တစ်ခုတည်းသောတရားဖြင့် နိဗ္ဗာန်ရောက်နိုင်ပုံ
ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း
မင်္ဂလာရိပ်သာကျောင်းတိုက်၌ ဟောကြားဆုံးမတော်မူသော
တစ်ခုတည်းသောတရားဖြင့် နိဗ္ဗာန်ရောက်နိုင်ပုံ
အနိစ္စတွေ့အောင် ရှုနိုင်ရင် ပြီးတာပဲ
တရားကိုများမှ မဟုတ်ပါဘူး၊ တစ်လုံးကောင်းမှတ်ပြီး သကာလ ကြိုးစားလို့ရှိရင်လဲ ပိုင်တာပဲလို့မှတ်ထားရမယ် (မှန်လှပါ ဘုရား)။ တစ်လုံးကောင်းမှတ်ပြီး ဝေဒနာဖြင့် ဝေဒနာတစ်လုံးတည်းတင် ဖိရှု၊ ဆရာဘုန်းကြီးက ဝေဒနာကို ရှုခိုင်းမယ်၊ စိတ်ကိုရှုခိုင်းတယ်၊ အဲဒီပေါ်တဲ့စိတ်တွေကိုရှု၊ ဝေဒနာပေါ်လို့ရှိရင် ဝေဒနာကိုစိုက်ရှု၊ အနိစ္စတွေ့အောင် ရှုနိုင်လို့ရှိရင် ပြီးတာပဲ (မှန်ပါ)၊ ဘာတွေ့အောင် ရှုနိုင်ရင်ပြီးတုံး (အနိစ္စတွေ့အောင် ရှုနိုင်ရင် ပြီးပါတယ် ဘုရား)
အဲဒီတစ်လုံးတည်းနဲ့ပဲ ဥပမာမယ် စဉ်းစားကြည့်ပါ၊ ဒါလေးက (ပုံစံခွက်ချပြသည်) ကိုယ်ပေါ်မှာခံသာတဲ့ ကောင်းတဲ့ ဝေဒနာလေးပေါ်တယ်၊ ဒီဝေဒနာလေးကို ဒီကနေပြီး သကာလ ဖြစ်ပျက်ရှုလိုက်ပါတဲ့၊ ဖြစ်ပြီးပျက်တဲ့ အနိစ္စ တရားလေးလို့ ရှုလိုက်ပါ (မှန်ပါ) ကောင်းတဲ့ဝေဒနာလေးကို ဘယ့်နှယ်ရှုရမယ် (ဖြစ်ပြီးပျက်တဲ့ အနိစ္စတရားကို ရှုရမှာပါ ဘုရား)၊ ဖြစ်ပြီးပျက်တဲ့ အနိစ္စတရားရယ်လို့ ရှုလိုက်ပါ၊ ထိုကဲ့သို့ရှုလိုက်တဲ့အခါကျတော့ ဝေဒနာရယ်လို့ ဟုတ်သေးရဲ့လား (ဝေဒနာက ချုပ်မသွားသေးဘူးလား (ချုပ်သွားပါတယ် ဘုရား)။
အဲဒီတော့ ‘ဝေဒနာပစ္စယာတဏှာ’မလာဘူးတဲ့၊ ဝေဒနာကဖြစ်ချုပ်၊ မဖြစ်ချုပ်တာကို ဒီကသိတာက မဂ်ဖြစ်နေတော့ ‘ဝေဒနာနိရောဓာ တဏှာနိရောဓာ’ သွားဖြစ်တယ် (မှန်ပါ) တဏှာမသေဘူးလား (သေပါတယ် ဘုရား) အဲဒီတော့ ဖြစ်ချုပ်မြင်လို့ရှိရင် သေတာပါပဲ (မှန်ပါ)၊ တဏှာမသေဘူးလား (သေပါတယ် ဘုရား)၊ အဲဒီတော့ ဖြစ်ချုပ် မြင်လို့ရှိရင် သေတာပါပဲ (မှန်ပါ)၊ ဖြစ်ချုပ်မမြင်လို့ရှိရင် သေကိုမသေဘူးလို့ မှတ်ထားကြပါ (မှန်လှပါ ဘုရား)။
တဏှာသေရင် နိဗ္ဗာန်ရောက်တာပါပဲ
အဲဒီတော့ ဒီဝေဒနာတစ်လုံးတည်းနဲ့ပဲ တဏှာသေပါတယ်၊ တဏှာသေရင် နိဗ္ဗာန်ရောက်တာပါပဲ (မှန်ပါ)၊ တဏှာသေရင် ဘာမှမတွေးနဲ့၊ နိဗ္ဗာန်ရောက်တာပဲဆိုတာကို မှတ်ထားပါ (မှန်ပါ)၊ အဲဒီတော့-ဘာမြင်မှ တဏှာသေမလဲလို့ မင်းတို့အမေး ထုတ်လို့ရှိင် – ဒီဖြစ်တာပျက်တာလေးမြင်မှ ဒီဉာဏ်ကမြင်ပေးမှ သူကချုပ်တာပျက်တာ၊ သူကမြင်ပေးတာ။
အဲ-ချုပ်တာပျက်တာလေး မြင်ပေးလိုက်လို့ရှိရင် မြင်တာက မဂ်ပဲ (မှန်ပါ)၊ မဂ်သည်ဘာလုပ်တက်သတုံး ဆိုလို့ရှိရင် ဝေဒနာပစ္စယာ တဏှာဆိုတာကို မလာအောင်သူကတာပေးတက်တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊
ဝေဒနာပစ္စယော (တဏှာမလာအောင် တားပေးပါတယ် ဘုရား)၊ တဏှာမလာအောင် တားပေးတော့ကို တဏှာဟာ လာခွင့်ကိုရသေးရဲ့လား (မရတော့ပါ ဘုရား)။
အဲဒီတော့ တဏှာနိရောဓော နိဗ္ဗာနံ ‘သွားဖြစ်တာပဲ (မှန်ပါ)၊ တဏှာ နိယောဓော (နိဗ္ဗာနံပါ ဘုရား) ‘တဏှာနိရောဓော နိဗ္ဗာနံ’သွားဖြစ်တယ်လို့ မှတ်ထားလိုက်တော့ ဪ -တစ်လုံး တည်းနဲ့ တဏှာသေတာပဲကိုး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ တစ်လုံးတည်းနဲ့ (တဏှာသေပါတယ် ဘုရား)။
တစ်လုံးတည်းနဲ့လဲ ကိစ္စပြီးပါတယ်
ဒါဖြင့်-တစ်လုံးတည်းရှုလဲ ဒါနိဗ္ဗာန်ရောက်တာပဲဆိုတော့ကို တရားများနေမှ မဟုတ်ပါဘူးတဲ့၊ တစ်လုံးတည်းနဲ့ ကိစ္စပြီးတာပါပဲ (မှန်ပါ)၊ တရားများနေမှ မဟုတ်ဘူးနော် (တစ်လုံးတည်းနဲ့လဲ ကိစ္စပြီးပါတယ် ဘုရား)၊ တစ်လုံးတည်းနဲ့လဲ ကိစ္စပြီးတာပဲဆိုတာ မှတ်ထားလိုက်တော့- ဧကောဓမ္မောဆိုတာဟာ ဒါပါပဲ၊ (မှန်ပါ)၊
တစ်လုံးတည်းနဲ့ နိဗ္ဗာန်ရောက်အောင် ဟောစမ်းပါဆိုရင် ဒီတစ်လုံးတည်းကို ဖြစ်ချုပ်မြင်အောင်သာကြည့်နေ၊ ဒါ-ပေါ်တိုင်း ပေါ်တိုင်း ဝေဒနာဟာ သုံးမျိုးရှိမယ် ခေါ်တော့ ဝေဒနာပဲခေါ်လိုက်တော့ တစ်လုံးတည်းပဲ မကျဘူးလား (ကျပါတယ် ဘုရား)။
အဲဒီတော့ သုခဝေဒနာပေါ်လဲ ဖြစ်ချုပ်မြင်အောင်ကြည့်၊ ဒုက္ခဝေဒနာပေါ်လဲ (ဖြစ်ချုပ်မြင်အောင် ကြည့်ရမှာပါ ဘုရား) ဥပက္ခာဝေဒနာပေါ်လဲ (ဖြစ်ချုပ် မြင်အောင် ကြည့်ရမှာပါ ဘုရား)
သောမနဿဆိုတော့ ဝမ်းသာတဲ့ ဝေဒနာပေါ်ရင်ကော (ဖြစ်ချုပ်မြင်အောင် ကြည့်ရမှာ ပါ ဘုရား)၊ သောမနဿဆိုတော့ ဝမ်းသာတဲ့ဝေဒနာပေါ်ရင်ကော (ဖြစ်ချုပ်မြင်အောင် ကြည့်ရမှာပါဘုရား၊ ဖြစ်ချုပ် မြင်အောင် ကြည့်လိုက်လို့ရှိရင်ဖြင့် ဒီဘက်ကဒေါသတို့၊ သောကတို့၊ အဝိဇ္ဇာတို့ တဏှာတို့ လာသေးရဲ့လား (မလာတော့ ပါဘူး ဘုရား)။
ဒါဖြင့်ဝေဒနာတစ်လုံးတည်းနဲ့ မပြီးဘူးလားလို့မေးရင် ဘယ့်နှယ်ဖြေကြမတုံး (ပြီးပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အကျိုးမရှိတဲ့ဥစ္စာကို တရားဟောနေလဲ အပိုပါပဲ-တဲ့၊ တစ်လုံးကောင်းနဲ့ နိဗ္ဗာန်ကိုရောက်အောင် ဟောနိုင်လို့ရှိရင်လဲ (မြတ်ပါတယ် ဘုရား)။
အဲဒီတော့ ဝေဒနာတစ်လုံးတည်းကို ပြလိုက်တယ် (မှန်ပါ)၊ ပြလိုက်တော့ ဖြစ်ချုပ်မြင်အောင် ကြည့်နိုင်လို့ရှိရင် တဏှာသေတာပဲလို့မှတ်ပါ (မှန်ပါ)၊ ဖြစ်ချုပ်မြင်အောင် ကြည့်နိုင်လို့ရှိရင် (တဏှာသေပါတယ် ဘုရား)၊ တဏှာသေတာပဲလို့မှတ်ပါ။
ဝေဒနာက သုံးမျိုးပဲ ရှိပါတယ်
ဒါဖြင့်ဘယ်လိုပဲ ခန္ဓာကိုယ်ကြီးကျယ်နေနေ ဝေဒနာက သုံးမျိုးပဲ ရှိပါတယ်၊ ဒီသုံးမျိုးပဲ လှည့်ပေါ်မှာပဲ (မှန်ပါ)။ ပေါ်ချင်တာပေါ်၊ ဝေဒနာချည်းပဲဆိုရင်ကော လွဲသလား (မလွဲပါဘူး ဘုရား)။
အဲဒါကြောင့်-ကိုယ်ပေါ်မှာယားတဲ့ ဝေဒနာပေါ်တယ်၊ နာတဲ့ဝေဒနာပေါ်တယ်၊ အောင့်တဲ့ဝေဒနာပေါ်တယ်၊ ကောင်းတဲ့ဝေဒနာပေါ်တယ်၊ ပေါ်ချင်တာပေါ်၊ ဒါကိုပဲလိုက်ရှုပါ (မှန်ပါ)။
‘ဝေဒနာနိရောဓာ တဏှာနိယောဓော’ ဖြစ်တာချည်းပဲ (မှန်ပါ) ‘ဝေဒနာနိရောဓော နိဗ္ဗာနံ’ဆိုတာက သေချာသွားတယ် (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
တစ်လုံးတည်းနဲ့ နိဗ္ဗာန်မရောက်နိုင်ဘူးလား မေးရင်ကော ဖြေတက်ကြပလား (ဖြေတက်ပါပြီ ဘုရား)၊ ရောက်တာပဲ (မှန်ပါ)၊
ကုဏ္ဍလကေသီ
ဒါဘယ်မှာလာသတုံးလို့ မေးတဲ့အခါကျလို့ရှိရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော်မူစဉ်အခါမှာ ‘ကုဏ္ဍလကေသီ’ဆိုတဲ့ မိန်းမတစ်ယောက်ရှိတယ်၊ သူသည် ဘဒ္ဒါအမည်ရှိသော သူဌေးသမီးဖြစ်ပြီး သကာလ နေတော့ကို အချိန်အရွယ်လေးက ရောက်လာတယ်၊ အချိန်အရွယ် ကလေးက ရောက်လာတော့ကို လင်စိတ်သားစိတ် ပေါ်ပေါက်ပြီး သကာလ လာတယ်။
တစ်နေ့သ၌ ကျတော့ ရာဇဂြိုလ်ပြည့်ရှင် မင်းကြီး၏အမိန့်ဖြင့် သတ္တုကမည်သော လူဆိုးတစ်ယောက်ကို ဖမ်းပြီးတော့ လမ်းဆုံလမ်းခွမှာ ကြိမ်နဲ့တစ်ထောင် ဒဏ်ရိုက်ပါတယ်၊
သူဋ္ဌေးသမီးကလဲ ဘာပါလိမ့်မလဲလို့ ထွက်ကြည့်တယ်၊ ထွက်ကြည့်တော့ ဒီလူဆိုးကြီးကိုမြင်သွားတယ်၊ လူဆိုးကြီးကို သွားမြင်တဲ့အခါမှာ ရှေးဘဝက ပေါင်းခဲ့ဖူး တဲ့အကြောင်းကြောင့် တပ်မက်တဲ့စိတ်ရှိပြီး သကာလ နေတာနဲ့ သူ့အိပ်ရာထဲသွားလှဲအိပ်လိုက်တယ်၊
သူ့အမေအဖေက မေးတာပေါ့လေ၊ ဘာဖြစ်တာတုံးပေါ့၊ ဘာမှမဖြစ်ပါဘူး၊ ဒီလူဆိုးကြီးကို အိမ်ထောင် ပြုချင်ပါတယ်လို့ ဆိုလိုက်တော့ မိဘနှစ်ပါးကလဲ သင်နဲ့ထိုက်တန်တာတွေကို တို့ရည်ရွယ်ထားပါတယ်ဆိုပေမယ့် သူဌေးသမီးကလေးက ဒီလူဆိုးကြီးကို ရ-ရမှာပဲလို့ ဖြစ်နေတယ်၊
အမေ မိဘကလဲ အမျိုးမျိုး တောင်းပန်ငြား သော်လည်း မရဘူး၊ မရတာနဲ့ အမေမိဘလဲ သူဌေးတွေဖြစ်နေတော့ ခုနကသတ်မယ့်ဆီ ထုတ်သွားတဲ့လူတွေကို ငွေတစ်ထောင်ပေးပြီး ဒိပြင်လူတစ်ယောက်နဲ့ လှည့်ပြီး သကာလ အစားထိုးလိုက်တာပေါ့ကွာ၊ ဒီလူကို ငွေတစ်ထောင်နဲ့ နုတ်ပေးပါ၊ နို့မို့ရင် ကျုပ်သမီးသေချည်ရဲ့ ဆိုပြီးတော့ နုတ်လာတယ်၊ နုတ်လာပြီး အိမ်မှာသမီးနဲ့ ပေးစားလိုက်တယ်။
–လူဆိုးဆိုတာက
ပေးစားတော့ လူဆိုးဆိုတာက ဘယ်အခါကာလမှ ယဉ်ကျေးတဲ့လူမျိုးမဟုတ်ဘူး၊ ဒီသူဌေးသမီးကလေးက အမျိုးမျိုးအဖုံဖုံ ယာဂု၊ ထမင်း၊ ဟင်းတွေနဲ့ ပြုစုနေငြားသော်လည်း သူကခိုးစားရမှာတဲ့ လူဖြစ်ပြီး သကာလ နေတော့ သူဌေးအိမ်က ပစ္စည်းတွေအားလုံးကို သူလိုချင်တာပဲ၊ ဒီ-သားမယားစိတ်တော့ မရှိတော့ဘူး။
ဒါနဲ့-နှစ်ရက်သုံးရက် နေတော့ သူကလဲတစ်ခါကုတင်ပေါ် အိပ်နေပြန်တယ်၊ သူဌေးသမီးကလေးက သွားမေးတယ်၊
ဘယ်လိုမေးသလဲဆိုတော့ အဖေက သဘောမတူလို့လား၊ အမေက သဘောမတူလို့ ဒီလိုဖြစ်နေတာလားပေါ့လေ၊ မဟုတ်ဘူးလို့ဆိုတော့ သူဌေးသမီးက ပြောပါဖြစ်တာကို ပြောပါဆိုတော့ ငါအခုဒီသတ်မယ့်နေရာမှ လွတ်လာတော့ ငါတောင်ပေါ်မှာ တောင်စောင့်နတ်ကို တိုင်တည်လိုက်တယ်၊ ကျုပ်သာဒီကလွတ်လို့ရှိရင်ဖြင့် အမျိုးမျိုး ပူဇော်ပသပါ့မယ်လို့ တောင်စောင့် နတ်ကို တိုင်တည်ထားခဲ့တဲ့အတွက် အခုငါလွတ်လာပြီ သင်နဲ့လဲအိမ်ထောင် ကျခဲ့တယ်၊ ဒါကြောင့်-အဲဒီတောင်စောင့် နတ်ကို မပူဇော်ရလို့ ဒီလိုဖြစ်နေတာပါ၊ အဓိဋ္ဌာန်ထားတာပျက်မှာ စိုးလို့ပေါ့လေ။
အဲလိုဖြစ်ပြီး သကာလ နေတော့ ကဲ-ဒါဖြင့် ဘာနဲ့ပူဇော်ချင်တုံး၊ အို-ရေမရောတဲ့နွားနို့နဲ့ ပူဇော်တာပေါ့ဆိုတော့ အေး-ဒါဖြင့် ကောင်းပြီဆိုပြီး သကာလ ခုနကသူဌေးသမီးကလေးက အမျိုးမျိုးအဖုံဖုံ နွားနို့ဆွမ်းတွေ ဘာတွေချက် လက်ဝတ်လက်စားတွေ ဝတ်ပြီးတော့ အဲဒီပူဇော်မယ်ဆိုတဲ့ တောင်ပေါ်ကိုသွားကြတာပေါ့ (မှန်ပါ)၊ သွားပြီး သကာလ တောင်ခြေရင်းလဲရောက် လူဆိုးကြီးက သင့်အခြွေအရံတွေ အကုန်ထားပစ်ခဲ့ပါ သင်သာလက်ဝတ်လက်စား အပြည့်အစုံနဲ့ တောင်စောင့်နတ်ပူဇော်ဖို့ရာယူပြီး လိုက်ခဲ့ပါလို့ လူဆိုးကတော့ အကြံနဲ့ကိုး၊ ပစ္စည်းလိုချင်လို့ပေါ့ (မှန်လှပါ ဘုရား)။
တောင်ပေါ်ရောက်သွားတော့
ဒါနဲ့တောင်ပေါ်ရောက်သွားကြတယ် တောင်ပေါ်ရောက်သွားတော့ ကဲ-ပူဇော်ပသလို့ မိန်းမက ခိုင်းတာပေါ့လေ ဟာ-မဟုတ်ဘူး၊ ငါအလကားပြောတာ၊ ဒီပစ္စည်းတွေလိုချင်လို့ သူဝတ်လာတဲ့ပစ္စည်းတွေ လိုချင်တာကိုး၊ ခိုးစားရတဲ့ လူက ခိုးစားရမှ သူ့ဟာကဝတာ (မှန်ပါ)၊
ဒီသူဌေးဖြစ်ရမှာကို- သူကအလိုမရှိဘူး၊ အဲလိုဖြစ်ပြီး သကာလ နေတော့ ဒီပစ္စည်းတွေက ရှင့်ပစ္စည်းတွေပဲဆိုတော့ ဟာ-မဟုတ်ဘူး၊ နင်ဝတ်လာတဲ့ပစ္စည်းတွေကို နင်သတ်ပြီး ယူရမယ်လို့ ပြောလိုက်တယ်။
ဒီလိုပြောလိုက်တော့ ဟာ-မလုပ်ပါနဲ့၊ ပစ္စည်းတော့ယူပါ၊ လူကိုတော့ ချမ်းသာပေးပါဆိုပေမယ့်လဲ မရဘူး၊ ဒါနဲ့-သူဌေးသမီးက အောက်မေ့တယ်၊ ဪ -ဉာဏ်ဆိုတာဟာ ချက်ပြုတ်စားဖို့မဟုတ်ဘူး၊ ဉာဏ်ဆိုတာ အသုံးချဖို့ဆိုပြီး အောက်မေ့လိုက်တယ် (မှန်ပါ)၊
ဉာဏ်ဆိုတာဟာ ချက်ပြုတ်စားဖို့ မဟုတ်ပါဘူး၊ အသုံးချဖို့ဖြစ်ပါတယ်၊ ဒါဖြင့် ဉာဏ်ထုတ်မှပဲဆိုပြီး ဉာဏ်ထုတ်တော့မိန်းမတို့၏ ပရိယာယ်နဲ့ ကဲ-သတ်တော့လဲ သေရမှာပါပဲ ကိစ္စမရှိပါဘူး၊ သို့သော်လည်း ကိုယ့်လင်ကိုယ့်သားကို သုံးပတ်လောက်ပတ်ပြီး သကာလ ဦးတိုက်ပါရစေ၊
နောက်လဲတွေ့ရတော့မှာ မဟုတ်ဘူးဆိုပြီး သူဌေးသမီးကပြောလိုက်တယ်၊ လူဆိုးကြီးကတော့ အကောင်း မှတ်နေတာပေါ့ကွာ၊ ဒါနဲ့သုံးပတ်ပတ်ပြီး သကာလ နောက်ဆုံးပိတ် တစ်ခါတည်းလူဆိုးကြီး၏ လည်ကိုဖက်၍ ယုယသည့်ဟန်ဖြင့် ဇက်ကိုလက်တစ်ဖက်ကကိုင်ပြီး ခါးတောင်းကျိုက်ထားတာကို အခြားလက်တစ်ဖက်ကကိုင်ပြီး တောင်ပေါ်ကနေ တွန်းချလိုက်တယ် (မှန်ပါ)၊ တောင်ပေါ်ကနေ တွန်းချလိုက်တော့ သူခိုးကြီး သေရောဆိုကြပါစို့ (မှန်လှပါ ဘုရား)။
ငါတော့ဘီက္ခုနီမကျောင်းသွားမှာပဲ
အဲဒါနဲ့ သူဌေးသမီးက တောင်ပေါ်ကနေ ပြန်လာတယ်၊ ပြန်လာပြီး စဉ်းစားတယ်၊ ငါအိမ်ပြန်ရင်တော့ ဒုက္ခရောက်တော့မှာပဲ၊ ဒီ-ခင်ပွန်းသည်လိုချင်တုန်းကလဲ ငါပဲအခု သူဘယ်သွားတုံးဆို သေပြီပြောပြန်လဲ ငါသတ်တယ်လို့ ဆိုဦးမှာပဲ ဘယ်ဟာမှကောင်းမှာမဟုတ်ဘူး၊ ငါတော့ဘီက္ခုနီမကျောင်းသွားမှာပဲဆိုပြီး သကာလ ၊ ဘိက္ခုနီမ ကျောင်းကို (ပရိဗိုဇ်တို့၏ကျောင်း) သွားလိုက်တယ်။
မှတ်ချက်။ ။ ပရိဗိုဇ်တို့၏ကျောင်းသို့ရောက်သွားခြင်းဖြစ်သည်။ မိုးကုတ်ဆရာတော်ဘုရားကြီးမှ နားလည်လွယ်အောင် ဘိက္ခုနီမကျောင်းဟု ဟောခြင်းဖြစ်သည်။
မသွားခင် အဲဒီတောင်စောင့်နတ်က ထွက်ပြီး ပြောလိုက်တယ်၊ အသင်-ဘဒ္ဒါသူဌေးသမီး ယောက်ျားသာ ပညာရှိတာ မဟုတ်ဘူး၊ သင်တို့မိန်းမမှာလဲ ပညာရှိပေတယ်ဆိုပြီး သူကချီးမွမ်းလိုက်သေးတယ်၊ နို့မို့ရင် သူသေရရှာမှာပဲ (မှန်လှပါ ဘုရား)။
အဲဒီလိုဖြစ်ပြီး သူတောင်ပေါ်ကဆင်းပြီး အိမ်မပြန်တော့ဘူး၊ ပရိဗိုဇ်မကျောင်းသွားတယ်၊ ပရိဗိုဇ်မကျောင်း သွားပြီး ပရိဗိုဇ်မ လုပ်ပေးပါလို့ တောင်းပန်လိုက်တယ်၊ ဒါနဲ့-ကုဏ္ဍလကေသီအမည်နဲ့ (နောက်ပိုင်း ဇမ္ဗူပရိဗိုဇ်မ အမည်ဖြင့်ထင်ရှား၏) ပရိဗိုဇ်မ လုပ်ပြီးတော့ ကဲ-ပညာသင်မယ်၊ ဘာပညာရှိတုံးဆိုတော့ ဈာန်ရတဲ့လမ်းလဲ ရှိတယ်၊ ပုစ္ဆာတစ်ထောင်သင်လိုက်တယ်၊ သင်ပြီး သကာလ ပုစ္ဆာတစ်ထောင် သင်လို့ရှိရင် ကိုယ်ကဖြေနိုင်လို့ရှိရင်လဲ ကိုယ်ကဆုလာဘ်ပကာယူပေါ့၊ သူတစ်ပါးက မေးတာကို ကိုယ်က မဖြေနိုင်ဘူး ဆိုလို့ရှိရင်လဲ ကိုယ်ကသူ့ဆီမှာ ခြေရင်းဝပ်စင်းပြီး သကာလ အလုပ်အကျွေး ဖြစ်ရမယ်၊ ရဟန်းဖြစ်ခဲ့လို့ ရှိရင်လဲ ရဟန်းခိုင်းတာကို လုပ်ရမယ်။
ပုစ္ဆာတစ်ထောင်သင်ပြီး တိုင်းပြည်လှည့်တယ်
ဒါနဲ့-အဲဒီလို သင်ပေးမယ့်လူက ပြောတာနဲ့ သူ့ပုစ္ဆာတစ်ထောင်သင်ပြီး တိုင်းပြည်လှည့်တော့တာပဲ (မှန်ပါ)၊ တိုင်းပြည်လှည့်ပြီးတော့ သူကပညာကလဲကောင်း၊ ဉာဏ်ကလည်းကောင်းဖြစ်နေတော့ ဘယ်သူမှ သူမေးတာကို မဖြေနိုင် ကြဘူး သူကပဲ သာ-သာ သွားတာပဲ (မှန်ပါ)၊
တစ်နေ့သ၌ကျတော့ ပရိဗိုဇ်မကတစ်ခုသော ရွာထဲဝင်လတ်သော် ရှေးပြုမြဲနည်းအတိုင်း ရွာပြင်တံခါးမှာရှိတဲ့ သဲပုံတစ်ခုမှာ သပြေပန်းစိုက်ပစ်ခဲ့တယ်၊ ဒါကိုလှဲတဲ့ပုဂ္ဂိုလ် ဆိုလို့ရှိရင် သူနဲ့ပုစ္ဆာအမေးအဖြေလုပ်ရမယ်၊ ဒီအထဲမှာ ဘာမှမေးမြန်းတဲ့ ပုဂ္ဂိုလ်မရှိဘူးဆိုလို့ရှိရင် ဒါပညာမရှိတဲ့ရွာပဲလို့ သူအထိမ်း အမှတ်ထားတယ်။
ထိုကဲ့သို့ ထားတဲ့အခါမှာ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးက ဆွမ်းခံလာတယ်၊ ဆွမ်းခံလာတော့ ကလေးတွေ ဝန်းရံနေတဲ့ သပြေပန်းထောင်ထားတာကိုတွေ့တော့ ဟေ့-ဒါဘာတုံးကွလို့မေးတဲ့အခါမှာ ‘ဇမ္ဗူပရိဗိုဇ်မ’ဆိုတာက သူမေးတဲ့ပုစ္ဆာဖြေနိုင်တဲ့ သူမှဒီပန်းကိုလှဲရမယ်လို့ ဆိုပါတယ်၊
ဒါနဲ့ရှင်သာရိပုတ္တရာက မင်းတို့လှဲပါလားလို့ဆိုတော့ တပည့်တော်တို့မှ မဖြေနိုင်ဘဲနဲ့ မလှဲရဲဘူးလို့ ဖြေလိုက်တယ်၊ အို-လှဲသာလှဲလိုက်ပါ၊ သူလာလို့ရှိရင် ငါကလှဲခိုင်းတာလို့ ပြောပြီး ငါ့ဆီလွှတ်လိုက်လို့ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးက ပြောလိုက်တယ်။
ဒီ’ဇမ္ဗူပရိဗိုဇ်မ’ ပြန်လာတဲ့အခါမှာ သပြေပန်းလဲနေတာတွေ့တော့ ဒီသပြေပန်း ဘယ်သူလှဲသတုံးလို့ ကလေး တွေကို မေးတဲ့အခါမှာ ရှင်သာရိပုတ္တရာဆီကို ပုစ္ဆာတစ်ထောင် မေးပါတယ်တဲ့၊ ကိုယ်တော်ကြီးကအကုန်ပဲ ပြန်ဖြေ လိုက်တယ်၊ တစ်ထောင်လုံး အကုန်ဖြေလိုက်ပါတယ်၊ ဖြေလိုက်တော့ ပြေသွားရောပေါ့ (မှန်ပါ)၊ ကိုင်း-သင်ကတော့ ပုစ္ဆာတစ်ထောင်မေးလို့ ငါအကုန်ဖြေရပြီ သင့်ကိုတစ်ခုတည်း မေးမယ်ဆိုပြီး ‘တစ်ခုသောတရားနဲ့ နိဗ္ဗာန်ရောက်တာ’ သင်ဖြေပါလို့မေးတော့ မဖြေနိုင်တော့ဘူး၊ တစ်ခုသောတရားနဲ့ နိဗ္ဗာန်ရောက်တာ ဖြေပါဆိုတော့ ဖြေနိုင်သေးရဲ့လား (မဖြေနိုင်တော့ပါ ဘုရား)။
‘ဧကောဓမ္မော’လေး နင်ဖြေစမ်းပါ၊
အေး-နင်တို့ကို ကနေ့ငါကဒါကို သင်တာပဲ၊ ဒီတစ်ခုသောတရားနဲ့ နိဗ္ဗာန်ရောက်ဖို့ကို (မှန်လှပါ ဘုရား)၊ ဒါနဲ့ ရှင်သာရိပုတ္တရာက ဇမ္ဗူပရိဇ်မကို ငါ့အမေးကိုမဖြေနိုင်လို့ ရှိရင်ဖြင့် အသင်တို့ဝတ္တရား ဘာရှိသတုံးလို့မေးတာပဲ၊ မဖြေနိုင်တဲ့ ပုဂ္ဂိုလ်ဟာ ခိုင်းရာလုပ်ရမယ်ဆိုတော့ ဘိက္ခူနိမကျောင်းကိုသွားပြီး တရားအားထုတ်ခိုင်းလိုက်တယ်၊ တရား အားထုတ်တော့ ရဟန္တာမ,ဖြစ်သွားတာပဲ (မှန်ပါ)၊ သို့သော်-အဲဒါအသာထားပါဦးတဲ့၊ နင်ကတစ်ထောင်မေးထားပြီတဲ့ ငါမေးတဲ့ ‘ဧက’ဆိုတဲ့ တစ်လုံးတည်း ‘ဧကောဓမ္မော’လေး နင်ဖြေစမ်းပါ၊ သူ့ပုစ္ဆာတစ်ထောင်ထဲမှာက ဒါမပါဘူးကွ (မှန်ပါ)၊ လောကီပုစ္ဆာတွေဖြစ်နေတော့ မပါတော့ဘူးပေါ့ (မှန်လှပါ ဘုရား)။
ဒါဖြင့်-တစ်ခုသောတရားနဲ့ နိဗ္ဗာန်ရောက်တာကို ဖြေပါဆိုတော့ အဖြေကိုရှာမတွေ့ဘူး၊ ဒီတင်မှ ရှင်သာရိပုတ္တရာက တစ်ခုသောတရားဟာ ဤတရားပဲ (မှန်ပါ) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)၊
တစ်ခုသောတရားနဲ့ နိဗ္ဗာန်ရောက်နိုင်တယ်နော် (မှန်ပါ)၊ ဝေဒနာတစ်လုံး ဖြစ်ပျက်ရှုတာနဲ့ ဘာတုံး (နိဗ္ဗာန်ရောက်နိုင်ပါတယ် ဘုရား)၊ နိဗ္ဗာန်ရောက်နိုင်တယ်တဲ့ ‘ဝေဒနာနိရောဓာ တဏှာနိရောဓော’ တဏှာနိရာဓောနိဗ္ဗာနံ’ဆိုတော့ ကိုက်မနေဘူးလား (ကိုက်ပါတယ် ဘုရား)၊
ဝေဒနာနိရောဓာ (တဏှာနိရောဓောပါ ဘုရား) တဏှာနိရောဓော (နိဗ္ဗာနံပါ ဘုရား) အဲ-‘တဏှာ နိရောဓေါ နိဗ္ဗာနံ’ဆိုတော့ ကိုက်မနေဘူးလား (ကိုက်ပါတယ် ဘုရား)၊ ဝေဒနာနိရောဓာ (တဏှာနိရောဓောပါ ဘုရား)။ တဏှာနိရောဓော (နိဗ္ဗာနံပါ ဘုရား) အဲ- ‘တဏှာနိရောဓေါ နိဗ္ဗာနံ’ဆိုတော့ တဏှာချုပ်ရင် နိဗ္ဗာန်ရောက်တယ် ဆိုတာ ဒီတစ်လုံးတည်းနဲ့ ရောက်သွားတာ (မှန်လှပါ ဘုရား)။
တစ်ခုကောင်းရှုမယ်လို့သာ စိတ်ကူး
အဲဒါကြောင့် အခုတရားနာနေတဲ့ ပုဂ္ဂိုလ်တွေက နိဗ္ဗာန်ရောက်ဖို့ အလုပ်ကိုကိုယ်က ဆရာကောင်း သမားကောင်း ဆီက နည်းယူပြီး သကာလ တစ်ခုကောင်းရှုမယ်လို့သာ စိတ်ကူးဖို့အရေးကြီးပါတယ် (မှန်ပါ)၊ ဝေးတယ်၊ နီးတယ်ဆိုတာ လိုရင်းမဟုတ်ပါဘူး (မှန်ပါ)၊
တစ်ခုသောတရားကို မှန်မှန်ကန်ကန် ဖြစ်ပျက်ကိုမြင်အောင် ရှုနိုင်လို့ရှိရင် ဖြင့်တဲ့၊ ဒါ-မရမရှိပါဘူးဆိုတာ သေချာမှတ်ကြရမယ် (မှန်လှပါ ဘုရား)။
တို့တော့ စာမတက် ပေမတက်နဲ့ ဘယ်ဟာလုပ်လို့ ဘယ်ကသွားရပါ့မလဲ၊ နိဗ္ဗာန်ဆိုတာ အဝေးကြီးပဲ၊ အဝေးကြီးဆိုတာက သွားနေတဲ့ပုဂ္ဂိုလ်မှာ နိဗ္ဗာန်ရှာနေရင် ရှာလေမတွေ့လေမှတ်ပါ (မှန်ပါ)။
နိဗ္ဗာန်ကို ခြေလျင်ရှာ၊ လေယာဉ်ပျံနဲ့ရှာ၊ ရှာချင်တာနဲ့ရှာ မတွေ့ပါဘူး (မတွေ့ပါ ဘုရား)၊ တွေ့နိုင်ပါ့မလား (မတွေ့နိုင်ပါ ဘုရား)၊ ရှာလို့တွေ့တာမှ မဟုတ်ဘဲ ဒီတဏှာသေရင် တွေ့တာပါပဲ (မှန်ပါ) တဏှာသေတာကို နိဗ္ဗာန်လို့ခေါ်တာပဲ၊ ရှာလို့ရှိရင် ဘယ်ကလာတွေ့ မှာတုံး (မတွေ့ပါ ဘုရား)၊ သဘောကျကြပလား (ကျပါပြီ ဘုရား)၊ တဏှာသေတာ ဘာခေါ်ကြမတုံး (နိဗ္ဗာန်ပါ ဘုရား)။
ရှုမှပဲ တဏှာသေမယ်
တဏှာသေတာဟာ နိဗ္ဗာန်လို့သိနေတော့ မရှုဘဲနဲ့သေပါ့မလား (မသေပါ ဘုရား)။ ရှုမှပဲ သေမယ်ဆိုတာကို သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့်လိုက်ရှာလို့ရှိရင်ဖြင့် ခြေထောက်နဲ့ရှာရှာ၊ လေယာဉ်ပျံတွေ၊ မော်တော်ကားတွေနဲ့ ရှာရှာ၊ ရှာလို့တွေ့တာမျိုးလား – တဲ့၊ ရှုမှ ချုပ်တဲ့အမျိုးလား (ရှုမှချုပ်တဲ့အမျိုးပါ ဘုရား)။ ဒါဖြင့်-အချို့နိဗ္ဗာန်ရှာနေ ကြတာက ဟိုရှာ-ဒီရှာ ရှာနေကြတာ (မှန်ပါ)၊ မရှာကြဘူးလား (ရှာပါတယ် ဘုရား)၊ ရှာလို့တွေ့မှာလားတဲ့၊ ရှုမှတွေ့မှာလား (ရှုမှတွေ့တာပါ ဘုရား)၊ အဲဒါ-ဒီနေ့ည သေချာမှတ်ရမယ် (မှန်ပါ)၊ ဪ -နိဗ္ဗာန်ဟာ ရှာလို့တွေ့တဲ့အသွားမျိုးမဟုတ်ဘူး ရှုပြီးယူလိုက်ပြန်တော့လည်း တဏှာသေတာ နိဗ္ဗာန်ပဲဆိုတော့ သူ့ဟာက အလွယ်ကလေးပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့်- ‘ဧကော ဓမ္မော’ ရှုရမယ် (မှန်ပါ)၊ ဘာရှုရမှာတုံး (ဧကောဓမ္မောရှုရမှာပါ ဘုရား)၊
အဲ-ဝေဒနာသုံးပါး ဆိုတာ သုံးပါးစလုံးဟာ ဝေဒနာချည်းပဲ (မှန်ပါ)၊ အဲဒီဝေဒနာကိုပဲ ဖြစ်ပျက်မြင်အောင် ရှုဖို့ပဲအရေးကြီးပါတယ် (မှန်ပါ)
အဲဒီ-ဧကောဓမ္မောသည်ကား ဆိုလို့ရှိရင်ဖြင့် ဥပမာမယ်၊ ပိဋိကတ်သုံးပုံဟာ အရှည်ကြီးပါပဲ (မှန်ပါ)၊ အဲဒါတွေ အကုန်လျှောက်ဖတ်နေလို့လဲ တင်လှတို့ နိဗ္ဗာန်မရောက်နိုင်ဘူး (မှန်ပါ)၊ မရနိုင်ဘူးတဲ့၊ စာဖတ်တက်တာရယ် ဒီအထဲက စာမှတ်ပြီး သကာလ မှတ်တက်တာရယ်ပဲ အမြတ်ထွက်ပါတယ် (မှန်ပါ)၊ တစ်လုံးတည်းကို အားလုံးတရားနာတဲ့ ပုဂ္ဂိုလ်တွေဟာ မှတ်ပြီး သကာလ ရှုနေလို့ရှိရင် မရ-မရှိပါဘူး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဝေဒနာသုံးပါးကို ပေါ်ရာကိုလိုက်
ဒါဖြင့်-ဘာလုပ်ကြမယ် (ရှုရမှာပါ ဘုရား)၊ ဝေဒနာသုံးပါးကို ပေါ်ရာကိုလိုက်ပြီးတော့ ဘာလုပ်ကြမှာတုံး (ရှုရမှာပါ ဘုရား)၊ အဲ-ပေါ်တာကျတော့ ငါကရှင်းပြတယ်၊
မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာမှာ ဥပက္ခာဝေဒနာပေါ်တယ် (မှန်ပါ) ကိုယ်ပေါ်မှာချမ်းသာတာ ဆင်းရဲတာနှစ်ခုပေါ်တယ် (မှန်ပါ) ချမ်းသာတာပေါ်တဲ့အခါ ဆင်းရဲတာတော့ မရှိဘူးပေါ့လေ (မှန်ပါ)၊ ပေါ်နိုင်တာကတော့ ချမ်းသာတာလဲ ပေါ်နိုင်တယ် ဆင်းရဲတာလဲ ပေါ်နိုင်တယ် (မှန်ပါ)၊ အဲဒီပေါ်တဲ့နေရာကိုနာရင် နာတဲ့နေရာကိုဖြစ်ပျက်ရှု ကောင်းရင်ကောင်းတဲ့နေရာကို (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဖြစ်ပျက်ရှုရလိမ့်မယ်တဲ့။
ခန္ဓာထဲကျတော့ သောမနဿဆိုတဲ့ ဝမ်းသာလုံးလေး ပေါ်တက်တယ် (မှန်ပါ)၊ အဲဒါကိုလဲ ဖြစ်ပျက်ရှုရမယ် တစ်ခါတစ်လေကျတော့လဲ ကမ္မသကာပဲလို့ထားတာတွေကော မရှိဘူးလား (ရှိပါတယ် ဘုရား)၊
အဲဒါ ကမ္မသကာထားတဲ့ စိတ်ကလေးကိုလဲ ဘာလုပ်ရမှာတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဖြစ်ပျက်ရှုရမယ်ဆိုတော့ အပြင်ဘက်ဝေဒနာက မျက်စိ၊ နား၊ နှာခေါင်း၊ လျှာဒါတွေဟာ မြင်ကာမျှမတ္တ၊ ကြားကာမျှမတ္တ၊ နံကာမျှမတ္တ၊ စားကာမျှမတ္တဖြစ်သောကြောင့် ဥပက္ခာချည်းမှတ် (မှန်ပါ)၊ မျက်စိထဲပေါ်ရင် ဥပက္ခာသာမှတ်၊ နားထဲပေါ်ရင် (ဥပက္ခာပါ ဘုရား)၊ လျှာထဲပေါ်ရင် (ဥပက္ခာပါ ဘုရား)၊ နှာခေါင်းထဲပေါ်ရင် (ဥပက္ခာပါ ဘုရား)။
အဲ- မျက်စိ၊ နား၊ နှာခေါင်း၊ လျှာကျအောင်ပြီးသွားတော့ ကိုယ်ပေါ်ကျတော့ သုခ၊ ဒုက္ခပေါ်တယ် (မှန်ပါ) ကိုယ်ပေါ်ကျတော့ (သုခ ဒုက္ခပေါ်ပါတယ် ဘုရား)၊ အဲဒီတော့ မှတ်ထားလိုက်ပါတဲ့၊ သုခပေါ်ရင် သုခဖြစ်ပျက်ရှုပါ (မှန်ပါ) ဒုက္ခပေါ်ရင် (ဒုက္ခဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ သဘောကျပြီနော် (ကျပါပြီ ဘုရား)
ခန္ဓာထဲကျလာတော့ သောမနဿ၊ ဝမ်းသာတာလဲ ပေါ်တက်တယ်၊ ခန္ဓာထဲက ဝမ်းသာတာကိုး (မှန်ပါ)၊ အေး-သောမနဿပေါ်လဲ (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဒေါမနဿပေါ်လဲ (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ကမ္မသကာထားတဲ့ ဥပေက္ခာပေါ်လဲ (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊
အားလုံးစုလိုက်တဲ့အခါမှာ ဝေဒနာတစ်လုံးတည်း
အဲ-ဖြစ်ပျက်သာရှုပေးဆိုတော့ ဪ -အပြင်ဘက်က ခြောက်ခု၊ အတွင်းက သုံးခုမှတ်ထားလိုက် (မှန်ပါ)၊ အပြင်ဘက်ကတော့ (ခြောက်ခုပါ ဘုရား)၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာဆိုတော့ လေးခု မနေဘူးလား (မှန်ပါ)၊ ကိုယ်ပေါ်မှာကသုခ၊ ဒုက္ခနှစ်ခုနဲ့ ပေါင်းလိုက်တော့ ခြောက်ခုမနေဘူးလား (မှန်ပါ)၊
အဲ- အပြင်ဘက်က ခြောက်ခု၊ အတွင်းက သုံးခု (မှန်ပါ)၊
အားလုံးစုလိုက်တဲ့အခါမှာ ဝေဒနာတစ်လုံးတည်း ဖြစ်သွားတယ် (မှန်ပါ)၊ အားလုံးစုလိုက်တဲ့အခါမှာ ဝေဒနာတစ်လုံးတည်းပါ ဘုရား)၊ ဝေဒနာတစ်လုံးတည်းပဲ-တဲ့၊ သို့သော် ပေါ်ရာကို လိုက်ရှုပါ (မှန်ပါ)၊ သဘောကျကြပလား (ကျပါပြီ ဘုရား)။
အဲဒီကဲ့သို့ ပေါ်ရာလိုက်ရှုတဲ့အခါကျလို့ရှိရင်ဖြင့် နောက်ဆုံးပိတ်ဖြစ်ပျက်ဆိုတဲ့ ‘ဧကောဓမ္မော’ တစ်လုံးတည်း သွားတွေ့တယ် (မှန်ပါ)၊ ဘာတွေ့သွားတုံး (ဖြစ်ပျက်တစ်လုံးတည်း သွားတွေ့ပါတယ် ဘုရား)၊ ဖြစ်ပျက်ဆိုတဲ့ ‘ဧကောဓမ္မော’ တစ်လုံးတည်းကို သွားတွေ့တယ်။
အဲဒီတစ်လုံးဟာ ဖြစ်ပျက်မဂ်ဆိုလို့ရှိရင် ဒီကိလေသာတွေ လာသေးရဲ့လား (မလာတော့ပါဘူး ဘုရား)၊ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာတွေ လာသေးရဲ့လား (မလာတော့ ပါဘူး ဘုရား)။
အဲ-မလာလို့ရှိရင် ဒါအကုန်၊ နောက်ဘဝပဋိသန္ဓေရော၊ ယခုဘဝ ပဋိသန္ဓေဖြစ်ကြောင်းတွေရော အကုန်ငြိမ်းနတာပဲ (မှန်ပါ)၊ ဒါဖြင့် ဒုက္ခငြိမ်းတယ်လို့ဆိုရင် လွဲသလား (မလွဲပါ ဘုရား)၊ အေး-ဒါကို ကြိုးစားရမယ်နော် (မှန်လှပါ ဘုရား)။
အဲဒါ – ရှင်သာရိပုတ္တရာက ‘ဧကောဓမ္မော’ဆိုတဲ့ တစ်လုံးကို မေးလိုက်တဲ့အခါကျတော့ ခုနက ဘိက္ခူနီမက မဖြေတက်ဘူး၊ ဘယ်ဖြေတက်မတုံး၊ ဒါကနိဗ္ဗာန်ရောက်ကြောင်းကိုး (မှန်ပါ) သဘောပါပြီနော် (ပါပါပြီ ဘုရား)၊
ဒါနဲ့ ရှင်သာရိပုတ္တရာက ကဲ-မင်းရှုံးပြီ ငါကတစ်လုံးတည်းမေးတာတောင် သင်ကမဖြေနိုင်ဘူး၊ သင်မေးတဲ့ ပုစ္ဆာတစ်ထောင် တော့ ငါကဖြေထားရပြီ၊
ဒါဖြင့်-အသင်တို့ ဝတ္တရားဘယ့်နှယ်ရှိသတုံးလို့ မေးတာပေါ့၊ တပည့်တော်တို့ ဝတ္တရားက မဖြေနိုင်လို့ရှိရင် သူ့ခြေရင်း အလုပ်အကျွေးဖြစ်ရပါတယ်၊ အေး-ဒါဖြင့်ကောင်းပြီ သင်ဘုရားကိုယ်တော်မြတ်ကြီး ဘိက္ခုနိမကျောင်းကိုသွားပြီး အလုပ်လုပ်ရမယ်ဆိုတော့ သူလဲခန္ဓာဖြစ်ပျက်ရှုတာနဲ့ ရဟန္တာမဖြစ်သွားတာပဲ (မှန်လှပါ ဘုရား)။
ဘယ့်နှယ်ကြောင့် ရဟန္တာမ ဖြစ်ပါလိမ့်မတုံး
ရဟန္တာမဖြစ်သွားတော့ ရဟန်းတွေအားလုံး တွေးကြတယ်၊ ဪ -တောင်ပေါ်မှာလဲ လူသတ်ခဲ့သေးတယ် ရှင်သာရိပုတ္တရာနဲ့လဲ အမေးအဖြေလုပ်သေးတယ်၊ အခုရဟန္တာဖြစ်သွားပြီ၊ ဒီကလေးမလေးဖြစ်ပုံက မြန်လိုက်တာ (မှန်ပါ)၊ ကုဏ္ဍလကေသီတဲ့နော် (မှန်ပါ)၊ ဘယ့်နှယ်ကြောင့် ရဟန္တာမဖြစ်ပါလိမ့်မတုံးလို့ အားလုံးက တိုးတိုးပြောနေတဲ့ အနားကိုသွားပြီးတော့ မင်းတို့ငါလာတဲ့အခါ ဘာများပြောနေကြသတုံးလို့ မေးလိုက်ပါတယ်။
ဒီကုဏ္ဍလကေသီဆိုတဲ့ သူဌေသမီးလေးဟာ ဘုရား-ယောက်ျားနဲ့လဲ သုံးရက်လောက်ပေါင်းတယ်၊ နောက် ကျတော့ ယောက်ျားကိုတောင်ပေါ်ကနေ တွန်းချပြီးသတ်ပစ်တယ်၊ နောက် ဘိက္ခူနီမကျောင်းသွားပြီး ရက်တိုလေးနဲ့ ရဟန္တာမ ဖြစ်တယ်ဆိုတာတွေဟာ မြန်လွန်းလို့ တပည့်တော်တို့ အံ့အားသင့်နေပါတယ် ဘုရားလို့ ပြောကြတယ် (မှန်လှပါ ဘုရား)။
ဒါနဲ့- ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကွာတဲ့၊ ဒီ-ဧကောဓမ္မောတစ်လုံးကို ပိုင်ပိုင်နိုင်နိုင်လုပ်သွားလို့ ရှိရင်ဖြင့်တဲ့ ရက်တိုရက်ရှည် ရွေးမနေဘူးတဲ့ (မှန်ပါ) သဘောပါသလား (ပါပါပြီ ဘုရား)၊
တစ်ခုတည်းသော တရားကိုသာ မှတ်ပြီး သကာလ လုပ်နေလို့ရှိရင် ဂါထာတွေ တစ်ထောင်ပဲဖြစ်နေနေ၊ အကျိုးမရှိရင် အလကားပဲကွ (မှန်ပါ)၊ ကိုယ့်စိတ်မှာ မှတ်မှတ်သားသားနဲ့ မလုပ်လို့ရှိရင်လဲ အလကားပါပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
တစ်လုံးတည်းနဲ့ ကိလေသာငြိမ်းသွားရင်
ယော စ ဂါထာသတံဘာသေ၊ အနတ္တ ပဒသဥှီ တံ။
ဧကံ ဓမ္မပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။
ယောသဟဿံသဟဿေန၊ သင်္ဂါမေမာနုသေဇိနေ။
ဧကဉ္စ ဇေယျမတ္တာနိ၊ သဝေသင်္ဂါ မဇုတ္တမော။ (ဓမ္မပဒပါဠိတော်-သဟဿဝဂ်မှ ကုဏ္ဍလကေသီထေရိဝတ္ထု)
ဒီတစ်လုံးတည်းနဲ့ ကိလေသာငြိမ်းလို့ရှိရင် ဒီတစ်လုံးဟာ အဖိုးတန်ပါပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
တစ်လုံးတည်းနဲ့ ကိလေသာငြိမ်းသွားရင် (အဖိုးတန်ပါတယ် ဘုရား)၊ အဲ-ဒါနိဗ္ဗာန်ရောက် တရားလို့ပဲ မှတ်ပါ (မှန်လှပါ ဘုရား)။ ဒါကြောင့် ဝေဒနာတစ်လုံးတည်းနဲ့ နင်တို့အဖြစ်အပျက်လှည့်ပြီးသာ ရှုနေလို့ရှိရင်ဖြင့် ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံးဆိုတဲ့ နိဗ္ဗာန်ကြီးကို မရောက်မရှိပါဘူး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါ-ရှုဖြစ်အောင် ရှုပါဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အရေးကြီးတာကကွာ-တဲ့၊ တစ်လုံးတည်း ရှုပြီး သကာလ ကိလေသာရန်သူကို နိုင်ဖို့အရေးကြီးပါတယ် (မှန်ပါ)၊
အခု တစ်လုံးတည်းရှုလိုက်တာနဲ့ ဒီဘက်က ကိလေသာတွေလာသေးရဲ့လား (မလာတော့ပါ ဘုရား)၊ ဒါဖြင့်-ကိလေသာ ရန်သူနိုင်လို့ရှိရင် ကိလေသာမာရ်အောင် တာပဲ (မှန်ပါ) ဘယ့်နှယ်ဆိုကြမယ် (ကိလေသာမာရ်အောင်တာပါ ဘုရား)။
ဒါဖြင့်-ကိလေသာကလဲ ဒီမဂ်မလာတဲ့ ပုဂ္ဂိုလ်ကျတော့ ဒါကသုခဝေဒနာ၊ သုခဝေဒနာပစ္စယော တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏ မလာပေဘူးလား (လာပါတယ် ဘုရား)၊ ဒါကဒီကြားထဲမှာ နင်တို့ကမဂ်မှ မသွင်းတက်ပဲကိုး (မှန်ပါ) ဖြစ်ပျက်ရှုတဲ့မဂ်ကို မသွင်းတက်ဘူး (မသွင်းတက်ပါ ဘုရား)၊
မသွင်းတက်တဲ့အတွက် ဒီဘက်မှာကိလေသာတွေက ပွားလာတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ-ဒုက္ခဝေဒနာလေးတစ်ခုရှိတယ်၊ ဖြစ်ပျက်မရှုတက်လို့ရှိရင် ဒေါသ၊ သောက၊ ပရိဒေဝ၊ အဝိဇ္ဇာတွေ မလာပေဘူးလား (လာပါတယ် ဘုရား)၊ ဒါ-ဖြစ်ပျက်မရှုတက်လို့ မဂ်ကို ဒီကြားထဲမသွင်းတက်လို့ (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ဖြစ်ပျက်ရှုမှသာလျှင် မဂ်ဝင်လာတယ်
ဥပေက္ခာဝေဒနာလေးတစ်ခု ပေါ်နေတယ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာမှာ ဒါကိုနင်တို့က ဖြစ်ပျက်မရှုဘူး ဆိုလို့ရှိရင် ဥပေက္ခာမသိတဲ့ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဉ်တွေ မလာပေဘူးလား (လာပါတယ် ဘုရား)၊ ဒါ-ဘာကြောင့်လာရသတုံး မေးလို့ရှိရင် ဘယ့်နှယ်ပြောကြမတုံး (မဂ်မဝင်လို့ပါ ဘုရား)၊ ဖြစ်ပျက်မှ နင်တို့က ရှုမှမရှုတက်ပဲကိုး (မှန်ပါ)၊ သဘောပါသလား (ပါပါပြီ ဘုရား)။
အဲဒီတော့ ဖြစ်ပျက်ရှုမှသာလျှင် မဂ်ဝင်လာတယ် (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)၊ ဖြစ်ပျက်ရှုမှ (မဂ်ဝင်ပါတယ် ဘုရား) မဂ်ဝင်လာတော့ ဒီဘက်က ဒေါသကိလေသာ၊ လောဘကိလေသာ၊ အဝိဇ္ဇာတွေဟာ လာသေးရဲ့လား (မလာတော့ပါ ဘုရား)၊ ဘာဖြစ်လို့မလာတုံး (မဂ်ဝင်လို့ပါ ဘုရား)၊ မဂ်ကဘယ်တစ်လုံးတည်း ရှုသတုံး ဆိုတော့ ဒီတစ်လုံးတည်းပဲရှုတာ (မှန်ပါ)၊ ဒီပြင်ဘာများရှုသေးသတုံး (မရှုပါ ဘုရား)၊ မရှုပါဘူးတဲ့ ‘ဧကောဓမ္မော’ တစ်ခုတည်းပါပဲ (မှန်ပါ) ဝေဒနာတစ်လုံးတည်းပဲ ဖြစ်ပျက်ရှုနေတယ် (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
လူစွမ်းကောင်းဆိုတာ
ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါပြောပြပါမယ်ကွာ-တဲ့၊ တစ်ဖက်က စစ်သည် တစ်သိန်းရှိတယ်တဲ့ ဒီတစ်ယောက်တည်းကနေပြီး စစ်သည်တစ်သိန်းကို ပြိုအောင်ပျက်အောင် တိုက်နိုင်တယ်ဆိုရင် ဒီလူဟာ လောကထဲမှာ လူစွမ်းကောင်းပဲ (မှန်ပါ)၊
အဲဒါကို ငါကလူစွမ်းကောင်းလို့ မဆိုပါဘူးတဲ့၊ ဒီကိလေသာရန်သူတွေကို နောက်မလာအောင် လုပ်နိုင်တဲ့လူမှ (လူစွမ်းကောင်းပါ ဘုရား)၊ လူစွမ်းကောင်းဆိုတော့ သူကတစ်ဘဝတည်းနဲ့ ကိစ္စပြီးတာ (မှန်ပါ)၊
ဟိုဟာက သူတစ်ယောက်တည်းကို ဟိုလူတွေနဲ့ နောက်ထပ်စစ်ပြန်တိုက်ရင် ရှုံးချင်ရှုံးဦးမှာ (မှန်ပါ)၊ မရှုံးပေဘူးလား (ရှုံးမှာပါ ဘုရား)။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက
ယောသဟဿံ သဟဿေန၊ သင်္ဂါမေမာနုသေဇိနေ။
ဧကဉ္စ ဇေယျမတ္တာနံ၊ သဝေသင်္ဂါမဇုတ္တမော။ (ဓမ္မပဒဂါထာ-၁၀၃။ ဓမ္မပဒပါဠိ၊၂၈)
ဆိုတာက တစ်ယောက်တည်းက တစ်သိန်းနိုင်တာကို အောင်ပွဲယူတယ်လို့ ငါဘုရားမဟောဘူးတဲ့ (မှန်ပါ)၊ ကိလေသာရန်သူကို နောက်မလာအောင် လုပ်နိုင်တဲ့လူသာလျှင် အထက်မြတ်ဆုံး လူစွမ်းကောင်းမည်၏လို့ ဟောတော် မူတယ် (မှန်ပါ)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကဲ-နာရီစေ့ပြီ၊ တော်ကြစို့။
