3010

မာတိကာသို့

”အရှိနှင့်အသိ ကိုက်အောင်လုပ်နည်း”

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

အမရပူရမြို့ မင်္ဂလာရိပ်သာ ကျောင်းတိုက်၌

ဟောကြား ဆုံးမတော်မူအပ်သော

”အရှိနှင့်အသိ ကိုက်အောင်လုပ်နည်း”

ည အလုပ်ပေးတရားတော်

(၁၁-၁၂-၆၀)

ရုပ် နာမ်က ဘာသစ္စာလို့ ဖွဲ့ကြမှာလဲ

မင်းတို့သိကြတဲ့ ရုပ်ကလေးရယ် သိတဲ့ နာမ်ကလေးရယ် ဒါတွေဟာ အတူတူရောက်လာတယ်လို့ မှတ်ရမယ်၊ အတူတူရောက်လာတော့ ရုပ် နာမ်က ဘာသစ္စာလို့ ဖွဲ့ကြမှာလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ဪ ဒါဖြင့် ဒုက္ခသစ္စာက စ နေတာပဲ၊ နောက်ကြီးလာမှ လူလဲမဖြစ်စေနဲ့၊ နတ်လဲမဖြစ်စေနဲ့၊ အစကတည်းက ဒုက္ခသစ္စာကစတဲ့ ဥစ္စာကိုး၊ အဲဒီလို ဉာဏ်နဲ့ ခွဲထားရမယ်။

ဪ စကတည်းက ဘာနဲ့စကြတာတုန်း (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာ နဲ့ စတော့ကို နောက်မှ ဖြည်းဖြည်း ခြင်း ဒုက္ခသစ္စာတွေ ပွားလာတယ်လို့သာ မှတ်ရမယ်၊ လူကလေး ဖြစ်လာတယ်၊ နတ်ကလေး ဖြစ်လာတယ်၊ ဗြဟ္မာကလေး ဖြစ်လာတယ် ဆိုတာတွေက အပြော ပြောကောင်းအောင် ပြောနေတာပါ။

စင်စစ်တော့ သူက ဒုက္ခသစ္စာက ပြောင်းပြီး သကာလ လူဖြစ်လာတယ်၊ နတ်ဖြစ်လာတယ်၊ ဗြဟ္မာဖြစ်လာတယ် လို့ ဒီလိုမှတ်နေလို့ မဖြစ်ဘူး။

ဒုက္ခသစ္စာ နဲ့ စခဲ့လို့

ဒုက္ခသစ္စာ နဲ့ စခဲ့လို့ နည်းနည်းကြီးလာတော့ ဒုက္ခသစ္စာ တိုးလာတာသာ ရှိတာပဲ။ ရုပ် တိုးလာတော့ ဘာ သစ္စာတိုးလာတုန်း (ဒုက္ခသစ္စာပါ ဘုရား)၊ နာမ်တိုးလာတော့ (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် စကတည်းကိုက ဒုက္ခသစ္စာနဲ့ မူတည်လာတော့ တိုးလာတော့ ဒုက္ခသစ္စာတွေ တိုးတယ်၊ အထည်ကြီး လာသဖြင့် ဘာတွေများ တိုးလာသတုန်းလို့ မှတ်ဖို့ မလိုပါဘူး။

ဒုက္ခသစ္စာတွေနဲ့ စလာလို့ ဒုက္ခသစ္စာ ပွားလာတယ်၊ ဒုက္ခသစ္စာ ကြီးထွားလာတယ်၊ ဒါသာလျှင် အမှန်ထားပြီး တင်လှတို့က စိတ်ထဲမှာထားရမယ် (မှန်လှပါ ဘုရား)။

အစကဘာနဲ့စတုန်း (ဒုက္ခသစ္စာပါ ဘုရား)၊ နောက် ရုပ်တွေဘက်ကလဲ တဖြည်းဖြည်းပျက်တာကပျက်၊ တိုးတာ ကတိုး၊ နာမ်တွေဘက်ကလဲ ပျက်တာကပျက်၊ တိုးတာကတိုးတော့၊ ဟ ဘာတွေများ တိုးလာသတုန်းလို့ နင်တို့ကိုမေးရင် ဘယ့်နှယ်ဖြေမှာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။

ပျက်သွားတာတွေကလဲ ဘာသစ္စာတွေတုန်း (ဒုက္ခသစ္စာပါ ဘုရား)၊ အစားထိုးပြီး လာတာတွေက (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာချည်းတိုးလာတော့၊ ဪ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲရှိတယ်၊ နဂိုကတည်းက ယောကျ်ားတို့၊ မိန်းမတို့၊ ပုဂ္ဂိလ်တို့၊ သတ္တဝါတို့ပါရဲ့လား (မပါပါ ဘုရား)။

ဒုက္ခသစ္စာပျက်၍ ဒုက္ခသစ္စာ အစားထိုးတယ်

အစက မပါတာကို မပါဘူးလို့ ရှင်းထားလိုက်ရင် ယောင်စရာ မရှိပါဘူး၊ ပျက်သွားတာလဲ ဒုက္ခသစ္စာ၊ နောက် အစားထိုးလာတာလဲ ဒုက္ခသစ္စာပဲ၊ ဒုက္ခသစ္စာပျက်၍ ဒုက္ခသစ္စာ အစားထိုးတယ်လို့ သိလရှင်တွေရော၊ အားလုံးရော၊ ဒီအတိုင်း မှတ်ရမှာပဲ (မှန်လှပါ ဘုရား)။

အစကစပြီး ဒုက္ခသစ္စာလို့ သိထားတော့ နောက်မှ ဗွေဖေါက်စရာမလိုသေးလား (မလိုပါ ဘုရား)၊ အစက တည်းက ဒုက္ခသစ္စာဆိုတို့ နာမ်နဲ့ရုပ်နဲ့ ပဋိသန္ဓေနေကြတယ်၊ နောက် ဒါလေး တဖြည်းဖြည်းပျက်တာကပျက်၊ ကြီးတာက ကြီး၊ ထွားတာကထွား၊ ပုံသဏ္ဍန်ကလေး ပေါ်ချင်ပေါ်လာတယ်၊ ခြေ၊ လက်၊ နား၊ နှာခေါင်း၊ အင်္ဂါကြီး ငယ်တွေ ပေါ်လာတယ်။

ပေါ်လာတာနဲ့ ဒုက္ခသစ္စာက ပျောက်သွားသလားတဲ့၊ ဒါတွေပဲ ပွားလာတာလားဆိုတော့ ဘယ်လိုမှတ်ကြမှာလဲ (ဒါတွေပဲ ပွားလာပါတယ် ဘုရား)၊ ဒါတွေပဲ ပွားလာတယ်ဆိုရင်ဖြင့်၊ ဪ ဒုက္ခသစ္စာတွေ ပွားလာတာပဲ၊ ကိုးလနေနေ ဆယ်လနေနေ ဘာတွေပွားသတုန်း (ဒုက္ခတွေပွားပါတယ် ဘုရား)၊ နောက်အပြင်ဘက် မွေးဖွားလာတဲ့အခါကျတော့ ဘယ်သူလေးမွေးဖွားလာတယ်လို့ ဆိုစရာလိုသေးတုန်း (ဒုက္ခသစ္စာလေးပါ ဘုရား)၊ ဒုက္ခသစ္စာလေး အပြင်ဘက်ရောက် လာတာရှိတာပဲ။

ဝိပဿနာဉာဏ်နဲ့ ဒီအတိုင်း ကြည့်သွားရမယ်

နောက်ကျတော့ လှုပ်လိုက်၊ ကိုင်လိုက်၊ ငိုလိုက်၊ ရယ်လိုက်၊ ကလေးသူငယ် လူမမယ်ရယ်လို့ ဖြစ်လာတာလဲ အပြောသာဖြစ်သွားတာ၊ ဒုက္ခသစ္စာလေး တစ်နေ့တခြား ရင့်ကျက်လာတာရယ်၊ အဟောင်ဒုက္ခသစ္စာတွေချုပ်ပြီး အသစ် ဒုက္ခသစ္စာတွေ ဖြစ်တာရယ်၊ ဒါတွေကို ဝိပဿနာဉာဏ်နဲ့ ဒီအတိုင်း ကြည့်သွားရမယ် (မှန်လှပါ ဘုရား)။

ဒီအတိုင်းကြည့်သွားတဲ့အခါကတော့ ဒုက္ခသစ္စာဖြြစ်၍ ဒုက္ခသစ္စာချုပ်တာသာလျှင် အမှန်ရှိ၊ တကယ်ရှိပဲ တဲ့၊ ဉာဏ်နဲ့ကြည့်လို့ ဒီတကယ်အရှိတွေကို မပျောက်မပျက်ကြလို့ရှိရင်ဖြင့် ဒုက္ခသစ္စာသိတယ်လို့ ဆိုရမှာပဲ (မှန်လှပါ ဘုရား)။

ဒီအသိတွေပျောက်ပျက်သွားမယ်ဆိုလို့ရှိရင် လူရယ်၊ နတ်ရယ်၊ ယောကျာ်းလေး မွေးဖွားလာတယ်၊ မိန်းမလေး မွေးဖွားလာတယ်ဆိုလို့ရှိရင်တော့ ဒုက္ခသစ္စာပျောက်ပြီး၊ ယောက်ျား၊ မိန်းမဆိုတဲ့ သမုတိသစ္စာက လွှမ်းမိုးပြီး ယောကျာ်းလေးမို့ ခင်ရချည်ရဲ့၊ မိန်းမလေးမို့ ခင်ရချည်ရဲ့ ဆိုတာတွေနဲ့ ရှုပ်လာတာပဲ (မှန်လှပါ ဘုရား)။

ဟို နဂိုက ဒုက္ခသစ္စာကြီး မူတည်ထားတာကို သိလို့ရှိရင် ခင်ရချည်ရဲ့၊ မင်ရချည်ရဲ့၊ ကြင်နာရချည်ရဲ့၊ အားကိုး ရချည်ရဲ့ ဆိုတာတွေလာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)၊

ဒါ ဘယ့်နှယ်ကြောင့်ခင်ခြင်း၊ မင်ခြင်း၊ အားကိုးခြင်း၊ စိုးရိမ်ခြင်း၊ ချစ်ခင်မှု ပိုလာပါလိမ့်မလဲလို့ အမေးထုတ်လို့ရှိရင်ဖြင့် ဒုက္ခသစ္စာ ပျောက်သွားလို့၊ လက်သည်အရင်းကျကျ ဘာဖြစ်သွားတုန်း (ဒုက္ခသစ္စာ ပျောက်သွားတာပါ ဘုရား)၊ လက်သည် အရင်းကျကျဖြစ်တဲ့ ဒုက္ခသစ္စာ ပျောက်သွားလို့ ဖြစ်ရတဲ့အဖြစ်ဆိုးလို့ မှတ်ရမယ်။

ဒုက္ခသစ္စာ ပျောက်သွားလို့ ဖြစ်ရတဲ့အဖြစ်ဆိုး

အဲဒီတော့ နင်တို့ ဒါပျောက်သွားတဲ့အချိန်ကစပြီး သကာလ၊ သားလေးတစ်ယောက်ထွန်းကားလာတယ်၊ သမီး လေး တစ်ယောက်အညွှန့်ပေါက်လာတယ် ဆိုပြီး သကာလ၊ ဒါလေးတွေက တော်တော်ကြာ ဒုက္ခသစ္စာမို့ ဒုက္ခသစ္စာ သဘောကို ပြောလို့ရှိရင်ဖြင့် ကိုယ်ကျိုးနည်းပြီဆိုတဲ့သဘောတွေ၊ ရင်ထု၊ မြေလူး၊ ကြမ်းခုန်တွေ လာကုန်တယ်၊ ဒါ ဘာဖြစ်လို့ ရင်ထု၊ မြေလူး၊ ကြမ်းခုန်တွေလာနေတုန်းဆိုလို့ရှိရင်ဖြင့် မင်းတို့မှတ်ကြ၊ ဒုက္ခသစ္စာ ပျောက်သွားတဲ့အတွက်၊ ဒါတွေ ဖြစ်လာတာပဲ၊ သဘောပါရဲ့လား (ပါပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာကို ပင်ကိုက မပျောက်ခဲ့ဘူးဆိုရင် သားလေးထွန်းကားလာတယ်ဆိုတာ မလာတော့ဘူး (မှန်ပါ)၊ သမီးလေးထွန်းကားလာတယ်ဆိုတာကော (မလာတော့ပါ ဘုရား)၊ ဒါဖြင့် မင်းတို့ ဒါတွေလာပြီဆိုလို့ရှိရင် ဒုက္ခသစ္စာ ပျောက်လို့လာတယ်လို့သာ မှတ်ပေတော့ (မှန်လှပါ ဘုရား)။

ပင်ကိုက အမိဝမ်းခေါင်းထဲမှာ ဒုက္ခသစ္စာ ရုပ် နာမ်ကလေးနဲ့၊ ရုပ် နာမ်ကလေးက ဖြစ်လိုက်ပျက်လိုက်၊ ဖြစ် လိုက်ပျက်လိုက်၊ အင်း ပျက်တာကနည်း အစားထိုးတာကများတော့ ကြီးကြီးလာတယ်၊ ကြီးကြီးလာပြီး အပြင်ဘက်မွေး ဖွားလာတဲ့အခါကျမှ၊ မင်းတို့က ဒုက္ခသစ္စာပျောက်ပြီး သမီး ထွန်းကားရတာနဲ့၊ သားထွန်းကားရတာနဲ့၊ ဒါတွေ ရှုပ်တာနဲ့ပဲ မင်းတို့ မျက်ရည်ကျချင်လို့၊ ရင်ထုချင်လို့၊ မြေလူးချင်လို့ဆိုတဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ပင်ရင်းဘာပျောက်သွားတာတုန်း (ဒုက္ခသစ္စာပျောက်သွားတာပါ ဘုရား)၊ ဒါ မင်းတို့က အစကလဲမသိ၊ သူများ ပြောသံကြား၊ သူများပါးစပ်မှာလမ်းဆုံးပြီး၊ မသိတဲ့ လူကြီးတွေပြောတာကို တစ်ခါတည်း မလိမ္မာတဲ့လူတွေက နောက်က နေပြီး ကြက်ကန်းဆွဲဆွဲပြီး မှတ်နေတော့၊ ဒီ ငိုစရာ ရယ်စရာတွေဟာ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ငိုစရာ ရယ်စရာတွေဟာ ပေါ်လာတယ်

ရယ်စရာဆိုတာ သားလေးထွန်းလာတယ်ဆိုလို့ ပြုံးလာတယ်၊ သားလေးလုပ်ပစ်လိုက်လို့ ပြုံးလာတယ်၊ ငိုစရာ ဆိုတာ သားလေးက သူငယ်နာနဲ့ သေသွားလို့ ငိုစရာဖြစ်လာတာ၊ အဲဒီ ငိုစရာ ရယ်စရာတွေဟာ မင်းတို့ ဘာပျောက်လို့ ဒီဥစ္စာသည် ပေါ်ပေါက်လာသတုန်းဆိုတာကော မင်းတို့ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘာပျောက်သွားတာတုန်း (ဒုက္ခသစ္စာပျောက်သွားတာပါ ဘုရား)၊ မင်းတို့က ဖျောက်ပစ်တာကွ၊ အစကလဲ မသိတဲ့လူတွေမို့ ဒုက္ခသစ္စာလို့ မသိဘူး၊ ရုပ် နာမ်ဟာ ဒုက္ခသစ္စာပါလားလို့ ဘုရားဟောထားတာလဲရှိ၊ တကယ်တမ်းလဲ ဒုက္ခသစ္စာ အစစ်အမှန်လဲဖြစ်နေတာပဲ၊ ထိုကဲ့သို့ဖြစ်ပြီး သကာလ နေငြားသောလည်း မင်းတို့က အပြင်ဘက်ရောက်လာ ရင် သားလေးထွန်းကားလာရတာနဲ့၊ သမီးလေး အညွှန့်ပေါက်လာရတာနဲ့၊ မင်းတို့လုပ်ပစ်တာမို့ မင်းတို့ အရုပ်နဲ့ မင်းတို့ ငိုရုံပဲရှိတယ် (မှန်လှပါ ဘုရား)။

မင်းတို့ကလုပ်တဲ့ အရုပ်ကို မင်းတို့က သမုတ်ပြီးထားတဲ့အတွက်၊ သားရုပ်ကလေး၊ သမီးရုပ်ကလေး ဖြစ်မသွား ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ဒါ ဘာဖြစ်လို့ မင်းတို့ ဒီအလုပ် လုပ်ဖြစ်ပါလိမ့်မတုန်း သားကလေးထွန်းကားလာလို့ ဘယ်သူကမေးမေး ပြုံးကာရွှင်ကာနဲ့၊ သမီးကလေးထွန်းကားလာတယ် အညွှန့်ပေါက်လာတယ်လို့ ပြုံးကာ ရွှင်ကာနဲ့၊ တင်လှတို့လူစု အရူးထပြီးတော့နေတာနဲ့ တော်ကြာကျတော့ သားလေးက ဘက်ခနဲဆိုပျက်စီးလိုက်၊ ဒုက္ခသစ္စာမို့ ဒုက္ခသစ္စာ ပြောလိုက်ရင် မင်းတို့က ငိုပွဲဆင်ကြရတယ်။

ဒုက္ခဖြစ်၍ ဒုက္ခပျက်တယ်လို့သိထားလို့ရှိရင်

နဂိုက ဒုက္ခဖြစ်၍ ဒုက္ခပျက်တယ်လို့သိထားလို့ရှိရင် ငိုပွဲဆင်စရာ လိုသေးလား (မလိုပါ ဘုရား)၊ အဲဒီတော့ မင်းတို့ကအရူးထပြီး ပြင်ဘက်ကျမှ သားညွန့်သမီးညွန့်တွေ ရှုပ်လာတဲ့အတွက် ဒုက္ခသစ္စာဆိုတဲ့ ပင်ကိုရင်းပျောက်သွား ပြီး ငိုစရာ ပေါ်ပေါက်လာတယ်လို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် မင်းတို့ ပင်ကိုပျောက်မှုလောက်ဆိုးတာ ဘယ်ရှာတွေ့တော့မှာလဲ (မတွေ့ပါ ဘုရား)၊ ပင်ကို ပျောက်မှု သည် အကြီးဆုံးအရုပ်ဆိုးမှု၊ အကြီးဆုံး အကျည်းတန်မှုဆိုတာ တင်လှ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒါ နောက်တော့ ဒီလို အကျည်းတန်တဲ့ အရုပ်ဆိုးမှုဇာတ်ကို၊ အို သူများ ပြောသံကြားနဲ့ လမ်းမဆုံးဘူး၊ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်ဝမ်းထဲနေကတည်းကိုက ကြည့်လိုက်မယ်ဆိုရင် ရုပ်နဲ့နာမ်ကလေးပေါ်ပေါက်လာပြီး ရုပ်နဲ့ နာမ်ကလေးပဲ ပျက်သွားတာပဲ၊ ရှင်နေတယ်ဆိုတော့ ရုပ် နာမ် အစားထိုးတာ၊ နောက်ထပ် အစားမထိုးတော့ဘူးဆိုတော့ ရုပ်နာမ်ပျက်တာ၊ ဒါ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။

အစားထိုးရင် ဘာအစားထိုးတုန်း (ရုပ် နာမ်ပါ ဘုရား)၊ ပျက်သွားတော့ကော (ရုပ် နာမ်ပျက်တာပါ)၊ ရုပ် နာမ်က ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)၊ အို ဒုက္ခသစ္စာမို့ ဒုက္ခသစ္စာ သဘောပြောတယ်လို့ မင်းတို့ ပင်ကိုသိထား တာလဲ မဖျောက်၊ ပြင်ဘက်ကျတော့လဲ မပျောက်ဘူးဆိုရင်ဖြင့် “သောကပရိဒေဝ” ဆိုတဲ့၊ သောက စိုးရိမ်ခြင်း၊ ပရိဒေဝ ငိုကြွေးခြင်း၊ ဒီဇာတ်တွေဟာ အကုန်လာမှာပဲ။

သစ္စာမသိလို့ ငိုကြ၊ ပြုံးကြတာပဲ

အဲဒီတော့ မင်းတို့ သစ္စာမသိလို့ ငိုကြ၊ ပြုံးကြတာပဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဘာမသိလို့တုန်း (သစ္စာမသိလို့ပါ ဘုရား)၊ သစ္စာမသိရင် ငိုကြ၊ ပြုံးကြ၊ ဖြစ်မှဖြစ်ရလေတယ်၊ နည်းရတဲ့အထဲ ရှင်နည်းရာ အဂ္ဂလူထွက် သွားတယ်၊ ဒီတစ်ယောက်တည်းရှိတာ ဒီတစ်ယောက်တည်း ပျက်စီးသွားတယ် ဆိုပြီး သူများကလဲ လက်တို့ပြန်ပြီ။

မင်းတို့က အမှားတော်ပုံကြီးထားတဲ့ ပုဂ္ဂိုလ်တွေမို့ ဒုက္ခသစ္စာကိုကျော်ပြီး သကာလ ဒုက္ခသစ္စာမဟုတ်ဘဲနဲ့ သားရယ်၊ သမီးရယ်လို့ လုပ်လိုက်တဲ့အခါကျတော့ မင်းတို့ကလဲ ယုယကြ၊ ဟိုက လက်တို့မယ့်လူကလဲ တစ်ယောက် တည်း ထွန်းကားလာတာ ဘက်ခနဲပျက်စီးသွားတယ်ဆိုတော့၊ မင်းတို့ကလဲ တစ်ခါတည်း အရူးထတော့တာပဲ၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

အရူးဗုံးတီးမြှောက်သေး တာကိုး

နဂိုကလဲ ကိုယ်ကအရူးထထားတဲ့ အထဲမှာ၊ ဖြစ်မှဖြစ်ရလေတယ်ဆိုတဲ့ လူတွေကလဲ အရူးဗုံးတီးမြှောက်သေး တာကိုးကွ (မှန်ပါ)၊ အဲဒီကဲ့သို့ အရူးဗုံတီးမြှောက်တဲ့အခါကျလို့ရှိရင်ဖြင့်၊ မင်းတို့အရှက်ကိုမရှိတော့ဘူး၊ မျက်ရည်ကြီးငယ် ကျဖို့ရယ်၊ အဝတ်အစားမကပ်မှုရယ်၊ ရင်ထု မြေလူးအစရှိတဲ့အလုပ်တွေ လုပ်ဖြစ်ကုန်တယ် (မှန်လှပါ ဘုရား)။

ဒါ ဘယ့်နှယ်ကြောင့် ဒီလောက်တောင် အကြီးအကျယ်ကြီး ဖြစ်သွားရတာတုန်းဆိုတော့ အခု ပျောက်သွားလို့ (မှန်ပါ)၊ ဒုက္ခသစ္စာ အစ ပျောက်သွားတယ်၊ ဒါဖြင့် သုံးဆယ့်တစ်ဘုံသားတွေမှာ သစ္စာမသိတော့ အစ ပျောက် ပုဂ္ဂိုလ်တွေဖြစ်ပြီး ငိုမှု ရယ်မှုမှာ လမ်းဆုံးနေတယ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

အဲဒါ သုံးဆယ်တစ်ဘုံမှာ တစ်ယောက် တစ်ယောက်သေတဲ့ မျက်ရည်တွေဟာ သမုဒ္ဒရာရေလေးစင်း ရေထက် များသေးတယ်ဆိုတာဟာ၊ အစ ပျောက်မှုကြောင့်လို့သာ မှတ်ပေတော့ကွ (မှန်လှပါ ဘုရား)။

ဘာ အစ ပျောက်သွားတုန်း (ဒုက္ခသစ္စာပါ ဘုရား)၊ နိဂိုက ရုပ်နာမ်က ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)၊ ပဋိသန္ဓေနေတဲ့ ရုပ်နာမ် ဒုက္ခသစ္စာ၊ နောက်ပြင်ဘက်ရောက်လာတော့လဲ ဘာသစ္စာဖြစ်ချင်သေးတုန်း (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒီ ဒုက္ခသစ္စာကို မင်းတို့က အပြင်ဘက် ရောက်တော့ ပျောက်ထွက်သွားတယ် (မှန်ပါ)၊ ပျောက်ကွယ်သွားတဲ့ အခါကျတော့ ဒီဒုက္ခသစ္စာ လေးတွေက ဒုက္ခသစ္စာသဘောကို သူတို့ မပြောပေဘူးလား၊ ပြောမှာလား (ပြောမှာပါ ဘုရား)။

ဒုက္ခသစ္စာသဘောကို သူတို့ မပြောပေဘူးလား

ပြောတဲ့အခါကျလို့ရှိရင်ဖြင့် နာတယ်၊ ကျင်တယ်၊ ကိုက်တယ်၊ ခဲတယ်၊ သေတယ်၊ မွဲတယ် ဒါတွေက လာပြီ ဆိုမှဖြင့် ကျုပ်မှဖြစ်ရလေခြင်း၊ ငါ့မှ ဖြစ်ရလေခြင်းဆိုတဲ့ဥစ္စာတွေဟာ ဘာပျောက်သွားလို့တုန်းကွ (ဒုက္ခသစ္စာပျောက် လို့ပါဘုရား)။

ဒါကြောင့် မင်းတို့က ညံ့ဖျင်းတဲ့လူတွေ၊ ဒုက္ခသစ္စာနဲ့ စရင် ဒုက္ခသစ္စာ ဆုံးတော့မယ်ဆိုတာ အစောကြီးက မှတ်ထားလို့ရှိရင်ဖြင့်၊ ဪ ဒုက္ခသစ္စာနဲ့ စတာ၊ ဒုက္ခသစ္စာမှတစ်ပါး ဆုံးစရာမရှိဘူးလို့ ဒီလို ဆုံးဖြတ်ချက်ချရမှာ (မှန်လှပါ ဘုရား)။

စ ထားတာကဘာနဲ့ စ ထားတာတုန်း (ဒုက္ခသစ္စာနဲ့ပါ ဘုရား)၊ ဆုံးတော့ ဘာနဲ့ဆုံးမှာတုန်း (ဒုက္ခသစ္စာပါ ဘုရား)၊ အလယ်ဘာနဲ့ နေမှာတုန်း (ဒုက္ခသစ္စာနဲ့ပါ ဘုရား)၊ အဲဒါ မင်းတို့က ဒီသုံးချက်စလုံး ပျောက်နေတာ (မှန်ပါ)၊ ဘာပျောက် သွားတုန်း (ဒုက္ခသစ္စာ ပျောက်သွားပါတယ် ဘုရား)၊ ဒီ သုံးချက်စလုံး ပျောက်တာနော် (မှန်ပါ)၊ အစလဲ ပျောက်၊ အလယ်ကော (ပျောက်ပါတယ် ဘုရား)။

အလယ်လဲ ဒုက္ခသစ္စာလို့မသိဘူး၊ ရုပ်နာမ်တွေတုန်လှုပ်ချောက်ချားပြီး ခဏခဏ ပျက်နေတာကိုလဲ မသိဘူး၊ အဆုံးလဲ ဒုက္ခသစ္စာတွေမို့ ဒုက္ခသစ္စာ သဘောကို ပြောတာပဲလို့ မင်းတို့ကမရိပ်မိဘူး (မှန်ပါ)၊ မရိပ်မိတော့ အစ၊ အလယ်၊ အဆုံး သုံးပါးစလုံး ပျောက်ဆုံးပြီး သကာလသွားတော့ မင်းတို့ သောကပရိဒေဝဆိုတာတွေ မလာပေဘူးလား (လာပါတယ် ဘုရား)။

မူရင်းပျောက်သွားတာ

ဒါ ဘာပျောက်လို့တုန်း (ဒုက္ခသစ္စာပျောက်လို့ပါ ဘုရား)၊ အဲဒါ မူရင်း ပျောက်သွားလို့ မင်းတို့ အရူးထတာ (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဘာပျောက်သွားတာတုန်း (မူရင်းပျောက်သွားတာပါ ဘုရား)၊ မူရင်း ပျောက်သွားတာက အခု ငါပြောလို့သာ မင်းတို့က မူရင်းပျောက်တယ်လို့ ပြောနေတာ၊ မင်းတို့ နဂိုကိုက မူမပါတဲ့လူတွေ (မှန်ပါ)၊ နဂိုကတည်းက သားလေးလား၊ သမီးလေးလားလို့ မင်းတို့က အကဲခတ်နေတဲ့လူတွေ၊ ပဋိသန္ဓေနေကတည်းက ဘာ အကဲခတ်နေတုန်းဆိုတော့ သားလေးလား၊ သမီးလေးလားလို့ (မှန်လှပါ ဘုရား)။

မင်းတို့ နဂိုသိထားတာက မူကိုပျောက်နေတာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ မူကို အစရှာ တွေ့ရဲ့လား (မတွေ့ပါ ဘုရား)၊ သားလေးလား၊ သမီးလေးလားဆိုပြီး အကဲခတ်နေတာပဲ (မှန်လှပါ ဘုရား)။

ဒါ ဒုက္ခသစ္စာဖြစ်၍ ဒုက္ခသစ္စာ ပျက်တယ်၊ အလယ်မှာလဲ ဒုက္ခသစ္စာ၊ အဆုံးလဲ ဒုက္ခသစ္စာ၊ အစကလဲ ဒုက္ခသစ္စာလို့ သိထားရမယ်၊ ဘုရား ရဟန္တာများကျတော့ ဒါတွေ သိထားတော့ ဘယ်သူဘာဖြစ်သတဲ့၊ ဘယ်သူဘာမွေး သတဲ့၊ ဘယ်သူရောဂါရသတဲ့၊ ဘယ်သူသေသတဲ့ဆိုရင်ဖြင့်၊ ဪ သူ့သဘောအတိုင်းပဲ၊ ဒုက္ခသဘော ဒုက္ခပြောတာပဲ ဆိုတဲ့ သဘောရောက်သွားတယ် (မှန်ပါ)၊ ဒုက္ခသဘောမို့ (ဒုက္ခရောက်ပါတယ် ဘုရား)၊ ဒုက္ခသဘောမို့ ဒုက္ခပြောတာပဲ၊ ဒီခန္ဓာက ဘာပြောစရာရှိသေးတုန်း (ဒုက္ခပဲ ပြောပါတယ် ဘုရား)။

သေတဲ့အခါကျတော့ အသုဘပဲပြောတာပဲ

နဂိုက အသုဘသဘောမို့ သေတဲ့အခါကျတော့ အသုဘပဲပြောတာပဲ၊ ဒီပြင် ဘာပြောသေးတုန်း (မပြောပါ ဘုရား)၊ အဲဒါ ပြောမှ ပြောရလေခြင်း၊ ဒီလိုများ ဖြစ်လိမ့်မယ်မထင်ဘူးဆိုတဲ့ ဥစ္စာတွေဟာ မင်းတို့မူပျောက်နေတာကွ (မှန်ပါ)။ ဘာပျောက်နေတာတုန်းကွ (မူပျောက်နေတာပါ ဘုရား)၊ ဪ မင်းတို့ကလဲ မူပျောက်တာ ရဲပါပေ့ကွာ၊ တင်လှ တို့လူစုတွေ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

မူကို ဘယ်သူမှ ဖော်ပေးမယ့်သူလဲ မရှိဘူးကွ (မရှိပါ ဘုရား)၊ မူရင်းပျောက်ကတည်းက သူဟာ ငိုဖို့ချည်းပဲ ဖြစ်နေတယ်ဆိုရင်ကော လွဲသလား (မလွဲပါ ဘုရား)၊ ငိုဖို့၊ စိုးရိမ်ဖို့၊ သောကဖြစ်ဖို့၊ ဗျာပါဒဖြစ်ဖို့ ဆိုတာတွေဖြစ်နေတာ သည် ဘယ်က လာတာတုန်းဆို မူပျောက်လို့ဖြစ်ရတာ (မှန်ပါ)၊ ဘာမူ ပျောက်သွားတာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။

နဂိုက ဒုက္ခသစ္စာမူနဲ့ လာခဲ့တာလဲ မင်းတို့က မသိဘူး၊ မူသာပျောက်နေတာ (မှန်ပါ)၊ မူကို ဖော်ပေးမယ့်သူကလဲ မရှိဘူး၊ ဟင် (မှန်ပါ)၊ မူဖော်ပေးမယ့်သူမရှိလို့ ကိုယ်ကလဲ နဂိုက အ အ၊ အကန်း၊ အ အ၊ အကန်းလဲ ဖြစ်နေပြန်၊ မူဖော်ပေးမယ့်သူလဲ မရှိပြန်ဆိုတော့ မင်းတို့ဟာ ဒီဘဝလဲ ငိုဖို့၊ ရယ်ဖို့ဖြင်တဲ့ ခန္ဓာပဲ (မှန်ပါ)၊ ဟိုဘဝကော (ငိုဖို့၊ ရယ်ဖို့ပါ ဘုရား)။

မင်းတို့ ငိုတာ ရယ်တာကတော့ အမှားကြောင့် ငိုကြတာကိုး၊ ဒုက္ခသစ္စာ ပျောက်လို့ငိုကြတာ၊ ငိုရီတဲ့ အပြစ်က အပါယ်လေးပါးရောက်သွားပြီကွ (မှန်ပါ)၊ ပြုံးပြန်တော့ လောဘ၊ မဲ့ပြန်တော့ ဒေါသဆိုတော့ အပါယ်လေးပါး ရောက် ရောက်သွားတယ် (မှန်လှပါ ဘုရား)။

အပါယ်လေးပါးရောက်တော့မယ်

မင်းတို့မူပျောက်ရင် အပါယ်လေးပါးရောက်တော့မယ်ဆိုတာ အောက်မေ့ပေတော့၊ မူပျောက်ရင် (အပါယ် လေးပါးရောက်မှာပါ ဘုရား)၊ ဘာမူပျောက်သွားတာတုန်း (ဒုက္ခသစ္စာပါ ဘုရား)၊ အဲ နဂိုက ရုပ် နာမ်ဟာ ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာ တည်းဟူသော မူသာ ပျောက်သွားမယ်ဆိုလို့ရှိရင်ဖြင့် အပါယ်လေးပါးရောက်မှုမှတစ်ပါး ဘာရှိသေးတုန်း (မရှိပါ ဘုရား)၊ သဘောပါပြီလား (ပါ ပါပြီ ဘုရား)။

ဒါဖြင့် ယနေ့ကစပြီး မှတ်ရမှာက၊ နဂိုအစမှာ ဒုက္ခက မူတည်လာတယ်၊ ဒုက္ခလေးက ရင့်ကျက်လာတယ်၊ ဒုက္ခလေးပဲ ဆုံးရှုံးသွားတယ်ဆိုလို့ရှိရင်၊ ဪ သူ့သဘောနဲ့သူ ပင်ကိုသဘောအတိုင်း၊ ပင်ကိုက ဒုက္ခမို့ ဒုက္ခပဲ ပြောတယ်၊ ဒုက္ခပဲ ပျောက်တယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီလို နဂိုကသိထားလို့ရှိရင်ဖြင့်၊ ထူးထူးခြားခြား ကျုပ်မှ ဖြစ်ရလေခြင်းလို့ လာသေးရဲ့လား (မလာတော့ပါ ဘုရား)၊ ဘာဖြစ်လို့ မလာတာတုန်းဆိုတော့ မူမပျောက်တဲ့ပုဂ္ဂိုလ်မို့ ပဲ၊ သဘောပါပြီလား (ပါ ပါပြီ ဘုရား)၊ မူပျောက်တဲ့ ပုဂ္ဂိုလ်မှာ သောက ပရိဒေဝ ငြိမ်း မငြိမ်း (ငြိမ်းပါတယ် ဘုရား)၊ မူပျောက်တဲ့ပုဂ္ဂိုလ် သောက ပရိဒေဝ တည်းဟူသော အရူး ထ မထ (ထပါတယ် ဘုရား)။

အဲဒါ မင်းတို့ ဆရာကောင်း သမားကောင်းသာ မတွေ့လို့ရှိရင်ဖြင့် မူကို မပေါ်လာဘူး (မှန်ပါ)၊ မူမပေါ်လာလို့ ရှိရင်ဖြင့် မျက်ရည်နဲ့ မျက်ခွက်လမ်းဆုံးရမှာပဲဆိုတဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ ဒီဘဝ မျက်ရည်နဲ့ မျက်ခွက်လမ်းဆုံး၊ နောက်ဘဝလဲ အော်ကာ ငင်ကာနဲ့ ဒယ်အိုးထဲနေကြ၊ သဘောပါပြီလား (ပါ ပါပြီ ဘုရား)။

ဒုက္ခသစ္စာ မူပျောက်နေတဲ့ လူတစ်ယောက်အဖို့

ဘာပျောက်သွားတာတုန်း (မူပျောက်သွားတာပါ ဘုရား)၊ ဘာမူတုန်းကွ (ဒုက္ခသစ္စာမူပါ ဘုရား)၊ အဲဒီ မူပျောက် လောက်ဆိုးတာ ရှာတွေ့သေးလား (မတွေ့ပါ ဘုရား)၊ အဲဒီတော့ မင်းတို့ တစ်သံသရာလုံးမှာ သစ္စာမသိခဲ့ဘူး တဲ့၊ မသိခဲ့တော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ၊ သစ္စာကို နာနိုင်တဲ့ပုဂ္ဂိုလ်၊ သစ္စာကို သဘောကျတဲ့ ပုဂ္ဂိုလ်မှ အငို ပျောက်တာ တတ်နိုင်တာကိုးကွ (မှန်ပါ)၊ ဒီ ဒုက္ခသစ္စာ မူပျောက်နေတဲ့ လူတစ်ဦး တစ်ယောက်အဖို့တော့ ငိုရစ်ပေတော့ ကွာ၊ ရင်ထုရစ်ပေတော့ကွာ၊ အပါယ်နေရစ်ပေတော့ကွာလို့ လျစ်လှူမရှုချင်သောလည်း လျစ်လျူရှုပြီး၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ပရိနိဗ္ဗာန်စံရတာပဲ (မှန်လှပါ ဘုရား)။

မင်းတို့ကိုက မူလဲမရှိဘူး၊ ပေးပြန်တော့လဲ ဖျောက်ပစ်တယ်၊ ဒုက္ခသစ္စာရယ်လို့ မူကိုရှိရဲ့လား (မရှိပါ ဘုရား)၊ နဂိုကမူလဲမရှိဘူး၊ ရှိပြန်တော့လဲ အပြင်ဘက်က လှည့်စားသွားလိုက်တာနဲ့ မူက ပျောက်သွားပြန်တော့ ဖြစ်မှဖြစ်ရလေ ကွာ (မှန်ပါ)၊ နဂိုမူမရှိတဲ့အထဲ ပေးတဲ့မူလဲပျောက်နေတယ် (မှန်ပါ)၊ နဂိုမူမရှိတဲ့အထဲမှာ (ပေးတဲ့မူ ပျောက်နေပါတယ် ဘုရား)။

ပေးတဲ့မူပျောက်တာ ငိုချင်လို့သာ မှတ်ပေတော့၊ တင်လှ ဘယ်လို မှတ်မှာလဲ (ငိုချင်လို့ပါ ဘုရား)၊ နဂိုကလဲမူရှိရဲ့ လား (မရှိပါ ဘုရား)၊ ဆရာသမားကောင်းသာ မတွေ့ရင် “ဒုက္ခသစ္စာမူ” ဆိုတဲ့ မူရင်းကြီးကော ရှိပါ့မလား (မရှိပါ ဘုရား)၊

ခန္ဓာကိုယ်ကြည့်ရင် ဖြစ်လိုက် ပျက်လိုက်

အခု ဆရာကောင်း သမားကောင်း တွေ့ပြန်တဲ့အခါကျတော့ ဒါ ဒုက္ခသစ္စာတွေပဲ၊ ခန္ဓာကိုယ်ကြည့်ရင် ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်တာတွေဟာ ဒုက္ခသစ္စာပဲ၊ ပျက်တာလဲ ဒုက္ခသစ္စာပဲလို့ မင်းတို့က သိနေလို့ရှိရင် ဒီမူနဲ့သာ နေကြမယ်ဆိုရင် နိဗ္ဗာန်ရောက်မှာပဲ (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဒါ မင်းတို့က အိမ်ရောက်ရင် ဖျောက်ပစ်တယ်၊ အရောင်းအဝယ်နဲ့ တွေ့လိုက်ရင် (ဖျောက်ပါတယ် ဘုရား)၊ မင်းတို့က ပေးတဲ့မူလဲပျောက်၊ မရသေးတဲ့မူဟာ အဖိုးတန်ပါတယ်လို့လဲမသိ၊ မသိတော့ မင်းတို့မှာ ဘာများကြွင်းရစ် သတုန်းဆိုတော့ ဖျောက်ပစ်တဲ့အတွက် ငိုတာရယ်၊ အပါယ်လေးပါးရတာရယ်၊ ဒါပဲ အမြတ်ထွက်တယ် (မှန်ပါ)၊ ငိုရတာ ရယ် (အပါယ်လေးပါးကျတာရယ်ပါ ဘုရား)၊ ဒါပဲ အမြတ်ထွက်တယ်။

အဲဒါ မူမသိလို့လဲ ဒါတွေပဲရပါတယ်၊ မူဖျောက်ပစ်လို့လဲ (ဒါတွေပဲ ရပါတယ် ဘုရား)၊ ဒီနှစ်ချက်မှတ်ထားရမယ် ကွ (မှန်ပါ)၊ မူမသိလို့ မျက်ရည်နဲ့ ငရဲရတယ်၊ မူဖျောက်ပစ်လိုက်ရင် (မျက်ရည်နဲ့ ငရဲ ရပါတယ် ဘုရား)။

အဲဒီတော့ မင်းတို့ကို အခု ဆုံးမရတာက တခြားမဟုတ်ပါဘူးတဲ့၊ မူတော့ ပေးထားပြီး ဖျောက်ပစ် မှာကြောင့် မင်းတို့ ဒုက္ခရောက်မှာ စိုးရမယ် (မှန်ပါ)၊ မူကတော့ (ပေးထားပါတယ်)၊ ဖျောက်ပစ်မှာကြောင့် (ဒုက္ခရောက်မှာပါ ဘုရား)။

သိန်းတစ်ရာပျောက်သွားတာ အရေးမကြီးပါဘူး

ဖျောက်ပစ်လို့ရှိရင်ဖြင့်၊ ဪ ဒီဥစ္စာ သိန်းတစ်ရာပျောက်သွားတာ အရေးမကြီးပါဘူး (မှန်ပါ)၊ ဒီဟာ ပျောက်သွားလို့ရှိရင်ဖြင့် အခုမူလဲ ပျောက်သွားမယ်၊ အပါယ်လေးပါးလဲ သက်တမ်း အရှိနေရတော့မယ် ဆိုတဲ့ အဓိပ္ပါယ် က ရှင်းမနေဘူးလား (ရှင်းပါတယ် ဘုရား)။

အဲဒါကြောင့် မင်းတို့သည် ပေးထားတဲ့လူလဲမဖျောက်နဲ့ (မှန်ပါ)၊ မဖျောက်လို့ရှိရင်ဖြင့်၊ ဒါ ဘယ်အချိန်ကြည့် လိုက် ကြည့်လိုက်၊ ခန္ဓာကိုယ်ထဲမှာ ဖြစ်လိုက် ပျက်လိုက်တွေဟာ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာတွေပဲ၊ ဪ ကိုယ့်ခန္ဓာကြီးလဲ ဒုက္ခသစ္စာပဲ၊ သူတစ်ပါး ခန္ဓာတွေလဲ ဒုက္ခသစ္စာပဲ၊ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ဒီလိုပဲ ဖြစ်နေတယ်ဆိုတဲ့မူကို မင်းတို့ နိုင်နိုင်နင်းနင်း ရက်ပေါင်းများစွာ မဖျောက်ဘဲနေလို့ရှိရင်ဖြင့် အမှန်သိတဲ့ မဂ် ဉာဏ်ဟာ မလာပေဘူးလား (လာပါတယ် ဘုရား)။

အမှန်သိတဲ့ မဂ်ဉာဏ်လာရင် နိဗ္ဗာန်မရဘူးလား ရမှာလား (ရပါတယ် ဘုရား)၊ အဲဒီတော့ သောက ပရိဒေဝ ငြိမ်းပြီး၊ ငရဲအိုးကော မသိမ်းဘူးလားကွ (သိမ်းပါတယ် ဘုရား)၊ သောက ပရိဒေဝဆိုတဲ့ စိုးရိမ်ခြင်း၊ ငိုကြွေးခြင်းလဲ သိမ်းမှာပဲ၊ ငရဲမီး ငရဲအိုးတွေလဲ သိမ်းသွားမှာပဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အပါယ်လေးပါး စိတ်မှချရပါ့မလား

အဲဒါ မင်းတို့အခု တရားနာလာကြတာ ကြာပါပြီတဲ့၊ မင်းတို့ဟာ မင်းတို့ အပါယ်လေးပါး စိတ်မှချရပါ့မလား လို ဖြစ်နေကြတယ်၊ မူပျောက်ရင်တော့ စိတ်မချရသေးဘူး၊ မူပျောက်ရင် (စိတ်မချရသေးပါ ဘုရား)၊ မူပျောက်ရင်တော့ ဖြင့် (စိတ်ချရပါပြီ ဘုရား)။

ဒါကြောင့် ဘုရားပေးထားတဲ့မူ၊ ဆရာသမားပေးထားတဲ့ မူတွေဟာ “မူရင်း”၊ ဒါတွေသာ ဖျောက်ပစ်တော့ မယ်ဆိုလို့ရှိရင်ဖြင့် ဘာများ ကြွင်းရစ်မှာလဲဆို သောကရယ်၊ ပရိဒေဝရယ်၊ ငရဲရယ် ဆိုတာတွေဟာ၊ ကိုယ်ပိုင်ပစ္စည်း ဖြစ်မှာပဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် တင်လှတို့ ဘယ်လိုနေမှတော်မှာတုန်း (မူမဖျောက်မှပါ ဘုရား)၊ မူမဖျောက်ဆိုတာ ဘယ်အချိန်မဆို အချိန်ရတိုင်း ရတိုင်း၊ ဒုက္ခသစ္စာလို့ သိနေရမယ်၊ တကယ် ကိုယ်ပိုင်ဉာဏ်နဲ့ပြောသံ၊ ကြားသိမဟုတ်တော့ဘူး၊ တကယ့် ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်သိပြီး၊ အသိဆုံးလို့ရှိရင် မဂ်ဉာဏ်ဖြစ်တာပဲ၊ အသိဆုံးရင် (မဂ်ဉာဏ် ဖြစ်ပါတယ် ဘုရား)၊ မဂ်ဉာဏ်ဖြစ်လို့ရှိရင် သောက ပရိဒေဝတွေကို သူက ငြိမ်းပေးတယ်၊ အသိမဆုံးသေးဘဲနဲ့ ပြောသ ံကြားသိတာလေး လောက်နဲ့ ကျုပ်တို့ ကြားဖူးပါရဲ့၊ ဆရာကောင်း သမားကောင်းလဲ ပေါင်းသင်းဖူးပါတယ်၊ ကိုးကွယ်ဖူးပါတယ်ဆိုရုံနဲ့ တော့ မင်းတို့မရသေးပါဘူး (မှန်လှပါ ဘုရား)။

ကိုယ်တိုင်သိကိုရောက်မှသာလျှင် သောက ပရိဒေဝငြိမ်းမယ်၊ ငရဲအိုး ပျောက်မယ် (မှန်ပါ)၊ ကိုယ်တိုင်သိမှ မရသေးဘူး ဆိုလို့ရှိရင်ဖြင့် သောက ပရိဒေဝလဲ ပျောက်မှာမဟုတ်ဘူး၊ ဒုက္ခ ဒေါမနဿလဲ ငြိမ်းမှာ မဟုတ်ဘူး၊ အပါယ်ငရဲတွေလဲ ကိုယ့်အတွက် တစ်ပွက်ပွက်ဆူနေမှာပဲ၊ စောင့်နေမှာပဲ၊ ဒါကြောင့် ကိုယ်တိုင်သိလေးတစ်ခုရောက်ဖို့ ဟာ အလွန်အရေးကြီးတယ် (မှန်ပါ)၊ ဘာအရေးကြီးလဲ (ကိုယ်တိုင်သိပါ ဘုရား)။

ဉာဏ်အသိနဲ့ သွားတွဲရမယ်

အခု ဆရာသမားကတော့ သိအောင်ပြောတာပဲ (မှန်ပါ)၊ သိအောင်ပြောပေမယ့် အရှိက မင်းတို့ ခန္ဓာမှာရှိ နေတော့ အသိက မင်းတို့ ခန္ဓာထဲက အသိနဲ့ သွားတွဲရမယ် (မှန်ပါ)၊

မင်းတို့ခန္ဓာထဲ ဒုက္ခသစ္စာ အရှိနဲ့ မင်းတို့ ခန္ဓာထဲ ဉာဏ်အသိနဲ့ သွားတွဲရမယ် (မှန်ပါ)၊ တင်လှ ဘယ်သူ့ အရှိန်နဲ့ ဘယ်သူ့အသိတွဲရမှာတုန်း (ကိုယ်တိုင်အရှိနဲ့ ကိုယ်တိုင်အသိတွဲရမှာပါ ဘုရား)၊ ကိုယ်တိုင်အရှိနဲ့ ကိုယ်တိုင်အသိ တွဲရမှာကို သဘောပါပြီလား (ပါပါပြီ ဘုရား) ဘာနဲ့ တွဲကြရမှာတုန်း (ကိုယ်တိုင်အရှိနဲ့ ကိုယ်တိုင်အသိ တွဲရမှာပါ ဘုရား)။

ကိုယ်တိုင်အရှိနဲ့ ကိုယ်တိုင်အသိတွဲတဲ့အခါကျတော့ဖြင့်၊ သူများကြားဝင်လို့ ရသေးရဲ့လား (မရပါ ဘုရား)၊ အဲ နဂိုတုန်းကတော့ အရပ်ကပြောပြော၊ ရွာကပြောပြော၊ မြို့ကပြောပြော၊ ဒါတွေ သူတို့ပြောလို့ သောက ပရိဒေဝ ရခဲ့ကြတာ (မှန်ပါ)၊

အခု သူတို့စကား မယုံတော့ဘူးဆိုတဲ့တစ်နေ့ကျတော့ မင်းတို့ မင်းသားလေး သေသွားတော့ မျက်ရည်မကျဘူးလားလို့မေးဖို့ မလိုတော့ဘူး (မှန်ပါ)၊ မင်းသမီးလေး သေသွားလို့ မျက်ရည်မကျဘူးလားလို့မေးဖို့ မလိုတော့ဘူး (မှန်လှပါ ဘုရား)။

ကိုယ့်အရှိ ကိုယ့်အသိနဲ့ ကိုက်အောင်လုပ်ရမယ်

အဲဒါကြောင့် ကိုယ့်အရှိ ကိုယ့်အသိနဲ့ ကိုက်အောင်လုပ်ရမယ် (မှန်ပါ)၊ ဘယ်လိုတုန်း (ကိုယ့်အရှိ ကိုယ့်အသိနဲ့ ကိုက်အောင်လုပ်ရမှာပါ ဘုရား)၊ ကိုယ့်အရှိကဘာတုန်း (ဒုက္ခသစ္စာပါ ဘုရား)၊ ကိုယ့်အသိကမဂ် (မှန်ပါ)၊ အဒီမဂ်ဉာဏ်နဲ့ ကိုယ့်မှာသိအောင်လုပ်နေရမယ်၊ သိအောင်လုပ်တဲ့အခါကျလို့ရှိရင် သိသည်နှင့် တစ်ပြိုင်နက်တည်း ခုနက ငိုစရာသောက ပရိဒေဝဆိုတဲ့ ငိုတတ်တဲ့တရားတွေလဲ ဝမ်းထဲမှာကို မရှိတော့ဘူး (မှန်ပါ)၊ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲ ဆွေးတတ်တဲ့တရားတွေကော (မရှိပါ ဘုရား)၊ ဘာပြုလို့တုန်း ကိုယ့်အရှိနဲ့ ကိုယ့်အသိကိုက်သွားလို့ (မှန်ပါ)၊ အရင်တုန်းကတော့ သူများပြောသံကြား အရှိနဲ့ သူများပြောသံကြား အသိနဲ့နေတုန်းကတော့ အိမ်မြှောင်အမြီးပြတ် ဆတ်ဆတ်ခါလို့၊ ဒုက္ခဒေါမနဿတွေဖြစ်လိုက်တာ (မှန်ပါ)၊ အဲဒါ ကိုယ့်အရှိနဲ့ ကိုယ်အသိနဲ့ မကိုက်ခင်တုန်းကဖြင့် အရူးကို ထနေတာပဲ (ထပါတယ် ဘုရား)။

ဒါဖြင့် ဒီနေ့ညတရားမှာ ဘာကို အဓိကထားပြောသတုန်းဆိုလို့ရှိရင် အစကရှိတာ၊ အလယ်ကရှိတာ၊ အဆုံးက ရှိတာကို တစ်တန်းတည်း ဖြစ်ရမယ် (မှန်ပါ)၊ အစကကော ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)၊ အလယ်မှာ (ဒုက္ခသစ္စာ ပါ ဘုရား)၊ အဆုံးမှာ (ဒုက္ခသစ္စာပါ ဘုရား)၊ အကုန် ဖြစ်ပျက်ချည်းပဲ မဟုတ်လား (မှန်ပါ)၊ ဖြစ် ပျက်ဟူသရွေ့ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် အစတုန်းကလဲဖြစ် ပျက်နဲ့လာခဲ့တာ၊ အလယ်လဲဖြစ် ပျက်နဲ့နေတာ၊ အဆုံးလဲ ဖြစ်ပျက်နဲ့ ဆုံးတာပဲ (မှန်လှပါ ဘုရား)။

အဲဒီအရှိနဲ့ ကိုယ့်ဉာဏ်အသိနဲ့ သွားကိုက်ရမယ်

ဒါ ဒုက္ခသစ္စာလို့ သိပြီး သကာလ ထားတော့၊ အဲဒီအရှိနဲ့ ကိုယ့်ဉာဏ်အသိနဲ့ သွားကိုက်ရမယ် (မှန်ပါ)၊ အဲဒီအရှိနဲ့ (ကိုယ့်ဉာဏ်အသိနဲ့ ကိုက်ရမှာပါ ဘုရား)၊ ကိုယ့်ဉာဏ်အသိနဲ့ သွားပြီးကိုက်လို့ သူများပြောသံကြားမဟုတ်တော့ဘူး၊ ကိုယ့်ဉာဏ်အသိနဲ့ကိုယ်ဖြင့် ရေရေလည်လည်ကြီး သိပါပြီလို့ဆိုလို့ရှိရင်ဖြင့်၊ ဒါ မဂ်အသိ အစစ်ရောက်တာပဲ (မှန်လှပါ ဘုရား)။

ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့သိပြီနော် (မှန်ပါ)၊ သိသည်နှင့် တစ်ပြိုင်နက်တည်း သောက ဖြစ်တတ်တဲ့တရားတွေ၊ ဒေါသဖြစ်တတ်တဲ့တရားတွေ ဘာဖြစ်ကုန်သတုန်း (ချုပ်ပါတယ် ဘုရား)၊ အကုန်ချုပ်ကုန်တာပဲနော် (မှန်ပါ)၊ ချုပ်ကုန် တော့ သောကပရိဒေဝငြိမ်းသွားတာ နိဗ္ဗာန်ပဲ၊ သောက ပရိဒေဝငြိမ်းသွားတာ (နိဗ္ဗာန်ပါ ဘုရား)။

သောက ပရိဒေဝငြိမ်းသွားတာက ပစ္စုပ္ပန် အခုခန္ဓာရှိတုန်းကို ရတဲ့နိဗ္ဗာန်လို့ မှတ်ရမယ် (မှန်ပါ)၊ ခန္ဓာရှိတုန်းမှာ သောက ပရိဒေဝငြိမ်းသွားရင် ခန္ဓာရှိတုန်းပဲ သောက ပရိဒေဝ ငြိမ်းတဲ့နိဗ္ဗာန်ကို ကိုယ်ပိုင်ရတယ်လို့ မှတ်ရမယ် (မှန် လှပါ ဘုရား)။

ဒါဖြင့် အစ အလယ် အဆုံး သုံးပါးစလုံးကို၊ ဒါဟာ ကိုယ့်အရှိပါလား၊ ဆရာသမား ပြောထားတာ မဟုတ်တော့ ဘူး၊ ကိုယ့်ဉာဏ်နဲ့ အသိနဲ့ ကိုက်ပါပေ့ါလား၊ ကိုယ့်အရှိနဲ့ ကိုယ့်အသိနဲ့သာ တန်းနေတဲ့ပုဂ္ဂိုလ်ကျတော့ သောတာပန်လဲ ဖြစ်၊ သကဒါဂါမ်လဲဖြစ်၊ အနာဂါမ်လဲဖြစ်၊ ရဟန္တာလဲဖြစ်၊ ဘုရားလဲဖြစ်တယ် (မှန်လှပါ ဘုရား)။

ဘာဖြစ်လို့ သောတာပန်ဖြစ်ရသတုန်း

ဒါဖြင့် ဘာဖြစ်လို့ သောတာပန်ဖြစ်ရသတုန်းဆိုတော့ ကိုယ့်အရှိနဲ့ ကိုယ့်အသိကိုက်သွားလို့ (မှန်ပါ)၊ သဘော ပါပြီလား (ပါပါပြီ ဘုရား)၊ သကဒါဂါမ် ဘယ်လိုကြောင့် ဖြစ်သွားသတုန်း (ကိုယ့်အရှိနဲ့ ကိုယ့်အသိကိုက်သွားလို့ပါ ဘုရား)၊

ဘုရား ဘယ်လိုကြောင့်ဖြစ်သွားသတုန်း (ကိုယ့်အရှိနဲ့ ကိုယ်အသိ ကိုက်သွားလို့ပါ ဘုရား)၊ ကိုယ့်အရှိက ဘာသစ္စာ တုန်း (ဒုက္ခသစ္စာပါ ဘုရား)၊ ကိုယ့်အသိက (မဂ္ဂသစ္စာပါ ဘုရား)၊

ကိုယ့်အရှိကို ကိုယ့်ဉာဏ်တည်းဟူသော မဂ်နဲ့ သိသွား လို့ရှိရင် သောက ပရိဒေဝတွေ ဘာဖြစ်သွားသတုန်း (ချုပ်ငြိမ်းပါတယ် ဘုရား)၊ သောက ပရိဒေဝ ချုပ်ငြိမ်းသွားလို့ရှိရင် နိဗ္ဗာန်ဆိုတာ “အာသောက” စိုးရိမ်ခြင်းမရှိတာ (မှန်ပါ)၊ “အပရိဒေဝ” ငိုမှုမရှိတာ (မှန်လှပါ ဘုရား)။

မဂ်ကနေ သိမ်းပေးလိုက်တာပဲ

အဲဒါတွေ အကုန်ဝမ်းထဲမှာ မဂ်ကနေ သိမ်းပေးလိုက်တာပဲ (မှန်ပါ)၊ သောကဖြစ်တဲ့တရား၊ ပရိဒေဝဖြစ်တဲ့ တရားတွေကို (သိမ်းပေးပါတယ် ဘုရား)၊ ဒုက္ခဒေါမနဿဖြစ်တဲ့တရားတွေကို (သိမ်းပေးထားပါတယ် ဘုရား)၊ ဒါဖြင့် ဒုက္ခဒေါမနဿ မရှိတာ နိဗ္ဗာန်လို့ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါဖြင့် မင်းတို့သည် ကိုယ့်အရှိနဲ့ ကိုယ်အသိကိုက်အောင်က မင်းတို့တာဝန် (မှန်ပါ)၊ မရှိသေးတာကို ရှိပါတယ် လို့ မယုံ ယုံအောင် ပြောမှုဟာကတော့ ဆရာသမားတာဝန် (မှန်ပါ)၊ မရှိသေးတာကို ရှိပါတယ်လို့ လက်တွေ့ပြနိုင်တာကို လက်တွေ့ပြပေးတာက ဆရာသမားတာဝန် (မှန်ပါ)၊ အဲဒီ ဆရာသမား ပြထားလို့ ရှိတာနဲ့ မိမိကသိတာနဲ့ ကိုက်သွားရင် ဒါ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရတာပဲ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် မူသုံးမူမဖျောက်နဲ့၊ အစမူက အလယ်ကျတော့ မဖောက်စေနဲ့ (မှန်ပါ၊ အလယ်လဲ ဒုက္ခသစ္စာပဲ၊ အဆုံး ကျတော့လဲ မဖောက်စေနဲ့၊ အဆုံးကျတော့လဲ ဘာနဲ့ဆုံးတုန်း (ဒုက္ခသစ္စာနဲ့ပါ ဘုရား)၊ ဒါဖြင့် အစလဲ ဒုက္ခသစ္စာဖြစ် ပျက်၊ အလယ်မှာကော (ဒုက္ခသစ္စာ ဖြစ် ပျက်ပါ ဘုရား)၊ အဆုံးမှာကော (ဒုက္ခသစ္စာဖြစ် ပျက်ပါ ဘုရား)။

ကိုယ့်အသိနဲ့ကိုက် အောင်ချည်း လုပ်ရမယ်

အဲဒါတွေ ဖြစ်ပျက်ချည်းပဲ ရှုပြီး သကာလနေတော့ ဒီမူကို မဖျောက်နဲ့ (မှန်ပါ)၊ ဒီမူကို ကိုယ့်အသိနဲ့ကိုက် အောင်ချည်း လုပ်ရမယ် (မှန်ပါ)၊ ဒီမူ သုံးချက်ကို (ကိုယ့်အသိနဲ့ ကိုက်အောင် လုပ်ရမှာပါ ဘုရား)၊

ကိုယ်အသိနဲ့ ကိုက်အောင် လုပ်လိုက်တော့ ဒီအသိတွေဟာ သူများပြောသံကြား အသိမဟုတ်ဘူး၊ တစ်ဆင့်ကြားအသိမဟုတ်ဘူး၊ ကိုယ်ပိုင်ဉာဏ် နဲ့ ကိုယ်တိုင်သိပြီ ဆိုလို့ရှိရင်၊ ဒါ မဂ်အသိဖြစ်တာပဲ (မှန်ပါ)၊

မဂ်အသိ ဖြစ်လို့ရှိရင်

မဂ်အသိ ဖြစ်လို့ရှိရင် သောက ပရိဒေဝတွေ ဘာဖြစ်ကုန် တုန်း (ချုပ်ငြိမ်းပါတယ် ဘုရား)၊ သောက ပရိဒေဝ ချုပ်ငြိမ်းတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။

အေး သတိပဋ္ဌာန် ပါဠိတော်က ဒီအတိုင်းလာတယ်။

”သောက ပရိဒေဝါနံ သမတိက္ကမာယ၊

ဒုက္ခ ဒေါမနဿနံ အတ္ထင်္ဂမာယ” ဆိုတော့

သောက ပရိဒေဝတို့သည် ချုပ်တယ်၊ ဒုက္ခ ဒေါမနဿ တို့သည် ကုန်တယ်လို့ သေသေချာချာ ဟောထားတော့ ကို၊ ဪ နိဗ္ဗာန်ဆိုတာ အဝေးကြီးလားမှတ်တယ်၊ အခုချက်ချင်း အရှိနဲ့အသိ ကိုက်သွားလို့ရှိရင် သောကပရိဒေဝ သိမ်းငြိမ်းသွားတာကို နိဗ္ဗာန်လို့ဆိုတာ မင်းတို့ သံသယရှိဖို့ လိုသေးလား (မလိုပါ ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ကဲ တော်ပြီကွ။

သာဓု – သာဓု – သာဓု။