တွေးချိန်နှင့်အလုပ်-လုပ်ချိန်ကို တစ်မျိုးစီခွဲထားကြရန်
အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း၊
ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ၊ မိုးကုတ်ဆရာတော်ဘုရားကြီး၊
မင်္ဂလာရိပ်သာကျောင်းတိုက်၌ ဟောကြားဆုံးမတော်မူသော
တွေးချိန်နှင့်အလုပ်-လုပ်ချိန်ကို တစ်မျိုးစီခွဲထားကြရန်
ရှုမှတ်တဲ့စိတ်ကလေးလဲ ဒုက္ခသစ္စာ
ခန္ဓာငါးပါးထဲမှာဖြင့် တစ်ပါးမေးလိုက်လဲ ဒုက္ခသစ္စာပဲ၊ နောက်လေးပါးမေးလိုက်လဲ ဒုက္ခသစ္စာပဲ၊ ဒါကို သေချာ မှတ်ကြပါ (မှန်ပါ)၊ ဒုက္ခသစ္စာမှတစ်ပါး ခန္ဓာထဲမှာ မရှုမမှတ်တဲ့အချိန်၌ ဘာမှမရှိပါဘူး၊ ရှုမှတ်တဲ့စိတ်ကလေးတောင် ဒုက္ခသစ္စာလို့မှတ်ပါ၊ ရှုမှတ်တဲ့စိတ်ကလေးလဲ ဒုက္ခသစ္စာပဲနော် (မှန်လှပါ ဘုရား)။
ဘာဖြစ်လို့တုန်းလို့မေးတဲ့အခါကျတော့ ဘုန်းကြီးတို့ဒကာနှစ်ယောက်က မှတ်ရမယ်။ ဪ-သူလဲဖြစ်မှု-ပျက်မှု၊ ဟိုကိုလဲရှုလျက်၊ ရှုပြီးတော့ သူကလဲဖြစ်မှုပျက်မှုပဲ ရှိတယ်၊ ဖြစ်မှု-ပျက်မှုရှိသောကြောင့် သူလဲဒုက္ခသစ္စာပဲ၊ ဒုက္ခ-ဒုက္ခချင်း အာရုံပြုနေတာလို့ မှတ်ရမယ် (မှန်ပါ)၊ ဒုက္ခ-ဒုက္ခချင်း အာရုံပြုနေတယ်လို့ ဆုံးဖြတ်ချက်ချပါ။
ကောင်းပြီ-ဒုက္ခ-ဒုက္ခချင်း အာရုံပြုနေတော့ ဒီဒုက္ခတွေ ဉာဏ်ပါတဲ့ဒုက္ခ၊ ဟိုအမြင်ခံရတဲ့ဒုက္ခက ဉာဏ်မပါတဲ့ ဒုက္ခ၊ ဒါပဲထူးခြားပါတယ် (မှန်ပါ)၊ ဒီကဒုက္ခက ဉာဏ်ဦးစီးတဲ့ဒုက္ခ၊ ဟိုကဉာဏ်မပါတဲ့ဒုက္ခ၊ ဒါကြောင့် ဉာဏ်ဦးစီးတဲ့ဒုက္ခက ဉာဏ်မပါတဲ့ဒုက္ခကို သိမ်းနိုင်ပါတယ်၊ ဘာဖြစ်လို့သိမ်းနိုင်သတုံးဆိုတော့ ပဋိစ္စသမုပ္ပါဒ်ပြတ်လို့ သိမ်းနိုင်တယ်၊ ပဋိစ္စသမုပ္ပါဒ်မပါရင် တရားမဖြစ်ပါဘူး။
‘ဒု’က စက်ဆုပ်စရာ၊ ‘ခ’က အသုံးမကျတာ
ကောင်းပြီ-ဒီလိုသိထားတော့၊ ဒီဒုက္ခသစ္စာဟာ ‘ဒု’က စက်ဆုပ်စရာ၊ ‘ခ’က အသုံးမကျတာ၊ ‘သစ္စာ’က မှန်တာ၊ ‘ဒု’က (စက်ဆုပ်စရာပါ ဘုရား)၊ ‘ခ’က (အသုံးမကျတာပါ ဘုရား)၊ ‘သစ္စာ’က(မှန်တာပါ ဘုရား)၊ စက်ဆုပ်စရာ အသုံးမကျတာမှန်တယ် (မှန်ပါ)၊ ခန္ဓာငါးပါးမှာ ဒီသုံးနာမည်ရတယ် (မှန်ပါ)၊ “စက်ဆုပ်စရာ” “အသုံးမကျတာ” အမှန်၊ ဉာဏ်နဲ့ကြည့်လို့ရှိရင်ဖြင့် ‘စက်ဆုပ်စရာ’ ‘အသုံးမကျတာ’ ‘အမှန်’၊ ဪ-ဒါကြောင့် ဒုက္ခသစ္စာလို့ ဆိုပေတာပဲ (မှန်လှပါ ဘုရား)။
အဲဒီ ဒုက္ခသစ္စာမှာ ဘာသတ္တိရှိသတုံးလို့မေးဖို့လာပါတယ်၊ ဆုတောင်းထားတဲ့ ပုဂ္ဂိုလ်ကို ညှာတာမဖက် အမြဲနှိပ်စက်တက်တယ်၊ မတောင်းတဲ့ပုဂ္ဂိုလ်ကို မနှိပ်စက်ဘူး (မှန်ပါ)၊ တောင်းတဲ့ပုဂ္ဂိုလ်ကို နှိပ်စက်တယ် (မှန်ပါ) ခင်ဗျားတို့ အခုခန္ဓာကိုယ်မှာ ဥဒယဗ္ဗယနဲ့ အမြဲတမ်းနေရတာ ကံမကောင်းအကြောင်း မသင့်လို့မဟုတ်ပါဘူး၊ တဏှာလုပ် ထားလို့ ဒုက္ခသစ္စာပေါ်နေတာကို သေသေချာချာမှတ်ကြပါ (မှန်ပါ)၊ တဏှာ သမုဒယဆုတောင်းအဖြစ်နဲ့သော် လည်းကောင်း လုပ်ပြီးထားလို့၊ ဒုက္ခသစ္စာဖြစ်ရပါတယ် (မှန်လှပါ ဘုရား)။
ကောင်းပြီ-ဒီဒုက္ခသစ္စာက သူ့မှာ ဘာသတ္တိရှိတုံးဆိုလို့ရှိရင် တောင်းထားတဲ့ပုဂ္ဂိုလ်ကို ညှာတာမဖက် အမြဲ နှိပ်စက်ပါတယ် (မှန်ပါ)၊ ဘယ်သူ့ကို နှိပ်စက်တာတုံး (တောင်းထားတဲ့ပုဂ္ဂိုလ်ကို ညှာတာမဖက် အမြဲနှိပ်စက်ပါတယ် ဘုရား)၊ နှိပ်စက်ဆိုတာသည် အထည်ပျောက်နှိပ်စက်တယ်လို့မှတ်ပါ (မှန်ပါ)၊ နှိပ်စက်တယ်ဆိုတာ (အထည်ပျောက် နှိပ်စက်ပါတယ် ဘုရား)၊ နှိပ်စက်တာလဲ အမျိုးမျိုးရှိတယ်၊ အထည်မပျောက်ဘဲနဲ့ နှိပ်စက်တာလဲရှိတယ်၊ အထည်ပျောက် နှိပ်စက်တာလဲရှိတယ် (မှန်ပါ)၊ အခု ဒုက္ခသစ္စာက အထည်ပျောက်နှိပ်စက်တာကို ဆိုပါတယ်၊ ဒါကိုလဲ ထူးထူးခြားခြား မှတ်ပါ (မှန်လှပါ ဘုရား)။
မရှိတာချည်းတွေ့နေရတယ်
ဒါကြောင့်-ဉာဏ်နဲ့ရှုလိုက်တဲ့အခါကျတော့ မရှိတာချည်းတွေ့နေရတယ်။ မရှိတာချည်း တွေ့နေတော့ ဒါဘာတွေ့တာတုံးဆို အထည်ပျောက်နှိပ်စက်ပစ်လိုက်လို့ မရှိတာတွေ့ရတာ (မှန်ပါ)၊ အဲဒီမရှိတာတွေ့မှ ဪ-ဒုက္ခရောက်သွားတာ အမှန်ပါလားဆိုတာ ပေါ်လာတယ်၊ အထည်ပျောက်-ပျောက်သွားမှ ဒုက္ခရောက်တာ အမှန်လို့ သိတယ် (မှန်ပါ)၊
လောကီဥပမာပြကြပါစို့ဆိုတော့ စစ်အတွင်းက ဗုံးတွေကျတယ်၊ အိုတိုခွက်စ၊ တိုင်တွေ၊ အုတ်တွေ ကျန်ရစ်တယ်၊ အဲဒါ အထည်ပျောက်မဟုတ်ဘူး (မှန်ပါ)၊ ဘာမှကိုရှာမတွေ့အောင် ပျက်မှ ဒုက္ခသစ္စာ၊ အထည်ကျန်နေရင် မရဏထဲသွင်းပါ (မှန်ပါ)၊ အထည်မကျန်ရင် ဒုက္ခသစ္စာထဲသွင်းပါ (မှန်ပါ)၊ အထည်ကျန်ရင် (မရဏထဲသွင်းရမှာပါ ဘုရား)။ မရဏက အထည်ကျန်တယ် (မှန်ပါ)၊ ဒုက္ခသစ္စာက အထည်မကျန်ရဘူး (မှန်လှပါ ဘုရား)။
အဲဒီတော့ကို-မရဏက သမထဘက်ကို အားပေးတယ် (မှန်ပါ)၊ ဒုက္ခသစ္စာက ဝိပဿနာဘက်ကို အားပေးတယ် (မှန်ပါ)၊ ဒီလိုထူးထူးခြားခြားလဲ မှတ်ထားပါဦးတဲ့ (မှန်ပါ)၊ သို့သော် မရဏာနုဿတိသည် ဒုက္ခသစ္စာဘက်ကို နီးတယ်၊ နှလုံးသွင်းတဲ့ ပုဂ္ဂိုလ်မှာ (မှန်ပါ)၊ ဒုက္ခသစ္စာဟောလိုက်တဲ့အခါမှာ သူဟာနိဗ္ဗာန်ကိုရလွယ်တယ် မရဏာနုဿတိ အားကြီးတဲ့ပုဂ္ဂိုလ်က (မှန်ပါ)၊
ဘာကြောင့်တုံးလို့ မေးလိုက်တဲ့အခါကျတော့ ဘုန်းကြီးတို့ ဒကာနှစ်ယောက်က မှတ်ထားပါ၊ သူက ဥပနိဿယ သတ္တိနဲ့အနိစ္စကို သွားကျေးဇူးပြုလို့ (ဝါ) ဒုက္ခသစ္စာကို သွားကျေးဇူးပြုတယ် (မှန်ပါ)၊ ဒါကြောင့် မရဏာနုဿတိဟာ ဒုက္ခသစ္စာကို အကူအညီပေးတယ် (မှန်ပါ)၊ ဒါကြောင့် မရဏာနုဿတိကို အိပ်ယာဝင်တဲ့အခါ နှလုံးသွင်းပြီးတော့မှ ဒီဒုက္ခသစ္စာကိုရှုလို့ရှိရင် ပိုမိုပြီးကောင်းပါတယ် (မှန်လှပါ ဘုရား)။
ကောင်းပြီ-ဒါဖြင့် ဘယ်သူ့နှိပ်စက်သတုံးလို့ဆိုတော့ နှစ်ယောက်မရှိဘဲနဲ့ နှစ်ယောက်ပြောနေရခြင်းဟာ သမုဒယနည်းနည်းရှိတဲ့ ပုဂ္ဂိုလ်ကို နည်းနည်းပဲနှိပ်စက်တယ်၊ သမုဒယများများရှိတဲ့ပုဂ္ဂိုလ်ကို များများနှိပ်စက်တယ်လို့ ဆိုတာကို သေချာမှတ်ပါ။
ဘယ့်နှယ်ကြောင့်တုံးလို့မေးတဲ့အခါ ကျလို့ရှိရင်ဖြင့် နည်းနည်းခင်လို့ နည်းနည်းပဲ ဒုက္ခရောက်တာကို ထောက်ကြည့်ပါ၊ များများခင်တော့ များများဒုက္ခရောက်တာကို ထောက်ကြည့်ပါ (မှန်ပါ)၊ အလွန့်အလွန်ခင်ရင် (အလွန့် အလွန် ဒုက္ခရောက်ပါတယ် ဘုရား)၊ အလွန့်အလွန် ဒုက္ခရောက်တယ်ဆိုတာ ခင်ဗျားတို့ကို ရှင်းပြီးလင်းပြီးဖြစ်ပါတယ် (မှန်လှပါ ဘုရား)။
ညှာတာမဖက် အမြဲနှိပ်စက်ပါတယ်
ဒါကြောင့်-ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ၌ ‘ဒုက္ခဿပီဠနဋ္ဌော’ ကိန်းရာပုဂ္ဂိုလ်ကို ဆုတောင်းထားတဲ့ပုဂ္ဂိုလ်ကို ဆုတောင်းလို့ရထားတဲ့ ပုဂ္ဂိုလ်ကို၊ သမုဒယသစ္စာသမားကို ညှာတာမဖက် အမြဲနှိပ်စက်ပါတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဘာနဲ့အရင်နှိပ်စက်တုံးဆိုတော့ ‘ကာယိကဒုက္ခ’နဲ့ ရှေးဦးစွာ နှိပ်စက်တက်တယ်၊ ပြီးတော့မှ ‘စေတသိကဒုက္ခနဲ့’ (နှိပ်စက်ပါတယ် ဘုရား)၊ ‘ကာယိကဒုက္ခ’နဲ့ ရှေးဦးစွာ နှိပ်စက်တယ်၊ ပြီးတော့မှ ‘စေတသိကဒုက္ခ’နဲ့ (နှိပ်စက်ပါတယ် ဘုရား)၊
‘ကာယိကဒုက္ခ’ဆိုတာ ၉၆ပါးသော ရောဂါဝေဒနာတို့ ကိုယ်ပေါ်ရောက်တာကို ဆိုပါတယ် (မှန်ပါ)၊ ‘စေတသိကဒုက္ခ’ဆိုတာ ရောက်လာတဲ့အတွက် မခံသာအောင်၊ မခံနိုင်တဲ့ ဒေါသစေသသိက်ကိုဆိုပါတယ် (မှန်ပါ)၊ ဟို ‘ကာယိကဒုက္ခ’က ဒုက္ခသဟဂတကာယ ဝိဉာဏ်ကိုဆိုပါတယ် (မှန်ပါ)၊ ‘ကာယိကဒုက္ခ’နဲ့ အရင်နှိပ်စက်ပြီး၊ ‘စေတသိကဒုက္ခ’ကို ကြီးပွားအောင်လုပ်တယ်၊ ဘယ်သူ့ကိုလုပ်သတုံးဆိုတော့ ဆုတောင်းထားတဲ့ပုဂ္ဂိုလ်ကို ဒီနှစ်ခုပေးလိုက် ပါတယ်၊ ဒုက္ခသစ္စာက (မှန်ပါ)၊ ဆုတောင်းထားတဲ့ပုဂ္ဂိုလ်ကို ဒီနှစ်ခုပေးလိုက်ပါတယ် (မှန်လှပါ ဘုရား)။
နောက်မှ ‘ကာယိကဒုက္ခ’နဲ့ စေတသိကဒုက္ခ’တို့၏ အဖော်ဖြစ်တဲ့ ၉၆ပါးတွေကို အဝင်ခံတယ် (မှန်ပါ)၊ ‘ကာယိကဒုက္ခ’ ‘စေတသိကဒုက္ခ’က ၉၆ပါးတွေကို အဝင်ခံတယ်၊ ဒီပုဂ္ဂိုလ်ဆုတောင်းပြည့်အောင်နော် (မှန်ပါ)။ အလုံးစုံ အကုန်နှိပ်စက်မယ် ဟေ့ဆိုပြီး သကာလ သူသည်သူ့အဖော် သူ့အပင်အသင်းနဲ့တကွလာပြီး နှိပ်စက်တယ်လို့ ဦးသံဒိုင်ရော၊ ဦးအောင်ဇံဝေရော မှတ်ရမယ် (မှန်ပါ)။
တစ်ခုတည်းနှိပ်စက်သည်မဟုတ်ဘူး
တစ်ခုတည်းနှိပ်စက်သည်မဟုတ်ဘူး၊ ‘စေတသိကဒုက္ခ’လာတော့ မခံချင်တဲ့ဒေါသ၊ ပျောက်ချင်တဲ့လောဘ၊ ဒါတွေကလာတော့တာပဲ (မှန်ပါ)၊ လာတဲ့အတွက် ၁၅၀၀ကိလေသာတွေ ဝိုင်းလာတယ်၊ ၁၅၀၀ ကိလေသာ၏ အဖော်တွေဖြစ်တဲ့ ၉၆ပါးတွေ၊ ၂၅ပါးသောဘေးတွေ ဒါတွေဟာ ‘ကာယိကဒုက္ခ’ စေတသိကဒုက္ခရှိတဲ့ ပုဂ္ဂိုလ်အပေါ်မှာ နှိပ်စက်ခြင်းရှိပါတယ် (မှန်လှပါ ဘုရား)။
ဒါကြောင့်-ဒီခန္ဓာကိုယ်ကြီးကို ခဏ-ခဏ ပြောင်းချင်တာသည် ‘ကာယိကဒုက္ခ’ (မှန်ပါ)၊ မပြောင်းခင်က ‘ကာယိကဒုက္ခ’မခံနိုင်လို့ ပြောင်းပြန်တော့ ‘စေတသိကဒုက္ခ’ ဖြစ်ပေါ်စက ‘ကာယိကဒုက္ခ’၊ မခံနိုင်လောက်အောင် ဖြစ်လာရင် (‘စေတသိက’ဒုက္ခပါ ဘုရား)၊ ‘စေတသိကဒုက္ခ’ ဒီဒုက္ခနှစ်ခုနဲ့ ဆုတောင်းထားတဲ့ပုဂ္ဂိုလ်ကို ဆုတောင်းပြည့် အောင် လုပ်ပါတယ် (မှန်ပါ)၊ လူခန္ဓာရ-ရပါလို၏၊ နတ်ခန္ဓာရ-ရပါလို၏ဆိုတဲ့ တဏှာနဲ့တောင်းထားတဲ့ပုဂ္ဂိုလ်ကို ဒုက္ခသစ္စာမှန်းမသိလို့ တောင်းထားတဲ့ပုဂ္ဂိုလ်ကို ဒုက္ခမျိုးစုံပေးပါတယ် (မှန်လှပါ ဘုရား)။
ဒုက္ခအမျိုးစုံပေးတယ်လို့ဆိုတော့ ‘ကာယိကဒုက္ခ’နဲ့ စေတသိကဒုက္ခ’၏ အဖော်ဘယ်သူတုံးဆိုလို့ရှိရင်ဖြင့် ၉၆ပါးဟေ့၊ ၂၅ပါးသော ဘေးဟေ့၊ ၃၂ပါးသော ကံကြမ္မာဟေ့၊ ဘာကြောင့်တုံးဆို အညှီရှိလို့ယင်အုံတာဟေ့ (မှန်ပါ)၊ အဲဒီလိုနှိပ်စက်ပြီး သကာလ နေခြင်းကြောင့် ဒီလက်ရှိခန္ဓာငါးပါး၊ ဥပါဒါနက္ခန္ဓာကြီးဟာ စက်ဆုပ်စရာအသုံးမကျတာ အမှန်ဖြစ်တယ်လို့ ဒီကျအောင်၊ ဖြစ်ပျက်ဟာ ဒါတွေကိုး၊ ဖြစ်ပျက်ဟာ ဒီသစ္စာတွေကိုးလို့ ဖြစ်ပျက်ကနေပြီး သစ္စာရောက်အောင် ဉာဏ်က သွားပေးရမယ် (မှန်လှပါ ဘုရား)။
ဖြစ်ပျက်ကနေပြီး သစ္စာရောက်အောင် ဉာဏ်နဲ့သွားပေး
ဖြစ်ပျက်ကနေပြီး သစ္စာရောက်အောင် ဉာဏ်နဲ့သွားပေးလိုက်တဲ့အခါကျတော့မှ တရားလဲလမ်းဆုံးပါတယ် (မှန်ပါ)၊ ဖြစ်ပျက်တာ ဉာဏ်ထဲမှာလမ်းမဆုံးသေးဘူး၊ ဘာကြောင့်တုံးဆို ဖြစ်ပျက်သည် အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာကိုသာပြ၍ စက်ဆုပ်စရာ အသုံးမကျတာအမှန်ဆိုတဲ့ဆီကို သူမရောက်သေးဘူး (မှန်ပါ)၊
စက်ဆုပ်စရာ အသုံးမကျတာ အမှန်ဆိုတဲ့ဆီကို ရောက်သွားမှ ဘုန်းကြီးတို့ဒကာ, ဒကာမတွေ၌ တဏှာဟာ ပိုမိုပြီး သကာလ ပါးသွားတယ် (မှန်ပါ)၊ အသိကြီးလို့ အပါးပိုသွားတယ်၊ ကိလေသာပါးတာ ပိုသွားတယ် (မှန်ပါ)၊ အနိစ္စလောက်သာ သိနေရင် ကိလေသာ မပါးသေးပါဘူး၊ အနိစ္စက ခံသာတဲ့အဖြစ်ကို သူသွားမြင်တယ်၊ ဒုက္ခသစ္စာက မခံသာတဲ့အဖြစ်ကို သွားမြင်တော့ ခံသာမှုနှင့်မခံသာမှုသည် မခံသာမှုတဏှာကို သေစေတယ် (မှန်ပါ)၊
သစ္စာမြင်မှ တဏှာသေတယ် (မှန်ပါ)၊ အနိစ္စမြင်ခြင်းကြောင့် တဒင်္ဂပဲသေတယ်၊ ဘာကြောင့်တုံးဆိုလို့ရှိရင်ဖြင့် စက်ဆုပ်စရာ အသုံးမကျတာ အမှန်ဆိုတဲ့ဆီကို ဉာဏ်ကမထိုးထွင်းနိုင်လို့၊ သူကတဒင်္ဂ၊ ဟို-စက်ဆုပ်စရာ အသုံးမကျတာ အမှန်တကယ်စင်စစ်မြင်သွား လို့ရှိရင်ဖြင့် တဏှာဒိဌိတွေက သူ့ထုံးစံအတိုင်းလေးပိုင်း တစ်ပိုင်းပါရမယ် (မှန်လှပါ ဘုရား)။
သစ္စာမြင်မှုနဲ့ အနိစ္စရိုးရိုးမြင်မှု
အဲဒီတော့-သစ္စာမြင်မှုနဲ့ အနိစ္စရိုးရိုးမြင်မှုနဲ့ကို ဒီနေ့ညမှာ ခြားခြားနားနားဟောတယ်လို့ အောက်မေ့ရမယ်နော် (မှန်ပါ)၊ သစ္စာမြင်မှုက ကိလေသာကို ပိုပြီးပါးစေတယ် (ပါးစေပါတယ် ဘုရား)၊ အနိစ္စမြင်မှုသည် ပါးပင်ပါးငြား သော်လည်း တဒင်္ဂပဲပါးတယ်၊ သစ္စာမြင်လိုက်ရင် အမြစ်ပါပြုတ်တယ်ဆိုတော့ အများကြီးကွာခြားပါတယ် (မှန်ပါ)၊
ဝုန်းခနဲတက်လို့ရပါသလားလို့ အခုတရားနာနေကြတဲ့လူတွေက မေးလို့ရှိရင်ဖြင့် ဝုန်းခနဲတော့ တက်လို့မရပါဘူး၊ သူအမြင်သန်မှ သစ္စာသွားဆိုက်တယ်၊ အပြောသစ္စာမဟုတ်ဘူး၊ ဉာဏ်တက်သွားတဲ့သစ္စာကို ဆိုပါသည်။ အပြောသစ္စာ မဟုတ်ပါဘူး၊ ဉာဏ်တက်သွားတဲ့သစ္စာ၊ အနိစ္စကနေပြီး ကူးတဲ့ဉာဏ်တက်သွားတဲ့ သစ္စာဉာဏ်ကို ဆိုပါတယ် (မှန်လှပါ ဘုရား)။
အဲဒီ-သစ္စဉာဏ်ရမှ ပီဠနဋ္ဌောဆိုတဲ့ကိစ္စဉာဏ်က ရပါတယ်၊ သစ္စာသိပြီးမှ သစ္စာသိတာက သစ္စဉာဏ်၊ နှိပ်စက် တာကိုသိတာက ကိစ္စဉာဏ်၊ နောက်ကိစ္စဉာဏ် ရင့်သန်လာတဲ့အခါကျတော့မှ ကတဉာဏ်ဆိုတာ လာပါတယ်၊ ဉာဏ်သုံး ဉာဏ်နော် (မှန်ပါ)၊
ဒါက-သစ္စာမြင်မှလာတဲ့ဉာဏ်တွေ ဖြစ်ပျက်မြင်နေတုန်းက မလာသေးဘူးလား (မှန်ပါ)၊ ဖြစ်ပျက်ရှုလို့ ဉာဏ်ရင့်လာတဲ့အခါကျတော့မှ ဪ-နှိပ်စက်တယ်ဆိုတာ ဒုက္ခသစ္စာကိုးလို့ ဆိုတာဟာ ပေါ်လာပါတယ်၊ ပေါ်လာတဲ့ အခါကျတော့မှ ဉာဏ်ဖြန့်လိုက်တဲ့အခါမှာ ကိန်းရာပုဂ္ဂိုလ်ကို ညှာတာမဖက် အမြဲနှိပ်စက်တယ်ဆိုတဲ့ ကိစ္စဉာဏ်က ဝင်လာပါတယ်၊ ကိစ္စဉာဏ်ရင့်သန်တော့မှ ဖျတ်ဆိုချုပ်တဲ့ကတဉာဏ်က ဝင်လာပါတယ်၊ ချုပ်သွားတာ ကတဉာဏ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)
သစ္စဉာဏ် ကိစ္စဉာဏ်
ဒါကြောင့်-ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အရေးကြီးတဲ့အလုပ်မို့ ဂရုစိုက်ကြပါ၊ သစ္စဉာဏ်ဆိုတာက ဖြစ်ပျက် မြင်တဲ့ဉာဏ်နဲ့ တစ်တန်းတည်းလောက် ရှိနေသေးတာကိုး၊ ကိစ္စဉာဏ်ကျမှ ဖြစ်ပျက်က ထက်လာတယ် (မှန်ပါ) ဘာဖြစ်လို့ ပျက်ပါလိမ့်မတုံး၊ နှိပ်စက်လို့ပျက်တယ်ဆိုတဲ့ ဥစ္စာကပါလာပါတယ်၊ နှိပ်စက်လို့ ပျက်နေတာဖြင့် ဪ-ခန္ဓာရတဲ့ပုဂ္ဂိုလ်မှာ သူကအမြဲနှိပ်စက်နေမှာပဲတဲ့၊ ဘယ်နည်းနဲ့မှ ရှောင်လို့တိမ်းလို့ကို မရပါဘူးဆိုတဲ့ဥစ္စာတွေကို ဉာဏ်ထဲမှာမြင်တော့မှ ခန္ဓာလိုချင်တဲ့ တဏှာက ခန္ဓာရရင် ဒီလိုဖြစ်လာမှာပဲ၊ ဒီလိုပဲ နှိပ်စက်ခံနေရမှာပဲဆိုပြီး သစ္စဉာဏ်နဲ့တွေးလိုက်တော့မှ ကိလေသာက ပါးလာတယ် (မှန်ပါ)၊ ကိလေသာ ပါးထွက်သွားတဲ့အခါကျတော့မှ ပါးတုန်းကို ဒီထက်ဉာဏ်တက်လာတော့ ဖျတ်ဆိုချုပ်သွားပြီး ကတဉာဏ်ဝင်လာတယ် (မှန်လှပါ ဘုရား)။
အဲဒီကတဉာဏ်ဝင်လာလို့ရှိရင်ဖြင့် ခင်ဗျားတို့သေတာပတ္တိမဂ်ရပြီလို့ အောက်မေ့ပါ (မှန်ပါ) ကတဉာဏ်မဝင် သေးရင် မရသေးပါဘူး၊ ကတဉာဏ်ဆိုတာ နိဗ္ဗာန်ကိုမြင်တဲ့ဉာဏ်၊ ပြီးပြီလို့သိတဲ့ဉာဏ်ဟာ ကတဉာဏ်၊ ဒါပစ္စဝေက္ခဏာ ဉာဏ်လို့ဆိုပါတယ်၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဖြစ်ပျက်အရှုခိုင်းနေတာ ဘာပါလိမ့်မတုံး
အဲဒီလိုမှတ်လိုက်တော့မှ ဪ-တို့ကို ဆရာဘုန်းကြီးက ဖြစ်ပျက်အရှုခိုင်းနေတာ ဘာပါလိမ့်မတုံးဆိုတော့ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်တက်ဖို့ကို အရှုခိုင်းနေတာ (မှန်ပါ)၊ နားလည်ကြပြီ (မှန်ပါ)၊ ဖြစ်ပျက်အရှုခိုင်းတာ ဘယ်သွားစေချင်လို့တုံး (သစ္စာဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်တက်ဖို့ပါ ဘုရား)၊ ဒီဉာဏ်သုံးဉာဏ် တက်ဖို့ကိုဟောပါတယ် (မှန်လှပါ ဘုရား)။
ကောင်းပြီ-ဒီဉာဏ်တွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒီသုံးခုအစဉ်မလာလို့ရှိရင် ဒီတရားဟာမှားတယ်လို့ အောက်မေ့ပါ၊ ဟောတဲ့ဆရာလဲ မှားတယ် (မှန်ပါ)၊ လုပ်တဲ့ပုဂ္ဂိုလ်မှာလဲ ဒီသုံးဆင့် မတက်နိုင်လို့ရှိရင်၊ မဂ်မရနိုင်ဘဲနဲ့ ရနိုင်တယ်လို့ ထင်နေရင် မှားပါတယ် (မှန်ပါ)၊
ဒါကြောင့်-ညှာတာမဖက် အမြဲနှိပ်စက်တာကို သိလို့ရှိရင်ဖြင့် ဒါဟာ ဆင်းရဲတာအမှန်လောက်ကို သိလို့ရှိရင်ဖြင့် သစ္စဉာဏ်၊ အနှိပ်စက်ခံရလို့ ဆင်းရဲတယ်လို့သိရင်ဖြင့်-ကိစ္စဉာဏ်-အနှိပ်စက် ခံရတဲ့တရားတွေ ဆုံးရှုံးသွားတာ၊ ပျောက်ပျက်သွားတာ သိလို့ရှိရင်ဖြင့်-ကတဉာဏ် (မှန်ပါ)၊ ဒါကို သေချာမှတ်ပါ၊ ဒါအင်မတန် နက်နဲတဲ့စကားတွေ ဖြစ်နေပါတယ် (မှန်လှပါ ဘုရား)။
တဏှာပြုပြင်သလို ခံနေရတာ
ကောင်းပြီ-ဒီဉာဏ်ရအောင် တက်လိုက်တဲ့အခါကျလို့ရှိရင် သစ္စဉာဏ်က ကိစ္စဉာဏ်နဲ့ ဘယ်နှစ်မျိုးရှိသတုံးလို့ မေးလာတဲ့အခါကျ-ခုနကဆုတောင်းထားတဲ့ပုဂ္ဂိုလ်ကို ညှာတာမဖက် အမြဲနှိပ်စက်တာက ကိစ္စ တစ်ကိစ္စ၊ သင်္ခတဋ္ဌောတဲ့ တဏှာ ယောက်ျားလက်သမား၏ ဆိုးဝါးယုတ်မာ ပြုပြင်ရာကို ရံခါမသွေ အမြဲခံနေရသောကြောင့်လဲ ဒီခန္ဓာငါးပါးဟာ ဒုက္ခသစ္စာ၊ တဏှာပြုပြင်သလို ခံနေရတာ တဏှာက ပို့လိုက်လဲ ဒုက္ခသစ္စာကြီးနဲ့ ဟိုဖက်သွားလိုက်ရတာပဲ၊ တဏှာက သုဂတိပို့လိုက်လဲ အိုဘေး၊ နာဘေးရှိတဲ့ဆီ သွားလိုက်ရတာပဲ၊ ဒါဖြင့်ခင်ဗျားတို့ ခန္ဓာကြီးကို ဒုက္ခရောက်အောင် ဘယ်သူက စီမံနေသတုံးလို့ မေးတဲ့အခါကျတော့ဖြင့် ‘သင်္ခတဋ္ဌော’ တဏှာယောက်ျား လက်သမား၏ ဆိုးဝါးယုတ်မာ ပြုပြင်ရာကို ရံခါမသွေ ခံနေရသောကြောင့်လဲ ခင်ဗျားတို့ရထားတဲ့ ခန္ဓာကြီးဟာ ဒုက္ခသစ္စာ အစစ်ပါပဲ (မှန်လှပါ ဘုရား)။
တဏှာယောက်ျား လက်သမားဆိုတာက ခန္ဓာကိုဖြစ်စေတဲ့လူကို ဆိုပါတယ်၊ ခန္ဓာအိမ်ကို ဆောက်တက်တဲ့ လယ်သမားကို ဆိုပါတယ်၊ ဒီ-တဏှာပဲ (မှန်ပါ)၊ နှာခေါင်းကို လုပ်ပေးတာလဲ တဏှာ၊ ပဒေသာရုပ်တွေကို လုပ်ပေးတာလဲ တဏှာပဲ၊ ဘာကြောင့်တဏှာလို့ ဆိုရတုံးဆိုတော့ ခင်ဗျားတို့ကိုတစ်နေ့က ပြောခဲ့ပါတယ်။ ကံကလုပ်တာမဟုတ်ဘူးလို့ ဟိုစာက ‘ကမ္မဇရုပ်’၊ ကမ္မဇရုပ်ဆိုတာ သူကလက်သမားကွ၊ တဏှာလက်ညှိုးညွှန်ရာကို လုပ်ရတာ ကံက တဏှာလက်ညှိုး ညွှန်ရာကို လုပ်ရတာ သဘောပါပလား (ပါပါပြီ ဘုရား)။
ကံက သူချည်းလုပ်နိုင်သလား၊ တဏှာက ဒါလုပ်ပေးဆိုလို့ လုပ်ရတာလား (တဏှာက လုပ်ပေးဆိုလို့ လုပ်ရတာပါ ဘုရား)၊
တဏှာက လုပ်ပေးဆိုလို့ လုပ်ရတာ
တဏှာက လုပ်ပေးဆိုလို့ လုပ်ရတော့ကိုခေတ်သုံး သုံးရလို့ရှိရင် သူကမန်နေဂျာပါ ဟိုက အလုပ်သမားပါ (မှန်ပါ)၊ အဲဒီတော့ မန်နေဂျာနဲ့အလုပ်သမားသည် ဘယ်သူ့ကိုကြောက်စရာကောင်းသတုံးလို့ မေးတဲ့အခါကျတော့မှ စီမံတဲ့လူ ‘မန်နေဂျာ’က ပိုကြောက်စရာကောင်းပါတယ် စီမံတဲ့လူမရှိရင် အလုပ်သမားက သွားမှာပါပဲ (မှန်ပါ)၊
အဲဒီတော့ စီမံတဲ့လူဟာ ဘယ်သူတုံးဆိုတော့ တဏှာယောက်ျားလက်သမားပဲ (မှန်ပါ)၊ ဒါကြောင့် ကံယောက်ျား လက်သမားလို့ မဆိုဘူး၊ တဏှာယောက်ျား လက်သမားလို့သာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဆိုပါတယ်၊ ဘယ့်နှယ်ကြောင့် တဏှာယောက်ျား လက်သမားလို့ ဆိုလိုက်သတုံးဆိုတော့ တဏှာရှိနေတဲ့ ပုဂ္ဂိုလ်ဟူ သရွေ့သည် ကံကမလုပ်ချင်ပါဘူးဆိုလို့ကို မရတော့ဘူး၊ တဏှာ၏ လက်အောက်ခံကျွန်ဖြစ်နေလို့ တဏှာက ပြဋ္ဌာန်းတယ်၊ ကံက မပြဌာန်းဘူး (မှန်လှပါ ဘုရား)။
ဒါကြောင့်-သစ္စာဖွဲ့တဲ့အခါမှာ ကမ္မသစ္စာလို့မပါဘူး၊ တဏှာသစ္စာသာပါတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊
တဏှာချုပ်မှ နိဗ္ဗာန်ဆိုတာ ပေါ်လာတယ်
သမုဒယသစ္စာလို့သာ ရှိရမယ်၊ ဒီ-သစ္စာကံလို့ မရှိပါဘူး (မှန်ပါ)၊ အဲဒီကတည်းက ဪ-တဏှာချုပ်မှ နိဗ္ဗာန်ဆိုတာ ပေါ်လာတယ်၊ ကံချုပ်တဲ့ နိဗ္ဗာန်လို့မပေါ်လာဘူး၊ တဏှာချုပ်ရင် ကံကအလိုလိုပါသွားတယ် ရေယူခဲ့ ဆိုလို့ရှိရင်ဖြင့် ရေယူတယ်ဆိုကတည်းက ရေခွက်ပါလာတာပဲ (မှန်ပါ)၊ အဲဒီအတိုင်းပါပဲ၊ သူသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် တဏှာယောက်ျားလက်သမား၏ ဆိုးဝါးယုတ်မာပြုပြင်ရာကို ရံခါမသွေ အမြဲခံနေရသောကြောင့် ခင်ဗျားတို့၏ ဥပါဒါနက္ခန္ဓာကြီးဟာ ဒုက္ခသစ္စာလို့ သေသေချာချာမှတ်ကြပါ (မှန်လှပါ ဘုရား)။
ကိုင်း-ဒါဖြင့် အခုဖြစ်နေတဲ့ ခန္ဓာကြီးကောဆိုရင် ခန္ဓာကြီးဟာ တဏှာအရှိန် အစော်ကို မကုန်သေးပါဘူး (မှန်ပါ)၊ သူကချုပ်သွားပြီ မဟုတ်လားဘုရား၊ အေးလေ-ချုပ်တော့ ချုပ်သွားပြီ၊ ချုပ်ပင်ချုပ်ငြားသော်လည်း သူ့အရှိန်အစော် အာနုဘော်တွေဟာ မီးပင်သေသွားငြား သော်လည်း အပူတွေက ကျန်နေရစ်တယ် (မှန်ပါ)၊
မီးသေသွားငြားသော်လည်း အပူတွေက ကျန်နေရစ်တယ် (မှန်ပါ)၊ မီးသေသွားတော့ အငွေ့တွေ ကျန်နေရစ်သလိုပေါ့ (မှန်ပါ)၊ ထိုနည်းအတူပဲ တဏှာသည် အတိတ်ဘဝက ချုပ်ငြားသော်လည်း သူ့အရှိန်အစော် အာနုဘော်တွေကြောင့် ခင်ဗျားတို့ဟာ သူစီမံတာ အကုန်ခံနေရတယ် (မှန်ပါ)၊ လောကီဥပမာပြောကြပါစို့ ဆိုလို့ရှိရင်ဖြင့် ရှင်ဘုရင်သေသွားတော့ ကျန်တဲ့လူတွေက ရှင်ဘုရင်၏ ဥပဒေကို ကျန်နေရစ်တယ်၊ ဥပဒေက ကျန်ရစ်တော့ ဥပဒေအတိုင်း ဒီကဖြစ်နေကြရတယ် (မှန်လှပါ ဘုရား)။
ထိုနည်းအတူပါပဲတဲ့၊ တဏှာယောက်ျား လက်သမားသည် ရှေးဦးစွာတော့ သူကခန္ဓာဖြစ်အောင် တည်ထောင ်ပြီးချုပ်သွားတာပဲ၊ ချုပ်သွားငြားသော်လည်း သူသည်နဂိုကလဲ သတ္တိပဲ၊ သတ္တိလေးဟာ ချုပ်သွားတာပဲ၊ ချုပ်ပင်ချုပ်ငြား သော်လည်း အရှိန်အစော် အာနုဘော်တွေသည် အကုန်ကျန်နေရစ်တယ် (မှန်ပါ)၊ အဲဒီအကုန်ကျန်နေရစ်တဲ့အတွက် ကိုယ်ဖြစ်ချင်သလို မဖြစ်ရဘူး၊ သူစီမံထားတဲ့အတိုင်းသာ ပျက်လိုက် ဖြစ်လိုက်နေရတယ်၊ ပျက်ဖြစ်ဒုက္ခနဲ့ပဲ နေရတယ် (မှန်ပါ)၊
တဏှာ၏စွမ်းရည်သတ္တိ
အဲဒါဘယ်သူ၏ စွမ်းရည်သတ္တိတုံးလို့ မေးတဲ့အခါကျတော့မှ သင်္ခတသဘောသတ္တိရှိတဲ့ တဏှာ၏စွမ်းရည် သတ္တိလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊ သင်္ခတသဘော သတ္တိရှိတဲ့တဏှာ၏ စွမ်းရည်သတ္တိနော် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ-ဒါဖြင့် ဟိုဘုံရောက်လိုက် ဒီဘုံရောက်လိုက်နဲ့ ဒုက္ခသစ္စာဘောလုံးကြီးဟာ ဟိုခြေထောက်ရောက်သွား၊ ဒီခြေထောက်ရောက်သွား၊ ဟိုကကန်လွှတ်လိုက်၊ ဒီကကန်လွှတ်လိုက်နဲ့၊ ဟာ-ခန္ဓာတွေဟာ ဘောလုံးဖြစ်နေတယ် (မှန်ပါ)၊ ခန္ဓာတွေဟာ ဘောလုံးဖြစ်နေတာသည် ဘာဖြစ်လို့တုန်းဆို၊ တဏှာပို့ဆောင်ရာကို သွားနေရတယ်၊ တဏှာပို့ရာကို သွားနေရတဲ့အတွက် ကိုယ့်သဘောကို လုံးလုံးပါပါရဲ့လား (မပါ-ပါ ဘုရား)
တဏှာစီမံရာကို လိုက်နာပြီး နေရတဲ့အတွက် ဒီဒကာ ဒကာမတွေ၌ ဒီတဏှာမသေသရွေ့ သူ့သင်္ခတသတ္တိဟာ ဘယ်တော့မှ လွတ်မှာမဟုတ်ဘူး (မှန်ပါ)၊ တဏှာက တစ်ကြိမ်တည်းဖြစ်လို့ရှိရင်တော့ တော်ပါသေးရဲ့၊ သို့သော် တဏှာသည် အကြိမ်ပေါင်းများစွာ ဖြစ်ပါတယ်၊ အကြိမ်ပေါင်း များစွာကလဲ လက်သမားက ပစ္စုပ္ပန်ပြုပြင်မယ်၊ အနာဂတ်ပြုပြင်မယ်၊ ဟိုဘက်ဘဝတွေထိကို ပြုပြင်မယ်၊ ဘဝတွေကို ဆက်-ဆက်ပြီး ပြုပြင်မယ်၊ ဒါကြောင့် ‘တဏှာသိဗ္ဗိနီ’လို့ အင်္ဂုတ္ထိုရ်ပါဠိတော်မှာ ဟောတော်မူလိုက်တယ်။
တဏှာသည် အပ်ချုပ်သမား
တဏှာ-တဏှာသည်၊ သိဗ္ဗိနီ-အပ်ချုပ်သမားနှင့်တူ၏။ စုတိနှင့်ပဋိသန္ဓေကို ဆက်ပေးတာလဲ သူပဲ(မှန်ပါ)၊ စုတိနဲ့ ပဋိသန္ဓေ ဆက်ပေးတာသည် (တဏှာပါ ဘုရား)၊
ဒီဒုက္ခနှစ်ခုကို ဆက်ပေးတာဟာ တဏှာပဲ၊ စုတိကလဲ ဒုက္ခသစ္စာ၊ ပဋိသန္ဓေကကော (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒီဒုက္ခနှစ်ခုကို ကြားမခြားရအောင် ဆက်ပေးတာ၊ ဒါကြောင့်အင်္ဂုတ္ထိုရ် ပါဠိတော်က ‘တဏှာသိဗ္ဗိနီ’ကွတဲ့၊ တဏှာ-တဏှာသည်၊ သိဗ္ဗိနီ-ပုဆိုးတွေ ဆက်စပ်ပေးတဲ့ သဘောလို ဒုက္ခချင်းဆက်စပ် ပေးသော်ကြောင့် အပ်ချုပ်သမားနဲ့တူ၏လို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတော်မူလိုက်တယ် (မှန်လှပါ ဘုရား)။
ဒါဖြင့်-တဏှာရှိတဲ့ပုဂ္ဂိုလ်မှာ တခြားဘာမှ ဆက်မပေးဘူး၊ ဒုက္ခချင်းသာ ဆက်ပေးတယ်၊ တဏှာကိန်းနေတဲ့ ပုဂ္ဂိုလ်မှာ ဘာတွေဆက်ပေးမယ်ထင်ကြတုံး (ဒုက္ခတွေဆက်မှာပါ ဘုရား)၊ ဒုက္ခချင်းသာဆက်ပေးမယ်၊ ဘယ်တော့မှ သုခနဲ့ကို မဆက်ပါဘူး (မှန်ပါ)၊
ခင်ဗျားတို့ ဝိပ္ပလ္လာသသမားမှသာ၊ ဪ-သုခမို့ တော်သေးရဲ့လို့ ဆိုလိုက်ပါတယ်၊ မဟုတ်ပါဘူးတဲ့၊ သူ့စွမ်းရည်သတ္တိကို လေးလေးနက်နက်မှတ်ကြပါ၊ ဒုက္ခချင်းသာ ဆက်တက်ပါတယ်၊ သုခနဲ့ နည်းနည်းမှ မဆက်တက်ပါဘူး (မှန်ပါ)၊ ခင်ဗျားတို့ဝိပ္ပလ္လာသ ဖောက်ပြန်နေတဲ့ ပုဂ္ဂိုလ်ကတော့ သူပို့လိုက်လို့ နတ်ပြည်ရောက်တယ်လို့ ထင်နေပါတယ်တဲ့၊ လူစုတိနဲ့ နတ်ပဋိသန္ဓေနဲ့ ဆက်ပေးလိုက်တာပဲ (မှန်ပါ)၊ လူ့စုတိက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ နတ်ပဋိသန္ဓေကကော (ဒုက္ခသစ္စာပါ ဘုရား)၊
ဒါဖြင့် ဒုက္ခချင်းဆက်ပေးတာကို ခင်ဗျားတို့က သူပို့လို့ရောက်ရတာကို ကံကောင်းတယ်လို့ ပြောနေကြတယ် (မှန်ပါ)၊ ဘယ်ဟုတ်ရမှာတုံးကွ၊ ဒီလိုအမြစ်အရင်းနှင့်တကွ ဟောကြားညွှန်ပြဆုံးမတဲ့ ဆရာကောင်းနဲ့ မတွေ့ကြခင် ပြောနေတဲ့စကားတွေပါ (မှန်လှပါ ဘုရား)။
ဒုက္ခသစ္စာချင်းဆက်ပေးနေ
တစ်ခါ စုတိစိတ်နဲ့ပဋိသန္ဓေနဲ့ ဆက်ပြီးသည့်နောက် ပဋိသန္ဓေနောက်ကနေပြီး တစ်ခါဒီသတ္တဝါကို ကျေးဇူးပြုတဲ့ စိတ်ကလေးတွေ ဆက်လာတယ်၊ အဲဒီစိတ်ကလေးတွေနဲ့လဲ ပဋိသန္ဓေက ဆက်ပေးပြန်တယ်၊ ပဋိသန္ဓေကဆက်ပြီးတော့ ဘဝင်ဆိုတာလာတယ် (မှန်ပါ)၊ ဘဝင်က ဘာသစ္စာတုံးမေးတော့ (ဒုက္ခသစ္စာပါ ဘုရား)၊ ပဋိသန္ဓေကကော ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊
အဲ-ဒုက္ခသစ္စာကို ဒုက္ခသစ္စာချင်းဆက်ပေးသောကြောင့် ဒီနေရာမှာ အနန္တရပစ္စယောကွ၊ ဒုက္ခအခြားမရှိအောင် ကျေးဇူးပြုတယ် (မှန်ပါ)၊ ဟို-အနန္တရပစ္စယောကို ရိုးရိုးအကြောင်းအကျိုးဆက်တာကို မယူဘဲနဲ့ ဒုက္ခချင်း ဆက်ပေးတာကိုယူပါ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အနန္တရပစ္စယော၊ အခြားမရှိမူ၍ ကျေးဇူးပြုတက်သောတရားသည် ဟုတ်တယ်၊ ဘာအခြားမရှိအောင်တုံးဆို ဒီကြားထဲသုခလေးမပါအောင် ပဋိသန္ဓေနဲ့ ဘဝင်ကြားထဲမှာ သုခမပါအောင် ကျေးဇူးပြုတယ်၊ အနန္တရပစ္စည်းလဲဟုတ်တယ်၊ သူပြုချင်လို့ ပြုရတာလားလို့ မေးတဲ့အခါ ကျတော့ တဏှာက ဒီလိုဆက်ပါ၊ ဒီလိုဆက်ပါလို့ သူကအော်ဒါ (အမိန့်) ပေးနေတာ (မှန်လှပါ ဘုရား)။
ဒါကြောင့်-တဏှာပြုပြင်တာချည်းပဲလို့ အကုန်မှတ်ကြပါ၊ ဒါကြောင့်-ဒီခန္ဓာတစ်တန်းလုံး ဒုက္ခသစ္စာဆိုတော့ သူပြုပြင်တာချည်းဆိုတာ ပေါ်လာတယ် (မှန်ပါ)၊ မပေါ်သေးဘူးလား (ပေါ်လာပါတယ် ဘုရား)။
ကံကောင်း အကြောင်းသင့်တဲ့နေရာ တစ်ချက်မှမပါ
ဘယ်နေရာ ကံကောင်း အကြောင်းသင့်ပါလိမ့်မတုံးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မေးမနေနဲ့၊ ကံကောင်း အကြောင်းသင့်တဲ့နေရာ တစ်ချက်မှမပါဘူး (မှန်ပါ)၊ ပဋိသန္ဓေပြီးတော့ ကျုပ်တို့ဘဝင်စိတ်လာတာပဲ (မှန်ပါ)၊ ဘဝင်စိတ်ပြီးတဲ့အခါကျတော့ အာဝဇွန်းစိတ်ဆိုတဲ့ ဆင်ခြင်တဲ့စိတ်လာတယ်၊ ဆင်ခြင်တဲ့စိတ်ပြီးတော့ ကိုယ့်ဘဝကိုယ်နှစ်သက်တဲ့ လောဘဇောလာတယ် ဆိုတော့ တဏှာပဲပြန်လာတယ် (မှန်လှပါ ဘုရား)။
ဒါဖြင့်-စိတ်အစဉ်တွေက ဘာသစ္စာတုံးဆို ဒုက္ခသစ္စာ၊ စိတ်အစဉ်တွေ ဆက်ပေးသမားက ဘယ်သူတုံးဆိုတော့ အနန္တရပစ္စည်းပေါ်ကို ဩဇာပေးအုပ်ချုပ်နေတာက ဘယ်သူတုံးဆို တဏှာ (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊
ဒါဖြင့်သူက ဩဇာပေးတဲ့အဆက်တွေ ဖြစ်နေသောကြောင့် ရှေ့ကိုဘာသစ္စာ လာမှာတုံးလို့ မေးဖို့မလိုဘူး (မှန်ပါ)၊ ပထမစိတ်လဲ ဒုက္ခလာမှာပဲ၊ ဒုတိယစိတ်လဲ (ဒုက္ခသစ္စာလာမှာပါ ဘုရား)။ တတိယစိတ်လဲ (ဒုက္ခသစ္စာလာမှာပါ ဘုရား)၊
သမ္မာဒိဋ္ဌိမျက်လုံး သမ္မာသင်္ကပ္ပမျက်မှန်
ဒါကြောင့်-ခင်ဗျားတို့ ရှေ့မှောက်မှာ ကျုပ်ဒုက္ခသစ္စာပါပဲ၊ ကျုပ် ဒုက္ခသစ္စာပါပဲလို့၊ ကျုပ်ဒုက္ခသစ္စာပါပဲလို့ ပျောက်-ပျောက်ပြသွားတယ်၊ ခင်ဗျားတို့ ရှုလိုက်တဲ့အခါကျတော့ (မှန်ပါ)၊ ကျုပ်ဟာ ဒုက္ခပါပဲ ကျုပ်ဟာ ဒုက္ခပါပဲလို့ သမ္မာဒိဋ္ဌိ မျက်လုံးကို သမ္မာသင်္ကပ္ပမျက်မှန် တပ်ကြည့်လိုက်လို့ ရှိရင်တော့ ရှင်းနေတာပဲ၊ သမ္မာဒိဋ္ဌိမျက်လုံးကို သမ္မာသင်္ကပ္ပမျက်မှန်နဲ့ တပ်ပြီးကြည့်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဒါရှုပ်နေတာပဲ၊ ကောင်းစားနေတယ်လို့ ထင်နေတာပဲ (မှန်ပါ)၊ သဘောပါ ပလား (ပါပါပြီ ဘုရား)။
သမ္မာဒိဋ္ဌိမျက်လုံးကို သမ္မာသင်္ကပ္ပမျက်မှန်နဲ့တပ်ပြီး သကာလ ကြည့်လိုက်တဲ့အခါကျတော့ ဒုက္ခတွေ ဆက်နေတာပဲ (မှန်ပါ)၊ သဘောပါသလား (ပါပါပြီ ဘုရား)၊
ဒါဘယ်သူက ဆက်ပေးနေတာတုံးလို့ဆိုတော့ တဏှာ ယောက်ျား လက်သမား၏ ဆိုးဝါးယုတ်မာပြုပြင်ရာကို ရံခါမသွေ အမြဲခံနေရတာပဲ၊ သူတစ်ခုတည်း ကျေးဇူးပြုလိုက်တာ၊ တစ်ခါတည်း အနန္တရလဲ သူ့လက်အောက်ရောက်သွားတယ် (မှန်ပါ)၊ မင်းဒုက္ခတွေ ဆက်ပေးလိုက်စမ်းကွာတဲ့၊ အပ်ချုပ် သမားကိုး၊ ဟိုဒုက္ခနဲ့ ဒီဒုက္ခဆက်ပေးလိုက်စမ်းပါ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါကြောင့်-သူ့မှာ သင်္ခတဋ္ဌသဘောသတ္တိရှိတယ်၊ ဒုက္ခသစ္စာက (မှန်ပါ)၊ ဒုက္ခသစ္စာသည် တဏှာ၏ပြုပြင်ရာကို စီမံပြီး သကာလ သူ့ဩဇာတစ်ပဲသားမရှိ၊ တဏှာဩဇာအကုန်ခံပြီး သကာလ နေရသောကြောင့်လဲ သင်္ခတသဘောသတ္တိ ရှိပါတယ်။
သင်္ခတသဘောကို မလွန်နိုင်တဲ့စွမ်းရည်သတ္တိရှိသောကြောင့် သူ့ဒုက္ခသစ္စာပဲ သွားရတယ် (မှန်ပါ)၊ သူ့ကို အသင်္ခတလို့ ဆိုလို့မရဘူး (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊
တဏှာစီမံလို့ ပေါ်နေတဲ့တရား
သူ့မှာတဏှာပြုပြင်ရာ၊ စီမံရာကို ခံနေရတဲ့ဥစ္စာ၊ သူကသင်္ခတတရား သွားဖြစ်တယ်၊ ဒုက္ခသစ္စာ (မှန်ပါ)၊ ဒါကြောင့်-သင်္ခတဒုက္ခသစ္စာ၊ တဏှာပြုပြင်ရာကို ခံရလို့ ပေါ်နေတဲ့တရားကို သင်္ခတလို့ဆိုပါတယ်၊ တဏှာစီမံလို့ ပေါ်နေတဲ့တရားဟူသရွေ့ကို ဘာတရားလို့ဆိုကြမယ် (သင်္ခတ တရားပါ ဘုရား)၊ သင်္ခတတရား။
အဲဒီသင်္ခတတရားဖြစ်နေသောကြောင့် အခြားမရှိအောင် နှိပ်စက်တယ်၊ ပဋိသန္ဓေပြီးရင် ဘဝင်၊ ဘဝင်ပြီးတော့ ဘဝနိကန္တိက လောဘဇော၊ လောဘဇောပြီးတော့ နောက်စိတ်တွေ လာချင်တာလာ၊ လာတာဟူသရွေ့ကလဲ ဒုက္ခသစ္စာ သာလာတယ်၊ နိရောဓသစ္စာ မလာနိုင်ဘူး၊ လာနိုင်ပါ့မလား (မလာနိုင်ပါ ဘုရား)၊ ဘာကြောင့်မလာနိုင်သတုံးလို့ သေသေချာချာမေးတော့မှ သူ့ဩဇာသူ့နယ်က လွန်ပြီးတော့ ဘယ်မှမထွက်ရဘူး၊ ဒုက္ခချင်းသာ ဆက်ပေးနေတယ် (မှန်ပါ)၊
ဘယ်သူက ဆက်ပေးတာတုံးဆိုတော့ သမုဒယသစ္စာ အနန္တရပစ္စည်းကပဲ၊ အနန္တရပစ္စည်းပေါ်ကို ဘယ်သူက ဩဇာပေးနေတုံး (တဏှာက ဩဇာပေးနေပါတယ် ဘုရား)၊ ကဲ-ခင်ဗျားတို့ ပစ္စည်းပိုင်းဟာ နေရစ်တာပဲ၊ သစ္စာနဲ့ ဖွဲ့လိုက်တော့ သူ့လက်အောက်ခံ သွားဖြစ်တယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သစ္စာနဲ့ကြည့်လိုက်တော့မှ ဪ-သူဆက်ချင်လို့ဆက်ရတာ မဟုတ်ပါလား၊ တဏှာစီမံသလို သူကဆက်ပေး ရမယ် (မှန်ပါ)၊ ဒါကြောင့်-သူသည် သင်္ခတနယ်ကိုဖြင့် ငါထင်သလိုခြယ်လှယ်မယ်ဆိုပြီး သကာလ တဏှာဟာ သုံးဆယ့်တစ်ဘုံ သင်္ခတနယ်တွေကို သူကခြယ်လှယ်နေတာပဲ (မှန်ပါ)၊ သဘောပါသလား (ပါပါပြီ ဘုရား)၊
စုတိနဲ့ ပဋိသန္ဓေကို တစ်စပ်တည်းဖြစ်အောင်
သုံးဆယ့်တစ်ဘုံ ကြီးကို တစ်ခါတည်း ခင်ဗျားတို့စုတိနဲ့ ပဋိသန္ဓေကို တစ်စပ်တည်းဖြစ်အောင်လို့ ဘယ်သူက လုပ်ပေးတာတုံး (တဏှာပါ ဘုရား)၊ တဏှာသမုဒယ၊ အနန္တရက လုပ်ချင်လို့လုပ်ရတာလား၊ ဩဇာကို မလွန်ဆန်နိုင်လို့ လုပ်ရတာလား (ဩဇာကို မလွန်ဆန်နိုင်လို့ပါ ဘုရား)၊ မလွန်ဆန်နိုင်ဘူး (မှန်ပါ)၊
ဒါကြောင့်-တဏှာကို သိဗ္ဗိနီလို့ ဘုရားကိုယ်တော်မြတ် ကြီးက ဟောလိုက်တယ်၊ သိဗ္ဗိနီ-အပ်ချုပ်သမား၊ ရှေ့ဒုက္ခနဲ့နောက်ဒုက္ခကိုဆက်ပေးပြီး ဒါမှဒုက္ခကို ပိုရောက်စေတယ် (မှန်လှပါ ဘုရား)။
ဒါဖြင့်-တဏှာသည်ကားလို့ ဆိုလို့ရှိရင် လက်ရှိခင်ဗျားတို့မှာ ရှိနေသရွေ့ကာလပတ်လုံး ခင်ဗျားတို့ ကသာ ကျေးဇူးရှင်ထင်ပြီး နေငြားသော်လည်း ကျုပ်စွမ်းရည်သတ္တိအမှန်ကို တဏှာကကျုပ်ပြောရလို့ရှိရင် ဒုက္ခချမ်းသာ ဆက်တက်တယ်လို့ သူပြောတယ် (မှန်ပါ)၊ သုခနဲ့ ကျုပ်မဆက်တက်ဘူး (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ ဘုရား)၊ ဘာချင်းသာဆက်ပေးတုံး၊ (ဒုက္ခချင်းသာ ဆက်ပေးပါတယ် ဘုရား)၊
ဒုက္ခချင်းသာ ဆက်တက်ပါတယ်ဆိုကတည်းကိုက ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ဘယ်ပစ္စည်း ဘယ်ပစ္စည်း ဘာတွေပဲရေးနေနေ ငါ့ဩဇာအတိုင်း ဒုက္ခချင်းသာ ဆက်နေတယ် (မှန်ပါ)၊ ဆိုတော့ သစ္စာမှာနိဂုံးချုပ်လိုက်တဲ့အခါကျတော့ ပဋ္ဌာန်းတွေဟာ သူ့ဩဇာလက်အောက်မှာ သွားဖြစ်တယ်၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ဒါကြောင့် ပဋ္ဌာန်းချည်းနိဗ္ဗာန် မရောက်နိုင်ဘူး၊ သစ္စာမှ ရောက်နိုင်တယ် (မှန်ပါ)၊ ဆိုတော့ ဒီနေ့ည ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)။
လောကုတ္တရာမဂ်ကျမှ နောက်ဆုတ်ပစ်တယ်
ပဋ္ဌာန်းမဂ္ဂပစ္စည်းချန်လှပ် ကျန်တဲ့ပစ္စည်းဟာ ငါစီမံထားတာ (မှန်ပါ)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ လောကီမဂ် လောက်များတော့ ငါစီမံပေးမယ် (မှန်ပါ)၊ တဏှာက လောကီမဂ်လောက်ကျတော့ စီမံနိုင်တယ်၊ လောကုတ္တရာမဂ်ကျမှ နောက်ဆုတ်ပစ်တယ် (မှန်ပါ)၊ သဘောပါသလား (ပါပါပြီ ဘုရား)၊ အတော်ကြောက်စရာကောင်းတဲ့ တရားပါလား (မှန်လှပါ ဘုရား)။
ဒါဖြင့်-ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာဆိုတာ တဏှာပြုပြင်ရာကို ခံနေရလို့လဲ ဒုက္ခသစ္စာပါပဲလို့ ရှုတဲ့အခါမှာ ပေါ်လာရင်ကောင်းတယ်၊ ဒီဖြစ်ပျက်ဒုက္ခသစ္စာကြီးဟာ နောက်ကဟာလဲဖြစ်ပျက်၊ နဂိုကဖြစ်ပျက်က ကျေးဇူးပြုလို့ ဖြစ်ပျက်ပဲလာတယ် (မှန်ပါ)၊ ဖြစ်ပျက်က ကျေးဇူးပြုလို့ (ဖြစ်ပျက်ပဲလာတယ် (မှန်ပါ)၊ ဖြစ်ပျက်က ကျေးဇူးပြုလို့ (ဖြစ်ပျက်ပဲလာပါတယ် ဘုရား)၊
နောက်တစ်ခါ အဲဒီဖြစ်ပျက်က ကျေးဇူးပြုပြန်ရင်ကော (ဖြစ်ပျက်ပဲလာမှာပါ ဘုရား)၊ ဒါဖြင့် ဒုက္ခဆက်နေတာမှတစ်ပါး ဘာရှိသေးတုံး (ဒီ့ပြင်မရှိပါ ဘုရား)၊ ဒိပြင်မရှိတော့ဘူးဆိုတာ ပေါ်လာတော့မှ ဪ ဒီ-ဆက်-ဆက်-ဆက်ပြီး ဒုက္ခသစ္စာချင်း အဆက်မပြတ်အောင် ဆက်ပေးနိုင်တဲ့ စွမ်းရည်သတ္တိ အကြီးဆုံးဟာ ဘယ်သူပါလိမ့်မတုံးလို့ လိုက်ရှာတော့ ဘာတွေ့တုံး (တဏှာပါ ဘုရား)၊ တဏှာပဲတွေ့တယ်၊ ဒုက္ခဆက်လေသမျှ သူကချည်းမှတ်ပါ (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ဒုက္ခဆက်လေသမျှ (တဏှာကပါ ဘုရား)။
ဒုက္ခဟူသရွေ့ကို သူကပေးတက်တာ
လောကီဥပမာပြောကြပါစို့ဆိုတော့ ထမင်းစားတဲ့ဒုက္ခပေးတာလဲ တဏှာပဲ (မှန်ပါ)၊ ရေချိုးတဲ့ဒုက္ခပေးတာပဲ (တဏှာပါ ဘုရား)၊ ကျင်ကြီးကျင်ငယ်စွန့်ရတဲ့ ဒုက္ခပေးတာကော (တဏှာပါ ဘုရား)၊ တဏှာပဲ ဒုက္ခဟူသရွေ့ကို သူကပေးတက်တာကိုး (မှန်ပါ)၊ သူ့စွမ်းရည်သတ္တိက သုခဆိုရင်ဖြင့် မပေးတက်ဘူးဆိုတာကို ခင်ဗျားတို့ကတော့ မရိပ်မိဘူး၊ သူ့စွမ်းရည်ကတော့ဒါပဲ (မှန်ပါ)၊ သူ့စွမ်းရည်ကတော့ဖြင့် ကျုပ်ဒုက္ခပေးတက်တဲ့သတ္တိ၊ ဒုက္ခဆက်တက်တဲ့ သတ္တိတွေဟာ ကျုပ်၏စွမ်းရည်သတ္တိ အကုန်ပဲလို့တဏှာက ဘယ့်နှယ်ပြောတုံး (ဒုက္ခပေးတာဟာ သူ့၏စွမ်းရည်သတ္တိပါ ဘုရား)။
အေး-ဒုက္ခဆက်ပေးတယ်၊ ပထမပေးတဲ့ဒုက္ခကလဲ သူပဲနောက်ဒုက္ခဆက်ပေးတာကော (သူပါပဲ ဘုရား)၊ နောက်တစ်ခါ သံသရာမဆုံးအောင် ဆက်ပေးတာကော (သူပါပဲ ဘုရား)။
ဒါဖြင့်-ဒုက္ခစက်ရဟတ်ကြီးကို လည်အောင်လုပ်နေတာဟာဖြင့် ကံမကောင်းအကြောင်းမသိလို့ လည်ရတာ မဟုတ်ပါဘူး၊ ဒုက္ခစက်ရဟတ်လည်အောင် လုပ်နိုင်တာဟာ တဏှာမပယ်တဲ့ ပုဂ္ဂိုလ်မှလုပ်ဖြစ်တာ (မှန်ပါ)၊ တဏှာ၏ စွမ်းရည်သတ္တိကို အကုန်ခံနေရတဲ့ သစ္စာဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊
တဏှာလုပ်သရွေ့ ခံနေရတဲ့ ဆင်းရဲမှုတွေဟူသရွေ့ (ဒုက္ခသစ္စာပါ ဘုရား)၊ လက်သည်ရှာ တဏှာတွေ့မယ်၊ လက်သည် ရှာရင် (တဏှာတွေ့မှာပါ ဘုရား)၊ တဏှာပဲတွေ့မယ်၊ တယ်လဲ စွမ်းရည်သတ္တိပြင်းပါလားလို့ မေးတော့ကို ဗြဟ္မာ့ဘုံကျ အောင် ငါ့နယ်ကွ (မှန်ပါ)၊ ကာမာသဝနယ်ပဲ (မှန်ပါ)၊ ဘဝါသဝနယ် ဘဝါသဝဆိုတာလဲ ထူးတာမဟုတ်ဘူး၊ ဘုံဘဝကို လိုချင်လို့သာ ဘဝါသဝလို့ ခေါ်လိုက်တာ တဏှာပဲ၊ တရားကိုယ်ကောက်လိုက်တော့ တဏှာပဲ (မှန်ပါ)၊ အာသဝထဲကပဲ ကာမာသဝပဲ တဏှာပဲ (မှန်ပါ)၊
သို့သော် သူ့ကို ဘယ့်နှယ်ကြောင့် ဘဝါသဝလို့ ဆိုလိုက်သတုံးလို့မေးတဲ့ အခါကျတော့ ပုဂ္ဂိုလ်ချင်း ခြားနားနေလို့ (မှန်ပါ)၊ ကာမာသဝက သောတာပန် သကဒါဂါမ်၊ အနာဂါမ်ဆိုသူပယ်နိုင်တယ်၊ ဘဝါသဝက ရဟန္တာမှ ပယ်နိုင်တယ် အရဟတ္တမဂ်မှ ပယ်နိုင်တယ် (မှန်ပါ)၊ ဒါကြောင့်သာ ပြားနေတာ၊ တဏှာတစ်လုံးလည်းပဲ တဏှာကြီး၊ တဏှာကလေး (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဘာတဲ့တုံး တဏှာကြီးနဲ့ တဏှာကလေးပါ ဘုရား)။
အဲဒီလိုမှတ်ပြီး သကာလ ထားလိုက်တော့မှ ဪ-ဒုက္ခပေးလေသမျှ တဏှာက၊ ဒုက္ခပေးလေသမျှ (တဏှာကပါ ဘုရား)၊ တဏှာကပဲ မှတ်ထားတာပေါ့၊ ဒါ-ရှုတဲ့အခါရှု၊ တွေးတဲ့အခါမှာ တွေးပါ၊ ရှုတဲ့အခါမှာ မတွေးပါနဲ့၊ တွေးတဲ့အခါ မှာလဲ မရှုပါနဲ့ (မှန်ပါ)၊ တွေးပြီးမှ တစ်ခါပြန်ရှု (မှန်ပါ)၊ ဒီလိုလဲ နှစ်ချက်ရှိသေးတယ်တဲ့၊ ဝိပဿနာအလုပ်မှာ (မှန်ပါ)၊
အလုပ်ခွင်မှာ တွေးလို့ရပါ့မလား
ဪ-တဏှာဆက်ပေးနေတဲ့ ဒုက္ခတွေပါလားလို့ဆိုတော့ ဒုက္ခကိုမမြင်ချင်နေပေ့စေဦး၊ တွေးလုံးကိုပိုင်ပါစေ (မှန်ပါ)၊ ပိုင်ပြီးတော့မှ ရှုလိုက်ပါ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ပိုင်ပြီးတော့မှ (ရှုရမှာပါဘုရား၊ အလုပ်ခွင်မှာ တွေးလို့ရပါ့မလား ဘုရား)၊ မတွေးရဘူး မတွေးနဲ့။
တွေးတော့ ဘာဖြစ်သွားသတုံးလို့ မေးတဲ့အခါကျတော့ကို တွေးလုံးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် စိန္တာမယ သွားဖြစ်တယ်၊ ဘာဝနာမယ သွားမဖြစ်ဘူး (မှန်ပါ)၊ သဘောပါသလား (ပါပါပြီ ဘုရား)၊ စိန္တာမယသွားဖြစ်တယ်တဲ့ ဘာဝနာမယ သွားမဖြစ်ဘူး၊ ဒါကြောင့် သူ့တွေးချိန်ကို တခြားထားပါ (မှန်ပါ)၊ ဘာဝနာမယကို တခြားထား၊ စိန္တာမယကို တခြားထား (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ ဘုရား)၊
စိန္တာမယကတွေးတာ ဘဝနာမယက ပွားတာ (မှန်ပါ)၊ ဒါကြောင့်-ရောလို့မရပါဘူး (မှန်ပါ)၊ ဘာကြောင့်တုံးဆို ဟိုကကိလေသာကြားဝင်နိုင်တယ်၊ စိန္တာမယက (မှန်ပါ)၊ ဘာဝနာမယက ဝင်လို့မရဘူး (မှန်ပါ)၊ အဲဒါကို ရှင်းပလား (ရှင်းပါတယ်ဘုရား- ဥဒ္ဓစ္စကော ဖြစ်နိုင်ပါသလား ဘုရား)၊ ဖြစ်နိုင်တယ်လေ၊ တော်တော်ကြာ သူလှည့်ချင်လှည့်သွားမယ်၊ ဒီကုက္ကုစ္စကလဲ လာချင်လာပစ်လိုက်မယ် (မှန်ပါ)၊ ဝိစိကိစ္ဆာကကော (လာချင်လာမှာပါ ဘုရား)၊ အေး-ကိုယ်မပိုင်ရင် ကြားခိုမယ် (မှန်လှပါ ဘုရား)။
အဲဒါကြောင့်-ဒီဟာတွေကိုလဲ ဪ-တို့သည်ကားလို့ဆိုလို့ရှိရင် ရှောင်ရရှားရမှာတွေပါလား၊ သူ့နေရာနဲ့သူ လုပ်ရမှာနော် (မှန်ပါ)၊ ကုလားထိုင်ပေါ်မှာ ပက်လက်လှန်တဲ့အချိန်မှာ တရားကိုမရှုချင်လို့ရှိရင် ဒီလိုတွေးလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဪ-တယ်လဲ ကြီးကျယ်ပါလား၊ တယ်လဲ စွမ်းရည်သတ္တိရှိတဲ့ တဏှာပါလား၊ ဒုက္ခဆက်ပေးလေသမျှ ကတော့ဖြင့် သူချည်းပဲ၊ ဒိပြင်ဘာမှ မပါဘူးဆိုတဲ့ အဓိပ္ပါယ်သည် ရှင်းသွားပါလိမ့်မယ် (မှန်လှပါ ဘုရား)။
တွေးလုံး ပိုင်ပြီဆိုမှကောက်ပြီး ထရှု
ဒါကြောင့်-ဒိဒကာ ဒကာမတွေ၌ ဒီဒုက္ခဆက်မှု သစ္စာမှတစ်ပါး၊ တခြားဘာမှမရှိဘူးဆိုတာကို ဆုံးဖြတ်ချက်ချပါ (မှန်ပါ)၊ အဲဒီကျမှ တွေးလုံးသန်လာပြီး ဒုက္ခချင်းဆုံတဲ့ ဉာဏ်လာလို့ရှိရင် ကောက်ရှုလိုက် (မှန်ပါ)၊ တွေးလုံးပိုင်ပြီးတော့မှ နော် (မှန်ပါ)၊ ဪ-ဒီဒုက္ခဆုံးမှ အေးမှာပဲဆိုတဲ့ ဉာဏ်မှာ ပြောသံကြားနဲ့တော့ မလုပ်ပါနဲ့ (မှန်ပါ)၊ ကိုယ့်ဟာကိုယ် တွေးလုံးက ပိုင်ပြီဆိုတဲ့အချိန်မှကောက်ပြီး ထရှု၊ ထရှုတော့ သူကဒုက္ခကလဲ လက်တွေ့ဖြစ်လာပြီ (မှန်ပါ)၊ ဒုက္ခကလဲ လက်တွေ့ဖြစ်လာတဲ့ အခါကျတော့ သမုဒယကအနားမှာ သိနိုင်သေးရဲ့လား (မသိနိုင်တော့ပါဘူး ဘုရား)၊ မသိနိုင်တဲ့ အချိန်မှာ ဖြိုင်ဖြိုင်ရှုပါ (မှန်လှပါ ဘုရား)။
ဒါကြောင့်-ဒီအရေးဟာလဲ အလွန်အရေးကြီးပါတယ် (မှန်ပါ)၊ ဒါဖြင့် စိန္တာမယကို တစ်ချိန်ထား၊ ဘာဝနာမယကို တစ်ချိန်ထားပါ (မှန်ပါ) ဒါကအင်္ဂုတ္တိုရ်မှာလာတယ် (မှန်ပါ)၊ စိန္တာမယကို (တစ်ချိန်ထားရမှာပါ ဘုရား)၊ စိန္တာမယဆိုတာ သူ့ကိုသစ္စာ ထိုက်မထိုက် ကြံနေတာ၊ ဆရာသမား ဟောထားတာနဲ့ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး ဟောတော်မူခဲ့တာ တွေနဲ့ ဪ-ဖြစ်ထိုက်တယ်၊ အဟုတ်ကို ဖြစ်ထိုက်တယ်ဆိုပြီး သကာလ ဒီလိုမြင်လာတဲ့အချိန်ကျမှ ကဲ-ဘာဝနာမယဘက် ကူးလိုက်ဦးမယ်ဆိုပြီး ကူးလိုက်တော့မှ ဒါနဲ့တစ်ထပ်တည်း သွားဖြစ်တယ် (မှန်ပါ)၊
ဒီတုန်းကတော့ ကိလေသာခြားတယ် စိန္တာမယမှာတော့ အချိန်တွေ အများကြီးအားတယ် (မှန်ပါ)၊ ဘာဝနာမယကျတော့ ဝင်နိုင်သေးရဲ့လား (မဝင်နိုင်ပါဘူး ဘုရား)၊ မဝင်နိုင်တော့ကို ဘာကွာသတုံးဆိုတော့ တိုတိုပြောကြပါစို့ဆိုရင် ဘဝင်ကျဲတာနဲ့ ဘဝင်စိပ်တာ ကွာတယ် (မှန်ပါ)၊ ဘဝင်ဆိုတာက စိတ်တစ်ခုနဲ့ စိတ်တစ်ခုကြားမှာ အတိတ်ကိုအာရုံပြုနေတဲ့ စိတ်ကြားမှာပေါ့ကွာ (မှန်ပါ)၊ အဲဒါများနေတာက စိန္တာမယ (မှန်ပါ)၊ အဲဒါနည်းသွားရင် ဘာဝနာမယ၊ ဒါကိုတော့ ခွဲသိရမယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘဝင်များရင် (စိန္တာမယပါ ဘုရား)၊ ဘဝင်စိပ်သွားရင် (ဘာဝနာမယပါ ဘုရား)၊ အဲဒီတော့ တွေးလုံးကို ဘယ်သူမှ မဆိုပဲ၊ ဘဝင်က ခြားခြားသွားတယ်၊ အများကြီး ခြားသွားတယ်၊ ထွေးလုံးကိုဗျ (မှန်ပါ)၊ ဆင်ခြင်တာပေါ့၊ စိန္တာမယကိုးဗျ ကြံစည်တယ်၊ ဆင်ခြင်တယ်၊ အတူတူပဲ (မှန်ပါ)၊ အဲဒီလိုလဲ မဆင်ခြင်ဘဲနဲ့လဲ သွားမလုပ်လိုက်ပါနဲ့၊ ဆင်ခြင်လုံးကိုလဲ ရှေ့ထားရမယ်၊ ဆင်ခြင်လုံးကလဲ တရားနာမှရတာကိုး (မှန်ပါ)၊ တရားမနာရင် (မရပါ ဘုရား)၊ မရပါဘူးတဲ့။
ဆင်ခြင်တဲ့ အချိန်တစ်ချိန်ထားပါ
အဲဒါကြောင့်-ခင်ဗျားတို့ အခုဒီမှာ တရားအားထုတ်လာကြတာ ဆင်ခြင်တဲ့ အချိန်တစ်ချိန်ထားပါ (မှန်ပါ)၊ ပွားများတဲ့အချိန်လဲ တစ်ချိန်ထားပါ (မှန်ပါ)၊ မထိုင်ခင်ဆင်ခြင်လိုက်ပါ၊ ဖြစ်ထိုက်မဖြစ်ထိုက်ကို ဆုံးဖြတ်ချက်ချပါဦး (မှန်ပါ)၊ ကျပလား-အင်း-ကျပြီဆိုရင် ကဲဘာဝနာမယနဲ့ လုပ်မယ်ဆိုပြီးတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဘာဝနာမယနဲ့ လုပ်လိုက်လို့ရှိရင် ဒါအမြန်ဆုံးခရီးပေါက်ရောက်မယ်၊ ဒါဒီနေ့ပေးတဲ့နည်းဟာ အင်မတန်အရေးကြီး ပါတယ်
(ဘာဝနာမယဆိုတာ ဖြစ်ပျက်ရှုတာပါလား ဘုရား)၊ ရှုတာကို ဘာဝနာမယ၊ ကိုယ့်ခန္ဓာကြီးကို ဒုက္ခသစ္စာထိုက် မထိုက် တွေးတာက စိန္တာမယ၊ ဟာ-ဒုက္ခသစ္စာအစစ်ပဲလို့ စိန္တာမယနဲ့ ဆုံးဖြတ်ချက်ချပြီးမှ ခင်ဗျားကပွားယူပါ (မှန်ပါ)၊ ပွားယူတော့ကို ကိလေသာက ကြားမခိုတော့ဘူး (မခိုတော့ပါ ဘုရား)။
ဒါကြောင့်-ခုနက ရှင်းအောင်ပြောခဲ့ပါတယ်၊ စိန္တာမယမှာ ဘဝင်ခြားပါတယ်၊ တနည်း-ဒိပြင်ကိလေသာလဲ သူဝင်ချင်ပါလိမ့်မယ် (မှန်ပါ)၊ ဒါကတော့ အနုဆုံးပြောတာပါ (မှန်ပါ)၊ ဘာဝနာမယမှာ ဘဝင်နည်းတယ်၊ အခြား နည်းတယ် (မှန်ပါ)၊ ဒါဖြင့်ဘဝင်တခြားနည်းတဲ့ ပုဂ္ဂိုလ်နဲ့ အခြားများတဲ့ပုဂ္ဂိုလ် ဘာထူးသတုံးလို့မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)၊ ဒါကဒီလိုပါတဲ့ ဘဝင်အခြားများတဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခပဋိပဒါပုဂ္ဂိုလ် (မှန်ပါ)၊ နှေးနှေးမှရမယ့်ပုဂ္ဂိုလ် (မှန်ပါ) နောက်ကကိလေသာသာယူတယ်ဆိုရင် ဘဝင်က ဟိုဖက်များတာပဲ အဲဘဝင်အခြားများလို့ရှိရင် ဒုက္ခပဋိပဒါပဲ ဘဝင်အခြားနည်းသွားလို့ရှိရင် သုခါ ပဋိပဒါပဲ၊ ခိပ္ပါဘိညာသွားဖြစ်မှာပဲ (မှန်လှပါ ဘုရား)။
ဒါကြောင့်-နောက်က ကိလေသာပဲ အကြောင်း၊ ဘဝင်ကလဲ ကိလေသာ၏ အကျိုးဆိုတာ ခုနကပြောခဲ့တာနဲ့ စပ်သွားပြီ (မှန်ပါ) မစပ်သေးဘူးလား (စပ်ပါတယ် ဘုရား)၊
စိန္တာမယကြံလုံးပိုင်ရင် ဘာဝနာမယကို ကြိုးစား
အဲဒါကြောင့်-ခင်ဗျားတို့ စိန္တာမယကိုလဲ လက်မလွတ်ပါနဲ့၊ စိန္တာမယကြံလုံးပိုင်လို့ရှိရင်လဲ ဘာဝနာမယကို ကြိုးစားဖြစ်အောင် ကြိုးစားကြပါဆိုတဲ့ ဥစ္စာကိုလဲ ဉာဏ်ထက်တုန်း ကြိုးစားလိုက်လို့ရှိရင် ဘယ်သူမဆို ခရီးပေါက်ပါတယ် (မှန်ပါ)၊ ဉာဏ်မထက်ခင် စာကလဲမကြေ၊ ဉာဏ်ပေါ်မှာလဲ အဝိဇ္ဇာတွေကဖုံး၊ ရောဂါတွေက ဖုံးနေတုန်း ဆိုလို့ရှိရင်ဖြင့် ဒါ-လုပ်ပင်လုပ်ငြား သော်လည်း ဒန္ဓာဘိညာ သွားဖြစ်တယ် (မှန်ပါ)၊ နှေးနှေးမှရမယ် (မှန်ပါ)၊ တွေးလုံးနဲ့သန်သန်ကြီးလုပ်ပြီး ဆုံးဖြတ်ချက်ချပြီးမှ လုပ်လို့ရှိရင် မြန်မြန်ကြီး ဖြစ်တယ် (မှန်လှပါ ဘုရား)။
ဒါကြောင့်-အခု ခင်ဗျားတို့နှစ်ယောက်ကို ဆုံးမလိုက်တယ်၊ တွေးတဲ့အချိန် တစ်ချိန်ထားပါ၊ လုပ်တဲ့အချိန် တစ်ချိန်ထားပါ၊ သို့သော် အတွေးမကြာစေနဲ့ (မှန်ပါ)၊ မြန်မြန်ဆုံးဖြတ်ချက်ချနိုင်အောင် ကြိုးပမ်းပြီးတော့ အလုပ်အချိန်ကို များပေးပါ (မှန်ပါ)၊ ဒီလိုဆိုရင် မကြာပါဘူး (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့်-ဒုက္ခသစ္စာမှာ၊ အခု ပီဠနဋ္ဌောတစ်ခုပြောပြီးပြီ၊ အခုပြောဆဲက သင်္ခတဋ္ဌော ပြောနေတာ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် တဏှာသည် ဘာနဲ့ဆက်ပေးပေး၊ လောကီခန္ဓာတွေကို ရုပ်နဲ့နာမ်နဲ့ ဆက်ပေးတာလဲ သူပဲ၊ နာမ်-နာမ်ချင်း ဆက်ပေးတာလဲသူပဲ၊ သူရှိလို့ဖြစ်ပေါ်နေရတာ၊ သူမရှိရင် (မဖြစ်ပေါ်ပါ ဘုရား)၊ သူမရှိလို့ရှိရင် နာမ်ရုပ်ဟာ အချုပ်ချည်းပေါ့ဗျ (မှန်ပါ)၊
ဒါကြောင့် နာမ်-နာမ်ချင်း ဆက်ပေးတာလဲ သိဗ္ဗိနီ၊ အပ်ချုပ်သမားဟာသူပဲ (မှန်ပါ)၊ တဏှာပဲ (မှန်ပါ)၊ နာမ်နဲ့ရုပ်ဆက်ပေးလိုက်ပြန်တာလဲ (တဏှာပါ ဘုရား) သူပဲ သိဗ္ဗိနီပဲ၊ ဒါကြောင့်အနန္တရ ပစ္စည်းတင်မယူပါနဲ့၊ သဟဇာတပစ္စည်းလဲ ဪ-တဏှာ၏ စွမ်းရည်သတ္တိကြောင့် ပေါ်နေတာပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မဂ္ဂပစ္စည်းတစ်ခုပဲ သူကြောက်တယ်
ဒါကြောင့်-ခုနက ချုံးပြီးပြောလိုက်တယ်၊ ၂၄ပစ္စည်းမှာဖြင့်ကွာ၊ မဂ္ဂပစ္စည်းတစ်ခုပဲ သူကြောက်တယ်ဟေ့၊ ကျန်တဲ့ပစ္စည်းဟူသရွေ့ သူခြယ်လှယ်နိုင်တယ် (မှန်ပါ)၊ မဂ္ဂပစ္စည်းတော့ ဆန့်ကျင်ဘက်မို့ သူကြောက်တယ် (မှန်ပါ)၊ ဒိပြင်ဈာနပစ္စည်းလောက်ဆိုရင် သူအရေးမကြီးဘူး၊ မကြောက်ဘူး၊ ဘာလို့မကြောက်တုံးဆိုတော့ ဈာန်လောက်ကို သူလှည့်စားနိုင်တယ် (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ-ဒါဖြင့် တဏှာယောက်ျား လက်သမား၏ ဆိုးဝါးယုတ်မာ ပြုပြင်ရာကို ရံခါမသွေ အမြဲခံနေရတယ် ဆိုတော့ ရံခါမသွေ ပါနေကတည်းက ခုနက အထည်ချင်းဆက်တာလဲသူ၊ ရုပ်နဲ့ဆက်တာလဲ သူပဲ၊ ဒါဖြင့်ခင်ဗျားတို့ သန္တာန်မှာ ဖြစ်ပေါ်လေသမျှ ရုပ်နာမ်ဖြစ်ပေါ်တဲ့ စိတ်တွေဟူသရွေ့ သူ့လက်ချက်ချည်းပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ)၊
ဘာကြောင့် ဆရာဘုန်းကြီး ဒါလောက်တောင် ပြောပါလိမ့်မတုံးလို့ ခင်ဗျားတို့မေးတော့ ‘သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ’ ဆိုတဲ့ ဥစ္စာကွာ ဘုရားကိုယ်တော်မြတ်ကြီးက ငါရှင်းရှင်းပြောမယ်၊ ရရင်းတဏှာက ‘ပါနောဗ္ဘဝိကာ’တဲ့၊ ဘဝသစ်ဖြစ် စေတယ်ဆိုတော့ အကုန်ပေါ့ကွာ (မှန်ပါ)၊ ဘဝသစ်ဖြစ်စေတယ်ဆိုတော့ အခုခင်ဗျားဘဝဟာ ဘဝသစ်ပဲ၊ ဟိုဘက်ဘဝက မရှိတော့ဘူး၊ အခုဟာ ဘဝသစ်မကျဘူးလား (ကျပါတယ် ဘုရား)၊ အဲဒီတော့ ဘဝသစ်လုပ်ထားတာ ဘယ်သူတုံးလို့ မေးလိုက်တော့ မူလအရင်းတဏှာလို့ ဘုရားကိုယ်တော်မြတ်ကြီးက ပြောလိုက်တယ်၊ အကြင်တဏှာပဲ (မှန်လှပါ ဘုရား)။
ဒါ-အခုခင်ဗျားတို့က ဝိပဿနာမလုပ်လို့ မဂ်မဆိုက်သေးလို့ရှိရင် ‘ပေါနောဗ္ဘဝိကာ’တဲ့ နောက်တစ်ဖန် ငါလုပ်ဦးမယ်လို့ ပြောတာပဲ (မှန်ပါ)၊ ဘာကြောင့်တုံးဆိုတော့ မင်းတို့က နှစ်နေရာက လခစားတွေ၊ မင်းတို့က အခုရတာကြီးကိုလဲ ဒုက္ခသစ္စာလို့မသိလို့ နှစ်သက်တယ်ဆိုတော့ နောက်ရတာလဲ နှစ်သက်မှာပဲတဲ့ (မှန်ပါ)၊
သူနှစ်သက်တာက မရပ်ဘူးကွ
အဲဒါကြောင့် ‘နန္ဒီရာဂသဟဂတာ’ကွတဲ့၊ နှစ်သက်ခြင်းနဲ့တကွဖြစ်နေတာ၊ သူနှစ်သက်တာက မရပ်ဘူးကွ၊ ရပ်ကဲ့လား (မရပ်ပါ ဘုရား) မရပ်တာထောက်တော့မှ သိဗ္ဗိနီဆိုတာ ပေါ်လာတယ်၊ မပေါ်လာဘူးလား (ပေါ်ပါတယ် ဘုရား)၊
မရပ်တာထောက် လိုက်တော့မှ စုတိပဋိသန္ဓေဆက်သွယ်ပေးတယ်၊ ကံနဲ့အကျိုးပေးတယ် (မှန်ပါ)၊ မဆက်ဘူးလား (ဆက်ပါတယ် ဘုရား) စုတိနဲ့ ပဋိသန္ဓေ (ဆက်ပါတယ် ဘုရား)၊ သူကဆက်ပေးတာ (မှန်ပါ)၊ ကံနဲ့အကျိုးပေးကော (သူက ဆက်ပေးပါတယ် ဘုရား) သူကဆက်ပေးတယ်ဆိုတာကို သဘောကျပလား (ကျပါတယ် ဘုရား)၊ ‘သင်္ခါရပစ္စယောဝိညာဏံ’ (မှန်ပါ)၊ ကမ္မပစ္စယော သူကလုပ်ထားတာ (မှန်ပါ)
ကံနဲ့အကျိုးပေးများ ဆက်ပေးလိုက်တာ သူပဲမဟုတ်လား (မှန်ပါ)၊ သင်္ခါရနဲ့ဝိညာဏ်ကော (သူပဲဆက်ပါတယ် ဘုရား) စုတိနဲ့ပဋိသန္ဓေကော (သူပဲဆက်ပါတယ် ဘုရား)၊ အဲဒါက ခပ်ကျဉ်းကျဉ်းပြောတာ၊ အကြမ်း မြင်လာတာပြောတာ၊ အကျယ်ပြောစမ်းပါဦးဆိုတော့ မဂ္ဂပစ္စည်းကို ချန်လှပ်၊ ကျန်ပစ္စည်းတွေဟူသရွေ့ သူအလုပ်ခိုင်းလို့ လုပ်နေရတာ (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒုက္ခသစ္စာဟာ သူ့လက်အောက်က
မဂ္ဂပစ္စည်းချန်လှပ်၊ ကျန်တဲ့ပစ္စည်းတွေဟူသရွေ့ဖြင့် သူ့လက်အောက်ခံချည်းမှတ်ပါ (မှတ်ပါ)၊ လောကီဥပမာ ပြောကြပါစို့ ဆိုလို့ရှိရင် ဘုရား ကိုယ်တော်မြတ်ကြီးကို စစ်တိုက်တော့ မာန်နတ်ကြီးဟာ အကုန်ခေါ်လာတာပဲ၊ သူ့လက်အောက်တွေကို (မှန်ပါ) သူ့ဘက်က သက်သေ လိုက်ကြတာပဲ၊ ဗောတိပင်ဟာ ဘုရားကိုယ်တော်မြတ်ကြီးရဲ့ ပလ္လင်မဟုတ်ဘူး၊ မာန်နတ်ကြီးပလ္လင်လို့ သူတို့လက်အောက်က ဟာတွေက (မှန်ပါ)၊ ဒီမှာလဲ ခင်ဗျားတို့ခန္ဓာထဲမှာ ဖြစ်သရွေ့ ဒုက္ခသစ္စာဟာ သူ့လက်အောက်ကချည်းမှတ်ပါ (မှန်ပါ)၊ ဘယ်သူက ပြုလုပ်တဲ့ ဒုက္ခရယ်လို့မဆိုပါနဲ့၊ သူလုပ်တဲ့ ဒုက္ခချည်းလို့ ဆုံးဖြတ်ပါ (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ကောင်းပြီ-ဒါဖြင့် ဒီဒကာ ဒကာမတွေ သင်္ခတသဘော နားလည်သွားပြီ၊ နားမလည်သေးဘူးလား (နားလည်ပါပြီ ဘုရား)၊ ဟိုဘဝ ဒီဘဝကိုလဲ သူပြုပြင်တယ်၊ ဒါသင်္ခတဟောနေတာ (မှန်ပါ)၊ စုတိနဲ့ ပဋိသန္ဓေဆက်တာသူပဲ၊ ကံနဲ့အကျိုး ပေးဆက်တာလဲ (သူပါ ဘုရား)၊ အဲ-သင်္ခါရနဲ့ ဝိညာဏ်ဆက်လိုက်တာလဲ (သူပါ ဘုရား)၊ သူပဲဆိုတာ သေချာမနေဘူးလား (သေချာပါတယ် ဘုရား)၊ တစ်ခါဆက်လက်ပါဦး၊ သောကပရိဒေဝ၊ ဒုက္ခဒေါမနဿနဲ့ အဝိဇ္ဇာသင်္ခါရတွေ ဆက်လိုက် တာကော (သူပါ ဘုရား)။ သူပဲဆိုတဲ့ဥစ္စာ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)၊
ဝဋ္ဋဆိုတာ အလုံးအဝိုင်း
ဒါဖြင့်အဝိုင်းဖြစ်အောင် ချုပ်တက်တာဟာ သူပဲ(မှန်ပါ)၊ သတ္တဝါတွေကို အဝိုင်းဖြစ်အောင် ချုပ်တာ၊ လူ့ဘဝ၊ ခွေးဘဝ၊ ငှက်ဘဝ၊ ကြက်ဘဝ ဝိုင်းပြီးတစ်ခါတည်း ဘဝတွေကို ဘယ်သူ့ဘယ်သူမှ အပြတ်ရအောင် စုတိ-ပဋိသန္ဓေတွေရော ကံနဲ့အကျိုးပေးရော၊ သင်္ခါရနဲ့ ဝိညာဏ်ရော ဆက်လိုက်တော့ ဝိုင်းထွက်လာတယ် (မှန်ပါ)၊
ဒါကြောင့် ဝဋ္ဋဆိုတာ အလုံးအဝိုင်းကို ဆိုပါတယ် (မှန်ပါ)၊ ဝဋ္ဋဆိုတာ (အလုံးအဝိုင်းပါ ဘုရား)၊ လုံးနိုင်တယ်၊ ဝိုင်းနိုင်တယ်၊ ဘယ်သူတုံးလို့ လက်သည်ရှာလိုက်တော့မှ သူ့ပဲသွားတွေ့တယ်၊ ကျုပ်တို့ဝိုင်းချင်လို့ ဝိုင်းရတာလား သူကဝိုင်းပေးလို့လား (သူက ဝိုင်းပေးလို့ပါ ဘုရား)၊ ဒါကြောင့်-သူပြုပြင်ရာကို ကျုပ်တို့ခံနေရတာပဲ (မှန်လှပါ ဘုရား)။
ဒါဖြင့်-သင်္ခတသဘောသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဪ-ဒုက္ခသစ္စာကြီးဟာ ဘယ့်နှယ်ကြောင့် ဒုက္ခသစ္စာ ဖြစ်နေပါလိမ့်တုံးဆိုတော့ တဏှာပြုပြင်ရာ ခံနေရလို့ဆိုတဲ့ တွေးလုံးကိုလာလိုက်ပါ (မှန်ပါ)၊
အဲဒီတွေးလုံးလာပြီးတော့မှ ငါ့သန္တာန်ကွာ ခဏခဏသေ၊ ခဏခဏဖြစ်၊ ခဏခဏပျက်နေတဲ့ ဒုက္ခဟာကြီးကျယ်လိုက်တာ၊ ဘယ့်နှယ်ကြောင့် ဒီဒုက္ခကြီးဟာ အဆက်မပျက်ပါလိမ့်မတုံးလို့ ကြည့်လိုက်တော့မှ ဪ-တဏှာသိဗ္ဗိနီလို့ ဘုရားကိုယ်တော်မြတ်ကြီး ဟောတော်မူထားသားပဲ၊ ဒုက္ခချင်းဆက်ဆက်ပေးတာဟာ အပ်ချုပ်သမားပဲ၊ ရှေ့ဒုက္ခနဲ့ နောက်ဒုက္ခဆက်ပေးတယ်လို့ တွေးပါ (မှန်ပါ)၊ တွေးပြီးတော့မှ တွေးလုံးပိုင်ပလား၊ သံသယဝိစိကိစ္ဆာ ချုပ်ငြိမ်းပလား၊ ဆရာပြောတာကို ယုံကြည်ပလား ယုံကြည်ပြီးသည့် အခြားမဲ့၌ အလကားမနေပါနဲ့ (မှန်ပါ)၊
ပွားလိုက်ရင် ဒီအတိုင်းပေါ်မယ်၊ ဒီအတိုင်းပေါ်ရင် ချက်ချင်း ဆုံးဖြတ်ချက်ချကြမယ်၊ ချက်ချင်းဆုံးဖြတ်ချက်ချသည်နှင့် တစ်ပြိုင်နက် သူချုပ်သွားပြီးတော့ နိဗ္ဗာန်ပေါ်လာမှာပဲ (မှန်လှပါ ဘုရား)။
တွေးတဲ့အချိန်တစ်မျိုး၊ ရှုတဲ့အချိန်ကတစ်မျိုး
ဒါကြောင့်-ခင်ဗျားတို့ တစ်ခါတလေ တွေးရမယ်၊ တစ်ခါတလေ ထရှုရမယ် (မှန်ပါ)၊ ဒီနှစ်လုပ်ကို အမြဲထားပါ၊ တွေးတဲ့အချိန်တစ်မျိုး၊ ရှုတဲ့အချိန်ကတစ်မျိုး၊ ဒါအမြဲတမ်းလုပ်ရမယ် (မှန်ပါ)၊ ဘုရားအလောင်း သူတော်ကောင်းတွေလဲ ဒီအတိုင်းလုပ်တာပဲ (မှန်ပါ)၊ ဒါမပါရင် မရဘူး (မှန်ပါ)၊ အတွေးမသန့်လို့ရှိရင်လဲ ဟိုကဉာဏ်မမှန်ဘူး၊ မှန်ပါ့မလား (မမှန်ပါ ဘုရား)၊ မမှန်ဘူးတဲ့ ဒါသိပ်အရေးကြီးပါတယ်ဆိုတာ ဒီလိုသဘောပါဖို့ပါပဲ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့်-ဒီနေ့ သစ္စာနှစ်ခု ပြီးသွားတယ်ပေါ့ဗျာ (မှန်ပါ)၊ ဒုက္ခသစ္စာမှာလေးချက် ရှိတဲ့အနက်က နှစ်ချက်ပြီး သွားတယ် (မှန်ပါ)၊ ကောင်းပြီ ဒါဖြင့်-ဒုက္ခသစ္စာဟာ ညှာတာမဖက် အမြဲနှိပ်စက်ပြီး ဘယ်သူ့ကိုများ နှိပ်စက်ပါလိမ့်လို့ အောက်မေ့သတုံးလို့မေးတော့ ဆုတောင်းထားတဲ့ ပုဂ္ဂိုလ်ကို နှိပ်စက်တာက တစ်ချက်၊ ဆုတောင်းထားလို့ရှိရင် ဆုတောင်း ပြည့်အောင် လုပ်ပေးနေတာက တဏှာ၊ ဆုတောင်းထားတဲ့ ပုဂ္ဂိုလ်ကိုနှိပ်စက်ခြင်းကြောင့်လဲ ဒုက္ခသစ္စာပဲ (မှန်ပါ)၊ ဆုတောင်းထားတဲ့ပုဂ္ဂိုလ်၏ အလိုကိုမပြည့်မရှိအောင် အမြဲတမ်း ပြုပြင်ပေးနေတာလဲ တဏှာ (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ ဘုရား)၊ ဆုတောင်းထားတဲ့ပုဂ္ဂိုလ်ကို ဒုက္ခကြားမညှပ်ရအောင် ဆက်လက်ပေးနေတာက (တဏှာပါ ဘုရား)၊ တဏှာပဲ။
သူပဲလုပ်တာပဲဆိုပြီးတော့ ကျုပ်တို့က သူလုပ်တဲ့ဒဏ်ရာကိုကြည့်ဖို့ဟာက ဝိပဿနာ (မှန်ပါ)၊ အလုပ်သမားကြီး လုပ်ထားတဲ့ဒဏ်ရာကို ကြည့်တာနော် (မှန်ပါ)၊ အလုပ်သမားကတော့ ချုပ်သွားပြီ၊ ကျုပ်တို့ဝိပဿနာရှုတယ်ဆိုတာ သူ့ဒဏ်ရာကိုကြည့်တာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဘယ်သူ၏ဒဏ်ရာကို ကြည့်တာတုံး (အလုပ်သမား ကြီးလုပ်ထားတာကိုပါ ဘုရား)၊ အလုပ်သမား၏ လက်ချက်မိနေတာကို ဆေးရုံမှာ ဘယ်လောက် ပြဲသွားတယ်ဆိုတာ တိုင်းသလိုပေါ့ဗျာ (မှန်ပါ)၊ ရိုက်သွားတဲ့လူတော့ ဘယ်ရှာတွေ့မတုံး၊ နောက်မှသာ တွေ့ချင်တွေ့မှာပေါ့လေ၊ ဖမ်းမမိသေး ခင်တော့ ဒီဒဏ်ရာပဲ တိုင်းနေရမှာပဲ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒုက္ခသစ္စာ
ဒါဖြင့်-နှိပ်စက်တက်သောကြောင့်လဲ ဒုက္ခသစ္စာ (မှန်ပါ)၊ နှိပ်စက်တက်သောကြောင့်လဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ပြုပြင်မှုအမျိုးမျိုး ခံနေရသောကြောင့်လဲ (ဒုက္ခသစ္စာပါ ဘုရား)၊ အယုတ်တမာတရားတို့၏ ပြုပြင်မှုကို အမျိုးမျိုးခံနေ ရသောကြောင့်လဲ (ဒုက္ခသစ္စာပါ ဘုရား)၊ နောက်ဟာက အကြောင်းနှင့်တကွပြတာ (မှန်ပါ)၊ ဟိုဟာကအကြောင်း မကောင်းတာလုပ်ထားလို့ အကျိုးနှိပ်စက်တာကို ပြတာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ မထူးခြားဘူးလား (ထူးခြားပါတယ် ဘုရား)၊ ထူးခြားတယ်လို့ တစ်ခါတည်းမှတ်ပါ (မှန်လှပါ ဘုရား)။
ကောင်းပြီ-ဒါဖြင့် အခုဦးသံဒိုင်တို့၊ ဦးအောင်ဇံဝေတို့ ဘာဖြစ်နေကြသတုံးဆို ပြုပြင်သလိုခံနေရတုန်းပါပဲဘုရား ဒိပြင်ဘာမှ ပြောစရာမရှိပါဘူး (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ ဘုရား)၊ ဘာလုပ်နေတာတုံး (ပြုပြင်သလိုခံနေရတာပါ ဘုရား)၊ ကိုယ့်သဘောပါရဲ့လား (မပါပါ ဘုရား) ပြုပြင်သလို ခံတာတော့ ခံရပါစေတော့၊ သူကအရမ်းပြုပြင်တာလား ကိုယ်က အနှိပ်စက်ခံချင်လို့လားလို့ မေးပြန်တော့ ဘယ့်နှယ်ဖြေမတုံး (ကိုယ်က အနှိပ်စက်ခံချင်လို့ပါ ဘုရား)၊
ဪ-ဒီနှစ်ချက်ကို ဒီနေ့ပိုင်နေအောင် ခင်ဗျားတို့တွေးပါ၊ တွေးပြီးတော့မှ အားထုတ်ပါ (မှန်ပါ)၊ ဪ-ဆုတောင်းပြည့်အောင် နှိပ်စက်တာလဲ သူပဲကိုး၊ ဆုတောင်းထားတဲ့ပုဂ္ဂိုလ်ကို ပြန်နှိပ်စက်တာကော (သူပါပဲ ဘုရား)၊ အဲဒါ ပီဠနဋ္ဌကလာတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
သင်္ခတဋ္ဌကဆုတောင်းထားတဲ့ ပုဂ္ဂိုလ်ကို နောက်ကနေ အစဉ်မပြတ်အားပေးပြီး နှိပ်စက်ဖို့နေခြင်းကြောင့်လဲ အနှိပ်စက် အမြဲခံနေရတယ်ဆိုတာ အကြောင်းပေါ်လာတယ်၊ သူ့ဟာက (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဒီဟာက အကြောင်းမပေါ်ဘူး၊ နောက်ဟာက (အကြောင်းပေါ်ပါတယ် ဘုရား)၊ အကြောင်းပေါ်တယ်ဆိုတာ သေချာမှတ်ပါ (မှန်လှပါ ဘုရား)။
နှိပ်စက်တတ်-နှိပ်စက်အပ် နှစ်မျိုးရှိတယ်
အဲဒီလိုဆိုတော့ ဪ-ဘာဖြစ်နေပါလိမ့်မတုံးဆိုတော့ တွေးဖို့မလိုတော့ဘူး၊ အင်း နှိပ်စက်တတ်-နှိပ်စက်အပ် နှစ်မျိုးရှိတယ်ကိုးလို့ မှတ်ပါ (မှန်ပါ)၊ နှိပ်စက်အပ်ဆိုတဲ့ ဥစ္စာက ဒကာ ဒကာမတွေမှတ်ဖို့ရာက သူကအခံဘက်ကနေ ထားတာပဲ (မှန်ပါ)၊ နှိပ်စက်တက်တယ်ဆိုတာက ရုပ်-ရုပ်ချင်းနှိပ်စက်တယ်၊ တေဇောက အာပေါပထဝီ လောင်ပစ် လိုက်တယ် (မှန်ပါ)၊ အဲဒါက နှိပ်စက်တက်တာ (မှန်ပါ)၊
နှိပ်စက်အပ်ဆိုတဲ့ ဥစ္စာကတော့ သူကဘယ်သူလာလာ လက်ခံတာကို နှိပ်စက်အပ်လို့ခေါ်တာ (မှန်ပါ)၊ ဒါဖြင့်-နှိပ်စက်တက် နှိပ်စက်အပ် သောကြောင့်လဲ ဒုက္ခသစ္စာ (မှန်ပါ)၊ မှတ်မိပလား (မှန်ပါ)၊
အနှိပ်စက်ခံရခြင်းကြောင့်လဲ (ဒုက္ခသစ္စာပါ ဘုရား)၊ နှိပ်စက်တက်သောကြောင့်လဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့်သူ့မှာ နှစ်ချက်ရှိတယ် (မှန်ပါ)၊ ဒါပထမမှာ နှစ်ချက်ရှိတယ်၊ ပီဠနဋ္ဌောမှာ နှစ်ချက်ရှိတယ် (မှန်ပါ)၊ အနှိပ်စက်ခံရသောကြောင့်လဲ ဒုက္ခသစ္စာ၊ သူတို့ သူတို့ချင်း နှိပ်စက်နေ သောကြောင့်လဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ရုပ်-ရုပ်ချင်း နှိပ်စက်တယ်၊ နာမ်-နာမ်ချင်းကော (နှိပ်စက်ပါတယ် ဘုရား)၊ နှိပ်စက်နေတာပဲလို့ ဒီလိုသိနေခြင်းကြောင့်လဲ ဒါဒုက္ခသစ္စာပါပဲ (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
သင်္ခတဋ္ဌအမြင်ကတော့ ဒါမဟုတ်ပါဘူး
ကောင်းပြီ-ဒါဖြင့် သင်္ခတဋ္ဌကတော့ ဒီအမြင်မဟုတ်ပါဘူးတဲ့၊ သင်္ခတဋ္ဌအမြင်ကတော့ ဒါမဟုတ်ပါဘူး၊ သင်္ခတဋ္ဌ အမြင်ကတော့ ဪ-ကိုယ့်သမုဒယသစ္စာ၊ ကိုယ့်အမှားကြီး မှားခဲ့ရလို့ အခုတော့ဖြင့် သူစီမံသလို ခံရုံပဲလို့ သိတာက သင်္ခတဋ္ဌသဘော သိတာ (မှန်ပါ)၊
ခုနကလို နှိပ်စက်တက်၊ နှိပ်စက်အပ်မဟုတ်ပြန်တော့ဘူး၊ မခြားနားဘူးလား (ခြားနား ပါတယ် ဘုရား)၊
အဲဒီခြားနားမှုတွေးလုံးကိုလဲ ပိုင်ပါစေ၊ ဒါကစာထဲမှာက တိုတိုလေး၊ ကိုယ့်ဉာဏ်တွေးလိုက်တဲ့အခါကျတော့ ရှည်လာလိမ့်မယ် (မှန်ပါ)၊ ရှည်လာပြီးတော့ကို ဆုံးဖြတ်ချက် ချနိုင်အောင်တွေးပါ၊ ဆုံးဖြတ်ချက်ချနိုင်အောင် တွေးလိုက်လို့ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် စခန်းခွင်ကို ပြေးပါ (မှန်ပါ)၊
ပြေးလို့ကိုယ့်ဆုံးဖြတ်ချက် ချထားတဲ့အတိုင်း ဟိုမှာသွားကိုက်လို့ ရှိရင် ကိုက်တဲ့အချိန်ဟာ ခင်ဗျားတို့ဒုက္ခချုပ်မှာပဲ (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ကဲ – ယနေ့ ဒီတင်တော်ပါဦး။
သာဓု – သာဓု – သာဓု။
