”အရှိမှန်ရမည်၊ နှလုံးသွင်းမှန်ရမည်”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာရိပ်သာ ကျောင်းတိုက်၌
ဟောကြားတော်မူအပ်သော
”အရှိမှန်ရမည်၊ နှလုံးသွင်းမှန်ရမည်”
ည-အလုပ်ပေး တရားတော်
(၁၄-၁၂-၆၀)
တရားနာနေတဲ့ ခန္ဓာငါးပါး
ခန္ဓာငါးပါးလို့မှတ်ထားပါနော်၊ တရားနာနေတဲ့ ခန္ဓာငါးပါးလို့မှတ်တော့ အဲဒီတရားနာနေတဲ့ခန္ဓာငါးပါးဟာ၊ ဪ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ စိတ်၊ ဒါ ခန္ဓာငါးပါးတွေဘဲ၊ အဲဒီခန္ဓာငါးပါးကို ခန္ဓာငါးပါးလို့ ဆရာသမားဆီက နည်းမရဘဲနဲ့၊ ကိုယ်ခန္ဓာကိုယ့်မျက်လုံးနဲ့ ကိုယ်ကြည့်လို့ရှိရင် ဒါက(ပုံစံခွက်ချပြသည်) ကိုယ့်မျက်လုံးဆိုပါစို့၊ ဒါကကိုယ့်ကိုယ်နော် (မှန်လှပါ ဘုရား)။
ကိုယ့်ကိုယ်ကို ကိုယ့်မျက်လုံးနဲ့နည်းမရဘဲနဲ့ကြည့်ခဲ့လို့ရှိရင် ငါဆိုတဲ့ ဥစ္စာတွေကပေါ်လာတယ်၊ ကိုယ့်မျက်လုံးနဲ့ ကိုယ့်ကိုယ်ကို ကြည်တဲ့အခါကျလို့ ရှိရင် ငါယောကျာ်း၊ ငါမိန်းမ၊ ငါ့ဆံပင်၊ ငါ့ခြေ၊ ငါ့လက် အစရှိသည်နဲ့ ဖြစ်လာတယ်။
ဒါက ကိုယ့်ခန္ဓာ၊ ဒါက ကိုယ့်မျက်လုံး၊ ကိုယ့်မျက်လုံးကို ဉာဏ်မျက်လုံး မဟုတ်ဘဲနဲ့ကြည့်လိုက်မယ်၊ နှလုံးသွင်းမှားနဲ့ ကြည့်လိုက်မယ်ဆိုလို့ ရှိရင်ဖြင့် ငါနေရာကျသားပဲ၊ ငါ ကျန်းမာသားပဲ၊ ငါ သွားနိုင်ပါသေးတယ်၊ ငါ လာနိုင်ပါသေးတယ်လို့ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ဒါ ဘယ့်နှယ်ကြောင့်ဖြစ်ပါလိမ့်မတုံး ငါဆိုတာဘယ်ကများ ထွက်လာပါလိမ့် မလဲလို့ မေးဖို့လိုလာတယ်နော်။
ကိုယ့်ခန္ဓာကို ကိုယ့်မျက်လုံးနဲ့ ကြည့်တဲ့အခါ
ဒါက ကိုယ့်ခန္ဓာ၊ ဒါက ကိုယ့်မျက်လုံး၊ (ပုံစံခွက်ချပြသည်) ကိုယ့်ခန္ဓာကို ကိုယ့်မျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါမှာ၊ နည်းနာနိဿယကမရတော့ ဟောဒီငါထွက်လာတယ်၊ ဒီမှာ ငါ့မျက်လုံး၊ ငါ့ဆံပင်၊ ငါ့သွေး-ငါ့သား၊ အင်း ဒီငါဘယ်ကများ ထွက်လာပါလိမ့်မတုန်းဆိုတော့ မိမိခန္ဓာကို မိမိမျက်လုံးနဲ့ အကြည့်မှားလို့ ငါထွက်လာတာ (မှန်ပါ့)၊ နားလည်ပြီလား (မှန်ပါ့)၊ ငါဘယ်ကလာတာတုန်း (ကိုယ့်ခန္ဓာကို ကိုယ့်မျက်လုံးနဲ့ အကြည့်မှားလို့ပါ ဘုရား)၊ အကြည့်မှားလို့ထွက်လာတာ လို့ သေချာမှတ်ပါ (မှန်လှပါ ဘုရား)။
အဲဒီတော့ခန္ဓာငါးပါးက မှန်နဲ့တူတယ်၊ ဒီက မိမိမျက်လုံးနဲ့ ကြည့်လိုက်တော့ ဒီမှာအရိပ်ပေါ်လာတယ်၊ လူရိပ်ပေါ်လာတယ်၊ “ငါ” ရိပ်ထွက်လာတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာရှင်းသွားတယ်နော် (မှန်ပါ့)၊ “ငါ” တည်းဟူသော အရိပ်ထွက်လာတယ်။
ဒါကြောင့် ရှင်အာနန္ဒာက “ဥပါဒါယ “ ဒီခန္ဓာငါးပါးကို အစွဲပြု၍ “ အသ္မိ “ ငါဟူသော ဒိဋ္ဌိသည် “ဟောတိ” ဖြစ်၏။ ခန္ဓာငါးပါးကို ကိုယ်မျက်လုံးနဲ့ကိုယ်အကြည်မှားလိုက်လို့ ငါ-နေရာကျသားပဲ၊ ငါ-သွားနိုင်သေးတယ်၊ ငါ-ရောင်းနိုင်သေးတယ်၊ ငါ-ဝယ်နိုင်သေးတယ်၊ ငါ့အရိုးငါချီနိုင်သေးတယ် ဆိုတော့ ဪ ဒီငါထွက်လာတဲ့ဥစ္စာက အကြည့် မှားလို့ ထွက်လာတာဆိုတာရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ မောင်ထွန်းတင်တို့ အကြည့်မှားထားတယ် (မှန်လှပါ ဘုရား)။
အကြည့်မှားကြောင့် “ငါ”ထွက်လာတာတဲ့
ခန္ဓာငါးပါးကို အကြည့်မှားကြောင့် ထွက်လာတာတဲ့၊ “ ငါ “ ဆိုတဲ့သဘောထွက်လာတယ်၊ မျက်လုံးနဲ့ နှလုံးသွင်း မှားနဲ့ကြည့်လိုက်တာ့ ငါ-နေရာကျတယ်၊ ငါ-သွားနိုင်သေးတယ်၊ ငါ-ကြည့်ကောင်းပါသေးတယ် ဆိုတဲ့ တဏှာလာတာဘဲ၊ ငါ-ဘယ်သူ့အောက်မှမကျသေးဘူးဆိုရင် မာနလာတယ်၊ ဒီဟာ ငါပဲလို့ ထင်ရင်ဒိဋ္ဌိလာတာဘဲ၊ ခန္ဓာငါးပါးကို ငါထင်ရင် ဒိဋ္ဌိလာတယ်၊ မလာပေဘူးလား (လာပါတယ် ဘုရား)၊
ငါ-ဘယ်သူ့အောက်မှမကျသေးဘူးဆိုရင် မာနလာတယ် (မှန်ပါ့)၊ ဪကိုယ့်ကိုယ်ကိုခင်တယ်၊ ကိုယ့်ကိုယ်မှကိုယ်မခင်ရင် ခက်ရချည်ရဲ့ဆိုလို့ရှိရင် ‘ခင်’ လုံးလေးလာလို့ တဏှာလာတယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် ခန္ဓာငါးပါးကို နှလုံးသွင်းအကြည့်မှားနဲ့ ကြည့်လိုက်လို့ရှိရင်တဏှာ၊ မာန၊ ဒိဋ္ဌိလာတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဘယ်နှစ်မျိုးလာတုန်း (သုံးမျိုးလာပါတယ် ဘုရား)၊ သုံးမျိုးလာတယ်၊ ကိုယ့်ကိုယ်ကိုခင်တဲ့ တဏှာလဲလာ တတ်တယ် (မှန်ပါ့)၊ ကိုယ့်ကိုယ်ကို ကြည့်ပြီး သကာလ ငါဘယ်သူ့အောက်မှ မကျသေးပါဘူးကွာ၊ ယောကျ်ားပဲဆိုတဲ့ မာနလေးကော (လာပါတယ် ဘုရား)။
ခန္ဓာငါးပါးမှန်ကို နှလုံးသွင်းမှားနဲ့ ကြည့်လိုက်တဲ့
ကဲ ခန္ဓာငါးပါးမှန်ကို နှလုံးသွင်းမှားနဲ့ ကြည့်လိုက်တဲ့အတွက် တဏှာ၊ မာန၊ ဒိဋ္ဌိလာတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ခန္ဓာငါးပါးကို နှလုံးသွင်းမှားနဲ့ ကြည့်လိုက်တော့ ဘာဖြစ်လာတုံး (တဏှာ၊ မာန၊ ဒိဋ္ဌိ လာပါတယ် ဘုရား)၊ တဏှာ၊ မာန၊ ဒိဋ္ဌိ တစ်ခါတည်း လာတယ်ဆိုတာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဪ ဒါဖြင့် ခန္ဓာငါးပါးကမှန်နဲ့တူတယ်၊ ဒီက ပုထုဇဉ်နဲ့တူတယ်၊ အကြည့်မှား ပုထုဇဉ်နဲ့တူတော့ ကြားထဲ ဘာလာပေါ်နေတုန်း (တဏှာ၊ မာန၊ ဒိဋ္ဌိပါ ဘုရား)၊
အဲ ဝမ်းထဲမှာ တဏှာ၊ မာန၊ ဒိဋ္ဌိလာပေါ်တာပဲ (မှန်ပါ့)၊ ဒါဖြင့် တဏှာ၊ မာန၊ ဒိဋ္ဌိဟာ အလိုလို လာတာလား၊ ခန္ဓာငါးပါးကို ခန္ဓာငါးပါးလို့ မသိလို့လာတာလားလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမှာတုန်း (မသိလို့လာတာပါ ဘုရား)၊
ခန္ဓာငါးပါးကို ခန္ဓာငါးပါးရယ်လို့မသိလို့ တဏှာ၊ မာန၊ ဒိဋ္ဌိလာတာ (မှန်ပါ့)၊ ဒါဖြင့် မသိတဲ့ နှလုံးသွင်းမှားနဲ့ ခန္ဓာနဲ့ တည့်နေလို့ရှိရင်ဖြင့် ဒီပုထုဇဉ်နှလုံးသွင်းမှား ပုဂ္ဂိုလ်မှာ တဏှာ၊ မာန၊ ဒိဋ္ဌိ လာပါတယ် (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် တဏှာ၊ မာန၊ ဒိဋ္ဌိသည် ခန္ဓာတည်းဟူသောအကြောင်းလဲမကင်းဘူး၊ နှလုံးသွင်းမှားလဲမကင်းဘူး တဏှာ၊ မာန၊ ဒိဋ္ဌိဖြစ်ကြောင်းမှာလေ (မှန်ပါ့)၊ ခန္ဓာငါးပါးကောကင်းရဲ့လား (မကင်းပါ ဘုရား)၊ ခန္ဓာငါးပါး မသိမှုအကြောင်းလဲမကင်းဘူး၊ အကြည့်မှားတဲ့အမှားလဲမကင်းဘူးလို့ဆိုရင် လွဲပါ့မလား(မလွဲပါ ဘုရား)။
အမှားသုံးချက် ထွက်လာတယ်
ဒါဖြင့် ဒီကအကြည့်မှား ဒီကအရှိမှားကြောင့် အမှားသုံးချက် ထွက်လာတယ် (မှန်ပါ)၊ အကြည့်မှားအရှိမှား ကြောင့် (အမှားသုံးချက်ထွက်လာပါတယ် ဘုရား)
အရှိကိုလဲ မင်းတို့က မသိဘဲကိုးကွ၊ ယောကျာ်း၊ မိန်းမပဲရှိတယ်လို့ ထင်နေတယ် (မှန်ပါ့)၊ အကြည့်ကလဲ ကြည့်လိုက်တဲ့အခါ ယောကျာ်းပဲ၊ မိန်းမပဲလို့ထင်နေတော့ ဒီကြားထဲမှာ ငါဘယ့်သူ လက်အောက်မှ မကျသေးပါဘူး၊ ငါ့အရိုးငါချီနိုင်သေးတယ် ဆိုတဲ့ မာနတွေလဲလာတယ်၊ ငါ့ကိုယ်ငါခင်တယ် ဆိုတဲ့ ဒိဋ္ဌိလဲလာတာပဲ၊ တကယ် ငါပဲထင်တဲ့ ဒိဋ္ဌိကော (လာပါတယ် ဘုရား)။
ဒါဖြင့် အရှိကိုလဲ ခန္ဓာငါးပါးလို့မသိ၊ အကြည့်ကလဲလွဲနေတော့ အရှိကလွဲ၊ အကြည့်ကလွဲတဲ့အတွက် အရှိကလဲရှိ တဲ့ဥစ္စာကိုမသိဘူးနော် (မှန်ပါ့)၊ အဲဒီတော့ အရှိကလဲပြောပေးမယ့်ဆရာကမရှိ၊ အကြည့်ပြင်ပေးမယ်ဆရာကလဲ မရှိဖြစ်နေတယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ဒါကြောင့် ဒီတဏှာ၊ မာန၊ ဒိဋ္ဌိက မလာပါနဲ့ဆိုလို့ရသေးရဲ့လား (မရပါ ဘုရား)၊ အရှိလဲပြင်ပေးမယ့်လူမရှိ၊ အကြည့်လဲပြင်ပေးမယ့် လူမရှိရင် မောင်ချစ်စိန် ဘာလာမယ်ထင်တုန်း (တဏှာ၊ မာန၊ ဒိဋ္ဌိပါ ဘုရား)။
ပြင်ပေးမယ့် လူမရှိလို့ရှိရင်
အရှိလဲ (ပြင်ပေးမယ့်လူမရှိပါ ဘုရား)၊ အကြည့်လဲ (ပြင်ပေးမယ့်လူမရှိပါ ဘုရား)၊ ပြင်ပေးမယ့် လူမရှိလို့ရှိရင်ဖြင့် ဒီ တဏှာ၊ မာန၊ ဒိဋ္ဌိကလာတော့မှာပဲ၊
ဒီ တဏှာ၊ မာန၊ ဒိဋ္ဌိလာရင် တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏဘက်သွားတော့မယ် (မှန်ပါ့)၊ မာနလာလို့ရှိရင်လဲ မာနလဲတဏှာပဲ၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏဆိုတဲ့ ဟိုဘက်ချည်း မသွားဘူးလား (သွားပါတယ် ဘုရား)၊
ဒိဋ္ဌိလဲအတူတူပဲ၊ ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံနဲ့ ဇာတိ၊ ဇရာ၊ မရဏဘက်မသွားပေဘူးလား (သွားပါတယ် ဘုရား)။
ကဲ မင်းတို့ဥစ္စာ အင်မတန် ခက်နေပါပေ့ါလား၊ အရှိပြင်ပေးမယ့်လူ မရှိလို့ရှိရင်လဲအပါယ်သွားဖို့၊ အကြည့်ပြင် ပေးမယ့်လူမရှိရင်ကော (အပါယ်သွားဖို့ပါ ဘုရား)၊ ဟာ ဒီဥစ္စာ အတော်နစ်နာတဲ့ အလုပ်ပါပဲလား၊ သူများချလို့သွားရတာ လားတဲ့၊ အကြည့် မကြည့်တတ်လို့သွားရတာလား (အကြည့် မကြည့်တတ်လို့ သွားရတာပါ ဘုရား)၊
အကြည့်ကလဲ မကြည့်တတ်၊ အရှိကိုတော့မသိဘူး (မသိပါ ဘုရား)၊ ထိုကဲ့သို့ ဆိုလို့ရှိရင်ဖြင့် အိမ်နေရင်း တဏှာ၊ မာန၊ ဒိဋ္ဌိတွေက ခဏခဏဖြစ်နေတာဘဲ (မှန်လှပါ ဘုရား)။
တဏှာ၊ မာန၊ ဒိဋ္ဌိတွေက ခဏခဏဖြစ်နေတာဘဲ
တဏှာ၊ မာန၊ ဒိဋ္ဌိတွေ ခဏခဏဖြစ်ပြီး သကာလ နေတော့၊ ဪ ဒီဥစ္စာသူများပစ္စည်းလဲမခိုး၊ သူ့အသက်လဲ မသတ်၊ မလိမ်မကျစ်ဘဲနဲ့ သူတစ်ပါးနဲ့ ဆက်သွယ်တာဘာမှမရှိဘဲနဲ့၊ ကိုယ်ခန္ဓာအရှိမှား- အကြည့်မှားနဲ့ပဲ အပါယ်လေးပါး ရောက်သွားတယ် (မှန်ပါ့)၊ သဘောကျကြပြီလား (ကျပါတယ် ဘုရား)။
ဟေ့ မောင်ချစ်စိန်၊ မင်းသူများ ဥစ္စာခိုးလို့ကျတာလားလို့ မေးရင် ဘယ့်နှယ်ဖြေမှာတုန်း (မဟုတ်ပါ ဘုရား)၊ မဟုတ်ပါဘူးတဲ့၊ အရှိကိုမသိတာ (မှန်ပါ့)၊ အရှိကို မကြည့်တတ်တာ (မှန်ပါ့)၊ ဒီနှစ်ခုကြောင့် တဏှာ၊ မာန၊ ဒိဋ္ဌိက အပါယ်လေးပါး၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးပါးကို ပို့မချလိုက်ဘူးလား (ချပါတယ် ဘုရား)။
ဒါဖြင့် မင်းတို့ဟာအိမ်မှာနေကြပြီး ဆရာသမားလဲမရှာ၊ အရှိလဲမသိ၊ အကြည့်လဲမကြည့်တတ်ဆိုရင်ဖြင့် မောင်ထွန်းတင်သွားပြီကွ (မှန်ပါ)၊ မသွားသေးဘူးလား (သွားပါတယ် ဘုရား)၊ နို့ကွာ သီလရှိသားပဲ၊ သီတင်းတိုင်း သီလဆောင်တည်နေတာပဲ၊ ပေးကမ်နေတာပဲ၊ တို့ဘာလုပ်စရာလိုသေးတုန်းလို့ မေးတဲ့ပုဂ္ဂိုလ်ဟာ အတော်လွဲနေတယ် (မှန်ပါ့)၊ မလွဲဘူးလား (လွဲပါတယ် ဘုရား)၊
သူကသီလ လောက်ပြောနေတာ
သူကသီလ လောက်ပြောနေတာ၊ ဒါန လောက်ပြောနေတာ၊ ဒီမှာ ဝိပဿနာ မရှုတတ်လို့ သွားရမယ့် အပါယ်လေးပါးကို သူသိရဲ့လား (မသိပါ ဘုရား)၊ မသိတော့ သူတို့ပြောတာယုံနေလို့ မင်းတို့ငါးပါးမှောက်နေတာ (မှန်ပါ့)၊ မမှောက်ပေးဘူးလား (မှောက်ပါတယ် ဘုရား)။
အဲဒါ ကြပ်ကြပ်စဉ်းစားပြီး သကာလ နေလိုက်မယ်ဆိုရင် ဪ အရှိဘဲသိဖို့၊ အကြည့်ကလဲ မှန်ဖို့ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)၊ အရှိသိဖို့၊ အကြည့်ကမှန်ဖို့ အင်မတန် အရေးကြီးတယ် ဆိုတာပေါ်လာတယ် (မှန်ပါ့)၊
ဒါက မောင်ထွန်းတင်တို့၊ မောင်ချစ်စိန်တို့က မသိလို့သာကိုးကွ၊ ဘုရားပွင့်မှ ဒီဥစ္စာကပြောနိုင်တာ (မှန်ပါ့)၊ နို့မို့လို့ရှိရင် အရှိကလဲ ယောကျာ်း၊ မိန်းမပဲ၊ ကြည့်လိုက်တဲ့အခါကျလို့ရှိရင်လဲ တစ်ခါတည်း ‘ငါ’ ကထွက်လာတာဘဲ (မှန်ပါ့)၊ ငါ – ယောကျာ်းဘဲ၊ ငါ – မိန်းမဘဲလို့ အကြည့်တွေကလဲ လွဲသွားတော့၊ တစ်ခါတည်း အလယ်မှာတဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့အရိပ်တွေထွက်မလာဘူးလား (လာပါတယ် ဘုရား)၊
ထွက်လာတာ အလကားထွက်တာလား အပါယ်ပို့မလို့ ထွက်လာတာလား (အပါယ်ပို့မလို့ပါ ဘုရား)၊ အပါယ်ပို့မယ်၊ သုံးဆယ့်တစ်ဘုံပို့မယ်၊ ဒုက္ခထဲချည်းပို့မလို့ထွက်လာတာ ဆိုတာ တင်လှတို့ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အင်း ဒါဖြင့် တော်တော်အရေးကြီးပါလား (အရေးကြီးပါတယ် ဘုရား)၊ အဲဒါဒီနေ့ညဟောတဲ့တရားမှာ တဏှာ၊ မာန၊ ဒိဋ္ဌိဟာ ဘယ်လိုကြောင့်ပေါ်လာတယ်ဆိုတာကို သိအောင်ဟောတဲ့တရား (မှန်ပါ့)၊ ရှင်ပုဏ္ဏက ရှင်အာန္ဒာကို ဟောတဲ့တရားလို့မှတ်ထားရမယ် (မှန်လှပါ ဘုရား)။
မကြည့်တတ်ရင်အခက်ကြီးပါလား
” ဥပါဒါယ “ ဒီက ကြည့်လိုက်တဲ့ အခါကျတော့ မသိသေးတဲ့ပုဂ္ဂိုလ်က အရှိကိုအစွဲပြုပြီး သကာလ ၊ ဒီ တရားသုံးခုလာတာပါ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲဒီတော့ကို၊ ဪ မကြည့်တတ်ရင်အခက်ကြီးပါလား၊ ရှိတာမသိရင်လဲ(အခက်ပါ ဘုရား)၊ ရှိတာမသိရင် အကြည့်ကမှားတော့မှာပဲ၊ မမှားသေးဘူးလား (မှားမှာပါ ဘုရား)၊
မှားရင်ဘယ်နှစ်ခု လာမှာတုန်း (သုံးခုလာမှာပါ ဘုရား)၊ မှားရင် ဒီသုံးခုလာမယ်၊ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့သုံးခုလာမယ်၊ သုံးခုလာရင်တော့ မသက်သာတော့ဘူး၊ သူတို့က ပပဉ္စတရား (မှန်ပါ့)၊
ဘာတရားတုန်း (ပပဉ္စတရားပါ ဘုရား)၊ သံသရာကို ဒီဘက်အများကြီးချဲ့မှာပဲ (မှန်ပါ)၊ ဒီဘက် ဘဝပေါင်းဘယ်လောက် ချဲ့မယ်ထင်ကြတုန်း (မရေတွက်နိုင်ပါ ဘုရား)။
အဲဒါ ဘယ့်နှယ်ကြောင့် ဒီသုံးခုပေါ်လာသတုံးဆိုလို့ရှိရင် အရှိနဲ့အကြည့်ဟာ ဆရားကောင်း၊ သမားကောင်း ဆီက နည်းနာမရတာနဲ့ အမှားသုံးခုထွက်လာတယ်(မှန်ပါ)၊ ရှိကို လဲမသိ၊ အကြည့်ကလဲမကြည့်တတ်၊ အရှိနယ်ကို မကြည့်တတ်လို့ရှိရင်ဖြင့် တဏှာ၊ မာန၊ ဒိဋ္ဌိထွက်လာတာပဲ။
ဒါကြောင့် “ ဥပါဒါယအသ္မိဟောတိ “ ဥပါဒါယ ခန္ဓာငါးပါးကိုစွဲပြီး၊ အသ္မိ – ငါဟူသော တဏှာ၊ မာန၊ ဒိဋ္ဌိသည်၊ ဟောတိ – ဖြစ်လာ၏။ သဘောကျပြီလာ၊ (ကျပါပြီ ဘုရား)၊ တော်တော် အရေးကြီးတယ်ဆိုတဲ့ ဥစ္စာပေါ်လာပြီလား (ပေါ်ပါပြီ ဘုရား)။
ကဲ တင်လှတို့ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဒီအတိုင်းသာ နေကြမယ်ဆိုလို့ရှိရင်ဖြင့်၊ လူတွေဟာ အကုန်အပါယ်လေးပါးသွားမှာပဲ (မှန်ပါ့)၊ မသွားပါနဲ့ဆိုလို့ရဦးမှာလား (မရပါ ဘုရား)၊ ဒီလိုချည်းနေမှာပဲ၊
ကိုယ့်ကိုယ်ကို ကြည့်လို့ရှိရင်
ကိုယ့်ကိုယ်ကို ကြည့်လို့ရှိရင် ငါယောကျာ်းဘဲ၊ ငါမိန်းမဘဲ၊ ငါ့ဆံပင်ဘဲ၊ ငါ့သွားဘဲ၊ ငါ့နေရာကျသားဘဲ၊ ငါဘယ်သူ့လူထင်ရမှာတုန်းလို့ မလာပေဘူးလား (လာမှာပါ ဘုရား)၊ ဘာကြည်လာတာတုန်းကွ၊ ခန္ဓာငါးပါးရှိတယ်လို့ မသိဘူး၊ ယောကျာ်း- မိန်းမရှိတယ်လို့သာ ထင်နေတယ်၊ အဲဒါကို နှလုံးသွင်းမှား မျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါကျတော့ တဏှာ၊ မာန၊ ဒိဋ္ဌိသုံးခုဟာ တစ်ခါတည်း တဏှာလာရင်လဲ လာမယ်၊ မလာရင် မာနလာမယ်၊ မာနမလာရင် ဒိဋ္ဌိလာမယ်၊ ဒီသုံးခု တစ်ခုခုတော့မလာရ ပေးဘူးလား(လာမှာပါ ဘုရား)။
ဒါဖြင့် အရှိကိုလဲမသိလို့၊ အကြည့်ကလဲမကြည့်တတ်လို့ တဏှာ၊ မာန၊ ဒိဋ္ဌိလာရတယ်၊ ကိုင် မင်းတို့ထဲက တောင်မှ ဒီအရှိတွေကို ကြည့်တတ်တဲ့လူဟာ ရှားလိမ့်မယ် (မှန်ပါ့)၊ မရှားပေဘူးလား (ရှားပါတယ် ဘုရား)၊ ကဲ နတ်ပြည်၊ ဗြဟ္မာပြည်သွားတော့ ခုလိုနည်းရတဲ့နတ်တွေ – ဗြဟ္မာတွေကိုတော့ အသာထား၊ ဟိုဒါနဲ – သီလကြောင့် ဖြစ်တဲ့နတ်တွေ- ဗြဟ္မာတွေကျတော့ကို သူတို့ဒီသုံးခုနဲ့နေမှာဘဲ (မှန်ပါ့)၊ ဒါကြောင့် အသက်ပြည့်ရင် နတ်ပြည့်ကပြန်ဆင်းတာဘဲ (မှန်ပါ)သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဗြဟ္မာပြည်ကတော့ (ပြန်ဆင်းမှာပါ ဘုရား)၊ အပါယ်လေးပါးကျအောင် မဆင်းဘူးလား (ဆင်းမှာပါ ဘုရား)။
ဒီသုံးခုကဆွဲချလိုက်တာ
ဘာဖြစ်လို့တုန်းဆိုလို့ရှိရင်ဖြင့် သူ့ဒါန – သီလကြောင့်နတ်ဖြစ်ငြားသော်လည်း ဒီသုံးခုကဆွဲချလိုက်တာ (မှန်ပါ့)၊ မချပေဘူးလား (ချပါတယ် ဘုရား)၊ ဒီသုံးခုကဆွဲချလိုက်တာဘဲ၊ အဲဒါ နင်တို့ကိုယ့်အတွက်နည်းရလို့၊ တင်လှတို့လူစု ဝမ်းသာကြပါ (မှန်လှပါ ဘုရား)၊ နို့မို့လို့ရှိရင် ငါးပါးမကပါဘူးမှောက်မှာ(မှန်ပါ့)၊ ပြင်မှာမှမဟုတ်တော့ဘဲကိုးကွ (မပြင်ပါ ဘုရား)၊ ကိုယ့်စွမ်းရည်ကလဲ ပြင်နိုင်တဲ့စွမ်းရည်ရှိပါဘူး (မရှိပါ ဘုရား)၊ ရှိပါမလား (မရှိပါ ဘုရား)။
အဲ ပြင်နိုင်တဲ့စွမ်းရည်ကလဲမရှိတဲ့အခါကျတော့ ပြင်ပေးမယ့်လူကလဲ မင်းတို့မှာရှာမှရှားဖြစ်နေတယ် (မှန်ပါ့)၊ ပြင်ပေးမယ့်လူကလဲရှာမှရှား၊ ကိုယ့်စွမ်းရည်ကဘာမှမရှိ၊ အ-အ၊ အကန်း (မှန်ပါ့)၊ ဘေးနားကအိမ်နီးချင်းနဲ့တကွ၊ အမေမိဘတွေကလဲ နင့်ကိုယ်နင်ကြည့်ပါလားဆိုတာသာ သူ့သင်တာပဲ၊ နင့်ကိုယ်ကဖြင့် ကျားကိုးစီးစားလို့ မကုန်ဘူး၊ နင့်ဖျင်းလိုက်တာဆိုတဲ့ ဒီအကြည့်သာတတ်နေတာ (မှန်ပါ့)၊ အမှားကြီး-ကြီးမသွားဘူးလား (ကြီးပါတယ် ဘုရား)။
အဲ ကြီးသထက်ကြီးသွားတော့၊ အပါယ်တွင်း နက်သထက်နက်သွားတာပေါ့(မှန်ပါ့)၊ မနက်ဘူးလား (နက်ပါတယ် ဘုရား)၊ ကဲ ဒါဖြင့် ၊ တစ်ခါဒီလိုမှားလို့ တိရစ္ဆာန်ဘုံရောက်သွားပြီဆိုကြပါစို့ကွာ၊ တင်လှတို့နော် (မှန်ပါ့)၊ ဒီအကြည့်-ကြည့်မှာဘဲ၊ တိရစ္ဆာန်က ဟင်(မှန်ပါ့)၊ ဟိုကခွေးလာတယ်ဆို့ ခွေးထင်မှာဘဲ၊ ခန္ဓာငါးပါးနဲ့သူတို့ကျတော့ဝေး သွားပြီ (မှန်ပါ့)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ အဲဒီတော့ ဒီကလဲခွေး၊ ဟိုကလဲခွေးဆိုတော့ ဒီသုံးခုချည်းလား နေမှာပဲ၊ ဒီပြင်ဘာလာစရာရှိသေးတုန်း (မရှိပါဘုရာ)၊ ဒါဖြင့် တစ်ခါကျသွားရင် မင်းတို့ပြန်တတ်စရာ (မရှိပါ ဘုရား)။
ဒီသုံးခုဉာဏ်နဲ့ချေမှုန်းနိုင်ရင် ချေမှုန်းပါ
တင်လှတို့ ဉာဏ်နဲ့စဉ်းစားမှ (မှန်ပါ့)၊ ဉာဏ်နဲ့စဉ်းစားပါ၊ တက်လမ်းကို မရှိဘူး (မရှိပါ ဘုရား)၊ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ အဲဒီတော့ ဒီတစ်ခါတတ်လာတဲ့အထဲမှာ ဒီသုံးခုမင်းတို့ ဉာဏ်နဲ့ချေမှုန်းနိုင်ရင် ချေမှုန်းပါ (မှန်ပါ့)၊ ဒီသုံးခုမပေါ်နိုင်အောင်လို့ လုပ်နိုင်အောင်လုပ်ရမယ်၊ ဒီသုံးခုနဲ့ သာသွားလို့ရှိရင်ဖြင့် အပါယ်လေးပါးကတတ် – တိရစ္ဆာန်၊ တိရစ္ဆာန်ကျတော့ – ဒီအကြည့်မှားက လာဦးမှာဘဲ (မှန်ပါ့)၊ မလာပေဘူးလား (လာမှာပါ ဘုရား)၊ လာရင်ပြန်ကျ (မှန်လှပါ ဘုရား)။
တက်လမ်းမြင်သေးရဲ့လား (မမြင့်ပါ ဘုရား)၊ တိရစ္ဆာန်ဘဝပြန်တတ်လိုက်၊ တိရစ္ဆာန်ဘဝကျတော့ ဒီအကြည့်မှားသုံးခုကြောင့်၊ နိုင်ရာစားကိစ္စတွေကြောင့် ပြန်ပြန်ကျတာပဲ၊ ဟုတ်ဘူးလား (မှန်ပါ့)၊ တစ်ခါ အပယ်နှစ်ကုန်လို့ တတ်လာပြန်၊ ဒီလူ့ပြည်ကို ထိုးတတ်နိုင်တာမှ မဟုတ်ဘဲ (မှန်ပါ့)၊ တိရစ္ဆာန်ဘုံကနေမှ တစ်ဆင့် – တစ်ဆင့်တတ်ရမှာ ကိုးကွ (မှန်ပါ့)၊ တတ်လိုက်ပြန်၊ ခုနက ဒီအကြည့်မှားသုံးခုက ဘာလုပ်ဦးမင်ထင်တုန်း (ဆွဲချမှာပါ ဘုရား)၊ ဆွဲချလိုက်ဆိုတော့ မင်းတို့ဟာဘယ့်နှယ်လုပ်မှာတုန်း၊ ကျွတ်လမ်း၊ လွတ်လမ်းဘယ်လို့စဉ်းစားကြမှတုန်း (မရှိပါ ဘုရား)။
ကျောက်ခဲရေချဆိုတဲ့ဥစ္စာ
အဲဒီတော့ တစ်ခါတိမ်းသွားရင် ကျောက်ခဲရေချ ဖြစ်မယ်ဆိုတာသေချာမှတ်ရမယ် (မှန်ပါ့)၊ တစ်ခါတိမ်း သွာရင် (ကျောက်ခဲရေချပါ ဘုရား)၊ ကျောက်ခဲရေချဆိုတဲ့ဥစ္စာက ဘယ်တော့မှ မပေါ်တာကိုပြောတာ (မှန်ပါ့)၊ ဒါကြောက်အောင် ဟောနေတာလား၊ ဖြစ်စဉ်ကိုက်လားလို့ တစ်ခါစဉ်းစား (ဖြစ်စဉ်ကိုက်ပါ ဘုရား)၊ ကြောက်အောင် ဟောတာမဟုတ်ပါဘူး ကွ ဖြစ်စဉ်ကိုက် ပြောနေတာပါ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲဒါ နင်တို့က စီးပွားရေးလေးနဲ့ ပတ်သက်လို့ ငါလုပ်နေတယ်၊ ဟန်ငါ့ဖို့ကွ၊ ဟန်ကိုယ့်ဖို့ကွဆိုပြီး ကိုယ့်ကိုယ်ငါလုပ်နေတာပဲ (မှန်ပါ့)၊ မာန်သူ့ဖို့ကွဆိုလဲ ဒိဋ္ဌိပဲ (မှန်ပါ့)၊ ဟန်ကိုယ့်ဖို့ကွ ဆိုတာလဲဒိဋ္ဌိပဲကွ၊ ခန္ဓာကိုယ် ငါထင်တာပဲမဟုတ်လား (မှန်ပါ့)၊ နင်တို့က စီးပွားရေးမှာ ဒီနှစ်ခုမှမပါလို့ရှိရင် မဖြစ်ဘူး ဆိုတော့၊ ဒီ ဒိဋ္ဌိ၊ တဏှာ၊ မာန မပါရင် မင်းတို့က မဖြစ်ဘူးပြောတာ (မှန်လှပါ ဘုရား)။
မဖြစ်ဘူးပြောတော့ ဘာမဖြစ်တာတုန်းလို့ မေးလို့ရှိရင် စီးပွားဖြစ်မှာ မဟုတ်ဘူး၊ စီးပွားဖြစ်တာက အရေးမကြီးဘူး၊ အပါယ်သွားမှာကအရေးကြီးနေတယ် (မှန်ပါ့)၊ ပြန်တတ်လမ်းမှမရှိတော့ဘဲ (မှန်ပါ့)၊ သဘောကျကြပြီလား (ကျပါပြီ ဘုရား)။
ဒါ(တဏှာမာနဒိဋ္ဌိ) မထွက်ဖို့အရေးကြီးတယ်
ကိုင် ဒါဖြင့် ဘယ့်နှယ်လုပ်ကြမှာတုန်းဆိုတော့ ဟောဒါမထွက်ဖို့ကို အရေးကြီးတယ် (မှန်ပါ့)၊ ကြည့်တော့ကြည့်ရမှာဘဲ၊ ဒါ မထွက်ဖို့အရေးကြီးတယ် (မှန်ပါ့)၊ ခုတော့ ကြည့်တိုင်း ဒါတွေဟာ မင်းတို့က ထွက်မနေဘူးလား (ထွက်ပါတယ် ဘုရား)၊ ကိုယ့်ကိုယ်ကို ပုထုဇဉ်မျက်လုံးတပ်ကြည့်လိုက်၊ ဟင် (မှန်ပါ့)၊ ပုထုဇဉ်မျက်လုံး နဲ့တပ်ကြည့်လိုက်လို့ရှိရင်ဖြင့် ငါ-နေနိုင်ပါသေးတယ်ဆိုတဲ့ ဒိဋ္ဌိကလာတာပဲ (လာပါတယ် ဘုရား)၊ ငါဘယ်သူ့လက်အောင် မှမကျသေးပါဘူးဆိုတဲ့ မာနကကော (လာပါတယ် ဘုရား)၊ ငါ့ဟာမှငါ့ဟာဆိုတာကော (လာပါတယ် ဘုရား)။
ဒါဖြင့် ဒီသုံးခုက အရှိကလဲ အမှန်ရှိကို မသိ၊ အကြည့်ကလဲ အမှန်ကြည့်တတ်တဲ့မျက်လုံးကမပါ (မပါ-ပါ ဘုရား)။ အရှိကလဲ အမှန်ရှိမသိ၊ အကြည့်ကလဲ အမှန်ကြည့်တတ်တဲ့ မျက်လုံးကမပါတော့ မောင်ချစ်စိန် သွားရောပေါ့ (မှန်ပါ့)၊ တတ်လမ်းဘယ့်နှယ်တုန်း (မရှိပါ ဘုရား)၊ ကြောက်စရာကြီးပါလားကွ၊ ဟင်တကယ်ကို ကြောက်စရာကြီး၊ မင်းတို့နေကြတဲ့ဥစ္စာကိုပြောပါရစေဦးတဲ့ (မှန်လှပါ ဘုရား)။
အကန်းပြောတာကိုအကန်းကယုံနေတာ
ဟိုဘက်အိမ်ကလဲအကန်း၊ ဒါတွေနားမလည်ဘူး (မှန်ပါ့)၊ ဒီဘေးအိမ်ကကော (အကန်းပါ ဘုရား)၊ ကိုယ်ကလဲ (အကန်းပါ ဘုရား)၊ အဲဒီတော့ မင်းတို့ချင်းမင်းတို့ကျတော့ အကန်းပြောတာကို အကန်းက ယုံနေတာပဲ (မှန်ပါ့)၊ ခက်လိုက်တဲ့ဖြစ်ခြင်း၊ အကန်းပြောတာ အကန်းယုံပြီး သကာလ အကန်းဇာတ်ပဲ ဆက်ခင်းတာဘဲ (မှန်လှပါ ဘုရား)။
နင့်သားသမီးကြီးလာရင် ဘာလုပ်၊ နင့်သားသမီး မြေးကလေး မွေးလာရင်ဘာလုပ်၊ ဘယ့်နှယ်တုန်းကွ၊ ဘာဇာတ်ချည်းခင်နေတာတုန်း (အကန်းဇာတ်ပါ ဘုရား)၊ အရင်လူကလဲအကန်း၊ နောက် နားထောင်တဲ့ လူကလဲ (အကန်းပါ ဘုရား)၊
ဒီတော့ – ဒါကြီးလဲမစွန့်နိုင်၊ ရှေးကဒီလိုလုပ်ကြံတာပဲ ဆိုတော့ ရှေးကလူကလဲ မျက်လုံး မမြင်တော့ အမည်းကြီး ဝတ်လာတာပဲ၊ အမည်းကြီးဝတ်တာကို လှတယ်လို့ ထင်နေတာကိုး (မှန်ပါ)၊ နောက်ကလူကလဲ ရှေးလူတွေ ဒါဝတ်သွားတယ်ဆိုပြီး၊ ကိုယ်ကလဲ အမည်းဝတ်ပြီးလှတယ် ထင်နေတာ ချည်းပဲ (မှန်လှပါ ဘုရား)။
လက်သုတ်ပဝါကြီးဝတ်ပြီး လှတယ်ထင်နေတဲ့ဇာတ်ချည်းခင်းနေတာပဲ (မှန်ပါ)၊ ဒီထဲ မျက်လုံးပွင့်တဲ့လူက တစ်ယောက်မှမပါဘူး (မပါ-ပါ ဘုရား)၊ တင်လှ သဘောကျပြီလား (မှန်ပါ)၊ မျက်လုံးပွင့်တဲ့လူများ (မပါ-ပါ ဘုရား)၊ ဈေးချိုတစ်ချိုလုံးသွားကြည့်လေ ဟင် (မှန်လှပါ ဘုရား)။
သေတော့ ဒီသုံးခုစီမံရာသွားရုံပဲ
ဟန် ကိုယ့်ဖို့၊ မာန် သူ့ဖို့နဲ့လုပ်နေကြတာချည်းပဲကွ (မှန်ပါ)၊ အရောင်းအဝယ်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေမှန်က၊ ဒီအတိုင်း မနေပေဘူးလား (နေပါတယ် ဘုရား)၊ စီးပွားရှာနေတဲ့ပုဂ္ဂိုလ်မှန်က (ဒီအတိုင်းနေပါတယ် ဘုရား)၊ ဒါ ဒီသုံးခုနဲ့ နေတာပဲ၊ သေတော့ ဒီသုံးခုစီမံရာသွားရုံပဲ (မှန်ပါ)၊ ဘယ့်နှယ်ဆိုကြမယ် (ဒီသုံးခုစီမံရာ သွားရုံပါ ဘုရား)။
မသွားပါနဲ့ဆိုလို့ရမှာလား၊ မင်းတို့က အားထုတ်ထားတာမဟုတ်လား (မှန်ပါ)၊ သူက တမင်လာတာလား၊ မင်းတို့မသိလို့ပေါ်လာတာလား (တပည့်တော်တို့မသိလို့ ပေါ်လာတာပါ ဘုရား)၊ မသိလို့ပေါ်လာတာ ဆိုတော့၊ မသိပေမယ့်လဲ သူ့ပဋိစ္စသမုပ္ပါဒ်က ဘုရားမရှိဘဲ ဒီအစဉ်အတိုင်းပို့မှာပဲတဲ့ (မှန်ပါ)၊
ဘုရားရှိလဲမသိရင် ဒီအတိုင်းပို့မှာပဲ (ပို့ရမှာပါ ဘုရား)၊ ဘုရား ရှိ – မရှိနဲ့ သူကလိုရင်းမဟုတ်ဘူး (မဟုတ်ပါ ဘုရား)၊ မင်းတို့၏ တကယ်ရှိကိုမသိမှု၊ တကယ်ကြည့်တတ်တဲ့ မျက်လုံးမရမှု (မှန်ပါ)၊ ဒါ အရေးကြီးနေတာကွ (မှန်ပါ)၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
တကယ်ရှိတာ မသိမှု၊ တကယ်ရှိတဲ့တရားကို မကြည့်တတ်မှု (မှန်ပါ)၊ ဒီအမှုနှစ်မှုမှာ မင်းတို့ခက်နေတာ (မှန်ပါ)၊ ဒါကြောင့် ဒီဆရာဘုန်းကြီးက ဟောဒီဟာတွေဟာ ယောကျ်ား – မိန်းမ မဟုတ်ဘူးကွ၊ ခန္ဓာငါးပါးကွလို့ ပြင်ပေးတာ (မှန်ပါ)၊ ခန္ဓာငါးပါးပါလို့ပြင်ပေးတာ၊ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ ကွ – လို့ ပြင်ပေးလိုက်တယ်၊ ပြင်ပေးတော့ ဒီကနေပြီး သကာလ ၊ မင်းတို့နောက်ကျတော့ နှလုံးသွင်းမှန်မှန်နဲ့ကြည့် (မှန်ပါ)၊ နှလုံးသွင်းမှန်မှန်နဲ့ကြည့်လိုက်တော့ ယောကျ်ား၊ မိန်းမတွေ့သလား၊ ခန္ဓာငါးပါး ဖြစ်-ပျက်တွေ့သလား (ခန္ဓာငါးပါး ဖြစ်-ပျက်တွေ့ပါတယ် ဘုရား)။
နှလုံးသွင်းမှန်နဲ့ကြည့်လိုက်လို့
အဲ့ဒီလိုတွေ့လာတော့မှ ဒီက နှလုံးသွင်းမှန်နဲ့ကြည့်လိုက်လို့ ခန္ဓာငါးပါး ဖြစ်-ပျက်တွေ့လာတော့၊ ဒီကနေ တဏှာ၊ မာန၊ ဒိဋ္ဌိက မဂ်တွေလာဖြစ်တာပဲ (မှန်ပါ)၊ မဂ်ဉာဏ်တွေလာဖြစ်တယ်၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)၊ အရင်တုန်းကတော့ တဏှာ၊ မာန၊ ဒိဋ္ဌိ လာဖြစ်တယ် (မှန်ပါ)၊
ခန္ဓာငါးပါးတည်း ဟူသော မှန် အကြည့်လွဲတဲ့အတွက် တဏှာ၊ မာန၊ ဒိဋ္ဌိ အရိပ်တွေထွက်တယ် (မှန်လှပါ ဘုရား)။
အခုတော့ နှလုံးသွင်းမှန်နဲ့ ဆရာသမားကပြောလို့ ဒါ – ခန္ဓာငါးပါးပဲ ရှိပါတယ်၊ မင်းတို့ ဒီမျက်လုံးနဲ့ပဲ နှလုံးသွင်း မှန်ပေးစမ်းပါလို့ပြောလို့၊ ကြည့်လိုက်တဲ့အခါကျတော့ တစ်ခါတည်း ဒါတွေဟာ အနိစ္စတွေပဲ၊ ဒုက္ခတွေပဲ၊ အနတ္တတွေပဲလို့ သိတဲ့ဉာဏ်က ဒီကြားထဲပေါ်လာတယ် (မှန်ပါ)၊ ခုနက တဏှာ၊ မာန၊ ဒိဋ္ဌိနေရာမှာ ဉာဏ်ပေါ်လာ တယ်၊ ဟင် (ပေါ်ပါတယ် ဘုရား)၊ ဒီက နှလုံးသွင်းမှန်နဲ့ ဒီကအရှိနဲ့ ကိုက်သွားတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ နှလုံးသွင်းမှန်နဲ့ (အရှိနဲ့ ကိုက်သွားပါတယ် ဘုရား)။
အရှိနဲ့ကိုက်သွားတော့ဉာဏ်ပေါ်လာတယ်
အရှိနဲ့ကိုက်သွားတော့ဉာဏ်ပေါ်လာတယ်၊ ဉာဏ်ပေါ်လာတော့ ဒါတွေ ခန္ဓာငါးပါး အနိစ္စတရားတွေ မဖြစ်သေး ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ခန္ဓာငါးပါး (အနိစ္စတရားတွေပါ ဘုရား)၊
ခန္ဓာငါးပါး အနိစ္စတရားတွေကို ဒီက နှလုံးသွင်း မှန်နဲ့ကြည့်လိုက်တော့၊ အနိစ္စသိတဲ့ဉာဏ်က ဒီကြားထဲပေါ်လာတယ် (မှန်ပါ)၊ ဒီကြားထဲ တစ်ခါတည်း မဂ္ဂင်ငါးပါး ပေါ်လာတယ် (မှန်ပါ)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဒါ တကယ်အရှိကိုလဲပြပေးတဲ့ဆရာနဲ့၊ မျက်လုံးကိုလဲ ပြင်ပေးတဲ့ဆရာနဲ့ သွားတွေ့တာ (မှန်ပါ)၊ အရှိကိုလဲ ပင်ကိုရှိဖော်ပေးလိုက်တယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ နှလုံးသွင်းမှန်နဲ့ကြည့်ပေးပါဆိုတာဟာ၊ မျက်လုံးထဲ ပြင်ပေးလိုက်တာ (မှန်ပါ)၊ ပြင်ပေးလိုက်တဲ့ အခါကျတော့ အမြင်မှန်မရဘူးလား (ရပါတယ် ဘုရား)၊ ဒီအမြင် မှန်ဟာ မဂ္ဂင်ငါးပါးပဲ (မှန်ပါ)၊ အမြင်မှန်ဟာဘာဆိုကြမယ် (မဂ္ဂင်ငါးပါးပါ ဘုရား)။
အမြင်မှန်ဟာ မဂ္ဂင်ငါးပါး
အဲ့ဒီ မဂ္ဂင်ငါးပါးနဲ့ကြည့်လိုက်တဲ့အခါကျတော့၊ မင်းတို့ ဪ ခန္ဓာငါးပါး၊ တစ်ခု – တစ်ခုကြည့်ရင် အနိစ္စ တရား၊ ဒုက္ခတရား၊ အနတ္တတရားလို့ မြင်မလာဘူးလား (မြင်လာပါတယ် ဘုရား)၊ မြင်လာတော့ သူတို့က အနိစ္စ၊ သူတို့ကမြင်တဲ့ မဂ္ဂသွားဖြစ်တယ်၊ ဖြစ်တော့ သူရောက်လာရင်ပဲ ခုနက ဒီနေရာပေါ်နေကျ တဏှာ၊ မာန၊ ဒိဋ္ဌိ ဆိုတဲ့ သံသရာချဲ့သမား၊ လူဆိုးသုံးယောက်လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)၊
တဏှာ၊ မာန၊ ဒိဋ္ဌိ ချုပ်သွားတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ သူတို့ရှိမှ သံသရာလာမှာပဲကွ (မှန်ပါ)၊ သူတို့မှ မလာဘဲနဲ့ တို့သံသရာရှည်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် မင်းတို့သည် အရှိကိုဖော်ပေးတဲ့ ဆရာနဲ့တွေ့ဖို့ အရေးကြီးတယ် (မှန်ပါ)၊
နှလုံးသွင်းမှန်နဲ့ကြည့်ပါလို့ မင်းတို့ကိုပြောပေးမယ့်ဆရာနဲ့တွေ့ဖို့ အရေးကြီးတယ် (ကြီးပါတယ် ဘုရား)၊ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)၊
အဲဒီတော့ အခု နှလုံးသွင်းမှန်မျက်လုံးနဲ့၊ ဒီကအရှိနဲ့ကြည့်လိုက်တဲ့အခါကျတော့ ခန္ဓာငါးပါးပဲတွေ့တယ်၊ အနိစ္စဖြစ်-ပျက် တွေကော သွားမတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)၊ တွေ့တဲ့အခါကျတော့ သူကအနိစ္စ၊ သူကမဂ္ဂသွားဖြစ်တယ် (မှန်ပါ)၊ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ဖြစ်သွားတဲ့အခါကျတော့ ခုနက တဏှာ၊ မာန၊ ဒိဋ္ဌိ ဘယ့်နှယ်ဆိုကြ မှာတုန်း (ချုပ်ပါတယ် ဘုရား)၊ ချုပ်ကုန်ပြီ၊ သေကုန်ပြီလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒုက္ခပေးမယ့်လက်သည်တွေ အကုန် သေကုန်ပြီ
အဲ ချုပ်ကုန်ပြီ၊ သေကုန်ပြီဆိုကတည်းကိုက သံသရာလက်သည်တွေ၊ ဒုက္ခပေးမယ့်လက်သည်တွေ အကုန် သေကုန်ပြီ (မှန်ပါ)၊ ဘယ့်နှယ်ဆိုကြမှာတုန်း (ဒုက္ခပေးမယ့်လက်သည်တွေ အကုန်သေကုန်ပါတယ် ဘုရား)၊ ဒုက္ခပေးမယ့် လက်သည်တွေ သေတာဟာ မင်းတို့စွမ်းရည်လားတဲ့၊ ဒါ ဆရာသမား စွမ်းရည်ချည်းလား (ဆရာသမားစွမ်းရည်ပါ ဘုရား)၊
မင်းတို့စွမ်းရည်တစ်ပဲသားမှမပါဘူး (မပါ-ပါ ဘုရား)၊ မင်းတို့စွမ်းရည်ကတော့ဖြင့် အပါယ်သွားဖို့ပဲ (မှန်ပါ)၊ ဒါ မင်းတို့ စွမ်းရည် မဟုတ်ဘူးလား (မှန်ပါ)၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် ဘယ်နှယ့်လုပ်ကြမှာတုန်းဆိုတော့ အရှိကိုလဲ ခန္ဓာငါးပါးလို့ရှိတာကို သိအောင်လုပ်ရမယ်၊ ဖြစ်-ပျက် ရှိတယ်လို့လဲ ဒီကနေသိအောင်လုပ်ပါ၊ နှလုံးသွင်းမှန်မှန်နဲ့ကြည့်ပါ (မှန်ပါ)၊ ဘာနဲ့ကြည့်ကြမယ် (နှလုံးသွင်းမှန်မှန်နဲ့ ကြည့်ရမှာပါ ဘုရား)၊ နှလုံးသွင်းမှန်မှန်နဲ့ တကယ်ရှိကိုကြည့်ပါ (မှန်လှပါ ဘုရား)။
ဆရာသမားဆိုတာ ဘယ်လောက်များ ကျေးဇူးများသတုန်း
အဲ့ဒီတော့ ဘုရားကမေးတယ်၊ ရှင်အာနန္ဒာကဖြေတယ်၊ ဘုရားက ဆရာသမားဆိုတာ ဘယ်လောက်များ ကျေးဇူးများသတုန်း နိဗ္ဗာန်သွားတဲ့နေရာမှာ၊ နိဗ္ဗာန်ရောက်ဖို့လုပ်တဲ့နေရာမှာ၊ ရှင်အာနန္ဒာက ထက်ဝက် ဆရာသမား ကြောင့် နိဗ္ဗာန်ရောက်ပါတယ်လို့ ဖြေတဲ့အခါမှာ၊ မင်း အင်မတန်ဖျင်းတဲ့ကောင်ပဲ၊ ဆရာသမားကြောင့် လုံးလုံးရောက် သွားတာကွ (မှန်ပါ)၊
ဆရာသမားကြောင့် လုံးလုံးရောက်တာတဲ့၊ ဆရာသမားကူလိုက်တော့မှ ရောက်နိုင်တာကိုး၊ နို့မို့ ရောက်နိုင်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
ခုနက တောက်လျှောက်ပြခဲ့တာသာ ကြည့်လေ (မှန်ပါ)၊ ကိုယ့်ရပ်ထဲရွာထဲ ကြည့်လိုက်တော့ ဟိုဘက်အိမ်ကလဲ အကန်း၊ ဒီဘက်အိမ်ကလဲအကန်း (မှန်ပါ)၊ အကန်း – အကန်းချင်း နှုတ်ခမ်းပဲ့ချင်းမီးမှုတ်၊ ဒီလိုပဲမနေကြဘူးလား (နေပါတယ် ဘုရား)၊
တောက်လျှောက်တစ်ရပ်လုံး၊ တစ်မြို့လုံး အကုန်အပါယ်သွားတယ် (မှန်ပါ)၊ အခု ဆရာသမား ကူလိုက်တဲ့အတွက် အရှိတရားကိုလဲ အရှိတရားပြပေးတယ်၊ နှလုံးသွင်းကိုလဲ မမှားရအောင်ပြပေးတယ် (မှန်လှပါ ဘုရား)။
ခန္ဓာငါးပါးအနိစ္စတရား
ဒီလို နှလုံးသွင်းမှန်နဲ့ကြည့်လိုက်တဲ့အခါကျတော့၊ အရှိတရားကလဲဟောထားတော့ ခန္ဓာငါးပါးအနိစ္စတရား၊ ခန္ဓာငါးပါးအနိစ္စတရားသိတဲ့ ဉာဏ်ကလေး ဒီကြားထဲမပေါ်လာဘူးလား (ပေါ်ပါတယ် ဘုရား)၊
ခုနက တဏှာ၊ မာန၊ ဒိဋ္ဌိ တွေချည်းပေါ်နေတယ်၊ အခုတော့ ဘာပေါ်တုန်း (မဂ္ဂင်ပေါ်ပါတယ် ဘုရား)၊ မဂ္ဂင်ချည်းပေါ်နေတယ်ဆိုကြစို့ (မှန်ပါ)၊ မဂ္ဂင်ပေါ်တော့ကို တဏှာ၊ မာန၊ ဒိဋ္ဌိတွေက ချုပ်ကုန်တာပေါ့ကွ၊ လာပါဆိုလို့ရသေးလား (မရပါ ဘုရား)။
ဒါဖြင့် ဆရာသမား၏ ကျေးဇူးချည်းပဲ၊ သူတို့သေတာ (မှန်ပါ)၊ ဒီ့ပြင် ဘယ်သူပါသေးတုန်း (မပါပါ ဘုရား)၊
ဒါကြောင့် ဘုရားက ညီတော်အာနန္ဒာ မင်းက ထက်ဝက်ကျေးဇူးများတယ်လို့ မင်းအထင်နဲ့ မင်းပြောတာတဲ့၊ မဟုတ်ဘူးကွ (မှန်ပါ)၊ သူ့ကြောင့်နိဗ္ဗာန် ရောက်ကုန်တာ၊ သူ့ကြောင့်တစ်ခါတည်း သံသရာစခန်း သတ်သွားတာ (မှန်ပါ)၊ ဆိုတော့ တည့်မနေဘူးလား (တည့်နေပါတယ် ဘုရား)၊ သေချာကြည့်မှ သူ့ဟာကတည့်တာကွ၊ ဒီအတိုင်းဆိုလို့ရှိရင်မရဘူး (မှန်လှပါ ဘုရား)။
ဖြစ်-ပျက်ရှုရင် မဂ်ဖြစ်တယ်
အဲဒီတော့ နင်တို့ကို အခုလုပ်ခိုင်းတော့ကို ဒါတွေဟာ ဝေဒနာကြိုက်ရင် ဝေဒနာဖြစ်-ပျက်ရှု၊ ဖြစ်-ပျက်ရှုရင် မဂ်ဖြစ်တယ်၊ မဂ်ဖြစ်တော့ တဏှာ၊ မာန၊ ဒိဋ္ဌိ သေတယ်ဆိုတာ အခုတော့ ကိုက်မနေဘူးလား (ကိုက်ပါတယ် ဘုရား)၊
အဲ့ဒီတော့ ဒီ – တဏှာ၊ မာန၊ ဒိဋ္ဌိဟာ သေချင်လို့သေရတာလားဆိုတော့ နှလုံးသွင်းမှန်နဲ့အရှိကို ဟောထားလို့၊ မင်းတို့က ကိုယ့်ဉာဏ်လေးနဲ့ကိုယ် အသိသွားကိုက်တယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊
ဆရာက ဟောဒီ ခန္ဓာငါးပါးအနိစ္စတရားသာရှိတယ်လို့ ဟောထားတယ်၊ နှလုံးသွင်းမှန်နဲ့ကြည့်ဟေ့၊ နှလုံးသွင်းမှားနဲ့ မကြည့်နဲ့ (မှန်ပါ)၊ ကြည့်လိုက်တဲ့အခါကျတော့ ဒီ – မဂ်ကလေးဟာ ဆရာသမားကြောင့် ပေါ်တာ (မှန်ပါ)၊ ဘယ်သူ့ကြောင့်မှ ပေါ်လာတာ မဟုတ်ဘူး (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီမဂ်ကလေးပေါ်လာလို့ပဲ
ဒါဖြင့် ဒီမဂ်ကလေးပေါ်လာလို့ပဲ၊ ခုနက သံသရာလည်တတ်တဲ့ တရားသုံးခု ချုပ်သွားတာပဲ (မှန်ပါ)၊ နို့မို့ရင် ချုပ်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
အဲ့ဒီတော့ ညီတော် အာနန္ဒာဖြေတဲ့ ထက်ဝက်ကျေးဇူးများတယ် ဆိုတာကို အခု ပုံစံချပြတာပါပဲ၊ ဘယ် – ထက်ဝက်ဟုတ်ရမှာတုန်း၊ သူ့တာဝန်လုံးလုံးဖြစ်နေတယ် (မှန်ပါ)၊ ဆရာသမား အကူအညီလုံးလုံးပဲ (မှန်ပါ)၊ အခု သံသရာ စခန်းပြတ်သွားတာလေ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒီလိုဆိုလို့ရှိရင်ဖြင့်၊ ဒီခန္ဓာငါးပါးကို ဖြစ်-ပျက်ရှုတဲ့နည်းဟာ၊ နှလုံးသွင်းမှန်မှန်နဲ့ ရှုတဲ့နည်းဟာ မဂ်ပေါ်တာပဲ လို့ မှတ်ရမယ် (မှန်ပါ)၊
ခန္ဓာငါးပါး အရှိတရားကို နှလုံးသွင်းမှန်မှန်နဲ့ရှုရင် ဘယ့်နှယ်ပြောမှာတုန်း (မဂ်ပေါ်ပါတယ် ဘုရား)၊
မဂ်ပေါ်ရင်ဘယ်သူချုပ်တုန်း
မဂ်ပေါ်ရင်ဘယ်သူချုပ်တုန်း (တဏှာ၊ မာန၊ ဒိဋ္ဌိ ချုပ်ပါတယ် ဘုရား)၊
တဏှာ၊ မာန၊ ဒိဋ္ဌိ ချုပ်တယ်ဆိုကတည်းက ဪ တို့ – သံသရာမှာ သူချည်းတို့ကို ခန္ဓာအမျိုးမျိုး၊ ဆင်းရဲအမျိုးမျိုး၊ အပါယ်အမျိုးမျိုးပေးနေတဲ့ တရားသုံးခုလာမှ မလာတော့ပဲ (မှန်ပါ)၊ မလာလို့ရှိရင် ဒါတွေကို သစ္စာလိုဖွဲ့လိုက်ရင် သမုဒယသစ္စာပဲ (မှန်ပါ)၊
သမုဒယသစ္စာချုပ် သွားတော့ ဒီဘက်မှာ ဒုက္ခတွေကော မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)၊ အဲ ဒုက္ခတွေချုပ်လို့ရှိရင် ဒါ နိဗ္ဗာန်ရောက်တာပဲ (မှန်ပါ)၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
