3039

မာတိကာသို့

နှလုံးသွင်းမှန်ပြီး ဝီရိယစိုက်မှု အရေးကြီးပုံ

ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ၊

မိုးကုတ်ဆရာတော်ဘုရားကြီး၊

အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း၊

မင်္ဂလာရိပ်သာကျောင်းတိုက်၌

ဟောကြားဆုံးမတော်မူသော

နှလုံးသွင်းမှန်ပြီး ဝီရိယစိုက်မှု အရေးကြီးပုံ

(ပေါဋ္ဌိလရဟန်းကြီးဥပမာပြု)(၉-၁-၆၁)ညအလုပ်ပေးတရားတော်

တရားအားထုတ်မှ ပညာထက်တယ်

တရားအားထုတ်မှ ပညာထက်တယ်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတယ်၊ အားထုတ်မှ ပညာထက်တယ်၊ နှလုံးသွင်းကောင်းမှ ပညာထက်တယ်လို့ မှတ်ထားကြပါ (မှန်ပါ)၊

နှလုံးသွင်းကောင်းဆိုတဲ့ ဥစ္စာက ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်နေတဲ့ အနိစ္စရှိတာကို အနိစ္စရယ်လို့ နှလုံးသွင်းကောင်းမှ ပညာက ထက်လာမယ် (မှန်လှပါ ဘုရား)။

လောကီ ဥပမာပြောကြပါစို့ဆိုလို့ရှိရင်ဖြင့် ကောက်ပင်များ၊ စပါးပင်များဟာ လဲနေတယ်လို့ဆိုလို့ရှိရင် လက်တစ်ဖက်ကနေ ပွေ့ပြီးတော့ ဆုပ်မထားလို့ရှိရင်ဖြင့် တံစဉ်ဟာဘယ်လိုပဲထက်ထက် အပေါ်ကိုလျှံတက်လာတာပဲ၊ မပြတ်ပါဘူး (မှန်ပါ)၊

ဘယ်တော့မှ မပြတ်ပါဘူးတဲ့ တံစဉ်က ထက်ပေမယ့်လဲ ပြတ်ပါ့မလား (မပြတ်ပါ ဘုရား)၊ လက်တစ်ဖက်က မြဲစွာဆုပ်ပြီး သကာလ ထားလို့ရှိရင်ဖြင့် ဒီကနေထက်တဲ့တံစဉ်နဲ့ ဖြတ်လိုက်လို့ရှိရင်ဖြင့် ကောက်ပင်ဟာ ပြတ်သွားတာပါပဲ (မှန်လှပါ ဘုရား)။

ဒါဖြင့်-တံစဉ်၏ အကူအညီဟာ ဘာတုံးဆိုလို့ရှိရင်ဖြင့် အားထုတ်မှု၊ ပွေ့ပိုက်ထားမှုတွေဟာ အရေးကြီးတယ် ဆိုတာကို သိကြမှာပါ (မှန်ပါ)၊ ထို့အတူပါပဲတဲ့၊ နှလုံးသွင်းကောင်းလို့ ရှိရင်ဖြင့် ဉာဏ်ကကိလေသာကို ဖြတ်တယ် (မှန်ပါ)၊ နှလုံးသွင်းကောင်းလို့ရှိရင် (ဉာဏ်က ကိလေသာကိုဖြတ်ပါတယ် ဘုရား)၊

နှလုံးသွင်းမကောင်းတဲ့ ပုဂ္ဂိုလ် မှာတော့ဖြင့် အနိစ္စကို မမြင်တဲ့အတွက် ဉာဏ်ကကိလေသာကို ဖြတ်ဖို့ရာမှာ ဝတ္တရားမရှိပါဘူး (မှန်လှပါ ဘုရား)။

ကောက်ပင်ရိတ်သလိုပါပဲ

ဒါဖြင့်-ကောက်ပင်ရိတ်သလိုပါပဲလို့ မိလိန္ဒမင်းကြီးကို ရှင်နာဂသိန်က ဖြေပါတယ်။ ကောက်ပင်ကို ကိုင်ထားတာနဲ့ နှလုံးသွင်းကောင်းတာနဲ့ဟာ တူပါတယ်၊ ကောက်ပင်ဖြတ်တဲ့ တံစဉ်နဲ့ ဉာဏ်နဲ့ဟာလဲ တူပါတယ် (မှန်ပါ)၊

ဒါဖြင့် ယောနိသောမနသိကာရ ကောင်းမှဉာဏ်က ကိလေသာကို ဖြတ်လို့ရမယ် (မှန်လှပါ ဘုရား)။ ဒါဖြင့်-ယောနိသောမန သိကာရနဲ့ ဉာဏ်နဲ့ဟာ သံသရာကို ဖြတ်တဲ့နေရာမှာ (ဝါ) ကိလေသာကို ဖြတ်တဲ့နေရာမှာ ဖြစ်ဖော်ဖြစ်ဖက်၊ အပေါင်းအဖော်တစ်ခု မပါတစ်ခု မပြီးဘူးလို့မှတ်ထားပါ (မှန်ပါ)၊ တစ်ခုမပါရင် (တစ်ခုမပြီးပါ ဘုရား)။

အဲဒါကို သေချာမှတ်ပြီး သကာလ ထားမှ၊ ဒီဒကာဒကာမတွေက ဪ -နှလုံးသွင်းကောင်းဖို့ဆိုတာဟာ တော်တော် အရေးကြီးပါလား၊ ဒါမှသာလျှင် ဉာဏ်ကသံသရာစခန်းကို အိုဘေး၊ နာဘေး၊ သေဘေး၊ မွဲဘေး၊ ကွဲဘေးဆိုတဲ့ ဥစ္စာတွေကို ဖြတ်စေတက်တဲ့တရားတွေကို ဉာဏ်ကဖြတ်မယ် (မှန်လှပါ ဘုရား)။

ဒါဖြင့်-နှလုံးသွင်းကောင်းတာသည် ဉာဏ်၏အကူအညီ (မှန်ပါ)၊ နှလုံးသွင်းကောင်းတာကို ဘယ်လိုဆိုကြမယ် (ဉာဏ်၏အကူအညီပါ ဘုရား)၊ ဉာဏ်ချင်း သက်သက်ဆိုရင် ဘာမှမတက်နိုင်ပါဘူး (မှန်ပါ)၊

ဉာဏ်ချင်းသက်သက် ဆိုလို့ရှိရင်ဖြင့် ဒီဒကာ,ဒကာမတွေဟာ ဘာမှမတက်နိုင်ပါဘူး (မှန်ပါ)၊ ဉာဏ်ချင်း သက်သက် ဆိုလို့ရှိရင်ဖြင့် ဒီဒကာ ဒကာမတွေဟာ ဘာမှမတက်နိုင်ပါဘူး၊ နှလုံးသွင်မှန်မှ ဉာဏ်ကကိလေသာကို ဖြတ်တယ်လို့မှတ်ထားကြပါ (မှန်ပါ)။ နှလုံးသွင်းမှန်မှ (ကိလေသာကို ဖြတ်ပါတယ် ဘုရား)။

ဉာဏ်ကကိလေသာကို ဖြတ်တယ်

ဉာဏ်ကကိလေသာကို ဖြတ်တယ်လို့မှတ်ထားတော့မှ ဪ -နှလုံးသွင်းဟာ တော်တော်အရေးကြီးတယ် ဆိုတာကို မပေါ်လာကြဘူးလား (ပေါ်လာပါတယ် ဘုရား)။

နှလုံးသွင်းမကောင်းရင် (ဉာဏ်ကမထက်ပါဘူး ဘုရား)၊ နှလုံးသွင်းက ခန္ဓာကိုယ်ကြီးဟာ အနိစ္စရှိတယ်။ အနိစ္စရယ်လို့ နှလုံးသွင်းပါ (မှန်ပါ)၊ အနိစ္စရယ်လို့ နှလုံးသွင်းမှ ဉာဏ်က လာလတ္တံကိလေသာတွေကို မလာရအောင် တားမြစ်ပါတယ် (မှန်လှပါ ဘုရား)။

နို့မို့လို့ရှိရင်ဖြင့် နှလုံးသွင်းက မှားနေလို့ရှိရင်ဖြင့် ဉာဏ်ကိုဝင်ခွင့်မရတော့ဘူး (မှန်ပါ) သဘောပါကြလား (ပါပါပြီ ဘုရား)၊

ဒါဖြင့် နှလုံးသွင်းမှန်မှ ဉာဏ်ထက်မယ် (မှန်ပါ)၊ ဘယ်လိုမှတ်ကြမယ် (နှလုံးသွင်းမှန်မှ ဉာဏ်ထက်မှာပါ ဘုရား)၊ နှလုံးသွင်းမှန်မှ ဉာဏ်ထက်မယ်၊ အနိစ္စရှိတာကို အနိစ္စရယ်လို့ နှလုံးသွင်းလို့ရှိရင်ဖြင့် ဉာဏ်ကလဲ ကိလေသာကို ဖြတ်ချလိုက်တာပဲ (မှန်ပါ)၊ ဒုက္ခရှိတာကို ဒုက္ခရယ်လို့ နှလုံးသွင်းလိုက်ရင် ဉာဏ်က (ကိလေသာကို ဖြတ်ချပါတယ် ဘုရား)။

အင်း-အသုဘရှိတာကို အသုဘ ရှိတယ်လို့ ဉာဏ်ကကိလေသာကို ဖြတ်တော့တာပါပဲ (မှန်ပါ)၊ ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ နှလုံးသွင်းမိရင်လဲ (ဉာဏ်က ကိလေသာကို ဖြတ်ပါတယ် ဘုရား) ဉာဏ်က ကိလေသာကို ဖြတ်တာပဲ (မှန်လှပါ ဘုရား)။

နှလုံးသွင်းမမှန်လို့ရှိရင်ဖြင့် ဉာဏ်ကတုံးသွားတာပဲ

နှလုံးသွင်းမမှန်လို့ရှိရင်ဖြင့် ဉာဏ်ကတုံးသွားတာပဲ (မှန်ပါ)၊ နှလုံးသွင်း မမှန်ရင် (ဉာဏ်တုံးသွားပါတယ် ဘုရား) ဒီနှစ်ခုကို မင်းတို့သတိထားလို့ရှိရင်တဲ့ ဪ -ငါနှလုံးသွင်းမှန်အောင်လုပ်ပြီးတော့ ဉာဏ်နဲ့ရှုမယ်လို့ရှိရင် ပြတ်တာပါပဲ (မှန်ပါ)၊ နှလုံးသွင်းမှန်မှုကို ပဓာနထားရမယ် (မှန်လှပါ ဘုရား)။

ဒါဖြင့်-ဒီနေ့ညဟောတဲ့ တရားမှာ နှလုံးသွင်းမှန်မှ ဉာဏ်က ကိလေသာကိုဖြတ်နိုင်တယ်။ နှလုံးသွင်းမှာ နေလို့ရှိရင်ဖြင့် ဉာဏ်ဝင်ခွင့်ကို မရပါဘူး (မှန်ပါ)၊ ဉာဏ်ဝင်ခွင့် မရလို့ရှိရင်လဲ ကိလေသာရန်သူကို ဖျက်ဆီးဖို့မဖြစ်နိုင်ပါဘူးဆိုတာကို သဘောပါကြလား (ပါပါပြီ ဘုရား)၊

ဒါဖြင့်-ဒီအရေးဟာ ကြီးတာပေါ့နော် (မှန်ပါ)၊ အဲဒါ- ဘုရားကိုယ်တော်မြတ်ကြီးက ဟောတဲ့ တရားလို့မှတ်ပါ (မှန်ပါ)၊

ဘယ်သူ့ အကြောင်းခံပြီး ဟောသလဲလို့မေးတဲ့အခါကျတော့မှ ပေါဋ္ဌိကရဟန်းကြီးကို အကြောင်းရင်းခံဟောတဲ့ တရားလို့ မှတ်ထားရမယ်နော် (မှန်လှပါ ဘုရား)။

ပေါဋ္ဌိကရဟန်းကြီး

ပေါဋ္ဌိကရဟန်းကြီးဆိုတာက ခုနှစ်ဘဝပဲကွာ၊ စာတက်ကြီးဖြစ်ပြီး မာန်တက်နေတဲ့ ရဟန်းကြီးပေါ့ (မှန်ပါ)၊ ရဟန်းငါးရာကိုလဲ စာချနေတာပဲ၊ တစ်နေ့သ၌ကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဆီကို ပေါဋ္ဌိလကသွားတယ်၊ သွားတော့ သူ့မှာဈာန်မဂ်ဖိုလ်က မရှိလေတော့ ကိုယ်တော်မြတ်ကြီးက အဖျင်းပေါဋ္ဌိလ လာသလားကွလို့ နှုတ်ဆက် လိုက်တယ် (မှန်ပါ)

နောက်ပေါဋ္ဌိလကသွားတော့မယ်လို့ ထပြန်တော့ အဖျင်းပေါဋ္ဌိလ သွားတော့မလို့လားကွနဲ့ သူလာရင် ဒီလိုချည်းနှုတ်ဆက်တယ်၊ သူ့မာန်ကို ချိုးနှိမ်ချင်လို့နော် (မှန်ပါ)၊ သူလာရင် ဒီလိုချည်းနှုတ်ဆက်တာပဲ၊ သူကလဲ ပညာက မဂ်ပညာ၊ ဖိုလ်ပညာသာမရှိတာ ပိဋိကတ်ဖက်ကတော့ တည့်တယ်ပေါ့ကွာ၊ ဪ ငါ့မှာ မဂ်ဉာဏ်ဖိုလ်ဉာဏ် မရလို့ ဒီအပြောပြောတာပဲ၊ ဒီလိုနှုတ်ဆက်တာပဲဆိုတာကိုလဲ သူကရိပ်မိတယ် (မှန်လှပါ ဘုရား)။

စာချည်းတက်လာတာ ခုနစ်ဘဝကွနော် (မှန်ပါ)၊ အခုလဲ ရဟန်း၅၀၀ကို စာချနေတာပဲဆိုတော့ စာဖက်ကလဲ ဆိုစရာမရှိဘူးပေါ့ကွာ (မရှိပါဘူး ဘုရား)၊ ဒါကိုအဖျင်းပေါဋ္ဌိလလာသလားကွ၊ အဖျင်းပေါဋ္ဌိလ ပြန်တော့မလို့လားကွလို့ ဘုရားကိုယ်တော်မြတ်ကြီးက သူလာရင် ဒီလိုချည်းနှုတ်ဆက်တယ် (မှန်ပါ)၊ ဒါနဲ့သူက ရိပ်မိတယ်၊ ဪ -ဈာန်မဂ်ဖိုလ်ကို ငါမရလို့ မဂ်ဉာဏ်ဖိုလ်ဉာဏ်မရလို့ အခေါ်ခံရတဲ့ အခေါ်ပဲဆိုပြီးတော့ သူ့စိတ်ထဲမှာ မရ-ရအောင် လုပ်မယ်ကွာဆိုတဲ့ စိတ် မောင်ချစ်စိန် ပေါ်လာတာပေါ့ (ပေါ်လာပါတယ် ဘုရား)။

အဲဒါ-မှတ်ထားကြ စာနဲ့မပြီးဘူးဆိုတဲ့ ဥစ္စာမှတ်ထားရမယ်(မှန်ပါ)၊ စာသိရုံနဲ့ ဘာမှမပြီးဘူး (မပြီးပါ ဘုရား)၊ ဒီကိုယ်တော်ထက်တော့ မချွန်နိုင်တော့ဘူး၊ ဘုရားကိုယ်တော်မြတ်ကြီး လက်ထက်ကနော် (မှန်လှပါ ဘုရား)။

ဒါနဲ့ ပါဋ္ဌိလရဟန်းကြီးက ရဟန်း၅၀၀က ဆွမ်းခံထွက်နေတုန်းမှာပဲ သူလဲသူ့သပိတ် ပရိက္ခရာလေးလွယ်ပြီး သကာလ ယူဇနာတစ်ရာ့နှစ်ဆယ်ဝေးတဲ့ တောထဲကို တောထွက်သွားခဲ့တယ်၊ အဲဒီတောထဲမှာလဲ ကိုရင်ကလေးကအစ ရဟန္တာ သုံးကျိပ်နေကြတယ် (မှန်ပါ)၊

ရဟန်းကြီးကစပြီး ကိုရင်လေးအထိအောင် တွက်ရင်သုံးဆယ်ရှိတယ်၊ အားလုံးကလည်း ရဟန္တာတွေချည်းပဲ (မှန်လှပါ ဘုရား)။ အားလုံးက ရဟန္တာချည်းဖြစ်ပြီး သကာလ နေတော့ အရှင်ဘုရား တပည့်တော်၏ ကိုးကွယ်ရာဖြစ်တော်မူပါဆိုပြီး ရဟန်းအကြီးဆုံးကို သွားပြီးလျှောက်တယ် တပည့်တော်၏ ကိုးကွယ်ရာဆည်းကပ်ရာ ဖြစ်တော်မူပါဆိုတော့ အို-မင်းတို့က ဓမ္မကထိကတွေ စာတက်ပေတက်တွေ တို့ကမသိတောင် မင်းတို့ဆီ မေးရဦးမှာ မင်းတို့က လှောင်သလိုပြောင်သလို မလုပ်ပါနဲ့လို့ ရဟန္တာကပြောလိုက်တယ်၊ ပထမအကြီးဆုံး ရဟန္တာကနော် (မှန်လှပါ ဘုရား)။

တကယ့်မဂ်ဉာဏ် ဖိုလ်ဉာဏ်ရတဲ့နည်း လိုချင်ပါတယ်

မဟုတ်ပါဘူးဘုရား တကယ်လိုချင်တာပါ၊ တကယ့်မဂ်ဉာဏ် ဖိုလ်ဉာဏ်ရတဲ့နည်း လိုချင်ပါတယ်လို့ လျှောက်တာပေါ့ (မှန်ပါ)၊ ကဲ စာတက်နေရုံနဲ့ နည်းမပါဘူးဆိုတာ သေချာနေပြီနော် (သေချာပါတယ် ဘုရား)၊

အဟုတ်လိုချင် ပါတယ်လို့ဆိုတော့မှ ကဲကွာ-ဟိုဘက်က ငါထက်ငယ်တဲ့ ရဟန်းဆီသွားလို့ လျှောက်ချေပါ၊ သူပေးပါလိမ့်မယ်ဆိုပြီး၊ ဟိုတစ်ဖက်ကို လှည့်ပေးလိုက်တယ်နော် (မှန်လှပါ ဘုရား)။

တစ်ဖက်ကို ရောက်ပြန်တော့ အရှင်ဘုရား တပည့်တော်၏ ကိုးကွယ်ရာဖြစ်တော်မူပါလို့ သွားလျှောက်ပြန်တာပဲ၊ ဟာ-အရှင်ဘုရားတို့က စာတက်ပေတက်တွေပဲ၊ တပည့်တော်တို့က မသိရင် အရှင်ဘုရားတို့ဆီတောင် မေးရဦးမှာ၊ လှောင်သလိုလို ပြောင်သလိုလိုနဲ့ မလာပါနဲ့လို့ အစရှိသည်နဲ့ ပြောကြ နှိမ်ကြတာပေါ့ကွာ (မှန်ပါ)၊

နှိမ်ကြတဲ့အခါကြတော့ ပေါဋ္ဌိလရဟန်းကြီးက မဟုတ်ပါဘူး၊ တကယ်လိုချင်တာပါ၊ သနားသဖြင့် ပေးတော်မူပါလို့ တောင်းပန်တာပေါ့ (မှန်ပါ)၊ သနားသဖြင့်ပေးတော်မူပါလို့ တောင်းနေတော့ အဟုတ်လိုချင် တာလား မေးပြန်တာပေါ့ကွာ၊ ဒါနဲ့အဟုတ်လိုချင်ပါတယ်လို့ သူ့ဆီကအဖြေထွက်လာတယ်နော် (မှန်လှပါ ဘုရား)။

တစ်ဖက်ကိုရောက်ပြန်တော့ အရှင်ဘုရား တပည့်တော်၏ ကိုးကွယ်ရာဖြစ်တော်မူပါလို့ သွားလျှောက်ပြန်တာပဲ၊ ဟာ-အရှင်ဘုရားတို့က စာတက်ပေတက်တွေပဲ၊ တပည့်တော်တို့က မသိရင် အရှင်ဘုရားတို့ဆီတောင် မေးရဦးမှာ၊ လှောင်သလိုလို ပြောင်သလိုလိုနဲ့ မလာပါနဲ့လို့ အစရှိသည်နဲ့ ပြောကြ နှိမ်ကြတာပေါ့ကွာ (မှန်ပါ)၊

နှိမ်ကြတဲ့အခါကျတော့ ပေါဋ္ဌိလရဟန်းကြီးက မဟုတ်ပါဘူး၊ တကယ်လိုချင်တာပါ၊ သနားသဖြင့် ပေးတော်မူပါလို့ တောင်းပန်တာပေါ့ (မှန်ပါ)၊ သနားသဖြင့် ပေးတော်မူပါလို့ တောင်းနေတော့ အဟုတ်လိုချင်တာလား မေးပြန်တာပေါ့ကွာ၊ ဒါနဲ့ အဟုတ်လိုချင် ပါတယ်လို့ သူ့ဆီကအဖြေထွက်လာတယ်နော် (မှန်လှပါ ဘုရား)။

ဒါဖြင့်-တပည့်တော်ထက်ငယ်တဲ့ ဟိုကကိုယ်တော်ဆီ သွားပါလို့ လွှဲချလိုက်ပြန်တယ်၊ စာမာန်တွေ နိမ့်သွားအောင်လို့ကွ (မှန်ပါ)၊ သူ့မာန်တွေအောက်ကျသွားအောင်လို့ (မှန်လှပါ ဘုရား)။

ဒါနဲ့-ဒီလို ဒီလိုနဲ့သွားလိုက်တာ၊ တစ်နေရာမှာ သင်္ကန်းချုပ်နေတဲ့ အယောက်သုံးဆယ်မြောက် ကိုရင်ကလေးဆီ ရောက်ကရောဆိုကြပါစို့ကွာ (မှန်ပါ)၊ ဒီအတိုင်း ပြောပြောလွှတ်ကြတာ၊ မာန်မကျ မခံနိုင်တော့ဘူး (မှန်ပါ)၊

ဒါနဲ့-ကိုရင်လေးဆီကို သွားပြီး သကာလ လက်အုပ်ကလဲ ချီရသေးတာကွ၊ ဒီကိုရင်လေးဆီကိုသွားပြီး ကိုယ်တော်ကြီးက လက်အုပ်ချီပြီး သကာလ အရှင်ကိုရင်လေး၊ ကျွန်ုပ်၏ကိုးကွယ်ရာဖြစ်တော်မူပါလို့ ခုနကအတိုင်းပြောတော့ ကိုရင်လေးက အရှင်ဘုရားတို့ဆီကတောင်မှ မသိရင်မေးရ၊ စစ်ဆေးရဦးမှာပဲ၊ လျှောက်ထားရဦးမှာပဲဆိုတော့ မဟုတ်ပါဘူးကိုရင် တကယ်လိုချင်တာပါ စာတက်တာဟာ စာတက်တာပါပဲ၊ ဒီဉာဏ်စခန်းပေးတာက ဉာဏ်စခန်းပေးတာ တစ်ခြားစီပါလို့ ပြောလိုက်ပါတယ် (မှန်လှပါ ဘုရား)။

ဟိုဘက်နားမှာ ရေကန်ကြီးရှိတယ်

အဟုတ်လိုချင်တာလားလို့ ကိုရင်လေးက မေးပြန်တာပဲ (မှန်ပါ)၊ အဟုတ်လိုချင်ပါတယ်လို့ ပြောတော့မှ ကိုရင်လေးကတော့ မယုံသေးဘူးပေါ့ကွာ (မှန်ပါ)၊ ဟိုဘက်နားမှာ ရေကန်ကြီးရှိတယ်၊ အရှင်ဘုရား မြင်ရဲ့လား၊ မြင်တယ်-အဲဒီအထဲကို အခုရုံလာတဲ့ သင်္ကန်းတွေနဲ့ ဆင်းရမယ်၊ သူကလဲပဲ မီးထဲခုန်ချဆို ခုန်ချပါ့မယ်လို့တောင် တာဝန်ခံထားတာကိုး (မှန်ပါ) ကိုရင်လေးတို့ဆီက နည်းရရင်တော်ပါပြီ၊ မီးထဲခုန်ဆင်းမှ မဂ်ဖိုလ်ရမယ်ဆို မီးထဲခုန်ဆင်းပါမယ်လို့နော် (မှန်လှပါ ဘုရား)။

ကဲ-ကောင်းပြီ၊ ဒါဖြင့် ဟိုနားမှာ ရေကန်ရှိတယ်၊ အခုပါတဲ့ သင်္ကန်းတွေနဲ့ တစ်ခါတည်း ရေကန်ထဲတောက်လျှောက် ဆင်းရမယ်လို့ ကိုရင်လေးက အမိန့်ထုတ်လိုက်တယ် (မှန်ပါ)၊ မောင်ချစ်စိန် ဆင်းရရှာတာပေါ့ကွာ (မှန်ပါ)၊ ဆင်းတော့ သူသင်္ကန်းကြီးကို ရေစိုခါနီးမှ ကိုရင်လေးက ပြန်ခေါ်လိုက်တယ်၊ ကဲ-ကိုယ်တော်ကြွကြွ၊ ဒီလာခဲ့ပေတော့ဆိုပြီး ကိုရင်လေးက နည်းပေတော့တယ်၊ အရှင်ဘုရား-ဒါကို မှတ်ထားပါ၊ မင်းတို့ အားထုတ်ဖို့ အစဉ်ရပြီ (မှန်လှပါ ဘုရား)။

တောင်ပို့တစ်ခုမှာ အပေါက်ခြောက်ပေါက်ရှိတယ်

တောင်ပို့တစ်ခုမှာ အပေါက်ခြောက်ပေါက်ရှိတယ်၊ အပေါက်က ခြောက်ပေါက်ရှိတယ်၊ တောင်ပို့တစ်ခုမှာနော် (မှန်ပါ)၊ အဲဒီအထဲကို ဖွတ်တစ်ကောင်ဝင်သွားတယ်ဆိုရင် အရှင်ဘုရား ဘယ့်နှယ်လုပ်ဖမ်းမလဲလို့ မေးတာပဲ၊ ဖွတ်တစ်ကောင်က ဝင်သွားတယ်၊ ဘယ့်နှယ်လုပ် အရှင်ဘုရား ဖမ်းမလဲဆိုတော့ ဟ-ကိုရင်လေးရ၊ ငါးပေါက်ပိတ်ပြီး ကျန်တစ်ပေါက်ကနေ စောင့်ပြီးဖမ်းရမှာပေါ့လို့ ဆိုလိုက်တော့ ကိုရင်လေးက ကောင်းပြီ အဲဒီအတိုင်းပဲ အလုပ်လုပ်ပါဆိုပြီး အလုပ်လုပ်ဖို့ ခိုင်းပြီကောကွာ (မှန်လှပါ ဘုရား)။

မင်းတို့ ဝိပဿနာအားထုတ်မယ်ဆိုတော့ ဒီမျက်လုံး နား နှာခေါင်း လျှာ ကိုယ်ပေါက်တွေကို ပိတ်ထားပြီး မနောပေါက်တစ်ခုတည်းကနေ ရှုပါလို့ပြောနေတာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊

ဘယ်အပေါက်ကနေ အရှုခိုင်းတာပါလိမ့် (မနောပေါက်က အရှုခိုင်းတာပါ ဘုရား)၊ မနောပေါက်တစ်ခုတည်းကနေပြီး သကာလ ခန္ဓာကိုယ်မှာ နှလုံးသွင်းကောင်းကောင်းနဲ့ ဖြစ်ပျက်ကိုရှုပါလို့ ခိုင်းလိုက်တော့ ခုနကပေါဋ္ဌိလ ရဟန်းကြီးက မောင်ချစ်စိန်နည်းရပြီး သူကလဲ ပညာညံ့တာမှ မဟုတ်ဘဲ (မှန်ပါ)၊ ဒါနဲ့သူတောထဲမှာ သွားပြီးအားထုတ်တယ်၊ ငါးပေါက်ကဟာတွေကို သူလက်မခံဘဲနဲ့ တစ်ပေါက်တည်းကနေပြီး လာတာတွေကို အကုန်ရှုတာပေါ့ကွာ (မှန်ပါ)၊ မျက်လုံးပေါက်ကလည်း ဝိပဿနာမရှုဘူး၊ နားပေါက်ကလည်း မရှုဘူး၊ နှားခေါင်းပေါက်က မရှုဘူး၊ လျှာပေါက်က မရှုဘူး၊ ကိုယ်ပေါက်ကည်း မရှုဘူး၊ မနောပေါက် တစ်ပေါက်တည်းကနေပြီးတော့ ရှုတယ် (မှန်ပါ)၊ ကျန်တာတွေကို အကုန်လုံးပိတ်ထားတယ် (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာရှုရင် ဘယ်အပေါက်ကနေရှုရမယ်

ဝိပဿနာရှုရင် ဘယ်အပေါက်ကနေရှုရမယ် (မနောပေါက်က ရှုရမှာပါ ဘုရား)၊ မနောပေါက်တစ်ပေါက်တည်း ကနေရှု၊ ကျန်တဲ့ငါးပေါက်ကို ပိတ်ထားပါ (မှန်ပါ) ကျန်တဲ့ငါးပေါက်ကို အရေးမထားပါနဲ့၊ မနောပေါက်တစ်ပေါက်တည်းက ကျန်တာတွေကို အကုန်ရှုပစ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ မျက်လုံးပေါက်ကနေ ရှုမနေနဲ့လို့ပြောတာ (မှန်ပါ) နားပေါက်က (မရှုရပါ ဘုရား)၊ နှာခေါင်းပေါက်က (မရှုရပါ ဘုရား) လျှာပေါက်က (မရှုရပါ ဘုရား)၊ ကိုယ်ပေါက်က (မရှုရပါ ဘုရား)၊ မနောပေါက်ကနေပြီး သကာလ လာတာကို စောင့်ရှုပါ (မှန်ပါ) စောင့်ဖမ်းပြောတာ (မှန်လှပါ ဘုရား)။

ဒါဖြင့်-မျက်လုံးပေါက်က မြင်စိတ်လာလဲ မနောပေါက်ကနေရှု (မှန်ပါ)၊ မျက်လုံးပေါက်က သိစိတ်လာရင်ကော (မနောပေါက်ကရှုရမှာပါ ဘုရား)၊ ဒါမှတ်ထားပါ၊ မနောတည်းကချည်း ရှုရမယ်နော် (မှန်ပါ) နှာခေါင်းပေါက် နံစိတ် သိစိတ်လာရင်ကော (မနောပေါက်က ရှုရမှာပါ ဘုရား)၊ မနောပေါက်ကချည်းရှု (မှန်ပါ) အဲ-လျှာပေါက်က စားစိတ်၊ သိစိတ်လာရင်ကော (မနောပေါက်က ရှုရမှာပါ ဘုရား)၊ မနောပေါက်ကနေ ရှုပေးပါ၊ ဒီဟာ မလွဲပါစေနဲ့ (မှန်ပါ)၊ ကိုယ်ပေါက်က ယားစိတ်၊ ယံစိတ် သိစိတ်လာရင်ကော (မနောပေါက်က ရှုရမှာပါ ဘုရား)၊ မနောပေါက်ကလဲ ရှုပေးပါဆိုတော့ ဒီပြင်အပေါက်တွေပိတ်ပြီးသား မကျဘူးလား (ကျပါတယ် ဘုရား)၊ ဒီတစ်ပေါက်တည်း ဖွင့်ရှုနေတာ (မှန်လှပါ ဘုရား)။

ဒီတစ်ပေါက်တည်း ဖွင့်ရှုပြီး သကာလ နေတော့ ဘုရား ကိုယ်တော်မြတ်ကြီးက ကျောင်းတော်ကနေ အင်း-ငါ့တပည့်တော့ တရားအားထုတ်နေပြီဆိုတာကို သိနေတယ် (မှန်ပါ)၊

ဒါကကိုရင်လေးက သင်ပေးနေတာနော် (မှန်ပါ)၊ ဘယ်သူကသင်ပေးနေတာတုံး (ကိုရင်လေးက သင်တာပါ ဘုရား)၊ ကိုရင်လေးက သင်ပေးနေတာ တောင်ပို့မှာ ခြောက်ပေါက်ရှိတယ်၊ ဖွတ်ဝင်သွားလို့ရှိရင် ငါးပေါက်ပိတ်ပြီး ကျန်တစ်ပေါက်နဲ့ ဖမ်းပါဆိုတော့ ကျန်တဲ့ငါးပေါက်က ဝိပဿနာမရှုနဲ့ (မှန်ပါ) မနောပေါက် တစ်ပေါက်တည်းကလာတာကို ရှုပေးပါ (မှန်ပါ)၊ သဘောပါပြီနော် (ပါပါပြီ ဘုရား)။

ဒါဖြင့်-မင်းတို့ ဝိပဿနာရှုတော့ကို ဘယ့်နှယ်လုပ်ကြမှာတုံး (မနောပေါက်က ရှုရမှာပါ ဘုရား) မနောပေါက်တစ်ပေါက် တည်းကနေ ကျန်တဲ့အပေါက်ကလာတဲ့ ဥစ္စာတွေကို အကုန်ဖမ်းရှု (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)၊

နိဗ္ဗာန်မဂ်ဖိုလ်ဟာ မဝေးပါဘူး

အဲဒါနှလုံးသွင်း ကောင်းကောင်းနဲ့ ဉာဏ်ထက်ထက်နဲ့သာ လုပ်လို့ရှိရင်ရမယ် (မှန်ပါ)၊ နှလုံးသွင်းမှန်မှန်နဲ့ ဉာဏ်ထက်ထက်သာ ရှုလိုက်လို့ရှိရင် (ရမှာပါ ဘုရား) ရပါတယ်တဲ့ နိဗ္ဗာန်မဂ်ဖိုလ်ဟာ ဝေးတာမဟုတ်ပါဘူးနော်၊ နိဗ္ဗာန်မဂ်ဖိုလ်ဟာ မဝေးပါဘူး (မှန်လှပါ ဘုရား)။

အဲဒီလိုအားထုတ်ပြီး ပေါဋ္ဌိလကြီးက ကိုရင်လေးပေးတဲ့နည်းအတိုင်း ဒွါရခြောက်ပေါက်ရှိတဲ့အနက်က တစ်ပေါက်တည်းကနေ အရှင်ဘုရားက ရှုပါ၊ ကျန်ငါးပေါက်ကဟာတွေကို ဂရုစိုက်မနေနဲ့၊ မျက်လုံးပေါက်ကနေ ဝိပဿနာ မရှုနဲ့ မျက်လုံးပေါက်က လာတဲ့စိတ်ကိုတော့ မနောပေါက်ကနေ ဝိပဿနာရှုပေါ့ကွာ (မှန်လှပါ ဘုရား)။

ဒီတင်မှ ပေါဋ္ဌိလရဟန်းကြီးက တောထဲမှာ မရမနေဘူးကွ ဆိုပြီးတော့ ဝီရိယတွေစိုက်ပြီး သကာလ ရှုလိုက်တယ်၊ ဘုရားကိုယ်တော် မြတ်ကြီးက ကျောင်းတော်ကနေပြီး သူ့အနားကပ်ပြီး ဟောသလိုဟောရသေးတယ် (မှန်လှပါ ဘုရား)။

ယောဂါဝေ ဇာယတေဘူရိ၊ အယောဂဘူရိသင်္ခယော။

ဧတံဒွေဓာပထံဉတွာ၊ ဘဝါယဝိဘဝါယစ။

တထတ္တာနံ နိဝေသေယျ၊ ယထာဘူရိပဝဍ္ဎတိ။

ဒါ-ဘုရားကိုယ်တော်မြတ်ကြီး ဟောတဲ့ဂါထာ (မှန်ပါ)၊ ယောဂါ = နှလုံးသွင်းခြင်းကြောင့်၊ ဘူရိ = ပညာသည်၊ ဇာယတေ = ပွားများလာ၏ (မှန်ပါ)၊ အယောဂါ = နှလုံးသွင်းမှားလို့ရှိရင်၊ ဘူရိသင်္ခယော = ပညာ၏ကုန်ခမ်းခြင်းသည် ဟောတိ = ဖြစ်၏။ နှလုံးသွင်းမှားရင် ပညာကိုမလာတော့ဘူး (မှန်ပါ)၊ ဘဝါယစ = ဉာဏ်ပညာကြီးခြင်း၏လည်းကောင်း၊ ဝိဘဝါယစ = ဉာဏ်ပညာသေးခြင်း၏လည်းကောင်း၊ ဧတံဒွေဓာပထံ = ဤနှစ်ခုသောအကြောင်းကို၊ ဥတွာ = သိ၍၊ အတ္တာနံ = မိမိကိုယ်ကို၊ တထာ = ထိုသိသောအခြင်းအရာအားဖြင့်၊ နိဝေသေယျ = နှလုံးသွင်းရာ၏။

နှလုံးသွင်းမှန်မှ ဉာဏ်ထက်တယ်

ဪ-နှလုံးသွင်းကောင်းမှ ဉာဏ်ကြီးမှာပဲဆိုတဲ့ဥစ္စာကို အဓိကထားရတယ် (မှန်ပါ)၊ ဘယ်လိုမှတ်ကြမယ် (နှလုံးသွင်းကောင်းမှ ဉာဏ်ကြီးမှာပါ ဘုရား)၊ အဲ-နှလုံးသွင်းတည့်ဖို့ရာဟာ သိပ်အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား) နှလုံးသွင်းမှန်မှ ဉာဏ်ထက်တယ် (မှန်ပါ)၊ ဘယ်လိုမှတ်ကြမယ် (နှလုံးသွင်းမှန်မှ ဉာဏ်ထက်ပါတယ် ဘုရား)၊ နှလုံးသွင်းမှန်မှ ဉာဏ်ထက်မယ် နှလုံးသွင်းဆိုတာဘာတုံး၊ အနိစ္စရှိရင် အနိစ္စလို့ နှလုံးသွင်းဖြစ်ရမယ် (မှန်ပါ)၊ ဒုက္ခရှိရင် (ဒုက္ခလို့နှလုံးသွင်းရမှာပါ ဘုရား) အနတ္တရှိရင် (အနတ္တလို့ နှလုံးသွင်းရမှာပါ ဘုရား)၊ အသုဘရှိရမယ် (အသုဘလို့ နှလုံးသွင်းရမှာပါ ဘုရား)၊ အေး-ဒုက္ခသစ္စာရှိရင် (ဒုက္ခသစ္စာလို့ နှလုံးသွင်းရမှာပါ ဘုရား) အေး-အဲဒါ နှလုံးသွင်းမှန်ဆိုတာ ဒီငါးချက် တစ်ချက်ချက်မိလို့ရှိရင် ဘယ့်နှယ်ဆိုကြမယ် (နှလုံးသွင်းမှန်လို့ပါ ဘုရား)၊ နှလုံးသွင်းမှန်တာပဲ။

အဲဒီလိုဘုရားကိုယ်တော်မြတ်ကြီးက ကျောင်းတော်ကနေ ဟောလိုက်တော့ မင်းနှလုံးသွင်းမှန်မှန်ထား ဒါမှဉာဏ်ထက်လာလိမ့်မယ်၊ ကျောင်းတော်ကနေ ဟောနေတာနော် (မှန်ပါ)၊ သို့သော်လဲ သူ့နားထဲမှာတော့ဖြင့် ဒီအနားမှာကပ်ဟောနေသလို ကြားရတာပဲ၊ တန်ခိုးနဲ့ ဟောတာကိုးကွ (မှန်ပါ)၊ နှလုံးသွင်းမှန်မှန်ထား၊ ဒါမှဉာဏ်ထက် မယ်နဲ့ ဒါချည်းဟောနေတာပဲ (မှန်ပါ)၊

မြန်မာလိုပြန်လိုက်တော့ ဉာဏ်ကြီးကြီးထားပြီး နှလုံးသွင်းမှန်ပေ့စေ၊ ဉာဏ်သေးသွားပြီး နှလုံးသွင်း မမှန်လို့ရှိရင်ဖြင့် မဂ်ဉာဏ်ဟာ ပျောက်သွားလိမ့်မယ် (မှန်ပါ) အဲဒါ မင်းကြီးပွားခြင်း မကြီးပွားခြင်း၊ မဂ်ဖိုလ်ရခြင်း မရခြင်းဘဲ မင်းဒီနှစ်ခုကို အတည်ပြုပြီး သကာလ မှတ်ပါလို့ ဘုရားကိုယ်တော်မြတ်ကြီးက ကျောင်းတော်ကနေ ဟောနေပါတယ် (မှန်လှပါ ဘုရား)။

အနိစ္စရှိလို့ အနိစ္စနှလုံးသွင်းမယ်

အဲဒီတင်-သူသည် နှလုံးသွင်းမှန်မှန်နဲ့ ကြိုးစားတာပဲ၊ အနိစ္စရှိလို့ အနိစ္စနှလုံးသွင်းမယ်၊ ဉာဏ်ထဲလဲ အနိစ္စလို့ပဲ ရှုလိုက်တယ် (မှန်ပါ)။ ဒုက္ခရှိလို့ ဒုက္ခနှလုံးသွင်းပြီးတော့ ဉာဏ်ကကော (ဒုက္ခလို့ရှုပါတယ် ဘုရား)၊ ဒုက္ခလို့ရှုလိုက်တော့ ကိလေသာရန်သူတို့ ဝင်ခွင့်ရသေးရဲ့လား၊ (မရတော့ပါ ဘုရား) အနတ္တရှိလို့ အနတ္တနှလုံးသွင်းလိုက်ပြန်တော့ကော (ကိလေသာရန်သူတို့ မဝင်နိုင်တော့ပါ ဘုရား)၊ မဝင်နိုင်တော့ဘူး၊

ဉာဏ်ကဖြတ်ချလိုက်တာနော် (မှန်ပါ)၊ နှလုံးသွင်းမှန်ရင် ဉာဏ်ကဖြတ်တာပါပဲ (မှန်ပါ) နှလုံးသွင်းမှန်ရင် (ဉာဏ်ကဖြတ်ပါတယ် ဘုရား)၊ နှလုံးသွင်းမှားရင်တော့ဖြင့် ဉာဏ်မပါ တော့ဘူးလို့ မှတ်ကြပါ (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့်-ခုနက ပြောခဲ့တာက သူ့ဝတ္ထုကို ကောက်ပင်ရိတ်သလို မှတ်ရမယ်နော် (မှန်ပါ)၊ ကောက်ပင်ကို တစ်ဖက်ဆုပ်ပြီးမြဲမှသာလျှင် တံစဉ်နဲ့ဖြတ်လို့ရတယ် (မှန်ပါ) မမြဲလို့ရှိရင် (မရပါဘူး ဘုရား)။

တံစဉ်နဲ့ဖြတ်လို့မရပါဘူးတဲ့၊ ဘာကြောင့်တုံးလို့မေးတဲ့အခါကြတော့ နှလုံးသွင်းနဲ့ ကိုင်ထားတာနဲ့ တူတယ်ကွ (မှန်ပါ) ဉာဏ်နဲ့တံစဉ်ဖြတ်တာနဲ့တူတယ် (တူပါတယ် ဘုရား)၊ သဘောပါကြလား (ပါပါပြီ ဘုရား)။

အဲဒီကဲ့သို့ သဘောပါတော့မှ ခန္ဓာကိုယ်ကို ဒီကပြန်တဲ့အခါမှာ အခုတရားနာကြတဲ့ လူတွေက ခန္ဓာကိုယ်ကို ကြည့် (မှန်ပါ)၊ ဟိုနေရာက ယားလာ၊ ဒီနေရာက နာလာ၊ ဟိုနေရာက စပ်လာ၊ ဒီနေရာက ညောင်းလာ၊ ဒါလေးတွေက ဝေဒနာလေးတွေပေါ့ကွာ – နှလုံးသွင်းမှန်ပြီ (မှန်ပါ)၊

ပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူး

ဒါလေးတွေဟာ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူး၊ ဝေဒနာလေးတွေပဲလို့ နှလုံးသွင်း မှန်လာပြီဆိုလို့ရှိရင်ဖြင့် ဉာဏ်က ဖြစ်ပျက်ကို တွေ့တော့တာပဲ (မှန်ပါ) ဉာဏ်ကဖြစ်ပျက် တွေ့လို့ရှိရင်ဖြင့် ကိလေသာဖြစ်တဲ့ လောဘ ဒေါသ မောဟတွေကကော လာခွင့်ရသေးရဲ့လား (မရတော့ပါ ဘုရား)

ဘယ်ရတော့မလဲတဲ့ နှလုံးသွင်းက မှန်ထားတော့ ဉာဏ်ကဖြတ်လိုက်ပြီလေ (မှန်လှပါ ဘုရား)။ ဒါဖြင့်-နှလုံးသွင်းမှန်ဖို့ဆိုတာဟာ အင်မတန် အရေးကြီးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ နှလုံးသွင်းမှားရင် အာသဝကလာတော့မယ် (မှန်ပါ)၊ ဒါကို ပြောင်းပြန် ပြန်မှတ်ပါ (မှန်ပါ)၊ နှလုံးသွင်းမှားရင် (အာသဝလာမှာပါ ဘုရား)။

ဥပမာမှာ ပန်းကလေးတစ်ပွင့်ကို အင်း-ဒီဥစ္စာလေးဟာ အနိစ္စလို့ နှလုံးမသွင်းဘဲနဲ့ လှတယ်လို့ နှလုံးသွင်း လိုက်လို့ရှိရင် လိုချင်တယ်ဆိုတဲ့ ကာမာသဝ လာတယ် (လာပါတယ် ဘုရား)၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

လှတယ်လို့သာ နှလုံးသွင်းလိုက်စမ်းပါ (မှန်ပါ) လိုချင်တယ်ဆိုတဲ့ လောဘဟာ မလာပေဘူးလား (လာပါတယ် ဘုရား)။ ဒါ-ဘာဖြစ်သွားတာတုံး (နှလုံးသွင်းမှားလို့ပါ ဘုရား)၊ နှလုံးသွင်းမှားလို့ရှိရင် အာသဝဆိုတဲ့ လောဘတွေ အကုန်လာတော့ တာပဲ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဥပမာ-ကိုယ့်ရှေ့မှာသွားနေတဲ့ ကလေးမလေးတစ်ယောက်ကို ဖြစ်စေ၊ ကလေးလေးတစ်ယောက်ကိုဖြစ်စေ၊ ကြည့်ရတာ အမြင်ကပ်လိုက်တာဆိုရင် နှလုံးသွင်းမှားနေတော့ တစ်ခါတည်း ဒေါသတွေ မောဟတွေ မလာဘူးလား (လာပါတယ် ဘုရား)၊ အဲ-နှလုံးသွင်းမှားပြန်တော့လဲ ခုနက အဝိဇ္ဇာသဝတွေကော မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့်-ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကျောင်းတော်ကနေ ဟောနေတာကို မင်းတို့ရိပ်မိပလား၊ နှလုံးသွင်းမှ ဉာဏ်ထက်မယ်ကွ (မှန်ပါ)၊ ဘယ်လိုဟောတုံး (နှလုံးသွင်းမှန်မှ ဉာဏ်ထက်မှာပါ ဘုရား)။

နှလုံးသွင်းမှားရင် အာသဝလာမယ်

နှလုံးသွင်းမှားရင် အာသဝလာမယ် (မှန်ပါ)၊ မင်းတို့က ဒီလိုပြောင်းပြန် ပြန်မှတ်လိုက် (မှန်ပါ)၊ နှလုံးသွင်းမှားရင် (အာသဝလာမှာပါ ဘုရား)၊ နှလုံးသွင်းမှားလို့ရှိရင်တော့ အာသဝလာတော့မှာပဲ၊ အာသဝလာလို့ရှိရင်ဖြင့် နိဗ္ဗာန်နဲ့ဝေးပြီလို့သာ မှတ်လိုက်ပါ (မှန်ပါ)။ အာသဝလာလို့ရှိရင် (နိဗ္ဗာန်နဲ့ဝေးပါပြီ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့်-ဘာအရေးကြီးတုံးကွ (နှလုံးသွင်းမှန်ဖို့ အရေးကြီးပါတယ် ဘုရား)၊ နှလုံးသွင်းမှန်တဲ့ ဉာဏ်လာရင် ကိလေသာဖြတ်တာပဲကွ (မှန်ပါ)၊ သဘောပါသလား (ပါပါပြီ ဘုရား)၊ နှလုံးသွင်းမှန်ရင် (ဉာဏ်က ကိလေသာဖြတ်ပါတယ် ဘုရား)။

ဉာဏ်ကကိလေသာကို ဖြတ်တယ်၊ နှလုံးသွင်းမှားရင် အာသဝက ချက်ခြင်းဝင်လာတယ် (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

ကြည့်စမ်းပါလားတဲ့၊ လမ်းသွားတဲ့အခါကျလို့ရှိရင်ဖြင့် မကောင်းတဲ့ အပုပ်နံ့ကလေးတွေကို ရလို့ရှိရင် အို-ဒီအနားနေတဲ့လူတွေက အတော်ဆိုးဝါးတဲ့လူတွေပဲ (မှန်ပါ)၊ ဒီ အနံ့လေးသိတဲ့စိတ်ကလေးကို အနံ့ကို အပုပ်ပဲ အသုဘပဲလို့ နှလုံးမသွင်းပဲနဲ့ မည်သူမည်ဝါ လုပ်ထားတာပဲလို့ နှလုံးသွင်းလိုက်လို့ရှိရင် အာသဝကတစ်ခါတည်း လာတော့တာပဲ (မှန်ပါ)၊ မလာပေဘူးလား (လာပါတယ် ဘုရား)၊

လာတယ်-တဲ့၊ နှလုံးသွင်းမှန်မှန်နဲ့ အနံ့သိတဲ့စိတ်ကလေးကို ဖြစ်ပျက် ရှုလိုက်လို့ရှိရင်ဖြင့် ဖြစ်ပျက်၊ မဂ်ကလိုက်တာတော့ မင်းတို့မြင်တဲ့အတိုင်းပဲ ပဋိစ္စသမုပ္ပါဒ် ပြတ်ထွက်သွားတယ် (မှန်ပါ) မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။ ဒါဖြင့် ယနေ့ည တရားမှာ ဘာအရေးကြီးတုံးကွ (နှလုံးသွင်းမှန်ဖို့ အရေးကြီး ပါတယ် ဘုရား)၊ နှလုံးသွင်းမမှန်ရင် ဉာဏ်ပိုလာရတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

နှလုံးသွင်းမှန်ပြီး ဝီရိယမလျှော့ကြလို့ရှိရင်

ကဲ-ဒါဖြင့်-မင်းတို့အတွက်ကတော့ ဘယ်လိုစဉ်းစားရမှာတုံးဆိုရင် နှလုံးသွင်းမှန်ပြီး ဝီရိယမလျှော့ကြလို့ရှိရင် ဟုတ်လား (မှန်ပါ)၊ အဲဒီတော့ တစ်ဖက်ကလဲကိုင်ပေါ့ကွာ (မှန်ပါ)၊ ဝီရိယကလဲ တံစဉ်ရိုးကို မြဲစွာဆုပ်ဟုတ်လား (မှန်ပါ)၊ ပြီးတော့မှ တံစဉ်သွားနဲ့ ဖြတ်လို့ရတယ် (မှန်ပါ)၊ ဝီရိယလက်က မမြဲပြန်ရင် (ဖြတ်လို့မရပါ ဘုရား)၊ တံစဉ် လွတ်သွား ပြန်လို့ရှိရင်လည်း ရပါ့မလား (မရပါ ဘုရား)။

ဒါဖြင့်-နှလုံးသွင်းမှန်ပြီး ဝီရိယနဲ့များများအားထုတ်မှသာလျှင် ဉာဏ်ထက်မယ် (မှန်လှပါ ဘုရား)၊ သဘော ကျပလား (ကျပါပြီ ဘုရား)၊

ဒါဖြင့် နှလုံးသွင်းလဲမှန်ရမယ်၊ ဝီရိယကလဲ (စိုက်ရမှာပါ ဘုရား) စိုက်ရမယ်၊ ဒါမှဉာဏ် ထက်မယ် (မှန်ပါ)၊ ဒါဖြင့်ဉာဏ် အကူအညီ ယနေ့ညပြောတာ ဘယ်နှစ်ခုလဲ (နှစ်ခုပါ ဘုရား)၊ ဉာဏ်အကူအညီလေ၊ နှလုံးသွင်းမှန်ဖို့ ယောနိသော မနသိကာရက တစ်ချက် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဝီရိယစိုက်ဖို့က (တစ်ချက်ပါ ဘုရား)၊ အဲဒါမှ ဉာဏ်ထက်မယ် (မှန်လှပါ ဘုရား)။

ဒါဖြင့်-ဉာဏ်ဟာ လောကီ ဥပမာ ငါပြောလိုက်ပါ့မယ်၊ မင်းတို့ရှင်းပါတယ်၊ ဓားတစ်ချောင်းကိုသွေးပြီး မကိုင်ပဲ ချထားရင် သူ့အလိုလိုပြတ်ရိုးထုံးစံမရှိပါဘူး (မှန်ပါ)၊ ရှိကြရဲ့လား (မရှိပါဘူး ဘုရား)၊

ဘယ်ရှိပါ့မလဲ-တဲ့ ဓားတစ်ချောင်းကို သွေးပြီး သကာလ ဒီအတိုင်းချထားလို့ရှိရင် ဘာမှမပြတ်ပါဘူး၊ လက်နဲ့ကိုင်ဦး (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ) လက်နဲ့ကိုင်ရုံနဲ့ ဒီဘက်လက်က ခုနကောက်ပင်ကို မ,မထားလို့ရှိရင်လဲ ပြတ်ပါ့မလား (မပြတ်ပါ ဘုရား)။

ဉာဏ်သည်ကိလေသာကို ဖြတ်တယ်

ဒါဖြင့်-နှလုံးသွင်းမှန်မှုနဲ့ ဝီရိယစိုက်မှုရှိမှသာလျှင် ဉာဏ်သည်ကိလေသာကို ဖြတ်တယ် (မှန်ပါ)၊ ဒါ-တော်တော်အရေးကြီးတဲ့ စကားတွေ (မှန်ပါ)၊ တော်တော်အရေးကြီးပါတယ်-တဲ့၊ ဒါဖြင့်-မင်းတို့နှလုံးသွင်းမှန်မှုကလဲ အရေးကြီးတယ် (မှန်ပါ)၊ ဝီရိယဆုပ်ကိုင်မြဲမှုကကော (အရေးကြီးပါတယ် ဘုရား)၊ ဝီရိယ ကူညီမှုလေ (မှန်ပါ)၊ အရေးကြီးတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါမှသာလျှင်ဉာဏ်သည် မင်းတို့၏ အကူအညီနှစ်ခုမှသာလျှင် ဉာဏ်ကကိလေသာကို ဖြတ်မယ် (မှန်ပါ)၊ ဒီအကူအညီနှစ်ခု ကင်းခဲ့သော် ဉာဏ်ကကိလေသာကို ဖြတ်နိုင်ပါ့မလား (မဖြတ်နိုင်ပါ ဘုရား)၊ ဒါဖြင့်ဉာဏ်စခန်း ဉာဏ်စခန်းဆိုပေမယ့်လဲ ဉာဏ်၏အကူအညီကင်းလို့ကို မရဘူး (မရပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဉာဏ်စခန်းတော့ ဉာဏ်စခန်းပါပဲ (မှန်ပါ)၊ ဉာဏ်ကဖြတ်တာပါပဲ၊ ဒိပြင်ဟာတွေကတော့ ဖြတ်တာမဟုတ်ပါဘူး (မဖြတ်ပါ ဘုရား)၊ ဒီအကူအညီ အထောက်အပံ့ကင်းလို့ ရကိုမရဘူး (မရပါ ဘုရား)။

ဒါဖြင့်-နှလုံးသွင်းမှန်မှု အကူအညီက တစ်ချက် (မှန်ပါ)၊ ဝီရိယမြဲမြန်မှုက (တစ်ချက်ပါ ဘုရား)၊ ဤနှစ်ခုနဲ့သာလျှင် ကြိုးစားကြမယ်ဆိုလို့ရှိရင်ဖြင့် ဉာဏ်သည် ကိလေသာ သံသရာကြီးကို ဖြတ်စေနိုင်တယ်ဆိုတဲ့ဥစ္စာကို၊ မင်းတို့သံသယမရှိဘဲနဲ့ မှတ်ရမယ် (မှန်ပါ)၊ သဘောပါကြ ပလား (ပါပါပြီ ဘုရား)။

ဒါဖြင့်-ဒီ ပေါဋ္ဌိလကြီး ဘာဖြစ်သတုံးလို့မေးတော့ ဘုရားကိုယ်တော်မြတ်ကြီးက မင်းတို့နှလုံးသွင်းလဲမှန်၊ ဉာဏ်ဝီရိယလေးလဲစိုက်ကွ (မှန်ပါ)

အဲဒါမှ ဉာဏ်ထက်မယ်ဆိုတော့ သူရှုလိုက်တာပေါ့ကွာ (မှန်ပါ)၊ နှလုံးသွင်းမှန်မှန်နဲ့ ရှုလိုက်တော့ ရဟန္တာကိုဖြစ်သွားတယ် (မှန်ပါ)၊ မဂ်လေးပါး တန်းရတယ် (မှန်ပါ)၊

နှလုံးသွင်းမှန်မှုနဲ့ ဝီရိယစိုက်မှု

မဂ်လေးပါးတန်းပြီး သကာလ ရတယ်ဆိုတော့ ဪ -ဒီနှစ်ခုနဲ့ပြီးသွားတာကိုးဆိုတာ အားလုံးတရားနာတဲ့ ပုဂ္ဂိုလ်တွေ ရှင်းသွားမှာပေါ့ (ရှင်းပါတယ် ဘုရား)။ ဘယ်နှစ်ခုပါလိမ့် (နှစ်ခုပါ ဘုရား)၊ ဘယ်သူ ဘယ်သူပါလိမ့် (နှလုံးသွင်းမှန်မှုနဲ့ ဝီရိယစိုက်မှုပါ ဘုရား)၊ နှလုံးသွင်းမှန်ပြီး ဝီရိယစိုက်ရင် ဉာဏ်ကအလိုလိုထက်လာလိမ့်မယ် (မှန်ပါ)၊ နှလုံးသွင်းလဲမှားမယ်၊ ဝီရိယလည်း မစိုက်ဘူးဆိုရင် ဉာဏ်တုံးသွားတာပဲ (မှန်လှပါ ဘုရား)။

ဒါဖြင့်-ဉာဏ်အကူအညီသည် နှစ်ခုရှိတယ်၊ ဒီအကူအညီကင်းမဲ့ရင် ဉာဏ်ဟာအလကားပဲ (မှန်ပါ) သဘောကျ ပလား (ကျပါပြီ ဘုရား)၊ အဲဒီတော့ဒီကောင်လေး စာကျက်ရင်ရတယ်ဆိုငြားသော်လည်း သူ့ဝီရိယလေးကလဲ ကောင်းတာ ပါသေးတယ် (မှန်ပါ)၊ မပါဘူးလား (ပါပါတယ် ဘုရား)၊ ပြီးတော့ သူ့နှလုံးသွင်းကလဲ စာဆိုစာချည်းပဲနေတာ၊ ဒီပြင်စိတ်က မဝင်ဘူး (မှန်ပါ)၊

ဒီကလေးမျိုးကျတော့ ဪ -သူနှလုံးသွင်းကလဲ စာဆိုစာချည်းပဲနေတာ၊ ဒိပြင်စိတ်က မဝင်ဘူး (မှန်ပါ)၊ ဒီကလေးမျိုးကျတော့ ဪ -သူ့နှလုံးသွင်းကလဲမှန်၊ ဝီရိယလေးလဲစိုက်တော့ သူ့ကိုဉာဏ်ကောင်းတယ် ပြောကြတာပဲ (မှန်ပါ)၊ မပြောကြပေဘူးလား (ပြောပါတယ် ဘုရား)၊

ကိုယ့်စိတ်က ဟိုရောက်၊ ဒီရောက် ဟုတ်လား၊ နှလုံးသွင်းကလဲ မမှန်ဆိုလို့ရှိရင်ဖြင့် မောင်ကျော်သိန်းတို့ တင်လှတို့ ဘယ့်နှယ်လုပ်ကြမတုံး (မရနိုင်ပါ ဘုရား)။ ဘယ်နည်း နဲ့မှ မရနိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဘာကိုအဓိကထား မှတ်သွားကြမှာတုံး

ဒါဖြင့်-ဒီနေ့ည တရားပွဲမှာ ဘာကိုအဓိကထား မှတ်သွားကြမှာတုံး (နှလုံးသွင်းမှန်မှုနဲ့ ဝီရိယစိုက်မှုပါ ဘုရား) အေး-ခန္ဓာကိုယ်စိုက်ကြည့်၊ အိမ်ရောက်တဲ့အခါကြတော့ ဘာမှမကြည့်နဲ့၊ ဟိုနေရာက ယား၊ ဒီနေရာက နာလာလို့ရှိရင် ဪ ပုဂ္ဂိုလ်သတ္တဝါက နာလာတာ မဟုတ်ဘူး၊ ဒါဖောက်ပြန်တာလာ၊ ဒုက္ခသစ္စာလေးပေါ်လာတာ (မှန်ပါ)၊ ဒီလိုနှလုံးသွင်း ထည့်ပေးလိုက်တယ် (မှန်ပါ)၊

အဲဒီပေါ်လာတာလေးတွေကို ဒုက္ခသစ္စာပဲ၊ ဒုက္ခသစ္စာပဲ၊ ဒုက္ခသစ္စာပဲလို့သာ ဝီရိယစိုက်ပြီး ရှုနေလို့ရှိရင် ဉာဏ်က-ဟေ့-ကိလေသာ မလာခဲ့နဲ့၊ ကိလေသာ မလာခဲ့နဲ့လို့ သူကတားပြီးသား ဖြစ်နေတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိလေသာမလာတော့ဘူးလို့ ဆိုလို့ရှိရင်ဖြင့်တဲ့ နောက်သံသရာ ခန္ဓာတွေဟာ လာသေးရဲ့လား (မလာတော့ပါဘူး ဘုရား)၊ ဒါဖြင့် ဒိပေါဋ္ဌိလကြီးမှာ ဒီဟာနဲ့ပြီးသွားတယ်ဆိုသဖြင့် တို့လူတွေလဲ ဒါနဲ့ ပြီးဖို့ရာဟာ ဝတ္တရားရှိတယ် (မှန်ပါ)၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒါဖြင့်နှလုံးသွင်းမှန်၊ ဝီရိယစိုက်လို့ရှိရင်ဖြင့် ဉာဏ်ကိုပြုပြင်ပေးတာဟာ သူတို့နှစ်ခုပဲ (မှန်ပါ)၊ ဉာဏ်၏အကူအညီ ဘယ်နှခုတုံး (နှစ်ခုပါ ဘုရား)၊

ဉာဏ်၏အကူအညီ ဤနှစ်ခုနဲ့ ကုလိုက်လို့ရှိရင်ဖြင့် ဉာဏ်သည်ခုနက ဓားလိုပဲချထားတာ မဟုတ်ဘူး၊ ကိုင်ပြီးဖြတ်တဲ့အဓိပ္ပာယ်ရောက်တယ် (မှန်ပါ)၊ ကောက်ပင်ကို တစ်ဖက်ကလဲ မပေးတယ်၊ တစ်ဖက်ကလဲ တံစဉ်ရိုးကို မြဲစွာကိုင်တယ်မဟုတ်ဘူးလား (မှန်ပါ)၊

အားစိုက်ပြီး ရိတ်လိုက်မယ်ဆိုလို့ရှိရင်

အဲဒါအားစိုက်ပြီး ရိတ်လိုက်မယ်ဆိုလို့ရှိရင်ဖြင့် ထက်ပြီးသား တံစဉ်ဖြစ်နေသောကြောင့် မပြတ်ပေဘူးလား (ပြတ်ပါတယ် ဘုရား)။ ဘာကြောင့် ပြတ်သတုံးဆိုတော့ သူ့အကူအညီ ပေးထားလို့ (မှန်ပါ)၊ တံစဉ်ကိုအကူအညီပေးထားတာ (မှန်ပါ)၊ မပေးပေဘူးလား (ပေးပါတယ် ဘုရား)၊

တံစဉ်ရိုးကို မြဲစွာကိုင်မှုကလဲ အကူအညီပေးထားတယ် (မှန်ပါ)၊ ကောက်ပင်ပြတ်အောင် ချောထွက် မသွားအောင်လဲ ကောက်ပင် တွေကို အများကြီးဆုပ်ထားတယ် (မှန်ပါ)၊ ဆုပ်မထားဘူးလား (ဆုပ်ထားပါတယ် ဘုရား)၊ အဲဒီတော့ ဒီကောက်ပင် မပြတ်ချင်ပါဘူးဆိုလို့ (မရပါ ဘုရား)။

ကိလေသာဖြတ်ချင်ကြလို့ရှိရင်

အဲ-ဒီမှာလဲ ကိလေသာဖြတ်ချင်ကြလို့ရှိရင် ကိလေသာကြောင့် တို့တစ်သံသရာလုံး ဆင်းရဲပြီး ဒုက္ခမျိုးစုံ ပင်လယ်ဝေနေတာကို သိကြလို့ရှိရင်ဖြင့် ရုပ်နာမ်ကိုနှလုံးသွင်းမှန်အောင်လုပ်ပြီး၊ ဝီရိယစိုက်ပြီးတော့ ဉာဏ်နဲ့ဖြစ်ပျက်ရှုပါ (မှန်ပါ)၊ ဖြစ်ပျက်ရှုလိုက်လို့ရှိရင်ဖြင့် ကောက်ပင်နဲ့တူတဲ့ မျိုးစေ့တွေပေါက်ပွားနေမယ့် ခန္ဓာဇာတ်တွေဟာကော လာပါဦးမလား (မလာတော့ပါ ဘုရား) မလာလို့ရှိရင်ဖြင့် ဒီဥစ္စာခန္ဓာ ဇာတ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန် ရောက်ပါလိမ့်မယ်ဆိုတဲ့ ဥစ္စာ အပြောမဟုတ်တော့ဘူး၊ အလုပ်နဲ့လုပ်ယူပါ (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကဲ-နာရီစေ့ပြီကွ။

သာဓု – သာဓု – သာဓု