“အမှားသုံးချက်ကြောင့် အရှုံးသုံးချက်ရပုံ”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာရိပ်သာ ကျောင်းတိုက်၌ ဟောကြားတော်မူအပ်သော
မာဂဏ္ဍီ ပုဏ္ဏားကြီးအား ခန္ဓာကိုယ်၌ ရောဂါတွေဖော်ပြ၍
“အမှားသုံးချက်ကြောင့် အရှုံးသုံးချက်ရပုံ”
ည-အလုပ်ပေးတရားတော်
(၁၅-၁၂-၆၀)
ခွေးအမဲရိုးကိုက် သည်နှင့်တူ၏
” အဋ္ဌိကင်္ကလူပမာ ကာမ “ ကာမာ = ငါးပါးအားလုံး ကာမဂုဏ်တို့သည်၊ အဋ္ဌိကင်္ကလူပမာ = ခွေးအမဲရိုးကိုက် သည်နှင့်တူ၏ ။
သားတို့ သမီးတို့၊ ပစ္စည်းတို့ကို ခင်နေတဲ့ ပုဂ္ဂိုလ်များဟာ ခွေးအမဲရိုးကိုက်တာနဲ့ တူတယ်၊ ခွေးတစ်ကောင်က အမဲရိုးရတယ်၊ အမဲရိုးရတဲ့အခါကျလို့ ရှိရင်ဖြင့် သူမှာ ကံကောင်းတယ်လို့ အကြောင်းထင်ပြီး သကာလ ဝါးတော့တာပဲ၊ တစ်နာရီလောက်ဝါးမှ အမဲရိုးက နည်းနည်းလေးပွန်းကာ – ပဲ့ကာ၊ ရိုးတွင်းခြင်ဆီ အနံ့ကလေးက အရသာရှိသလိုလိုနဲ့၊ နောက်ဆုံးပိတ်ကျတော့ သွားညောင်းလို့ မောတော့ပစ်ထားခဲ့ရတာပဲ။
ဝ-ပြန်လာတဲ့ ညှီနံ့ကလေးနဲ့ ပြန်ရတာလားလို့ မေးရင် ဘယ့်နှယ်ဖြေကြမှာတုန်း (ညှီနံ့ကလေးနဲ့ပါ ဘုရား)၊ ညှီနံ့ကလေးနဲ့ ပြန်ရတာဟာ ဝ – ပြန်တာမဟုတ်ဘူး၊ မနက်ဖြန်ကျပြန်တော့လဲ ဒီအရိုးပဲ သတိရပြန်တယ်၊ ဒီလိုပဲ လာဝါးပြန်တာပဲ၊ ခြောက်နေတဲ့ – ဒီအရိုးပဲလာဝါးတော့ တစ်နာရီလောက်ရှိမှ ညှီနံ့ကလေးနဲ့ ပြန်ရပြန်တယ်။
သူဝါးရတဲ့ ဆင်းရဲမှုနဲ့၊ ညှီနံ့ကလေး အရသာခံစားရတာနဲ့ ပြောပလောက်အောင် ချမ်းသာမှုရှိရဲ့လား (မရှိပါ ဘုရား)၊ ထို့အတူပဲတဲ့ သား၊ လင်၊ ခင်ပွန်း၊ ပစ္စည်းရှာတဲ့ ဥစ္စာဟာ တစ်နေ့သော်လည်း ဒီအမဲရိုးနဲ့၊ ဒီဆိုင်နဲ့၊ ဒီကားနဲ့၊ ဒီရက်ကန်းနဲ့၊ သွားဝါးပြန်တာပဲ (မှန်ပါ့)၊ မိုးချုပ် – နေဝင်ကျပြန်လို့ရှိရင်လဲ ဟိုဟာလေးတွက်၊ ဒီဟာလေးတွက်နဲ့ ဒီနေ့ ကိုယ့်အတွက်နဲ့၊ ဒီနေ့ ကိုယ့်အတွက်လေး ဘယ်လောက်ကျန်တယ်ဆိုပြီး ပြန်ပြန်တာပဲ၊ ဝသလားလို့ မေးတော့မဝပါဘူး (မှန်ပါ့)၊ မဝဘဲနဲ့ ပြန်ရပြန်တာပဲ။
ညှီနံ့ကလေးနဲ့ပြန်လာရတာပဲ
ဒီဥစ္စာ မဝဘဲနဲ့ပြန်လာခဲ့ရတာ တော်ပြီလားဆိုတော့ မနက်ဖြန် ဒီရက်ကန်းနဲ့၊ ဒီကားနဲ့၊ ဒီဆိုင်နဲ့၊ သွားပြန်နေတာပဲ (မှန်ပါ့)၊
သွားပြီတော့ ဒီလိုပဲ ဝါးပြန်တာပဲ၊ တစ်နေ့လုံးဝါးရတာပဲ၊ ညနေကျ စာရင်းလေးတွက်လိုက်တော့ တစ်ဆယ်၊ ဆယ့်ငါးကျပ်၊ နှစ်ဆယ်၊ အစိတ်၊ သုံးဆယ်၊ ဒီ ညှီနံ့ကလေးနဲ့ပြန်လာရတာပဲ (မှန်လှပါ ဘုရား)။
ဘယ်လောက်ကြာကြာ ဝါးမှာတုန်းလို့ မေးလိုရှိရင်ဖြင့် ဝါးတဲ့သွားသာကျိုးစရာရှိတယ်၊ ဝ-ပါ့မလားလို့ မေးရင်း ဘယ့်နှယ်ဖြေကြမှာတုံး (မဝပါ ဘုရား)၊ အဲဒါနင်တို့ အလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်တွေ၏ ဖြစ်စဉ်ဟာ ခွေးအမဲရိုး ကိုက်သလိုပဲ တဲ့၊ သုံးနှစ်လောက်ရှိတဲ့ အမဲရိုးကြီးကိုက်ပြီး ညှီနံ့နဲ့ပြန်၊ မောတာနဲ့ ညှီနံ့လေးနဲ့ဟာ မမျှတတ်ပါဘူး (မှန်ပါ) ညှီနံ့ကလေးကမဖြစ်လောက်ဘူး၊ ဒါလေးရအောင်လဲ တစ်နေ့လုံးလောက် ဝါးနေကြရတယ် (မှန်လှပါ ဘုရား)။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့ အခုရက်ကန်းတို့၊ ကားတို့ ၊ ဆိုင်တို့ဆိုတဲ့ ငါးပါးအာရုံကာမဂုဏ်တွေဟာ “ အပ္ပသာဒါ “ သာယာစရာတော့ နည်းနည်းလေးရှိတယ်။ “ ဗဟုဒုက္ခာ “ ဒုက္ခတော့ သိပ်များတယ် (မှန်ပါ့)၊ သာယာစရာကတော့ (နည်းပါတယ် ဘုရား)၊ ဒုက္ခကတော့ (များပါတယ် ဘုရား)၊ ဒုက္ခကတော့ အများကြီးပဲ။
အဲဒါ မရိပ်မိဘူး – တဲ့၊ ဒါတွေကို မရိပ်မိတော့ တစ်နေ့သော်လည်း ဒီအမဲရိုးနဲ့တူတဲ့ ရက်ကန်း၊ အမဲရိုးနဲ့တူတဲ့ကား၊ အမဲရိုးနဲ့တူတဲ့ ဆိုင်ကို သွားပြန်တာပဲ၊ ဪ ငါတို့သည် ကားလို့ဆိုရင်၊ ငိုရတဲ့အစာကို သွား – သွားဝါးရတာပဲဟာ ခွေးအမဲရိုးကိုက်သလို ဖြစ်နေပါလားလို့ ဘုရားကဟောတယ်။
ဒီအမဲရိုးကို စိတ်မပျက်သရွေ့
အဲဒီတော့ ဒီအမဲရိုးကို စိတ်မပျက်သရွေ့ ကာလပတ်လုံးမှာ ဒီသွားလာမှု၊ ဒီမဝမှုနဲ့ပဲသေသာသေရော၊ အစာမဝပဲနဲ့ သေရမလိုဖြစ်နေကြတယ် (မှန်ပါ)၊ အဲဒီတော့ အစာအဟာရမဝပဲနဲ့ ပုဂ္ဂိုလ်တွေလို၊ မင်းတို့လဲ ရက်ကန်းအလုပ်၊ ကားအလုပ်၊ ဆိုင်အလုပ်တွေနဲ့ ခွေးအမဲရိုးကိုက်သလိုဖြစ်နေတယ် – တဲ့၊ ညှီနံ့နဲ့ပြီးနေတာပဲ (မှန်ပါ)၊ ဝလဲမဝဘူး (မဝပါ ဘုရား)။
မဝဘဲနဲ့ သေပွဲချည်းဝင်ရတယ်၊ ရောက်ရာဘဝကျတော့လဲ ကိုက်ပြန်တာပဲ၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား) ရောက်ရာဘဝကျတော့ (ကိုက်ပါတယ် ဘုရား)၊ ကိုက်ပြန်တာပဲ၊ ကိုက်ပြန်တော့လဲ ဝ-သေ သဘောရရဲ့လား (မရပါ ဘုရား)၊ တန်းလန်းနဲ့ပဲ ပစ်ထားခဲ့ရတာပဲ (မှန်လှပါ ဘုရား)။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သာယာစရာတော့ အနည်းကလေးပဲတဲ့၊ အညှီနံ့လောက် ရှိတာပဲ၊ ဝါးရတဲ့ နာရီပိုင်းကတော့ များပါတယ် (မှန်ပါ့)၊ ဒီမှာပဲ သားတွေ၊ သမီးတွေ၊ ဆွေတွေ၊ မျိုးတွေ၊ ပစ္စည်းတွေ၊ ချစ်တာ၊ ခင်တာလေးတွေကတော့ နည်းနည်းလေး၊ သူတို့အတွက် ဒုက္ခခံရတာတွေကတော့ (အများကြီးပါ ဘုရား)၊ ဒါဖြင့် သာယာတာက ဘယ့်နှယ်တုန်း (နည်းပါတယ် ဘုရား)၊ ဒုက္ခက (များပါတယ် ဘုရား)။
တဏှာသတ်ကို ဟောနေတာ
ဒီဟာက ဘာဟောတာတုန်းလို့ ဘုရားသခင် ကိုယ်တောမြတ်ကြီးကို မင်းတို့က မေးကြလို့ရှိရင်ဖြင့်၊ တဏှာသတ်ကို ဟောနေတာလို့ မှတ်ရမယ် (မှန်ပါ့) ဒီတဏှာဟာက မဝဘဲနဲ့ ခဏခဏ ဒုက္ခပေးတဲ့တရား၊ ဝလဲ ဘယ်တော့မှ မဝဘူး၊ ဒုက္ခကလဲပေးလိုက်တာကလဲ နေ့စဉ်ရက်ဆက်ပေးနေတာပဲ ၊ ဘယ်နေရာပေးတုန်းဆိုတော့ ဒီဆိုင်ရှိတဲ့လူကို ဒီဆိုင်က ပေးနေတာပဲ၊ ဒီရက်ကန်းရှိတဲ့လူူကို (ရက်ကန်ကပေးပါတယ် ဘုရား) ဒီရက်ကန်းကပေးနေ တာပဲ၊ ဒီကားရှိတဲ့ လူကိုကော (ကားကပေးပါတယ် ဘုရား)၊ ဒီကားကပေးနေတဲ့ဥစ္စာ၊ ဒါဖြင့် မင်းတို့ဟာက ခွေးသေသေရပုံ တော့ရနေတယ် (မှန်လှပါ ဘုရား)။
ဘာသေ – သေရပုံရတုန်း (ခွေးသေပါ ဘုရား)၊ ဘာဖြစ်လို့တုန်း (မဝသေပါ ဘုရား) မောင်ထွန်းတင် ဘာတဲ့တုန်းကွ (မဝ သေပါ ဘုရား) မဝ-သေဆိုတာ စားချင်လျက်တန်းလန်းနဲ့ သေသွားတော့ကို တဏှာနဲ့ မဝတာကွ၊ ဥပါဒါန်နဲ့ ဒီအမဲရိုးပစ်သွားသလားလို့ မေးတဲ့အခါကျတော့ အိုလို့သာ သေလိုက်ရတယ်၊ စွဲလမ်းမှုက (ရှိနေပါတယ် ဘုရား)၊ ရှိနေတယ်ဆိုတော့ ပွားတာကတဏှာ၊ စွဲလမ်းပြီး သကာလ နေတာက ဥပါဒါန်၊ အဲဒီတော့ စွဲလမ်းတဲ့တရားကြောင့် ကာယကံ၊ ဝစီကံတွေက၊ အင်း ဖြစ်မှဖြစ်ရလေခြင်းလို့ ဝစီကံကလာပြီ၊ ကာယကံကလဲ ဒီဟာတွေကိုင်သလိုလို၊ တွယ်သလိုလိုလာပြန်တာပဲ၊ မနောကံကလဲ လွမ်းဆွတ်သလိုလိုလာပြန်တာပဲ (မှန်လှပါ ဘုရား)။
အဲဒီတော့ ဒီကံတွေကြောင့် မင်းတို့သည် ရောက်ရာအပါယ်လေးပါမှာ တစ်ခါတည်းခန္ဓာဖြစ်သွားတာပဲ (မှန်ပါ) အဲ့ဒီတာ့ သေခါနီးလဲ သူဟာတဏှာကလဲမဝတော့ ဥပါဒါန်ကစွဲလမ်းသွားတာပဲ။ မစွဲလမ်းဘူးလား (စွဲလမ်းပါတယ် ဘုရား) စွဲလမ်းတာဟာ ဘာနဲ့စွဲလမ်းသတုန်းလို့ မေးတဲ့အခါကျတော့ “ ကာမုပါဒါန် “ ဒီအာရုံတွေကို စွဲလမ်းသွားတာ ၊ ရက်ကန်းတွေစွဲ၊ ကားတွေစွဲ၊ ဆိုင်တွေစွဲ၊ ‘ ဒိဋ္ဌုပါဒါန် ‘ – ငါ့ဟာနဲ့ငါ ခွဲရတာ့မယ်ဆို ဒီဋ္ဌုပါဒါန်ကလဲ ပါလာတယ် (မှန်ပါ) အတ္တဝါဒုပါဒါန် ဆိုတော့ ငါ့ဟာနဲ့လဲ ငါသည်မတတ်သာလို့ ခွဲရတော့မယ်ဆိုတော့ အတ္တဝါဒုပါဒါန်ကလဲ ပါတာပဲ၊ ဥပါဒါန်သုံးပါနဲ့ ကံတွေက လုပ်လိုက်တဲ့အခါကျတော့ ဟောဒီမှာ အပါယ်လေးပါး ခန္ဓာကြီးဟာ တစ်ခါတည်း ပေါ်လာတာပဲ (မှန်လှပါ ဘုရား)။
မဝတဲ့အလုပ်ကိုလုပ်မိလို့ဆိုတာ
ဒါဖြင့်၊ ဪ နေ့တိုင်း အလုပ်ကလဲမဝခဲ့ဘူး၊ မဝပြန်တော့သေခါနီးကျတော့ အမျိုးမျိုးကံတွေလဲ မလာပေဘူးလား (လာပါတယ် ဘုရား) ကံတွေလာတော့ ကံပစ်ချသလို မင်းတို့မခံရပေဘူးလား (ခံရပါတယ် ဘုရား)၊ ဒါ မဝတဲ့အလုပ်ကိုလုပ်မိလို့ (မှန်ပါ့) မဝတဲ့အလုပ်ကိုလုပ်မိလို့ဆိုတာ သဘောကျပြီလား(ကျပါပြီး ဘုရား)။
မဝတဲ့အလုပ်ဆိုတာ၊ ဘယ်သူကမဝတာတုန်းဆိုလို့ရှိရင်ဖြင့် တဏှာက မဝတာ(မှန်ပါ့)၊ တဏှာကမဝတော့ ဥပါဒါန်ကစွဲလမ်းတယ်၊ ဥပါဒါန်က စွဲလမ်းတော့ မကောင်းတဲ့ကံတွေပေါ်လာတယ်၊ စွန့်ရတော့မယ်၊ ပြုရတော့မယ်ဆိုတဲ့ ကံတွေကပေါ်လာတော့ စိတ်မကောင်းတာတွေပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)၊
အဲဒါ ကံတွေပေါ်လာတာ (မှန်ပါ့) အဲဒီစိတ်မကောင်းဘဲနဲ့ သေသွားတဲ့အခါကျတော့ကို “ကမ္မဘဝပစ္စယာ ဇာတိ” ဆိုပြီး သကာလ ၊ ခန္ဓာငါးပါးကြီး မလာဘူးလား (လာပါတယ် ဘုရား)၊ ခန္ဓာငါးပါး လာတော့ကို ဒီခန္ဓာက ခန္ဓာကောင်းလား၊ ခန္ဓာဆိုးလားဆိုတော့ သွားကြည်တော့လည်း ဒီကံကလဲ မကောင်း၊ ဥပါဒါန်ကကော (မကောင်းပါ ဘုရား)၊ တဏှာကလဲ မဝဘဲနဲ့သေ၊ သား – သမီးပစ္စည်းတွေ ပေ့ါကွာ (မှန်လှပါ ဘုရား)။
ဒါဖြင့်အားလုံးသော ပုဂ္ဂိုလ်တွေ သေကြ ကြေကြတာဟာ ဒီဟာ ဝသေတဲ့ ပုဂ္ဂိုလ်အတော်ရှားလိမ့်မယ်လို့ ဆိုရင်လွဲပါ့မလား (မလွဲပါ ဘုရား)၊ ဒါဖြင့် အပါယ်လေးပါး ခန္ဓာချည်းပေါ်လိမ့်မယ် (မှန်ပါ့)၊ စီးပွားရှာတဲ့ ပုဂ္ဂိုလ်ကလဲ တော်ပြီ ကန်ပြီဆိုပြီး သေသွားတဲ့ပုဂ္ဂိုလ်က ရှားတယ်၊ ရက်ကန်းထောင်တဲ့ လူကလဲ တော်ပြီ နောက်ထပ် ဒီရက်ကန်းမလုပ်တော့ဘူး၊ ရပ်လိုက်ပြီ သူတော်ကောင်း အလုပ်နဲ့ပဲ နေ့တောမယ်ဆိုတဲ့ လူကလဲရှားတယ် (မှန်ပါ)၊ ဆိုင်သမားတွေကလဲ ဒီဆိုင်းကလေးနဲ့ ဈေးသည်ကလည်း ဒီဈေးဆိုင်နဲ့ဆိုတော့ ဘယ်မှာ သုဂတိနတ်ပြည်သွားဖို့နဲ့ နိဗ္ဗာန်သွားဖို့ကိုပါရဲ့လား (မပါ – ပါ ဘုရား)။
ဘယ်သူ့ သတ္တိဆိုကြမယ်
ဒါဖြင့် မဝဘဲနဲ့လဲ စွဲလမ်း၊ စွဲလမ်းလို့လည်း အားထုတ်၊ အားထုတ်လို့လဲ အခုအပါယ်လေးပါးရောက်ပြီ (မှန်ပါ့) ၊ဒါ – ဘယ်သူ့ သတ္တိတုန်းဆိုတော့ ‘ လက်သည် ‘ အရင်းကျကျ ရှာလို့ရှိရင် မဝတတ်တဲ့ တဏှာသတ္တိပဲ (မှန်ပါ့)၊ ဘယ်သူ့ သတ္တိဆိုကြမယ် (မဝတတ်တဲ့ တဏှာသတ္တိပါ ဘုရား)၊ မဝတတ်တဲ့ တဏှာသတ္တိဆိုတော့ ဒီ-တဏှာမသေသရွေ့ အပါယ်လေးပါးကလွတ်စရာအကြောင်းမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
ဒါဖြင် ဪ တယ်ဆိုတဲ့တရားပါလားဆိုတာ ယနေ့ညမပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) သူကလဲ ဘယ်တော့မှ ဝရိုးထုံးစံမရှိပါဘူး (မရှိပါ ဘုရား)၊ ဒီသားခင်ရတာတော်ပြီ၊ ဒီ- သမီးခင်ရတာတော်ပြီ ဒီအလုပ်လုပ်ရတာတော်ပြီ၊ ဒီ သား – လင် – ခင်ပွန်းကို ချစ်ရ – ခင်ရတာတော်ပြီလို့ လာကြရဲ့လား (မလာပါ ဘုရား)။
ဟာ ဒါဖြင့်မင်းတို့ဟာ၊ ဘယ်တော့မှလဲ မဝတဲ့အလုပ်ကို လက်ကိုင်ထားပြန်တော့ စွဲလမ်းမှုနဲ့ပဲ သေရမလို ဖြစ်သွားပြီ (မှန်ပါ)၊ စွဲလမ်းမှုနဲ့သေရမလိုဖြစ်သွားတဲ့ အခါကျတော့ အပါယ်လေးပါးမှ တစ်ပါးလဲ ရွေချယ်နေစရာ လိုသေးလား (မလိုပါ ဘုရား)၊ ဒီပဲ ကျသွားမှာပဲ။
အဲဒီတော့ကို ဒါကြောင့်ဝိပဿနာအလုပ်လုပ်ကြ၊ ဝိပဿနာအလုပ်လုပ်ကြဆိုတဲ့ ဥစ္စာမျိုးဟာက၊ ဒါလွှတ်လိုက်လို့ ပြောတာကွ (မှန်ပါ)။
မြက်မီးရှုးနဲ့တူ၏
တစ်ခါနောက် ဒုတိယဥပမာနဲ့ ဘုရားကပေးပြန်တယ်၊ “ တိဏုက္ကုပမာ ကာမ” ကာမာ= မင်းတို့ သား – သမီးနဲ့ ပစ္စည်းအာရုံဆိုတဲ့ တရားတွေဟာ၊ တိဏုက္ကူပမာ= မြက်မီးရှုးနဲ့တူ၏၊ မြက်ကလေးကို ကြိုးကလေးနဲ့စီး၊ စီးပြီး အဖျားမီးရှို့ပြီး မင်းတို့က ညလမ်းသွားတယ်နော် (မှန်ပါ)၊
ညလမ်းသွားတော့ လေကလဲ တိုက်ပြန်၊ မီးကလဲ ကိုင်ထားရပြန်၊ ကိုယ့်ဘက်ချည်း လောင်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား) လွှတ်ပစ်လိုက် လို့ရှိရင် လောင်မှာလား (မလောင်ပါ ဘုရား) မင်းတို့ကလဲမလွှတ်နိုင်ဘူး၊ ဘာပြုလို့တုန်းဆို ဒီမီးအလင်းကလေးကို ခင်တွယ်နေလို့ (မှန်လှပါ ဘုရား)။
မီးအလင်းကလေးကို ခင်တွယ်နေတဲ့အခါကျတော့ လွှတ်မပစ်နိုင်ဘူး၊ လွှတ်မပစ်နိုင်တော့ အလောင်ခံပြီး သေရုံရှိမှာပဲ (မှန်ပါ)၊ တဏှာက ဆုပ်ထားတာကိုးကွ (မှန်ပါ) တဏှာကဆုပ်ထားတော့ ဒီမိန်းကလေးမှမရှိလို့ရှိရင် မဖြစ်ဘူးဆိုတဲ့ သဘောမျိုးလို့၊ တဏှာက ဆုပ်ထားတော့ ဒီသားမရှိမဖြစ်ဘူး၊ ဒီသမီးမရှိ မဖြစ်ဘူး၊ ဒီခင်ပွန်းမ – မရှိရင် မဖြစ်ဘူး၊ မဖြစ်ဘူးဆိုတာ ဆုပ်ထားသော (မှန်လှပါ ဘုရား)။
ဆုပ်ထားတဲ့အခါကျတော့ လောင်တယ်
မဖြစ်ဘူးဆိုပြီး ဆုပ်ထားတဲ့အခါကျတော့ လောင်တယ်၊ ဆုပ်ထားတဲ့မီးက လွှတ်လိုက်ရင်တော့ မလောင်ဘူးပေါ့ ကွာ (မှန်ပါ)၊ မလွှတ်ဘဲနေလို့ရှိရင်(လောင်မှာပါ ဘုရား)၊ လောင်မှာပဲ။
ဒါဖြင့် မင်းတို့ဆုပ်ထားသလား၊ လွှတ်ပစ်ကြသလားလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမှာတုန်း (ဆုပ်ထားပါတယ် ဘုရား)၊ ဒါဘယ့်နှယ်ကြောင့် ဆုပ်ထားရတာတုန်း ပူချင်လို့ (မှန်ပါ)၊ ဒီ့ပြင်အဓိပ္ပါယ် ဘာရသေးတုံး (မရပါ ဘုရား) ပူချင်လို့မှ တစ်ပါး တင်လှဘာရသေးတုန်း (မရပါ ဘုရား)။
ဒါဖြင့် နင်တို့ဟာ မိုက်လိုက်တာကလောင်မှာတောင်မှ မလွှတ်သေးဘူးဆိုတော့ မောင်ချစ်စိန် ဘယ့်နှယ်နေမှာ တုန်းကွ၊ ဒီထက်မိုက်တာ ရှိသေးလား (မရှိပါ ဘုရား)၊ သားပူကောမလောင်ဘူးလား၊ သမီးပူကောမလောင်ဘူးလား၊ ခင်ပွန်းပူကောမလောင်ဘူးလား (လောင်ပါတယ် ဘုရား) ပစ္စည်းပူကော (လောင်ပါတယ် ဘုရား) လွှတ်ပစ်လိုက်လို့ရှိရင် (မလောင်ပါ ဘုရား)၊ မလောင်ပေမယ့်မင်းတို့ကလဲ လွှတ်ကိုမလွှတ်ဘူး (မှန်ပါ့)၊ ဒါဖြင့် အလောင်ခံမိုက်နေတာပေါ့ကွ (မှန်ပါ့)၊ မောင်ထွန်းတင် ဘယ့်နှယ်ဆိုမှာတုန်း (အလောင်းခံ မိုက်နေတာပါ ဘုရား)။
သူတို့နဲ့ဝေးရင် အေးတယ်
ရိပ်ကိုမရိပ်မိဘူး (မှန်ပါ့)၊ သူတို့နဲ့ဝေးလို့ရှိရင် အေးတယ်ဆိုတဲ့ သဘောကို မလာဘူး (မှန်ပါ့)၊ သွားပြီး ကိုင်လိုက်ပြန်ပြီ၊ လွတ်မယ်လို့ စိတ်ကူး သလားလို့ မေးတဲ့အခါကျလို့ ရှိရင် မခွဲနိုင်ဘူး၊ မလွှတ်နိုင်ဘူးလို့လဲ ပြောပြန်ပြီ (မှန်ပါ) မခွဲနိုင်ဘူး ပြောသရွေ့ ကာလပတ်လုံးဟာ ဆုပ်ထားတဲ့ အဓိပ္ပါယ်က ရှင်းလင်းနေတယ်၊ မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)
ဘာဆုပ်ထားတာတုန်းဆိုတော့ ပူစရာရှိတာ ဆုပ်ထားတာ (မှန်ပါ)၊ သားချစ်လို့ရှိရင် သားဆုပ်ထားတယ်၊ သမီးချစ်လို့ရှိရင် သမီးဆုပ်ထားတယ်၊ ပစ္စည်းခင်းလို့ရှိရင်ကော (ပစ္စည်းဆုပ်ထားပါတယ် ဘုရား) ဒီပစ္စည်းက ပစ္စည်းပူကောမလောင်ဘူးလား (လောင်ပါတယ် ဘုရား)၊ ညမအိပ်ရ၊ စိုးရိမ်ရ၊ ကြောင့်ကြရဆိုတော့ အပူတွေက ဝမ်းထဲမလောင်ဘူးလား (လောင်ပါတယ် ဘုရား)။
သား – သမီး ကလေးတွေကြည့်ပြန်လဲ နေကောင်း – မကောင်းပူရတာ၊ ရှေ့ရေး – နောက်ရေးပူရတာကြောင့် လွှတ်ပစ်လိုက်ပါလားလို့ ဆိုလို့ရှိရင်လဲ မင်းတို့က ဘယ်ဖြစ်မှာတုန်းက ပြောသေးတယ်(မှန်ပါ)၊
လွှတ်ပစ်လိုက်ပါလားလို့ ဆိုတော့ ဘယ့်နှယ်ပြောကြတုန်း (ဘယ်ဖြစ်မှာတုန်းလို့ ပြောပါတယ် ဘုရား)၊ ဘယ်ဖြစ်မှာတုန်းဆိုတော့ ကိုင်ထားရမှာပဲ (မှန်ပါ့)၊ မောင်ထွန်းတင် ဘယ့်နှယ်တုန်းကွ (လွတ်ပစ်ရမှာပါ ဘုရား)။
လွှတ်ပစ်လိုက်ရင်အေးလိမ့်မယ်
လွှတ်ပစ်လိုက်ရင်အေးလိမ့်မယ် ဆိုတာက မင်းတို့ ရှင်းပါတယ်၊ မြက်မီးရှုးလို့လေ (မှန်ပါ့)၊
လေလာတဲ့ဘက်လဲ ပြေးပြန်၊ လက်ကိုလဲလောင်ပြန်၊ ဒါ လွတ်မပစ်ဘူးဆိုလို့ရှိရင် ဟဲ့ လူမိုက်လွှတ်ပစ်လိုက်ပါလားလို့ ပြောဆိုဖို့ ဘုရားပွင့်လာတာကွ (မှန်ပါ့)၊ ဘုရားပွင့်လာတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
မင်းတို့က လောင်မှန်းသိပေမယ့် အမြဲဆုပ်ထားတဲ့ လူမိုက်ကွ (မှန်ပါ့) လွှတ်ပစ်လိုက်၊ လွှတ်ပစ်လိုက်လို့ရှိရင် မင်း အလောင်းသက်သာမယ်၊ မီးလောင်ပြီး မင်းမသေရဘူးဆိုတော့ မလွတ်နိုင်ဘူး၊ ဘုရားက အမှန်ပြောပေမယ့် မင်းတို့ကလဲပေတယ်၊ မင်းတို့ကလဲ မလွှတ်နိုင်ဘူးဆိုတဲ့ ကန့်လန့်စကားတွေ သုံးတယ်ဆိုတော့ အဲဒီမှာ ဘုရားနဲ့မင်းတို့က ရန်ဖြစ်ကြတယ် (မှန်ပါ့)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)၊
ဘယ်သူနဲ့ ရန်ဖြစ်တာတုန်း (ဘုရားနဲ့ပါ ဘုရား)၊ မလွှတ်ရင်တော့ ရန်ဖြစ်နေတာပဲ၊ လွှတ်လိုက်လို့ ရှိရင်တော့ ဪ သူတော်ကောင်းစကား အမှန်ပြောရှာတာ၊ ကိုယ့်သက်သာမှု ပေးတာဆိုပြီး နားထောင်လိုက်လို့ ရှိရင်တော့ ဘုရား၏တပည့်သား ဖြစ်တယ် (မှန်ပါ့) ၊ ဟာ ပေဆုပ်ထားမယ် ဆိုရင်တော့ဖြင့် ကန့်လန့်လုပ်တာပဲ၊ ဘယ်သူကန့်လန့်လုပ်တာတုန်း (ဘုရားကိုလုပ်တာပါ ဘုရား)။
ဟိုကတော့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း တို့အတွက်ပြင်ပေးမလို့ ဒီအသိဉာဏ်တွေရအောင် မနည်းကြိုးစား လာခဲ့တာ၊ ပြင်တတ်တဲ့ ဉာဏ်တွေလေ(မှန်ပါ့)၊
လွှတ်ပစ်ပါဆိုတော့လဲ မင်းတို့က မလွှတ်ဘူး
အဲဒီဉာဏ်တွေ့နဲ့ပြောတာ၊ မင်းတို့က ဘယ့်နှယ်လုပ်မှာတုန်း တည်ထောင်မိ ပေါ့ပဲဆိုတော့ ဒီဘယ့်နှယ် လုပ်မှာတုန်း၊ တည်ထောင်မိပေါ့ပဲ ဆိုတဲ့ ကိုယ်ခန္ဓာခင်မှု၊ သားသမီးနဲ့ ပစ္စည်းခင်မှု၊ တည်ထောင်တာကလဲ မင်းတို့က သွားပြီးကိုင်တာ၊ နဂိုက ဟိုကလာပြီးလောင်တာလား မင်းတို့ကသွားကိုင် ထားတာ လား (သွားကိုင်တာပါ ဘုရား) နို့ မင်းတို့ကလဲသွားကိုင်သေးတယ်၊ လွှတ်ပစ်ပါဆိုတော့လဲ မင်းတို့က မလွှတ်ဘူးဆို တော့၊ ကဲ ဘုရားဘယ့်နှယ်လုပ်ရမှာတုန်း၊ အင်မတန်အကျပ်အတည်းတွေ့တယ် (မှန်ပါ)၊ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။
အင်မတန် အကျပ်အတည်းတွေ့တယ်၊ ကိုင်တာလဲ မင်းတို့ကသွားကိုင်တယ်၊ မှားလို့ ကိုင်တယ်၊ သိတဲ့လူက ပြောပြန်လဲမလိုက်နာဘူး၊ ဘယ့်နှယ်ဖြစ်နေကြတုန်းကွ (မလိုက်နာပါ ဘုရား)၊ မိုက်လုံး သန်နေတယ် (မှန်ပါ)၊ ဟေ့တင်လှတို့ ဘာဖြစ်နေတုန်း (မိုက်လုံးသန်နေပါတယ် ဘုရား)၊ ဒီပြင် အဖြေထွက်စရာရှိသေးလား (မရှိပါ ဘုရား)၊ ဒီပြင် အဖြေထွက်စရာဘာမှမရှိဘူး – တဲ့၊ မင်းတို့ကို မီးကလာပြီး ကိုင်ပါလို့ ပြောတာလား၊ မင်းတို့ကသွားကိုင်တာလား (တပည့်တော်တို့က သွားကိုင်တာပါ ဘုရား)။
မိုက်ချက်ကလွန်နေတယ်
ကဲ ရှိပါစေတော့တစ်ခါမှား၊ နောက်တစ်ခါ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒါဟာမစွဲလမ်း ကောင်းဘူးကွ၊ ဆုပ်မထားရဘူး၊ လွှတ်ပစ်ရတယ်လို့ လာပြောပြန်တယ် (မှန်ပါ့)၊ လာပြောပြန်တော့လဲ မင်းတို့က ဘယ့်နှစ်ဖြစ်တုန်း ဆိုတော့ မဖြုတ်နိုင်ဘူး၊ မလွှတ်နိုင်ဘူးဖြစ်နေတယ် (မှန်ပါ့)၊
ဒါဘယ့်နှယ် ဖြစ်နေတာတုန်း မင်းတို့ဟာကပြောပါဦး၊ ရှင်းစမ်းပါဦးဆိုတော့ မပြောတတ်ပါဘူးဘုရား၊ မိုက်ချက်ကလွန်နေတယ် (မှန်ပါ့)၊ ဘယ့်နှယ်ပြောမှာတုန်း (မိုက်ချက်က လွန်နေပါတယ် ဘုရား)။
ဒါဖြင့် – ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့အတွက်ပြောတာကို မင်းကိုက နားလဲမထောင်ဘူး၊ ကိုင်တာလဲ မင်းတို့ကသွားကိုင်တယ်၊ ကိုင်လို့လောင်ပြန်တဲ့ အခါလောင်တာမြင်လို့ လွှတ်ပစ်လိုက်လို့ ပြောပြန်တော့လဲ မင်းတို့က မလွှတ်နိုင်ဘူးဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကရုဏာတော်က ကုန်ပြီကွ (မှန်ပါ့)၊ မင်းတို့ မိုက်ချက်ကကြီးနေတယ် (မှန်ပါ့)၊ ဘယ့်နှယ်ဆိုကြမယ် (မိုက်ချက်က ကြီးနေပါတယ် ဘုရား)၊ ဘုရားကရုဏာကတော့ (ကုန်ပါပြီ ဘုရား)ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။
အမလေး နင်တို့ဖြစ်စဉ်ကို ဒီနေ့ညတရားမှာကာမဂုဏ်၏ အပြစ်ကိုပြပြီး ခန္ဓာကြီးကို မလိုချင်အောင်၊ သူတစ်ပါးခန္ဓာမလိုချင်အောင် ပြောနေတာကွ (မှန်လှပါ ဘုရား)။
ကဲ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ညည်းရှာတယ်၊ ငါဟာ ပုထုဇဉ်အကန်းတွေကို ဒါမကိုင်ကောင်းဘူး လို့ပြောပါတယ်၊ ပြောတဲ့အခါကျလို့ရှိရင် သူတို့ကလဲနားမလည်ဘူးကွ ကိုင်တာဘဲ၊ ကိုင်ပြီး သကာလ ငါကပြောတာကို ကန့်လန့်လိုသူတို့ကထင်နေသေးတယ်၊ ကဲ ဘယ့်နှယ်ဖြစ်နေတုန်း (ကန့်လန့်ဖြစ်နေပါတယ် ဘုရား)၊ ဘုရားပြောတာကိုလဲ မင်းတို့က ဘယ့်နှယ်ထင်နေသတုန်း (ကန့်လန့်ထင်ပါတယ် ဘုရား)၊ ကန့်လန့်ထင်တယ်၊ သူများလဲ ဒီလိုနေကြတာဘဲဆိုပြီး လူထုနဲ့ ကိုင်ပေါက်နေတာပဲ (မှန်လှပါ ဘုရား)။
ဟိုအိမ်ကြည်လိုက်လည်း သားနဲ့မယားနဲ့၊ ဒီအိမ်ကြည့်လိုက်လဲ သားနဲ့မယားနဲ့၊ တော်တော်ကြာ မျက်ရည်စက်လက်တွေကလဲအိမ်တိုင် (မှန်ပါ)၊ မရှိဘူးလား(ရှိပါတယ် ဘုရား)၊ တော်တော်ကြာကြာ အပါယ်သွားတာတွေ ကကော (အိမ်တိုင်းပါ ဘုရား)၊ အိမ်တိုင်းမရှိဘူးလား (ရှိပါတယ် ဘုရား)။
မီးလောင်သေတဲ့မသာ အပါယ်သွားတော့
အဲဒီဟာတွေမြင်လို့ လွှတ်ပစ်လိုက်၊ လွှတ်ပစ်လိုက် ဆိုပြီး သကာလ သူအမြင်ကျယ်သလောက် အမှန်မပြော ဘူးလား (ပြောပါတယ် ဘုရား)၊ အမြင်ကျယ်သလောက် အမှန်ပြောငြားသော်လဲ မင်းတို့လူစုကလဲ ပေလိုက်တာလွန်လို့၊ ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် ဒီအပေဇာတ် မသိမ်းသရွေ့ ကာလပတ်လုံး အလောင်ရပ်ပါ့မလား (မရပ်ပါ ဘုရား)၊ မရပ်လို့ရှိရင်ဖြင့် မီးလောင်သေတဲ့မသာ အပါယ်သွားတော့လို့ဆိုရုံပဲရှိတယ် (မှန်လှပါ ဘုရား)။
တချို့များ ဝိညာဉ်မချုပ်နိုင်ဘူး အမောများဆိုက်နေလိုက်သေတယ်၊ ဟိုသွားတွေ – သမီးတွေစွဲနေလို့ (မှန်ပါ့)၊ မီးလောင်နေတာကိုးကွ (မှန်ပါ)၊ မီးလောင်နေလို့ အမောတွေများဆိုက်ပြီးနေတာတောင်မှ၊ လွှတ်လိုက်ပါလားလို့ အနားနားကပြောလို့ရှိရင် သူကမကြားချင်ယောင်ဆောင်ပြီးမလွှတ်ဘူး (မှန်လှပါ့ ဘုရား)။
အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဂရုဏာမရှိလို့လား၊ ကိုယ်ပေချက်သန်လို့လားလို့ မောင်ထွန်းတင် စဉ်းစားစမ်းကွာ (ကိုယ်ပေချက်သန်လို့ပါ ဘုရား)၊ အလောင်ခံတာလဲ မင်းတို့ပဲ (မှန်ပါ) လောင်ပြီး သေရတာလဲ (တပည့်တော်တို့ပါ ဘုရား) သွားကိုင်မိတာလဲ (တပည့်တော်တို့ပါ ဘုရား)၊
ဟ နင်တို့ဥစ္စာ ဘယ့်နှစ်ပြစ်သင့် နေတုန်း၊ မီးကိုင်တာလဲမသိလို့၊ မင်းတို့မသိမှုတွေကြောင့် ကိုင်တာလဲ မသိတစ်ချက်၊ လွှတ်ပစ်လိုက်ရင် လွှတ်တယ် ဆိုတာလဲ မလွှတ်နိုင်လဲ မသိတစ်ချက်၊ သေရင်အပါယ်ရောက်လိမ့်မယ်ဆိုတာကိုလဲ မင်းတို့ကမသိတစ်ချက်ဆိုတော့ မင်းတို့ကို မသိသုံးမျိုးလွှမ်းမိုးနေတယ် (မှန်ပါ)၊ ဘာလွှမ်းမိုးနေတုန်း (မသိသုံးမျိုးလွှမ်းမိုးနေပါတယ် ဘုရား)။
မသိသုံးမျိုးလွှမ်းမိုးနေတယ်
အဲဒီတော့ကို မသိသုံးမျိုးလွှမ်းမိုးနေတဲ့ ပုထုဇဉ်အကန်း၊ ပုထုဇဉ်အရူး၊ အကန်းလို့လဲဆိုရမှာလဲ မီးမှန်းမသိဘူး၊ အရူးလို့လဲဆိုရမှာဘဲ တဲ့၊ ကိုယ့်လောင်မှာကြီး ကိုင်ထားတာ ရူးလို့ကိုင်တာပေါ့ကွ (မှန်ပါ) ဟုတ်ပြီလား (မှန်ပါ့)။
အဲဒါတွေ မင်တို့က စဉ်းစားကြည့်တော့မှ၊ ဪ ဒီဥစ္စာသည်ကားလို့ ဆိုလိုရှိရင်ဖြင့် အင်မတန်အလောင်ပြင်းထန်ပါလား၊ ဒီအပူက ဘာအပူနဲ့မှ မတူဘူးလို့လဲ ပါးစပ်က ထွက်နေကြတာပဲကွ၊ မထွက်ကြဘူးလား (ထွက်ပါတယ် ဘုရား)၊ ထွက်ပင် ထွက်ငြားသော်လဲ ဒီအပူကိုခွါပါတော့မယ်၊ ရှဲပါတော့မယ်၊ ရှားပါတော့မယ်လို့လဲ မလာဘူး(မလားပါ ဘုရား)၊ ပူလျက်နဲ့ပဲဆွေးသွားတာပဲ (မှန်လှပါ ဘုရား)၊ ပူလျက်နဲ့ဘဲဆွေးသွားတာဘဲ (မှန်လှပါ ဘုရား)။
ဟာ ဒါဖြင့် နင်တို့ဟာက လွန်ကုန်ပြီ (မှန်ပါ)၊ မလွန်သေးဘူးလား(လွန်ပါတယ် ဘုရား)၊ လွန်တာကို မင်းတို့ဟာ ပြင်ချိန်ကလေးရှိတုန်းကို ပြင်လိုက်ရင် ကောင်းသေးတယ် (မှန်ပါ)၊ ဒါ ဘယ့်နှယ်ဟောတုန်း (ပြင်ချိန်ရှိတုန်းပြင်ရမှာ ပါ ဘုရား)၊ နို့မို့ရင် မီးလောင်သေမယ် (မှန်ပါ)၊ မီးလောင်သေတဲ့ မသာကလဲ အပါယ်သွားမယ် (သွားမှာပါ ဘုရား)၊ မသွားပေဘူးလား (သွားမှာပါ ဘုရား)၊ သေတော့ကို (အပါယ်သွားမှာပါ ဘုရား)၊ အပါယ်သွားမယ်။
သေပြီးသည့် အခြားမဲ့၌အပါယ်သွားမယ်
သေပြီးသည့် အခြားမဲ့၌အပါယ်သွားမယ်၊ မသေခင်မီးလောင်နေတယ် (မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီး ဘုရား)၊ ဘာဖြစ်လို့ လောင်တုန်းဆိုတော့ – သွားကိုင်မိလို့၊ ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)၊ အပါယ်ဘာပြုလို့ ရောက်ရသတုန်း လို့မေးလို့ရှိရင် မီးလောင်ခံပြီးသေခြင်းဆိုးသေရလို့ – လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊
သေခြင်းဆိုး သေရအောင်လဲ ဘယ်သူကသွားပြီး သကာလ ဒီမီးကိုင်သတုန်းလို့ မေးပြန်ရင်ကော (ကိုယ့်ဟာကိုယ်ကိုင်တာ ပါ ဘုရား)၊ မင်းတို့က သာကိုင်တာ(မှန်ပါ)၊ မင်းတို့က ကိုင်လဲကိုင်သေးတယ် လွှတ်လဲမပစ်ဘူး၊ အပါယ်လဲသွားရဦးမယ် ဆိုတော့ မင်းတို့ဟာရှုံးချက်ကသန်လွန်းအားကြီးတယ် (မှန်ပါ)၊ မသန်ဘူးလား (သန်ပါတယ် ဘုရား)။
အဲဒီတော့ သေချာနားကြီးကြီးနဲ့ထောင်မှ၊ ဪ တို့ဟာအရှုံးသုံးချက်နဲ့ နေတာပါလား (မှန်ပါ့)၊ သွားကိုင်မိလို့ အမှားတစ်ချက်ကလဲရှုံးတာပဲ၊ လွှတ်ရမယ်အချိန်မလွှတ်တာလဲ (အရှုံးပါ ဘုရား)၊ ရှုံးတာပဲ၊ နောက် အပါယ်ရောက်တော့ ကော (အရှုံးပါ ဘုရား)၊
အမှားသုံးချက်ကြောင့် အရှုံးသုံးချက်ရ
ဒါဖြင့် အမှားသုံးချက်ကြောင့် အရှုံးသုံးချက်ရတဲ့တရား (မှန်ပါ)၊ အမှားသုံးချက်ကြောင့် (အရှုံးသုံးချက်ရပါတယ် ဘုရား)။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သွားလဲမကိုင်နဲ့လို့ဟောတာပဲ၊ တဏှာပယ်ကြ၊ လွှတ်ပစ်လိုက်ကွ၊ ဥပါဒါန်လဲမပါစေနဲ့လို့ကောမဟောဘူးလား (ဟောပါတယ် ဘုရား)၊ မီးလောင်လဲ မသေစေနဲ့လို့ ကောမဟောဘူးလား (ဟောပါတယ် ဘုရား)၊
အပါယ်လေးပါး ရောက်လိမ့်မယ်လို့ကော (ဟောပါတယ် ဘုရား)၊ ဟောပင်ဟောငြားသော်လဲ မင်းတို့က ကိုင်မအောင်လဲကိုင်လိုက်သေးတယ်၊ မလွှတ်ဘဲနဲ့လဲ ဆုပ်ထားလိုက်သေးတယ်၊ ဟုတ်ရဲ့လား(မှန်ပါ)၊ အပါယ်ရောက်အောင်လဲ မိုက်လိုက်သေးတယ် ဆိုတော့ အမှားသုံးချက်ကြောင့် ဒုက္ခသုံးချက်ရတယ် (မှန်ပါ)၊ သဘောကျပြီးလား (ကျပါပြီ ဘုရား)၊ အမှားသုံးချက်ကြောင့် (ဒုက္ခသုံးချက်ရပါတယ် ဘုရား)။
အမှားသုံးချက်ကြောင့် ဒုက္ခသုံးချက်ရတာကို အခုချိန်ရိပ်မိလို့ရှိရင်ဖြင့် သောင်ကမ်းကလေးမြင်ပါသေးတယ် (မှန်ပါ)၊ အခုနေ ပြန်တက်လိုက်လို့ရှိရင်လွတ်ပါသေးတယ် (မှန်ပါ)၊ ဟာ ဘယ့်နှယ်လုပ်မှာတုန်းဆိုတဲ့ စကားတစ်လုံးနဲ့သာ မောင်ထွန်းတင်အဆင်ခြေလဲလိုက်မယ်ဆိုရင် သွားကြပေတော့ ဟင် (မှန်ပါ)၊ မင်းတို့အသံတွေကလဲ ဘယ့်နှယ်လုပ်မှာ တုန်းကလာမှာပဲ (လာမှာပါ ဘုရား)၊ ဒီသားတွေ၊ ဒီသမီးတွေ၊ ဒီပစ္စည်းတွေကို ဘယ့်နှယ်လုပ်မှာတုန်းဘုရား၊ တပည့်တော်ကို တည်ထောင်ထားတာတွေလို့ မလာဘူးလား (မှန်လှပါ ဘုရား)။
ဟ ဘယ့်နှယ်မှမလုပ်နဲ့ကွ၊ လွှတ်ပစ်လိုက်ရင် လွတ်သေးတယ်လို့ ဆိုရင်လဲ မင်းတို့ကဆင်ခြင်လဲဦးမှာဘဲ၊ တောင်းစုတ် – ပလုံးစုတ်မဟုတ်ဘူးလို့ လာဦးမှာ မင်းတို့က (လာမှာပါ ဘုရား)၊ မလာပေးဘူးလား (လာမှာပါ ဘုရား)၊ ဒါဖြင့် မင်းတို့အသံတွေဟာက ငရဲသံတွေချည်းထွက်နေတာ(မှန်ပါ)၊ ငရဲသွားမယ်၊ ငရဲသွားမယ်၊ ငရဲသွားမယ်ဆိုတဲ့ အသံမှတစ်ပါး ဒီ့ပြင်အသံထွက်သေးလား (မထွက်ပါ ဘုရား)။
မှားထားတာလဲသုံးချက်၊ ရမယ်ဒုက္ခကလဲသုံးချက်
ဒါ မင်းတို့က ဘာပူစရာရှိသေးတုန်းလို့ မေးနေရင် ခက်သေးတယ်(မှန်ပါ)၊ ဘာပူစရာရှိသေးတုန်း မေးရင် တင်လှ ဘယ့်နှယ်နေတုန်း (ခက်ပါသေးတယ် ဘုရား)၊ ခက်ပါသေးတယ်တဲ့၊ မှားထားတာလဲသုံးချက်၊ ရမယ်ဒုက္ခကလဲသုံး (သုံးချက်ပါ ဘုရား)၊ ပထမစပြီး ကိုင်တုန်းကဘဲပူတာဘဲ၊ နောက် မလွှတ်ပဲနဲ့နေလို့လဲ ဒီထက်ပြင်းထန်ပူတာဘဲ (မှန်ပါ့)၊ နောက် အပါယ်ငရဲနဲ့တွေ့ပြန်တော့ကော (ပူပါတယ် ဘုရား)၊ ဒီထက်ပြင်းထန်တဲ့ ငရဲမီးနဲ့ သွားတွေ့ပြန်တော့လဲ မောင်ချစ်စိန် ပူတာပဲ (ပူတာပါပဲ ဘုရား)။
နို့ အပူသုံးချက်ရှိနေတဲ့ ဥစ္စာကို၊ ပူတတ်တဲ့ တရားလက်သတ်မွေးလို့ရှိရင်ဖြင့် မင်းတို့သည်ကား ဘယ်တော့မှ အေးမှာမဟုတ်ဘူး (မအေးပါ ဘုရား)၊ ပူတတ်တဲ့တရားသုံးခုကို မင်းတို့က မလွှတ်ပစ်လို့ရှိရင်ဖြင့် ဘယ့်နှယ်လုပ်ကြမယ် (ဘယ်တော့မှမအေးပါ ဘုရား)၊ ဘယ်တော့မှမအေးတော့ပါဘူး။
ဒါဖြင့် မင်းတို့ကိုယ်တိုင်လဲ နေဖူးကြပါပြီ – တဲ့၊ ညအေးအေးချမ်းချမ်းနေရရဲ့လားလို့ မေးပြန်တော့ မအေးပါဘူး (မအေးပါ ဘုရား)၊ ဟို – ကလေးကဆူ၊ ဒီ – ကလေးကငို၊ ဟင် (မှန်ပါ)၊ စိတ်ကူးကမနက်ဖြန်စားဖို့၊ သောက်ဖို့၊ ရှာဖို့ဟာစိတ်ကူး (မှန်ပါ)၊နေ့လဲမအေးဘူး၊ ညလဲမအေးဘူး (မအေးပါ ဘုရား)၊ မနက်ကျတော့ မအေးတဲ့အတိုင်း ထလုပ်တော့တာပဲ (မှန်ပါ)၊ ထလုပ်တော့လဲ ဒုက္ခတွေ့နဲ့ မနေရဘူးလား (နေရပါတယ် ဘုရား)၊ ဟာ တော်ပြီ-တန်ပြီလို့ တစ်ခါလာပါရဲ့လား (မလာပါ ဘုရား)၊ မလာရင် ဆုပ်ထားပြန်တာပဲ၊ ဒီဥစ္စာမနက်ဖြန်လဲ ဒီအလုပ်ထပ်လုပ်ဦးမယ် (မှန်လှပါ ဘုရား)။
ကိုင်မိပြန်လို့ရှိရင်လဲ လွှတ်လိုက်
ဒီလိုနဲ့ဘဲ မင်းတို့သည်ကားဆိုရင် အပါယ်သာရောက်သွားတော့တာပဲ (မှန်ပါ)၊ သဘောကျပြီးလား (ကျပါပြီး ဘုရား)၊ ဒါဖြင့် ဘယ့်နှယ်လုပ်မှာတုန်း၊ ပထမသွားမကိုင်မှု (မှန်ပါ)၊ ကိုင်မိပြန်လို့ရှိရင်လဲ လွှတ်လိုက် (မှန်ပါ့)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ ပထမ သွားမကိုင်မှုဆိုတာတော့ မင်းတို့က ကိုင်ပြီးသား ပုဂ္ဂိုလ်တွေမို့ထားပါတော့ (မှန်ပါ)၊ သားနဲ့၊ မယားနဲ့၊ ပစ္စည်းနဲ့ တည်ထောင်မိပြီကိုး အပူတွေကိုင်ထားပေါ့ (မှန်ပါ)၊ လွှတ်လိုက်လို့ရှိရင်တော့ လွှတ်ပါသေးတယ် (မှန်ပါ)၊ လွှတ်လိုက်လို့ရှိရင် (လွှတ်ပါတယ် ဘုရား)။
လွှတ်မယ်လို့ စိတ်ကူးသလားလို့ မေးပြန်တော့ မင်းတို့က ဘယ့်နှယ်လုပ်မှာလဲဆိုတဲ့ ဆင်ခြေကလာပြန်တယ်၊ ခက်လိုက်တဲ့ဖြစ်ခြင်း၊ ဒီအကန်း-ဒီအရူးတွေ ဘယ့်နှယ်လုပ်မှာတုန်းလို့ ဘုရားညည်းတာကော ညည်းသင့် – မညည်းသင့် (ညည်းသင့်ပါတယ် ဘုရား)၊ အဲဒီတော့ကို မင်းတို့ဟာ မျက်လုံးမှိတ်ရလိမ့်မယ် (မှန်ပါ)၊ တင်လှဘာလုပ်ရမှာတုန်း (မျက်လုံးမှိတ်ရမှာပါ ဘုရား)၊ ကဲ လောကကြီးကလဲ ဘယ်သူဘဲ ကဲ့ရဲ့ – ကဲ့ရဲ့၊ ကိုယ်နောက်ထပ်အပါယ်ကျမှာနဲ့၊ ဒီထက်ဖြင့်မဆိုးတော့ဘူးဆိုပြီး အခုဉာဏ်နဲ့လွှတ်ပစ်လိုက်လို့ရှိရင်လွှတ်သွားတာပဲ (မှန်ပါ)၊ သဘောကျပြီလာ (ကျပါပြီး ဘုရား)၊ ဒါဖြင့်မင်းတို့ဟာ မျက်လုံးမှိတ်ဖို့ရာလဲ စိတ်ကူးကိုမထည့်သေးဘူး(မှန်ပါ)၊ ဘယ့်နှယ်ဖြစ်နေကြတုန်း (စိတ်ကူးကိုမထည့်သေးပါ ဘုရား)၊ စိတ်ကူးကိုမထည့်သေးဘူး။
အမလေး ပြင်းထန်လှချည်လားကွ၊ ကိုင်ထားလို့ လောင်ပေါင်းကလဲ မျက်ရည်ဘယ့်နှစ်ခါ ကျဖူးသတုန်း မေးရင် ဘယ့်နှယ်ပြောကြမှာတုန်း (မရေတွက်နိုင်ပါ ဘုရား)၊ မရေတွက်နိုင်အောင်လဲ ကျဖူးပြီး၊ ကိုင်ပေါင်းကလဲများ၊ မလွှတ်နိုင်တာကလဲ အကြီးအကျယ်၊ မီးလောင်လို့မှ သေပါ့မလားလို့ မေးဖို့ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ မီးလောင်လို့ သေးရမှာပဲဆိုတဲ့အဓိပ္ပါယ်ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ပထမ အမိုက်ကိုလဲမပြင်၊ ဒုတိယ အမိုက်ကိုလဲမပြင်
အဲဒီတော့ ဒီ-ဒကာ ဒကာမတွေဟာ၊ ပထမ အမိုက်ကိုလဲမပြင်၊ ဒုတိယ အမိုက်ကိုလဲမပြင်ဆိုတော့ တတိယ မိုက်ပြစ်သင့်ရတာကို တွေ့ရမယ်(မှန်ပါ့)၊ မတွေ့ရပေဘူးလား (တွေ့ရမှာပါ ဘုရား)၊ ဘာပြုလိုတုန်း၊ ပထမမိုက်ကိုလဲ (မပြင်လို့ပါ ဘုရား)၊ ဒုတိယမိုက်ပြင်ချိန်မှာကော (မပြင်ပါ ဘုရား)၊ အခု – မင်းတို့ဆရာကောင်း – သမားကောင်းနဲ့တွေ့ တုန်းကို၊ ကဲ ဒါတွေဟာ သားတွေ၊ မယားတွေ၊ ပစ္စည်းတွေဟာ အလုံးစုံအကုန်ပဲ အနတ္တသဘောတွေလို့ ဉာဏ်ကလေးနဲ့ ရှုပေးကွ (မှန်ပါ)၊ ဉာဏ်ကလေးနဲ့ ရှုပေးလိုက်တဲ့အခါကျလို့ ရှိရင်ဖြင့် သွားကိုင်မိသေးရဲ့လာ (မကိုင်မိပါ ဘုရား)။
မကိုင်မိလို့ရှိရင်ဖြင့် မပူဘူး၊ ကိုင်မှမကိုင်တဲ့ ပုဂ္ဂိုလ်က ဆုပ်ထားစရာရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဆုပ်ထားစရာမရှိတော့ မကိုင်မိတာက တဏှာချုပ်တာ၊ ဆုပ်ထားတဲ့ ဥစ္စာမရှိတာက ဥပါဒါန်မရှိတာဆိုတော့ သူ့အတွက် ကြံစည်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဒါဖြင့် ကာယကံ – ဝစီကံတွေ ချုပ်မသွားဘူးလား (ချုပ်သွားပါတယ် ဘုရား) ၊ ချုပ်သွားတဲ့ အခါကျတော့ ဒီအပါယ်လေးပါးတံခါးဟာ ဘယ့်နှယ်နေတုန်း (ပိတ်ပါတယ် ဘုရား)။
မကိုင်ကောင်းဘူးလို့ သိတာဟာ ဝိပဿနာရှုတာ
ပိတ်သွားတာလည် မင်းတို့သွားမကိုင်တဲ့ သတ္တိကြောင့် (မှန်ပါ)၊ မကိုင်ကောင်းဘူးလို့ သိတာဟာ ဝိပဿနာ ရှုတာ၊ မကိုင်ကောင်းဘူးလို့ သိတာက(ဝိပဿနာရှုတာပါ ဘုရား)၊ အဲ ဝိပဿနာရှုတဲ့အလုပ် မှတစ်ပါး မင်းတို့ကို ကယ့်မယ်၊ ယူမယ့်လူတော့ ရှိကို မရှိဘူးဆိုတာ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)။
ဒါဖြင့် မင်းတို့ ပြင်ဘက်လဲ ဝိပဿနာရှု (မှန်ပါ)၊ ကိုယ့်ကိုယ်ကော(ဝိပဿနာရှုရမှာပါ ဘုရား)၊
အဲဒီကဲ့သို့ ရှုနိုင်ကြလို့ရှိရင်ဖြင့် တဏှာကသွားကိုင် သေးရဲ့လား (မကိုင်ပါ ဘုရား)၊ ဥပါဒါန်က ဆုပ်သေးရဲ့လား (မဆုပ်ပါ ဘုရား)၊
မဆုပ်တော့ ကံကစီမံစရာ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ မရှိလို့ရှိရင်ဖြင့် တဏှာ၊ ဥပါဒါန်၊ ကံဆိုတဲ့ သမုဒယသစ္စာတွေ ချုပ်ကုန်တယ် (မှန်ပါ)၊
ဝိပဿနာရှုတဲ့ မဂ်ကနေဖြတ်ချလိုက်တာ
သမုဒယသစ္စာချုပ်တော့ ဟိုဘက် ဒုက္ခသစ္စာတွေကော (ချုပ်ပါတယ် ဘုရား)၊ မကိုင်ကောင်ဘူးသိတာက ခုနက ဝိပဿနာရှုတဲ့ မဂ်ကနေဖြတ်ချလိုက်တာ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ သဘောပါပြီးနောက် (ပါ – ပါပြီ ဘုရား)အေး ဒါပြင်ကြဦး၊ ပြင်ချိန်ရှိသေးတယ် (မှန်လှပါ ဘုရား)။
