‘‘ကာမဂုဏ်တို့၏အပြစ်ကို ပေါက်ပင် နှင့် ခွေး ပမာပြပုံ”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားဆုံးမတော်မူအပ်သော
”ကာမဂုဏ်တို့၏အပြစ်ကို
ပေါက်ပင် နှင့် ခွေး ပမာပြပုံ”
ည-အလုပ်ပေး တရားတော်
ပေါက်ပွင့်ကို သားတစ်လို့ထင်နေတဲ့ ခွေး
ခန္ဓာငါးပါးဟာ ပေါက်ပင်ကြီးနဲ့တူတယ်လို့ မှတ်ထားရမယ် (မှန်ပါ)။ ခန္ဓာငါးပါးဟာ ဘာနဲ့တူသတုံး (ပေါက်ပင်နဲ့တူပါတယ် ဘုရား)။ ပေါက်ပင်ကြီးနဲ့ တူပါတယ်။
ခွေးတစ်ကောင်ဟာ မျက်စိလည်ပြီး ပေါက်ပင်အောက် ရောက်လာတယ်၊ ပေါက်ပင်အပေါ်ကို မော့ကြည့် လိုက်တော့ ပေါက်ပင်တွေက နီနေတာပဲ။ ဟာ- အပေါ်မှာ အမဲသားတစ်တွေပဲလို့ အောက်မေ့တယ်။ ခွေးဆိုတာ မသိရှာပဲကိုး (မှန်ပါ)။ အပေါ်မှာ အမဲသားတစ်တွေပဲလို့ အောက်မေ့တယ်။
ပေါက်ပင်ပေါ်မှာ ရှိနေတာကို ဘယ်လိုအောက်မေ့သတုံး (အမဲသားတစ်တွေလို့ အောက်မေ့ပါတယ် ဘုရား)။ ခွေးဆိုတာ မသိရှာပဲကိုး၊ အမဲသားတစ်တွေလို့ အောက်မေ့နေတော့ ပေါက်ပင်ပေါ်မော့ပြီး သူက စောင့်နေတယ်၊ အောက်ကနေပြီးသကာလနေတော့ ပေါက်ပွင့် ကြွေကျလာတယ်၊ ကြွေကျလာတော့ စားလိုက်မယ်ဆိုပြီး သွားဟပ်တာ ပေါ့ (မှန်ပါ)။ ဟာ- အမဲသားတစ်လဲ မဟုတ်ဘူးဆိုပြီး ပြန်စောင့်ပြန်တယ် (မှန်လှပါ ဘုရား)။
ဒီ အခုကျလာတာသာ မဟုတ်တာ၊ အပေါ်ကဟာတွေက ဟုတ်သေးတယ်လို့ မှန်းခြေမကုန်ဘူးတဲ့ နော် (မှန်ပါ)။ ကြွေကျလာတာလဲ သူသေချာစားကြည့်တယ်၊ စားကြည့်တော့လဲ မဟုတ်ပြန်ဘူး၊ အပေါ်မှာရှိနေတာမှ အမဲ သားဆိုပြီး ထိုင်စောင့်နေတာပဲ။ ကြွေကျလာပြန်တော့လဲ တင်လှ- စားပြန်တာပဲ (မှန်ပါ)။ စားသာစားတယ် အရင်အတိုင်းနေတာပါပဲ (မှန်လှပါ ဘုရား)။
အာသာမပြေ မစားရ
ဒီလိုနဲ့သာ အာသာမပြေနဲ့ ပြေးရရှာတယ်တဲ့၊ ဝတယ်လို့ ထုံးစံရှိရဲ့လား (မရှိပါ ဘုရား)။ ဘယ်နှယ်ကြောင့် ဝတယ်လို့ ထုံးစံမရှိသတုံးလို့ အမေးထုတ်လို့ရှိရင် သြော် နားမလည်လို့ လို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။ နားမလည်တဲ့ခွေးမို့ နားမလည်သလို သူ့မှာ အစောင့်ကြီးစောင့်ပြီးသကာလ အာသာမပြေ မစားရ အငတ် ပြဿနာနဲ့ပဲ ပြေးရရှာတယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် သူဒီလိုသာ စောင့်နေမယ်ဆိုရင် ဘယ်တော့ဝဖို့ရာ အချိန်အခါကာလ ကြုံစရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။ အဲ မင်းတို့ သားနဲ့မယားနဲ့ ငါးပါးအာရုံ ကာမဂုဏ်တွေဟာလည်း ဒီအတိုင်းပဲတဲ့၊ အိုလဲ မပစ် နိုင်ဘူး ဒီအနားမှာပဲ။ ဝတယ်လို့လဲ မရှိဘူး (မှန်လှပါ ဘုရား)။
ကလေးတွေကရော၊ လူကြီးတွေကရော ကျင်ကြီး ကျင်ငယ်၊ နှပ်၊ သလိပ် သွေးတွေ ပစ်လိုက်ပြန်လဲ ဒါတွေ ကတော့ဖြင့် အညစ်ကြေးတွေပဲ၊ ခန္ဓာထဲရှိတာတွေကမှ အကောင်းပဲလို့ ထင်မှတ်ပြီးသကာလ ခွေးလိုပဲ မင်းတို့ တမော့ မော့နဲ့ သားမယားအာရုံ၊ ပစ္စည်းအာရုံတွေထဲမှာနေကြတာ ဝတယ်လို့ကောရှိရဲ့အား (မရှိပါ ဘုရား)။
ဒါဖြင့် ပေါက်ပွင့်ကို သားတစ်လို့ထင်နေတဲ့ ခွေးဥပမာလို မင်းတို့ဖြစ်စဉ်နဲ့ဟာ တန်းနေတာပဲ (မှန်ပါ)။ မမာပြန်လဲ မမာလို့၊ ဟာ ဒါဖြင့် ခင်စရာ မင်စရာမဟုတ်ဘူးဆိုပြီး ပြေးတာမဟုတ်ဘူး။ ကျင်ကြီးကျင်ငယ်တွေ စွန့်ပြပြန်လဲ ပြေးတာမဟုတ်ဘူး (မှန်ပါ)။ ဒီနားက စားတွေ၊ သမီးတွေက တံတွေးတွေ ထွေးပြပြန်လဲ၊ ဒါ အသုဘတွေပဲ၊ ခင်စရာ မင်စရာမရှိဘူး ပြေးမှပဲဆိုပြီး မင်းတို့ ပြေးရိုးထုံးစံမရှိပါဘူး (မရှိပါ ဘုရား)။
ခွေးနဲ့ အခု မင်းတို့ နေပုံထိုင်ပုံ
အင်း ကြီးလာရင် ဘာဖြစ်ဦးတော့မလိုလို (မှန်ပါ)။ အကြောင်းညီညွတ်ရင် ဘာဖြစ်ဦးတော့မလိုလို (မှန်ပါ)။ မလိုလိုတွေနဲ့ပဲ ပေါက်ပင်ခြေရင်းမှာ ခွေပြီးသကာလ သေသွားတဲ့ခွေးနဲ့ အခု မင်းတို့ နေပုံထိုင်ပုံတွေနဲ့ဟာ တစ်ထပ်တည်းဖြစ်နေတယ် (မှန်ပါ)။ ပေါ်ကြရဲ့လား (ပေါ်ပါပြီ ဘုရား)။ တင်လှ ဘယ့်နှယ်နေတုံး (တစ်ထပ်တည်း ပါ ဘုရား)။
သားနား၊ သမီးနား၊ ယော်ကျားနား ကပ်ပြီးသကာလ၊ ဟိုကလဲ အသုဘတွေ ပြုငြားသော်လည်း ဒါက အသုဘ မဟုတ်ဘူး၊ ခင်စရာ မင်စရာတွေပဲလို့ မင်းတို့ထင်နေတယ် (မှန်ပါ)။ ဒီပေါက်ပင်ပေါ်က ကြွေသရွေ့စာလဲ မောင်ထွန်း တင် ဘယ်ဟာအကောင်းကြွေတာပါတုံး (မပါ ပါ ဘုရား)။ ကိုယ်လိုချင်စရာ၊ နှစ်သက်စရာတစ်ခု ပါရဲ့လား (မပါ ပါ ဘုရား)။ မပါပေမယ့်လည်း မောင်ချစတို့လူစုတွေက ဒီပေါက်ပင်အနားကကို မခွါဘူးကွ (မှန်ပါ)။ နောက် ကြီးပွား လာလိမ့်မယ်၊ နောက်ကျတော့ သူတို့တွေက လိမ္မာလာတော့မယ့်ပုံ (မှန်ပါ)။ သားတွေ၊ သမီးတွေဆီက ထောက်ပံ့ကြေး ရတော့မယ့်ပုံ (မှန်လှပါ ဘုရား)။
အဲဒီကဲ့သို့ချည်းပဲ နေပြီးသကာလ ဒီအနားမှာပဲ သားနား၊ သမီးနား ခြေရင်း ခေါင်းစင်းပြီး သေလိုက်တာ များပါတယ် (မှန်ပါ)။ သားနား၊ သမီးနား၊ ခင်ပွန်းနား ခေါင်းစင်းပြီး သေလိုက်တာများတယ်ဆိုတာကို တင်လှတို့ သေချာမှတ်ပါ (မှန်ပါ)။ ဟိုအိမ်၊ ဒီအိမ်တွေက မခွါနိုင်လို့ မောင်ချစ်စိန်တို့လူစု တော်ကြာပြန်လာတာ၊ အရိပ်တကြည့် ကြည့်နဲ့ နေတာတွေက ခွေး ပေါက်ပင်မျှော်သလိုပါပဲ (မှန်ပါ)။ သဘောပါကြရဲ့လား (ပါ ပါတယ် ဘုရား)။
ဖြစ်စဉ်အကိုက်ဟောတာ
ဘုရားက နာအောင်ဟောတာလား၊ ဖြစ်စဉ်အကိုက်ဟောတာလား (ဖြစ်စဉ်အကိုက်ပါ ဘုရား)။ ဖြစ်စဉ်အကိုက် ဟောတာလို့ တင်လှ မှတ်မိပြီလား (မှန်ပါ)။ နင်တို့က ဘာနဲ့တူသတုံး (ခွေးနဲ့ တူပါတယ် ဘုရား)။ ပေါက်ပင်ပေါ်ကို မျှော်နေတဲ့ ခွေးနဲ့တူတာဟ (မှန်ပါ)။ အပေါ်က ကြွေကျတာတွေက ကျင်ကြီးကြွေကျလာ၊ ကျင်ငယ်ကြွေကျလာ၊ ဖျား နာတွေ ကြွေကျလာ၊ ချွေးတွေကို သုတ်ပေးရတာနဲ့၊ အင်း အသုဘတွေကတော့ဖြင့် အကုန်ကြွေကျနေတာပဲကွ (မှန်လှပါ ဘုရား)။
ဒီ ကြွေကျတာတွေကဖြင့် မကောင်းတာတွေပဲ၊ အတွင်းရှိတာကတော့ အကောင်းပဲထင်ပြီးသကာလ သား၊ လင် ခင်ပွန်းအနားက မခွါနိုင်၊ မပြုနိုင်၊ မပစ်နိုင်၊ သိမ်းပိုက်ပြီးသကာလ ဒီတမော့မော့နဲ့ နေတဲ့ဥစ္စာဟာ ဘာမော့ မော့နေတာတုံးလို့ မေးဖို့ပဲလိုတယ် (ခွေးမော့ပါ ဘုရား)။ ပေါ်ပြီလား နင်တို့ (ပေါ်ပါပြီ ဘုရား)။
ပြေးပါလားဆိုတော့ ဒီက ကြွေကျလာမှာကို မျှော်နေတုံးပဲ (မှန်ပါ)၊ ဒီက ကြွေကျလာတာတွေဟာ တစ်ခုမှ အကောင်းမဟုတ်ဘူး ဆိုတာကိုကော မသိဘူးလား (သိပါတယ် ဘုရား)။ ကျင်ကြီးကြွေကျလဲ အကောင်းမဟုတ် ပါဘူး၊ ကျင်ငယ်ကြွေကျရင်ကော (မကောင်းပါ ဘုရား)။ နှပ် သလိပ် ချွဲခန်းတွေ ကြွေကျလာရင်ကော (မကောင်းပါ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီပေါက်ပင်အနားက မခွါကြသတုံးလို့မေးလို့ရှိရင် ခွေးမော့ မော့နေလို့၊ အပေါ်ကဟာမှ အဟုတ်ထင်နေလို့ (မှန်ပါ)။ အောက်ကျ လာတာကတော့ သားတစ်မဟုတ်ဘူး၊ အပေါ်ကဟာတွေမှ သားတစ်ပဲလို့ ထင်ပြီးသကာလ ခွေးမိုက် မိုက်နေတဲ့အဓိပ္ပာယ် မရောက်ဘူးလားကွ (ရောက်ပါတယ် ဘုရား)။ တင်လှ ဘာမိုက် မိုက်နေတာတုံး (ခွေးမိုက် မိုက်နေတာပါ ဘုရား)။ ပေါ်ပြီလား နင်တို့ (ပေါ်ပါပြီ ဘုရား)။
မဟုတ်တာတွေချည်း ကြွေကျနေတယ်
အမလေး နင်တို့ကို လိမ္မာမှာလားလို့ အောက်မေ့နေတာ မောင်ချစ်စိန်ရ၊ မင်းတို့ဥစ္စာက တမော့မော့ နဲ့ ဒီလိုပဲနေတာပဲ (မှန်ပါ)။ သားကြည့်လိုက်ဓ သမီးကြည့်လိုက်၊ ခင်ပွန်းကြည့်လိုက်၊ ကိုယ့်ကိုယ်ကိုယ်ကြည့်လိုက်နဲ့ ဟင် (မှန်ပါ)။ ကိုယ့်ကိုယ်ကလဲ ဘာတွေချည်း ကြွေကျတုံးဆိုတော့ မဟုတ်တာတွေချည်း ကြွေကျနေတယ် (မှန်လှပါ ဘုရား)။
ဒါကိုပင်လျှင် ကိုယ့်ကိုယ်လဲ ကိုယ်ကမစက်ဆုတ်၊ သားမယားများကိုလဲ မစက်ဆုတ်၊ ဒါဘာဖြစ်နေတာတုံး ဆို၊ အို အပင်ပေါ်မှာရှိနေတာတွေကို အဟုတ်မှတ်နေလို့ပေါ့ကွ (မှန်ပါ)။ ကြွေကျလာတာတွေကိုလဲ မဟုတ်မှန်း တော့ အသိသား (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)။ ဘယ့်နှယ်ဖြစ်နေတာတုံး မောင်ထွန်းတင်ရ၊ ပြော ပြောစမ်း ပါဦး (ခွေးမိုက် မိုက်နေလို့ပါ ဘုရား)။ အမလေး နင်တို့ဖြစ်စဉ်ကတော့ဖြင့်၊ တစ်ခုမှ အကောင်းမပါ ပါလား (မပါ ပါ ဘုရား)။ မပါဘူးကွ၊ မောင်ညိုကော သဘောကျပြီလား (ကျပါပြီ ဘုရား)။
တော်ကြာ ပေါက်ပင်ဆီပြေးပြန်ပြီကွ (မှန်ပါ)။ ဘာကြွေကျမှာတုံးလို့ စောင့်ပြန်တာပဲ (စောင့်ပါတယ် ဘုရား)။ ဘာများ ကြွေကျသတုံး ဆိုတော့ မတင့်တယ်တာတွေချည်း ကြွေကျနေတဲ့ဥစ္စာကိုပဲ၊ ဟာ ဒီပေါက်ပင်ဟာ ဒါမျိုးရှိမှာပဲ၊ ဒီပေါက်ပင်နဲ့ လွတ်အောင်ပြေးပါတော့မယ်၊ ငါးပါးအာရုံ ကာမဂုဏ်တွေဆီက ပြေးပါတော့မယ်လို့လာ ရဲ့လား (မလာပါ ဘုရား)၊
ခွေးမိုက် မိုက်နေလို့
ဘာဖြစ်လို့ မပြေးတာတုံး (ခွေးမိုက် မိုက်နေလို့ပါ ဘုရား)၊ အထက်ရှိတာတွေကို အကောင်း မှတ်နေလို့ ဟင် (မှန်ပါ)။ ဖြစ်မှဖြစ်ရလေကွာ၊ ကြွေကျတာ ဘယ်တော့များ အကောင်းပါတုံး (မပါ ပါ ဘုရား)။
ဒါဖြင့်ကွာ ခွေးမော့ မော့နေတယ်၊ ခွေးမိုက် မိုက်နေတယ်ဆိုတာ အပြောက နည်းသေးတယ်၊ ဖြစ်စဉ် က ဒီထက်ဆိုးနေတယ် (ဆိုးပါတယ် ဘုရား)။ တင်လှ သဘောကျရဲ့လား (ကျပါတယ် ဘုရား)၊ အပြောနဲ့ နင်တို့ဖြစ် စဉ်နဲ့ကော ကိုက်ရဲ့လား (ကိုက်ပါတယ် ဘုရား)၊ ဒါ ဘုရားပေးတဲ့ ဥပမာပါကွ မောင်ချစ်စိန်ရ (မှန်လှပါ ဘုရား)။
ကဲ ဒါဖြင့် ကိုယ့်အိမ် ကိုယ့်ရာလေးက၊ ကိုယ့်သား မယားနားက၊ ကိုယ့်ကိုယ်နားက မခွါနိုင်တာဟာ ဉာဏ်တုံးနေတယ်လို့ ဆိုထိုက်တယ် (ဆိုထိုက်ပါတယ် ဘုရား)။ ဉာဏ်မတုံးဘူးလား တုံးသလား (တုံးပါတယ် ဘုရား)။ ဒီဉာဏ်ဘယ်တော့ထက်မှာတုံးကွ၊ ဒီအနား ခေါင်းစင်းသေရင်လဲ တက်စရာရှိသေးလား (မရှိပါ ဘုရား)၊ ခွေးသေ သေကြရမှာပဲ (မှန်ပါ)။ အိုပြန်တော့လဲ အိုတာနဲ့ငဲ့နေတာပဲ၊ ပျိုပြန်တော့လဲ ပျိုတာနဲ့ ခင်နေပြန်တာပဲ၊ မောင်ထွန်းတင် ဘယ့်နှယ်ဖြစ်နေတာတုံး (ခွေးမိုက် မိုက်နေတာပါ ဘုရား)။ ပေါ်ပြီလား၊ တင်လှတို့ လူစုတွေ (ပေါ်ပါပြီ ဘုရား)၊ ဘာ နဲ့ တူနေတုံး (ခွေးမိုက်နဲ့ တူပါတယ် ဘုရား)၊ ဟုတ်ကော ဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား)။
အသုဘရှိလို့ အသုဘတွေချည်း ပြတာ
ဒါဖြင့် ဒီပေါက်ပင်ကို မင်းတို့သည်ကားဆိုလို့ရှိရင်ဖြင့် အောက်နဲ့ အထက်ကို ခွဲမရဖြစ်နေတယ် (မှန်ပါ)၊ အောက်ကျလာတော့လဲ မဟုတ်ဘူး၊ အပေါ်ကဟာမှ ဟုတ်သေးတယ် (မှန်ပါ)၊ အောက်ကျလာတာ (မဟုတ်သေးပါ ဘုရား)။ အပေါ်မှာရှိတာက (ဟုတ်ပါတယ် ဘုရား)။ သို့ပေမယ့် ကြွေကျတာတွေက နဂိုရှိလို့ နကိုင်းထွက်တာပဲကွ (မှန်ပါ)။ အသုဘရှိလို့ အသုဘတွေချည်း ပြတာပဲ (မှန်ပါ)၊ မပြဘူးလား (ပြပါတယ် ဘုရား)။ ချွေးတွေထွက်ပြ၊ မျက် ရည်တွေထွပ်ပြ၊ နှပ်တွေထွက်ပြ၊ ကျင်ကြီး ကျင်ငယ်တွေထွက်ပြ၊ ပြတာတွေကဖြင့် အောက်ကြွေကျတာ အမှန်ပဲကွ (မှန်လှပါ ဘုရား)။
အဲဒါ အတွင်းကပြလာတာဟာ၊ အပင်ပေါ်ကကျလာတာမှ ဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား)။ ဟုတ်ပေ မယ့်လဲ မင်းတို့ဟာက ကျလာတာသာမဟုတ်ဘူး ထင်နေတယ် (မှန်ပါ)။ ကျလာတာသာမဟုတ်ဘူး ထင်နေတယ်- တဲ့၊ အပေါ်မှာရှိတာတွေကတော့ဖြင့် အားကိုးရဦးတော့မလိုလို၊ ကိုးစားရဦးတော့မလိုလို၊ ချစ်စရာ ခင်စရာတွေလို့ မင်းတို့က ပြောင်းပြန်ကြီးဖြစ်နေတော့ အောက်နဲ့ အထက်ကိုပဲ မင်းတို့ဟာက၊ အောက်ကျလာတော့ သက်သေခံလုံ လောက်ပုံနဲ့ မယုံနိုင်ဘူးဆိုတဲ့အဓိပ္ပာယ် ရောက်နေတယ် (မှန်ပါ)၊ တင်လှ ဘယ့်နှယ်အဓိပ္ပာယ် ရောက်နေတုံး (မယုံ နိုင်တာပါ ဘုရား)။ မယုံနိုင်ဘူး၊ ဘာလို့တုံးကွ သက်သေခံက မလုံလောက်လို့လား (လုံလောက်ပါတယ် ဘုရား)။
ဟ ဘယ့်နှယ်ဖြစ်နေတာတုံးကွ၊ မကောင်းတာတွေချည်း ကျလာတယ်ဆိုတဲ့ အသက်သေခံကတော့ လုံ လောက်ပါတယ်တဲ့။ ဘယ့်နှယ်ကြောင့် မယုံသင်္ကာဖြစ်နေတာတုံးဆိုတော့ လူစိတ်မဟုတ်လို့ပဲ (မှန်ပါ)။ ဦးစံလှ လူစိတ် မှ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။ လူစိတ်ကို မဟုတ်ဘူး၊ ခွေးစိတ်ပေါက်နေတယ် (မှန်ပါ)။
ခွေးစိတ်ပေါက်နေတယ်
ခွေးဆိုတော့ တိရစ္ဆာန် ကိုးကွ၊ တိရစ္ဆာန်ဆိုတော့ တင်လှတို့က မသိရှာဘူး ဟင် (မသိပါ ဘုရား)။ မင်းတို့ကကော သိသလားလို့ မေးပြန် တော့ကော (မသိပါ ဘုရား)။ တတန်းတည်းကို ကျနေတယ် (မှန်ပါ)။ ဒီလောက်ဆိုးဝါးတယ်ဆိုတာ ပေါ်ပြီလား (ပေါ် ပါပြီ ဘုရား)။
ဒါများ ရိုးမြေကျများ စိတ်ကူးနေလိုက်သေးတယ် (မှန်ပါ)။ ရိုးမြေကျစိတ်ကူးကတည်းက တတန်းတည်းဆို တာတော့ အထူးပြောစရာ လိုသေးလား (မလိုတော့ပါ ဘုရား)။ မင်းတို့၏စိတ်ကူးက ဘာတုံး (ရိုးမြေကျပါ ဘုရား)။ ဟာ သွားပြီကောကွ (မှန်ပါ)။ ဘယ်လောက်ပဲကြွေကျနေနေ ဒီဟာ မဟုတ်ဘူး အထက်မှာက အကောင်းတွေ ကျန်ရစ်တယ်၊ အထက်ကဟာမှ သားတစ်တွေပဲဆိုတဲ့ ခွေးမိုက် မိုက်ပြီးသကာလ ခွေးသေ သေမယ့် စိတ်ကူးတဲ့အဓိပ္ပာယ် ကို မပြောပဲနဲ့ အဓိပ္ပာယ်ရောက်နေတယ် (ရောက်ပါတယ် ဘုရား)။ ဘယ်လောက်ဆိုးဝါးတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
နို့ မင်းတို့ ခွေးစိတ်မပြင်တော့ဘူးလားလို့ မေးဖို့ပဲရှိတယ် (မှန်ပါ)။ တင်လှ ဒိပြင် ဘာမေးစရာရှိသေး တုံး (မရှိတော့ပါ ဘုရား)။ အင်း ခွေးစိတ်ကို မပြင်တော့ဘူးလားလို့ မေးရမှာ (မှန်ပါ)၊ နဂိုက ခွေးစိတ်နဲ့ မျှော် နေတာကိုးကိ (မှန်ပါ)။ ခွေးစိတ်နဲ့ အထက်ကဟာမှ သားတစ်တွေပဲထင်ပြီးသကာလ ရိုးမြေကျ စိတ်ကူးလိုက်လို့ရှိရင် တော့ ခွေးစိတ် မဖျောက်တော့ပါဘူးဆိုတဲ့ တာဝန်ခံဟာ ပါသွားတာပဲ (ပါ ပါတယ် ဘုရား)၊ မောင်ထွန်းတင် ပါ မပါ ဖြေစမ်းပါဦး (ပါ ပါတယ် ဘုရား)။
ဟ ဘယ့်နှယ်ဖြစ်နေတာတုံး၊ လူစိတ်ကို မပေါက်တော့ဘူးလား။ ပြော ပြောကြစမ်းပါဦး (မှန်ပါ)။ ဒီလိုပဲ နေကြတော့မှာပဲလားဆိုရင်ဖြင့်၊ ခွေးစိတ်ကို မလျှော့တော့ဘူးလို့ ဆိုတဲ့အဓိပ္ပာယ် မောင်ထွန်းတင် ရောက် မရောက် (ရောက်ပါတယ် ဘုရား)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ခွေးစိတ် မလျှော့နိုင်ဘူးလားလို့ မေးတော့ တင်လှ အရင်ဖြေစမ်းပါဦး (မလျှော့နိုင်ပါ ဘုရား)။ မလျှော့နိုင်ဘူး။
ခွေးစိတ်တောင် မလျှော့နိုင်ဘူး
အမလေး ခွေးစိတ်တောင် မလျှော့နိုင်ဘူးဆိုကတည်းက မောင်ချစ်စိန်ရ သွားရုံပဲရှိတော့တယ် (မှန်ပါ)။ ခွေးသေ သေပြီး ခွေးတို့၏ သွားရာလမ်းဆိုတဲ့ အပါယ်လေးပါးမှတစ်ပါး ဒီပြင်ဘာရှိသေးတုံး (မရှိတော့ပါ ဘုရား)။ တိရစ္ဆာန်များသေလို့ သုဂတိသွားတာက ရှာမှရှားမဟုတ်လားကွာ (ရှားပါတယ် ဘုရား)။ အပါယ်သာ သွားကြရတာမ များတယ် (မှန်လှပါ ဘုရား)။
ဟေ့ တင်လှတို့လူစု ခွေးစိတ်ဖျောက်မှ နေရာကျမှာကွ (မှန်ပါ)။ ဖျောက်ရမှာပါလားလို့ ဆိုနေရုံနဲ့ မဖြစ်ဘူး တစ်ခါတည်း ဒီပေါက်ပင်နားကကို အပြီးခွါရမှာ (မှန်ပါ)။ ဒီပေါက်ပင်နားက ဝလဲမဝဘူး၊ နင်တို့ ကြည့် ပါလား၊ သားခင်လို့လဲမဝ၊ ကစ္စည်းခင်လို့လဲမဝ၊ ဒီလိုမဝပဲနဲ့သာ ဒီအနားမှာနေပြီး ခေါင်းစင်းသေလိုက်တာပဲ (မှန်ပါ)။ ပေါက်ပင်ခြေရင်းမှာလေ (မှန်ပါ)။ သားသမီး ပစ္စည်းခြေရင်းမှာ၊ မောင်ချစ်စိန် မသေလိုက်ဘူးလား (သေပါတယ် ဘုရား)။ ဟာ လူသေလား၊ ခွေးသေလား မေးပါဦးကွာ (ခွေးသေပါ ဘုရား)။ တင်လှ သဘောကျရဲ့လား (ကျပါ တယ် ဘုရား)။
ဘာသေ သေမယ်စိတ်ကူးကြတုံး၊ လူသေ သေမယ်စိတ်ကူးသလား၊ ခွေးသေ သေမယ်စိတ်ကူးသလား (ဖြေကြ စမ်းပါဦး (လူသေ သေချင်ပါတယ် ဘုရား)။ လူသေ သေမယ်ဆိုရင်တော့ လုပ်ကြဗျ၊ မင်းတို့အပြစ်က လွန်လွန်းတယ်၊ မျက်စိလည်တာက မောင်ချစ်စိန် ဘယ့်နှယ်တုံးကွ၊ နည်းနည်းလည်တာလား၊ အလွန်လည်နေတာလား (အလွန်လည် နေတာပါ ဘုရား)။ လည်သာလည်တယ်၊ မျက်စိလည်သလောက် ကျင်ကြီးနင်းမိလေ ကျနေတယ်ကွ (မှန်ပါ)၊ ပေါ်ပြီ လား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒီခွေးစိတ်ဟာ ဘုန်းကြီးကပြောတဲ့ ခွေးစိတ်လား၊ ကိုယ့်ဖြစ်စဉ်လား ဆိုတာကိုလဲ ကိုယ့်ဟာကိုယ် မောင်ထွန်းတင်တို့က ကြည့်ဦးကွ (ကိုယ့်ဖြစ်စဉ်ပါ ဘုရား)။ ကိုယ့်ဖြစ်စဉ်၊ အမလေး လွန်လှချည်လား (လွန်ပါ တယ် ဘုရား)။
ခွေးသေ သေတာ့ ကြိုးနဲ့ဆွဲပြီး ပစ်ကြတာကွ (မှန်ပါ)။ ခွေးတို့၏ သွားရာလမ်းဆိုတဲ့ အပါယ်လေးပါး ကို မသွားကြရဘူးလား (သွားပါတယ် ဘုရား)။ ဘယ့်နှယ်ကြောင့် သွားရတာတုံးဆိုတော့ ရှင်စဉ်ကလဲ ခွေးစိတ်။ သေ တော့လဲ ခွေးသေ သေလို့ ခွေးတို့၏သွားရာလမ်းကို မလျှော့တမ်း သွားရတယ်ဆိုရင် မောင်ချစ်စိန် ငြင်းဖို့လိုသေးလား (မလိုတော့ပါဘူး ဘုရား)။
ခွေး၏ အမြင်မှားမှုကနှိပ်စက်တာ
ဒါ မင်းတို့ကို ပေါက်ပင်က နှိပ်စက်တာလား၊ ပေါက်ပင်အောင်ကခွေး၏ အမြင်မှားမှုလား ဆိုတာကိုလဲ သတိ ထားကြပါဦး (ခွေး၏ အမြင်မှားမှုပါ ဘုရား)။ မောင်ညို သဘောပါပြီလား (ပါ ပါပြီ ဘုရား)။ အမလေး ဒီအထဲ မှာ ဒီလိုလူတွေချည်းဆိုရင်ဖြင့် တင်လှ ငါ တရားဟောစရာတောင် မရှိတော့ဘူး (မှန်ပါ)။ တပည့်တော်တို့ဖြင့် ဒီ အတိုင်းပဲ ခွေးနေ နေပြီး၊ ခွေးသေ သေပါတော့မယ်ဆိုလို့ရှိရင် တရားများဟောဖို့တောင် အတော်ခက်နေတယ် (မှန် ပါ)။ ကယ်တင်တဲ့ပုဂ္ဂိုလ်ကိုပဲ ကယ်တင်မှုမခံနိုင်တဲ့ အခြေအနေ ရောက်နေတယ် (မှန်ပါ)။ မရောက်ဘူးလား (ရောက် ပါတယ် ဘုရား)။
တစ်နေ့မှားတာလား၊ နေ့တိုင်းမှားနေတာလား (နေ့တိုင်းမှားနေတာပါ ဘုရား)၊ အပေါ်ရှိတာက စားစရာ၊ အောက်ရှိတာက ပေါက်ပွင့် စားလို့မဖြစ်ဘူး၊ ဒီပေါက်ပင်က ကြွေကျတာမှဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား)။ ဒီပေါက်ပင်လို အထက်နဲ့အောက်ကို မင်းတို့သည် ထူးခြားနေသေးတယ်ဆိုလိုရှိရင်ဖြင့် အတော် အသေးတာပဲ (မှန်ပါ)။ တင်လှ ဘယ့်နှယ်တုံး (အတော် အပါတယ် ဘုရား)။ အ တာ၊ ထူတာ ဘယ်လောက်ကြာပြီတုံး (ကြာပါပြီ ဘုရား)။ ကြာ လှပါပြီ။
အခု ဟောပြန်တော့ကော ပါးပြီလားလို့ မေးလို့ရှိရင်ဖြင့် ဒီပေါက်ပင်နားတော့ မနေတော့ပါဘူး၊ ပြေးပါတော့ မယ်ဆိုတဲ့စိတ် မောင်ညိုတို့ ပေါက်ကဲ့လားကွ (မပေါက်ပါ ဘုရား)။ ဘယ်ပေါက်လိမ့်မတုံးကွ တော်ကြာ ပေါက်ပင်ဆီကို ပြေးကြဦးမှာပဲ (မှန်လှပါ ဘုရား)။
မှန်လိုက်တာလွန်လို့
ကဲ ဒီနေ့ဟာက မင်းတို့အဖို့ မှန်လဲမှန်လိုက်တာလွန်လို့၊ မင်းတို့က ပေလိုက်တာလဲလွန်လို့ဆိုတော့ ဒီ လွန်တာနှစ်ခု ပေါ်နေတယ်ကွ (မှန်ပါ)။ မှန်တာကော (လွန်ပါတယ် ဘုရား)။ အင်း မင်းတို့ကလဲ လိုက်လိုက်တာ လွန်လို့ဆိုတာကော (ပေါ်ပါပြီဘုရား။
ကိုင်း ဒါဖြင့် ဘဝသံသရာမှာ ဘယ်လိုသေခဲ့ကြတယ်ဆိုတဲ့ဥစ္စာဖြင့် ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)။ တစ်သံသရာလုံး ဘယ်လိုသေခဲ့ကြတယ်ဆိုတဲ့ဥစ္စာဖြင့် ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)။ တစ်သံသရာလုံး ဘယ်လိုနေ ခဲ့သလဲဆိုရင် ပေါက်ပွင့်ကို မျှော်လင့်နေခဲ့တယ် (မှန်ပါ)။ သေတော့ ပေါက်ပင်ခြေရင်းပဲ ခွေးသေ သေခဲ့တယ် (မှန် ပါ)။ ဒိပြင်အဓိပ္ပာယ်ရှိသေးလား (မရှိတော့ပါ ဘုရား)။
အဲဒီတော့ မင်းတို့သည် ကိုယ့်သံသရာဖြစ်စဉ်ကိုလဲ မင်းတို့ ယနေ့ရှင်းသွားပြီ (မှန်ပါ)။ တစ်သံသရာလုံး ပေါက်ပင်ခြေရင်းမှာ မျှော်လင့်ချက်နဲ့ ခွေးသေ သေခဲ့တယ်၊ အခုဘဝ အသိဉာဏ်လေးနည်းနည်း ဆရာဘုန်းကြီးက ပေးပြန်တော့လဲ ဒီပေါက်ပင်ခြေရင်းမှာပဲ သေမယ်လို့ စိတ်ကူးပြန်တယ်၊ နင်တို့ဟာ လွန်လှချည်လား (လွန်ပါတယ် ဘုရား)။ ကဲ တင်လှ မလွန်ဘူးလား (လွန်ပါတယ် ဘုရား)။
လွန်ရင် ဘယ့်နှယ်လုပ်မှာတုံးဟ၊ ဒီအမိုက်လွန်တာကို၊ ကိုင်း သိတဲ့တစ်နေ့ ပြေးမယ်ဆိုလို့ရှိရင်တော့ ဒါဟာ မောင်ချစ်စိန် ပြီးသွားတာပဲ (မှန်ပါ)။ မပြီးဘူးလား (ပြီးပါတယ် ဘုရား)။ မင်းတို့က သိလဲမပြေးဘူး (မပြေး ပါ ဘုရား)။ ခွေးသေ သေမယ်ပဲ စိတ်ကူးတယ် (မှန်ပါ။ ဒီအတိုင်း မရောက်ကြဘူးလား (ရောက်ပါတယ် ဘုရား)။ လွန် လွန်းတယ်ကွာ၊ ငါပြောတာ နည်းသေးတယ်ကွ၊ မင်းတို့ပေတာက (များပါတယ်ဘုရား။ များတယ်တဲ့၊ ဘာမိုက် မိုက် နေတာတုံးဆိုတော့ ဘယ့်နှယ်ဖြေမှာတုံး (ခွေးမိုက် မိုက်နေတာပါ ဘုရား)။
ခွေး ခွေးချင်းဆိုတော့ ရှက်ကို မရှက်တော့ ဘူး
ကဲ မင်းတို့က အိမ်နီးချင်းတော့ မရှက်ဘူးကွ၊ အခု တရားသဘောနဲ့ တွေးလိုက်တဲ့အခါကျတော့ ဟိုအိမ် ကလဲ ပေါက်ပင်အောက်ကခွေး၊ ဒီအိမ်ကလဲ ပေါက်ပင်အောက်ကခွေး၊ ခွေး ခွေးချင်းဆိုတော့ ရှက်ကို မရှက်တော့ ဘူး၊ ဟင် (မှန်ပါ)။ ဟိုခွေးကလဲ ဟိုသစ်ပင်သေးပန်း၊ ဒီခွေးကလဲ ဒီသစ်ပင်သေးပန်းဆိုတော့ မောင်ချစ်စိန် ခွေး ခွေးချင်းတော့ ရှက်သေးရဲ့လား (မရှက်တော့ပါ ဘုရား)။ ဘာလို့ မရှက်တာတုံး (ခွေးစိတ်ပေါက်နေလို့ပါ ဘုရား)။
ဒီမှာလဲ အိမ်နီးချင်းတွေဆိုတော့ အတုခိုးစရာကရှိရဲ့လား (မရှိပါ ဘုရား)။ ဘာဖြစ်လို့ မရှိတာတုံးဆိုတာကော ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ဘာတွေစုနေတာတုံး (ခွေးတွေ စုနေတာပါ ဘုရား)။ အေး ပေါ်သွားပြီ။ ခွေးတွေ စုနေလို့ ခွေးကျင့်ခွေးကြံတွေနဲ့ ခွေးနေ နေတဲ့လူခည်းဖြစ်နေလို့ ရှက်စရာက ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။
အခု သူတော်ကောင်းနားရောက်လာပြီး အမှန်အကန်တွေကြားရ၊ ကြုံရ၊ တွေ့ရ၊ သိရတော့မှ သြော် ခွေးနေ နေပြီး၊ ခွေးသေ သေမယ့်အသွားဟ တို့ကို လူစိတ်ကို မပေါက်သေးပါလားဆိုတာ တင်လှ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ဘာစိတ်အပေါက်သေးတာတုံး (လူစိတ်ပါ ဘုရား)၊ လူစိတ်ကို မပေါက်သေးဘူး နော်။
ဒီပေါက်ပင်များ ပျောက်သွားလို့ရှိရင်
ဒီပေါက်ပင်များ ပျောက်သွားလို့ရှိရင် ကွာ၊ မင်းတို့က ငိုဦးမှာလို လိုပဲ (မှန်ပါ)။ ပေါက်ပင်များပျောက် သွားရင် ဘာဖြစ်မှတုံး (ငိုမှာပါ ဘုရား)။ ဟ ခွေးငို ငိုဦးမှာလိုထဲကကျနေတယ် (မှန်ပါ)။ ဘာငိုတုံး (ခွေးငိုပါ ဘုရား)။ ကျလာတဲ့ပစ္စည်းကလဲ အဖိုးတန်ပါရဲ့လား (မပါ ပါ ဘုရား)။
ဒါဖြင့် အခု ကြောင်းညီညွတ်လို့ သား၊ လင်၊ ခင်ပွန်းနဲ့ ခွဲရတော့မယ်ဆိုရင် မောင်ထွန်းတင် မျက်ရည်ကြီး ငယ် ကျသေးတယ်ကွ (ကျပါတယ် ဘုရား)။ ဘာပြုလို့တုံးဆိုရင် ပေါက်ပင်ပျောက်သွားမှာစိုးလို့ (မှန်ပါ)။ မတော် ခွေးစိတ်က လူစိတ်ရောက်သွားမှာစိုးလို့ (မှန်ပါ)။ ဟ မောင်ချစ်စိန် လွန်လှချည်လား (လွန်ပါတယ် ဘုရား)။ နာစရာလဲ မကောင်းဘူးလားကွာ၊ ဘုရားဟောတာက (မှန်ပါ)။ မှန်တာကလဲ မှန်နေတော့ မင်းတို့က မနာတတ်တာ ခက်တယ် (မှန်လှပါ ဘုရား)။
ဟာ မဟုတ်တာကိုလုပ်နေတာကို သိတဲ့တစ်နေ့ ကိုင်း ပေါက်ပင်မှန်းလဲသိပြီ၊ ဝမှာလဲမဟုတ်ဘူး၊ ငတ်ငတ်နဲ့ သေစရာသာရှိတယ်ဆိုတော့ မင်းတို့က ချစ်လို့မဝ၊ ခင်လို့မဝ၊ ပြုစုလို့မဝပဲနဲ့ သေရမလိုကျနေပြီ (မှန်ပါ)။ ပေါက်ပင်ခြေရင်းမှာ ခွေးလိုဝပ်စင်းပြီး သေရလိမ့်ဦးမယ်ဆိုတော့ မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။ ဟေ့ လှဘူးတို့ကော ဘယ်လိုသေမယ်လို့ စိတ်ကူးကြတုံး၊ ဒီခြေရင်းမှာပဲလား (မှန်ပါ)။ အမလေး ကြောက်စရာကြီးပါ လားကွ၊ ဟ လူသေလား၊ ခွေးသေလားလို့မေးရင် ဘယ့်နှယ်ခြေကြမှာတုံး (ခွေးသေပါ ဘုရား)။ ခွေးသေ သေရင် ကြိုးနဲ့ဆွဲပစ်ပေါ့ကွ၊ ထမ်းပို့နေစရာ မလိုတော့ပါဘူး (မှန်ပါ)။ လိုသေးရဲ့လား (မလိုတော့ပါ ဘုရား)။
စိတ်က ဘာစိတ်ဖြစ်နေတာတုံး
နဂိုကလဲ ခွေးစိတ်မှမပျောက်လို့ ခွေးသေ သေသွားတော့ ပုံသဏ္ဌာန်သာ ခြေနှစ်ချောင်းနဲ့ ခြေလေးချောင်း သာ ကွာနေတာကိုးကွ၊ စိတ်ကတော့ (အတူတူပါ ဘုရား)။ စိတ်က အတူတူဖြစ်နေတယ် (မှန်ပါ)။ တင်လှ ပုံသဏ္ဌာန် က၊ လူကတော့ အဝတ်ကလေးဘာလေး ဖုံးပြုထားလို့၊ စိတ်က ဘာစိတ်ဖြစ်နေတာတုံး (ခွေးစိတ်ပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အမလေး မောင်ချစ်စိန်၊ ဒီနေ့တရားဟာ မင်းတို့ ကာမဂုဏ်၏အပြစ်မှာတော့ အကြီးဆုံးပြတာပဲ (မှန်ပါ)။ မှန်ကော မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။ မှန်တော့ မင်းတို့ ဒီအမိုက်လက်စ မသိမ်းတော့ဘူးလားလို့ မေးလို့ရှိရင် မင်းတို့ ဒီ ဝိပဿနာဉာဏ် မဝင်လို့ရှိရင်တော့ သိမ်းလို့ကိုမရပါဘူး (မှန်လှပါ ဘုရား)။
ဝိပဿနာအမြင် မြင်လိုက်တဲ့အခါကျတော့ မင်းတို့ သားတွေ၊ မယားတွေဟာက သုံးဆယ့်နှစ်ကောဋ္ဌာသ တွေကိ (မှန်ပါ)။ ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော ဆိုတာတွေဟာ သုံးဆယ်နှစ်ကောဋ္ဌာသတွေ မဟုတ် လား (မှန်ပါ)။ ဘယ်အပုံကို မင်းတို့ယူမှာတုံးလို့ မေးလို့ရှိရင် ဘယ့်နှယ်ပြောမှာတုံး၊ တစ်ပုံစီ ပုံပေးရင် (ဘယ်အပုံမှ မယူပါ ဘုရား)။
အဲ မင်းတို့က ဒီလိုကို ခွဲမကြည့်ဘူးတဲ့ (မှန်ပါ)။ ခွဲမကြည့်ဘူး တစ်ခါတည်း ရှိတာတွေဟာ အကောင်း တွေချည်းပဲ။ ဆံပင်ကလဲအကောင်း၊ မျက်နှာကလဲအကောင်း၊ သွားတွေကလဲအကောင်းဆိုတော့၊ မင်းတို့ဟာက အကြည့် ကို လွဲနေသေးတယ်လို့ ဆရာဘုန်းကြီးက ပြောပါတယ် (မှန်ပါ)။ မလွဲဘူးလား (လွဲပါတယ် ဘုရား)။
ဘယ်အပုံကို ကြိုက်သတုံး
ကဲ သုံးဆယ့်နှစ်ကောဋ္ဌာသကို ခွဲလိုက်လေကွာ၊ ခွဲလိုက်တော့ ဘယ်အပုံကို ကြိုက်သတုံး (ဘယ်အပုံမှ မကြိုက်ပါ ဘုရား)။ ကြွေကျမှာကလဲ ဒါတွေပဲ ကြွေကျမှာ (မှန်ပါ)။ အဲဒီလို အရင်ကျဉ်း ခွဲပစ်လိုက်ပါ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ မံသံ၊ နှာရု၊ အဋ္ဌိမိဉ္ဇံ၊ ဝက္ကံ အစရှိသည်နဲ့ သုံးဆယ့်နှစ်ပုံ ပုံလိုက် လို့ရှိရင် မောင်ညို မင်းတို့ သားမယားအပုံထဲက ဘယ်အပုံကြိုက်သတုံး (ဘယ်အပုံမှ မကြိုက်ပါ ဘုရား)။ အဲဒီ တော့ မင်းတို့က ခွဲမစမ်းလို့ခက်တယ် (မှန်ပါ)။ ဒီကရှေ့ ဘယ့်နှယ်လုပ်မှာတုံး (ခွဲစမ်းရမှာပါ ဘုရား)။ သဘောပါပြီလား (ပါ ပါပြီ ဘုရား)။
ခွဲစမ်းလိုက်တဲ့အခါကျတော့၊ ဘယ်ဟာမှ မကြိုက်တော့ဘူးဆိုတော့ ခွေးစိတ်ကလေး နည်းနည်းပျောက်တယ် (မှန်ပါ)။ အရင်တုံးကတော့ မျှော်နေတာပဲ (မျှော်နေပါတယ် ဘုရား)။ အခုတော့ မျှော်နေတာကို ဘုရားကပုံပြ၊ ဆရာ ဘုန်းကြီးက ပုံပြလိုက်တဲ့အခါ ဘယ်အပုံအတွက် စောင့်နေတာတုံးလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမှာတုံး (ဘယ်အပုံ မှ မစောင့်ပါ ဘုရား)။ အဲဒါ ဘယ်အပုံမှနှစ်သက်စရာ၊ ခင်တွယ်စရာ၊ ကြင်နာစရာ မပါဘူးဆိုတာ သိသွားပြီကွ (မှန် လှပါ ဘုရား)။
ဘာများ အဖိုးတန် တာတွေ ပါသေးသတုံး
အောက်ကြွေကျတာတွေကိုလဲ ခုနက ယောင်နေသေးတယ်၊ အောက်ကြွေကျတာနဲ့ အပင်ပေါ်ကဟာနဲ့ တခြား စီလို့ မှတ်နေသေတယ်၊ အခုတော့ သုံးဆယ့်နှစ်ပုံ ပုံပြီးကြည့်လိုက်တဲ့ အခါကျတော့ ဒီတစ်ပင်လုံးမှာ ဘာများ အဖိုးတန် တာတွေ ပါသေးသတုံး (မပါ ပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲဒီလို အကြမ်းခွဲလိုက်ပြီးတော့မှ ဒီဥစ္စာကို ခန္ဓာငါးပါး တစ်ခါပြန်ပုံလိုက်နော် (မှန်ပါ)။ ရုပ်တရားတွေက သုံးဆယ့်နှစ်ပုံ ပုံဆိုတော့ အကုန် ရုပ်တရားချည်းမို့ မောင်ချစ်စိန်က ထပ်လိုက်ကွာ (မှန်ပါ)။ နာမက္ခန္ဓာက လေးပါး (မှန်ပါ)။ ရုပ်တရားကလဲ ဖြစ်ပျက်၊ နာမက္ခန္ဓာလေးပါး ကကော (ဖြစ်ပျက်ပါ ဘုရား)။
နို့ ဘယ်အပုံစောင့်နေကြသတုံး လို့ မေးလို့ရှိရင် ဘယ့်နှယ်ပြောမှာတုံး (ဘယ်အပုံမှ မစောင့်ပါ ဘုရား)။ အဲဒီကျတော့မှ မင်းတို့သည် သြော် ခင်စရာ၊ မက်စရာ၊ ကြင်နာစရာ အဖိုးတန်တာတွေဟာ ဝိပဿနာဉာဏ်ကျမှ လမ်းဆုံးသွားတယ် (မှန်လှပါ ဘုရား)။
သုံးဆယ့်နှစ်ပုံ ခွဲလိုက်တုံးက တဏာသေခဲ့တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။ သုံးဆယ့်နှစ်ပုံ ခွဲလိုက်တုံးက (တဏှာသေခဲ့ပါတယ် ဘုရား)။ ကဲ ရုပ်နာမ်ခွဲလိုက်တော့ ဒိဋ္ဌိသေတယ်၊ သုံးဆယ့်နှစ်ပုံခွဲလိုက်တော့ တဏှာသေ တယ်။ တစ်ခါ ခန္ဓာငါးပါးအစုကို ရုပ်နာမ်ခွဲလိုက်တော့ ဒိဋ္ဌိသေပါတယ် (မှန်လှပါ ဘုရား)။
တဏှာနဲ့ကပ်နေတာ၊ ဒိဋ္ဌိနဲ့ကပ်နေတာ
နဂိုက တဏှာနဲ့ကပ်နေတာ၊ ဒိဋ္ဌိနဲ့ကပ်နေတာ (မှန်ပါ)။ ကြွေကျတာလဲ မဟုတ်မှန်းသိတယ်။ အပေါ်မှာရှိ တာမှ ငါ သဘောကျပါတယ်၊ တဏှာကလဲ အပေါ်မှာရှိတာတွေမှ ခင်စရာ၊ မင်စရာတွေ မလာဘူးလား (လာပါတယ် ဘုရား)။ အဲဒါတွေကို သေသေချာချာ ရှင်းလင်းချင်ရင်တော့၊ ဘုရားက တဏှာသတ်ချင်လို့ရှိရင် သုံးဆယ့်နှစ်ကော ဋ္ဌာသကို အရင်ခွဲ (မှန်ပါ)။ ခွဲလိုက်တဲ့အခါကျတော့ အပေါ်နဲ့ အောက် ထူးသေးရဲ့လား (မထူးတော့ပါ ဘုရား)။ မထူး တော့ တဏှာသေသွားတယ် (မှန်လှပါ ဘုရား)။
အခုကဲ့သို့ တစ်ခါ ရုပ်နာမ်ကို ခွဲလိုက်ပြန်တယ်၊ ရုပ်နာမ်ကို ခွဲလိုက်တဲ့အခါ ရုပ်နဲ့ နာမ်ပဲရှိတယ်ဆိုတော့ ရုပ်နာမ်ကလဲ “သဗ္ဗေသင်္ခါရာ အနိစ္စာ” “သဗ္ဗေသင်္ခါရာ ဒုက္ခာ” “သဗ္ဗေသင်္ခါရာ အနတ္တာ” လို့ တစ်ခါ နှလုံးသွင်းကြည့် လိုက်ပြန်တော့ အလုံးစုံတွေဟာ ဖြစ်မှုနဲ့ ပျက်မှုပဲရှိတယ်ဆိုတော့ မင်းတို့သည် ခင်စရာ၊ မင်စရာ၊ ကြင်နာစရာ ပါ သေးရဲ့လား (မပါတော့ပါ ဘုရား)။
အဲဒီကျအောင် ကြည့်နိုင်လို့ရှိရင်တော့ဖြင့် တဏှာကော၊ ဒိဋ္ဌိကော သေသွားပြီးသကာလ ဒီအပင်ကနေပြီး ဉာဏ်နဲ့ပြေးပြီလို့ အောက်မေ့ရမယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဖြစ်ပျက်အလုပ်တစ်ခုမှတစ်ပါး
ဒါဖြင့် မင်းတို့မှာ ဖြစ်ပျက်အလုပ်တစ်ခုမှတစ်ပါး ပြေးနိုင်တဲ့အလုပ် မရှိဘူး (မှန်ပါ)။ ကိုယ့်ခန္ဓာ၏ ဖြစ်ပျက် ရှု၊ သားမယား ခန္ဓာကိုယ်၏ ဖြစ်ပျက်ရှု၊ ထိုကဲ့သို့ ရှုမှသာလျှင် ဉာဏ်ထဲမှာ ခင်ပွန်းမနဲ့ ကိုယ်နဲ့ ကွဲသွားမယ်။ ကိုယ့် ကိုယ်နဲ့ ခင်ပွန်းမနဲ့ ကွဲသွားမယ်။ အကုန် အနိစ္စာတွေချည်း ဖြစ်သွားတဲ့အခါကျတော့ ဘယ့်သူဘယ်သူ ကိုးစရာ၊ အားထားစရာ၊ ခိုင်မြဲတာ၊ အနှစ်သာရရှိတာ၊ စားလို့ကောင်းတာ၊ မျှော်လင့်ချက်ထားစရာ ရှိသေးရဲ့လား (မရှိတော့ ပါ ဘုရား)။
အဲဒါကြောင့် မင်းတို့ ဒီအလုပ် မလုပ်လို့ရှိရင်တော့ မောင်ချစ်စိန်က အလွဲချည်းနေမှာပါပဲ (မှန်ပါ)။ ဒီအလုပ် လုပ်လို့ရှိရင်တော့ အမှန်ရောက်ကြမယ် (မှန်ပါ)။ ဒီအလုပ်ကို ကိုယ်ခန္ဓာထဲကြည့်။ သားသမီး၊ သားမယား၊ သား လင်၊ ခင်ပွန်း ကိုယ်ခန္ဓာထဲကြည့်။ ကြည့်လိုက်လို့ အကုန် အဇ္ဈတ္တ၊ ဗဟိဒ္ဓနှစ်ခုကို တစ်ခါတည်းကြည့်လိုက်ပြီဆိုမှဖြင့် အကုန် တစ်ထပ်တည်းဖြစ်သွားလို့ရှိရင် မင်းတို့သည် ခွေးဘဝမှလွတ်တာပဲ (မှန်ပါ)။ ခွေးသေ မသေရတော့ဘူးတဲ့၊ အမြင်ကျယ်သွားပြီတဲ့။
အမြင်မှန်က မဂ္ဂသစ္စာဖြစ်လာမှာ
အလုံးစုံ အကုန် ဒါတွေဟာ ဘာမှကိုးစားစရာ၊ အားထားစရာ မရှိတော့ဘူးဆိုပြီး စွန့်ပစ်သွား တယ် (မှန်လှပါ ဘုရား)။
စွန့်ပစ်သွားတဲ့အခါကျရင် ဒါ မဂ်ရတာပဲ (မှန်ပါ)။ ဒါတွေ အကုန် ဒုက္ခသစ္စာတွေပဲ။ ဒုက္ခပေးလေသမျှ သူ ကချည်းပဲ။ အဲဒီကဲ့သို့ ဉာဏ်နဲ့သာ ရှု ရှုပေးလို့ရှိရင်ဖြင့် ဖြစ်ပျက်ဟာ ဒုက္ခသစ္စာဖြစ်မှာပဲကွ (မှန်ပါ)။ အမြင်မှန်က မဂ္ဂသစ္စာဖြစ်လာမှာပဲ (မှန်ပါ)။ ခင်တဲ့တဏှာတွေ။ အရင်လို စောင့်နေတဲ့တဏှာတွေ သေသွားတာပဲ (မှန်လှပါ ဘုရား)။
သေသွားတော့ ခုနက ဆာလောင်မွတ်သိပ်မှုနဲ့ ဒုက္ခရောက်ပြီး ခွေးသေ သေရတာကော လွတ်မသွားဘူးလား (လွတ်သွားပါတယ် ဘုရား)။ အဲဒီ လွတ်သွားတာဟာ နိဗ္ဗာန်ပဲလို့ မှတ်ရမယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
