”သောတာပန်တည်နည်း”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
အမရပူရမြို့ မင်္ဂလာရိပ်သာ ကျောင်းတိုက်၌
ဟောကြား ဆုံးမတော်မူအပ်သော
”သောတာပန်တည်နည်း”
ည အလုပ်ပေးတရားတော်
(၉-၁၂-၆၀)
ယောကျာ်း မိန်းမ ရွေးမနေပါနဲ့
နိဗ္ဗာန်ရတဲ့နေရာမှာ ယောကျာ်း မိန်းမ ရွေးမနေပါနဲ့၊ ယောကျာ်းက ဉာဏ်ထက်မြက်တယ်၊ မိန်းမက ဉာဏ် သေးသိမ်တယ်၊ ဒီလိုအယူကို အစောကြီးက ဖျောက်ပစ်ပါ၊ ယောကျ်ားက ဉာဏ်ထက်တယ်၊ မိန်းမက ဉာဏ်သေးသိမ် တယ်ဆိုတဲ့ အယူကို ဖျောက်ပစ်ရမယ်၊ ဘာဖြစ်လို့ ဒီအယူ ဖျောက်ခိုင်းသတုန်း ဆိုတော့ မိန်းမက မိန်းမဖြစ်ချင်တဲ့ဆန္ဒ မစွန့်လို့ မိန်းမဖြစ်လာတာ၊ ယောကျားက ယောကျ်ားဖြစ်ချင်တဲ့ ဆန္ဒမစွန့်လို့ ယောကျ်ားဖြစ်လာတာ။
အဲဒါက ဆန္ဒကြောင့်ဖြစ်တာ၊ ဉာဏ်က ဒါနဲ့၊ ဘာမှမဆိုင်ဘူး၊ ဉာဏ်က ထက် မထက်ဆိုတာကတော့ ကိုယ်ပြုခဲ့တဲ့၊ နောက်ဘဝက ပြုခဲ့တဲ့ဟာမှာ ဉာဏ်နဲ့ယှဉ်ပြီး လှူဒါန်းခဲ့ရင် ဉာဏ်ဖြစ်တာပဲ၊ ဉာဏ်နဲ့မယှဉ်ဘဲ လှူဒါန်းခဲ့မှုရှိသော် ဉာဏ်မဖြစ်တာဘဲ။
ဒါဖြင့် ယောကျ်ား၊ မိန်းမဖြစ်စဉ်က တဏှာဆန္ဒကဖြစ်စေတာ၊ ဉာဏ် ကောင်း မကောင်းက နောက်ဘဝက လှူမှု၊ ဒါန်းမှု၊ ပေးမှု၊ ကမ်းမှုမှာ ဉာဏ်နှင့်ယှဉ်ပြီး လှူမှု၊ ဉာဏ်နဲ့မှယှဉ်ဘဲနဲ့ လှူမှု၊ ဒီမှာ ကွာခြားပြီး သကာလ နေတာ ဖြစ်နေတော့ ဉာဏ် ကောင်း မကောင်းကတော့ဖြင့် တစ်ခြားစီပဲ၊ မိန်းမ၊ ယောကျ်ား ဖြစ်တာကတော့ ကိုယ့်ဆန္ဒအတိုင်း ကိုယ်ဖြစ်ကြတာ၊ ဉာဏ်ကောင်း မကောင်းကတော့ နောက်ဘဝက လှူမှုမှာ ဉာဏ်နဲ့မယှဉ်ခဲ့ရင် ဉာဏ်မကောင်းတာဘဲ၊ ယှဉ်ရင် ဉာဏ်ကောင်းတာပဲဆိုတော့ ယောကျ်ား၊ မိန်းမနဲ့ ဉာဏ်နဲ့ဟာ တစ်ခြားစီလို့ မှတ်ထားရမယ်။
ယောကျ်ားမို့ ဉာဏ်ကောင်းတယ် ဒီလိုမယူနဲ့၊ မိန်းမမို့ ဉာဏ်ဖျင်းတယ်။ ဒီလို မယူပါနဲ့ ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ၊ နောက်ဘဝအကြောင်းအတိုင်း၊ ဒီဘဝ ဆရာသမားကောင်းနဲ့ တွေ့တဲ့အကြောင်းအတိုင်း၊ ဒါသာလျှင် လိုရင်းပဓာန ဖြစ်ပါတယ်လို့ မှတ်ထားတော့
ဪ ယောကျ်ားနဲ့ မိန်းမ ဆိုတာ ဉာဏ်နဲ့တော့ ဘာမှ မထူးပါလား အမူအရာဟန်ပန်သာ ထူးနေပါလားဆိုတာ မှတ်ထားလိုက်ပါ။
ဟုတ်တိုင်းမှန်စွာသိတဲ့ ဉာဏ်ရဖို့သာလျှင် အဓိက
အဲဒီတော့ကို ဒါ ဘယ်မှာလာပါသတုန်း ဆိုလို့ရှိရင်ဖြင့်၊ သံယုတ်ပါဠိတော်မှာ လာတယ်လို့ မှတ်ထားပါ၊ သံယုတ်ပါဠိတော်မှာ ဘယ်လိုလာပါလိမ့်မတုန်းလို့ မေးတဲ့အခါကျ
”ယံ တံ ဣသီဟိ ပတ္တဗ္ဗံ၊ ဌာနံ ဒုရဘိသမ္ဘဝံ။
နတံ ဒ္ဓင်္ဂုလပညာယ၊ သက္ကာ ပပ္ပါတု မိတ္ထိယာ” တိ၊
ဣတ္ထိဘဝေါ ကိံကယါရာ၊ စိတ္တမှိ သုသမာဟိတေ၊
ဉာဏမှိ ဝတ္တမာနမှိ၊ သမ္မာ ဓမ္မံ ဝိပဿတော။ (သဂါထာဝဂ္ဂသံယုတ်၊ ၁၃၀)
ယခု ဆရာသမားပြတဲ့ဥစ္စာ ဟုတ်တိုင်းမှန်စွာသိတဲ့ ဉာဏ်ရဖို့သာလျှင် အဓိကထားပါ၊ ဆရာသမား ဟောကြား ညွှန်ပြဆုံးမနေတဲ့ တရားကို ခန္ဓာဉာဏ်ရောက်ပြီး သကာလ ၊ ဟုတ်တိုင်းမှန်စွာသိတဲ့ ပုဂ္ဂိုလ်ကတော့ ရတာပဲ၊ ဟုတ်တိုင်း မှန်စွာမသိတဲ့ပုဂ္ဂိုလ်က ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ဟုတ်တိုင်းမှန်စွာ မသိရင် မရတာဘဲ။
မဂ်ဉာဏ်၊ ဖိုလ် ဉာဏ်ဟာ ကံနဲ့ မစပ်ဘူး
ဒါဖြင့် ဟုတ်တိုင်းမှန်စွာ ဆရာသမားကပြော၊ ဟုတ်တိုင်းမှန်စွာ ဒကာကဖြစ်စေ၊ ဒကာမကဖြစ်စေ သိတဲ့ အပေါ်မှာသာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရကြောင်း၊ မရကြောင်းဆိုတာ ထူးခြားတယ်လို့ မှတ်ထားရမယ်၊ မဂ်ဉာဏ်၊ ဖိုလ် ဉာဏ်ဟာ ကံနဲ့ မစပ်ဘူးဆိုတာလဲ မှတ်ထားရမယ်၊ ကံက သတ္တဝါဖြစ်အောင်သာလုပ်တယ်၊ ဉာဏ်ကတော့ ဆရာသမား ကောင်းဆီမှာ မှီဝဲမှ ဉာဏ်ရမယ်၊ ကံကတော့ ပြုလုပ်လို့ရှိရင် ကံဖြစ်တာပဲ၊ ဉာဏ်ကတော့ ဆရာသမား အကူအညီ ကင်းခဲ့သော်၊ ဘယ်တော့မှ မရဘူးလို့ဆိုတာကို မှတ်ထားရမယ်။
”သပ္ပုရိသူပ သံသေဝါသောတာပတ္တိအင်္ဂံ” သူတော်ကောင်းနဲ့ ပေါင်းမှသာ လျှင် ဉာဏ်ကရမယ်ဆိုသဖြင့်၊ ဪ ကံနဲ့တစ်ခြားစီပါလား ကံကတော့ သူတော်ကောင်းနဲ့ ပေါင်းသည်ဖြစ်စေ၊ မပေါင်းသည်ဖြစ်စေ၊ ဟို နောက်ဘဝက ဒါနအကြောင်း ကောင်းရာလုပ်ခဲ့လို့ရှိရင် ချမ်းသာချင် ချမ်းသာတာပဲ။
မဂ်ဖိုလ်ရ မရက ဉာဏ်နဲ့စပ်တယ်
ဒါဖြင့် အကျိုးပေး မပေးက ကံနဲ့စပ်တယ်၊ မဂ်ဖိုလ်ရ မရက ဉာဏ်နဲ့စပ်တယ်၊ ဒီလို ခွဲသိထားရတယ်၊ ဒီဘဝ ချမ်းသာမှု အကျိုးပေး မပေးက ကံနဲ့စပ်တယ်၊ ဒီဘဝ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရမှုတို့ မရမှုတို့က ဉာဏ်နဲ့စပ်တယ်၊ ဟေ့ မောင်အောင်မြတ်မှတ်ထားကွ (မှန်ပါ)၊ ဒီဘဝချမ်းသာမှု၊ ကျန်းမာမှုမှာတော့ ကံနဲ့စပ်ပါတယ်၊ ကံကြောင့်လဲ ဖြစ်ကြတာ ပါပဲ။
ဒီဘဝ မဂ်ဉာဏ် ဖိုလ်ဉာဏ်၊ ရမှု မရမှုကျတော့ ဉာဏ်နဲ့စပ်ရမယ်လို့ မှတ်သားရမယ်၊ ဝိသာခါယောကျ်ားသည် ကံနဲ့ သူဌေးပဲ၊ ဝိသာခါသာ ကျွတ်တမ်းဝင်တယ်၊ သူကျွတ်တမ်းမဝင်ဘူး၊ သူဌေးတော့ သူဌေးပဲ၊ ဒါဖြင့် ကံနဲ့သာစပ်ပြီး သူဉာဏ်နဲ့ မစပ်လို့ပေါ့၊ မောင်ချစ်စိန်မဟုတ်ဘူးလား (မှန်ပါ)၊ ဝိသာခါက ကျွတ်တမ်းဝင်တယ်၊ သူ ကျွတ်တမ်းဝင်ရဲ့ လား (မဝင်ပါ ဘုရား)၊ ဒါ ဘာနဲ့စပ်တာတုန်း၊ သူ သူဌေးပဲ မဟုတ်လား၊ ပုဏ္ဏဟာ (မှန်ပါ)၊ သူဌေး ပုဏ္ဏဆိုတာ။
အဲဒီတော့ကို ဒုက္ခဝဋ်ကျွတ်မှု မကျွတ်မှု၊ နိဗ္ဗာန်ရမှု မရမှုကား တင်လှ ဘာနဲ့ စပ်သတုန်း (ဉာဏ်နဲ့စပ်ပါတယ် ဘုရား)၊ ဉာဏ်နဲ့စပ်တယ်လို့ သေချာမှတ်ထားပါ၊
ယောကျ်ားဆိုပြီး ခါးတောင်းတစ်ကြွကြွနဲ့ ကျိုက်ပြီး သကာလ နေငြား သော်လဲ၊ ဉာဏ်အလုပ်ကို ပြောလိုက်လို့ နားမလည်လို့ရှိရင် မောင်အောင်မြတ် မရဘူးသာမှတ် (မှန်ပါ)၊ ဘယ်လို ခါးတောင်း ကျိုက်နေနေ၊ မိန်းမဘယ်လိုပဲ ထဘီရှည်ဝတ်ပြီး သကာလ နေငြားသော်လဲ၊ ဉာဏ်နဲ့စပ်တာကို နားထောင်လို့ ဉာဏ်နဲ့စပ်တာ နားလည်လို့ရှိရင်ဖြင့် ဒါ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရနိုင်တာပဲ၊ စီးပွားသာ ကံနဲ့စပ်တယ်၊ နိဗ္ဗာန်သည် ဉာဏ်နဲ့ စပ်တယ်လို့ မှတ်ထားလိုက်ပါ (မှန်လှပါ ဘုရား)။
နိဗ္ဗာန်သွားရာလမ်းကျတော့ ဉာဏ်နဲ့စပ်တယ်
စီးပွားဘာနဲ့ စပ်သတုန်း (ကံနဲ့စပ်ပါတယ် ဘုရား)၊ နိဗ္ဗာန်သွားရာလမ်းခရီးကျတော့ (ဉာဏ်နဲ့စပ်ပါတယ် ဘုရား)၊ အဲဒီတော့ ယောကျ်ားနဲ့ မိန်းမ ထူးသေးသလားလို့ မေးတဲ့အခါ မထူးပါဘူး (မှန်ပါ)၊ ဉာဏ်ကောင်းတဲ့သူက ရဖို့ပဲ၊ ဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်က ရဖို့ပဲ၊ ဉာဏ်မထက်မြက်တဲ့ပုဂ္ဂိုလ်က မရဖို့ပဲ ဒါလောက်သာ တင်လှ တို့က မှတ်ထားရမယ် နော် (မှန်လှပါ ဘုရား)။
ကောင်းပြီ ဒါက ဘယ်မှာ လာသတုန်းလို့ဆိုတော့ ဝတ္ထု သက်သေသာမက က “ဝဇီရာ ဘိက္ခုနီမ” သူသည် နေ့လယ်ကျောင်းမှာ လူရှုပ်တယ်ဆိုပြီး သင်္ချိုင်းသွားပြီးတော့ ကြိုးစားလိုက်တာ၊ ကြိုးစားလိုက်တဲ့အခါကျတော့ မာရ်နတ် ကြီးက စမ်းသပ်မှပဲဆိုပြီး သကာလ ၊ သွားပြီး ခြောက်လှန့်တယ်။
ဘိက္ခုနီမ တောထဲလာပြီး ဘာလုပ်နေတာတုန်း၊ နိဗ္ဗာန်ဆိုတဲ့ အရာဟာ မရှိဘူး မဟုတ်ပါဘူး၊ ရှိပါတယ်၊ နိဗ္ဗာန်တော့ ရှိပါတယ်၊ သို့သော်လဲ ယောကျ်ားများမှသာ ရနိုင်တယ်၊ ယောကျ်ားတောင်မှ တော်တော်အားထုတ်မှ ရတာ၊ မိန်းမဉာဏ်ကလေးနဲ့ တောထဲလာပြီး အားထုတ်နေလို့ရှိရင် ရမှာမဟုတ်ဘူး၊ သူ့ကိုက ကဲ့ရဲ့တာပဲ။
ယောကျ်ားများတောင်မှ အတော်အားထုတ်မှ နိဗ္ဗာန်ဆိုတဲ့နေရာဟာ အရပ်လဲရှိပါတယ်၊ ရလဲ ရနိုင်ပါတယ်၊ မိန်းမဆိုတဲ့ ဉာဏ်ကလေးလောက်နဲ့၊ ဗိုင်းကလေးငင်တတ်တဲ့ လက်မနဲ့ လက်ညှိုးနဲ့ ချည်မျှင်ကိုင်တတ်ရုံနဲ့၊ ထမင်းအိုး ထဲက ဆန်စေ့ကလေးကို ဆူတဲ့အခါမှာ နပ်၊ မနပ် သိတတ်တဲ့ဉာဏ်ကလေးလောက်နဲ့ နိဗ္ဗာန်ဆိုတဲ့အရပ်ဟာ မရနိုင်ဘူး၊ ဒီလိုကို လာကဲ့ရဲ့တာပဲ။
ကဲ့ရဲ့တဲ့အခါကျတော့ ဘိက္ခုနီမက ရဟန္တာပဲ၊ သိပြီးသားပဲ၊ ဪ မာရ်နတ်၊ သူမသိလို့ လာပြောနေတာ၊ ယောကျ်ား၊ မိန်းမဆိုတဲ့ ဥစ္စာက လိုရင်းမဟုတ်ဘူး၊ ဉာဏ်ကသာလိုရင်းဆိုတဲ့ ဥစ္စာ ခုနက ပြောခဲ့တဲ့ထဲ ပါသွားပါပြီ (မှန်ပါ)၊ ယောကျ်ား၊ မိန်းမ ကလိုရင်းလား၊ ဉာဏ်ကလိုရင်းလား (ဉာဏ်က လိုရင်းပါ ဘုရား)၊ ဒီတင်မှ သူဖြေလိုက်တယ်။
သမာဓိ တည်ပြီး ဉာဏ်က နောက်ကလိုက်ဖို့ အရေးကြီးတယ်
”ဣတ္ထိဘဝေါ ကိံကယါရာ၊ စိတ္တမှိ သုသမာဟိတေ”။
မိန်းမအလုပ်က လိုရင်းမဟုတ်ပါဘူးကွ မာရ်နတ်ရ၊ သမာဓိတည်ဖို့ တော်တော်အရေးကြီးတယ်ကွ၊ သမာဓိ တည်ပြီး ဉာဏ်က နောက်ကလိုက်ဖို့ အရေးကြီးတယ်ကွ၊ အဲဒီဉာဏ်သည် အားထုတ်တဲ့အတိုင်း ဉာဏ်သုံးဆင့် ပေါ်လာလို့ ရှိရင်ဖြင့် ယောကျ်ားသော မိန်းမသော လိုရင်းမဟုတ်ပါဘူး၊ ရနိုင်တာချည်းပဲ၊ ဒီလို ဘိက္ခုနီမက ပြန်ပြီး မာရ်နတ်ကြီးကို ပြောလိုက်တယ်၊ ပြောလိုက်တဲ့အခါကျတော့မှ မာရ်နတ်ကြီးက အတော်ရိပ်မိသွားတော့တယ်။
ယောကျ်ား၊ မိန်းမက လိုရင်းမဟုတ်ဘူးတဲ့ သမာဓိတည်ပြီး ဉာဏ်ထက်မြက်လို့ရှိရင်ဖြင့် ယောကျ်ားသော၊ မိန်းမသော မဟုတ်ဘူး ရနိုင်တာချည်းပဲလို့ ဘိက္ခုနီမက ပြန်ပြောတော့မှ၊ ဒါဖြင့် ဟုတ်ပါပြီဆိုပြီး မာရ်နတ်ကြီးက ဖျက်မလို့လာတော့ ဖျက်ခွင့်မရဘဲနဲ့ ပြန်သွားရရှိတယ် (မှန်ပါ)၊ အဲဒါကြောင့် အခု နင်တို့ မိန်းမတွေ တရားအားထုတ် တယ်၊ ပြီးတော့ မိန်းမတွေကပဲ ဒုက္ခချုပ်တဲ့ဆီရောက်ပြီး၊ ယောကျ်ားတွေက ဖြစ်ပျက်လောက်နဲ့ နေတဲ့ ပုဂ္ဂိုလ်တွေက မောင်ချစ်စိန် အများကြီးပဲကွ (မှန်လှပါ ဘုရား)။
ဉာဏ် ပေါ်မှာ မှီနေတယ်
ဒါ ဘယ်အပေါ်မှာ မှီနေသတုန်းဆိုရင်၊ မင်းတို့တစ်ပွဲလုံးက ဆုံးဖြတ်ချက်ချရင် သိပါတယ် (မှန်ပါ)၊ ဉာဏ် ပေါ်မှာ မှီနေတယ်၊ ဉာဏ်အပေါ်မှာ မှီနေတယ်ဆိုတာကို တင်လှ မှတ်မိပြီလား (မှတ်မိပါပြီ ဘုရား)၊ ဉာဏ်အပေါ်မှာ မှီနေတော့၊ ကိုယ်က ဒီလာပြီး ဆရာသမား နားနေတယ်ဆိုတာ ဉာဏ်အလုပ် လုပ်ရုံရှိတာပဲ၊ ဉာဏ်ရှိရင် ရတာပါပဲ၊ အားလုံးသီလရှင်တွေလဲ အတူတူပဲ၊ ဉာဏ်သာပဓာန၊ ဉာဏ်စခန်း၊ ဒါကြောင့် ဘုရားက သမာဓိစခန်း၊ ပညာစခန်း၊ စခန်း နှစ်မျိုးထားပါတယ်။
သမာဓိစခန်းသည် သမထလေးဆယ်၊ တစ်ခုခုအားထုတ်ရင် သမထပဲ၊ ကောင်းကင်ပျံ၊ မြေလျှိုး၊ ဗြဟ္မာပြည် ရောက် ဒါ လမ်းဆုံးပါပဲ။
ဉာဏ်စခန်းကတော့ မဟုတ်ဘူး၊ ဒုက္ခခပ်သိမ်းငြိမ်းစေနိုင်တယ်ဆိုတော့၊ ဟိုဟာက ဒုက္ခတောင်ပွားသေးတယ် သမာဓိစခန်းက၊ ပညာစခန်းက ဒုက္ခသိမ်းတယ်ဆိုတော့ အတော်ခြားနားတယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ရှင်းသွားတယ်၊ မခြားနားကြဘူးလား (ခြားနားပါတယ် ဘုရား)၊ ခြားနားပါတယ်တဲ့၊ အင်မတန် ခြားနားပါတယ်၊ အဲဒီတော့ကို အလုပ်စဉ် ကလေး ယနေ့ညပြရမှာက သိမှု၊ ပွားမှု၊ ပယ်မှု၊ သုံးခု မှတ်ရမယ် (မှန်လှပါ ဘုရား)။
သိမှု၊ ပွားမှု၊ ပယ်မှု
သိမှု၊ ပွားမှု၊ ပယ်မှု၊ ဘယ်နှစ်ခုပါလိမ့် (သုံးခုပါ ဘုရား)၊ သိမှု၊ ပွားမှု၊ ပယ်မှု၊ ဒါ အရေးကြီးပါတယ်၊ သိမှု မရှိ ဘဲနဲ့ ပွားမှုရှိနေလို့ရှိရင်လဲ မရပါဘူး၊ ပွားမှု မရှိဘဲနဲ့ ကိလေသာပယ်မှုကို လိုချင်ပါတယ်ဆိုရင်လဲ မရနိုင်ဘူး (မှန်လှပါ ဘုရား)။
ဒီကနေ (အမရပူရမှ) မန္တလေးသွားတယ်ဆိုလို့ ရှိရင်ဖြင့်၊ ဪ ဆေးလိပ်ရုံတွေမှာ မတွေ့လို့ ရှိရင်လဲ မန္တ လေး မရောက်နိုင်ဘူး၊ တရုတ်သင်္ချိုင်း မတွေ့လို့ရှိရင်လဲ မန္တလေးလမ်း မဟုတ်သေးလို့ပဲ၊ ဘုရားကြီးအောက်ကျင်းရောက် မှပဲ ဪ မန္တလေး မြို့ဝင်ပေါ့ပဲဆိုတော့ ဒီကနေပြီး ဆေးလိပ်ရုံတွေမှ မတွေ့သေးဘဲနဲ့ မန္တလေး ရောက်ချင်ပါတယ်ဆိုလို့ လဲ မရောက်နိုင်ဘူး။
သူ့ လမ်းစဉ်က လမ်းကြီးကလဲ အဖြောင့်၊ သွားတာက သူ့အတွေ့အစဉ်နဲ့၊ သူ့အတွေ့အစဉ်နဲ့မှ မန္တလေး ရောက်ရမယ် ဆိုတဲ့ဥစ္စာ အထင်အရှား မဟုတ်လား (မှန်လှပါ ဘုရား)။
ရှေ့ပိုင်းက ဘာတွေ့ရမှာတုန်း ဆေးလိပ်ရုံတွေ တွေ့ရမယ်၊ နောက်ပိုင်းက ဘာတွေ့ရမှာတုန်း တရုတ်သင်္ချိုင်း တွေ တွေ့ရမယ်၊ ဒီနောက် ဘာတွေ့ရမှာတုန်း မေးလို့ရှိရင် ဘုရားကြီးအဝင် တွေ့ရမယ်၊ တွေ့လို့ရှိရင် မန္တလေးလမ်း မှန်၊ မမှန် ဘာမှ အကဲခတ်စရာမလိုတော့ဘူး၊ ဒါ မန္တလေးလမ်း မှန်တယ်၊ ထို့အတူပဲတဲ့ နိဗ္ဗာန်လမ်းအမှန်ကို ရွေးတော့ မယ်ဆိုလို့ရှိရင်လဲ သိမှုကို ရှေ့ထားရမယ်၊ ပြီးတော့မှ ပွားမှုကို ဒုတိယထားရမယ်၊ ပြီးတော့မှ ပယ်မှုဆိုတာ တတိယ၊ ဒုတိယ ထက်လာရင် တတိယပယ်မှု ဖြစ်တယ်လို့ဆိုတာ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။
သိမှုကို ရှေးဦးစွာ ထား
ဒါဖြင့် သိမှုကို ရှေးဦးစွာ ထားရတော့မယ် ဆိုလို့ရှိရင်ဖြင့်၊ ခန္ဓာကိုယ်ကြီးမှာ ချိန်တွယ်ရတာရုပ်လို့ မှတ်ထားရ မယ်၊ ချိန်တွယ်လို့ရတာ အလေးချိန်ရှိတာကို ဘာခေါ်ကြမယ် (ရုပ်ပါ ဘုရား)၊ အလေးချိန် ချိန်လို့ကိုမရတဲ့ ပစ္စည်းမျိုး ခန္ဓာထဲမှာ ပေါ်တော့ပေါ်ပါရဲ့၊ သွားချင်၊ စားချင်၊ နေချင်၊ ပျော်ချင်၊ ခံစားချင်၊ မှတ်ချင်၊ တိုက်တွန်းချင်၊ သိချင်ဆိုတဲ့ နာမက္ခန္ဓာလေးပါးတွေလဲ ရှိပါတယ်။
သူက ချိန်တွယ်လို့မရဘူး၊ ဒါဖြင့် ချိန်တွယ်လို့မရတာက ‘လေး’ ၊ ချိန်တွယ်လို့ရတာက “တစ်” လို့ မှတ်ထားလိုက် ပါ၊ ရုပ်တရားကတော့ ချိန်တွယ်ရင် ဘယ်ရုပ်မဆို ချိန်တွယ်လို့ရတာပဲ၊ နာမ်တရားကတော့ ချိန်တွယ်လို့မရဘူး၊ ခန္ဓာ ကိုယ်ထဲမှာတော့ ရှိတယ်၊ အကြောင်းတိုက်ဆိုင်ပေါ်လာတာပဲ၊ ချိန်တွယ်လို့ရတာကို ဘာခေါ်ကြမယ် (ရုပ်ပါ ဘုရား)၊ ချိန်တွယ်လို့မရဘဲနဲ့ ရှိနေတာ ဘာခေါ်ကြမယ် (နာမ်ပါ ဘုရား)။
အဲဒီတော့ ရုပ်ကိုချိန်ခွင်နဲ့ ချိန်တွယ်လို့ ရလို့ရှိရင်ဖြင့်၊ ဪ ဒါဟာ အလေးချိန် ဘယ်လောက်ဆိုတာ ဟူသရွေ့ ရုပ်လို့ မှတ်ထားရမယ်။
မျက်လုံးလေးထည့်ချိန်လဲရတာပဲ၊ အသားလေးထည့်ချိန်လဲရတာပဲ၊ အရိုးလေးထည့်ချိန်လဲ ရတာပဲ၊ အကြော လေး ထည့်ချိန်လဲရတယ်၊ အူသိမ် အူမတွေထည့်ချိန်လဲရတယ်၊ ချိန်တွယ်လို့ ရတာဟူသရွေ့ ရုပ်လို့ မှတ်ထားလိုက်ပါ။
ချိန်တွယ်လို့မရဘဲနဲ့ ခန္ဓာကိုယ်ထဲ ဖျတ်ခနဲ၊ ဖျတ်ခနဲ၊ တစ်မျိုးတစ်မျိုး ပေါ်လာတာလေးတွေ ကြည့်လိုက်လို့ရှိ ရင် ချိန်တေ့ာလဲ အလေးချိန်က ဘာမှမရှိဘူး၊ နဂိုကမှ အထည်မရှိလို့ ချိန်လို့မဖြစ်ဘူး၊ ချိန်တွယ်လို့မရတာကို ဘာခေါ် ကြမယ် (နာမ်ပါ ဘုရား)၊ နာမ်လို့ ခေါ်ကြရမယ်။
ခန္ဓာကိုယ်ထဲမှာ ဘာသာလျှင် ရှိသလဲ
အဲဒီတော့ ခန္ဓာကိုယ်ထဲမှာ ဘာသာလျှင် ရှိသလဲလို့ အမေးထုတ်လို့ရှိရင် ချိန်တွယ်လို့ရတဲ့ ရုပ်ရယ်၊ ချိန်တွယ်လို့ မရတဲ့ နာမ်ရယ် ဒါပဲရှိတယ်လို့ ရှေးဦးစွာ သိမှုမှာ ဒီလို သိထားရမယ် (မှန်ပါ)၊ ချိန်တွယ်လို့ရတာ (ရုပ်ပါ ဘုရား)၊ ချိန်တွယ်လို့ မရတာ (နာမ်ပါ ဘုရား)၊ ဒီနှစ်ခုကို အရင်သိထားရမယ်။
ချိန်တွယ်လို့ရတာက ရုပ်၊ ချိန်တွယ်လို့မရတာက နာမ်လို့မှတ်ထားပါ၊ ဒါ သိမှုအလုပ်မှာ ဒီလို သိထားရပါလိမ့် မယ်။
ချိန်တွယ်လို့ မရတာလေးတွေ ပေါ် ပေါ်လာတယ်၊ ပျောက် ပျောက်သွားတယ်၊ ဪ ဒါ နာမ်ဖြစ်ပြီး ပျက် တာပဲ၊ ချိန်တွယ်လို့ရတဲ့ ရုပ်ကလေးတွေ ပူ ရုပ်တို့၊ အေး ရုပ်တို့၊ လေး ရုပ်တို့၊ ဒါတွေကတော့ဖြင့် ပေါ်တာလဲ သိတာ ပဲ၊ ပျက်တာလဲသိတာပဲ၊ ချိန်တွယ်လို့ရတာလဲဖြစ်ပြီး ပျက်တာပဲ၊ ချိန်တွယ်လို့ မရတာကတော့ ဖြစ်လဲဖြစ်တယ်၊ ပျက်လဲ ပျက်တယ်၊ သို့သော် ချိန်တွယ်လို့တော့ ဘယ်နည်းနဲ့မှ မရဘူး။
အဲဒီကဲ့သို့ ရှေးဦးစွာသိပြီး သကာလ ထားတော့ ချိန်တွယ်လို့မရတဲ့ တရားထဲမှာလဲ၊ တစ်ခါတလေ ခေါင်းဆောင် က ဝေဒနာခေါင်းဆောင်တဲ့အခါ ရှိတယ်၊ သညာခေါင်းဆောင်တဲ့အခါ ရှိတယ်၊ စေတနာခေါင်းဆောင်တဲ့အခါ ရှိတယ်၊ စိတ်ခေါင်းဆောင်တဲ့အခါရှိတယ်၊ ခေါင်းဆောင်လေးမျိုး စုနေတယ်။
ခေါင်းဆောင်ကိုမိအောင် ရှုရမှာပဲ
အဲဒီတော့ ခေါင်းဆောင်ကိုမိအောင် ရှုရမှာပဲ၊ ခေါင်းဆောင်မိလို့ရှိရင်ဖြင့်၊ ချိန်တွယ်လို့မရတဲ့လေးခုဟာ တစ်ပြိုင်နက်သွားမှာပဲ၊ ခေါင်းဆောင်ပျက်တယ်ဆိုရင် သူတို့ နောက်လိုက်တွေလဲ အကုန်ပျက်တယ်လို့ မှတ်ထားလိုက် ရင်ပြီးတာပဲ (မှန်လှပါ ဘုရား)။
ချိန်တွယ်လို့ရတဲ့ ရုပ်တရားထဲမှာလဲ ထို့အတူပဲ ခေါင်းဆောင်တစ်ခုခုကို သူ ထူးထူးခြားခြား၊ ပူ ရုပ်ရင်လဲပြ မယ်၊ လေး ရုပ်ရင်လဲပြမယ်၊ လှုပ် ရုပ်ရင်လဲပြမယ်၊ ပြတာလေးတွေဟာ လှုပ်ပြီး ငြိမ်တယ်ဆိုရင် မရှိလို့ဘဲ၊ လှုပ်လို့ ပျက်သွားတာပဲဆိုရင် သူလဲအတူတကွ ဖြစ်ဖော်ဖြစ်ဘက်တွေနဲ့ ရောပျက်တာပဲ။
အဲဒါကြောင့် ဒီလိုသိပြီး သကာလ နေလို့ရှိရင်၊ ဪ ချိန်တွယ်လို့ရတာက ရုပ်၊ ချိန်တွယ်လို့မရတာက နာမ်လို့၊ ဤကဲ့သို့ အမှန်အကန် ရှေးဦးစွာသိမှု ရှိရမယ်။
ကောင်းပြီ ဒါဖြင့် သိမှုအတွက်မှာဖြင့်၊ နာမ်ပေါ်လာရင် နာမ်ပေါ်တယ်လို့သိ၊ ရုပ်ပေါ်လာရင် ရုပ်ပေါ်လာတယ် လို့သိ၊ ကိုယ့်ဉာဏ် ဦးတည့်ချင်ရာတည့်၊ ရှိတော့ ရှိလျက်ချည်းပဲ၊ ထက်တာကိုကြည့်ပေး။
ဟင်းချိုဟင်းချက်သလို မှတ်ရမယ်
လောကီ ဥပမာပြမယ်ဆိုလို့ရှိရင်ဖြင့် ဟင်းချိုဟင်းချက်သလို မှတ်ရမယ်၊ ဟင်းချိုဟင်းချက်တဲ့အခါ ပုစွန် ခြောက်၊ ငံပြာရည်၊ ကြက်သွန်၊ ခရမ်းချဉ်၊ ရေ၊ ဆား၊ ဆီထည့်တန်ဆီထည့်၊ အစုံတော့ပါတာပဲ၊ သို့သော် ငန်တယ်လို့ပြော တဲ့အခါကျတော့ ဟင်းချိုတစ်ခုတည်းမှာ တစ်ခုသော ဆားပြဋ္ဌာန်းနေတယ်ဆိုတော့ ဆားကိုပဲ ရှုရမယ်၊ ဆားရှုလိုက်လို့ ရှိရင် ငန်ရင်းမတ္တနဲ့ပဲ ခုနက အရသာတွေပါ အကုန်ဝမ်းထဲ ရောက်သွားတာပဲဆိုတော့ တစ်ခုတည်းပေါ်ပြီး တစ်ခုတည်း ပျောက်သွားတယ်လို့ ဒီလို မယူပါနဲ့။
အငန်ပေါ်လာလို့ရှိရင် ကျန်တာတွေပါ အကုန်ပျောက်ပျက်သွားတာ၊ အငန်နှင့်တကွ ရောပေါ်ပြီး အငန်နှင့် တကွရောပြီး ပျောက်ကြတာပဲ၊ ပျက်ကြတာပဲလို့ မှတ်ထားရင် ရှင်းနေတာပဲ။
ထို့အတူပဲ ရုပ်တရားမှာ တစ်ခုပေါ်လို့ရှိရင်လဲ၊ သူနဲ့ ဖြစ်ဖော်ဖြစ်ဘက်တွေဟာ အကုန်ပျက်တယ်လို့ မှတ်ထား လိုက်၊ အဲဒီကဲ့သို့ ရုပ်ပေါ်ရုပ်မှန်းသိ၊ နာမ်ပေါ် နာမ်မှန်းသိ၊ အဲဒီကဲ့သို့ သိမှုသည် သိမှုကို ပိုင်နိုင်သည်လို့ မှတ်လိုက်ပါ။
ရုပ်နဲ့နာမ်နဲ့ ကလေးပေါ်လာပြီလို့ သိနေလို့ရှိရင်
ကောင်းပြီ ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ ရုပ်နဲ့နာမ်နဲ့ ကလေးပေါ်လာပြီလို့ သိနေလို့ရှိရင်ဖြင့် တစ်နံပါတ် အောင် မြင်ပြီလို့ မှတ်ရမယ်၊ နှစ်နံပါတ်က ပွားမှုလို့ဆိုထားတယ်၊ ပွားမှုလို့ဆိုထားတော့ကို ခုနက ကိုင်တွယ်လို့ မရတာလေး တွေ၊ ခေါင်းဆောင်လေးတွေ ဖြစ်တယ်ဆိုလဲ သိပေးပါ၊ ပျက်တယ်ဆိုလဲ သိပေးပါ။
ချိန်တွယ်လို့ရတဲ့ ရုပ်ဘက်ကဖြစ်တယ်ဆိုတာလဲ သိပေးပါ၊ ပျက်တယ်ဆိုတာလဲ သိပေးပါ (မှန်လှပါ ဘုရား)။
ဥပမာမယ် ဖြစ်တယ် ပျက်တယ်ဆိုတာ မသိလို့ရှိရင်ဖြင့်၊ လှုပ်ရုပ်နဲ့ ငြိမ်ရုပ်ကို ကြည့်လိုက်ရင် သိပါတယ်၊ လှုပ်တဲ့ရုပ်သည် ပေါ့ပါးတယ်၊ ငြိမ်တဲ့ရုပ်သည် လေးလံတယ်၊ ဪ လေးလံတဲ့ရုပ်သည် ပေါ့ပါးတဲ့ဆီ မလိုက်ဘဲကိုး၊ ပေါ့ပါးတဲ့ရုပ်က တခြားသီးသန့်ဖြစ်တာပါလား၊ ပေါ့ပါးတဲ့ရုပ် ချုပ်သွားပြန်တော့ လေးလံတဲ့ရုပ် ပြန်ပေါ်တယ်။ ခြေထောက်ကို ချနေတဲ့အချိန်မှာ လေးလံတဲ့ရုပ်တွေ၊ ပထဝီဓာတ်တွေ ဖြစ်နေတယ်၊ ကြွလိုက်လို့ရှိရင် ပထဝီ ဓာတ်တွေအကုန်ပျက်ပြီး သကာလ ဝါယောဓာတ်တွေက ပြဋ္ဌာန်းလာတာပဲ၊ ဒါ လေဓာတ်က ပြဋ္ဌာန်းလာတာ၊ မြေဓာတ် ချုပ်လို့ လေဓာတ်ဖြစ်တယ်၊ ဒီလို ဖြစ်ပြီး ပျက်ပြန်တယ်၊ ဖြစ်ပြီး ပျက်ပြန်တယ်၊ ဖြစ်ပြီး ပျက်ပြန်တယ်လို့ ရုပ်ဘက်ကလဲ သိပေး၊ နာမ်ဘက်ကလဲ သိပေးပါ။
ထိုကဲ့သို့ သိတာကို အသိများလို့ရှိရင်၊ ဒါ ပွားတယ်လို့ဆိုတာပဲ “တိရဏပရိညာ”၊ ပွားများမှုသည် တိရဏပရိညာ ပဲလို့ မှတ်ထားလိုက်တာပေါ့၊ အဲဒီ ပွားများမှု တိရဏပရိညာကို ကြပ်ကြပ်ကြိုးစားရမယ်၊ ဒုတိယအချက်ဟာ ကြိုးစားဖို့ အရေးအကြီးဆုံးအချက်လို့ မှတ်ထားပါ။
ဖြစ်လဲဖြစ်တယ်၊ ပျက်လဲပျက်တယ်
အဲဒီ အရးအကြီးဆုံးအချက်ကဖြင့် ဖြစ်လဲဖြစ်တယ်၊ ပျက်လဲပျက်တယ်၊ ရုပ်ဘက်က ကြည့်လိုက်ပြန်တာ့ ဖြစ်လဲဖြစ်တယ်၊ ပျက်လဲပျက်တယ်၊ နာမ်ဘက်က ကြည့်လိုက်ပြန်လဲ ဖြစ်လဲဖြစ်တယ်၊ ပျက်လဲပျက်တယ်ဆိုတာတွေကို တင်လှ တို့က ပိုင်ပိုင်နိုင်နိုင်သိအောင် လုပ်နေရမယ် (မှန်လှပါ ဘုရား)။
ပိုင်ပိုင်နိုင်နိုင်သိအောင် လုပ်ပြီး သကာလ ပိုင်ပိုင်နိုင်နိုင်သိလာပြီဆိုလို့ရှိရင်ဖြင့် တိရဏပရိညာစခန်း၊ ပွားရမယ့် စခန်းကတော့ဖြင့် တော်တော်ခရီးပေါက်ပြီလို့ မှတ်ထားရမယ်၊ ပွားရင်းမတ္တနဲ့၊ ဉာဏ်တွေက တက်လာလိမ့်မယ်ဆိုတာ အောက်မေ့ရမယ်။
ဘယ်လို တက်လာမှာတုန်းလို့ မေးတဲ့အခါကျတော့ ဖြစ်ပျက်ကိုလဲ မြင်ချင်မြင်မယ်၊ အပျက်ကိုလဲ မြင်ချင် မြင်မယ်။
ဒါတွေဟာ အပြစ်သင့်နေတာပါလားလို့လဲ ကိုယ့်စိတ်ထဲက တစ်မျိုးပေါ်ချင် ပေါ်လာလိမ့်မယ်၊ နောက်ကျတော့ ဒါတွေဟာ ငြီးငွေ့ပြီး သကာလ ၊ ဪ ဒါတွေစာ ရွံစရာတွေပါလား ၊ မုန်းစရာတွေပါလားဆိုရင်၊ ဒါ နှစ်နံပါတ် အောင်မြင်နေတာလို့ မှတ်ရမယ်။
ရွံ့စရာတွေပါလား မုန်းစရာတွေပါလား၊ ရွံ့စရာတွေပါလား မုန်းစရာတွေပါလား၊ ဒီလိုချည်း မြင်နေလို့ရှိရင် ဖြင့်၊ ဪ ဉာဏ်ထက်လာတာ၊ မုန်းတယ်ဆိုပြီး ဒီအလုပ်ကို ရပ်စဲပြီး သကာလ မပစ်လိုက်ပါနဲ့၊ ဉာဏ်ထက်နေတုန်း ရပ်စဲလိုက်ရင် ဉာဏ်အောက်ဆင်းသွားလိမ့်မယ်။
အဲဒါကြောင့် ဒီဉာဏ်ကို အောက်မဆင်းရအောင်၊ မုန်းတဲ့ဆီရောက်တာတောင်မှ မုန်းလျက်နဲ့ပဲ စူးစူးစိုက်စိုက် ရှုပါဆိုတာ တိုက်တွန်းပါတယ် (မှန်ပါ)၊ မုန်းလျက်နဲ့ စူးစူးစိုက်စိုက်ရှုပြီး သကာလ နေရာက မုန်းတယ်၊ မုန်းပေမယ့်လဲ ထုံးစံအတိုင်းမို့ ကြည့်နေရမယ်၊ ဒါကြီးလွတ်မှ အေးမှာပဲဆိုတဲ့ ဉာဏ်တွေလဲ တက်ချင်တက်လာလိမ့်မယ်၊ ဒါနဲ့ လွတ်ကင်း မှအေးမှာပါပဲ ဆိုတဲ့ဉာဏ်လဲ တက်ချင်တက်လာလိမ့်မယ်။
သူစိမ်းပြင်ပလိုကြည့်နေတဲ့ ဉာဏ်
ကဲ ကြည့်နေရမှာပဲ ဆိုပြီး သကာလ ၊ သူစိမ်းပြင်ပလိုကြည့်နေတဲ့ ဉာဏ်လဲ တက်ချင်တက်လာလိမ့်မယ် “သင်္ခါရုပေက္ခာ” နဲ့၊ တက်ရင်း မတ္တနဲ့ သူစိမ်းပြင်ပလို ကြည့်နေလဲ စိုက်သာကြည့်နေ သူ့ဟာသူဖြစ်ပြီး၊ သူ့ဟာသူ ပျက်နေတာပဲ၊ သူစိမ်းသဘောနေတာပဲဆိုပြီး သကာလ ကြည့်သာနေပါ (မှန်လှပါ ဘုရား)။
ထိုကဲ့သို့ ကြည့်နေရာကနေပြီး သကာလ မှ ဒီဥစ္စာသည်ကား၊ ဪ ဆရာဘုန်းကြီးက အကြည့်ခိုင်းခိုင်း၊ ဘုရားက အကြည့်ခိုင်းခိုင်း၊ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်ကြည့်ပြီး သကာလ နေတော့၊ ကိုယ့်ဒုက္ခကိုယ် ကြည့်နေတာပါလားဆိုတာ ဖြစ်လာလိမ့်မယ်။
သူများ ဒုက္ခကြည့်တာမဟုတ်ဘူး၊ ဘယ်သူ့ဒုက္ခကြည့်နေတာတုန်း (ကိုယ့်ဒုက္ခ ကိုယ်ကြည့်တာပါ ဘုရား)၊ ကိုယ့် ဒုက္ခကိုယ်ကြည့်နေတာဆိုတဲ့ အဓိပ္ပါယ်တွေ ပေါ်ပေါ်လာလိမ့်မယ်၊ ဪ ဒါကြောင့်လဲ ဘုရားနဲ့တကွ ဆရာသမားတွေက ဒုက္ခက ဆင်းရဲတာ၊ သစ္စာကမှန်တာ၊ ဆင်းရဲတာအမှန်ဆိုတာ သူများပြော မဟုတ်တော့ဘူး။
ကိုယ်ဉာဏ်တွေ့ပဲ
ကိုယ် ကြည့်ရင်းမတ္တနဲ့တွေ့နေတော့ ကိုယ်ဉာဏ်တွေ့ပဲလို့ ဆိုပြီး သကာလ ဖြစ်လာလို့ရှိရင်ဖြင့် တဲ့၊ ဒါသည် ဘာဉာဏ်တုန်းလို့မေးတဲ့အခါကျ ကောင်းစွာ မြင်တဲ့ဉာဏ်ပဲ၊ “သမ္မာဓမ္မံ ဝိပဿတော” သမ္မာ ကောင်းစွာ၊ ဓမ္မံ တရား ဝိပဿတော ရှုတာပဲ။
အမှန်အကန် ရှုနေတဲ့ ဉာဏ်မို့ အမှန်အကန် ဉာဏ်တွေချည်းပဲ ဆက်ဆက်ပြီး ပေါ်လာတယ်လို့ ဆုံးဖြတ်ချက် ချရမယ် (မှန်လှပါ ဘုရား)။
အမှန်အကန်ရှိတာကို အမှန်အကန် ကြည့်နေတဲ့အတွက် တဲ့၊ အမှန်အကန်မြင်လို့ ဒီဉာဏ်တွေက တက်တက် တက်တက်ပြီး သကာလ လာတာပဲ၊ ဉာဏ်အောက်မရောက်ဘူး၊ ဉာဏ်အထက်သာ တက်သွားတယ်ဆိုပြီး သကာလ ၊ ဒီဥစ္စာ၊ ဒုက္ခ၊ ဒု က စက်ဆုပ်စရာ၊ ခ က အသုံးမကျတာ၊ သစ္စာ က မှန်တာ။
ဪ ဘုရားက ဟောတာ စက်ဆုပ်စရာ အသုံးမကျတာ အမှန်ပါကလားလို့ ကိုယ့်ဉာဏ်ထဲ ပေါ်နေလိမ့်မယ်၊ ရှုတဲ့ ဖြစ် ပျက် ကလေးတွေဟာ ဘာတွေပါလိမ့်မတုန်းဆိုတော့ စက်ဆုပ်စရာ အသုံးမကျတာအမှန်။
စက်ဆုပ်စရာ အသုံးမကျတာအမှန်
ဒု က စက်ဆုပ်စရာ၊ ခ က အသုံးမကျတာ၊ သစ္စာ က မှန်တာ၊ ပေါင်းလိုက်တဲ့အခါကျတော့ “ဒုက္ခသစ္စာ” စက်ဆုပ်စရာ အသုံးမကျတာအမှန် မြန်မာလိုပြန်လိုက်တဲ့အခါ၊ အဒီ စက်ဆုပ်စရာ အသုံးမကျတာအမှန်၊ စက်ဆုပ်စရာ အသုံးမကျတာအမှန်ပဲလို့ ဆက်ရှုပါ၊ စက်ဆုပ်စရာ အသုံးမကျတာ အမှန်ပဲ၊ စက်ဆုပ်စရာ အသုံးမကျ တာအမှန်ပဲလို့ ရှုပါများတော့၊ သူ့အပေါ်မှာ ခင်တွယ်တဲ့ ငါထင်တဲ့ ဒိဋ္ဌိတွေဟာ တစ်ခါတည်း ဖျတ်ခနဲဆို ပြုတ်သွား တယ်။
စက်ဆုပ်ဆရာ အသုံးမကျတာအမှန်လို့ တစ်ထစ်ချလဲ ဆုံးဖြတ်ချက်ချပါရော သူ့အပေါ် ခင်တွယ်တဲ့ ဒိဋ္ဌိတို့၊ ဒိဋ္ဌုပါဒါန်တို့၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံတို့၊ ဒါတွေဟာ နောက်က အကုန်ပြတ်ထွက်သွားပါတယ်၊ နောက်က အကုန်ပြတ်ပြီး သကာလ ၊ သွားတာ၊ ဘာဖြစ်လို့ ပြတ်သွားတာတုန်းဆိုတော့ ရှေ့အပေါ်မှာ စက်ဆုပ်စရာ အသုံးမကျတာ အမှန်ရယ်လို့ သိလာတဲ့အတွက်ကြောင့်လို့ ဆုံးဖြတ်ချက်ချရမယ် (မှန်လှပါ ဘုရား)။
ရှေ့အပေါ်မှာ ဘယ်လိုသိလာတုန်း (စက်ဆုပ်စရာ အသုံးမကျတာအမှန်လို့ပါ ဘုရား)၊ စက်ဆုပ်စရာ အသုံး မကျတာအမှန်လို့ သိလာတယ်၊ အဲဒီ သိလာတဲ့အခါကျတော့ နောက်က ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ အပါယ်သွားစေတတ်တဲ့ ဒိဋ္ဌိ အုပ်ချုပ်တဲ့ကံတွေကလဲ ချုပ်သွားတယ်၊ စက်ဆုပ်စရာ အသုံးမကျတာ အမှန်ဆိုတဲ့ တရားကြီးကလဲ ပျောက်ပျက်သွား တာပဲ၊ ရှေ့ပိုင်းကလဲ စက်ဆုပ်စရာ အသုံးမကျတာ အမှန်ဆိုတဲ့ ခန္ဓာပါ ပျောက်ထွက်သွားတယ်၊ နောက်ပိုင်းကလဲ ဒိဋ္ဌိ၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ၊ ဒိဋ္ဌုပါဒါန်ဆိုတဲ့ သုံးခုတွေလဲ ပြတ်သွားတယ်၊ ပြတ်သွားတော့ အလယ်မှာ ရှုတဲ့ဉာဏ်လေးက ကျန်နေရစ်တယ်။
ဒုက္ခ နိရောဓ သူမြင်တော့တယ်
ဒီ ရှုတဲ့ ဉာဏ်လေးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့်၊ ဒုက္ခလဲ သူမမြင်တော့ဘူး၊ ဪ ဒုက္ခမမြင်လို့ရှိရင် ဒုက္ခ နိရောဓ သူမြင်တော့တယ်၊ ဒုက္ခက စက်ဆုပ်စရာအသုံးမကျတာအမှန်၊ နိရောဓက ချုပ်သွားတာ၊ စက်ဆုပ်စရာ အသုံးမကျတာအမှန် ချုပ်သွားတယ်ဆိုတဲ့ဥစ္စာကို ဟောဒီ ဉာဏ်ကလေးက သိနေတယ်တဲ့။
ရှုစဲဉာဏ်ကလေးက သိပြီး သကာလ နေတော့၊ စက်ဆုပ်စရာအသုံးမကျတာ အမှန်ချုပ်သွားလို့ရှိရင်ဖြင့်၊ တစ်သံ သရာလုံးက စက်ဆုပ်စရာအသုံးမကျတာ အမှန်ကြီးနဲ့ သုံးဆယ့်တစ်ဘုံမှာ အရှက်တကွဲအကျိုးနည်း လည်ပြီး လာခဲ့ရတာ တွေဟာ ရှာမတွေ့တော့ဘူး၊ ရှာမတွေ့ရခြင်းကြောင့် စက်ဆုပ်စရာ အသုံးမကျတာ အမှန်ချုပ်သွားတာကို “နိရောဓ သစ္စာ” လို့ ခေါ်သည်။
ဒါ “ပဟာနပရိညာ” လို့ ခေါ်တယ်
စက်ဆုပ်စရာ အသုံးမကျတာ ချုပ်သွားတာကို ဘာခေါ်ကြမယ် (နိရောဓသစ္စာပါ ဘုရား)၊ အဲဒီ နိရောဓသစ္စာ လဲ လာပါရော၊ ခုနက နိရောဓသစ္စာဟာ လာတဲ့အချိန်နဲ့၊ နောက်က ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိ အုပ်ချုပ်တဲ့ကံဆိုတဲ့ တရား တွေ ချုပ်သွားတာဟာ ဟောဒီ မဂ်က ပယ်လိုက်တာ၊ ရှုတဲ့မဂ်က ပယ်ချလိုက်တာ (မှန်ပါ)၊ ဒါ “ပဟာနပရိညာ” လို့ ခေါ်တယ် (မှန်လှပါ ဘုရား)။
”ပဟာနပရိညာ” လို့ ခေါ်တော့ကို၊ ဪ နောက်သူတို့လဲ မရှိတော့ဘူး၊ ဘာလာပါလိမ့်မလဲဆိုလို့ရှိရင် ဒီ မဂ်လဲ ချုပ်ပျောက်သွားတဲ့အခါကျတော့၊ ဒီကနေပြီး “ဖိုလ်” ဆိုတာ နှစ်ခု သုံးခုလာတယ်၊ ဖိုလ် နှစ်ကြိမ် သုံးကြိမ်လာ တယ်၊ လာတာကလဲ သူက စက်ဆုပ်စရာအသုံးမကျတာ ချုပ်သွားတာ မြင်တာပဲ (မှန်လှပါ ဘုရား)။
နောက်ကျတော့ သူတို့ သုံးခုလဲ တစ်၊ နှစ်၊ သုံး ဆိုပြီး ချုပ်သွားပြန်တော့ ကိုယ့်ဟာကိုယ် ဆင်ခြင်တယ်၊ ဪ စက်ဆုပ်စရာ အသုံးမကျတာ အမှန်မရှိတော့ပါလား ဆိုတော့ကို၊ ဒါ “နိဗ္ဗာန်ကိုဆင်ခြင်တာ” လို့ မှတ်ထားရမယ်၊ ဒါဖြင့် နိဗ္ဗာန်ကို ဆင်ခြင်တော့ကို၊ နိဗ္ဗာန်ဆင်ခြင်တဲ့အချိန်၊ နိဗ္ဗာန်မြင်တဲ့အချိန်၊ နိဗ္ဗာန်မြင်တာက မဂ်ကလဲမြင်တယ်၊ ဖိုလ်ကလဲမြင်တယ်၊ ဆင်ခြင်တဲ့စိတ်တွေကလဲမြင်တယ်၊ ဒီအမြင်တွေ တန်းသွားလို့ရှိရင်ဖြင့် တဲ့၊ ဒါ “သောတာပန် တည်ပြီလို့” မှတ်ရမယ် (မှန်လှပါ ဘုရား)။
သောတာပန်တည်ပြီ
ဒီအမြင်တွေ တန်းသွားရင် ဘာဆိုကြမယ် (သောတာပန်တည်ပြီ ဆိုရမှာပါ ဘုရား)၊ စက်ဆုပ်စရာ အသုံးမကျ တာ ချုပ်သွားတာကို မဂ်ကလဲ မြင်တယ်၊ သူ့နောက် နှစ်ကြိမ်၊ သုံးကြိမ်လာတဲ့ဖိုလ်စိတ်တွေကလဲ မြင်တယ်၊ နောက် ပစ္စဝေက္ခဏ ဆင်ခြင်တော့၊ ကိုယ့်ဟာကိုယ် ဆင်ခြင်ကြည့်တော့လဲ ဘာမှ မတွေ့တော့ဘူး၊ စက်ဆုပ်စရာ အသုံးမကျ တာ အမှန်ဆိုတာကို ဘာမှ မတွေ့တော့ဘူး။
အဲဒီ မတွေ့တာကလဲ နိဗ္ဗာန်မြင်တာပဲ၊ ဒါဖြင့် နိဗ္ဗာန်မြင်တဲ့တရားက ယနေ့ည ဟောတာက သုံးခုလို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။
မဂ်ကလဲမြင်တယ်၊ ဖိုလ်ကလဲမြင်တယ် ဆင်ခြင်တဲ့စိတ်တွေကလဲ (မြင်ပါတယ် ဘုရား)၊ မြင်တယ်ဆိုရင်ဖြင့် နောက် ဒီသုံးခုလဲ မြင်ပြီးပါရော၊ တစ် က စမြင်လိုက်ကတည်းက ကိုယ့်အတွက် အပါယ်လေးပါးကို လုံးဝလွတ်ပြီး နှစ် က မြင်တဲ့အခါကျတော့၊ အပါယ်လေးပါးကို ဒီဥစ္စာက ပိုမိုပြီး သကာလ အပါယ်လေးပါးတွေ ချုပ်သွားတယ်၊ ကိုယ့်အတွက် ငရဲအိုးတို့၊ ငရဲမီးလျှံတို့ အကုန်ပျောက်တယ်။
သုံး မြင်တဲ့အခါလဲ ထို့အတူပဲ၊ ပိုပြီး ပျောက်တာပဲ၊
ဪ ဒါ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုန်းဆို စက်ဆုပ်စရာ အသုံးမကျတာ ချုပ်သွားတာ မြင်တဲ့မဂ်ဉာဏ်၏ သူ့တန်ခိုးသတ္တိ၊ ဖိုလ်ဉာဏ်၏ တန်ခိုးသတ္တိ၊ ပစ္စဝေက္ခဏာဉာဏ်တို့၏ တန်ခိုးသတ္တိ၊ ဒီ တန်ခိုး သတ္တိကြောင့် အပါယ်လေးပါး တံခါးပိတ်ရတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါ သောတာပန်တည်တဲ့လမ်း
ဒါဖြင့် ဒီတရားသိမ်းကြပါစို့ တဲ့၊
တစ်နံပါတ် က ရုပ် နာမ်သိမှုကို ရှေ့ထားပါ၊
နှစ် နံပါတ်က ရုပ်နာမ်တွေကိုဖြစ် ပျက်ပွားမှုကို ထားပါ၊
သုံး နံပါတ်ကျတော့ ရုပ် နာမ်တို့၏ ဖြစ် ပျက်ကို မရှိတာမြင်အောင် ကြည့်လို့ရိရင် ပယ်မှုဖြစ်ပါတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါ သောတာပန်တည်တဲ့လမ်းမှာဖြင့် ဒီလမ်းပဲ ရှိတယ်လို့ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)။
