3004

မာတိကာသို့

”သေမင်းတမန်သတ်နည်း”

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

အမရပူရမြို့ – မင်္ဂလာရိပ်သာ ကျောင်းတိုက်၌

ဟောကြား ဆုံးမတော်မူအပ်သော

”သေမင်းတမန်သတ်နည်း”

ည အလုပ်ပေးတရားတော်

(၅-၁၂-၆၀)

အာရမ္ဘထ နိက္ကမထ၊ ယုဉ္ဇထ ဗုဒ္ဓသာသနေ၊

ဓုနာထ မစ္စုနောသေနံ၊ နဠာဂါရံဝ ကုဉ္ဇရော။

ယောဣမသ္မိံ ဓမ္မဝိနယေ၊ အပ္ပမတ္တော ဝိဟဿတိ။

ပဟာယ ဇာတိသံသာရံ၊ ဒုက္ခဿန္တံ ကရိဿတီ” (သဂါထာဝဂ္ဂသံယုတ်၊ ၁၅၈)

အားထုတ်ကြပါ ပျင်းရိခြင်းကို နှင်ထုတ်ကြပါ

”အာရမ္ဘထ” အားထုတ်ကြပါ၊ “နိက္ကမထ” ပျင်းရိခြင်းကို နှင်ထုတ်ကြပါ၊ “ယုဉ္ဇထ ဗုဒ္ဓသာသနေ” ဘုရား၏ အဆုံးအမကို အမြဲယှဉ်ပြီးနေကြပါ၊ “ဓုနာထမစ္စုနောသေနံ” သေမင်း၏ တမန်ဖြစ်တဲ့ ကိလေသာကို ချေဖျက်ကြပါ၊ “နဠာဂါရံဝ ကုဉ္ဇရော” ဆင်ပြောင်ကြီးသည် ကျဖြင့်ပြီးသည့်အိမ်ကို နှင်းချိုးဘိသကဲ့သို့ သေမင်း၏ တမန်ဖြစ်တဲ့ကိလေ သာကို ချေမှုန်းပစ်ကြပါလို့ “အဘိဘူ” ဆိုတဲ့ လက်ဝဲရံရဟန္တာက ဟောသည်လို့ မှတ်ရမယ်။

”အာရမ္ဘထ” အားထုတ်ပါ၊ “နိက္ကမထ” ပျင်းရိခြင်းမှ ရှောင်ဖယ်ကြပါ၊ “ယုဉ္ဇထဗုဒ္ဓသာသနေ” ဘုရား၏ အဆုံးအမကို ဒီလိုရှုဆိုလို့ရှိရင် ဒီလိုရှုကြပါ၊ ဆင်ပြောင်ကြီးသည် ကျူဖြင့်ပြီးသော အိမ်ကိုနင်းချေဘိသကဲ့သို့ ကိလေသာ ရန်သူတို့ကိုလဲ မဂ်နဲ့နင်းချေပစ်ပါလို့ သေချာဟောတယ်၊

”ယောဣမသ္မဓမ္မဝိနယေ” အကြင်ပုဂ္ဂိုလ်ဟာ အခုပြောခဲ့တဲ့ အဆုံးအမတွေကို လိုက်နာမယ်လို့ဆိုလို့ရှိရင် မမေ့ မလျော့ဘဲနဲ့ လိုက်နာကြမယ်ဆိုလို့ရှိရင် “ဇာတိသံသာရံ” ဇာတိ၊ ဇာတိလို့ ခဏခဏ လာနေတဲ့ သံသရာကြီးဆိုတဲ့ ဇာတိသံသရာ၊ ဒုက္ခသံသရာတို့မှ ဒုက္ခဆုံးသွားလိမ့်မယ်တဲ့၊ ဇာတိဒုက္ခကြီး ဆုံးသွားပြီး သကာလ သစ္ဆိကရိဿတိ နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ပါလိမ့်မယ်လို့ ဟောလိုက်တယ်။

ဗြဟ္မာပြည်မှာ ဟောတဲ့တရား

အဲဒီတော့ ဘုရားအဆုံးအမကို လိုက်နာကြလို့ရှိရင်ဖြင့် ပဋိသန္ဓေနေခြင်း၊ ဆင်းရဲ၊ အိုခြင်း ဆင်းရဲ၊ နာခြင်း ဆင်းရဲ၊ သေခြင်းဆင်းရဲ၊ ဆင်းရဲမျိုးစုံ အကုန်ချုပ်တာကို ဒုက္ခကုန်တယ်လို့မှတ်ကြရမယ်။

အဲဒါ ဗြဟ္မာပြည်မှာ ဟောတဲ့တရားလို့ မှတ်ရမယ်၊ ဗြဟ္မာပြည်မှာ ဟောတဲ့တရား၊ အဘိဘူဆိုတဲ့ ရဟန္တာသည် သိခိမြတ်စွာဘုရားနဲ့ ဆွမ်းခံထွက်လာတဲ့အခါ ဘုရားကဆွမ်းခံချိန်လဲ စောပါသေးတယ်၊ ဗြဟ္မာပြည်သွားကြဦးစို့ ဆိုတော့ နှစ်ပါးစလုံး ကွေးတဲ့လက် ဆန့်သလောက်နဲ့ ရောက်သွားတယ်။

ဗြဟ္မာပြည် ရောက်သွားတဲ့အခါကျတော့ ဘုရားက ကဲ အဘိဘူ မင်း တရားဟောကွာ ဆိုတော့၊ ခုနက ဂါထာနှစ်ခုကို ဟောတယ်၊ ဂါထာနှစ်ခုကို ဟောတဲ့အတွက် ဗြဟ္မာတွေက၊ ဘုရားပါလျက်သားနဲ့ ဒီ အဘိဘူဆိုတဲ့ ကိုယ်တော်က ခေါင်းဆောင် လုပ်ပြီး တရားဟောနေတာဆိုပြီး ကဲ့ရဲ့ကြ၊ သင်္ဂြိုဟ်ကြ၊ စကားအတင်းဆိုကြ၊ ဒီလိုနေတော့ ဘုရားကသိတယ်။

အဘိဘူ ငါဘုရားပါလျက်နဲ့ မင်းက တရားဟောနေတော့ကို ဗြဟ္မာတွေက ကဲ့ရဲ့ကြ၊ ရှုတ်ချကြ၊ အပြစ်တင်ကြ ပြီကွ၊ အဲဒီတော့ မင်း ပိုပြီးဟောပါ၊ ဒီတရားပဲ ပိုဟောပါလို့ သိခီမြတ်စွာဘုရားက ခိုင်းလိုက်တယ်။

ခိုင်းလိုက်တဲ့ အခါကျတော့ သူက တန်ခိုးကလဲ ကြီးတဲ့ပုဂ္ဂိုလ်ဖြစ်နေလို့၊ ကိုယ်တစ်ဝက်တည်း ပြပြီး သကာလ လဲ ခုနက တရားဟောတာပဲ၊ နဂါးယောင် ဖန်ဆင်းပြီး သကာလ လဲ ဒီတရားဟောတာပဲ၊ ဂဠုန်ယောင်ဖန်ဆင်းပြီး သကာလ လဲ ဒီတရားဟောတာပဲ၊ ဒီတရားကို ဘုရားက တိုးပြီး သကာလ ဟောပါလို့ဆိုတော့ ဗြဟ္မာပြည်က ဟောတာကို နတ်ပြည် နဲ့ လူ့ပြည်မှာ အကုန်ကြားရတယ်။

နတ်ပြည် နဲ့ လူ့ပြည်မှာ အကုန်ကြား

နတ်ပြည်ကလဲ အကုန်ကြား၊ လူ့ပြည်ကလဲ အကုန်ကြား၊ ဒါနဲ့ပဲ ဗြဟ္မာတွေလဲ ကျွတ်တမ်းဝင်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးနဲ့တကွ အဘိဘူလက်ဝဲရံမှာ လူ့ပြည်ကို ဆင်းလာပြီး သကာလ ၊ ဘုရားကမေးတယ် ရဟန်းတို့၊ တို့ ဗြဟ္မာပြည်က ဟောတဲ့တရား ကြားကြရဲ့လား ကြားပါတယ်လို့ အကုန်ဖြေကြတယ်၊ အဲဒါ ဒီဥစ္စာ သိခီမြတ်စွာဘုရား အမိန့်အရ အဘိဘူက ဟောခြင်းကြောင့် ဒီတရားဟာ အလုပ်တရားလို့ မှတ်ထားရမယ်။

ဒီတရားဟာ အလုပ်တရားဆိုတော့ အလုပ် လုပ်ပုံကို ပြရလိမ့်မယ် (မှန်ပါ့)၊ အလုပ် လုပ်ပုံပြရတော့မယ် ဆိုလို့ရှိရင်ဖြင့် ဒီနေ့ စိတ္တာနုပဿနာပြမယ်။

မြင်စိတ်၊ ကြားစိတ်၊ အကြောင်းတိုက်ဆိုင်ရင် ပေါ်တာချည်းပဲ၊ နံစိတ်၊ စားစိတ်၊ ကိုယ်ပေါ်မှာ ယားတယ်၊ ယံတယ်ဆိုတဲ့ ဒုက္ခစိတ်၊ ကိုယ်ပေါ်မှာ ချမ်းသာတယ်ဆိုတဲ့ သုခစိတ်ဆိုတော့ ကိုယ်ပေါ်မှာ ခြောက်မျိုးပေါ်သည်လို့ မှတ်ထားရမယ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ပေါ်မှာ နှစ်ခု၊ သူတို့ဟာ ဘယ်သူတွေတုန်းလို့မေးလို့ရှိရင် မိမိခန္ဓာပဲ။

အပြင်ဧည့်သည်စိတ် အတွင်းဧည့်သည်စိတ် အိမ်သည်စိတ်

ဒါ မိမိခန္ဓာပဲ၊ မိမိခန္ဓာမှန်းသိပြီး သကာလ နေတော့ ဒါက အပြင်ဧည့်သည်စိတ်၊ အကြောင်း ညီညွတ်မှ လာတဲ့ စိတ်လို့ မှတ်လိုက်၊ အတွင်း ဧည့်သည်စိတ်က လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်။

အဲဒါက ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်မှာ အရေးကြီးပါတယ်၊ အလောဘစိတ်ဆိုတာ မလိုချင် ပေးချင် ကမ်းချင်တဲ့စိတ်၊ အဒေါသစိတ်ဆိုတာ မေတ္တာထားတဲ့ စိတ်၊ အမောဟစိတ်ဆိုတာကတော့ကို ဒီက ရှုရမယ့်စိတ်လို့ မှတ်ထားပါ။

၎င်း ခန္ဓာကိုယ်ထဲမှာ လေကို ထုတ်တဲ့စိတ် လေကိုပြန်ပြီး သကာလ ရှိုက်တဲ့ စိတ်ဆိုတော့ သည်မှာ ဘယ်နှစ်မျိုး ရှိသတုန်းလို့ မေးတဲ့အခါကျတော့ အပြင်ဧည့်သည် ခြောက် အတွင်းဧည့်သည် ခြောက်အိမ်သည် နှစ်ခုလို့ တင်လှတို့ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။

အပြင် ဧည့်သည်က ခြောက်ယောက်၊ အတွင်း ဧည့်သည်က ခြောက်ယောက်၊ အိမ်သည်က နှစ်ယောက် ဒီလိုမှတ်ပြီး သကာလ ထားတော့၊ ဒီစိတ်တွေပေါ်တိုင်းပဲ အမောဟဆိုတဲ့ ပညာ မဂ္ဂင်ငါးပါးနဲ့ ဒီစိတ်တွေပေါ်ရာကို လိုက်ရမယ်။

ဒီစိတ်ကတော့ သူပေါ်ချင်ရာက ပေါ်လိမ့်မယ်၊ ပေါ်ချင်ရာက ပေါ်လို့ရှိရင် ဒီစိတ်ဟာ ဘာစိတ်ပါလိမ့်မတုန်း လို့ အကဲခတ်မနေပါနဲ့၊ ဒီစိတ်ဟာ အနိစ္စလို့သာ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)။

အနိစ္စရောက်တာပဲလို့ သာရှုပေး

မြင်စိတ်ကိုလဲ မြင်စိတ်ပဲလို့ ဆိုမနေနဲ့၊ ဪ အနိစ္စရောက်မှပေါ်လာလို့ အနိစ္စရောက်တာပဲလို့ သာရှုပေး၊ ကြားစိတ်ကလေးပေါ်လာလဲ ဒုက္ခရောက်မှ ပေါ်လာလို့ ဒုက္ခရောက်သွားတာပဲ ဒါသာရှုပေး၊ နံစိတ်ကလေး ပေါ်လာ လို့ရှိရင်လဲ ဒုက္ခရောက်မှ ပေါ်လာပြီး ဒုက္ခရောက်သွားတာပဲလို့ သစ္စာနဲ့ချည်းရှုပေးလိုက်စမ်းပါ။

ထို့အတူ ရှုတော့ကို ခန္ဓာကိုယ်ထဲမှာ အခု အပြင်ဧည့်သည် ခြောက်၊ အတွင်းဧည့်သည် ငါး၊ အိမ်သည်က နှစ်ခု၊ အိမ်သည်က ထွက်စိတ် -ဝင်စိတ်၊ ဘာမှမရှိဘူး၊ အပြင်ဧည့်သည် အတွင်းဧည့်သည် မရှိဘူးဆိုရင် အိမ်သည်နှစ်ခု ကိုပဲလှည့်ပြီး ရှုနေပါ။

အိမ်သည်နှစ်ခု စိတ်ကိုပဲ ထွက်အောင် အားထုတ်တဲ့စိတ်ကလေးလဲ ဪ ဒီနေရာတင် ဟဒယဝတ္ထုပေါ်မှာပေါ် ပြီး ဟဒယဝတ္ထုပေါ်မှာ ပျက်တယ်။

ဝင်တဲ့ စိတ်ကလေးကလဲ ထို့အတူပဲ ဟဒယဝတ္ထုပေါ်မှာပဲ ဝင်အောင် အားထုတ်တဲ့ စိတ်ကလေးပေါ်ပြီး ဒီနေရာမှာ ပျက်တယ်၊ ဒီလိုချည်း ရှုပြီး သကာလ နေတာ “အာရမ္ဘထ”၊ ဒါ အားထုတ်တာပဲ၊ ဒါ ဘာလုပ်တာတုန်းဆိုလို့ ရှိရင် ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)၊ အားထုတ်နေတာပဲ (မှန်လှပါ ဘုရား)။

”နိက္ကမထ”ဆိုတာက ဒီဟာ ရှုနေကတည်းကိုက ပျင်းရိတယ်၊ အင်း ဒေါသနုတို့လာသေးရဲ့လား (မလာပါ ဘုရား)၊ မလာတော့ဘူးဆိုလို့ရှိရင် ဒါ ပျင်းရိတဲ့စိတ်တွေကို နှင်ထုတ်နေတာပဲ။

”ယုဉ္စထ ဗုဒ္ဓသာသနေ” တဲ့၊ ဘုရားက ဒီစိတ်တွေရှု နေရမယ်ဆိုသောကြောင့်၊ ဒီစိတ်တွေ ရှုနေလို့ရှိရင်ဖြင့် ဘုရားအဆုံးအမကို အကုန်လိုက်နာနေတာပဲလို့ ဆုံးဖြတ်ချက် ချပါ။

”ဓုနာထမစ္စုနောသေနံ” လို့ဆိုသောကြောင့် သေမင်း၏ စစ်သည်တွေ ဘယ်သူတုန်းဆိုလို့ရှိရင် လောဘ၊ ဒေါသ၊ မောဟတွေပဲ၊ အဲဒါတွေ ရှုနေတဲ့ အခိုက်အတန့်မှာ လောဘ၊ ဒေါသ၊ မောဟ လာသေးရဲ့လား (မလာပါ ဘုရား)၊ အဲဒီတော့ သေမင်း၏ စစ်သည်တွေကို ကျူဖြင့် ပြီးအောင်ဆောက်ထားတဲ့ အိမ်ကို ဆင်ပြောင်ကြီး နင်းလိုက်တဲ့အခါ မကျိုးပါနဲ့ဆိုလို့မရသလို၊ ဒီ ဒကာ ဒကာမတွေမှာလဲ တဲ့၊ ကိလေသာ ရန်သူတွေ ချိုးဖဲ့ပြီးသားဖြစ်တယ်၊ ဒါ ဘာလုပ်နေတာ တုန်း၊ မေးလို့ရှိရင် ကိလေသာရန်သူတွေကို ချိုးဖဲ့ဖျက်ဆီးနေတာ၊ သေမင်း၏ တမန်တွေကို ချိုးဖဲ့ဖျက်ဆီးနေတာလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

ဒါ အဘိဘူ ရဟန္တာက ဟောနေတဲ့ တရားကို ဆရာဘုန်းကြီးက တစ်ဆင့် ဟောနေတာလို့ မှတ်ရမယ် (မှန်ပါ)။

သေမင်းတမန်တွေကိုချေမှုန်းနေတာ

ဤကဲ့သို့ ဒီလိုသာ ရှုနေလို့ရှိရင် ဘာဖြစ်မှာလဲ သေမင်းတမန်တွေကို တပည့်တော် ချေမှုန်း နေတာသည်၊

ဪ ဝိပဿနာအလုပ်၊ ဝိပဿနာအလုပ်ဆိုတာ ဘာပါလိမ့်မတုန်းလို့ မေးလို့ရှိရင် သေမင်းတမန်ကို ချေမှုန်းနေတာ လို့ မှတ်ကြ (မှန်လှပါ ဘုရား)၊ ဝိပဿနာ အလုပ်ဆိုတော ဘာပါလိမ့် (သေမင်းတမန်ကို ချေမှုန်းနေတာပါ ဘုရား)၊ သေမင်းတမန်တွေကို ချေမှုန်းနေတာဆိုတော့ သေမင်းတမန်ဆိုတာက ခဏခဏသေအောင်လုပ်တာ တဏှာ၊ ဥပါဒါန် ကံတို့က လုပ်နေတာ (မှန်လှပါ ဘုရား)။

အဲဒီတော့ သေမင်းတမန်တွေလို့ပဲ မှတ်လိုက်ပါ၊ တဏှာလာရင် သေမင်းတမန်လာပြီ (မှန်ပါ)၊ ဥပါဒါန်လာရင် (သေမင်းတမန် လာပါတယ် ဘုရား)၊ အင်း မဟုတ်ကဲ့ ကာယကံ၊ ဝစီကံရင် (သေမင်းတမန်လာပါတယ် ဘုရား)၊ အဲဒီ သေမင်းတမန်တွေကို လောဘ လာလို့ရှိရင်လဲ၊ ခုနက ပြောသလို လောဘ ဖြစ် ပျက် ရှုလိုက် သေမင်းတမန် ချေမှုန်း ပစ်လိုက်တာပဲ (မှန်ပါ)၊ ဒေါသလာလို့ရှိရင်လဲ ဒေါသဟာ သေမင်းတမန်မှန်းသိနေတော့ ဒေါသကို ဖြစ် ပျက် ရှုပစ်လိုက် ဒါ သေမင်းတမန် ချေမှုန်းတာပဲ (မှန်လှပါ ဘုရား)။

ဝိစိကိစ္ဆာတို့၊ ဥဒ္ဓစ္စတို့၊ ဝိစိကိစ္ဆာဆိုတဲ့ သံသယ ရှိတာတွေလာမယ်၊ စိတ်တွေက ဟိုထွက်ပြေး၊ ဒီထွက်ပြေးဆိုတဲ့ ဥဒ္ဓစ္စတွေလာမယ်၊ အဲဒါ လာလို့ရှိရင်လဲ သေမင်းတမန်တွေပဲ၊ သေမင်းတမန်တွေ ချေမှုန်းပစ်ပါ။

ဝိပဿနာအလုပ်ဆိုတာ ဘာပါလိမ့်

ဪ ဒါဖြင့် ဝိပဿနာအလုပ်ဆိုတာ ဘာပါလိမ့်မတုန်းလို့ မေးလို့ရှိရင်ဖြင့် သေမင်းတမန်တွေ ချေမှုန်းနေတဲ့ အလုပ်ပါလားဆိုတာကို သေသေချာချာမှတ်ပါ (မှန်ပါ)၊ ဘာချေမှုန်းမှာတုန်းလို့ဆို ကျူဖြင့်ပြီးတဲ့အိမ်ကို ဆင်ပြောင် ကြီး နင်းလိုက်တဲ့အခါ အကုန်ကြေမွ ပျက်စီးသွားဘိသကဲ့သို့ ဒီမှာလဲ ကိလေသာ မလာရင် လာတဲ့စိတ်တွေကို ရှု၊ ကိလေသာ မဟုတ်တဲ့စိတ်ကို ရှု၊ ကိလေသာလာရင် ကိလေသာကို ရှု၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကိလေသာ မလာရင် လာနေကျစိတ်ကိုရှု (မှန်ပါ)၊ ကိလေသာ လာရင် (ကိလေသာကို ရှုရမှာပါ ဘုရား)၊ ကိလေသာကို ရှုလို့ရှိရင် ဒါ သေမင်းတမန်တွေချည်း ချေမှုန်းနေတာပဲလို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။

”ယောဣမသ္မိံ ဓမ္မဝိနယေ” တဲ့၊ ဤအဆုံးအမကို တင်လှတို့ လိုက်နာကြမယ်ဆိုလို့ရှိရင်ဖြင့်၊ ဘယ်လို လိုက်နာ ရမှာတုန်းဆို မမေ့ဘဲနဲ့သာ ရှုနေ (မှန်လှပါ ဘုရား)။

မမေ့ဘဲနဲ့သာ ရှုနေကြမယ်ဆိုလို့ရှိရင်

”အပ္ပမတ္တော ဝိဟဿတိ” တဲ့၊ မမေ့ဘဲနဲ့သာ ရှုနေကြမယ်ဆိုလို့ရှိရင်ဖြင့် “ပဟာယ ဇာတိသံသာရံ” ဇာတိဆို တဲ့ သံသရာကြီးဟာ လာကိုမလာဘူးဆိုတော့ ဖြစ် ပျက်နဲ့ မဂ်ကိုက်သွားတော့ကို ခင်တဲ့ တဏှာ ဥပါဒါန်တွေဆိုတဲ့ သေမင်းတမန်တွေကိုလဲ တို့က ချေမှုန်းထားတော့၊ သေမင်းတမန်ရှိမှ လာမယ် ဇာတိ၊ ဇရာ၊ မရဏတွေဟာ လာနိုင် သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

ဒါဖြင့် သေမင်းတမန် ချေမှုန်းလို့ရှိရင်ဖြင့် သေမင်း၏ စားစရာ ဝါးစရာဖြစ်တဲ့ ဇာတိခန္ဓာ၊ ဇရာခန္ဓာတွေ လာသေးရဲ့လား (မလာပါ ဘုရား)၊ ဒါဖြင့် ဝိပဿနာလုပ်နေတာဘာတုန်းလို့မေးလို့ရှိရင် သေမင်းတမန်ကို ချေမှုန်းနေတာ။

ဒီတရား တစ်ခါမှ မဟောဖူးသေးပါဘူး၊ ဝိပဿနာလုပ်နေတာ ဘာခေါ်ကြမယ် (သေမင်းတမန် ချေမှုန်းနေတာ ပါ ဘုရား)၊ သေမင်း၏တမန်တွေ ချေမှုန်းနေတော့ကို သေကြောင်းတွေကို ချေမှုန်းနေတဲ့အတွက် သေစရာတွေဟာ သူတို့ရှိမှ သေစရာပေါ်မယ့်ဥစ္စာ ပေါ်နိုင်သေးရဲ့လား (မပေါ်နိုင်ပါ ဘုရား)။

မပေါ်နိုင်လို့ရှိရင်ဖြင့် မသေရာအမှန် ပြည်နိဗ္ဗာန်ဆိုတဲ့ ဥစ္စာ (ဝါ) ဒုက္ခဆုံးသွားတဲ့ဆိုတဲ့ ဥစ္စာ “ဒုက္ခဿန္တံ ကရိဿတိ”ဆိုတော့ ဒီလိုသာ ရှုနေပါတဲ့၊ ဒီ ဖြစ် ပျက် ဒုက္ခကြီး၏ အဆုံးကို ရှုရင်းမတ္တနဲ့ မြင်လာမှာဘဲ (မှန်ပါ့)၊ ရှုရင်းမတ္တနဲ့မြင်လာမှာတဲ့၊ မင်းတို့က မြင်ချင်ပါတယ်ဆိုလို့မရဘူး၊ သူတို့ ရှုရင်းမတ္တနဲ့ သူတို့ဆုံးသွားရင် မြင်တာပဲ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဘယ့်နှယ်ကြောင့် မြင်ပါလိမ့်မတုန်းလို့ မေးလို့ရှိရင်ဖြင့် သေမင်းတမန်ချေမှုန်းနိုင်လို့ မြင်တာ (မှန်ပါ)၊ ဘယ့်နှယ်ကြောင့် မြင်ပါလိမ့် (သေမင်းတမန်ချေမှုန်းနိုင်လို့ပါ ဘုရား)၊ သေမင်းတမန်ချေမှုန်းနိုင်လို့မြင်တာဆိုတော့ ဒါ ဖြစ် ပျက်ရှုနေတဲ့အခါ သေမင်းတမန်ချေမှုန်းတာ မဂ်ပဲရှိတယ်၊ သေမင်းတမန်ချေမှုန်း နိုင်တာဟာ ဘယ်သူပါလိမ့် (မဂ်ပါ ဘုရား)။

သေမင်းတမန်ချေမှုန်း နိုင်တာဟာ ဘယ်သူပါလိမ့်

မဂ်ပဲရှိတယ်ဆိုတာ သေချာပါတယ် တဲ့၊ ဘာဖြစ်လို့သေချာသတုန်းဆိုတော့ မဂ်လာတယ်ဆိုရင် သေမင်းတမန် ဖြစ်တဲ့ တဏှာ၊ ဥပါဒါန်၊ ကံတွေဟာ လာကိုမလာဘူး (မလာပါ ဘုရား)၊ မလာလို့ရှိရင်ဖြင့် သေမင်းတမန်ချေမှုန်းပြီးသား ဖြစ်လေသောကြောင့် သေမင်း၏ စားဖတ်၊ ဝါးဖတ်၊ ဖြစ်တဲ့အထည်ပေါ်ပါဦးမလား (မပေါ်ပါ ဘုရား)၊ ဒါဖြင့် သေမင်း နိုင်ငံက လွန်သွားတော့ မသေရာအမှန် ပြည်နိဗ္ဗာန်ရောက်တယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် တို့တာဝန်ဘာရှိပါလိမ့်မတုန်းလို့ မေးတဲ့အခါကျ အဘိဘူရဟန္တာက “အာရမ္ဘထ”နဲ့ “နိက္ကမထ”ပဲ အရေးကြီးတယ် (မှန်ပါ)၊ “အရမ္ဘထ”က ကိုယ်အားကိုယ်ထုတ်ရမယ်၊ “နိက္ကမထ” က ပျင်းရိခြင်းကို နှင်ထုတ်ပစ်ရမယ် (မှန်လှပါ ဘုရား)။

”ယုဉ္စထ ဗုဒ္ဓသာသနေ” တဲ့၊ ကိုယ့်တာဝန်က ဘုရားအဆုံးအမအတိုင်း ရှု ဆိုတာကို ရှုနေဖို့ပါပဲ၊ တဏှာ၊ ဥပါဒါန်၊ ကံသတ်လိုက်လို့ရှိရင်ဖြင့် ဘယ်နည်းနဲ့မဆို သေမင်း၏ စားဖတ်၊ ဝါးဖတ်ဖြစ်တဲ့ခန္ဓာ မပေါ်သောကြောင့် သေမင်းနိုင်မှ လွတ်တဲ့ပုဂ္ဂိုလ်လို့ ဆိုရလိမ့်မယ်။

ဒါဖြင့် သေမင်းနဲ့ စစ်ထိုးရမှာလား၊ သေမင်းတမန်ကို စစ်ထိုးရမှာလား (သေမင်းတမန်ကို စစ်ထိုးရမှာပါ ဘုရား) အဲဒီတော့ သေမင်းတမန်ကို၊ ဘာနဲ့စစ်ထိုးရမှာတုန်း (မဂ်နဲ့ပါ ဘုရား)၊ မဂ်နဲ့ စစ်ထိုးရမယ်ဆိုတော့ ဒီ “အမောဟ”ထဲမှာ “သမ္မာဝါယမ” ဆိုတဲ့ မဂ္ဂင်ပါတယ် တဲ့၊ အဲဒီ အားထုတ်မှုနဲ့ စစ်ထိုးလိုက်ပါ၊ အားထုတ်မှုနဲ့စစ်ထိုးလို့ရှိရင်ရတာပါပဲ၊ “နိက္ကမထ” တဲ့၊ ပျင်းရိခြင်း နှင်ထုတ်ပါ ဆိုတော့ သမ္မာဒိဋ္ဌိတို့၊ သမ္မာသင်္ကပ္ပတို့နဲ့ ပျင်းရိခြင်းကို နှင်ထုတ်ပစ်လိုက် (မှန်လှပါ ဘုရား)။

ထိုကဲ့သို့ အားထုတ်မှုရယ်၊ သမ္မာဒိဋ္ဌိရယ်၊ သမ္မာသင်္ကပ္ပရယ်၊ သတိ ဝီရိယရယ်ဆိုတဲ့ မဂ္ဂင်ငါးပါးဟာ သေမင်း တမန်ချေမှုန်းတတ်တဲ့ တရားငါးခုလို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။

သေမင်းတမန် ချေမှုန်းတတ်တဲ့ တရားငါးခု

သေမင်းတမန် ချေမှုန်းတတ်တဲ့ တရားငါးခုသည်၊ တို့က ချေမှုန်းလို့ရှိရင်ဖြင့် တို့က ရန်သူကို အောင်တာပဲ၊ တို့က မချေမှုန်းဘူးဆိုရင် သူက သေမင်းတမန်တွေမို့ သေမင်းကို ကျွေးဖို့၊ မွေးဖို့လုပ်တဲ့ ခန္ဓာကြီးဖြစ်အောင်လုပ်မှာဘဲ၊ ထိုခန္ဓာကြီးဖြစ်အောင် လုပ်လို့ရှိရင် သေမင်း၏ စားဖတ်၊ ဝါးဖတ်အဖြစ်နဲ့ပဲ တစ်ဘဝလဲလမ်းဆုံး၊ နောက်ဘဝတက်လာ ပြန်တော့ သေမင်းတမန် မသတ်နိုင်၊ မသတ်နိုင်လို့ရှိရင်ဖြင့် ဒီသေမင်း၏ စားဖတ်၊ ဝါးဖတ်၊ ဖြစ်တဲ့အထည်ကို သူက လုပ်ဦးမှာဘဲ၊ လုပ်လို့ရှိရင် တို့ စားဖတ်၊ ဝါးဖတ်အဖြစ်နဲ့ပဲ ဆုံးရှုံးပြီး သကာလ ဒုက္ခပင်လယ်ဝေစရာသာရှိတယ်။

ဒါကြောင့် သေမင်းတမန်ချေမှုန်းတဲ့အလုပ်ကို ယနေ့ညတရားဟောတယ် (မှန်ပါ)၊ သေမင်းတမန် ချေမှုန်း ဆိုတဲ့ဥစ္စာ၊ အခုပြောတဲ့စိတ်တွေ နောက်ကလိုက်လာမယ့် ငါ့စိတ်ဆိုတဲ့ ဒိဋ္ဌိကလဲ သေမင်းတမန်ဘဲ၊ ငါကြည့်လို့ကောင်း တယ်ဆိုတဲ့ တဏှာဟာလဲ သေမင်းတမန်ဘဲ၊ ငါကြည့်ရတာ မျက်လုံးထဲကို စွဲနေတာပဲလို့ ဆိုတာလဲ သေမင်းတမန်ဘဲ ဥပါဒါန်ပဲ၊ အားထုတ်ကြည့်ပြန်လို့ ရှိရင်လဲ ကာယကံ၊ ဝစီကံ ဖြစ်ပြီး သကာလ နေသောကြောင့်၊ ဒါတွေလဲ သေမင်း တမန်တွေပဲ။

အဲဒီကဲ့သို့ သေမင်းတမန်တွေကိုပင်လျှင်၊ သေမင်းတမန်မှန်းသိပြီး သကာလ လာတဲ့စိတ်တွေကို၊ အခုပြောခဲ့တဲ့ အိမ်သည်စိတ်၊ ဧည့်သည်စိတ်၊ အတွင်းဧည့်သည် ခြောက်၊ အပြင်ဧည့်သည်ကလဲ ခြောက်၊ အိမ်သည် နှစ်ခုကို တင်လှတို့ သည် တကယ်တမ်းကြိုးစားပြီး ရှုနေမယ်ဆိုလို့ရှိရင်ဖြင့်၊ ဘာလုပ်နေတာမှ မဟုတ်တော့ဘူး၊ သေမင်းတမန်တွေကို ချေမှုန်းနေတဲ့ အလုပ်ပဲဆိုတဲ့ဥစ္စာ သေသေချာချာအောင်မြင်တာပဲ (မှန်လှပါ ဘုရား)။

မသေချင် ဒီအလုပ်လုပ်

ဒါဖြင့် ဒီအလုပ်မှတစ်ပါး၊ တို့မှာ သေမင်းနိုင်တဲ့အလုပ်မရှိဘူး၊ မသေချင် ဒီအလုပ်လုပ်ရလိမ့်မယ်၊ သေချင် လို့ရှိရင် ဒီ ပေါ်တဲ့စိတ်တွေကို ဘာမှမကြည့်ဘဲ ထားလို့ရှိရင်ဖြင့် သေမင်းတမန်တွေက နောက်ကလိုက်မှာဘဲ၊ မသေချင် လို့ရှိရင်ဖြင့် သေမင်းတမန်တွေချေမှုန်းတဲ့ တရားတွေဖြစ်တဲ့ မဂ်တွေက နောက်ကလိုက်လို့ရှိရင်ဖြင့်လဲ၊ ဒါ နောက်ထပ် သေစရာမရှိဘူး။

အဲဒီတော့ကို “သဗ္ဗေဘာယန္တိ မစ္စုနော” သဗ္ဗေ အလုံးစုံသော ပုဂ္ဂိုလ်သည်၊ မစ္စုနော သေရမှာကို၊ ဘာယန္တိ ကြောက်ကြကုန်၏။ သေရမှာကြောက်ပြီး သကာလ ကြောက်လျက်နဲ့ပဲ၊ ဘဝတိုင်းသေပွဲချည်းဝင်ကြရတာပဲ (မှန်လှပါ ဘုရား)။

ကြောက်လျက်နဲ့ပဲ သေပွဲချည်းဝင်ကြရတယ်၊ ဒါ ဘယ့်နှယ်ကြောင့်တုန်းလို့ မေးလို့ရှိရင် သေမင်းတမန် ချေမှုန်းတဲ့နည်း မရလို့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဘုရားမှာတော့ လူတိုင်း မကြောက်ကြ ဘူးလား (ကြောက်ပါတယ် ဘုရား)၊ ကြောက်ပေမယ့်လဲ သူ သေမင်းနဲ့ပဲတွေ့ပြီး သကာလ ၊ ဆုံးရှုံးခြင်း၊ နစ်နာခြင်းကို ခံလိုက်ကြရတာပဲဆိုတာ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)၊ ကြောက်လျက်နဲ့ပဲ သေပွဲဝင်လိုက်ရတယ် (မှန်လှပါ ဘုရား)။

ကြောက်လျက်နဲ့ သေပွဲဝင်ရပါလိမ့်

ဘယ့်နှယ်ကြောင့် ကြောက်လျက်နဲ့ ချည်းဘဝတိုင်း သေပွဲဝင်ရပါလိမ့်မတုန်းလို့ မေးတော့မှ၊ သေမင်းတမန်ကို မချေမှုန်းနိုင်လို့၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)၊ ဘာမချေမှုန်းနိုင်လို့တုန်း (သေမင်းတမန်မချေမှုန်းနိုင်လို့ပါ ဘုရား)၊ သေမင်းတမန်ကို မချေမှုန်းနိုင်တဲ့အတွက် သေရမှာဘဲကြောက်လျက်နဲ့ ခန္ဓာ ထိုးအပ်လိုက်ရတာပဲ၊ သေမင်းဆီခန္ဓာ ထိုးအပ်လိုက်ရတယ်။

ဒါဖြင့် ဒီခန္ဓာထိုးအပ်တာသည်ကား ဆိုလို့ရှိရင်ဖြင့်၊ ကြောက်လျက်နဲ့ ထိုးအပ်တာသည် ကိုယ်လုပ်ရမယ့် အလုပ်၊ သေမင်းတမန် ချေမှုန်းရမယ့် အလုပ်ကို ပိုင်ပိုင်နိုင်နိုင် မလုပ်လို့သာလျှင်၊ ဒီ အဖြစ်ဆိုးကြီးနဲ့ တွေ့ရတယ်လို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။

သေမင်းတမန်တွေကို ချေမှုန်းတတ်တဲ့ ဉာဏ်သာ ရမယ်ဆိုလို့ရှိရင်ဖြင့်၊ သေတဲ့ အထည်ခန္ဓာကိုယ်ကြီး ပေါ်သေး ရဲ့လား (မပေါ်တော့ပါ ဘုရား)၊ မပေါ်လို့ရှိရင် ထိုးအပ်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ထိုးအပ်စရာမရှိဘူးဆိုတော့ အခုဒကာ ဒကာမတွေမှာ ပြောင်းပြန်ဖြစ်နေတယ်၊ သေရမှာတော့ ကြောက်တယ်၊ သေမင်းတမန်ချေမှုန်းတဲ့ အလုပ်တော့ မလုပ်ဘူး (မှန်လှပါ ဘုရား)။

သေမင်းတမန်ဆိုတာသည် လောဘ သေမင်းတမန်၊ ဒေါသ သေမင်းတမန်၊ မောဟ သေမင်းတမန်၊ တဏှာ ဥပါဒါန်တွေသည် သေမင်းတမန်တွေပဲ၊ မကောင်းတဲ့ ဣဿမစ္ဆရိယတွေလဲ သေမင်းတမန်တွေပဲ၊ ဒါတွေချေမှုန်းတဲ့နည်း မရသရွေ့ ကာလပတ်လုံး ကြောက်ကြောက်နဲ့ပဲ ခန္ဓာထိုးအပ်ရမှာဘဲ၊ ကြောက်ကြောက်နဲ့ပဲ (ခန္ဓာထိုးအပ်ရမှာပါ ဘုရား)။

ငန်းတော်ကျားမြွေဆိုတာရှိတယ်

စဉ်းစားကြည့်ပါ တဲ့၊ မြွေတွေမှာ ငန်းတော်ကျားမြွေဆိုတာရှိတယ်၊ ဒီမြွေက မြွေမင်းဖြစ်ပြီး သကာလ နေတော့ အခြား မြွေလေးတွေက သူ့ပါးစပ်ထဲ လာလာဝင်ရတယ်၊ သူ ညှို့လိုက်တဲ့အခါ (မှန်ပါ)၊ ဒီမြွေလေးတွေက တုန်းနေတာပဲ၊ တုန်ပေမယ့်လဲ တုန်လျက်ပဲ သူကညှို့ယူလိုက်တော့၊ တစ်ခါတည်း သူ့ပါးထဲမှာပဲ အသေခံလိုက်ကြရတယ် (မှန်လှပါ ဘုရား)၊

ဘာဖြစ်လို့တုန်းလို့ မေးလိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့်၊ သူတို့လွတ်ရာ လွတ်ကြောင်း မပြေးတတ်လို့ပေါ့ (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဒါဖြင့် ဒီမြွေမင်း၏အစာ မြွေငယ်တွေဖြစ်ရသလို၊ တို့မှာလဲလွတ်ရာ လွတ် ကြောင်းပြေးတတ်တဲ့ဉာဏ် မရှိသရွေ့ ကာလပတ်လုံးဖြင့် သေမင်း ပါးစပ်ထဲမှာ အခွန်ဆက်ရမှာပဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

မြွေမင်း၏ ပါးစပ်ထဲမှာ မြွေငယ်လေးတွေသည် သူ့အစွယ်အပွားဖြစ်တဲ့ စားဖတ်၊ ဝါးဖတ်အဖြစ်နဲ့ပဲ လမ်းဆုံး ကြရတယ်၊ မကြောက်ဘူးလားဆို ကြောက်လျက်နဲ့ပဲ လမ်းဆုံးရတယ် (မှန်ပါ)၊ မနာဘူးလား (နာပါတယ် ဘုရား)။

လမ်းလွှဲတဲ့နည်းမရသောကြောင့်

တို့အတူပဲ တဲ့၊ ဒီ ဒကာ ဒကာမတွေမှာလဲ သေရမှာတော့ ကြောက်ပြီး၊ သေမင်းတမန်ဖြစ်တဲ့ လမ်းလွဲတဲ့ နည်းနဲ့တူတဲ့ အနိစ္စအလုပ်၊ ဒုက္ခအလုပ်၊ အနတ္တအလုပ်၊ ဒုက္ခသစ္စာအလုပ်၊ အသုဘကြီးပါလားဆိုတဲ့ နှလုံးသွင်းလုံး သေမင်းတမန်ချေမှုန်းတဲ့ နှလုံးသွင်းလုံးကို မရသရွေ့ ကာလပတ်လုံးဖြင့် ခုနက ကြောက်ကြောက်နဲ့ပဲ သေမင်းပါးစပ်ထဲ ဝင်ရသလို၊ မြွေမင်း၏ ပါးစပ်ထဲ မြွေကလေးတွေဝင်ရသလို၊ ဒီမှာ သေမင်း၏တမန်ကို မချေမှုန်းတတ်သောကြောင့် (ဝါ) လမ်းလွှဲတဲ့နည်းမရသောကြောင့်၊ ခန္ဓာကိုယ်ကြီးဟာ ထိုးချည်းအပ်နေရတာပဲ (မှန်လှပါ ဘုရား)။

ဘဝပေါင်း ဘယ်လောက်ကြာပြီတုန်းလို့ မေးလို့ရှိရင်ဖြင့် ကြာလှပါပြီဘုရား၊ သူ့ဆီမှာဘဲ လမ်းဆုံးခဲ့ရတယ်၊ ဒါဖြင့် အသေမျိုးစုံသေမင်းဆီကို စုံစုံလင်လင်အပ်ခဲ့ရခြင်းသည် ဒီနေ့ညဟောတဲ့တရားမှာ၊ သေမင်းတမန်ကို ချေမှုန်း ပစ်လိုက်လို့ရှိရင် ဒီတမန်ကသေမင်းဆီပို့စရာရှိသေးရဲကလား (မရှိပါ ဘုရား)။

ဒါဖြင့် ဒီတမန်သတ်မှုဟာ မင်းတို့အရေးကြီးဆုံးအချက်ပဲ (မှန်ပါ)၊ သေမင်းကြောက်ဖို့မလိုဘူး၊ တမန်ကိုသတ်ဖို့ အရေးကြီးတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ သေမင်းကြောက်ရမှာလား၊ သေမင်းဆီပို့တတ်တဲ့တမန်ကိုသတ် ရမှာလား (တမန်ကိုသတ်ရမှာပါ ဘုရား)၊ အဲဒါ မင်းတို့က သေမင်းသာကြောက်ပြီး၊ တမန်ကိုတော့ သတိမထားတဲ့အတွက် ဒီ တမန်ကဆွဲငင်ပြီး ပို့လိုက်တာပဲ (မှန်လှပါ ဘုရား)။

ဒါဖြင့် မင်းတို့သည်၊ အကျိုးသာကြောက်ပြီး ဘာအကြောင်းမကြောက်တဲ့ ပုဂ္ဂိုလ်တွေနဲ့တူနေတယ် (မှန်ပါ)၊ သေမင်းတည်းဟူသော အကျိုးကိုတော့ ကြောက်တယ်၊ သေမင်းဆီပို့တတ်တဲ့အကြောင်းကိုတော့၊ မင်းတို့က သတိမထား တော့ ဘာကြောင်းကို ကြောက်ရမည့်ဥစ္စာ၊ အကျိုးကြောက်နေတဲ့အတွက် မင်းတို့ကြောက်တဲ့နည်းလမ်းကို မမှန်သေးလို့ ဘဝပေါင်းများစွာ သေမင်းဆီ ထိုးအပ်ရတာပဲ (မှန်လှပါ ဘုရား)။

ဒါဖြင့် သေမင်းဆီ ထိုးအပ်ရခြင်းသည်ကားလို့ဆိုရင် ကြောက်တဲ့နည်းလမ်း နေရာမကျလိုပေါ့ (မှန်ပါ)၊ ဘယ်လို ဆုံးဖြတ်ချက်ချမယ် (ကြောက်တဲ့နည်းလမ်းမကျလို့ပါ ဘုရား)၊ ကြောက်တဲ့နည်းလမ်း နေရာမကျလို့ဆိုတော့ သေမင်း သာကြောက်တယ်၊ သေမင်းဆီကို ဆွဲပို့တဲ့လူကို မကြောက်ဘူး (မှန်လှပါ ဘုရား)။

သေမင်းဆီဆွဲပို့တတ်တဲ့ တမန်အစေခံ

တကယ်တော့ သေမင်းဆီဆွဲပို့တတ်တဲ့ တမန်အစေခံကို တို့က ဖြစ် ပျက် ရှုပြီး သကာလ တဏှာ၊ ဥပါဒါန်၊ လောက၊ ဒေါသ မောဟ၊ ဣဿာ၊ မစ္ဆရိယ၊ မာနတွေကို တို့က ဖြစ် ပျက်ရှုပြီး မဂ်နဲ့သာ ချေမှုန်းပစ်လိုက်မယ်ဆိုလို့ ရှိရင် ပို့မယ့်လူတွေရှိသေးရဲ့လား (သေမင်းဆီပို့မယ့်လူ မရှိတော့ပါ ဘုရား)၊ ပို့မယ့်လူ မရှိလို့ရှိရင် သေမင်းဟာ သူ့ဟာသူ မော့ပြန်သွားမှာဘဲ (မှန်လှပါ ဘုရား)။

ဒါဖြင့် ကြောက်တဲ့နည်းလမ်း မမှန်မှုတွေသည် ဆရာသမား အဆုံးအမလို လို့၊ ကိုယ် ကိုယ်တိုင်က ထူလွန်းလို့ အ လွန်းလို့ ဆိုထိုက်၊ မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

အခုတော့ ကနေ့ည ဟောတဲ့တရားမှာ၊ ဟေ့ သေမင်းကို မကြောက်နဲ့၊ သေမင်းတမန်ကို ချေမှုန်းကြကွ (မှန်ပါ)၊ သေမင်းကို (ချေမှုန်းရမှာဘဲ)၊ ဟင် (သေမင်းတမန်ကို ချေမှုန်းရမှာပါ ဘုရား)၊ သေမင်းကိုချေမှုန်းလို့ မင်တို့ မနိုင်ဘူး၊ မင်းတို့အရှုံးပေးရမှာဘဲ၊ သေမင်းဆီပို့တတ်တဲ့ တမန်အစေခံကို (ချေမှုန်းရမှာပေါ် ဘုရား)၊ ချေမှုန်းရမယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သေမင်းဆီပို့တတ်တဲ့ တမန်အစေခံကဘယ်သူတုန်း ဆိုတော့ တဏှာ၊ ဥပါဒါန်၊ ကံ၊ လောဘ၊ ဒေါသ၊ မောဟ ဣဿာ၊ မစ္ဆရိယ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ဥဒ္ဓစ္စ၊ မကောင်းတဲ့တရားတွေပေါ့ကွာ နော်။

အဲဒီ တရားတွေမလာအောင် တို့ကပေါ်တဲ့စိတ်တွေကို၊ ဖြစ် ပျက် ချည်းရှုနေမယ်ဆို သေမင်းတမန်တွေ ချေမှုန်းပြီးသား မကျဘူးလား (ကျပါတယ် ဘုရား)၊ သေမင်းတမန်တွေချေမှုန်းပြီးသား ကျနေပြီဆိုမှဖြင့်၊ ပို့မယ်လူမရှိ တော့ သေမင်းလဲ အငတ်ပြဿနာနဲ့ သေသွားတာပဲ (မှန်ပါ)၊ စားပြီး သေရတာ မဟုတ်တော့ သေမင်းပျောက်မသွား ဘူးလား (ပျောက်ပါတယ် ဘုရား)၊ သေမင်း ပျောက်တဲ့နည်းဟာ သေမင်းတမန်ကို သတ်မှသာလျှင် သေမင်းပျောက်တယ်။

သေမင်း၏ စစ်သည်ကို ချေမှုန်းကြ

ဒါကြောင့် “ဓုနာထ မစ္စုနော သေနံ” သေနံ သေမင်း၏ စစ်သည်ဖြစ်တဲ့ ပုဂ္ဂိုလ်၊ ဓုနာထ ချေမှုန်းကြပါ၊

ဘုရားက သေမင်းကို မချေမှုန်းနေနဲ့တဲ့ (မှန်ပါ)၊ သေမင်းဆီပို့တတ်တဲ့ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဣဿာ၊ မစ္ဆရိယ၊ အဝိဇ္ဇာ တို့၊ ဒါတွေကို ချေမှုန်းရမှာ၊

မင်းတို့ကသေမင်းကိုသာ သွားချေမှုန်းနေလို့ရှိရင်၊ သေမင်း ဆိုတာကတော့ မင်းတို့ အရှုံး ပေးရမှာဘဲ တဲ့၊ သူက “မင်း” ဖြစ်နေတာကိုး၊ သူ့တမန် သတ်လိုက်လို့ ရှိရင် သူ့ကို ဆွဲပို့တဲ့သူကို သတ်လိုက်လို့ရှိရင် တို့ဟာ သူ့ဆီကို ရောက်စရာမရှိဘူးတဲ့ (မှန်လှပါ ဘုရား)။

ဒါဖြင့် သေမင်းသတ်ရမှာလား၊ သေမင်းတမန်သတ်ရမှာလား (သေမင်းတမန်သတ်ရမှာပါ ဘုရား)၊ အဲဒါကြောင့် ဒီတရားဟာ ထူးခြားတယ်လို့ ပြောရတယ် (မှန်ပါ)၊ သေရမှာကို မကြောက်ပါနဲ့၊ သေမင်းတမန်ကို ချေမှုန်းပြီးလို့ရှိရင် သေရမှာ ကြောက်စရာကို မရှိတော့ဘူး (မှန်ပါ)၊ သေမင်းတမန်ဆွဲပို့တဲ့ အစေခံ၊ တမန်အစေခံကို တို့က မသတ်နိုင်လို့ သာ၊ သူကဆွဲ ဆွဲပို့နေလို့ တို့သေစရာဌာနဖြစ်တဲ့ ဇာတိ၊ ဇရာ၊ မရဏဆီ ရောက် ရောက်သွားရတယ်၊ နို့မို့ရောက်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဒီနေ့ည တရားမှာ၊ ဪ သေမင်းသတ်ရမှာလား၊ သေမင်းတမန်ကို သတ်ရမှာလား (သေမင်းတမန်ကို သတ်ရမှာပါ ဘုရား)၊ အဲ တမန်သတ်တာနဲ့ သေမင်းသတ်တာနဲ့ ခွဲခြားပြီး သကာလ ၊ ဒီနေ့တရားမှာ ထူးထူးခြားခြား မှတ်ရမယ် (မှန်လှပါ ဘုရား)။

သေမင်းတမန် သတ်လို့ရှိရင်ဖြင့် တဏှာ၊ ဥပါဒါန်၊ ကံကိုသာ သတ်လိုက်စမ်းပါ၊ ဇာတိ၊ ဇရာ၊ မရဏ၊ လာသေးရဲ့လား (မလာပါ ဘုရား)၊ ဪ ပဋိစ္စသမုပ္ပါဒ်နည်းနဲ့လဲ၊ အခု ဘုရးဟောတော်မူတာ သိခိဘုရား၏တပည့် အဘိဘူဆိုတဲ့ ရဟန္တာဟောတော်မူတာသည် ကိုက်တယ်၊ သေမင်းတမန် သတ်ရမယ်၊ သေမင်းသတ်ဖို့မလိုပါဘူူး (မှန်လှ ပါ ဘုရား)။

တဏှာ၊ ဥပါဒါန်၊ ကံ တည်းဟူသော သေမင်းတမန်

ဆိုတော့ သေမင်းတမန်သည်ကားလို့ ဆိုရင် ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ကြည့်လိုက်တဲ့အခါကျ မရှုတဲ့ပုဂ္ဂိုလ်မှာ အခုပြောခဲ့တဲ့ စိတ်တွေခင်လို့ တဏှာ၊ ဥပါဒါန်၊ ကံတွေ တည်းဟူသော သေမင်းတမန် မလာပေဘူးလား (လာပါတယ် ဘုရား)။

လာလို့ရှိရင် ဒီသေမင်းတမန် ကံ က ဇာတိ၊ ဇရာ၊ မရဏဆီ မပို့လိုက်ဘူးလား (ပို့ပါတယ် ဘုရား)၊ ဒါဖြင့် ပို့တတ်တဲ့တရားကို သတ်လို့ရှိရင်ဖြင့် တို့ ရောက်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဒါဖြင့် တို့ ကိုယ်တိုင်ကိုက သတ် နည်းလွဲနေတယ် (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အကျိုးကိုသာ ကြောက်ပြီး သကာလ နေတယ်၊ အကြောင်းကို မကြောက်ဘူး၊ သေမင်းဆိုတဲ့အကျိုးတော့ကြောက် တယ်၊ ပို့တဲ့အကြောင်းတရားကို (မကြောက်ပါ ဘုရား)၊ ဒါဖြင့် ကြောက်တဲ့စည်းကမ်း နည်းလမ်းကိုက လွဲနေသေးတယ် ဆိုလို့ရှိရင်ဖြင့် ငြင်းဖို့လိုသေးလား (မလိုပါ ဘုရား)။

ဒါကြောင့် တို့မှာ အတွင်းရန်သူဆိုတဲ့ ဥစ္စာ၊ အဇ္ဈတ္တိကရန်သူဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ မစ္ဆရိယ၊ ဥဒ္ဓစ္စတွေဟာ အတွင်းရန်သူ၊ ဘာလို့တုန်းဆိုရင် သူက ဆွဲ ဆွဲပို့တယ်၊ သူက သေမင်းဆီချည်းပို့တယ်၊ အဲဒါ ကြောင့် သူတို့ကို ချေမှုန်းပစ်၊ သူတို့လာတိုင်း လာတိုင်း ဖြစ် ပျက်ရှုပစ်၊ သူတို့လာတိုင် ဖြစ် ပျက်ရှုပစ်လိုက်တော့ ပို့မယ့်သူကို၊ တု့ိ က ချေမှုန်းပစ်လိုက်ရာ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ ပို့တဲ့သူ ချေမှုန်းပစ်လိုက်တဲ့အခါ ကျတော့ ကို ဟိုရောက်မယ့်နေရာနဲ့ အဆက်ပြတ်မသွားဘူးလား (ပြတ်ပါတယ် ဘုရား)။

ပို့တတ်တဲ့ တမန်သတ်လိုက်ရင်ပြီးတာပဲ

ဒါကြောင့် ရောက်မယ့်နေရာနဲ့ အဆက်ပြတ်မှုအလုပ်သည် တင်လှတို့ မှတ်စရာက၊ ဪ တမန်သတ်ရမှာကို တို့ က သေမင်းကိုသာ စစ်ထိုးချင်တယ်လို့ ပြောနေတယ်၊ ပို့တတ်တဲ့ တမန်သတ်လိုက်ရင်ပြီးတာပဲ၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ နဂိုက မင်းတို့ဉာဏ်တွေက ဘာဖြစ်နေသတုန်းဆို အကြောင်းနဲ့အကျိုးမှာ အကြောင်းသတ်လို့ရှိရင် အကျိုးပြီးတယ် မဟုတ်လား (ပြီးပါတယ် ဘုရား)။

အဲဒါ မင်းတို့က အကျိုးသာကြောက်ပြီး အကျိုးသာသတ်နေတယ်၊ အကြောင်းမသတ်ဘဲဖြစ်နေလို့ မင်းတို့သည် ခွေးမိုက်နဲ့တူနေတယ်၊ ဘယ်လို ခွေးမိုက်နဲ့တူနေသတုန်းဆို ခွေးသည် လူလာရင်ကိုက်ချင်တယ်၊ ကိုက်ချင်တော့ လူတစ်ယောက်က လွယ်အိတ်နဲ့ခဲတွေ အပြည့်ထည့်သွားတယ်၊ ထည့်သွားတဲ့ အခါကျတော့ ခွေးက သူ့ကိုကိုက်မယ်လာ တော့ ခဲနဲ့ပစ်လိုက်တယ်၊ ခွေးက ခဲသာရန်သူထင်ပြီး သကာလ ခဲသာလိုက်နေတာပဲ၊ ခဲပေါက်တဲ့လူကို မကိုက်လို့ရှိရင် ဒီခွေးဟာ ခွေးမိုက်ပဲ (မှန်လှပါ ဘုရား)။

ခဲပေါက်တဲ့ လူကို ကိုက်လိုက်လို့ရှိရင် နောက်ထပ်ခဲလာစရာလိုသေးသလား (မလိုပါ ဘုရား)၊ ခဲပေါက်တဲ့လူ ဟာအကြောင်း၊ ခဲဟာအကျိုး (မှန်ပါ)၊ ခွေးသည် အကျိုးကိုသာ သူကြောက်ပြီး သကာလ နေတယ်၊ အကြောင်းကို မကိုက်တယ်၊ မကြောက်တတ်တဲ့အတွက် သူ့မှာသာ ခဲပစ်မှန်ရရှာတယ်(မှန်ပါ)၊ ခဲပစ်ဇာတ်သိမ်းတဲ့အလုပ်ကို သူမလုပ် တတ်လို့ပေါ့ (မှန်လှပါ ဘုရား)။

ထို့အတူပဲ မင်းတို့လဲ သေရမှာသာ ကြောက်နေတယ်၊ သေမင်းတမန် မသတ်တတ်တာ ခွေးမိုက်လို ဖြစ်ပြီး သကာလ နေတဲ့အတွက်၊ ကြောက်တဲ့စည်းကမ်း၊ နည်းလမ်းမှားနေလို့ မင်းတို့အဖန်ဖန်သေရတာ၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ကြောက်တဲ့နည်းလမ်းမှားနေလို့

အဖန်ဖန်သေရတာ ကြောက်တဲ့နည်းလမ်းမှားနေလို့ (မှားလို့ပါ ဘုရား)၊ အကြောင်းသတ်ရမှာ မင်းတို့က ဘာသတ်နေကြတုန်း (အကျိုးသတ်နေတာပါ ဘုရား)၊ အဲ အကြောင်းသတ်ရင် ကိစ္စပြီးရမယ့် ဥစ္စာကို၊ အကျိုးကိုသတ် ပြီး သကာလ နေတဲ့အတွက် တောက်လျှောက် တစ်ခါတည်း အသေလွတ်ရပါလို၏။ မသေရပါလို၏၊ ဒါသာလျှင် တစ်ခါတည်းဆုကြီး တောင်းပြီး သကာလ နေတယ်။

ဒီတရားတွေကို သတ်နေတဲ့အလုပ်ကို မလုပ်ဘူးဆိုတော့ ဆုသာတောင်း၍ အလုပ်မလုပ်ခြင်းကြောင့်၊ သေမင်း တမန်ချေမှုန်းရာ မရောက်သောကြောင့်၊ အသေဘယ်တော့မှ မလွတ်ဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။

ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒီတင် ရပ်လိုက်၊ နာရီစေ့ပြီ။

သာဓု…သာဓု…သာဓု