3050

မာတိကာသို့

ဝိပဿနာမဂ်နှင့် လောကုတ္တရာမဂ် နှစ်မျိုးအကြောင်း

အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း၊

ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ၊ မိုးကုတ်ဆရာတော်ဘုရားကြီး၊

မင်္ဂလာရိပ်သာကျောင်းတိုက်၌ ဟောကြားဆုံးမတော်မူသော

ဝိပဿနာမဂ်နှင့် လောကုတ္တရာမဂ် နှစ်မျိုးအကြောင်း

ရှင်းပြပုံ (ပရိတ်တရားတို)

ညအလုပ်ပေးတရားတော်

မဂ်သည် နှစ်မျိုးရှိတယ်

ဝိပဿနာတရား အားထုတ်တဲ့အခါမှာ မဂ္ဂသစ္စာကို ပွားများရမယ်လို့ဆိုထားပါတယ်၊ ပွားများရမယ်လို့ ဆိုထားငြားသော်လည်း မဂ်သည် နှစ်မျိုးရှိတယ်လို့ မှတ်ထားရမယ်။

ဝိပဿနာမဂ်၊ လောကုတ္တရာမဂ်ဆိုတာ နှစ်မျိုးရှိတယ်၊ ဝိပဿနာမဂ်ကိုသာလျှင် ပွားများရမယ်၊ လောကုတ္တရာ မဂ်သည် တစ်ကြိမ်သာ ဖြစ်သည် ဖြစ်သောကြောင့် ပွားများစရာမလို (မှန်ပါ)၊ ဒါကြောင့်-ဝိပဿနာမဂ်ကို ရှေ့ထားပြီး သကာလ အကြိမ်ကြိမ်ပွားများရလိမ့်မယ်။

လောကုတ္တရာမဂ်သည် ‘မဂ္ဂါဘိညာသကိ မတာ’ ဆိုတဲ့အတိုင်း တစ်ကြိမ်သာလျှင် လာသည်ဖြစ်လေသော ကြောင့် သူ့ကိုပွားများဖို့ရန်မလို ပုဗ္ဗဘာဂမဂ်ကိုသာလျှင် ပဉ္စင်္ဂီက မဂ်ကိုသာလျှင် အကြိမ်ကြိမ် ပွားများခဲ့သည်ရှိသော် လောကုတ္တရာမဂ်သည် အလိုလိုနောက်က ပေါ်လာ၏လို့ အလုပ်စဉ်မှာ မှတ်ထားရမည်။

မြက်ရှင်းတာနဲ့တူတယ်

ပုဗ္ဗဘာဂမဂ် (ဝါ) ပဉ္စင်္ဂီကမဂ်သည် ဘာနဲ့တူပါသတုန်းလို့မေးလို့ရှိရင် လယ်ကွက်တစ်ခုကို လုပ်သောအခါ၌ လယ်ထဲမှာရှိတဲ့ မြက်တွေပေါင်းတွေ သစ်ငုတ်တွေကို အကြိမ်ကြိမ်ခုတ်ပြီး စုပုံထားတာနဲ့တူ၏။ စုပုံထားလို့ ခြောက်ခဲ့ သည်ရှိသော် လောကုတ္တရာမဂ်သည် တစ်ကြိမ်တည်းနဲ့ မီးရှို့တာနဲ့ပဲ ပြာကျသွားဘိသကဲ့သို့ ပုဗ္ဗဘဂဖြစ်တဲ့ ပဉ္စင်္ဂီက မဂ်သည်သာလျှင် ပွားများမှုကို မြက်ရှင်းတာနဲ့ အတူအကြိမ်များစွာ အလုပ်လုပ်ရ၏။ လောကုတ္တရာမဂ်ကို အကြိမ်ပေါင်း များစွာ အလုပ် လုပ်ဖို့ရန်မလိုလို့ မှတ်ထားရမည်။

တစ်နည်း သံယုတ်အဋ္ဌကထာများက ပုဗ္ဗဘာဂမဂ်ဖြစ်တဲ့ ပဉ္စင်္ဂီကမဂ်ကို အနန္တရပစ္စည်းဟူ၍လည်း ဟောထား ပါတယ်။ ဒီ ပုဗ္ဗဘာဂမဂ်သည် အနန္တရပစ္စည်းဖြစ်လို့ရှိရင်ဖြင့် သူ့ကို များများပွားများလို့ရှိရင်ဖြင့် အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်နဲ့တူတဲံ လောကုတ္တရာမဂ်သည် အကြောင်းသာ အားထုတ်ရပြီး အကျိုးဟာ အလိုလိုပေါ်လာလိမ့်မယ်ဆိုတာကို အလုပ်လုပ်တဲ့အခါမှာ မှတ်ထားရမယ်။

ဝိပဿနာမဂ်သည် အနန္တရပစ္စည်း၊ လောကုတ္တရာမဂ်သည် အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်လို့ မှတ်ထားရမယ် တစ်နည်း ဝိပဿနာအလုပ်စဉ်မှာ သုသိမပရဗိုဇ်ဟောတဲ့အခါမှာ ပညာနဲ့ကိလေသာမှ လွတ်ရမယ်လို့ဆိုထားသော ကြောင့် ဝိပဿနာမဂ်ကို ‘ ပုဗ္ဗေခေါသုသိမ ဓမ္မဋ္ဌိတိ ဉာဏံ ပစ္ဆာနိဗ္ဗာနာဉာဏံ’ လို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး က ဟောသောကြောင့် သုသိမပရိဗိုဇ်အား ရှေးဦးစွာ ဝိပဿနာဉာဏ်၊ နောက်ဝိပဿနာ ဉာဏ်ပြီးလို့ရှိရင်ဖြင့် နိဗ္ဗာန် မြင်တဲ့မဂ်ဉာဏ်လာလိမ့်မယ်လို့ ဘုရားကိုယ်တော် ဟောထားသောကြောင့် ဒီနှစ်ဉာဏ်နဲ့ပဲ သောတာပန် သကဒါဂါမ် အနာဂါမ်ဖြစ်နိုင်တယ်ဆိုတာ မှတ်ထားရမယ်။

ရှေ့ပိုင်းက ဝိပဿနာဉာဏ်

ရှေ့ပိုင်းက ဝိပဿနာဉာဏ်၊ နောက်ပိုင်းက နိဗ္ဗာန်ကူးတဲ့မဂ်ဉာဏ်၊ အထူးအားဖြင့် အာရုံပြုရုံမျှဖြင့် အင်မတန် ထူးခြားပါသည်။ ဝိပဿနာဉာဏ်သည် သင်္ခတဖြစ်တဲ့ဖြစ်ပျက်ကိုသာ မြင်ပါ၏။ မဂ်ဉာဏ်သည် အသင်္ခတဖြစ်တဲ့ နိဗ္ဗာန်ကိုသာ မြင်ပါ၏။ ဤကဲ့သို့ မြင်မှု ထူးခြားတာကို အလုပ်လုပ်တဲ့အခါမှာ မိမိသည် ဝိပဿနာရှုတုန်းသာ ရှိသေး တယ်ဆိုတာကိုလဲ ဖြစ်ပျက်မြင်နေတုန်း ဝိပဿနာမဂ်သာ ရနေသေးတယ်လို့ ကိုယ်တိုင်မှတ်ထားရမယ်။

ဖြစ်ပျက်ဆုံးသွားလို့ရှိရင်ဖြင့် အသင်္ခတကို မဂ်ဉာဏ်ကမြင်သောကြောင့် ဪ ဒါသည် သောတပတ္တိမဂ်၊ ဖိုလ်၊ ပစ္စဝေက္ခဏာတို့ ကိုယ့်သန္တာန်မှာ ပေါ်ပြီလို့မှတ်ထားရမယ်။

ဒါဖြင့် ဝိပဿနာဉာဏ်သည် သင်္ခတဖြစ်ပျက်ကိုသာမြင်ပါသည်။ မဂ်ဉာဏ်သည် အသင်္ခတဖြစ်တဲ့ ဖြစ်ပျက်မရှိ တဲ့ နိဗ္ဗာန်ကို မြင်သည်ကို ခွဲခြားပြီး သကာလ မှတ်ထားရမယ် ။

ခန္ဓာကိုယ်ထဲ၌ ထူးခြားပုံ

၎င်းအပြင် ဝိပဿနာအားထုတ်တဲ့အခါမှာ မဂ်ဆိုက် တယ် မဆိုက်တယ် ခန္ဓာကိုယ်ထဲ၌ ထူးခြားပုံကို ပဏ္ဏာသပါဋ္ဌိတော်မှာ လာတာကို အထူးတလည် မှတ်ထားရဦးမယ်။

ဝိပဿနာမဂ်သည် သင်္ခတကို အာရုံပြုတယ်၊ သင်္ခတကိုသာ သူမြင်ပြီး သကာလ နေပါတယ် ၊ လောကုတ္တရာမဂ် က အသင်္ခတကို အာရုံပြုလို့ အသင်္ခတဘက် ကူးသွားတဲ့အခါမှာ ခန္ဓာကိုယ်ထဲမှာ ညဉ့်သိပ်ရေ၊ ရေအိုးတစ်ထောင်နဲ့ လောင်းပြီး သကာလ အပူထဲကလာတဲ့ ပုဂ္ဂိုလ်မျိုး ရဘိသကဲ့သို့ ခန္ဓာထဲ ဉာဏ်ထဲမှာ အလုံးစုံ အေးစိမ့်သွားတဲ့ သဘောတွေ လာခဲ့လို့ရှိရင် ဒါမဂ်ဆိုက်တာဟူသော အဓိပ္ပါယ်သို့ ရပါသည်လို့ မှတ်ထားရမယ်။

အသင်္ခတမြင်တဲ့အချိန်မှာ အေးငြိမ်းချမ်းသာဆိုတာ လာပါလိမ့်မယ်

ဒါက ကိုယ်မဂ်ဆိုက်တယ်၊ မဆိုက်တယ်ကို ခန္ဓာကိုယ်ထဲမှာ အပူပြင်းထဲကလာတဲ့ပုဂ္ဂိုလ်ကို ရေးအိုးတစ်ထောင် နဲ့ လောင်းလိုက်တဲ့အခါ အေးငြိမ်းပြီး သကာလ ချမ်းသာသလို မဂ်ဆိုက်သွားတဲ့အခါမှာလဲ ခန္ဓာကိုယ်ထဲမှာ သင်္ခတက လွတ်ပြီး အသင်္ခတမြင်တဲ့အချိန်မှာ အေးငြိမ်းချမ်းသာဆိုတာ လာပါလိမ့်မယ်။

ဤကဲ့သို့လာလို့ရှိရင် ဒါမိမိသည် လိုရာခရီးပြီးလို့သာ လာတယ်ဟူသောအထိမ်းအမှတ်ကို တစ်ထစ်ချ ဆုံးဖြတ် ချက်ချထားပါလို့ ပြောရတယ်၊ ပါဠိတော်ကြည့်လို့ရှိရင်ဖြင့် “ သင်္ခါရ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ” ဆိုတာ ဝိပဿနာဉာဏ်ကို ဆိုပါသည် ပဋ္ဌာန်နည်းနဲ့။

မဂ်၊ ဖိုလ်၊ ပစ္စဝေက္ခဏာတို့သည် နိဗ္ဗာန်ကို မြင်တယ်

” နိဗ္ဗာနံ မဂ္ဂဿ’ ဆိုတဲ့ဥစ္စာသည် “ နိဗ္ဗာနံ မဂ္ဂဿ၊ နိဗ္ဗာနံ ဖလဿ၊ နိဗ္ဗာနံ ပစ္စဝေက္ခဏဿ အာရမ္မဏ ပစ္စယေန ပစ္စယော။(နိဗ္ဗာနံ ပစ္စဝေက္ခတိ။” လို့ ဟောတော် မူသောကြောင့် ဝိပဿနာမဂ်သည် တေဘုမ္မိကသင်္ခါရ ဖြစ်ပျက်ကိုသာ မြင်ပါ၏။

မဂ်၊ ဖိုလ်၊ ပစ္စဝေက္ခဏာတို့သည် သင်္ခတမှ လွတ်တဲ့ အသင်္ခတဖြစ်တဲ့ နိဗ္ဗာန်ကို မြင်နိုင်တယ်လို့ ပဋ္ဌာန်ကျမ်း များမှာလည်း သေသေချာချာ ဟောထားပါတယ်။

ဒါကြောင့် ရှေးဦးစွာ ပွားများရမယ့်မဂ်နဲ့ ကိုယ်ပိုင်ရမယ့်မဂ်နဲ့ဟာ ပွားများရမယ့်မဂ်ကိုသာ ပွားများ၊ ကိုယ်ပိုင် ရမယ့်မဂ်သည် အလိုလိုလာလိမ့်မယ်ဆိုသောမူလစကားအတိုင်းအလုပ်စဉ်မှာ ဤအတိုင်းပဲ မှတ်ထားရမယ်ဆိုတာကို တထစ်ချ ဆုံးဖြတ်ချက်ချရမယ်။

ကဲ တော်လောက်ပြီ။

သာဓု – သာဓု – သာဓု။