“ကာမဂုဏ်တို့၏ အပြစ်ကြီးပုံ”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့-မင်္ဂလာရိပ်သာ ကျောင်းတိုက်၌
ဟောကြားဆုံးမတော်မူအပ်သော
“ကာမဂုဏ်တို့၏ အပြစ်ကြီးပုံ”
ည-အလုပ်ပေးတရားတော်
(၁၇-၁၂-၆၀)
ကျီးတစ်ကောင် အမဲသားတုံး ရသလို
”မံသ ပေသူပမာ ကာမာ၊ ဗဟုသာဓာရဏာဋ္ဌေနာ”
ဒကာ-ဒကာမတို့ စီးပွားဥစ္စာတွေကလဲ ကိုယ်ရှာထားတာက ဒီဘက်က စက္ကူကုန်သည်ဖြစ်ရင်စက္ကူကုန်ပေါ့၊ ရွှေဖြင့်ရွှေ၊ ငွေဖြင့်ငွေ၊ စိန်ဖြင့်စိန်၊ မြဖြင့်မြ၊ ကားဖြင့်ကား၊ တင်လှတို့ခန္ဓာငါးပါးက ရှာထားတဲ့ ပစ္စည်းဥစ္စာတွေနဲ့သား- သမီးတွေရော အားလုံးပေါ့ကွာ၊ ဒါတွေနဲ့ပြည့်စုံနေတဲ့ပုဂ္ဂိုလ်ကို ဘုရားက ဘာနဲ့တူသလဲ ဆိုရင် “မံသပေသူပမာ ကာမာ” ကျီးတစ်ကောင် အမဲသားတစ် ရ-ထားတာနဲ့တူတယ်လို့ ဟောတယ် (မှန်ပါ)၊ ဘာနဲ့တူသတုန်း (ကျီးတစ်ကောင်အမဲသား တစ်ရတာနဲ့ တူပါတယ် ဘုရား)။
ကျီးတစ်ကောင် အမဲသားတစ်ရတယ်၊ ကျီးကန်းဆိုတာတိရစ္ဆာန်ပဲ၊ တိရစ္ဆာန်ဖြစ်ပြီး သကာလ နေတော့ သားတစ် ကိုဟိုကျီးကလဲစားချင်၊ ဒီကျီးကလဲစားချင်တော့၊ အမဲသားတစ်ရ-ထားတဲ့ကျီးနောက်ကို အကုန်ပြုံလိုက်ကြပြီး ထိုးကြ၊ ဆိတ်ကြ၊ ဆွကြ၊ လုပ်ကြတယ်၊ ဒီကျီးဟာ နဂိုကအထိုးခံရတာလား၊ အခုသားတစ်ရမှအထိုးခံရတာလားလို့မေးရင် မင်းတို့ဘယ်လိုဖြေကြမှာလဲ (သားတစ်ရမှအထိုးခံရတာပါ ဘုရား)။
သားတစ်ရမှ သူ့ခမြာအထိုးခံရတာ
ဪ သားတစ်ရမှ သူ့ခမြာအထိုးခံရတာ၊ နဂိုကတော့အဖော်ချင်းပဲ၊ အခုအမဲသားတစ်ရတာနဲ့သူ့မှာ ဘယ်လောက်ထိအောင် အထိုးအဆိတ် ခံရသလဲဆိုတော့ ပါးစပ်ထဲက သားတစ် ပြုတ်ကျလောက်အောင်၊ နာအောင်- ကျင်အောင်နှုတ်သီးနဲ့ ထိုးဆိတ်လိုက်၊ အတောင်နဲ့ရိုက်လိုက်နဲ့၊ ပြုတ်ကျအောင်လုကြတာပဲ (မှန်ပါ)၊ ဪသားတစ်ရထား တဲ့ကျီးဟာ တယ်ပြီး အထိုးအဆိတ်ခံရပါကလား၊
နဂိုကဒီလိုပဲ အထိုးအဆိတ် ခံရသလား၊ သားတစ်၏ စွမ်းရည်သတ္တိကြောင့် အထိုးအဆိတ်ခံရတာလား (သားတစ်၏ စွမ်းရည်သတ္တိကြောင့်ပါ ဘုရား)၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
သားတစ်ကို လွှတ်ပစ်လိုက်တော့ ဒီကျီးကိုမထိုးတော့ဘဲ၊ နောက်ထပ် သားတစ်ရတဲ့ကျီးကို ဝိုင်းလိုက်ကြပြန်တယ် (မှန်ပါ)၊ ပထမကျီးအထိုးအဆိတ် ခံရသေးသလား (မခံရတော့ပါ ဘုရား)။
ဒါဖြင့် ကံမကောင်း အကြောင်းမသင့်လို့ အထိုးအဆိတ်ခံရတာလား၊ သားတစ်ကြောင့် အထိုးအဆိတ်ခံရတာ လား၊ သားတစ်ကြောင့် အထိုးအဆိတ်ခံရတာလားလို့ မေးဖို့လိုလာတယ် (သားတစ်ကြောင့်ပါ ဘုရား)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊
ကံမကောင်းလို့လား သားတစ်ကြောင့်လား
ကံမကောင်းအကြောင်းမသင့်လို့လား၊ သားတစ်ကြောင့် အထိုးခံရတာလား (သားတစ်ကြောင့်ပါ ဘုရား)။
သားတစ်ကို လွှတ်ပစ်လိုက်တဲ့အခါကျတော့ ချက်ချင်းဒိဋ္ဌဓမ္မလွတ်သွားပါတယ်၊ မလွတ်ဘူးလား (လွတ်သွားပါ တယ် ဘုရား)၊ ဘာပြုလို့လွတ်သွားတာတုန်း (သားတစ်မရှိလို့ပါ ဘုရား)၊ ဒီအတိုင်းဖြေရမှာပဲ (မှန်လှပါ ဘုရား)။
မင်းတို့က အခုကိုယ့်ကိုယ်ကို ခင်နေတယ်ဆိုတာလဲ သားတစ်ကိုချီထားတာပဲ (မှန်ပါ)၊ ပစ္စည်းဥစ္စာတွေ ခင်နေ တာလဲ ချီထားတာပဲ၊ သား-လင်-ခင်ပွန်းတွေ၊ ပစ္စည်းတွေ၊ တိုက်တွေ-တာတွေခင်နေတာကော (ချီထားတာပါ ဘုရား)။
ဒါကြောင့် အစိုးရက ပေးပါအိမ်ခွန်၊ ပေးပါအမြတ်တော်ကြေးဆိုတော့ ထိုးပြီမဟုတ်လား (မှန်ပါ)၊ သူခိုး- ဓားပြကကော ချောင်းလိုက်၊ မလစ်နဲ့ လစ်ရင် လူသတ်ပစ္စည်း ယူမယ်ဆိုတဲ့ အဓိပ္ပာယ်များကော မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဒါမင်းတို့က မလွှတ်နိုင်ရင်တော့ သေရမှာပဲ (မှန်ပါ)၊ တချို့သေခါနီးတောင်မှ အမြတ်တော်ကြေးက ဝရမ်းကပ်ဦး တော့မလိုလို လာသေးတယ်ကွ၊ ဒါဘာဖြစ်လို့တုန်းဆိုတော့ မင်းတို့က နဂိုကလွှတ်မပစ်လို့ (မှန်လှပါ ဘုရား)။
မင်းတို့ကလဲ ငါ့ဟာလေး- ငါ့ဟာလေးဆိုတဲ့ သက္ကာယဒိဋ္ဌိနဲ့ ချီထားတာကိုး (မှန်ပါ)၊ သက္ကာယဒိဋ္ဌိ နှုတ်ခမ်း ကလေးနဲ့ ကိုက်ထားတာကိုးကွ၊ ငါ့ဟာတော့မပေးနိုင်ဘူး၊ အစိုးရအပေါ် ငါတော့ဖြင့် ဘယ်လို လိမ်ရမယ်၊ ဘယ်လိုကောက် ရမယ်၊ ဘယ်လိုငွေထိုးရမယ်၊ ငါ့ရှိတာတော့မပေးနိုင်ဘူး၊ သူများလောက်တော့ မပေးနိုင်ဘူးလို့ မလာဘူးလား (လာပါတယ် ဘုရား)။
မင်းတို့ကသားတစ်ကိုက်ထားတာကိုး
မင်းတို့ကသားတစ်ကိုက်ထားတာကိုး၊ အဲဒီလိုကိုက်ထားတော့ ဝိုင်းပြီးထိုးဆိတ်ကြဦးမှာပဲ၊ မထိုးပေဘူးလား (ထိုးမှာပါ ဘုရား)၊
ဒါဖြင့် မင်းတို့က ဘယ်ဘက်ကနေရသတုန်းလို့မေးရင် အထိုးခံရတဲ့ဘက်ကချည်းပဲ (မှန်ပါ)၊ ဒါမင်းတို့ ဘာဖြစ်လို့ အထိုးခံတဲ့ဘက်ကချည်းနေချင်ရသတုန်းဆိုတော့ သားတစ်နဲ့တူတဲ့ပစ္စည်းတွေ ကိုင်ထားလို့ပဲ၊ ငါ့ဟာ-ငါ့ဟာနဲ့၊ ငါ့ဟာတော့အထိမခံနိုင်ဘူး ဆိုပြီး တင်လှတို့ ဒီအတိုင်းပဲမနေဘူးလား (နေပါတယ် ဘုရား)။
အဲဒီတော့ မင်းတို့ကို မင်း၊ စိုး၊ သူခိုး၊ ရန်သူမျိုးငါးပါး၊ အမွေအနှစ်လိုချင်တဲ့ ပုဂ္ဂိုလ်တွေကလာပြီး ထိုးကြ-ဆိတ်ကြလို့၊ မင်းတို့စိတ်မချမ်းသာတာတွေက မများကြဘူးလား (များပါတယ် ဘုရား)။
ဘာကြောင့်များရသတုန်းဆိုတော့ သားတစ်ကိုချီထားလို့ပေါ့၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ တင်လှဘာကြောင့် တုန်း (ချီထားလို့ပါ ဘုရား)၊
ဪ မင်းတို့စက္ကူသည်တွေက ဆိုင်လေးကြီးလာတော့ ဟိုကမလို၊ ဒီကမလိုနဲ့ ထိုးဆိတ် မခံရဘူးလား (ခံရပါတယ် ဘုရား)၊ မတရားသဖြင့် လိုင်စင်တွေယူထားတယ်ဆိုပြီး အစိုးရထံသွားရှို့တယ်၊ ဒါမင်းတို့က ချီထားတာကိုး၊ နှုတ်သီးနဲ့ဆိတ်၊ အတောင်နဲ့ရိုက်ဆိုတော့ မင်းတို့အတော်ခံရပြီမဟုတ်လား (မှန်လှပါ ဘုရား)။
ကိုယ်ကချီထားတာတွေ လွှတ်မပစ်လို့
ဘာဖြစ်လို့ခံနေတာတုန်း၊ ကံမကောင်းအကြောင်းမသင့်လို့လား၊ ကိုယ်ကချီထားတာတွေ လွှတ်မပစ်လို့လား (လွှတ်မပစ်လို့ပါ ဘုရား)၊
ဒါဖြင့်ကံနဲ့ဘာဆိုင်သတုန်းကွ၊ ဗေဒင်မေးစရာလိုသေးလား (မလိုပါ ဘုရား)၊ နို့ပေမယ့်လဲ မင်းတို့က ဗေဒင် မေးချင်သေးတယ်၊ ကံများခေထင်ပါရဲ့လို့ (မှန်ပါ)၊ ဘယ်ဟုတ်မှာလဲ၊ ဒါတွေလွှတ်ပစ် လိုက်စမ်းပါလား၊ သိသိသာသာ အစိုးရကို ကြေငြာပြီးလေသံသာ ပစ်ချကြည့်၊ ဘယ်ဆိုင်နီးချင်းကမှ မျက်စောင်းထိုးမှာ မဟုတ်ဘူး၊ ထိုးပါဦးမလား (မထိုးပါ ဘုရား)၊
ဘယ်အစိုးရကလဲ သူ့မှာအလုပ်လက်မဲ့ ဖြစ်သွားပြီဆိုရင်၊ နို့တစ်လာလှရင် နောက်ထပ် ၂နှစ်ပေါ့၊ ၃နှစ်ကျရင် နို့တစ်မလာတော့ပါဘူး၊ ဒေါ်ခန့်ရိပ်မိရဲ့လား (ရိပ်မိပါပြီ ဘုရား)။
ဘယ်လိုရိပ်မိတာလဲ၊ မလွှတ်နိုင်တာနဲ့ အထိုးအဆိတ်ခံနေရတယ် (မှန်ပါ)၊ တစ်ခါတစ်လေ ကျလို့ရှိရင်ဖြင့် အောင့်များခံနေရတာရှိသေးတယ်၊ မတော်ကိုယ်က ကွန့်လိုက်ပြန်တော့လဲ ဒီထက် အမှုကြီးသွားမှာ စိုးရတာနဲ့ (မှန်ပါ)၊
မင်းတို့ဖြစ်ထွေလေ၊ ဟိုကထိုးတော့ထိုးတာပဲ (မှန်ပါ)၊ ထိုးပေမယ့် ပြန်ထိုးရရဲ့လားလို့ မေးလို့ရှိရင် မထိုးရဲဘူး၊ သူတို့နဲ့ ကျုပ်နဲ့မတူဘူး၊ တော်ကြာကျုပ်က အလုံးအခဲဖြစ်သွားမှာ ဆိုပြီး လွှတ်တော့လဲ မပစ်ဘူး၊ မင်းတို့ကပေပြီး အထိုးအဆိတ်ခံ နေတယ် (မှန်ပါ)၊
ဒီကျီးတော့သေပါလိမ့်မယ်၊ ဟင် ဒီကျီးဘယ်နှယ့်နေပါ့မတုန်း (သေမှာပါ ဘုရား)၊ ဒါဖြင့် ဒီကျီးအသေခံ မိုက်တယ်လို့ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
ဒါဖြင့် မောင်ကျော်သိန်းတို့၊ တင်လှတို့ အခုမင်းတို့နေတဲ့အချိန်ဟာဖြင့် အသေခံမိုက်နေတာပဲ (မှန်ပါ)၊ ဆိုင်နီးချင်းကလဲ မုန်းလိုက်တာ၊ ကိုယ်ကြည့်ရှုထားတဲ့ လူတွေကလဲ ချိုးကြဖဲ့ကြပေါ့၊ မရှိဘူးလား (ရှိပါတယ် ဘုရား)
အသေခံမိုက်တာ
ရှိပေမယ့် မင်းတို့ကလဲမလွှတ်ဘူး၊ ဘယ်လောက်ထိုး-ထိုး၊ ဘယ်လောက် ဆိတ်-ဆိတ်၊ ဘယ်လောက်ဆွ-ဆွ၊ အသေခံ မယ်ကွဆိုတော့ ဘယ်လို မိုက်တာတုန်းမေးလို့ရှိရင် မောင်ချစ်စိန် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဘယ်လိုမိုက်တာတုန်း ဆိုတော့ အသေခံမိုက်တာ၊ သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား)။
ဒါအသေခံမိုက်တာလဲ ကိုယ့်ဟာကိုယ်တော့မသိဘူး၊ ကိုယ်ကလူတစ်လုံး လုပ်နေတာလို့ မင်းတို့က ထင်နေသေး တာပဲ၊ အသေခံမိုက်တယ်လို့မသိဘူး (မှန်ပါ)၊
လူပုံအလယ်မှာ ဒီလိုဆိုင်ကြီး၊ ကနားကြီး၊ ကုန်သည်ကြီးအဖြစ်နဲ့နေရတာ ဂုဏ်ရှိတယ်လို့ထင်နေတယ်၊ အထိုးခံရတာလဲလွန်နေပြီ၊ ဟင် (မှန်ပါ)၊ အမြတ်တော်ကြီးကထိုးလိုက်၊ ဆိုင်ခွန်ကထိုးလိုက်၊ အင်(မ်)ပို့အိတ်(စ်)ပို့မှာ အမျိုးမျိုးအဖုံဖုံပဲ ညှင်းလိုက်တဲ့ငွေကလဲမနည်းလှဘူး၊ ဟင် မထိုးကြဘူးလား (ထိုးပါတယ် ဘုရား)။
ဒါနဲ့တောင် မင်းတို့လဲ ဒီကုန်ဖြင့် မရောင်းတော့ပါဘူး လွှတ်ပစ်လိုက်မယ်၊ တော်ပါပြီ-တန်ပါပြီ၊ လွတ်ရာ-လွတ်ကြောင်းသာ လုပ်ပါတော့မယ်လို့ မင်းတို့ကလဲ မလာဘူး (မှန်ပါ)၊
ဒါလေးနဲ့ အနာကြီးပွားနေတယ်
ဒါလေးနဲ့ အနာကြီးပွားနေတယ်၊ ဒီအဓိပ္ပါယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ ဒါလေးနဲ့ ကြီးပွားနေတာမို့ အနာကြီးပွားနေတာ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဘာကြီးပွားနေတာလဲ (အနာကြီးပွားနေတာပါ ဘုရား)၊
ဒါဖြင့် မင်းတို့ဘယ်နေ့များ လောဘ၊ ဒေါသ၊ မောဟကင်းပြီး စိတ်ချမ်းသာလက်ချမ်းသာနဲ့ အသက်မှန်မှန် ရှုရတဲ့နေ့များပါသေးသလားလို့ မေးကြည့်စမ်း (မပါ-ပါ့ ဘုရား)။
ဟိုက အကြွေးယူသွားတာနဲ့ အပြေးလိုက်ပြီးတောင်းရတာကလဲ တစ်မျိုး၊ မပြေးရဘူးလား (ပြေးရပါတယ် ဘုရား)၊ ပြေးရတယ်၊ ဒီအထဲမှာ ကိုယ့်ဈေးဆိုင်မှာ ရောင်းတဲ့သူတွေကလဲ မတရားသဖြင့်၊ သူ့မိတ်ဆွေ သင်္ဂဟတွေကို ခိုးထည့်ပေးလိုက်မှာ ကြောက်လို့မျက်စိက ရှင်လိုက်ရတာကတစ်မျိုး၊ ဟင်(မှန်ပါ)၊
အမျိုးမျိုး အဖုံဖုံကို မင်းတို့ဟာကရှုပ် နေတာပဲ၊ ဂိုထောင်ထဲဆွေးမှာ ကြောက်ရတာကတစ်မျိုး၊ ဂိုထောင် အပြင်ဘက်ထုတ်လို့ လူမြင်မှာစိုးရတာကတစ်မျိုး (မှန်ပါ)၊ ညထုတ်ရတာနဲ့ ဒီလောက်ထိအောင် မင်းတို့ဟာက မိုက်နေတဲ့ အဓိပ္ပါယ် ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါ-ဘယ်နှယ့်ကြောင့် ဒီလောက် စိုးရိမ်ကြောင့်ကြ ဗျာပါရတွေနဲ့ နေရပါလိမ့်မလဲလို့ရှိရင် ဒါတွေ မလွှတ်ချင်လို့ (မှန်ပါ)၊ ခုနက ကျီးတစ်ကောင်ဟာ သူ့ပါးစပ်ထဲက သားတစ်ကောင်ကြောင့် ထိုးဆိတ်ခံရတာ လွှတ်ပစ်လိုက်လို့၊ ဒီပြင် ကျီးကရသွားပြန်တော့လဲ ဒီပြင်ကျီးသွားဝိုင်းတာပဲ (မှန်ပါ့)၊ မြင်ဖူးတယ်မဟုတ်လား (မြင်ဖူးပါတယ် ဘုရား)၊
ကျီးကန်းသားတစ်ရတာနဲ့ အတူတူပဲ
မင်းတို့လဲ ဒီအတိုင်းပဲကွ၊ ဒါကြောင့် ငါးပါးအာရုံကာမဂုဏ်ဆိုတဲ့ ဥစ္စာတွေကို မင်းတို့သိမ်းပိုက်ထားတဲ့ သဘောက ကျီးကန်းသားတစ်ရတာနဲ့ အတူတူပဲ (မှန်လှပါ ဘုရား)။
ဆွေမျိုးတွေကအစ သူတို့ဒီလောက်ဆိုင်ကြီးက နားကြီးနဲ့နေတာတောင်မှ တို့ဘက်ကို တစ်ပြားတစ်ချပ်မှ မကျဖူး ပါဘူးလို့ သူတို့ကလဲထိုးလျက်ပဲ၊ မထိုးဘူးလား (ထိုးပါတယ် ဘုရား)၊ ကိုယ်နဲ့တန်းတူတွေကလဲ ဒီကောင်ဘယ်တော့ပြုတ်ပါ့ မလဲ၊ တို့ချည်းရောင်းရအောင် ဆိုပြီး သူကလဲထိုးလျက်ပဲ (မှန်ပါ)၊ မထိုးဘူးလား (ထိုးပါတယ် ဘုရား)၊
ဘယ်အချိန်လွှတ် သလဲလို့မေးရင် ဘယ်နှယ့်ပြောမှာတုန်း (မလွတ်ပါ ဘုရား)၊ လွတ်တဲ့အချိန် မရှိဘူးလား- ရှိသလားလို့မေးတော့၊ ဒါလွှတ်ပစ် လိုက်စမ်းပါလားကွ၊ ကိုယ့်ခန္ဓာခင်မှုလွှတ်ပစ်လိုက်၊ ဟုတ်ပြီလား (မှန်ပါ)၊
ပစ္စည်းခင်မှုလွှတ်ပစ်လိုက်လို့၊ ကဲဖြစ်ချင်သလို ဖြစ်၊ ဒါတွေဟာ အထိုးအဆိတ်ခံရတာတွေပဲဆိုပြီး သကာလ သုမေဓာရှင်ရသေ့တို့လို တောထွက်ပစ်လိုက်လို့ရှိရင် ဘယ်သူကလိုက်ထိုးဦးမှာလဲ (မထိုးတော့ပါ ဘုရား)။
အထိုးအဆိတ်ခံချင်သေးလို့
ဒါလောက်ထိအောင်လဲ မင်းတို့ကမရဲဘူး၊ ဘာဖြစ်လို့မရဲတာတုန်းဆိုတော့ ခံချင်သေးလို့ပေါ့ကွ (မှန်ပါ့)၊ ဒေါ်ခန့် ဒီလောက်ထိအောင် မရဲတာက ဘာဖြစ်လို့တုန်း (ခံချင်သေးလို့ပါ ဘုရား)၊ အထိုးအဆိတ်ခံချင်သေးလို့ (မှန်ပါ့)၊ ဒေါ်ခန့်တို့ သားကထိုးဆိတ်၊ သမီးကထိုးဆိတ်၊ အရပ်ကကော (ထိုးဆိတ်ပါတယ် ဘုရား)၊ ယုတ်စွအဆုံးကွာ အလှူခံလာတာကအစ၊ ကိုယ့်အတန်းအစားနဲ့ ကိုယ်မှမထည့်လို့ရှိရင်၊ ဟိုဒီဝင်ပြီး ငေ့ါထိုးသွားတာပဲ၊ လွတ်တဲ့နေရာများပါရဲ့လား (မပါ-ပါ ဘုရား)၊ မပါဘူး။
ဟို ကူရမယ့် မသာသွားကူတာတောင်မှ ၁၀ိ- တန်တဲ့လူက ၅ိကျပ်-လောက်ကူလို့ရှိရင် စာရင်းတောင် မရေးချင် ဘူး၊ ထိုးဆိတ်သေးတာပဲ (မှန်ပါ)၊ ဘယ်အချိန်များ လွတ်တုန်း မင်းတို့ (မလွတ်ပါ ဘုရား)၊
ဘယ်အချိန်မှ မလွတ်ဘူးတဲ့၊ ဟိုကမျက်စောင်းထိုး၊ ဒီကမျက်စောင်းထိုး၊ ဟိုကမကောင်းကြံ၊ ဒီကမကောင်းကြံ၊ ဒါတွေဟာ ထိုးတာဆိတ်တာချည်း ပဲလို့မှတ်ရမယ် (မှန်ပါ)၊ ကိုယ်ရ-ထားတာတွေ မလွှတ်နိုင်လို့ အထိုးခံနေရတာ၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ရ-ထားတာ မလွှတ်တော့ ခုနကကျီးလိုမလွှတ်မချင်း၊ ဘေးကကျီးတွေက ဘာလုပ်နေကြတုန်း (ထိုးဆိတ်ပါတယ် ဘုရား)၊ သက်သာရဲ့လား (မသက်သာပါ ဘုရား)၊ မင်းတို့ကော ဘာလုပ်နေကြတုန်း ဆိုတာ မသက်သာတဲ့နည်းလိုက်နေ တာကွ (မှန်ပါ)၊ ဘယ်နှယ့်ဖြေကြမှာလဲ (မသက်သာတဲ့ နည်းလိုက် နေတာပါ ဘုရား)၊
မင်းတို့မျက်စိကအတော်လည်နေတယ်
အမလေး မင်းတို့ကသက်သာချင်လို့ စီးပွားရှာနေတာဆို (မှန်ပါ)၊ သက်သာချင်လို့စီးပွားရှာနေတာ ဘာနဲ့ တွေ့နေတုန်း (မသက်သာတာနဲ့တွေ့နေပါတယ် ဘုရား) မသက်သာတဲ့နည်းနဲ့တွေ့နေတယ်၊ ဒါကိုလဲ မရိပ်မိဘူးကွ၊ မင်းတို့မျက်စိက အတော်လည်နေတယ် (မှန်လှပါ ဘုရား)။
ဒါတွေ ခင်တွယ်နေတော့ သက္ကာယဒိဋ္ဌိကလဲဖြစ်ပြီး သေသည့်အခြားမဲ့၌အပါယ်ကျဦးမယ် (မှန်ပါ)၊ မကျပေးဘူး လား၊ ကျမှာလား (ကျမှာပါ ဘုရား)၊ ဟာကျချင်ကျပါစေ၊ ကိုယ်လွှတ်ဖို့ရာ အရေးတော့ပြင်ကိုမပြင်ဘူူး၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ ဒါကြောင့် ဘုရားဟောတာ၊ မင်းတို့လွဲသလား (မလွဲပါ ဘုရား)။
”မံသပေသူပမာကာမာ” ကာမာ ကာမဂုဏ်တို့သည်၊ မံသပေသူပမာ-ကျီးတစ်ကောင်အမဲသားတစ်ရတာနဲ့ အတူတူပဲကွ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကျီးတစ်ကောင်သားတစ်ရရင် စားဖို့ရတာလား၊ အထိုးအဆိတ်ခံဖို့ရတာလား၊ အဲဒါသာစဉ်းစားကြည့် (အထိုးအဆိတ်ခံဖို့ပါ ဘုရား)၊ လွှတ်ပစ်လိုက်ရင် ဘာဖြစ်မယ်ထင်ကြတုန်း (အထိုးအဆိတ် သက်သာပါတယ် ဘုရား)၊
လုံးဝလွတ်သွားမှာပါ၊ သက်သာရုံတင်မကပါဘူး (မှန်ပါ)၊ ဟင် ဟိုရတဲ့ကျီးသာ ဝိုင်းလိုက်ဦးမှာကိုး၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
ကမ္ဘာစစ်ကြီးတိုက်နေတာ၊ ဒါလုနေကြတာပဲ
အဲ ဒီမှာလဲ ကမ္မာစစ်ကြီးတိုက်နေတာ၊ ဒါလုနေကြတာပဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဟို အမေရိကန်မှာ ရွှေတွေ သွားစုနေတယ် ဆိုတော့ ရုရှားကဝိုင်းလုကြဖို့ ကြံနေတာပဲ၊
တို့ဆင်းရဲသားဝါဒနဲ့ တိုက်လိုက်ရရင် ဒီရွှေတွေအကုန်ရ မှာပဲ၊ အမေရိကန်ကလဲ မလွှတ်နိုင်ဘူး၊ မလွှတ်နိုင်တော့ ငါ့မှာအက်တော့မစ်ရှိတယ်၊ ဒုံးပျံရှိတယ်နဲ့ သူကလဲအမြဲပဲအော် နေတာပဲ၊ ရိပ်မိပြီလား (မှန်ပါ)၊
လွှတ်ချင်လို့ အော်တာလား၊ မလွှတ်ချင်လို့အော်တာလား (မလွှတ်ချင်လို့ပါ ဘုရား)၊ နောက်ဆုံးပိတ် ကမ္ဘာတစ်ဝှမ်းကဝိုင်းပြီး သူ့ရွှေတွေကို လုမယ်ဆိုလို့ရှိရင်လဲ သူတတ်နိုင်ပါ့မလား (မတတ်နိုင်ပါ ဘုရား)၊ မတတ်နိုင်ပေမယ့် လွှတ်မှာမဟုတ်ဘူး အသေခံမှာ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒီပစ္စည်းနဲ့ သားသမီးအာရုံ၊ ကိုယ့်ခန္ဓာဆိုတဲ့အာရုံတွေဟာ အမဲသားတစ်နဲ့မတူဘူးလား (တူပါတယ် ဘုရား)
ဒါကြောင့် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့ကို ဟောလိုက်တယ်တဲ့၊ ဒီခန္ဓာရှိရင် ဒီပစ္စည်းကလဲရှိ ရတော့မယ် (မှန်ပါ)၊ ဒီပစ္စည်းရှိလို့ရှိရင် ဒီလိုအထိုးအဆိတ်ကလဲ (ခံရမှာပါ ဘုရား)၊
နတ်ပြည်မှာသွားနေတော့လဲ
နတ်ပြည်မှာသွားနေတော့လဲ နတ်ချမ်းသာကို နတ်ဆင်းရဲသားကတိုက်လျက်ပဲ၊ မတတ်သာလို့ သူလဲကြည့်နေရတာ၊ ဗြဟ္မာပြည်ကျပြန်တော့ တစ်ယောက်နဲ့တစ်ယောက် အရောင်အဆင်းမတူလို့ ဝိုင်းပြီး ထိုးဆိတ်လျက်ပဲ၊ မတတ်သာလို့ လျှော့နေကြတာ၊
အဲဒီမှာ တော့ ကံနဲ့နေတာတွေ၊ ဉာဏ်နဲ့ဝီရိယနဲ့နေတဲ့ လူ့ပြည်ကျတော့ ဘာပြောစရာရှိတော့မှာလဲ၊ ကံနဲ့နေတဲ့သူတောင်မှ အထိုးအဆိတ်ခံရသေးတာ (မှန်ပါ)၊ မင်းတို့ဉာဏ်နဲ့ဝီရိယနဲ့ရှာထားတာဆိုတော့ သာပြီး အထိုးအဆိတ်ခံရမှာပေါ့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါတွေကို လွှတ်ပစ်လိုက်ရင် ချမ်းသာမယ်ဆိုတာမသိတော့၊ မင်းတို့စစ်ဖြစ်တုန်းက ဒီအထုပ်ကြီးတွေချီပြီး များပြေးလိုက်သေးတယ် (ပြေးပါတယ်ဘုရားး)၊ ဟင် ဘယ်ဆီ ချီသွားရပါ့မတုန်းဆိုပြီးတော့ အင်းဝဘက်များ ချီပြေးလိုက် သေးတယ် (မှန်ပါ)၊ ရိပ်မိပြီလားကွ (ရိပ်မိပါပြီ ဘုရား)။
လွှတ်ချင်တာလား- မလွတ်ချင်တာလား (မလွှတ်ချင်တာပါ ဘုရား)၊ ဘာဖြစ်လို့ မလွှတ်ချင်တာတုန်း မေးတော့ (အထိုးအဆိတ်ခံချင်လို့ပါ ဘုရား)၊ မင်းတို့ကပါးကိုမပါးဘူး၊ မောင်ထွန်းတင် ပါးရဲ့လား (မပါးပါ ဘုရား)၊
ဘယ်တော့ပါး မှာတုန်း မေးလို့ရှိရင် ဒီလိုဆရာကောင်းသမားကောင်းနဲ့ မတွေ့လို့ရှိရင်၊ မင်းတို့ပါးစရာ အကွက်ကိုမပါဘူး (မပါ-ပါ ဘုရား)၊ ပြီးတော့ မင်းတို့ကိုက ဒါတွေရှိမှချမ်းသာတယ် ဆိုတဲ့ အထင်လွဲ-အမြင်လွဲကလဲ ဒေါ်ခန့်တို့လူစုက လာသေးတယ် (မှန်ပါ)၊
ဒါတွေမရှိမှချမ်းသာတာကွ၊ ဒါတွေမရှိတော့ အိမ်အပြင်ဘက်ထွက်အိပ်လိုက်ဦး၊ လေညင်းခံပြီး အိပ်လဲဘာပြု တုန်း၊ အခုတော့ ခြင်ထောင်ထဲချွေးတဒီးဒီးနဲ့ အခန်းတံခါးတွေ လုံအောင်ပိတ်ထားရတယ်ဆိုတာ ချမ်းသာရဲ့လား (မချမ်းသာပါ ဘုရား)။
တဏှာပြောတာကိုယုံနေတာ
မချမ်းသာပေမယ့်လဲ မင်းတို့ကို တဏှာကချော့ထားတော့ကို၊ ဟ ဘယ်နှယ့်လုပ်မှာလဲ ဒါတွေရှိမှချမ်းသာတယ် လို့ သူ(တဏှာ) ပြောတာကိုမင်းတို့ကလဲ ဦးတိုက်ပြီးယုံနေတာပဲ (မှန်ပါ)၊
မင်းတို့ကငါပြောတာကို ယုံတာမဟုတ်ဘူး၊ တဏှာပြောတာကိုယုံနေတာ (မှန်ပါ)၊ ရွှေရှိမှချမ်းသာတယ်၊ ငွေရှိမှ ချမ်းသာတယ်နဲ့၊ စစ်အတွင်းမှာ ဗုံးတွေကလဲနောက်က ကြဲလျက်၊ နောက်ကစစ်ကလဲတိုက်ပျက်၊ ကိုယ်က ဒီသားတစ်ကြီးကို မလွှတ်နိုင်လို့ချီလျက်၊ အမလေး အရူးထနေတဲ့ ဖြစ်ခြင်းလဲ ပြောစရာ ရှိသေးလား၊ ဟေ့-တင်လှတို့ ကိုယ်တိုင်တွေ့ခဲတာမှဟုတ်ကဲ့လား (မှန်လှပါ ဘုရား)။
ကိုယ်တိုင်တွေ့ခဲတာကွ၊ ဟင် ဟိုကဗုံးကြဲလေယာဉ်ပျံတွေလာလို့ ရှိရင်ဖြင့် လူအတွက်ဂရုမစိုက်နိုင်ဘူး၊ ဟိုပစ္စည်း တွေ့ထားတဲ့နေရာကိုပဲ ဂရုစိုက်နေရတယ်၊ လွတ်မှလွတ်ပါ့မလား၊ မလွတ်ဘဲများနေမှာလား၊ အဲဒါတွေကိုမလွှတ်နိုင်သရွှေ့ ကာလပတ်လုံးဟာ ကြောင့်ကြပူ၊ သောကပူ၊ စိုးရိမ်ပူ၊ ဗျာပါဒပူတွေ အကုန်မလာပေဘူးလား လာမှာလား (လာမှာပါ ဘုရား)။
ဒါဖြင့် မင်းတို့သူ့ကိုကိုက်မိလို့ ပူနေရတာပေါ့ (မှန်ပါ)၊ သူ့မလွှတ်နိုင်တာနဲ့ (ပူနေရတာပါ ဘုရား)၊ သူ့လွှတ်လိုက် ရင်တော့ (အေးမှာပါ ဘုရား)၊ နို့ မင်းတို့ကအေးချင်လို့လုပ်တာဆို (မှန်ပါ)၊ အေးချင်လို့ လုပ်ရင်လဲ လွှတ်ပစ်ရတယ်၊ ကိုက်မထားရဘူး (မှန်ပါ)၊
လွှတ်ပစ်ရင် ချမ်းသာတယ်
မင်းတို့ကကိုက်ထားမှ အေးတယ် ထင်နေတာ၊ ကိုက်ထားတော့ အခုငါပြောတဲ့ရန်တွေ၊ မာန်တွေ ကဝိုင်းမလာဘူးလား (လာပါတယ် ဘုရား)၊ ဝိုင်းလာရင် မင်းတို့အန္တရာယ်ကင်းတယ်များ ထင်နေသေးလား (မထင်တော့ ပါ ဘုရား)၊ ဒေါ်ခန့်ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အင်း မင်းတို့က တော်တော် ခက်ပါသေးတယ်၊ မျက်စိက သိပ်လည်နေတယ်ကွ (မှန်ပါ)၊ လွှတ်ပစ်ရင် ချမ်းသာ တယ်၊ ကိုက်ထားလို့ရှိရင် အများရဲ့အထိုးအဆိတ်ခံရတယ် (မှန်ပါ)၊ မင်းတို့ကို အခု-အမှန်ပြောတဲ့ အခါကျတော့၊ မင်းတို့က ဒီတရားတွေကို ဗြုန်းခနဲ သဘောမပေါက်ဘူး၊ ဘယ့်နှယ် ပြောနေပါလိမ့်မတုန်းလို့၊ မင်းတို့က အောက်မေ့ချင်အောက်မေ့ မယ် (မှန်ပါ)၊
ဘယ့်နှယ်မှ ပြောတာ မဟုတ်ဘူး၊ ငါပြောတာကအမှန်ပြောတာ၊ မင်းတို့က တဏှာနားနဲ့ထောင်နေလို့ ဘယ့်နှယ် ပြောတာပါလိမ့်ဖြစ်နေတယ်၊ ဉာဏ်နားနဲ့ထောင်ရင် ဒါချမ်းသာတဲ့အလုပ်ပဲ (မှန်ပါ) လွှတ်လိုက်ရင် ချမ်းသာတဲ့ အလုပ်ပဲဆိုတာက မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။
မလွှတ်ပဲနဲ့ စွဲလမ်းပြီးသေသွားတော့ ပြိတ္တာဘက်ကိုမသွားဘူးလား (သွားပါတယ် ဘုရား)၊ ငရဲဘက်ကော (သွားပါတယ် ဘုရား)၊ လွှတ်ပြီးသေတဲ့အခါကျလို့ရှိရင် သူနဲ့သေခန်းရှင်ခန်း ပြတ်ပြီး သေတဲ့ပုဂ္ဂိုလ်မို့၊ အစွဲဥပါဒါန်မရှိလို့ “ဥပါဒါနပစ္စယော ကမ္မဘဝေါ” လို့လာသေးသလား (မလာပါ ဘုရား)၊ “ကမ္မဘဝပစ္စယာ ဇာတိ” ကောလာသေးရဲ့လား (မလာပါ ဘုရား)၊ သူ့ပါဠိတော်နဲ့လဲ ကိုက်မနေဘူးလား (ကိုက်ပါတယ် ဘုရား)၊ လွှတ်ပစ်တဲ့ပုဂ္ဂိုလ်ကျတော့လဲ ရှင်းလို့ (မှန်လှပါ ဘုရား)။
အိပ်နေလို့တော့မဖြစ်ဘူး
ဟေ့ တင်လှတို့အိပ်နေလို့တော့မဖြစ်ဘူး၊ ဒါလုပ်ရလိမ့်မယ် (မှန်ပါ)၊ မလွှတ်လို့ရှိရင်တော့ ဝိုင်းပြီး ထိုးကြဆိတ်ကြ ဦးမှာသေချာတယ်၊ ဥပမာ-မင်းတို့နှစ်ယောက်ကွာ အသက်တမ်းစေ့လို့ သေကြပြီဆိုလို့ရှိရင် ဆွေတွေမျိုးတွေ၊ ဘာမှ မတော်စပ်တာတွေရော၊ တော်စပ်တာတွေရော တစ်ခါတည်းဝိုင်းများ လုလိမ့်မယ့်ဖြစ်ခြင်း၊ မြင်သေးပေါ့ကွာ (မှန်ပါ)၊ မလုကြပေဘူးလား (လုမှာပါ ဘုရား)။
ဘာဖြစ်လို့တုန်း မင်းတို့က အထိုးအဆိတ်ခံရလို့ သေရပြီ၊ ကျန်တဲ့ပုဂ္ဂိုလ်ကလဲ အထိုးအဆိတ်ခံချင်သေးလို့ လုပြန်တာပဲ (မှန်ပါ)၊
ခုနကသားတစ် ကိုက်ထားတဲ့ကျီးကို ဝိုင်းပြီးထိုးကြဆိတ်ကြတော့ မခံနိုင်လို့ လွှတ်ချလိုက်တယ်၊ တစ်ခါ နောက်ကျီးက ငါကော်ပြီဆိုပြီး ကိုက်ပြန်တော့ တခြားကျီးတွေကဝိုင်းပြီး ထိုးကြဆိတ်ကြပြန်တာပဲ (မှန်ပါ)၊ ဘယ်သူများ စားရသေးသလဲ၊ နောက်ဆုံးပိတ် လုကြရင်းနဲ့ သားတစ်ရေထဲ ကျသွားတော့မှ အကုန်လက်လျှော့ကြရတာပဲ၊ ဟင် (မှန်ပါ)၊
ချုံထဲကျလို့ရှိရင် လိုက်လုကြဦးမှာ၊ ရေထဲကျတော့မှ သူတို့က-အတောင်နဲ့ သတ္တဝါမို့မငုပ်နိုင်၊ မကူးနိုင်၊ အဲဒီတော့မှ အကုန် အန္တရာယ်ကင်းသွားကြတယ်၊ နို့မို့ရင် ဒီကျီးကလွှတ်၊ ဟိုကျီးကရ၊ ရတဲ့ကျီးကို ဝိုင်းလိုက်ပြီး ထိုးကြ ဆိတ်ကြပြန်တယ် (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ချမ်းသာချင်လို့လား၊ အထိုးအဆိတ်ခံချင်လို့လား
အဲဒီတော့ မင်းတို့စီးပွားရှာနေတဲ့ ပုဂ္ဂိုလ်ဟာချမ်းသာချင်လို့လား၊ အထိုးအဆိတ် ခံချင်လို့လား (အထိုးအဆိတ် ခံချင်လို့ပါ ဘုရား)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ အထိုးအဆိတ် ခံရတာ မင်းတို့ ကိုယ်တွေ့ကြုံရတာ များပြီလား မေးရင် ဘယ့်နှယ်ဖြေကြမယ် (များပါပြီ ဘုရား)၊
ကိုယ်တွေ့ကို အများကြီးများပြီး၊ ဘာဖြစ်လို့မလွှတ်သေးသတုန်းဆိုတော့ ဒါကြောင့် မှန်းကိုမသိသေးလို့ (မှန်ပါ)၊ ဒါကြောင့် အထိုးအဆိတ်ခံနေရတယ်၊ အစိုးရက ထိုးလိုက်၊ သူခိုးကထိုးလိုက်၊ ဓါးပြကထိုးလိုက်၊ အမြတ်တော်ကြေးက ထိုးလိုက်နဲ့၊ အမျိုးမျိုးအဖုံဖုံထိုးလိုက်တဲ့ဖြစ်ခြင်းဟာ စားရတာနဲ့ အထိုးအဆိတ်ခံရတာနဲ့ ဘယ်အချိန် ကများသလဲဆိုရင် (အထိုးအဆိတ်ခံရတာ များပါတယ် ဘုရား)၊ ဒါဖြင့် အရသာက ပြောပလောက်အောင်ရှိရဲ့လား (မရှိပါ ဘုရား)။
သင်ဓုန်းဓားအသွားပေါ်မှာ ပျားရည်
မရှိပေမယ့် မင်းတို့ကို၊ အဲဒီတစ်စက္ကန့်၊ နှစ်စက္ကန့်စာအရသာကလေးက နှိပ်စက်နေတာ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ အဲဒီတော့ ငါကမင်းတို့သာယာနေတာကို ဘယ်လိုပြောချင်သလဲ ဆိုတော့၊ သင်ဓုန်းဓားအသွားပေါ်မှာ ပျားရည်ကလေး သုတ်ထားတာကို မသိတဲ့လူကသွားလျက်လိုက်တော့ ချိုတာနဲ့ လျှာပြတ်တာနဲ့ ဘယ်သူကဒုက္ခများသတုန်း (လျှာပြတ်တာက ဒုက္ခများပါတယ် ဘုရား)၊ ချိုတာကနည်းနည်းလေး (မှန်ပါ)၊ လျှာပြတ်နဲ့ဒဏ်ရာကြီးက (များပါတယ် ဘုရား)။
အဲမင်းတို့က ဒီလိုဖြစ်နေတယ်၊ ချိုရတာက နည်းနည်း၊ အထိုးအဆိတ်ခံရတာက (များပါတယ် ဘုရား)၊ သို့သော် မင်းတို့က ဒါကိုမရိပ်မိဘူး (မှန်ပါ)၊
မင်းတို့ဟာ ခန္ဓာနဲ့ပစ္စည်းတွေကို မရအရဆုတောင်းပြီး စုဆောင်းဆည်းပူးထားတာ (မှန်ပါ)၊ ဟောဒီ ခန္ဓာကြီးက ဆုတောင်းလို့ရတာ၊ ဟောဒီ ပစ္စည်းတွေကလဲ စုဆောင်းပြီး ကြိုးကုတ်အားထုတ်လို့ ရတာပဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီတော့ ဆုတောင်းလို့ရတာရယ်၊ အားထုတ်လို့ရတာရယ်၊ ဒီနှစ်မျိုးကို မင်းတို့မစွန့်နိုင်လို့ရှိရင်ဖြင့် တစ်သံသရာ လုံးမှာ မင်းတို့ဘယ်တော့မှ အန္တရာယ်ကင်းလို့ ဘေးရှင်းမှာမဟုတ်ဘူး (မှန်ပါ)၊
နတ်-နတ်ချင်းလဲဆိတ်မှာပဲ၊ လူ-လူချင်းကော (ဆိတ်မှာပါ ဘုရား)၊ တိရစ္ဆာန်-တိရစ္ဆာန်ချင်းကော (ဆိတ်မှာပါ ဘုရား)၊ နောက်ဆုံးပိတ် ဒါတွေကိုမစွန့်ပစ် ခဲ့ရင် သူတို့ကအပါယ်လေးပါးကျအောင် တွန်းပို့လိုက်ဦးမယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
မဂ္ဂင်နဲ့ အနိစ္စမြင်အောင်ကြည့်
ဒါဖြင့် စွန့်ပစ်ဆိုတာက သူတစ်ပါးကို-ဝေရမှာလားဘုရား၊ ဉာဏ်ထဲက ကိုယ့်ဟာမဟုတ်ကြောင်း သိရမှာလား လို့မေးဖို့လိုလာတယ် (လိုပါတယ် ဘုရား)၊
မင်းတို့ပိုင်ပစ္စည်းတွေကို ဉာဏ်နဲ့သာ စွန့်ပစ်ထားရမယ်၊ ဒါတွေကို မဂ္ဂင်နဲ့ အနိစ္စမြင်အောင်ကြည့်၊ အနိစ္စမြင်အောင် ကိုယ့်ခန္ဓာကိုလဲကြည့်၊ ပစ္စည်းတွေကိုလဲ ကြည့်ရမယ် (မှန်ပါ)၊
ကြည့်လို့ အနိစ္စတွေ မှန်းမြင်လာတဲ့အခါကျတော့၊ ဪ ငါ့ခန္ဓာကိုယ်နဲ့တကွ၊ ပစ္စည်းတွေဟာ မမြဲပါလားလို့ဆိုပြီး အရင်ကလို ခင်မှုကောရှိသေးရဲ့လား (မရှိပါ ဘုရား)၊ မမြဲမှန်းသိတော့ လိုချင်မှုကောရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ရန်သူမှန်းသိတဲ့ အခါ ကပ်ချင်သေးရဲ့လား (မကပ်ချင်ပါ ဘုရား)။
ဒါကြောင့် ဒီခန္ဓာနဲ့ဒီပစ္စည်းတွေကို ဝိပဿနာရှုပေးလို့ပြောနေတာ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ဘာလုပ်ရမှာ တုန်း (ဝိပဿနာရှုပေးရမှာပါ ဘုရား)၊
ဝိပဿနာရှုပေးတော့ သူကပင်ကိုက အနိစ္စမို့ သူအနိစ္စသဘောပဲ ပြောလိမ့်မယ် (မှန်ပါ)၊ ဘာပြောမယ်ထင်တုန်း (အနိစ္စပြောမှာပါ ဘုရား)၊ သူ့ရှိတာသူပြောမှာပေါ့ကွ၊ နဂိုရှိတာ နဂိုဏ်းထွက်မှာပေါ့ (မှန်ပါ)၊
အဲဒီအနိစ္စ ထင်ပြီးတော့ ချီထားတာကွ (မှန်ပါ)၊ နိစ္စထင်ပြီး တဏှာနဲ့ပါးစပ်ထဲကမလွှတ်တာ၊ ဒီလိုဖြစ်နေတော့ကို အခု-ဆရာဘုန်းကြီး တရားဖြတ်လမ်းကို ပြောတော့မယ်၊ ဒါတွေအနိစ္စ မမြင်သရွေ့ ကာလပတ်လုံး မင်းတို့ဟာ အထိုး အဆိတ် ခံရမယ့်ဘဝက ဘယ်တော့မှလွတ်မှာမဟုတ်ဘူး (မလွတ်ပါ ဘုရား)။
ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာမဟုတ်ဘူး
ဒါတွေကို ဖြစ်တယ်-ပျက်တယ်၊ ဖြစ်တယ်-ပျက်တယ်၊ အနိစ္စတရားတွေပဲ၊ ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာမဟုတ်ဘူး ဆိုတဲ့အနတ္တ တရားတွေလို့ ပါးစပ်နဲ့ပြောရုံနဲ့မရဘူး၊ သူတို့ကပြောတဲ့ အပြောကိုမြင်မှ (မှန်ပါ)၊ ခန္ဓာငါးပါးက ပြောတဲ့အပြော၊ ပစ္စည်းက ပြောတဲ့အပြော၊ သူတို့က ဖျတ်ခနဲ-ဖျတ်ခနဲနဲ့ အနတ္တတွေပြောလိမ့်မယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊
ခန္ဓာကကော (ပြောမှာပါ ဘုရား)၊ အဲဒါပြောတာကို မင်းတို့က ဒီကနေဉာဏ်နဲ့တွေ့တော့မှ၊ ဪ လိုချင်စရာ- ရချင်စရာမရှိပါလား၊ အနိစ္စတရားတွေဖက်ထားလို့ အလကားပေါ့လို့ ဉာဏ်ကမြင်လာရင် မင်းတို့က သူ့ကိုစွဲလမ်း ချင်တဲ့သဘော၊ ချီထားချင်တဲ့သဘော၊ နှုတ်သီးနဲ့ကိုက်ထားချင်တဲ့ သဘောရှိသေးသလား (မရှိတော့ပါ ဘုရား)။
ဒါဖြင့် ဉာဏ်ဝင်လိုက်ရုံရှိတာပဲ (မှန်ပါ)၊ ဘာဝင်ရမှာတုန်း (ဉာဏ်ဝင်ရမှာပါ ဘုရား)၊ အဲဒီ ဉာဏ်ကလေး မဝင် နိုင်လို့ ဆရာဘုန်းကြီးက တရားဟောနေရတာ (မှန်ပါ)၊ ဘုရားပွင့်လာတာကော (ဒီဉာဏ်မဝင်နိုင်လို့ပါ ဘုရား)၊ ဉာဏ်မဝင်နိုင်လို့ ဒီဉာဏ်သွင်းပေးတာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊
မင်းတို့က ဉာဏ်မသွင်းလို့ ရှိရင်ဖြင့် ခုနက အနေဆိုး-အသေဆိုးဘက်လှည့်မှာပဲ (မှန်ပါ)၊ အနေဆိုးက သူများအထိုးအဆိတ်ခံရတာ၊ အသေဆိုး က ဒါတွေကိုစွဲလမ်းတဲ့အတွက် ပြိတ္တာဘုံ၊ ငရဲဘုံသွားရဦးမှာ (မှန်ပါ)၊ သဘောကျရဲ့လား (ကျပါပြီ ဘုရား)။
အနေဆိုးနဲ့ အသေဆိုးဟာ မင်းတို့ကိုယ်ပိုင်
ဒီအတိုင်း ငါပြောတာ မင်းတို့နားမထောင်ဘဲနဲ့၊ ဉာဏ်နဲ့သူတို့ကို အနိစ္စသဘော၊ ဒုက္ခသဘော၊ အနန္တသဘောလို့ မင်းတို့က မရှုကြတော့ဘူးဆိုလို့ရှိရင်တော့ဖြင့်၊ ခုနကအနေဆိုးနဲ့ အသေဆိုးဟာ မင်းတို့ကိုယ်ပိုင် ပစ္စည်းလို့မှတ်ပါ (မှန်ပါ)၊ ဘယ်လိုမှတ်ကြမယ် (တပည့်တော်တို့ ကိုယ်ပိုင်ပစ္စည်းပါ ဘုရား)၊
တစ်ခါတလေ မင်းတို့က သူ့မလွှတ်ချင်လို့ ထမင်းများအငတ်ခံပြီး သကာလ ဒီကုန်ရှာတဲ့အခါပါသေးတယ်၊ သူကအငတ်ခိုင်းတာမဟုတ်ဘူးလား (မှန်ပါ)၊ အငိုခိုင်း တာကော (သူကအငိုခိုင်းတာပါ ဘုရား)၊ သူကအငိုခိုင်းတာပဲတဲ့၊ အပြုံးခိုင်းတာကော (သူပါပဲ ဘုရား)၊ သူကပြုံးခိုင်းတယ် ဆိုတော့ ကိုယ့်ကိစ္စပြီးလို့ ပြုံးတာလား၊ သူကအရူးလုပ်တာလား (အရူးလုပ်တာပါ ဘုရား)။
သူက စက္ကူကနေ စိန်ကလေးဖြစ်လာရင်ပြုံးပြီ၊ ကားကလေးဖြစ်လာရင်ကော (ပြုံးပါတယ် ဘုရား)၊ ရော သူပြုံးဆိုပြုံး၊ သူမဲ့ဆိုရင် (မဲ့ပါတယ် ဘုရား)၊ မင်းတို့က မင်းတို့သဘောကိုမပါဘူး (မပါ-ပါ ဘုရား)၊
ဒီစိန်က အခုသာပြုံး နိုင်တာ၊ ဖျတ်ဆို၂၀၀၀ိ-ဈေးကနေပြီး ၁၅၀၀ိ-ဈေးကျသွားရင်မဲ့ပြီ၊ စိန်ကမဲ့ခိုင်လို့ မဲ့လိုက်ရတာပဲ (မှန်ပါ)၊ ပြုံးလိုက်ဆိုရင် (ပြုံးပါတယ် ဘုရား)၊ မင်းတို့သဘောကိုပါသေးရဲ့လား (မပါ-ပါ ဘုရား)၊ ဒါဖြင့်မင်းတို့ဥစ္စာ ပြုံးတုန်းကလဲအရူးပြုံး၊ မဲ့တော့လဲ အရူးမဲ့ (အရူးမဲ့ပါ ဘုရား)၊ ဒီဇာတ်ချည်းခင်းနေတာပဲ (မှန်ပါ)၊ ဒါမလွှတ်နိုင်လို့ဖြစ်ရတာ၊ လွှတ်နိုင်ရင် ဒီဥစ္စာဖြစ်ဖို့လိုသေးသလား (မလိုပါ ဘုရား)၊ ဒေါ်ခန့်သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
ဉာဏ်နဲ့လွှတ်ပစ်ရမယ်
ဒါဖြင့် ဘယ်နှယ့်လုပ်ကြမှာလဲဆိုရင် လွှတ်ပစ်ရမယ်၊ ဉာဏ်နဲ့လွှတ်ပစ်ရမယ် (မှန်ပါ)၊ ဒါတွေဟာ အနိစ္စတွေပါ လား၊ ဒုက္ခတွေပါလား၊ အနတ္တတွေပါလား၊ ပြောသံကြားမဖြစ်စေပဲနဲ့ သူ့ကိုယ်ကပြတဲ့အနိစ္စ၊ သူ့ကိုယ်ကပြတဲ့ဒုက္ခ၊ သူ့ကိုယ်ကပြတဲ့ အနတ္တကို ဉာဏ်ထဲမှာရှင်းသွားလို့ရှိရင် မင်းတို့ဒီပစ္စည်းတွေကို ဘယ်သူမှမပေးပဲနဲ့ ငါ့ဟာမဟုတ်ဘူး ဆိုတာသိတယ် (မှန်ပါ)၊
ငါ့ဟာမဟုတ်မှန်းသိနေတော့ကို မီးလောင်သွားလဲ မတုန်လှုပ်တော့ဘူး (မှန်ပါ)၊ အစိုးရကဘဏ္ဍာ တော်အဖြစ်နဲ့ သိမ်းသွားလဲ (မတုန်လှုပ်တော့ပါ ဘုရား)၊ ဟ ဝန်ပေါ့သွားပြီ၊ အခုမှ အထိုးအဆိတ်ကောင်းကောင်းလွတ် တာပဲ၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
အဲဒီတော့ မင်းတို့ကလဲ၊ အဲဒီရောက်အောင် ဉာဏ်ကမလှည့်နိုင်ဘူး၊ ဘယ်လှည့်နိုင်မှာလဲကွ၊ တဏှာကနေပြီး ခင်လိုက်တော့ ဥပါဒါန်က ဒီပစ္စည်းတွေကို တစ်ခါတည်းမျိုထားတယ် (မှန်ပါ)၊
တဏှာခင်ထားတယ်၊ ဥပါဒါန်ကမလွတ် နိုင်အောင်မျိုထားတယ်၊ ဒီဟာနဲ့ပဲ မင်းတို့ခင်ရင်း၊ စွဲလမ်းရင်းနဲ့ သေသွားမယ်ဆိုလို့ရှိရင် ပစ္စုပ္ပန်မှာလဲအနေဆိုးပဲ (မှန်ပါ)၊ သေတော့ကော (အသေဆိုးပါ ဘုရား)၊
အဲဒါဉာဏ်မဝင်ရင် ဒီအတိုင်းသွားမယ် (မှန်ပါ)၊ ဉာဏ်မဝင်ရင် (ဒီအတိုင်းသွားမှာပါ ဘုရား)၊
တစ်ခုတည်း မြင်အောင်ရှုပေးပါ
ဉာဏ်ဝင်လို့ရှိရင်တော့ဖြင့် မင်းတို့ဒီဥစ္စာ သိပ်အဖိုးတန်မှာပဲ-တဲ့၊ ဒါတွေဟာအနိစ္စပဲ၊ ဒုက္ခတွေပဲ၊ အနတ္တတွေပဲလို့ တစ်ခုတည်း မြင်အောင်ရှုပေးပါ၊ (မှန်ပါ)၊ ရှုလိုက်လို့ရှိရင်ဖြင့် မင်းတို့ရှုတဲ့ဉာဏ်ထဲမှာ ငါလဲမဟုတ်ပါဘူး၊ ငါ့ဥစ္စာလဲ မဟုတ်ပါလား၊ အနိစ္စတရား၊ ဒုက္ခတရား၊ အနတ္တ တရားလို့သာ ပိုင်ပိုင်နိုင်နိုင် သိလိမ့်မယ်၊ မသိပေဘူးလား (သိပါတယ် ဘုရား)။
သိတဲ့အခါကျလို့ရှိရင် သူ့ဉာဏ်တွေက မုန်းမလာပေဘူးလား (မုန်းပါတယ် ဘုရား)၊ မုန်းလာတဲ့အခါကျလို့ ရှိရင်မင်းတို့ရှုရင်းမတ္တနဲ့ကို ဒါတွေဆုံးပါလိမ့်မယ် (မှန်ပါ)၊ ရှာကိုမတွေ့ဘူး၊ ရှုရင်းမတ္တနဲ့ အကုန်ပျောက်သွားမယ် (မှန်ပါ)၊
ဘာတွေပျောက်သွားတာတုန်း
ဘာတွေပျောက်သွားတာတုန်းဆိုတော့ ဒုက္ခရောက်မှာတွေ ပျောက်သွားတာ (မှန်ပါ)၊ ဒုက္ခရောက်မှာတွေ ပျောက်သွားလို့ရှိ ရင်၊ ဪ အခုမှပဲ ချမ်းသာပေတော့တယ် ဆိုပြီး၊ ဒီဉာဏ်ကဒုက္ခရောက်တာတွေ မရှိတော့ဘူးဆိုတာ မသိပေဘူးလား (သိပါတယ် ဘုရား)၊ ဒုက္ခရောက်တာမရှိတာ နိဗ္ဗာန် (မှန်ပါ)၊ သိတာကမဂ်ဉာဏ်လာဖြစ်တယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
