ကိုယ်အသေကိုယ်မြင်အောင်ကြည့်တာသည် ဝိပဿနာ
အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း၊
ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ၊ မိုးကုတ်ဆရာတော်ဘုရားကြီး၊
မင်္ဂလာရိပ်သာကျောင်းတိုက်၌ ဟောကြားဆုံးမတော်မူသော
ကိုယ်အသေကိုယ်မြင်အောင်ကြည့်တာသည် ဝိပဿနာ
ကိုယ့်စိတ်ကို ကိုယ်တိုင်မြင်အောင်လုပ်
ကိုယ့်စိတ်ကို ကိုယ် ကိုယ်တိုင်မြင်အောင်လုပ်ရမယ် (မှန်ပါ)၊ ကိုယ့်စိတ်ကို (ကိုယ်ကိုယ်တိုင်မြင်အောင်လုပ် ရမှာပါ ဘုရား)။ ကိုယ့်စိတ်ကို ကိုယ်တိုင်မြင်အောင်လုပ်ရမယ်။
ကိုယ်စိတ်ကို ကိုယ်တိုင်မြင်အောင်လုပ်ရမယ်လို့ဆိုတော့ကို မျက်မြင် ဉာဏ်မြင်နှစ်မျိုးရှိပါတယ် (မှန်ပါ)။ မျက်မြင် ဉာဏ်မြင် နှစ်မျိုးရှိတော့ကို စိတ်ဆိုတာ ဓမ္မရုံဖြစ်ပါတယ် စာလိုသုံးရင် အဲဒီဓမ္မာရုံဖြစ်လေသောကြောင့် မျက်မြင် ဘယ်တော့မှ မဟုတ်လို့မှတ်ပါ (မှန်ပါ)၊ ဉာဏ်မြင်ချည်း၊ သေချာမှတ်ပါ (မှန်လှပါ ဘုရား)။
ဒါဖြင့် စိတ်ကိုရှုမယ်ကြံလို့ရှိရင် ၊ ဒကာ ဒကာမတို့ ဉာဏ်မြင်မှသာလျှင် မြင်နိုင်မယ် (မှန်ပါ)။ ဘာနဲ့မြင်ရမှာ တုန်း (ဉာဏ်နဲ့မြင်ရမှာပါ ဘုရား)။ ဉာဏ်နဲ့မြင်ရမယ်ဆိုတော့ ဪ တို့ကို အရှုခိုင်းတာသည် တို့က မြင်တာ ရှုရမှာ လား ကြားတာရှုရမှာလား ၊ ဘယ်လိုရယ်လို့ မသိပါဘူးလို့ အောက်မေ့ပြီး မနေကြဘဲနဲ့ ပေါ်တဲံစိတ်ကို ဉာဏ်မြင်ဖြစ်အောင် လိုက်ပါ (မှန်ပါ)၊ ပေါ်တဲ့စိတ်ကို (ဉာဏ်မြင်ဖြစ်အောင် လိုက်ရမှာပါ ဘုရား)။ ဉာဏ်မြင်ဖြစ်အောင် လိုက်ရမယ်လို့ သေသေချာချာမှတ်ကြပါ (မှန်လှပါ ဘုရား)။
အဲဒီတော့ ဒကာ,ဒကာမတို့သန္တာန်မှာ ပေါ်နိုင်တဲ့စိတ်သည် မြင်တယ်ဆိုလို့ရှိရင် မနေ့ကပြောတဲ့အတိုင်း မြင်စိတ်ကလေးပေါ်လာတယ် (မှန်ပါ)၊ ဒါဖြင့် မြင်စိတ်ပေါ်ရင်ပဲ ဒီက မဂ္ဂင်ငါးပါးနဲ့ ကိုယ်တိုင်မြင်အောင်ကြည့်ပါ (မှန်ပါ)၊ မြင်စိတ်ပေါ်ရင်လဲ (မဂ္ဂင်ငါးပါးနဲ့ ကိုယ်တိုင်မြင်အောင်ကြည့်ရမှာပါ ဘုရား)။ ကိုယ်တိုင်မြင်အောင် ကြည့်ရမယ်။
အဲဒီတော့ ကိုယ်တိုင်မြင်အောင် ကြည့်လိုက်တဲ့အခါကျတော့ကို ဒါက မြင်စိတ်တစ်နံပါတ် ဒါက ရှုစိတ် နှစ် နံပါတ်၊ တစ်ကို နှစ်နဲ့ကြည့်ပါ (မှန်ပါ)၊ တစ်ကို (နှစ်နဲ့ကြည့်ရမှာပါ ဘုရား) တစ်ကို နှစ်နဲ့ ကြည့်ပါလို့ဆိုတာကို သတိပေး လိုက်ပါတယ် (မှန်ပါ)၊ သတိပေးလိုက်တော့ကို တစ်ကဖြစ်ပြီးတော့ ပျက်သွားပါလိမ့်မယ်၊ နှစ်က နောက်မှ ဒီနေရာကို ကြည့်တာပေါ့ (မှန်ပါ)၊ ကြည့်တဲ့အခါကျတော့ သူ့ကြည့်တဲ့အချိန်မှာ မရှိတာကိုပဲ တွေ့ပါလိမ့်မယ် (မှန်ပါ) ၊ နှစ်နဲ့ကြည့်တဲ့ အခါ (မရှိတာပဲတွေ့ရမှာပါ ဘုရား)။
မရှိတာက အနိစ္စ၊ ရှုတာက (မဂ္ဂ
ဒါဖြင့် အားလုံး ဒကာ, ဒကာမတွေ မရှိတာက အနိစ္စ၊ ရှုတာက (မဂ္ဂပါ ဘုရား)။ မဂ္ဂလဲဆို ဝိပဿနာဉာဏ်လဲ ဆိုပါ (မှန်ပါ)၊ ဪ ဒါဖြင့်လဲ ကိုယ့်စိတ်ကိုယ်ကြည့်ပါတဲ့ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဘာကြည့်ကြမယ့် (ကိုယ့်စိတ်ကိုယ်ကြည့်ရမှာပါ ဘုရား)။ ကိုယ့်စိတ်ကိုယ် ကြည့်ရမယ်လို့ မှတ်ထားကြစမ်းပါ (မှန်လှပါ ဘုရား)။
ကိုယ့်စိတ်ကိုယ်ကြည့်ရမယ်ဆိုလို့ရှိရင်ဖြင့် ကိုယ့်စိတ်သည် ဘယ်နှစ်မျိုးတုန်းလို့မေးတော့ ဒကာ,ဒကာမတို့ တစ်ဆယ့်သုံးမျိုးပဲရှိတယ် (မှန်ပါ)၊ တစ်နေ့က သင်ထားတယ်နော် ၊ တစ်ဆယ့်သုံးမျိုးပဲရှိတယ်လို့ သင်ထားပါတယ် (မှန်ပါ) အဲဒီတစ်ဆယ့်သုံးမျိုးဟာ ပေါ်တော့တစ်မျိုးတည်းပေါ်လိမ့်မယ်၊ အဲဒီပေါ်တိုင်း ပေါ်တိုင်းကို အားလုံးက ဒကာ,ဒကာမတွေက မလွတ်အောင်ကြည့်ပါ (မှန်လှပါ ဘုရား)။
မလွတ်အောင်ကြည့်လိုက်တော့ အပျက်နဲ့မဂ်ကိုက်ပါတယ် (မှန်ပါ)၊ အပျက်ဆိုတာက ခုနက ရှေ့ကကြည့်စရာ ပျက်သွာတာ၊ မဂ်ဆိုတာက ကြည့်စရာကို ကြည့်လိုက်တဲ့အတွက် မြင်တာကို မဂ်လို့ခေါ်ပါတယ် (မှန်ပါ)၊ ဒါဖြင့် အပျက်နဲ့မဂ် ကိုက်အောင်လုပ်ပါ အပျက်နဲ့မဂ်နဲ့ (ကိုက်အောင်လုပ်ရမှာပါ ဘုရား)။
အဲဒါကို ဘုရားသခင်ကိုယ်တောတ်မြတ်ကြီးက အဲဒါ သန္ဒိဋ္ဌိကော ကွ (မှန်ပါ) ကိုယ်တိုင်မြင်တာ မင်းစိတ်ကို မင်းကိုယ်တိုင်မြင်တာ (မှန်ပါ)။ ရှင်းပြီလား (ရှင်ပါပြီ ဘုရား)၊ ကိုယ့်စိတ်ကို (ကိုယ်တိုင်မြင်တာပါ ဘုရား)၊ ကိုယ်တိုင် မြင်တာဆိုတော့မှ ဪ ဒါဖြင့် ခင်ဗျားတို့ မနေ့ကသင်ထားတဲ့ သန္ဒိဋ္ဌိကောဟာ ဒါပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊ သန္ဒိဋ္ဌိကော ကိုယ်တိုင်မြင်တယ် (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကိုယ့်စိတ်အကြောင်းကို ကိုယ်သိသွားတာ
ကိုယ်တိုင်မြင်တော့ကို ဪ ဒီစိတ်ကလေးကို ကိုယ်တိုင်မြင်သွားပြီ သူ့စိတ်သူသိသွားပြီ သူ့စိတ်ကလေး သဘောကို သူသိသွားပြီ (မှန်ပါ)။ ပင်ကိုစိတ်၏သဘောကို သူသိသွားပြီ ဒါဖြင့် ကိုယ့်စိတ်အကြောင်းကို ကိုယ်သိသွားတာ ပေါ့နော် (မှန်ပါ)၊ အဲဒီတော့ ကိုယ့်စိတ်အကြောင်းကိုယ်သိသွားတော့ကို မြန်မာလိုသုံးကြပါစို့ဆိုတော့ ကိုယ့်ကိုယ် အကြောင်း ကိုယ်သိတာပါပဲ (မှန်လှပါ ဘုရား)။
ကိုယ့်ကိုယ်ဟာ ဪ မွေးလိုက် သေလိုက် မွေးလိုက် သေလိုက်ကို ဒီကသိတယ် (မှန်ပါ)၊ မွေးလိုက် သေလိုက်ကို (ကိုယ်ကသိပါတယ် ဘုရား)၊ ကိုယ်သိတာက မဂ်နဲ့သိတာ (မှန်ပါ)၊ ဒါကို သေသေချာချာမှတ်ကြပါတဲ့ မွေးလိုက်- သေလိုက်ကို မဂ်နဲ့သိရမယ် (မှန်ပါ)၊ မွေးလိုက် သေလိုက်ကို မဂ်နဲ့သိတဲ့အခါကျတော့ကို ကိုယ့်ခန္ဒာမဟုတ်ပါလားလို့ ဒီကနေသိတယ် (မှန်ပါ)။ ဒါ ကိုယ့်ခန္ဓာဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)၊ ကိုယ့်ခန္ဓာမဟုတ်တာကို ကိုယ်ကသိတယ် (မှန်ပါ)။ နဂိုကတော့ ကိုယ့်ခန္ဓာလို့ထင်နေတာ (မှန်ပါ)၊ အခု သေချာကြည့်တော့ (မဟုတ်ပါ ဘုရား)။ မဟုတ်တော့ ဘူးတဲ့ သူအကြောင်းတိုက်ဆိုင်လို့ဖြစ်ပြီး သေသွားတာပဲ (မှန်ပါ)၊ အကြောင်းတိုက်ဆိုင်လို့ဖြစ်ပြီး သေသွားတာပဲ (မှန်ပါ) အကြောင်းတိုက်ဆိုင်လို့ဖြစ်ပြီးတော့ (သေသွားပါတယ် ဘုရား)။
သေသွားတာကို ကျုပ်တို့ကသိလိုက်တော့ ဩာ် နဂိုက တို့ကတော့ဖြင့် အသက်တစ်ရာရှည်တယ် ကိုယ့်ခန္ဓာ က အသက်တစ်ရာရှည်တယ်လို့ ထင်နေကြတယ် (မှန်ပါ)၊ အခုတော့ အသက်တစ်ရာဝေးလို့ မျက်စိတစ်မှိတ်တောင် မရှင်ပါကလားလို့ သိမလာဘူးလား (သိလာပါတယ် ဘုရား)၊ သိလာတော့ ကိုယ့်ခန္ဓာအကြောင်းကို ကိုယ်သိတယ် (မှန်ပါ)၊ ကိုယ့်ခန္ဓာအကြောင်းကိုယ်သိတဲ့အခါကျတော့ ဒုက္ခရောက်နေတာဟာ ကိုယ့်ခန္ဓာကိုးလို့ သူကသိတယ် (မှန်ပါ)။ ခဏ ခဏ ဒုက္ခရောက်နေတာကိုး (မဂ်က သိပါတယ် ဘုရား) မဂ်ကသိတယ် (မှန်လှပါ ဘုရား)။
ဝိပဿနာဆိုတာ ဘာပါလိမ့်
ကဲ ခဏ ခဏ ဒုက္ခရောက်နေတာကို ကိုယ့်ခန္ဓာကိုးလို့ ဒီမြင်စိတ်ကလေးကိုလဲ ကိုယ့်ခန္ဓာကိုးလို့သိတော့ ဪ မြင်တာနဲ့အသက်ရှင်နေတယ် ရှင်ပြီးခဏရှိ သေပြန်တာပဲ (မှန်ပါ)၊ ကြားစိတ်ကလေးလဲ ထို့အတူပဲ ၊ ကြာပြီးတာကို ဒီကနေသိလိုက်တဲ့အခါကျတော့ ဦးသန်းမောင်တစ်ယောက်သေတယ် ၊ ဦးဘထွေးတစ်ယောက် သေတယ် ၊ ဦးမာဒင် တစ်ယောက်သေတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ ဒါဖြင့် ဝိပဿနာဆိုတာ ကိုယ့်အသေကို ကိုယ်တိုင် မြင်အောင်ကြည့်ရတာ ဝိပဿနာလို့ခေါ်သည် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဝိပဿနာဆိုတာ ဘာပါလိမ့် (ကိုယ့်အသေကို ကိုယ် ကိုယ်တိုင်မြင်အောင် ကြည့်ရတာပါ ဘုရား)၊ အဲဒီ တစ်လုံးတည်းသာမှတ်ရှုပါ (မှန်ပါ) ၊ ဝိပဿနာဆိုတာသည် ဘာပါလိမ့် (ကိုယ့်အသေကို ကိုယ်တိုင်မြင်အောင်ကြည့် ရတာပါ ဘုရား)။ ခင်ဗျားတို့ ဒီတစ်လုံးကြားရတာနဲ့ သေပျော်ပါတယ် (မှန်ပါ)။ ဝိပဿနာဆိုတာ ရှုတာလောက်ပဲသိတယ် (မှန်ပါ)၊ အခုတော့ ဒီလိုမဟုတ်ပါဘူးတဲ့ ကိုယ့်အသေ ကိုယ်ကြည့်တာ (မှန်ပါ)၊ ဘယ့်နှယ်ဆိုကြမတုန်း (ကိုယ့်အသေ ကိုယ်ကြည့်တာပါ ဘုရား)။ ကိုယ့်အသေ ကိုယ်ကြည့်တာလို့ ကိုလှဖေတို့မှတ်ရမယ်နော် (မှန်လှပါ ဘုရား)။
ကိုယ့်အသေ ကိုယ်ကြည့်တယ်၊ ဒီတစ်လုံးနဲ့ပဲ ခင်ဗျားတို့ ကိုယ့်အသေ ကိုယ်မြင်ပြီ (မှန်ပါ)၊ နောက်တစ်ခါ နားထဲက ကြားတဲ့စိတ်ကလေးဟာ မိမိခန္ဓာကိုယ်ပဲ မိမိခန္ဓာကိုယ် ဆိုရမှာပေါ့၊ ဝိညာဏက္ခန္ဓကိုး (မှန်ပါ)၊ ဒါလေး ကြည့် လိုက်ပါဦးလို့ ကိုလှဖေတို့ မေးမေး ၊ ဦးမာဒင်တို့မေးမေး ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ ဘာမြင်တာတုန်း (ကိုယ့်အသေကိုယ်မြင်တာပါ ဘုရား)။
ငါမဟုတ်လို့ သေတာတွေပါလား
ဪ မျက်လုံးမှာပေါ်တဲ့စိတ် နားထဲပေါ်တဲ့စိတ်၊ ဒါတွေကို ငါထင်နေတယ် မဟုတ်ပါလား ၊ ငါမဟုတ်လို့ သေတာတွေပါလား ဆိုတာလဲ ပေါ်လာတယ် (မှန်ပါ)၊ သေလာတော့ကို ဒိဋ္ဌိက ပြုတ်သွားတယ် ဒိဋ္ဌိက ပြုတ်သွားတော့ အပါယ်မကျတော့ဘူး (မှန်ပါ)၊ ဒိဋ္ဌိကြောင့် အပါယ်ကျရတာကိုး (မှန်လှပါ ဘုရား)။
အဲဒါကြောင့် ဝိပဿနာဆိုတာ ယနေ့ကိုယ်တိုင်ကြည့်လိုက်တဲ့အခါမှာ ဘာတွေ့ရသတုံးလို့ မေးရင် ဘယ့်နှယ် ပြောကြမတုန်း (ကိုယ့်အသေပါ ဘုရား)၊ အင်း အဖိုးတန်လိုက်တာ ၊ ကိုယ့်အသေကိုယ်မြင်တာကို အဖိုးတန်တယ်လို့ ဆိုရတယ် (မှန်ပါ)၊ ကိုယ့်အသေကိုယ်မြင်နေတဲ့ပုဂ္ဂိုလ်ဟာ ဒီအသေမျိုးလိုချင်သေးသလားလို့ မေးရင် ဘယ့်နှယ်ဖြေ ကြမတုန်း (မလိုချင်တော့ပါ ဘုရား)၊ ကိုယ့်အသေ ကိုယ်မြင်ရင် တဏှာသေနေတာပဲ (မှန်ပါ)၊ ကိုယ့်အသေ ကိုယ် မြင်ရင် (တဏှာသေနေတာပါ ဘုရား)၊ အသေဘူးလား ၊ ကဲ (သေပါတယ် ဘုရား)၊ နောက် ဒီလိုသေတဲ့ခန္ဓာမျိုးကို လိုချင် သေးလားလို့ ဒီအထဲကလူတွေကို အကုန်မေးပါ (မလိုချင်ပါ ဘုရား)။
ဪ ဒါဖြင့် ကိုယ့်အသေ ကိုယ်မြင်တဲ့ပုဂ္ဂိုလ်များမှာ အနာဂတ်တဏှာသေတယ် (မှန်ပါ)၊ ဘာတဲ့တုန်း (အနာဂတ် တဏှာသေပါတယ် ဘုရား)၊ အနာဂတ် ဒီဘက်လာလတ္တံ့တဏှာတွေသေတယ် (မှန်ပါ)၊ အနာဂတ်တဏှာ တွေ သေတော့လို့ အနာဂတ်တဏှာက လုပ်မယ့်ခန္ဓာ ပေါ်ပါဦးမလား (မပေါ်ပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ အနာဂတ်တဏှာက လုပ်နိုင်သေးရဲ့လား (မလုပ်နိုင်ပါ ဘုရား)၊ သူမှ ပေါ်ခွင့်မရတော့ ကျုပ်တို့သူက လုပ်မယ့်ခန္ဓာဟာ ပေါ်ပါဦးမလား (မပေါ်တော့ပါ ဘုရား)။
ဘာကျေးဇူးရှိသတုံး
ဪ ကိုယ့်အသေ ကိုယ် မြင်တာဟာ ဘာကျေးဇူးရှိသတုံးဆိုလို့ရှိရင် အနာဂတ် တဏှာသေတယ် (မှန်ပါ) မှတ်မိကြပြီလား (မှတ်မိပါပြီ ဘုရား)၊ ကိုယ့်အသေကိုယ်မြင်ရင် (အနာဂတ်တဏှာသေပါတယ် ဘုရား)၊ ကောင်းပြီ အနာ ဂတ်လာလတ္တံ့ဖြစ်တဲ့တဏှာတွေသေတယ် (မှန်ပါ)၊ ပစ္စုပ္ပန်မှာ အခု ကြားစိတ်ကလေး နားထထဲမှာ ဒီကချက်- ချက်နဲ့ (နာရီသံ) ကြားတယ်၊ ကြားစိတ်ကလေးက ကြားပြီး ပျော်ကသွားတယ် ဒါ မိမိသေတာပဲ (မှန်ပါ)၊ မဟုတ်ဘူလား (မှန်ပါ)၊ မိမိအသေမြင်ပြန်တော့ ရှုနေတဲ့အချိန်ကျတော့ကို ဒကာ,ဒကာမတို့မှတ်လိုက်ပါတဲ့ ကိုယ့်အသေကိုယ်မြင်တော့ကို ဒိဋ္ဌိသေတယ် (မှန်ပါ)၊ ကိုယ့်အသေကိုယ်မြင်တော့ (ဒိဋ္ဌိသေပါတယ် ဘုရား)။
ပစ္စုပ္ပန်မှာ ဒိဋ္ဌိသေတယ် (မှန်ပါ)၊ အနာဂတ်အတွက်မှာ အနာဂတ်တဏှာသေတယ် (မှန်ပါ)၊ နှစ်ချက် ကျေးဇူး များပါတယ် (မှန်ပါ)၊ ပစ္စုပ္ပန် ဖျတ်ခနဲမြင်လိုက်တုန်းကတော့ ဘာသေတုံး (ဒိဋ္ဌိသေပါတယ် ဘုရား)၊ ဪ ငါ့ဟာမဟုတ်လို့ သေသွားပြီ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ငါ့ဟာမဟုတ်လို့ ပျက်တာပေါ့ဗျ (မှန်ပါ)၊ ငါ့ဟာလေးဟုတ်လို့ရှိ ရင် ငါတားတိုင်း၊ ဆီးတိုင်း ဒီတရားကလေးက ရှိနေရမယ် (မှန်ပါ)၊ အခုတော့ တားလို့ဆီးလို့ ရရဲ့လား (မရပါ ဘုရား)။ ဒါဖြင့် ပစ္စုပ္ပန်ပျက်တာလေး မရှိတာလေးသိလိုက်တယ် ကိုယ့်အသေ ကိုယ်မြင်လိုက်တော့ကို ဪ ငါမဟုတ်လို့ ပျက်စီးတာ ပဲဆိုတော့ ဒိဋ္ဌိသေတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ရှုဆဲအခိုက်အတန့်မှာ ဒိဋ္ဌိသေပါတယ်
ဒါဖြင့် ရှုနေတုန်းမှာ ရှုဆဲအခိုက်အတန့်မှာ တစ်ခါတည်းမရှိတာကို သိလိုက်တဲ့အတွက် ဒိဋ္ဌိသေပါတယ် (မှန်ပါ)၊ ဒီရှုတဲ့ဉာဏ်က အနာဂတ်တဏှာကို သတ်ပါတယ် (မှန်ပါ) ၊ သေပျော်တဲ့တရားဗျ (မှန်လှပါ ဘုရား)။
ရှုတယ် – ရှုတယ်ဆို ဒကာ,ဒကာမတွေက ဖျတ်ဆိုပဲ ကြားတဲ့စိတ်ကလေးကလဲ ပျက်သွားတာပဲ (မှန်ပါ)၊ ဪ ဒါလေးဟာ မိမိမရှိတော့ပါလားလို့ မသိဘူးလား (သိပါတယ် ဘုရား)၊ ဒါလေးနဲ့ ဉာဏ်နဲ့သိရမှာကိုး (မှန်ပါ)၊ မသိလိုက်ဘူးလား (သိလိုက်ပါတယ် ဘုရား) ရှုတဲ့ပုဂ္ဂိုလ်မှာသိပါတယ် (မှန်ပါ)၊ ရှုတဲ့ပုဂ္ဂိုလ်မှာ သိပါတယ်၊ မြင်တဲ့စိတ် ကလေးရှိသေးလို့ ကြည့်လိုက်တယ်၊ ဦးလှဖေ ရှိသေးရဲ့လား (မရှတော့ပါ ဘုရား)၊ ဦးကျော်မောင်တို့ကော မရှိတော့ဘူး နော် ဦးဘထွေးကော ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။
မရှိတာ ဘယ်သူမရှိတာတုံးဆိုရင်ဖြင့် မိမိမရှိတာဆိုတော့ ဪ ဒါကြောင့်ပဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘယ်သူမှ မပိုင်ဘူးလို့ ပြောတာ (မှန်ပါ)၊ ကိုယ့်ဟာကိုယ်ကြည့်တော့လဲ ကြည့်ရင်းမတ္တနဲ့ပဲ ရှာမတွေ့တော့ဘူး (မှန်ပါ)၊ ကိုယ့်ဟာကိုယ်ကြည့်တော့လဲ ကြည့်ရင်းမတ္တနဲ့ပဲ ရှာမတွေ့တော့ဘူး (မှန်ပါ)၊ ဆိုတော့ ရှာမတွေ့တာသိလိုက်သဖြင့် မပိုင်ကြောင်း မဆိုင်ကြောင်း သိလိုက်တယ် (မှန်ပါ)၊ ဒါကြောင့် ဒီဘက်ရှုနေတုန်း ဒိဋ္ဌိသေပါတယ် (မှန်ပါ)၊ ဒီမဂ္ဂင်က (မှန်ပါ)၊ နောက်လာမယ့် အနာဂတ်တဏှာတွေလဲ လာခွင့်မပေးဘူး (မှန်ပါ)၊ ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)။
မဂ်က နှစ်ခုသောကိစ္စကို ရွက်ဆောင်တယ်
ဒါဖြင့် သူဟာ နှစ်ခုသောကိစ္စကို ရွက်ဆောင်တယ် (မှန်ပါ)၊ မဂ်က နှစ်ခုသောကိစ္စကို ရွက်ဆောင်တယ် (မှန်ပါ)၊ ကိုယ့်အသေကိုယ်မြင်အောင်လဲ ကြည့်နိုင်တဲ့တွက် ဒီဘက်မှာ ဒိဋ္ဌိသတ်တယ်၊ ဒီဘက်မှာ တဏှာသတ်တယ် (မှန်ပါ)၊ ရှေ့ပိုင်းမှာ (ဒိဋ္ဌိသတ်ပါတယ် ဘုရား)၊ နောက်ပိုင်းမှာ (တဏှာသတ်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ခင်ဗျားတို့ ရှုနေတဲ့ ကျေးဇူးလာတိုင်း လာတိုင်း ကိုယ့်အသေကိုယ် မြင်အောင်ကြည့်နေဲ့ ကျေးဇူးဟာဖြင့် ကိုလှဖေသေချာမှတ်ပါ အပါယ်သွားစေတယ်တဲ့ “ ငါ “ ထင်နေတဲ့ ဒိဋ္ဌိလဲ သေတယ် (မှန်ပါ)၊ အနာဂတ်ခန္ဓာတစ်ခုလုပ်မယ့် အပါယ်ခန္ဓာဖြစ်ဖြစ် ဒုက္ခသစ္စာဖြစ်ဖြစ် လုပ်မယ့်တဏှာကိုလဲ ဒီမဂ်က သတ်ပစ်တယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒီမဂ်သည် ကိစ္စနှစ်မျိုး ရွက်ဆောင်ပါလိမ့် (နှစ်မျိုးရွက်ဆောင်ပါတယ် ဘုရား)၊ မှန်မိပြီ (မှန်ပါ)။ ဘယ်နှစ်မျိုး ရွက်ဆောင်ပါလိမ့် (နှစ်မျိုးရွက်ဆောင်ပါတယ် ဘုရား)၊ မှတ်မိပြီ (မှန်ပါ)၊ ဘယ်နှစ်မျိုး ရွက်ဆောင်ပါလိမ့် (နှစ်မျိုးရွက်ဆောင်ပါတယ် ဘုရား)၊ နှစ်မျိုးရွက်ဆောင်တယ်လို့မှတ်လိုက်စမ်းပါ (မှန်ပါ)၊ ပစ္စုပ္ပန်မှာ မရှုခိုင်းတုန်းကဘာ သေတုံး (ဒိဋ္ဌိသေပါတယ် ဘုရား)၊ ဪ – ဒီမဂ်အမြင်သည် ဒိဋ္ဌိကိုလဲ သေစေတယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
သတိထား အားစိုက်လို့ ပေါ်လာတာ
ဒီမဂ်သည် အလိုလိုပေါ်လာတာလား ၊ ကျုပ်တို့က အားစိုက်ရှုလို့ ပေါ်လာတာလားဆိုတော့ ဒါ သတိထားအား စိုက်လို့ ပေါ်လာတာ (မှန်ပါ)၊ သတိထား၊ အားစိုက်လို့ ပေါ်လာသောကြောင့် ဪ – ကိုယ့်အသေကိုယ်မြင်တဲ့ ပုဂ္ဂိုလ်ဟာ နောက်ခန္ဓာကိုလိုချင်တဲ့ တဏှာမလာဘူး (မှန်ပါ)၊ နောက်ခန္ဓာလိုချင်တဲ့ တဏှာလာသေးရဲ့လား (မလာပါ ဘုရား)၊ ဒါဖြင့် ဝိပဿနာဉာဏ်သည် ဘယ်နှစ်ကိစ္စ ရွက်ဆောင်သတုံး (နှစ်ကိစ္စ ရွက်ဆောင်ပါတယ် ဘုရား)။ ဒိဋ္ဌိကိုလဲ သတ်ပါတယ် (မှန်ပါ)၊ အနာဂတ် တဏှာလဲ (သေစေပါတယ် ဘုရား)။
ဒါကြောင့် ဘုန်းကြီးက ဒါလောက် အရှုခိုင်းတာကိုးဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)၊ ဉာဏ်နဲ့နားထောင်ကြပါ၊ ဉာဏ်နားနဲ့ ထောင်ကြည့်ကြပါ (မှန်ပါ)၊ နိဗ္ဗာန်ဆိုတာ ဉာဏ်နဲ့သွားရတာပါ (မှန်ပါ)၊ အဲဒီတော့ကို ကဲ မနေ့က တရားကို ပြန်ပြီး စစ်ဆေးလိုက်တော့မှ ဒီဘက်က သေသွားတာ သူများပြောလား ကိုယ်တိုင်မြင်တာလား (ကိုယ်တိုင်မြင်တာပါ ဘုရား)၊ ကဲ ပါဠိတော်ရွက်လိုက် ‘ သန္ဒိဋ္ဌိကော’ ဆိုတာနဲ့ကိုက်နေတာပဲ (မှန်ပါ)၊ ကိုယ်တိုင်မြင်တာ (မှန်ပါ)၊ ကိုယ်တိုင်မြင်တာ (မှန်ပါ)။ ဘုရားရှိခိုးနေတာလား ကိုယ်တိုင် ဒီဥစ္စာကို မြင်အောင်ကြည့်နေတာလား (ကိုယ် တိုင်မြင်အောင် ကြည့်နေတာပါ ဘုရား)။
ကိုယ်တိုင်မြင်အောင်ကြည့်တော့ ဪ – ခင်ဗျားတို့ကိုယ်တိုင် မြင်ပြီ၊ ဘာကို မြင်တာတုံး မေးတဲ့အခါကျတော့မှ (ကိုယ်အသေကိုယ် မြင်တာပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ကိုယ့်အသေကိုယ် မြင်တာဗျ (မှန်ပါ)၊ ဒီစိတ် ကလေးနဲ့ အသက်ရှင်နေတာ ဒီစိတ်ကလေး သေသွားတာကိုး (မှန်ပါ)၊ ဒီစိတ်ကလေးဟာ ဝိညာဏက္ခန္ဓာလို့ ဝိညာဏက သိတာ ခန္ဓာက ခန္ဓာပဲ ၊ သိတဲ့ခန္ဓာသေသွားပြီး (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဘာခန္ဓာသေသွားတုံး (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊
ဝိညာဏက္ခန္ဓာသေသွားတာ
ဘာခန္ဓာသေသွားတုန်း (သိတဲ့ခန္ဓာ သေသွားပါတယ် ဘုရား)၊ အဲဒါ ဝိညာဏက္ခန္ဓာလို့ ဝိညာဏကသိတာ ၊ ခန္ဓာက ခန္ဓာပဲ ၊ သိတဲ့ခန္ဓာသေသွားပြီ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဘာခန္ဓာသေသွားတုန်း (သိတဲ့ခန္ဓာ သေသွားပါတယ် ဘုရား)။ အဲဒါ ဝိညာဏက္ခန္ဓာသေသွားတာလို့ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက မှတ်လိုက်ပါ (မှန်လှပါ ဘုရား)။
ဒါဖြင့် ကြားတဲ့စိတ်ကလေးရှိတော့ ကြားတဲ့ခန္ဓာ သေသွားတာ နံတဲ့စိတ်ကလေးဒီကနေကြည့်ပြန်တော့ကော (နံတဲ့ခန္ဓာ သေသွားပါတယ် ဘုရား)၊ အင်း စားတဲ့စိတ်ကလေး ဉာဏ်နဲ့ကြည့်လိုက်တယ် (စားတဲ့ခန္ဓာကလေး သေပါတယ် ဘုရား)။ အင်း ခန္ဓာကိုယ်ထဲမှာ ယားတဲ့နာတဲ့စိတ်ကလေးတွေ လှည့်ကြည့်လိုက်ပြန်တော့ကော (ယားတဲ့နာတဲ့ ခန္ဓာကလေး သေပါတယ် ဘုရား)။ ယားတဲ့နာတဲ့ ခန္ဓာသေသွားပြန်တယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ခန္ဓာထဲက ကြံစည်လိုက်တဲ့စိတ်ကလေးကို ဉာဏ်နဲ့ကြည့်လိုက်တယ် (ကြံစည်တဲ့ခန္ဓာ သေပါတယ် ဘုရား)။ ဒါဖြင့် ခင်ဗျားတို့မှာ မသေတဲ့ဘယ်ခန္ဓာများပါသေးတုန်း (မပါ,ပါ ဘုရား)။
ဒါဖြင့် သေတဲ့ခန္ဓာတွေချည်းလို့ ဉာဏ်ကမြင်ပါ (မှန်ပါ)၊ ဒါကြောင့် မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ် စည်စိတ်တွေ ၊ ကုသိုလ်စိတ်တွေ၊ အကုသိုလ်စိတ်တွေ အကုန်ရှုပစ်ပါ (မှန်ပါ)၊ ရှုပစ်လိုက်တော့ကို ကိုယ့်ခန္ဓာသေတာကို ကိုယ်တိုင်မြင်တာပဲ (မှန်ပါ)၊ ဘယ်နှယ်ဆိုကြမတုန်း (ကိုယ့်ခန္ဓာသေတာကို ကိုယ်မြင်ပါတယ် ဘုရား)။
ကိုယ့်ခန္ဓာသေတာကို ကိုယ်မြင်တာ
ဪ ဝိပဿနာ ဆိုတာ ဘာပါလိမ့်မလဲ (ကိုယ့်ခန္ဓာသေတာကို ကိုယ်မြင်ပါတယ် ဘုရား)။ ဪ ဝိပဿနာဆိုတာ ဘာပါလိမ့်မလဲ (ကိုယ့်ခန္ဓာသေတာ ကိုယ်မြင်ပါတယ် ဘုရား)။ ဝိပဿနာအစစ်ကို ခင်ဗျားတို့တွေ့ပြီ (မှန်လှပါ ဘုရား)။
ဝိပဿနာဆိုတာ သူများကတော့ ရှုကြဟေ့ – ရှုကြဟေ့ ဒါ ဝိပဿနာပဲလို့ ဒါလောက်ပဲပြောပါတယ်တဲ့ (မှန်ပါ) အခု သေသေချာချာ ဉာဏ်နဲ့ ဝေဖန်လိုက်တော့ ကိုယ့်အသေကိုယ် အကြည့်ခိုင်းတာ (မှန်ပါ)၊ ဘာတဲ့တုန်း (ကိုယ်အသေကိုယ် အကြည့်ခိုင်းတာပါ ဘုရား)။ ကိုယ့်အသေကိုယ် အကြည့်ခိုင်းတာ ကိုယ့်အသေကိုယ် မြင်ပြီဆိုကြ ပါစို့ (မှန်ပါ)၊ ကိုယ့်အသေကိုယ် မြင်တော့မြင်တဲ့ အခိုက်အတန့်မှာ ဒိဋ္ဌိသေတယ် (မှန်ပါ)၊ မြင်တဲ့ဉာဏ်က တဏှာသတ်တယ် (မှန်ပါ)။ ဒါဖြင့် မြင်တဲ့မဂ်ဉာဏ်သည် ဒိဋ္ဌိကိုလဲ သေစေတယ်၊ တဏှာကိုလဲ သတ်တယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ ဒိဋ္ဌိကိုလဲ (သေစေပါတယ် ဘုရား)။ တဏှာကိုလဲ (သတ်ပါတယ် ဘုရား)။
ခင်ဗျားတို့ သံသရာမှာ ဒိဋ္ဌိတဏှာကြောင့် နောက်ခန္ဓာတွေအမျိုးမျိုးဖြစ်ပြီးတော့ ဒုက္ခမျိုးစုံကိုယ်ပိုင်လုပ်နေ ရတာ အခုတော့ဖြင့် ဒါကြည့်လိုက်တာနဲ့တင် အင်း နောက်တဏှာသေတဲ့အတွက် နောက်ခန္ဓာတွေကော လာပါဦးမလား (မလာတော့ပါ ဘုရား)။ မလာတော့ဘူး ။ နောက်ခန္ဓာမလာချင်လို့ မလာတာလား (အရင်အသေမြင်လို့ မလာတာပါ ဘုရား)။ ဒီကျတော့မှ သဘောပါတာ (မှန်ပါ)။ ကဲ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဝိပဿနာဆိုတာ ဘာပါလိမ့်ဗျာ
ဒါဖြင့် ဝိပဿနာဆိုတာ ဘာပါလိမ့်ဗျာ (ကိုယ့်အသေကိုယ်ကြည့်တာပါ ဘုရား)။ ကိုယ့်အသေကိုယ်အကြည့်ခိုင်း တာ (မှန်ပါ)၊ ရှင်းပြီး (ရှင်းပါပြီ ဘုရား)။ ဝိပဿနာဆိုတာ ဘာပါလိမ့် (ကိုယ်အသေကိုယ်ကြည့်တာပါ ဘုရား)။ ကဲ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောပါတယ် ၊ ကဲ ဒကာသစ် ရွက်စမ်း၊ ဘုရားက ဘာတဲ့တုန်း (သန္ဒိဋ္ဌိကော ပါ ဘုရား)။ သန္ဒိဋ္ဌိကော ကိုယ့်အသေကိုယ်မြင်အောင်ကြည့်ပါ (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ဘာတဲ့တုန်း (သန္ဒိဋ္ဌိကော ၊ ကိုယ်အသေကိုယ် မြင်အောင်ကြည့်ရမှာပါ ဘုရား)။ ကိုယ့်အသေကိုယ်မြင်အောင်ကြည့်၊ ဘုရားအဆူဆူမစွန့်တဲ့ပါဠိနဲ့ ကြည့်လိုက်တော့ “ သန္ဒိဋ္ဌိကော’ (မှန်ပါ)၊ သဘောကျပြီးလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဘာလုပ်ရမှာတုန်း (ကိုယ့်အသေကိုယ်မြင်အောင် ကြည့်ရမှာပါ ဘုရား)။ ကိုယ့်အသေကိုယ်မြင်အောင် ကြည့်လိုက်တဲ့အခါကျတော့ ကိုယ်မရှိပါလားဆိုတဲ့ ဒိဋ္ဌိကလဲပြုတ်တယ် (မှန်ပါ)။ ခိုင်တာမြဲတာမရှိပါလားဆိုတဲ့ ဒိဋ္ဌိ ကော (ပြုတ်ပါတယ် ဘုရား)။ ပြုတ်သွားတယ်။ ဒီ ဒိဋ္ဌိပြုတ်သွားတဲ့အတွက် နောက် ဒီခန္ဓာမျိုးလိုချင်တဲ့ တဏှာကော လာသေးရဲ့လား (မလာပါ ဘုရား)။ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ဒါဖြင့် ဒိဋ္ဌိပြုတ်၊ တဏှာပြုတ် (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒီအမြင် မြင်တော့ ဒီဋ္ဌိပြုတ်တယ် (မှန်ပါ)။ ဒီဘက်က တဏှာကို လာခွင့်မပေးသောကြောင့် ဒီမဂ်သည် တဏှာလဲသတ်တယ် (မှန်ပါ)။ ဟုတ်ပြီလား (မှန်ပါ)။ ဒီဋ္ဌိနဲ့ တဏှာပြုတ်ပြီ (မှန်ပါ)။ အဝိဇ္ဇာဖြုတ်ပုံ ပြောဦးမယ် (မှန်ပါ)။ အဝိဇ္ဇာကလဲ သံသရာရေသောက်မြစ်ပဲ (မှန်ပါ)။ အဲဒါ ပြုတ်ပုံလေး ပြောပါမယ်ဆိုတော့ ခါတိုင်းတော့ ခင်ဗျားတို့ ဒီဝိပဿနာကို ဘုန်းကြီးပြောတဲ့နည်းအတိုင်း မရှုကြဘူးဆိုလို့ရှိရင်ဖြင့် မရှုတော့ မြင်ကိုမမြင်ဘူး မြင်သေး ရဲ့လား (မမြင်ပါ ဘုရား)။ မမြင်တာ အဝိဇ္ဇာပဲ ၊ မမြင်တာ (အဝိဇ္ဇာပါ ဘုရား)။ အခုတော့ဖြင့် မျက်လုံးထဲဖြစ်တဲ့စိတ် ကလေး နားထဲဖြစ်တဲ့စိတ်ကလေးကိုကြည့်လိုက် မရှိတာပဲတွေ့မယ် ကြားလဲ ကြားသွားသား ကြားသွားတုန်းက သူပဲ အခုရှာတော့လဲ သူမရှိတာ တွေ့ရတယ် (မှန်ပါ)။ မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။
ဝိဇ္ဇာကြောင့် မြင်တာ
တွေ့ရတော့ ကိုယ့်အသေကို ရှေးက ကိုယ်မမြင်ဘူး (မှန်ပါ)။ အခုမြင်သောကြောင့် အဝိဇ္ဇာချုပ်လို့ ဝိဇ္ဇာကြောင့် မြင်တာ (မှန်ပါ)၊ ဟော အဝိဇ္ဇာလဲချုပ်ပြီ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ အဝိဇ္ဇာကော (ချုပ်ပါပြီ ဘုရား)။ ကိုယ့်အသေကိုယ် မြင်သောကြောင့် ဟုတ်လား ဒီအထဲမှာ မြင်တတ်တဲ့သဘောလေး သမ္မာဒိဋ္ဌိလေးဟာက ကိုယ့်အသေ ကိုယ် မြင်သောကြောင့် မမြင်တဲ့အဝိဇ္ဇာချုပ်သွားပြီ (မှန်လှပါ ဘုရား)။
ဒါဖြင့် ကိုယ့်သေကိုယ် မြင်တာလည်း ဒကာ,ဒကာမတို့ ဒိဋ္ဌိကိုလဲ ပြုတ်တယ်၊ အဝိဇ္ဇာကိုလဲ သေစေတယ် (မှန်ပါ)။ ဟော တဏှာကိုလဲ လာခွင့်မပေးဘူး (မှန်ပါ)။ ကိုင်း ဝိပဿနာကျေးဇူး ဘယ်လောက်များတယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ခင်ဗျားတို့ကို တစ်ခါမှ ဒီလိုမပြောသေးဘူး (မှန်ပါ)။ ခင်ဗျားတို့ စူးစူးစိုက်စိုက်ရှိအောင်လို့ ဪ- တယ်ကျေးဇူးများပါလားဆိုတာ သိသထက်သိအောင်လို့ ပြောနေပါတယ် (မှန်လှပါ ဘုရား)။
ကဲ ဒီကမြင်စိတ်ကလေးပေါ်တယ်၊ ဒီကနေ ဉာဏ်နဲ့ကြည့်တယ်၊ ဘုန်းကြီးက သန္ဒိဋ္ဌိကော ကိုယ်တိုင်မြင်အောင် ကြည့်ကွလို့ ပြောတော့ ကြည့်လိုက်တဲ့အခါမှာ သူရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။ ဘယ်ရှိမတုံးတဲ့ ဘုန်းကြီးက မရှိနဲ့ဆိုလို့မလိုတာမှမဟုတ်ပဲ (မှန်ပါ)။ နှစ်ခုမဖြစ်ကောင်းလို့ တစ်ခုချုပ်သွားတာ (မှန်ပါ)။ မဟုတ်ဘူးလား (မှန်ပါ) အဲဒီတော့ မရှိတာသိလိုက်တော့ မပိုင်တာသိသောကြောင့် ဒိဋ္ဌိပြုတ်တယ် (မှန်ပါ)။ မပြုတ်ဘူးလား (ပြုတ်ပါတယ် ဘုရား)။ ကိုယ့်အသေကိုယ်မြင်သောကြောင့် (အဝိဇ္ဇာပြုတ်ပါတယ် ဘုရား)။
အဝိဇ္ဇာ၊ တဏှာ၊ ဒိဋ္ဌိ ပြုတ်တယ်
ကိုယ်အသေကိုယ်မြင်တဲ့သူသည် နောက်တဏှာကို ဖြစ်စေသေးသလား (မဖြစ်စေတော့ပါ ဘုရား)။ ဒါဖြင့် အဝိဇ္ဇာ၊ တဏှာ၊ ဒိဋ္ဌိ အကုန်ပြုတ်ယ် (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ဘာတွေပြုတ်တုန်း (အဝိဇ္ဇာ၊ တဏှာ၊ ဒိဋ္ဌိ ပြုတ်ပါတယ် ဘုရား)။ အဝိဇ္ဇာရယ်၊ တဏှာရယ်၊ ဒိဋ္ဌိရယ်၊ ပြုတ်တယ်ဆိုတော့ ဦးဘထွေးတို့ ဦးသန်းမောင်တို့ကို ကျုပ်ရှင်းပြပါမယ် (မှန်ပါ)။ ခင်ဗျားတို့ ကျောင်းကြီးတွေဆောက်၊ ဘုရားကြီးတွေ တည်တာထက်အခု ဘုန်းကြီးပြော လုက်တဲ့ မဂ်တစ်ကြိမ်တည်း မြင်လိုက်တာက မြတ်တယ် (မှန်ပါ)။ ဦးမာဒင် ဘုရားကိုယ်တော်မြတ်က ဟောတော်မူ တယ်၊ ဒီမှာ လက်ညှိုးပေါ်မှာရေမွှေးလေးဆွတ်ပြီးတော့ ဦးသန်းမောင်က တစ်ချီဆွဲလိုက် (မှန်ပါ)၊ တစ်ချိန်ဆွဲလိုက်တော့ အနံ့ကလေး နည်းနည်းဝင်တာကို မြင်လိမ့်မယ် (မှန်ပါ) သူက ဒီတစ်ချက်နဲ့ ဟိုက ကျောင်းကန်ဘုရား ရွှေစေတီတည် တာနဲ့ မတူဘူး သူ့ဒီတစ်ချက်က သာတယ် (မှန်ပါ)၊ ဒီတစ်ချက်မြင်လိုက်တာလေးက သာတယ် (မှန်ပါ)၊ ကိုင်း ဒီအနံ့လေး ဝင်လာလောက်သိရင်တော်ပြီကွာ (မှန်ပါ)။ အဲဒီအချက်က ရွှေကျောင်း၊ ရွှေဘုရားတွေထက်သာတယ် (မှန်လှပါ ဘုရား)။
သာပုံကို ယနေ့ရှင်းပြတော့မှ မြင်လိုက်တော့ ဒိဋ္ဌိပြုတ်တယ် (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)၊ ထိုးထွင်းပြီး မြင်တဲ့အတွက် ဝိဇ္ဇာကလဲ သွားဖြစ်တယ် (မှန်ပါ)။ အဝိဇ္ဇာလဲချုပ်တယ် (ချုပ်ပါတယ် ဘုရား)။ နောက် တဏှာကိုလဲ ဒီမဂ်က လာခွင့်ပေးသေးရဲ့လား (မပေးပါ ဘုရား)။
ဒါဖြင့် အဝိဇ္ဇာ၊ တဏှာ၊ ဒိဋ္ဌိချုပ်တယ် (မှန်ပါ)၊ တစ်ချီတည်းနော် (မှန်ပါ)၊ ခုနက နံ့သာရည် တစ်ချို့ရှုသလောက် မြင်လိုက်လို့ရှိရင် ရွှေကျောင်း၊ ရွှေဘုရားတွေ လှူတာထက် သာသေးတယ် ကွ (မှန်ပါ)၊ ဘုရားကိုယ်တော်မြတ်ကြီးက ဟောသင့် မဟောသင့် (ဟောသင့်ပါတယ် ဘုရား)။ ဘာကြောင့်တုံးဆို သံသရာပြတ်တဲ့တရားဖြစ်နေတယ် (မှန်ပါ)၊ အိုဘေး၊ နာဘေး ၊ သေဘေးတွေ နောက်ထပ်လာစရာလိုသေးလား (မလိုပါ ဘုရား)။ ဒါကြောင့် ဟောပေတာပဲ (မှန်လှပါ ဘုရား)။
ဒါ အင်မတန် နက်ပါလား ၊ ဒကာ ဒကာမတို့ (နက်ပါတယ် ဘုရား) နက်လဲနက်တယ် ပေါ်အောင်လဲ ပြောလို့ ဦးမာဒင်ပေါ်လဲ ပေါ်သွားပြီ (မှန်ပါ)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
သန္ဒိဋ္ဌိကောဖြစ်အောင်လုပ်စမ်းပါ
တစ်ခေါက်ပြန်ပြောမယ်တဲ့ ကဲ အနံ့ကလေး တစ်ခုနံလာတယ် ၊ ရေမွှေးနံ့ကလေး ၊ ဟိုဘက်က ဖျန်းထားလို့ ဒီဘက်မှာ နံတယ်ဆိုရင် နံတယ်၊ မွှေးတယ်ဆို တဲ့ စိတ်ကလေး ၊ နှာခေါင်းထဲမှာ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။ အဲဒါကို ဘုန်းကြီးက သင်လိုက်တယ်၊ ဒကာ,ဒကာမတို့က သန္ဒိဋ္ဌိကောဖြစ်အောင်လုပ်စမ်းပါဆိုတော့ ဒါလေးမြင်အောင်လုပ်လိုက်တော့ ဒါလေးဟာ မရှိ တာပဲ မြင်တယ်ဘုရားလို့ ပြောမှာပဲ (မှန်ပါ)၊ မပြောပေဘူးလား (ပြောမှာပါ ဘုရား)။
မရှိတာကို မဂ်နဲ့ မမြင်ဘူးလား (မြင်ပါတယ် ဘုရား)။ နောက်က ဆင်ခြင်တဲ့မဂ်နဲ့မြင်လိုက်တယ် (မှန်ပါ)။ ဒါဖြင့် မရှိတာ မြင်လိုက်ကတည်းက ဒိဋ္ဌိ ပြုတ်တယ် (ပြုတ်ပါတယ် ဘုရား)။ အမှန်မွှေးတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။ မရှိတာမြင်လိုက်ကတည်းက ဒိဋ္ဌိပြုတ်ပြီ (မှန်ပါ)၊ မရှိတာသည် ဘယ်သူမရှိတာတုန်းဆို မိမိသေသွားတာသိသဖြင့် ဝိဇ္ဇာမို့သိတာ (မှန်ပါ)။ အဝိဇ္ဇာဖြင့် သိပါ့မလား (မသိပါ ဘုရား)။
ဒါဖြင့် အဝိဇ္ဇာကလဲ ချုပ်တယ် (မှန်ပါ) ဒီအသေမြင်တုန်းက အသေဘက်ကနေကြည့်လိုက်တော့ ဒိဋ္ဌိပြုတ် တယ် (မှန်ပါ) အမြင်ဘက်ကနေ ကြည့်လိုက်တော့ အဝိဇ္ဇာပြုတ်တယ် (မှန်ပါ)၊ ကိုယ့်သေကိုယ်မြင်တဲ့အတွက် နောက်လို ချင်တဲ့ တဏှာသေသောကြောင့်လဲ အနာဂတ်တဏှာလဲ ဒီမဂ်က သတ်ပြန်တယ် (မှန်ပါ)။
ဒီတစ်ချက်တည်းမြင်လိုက် တာ တစ်ချက်ခုတ် သုံးချက်ပြတ်ကြီး (မှန်ပါ)၊ တချက်ခုတ် (သုံးချက်ပြတ်ပါ ဘုရား)။ ဒိဋ္ဌိကိုလဲ သေစေတယ်၊ ဝိဇ္ဇာကို လဲ ဖြစ်စေတယ် ၊ တဏှာကိုလဲ သတ်တယ် (မှန်ပါ)၊ ဘယ်လောက်အဖိုးတန်တုန်း (တန်ပါတယ် ဘုရား)။
သူမှ သံသရာပြတ် တရား
ဒါ ခင်ဗျားတို့ ပါရမီရှင်တွေမို့ ဒါလောက်သိရတာပဲ (မှန်ပါ)။ ဒါလောက် ကျေးဇူးများလိမ့်မယ်လို့ခင်ဗျားတို့ ထင်မှမထင်ပဲ (မထင်ပါ ဘုရား)။ ဝိပဿနာအလုပ်ကို ကုသိုလ်လဲရအောင်လုပ်ကြဦးစို့ကွာ၊ တို့ ဒါနသီလတွေတော့ စုံပြီ ဝိပဿနာကကျန်သေးတယ်ဆိုပြီး ပေါ့ပေါ့ကိုးကွ ဟင် (ပေါ့ပေါ့ပါ ဘုရား) အခုတော့ ပေါ့ပေါ့လို့သာဆိုတာ အဖိုးတန်အောင်လဲ ပြောပြန်တော့ ဉာဏ်ထဲမှာလဲ ဒီအတိုင်းဖြစ်စဉ်က ကိုက်နေပြန်တော့ ဪ သူမှ သံသရာပြတ် တရားပါလား (မှန်ပါ)။ ဒီတရားမှ (သံသရာပြတ်တရားပါ ဘုရား)။ ပေါ်လာပြီလား (ပေါ်ပါပြီ ဘုရား)။
ဒိဋ္ဌိသေတော့လဲ ဒကာ,ဒကာမတွေသိတဲ့အတိုင်း ပပဉ္စလဲ သေတာပဲ (မှန်ပါ)၊ တဏှာသေပြန်တော့ကော (ပပဉ္စတရားသေပါတယ် ဘုရား)။ ပပဉ္စတရားသေတာပဲ အဲ တဏှာသေတော့ မာနက ရောပါသွားတယ် (မှန်ပါ)၊ မချဲ့နိုင်တော့ဘူး (မှန်ပါ)။ ပပဉ္စ မကုန်သေးဘူးလား (ကုန်ပါတယ် ဘုရား)။ ကဲ အဝိဇ္ဇာသေတော့လဲ အဝိဇ္ဇာကို ဒီအတိုင်းရှုနေရင် ခင်ဗျားတို့ အဝိဇ္ဇာက သေသွားပြီး ဝိဇ္ဇာက ဖြစ်နေပြီ (မှန်ပါ)၊ ဝိဇ္ဇာက ဖြစ်နေတော့ သူက သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်အောင်လုပ်တော့မယ် (မှန်ပါ)၊ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် တစ်ကြိမ်တည်းမြင်လိုက်တာ ဦးမာဒင် ဘယ်နှစ်ချက် ကျေးဇူးများသတုန်း (သုံးချက်ပါ ဘုရား)။ ရှေ့ပိုင်း က အမြင်ခံရတာအတွက်က ဒိဋ္ဌိသေတယ် (မျန်ပါ) မြင်ဉာဏ်က အဝိဇ္ဇာသေတယ် (မှန်ပါ)၊ တစ်ခါ နောက်အနာဂတ် တဏှာကိုလဲ ဒီမြင်ဉာဏ်ကပဲ သတ်ပစ်တယ် (မှန်ပါ)။ မသတ်ဘူးလား (သတ်ပါတယ် ဘုရား)။
သူကသာတယ်ကွ
အဲဒါတွေထောက်ကြည့်တော့မှ ဪ ဝိပဿနာတစ်ချက်တာ ‘ ဝိဟာရဒါန’ ကျောင်းလှူတာထက်လဲ သူကသာတယ်ကွ (မှန်ပါ) ‘ ပါဏိပါတော’ တဲ့ ဘုရားကို လက်အုပ်ချီပြီးနေတာထက်လဲ သူကသာတယ်ကွ (မှန်ပါ)၊ ‘သိက္ခာ’ တဲ့ သီလဆောက်တည်နေတာထက် သူကသာတယ် (မှန်ပါ)။ မေတ္တာပို့နေတာထက်လဲ သူကသာသေးတယ် (မှန်ပါ)။ မေတ္တာပို့နေတာထက်လဲ သူကသာသေးတယ် (မှန်ပါ)၊ ‘ ခယတော သမ္မသန္တဿ’ တဲ့ ဟောဒီ ခဏလေး ကုန်သွားတာလေးမြင်လိုက်တာ ‘ ကလံ နဂ္ဃတိသောဠသိ’ သူ့ကို တစ်ဆယ့်ခြောက်စိတ် စိတ်ဦး ဒီဉာဏ်ကလေးကို (မှန်ပါ) အဲဒီတစ်စိတ်ကို ဟိုဟာတွေက မမီတော့ဘူးတဲ့ (မှန်ပါ)။ ခုနက ကျောင်းကြီးတွေ ဘုရားကြီးတွေ မေတ္တာကြီးတွေ ပို့နေတာတွေဟာ သူ့ကို မမီဘူးတဲ့ (မှန်ပါ)၊ သေပျော်တဲ့ တရားဆိုတာပေါ်ပလား (ပေါ်ပါပြီ ဘုရား)။ ဒီတစ်ချက်တည်းနဲ့ ကိစ္စပြီးတယ် (မှန်လှပါ ဘုရား)။
နို့- ယုံသင့်သလားလို့ဆိုတော့ ဒါ ဘုရားကိုယ်တော်မြတ်ကြီးက ဟောတာ (မှန်ပါ)။ မယုံလဲ မရှိနဲ့တော့ (မှန်ပါ)။ ဘုရားကိုယ်တော်မြတ်ကြီး ဟောတာကို အခု ဆရာဘုန်းကြီးရှေ့မှာပဲ နာကြည့်တော့ ဖြစ်စဉ်ကော ကိုက်ရဲ့လား (ကိုက်ပါတယ် ဘုရား)။ အဲဒါကို အတည်ပြုလိုက်တော့ ဖြစ်စဉ် ကိုက်တာကို အတည်ပြုလိုက် (မှန်လှပါ ဘုရား)။
မိမိမရှိဘူးဆိုကတည်းက
ဒါက မိမိသန္တာန်စားတဲ့စိတ်ကလေး ကိုလှဖေ စားတဲ့ စိတ်ကလေးကို ကြည့်စမ်းပါဗျ။ နောက်စိတ်နဲ့ဆိုတော့ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။ ဘယ်သူမရှိတာတုံး (မိမိမရှိတာပါ ဘုရား)။ မိမိမရှိဘူးဆိုကတည်းက ပုဂ္ဂိုလ်သတ္တဝါ မရှိဘူးဆိုတာ ပေါ်သွားပြီ ဒိဋ္ဌိသေသွားပြီ (မှန်ပါ) သာမညမျက်လုံးနဲ့ ကြည့်တာလား ဝိဇ္ဇာမျက်လုံးနဲ့ ကြည့်တာလား (ဝိဇ္ဇာမျက်လုံးနဲ့ကြည့်တာပါ ဘုရား)။ ဒါဖြင့် အဝိဇ္ဇာချုပ်သွားပြီ (မှန်ပါ)။ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
ဒီလိုမြင်တဲ့ပုဂ္ဂိုလ်ဟာ နောက် ဒီခန္ဓာမျိုး၊ အသေခန္ဓာရချင်သေးရဲ့လား (မရချင်တော့ပါ ဘုရား)။ မရချင်တာလဲ ဒီအမြင်ကျယ်တဲ့ဝိဇ္ဇာကနေပြီး သတ်ပစ်လိုက်တာ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒိဋ္ဌိလဲသေတယ် ၊ အဝိဇ္ဇာလဲသေတယ် ၊ တဏှာလဲ (သေပါတယ် ဘုရား)။ မာနလဲ ရောသေတယ် (မှန်ပါ)။ ဒါလောက်ကျေးဇူးများပါတယ် (များပါတယ် ဘုရား)။ ဒါကြောင့် ခင်ဗျားတို့ တစ်ချက်ကလေးမြင်လို့ရှိရင် ဘုန်းကြီးများ အများကြီးကျေနပ်ပါတယ်တဲ့ (မှန်ပါ)။ ဟောထိုက် မဟောထိုက် (ဟောထိုက်ပါတယ် ဘုရား)။
ဒါ ခင်ဗျားတို့ အခုပညာစုံလို့ ဘုန်းကြီးကလဲ ပြောပြီ၊ နာက်ကို ခင်ဗျားတို့ဆိုင်ရာ ဆရာတော်သမားတော် တွေကို မေးကြည့်ပါ၊ ဒီတစ်ချက်တည်းမြင်လိုက်ရင် ဘယ်လောက်ကျေးဇူးများတယ်ဆိုတာ ပါဠိတော်ပေါင်းများစွာနဲ့ သူများအရများတဲ့ ဓမ္မပဒထဲမှာကို ပါသေးတယ် (မှန်ပါ)။ သဘောကျပြီလား ( ကျပါပြီ ဘုရား)။
–ဝိပဿနာကို အဓိကထားပြီး လုပ်ကြ
ကဲဒါဖြင့် ဘယ်သူ့အဓိကထားပြီး လုပ်ကြမှာတုန်းဆို ဒါ အဓိကထားရမယ် (မှန်ပါ)၊ ဝိပဿနာကို အဓိကထားပြီး လုပ်ကြမှာတုံးဆို ဒါအဓိကထားရမယ် (မှန်ပါ)၊ ဝိပဿနာကို အဓိကထားရမယ် (မှန်ပါ)။ သဘောပါပြီလား (ပါ,ပါပြီ ဘုရား)။ ဘာအဓိကထားလုပ်ရမှာတုန်း (ဝိပဿနာကို အဓိကထားလုပ်ရမှာပါ ဘုရား)။
ဝိပဿနာကို အဓိက ထားလုပ်ဆိုတော့ ဒကာ ဒကာမတို့ ကိုယ်ပေါ်မှာ ယားစိတ်ကလေးပေါ်လာတယ် (မှန်ပါ)။ ကဲ ဦးမာဒင်ဉာဏ်နဲ့ကြည့် လိုက်တော့ (မရှိပါ ဘုရား)။ အရင်ဟာတော့မရှိတာအမှတ်ပဲ (မှန်ပါ)။ နောက်ယားစိတ်ရှိတာတော့ ဘုန်းကြီးတို့ မတတ်နိုင်ဘူး (မှန်ပါ)။ မရှိတာသိတော့ ဒကာ,ဒကာမတွေ သိတဲ့အတိုင်း မိမိသေတာပဲ (မှန်ပါ)။ ကာယဝိညာဏံကိုးကွ ၊ ကိုယ်သေတာ (မှန်ပါ)။ ကိုယ်သိတာလေး ဒီဟာလေးနဲ့ အသက်ရှင်နေတာ ဒီဟာလေး သေသွားတယ် (မှန်လှပါ ဘုရား)။
ကာယဝိညာဏံဆိုတော့ ကိုယ်အရင်သေတာပဲ ဦးမာဒင်ရေ (မှန်ပါ)။ ဒါဖြင့် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ အဲဒါ မြင်လိုက်သဖြင့် ဒိဋ္ဌိရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။ ကိုယ့်အသေကိုယ်မြင်တယ် (မှန်ပါ)။ ဒိဋ္ဌိလဲ မရှိဘူးနော် (မှန်ပါ) ဒါ ဒိဋ္ဌိလဲ မရှိတော့ ဘယ့်နှယ်ကြောင့် မရှိတာတုန်းလို့ မေးတော့ ကိုယ့်အသေကိုယ်မြင်လိုက်လို့ (မှန်ပါ)။ ဒါဖြင့် ဒီနေရာမှာ ပုဂ္ဂိုလ်သတ္တဝါ မရှိဆိုတာ ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)။
တစ်ခါ ကိုယ့်အသေကို ရှေးက မြင်ဖူးရဲ့လားမေးတော့ (မမြင်ဘူးပါ ဘုရား)။ အခုကြည့်လိုက်တော့ (မြင်ပါတယ် ဘုရား)။ ဒါဖြင့် ဒီမျက်လုံးသည် ဝိဇ္ဇာလား အဝိဇ္ဇာလား (ဝိဇ္ဇာပါ ဘုရား)။ ဝိဇ္ဇာမျက်လုံးလာကတည်းက အဝိဇ္ဇာက သေပြီ (သေပါတယ် ဘုရား)။ ရှေးက အမြင်တာဟာ သေသွားပြီ (မှန်ပါ)။ ဒီလို အမြင်ကျယ်တဲ့ပုဂ္ဂိုလ်ဟာနောက်ထပ် ဒီခန္ဓာမျိုးလို လိုချင်သေးသလား (မလိုချင်တော့ပါ ဘုရား)။ မလိုချင်တော့ဘာသေတုန်း (တဏှာသေပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့တစ်ချက်မြင်ရင် ဒိဋ္ဌိ၊ အဝိဇ္ဇာ၊ တဏှာသေတယ် (မှန်ပါ)။ အဲဒီတော့ ငါ့မှာ ကြည့်နေတာလဲ ကြာပြီ၊ တစ်ခါတစ်ခါမှ ပေါ်လာတယ်လို့ အားမငယ်လိုက်ပါနဲ့ (မှန်ပါ)။
တစ်ချက်မြင်ရင် သာတယ်
တစ်ချက်မြင်ရင် ရွှေကျောင်း၊ ရွှေဘုရားတည်တာ ထက် သာသွားမယ် (မှန်ပါ)။ တစ်ချက်မြင်လိုက်ရင်နော် (မှန်ပါ)၊ ‘ဝိဟာရဒါန’ ကျောင်းကန် လှူတာထက်လဲ သာတယ်ကွ (သာပါတယ် ဘုရား)။ ‘ ပါဏိပါတော’ ဘုရားကိုတစ်ခါတည်း ခြေသလုံးဖက်ပြီးတော့ကို ခေါင်းနဲ့တိုက်နေတာထက်လဲ သူကသာတယ်ကွ (မှန်ပါ)။ ‘သိက္ခ’ သီလသိက္ခာတွေထက်လဲ သာတယ် (မှန်ပါ)။ ‘ မေတ္တာကမ္မဋ္ဌာန်း’ အားထုတ်နေတာ ထက်လဲ (သာပါတယ် ဘုရား)။ သာတယ် ‘ ဘာဝန’ တဲ့ ပြီးတော့ သမထဘာဝနတွေကို တစ်ခါတည်း အရပ်ရှစ်မျက်နှာ လျှောက်ပြီး ပို့နေတာတွေထက်လဲ သူကသာတယ် (မှန်ပါ)။ ‘ ခယတော သမ္မသန္တဿ’ တဲ့ ‘ ခယတော ဒီကုန်တာကို ‘ သမ္မသန္တဿ’ ကိုယ်တိုင်မြင်သောပုဂ္ဂိုလ်အား ၊ ‘ကလံနလ္ဃတိသောဠသိ’ တစ်ဆယ့်ခြောက်စိပ်-စိပ် တစ်စိပ်တောင် သူ့ကို မမီဘူးတဲ့ (မှန်ပါ)။ သူ့ကို ဆယ့်ခြောက်ပုံပုံ၊ သူ့တစ်ပုံကို ဟိုဟာတွေက လိုက်လို့ မရပါဘူး (မှန်ပါ)။ ကဲ ဘယ်လောက်ကွာသတုန်း (ကွာပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က မလိုရာသာ ဈေးကောင်းနေတယ် ဟုတ်လား (မှန်ပါ)။ တန်တဲ့ဥစ္စာကို ဈေးဖျက်ထား တယ် (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ ဟို ခုနက ပေါ့ပေါ့ဟာတွေကျတော့ ဈေးကောင်းကျောင်းနဲ့ ခင်ဗျားတို့ တွင်တွင်ထုတ်နေတယ် (မှန်ပါ)။ တကယ့်အဖိုးတန်တာကျတော့ အတွင်းပစ္စည်းဖြစ်အောင်မလုပ်ဘူး (မှန်ပါ)။ ဒါ လုပ်ကြစမ်းပါဆိုတာ တိုက်တွန်းရပြန်တယ် (မှန်ပါ)။ ပေါ်ပြီနော် (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒါက ကိုယ်ပေါ်မှာ ယားစိတ် ယံစိတ်၊ ကဲ စိတ်ထဲမှာ သင်္ကန်းလေးကပ်ချင်တဲ့ကုသိုလ်စိတ် ကလေး ပေါ်နေတယ် (မှန်ပါ)။ ဘာလုပ်ကြမှာတုန်း (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။
ရှုရမှာလား သူပြောတာ လိုက်နာရမှာလား
ခင်ဗျားတို့က ရှုရမှာလား သူပြောတာ လိုက်နာရမှာလား (သူပြောတာလိုက်နာရမှာပါ ဘုရား)။ အဲ ဖြစ်ပျက်ရှုတော့ မင်းတို့က လိုက်နာရမလို ဖြစ်နေတယ် မင်းတို့ရှုရမလို ဖြစ်နေတယ် (မှန်ပါ)။ မဟုတ်ဘူးတဲ့ သူကတော့ဖြစ်ပြီး ပျက်တာပြောလိမ့်မယ်။
ခင်ဗျားတို့က ကြည့်မိ အောင်ကြည့်လိုက်တဲ့အခါကျတော့ ကုသိုလ်ပြုချင်တဲ့လူတစ်ယောက် သေသွားပြီ (မှန်ပါ)။ မသေသေးဘူးလား (သေပါတယ် ဘုရား)။ သေသွားတော့ကို ကိုယ့်အသေကို ကိုယ်မြင်တာပဲ (မှန်ပါ)။ မမြင်ဘူးလား (မြင်ပါတယ် ဘုရား)။ ကိုယ့်အသေ ကိုယ်မြင်တော့ ခုနက သုံးပါးထဲက ဘာသေတုံး (ဒိဋ္ဌိသေပါတယ် ဘုရား)။ ဒိဋ္ဌိသေတယ်။
ကိုယ့်အသေ ဘယ်တော့မှ မမြင်ဘူးတာကို မြင်ရတဲ့အတွက် မြင်တတ်တဲ့ဉာဏ်က မြင်တတ်တဲ့ဝိဇ္ဇာက ဘာကိုသေစေတုန်း (အဝိဇ္ဇာကို သေစေပါတယ် ဘုရား)။ ကိုယ့်အသေကို ကိုယ်မြင်တဲ့ပုဂ္ဂိုလ်ဟာ နောက် ဒီအသေမျိုး လိုချင်သေးလား (မလိုချင်တော့ပါ ဘုရား)။ မလိုချင်တော့ ဘာသေတုန်း (တဏှာသေပါတယ် ဘုရား)။ ဒါဖြင့် တစ်ချက်မြင် လိုက်တာ ကဲ တဏှာ၊ ဒိဋ္ဌိ၊ အဝိဇ္ဇာ အကုန်သေတာပဲ (မှန်ပါ)။ ဒါကြောင့် ဒိပြင်ဟာတွေနဲ့မတူဘူးလို့ ဘုရား ကိုယ်တော်မြတ်ကြီး ဟောတာပေါ့ (မှန်ပါ)။ ဟောသင့်မဟောသင့် (ဟောသင့်ပါတယ် ဘုရား)။
–သူပြောတာနားထောင်
ကိုင်း ဒါဖြင့် တစ်ခါစိတ်မချ လက်မချကလေး ပေါ်လာတယ် ဦးမာဒင်ရ ၊ ဒေါသစိတ်ကလေးပေါ့ဗျာ (မှန်ပါ)။ စိတ်မချဘူး၊ စိတ်မချတဲ့ဒေါသစိတ်ကလေး ပေါ်တယ်၊ ဒါဘာလုပ်ရမှာတုန်း (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။ မရှုနဲ့၊ သူပြောတာနားထောင် (မှန်ပါ)။ ကိုယ်ကရှုနေလို့ရှိရင်ဖြင့် ကိုယ့်အလုပ်ဖြစ်နမယ် (မှန်ပါ)။ ဒီလိုမဟုတ်ပါဘူးတဲ့ ဝိပဿနာ ဟာ (မှန်ပါ)။ ကိုယ်က ဂရုစိုက်ပြီးရှုနေဖို့မလိုဘူး၊ သူပြောတာ နားထောင်နေဖို့ပဲလိုတယ် (မှန်ပါ)။ နားတော့စွင့်ရမယ် ဉာဏ်နားစွင့်ရမယ် (မှန်ပါ)။ ကိုယ်ကမရှုရဘူး ၊ ကိုယ်ကရှုရင် ကိုယ်ကလုပ်တဲ့သဘောရောက်တယ် (မှန်ပါ)။ ဓမ္မက ပြောရင်လုပ်တဲ့သဘောမရောက်ဘူး ကိုယ်ကလုပ်တဲ့သဘောရောက်တယ် (မှန်ပါ)။ ဓမ္မက ပြောရင်လုပ်တဲ့ သဘော မရောက်ဘူး ကိုယ်က ရှုတယ်ဆိုရင် (လုပ်တဲ့သဘောရောက်ပါတယ် ဘုရား)။
အဲ လုပ်တဲ့သဘောရောက်ရင် ဝိပဿနာမဟုတ်ဘူး ၊ စိတ်က ဖန်ဆင်းတာ (မှန်ပါ)။ ဓမ္မက ပြောတာလိုက်နာပါ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ ဘာတဲ့တုန်း (ဓမ္မကပြောတာကို လိုက်နာရမှာပါ ဘုရား)။ အမယ်လေး ခင်ဗျားတို့ကို သင်လို့ကိုမပြီးနိုင်ဘူး ဟင် (မှန်ပါ)။ ဝိပဿနာရှုဆို ကိုယ်က လုပ်ရှုနေတာ ဝင်းဝင်းကြီး မြင်လာတယ်ဆိုတာ ကိုယ့်စိတ်က လုပ်ရှုနေတာ (မှန်ပါ)။ အခု ဝိပဿနာက ဒီလိုမဟုတ်ပါဘူးတဲ့ ဓမ္မက ပြောတာကို ဉာဏ်ကတော့ ပြော သရွေ့မလွတ်စေဘူးဆိုပြီး (စောင့်ကြည့်ရမှာပါ ဘုရား)။
ဓမ္မကပြောတာမှ အမှန်
ဒီလိုကြည့်မှ ဓမ္မကပြောတာမှ အမှန်ကိုးဗျ (မှန်ပါ) ကိုယ်ကလုပ်တာက (မမှန်ပါ ဘုရား)။ အဲ ကိုယ်ကရှုလို့ ရှိရင် မမှန်ဘူး ၊ ဓမ္မက ပြောတာကိုကြည့်ရင် (မှန်ပါတယ် ဘုရား)။ အဲ ကိုယ်ကရှုလို့ရှိရင် မမှန်ဘူး၊ ဓမ္မက ပြောတာကို ကြည့်ရင်(မှန်ပါတယ် ဘုရား)။ အဲ ဓမ္မက ပြောတာကိုကြည့်စမ်းပါ (မှန်ပါ)။ ပေါ်ပြီလား ကဲ (ပေါ်ပါပြီ ဘုရား)။
ဝိပဿနာဆိုတာ ဘာပါလိမ့် (ဓမ္မက ပြောတာကို ကြည့်တာပါ ဘုရား)။ ဒါဖြင့် ဓမ္မကပြောတာကို ကိုယ်ကကြည့်ရမယ် (မှန်ပါ)။ ဉာဏ်နဲ့ကြည့်ရမယ် (မှန်ပါ)။ ဓမ္မက ပြောတာကို (ဉာဏ်နဲ့ကြည့်ရမှာပါ ဘုရား)။ အဲဒါမှ ကိုယ်တိုင်မြင်ဖြစ်မှာ ပေါ့ (မှန်ပါ)။
ခုနက ကိုယ်တိုင်လုပ်ဖြစ်သွားလိမ့်မယ် (မှန်ပါ)။ ဒါဖြင့် ကိုယ်တိုင်မြင်နဲ့ကိုယ်က ကြံဖန်လုပ်တာနဲ့ တရားက ဘယ်သူက အကွက်ကျသတုန်း (ကိုယ်တိုင် မြင်တာအကွက်ကျပါတယ် ဘုရား)။ ကိုယ်တိုင်မြင်က အကွက်ကျ တယ်နော်၊ ဓမ္မက ပြောတာကို ကိုယ်တိုင်မြင်အောင်လုပ်ရတယ် (မှန်လှပါ ဘုရား)။
ဟို – ခင်ဗျားတို့ကြည့်ပါ။ ကိုယ့်နီးစပ်တဲ့လူသေသွားတဲ့အခါ ကျုပ်သံဝေဂရတယ်ဗျာ ဟိုက ပက်လက်ကြီး ပြနေပြီဆိုတော့ ခင်ဗျာတို့က မယုံမရှိတော့ဘူး (မှန်ပါ)။ ဒါ ကိုယ်က သွားရှုတာလား ၊ သူက ပြောတာလား (သူက ပြောတာပါ ဘုရား)။ သူကပြောတာမှ အမှန် (မှန်ပါ)။ ကိုယ်ကရှုတာက (မမှန်ပါ ဘုရား)။ ကိုယ်ကရှုတာက လုပ်ရှုတာ ရှိတာပဲ (မှန်ပါ)။ ပေါ်ရဲ့လား (ပေါ်ပါတယ် ဘုရား)။ ကိုယ်ကလုပ် မရှုရဘူး ဦးမာဒင် ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
အနိစ္စပါလို့ သူက ပြောသွားတယ်
ဒါဖြင့် ဒီ ဒေါသအနုကလေးပေါ်တယ် ၊ ရှိ မရှိကြည့်စမ်းပါလား (မှန်ပါ)။ စောင့်ကြည့်တော့ ဘယ့်နှယ်နေတုံး (မရှိပါ ဘုရား)။ မရှိတော့ သူက ကျုပ်မရှိဘူးပြောသွားတယ် (မှန်ပါ)။ ကျုပ်ဟာ အနိစ္စပါလို့ သူက ပြောသွားတယ် (မှန်ပါ) ဆိုတော့ ဉာဏ်ကတော့ ဪ အနိစ္စကိုးလို့ နောက်က ခေါင်းငြိမ့်လိုက်ရုံပဲ (မှန်ပါ)။ သဘောပါကြရဲ့လား (ပါ,ပါတယ် ဘုရား)။
ဒါဖြင့် ဝိပဿနာဆိုတာ ကိုယ်ကရှုရမှာလား၊ သူပြုတာကို မပြတ်ကြည့်ဖို့ပဲလား (မပြတ်ကြည့်ဖို့ပါ ဘုရား)။ အဲ သူအဲ သူဖြစ်စဉ်ကို မပြတ်ကြည့်ဖို့ (မှန်ပါ)။ ဝိပဿနာဆိုတာဘာတဲ့ နောက်က ဒကာ,ဒကာမတွေ (သူ့ဖြစ်စဉ်ကို မပြတ် ကြည့်ဖို့ပါ ဘုရား) သူ့ဖြစ်စဉ်ကို မပြတ်ကြည့်ဖို့ဆိုတာ ပေါ်ပြီ (မှန်ပါ)။ သူ့ဖြစ်စဉ်ကို မပြတ်ကြည့်ဖို့ပါ ဘုရား)။ သူ့ဖြစ်စဉ်ကို မပြတ်ကြည့်ဖို့ဆိုတာ ပေါ်ပြီ (မှန်ပါ)။ သူ့ဖြစ်စဉ်ကို (မပြတ်ကြည့်ရမှာပါ ဘုရား)။ သူ့ဖြစ်စဉ်ကလဲ ပြတ်တယ်လို့ရှိသေး ရဲ့လား (မရှိပါ ဘုရား)။ မရှိတာကိုကိုယ်က ကြည့်ပေး သူ့ဖြစ်စဉ်မပြတ်တာကို ကိုယ်ကကြည့်ပေး (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒေါသစိတ်ကလေး လာတယ် ၊ ရှိ – မရှိ ကြည့်လိုက်တဲ့အခါကျတော့ကို ရှိသေးရဲ့လား (မရှိပါ ဘုရား)။ ဒါဖြင့် သူက ဘာပြောသွားတုန်း (အနိစ္စပြောသွားပါတယ် ဘုရား)။ ဒီကျတော့မှ ဒီဉာဏ်က ဪ နဂို ငါထင်နေတာ တွေက အလွဲချည်းပဲကိုး (မှန်ပါ)။ ခိုင်တယ်မြဲတယ်ထင်တာ မခိုင်မမြဲပါလားဆိုတော့ ဒိဋ္ဌိက သေသွားတယ် (မှန်ပါ)။ မသေဘူးလား (သေပါတယ် ဘုရား)။
ဒီ မမြင်ဘူးလား မြင်ရတဲ့အတွက် ရှေးက မမြင်ဘူးတားက အဝိဇ္ဇာဖုံးနေလို့ (မှန်ပါ)။ အခုတော့ မြင်ရတဲ့ အတွက် ဝိဇ္ဇာဖြစ်လာတယ် (မှန်ပါ)။ ဝိဇ္ဇာလာကတည်းက အဝိဇ္ဇာက (သေသွားပါတယ် ဘုရား)။
သေပြီ ဒီလို အသေ တွေ မြန်ရပြန်များတဲ့လူက ကျုပ်တော့ဗျာ ဒီခန္ဓာတော့ နောက်မရချင်ဘူး (မှန်ပါ)။ အမြင်မှန်ရတဲ့အတါက် နောက် ကျုပ်တော့ဗျာ ဒီခန္ဓာတော့ နောက်မရချင်ဘူး (မှန်ပါ)။ အမြင်မှန်ရတဲ့အတွက် နောက်ခန္ဓာလဲ မတောင့်တဘူး (မှန်ပါ)။ တဏှာကော မသေဘူးလား (သေပါတယ် ဘုရား)။
ဒါဖြင့် တစ်ချက်နဲ့ ဘယ်နှစ်ချက် ပြီးသွားသတုန်း (သုံးချက်ပြီးပါတယ် ဘုရား)။ သုံးချက်ပြီးတယ်၊ ဒီဋ္ဌိလဲသေ တယ်၊ အဝိဇ္ဇာလဲ သေတယ်၊ တဏှာလဲ (သေပါတယ် ဘုရား)။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ကိုယ်တိုင်မြင်ရင် သန္ဒိဋ္ဌိကော
ကောင်းပြီ ဒါဖြင့် ရှုစိတ်ကလေး သေသွားတာကိုလဲကြည့်ပါ (မှန်ပါ)။ ရှုစိတ်ကလေး သေသွားတာကိုလဲ (ကြည့် ရမှာပါ ဘုရား)။ ကြည့်ရမယ် သဘောကျပြီ (ကျပါပြီ ဘုရား)။ လောဘလေးလာရင်ကော (ကြည့်ရမှာပါ ဘုရား)။ ဒေါသ စိတ်ကလေးလာရင်ကော (ကြည့်ရမှာပါ ဘုရား)။ မောဟစိတ်ကလေးလာရင်ကော (ကြည့်ရမှာပါ ဘုရား)။ အဲဒီလို ကြည့်လိုက်တဲ့အခါကျတော့ ကိုယ်တိုင်မြင်ရင် သန္ဒိဋ္ဌိကော (မှန်ပါ)။ ကိုယ်တိုင်မြင်ရင် (သန္ဒိဋ္ဌိကောပါ ဘုရား)။
အဲ သန္ဒိဋ္ဌိကောဆိုလို့ရှိရင် ၊ ခင်ဗျားတို့ခန္ဓာကို ကိုယ်တိုင်မြင်နေတဲ့ပုဂ္ဂိုလ်မှာ သူက အနိစ္စ မြင်တာက မဂ္ဂ ဟုတ်ပြီလား (မှန်ပါ)။ ဒီဘက်က တဏှာ၊ ဥပါဒါန်ကံလာသေးရဲ့လား (မလာတော့ပါ ဘုရား)။ နောက်ဘဝဖြစ်ကြောင်း တွေလေ (မလာတော့ပါ ဘုရား)။ ဒါ မလာတာသည် သူ့ကို ကိုယ်တိုင်မြင်လို့ ဒီမကောင်းကျိုးတွေ မပေးတော့ပါဘုရား (မှန်လှပါ ဘုရား)။
ဒါဖြင့် သူ့ကို သန္ဒိဋ္ဌိကောနှင့်ဟုတ်လား (မှန်ပါ)။ မြင်တဲ့အတွက် အကာလိကောဆိုတဲ့ ခုနက ဂြိုလ်ဆိုးတွေ သွားပြီ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဘာကို ကိုယ်တိုင်မြင်လိုက်ပါလိမ့် (သန္ဒိဋ္ဌိကော၊ ကိုယ်တိုင်မြင်တာ ပါ ဘုရား)။
သန္ဒိဋ္ဌိကောနဲ့ ကိုယ်သေတာကို ကိုယ် ကိုယ်တိုင်မြင်လိုက်တဲ့အတွက် နော် (မှန်ပါ)။ သန္ဒိဓိကောဖြစ်သွား တယ် (မှန်ပါ)။ သန္ဒိဋ္ဌိကော ဖြစ်တော့ ခင်ဗျားတို့ အကာလိကောကလိုက်ရမယ် (မှန်ပါ)။ မလိုက်ရပေဘူးလား (လိုက် ရမှာပါ ဘုရား)။
အကာလိကောလိုက်တဲ့အခါကျတော့ ကိုယ်တိုင်လဲ မြင်လိုက်ပါရော၊ မောင်သစ် တဏှာ ဥပါဒါန် ကံ ချုပ် မချုပ် (ချုပ်ပါတယ် ဘုရား)။ ဘာဖြစ်လို့ ချုပ်တာတုန်းလို့မေးရင် ဘယ့်နှယ်ပြောမတုန်း (အကာလိကောပါ ဘုရား)။ ဪ ဒီမဂ်က အခါမလင့် အကျိုးပေးပါတယ် ဘုရား)။ ဒါကြောင့် တဏှာ၊ ဥပါဒါန်၊ ကံချုပ်တယ် (မှန်လှပါ ဘုရား)။ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် တဏှာ၊ ဥပါဒန်၊ ကံချုပ်ကတည်းက ဟိုဘက် ဇာတိ၊ ဇရာ ၊ မရဏ လာဦးမလား (မလာတော့ပါ ဘုရား)။ မလာလို့ရှိရင် နိဗ္ဗာန်ပဲ (မှန်ပါ)။ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ဇာတိ၊ ဇရာ ၊ မရဏမလာတာ (နိဗ္ဗာန်ပါ ဘုရား)။ နိဗ္ဗာန်ပဲဆိုတာ သိသွားပြီ ဒါမနေ့က တရားအဆုံးပဲ ရှိသေးတယ် (မှန်ပါ)။ တစ်လုံးတိုးလိုက်ဦးမယ်တဲ့ ကဲ မောင်သစ် ရွတ်လိုက်ပါဦး ၊ သန္ဒိဋ္ဌိကော ၊ အကာလိကော ပြီးတော့ ဘာတုံး (ဧဟိပဿိကောပါ ဘုရား)။ ရတယ်မဟုတ်လား (ရပါတယ် ဘုရား)။
ဧဟိက လာခဲ့၊ ပဿက ရှုပါ
ကဲ ဧဟိကလာခဲ့၊ ပဿကရှုပါ၊ ဘာတဲ့တုန်း (ဧဟိကလာခဲ့ပါ၊ ပဿကရှုပါ ဘုရား) ငါ့လာရှု (မှန်ပါ)။ ငါ့လာရှု ငါ့လာရှုလို့ တရားက ခေါ်နေတာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။
တရားက ဘယ့်နှယ်ခေါ်သတုံး (ငါ့လာရှုလို့ခေါ်ပါတယ် ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ ရှင်းပါလိမ့်မယ်တဲ့ ခန္ဓာထဲမှာ ပေါ်ချင်တဲ့စိတ်ပေါ် ဒီပေါ်ချင်တဲ့စ စိတ်ကလေးဟာ ပေါ်တဲ့စိတ်ဟူသရွေ့က ငါ့လာရှုလို့ခေါ်တာပဲ (မှန်ပါ)။
ပေါ်တဲ့စိတ်က (ငါ့လာရှုလို့ ခေါ်ပါတယ် ဘုရား)။ ကဲရှုတော့ ခင်ဗျားတို့ကို ဘုန်းကြီးကသတိပေးတယ်၊ မဂ္ဂင်ငါးပါးနဲ့ လိုက်ပေးကြဟေ့၊ ပေါ်တဲ့စိတ်နောက်ကို လိုက်ပေးကြ ဆိုတော့ ပေါ်တဲ့စိတ်က သူက ခေါ်သမား (မှန်ပါ)။ ခင်ဗျားတို့က (ရှုသမားပါ ဘုရား)။ ရှုသမားဆိုတော့ အဲဒီတော့ သူဘယ်လိုနေတယ်ဆိုတာ လာကြည့်ပါလို့ ပြောတာပဲ (မှန်ပါ)။ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ကျုပ်ဘယ်လိုနေတယ် ဆိုတာ ခင်ဗျားတို့လာကြည့်ပါ (မှန်ပါ)။ သဘောပါပြီလား (ပါ,ပါပြီ ဘုရား)။
ဒါဖြင့် သူက ဧဟိ၊ သူကခေါ်တာ (မှန်ပါ)။ သူက ပဿ၊ ရူပါ၊ ဟုတ်လား (မှန်ပါ)။ လာပြီးတော့ ခင်ဗျားရှုစမ်းပါ (မှန်ပါ)။ လာပြီးတော့ ခင်ဗျားရှုစမ်းပါ (မှန်ပါ)။ သူကခေါ်တော့ ခေါ်တယ်နော် (ခေါ်ပါတယ် ဘုရား)။
ရန်သူခေါ်တဲ့ဆီတော့ လိုက်တယ်
အဲဒီတော့ ခင်ဗျားတို့ဟာ ခေါ်တော့ခေါ်တယ်၊ ရန်သူခေါ်တဲ့ဆီတော့ လိုက်တယ် (မှန်ပါ)။ မိတ်ဆွေခေါ်တဲ့ဆီတော့ (မလိုက်ပါ ဘုရား)။ အဲဒါလေး လွဲနေတယ် (မှန်လှပါဘုရားဝ။
ရန်သူခေါ်တယ်ဆိုတော့ ဥပမာ အထည်ဈေးကောင်းတယ်ဆိုတော့ အတင်းမော်တော်ကားနဲ့ ပြေးလိုက်တယ် (မှန်ပါ)။ လောဘ၊ ဒေါသ ၊ မောဟ ဖြစ်ရမယ့် နေရာကျတော့ အတင်းပြေးလိုက်တယ်မဟုတ်လား (လိုက်ပါတယ် ဘုရား)။
ခန္ဓာကအနိစ္စပြမလို့ခေါ်တဲ့နေရာကျတော့ ခင်ဗျားတို့က မလိုက်ဖြစ်ဘူး (မလိုက်ပါ ဘုရား)။ အနိစ္စပြပြီးရင် ကျုပ် နိဗ္ဗာန်ကို ဆက်ပြပါမယ် ၊ သူက နှစ်ချက်ပြတယ် (မှန်ပါ)။ ပထမရှေးဦးစွာ သူဘာပြတုန်း (အနိစ္စပြပါတယ် ဘုရား)။ နောက် သူမပြနိုင်တဲ့အဆုံးကျတော့ နိဗ္ဗာန်ပြတယ် (မှန်ပါ)။ သူက နှစ်ချက်ပြတယ် (မှန်ပါ)။ ခင်ဗျားတို့က တစ်ချက်မှ မလိုက်ဘူး သူ့နောက်က (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
လမ်းဆုံးမှာ ကျုပ်တို့နိဗ္ဗာန်တွေ့မယ်
ပထမခေါ်တာကတော့သူ ကျုပ်ဘက်လိုနေတယ်ဆိုတာ ကျုပ်ဟာ အနိစ္စအဖြစ်ပါတယ်လို့ခေါ်တယ် (မှန်ပါ)။ နောက်ကျတော့ ခင်ဗျားတို့က ဪ အနိစ္စပါလားဆိုတော့ ဒီအနိစ္စတွေကို ခင်ဗျားတို့က ဆုံးအောင်လိုက်သွားတဲ့အခါ မှာ နိစ္စနိဗ္ဗာန်ကိုမတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)။ အဲဒါလဲ သူကခေါ်တာပဲ (မှန်ပါ)။ သူခေါ်ရာလိုက်သွားလို့ လမ်းဆုံးမှာ ကျုပ်တို့နိဗ္ဗာန်တွေ့မယ် (မှန်ပါ)။ ပထမ အနိစ္စကခေါ်တယ် (မှန်ပါ)။ နောက် သူခေါ်တဲ့အတိုင်း တောက် လျှောက်သွားတော့ အနိစ္စဆုံးတော့ကို (နိဗ္ဗာန်တွေ့ပါတယ် ဘုရား)။
အဲဒီမှာ အခုစာတွေ ဘာတွေရေး၊ တရားတွေ ဘာတွေ ဟောကြတဲ့ဆရာတွေက နိဗ္ဗာန်ကသာ ခေါ်တယ်လို့ ယူနေကြတယ် (မှန်ပါ)။ မဟုတ်ဘူး ၊ သူကလဲခေါ်တယ် (မှန်ပါ)။ ဘုရားကိုယ်တော်မြတ်ကြီးက သူကလဲ ခေါ်တယ်ကွ တဲ့ အင်္ဂုတ္တိုရ်မှာ သေချာလာတယ် (မှန်ပါ)။ သူကခေါ်တယ် မခေါ်တယ်ကို ခင်ဗျားတို့ ထင်ရှားချင်လို့ရှိရင် ခင်ဗျားတို့ စိတ်က တစ်ခါတည်းလိုက်တာပဲ (မှန်ပါ)။
ဘယ်နေရာက ယားသတုန်းမေးရင် တစ်ခါတည်း ဖြေတာပဲ (မှန်ပါ)။ မဖြေဘူးလား (ဖြေပါတယ် ဘုရား)။ ဘယ်ကယားတာတဲ့တုန်း (ကျောကယားတာပါ ဘုရား)။ အင်း သူက ခေါ်လို့ ပြောတတ်တာပေါ့ကွ (မှန်ပါ)။ ဖျောက်တာကော မှားသေးလား (မမှားပါ ဘုရား)။ ဘယ်နေရာတုန်း ဒီကျောက်ပေါ်ပဲ မဟုတ်လား (မှန်ပါ)။ သူခေါ်တဲ့ဆီ သွားတာပဲ (မှန်လှပါ ဘုရား)။
ပထမတော့ အနိစ္စကခေါ်မယ်
ဒါကြောင့် ဝိပဿနာဉာဏ်ကလဲ ခေါ်တယ် (မှန်ပါ)။ နိဗ္ဗာန်ကလဲ (ခေါ်ပါတယ် ဘုရား)။ အဲဒီတော့ ဝိပဿနာ ဉာဏ်ခေါ်တဲ့ အဆုံးကျအောင် လိုက်ရင် နိဗ္ဗာန်တွေ့သွားမယ် (မှန်ပါ)။ ဒါဖြင့် ဧဟိပဿိကောက ဘယ်နှစ်ချက်တုန်း (နှစ်ချက်ပါ ဘုရား)။ နှစ်ချက်။ ပထမတော့ အနိစ္စကခေါ်မယ် (မှန်ပါ)။ နောက်ကျတော့ နိစ္စနိဗ္ဗာန်က ခေါ်မယ် (မှန်ပါ)။ သေချာမှတ်ပါ (မှန်ပါ)။
ရှုနေတုန်းတော့ ဘယ်သူက ခေါ်မတုန်း (အနိစ္စကခေါ်မှာပါ ဘုရား)။ နောက် ရှုလို့ အနိစ္စတွေကို ခင်ဗျားတို့က ရွံလိုက်မုန်းလိုက်နောက် အနိစ္စဆိုရင် မကြည့်ချင်တော့ဘူး ၊ မလိုချင်တော့ဘူးဆိုတော့ နိစ္စနိဗ္ဗာန်ကခေါ်တယ် (မှန်ပါ)။ ပထမ ဘယ်သူကခေါ်တုန်း (အနိစ္စက ခေါ်ပါတယ် ဘုရား)။ နောက်သူလဲ မခေါ်နိုင်တဲ့အဆုံးကျတော့ (နိစ္စနိဗ္ဗာန်က ခေါ်ပါတယ် ဘုရား)။
ကဲ ဒါသာ ခင်ဗျားတို့လှည့်လိုက်နေ သူ့သာဆက်လိုက် နိဗ္ဗာန်တွေ့မယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ ကဲ- ယနေ့ ဒီတင်တော်ကြစို့
