3030

မာတိကာသို့

”တရားအားထုတ်သော ပုဂ္ဂိုလ်သည် လိပ်ကဲ့သို့ ကျင့်ရန်”

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

(၃၁-၁၂-၆၀) နေ့တွင်အမရပူရမြို့ မင်္ဂလာရိပ်သာ ကျောင်းတိုက်၌

ဟောကြားဆုံးမတော်မူအပ်သော

”တရားအားထုတ်သော ပုဂ္ဂိုလ်သည် လိပ်ကဲ့သို့ ကျင့်ရန်”

ည-အလုပ်ပေး တရားတော်

ဒကာ ဒကာမတို့ တစ်ခုသောညနေခင်းမှာ လိပ်တစ်ကောင်ဟာတဲ့ မြစ်ထဲမှာ ရေသောက်မလို့ ဆင်းလာ တယ်၊ ကုန်းလိပ်ပေါ့ (မှန်လှပါ ဘုရား)။

တောခွေးနှင့်လိပ်

မြစ်ထဲ ရေသောက်မလို့ ဆင်းလာတဲ့အခါကျတော့ တောခွေးတစ်ကောင်က ဟာ လိပ်တော့တွေ့ပြီ၊ စားစရာ တစ်ခုပဲလို့ တွေးလိုက်ပါတယ် (မှန်လှပါ ဘုရား)။

အဲဒီအခါမှာ လိပ်ကခွေးလာတာမြင်လိုက်တော့ ခေါင်းကိုလည်း သူ့အခွံထဲပြန်သွင်း၊ လက်နှစ်ဖက်လည်း သူ့အခွံထဲပြန်သွင်း၊ ခြေနှစ်ဖက်လည်း သူ့အခွံထဲ ပြန်သွင်းဆိုတော့၊ သူ့ ငါခုရှိတဲ့အနက်က ငါးခုစလုံး လိပ်အခွံအောက် ရောက်သွားတယ် (မှန်လှပါ ဘုရား)။

ခွေးဘယ်ကနေ ဆွဲမှာလဲလို့ မင်းတို့စဉ်းစားလို့ရှိရင်ဖြင့် ဆွဲစရာရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဘာဖြစ်လို့ ဆွဲ စရာမရှိသလဲဆို လိပ်ခွံထဲပြန်သွင်းလို့ လိပ်ခွံကြီးအောက်ထဲကို အကုန်ပြန်သွင်းလိုက်တာ (မှန်ပါ)၊

အဲဒီတော့ ခွေးကလည်း စောင့်နေတယ်၊ လက်ကထွက်ရင် လက်ကဆွဲစားမယ်၊ ညာဘက်လက်ထွက်ရင် ညာဘက်လက်က ဆွဲစားမယ်၊ ဘယ်ဘက် လက်ကထွက်လို့ရှိရင် ဘယ်ဘက်လက်က ဆွဲစားမယ်၊ ညာဘက်ခြေထောက်က ထွက်ရင် ညာဘက်ခြေထောက်ကဆွဲပြီး စားမယ်၊ ဒါမှ အသားရမှာကိုး (မှန်ပါ)၊ ဘယ်ဘက်ခြေထောက်ကထွက်လို့ရှိရင်လည်း ဘယ်ဘက်ခြေထောက်ကအသား ရပြီး၊ အဲဒီကနေဆွဲစားပြီး အူတွေအသဲတွေပါ ပါလာအောင် သူဆွဲမယ်၊ ခေါင်းက ထွက်လာရင်လည်း ခေါင်းစားမယ်လို့ စောင့်ပြီးနေပါတယ်။

ထိုကဲ့သို့ စောင့်ပြီးသကာလ နေငြားသော်လည်း လိပ်က သူ့ဟာ ငါးခုစလုံး အကုန်သိမ်းထားလိုက်တယ်၊ အခွံအောက်မှာပဲ (မှန်ပါ)၊ အခွံအောက်မှာပဲ ငါးခုစလုံး သိမ်းထားလိုက်တဲ့အတွက် ခွေးဟာ စောင့်ရကျိုးမနပ်ပဲနဲ့ ပြန်ပြေးရတယ် (မှန်ပါ)၊ ဘာဖြစ်လို့ ပြန်ပြေးရသတုံးဆိုတော့ လိပ်ဟာ သူ့အခွံအောက် ပြန်သွင်းတတ်လို့ (မှန်ပါ)၊ သဘောကျကြပြီလား (ကျပါပြီ ဘုရား)။

စောင့်နေတယ်ဆိုတဲ့ခွေးသည် သေမင်း

ထို့အတူပဲ-တဲ့၊ မင်းတို့လည်း စောင့်နေတယ်ဆိုတဲ့ခွေးသည် သေမင်းလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊ တို့သန္တာန် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် ငါးခုရှိတယ်။ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ ငါးခုရှိတယ် (မှန်လှပါ ဘုရား)။

စက္ခုပေါက်ကနေပြီးသကာလ မြင်တယ်၊ လိုချင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်ဆိုလို့ရှိရင်ဖြင့် တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ ဇာတိ၊ ဇရာ၊ မရဏမတွေ့ပါနဲ့ဆိုလို့ရပါ့မလား (မရပါ ဘုရား)၊

ဘာဖြစ်လို့ မရတာတုန်းဆိုလို့ရှိရင် ဖြင့်တဲ့၊ မျက်လုံးပေါက်ကနေ ဒီဘက်ထွက်သွားတဲ့အတွက် ဒီဇာတိ၊ ဇရာ၊ မရဏ ဒဏ်ချက်သင့်ရတယ် (သင့်ရပါတယ် ဘုရား)၊ မျက်လုံးပေါက်ကနေပြီး ထွက်သွားတဲ့အတွက်နော် (မှန်ပါ)၊ တဏှာ၊ ဥပါဒါန်၊ ကံထိအောင်လုပ်လိုက်တော့ ဇာတိ၊ ဇရာ၊ မရဏဆိုတဲ့ သေမင်းနဲ့မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

ဒီကျအောင် ထွက်သွားလို့တဲ့၊ ဒီဘက်ကျအောင် ထွက်သွားတဲ့အတွက် သေမင်းနဲ့ သွားတွေ့တယ် (မှန်ပါ)၊ မျက်လုံးကြည့်တဲ့လူဟာ သေမင်းနဲ့သွားတွေ့တယ် (မှန်ပါ)၊ မျက်လုံးကြည့်တဲ့လူဟာ ဘာနဲ့သွားတွေ့တုံ (သေမင်းနဲ့တွေ့ ပါတယ် ဘုရား)၊ ဇာတိ၊ ဇရာ၊ မရဏနဲ့သွားတယ်၊ ဒီဘက်ကိုလွန်ထွက်သွားတယ် (မှန်လှပါ ဘုရား)။

နားပေါက်ကနေပြီး ကြားတယ်ဆိုလိုရှိရင် နှစ်သက်တယ်၊ စွဲလမ်းတယ်၊ အားထုတ်မယ်ဆိုလို့ရှိရင် ဇာတိ၊ ဇရာ၊ မရဏနဲ့မတွေ့ဘူးလား (တွေ့မှာပါ ဘုရား)၊ ဒါ သေမင်းနဲ့ချည်းသွားတွေ့တယ်၊ ဒီခွေးနဲ့ချည်း သွားတွေ့တာ (မှန်ပါ)၊ ဒီကနေ ကျော်ထွက်သွားတဲ့အတွက် (မှန်ပါ)၊ သဘောကျကြပြီလား (ကျပါပြီ ဘုရား)။

နှာခေါင်းပေါက်က ဒီအတိုင်းကျော်ထွက်သွားရင်လည်း သေမင်းနဲ့မတွေ့ပေဘူးလား (တွေ့မှာပါ ဘုရား)၊ လျှာပေါက်ကကျော်ထွက်သွားရင် (တွေ့မှာပါ ဘုရား)၊ ကိုယ်ပေါက်ကကျော်ထွက်သွားရင် (တွေ့မှာပါ ဘုရား)၊ ဇရာ-မရဏဆိုတဲ့ သေမင်းနဲ့ဖြင့် လွတ်နိုင်ပါ့မလား (မလွတ်နိုင်ပါ ဘုရား)။

မသိမ်းတတ်မဆည်းတတ် ထွက်သွားလို့

ဒါ ဘာဖြစ်လို့တုန်းဆိုတော့ ကိုယ်မသိမ်းတတ် မဆည်းတတ်ပဲထွက်သွားလို့ (မှန်ပါ)၊ မသိမ်းတတ်မဆည်းတတ် ထွက်သွားလို့ ဆိုတဲ့အဓိပ္ပာယ်ကော ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါ မင်းတို့သည် မျက်လုံးပေါက်ကနေပြီး ဒီလိုချည်းပဲ တန်းနေကြမယ်ဆိုရင် ဇာတိ၊ ဇရာ၊ မရဏကတော့ဖြင့် မျက်လုံးပေါက်ကလည်း သေမင်းနိုင်ငံရောက်မှာပဲ (ရောက်မှာပါ ဘုရား)၊ လျှာပေါက်က (ရောက်မှာပါ ဘုရား)၊ ကိုယ် ပေါက်က (ရောက်မှာပါ ဘုရား)၊ သေမင်းနိုင်ငံချည်း ရောက်နေမယ်ဆိုတာ သေချာကြပြီလား (သေချာပါတယ် ဘုရား)။

ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် လွန်လွန်ပြီး ဒီဘက်ပိုထွက်ထွက်သွားတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒီတော့ကို လိပ်လိုပြန်သွင်းရမယ် (မှန်ပါ)၊ လိပ်ကပြန်သွင်းလိုက်တဲ့အတွက် ခွေးစာဖြစ်သေးရဲ့လား (မဖြစ် တော့ပါ ဘုရား)၊ ဘာဖြစ်လို့တုန်း (ပြန်သွင်းလိုက်လို့ပါ ဘုရား)၊ ပြန်သိမ်းလိုက်တာ (မှန်ပါ)၊ ပြန်သိမ်းလိုက်တဲ့အတွက် ခွေးတည်းဟူသော သေမင်းသည်ကားဆိုလို့ရှိရင် မစားရမသောက်ရပဲနဲ့ မောင်ချစ်စိန်ပြန်သွားရတယ် (မှန်ပါ)၊ သဘော ကျကြပြီလား (ကျပါပြီ ဘုရား)။

ဒီအပေါက်ကနေပြီး ကျော်ထွက်သွားမယ်ဆိုရင် သွားမှာပဲ (သွားမှာပါ ဘုရား)၊ မျက်လုံးပေါက်ကနေပြီး၊ ဒီကျ အောင်ထွက်မယ်ဆိုရင် သေမင်းနိုင်ငံရောက်မှာချည်းပဲ (ရောက်မှာပါ ဘုရား)၊ နားပေါက်ကထွက်သွားလည်း (ရောက် မှာပါ ဘုရား)၊ သေမင်းနိုင်ငံချည်းရောက်မယ်၊ ကောင်းပြီ ဒွါရငါးပေါက်ထွက်ချင်တာကထွက်၊ ဘယ်ရောက်မှာတုန်း (သေမင်းနိုင်ငံရောက်မှာပါ ဘုရား)၊ သေမင်းနိုင်ငံချည်းရောက်မယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

တရားအားထုတ်တဲ့ပုဂ္ဂိုလ်သည် လိပ်လိုနေရမယ်

ဒါဖြင့် တရားအားထုတ်တဲ့ပုဂ္ဂိုလ်သည် လိပ်လိုနေရမယ် (မှန်ပါ)၊ တရားအားထုတ်တဲ့ပုဂ္ဂိုလ်သည် ဘယ်လို နေရမှာတုန်း (လိပ်လိုနေရမှာပါ ဘုရား)၊ လိပ်လို နေရမယ်လို့ ဘုရားကဟောတယ် (မှန်လှပါ ဘုရား)။

မြင်တယ်၊ မြင်တာမြင်ပေ့စေ ကိစ္စမရှိပါဘူး၊ ဒီက အဆင်းတစ်ခု ဒါက မြင်တယ်၊ အဲဒီမြင်စိတ်ကို မင်းတို့ ကနေပြီးသကာလ မြင်တဲ့အဆင်းသော်လည်းကောင်း အနိစ္စရှုပါ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ အနိစ္စ ရှုရင် ဒီကမဂ်ဖြစ်မှာပဲ (ဖြစ်မှာပါ ဘုရား)၊ မြင်တဲ့စိတ်ကလေးကိုသော်လည်းကောင်း အနိစ္စရှုရမယ် (ရှုရမှာပါ ဘုရား)၊ သဘောပေါက်ပြီလား (ပါ-ပါပြီ ဘုရား)။

မြင်တဲ့အဆင်းကိုသော်လည်းကောင်း (အနိစ္စရှုပေးရမှာပါ ဘုရား)၊ သို့မဟုတ် ကိုယ်မြင်တဲ့စိတ်ကလေးကိုသော် လည်းကောင်း (အနိစ္စရှုပေးရမှာပါ ဘုရား)၊ အနိစ္စရှုပေးဆိုလို့ရှိရင် ဖြစ်ပျက် မဂ်၊ ဖြစ်ပျက်-မဂ်ဖြစ်သွားတော့၊ ဒီဘက် လွန်သွားသေးလား (လွန်မသွားတော့ပါ ဘုရား)၊ မလွန်သွားတော့ ခုနကပြောတဲ့ သေမင်းနိုင်ငံက ဘယ့်နှယ်တုံး (မရောက် တော့ပါ ဘုရား)၊ လွန်သွားရင်သာ သေမင်း(ဝါ)ခွေးကဆွဲမှာကိုးကွ (မှန်ပါ)၊ သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား)။

ဖြစ်ပျက်ရှုပေး

မြင်တဲ့အဆင်းကိုလည်း ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ အဲ ဖြစ်ပျက်ရှုပေး၊ သို့မဟုတ် သူ့မရှု နိုင်လို့ရှိရင် မြင်စိတ်ကလေးကို (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဖြစ်ပျက်ရှုပေးတော့ ဒီဘက်က တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏလာသေးရဲ့လား (မလာတော့ပါ ဘုရား)၊ ထိုကဲ့သို့မလာလို့ရှိရင် ဇရာ၊ မရဏဆိုတဲ့ သေမင်းသည်၊ မင်းတို့ ဒီဘက်ထွက်လာရင်တော့ သူစားမယ်ဆိုတဲ့သဘော၊ ခွေးကစောင့်နေတဲ့သဘော (မှန်ပါ)၊ မင်းတို့က မထွက် လာလို့ရှိရင် သူ့မှာ စားစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

စားစရာမရှိတော့ ဒီလိပ်မှာ အန္တရာယ်ကင်းလို့ ဘေးရှင်းသလို၊ မင်းတို့မှာလဲ အန္တရာယ်ကင်းလို့ ဘေးရှင်းပြီး သကာလ နိဗ္ဗာန်ရောက်ရမယ် (ရောက်မှာပါ ဘုရား)၊ အသေလွတ်ရမယ် (မှန်ပါ)၊ မရောက်ပေဘူးလား (ရောက်မှာပါ ဘုရား)၊ သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့ ဒီနေ့ည ဝိပဿနာအလုပ်ပေးတယ်၊ ဝိပဿနာအလုပ်ပေးတယ်ဆိုတော့ မြင်တာကို ဖြစ်ပျက် ရှုရင်ရှု (မှန်ပါ)၊ မြင်စိတ်ကို (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ မရှုနိုင်ရင်တော့လွန်ပြီ (မှန်ပါ)၊ မရှုနိုင်လို့ရှိရင်လည်းမြင်တယ်၊ ဒီအဆင်းတစ်ခုကို မြင်တယ်၊ လိုချင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်ဆိုရင်ဖြင့် သေမင်းနိုင်ငံ ဇရာ-မရဏလက် အတွင်းမှာ ရောက်ပြီးသားဖြစ်သွားတာပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဝိပဿနာဉာဏ်သည် လိပ်ခွံကြီးနဲ့တူတယ်

ဒါဖြင့် မင်းတို့ ဒီတရားကိုလည်း မဂ်ထဲပြန်သွင်း (မှန်ပါ)၊ မဂ်တည်းဟူသော လိပ်ခွံအောက်သာသွင်းမယ်၊ ဝိပဿနာဉာဏ်သာသွင်းပစ် (မှန်ပါ)၊ ဝိပဿနာဉာဏ်လည်း လိပ်ခွံကြီးနဲ့တူတယ်လို့ မှတ်ရမယ် (တူပါတယ် ဘုရား)၊ ဝိပဿနာဉာဏ်သည် (လိပ်ခွံကြီးနဲ့တူပါတယ် ဘုရား)။

လိပ်ခွံနဲ့တူတယ်ဆိုတာမှတ်ထားတော့ မြင်တဲ့အတိုင်းကိုလည်း ဖြစ်ပျက်ရှုတဲ့ မဂ်ထဲကိုသာ သွင်းပစ်လိုက် (မှန်ပါ)၊ ဟင် မြင်တဲ့စိတ်ကလေးကို (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဖြစ်ပျက်ရှုတဲ့မဂ်ထဲကို သွင်းပစ်လိုက် (မှန်ပါ)၊ မဂ်တည်း ဟူသော လိပ်ခွံအောက် ရောက်သွားတော့ကို မောင်ကျော်သိန်းတို့၊ တင်လှလို့ ဒီဘက်ကို သွားသေးလား (မသွားတော့ ပါ ဘုရား)၊ မသွားတော့ တဏှာ၊ ဥပါဒါန်၊ ကံ၊ သေမင်းဆိုတဲ့ ဇာတိ၊ ဇရာ၊ မရဏတွေဟာ ဒီကမှ မထွက်တော့ ဘယ့်နှယ်နေတုံး (မစားနိုင်တော့ပါ ဘုရား)၊ စားနိုင်စရာအကြောင်းရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့ ဒါကသံယုတ်ပါဠိတော်မှာလာပါတယ်၊ အဲဒီတော့ မြင်စရာကိုသော်လည်းကောင်း ဖြစ်ပျက်ရှု လိုက် (မှန်ပါ)၊ မြင်စိတ်ကိုသော်လည်းကောင်း (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဖြစ်ပျက်ရှုလိုက်တော့ကို သူ့ကိုလည်း ဒီအောက် ပဲသွင်းလိုက်တယ် (မှန်ပါ)၊ သူ့ကိုလည်း ဒီအောက်ပဲ သွင်းလိုက်တဲ့အခါကျတော့ ဒီဘက် မထွက်တော့ဘူးတဲ့ (မှန်ပါ)၊ ထွက်သေးရဲ့လား (မထွက်တော့ပါ ဘုရား)။

ဇရာက ရိုက်သမား၊ မရဏကသတ်သမား

မထွက်တော့ကို ဇရာ၊ မရဏဆိုတဲ့ သေမင်းနှစ်ယောက်သည် ဇရာက ရိုက်သမား၊ မရဏကသတ်သမားပေါ့ ကွာ (မှန်ပါ)၊ ရိုက်ပြီးသတ်မယ့် သေမင်းနှစ်ယောက်၏ လက်တွင်းသို့ ဒီကမထွက်သည့်အတွက်၊ ဒီကမဂ်အောက်မှာ သွင်းထားသည့်အတွက် သေမင်းနိုင်ငံကို ရောက်သေးရဲ့လား (မရောက်တော့ပါ ဘုရား)၊ နေတတ်ကြပြီလား (နေတတ် ပါပြီ ဘုရား)။

နေတတ်တယ်ဆိုပေမယ့် အလုပ်နဲ့တွေ့ပြီးနေတတ်မှကွ (မှန်ပါ)၊ နေတတ်တာ ဘယ်လိုနေတတ်မှတုံး (အလုပ် နဲ့တွေ့ပြီး နေတတ်မှပါ ဘုရား)၊ မင်းတို့ဟာက အလုပ်နဲ့တွေ့ရင် လွန်သွားပြီ၊ ပြုသွားပြီ၊ အစရှိသည်နဲ့ဖြစ်တတ်တယ် (မှန်ပါ)၊ လွန်သွားတာကတော့ အဆင်းမြင်တယ်၊ လိုချင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်ဆိုလို့ရှိရင် ဒီဘက် ဇာတိ၊ ဇရာ၊ မရဏလာတော့မှာပဲ (လာမှာပါ ဘုရား)၊ မလာပေဘူးလား (လာမှာပါ ဘုရား)၊ လာလိုက်လို့ရှိရင် ဒုတိယ သေမင်းနိုင်ငံ ပြန်ရောက်တယ် (မှန်ပါ)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

မဂ်လိပ်ခွံအောက်ကို မသွင်းတတ်လို့

ဒါ ဘယ့်နှယ်ကြောင့်တုံးဆိုရင်ဖြင့် မဂ်လိပ်ခွံအောက်ကို မသွင်းတတ်လို့ (မှန်ပါ)၊ ဘယ့်နှယ်ဆိုကြမှာတုံး (မဂ်လိပ်ခွံအောက်ကိုမသွင်းတတ်လို့ပါ ဘုရား) မဂ်လိပ်ခွံအောက်ကို မသွင်းတတ်တဲ့အတွက်ဆိုတော့ မဂ္ဂင်ထဲကို မသွင်း တတ်လို့ (မှန်လှပါ ဘုရား)။

လိပ်သည် သူ့လိပ်ခွံအောက် ပြန်သွင်းလိုက်တဲ့အခါကျတော့ သေမင်းခွေးသည် စားဖတ်၊ ဝါးဖတ်အဖြစ်နဲ့ စားရရှာသေးရဲ့လား (မစားရတော့ပါ ဘုရား)၊ တစ်ခါတည်း ပြန်ပြီးသကာလ သူ့ဟာသူ နောက်ဆုတ်သွားရရှာတယ်၊ သေမင်းနိုင်ငံက လိပ်သည် လွတ်မသွားဘူလား (လွတ်သွားပါတယ် ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒီမှာလည်း အာရုံ၏ ဖြစ်ပျက်ကိုလည်း မဂ်ဉာဏ်ထဲသွင်းပါ (သွင်းရမှာပါ ဘုရား)၊ ဒီမြင်တဲ့စိတ်၏ ဖြစ်ပျက်ကို ကော (မဂ်ဉာဏ်ထဲသွင်းရမှာပါ ဘုရား)၊ မဂ်ဉာဏ်ထဲချည်း သွင်းလိုက်တော့ ဖြစ်ပျက်သည် မဂ်ဉာဏ်အောက်ပဲမရောက် ဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒီကဲ့သို့ ရောက်တဲ့အခါကျတော့ မဂ်ကဘာလုပ်လိုက်တုံးဆိုတော့ ဒီဘက်ထွက်သာသေးရဲ့လား (မထွက်သာ တော့ပါ ဘုရား)၊ တဏှာချုပ်၊ ဥပါဒါန်ချုပ်၊ ကံချုပ်ဆိုတော့ ဒီဘက် ဇရာ၊ မရဏတွေက စားမလို့ ဝါးမလို့ စောင့်နေ ငြားသော်လည်း စားခွင့် ဝါးခွင့်ရသေးရဲ့လား (မရတော့ပါ ဘုရား)၊

ဘာဖြစ်လို့မရတာတုန်းဆိုတော့ မထွက်လို့ (မှန်ပါ)၊ လိပ်ခွံအောက် ပြန်သွင်းပစ်တာ (မှန်ပါ)၊ သဘောပါရဲ့လား (ပါ-ပါတယ် ဘုရား)။

ဟေ့ မောင်ကျော်သိန်းတို့၊ တင်လှတို့ကော သဘောပါရဲ့လား (ပါပါတယ် ဘုရား)၊ ဒါဖြင့် ဒီလိုမရှုတဲ့ပုဂ္ဂိုလ် တွေကို မင်းတို့ ဘယ်နှယ်ဆိုကြမှာတုံး၊ သေမင်းနိုင်ငံချည်းရောက်ကုန်တယ် (ရောက်ပါတယ် ဘုရား)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ မရှုတဲ့ပုဂ္ဂိုလ် ဘယ့်နှယ်ဆိုကြမယ် (သေမင်းနိုင်ငံချည်း ရောက်ပါတယ် ဘုရား)။

သေမင်းနိုင်ငံချည်းရောက်နေတယ်

သေမင်းနိုင်ငံချည်းရောက်နေတယ်ဆိုတဲ့ ဥစ္စာ ဪ ငါသေရင် ဘာဖြစ်ရမှာတုံးဆို တစ်ခုခုဖြစ်ရမှာပဲ၊ ဖြစ်ရင် သေမင်းနိုင်ငံရောက်တာပဲ (မှန်ပါ)၊ သေလို့ တစ်ခုခုသာဖြစ်ရင် ဘယ့်နှယ်ဆိုကြမှာတုံး (သေမင်းနိုင်ငံရောက်မှာ ပါ ဘုရား)၊ ဒီဘဝလည်း သေမင်းနိုင်ငံကမလွတ်လို့ သေလိုက်ရတယ် (မှန်ပါ)၊ နောက်တစ်ခုခု ဖြစ်ပြန်တော့ကော (သေမင်းနိုင်ငံရောက်မှာပါ ဘုရား)။

ဒါဖြင့် ဒီဘဝသေရတာလဲ နောက်ဘဝက လိပ်ခွံအောက်မသွင်းမိလို့ သေမင်းနိုင်ငံရောက်ရလား (မှန်ပါ)၊ ဒီဘဝမသွင်းမိပြန်ရင်လည်း (ရောက်ရဦးမှာပါ ဘုရား)၊ သေမင်းနိုင်ငံပဲ ရောက်ရမယ်ဆိုတာ ထင်ရှားပြီလား (ထင်ရှား ပါတယ် ဘုရား)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမှာတုံးတဲ့၊ ဒီဘဝအသေမလွတ်တာတော့ ကိစ္စမရှိဘူး (မှန်ပါ)၊ နောက်ဘဝသေမင်း နိုင်ငံမလိုက်ဖို့ရာ အရေးဟာ မင်းတို့ကာဆီးဖို့ အရေးကြီးတယ် (မှန်ပါ)၊ မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

အေး ဒီလိုသာ မင်းတို့သည် မိအောင်ရှုပြီးသကာလ အသံဖြစ်ပျက်ရှု၊ ကြားစိတ်ကလေး (ဖြစ်ပျက်ရှုရပါ မှာပါ ဘုရား)၊ အင်း မဂ်လိပ်ခွံအောက်ချည်း သွင်းကြပါ (မှန်ပါ)၊ ဘယ်သွင်းရမှာတုံး (မဂ်လိပ်ခွံအောက်ချည်းသွင်းရမှာ ပါ ဘုရား)၊ သွင်းလိုက်တဲ့အခါကျတော့ ဒီဘက်ကျော်ထွက်နိုင်သေးရဲ့လား (မထွက်နိုင်တော့ပါ ဘုရား)၊ ရပ်တော့ ဒီဘက် က တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ လာသေးရဲ့လား (မလာတော့ပါ ဘုရား)၊ မလာဘူးတဲ့၊ ဒီဘက်ကဇာတ်ကော (မလာ တော့ပါ ဘုရား)။

မလာလို့ရှိရင် ဇရာ၊ မရဏကဇာတိဖြစ်တဲ့အကောင်သာရိုက်သတ်၊ ဇရာကရိုက်၊ မရဏကသတ်၊ ဒီလိုမဟုတ် လား (မှန်လှပါ ဘုရား)။

အခုတော့ ဒီလိုဖြစ်သေးရဲ့လား (မဖြစ်တော့ပါ ဘုရား)၊ ကျော်မထွက်လို့ (မှန်ပါ)၊ အခွံအပြင်ဘက်မထွက်လို့ (မှန်ပါ)၊ အခွံအောက်ကို သွင်းရတယ် (မှန်လှပါ ဘုရား)။

လိပ်ခွံနဲ့တူတဲ့ မဂ်အောက်ချည်းသွင်းရမယ်

ဒါဖြင့် မြင်တာလဲ ဒီအောက်သွင်း (မှန်ပါ)၊ ကြားတာလဲ (ဒီအောက်သွင်းရမှာပါ ဘုရား)၊ ဉာဏ်အောက်သွင်း၊ လိပ်ခွံနဲ့တူတဲ့ မဂ်အောက်ချည်းသွင်းရမယ် (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)၊ မြင်တာလဲ (မဂ်အောက်ကိုသွင်း ရမှာပါ ဘုရား)၊ လိပ်ခွံနဲ့တူတဲ့မဂ်အောက်ကိုသွင်း (သွင်းရမှာပါ ဘုရား)၊ ကြားတာကော (လိပ်ခွံနဲ့တူတဲ့ မဂ်အောက်ထဲ သွင်းရမှာပါ ဘုရား)၊ အဲ မြင်စိတ်ကလေးကော (လိပ်ခွံထဲသွင်းရမှာပါ ဘုရား)။

နို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့အတိုင်း တဲ့၊ ဒီဥစ္စာ မင်းတို့ နေတတ်လို့ ရှိရင်တော့ဖြင့် သေမင်းကတော့ လာရင်တော့ဖြင့်စားမှာပဲ၊ ဝါးမှာပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ မင်းတို့ကမလာလို့ရှိရင် (စားလို့ မရတော့ပါ ဘုရား)၊ မစားနိုင်၊ မဝါးနိုင်ဘူးဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် မင်းတို့သည် ဘဝများစွာ သံသရာကအဖန်ဖန် ဒီဘဝသေပြီးလဲ နောက်ဘဝသေစရာ အသေထည်ကြီး ဖြစ်ပြီးသေရပြန်တယ်၊ ဒီဘဝသေပြီးလဲ နောက်အသေဆက်လက်ပြီး သေရပြန်တယ်ဆိုတာ ဒီအလုပ် မလုပ်ဘူးလို့၊ ဒီအောက်မသွင်းဘူးလို့ပဲ (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

မဂ်တည်းဟူသော လိပ်ခွံအောက်ကို (မသွင်းမိလို့ပါ ဘုရား)၊ ကဲ ဝိပဿနာမလုပ်ဘူးလို့ကွ (မှန်ပါ)၊ ပေါ်ကြပြီ လား (ပေါ်ပါပြီ ဘုရား)၊ ဘာမလုပ်ဘူးလို့တုံး (ဝိပဿနာမလုပ်ဘူးလို့ပါ ဘုရား)၊ အဲ ဝိပဿနာကလိပ်ခွံနဲ့တူတယ်၊ သူ့အထဲချည်း သွင်းရမယ် (မှန်လှပါ ဘုရား)။

ကြံစိတ်ကိုဖြစ်ပျက်ရှု

ကဲ ဒါဖြင့်၊ မင်းတို့ ကြံစိတ်ကလည်း ကြံစိတ်ကိုဖြစ်ပျက်ရှုပြီး မဂ်အောက်သွင်း (သွင်းရမှာပါ ဘုရား)၊ ဒီကအသံ၊ အသံကိုဖြစ်ပျက်ရှုပြီးတော့ ဒီအောက်သွင်းလိုက် (မှန်ပါ)၊ အသံကိုဖြစ်ပျက်ရှု (ဉာဏ်အောက်ကို သွင်းရမှာပါ ဘုရား)၊ ကြားစိတ်ကလေးကော (ဖြစ်ပျက်ရှုပြီး ဉာဏ်အောက်သွင်းရမှာပါ ဘုရား)၊ တစ်ခုခုတော့ သွင်းရလိမ့်မယ် (မှန်ပါ)၊ မသွင်းလို့ရှိရင်ဖြင့် ကြားတယ်၊ သာယာတယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်ဆိုတာလာမယ် (မှန်ပါ)၊ အားထုတ်ရင် ဒီအသေထည်ပေါ်မယ် (ပေါ်မှာပါ ဘုရား)၊ မပေါ်ပေဘူးလား (ပေါ်မှာပါ ဘုရား)၊ အသေထည်ပေါ်လို့ရှိရင် ရိုက်သတ် မယ် (မှန်ပါ)၊ ဇရာကရိုက်သမား၊ မရဏကသတ်သမားဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒွါရခြောက်ပါးစလုံးကို မင်းတို့သည် အနံ့ကလေးနံတယ်ဆိုရင် ဒီအနံ့ကို ဖြစ်ပျက်ရှုနိုင်ရင်ရှု (မှန်ပါ)၊ မရှုနိုင်လို့ရှိရင် နံတဲ့စိတ်ကလေးကို (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဒီအောက်ထဲချည်းသွင်း (သွင်းရမှာပါ ဘုရား)၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)၊ အကုန်ဒီအောက်ချည်းသွင်းကြမယ်ဆိုလို့ရှိရင် မောင်ကျော်သိန်း ဒီဘက်ကို ထွက်သေးရဲ့ လား (မထွက်တော့ပါ ဘုရား)၊ မထွက်ရင် ဟိုကအထည်မှမပေါ်တဲ့ဥစ္စာ ရိုက်သတ်ချင်လို့ (မရပါ ဘုရား)။

အဲဒီတော့ မင်းတို့ ဒီတရားကို ပေါ့ပေါ့တန်တန်နဲ့မမှတ်ပါနဲ့ (မှန်ပါ)၊ မင်းတို့သည် ဒီဥစ္စာကို မလုပ်တော့ပါ ဘူးဆိုလို့ရှိရင် သေမင်းနိုင်ငံကို အထည်သွားအပ်တာပဲ (မှန်ပါ)၊ ဘယ်လိုဆိုကြမယ် (သေမင်းနိုင်ငံကို အထည်သွား အပ်တာပါ ဘုရား)။

သိုးကလေးမွေးလာတယ်ဆိုရင်

သိုးကလေးမွေးလာတယ် မောင်ကျော်သိန်းက၊ သိုးကလေးမွေးလာတယ်ဆိုရင် ကုလားတို့၏ သတ်ဖို့မွေးလာ တာ (မှန်ပါ)၊ သူ့ကို အလှကြည့်ဖို့တော့ မပါ-ပါဘူး (မပါ-ပါ ဘုရား)၊ ပါကြရဲ့လား (မပါ-ပါ ဘုရား)၊ ဒါဖြင့် မင်းတို့က သိုးအဖြစ် ဆုတောင်းလို့ရှိရင်ဖြင့်၊ သူ့ပါရမီဖြည့်သလိုကျနေတယ် (မှန်ပါ)၊ ကုလားသတ်ဖို့ ပါရမီဖြည့်သလိုကော မရဘူးလား (ကျပါတယ် ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့ ဘာကောင်ဖြစ်ချင်သတုံးလို့မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမှာတုံး (ဘာကောင်မှမဖြစ်ချင်ပါ ဘုရား)၊ ဘာကောင်မှမဖြစ်ချင်နဲ့ ဖြစ်ချင်ရင် သူတို့လက်အပ်ရမှာပဲ (မှန်ပါ)၊ ဇရာ-မရဏ (လက်ရောက်မှာပါ ဘုရား)၊ ရိုက်ပြီးသတ်တဲ့ နှစ်ခုလက်အတွင်းမှာပဲရောက်ရမယ် (ရောက်ရမှာပါ ဘုရား)၊ ဒီပြင် ဘာရောက်စရာရှိသေးတုံး (မရှိ တော့ပါ ဘုရား)။

အရူးထလို့ရှိရင်ဖြင့် အသေထည်အပ်ပစ်လိုက်တာ

အဲဒါကြောင့် မင်းတို့သည် ဟိုဘဝ-ဒီဘဝကို လိုချင်တဲ့သဘောတွေ အရူးမထကြနဲ့ဆိုတာ ဒါပြောတာကွ ဟင် (မှန်ပါ)၊ အရူးထလို့ရှိရင်ဖြင့် အသေထည်အပ်ပစ်လိုက်တာ (မှန်ပါ)၊ ဘယ့်နှယ်ဆိုကြမှာတုံး (အသေထည် အပ်လိုက် တာပါ ဘုရား)၊ အသေထည်အပ်ဖို့ဖြင့်ကွာ မင်းတို့အမိုက်လွန်လွန်းတယ်လို့ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)၊ အသေထည်အပ်တာတော့ အမိုက်လွန်ပါတယ် ဘုရား)။

သိုးတစ်ကောင်ကို ဟိုကလည်းလှီးနေတယ် (မှန်ပါ)၊ နောက် သိုးတစ်ကောင်ကလည်း အတင်းဝင်လည်လှီးခံ တာပဲ သိုး၏ထုံးစံကို (မှန်ပါ)၊ နောက် သိုးတစ်ကောင်ကကော (လည်လှီးခံရပါတယ် ဘုရား)၊ လည်လှီးခံတာဆိုတော့ သိုးမိုက် မိုက်သလို မကျဘူးလား (ကျပါတယ် ဘုရား)၊ ရှေ့မှာလည်း လှီးနေတာမြင်လျက်သားနဲ့ နောက်သိုးက မောင်ကျော်သိန်း သိုးသတ်တဲ့ဆီသွားပြီး အတင်းဝင်တာပဲ (မှန်ပါ)၊ အရင်ကောင် သတ်နေတာမြင်လို့ (မှန်ပါ)၊ သူတို့က နောက်ဆုတ်တဲ့အကောင်မျိုး မဟုတ်ဘူး (မှန်လှပါ ဘုရား)။

သိုးမိုက် မိုက်နေတာ

အဲဒါ မင်းတို့ကော ဒီဘဝသေရမှာ သိလျက်သားနဲ့ နောက်ဘဝအသေထည် ဆုတောင်းပြန်လို့ရှိရင်ဖြင့်၊ ဟို သိုးမိုက် မိုက်နေတာ (မှန်ပါ)၊ ဘာမိုက်မိုက်နေတာတုံး (သိုးမိုက် မိုက်နေတာပါ ဘုရား)၊ မဆိုးပါဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

အဲဒီတော့ကို ဒါဘယ့်နှယ်ကြောင့် ဒီအမိုက်လက်စမသတ်သေးသတုံးလို့ဆိုရင် ဒီအခွံအောက်ကိုမသွင်းတတ် လို့ (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ ဒီလိပ်ခွံနဲ့တူတဲ့ မဂ်အောက်ကို (မသွင်းတတ်လို့ပါ ဘုရား)၊ ကဲ မောင်ကျော်သိန်းတို့၊ တင်လှတို့ နားလည်ပြီလား (နားလည်ပါပြီ ဘုရား)၊ မရှုပဲနေရင်တော့ မင်းတို့ သွားပြီ (မှန်ပါ)၊ မရှုပဲနေရင်တော့ (သွားပါပြီ ဘုရား)။

အဲဒီတော့ကို မင်းတို့ဖိနပ်ကလေးစီးတာ ဘာလုပ်ဖို့တုံးဆိုတော့ (အသေလွတ်အောင်လို့ပါ ဘုရား)၊ မျက်စိနာပြီး မသေအောင်၊ ခေါင်းကိုက်ပြီးမသေအောင် (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ ထီးကလေး ဆောင်းတာကော (အသေလွတ်အောင်လို့ပါ ဘုရား)၊ အသေတားတာချည်းပဲ မင်းတို့ဟာ (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ လွတ်တဲ့လားကွ (မလွတ်ပါ ဘုရား)၊ ဟိုး ထီး ဖိနပ်က မဆိုင်ပါဘူး (မှန်လှပါ ဘုရား)။

မော်တော်ကားကြီး ဝယ်စီးကြတယ်၊ ညောင်းညာမှာစိုးရိမ်လို့ (မှန်ပါ)၊ ညောင်းညာပြီး သေသွားမှာစိုးလို့ (မှန်ပါ)၊ လွတ်တဲ့ကား (မလွတ်ပါ ဘုရား) တော်ကြာ ဒီမော်တော်ကားနဲ့ပဲတင်ပြီး ဒီမသာပို့လိုက်ရတာပဲ (မှန်ပါ)၊ မပို့ ရဘူးလား (ပို့ရပါတယ် ဘုရား)၊ လွတ်တဲ့လား (မလွတ်ပါ ဘုရား)။

မင်းတို့ဟိုဟာတွေကျတော့ အသေလွတ်မှာလား

အဲဒီတော့ မင်းတို့ဟိုဟာတွေကျတော့ အသေလွတ်မှာလားလို့၊ ထီးကလေးမေ့မှာကိုလည်း အင်မတန်စိုးရိမ် တယ် (မှန်ပါ)၊ ဖိနပ်ကလေးမေ့မှာ (စိုးရိမ်ပါတယ် ဘုရား)၊ ဆောင်းတွင်းဆိုရင် အနွေးထည်ကလေးမေ့မှာ (စိုးရိမ်ပါတယ် ဘုရား)၊ ဘာကြောင့်တုံးကွ (သေမှာကြောက်လို့ပါ ဘုရား)၊ လွတ်ကဲ့လား (မလွတ်ပါ ဘုရား)၊

မလွတ်ဘူး၊ ဒီကြား ထဲသေတာပဲ (သေရပါတယ် ဘုရား)၊ ဒီဟာတွေ သတိရရင်းမတ္တနဲ့ပဲ ခြုံယင်းရုံယင်းနဲ့ပဲ သေကြတာပဲ (မှန်ပါ)၊ မဟုတ် ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အဲဒီတော့ မလွတ်တာကျတော့ မင်းတို့က ကျုပ်ဖိနပ်ကို ကျုပ်နေရာကျပ်ထိုးထားမယ်၊ မတော်မေ့နေရင် ခက်တယ် (မှန်ပါ)၊ ထီးကို ကျုပ်နေရာ ကျုပ်တစ်နေရာချိတ်ထားမယ်၊ မမေ့အောင်လို့ အပြန်ကျတော့ (မှန်ပါ)၊ သေ မှာကြောက်လို့ လုပ်ကြတာ၊ နာမှာကြောက်လို့ လုပ်ကြတာ (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ ဘယ့်နှယ် ကြောင့်လုပ်ကြတာတုံး (သေမှာကြောက်လို့ လုပ်ကြတာပါ ဘုရား)၊

နာပြီးသေမှာစိုးလို့ (မှန်ပါ)၊ အနာရပြီးသေမှာစိုးလို့ (မှန်ပါ)၊ လွတ်ကဲ့လားလို့ တစ်ခါမေးပြန်တယ် (မလွတ်ပါ ဘုရား)၊ ထီးကြား ဖိနပ်ကြားမှာပဲ (သေရပါတယ် ဘုရား)၊ ထီးတို့ ဖိနပ်တို့ ပုံထားတဲ့ကြားမှာပဲ သေလိုက်ရတယ် (မှန်ပါ)၊ မသေရဘူးလား (သေရပါတယ် ဘုရား)။

အဲဒါ သတိထားသလို ဪ ဟိုဟာက ပကတိသေမှာကြောက်လို့၊ ပကတိနာမှာကြောက်လို့၊ ယခုပစ္စုပ္ပန်မှာ အိုမှာ၊ နာမှာကြောက်လို့၊ ရောဂါဝေဒနာရမှာ ကြောက်လို့ မမေ့သလို၊ မင်းတို့လည်း ဒါမမေ့လို့ရှိရင် တကယ်အသေလွတ် တယ် (မှန်ပါ)၊ မလွတ်ဘူးလား (လွတ်ပါတယ် ဘုရား)။

ထီး၊ ဖိနပ်လောက်မှ သူ့ကို ဂရုမစိုက်ပဲကိုး

မင်းတို့က ထီး၊ ဖိနပ်လောက်မှ သူ့ကို ဂရုမစိုက်ပဲကိုး (မစိုက်ပါ ဘုရား)၊ ဖိနပ်သစ်ကလေးကို စီးလာတဲ့တစ်နေ့ ကျတော့ ဒီပြင်နေ့နဲ့ကိုမတူဘူး မင်းတို့က (မှန်ပါ)၊ နေရာကလေးသီးသန့် လူဝေးဝေး(မှန်ပါ)၊ တရားပွဲလာမယ်ဆိုလို့ ရှိရင်ဖြင့် ဖိနပ်အသစ်ပါတဲ့လူက ပိုမိုပြီး သူဂရုစိုက်တယ် (မှန်ပါ)၊ ထီးသစ်ပါတဲ့လူက (ပိုဂရုစိုက်ပါတယ် ဘုရား)၊ ဘာဖြစ်လို့ စိုက်ရတာလုံး (အသေလွတ်မယ်ထင်လို့ပါ ဘုရား)၊ အေး အသေလွတ်မယ်ထင်လို့ အပြီးသတ်ကျတော့ ဒီဖိနပ်သစ်တွေနဲ့၊ ထီးသစ်တွေနဲ့ပဲ၊ မခြုံ-မရုံပဲနဲ့တောင်မှ သေသွားရရှာတယ်၊ (မှန်လှပါ ဘုရား)။

ဘာဖြစ်လို့တုန်းလို့မေးတော့ မကာကွယ်နိုင်တာကျတော့ မင်းတို့သတိထားတယ် (မှန်ပါ)၊ ကာကွယ်နိုင်တာကို သတ်ထားဖို့ ဒီနေ့ပြောတဲ့တရားက (မှန်ပါ)၊ ဘယ်လိုမှတ်ကြမယ် (ကာကွယ်နိုင်တာကို သတိထားရမှာပါ ဘုရား)၊ ကာကွယ်နိုင်တာဆိုတော့ မဂ်အောက်ကိုသွင်းရင် ကာကွယ်နိုင်တယ် (မှန်လှပါ ဘုရား)။

ဒီကမြင်တာလေးကိုလည်း ဖြစ်ပျက်ဆိုပြီး မဂ်အောက်သွင်းပစ်လိုက် (မှန်ပါ)၊ မဂ်ဉာဏ်ထဲသာသွင်းပစ်လိုက် (မှန်လှပါ ဘုရား)။

ထီး-ဖိနပ်သတိထားတိုင်း သတိထားတိုင်း၊ မျက်နှာသုတ်ပဝါကလေး၊ သတိထားတိုင်း သတိထားတိုင်း၊ မျက်နှာ သုတ်ပဝါကလေးမပါရင် ခေါင်းပေါ်မတင်ရရင် ဪ ခေါင်းကိုက်ချည်းရဲ့ (မှန်ပါ)၊ မလာကြဘူးလား (လာပါတယ် ဘုရား)၊ ဒီလာပြီး နင်တို့ တရားနာလာကြတော့ ခြုံထည်ရုံထည်လေးမှမပါရင် သေရချည်ရဲ့ (မှန်ပါ)၊ မတော်အအေး ပတ်ပြီးဖျားချည်ရဲ့၊ နာချည်ရဲ့၊ သေချည်ရဲ့ (မှန်ပါ)၊ အတူထည် ကလးမှ မခြုံခဲ့ မရုံခဲ့လို့ရှိရင်လည်း နာချည်ရဲ့၊ သေချည်ရဲ့ဆိုပြီး ဒါကို မင်းတို့က အမြဲသတိထားတယ် (မှန်ပါ)၊ မထားဘူးလား (ထားပါတယ် ဘုရား)။

မလွတ်တာကျတော့ မင်းတို့ကသတိကကဲနေတယ် (မှန်ပါ)၊ လွတ်တာကျတော့ (သတိမထားမိပါ ဘုရား)၊ ဟာ မင်းတို့ဥစ္စာကလည်း အတော်မျက်စိလည်နေတယ် (လည်ပါတယ် ဘုရား)၊ ဆိုထိုက်ပြီလား (ဆိုထိုက်ပါတယ် ဘုရား)၊ မလွတ်တာကျတော့ (သတိလွန်ကဲနေပါတယ် ဘုရား)၊ သတိထားတယ်၊ လွတ်တာကျတော့ (သတိမထားမိပါ ဘုရား)။

ဆရာကောင်းဆီကလည်း နည်းကလဲမရတော့

ဒါဖြင့် မင်းတို့ဥစ္စာ ဆရာကောင်းဆီကလည်း နည်းကလဲမရတော့၊ မင်းတို့ဥစ္စာသိပ်ခက်ပါလား (ခက်ပါတယ် ဘုရား)၊ မလွတ်တာကျတော့ (သတိထားပါတယ် ဘုရား)၊ လွတ်တာကျတော့ (သတိမထားပါ ဘုရား)၊ မောင်ကျော်သိန်း မခက်လား (ခက်ပါတယ် ဘုရား)၊ မနှမြောရမှာကျတော့ (နှမြောပါတယ် ဘုရား)၊ နှမြောရမှာကျတော့ (မနှမြောပါ ဘုရား)၊ ဒီဟာလေ ဖြစ်ပျက်မရှုမိမှာတော့ နှမြောရမှာပေါ့၊ အသေလွတ်လာကိုး (မှန်ပါ)၊ ဘယ်တော့ဝယ်ဝယ်ရတဲ့ ဟိုဟာလေး တွေကျတော့ မင်းတို့က နှာမြောတယ်၊ မဟုတ်ဘူးလား (နှမြောပါတယ် ဘုရား)။

ဒါက အခု သာသနာတွင်းကြုံ၊ ဆရာကောင်းသမားကောင်းကြုံတုံးသာ မင်းတို့ ဒီနည်းရတာကိုး (မှန်ပါ)၊ နို့မို့ရင်ရပါ့မလား (မရပါ ဘုရား)၊ အဲဒါကျတော့ မင်းတို့က မနှမြောဘူး၊ ဈေးပေါပေါနဲ့သုံးသလိုဖြစ်နေတယ် (မှန်ပါ)၊ ဟုတ်ဖူးလား (ဟုတ်ပါတယ် ဘုရား)၊ ကိုယ့်စိတ်အရူးထတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ထီးကိုင်ချင်လို့ရှိရင်လည်း ဆရာဘုန်းကြီးဟောထားတဲ့ တရားကိုသတိထား ဪ မင်း ဒါမေ့ရမှာမဟုတ်ဘူး၊ မင်းမြင်တာနဲ့ မြင်စိတ်ကို့ကို ဖြစ်ပျက်ရှုရအောင်ပြတာ (မှန်ပါ)၊ ကြားတာနဲ့ ကြားစိတ်တို့ကို (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဒီဟာကို မဂ်အောက်သွင်းရမယ်၊ ဒါမမေ့ဖို့ အရေးကြီးက (မှန်ပါ)၊ မင်း ထီးမေ့လို့ရှိရင် တစ်ဆယ်-တစ်ဆယ့်ငါးကျပ် ဆုံးရှုံးအပြင်ပိုမရှိဘူး (မှန်ပါ)၊ ဖိနပ်တစ်ရံ ငါးကျပ် တစ်ဆယ်ဆုံးရုံအပြင်ပိုမရှိဘူး (မှန်ပါ)၊ မင်းဟာ အသက်ဆုံးမှာ (မှန်ပါ)၊ ဆုံးမှာလည်း အဆုံးကလည်း ဆုံးလက်စအရှည်ကြီး (မှန်ပါ)၊ တစ်ဘဝနဲ့လဲပြီး ပါ့မလား (မပြီးသေးပါ ဘုရား)၊ ဘယ်တော့မှ မပြီးတဲ့ အဓိပ္ပာယ်မျိုး မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

မကာကွယ်နိုင်တဲ့အပေါ်မှာ မင်းတို့သတိများနေတယ်

အဲဒါကြောင့် မင်းတို့သည်၊ ထီးကလည်း အသက်ကာကွယ်တယ်ထင်လို့ မင်းတို့ သတိထားကြတာ (မှန်ပါ)၊ ဖိနပ်ကလည်း အသက်ကာကွယ်တယ်ထင်လို့ (သတိထားကြတာပါ ဘုရား)၊ အထူထည်တွေ၊ အပါးထည်တွေကော (သတိထားပါတယ် ဘုရား)၊ အသက်ကာကွယ်မယ်ထင်လို့ မင်းတို့သည် ကားလို့ဆိုရင် သတိထားကြတယ် (မှန်ပါ)၊ မကာကွယ်နိုင်တဲ့အပေါ်မှာ မင်းတို့သတိများနေတယ် (မှန်ပါ)၊ ကာကွယ်နိုင်တဲ့အပေါ်မှာတော့ (သတိနည်းနေပါတယ် ဘုရား)။

သတိမထားမိဘူးဆိုတော့ ဪ မင်းတို့သည် ကားလို့ဆိုလို့ရှိရင်ဖြင့် သေဆေးတော့သောက်မိတယ်၊ မသေဆေးကိုမေ့ မေ့နေတယ် (မှန်ပါ)၊ ဘယ့်နှယ်ဆိုကြမှာတုံး (မသေဆေးမေ့နေပါတယ် ဘုရား)၊ ဟ-ဒီထက်ရူး၊ ဒီထက် အတာတော့မရှိတော့ဘူး (မှန်ပါ)၊ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ မသေဆေးတော့ (မေ့နေပါတယ် ဘုရား)၊ မသောက်မိဘူး၊ သေဆေးကျတော့ (သောက်မိပါတယ် ဘုရား)။

သူတို့က အသေကိုတားနိုင်တာမဟုတ်ဘူး

ခုနက ထီး၊ ဖိနပ်တို့ကျတော့ မေ့လဲသေမှာပဲ (မှန်ပါ)၊ မမေ့လဲ (သေမှာပါ ဘုရား)၊ သေမှာပဲ၊ သူတို့က အသေကိုတားနိုင်တာမဟုတ်ဘူး (မှန်ပါ)၊ တားနိုင်ကြရဲ့လား (မတားနိုင်ပါ ဘုရား)၊ အဲဒါကျတော့ မင်းတို့က ကျုပ်တော့ ဗျာ ဒီတစ်ခါတော့ဖြင့် ထီး၊ ဖိနပ်တော့ သတိထားရမယ်၊ ဟောဒီလူကြီးတွေကြောင့် ခက်တယ် (မှန်ပါ)၊ နံပါတ်နဲ့ဘာနဲ့သိမ်းတာတောင်မှ မှားသေးတယ်၊ အစရှိသည်နဲ့ အမျိုးမျိုးအဖုံဖုံပေါ့ကွာ (မှန်ပါ)၊ ဒီလိုကော မင်းတို့ မထင်ကြဘူးလား (ထင်ပါတယ် ဘုရား)၊ အဲဒီတော့ ကျုပ်ဟာ နီးနီးနားနားရောက်အောင်ကို မစီးတော့ဘူးဗျာ ဘယ်အိမ် အပ်ပစ်ခဲ့မယ် အစရှိသည်နဲ့ သေဆေးကျတော့ တကယ်အရေးကြီးနေတယ် (မှန်လှပါ ဘုရား)။

တကယ်အသေမလွတ်တာကြီးကျတော့ အရေးကြီးနေတယ် (ကြီးပါတယ် ဘုရား)၊ အသေလွတ်တာကျတော့ (အရေးမကြီးပါ ဘုရား)၊ စကားပြောရင်းနဲ့ ဟိုရောက်သွားတယ်၊ တောင်ကြည့်မြောက်ကြည့်နဲ့ (ဟိုရောက်သွားပါတယ် ဘုရား)၊ သွားရောပေါ့ကွ (မှန်ပါ)၊ တောင်ကြည့် မြောက်ကြည့်နဲ့ ဟိုရောက်သွားတယ်ဆိုကတည်းက ဘယ်နည်းနဲ့မှ အခွံအောက်သွင်းဖြစ်သေးရဲ့လား (မသွင်းဖြစ်ပါ ဘုရား)၊ ဘာဖြစ်လို့တုံးလို့ ဆိုလို့ရှိရင်ဖြင့် မသေဆေးမို့မသောက်မိဘူး၊ (မှန်ပါ)၊ ဘယ့်နှယ်ဆိုကြမှာတုံး (မသေဆေးမို့ မသောက်မိပါ ဘုရား)။

ဒါလောက်ရူးတဲ့လူမမာတော့ဖြင့် မောင်ချစ်စိန် ရှာမှရှားပဲ (ရှားပါတယ် ဘုရား)၊ ဒီလောက်ရူးတဲ့လူမမာလေ၊ ခန္ဓာကိုယ်ကြီးက ဘယ်တော့မှ မာတယ်မရှိဘူး (မရှိပါ ဘုရား)၊ ဟိုဟာနဲ့ဖာရ ဒီဟာနဲ့ထေးရ၊ ဒီဟာနဲ့ဖာရ ဒီဟာနဲ့ကာရ၊ ဒီလိုမရှိဘူးလား (ရှိပါတယ် ဘုရား)။

ကဲ ဒါဖြင့် မင်းတို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့်၊ ဒီနေ့ဟောတဲ့တရားမှာ မသေဆေးကိုသောက်မိဖို့ အရေးကြီးတယ်၊ (မှန်ပါ)၊ သေဆေးကိုမေ့ချင်မေ့ (မှန်ပါ)၊ ထီးတို့၊ ဖိနပ်တို့၊ ခြေနင်းတို့ ဟုတ်လား (မှန်ပါ)၊ ကားတို့ကျအောင်ကွာ၊ မေ့ချင်မေ့ပစ်လိုက် (မှန်ပါ)၊ ဒါကိုမမေ့ဖို့ အရေးကြီးတယ် (မှန်လှပါ ဘုရား)။

ဒီပြင်ဟာတွေကတော့ အန္တရာယ်အမျိုးမျိုးကိုပေးမှာပဲတဲ့၊ ဒီဥစ္စာကတော့ အန္တရာယ်အမျိုးမျိုးကို ငြိမ်းစေတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

လိပ်ခွံအောက်သာ သွင်း

ဒါဖြင့် လိပ်ခွံနဲ့ဘာနဲ့တူသတုံး (မဂ်ဉာဏ်နဲ့တူပါတယ် ဘုရား)၊ အဲ မြင်တဲ့အာရုံလည်း လိပ်ခွံအောက်သာ သွင်း (မှန်ပါ)၊ ကြားတဲ့စိတ်ကော (လိပ်ခွံအောက် သွင်းရမှာပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် အလုံးစုံအကုန်၊ နံတဲ့အနံ့ကိုလည်း လိပ်ခွံအောက်သွင်းဖြစ်ပျက်ရှု (မှန်ပါ)၊ နံတဲ့စိတ်ကလေး ကိုရော (လိပ်ခွံအောက်သွင်းပြီး ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ လိပ်ခွံအောက်သွင်းပြီး ဖြစ်ပျက်ရှုတော့ သူ့အောက်ချည်း အကုန်သွင်းလိုက်တဲ့အခါကျတော့၊ ဒီဘက်မှာ ခြေ-လက်-နား-နှာခေါင်း၊ အင်္ဂါပေါ်သေးရဲ့လား (မပေါ်တော့ပါ ဘုရား)။

မပေါ်သောကြောင့် ခွေးနဲ့တူတဲ့ဇာတိ၊ ဇရာ၊ မရဏတွေဟာ စားနိုင်-ဝါးနိုင်သေးရဲ့လား (မစားနိုင်-မဝါးနိုင် တော့ပါ ဘုရား) ဘာပြုလို့တုံး၊ တို့ဟာ ဒီအပြင်ဘက်မထွက်လို့ (မှန်ပါ)၊ ဒီအောက်တင်အကုန်ကုန်တာ (မှန်ပါ)၊ ဒါကြောင့် ဘုရားဒီဥစ္စာအရေးတကြီးဟောတာ (မှန်ပါ)၊ မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ယောဂီပုဂ္ဂိုလ်လိပ်လိုနေ (မှန်ပါ)၊ ယောဂီပုဂ္ဂိုလ် (လိပ်လိုနေရမှာပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ဘယ့်နှယ်တုံး ယောဂီပုဂ္ဂိုလ်လိပ်လိုမနေလို့ရှိရင်တော့ဖြင့် ခွေးစာဖြစ်မယ် (ဖြစ်မှာပါ ဘုရား)၊ မဖြစ် ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

နေတတ်တယ်ဆိုတာ

ကဲ ဒါဖြင့် နေတတ်ပြီလားလို့မေးတယ် (နေတတ်ပါပြီ ဘုရား)၊ ဒါဖြင့် နေတတ်တယ်ဆိုတာသည် မြင်တာကို လဲရူ (မှန်ပါ)၊ မြင်ရာကိုလည်းရှု (မှန်ပါ)၊ မြင်ရာဆိုတာကတော့ ဖြူ နီ ကြောင် ကျား (မှန်ပါ)၊ မြင်တာဆိုတာကတော့ မြင်စိတ် (မှန်ပါ)၊ ဟုတ်ပြီလား (ဟုတ်ပါပြီ ဘုရား)၊ မြင်စိတ်-မြင်ရုပ် (မှန်လှပါ ဘုရား)။

အဲဒီတော့ မြင်ရာကိုလဲရှုပါ၊ မြင်တာကိုလဲရှုပါ (မှန်ပါ)၊ တစ်ခုတော့ မိရမယ် (မှန်ပါ)၊ ဒီနှစ်ခု တစ်ခုခုမိရင် တော့ လိပ်ခွံအောက်ရောက်တယ် (မှန်ပါ)၊ ဒီဘက်ကိုဆက်မထွက်တာအမှန်ပဲ (မှန်ပါ)၊ ဒီနှစ်ခု တစ်ခုခုမှမမိပါဘူးဘုရား၊ တပည့်တော်တို့ဖြင့် လက်လွတ်သွားပါပြီဆိုလို့ရှိရင်ဖြင့်၊ အင်း အသေထည်ပေါ်ဖို့ပဲ ဖြစ်တော့တာပဲ (မှန်လှပါ ဘုရား)။

ဒီဘက် အသေထည်မပေးပေဘူးလား (ပေါ်ပါတယ် ဘုရား)၊ အသေထည်ပေါ်ရင် ရိုက်သမားနဲ့ သတ်သမား လက်ထဲကို အပ်လိုက်ရုံပဲ (မှန်ပါ)၊ ဒီပြင်ဘာရှိသေးတုံး (မရှိတော့ပါ ဘုရား)။

အဲဒါ ဒီတရားမျိုးကိုမှ နားမလည်တဲ့ ပုဂ္ဂိုလ်ကျတော့ မောင်ကျော်သိန်းတို့၊ တင်လှတို့သွားပြီ (မှန်ပါ)၊ ဒီဘက် ချည်းထွက်မှာပဲ (ထွက်မှာပါ ဘုရား)၊ မထွက်ပေဘူးလား (ထွက်မှာပါ ဘုရား)၊ ထွက်ရင်တော့သေမယ့်သာပြင် (မှန်ပါ)၊ အန္တရာယ်ကင်းလို့ ဘေးရှင်းစရာ (မရှိပါ ဘုရား)၊ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

နည်းကောင်းအထူးပေးတဲ့နေ့ပဲ

အဲဒါသည်ကားလို့ဆိုလို့ရှိရင်ဖြင့်၊ မင်းတို့ ဒီနေ့ညမှာ နည်းကောင်းအထူးပေးတဲ့နေ့ပဲ (မှန်ပါ)၊ သွင်းတတ်ပြီ လား (သွင်းတတ်ပါပြီ ဘုရား)။

ဒါကအသံ၊ ဒါကကြားစိတ်ဆိုရင် အသံကို ရှုနိုင်ရင်ရှု၊ ဒီအောက်ဝင်အောင် (မှန်ပါ)၊ သူနဲ့ရှုရမယ် (မှန်ပါ)၊ ကြားစိတ်ကို ရှုနိုင်ရင်ရှု (မှန်ပါ)၊ ဥပမာ ဒီကထမင်း၊ ထမင်းကိုဖြစ်ပျက် ရှုနိုင်ရင်ရှု၊ မရှုနိုင်ရင် စားစိတ်ကလေးကို (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဖြစ်ပျက်ရှုလိုက်တော့ မဂ်အောက်ရောက် ရောက်မလာဘူးလား (လာပါတယ် ဘုရား)၊ ဒီဘက်ကိုထွက်သေးရဲ့လား၊ (မထွက်တော့ပါ ဘုရား)၊ မထွက်လို့ရှိရင် ဒီကစောင့်နေတဲ့ဇရာ-မရဏတွေက ဘယ့်နှယ် လုပ်ဖမ်းစားမှာလဲ (မစားနိုင်ပါ ဘုရား)။

မစားနိုင်တော့ သေမင်းနိုင်ငံက မလွတ်ဘူးလား (လွတ်ပါတယ် ဘုရား)၊ ဒါဖြင့် မင်းတို့ ဒီဥစ္စာ ဉာဏ်လှည့် တတ်ပြီလား (လှည့်တတ်ပါပြီ ဘုရား)၊ လုပ်ကောလုပ်တတ်ကြပြီလား (လုပ်တတ်ပါပြီ ဘုရား)။

ဒါ ဝိပဿနာဖြိုင်ဖြိုင်လုပ်၊ ဝိပဿနာပေးနေတယ် (မှန်လှပါ ဘုရား)။

အဲ ကိုယ်ပေါ်မှာ ဒီအထည်ကလေးဝတ်တော့မယ်ဆိုရင်၊ ဒီအထည်ကလေးကိုပဲ အေးလိုက်-ပူလိုက်နဲ့ ဖြစ်ပျက် ပါလားလို့ရှုရင်ရှု (မှန်ပါ)၊ သို့မဟုတ် ကိုယ်နဲ့ထိတဲ့ စိတ်ကလေးကို (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ဖြစ်ပျက်ရှုလိုက်တော့ မဂ်အောက်ချည်းမရောက်ဘူးလား

ဖြစ်ပျက်ရှုလိုက်တော့ မဂ်အောက်ချည်းမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ မဂ်အောက်ချည်းရောက်သွား တဲ့အခါကျတော့ မဂ်က ဒီဘက်ဟာတွေဖြတ်တာပဲ (ဖြတ်ပါတယ် ဘုရား)၊ ဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

”ကိလေသေ မာရန္တော ဂစ္ဆတီတိ မဂ္ဂေါ” ဆိုတဲ့အတိုင်း ဒီဘက်၊ ကိလေသာတွေမဖြတ်ဘူးလား (ဖြတ်ပါတယ် ဘုရား)၊ ဒီကိလေသာကိုဖြတ်တတ်သောကြောင့် သူ့ကိုမဂ် (ဖြတ်ပါတယ် ဘုရား)၊ ဒီ ကိလေသာကိုဖြတ်တတ်သောကြောင့် သူ့ကိုမဂ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒီဘက်လာမယ့်ကိလေသာတွေကို (ဖြတ်ပါတယ် ဘုရား)၊ ဖြတ်တတ်သောကြောင့် မဂ်လို့ဆိုသဖြင့် ကိလေသာ ရှိမှခန္ဓာဖြစ်မှာ (မှန်ပါ)၊ ခန္ဓာဖြစ်မှ ဇရာမရဏနဲ့သွားကြုံမှာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကိလေသာသတ်တာဘာခေါ်ကြမယ်

ဒါဖြင့် ကိလေသာသတ်တာဘာခေါ်ကြမယ် (မဂ်ပါ ဘုရား)၊ ကိလေသာကို သူမလာအောင်သတ်နိုင်တယ် (မှန်ပါ)၊ မလာအောင်ကိုတားမြစ်နိုင်တယ်၊ သတ်နိုင်တယ် (မှန်ပါ)၊ အဲဒီတော့ သူက တားမြစ်နိုင်တယ်လို့ ဆိုငြားသော် လည်း သူ့အောက်ကို ကိုယ်ကသွင်းတတ်မှဖြစ်မှာ (မှန်ပါ)၊ မသွင်းတတ်လိုရှိရင် (မဖြစ်ပါ ဘုရား)၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ဒီကဓမ္မာရုံ၊ ရန်ကုန်မှာထားတဲ့ပစ္စည်းတွေ (မှန်ပါ)၊ အဲဒါတွေကို ဖြစ်ပျက်ပဲလို့ရှုရင်ရှု (မှန်ပါ)၊ သို့မဟုတ် တွေးစိတ်ကိုဖြစ်ပျက်ရှု၊ ဒီမဂ်နဲ့ရှု(မှန်ပါ)၊ ဒီမဂ်အောက်သွင်းလိုက်လို့ရှိရင်ဖြင့် တွေးလေ ဆွေးလေလာသေးရဲ့လား (မလာတော့ပါ ဘုရား)၊ တွေးလေ လွမ်းလေကော (မလာပါ ဘုရား)၊ တွေးပြီး အရူးပြုံး-ပြုံးနေတာတွေကော (မလာပါ ဘုရား)။

ဒါ ဘာပြုလို့တုံး-တဲ့ (မဂ်အောက်ရောက်လို့ပါ ဘုရား)၊ မဂ်အောက်သွင်းလို့၊ လိပ်တည်းဟူသော လိပ်ခွံအောက်ကို သွင်းလိုက်တဲ့အတွက် (မှန်ပါ)၊ ဒါ အင်မတန်မိတဲ့တရားဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘယ်ကလာ-လာ၊ ဒီအောက်ရောက်အောင်သွင်းကြ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ တော်ပြီ ကွ။

သာဓု သာဓု သာဓု။