မဂ္ဂင်သည်သာ အားကိုးရာအစစ်ဖြစ်ပုံ
ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး၊
အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း
မင်္ဂလာရိပ်သာကျောင်းတိုက်၌ ဟောကြားဆုံးမတော်မူသော
မဂ္ဂင်သည်သာ အားကိုးရာအစစ်ဖြစ်ပုံ
ရေနစ်နေတဲ့ပုဂ္ဂိုလ်တစ်ဦး
ရေနစ်နေတဲ့ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရှိတယ်၊ ရေနစ်နေတဲ့ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် ရှိပါတယ်။
အဲဒီ ရေနစ်နေတဲ့ပုဂ္ဂိုလ်ဟာ လှေတွေကလဲနစ်သွားပြီ၊ သင်္ဘောကလဲ နစ်သွားပြီ ဆိုတော့ သူဘယ်သူ့ကို အားကိုးမလဲလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)၊ သူကိုယ်တိုင်ပဲ အားကိုးရမယ် (မှန်ပါ)၊ ဘယ်သူ့မှ သူအားကိုး လို့ မဖြစ်တော့ဘူး ကိုယ့်ကိုယ်၏ စွမ်းပလားသတ္တိကိုပဲ အားကိုးရတော့မယ် (မှန်လှပါ ဘုရား)။
ကိုယ့်ကိုယ်၏ စွမ်းပကားသတ္တိကိုပဲ အားကိုးရတော့မယ်ဆိုတော့ သူရေကိုအားကိုးလဲ နစ်မှာပဲ (မှန်ပါ)၊ ဒါဖြင့် သူ့အားအင်ဗလကိုပဲ အားအင်ဗလနဲ့ ကူးတတ်တဲ့သတ္တိ ဖော့တက်တဲ့သတ္တိ၊ ဒါတွေကိုလဲ အားကိုးရတော့မယ် ဒိပြင် အားကိုးစရာသဘောရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။
တဏှာရေထဲမှာ မျောနေကြပါတယ်
အဲ- ဒီမှာလဲတဲ့၊ ဒကာ ဒကာမတွေ နေကြတာ တဏှာရေထဲမှာ မျောနေကြပါတယ်၊ စားဖို့ရှာရ၊ ဝတ်ဖို့ရှာရ ၊ အိပ်ဖို့ရှာရ ထိုင်ဖို့ရှာရာ၊ ကုဋိကျင်ငယ်သွားလာဖို့ အိမ်သာ အစရှိသည်တို့ကို ရှာရတာသည် ကိလေသည ရေထဲမှာ မျောနေရပါတယ်၊
အဲဒီ – ကိလေသာရေထဲမှာ မျောနေတဲ့ပုဂ္ဂိုလ်ဟာ ဒီ – ကိလေသာရေထဲမှာမျောပြီး ကိလေသာ ရေထဲမှာ ပဲ နစ်သွားမယ်ဆိုရင်ဖြင့် အပါယ်လေးပါးကိုရောက်သွားမှာပဲ (မှန်ပါ)၊ မရောက်ပေဘူးလား (ရောက်မှာပါ ဘုရား)၊ ဒီကိစ္စတွေနဲ့သာ အချိန်ကုန်ကြည့်ပါ စားရေး၊သောက်ရေး၊ နေရေ၊ထိုင်ရေး တဏှာခိုင်းတာတွေကို လျှောက်လုပ်ပြီး သကာလ ဒီအရေးတွေနဲ့သာ လျှောက်ပြီးလုပ်နေကြမယ်ဆိုလို့ရှိရင် ဒီကလေသာရေထဲမှာပဲ နစ်ရမှာပဲ ၊ သူခိုင်းတဲ့အထဲမှာပဲ အို,နာ, သေ နစ်မြုပ်ပြီး မနေရဘူးလား (နေရပါတယ် ဘုရား)၊ ဒီလိုနေရမှာပဲတဲ့ ကိလေသာရေထဲမှာပဲ နစ်မြုပ်ရမှာပဲဆိုတာဟာ သေချာပါတယ် (သေချာပါတယ် ဘုရား)။
ဒါကို-အခုဆရာသမားက ပြောပြနေပါတယ် ၊ ဆရားသမားက ပြောနေတာဟာ မင်းတို့အခု လုပ်ကိုင်နေတာတွေက နေရာမကျပါဘူး ကိလေသာရေထဲမှာ တောင် မျောသွား၊ မြောက် မျောသွားနဲ့၊ အစာရှာထွက် နေကြတာဟာ မျောတာချည်းမှတ်ရမယ် (မှန်ပါ)၊ အဝတ်ရှာထွက်တာကော (မျောတာပါ ဘုရား)၊ ဒီအထဲမှာ မျောရင်းမတ္တနဲ့ပဲ တော်ကြာမြုပ်သွားမယ်ဆိုလို့ရှိရင်ဖြင့် ကိလေသာရေထဲမှာပဲ နစ်စရာမျောစရာရှိတော့တယ်၊ ကူးခတ်ရာမှာလဲ အားမထုတ်ကြတော့ဘူးဆိုလို့ရှိရင်ဖြင့် နစ်မြုပ်ရုံပဲ ရှိတော့မှာပဲ (မှန်လှပါ ဘုရား)။
ကိလေသာရေထဲမှာ မျောနေတယ်
အခု ဒကာ,ဒကာမတွေ နေကြထိုင်ကြတာတွေဟာ ကိလေသာရေထဲမှာ မျောနေတယ်ဆိုတာဟာ ရှင်းမနေကြ ဘူးလား (ရှင်းပါတယ် ဘုရား)။ ဟိုအိမ်ကြည့်လိုက်လဲ ကိလေသာရေထဲမှာ မျောနေတာပဲ (မှန်ပါ)၊ ဒီအိမ်ကြည့်လိုက်လဲ (ကိလေသာရေထဲမှာမျောနေပါတယ် ဘုရား)၊ ကိလေသာရေထဲချည်း မျောနေကြတာပဲ ၊ ကိုးစားရာ၊ အားထားရာက မရှိသေးဘူး (မှန်ပါ)၊ ခုနက ရေနစ်နေတဲ့ပုဂ္ဂိုလ်ဟာ ဘာမှ အားကိုးစရာမရှိတော့ကိုယ့်ကိုယ်ကို အားကိုးရတယ် (မှန်လှပါ ဘုရား)။
ဒီမှာလဲ ဒကာဒကာမတို့ မဂ္ဂင်ဖောင်ကို လုပ်ဖြစ်အောင်လုပ်ပြီး အားကိုးမှရမှာပဲ (မှန်ပါ)၊ ဒီဖောင်ကို သူများက ဆုတောင်းနဲ့လုပ်ပေးလို့လဲ မရဘူး (မရပါ ဘုရား)၊ ကိုယ့်ဟာကိုယ် ရှုပြီး ပြင်ဆင်မှသာလျှင် မဂ္ဂင်ဖောင်ကလဲ ဖြစ်နိုင်တယ် (မှန်ပါ)၊ ကိုယ့်ဟာကိုယ် မရှုလို့ရှိရင် (မရနိုင်ပါ ဘုရား)၊ မရှုလို့ရှိရင် မဂ္ဂင်ငါးပါးတောင် မဖြစ်ပါဘူး (မှန်ပါ)၊ မဂ္ဂင်ရှစ် ပါးဆိုတာ ဝေးစွ၊ မဂ္ဂင်းငါးပါးတောင် မဖြစ်ပါဘူးဆိုတာကို မှတ်ထားကြပါ (မှန်လှပါ ဘုရား)။
မဂ္ဂင်ဖောင်ကြီး မပြင်ဆင်ဘူးဆိုရင်
အဲဒီတော့ ဒီအထဲမှာပဲ နစ်နေမှန်းသိလျက်နဲ့ ဒီမဂ္ဂင်ဖောင်ကြီးကို မပြင်ဆင်ကြတော့ဘူးဆိုလို့ရှိရင်ဖြင့် ကိုယ်ကျိုးနည်းဖို့ ကြိုးစားနေကြတယ်လို့ဆိုရင် မလွဲပါဘူး (မလွဲပါဘူး ဘုရား)၊ သားရေး သမီးရေး၊ စီးပွားရေးတွေဟာ ကိလေသာရေထဲမှာ မျောတယ်လိုဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)၊ မင်းတို့လခစားတွေ အထည်ရောင်းတဲ့ လူတွေ မုန့်ရောင်းတဲ့သူတွေ အမျိုးမျိုးအဖုံဖုံဟာ ကိလေသာရေထဲမှာ မျောနေကြတာပဲ (မှန်ပါ)၊ ကိလေသာခိုင်းရာ သွားနေကြရတယ် (မှန်ပါ)၊ သူ့မှာ အားကိုးစရာဘာရှိတုံးလို့မေးလို့ရှိရင် ဘာမှ မရှိသေးဘူး ၊ မျောတုံးပဲ ရှိသေးတ် (မှန်လှပါ ဘုရား)။
အဲဒါကြောင့် မျောတဲ့အလုပ်သည်ကားလို့ဆိုရင် ကြာရှည်မမျောနိုင်ဘူး၊ မြုပ်ရလိမ့်မယ် (မှန်ပါ)၊ မျောတဲ့အလုပ် ဟာ မြုပ်ခြင်းမှာ လမ်းဆုံးရမှာပဲဆိုတာကို မှတ်ထားရလိမ့်မယ် (မှန်ပါ)၊
အဲဒါ ကိုယ်ကဖြင့် အသက်အရွယ်တွေလဲကြီးပြီ ဒီက ဒကာကြီးတွေဆို အသက်အရွယ်အတော်ကြီးပြီ တင်လှတို့ဆိုလဲ ကြီးကုန်ပြီ ဒီမျောတဲ့အလုပ်နဲ့ပဲ အချိန်ကုန်လာခဲ့ကြရ တယ် (မှန်ပါ)၊ ဘယ်အချိန်မြုပ်မယ်ဆိုတာကလဲ မသိကြဘူး (မသိပါ ဘုရား)၊ မြုပ်မှာကတော့လဲ ဒီအတိုင်းသာနေရင် မြုပ်မယ်ဆိုတာက သေချာနေပါတယ် (သေချာပါတယ် ဘုရား)။
မြုပ်ရင်လဲ ဘယ်တော့မှ မပေါ်ဘူး
အဲဒါ ပညာသင်နေတဲ့ ပုဂ္ဂိုလ်တွေလဲ ထို့အတူပဲ၊ ကိလေသာထဲ မျောနေတုန်းပဲ (မှန်ပါ)၊ ပရိယေသနရှာဖို့ သင်နေကြတာကိုး (မှန်ပါ)၊ အဲ သူလဲ မျောတုန်းပဲဆိုတာ မှတ်ကြရမယ် (မှန်ပါ) ယုတ်စွအဆုံး တိုတိုပြောလိုက်ပါ့ မယ် တဏှာခိုင်းတာတွေကို လုပ်နေသရွေ့ ကိစ္စဟူသရွေ့ဟာက မျောတဲ့အလုပ်ချည်းလို့ မှတ်ကြပါ (မှန်ပါ)၊ မျောပါများလို့ ဒီတဏှာခိုင်းရင်းနဲ့ပဲ သေသွားမယ်ဆိုရင် မြုပ်သွားရမယ် (မှန်ပါ)၊ မြုပ်ရင်လဲ ဘယ်တော့မှ မပေါ်ဘူးဆိုတဲ့ဥစ္စာကို တစ်ခါတည်း မှတ်ထားကြပါ (မှန်ပါ)၊ မြုပ်ရင်လဲ (ဘယ်တော့မှ မပေါ်တော့ပါ ဘုရား)။
ဘယ်တော့မှ မပေါ်တော့ဘူးဆိုတော့ကို ခုနက ရေနစ်နေတဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူ့ကို အားကိုးမယ် (ကိုယ့်ကိုယ် ကို အားကိုးရမှာပါဘုရား၊ ဒီမှာလဲ ကိုယ့်ကိုယ်ဆိုတာ မဂ္ဂင်ကို ဆိုပါသည် (မှန်ပါ)၊ သေချာမှတ်ပါ (မှန်ပါ)၊ ကိုယ့်ကိုယ်ဆိုတာ ဘာဆိုတာပါလိမ့် (မဂ္ဂင်ပါ ဘုရား)၊ အဲ – ကိုယ့်ကိုယ်ကို အားကိုးပြီး ကိုယ့်ခြေကိုယ့်လက်နဲ့ယက်ပြီး ကမ်းဆီသို့မရောက် ရောကက်အောင် ကမ်းဆီသို့ကူးနိုင်၊ သောင်ဆီသို့ ကူးနိုင်လို့ရှိရင်တော့ဖြင့် ချမ်းသာခွင့်ရကြ မှာပေါ့လေ (မှန်ပါ)၊ အဲ – ကိုယ့်မဂ္ဂင်ဖောင်နဲ့ ကိုယ်ကူးမှ ကိုယ့်နိဗ္ဗာန်ကိုယ်ရမယ် (မှန်ပါ)၊ သဘောကျပြီးလား (ကျပါပြီ ဘုရား)။
ကိုယ့်မဂ္ဂင်ဖောင်နဲ့ ကိုယ်ကူးမှာ
ကိုယ့်မဂ္ဂင်ဖောင်နဲ့ ကိုယ်ကူးမှာ (နိဗ္ဗာန်ရောက်နိုင်မှာပါ ဘုရား)၊ ဒိပြင်ဟာနဲ့ ကူးလို့ကတော့ မရနိုင်ပါဘူး (မရပါ ဘုရား)၊ ဒိပြင်ဒါန ဖောင်ကလေး လုပ်ထားလိုက်ပြန်ရင်လဲ ခဏပဲ၊ တော်ကြာ နတ်ပြည်က ပြုတ်ကျပြန်တာပဲ (မှန်ပါ)၊ သီလဖောင်ကလေးကို အဖြစ်လုပ်ထားပြန်လဲ တော်ကြာပြုတ်ကျပြန်တာပဲ (မှန်ပါ)၊ ဆွေးသွားပြန်၊ မြည့်သွားပြန်ဆိုတော့ ကိုယ့်အားကိုယ်ကိုးရာ အစစ်ဖြစ်ကြရဲ့လား (မဖြစ်ပါ ဘုရား)။
အဲသူတို့ကိုလဲ မလုပ်ရဘူးလို့မဆိုပါဘူး ၊ လုပ်ရပါတယ်တဲ့၊ သို့သော် မဂ္ဂင်ဖောင်တော့ ကိုယ်ပိုင်ရှိထားရမယ် (မှန်ပါ)၊ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)၊ မဂ္ဂင်ဖောင်ကို (ကိုယ့်ပိုင်ရှိထားရမှာပါ ဘုရား)၊
ဘာဖြစ်လို့ ဆရာဘုန်း ကြီးက ဒါလောက်တောင် တိုက်တွန်းနှိုးဆော်ပြီး သကာလ ဒီအကြောင်းကို ကောင်းကောင်းပြောနေရသလဲလို့ မေးလို့ရှိရင်ဖြင့် မင်းတို့မှာ လက်မဲ့ဖြစ်နေလို့ ပြောရတာ (မှန်ပါ)၊ ဘယ်လိုကြောင့်တုံး (လက်မဲ့ဖြစ်နေလို့ပါ ဘုရား)၊ လက်မဲ့ဖြစ်လို့ပြောနေတဲ့ဥစ္စာကို ကိုယ့်ကိုယ်ကိုတော့မသိဘူး၊ ဆရားသမားပြောမှပဲ ဪ ငါဟာ ကိလေသာ ရေထဲမှာ မျောနေတာပါလား (မှန်ပါ) မဟုတ်ဘူးလား (မှန်ပါ)၊ ဘယ်အထဲမှာ မျောနေတုံး (ကိလေသာရေထဲမျောနေတာပါ ဘုရား)။ မနက်ဆို ဆိုင်သွားလိုက် ပြန်လာလိုက်၊ ထမင်းစားဖို့ဆိုတာလဲ ကိလေသာ ခိုင်းလို့စားရတာ၊ ဆိုင်သွားပြီး ငွေရှာခိုင်းတာလဲ ကိလေသာက ခိုင်းလို့ သွားရတာ (မှန်ပါ)၊ ဘာလုပ်နေနေ လောကီလူ့ အလုပ်ဟူသရွေ့ကတော့ဖြင့် ကိလေသာ ရေထဲမှာ မျောနေတာချည်းလို့ မှတ်ထားကြပါ (မှန်ပါ)၊ လူ့အလုပ်ဟူသရွေ့ ဘယ်လို ဆုံးဖြတ်ကြမတုံး (ကိလေသာရေ ထဲ မျောတာပါ ဘုရား)။
အားကိုးရာတော့ မရှာတတ်ဘူး
မျောတော့ကို မျောတော့ မျောတတ်တယ်၊ အားကိုးရာတော့ မရှာတတ်ဘူး ဆိုလို့ရှိရင်ဖြင့် ဒါ အင်မတန်မှား တဲ့လူတွေ အင်မတန်မှ အရှုံးခံတဲ့လူတွေ အရှုံးခံ မိုက်နေတဲ့ပုဂ္ဂိုလ်တွေလို့ ဆိုရမှာပဲ (မှန်ပါ)၊ အရှုံးခံမိုက်နေတဲ့ပုဂ္ဂိုလ် တွေလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
အဲဒါကြောင့် သူတစ်ပါးအားကိုးနေလို့ မရဘူး ကိုယ့်ကိုယ်ကို အား ကိုးလို့ဆိုတာ ဒီခန္ဓာကြီးကို အားကိုးရမယ်လို့ဆိုတာ မဟုတ်ပါဘူး။ ဒီခန္ဓာကြီးကလဲ တော်တော်ကြာကျတော့ မြေကြီးဩဇာဖြစ်ရမှာပဲ (မှန်ပါ) ကျီလင်းတတို့၏ အစာဖြစ်ရမှာပဲ (မှန်ပါ)၊ တောထဲမှာ တစ်ယောက်တည်းသေနေတော့ ကျီလင်းတတို့၏ အစာဖြစ်မှာပဲ ရွာထဲ လာသေတော့ မြုပ်ကြရမှာပဲ (မှန်ပါ)၊ မြေကြီးကြီးပွားရေး ၊ ကျီးလင်းတတို့၏ အစာဖြစ်ရေးမှာ လမ်းဆုံးကြမယ်ဆိုတော့ အဲဒီခန္ဓာကိုယ်ကြီးကို အားကိုးရမယ်လို့ဆိုတာ မဟုတ်ပါဘူး ၊
ကိုယ်လုပ်ထားတဲ့ မဂ္ဂင်အလုပ် ဖြစ်ပျက်ရှုနိုင်တဲ့ဉာဏ် ဖြစ်ပျက်အဆုံး မြင်နိုင်တဲ့ဉာဏ် မဂ္ဂင်ကိုသာလျှင် ကိုယ့်ကိုယ်လို့ဆိုသည်လို့ သေချာ မှတ်ထားကြပါ (မှန်လှပါ ဘုရား)။
လူ့ပြည်ကို ဘယ်သူပို့လိုက်တာတုံး
ကိုယ်လုပ်ထားတဲ့ ကုသိုလ်၊ ဒါသာလျှင်ကိုယ့်ကိုယ် (မှန်ပါ)၊ သူက ယူဆောင်သွားရမှာကိုး (မှန်ပါ)၊ ဥပမာမယ် – ငါရှင်းပြပါမယ်တဲံ ဒီဒကာ,ဒကာမတွေကို ရှင်းပြလို့ရှင် ရှင်းပါလိမ့်မယ် လူ့ပြည်ကို ဘယ်သူပို့လိုက်တာတုံးဆိုတော့ ဒီဓမ္မက ပို့လိုက်တာ (မှန်ပါ)၊ ကိုယ့်ခြေလျင်လာ ၊ ကိုယ်လေယျဉ်ပျံနဲ့လာ၊ ကိုယ် မော်တော်ကားနဲ့လာလို့ ရောက်ကြတာ ဟုတ်ကြရဲ့လား (မဟုတ်ပါဘူး ဘုရား)၊ တရားဓမ္မကပို့လိုက်တာ (မှန်ပါ)၊ ဘယ်က ပို့လိုက်မှန်းတော့ မသိဘူး ၊ သူက ပို့လိုက်တာတော့ သေချာတယ် (မှန်ပါ)၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ကဲ- ဒီကနေ သွားတော့မယ်ဆိုတော့ကာ ၊ ကိုယ်မှန်းခြေက ဒီအလောင်းနဲ့ ဒီစိတ်တွေက ဒီမှာချုပ်ပြီး သကာလ နောက်သွားကြရမှာပဲ ဆိုတော့ ကိုယ်ကိုယ်တိုင်က သွားနိုင်တဲ့စွမ်းရည် သတ္တိဟာ ပင်ကို- ကိုက မရှိဘူး ၊ သေဖို့သာရှိတယ် မဟုတ်ဘူးလား (မှန်ပါ)၊
ကုသိုလ်ဓမ္မ၊ အကုသိုလ်ဓမ္မ၊ မဂ္ဂင်ဓမ္မ
ဓမ္မက ယူဆောင်သွားလို့ရှိရင်ဖြင့် ရောက်ကြရမယ် (မှန်ပါ)၊ ဓမ္မကလဲ ကုသိုလ်ဓမ္မ၊ အကုသိုလ်ဓမ္မ၊ မဂ္ဂင်ဓမ္မရယ်လို့ သုံးမျိုးရှိတယ်၊ အကုသိုလ်ဓမ္မက အောက်ကို ယူဆောင်သွားတယ်၊ ကုသိုလ်ဓမ္မက အထက်ကို ယူဆောင်သွားတယ် မဂ္ဂင်ဓမ္မမကတော့ နိဗ္ဗာန်ကို ယူဆောင်သွားတာပဲ ၊ ဓမ္မသုံးမျိုးလို့ မှတ်ထားပါ (မှန်ပါ)၊ အကုသိုလ်ဓမ္မကို ယူဆောင်သွားတာပဲ ၊ ဓမ္မသုံးမျိုးလို့ မှတ်ထားပါ (မှန်ပါ)၊
အကုသိုလ်ဓမ္မက အပါယ်လေးပါးဆောင်သွား တာပဲ နင်တို့က မသွားချငပါဘူးဆိုလို့ကတော့ ရရဲ့လား (မရပါ ဘုရား) သူဆောင်ပို့လိုက်တာနဲ့ ဟိုငရဲမင်းရှေ့ရာက်ပြီး တစ်နေ့ကလို အစစ်ခံရတယ် (မှန်ပါ)၊
ကုသိုလ်ဓမ္မကနေပြီး တစ်ခါ အလတ်စားကုသိုလ်ကနေ ပို့လိုက်ပြန်တော့လဲ နတ်ရွာသုဂတိရောက်သွားတာပဲ ကိုယ်ခြေလျင်သွားလို့ရောက်တာလား ၊ ဓမ္မကပို့လိုက်တာလား (ဓမ္မက ပို့လိုက်တာပါ ဘုရား)။ ဒါဖြင့် နိဗ္ဗာန်သွားချင်တော့ကော နိဗ္ဗာန်ကို ကုန်းကြောင်း ခြေလျင်၊ လေယာဉ်နဲ့ သွားလို့ရကြရဲ့လား (မရပါ ဘုရား)။ ဘယ်သူပို့မှ ရောက်ကြမှာတုံး (ကိုယ့်မဂ္ဂင်ကပို့မှ ရောက်မှာပါ ဘုရား)၊ ကိုယ့်မဂ္ဂင်ကပို့မှ ကိုယ်ရောက်မယ် (မှန်လှပါ ဘုရား)။
ဆိုတော့ကို ဪ ကိုယ့်ကိုယ်ကို အားကိုးလို့ဆိုတာက မယူတတ်လို့ရှိရင် ဒီခန္ဓာကိုယ်ကြီးကတော့ ပစ်ခဲ့ရမှာပဲ ဘာအားကိုးစရာရှိတုန်း (မရှိပါ ဘုရား)၊ မဟုတ်ဘူးလား (မှန်ပါ)။ ဒီခန္ဓာကိုယ်ကြီးကတော့ ပစ်ထားခဲ့ရမှာပဲ (ပစ်ခဲ့မှာ ပါ ဘုရား)။ ဒါဖြင့် သူ့ကို အားကိုးလို့ဆိုတာ မဟုတ်ပါဘူး (မှန်ပါ)၊ သဘောပါကြပြီလား (ပါ,ပါပြီ ဘုရား)။ ဘာကို အားကိုးရမှာတုံး (မဂ်ပဲအားကိုးရမှာပါ ဘုရား)။
နိဗ္ဗာန်သွားချင်ရင် မဂ္ဂင်ကို အားကိုး
နိဗ္ဗာန်သွားချင်ရင် မဂ္ဂင်ကို အားကိုး၊ သုဂတိရောင်ချင်လို့ရှိင် ဒါနသီလကုသိုလ်တွေအားကိုး၊ သားရေး၊ မယားရေး စီးပွားရေးနဲ့ အချိန်ကုန်နေလို့ရှိရင် အကုသိုလ်ဓမ္မကဖြစ်နေတော့ အကုသိုလ်ဓမ္မက ယူဆောင်သွားမှာပဲ (မှန်ပါ)၊ ဒါဘယ်နည်းနဲ့မှ ရှောင်လို့ကွင်းလို့ လွတ်နိုင်ပါ့မလား (မလွတ်နိုင်ပါ ဘုရား)။
ရှောင်စရာ ကွင်းစရာကလဲ ကိုယ့်မှာ စွမ်းရည်သတ္တိကို တုံးနေတယ်၊ ဒီခန္ဓာကြီးမှာ သူပို့ရာသွားရုံပဲ (မှန်ပါ) သဘောကျပါပြီလား (ကျပါပြီ ဘုရား)။ ကိုယ့်စွမ်းရည်သတ္တိသေးရဲ့လား (မရှိပါ ဘုရား)။ အခုသာ နင်လား ငါလားနဲ့ ရန်ဖြစ်ကြ အမျိုးမျိုး အဖုံဖုံဖြစ်ကြ တော်ကြာကျတော့ ဓမ္မကိုရာကို ခံလိုက်ရတာပဲ (ခံလိုက်ရပါတယ် ဘုရား)။ ဒါဖြင့် အပြောနဲ့အလုပ်နဲ့ ကိုက်ကြရဲ့လား (မကိုက်ပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့်- ဓမ္မပို့ရာကို သွားရမယ်လို့မှတ်ထားပေါ့ အကျဉ်းချုပ်ကတော့ (မှန်ပါ)၊ ကုသိုလ် ဓမ္မပို့ရာကို သွားရမယ်လို့ မှတ်ထားပေါ့၊ အကျဉ်းချုပ်ကတော့ (မှန်ပါ) ၊ ကုသိုလ် ဓမ္မကလဲ သုဂတိပို့မှာပဲ၊ အကုသိုလ်ဓမ္မက အပါယ်လေးပါးကို ပို့မယ် ၊ မဂ္ဂင်ဓမ္မက (နိဗ္ဗာန်ပို့မှာပါ ဘုရား)၊ နိဗ္ဗာန်ပို့မယ်၊
အကောင်းကိုကြိုက်ရင် မဂ္ဂင်အားကိုး
အဲဒါ ဪ တို့အားကိုးရမှာက အကောင်းကိုကြိုက်ရင် မဂ္ဂင်အားကိုး ၊ အလတ်စားကြိုက်လို့ရှိရင်ဖြင့် ခုနက ကုသိုလ်ဓမ္မတွေအားကိုးနော် (မှန်ပါ)၊ နင်တို့ဟာ ဓမ္မကမရှိပဲနေတာ မဟုတ်တော့ ရှာကြ၊ စားကြ၊ သွားကြ၊ လာကြတော့ အကုသိုလ်ဓမ္မတွေက နင်တို့က မပို့ပါနဲ့ဆိုလို့လဲ မရဘူး (မရပါ ဘုရား)၊ ဓမ္မကတော့ကို ဒီလိုပါတဲ့ ၊ ဓမ္မဆိုတာ နိယာမပေါ့ (မှန်ပါ)၊ နိယာမဆိုတာအမြဲ အမြဲဆိုတာ ဘာတုံးဆိုလို့ရှိရင် ဆောင်းပြီးရင် နွေလာလိမ့်မယ်ဆိုတာဟာ ဘယ်သူက တောင့်တလို့ဖြစ်တာတုံး ၊ သူ့နိယာမပဲမဟုတ်ဘူးလား (နိယာမပါ ဘုရား) နွေပြီးရင် မိုးလာလိမ့်မယ်ဆိုတာကော ဘယ်သူက တောင့်တတာတုံး (မတောင့်တပါ ဘုရား)။ သူ့ဟာသူ အစဉ်အတိုင်း သွားတာပဲ (မှန်ပါ)၊ အဲဒါကို နိယာမလို့ခေါ်တယ် (မှန်လှပါ ဘုရား)။
အဲဒီနိယာမလိုပဲ အဲဒါကတော့ ဥတုနိယာမလို့ခေါ်တယ် (မှန်ပါ)၊ ဒီသုံးခုကတော့ ဥတုနိယာမလို့ခေါ်တယ်နော် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ကမ္မနိယာမဆိုတာကတော့ နင်တို့ဟာ ကံပို့ရာကို သွားရမှာပဲ (မှန်ပါ)၊ ကိုယ့်စွမ်းရည်သတ္တိဟာ အကုန်တုံး (မှန်ပါ)၊ ကမ္မနိယာမ ကံပို့ရာသွားရုံပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဓမ္မ နိယာမဆိုတာကတော့ အခု မဂ္ဂင်တွေ ဘာတွေ ပို့ရာကို သွားရုံပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဓမ္မစီမံရာကို ကိုယ်သွားရမယ်
အဲဒီတော့ ဒီဥစ္စာအခုပြောနေတော့ ဆိုနေတော့ အခုထင်လုံးတွေဟူသရွေ့ အကုန်ဖြုတ် ကိုယ်လုပ်ထားတဲ့ ဓမ္မစီမံရာကို ကိုယ်သွားရမယ် (မှန်ပါ)၊ ဘယ်သွားကြရမှာတုံး (ကိုယ်လုပ်ထားတဲ့ ဓမ္မစီမံရာကို သွားရမှာပါ ဘုရား)။
ကိုယ့်က ဘယ်သွားချင် သွားချင် ကိုယ့်သဘောစွမ်းရည်သတ္တိ တုံးတယ် (မှန်ပါ)၊ အညွန့်တုံးနေတယ် (မှန်ပါ)၊ မတုံးကြဘူးလား (တုံးပါတယ် ဘုရား)။ ဒါဖြင့် ဘယ်သူဆောင်ရာကို လိုက်ရမှာတုံး (ဓမ္မစီမံရာကို လိုက်ရမှာပါ ဘုရား)။
အဲဒီတော့ကို ဓမ္မပဲ အားကိုးရမယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဓမ္မထဲကမှ တစ်ခါရွေးလိုက်ဦး ကုသိုလ်ဓမ္မ၊ မဂ္ဂင်ဓမ္မ ဒီနှစ်ခုပဲ အားကိုးရမယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ သေတယ်ဆိုတော့ စဉ်း စားကြည့်စမ်းပါလားတဲ့ ဒီမှာ ရုပ်ရော နာမ်ရော ချုပ်တယ် (မှန်ပါ)၊ ကျန်တဲ့ သံသရာခရီးသည်တွေ ဟိုရောက် ဒီရောက်ကို ဘယ်သူပို့လိုက်တာတုံး (ဓမ္မက ပို့လိုက်တာပါ ဘုရား)၊ ဓမ္မပို့လိုက်တယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)၊ အခုရှိတဲ့ ရုပ်နာမ်စွမ်းရည် သတ္တိတွေဟာ အကုန်တုံးတာပဲ (တုံးပါတယ် ဘုရား)၊ တစ်တိုတစ်စ ဟိုကိုလိုက် သေးရဲ့လား (မလိုက်ပါ ဘုရား)၊ ဒါဖြင့် ဓမ္မစီမံသလို သွားရုံပဲပေါ့ (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
အခု လူတွေ ရုပ်ဆင်းသဏ္ဍာန် နင်တို့အကုန်တူကြရဲ့လား (မတူပါ ဘုရား) ဒါဓမ္မစီမံတာ (မှန်ပါ)၊ အိုပုံ၊ နာပုံကော တူကြရဲ့လား (မတူပါ ဘုရား) မတူဘူးတဲ့ တချို့အိုပုံက တစ်မျိုး တချို့နာပုံက (တစ်မျိုးပါ ဘုရား)၊ သေပုံကော တူကြရဲ့လား (မတူပါ ဘုရား)၊
တချို့ရတားကြိတ်သေတယ်၊ တချို့သစ်ပင်ပေါ်က ကျသေတယ် တချို့လဲ အနာရောဂါနဲ့ သေတယ်၊ တချို့ သင်္ဘောနစ်သေတယ် (မှန်ပါ) မတူကြပါဘူးတဲ့ ဒါ ဘယ်သူစီမံသလို ခံနေကြရတာတုံး (ဓမ္မစီမံသလို ခံနေရတာပါ ဘုရား)။
ဓမ္မနိယာမလို့ မှတ်ထားပါ
အဲဒါကြောင့် ဓမ္မနိယာမလို့ မှတ်ထားပါ (မှန်ပါ)၊ ဓမ္မကဓမ္မ နိယာမက အမြဲဪ – သူစီမံသလိုသာ တို့အမြဲဖြစ်ရမှာပဲ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။ ချမ်းသာချင်လို့ငိုနေ၊ ဓမ္မက စီမံမပေးရင် ဘယ့်နှယ့်တုံး (မရပါ ဘုရား)။ ငိုနေတဲ့ ဆင်းရဲ့လွန်းလို့ အိုး အရှိ၊ အိမ်အရှိ၊ စားဖို့ သောက်ဖို့ ကျပ်တည်း ဒီလိုညည်းနေတဲ့ လူတွေ မြို့ထဲမှာ ပျံနေတော့ပဲ (မှန်ပါ)၊ အိုးမှ ချစရာမရှိဘူးဆိုတဲ့လူတွေကလဲ တစ်ပုံကြီးပဲ (မှန်လှပါ ဘုရား)။
ဓမ္မက စီမံမပေးတော့ ပေးမယ့်လူကို ရှာမတွေ့ဘူး၊ ငွေချေးမယ့်လူလဲ ရှာမတွေ့ဘူး (မှန်ပါ)၊ ဒါဘယ်သူက စီမံတာတုံး (ဓမ္မက စီမံထားတာပါ ဘုရား)၊ ဓမ္မက စီမံထားတာဆိုတော့ (ဪ ဒါဖြင့် ဓမ္မသဘောကို အကောင်း ရွေးပြီး လိုက်မှပဲ (မှန်ပါ)၊ ဘယ်လိုမှတ်ကြမယ် (အကောင်းရွေးပြီး လိုက်ရမှာပါ ဘုရား)။ ဓမ္မသဘောကတော့ ကုသိုလ် ဓမ္မကလဲ သူ့သဘောကျ သူဆာင်မှာပဲ (မှန်ပါ)၊ အကုသိုလ်ဓမ္မကလဲ (သူ့သဘောသူဆောင်မှာပါ ဘုရား)၊ မဂ္ဂင်ဓမ္မကလဲ (သူ့သဘောသူဆောင်မှာပါ ဘုရား)။ အဲ တို့စွမ်းရည်သတ္တိကမရှိ ဓမ္မဆောင်ရာကို လိုက်ရလိမ့်မယ်လို့ဆိုတာကို မှတ်ထားပါ (မှန်ပါ)၊ သဘောပါပြီလား (ပါ,ပါပြီ ဘုရား)။
ကိုယ့်ကိုယ်ကို အားကိုးဆိုတာ
အဲဒီတော့ကို ‘ အတ္တဟိ အတ္တနော နာထော’ အတ္တာဟိ အတ္တဧဝ = မိမိကိုယ်ကိုသာလျှင် ၊ အတ္တနော = မိမိ၊ နာထော = ကိုးကွယ်ရာတည်း မိမိကိုယ်မိမိအားကိုး ဆိုတာဟာ ဒီကိုယ်ကြီးကိုဆိုတာ မဟုတ်ဘူး ဓမ္မဆိုတာ (မှန်ပါ)၊ ဒီကိုယ်ကြီးကတော့ နေရစ်မှာပဲ (နေရစ်မှာပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ကိုယ့်ကိုယ်ကို အားကိုးဆိုတာက နင်တို့ရွာထဲမှာ အယူလွဲနေတယ် (မှန်ပါ) ပခုံးနှစ်ဖက်ကြားကနေပြီး ခေါင်းပေါက်တာပဲ ကိုယ့်ကိုယ်အားကိုးပါတယ် ကျုပ်တို့ ဘယ်သူ့မှ လူမထင်ပါဘူးလို့ ဒီအတိုင်းသုံးချင်သုံးနေတာပဲ (သုံးနေပါတယ် ဘုရား)။ သုံးနေကြတာပဲ ဒီကိုယ်ကြီးကိုပဲ အားကိုးနေတယ် (မှန်ပါ)၊ ဒီကိုယ်ကြီးက အနတ္တပဲ (မှန်ပါ)၊ ဘယ်သူပိုင်လို့ ဘယ်သူ ဆိုင်လို့တုံး (ဘယ်သူမှ မပိုင်မဆိုင်ပါ ဘုရား)၊ သူဖြစ်ချင်သလိုဖြစ် ၊ သူပျက်ချင်သလိုပျက်ပြီး သကာလ တော်တော်ကြာကျလို့ရှိရင် လှဲနေရင်းမတ္တနဲ့ တက်လဲချင်လဲသွားတာ (မှန်ပါ)၊ ငိုရင်းမတ္တနဲ့ (တက်လဲချင် လဲပါတယ် ဘုရား)၊ အားကိုးလို့ကော ရရဲ့လား (မရပါ ဘုရား)၊ မရပါဘူး။
ဒါဖြင့် ‘ အတ္တာဟိအတ္တနော” ကိုယ့်ကိုယ်ကို အားကိုးဆိုတာ ယနေ့ည ရိပ်မိရောပေါ့ (ရိပ်မိပါပြီ ဘုရား)၊ ဘာရိပ်မိကြတုံး (ဓမ္မပဲ အားကိုးရမှာပါ ဘုရား)၊ ဓမ္မပဲ ဓမ္မအမျိုးမျိုါ်ရှိရာတို့တွင်လဲ ကုသိုလ်ဓမ္မလဲ အားကိုးထိုက်တာပါပဲ သို့သော် မဂ္ဂင်ဓမ္မကပိုမိုပြီး ခိုင်လုံတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ မဂ္ဂင်ဓမ္မက (ပိုမိုပြီး ခိုင်လုံပါတယ် ဘုရား) အဲ – အဲဒါကို ကိုယ့်ကိုယ်ကိုယ်လို့ မှတ်ပါ (မှန်ပါ)၊ အဲဒီ ကိုယ့်ကိုယ်ကိုယ်ကို အားကိုးပါ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
သူဌေးသမီးကလေးတစ်ယောက်ရှိတယ်
ကိုင်း ဝတ္ထုထုတ်ပြမယ် ဝတ္ထုထုတ်ပြမယ် တဲ့ နင်တို့ဝတ္ထုကို သေချာမှတ် ကိုယ့်ကိုယ်ကို အားကိုးတာ လွဲနေမှာ စိုးလို့ (မှန်ပါ)၊ ပသေနဒီကောသလမင်းကြီး တိုင်းပြည်မှာ သူဌေးသမီးကလေးတစ်ယောက်ရှိတယ် ၊ သူဌေးသမီးကလေး တစ်ယောက်က အပျိုအရွယ်ကလေးဖြစ်လာတယ်၊ သူက ဘိက္ခူနီမလုပ်ချင်တယ်၊ ရဟန်းမိန်းမလုပ်ချင်တာပေါ့လေ ၊ ရဟန်းခံချင်တာ ၊ အမေမိဘကလဲ ဒီသမိးတစ်ယောက်တည်းဆိုတော့ အရိပ်တကြည့်ကြည့်နဲ့နေပြီး အမေမိဘတို့ ထုံးစံ အတိုင်း ပြောရလို့ရှိရင် အိမ်ထောင်ချချင်တာသာ အမေမိဘစိတ်ထဲက ဖြစ်နေတယ် ကလေးမလေးက အမျိုးမျိုး ပြောလဲ မရဘူး မရတော့ အမေမိဘဩဇာ မလွန်ဆန်နိုင်တာနဲ့ပဲ အမေမိဘပေးစားတဲ့ တစ်ယောက်သော သူဌေးသားနဲ့ အိမ်ထောင်ကျတယ်။
အိမ်ထောင်ကျပြီးတစ်လလောက်နေတော့ သူယောင်္ကျားကို ပြောတာပေါ့လေ အရင်တုန်းကတော့ အမေမိဘ ဆီမှာ တောင်းပန်လို့မရဘူး ၊ အခုတော့ဖြင့် အမေမိဘနဲ့ လွတ်ကင်းသွားပြီး ရှင်ပဲပိုင်ဆိုင်တယ်၊ အဲဒါကြောင့် ကျုပ်ဟာ နဂိုစိတ်ကလဲ ဘိက္ခူနီမလုပ်ချင်ပါတယ် ဒီ ဘိက္ခူနီမလုပ်ခွင့်ကို ပေးပါပေါ့လေ (မှန်ပါ)၊ ယောင်္ကျားကလဲ စိတ်ကောင်းရှိ တာနဲ့ ဘိက္ခူနီမလုပ်ခွင့် ပေးလိုက်တယ်။
ဒါနဲ့ ဘိက္ခူနီမလုပ်တယ်၊ လုပ်တော့ ဘယ်ရောက်သွားသတုံးဆိုတော့ ဘိက္ခူနီမကျောင်းက ဒေဝဒတ်အုပ်ချုပ်တဲ့ ဘိက္ခူနီမကျောင်းကို ရောက်သွားတယ် ဒေဝဒတ်အုပ်ချုပ်တဲ့ ဘိက္ခူနီမကျောင်း ရောက်သွားတော့ အဲဒီမှာပဲ သူနေတာပေါ့လေ နေတော့ သူ့မှာ ကိုယ်ဝန်လေးက ပေါ်လာတယ် အရင်ယောင်္ကျားနဲ့ တစ်လလောက် နေဖူးတဲ့အတွက် ကိုယ်ဝန်လေးက ပေါ်လာတော့ အခြားဘိက္ခူနီမတွေက ရှက်ကြတာပေါ့လေ(မှန်ပါ)၊
ရှက်ကြတော့ ဒီဥစ္စာ ဘယ်တုန်းက ဖြစ်လာတာတုံး ၊ အခုမှ ဖြစ်တာလား ရှေးကဖြစ်တာလားနဲ့ သူတို့လဲ မခွဲခြားနိုင်ဘူး ၊ ဒါနဲ့ သူတို့ဆရာဒေဝဒတ်ဆီ ပို့တယ်၊ ဒေဝဒတ်က နာမည်ကောင်းယူချင်တာနဲ့ ငါတို့ဂိုဏ်အသင်းထဲက နှင်ထုတ်လိုက်ဆိုတော့ ကလေးမလေးကလဲ နှင်ချင်နှင့် အစတုန်းးကတော့ ဒီဒေဝဒတ်ဆီမှာ ဘိက္ခူနီမလုပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး ၊ ဘုရားကိုယ်တော်မြတ်ကြီး ဆီမှာ လုပ်မလို့တာပဲ အခုပို့ကြတဲ့ လူတွေက ဒီပို့လို့သာ ရောက်နေရတယ်။
ကလေးနဲ့ခွဲပြီးနေရလို့ ငိုနေတာပေါ့လေ
ဒါနဲ့ ဘုရားကျောင်းတော်ဆီကို ဘိက္ခူနီမကလေး ရောက်သွားတယ်။ ဘိက္ခူနီမတွေက သူတို့လဲ မပိုင်တာနဲ့ ဘုရားဆီပို့လိုက်တယ်၊ ဒီကလေးမလေး ဘုရား ဒီလိုဒီလိုပဲ ကိုယ်ဝန်ရှိနေပါတယ် ၊ ဒါ လူတုန်းကဖြစ်လာတာပဲလား ဘိက္ခူနီမဖြစ်မှ ဖြစ်တာပဲလားလို့မသိဘူး ၊ သူတို့တော့ (မှန်ပါ)၊ ဒါနဲ့ ကလေးလေးက ကြီးပွားလာတယ် ဟို သူ့အမေဘိက္ခူနီမတော့ ငိုနေတာပဲ ကလေးနဲ့ခွဲပြီးနေရလို့ ငိုနေတာပေါ့လေ (မှန်လှပါ ဘုရား)။
ဒါနဲ့ ကလေးလေးက လူလားမြောက်လာတယ်ဆိုကြပါစို့ လူလားမြောက်ပြီး ဒိုးထိုးတန်း ၊ ပေသီးပစ်တန်းကစား တဲ့အခါကျတော့ နန်းတော်ထဲမှာ မင်းသားလေးတွေနဲ့ကစားရတာပေါ့၊ သူကလဲ မင်းသားကိုး (မှန်ပါ)၊ ဒါနဲ့ သူကချည်းနိုင် နေတော့ တချို့ကလေးတွေကို ခေါင်းထိုး၊ အိုး – ဟိုကောင်လေးတွေကလဲ ဆူကြတာပေါ့လေ မိမရှိဘမရှိသားက တို့ကိုနှိပစ်စက်တယ်၊ တို့ကိုနှိပ်စက်တယ်ဆိုပြီး အဲဒီကျတော့မှ ငါ့ကို မိမိမရှိဘမရှိလို့ပြောနေကြပါတယ်၊ ကောသမင်းကြီး ကို မေးမှပဲဆိုပြီး မင်းကြီးကို မေးတာပဲ။
ဒါနဲ့ သူမွေးစားတဲ့ အဖေကို မေးတယ်၊ မွေးစားတဲ့အဖေရယ်လို့လဲမသိဘူး ၊ မင်းအဖေက ငါပဲကွ၊ မင်းအမေက ဒါတွေဆိုပြီး နို့ထိန်းတွေကို ပြတာပေါ့လေ၊ နောက်တော့ မရဘူး ကလေးတွေက ဒီလိုချည်းပြောဆိုနေကြပြန်တော့ အတင်းအဓမ္မ မေးတော့မှ ခုနက ဇာတ်ထုပ်လှန်ရတာပေါ့၊ ဒီဇာတ်ထုပ်လှန်တဲ့အခါကျတော့ ဪ ငါ့နှယ် တယ်အရုပ်ဆိုးပါလား ၊ တယ်အရုပ်ဆိုးတဲ့ကံပါလား ကဲ မင်းကြီး ကျုပ်သင်္ကန်းဝတ်ချင်တယ်လို့ ဖြစ်လာတယ်။
ကုမာရကဿပ
အသက်က ၁၂ နှစ်လောက်ရှိလာပြီ သင်္ကန်းဝတ်ပြီးတော့ စာလေးဘာလေးကတတ်၊ တရားဟောလေးကလဲ ကောင်းတော့ နာမည်ကကြီးလာတယ် ‘ ကုမာရကဿပ’ ဆိုပြီးနော် (မှန်ပါ)၊ ကုမာရကဿပဆိုတဲ့ နာမည်ကြီးပြီး လာတော့ တစ်နေ့သ၌မှာ ဆွမ်းခံထွက်လာတယ်၊ ဆွမ်းခံထွက်တော့ သူ့မယ်တော်က သူ့ကိုတွေ့တာပေါ့၊ သူ့မယ်တော်ကလဲ လွမ်းတာနဲ့ နောက်ကနေပြီး သူ့သင်္ကန်းကို ဆွဲတာပေါ့ (မှန်ပါ)၊ ဟိုကလဲ ရိမ်မိတယ်၊ ဪ ငါကတော့ အမေပဲ ဒကာမကြီးပဲ ခေါ်လိုက်လို့ရှိရင် ဒီသံယောဇဉ်နဲ့ သူတရားရတော့မှာ မဟုတ်ဘူး ငါပဲ လွမ်းဆွတ်နေဦးမှာပဲ သိရှာသားပဲ ကျေးဇူး ပြန်ရှာသားပဲဆိုပြီး ဖြစ်နေမှာ ဒါနဲ့ အတင်းရုန်းပြီး ထွက်သွားတယ်။
ဒါနဲ့ – သူ့အမေလဲပြီး ကျန်နေရစ်ခဲ့တယ် ဒီတော့ သူ့သားနှယ် တယ်စိမ်းပါလား ဖြစ်လာတာပေါ့ (မှန်ပါ) ၁၂ နှစ်ငိုပြီးပြီ၊ အဲဒီအချိန်မှာ (မှန်ပါ)၊ ၁၂ နှစ် တိတိငိုပြီးပြီး သားနဲ့ ခွဲနေရလို့ အဲဒီနေ့မှာပဲ ကဲ သူကလဲစိမ်းပေါ့ပဲ ငါကလဲစိမ်းမှ ငါ့ကိုးစားရာ ၊ ငါ့အားထားရာကို ငါရှာမှပဲ ၊ အရင်းတုန်းကတော့ သူ့ကို အားကိုးနေတယ် (မှန်ပါ)၊ သူနဲ့ပတ်သက်ပြီး သကာလ မျက်ရည်ကြီးငယ် ကျနေရတယ် ၊ ဒီတစ်ခါတော့ဖြင့် သူ့လဲအားမကိုးတော့ဘူး ကိုယ့်ကိုယ်ကို အားကိုးတော့မယ်ဆိုပြီး ညဉ့်မှာ တရားအားထုတ်တော့တာပဲ မဂ္ဂင်အလုပ်တွေ တရားအားကိုးနေတာကိုး (မှန်ပါ)၊ ငါ့သားရှိသားပဲ၊ ငါ့သားရှိသားပဲဆိုပြီး သားအားကိုးနေတဲ့အတွက် သူ့မှာ ကိုယ်ကျိုးနည်းနေရတယ် (မှန်လှပါ ဘုရား)။
ကဲ – ဒီနေ့တော့ သားကလဲ စိမ်းလိုက်တာဆိုပြီး ကိုယ့်ဟာကိုယ်ပဲအားကိုးပြီး သကာလ အမျိုးမျိုးအဖုံဖုံး အဂ္ဂင်အလုပ်လုပ်လိုက်တော့မှ ရဟန္တာမ ဖြစ်သွားတယ် ရဟန္တာမဖြစ်သွားတော့ ဘိက္ခူနီမတွေက အံ့အားသင့်နေကြတယ် အင်း ၁၂ နှစ်တိတိ မျက်ရည်နဲ့မျက်ခွက်နေတာ အခုဖြင့် ရဟန္တာမ ဖြစ်သွားပြီ အံ့ဩစရာကောင်းလိုက်တာ ကဲ ဘုရားကိုယ်တော်မြတ်ကြီးဆီကို သွားမေးမှပဲ ဟို ၁၂ နှစ်ငိုနေတာကြီးက အခု ရဟန္တာမ ဖြစ်သွားတယ်ဆိုတော့ အင်မတန် အံ့အားသင့်နေကြတာပေါ့ (မှန်လှပါ ဘုရား)။
ဘာအားကိုးရမှာတုံး
ဒီတင်မှ ဘုရားကိုယ်တော်မြတ်ကြီးက-
” အတ္တာဟိ အတ္တနောနာထော၊ ကောဟိနာထော ပရောသိယာ။
အတ္တနာဟိ သုဒန္တေန ၊ နထမလဗ္ဘတိ ဒုလ္လဘံ။
(ဓမ္မပဒပါဠိတော် ၊ အတ္တဝဂ်မှ ကုမာရကဿပမာတုဝတ္ထု)
ဒီဂါထာကို သူ့အကြောင်းအရင်းခံပြီး ဟောလိုက်တာ (မှန်ပါ)၊ အတ္တာဟိ အတ္တာဧဝ = မိမိပြုထားတဲ့ မိမိလုပ်ထား တဲ့ မဂ္ဂင်တရားသည်သာလျှင် အတ္တနော = မိမိ၊ နာထော = ကိုးကွယ်ရာတည်း ၊ ဒီဓမ္မကိုးကွယ်ရမှာ (မှန်ပါ)။ ပရော တစ်ပါးသောသူသည် ၊ နာထော = ကိုးကွယ်ရာသည်၊ ကောသိယာ = ဘယ်မှာသာလျှင် ဖြစ်နိုင်အံ့နည်း၊ သူတစ်ပါး အားကိုးလို့လဲ အပိုပဲ (မှန်လှပါ ဘုရား)။
နင်တို့ကြည့်ပါလား ၊ သားလင် ခင်ပွန်းတွေ အားကိုး ၊ တော်ကြာ သားလင်ခင်ပွန်းက ဖောက်ပြန်သွားတာနဲ့ ပျက်စီးသွားတာနဲ့ မရှိကြဘူးလား (ရှိပါတယ် ဘုရား)၊ ဒီမှာလဲ သူများအားကိုးနေတော့ မျက်ရည်နဲ့ မျက်ခွက်ဖြစ် နေရစ်တာပေါ့ (မှန်ပါ)။ ဒါကြောင့် ကိုယ့်ကိုယ်ကို အားကိုးတာ အကောင်းဆုံးဆိုတာကို သဘောကျပြီလား (ကျပါပြီ ဘုရား)။ ကိုယ့်ကိုယ်ကို အာကိုး၊ ကိုယ့်ကိုယ်ဆိုသည်မှာ ဒီခန္ဓာကိုယ်ကြီးကို ဆိုတာလား (မဟုတ်ပါ ဘုရား)။ ဓမ္မမဂ္ဂင်ကိုဆိုသည် သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဘာအားကိုးရမှာတုံး (ဓမ္မမဂ္ဂင်ကို အားကိုးရမျာပါ ဘုရား)။ ဓမ္မမဂ္ဂင်ကိုသာ အားကိုးရမယ်။
အတ္တနာဟိ အတ္တနာဧဝ = မိမိကိုယ်သာ၊ သုဒန္တေန = မဂ္ဂင်ရှင်းပါးတည်းဟူသော ယဉ်ကျေးခြင်းဖြင့် ယဉ်ကျေးမှ သာလျှင် ဒုလ္လဘံ = ရခဲ့သော ၊ နာထံ = ကိုးကွယ်ရာဖြစ်တဲ့ နိဗ္ဗာန်ကို ၊ လာဘတိ = ရ၏။ မဂ္ဂင်အားကိုးမှ နိဗ္ဗာန်ရမယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဘာအားကိုးကြရမယ် (မဂ္ဂင်ကို အားကိုးရမှာပါ ဘုရား)။
မဂ္ဂင်အားကိုးမှနော်
မဂ္ဂင်အားကိုးမှနော် (မှန်ပါ) စဉ်းစားကြည့်ပါလား ဥပမာ သေခါနီးခန္ဓာငါးပါးကို နင်တို့က ဖြစ်ပျက်ရှုတယ်ဆို ကြပါစို့ ရှင်တုန်းလဲရှုတယ် ဆိုကြပါစို့ နော် (မှန်ပါ) ရှုတော့ သူကတော့ ဖြစ်ပျက် ဖြစ်ပျက်နဲ့ သူ့ဟာသူ နေရစ်တာပဲ (မှန်ပါ)၊ ဒီရှုတဲ့မဂ္ဂင်က ဆောင်တာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။ သူကတော့ ဖြစ်ပျက် ဖြစ်ပျက်ဆိုပြီး သူ့ဟာသူ ဒီနေရာတင် ပျောက်မှာပဲ (မှန်ပါ)။ သူပါလာမှာ ဟုတ်ကြရဲ့လား (မဟုတ်ပါ ဘုရား)။ ဘယ်သူက ဆောင်ပို့တာတုံး နိဗ္ဗာန်ကို (မဂ္ဂင်က ဆောင်ပို့ပါတယ် ဘုရား)။ ဒီ ရှုတဲ့မဂ္ဂင်ကို ဆောင်ပို့တော့ကို ဒီမဂ္ဂင်ပဲအားကိုးရမျာပဲ (မှန်ပါ)။ တင်လှဘာအားကိုးမယ် (မဂ္ဂင်ကို အားကိုးရမှာပါ ဘုရား)။
စဉ်းစားကြည့်ပါလား နင်တို့ရှုတဲ့အခါကျတော့ သူကတော့ အနိစ္စမို့ အနိစ္စဖြစ်ပြီး ပျောက်ပျောက်သွားမှာပဲ သူ့အားကိုးလို့ရဲ့လား (မရပါ ဘုရား)။ သူကတော့ ရှုတဲ့ဉာဏ်ကတော့ ကိလေသာကိုလဲ သူက ဖြတ်တယ်၊ ဘုံဘဝသွားမယ့် ကိလေသာတွေကော မဖြတ်ဘူးလား (ဖြတ်ပါတယ် ဘုရား)။ ဖြတ်ပြီး သကာလ သူကအားထုတ်တဲ့ပုဂ္ဂိုလ်ကို နိဗ္ဗာန်ဆောင် တယ် (မှန်ပါ)။ ဒါဖြင့် သူ့ပဲ အားကိုးရမယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ ဘာအားကိုးကြမယ် (မဂ္ဂင်ကို အားကိုးကြရမှာပါ ဘုရား)။
ကြည့်ပါတဲ့ ကိလေသာရန်သူတွေကို သတ်ပစ်တာပဲ ဒီမဂ္ဂင်ပဲ (မှန်ပါ)၊ ဒီအားမကိုးကောင်းတွေကို အားမကိုးမိဖို့ ပျောက်သွားအောင် လုပ်နိုင်တာလဲ ဒီမဂ္ဂင်ပဲ (မှန်ပါ)။ ရှုလိုက်တဲ့အခါကျတော့ သူချုပ်သွားပြီး နိဗ္ဗာန် မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
နိဗ္ဗာန်မြင်တာလဲ သူပဲ
ဒါဖြင့် နိဗ္ဗာန်မြင်တာလဲ သူပဲ (မှန်ပါ)၊ နိဗ္ဗာန်၏ ရန်သူတွေ သတ်တာလဲ (သူပါပဲ ဘုရား)။ ဒါဖြင့် နိဗ္ဗာန်မြင်တာလဲ သူပဲ (မှန်ပါ)။ နိဗ္ဗာန်၏ရန်သူတွေ သတ်တာသွားဖို့ရာ လမ်းခရီးကို ပို့တတ်တဲ့အကြောင်း တွေကို သတ်တာလဲ မဂ္ဂင်ပဲ (မှန်ပါ)၊ နိဗ္ဗာန်မြင်တာကော (မဂ္ဂင်ပါ ဘုရား)။ ဒီခန္ဓာကြီးကတော့ ဒီအတိုင်းနေရစ်တာပဲ (မှန်ပါ)။ မနေရစ်ဘူးလား (နေရစ်ပါတယ် ဘုရား)။ ရဟန္တာဖြစ်တောင် ဒီခန္ဓာကြီးကတော့ မီးလောင်စာဖြစ်တာပဲ (မှန်ပါ)။ သူ့ကို အားကိုလို့ရရဲ့ဠား (မရပါ ဘုရား)။ မရဘူးဆိုတော့ ‘ သူပဲ ‘ (မှန်ပါ)။ သဘောပါကြပြီလား (ပါ,ပါပြီ ဘုရား)။ ဘာအားကိုးကြမယ် (မဂ္ဂင်ကို အားကိုးကြရမှာပါ ဘုရား)။
ဒါဖြင့် မဂ္ဂင်ကတော့ကိုတဲ့ နိဗ္ဗာန်နံဂစ္ဆတီတိမဂ္ဂေါ၊ မဂ္ဂေါ = မဂ္ဂင်သည်၊ နိဗ္ဗနံ = နိဗ္ဗာန်ကို ဂစ္ဆတီတိ = သွားတတ်၏ (ဝါ) ပို့ဆောင်တတ်၏တဲ့ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ သူကတော့ ဘယ်ကိုပို့ဆောင်တုံး (နိဗ္ဗာန်ကို ပို့ဆောင်ပါတယ် ဘုရား)။
နိဗ္ဗာန်ကို ပို့ဆောင်တယ်
အင်း သူက နိဗ္ဗာန်ကို ပို့ဆောင်တယ်ဆိုတော့ ဒီခန္ဓာကြီးကိုလဲ ခြေကန်ပစ်ခဲ့သေး တယ် ဒုက္ခသစ္စာကြီးကိုလဲ ခြေကန်ပစ်ခဲ့တယ် (မှန်ပါ) ဒုက္ခဖြစ်ကြောင်းတွေလဲ သတ်ခဲ့သေးတယ် နိဗ္ဗာန်လဲ ပို့လိုက်သေးတယ် (မှန်ပါ)၊ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့နိဗ္ဗာန်ကို (ပို့ပါတယ် ဘုရား)။ မပို့လိုက်ဘူးလား (ပို့ပါတယ် ဘုရား)။
ဒီခန္ဓာကြီးလဲ ခြေကန်ပစ်ခဲ့တယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဒီဘက်က ရန်သူတွကိုလဲ သတ်ပစ်ခဲ့တယ် (မှန်ပါ)။ တဏှာ ၊ ဥပါဒါန် ၊ ကံတွေကိုကော (သတ်ပစ်ခဲ့ပါတယ် ဘုရား)။ နိဗ္ဗာန်ကော (ပို့်ဆာင်ပါတယ် ဘုရား)။ သူကပဲ နိဗ္ဗာန်မြင်၊ နောက်ကျတော့ သူက အရောက်ပို့တယ် (မှန်ပါ)။ ပထမတော့ မြင်တာပေါ့လေ (မှန်ပါ့)၊ အားထုတ်ဆဲမှာ မြင်တယ်၊ နောက် စုတေမနေ သေလွန်တဲ့အခါကျတော့ သူက ဒီဒုက္ခခပ်သိမ်း ငြိမ်းတဲ့နိဗ္ဗာန်ကို ကဲ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ နေပေတော့ဆိုတာလဲ သူပဲ (မှန်ပါ)။ သဘောပါကြပြီလား (ပါ,ပါပြီဘုရး)။
အားကိုးရာမရှိလို့ရှိရင် မြုပ်လိမ့်မယ်
ဒါဖြင့် ဘယ်သူ့အားကိုးရမယ် (မဂ္ဂင်ကို အားကိုးရမှာပါ ဘုရား)။ အဲဒါ နင်တို့ ကိလေသာရေထဲမှာ မျောနေတဲ့ ပုဂ္ဂိုလ်ဟာ အားကိုးရာမရှိလို့ရှိရင် မြုပ်လိမ့်မယ်ဆိုတဲ့ စကားကို ပင်ကိုက သုံးခဲ့တယ် (မှန်ပါ)။ မသုံးခဲ့ဘူးလား (သုံခဲ့ပါတယ် ဘုရား)။
ဘာဖြစ်လို့ ဒါလောက်သုံးရသတုံးလို့ မေလို့ရှိရင် မျောနေလို့ အသုံးခိုင်းနေတာ (မှန်ပါ) ဟိုသွားပြီးရောင်းလိုက် ဒီသွားပြီးဝယ်လိုက် အိမ်ထိုင်စားလိုက် ပိုလာရင် အိမ်ကလေး တိုက်ကလေးတည်လိုက် ကားကလေး ဘာလေး တတ်နိုင်လို့ရှိရင်လဲ ဝယ်လိုက်၊ ဒီထက်ပိုတတ်နိုင်လို့ရှိရင်လဲ အတွင်းပစ္စည်းစိန်ကလေး ဘာလေးကို အိုစာမင်းစာဆိုပြီး စုလိုက်၊ ဒါ ကိလေသာခိုင်းတာ လျှောက်လုပ်နေတာ ကိလေသာရေထဲမှာ တစ်ယောက်တည်းလည်ပြီး မျောနေတာ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကိလေသာရေထဲမှာ (လည်ပြီးမျောနေတာပါ ဘုရား)။ လည်မျောနေတာ တောင်သွားတာ ဘာလုပ်တာတုန်း ဆို ကိလေသာမျှောပစ်လိုက်တာ (မှန်ပါ)။ မြောက်သွားတာကော (ကိလေသာက မျှောလိုက်တာပါ ဘုရား)။ တရားဓမ္မအုလပ်သွားတာမှ တစ်ပါးကိလေသာ မျှောထားလိုက်တာပဲ (မှန်ပါ)။ အဲဒီတော့ ဝဲထဲလည်မနေရဘူးလား (လည်နေရပါတယ် ဘုရား)။ တစ်နေရာတည်းကော နေနိုင်ကြရဲ့လား (မနေနိုင်ပါ ဘုရား)။ မနေနိုင် မထိုင်နိုင်ဘူး ဆိုတာကော သဘောကျပြီလား (ကျပါပြီ ဘုရား)။၏
သူနဲ့မှ နိဗ္ဗာန်ဆိပ်ကမ်းကို ကပ်နိုင်မယ်
အဲဒီတော့ မျောနေကြတာကို နင်တို့က မသိဘူး ၊ မျောနေရင် အားကိုးရှာကြပါ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဘာအားကိုးရမယ် (မဂ္ဂင်ကို အားကိုးရမှာပါ ဘုရား)။ မဂ္ဂင်ဟာ ဖောင်ကြီး (မှန်ပါ)။ ဟုတ်လား မဂ္ဂင်ဟာ ရထားကြီး ၊ မဂ္ဂင်ဟာ သင်္ဘောကြိး သူနဲ့မှ နိဗ္ဗာန်ဆိပ်ကမ်းကို ကပ်နိုင်မယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် – ကုမာရ ကဿပမယ်တော်မှာ ၁၂ နှစ်တိုင်တိုင် သူများကို အားကိုးနေတုန်းက မျက်ရည်နဲ့ မျက်ခွက်သာနေရတယ် (မှန်ပါ)။ အဟုတ်ဘူးလား (မှန်ပါ)။ နောက်တော့ ဘယ်သူမှ အားမကိုးတော့ဘူး ၊ ကိုယ့်ဟာကိုယ် အားကိုးတော့မယ်ဆိုပြီး မဂ္ဂင်အလုပ် အားကိုးလိုက်တဲ့အခါကျတော့မှ ရဟန္တာမ သွားဖြစ်တယ် (မှန်ပါ)။ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။ ရိပ်မိကြပြီးလား (ရိပမ်မိပါပြီ ဘုရား)။ ဒါဖြင့် ဘယ်နှယ်လုပ်ကြမယ် (မဂ္ဂင်ကို အားကိုးရမှာပါ ဘုရား)။
အားကိုးရာဖောင်လဲ ရှာတတ်ပေ့စေ
ကဲ- ဒါဖြင့် ကိလေသာရေမျှောတာကိုလဲ သိပေ့စေ ၊ အားကိုးရာဖောင်လဲ ရှာတတ်ပေ့စေ (မှန်ပါ)။ ဒါမှသာ ခရီးပေါက်တော့မယ် (မှန်ပါ)။
သားဆီသွားတာ သမီးဆီသွားတာ အရောင်းသွားတာ၊ အဝယ်သွားတာ ထမင်းချက်စား နေတာတွေဟာ ဒါကိလေသာ ရေမျှောလို့ မျောနေတာ ဝဲလှည့်နေတာ (မှန်ပါ)။ အဲဒီ ဝဲလှည့်နေတဲ့ ပုဂ္ဂိုလ်ကမှ အားကိုး ရာဖောင်ကို ကိုယ့်ဟာကို မဆင်တော့ဘူး မလုပ်တော့ဘူးဆိုရင်ဘယ်တော့မှ ရတော့မှာ မဟုတ်ဘူး ၊ မြုပ်တော မှာပဲ (မှန်ပါ)။ ဟင် – မျောပြီ မြုပ်မှာပါ ဘုရား)။
မျောပြီး မြုပ်ရုံပဲ ၊ လည်ပြီး မြုပ်ရုံပဲ (မှန်ပါ)။ သဘောပါပြီလား (ပါ,ပါပြီ ဘုရား)။
အဲဒါ ဒီဖောင်ကို ကိုယ်တိုင်ရှိဖို့ဟာ သူများက လုပ်ပေးလို့ရတာလား ကိုယ်တိုင်လုပ်ယူရမှာလား (ကိုယ်တိုင်လုပ် ယူရမှာလား (ကိုယ်တိုင်လုပ်ယူရမှာပါ ဘုရား)။ ဒါကြောင့် ကိုယ့်ကိုယ်ကို အားကိုးဆိုတာ ဒီဟာကို ခိုင်းတာပဲ (မှန်ပါ)။ သဘောပါပြီလား (ပါ,ပါပြီ ဘုရား)။ ကဲ ဒါ အားကိုးကြ (မှန်လှပါ ဘုရား)။
ဒီနေ့ ဒီတင် တော်ကြစို့။
သာဓု – သာဓု – သာဓု။
