3031

မာတိကာသို့

”အကြောင်းလေးကြောင်းကြောင့် နာမ်တရားဖြစ်ပုံ”

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

(၁-၁-၆၁) နေ့တွင်အမရပူရမြို့ မင်္ဂလာရိပ်သာ ကျောင်းတိုက်၌

ဟောကြားဆုံးမတော်မူအပ်သော

”အကြောင်းလေးကြောင်းကြောင့် နာမ်တရားဖြစ်ပုံ”

ည-အလုပ်ပေး တရားတော်

ရုပ်တရားကို တစ်နေ့က အကြောင်းလေးကြောင်းကြောင့် ဖြစ်တယ်ဆိုတာ ပြောပြီးပြီ၊ ဒီနေ့တော့ မနေ့ကကျော် သွားလို့ ဒီနေ့ နာမ်တရားကိုပြောမယ် (မှန်လှပါ ဘုရား)။

နာမ်တရားဆိုတာ စိတ်ကိုဆိုသည် (မှန်ပါ)၊ ဘယ်စိတ်ဖြစ်ဖြစ် ဘယ်တော့မှ အလိုလိုမပေါ်ဘူးလို့မှတ်ရမယ်၊ ဒီကအဆင်း၊ ဒီကမျက်လုံး၊ ရုပ်မကန်းတဲ့ မျက်လုံး (မှန်ပါ)၊ သူတို့နှစ်ခုတည့်မှသာလျှင် မြင်စိတ်ဟာ ပေါ်လာလိမ့်မယ် (မှန်လှပါ ဘုရား)။

စိတ်ပေါ်တာအကြောင်းနှစ်ခု

ဒါဖြင့် အကြောင်းနှစ်ခုပေါ့ (မှန်ပါ)၊ စိတ်ပေါ်တာအကြောင်းနှစ်ခုလို့ မှတ်ရမယ် (မှန်ပါ)၊ စိတ်ပေါ်တာ ဘယ်နှစ်ခုပါလိမ့် (အကြောင်းနှစ်ခုပါ ဘုရား)၊ အကြောင်းနှစ်ခုရှိတယ်။

ပြည့်ပြည့်စုံစုံပြောစမ်းပါလို့ ဆိုလို့ရှိရင်၊ ဒီက ဖြူနီ ကြောင်ကျား အဆင်းလဲရှိတယ်၊ ဒီက မကန်းတဲ့ရုပ်မျက်လုံး လည်းရှိတယ်ဆိုစေကာမူ၊ အမှောင်ခံနေလဲ မြင်စိတ်မပေါ်နိုင်ဘူး (မပေါ်ပါ ဘုရား)။

ဒါဖြင့် အလင်းကလည်းကူညီရတယ်၊ ကြည့်မယ်ဆိုတဲ့ နှလုံးသွင်းကလည်း ကူညီရတယ်နော် (မှန်ပါ)၊ ဒါဖြင့် အလင်းနဲ့နှလုံးသွင်းလဲကူဦး၊ ထိုသို့ ကူမှသာလျှင် မြင်စိတ်ကလေးက ပေါ်နိုင်တယ်လို့ မှတ်ရမယ် (မှန်ပါ)၊ ဟောဒါက မြင်စိတ် (မှန်လှပါ ဘုရား)။

ဒါဖြင့် မြင်စိတ်ပေါ်ခြင်း၏ အကြောင်းမှာ မင်းတို့သန္တာန် မြင်စိတ်ပေါ်ခြင်း၏ အကြောင်းမှာဖြင့် ဒီကအဆင်း လဲရှိမှ၊ ရုပ်မျက်လုံးကလည်း ဝမ်းထဲက မကန်းခဲ့ပါမှု (မှန်ပါ)၊ ဒီကအလင်းကလည်း ပေးထားဦးမှ၊ ဒါကြည့်ဖို့အလင်း (မှန်ပါ)၊ ကြည့်မယ်ဆိုတဲ့ နှလုံးသွင်းကလည်းပါဦးမှ (မှန်ပါ)၊ ဤလေးချက်စုံမှ နာမ်ဆိုတဲ့မြင်စိတ်ကလေး ပေါ်တတ်လို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။

အကြောင်းလေးကြောင်းကြောင့်ပေါ်တယ်

အလိုလိုပေါ်တာလား၊ အကြောင်းလေးကြောင်းကြောင့်လား (အကြောင်းလေးကြောင်းကြောင့်ပါ ဘုရား)၊ အကြောင်းလေးကြောင်းကြောင့်ပေါ်တယ်၊ ဒီကမျက်လုံးလည်းရှိရမယ်၊ အဆင်းကော (ရှိရမှာပါ ဘုရား)၊ အလင်းကကော (ရှိရမှာပါ ဘုရား)၊ နှလုံးသွင်းကကော (ရှိရမှာပါ ဘုရား)။

ဒါဖြင့် မျက်လုံး၊ အဆင်း၊ အလင်း၊ နှလုံးသွင်းရှိရမယ် (မှန်ပါ)၊ ဒီလေးချက်ရှိမှပေါ်တယ် (မှန်ပါ)၊ ဘယ်နှစ်ချက် ရှိမှပေါ်ကြလဲ (လေးချက်ရှိမှ ပေါ်ပါတယ် ဘုရား) လေးချက်ရှိမှပေါ်တယ်လို့ မှတ်ထားကြပါနော် (မှန်လှပါ ဘုရား)။

ညကျတော့ မျက်လုံးလဲရှိသားပဲ၊ ဒီအဆင်းတွေလဲရှိသားပဲ၊ မြင်ကြရဲ့လား (မမြင်ပါ ဘုရား)၊ အလင်းလိုနေ တယ် (မှန်ပါ)၊ အလင်းလိုနေတဲ့အတွက် ဒီမြင်စိတ်မပေါ်နိုင်ဘူး (မှန်ပါ)၊ ဒါကြောင့် ခလုပ်တိုက်ကြတယ်၊ ဘာတိုက် ကြတယ်ဆိုတဲ့ ဥစ္စာ အလင်းလိုနေတာ (မှန်လှပါ ဘုရား)။

တစ်ခါတလေ ကျတော့လည်း ရှေ့မျက်လုံးသာတည့်ထားတယ်၊ ကြည့်မယ်ဆိုတဲ့ နှလုံးသွင်းကမရှိတဲ့အခါကျ တော့ ကားဖြတ်သွားတာတောင် မသိလိုက်ဘူး (မသိလိုက်ပါ ဘုရား)၊ သိရဲ့လား (မသိပါ ဘုရား)၊ အဲဒါက ဘာလိုနေ တာတုံး (နှလုံးသွင်းလိုနေတာပါ ဘုရား)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် မြင်စိတ်ကလေး၏ ပေါ်ပါမယ့်အကြောင်းက အကြောင်း လေးကြောင်းရှိတယ် (မှန်ပါ)၊ မြင်စိတ်ကလေး ပေါ်ပါမယ့်အကြောင်း (အကြောင်းလေးကြောင်း ရှိပါတယ် ဘုရား)၊ မင်းတို့မြင်တယ်၊ မြင်တယ်ဆိုတဲ့ စိတ်ကလေး ပေါ်ဖို့ရာ ကို ဒီလေးကြောင်းကူရတယ် (မှန်လှပါ ဘုရား)။

ငါမြင်တယ်လို့ မထင်လိုက်ပါနဲ့

ဒါဖြင့် လေးကြောင်းကြောင့်ဖြစ်တဲ့ မြင်စိတ်ကလေးကို ငါမြင်တယ်လို့ မင်းတို့ကမထင်လိုက်ပါနဲ့ (မှန်ပါ)၊ လေးကြောင်းကြောင့်ဖြစ်တဲ့ မြင်စိတ်ကို ငါမြင်တယ်လို့ မထင်လိုက်ပါနဲ့၊ ကင်လှတို့ လူစုကနော် (မှန်ပါ)၊ အကြောင်း ဘယ်နှယ်ကြောင်းပါလိမ့် (လေးကြောင်းပါ ဘုရား)။

မျက်စိ၊ အဆင်း၊ အလင်း၊ နှလုံးသွင်း၊ သူတို့လေးခုစုံမှ ဒါလေးတစ်လုံးပေါ်တယ် (မှန်ပါ)၊ ဘုရားဉာဏ်မို့ သိတာပေါ့ကွာ (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ မျက်စိလည်းရှိဦးမှ (မှန်ပါ)၊ အဆင်းကကော (ရှိရမှာ ပါ ဘုရား)၊ အလင်းကကော (ရှိရမှာပါ ဘုရား)၊ ကြည့်မယ်ဆိုတဲ့ နှလုံးသွင်းကကော (ရှိရမှာပါ ဘုရား)၊ ဤလေးခုရှိမှ သာလျှင် ဘာပေါ်တုံး (မြင်စိတ်ပေါ်ပါတယ် ဘုရား)၊ မြင်စိတ်ပေါ်နိုင်တယ်ဆိုတော့ ဒါ ငါ့စိတ်လို့ဆိုချင်လို့တော့မဖြစ် ဘူး၊ ငါမြင်တယ်လို့ ဆိုချင်လို့ကော (မဖြစ်ပါ ဘုရား)၊ ဖြစ်နိုင်ကြပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။

ဒါဖြင့် သူအုပ်ချုပ်နေတဲ့အကြောင်းက ဘယ်နှစ်ကြောင်းရှိတုံး (လေးကြောင်းရှိပါတယ် ဘုရား)၊ လေးကြောင်း က စီမံလို့ပေါ်တာ (မှန်ပါ)၊ လေးကြောင်းကစီမံလို့ (ပေါ်ပါတယ် ဘုရား)။

အဲဒါကြောင့် မြင်စိတ်ကလေးကို၊ ဒါ ဒီနေ့ည သက္ကာယဒိဋ္ဌိဖြုတ်နေတယ်(မှန်ပါ)၊ ဪ ငါနဲ့ လုံးဝ မဆက်သွယ်ပါလား၊ ဒီအထဲ ငါဝင်လို့ရကြရဲ့လား (မရပါ ဘုရား)၊ ငါမြင်တာဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)၊ ဒီ စိတ် ကလေးကမြင်တာ (မှန်ပါ)၊ ဒီစိတ်ကလေးကလည်း ငါလုပ်ထားတာလား (မဟုတ်ပါ ဘုရား)၊ အကြောင်း ဘယ်နှစ် ကြောင်းတုံး (လေးကြောင်းပါ ဘုရား)။

အကြောင်းလေးကြောင်း စီမံထားတာ

အကြောင်းလေးကြောင်း စီမံထားတာဖြစ်ပါတယ်လို့ သေသေချာချာမှတ်ပါ (မှန်ပါ)၊ ဒါဖြင့် အကြောင်းလေး ကြောင်းကသာ ဆိုင်တဲ့စိတ်ကလေးပေါ့ကွ၊ ဒီမြင်စိတ်ကလေးဟာလေ (မှန်ပါ)၊ အကြောင်းလေးကြောင်းကသာ ဆိုင်တယ် ဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီအထဲမှာ ငါမရှုပ်စေနဲ့ (မှန်ပါ)၊ ပြောတော့ပြောတာပေါ့ ငါမြင်ပါတယ်၊ သို့သော်လည်း ငါလုပ်ထားတာ မဟုတ်လို့ ငါတော့မဆိုင်ဘူး (မှန်ပါ)၊ ဒါ ပြောတာကတခြား၊ သိတာကတခြားလို့မှတ်ရမယ် (မှန်ပါ)၊ ပြောတာကတော့ ငါမြင်တယ်ဆိုတော့ သူများက ဒီလိုပြောမှ နားလည်မှာကိုး (မှန်ပါ)၊ ဒါကြောင့် ငါမြင်တယ်လို့ ပြောနိုင်ပါတယ်၊ သို့သော် ငါပိုင်-ငါ့ဥစ္စာတော့ (မဟုတ်ပါ ဘုရား) ငါပိုင် ငါ့ဥစ္စာတော့ မဟငုတ်ဘူးလို့ဆိုတာကို နှလုံးသွင်းရမယ် (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီမြင်စိတ်ကလေးသည် ကားလို့ဆိုလို့ရှိရင်ဖြင့် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ဆိုနိုင်ကြရဲ့လား (မဆိုနိုင် ပါ ဘုရား)၊ မဆိုနိုင်ဘူးတဲ့၊ ငါ့ကိုယ်လို့လည်း မဆိုနိုင်ဘူး၊ ငါ့ဟာလို့လည်း (မဆိုနိုင်ပါ ဘုရား)၊ ငါ့ဥစ္စာလို့လည်း (မဆိုနိုင် ပါ ဘုရား)၊ မဆိုနိုင်ဘူးတဲ့၊ မြင်စိတ်ဟာမြင်စိတ်ပဲ (မှန်ပါ)၊ အကြောင်းလေးကြောင်းကြောင့် ဖြစ်တဲ့မြင်စိတ်ပဲလို့ မှတ် ထားပါ (မှန်ပါ)၊ ဘယ်လိုမှတ်ကြမယ် (အကြောင်းလေးကြောင်းကြောင့်ဖြစ်တဲ့ မြင်စိတ်လို့ မှတ်ရမှာပါ ဘုရား)။

အကြောင်းလေးကြောင်းကြောင့်ဖြစ်တဲ့ မြင်စိတ်လို့မှတ်ထားတော့၊ ဪ ဒီဥစ္စာ ငါနဲ့မဆိုင်လို့ရှိရင် သူ့သဘောအတိုင်း အကြောင်းလေးပါးစီမံသလို ဖြစ်နေတဲ့တရားကို အကြောင်းလေးပါး တစ်ခုခုချုပ်လိုက်ရင် သူချုပ်ရ မယ် (ချုပ်ရမှာပါ ဘုရား)၊ အကြောင်းလေးပါး တစ်ခုခုချုပ်ရင် (ချုပ်ရမှာပါ ဘုရား)၊ ချုပ်ရမှာပဲလို့ မောင်အောင်မြတ် မှတ်ရမယ်ကွ (မှန်လှပါ ဘုရား)။

လေးကြောင်းပေါင်းမိမှ ဒီအကျိုး တစ်ခုပေါ်တယ်

ဒါကြောင့် နာမ်တရားလေးတစ်လုံး ပေါ်ဖို့ဟာ မင်း အခုမြင်စိတ်ကလေးတစ်ခုက နာမ်တရားနော် (မှန်ပါ)၊ ဒါလေးတစ်ခုပေါ်ဖို့ရာကို အကြောင်းဘယ်နှစ်ကြောင်းတဲ့တုံး (လေးကြောင်းပါ ဘုရား)၊ လေးကြောင်းပေါင်းမိမှ ဒီအကျိုး တစ်ခုပေါ်တယ် (မှန်ပါ)၊ လေးကြောင်းပေါင်းမိမှ (တစ်ခုပေါ်ပါတယ် ဘုရား)၊ အကျိုးတစ်ခုပေါ်တယ်လို့ မှတ်ထား တော့၊ ဪ ဒါကံကလုပ်ထားတာလားလို့ မေးလို့ရှိရင် ကံကလုပ်တာကတစ်ခု၊ ဟောဒီအသားမျက်လုံးကို ကံက လုပ်ထားတာ (မှန်လှပါ ဘုရား)။

ဒါတွေကျတော့ကိုတဲ့၊ ဒါကလည်း ဥတုတွေကလုပ်ထားတာ၊ ဒါကလည်း ဥတုက လုပ်ထားတာ၊ ဒါကတော့ နှလုံးသွင်း နာမ်ကလုပ်ထားတာ နော် (မှန်ပါ)၊ နှလုံးသွင်းဆိုတာ ဆင်ခြင်တာပေါ့ကွာ (မှန်ပါ)၊ ကြည့်မယ်လို့ ဆင်ခြင် တာပေါ့ကွာ (မှန်ပါ)၊ ကြည့်မယ်လို့ဆင်ခြင်လိုက်တယ်၊ အဲဒီကဲ့သို့ ဆင်ခြင်လိုက်တဲ့အခါကျတော့မှ သူဆင်ခြင်ရုံနဲ့လည်း မပြီးဘူး၊ ဒီမျက်လုံးကလည်းပါဦးမှ (မှန်ပါ)၊ ဒီအလင်းကလည်းရှိဦးမှ (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ ဒီအဆင်းကကော (ရှိဦးမှပါ ဘုရား)။

ဒါဖြင့် ဒီမြင်စိတ်ကလေးပေါ်ခြင်း၏အကြောင်း ဘယ်နှစ်ကြောင်းတုံး (လေးကြောင်းပါ ဘုရား)၊ လေးကြောင်းလို့ မှတ်သားပါ၊ နာမ်တရားပေါ်တာကို ဒီလိုချည်းမှတ်ရမယ် (မှန်ပါ)၊ နာမ်တရားပေါ်တယ်ဆိုလို့ရှိရင်၊

ဪ ဒါ နာမ်တရားလို့လည်း ခေါ်နိုင်တယ်၊ စိတ်တရားလို့လည်း ခေါ်နိုင်တယ်၊

ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာဟုတ်ပါရဲ့လား

အဲဒီကဲ့သို့ခေါ်နိုင်တော့ ဒီနာမ်တရားကို မျက်လုံး မြင်တဲ့ပုဂ္ဂိုလ်များက စဉ်းစားရမယ်၊ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)၊ ငါ့ကိုယ်လို့လည်းဆိုလို့ (မရပါ ဘုရား)၊

ငါ့ကိုယ်ဆိုရင် ဒါတွေက တရားစွဲမှာပေါ့၊ မင်းတို့နဲ့ဘာဆိုင်လို့တုန်းလို့ ဟင် (မှန်ပါ)၊ ငါ့ဟာကော (မဟုတ်ပါ ဘုရား)၊ ငါ့ဥစ္စာကော (မဟုတ်ပါ ဘုရား)၊ အဲ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာမဟုတ်ဘူးဆိုပြီး၊ ဒီလိုသိထားလို့ရှိရင် တဏှာ၊ မာန၊ ဒိဋ္ဌိစင်ပါတယ် (မှန်ပါ)၊ တဏှာ၊ မာန၊ ဒိဋ္ဌိ (စင်ပါတယ် ဘုရား)၊ တဏှာ၊ မာန၊ ဒိဋ္ဌိစင်တယ်လို့ မှတ် ထားရမယ် (မှန်လှပါ ဘုရား)။

အဲဒီ တဏှာ၊ မာန၊ ဒိဋ္ဌိစက်တဲ့အခါကျလို့ရှိရင်းဖြင့်၊ တဏှာကလည်း မလာလို့ တဏှာ၊ ဥပါဒါန်၊ ကံလည်း မလာတော့ဘူး (မှန်ပါ)၊ မာနကလည်းမလာလို့ မာန၊ ဥပါဒါန်၊ ကံတွေကော (မလာတော့ပါ ဘုရား)၊ ဒိဋ္ဌိကမလုပ်တော့ ဒိဋ္ဌိ၊ ဥပါဒါန်၊ ကံတွေကော (မလာတော့ပါ ဘုရား)။

မလာလို့ရှိရင်ဖြင့်၊ ဒါ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်းဆိုတာကြီးကော လာနိုင်ကြရဲ့လား (မလာနိုင်တော့ ပါ ဘုရား)၊ ဘာဖြစ်လို့ မလာနိုင်တုံး တဲ့၊ သူ့ကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာမစွဲလို့ (မှန်ပါ)၊ မြင်စိတ်ကလေးကို (ငါ့ကိုယ်၊ ငါ့ဟာ ငါ့ဥစ္စာမစွဲလို့ပါ ဘုရား)၊ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့မစွဲလို့ရှိရင်ဖြင့် တဏှာကော လာသေးလား (မလာပါ ဘုရား)၊ တဏှာမလာရင် နောက်ပဋိသန္ဓေ (မလာတော့ပါ ဘုရား)၊ ဒိဋ္ဌိမလာရင် နောက်ပဋိသန္ဓေမလာဘူး (မှန်ပါ)၊ အေး မာနမလာရင် (နောက်ပဋိသန္ဓေမလာပါ ဘုရား)၊

တဏှာ၊ မာန၊ ဒိဋ္ဌိဟာ စင်နေတာ

တစ်ခါတည်း ဒီဥစ္စာကလေးကို အခုပြောလိုက်တဲ့ အကြောင်းလေး ကြောင်းကြောင့် ဖြစ်နေတယ်လို့ မှန်မှန်ကန်ကန်သိနေကြလို့ရှိရင်၊ ဒါ မြင်စိတ်ဟာ မြင်စိတ်ပဲလို့ဆိုပြီး သကာလ ဆုံးဖြတ်ချက်ချပြီး သိနေလို့ရှိရင် တဏှာ၊ မာန၊ ဒိဋ္ဌိဟာ စင်နေတာပဲ (မှန်လှပါ ဘုရား)။

ဘယ့်နှယ်တုံး၊ ဘာစင်ကြတုံး (တဏှာ၊ မာန၊ ဒိဋ္ဌိစင်ပါတယ် ဘုရား)၊ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတာ သံသရာဆက် တတ်တဲ့တရားကိုဆိုသည် (မှန်ပါ)၊ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတာ ဘာပါလိမ့် (သံသရာကို ဆက်တတ်တဲ့တရားပါ ဘုရား)၊ သံသရာဆက်တတ်တဲ့ တရားကိုဆိုသည်။

အဲဒီသံသရာဆက်တတ်တဲ့တရားဟာ၊ ဒါလေး ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူးလို့ သိလိုက်သဖြင့် သံသရာဆက်တတ်တဲ့ တရားတစ်ခုမှမလာတော့ဘူး (မှန်ပါ)၊ မလာကတည်းက အို၊ နာ၊ သေ၊ မွေးလိုက်၊ အိုလိုက်၊ နာလိုက်၊ သေလိုက်၊ မွေးလိုက်၊ အိုလိုက်၊ နာလိုက်၊ သေလိုက်၊ ဒါတွေဟာ မောင်အောင်မြတ်မကြုံတော့ဘူး (မှန်လှပါ ဘုရား)။

ဒါကြောင့် ဒီဥစ္စာကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူးလို့ ယနေ့ညမှာ သိထားရမယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒါလေးတစ်ခုလုံးကို သိလိုက်တာနဲ့၊ ဒါလေးဟာ ဒီအကြောင်းလေးကြောင်းကြောင့် ဖြစ်တယ်လို့ သိလိုက် သဖြင့် ဘယ်ကများလာဖြစ်နေပါလိမ့်မတုံးဆိုတဲ့ ဝိစိကိစ္ဆာရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ ဝိစိကိစ္ဆာသေသွားပြီ၊ ဒီအကြောင်းလေးကြောင်းကြောင့်ဖြစ်တယ်လို့ သိကတည်းက ဝိစိကိစ္ဆာသေသွားပြီး (မှန်လှပါ ဘုရား)။

ဒိဋ္ဌိ ဝိစိကိစ္ဆာသေတယ်

ဒီအကြောင်းလေးကြောင်းကြောင့် ဘာဖြစ်သတုံးဆိုတော့ မြင်စိတ်နာမ်ကလေးဖြစ်တယ်လို့ သိသဖြင့် ဒိဋ္ဌိက ပြုတ်သွားအောင် (မှန်ပါ)၊ အကြောင်းလေးပါးကြောင့် ဖြစ်တယ်ဆိုရင် ဝိစိကိစ္ဆာသေတယ် (မှန်ပါ)၊ ဒါ-နာမ်သက်သက် သိနေရင် (ဒိဋ္ဌိသေပါတယ် ဘုရား)၊ ဒိဋ္ဌိသေတယ်၊ ဒါကိုသေချာမှတ်ပါ (မှန်လှပါ ဘုရား)။

အကြောင်းလေးပါးကြောင့် ဖြစ်တယ်လို့သိရင် (ဝိစိကိစ္ဆာသေပါတယ် ဘုရား)၊ ဒါ နာမ်ကလေးသက်သက် ပေါ်တာပဲလို့ သိနေရင် (ဒိဋ္ဌိသေပါတယ် ဘုရား)၊ ဒိဋ္ဌိသေတာပဲ၊ ဒါ အသိနဲ့သေတာလို့မှတ်ပါ (မှန်ပါ)၊ ဘယ်လိုမှတ်ကြမှာ တုံး (အသိနဲ့သေတာပါ ဘုရား)၊ အပွားနဲ့သေတာမဟုတ်ပါဘူးတဲ့၊ ဒါ အသိနဲ့သေတာပဲရှိသေးတယ်၊ ပွားရဦးမှာ (မှန်လှ ပါ ဘုရား)။

ကောင်းပြီ၊ အသိနဲ့သေကတည်းက အငယ်သောတာပန်ဖြစ်ပြီလို့ အောက်မေ့ပါ (မှန်ပါ)၊ ဘယ်လိုမှတ်ကြ မယ် (အငယ်သောတာပန်ဖြစ်ပါပြီ ဘုရား)၊ အငယ်သောတာပန်ဖြစ်ပြီလို့မှတ်ထား၊ အပါယ်တစ်ဘဝလွတ်တယ် (မှန်ပါ)၊ တစ်ဘဝပဲလွတ်မယ် (မှန်ပါ)၊ ဒီအသိသိထားလို့ရှိရင် (အပါတစ်ဘဝလွတ်ပါတယ် ဘုရား)။

ဟာ တစ်ဘဝတည်းလွတ်တာတော့ မကြိုက်သေးပါဘူးဘုရား၊ စင်းလုံးချော၊ ဘယ်အခါမဆို လွတ်တာကိုကြိုက် ပါတယ်ဆိုလို့ရှိရင်ဖြင့်တဲ့၊ အခုပြောတာလည်း မမေ့စေပဲနဲ့ ဒီကမဂ္ဂင်ငါးပါးနဲ့မင်းတို့ဝမ်းထဲကနေပြီး ဒါကိုဖြစ်ပျက်ရှုပစ် လိုက် (မှန်ပါ)၊ မြင်စိတ်ကလေးကို ဘာလုပ်ရမှာလဲ (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဖြစ်ပျက်ရှုပေးလို့ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက် ဆုံးသွားလို့ရှိရင် စင်းလုံးချောတောက်လျှောက်ရောက်တာပဲ (မှန်ပါ)၊ ဒါ ဆုံးသွားလို့ရှိရင် နော် (မှန်ပါ)၊ ပေါ်ကြရဲ့ လား (ပေါ်ပါပြီ ဘုရား)။

အသိနဲ့လွတ်လို့ရှိရင်တစ်ဘဝ အပွားနဲ့လွတ်ရင်တစ်သံသရာလုံး

ဒါဖြင့် အသိနဲ့လွတ်လို့ရှိရင် တစ်ဘဝ (မှန်ပါ)၊ အပွားနဲ့လွတ်လို့ရှိရင်ဖြင့် တစ်သံသရာလုံး (မှန်ပါ)၊ တောက် လျှောက်အပါယ်လေးပါး လွတ်သွားတယ် (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီဥစ္စာမေ့ပစ်လို့တော်ပါ့မလား (မတော်ပါ ဘုရား)၊ တရားနာတဲ့ ပုဂ္ဂိုလ်၏ ဉာဏ်စွမ်းနဲ့တော့ မောင်ချစ်စိန်သွားပြီး၊ ဒါ-ဘာမှပေါ်မှာမဟုတ်ဘူး (မှန်ပါ)၊ တစ်ဘဝတောင်လွတ်ဖို့ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ ဒါ-ငါမြင်တယ်လို့ပြောနေကြတာ (မှန်ပါ)၊ ဒါ ငါပဲ (မှန်ပါ)၊ အို-ငါနဲ့ဘာဆိုင်တုံး (မဆိုင်ပါ ဘုရား)၊ သေချာကြပြီလား (သေချာပါတယ် ဘုရား)။

အဲဒီကဲ့သို့ သိထားတော့မှ ပွားပေးပါတဲ့၊ မြင်တယ်ဆို၊ ဪ -မြင်တဲ့စိတ်ကလေးဟာ ဒီအထဲမှာပဲ ပျက်သွားတာ ပဲ၊ မြင်ပြီးပျက်သွားရတယ် (မှန်ပါ)၊ ဟော ဝင်းထရံတွေနံပါတ်ထိုး (၁၊ ၂၊ ၃၊ ၄၊ ၅၊ .. ၁၀)ကျအောင်ထိုးကြည့် (မှန်ပါ)၊

၁-မြင်တာ၊ မြင်စိတ်တစ်ခု (မှန်ပါ)၊ ၂-မြင်တာလည်း ဒီလေးပါးကတစ်ခါတစ်ခုလုပ်ရပြန်တယ် (မှန်ပါ)၊ ၃-မြင်ပြန်တော့ ဒီလေးပါးက (တစ်ခုလုပ်ရပါတယ် ဘုရား)၊ ၄-မြင်ပြန်တော့ (တစ်ခုလုပ်ရပါတယ် ဘုရား)။

ကဲ ဒါဖြင့် မြင်စိတ်ကလေး ပျက်-မပျက် မင်းတို့ စဉ်းစားစမ်း (ပျက်ပါတယ် ဘုရား)၊ ဒီက ပြန်လုပ်ရတာ ကြည့်ကတည်းက (ပြန်လုပ်ရပါတယ် ဘုရား)၊ အသစ်နဲ့ချည်း မြင်နေရတယ် (မှန်ပါ)၊

အသစ်နဲ့မြင်တာ ထောက်လို့ရှိရင် အဟောင်းပျက်လို့ပဲ (မှန်ပါ)၊ ဘယ်လိုဆိုကြမယ် (အဟောင်းပျက်လို့ပါ ဘုရား)၊ အဟောင်းပျက်လို့ပဲလို့ မှတ်ကြရမယ် (မှန်ပါ)၊ အသစ်နဲ့မြင် (မြင်နေပါတယ်ဆိုရင် ဘယ်လိုဝှက်ကြမယ် (အဟောင်းပျက်လို့ပါ ဘုရား)။

အဟောင်းပျက်တာသည် အနိစ္စ

အဲ အဟောင်းပျက်တာသည် အနိစ္စချည်းပဲ (မှန်ပါ)၊ အသစ်ပေါ်လာတာ သင်္ခါရလို့မှတ် (မှန်ပါ)၊ ဒါကြောင့် အနိစ္စ-သင်္ခါရ၊ အနိစ္စ-သင်္ခါရ (မှန်ပါ)၊ တော်ကြာ ဒီသင်္ခါရအနိစ္စရောက်ပြန်တယ် (မှန်ပါ)၊ မရောက်ဘူးလား (ရောက်ပါ တယ် ဘုရား)။

အဲဒီတော့ “သဗ္ဗေ သင်္ခါရ အနိစ္စာ” ဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)၊ အေး ဒါမှတ် ထားလိုက် (မှန်လှပါ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒီမြင်စိတ်ကလေးတစ်ခုကို ဪ ဒီလေးပါးသောအကြောင်းကြောင့် ဖြစ်တယ်လို့ သိထား တော့ကို တဏှာ၊ မာန၊ ဒိဋ္ဌိက သူ့ဖြစ်ပျက်ရှုနေကတည်းက မဂ်ကလာနေပြီကွ၊ မလာသေးဘူးလား (လာပါတယ် ဘုရား)၊ လာနေကတည်းက သူနောက်က ငါမြင်တယ်ဆိုတဲ့ ဒိဋ္ဌိ မလိုက်နိုင်တော့ဘူး (မလိုက်နိုင်တော့ပါ ဘုရား)၊

ဒိဋ္ဌိလည်းသေ သွားပြီ၊ မဟုတ်ဘူးလား (မှန်ပါ)၊ မာနကလည်း ဒါဖြစ်ပြီးပျက်တာမြင်သဖြင့်၊ ဪ ငါ့ဥစ္စာမဟုတ်လို့ သူလည်း မာနထောင်စရာရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ တဏှာကလည်း ခင်စရာရှိသေးရဲ့လား၊ ဖြစ်ပြီးပျက်တဲ့ တရားလို့ သိရင် (မရှိပါ ဘုရား)၊ မရှိတော့ဘူး။

ဖြစ်ပျက်ရှုတာ-တဏှာ၊ မာန၊ ဒိဋ္ဌိသုံးခုသေတယ်

အဲဒီတော့ ဖြစ်ပျက်ရှုတာ-တဏှာ၊ မာန၊ ဒိဋ္ဌိသုံးခုသေတယ် (မှန်ပါ)၊ အဲဒါကြောင့် သူကတစ်သံသရာလုံးမှာ အပါယ်လေးပါးလွတ်သွားတယ် (မှန်ပါ)၊ တစ်ဘဝတွင် လွတ်တာဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)၊ တဏှာ၊ မာန၊ ဒိဋ္ဌိအကုန်သေသွားတာကိုး (မှန်လှပါ ဘုရား)။

သိပြန်တော့လည်း အလွယ်ကလေးလို့ မှတ်ကြပါ (မှန်ပါ)၊ သိပြန်တော့လည်း (အလွယ်ကလေးပါ ဘုရား)၊ မသိပြန်တော့ ဒီလိုလည်း မမှတ်ကြတော့ဘူး၊ ဒီလိုလည်း မသိကြတော့ဘူး ဆိုလို့ရှိရင်ဖြင့် ဒီဒိဋ္ဌိတန်းလန်း နဲ့သေသွား တာပဲ (မှန်ပါ)၊

တဏှာတန်းလန်းနဲ့ကော (သေရပါတယ် ဘုရား)၊ မာန တန်းလန်းနဲ့ကော (သေရပါတယ် ဘုရား)၊ သေသွား တော့ အကုန်အပါယ်သွား (မှန်ပါ)၊ သံသရာ လည်ကြ၊ အိုကြ၊ နာကြ၊ သေကြ (မှန်ပါ)၊ မသာလောင်တွေဖြစ်ကြ (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မျက်လုံးဘက်ကဖြင့် မင်းတို့နိုင်ပါပြီ၊ မျက်လုံးဖြစ်ပျက်ရှုတာဖြင့် နိုင်ပါပြီ-နော် (မှန်ပါ)၊ အကယ်၍ ဒီမျက်လုံးကို ဖြစ်ပျက်မရှုနိုင်ဘူးဘုရား မြန်လွန်းတယ်ဆိုလို့ရှိရင် မြင်ပြီးသကာလ အဖြူအနီ အကြောင်အကျား သိတဲ့စိတ်ကလေး မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)၊ ဖြူနီကြောင်ကျားသိတဲ့စိတ်ကလေး ပေါ်တယ်ထားပါတော့၊ အကြောင်းလေးပါးကြောင့်ပေါ်တဲ့ မျက်လုံးကမြင်ပြီးသိတယ်ထားလိုက်ပါ (မှန်ပါ)၊ အဲဒီသိတဲ့စိတ်ကို နောက်ကဖြစ်ပျက် ရှု (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သိတဲ့စိတ်ကို (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဖြစ်ပျက်ရှုလိုက်ပြန်တော့ သိရုံတင် သိတဲ့အတွက်၊ သူတဏှာ နောက်က မလာပါဘူး (မလာပါ ဘုရား)၊ အဖြူပဲလို့ သိတယ်၊ အနီပဲလို့သိတယ်၊ လှတယ်လို့သိတယ်၊ ဝတယ်လို့သိတယ်၊ သိရုံကတော့ ဘာမှအပြစ်မရှိဘူး (မှန်ပါ)၊ လှလို့ ခင်စရာကောင်းတယ်ဆိုမှ တဏှာဖြစ်လာမှာကိုး (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

မြင်ရုပ်ကိုရှုချင်ရှု၊ မြင်စိတ်ကိုရှုချင်ရှု

အဲဒါတွေ သေချာသိတော့မှ ဪ ဒါဖြင့် မြင်ရုပ်ကိုရှုချင်ရှု၊ မရှုချင်ရင် မြင်စိတ်ကိုရှုချင်ရှု (မှန်ပါ)၊ မမိလိုက်ဘူးဆိုရင် သိတာကို (ရှုရမှာပါ ဘုရား)၊ သိစိတ်ကိုရှုရင်ရှုပေး၊ ကြိုက်ရာကိုရှုတဲ့၊ ဒီဥစ္စာဟာ အားလုံးရှုနိုင်တာချည်း ပဲဆိုတာ မှတ်လိုက်ပါ (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မျက်လုံးဘက်ကနိုင်ပြီဆိုကြပါစို့ (မှန်ပါ)၊ မျက်လုံးဘက်ကနိုင်တော့၊ နားဘက်ကပြောဦးမယ် (မှန်ပါ)၊ နားဘက်ကပြောမယ်။

အမေမွေးတုန်းကလည်း နားကမကန်းခဲ့ပါမှ၊ နားရုပ်ကပါဦးမှ (မှန်ပါ)၊ ဒီက အသံကလည်းရှိပါဦးမှ (မှန်ပါ)၊ ဒီကအပေါက်ကလေးကလည်း ရှိပါဦးမှ၊ အသံလာတဲ့ အပေါက်ကလေးက (မှန်ပါ)၊ နှလုံးသွင်းကလည်းရှိပါဦးမှ၊ ကြားစိတ် ကလေးပေါ်တယ်နော် (မှန်ပါ)၊ ကြားစိတ်ကလေးကလည်း လေးချက်ပဲ (မှန်လှပါ ဘုရား)။

ဟိုဘက်က ငါ့အခန်းထဲကနေ ဘယ်လိုပဲ နာရီစက်ကသွားနေနေ၊ မင်းတို့ ဒီက ကြားပါ့မလား (မကြားပါ ဘုရား)၊ အပေါက်မရှိဘူး (မှန်ပါ)၊ အာကာသအပေါက်မရှိဘူး (မှန်ပါ)၊ အပေါက်မရှိလို့ရှိရင် (မကြားရပါ ဘုရား)။

ဒါဖြင့် နားလဲရှိမှ၊ အသံကလည်း ဟိုကထွက်နေဦးမှ (မှန်ပါ)၊ အပေါက်ကလေးကလည်း (ရှိဦးမှပါ ဘုရား)၊ ထောင်မယ်လို့ နှလုံးသွင်းကကော (ရှိနေရမှာပါ ဘုရား)၊ ဒီလေးပါးရှိမှ ကြားစိတ်ကလေးပေါ်တယ် (မှန်ပါ)၊ သူက ဟိုဟာကလေးထူးတယ်၊ မထူးဘူးလား (ထူးပါတယ် ဘုရား)၊ အပေါက်ကလေးတစ်ခု၊ အာကာသဆိုတဲ့ အပေါက်ကလေး (မှန်လှပါ ဘုရား)။

ဒါမှကြားစိတ်ကလေး ပေါ်နိုင်တယ်ဆိုတော့ ကြားစိတ်ကလေးဖြစ်ကြောင်း ဘယ်နှစ်ကြောင်းပါလိမ့် (လေးကြောင်းပါ ဘုရား)၊ နားထဲ-ကြားစိတ်ကလေးဖြစ်တာလေးကြောင်းလို့ တင်လှတို့မှတ်ထားရမယ် (မှန်လှပါ ဘုရား)။

ဪ ဒါဖြင့်၊ အကြောင်းလေးကြောင်းကလုပ်ထားတဲ့ ကြားစိတ်လို့ မသိဘူးလား (သိပါတယ် ဘုရား)၊ သိရင်ဝိစိကိစ္စာသေပြီ (မှန်ပါ)၊ အလိုလိုပေါ်တာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)၊ ကျုပ်နားထံ အလိုလိုကြားနေတယ် ဗျာ ဆိုတာတွေကတော့ လူပြိန်း လူအ ပြောတာတွေ (မှန်လှပါ ဘုရား)။

ကြားစိတ်ကလေးဟာ ဖြစ်ခြင်းအကြောင်း

ဒါဖြင့် ကြားစိတ်ကလေးဟာ ဖြစ်ခြင်းအကြောင်းဘယ်နှစ်ကြောင်းပါလိမ့် (လေးကြောင်းပါ ဘုရား)၊ လေးကြောင်း၊ လေးကြောင်းစုံလို့ရှိသူ ပေါ်တာပဲ (ပေါ်ပါတယ် ဘုရား)၊ နာမ်ဓမ္မလေးပေါ်တာပဲ၊ ကြားနာမ်ကလေးပေါ် တာပေါ့ကွာ (မှန်ပါ)၊ ခုနကမြင်တဲ့နာမ်ကလေးပေါ်သလိုပေါ့၊ အခုတော့ဘာတုံး (ကြားနာမ်ကလေးပေါ်ပါတယ် ဘုရား)။

ကြားတတ်တဲ့ နာမ်စိတ်ကလေးပေါ်တယ်ဆိုတော့၊ လူသေတွေကျတော့ ကြည့်ပါလားကွ၊ ဟောဒီရုပ်-ပျက်သွား တာ (မှန်ပါ)၊ မျက်လုံးရုပ်ပျက်သွားတော့ ဒီအဆင်းတွေကို ဘယ်လိုပြပြမသိတော့ဘူး (မှန်ပါ)၊ လူသေတွေအနားနား ဘယ်လိုပဲ အမြောက်ကပ်ပစ်၊ သူ့အလောင်းပွဲကို ကြားနိုင်သေးရဲ့လား (မကြားနိုင်ပါ ဘုရား)၊ ဟောဒီကြားစိတ်ပျက်သွား တာ (မှန်လှပါ ဘုရား)။

ကံကြောင့်ဖြစ်တဲ့ ကြားစိတ်ပျက်သွားပြီတဲ့၊ ဒါကြောင့် သူတို့ကျတော့ ဘယ်လိုမှ မကြားနိုင်တော့ဘူး (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကြားစိတ်ကလေးပေါ်ခြင်း၏အကြောင်း ဘယ်နှစ်ကြောင်းရှိတုံး (လေးကြောင်းပါ ဘုရား)၊ ဒီက အသံ၊ အပေါက်၊ နှလုံးသွင်း၊ နားရုပ် (မှန်ပါ)၊ ဒီလေးခုမစုံလို့ရှိရင် မောင်ချစ်စိန်ရ ပေါ်ကိုမပေါ်ဘူး (မပေါ်ပါ ဘုရား)၊ နားလေးတဲ့ ပုဂ္ဂိုလ်ဟာ ဒါပျက်သွားတာ (မှန်ပါ)၊ ဒါပျက်သွားတော့ ကြားစိတ်ပေါ်သေးရဲ့လား (မပေါ်တော့ပါ ဘုရား)။

မပေါ်တော့ဘူးတဲ့၊ နားလေးတဲ့ပုဂ္ဂိုလ်ကျတော့ ကြားစိတ်ကို မပေါ်နိုင်ဘူး၊ ဒါကို ပသာဒပျက်တယ်လို့ဆိုကြ တယ် (မှန်ပါ)၊ အပြီးသတ်ကျတော့ ကြားရုပ်ကလေး ပျက်သွားတာ (မှန်ပါ)၊ ကြားတတ်တဲ့ ရုပ်ကလေး ပျက်သွားတာလို့ မှတ်ထားကြပါ (မှန်လှပါ ဘုရား)။

ကြားတာလေးဟာ ငါလား၊ သူလား

ဒါဖြင့် ကြားတာလေးဟာ ငါလား၊ သူလား၊ နာမ်ကလေးပေါ်တာလား (နာမ်ကလေးပေါ်တာပါ ဘုရား)၊ ကြားတတ်တဲ့နာမ်ကလေးပေါ်တာ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ကြားတတ်တဲ့ နာမ်ကလေးပေါ်တယ်ဆို တော့ ဒါ နာမ်ကကြားတာ (မှန်ပါ)၊ ဒီပြင်ကြားဖို့ အကူအညီက လေးခု (မှန်ပါ)၊ ကြားဖို့ရာပေါ်တဲ့ အကူအညီက (လေးခုပါ ဘုရား)၊ လေးခုလို့မှတ်ထားပါတဲ့ (မှန်လှပါ ဘုရား)။

လေးခုလို့ မှတ်ထားတဲ့အခါကျတော့ ဪ ကြားဖို့ရာအကူအညီက လေးခုပေါင်းစုံပြုလိုက်တော့မှ၊ ကြားတတ်တာတစ်လုံးပေါ်တယ် (မှန်ပါ)၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။

ဒါက မင်းတို့ ကောင်းအောင်ဟောတဲ့ တရားမဟုတ်ဘူး၊ သိအောင်ဟောနေတဲ့ တရား (မှန်လှပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ကြားတတ်တဲ့စိတ်ကလေးဟာ ငါလား၊ သူလား၊ ကြားစိတ်ကလေးလား (ကြားစိတ်ကလေး ပါ ဘုရား)၊ ကြားစိတ်ကလေးလို့ မှတ်ထားပါ (မှန်ပါ)၊

ကြားရတာ ကောင်းလိုက်တာဆိုလို့ရှိရင် သူနဲ့ ဝေဒနာနဲ့တွဲပေါ်တာ ပဲ၊ မြင်ရတာကောင်းသလိုပေါ့ကွာ (မှန်ပါ)၊ ဝေဒနာလဲပေါ်တယ်၊ သညာလည်းပေါ်တယ်၊ ကြားလိုက်တဲ့စေတနာလည်း ပေါ်တယ်၊ နာမက္ခန္ဓာလေးပါးလား လာပေါ်တယ် (မှန်လှပါ ဘုရား)။

နာမ်ပေါ်ခြင်း၏အကြောင်း

ဒါကြောင့် နာမ်ပေါ်ခြင်း၏အကြောင်းက ခုနကလည်းလေးပါး၊ အခုလည်းလေးပါးပဲ (မှန်ပါ)၊ ခုနကလည်း ဒီလိုလေးခုပေါ်တာပဲ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါတွေဟာ မလွယ်ဘူးကွ (မှန်ပါ)၊ တကယ့်ဆရာကောင်း၊ သမားကောင်းနဲ့ တပည့်ကောင်းမှသိရမှာ (မှန်ပါ)၊ နို့မို့ရင်တော့ ဝေးပါသေးရဲ့၊ (ဝေးပါတယ် ဘုရား)၊ စာသွားကြည့်တော့ ဟိုတစ်လုံး ဒီတစ်လုံးနဲ့ (မှန်ပါ)၊ ဟိုတစ်လုံး ဒီတစ်လုံးရေးထားတာ (မှန်ပါ)၊ ပေါင်းပြီးပြောဖို့ရာဆိုတော့ မလွယ်တော့ဘူး (မလွန်ပါ ဘုရား)။

ကဲ ဒါဖြင့်၊ ကြားနာမ်ကလေးပေါ်တာ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ နာမက္ခန္ဓာ ဘယ်နှစ်ပါးပေါ်တုံး (လေးပါးပေါ်တယ် ဘုရား)၊ လေးပါးပေါ်တယ်၊ ဒီလေးခုနော် (မှန်ပါ)၊ ဒါကြောင့် နာမက္ခန္ဓာလေးပါး တပြိုင်နက်ပေါ် တယ်၊ တပြိုင်နက်ပေါ်တယ်ဆိုတာ ဒါကိုပြောတာ (မှန်လှပါ ဘုရား)။

ဒါကြောင့် ကြားရတာ ကောင်းလိုက်တာဆို၊ မှတ်တာလဲပါတာပဲ၊ စေ့ဆော်တဲ့ စေတနာလဲပါတာပဲ (မှန်ပါ)၊ ဘယ်နှစ်ပါးပါလိမ့် (လေးပါးပါ ဘုရား)၊ လေးပါး၊ အတူတူဖြစ်လို့ ပျက်တဲ့အခါကျတော့ အတူတူပျက်တာပဲ (မှန်လှပါ ဘုရား)။

စူဠသောတာပန်ပြန်ပြောလိုက်ဦးမယ်

ဒါကြောင့် သူ့ကိုဖြစ်ပျက်ရှု၊ ခုနက စူဠသောတာပန်နဲ့ မနေချင်လို့ရှိရင် (မှန်ပါ)၊ စူဠသောတာပန်ပြန်ပြောလိုက် ဦးမယ်၊ ကြားစိတ်ကလေး၊ နာမက္ခန္ဓာလေးပါးဟာ အလိုလိုပေါ်တာလား၊ အကြောင်းဘယ်နှစ်ပါးတုံး (အကြောင်းလေးပါး ပါ ဘုရား)၊ အကြောင်းလေးပါးကြောင့်သိတယ်ဆိုရင် ဘာစင်သွားသတုံး (ဝိစိကိစ္ဆာစင်ပါတယ် ဘုရား)၊ ဝိစိကိစ္ဆာစင်သွား ပြီ၊

ဒါလေးဟာ နာမ်သက်သက်- နာမက္ခန္ဓာလေးပါး ပေါ်တာပဲလို့သိရင် (ဒိဋ္ဌိစင်ပါတယ် ဘုရား)၊ အဲဒါ တစ်ဘဝသောတာ ပန် (မှန်ပါ)၊ တစ်ဘဝ စူဠသောတာပန်၊ အငယ်သောတာပန်ဖြစ်သွားပြီလို့ မှတ်ထားရမယ် (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါလောက်နဲ့ တပည့်တော်တို့ မကျေနပ်ပါဘူးဘုရား၊ အကြောင်းလေးပါးကြောင့်ဖြစ်တာကို ဖြစ်ပျက်ရှု ပါဦးမယ်ဆိုပြီး ပေါ်တိုင်းဖြစ်ပျက်ရှုပါ (မှန်ပါ)၊

ပေါ်တိုင်း ဘာတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ပေါ်တိုင်းဖြစ်ပျက်ရှု၊ စိတ်တစ်ခုထဲရှုနေပါ (မှန်ပါ)၊ ကျန်တာ အကုန်ပါသွားတာကိုးကွ (မှန်ပါ)၊

အဲ-စိတ်တစ်ခုထဲရှုနေ၊ ကြားစိတ် တစ်ခုထဲဖြစ် ပြီး ပျက်သွားပြီလို့ သိ-သိ-သိပြီးရှုနေကြလို့ရှိရင်ဖြင့်၊ ဒီဖြစ်ပျက်ကို မုန်းလာမှာပဲ နောက်တော့ (မှန်ပါ)၊ ဒီဖြစ်ပျက် ဆုံးသွားလို့ရှိရင် အပါယ်လေးပါး လုံးဝ-နင်တို့နဲ့ အိုးစားကွဲပြီလို့ မှတ်ရမယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် တရားကသိပ်ဟောလို့လည်း မဖြစ်ဘူးကွ၊ ဒီဥစ္စာကစိပ်တယ် (မှန်ပါ)၊ စိပ်တယ်၊ ဒီဥစ္စာက တစ်ခုတစ်ခု မှာလဲ မျိုးကမတူဘူးကွ၊ အမျိုးမတူဘူးတဲ့ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒီကြားစိတ်ကလေးမှ မရှုနိုင်ဘူးဘုရား၊ ကြားပြီ တပည့်တော်က သိသေးတယ်ဘုရာ့၊ ဘယ်သူ့အသံပဲ ဘယ်ဝါ့အသံပဲဆိုတာ သိသေးတယ်ဆို၊ သိတဲ့စိတ်ကလေး နောက်ကလိုက် လိုက်ပါ (မှန်ပါ)၊ လိုက်ရင်လည်း နာမက္ခန္ဓာ လေးပါးလိုက်တယ်လို့ အောက်မေ့ပါ (မှန်ပါ)၊ အဲဒီသိတဲ့ နာမက္ခန္ဓာလေးပါးကို မင်းတို့က ဖြစ်ပျက်တစ်ခါ ပြန်ရှုပစ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒီသုံးချက်ကို တစ်ချက်-ချက်တော့မိအောင်ရှု

ဒါဖြင့် ရှုစရာဘယ်နှစ်ချက် ပေးသတုံးမေးကြည့်ရင် သုံးချက်ကွ (မှန်ပါ)၊ အသံရှုချင်ရှု (မှန်ပါ)၊ ကြားစိတ်ကို (ရှုရမှာပါ ဘုရား)၊ သိတဲ့စိတ်ကို (ရှုရမှာပါ ဘုရား)၊ ဒီသုံးချက်ကို တစ်ချက်-ချက်တော့မိအောင်ရှုကြ (မှန်ပါ)၊ ဒီသုံးချက် ကို တစ်ချက်ချက်မိအောင် ရှုလိုက်လို့ရှိရင်တော့ဖြင့်၊ မင်းတို့ အပါယ်လေးပါးတော့ စိတ်ချရပါပြီ (မှန်ပါ)၊ ဘာမှပူစရာ မရှိတော့ဘူး (မှန်ပါ)၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ကြားခြင်း၏အကြောင်းက ဘယ်နှစ်ပါးတုံး (လေးပါးပါ ဘုရား)၊ လေးပါး၊ လေးပါးပေါင်းတော့ ဘာလေး ပေါ်တုံး (ကြားစိတ်ပေါ်ပါတယ် ဘုရား)၊ အေး-ကြားစိတ်ကလေးပေါ်တယ်၊ ကြားစိတ်ကလေးပေါ်တော့ ကြားစိတ်ကလေး တစ်ခုတည်းလား၊ လေးပါးလာပေါ်တာ (လေးပါးပါ ဘုရား)၊ နာမက္ခန္ဓာလေးပါးပေါ်တယ်၊ အဲဒီ နာမက္ခန္ဓာလေးပါးကို ဖြစ်ပျက်ရှုပါ (မှန်ပါ)၊ မရှုနိုင်ဘူး တပည့်တော်တို့ကြားပြီးရင်၊ ဒါကြက်သံပဲ ငှက်သံပဲလို့သိတယ်၊ သိတဲ့စိတ်ကလေးက နောက်ကလိုက်တာ (မှန်ပါ)၊ ကြားတဲ့စိတ်နောက်ကသိတဲ့စိတ်က (လိုက်ပါတယ် ဘုရား)၊ လိုက်လာလို့ရှိရင် သူ့ဘာလုပ် ရမှာတုံး (ဖြစ်ပျက်ရှုမှာပါ ဘုရား)၊ သူ့ကိုပဲ အနိစ္စရှုရမယ် (မှန်ပါ)၊ ဖြစ်ပျက်ဆိုတာအနိစ္စပဲ (မှန်ပါ)၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။

အဲဒီကဲ့သို့ မင်းတို့ရှုပြီးသကာလ နေကြလို့ရှိရင်ဖြင့်၊ ဒီနာရီက ချက်-ချက်-ချက်-ချက်မြည်နေတာတွေ၊ ချက်-ချက်ဟာလည်း ပထမချက်ကြားတာလဲ ကြားသိတာပဲ (မှန်ပါ)၊ နာရီကမြည်တာပဲ၊ နာရီကမြည်တာပဲလို့ မသိဘူးလား (သိပါတယ် ဘုရား)၊ အဲဒီသိတဲ့စိတ်ကလေး ဘာလုပ်ကြရမှာတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊

ရှုလိုက်တဲ့အခါကျတော့

ရှုလိုက်တဲ့အခါကျလို့ရှိရင် နာရီကြောင့်၊ ဪ -ဆူလိုက်တဲ့နာရီလို့ ဒေါသကောလာသေးရဲ့လား (မလာတော့ပါ ဘုရား)၊ ကြားလို့ကောင်းတယ်ဆိုတဲ့ လောဘကော (မလာပါ ဘုရား)၊ ကြားတာကြားမှန်းမသိတဲ့မောဟကော (မလာပါ ဘုရား)။

မလာတော့ကို တဲ့၊ ကြားရတာစိတ်ပျက်လိုက်တာဆိုရင် ဒေါသလာတော့ ပဋိစ္စသမုပ္ပါဒ်က (ဆက်ပါတယ် ဘုရား)၊ ဒေါသလာရင်ဆက်သွားတာပဲ (မှန်ပါ)၊ လောဘလာရင်ကော (ဆက်ပါတယ် ဘုရား)၊ အင်း မောဟလာရင်ကော (ဆက်ပါ တယ် ဘုရား)၊ ဆက်သွားတော့ မင်းတို့ အင်မတန်ကြောက်စရာမကောင်းဘူးလား (ကောင်းပါတယ် ဘုရား)၊ အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့သံသရာကြီး သွားပြန်ရောပေါ့ကွ (မှန်ပါ)၊ သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့်၊ ဘယ်နှစ်ချက်ရှုရမှာတုံးလို့မေးတယ် (သုံးချက်ရှုရမှာပါ ဘုရား)၊ အသံကိုရှုချင်ရှု (မှန်ပါ)၊ ကြားစိတ်ကော (ရှုရမှာပါ ဘုရား)၊ သိတဲ့စိတ်ကို (ရှုရမှာပါ ဘုရား)၊ မင်းတို့သည် ဒါ-တစ်ခုခုတော့ဖြင့် မိအောင်လိုက်ကြရ မယ် (မှန်ပါ)၊ သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား)၊ ဒါဖြင့် ဘာမှပူစရာ မရှိဘူးပေါ့ကွာ (မှန်လှပါ ဘုရား)။

ကဲ ဒီတွင်တော်ကြဦးကွ၊

သာဓု သာဓု သာဓု။