”ကာယဝိညာဏ်ကို ဝိပဿနာရှုရမည်”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားဆုံးမတော်မူအပ်သော
”ကာယဝိညာဏ်ကို ဝိပဿနာရှုရမည်”
ည-အလုပ်ပေး တရားတော်
ကာယဝိညာဏ်စိတ်ဖြစ်ခြင်း၏ အကြောင်း
ကနေ့ ကာယကိုပြောရမယ်၊ ကာယဝိညာဏ်စိတ်ဖြစ်ခြင်း၏ အကြောင်းကို ဟောမယ်။
လူသေကျတော့ ကာယပသာဒဆိုတဲ့ ထက်တဲ့ရုပ်ကလေးမရှိဘူး၊ ဥတုဇရုပ်ကလေးသာ ကျန်နေရစ်တယ်၊ ကံကြောင့်ဖြစ်တဲ့ ရုပ်ကမကျန်ရစ်ဘူး။
လူရှင်ကျတော့ ကံကြောင့်ဖြစ်တဲ့ ပသာဒရုပ်ကလေးထိရင်သိတဲ့၊ နာမှန်း ကျင်မှန်းပေါ်လာနိုင်တဲ့ ရုပ်ကလေး ရှိတယ်၊ ကာယပသားဒလည်းရှိရတယ်၊ ဒီက ဖောဋ္ဌဗ္ဗာရုံလည်း ရှိရတယ်။
ဖောဋ္ဌဗ္ဗာရုံပေမယ့်လည်း ဖောဋ္ဌဗ္ဗာရုံဆိုတာကတော့ ပထဝီဓာတ်တို့ပေါ့ကွာ၊ တေဇောတို့၊ ဝါယောတို့၊ ပထဝီ၊ ဝါယော၊ တေဇောလည်းရှိတယ် (မှန်လှပါ ဘုရား)။
အဲဒီ ပထဝီ၊ ဝါယော၊ တေဇောကလည်း ကြမ်းတမ်းတဲ့သဘောလည်းရှိရတယ်၊ နှလုံးသွင်းလဲ ရှိရဦးမယ်၊ ဒါမှသာလျှင်တဲ့ ဒီအလယ်မှာ ကိုယ်စိတ်ကလေး ဒုက္ခစိတ် သုခစိတ်ပေါ်တယ်။
ဒီက ပထဝီ၊ ဝါယော၊ တေဇောဆိုတဲ့ ဓာတ်သုံးပါးလည်းရှိရမယ်၊ ဒီက ကံကြောင့်ဖြစ်တဲ့ ကိုယ်ရုပ်ကလေးက လည်းရှိရမယ်၊ ဒီက ကြမ်းတမ်းတဲ့သဘောကလေးကလည်း ဒီအထဲပါဦးမှ၊ နှလုံးသွင်းကလည်းရှိဦးမှ၊ နှလုံးမသွင်းရင် လည်း ဘာထိလို့ ဘာတိုက်မှန်းကို မသိဘူး။
အင်္ဂါလေးပါးစုံမှ
အဲဒီအင်္ဂါလေးပါးစုံမှ ကိုယ်ပေါ်မှာ ဒုက္ခစိတ်-သုခစိတ် ပေါ်တယ်လို့ မှတ်ရမယ် (မှန်ပါ)၊ ကိုယ်ပေါ်မှာထားတဲ့ စိတ်၊ ယံတဲ့စိတ် (ဒုက္ခစိတ်)၊ နာတဲ့စိတ်တွေ (ဒုက္ခစိတ်)၊ ကိုယ်ပေါ်မှာ ကောင်းတဲ့စိတ်ကလေး တစ်ခါတလေ လေပြေ လေညှင်းလာလို့ အိုက်တဲ့အခါမှာ ကောင်းတဲ့စိတ်ကလေးလည်း မပေါ်ကြဘူးလား (ပေါ်ပါတယ် ဘုရား)၊ အဲဒါသုခစိတ် (မှန်ပါ)၊ နာကျင် ကိုက်ခဲတာဘာဆိုကြမယ် (ဒုက္ခစိတ်ပါ ဘုရား)၊ ကောင်းတဲ့ စိတ်ကလေးပေါ်ရင် (သုခစိတ်ပါ ဘုရား)။
အဲဒါ ဘယ်နှစ်ကြောင်းကြောင့် ပေါ်တာတုံး (အကြောင်းလေးကြောင်းပါ ဘုရား)၊ လေးကြောင်းရှိတယ်လို့ မှတ်ထားရမယ်တဲ့၊ လေးကြောင်းကြောင့်ပေါ်တယ် (မှန်လှပါ ဘုရား)။
အဲဒီတော့ကို ဒီကပထဝီ၊ တေဇော၊ ဝါယော၊ ပထဝီဆိုတာမြေဓာတ်၊ တေဇောကမီးဓာတ်၊ ဝါယောကလေဓာတ်၊ ဒါတစ်ခုတစ်ခု၊ ဒီအထဲလည်းပါတာပဲ (မှန်ပါ)၊ မာတာဟူသရွေ့ထဲ သူတို့ပါတာချည်းပဲမှတ်၊ မာပေမယ့်လည်း ကြမ်းတမ်း တဲ့အမာမျိုးမှ၊ ဝါဂွမ်းလိုအမာထိသွားတော့မသိပြန်ဘူး (မှန်ပါ)၊ ဒါဖြင့် ကြမ်းတမ်းတဲ့ဓာတ်လည်း ပါဦးမှ၊ ကိုယ်ကလည်း နှလုံးသွင်းကလည်းရှိဦးမှ ကိုင်မယ်၊ တွယ်မယ်လို့၊ ကိုယ်ရုပ်ကလေးကလည်း မသေတဲ့ရုပ်ကလေးကလည်းရှိဦးမှ၊ လူသေ ကျတော့လည်း ဘယ်လိုထိုးဆိတ်ဆွနေလဲသိတာ မဟုတ်ဘူး (မှန်လှပါ ဘုရား)။
ဒါဖြင့် ကာယပသာဒဟာ ကြမ်းတမ်းတဲ့သဘော၊ ပထဝီ၊ ဝါယော၊ တေဇော၊ နှလုံးသွင်း၊ ဒီလေးပါးပြည့်စုံမှ ကိုယ်စိတ်ကလေး ဒုက္ခ-သုခပေါ်နိုင်တယ်လို့ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် နင်တို့ကိုယ်ပေါ်မှာ နာတဲ့စိတ်၊ ကျင်တဲ့စိတ်၊ ကိုက်တဲ့စိတ်၊ ခဲတဲ့စိတ်ပေါ်လာလို့ရှိရင် ဒီအကြောင်းလေး ကြောင်း ပြုပြင်လို့ပေါ်လာတာ (မှန်ပါ)၊ ငါလုပ်ထားတာ၊ သူလုပ်ထားတာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။
ဒိဋ္ဌိဝိစိကိစ္ဆာကွာတယ်
ကောင်းပြီ ဒါဖြင့်၊ ဒီလိုသိပြီး သကာလ သွားပြန်တော့ အကြောင်းလေးပါးကြောင့် ဖြစ်တယ်လို့သိသဖြင့် ဝိစိ ကိစ္စာသေပြန်တာပဲ (မှန်ပါ)၊ ပေါ်လာတာလေးဟာ အကြောင်းလေးပါးပြုပြင်လို့ ပေါ်လာတဲ့ဓမ္မလေးဟာ နာမ်ဓမ္မလေး လို့သိပြန်တော့လည်း ပုဂ္ဂိုလ်သတ္တဝါမဟုတ်ကြောင်း ထင်ရှားသွားသောကြောင့် ဒိဋ္ဌိကွာတယ် (မှန်လှပါ ဘုရား)။
အကြောင်းလေးပါးကြောင့်ဖြစ်တယ်လို့ သိရင်ဘာကွာတုံး (ဝိစိကိစ္ဆာကွာပါတယ် ဘုရား)၊ ပေါ်လာတဲ့ဓမ္မလေး ဟာ နာမ်သက်သက်၊ ပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူးလို့သိရင် (ဒိဋ္ဌိသေပါတယ် ဘုရား)၊ ဒီအသိကလေးနှစ်လုံးသည် အင်မတန် မှ အဖိုးတန်တဲ့အသိကလေးနှစ်လုံးလို့ မှတ်ထားရမယ် (မှန်ပါ)၊ ဒီအသိကလေးနှစ်လုံးသည် တစ်ဘဝ အပါယ်မလားနိုင်တဲ့ အသိဉာဏ်ကလေး (မှန်လှပါ ဘုရား)။
ဒီကနေ သိ-သိပေးရမယ်တဲ့ မင်းတို့က (မှန်ပါ)၊ အပါယ်လေးပါးမလားနိုင်တဲ့ အသိကလေးဆိုတော့ ဒီအသိက လေးဖျောက်ပစ်လို့ မောင်ချစ်စိန်တို့တော်ပါ့မလား (မတော်ပါ ဘုရား)၊ ဒီအသိကလေးဟာ အင်မတန်အဖိုးတန်တဲ့ အသိလို့မှတ်ရမယ်နော် (မှန်လှပါ ဘုရား)။
ကောင်းပြီ ဒါဖြင့်၊ ကိုယ်ပေါ်မှာပေါ်တဲ့ ယားတယ်၊ ယံတယ်၊ နာတယ်၊ ကျင်တယ်၊ ထုံတယ်၊ ခဲတယ်ဆိုတဲ့ စိတ်ဟာ ကာယဝိညာဏ်စိတ်၊ ဒုက္ခကာယဝိညာဏ်စိတ်၊ သုခကာယဝိညာဏ်စိတ်လို့ နာမည်ပေးလိုက် (မှန်ပါ)၊ ဒီနှစ် စိတ်ပဲပေါ်တယ် (မှန်ပါ)၊ ဒုက္ခကာယဝိညာဏ်စိတ်၊ သုခကာယဝိညာဏ်စိတ်လို့ ဘယ်နှစ်စိတ်ပေါ်တုံး (နှစ်စိတ်ပေါ် ပါတယ် ဘုရား)၊ သိပ်ကြမ်းရင် ဒုက္ခပေါ်မှာပဲ (မှန်ပါ)၊ နည်းနည်းနူးညံ့ရင် (သုခပေါ်မှာပါ ဘုရား)၊ သုခပေါ်မှာပဲဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
အဲဒီတော့ကို အဲဒီသုခလေးပေါ်တာဟာ အကြောင်းဘယ်နှစ်ကြောင်းတုံး(လေးကြောင်းပါ ဘုရား)၊ ပေါ်လာ တာကတော့ သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း နှစ်ခုပြိုင်တော့မပေါ်ဘူးနော် (မှန်ပါ)၊ ပြိုင်တော့ မပေါ် ဘူး၊ တစ်ခုပဲ ပေါ်တယ်လို့ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။
နာမက္ခန္ဓာလေးပါးပေါ်တယ်
ပေါ်လာတာလေးဟာလည်း နာမ်ခန္ဓာသာမှတ်ပါ၊ ဒါကြောင့် နာမက္ခန္ဓာလေးပါးပေါ်တယ်လို့ မောင်ချစ်စိန် မှတ်ရမယ် (မှန်လှပါ ဘုရား)။
ကောင်းပြီ လေးကြောင်းကြောင့်ပေါ်လာတဲ့ နာမက္ခန္ဓာလေးပါး၊ သူတို့ကတော့ နာမ်ပေါ်ရင် တင်လှတို့က လေးပါးချည်းပေါ်တယ်လို့မှတ်ရမယ် (မှန်ပါ)၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏ်က္ခန္ဓာဆိုတဲ့နာမ်ဆို တာ လေးပါးပေါ်တာပဲ (မှန်လှပါ ဘုရား)။
အဲဒါလေးဟာ ငါလား၊ သူလား၊ နာမ်လားလို့မေးရင် ဘယ့်နှယ်ဖြေကြမှာတုံး (နာမ်ပါ ဘုရား)၊ နာမ်ပဲ၊ နာမ်ကို နာမ်လို့သိရင် ဒိဋ္ဌိကွာတာပဲ (မှန်ပါ)၊ အလိုလိုပေါ်သလား၊ အကြောင်းဘယ်နှစ်ကြောင်းတုံး (အကြောင်းလေးပါးပါ ဘုရား)။ အကြောင်းလေးကြောင်းကြောင့် ပေါ်တယ်ဆိုရင် ဝိစိကိစ္ဆာကွာသွားတာပဲ (မှန်လှပါ ဘုရား)။
ဒါ ပဋိစ္စသမုပ္ပါဒ်တွေပဲ (မှန်ပါ)၊ ဒါကအကျိုးတရား၊ အဲဒီတော့ ဒီကိုယ်ပေါ်မှာပေါ်တဲ့ သုခစိတ်ကလေး၊ ကိုယ်ပေါ်မှာပေါ်တဲ့ ဒုက္ခစိတ်ကလေးကို၊ ငါမရောစေနဲ့ဆိုတာ မှတ်ထားကြပါ (မှန်ပါ)၊ ငါမရောစေနဲ့ (မှန်ပါ)၊ ငါရော ရင်ဒိဋ္ဌိဖြစ်မယ် (မှန်ပါ)၊ အလိုလိုပေါ်ရင် ဝိစိကိစ္ဆာရှိလို့ အမှားသိဖြစ်နေတယ်လို့ ဆုံးဖြတ်ချက်ချရမယ် (မှန်လှပါ ဘုရား)။
ကောင်းပြီ ဒါဖြင့်၊ ဒီလိုသိထားတော့ သိရုံနဲ့ပြီးရောလားလို့ဆိုတော့ သိရုံနဲ့ မပြီးပါဘူး၊ သိရုံနဲ့ပြီးတာက အပါယ်လေးပါးတံခါး တစ်ဘဝပိတ်တာလောက်တတ်နိုင်ပါတယ်၊ သိရုံက (မှန်ပါ)၊ ကျင့်ရဦးမယ်နော် (မှန်ပါ)၊ သိပြီး ကျင့်ရဦးမယ် (မှန်လှပါ ဘုရား)။
ကျင့်ရဦးမယ်ဆိုတော့ ဒီက နောက်ကဉာဏ်ကလေးနဲ့ပေါ်တိုင်း ပေါ်တိုင်း၊ ဪ အနိစ္စပါလား၊ ဪ ဒုက္ခပါလား၊ဪ အနတ္တပါလား၊ဪ ဒုက္ခသစ္စာပါလား၊ဪ အသုဘပါလားလို့ တစ်ခုခုရှုပေးရမယ် (မှန်ပါ)၊ တစ်ခုခုရှုပေးပါလို့ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကုန်တယ်၊ ပျောက်တယ်လို့ နင်တို့ကြည့်နေ
ရှုပေးလိုက်တဲ့အခါကျလို့ရှိရင်ဖြင့်၊ ဒါလေးဟာ ဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက်၊ အနိစ္စဉာဏ်တွေ ဒီမှာတစ်ခါတည်းပေါ်လာတာပဲ၊ အနိစ္စမဂ္ဂင်တွေ ပေါ်လာတာပဲ၊ ဒါကြောင့် ဒါက ခယဝယ ကုန်တယ်၊ ပျောက် တယ်လို့ နင်တို့ကြည့်နေ (မှန်လှပါ ဘုရား)။
ကုန်တယ်-ပျောက်တယ်၊ ကုန်တယ်-ပျောက်တယ်၊ ကုန်တယ်-ပျောက်တယ်လို့ ကြည့်-ကြည့်-ကြည့်ပြီး သကာလ နေကြပါ (မှန်ပါ)၊ ထိုကဲ့သို့ ကုန်တယ်-ပျောက်တယ်၊ ကုန်တယ်-ပျောက်တယ်ချည်းကြည့်ပြီး သကာလ နေတော့၊ ကုန် ပျောက်တာမြင်တဲ့အခါကျလို့ရှိရင်ဖြင့် ခိုင်မြဲတဲ့သဘော၊ ခိုင်မြဲတယ်ဆိုတဲ့ အမှတ်ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ အဲဒီကျအောင်ရှုရမှာ (မှန်ပါ)၊ ခိုင်မြဲတယ်ဆိုတဲ့ အမှတ်ကို ပယ်နိုင်သည့်တိုင်အောင် ရှုရမယ်၊ ခိုင်မြဲတယ်ဆိုတဲ့အမှတ် ကို (ပယ်နိုင်သည့်တိုင်အောင် ရှုရမှာပါ ဘုရား)၊ ပယ်နိုင်သည့်တိုင်အောင် ရှုရမယ်။
အဲဒီကဲ့သို့ရှုပြီး သကာလ နေ့တော့၊ ဪ ဒါအနိစ္စပါလား၊ ခိုင်မြဲတဲ့သဘော နည်းနည်းမှ မရှိပါလား၊ ဒုက္ခသဘောပါလား၊ သူ့ဟာသူသေနေတာပါလား၊ ကိုယ်ပြုထားတာ မဟုတ်သောကြောင့် အနတ္တပါလား၊ ခဏ-ခဏ ဖြစ်ပျက်နေရတဲ့ ဒုက္ခသစ္စာပါလား၊ ခဏခဏသေနေလို့ အသုဘပါလား ဆိုတာကို ဉာဏ်တစ်ခုခုသွင်းပေးပါ (သွင်းရမှာ ပါ ဘုရား)၊ ဉာဏ်တစ်ခုခုသွင်းပေးကြပါလို့ သတိပေးလိုက်တယ်နော် (မှန်လှပါ ဘုရား)။
အပါယ်လေးပါး တံခါးပိတ်ပြီး နိဗ္ဗာန်ရောက်နိုင်တယ်
ဒီတစ်လုံးတည်းနဲ့လည်း အပါယ်လေးပါး တံခါးပိတ်ပြီး နိဗ္ဗာန်ရောက်နိုင်တာပဲ (မှန်ပါ)၊ ဒီတစ်လုံးတည်းရှုနေ လည်းရတာပဲ (ရပါတယ် ဘုရား)။
ဘာဖြစ်လို့တုံးဆိုတော့ကို သူချုပ်တယ်ဆိုလည်း ဒီဘက်ကရုပ်တွေ အကုန်ချုပ်ကုန်တာပဲ၊ ဘာထူးတော့တုံး ခန္ဓာငါးပါးချုပ်သွားတာပဲ (မှန်ပါ)၊ ဒီဘက်ကရုပ်တွေက (၁၊၂၊၃) သုံးခု၊ ဒါကရုပ်တွေပဲ၊ ဒါက ဆင်ခြင်တာတွေနာမ်ပဲ၊ အဲဒီတော့ ရုပ်နာမ်ချုပ်သွားတာပဲ၊ ရုပ်နာမ်တစ်ခုလုံးကလည်း ဒုက္ခသစ္စာဆိုတာသိပြီးသား ဖြစ်နေတော့၊ ဪ ဒုက္ခချုပ် သွားတာပဲလို့ မှတ်ရမှာပဲ (မှန်ပါ)၊ ဒုက္ခချုပ်တာ နိဗ္ဗာန်ဖြစ်သွားတာပဲ (မှန်ပါ)၊ ဒုက္ခချုပ်တာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)၊ နိဗ္ဗာန်ပဲ။
နိဗ္ဗာန်ဆိုတာ တခြားလား၊ မြို့နဲ့ပြနဲ့ပြည်နဲ့လား လို့ဆိုလို့ရှိရင် မဟုတ်ဘူး၊ ကိုယ့်ရှိတဲ့ဒုက္ခချုပ်သွားတာ (မှန်ပါ)၊ နိဗ္ဗာန်ဆိုတာဘာပါလိမ့် (ကိုယ့်ရှိတဲ့ဒုက္ခချုပ်သွားတာပါ ဘုရား)၊
ဝမ်းထဲမှာနာနေတယ်၊ နာတဲ့နေရာရှု၊ ဒီလေးပါးကြောင့် ဖြစ်တာ (မှန်ပါ)၊ ဝမ်းထဲမှာ အောင့်နေရင်ကော (အောင့်တဲ့နေရာကို ရှုရမှာပါ ဘုရား)၊ အောင့်တဲ့နေရာကိုရှု၊ ဒါလေး ဟာဖြစ်လိုက်-ပျက်လိုက်၊ ဖြစ်လိုက်-ပျက်လိုက်၊ ဖြစ်လိုက်-ပျက်လိုက်၊ ဒုက္ခဝေဒနာပေါ်နေတာပဲ၊ အတွင်းလည်းပေါ်နေ တာပဲ၊ အပြင်လည်းပေါ်နေတာပဲ၊ သူပေါ်ချင်တဲ့နေရာ ပေါ်လိမ့်မယ် (မှန်ပါ)၊
ဒါဘုရားဆေးလို့ မှတ်ထားရမယ်
ပေါ်တာရှု၊ ကုန်အောင်ရှုနိုင်လို့ရှိရင် ဘာဝေဒနာမဆို အကုန်ပျောက် (မှန်ပါ)၊ ကုန်အောင်ရှုနိုင်လို့ရှိရင် (အကုန်ပျောက်ပါတယ် ဘုရား)၊ ဝေဒနာပျောက်ပါ တယ်ဆိုရင်၊ ဒါဘုရားဆေးလို့ မှတ်ထားရမယ်နော် (မှန်လှပါ ဘုရား)၊ ဘုရားဆေးသက်သက်ပဲ။
အဲဒီတော့ ဒီ မရှုပါဘူး၊ တပည့်တော်တို့က နာတာကိုနာတာပဲ နေမယ်ဆိုလို့ရှိရင်ဖြင့်၊ နာတယ်ဆိုလို့ရှိရင် နာတော့ ဒုက္ခ၊ ဒီကဒေါမနဿ၊ သောက၊ ပရိဒေဝ၊ အဝိဇ္ဇာ၊ သင်္ခါရ အကုန်တန်းသွားတာပဲ (မှန်ပါ)၊ သံသရာမဆက် ဘူးလား (ဆက်ပါတယ် ဘုရား)၊ သံသရာဆက်သွားတာဟာ ဒါဘာဖြစ်လို့တုံးဆိုလို့ရှိရင် နာတာပျောက်အောင် မရှုနိုင် တဲ့စွမ်းရည်သတ္တိညံ့ဖျင်းမှု (မှန်လှပါ ဘုရား)။
စွမ်းရည်သတ္တိညံ့ဖျင်းမှု၊ ဒါမဂ္ဂင်နဲ့ရှုပေးရင် ပျောက်ရမယ် (မှန်ပါ)၊ ရှုတာဟာ မဂ္ဂင်ချည်းပဲလို့ မှတ်ထားကြ စမ်းပါ (မှန်ပါ)၊ ရှုတာ ဘာမှတ်ကြမှာတုံး (မဂ္ဂင်ငါ ဘုရား)၊ မဂ္ဂင်ချည်းပဲ၊ အဲဒါတွေ ရှု-ရှု-ရှုပြီး သကာလ နေကြလို့၊ ကုန်အောင်ရှုနိုင်လို့ရှိရင် သူ့နောက်က သောက၊ ပရိဒေဝ၊ ဒုက္ခဒေါမနဿ ပျောက်ချင်တဲ့တဏှာတွေ လာသေးရဲ့လား (မလာတော့ပါ ဘုရား)၊ မလာတော့ဘူး၊ မလာလို့ရှိရင် တဏှာချုပ်တာပဲ (မှန်လှပါ ဘုရား)။
မရှုချင်လို့ရှိရင်ဖြင့် ဒီဥစ္စာ-ဝမ်းထဲနာနေတယ်၊ ပျောက်ချင်တဲ့တဏှာ လာတယ် (မှန်ပါ)၊ တဏှာလာရင် ဥပါဒါန်၊ ဥပါဒါန်လာရင် ကံ၊ ကံလာရင် ဒီဘက်က ဇာတိ၊ ဇရာ၊ မရဏတွေ တင်လှမတန်းပေဘူးလား (တန်းပါတယ် ဘုရား)။
ပျောက်ချင်တာက တဏှာ
အဲဒါကြောင့် ဘာဝေဒနာပဲဖြစ်ဖြစ်၊ မနိုင်နိုင်အောင် ရှုနိုင်တဲ့ပုဂ္ဂိုလ်တွေဖြင့် ဒုက္ခဝေဒနာလည်းနိုင်အောင်ရှု (မှန်ပါ)၊
ဒုက္ခဝေဒနာကို မရှုနိုင်လို့ရှိရင်ဖြင့် ပျောက်ချင်တဲ့တဏှာ၊ ဥပါဒါန်၊ ကံလာလိမ့်မယ် (မှန်ပါ)၊ ပျောက်ချင်တာက တဏှာ၊ အလွန်ကို ပျောက်ချင်တယ်ဆိုရင် ဥပါဒါန်၊ အလွန်ပျောက်ချင်လို့ရှိရင် အလွန်အားထုတ်တာသည်ကံပဲ (မှန်ပါ)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ ဇာတိ၊ ဇရာ၊ မရဏ မသွားပေဘူးလား (သွားပါတယ် ဘုရား)၊ သွားချင်လို့သွားရတာ လား အသုံးမချတတ်လို့လား (အသုံးမချတတ်လို့ပါ ဘုရား)။
ကဲ အသုံးချတတ်တော့၊ ဒါတွေကိုမဂ္ဂင်လုပ်ပြီးရှုပေး (မှန်ပါ)၊ အတွင်းနာနာ အပြင်နာနာ ဘာလုပ်ရမယ် (ရှုပေးရမှာပါ ဘုရား)၊ ရှုပေးရမယ်၊ ထိုကဲ့သို့ ရှုပေးလို့ရှိရင် သူကုန်သွားတာပဲတဲ့။
ကောင်းပြီ ဒါဖြင့် ဒုက္ခဝေဒနာဖြစ်တာမှ မသိတဲ့ပုဂ္ဂိုလ်ကရှိသေးတယ်ကွ၊ တစ်ခါတလေ ဆူးလေးသာခြစ်သွား တယ်၊ အိမ်ကျမှအနာမှန်းသိတဲ့သူကရှိသေးတယ် (မှန်ပါ)၊ မရှိဘူးလား (ရှိပါတယ် ဘုရား)၊
အဲ မသိတဲ့ပုဂ္ဂိုလ်ကျတော့ ဒုက္ခဝေဒနာက မသိတဲ့အတွက်ကြောင့် အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်တွေအကုန်လာတော့တာပဲ (လာပါတယ် ဘုရား)၊ မသိရင် အဝိဇ္ဇာ-သင်္ခါရလာတာပဲ (မှန်ပါ)၊ မရှုမိရင်တော့ အဝိဇ္ဇာ-သင်္ခါရလာတာပဲ၊ မလာပေဘူးလား (လာပါတယ် ဘုရား)၊
ပျောက်ချင်ရင် တဏှာ၊ ဥပါဒါန်၊ ကံ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဒီဟာနဲ့စိတ်ပျက် နေရင် ဒေါသ၊ သောက၊ ပရိဒေဝ၊ အဝိဇ္ဇာ၊ သင်္ခါရလှည့်သွားမှာပဲ (မှန်ပါ)၊ ကဲ လွတ်နိုင်စရာရှိရဲ့လား (လွတ်နိုင်စရာ မရှိပါ ဘုရား)။
ဒီနေ့ဟာက သာစုံတယ်
ဒါ ဒီနေ့ဟာက သာစုံတယ်လို့အောက်မေ့ပါ (မှန်ပါ)၊ ဒီနေ့ဟာက သာစုံတယ်လို့ အောက်မေ့ကြပါ။
ကောင်းပြီ ဒါဖြင့် သုခဝေဒနာလေးဖြစ်နေတယ်၊ လေပြေ လေညှင်းလေးခံနေတယ်၊ အိုက်တာနဲ့အင်္ကျီပါးလေး ဘာလေးဝတ်ထားပြီးတော့၊ သဘောကျလိုက်တာဆိုရင် တဏှာ (မှန်ပါ)၊
ဒီနေရာက မရွေ့ချင်ဘူးဆိုရင် ဥပါဒါန် (မှန်ပါ)၊ ဟိုဘက်လှည့်ခံ-ဒီဘက်လှည့်ခံနဲ့ လေညှင်းခံနေလို့ရှိရင် တဏှာ၊ ဥပါဒါန်၊ ကံ၊ သင်္ခါရ၊ ကံ-သင်္ခါရလာလာဖြစ် တာပဲ (မှန်ပါ)၊ ဖြစ်လို့ရှိရင် ဟိုဘက် ဇာတိ၊ ဇရာ၊ မရဏက မလာပါနဲ့ ဆိုလို့ရသေးရဲ့လား (မရပါ ဘုရား)။
မရတော့လို့ ဒါသုခဝေဒနာကိုမရှုဘဲနေပြန်လည်း တဏှာ၊ ဥပါဒါန်၊ ကံလာတာပဲတဲ့ (မှန်ပါ)၊ ဒုက္ခဝေဒနာမရှုဘဲ နေရင် ဒေါသ၊ သောက၊ ပရိဒေဝ၊ အဝိဇ္ဇာ၊ သင်္ခါရလာမှာပဲ (မှန်ပါ)၊ ဒုက္ခဝေဒနာဖြစ်နေပါလျက်သားနဲ့မသိပြန်လို့ရှိရင် အဝိဇ္ဇာ-သင်္ခါရလာပြန်တယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီဥစ္စာ ခန္ဓာကိုယ်ထဲမှာ ပေါ်တိုင်း ပေါ်တိုင်း ဘာလုပ်ကြရမှာတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက်ရှုကြပါ မရှုလို့ ရှိရင်ဖြင့် နစ်နာကြပါလိမ့်မယ် (မှန်လှပါ ဘုရား)။
ကိုယ်ပေါက်ကမလုံတာ
ဒါ ကိုယ်ပေါက်က မလုံလို့ မင်းတို့အပါယ်သွားရတာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဘာကမလုံ တာတုံး (ကိုယ်ပေါက်ကမလုံတာပါ ဘုရား)၊ အထည်ကလေးဝတ်တဲ့အခါ၊ ခါးကလေးနဲ့ တင်းကျပ်တဲ့နေရာနဲ့ထိတာ သိပြန်လို့ရှိရင်လည်းဪ ဒါအထည်ကတင်းလို့ရှိရင် ဒုက္ခဝေဒနာပေါ်မှာပဲ၊ အထည်နုရင် သုခဝေဒနာပေါ်မှာပဲ (မှန်ပါ)၊ အင်္ကျီဝတ်လိုက်တယ်ဆိုလို့ရှိရင်လည်း အင်္ကျီနုလို့ရှိရင် သုခပေါ်မှာပဲ၊ အင်္ကျီကြမ်းရင် (ဒုက္ခပေါ်မှာပါ ဘုရား)။
ဦးထုပ်ဆောင်းလိုက်တယ် ဟုတ်လား၊ နုလို့ရှိရင် သုခပေါ်မှာပဲ (မှန်ပါ)၊ နောက်ပူလာပြန်လို့ရှိရင် (ဒုက္ခပေါ်မှာပါ ဘုရား)၊ ဒုက္ခပေါ်မှာ၊ အဲဒီပေါ်လာတာလေးတွေကို၊ အားလုံးက လိုက်ကြည့်ပြီး သကာလ ဖြစ်ပျက်ရှုနေကြမယ်ဆိုလို့ ရှိရင်ဖြင့် ဘယ်အချိန်မဆို ဝိပဿနာဟာရှုနိုင်တာချည်းပဲ (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါ ကိုယ်ပေါက်က အင်မတန်အရေးကြီးနေတာကွ (ကြီးပါတယ် ဘုရား)၊ အဲဒါကြောင့်ဘုရားက “သံဃာဋီပတ္တ စီဝရဓာရဏေ သမ္ပဇာနာကာရီ ဟောတိ” အဝတ်အထည် ဝတ်တိုင်း-ဝတ်တိုင်းလည်း မင်းတို့ရှုပေးရမယ်ကွ (မှန်ပါ)၊
ပါဠိတော်က သံဃာဋိပတ္တစီဝရဓာဏေ တဲ့ အဝတ်ဝတ်တဲ့ အခါ၌လည်းကောင်း၊ ပန်းကန်ကိုင်တဲ့အခါ၌ လည်းကောင်း၊ မုန့်သေတ္တာကိုင်တဲ့ အခါ၌လည်းကောင်း၊ ချိန်ခွင်ကိုင်တဲ့အခါ၌ လည်းကောင်း၊ ဒါတစ်ခုခု ဒုက္ခပေါ်ရမှာပဲ၊ သုခပေါ်ရမှာ ပဲ (မှန်ပါ)၊ ပေါ်တိုင်း ပေါ်တိုင်း ဘာလုပ်ကြရမှာတုံး (ဖြစ်ပျက်ရှုရမှာပါဘုရားဝ၊ ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက် ရှု-ရှု-ရှု-ရှု-ပေးနေကြလို့ရှိရင်ဖြင့်တဲ့၊ ချိန်ခွင်ကိုင်ယင်း၊ အဝတ်အထည် ဝတ်ယင်းနဲ့လည်း နိဗ္ဗာန်ရောက်ပါတယ် (မှန်လှပါ ဘုရား)။
အသုံးချတတ်ပြန်တော့ ဆေးဖြစ်တာပဲ
အသုံးချတတ်ပြန်တော့ ဆေးဖြစ်တာပဲ၊ အသုံးမချတတ်ပြန်တော့၊ ဟိုအဝိဇ္ဇာသင်္ခါရတွေကြောင့် သံသရာဘေး သင့်တာပဲ (မှန်ပါ)၊ အသုံးချတတ်ပြန်လို့ရှိရင်ဖြင့် မဂ်ဆေးရတာပဲ (မှန်ပါ)၊ အသုံးမချတတ်ပြန်လို့ရှိရင်ဖြင့် မင်းတို့ သံသရာဘေးသင့်တာပဲ (မှန်ပါ)၊ အဲ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေးဆိုတဲ့ဥစ္စာ ဒီဟာကို ဆိုတာ (မှန်ပါ)၊ နင်တို့က ဒိပြင်နေရာမှာ သုံးပြီး သကာလ နေကြတော့ အမှားကြီး မှား၊ အလွဲကြီးလွဲ၊ အချော်ကြီးချော်နေကြတာ (မှန်ပါ)၊ ဒီနေရာမှာ အသုံးချပေးလိုက်လို့ရှိရင် သိပ်အဖိုးတန်သွားမယ် (မှန်လှပါ ဘုရား)။
မင်းတို့ အခုအားလုံး ကိုယ်ကိုလှချင်တာနဲ့ ကိုယ်ကိုဖြစ်ပျက်မရှုဘူး၊ ကိုယ်ကိုလှချင်တာနဲ့ပဲ တစ်ခါတည်းဝယ်ချင် တယ်ဝယ်၊ ဝတ်ချင်တာဝတ်ပြီး သကာလ အပါယ်သွားနေတာတွေလည်း မင်းတို့ ကိုယ်ပေါက်ကနေ အပါယ်သွားနေတာ (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။
ဝယ်ချင်တာဝယ်၊ ဝတ်ချင်တာဝတ်ပြီး လှတယ် ပတယ်ထင်ပြီး သကာလ နေကြလို့ ရှိရင်ဖြင့် ဒါအပါယ်သွားနေ မှာပဲ (မှန်ပါ)၊ ဒါဝိပဿနာဉာဏ်ဦးမတည်တဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင် အလွန်ကြောက်စရာကောင်းတယ် လို့ဆိုတာ ပေါ်ပြီ လား (ပေါ်ပါပြီ ဘုရား)။
နဂိုကဒုက္ခသစ္စာကြီး
မင်းတို့ အခုရှာဖွေနေကြတာဘာတုံး၊ အို ကောင်းစားဖို့ပေါ့၊ ဘယ့်နှယ်ပြောကြမှာတုံး (ကောင်းစားဖို့ပါ ဘုရား)၊ ကိုယ်ကနဂိုကဒုက္ခသစ္စာကြီး၊ ဘယ်တော့ကောင်းစားမှာတုံး (မကောင်းစားပါ ဘုရား)၊ နဂိုကကဘာသစ္စာတုံး (ဒုက္ခသစ္စာ ပါ ဘုရား)၊ ဖြစ်ပျက်နေတဲ့ကိုယ်ပဲ၊ ဒါကိုယ်ရုပ်တွေပဲ (မှန်ပါ)၊ ကိုယ်ရုပ်တွေက ဖြစ်ပျက်နေတော့ ဒုက္ခသစ္စာတွေပဲ၊ အဲဒီ ဒုက္ခသစ္စာကို မင်းတို့က ကောင်းစားရေးထင်နေတော့ ဘယ်ကောင်းစားလိမ့်မတုံး၊ ဝတ်လည်း သူက ဒုက္ခသစ္စာပဲ (မှန်ပါ)၊ မဝတ်ဘဲနေလည်း (ဒုက္ခသစ္စာပါ ဘုရား)။
အဝတ်ဝတ်လျက်နဲ့လဲသူက ဒုက္ခသစ္စာတွေ တိုးနေတာပဲ (မှန်ပါ)၊ မဝတ်ဘဲနေလဲ တိုးနေတာပဲ၊ သူရှိသရွေ့ ကာလပတ်လုံး ဒုက္ခသစ္စာစခန်း ဘယ်တော့မှ မသတ်ပါဘူး (မသတ်ပါ ဘုရား)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ဒါတွေသေချာကြည့်တော့မှ လုံရင်ပြီးရောပေါ့၊ ဟီရိဩတ္တပ္ပ (မှန်ပါ)၊ လှချင်လို့ရှိရင်ဖြင့် ကိုယ်ကိုဆင်ချင်လို့ရှိ ရင်ဖြင့် ကိုယ့်ကြောင့်တဏှာဖြစ်တယ် (မှန်ပါ)၊ တဏှာလာရင် မရမနေနိုင်ဘူး၊ ဒီအဝတ်တော့ဝယ်မှပဲ အစရှိသသည်နဲ့၊ ကာယကံဝစီကံနဲ့ သွားလိုက်-လာလိုက်၊ ကာယကံကသွားမူ-လာမူ၊ ဝစီကံက ပြောမူ-ဆိုမှု (မှန်ပါ)၊ ကမ္မဘဝလာမဖြစ် လာဘူးလား (ဖြစ်လာပါတယ် ဘုရား)။
ဒါ ကိုယ်ပေါက်ကနေပြီး အပါယ်သွားတယ်ဆိုတာကော ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ကိုယ်ပေါက်ကနေပြီး တပည့်တော်တို့ဘုရား အပါယ်လေးပါး တံခါးပိတ်ချင်ပါတယ်ဆိုတော့၊ ကိုယ်ပေါက်ပေါ်တဲ့ ဒုက္ခ-သုခကို ဖြစ်ပျက်ရှု ရုံပဲ (မှန်ပါ)၊ ခက်သလား ကဲ (မခက်ပါ ဘုရား)။
အသုံးမချတတ်လို့ဘေးသင့်နေတာ
မခက်ပါဘူးတဲ့၊ နင်တို့က အသုံးမချတတ်လို့ဘေးသင့်နေတာပါ (မှန်ပါ)၊ ဘယ်လိုကြောင့်ပါလိမ့်၊ (အသုံးမချ တတ်လို့ ဘေးသင့်နေတာပါ ဘုရား)၊ အသုံးမချတတ်လို့ဘေးသင့်နေတဲ့ ဥစ္စာကို အခုမင်းတို့တောက်လျှောက် လူချင်း တူဖို့-လူချင်းတူဖို့ဆိုတာကို ပြောနေတာ၊ မပြောကြဘူးလား (ပြောကြပါတယ် ဘုရား)၊ လူချင်းတူဖို့ဆိုတာ ကိုယ့်ကိုယ်ကို ပြောတာ (မှန်ပါ)၊ သူများက ကတ္တီပါဝတ်နိုင်ရင် ဝတ်နိုင်ဖို့၊ အင်း အမျိုးမျိုးအဖုံဖုံ ပါတိတ်တစ်ရာတန်၊ နှစ်ရာတန် ဝတ်ချင်တယ်ဆိုလည်း ကိုယ်ပေါက်ကို ဆင်ချင်တာ (မှန်ပါ)၊ ဒီ ကိုယ်ပေါက်ကနေပြီး နှိပ်စက်နေတာ၊ မင်းတို့မှာ အများကြီးများတယ် (များပါတယ် ဘုရား)။
ကိုယ်ပေါက်မှာ ဆင်တဲ့အထည်ပေါင်းဟာ၊ ဥပမာ စိန်တို့၊ မြတို့၊ ပတ္တမြားတို့ဆိုတာ ကိုယ်ပေါက်တွေက (မှန်ပါ)၊ ဒိပြင်အပေါက်ထက် ကိုယ်ပေါက်ကအပါယ်သွားတာများတယ်၊ ထမင်းက တစ်ခါစားပြီးရင်ပြီးတာပဲ၊ ကိုယ် ပေါက်ကဆင်လို့ ပြင်လို့ကော၊ ထမင်းစားလည်းသူပါတာပဲ ခရီးသွားလည်း (ပါ-ပါတယ် ဘုရား)၊ ပါတာပဲ၊ သူ့လမ်းနဲ့ သူ့စခန်းတော့ဝတ်မှ (မှန်ပါ)၊ ဆိုပြီး သကာလ ကိုယ်ပေါက်က နှိပ်စက်တာက များတယ် (များပါတယ် ဘုရား)။
အခု မော်တော်ကားတွေ ဘာတွေဆိုတာ ဘယ်သူ့အတွက်တုံးဆိုတာ ကိုယ်ပေါက်ဖို့ဝယ်ရတာ၊ ဟင် (မှန်ပါ)၊ တိုက်တွေ ဘာတွေတည်ရတယ်ဆိုတော့ကော (ကိုယ်ပေါက်အတွက်ပါ ဘုရား)၊ ဒါဖြင့် ကိုယ်ပေါက်ကြောင့် ဆင်းရဲတာတွေ က မများဘူးလား (များပါတယ် ဘုရား)၊ ကိုယ်ပေါက်ကို ပြင်ရဆင်ရတာနဲ့ ဟင် (မှန်ပါ)၊ ဆင်းရဲလိုက်တဲ့ ဖြစ်ခြင်း (မှန်လှပါ ဘုရား)။
ချမ်းသာသက်သက်ဟာ နိဗ္ဗာန်ပဲ
ဒါကြောင့် ကိုယ်ကဘာသစ္စာတုံး၊ ဒုက္ခသစ္စာတွေကို ဒုက္ခသစ္စာမှန်းသိလာတဲ့ တစ်နေ့ကျလို့ရှိရင် ဒီဒုက္ခကို မလိုချင်လို့ရှိရင် ကိုယ်မရှိဘူး၊ ကိုယ်မရှိရင် ကိုယ့်ကြောင့် အပါယ်ကျစရာ (မရှိတော့ပါ ဘုရား)၊ ဆိုတော့ ချမ်းသာ သက်သက်နဲ့ နေရလိမ့်မယ်၊ ချမ်းသာသက်သက်ဟာ နိဗ္ဗာန်ပဲဆိုတာမှတ်ထားပါ (မှန်ပါ)၊ သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် အားလုံးဆင်းရဲနေတာ ဘယ်အပေါက်ပါလိမ့် (ကိုယ်ပေါက်ပါ ဘုရား)၊ ကိုယ်ပေါက်ပဲ၊ ကိုယ်လှဖို့၊ ကိုယ်ဝဖို့၊ ကိုယ်ချည်းပါပဲကွာ (မှန်ပါ)၊ ဒီအထဲ မင်းတို့က ကိုယ်ပွားတွေက တစ်ခါထည့်လာပြန်တော့ သားမယားကိုယ်လည်းဝဦးမှ၊ သားသမီးကိုယ်လဲ (ဝဦးမှပါ ဘုရား)၊ ဝဦးဆိုမှတော့ကို ကိုယ့်ကိုယ်ကမှ အပါယ်ကျလို့ မပြီးနိုင်ရတဲ့အထဲ သူများ ကိုယ်ဝင်ရှုပ်တာနဲ့ ကိုယ်ကျိုးနည်းတယ် (မှန်ပါ)၊ မနည်းပေဘူးလား (နည်းပါတယ် ဘုရား)။
ကိုယ့်တစ်ယောက်အတွက်ဆိုရင် ဆန်တစ်အိတ်ဝယ်ထားလို့ရှိရင်ဖြင့် သုံးလလောက်စားရလိမ့်မယ်၊ ကိုယ်ပွား တွေအတွက်ရောဆိုလို့ရှိရင်ဖြင့် မလောက်နိုင်ဘူးပေါ့ကွာ (မှန်ပါ)၊
မလောက်နိုင်အောင် ဘယ်သူနှိပ်စက်နေသတုံးမေး လို့ရှိရင် ဘယ့်နှယ်ပြောကြမှာတုံး (ကိုယ်ပေါက်ပါ ဘုရား)၊ ကိုယ်ပေါက်က နှိပ်စက်နေတယ် (မှန်ပါ)၊ မိမိကိုယ်ကနှိပ်စက် လိုက်၊ သားသမီးကိုယ်ကကော (နှိပ်စက်ပါတယ် ဘုရား)၊ဪ ကိုယ်ကချည်းနှိပ်စက်နေတယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
မင်းတို့ကသာ သားသမီးသာဆိုတာကို သားသမီးကိုယ်က နှိပ်စက်နေတာ (မှန်ပါ)၊ သားသမီးက နှိပ်စက်တာ လား၊ သားသမီးက ပညတ်၊ ရှိတာမှမဟုတ်ဘဲ (မှန်ပါ)၊ ကိုယ်ကလေးတွေကတော့ ရှိနေတယ် (မှန်ပါ)၊ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ အဲဒီကိုယ်ပေါက်က နှိပ်စက်နေတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီကိုယ်ကလည်း မသေမချင်းရှိနေမှာ
ဒါဖြင့် မင်းတို့သည် ဒီကိုယ်ကလည်း မသေမချင်းရှိနေမှာပဲ (မှန်ပါ)၊ အဘိုးကြီးဖြစ်ရင် အဘိုးကြီးနဲ့ လိုက်တဲ့ အထည်ဆင်းရမှာပဲ (မှန်ပါ)၊ အရွယ်အလတ်အစားဖြစ်လို့ရှိရင် (အလတ်စားအထည်ဆင်ရမှာပါ ဘုရား) အရွယ်အလတ် အစားနဲ့လိုက်တဲ့ အထည်ကို ဆင်ရ-ပြင်ရလိမ့်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒါကြောင့် မင်းတို့မှာ ကိုယ်ပေါက်ကြောင့် အိမ်ဝယ်ရ၊ ကိုယ်ပေါက်ကြောင့်ကားဝယ်ရ၊ ကိုယ်ပေါက်ကြောင့် အထည်ဝယ်ရဆိုတော့ အများဆုံးငွေထွက်တာ ဘယ်အပေါင်ထင်ကြတုံး (ကိုယ်ပေါက်အတွက်ပါ ဘုရား)။
ဒါဖြင့် မင်းတို့ ကိုယ်နှိပ်စက်နေတယ်ဆိုတာ ယနေ့ညပေါ်တာပေါ့ကွ (မှန်ပါ)၊ ကိုယ်နှိပ်စက်နေတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)၊ ဆောင်း၊ နွေ၊ မိုး၊ သုံးမျိုးရှိတယ်၊ ဆောင်းမှာလျှော်တဲ့အဝတ်၊ နွေမှာလျှော် တဲ့အဝတ်၊ မိုးမှာလျှော်တဲ့အဝတ် ဆိုတာတွေဟာ ဘယ်အပေါက်ကနေ ထွက်လာတာတုံး (ကိုယ်ပေါက်ကနေ ထွက်လာ တာပါ ဘုရား)၊
ကိုယ်ပေါက်ကနေ ထွက်လာတယ်၊ အိမ်တွေ ဆောက်ပြန်တော့လည်း ပြတင်းပေါက်တွေ ဘာတွေကလည်း ဘယ်သူကြောင့် ဖောက်ရတာတုံးဆိုရင်ကော (ကိုယ်ပေါက်အတွက်ပါ ဘုရား)၊ လုံအောင် ခြုံအောင်လုပ်ရပြန်တာကော (ကိုယ်ပေါက်အတွက်ပါ ဘုရား)၊ အမြင့်ကလေး ဆောက်ရတာကော (ကိုယ်ပေါက်အတွက်ပါ ဘုရား)၊ အနိမ့်ကလေး ဆောက်ရတာကော (ကိုယ်ပေါက်အတွက်ပါ ဘုရား)။
ဘယ်သူအနှိပ်စက်အများဆုံးတုံး
ဒါဖြင့် ဘယ်သူအနှိပ်စက်အများဆုံးတုံး (ကိုယ်ပေါက်ပါ ဘုရား)၊ အဲဒါ ကိုယ်ပေါက်ကိုမှ နင်တို့အားလုံး၊ တရားနာတဲ့ပုဂ္ဂိုလ်တွေက ဇာတ်မသိမ်းနိုင်ရင် ရောက်ရာနှိပ်စက်မယ် (မှန်ပါ)၊ ဘယ့်နှယ်တုံး (ရောက်ရာနှိပ်စက်မှာပါ ဘုရား)၊
ရောက်ရာနှိပ်စက်မယ်ဆိုလို့ရှိရင် နှိပ်စက်ပြီး သကာလ သူ့လဲပြုစုရသေးတယ် အပါယ်လည်း ကျတယ် (မှန်ပါ)၊ ငရဲမှာ ခံရတာလည်းကိုယ်ရှိလို့ခံနေရတာ (မှန်ပါ)၊ ကိုယ်မရှိရင် (မခံရပါ ဘုရား)၊ ထမင်းဆာတယ်ဆိုတာလည်း ကိုယ်ရှိနေလို့ (မှန်ပါ)၊ ကျောပူတယ်ဆိုတာလည်း (ကိုယ်ရှိနေလို့ပါ ဘုရား)၊ ကျောချမ်းတယ်ဆိုတာလေ (ကိုယ်ရှိနေလို့ ပါ ဘုရား)။
အင်း ကိုယ်ပေါက်ကပေးတဲ့ ဒုက္ခတွေကဖြင့် အသေင်္ချေအနန္တဖြစ်နေတယ်ဆိုတာ ပေါ်ကြပြီလား(ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒီကိုယ်မရှိအောင် လုပ်နိုင်တဲ့အလုပ်သမားမှာ ချမ်းသာမှာပဲ (မှန်ပါ)၊ မရှိအောင်လုပ်တဲ့ အလုပ်သမား မှ (ချမ်းသာမှာပါ ဘုရား)၊ ချမ်းသာမှာပဲဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ကိုယ်သည် လောကကြီးထဲမှာတစ်ခါ၊ ဒါနတွေပြုပြန်လည်း နောက်ဘဝကိုယ်ကောင်းစားဖို့ (မှန်ပါ)၊ လာပြန်ပြီ၊ သီလတွေဆောက်တည်ပြန်လဲ ကိုယ်အသက်ရှည်ဖို့၊ အင်း လုပ်ကြပြန်ပြီ (လုပ်ပါတယ် ဘုရား)၊ ဟုတ်လား နိဗ္ဗာန်ရောက်ဖို့ကိုမပါဘူး (မပါပါ ဘုရား)၊ ကိုယ်ချည်းငဲ့နေတာပဲ (မှန်ပါ)၊
ကိုယ်ချည်းငဲ့နေတာ ထောက်လို့ ရှိရင် မောင်ချစ်စိန်တို့က တယ်ဆိုးပါလား၊ ဒီဘဝလည်း သူနှိပ်စက်ပြီးပြီ၊ ဟိုဘဝနှိပ်စက်ဖို့ (ခန္ဓာသစ်ရှာပါတယ် ဘုရား)၊ အခုနှိပ်စက်တာကော ပြီးပြီလား (မပြီးသေးပါ ဘုရား)၊ နှိပ်စက်ဖို့အသစ် ရှာထားတယ် ဆိုတော့ကို မင်းတို့ဟာ မလွန် ဘူးလား (လွန်ပါတယ် ဘုရား)၊
ကိုယ့်အကြောင်း ကောင်းကောင်းမသိလို့
ဒါ ကိုယ့်အကြောင်း ကောင်းကောင်းမသိလို့ (မှန်ပါ)၊ ဘယ့်နှယ်ဆုံးဖြတ်ချက်ချမှာတုံး (ကိုယ့်အကြောင်း ကောင်းကောင်းမသိလို့ပါ ဘုရား)၊ ကိုယ့်အကြောင်း ကောင်းကောင်း မသိဘူး၊ ကိုယ်ဆိုးမှန်းမသိဘူး (မှန်လှပါ ဘုရား)။
အဲ အခုတော့သိပါပြီတဲ့၊ ကိုယ်ဟာဖြစ်ပျက်ပဲ (မှန်ပါ)၊ ဒုက္ခာသကာယ ဝိညာဏ်စိတ်ဟာ ကိုယ်စိတ်ပေါ့နော် (မှန်ပါ)၊ သူဟာဖြစ်ပျက်ပဲ၊ အနိစ္စပဲ၊ ဒုက္ခသစ္စာပဲ၊ အသုဘပဲ၊ ခဏ-ခဏသေနေတာပဲလို့ မင်းတို့ ဖြိုင်ဖြိုင်ရှုနိုင်ရင်တော့ ဖြင့် နှိပ်စက်မယ့် ကိုယ်ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ နှိပ်စက်မယ့် ကိုယ်မရှိလို့ရှိရင်ဖြင့် တဲ့၊ မင်းတို့သည် အေးပေါ့၊ ချမ်းသာပေါ့၊ ဒါ နိဗ္ဗာန်ပဲ (မှန်ပါ)၊ အေးပေါ့၊ ချမ်းသာပေါ့ဆိုတာ နိဗ္ဗာန်ပဲ (နိဗ္ဗာန်ပါ ဘုရား)။
အိမ်ကောဆောက်စရာလိုသေးလား (မလိုတော့ပါ ဘုရား)၊ တိုက်ကောတည်စရာ (မလိုတော့ပါ ဘုရား)၊ အင်း ပြတင်းပေါက်တွေ ဖောက်ပြီး အမျိုးမျိုးအဖုံဖုံနေကာ လေကာတွေထည့်ဖို့ကော (မလိုတော့ပါ ဘုရား)၊ မလိုတော့ဘူး၊ ဒါဘယ့်နှယ်ကြောင့် မလိုပါလိမ့် (ကိုယ်မရှိတော့လို့ပါ ဘုရား)၊ ကိုယ်မရှိလို့။
အခု ကိုယ်ရှိတော့ကို၊ မင်းတို့မှာ ဒီကိုယ်ရှိနေတဲ့အတွက် သူကလည်းပေါ်လာပြန်တယ် (မှန်ပါ)၊ ကိုယ်ရှိနေတဲ့ အတွက် (သူပေါ်လာပါတယ် ဘုရား)၊ ကိုယ့်အတွက်ကတော့ ကိစ္စမရှိဘူး၊ သူ့အတွက်ကခက်သေးတယ် (မှန်ပါ)၊ မင်းတို့ အိမ်ထောင်သည်တွေအတွက်ပေါ့ကွာ(မှန်ပါ)၊
ဒါ ဘယ်ကထွက်လာတာတုံးကွ (ကိုယ်ကထွက်လာတာပါ ဘုရား)၊ ဟာ ကိုယ်ကနေပြီး သူထွက်လာပြန်တော့ ကိုယ့်ကိုယ် မဆုံးဖြတ်နိုင်လို့၊ ကိုယ်မှကျကျနနမသိလို့၊ ကိုယ်ကဒိဋ္ဌိဖြစ်ရတဲ့အထဲ သူ့အတွက်က ဒိဋ္ဌိတွေက လာဖြစ်နေပြန်ပြီ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကိုယ်ပေါက်ကထွက်လာတာ
ကိုယ်က မပြီးနိုင်ရတဲ့အထဲမှာ သူ့အတွက်ကရှုပ်လာတော့ ဒီသူဟာ ဘယ်ကများထွက်ပါလိမ့်လို့၊ တစ်ခါစဉ်း စားပါဦး (ကိုယ်ပေါက်ကပါ ဘုရား)၊ ကိုယ်ပေါက်ကထွက်လာတာ (မှန်ပါ)၊ ကိုယ်ရှိလို့သူဖြစ်လာတာ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီသူတွေကလည်း နည်းတဲ့သူတွေလားတဲ့၊ သူကမွေးလာတဲ့ သူကလေးကလည်းရှိသေးတယ်၊ သူကြီးတွေ ကကော (ရှိပါတယ် ဘုရား)၊ အမလေး မင်းတို့ရှုပ်ထားတာတွေကလည်း နည်းသလား (မနည်းပါ ဘုရား)၊ ကိုယ်ရှိနေတော့ သူနဲ့ပတ်သက်တာတွေကကော (ရှိပါတယ် ဘုရား)၊ ဒါ ဘယ်ပေါက်ကပွားလာတာတုံး (ကိုယ်ပေါက်ကပါ ဘုရား)၊ ကိုယ်ပေါက်ကပွားပြီး သကာလ လာတဲ့သူတွေကို မောင်ချစ်စိန်တို့ ရေတွက်နိုင်ရဲ့လား (မရေတွက်နိုင်ပါ ဘုရား)၊ မင်းတစ် ယောက်စာသာ လုပ်နေရတာလား၊ ကိုယ်ပေါက်ကပွားတာတွေအတွက်ပါ လုပ်နေရတာလား (ကိုယ်ပေါက်က ပွားတာ တွေ အတွက်ပါလုပ်ရပါတယ် ဘုရား)။
အိုလို့ကောနေရရဲ့လား (မနေရပါ ဘုရား)၊ ပျိုလို့လည်း (မနေရပါ ဘုရား)၊ ဘယ်လောက်ချမ်းသာလို့ကော (မနေရပါ ဘုရား)၊ ချမ်းသာတဲ့ လူကျတော့ သူတို့ကရှိသေးတယ်၊ မပြောဘူးလား (ပြောပါတယ် ဘုရား)၊ ဆင်းရဲတဲ့ လူကျတော့ ကိုယ့်အတွက်လည်း လုပ်ရတာပဲ၊ သူတို့အတွက်ကော (လုပ်ရပါတယ် ဘုရား)၊ ချမ်းသာတဲ့ပုဂ္ဂိုလ်ကျတော့ (လုပ်ရပါတယ် ဘုရား)၊
ကိုယ်ကတော့နေနိုင်ပါပြီ၊ သူတို့အတွက်တွေ ဘယ့်နှယ်လုပ်မှာတုံးဆိုပြီး ကိုယ်ကပတ်သတ်ပြီး သူက နှိပ်စက်ပြန်တာပဲ (မှန်ပါ)၊ မင်းတို့ကလည်း ဘယ့်နှယ်ဖြစ်နေတုံးဆို သူမရှိရင်နေမဖြစ်ဘူး (မှန်ပါ)၊ ဘာပြုလို့တုံး နှိပ်စက်မယ့်လူမရှိလို့ (မှန်လှပါ ဘုရား)။
လုပ်ကိုင်ကျွေးနေရတာ နည်းတယ်ထင်သေးလို့
ထမ်းပိုးပြီး သကာလ လုပ်ကိုင်ကျွေးနေရတာ နည်းတယ်ထင်သေးလို့ (မှန်ပါ)၊ တစ်ကိုယ်တည်း ကျွေးနေရတာ ဘာတုံး (နည်းသေးထင်လို့ပါ ဘုရား)၊ နှစ်ကိုယ်သုံးကိုယ်ဆိုလို့ရှိရင်ဖြင့် အင်မတန်မှ ကျက်သရေရှိတယ် ထင်နေတာ (မှန်ပါ)၊ လွယ်အိတ်နှစ်ဘက်လွယ်ပြီးသွားတဲ့လူကို မင်းတို့ကကြည့်ရမယ် (မှန်ပါ)၊ အတော်ဂွကျတဲ့လူပဲ၊ တယ်တောကျတဲ့ လူပဲ (မှန်ပါ)၊ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)၊ သုံးဘက်လွယ်ရင်တော့ ဒီထက် အရူးရှိသေးရဲ့လား (မှန်ပါ)၊ မင်းတို့က ဘယ်လောက်လွယ်ထားသတုံးလို့မေးကြည့်တယ် (အများကြီးပါ ဘုရား)။
ဟင် အဲဒါ ရူးမှန်းမသိဘူး၊ ဒီဘက်က မြေးကလေးဆွဲလိုက်၊ ဒီဘက်က သားကလေးဆွဲလိုက် ဟုတ်လား (မှန်ပါ)၊ အင်း ဟိုဘက်ကဟာတွေလည်း ကျန်းမာကြရဲ့လားမေးလိုက်၊ နင်တို့အတွက် စားဖို့သောက်ဖို့ ငါရှာခဲ့သေးတယ် ဆိုတာ ပြောလိုက်ဆိုတော့ လွယ်အိပ် ဘယ်နှစ်လုံးဖြစ်နေတုံး (အများကြီးပါ ဘုရား)၊ အများကြီးဖြစ်နေပြီ (မှန်လှပါ ဘုရား)။
ဒါကို နင်တို့က ဒီလွယ်အိတ်တွေနဲ့ကိုပဲ လူထဲများကြွားလိုက်သေးတယ် (မှန်ပါ)၊ မြေးကိုက ဘယ်နှစ်ယောက်ရှိနေ ပြီ (မှန်ပါ)၊ မြစ်ကိုက ဘယ်နှစ်ယောက်ရှိနေပြီ၊ ဟော သားသမီးတွေက အတုံးအရုံးနဲ့ ဘယ်လောက် (မှန်ပါ)၊ အိမ်တော့ ကြက်ပျံမကျ စည်နေတာပဲ၊ အံမာ ဂုဏ်များထုတ်နေလိုက်သေးတယ်၊ လွယ်အိတ်တွေ လွယ်ပြီးတော့ (မှန်ပါ)၊ ရိပ်မိပြီ လား (ရိပ်မိပါပြီ ဘုရား)၊
လွယ်အိတ်ဘယ်နှစ်လုံးလွယ်ပြီး ဂုဏ်ထုတ်နေတာတုံး
လွယ်အိတ်ဘယ်နှစ်လုံးလွယ်ပြီး ဂုဏ်ထုတ်နေတာတုံး (အများကြီးပါ ဘုရား)၊ သူတောင်းစား ကျတော့ နင်တို့က ကဲ့ရဲ့ကြတယ်၊ လွယ်အိတ်ကြီးတွေ ဟိုကထမ်း ဒီကထမ်းနဲ့ ဟုတ်လား (မှန်ပါ)၊ ဂွကျလိုက်တာကွာ၊ လူပုံအလယ်မှာ ဒီလူမဟုတ်တာကြီး လုပ်လာပြန်ပါပြီနဲ့ (မှန်ပါ)၊
မောင်ချစ်စိန်ကကော မင်းတို့ကကော ကိုယ့်လွယ်အိတ် တော့ ကိုယ်ပြန်ကြည့်တဲ့ လူတွေမှ မဟုတ်ပဲကိုး (မှန်ပါ)၊ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)၊ ကိုယ်လွတ်အိတ်တော့ (ပြန်မကြည့်မိပါ ဘုရား)၊ မကြည့်ဘူး၊ သူများလွယ်အိတ်တော့ (ကြည့်မိပါတယ် ဘုရား)။
အဲဒီတော့ မင်းတို့ဟာ ကိုယ်ရူးတာမှ ကိုယ်မသိလို့ရှိရင်ဖြင့် ကိုယ်ကနေတာလည်း ကိုယ်သိတော့မှာမဟုတ်ဘူး (မသိပါ ဘုရား)၊ ကိုယ်ဆိုနေတာကော (မသိပါ ဘုရား)၊ အဲဒီလောက်အရူးသန်နေတာ (သန်ပါတယ် ဘုရား)။
ဒါ ကိုယ်ပေါက်ကနေ ကြီးကျယ်ခမ်းနားအောင် ပြောနေတယ်လို့ မင်းတို့က အောက်မေ့မနေနဲ့၊ ငါပြောတာက နည်းသေးတယ် (နည်းပါတယ် ဘုရား)၊ မင်းတို့ လွယ်ထားတာကများတယ် (များပါတယ် ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ တင်လှတို့ တစ်ကိုယ်ရေတစ်ကာယနေရင် ကောင်းသားပဲ၊ ဟိုသွားလွယ်မိတာနဲ့ အခု ဘယ်နှယ်နေတဲ့ (ဒုက္ခ ရောက်ပါတယ် ဘုရား)၊ သွားလွယ်မိတာနဲ့ ဒုက္ခရောက်ကုန်ပြီ (ရောက်ပါတယ် ဘုရား)။
အိမ်ထောင်မရှိခင်ကနဲ့ အိမ်ထောင်ရှိတာနဲ့
ကဲ မင်းတို့ အိမ်ထောင်မရှိခင်ကနဲ့ အိမ်ထောင်ရှိတာနဲ့ လွယ်မိတာနဲ့ ဘယ့်နှယ်နေကြတုံး (ဒုက္ခရောက်ပါတယ် ဘုရား)၊ ကိုယ်တော့ ဒီလွယ်အိတ်တွေ ဖြုတ်ပစ်ပါလားဆိုတော့ ဘယ့်နှယ်လုပ်မှာလည်း ဖြုတ်လဲကြည့်မကောင်းဘူး ဘုရား၊ ရူးနေရတာ အားရတယ် (မှန်ပါ)၊ ရူးနေရတာကို (ကျေနပ်ပါတယ် ဘုရား)၊ ကျေနပ်တဲ့အဓိပ္ပာယ်မရောက်ဘူး လား (ရောက်ပါတယ် ဘုရား)။
တော်တော်နေရင် သားလေးထွန်းကားလာရင်း၊ သမီးလေးထွန်းကားလာရင်း၊ လွယ်ရင်းထဲကဖြစ်နေတာပဲ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဒါကိုပင်လျှင် ပုထုဇဉ်မျက်လုံး ခုနကဆေးမကုရသေးတဲ့ မျက်လုံးနဲ့ကျတော့၊ မောင်ချစ်စိန်ရ ကိုယ့်ဟာနဲ့ကိုယ်လှနေတာပဲ (လှပါတယ် ဘုရား)၊ ဘယ့်နှယ်ဖြစ်နေတုံး (ကိုယ့်ဟာနဲ့ကိုယ်လှနေပါတယ် ဘုရား)၊ ဟို သူတောင်းစားသွားကြည့်တော့ ဘယ့်နှယ်နေတုံး (မလှပါ ဘုရား)၊ နို့ ကိုယ်ကကော ဘာထူးသေးတုံး၊ ကိုယ်က သူ့ထက်များသလား၊ မများဘူးလား၊ အကဲခတ်ပါဦး (များပါတယ် ဘုရား)၊ သူ့ထက်များတော့ ကိုယ်က သာမလှ တာပေါ့ကွ (မှန်လှပါ ဘုရား)။
အဲဒါကိုယ်ပေါက်ကနှိပ်စက်တာချည်းမှတ်
အဲဒီ မလှတာကိုပင်လျှင် မင်းတို့က ဂုဏ်ထုတ်ချင်သေးတယ်၊ စားအိုးက ကြီးတယ် ကြီးပေမယ့် ကျွေးနိုင်လို့ တော်ပါသေးတယ် ဆိုတော့၊ လွယ်နိုင်လို့တော်ပါသေးတယ်ပြောတာ (မှန်ပါ)၊ ဘယ်လိုပြောတုံး (လွယ်နိုင်လို့ တော်ပါသေး တယ်လို့ ပြောတာပါ ဘုရား)၊ အဲဒါကိုယ်ပေါက်ကနှိပ်စက်တာချည်းမှတ်ကွ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒီကိုယ်ပေါက် ဖြစ်ပျက်ရှု၊ မင်းတို့ (မှန်ပါ)၊ ဖြစ်ပျက်ရှုလို့ ကိုယ်မရှိလို့ရှိရင် လွယ်စရာမရှိဘူး၊ လွယ်စရာ မရှိရင် ရဟန္တာထဲ တိုးလို့ရတော့ ကြည့်ကောင်းတယ် (မှန်ပါ)၊ နို့မို့လို့ရှိရင်ဖြင့် အရူးထဲတိုးပြီး မင်းတို့ဟာမင်းတို့ ဂုဏ်ယူနေတာတော့ မတတ်နိုင်ဘူး (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
