နိဗ္ဗာန်ရောက်ကြောင်းတစ်မျိုး
ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း
မင်္ဂလာရိပ်သာကျောင်းတိုက်၌ ဟောကြားဆုံးမတော်မူသော
နိဗ္ဗာန်ရောက်ကြောင်းတစ်မျိုး
မြင်ရုံ သိရုံတင် ရပ်ပါ
အဆင်းတစ်ခုကိုမြင်တယ်၊ ချောတယ်၊ လှတယ်၊ အရုပ်ဆိုးတယ်၊ ဒါကို မျက်လုံးနဲ့မြင်တယ်။
မြင်ပြီး သကာလ ဪ -ဖြူပါတယ်၊ နီပါတယ်လို့သိတယ်၊ ဒါက-မြင်စရာလို့ခေါ်တယ်၊ ဒါက-မြင်တဲ့မျက်စိ-ဒါက-မြင်လို့သိတာ (ပုံစံခွက်များချပြသည်)၊ ဒီဘက်ကဘာတုန်း (မြင်စရာပါ ဘုရား)၊ မြင်စရာ။ ဒီဟာက ကိုယ့်မျက်လုံးပေါ့လေ (မှန်ပါ)၊ ဒီဟာက ခန္ဓာထဲကနေသိတာ၊ မြင်စရာကို မြင်တာနဲ့သိတယ်။
မြင်စရာကို မြင်တာနဲ့သိတယ်၊ ဒါ-ဘာအပြစ်မှ မရှိဘူးလို့ အောက်မေ့ကြပါ (မှန်ပါ)၊
ဘာပဋိစ္စသမုပ္ပါဒ်မှ မဆက်နိုင်ဘူး၊ ဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါ ဘုရား)။ ဒါကဖြူတယ်-ဖြူတာကို အဖြူလေးလို့သိတယ် (မှန်ပါ)၊ ဘာအပြစ်မှ မရှိဘူးတဲ့၊ ရပ်နိုင်ကြလို့ရှိရင် ဘာအပြစ်မှ မရှိပါဘူးတဲ့ (မှန်ပါ)၊ သိပြီး-ပြီးတာပဲ (မှန်လှပါ ဘုရား)။
အသံကလေးကို ကြားတယ်-သိတယ်၊ သိရုံနဲ့တော့ ဘာအပြစ်မှ မရှိပါဘူး (မှန်ပါ)၊ သိတဲ့နောက်ကနေပြီးမှ သာယာတယ်၊ သဘောကျတယ်၊ စိတ်ပျက်တယ်၊ ဒါတွေလာတော့မှ အပြစ်ရှိတာပါ (မှန်ပါ)၊ ဥပမာ-မင်းတို့မော်တော်ကားစီးသွားကြတယ်၊ ဘေးကသစ်ပင်တွေကို မမြင်ကြဘူးလား (မြင်ပါတယ် ဘုရား)၊ မကျည်းပင်ကို မြင်တယ် သိတယ်၊ ဘာအပြစ်မှ မရှိပါဘူး (မှန်ပါ)၊ ဒီမကျည်းပင်ကြိးတွေက ကန့်လန့်ကန့်လန့်နဲ့ဗျာ-ဆိုလို့ရှိရင်တော့၊ ဒေါသကလာပြီ (မှန်ပါ)၊ မကျည်းသီးလေးတွေစားချင်လုကိတာဆိုရင်တော့ လောဘလာတယ် (မှန်လှပါ ဘုရား)။
ဒါဖြင့်-မင်းတို့စိတ်ကို လမ်းသွားတဲ့အခါကျလို့ရှိရင် မြင်ရုံ သိရုံတင် ရပ်ပါ (မှန်ပါ)၊ ဘယ်သူနဲ့တွေ့တွေ့ မြင်ရုံ သိရုံတင် ရပ်လို့ရှိရင်ဖြင့်၊ ဘာအပြစ်မှ မရှိဘူး၊
ကိလေသာမလာလို့ပဲ (မှန်ပါ)၊ ဒီဟာ နိဗ္ဗာန်ရကြောင်းတစ်မျိုးပဲ (မှန်လှပါ ဘုရား)။
သိရုံနဲ့တော့ အပြစ်မရှိပါဘူး
မြင်တယ်၊ သိတယ်၊ ကြားတယ် သိတယ်မဟုတ်လား (မှန်ပါ)၊ ကိစ္စမရှိပါဘူး၊ နံတယ် သိတယ်၊ ဘာမှ ကိစ္စမရှိပါဘူးတဲ့ (မှန်ပါ)၊ အချိုချက်စားလို့ စိတ်ပျက်ရင် အချဉ်ချက်စားလို့ စိတ်ပျက်ရင်သာ အပြစ်ရှိတာပါ (မှန်ပါ)၊ ချိုတာ ချိုတာမှန်းသိရုံနဲ့တော့ အပြစ်မရှိပါဘူး။
အဝတ်တစ်ထည်ကို စမ်းကြည့်တယ်၊ လက်နဲ့စမ်းကြည့်တယ်၊ နူးညံ့တယ်သိတယ်၊ ကြမ်းတယ် သိတယ်၊ အကြမ်းကြီးတော့ မဝတ်ချင်ဘူးဆိုရင် ဒေါသလာမယ်၊ ကြမ်းကြမ်းပဲ ကျုပ်က သဘောကျတယ်ဆိုလို့ရှိရင် တဏှာလာမယ် (မှန်ပါ)၊ ကြမ်းတယ်လို့ သိရုံလေးတော့ (ဘာမှ အပြစ်မရှိပါ ဘုရား)၊ အပြစ်မရှိဘူးလို့မှတ်ထားကြစမ်းပါ(မှန်ပါ)၊ ကြမ်းတာ သိရုံလေးတော့ (အပြစ်မရှိပါ ဘုရား)။
ဒါဖြင့်-မြင်တာမြင်ရုံတင်ရပ်ဆိုရင် ဒီအသိတင်ရပ်ကြပါ(မှန်ပါ)၊ ကြားတာ ကြားရုံတင် ရပ်ဆိုရင်တော့ (အသိတင်ရပ်ရမှာပါ ဘုရား)၊ အသိတင်ရပ်ပါ၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ နံတာ နံရုံတင်ရပ်ဆိုရင်ကော (အသိတင်ရပ်ရမှာပါ ဘုရား)၊ စားတာစားရုံတင်ရပ်ဆိုရင်ကော (အသိတင်ရပ်ရမှာပါ ဘုရား)၊ အသိတင်ရပ်ပေးပါတဲ့၊ ဝတ်တာကိုဝတ်တယ်လို့သာ သိနေရင် ဘာအပြစ်မှမရှိပါဘူး၊ ဒီအဝတ်ကြီးဖြင့် ကြမ်းထော်တာကြီးမို့ မဝတ်ခငျ်ပါဘူးဆိုရင်လဲ အပြစ်ရှိတာပဲ ဒေါသဖြစ်လာတာကိုး (မှန်လှပါ ဘုရား)။
အဲတော့ကို-မြင်သိ၊ ကြားသိ၊ နံသိ၊ စားသိ၊ တွေ့သိ၊ ဒီတင်ရပ်၊ ကြံတာလဲ ကြံသိ၊ ဪ-ဒါအဖြူလေးဖြစ်ရင် ကောင်းမှာပဲလို့ ကြံရင် ကြံရုံတင် ရပ်ရင် ကိစ္စမရှိပါဘူး (မှန်ပါ)၊ အနီရေးရရင် ကောင်းမှာပဲလို့ ကြံရုံတင်ရပ်ရင် ကိစ္စမရိပါဘူး၊ ကြံသိတင်ရပ်ရင်လဲ ကိစ္စမရှိပါဘူးတဲ့ (မှန်ပါ)၊
အခုတော့ မင်းတို့ဟာက လွန်လွန်းသွားလို့ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဘယ်လိုကြောင့်ပါလိမ့် (လွန်လွန်သွားလို့ပါ ဘုရား)။
လွန်သွားရင် အပြစ်ရှိတယ်
လွန်လွန်သွားတာက လောဘနဲ့ လွန်သွားလိုက်၊ ဒေါသနဲ့လွန်သွားလိုက်၊ မောဟနဲ့လွန်သွားလိုက်၊ ဣဿာနဲ့လွန်သွားလိုက်၊ မာနနဲ့လွန်သွားလိုက် ဆိုရင်တော့ဖြင့် ဒါတွေတော့ အပြစ်ရှိတယ်လို့ မှတ်ရမယ် (မှန်ပါ)၊ လွန်သွားရင် (အပြစ်ရှိပါတယ် ဘုရား)၊ ဒါဖြင့်-မြင်သိ၊ ကိစ္စမရှိပါဘူး၊ ကြားသိ (ကိစ္စမရှိပါ ဘုရား)၊ ကိစ္စမရှိပါဘူး၊ အခုပြောတဲ့အတိုင်း ကြံသိအထိအောင်သွားလိုက် (မှန်ပါ)၊ အပြစ်မရှိပါဘူးတဲ့ ၊ သဘောကျပြီနော် (ကျပါပြီ ဘုရား)။
ကောင်းပြီ-ဒါဟာ နိဗ္ဗာန်ရောက်တဲ့တရာညးလို့ငါက ဟောလိုက်တယ်၊ ဘုရားကိုယ်တော်မြတ်ကြီးကလဲ ဟောလိုက်တယ် (မှန်ပါ)၊ ဒါဖြင့် ဝိပဿနာမပါပါလားဆိုတော့ တဏှာတားတယ်ဆိုကတည်းက၊ ဒါတဏှာမလာလို့ရှိရင် ကိစ္စပြီးနေတာပဲ (မှန်ပါ)၊ ဒေါသမလာလဲ (ကိစ္စပြီးပါတယ် ဘုရား)၊ မောဟမလာလဲ (ကိစ္စပြီးပါတယ် ဘုရား) ဣဿပစ္စရိယတွေလာရကော (ကိစ္စပြီးပါတယ် ဘုရား)၊ မကောင်းတဲ့တရားတွေ နောက်ကလိုက်မှာသာစိုးရတယ်၊ မကောင်းတဲ့တရားကို ပယ်လိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်နောက်ကလိုက်မှာသာစိုးရတယ်၊ မကောင်းတဲ့တရားကို ပယ်လိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်က အသိကနေပယ်ချလိုက်တဲ့အတွက် ဘာအပြစ်မှ မရှိပါဘူး (မှန်လှပါ ဘုရား)။
ဒါက-ဘယ်လိုအချိန် ဝိပဿနာပေးတာတုန်းလို့ မေးတဲ့အခါကျတော့ သွားရင်း၊ လာရင်း၊ နေရင်း၊ ထိုင်ရင်း၊ ပြောရင်း၊ ဆိုရင်းမို့နော် တင်ပျဉ်ထိုင်တဲ့ အခါကို ဆိုတာ မဟုတ်ဘူး (မှန်ပါ)၊ သေဘာကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့်-မြင်ရင်မြင်သိတယ် (မှန်ပါ)၊ ကြားပြန်ရင် (ကြားသိတင်ရပ်ရမှာပါ ဘုရား)၊ နောက်ဆက်ပြီး သကာလ မသွားစေနဲ့ဆိုတဲ့ အဓိပ္ပာယ်ကော ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒါ-ဘယ်သူ့ကို ဟောသလဲဆိုလို့ရှိရင် “ဒါရုစ်ရိယ”ကို ဟောတယ်လို့မှတ်ရတယ် (မှန်ပါ)၊ ဗာဟိယ ဒါရုစိရိယ ကို ဟောတယ်။
ဗာဟိယဒါရုစိရိယ
အဲဒီတော့ – ‘ဗာဟိယဒါရုစိရိယ’ ဇာတ်ထုပ်ကို မင်းတို့ကို ပြောရဦးမယ် (မှန်ပါ)၊ သူဒီလိုကျင့်သွားလို့ ရဟန္တာဖြစ်သွားပုံကို ယနေ့ပြောပြမယ် (မှန်ပါ)၊ ‘ဒါရုစိ’ဆိုတာက တခြားမဟုတ်ဘူး၊ သူက သင်္ဘောကြီးနဲ့ ကုန်ကူးသွားတယ်၊ လူတွေအမြောက်အမြားနဲ့ပေါ့ (မှန်ပါ)၊ သင်္ဘောကြိးက ပင်လယ်ထဲမှာ စက်ပျက်ပြီးပျက်စီးတယ်၊ ဒီတော့-တခြားသော ပုဂ္ဂိုလ်တွေဟာ ငါးတို့ လိပ်တို့ မကန်းတို့၏ အစာဖြစ်ကုန်တယ်၊ သူတစ်တယောက်ကတော့ သစ်တုံးပိုင်းကလေးတစ်ခု ရထားနဲ့ အသက်အန္တရာယ်က လွတ်သွားတယ်၊
လွတ်သွားတာနဲ့ ‘သုပ္ပါရက’ သင်္ဘော ဆိပ်ကမ်းကို သူယက်ရင်း ယက်ရင်းနဲ့ ရောက်သွားတာပေါ့ကွာ (မှန်ပါ)၊ ခြောက်ရက် ခုနှစ်ရက်လောက်ရေထဲမှာ နေရတဲ့အတွက် သူ့အဝတ်အစားတွေက လှိုင်းရိုက်တာနဲ့ ဘာမှကို မရှိတော့ဘူး၊ တုံးလုံးဖြစ်နေတယ်၊ ဒါနဲ့ ကုန်းပေါ်ရောက် သွားတဲ့အခါမှာ သစ်သားလေး ကျူပင်ကျူစီးလေးတွေပေါ့ကွာ၊ နွယ်ကလေးနဲ့ ရစ်ရစ်ပြီး၊ ခက်ခက်ပြီးတော့မှ ဒါလေးဝတ်ထားတာပေါ့ကွာ (မှန်ပါ)၊ ဒါရုက သစ်သားတဲ့၊ စိရိက ဆိုတာက ခက် (ဝတ်)ထားတာ (မှန်ပါ)၊ ကျူစီးလေးကို သူခက်ပြီးတော့ ဝတ်ထားတာ (မှန်လှပါ ဘုရား)။
အဲဒီအချိန်မှာ သူက ဘုရား၊ ငါကဘုရားနဲ့ ဘုရားတွေက များနေတဲ့အခါမှာ ဒါရုစိက ချွေတာရေးနဲ့ဝတ်ပြီး သွားတော့ ဒါကလဲမရှိလို့ဝတ်ရတာပေါ့ကွာ (မှန်ပါ)၊ ဟိုသင်္ဘောဆိပ်ဘက်က လူတွေက သူ့ကိုမြင်ကြတော့ ဪ – ဟိုပုဂ္ဂိုလ်မှ ရဟန္တာပဲ၊ ဘာမှ မခင်တွယ်ဘူး၊ အဝတ်တောင် မဝတ်တော့ဘူးနဲ့ ပညာမရှိတဲ့ ပုဂ္ဂိုလ်တွေက ဒီလို ဆုံးဖြတ်ချက်ချတယ် (မှန်ပါ)၊ အဝတ်မဝတ်တာ သစ်သားတွေ ဝတ်လာတာကို အဝတ်မသာယာဘူးထင်ပြီး သကာလ သူတို့က သူ့ကို ရဟန္တာလုပ်ပြီးနေတာပေါ့ကွာ (မှန်ပါ)၊ အဲဒီတင် ထမင်းပေး၊ ဟင်းပေးနဲ့ သူ့မှာလဲ အိုးကင်းပဲ့ပါတာပဲ၊ ဒါနဲ့စားသောက်နေတာပဲ (မှန်လှပါ ဘုရား)။
သူ့ကို သင်္ဘောဆိပ်ကလူတွေက ကြည်ညိုလေးစားပြီး သကာလ နေတော့ ဒိပြင်လူတွေက အဝတ်ပေးကြပါရဲ့၊ ဒါပေမယ့် သူကမဝတ်ဘူး (မှန်ပါ)၊ ဝတ်ရင် သူထမင်းငတ်တော့မှာကိုး၊ ပရိယေသနငဲ့ပြီး ခြုံထည်ပေးလဲမခြုံ၊ အဝတ်အထည်ပေးလဲမဝတ်၊ ဒီလိုဖြစ်ပြီး သကာလ နေတော့ ဪ – ဒါမှ ရဟန္တာပဲလို့ တစ်ခါတည်း သူ့ကို ရဟန္တာလို့ ထင်တော့တာပဲ (မှန်ပါ)၊ ဉာဏ်မပါတဲ့လူတွေ ပြောပါတယ် (မှန်လှပါ ဘုရား)။
ဘဝဟောင်းက သူငယ်ချင်း
အဲဒီအချိန်မှာပဲ သူနဲ့ဘဝဟောင်းက သူငယ်ချင်းတစ်ယောက်ဟာ သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံမှာရောက်နေတယ်၊ အဲဒီဗြဟ္မာကြီးက တခြားလဲမဟုတ်ဘူး၊ တို့ဂေါတမမြတ်စွာဘုရား မပွင့်ခင်က ကဿပမြတ်စွာဘုရားဆိုတာကို မင်းတို့ ကြားဖူးမှာပေါ့ (ကြားဖူးပါတယ် ဘုရား)၊ ကဿပမြတ်စွာဘုရားလက်ထက်က ဒီလိုသာသနာငါးထောက်က မထားခဲ့ဘူး၊ မထားခဲ့တော့ သာသနာကလဲ ကွယ်ခါနီးနေတော့ မြတ်စွာဘုရားကလဲ ပရိနိဗ္ဗာန်စံခါနီးပြီးနေတော့ သံဃာတွေ နေပုံထိုင်ပုံ တွေ နေရာမကျတာနဲ့ ရဟန်းခုနှစ်ပါးက ကဲသာသနာတော့ပျက်ခါနီးနေပြီ၊ သာသနာအလုပ်ကဖြင့် ဒီအထဲမှာနေလို့ မဖြစ်တော့ဘူးဆိုပြီး တောင်ကလပ်တစ်ခုပေါ်ကို တက်ကြတယ်၊ လှေကားထောင်ပြီးတော့ (မှန်ပါ)၊ အသက်စွန့်တဲ့သူဖြင့် လိုက်ခဲ့ကြ၊ ဒီလှေကား နောက်ဆုတ်ပစ်လိမ့်မယ်၊ အသက်မစွန့်တဲ့သူဖြင့်မလိုက်ခဲ့ကြနဲ့ဆိုပြီး ခုနှစ်ပါးတက်သွားကြတယ်၊ အသက်စွန့်မယ့်လူချည်း ဟိုပေါ်မှာ တရားအားထုတ်ပြီး သေချင်သေမေ့စေတဲ့၊ ငတ်လို့ပေါ့လေ (မှန်ပါ)၊ တကယ့်သတ္တိတွေ (မှန်လှပါ ဘုရား)။
ရဟန်းခုနှစ်ပါးစလုံးလဲ အပေါ်ကို ရောက်ပါရော၊ လှေကားဖြုတ်ချလိုက်တယ်၊ တောင်ကလပ်ဖြစ်နေတော့ လှေကားဖြုတ်ချလိုက်ရင် မင်းတို့ဘယ်နှယ့်လုပ်ဆင်းမလဲ (မဆင်းနိုင်ပါ ဘုရား)၊ ဆင်းလဲသေမှာပဲ (မှန်ပါ)၊ ဒါနဲ့ အသေခံ အားထုတ်မယ်ဆိုပြီးတော့ အားထုတ်ကြတယ်၊ အားထုတ်တဲ့အခါမှာ တစ်ပါးက ငါးရက်မြောက်နေ့မှာပဲ အားထုတ်ပြီး ရဟန္တာဖြစ်သွားတယ်၊ ရဟန္တာဖြစ်တော့ ရိုးရိုးရဟန္တာမဟုတ်ဘူးတဲ့၊ ကောင်းကင်ပျံမြေလျှိုးနိုင်တဲ့ ရဟန္တာဖြစ်သွားတယ်၊ ပြန်လို့မှ မထူးတော့ပဲကိုး (ပြင်းပါတယ် ဘုရား)။
ဒီမှာလဲ-ဒီအတိုင်းပဲကြိုးစားရမှာပဲ၊ သေမယ့်ခန္ဓာကိုယ်တွေရထားတော့ မသေခင်မရအရ ကြိုးစားပစ်လိုက် (မှန်ပါ)၊ မရ-ရအောင် ကြိုးစားပစ်လိုက်ပါ။ ဒါနဲ့-အဲဒီရဟန္တာက မြောက်ကျွန်းကိုသွားပြီး ဆွမ်းခံတယ်၊ တံပူတွေရေတွေ ယူလာခဲ့တယ်၊ ခုနက ရဟန်းတွေကို ကဲ-ငါ့ရှင်တို့ တရားသာကြိုးစားကြ၊ ငါတစ်ယောက်တည်း ဆွမ်းခံ ကျွေးမယ်ဆိုပြီး တော့ ဘယ်သူက ရဧဟန္တာဖြစ်ခဲ့လို့ရှိရင် ဘယ်သူက ကျွေးကြစမ်းဆိုတဲ့ ကတိကဝတ်မပါဘူးဆိုပြီး ကျန်ခြောက်ပါးကလဲ စားကိုမစားဘူးတဲ့၊ သေချင်သေပေ့စေ (မှန်ပါ)၊ ဇွဲက မညံ့ဘူးကွ၊ မင်းတို့လူစုတွေဆို တောင်းစား ဦးမှာ၊ ဟင်-(မှန်ပါ)၊ ဟိုက အသက်ကို စွန့်ထားတာ (မှန်လှပါ ဘုရား)။
အသက်စွန့်ကြိုးစားတယ်
ဒါနဲ့ မစားဘူး၊ မစားတော့ ဟိုကိုယ်တော်ကလဲ မစားတော့ ဘယ်တတ်နိုင်ပါ့မတုန်းကွာ (မှန်ပါ့)၊ နောက်တစ်ပါး က နောက်တစ်ရက်ကျတော့ အနာဂါမ်တည်ပြန်တယ်၊ သူကလဲ တန်ခိုးအဘိညာဉ်ရတာနဲ့ မြောက်ကျွန်းသွားပြီးဆွမ်းခံ ကျွေးပြန်တာပဲ (မှန်ပါ)၊ ကျန်တဲ့ငါးပါးကလဲ မစားဘူး၊ သေချင်သေပေ့စေ၊ နဂိုကတိကဝတ်က တစ်ယောက်က ကျွေးလို့ရှိရင် တစ်ယောက်က စားကြစတမ်းဆိုတာ နဂိုကတည်းကကိုမပါခဲ့ဘူး (မှန်ပါ)၊ မပါတဲ့အတွက် သူတို့ဟာ အသက်စွန့်မယ်ဆိုပြီး အသက်စွန့်ကြိုးစားတယ်လို့ မင်းတို့အားလုံးက မှတ်ထားပေါ့ (မှန်လှပါ ဘုရား)။
ကျန်တဲ့ငါးပါးဟာ မဂ်ဖိုလ်တရားထူးကို မရကြဘဲ ခြောက်ကပ်ပြီး သေကုန်တယ်၊ အာဟာရပြတ်ပြီး သေကုန်ကြတယ်၊ သေတော့လဲ အကုန်နတ်ပြည်ရောက်၊ နတ်ပြည်က ဆင်းပြီး တို့ဘုရားကိုယ်တော်မြတ်ကြီးလက်ထက် ကျလာတော့ တစ်ယောက်က ‘ဗာဟိယ’၊ တစ်ယောက်က ‘ကုမာရကဿပ’ သွားဖြစ်ကြတယ်။ သူတို့ငါးယောက်သွားဖြစ်ကြတယ် (မှန်ပါ)၊ အဲဒီ ‘ဗာဟိယဒါရုစိရိယ’က သူတစ်ယောက်အပါအဝင်ကွ၊ အဲဒီတောက်ကလပ်ပေါ် တရားကျင့်တဲ့အထဲမှာ တစ်ယောက်အပါအဝင်ပဲ (မှန်လှပါ ဘုရား)။
ဒါနဲ့- အဲဒီအနာဂါမ်တည်တဲ့ ရဟန်းကြီးက သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံမှာ သွားဖြစ်တယ်၊ ဗြဟ္မာဘုံကနေပြီး နိဗ္ဗာန်ကူးတော့မှာပေါ့ကွာ (မှန်ပါ)၊ အဲဒီလို ဖြစ်ပြီးနေတော့ အဲဒီ အနာဂါမ်ကြီးက ကြည့်လိုက်တယ်၊ ဂေါတမမြတ်စွာဘုရားကလဲပွင့်ပြီ၊ ငါ့မိတ်ဆွေတွေ ဘယ်လောက်များရောက်နေကြတုန်းဆိုပြီး ကြည့်လိုက်တော့် ဪ-တစ်ယောက်က ‘ပုက္ကုသာတိ’ တွေ ဘယ်များရောက်နေကြတုန်း ဆိုပြီးကြည်လိုက်တော့ ဪ – တစ်ယောက်က’ပုက္ကုသာတိ’ မင်းကြီးဖြစ်နေတယ်၊
ရဟန္တာမဟုတ်ပဲနဲ့ ရဟန္တာလုပ်ပြီးနေ
တစ်ယောက်က ‘ဒါရုစိရိယ’ဖြစ်ပြီး ရဟန္တာမဟုတ်ပဲနဲ့ ရဟန္တာလုပ်ပြီး နေပြန်ပြီလို့သူက သွားပြီး မြင်ပြန်တာကိုးကွ (မှန်လှပါ ဘုရား)။
မြင်တဲ့အခါကျတော့မှ သူက ကောင်းကင်ကနေ အရောင်အဆင်းအလင်းတွေနဲ့ ဟေ့-ဒါရုစိရိယ ဘာလုပ်နေတာတုန်းလို့ မေးတာ့ပေါ့ (မှန်ပါ)၊ ဒါနဲ့ -ရုစိရိယကကြည့်လိုက်တယ်၊ ဪ – ဗြဟ္မာကြီးကမင်းဟာ ရဟန္တာမဟုတ်ဘဲနဲ့ ရဟန္တာလုပ်နေတာကိုး၊ ဟော-မြောက်ပိုင်းမှာ သာဝတ္တိပြည် ဇေတဝန်ကျောင်းတိုက်တော်မှာ ဂေါတမမြတ်စွာဘုရား ပွင့်ထွန်းနေတယ်၊ မင်အဲဒီကိုသွား၊ မင်းဟာဘာမှ မဟုတ်သေးဘူး၊ အဲဒီကိုသွားပါလို့ပြောလိုက်တယ်၊ ယူဇနာတစ်ရာ့နှစ်ဆယ်တောင်ဝေးတာကွ (မှန်လှပါ ဘုရား)။
ဒါနဲ့ ဒါရုစိရိယလဲ တစ်ညဉ့်တည်းအပြင်သွားပြီး ရောက်သွားတယ်၊ ရောက်သွားတာ ဘယ်အချိန်ရောက်သွားတုန်းဆိုတော့ ခုနှစ်နာရီလောက် ရောက်သွားတယ်၊ ခုနှစ်နာရီလောက်ရောက်တော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သဝတ္တိမြို့ထဲကို ဆွမ်းခံထွက်နေတယ်၊ ဒါရုစိရိယက ဘုရားကျောင်းတော်ကို ရောက်သွားတော့ ဂေါတမမြတ်စွာဘုရားက ဆွမ်းခံထွက်သွားတယ်လို့ ကျောင်းကဟာတွေက ပြောတဲ့အခါမှာ၊ တွေ့ချင်တယ်ဘုရားလို့ဆိုတော့၊ မင်းကဘယ်ကလာသတုန်းလို့ မေးတာပေါ့၊ ယူဇနာတစ်နှစ်ဆယ်ခရီးရှိတဲ့-
‘သုပ္ပါရက’ သင်္ဘောဆိပ်ကလာခဲ့ပါတယ်၊ အီတလီပြည်ကလာတာ၊ အီတလီပြည်ကနေပြီး အိန္ဒိယပြည် သာဝတ္တိကိုလာတာ (မှန်လှပါ ဘုရား)။
ဒါနဲ့-ဒါလောက် တစ်ညဉ့်လုံးကြီး လာခဲ့ရတာ၊ ခြေကလေး ဘာလေးဆေးပြီး ဆီလေးဘာလေးနဲ့ နှယ်ပါဦးဆိုတော့ မဟုတ်ဘူး၊ ဒီအလုပ်တွေက အပိုအလုပ်တွေပါ၊ ဘုရားကိုယ်တော်မြတ်ကြီးနဲ့တွေ့ဖို့သာ အရေးကြီးပါတယ်၊ ဘယ်ကိုကြွသွားသတုန်းလို့ မေးတဲ့အခါမှာ သာဝတ္တိပြည်ထဲ ဆွမ်းခံကြွသွားတယ်ဆိုတာကို သိတာနဲ့ သူလိုက်သွားတယ်၊ လိုက်သွားတော့ ဘုရား ကိုယ်တော်မြတ်ကြိးကို မြင်တဲ့နေရာကစပြီးတော့ ကုန်းပြီး သကာလ ခြေဖမိုးကိုသွားပြီး ဦးတိုက်တာပဲ၊ အရှင်ဘုရား-တရားဟောတော်မူပါ၊ ဟ-‘ဒါရုစိရိယ’ ဆွမ်းခံရင်း ဘယ်တရားဟောရမှာ တုန်းဆိုပြီး ဘုရားက ပယ်လိုက်တယ်။
အရှင်ဘုရား- တရားဟောတော်မူပါ
ဒါနဲ့-သူကနောက်ဆုတ်လိုက်တယ်၊ နောက် ဟိုနားတစ်ပြလောက် သွားမိပြန်တော့ အရှင်ဘုရား-တရားဟောတော်မူပါ၊ မဟုတ်ဘူးကွ-ဆွမ်းခံတုန်းရှိသေးတယ်ဆိုပြီး ဘုရားကပယ်တယ်၊ အရှင်းဘုရား-ဆွမ်းဆိုတာ ဘဝမျာညးစွာ သံသရာက စားခဲ့ရပါပြီ၊ တရားရဖို့သာ အရေးကြီးပါတယ်၊ တရားသာပေးပါဆိုတော့ ဘုရားက မဟောသေးဘူး၊ ‘ဒါရုစိ’က၊ ပင်ပန်းတဲ့စိတ်တွေက အင်မတန်များပြီးနေတော့ စိတ်မငြိမ်သေးလို့ ဉာဏ်ရင့်အောင် စောင့်နေတာ (မှန်ပါ)၊ နောက်တစ်ပြလောက် သွားမိတော့ အရှင်ဘုရား- တရားဟောတော်မူပါပဲ – ခြေဖမိုးဦးတိုက်ပြီးတော့ (မှန်လှပါ ဘုရား)။
ကွာ-ဒါဖြင့် မြင်ရုံတင်ရပ်ကွာ၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ကြားရင် (ကြားရုံတင်ရပ်ရမှာပါ ဘုရား)၊ နံရင် (နံရုံတင်ရပ်ရမှာပါ ဘုရား)၊ နံတယ်သိတယ်ဆိုရင် ရပ်ပစ်လိုက် (မှန်ပါ)၊ ရှေ့မဆက်နဲ့ (မှန်ပါ)၊ စားတယ်ဆိုလို့ရှိရင်ကော စားတယ်ဆိုလို့ရှိရင်ကော (စားရုံတင်ရပ်ရမှာပါ ဘုရား)၊ စားတာကို ချိုမှန်းသိ၊ ချဉ်မှန်းသိရင် ရပ်ပစ်လိုက်၊ ရပ်ပစ်လိုက်ပါတဲ့ (မှန်ပါ)၊ အဝတ်ဝတ်တယ်ဆိုရင်၊ နူးညံ့တယ်လို့သိပြီး ရပ်လိုက်၊ ကြမ်းတယ်လို့သိပြီး (ရပ်ရမှာပါ ဘုရား)၊ ကြံစည်တာလဲ ကြံတယ်လို့သိပြီးရင် (ရပ်ရမှာပါ ဘုရား)၊ အဲဒီတင် ရပ်လိုက်ကွတဲ့ဆိုတော့ ဉာဏ်ကလဲ ‘ဒါရုစီရိယ’ က တရားကျင့်ပြီးသား ပုဂ္ဂိုလ်ကိုးကွ၊ နဂိုကလဲ အရှိပါလာတယ် (မှန်ပါ)၊ အရှိန်ပါလာတော့ အဲဒီတင် တရားနာရင်းမတ္တနဲ့ နှလုံးသွင်းတယ် (မှန်ပါ)၊ တရားနာရင်းမတ္တနဲ့ နှလုံးသွင်းတော့ နာရင်းမတ္တနဲ့ပဲ မောင်ထွန်းတင် ရဟန္တာဖြစ်တယ်ကွ (မှန်ပါ)၊ အမြန်တကာ့အမြန်ထဲမှာ ဘုရားကိုယ်တော်မြတ်ကြီးလက်ထက်က သူအမြန်ဆုံးပဲ ရပ်တဲ့တရားနဲ့နော် (မှန်လှပါ ဘုရား)။
သပိတ်သင်္ကန်းဘာမှ မလှူဘူးတဲ့ ပုဂ္ဂိုလ်ဖြစ်နေ
ဒါနဲ့-အရှင်ဘုရား တပည့်တော် ရဟန်းခံချင်တယ်၊ မင်းရဟန်းခံချင်လို့ရပ်ဖြင့် ဒိပြင်လူတွေတော့ ‘ဧဟိဘိက္ခု’ခေါ်လိုက်ရင် ရဟန်းဖြစ်လာမှာပေါ့ကွာ (မှန်ပါ)၊ ဒါရုစိရိယကတော့ နောက်ဘဝတုန်းက သပိတ်သင်္ကန်းဘာမှ မလှူဘူးတဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့ ဘုရားကိုယ်တော်မြတ်ကြီးက ခေါ်လို့မဖြစ်ဘူး။ ဒါနဲ့-မင်းသပိတ်သင်္ကန်းတွေကို ရှာချည်းကွာ၊ သပိတ်သင်္ကန်းရှာချည်ဦးဆိုတော့ သပိတ်သင်္ကန်းအရှာထွက်ရာမှာပဲ ဘီးလူးမက နွားယောင်ဆောင်ပြီး သူ့ကိုခွေ့ပြီး သ တ်ပစ်လိုက်တယ်၊ သတ်ပတ်လိုက်တော့ သေရောဆိုပါစို့ (မှန်လှပါ ဘုရား)။
ဒါနဲ့-ရဟန်းတွေကလဲ ဆွမ်းခံပြီး အကုန်ပြန်လာတဲ့အခါမှာ ‘ဒါရုစိရိယ’ကို အမှိုက်ပုံးထဲမှာ သေနေတာ တွေ့ကြတယ်၊ ဒါနဲ့-ဘုရားကိုယ်တော်မြတ်ကြီး ကျောင်းရောက်တော့ အရှင်ဘုရား-လမ်းမှာ တရားတောင်းတဲ့လူတော့ ဟိုအမှိုက်ပုံထဲမှာ သေနေပြီ၊ ဟ-သေတာမဟုတ်ဘူးကွ၊ မင်းတို့အပေါင်းအဖော် အာသဝေါကုန်ခန်းပြီး ရဟန္တာဖြစ်တယ်ကွ လို့ပြောတော့ အို-ဘယ်အချိန်ကျင့်လိုက်ပါလိမ့်တုန်းလို့မေးကြတာပေါ့ (မှန်ပါ)၊ ကျင့်ချိန်မှမပါတာကိုး (မှန်လှပါ ဘုရား)။
ဘယ်အချိန်ကျင့်လိုက်ပါလိမ့်မတုန်းဆိုတော့ ကျင့်ချိန်မှမပါတော့၊ ဒါကျင့်တာပဲကွ၊ မြင်တာမြင်ရုံတင်ရပ်ဆိုတာကျင့်တာပဲ (မှန်ပါ)၊ ကြားတာ ကြားရုံတင်ရပ်ဆိုတာ (ကျင့်တာပါ ဘုရား)၊ ဒါ-အကျင့်တစ်မျိုးပဲ၊ ကိလေသာမှ မလာပဲကိုး၊ ကိလေသာမလာအောင်ကျင့်တာ အကျင့်ချည်းပေါ့ကွ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကိလေသာမလာအောင် ကျင့်တဲ့အကျင့်
ကိလေသာမလာအောင် ကျင့်တဲ့အကျင့်ဟာ (အကျင့်တစ်မျိုးပါ ဘုရား)၊ တို့ဖြစ်ပျက်အားထုတ်နေတာလဲ ကိလေသာမလာအောင် လုပ်တာပဲ (မှန်ပါ)၊ ဒါလဲရပ်နိုင်တဲ့သတ္တိရှိရင် (ကိလေသာမလာတော့ပါ ဘုရား)၊ ကိလေသာ မလာတာပဲ ရပ်နိုင်တဲ့သတ္တိ ရှိလို့ရှိရင် (မှန်လှပါ ဘုရား)။
အဲဒီကဲ့သို့ အားထုတ်တဲ့အခါ မြင်ရုံတင်ရပ်၊ ကြားရုံတင်ရပ်ဆိုတာ သူရယ်တစ်နေ့က ငါဟောခဲ့တဲ့ ‘မာလုကျပုတ္တ’ ရယ်၊ သူတို့နှစ်ယောက်ပဲရှိတယ် (မှန်ပါ)၊ ဒါကြောင့်-တချို့ဂိုဏ်းတွေကျတော့ တင်လှတို့လဲ ကြားဖူးမှာပေါ့၊ မြင်တယ် မြင်တယ်လုပ်နေ၊ ကြားတယ် ကြားတယ်လုပ်နေဆိုတာ၊ ဒီ-ကမ္မဋ္ဌာန်းကိုပေးတာကွ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
သူတို့က အနိစ္စမပါဘူး (မှန်ပါ)၊ မြင်ရင်မြင်တယ်မှတ်၊ ကြားရင် (ကြားတယ်မှတ်လို့ မှတ်ရမှာပါ ဘုရား)၊ အဲဒါ-ဒါပေးတာပဲကွ၊ လွှဲတယ်လို့ သွားမဆိုကြနဲ့ (မှန်ပါ)၊ လွဲတယ်လို့ သွားမလုပ်နဲ့၊ ကိုယ်က ဗဟုသုတမရှိလို့ (မှန်လှပါ ဘုရား)၊
သူကရပ်ခိုင်းတာကွ ဟင် (မှန်ပါ)၊ မြင်တာ မြင်ရုံတင်ရပ်၊ ကြားတာ ကြားတာနဲ့ ရပ်ဆိုတော့ကို ကိလေသာက လာသေးရဲ့လား (မလာတော့ပါ ဘုရား)၊ မလာတော့ဘူး၊ အဲဒီကမ္မဋ္ဌာန်းကိုပေးကြတာ (မှန်ပါ)၊
မင်းတို့လူစုထဲမှာ ရပ်နိုင်တဲ့လူက မပါ
သို့သော် တို့က ဒီ ကမ္မဋ္ဌာန်းကို ဘာလို့မပေးတာတုန်းဆိုတော့၊ မင်းတို့လူစုထဲမှာ ရပ်နိုင်တဲ့လူက မပါဘူး (မှန်ပါ)၊ မပါတော့ ဟောဒါကိုဖြစ်ပျက်ရှု၊ ဒါကိုဖြစ်ပျက်ရှု၊ ကြိုက်တာကိုရှုဆိုပြီး နင်တို့ကိုပေးရတာ (မှန်ပါ)၊ နင်တို့က ရပ်လို့မှ မရတာ၊ မြင်တယ်ဆို မုန်းလိုက်တာက အရင်လာပြီး မဟုတ်ဘူးလား (မှန်ပါ)၊ အင်း ချောချောလှလှ အထည်လိပ်ကလေးကိုမြင်ပြန်ရင် လိုချင်လိုက်တာက အရင်လာတယ် (မှန်ပါ)၊ အဲဒီတော့ တင်လှတို့လူစုက ရပ်လို့ရရဲ့လား (မရပါ ဘုရား)၊ မရတဲ့ပုဂ္ဂိုလ်ကျတော့ ဖြစ်ပျက်ကမ္မဋ္ဌာန်းပေးတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ မရတဲ့ပုဂ္ဂိုလ်ကို (ဖြစ်ပျက်ကမ္မဋ္ဌာန်းပေးရပါတယ် ဘုရား)၊ ဟ-ရဖို့ဟာကတင်မလွယ်ဘူးကွ (မှန်ပါ)၊ လွယ်ပါ့မလား (မလွယ်ပါ ဘုရား) မင်းတို့ စိတ်နဲ့လေ (မလွယ်ပါ ဘုရား)။
အဲဒီတော့ကို-အခုကမ္မဋ္ဌာန်းပေးကြတဲ့ဆရာတောက မြင်တယ်-မြင်တယ်လုပ်နေ၊ ကြားတယ် – ကြားတယ် လုပ်နေ နံတယ်- နံတယ်လို့သိနေ၊ စားတယ် စားတယ်လို့သိနေ၊ အိပ်တယ် – အိပ်တယ်လို့သိနေဆိုတာက ဟိုရှေ့မဆက် အောင်လို့လုပ်ခိုင်းနေတာ (မှန်ပါ)၊ အဲဒါ သူတို့ကမ္မဋ္ဌာန်းက တစ်မျိုးပဲ၊ သူတို့ဟာက အနိစ္စ၊ ဒုက္ခ၊ အနတ္တမပါဘူးလို့ သွားလုပ်မနေနဲ့ (မှန်ပါ)၊ ရပ်နိုင်ရင် ဟုတ်တာပဲ (မှန်ပါ)၊ မရပ်နိုင်ရင်တော့ မဟုတ်ဘူး (မှန်ပါ)၊ မရပ်နိုင်ရင်တော့ တရားက မဟုတ်တာလား၊ ကိုယ်က မဟုတ်တာလား ဆိုတာကို အကဲခတ် (ကိုယ်က မဟုတ်တာပါ ဘုရား)၊ ကိုယ်က မဟုတ်တာလို့ မှတ်ကြပါ (မှန်လှပါ ဘုရား)။
သို့သော် ဒီကမ္မဋ္ဌာန်းက အခုဘုရားကိုယ်တော်မြတ်ကြီး ၄၅ ဝါဟောခဲ့တဲ့တရားတွေထဲမှာ သူတို့နှစ်ယောက်တင်ပါတာ (မှန်ပါ)၊ အများနဲ့ ဆက်ဆံတာကတော့ အခု မင်းတို့ရှုနေတဲ့ဥစ္စာပဲ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊
အများနဲ့ဆက်ဆံတာက ဖြစ်ပျက်ပဲ
အများနဲ့ဆက်ဆံတာကတော့ဖြင့် ဖြစ်ပျက်ပဲ၊ ဒါက သူတို့နှစ်ယောက်တင်ဆက်ဆံတာ (မှန်ပါ)၊ အဲဒီတော့ မှားတယ်လို့ တော့ မဆိုနဲ့၊ ကိုယ်လုပ်ချင်ရင်လုပ်၊ ကိုယ့်စိတ်နိုင်ရင်လုပ်ပါ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ကိုယ့်စိတ် နိုင်ရင် (လုပ်နိုင်ပါတယ် ဘုရား)။
ကိုယ့်စိတ်နိုင်ရင်ဆိုတဲ့ အဓိပ္ပာယ်က တခြား မဟုတ်ပါဘူးတဲ့၊ ကိုယ့်စိတ်က ရပ်နိုင်တယ်ဆိုလို့ရှိရင်လုပ်ပါ (မှန်ပါ)၊ သို့သော် မင်းတို့အထဲမှာ ငါတွေးကြည့်တယ်၊ ရပ်နိုင်တဲ့လူတစ်ယောက်မှ ပါမယ်လို့မထင်ဘူး (မပါပါ ဘုရား)၊
မြင်ရင်မုန်းတာရယ်၊ မြင်ရင်ခင်တာရယ်၊ မြင်ရင်မသိတာရယ်၊ အခါတည်း အဝိဇ္ဇာတွေနဲ့တဏှာနဲ့ ဥပါဒါန်တွေက နောက်ကနေ အမြဲတမ်း လိုက်မနေပေဘူးလား (လိုက်နေပါတယ် ဘုရား)၊ အေး ဒါတွေကိုသိတော့ တို့နဲ့တော့ မဖြစ်ဘူးဆိုရင်လဲ ဒီမြင်တာရင်လဲ ဖြစ်ပျက်ရှု၊ သိတာရင်လဲ (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ အင်း – မြင်စိတ်ကို ဖြစ်ပျက်ရှုရင် ရှု သိတဲ့စိတ်ကိုလဲ (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဒါမှ ရှုမရလို့ရှိရင် ကျန်ခန္ဓာလှည့်ရှု (မှန်ပါ)၊ အကုန်ဖြစ်ပျက်တွေတွေ့ လို့ရှိရင်လဲ သူတို့လိုပဲ ရပ်နိုင်တာပဲ (မှန်လှပါ ဘုရား)။
သူတို့ကတော့ ထက်တဲ့ပုဂ္ဂိုလ်တွေကိုးကွ (မှန်ပါ) ‘ခိပ္ပါဘိည’ ပုဂ္ဂိုလ်ဆိုတော့ လျင်မြန်သောမဂ်ဖိုလ်အသိဉာဏ် ရှိသော အရာဝယ် အသာဆုံး အမြတ်ဆုံးပုဂ္ဂိုလ်၊ လူထားတဲ့ (မှန်ပါ)၊ အမြန်ကို ခရီးပေါက်တဲ့ပုဂ္ဂိုလ်ပဲ၊ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)၊
ဖြစ်ပျက်သမားက ဖြစ်ပျက်မိအောင်ရှု
ဘယ်လိုဆိုကြမှာတုံး (အမြန်ကို ခရီးပေါက်တဲ့ပုဂ္ဂိုလ်ပါ ဘုရား)၊ အမြန်ခရီးပေါက်တဲ့ ပုဂ္ဂိုလ်လို့ တို့ဉာဏ်ထူလပိန်းကနေပြီး သူ့နောက်လိုက်လို့တော့ဖြင့် တော်တော်နဲ့မမီပေဘူးကွ (မမီပါ ဘုရား)၊ မီနိုင်ပါ့မလား (မမီ နိုင်ပါ ဘုရား)၊ မမီနိုင်တော့ ဖြစ်ပျက်သမားက ဖြစ်ပျက်မိအောင်ရှု (မှန်ပါ)၊ အနိစ္စ၊ ဒုက္ခပဲရှု၊ သူက အနိစ္စ၊ ဒုက္ခမပါဘူး (မှန်ပါ)၊ ရပ်နိုင်လို့ သူက ပြီးသွားတာ၊ ရပ်နိုင်လို့ တဏှာသေသွားတာ (မှန်ပါ)၊ မလာပါများတော့ မလာတာပေါ့ကွာ (မှန်ပါ)၊ ဧည့်သည်လာတိုင်း နှင်ပစ်တယ်၊ ဧည့်သည်လာတိုင်း နှင်ပစ်တယ်ဆိုရင် နောက်ကို ဒီဧည့်သည်ဟာ လာပါဦး မလား (မလာတော့ပါ ဘုရား)။
အဲ- သူကလဲ ရပ် – ရပ်ပစ်လိုက်တဲ့အတွက် ဒီဧည့်သည်ကကြာတော့ အမြစ်ပြတ်သွားတာ (မှန်ပါ)၊ အမြစ်ပြတ် ပြီး မလာပဲနေလိုက်တာပဲ (မှန်ပါ)၊ အဲ – ဒါရုစိရိယရယ်၊ မာလုကျပုတ္တရယ်၊ ဒီနှစ်ယောက်ပဲ ရှိတယ်၊ ဒီရပ်နိုင်တဲ့ပုဂ္ဂိုလ် ဟာလေ (မှန်ပါ)၊ ရပ်နိုင်လို့ပဲ ဘုရားကိုယ်တော်မြတ်ကြီးရဲ့ခြေဖမိုးကို ဝတ်ချရင်းမတ္တနဲ့ သူတို့ အကုန်ရပ်နိုင်တာကိုးကွ (မှန်ပါ)၊ ရပ်နိုင်တော့ တဏှာသေသွားတာပေါ့၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဒါနဲ့- ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ရဟန်းတွေက အမှိုက်ပုံထဲမှာ သေနေတယ်လို့လျှောက်တော့ သွားမီးရှို့ချည့်ကွလို့ဆိုတော့ တစ်ခါတည်း ဓာတ်တော်တွေ ကျလာတယ် (မှန်ပါ)၊ အဲဒီဓာတ်တော်တွေကို စေတီလုပ်ခိုင်း တာပဲ၊ ကဲ – မမြန်ဘူးလား (မြန်ပါတယ် ဘုရား)၊
အမြန်ရတဲ့အထဲမှာ သူတစ်ယောက်
အဲဒီတင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အမြန်သိတဲ့အထဲမှာ ဒါရုစိရိယယောက် မဂ်ဉာဏ်အမြန်ရတာ ဘယ်သူမှမရှိဘူးတဲ့၊ ရှင်သာရိပုတ္တရာတို့ ရှင်မောဂ္ဂလာန်တို့ အကုန်နေရစ်တာပဲ (မှန်ပါ)၊ အမြန်ရတဲ့အထဲမှာ သူတစ်ယောက်ဟာ အထူးခြားဆုံးပဲ (မှန်လှပါ ဘုရား)။
ဒိပြင်လူတွေကျတော့ ရှင်သာရိပုတ္တရာတို့က ရှင်အဿဇီဆီမှာ သောတာပန်တည်ရတယ်၊ နောက်မှ ဘုရား ကိုယ်တော်မြတ်ကြီးဆီသွားပြီး ရဟန္တာဖြစ်ရတာဆိုတော့ မရှည်ဘူးလားကွာ (ရှည်ပါတယ် ဘုရား)၊ ဟိုဟာတွေက ဖြစ်ပျက်သမားတွေကိုးကွ (မှန်ပါ)၊ ဖြစ်ပျက်ရှုပြီးမှ တက်သွားတဲ့ ပုဂ္ဂိုလ်တွေ သဘောကျပလား (ကျပါပြီ ဘုရား)၊
ဒါနဲ့- ရဟန်းတွေကသွားပြီး မီးရှို့ကြည့်တော့ အဟုတ်ကို ဓာတ်တော်တွေ အကုန်ကျတာပဲ ဖြူဖြူအတုံးကလေး တွေ အရိုးတွေဖြစ်တာ မဟုတ်တော့ဘူးကွ (မှန်ပါ)၊ ဓာတ်တော်တွေ အကုန်ဖြစ်ပြီး ရဟန္တာ ဖြစ်သွားတာကိုး၊ ရှင်းကြပလား (ရှင်း ပါပြီ ဘုရား)၊ သူကတော့ ရပ်တာနဲ့ဖြစ်သွားတာပဲ (မှန်ပါ)၊ ရပ်ပေမယ့် နင်တို့က သိပြီးသားပဲ၊ ကိလေသာမလာရင် ပြီးတာကိုး (မှန်ပါ)၊ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။
ဘယ်အချိန်များ ရဟန္တာဖြစ်လိုက်ပါလိမ့်မတုံး
ဒါနဲ့ – ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ရဟန်းတွေက သွားလျှောက်တယ်၊ ဘယ်အချိန် တရားအားထုတ်လို့ ဘယ်အချိန်များ ရဟန္တာဖြစ်လိုက်ပါလိမ့်မတုံးဘုရားလို့၊ ရဟန်းတွေက မယုံနိုင်ဘူးလား၊ အဘိညာဉ်မရတဲ့ပုဂ္ဂိုလ်က သိကို မသိဘူး (မှန်ပါ)၊
ဘယ်အချိန် တရားအားထုတ်လို့ ဘယ်အချိန်များ ရဟန္တာဖြစ်ပါလိမ့်မတုံး ဆိုတော့ ၊ မင်းမကြားဘူးလားကွ၊ ဂါထာတစ်ထောင်ကျော် ကျက်မှတ်ပြီး ကျင့်နေပေမယ့်လဲ အနှစ်သာရရှိတာ တစ်ခုကို ပဓာနထား ရမှာကွ (မှန်ပါ)၊ တစ်ထောင်တွေက လိုရင်းမဟုတ်ဘူး၊ တစ်လုံးသာလိုရင်း (မှန်ပါ)၊ သူက မြင်ရုံတင်ရပ်ကိုးကွ (မှန်ပါ)၊ ဘယ်နှယ်ဟောသတုံး (မြင်ရုံတင်ရပ်ပါ ဘုရား)၊ ကြားရုံတင် (ရပ်ပါ ဘုရား)၊ အဲဒါလေးပဲ ဟောလိုက်တာ မြင်ရုံတင်ရယ်၊ ကြားရုံတင်ရယ်၊ ကြံရုံတင်ရယ်ဆိုတော့ ‘ ရပ် ‘ တစ်လုံးတည်းဟောတာ (မှန်ပါ)၊ ဒိပြင် ဘာပါသေးတုံး (မပါ,ပါ ဘုရား)။
ဘာမှ မပါပါဘူးတဲ့ မြင်ရုံတင်ရယ်၊ ကြားရုံတင်ရယ်ဆိုပြီး သကာလ ပြောလိုက်တာပဲတဲ့ ၊ အဲဒီတော့ကို ရပ်နည်း ကလေးတစ်ခိုကို အပိုပြောပေးပါမယ် (မှန်ပါ)၊ ဒါက အဖြူလေး၊ အဖြူကိုမြင်တဲ့စိတ်ကလေး မလာဘူးလား (လာပါ တယ် ဘုရား)၊ ဒီကလဲ အဖြူမြင်တဲ့စိတ်အတိုင်း အဖြူကိုပဲ သိရမယ်၊ ဒိပြင် မဖောက်ပြန်ရဘူးနော်၊ သူက (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဒါကဘာတုံး (အဖြူပါ ဘုရား)၊ မြင်တာက ဘာမြင်တုံး (အဖြူမြင်တာပါ ဘုရား)၊ သိတာကလဲ (အဖြူသိတာပါ ဘုရား)၊ အဖြူပဲသိရတယ် တဲ့၊ ဒီလိုဆိုတော့ကို ဒီစိတ်ဟာ မဖောက်ပြန်တော့ဘူး (မှန်ပါ)၊ ဒီဟာကို မြင်တဲ့အတိုင်း တစ်ထပ်တည်း ဒီကသွားတယ် (မှန်ပါ)၊ မသွားဘူးလား (သွားပါတယ် ဘုရား)။
မင်းတို့က ဇောလိမ်ခံရတာက များနေတယ်
မင်းတို့ကတော့ ဒီလိုမဟုတ်ဘူး၊ ဒါက အဆင်းလေး၊ ဒါက မြင်တယ်ဆို မင်းတို့က လူဖြစ်သွားပြီး (မှန်ပါ)၊ ရှေ့ကဟာ လူဖြစ်သွားပြီ၊ လူကလေး ချောလိုက်တာ ဖြစ်သွားပြီ၊ လူကလေးလှလိုက်တာ (ဖြစ်သွားပါတယ် ဘုရား)၊ ဒီလိုဖြစ်သွားတော့ မင်းတို့ဟာက ဒီမှာကျတော့ ဖောက်ပြန်တယ် (ဖောက်ပြန်ပါတယ် ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဒီမြင်တဲ့ဝိပါတ်ဟာ မှန်ပေမယ့် ဒီဇောက လိမ်သွားပြီ (မှန်ပါ)၊ မင်းတို့က ဇောလိမ်ခံရတာက များနေတယ် ဒါ – နောက်ဇောတွေ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ – မင်းတို့မှာ နဂိုတတ်ထားကလဲ ဒီလိမ်တာပဲ တတ်ထားတယ် (မှန်ပါ)၊ ဒါမြင်လိုက်တယ်ဆိုရင် မြင်တာလေးဟာဖြင့် ယောင်္ကျားလေးနဲ့ တူပါပေတယ်၊ မိန်းကလေးနဲ့ တူပါပေတယ်လို့ သူက ဒီလိုပဲ မလာပေဘူးလား (လာပါတယ် ဘုရား)၊ ဒါကိုပဲလာနေတော့ ဒီအဆင်းကိုပင်လျှင် မင်းတို့ကမြင်တာက အဆင်း၊ ယောက်ျား ဖြစ်နေပြီး မိန်းမဖြစ်နေပြီး မဟုတ်ဘူးလား (မှန်ပါ)၊ ခွေးဖြစ်နေပြီ ကြောင်ဖြစ်နေပြီ၊ ကြက်ဖြစ်နေပြီဆိုတော့ ဒီဇောက မလိမ်ဘူးးလား (လိမ်ပါတယ် ဘုရား)၊ အသိဇောက လိမ်သွားပြီ (မှန်ပါ)၊ အဲဒီတော့ မင်းတို့ နဂိုက တတ်ထားတာကိုက အလိမ်တတ်ထားတာ (မှန်ပါ)၊ သဘောပါပြီလား (ပါ,ပါပြီ ဘုရား)။ နဂိုက မင်းတို့ ဘာတတ်တာတုံး (အလိမ်တတ်ထား ပါတယ် ဘုရား)၊ အဲဒီတော့မင်းတိုက ရပ်လို့မရတဲ့အပြင် အလိမ်တောင်ဖြစ်နေသေးတယ် (မှန်လှပါ ဘုရား)။
ရပ်လို့လည်းမရပဲ အလိမ်တောင်ဖြစ်နေတော့ ယောင်္ကျားဖြင့် မုန်းတာပဲ၊ ခင်တာပဲလို့ မလာပေဘူးလား (လာပါတယ် ဘုရား)၊ ဒါကြောင့် အဲဒီကျအောင် မသွားပဲနဲ့ အဆင်းကိုမြင်တယ်၊ မြင်တာက အဖြူမြင်လို့ရှိရင် ဒါအဖြူ လို့သိပေး (မှန်ပါ)၊ ယောင်္ကျား၊ မိန်းမ မဖြစ်စေနဲ့ (မှန်ပါ)၊ မင်းတို့ဟာက ယောင်္ကျား၊ မိန်းမ ဖြစ်ကုန်ပြီး (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ အဲဒါ ရပ်နည်းကော သဘောပါကြပြီလား (ပါ,ပါပြီ ဘုရား)။
