3045

မာတိကာသို့

ပုထုဇဉ် နှင့် အရိယာတို့ ခြားနားပုံ

ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး၊

အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း၊

မင်္ဂလာရိပ်သာကျောင်းတိုက်၌ ဟောကြားဆုံးမတော်မူသော

ပုထုဇဉ် နှင့် အရိယာတို့ ခြားနားပုံ

(၁၅-၁-၆၁)ညအလုပ်ပေးတရားတော်

ရောဂါဘယ်အချိန်မှာ ကင်းတုန်း

လူတစ်ဦးတစ်ယောက်မှာ ဘယ်အချိန်မှ ရောဂါမကင်းတာကို ကြည့်ရမယ်၊ ဘယ်အချိန်မှ ရောဂါမကင်းတာကို ကြည့်ရမယ် နော်။

ဘယ်အချိန်မှ ရောဂါမကင်းတာကို ကြည့်ရမယ်ဆိုတာ ဘယ့်နှယ်ကြောင့်တုန်းလို့မေးလို့ရှိရင် ဘယ်အချိန်မှ မကင်းလို့ မကြည့်ခိုင်းတာလို့ မှတ်ရမယ် တင်လှ၊ ရောဂါဘယ်အချိန်မှာ ကင်းတုန်း (ဘယ်အချိန်မှ မကင်းပါ ဘုရား)။ ဘယ်အချိန်မှ မကင်းပါဘူးနော် တော်ကြာ ကွေးချင်တယ် ကွေးချင်တာကလဲ ဆန့်ရတာ ညောင်းလို့ကွေးချင်တာ (မှန်ပါ)။ ဆိုတော့ ဒါဟာ ရောဂါပေါ်လို့ပဲ (မှန်လှပါ ဘုရား)။

နင်တို့ကွေးရာကနေပြီးသကာလ ဆန့်ချင်တယ်ဆိုတော့ ကွေးတဲ့ရောဂါပေါ်လို့ ဆန့်ချင်တာ ဖြစ်ပေါ်လာတာပဲ (မှန်ပါ)။ ဆန့်ရာကနေ ကွေးချင်ပြန်တယ်ဆိုတော့လဲ ဆန့်နေရင်းမတ္တနဲ့ ရောဂါပေါ်လာလို့ ကွေးချင်တာပဲလို့ သေချာမှတ်ရမယ် (မှန်ပါ)။ ကွေးရင်း ဆန့်ရင်းနဲ့ပဲ တစ်ခါရေသောက်ချင်ပြန်တယ်၊ ရေကို သောင်ချင်လို့သောက်တာ မဟုတ်ဘူး ဆာလောင်မွတ်သိပ်တဲ့ရောဂါပေါ်လာလို့ သောက်ချင်တာပဲဆိုတာကိုမှတ်ပါ (မှန်ပါ)။ ရေသောက်ပြီးပြန်လို့ ရှိရင်လဲ နှုတ်ခမ်းလေးသုတ်ချင်တာကကော ဘာဖြစ်လို့တုန်းဆိုရင် နှုတ်ခမ်းနားမှာ ယးသလိုလို ပေသလိုလို စိတ်ထဲမှာ မကောင်းတဲ့ရောဂါ ပေါ်လာတာ အညစ်အကြေးနဲ့မို့ အလိုမကျတဲ့ရောဂါ ပေါ်လာတာ ဒနဲ့ နှုတ်ခမ်းသုတ်ပစ်လိုက်တာ (မှန်လှပါ ဘုရား)။

ဆိုတော့ သီလရှင်တွေလဲမှတ် တင်လှလဲမှတ် အားလုံးလဲမှတ် ေဩာ- ခန္ဓာကိုယ်မှာ ဘာပဲလုပ်နေရ နေရ ရောဂါပေါ်လို့ချည်းမှတ် (မှန်ပါ) ခန္ဓာကိုယ်ကြီးဘယ်လိုပဲနေရ နေရ အမူအယာပြောင်းလိုက် ပြောင်းလိုက် ဥပမာမယ် အဝတ်ကလေးကိုပဲ ဟိုနေရာကနေ ဒီနေရာဆွဲရတာလဲရောဂါပေါ်လို့ပဲ ဒီကနေပြီး အဝတ်ကလေးလှန်လိုက်ရပြန်တာလဲ ရောဂါပေါ်လို့ပဲ အိုက်တဲ့ရောဂါပေါ်လို့ (မှန်ပါ)။ ဆွဲခြုံပြန်လို့ရှိရင်လဲ အင်း မခံသာတဲ့ အေးတဲ့ရောဂါ ပေါ်လိမ့်မယ် (မှန်ပါ)။ ဆိုတော့ကို ဒါနေရာတိုင်းမှာ ရောဂါအနှံအပြားရှိလို့ အနှံ့အပြားဲ ပြုပြင်နေရတယ်ဆိုလို့ရှိရင် ဒါမလွဲဘူးလို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။

အရိယာမျက်လုံး တပ်ကြည့်ရင်

ဒါကြောင့် – အရိယာမျက်လုံး တပ်ကြည့်တဲ့အခါကျတော့ ဘယ်အချိန်မှ ရောဂါမကင်းဘူး (မှန်ပါ)။ အရိယာမျက်လုံး တပ်ကြည့်ရင် (ဘယ်အချိန်မှ ရောဂါမကင်းပါ ဘုရား)။ ဘယ်အချိန်မှ ရောဂါမကင်းဘူးဆိုတာ တော် ကြာကျတော့ ကျင်ငယ်စွန့်ချင်တာလဲရောဂါ၊ ကျင်ကြီးစွန့်ချင်တာလဲရောဂါပဲ ၊ နေရောပြောင်းချင်တာကော (ရောဂါပါ ဘုရား)။ အဲဒီတော့ ဒါက အရိယာမျက်လုံးတပ်ကြည့်မှ ဪ – ရောဂါပါလားဆိုတာကို သိရတယ်၊ ပုထုဇဉ်တို့၏ ထုံးစံကနေကြည့်မယ်ဆိုလို့ရှိရင်တော့ ဒါရောဂါဟူသော အထိမ်းအမှတ်တော့ မထားပါဘူးတဲ့ ၊ စင်စစ်တော့ ရောဂါမဟုတ်ခဲ့လို့ရှိရင် ဘာမှ ပြုပြင်စရာမလိုပါဘူး (မှန်ပါ)။ ပြုပြင်နေရတယ် ဆိုကတည်းကိုက ဒါရောဂါကြာင်လို့ သေချာမှတ်ကြပါ (မှန်လှပါ ဘုရား)။

အဲဒီတော့ ဆရာဘုန်းကြီးက ဟောနေပါတယ် ၊ တင်လှတို့လူစုက ရောဂါပေါ်တိုင်း ဒီနေရာကို ဉာဏ်ကလှည့်ရမယ် ၊ ဪ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ‘ ရာဂတော ‘ ‘ ရောဂတော’ လို့ ဟောတယ်၊ ရောဂါ ချည်းပဲ ၊ ရောဂါချည်းပဲလို့ဟောထားတယ်၊ အခု သေသေချာချာ ဆရာဘုန်းကြီးဆီမှာ နည်းယူပြီးသကာလ ကြည့်လိုက်တော့မှ ရောဂါကင်းနေတဲ့အချိန် ပြောစမ်းပါဆိုလို့ရှိရင် ဘယ်လိုပြောကြမတုံး (မရှိပါ ဘုရား)။ မရှိပါဘူး ဘယ်အချိန်မှ ကင်းတယ်လို့ကို မရှိဘူး ကုလားထိုင်ပေါ် ထိုင်ရင်လဲ ထိုင်တဲ့ရောဂါဂါပေါ်တာပဲ ကုလားထိုင်ပေါ်ကထလဲ ထတဲ့ရောဂါပေါ်တာပဲ (မှန်ပါ)။ ထမင်းမစားခင်တော့ ဆာတဲ့ရောဂါပေါ်တာပဲ စားပြီးပြန်တော့လဲ ဝတဲ့ရောဂါပေါ်တာပဲ ဆိုတော့ကို ရောဂါကင်းတဲ့အချိန်များ ရှိကြရဲ့လား (မရှိပါ ဘုရား)။

အဲဒါကြောင့် ရောဂါကင်းတဲ့အချိန်ကို မသိရင်တော့ အကန်းလို့ဆိုရမှာပဲ (မှန်ပါ)။

ဒုက္ခကဆင်းရဲတာ သစ္စာက မှန်တာ

ရောဂါပေါ်တိုင်း သိနေတဲ့ အခါကျတော့ ဒီခန္ဓာကြီးဟာ အမြဲမပြတ် တရစပ်နှိပ်စက်နေတာပဲ ၊ ရောဂါတွေက အမြဲနှိပ်စက်နေခြင်းကြောင့် ဪ ဒုက္ခသစ္စာဆိုတာက ဒုက္ခကဆင်းရဲတာ သစ္စာက မှန်တာ ၊ အချိန်မရွေး ဆင်းရဲနေတာပါလားဆိုတာ မပေါ်လာကြ ဘူးလား (ပေါ်လာပါတယ် ဘုရား)။

အချိန်တိုင်း ဆင်းရဲတာပါလားလို့ ဉာဏ်ထဲမှာ ပေါ် ပေါ်လာတော့မှ သစ္စာကို သိလာတယ်၊ သစ္စာသိတာလဲ ဆင်းရဲတာတွေ ပေါ်လာတိုင်း၊ ဆင်းရဲတာတွေ ပျောက်သွားလိုက် ဆင်းရဲတာတွေ ပေါ်လာလိုက် ဆင်းရဲတာတွေ ပျော်ကသွာလိုက်ဆိုတာ နဂိုက ရောဂါတွေပဲ (မှန်ပါ)။ ဒီဆင်းရဲလေးပေါ် ဒီဆင်ရဲလေး ပျေြာက်ပြီး ဟိုဆင်းရဲလေးပေါ်တာပဲ (မှန်ပါ)။ ဘယ်အချိန်မှာများ ဆင်းရဲလက်စသတ်သတုံးလို့ မေးလို့ရှိရင်ဖြင့် ခန္ဓာရှိနေရင် ဆင်းရဲလက်စမသတ်ပါဘူးလို့ မှတ်ထားရမယ် (မှန်ပါ)။ ခန္ဓာရှိနေရင် (ဆင်းရဲလက်စ မသတ်ပါ ဘုရား)။ ဆင်းရဲလက်စမသတ်ဘူးဆိုတာ သေချာမှတ်ထားပါ (မှန်လှပါ ဘုရား)။

အဲဒီတော့ကို ဒီဆင်းရဲတွေကို ဘာမျက်လုံးတပ်ကြည့်ရမတုံးလို့ဆိုတော့ အရိယာတို့၏ မျက်လုံးကို တပ်ကြည့်မှ ပဲ ပေါ်တော့တယ် ၊ ပုထုဇဉ်မျက်လုံးနဲ့သာဆိုလို့ရင်ဖြင့် တစ်နေရာမကောင်းလို့ တစ်နေရာပြောင်းတယ်လို့မှတ်ထားလဲ တစ်ကြောင်း ပြောင်းခြင်းကို အလိုရှိတဲ့ တဏှာလာတာက တစ်ကြောင်းနော် (မှန်ပါ)။

ပုထုဇဉ်ကတော့ ဆင်းရဲနောက် ကနေပြီး တဏှာချည်းလာနေတာပဲ ပြောင်းလိုက်လို့နေရာကျသွားတယ် ပြောင်းလိုက်လို့ နေရာကျသွားတယ်ဆိုတော့ ဝေဒနာနောက်က ဝေဒနာဆိုတာ ဆင်းရဲတာ အဲဒီဆင်းရဲတဲ့နောက်ကနေပြီးသကာလ ပြောင်းလိုက်လီု့ ပျောက်ချင်တဲ့ တဏှာတွေလိုက် လိုက်လာတော့ တဏှာ၊ ဥပါဒါန်၊ ကံ – တဏှာ၊ ဥပါဒါန်၊ ကံနဲ့ဝေဒနာပေါ်တိုင်းပေါ်တိုင်း သူ့မှာဖြင့် တဏှာ၊ ဥပါဒန်၊ ကံဆိုတဲ့ ဘဝရေသောက်မြစ် သုံးခုပေါ် ပေါ်နေတယ်လို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။

ဘဝရေသောက်မြစ်သုံးခု

ဘဝရေသောက်မြစ်သုံးခုနော် (မှန်ပါ)။ ဘာဖြစ်လို့ ဘဝရေသောက်မြစ် သုံးခုလို့ဆိုရပါလိမ့်မလဲလို့ မေးလို့ရှိရင် ဖြင့် နောက်ဥပါဒါန် ကံလာလို့ရှိရင် နောက်ဇာတိဖြစ်ကြောင်းဆိုတဲ့ ဇာတိကတော့ သေချာလာရတော့မှာပဲ ခန္ဓာငါးပါးက လာရတော့မှာပဲ၊ အဲဒီတော့ကို ပုထုဇဉ်မှာတော့ဖြင့် ရောဂါရှိတိုင်း နောက်ရောဂါပြန်ရနေတယ် (မှန်ပါ)၊ အခုရောဂါရှိ တိုင်း မသိတဲ့ပုဂ္ဂိုလ်မှာ ရောဂါပြန်ရနေတယ်၊ နောက် ခန္ဓာပေါ်လာတာ (ရောဂါပါ ဘုရား)။ ရောဂါပဲ။

အခု ခန္ဓာကို သူက အရိယာမျက်လုံးတပ်မကြည့်တဲ့အတွက် နောက်ခန္ဓာတည်းစူသော ရောဂါတုံး, ရောဂါခဲကြီး ပြန်လာတာပဲ (မှန်ပါ)။ ဒါ ဘာကွာသွားတာတုန်းလို့မေးလို့ရှိရင်ဖြင့် မျက်လုံးကွာသွားလို့ လို့ မှတ်ရမယ် (မှန်ပါ)။ အရိယာတို့၏ တပည့်သားဖြစ်တဲ့မျက်လုံးတပ်ကြည့်မယ်ဆိုရင်ဖြင့် ရောဂါပေါ်တိုင်း ဒုက္ခသစ္စာပါလား ဒုက္ခသစ္စာပါလား လို့ သိ-သိ-သိ သိပြီးမှ ပြောင်းတော့ ရောဂါက ဒုက္ခသစ္စာ၊ သိတာကမဂ္ဂသစ္စာဆိုတော့ တဏှာ၊ ဥပါဒါန်၊ ကံ နောက် ဇာတိဆိုတဲ့ ရောဂါတုံး၊ ရောဂါခဲတွေ လာသေးရဲ့လား (မလာတော့ပါ ဘုရား)။ မောင်ချစ်စိန် သိပ်ကွားသွားတာပဲနော် သိပ်ကွာသွားပါတယ် (မှန်လှပါ ဘုရား)။

ပုထုဇဉ်ကတော့ ရောဂါရှိလို့ ရောဂါပြန်ရတယ် (မှန်ပါ)။ အရိယာပုဂ္ဂိုလ်များကတော့ ရောဂါရှိလို့ ရောဂါသိမ်း တယ် (မှန်ပါ)။ ရောဂါပေါ်လာတာသည် သူ့ကို ရောဂါသိမ်းဖို့ ဉာဏ်ပေါ်လာတာပဲ ပုထုဇဉ်ကတော့ ရောဂါရှိလျက်နဲ့ နောက်ရောဂါ ပြန်ရတယ် ဒါကို သဘောကျကြပြီလား (ကျပါပြီ ဘုရား)။ တဏှာ၊ ဥပါဒါန်၊ ကံလာတော့ ဇာတိကလာမှာပဲ (မှန်ပါ။ ဒီဇာတိလာပါတယ်ဆိုကတည်းကိုက နောက်ရောဂါတုံး ရောဂါခဲကြီးတွေ မပေါ်လာဘူးလား (ပေါ်လာပါ တယ် ဘုရား)။

သိမှုမျက်လုံးကွာသွားတာ

ဒါဖြင့် ပုထုဇဉ်မှာ ရောဂါရှိပြီး ရောဂါဖြစ်ကြောင်းတွေသာ ပေါ်လာတယ် ရောဂါဖြစ်ကျိုးတွေလဲ နောက်ထပ် ပေါ်ဖို့ရာ ဧကန်ရှိတယ်၊ ဒါ ဘာကွားသွားတာတုံးဆိုတော့ သိမှုမျက်လုံး ကွာသွားလို့မှတ် (မှန်ပါ)။ ကဲ တင်လှလို့ ဘာကွာသွားတာတုံး (သိမှုမျက်လုံး ကွာသွားတာပါ ဘုရား)။ သိမှုမျက်လုံးကွာသွားတာ သိမှုမျက်လုံး ကွားသွားတော့ကို ပုထုဇဉ်ကတော့ ရောဂါရှိလို့ နောက်ရောဂါရတယ် (မှန်ပါ)။ အခု အရိယာတို့၏ နည်းနာတွေကိုယူပြီး တပည့်သားတွေက ကြိုးစားလိုက်တော့ ဒီရောဂါရှိလို့ နောက်ရောဂါပျောက်တယ်၊ နောက်ရောဂါ ပြန်မရတော့ဘူး ဘာဖြစ်လို့တုန်းဆိုတော့ ရောဂါရှိတာကို ရောဂါရယ်လို့သိတယ်၊ ဟိုပုဂ္ဂိုလ်ကတော့ ရောဂါရှိတာကို ရောဂါရယ်လို့ မသိတဲ့သဘောရှိနေတော့ ပျောက်ခြင်းကို အလိုမရှိတဲ့ တဏှာပဲလာတယ်။ တဏှာလာရင် ဥပါဒါန်လာတယ်၊ ဥပါဒန်လာရင် ကံလာတယ် ကံလာရင် ဇာတိလာတယ်ဆိုတော့ကို ဪ ပုထုဇဉ်ရောဂါရှိမှာကို စိုးရိမ်ရတယ် ရောဂါရှိရင် ရောဂါထပ်ရတော့မယ် (မှန်ပါ)။ မဟုတ်ဘူးလား (မှန်ပါ)။ ရောဂါရှိရင် ရောဂါထပ်ရပါတယ်။

အရိယာတို့၏ တပည့်သားကတော့ကို ဒီလိုမဟုတ်ပါဘူး၊ ရောဂါရှိရင် ရောဂါသိမ်းတော့မယ် ဒီရောဂါရှိတဲ့အတွက် သူ့မှာ နောက်ရောဂါ သိမ်းတာပဲ (မှန်ပါ)။ မခြားနားဘူူးလား (ခြားနားပါတယ် ဘုရား)။ အင်မတန် ခြားနားတယ်ဆိုတာ ပေါ်လာတယ် (မှန်ပါ)။ ဒါ ဘာဟောတာတုံးလို့ မောင်ချစ်စိန်တို့ ကိုမြတို့ကမေးတော့ အလုပ်လုပ် မှ ရောဂါသိမ်းတယ်လို့ ပြောနေတာ (မှန်ပါ)။ ဘာပြောနေတာတုံး (အလုပ် လုပ်မှ ရောဂအသိမ်းမှာပါ ဘုရား)။ အေး သတိ ၊ ပညာ၊ ဝီရိယနဲ့ ကိုယ့်ရောဂါကို ကိုယ်ကြည့်တော့မှ နောက်ရောဂါတွေဟာ သိမ်း သိမ်းသွားတယ် (မှန်ပါ)။ နို့မို့လို့ရှိရင် မင်းတို့ရောဂါရှိရင် ရောဂါတိုးလာမှာပါ (မှန်ပါ)။ ရောဂါတစ်ခုတိုးမလားဘူးလား (တိုးလာပါတယ် ဘုရား)။

ဘာဖြစ်လို့တုံးဆို တစ်ခုသောနေရာက ဆာလောင်မွတ်သိပ်တယ်၊ ဆာလောင်မွတ်သိပ်တာသည် အဖြစ်အပျက် ပါလား ဆာလောင်မွတ်သိပ်တဲ့ စိတ်ကလေးဟာ ဖြစ်ပျက်ပါလားလို့ မရှုလိုက်လို့ ဆာဆောင်မွတ်သိပ်လို့ စားလိုက်ရတာ ကောင်းတယ် ကောင်းတော့ တဏှာလာတယ်၊ တဏှာလာတော့ ဥပါဒါန်လာတယ် ၊ ဥပါဒါန်လာတော့ ကံတွေလာတယ် ကံတွေလာတဲ့ အခါကျလို့ရှိရင် နောက်ခန္ဓာကြီး ထပ်မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ပထမရောဂါက ဒုတိယရောဂါကို ကျေးဇူးပြုတယ်

ဒါဖြင့် ရောဂါရှိတဲ့ပုဂ္ဂိုလ်သည် နောက် ရောဂါပြန်ရဖို့ ပထမရောဂါက ဒုတိယရောဂါကို ကျေးဇူးပြုတယ်၊ ဖြစ်ပေါ်စေတတ်လို့ဆိုရင် လွဲသလား (မလွဲပါ ဘုရား)။ ဒါ ဘာကွာသွားတာတုံးဆိုတော့ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။ မျက်လုံးကွားသွားတာ မျက်လုံး ကွာသွားလို့ (မှန်ပါ)။ ဪ ဒါဖြင့် ဒီဥစ္စာ တော်တော်နက်ပါလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။ တော်တော်ပေါ်လာပြီတဲ့။

ဒါ – ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးက ဒီတရားကို တင်လှတို့လူစုတွေကိုပြောပါလိမ့်မလဲလို့မေးတဲ့အခါ ကျတော့ ရောဂါသိမ်းတရားဟောနေတာ (မှန်ပါ)။ ရောဂါသိမ်းတရားကိုဟောနေတာလို့ မှတ်ရမယ် (မှန်ပါ)။ ဒီရောဂါရှိနေလို့ရှိရင် ဒီရောဂါကို အဖြစ်အပျက်တွေရှု၊ ဒီရောဂါကို ဒုက္ခသစ္စာလို့ သိနေတော့ သိတဲမဂ်က သိမ်းပစ်လိုက်တာပဲ (မှန်ပါ)။

တဏှာ၊ ဥပါဒါန်၊ ကံ နောက် ဇာတိတွေကော လာသေးရဲ့လား (မလာတော့ပါ ဘုရား)။ မလာတော့ ဒီရောဂါရှိလို့ ရောဂါသိမ်းပါတယ် ဟို ပုဂ္ဂိုလ်ကတော့ ရောဂါရှိလို့ ရောဂါပွားရတယ် ဝိပဿနာအလုပ် မလုပ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ ဘယ်လိုဆုံးဖြတ်ချက် ချမတုံး (ရောဂါရှိလို့ ရောဂါပွားပါတယ် ဘုရား)။ ရောဂါရှိလို့ ရောဂါပွားတယ်၊ ပုထုဇဉ်ကနော် (မှန်လှပါ ဘုရား)။

‘အသိ’ တစ်လုံးမှသာ လျှင် ဒုက္ခသိမ်းနိုင်တယ်

အရိယာမျက်လုံး တပ်ကြည့်တဲ့ပုဂ္ဂိုလ်ကတော့ ရောဂါရှိလို့ (ရောဂါသိမ်းပါတယ် ဘုရား)။ ရောဂါသိမ်းတယ်ဆို တော့ ဒါ ဒီထက်ခြားနားတာတော့ မင်းတို့ ဘယ်ရှာတွေ့တော့မလဲ (မှန်ပါ)။ ဪ – ဒါကြောင့် ‘အသိ’ တစ်လုံးမှသာ လျှင် ဒုက္ခသိမ်းနိုင်တယ်ဆိုတာ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။ ‘ အသိ’ တစ်လုံးမရှိလို့ရှိရင် ရောဂါသိမ်းတယ်ဆိုတဲ့ ဥစ္စာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး ရောဂါသာပွားနေတာပဲ (မှန်လှပါ ဘုရား)။

ကောင်းပြီး ဒါဖြင့် ယနေ့ဟောတဲ့တရားသည် ဝိပဿနာကင်းလျှင် ရောဂါပွားတယ်လို့ ပြောတာပဲ (မှန်ပါ)။ ဝိပဿနာကင်းလျှင် (ရောဂါပွားပါတယ် ဘုရား)။ ဝိပဿနာအလုပ်ကို ရောဂါပေါ်တိုင်း ပေါ်တိုင်း ဒုက္ခသစ္စာပါလား ဒုက္ခသစ္စာပါလား ဒုက္ခသစ္စာပါလားလို့ ရှုနေလို့ရှိရင်ဖြင့် ဪ – ဒီရောဂါရပြီးရင် နောက်ရောဂါ သိမ်းတော့တာပဲ (မှန်ပါ)။ မကွာဘူးလား ကဲ (ကွာပါတယ် ဘုရား)။ အင်မတန်ကွာပါတယ်။

အဲဒါကြောင့် ပုထုဇဉ်သံသရာရှည်တယ်ဆိုတာ ရောဂါရှိလျက်နဲ့ ရောဂါရှာရှာနေလို့ ရှာနေလို့ရှည်တာပဲ (မှန်ပါ)။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ အခုခန္ဓာကြီးကလဲ ရောဂါကြီးပဲ (မှန်ပါ)။ နောက်ခန္ဓာရဖို့ကလဲ ရောဂါကို ပြန်ရဖို့ပဲ (မှန်ပါ)။ အဲဒီတော့ ရောဂါနဲ့သူ့ကို ခွဲလို့ရသေးရဲ့လား (မရပါ ဘုရား)။ ဒီရောဂါပြိးရင် ဟိုရောဂါဆက်လာမှာ ပဲ (မှန်ပါ)။ ဘောကြောင့်တုံးဆို ရောဂါဖြစ်ကြောင်း ဆေးတွေချည်း သောက်နေလို့ (မှန်ပါ)။ တဏှာ ၊ ဥပါဒါန်၊ ကံချည်းလာနေလို့ (မှန်ပါ)။ သဘောပါပြီလား (ပါ,ပါပြီ ဘုရား)။ ရောဂါဖြစ်ကြောင်း ဆေးကဘာတုံး (တဏှာ ဥပါဒါန် ကံပါ ဘုရား)။ တဏှာ၊ ဥပါဒါန်၊ ကံ ဒါကလဲ မလာပါနဲ့ဆိုလို့ ကိုမြတို့ မောင်ချစ်စိန်တို့ မရဘူးကွ မသိတော့ ဒါပဲလာတာပဲ (မှန်လှပါ ဘုရား)။

ညှာတာမဖက်အမြဲနှိပ်စက်နေတဲ့ ဒုက္ခသစ္စာ

သိတဲ့ပုဂ္ဂိုလ်ကျတော့လဲ ရောဂါချည်းပါလား တို့သတ္တဝါကို ညှာတာမဖက်အမြဲနှိပ်စက်နေတဲ့ ဒုက္ခသစ္စာကြီး ပါလားလို့ ဒီခန္ဓာငါးပါး ဒီက ဒုက္ခသစ္စာလို့သိတဲ့သဘောလေးပေါ်နေတော့ အင်း၊ ခန္ဓာငါးပါး၊ ဒီက ဒုက္ခသစ္စာလို့ သိတဲ့ သဘောလေးပေါ်နေတော့ အင်း ခန္ဓငါးပါးကို မဂ္ဂင်ငါးပါးနဲ့ရှု့ပွားပြီးသကာလနေတဲ့ ပုဂ္ဂိုလ်တွေကျတော့ ရောဂါသိမ်းနေတာပဲ ရောဂါဖြစ်ကြောင်းတွေ သိမ်းနေတာလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ တဏှာ၊ ဥပါဒန်၊ ကံတွေလာနိုင်သေးရဲ့လား (မလာနိုင်တော့ပါ ဘုရား)။ မလာနိုင်တော့ သူဘာလုပ်နေတယ်လို့ ဆုံးဖြတ်ချက်ချကြမတုံး (ရောဂါသိမ်းနေတယ်လို့ ဆုံးဖြတ်ချက် ချရမှာပါ ဘုရား)။ ရောဂါသိမ်းနေတယ်လို့ ဆိုချင်ဆို ဝိပဿနာရှုနေတယ်ဆိုချင်ဆို (မှန်လှပါ ဘုရား)။

ဒါကြောင့် ဝိပဿနာရှုတဲ့အလုပ်သည် ဘာလုပ်တဲ့အလုပ်တုံးဆိုလို့ရှိရင်ဖြင့် ကုသိုလ်ရတဲ့အလုပ်မဟုတ်ဘူး ရောဂါသိမ်းတဲ့အလုပ်လို့ မှတ်ပါ (မှန်ပါ)။ ကုသိုလ်ရတယ်ဆိုတာကတော့ သာမညတော့ဟုတ်တာပေါ့ကွ သို့သော် ရောဂါသိမ်းသလောက်အဖိုးတန်ရဲ့လား (မတန်ပါ ဘုရား)။ အဲဒါကြောင့် ကုသိုလ်ရရုံလေး ဝိပဿနာရှုနေတယ်လို့ ဒီလိုမယူရဘူး (မှန်ပါ)။ ကိုယ့်အခုရောဂါရှိလို့ နောက်ရောဂါမလာအောင်လို့ ရောဂါသိမ်းနေပါတယ် (မှန်ပါ)။ ပုထုဇဉ်ကတော့ ရောဂါရှိလျက်နဲ့ ရောဂါဖြစ်ကြောင်းကိုပဲ သူကြီုးစားနေတယ် (မှန်လှပါ ဘုရား)။

ကလေးဒူးနာရသလို

အဲဒီတော့ ပုထုဇဉ်က ဘာနဲ့တူသတုံးဆိုတော့ ကလေးလေး တစ်ယောက်ဆော့လွန်းလို့ ဒူးကွဲသွားတယ် ဒူးမှာ အနာရသွားတယ်၊ အနာရသွားတဲ့အခါကျတော့ ဒီကလေးဟာ အနာကလေးနည်းနည်းသက်သာသလိုလိုပဲ ရှိတော့ ဒီအနာမပျောက်ခင် မှာ ထပြေးပြန်တော့ နောက်ထပ် ဒူးကွဲပြန်တာပဲ (မှန်ပါ)။

သူကရောဂါရှိလျက်နဲ့ ထပြေးပြန်တော့ နောက်ထပ် ဒူးကွဲပြန်တာပဲ (မှန်ပါ)။ သူကရောဂါရှိလျက်နဲ့ ထပြေးတဲ့ရောဂါကြောင့် ထပြေးတဲ့သဘောကြောင့် ရောဂါ ပြန်ရတယ် (မှန်ပါ)။ မင်းတို့လဲ ဒီကလေးနဲ့ မတူဘူးလား (တူပါတယ် ဘုရား)။ ကလေးနဲ့ ပုထုဇဉ်နဲ့သိပ်တူတာပဲ (မှန်ပါ)။ ဒူးကွဲရောဂါနဲ့ ထပြေးတော့ မောင်ချစ်စိန် နောက်ထပ်ကွဲရမှာပဲ (ကွဲရမှာပါ ဘုရား)။ အနာရှိလျက်နဲ့ အနာရှာတဲ့ အဓိပ္ပါယ်ကော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါ- ပုထုဇဉ်တို့၏ ထုံးတမ်း၊ တခု အနာရှိလျက်နဲ့ အနာဖြစ်ကြောင်းကို သူမရှာဘူးလား (ရှာပါတယ် ဘုရား)။ ဒါဖြင့် အနာဖြစ်ကြောင်း ရှာတော့ ဟိုနေရာလေးရွှေ့လိုက်တယ်၊ ရွှေ့လို့ရှိရင်ဖြင့် ကောင်းလိုက်တာ သဘောကျလိုက် တာ နောက်တော့ မကြာ မကြာ ရွှေ့ရမှာပဲ အစရှိသည်နဲ့ရောဂါဖြစ်ကြောင်းတွေကိုပဲ သူ့မှာပေါ် ပေါ်လာတယ် (မှန်ပါ)။ တဏှာ ဥပါဒါနန်၊ ကံဟာ ဘာတုံး (ရောဂါဖြစ်ကြောင်းတေါပါ ဘုရား)။ ရောဂါဖြစ်ကြောင်းဆိုတော့ ရောဂါဖြစ်ကျိုးဟာ ရှောင်လို့ကွင်းလို့ လွတ်ကင်းပါ့မလား (မလွတ်ကင်းပါ ဘုရား)။ ‘ ကမ္မဘဝပစ္စယာဇာတိ’ ဆိုတာ လာရမှာပဲ (မှန်ပါ)။ ဇာတိဆိုတာ ခန္ဓာငါးပါးလို့မှတ်လိုက်ပါ (မှန်ပါ)။ ဇာတိဆိုတာ ဘယ်လိုသတ်မှတ်ကြမယ် (ခန္ဓာငါးပါး ပါ ဘုရား)။ ခန္ဓာငါးပါးဆိုတော့ အခု ခန္ဓာငါးပါးကလဲ ရောဂါပဲမဟုတ်လား (မှန်ပါ)။ နောက်ရတဲ့ ခန္ဓာငါးပါးကတော့ (ရောဂါပါ ဘုရား)။ ရောဂါပြန်ရတယ် (မှန်ပါ)။ အနာရှိလျက်နဲ့ (အနာပြန်ရတာပါ ဘုရား)။ အနာရှိလျက် နဲ့ အနာပြန်ရတယ်လို့ ဆိုလိုက်ပါ။

အနာသိမ်းတတ်တဲ့အကြောင်းတရားကို မသိလို့

ဒါဘယ့်နှယ်ကြောင့်တုံးလို့ မေးလို့ရှိရင်ဖြင့်တဲ့ အင်း အနာသိမ်းတတ်တဲ့အကြောင်းတရားကို မသိလို့ (မှန်ပါ)။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ အနာသိမ်းတတ်တဲ့ အကြောင်းတရားကို (မသိလို့ပါ ဘုရား)။ မသိလို့ဆိုတော့ တဲ့ မင်းတို့ခန္ဓာကိုယ်မှာရွှေ့တိုင်း ပြောင်းတိုင်း ဘာလုပ်တာတုံးဆို ရောဂါပေါ်တာ ပေါ်တိုင်း ပေါ်တိုင်း ဒုက္ခသစ္စာပါလားလို့ မင်းတို့ ဟောဒီမဂ်နဲ့သာသိပေး၊ ဟောဒီခန္ဓာကြီးကတော့ အမျိုးမျိုးပြောင်းနေမှာပဲ (မှန်ပါ)။ မပြောင်းပေဘူးလား (ပြောင်းမှာပါ ဘုရား)။

အမျိုးမျိုးရောဂါတွေ မထပေဘူးလား (ထပါတယ် ဘုရား)။ ထမယ် ညောင်း လိုက်၊ ဆန့်လိုက်၊ ကွေးလိုက်၊ ဆာလိုက်၊ မလွတ်လိုက်နဲ့ ၊ ဟင် (မှန်ပါ)။ ဒါတွေကို ဘာတွေကို ဆိုကြမှာတုံး (ရောဂါတွေ ပါ ဘုရား)။ အဲဒီတော့ ရောဂါတွေက ဒုက္ခသစ္စာပဲ ၊ ဒုက္ခသစ္စာပဲ ဒုက္ခသစ္စပဲလို့ နောက်က မဂ္ဂင်ငါးပါးနဲ့ရှုပေး (မှန်ပါ)။ ရှုတော့ကို အရိယာမျက်လုံးတပ်ပြီးရှုလိုက်တဲ့အခါကျတော့ ရောဂါရှိလို့ ရောဂါဖြစ်ကြောင်းတွေ သိမ်းနေတာ (မှန်ပါ)။ သူက ညှော်တွေကို ရှောင်နေတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် အညှော်တွေကို ရှောင်နေတယ် ၊ အင်း အပုပ်အနံ့တွေကို ရှောင်နေတယ် အဲဒီကဲ့သို့ ဖြစ်ရခြင်းသည် ရောဂါရှိ၍ ရောဂါသိမ်းတဲ့ပုဂ္ဂိုလ်က တစ်မျိုး၊ ရောဂါရှိလျက်နဲ့ ရောဂါဖြစ်ကြောင်းကို ကြိုးစားနေတဲ့ပုဂ္ဂိုလ်က တစ်မျိုး ရောဂါရှိလျက်နဲ့ ရောဂါဖြစ်ကြောင်းကို ကြိုးစားနေတဲ့ပုဂ္ဂိုလ်က တစ်မျိုး၊ ပုထုဇဉ်မိုက်တို့သည် ရောဂါရှိနေလျက် ရောဂါရှိနေလျက် ရောဂါဖြစ်ကြောင်း နောက်ထပ်ပေါ်အောင်လုပ်တာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ အရိယာတို့ကတော့ ရောဂါရှိ၍ နောက်ရောဂါဖြစ်ကြောင်းတွေကိုသိမ်းလိုက်တော့ နောက်ရောဂါဆက်နိုင်သေးရဲ့လား (မဆက်နိုင်တော့ပါ ဘုရား)။ ဒီပထမရောဂါပြီးရင် သူ့ရောဂါက သိမ်းသွားတယ် (မှန်ပါ)။

အရိယာမျက်လုံးတပ်ကြည့် လိုက်တော့

အရိယာမျက်လုံးတပ်ကြည့် လိုက်တော့လေ (မှန်ပါ)။ ပထမရောဂါပျောက်သွားရင် ရောဂါတုံးကြီးဖြစ်တဲ့ ခန္ဓာကြီးပျောက်သွာ်းတယ်ဆိုလို့ရှိရင် ရောဂါသိမ်းသွားတာပဲ (မှန်ပါ)။ မသိမ်းပါနဲ့ဆိုလို့ ရသေးရဲ့လား (မရတော့ပါ ဘုရား)။ သဘောပါပြီလား (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဒါဘယ့်နှယ်လုပ်ကြမှာတုံး တဲ့။ ရောဂါရှိလျက်နဲ့ ရောဂါဖြစ်ကြောင်းပဲရှာကြမလား ရောဂါရှိနေလို့ ရောဂါသိမ်းအောင်ပဲ လုပ်ကြမှာလား (ရောဂါသိမ်းအောင်လုပ်ရမှာပါ ဘုရား)။ ဒါလုပ်ရမှာပဲ (မှန်ပါ)။ ရောဂါသိမ်း အောင်လုပ်တဲ့လုပ်နည်းသည် ဘာတုံးလို့ဆိုရင် ရောဂါကို ရောဂါရယ်လို့သိတဲ့အသိဟာ ရောဂါသိမ်းအကြောင်းအလုပ်ပဲ (မှန်ပါ)။ ရောဂါကို ရောဂါရယ်လို့သိရင် (ရောဂါသိမ်းကြောင်းအလုပ်ပါ ဘုရား)၊ ရောဂါကို ရောဂါသိမ်းကြောင်း မလုပ်ဘဲနဲ့ ဒီရောဂါလေးကို ‘တစ်နေရာက တစ်နေရာရွှေ့လိုက်တယ်ဆိုတော့ တဏှာ၊ ဥပါဒါန်၊ ကံတွေလလာလို့ ရှိရင်ဖြင့် ရောဂါဖြစ်ကြောင်းကို ပြန်လုပ်တာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ရောဂါရှိတဲ့ပုဂ္ဂိုလ်က ရောဂါသိမ်းတာကတစ်မျိုးနော် (မှန်ပါ)၊ ရောဂါရှိလျက်နဲ့ ရောဂါဖြစ်ကြောင်းကို ကြိုးစားတာတစ်မျိုး (မှန်ပါ)၊ အဲဒီတော့ သိမှု- မသိမှုမှာတဲ့ အင်မတန်ခြားခြားနားနား ကွားသွားပါတယ် (မှန်ပါ)၊ ရောဂါရှိတာကို ရောဂါရှိတယ်လို့ သိတဲ့ပုဂ္ဂိုလ်ကတော့ ရောဂါသိမ်းတာ (မှန်ပါ)၊ ရောဂါရှိတာကို ရောဂါရှိတယ်လို့ သိတဲ့ပုဂ္ဂိုလ်ကတော့ ဂေါဂါသိမ်းတာ (မှန်ပါ)၊ ရောဂါရှိတာကို ရောဂါရှိတယ်လို့မသိဘူး၊ ပြောင်းလိုက်ခြင်းကြောင့် သူ့မှာ သက်သာတယ်ဆိုတဲ့ တဏှာ၊ ဥပါဒါန်၊ ကံတွေလာတဲ့ ပုဂ္ဂိုလ်ကတော့ ရောဂါမသိမ်းတဲ့အပြင်မှာ ရောဂါသစ်ဖြစ ်ကြောင်းကို ပြန်အားထုတ်နေတယ် (မှန်ပါ)၊ ရောဂါသစ်ဖြစ်ကြောင်းကို (ပြန်အားထုတ်ပါတယ် ဘုရား)၊ ပြန်အားထုတ်တော့ နောက်ခန္ဓာရောဂါကြီး မရပေဘူးလား (ရပါတယ် ဘုရား)။

မျက်လုံးကွားခြားသွားတာ

အဲဒါ – မျက်လုံးကွာခြားသွားတာလို့ တင်လှတို့က မှတ်ရမယ် (မှန်ပါ)၊ ဘယ်လိုမှတ်မတုံး (မျက်လုံးကွားခြားသွား တာ ပါ ဘုရား)။ မျက်လုံးကွားခြားသွားတာ အရိယာ မျက်လုံးတပ်ကြည့်တဲ့ပုဂ္ဂိုလ်ကတော့ ရောဂါဖြစ်ကြောင်းတွေသိမ်း တယ် (မှန်ပါ)၊ ပုထုဇဉ်မျက်လုံးအတိုင်းနဲ့ ဒီဟာ မကောင်းလို့ ဟိုဟာပြောင်းလိုက်တဲ့သဘော ပြောင်းခြင်းကို ကျေနပ်နေတဲ့ သဘောတွေကတော့ဖြင့် ရောဂါရှိလျက်နဲ့ ရောဂါဖြစ်ကြောင်းတွေကို ပြန်ပြီး ကြိုးစားပြန်တယ် (မှန်ပါ)၊ မခြားနားဘူးလား (ခြားနားပါတယ် ဘုရား)။ ရောဂါရှိလျက်နဲ့ (ရောဂါဖြစ်ကြောင်း ကြိုးစားနေတာပါ ဘုရား) ရောဂါဖြစ်ကြောင်းတွေကို ပြန်ပြီးကြိုးစားနေတယ်ဆိုတော့ ဪ- ဒါဖြင့် ဒီတရားဟာ သိပ်အဖိုးတက်သွားတယ် (မှန်ပါ)။ ဝိပဿနာလဲ အထူးရှာ စရာမလိုတော့ဘူး၊ ဒီခန္ဓာကြီးက ရောဂါထတိုင်းထတိုင်း ကြည့်ရုံပဲ (မှန်လှပါ ဘုရား)။

ကွေးတာက ဘယ့်နှယ့်ကြောင့် ဆန့်ကျင်ပါသတုံးဆို ကေါးနာပေါက်လို့ဆန့်တာဘယ့်နှယ်ကြောင့်တုံးဆို ဆန့်နာပေါက်လို့ (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)၊ အင်း- ဝတာ ဘယ်နှယ့်ကြောင့်ဖြစ်တုံးဆို ဝနာပေါက်တာပဲ၊ ဝနာကနေ တစ်ခါဆာနာပေါက်ပြန်တာပဲ၊ မပေါက်ကြဘူးလား (ပေါက်ပါတယ် ဘုရား)၊

အဲဒီတော့ ဒီဝနာရယ်၊ ဆာနာရယ်၊ ညောင်းနာရယ်၊ ကိုယ်နာရယ်၊ ကျွေးနာရယ်၊ ဆန့်နာရယ်၊ မျက်လုံးဖွင့်တဲ့အနာ၊ မျက်လုံးပိတ်တဲ့ အနာဆိုတာတွေကရှိ နေတော့ ဟိုနေရာကယား၊ ဒီနေရာကယားလို့ ဖျောက်ရတာ၊ အင်း – ဒီဥစ္စာဟူသရွေ့သည် သီလရှင်ကြီးရော၊ တင်လှတို့ရော အနာပေါက်လို့ သူတို့လှုပ်ရှားနေတာ (မှန်ပါ)၊ အဲဒီအနာပေါက်တာတွေကို အမြဲတမ်းသာ ဒုက္ခသစ္စာပါလား ၊ ဒုက္ခသစ္စာပါလား၊ ဘယ်သူ့မှ မငဲ့ပါလား၊ နှိပ်စက်နေတဲ့တရားတွေပါလား၊ နှိပ်စက်နေတဲ့ တရားတွေပါလားလို့ ပေါ်တဲံနေရာကို ကိုယ်က အကုန်လိုက်ကြည့်ရမယ် (မှန်ပါ)၊ ပေါ်တဲ့နေရာကို အကုန်လိုက်ကြည့်ပါ (မှန်လှပါ ဘုရား)။

ရောဂါကရောဂါ၊ ကြည့်တာက မဂ်ပညာ

လိုက်ကြည့်တဲ့အခါကျတော့ ရောဂါကရောဂါ၊ ကြည့်တာက မဂ်ပညာလာဖြစ်တာပဲ (မှန်ပါ)၊ ခန္ဓာကိုယ်က ရောဂါ ၊ နော် (မှန်ပါ)၊ ကြည့်တာက မဂ်ပညာလာဖြစ်လာတော့ ရောဂါဖြစ်ကြောင်းတွေ မသိမ်းဘူးလား (သိမ်းပါတယ် ဘုရား)၊ တဏှာ၊ ဥပါဒါန်၊ ကံတွေသိမ်းသွားတယ် (မှန်ပါ)၊ သိမ်းတော့ နောက်ရောဂါတုံး ရောဂါခဲကြီး ပေါ်သေးရဲ့လား (မပေါ်တော့ပါ ဘုရား)။

အဲဒါ- အရိယာမျက်လုံး တပ်ကြည့်တဲ့ပုဂ္ဂိုလ်များကျတော့ ရောဂါရှိလို့ ရောဂါသိမ်းပါတယ် (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)၊ ပုထုဇဉ်မျက်လုံးနဲ့နေတဲ့ပုဂ္ဂိုလ်ကတော့ ရောဂါရှိ၍ ရောဂါဖြစ်ကြောင်း ရှာပါတယ် ၊ အနာရှိတဲ့ ပုဂ္ဂိုလ်ကတော့ ရောဂါရှိ၍ ရောဂါဖြစ်ကြောင်း ရှာပါတယ်၊ အနာရှိလျက်နဲ့ အနာရှာတယ် (မှန်ပါ)၊ အနာဖြစ်ကြောင်းတွေ ရှာပါတယ်ဆိုရင် လွဲသလား (မလွဲပါ ဘုရား)။

အဲဒါ – သေသေချာချာစဉ်းစားပြီး နာတော့မှ၊ ဪ – ဒီလိုပါလား, ဒီလိုပါလား ဒါဖြင့် တို့ ဝိပဿနာရှုရမှာ ဘာပါလိမ့်မတုံးဆိုတော့ ကိုယ့်ခန္ဓာကိုယ်ထဲကို ရောဂါပေါ်တိုင်းသာကြည့်ပေး၊ ရောဂါကလဲ ပြတ်ကိုမပြတ်ဘူး (မှန်ပါ)၊ ပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား)၊

ကွေးလိုက်တာ၊ ဆန့်လိုက်တာ၊ တိုင်မှီလိုက်တာ ၊ အင်း – ခါးကုန်းကုန်းလေးနေ လိုက်တာ ၊ တော်ကြာကျလို့ရှိရင် ဒူးတုပ်ပြင်လိုကတာ – ဟ- ဘာဖြစ်တာတုန်းလို့ မေးလို့ရှိရင် ဘယ်နှယ်ပြောကြမတုန်း ဆို ရောဂါထလာတာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊

သစ္စာဆိုက်အောင်သာကြည့်ပေး

ဘာဖြစ်တာတုံး (ရောဂါထတာပါ ဘုရား)၊ အဲဒီတော့ ဒါ နှိပ်စက်နေတာပါလား၊ နှိပ်စက်နေတာပါလားဆိုပြီး သစ္စာဆိုက်အောင်သာကြည့်ပေး (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။ နှိပ်စက်နေတာမဟုတ်ဘူးလား ဟုတ်သလား (ဟုတ်ပါတယ် ဘုရား)၊ သူတစ်ပါက လာနှိပ်စက်တာလား ခန္ဓာကြီးက နှိပစ်စက်နေတာလား (ခန္ဓာကြီးက နှိပ်စက်နေတာပါ ဘုရား)။

ဒါဖြင့် – နှိပ်စက်တတ်တဲ့ ခန္ဓာကို ဘာသစ္စာလို့ဆိုကြမတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒီကျတော့မှ ဒုက္ခသစ္စာ’ာ လောလောကြီးပေါ်လာတယ် (မှန်ပါ)၊ ဪ – ခန္ဓာကြီးက ဒီလိုနှိပ်စက်ပြီးသကာလနေပါလား၊ ဒါကြောင့် – နကုလပီတာ တို့ကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောတော်မူတယ်၊ လူမိုက်ဖြစ်ရင် ရောဂါကင်းတယ် ပြောမှာပဲတဲ့၊ လူလိမ်္မာ ဖြစ်ရင်တော့ ဘယ်အချိန်မှ ရောဂါမကင်းဘူးဆိုတာကို ပြောရမှာပဲတဲ့ (မှန်ပါ)၊ လူမိုက်ချန်လှပ်ပါတဲ့၊ လူလိမ္မာဟူ သရွေ့ ဘယ်အချိန်မှ ရောဂါကင်းတယ်လို့ရှိပါ့မလား (မရှိပါ ဘုရား)၊ မရှိပါဘူး – ကွေးနာရယ်၊ ဆန့်နာရယ်၊ ကျင်ကြီးနာရယ်၊ ကျင်ငယ်နာရယ်၊ ဆာနာရယ်၊ ဝနာရယ်၊ ဟုတ်လား (မှန်ပါ)၊ ဗြုန်းဆို နားထောင်၊ နားထောင် ကြားတယ်ဆို ကြားတဲ့စိတ်ကလေးကြောင့်ပဲ တစ်ခါတည်း မခံချင်တဲ့အနာတွေ မလာဘူးလား (လာပါတယ် ဘုရား)၊ ကြားတဲ့စိတ်ကလေးကြောင့် ကောင်းတဲ့အနာတွေ၊ လောဘနာတွေကော မပေါက်ဘူးလား (ပေါက်ပါတယ် ဘုရား)။

ဒီတော့ကို – ဘာပဲပေါ်လာလာ၊ ခန္ဓာကိုယ်ထဲမှာ အနာပေါ်တာချည်းလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)၊ ဘာပဲပေါ်လာလာ (အနာပေါ်လာတယ်လို့ ဆုံးဖြတ်ချက်ချရမှာပါ ဘုရား)၊

အနာပေါ်တယ်လို့ ဆုံးဖြတ်ချက်ချ

အနာပေါ်တယ်လို့ ဆုံးဖြတ်ချက်ချလို့ရှိရင် ဖြင့် အနာက အနာ၊ ပေါ်တယ်လို့ ဆုံးဖြတ်ချက်ချတာက မဂ္ဂသစ္စာ၊ အနာက ဒုက္ခသစ္စာ၊ ပေါ်တယ်လို့ ဆုံးဖြတ်ချက်ချတာက မဂ္ဂသစ္စာ၊ အနာက ဒုက္ခသစ္စာ၊ ပေါ်တယ်လို့ ဆုံးဖြတ်ချက်ချတာက (မဂ္ဂသစ္စာပါ ဘုရား)၊ မဂ္ဂသစ္စာ အနာက ဒုက္ခသစ္စာ၊ ပေါ်တယ်လို့ ဆုံးဖြတ်ချက်ချတာက (မဂ္ဂသစ္စာပါ ဘုရား)၊ မဂ္ဂသစ္စာဆိုတော့ မဂ်လာလို့ရှိရင် တဏှာ၊ ဥပါဒန်၊ ကံချုပ်မှပဲ (မှန်ပါ)၊ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)၊ ချုပ်လို့ရှိလျှင် နောက် အနာခန္ဓာကြီး လာဦးမှာလား (မလာတော့ပါ ဘုရား)။

အဲ- ထိုကဲ့သို့ မလာတာသည် ရောဂါရှိတဲ့ ပုဂ္ဂိုလ်မို့ ရောဂါသိမ်းနေတာ ၊ ရောဂါဖြစ်ကြောင်းတွေ အကုန်သိမ်း နေတာပဲ (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) ရောဂါရှိတဲ့ပုဂ္ဂိုလ်ဟာ ရောဂါဖြစ်ကြောင်းကို သိမ်းတဲ့အတွက် လူလိမ္မာပေါ့ (မှန်ပါ)။

ရောဂါရှိလျက်နဲ့ ရောဂါဖြစ်ကြောင်းကို နောက်ထပ်ကြိုးစားတဲ့ပုဂ္ဂိုလ်ဟာ လူမိုက်ပေါ့ (မှန်ပါ)၊ မဆိုနိုင်ဘူးလား (မဆိုနိုင်ပါတယ် ဘုရား)၊ လူမိုက်နဲ့ လူလိမ္မာကော ကွဲပလား (ကွဲပါပြီ ဘုရား)။ ဒါဖြင့် ဝိပဿနာရှုတဲံ ပုဂ္ဂိုလ်ဟာ လူလိမ္မာပဲ (မှန်ပါ)၊ ဝိပဿနာမရှုတဲ့ ပုဂ္ဂိုလ်ဟာ ရောဂါဖြစ်ကြောင်း နောက်ထပ်အားထုတ်လို့ လူမိုက်ပဲ (မှန်ပါ)၊ ဆိုနိုင်ပြီလား (ဆိုနိုင်ပါပြီ ဘုရား)။

လူမိုက်နဲ့ လူလိမ္မာဆိုတာ

အဲဒီတော့ – လူမိုက်နဲ့ လူလိမ္မာမှာ အနာရှိလို့ အနာပျေက်အောင် ကြိုးစားတဲ့ ပုဂ္ဂိုလ်ဟာ စဉ်းစားကြည့်ပါတဲ့ နောက် အနာမပေါက်အောင် အနာဖြစ်ကြောင်းတွေ သိမ်းနေတာဟာ လူလိမ္မာ (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) ရောဂါရှိလျက်နဲ့ နောက် အနာဖြစ်ကြောင်း ကြိုးစားနေတဲ့ပုဂ္ဂိုလ်ကို ဘယ့်နှယ်ဆိုကြမတုံး (လူမိုက်ပါ ဘုရား)၊ အဲ – လူမိုက်နဲ့ လူလိမ္မာဆိုတာကို မင်းတို့ အချိန်တိုင်း ဝေဖန်လို့ရှိရင်လဲ ဒါ ပြီးသွားတာပဲ (မှန်ပါ)။ အချိန်တိုင်း ဝေဖန်လိုက်လို့ရှိရင် လူမိုက်နဲ့ လူလိမ္မာဟာ ထူးခြားသွားတာပဲ (မှန်လှပါ ဘုရား)။

အဲဒီတော့ သတိပညာနဲ့ အမြဲတမ်း ရောဂါရှိတိုင်းကြည့်ပြီး ဒါ – ဒုက္ခသစ္စာပါလား ဒုက္ခသစ္စာပါလားလို့ ၊ဏ်နဲ့ကြည့် – ကြည့်ကြည့်- ကြည့်နေတဲ့ ပုဂ္ဂိုလ်ကတော့ဖြင့် ရောဂါသိမ်းနေတာပဲ၊ ဒီ ခန္ဓာရောဂါကြီးချုပ်သွားလို့ရှိရင် နောက်ခန္ဓာရောဂါတုံး ရောဂါခဲတွေလာပါ့မလား (မလာတော့ပါ ဘုရား)၊ ဘာဖြစ်လို့တုံးဆိုတော့ ရောဂါဖြစ်ကြောင်း သိမ်းလိုက်လို့ (မှန်ပါ)၊ တဏှာ၊ ဥပါဒါန်၊ ကံတွေသိမ်းလိုက်တဲ့အတွက် ရောဂါဖြစ်ကျိုး ဖြစ်တာတွေ လာသေးရဲလား (မလာတော့ပါ ဘုရား)။

အဲဒီတော့ကို ဒီဘက် သမုဒယ သစ္စာချုပ်တယ်၊ နောက်လာမယ့် ခန္ဓာကြီးကတော့ မချုပ်ဘူးလား (ချုပ်ပါတယ ် ဘုရား)။ အေး သမုဒယကို ဒုက္ခချုပ်တာပဲဆိုတာ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား) သမုဒယနဲ့ ဘာတုံး (ဒုက္ခပါ ဘုရား)၊ အေး ဒီဘက်ကတဏှာ၊ ဥပါဒန်၊ ကံ ဒီရောဂါသိနေတဲ့မဂ်လာလို့ရှိရင် ဒါမလာတော့ ဒီသမုဒယသုံးခုတော့ ချဉ်သွားတော့ နောက်လာမယ့် ခန္ဓာငါးပါးဆိုတဲ့ ခန္ဓာငါးပါးကြီးဟာ လာနိုင်သေးရဲ့လား (မလာနိုင်တော့ပါ ဘုရား)၊ မလာနိုင်လို့ ချုပ်သွားတော့ သမုဒယနဲ့ ဒုက္ခချုပ်တယ် (မှန်ပါ)၊ ရောဂါသိတဲ့ပုဂ္ဂိုလ်သည် ရောဂါဖြစ်ကြောင်းနဲ့ ရောဂါဖြစ်ကျိုး ချုပ်တယ် (မှန်ပါ)၊ ရောဂါဖြစ်ကြောင်းကသုံး၊ ရောဂါဖြစ်ကျိုးက ခန္ဓာငါးပါး (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ရောဂါကြောင့် ရောဂါရတဲ့ပုဂ္ဂိုလ်များတယ်

ဒါဖြင့် သီလရှင်ကြီးတို့ တင်လှတို့ပဲ စဉ်းစားကြည့်ကြပါ၊ ဪ- ရောဂါကြောင့် ရောဂါရတဲ့ပုဂ္ဂိုလ်များတယ်နော် (မှန်ပါ)၊ ရောဂါကို ဆေးမကုလို့ ရောဂါဖြစ်ကြောင်းချည်း ပြန်ကြိုးစားနေတဲ့ လူမိုက်တွေကများတယ် (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)၊

ရောဂါသိမ်းတဲ့ပုဂ္ဂိုလ်က (နည်းပါတယ် ဘုရား)၊ နည်းတယ်ဆိုတာ အလုပ်တရား ကြိုးစားတဲ့ပုဂ္ဂိုလ် မှ သစ္စာသိတဲ့ပုဂ္ဂိုလ်မှ ရောဂါဖြစ်ကြောင်း သိမ်းတဲ့ပုဂ္ဂိုလ် ရောဂါဖြစ်ကျိုးသိမ်းတဲ့ပုဂ္ဂိုလ်ကို မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)။

အေးဒါကြောင့်တဲ့ ဒီရောဂါဖြစ်ကြောင်ကို သိမ်းတတ်တဲ့ပုဂ္ဂိုလ်ဟာ အင်မတန်ရှားပါတယ် (မှန်ပါ)၊ မရှားဘူလား (ရှားပါတယ် ဘုရား)၊ အင်မတန်ရှားပါတယ်တဲ့၊ ဒါ အလုပ်မလုပ်ဘဲနဲ့ သိမ်းလို့ကော ရရဲ့လား (မရပါ ဘုရား)။ မရဘူး တဲ့ အလုပ်လုပ်သိမ်းမှသာလျှင် ရနိုင်တယ်ဆိုတာက အထူးတလည် သေချာနေပါတယ် (မှန်ပါ)၊ ဒါကြောင့် ဝိပဿနာ ဘယ်ဟာရှုရမှာတုံးဆို ၊ အို – ရောဂါပေါ်တိုင်းရှုဆိုတော့ ကိုမြတို့၊ မောင်ချစ်စိန်တို့ ရှုစရာအကွက်ချည်းတွေ့မှာပဲ (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)။ ထပ်ရှာနေစရာလိုသေးလား (မလိုတော့ပါ ဘုရား)၊ အင်း ကွေးနာ၊ ဆန့်နာ ပနာဆာနာ အစရှိတဲ့ဟာတွေ မလာဘူးလားကွာ (လာပါတယ် ဘုရား)၊ ပြီးတော့ ကြားနာ မြင်နာတွေကော (လာပါတယ် ဘုရား)၊ ဘာစိတ်ပေါ်ပေါ် ဒါအနာပေါ်တာသာမှတ်ပါကွ (မှန်ပါ)၊ ဘာဝေဒနာပေါ်လာ – ပေါ်လာ (အနာပေါ်တာပါ ဘုရား)။

အနာပေါ်တာသာချည်းပဲလို့ သွင်းလိုက်လို့ရှိရင်ဖြင့် ဒါတွေ ဒုက္ခသစ္စာတေါပဲ ဒါတေါ ဒုက္ခသစ္စာတွေပဲ ၊ ဒုက္ခနာတွေပဲ၊ ဒုက္ခနာတွေပဲလို့သာ သွင်းလိုက်မယ်ဆိုလို့ရှိရင် ခန္ဓာကိုယ်ထဲမှာတော့ ဒီအပြောင်းအလဲ ဖြစ်ပျက်တွေက ပုံနေတာပဲ (မှန်ပါ)၊ မင်းတို့က မကြည့်ဘဲနေရင်တော့ သူကတော့ဖြင့် တစ်ခုပြီးတစ်ခု ပြောင်းလွဲပြီးသကာလ အမျိုး အမျိုးမျိုးအဖုံဖုံမနေဘူးလား (နေပါတယ် ဘုရား)။

သိတဲ့ပုဂ္ဂိုလ် မသိတဲ့ပုဂ္ဂိုလ်

ဟာ ဒါဖြင့် အခု ပုဂ္ဂိုလ်နှစ်ယောက် ထူးခြားပြီးလားတဲ့ ယနေ့ညဟောတဲ့တရားမှာ (ထူးခြားပါတယ် ဘုရား) ရောဂါရှိတာကို ရောဂါရှိတယ်လို့သိတဲ့ပုဂ္ဂိုလ်က ရောဂါသိမ်းတယ် (မှန်ပါ)၊ ရောဂါရှိတာကို ရောဂါရှိမှန်းမသိတဲ့ပုဂ္ဂိုလ်က ရောဂါဖြစ်ကြောင်းကိုပဲ ပြန်ကြိုးစားတယ် (မှန်ပါ)၊

ဒါဖြင့် လောကီဥပမာပြောကြစို့ဆိုတော့ ခန္ဓာထဲမှာ ငှက်ဖျားဆိုတဲ့ ရောဂါလုံးလေးရှိတာကို မသိတဲ့ပုဂ္ဂိုလ်က သူနဲ့မတည့်တဲ့ အစာတွေချည်းစားတော့ နောက်ထပ်ဖျားဖို့ချည်းဖြစ်နေတယ် (မှန်ပါ)၊ သိတဲ့ပုဂ္ဂိုလ်ကတော့ သူနဲ့မတည့်တဲ့ အစာတွေမစားဖို့ ၊ ရောဂါပျောက်စေတတ်တဲ့ဆေးတွေကို စားလိုက်မယ်ဆိုလု့ိရှိရင် ငှက်ဖျားပျောက်သွားမှာပေါ့ (မှန်ပါ)။ ဒါဖြင့် ငှက်ဖျားရှိလျက်နဲ့ မသင့်တာ စားတဲ့လူမိုက်ဟာ ပုထုဇဉ်နဲ့တူတယ် (မှန်ပါ) ငှက်ဖျားရှိတာကို မသင့်တာမစားတော့ဘူး၊ ရောဂါပျောက်ဆေးသာ စားတော့မယ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ အရိယာတို့၏ ပတည့်သားနဲ့တူတယ် (မှန်ပါ)၊ မခြားနားဘူးလား (ခြားနားပါတယ် ဘုရား)။

အဲဒါ – ယနေ့ည ဘာတရားဟောနေတာတုံးလို့မေးလို့ရှိရင်ဖြင့် ဝိပဿနာဆိုတာ နေရာတိုင်းမှာ လုပ်နိုင်တာတွေလဲ သိပါစေတော့လို့ ဟောတာပဲ (မှန်ပါ)၊ ဝိပဿနာဟာ ရောရွေးနေဖို့လိုသေးလား (မလိုပါ ဘုရား) ပေါ်ရာဟာ ရောဂါချည်းပဲ မဟုတ်လား (မှန်ပါ)၊ အဲဒီတော့ ကြားစိတ်ပေါ်လဲ ရောဂါပဲ၊ နံစိတ်ပေါ်လည်း ရောဂဂါပဲ၊ စားစိတ်ပေါ်လဲ ရောဂါပဲ၊ အေး ယားစိတ်ယံစိတ်ပေါ်လဲ ရောဂါပဲ ၊ ကြံစိတ်စည်စိတ်ပေါ်လာရင်ကော (ရောဂါပဲပါ ဘုရား)။ ဒါရောဂါချည်းပဲတဲ့ ရောဂါဟုတ်ယ်၊ မဟုတ်တယ်ကို စဉ်းစားကြည့်စမ်းပါလား ဖျတ်ခနဲ သူ့ရောဂါနဲ့သူသေ သေသွေားတာပဲ (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ ရောဂါနဲ့လူက သူ့ရောဂါနဲ့သူ မသေဘူးလား (သေပါတယ် ဘုရား)၊ သေတော့ ဒါရောဂါတွေမို့လို့ ရောဂါနဲ့သေသွားတာဆိုတော့ သူ့ခင်တဲ့ပုဂ္ဂိုလ်ကို တော့ မနှိပ်စက်ဘူးလား၊ နှိပ်စက်သလား (နှိပ်စက်ပါတယ် ဘုရား)။

သိတာဟာ မဂ္ဂသစ္စာ

နှိပ်စက်တော့ကိုတဲ့ ဒါ ဒုက္ခသစ္စာပဲ၊ သိတာဟာ မဂ္ဂသစ္စာပဲ ၊ ရောဂါဖြစ်ကြောင်း သေတာက သမုဒယချုပ်တာ နောက်ရောဂါ မလာတာက နိရောဓသစ္စာပဲဆိုတော့ မရှင်သေးဘူးလား (ရှင်းပါပြီ ဘုရား)၊

အဲဒါကို နင်တို့ ဟိုကျတော့ တရားအထူး ရှာမနေနဲ့တော်တဲ့ ဪ ပေါ်လာတာတွေဟူသရွေ့ ရောဂါချည်းပဲ၊ ရောဂါချည်းပဲ ရောဂါချည်းပဲလို့ ဒုက္ခသစ္စာပဲ ၊ ဒုက္ခသစ္စာပဲလို့သာ ပွားနေရုံပဲ (မှန်ပါ)၊ ပါးစပ်က မမြည်ပါနဲ့ ၊ ဒုက္ခသစ္စာပေါ်တိုင်းပေါ်တိုင်း သိနေဖို့ပဲ အရေးကြီးတယ် (မှန်ပါ)၊ သိလို့ရှင်ရောဂါဖြစ်ကြောင်းက သေသွားတာပဲ၊ ရောဂါဖြစ်ကျိုးက အကြောင်းသေတဲ့ အတွက် အကျိုးတရားဟာ လာနိုင်သေးရဲ့လား (မလာနိုင်တော့ပါ ဘုရား) ဘယ်နည်းနဲ့မှ မလာနိုင်ဘူးဆိုတာ ကောင်းကျောင်း ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

ဒါ ဘာဟောတာတုန်းလို့မေးတော့မှ ဟောဒီရောဂါက ဒုက္ခသစ္စာ ရောဂါသိတာက မဂ္ဂသစ္စာ ရောဂါ ဖြစ်ကြောင်းချုပ်တာက သမုဒယသေတာ ဟုတ်ပြီလား (မှန်ပါ)၊ ရောဂါဖြစ်ကျိုး မလာတာက နိရောဓသစ္စာ (မှန်ပါ_) ဆိုတော့ ဪ သစ္စာမလွတ်အောင်ဟောတဲ့ တရားပါလား ၊ သစ္စာလေးပါး ဟောနေပါလား သို့သော် လေးပါးပေမယ့်လဲ ကိုယ်ကအရိယာတို့၏ တပည့်သားဖြစ်နေတော့ ရောဂါတိုင်းဖြစ်တိုင်း ဖြစ်တိုင်း သိနေလို့ရှိရင်ဖြင့် ဖြစ်ပျက်သိနေလို့ရှိရင် ဖြင့် ဒါကိစ္စပြီးတာပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)၊

ရောဂါကတော့ ဘယ်တော့နားသေးတုံး (မနားပါ ဘုရား)။ အဲမနားတိုင်း မနားတိုင်း ကြည့်ပေး – သိပေး၊ ကြည့်ပေး – သိပေး၊ ကြည့်ပေးသိပေးလို့ရှိရင် ဒါ ကိစ္စပြီးမယ်ဆိုတာ ဆုံးဖြတ် ချက် ချပါ (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ – ဒီနေ့ ဒီတင်တော်ကြဦး။

သာဓု – သာဓု – သာဓု။