3034

မာတိကာသို့

”မနောအကြည်မှန် အလှည့် မလွဲမိစေရန်”

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

(၄-၁-၆၁) နေ့တွင် အမရပူရမြို့မင်္ဂလာရိပ်သာ ကျောင်းတိုက်၌

ဟောကြားဆုံးမတော်မူအပ်သော

”မနောအကြည်မှန် အလှည့် မလွဲမိစေရန်”

ည-အလုပ်ပေး တရားတော်

ကြံတွေးစိတ်

နဖူးပေါ်လက်တင်ရင် ပေါ်တဲ့စိတ် “နဖူးပေါ်လက်တင်ရင် ပေါ်တဲ့စိတ်၊ မမြင်ရပဲနဲ့ပေါ်တာ” (မှန်ပါ)၊ အဲဒါကို ကြံတွေးစိတ်လို့မှတ်ထားပါ၊ ဘာစိတ်လို့ ခေါ်ကြမယ် (ကြံတွေးစိတ်ပါ ဘုရား)၊ အေး ကြံတွေးစိတ်လို့ခေါ်တယ်၊ စာလိုဆိုတော့ မနောဝိညာဏ်စိတ်လို့ ခေါ်တယ် (မှန်လှပါ ဘုရား)။

အဲဒီ ကြံတွေးစိတ်ဟာ မင်းတို့မှတ်ထားပါတဲ့၊ ဒီက မျက်လုံးမှိတ်ပြီး သကာလ၊ ဥပမာ သားသမီး ရန်ကုန်မှာ ရှိတယ်၊ မန္တလေးမှာရှိတယ် အဲဒီကို အာရုံနဲ့မြင်ရတာမဟုတ်ဘူး၊ ဒီက မနောအကြည် ဆိုတာရှိတယ်၊ ဝမ်းထဲမှာ ဟဒယ ဝတ္ထုကို မှီဖြစ်တဲ့ဘဝင်စိတ်အကြည်ဆိုတာရှိတယ်၊

အဲဒီ အကြည်ကို သူ့ဘက်သွားတည့်တာ၊ အဝေးမှာရှိတဲ့ အာရုံဘက်ကို သွားတည့်တာ (မှန်ပါ)၊ တည့်တဲ့အခါ ကျလို့ရှိရင် ဒီကကြံတွေးစိတ်ကလေး ပေါ်တယ်၊ ဒါ မဆင်ခြင်ရင်လည်း မပေါ် ဘူးတဲ့၊ ဆင်ခြင်တဲ့သဘောလေးလည်းပါဦးမှ (မှန်ပါ)၊ ဒါဖြင့် ဘဝင်အကြည်လည်းရှိမှ (မှန်ပါ)၊ ဒီက တွေးစရာ အာရုံကိုလည်းတည့်ဦးမှ (မှန်ပါ)၊ တည့်လိုက်တဲ့အခါကျတော့ကို တွေးမယ်လို့လည်း ဆင်ခြင်တာလေးလည်းပါဦးမှ (မှန်ပါ)၊ ဒါမှ တွေးစိတ်ကလေး ပေါ်တယ် (မှန်လှပါ ဘုရား)။

တွေးစိတ်ပေါ်ခြင်း၏ အကြောင်း

တွေးစိတ်ကလေးပေါ်ခြင်း၏ အကြောင်းသုံးကြောင်းလို့မှတ်ပါ (မှန်ပါ)၊ တွေးစရာအာရုံလည်းရှိမှ (မှန်ပါ)၊ ဘဝင်အကြည့်ဆိုတဲ့ ဝမ်းထဲက အကြည်မှန်ကလေးကလည်း သူ့ဘက်လည်းလှည့်ဦးမှ (မှန်ပါ)၊ ဆင်လဲ ဆင်ခြင်ဦးမှ၊ ဒီတွေးစိတ်ကလေးပေါ်တယ် (မှန်ပါ)၊

တွေးစိတ်ပေါ်ခြင်း၏ အကြောင်းက ဒီသုံးကြောင်းပေါ့ကွာ (မှန်ပါ)၊ တွေးစိတ် ကလေးပေါ်ခြင်း၏ အကြောင်းက (သုံးကြောင်းပါ ဘုရား) သုံးကြောင်းလို့ မှတ်ထားပါ (မှန်လှပါ ဘုရား)။

ဓမ္မာရုံ၊ ဘဝင်အကြည်၊ ဆင်ခြင်မှု (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဒီသုံးကြောင်းကြောင့် ဘာပေါ် တာလုံး (တွေးစိတ်ပေါ်ပါတယ် ဘုရား)၊ တွေးစိတ်ကလေးပေါ်တယ်၊ ဒီတွေးစိတ်ကတော့ကိုတဲ့ အင်မတန်အရာကျယ်ပါ တယ်၊ မင်းတို့ ဟောဒီဝမ်းထဲက အကြည်မှန်က ရန်ကုန်မှာရှိတဲ့ အာရုံနဲ့သွားတည့်လို့ရှိရင် ဒီစိတ်ပေါ်တာပဲ (မှန်ပါ)၊ ဒီကနေပြီး မန္တလေးကိုတည့်၊ ဒီအကြည်လေးကို တည့်လိုက်လို့ရှိရင် ဒီတွေးစိတ်ဟာ ပေါ်လာတာပဲ (မှန်လှပါ ဘုရား)။

အဲဒါကြောင့် သူကတော့ အရင်လိုမဟုတ်ဘူး၊ ကာလအားဖြင့် ပြောမယ်ဆိုလို့ရှိရင် အတိတ်ကဟာလည်း သူက တည့်လိုက်ရင် အတိတ်ကို သိတဲ့ စိတ်ပေါ်လာတာပဲ (မှန်ပါ)၊ အနာဂတ် လှမ်းတည့်လိုက်လို့ရှိရင်လည်း အနာဂတ် သိတဲ့စိတ်ပေါ်တာပဲ (မှန်ပါ)၊ ပစ္စုပ္ပန် ယခုရှိတာထည့်လိုက်လို့ရှိရင် (ပစ္စုပ္ပန်သိတဲ့စိတ် ပေါ်ပါတယ် ဘုရား)၊ ပေါ်တယ်၊ သို့သော် အဝေးကြီးနော်၊ အဝေးကြီး (မှန်ပါ)၊ သေတ္တာထဲထားတဲ့ ပစ္စည်းတောင် ဒီကနေတည့်ရင် ပေါ်တာပဲ (ပေါ်ပါ တယ် ဘုရား)။

ဒီတွေးစိတ်ပေါ်လာလို့ရှိရင် စိတ်မချ၊ လက်မချဖြစ်လာရင် နောက်က သောက၊ ပရိဒေဝလိုက်လာတာပဲ (လာပါတယ် ဘုရား)၊ မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)၊ ဒါတွေးစိတ်နောက်ကလိုက်တယ် (မှန်လှပါ ဘုရား)။

ဆင်းရဲစရာရှိတဲ့ဘက်ကို အာရုံပြုလိုက်ရင် ဆင်းရဲစိတ်တွေပေါ်တာပဲ (မှန်ပါ)၊ ဝမ်းသာစရာရှိတဲ့ဘက်ကို ဒီဘဝင်အကြည်လှည့်လိုက်ရင် ဝမ်းသာတဲ့ စိတ်ပေါ်တာပဲ (မှန်ပါ)၊ ဘုရားကို မှန်းပြီးကြည့်လိုက်လို့ရှိရင်လည်း ဘုရား သိတဲ့ စိတ်ပေါ်လာတာပဲ (မှန်ပါ)၊ တရားကို မှန်းလိုက်လို့ရှိရင်ကော (တရားသိတဲ့စိတ်ပေါ်ပါတယ် ဘုရား)။

အကြည်မှန်ကလေးက အလှည့်လွဲနေတာ

အဲဒီတော့ မင်းတို့က ဘယ့်နှယ်ဖြစ်နေသတုံးဆိုတော့၊ မင်းတို့စိတ်ဆင်းရဲတာ၊ အရမ်းဝမ်းသာနေတာ၊ ဘာကြောင့်ပါလိမ့်မတုံးဆိုတော့၊ ဟောဒီ အကြည်မှန်ကလေးက အလှည့်လွဲနေတာ (မှန်ပါ)၊ ဒီအကြည်မှန်ကလေးက ဖြစ်ပျက်ဘက်လှည့်လိုက်လို့ရှိရင် ဖြစ်ပျက်သိတဲ့စိတ်ပေါ်တာပဲ (မှန်ပါ)၊

ဒီအကြည်မှန်ကလေးကို မင်းတို့က မလှည့်တတ် လို့ (မှန်ပါ)၊ မင်းတို့က သားဘက်လှည့်လိုက်၊ သမီးဘက်လှည့်လိုက်ဆိုတော့ တွေးစိတ်ကလေးပေါ်လာတယ်၊ တွေးစိတ် နောက်ကနေ ဆွေးစိတ်လိုက်လာတာပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ တွေးစိတ်နောက်က (ဆွေးစိတ် လိုက်ပါတယ် ဘုရား)။

အဲဒါ ဘယ့်နှယ်ကြောင့်တုံးဆို မင်းတို့မှန်လှည့်လွဲတာ (မှန်ပါ)၊ ဘယ့်နှယ်ပြောကြမှာတုံး (မှန်လှည့်လွဲတာပါ ဘုရား)၊ မင်းတို့ကလည်း မှန်ကို လှည့်ကောင်းတဲ့ဘက်ကိုမလှည့်ဘူး (မလှည့်ပါ ဘုရား)၊ ရူးပုံကလေ (မှန်ပါ)၊ မလှည့် ကောင်းတဲ့ဘက်ချည်း လှည့်တာပဲ (မှန်ပါ)၊ စိုးရိမ်စရာရှိတဲ့ဘက် ဘယ်သူ့ဆီမှာ ငွေဘယ်လောက် ရစရာရှိတယ်၊ သူတို့ အိမ်ကလည်း မမာမကျန်းနဲ့၊ သေများသွားရင် ခက်ချည်ရဲ့၊ မရတော့ဘူးဆိုတဲ့ဘက်ချည်း သွားလှည့်တာပဲ (မှန်ပါ ဘုရား)။

လှည့်ကတည်းကိုက ခုနက ဖြစ်ပျက်ရှိတဲ့ဘက်ကို လှည့်မယ်ဆိုလို့ရှိရင် ဖြစ်ပျက်သိတဲ့စိတ်ပေါ်တာပဲ (မှန်ပါ)၊ ဒီမှန်ကလိုရင်းကွ (မှန်ပါ)၊ ဒီမှန်နှစ်ခုကြားမှာ အရိပ်ပေါ်ရတာကိုး၊ အရိပ်ဟာစိတ်ပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အရူးမှန်ရသလို ဖြစ်နေတယ်

အဲဒီတော့ မင်းတို့အတွက်ကို ဥပမာပြောရလို့ရှိရင် အရူးမှန်ရသလို ဖြစ်နေတယ် (မှန်ပါ)၊ အရူးမှန်ရတော့ ပြဒါးသုတ်ထားတဲ့ မှန်ကလေး တစ်ချပ်ရတော့ သူလမ်းဘက်ကိုလှည့်လိုက်၊ ယောက်ျားတွေ သွားတဲ့ဘက် လှည့်လိုက်၊ မိန်းမတွေသွားတဲ့ဘက် လှည့်လိုက်၊ မှန်ထဲကြည့်ပြီးပြုံးလိုက်၊ မှန်ထဲကြည့်ပြီးမဲ့လိုက် (မှန်ပါ)၊

မင်းတို့လည်း ဒီမှန်ထဲကြည့် ပြီး သကာလ၊ ဒီစိတ်ကလေးဟာ တွေးတဲ့စိတ်ကလေးပေါ်လိုက်၊ မဲ့လိုက် ပြုံးလိုက် ဆိုတော့၊ မင်းတို့သည် အရူးမှန်ရသလို ဖြစ်နေတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘာရသလိုဖြစ်နေတုံး (အရူးမှန်ရသလို ဖြစ်နေပါတယ် ဘုရား)၊ သွားပါပြီကွာ၊ အလှည့်မှမတတ်တော့ပဲကိုး (မှန်ပါ)၊

အလှည့်မတတ်တော့ ခုနက ပြုံးစရာရှိတဲ့ဘက်ကို မှန်ထောင်လိုက်၊ ပြုံးရိပ်ကလေးလာထင်လိုက်၊ ဒီအရိပ်ကလေး နဲ့ သူပြုံးလိုက်တာကိုးကွ (မှန်ပါ)၊ အရိပ်ကလေးနဲ့ သူ ဒီနောက်ကနေပြီး ပြုံးစိတ်ကလေး နောက်ကလိုက်တာပဲ (မှန်ပါ)၊ ကောင်းပြီ စိုးရိမ်တဲ့ဘက်ကို ဒီမှန်လှည့်လိုက်၊ သားသမီးဘက်လှည့်လိုက် (မှန်ပါ)၊

အနေအထိုင် မတတ် အသုံးအဖြုံး တတ်တဲ့ဘက် လှည့်လိုက် (မှန်ပါ)၊ လှည့်လိုက်ရင် တစ်ခါတည်း တွေးစိတ်ကလေး ပေါ်လာပြီ၊ တစ်ခါတည်း စိုးရိမ်စိတ်နောက်ကလိုက်တာပဲ (မှန်ပါ)၊ မလိုက်ပဲနေပါ့မလား (လိုက်ပါတယ် ဘုရား)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

မှန်လှည့်လွဲလို့ပေါ်တာ

ဒါဖြင့် သူပေါ်ချင်လို့ပေါ်တာလား၊ မင်းတို့မှန်လှည့်လွဲလို့ပေါ်တာလား (မှန်အလှည့်လွဲလို့ ပေါ်တာပါ ဘုရား)၊ အဲဒါ ဘယ်သူမျက်ရည်ကျနေတယ်ဆိုတာ မောင်ကျော်သိန်းရိပ်မိပြီလား (မှန်ပါ)၊ ညတွင်းချင်း မျက်ရည်ကျနေတယ်၊ ဘယ်သူမှမရိုက်ဘူး သူ့ကို၊ မှန်လှည့်လွဲတာနဲ့ သူ့ဟာသူမျက်ရည်ကျနေတယ်၊ ဒီဘက်က (မှန်ပါ)၊ ရိပ်မိပြီလား (မှန်ပါ)၊ မှန်လှည့်လွဲတာနဲ့ပဲ အိပ်မပျော်တဲ့အခါတွေများ ရှိသေးတယ် (ရှိပါတယ် ဘုရား)၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒါ ဘာလှည့်လွဲတာတုံး(မှန်လှည့်လွဲတာပါ ဘုရား)၊ အဲဒီတော့ မနောအကြည်မှန်က မလှည့်ကောင်းတဲ့ဘက် သွားလှည့်တာ (မှန်ပါ)၊ လှည့်လိုက်တော့ တွေးစိတ်ပေါ်လာပြီး နောက်ဆွေးစိတ်တွေမလာပေဘူးလား (လာပါတယ် ဘုရား)၊ ဒါနဲ့ ညကြီးများဆေးလိပ်ထသောက်၊ လက်ဖက်ရည်ထသောက်နဲ့ရှုပ်ကုန်ပြီ (မှန်ပါ)၊ မရှုပ်သေးဘူးလားကွ (ရှုပ်ပါတယ် ဘုရား)၊ ဘာဖြစ်လို့တုံး (မှန်အလှည့်လွဲနေလို့ပါ ဘုရား)၊ အိပ်ချင်ရင် အိပ်တာမဟုတ်ဘူး၊ ဟင် မှန်လှည့်တစ် ချက်လွဲလိုက်တာနဲ့ပဲ အိပ်လို့ကို မရဘူး (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့ ဒီမှန်လှည့်မလွဲဖို့ ဒီနေ့ညဟောရတာ (မှန်ပါ)၊ ဒီဘက်က ဖြစ်ပျက်ဒုက္ခသစ္စာရှိတဲ့ဘက် လှည့်လို့ရှိ ရင် ဒုက္ခသစ္စာသိတဲ့စိတ်ပဲ ပေါ်မယ် (မှန်ပါ)၊

စိုးရိမ်သောက၊ ဗျာပါဒတွေလာသေးလား (မလာပါ ဘုရား)။

အဲဒီတော့ မင်းတို့က ဒီမှန်ကလေး အရူးရထားတော့ကို ကိုယ်ကလည်း လူကြီးဖြစ်နေတော့ လှည့်ချင်တဲ့ဘက် လှည့်နေတာပဲ (မှန်ပါ)၊

ဘယ်သူက လာရိုက်လို့တုံးမေးလို့ရှိရင်

မောင်ကျော်သိန်းတို့များ လေးငါးရက်မအိပ်ဘူးဆိုတာ၊ ဒါအလှည့်လွဲနေတာကွ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဘာအလှည့်လွဲနေတာတုံး (မှန်အလှည့်လွဲနေတာပါ ဘုရား)၊ မှန်အလှည့်လွဲနေတဲ့အခါ ကျလို့ရှိရင်ဖြင့် အိပ်ချင်တဲ့စိတ်ကို လာသေးရဲ့လား (မလာပါ ဘုရား)၊ ကြောင့်ကြတဲ့စိတ်၊ ဒေါသဖြစ်နေတဲ့စိတ်၊ ဒါတွေ ပဲမလာဘူးလား (လာပါတယ် ဘုရား)၊ ဘယ်သူက လာရိုက်လို့တုံးလို့မေးလို့ရှိရင် သူ့ဟာသူ မှန်အလှည့်လွဲသွားတာ (လွဲသွားပါတယ် ဘုရား)၊ ကိုထွန်းတင်ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါနဲ့ပဲ နှလုံးရောဂါဖြစ်လာတာ (မှန်ပါ)၊ အိပ်မပျော်၊ စားမဝင်နဲ့ နှလုံးချည်း ဒီကအရိပ်က သူ့ချည်းသွားထိ တယ် (မှန်ပါ)၊ ဒီမှန်ချည်းသွားရိုက်တယ်၊ ကြာတော့ ဒီက ပြုစရာအာရုံက ခပ်ကြမ်းကြမ်းဆိုတော့ သူ့သွားထိတာပဲ (မှန်ပါ)၊

ထိလိုက်ရင် တစ်ခါတည်း မျက်ရည်ကိုထွက်လာတာပဲ (မှန်ပါ)၊ ထိတာကတော့ ဝမ်းထဲကိုထိတာ၊ ဘယ်လောက် ဒဏ်ချက်ပြင်းတုံးဆို ကြက်သီးမွှေးညှင်းထပြီး မျက်ရည်တွေ ထွက်လာတာပဲ (မှန်ပါ)၊ ဒီအရိပ်က ဒီမှန်ထိတာ၊ ဟဒယ ဝတ္ထု မှန်ထိတာ၊ ဝမ်းထဲကမှန်ထိတာ (မှန်ပါ)၊

ထိပေမယ့် အထိကနာလွန်းလို့ မျက်ရည်ကျလာတယ်၊ မျက်နှာတွေ နီမြန်းလာတယ်၊ နှပ်တွေဘာတွေများ ထွက်လာတယ် (မှန်ပါ)၊ တောက်တွေ ဘာတွေများ ခေါက်လာတယ်၊ ဘယ်လောက် အထိနာတယ်ဆိုတာ (နာပါတယ် ဘုရား)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ ညများ ထပြီးတောက်ခေါက်တဲ့လူဆို ဒါပဲ သူမှန်အလှည့်လွဲနေတာ (မှန်လှပါ ဘုရား)။

ရူးလိုက်တဲ့ဖြစ်ခြင်း

အမလေး ရူးလိုက်တဲ့ဖြစ်ခြင်းမှမပြောပါနဲ့တော့၊ ဟေ့ မောင်ကျော်သိန်း၊ ဘာလွဲတာတုံးကွ၊ (မှန်အလှည့်လွဲ တာပါ ဘုရား)၊ မှန်အလှည့်လွဲလို့ကွ တောက်ထခေါက်ကွာ၊ မအိပ်ကွာ (မှန်ပါ)၊ ဒီလိုမနေပေဘူးလား (မသိပါ ဘုရား)၊ အံမာ သူတော်တော်ကို အရူးထနေတာ (မှန်ပါ)၊ လင်သေသားသေတွေလေ၊ ဒါတွေလာတာပဲ (မှန်ပါ)၊

ဘာပြုလို့တုံး ဟိုဘက်ချည်း လှည့်နေတာပဲ၊ သူ့မှန်က သားသေတဲ့ဘက် လှည့်လိုက်၊ လင်သေတဲ့ဘက် လှည့်လိုက် (မှန်ပါ)၊ တော်ကြာ တွေးစိတ်ပေါ်လာပြီး ဆွေးစိတ်တွေနဲ့နေလိုက် (မှန်ပါ)၊ သူများအိပ်နေတဲ့လူတွေ စိတ်ဆိုးလိုက် (မှန်ပါ)၊ အံမာဖြစ်နေလိုက် တာ၊ သူတစ်ယောက်တည်း အရးူထနေတာ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဖြစ်ဖူးကြရဲ့လားလို့မေးရင် ဘယ့်နှယ်ဖြေကြမှာတုံး (ဖြစ်ဖူးပါတယ် ဘုရား)၊ အမလေး ဒီကနေ့ကစပြီး မင်းတို့ မှန်လှည့်မလွဲနဲ့မောင် (မှန်ပါ)၊ မှန်လှည့်မလွဲနဲ့၊ လွဲရင်တော့ဖြင့် မင်းတို့ဘယ်သူမှ မရိုက်ပဲနဲ့ မျက်ရည်ကျလိမ့်မယ် (မှန်ပါ)၊ သဘောပါပြီလား၊ (ပါပါပြီ ဘုရား)၊ ဒီမှန်ဟာ ဒါကြောင့် သူ့ကို တစ်ရက်ထားတာ (မှန်လှပါ ဘုရား)။

သူက မလှည့်ကောင်းတဲ့ဘက်ချည်းလှည့်တာပဲ၊ စိုးရိမ်စရာရှိတဲ့ဘက်၊ လှည့်လိုက်၊ ဟင် (မှန်ပါ)၊ ကြောင့်ကြစရာ ရှိတဲ့ဘက်ကို (လှည့်ပါတယ် ဘုရား)၊ ကြောက်စရာရှိတဲ့ဘက်ကို (လှည့်ပါတယ် ဘုရား)၊ အင်း လှည့်လိုက်တော့ ကြောက် စိတ်ပေါ်လာတယ် (မှန်ပါ)၊ ဒီမုန်ပဲလိုရင်းကတော့ (မှန်ပါ)၊ အရုပ်တွေရှိတဲ့ဘက် လျှောက်လှည့်ပြလိုက်စမ်းပါလားကွ၊ ဒီအထဲ အရိပ်တွေကတော့ ပေါ်ချည်းနေမှာပဲ (ပေါ်မှာပါ ဘုရား)။

ဖြစ်ပျက်ရှိတဲ့ဘက် လှည့်လိုက်ပါလား

အဲဒီတော့ မင်းတို့မှာ မှန်တစ်ချပ်ရတာက အရူးရဖြစ်နေတယ် (မှန်ပါ)၊ မလှည့်ကောင်းတဲ့ဘက်ချည် (လှည့် နေပါတယ် ဘုရား)၊ လှည့်ပါတဲ့၊ ဘုရားက မှန်ဆိုတာကတော့ လှည့်ရမှာပဲတဲ့၊ ကိုယ်ချမ်းသာတဲ့ဘက်လှည့်ပါလား၊ ကိုယ်ချမ်းသာတဲ့ဘက်လှည့်ဆိုတော့ ဖြစ်ပျက်ရှိတဲ့ဘက် လှည့်လိုက်ပါလား (မှန်ပါ)၊ ဖြစ်ပျက်ရှိတဲ့ဘက် လှည့်လိုက်တော့ ဖြစ်ပျက်သိတဲ့စိတ်ပေါ်လာမှာပေါ့ (ပေါ်လာမှာပါ ဘုရား)၊ အနိစ္စသိတဲ့စိတ်၊ ဒုက္ခသိတဲ့စိတ်၊ အနတ္တသိတဲ့စိတ်တွေ မပေါ်ပေဘူးလား (ပေါ်မှာပါ ဘုရား)။

အခုဟာကတော့ တစ်ခါတည်း မခံချင်လို့တောက်ခေါက်တဲ့ဘက် လှည့်နေလို့ရှိရင်တော့ ဘယ်အိပ်ပျော်တော့ မှာလဲကွ (မှန်ပါ)၊ ပျော်နိုင်ပါဦးမလား (မပျော်နိုင်တော့ပါ ဘုရား)၊ တချို့တုံးကြီးခေါက်တောတောင် မအိပ်သေးဘူး ပြောတဲ့လူကပါသေးတယ်မဟုတ်လား (ပါပါတယ် ဘုရား)၊ တို့မပါဘူးလား၊ ရှေးလူကြီးတွေ ပြောတာတွေလေ (ပါပါတယ် ဘုရား)၊ ဘာဖြစ်တာတုံးလို့မေးရင် ဘယ့်နှယ်ဖြေကြမှာလဲ (မှန်အလှည့်လွဲနေတာပါ ဘုရား)။

မှန်အလှည့်လွဲလို့ ဒုက္ခရောက်နေကြတာ

အဲဒါကို မင်းတို့ ဒီနေ့ည သေသေချာချာမှတ်ရမယ် (မှန်ပါ)၊ မှန်အလှည့်လွဲလို့ ဒုက္ခရောက်နေကြတာ (မှန်ပါ)၊ မှန်အလှည့်မလွဲရင် သုခရမယ် (မှန်ပါ)၊ ဟဒယဝတ္ထုမှန်ဆိုတာ ယနေ့ကောင်းကောင်း သဘောကျပြီလား (ကျပါပြီ ဘုရား)၊ အဲဒီတော့ မင်းတို့ငါပြောတာမနာကြနဲ့၊ မင်းတို့ဟာ အရူးမှန်ရသလို ဖြစ်နေတယ် (မှန်ပါ)၊ ဘယ်လိုမှတ်ကြမယ် (အရူးမှန်ရသလိုပါ ဘုရား)။

အရူးမှန်ရတော့ သူလှည့်ချင်တဲ့ဘက်လှည့်ပြီး၊ မှန်ကြည့်ပြီး သူပြုံးချင်ပြုံး၊ မဲ့ချင်မဲ့ ကြောက်ချင်ကြောက် (မှန်ပါ)၊ ဒီလိုမနေပေဘူးလား (နေပါတယ် ဘုရား)၊ အဲဒီတော့ စိတ်ကောင်းပေါ်နိုင်တယ်လို့ကော ဆိုစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဟာ ဘယ့်နှယ်ကြောင့် စိတ်ကောင်းကို မပေါ်ပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့်၊ ဒီမှန်အလှည့်လွဲတာပဲ (မှန်အလှည့် လွဲတာပါ ဘုရား)။

မှန်ဆိုတာက လှည့်တဲ့ဘက် အရိပ်ကထင်ရမှာပဲကွ (မှန်ပါ)၊ မထင်ရပေဘူးလား (ထင်ရမှာပါ ဘုရား)၊ ထင်ရ တော့ထင်လာတဲ့ အရိပ်ဟာ စိတ်ချည်းမှတ် (မှန်ပါ)၊ ထင်လာတဲ့အရိပ်ဟာ စိတ်ချည်းမှတ်ရမယ် (မှန်လှပါ ဘုရား)။

ကဲ မောင်ကျော်သိန်း၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ အဲဒီလူဘယ်တော့မှ အသက်မရှည်ဘူး၊ မှန်အလှည့်လွဲတဲ့ လူ ဘယ်တော့မှ အသက်မရှည်ဘူး (မှန်ပါ)၊ ရှည်ရင်လည်း အရူးဖြစ်ရမယ်၊ နှလုံးရောဂါနဲ့ သည်းခြေပျက်ရမယ် (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

အဲဒါ ဒီတစ်လုံးကို သေသေချာချာမှတ်လို့ရှိရင် မင်းတို့လူကောင်းဖြစ်မှာပဲ (မှန်ပါ)၊ မှန်အလှည့်မလွဲဖို့ရာ သိပ်အရေးကြီးနေတယ် (မှန်လှပါ ဘုရား)။

ဒါဟာ တို့သန္တာန်ရှိတဲ့မှန်ဟာ ဥပမာ ရန်ကုန်မှာရှိတဲ့သားကလေးကို မြင်လာတယ်ဆိုတာ၊ ဒီဝမ်းထဲကမြင် လာတာကွ၊ ဘယ်လောက်ကြည်တဲ့မှန်လဲဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဒါက တို့သာမညလူတောင်မှ ရန်ကုန် ကဟာ အင်္ဂလန်ကဟာ ဆွဲနိုင်သေးတာကိုး (မှန်ပါ)၊

ဘုရား၏ ဟဒယဝတ္ထုအကြည့်မှန်

ဘုရား၏ ဟဒယဝတ္ထုအကြည့်မှန်ဆိုတဲ့ ဥစ္စာက သူ့လှည့်လိုက်လို့ရှိ ရင် ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်ဆို ဒီအထဲလာထင်တယ် (မှန်ပါ)၊ ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ် ဒီအထဲလာထင်တယ် (ထင်ပါတယ် ဘုရား)။

ကဲ သူ့မှန်က သာတာပေါ့ (မှန်ပါ)၊ မြောက်ကျွန်း ကျွတ်ထိုက်တယ်ဆို မြောက်ကျွန်းကလူလာတယ်ထင်တာပဲ (မှန်ပါ)၊ သူ့မှန်က အလှည့်ဟောင်းကိုး၊ ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်ဘက်လှည့်လိုက်တာ (မှန်ပါ)၊ အဲဒီ ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်က ဒီလာထင်တော့ ကပျာကယာ ဘုရားသွားဟောတာပဲ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ဘုရားလည်းမှန်ရှိတာပဲ၊ မင်းတို့လည်းမှန်ရှိတာပဲတဲ့၊ ဟဒယဝတ္ထုအကြည့်မှန်ကတော့ လူတိုင်းမှာ ရှိတာပဲ (မှန်ပါ)၊ သူ့မှာတော့ ဘုန်းတော်ကံတော် ပြုထားတဲ့ ပါရမီတွေက ကြီးကျယ်တော့ မှန်ကအဆွဲသန်တာပေါ့ကွာ (မှန်ပါ)၊ ဟိုလေယာဉ်ပျံပေါ်ကနေ၊ ငါးမိုင်-ခြောက်မိုင်က ရိုက်တဲ့လင်း(စ်) (မှန်ဘီလူး)၊ လိုပေါ့ (မှန်ပါ)၊ အဲဒီအတိုင်းပဲ အဆွဲသန်တာကို (မှန်ပါ)၊

ဘုရားမှန်ကတော့ အဆွဲသန်တယ် (မှန်ပါ)၊ မောင်ကျော်သိန်း ပေါ်ပြီလားကွ (ပေါ်ပါပြီ ဘုရား)၊ မင်းနောက်အလှည့်မလွဲနဲ့နော် (မှန်ပါ)၊ အလှည့်လွဲလို့ရှိရင် မိုးကြိုးပစ်တာထက် နာသေးတယ် (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အို စိုးရိမ်စရာဘက်များလှည့်လိုက်ပြီဆိုမှဖြင့် စက္ကူတွေကတစ်ပုံကြီး ဘက်များလှည့်လိုက်ပြီဆို၊ အို ဘယ့်နှယ် လုပ်ရပါ့မတုံး၊ စစ်ဖြစ်လျှင် ဒါတွေ ဘယ့်နှယ်လုပ်သယ်ရပါ့မတုံးဆိုပြီး သွားလှည့်တော့၊ ဘယ့်နှယ်လုပ် သယ်ရပါ့မတုံးဆိုတဲ့ စိတ်က ပေါ်လာတာပေါ့ (မှန်ပါ)၊ မပေါ်လာပေဘူးလား (ပေါ်လာပါတယ် ဘုရား)၊

ဗုံးများကျရင် ခက်ချည်ရဲ့

ဥပမာ မောင်အောင်မြတ်ဖြင့်လဲ ဒီစက်ကြီးဘယ့်နှယ်လုပ် သိမ်းရပါ့မတုံး၊ ဗုံးများကျရင် ခက်ချည်ရဲ့ ဟိုကမကျသေးဘူး၊ ကိုယ့်အလှည့်လွဲတာနဲ့ ကိုယ့်မှာ ဒုက္ခရောက်နေပြီ (မှန်ပါ)၊ ဒုက္ခကစောနေတယ် (စောပါတယ် ဘုရား)။

အဲဒီတော့ လှည့်ကောင်းသလား မလှည့်ကောင်းဘူးလား (မလှည့်ကောင်းပါ ဘုရား)၊ မလှည့်ကောင်းပါဘူးတဲ့၊ လှည့်ချင်လို့ရှိရင်လှည့်ပါတဲ့၊ ကိုယ့်ခန္ဓာကိုယ်ကို မှန်မှန်ကြည့်မယ်ဆိုပြီး ဒီမှန်နဲ့ထောင်ကြည့်လိုက်လို့ရှိရင် ဒီဖြစ်ပျက်သိတဲ့ စိတ်ကလေးပေါ်တယ် (ပေါ်ပါတယ် ဘုရား)၊ ဖြစ်ပျက်သိတဲ့ စိတ်ဆုံးသွားရင် နိဗ္ဗာန်ပေါ်လာမယ် (မှန်ပါ)၊ အလှည့် ကောင်းပြန်တော့လည်း ချမ်းသာရမယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အလှည့်မကောင်းလို့ရှိရင်ဖြင့် ငိုဖို့ရယ်၊ ရယ်ဖို့ရယ်၊ အိပ်မပျော်ဖို့ရယ်၊ နှလုံးရောဂါဖြစ်ဖို့ရယ်၊ သည်းခြေ ရောဂါဖြစ်ဖို့ရယ်၊ ဆိုတဲ့ဘက်ချည်းသွားမှာပဲ (မှန်ပါ)၊

ဒါကြောင့် အလုပ်သမားကြီးတွေ အခုအခါမှာ နှလုံးရောဂါဖြစ် တယ်ဆိုတာ မှန်အလှည့်လွဲလို့ဖြစ်တာ (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ အလုပ်သမားကြီးတွေ အခုနေအခါမှာ နှလုံးရောဂါတွေဖြစ်နေတယ်ဆိုတာ ခင်ဗျားတို့အားလုံး သိကြမှာပေါ့ (မှန်ပါ)၊ ဘာဖြစ်လို့တုံး (မှန်အလှည့်လွဲလို့ပါ ဘုရား)၊

လှည့်မှမလှည့်တတ်ပဲကိုး

မှန်အလှည့်လွဲနေတာ၊ လှည့်မှမလှည့်တတ်ပဲကိုး၊ စိုးရိမ်ရမယ့်ဘက် သွားလှည့်တယ် (မှန်ပါ)၊ ကြောင့်ကြရမယ့် ဘက်ကို (သွားလှည့်ပါတယ် ဘုရား)၊ သွားလှည့်တော့ ကြောင့်ကြတဲ့စိတ်တွေ ပေါ်လာတာပေါ့ (မှန်ပါ)၊ မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

ဥပမာ ဒီသစ်ပင်ကြီး သရဲရှိတယ်လို့ မှန်ကလှည့်လိုက်လို့ရှိရင် ဒီသရဲသိတဲ့စိတ်ပေါ်လာတယ် (မှန်ပါ)၊ ကြောက်စိတ်ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ အဲဒါ အရူးမဟုတ်ဘူး လားကွ (ရူးပါတယ် ဘုရား)၊ မလှည့်ကောင်းတဲ့ဘက်ကို (လှည့်ပါတယ် ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် အားလုံးသတ္တဝါတွေမှာ ဒီတစ်လုံးနှိပ်စက်နေတာ (မှန်ပါ)၊ သူမှန်အလှည့်လွဲလို့ ပေါ်တဲ့စိတ်ကနှိပ်စက် တာ (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)၊

မှန်အလှည့်လွဲတာနဲ့ (ပေါ်တဲ့စိတ်က နှိပ်စက်တာပါဘုရားဝ၊ ကွဲကွာ ဒီပြင်လူမကြည့်ပါနဲ့၊ မင်းတို့ အိမ်ထောင်သည်တွေပဲ ကြည့်ပါတော့ (မှန်ပါ)၊ မှန်ကအိမ်ထောင်သည်လေး တစ်ယောက် ရှာဦးမှ တော်မယ်ဆို၊ အဲဒီဘက် လှည့်လိုက်တာ ကိုယ့်ဟာကိုယ် (မှန်ပါ)၊

အိမ်ထောင်သည်၏တာဝန်

ကဲ နောက်တစ်လ-နှစ်လနေတော့ အိမ်ထောင် သည်တစ်ယောက်ရတော့ အိမ်ထောင်သည်၏တာဝန် အလုံးစုံအကုန် ဆွေးစရာ၊ ပူစရာ၊ ပြင်စရာ၊ ဆင်စရာတွေဟာ အကုန်ရတာပဲ (ရပါတယ် ဘုရား)၊ တစ်ချက်တည်း မှန်အလှည့်လွဲလိုက်တာ၊ အခုထက်ထိ နလန်မထူဘူးထဲက ဖြစ်လာ တာပဲ (မှန်ပါ)၊

တစ်ချက်တည်းက အလှည့်လွဲလိုက်တာ၊ ဘယ့်နှယ်တုန်းဟ ပေါ်ပြီလား၊ နင်တို့မိန်းမတွေကော (ပေါ်ပါ ပြီ ဘုရား)၊ ဘာဖြစ်သွားတုံးဟ (မှန်အလှည့်လွဲသွားတာပါ ဘုရား)၊ တစ်ချက်လွဲသွားတာနဲ့ကို ပြင်လို့ရသေးရဲ့လား (မရပါ ဘုရား)၊ အမလေး ခံလိုက်ရတဲ့ဖြစ်ခြင်း၊ သေတောင်မှအပါယ် ရောက်ရဦးမလို (မှန်ပါ)၊ တစ်ချက်တည်း အလှည့် လွဲလိုက်တာ မောင်ချစ်စိန် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အခုကြည့်စမ်း စားဖို့ရှာရ၊ ဝတ်ဖို့ရှာရာ၊ မလောက်နိုင်ဘူး ဟ-ဘယ်တုန်းက လှည့်ထားတဲ့မှန်တုံးဆိုတော့ အရင်တုန်းက လူပျိုတုန်းက လှည့်ထားတဲ့မှန်၊ အပျိုတုန်းက လှည့်ထားတဲ့မှန် (မှန်ပါ)၊

အခုတော့ ဘယ့်နှယ်နေကြတုံး မေးရင် မပြောပါနဲ့တော့ဘုရားဆိုပြီး ဒီတွင်ဇာတ်သိမ်းတော့တာပဲ (မှန်ပါ)၊ ဘယ်တော့မှ တပည့်တော်တို့ စိတ်လက် ချမ်းသာ အေးအေးဆေးဆေးနဲ့ ကိုယ်ရေးကိုယ်ပိုင်နဲ့တော့ မနေနိုင်တော့ပါဘူး၊ တစ်ချက်တည်း လှည့်လာလိုက်တာ ဟင် (မှန်ပါ)၊

တစ်ချက်တည်းလှည့်ပြီး အလွဲအချော်ကြီးတစ်ခါတည်း စိတ်ကူးပေါ်ပြီး သကာလ အလွဲအချော်ကြီးနဲ့ တည်ထောင် လိုက်တော့ အခုတော့ဖြင့် သားပူရော၊ မယားပူရော၊ ဆွေပူရော၊ မျိုးပူရော၊ မင်းပူရော၊ စိုးပူရော၊ အကုန် ကပ်တော့တာပဲ (ကပ်ပါတယ် ဘုရား)။

အရင် တစ်ချက်လွဲထားလို့

ဒါတွေဟာ သူတို့ကဘာပြုလို့ အုံလာတာတုံး မေးတော့၊ အို အရင် တစ်ချက်လွဲထားလို့ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊

ကိုထွန်းအောင်ကြီးတို့များ လွဲထားလိုက်တဲ့ဖြစ်ခြင်း ဟင် (လွဲပါတယ် ဘုရား)၊ အခုနလန်ထူနိုင်သေး ရဲ့လား (မထူနိုင်ပါ ဘုရား)၊

မောင်ကျော်သိန်းကောကွာ နလန်ထူနိုင်သေးရဲ့လား ပြင်လို့ ရသေးရဲ့လား (မရတော့ပါ ဘုရား)၊ မရတော့ဘူးတဲ့ အဲဒီအထဲကနေ အခုတရားကို ဇွတ်လုပ်ခိုင်းတာက ဒီမှန်တည့်ပေးတာ ဘုန်းကြီးက (မှန်ပါ)၊

တရားကို ဇွတ်လုပ်ကြဆိုတာက မင်းတို့လွဲတာကြီးကိုကွာ အခု ဒီမှန်ကိုပြန်ပြီးတည့်ပါဦး၊ အဲဒီဒဏ်ချက်ကတော့ ပိနေ ပြီ၊ အဲဒါတွေ အကုန်ပြန်မကြည့်နဲ့ဟေ့၊ မှန်ကိုဖြစ်ပျက်ဘက်သာလှည့်၊ မင်းတို့ဟဒယဝတ္ထုအကြည့်မှန်ကို ဖြစ်ပျက်ဘက် သာလှည့်နေကြရင် နိဗ္ဗာန်ပေါ်လာလိမ့်မယ်၊ အဲဒီကျမှ မင်းတို့အေးတော့မယ်ဆိုတဲ့ဥစ္စာ၊ နဂိုအလှည့်အလွဲကြီးကို ပြင်နေတာကွ (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါကိုအပြင်မခံတဲ့လူကရှိသေးတယ်၊ ကဲ ပေါက်တဲ့ဥစ္စာမထူးတော့ပါဘူး၊ ဖြစ်သရွေ့အကြောင်း အကောင်းချည်း ပဲဆိုပြီးတော့ တရားနဲ့ပြင်မယ့်လူ မလာပဲနဲ့ အရူးစိတ်ပေါ်ပြီးနေတဲ့ ပုဂ္ဂိုလ်တွေကလည်း မောင်ကျော်သိန်း အများကြီး ရှိသေးတယ် (ရှိပါတယ် ဘုရား)၊

ဆရာဘုန်းကြီးက ဘာလုပ်ပေးတာတုံး

ဆရာဘုန်းကြီးက ဘာလုပ်ပေးတာတုံးဆိုတော့ မောင်ချစ်စိန်က ရိပ်မိပြီလား (ရိပ်မိ ပါပြီ ဘုရား)၊ ဘာတုံး (မှန်အလှည့် တည့်ပေးထားတာပါ ဘုရား)၊ မှန်အရင်လွဲထားတာတွေကို ပြင်ပေးနေတာ (မှန်လှပါ ဘုရား)။

ဒါတွေကို အပြင်မခံတဲ့လူတွေကလည်း တစ်ပုံကြီးရှိသေးတယ် (ရှိပါတယ် ဘုရား)၊ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိပါစေတော့၊ ဘယ်-ကိုယ့်အကြောင်းဟုတ်ရမှာတုံး၊ ကိုယ်အမှန်အကြည့်လွဲထားလို့ ဖြစ်ထားတဲ့ဥစ္စာကို၊ ကိုယ့်အကြောင်းနဲ့ ကိုယ်လုပ်နေတယ် (မှန်ပါ)၊ ဒါအတိတ်အကြောင်းလားကွာ (မဟုတ်ပါ ဘုရား)၊

အခုပစ္စုပ္ပန်ကျမှလွဲတာကွ (မှန်ပါ)၊ ဟေ့ မောင်ကျော်သိန်း ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ပစ္စုပ္ပန်ကျမှလွဲတာကွ (မှန်ပါ)၊ အတိတ်က မင်းတို့ သူနဲ့သူအိမ် ထောင်ကျဖို့ ပါကိုမပါဘူး၊ မင်းတို့ဟာမင်းတို့ စိတ်ကူးနေကြတာ (မှန်ပါ)၊

မင်တို့မှန်အလွဲနဲ့ မင်းတို့ကျတာ၊ မင်းတို့ မှန်နဲ့မင်းတို့ထည့်ပြီးတော့ဖြစ်ရတဲ့ အိမ်ထောင်တွေ (မှန်ပါ)၊ မဟုတ်ဘူးလား၊ (ဟုတ်ပါတယ် ဘုရား)၊ မင်းတို့ဟာနဲ့မင်း တို့လှည့်ပြီး ဖြစ်ရတဲ့ သားသမီးတွေကွ၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် အဘိုးကြီးတွေ အဘွားကြီးတွေမှာ ဒီစိတ်နဲ့သေသွားတာပဲ၊ မှန်အလှည့်လွဲပြီးသေသွားတာပဲ (မှန်ပါ)၊ ဟင် မောင်ကျော်သိန်း ဘယ့်နှယ်ဆိုမှာတုံး (မှန်အလှည့်လွဲပြီးသေပါတယ် ဘုရား)၊

အတိတ်ကံ နဲ့ ဘာမှမဆိုင်ဘူး

မှန်အလှည့်လွဲပြီး သကာလ ဘယ့်နှယ် လုပ်စိတ်ချမှာတုံးဆိုပြီး သေသွားတာပဲ (မှန်ပါ)၊ ဪ ဒီအဘွားကြီး သေခြင်းဆိုး သေသွားလေရဲ့ဆိုတော့ အတိတ်ကံ မကောင်းလို့လား၊ သူမှန်အလှည့်လွဲလို့လားဆိုတာ မင်းတို့ ဒီနေ့ ဆုံးဖြတ်ချက်ချ (မှန်အလှည့်လွဲလို့ပါ ဘုရား)၊ အတိတ်ကံ နဲ့ ဘာမှမဆိုင်ဘူးနော် (မဆိုင်ပါ ဘုရား)၊ ဆိုင်ကြရဲ့လား (မဆိုင်ပါ ဘုရား)။

အဲဒါ မင်းတို့က ဆရာကောင်း သမားကောင်းမတွေ့တော့ မင်းတို့ မယူတတ်ဘူး(မှန်ပါ)၊ မယူတတ်တော့ ကံပေါ်သွားအပြစ်တင်လိုက်တယ် (မှန်ပါ)၊ ဘာဆိုင်တုံးကွ၊ ကံနဲ့ (မဆိုင်ပါ ဘုရား)၊ မလှည့်နဲ့ ပူစရာဘက်ကိုမလှည့်နဲ့၊ ဆွေးစရာဘက်ကို မလှည့်နဲ့ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊

အိုတော့ ဘယ့်နှယ်လုပ်မှာတုံးဆို၊ အိုတဲ့ဘက်များ လှည့်သွားလိုက်သေးတယ်၊ မှန်က ဟင် (လှည့်ပါတယ် ဘုရား)၊ အိုတော့ ပင်စင်ကလေးက နည်းနည်းနဲ့ သားသမီးတွေက လူလားမြောက်မှာနဲ့ ခက်ပါသေးရဲ့လို့၊ အံမလေးအဲဒီဘက်များ လှည့်သွားလိုက်သေးတယ်၊ ရှည်လိုက်တဲ့ဖြစ်ခြင်း (မှန်လှပါ ဘုရား)။

ဒါကြောင့် မှန်ကို လှည့်တတ်ဖို့ဟာကလည်း အတော်အရေးကြီးတယ်ကွ (အရေးကြီးပါတယ် ဘုရား)၊ သဘောပါ ပြီလား (ပါပါပြီ ဘုရား)၊ မင်းတို့ မှန်ကလည်းခက်လိုက်တဲ့ဖြစ်ခြင်းတော့ကွာ၊ အိပ်ယာထဲပက်လက်အိပ်နေတာပဲ မဟုတ် လား၊ အိမ်ကဟာတွေ တစ်ပြုံကြီး လာထင်လာသေးတယ် မှောင်ကြီးထဲမှာ (မှန်ပါ)၊

မှောင်ကြီးထဲမှာ အတော်ဆွဲတဲ့မှန်ပါ လားကွ၊ (ဆွဲပါတယ် ဘုရား)၊ သူများမှန်ဆိုရင် မီးကလေးပေးရသေးတယ် (မှန်ပါ)၊ ဟင် မှောင်ထဲ ရိုက်ချင်လို့ရှိရင် မီးလေးကူးရသေးတယ် မဟုတ်လား (မှန်ပါ)၊ မင်းတို့မှန်က မီးမကူရဘူး (မကူရပါ ဘုရား)၊ တစ်ခါတည်းလာထင်တာပဲ (မှန်ပါ)၊ မဆိုးဘူးလား ကဲ (ဆိုးပါတယ် ဘုရား)။

မှန်အလှည့်လွဲလို့ဖြစ်ရတာကများတယ်

ဒါဖြင့် ယနေ့ကစပြီး မင်းတို့မှတ်စရာက၊ ဪ ကံမကောင်းအကြောင်းမသင့်လို့ ဖြစ်ရတဲ့အလုပ်ကနည်းသား ပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား) မှန်အလှည့်လွဲလို့ဖြစ်ရတာက (များပါတယ် ဘုရား)၊ များတယ်။

ဒါ-လူတိုင်းနဲ့ဆက်သွယ်တဲ့တရားကွ (မှန်ပါ)၊ ဟင်-အကုန်ဒီအတိုင်းဖြစ်နေတာ (မှန်ပါ)၊ ကလေးလေးတွေက ဥပမာ အချိန်အရွယ် ရောက်လို့ ဝတ်ချင်စားချင်တယ်ဆို၊ ဝတ်ချင်စားချင်တဲ့ဘက်လှည့်ပစ်လိုက်တာကွ (လှည့်ပါတယ် ဘုရား)၊ အဲဒီတော့ သူများလိုချမ်းသာတဲ့သားသမီးမဟုတ်တော့ မဝတ်ရတော့ ငိုစိတ်ပေါ်လာတယ်၊ ဒီမှန်အလှည့်လွဲ သွားတာ (မှန်ပါ)၊ ငိုချင်တဲ့စိတ်၊ ဒီအိမ်ကလေးက ပြေးချင်တဲ့စိတ်တွေမလာဘူးလား (လာပါတယ် ဘုရား)၊ ဘာပြုလို့ လာတာတုံး (မှန်အလှည့်လွဲသွားလို့ပါ ဘုရား)။

ဒီနေ့ တစ်ညလုံးတော့ မင်းတို့ မှန်အလှည့်လွဲနဲ့သွားတော့မှာပဲ (မှန်ပါ)၊ မင်းတို့ မှန်ကလည်းလွန်လွန်းတယ်ကွ (လွန်ပါတယ် ဘုရား)၊ မှန်ကလည်း မင်းတို့ ဟာက ဒီဘက်မလှည့်ရရင်၊ ဟိုဘက်လှည့်မှာပဲ (မှန်ပါ)၊ သားဘက်မလှည့် ရရင် သမီးဘက်လှည့်မယ်၊ သမီးဘက်မလှည့်ရလို့ရှိရင် လခ ဘယ်တော့တိုးပါ့မတုံး ဘက်လှည့်ချင်လှည့်မယ် (မှန်ပါ)၊ မလှည့်ပေဘူးလား (လှည့်မှာပါ ဘုရား)။

တော်ကြာကျလို့ရှိရင်ဖြင့် မင်းတို့သည်ကားလို့ဆိုလို့ရှိရင် ကုန်စရာ ရှိတဲ့ဘက်ချည်း လှည့်တွေးနေတာ (မှန်ပါ)၊ ကုန်စရာရှိတဲ့ဘက်ကို (လှည့်ပါတယ် ဘုရား)၊ ဒါဖြင့် အရူးမှန်ရဆိုတဲ့ဥစ္စာ၊ မောင်ကျော်သိန်း ဟုတ်ပြီလားကွ (ဟုတ်ပါပြီ ဘုရား)။

ချမ်းသာတဲ့ ဘက်လှည့်ပါ

ဒါဖြင့် မင်းတို့ ဒီနေ့တော့ တော်တော်အဖိုးတန်သွားပြီတဲ့ (မှန်ပါ)၊ ဘုရားက လှည့်ရပါတယ်တဲ့၊ ချမ်းသာတဲ့ ဘက်လှည့်ပါ၊ ကိုယ့်ချမ်းသာပေးမယ့်ဘက်လှည့်ပါ၊ ဟုတ်ဘူးလား (မှန်ပါ)၊

ချမ်းသာပေးမယ့်ဘက် လှည့်လိုက်တော့ အနောက်နိုင်ငံသားတွေ ကျတော့ ကြည့်ပါလားကွ၊ ဥပမာ စိတ်ရှုပ်တယ်ဆို မြက်စိမ်း သွားကြည့်တယ်၊ ချမ်းသာတဲ့ဘက် သွားလှည့်တာ (မှန်ပါ)၊

စိမ်းစိမ်းကလေးတွေ မြင်ရတဲ့အခါကျလို့ရှိရင် မျက်စိလည်းသက်သာတယ်၊ အေးတယ်၊ ဒီပြင် ဘာမှကိစ္စမရှိဘူး ဆိုပြီး သူတို့က ဒီလိုပြောင်းတာပဲ (မှန်ပါ)၊ ပြောင်းစရာက မတတ်လို့ (မှန်ပါ)၊ တို့ကတော့ ပြောင်းစရာ ကတတ်တယ် (မှန်ပါ)၊ ဟေ့ ခန္ဓာကိုယ်ကို ဖြစ်ပျက်ဘက်ကိုလှည့်လိုက် (မှန်ပါ)၊ ဖြစ်ပျက်ဆုံးရင် နိဗ္ဗာန်တွေ့လိမ့်မယ်၊ နိဗ္ဗာန်တွေ့မှအေးမယ် (မှန်လှပါ ဘုရား)။

သူတို့ကတော့ ဒီလိုကနားမလည်တော့၊ ခုနက ဥတုရာသီကောင်းတဲ့ဘက်၊ မြက်ခင်းတွေဘက်၊ ဒီသွားလှည့်တယ် (မှန်ပါ)၊ ဒါလည်းသူ့ဟာနဲ့သူတော့ မျက်ရည်ကျလွတ်သေးတာပဲကွ (လွတ်ပါတယ် ဘုရား)၊ မလွတ်ဘူးလား (လွတ်ပါတယ် ဘုရား)၊ အကောင်းဆုံးသာမရတာ (မှန်ပါ)၊ ကဲ သူတို့က ပြောင်းတတ်သေးတယ်၊ မင်းတို့က မပြောင်းတတ်ဘူး (မှန်လှပါ ဘုရား)။

မင်းတို့က ဟိုသွားလည်ရအောင်ဗျာ၊ စိတ်ပြေလက်ပျောက်ဆိုလို့ရှိရင် အို ကျုပ်ဟာနဲ့ကျုပ်ကို မဝေဖန်နိုင်သေး ဘူး၊ လှည့်ပါရစေဦး (မှန်ပါ)၊ မင်းတို့က ပိုမိုက်နေတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါဘယ် ဘုရား)၊ ပိုပြီးဆွေးချင် တယ် (မှန်ပါ)၊ ပိုပြီးတွေးချင်တယ် (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဒီမှန်တစ်ချပ်ဟာ လူတိုင်းမှာရှိတယ်

ဒါဖြင့် ဒီမှန်တစ်ချပ်ဟာ လူတိုင်းမှာရှိတယ်၊ လူတစ်ယောက်မှာ တစ်ချပ်စီတော့ရှိတယ် (မှန်ပါ)၊ ဝမ်းထဲမှာ ဟဒယဝတ္ထုအကြည်မှန်ဆိုတာ တစ်ချပ်စီရှိတယ်၊ ဘယ်သူမှမရှိဘူးဆိုတာ မရှိဘူး (မှန်ပါ)၊ လူတိုင်းမှာရှိတယ်၊ ကလေး ငိုတယ်ဆိုလို့ရှိရင် သူမှန်ကြည့်လွဲလို့ငိုတာပဲ (မှန်ပါ)၊ ကြောက်စရာဘက်သွားကြည့်လို့ (မှန်ပါ)၊

ဥပမာ မှန်ထဲမှာထိုအရိပ် ထင်နေတာ၊ သူက ဒီအရိပ်ကို သူ့သတ်မယ့်လူလို့ ထင်လို့ရှိရင် ဒါငိုတော့တာပဲ (မှန်ပါ)၊ သူ့ရိုက်မယ်လို့ထင်လို့ရှိရင်ကော (ငိုပါတယ် ဘုရား)၊ ဒါမှန်အကြည့်လွဲနေတာ (မှန်ပါ)၊ သူ့အရိပ်ကိုသူ တစ်ခြားရန်သူထင်နေတာ (မှန်လှပါ ဘုရား)။

မင်းတို့လည်း မင်းတို့မှန်ထဲလာထင်နေတဲ့ မင်းတို့အရိပ်ကြောင့် မင်းတို့ကို အရိပ်နှိပ်စက်နေတာ (မှန်ပါ)၊ တုတ်နဲ့ရိုက်တာထက်နာသေးတယ်၊ အရိပ်နှိပ်စက်တာက (မှန်ပါ)၊ မနာဘူးလား (နာပါတယ် ဘုရား)၊ တုတ်နဲ့ရိုက်သွား တာက တစ်နေ့ဆိုပြီးတာပဲ၊ ဟိုလင်သေ-သားသေတွေက သုံးနှစ် သုံးမိုးမပြီးဘူး (မှန်ပါ)၊ ပြီးရဲ့လား (မပြီးပါ ဘုရား)၊

အရိပ်နှိပ်စက်နေတာ

ဘာဖြစ်လို့တုံး၊ အရိပ်နှိပ်စက်နေတာ (မှန်ပါ)၊ ဒီယောက်ျားရိပ်က ခြေရာလက်ရာလေး မြင်ပြန်ပြီ၊ မျက်ရည်လေးသုတ်ခါ သုတ်ခါနဲ့ (မှန်ပါ)၊ ဂုဏ်ရှိတယ်များမှတ်နေတယ်၊ မလာဘူးလား (လာပါတယ် ဘုရား)။

သူ့ဟာက အဲဒီဘက်ချည်းသွားတယ် (မှန်ပါ)၊ လင်သေဘက်လည်း သွားလိုက်၊ သားသေဘက်လည်းသွားလိုက်၊ မြေးသေဘက်လည်းသွားလိုက် (သွားပါတယ် ဘုရား)၊ အဲဒီဘက်ချည်းလှည့်လို့ရှိရင် ဒီတစ်ခါတည်း ပထမတွေးတဲ့ စိတ်ပေါ်တယ်၊ နောက်ဆွေးစိတ်ပေါ်လာတယ် (မှန်ပါ)၊ မပေါ်ပါနဲ့ဆိုလို့ ရသေးရဲ့လား (မရပါ ဘုရား)။

ဒါဖြင့် ဒီအဘိုးကြီးနဲ့ အဘွားကြီးဟာ ဘာဖြစ်နေတာတုံး၊ ဪ သူ့မှာ သေချာစဉ်းစားတော့ ကံမကောင်း အကြောင်းမသင့်လို့ ငိုရရှာတာ မဟုတ်ပါဘူး၊ မှန်အလှည့်လွဲတာ သက်သက်ချည်း (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒုက္ခသစ္စာဘက်ကို လှည့်ပါ

ဒါဖြင့် ဒီမှန်အလှည့်ကို မင်းတို့သည် ယနေ့ကစပြီး ဒုက္ခသစ္စာဘက်ကို လှည့်ပါ (မှန်ပါ)၊ ဖြစ်ပျက် ဒုက္ခသစ္စာ ဘက်ကို လှည့်ပါ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)၊ အဲဒီလှည့်လိုက်လို့ရှိရင်ဖြင့်တဲ့၊ ဒီဥစ္စာ ဒုက္ခသစ္စာသိတဲ့မဂ္ဂင် ပေါ်လာလိမ့်မယ်၊ ဒီစိတ်ဟာ (မှန်ပါ)၊ မဂ္ဂင်ပေါ်လာလို့ရှိရင် သူကိလေသာရန်သူတွေ၊ ခုနက သောက၊ ပရိဒေဝ၊ ဒုက္ခ-ဒေါမနဿ၊ လိုချင်တာ ရချင်တာ အကုန်သိမ်းမှာပဲ (မှန်ပါ)၊ အကုန်သိမ်းသွားရင် မင်းတို့ချမ်းသာမှာပဲ (မှန်လှ ပါ ဘုရား)။ ဒါဖြင့် မင်းတို့မှာ ဒီနေ့မှတ်မိပြီလား (မှတ်မိပါပြီ ဘုရား)၊ မှန်အလှည့်မလွဲစေနဲ့ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ… နာရီစေ့ပြီကွ၊ တော်ပြီ။

သာဓု… သာဓု… သာဓု။