ပြောရပြန်တယ် (မှန်ပါ)၊ ကဲ- သုံးစွဲတဲ့နည်း သိကြပါပလား (သိပ်ပြီ ဘုရား)၊ ဒကာကြွယ် နေရာကျပလား (ကျပါပြီ ဘုရား)၊
ဒါကအလုပ်စဉ်ကို ဒကာ ဒကာမတွေက ဪ-ဒီလိုလုပ်ရမှာပါလားဆိုတာဖြင့် ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်များ ဉာဏ်လတ်တဲ့ ပုဂ္ဂိုလ်များကို ပြောတော့ဖြင့် ဪ-ဒီလိုရှုရပါလားဆိုတာကို ဒကာကြွယ်တို့ သိလောက်ပါပြီနော် (သိပါပြီ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကဲ-ဒီနေ့ ဒီတင်တော်ကြစို့။
သာဓု – သာဓု – သာဓု
