ကိလေသာ အနာပျောက်ဆေးသည် ဝိပဿနာဖြစ်ပုံ
ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ၊
မိုးကုတ်ဆရာတော်ဘုရားကြီး၊
မင်္ဂလာရိပ်သာကျောင်းတိုက်၌
ဟောကြားဆုံးမတော်မူသော
ကိလေသာ အနာပျောက်ဆေးသည် ဝိပဿနာဖြစ်ပုံ
(ကုက္ကုဋမိတ္တမုဆိုးဥပမာပြ)
လက်မှာ အနာရှိလို့ရှိရင်
လက်မှာ အနာရှိလို့ရှိရင် အဆိပ်ကို ကိုင်ရဲကြပါ့မလားလို့ မေးလိုက်ပါတယ်၊ (မကိုင်ရဲပါ ဘုရား)၊ အဆိပ်က ဝင်သွားမှာပေါ့ကွ၊ အနာရှိတဲ့ဆီကို လျှောက်ဝင်သွားရင် သေမှာပေါ့၊ (မှန်ပါ့)၊ လက်မှာ အနာရှိလို့ရှိနေလို့ ရှိရင်ဖြင့် အဆိပ်ကို မကိုင်ရဲပါဘူး (မှန်ပါ့)၊ ဘာဖြစ်လို့တုန်းဆိုတော့ အဆိပ်ဆိုတာ သွေးနဲ့ရောပြီး ဝင်သွားတာပေါ့၊ (မှန်ပါ့ ဘုရား)။
အနာမရှိတဲ့ပုဂ္ဂိုလ်ကတော့ အဆိပ်ကိုလက်နဲ့ ဘယ်လိုပဲကိုင်ကိုင်၊ ကိစ္စမရှိပါဘူး၊ မြားဆိပ်ရိုင်းတွေ ဘာတွေဟာလေ (မှန်ပါ) အနာမရှိတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လိုပဲကိုင်ကိုင် အရေးမကြီးပါဘူး၊ အနာရှိတဲ့ပုဂ္ဂိုလ် ကိုင်လိုက်လို့ရှိရင်တော့ဖြင့် သေရာသေကြောင်းကို ဖြစ်ရတော့မယ် (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲ့ဒီတော့ မင်းတို့မှာ ကိလေသာနာတွေ ရှိနေလေတော့ ဘယ်ဟာကိုပဲ သွားပြီးစားလိုက် စားလိုက် ကိလေသာနာတွေက ထတော့တာပဲ၊ ကိလေသာနာကထတော့ တဏှာ၊ ဥပါဒါန်၊ ကံဘက်လှည့် လှည့်သွားတယ် (မှန်ပါ)၊ အလှည့်ကြဘူးလား (လှည့်ပါတယ် ဘုရား)၊ ဘာဖြစ်လို့တုံးဆိုတော့ ကိလေသာနာက မသေဘူး (မှန်ပါ့)၊ မသေတော့ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏဆိုတဲ့ သေမယ့်ဘက်ကိုလှည့် လှည့်မသွားကြဘူးလား (လှည့်ပါတယ် ဘုရား)။
ဒါ-ဘယ့်နှယ့်ကြောင့်ဖြစ်တာတုံးလို့ မေးလို့ရှိရင်ဖြင့် ကိုယ့်မှာ အနာရှိနေလို့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)၊
ကိလေသာအနာရှိနေတဲ့ ပုဂ္ဂိုလ်
ဘာအနာရှိနေတာတုံး (ကိလေသာအနာ ရှိနေတာပါ ဘုရား)၊ ကိလေသာအနာရှိနေတဲ့ ပုဂ္ဂိုလ်ဟာ ဘာကိုမှ သွားမတို့လေနဲ့၊ တို့လိုက်ရင်တော့၊ ဇာတိ၊ ဇရာ၊ မရဏကျအောင် သွားပစ်လိုက်လိမ့်မယ်၊ (မှန်ပါ)။ သေတဲ့ဆီချည်း မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။
အဲ့ဒါ-ဘယ့်နှယ်ကြောင့် ရောက်ရသတုံးလို့မေးလို့ရှိရင်ဖြင့် ကိလေသာအနာရှိနေလို့ (မှန်ပါ့)၊ ကိလေသာ အနာရှိနေတဲ့ပုဂ္ဂိုလ်ဟာ ဘယ်တော့မှသွားတို့လို့ကို မရဘူး (မှန်ပါ့)၊ ရူပါရုံအဆင်းနဲ့ သွားတို့ပြန်လဲ ခင်တယ်၊ စွဲလမ်းတယ် ဟုတ်လား၊ ကာယကံ ဝစီကံနဲ့တွေ့ချင်ထိချင်တယ်ဆိုရင်လဲ ဇာတိ၊ ဇရာ၊ မရဏကျအောင် အသေဘက်ချည်း မသွားဘူးလား၊ (သွားပါတယ် ဘုရား)။
သဒ္ဒါရုံ ကြားလိုက်ပြန်လို့ရှိရင် ကိုယ့်သားသမီးလေး အသံကြားလိုက်ပြန်လို့ ရှိရင်လဲ သာယာတယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်၊ နောက်ဇာတိ၊ ဇရာ၊ မရဏဘက်ကို မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား)၊ မင်းတို့ဟာက ဘာမှ ထိလို့မရပါလား (မရပါဘူး ဘုရား)။
ဘာဖြစ်လို့ထိလို့ကိုမရသတုံးဆိုတော့ အနာရှိတဲ့လူဟာ အဆိပ်ကိုကိုင်လိုက်ရင် သေတာချည်းပဲကိုး (မှန်ပါ)၊ ဒါ အင်မတန် သဘောပါတယ်နော် (ပါပါတယ် ဘုရား)၊ မောင်ချစ်စိန် သဘောမပါဘူးလား (ပါပါတယ် ဘုရား)၊
ဒါဖြင့် ဒီအနာမပျောက်သရွေ့ ကာလပတ်လုံး အသေလမ်းက မလွတ်ပါဘူး (မှန်ပါ)၊ ကိလေသာအနာ မပျောက်သရွေ့ ကာလပတ်လုံး အသေလမ်းက မလွတ်ပါဘူး (မှန်ပါ)၊
ကိလေသာသေဖို့ အရေးကြီးတယ်
ကိလေသာမပျောက်သရွေ့ ကာလပတ်လုံး ဇာတိ၊ ဇရာမရဏဆိုတဲ့ အသေလမ်းဟာ ဘယ့်နှယ်နေကြတုံး (မလွတ်ပါ ဘုရား)၊ ဘာဖြစ်လို့တုန်း (ကိလေသာအနာရှိနေလို့ပါ ဘုရား)၊ ကိလေသာ အနာက ရှိနေတယ်။
ဪ-ဒါကြောင့် မောင်ကျော်သိန်း၊ ဘုရားအလောင်း သူတော်ကောင်းများက ကိလေသာသေဖို့ အရေး ကြီးတယ်၊ ကိလေသာသေဖို့ အရေးကြီးတယ်လို့ဆိုတာပေါ့၊ သူသေရင် နောက်ထပ် ဟိုအနာမရှိတဲ့ လက်သွားဖြစ်တာကိုး (မှန်ပါ)၊
အနာမရှိတဲ့ လက်သွားဖြစ်တော့ကို ဘယ်အဆိပ်ကိုက ကိုင်ကိုင်ရတာပေါ့ (မှန်ပါ့)၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးတို့၊ ရဟန္တာတို့ဟာ ရူပါရုံလဲ သူတို့ကြည့်တာပဲ၊ သဒ္ဒါရုံလဲ နားထောင်တာပဲ (မှန်ပါ)၊ ကဲ-သေကြောင်း လာသေးရဲ့လား (မလာပါဘူး ဘုရား)၊
ဘာမရှိလို့တုံး မေးရင် ဘယ့်နှယ်ဖြေမတုံး (ကိလေသာအနာမရှိတော့လို့ပါ ဘုရား) ကိလေသာ အနာမရှိတော့လို့ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် မင်းတို့အနာရှိနေတဲ့ ပုဂ္ဂိုလ်ဟာဖြင့် ဒီအညှော်တွေနဲ့ကို မတည့်ပါဘူး၊ (မှန်ပါ)၊
ရူပါရုံအညှော်နဲ့ကော (မတည့်ပါ ဘုရား)၊ သဒ္ဒရုံအညှော်နဲ့ကော (မတည့်ပါ ဘုရား)၊ ဂန္ဓာရုံအညှော်နဲ့ကော (မတည့်ပါ ဘုရား)၊ ရသာရုံအညှော် နဲ့ကော (မတည့်ပါ ဘုရား)၊ ဖောဋ္ဌဗ္ဗာရုံအညှော်နဲ့ကော (မတည့်ပါ ဘုရား) ဓမ္မာရုံအညှော်နဲ့ကော (မတည့်ပါ ဘုရား)၊
အဆိပ်ဖြစ်ပြီး သေကြောင်းချည်းဖြစ်နေတယ်
မတည့်ပဲ တစ်ခါတည်း အဆိပ်ဖြစ်သွားတယ် (မှန်ပါ) အဆိပ်ဖြစ်ပြီး သေကြောင်းချည်းဖြစ်နေတယ်ဆိုတာကို သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါ-ဘယ့်နှယ်ကြောင့်ပါလိမ့်၊ (ကိလေသာအနာရှိလို့ပါ ဘုရား)၊ ကိလေသာအနာ ရှိလာတော့ ကောင်းတာမှ စားချင်တယ် (မှန်ပါ) မစားရရင် ဒေါသဖြစ်တယ် (မှန်ပါ) ကောင်းတာမှ ဝတ်ချင်တယ်၊ ဖောဋ္ဌဗ္ဗာရုံပေါ့ကွာ (မှန်ပါ) မဝတ်ရရင် မကျေနပ်ဘူး (မှန်ပါ) ဒေါသဆိုရင် သောက ပရိဒေဝ ဇာတိ ဇရာ မရဏမလာပေဘူးလား (လာပါတယ် ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် မဆက်ဘဲ နေပါ့မလား (ဆက်မှာပါ ဘုရား)၊ သဘောပါကြ ပလား (ပါပါပြီ ဘုရား)။
ဒါဖြင့်-မင်းတို့မှာ ဒီအနာမပျောက်သရွေ့ အသေမလွတ်ပါဘူး (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဒီအနာမပျောက်သရွေ့ (အသေမလွတ်ပါ ဘုရား)၊ အသေမလွတ်ပါဘူးဆိုတဲ့ ဥစ္စာကို ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ မင်းတို့ဒီဥစ္စာ တော်တော်အရေးကြီးတယ်နော် (မှန်ပါ)၊
အခုတွေ့တယ်ဆို မင်းတို့က အခုဖောက်တာကိုး အခုဖောက်တော့ အသေဘက်ရောက်သွားပြီပေါ့ (မှန်ပါ) မသွားကြဘူးလား (သွားပါတယ် ဘုရား)။
အဲဒါ-ဘယ့်နှယ့်ကြောင့်တုံးလို့ မေးတဲ့အခါကျတော့ ဪ ကိုယ့်ကိလေသာနာက ရှင်းရှင်း မပျောက်သေးရင် တော့ဖြင့် ဒီအသေဘက်ချည်း လှမ်းနေမှာပဲဆိုတာ ငြင်းဖို့လိုသေးသလား (မလိုတော့ပါဘူး ဘုရား)၊ မောင်ချစ်စိန် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊
ဘာအနာပျောက်ဖို့ အရေးကြီးတာတုံး
ဘာအနာပျောက်ဖို့ အရေးကြီးတာတုံး (ကိလေသာနာပျောက်ဖို့ အရေးကြီးပါတယ် ဘုရား)။အခုတော့ ဒီရူပါရုံ အညှော်လာလဲ မင်းတို့က ကိလေသာကထပြီ (ထပါတယ် ဘုရား)၊ သဒ္ဒါရုံအညှော် လာရင်ကော (ထပါတယ် ဘုရား)၊ အကုန်ထနေတာပဲ (မှန်ပါ)၊ မထပါနဲ့ဆိုလို့ကို (မရပါ ဘုရား)၊ မရဘူး။
ဒါဖြင့်-မင်းတို့ခန္ဓာကိုယ်ထဲမှာ ရောဂတောဆိုတဲ့အတိုင်း ကိလေသာရောဂါ အနာကရှိနေတယ် (မှန်ပါ)၊ ဒီကိဘေလသာအနာဆိုတာက တဏှာ၊ နောက်ကိလေသာ အနာအကြီးစားက ဥပါဒါန် ဒီအနာတွေရှိလို့ ဒီကံတွေ လုပ်တာပဲ (မှန်ပါ)၊
လုပ်လို့ရှိရင်ဖြင့် ဒီဘက်မှာ ဇာတိ ဇရာ မရဏ အသေပွဲကြီးကတော့ (လာမှာပါ ဘုရား)၊ ပေါ်ရတော့မယ် (မှန်ပါ)၊ မပေါ်ရဘူးလား (ပေါ်ရမှာပါ ဘုရား)၊ ဒါ ဘယ့်နှယ်ကြောင့်တုံးလို့မေးရင် ဘယ့်နှယ်ဖြေကြ မတုံး (ကိလေသာရောဂါရှိနေလို့ပါ ဘုရား)။
ဒါဖြင့်-အနာရှိတဲ့လူသည် ဘယ်ဟာကိုမှ သွားမကိုင်လေနဲ့ (မှန်ပါ)၊ ကိုင်ရင်တော့သေပွဲပဲ (မှန်ပါ)၊ ကိုင်ရင် ဘယ့်နှယ်ဆိုကြမတုံး (သေပွဲပါ ဘုရား)၊ သေပွဲဝင်ကြတာချည်းပဲဆိုတာကို တင်လှတို့ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။ ဒါကသဘောပါမှနော် (မှန်ပါ)၊ ပါကြပလား (ပါပါပြီ ဘုရား)။
ဒါကြောင့်- ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သမုဒယသစ္စာဆိုတဲ့ ကိလေသာပယ်ရမယ်ဆိုတာကို မင်းတို့က ကျေကျေနပ်နပ်ကြီး သဘောကျဖို့ ကောင်းပါတယ် (မှန်ပါ)၊ သူ့ကိုမပယ်နိုင်တဲ့ တစ်နေ့ကျတော့ မင်းတို့အတွက် သေပွဲဟာ နောက်က လိုက်လာမှာပဲ (လိုက်မှာပါ ဘုရား)။
အနာရှိတဲ့လူ အဆိပ်မကိုင်စေနဲ့
ဒါကြောင့် – အနာရှိတဲ့လူကို ခုနက စကားစလာတည်းက မင်းတို့ကို ပြောခဲ့တယ်မဟုတ်လား၊ အနာရှိတဲ့လူ အဆိပ်မကိုင်စေနဲ့ကွ (မှန်ပါ)၊ ဓားရှထားတဲ့ အနာလေးရှိနေတဲ့ ဒီလက်နဲ့အဆိပ်ကို ကိုင်ရင်တော့ အဆိပ်က ဝင်သွားမှာပေါ့ (မှန်ပါ)၊ ဝင်သွားရင် သေရမှာပဲ (မှန်ပါ)၊
အဆိပ်ဆိုတာ မွန်းသွားတာတောင် သေသေးတာကိုး (မှန်ပါ)၊ ဒီအနာရှိတဲ့လူက သွားကိုင်လိုက်မယ်ဆိုရင်တော့ ဒီထက်မြန်မြန်သေမှာပါပဲ (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့်မင်းတို့သည် အဖန်တလဲလဲ သေဖို့မပြီးနိုင်တာဟာ ကိလေသာအနာမပျောက်သေးလို့ပဲ (မှန်ပါ) အဖန်တလဲလဲ အိုလို့နာလို့သေလို့ မပြီးနိုင်တာဟာ (ကိလေသာ အနာမပျောက်လို့ပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ကိလေသာအနာတွေ ပျောက်လို့ရှိရင်ဖြင့် သေပွဲတွေလဲ သိမ်းမှာပါပဲ (မှန်ပါ) ကိလေသာအနာပျောက်ရင် (သေပွဲတွေလဲ သိမ်းပါတယ် ဘုရား)။
သေပွဲတွေလဲ သိမ်းတယ်ဆိုတော့ ဪ-လက်သည်တရားခံတော့ တွေ့ပြီ(မှန်ပါ) ဘာတွေ့ကြတုံး (လက်သည် တရားခံကို တွေ့ပါတယိ ဘုရား)၊ မင်းတို့အနာရှိတဲ့ ပုဂ္ဂိုလ်ကလဲ မကိုင်ဘဲလဲ မနေနိုင်ဘူး (မှန်ပါ)၊ ကလေးလို ဆော့တာပဲ၊ တွေ့ရင်ကိုင်မိတာပဲ၊ ကိုင်မိပြန်လို့ရှိရင်ဖြင့် မင်းတို့ဒုက္ခရောက်ရတာပဲ (မှန်ပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။
အနာမရှိလို့ရှိရင်ဖြင့်
ဒါဖြင့်- အနာမရှိလို့ရှိရင်ဖြင့် ဘယ်လိုပဲကိုင်ကိုင်း သေစရာဟာ (မရှိပါဘူး ဘုရား) သေစရာမရှိဘူးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဪ-ဒါကြောင့် ကိလေသာသေဖို့ရာဟာ မောင်ချစ်စိန် သိပ်အရေးကြီး နေပါလား (ကြီးပါတယ် ဘုရား) သူ့ကြောင့်ပဲ သေပွဲချည်းဝင်နေရတယ်ဆိုတာကို ဘာမှ သံသယ ရှိမနေပါနဲ့ (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ကိုင်း- ဒါဖြင့် အဖန်ဖန် မသေချင်ရင် အဖန်ဖန်မအိုချင်ရင် အဖန်ဖန်မနာချင်ရင်ဖြင့် ဒီအနာကိုပျောက်အောင် လုပ်ပါ၊ (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ အဖန်ဖန်နာ၊ အဖန်ဖန်သေ ဟုတ်လား၊ အဖန်ဖန် မျက်ရည်ကျရတာဟာ ဒီအနာရဲ့သတ္တိပဲ (မှန်ပါ)၊ ဘယ်သူ့သတ္တိပါလိမ့် (ကိလေသာအနာရဲ့ သတ္တိပါ ဘုရား)၊ ကိလေသာအနာရဲ့ သတ္တိဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခက်လိုက်တာက အနာရှိမှန်းကိုမသိဘူး
အဲဒါကြောင့်-မင်းတို့ကလည်း ခက်လိုက်တာက အနာရှိမှန်းကိုမသိဘူး၊ အညှော်က ခံနေတာပဲ (မှန်ပါ)၊
ရူပါရုံ အညှော်ကလေး သွားကြည့်လိုက်၊ အင်း-ခင်လိုက်မင်လိုက် ကြင်နာလိုက်နဲ့ သေလိုက်၊ သဒ္ဒါရုံကလေးသွား နားထောင်လိုက်၊ ရေဒီယိုလေးက သီချင်းသံလေး သွားနားထောင်လိုက်၊ အင်း-ခင်လိုက်မင်လိုက်နဲ့ သေလိုက်၊ သေဖို့ရာ အကြောင်းကိုချည်း သွား သွားပြီး မင်းတို့က ကိုင်မိလျက်ကြုံနေတယ်၊ (မှန်ပါ) တင်လှတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)
ဘာချည်းသွားသွားကိုင်မိလျက် ကြုံနေတာတုံး (သေဖို့ရာအကြောင်းချည်း ကိုင်မိလျက်ကြုံနေပါတယ် ဘုရား)၊ အဆိပ်ချည်း ကိုင်မိလျက် ကြုံနေတယ် (မှန်ပါ)၊ ဘယ့်နှယ်တုံး (အဆပ်ချည်းကိုင်မိလျက် ကြုံနေပါတယ် ဘုရား) မခက်ဘူးလား (ခက်ပါတယ် ဘုရား)။
မင်းတို့က ကလေးတွေကိုသာ မီးသွားမကိုင်နဲ့၊ ကလေးများ ဘာမှမသိရှာဘူး၊ မီးရဲရဲလေးကို ကစားစရာကလေး ထင်လို့ သွားကိုင်လိုက်တာပဲ၊ ကလေးဖြစ်ရမှာများ ကြောက်ပါသေးရဲ့၊ ကျင်ကြီးတွေလဲ သွားကိုင်ချင် ကိုင်လိုက်တာပဲ၊ မကိုင်ကြဘူးလား (ကိုင်ပါတယ် ဘုရား)၊ မီးခဲလေးပေမယ့် (ကိုင်ပါတယ် ဘုရား)၊ တုတ်ချောင်းလေးပေမယ့် (ကိုင်ပါတယ် ဘုရား)။
ကလေးများ ဘာမှမသိဘူး၊ ကိုင်ပြီး မျိုချင်မျိုလိုက်တာပဲ (မှန်လှပါ ဘုရား)။
နာမည်ကလူကြီး စိတ်က ကလေး
မင်းတို့က ကလေးတော့ အပြစ်တင် နေတယ်၊ လူကြီး အဆိပ်ကိုင်တာကိုတော့ မင်းတို့ကသိတောင် မသိဘူး (မသိပါဘူး ဘုရား)၊ ဒါဖြင့် မင်းတို့ဟာ လူကြီး၊ ကလေးထဲက ကျနေပြီ (မှန်ပါ)၊ ဘယ့်နှယ်ဆိုကြမတုံး (လူကြီးကလေးထဲက ကျနေပါတယ် ဘုရား)၊ နာမည်ကလူကြီး စိတ်က ကလေး(မှန်ပါ)၊ နာမည်ကတော့ (လူကြီးပါ ဘုရား)၊ စိတ်ကတော့ (ကလေးပါ ဘုရား)၊ အဲဒါပြောင်းမှ သင့်မှာပေါ့ကွ (မှန်ပါ)၊
ဘယ်လိုမှ သင့်ကြမတုန်း (ပြောင်းမှသင့်မှာပါ ဘုရား) ပြောင်းမှ သင့်မှာဆိုတဲ့ပစ္စည်းကလည်း တပည့်တော်တို့က အဆိပ်မြင်ရင် မနေနိုင်ဘူး ကိုင်ချင်တယ်ဆိုတဲ့ အရေးကလည်း ထလျက်ပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊
နင်တို့ကလည်း ရူး ရူးလွန်းလှတယ်ဆိုရင် လွဲပါ့မလား (မလွဲပါဘူး ဘုရား)။
အေး-ဒါစကားတက်လို့ပြောတာလား မင်းတို့ကိုက အရေးဇာတ်မသိမ်းပဲ အကိုင်ရဲနေလို့ ပြောရတာလား ဆိုတာကိုပဲ စဉ်းစားကြည့်ဦးကွ (တပည့်တော်တို့က အကိုင်ရဲနေတာပါ ဘုရား)၊ အရူးဇာတ်က မသိမ်းကြဘူး (မှန်ပါ) မသိမ်းတော့ တွေ့ရာကို ကိုင်ချလိုက်တာပဲ (မှန်ပါ)၊
တစ်နေ့က မှန်လိုပေါ့ကွာ၊ မလှည့်သင့်တဲ့ဘက် ချည်းလှည့်ချလိုက်တာ (မှန်ပါ)၊ ပူရတဲ့ဘက်လှည့်လိုက်၊ ဆွေးရမယ့်ဘက်ကော (လှည့်ပါတယ် ဘုရား)၊ တချို့ပုဂ္ဂိုလ်တွေမှာ ဘာမှစိတ်ကူးမရှိဘူး ဆိုပြီး အံ့မယ် မှန်လှည့်လွဲတဲ့ ပုဂ္ဂိုလ်တွေက ဟိုပုဂ္ဂိုလ်ကို စိတ်ကူးမရှိဘူးလို့တောင် ပြောနေလိုက်သေးတယ် (မှန်ပါ) အသားများ ယူနေလိုက်ကြသေးတယ် (မှန်လှပါ ဘုရား)။
ကိုယ်ကဖြင့် မှန်လှည့်လွှဲထားလိုက်တာက စိတ်ကူးရှိတယ် ဆိုကတည်းကိုက မအိပ်နိုင်မစားနိုင်နဲ့ ဒီလိုမလာကြ ဘူးလား၊ (လာပါတယ် ဘုရား)၊
အဲဒါ ဟိုစိတ်ကူးမရှိတဲ့လူကို ဒါကြောင့်မွဲနေတာပဲဆိုပြီး မင်းတို့ကများ အပြစ်တင်နေလိုက် သေးတယ် (မှန်ပါ) မတင်ဘူးလား (တင်ပါတယ် ဘုရား)။ အံ့မယ် အသားများယူလိုက်ပါသေးလားကွ၊ ဟင် (မှန်ပါ)၊ ယူသာယူနေတယ် ယူတဲ့လူကလည်း အရူးကွ (မှန်ပါ) ယူတဲ့လူကကော ဘာဆိုကြမယ် (အရူးပါ ဘုရား)၊ သဘောပါကြ ပလား (ပါပါပြီ ဘုရား)။
အနာရှိလျက်နဲ့ အဆိပ်ကိုကိုင်ရင်
ဒါဖြင့်-ဒီနေ့တရားမှာ ဆရာဘုန်းကြီးသည် ဘာကိုအရေးတကြီးပြောသလဲလို့ မေးလို့ရှိရင်ဖြင့် မင်းတို့အနာရှိလျက်နဲ့ အဆိပ်ကိုင်ရင်တော့ဖြင့် သေပွဲဝင်ရလိမ့်မယ်၊ (မှန်ပါ) အနာရှိလျက်နဲ့ အဆိပ်ကိုကိုင်ရင် (သေပွဲ ဝင်ရမှာပါ ဘုရား)။
ဒါဖြင့်-အဆိပ်ဟာ ဘာမှမလုပ်တက်ပါဘူး၊ အနာကြောင့် ခက်နေကြတာ (မှန်ပါ)၊ အဆိပ်ဟာ အနာမရှိတဲ့လူ အဖို့ ဘယ်လိုပဲကိုင်ကိုင် သူကအသားထဲ၊ အသွေးထဲကို စိမ့်ဝင်သွားမှာ မဟုတ်ပါဘူး (မဝင်ပါဘူး ဘုရား)၊ မဟုတ်ဘူးလား (မှန်ပါ) အနာကြောင့် ခက်နေကြတာ (မှန်ပါ)၊
ဒါကြောင့် အဆိပ်က ကြောက်စရာကောင်းသလား၊ အနာက ကြောက်စရာ ကောင်းသလား (အနာက ကြောက်စရာကောင်းပါတယ် ဘုရား)၊ မင်းတို့ကြောက်နေကြတာက အဆိပ်ကို ကြောက်နေ ကြတာ (မှန်ပါ)၊ အနာကို (မကြောက်ပါ ဘုရား)
ခက်တယ် ကြောက်စရာရှိတာကို မကြောက်ကြဘဲ၊ မကြောက်စရာကို ကြောက်နေကြတယ် (မှန်ပါ)၊ ပေါ်ပလားကွ (ပေါ်ပါပြီ ဘုရား)၊ ကြောက်စရာက ဘာတုံး (အနာပါ ဘုရား)၊ အနာ (မှန်ပါ) ဟုတ်လား-ကြောက်စရာမရှိတာက (အဆိပ်ပါ ဘုရား)။
အဆိပ်က သူ့ဟာသူသစ်ပင်ပေါ်မှာ
အဆိပ်က သူ့ဟာသူသစ်ပင်ပေါ်မှာ သီးနေတာပဲ၊ သစ်ပင်ပေါ်မှာပွင့်ပြီး သစ်ပင်ပေါ်မှာပဲ အစေးဖြစ်နေကြ တာပဲ၊ မြှားဆိပ်ရိုင်းတွေလေ (မှန်ပါ)၊ သူ့ဟာသူနေတာ၊ မင်းတို့ကို ဘာများသူက ဘာလုပ်သေးတုံး (ဘာမှ မလုပ်ပါ ဘုရား)
ဟ-သွားမကိုင်နဲ့ဆိုတာကိုသာ ပြောရတယ် (မှန်ပါ)၊ မင်းတို့က မကိုင်ရင်တော့ (ဘာမှမလုပ်ပါ ဘုရား)။ ဒါဖြင့်-မင်းတို့သည် ကိုင်ချင်တဲ့သဘောကို ကြောက်ရမယ် (မှန်ပါ)၊ အဆိပ်ကိုတော့ (မကြောက်ရပါ ဘုရား)၊ မပေါ်လာသေး ဘူးလား (ပေါ်လာပါပြီ ဘုရား)၊
မင်းတို့နဂိုက သိထားတာက ပြောင်းပြန်ကြီးနော် (မှန်ပါ)၊ အို-အဆိပ်ကြောက်ရတယ်လို့ မောင်ကျော်သိန်းတို့ လူစုတွေက ပြောနေကြတာပဲ (မှန်ပါ)၊ ဘာကြောက်ရတယ်လို့ ပြောနေတာတုံး (အဆိပ်ကြောက်ရ တယ်လို့ ပြောပါတယ် ဘုရား)၊
ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ ဒီလိုမပြောပါဘူး၊ ဟ-ကိုင်ချင်တဲ့လက်ကို ကြောက်ရတယ် (မှန်ပါ)၊ အနာရှိတဲ့လက်က ကြောက်ရတယ် (မှန်ပါ)၊ ဟုတ်ပလား (မှန်လှပါ ဘုရား)။
ဒါဖြင့်-အဆိပ်က ဆိုးဝါးတာလား၊ အနာရှိတဲ့လက်က ကိုင်မိလို့ဆိုးဝါးတာလား (အနာရှိတဲ့လက်က ကိုင်မိလို့ ဆိုးဝါးတာပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊
အနာကိုကြောက်ရမှာ
ဒါဖြင့်-ဘာကြောက်ကြရမှာတုံး (အနာကိုကြောက်ရမှာပါ ဘုရား) အနာရှိတဲ့လက် မဖြစ်အောင်လုပ်ဖို့ပါပဲ (မှန်ပါ)၊ မောင်ချစ်စိန်နေရာ ကျပလား (နေရာကျပါပြီ ဘုရား)၊
နေရာသာကျတယ်၊ မင်းတို့မှာက အမှားတွေရှိနေသေးတယ်၊ တရားကတော့မှန်ပြီး မင်းတို့ကမဟုတ်သေးဘူးကွ၊ ဟင်-(မှန်ပါ)၊ တရားကတော့ မှန်နေတာပဲ မင်းတို့က အမှန်မလိုက်တာ ခက်နေတယ် (မှန်ပါ)၊
အဝတ်ကောင်းကောင်း၊ အဆင်ကောင်းကောင်း၊ ချောချောလှလှဆိုရင် မင်းတို့ကသွားကြည့်ချင်တယ်၊ သွားကိုင်ချင်တယ် (မှန်ပါ)၊
အသံကောင်းကောင်းဆိုရင် နားထောင် ချင်တယ်၊ အနံ့ကောင်းကောင်းဆိုရင် ရှုချင်၊ ရှိုက်ချင်တယ်၊ အရသာ ကောင်းကောင်းဆိုရင် စားချင်သောက်ချင်တယ်၊ အထည်အဝတ် နူးနူးညံ့ညံ့ ကောင်းကောင်းမွန်မွန်ဆိုရင် ဝတ်ချင်တယ်၊ အကြံအတွေး ကောင်းကောင်းမွန်မွန်ဆိုရင် ဝတ်ချင်တယ်၊ အကြံအတွေး ကောင်းကောင်း မွန်မွန် ဆိုရင် တွေးဆပြီး နေချင်တယ် (မှန်လှပါ ဘုရား)။
ဆိုတော့ မင်းတို့ဟာက ဟိုကလာတာလား၊ မင်းတို့က သွား-သွားကိုင်တာလား (တပည့်တော်တို့က သွားကိုင် တာပါ ဘုရား)၊ သေချင်လို့ပေါ့ကွာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊
ဘယ့်နှယ်ကြောင့် ကိုင်တာတုံး (သေချင်လို့ပါ ဘုရား)၊ သေချင်လို့ဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကြက်လည်ပင်းကကွင်းကို သွားလျှိုတာ
ဪ – ခက်လိုက်တာ၊ ကြက်ကလေးကို ဆန်ကလေးနဲ့ ကွင်းကလေးနဲ့ ထောင်ထားတော့ ကွင်းကလာပြီး ကြက်လည်ပင်းကိုလျှိုသလား၊ ကြက်လည်ပင်းက ကွင်းကိုသွားလျှို သလားသာ မေးကြပေတော့ (ကြက်လည်ပင်းကကွင်းကို သွားလျှိုတာပါ ဘုရား)၊
အဲ-မင်းတို့က ကြက်လည်ပင်းကွ (မှန်ပါ)၊ ဒါဖြင့်ကွင်းကမိုက်တာလား ကြက်ကမိုက်တာလား၊ တစ်ခါ တွေးကြဦးကွ (ကြက်ကမိုက်တာပါ ဘုရား) မင်းတို့ကော ဘယ့်နှယ်ဆိုကြမတုံး (တပည့်တော်တို့က မိုက်တာပါ ဘုရား)၊ အဆိပ်က ကြောက်စရာမရှိဘူး (မှန်ပါ)၊ အခုမှ ရိပ်မိပေတော့တယ်ကွာ (ဒီလိုပြောမှ ရိပ်မိပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ – နင်တို့မိန်းမတွေ၊ ဪ-မိန်းမဆိုတာ ဒီအတိုင်းနေလို့ မတော်ဘူး၊ တစ်ကိုယ်ရေ တစ်ကာယဆိုရင် လူမလေး ခွေးမခန့်ဖြစ်တယ်ဆိုပြီးတော့ ယောက်ျားတည်ထောင်မှပဲဆိုပြီး ဟိုမှာသွားပြီး သကာလ ကိုယ့်လည်ပင်းက သွားစွပ်တာကွ (မှန်ပါ)၊ တော်ကြာ ရိုက်ဟယ် နှက်ဟယ်နဲ့ လင်ဆိုးသားဆိုးနဲ့တွေ့တဲ့အခါကျတော့ ဟင်၊ နှိပ်စက်ဟယ် ရှာကျွေးဟယ် (မှန်ပါ)၊ ဟာ-ဒါယောက်ျားဆိုးလို့လား၊ နင်တို့က နေရာမကျလို့လားမေးရင် ဘယ့်နှယ်ဖြေကြမတုံး (တပည့်တော်မတို့က နေရာမကျလို့ပါ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကိုယ်က အနာရှိနေပါလျက်နဲ့ သွားကိုင်ကြတာ
ခုနကလိုပေါ့၊ ကိုယ်က အနာရှိနေပါလျက်နဲ့ သွားကိုင်ကြတာ (မှန်ပါ)၊ ကိုင်လို့ ကိုယ့်မှာဒဏ်ရာရလာတာ (မှန်ပါ)၊ မရဘူးလား (ရပါတယ် ဘုရား)။ ဟာ – နေရအောင်လဲ လုပ်ကိုင်ပြီး ကျွေးမွေးရသေးတယ်၊ မျက်နှာကောင်းလဲ မရဘူး၊ အနှိပ်စက်လဲခံရသေးတယ်လို့ မငြီးနဲ့(မှန်ပါ)၊ မငြီးနဲ့လို့ပြောတာကို မင်းတို့ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် ရိပ်မိတာတုံး၊ (ကိုယ်က နေရာမကျခဲ့လို့ပါ ဘုရား)၊ ကိုယ်က သွားလျှိုတာ၊ ကိုယ်က ကျွန်စာရင်းသွား သွင်းတာ (မှန်ပါ) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
နဂိုက ခြေရင်းအလုပ်ကျွေးလို့ စာထဲပါနေသားပဲ (မှန်ပါ)၊ မပါဘူးလား (ပါပါတယ် ဘုရား)၊ ဒါကို လုပ်ကျွေးပါ ရစေလို့ သွားပြီးတောင်းပန်တော့ လုပ်ကျွေးမှု မူမမှန်လို့ရှိရင် ဒါအရိုက်အနှက်ခံရမှာပဲ (မှန်ပါ) မောင်ချစ်စိန်ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
မင်းတို့ ယောက်ျားတွေကောကွ၊ လူပျိုအရွယ်ကြီးကြီးနဲ့ နေမယ်ဆိုလို့ရှိရင် ဘယ်သူ့ကျွန်များ ဖြစ်စရာပါသေတုံး (မပါပါ ဘုရား)၊ ခင်ပွန်းမကျွန်တော့ (မခံရပါ ဘုရား)၊ သားသမီးကျွန်ကော (မခံရပါ ဘုရား)။ မင်းတို့ကိုယ်က သွားပြီး သကာလ ဘာဖြစ်တုံးဆို၊ အနာရှိတဲ့လက်နဲ့ အဆိပ်သွားတို့လိုက်တော့ အို- အိမ်ထောင်ပြုတာတော့ ကောင်းကောင်းမှား တာပဲ၊ ဘယ်နှယ့်လုပ်ပြီး ကျွန်စာရင်းက လွတ်ပါ့မလဲ (မှန်ပါ)၊
ဟိုကပြုပါခိုင်းတာလား၊ မင်းတို့ ဒီကွင်းထဲသွားပြီး သကာလ ကြက်လိုပဲ ဆန်စားမိတာလားလို့ မေးလို့ရှိရင် ဒီအတိုင်းပါလဲ (မှန်ပါ)၊ အဲဒီအတိုင်း ဖြစ်တယ် မဟုတ်လား (ဖြစ်ပါတယ် ဘုရား)၊
မင်းတို့ကလက်မှာ အနာရှိလျက်နဲ့ သွားကိုင်လို့ဟိုမှာ ဒုက္ခပွဲကြီးသွားတွေ့နေရတယ် (တွေ့ရပါတယ် ဘုရား)၊ အဲဒါ ကိလေသာ၏အပြစ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊
အနာ၏အပြစ်
ဘယ်သူ့ အပြစ်ပါလိမ့် (ကိလေသာ၏ အပြစ်ပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ဘယ်သူ့အပြစ်ပါလိမ့်၊ (ကိလေသာ ၏အပြစ်ပါ ဘုရား)၊ ဒါဖြင့် အနာ၏အပြစ် (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ခေါင်းဖြူစွယ်ကျိုးကြီးတွေကို မအားကြသေးဘူးတဲ့ကွ (မှန်ပါ)၊ ခေါင်းဖြူစွယ်ကျိုးတွေကို မအားသေးဘူးတဲ့၊ ကိလေသာကခိုင်းထားလို့ (မှန်ပါ)၊ မောင်ထွန်းတင်တို့ မျက်လုံးက နေရာမကျတော့ဘူးဆိုရင် အခြားကျတဲ့ဘက်ကနေ လုပ်ကျွေးရဦးမှာပဲ (မှန်ပါ)၊ မကျွေးရပေဘူးလား (ကျွေးရမှာပါ ဘုရား)၊
မျက်လုံးဘက်ကတော့ လုပ်မကျွေးနိုင်တော့ ဘူးဆိုရင်ဖြင့် ပါးစပ်ဘက်ကနေပြီး ပြောပြောဆိုဆိုနဲ့ရှာပြီး ကျွေးရမှာပဲ (မှန်ပါ)၊ ဟာ-မင်းတို့ဟာကကွာ လူချင်းတောင် မတူရတဲ့အထဲမှာ အခုထက်ထိ ဝဋ်မကျွတ်သေးဘူး လို့လား မေးရင်ဖြင့် ကိုယ်ကိုင်ထားတဲ့ ဇာတ်ထုပ်က သေသည့်တိုင်အောင် ဒုက္ခရောက်ရဦးမှာပဲ (မှန်ပါ)၊
ဇာတ်ထုပ်က မသိမ်းသေးဘူးကွ (မသိမ်းသေးပါ ဘုရား)၊ မောင်ချစ်စိန် မင်းတို့ ဇာတ်ထုပ်က သိမ်းပလား (မသိမ်းသေးပါ ဘုရား)၊ သိမ်းရင်တော့ မျက်ရည်စက်လက်နဲ့ သိမ်းရမှာပဲ၊ (မှန်ပါ) သိမ်းတော့ ဘယ်လို သိမ်းရမယ်များထင်တုံး (မျက်ရည်စက်လက်နဲ့ သိမ်းရမှာပါ ဘုရား)။
မင်းတို့လွှတ်ပစ်ကြသလား၊ ကိုင်ထားကြသလား
အို-မင်းတို့ကနေတဲ့ပွဲက ဘာပွဲပါလိမ့်မတုံးကွ (ငိုပွဲပါ ဘုရား) ငိုပွဲသက်သက်ချည်း ခင်းထားကြရတာ (မှန်ပါ)၊ ဘယ့်နှယ်ဆိုကြမတုံး (ပြုံးစရာကနည်းပြီး မဲ့စရာကများပါတယ် ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊
ရိပ်မိတော့လဲ ကဲ-ဒီအဆိပ်တော့ လွှတ်ပစ်ပါတော့မယ်ကွာ၊ တို့ကိုမဲ့အောင် နှိပ်စက်တာလဲမင်းပဲ နောင်အဖန်ဖန် သေရအောင် နှိပ်စက်တာလဲ မင်းပဲဆိုပြီး လွှတ်ပစ်ကဲ့လားဆိုတော့လည်း ကိုင်ထားပြန်တယ် (မှန်ပါ)၊ ဘယ့်နှယ်လုပ်မတုံးဆိုပြီး ကိုင်ထားနေကြတယ် (မှန်လှပါ ဘုရား)။
ဘယ့်နှယ်တုံးကွ၊ မင်းတို့လွှတ်ပစ်ကြသလား၊ ကိုင်ထားကြသလား (ကိုင်ထားပါတယ် ဘုရား)၊ အသေနည်းသေး တယ်ကွာ (မှန်ပါ)၊ အဆိုထိုက်ဘူးလား ဆိုထိုက်သလား (ဆိုထိုက်ပါတယ် ဘုရား)၊
ဘယ့်နှယ်တုံး မောင်ချစ်စိန်၊ ငါပြောတာက များသလား မင်းတို့ဖြစ်စဉ်က ပိုသလား (တပည့်တော်တို့ ဖြစ်စဉ်က ပိုပါတယ် ဘုရား)၊ ဖြစ်စဉ်က ပိုပါသေးတယ်ဆိုတာ တင်လှတို့ကော ရိပ်မိရောပေါ့ (မှန်ပါ)၊ မရိပ်မိသေးဘူးလား (ရိပ်မိပါပြီ ဘုရား)၊
ဖြစ်စဉ်က နေ့တိုင်းဖြစ်နေတာ
ငါပြောတာက ဘယ့်နှယ်နေတုံး (နည်းပါသေးတယ် ဘုရား)၊ ဖြစ်စဉ်က (များပါတယ် ဘုရား)၊ ဖြစ်စဉ်က နေ့တိုင်းဖြစ်နေတာ (မှန်ပါ)၊ ပြောတာကဖြင့် ဒီတစ်ခါ ကြားရတာပဲ (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
တစ်ခါတစ်လေ မျက်ရည်စက်လက်နဲ့၊ တစ်ခါတစ်လေ မျက်နှာကြီးမှုန်လို့၊ တစ်ခါတလေ နေမကောင်းထိုင်မသာ ကနေမှ ထပြီး ရေနွေးအိုးတည်ရ၊ ထမင်းချက်ကျွေးရ (မှန်ပါ)၊ အင်း-သူမမာလို့ရှိရင်လဲ ငါ့မှာ တာဝန်ရှိတယ်ဆိုပြီး လုပ်ကြ (မှန်ပါ)၊
ဟ-လွှတ်ပစ်လိုက်ပါလားကွ၊ အဆိပ်တွေပဲ သူ့ကြောင့် ဆင်းရဲနေတာလို့ မင်းတို့အသိသားပဲဆိုတော့လည်း ဆုပ်ထားကြပြန်တယ် (မှန်ပါ)၊ အသေနည်းသေးတယ်လို့ ပြောရမှာပဲ (မှန်ပါ)၊ မင်းတို့ဆိုးဝါးပုံက (အသေနည်းပါသေးတယ် ဘုရား)၊
ကဲမောင်ချစ်စိန် ဘယ့်နှယ်နေတုံး၊ မင်းတို့ အတော်ကို နာမနေဘူးလား (နာပါတယ် ဘုရား)၊ ဟေ့ အားလုံး တရားတစ်ပွဲလုံး သဘောကျကြရဲ့လား (ကျပါတယ် ဘုရား)
ကျသာကျတယ် မင်းတို့ဟာလက်က လွှတ်ပစ်လိုက်ပါလားလို့ ဆိုလို့ရှိရင်လဲ မောင်ချစ်စိန်ဘယ့်နှယ်နေတုံး၊ ဆနေသလား (ဆနေပါတယ် ဘုရား)၊ ဆနေတာ မဟုတ်ဘူးကွ၊ ဖြည်ကို မဖြည်တာ (မှန်ပါ)၊ ဆနေလို့ရှိရင် တစ်နေနေ့ လွတ်လိမ့်ဦးမယ် ဆိုတာပါသေးတယ်၊ (ပါပါသေးတယ် ဘုရား)၊ မပါဘူးလား (ပါပါတယ် ဘုရား)၊ အခုတော့ ထင်းပုံခေါင်းချပဲ ဘယ့်နှယ်လာကြတုံး (ထင်းပုံခေါင်းချပါ ဘုရား)။
သေပြီးသည့် အခြားမဲ့၌လည်း
ထင်းပုံခေါင်းချ ဆိုကတည်းက သွားပြီးကောကွ (မှန်ပါ) ဟင်း – ဒီဟာနဲ့ပဲ သေပါတော့မယ် (မှန်ပါ) ဒီကျွန်အဖြစ်နဲ့ပဲ သေပါတော့မယ်၊ ဒီပြင်ဘာပါသေးတုံး မင်းတို့ဟာက (မပါပါဘူး ဘုရား)၊
သေပြီး သကာလ လဲ အပါယ်သွားပါတော့မယ်က ပါသေတယ် (မှန်ပါ)၊ အခုလဲ ကျွန်စာရင်းနဲ့ သေပါတော့မယ် (မှန်ပါ) သေပြီးသည့် အခြားမဲ့၌လည်း အပါယ်သွားပါတော့မယ်ဆိုတာ ပါ,မပါ (ပါပါတယ် ဘုရား)။
အဲဒါ-မဂ်က ကယ်နိုင်ရင် ကယ်ပေါ့ကွာ (မှန်ပါ) တင်လှတို့မဂ်က ကယ်နိုင်ရင် (ကယ်ရမှာပါ ဘုရား)၊ မဂ်ရအောင် လုပ်နိုင်ရင်လုပ်ပေါ့ (မှန်ပါ)၊ မလုပ်နိုင်လို့ ရှိရင်တော့ သွားပြီကွ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ မောင်ချစ်စိန် ကိလေသာအပြစ် ဘယ်လောက်ကြီးသတုန်း (ကြီးပါတယ် ဘုရား)၊ ထင်းပုံခေါင်းချခိုင်းတာလဲ သူပဲ (မှန်ပါ) အဲဒီခေါင်းချပြီး သကာလ နောက်ခန္ဓာကြီးကိုတော့ အပါယ်သွားကွဆိုတာကော (သူပါပဲ ဘုရား)၊ ဒီအနာပဲဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကုက္ကုဋမိတ္တဆိုတဲ့ မုဆိုးကြီး
ဒါ-ဘယ်ကလာတုံး ဆိုတော့မှ ငါဝတ္ထုလေးထုတ်ပြမယ် (မှန်ပါ)၊ မုဆိုးကြီးတစ်ယောက်ရှိတယ် တဲ့၊ ဓမ္မပဒမှာ ကုက္ကုဋမိတ္တဆိုတဲ့ မုဆိုးကြီးတစ်ယောက်ရှိတယ်၊ အဲဒီမုဆိုးကြီးက နေ့တိုင်း ပိုက်ကွန်လေးငါးရာလောက်နဲ့ သားသမင်တွေ ထောင် ထောင်ပြီး သကာလ သာဝတ္ထိမြို့ထဲကို သွားသွားရောင်းတယ်၊ နေ့တိုင်းရောင်း နေ့တိုင်းပြန်တာပေါ့၊ သူက ဒါနဲ့ အသက်မွေးတာကိုးကွ (မှန်ပါ)၊
သူဌေးသမီးလေး တစ်ယောက်က အချိန်အရွယ်သို့ ရောက်လာတယ်၊ တစ်နေ့ကျတော့ ဒီသူဌေးသမီးက ပြတင်းပေါက်ကနေ ထွက်ကြည့်လိုက်တယ်၊ ဒီမုဆိုးကြီး မြင်တယ်ဆိုရင်ပဲ ခင်တဲ့စိတ် ပေါ်လာတယ်၊ ဒီမုဆိုးကြီးကို မနက်ဖြန်လဲလာတာမြင်ရတာပဲ၊ မြင်ရတာများတော့ ခင်ပြီး သကာလ နေတယ် (မှန်ပါ)
တစ်နေ့ကျတော့ သူ့ရဲ့အစေခံတစ်ယောက်ကို လွှတ်လိုက်ပြီး ဒီမုဆိုးကြီး ဘယ်လမ်းကပြန်မှာတုံးလို့ အမေးခိုင်းလိုက်တယ်၊ ဘယ်လမ်းက ပြန်မယ်ဆိုတာကို မုဆိုးကြီးက ပြောတာပေါ့လေ၊ ဒါနဲ့သူဌေးသမီးက အိမ်ကရွှေတွေ ငွေတွေ ခိုးထုပ်ပြီး သကာလ အဲဒီလမ်းကနေ သွားစောင့်တယ်။
စောင့်ပြီး သကာလ မုဆိုးကြီးက ရှေ့ကနေ လှည်းမောင်း၊ သူကလည်းနောက်ကနေ မသိမယောင်နဲ့လိုက်၊ ဒါနဲ့ မုဆိုးကြီးက ဘယ်က ကလေးမလေးလဲလို့ မေးတာပေါ့၊ အို ကိုယ့်လမ်းကိုယ်သွားပါ၊ ကျုပ်တို့လဲ ကျုပ်တို့လမ်း ကျုပ်တို့သွား တာပါပဲဆိုပြီး သွားရင်းသွားရင်းနဲ့နောက် တောထဲကိုရောက်လာတဲ့အခါမှာ မုဆိုးကြီးက မလိုက်ခဲ့နဲ့ ဆိုတော့ သူဌေးသမီးက ကျုပ်တို့မှာလဲ အသက်မွေးဝမ်းကျောင်းက ဒီလိုမွေးနေတာမဟုတ်ဘူး၊ ခင်မင်လို့ လိုက်လာတာဆိုပြီး သကာလ မုဆိုးကြီးလှည်းပေါ်မှာ အတူတက်စီးပြီး မုဆိုးကြီးနဲ့ အိမ်ထောင်ကျတယ်ဆိုကြပါစို့ (မှန်ပါ)၊
သူဌေးသမီးဟာ သောတပန်တည်ပြီးသား
သားခုနှစ်ယောက် မွေးတယ်၊ သူဌေးသမီးဟာ သောတပန်တည်ပြီးသားနော် (မှန်ပါ)၊ သားခုနှစ်ယောက်မွေးပြီး ချွေးမခုနှစ်ယောက် ရရောဆိုကြပါစို့ (မှန်ပါ)၊ တစ်နေ့သ၌ကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီကမှန်ကြီးနဲ့ ချိန်တာပေါ့ကွာ၊ ဒီနေ့ ဘယ်သူ့ကို ချွတ်ရပါ့မလဲလို့ပေါ့ (မှန်ပါ)၊ ခုနက မုဆိုးကတော်ကတော့ သောတာပန်တည်ပြီးသား ချွတ်စရာမလိုဘူး၊ သူက ခုနစ်နှစ်သမီးက တည်ခဲ့တာကိုး (မှန်လှပါ ဘုရား)။
ကျန်တဲ့၁၅ယောက်ကို ချွတ်ရမှာ၊ သားခုနှစ်ယောက်၊ ချွေးမခုနှစ်ယောက်နဲ့ မုဆိုးကြီးကို ချွတ်ရမှာ (မှန်ပါ)၊ ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မုဆိုးကြီးထောင်ထားတဲ့ သမင်ဒရယ်မိနေတာတွေကို တန်ခိုးနဲ့ လွှတ်ပစ် လိုက်တယ် (မှန်ပါ)၊
တန်ခိုးနဲ့လွှတ်ပစ်လိုက်ပြီးတော့မှ သူ့ခြေရာကို ချပစ်ခဲ့တယ်၊ သမင်မိတဲ့နေရာမှာ ဘုရား ကိုယ်တော် မြတ်ကြီးက သူ့ခြေရာချခဲ့ပြီး တောထဲသွားပြီး တရားအားထုတ်နေတယ် (မှန်လှပါ ဘုရား)။ မုဆိုးကြီးက မနက်မိုးလင်း တော့ရောက်လာတယ်၊ တစ်ကောင်မှ မမိဘူး (မှန်ပါ)၊ ငါ့အကောင်တွေတော့ တစ်ယောက်ယောက်တော့ လွှတ်သွားခဲ့ပြီ၊ လွှတ်တဲ့လူတော့ အသေသတ်ရမယ်၊ ခြေရာခံလိုက်မယ်ပေါ့လေ (မှန်ပါ)၊ ဘုရားကလည်း ခြေရာချထားခဲ့တာကိုး၊ ခြေရာခံပြီး လိုက်စေချင်လို့ကို ချပစ်ခဲ့တာ (မှန်ပါ)၊ ခြေရာပစ်ခဲ့တော့ လိုက်သွားရော ဆိုပါတော့ (မှန်လှပါ ဘုရား)။
ဘုရား ကိုယ်တော်မြတ်ကြီးက မုဆိုးကြီးလာရင် တွေ့အောင်ကို ခြေရာချပစ်ခဲ့တယ်၊ ဒါနဲ့မုဆိုးကြီးက ခြေရာခံပြီးတော့ လိုက်တယ်၊ ငါ့သမင်တွေလွှတ်တာ ဘယ်သူတုံး-သူပဲ၊ သူခြေရာကိုတွေ့တယ်ဆိုပြီး သကာလ မုဆိုးကြီးက လိုက်တော့ ဘုရား ကိုယ်တော်မြတ်ကြီးက သင်္ကန်းကို ခေါင်းမြီးခြုံပြီးတော့ တရားအားထုတ်နေတယ်၊
သူပဲ-သူ့ကိုပစ်မှပဲ၊ ဘုရား ကိုယ်တော်မြတ်ကြီးမှန်း သူမသိသေးဘူး (မှန်ပါ)၊ ခက်လိုက်တဲ့ဖြစ်ခြင်း၊ ဘုရားပွင့်နေတာကို ဘုရားမှန်း မသိဘူး (မှန်ပါ) သူ့မုဆိုးအလုပ်နဲ့ပဲ အသက်မွေးနေတာကိုး (မှန်လှပါ ဘုရား)။
ဒါနဲ့ဘုရား ကိုယ်တော်မြတ်ကြီးက မြှားတပ်ခွင့်၊ ဒူးလေးတင်ခွင့်တော့ ပေးလိုက်တယ်၊ မြှားထွက်ခွင့်ကို မပေးဘူး၊ မေတ္တာနဲ့ဟိုကနေ တားထားတာ (မှန်ပါ)၊ သူကမြှား တင်တယ်၊ တင်လို့တော့ရတယ် ဖြုတ်တဲ့အခါမှာတော့ မရဘူး၊ ဖြုတ်တော့မြှားတံက မထွက်ဘူး (မှန်ပါ)၊ ဒါနဲ့သူက တစ်နာရီလောက်ကြာအောင်ဖြုတ်-မထွက်၊ ပြန်တင်ပြီး ဖြုတ်၊ မရနဲ့၊ ပါးစပ်က အမြှုပ်တွေများတောင် ထွက်လာတယ် (မှန်လှပါ ဘုရား)။
အဲဒါနဲ့အိမ်က မုဆိုးကတော်ကလေးက ဟေ့-နင်းတို့အဖေလည်း မလာဘူး၊ သားကြီးတစ်ယောက်ကို လိုက်သွားစမ်း၊ ဟိုတောထဲမှာ ရန်သူနဲ့တွေ့နေပြီထင်တယ် (မှန်ပါ)၊ လိုက်သွားပြန်တော့လည်း ခုနကသားကြီးကလည်း လေးတင်ပြီး တို့အဖေနဲ့ ရန်ဖြစ်နေတာသူပဲဆိုပြီးတောာ့ ပစ်ပြန်တာပဲ (မှန်ပါ)၊ သူလဲတင်ခွင့်သာပေးပြီး အခြားထွက်ခွင့် မပေးဘူး၊ ဘုရား ကိုယ်တော်မြတ်ကြီးက (မှန်လှပါ ဘုရား)။
ဒါငါ့အဖေလို့ ပြောတာပဲ
ဒါနဲ့ ကြာသွားပြန်တော့ အိမ်ကမုဆိုးကတော် သော်တာပန်က လိုက်ကြဦး၊ ချွေးမတွေကော ဘာတွေကော အကုန်လိုက်၊ ငါပါလိုက်ခဲ့မယ် ဖြစ်သွားတော့ အကုန်ပဲလိုက်ကြတာပေါ့ (မှန်ပါ)၊ လိုက်တော့မှ ဘုရား ကိုယ်တော်မြတ်ကြီးက ချုံထဲမှာ ဖလသမာပတ်ဝင်စားပြီးနေတာကို အကုန်ဝိုင်းပစ်ပေမယ့် ပစ်ခွင့်မှ မပေးဘဲ မြှားတင်ခွင့်သာ ပေးတော (မှန်ပါ)၊ ဒီတင်မှ မုဆိုးကတော်ကလေးက ဟာ-နင်တို့ မှားကုန်လိမ့်မယ်၊ ဒါငါ့အဖေလို့ ပြောတာပဲ၊ သောတာပန်ဆိုတော့ ဘုရား ကိုယ်တော်မြတ်ကြီးက အဖေဖြစ်နေတာပေါ့၊ (မှန်လှပါ ဘုရား)။
အဲဒီတင်မှ စိတ်တွေက ကျသွားတယ်၊ ဪ-တို့အဖိုးပစ်မိလျက် ကြုံနေပါလား၊ ဆိုပြီး သကာလ ဘုရား ကိုယ်တော်မြတ်ကြီး က သူတို့ကို ဝိပဿနာတရားဟောတာပေါ့ (မှန်ပါ)၊ ဝိပဿနာတရားဟောတော့မှ အကုန်လုံးခုနက မုဆိုးရော ၁၅ယောက်စလုံးပါ၊ မောင်ချစ်စိန် သောတာပန်တည်တယ် (မှန်လှပါ ဘုရား)။
ဒါနဲ့-သောတာပန်တည်တော့ ဘုရား ကိုယ်တော်မြတ်ကြီးက ကျောင်းတော်ပြန်သွားတယ်၊ ပြန်သွားတဲ့အခါ ရဟန်းတွေက အရှင်ဘုရား၊ မနက်ကဘယ်ကြွနေတာတုံး၊ အို-အဲဒီမုဆိုးကတော်လေး သားတွေ ချွေးမတွေနဲ့ မုဆိုးကြီးကို သွားချွတ်ရတယ်ကွ၊ ဟာ- ဘယ့်နှယ့်လုပ်ချွတ်တုံးဆိုတော့ အို-ငါ့သမီးက အဲဒီမှာရှိနေတယ်ကွ၊ သောတာပန်တည်ပြီး သားပဲ (မှန်ပါ)၊
နို့ သူပဲမနက်မိုးလင်းတဲ့အခါ တပည့်တော်တို့ ဆွမ်းခံသွားရင် မြင်နေတာပဲတဲ့၊ ဓားတွေ သွေးပေးတာကလဲ သူပဲ၊ ဒူးလေး မြှားတွေကို သူ့ယောက်ျားတောသွားဖို့ ပေးနေတာပဲ သူပဲဆိုတော့၊ ဘုရား ကိုယ်တော်မြတ်ကြီးက သူ့မှာ အနာမရှိဘူးကွတဲ့၊ အဆိပ်ကိုင်ငြားသော်လည်း သူကဝတ္တရားအတိုင်း လုပ်တာတဲ့၊ ဟိုကိုသေစေလိုတဲ့ စိတ်ကမပါဘူး (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အနာမရှိတော့ သူဘာကိုင်ကိုင် သူ့မှာ အပြစ်မရှိပါဘူး
အနာမရှိတော့ သူဘာကိုင်ကိုင် သူ့မှာ အပြစ်မရှိပါဘူး (မှန်ပါ)၊ နေ့တိုင်း ဒူးလေးမြှားလှံတွေ ပေးနေတာပဲတဲ့၊ အဲဒီတော့မှ –
ပါဏိမှီစေ ဝဏောနာဿ၊ ဟရေယျ ပါဏိနာ ဝိသံ။
နာဗ္ဓဏံ ဝိသမနွေတိ၊ နတ္ထိ ပါပ မကုဗ္ဗတော။ (ဓမ္မပဒပါဠိတော်-ပါပဝဂ်မှ ကုက္ကုဋမိတ္တနေသာဒဝတ္ထု)
ဒါ-ဘုရား ကိုယ်တော်မြတ်ကြီး ရွတ်ဆိုတဲ့ဂါထာပါပဲ (မှန်ပါ)၊
လက်မှာ အနာမရှိလို့ရှိရင်ကွာ ဘာကိုပဲကိုင်ကိုင် အပြစ်မရှိပါဘူး၊ ကိလေသာအနာ သူ့မှာမရှိပါဘူးကွတဲ့ (မှန်ပါ)၊ ဟိုကိုသေစေလိုတဲ့ အနာမရှိပါဘူးတဲ့ (မှန်ပါ)၊ သားကောင်တွေ ရပါစေတော့လို့ မဟုတ်ဘူး၊ လင်အပေါ် ဝတ္တရားအတိုင်း ပြုလုပ်ရတာပဲ (မှန်ပါ)၊ ဝတ္တရားကတော့ ပြုတယ်လေ၊ သေစေလိုတဲ့ စိတ်ပါကိုမပါဘူး (မပါပါ ဘုရား)၊ သောတာပန်တည်ပြီးသားပဲကွ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါ-ဟောလိုက်တော့ကို မင်းတို့စဉ်းစားရမှာက ဪ-အနာဟာ အရေးကြီးပါလား (မှန်ပါ)၊ ဘာပေါ်လာကြတုံး (အနာဟာအရေးကြီးကြောင်း ပေါ်လာပါတယ် ဘုရား)၊
အနာကအရေးကြီးတယ်
အနာကအရေးကြီးတယ်၊ မင်းတို့အနာ ပျောက်လို့ရှိရင် ဘာကိုပဲကိုင်ကိုင် (မှန်ပါ)၊ အမြောက်၊ စိန်ပြောင်းတွေပဲကိုင်ကိုင်၊ သားတွေ မယားတွေကို ဘယ်လိုပဲကိုင်တွယ်နေနေ၊ ဘာမှအပြစ်မရှိပါဘူး (မှန်ပါ)၊ အနာရှိနေရင်တော့ (အပြစ်ရှိပါတယ် ဘုရား)၊ ဟိုအသေဘက် ချည်းသွားပါတယ် (မှန်ပါ)၊ တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏ၊ တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏ ဒီဘက်ချည်း မသွားဘူးလား (သွားပါတယ် ဘုရား)။
ဒါဖြင့်-မင်းတို့ ဒီနေ့တရားမှာ ဘာအရေးကြီးတယ်ဆိုတာ ပေါ်ရောပေါ့ (ပေါ်ပါပြီ ဘုရား)၊ အနာပျောက်အောင် လုပ်ရမယ် (မှန်ပါ)၊ အနာပျောက်အောင်တော့ ဝိပဿနာရှုမှပဲ ကိလေသာဟာ သေတယ် (မှန်ပါ)၊ အနာပျောက် အောင်တော့ ဝိပဿနာရှုမှပဲ ကိလေသာဟာသေတယ် (မှန်ပါ)၊ ဝိပဿနာမရှုရင် (ကိလေသာဟာ မသေပါဘူး ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အနာပျောက်ဆေးဟာ ဝိပဿနာပါပဲ (မှန်လှပါ ဘုရား)။
ကဲ-ဒီတင်တော်ကြစို့။
