”ခန္ဓာဝန်ထမ်းခရီးကြမ်းမှ လွတ်မြောက်ရေး”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားဆုံးမတော်မူအပ်သော
”ခန္ဓာဝန်ထမ်းခရီးကြမ်းမှ လွတ်မြောက်ရေး”
ည-အလုပ်ပေး တရားတော်
ခန္ဓာငါးပါးက ဝန်ထုပ်ကြီး
ဒါက ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ကြီး၊ ခန္ဓာကိုယ်ကြီးလို့ မှတ်ထားရမယ် (မှန်ပါ)၊ ခန္ဓာငါးပါးက ခန္ဓာ ကိုယ်ကြီးလို့ မှတ်ထားကြပါ (မှန်လှပါ ဘုရား)။
ဒီခန္ဓာကိုယ်ကြီး၏ အထမ်းသမားက မောင်ချစ်စိန်တို့၊ တင်လှတို့လူစုတွေ (မှန်ပါ)၊ ဒီခန္ဓာကိုယ်ကြီးကို ထမ်း ထမ်းသွားနေရတယ်၊ တင်လှ ဘာလုပ်နေတုံး၊ ကိုယ့်ခန္ဓာကိုထမ်းပြီး မန္တလေးသွားတယ်၊ မောင်ချစ်စိန် ဘာလုပ်နေတုံး၊ ကိုယ့်ခန္ဓာကို ထမ်းပြီးတောင် မြို့ပြန်တယ် (မှန်လှပါ ဘုရား)။
အထမ်းသမားက မောင်ချစ်စိန်တို့ (မှန်ပါ)၊ ဝန်ကို ယူယူတင်ပေးနေတာက တဏှာ (မှန်ပါ)။
ဘယ်တော့မှ ဒီဝန်တွေကို ချခဲ့ရတဲ့ဘဝရယ်လို့ မရှိခဲ့ပါဘူး (မရှိပါ ဘုရား)၊ နာမည်ရှိတဲ့ပုဂ္ဂိုလ်က အထမ်းသမား၊ ခန္ဓာငါးပါးက ဝန်ထုပ်ကြီး (မှန်ပါ)၊ တင်ပေးတဲ့လူက တဏှာ၊ ဝန်ကို ယူယူပြီး တင်ပေးနေတာက ဘယ်သူတုံး (တဏှာ ပါ ဘုရား)။
ဟိုဘဝက ဆုတောင်းလိုက်၊ ဒီဘဝခန္ဓာကြီးချပြီး ဟိုဘဝထမ်းလိုက် (မှန်ပါ)၊ မင်းတို့က တဏှာတင်ပေးလိုက် တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒီဘဝခန္ဓာကိုယ်ကြီးလည်း အတိတ်ဘဝကတောင်းတဲ့ တဏှာကြောင့် ရတာပဲ၊ တဏှာက တင်ပေးလိုက်တာ (မှန်ပါ)၊ ဒီဘဝမကျေနပ်လို့ ဆက်တောင်းပြန်တော့ ဟိုဘဝခန္ဓာကြီး ထမ်းဦးပေါ့ကွာ (ထမ်းရမှာပါ ဘုရား)။
နတ်ဖြစ်လည်း နတ်အမည်နဲ့ထမ်း (မှန်ပါ)၊ လူဖြစ်လည်း လူအမည်နဲ့ထမ်း၊ ခွေးဖြစ်လည်း ခွေးအမည်နဲ့ ထမ်း ပေါ့ကွာ (မှန်လှပါ ဘုရား)။
ဝန်ထမ်းသမားက နာမည်ရှိတဲ့ပုဂ္ဂိုလ်
ဝန်ထမ်းသမားက နာမည်ရှိတဲ့ပုဂ္ဂိုလ်၊ တင်ပေးသမားက ဘယ်သူတုံး (တဏှာပါ ဘုရား)၊ တဏှာက တင်ပေး လိုက်တယ်။
ကောင်းပြီ ဒါဖြင့် ခန္ဓာငါးပါးကတော့ ထိုင်နေလည်း သူ့အလုပ် လုပ်ပေးရတာပဲ၊ သူ့ဝန်ထုပ်ကြီးအလုပ် လုပ် ပေးရတယ် (မှန်ပါ)၊ ထပေးပါဦးဆိုလို့ရှိရင်လည်း ဒီဝန်ထုပ်ကြီးကို ဝန်ထမ်းသမားက ထပေးလိုက်ရတာပဲ (မှန်ပါ)၊ ရေချိုးပေးပါဦးဆိုရင်ကော (ချိုးပေးရပါတယ် ဘုရား)၊ ထမင်းကျွေးပါဦးဆိုရင်ကော (ကျွေးရပါတယ် ဘုရား)။
ဒါဖြင့် မင်းတို့သည် ဝန်ထမ်းနဲ့ကို ပြတ်ကဲ့လားလို့မေးရင် ဘယ့်နှယ်ပြောကြမယ် (မပြတ်ပါ ဘုရား)၊ ခန္ဓာငါးပါး က ဝန်ထုပ်ကြီး (မှန်ပါ)၊ အထမ်းသမားက ကိုယ့်နာမည်နဲ့ကိုယ် မှတ်ထားကြ (မှန်လှပါ ဘုရား)။
တင်ပေးတာက ဘယ်သူတုံးဆိုလို့ရှိရင်ဖြင့် တဏှာ (မှန်ပါ)၊ တဏှာက ဝန်တင်ပေးသမားလို့ မှတ်ထားစမ်းပါ (မှန်လှပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီဝန်ထုပ်ချပြီးရင် ပြီးသလားလို့ မေးတဲ့အခါ ဟိုဝန်ထုပ်ကို တဏှာက တင်ပေးပြန်တယ် (မှန်ပါ)၊ တစ်ခါတလေ အဝတ်ဝတ်ပြီး ထမ်းရတဲ့ဘဝပါတယ်၊ ခန္ဓာဝန်ကြီးကိုနော် (မှန်ပါ)၊ တစ်ခါတလေ တိရစ္ဆာန် ဖြစ်တော့ အဝတ်ဝတ်ရသေးရဲ့လား (မဝတ်ရပါ ဘုရား)၊ အဝတ်မဝတ်ပဲနဲ့ ထမ်းရတဲ့အခါလည်း မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဒါဖြင့် ဝန်ထမ်းသမားဟာ တစ်ခါတလေကျလို့ရှိရင် ကိုယ့်ဝန်ကြီးဖုံးဖိထမ်း၊ တစ်ခါတလေကျတော့ တုံးလုံး ထမ်း (မှန်ပါ)၊ ဘယ်သူက တင်ပေးတာတုံး (တဏှာက တင်ပေးပါတယ် ဘုရား)၊ တဏှာက တင်ပေးနေတာဆိုတော့ သေချာကြပြီလား (သေချာပါပြီ ဘုရား)။
ဒါ မင်းတို့ကလည်း ထမ်းရတာကိုပဲ ကောင်းကောင်းကျွေးရလို့၊ ကောင်းကောင်းမွေးရလို့၊ ကောင်းကောင်း ရေချိုးပေးရလို့၊ ကောင်းကောင်းထိုင်ပေးရ၊ ကောင်းကောင်းထပေးနိုင်လို့ရှိရင် မင်းတို့က ကျန်းမာလို့ တော်သေးတယ် (မှန်ပါ)၊ ဝန်လေးတယ်လို့ တစ်ခါမှမလာဘူး (မလာပါ ဘုရား)။
ကျန်းမာလို့ တော်သေးတယ်လို့ပဲလာတယ် (မှန်ပါ)၊ ဝန်လေးတယ်လို့ လာရဲ့လား (မလာပါ ဘုရား)၊ ထိုကဲ့သို့ မလာတာထောက်ကြည့်လိုက်လို့ရှိရင် ဝန်မှန်းမသိတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ဝန်မှန်း၊ ဒုက္ခသစ္စာမှန်း မသိတာ
ဝန်မှန်း၊ ဒုက္ခသစ္စာမှန်း မသိတာ၊ မင်းတို့ အခု သေချာရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)၊ ဒုက္ခသစ္စာမှန်းကော သိရဲ့လား (မသိပါ ဘုရား)၊ ဒုက္ခသစ္စာဝန်ထုပ်ကြီးရယ်လို့ကော (မသိပါ ဘုရား)။
ရော မသိတာတွေသာ များနေပါလားဆိုလို့ရှိရင် လွဲသလား (မလွဲပါ ဘုရား)၊ ဒီအထဲကနေပြီး မင်းတို့က သားလေးမွေးလာရင်လည်း ငါ့တာဝန်ပဲဆိုပြီး ထမ်းပြန်ပြီ (မှန်ပါ)၊ သမီးလေးမွေးလာရင်ကော (တပည့်တော်တို့ တာဝန် ပါ ဘုရား)၊ မြေးကလေးတွေ ပွားများလာရင်ကော (တပည့်တော်တို့ တာဝန်ပါ ဘုရား)။
အင်း ငါ့တာဝန်ပဲဆိုပြီး ထမ်းတော့ မင်းတို့ဟာ ပင်ကိုဝန်ထုပ်ကလည်း မကျ (မကျပါ ဘုရား)၊ အထက် ကလည်း ထပ်ဆင့်တင်နေသေးတယ် (မှန်ပါ)၊ တဏှာကတင်နေတာ (မှန်ပါ)၊ ဒါလည်း မင်းတာဝန်မင်းယူ၊ ဒါလည်း မင်းတာဝန်မင်းယူဆိုပြီး သူကချည်း ယူခိုင်းနေတော့ ထမ်းရတဲ့လက်စကို ပြတ်သေးရဲ့လား (မပြတ်တော့ပါ ဘုရား)၊ ချရတဲ့အခါကော ပါသေးရဲ့လား (မပါပါ ဘုရား)။
တစ်ခါတလေများ ဝန်ထုပ်ပိပြီးသကာလ အမောများဆိုက်နေတာရှိသေးတယ် (မှန်ပါ)၊ ဒီသားတွေ၊ ဒီသမီး တွေနဲ့၊ ကိုယ်ကလည်း အိုတာနဲ့၊ ဘယ့်နှယ်လုပ်များ ကျွေးရ၊ မွေးရပါ့မတုံးဆိုပြီးတော့ သက်ပြင်းကြီးများချပြီး စိတ်ကြီး များ အတော်ပျက်နေလိုက်သေးတယ် (မှန်လှပါ ဘုရား)။
ဒါ ဘာဖြစ်တာတုံးမေးရင် ဘယ့်နှယ်ဖြေကြမှာတုံး (ဝန်ပိနေတာပါ ဘုရား)၊ ဝန်ပိနေတာ ရိပ်မိပြီလား (ရိပ်မိ ပါပြီ ဘုရား)၊ သေများသေချင်တယ်လို့များ ညည်းလိုက်သေးတယ် (မှန်ပါ)၊ ညည်းတာကလည်း ညည်းချင်လို့ ညည်းတာ မဟုတ်ပါဘူးတဲ့၊ ဝန်ထုပ်က လေးလွန်းလို့ (မှန်ပါ)၊ ဝန်ထုပ်လေးလွန်းလို့ ညည်းကြတာ (မှန်လှပါ ဘုရား)။
တဏှာက ဝန်တင်သမား
မင်းတို့ဟာ ဘာသမားတွေဖြစ်နေလဲဆိုရင် ဝန်ထမ်းသမားတွေဖြစ်နေတယ် (ဝန်ထမ်းသမားတွေပါ ဘုရား)၊ ကိုယ့်သန္တာန်ဖြစ်တဲ့တဏှာက ဝန်တင်သမား (မှန်လှပါ ဘုရား)။
မင်းတို့ဝန်ထမ်းတာကလည်း ရဲရဲလွန်းလှတယ်၊ ဆွေဝန်၊ မျိုးဝန် ဒါတွေကော မထမ်းကြရဘူးလား (ထမ်းရပါ တယ် ဘုရား)၊ တင်လှတို့ သဘောကျရဲ့လား (ကျပါတယ် ဘုရား)၊ ကိုယ့်ဝန်ကိုယ်မှ ထမ်းလို့ မနိုင်နိုင်ရတဲ့အထဲ ဆွေဝန်၊ မျိုးဝန်၊ သားဝန်၊ သမီးဝန်၊ ယောကျ်ားဝန်တွေ (ထမ်းရပါတယ် ဘုရား)၊ ထမ်းရသေးတယ် (မှန်လှပါ ဘုရား)။
ဒီအထဲကနေပြီး အမောများဆိုက်တဲ့အခါလည်း မပါဘူးလား (ပါပါတယ် ဘုရား)၊ အမောဆိုက်တဲ့အခါများ ဒီအထဲက ဝန်ထုပ် အထမ်းနည်းရမလားဆိုပြီး မိန်းမများ အရိုက်ခံရတဲ့အခါလည်း ပါသေးတယ် (ပါပါတယ် ဘုရား)၊ ကိုယ့်သားသမီးများ ကိုယ်မထိန်းနိုင်ဘူးဆိုပြီးသကာလ ဒီဝန်တွေ မထမ်းနိုင်ဘူးဆိုပြီး အရိုက်ခံရတဲ့အခါလည်း ပါသေး တယ် (ပါပါတယ် ဘုရား)။
ယောကျ်ားတွေကိုလည်း မိန်းမတွေက ငေါ့ကာ၊ စောင်းကာနဲ့ မိန်းမတစ်ယောက်မှ ဝအောင် လုပ်မကျွေးနိုင် ဘူး၊ ကိုယ့်သားသမီးကိုလည်း သူများသားသမီးလို လှအောင်ပအောင် မဆင်နိုင်ဘူးနဲ့၊ ဝန်ထုပ်ထမ်းရင်း ပါးစပ်စကား တွေနဲ့ အရိုက်ခံရသေးတယ် (မှန်ပါ)၊ ဝန်ထုပ်ထမ်းရင်း ဘာတုံး (ပါးစပ်နဲ့ အရိုက်ခံရပါတယ် ဘုရား)၊ အရိုက်ခံရတယ် (မှန်လှပါ ဘုရား)။
ဒါလည်း မင်းတို့က နာရမှန်းမသိပါဘူး (မသိပါ ဘုရား)၊ ကိုယ့်ဝန်ထုပ်ထမ်းတာလည်း မသိ၊ သူများဝန် မထမ်း နိုင်လို့၊ သူများတန်းတူ မထမ်းနိုင်လို့ မိန်းမကဆူ၊ ယောကျ်ားက မိန်းမဆူ၊ မိန်းမက ယောကျ်ားဆူနဲ့၊ သားသမီးတွေက လည်း သူများ သားသမီးတွေလို ကားဝယ်မပေးနိုင်၊ ဘာဝယ်မပေးနိုင်ဆိုတော့ ငေါ့ကြ- စောင်းကြ (မှန်လှပါ ဘုရား)။
ထမ်းရတဲ့ ဝန်ထုပ်ကလည်း နည်းသလားကွာ
ဒီဝန်လည်း ထမ်းပေးပါဦးလို့ ပြောနေတာကိုးကွ (မှန်ပါ)၊ အဲဒီတင် သူတို့က ကျေနပ်သလား မကျေနပ်ဘူး လား မေးပြန်တော့ ဘယ့်နှယ့်ဖြေကြမှာတုံး (မကျေနပ်ပါ ဘုရား)၊ ထမ်းရတဲ့ ဝန်ထုပ်ကလည်း နည်းသလားကွာ (မနည်း ပါ ဘုရား)၊ နေ့စာရော၊ မနက်စာရော၊ ညစာရော၊ အိမ်ရော၊ ယာရော အလုံးစုံအကုန်ပဲ တစ်ခါတည်း တစ်ထမ်းတည်း ထမ်းနေရတာပဲ (မှန်လှပါ ဘုရား)။
မိန်းမတွေဆိုရင် မီးဖိုနဲ့လက်နဲ့ကို ပြတ်ရရဲ့လား (မပြတ်ရပါ ဘုရား)၊ ကိုယ့်ဝန်လည်း ထမ်းရသေးတယ်၊ ခင်ပွန်း တွေအတွက် အချိန်မှန်စားနိုင်အောင်၊ သောက်နိုင်အောင်ဆိုတဲ့ ဝန်တွေကော (ထမ်းရပါတယ် ဘုရား)။
တစ်ခါတလေ မီးလက်လောင်၊ မီးခိုးတွေ မျက်စိထဲဝင် (မှန်ပါ)၊ ဒါတောင်မှ ပြုံးများနေလိုက်သေးတယ်ကွ (မှန်ပါ)၊ သူတို့ ကောင်းကောင်းမွန်မွန်စားလို့၊ သူတို့ ပျော်ပျော်ပါးပါးနေကြတယ်ဆိုလို့ရှိရင်ဖြင့် ဝန်ထမ်းသမားက လေးမှန်းမသိတဲ့အပြင် ပြုံးများနေလိုက်သေးတယ် (မှန်ပါ)၊ ဘယ့်နှယ်ဖြစ်နေတာတုံးကွ၊ ပြောပြောကြစမ်းပါဦး (ဝန်မှန်း မသိလို့ပါ ဘုရား)၊ အင်း ဝန်မှန်းလည်းမသိဘူး၊ လေးမှန်းကော (မသိပါ ဘုရား)။
တစ်ခါတလေမှ သိတယ် (မှန်ပါ)၊ တစ်ခါတလေမသိဘူး၊ သိပေမယ့်လည်း ချရာဌာနရှိတယ်လို့ကော သိရဲ့လား (မသိပါ ဘုရား)၊ ဒီဘဝ ဒီမျှထင်ပါရဲ့ဆိုပြီး ပေထမ်းတာပဲ (ထမ်းပါတယ် ဘုရား)၊ တင်လှတို့ ဘယ့်နှယ်တုံး၊ ဒီဘဝ ဒီမျှပဲဆိုပြီး ထမ်းတော့မှာပဲလား (ထမ်းမှာပါ ဘုရား)၊ ဒီဝန်ထုပ်တော့ မချကြတော့ဘူးလားကွ၊ တရားနာတဲ့လူတွေကော (ချရမှာပါ ဘုရား)။
ချမယ်သာ ပြောနေကြတာ
အမလေး ချမှသာဆိုတယ်၊ ဝိပဿနာအလုပ်ကိုတော့ ကျကျနနလုပ်သေးတာ မဟုတ်သေးဘူး၊ ချမယ်သာ ပြောနေကြတာကွ (မှန်လှပါ ဘုရား)။
ဝန်ထမ်းတာ ထမ်းရပါစေတော့တဲ့၊ ဝန်ထမ်းတာ ထမ်းရပါစေတော့နော် (မှန်ပါ)၊ ဝန်ထမ်းပြီး လမ်းလျှောက် ပြေးရတာ၊ လမ်းက ဘာလမ်းတုံးဆိုတာ မေးရဦးမယ် (မှန်ပါ)၊ မင်းတို့ သားဝန်၊ သမီးဝန်၊ ဆွေဝန်၊ မျိုးဝန်တွေ ထမ်း ရင်း သွားနေရတဲ့လမ်းက ဘေးက ၉၆ ပါးသော ဝေဒနာတွေက ရှိနေတယ် (မှန်ပါ)၊ ၉၆ ပါး လမ်းကြမ်းမှာ ထမ်းပြေး ရတာ (မှန်လှပါ ဘုရား)။
ဟေ့ မောင်အောင်မြတ်၊ ဘယ်လမ်းပြေးရတာတုံးကွ (လမ်းကြမ်းပါ ဘုရား)၊ ၉၆ ပါးလမ်းကြမ်းပြေးနေ တာ (မှန်ပါ)၊ ဘယ်လမ်းပြေးကြတာတုံး (၉၆ ပါးလမ်းကြမ်းပါ ဘုရား)၊ ဒီအထဲများ မင်းတို့ ငှက်သင့်လို့ သေလိုက်ကွာ၊ ရထားမှောက်လို့ သေလိုက်၊ မော်တော်ကားမှောက်လို့ သေလိုက် (မှန်ပါ)၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။
လမ်းကြမ်းပြေးရတာကိုးကွ (မှန်ပါ)၊ ဝန်ကြီးကလည်း လေးသကိုးကွ (မှန်ပါ)၊ ဝန်က လေး၊ လမ်းကြမ်းပြေး ဟင် (မှန်ပါ)၊ ဒီအထဲကလည်း လမ်းတွေ့တာတွေလည်း အကုန်တင်မယ်၊ ကျုပ်က ခင်တတ်တယ်ဆိုပြီးတော့ (မှန်ပါ)၊ ခင်တဲ့ဥစ္စာက သူများဝန်တွေပါ ကိုယ်က ယူများလာလိုက်သေးတယ် (မှန်ပါ)၊ ကျုပ် ရရင်ဝယ်ပေး လိုက်ပါဦးမယ်၊ ခြမ်းပေးလိုက်ပါဦးမယ်ဆိုတဲ့ သူများဝန်တွေကော ထမ်းလာခဲ့သေးလား (ထမ်းလာပါတယ် ဘုရား)။
လောကွတ်ကလည်း ချော်လွန်းတယ်
ဟင် ဖြစ်မှဖြစ်ရပလေကွာ၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ အမလေး လောကွတ်ကလည်း ချော်လွန်း တယ်ကွာ (မှန်ပါ)၊ အပေါ်ထမ်းထားရတာက နည်းလို့လားလို့မေးရင် ဘယ့်နှယ်ဖြေကြမှာတုံး (မနည်းပါ ဘုရား)၊ ဒီအထဲ က လောကွတ်က ချော်ပြီး ထမ်းချင်တာတွေကကော (ရှိပါတယ် ဘုရား)။
ဟ မောင်ချစ်စိန်၊ မင်းမိုက်လုံးသန်လှချည်လားဆိုရင် ဘယ့်နှယ်ဖြေပါ့မတုံး (မိုက်လုံးသန်ပါတယ် ဘုရား)၊ လမ်းက ဘာလမ်းတဲ့တုံး (၉၆ ပါးလမ်းကြမ်းပါ ဘုရား)၊ ၉၆ ပါးလမ်းကြမ်းမှာ တစ်ခါတလေ ကိစ္စကြီးတဲ့အခါ အပြေး များသွားရသေးတယ် (သွားရပါတယ် ဘုရား)။
ပြေးသာပြေးရတယ် ဝန်က ပေါ့သွားသလား မေးပြန်တော့ (မပေါ့ပါ ဘုရား)၊ ဝန်ကလည်း မပေါ့၊ လမ်းက လည်း ကြမ်း၊ အပြေးလည်း သွားပြန်ဆိုတော့ကွာ ဟေ့ မောင်အောင်မြတ် သေခြင်းဆိုးတော့ သေချာပြီ (သေချာ ပါတယ် ဘုရား)၊ သေခြင်းဆိုး မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဘာဖြစ်လို့တုံး လမ်းကကြမ်း၊ ဝန်ကလေး၊ အပြေးကသွား (မှန်ပါ)၊ ဘယ့်နှယ်တုံး သေခြင်းဆိုးသေရမှာ မသေ ချာဘူးလား (သေချာပါတယ် ဘုရား)။
ဘာပြုလို့တုံးဆိုတော့ ဝန်ပိသေတာပဲ
တချို့မသာတွေ လမ်းသေတဲ့မသာတွေကော မတွေ့ဖူးဘူးလား (တွေ့ဖူးပါတယ် ဘုရား)၊ တချို့တော့လည်း အိမ်တွင်သေကြတယ်၊ ဘာပြုလို့တုံးဆိုတော့ ဝန်ပိသေတာပဲ (မှန်ပါ)၊ ဘယ်သူ့စိတ်မချ ဘယ်ဝါ့လက်မချနဲ့ (မှန်ပါ)၊ သူ့အတွက် ဝန်တွေက ကုန်စင်အောင် မထမ်းခဲ့ရလို့ (မှန်ပါ)၊ ထမ်းပြီးသားဝန်တွေကလည်းလေး၊ နောက်ထပ် ထမ်း ချင်တာလည်း မထမ်းရဘဲ ထမ်းချင်လျက်နဲ့ သေသွားတဲ့လူတွေလည်း တစ်ပုံကြီးပဲကွ (မှန်လှပါ ဘုရား)။
စိတ်ချလက်ချ သေသွားရတာလား၊ ထမ်းချင်လျက်နဲ့ သေသွားတာလား (ထမ်းချင်လျက်နဲ့ သေတာပါ ဘုရား)၊ ထမ်းချင်လျက်နဲ့သာ သေတယ်၊ သူ့ထမ်းထားရတဲ့ဝန်က ကျသလား၊ ပိနေသလား (ပိနေပါတယ် ဘုရား)၊ အင်း ပိလည်းနေသေးတယ်၊ နောက်ထပ်လည်း ထမ်းချင်လျက်နဲ့ သေသေးတယ်ဆိုတော့ ဒီမသာကို ဘာမသာခေါ်ကြမှာတုံး ကွ (ဝန်ပိသေတဲ့မသာပါ ဘုရား)။
လူမိုက် လမ်းကြမ်းလည်း ပြေးသေးတယ်၊ ဟုတ်လား (မှန်ပါ)၊ ဝန်ပိလည်းနေသေးတယ်၊ နောက်ထပ်ထမ်းဖို့ လည်း မျှော်လင့်ချက်ရှိသေးတယ်ဆိုတော့ ဒီထက်မိုက်တာ (မရှိတော့ပါ ဘုရား)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ နင်တို့လမ်းစဉ်လေ (မှန်လှပါ ဘုရား)။
ဘယ့်နှယ်တုံးကွ မင်းတို့ဖြစ်စဉ်က၊ တင်လှတို့ဖြစ်စဉ်က ဝမ်းမြောက်စရာများပါရဲ့လား (မပါပါ ဘုရား)၊ ဝမ်း မြောက်စရာ နည်းနည်းမှမပါဘူး။
ဝန်က ကျသေးတာ မဟုတ်သေးဘူး
အခု တရားအားထုတ်ကြတယ်ဆိုတဲ့ဥစ္စာ၊ ဝန်က ကျသေးတာ မဟုတ်သေးဘူး၊ ကိုယ့်ခန္ဓာဝန်ကို ကိုယ်ထမ်း လျက်ပဲ (မှန်ပါ)၊ ရေချိုးရတဲ့ဝန်၊ ထမင်းကျွေးနေရတဲ့ဝန်၊ အညောင်းအညာဖြေရတဲ့ဝန်၊ အနှိပ်သယ်ခေါ်ပြီး ခံရတဲ့ ဝန်တွေကကော (ရှိပါတယ် ဘုရား)၊ မကျသေးဘူး-ဟင် (မှန်လှပါ ဘုရား)။
ဒီအထဲက သား၊ လင်၊ ခင်ပွန်း၊ ကြည်သာအောင်ဆိုပြီးသကာလ လုပ်တန်တာလုပ်၊ ကိုင်တန်တာကိုင်နေရတဲ့ ဝန်ကကော (ရှိပါတယ် ဘုရား)၊ မင်းတို့ဟာက ဝန်ပေါင်း ဘယ်လောက်များသတုံးမေးရင် ဘယ့်နှယ်ပြောမှာတုံး (မရေ မတွက်နိုင်အောင်ပါ ဘုရား)။
ဘယ်လမ်းသွားနေရတုံး (၉၆ ပါးလမ်းကြမ်းပါ ဘုရား)၊ နေပူတယ်ဆိုတော့ နေပူမိပြီး ၉၆ ပါး တစ်ပါးပါး ဖြစ်ရတော့မယ်ကွ (ဖြစ်မှာပါ ဘုရား)၊ လေတိုက်ရင်လည်း လေတိုက်လို့ တစ်ပါးပါးတော့ ခံရတော့မှာပဲ (မှန်ပါ)၊ ခလုတ်တံသင်း ထိရင်ကော (ခံရမှာပါ ဘုရား)၊ ဒါ ဘာဖြစ်လို့ခံရတာတုံးဆိုလို့ရှိရင် ဝန်တွေတင်ထားလို့ ဝန်ပိတာတွေ ကွ (မှန်ပါ)၊ ဘယ့်နှယ်ပြောကြမှာတုံး (ဝန်တွေတင်ထားလို့ ဝန်ပိနေတာပါ ဘုရား)။
ဒီအထဲကနေပြီးသကာလ ရှေ့သွားရတာ ရှေ့အကြောင်းမညီညွတ်လို့၊ ရှေ့ဝန်မထမ်းရလို့ ဝမ်းနည်းတာက တစ်မျိုး (မှန်ပါ)၊ ရှေးကအကြောင်းမညီညွတ်လို့ ဝန်ထုပ်ကမရခဲ့လို့ မထမ်းရတာကတစ်မျိုး (မှန်ပါ)၊ နောက်ဝန်တွေနဲ့ ကွဲနေလို့ မထမ်းရလို့ ပူပန်ရတာက (တစ်မျိုးပါ ဘုရား)။
အမလေး နင်တို့ ထမ်းချင်တဲ့ဥစ္စာတွေကလည်း အာသာက ပြေမှမပြေပဲ (မှန်ပါ)၊ ပြေသေးလား (မပြေပါ ဘုရား)၊ ရှေ့သွား-နောက်စိတ်မချဆိုတာ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ဘာလို့တုံးဆိုတော့ နောက်ဝန်နဲ့ ကွဲနေလို့ (မှန်ပါ)၊ ရှေ့ဝန်နဲ့တွဲရတော့ နောက်ဝန်နဲ့ကွဲနေလို့ ကျေနပ်ကဲ့လား (မကျေနပ်ပါ ဘုရား)။
လေးမှန်းကို မသိတာပဲ
ဟ-ဘယ့်နှယ်ဖြစ်ကြတာတုံး၊ လေးမှန်းကို မသိတာပဲ (မသိပါ ဘုရား)၊ ဟေ့ မောင်အောင်မြတ် လေးမှန်းကို မသိဘူး (မသိပါ ဘုရား)၊ လမ်းက ဘာလမ်းတဲ့တုံးကွ (၉၆ ပါးလမ်းကြမ်းပါ ဘုရား)၊ ဝန်ထမ်းသမားကကော ဝန်ကြီး လား၊ ဝန်သေးလား (ဝန်ကြီးပါ ဘုရား)၊ အပြေးသွားရတာလား၊ နှေးနှေးသွားရတာလား (အပြေးသွားရတာပါ ဘုရား)။
အင်း သွားပါပြီကွာ၊ မျှော်လင့်ချက်တော့ မရှိပါဘူး (မှန်ပါ)၊ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ မျှော်လင့်ချက် ကို လုံးဝမရှိဘူးကွ-တင်လှတို့ရ (မှန်လှပါ ဘုရား)။
ဒါဖြင့် ဝန်ပိသေတဲ့ မသာဟာ ဝိညာဉ်ကောင်းကောင်း ချုပ်နိုင်ပါ့မလား (မချုပ်နိုင်ပါ ဘုရား)၊ ဟာ သေခြင်းဆိုးပေါ့ကွာ (မှန်ပါ)၊ ဘယ့်နှယ်ဆိုကြမှာတုံး (သေခြင်းဆိုးသေမှာပါ ဘုရား)၊ သေခြင်းဆိုးသေမှာပဲဆိုတာက အတော်ကို ရှင်းနေတယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် မြို့ထဲရွာထဲက မသာတွေဟာ တရားဓမ္မနဲ့ ခန္ဓာဝန်ချမသေနိုင်တဲ့ မသာတွေဟူသရွေ့ကိုဖြင့် ဘာမသာ လို့ ဆိုကြမှာတုံး (သေခြင်းဆိုးမသာပါ ဘုရား)၊ သေခြင်းဆိုးမသာ၊ ဝန်ပိသေတဲ့မသာလို့ မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ် ဘုရား)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ ဖြစ်စဉ်နဲ့ကော ကိုက်ကဲ့လား (ကိုက်ပါတယ် ဘုရား)၊ ဖြစ်စဉ်နဲ့လည်း ကိုက်တယ်။
ဒါကြောင့် (၉၆) ပါးလမ်းကြမ်းမှာ မနိုင်ဝန်ထမ်းပြီး အရမ်းပြေးနေတဲ့ဥစ္စာကွာ၊ မောင်အောင်မြတ် သေပစ်ဖို့ ကောင်းတယ် (မှန်ပါ)၊ သိတဲ့တစ်နေ့မှာလေ (မှန်ပါ)၊ တော်ပြီကွာ မထမ်းတော့ဘူးကွာ၊ ဒါလောက်အရုပ်ဆိုးတာ ကြီးတော့ဖြင့်ကွာ၊ မထမ်းတော့ဘူးကွာ ဆိုပြီး သကာလ ဝန်ချပစ်ဖို့ အချိန်ရောက်ပြီကွ (ရောက်ပါပြီ ဘုရား)။
ဝန်ပေါ့သွားမှာကြောက်လို့
မင်းတို့က ဝန်ချရမယ်ဆိုလို့ရှိရင်ဖြင့် အိမ်က သမီးလေးတစ်ယောက် အိမ်ထောင်ကျလို့ ခွဲရတော့မယ်၊ သားလေး တစ်ယောက် အိမ်ထောင်ကျလို့ ခွဲရတော့မယ်ဆိုရင် အို မျက်ရည်များ ကျလိုက်သေးတယ် (ကျပါတယ် ဘုရား)၊ ဘာဖြစ်လို့ ကျတာတုံးဆိုတော့ ဝန်ကြီးပျောက်သွားလို့ (မှန်ပါ)၊ ဟင် ဘာဖြစ်လို့တုံး (ဝန်ပေါ့သွားမှာ ကြောက် လို့ပါ ဘုရား)၊ ဝန်ပေါ့သွားမှာကြောက်လို့ နွားမျိုးမှဟုတ်ကဲ့လားဆိုတာ ကြည့်ရဦးမယ် (မှန်လှပါ ဘုရား)။
လူမဟုတ်တော့ဘူးကွ (မှန်ပါ)၊ တိရစ္ဆာန်မျိုးဖြစ်နေပြီ (မှန်ပါ)၊ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)၊ အမ လေး မောင်ချစ်စိန် လွန်ကုန်ပြီကွ (လွန်ပါတယ် ဘုရား)၊ မင်းတို့ချင်းမို့သာ မရှက်တာကိုးကွ (မှန်ပါ)၊ ပြီးတော့ မင်းတို့ က ပြောလိုက်သေးတယ် မင်းသွားရလှချည်လားကွလို့ တစ်ယောက်က ပြောလိုက်လို့ရှိရင် ကျုပ်ဝန်က သေးတာမဟုတ် ဘူး (မှန်လှပါ ဘုရား)။
မင်းတို့ပြောလည်း ပြောနေတာပဲ (ပြောပါတယ် ဘုရား)၊ မပြောဘူးလား (ပြောပါတယ် ဘုရား)၊ ကျုပ်ဝန်က သူများဝန်နဲ့ မတူဘူးဗျ၊ မပြေးဘယ့်နှယ်လုပ်မှာတုံး (မှန်ပါ)၊ အံမာ သူကိုယ်တိုင်က ပါးစပ်ကထွက်နေတာ (ထွက်ပါ တယ် ဘုရား)၊ သူများက ပြောတာလား (သူကိုယ်တိုင်က ပြောတာပါ ဘုရား)၊ ကျုပ်ဝန်က သူများဝန်နဲ့ မတူဘူးလို့၊ သူ ကိုယ်တိုင် ပါးစပ်ကထွက်လာတာ (မှန်လှပါ ဘုရား)။
လျှာထွက်ပြီးတော့ သေပါရစေ
ဟ ချပစ်ပါလားဆိုတော့လည်း သူ့စိတ်ထဲ မျက်ရည်ကျတယ် (ကျပါတယ် ဘုရား)၊ မချပါရစေနဲ့၊ ဒီသားနဲ့ မခွဲပါရစေနဲ့၊ ဒီသမီးနဲ့ မခွဲပါရစေနဲ့၊ ဒီအိမ်၊ ဒီယာ၊ ဒီပစ္စည်းတွေနဲ့ မခွဲပါရစေနဲ့၊ ထမ်းပြီးသေပါရစေ၊ ပိပြီးတော့ (မှန်ပါ)၊ လျှာထွက်ပြီးတော့ (သေပါရစေပါ ဘုရား)၊ သေပါရစေဆိုတော့ မင်းတို့ဆုတောင်းကလည်း လွန်လှချည်လား (လွန်ပါတယ် ဘုရား)။
ပေါ်ကြရဲ့လား (ပေါ်ပါပြီ ဘုရား)၊ ဒီလိုပဲသေကြတော့မှာလားလို့ မေးလိုက်တယ် (မသေချင်ပါ ဘုရား)၊ ဒီတရား နာရမှ မျက်ရည်များ ကျလာတယ်ထဲက ကျနေတာဟ၊ ဆိုးလွန်းလို့ (မှန်ပါ)၊ ကိုယ့်ဖြစ်စဉ်ကလေ (ဆိုးပါတယ် ဘုရား)၊ မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။
ကယ်မယ့်လူ၊ ယူမယ့်လူဆိုတာကတော့ မင်းတို့အရပ်ထဲမှာလည်း ရှိကိုမရှိဘူး၊ ကြိုးစားထမ်း ကြိုးစားထမ်း ဒါသာပြောမယ့်လူရှိတယ် (မှန်ပါ)၊ မင်းမကြိုးစားရင် ဘယ့်နှယ်လုပ်မှာတုံး၊ မင်းအိမ်မှာ မင်းခေါင်းဆောင်ပဲဆိုပြီး မင်းဝန်ထမ်းအရဲဆုံးပဲလို့ ပြောတာပဲ (မှန်လှပါ ဘုရား)၊ မင်း သေခြင်းဆိုးသေလိမ့်မယ်လို့ ပြောလိုက်တဲ့အထဲ ဝင်သွား တယ် (မှန်ပါ)၊ သဘောမပါဘူးလား (ပါပါတယ် ဘုရား)၊ မောင်ချစ်စိန် မင်းဘယ်အထဲကကျနေတုံး (သေခြင်းဆိုးထဲ မှာပါ ဘုရား)။
ဒီအိမ်မှာ ဘယ်သူအမိုက်ဆုံးတုံး
အေး အမိုက်ဆုံးထဲကပါပဲ (မှန်ပါ)၊ ဒီအိမ်မှာ ဘယ်သူအမိုက်ဆုံးတုံးဆို တပည့်တော်အမိုက်ဆုံး (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဘာဖြစ်လို့တုံးဆိုတော့ ဝန်ထမ်းရဲတယ်ကိုးကွ (မှန်ပါ)၊ ပိသေမှာကို နည်းနည်းမှ စိုးရိမ်တာပါသေးရဲ့လား (မပါပါ ဘုရား)၊ ဒီအထဲကများ ကျွေးနိုင်ပါရစေ၊ မွေးနိုင်ပါရစေနဲ့ ဆုများတောင်းလိုက်သေး တယ် (တောင်းပါတယ် ဘုရား)၊ ထမ်းနိုင်ပါရစေဆိုတာပေါ့လေ (မှန်လှပါ ဘုရား)။
သူတို့ဆီကတော့ မစားချင်ပါဘူး၊ ကိုယ်ကသာ ပေးနိုင်ပါရစေ၊ ကျွေးနိုင်ပါရစေနဲ့၊ အမလေး ကိုယ်ကသာ ထမ်းပါရစေပေါ့ကွာ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ သူများက ဝင်ထမ်းမယ်ဆိုရင် မင်းတို့က ကျေနပ်ကဲ့လား (မကျေနပ်ပါ ဘုရား)၊ ဟာ အောက်ကျလိုက်တာ၊ သူတို့ယောက္ခမ မိဘများက မပေးနိုင်လို့ သူများက ထောက်ပံ့ ရတယ်ဆိုရင် ငါ မျက်နှာပူလိုက်တာလို့များလာလိုက်သေးတယ် (မှန်ပါ)၊ မလာဘူးလား (လာပါတယ် ဘုရား)။
ဘာဖြစ်လို့တုံးဆို ကိုယ်က ထမ်းချင်သလောက် မထမ်းရလို့ပေါ့ကွာ (မှန်ပါ)၊ သားဝန်၊ သမီးဝန်တွေကို ကိုယ်က ထမ်းချင်သလောက် မထမ်းရလို့ ဒီအဓိပ္ပာယ်ပြောနေတယ်ဆိုတဲ့ဥစ္စာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကိုယ့်ကိုယ်ကိုယ် (၉၆) ပါးလမ်းကြမ်းမှာ ဝန်ထမ်းသမားကို တဏှာတည်းဟူသော ပုဂ္ဂိုလ်က အမြဲတမ်းတင်ပေး နေလို့ မရုန်းနိုင်၊ မကန်နိုင်နဲ့ ပြေးလွှားပြီးသကာလ နေရတယ်ဆိုတာလည်း ဘယ်ပြေးပြေး ဒါပါတာပဲ (မှန်ပါ)၊
ဒီကနေ အိမ်ပြန်လည်း ပါလာတာပဲ၊ အိမ်ကနေ တရားပွဲလာလည်း (ပါပါတယ် ဘုရား)။
ကိုယ့်ဝန်ကတော့ ကိုယ်ထမ်းလျက်ပဲ (မှန်ပါ)၊ သူများဝန်တွေတော့ ခဏထားပစ်ခဲ့တယ် (မှန်ပါ)၊ အိမ်ပြန်တဲ့ အခါကျတော့ ကိုယ့်ဝန်လည်းထမ်း၊ သူများဝန်လည်းထမ်းနဲ့ ဒီလိုပဲမနေကြဘူးလား (နေပါတယ် ဘုရား)။
လမ်းကြမ်းလည်း ပြေးရပြန်
အဲ လမ်းကြမ်းလည်း ပြေးရပြန်၊ တင်တာကလည်းများပြန်၊ ကိုယ့်ဝန်ကလည်း မနိုင်ဝန်၊ သူများဝန်တွေကို လည်း ထပ်ပြီး ထမ်းပြန်ဆိုတော့ သွားပြီ မောင်ချစ်စိန်တို့ (မှန်ပါ)၊ ဝန်ပိသေပဲ (သေမှာပါ ဘုရား)၊ သဘောပါကြပြီ လား (ပါပါပြီ ဘုရား)။
ဒီအထဲကနေ ဝန်ထုပ်ကလေးများ အိမ်ကနေ ထွက်သွားလို့ရှိရင် လိုက်ခေါ်ပါဦးက ပါသေးတယ် (ပါပါတယ် ဘုရား)၊ ဘာဖြစ်လို့တုံး (ဝန်ထမ်းချင်လို့ပါ ဘုရား)၊ မကျေနပ်သေးလို့ (မှန်ပါ)၊ အရင်လျှာထွက်နေတာ မကျေနပ်သေး လို့၊ လျှာကို တစ်တောင်လောက် ထွက်ချင်သေးလို့ထင်တယ် (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။
အဲဒီလောက်တောင်ပဲ မင်းတို့မှာ မသိဆိုးဝါးပြီးသကာလ မိုက်လုံးသန်းနေတယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒါ ခန္ဓဝဂ္ဂသံယုတ်လို့ မှတ်ရမယ် (မှန်ပါ)၊ ဝန်ထမ်းသမားအဖြစ်က သိပါပြီ၊ ဝန်ပိလည်းသေ၊ သေတော့ သေခြင်းဆိုးသေလို့ အပါယ်သွားဆိုတော့ ကောင်းကြသေးရဲ့လား (မကောင်းပါ ဘုရား)၊ ဝန်ပိသေတာလည်း မကောင်းဘူး (မှန်ပါ)၊
ဝန်ပိသေလို့ သေခြင်းဆိုးသေလို့ အပါယ်သွားရတာကော (မကောင်းပါ ဘုရား)၊ ပြန်လာပြန် တော့လည်း ပြန်ထမ်းမြဲထမ်းတာပဲ (ထမ်းပါတယ် ဘုရား)၊ ဝန်ထမ်းမျိုးသက်သက်ဖြစ်နေပြီ (မှန်ပါ)၊ မနိုင်ဝန်ထမ်းမျိုး လား၊ နိုင်ဝန်ထမ်းမျိုးလားလို့ တစ်ခါစဉ်းစားဦး (မနိုင်ဝန်ထမ်းမျိုးပါ ဘုရား)၊ မနိုင်ဝန်ထမ်းမျိုးဆိုတာကော သေချာ ကြပြီလား (သေချာပါပြီ ဘုရား)။
ဒီဝန်ထုပ်ချမှ တော်မယ်
ဒါဖြင့် မင်းတို့ဥစ္စာ၊ အခုသိရတဲ့အခါမှာ၊ ဪ ဒီဝန်ထုပ်ချမှ တော်မယ်ဆိုတဲ့ ဉာဏ်ကလေးတော့ဖြင့် အခုပေါ်လောက်ပါပြီ (ပေါ်ပါပြီ ဘုရား)၊ ဒီဝန်ကြီးကို (ချရမှာပါ ဘုရား)၊ ချမှတော်မယ်၊ မချရင်တော့ဖြင့် မင်းတို့ လျှာထွက်သေတဲ့အထဲကပဲ (မှန်ပါ)၊
ဘဝပေါင်းများစွာက ဘယ်လိုသေခဲ့ရသတုံးလို့ မေးမနေနဲ့တော့ (မှန်ပါ)၊ ဒီဝန်တွေ ထမ်းပြီး ဒီလိုပဲ မနိုင်ဝန်ထမ်းလမ်းကြမ်းမှာ ကို့ရိုးကားယားနဲ့ သေခဲ့ရတယ်ဆိုတာကတော့ သေချာတယ် (သေချာပါ တယ် ဘုရား)၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒီတော့ အခုလိုအသိဉာဏ်ရှိတဲ့ဘဝမှာ ဝန်ထုပ်ချပြီး သေရင်ကောင်းတယ် (မှန်ပါ)၊ ဝန်ထုပ်ချသေတော့ လျှာထွက်သေမဟုတ်ဘူး၊ အကောင်းသေဖြစ်သွားမယ် (မှန်ပါ)၊ ဝန်ထုပ်ချသေရမှ စိတ်ချရမယ် (မှန်ပါ)၊ ဝန်ထုပ်မချဘဲ သေရလို့ရှိရင် (စိတ်မချရပါ ဘုရား)။
အဲဒီတော့ကိုတဲ့၊ မင်းတို့ကို တင်ပေးတဲ့ ဒီတဏှာကို သတ်ရမယ် (မှန်ပါ)၊ ဒါလည်း မင်းသမီးဆိုပြီး တင်ပေး ပြန်ပြီ၊ ဒါလည်း မင့်သားဆိုတာကော (တင်ပေးတာပါ ဘုရား)၊ ဒါလည်း မင့်ဆွေမျိုးဆိုတာကော (တင်ပေးတာပါ ဘုရား)။
အဲဒီ တဏှာမသေသရွေ့ကာလပတ်လုံး မင်းတို့ကို တင်ချည်းပေးနေမှာပဲ (မှန်ပါ)၊ မူလပေးထားတဲ့ ခန္ဓာလည်း သူကပေးထားတာ (မှန်ပါ)၊ နောက်ထပ်တင်တာကော (သူပေးထားတာပါ ဘုရား)၊
ဒီတဏှာသေမှ မင်းတို့နေရာကျမယ်
သူပေးထားတာချည်းပဲ လို့ဆိုသဖြင့် ဒီတဏှာသေမှ မင်းတို့နေရာကျမယ် (မှန်ပါ)၊ ဒီတဏှာသေရင် မူလဝန်လည်း ပျောက်မယ် (ပျောက်မှာပါ ဘုရား)၊ နောက်ထပ်တင်တဲ့ဝန်တွေလည်း (ပျောက်မှာပါ ဘုရား)။
နောက်ထပ်တင်တဲ့ဝန်တွေကလည်း သူတင်တာကိုးကွ (မှန်ပါ)၊ မူလပေးထားတဲ့ ဝန်ကော (သူတင်ပေးထားတာ ပါ ဘုရား)၊ သူပေးထားတာ၊ သူပေးထားတဲ့ ဝန်တွေပေါ်မှာ ထပ်ဆင့်တယ် (မှန်ပါ)၊ နင်တို့ကို အကောင်းကြည့်ချင်လို့ လား၊ အဆိုးကြည့်ချင်လို့လား (အဆိုးကြည့်ချင်လို့ပါ ဘုရား)၊ အဆိုးကြည့်ချင်လို့ သူက ပေးထားတာ (မှန်ပါ)၊ ပထမ ပေးတာလည်း အဆိုးကြည့်ချင်တာ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)၊ ဒုတိယ နောက်ထပ်တင်တာကော (အဆိုးကြည့်ချင်လို့ပါ ဘုရား)၊ သေခြင်းဆိုးသေတာ ကြည့်ချင်တာပဲ (မှန်ပါ)၊ အပါယ်သွားတာကို ကြိုက်တာပဲ (မှန်ပါ)၊ သူ့သတ္တိက ဒါပဲဆိုတာ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒီလိုလုပ်ကြ၊ ဒီတဏှာက တင်ပေးသမားဖြစ်တယ်၊ ဒီတဏှာသေအောင် လုပ်မယ်ဆိုလို့ရှိရင် ဘယ်လို လုပ်မှာတုံးလို့ မေးတော့၊ ဒီဝန်ထုပ်ကြီးကို အရုပ်ဆိုးအောင် ကြည့်ရမယ် (မှန်ပါ)၊ ဒီဝန်ထုပ်ကြီးကို ဘယ်လိုကြည့်ရမယ် (အရုပ်ဆိုးအောင် ကြည့်ရမှာပါ ဘုရား)၊ ဝန်ထုပ်မှန်းသိအောင် (မှန်ပါ)၊ ဒုက္ခသစ္စာမှန်းသိအောင် (မှန်လှပါ ဘုရား)။
ဒုက္ခပေးလေသမျှ ဒီဝန်ထုပ်ကကိုး (မှန်ပါ)၊ ဒုက္ခပေးလေသမျှ (ဒီဝန်ထုပ်ကပါ ဘုရား)၊ ဒီဝန်ထုပ်ကချည်းပဲ ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒုက္ခသစ္စာသာ မြင်ပါစေ
ဒါဖြင့် ဒီဥစ္စာကို ဒုက္ခသစ္စာဖြစ်အောင် မင်းတို့လုပ်နိုင်လို့ရှိရင်တော့ ထမ်းချင်တဲ့စိတ်ကို ဒုက္ခသစ္စာလို့ မဂ္ဂင်က မြင်လာလို့ရှိရင်တော့ တင်တဲ့တဏှာက အလိုလိုသေတာပဲ (မှန်ပါ)၊ ဒုက္ခသစ္စာသာ မြင်ပါစေ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခသစ္စသာ မြင်ပါစေတဲ့၊ မဂ္ဂင်နဲ့ ဆရာဘုန်းကြီးပေးတဲ့အတိုင်း ဖြစ်ပျက်သာ မြင်ပါစေ (မှန်ပါ)၊ ဖြစ်ပျက် တာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ အေး ဖြစ်ပျက်ဒုက္ခသစ္စာကို ဖြစ်တယ်-ပျက်တယ်၊ ဖြစ်တယ်-ပျက်တယ် လို့ ဒုက္ခသစ္စာတွေ ဖြိုင်ဖြိုင်မြင်နေလို့ရှိရင်ဖြင့်တဲ့၊ သူ့ဒုက္ခသစ္စာမှန်း သိတဲ့အတွက် နောက်ဒုက္ခတင်ချင်တဲ့ တဏှာကော လာသေးရဲ့လား (မလာတော့ပါ ဘုရား)။
ဒါဖြင့် ဒုက္ခသစ္စာမှန်း သိတဲ့တစ်နေ့၊ ဒီတဏှာသေတယ် (မှန်ပါ)၊ သေတော့ မူလဝန်လည်း သူမလုပ်နိုင်တော့ ဘူး (မလုပ်နိုင်တော့ပါ ဘုရား)၊ ဆင့်တဲ့ဝန်တွေကော (မလုပ်နိုင်တော့ပါ ဘုရား)။
အဲ ဒါဖြင့် မဂ်လာမှ ဝန်ကျမယ် (မှန်ပါ)၊ ဘယ်လိုမှတ်ကြမယ် (မဂ်လာမှ ဝန်ကျမှာပါ ဘုရား)။
မဂ်မလာသေးသရွေ့ကာလပတ်လုံး (ဝန်မကျသေးပါ ဘုရား)၊ ဝန်မကျသေးဘူးဆိုတော့ နင်တို့ကို နေ့တိုင်းပဲ ပြောနေတယ်တဲ့၊ အလုပ်မလုပ်ရင် ဝန်မကျပါဘူး (မှန်ပါ)၊ အလုပ်မလုပ်ရင် (ဝန်မကျပါ ဘုရား)၊ အလုပ်လုပ်ရင်တော့ ဖြင့် (ဝန်ကျပါတယ် ဘုရား)။
အလုပ်လုပ်လိုက်တာလည်း ဘယ်ကျအောင် လုပ်ရမှာတုံးဆိုတော့ ဝန်ထုပ်မှန်းသိအောင် (မှန်ပါ)၊ ဝန်ထုပ် ဆိုတာ ခန္ဓာကိုယ်ကြီးက သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက်နေတာ ဒီဝန်ထုပ်ကြီးပဲ (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။
အဖန်ဖန်ပြုပြင်ပြီး သူနေရတာလည်း ဝန်ထုပ်ကြီးပဲ (မှန်ပါ)၊ သူ့ကြောင့် ပူပန်နေရတာလည်း (ဝန်ထုပ်ကြီးပါ ဘုရား)၊ ဝန်ထုပ်ကြီးပဲလို့ သိထားတော့ ဖောက်ပြန်ပျက်စီးနေတာလည်း ဝန်ထုပ်ကြီးပဲ (မှန်ပါ)၊ ဒီလို သူ့ကို ဖောက်ပြန် ပျက်စီးတာတွေကို မင်းတို့က မြင်အောင် ဖြိုင်ဖြိုင်ကြည့်ရမယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဖောက်ပြန်ပျက်စီးတာကို မြင်အောင်ကြည့်
ဘယ်လိုကြည့်ရမယ် (ဖောက်ပြန်ပျက်စီးတာကို မြင်အောင်ကြည့်ရမှာပါ ဘုရား)၊ ဝေဒနာကြည့်တဲ့လူကလည်း ဝေဒနာတွေချည်းကြည့် (မှန်ပါ)၊ စိတ်ကြည့်တဲ့ပုဂ္ဂိုလ်က (စိတ်ချည်းကြည့်ရမှာပါ ဘုရား)၊ ကြည့်လိုက်လို့ရှိရင် ဪ ဖောက်ပြန်ပျက်စီးနေတာပဲ-ဒုက္ခသစ္စာချည်းပဲ၊ ဖောက်ပြန်ပျက်စီးနေတာပဲ-ဒုက္ခသစ္စာချည်းပဲလို့ မမြင်မြင်အောင် ကြည့်ပါ (မှန်လှပါ ဘုရား)။
မမြင်မြင်အောင် ကြည့်တဲ့အခါကျတော့ကိုတဲ့၊ တင်ချင်တဲ့တဏှာဟာ နောက်ထပ်ဆုတောင်းချင်သေးရဲ့လား (မတောင်းချင်တော့ပါ ဘုရား)၊ ဝန်ထုပ်ရအောင်လေ (မတောင်းချင်တော့ပါ ဘုရား)၊ ပြီးတော့ ခင်မှု-မင်မှုတွေကြောင့် ကော ကိုယ့်အပေါ်တင်ချင်သေးသလား (မတင်ချင်တော့ပါ ဘုရား)၊ သူသေသွားပြီးကောကွ (မှန်ပါ)၊ တင်ပေးမယ့်လူ သေသွားတယ် (မှန်ပါ)၊ ဒုက္ခသစ္စာမှန်းသိတော့ တင်မယ့်လူက အလိုလိုသေသွားတယ် (သေပါတယ် ဘုရား)၊ မသေ ဘူးလား (သေပါတယ် ဘုရား)၊ ရှင်းကြပြီးလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သူ့ကို ဒုက္ခသစ္စာမြင်ပြီးသကာလ ဒုက္ခဆုံးအောင် လိုက်-လိုက် (မှန်ပါ)၊ ဒုက္ခဆုံးအောင် လိုက်-လိုက် တော့ ဘာပျောက်သွားတာတုံးဆိုရင် ဒုက္ခသစ္စာဝန်ထုပ် ပျောက်သွားတာ (မှန်လှပါ ဘုရား)။
ဝန်ထုပ်မရှိတဲ့နေရာဟာ နိဗ္ဗာန်
ဒါကြောင့် ဝန်ထုပ်မရှိတဲ့နေရာဟာ နိဗ္ဗာန် (မှန်ပါ)၊ ဝန်ထုပ်ဟာ ဒုက္ခသစ္စာ (မှန်ပါ)၊ ဝန်ထုပ်မှန်းသိတာက မဂ္ဂသစ္စာ (မဂ္ဂသစ္စာပါ ဘုရား)၊ ဝန်တင်သမားသေတာက သမုဒယသေတာ (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)၊ ဝန်ထုပ် ပျောက်သွားတာက (နိရောဓသစ္စာပါ ဘုရား)၊ နိရောဓသစ္စာ ဒုက္ခချုပ်သွားတာကိုး မဟုတ်ဘူးလား (မှန်ပါ)၊ ဝန်ထုပ် ပျောက်သွားက (နိရောဓသစ္စာပါ ဘုရား)။
အဲဒီတော့ ဒီနိရောဓသစ္စာရောက်မှပဲ အားလုံး တရားနာတဲ့ပုဂ္ဂိုလ်တွေ ဝန်ကျမယ် (မှန်ပါ)၊ နို့မို့လို့ရှိရင်တော့ ဖြင့် ရောက်ရာထမ်း (မှန်ပါ)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
ရောက်ရာမှာ ထမ်းရမယ်ဆိုလို့ရှိရင် ဘယ်တော့ လွတ်ရေး-ကျွတ်ရေးရှိသေးတုံး (မရှိတော့ပါ ဘုရား)၊ ဘယ် တော့ သေခြင်းကောင်းကော (မရှိပါ ဘုရား)၊ ဝန်ပိသေချည်းသွားမှာပဲမဟုတ်လား (မှန်လှပါ ဘုရား)။
ဝန်ပိသေရယ်၊ သေခြင်းဆိုးရယ်၊ အပါယ်သွားရယ်၊ ဒါပဲရှိတယ် (မှန်ပါ)၊ ဒီဝန်ထုပ်ကြီးကို ဖြစ်ပျက်ရှုပြီး မင်း တို့ ဆုံးအောင် မလိုက်နိုင်လို့ရှိရင် ဒီလမ်းနဲ့ ဒီစခန်းချည်းသွားမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒါကြောင့် မင်းတို့ကို နေ့တိုင်းလိုလိုပြောတယ်၊ ဟေ့ ဖြစ်ပျက်မြင်အောင် ကြည့်ပါ၊ ဖြစ်ပျက်မုန်းအောင် ကြည့်ပါ၊ ဖြစ်ပျက်ဆုံးအောင် ကြည့်ပါဆိုတာ ဝန်ထုပ်ပျောက်အောင် ကြည့်ခိုင်းတာ (မှန်ပါ)၊ ဝန်ထုပ်မှန်းသိပြီး မလိုချင် အောင် မင်းတို့ကြည့်ရမယ်ဆိုတဲ့ဥစ္စာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါမှ ဝန်ထုပ်မှန်းသိအောင် မကြည့်နိုင်ကြလို့ရှိရင်တော့ဖြင့် နင်တို့ ထမ်းလို့မဆုံး၊ သေခြင်းဆိုး သေလို့မဆုံး၊ အပါယ်ရောက်လို့ကော (ဆုံးမှာမဟုတ်ပါ ဘုရား)၊ မဆုံးတဲ့ဇာတ်ချည်း ခင်းနေလိမ့်မယ်ဆိုတာ မသေချာဘူးလား (သေချာ ပါတယ် ဘုရား)။
ဝန်ထုပ်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ
ဒါဖြင့် ဝန်ထုပ်က ဒုက္ခသစ္စာ၊ ဝန်ထုပ်မှန်းသိတာက (မဂ္ဂသစ္စာပါ ဘုရား)၊ အင်း ဝန်ထုပ်မှန်းသိလို့ နောက် တင်တဲ့တရား သေသွားတာက (သမုဒယသေတာပါ ဘုရား)၊ ဝန်ထုပ်တွေ ချုပ်ပျောက်သွားတာက (နိရောဓပါ ဘုရား)၊
အေး ဒါကြောင့် ခန္ဓာနိရောဓော နိဗ္ဗာနံ (မှန်ပါ)၊ တဏှာနိရောဓော နိဗ္ဗာနံ (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)၊ ခန္ဓာကော မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)၊ တဏှာကော (ချုပ်ပါတယ် ဘုရား)၊ အဲ ခန္ဓာချုပ်၊ တဏှာချုပ်လို့ ရှိရင် ဟောဒီ ယောဂီတာဝန်ထမ်းသမားအဖြစ်မှ လွတ်ပြီး ချမ်းချမ်းသာသာနဲ့ သူထင်သလိုဖြစ်ပြီ (မှန်ပါ)၊ မဖြစ်သေး ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ နို့မို့ရင် ဘယ်တော့ဖြစ်မှာတုံး (မဖြစ်ပါ ဘုရား)၊ ဘယ်တော့မှမဖြစ်ဘူးဆိုတာ သဘော ကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် မင်းတို့ ဝန်ထုပ်ဖြစ်ပျက်ဒုက္ခသစ္စာကို အမြဲတမ်းရှုပေး၊ ရှုရင်း မုန်းလိမ့်မယ်၊ မုန်းရင် မလိုချင်၊ မလိုချင် လို့ရှိရင် သူချုပ်လိမ့်မယ် (မှန်ပါ)၊
အဲဒါ ချုပ်ပြီးလို့ရှိရင်တော့ဖြင့် ငါတော့ ဝန်ထမ်းသမားဘဝမှ လွတ်ပြီကွလို့ ဆုံးဖြတ် ချက်ချ (မှန်လှပါ ဘုရား)၊ ၉၆ ပါးလမ်းကြမ်းမှ လွတ်ပြီကွ၊ ဝန်ပိသေတဲ့ သေခြင်းဆိုးကော (လွတ်ပါပြီ ဘုရား)၊ အင်း ဝန်ပိသေလို့ သေခြင်းဆိုးသေပြီး အပါယ်သွားတဲ့ကိစ္စတွေကော (လွတ်ပါတယ် ဘုရား)၊
အဲ ဒီလိုလွတ်အောင်ကို မင်းတို့ ဒီဘဝမှာ မရ-အရလုပ်ရမှာ (မှန်ပါ)၊ မလုပ်ရင်တော့ တော်ကို မတော်ဘူးနော် (မတော်ပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒီတင်တော်ကြ၊ နာရီစေ့ပြီ။
သာဓု သာဓု သာဓု။
