”အသေလွတ်နေရာ သိမြင်ပြီးမှ ပျော်ကြပါ”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
အမရပူရမြို့-မင်္ဂလာရိပ်သာ ကျောင်းတိုက်၌
ဟောကြား ဆုံးမတော်မူအပ်သော
”အသေလွတ်နေရာ သိမြင်ပြီးမှ ပျော်ကြပါ”
ည အလုပ်ပေးတရားတော်
(၆-၁၂-၆၀)
နိဗ္ဗာန်သောင်ကမ်းကို ဘယ်လို တက်လှမ်းလာပါ သလဲ
ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို နတ်တစ်ယောက်က နိဗ္ဗာန်သောင်ကမ်းကို ဘယ်လို တက်လှမ်းလာပါ သလဲလို့ မေးတဲ့အခါမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မြုပ်ခြင်း မျောခြင်းကိုရှောင်ပြီး သကာလ လာခဲ့လို့ နိဗ္ဗာန် သောင်းကမ်းပေါ်တက်လှမ်းတယ်လို့ ဖြေလိုက်တယ်၊ မြုပ်ခြင်း မျောခြင်းကို ရှောင်ကွင်းပြီး သကာလ လာခဲ့တဲ့အတွက် နိဗ္ဗာန်သောင်းကမ်းကို ရနိုင်တယ်၊ ယူနိုင်တယ်၊ ရောက်နိုင်တယ်လို့ ဖြေလိုက်ပါတယ်၊ နတ်ကမေးတာက ဘယ်လိုနဲ့ နိဗ္ဗာန်သောင်ကမ်း တက်လှမ်းလာပါလိမ့်မလဲ မအိုရာ၊ မနာရာ၊ မသေရာဖြစ်တဲ့ နိဗ္ဗာန်သောင်ကမ်းကို တက်လှမ်းလာပါ လိမ့်မလဲလို့ မေးလိုက်တဲ့အခါကျတော့၊ ငါသည် မြုပ်ခြင်း မျောခြင်းကိုရှောင်ပြီး သကာလ နိဗ္ဗာန်သောင်ကမ်းကို တက် လှမ်းခဲ့တယ်၊ မြုပ်ခြင်း မျောခြင်း ရှောင်လို့ နိဗ္ဗာန်သောင်ကမ်းသို့ တက်လှမ်းနိုင်တယ်လို့ ဖြေလိုက်တယ်။
အရှင်ဘုရား အကျယ်ပြောပါဦးဆိုတော့ ငါသည် ပင်လယ်နဲ့တူတဲ့ သမုဒ္ဒရာကြီးထဲမှာ ကူးပြန်တော့လဲ မျော တယ်ကွ၊ မကူးဘဲ နေတော့လဲ မြုပ်တယ်ကွ၊ အဲဒါကြောင့် ကူးပြန်တော့လဲ မျောတယ်၊ မကူးဘဲနေတော့လဲ မြုပ်တယ်၊ ဒါကြောင့် ငါသည် ကူးလဲ မကူးဘူး၊ ငြိမ်ငြိမ်လဲ မနေဘဲနဲ့ ငါသည် နိဗ္ဗာန်သောင်ကမ်းသို့ တက်လှမ်းလာခဲ့တယ်လို့ ဖြေလိုက်တယ်၊ မကူးဘဲနဲ့နေပြန်တော့လဲ သူမြုပ်တယ်၊ ကူးပြန်တော့လဲ မျောတယ်၊ မကူးဘဲနေပြန်တော့လဲ မြုပ်တယ်။
မြုပ်ခြင်း မျောခြင်း ရှောင်ပြီးတက်လှမ်းခဲ့တယ်
အဲဒီ မြုပ်ခြင်း မျောခြင်း ရှောင်ပြီး သကာလ ငါသည် နိဗ္ဗာန်သောင်ကမ်း တက်လှမ်းခဲ့တယ်၊ အဲဒီလို ဘုရား သခင်ကိုယ်တော်မြတ်ကြီးက ဖြေလိုက်တဲ့အခါကျတော့ ဒါဖြင့် ရှင်းပါဦးဘုရား တပည့်တော်များ မသိမလိမ္မာတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်၊ သိလိမ္မာအောင်ပဲ အကျယ်တဝင့်ရှင်းပါဦးဆိုတော့ ငါသည် ဘုံဘဝတောင့်တတဲ့ ကုသိုလ်တွေ လုပ်ပြန်တော့လဲ မျောနေတယ်ကွ၊ နိဗ္ဗာန်သောင်ကမ်းမရောက်ဘူး (မှန်လှပါ ဘုရား)။
ဟာ ဘုံဘဝတောင့်တတဲ့ကုသိုလ်တွေတော့ မလုပ်ပါဘူး၊ မိဘရိုးရာအတိုင်း ရောင်းရေး၊ ဝယ်ရေးဖောက်ကာ ပြီး သကာလ သားရေး၊ သမီးရေး၊ စီးပွားရေးပဲလုပ်ပါတော့မယ် ဆိုတော့လဲ မြုပ်သွားတယ်၊ ဘုံဘဝတောင့်တလဲ ကုသိုလ်တွေလုပ်ပြန်တော့လဲ ဘာတဲ့တုန်း (မျောပါတယ် ဘုရား)၊ မျောတယ်တဲ့၊ မိဘရိုးရာအတိုင်း လုပ်ကိုင်စားသောက် နေပြန်တော့ (မြုပ်ပါတယ် ဘုရား)။
အဲဒီနှစ်ခု ရှောင်ပြီး သကာလ မြုပ်အောင်လဲမနေဘူးကွ၊ ချောအောင်လဲ မလုပ်ဘူးကွ၊ မမြုပ် မမျောတဲ့ အလုပ်ကို ငါလုပ်ပြီး သကာလ နိဗ္ဗာန်သောင်ကမ်းသို့ တက်လှမ်းခဲ့တယ်လို့ ဖြေလိုက်တယ်။
ဒါ စဉ်းစားရမယ်၊ ဘုံဘဝတောင့်တတဲ့ကုသိုလ်တွေလုပ်ပြန်တော့လဲ ဘာတဲ့တုန်း (မျောပါတယ် ဘုရား)၊ မျော တယ်တဲ့၊ ဟာ မိဘရိုးရာအတိုင်းပဲ နေပါတော့မယ် ဘာမှလဲ လှူခြင်း ဒါန်းခြင်းလဲမရှိ၊ လောဘ၊ ဒေါသ၊ မောဟ အလုပ်တွေနဲ့ပဲ အချိန်ကုန်ပါတော့မယ်ဆိုတော့ (မြုပ်ပါတယ် ဘုရား)။
အားထုတ်လဲ မကူးဘူးကွ၊ အားမထုတ်ပဲလဲ မနေဘူးတဲ့
အဲဒီတော့ ငါသည် အားထုတ်လဲ မကူးဘူးကွ၊ အားမထုတ်ပဲလဲ မနေဘူးတဲ့၊ အားထုတ်ပြန်တော့လဲ မျောနေ တယ်၊ အားမထုတ်ဘဲ နေပြန်တော့လဲ မြုပ်တယ်၊ ဒါကြောင့် အားထုတ်မှုကိုလဲရှောင်၊ အငြိမ်နေမှုကိုလဲရှောင်ပြီး သကာလ အလယ်အလတ်နဲ့ပဲ ငါသည် နိဗ္ဗာန်သောင်ကမ်း တက်လှမ်းခဲ့တယ်လို့ ဖြေလိုက်ပါတယ်။
ဒီကတည်းက မင်းတို့ တင်လှတို့ လူစုတွေက၊ ဪ ဘုံဘဝတောင့်တပြီး လှူဒါန်းလို့ရှိရင် မျောဦးမှာဘဲ၊ ဒီ အတိုင်းရောင်းဝယ် ဖောက်ကားပြီး စက္ကူဆိုင်နဲ့ နေရင်လဲ မြုပ်ဦးမှာဘဲဆိုပြီး သကာလ ၊ အခု ငါက တင်လှ လာအား ထုတ်ရမယ်ဆိုလို့ နင် လာအားထုတ်တာက၊ မြုပ်ခြင်း မျောခြင်း ရှောင်တဲ့အလုပ်ကို လာလုပ်တာလို့ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။
ဆိုင်မှာနေလဲ မြုပ်မှာဘဲ၊ ဒီကျောင်းတွေ၊ ကန်တွေဆောက်ပြီး ဘုံဘဝကြီးပွားချင်လို့ လှူပြန်၊ ဒါန်းပြန်လို့ ရှိရင်လဲ မျောဦးမှာဘဲ၊ ကျောင်းဆောက်ပေမယ့်လဲ၊ ကဲ မျောတဲ့ဆီတော့ မလိုက်ဘူး၊ စက္ကူဆိုင်မှာနေငြားသော်လဲ မြုပ်တဲ့အလုပ်တော့ မလုပ်ဘူးဆိုပြီး သကာလ မြုပ်ခြင်း မျောခြင်း ရှောင်တဲ့အလုပ်ဟာ တစ်ခြားအလုပ်မဟုတ်ပါဘူး၊ မဂ္ဂင်ရှင်းပါးနဲ့ ရုပ် နာမ်ပွားများတဲ့အလုပ်လို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။
မဂ္ဂင်ရှစ်ပါးနဲ့ ရုပ်နာမ်ပွားများတဲ့အလုပ်
သီလရှင်ကြီး မြုပ်ခြင်း မျောခြင်း ရှောင်တဲ့အလုပ်ကဘာတုန်း (မဂ္ဂင်ရှစ်ပါးနဲ့ ရုပ် နာမ် ပွားများတဲ့အလုပ်ပါ ဘုရား)၊ မဂ္ဂင်ရှစ်ပါးနဲ့ ရုပ်နာမ်ပွားများတဲ့အလုပ်သည် မြုပ်ခြင်း မျောခြင်းကို ရှောင်တဲ့အလုပ်လို့ မှတ်ထားရမယ်၊ မဂ္ဂင်ရှစ်ပါးနဲ့ ရုပ် နာမ်ဖြစ်ပျက်ကို ပွားများကြလို့ရှိရင်၊ ဘာအလုပ်ထဲသက်ဝင်သတုန်း (မြုပ်ခြင်း၊ မျောခြင်း အလုပ်ပါ ဘုရား)၊ မြုပ်ခြင်း မျောခြင်းမှ လွတ်တဲ့အလုပ်လို့ မှတ်ရလိမ့်မယ် (မှန်လှပါ ဘုရား)။
အဲဒီလို သိထားတော့မှ၊ ဪ ငါလုပ်နေတာသည် ကျောင်းဆောက်လဲ မဂ္ဂင်ရှစ်ပါးအလုပ်နဲ့လုပ်တာပဲ၊ ဆရာသမား ဝေယျာဝစ္စလာပြုနေလဲ၊ ဪ ဝဋ်မှကျွတ်ချင်လို့ လုပ်တာပဲဆိုတဲ့ ဥစ္စာကတော့ မြုပ်ခြင်း မျောခြင်းမဟုတ် ပါဘူးတဲ့၊ ဒီ ဥစ္စာတွေကတော့ သောင်ကမ်းပေါ်တက်တဲ့အလုပ်တွေလို့ သေသေချာချာ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။
ကဲ ဒါဖြင့် မြုပ်လမ်းကိုလဲ သိ၊ မျောလမ်းကိုလဲသိ၊ အလယ်လမ်းကိုလဲ သိပါပြီ၊ သံသရာမှာ လမ်းသုံးလမ်းရှိ တယ်လို့ တရားနာတဲ့ ပုဂ္ဂိုလ်တွေ အကုန်မှတ်ရမယ်၊
မျောလမ်းတစ်မျိုး၊ မြုပ်လမ်းတစ်မျိုး၊ သောင်ကမ်းပေါ်တင်တဲ့ လမ်းတစ်မျိုး၊ ဘယ်နှစ်မျိုးရှိပါလိမ့် (သုံးမျိုးပါ ဘုရား)၊ မြုပ်လမ်း တစ်မျိုး၊ မျောလမ်းတစ်မျိုး၊ သောင်းကမ်းပေါ်ရောက် တဲ့လမ်းတစ်မျိုး၊ သုံးမျိုးရှိတဲ့အနက်က မျောလမ်းလိုက်နေလဲ မောနေမှာဘဲ၊ အို နာ သေနဲ့ လွတ်မှာမဟုတ်ဘူး၊ မြုပ် လမ်းလုပ်လို့ရှိရင်လဲ ဆင်းရဲ လက်စသတ်မှာမဟုတ်ဘူး၊ မြုပ်လမ်းက ဆင်းရဲလက်စ မသတ်တဲ့အလုပ်လို့ သေချာမှတ် ပါ၊ မျောလမ်းက အသေများတဲ့အလုပ်လို့ မှတ်ရမယ်။
မအို မသေလမ်း
မြုပ်လမ်း မျောလမ်း၊ ရှောင်မှသာလျှင် သောင်ကမ်းပေါ်တင်ပြီး အမောပြေလမ်း၊ စိတ်ချမ်းသာလမ်း၊ မအို မသေလမ်း၊ ကိလေသာရန်သူတို့၏ နှောင့်ယှက်ခြင်းမှ ကင်းဝေးတဲ့လမ်း ဒီလိုမှတ်ထားရမယ်။
ဒါဖြင့် ဘယ်အလုပ်သာလျှင် သောင်ကမ်းပေါ်သို့ တက်လှမ်းပြီး သကာလ မအို မသေ အမြဲနေတဲ့ဆီရောက်ပါ လိမ့်မတုန်းဆိုတော့ မြုပ်လမ်းကိုလဲရှောင်၊ မျောလမ်းကိုလဲရှောင်ပြီး သကာလ အားမထုတ်ဘဲလဲ မရှိဘူး၊ အားထုတ် ပြန်တော့မျောတယ်၊ အားမထုတ်ဘဲနေပြန်တော့မြုပ်တယ်ဆိုတော့ အလယ် အလတ် အားထုတ်ရမယ်ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။ ဘာအဓိပ္ပါယ်ရတုန်း (အလယ် အလတ်အားထုတ်ရမယ့် အဓိပ္ပါယ်ပါ ဘုရား)။
အလယ် အလတ် အားထုတ်ရမယ်ဆိုတော့၊ ကိုယ့်ခန္ဓာကိုယ် ကြည့်ပွားနေတဲ့ အလုပ်ဟာ မျောလမ်းလိုလဲ သူက မပင်ပန်းဘူး၊ မြုပ်လမ်းလိုပဲ မြုပ်မသွားဘူး၊ မြုပ်လမ်းကတော့ လောကီစီးပွားရှာရတာက မြုပ်လမ်း၊ ဒါန၊ သီလတွေလုပ်ပြီး သကာလ ဘုံဘဝတွေလည်ချင်ပြန်လို့ ရှိရင်လဲ မျောလမ်း၊ အဲဒီ လမ်းတွေကတော့ဖြင့် လမ်းကြမ်းချည်း ပဲလို့ မှတ်ရလိမ့်မယ်၊ ဒီလမ်းတွေက ဘာလမ်းတွေတုန်း မြုပ်လမ်း၊ မျောလမ်းက (လမ်းကြမ်းတွေပါ ဘုရား)။
လမ်းကြမ်းချည်းပဲလို့မှတ်ထားလိုက်ပါ၊ ဒါကြောင့် တစ်သံသရာလုံးမှာ ဒီလမ်းကြမ်းနှစ်ခု လှည့်သွားလာ ခဲ့တယ်လို့ တို့ ဖြစ်တွေက ဒါပဲလို့ မှတ်ထားရမယ် (မှန်ပါ)၊ တစ်ခါတစ်လေကျတော့ မျောလမ်းကို လမ်းပြတဲ့သူနဲ့တွေ့ပြန်တော့လဲ မျောလမ်းဘက် လိုက်သွားပြီး မျောပြန်၊ တစ်ခါတစ်လေကျတော့လဲ မြုပ်လမ်း အမေမိဘနဲ့ တွေ့ပြန်လဲ၊ မြုပ်လမ်းကို ကိုယ်က ဝါသနာပါနေပြန်တော့လဲ မြုပ်လမ်းနဲ့ပဲ ပေါ်တယ်လို့ မရှိဘူး၊ တစ်မြုပ်တည်း မြုပ်နေရပြန်တယ်။
ကူးလွန်းတော့လဲ မောတယ်ကွ
အဲဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို နတ်ကမေးတော့ ကူးလွန်းတော့လဲ မောတယ်ကွ၊ မျောတယ် ကွ၊ မကူးဘဲနေတော့လဲ မြုပ်တယ်ကွ၊ ငါသည် ကူးသည်လဲ မဟုတ်ဘူး၊ မကူးဘဲနေသည်လဲ မဟုတ်ဘဲနဲ့ နိဗ္ဗာန်သောင်း ကမ်းပေါ်သို့ တက်လှမ်းခဲ့နိုင်တယ်လို့ ဖြေလိုက်တဲ့ အဖြေဟာ သိပ်ကောင်းတဲ့အဖြေပဲ (မှန်လှပါ ဘုရား)။
ဒါဖြင့် တို့ ဘယ်လမ်းလိုက်ရမှာတုန်းဆိုတော့ မြုပ်လမ်းလဲလိုက်ဖို့မလို၊ မျောလမ်းလဲ လိုက်ဖို့မလို၊ မြုပ်လမ်း ကလဲ နစ်နာလွန်းတယ်၊ မျောလမ်းကလဲ ပင်ပန်းလွန်းတယ်၊ အလယ်လမ်းကိုပဲလိုက်ရတော့မယ်၊ အဲဒီ ကူးတဲ့လမ်းလဲ မဟုတ်၊ ရပ်နေတဲ့လမ်းလဲမဟုတ်ဘဲနဲ့ အလယ် အလတ်နဲ့၊ အလယ် အလတ် အလုပ် လုပ်ရမယ်ဆိုတာကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရှင်းပြတဲ့ဝတ္ထုပဲလို့ သံယုတ်ပါဠိတော်မှာ ဒီအတိုင်းလာတယ်လို့မှတ်ရမယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် အလယ်လမ်းဟာ၊ ဪ နိဗ္ဗာန်သောင်ကမ်းပေါ်သို့ လှမ်းတက်နိုင်တဲ့လမ်း၊ ဒီလမ်းသာလျှင် မျောလဲ မမျော၊ မြုပ်လဲ မမြုပ်သောကြောင့် မဇ္ဈိမပဋိပဒါ ဆိုတဲ့လမ်းဟာ ဒီလမ်းကိုဆိုသည်လို့ မှတ်ရလိမ့်မယ် (မှန်လှပါ ဘုရား)။
မဇ္ဈိမက အလယ်၊ ပဋိပဒါက အကျင့်
မဇ္ဈိမက အလယ်၊ ပဋိပဒါက အကျင့်၊ သိပ်ပြီးတော့ တုန်းခုန်၊ ဇယ်ခတ်၊ မီးလှုံတဲ့ အကျင့်မျိုးကျပြန်တော့လဲ မိစ္ဆာဒိဋ္ဌိအလုပ်ဖြစ်သောကြောင့် မျောလမ်းပဲ သွားပြန်တာပဲ၊ မြုပ်လမ်းပဲ သွားပြန်တာပဲ၊ ဘုံဘဝတွေ တောင့်တပြီး လှူဒါန်း ပေးကမ်းနေပြန်လဲ၊ ဒီဘုံသေပြီး ဟို ဘုံအသေရှာရပြန်တာပဲ၊ ဒီဘုံ မမာပြီး ဟိုဘုံမှာ သွားမမာရပြန်တာပဲ၊ ဒီဘုံမှာ သေပြီး ဟို ဘုံမှာသွားပြီသေရပြန်တာပဲ ဆိုတော့ အသေရှာလမ်း၊ မြှုပ်လမ်းလုပ်ပြန်တော့လဲ ဘယ်အခါမှ ချမ်းသာစွာ တစ်စက္ကန့်၊ တစ်မိနစ်မှမရသောကြောင့် အင်မတန်ဆင်းရဲတဲ့လမ်း၊ အပါယ်လေးပါးလမ်းလု့ိ မှတ်ပါ (မှန် လှပါ ဘုရား)။
ဒါဖြင့် ရှင်းလိုက်တဲ့အခါကျလို့ရှိရင် မျောလမ်းက သုဂတိ၊ အထက်ကို သွားတဲ့လမ်းဟာ မျောလမ်းပဲ၊ အောက် သွားတဲ့လမ်းဟာ မြုပ်လမ်းလို့ မှတ်ပါ၊ အပါယ်လေးပါးက မြုပ်လမ်း၊ သုဂတိနှင့်တကွ ရူပ အရူပသွားတဲ့လမ်းက မျောလမ်းလို့ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် မျောလမ်း မြုပ်လမ်းကို ရှောင်ရမယ်၊ သိပ်လဲမကူးနဲ့၊ ငြိမ်ငြိမ်လဲမနေနဲ့၊ အလတ်စားလေး အလုပ်လုပ်လို့ ရှိရင်ဖြင့် မျောလမ်းလဲ ရှောင်ပြီးသား၊ မြုပ်လမ်းလဲရှောင်ပြီးသား ဖြစ်လေ သောကြောင့် လမ်းမှန်ပဲဆိုတာကို သေသေ ချာချာမှတ်ပါ (မှန်လှပါ ဘုရား)။
ကောင်းပြီး ဒါဖြင့်၊ လမ်းမှန် လမ်းကြီးတွေ့ဖို့ရာကို ဘယ်ကနေသွားမှာတုန်းလို့ မေးဖို့လိုလာပါတယ်၊ လမ်းမှန် လမ်းမကြီးကို သွားရမှာ သွားဖို့ လမ်းမကြီးပေါ်ဗြုန်းခနဲ ရောက်နိုင်သလားလို့မေးတော့ လမ်းမကြီးမှာလဲ လမ်းသွယ် လေးတွေ၊ ခြေကျင်လမ်းကလေးတွေ ရှိသေးတယ်၊ ခြေကျင်လမ်း ကလေးတွေဆုံးမှ ပေတစ်ရာလမ်းတွေ့သလို ကိုယ့်ရွာ ကိုယ့်ရပ်ကလာတဲ့အခါမှာ ခြေကျင်လမ်း ကလေးတွေက အရင်လျှောက်၊ လျှောက်ရာကနေမှ လမ်းမကြီးအရောက်သွား လမ်းမကြီးကမှ တောက်လျှောက်သွားလို့ရှိရင်ဖြင့် နိဗ္ဗာန်သောင်ကမ်းတွေ့နိုင်တယ်ဆိုတဲ့ ဥစ္စာ သေသေချာချာမှတ်ရမယ် (မှန်လှပါ ဘုရား)။
ခြေကျင်လမ်းက စသွားရလိမ့်မယ်
ဒါဖြင့် ခြေကျင်လမ်းကမှ မော်တော်ကားလမ်းပေါ်ရောက်သလို၊ ခြေကျင်လမ်းက စသွားရလိမ့်မယ်၊ ကိုယ့်အိမ် ကထွက်တာတောင်မှ ခြေကျင်လမ်းကနေ ပြီးတော့မှ မော်တော်ကားလမ်းမပေါ်ရောက်ကြတာပဲ၊ ဒီ့ပြင် တောရွာမှာ နေကြတဲ့ ပုဂ္ဂိုလ်တွေဆိုတော့ တောရွာလမ်းမြှောင်ကလေးကနေသွားမှ လမ်းမကြီးပေါ်ရောက်၊ မော်တော်ကားစောင့် စီးဆိုတော့၊ ဪ လမ်းသွယ်ကလေးလဲရှိသေးတယ်၊ လမ်းမကြီးလဲ ရှိသေးတယ်လို့ ထူးထူးခြားခြားမှတ်ရလိမ့်မယ် (မှန်လှပါ ဘုရား)။
လမ်းသွယ်လေးက ဘယ်သူတုန်းလို့မေးလို့ရှိရင် မဂ္ဂင်ငါးပါးနဲ့ ရှုနေတာ လမ်းသွယ်ကလေးလို့ မှတ်ရမယ်၊ လမ်းငယ်ကလေး လမ်းသွယ်ကလေးလို့ မှတ်ရမယ်၊ မဂ္ဂင်ရှစ်ပါးပြည့်စုံသွားရင် လမ်းမကြီးပေါ်ရောက်လို့ အဖြောင့်သာ သွားဖို့ရှိသောကြောင့် မရောက်မရှိပါဘူး။
သို့သော် ကိုယ်နေတာက လမ်းသွယ်ကလေးနဲ့တူတဲ့ မြို့လေး၊ ရွာလေးမှာနေတဲ့အတွက် လမ်းမကြီးရောက်အောင် တော့သွားရဦးမှာပဲ၊ လမ်းမကြီးရောက်မှ မန္တလေး ရန်ကုန်ဆိုတဲ့ မြို့တော်ကြီးနဲ့ တူတဲ့နိဗ္ဗာန်ကိုရောက်မယ်လို့ သေချာ မှတ်ရမယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် လမ်းမကြီးကို ဗြုန်းခနဲရောက်မှာလားလို့မေးလို့ရှိရင် ဘယ့်နှယ် ဖြေကြမယ် (မရောက်ပါ ဘုရား)၊ မရောက်နိုင်ဘူး၊ လမ်းသွယ် လမ်းငယ်ကလေးလိုက်ရမဦးမယ်၊ အဲဒီလမ်းသွယ် လမ်းငယ်လေးကို မလိုက်သရွေ့ ကာလ ပတ်လုံးတော့ လမ်းမကြီးပေါ်ကို ရောက်မယ်မဟုတ်ဘူး။
လမ်းမကြီးပေါ်ရောက်လို့ရှီရင်ဖြင့်၊ ရှေးဘုရားတွေ နေကြ၊ ထိုင်ကြ၊ ဥယျာဉ် ဗိမာန်ပဒေသာပင်နဲ့၊ အအို အသေလုံးဝမရှိဘဲနဲ့၊ ဟိုး ရှေးဘုရားတွေ အလုံးစုံအကုန်၊ ရှေးလူတွေနဲ့နေတဲ့ နိဗ္ဗာန်ကြီးကို ရှေးကပရိနိဗ္ဗာန်စံသွားပြီး အဲဒီရောက်နေကြတာတွေ၊ ဒီ လမ်းမကြီးကနေသွားလို့ ရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေနဲ့ အပုံပဲ၊ မအိုမသေတဲ့လူချင်းသွား စုလိမ့်မယ်လို့ မှတ်ရလိမ့်မယ် (မှန်လှပါ ဘုရား)။
ဘယ်ကသွားကြမှာလဲ
ဒါဖြင့် ဘယ်ကသွားကြမှာလဲလို့ မေးလို့ရှိရင်ဖြင့်၊ အလယ်လမ်းလိုက်ချင်လို့ ရှိရင်ဖြင့် လမ်းမြောင်းကလေးက အရင်စလိုက်ပါဆိုတာကို ထူးထူးခြားခြား သတိပေးလိုက်တယ် (မှန်ပါ)၊
ဒီလမ်းမြောင်းကလေးကမှ မလိုက်လို့ရှိရင် ဒီလမ်းမကြီးပေါ်မရောက်၊ လမ်းမကြီးပေါ်မှ မရောက်ခဲ့လို့ရှိရင် ရှေးဘုရားများနေရာဌာနကြီးကို မရောက်နိုင်ပါဘူး၊ ရှေးက ပရိနိဗ္ဗာန်စံသွားတဲ့ဘုရားတွေ၊ သူ့နောက်ကလိုက်တဲ့ နိဗ္ဗာန်ဝင်သွားတဲ့ပုဂ္ဂိုလ်တွေစုမိပြီး၊ မအို မသေ အမြဲနေတဲ့ စုနေတဲ့နေရာကြီးကို မရောက်နိုင်ပါဘူး၊ ဒါဖြင့် ဘယ်လမ်းကစရမယ်ဆိုတော ဒီနေ့တရားမှာပေါ်ပါပြီး (ပေါ်ပါပြီ ဘုရား)။
အလယ်လမ်းလိုက်မယ်ကြံလို့ရှိရင် အလယ်လမ်းကို ဗြုန်းခနဲမတွေ့နိုင်ဘူး ဆိုတာ မှတ်ထားရမယ်နော် (မှန်ပါ)၊ အလယ်လမ်းကို ဗြုန်းခနဲမတွေ့နိုင်လို့ရှိရင်ဖြင့် လမ်းမြောင်ကလေးကနေပြီး သကာလ လိုက်မှသာလျှင်လမ်းမကြီးကို ဧကန်ရောက်ပါလိမ့်မယ်ဆိုတော့ တို့ ရှုနေတဲ့ ရှေ့ပိုင်းဝိပဿနာသည် လမ်းမြောင်ကလေးလို့ မှတ်ပါ (မှန်လှပါ ဘုရား)။
နောက် ဒုက္ခချုပ်တာမြင်တယ် မြင်လို့ရှိရင် လမ်းမကြီးပေါ်ရောက်ပြီလို့ မှတ်ရမှာပဲ၊ ဖြစ် ပျက်တွေ မြင်နေလို့ ရှိရင်ဖြင့် လမ်းမမြောင်လေးရောက်ပြီလို့ မှတ်ရမယ်၊ လမ်းငယ်ကလေးရောက်ပြီလို့ မှတ်ရမယ်၊ ဖြစ် ပျက်တွေ့ဆုံးသွား ပြီဆိုရင် လမ်းမပေါ်ရောက်ပြီ၊ ဒါဘယ်လိုနေနေ ဒီလမ်းမကြီးကတော့ဖြင့် တောက်လျှောက်သာသွားရုံပဲ၊ မအို မသေ အမြဲနေတဲ့ ရှေးသူတော်ကောင်းတွေ သိလုံးထားတဲ့ ပြအိုးနဲ့၊ နန်းတော်နဲ့၊ မသေရာတွေနဲ့၊ သင်္ချိုင်းမရှိတဲ့နေရာတွေ အလုံးစုံအကုန်ပြည့်စုံပြီး သကာလ သချိုင်းမရှိတဲ့ နေရာတွေကို ရောက်ပါလိမ့်မယ်။
သင်္ချိုင်းက အရင်တည်ရတယ်
နို့မို့လို့ရှိရင်ဖြင့် ရွာတည်ရင် သင်္ချိုင်းက အရင်တည်ရတယ်ဆိုတာကို မှတ်ထားရမယ် (မှန်ပါ)၊ ရွာတည်လို့ရှိ ရင် ရွာချည်းတည်လို့ ဖြစ်သလား သင်္ချိုင်းနေရပါရွေးကြရသလား (သင်္ချိုင်းနေရာပါရွေးရပါတယ် ဘုရား)၊ ဒါဖြင့် ဘယ်ရွာမဆို သင်္ချိုင်းရှိတယ်ဆိုတဲ့အဓိပ္ပါယ်က ရှင်းသွားပါတယ်၊
ဒါကြောင့် ဘယ်တုံး ဘယ်ဘဝရောက်ချင်လို့ရှိရင် သင်္ချိုင်းအရင်ရှာရတဲ့ အဓိပ္ပါယ်ကို သေချာရောက်မှာ စိုးရတဲ့အတွက် ဘယ်ဘုံ ဘယ်ဘဝကိုမှ မသွားချင်နဲ့၊ ဟိုဘုံသွား လို့ရှိရင် ဟိုဘုံသင်္ချိုင်းမြှုပ်ရမှာဘဲ၊ ဒီဘုံရောက်လာပြန်လို့ရှိရင် မျောလမ်းကိုလိုက်လို့ရှိရင်ဖြင့်၊ ဒီဘုံမှာ သင်္ချိုင်းရှာရမှာ ဘဲ၊ နေရမှာဘဲ၊ ရွာတည်သင်္ချိုင်းပါတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ ရှင်းပြီး သကာလ နေတယ်။
အဲဒါကြောင့် ဘယ်ဘုံ ဘယ်ဘဝရောက်ချင်တယ်ဆိုရင်ဖြင့် ကိုယ်ရောက်တဲ့ နေရာမှာ သင်္ချိုင်းထားဖို့ကို အရင်ရွေးပေတော့၊ သဘောပါရဲ့လား (ပါ ပါတယ် ဘုရား)၊ ဘယ်ဘုံရောက်ချင်တယ်ဆိုရင်ဖြင့် ရောက်တဲ့ဘုံမှာသင်္ချိုင်း အရင်ရွေး ငါသေရင်မြှုပ်စရာ (မှန်လှပါ ဘုရား)။
ဘယ်ဘုံ ဘယ်ဌာနရောက်ရောက်၊ သင်္ချိုင်းမရွေးဘဲနဲ့ မင်းတို့နေလို့ဖြစ်ကြပါ့မလား (မဖြစ်ပါ ဘုရား)၊ မဖြစ်နိုင် ဘူး၊ သင်္ချိုင်းရွေးရမှာချည်းပဲ၊ ဘယ်ဘုံ ဘယ်ဌာန ဘယ်ဘဝရောက်ရောက် သင်္ချိုင်းတော့ဖြစ်နေရာချကြရမယ် ဆိုတဲ့ အဓိပ္ပါယ်က ရှင်းလင်းပြီး သကာလ နေတယ်၊ ဒါကြောင့် မျောလမ်းကိုလိုက်ပြန်လို့ရှိရင်လဲ သင်္ချိုင်းရှာတဲ့လမ်း (မှန်ပါ)၊ မြှုပ်လမ်းကို လိုက်ပြန်တဲ့အခါကျလို့ရှိရင်ဖြင့် သင်္ချိုင်းတော့ မရှာရဘူးတဲ့၊ တစ်ခါတည်း အရှင်အဖြစ်နဲ့ကို ဆင်းရဲဗရပွေ နဲ့ နေရလိမ့်မယ် ဆိုတာမှတ်ထားရမယ် (မှန်လှပါ ဘုရား)။
အပါယ်လေးပါးကျတော့ သေမှမသေဘဲကိုး၊ တစ်ကမ္ဘာနေလဲမသေဘူး၊ မသေဘဲနဲ့ ခံနေရတာပဲ (မှန်ပါ)၊ နတ်ပြည်၊ ဗြဟ္မာပြည်ကျတော့သေလိုက်၊ မြှုပ်လိုက်၊ သေလိုက်၊ မြှုပ်လိုက်ဆိုတော့၊ ဪ မျောလမ်းလိုက်ပြန်လဲ သင်္ချိုင်း ရှာတဲ့လမ်း၊ မြှုပ်လမ်းလိုက်ပြန်တော့လဲ အရှင်ဒုက္ခရောက်တဲ့လမ်း (မှန်ပါ)၊ သဘောပါကြပြီလား (ပါ ပါပြီ ဘုရား)။
ဒါဖြင့် လမ်းမြောင်းကလေးကနေ လမ်းမကြီးအတိုင်း လိုက်တဲ့လမ်းသည်သာလျှင် အရှင်လတ် ဒုက္ခရောက်တဲ့ လမ်းမှလဲလွတ်၍၊ သင်္ချိုင်းရှာတဲ့လမ်းမှလဲ လွတ်ပါတယ်ဆိုတာ ဒီနေ့ညသေချာမှတ်ရမယ် (မှန်ပါ)၊ ဒါဖြင့် လမ်းမြောင် ကလေးက ဘယ်သူတုန်းလို့ မေးလို့ရှိရင် မဂ္ဂင်းငါးပါးနဲ့ ဖြစ် ပျက်ရှုတာကို လမ်းမြောင်ကလေး၊ လမ်းသွယ်ကလေးလို့ မှတ်ပါ။
ဖြစ် ပျက်ရှုတာကို လမ်းမြောင်ကလေး
ဒီ လမ်းသွယ်ကလေးအတိုင်း လိုက်သွားကြမယ်ဆိုလို့ရှိရင်ဖြင့် မအို မသေ အမြဲနေတဲ့ နိဗ္ဗာန်ဆိုတဲ့ လမ်းမကြီး ကို မြင်ရတဲ့ လမ်းမကြီးပေါ်ကို ဖြောင့်နေတဲ့အတွက် မြင်ရ၊ ရောက်ရပါတယ်လို့ သေသေချာချာ မှတ်ရမယ်၊ ရှင်းကြပြီလား၊ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် တို့ စပြီး သကာလ ဘယ်လမ်းလိုက်ရမယ်ဆိုတာလဲ ပေါ်ကြပြီလား၊ ဘယ်လမ်းကလိုက်ကြမယ် (လမ်း မြောင်ကလေးပါ ဘုရား)၊ လမ်းမြောင် လမ်းသွယ်ကလေး အရင်လိုက်မယ်ဆိုတော့ကို၊ အလယ်လမ်းလိုက်မယ်ကြံတော့ အလယ်လမ်း ဗြုန်းခနဲတွေ့တယ်လို့ ဒီလိုမမှတ်လိုက်ပါနဲ့၊ အလယ်လမ်းဆိုတာ မဂ္ဂင်ရှစ်ပါးစုံတဲ့ လမ်းကိုဆိုပါတယ်၊ ဗြုန်းခနဲ သူ့တွေ့လိမ့်မယ်လို့ မယူရဘူး၊ လမ်းမြောင်းကလေးနဲ့ တူတဲ့ ငါးပါးလမ်းကနေလိုက်ဦးမှရမယ်၊ သီလရှင်ကြီး ဒါ သေချာမှတ်ရမယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒီခန္ဓာငါးပါးကို၊ တင်လှတို့ လူစုတွေက ခန္ဓာငါးပါးထဲက တစ်ပါးပါးကို၊ ဆရာဘုန်းကြီးပေးထားတဲ့ အတိုင်းအဖြစ်အပျက်တွေ ရှုပြီး သကာလ ဝေဒနာရှု ရှု၊ စိတ်ရှုရှု၊ ကြိုက်တာရှု၊ ရုပ်ရှုချင်ရှု၊ သစ္စာချင်ရှု၊ ရှုချင်တာရှုလို့ အဖြစ်အပျက်တွေ မြင်လို့ရှိရင်ဖြင့်၊ ဪ ငါသည်ကားလို့ ဆိုရင် တစ်ခြားလား အောက်မေ့နေတယ်၊ လမ်းမြောင်း လေးပေါ်ရောက်တာပဲလို့ အောက်မေ့ရမယ် (မှန်လှပါ ဘုရား)။
ဒါက ပဉ္စင်္ဂီကမဂ်ဆိုတော့ အဋ္ဌင်္ဂီကမဂ်လောက်လမ်းမကျယ်ဘူး၊ ငါးပေရှိတဲ့ လမ်းနဲ့ ရှစ်ပေရှိတဲ့လမ်း ဆိုတော့ ကွာချင်သလောက် ကွာနေသေးတယ်ဆိုတာ မှတ်ရမယ်၊
ငါးတောင်ရှိတဲ့လမ်းနဲ့ ရှစ်တောင်ရှိတဲ့လမ်းကွာချင်သလောက် ကွာနေသလို ငါးတောင်ရှိတဲ့ရွာက ထွက်တဲ့လမ်းကလေး၊ ကိုယ့်သင်္ချိုင်းရှိတဲ့ ရွာကထွက်တဲ့လမ်းကလေး၊ ကဲ ဒီ သင်္ချိုင်း ရှိတဲ့ရွာဖြင့် မနေချင်ပါဘူး၊ တော်ကြာ ဒီသင်္ချိုင်း မြှုပ်ရမှာဘဲ၊ နတ်ပြည်လဲ နတ်သင်္ချိုင်းနဲ့ဆိုတာမှတ်မိပြီမဟုတ်လား (မှန်လှပါ ဘုရား)၊
သင်္ချိုင်းရှိတဲ့ရွာက ထွက်မယ်
အဲဒါကြောင့် သင်္ချိုင်းရှိတဲ့ရွာက ထွက်မယ်ဆိုလို့ရှိရင်ဖြင့်၊ သင်္ချိုင်းမြင်တာနဲ့ပဲ ထွက်ဖို့ကောင်းပါတယ်၊ အခုလူ တွေက မြို့မှာလဲ သင်္ချိုင်းရှိတယ်၊ ဒီမြို့ရွှေ့ချင်တယ်ဆိုတော့ အတော်ခက်တယ်၊ ဒီ သင်္ချိုင်းမြှုပ်ချင်လို့ (မှန်လှပါ ဘုရား)၊
ဒီ တောင်မြို့ကလူတွေက မန္တလေးရွှေ့ချင်တယ်ဆိုတဲ့ဥစ္စာက၊ မန္တလေးသင်္ချိုင်းမြှုပ်ချင်တယ်ဆိုတဲ့ အဓိပ္ပါယ် ပြောတာပဲ၊ မန္တလေးကလူတွေကလဲ တောင်မြို့ရွှေ့ချင်တယ်ဆိုလို့ရှိရင်ဖြင့် ရွှေ့ချင်တာဟာ တစ်ခြားရွှေ့ချင်တာမဟုတ် ပါဘူး၊ ကိုယ့်အလောင်းကိုယ်ယူပြီး သကာလ ၊ တောင်မြို့သုဿန်ကို မြှုပ်ချင်တယ်ဆိုတဲ့ အဓိပ္ပါယ်ရောက်တာပဲ (မှန်လှပါ ဘုရား)။
ဒါကြောင့် ဒီ ဥပမာအတိုင်းပါပဲ၊ ဘယ်တုန်း ဘယ်ဘဝ၊ ဘယ်ဌာန ဘယ်ဘဝလဲ ရောက်ချင်ကြ ရချင်ကြ၊ သင်္ချိုင်းရွေးတာသာမှတ်ရမယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဒါဖြင့် သင်္ချိုင်းရွေးနေရတဲ့လမ်းဖြင့် ကိုယ့်ခန္ဓာကြီး စိတ်မချလို့ သင်္ချိုင်းရှာတာပေါ့ (မှန်လှပါ ဘုရား)။
ကိုယ့်ခန္ဓာစိတ်ချလို့ရှိရင်၊ သင်္ချိုင်းရှာဖို့လိုသေးလား (မလိုပါ ဘုရား)၊ ဒါဖြင့် သင်္ချိုင်းရှိတဲ့နေရာက၊ သင်္ချိုင်းမရှိ တဲ့နေရာကို ထွက်ကြပါစို့လို့ရှိရင် လမ်းမြောင်ကလေးကနေ စထွက်ရမယ်၊ သချုႋ်င်းရှိတဲ့ရွာက မြို့က အခု အမရပူရမြို့ မှာ မြို့လဲရှိတယ်၊ သင်္ချိုင်းလဲရှိတယ်ဆိုတာ မင်းတို့သိပြီးသားပဲ။
အခု မဂ္ဂင်ငါးပါးအလုပ် လုပ်နေတာဖြင့်၊ ဪ ဒီ သင်္ချိုင်းရှိတဲ့ရွာက လမ်းမြောင်ကလေးကနေ ထွက်ပါတော့ မယ်၊ သင်္ချိုင်းရှိတဲ့ရွာမှာမကောင်းပါဘူး၊ ဆိုပြီး သကာလ လမ်းမြောင်းကလေး ရှာထွက်တာသည် သင်္ချိုင်းရှိတဲ့ရွာက ထွက်လာလို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။
ဝိပဿနာအလုပ် လုပ်တဲ့ပုဂ္ဂိုလ်
ဒါဖြင့် ဝိပဿနာအလုပ် လုပ်တဲ့ပုဂ္ဂိုလ်များမှာ သင်္ချိုင်းရှိတဲ့ရွာကထွက်တာပဲ၊ သဘောပါကြပြီလား (ပါ ပါပြီ ဘုရား)၊ နောက်ကျတော့ ငါးတောင်လမ်းကနေ ရှစ်တောင်လမ်းပေါ်ရောက်သွားလို့ရှိရင် သင်္ချိုင်းမရှိတဲ့နေရာမမြင်ရ ပေဘူးလား (မြင်ရပါတယ် ဘုရား)၊ ဒါဖြင့် မင်းတို့ ဝိပဿနာ အခုလုပ်နေတာ သင်္ချိုင်းရှိတဲ့ အမရပူရမှ သင်္ချိုင်းမရှိတဲ့ ဆီသွားမလို့၊ လမ်းမြောင်းကလေးပေါ်လိုက်ကြတာပဲ (မှန်လှပါ ဘုရား)။
ဒါကြောင့် ဝိပဿနာအလုပ်မှ မလုပ်တဲ့ ပုဂ္ဂိုလ် လမ်းမြောင်ပေါ်မှ မရောက်လို့ ရှိရင်၊ လမ်းမကြီးနဲ့ ဆက်မိဖို့ ဝေးပါသေးရဲ့၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)၊ လမ်းမကြီးနဲ့ဆက်မိဖို့ဝေးပါသေးတယ်ဆိုတာသေချာမှတ်ပါ၊ ဒါကြောင့် အလယ်လမ်းမကြီး လိုက်မယ့်ကြံလို့ရှိရင် အလယ်လမ်းမြောာင်လေးရှိသေးတယ်ဆိုတာလဲ မသိလို့ရှိရင်မဖြစ် ပေဘူး (မှန်လှပါ ဘုရား)။
ဒါကြောင့် အလယ်လမ်းမြောင်ကလေးကိုလဲ လုပ်ကြရလိမ့်မယ်ဆိုတာ ခန္ဓာငါးပါးကို ဖြစ် ပျက်ရှုတာသည် ဖြစ်တာနဲ့ ပျက်တာကို မြင်နေတယ်၊ တစ်နည်းအားဖြင့်လဲ အပျက်ချည်းမြင်နေတယ်၊ မြင်ချင်တာမြင်၊ လမ်းမြောင်ပေါ် ရောက်လု့ိသာ၊ ဒီ ဥစ္စာ လမ်းမြောင်ပေါ်ရောက်တယ်ဆိုတာ၊ လမ်းသွယ်ပေါ်ရောက်တယ်ဆိုတာ၊ လမ်းသေးပေါ်ရောက် တယ်ဆိုတာကို ထစ်ထစ်ချဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။
ဒီဟာမှ မလုပ်တဲ့ပုဂ္ဂိုလ်ဟာ သင်္ချိုင်းရှိတဲ့ရွာ အပျော်ဆုံးချည်းမှတ်ပါ၊ ဒီဟာ မလုပ်တဲ့ပုဂ္ဂိုလ်ကို ဘယ့်နှယ်ဆို ကြမယ်၊ (သင်္ချိုင်းရှိတဲ့ရွာမှာ အပျော်ဆုံးပါ ဘုရား)၊ ဒါဖြင့် ဒီရွာမှာနေ၊ ဒီရွာမှာရှင်းပြီး ဒီရွာမှာမြှုပ်ချင်တဲ့အဓိပ္ပါယ် ဟာ သူ့မှာ သေချာတယ်၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒွန်းစဏ္ဍားပျော်ဖြစ်မှာဘဲ
လမ်းမြောင်းကလေးပေါ်မှာ ရှိမှန်းလဲမသိ၊ သွားလဲမသွားတဲ့ ပုဂ္ဂိုလ်ဟူသရွေ့ သင်္ချိုင်းရှိတဲ့ရွာကို ပျော်နေလို့ရှိရင် ဒွန်းစဏ္ဍားပျော်ဖြစ်မှာဘဲ၊ သင်္ချိုင်းရှိတဲ့ရွာပျော်ရင် ဘာပျော်ဆိုကြမယ် (ဒွန်းစဏ္ဍားပျော်ပါ ဘုရား)၊ မင်းတို့အရုပ်ဆိုးပုံ များတော့ ပြောကို မပြောချင်ဘူး၊ ဒီမြို့ပျော်လိုက်တဲ့ဖြစ်ခြင်း၊ ဒီအလုပ်မလုပ်တဲ့အချိန်မှာ ဒီမြို့ပျော်လို့ပဲ၊ ဝိပဿနာ အလုပ်မလုပ်တဲ့အချိန်မှာ သင်္ချိုင်းရှိတဲ့ရွာမှာ ဒွန်းစဏ္ဍားပျော် ပျော်နေတယ်လို့ မှတ်ပါ (မှန်လှပါ ဘုရား)။
တင်လှ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ မန္တလေးမှာ နင် နေတယ်၊ ဒီအလုပ် မလုပ်တဲ့အချိန်မှာ ငါဘာလုပ် နေပါလိမ့်မတုန်း၊ ဘာပျော်ပျော် နေပါလမ့်မတုန်းဆိုတော့ သုဿာန်စောင့် ဒွန်စဏ္ဍားဟာ အလောင်းတွေနဲ့ ပျော်နေ တယ်ဆိုလို့ရှိရင်လဲ လွဲပါ့မလား (မလွဲပါ ဘုရား)။
အဲဒီကျအောင် မိုက်လုံးကလဲ သန်လိုက်တဲ့ဖြစ်ခြင်း မောင်ချစ်စိန် ပြောလို့ကို မဖြစ်ဘူး (မှန်ပါ) မင်းအထုပ် ကြီး ထမ်းထမ်းပြေးပြီး သကာလ ပျော်နေတာကော ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အင်း သင်္ချိုင်းရှိတဲ့ရွာပျော်နေတာ၊ဘာ့ကြောင့်တုန်းဆိုတော့ သေခါနီးပျော်၊ ဒွန်းစဏ္ဍားပျော်ပါလား၊ သုဿန်ရွာ ကလေးနဲ့ တလားပျက်က အပျက်တွေနဲ့ အိမ်ဆောက်ပြီး သကာလ ၊ မသာလောင်းလာတိုင်း သူတို့ပိုက်ဆံရတယ်လိုပြီး ပျော်နေတာ၊ ဒွန်းစဏ္ဍားရွာထဲမှာ ဒွန်းစဏ္ဍာပျော် ပျော်နေတဲ့ အဓိပ္ပါယ်ဟာ သေသေချာချာ သက်ရောက်တယ်ဆိုတာ ကော ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
အဲဒါ လမ်းမကြီးပေါ်ကနေကြည့်လိုက်တဲ့အခါကျတော့ မအို၊ မသေ၊ အမြဲနေတဲ့၊ နိဗ္ဗာန်ဆိုတဲ့သုဿန်လွတ်နေရာ ကိုမမြင်ဖူးသေးတဲ့ပုဂ္ဂိုလ်များ ပျော်ခြင်းကြောင့်တဲ့ ဒွန်းစဏ္ဍားပျော်လို့ မှတ်ပါ (မှန်ပါ)၊ တော်တော်အရုပ်ဆိုးနေတာဟ မဆိုးဘူးလား (ဆိုပါတယ် ဘုရား)။
အဲဒါ ဘာမမြင်ဖူးလို့တုန်းလို့ဆိုလို့ရှိရင် လမ်းမကြီးပေါ်လဲမရောက်ဖူးတော့ မအို၊ မသေ၊ အမြဲနေတဲ့ မြို့ကြီးကို လဲမမြင်ဖူး၊ မတွေ့ဖူးတော့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြီး သကာလ ပျော်နေတဲ့အဓိပ္ပါယ်ဟာ သေသေချာချာသက်ရောက်ပါ တယ်၊ ဒါကြောင့် မင်းတို့ကို ဒီခေါ်တဲ့ဥစ္စာသည် ဒွန်းစဏ္ဍားပျော် ပျော်မှာစိုးလို့ဟ၊ ဒီလာအားထုတ်ဦးလို့ သီလရှင်တွေ ရော တင်လှတို့ရော၊ တိုက်တွန်းပေးနေရတာပဲ၊ ကိုယ်အရုပ်ဆိုးတာ ကိုယ်မသိဘဲနေမှာစိုးလို့၊ အခု ဒီနေ့ညတော့ သိပြီ မဟုတ်လး (မှန်လှပါ ဘုရား)။
စက္ကူဆိုင်ကြီးနဲ့ပျော်နေတာ ဘာပျော် ပျော်နေတာတုန်း
စက္ကူဆိုင်ကြီးနဲ့ပျော်နေတာ ဘာပျော် ပျော်နေတာတုန်း၊ ပြောစမ်းပါဦး (ဒွန်းစဏ္ဍားပျော်ပါ ဘုရား)၊ ဒွန်းစဏ္ဍား ပျော်မှသေချာလိုက်တဲ့ဖြစ်ခြင်း၊ ကိုယ့်သုဿန်ကလဲ အဲဒီရွာတိုင်းတို့ ရှိပြီး သကာလ နေတော့ အဲဒီနေရာတွင်နေပြီး၊ ဒီနေရာတင် သေဖို့ကို ကြိုးစားပြီး သကာလ အသေစောင့်ရင်းပျော်နေတဲ့အဓိပ္ပါယ်ဆိုတော့၊ ဪ ဒွန်းစဏ္ဍားပျော်မှ ဟုတ်မှဟုတ်ကဲ့လားလို့ မောင်အောင်မြတ် ဘာမှမေးစရာမလိုတာ့ဘူး အသေစောင့်ပျော်နေတာ၊ မသေခင်တော့ သူပျော် လိုက်ဦးမယ်ကွ၊ သေမှာလဲသူသိနေတယ်၊ ဒီသင်္ချိုင်း မြှုပ်ရလိမ့်မယ်ဆိုတာလဲ သူသိနေတယ်။
ဒီပြင်လူတွေ သေပြန်တော့လဲ သူကပျော်လိုပ၊ တီးလို့၊ မှုန်လု့ိ သူတို့တော့ သေကုန်ပြီ၊ တို့ တော်သေးရဲ့ဆိုပြီး ပျော်လို့၊ ဘာပျော်ပျော်နေတာတုန်း၊ ဆိုတာကော် ရိပ်မိကြပြီလားကွ (မှန်ပါ)၊ ဘာပျော်တုန်း (ဒွန်းစဏ္ဍားပျော်ပါ ဘုရား)၊ အံမယ် သင်္ချိုင်းနားကပ်ပျော်လိုက်တာပေါ့၊ ဖြစ်မှ ဖြစ်ရလေကွာ၊ ရှုးချက်သန်လိုက်တဲ့ ဖြစ်ခြင်း၊ လှဘူးတို့ လူစု၊ ဟင် (မှန်ပါ)၊ ရူးချက် သိပ်မသန်ဘူးလား (သန်ပါတယ် ဘုရား)။
အဲဒါ လမ်းမြောင်းကလေးပေါ်လဲ သူမတက်မိလို့၊ ပျော်နေတဲ့ အပျော်ကတော့ ဒွန်းစဏ္ဍားပျော်ပဲဆိုတာ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)၊ ရှင်းရဲ့လား (ရှင်းပါပြီ ဘုရား)။
မင်း စက္ကူဆိုင်ကြီးနဲ့ တစ်နေ့သော်လဲ ငွေသေတ္တာလေးကို သေတ္တာထဲက ထုတ်သိမ်းပြီး ညနေကျ ပြန်တာပဲ ဟိုရောက်တော့ရေတွက်ပြန်ပြီ၊ ဒီနေ့ ဘယ်လောက်ကိုက်တယ်၊ ဟ ဘာတုန်းလို့ဆိုတော့ ကုတို့ခ လေးတွေနဲ့ပျော်နေတာ နဲ့ အဓိပ္ပါယ်၊ တယ်တူတယ် (မှန်လှပါ ဘုရား)။
ကုတို့ခလေး ဆွမ်းကျန် ကွမ်းကျန်လေးနဲ့၊ ဖျာခင်းခလေးရတာနဲ့ ပျော်နေတာနဲ့တော့ မောင်ချစ်စိန်တယ်တူ တာပဲ (မှန်ပါ)၊ ကိုယ့်အတွက် ဘယ်လောက်ကျန်သေးတယ်ကိုးကွ၊ မင်း အထုပ်ကလေးထမ်းသွားတော့ (မကျန်ပါ ဘုရား)၊ ကျန်တယ် အဲဒီအကျန်ကလေးနဲ့ ပျော်နေတာကွ (မှန်ပါ)၊ ကိုယ့်အတွက်လေးက တစ်ထုပ်ထမ်းသွားလိုက်တယ်၊ ကိုယ့် အတွက်က ဘယ်လောက်ကျန်တယ်၊ အရင်းက ဘယ်လောက် ကျတယ် ဆိုတော့ ကုတို့ခ လေးတွေနဲ့ ဟင် (မှန်ပါ)၊ ဘာ ဖြစ်နေတုန်း (ပျော်နေတာပါ ဘုရား)၊ အမယ်လေး ဖြစ်မှဖြစ်ရပလေ၊ ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)။
လမ်းမြောင်ကလေးပေါ်တက်ကြပါစို့
ကိုင်း ဒါဖြင့် လမ်းမြောင်ကလေးပေါ်တက်ကြပါစို့ဆိုတော့ ခန္ဓာကိုယ် ဖြစ် ပျက်မြင်သည်နှင့် တစ်ပြိုင်နက် တည်း လမ်းမြောင်းကလေးပေါ်ရောက်ပြီလို့ အောက်မေ့ပါ (မှန်ပါ)၊ အဖြစ်အပျက်တွေကို ရှုလွန်းမကရှုလို့၊ မုန်းလား လို့ရှိရင် အင်း နေရာကျပြီဟ၊ လမ်းမြောင်ပေါ်တော့ တော်တော်ကို တက်မိပြီး လမ်းမကြီးနဲ့ ကပ်နေပြီ၊ နောက် ကိုယ်ခန္ဓာ၏ အသေတွေ၊ ဖြစ် ပျက်တွေ ဆုံးသွားတဲ့အခါ ကျတော့မှ၊ ဪ ငါ သုဿန်မှ သိမ်းတာပါလားဆိုတာမှတ် ရမယ် (မှန်လှပါ ဘုရား)။
ကိုယ်သေစရာ သုဿန်ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ကိုယ်သေစရာ သုဿန်မရှိတဲ့နေရာကို အမှန်အကန် မြင်သွားတော့၊ မြင်တဲ့အချိန်မှာလမ်းမကြီးပေါ်ရောက်တာပဲ၊ ဒါ မသေရာမြင်တာပဲဆိုတာ သဘောကျပြီလား (ကျပါ ပြီ ဘုရား)။
အဲဒီအချိန်မှ ပျော်လို့ရှိရင်တော့ဖြင့် အရပ်သားပျော်၊ မြို့ကြီးသူပျော်ဖြစ်ပါတယ်၊ အခု ပျော်နေတာကတော့ ဒွန်းစဏ္ဍာပျော်ပဲ (မှန်ပါ)၊ လမ်းမြောင်မှ မတက်မိဘဲကိုး (မှန်ပါ)၊ လမ်းမြောင် မတက်မိတော့ လမ်းမကြီးနဲ့ပဲ မဝေးဘူလား (ဝေးပါတယ် ဘုရား)၊ အင်း အဲဒီအဝေးမှာသာ ပျော်နေကြမယ်ဆိုလို့ရှိရင်ဖြင့် လမ်းမြောင်းကလေးပေါ်လဲမရောက်၊ မသေရာလဲမမြင်ဘဲနဲ့ ပျော်တာကတော့ သုဿန်နားကပ်ပျော်နေတာ (မှန်ပါ)။
ဘယ်လောက်များဆိုးတယ် ဆိုတာပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) အယ်မလေး သေခါနီးပျော်ပေါ့ (မှန်ပါ)၊ ဘယ့်နှယ်ကြမှာတုန်း (မှန်ပါ)၊ ဘယ့်နှယ်ဆိုကြမှာတုန်း (သေခါနီး ပျော်ပါ ဘုရား)၊ ဟာ သေခါနီးပျော်ဆိုတာ မင်းတို့ကွာ အတော်ကြမ်းတမ်းတဲ့စကားပဲလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
သေခါနီးပျော်ဆိုတဲ့ ဥစ္စာက
သေခါနီးပျော်ဆိုတဲ့ ဥစ္စာက ဆဲလိုက်တာနဲ့ အတူတူပါပဲကွ (မှန်ပါ)၊ အဲဒါကြောင့် လမ်းမြောင် ကလေးပေါ် ရောက်တဲ့အချိန်မှာလဲ ပျော်လက်စဟာ သိမ်းစပြုပါပြီ၊ နောက် ဖြစ် ပျက်တွေ အဆုံးမြင်တဲ့အခါကျတော့ မသေရာမြင် တော့ သုဿန် မရှိတဲ့နေရာသူရောက်သွားတယ် (မှန်ပါ)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အဲဒီအချိန်ကျမှ ပျော်မှသာလျှင် မြို့ကြီးပျော်၊ လူပါးပျော်၊ လူပညာရှိပျော်၊ အသေလွတ်ပြီးပျော်တာကိုးကွ (မှန်ပါ)၊ အဲဒီအပျော်ရောက်မှသာလျှင် ကိစ္စပြီးမယ်ဆိုသောကြောင့် ဉာဏ်သုံးဆင့်နဲ့ တက်ပြီး သကာလ ၊ သုဿန်ကိုမမြင် ရမှပျော်ကြပါဆိုတာကို၊ ဒီတရားပွဲမှာသတိပေးလိုက်တယ် (မှန်လှပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
