”ဝိပဿနာအလုပ်သည်သာ အားကိုးရာအစစ်ဖြစ်ပုံ”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားဆုံးမတော်မူအပ်သော
”ဝိပဿနာအလုပ်သည်သာ အားကိုးရာအစစ်ဖြစ်ပုံ”
ည-အလုပ်ပေး တရားတော်
ဝိပဿနာအလုပ်ဟာ အားကိုးစရာအစစ်လို့ မှတ်ထားကြပါ၊ ဝိပဿနာအလုပ်ကို ဘယ်လိုမှတ်ကြမယ် (အားကိုး ရာအစစ်လို့ မှတ်ရမှာပါ ဘုရား)၊ အားကိုးရာအစစ်လို့ မှတ်ရမယ်။
ရှေးက မုဆိုးတစ်ယောက်ရှိတယ်
အားကိုးရာအစစ်ကို သက်သေသာဓက လုံလောက်အောင် ပြလို့ရှိရင် ရှေးက မုဆိုးတစ်ယောက်ရှိတယ်လို့ မှတ်ရမယ် (မှန်ပါ)၊ မုဆိုးတစ်ယောက်ဟာ မုဆိုးအလုပ်နဲ့ပဲ သူအသက်မွေးတာပဲ၊ ကြာတော့ သူ့အကုသိုလ်တွေက သိပ်များပြီးသကာလနေပါတယ်။
သားကောင်တွေရတော့ ရောင်းတန်ရောင်း၊ စားတန်တာကို ကင်ပြီးစားနဲ့ ဒီလိုချည်းနေတာပဲ (မှန်ပါ)။
တစ်နေ့သ၌ကျတော့ တောထဲမှာ သားကောင်ရတာနဲ့ မီးကင်စားတယ်၊ ကင်ပြီးစားတဲ့အခါကျတော့ ရေငတ် လာတယ်၊ ရေငတ်ပြီးသကာလလာတဲ့အခါကျတော့ ကဲလေ ရေရှာထွက်ဦးမှာပဲဆိုပြီး တောထဲထွက်ပါတယ် (မှန်ပါ)။
တောထဲမှာ ရဟန္တာတစ်ပါးရှိတယ်၊ ရဟန္တာတစ်ပါးက သင်္ကန်းချုပ်ပြီးသကာလနေတယ်၊ ပြီးတော့ ရဟန္တာက ရေအိုးစင်လည်း တည်ထားတယ်၊ ဟာ ဒီနေရာဖြင့် ရေရှိမှာပဲဆိုပြီး သူသွားလိုက်တယ်၊ ရဟန္တာကြီးကျောင်းကို သွားလိုက်ပါတယ်။
အဲဒီ ရဟန္တာကျောင်းကိုပဲ သူက သွားလိုက်တဲ့အခါမှာ ရဟန္တာတော့ မပြောဘူး သူက ရေအိုးဆီဝင်ပြီး ရေခွက်နဲ့ ရေခပ်လိုက်တယ်လို့ မှတ်ရမယ် (မှန်ပါ)၊ ရေခွက်နဲ့ ရေခပ်လိုက်တဲ့အခါကျတော့ ရေအိုးက ချောင်းချောင်း ချောင်းချောင်း မြည်နေတယ်၊ ရေမရှိတဲ့ အသံပေါ့ကွာ (မှန်ပါ)၊ ခပ်လို့ကိုမရဘူး။
ရေကတော့အပြည့်ပဲ၊ သူခပ်တဲ့အခါမှာတော့ ချောင်းချောင်း-ချောင်းချောင်း မြည်နေတယ်၊ ဒါနဲ့ သူ ရေ မသောက်ရဘူး (မှန်ပါ)၊ ဒီတော့ သူက နှုတ်ကထွက်လိုက်တယ်။
ရဟန်းတွေက ရွာထဲမှာ ဆွမ်းခံစား၊ ဒကာ ဒကာမတွေက ပေးတာလှူတာတွေတော့ စားသောက်နေပြီး ကိုယ့်ကျောင်းမှာ ရေကလေးတောင်မှ ပြည့်အောင် ခပ်မထားဘူးနဲ့၊ သူက အသံထွက်လာတယ် (မှန်ပါ)။
မသေခင်ကတည်းက ပြိတ္တာဖြစ်နေတယ်
သူက အသံထွက်လာတော့ ရဟန္တာက အင်း ဘယ့်နှယ်လူပါလိမ့်မတုံး ဆိုပြီးသကာလ ရေအိုးကို ထကြည့် တယ်၊ ရေအိုးလေးအိုးစလုံးကလည်း အပြည့်ပဲ (မှန်ပါ)၊ မုဆိုးခပ်တော့သာ သူ့ရဲ့ အကုသိုလ်တွေက ဖိစီးနေတာကိုးကွ (မှန်ပါ)၊ မသေခင်ကတည်းက ပြိတ္တာဖြစ်နေတယ်လို့ မှတ်ရမယ် (မှန်ပါ)၊ သံယုတ် အဋ္ဌကထာမှာလာတယ် (မှန်လှပါ ဘုရား)။
မသေခင်က လူ့ပြိတ္တာ (မှန်ပါ)၊ မကောင်းမှုတွေ အကျိုးပေးနေတာပေါ့ကွာ (မှန်ပါ)၊ မင်းတို့ စဉ်းစားမိကြပြီ လား (စဉ်းစားမိပါပြီ ဘုရား)၊ သေမှ အကျိုးပေးသလား မသေခင်ကကို ပြနေတာလား (မသေခင်က ပြနေပါတယ် ဘုရား)၊ မသေခင်က ပြပြီးသကာလနေပါတယ်။
ဒါနဲ့ ရဟန္တာက ထကြည့်တယ်၊ ငါလည်း ရေတွေအပြည့်ခပ်ထားတာပဲဆိုပြီး ထကြည့်တော့ ရေအိုးလေးအိုး စလုံးဟာ အပြည့်ပဲဖြစ်နေတယ်တဲ့၊ အပြည့်ဖြစ်နေတော့ ဒကာ လာခဲ့ လာခဲ့ဆိုပြီး ရဟန္တာက ရေကို ခွက်နဲ့ပဲခပ်ပြီး ပေးလိုက်တယ်၊ ဒီတော့မှ မုဆိုးက ရေသောက်ရတာ (မှန်ပါ)။
ဒီတော့မှ သူသံဝေဂရလာတယ် (မှန်ပါ)၊ ဪ ငါ့နှယ် မသေခင်က လူ့ပြိတ္တာဖြစ်နေပါပေါ့လား၊ ရေအိုး အပြည့်တောင် ငါခပ်တော့ ရေမရှိဘူး (မှန်ပါ)၊ ဒါဖြင့် အားကိုးရာ အားကိုးကြောင်းတော့ ရှာဦးမှပဲ (မှန်လှပါ ဘုရား)။
အားကိုးရာ အားကိုးကြောင်းတော့ ရှာဦးမှပဲဆိုပြီး သူရှာတော့ ရဟန္တာနားပဲ သူပြန်ကပ်တယ်၊ အရှင်ဘုရား တပည့်တော်တော့ လူ့ပြိတ္တာဖြစ်နေပြီ၊ အဲဒါကြောင့် မကယ်နိုင်တော့ဘူးလား။
သူပြုထားတဲ့ အကုသိုလ်တွေချည်း ပေါ်နေတယ်
ဟာ ကယ်နိုင်တာပေါ့၊ မင်း သင်္ကန်းဝတ်မလားဆိုတော့ တပည့်တော် ဝတ်ပါ့မယ် (မှန်ပါ)၊ ဒါနဲ့ သင်္ကန်း ဝတ်ပေးပြီး ကမ္မဋ္ဌာန်းပေးလိုက်တယ်၊ သင်္ကန်းဝတ်ပြီး ကမ္မဋ္ဌာန်းပေးလိုက်တော့ ကမ္မဋ္ဌာန်းတရားတွေလည်း သူ ရှုလို့ကို မရဘူး၊ သူပြုထားတဲ့ အကုသိုလ်တွေချည်း ပေါ်နေတယ် (မှန်ပါ)၊ ကုက္ကုစ္စပေါ်နေတယ်လို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ကုက္ကုစ္စပေါ်နေပါတယ် ဘုရား)၊ ကုက္ကုစ္စပေါ်နေတယ်၊ ငါ့အကုသိုလ်တွေက နည်းတာတွေ မဟုတ်ဘူး၊ ဟိုအကောင်တွေ သတ်ထား ဒီအကောင်တွေ သတ်ထားနဲ့၊ တရားကို နှလုံးသွင်းလို့မရဘူး (မှန်လှပါ ဘုရား)။
ဒါနဲ့ ရဟန္တာကို သွားလျှောက်တယ်၊ အရှင်ဘုရား တပည့်တော် လူထွက်ပါရစေတော့၊ ဘာကြောင့်တုံးကွ၊ ဟာ ဒီလောက်အကုသိုလ်များနေတဲ့ တပည့်တော်မှာ အရှင်ဘုရားပေးထားတဲ့ တရားကိုလည်း ရှုလို့မဖြစ်ပါဘူး၊ ဟ မထွက်နဲ့ဦးကွ၊ မထွက်နဲ့ဦးကွတဲ့ (မှန်ပါ)။
ရဟန္တာက ပြောတယ်၊ မင်းကွာ သဖန်းသားတွေ ခုတ်စမ်းပါဦး၊ သဖန်းပင်ဆိုတာက အစေးရှိတဲ့အပင်၊ မင်းတို့ မြင်ဖူးကြမှာပေါ့ (မှန်ပါ)၊ သဖန်းသားတွေကို အခုတ်ခိုင်းတယ်၊ ခုတ်ပြီး လှည်းတစ်စီးတိုက်လောက် ပုံစမ်းကွာဆိုပြီး တစ်နေ့လုံး ခုတ်ခိုင်းတယ် အစိုတွေကို (မှန်လှပါ ဘုရား)။
နောက် မီးပွတ်ကျည်ကလေး ပေးလိုက်တယ်၊ မီးခတ်တို့-မီးပွတ်ကျည်တို့ ပေးလိုက်ပြီးတော့ ဒီသဖန်းသားအစို တွေကို အရှို့ခိုင်းတာပဲ (မှန်ပါ)၊ သူလည်း မီးမွှေးစရာတွေ ဘာတွေ ထည့်ရှို့၊ ဟိုက ဘယ်တောက်မှာလဲ (မှန်ပါ)၊ အတုံးကြီးတွေလည်းဖြစ်ပြန်၊ အစိုတွေလည်းဖြစ်ပြန်၊ အစေးထွက်နေတဲ့ အသားလည်းဖြစ်ပြန်ဆိုတော့ တောက်နိုင်စရာ ရှိရဲ့လား (မရှိပါ ဘုရား)။
ဒါနဲ့ မတောက်ဘူး၊ မတောက်တော့ သူက ရဟန္တာကို သွားပြောတယ်၊ အရှင်ဘုရား မီးရှို့လို့ မတောက်ဘူး ဘုရား၊ အေး-အေး မတောက်မှန်းသိသားပဲ ဟိုက (မှန်ပါ)၊ ဆိုပြီးသကာလ၊ ကိုင်း ငါလာခဲ့ပါ့မယ်ကွာဆိုပြီး ရဟန္တာက လာတယ်။
ရဟန္တာက သူ့တန်ခိုးနဲ့ ငရဲကိုပြတယ်
ရဟန္တာက သူ့တန်ခိုးနဲ့ ငရဲကိုပြတယ်၊ မုဆိုးပါမြင်ရအောင် ပြတယ် (မှန်ပါ)၊ အဲဒီတင် မြင်ရအောင် ပြလိုက် တဲ့အခါကျတော့ သူ့အမျိုးတွေရော သူ့အဆွေတွေရော အကုန်ခံနေရတာပေါ့၊ မနေ့ကပြောတဲ့အတိုင်းတွေပေါ့ကွာ (မှန်ပါ)၊ အဲဒါတွေ သူအကုန်မြင်ရတယ်၊ တန်ခိုးနဲ့ မြေခွဲပြလိုက်တယ် (မှန်လှပါ ဘုရား)။
ခွဲပြပြီးတော့မှ ရဟန္တာက အဲဒီကို သူကိုယ်တိုင်သွားပြီး ပိုးစုန်းကြူးလောက်ရှိတဲ့ ငရဲမီးကလေး သွားယူကာ ငရဲပြည်သွားပြီးတော့ သူ့ရှေ့တင်သွားယူတယ် (မှန်ပါ)၊ တန်ခိုးနဲ့သွားယူပြီး ပြန်လာပြီးတော့ ခုနင်က တစ်နေ့လုံးခုတ် ထားတဲ့ သူ တစ်နေ့လုံး ရှို့မရတဲ့ထင်းပုံထဲ ပစ်ထည့်လိုက်တယ် (မှန်လှပါ ဘုရား)။
ရောက်သည်နှင့်တစ်ပြိုင်နက်တည်း ပြာကျတာပဲ (မှန်ပါ)၊ ငရဲမီးဟာ ဒီလောက်ပြင်းတယ်ဆိုတာ ပေါ်ကြပြီ လား (ပေါ်ပါပြီ ဘုရား)၊ ရောက်ရောက်ချင်း ပြာကျတာပဲ၊ ထင်းပုံထဲလည်းရောက်ရော ထင်းပုံပါပြာကျတယ် (မှန်ပါ)၊ ငရဲမီးက တို့ ဒီမီးမျိုး အီလက်ထရစ် (နူနခအမငခ) မီးမျိုး၊ မီးဖိုထဲက မီးမျိုးလို မဟုတ်သေးဘူး မောင်ချစ်စိန်ရ (မှန်ပါ)၊ တင်လှ နားလည်ရဲ့လား (နားလည်ပါပြီ ဘုရား)။
မပြင်းထန်ဘူးလား (ပြင်းထန်ပါတယ် ဘုရား)၊ ရောက်တာနဲ့ လှည်းတစ်စီးတိုက် ထင်းတွေဟာ ဖျတ်ခနဲ ပြာကျ တာပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ငရဲဆိုတာ သာမညလား-ကဲ (မဟုတ်ပါ ဘုရား)၊ အလွန်ပြင်းထန်တယ်ဆိုတာ မပေါ်ကြသေးဘူးလား (ပေါ်ပါ ပြီ ဘုရား)၊ ငရဲခါးစည်းခံမယ်ဆိုတဲ့လူများနဲ့တော့ ဝေးပါသေးရဲ့ကွာ (မှန်ပါ)၊ ကျုပ်တို့တော့ ငရဲကို မကြောက်ပါဘူးလို့ ဆိုပြီး ဒေါသအလျောက်ပြောတဲ့ ပုဂ္ဂိုလ်တွေ ပြောမယ့်သာပြောနေတာကွ (မှန်ပါ)၊ ချလိုက်သည်နှင့်တစ်ပြိုင်နက်တည်း လှည်းတစ်စီးတိုက်လောက် ပြာကျပါတယ်ဆိုကတည်းကိုက သာမညပြင်းထန်တာလား (မဟုတ်ပါ ဘုရား)၊ ဒါတောင် ပိုးစုန်းကြူးလောက်ရှိတာ (မှန်လှပါ ဘုရား)။
ဒါနဲ့တောင် ပြာကျတယ်ဆိုရင် ဟိုမှာက မီးပုံကြီးထဲဆိုတော့ အရိုးအသားတောင် ရှာတွေ့စရာ မြင်ရဲ့လား (မမြင်ပါ ဘုရား)၊ မမြင်ပေမယ့် မသေဘူးကွ၊ မနေ့ကပြောသလို ကံမကုန်သရွေ့ မသေဘူးတဲ့ (မှန်လှပါ ဘုရား)။
ဝိပဿနာအလုပ် လုပ်ရမယ်
ဒီတင် သူ သိပ်လန့်သွားတာကိုးကွ (မှန်ပါ)၊ လူထွက်ချင်တဲ့စိတ်ပျောက်သွားတယ် (မှန်ပါ)၊ အရှင်ဘုရား ဒါဖြင့် အားကိုးရာအစစ် ရှိပါရဲ့လားလို့ဆိုတော့ ရှိတယ်ကွ၊ ဝိပဿနာအလုပ် လုပ်ရမယ် (မှန်ပါ)၊ သူသေရင် အဲဒီကို သွားရမှာကတော့ သေချာပြီးသားကိုး (မှန်ပါ)၊ သွားရမယ်ဆိုတာကို ပြတယ်၊ သူ့အမျိုး-သူ့အဆွေတွေ ဟိုမှာမြင်နေရ တယ် (မှန်ပါ)၊ အင်မတန် ကြောက်စရာကောင်းတဲ့ နေရာကြီးလို့လည်း ထင်ရှားနေပြီ (မှန်လှပါ ဘုရား)။
အဲဒီတော့မှ သူ့ကို ရဟန္တာက မင်း တရားအားထုတ်နော်၊ မထုတ်လို့ရှိရင်တော့ဖြင့် ဒီလမ်းနဲ့ ဒီစခန်းကို လွဲဖို့ ရာ အကြောင်းကိုမရှိဘူးဆိုပြီး ပြောတော့ မောင်ချစ်စိန်နှယ် တကယ်အားထုတ်တော့လည်း သူက နှီးတွေခွေထားတဲ့ ကရွတ်ခွေကြီးကို ရေဆွတ်ပြီး ခေါင်းပေါ်တင်ထားတယ်၊ ခြေထောက်လည်း ရေဝတ်တွေနဲ့ စည်းတယ်၊ အိပ်ပျော်သွား မှာစိုးလို့ (မှန်လှပါ ဘုရား)။
အိပ်ပျော်မှာစိုးလို့ ခန္ဓာကိုယ်ဉာဏ်လှည့်ပြီး ရှုတာပဲ (မှန်ပါ)၊ မအိပ်နိုင်အောင်ကို လုပ်တာ၊ ဒီဟာလေးက အရေးမကြီးပဲကိုး၊ ဟိုငရဲမီးနဲ့နှိုင်းစာတော့ ဒါက အရေးကြီးသေးရဲ့လား (မကြီးပါ ဘုရား)၊ ဒါက ဘာမှဖြစ်လောက်တာ မှ မဟုတ်ပဲကိုး (မှန်လှပါ ဘုရား)။
ခေါင်းပေါ်မှာ ရေတစ်စက်စက်ကျတာရယ်၊ အောက်က ခြေအေးတာရယ် ဒါပဲရှိတာပဲ (မှန်ပါ)၊ ဒီပြင် အပြစ် ဘာရှိသေးတုံး (မရှိပါ ဘုရား)။
အနာဂါမ်တည်တာပဲ
ဒါနဲ့ အားထုတ်၊ စင်္ကြန်လျှောက်အားထုတ်၊ ဖြစ်ပျက်တွေမြင်အောင်လုပ်၊ ဖြစ်ပျက်တွေမြင်အောင်လုပ်ပြီး ဖြစ် ပျက်တွေမုန်း၊ ဖြစ်ပျက်တွေဆုံးတော့ သူ အနာဂါမ်တည်တယ်ကွ၊ သောတာပန်တောင်မကဘူး (မှန်ပါ)၊ သကဒါဂါမ်၊ အနာဂါမ်တည်တာပဲ (မှန်လှပါ ဘုရား)။
ကဲ မင်းတို့ ဟိုအပြစ်တွေက ဒီလိုဆိုတော့ အပါယ်လေးပါး သေချာလွတ်သွားပြီမဟုတ်လား (လွတ်ပါတယ် ဘုရား)၊ ဘာကြောင့်လွတ်သွားသတုံးလို့ မင်းတို့ကိုမေးဖို့ပဲ လိုတော့တယ် (မှန်ပါ)၊ ဒီဖြစ်ပျက်က ကျေးဇူးပြုလိုက်လို့ မဂ်ဆိုက်သွားလို့ပေါ့ကွ (မှန်ပါ)၊ မဂ်မှ သုံးမဂ်တောင်ဆိုက်တာ (မှန်လှပါ ဘုရား)။
ကဲ အနာဂါမ်တည်သွားတယ်ဆိုတော့ မောင်အောင်မြတ် အပါယ်သွားစရာကိစ္စ ပြီးသွားတယ် (ပြီးပါတယ် ဘုရား)၊ နို့ သွားဖို့ရာ သေချာပြီးသားလူလား၊ မသေချာသေးတဲ့ လူလားဆိုတာလည်း ပြောဖို့ မလိုတော့ပါဘူး (သေချာပြီးသား လူပါ ဘုရား)၊ သေချာပြီးသား လူဆိုတာ တင်လှ သေချာပြီလား (သေချာပါတယ် ဘုရား)။
သူကိုယ်တိုင်လည်း ငရဲကို မြင်ရပြီမဟုတ်လား (မြင်ရပါတယ် ဘုရား)၊ ငရဲမရောက်ခင်ကလည်း ရေအိုးရေ ပျောက်နေတာ မြင်သဖြင့်လည်း သေချာနေတယ် (သေချာပါတယ် ဘုရား)၊ အဲဒါတောင် ကယ်နိုင်တယ်ကွ (မှန်လှပါ ဘုရား)။
မင်းတို့ ဒီအလုပ်ကို လုပ်ထိုက်တယ်
အဲဒီတော့ မင်းတို့ ဒီအလုပ်ကို လုပ်ထိုက်တယ်၊ မလုပ်ထိုက်ဘူးဆိုတာ အကဲသာခတ်တော့ (လုပ်ထိုက်ပါတယ် ဘုရား)၊ သာမညလုပ်ရမှာလား၊ အကြီးအကျယ် ခမ်းခမ်းနားနားကို လွတ်အောင်လုပ်ရမှာလားဆိုတာလည်း အကဲခတ် ကြဦးကွ (အကြီးအကျယ်လုပ်ရမှာပါ ဘုရား)။
နို့ ကိုယ့်ငရဲသွားဖို့ကိစ္စတွေကတော့ ကိုယ်လုပ်ထားတဲ့ အကုသိုလ်ကတော့ မင်းတို့မှာ တစ်ပုံကြီးပဲ (မှန်ပါ)၊ သားနဲ့ မယားနဲ့ နေခဲ့တာတွေ (မှန်ပါ)၊ အင်း ဘာမှ သူတော်ကောင်းစိတ်မဝင်ခဲ့တာတွေ၊ မူးခဲ့ ရူးခဲ့တာတွေ၊ ကြွားခဲ့ မော်ခဲ့တာတွေ မရှိဘူးလား (ရှိပါတယ် ဘုရား)။
နို့ ဒါတွေကို မင်းတို့ ဘာနဲ့အချေးဆပ်မလဲဆိုတော့ ဒီဟာမလုပ်ရင် မင်းတို့ခန္ဓာနဲ့ သွားပြီး ငရဲကို အချေးဆပ်ရမယ် (မှန်ပါ)၊ ဘာနဲ့ အချေးဆပ်ရမှာတုံး (ခန္ဓာနဲ့ဆပ်ရမှာပါ ဘုရား)၊ ဘယ်သူဆပ်နိုင်ပါ့မတုံး (မဆပ်နိုင်ပါ ဘုရား)၊ သည်းခံနိုင်ကြပါ့မလား (မခံနိုင်ပါ ဘုရား)၊ မောင်ချစ်စိန် သေချာပြီလားကွ (သေချာပါတယ် ဘုရား)။
မင်း မနေ့က ငရဲစစ်တမ်းကြည့် (မှန်ပါ)၊ မင်းပြုတဲ့အမှု မင်းပဲခံရမယ်ပြောတာ (မှန်ပါ)၊ မင်းအမေနဲ့လည်း မဆိုင်ဘူး၊ မင်းအဖေနဲ့လည်း မဆိုင်ဘူး၊ မိတ်ဆွေသင်္ဂဟနဲ့လည်း မဆိုင်ဘူး၊ ရဟန်း-သံဃာတွေနဲ့လည်း မဆိုင်ဘူး၊ စစ်တမ်းထုတ်တုန်းကလေ (မှန်ပါ)၊ အဲဒါ မနေ့ကဝတ္ထုနဲ့ ဆက်ဟောတာကွ (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒီအထဲ ငရဲမသွားမယ့် ကုသိုလ်သမားတစ်ယောက်မှ မပါဘူး (မပါပါ ဘုရား)၊ မပါဘူး-ဟင် (မှန်ပါ)၊ လောဘနဲ့စားတယ်၊ လောဘနဲ့နေတယ်၊ ဒေါသနဲ့နေတယ်၊ မောဟနဲ့နေတယ်၊ ဣဿာနဲ့နေတယ်၊ မစ္ဆရိယနဲ့နေတယ် (မှန်ပါ)၊ မနေကြဘူးလား (နေပါတယ် ဘုရား)။
ဝိပဿနာနဲ့ ကာကွယ်ရမှာ
ဒါတွေက ဘယ်သွားမှာတွေတုံး (အပါယ်သွားမှာပါ ဘုရား)၊ နို့-ရှိပြီးသားတွေမဟုတ်လား (မှန်ပါ)၊ ဒါ ဘာနဲ့ ကာကွယ်ကြမှာတုံးလို့ မေးလိုက်တယ် (ဝိပဿနာနဲ့ ကာကွယ်ရမှာပါ ဘုရား)၊ ဒါပဲ ကာကွယ်စရာရှိတော့တယ်၊ တခြား သောနည်း ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါ မိလက္ခတဲ့ကွ၊ သူ့နာမည်က (မှန်ပါ)၊ မိလက္ခရဟန်းတဲ့၊ အဲဒီတင်မှ သူ အင်မတန် ဝမ်းသာလွန်းလို့
အလ္လံ ပလာလပုဉ္ဇာဟံ၊ သိလေနာဒါယ စင်္ကမ။
ပတ္တောသ္မိ တတိယံ ဌာနံ၊ အဟောနုဘာဂေါမာရိသာ။
(အင်္ဂုတ္တရအဋ္ဌကထာဆောင် ပါဠိ ဥဒါန်းဂါထာ)။
အလ္လံ-စိုစွတ်သော၊ ပလာလပုဉ္ဇံ-ကောက်ရိုးကရွတ်ခွေကို၊ သီသေန-ဦးခေါင်းဖြင့်၊ အာဒါယ-ယူဆောင်စွပ်ရွက် ၍၊ စင်္ကမ-စကြႍသွား၏၊ အဟံ-ငါသည်၊ တတိယံဌာနံ-တတိယမြောက်ဌာနဖြစ်သော အနာဂါမိဖိုလ်သို့၊ ပတ္တော-ရောက် သည်၊ အသ္မိ-ဖြစ်၏။
မာရိသာ-အချင်းတို့၊ မိတ်ဆွေသင်္ဂဟတို့၊ မင်းတို့ကိုပေါ့ကွာ (မှန်ပါ)၊ ဓမ္မဿ-တရားတော်မြတ်၏၊ အနုဘာဝေါ- အာနုဘော်တန်ခိုးတော်သည်၊ အဟော-ဪ အံ့ဖွယ်ကောင်းလေစွ။
သူက ရွတ်တာ (မှန်ပါ)၊ သူ အနာဂါမ်ဖြစ်မှ ရွတ်တဲ့ဂါထာ (မှန်လှပါ ဘုရား)။
ဒါကြောင့် မမေ့ကြနဲ့၊ ဒီဥစ္စာ အကုန်ကာကွယ်နိုင်တယ် (မှန်ပါ)၊ ဆိုတော့ ဒီအရေးဟာက မရှိတဲ့ပုဂ္ဂိုလ်မှာ ဟောဖို့မလိုပါဘူး (မှန်ပါ)၊ ရှိတဲ့ပုဂ္ဂိုလ်မှာတော့ ဒါပြင်းပြင်းထန်ထန်လုပ်ရမှာ (လုပ်ရမှာပါ ဘုရား)။
ရှိတဲ့ပုဂ္ဂိုလ်မှာတော့ ဒါကို ပြင်းပြင်းထန်ထန် လုပ်ရမယ်တဲ့၊ မပြင်းထန်လို့ရှိရင်တော့ မင်းတို့ခန္ဓာကိုယ်နဲ့ သွားပြီး မနေ့ကပြောသလို ငရဲသွားပြီး အချေးဆပ်ရမယ် (မှန်လှပါ ဘုရား)။
ဘယ်တော့ ဒီအချေးပြေမှာတုံးလို့ မေးတော့လဲ ကံမကုန်သရွေ့ဆိုတော့ ဘယ်တော့ပြေမှာတုံး (မပြေနိုင်ပါ ဘုရား)၊ ပြေနိုင်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
ငရဲကြွေး ထပ်ချေးနေလို့ရှိရင်
အဲဒီတော့ကို အကြွေးမရှိတဲ့လူ အိပ်နေတာ အရေးမကြီးဘူး (မှန်ပါ)၊ ငရဲကြွေးတွေ ရှိနေတဲ့လူက ဒီငရဲကြွေး ထပ်ချေးနေလို့ရှိရင်တော့ မကောင်းတော့ဘူး (မှန်ပါ)၊ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)၊ ငရဲကြွေးဆပ်ဖို့အလုပ် ကို မြန်မြန်ဆပ်မှ အသေက ဦးသွားလို့ရှိရင်လည်း မောင်အောင်မြတ် ရပါဦးမလား (မရပါ ဘုရား)၊ အသေဦးသွားလို့ ရှိရင်လေ (မရပါ ဘုရား)၊ အသေဦးသွားလို့ရှိရင်တော့ ဒီကြွေးကို ဒီခန္ဓာကိုယ်နဲ့ သွားဆပ်ပဲ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘယ့်နှယ်လုပ်ကြမယ် (ဝိပဿနာလုပ်ရမှာပါ ဘုရား)၊ ဒါပဲ အားထုတ်ရမယ် (မှန်ပါ)၊ ဒါနလုပ်၊ သီလ လုပ်၊ ဝိပဿနာလုပ်၊ မဟုတ်ဘူးလား (မှန်ပါ)၊ ဝိပဿနာက အကောင်းဆုံးပေါ့ကွာ (မှန်ပါ)၊ ဝိပဿနာမှ မဂ်ဆိုက်မှာ ကိုး (မှန်လှပါ ဘုရား)။
အဲဒီတော့ မင်းတို့ခန္ဓာကိုယ်ကို ဝေဒနာရှိရင် ဝေဒနာဖြစ်ပျက်ရှုဖို့၊ စိတ်ကြိုက်တဲ့ပုဂ္ဂိုလ်ဟာ စိတ်ဖြစ်ပျက်ရှုဖို့ ကို မောင်အောင်မြတ် ပေါ့နေလို့ တော်ပါ့မလား (မတော်ပါ ဘုရား)။
အခု မြင်ပြီးသားပုဂ္ဂိုလ် ကာကွယ်ပေးတာကို မင်းတို့ လုံလောက်ပါပြီ (မှန်ပါ)၊ ငရဲကို သူကိုယ်တိုင်သွားဖို့ဟာ ကော သေချာပြီလား (သေချာပါတယ် ဘုရား)၊
ဒီမိလက္ခရဟန်းကလေ (မှန်ပါ)၊ သူကိုယ်တိုင်သွားဖို့လည်း သေချာတယ်၊ မမြင်ရဘူးဆိုရအောင်လည်း ဟိုရဟန္တာက မြေခွဲပြလိုက်တယ် (မှန်ပါ)၊ ခွဲပြလိုက်တော့ သူသွားရမယ်ဆိုတာကော (သိနေပါတယ် ဘုရား)၊ သိနေတာပဲမဟုတ်လား (မှန်ပါ)၊ သိပြီးသားပုဂ္ဂိုလ်တောင်မှ ဒီအလုပ်လုပ်လိုက်တော့ တစ်ခါ တည်း ကာကွယ်ပြီးသားဖြစ်သွားတယ် (မှန်လှပါ ဘုရား)။
ဉာဏ်နဲ့ဆပ်ရင် ပြေတယ်
ဆိုတော့ကို ဒီလိုဆရာသမားတွေကလည်းပြော၊ နည်းနာနိဿယကလည်း ပေးထားတော့ ဪ တို့ဟာ အကြွေးမရှိတဲ့ပုဂ္ဂိုလ် မဟုတ်ပါလား၊ ငရဲကြွေးရှိနေပါလား (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)၊ ငရဲကြွေးတွေကို ဝိပဿနာဉာဏ်နဲ့မှ မဆပ်တော့ပါဘူးဆိုလို့ရှိရင်ဖြင့် မောင်အောင်မြတ် ဘယ့်နှယ်လုပ်မှာလဲကွ၊ ကိုယ်နဲ့ ဆပ်ရုံပဲရှိမှာ ပဲ (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဉာဏ်နဲ့ဆပ်ရင် ပြေတယ် (မှန်ပါ)၊ ကိုယ်နဲ့ဆပ်လို့ကတော့ ပြေမှာမဟုတ်ပါဘူး (မှန်ပါ)၊ ဘာနဲ့ဆပ်ကြ မယ် (ဉာဏ်နဲ့ဆပ်ရမှာပါ ဘုရား)၊ ဉာဏ်ကတော့ကို တဲ့၊ ငရဲသွားမယ့် အကုသိုလ်တွေကို အကုန်ချေမှုန်းပစ်လိုက် တယ် (မှန်ပါ)၊ အကုန်ဖျက်ဆီးပစ်လိုက်တယ်၊ အဟောသိကံဖြစ်အောင် လုပ်ပစ်လိုက်တယ် (မှန်ပါ)၊ ဉာဏ်က ဘာလုပ် ပစ်တုံး (အဟောသိကံဖြစ်အောင် လုပ်ပါတယ် ဘုရား)၊ အဟောသိကံဖြစ်အောင် ချေမှုန်းပစ်လိုက်တယ်ဆိုတာ ပေါ်ကြ ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ဆိုတဲ့ဥစ္စာ ဉာဏ်စခန်းဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)၊ နို့မို့လို့ရှိရင် နင်တို့မိန်းမ ချင်းတွေက ဣဿာနဲ့၊ မစ္ဆရိယနဲ့၊ မာနနဲ့၊ ဟင် (မှန်ပါ)၊ ဒါတွေကလည်း ဘယ်သွားမှာတွေတုံးကွာ (အပါယ်ငရဲသွားမှာ ပါ ဘုရား)။
အပါယ်သွားမယ့် တရားတွေဖြစ်ပြီး သကာလနေတော့ ဒါတွေကလည်း စုပြီးသား၊ ပုံပြီးသား၊ ပျောက်သွား မှာလည်းမဟုတ်ဘူး (မှန်ပါ)၊ သေသည့်အခြားမဲ့၌ တစ်ကံလွှတ်ပေးလိုက် တစ်ကံပြီးပြန် နောက်တစ်ကံက လွှတ် လိုက်ဆိုတော့ ဟိုက တက်ခွင့်ရှိသေးရဲ့လား (မရှိပါ ဘုရား)။
တစ်နေ့ဖြစ်နေတဲ့ လောဘ၊ ဒေါသ၊ မောဟ
အဲဒီတော့ကို တဲ့၊ နင်တို့ တစ်နေ့လုံးဖြစ်နေတဲ့ လောဘ၊ ဒေါသ၊ မောဟဟာ တစ်နေ့ကို ငရဲရောက်ဖို့ ဘဝပေါင်း ဘယ်လောက်တုံးဆိုရင် မရေတွက်နိုင်ဘူး (မှန်ပါ)၊ တစ်နေ့ဖြစ်နေတဲ့ လောဘ၊ ဒေါသ၊ မောဟတွေလေ (မှန်ပါ)၊ ရေတွက်နိုင်ကြရဲ့လား (မရေတွက်နိုင်ပါ ဘုရား)။
ဘာဖြစ်လို့ မရေတွက်နိုင်တာတုံးဆိုတော့ ချစ်တာများလွန်းလို့ (မှန်ပါ)၊ တစ်ခါတလေများ မောင်အောင်မြတ် တို့ စိတ်ဆိုးနေလိုက်တာ၊ တစ်နေ့လုံးများ ကျေရဲ့လား (မကျေပါ ဘုရား)၊ တစ်နေ့လုံး မကျေတဲ့နေ့ မပါဘူးလား (ပါပါ တယ် ဘုရား)၊ အဲဒါ ဒေါသချည်းဖြစ်နေတာ (မှန်လှပါ ဘုရား)။
စိတ်ကလေးတစ်လုံး စေတနာတစ်ခု၊ အပါယ်တစ်ခါရောက်လိုက် (မှန်ပါ)၊ စိတ်ကလေးတစ်ခု စေတနာတစ်ခု၊ အပါယ်တစ်ခါရောက်လိုက်ဆိုတော့ စိတ်ပေါင်းက ရေတွက်နိုင်ရဲ့လား (မရေတွက်နိုင်ပါ ဘုရား)။
အဲဒီတော့ကို တက်စရာအပေါက် မြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ လမ်းကော (မမြင်ပါ ဘုရား)၊ အဲဒါတွေကို ချေမှုန်းပြီးသကာလ၊ ကန့်ကွက်ပြီးသကာလ၊ အဟောသိကံဖြစ်အောင် လုပ်နိုင်တာကတော့ မောင်ချစ်စိန် မဂ်ပဲရှိတော့ တယ် (မှန်ပါ)၊ တင်လှ ဘာရှိတော့တုံး (မဂ်ပဲရှိပါတယ် ဘုရား)၊ နိဗ္ဗာန်မြင်တဲ့မဂ်ပေါ့ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဘယ်နှယ့်လုပ်ကြမှာတုံး (ဝိပဿနာအလုပ် လုပ်ရမှာပါ ဘုရား)၊ ဝိပဿနာအလုပ် လုပ်ကြရမယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)၊ အေး ဝိပဿနာအလုပ် လုပ်တော့ကို ဒီနေ့ ဝိပဿနာသင်ပေးမယ်တဲ့၊ (၁၅) မိနစ် ကျန်နေသေးလို့ (မှန်လှပါ ဘုရား)။
ဝိပဿနာသင်ပေးမယ်
ဟော မြင်စိတ်လာရင် မြင်စိတ်ရှု (မှန်ပါ)၊ မျက်လုံးထဲပေါ်တာ (မှန်ပါ)၊ သူ့ဖြစ်ပျက်ရှု၊ ကြားစိတ်လာရင် (ကြားစိတ်ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ နံစိတ်လာရင် (နံစိတ်ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ စားစိတ်လာရင် (စားစိတ်ဖြစ်ပျက် ရှုရမှာပါ ဘုရား)၊ ယားတဲ့စိတ်၊ ကောင်းတဲ့စိတ်လာရင် (ယားတဲ့၊ ကောင်းတဲ့စိတ် ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ရှုရမှာပဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဟောဒါ အပြင်ဧည့်သည်ခြောက်ယောက် (မှန်ပါ)၊ အပြင်ဧည့်သည်ခြောက်ယောက်ကို ရှုရမယ်၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)၊ အပြင်ဧည့်သည် ဘယ်နှစ်ယောက်တုံး (ခြောက်ယောက်ပါ ဘုရား)၊ (၁-၂-၃-၄-၅-၆၊ ပုံစံခွက်များ ချပြသည်)။
ကိုယ်ပေါ်မှာ နှစ်ခုပေါ်တယ်၊ တစ်ခါတလေ ဒုက္ခ၊ တစ်ခါတလေ သုခပေါ်တယ် (မှန်ပါ)၊ ဒုက္ခနှင့်တကွဖြစ်တဲ့ စိတ်၊ သုခနှင့်တကွဖြစ်တဲ့စိတ်၊ ပေါ်တာကို လှည့်ရှုနေ (မှန်လှပါ ဘုရား)။
ဝမ်းထဲကျလာတဲ့အခါကျတော့ လောဘ၊ ဝမ်းထဲမှာပေါ်တာ (မှန်ပါ)၊ သူ့ပေါ်လာလည်း ဘာလုပ်ကြမှာတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဒေါသပေါ်လာရင် (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ မောဟပေါ်လာရင် (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။
တစ်ခါ ကုသိုလ်စိတ်ကလေးတွေ ပေါ်လာတယ်လို့၊ မင်းတို့က အေးမနေနဲ့ ဖြစ်ပျက်ရှု (မှန်ပါ)၊ သဘောကျပြီ လား (ကျပါပြီ ဘုရား)၊ တစ်ခါ မေတ္တာလေးပေါ်လာတယ်ဆိုရင် မေတ္တာစိတ်ကလေး ပို့ပြီး မြန်မြန်ဖြစ်ပျက်ရှု (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဒီအမောဟဆိုတာနဲ့ရှု (မှန်ပါ)၊ ဘာမှမရှိလို့ရှိရင် မင်းတို့ ရှုတဲ့စိတ်၊ ရှိုက်တဲ့စိတ် ကလေးကို ဖြစ်ပျက်ရှုနေ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ရှင်းပြတော့ ဒီဘက်ကခြောက်ခုက အပြင်ဧည့်သည်ခြောက်ခု၊ အတွင်းဧည့်သည်ကငါးခု (မှန်ပါ)၊ အိမ်သည်ကနှစ်ခု (မှန်ပါ)၊ ဒါကို အမောဟဆိုတာ ပညာနဲ့ ရှုပေးရမယ် (မှန်ပါ)။
အပြင်ဧည့်သည်က (ခြောက်ယောက်ပါ ဘုရား)၊ အတွင်းဧည့်သည်က ငါးယောက်၊ အိမ်သည်က (နှစ်ယောက်ပါ ဘုရား)၊ နှစ်ယောက်။
ပေါ်ရာကို လိုက်ရှု
အဲဒါကို အတွင်းမနောဒွါရက အမောဟဆိုတဲ့ပညာနဲ့ ဘယ်သူလာလာ သူကရှုနေ (မှန်ပါ)၊ ဘယ်သူမှမရှိရင် သူတို့နှစ်ခု လှည့်ရှု (မှန်ပါ)၊ ဒါတွေကတော့ အလှည့်ကျပေါ်လိမ့်မယ် (မှန်ပါ)၊ ကျပမ်းပေါ်သွားမယ် (မှန်ပါ)၊ ကျပမ်း ပေါ်တာကို ပေါ်ရာကို လိုက်ရှု၊ တစ်ခုပဲပေါ်မယ် (မှန်လှပါ ဘုရား)။
အဲဒီလို ဖြစ်ပျက်-မဂ်၊ ဖြစ်ပျက်-မဂ်၊ ဖြစ်ပျက်-မဂ် ကိုက်အောင်လုပ်နေ (မှန်ပါ)၊ သဘောကျပြီလား (ကျပါ ပြီ ဘုရား)၊ ဘာနဲ့ ကိုက်အောင်လုပ်ရမှာတုံး (ဖြစ်ပျက်နဲ့မဂ် ကိုက်အောင်လုပ်ရမှာပါ ဘုရား)၊ ဖြစ်ပျက်နဲ့မဂ် ကိုက်အောင် လုပ်နေရမယ် (မှန်လှပါ ဘုရား)။
ကိုက်အောင်လုပ်နေတော့ကို၊ မင်းတို့ နောက်ကတဏှာ၊ ဥပါဒါန်၊ ကံတွေ လာသေးရဲ့လား (မလာပါ ဘုရား)၊ မလာဘူးဆိုတော့ တဏှာ၊ ဥပါဒါန်၊ ကံရှိမှ အပါယ်ရောက်မှာကိုးကွ (မှန်ပါ)၊ မဂ်က တားထားပေါ့ပဲ၊ မဂ်က တားနိုင် တယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ခုနကတောင် တားပြလိုက်သေးတယ် (မှန်ပါ)၊ ခုနက အပါယ်သွားမယ့်ကံတွေ၊ စုပြီးသားတွေတောင် မလာ သေးတဲ့ကံလည်း မလာအောင်၊ လာပြီးသားကံတွေလည်း ပျောက်ပျက်အောင် သူလုပ်နိုင်တယ် (မှန်ပါ)။
မလာသေးတဲ့ကံကော (မလာအောင် တားနိုင်ပါတယ် ဘုရား)၊ မလာအောင် တားနိုင်တယ် (မှန်ပါ)၊ လာပြီး သားကံတွေကို အဟောသိကံဖြစ်အောင် (လုပ်နိုင်ပါတယ် ဘုရား)၊ လုပ်နိုင်တယ်ဆိုတော့ကို၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘာအားကိုးရမှာတုံးလို့ မေးလို့ရှိရင်ကော အားကိုးစရာ တွေ့ကြပြီလား (တွေ့ပါပြီ ဘုရား)၊ ဘာတွေတုံး (ဝိပဿနာလုပ်ရမှာပါ ဘုရား)၊ အဲ ဝိပဿနာပဲ လုပ်ကြရမှာပဲ (မှန်လှပါ ဘုရား)။
ဝိပဿနာလုပ်လို့ မလွတ်တာက ငါးခုထဲရှိတယ် (မှန်ပါ)၊ အမေကို သတ်ဖူးရင်တော့ မရဘူး (မှန်ပါ)၊ အဖေ သတ်ဖူးရင် (မရပါ ဘုရား)၊ သံဃာသင်းခွဲဖူးရင် (မရပါ ဘုရား)၊ ဘုရားကို သွေးစိမ်းတည်အောင်လုပ်ဖူးရင် (မရပါ ဘုရား)၊ ရဟန္တာသတ်ဖူးရင် (မရပါ ဘုရား)။
အဲဒီတော့ ဒီငါးခုသာ မရတာတဲ့၊ ဒီငါးခုလုပ်ခဲ့လို့ရှိရင် ဒီမဂ်မပေါ်ဘူး (မှန်ပါ)၊ မဂ်စစ်မပေါ်နိုင်ဘူး (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
မဂ်က တာဝန်ယူတယ်
အဲဒီတော့ အခု တရားနာတဲ့အထဲ ဒီငါးခုလုပ်ဖူးတဲ့လူတော့ တစ်ယောက်မှမရှိဘူး (မရှိပါ ဘုရား)၊ ဒါဖြင့် လွတ်တယ် (မှန်ပါ)၊ ဒါလုပ်ရင် ဒါက ကယ်တင်နိုင်တယ် (မှန်ပါ)၊ ဖြစ်ပျက်နဲ့မဂ်နဲ့သာ မင်းတို့ကိုက်အောင် လုပ်ပြီး သကာလ နေကြမယ်ဆိုရင် ကယ်တင်မှုကို သူက သေသေချာချာ တာဝန်ယူတယ် (မှန်ပါ)၊ မဂ်က တာဝန်ယူတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
မဂ်က မင်းတို့ ဘုံဘဝတွေကို သွားမယ့်ကုသိုလ်ကိုလည်း ဖြတ်တယ် (မှန်ပါ)၊ အပါယ်သွားမယ့် အကုသိုလ်တွေ ကိုလည်း (ဖြတ်ပါတယ် ဘုရား)။
အဲဒါကြောင့် မင်းတို့ကို ‘ကုသလံ ကုသလံ ဇဟံ’ ကုသိုလ်ရော အကုသိုလ်ရော သူစွန့်တယ် (မှန်ပါ)၊ ဘုံဘဝ ရောက်နေပြန်လည်း ဒုက္ခသစ္စာတွေက ပွားနေဦးမှာပဲ (ပွားမှာပါ ဘုရား)၊ အဲဒါတွေကိုလည်း မဂ်က (ဖြတ်နိုင်ပါတယ် ဘုရား)၊ အကုသိုလ်တွေ လုပ်ပြီးသားတွေကော (ဖြတ်နိုင်ပါတယ် ဘုရား)၊ ဖြတ်နိုင်တယ်၊ ဖျောက်ဖျက်နိုင်တယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သူသည် အင်မတန် အားကိုးထိုက်တဲ့ တရားအစစ်တစ်ခုကို ယနေ့ညပေးတာပဲ (မှန်ပါ)၊ ဘယ်လိုမှတ် ကြမယ် (အင်မတန် အားကိုးထိုက်တဲ့ တရားအစစ်ကို ပေးတာပါ ဘုရား)၊ အင်မတန် အားကိုးထိုက်တဲ့ တရားအစစ် တစ်ခုကို ပေးတာပဲဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)။
မဂ်ဆိုက်ပြီးရင်တော့ အိပ်နေပေါ့ကွာ
ဒါဖြင့် ခုနကပြောခဲ့တဲ့ အပါယ်သွားမယ့် အကြွေးမရှိတဲ့ပုဂ္ဂိုလ်ကတော့ အိပ်နေ (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)၊ မဂ်ဆိုက်ပြီးရင်တော့ အိပ်နေပေါ့ကွာ (မှန်ပါ)၊ ကြွေးတန်းလန်းနဲ့လူက ကြွေးထပ်ချေးလို့လည်း မကောင်းဘူး၊ အိပ်နေလို့လည်း မကောင်းဘူး (မကောင်းပါ ဘုရား)၊ ကဲ တင်လှ၊ ကြွေးတန်းလန်းနဲ့လူက ဘယ့်နှယ်ဆိုကြမယ် (ထပ်ချေးလို့ မကောင်းပါ ဘုရား)၊ အိပ်နေပြီး မလုပ်ပဲနေရင်လည်း မကောင်းဘူး (မကောင်းပါ ဘုရား)၊ ကြွေးထပ်ချေးနေ ရင်ကော (မကောင်းပါ ဘုရား)၊ ကြွေးထပ်ချေးတယ်ဆိုတာကတော့ မင်းတို့ လိမ်မှု၊ ကောကမှု၊ လောဘတို့၊ ဒေါသတို့၊ မောဟတို့ ဟုတ်လား (မှန်ပါ)၊ ဒီအလုပ်တွေကို ထပ်လုပ်နေမယ်ဆိုလို့ရှိရင်ဖြင့် မောင်ချစ်စိန် ဘာဆိုကြမယ် (မကောင်း ပါ ဘုရား)၊ ကြွေးထပ်ချေးတာပဲ၊ နဂိုကလည်း အကြွေးရှိပြီးသား (မှန်ပါ)၊ အပါယ်သွားဖို့ အကြွေးတွေကလည်း အပြည့် အစုံရှိပြီးသား (ရှိပြီးသားပါ ဘုရား)၊ ဒီအထဲကထပ်ပြီးသကာလ ကြွေးထပ်ချေးနေပြန်ရင် (မကောင်းပါ ဘုရား)၊ တော်ပါ့ မလား (မတော်ပါ ဘုရား)၊ ဒါဖြင့် ဘယ့်နှယ်လုပ်ကြမှာတုံးကွ (ဝိပဿနာလုပ်ရမှာပါ ဘုရား)။
သူပဲ ရောင်းရင်း-ဝယ်ရင်းလည်းရှု၊ နေရင်း-ထိုင်ရင်းလည်းရှု၊ နေရင်ကော မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ဖြစ်တာပဲ၊ ဘယ်အချိန်ရှုရှုဖြစ်တာပဲ၊ သွားလည်းရှု၊ ဟော-ခြေဖဝါးပြင်မှာ နာရင် နာတဲ့စိတ်ကို ဖြစ်ပျက်ရှု (မှန်ပါ)၊ ဟင် ယားတဲ့စိတ်ကလေးပေါ်ရင်ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။
အကုန်ဖြစ်ပျက်ရှုပြီး ဒါအနိစ္စတွေပါလား၊ ဒါအနိစ္စတွေပါလား၊ ဒါအနိစ္စတွေပါလားလို့ ရှုနေလို့ရှိရင်ဖြင့် တော် တော်ကြာကျလို့ရှိရင် ခန္ဓာကိုယ်တစ်ကိုယ်လုံး ပြမှာပဲ (မှန်ပါ)၊ ဟိုအနိစ္စတွေအကုန်ပြနေမှာပဲ (မှန်ပါ)၊ မပြပါနဲ့ဆိုလို့ (မရပါ ဘုရား)၊ မရဘူးတဲ့။
အရိယာမျက်လုံးတပ်ပြီး ကြည့်လိုက်တဲ့အခါ
အရိယာမျက်လုံးတပ်ပြီး ကြည့်လိုက်တဲ့အခါကျတော့ ပြန့်ပြီးသကာလ၊ ဪ ဒါကြောင့် ဘုရားက အလုံးစုံ အနိစ္စတဲ့၊ အလုံးစုံအနိစ္စဆိုတာ ဟုတ်သားပဲဆိုပြီး အရိယာမျက်လုံးတပ်ပြီး ကြည့်လိုက်တဲ့အခါကျတော့ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
အဲဒီလိုပေါ်လာလို့ရှိရင်ဖြင့် မင်းတို့ အပါယ်သွားရမယ့် အကြွေးဟာ တစ်ဝက်ကျေပြီလို့ မှတ်ပါ (မှန်ပါ)၊ ဖြစ်ပျက်မြင်ရင် တစ်ဝက်ကျေပြီ (မှန်ပါ)၊ ဖြစ်ပျက်မုန်းရင် တစ်ဝက်ကျေပြီ (မှန်ပါ)၊ ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်းလို့ ရှိရင် (တစ်ဝက်ကျေပါပြီ ဘုရား)။
ဪ တပည့်တော်တို့ဖြင့် ဖြစ်ပျက်ဆုံးတဲ့အပြင်ဗျာ ဖြစ်ပျက်အဆုံးဖြစ်တဲ့ နိဗ္ဗာန်တောင် မြင်ပါပြီဆိုလို့ ရှိရင်ဖြင့် ပထမမဂ်ရတဲ့အတွက် အပါယ်ဆိုတာက မင်းတို့၊ ဘယ်တော့မှ မကျတော့ဘူး (မှန်လှပါ ဘုရား)။
အောက်သံသရာလည်း မလည်တော့ဘူး (မှန်ပါ)၊ အထက်မဂ်-အထက်ဖိုလ်သာ တက်ပြီး သုဂတိကနေပြီး အထက်မဂ်-အထက်ဖိုလ်ရပြီး၊ နိဗ္ဗာန်ဘက် ချမ်းသာအစစ်ဘက်ကို တစ်ခါကူးတော့တာပဲ (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒီအလုပ်ဟာ အခု သေသေချာချာ အရင်းအချာတွေ ပြောနေတယ်၊ မသိသေးခင်တော့ မင်းတို့က ဪ အကုသိုလ်ကများတယ်၊ ကုသိုလ်လုပ်မှပဲဆိုတာလောက်တော့ မင်းတို့သိတယ် (သိပါတယ် ဘုရား)၊ သို့သော် အဟုတ်ကယ်နိုင်တဲ့ကုသိုလ်ကို မင်းတို့မသိဘူး (မသိပါ ဘုရား)၊ အခုတော့ သိပြီလား (သိပါပြီ ဘုရား)။
ဒီ အခုခန္ဓာကိုယ်ကြီးကို ဖြစ်ပျက်ရှုတဲ့အလုပ်၊ ကိုယ့်ခန္ဓာကိုယ်ကြီး မုန်းတဲ့အလုပ်၊ ကိုယ့်ခန္ဓာကိုယ်ကြီးကို ဒုက္ခသစ္စာမို့ မလိုချင်ဘူးဆိုတော့ မလိုချင်တဲ့ ဒီဉာဏ်ပေါ်လာလို့ရှိရင် နောက်ခန္ဓာလာသေးရဲ့လား (မလာတော့ပါ ဘုရား)၊ မလာရင် ဘယ်ခန္ဓာနဲ့ အပါယ်ကျမှာတုံးကွ (ဘယ်ခန္ဓာနဲ့မှ မကျပါ ဘုရား)၊ ကျစရာရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ခန္ဓာရှိမှသာ ကျမှာကိုး (မှန်ပါ)၊ နို့ ခန္ဓာမှမလာတော့ဘဲ ကျစရာမရှိတော့ဘူး (မှန်လှပါ ဘုရား)။
ခန္ဓလာဦးတော့ ပထမတစ်မဂ်ရပြီးတဲ့ နိဗ္ဗာန်မြင်တဲ့ပုဂ္ဂိုလ်က ခန္ဓာလာတော့ သူက အထက်သွားတဲ့ခန္ဓာ (မှန်ပါ)၊ အောက်စုန်တဲ့ခန္ဓာ မဟုတ်ဘူး (မှန်လှပါ ဘုရား)။
အပါယ်လေးပါးမှ လွတ်သွားတယ်
ဒါကြောင့် ‘စတူဟာပါယေဟိစ ဝိပ္ပမုတ္တော’ဆိုတဲ့အတိုင်း အပါယ်လေးပါးမှ လွတ်သွားတယ် (မှန်လှပါ ဘုရား)။
ကဲ သေပြန်တဲ့အခါကျလို့ရှိရင်လည်း ဒီလိုပုဂ္ဂိုလ်က တိရစ္ဆာန်ဘုံကျသွား၊ ငရဲကျသွား၊ ပြိတ္တာဘုံကျသွား၊ အသူရကာယ်ဘုံကျသွားဆိုသလို ပရမ်းပတာ မကျသွားဘူးကွ (မှန်ပါ)၊ မှန်းခြေပေါက် လူ့ပြည်ဖြင့် လူ့ပြည်၊ နတ်ပြည် ခြောက်ထပ်ဖြင့် နတ်ပြည်ခြောက်ထပ်၊ ဒါပဲကျတယ် (မှန်လှပါ ဘုရား)။
သူက ဘယ်မှမသွားတော့ဘူး (မှန်ပါ)၊ နို့-သွားပြန်တော့လည်း ဟိုရောက်တဲ့နေရာမှာ၊ ဒီဝိပဿနာလုပ်တဲ့အလုပ် မေ့နေသလားဆို မမေ့ဘူး၊ ပြန်သတိရတယ် (မှန်ပါ)။
တိုတိုပြောမယ်ကွာ၊ ဒီက ဖြစ်ပျက်မြင်ပြီး သေသွားရင် ဒုတိယဘဝ သုဂတိရောက်ပြီး ဟိုမှာ သောတာပန် တည်တာပဲ (မှန်ပါ)၊ ရောက်ရောက်ချင်းတည်တာပဲ (မှန်လှပါ ဘုရား)။
ဘာဖြစ်လို့တုံးဆို ဒီဉာဏ်က ပါသွားတော့ ဟိုကျတော့ လူဉာဏ်ထက် နတ်ဉာဏ်က ထက်သွားလို့ ချက်ချင်း ဖြစ်ပျက်တွေ အကုန်မြင်လာတာပဲ (မှန်ပါ)၊ တည်တော့တာပဲ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။
အဲဒီကနေ ဆက်ပြီးသကာလ သူ့ဟာသူ လုပ်သွားမယ်ဆိုလည်း နတ်ရဟန္တာဖြစ်သွားတာပဲ (မှန်ပါ)၊ အဲဒီလို ဆိုတော့ သုံးဆယ့်တစ်ဘုံ မဆိုပါနဲ့တဲ့၊ အထက်ဘုံတွေတောင် မလှည့်တော့ပါဘူး (မှန်လှပါ ဘုရား)။
ဒါဖြင့် ကယ်နိုင်တဲ့တရား၊ ယူနိုင်တဲ့တရား၊ အားကိုးရမယ့်တရား၊ မိမိသိမ်းပိုက်ရမယ့် တရားကို မောင်ချစ်စိန် တို့ တွေ့ပြီလား (တွေ့ပါပြီ ဘုရား)၊ ဒါ လိုက်ရမှာကွ (မှန်လှပါ ဘုရား)။
ဒီပြင်ဟာတွေကတော့ ဥပမာမယ် ကယ်နိုင်တယ်ထားဦးတော့ တော်ကြာ ပြန်လှည့်ချင်-လှည့်တယ် (လှည့်ပါ တယ် ဘုရား)၊ ဘာပြုလို့တုံးဆိုတော့ ဒီအကုသိုလ်တွေကို တားသာတားနိုင်တာ၊ မဖျောက်ဖျက်နိုင်ဘူး (မှန်ပါ)၊ ဒီဟာ ကတော့ (ဖျောက်ဖျက်နိုင်ပါတယ် ဘုရား)။
အဲ တားနိုင်တဲ့ကုသိုလ်လည်းရှိတယ် (မှန်ပါ)၊ ဖျောက်ဖျက်နိုင်တဲ့ ကုသိုလ်လည်းရှိသဖြင့် တားနိုင်တဲ့ ကုသိုလ်ကတော့ သူတားပြီးရင်၊ သူတားနိုင်တဲ့ အစွမ်းသတ္တိကုန်ရင် လွှတ်ပေးလိုက်တာပဲ (မှန်ပါ)၊ ပြန်ရောက်သွားတာ ပဲ (မှန်ပါ)၊ ဖျောက်ဖျက်နိုင်တဲ့ ကုသိုလ်ဆိုတာကတော့ အထက်ရှာတွေ့သေးရဲ့လား (မတွေ့နိုင်ပါ ဘုရား)။
ဖျောက်ဖျက်နိုင်တဲ့ ကုသိုလ်ကဖြင့် မဂ်ကုသိုလ်ပဲ
ဒါကြောင့် ဖျောက်ဖျက်နိုင်တဲ့ ကုသိုလ်ကဖြင့် မဂ်ကုသိုလ်ပဲ (မှန်ပါ)၊ တားနိုင်တဲ့ကုသိုလ်ကတော့ ခုနက ဒါန၊ သီလတွေပေါ့ကွာ (မှန်ပါ)၊ ဒါန၊ သီလ၊ သမထတွေကတော့ တားရုံပဲ (မှန်လှပါ ဘုရား)။
ဒါဖြင့် ဆေးနှစ်မျိုးရှိတယ်တဲ့၊ ရောဂါကို အင်္ဂလိပ်ဆေးများလို၊ တားရုံကောင်းတဲ့ဆေး (မှန်ပါ)၊ ဗမာဆေး ကောင်းကောင်းက အမြစ်ပြတ်အောင် ပျောက်တဲ့ဆေး၊ ဆေးကနှစ်မျိုးရှိတယ် (မှန်လှပါ ဘုရား)၊ တားဆေးနဲ့ပျောက် ဆေးကို မင်းတို့ ဘယ်ဟာသောက်ထိုက်သတုံး (ပျောက်ဆေးသောက်ထိုက်ပါတယ် ဘုရား)။
အဲ သူမလုပ်နိုင်သရွေ့ တားဆေးသောက်ထား (မှန်ပါ)၊ ပြီးတော့ ပျောက်ဆေးကို တစ်ခါပြန်အုပ် (မှန်ပါ)၊ မလုပ်ဘဲတော့မနေနဲ့ (မှန်ပါ)၊ ဒါန၊ သီလလည်းလုပ်၊ ပြီးတော့ ပျောက်ဆေးတော့ မလုပ်ပဲကိုမနေနဲ့ (လုပ်ရမှာပါ ဘုရား)၊ လုပ်ရမှာပဲဆိုတာ သဘောပါပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် မင်းတို့သည် ဝိပဿနာသည်ပျောက်ဆေး (မှန်ပါ)၊ ဒါန၊ သီလတွေကတော့ (တားဆေးပါ ဘုရား)၊ တားဆေး (မှန်ပါ)၊ အဲဒီတော့ တားဆေးနှင့် ပျောက်ဆေးဟာ အတော်ခြားနားပါတယ် (ခြားနားပါတယ် ဘုရား)။
အဲဒီတော့ ခုနကပုဂ္ဂိုလ်က သက်သေမခံဘူးလား (ခံပါတယ် ဘုရား)၊ မိလက္ခရဟန်းက သက်သေခံလိုက်တယ် (မှန်ပါ)၊ တားရုံတားလို့ရှိရင် သူသွားရဦးမှာပေါ့ကွ (မှန်ပါ)၊ အခုတော့ သူ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ် အောင်ပဲ မဂ်ဆိုက်သွားအောင်လုပ်လိုက်တော့ သူ့အကုသိုလ်တွေ အကုန်အဟောသိကံဖြစ်သွားတယ် (မှန်လှပါ ဘုရား)။
တားဆေးလား၊ ပျောက်ဆေးလား
အဲဒီတော့ တားဆေးလား၊ ပျောက်ဆေးလားဆိုတာကို မင်းတို့ပဲ စဉ်းစားကြည့် (ပျောက်ဆေးပါ ဘုရား)၊ ပျောက် ဆေးဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒါကြောင့် ဒီပျောက်ဆေးကလေးကလည်း၊ မင်းတို့ သိပ်ပြီးမကြာတော့ဘူးကွ၊ အခု သာသနာကလေးရှိတုန်း (မှန်ပါ)၊ ဒါတောင် ဆရာကောင်း-သမားကောင်းနဲ့ကြုံလို့၊ ပြောဖော်-ဆိုဖော်ရလို့ (မှန်လှပါ ဘုရား)။
နို့မို့ရင် မင်းတို့ တားဆေးနဲ့ပဲ အချိန်ကုန်ရင်ကုန်နေမှာ (ကုန်မှာပါ ဘုရား)၊ မကုန်ပေဘူးလား (ကုန်မှာပါ ဘုရား)၊ ပျောက်ဆေးကို သောက်မိမှာမဟုတ်ဘူး (မှန်လှပါ ဘုရား)။
အဲဒါကြောင့် တားဆေးနဲ့ ပျောက်ဆေးကိုလည်း ယနေ့ညကွဲပြီလား (ကွဲပါပြီ ဘုရား)၊ ဟိုတားဆေးကလည်း တားဆေးတားပြီးသကာလ နောက်ဆရာကောင်း တွေ့ပြန်တော့ သူပျောက်ဆေး ရချင်ရမှာပေါ့ကွာ (မှန်ပါ)၊ သို့သော် ပျောက်ဆေးပဲ တစ်ခါတည်းသောက်လိုက်မယ်ဆိုရင်လည်း ပြီးသွားတာပဲ (မှန်ပါ)၊ မပြီးဘူးလား (ပြီးပါတယ် ဘုရား)။
ဒါဖြင့် တားဆေးကိုလည်း တင်လှတို့ လက်မလွှတ်နဲ့၊ ပျောက်ဆေးကိုလည်း သောက်ဖြစ်အောင်သောက် (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ကဲ ဒီတွင်တော်ကြစို့။
