ဖြစ်ပျက်အနိစ္စမှတစ်ပါး ကယ်မည့်သူမရှိပုံ
ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ၊
မိုးကုတ်ဆရာတော်ဘုရားကြီး၊
အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း၊
မင်္ဂလာရိပ်သာကျောင်းတိုက်၌
ဟောကြားဆုံးမတော်မူသော
ဖြစ်ပျက်အနိစ္စမှတစ်ပါး ကယ်မည့်သူမရှိပုံ
သူယူလာတဲ့ ချေးနဲ့ သူပျက်စီးရတယ်
သံများမှာ ပျက်စီးချင်တော့ သံချေးတက်လာတယ်၊ သံများမှာ ပျက်စီးချင်တော့ သံချေးတက်လာတယ်။
သံများဟာ ပျက်စီးချင်တော့ ဘာဖြစ်လာသတုံး (သံချေးတက်လာပါတယ် ဘုရား)၊ သံချေးတက်လာပါတယ်၊ ဘယ်ကဖြစ်တဲ့ သံချေးတုံးလို့မေးလို့ရှိရင်ဖြင့် သံကဖြစ်တဲ့သံချေး (မှန်ပါ)၊ ဒါဖြင့် သူယူလာတဲ့ ချေးနဲ့သူပျက်စီးရပါတယ် (မှန်ပါ)၊ သူယူလာတဲ့ ချေးနဲ့ သူပျက်စီးရတယ်ဆိုတာဟာ အရှင်းသားပဲနော် (မှန်လှပါ ဘုရား)။
ဘယ်သူကမှ ထည့်ပေးတာမဟုတ်ပါဘူး (မထည့်ပါ ဘုရား)၊ မည်သူတစ်ဦးတစ်ယောက်ကမှ ထည့်မပေးဘဲ နဲ့ ပျက်စီးခြင်းသို့ ရောက်ရရှာတယ် (မှန်ပါ)၊ ထို့အတူပါပဲတဲ့ ကိုယ်ရှာထားတဲ့ပစ္စည်းကို ကိုယ်စားတားဟာ အပြစ်ရှိ ပါတယ် (မှန်ပါ)၊ ကိုယ်ရှာတဲ့ပစ္စည်းကို သာယာနှစ်သက်ပြီး လောဘနဲ့စားလိုက်လို့ရှင် တဏှာ ဥပါဒါန် ကံဘက်စားတာတုံးဆိုတော့ ကိုယ်ရှာထားတဲ့ပစ္စည်းကို ကိုယ်စားတာပဲ (မှန်ပါ)၊ ကိုယ်ရှာထားတဲ့ပစ္စည်းကို (ကိုယ်စား တာပါ ဘုရား)။
ကိုယ်စားပေမယ့်လည်း စားရတာကောင်းတယ် ဒီအစာမျိုးကို နောက်ထပ်စားချင်တယ် (မှန်ပါ)၊ နောက်ထပ် စားချင်ရင် အားထုတ်မယ်ဆိုလို့ရှိရင်ဖြင့် တဏှာဆိုလို့ရှိရင် ဇာတိ ဇရာ မရဏကတော့ ထုံးစံအတိုင်း လာရတော့မှာပဲ (မှန်ပါ)၊ မလာရပေဘူးလား (လာရမှာပါ ဘုရား)။
ဟ- ဘယ်သူရှာထားတဲ့ ပစ္စည်းလဲလို့ရှိရင်ဖြင့် ဘယ်နှယ်ဖြေကြမတုံး (ကိုယ်ရှာထားတဲ့ပစ္စည်းပါ ဘုရား)၊ ကိုယ်ရှာထားတဲ့ပစ္စည်းကို ကိုယ်စားလိုက်တာတဲ့ တစ်ခါတည်း သံလိုပဲ၊ သူယူလာတဲ့ သံချေးန့ သူပျက်စီးရပါတယ် (မှန်ပါ)၊ ကိုယ်ရှာထားတဲ့ပစ္စည်းနဲ့ (ကိုယ်ပျက်စီးရပါတယ် ဘုရား)၊ ကိုယ်ပျက်စီး ကိုယ်ဒုက္ခရောက်ရတယ် ဆိုတာဟာ ရှင်းနေပါတယ် (ရှင်းပါတယ် ဘုရား)။
အဲဒါ- ဘယ်နှယ်ကြောင့်တုံးလို့ဆိုလို့ရှိရင်ဖြင့် မစားတတ်လို့ လို့ဖြေရမှာပဲ (မှန်ပါ)၊ စားတဲ့အခါမှာ စဉ်းစား ရမယ်၊ ဪ – ဒီအစာတွေကိုစားတယ်၊ ဒီအစာတွေကို စားလို့ရှိရင်ဖြင့် သူတော်ကောင်းအလုပ်၊ လုပ်နိုင်ခြင်းငှာ လုပ်ဖို့ရာ စားတယ်၊ သူတော်ကောင်းအလုပ် – လုပ်ဖို့ရာကို စားတယ်လို့မှတ်ထားပြီး စားနေလို့ရှိရင် ဒါအပြစ်ရှိပါ့မလား (မရှိပါ ဘုရား)။
အနိစ္စမရှုဖြစ်ဘူး
ဒါကို နှလုံးမသွင်းဖြစ်ဘူးတဲ့ သူတော်ကောင်းအလုပ် လုပ်ဖို့ရာစားတယ်လို့လဲ နှလုံးမသွင်းဖြစ်ဘူး ၊ စားတဲ့စိတ်ကလေးကိုလဲ အနိစ္စမရှုဖြစ်ဘူး၊ သို့မဟုတ် စားတဲ့ပစ္စည်းကိုလဲ အနိစ္စမရှုမိဘူး (မှန်ပါ)၊ မရှုမိတော့ ကိုယ်ရှာ ထားတဲ့ပစ္စည်းနဲ့ ကိုယ့်တဏှာက ထတောက်လာပြီးတော့ ဥပါဒါန်ကံဘက် ပြေးသွားတော့တာပဲ (မှန်ပါ)၊ မပြေးပေဘူးလား (ပြေးပါတယ် ဘုရား)။
အဲဒီတော့- မင်းတို့ဟာက မရမကလဲ ရှာရသေးတယ်၊ ရှာပြီးလဲ ကိုယ့်ကို သေစေသေးတယ်ဆိုတော့ အဓိပ္ပါယ် က ရှင်းနေပါတယ် (ရှင်းပါတယ် ဘုရား)။ ရှားပြီးတော့ (ကိုယ့်ကို သေစေပါတယ် ဘုရား)၊ ကိုယ့်ကိုလဲ တဏှာဥပါဒါန် ကံဖြစ်ပြီး ဇာတိ ဇရာ မရဏဘက် ပြေးစေသေးတယ်ဆိုတော့ကို ဒါလွတ်နိုင်တဲ့ အရေးရှိသေးရဲ့လား (မရှိပါ ဘုရား)၊
ဘယ်သူရှာထားတဲ့ပစ္စည်းပါလိမ့် (ကိုယ်ရှာထားတဲ့ပစ္စည်းပါ ဘုရား)၊ ကိုယ်ရှာထားတဲ့ပစ္စည်းက ကိုယ့်ပြန်ပြီး သကာလ သံချေးသဖွယ် သံကိုပဲ ဖျက်ဆီးသလို ခန္ဓာကိုယ် အပါယ်လေးပါး ကျစေတယ်ဆိုလို့ရှိရင် မှန်နေတာပဲ (မှန်ပါတယ် ဘုရား)။ သဘောပါကြရဲ့လား (ပါ,ပါတယ် ဘုရား)။ ရှင်းကြပလား (ရှင်းပါတယ် ဘုရား)။
စားတတ်ပြီးလားလို့မေးလိုက်ပါတယ်
ဒါဖြင့် စားတတ်ပြီးလားလို့မေးလိုက်ပါတယ် (စားတတ်ပါပြီ ဘုရား)၊ ဘယ်လိုစားရမှာတုံးဆိုလို့ရှိရင်ဖြင့် ထမင်း ဟင်းကို သူတော်ကောင်းအလုပ် လုပ်နိုင်စေခြင်းအကျိုးငှာ ခိုင်းဖို့စားတယ် (မှန်ပါ)။
တစ်နည်း ဒီလိုမှ မလုပ်နိုင်ဘူး ဆိုလို့ရှိရင် ဒီလို မတွေးနိုင်ဘူးဆိုလို့ရှိရင် စားတဲ့စိတ်ကလေးကို ဖြစ်ပျက်ရှုပစ် (မှန်ပါ)၊ သို့မဟုတ် စားတဲ့ပစ္စည်းကိုသော်လည်းကောင်း (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ အနိစ္စတွေပါလား ၊ အနိစ္စတွေပါလားလို့ရှုလိုက်၊ သို့ မဟုတ် စားစိတ်ကို ရှုလိုက် (မှန်လှပါ ဘုရား)။
ဒီလိုဆိုလို့ရှိရင်ဖြင့်တဲ့ စားလဲစားရသေးတယ်၊ ထွက်ရပ်လမ်းပေါက်ပါသေးတယ် (မှန်ပါ)။ ကလေး လေးဟာ မစားတတ်သေးဘူးဆိုတော့ မင်းတို့က ကလေးမို့ မစားတတ်ရှာသေးဘူးလို့ဆိုတယ် လူကြီးမစားတတ်တာတော့ တယ်သိခဲ့ တယ် ဟင် (သိခဲ့ပါတယ် ဘုရား)၊ လူကြီးမစားတတ်တာတော့ တယ်သိခဲ့တယ်တဲ့ (မှန်လှပါ ဘုရား)။
အဲဒီတော့ မင်းတို့က ကိုယ့်ပစ္စည်းကိုယ်စားတာ ဘာအဖြစ်ရှိသတုံးလို့ မေးချင်လဲမေးမှာပဲ (မေးမှာပါ ဘုရား) ရှိတယ်ကွလို့ ဖြေရုံပဲ ရှိတာပဲ (မှန်ပါ)၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။ စားတဲ့ပစ္စည်းကို မစားတတ်ရင် အပြစ်ရှိတယ် (မှန်ပါ)၊ မဟုတ်ရင် ဘုရားသခင်ကိုယ်တော်ကြီးပေးထားတဲ့ ဥပမာပျက်ကုန်ရောပေါ့ကွ (မှန်ပါ)၊ သံယူလာတဲ့ပစ္စည်းနဲ့ ပဲ သံပျက်ရတယ်၊ မင်းတို့ရှာထားတဲ့ပစ္စည်းနဲ့ မင်းတို့စားပြီး မင်းတို့အပါယ်ကို သွားရတယ် (မှန်ပါ)၊ သဘောပါပလား (ပါ,ပါပြီ ဘုရား)။
ဝတ်တဲ့အခါလဲ ထို့အတူပါပဲ
ဝတ်တဲ့အခါလဲ ထို့အတူပါပဲတဲ့ ဟိရိဩတ္တပ္ပလုံခြုံစေခြင်းအကျိုးငှါ ဝတ်တယ်လို့ဆိုလို့ရှိရင်ဖြင့် မပြစ်မရှိပါဘူး (မှန်ပါ)၊ ဒီအဝတ်ကလေးနဲ့ ငါနဲ့လိုက်တယ်ဆိုလို့ရှိရင် တဏှာ ဥပါဒါန် ကံဘက်လှည့်သွားတယ် (မှန်ပါ)၊ မသွားဘူးလား (သွားပါတယ် ဘုရား)။
အိမ်တွေ ကျောင်းတွေမှာနေတဲ့အခါလဲ ဪ – အချမ်းအပူအစရှိသည်တို့ လုံခြုံလို့ရှိရင် သူတော်ကောင်း အလုပ် လုပ်ဖို့ပါပဲ (မှန်ပါ)၊ မသွားဘူးလား (သွားပါတယ် ဘုရား)။
အိမ်တွေ ကျောင်းတွေမှာနေတဲ့အခါလဲ ဪ – အချမ်းအပူအစရှိသည်တို့ လုံခြုံလို့ရှိရင် သူတော်ကောင်းအလုပ် လုပ်ဖို့ပါပဲ (မှန်ပါ)၊ ကိုယ့်အိမ်ကလေးကို ကိုယ်က အရိပ်တကြည့်ကြည့်နဲ့နေရတာ ဝမ်းမြောက်ဝမ်းသာနဲ့ လှလှပပနဲ့ဆိုလို့ ရှိရင် တဏှာ၊ ဥပါဒါန် ကံဘက်သွားဦးမှာပဲ (သွားမှာပါ ဘုရား)၊
ကိုယ်ဆောက်ထားတဲ့အိမ်က ကိုယ့်ကိုအပါယ်ချမှာပဲ (မှန်ပါ)၊ မချပေဘူးလား (ချမှာပါ ဘုရား)၊ ဒါ-မနေတတ်လို့ပေါ့ကွ (မှန်ပါ)၊ ဘယ့်နှယ့်ကြောင့်တုန်း (မနေတတ်လို့ပါ ဘုရား)၊ မနေတတ်တော့ကို ကိုယ်ရှာထားတဲ့ပစ္စည်းက ကိုယ့်ကိုပဲ အပါယ်လေးပါး ချလိုက်တယ်ဆိုရင် မလွဲဘူးပေါ့ကွာ (မလွဲပါ ဘုရား)။
ဆေးတွေ ဝါးတွေလဲ မင်းတို့ဝယ်ထားကြတာပဲ၊ စားဖို့သောက်ဖို့နော် (မှန်ပါ) မမာမကျန်းရင် စားဖို့သောက်ဖို့ (မှန်ပါ)၊ ဒီဆေးတွေ ဝါးတွေ စားတဲ့အခါကျလို့ရှိရင်လဲ ပျောက်လို့ရှိရင် သူတော်ကောင်းအလုပ်လုပ်မယ် ဆိုပြီး စားလို့ရှိရင် အပြစ်မရှိပါဘူး (မှန်ပါ)၊ ဒီဆေးစားရမှ မစားရလို့ရှိရင် ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူးဆိုပြီး အလုပ်လုပ်နိုင်အောင် စားဦးမှပဲဆိုလို့ရှိရင်ဖြင့် ဒါ-တဏှာ ဥပါဒါန်ဘက် သွားဦးမယ်၊ ခန္ဓာခင်တဲ့ တဏှာက ပါသွားပြီးကောကွ (မှန်ပါ)၊ မပါသေးဘူးလား (ပါပါတယ် ဘုရား)။
အဲဒီကဲ့သို့ ဆေးကို မစားတတ်ပြန်လို့ရှိရင်လဲ ကိုယ့်ဆေးနဲ့ ကိုယ်ပဲရောဂါပျောက်သလိုလိုနဲ့ အပါယ်ရောက်တာက ရှိသေးတယ် (မှန်ပါ)၊ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ဒါဖြင့် ဆေးမစားတတ်လဲ အပြစ်ရှိတာပဲ (မှန်ပါ)၊ ထမင်း၊ အိမ်၊ အဝတ်၊ ဆေး လေးခုပေါ့ကွာ၊ ပစ္စည်းလေးပါးဆိုထားတာကိုးနော် (မှန်လှပါ ဘုရား)။
အဲဒါ-ကိုယ်ရှာထားတဲ့ပစ္စည်းချည်းပဲ၊ မင်းတို့စားကြတာပဲ (မှန်ပါ)၊ ကိုယ်ရှာထားတဲ့ပစ္စည်းကို ကိုယ်မစားတတ်၊ မသုံးတတ်၊ မနေတတ်၊ မထိုင်တတ်တာနဲ့ပဲတဲ့၊ သံကဖြစ်လာတဲ့ သံချေးလိုပဲ၊ ကိုယ်ရှာထားတဲ့ပစ္စည်းဟာ ကိုယ့်ကိုအပါယ် ချလိုက်တာပဲ (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ကောင်းပြီ-ဒါဖြင့် မင်းတို့သည် စားတတ်ပလားလို့ မေးမြန်းလို့ရှိရင်လည်း စားတတ်အောင် စားကြရမယ် (မှန်ပါ)၊ နေတတ်ပလားမေးရင်ကော (နေတတ်အောင် နေရမှာပါ ဘုရား)၊
အိမ်တွေကောင်းသည်ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ အချမ်းအပူ အစရှိသည်တို့ကို လုံခြုံလို့ရှိရင် သူတော်ကောင်းအလုပ် လုပ်နိုင်ဖို့ ဆောက်တယ်ဆိုလို့ရှိရင် အပြစ်မရှိပါဘူး (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
တိဿဆိုတဲ့ရဟန်းကြီး
ဒါ-ဘယ်ကလာတာတုန်းလို့ မေးတဲ့အခါကျတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက တိဿဆိုတဲ့ရဟန်းကြီးကို အကြောင်းပြုပြီးဟောတာ (မှန်ပါ)၊
တိဿဆိုတဲ့ရဟန်းကြီးက သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်ကြီးမှာ မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီးနဲ့ အတူတူနေတာပဲ၊ ဘုရားနဲ့အတူတူနေတော့ သူ့မှာ နှမတစ်ယောက်ရှိတယ်၊
အဲဒီနှမတစ် ယောက်က ဖျင်သင်္ကန်းကို သူ့ဟာသူ ဝါတွေဘာတွေကြိတ်၊ သူ့ဟာသူ ဝါဖတ်ပြီး ချည်ဖြစ်အောင်လုပ်၊ လုပ်ပြီး သကာလ သင်္ကန်းတစ်ထည်ယက်ပြီး ပို့လှူလိုက်တယ်၊ ဒိပြင်သင်္ကန်းတွေနဲ့လဲ မတူဘူး၊ ချောချောမွေ့မွေ့၊ အရောင်အဆင်း၊ ချုပ်ခြင်းအလုံးစုံ အကုန်ကောင်းမြတ်နေတယ် (မှန်လှပါ ဘုရား)။
ကောင်းမြတ်ပြီး သကာလ နေပါတယ်၊ သူ့နှမကလဲ လှူတာဖြစ်ပြန်၊ သင်္ကန်းကလဲ ကောင်းပြန်ဖြစ်နေတော့ ဟာ-ဒီသင်္ကန်းလေး တယ်ကောင်းတယ်၊ မနက်ဆွမ်းခံသွားတဲ့အခါကျမှ ရုံမယ်၊ သိပ်သဘောကျတယ် အစရှိသည်နဲ့ သင်္ကန်းနဲ့ပတ်သက်ပြီး မသုံးတတ်တာနဲ့ တဏှာ ဥပါဒါန်မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ နင်တို့ အခုအဖိုးတန်ပစ္စည်း တွေ သေတ္တာထဲထည့်ပြီး ဒါလေးတွေကို သာယာနေကြလို့ရှိရင်လဲ အတူတူပဲ (မှန်ပါ)၊ သာယာနေရင်တော့ (အတူတူပါ ဘုရား)၊ အတူတူပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။
ဒီသင်္ကန်းကြီးကို စွဲသွားတယ်
ဒါနဲ့ ညဉ့်ကျတော့ အစာမကြေတဲ့ရောဂါနဲ့ ပျက်စီးတယ် (မှန်ပါ)၊ သေသွားတော့ မဝတ်ရသေးတဲ့ ဒီသင်္ကန်းကြီးကို စွဲသွားတယ် (မှန်ပါ)၊ စွဲသွားတော့ ဒီသင်္ကန်းပေါ်မှာ သန်းသွားဖြစ်တယ်၊ ဘာဖြစ်သွားတုန်း (သန်းသွားဖြစ်ပါတယ် ဘုရား)၊ အင်း-စွဲလမ်းတာနဲ့ မောင်ချစ်စိန် ဘာဖြစ်သွားတုန်း (သန်းဖြစ်ပါတယ် ဘုရား)၊
သင်္ကန်းစွဲသွားတာကိုး၊ သေခါနီးမှ စွဲသွားတာ (မှန်ပါ)၊ အဲဒါ အာသန္နကံခေါ်တယ် (မှန်ပါ)၊ အာသန္နကံဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ သေခါနီးမှ ဖျတ်ခနဲပေါ်လာတယ်၊ ဒါလေး အစွဲလေးပေါ်လာတာ (မှန်ပါ)၊ ဒီသင်္ကန်းလေးသွားစွဲတာ (မှန်လှပါ ဘုရား)။
ကဲ-ရဟန်းဝတ်နေတာလဲ ကြာလှပြီကွာ၊ ဘုရားကိုယ်တော်မြတ်ကြီး ကျောင်းတော်မှာလဲ အတူတူနေတယ်ဆို တော့ အကျင့်သီလတွေကတော့ ဆိုစရာမလိုတော့ပါဘူး (မှန်ပါ)၊ လိုသေးရဲ့လား (မလိုပါဘူး ဘုရား)၊
မလိုပေမယ့်လဲ ခုနက သေခါနီးကိုယ့်ကိုကိုယ် ရှုသေကြဆိုတာ မင်းတို့ကို ငါသင်ထားတယ်မဟုတ်လား (မှန်ပါ)၊
ကိုယ့်ကိုယ်ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ဒုက္ခသစ္စာ ကြိုက်ရာကိုရှုပါ (မှန်ပါ)၊ ရှုပြီးသေပါလို့ဆိုတာ သူက ဒီဟာ မရှုမိဘဲနဲ့ သင်္ကန်းသွားစွဲလိုက်တယ် (မှန်ပါ) သင်္ကန်းသွားစွဲတော့ ဘာဖြစ်သွားတုန်း (သန်းဖြစ်သွားပါတယ် ဘုရား)။
အဲဒါကြောင့် ရဟန်းနဲ့သန်းဟာ အနီးကလေးဆိုတာကို မင်းတို့ရိပ်မိသွားပြီ (မှန်ပါ)၊ ရဟန်းနဲ့သန်းဟာ (အနီး ကလေးပါ ဘုရား)၊ အဲဒီတော့ မသိတဲ့လူတွေကတော့ ရဟန်းဖြစ်နေတာပဲ၊ အပါယ်လေးပါးက လွတ်ပြီလို့ ထင်နေကြတယ် (မှန်ပါ)၊ ဘယ်ဟုတ်ရမှာလဲ၊ တိရစ္ဆာန်ဘုံကိုသွားရတာ (မှန်ပါ) ဘယ်သွားရမှာတုန်း (တိရစ္ဆာန်ဘုံကိုပါ ဘုရား)။
တိရစ္ဆာန်ဆိုတာ
တိရစ္ဆာန်ဘုံကိုသွားရတယ်၊ တိရစ္ဆာန်ဆိုတာ မဂ်ဖိုလ်မှ ဖီလာတာကိုဆိုတယ် (မှန်ပါ)၊ တိရစ္ဆာန်ဆိုတဲ့ နာမည် သည် မဂ်ဖိုလ်မှ ဖီလာကန့်လန့်နေသောကြောင့် တိရစ္ဆာန်လို့ ခေါ်ပါတယ်။ (တိရ=ဖီလာကန့်လန့်၊ စ္ဆာန=သွားတတ်သော သတ္တဝါ)၊ တိရစ္ဆာန=မဂ်ဖိုလ်မှ ဖီလာကန့်လန့်သွားတတ်သော သတ္တဝါကို ဆိုသည် (မှန်ပါ)၊ တိရစ္ဆာန်ဆိုတာ မဂ်ဖိုလ်နဲ့ ဝေးတာကိုဆိုသည် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ တိရစ္ဆာန်ဆိုတာ ဘာတုန်း (မဂ်ဖိုလ်နဲ့ဝေးတာပါ ဘုရား)။
အဲဒီတော့ တိရစ္ဆာန်လို့တော့ နင်တို့ကသိတော့သိပါရဲ့၊ ဘယ့်နှယ်ကြောင့် တိရစ္ဆာန်ဆိုတဲ့နာမည် ပေးထားပါလိမ့် မတုန်းဆိုတာကို မသိဘူး (မသိပါ ဘုရား)၊ အခု ဒီနေ့ညတော့ သိသွားပြီ (မှန်ပါ)၊ ဪ -မဂ်ဖိုလ်နဲ့နိဗ္ဗာန်နဲ့ဝေးလို့ တိရစ္ဆာန်ခေါ်တာကိုး၊ ဘယ်နည်းနဲ့မှမရနိုင်ဘူးတဲ့ (မှန်ပါ)၊ မင်းတို့ ဒိဋ္ဌိဖြုတ်၊ ဝိစိကိစ္ဆာဖြုတ်ဦးမှ (မှန်ပါ)၊ ဟို-တိရစ္ဆာန် ချည်းဆိုတော့ ဒါတွေက နားလည်သေးရဲ့လား (မလည်ပါ ဘုရား)၊ မလည်တော့ဘူးတဲ့။
မဂ်ဖိုလ်မှ ဖီလာတာကို ဘာခေါ်ကြမယ်
ဒါကြောင့် မဂ်ဖိုလ်မှ ဖီလာတာကို ဘာခေါ်ကြမယ် (တိရစ္ဆာန်ပါ ဘုရား)၊ အေး-တိရစ္ဆာန်ဆိုတဲ့ နာမည်ပင်ရင်း ပေါ်လာတာပေါ့ကွာ (မှန်ပါ)၊ တိရစ္ဆာန်ဆိုတာ ဘာတဲ့တုန်း တင်လှရ (မဂ်ဖိုလ်နဲ့ဝေးတာပါ ဘုရား)၊ မဂ်ဖိုလ်နဲ့ဝေးတာကို ဘာခေါ်ကြမယ် (တိရစ္ဆာန်ပါ ဘုရား)။
အေး-ဒါနဲ့ သန်းတိရစ္ဆာန်ကြီးဖြစ်နေတယ်၊ ဒါနဲ့ သူ့အလောင်းကို သင်္ဂြိုဟ်ပြီး သကာလ ရဟန်းတွေက သွားပြီး ဒီသင်္ကန်းဟာ ဂိလာနပြုတဲ့ ပုဂ္ဂိုလ်ထိုက်သလား၊ အားလုံးသံဃာတွေဆိုင်သလားဆိုတော့ ဘယ်သူ့မှ မအပ်ခဲ့တဲ့အတွက် အားလုံးသံဃာတွေ ဆိုင်သွားတာပေါ့ကွာ၊ သံဃိကဖြစ်သွားတယ် (မှန်ပါ)၊ သံဃိကဖြစ်သွားတော့ အသုဘပြန်လာတဲ့အခါ မှာ သင်္ကန်းကို မဲချဖို့၊ ဝေကြဖို့ စည်းဝေးကြတော့ သန်းကြီးက ဒီသင်္ကန်းပေါ်မှာ ဝီး-ဝီး-ဝီးနဲ့ ပြေးနေတာပဲ (မှန်ပါ)၊ သူက ကြားတာပေါ့၊ သူ့သင်္ကန်းကို ဝေတော့မယ်ဆိုတာကြားတော့ သူ့သင်္ကန်းကို ဝေရပါ့မလား (မှန်ပါ)၊ တိရစ္ဆာန်ဆိုပေ မယ့်လဲ စွဲနေသေးတယ် (မှန်လှပါ ဘုရား)။
အဲဒီတင်မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကျောင်းတော်ကနေကြားတယ်၊ ဘုရားရဲ့နားက ဒိဗ္ဗသောတနား ပေါ့ကွာ (မှန်ပါ)၊ ရိုးရိုးနားနဲ့ နားမထောင်ဘူး၊ အဘိညာဉ်ဝင်စားပြီး နားထောင်ကြည့်တော့ ဝီး-ဝီး-ဝီး-နဲ့ ကြားနေရတယ်၊ ဘာသံပါလိမ့်မလဲလို့ စဉ်းစားလိုက်တော့ တိဿသန်းဖြစ်နေတာကို ကိုယ်တော်မြတ်ကြီးက သိလိုက်တယ် (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊
ဦးတိဿကနေပြီး သန်းကြီးဖြစ်နေတယ်
ဘာဖြစ်နေတုန်း (သန်းဖြစ်နေပါတယ် ဘုရား)၊ သူ့နာမည်က ဦးတိဿတဲ့နော် (မှန်ပါ)၊ ဦးတိဿကနေပြီး သန်းကြီးဖြစ်နေတယ် (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကဲ-ဒီကရဟန်းစုတိ၊ ဟိုက သန်းပဋိသန္ဓေဖြစ်လာတယ် (မှန်ပါ)၊ ဝေးသလား (မဝေးပါ ဘုရား)၊ မဝေးပါဘူးတဲ့ တစ်ခါတည်းဖြစ်နိုင်တာပဲ၊ ဘယ်လိုအမျှဝေလို့မှကို မရနိုင်ဘူး၊ သာဓုခေါ်နိုင်တဲ့နားလဲ ပါမှမပါတော့ဘဲ (မပါ-ပါ ဘုရား)၊ ပြီးတော့ တိရစ္ဆာန်ဖြစ်တဲ့အခါမှာ အမျှဝေလို့လဲ အပိုပဲတဲ့ (မှန်ပါ)၊ တိရစ္ဆာန်အစာပဲစားတာ (မှန်ပါ)၊
မင်းတို့က အမျှ ပေးလိုက်၊ ဒီအမျှကိုလဲ သူတို့က သာဓု အနုမောဒနာ မခေါ်နိုင်ဘူး (မှန်ပါ)၊ ပေးတဲ့ဝတ္ထုပစ္စည်းကို ဘယ်လိုဆွမ်းသွတ် နေလဲ သူတို့မှာ တိရစ္ဆာန်ဖြစ်လို့ တိရစ္ဆာန်အစာသာ စားတယ်၊ ဒီက ပို့လိုက်တဲ့အစာကို မစားနိုင်ဘူး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါကြောင့် မင်းတို့ အမျှဝေရပေမယ့် မင်းတို့က အကောင်းထင်မနေနဲ့တဲ့၊ ငရဲသွားနေတဲ့ပုဂ္ဂိုလ်ဟာ ငရဲအစာ ကိုသာ စားသောက်ရတယ်၊ အမျှဝေလို့ကို မရဘူး (မှန်ပါ)၊ တိရစ္ဆာန်ဘုံသွားနေတဲ့ ပုဂ္ဂိုလ်လဲ အမျှဝေပေးလို့မရဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)၊
နတ်ပြည်သွားတဲ့ပုဂ္ဂိုလ်လဲ အမျှဝေလို့ အပိုပဲ၊ နတ်အစာအာဟာရကို စားတာပဲ၊ ဒီကဟာ ဘာအသုံးကျတုန်း (မကျပါ ဘုရား)၊ ရပါ့မလား (မရပါ ဘုရား)၊ မရဘူးလို့ မှတ်ထားလိုက် (မှန်လှပါ ဘုရား)။
ပြိတ္တာအနုစား
ဒါဖြင့် စပ်မိလို့ပြောတော့ ဘယ်ဟာများ ရသတုန်းဆို၊ ပြိတ္တာအနုစားလေးဖြစ်နေတဲ့၊ အိမ်နားကပ်နေတဲ့ ရွာနား မြက်နားကပ်နေတဲ့ ပြိတ္တာအနုစားလေးဖြစ်မှ (မှန်ပါ)၊ အဲဒီပြိတ္တာက ဘာစားနေသတုန်းဆိုတော့ နင်တို့က ကျင်ကြီးစွန့်လိုက်တယ်၊ အဲဒီဟာကို မွှေရှာစားတာပဲ (မှန်ပါ)၊ နှပ်ညှစ်တော့လဲ အဲဒီနှပ်ထဲကို မွှေရှာပြီးစားတာပဲ (မှန်ပါ)၊ ကျင်ငယ်စွန့်တော့ ကျင်ငယ်ထဲကို မွှေရှာစားကြတာတွေဟာ ပြိတ္တာပဲ (မှန်လှပါ ဘုရား)။
အဲဒီပြိတ္တာမျိုးဖြစ်နေတဲ့အခါမှတော့ အိမ်နားနီးကနေ ဆွမ်းလေးဘာလေး သွတ်လိုက်တဲ့အခါမှာ သူတစ်ယောက် ပဲရတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)၊ တိရစ္ဆာန်ဖြစ်ရင် (မရပါ ဘုရား)၊ မရဘူး၊ နတ်ဖြစ်ရင် (မရပါ ဘုရား)၊ ငရဲသွားရင် (မရပါ ဘုရား)၊ မရတော့ဘူး၊ ခုနက နှပ်တို့၊ ကျင်ငယ်တို့၊ ကျင်ကြီးတို့ကို ရှာစားနေတဲ့ ပြိတ္တာနုကလေးများ ဖြစ်ရင်သာ မောင်ချစ်စိန်ရတယ်၊ ဒီက အမျှပေးတာကို သူနဲ့နီးလို့ရနိုင်တာ (မှန်ပါ)၊ နို့မို့ရင်တော့ ရကိုမရနိုင်ဘူး (မှန်လှပါ ဘုရား)။
အဲဒါကြောင့် နင်တို့ကို ဟောထားတယ်မဟုတ်လား၊ တစ်ချက်တိမ်းရင် မရဘူးလို့ဆိုတာ (မှန်ပါ)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)၊ တစ်ချက်တိမ်းရင်တော့ (မရပါ ဘုရား)၊ ဘယ့်နှယ်နည်းနဲ့မှ ကယ်ယူလို့ကို မရတော့ဘူး (မှန်လှပါ ဘုရား)။
ဒါကြောင့် သူတော်ကောင်းတရား ကြိုးစားကြဆိုတာ၊ မင်းတို့ကို သာမည တိုက်တွန်းတာမဟုတ်ဘူး-တဲ့ (မှန်ပါ)၊ မကြိုးစားလို့ရှိရင်တော့ဖြင့် တစ်ချက်တိမ်းရင် ပြန်မတက်နိုင်တော့ဘူးဆိုတာကတော့ သေချာပြီ (သေချာပါပြီ ဘုရား)။ ပေါ့ပေါ့တန်တန်နဲ့ မသိသလိုနေလို့ရှိရင်တော့ သွားပြီ (မှန်ပါ)၊ ဟေ့-တင်လှတို့ ပေါ့ပေါ့တန်တန်နဲ့ မသိသလို နေလိုက်ရင်တော့ (သွားမှာပါ ဘုရား)။
ဖြစ်ပျက်အနိစ္စမှတစ်ပါး ကယ်မည့်သူမရှိပုံ
ဒါ-ကြပ်ကြပ်စဉ်းစားရတယ် (မှန်ပါ)၊ နေ့တိုင်းပြောနေတဲ့ဥစ္စာသည် လိုရင်းချည်းပဲလို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။
အဲဒီတင် ဘုရားကိုယ်တော်မြတ်ကြီးကကြားတော့ သူ့အသံကြီးက ဝီ-ဝီ-ဝီ နဲ့ဆိုတော့ ဘုရားက သတိရတယ်၊ ဪ -တိဿတော့ ရဟန်းတွေကို ပြစ်မှားတော့မှာပဲ၊ ‘ငါ့’ သင်္ကန်းဝေရမလားလို့ပေါ့ကွာ၊ သင်္ကန်းပေါ် သူလျှောက်ပြေး တာပဲရှိတာပဲ (မှန်ပါ)၊ ဘာမှတော့ မတတ်နိုင်ဘူး၊ သင်္ကန်းပေါ်လျှောက်ပြေးပြီး ဝေမယ့်သံဃာတွေကို သူပြစ်မှားမှာပဲ (မှန်ပါ)၊ ‘ငါ့’ သင်္ကန်းယူရမလား၊ မဲကျတဲ့သူက ယူရမလားနဲ့ သူက ‘ငါ့’ သင်္ကန်းဆိုတဲ့ သက္ကာယဒိဋ္ဌိနဲ့ သန်းဖြစ်နေတာကွ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါကြောင့် ဘာကိုမှ မစွဲမှကွ (မှန်ပါ)၊ စွဲရင်ရောက်တော့မယ် (မှန်ပါ)၊ သို့သော်လည်း မဂ်ရင်လဲ ဆိုက်အောင်လုပ်ထား၊ မဂ်မဆိုက်သေးလို့ ရှိရင်တော့ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်လေးပါး သွားဦးမှာပဲကွ (သွားမှာပါ ဘုရား)၊ တစ်ခုသာစွဲပေ့စေ့လေကွာ၊ စွဲရင် သွားမှာပဲ (မှန်လှပါ ဘုရား)။
ဒါကြောင့်-ရဟန်းနဲ့သန်းဟာ အင်မတန် ကွာဝေးတယ်မဟုတ်လား၊ (ဝေးပါတယ် ဘုရား)၊ ဒါပေမယ့် ဖြစ်နေတာက သေချာနေတယ် (မှန်ပါ)၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊
အဲ့ဒါကြောင့် – ရဟန်းဖြစ်လဲ တော်ကာလျှော်ကာနဲ့လဲ မရဘူး၊ လူဖြစ်ကော (တော်ကာလျှော်ကာနဲ့မရပါ ဘုရား)၊ မရဘူးတဲ့ သေခါနီးမှာလဲ မင်းတို့ နှလုံးသွင်းရမယ်ဆိုတာသည် ဝေဒနာဖြစ်ပျက်၊ စိတ်ဖြစ်ပျက် ဒါတွေဟာ လုပ်မှရမယ် (မှန်ပါ)၊ ရုပ်ရှုနိုင်လို့ရှိရင် ရုပ်ဖြစ်ပျက် အနိစ္စမြင်အောင်ရှုပါ (မှန်ပါ)၊ ဘာမှမရှုနိုင်ဘူး၊ မမြင်ဘူးဆိုတာတောင်မှ၊ ဪ – ဒါ အသုဘမို့ အသုဘပဲ၊ ဒုက္ခသစ္စာချည်းပါလား ဆိုတာကို နှလုံးသွင်းရမယ် (မှန်ပါ)၊ မသွင်းရင်တော့ မရကိုမရဘူးဆိုတာ မှတ်ထားကြပါ (မှန်ပါ)၊ မသွင်းရင် စွဲမိစွဲရာတော့ လာတော့မှာပဲ (လာမှာပါ ဘုရား)။
လက်သဲပေါ်တင်တဲ့ မြေမှုန်နဲ့
အဲဒါကြောင့်- လက်သဲပေါ်တင်တဲ့ မြေမှုန်နဲ့ မြေကြီးမှာရှိတဲ့ မြေမှုန့်ဟာ ဘယ်သူက များသတုန်းလို့မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမတုန်း (မြေကြီးမှာရှိတာက များပါတယ် ဘုရား)၊
အဲ-သေပြီး သကာလ သုဂတိသွားတဲ့ပုဂ္ဂိုလ်၊ နိဗ္ဗာန်သွားတဲ့ပုဂ္ဂိုလ်ဟာ ဒီအမှုန့်လောက် ရှိတာပဲ (မှန်ပါ)၊ ကျန်တဲ့လူတွေ၊ တိရစ္ဆာန်တွေကတော့ အကုန်အပါယ်သွား တာချည်းပဲ (မှန်ပါ)၊ အဲဒီတော့ ဘယ်တော့များ ဘုရားကိုယ်တော်မြတ်ကြီး ချွတ်လို့ကုန်နိုင်ပါ့မတုန်း (မကုန်နိုင်ပါ ဘုရား)၊ ဘုရားကိုယ်တော်မြတ်ကြီး ချွတ်လို့ကုန်နိုင်ပါ့မတုန်း (မကုန်နိုင်ပါ ဘုရား)၊ ဘုရားတစ်ဆူဆူမှာ ဒီလက်သဲပေါ်တင်တဲ့ မြေမှုန့်လောက်သာ ပါသွားတာကိုးကွ (မှန်ပါ)၊ ကျန်တာတွေကတော့ဖြင့် ဒီအတိုင်းနေရစ်ကြတာပဲ (မှန်လှပါ ဘုရား)။
တိရစ္ဆာန်ဖြစ်တော့ ဘာဖြစ်မတုန်းဆိုတော့ သူနိုင်မှာကို မစားကြပေဘူးလား (စားမှာပါ ဘုရား)၊ နိုင်ရာစားတော့ သူ့မှာ ကံတွေကကော မရှိဘူးလား (ရှိပါတယ် ဘုရား)။ ဒါဖြင့် ငရဲသွားရပြန်တာပဲ (မှန်ပါ)၊ ငရဲကပြီးရင် တိရစ္ဆာန်တက်လိုက်၊ တိရစ္ဆာန်ဖြစ်တော့ နိုင်ရာစား လုပ်လိုက် (မှန်ပါ)၊ ပြီးရင် ပြန်ကျ်လိုက်ဆိုတော့ ဒီလက်သာလှည့်နေတာပဲ (မှန်ပါ)၊ ဒီပြင့်လှည့်စရာရှိရဲ့လား (မရှိပါ ဘုရား)။
ဒါကြောင့် – မင်းတို့ ပေါ့ပေါ့တန်တန်နေတဲ့ ပုဂ္ဂိုလ်တွေအတွက်ဖြင့် ဘယ်လိုစဉ်းစားကြမှာတုန်း၊ ဪ -ခဏလာတာပဲ၊ အရိပ်ပြသလိုပဲလို့ထင်ကြရမှာပဲ (မှန်ပါ)၊ တော်တော်ကြာကျလို့ရှိရင် ပြန်တက်မှာမဟုတ်တော့ပါဘူးလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ အဲဒီအထဲမှာ မပါစေနဲ့ကွ (မှန်ပါ)၊ ကြိုးစားရမယ်နော် (ကြိုးစားရမှာပါ ဘုရား)၊ ခန္ဓာကိုယ်ကြီးကို ဖြစ်ပျက်အနိစ္စတွေ၊ မမြင်မြင်အောင် ကြိုးစားပါ (မှန်ပါ)၊ ဘာမှမမြင်ဘူးဆိုလို့ရှိရင်၊ ဝေဒနာလေးကို ညနေက ဟောထားတယ်မဟုတ်လား (မှန်ပါ)၊ ခန္ဓာထဲမှာပေါ်နေတာပဲ (မှန်ပါ)၊ အဲ့ဒါလေးတွေကိုကြည့်ပြီး ဖြစ်ပျက် နှလုံးသွင်းပါလား (မှန်ပါ)၊ အဲဒါလေးတွေကိုကြည့်ပြီး နှလုံးမသွင်းနိုင်ဘူးလား (သွင်းနိုင်ပါတယ် ဘုရား)။
သွင်းနိုင်အောင်သွင်းရမယ် (မှန်ပါ)၊ ဒိပြင်ဟာတွေ အကုန်ဖြုတ်၊ သားစိတ်၊ မယားစိတ်၊ ဆွေစိတ်၊ မျိုးစိတ်တွေနောက်ဘယ်လိုနေရစ်လိမ့်မတုန်း၊ ဘယ်လိုထိုင်ရစ်လိမ့်မတုန်းဆိုတာတွေဟာ အပိုတွေ (မှန်ပါ)၊ မင်းတို့ဟာ သေခါနီးတောင် လောကွတ်ချော်နေတာနဲ့ သန်းဖြစ်ရလိမ့်ဦးမယ် ဟင် (မှန်ပါ)၊ မင်းတို့ လောကွတ်ကလဲ သေခါနီးတောင် ချော်တဲ့လောကွတ်ဆိုလို့ရှိရင်ဖြင့် ကိုယ့်လောကွတ်နဲ့ကို ဒုက္ခရောက်ရမှာပဲ (မှန်ပါ)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
သေခါနီးဖြစ်တဲ့ လောကွတ်
အဲဒီတော့-လောကွတ်ကိုလဲ မင်းတို့က ထုံးစံအတိုင်း သွားမထားပါနဲ့ (မှန်ပါ)၊ သေခါနီးဖြစ်တဲ့ လောကွတ်ဟာ ဘာများကော တတ်နိုင်သေးသတုန်း (မတတ်နိုင်ပါ ဘုရား)၊ ဘာမှလဲ မတတ်နိုင်ဘူး လောကွတ်ပဲ မဟုတ်လား (မှန်ပါ)၊ ထမင်းမရှိဘဲနဲ့ မချက်သေးဘဲနဲ့ ထမင်းစားသွားပါဦးလားဆိုးတဲ့ ဥစ္စာဟာ လောကွတ်ပဲ မဟုတ်လား (မှန်လှပါ ဘုရား)။
ဒီမှာလဲ သားတွေ သမီးတွေကို ဘာများတတ်နိုင်သေးသတုန်း (မတတ်နိုင်ပါ ဘုရား)၊ မတတ်နိုင်ဘဲနဲ့ ဘယ်လိုနေရစ်မတုန်းဆိုတဲ့ လောကွတ်၊ ဘယ်လိုရှာစားရစ်မလဲဆိုတဲ့ လောကွတ်၊ ဘယ်လိုကစဉ့်ကရဲဖြစ်မလဲဆိုတဲ့ လောကွတ် (မှန်ပါ)၊ ဒီလောကွတ်ကြောင့် ခုနက တိရစ္ဆာန်ဘုံသွားတာကွ (မှန်ပါ)၊ ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
လောကွတ်ကို သတိထားပါ (မှန်ပါ)၊ ခင်ဗျားတို့က လောကွတ်မှာ လွန်လွန်းနေတယ်လို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)၊ အင်း-မိန်းမရှိတဲ့ပုဂ္ဂိုလ်ဖြင့် ဒီ-မိန်းမဟာ ဒီပစ္စည်းနဲ့ ထိန်းမှထိန်းတတ်ပါ့မလား၊ သိမ်းမှ သိမ်းတတ်ပါ့မလား၊ ဒီကလေးတွေနဲ့ နေရာကျပါ့မလားနဲ့ (မှန်ပါ)၊ ဒါတွေဟာ ဘာမှမဆိုင်ပါဘူး၊ ကိုယ်သေရမယ့်ဥစ္စာကို ဒါတွေနဲ့ လောကွတ်ချော်မနေနဲ့ (မှန်ပါ)၊ ကိုယ့်ခန္ဓာကိုယ်ကြီးကို မလိုချင်တဲ့ဉာဏ်သာရအောင် ရှုပစ်ဖို့ပဲ အရေးကြီးပါတယ်(မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အခုကတည်းက တစ်ခါတည်း လေ့လာထားကြ
ဒါလဲ သေခါနီးမှရှုလို့ မလိုချင်တဲ့ဉာဏ်က လာမှာမဟုတ်ဘူး (မှန်ပါ)၊ အခုကတည်းက တစ်ခါတည်း လေ့လာထားကြမှ (မှန်ပါ)၊ အရှိန်နဲ့ကို လုပ်ထားမှ အရှိန်မရှိရင်တော့ဖြင့် (မရပါ ဘုရား)၊ မရဘူး၊ ဟိုနားကျမှ ကပ်ပြီး သကာလ ရေနစ်မှ လှေရှာနေလို့ကတော့ မရတော့ဘူး (မှန်ပါ)၊
ရေနစ်မှ လှေရှာရင် (မရတော့ပါ ဘုရား) သူက နစ်နေပေါ့ပဲ၊ ဘယ့်နှယ်လုပ် လှေရှာမှာတုန်းကွ (မရှာနိုင်ပါ ဘုရား)၊ ဒီမှာလဲ မရဏရေထဲ နစ်နေမှ ကိုးစားရာရှာလို့ရှိရင် ဘယ့်နှယ်လုပ်မတုန်း (မရနိုင်ပါ ဘုရား)၊ မရနိုင်ဘူး ဆိုတာကို သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့်-ရေမနစ်ခင်က လှေရှာထားကြပေါ့ကွာ (မှန်ပါ)၊ ရေကြီးလာတဲ့အခါကျတော့ လှေပေါ်တစ်ခါတည်းတက် လိုက်တာပေါ့ (မှန်ပါ)၊ စောစောစီးစီးရှာထားတော့ အရေးကြီးသေးရဲ့လား (မကြီးတော့ပါ ဘုရား)၊ ဘာမှမရှိတဲ့လူကျတော့ ပျာယာခတ်ပြီး သကာလ ဒေါသနဲ့ပဲ သေသွားရမယ် (မှန်ပါ)၊ အေး-သေသွားရင် မြုပ်ဦးမှာပဲ မြုပ်မှာပါ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
မင်းတို့ရှာထားတဲ့ပစ္စည်းက မင်းတို့ကို နှိပ်စက်တယ်ပြော တာပဲ
ဒါဖြင့်-ဒီတရားမှာ ဘာအရေးကြီးတုန်းဆိုရင်ဖြင့် မင်းတို့ရှာထားတဲ့ပစ္စည်းက မင်းတို့ကို နှိပ်စက်တယ်ပြော တာပဲ (မှန်ပါ)၊ ဘယ်သူက ဘယ်သူ့ကို နှိပ်စက်သတုန်း (ကိုယ်ရှာထားတဲ့ပစ္စည်းက ကိုယ့်ကိုနှိပ်စက်ပါတယ် ဘုရား)၊ ကိုယ်ရှာထားတဲ့ပစ္စည်းက ကိုယ့်ကို ကိုယ့်ကို အပါယ်ရောက်အောင် လုပ်လိုက်ပါတယ် (မှန်ပါ)၊ ပြန်တက်နိုင်ကျ သေးရဲ့လား (မတက်နိုင်တော့ပါ ဘုရား)၊ မတတ်နိုင်တော့ဘူးဆိုတာ သေချာမှတ်ထားကြပါ (မှန်လှပါ ဘုရား)။
အဲဒီမှာတင် သန်းကြီးက ဝီ၊ ဝီ၊ ဝီနဲ့ အော်နေတော့ကို ဘုရားကိုယ်တော်မြတ်ကြီးက ဒိဗ္ဗသောတနားနဲ့ကြားတယ်၊ ကြားတဲ့အခါကျတော့မှ ရဟန်းတွေကို ခေါ်ရတယ် (မှန်ပါ)၊ ဟေ့-ရဟန်းတွေ လာကြဦး၊ လာကြဦး၊ တိဿသန်းဖြစ် နေတယ်ကွ၊ သန်းအသက် ခုနှစ်ရက်ပါကွ၊ ခုနှစ်ရက်ရှိမှ မင်းတို့ ဒီသင်္ကန်းကို ဝေဖန်ကြတာပေါ့၊ သန်းကလဲ ခုနှစ်ရက်ပဲ အသက်ရှိတယ်နော် (မှန်လှပါ ဘုရား)။
အဲဒီတင်မှ နောက်တုန်းက သူရဟန်းဘဝက လုပ်ထားတဲ့ ဝိပဿနာတွေ ဘာတွေကို သူနှလုံးမသွင်းမိလို့ ဖြစ်သွားတာကိုးကွ (မှန်ပါ)၊ သန်းဘဝကနေ သေတာနဲ့တုသိတာဘုံကို တန်းသွားတာပါပဲ၊ သန်းဘဝက ခုနှစ်ရက်ရှိလို့ သေတော့ တုသိတာဘုံရောက်သွားတယ် (မှန်ပါ)၊ ဒါက-ဟိုရှေးက လုပ်ထားတဲ့ ဥစ္စာပါတယ် (မှန်ပါ)၊ ဖျတ်ခနဲဆိုတော့ နှလုံးသွင်းသင့်တာကို နှလုံးမသွင်းမိလို့ သန်းသွားဖြစ်တယ် (မှန်ပါ)၊ ဥပါဒါန်က အားကြီးနေတယ် (မှန်ပါ)၊ သဘောကျကြပလား (ကျပါပြီ ဘုရား)။
ဒါနဲ့ ခုနှစ်ရက်ရှိတော့မှ ဝေကြခြမ်းကြကွဆိုပြီး သကာလ ခုနှစ်ရက်ရှိတော့မှ ဒီသန်းကြီးက အနိစ္စရောက်တာ ပေါ့ကွ (မှန်ပါ)၊ အဲဒီ အနိစ္စရောက်တော့မှ နဂိုက အားထုတ်တဲ့ တရားတွေက တုသိတာဘုံကိုပို့လိုက်ပါတယ် (မှန်လှပါ ဘုရား)။
ကဲ-သေခါနီးတောင်မှ ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာ (ကောင်းပါတယ် ဘုရား)၊ မင်းတို့ သားတွေ သမီးတွေနဲ့ ပစ္စည်းတွေ တစ်ပြုံကြီးနဲ့ လယ်နဲ့ယာနဲ့ ချောင်းနဲ့မြေနဲ့ နွားနဲ့စက်နဲ့ဆိုတဲ့လူတွေဟာ-ဒါတွေကို စောစောစီးစီးက ကိုက ဝိပဿနာဉာဏ်နဲ့တင်ထားမှရမယ် (မှန်ပါ)၊ မတင်ထားရင်တော့ (မရပါ ဘုရား)၊ မရဘူး၊ မတင်ထားလို့ရှိရင်တော့ ဒီအတိုင်းပဲ သွားကြရမှာပဲ (မှန်လှပါ ဘုရား)။
မင်းတို့အခြေမရှိတဲ့ပုဂ္ဂိုလ်တွေဆိုရင်
ဟို ပုဂ္ဂိုလ်ကတော့ အခြေရှိလို့ တုသိတာပြည် တက်နိုင်သေးတယ်၊ မင်းတို့အခြေမရှိတဲ့ပုဂ္ဂိုလ်တွေဆိုရင်တော့ တောက်လျှောက် အောက်ကိုရောက်သွားမယ် (မှန်ပါ)၊ မရောက်ပေဘူးလား (ရောက်မှာပါ ဘုရား)၊
အေး – ဒါတွလဲ စဉ်းစားမိမှကွ၊ သားရယ် မယားရယ်ဆိုတာ ရှိတုန်းပဲ ပေါင်းကြသင်းကြ၊ ကျွေးကြမွေးကြ လုပ်ကြကိုင်ကြပေါ့ကွာ (မှန်ပါ)၊ ဟို-သေခါနီးမှတော့ လောကွတ်ချောတဲ့အလုပ်တွေ လုပ်မနေနဲ့ (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
သေခါနီး လောကွတ်ချောလို့ရှိရင်တော့ ခုနကသန်းတို့၊ ငရဲတို့ ဒါတွေက မလာရပေဘူးလား (လာရမှာပါ ဘုရား)၊ အဲဒီ ခုနစ်ရက်ရှိတော့သူက ကျွတ်သွားရော၊ သန်းအသက်စေ့သွားတော့ တုသိတာပြည်ကို ရောက်သွားတယ်၊ အဲဒီတင်မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောတော်မူတယ်
အယသာဝမလံ သမုဋ္ဌယ၊ တတုဋ္ဌာယတံယေဝခါဒတိ။
ဧဝံအတိဓောနစာရိနံ၊သာနိကမ္မာနိနယန္တိဒုဂ္ဂ။ (ဓမ္မပဒပါဠိတော်၊ မလဝဂ်မှ တိဿတ္ထေရဝတ္ထု)
ဆိုတာ သူ့ကိုအကြောင်းရင်းခံပြီးဟောတာကွ (မှန်ပါ)၊
သံကို သံဖျက် သံချေးတက်
အယသာဝမလံ သမုဋ္ဌယ= သံကသံချေးတက်လာတယ်တဲ့ (မှန်ပါ)၊ တံယေဝ=ထိုသံကိုသာလျှင်၊ ခါဒတိယထာ=အမြဲစားသကဲ့သို့၊ သံချေးကသံကို စားပစ်တယ် (မှန်ပါ)၊ ဧဝံတထာ = ထို့အတူ၊ အတိဓောနစာရိနံ=မင်းတို့ရှာထားတဲ့ပစ္စည်းက ၊ ဒုဂ္ဂတ = ဒုဂ္ဂတိဘဝသို့၊ နယန္တိ=ဆောင်ကုန်၏။ မင်းတို့ရှာထား တဲ့ပစ္စည်းက မင်းတို့ကိုနှိပ်စက်ပြီး ဆောင်သွားတယ် (မှန်လှပါ ဘုရား)။
သံကို သံဖျက် သံချေးတက်ဆိုတာ ဒီကနေလာတာကွ-ဒီကလာတာ-(မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။ ဒါဖြင့်၊ မင်းတို့ရှာထားတဲ့ပစ္စည်းကြောင့် မင်းတို့ရှာထားတဲ့ပစ္စည်းကြောင့် မင်းတို့သည် အပါယ်လေးပါး ဒုဂ္ဂတိကို မရောက်နိုင်ဘူးလား (ရောက်နိုင်ပါတယ် ဘုရား)၊ ဘာဖြစ်လို့ ရောက်သွားတာတုန်းဆိုတော့ ဥပါဒါန်ကြောင့် ရောက်သွားတာ (မှန်ပါ့)၊ စွဲလမ်းလို့ (မှန်ပါ့)၊ သဘောကျကြပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် စွဲလမ်းတဲ့အလုပ်ဟာ အဆိုးဆုံးပဲဆိုတာကို ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကွာ-မင်းတို့ကို ငါသေနည်း သင်ပေးပါ့မယ်ဆိုပြီး ဖဂ္ဂုဏတို့ကျတော့ မသင်ပေဘူးလားကွာ (သင်ပါတယ် ဘုရား)။
ကိုယ့်ကိုယ်ကို ဖြစ်ပျက်ရှုသေကွ (မှန်ပါ့)၊ ကိုယ့်ကိုယ်ကိုပဲ အနိစ္စရှု (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဘာလုပ်ကြမှာတုန်း (ကိုယ့်ကိုယ်ကိုဖြစ်ပျက်အနိစ္စရှုရမှာပါ ဘုရား)၊ အနိစ္စရရှုရမယ် (မှန်ပါ့)၊ အဲဒီအချိန်ကျတော့ ဒါပဲအားကိုးရမယ်ဆိုတော့ အတင်းဖိရှုပေါ့ကွာ (မှန်ပါ့)၊
အတင်းဖိရှုလို့ရှိရင် အဲဒီအချိန်ကျ အပါယ်လေးပါးမှ လွတ်တဲ့ သောတာပန်လဲဖြစ်နိုင်တယ်၊ သကဒါဂါမ်လဲ ဖြစ်နိုင်တယ်၊ အနာဂါမ်လဲဖြစ်နိုင်တယ် (မှန်လှပါ ဘုရား)။
အနိစ္စဉာဏ်ဟာ အားကိုးရာအစစ်
ဘယ့်နှယ်ကြောင့်ဖြစ်နိုင်သတုန်းလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)၊ အို-အဲဒီအချိန်ကျတော့ ဖြစ်ပျက် အနိစ္စဉာဏ်ဟာ အားကိုးရာအစစ်ကို ဧကန်ဖြစ်တော့တာပဲ (မှန်ပါ့)၊ ရေနစ်နေတဲ့ ပုဂ္ဂိုလ်ဟာ တုန်းတစ်ခုကို မြင်လိုက် တယ်ဆိုရင် လွှတ်ပါဦးမလား (မလွှတ်တော့ပါ ဘုရား)၊
ဘာပြုလို့တုန်း (အားကိုးရာတွေ့လို့ပါ ဘုရား)၊ အားကိုးရာ အစစ်တွေ့လို့ (မှန်ပါ့)၊ နဂိုက မောနေတာပဲ (မှန်ပါ့)၊ ဒီမှာလဲ သေခါနီးမှာ သေတွင်းရေထဲမှာ မျောနေတာ သေတော့မှာပဲ၊ သေတော့မှာပဲ ဆိုတဲ့ မျောနေတဲ့ ဥစ္စာကို မင်းတို့ဖြစ်ပျက်အနိစ္စဉာဏ်ကို အားကိုးလိုက်လို့ရှိရင် ပြီးသွားတာပဲ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)
ဒါဖြင့်-ဖြစ်ပျက် အနိစ္စဉာဏ်မှတစ်ပါး မင်းတို့ကို ကယ်မယ့်သူ၊ ယူမယ့်သူရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ ဒါကြောင့်-ဒီဉာဏ်ပဲ နှလုံးသွင်းရမယ်ဆိုတာကို သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့်-ဒီဉာဏ်ကို လုပ်ကြ(မှန်ပါ့)၊ ကဲ-ရထားလာပြီ (တော်ကြစို့)။
