အဟောသိကံ ကြွေးဆပ်ဉာဏ် တရားတော်
ဆောင်ပုဒ်
သမုဒယာ၊ ကြောင်းသစ္စာ၊ များစွာလူတိုင်းရှိ။
သစ္စာဒုက္ခ၊ အကျိုးရ၊ လွတ်ထလမ်းမရှိ။
နှစ်တန်ဟောင်းသစ်၊ ကံဖြူညစ်၊ စီစစ် ဆုံးမရှိ။
အဟောသိကံ၊ ဖြစ်ဖို့ဉာဏ်၊ အမြန်ကြိုးပါဘိ။
မကြိုးနေမူ၊ မောဟလူ၊ ထိုသူမိုက်ရူးသိ။
ထို့ကြောင့်ခန္ဓာ၊ ဝေဒနာ၊ ပေါ်လှာဖြစ်ပျက်သိ။
ဝေဒနာဖြစ်ပျက်၊ ဉာဏ်မြင်မဂ်၊ ကြောင်းဆက်ပြတ်လေ၏။
ဝေဒနာပညာ၊ စဉ်မကွာ၊ မချာစွဲသတိ။
အကြောင်းချုပ်ကွာ၊ ကျိုးမလာ၊ အေးရာနိဗ္ဗူတိ။ ။
သတိချပ်
မိမိခန္ဓာ၊ ဖြစ်ခြင်းရာ၊ ပဋိစ္စာသမုပ္ပါဒ်။
ခန္ဓာဖြစ်စဉ်၊ ကြောင်းကျိုးယှဉ်၊ ခေါ်တွင် ပဋိစ္စမှတ်။
ဝေဒနာက္ခန္ဓာ၊ ဖြစ်ပေါ်လာ၊ သာယာတဏှာကပ်။
စွဲလမ်းပြင်းထန်၊ ဥပါဒါန်၊ ခန္ဓံသင်္ခါရတ်။
ကာယဝစီ၊ မနောမှီ၊ သုံးလီသင်္ခါရတ်။
ကြောင်းကျိုးရုပ်နာမ်၊ ချုပ်ဆက်မှန်၊ ခန္ဓံပဋိစ္စမှတ်။
ယခုမျက်မှောက်၊ လေးကြောင်းမြောက်၊ ယင်းနောက် ကျိုးသုံးရပ်။
ဇာတိ, ဇရာ, မရဏ၊ ဒုက္ခော သင်္ချေထပ်။
ကံဟောင်း၊ အနန္တ၊ ကံသစ်ချ၊ ပါယ အောက်ချိုးကပ်။ ။
တရားသား
ပဋိစ္စသမုပ္ပါဒ်ဆိုတာ မိမိခန္ဓာ နေ့တိုင်းဖြစ်နေတာ
ဒကာ,ဒကာမတွေ ပဋိစ္စသမုပ္ပါဒ်ဆိုတာ မိမိခန္ဓာ နေ့တိုင်းဖြစ်နေတာလို့ မှတ်ကြစမ်းပါ၊ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဟာ တခြားမဟုတ်ဘူး၊ မိမိတို့ခန္ဓာကြီး အစဉ်အတိုင်းဖြစ်နေတာကို ပဋိစ္စသမုပ္ပါဒ်လို့ ခေါ်တာပဲလို့ သေသေချာချာ မှတ်ထားလိုက်ကြ၊ ရှင်းပလား?။
မိမိခန္ဓာ နေ့ရှိသမျှ, အချိန်ရှိသမျှ အစဉ်အတိုင်း ဖြစ်လိုက်ပျက်လိုက်၊ ပျက်လိုက်ဖြစ်လိုက်နဲ့နေတာကို ပဋိစ္စ သမုပ္ပါဒ်ခေါ်တယ်လို့ တိတိကျကျမှတ်ကြရမယ်၊ အဲဒါကြောင့် ပဋိစ္စသမုပ္ပါဒ်တခြား၊ ခန္ဓာတခြားလို့ မယူလိုက်ကြပါနဲ့၊ ပဋိစ္စသမုပ္ပါဒ်ဆိုတာနဲ့ ခန္ဓာဆိုတာ အတူတူပဲ၊ မကွဲပြားဘူးလို့ မှတ်ထားလိုက်ကြ။
အဲဒီတော့ ပဋိစ္စသမုပ္ပါဒ် ပေါ်တဲ့အချိန်မှာ ဖြတ်နိုင်အောင် ဖြတ်ရလိမ့်မယ်၊ ပေါ်တဲ့အချိန်မှာ မဖြတ်ဘဲနေလို့ မဖြစ်ဘူးဆိုတာ ကြိုကြိုတင်တင် မှတ်ထားကြရမယ်၊ ပေါ်တဲ့အချိန်မှာ မဖြတ်ဘဲနေရင် အကုသိုလ်ကံတွေစုနေတာပဲ၊ အကုသိုလ်တွေစုမိနေလို့ပဲတဲ့။ ရိပ်မိကြပလား?။
ဒကာ,ဒကာမတွေ လေးလေးနက်နက် စဉ်းစားပါ၊ အခု ပဋိစ္စသမုပ္ပါဒ်ကို ရှင်းပြရမယ်။ နောက်ဆက်ပြီး ဖြတ်တဲ့နည်းကိုပြမယ်။ အဲဒီလိုပြပေးလို့ ဖြတ်နိုင်ရင် သိကြားမင်းဟာ တရားနာရင်း သောတာပန်တည်တယ်၊ အဲဒီမှာ သောတာပန်တည်ပြီး စုတိစိတ်ကျတယ်၊ ကျပြီးချက်ချင်းပဲ သိကြားပြန်ဖြစ်ရတယ် နေရာမကျဘူးလား?။
ဒါကြောင့် သေသေချာချာ နာယူကြပါ၊ ပဋိစ္စသမုပ္ပါဒ်နဲ့ ခန္ဓာဟာ တခြားစီလား?ဆိုတော့ မဟုတ်ဘူး၊ အတူတူ ပဲဆိုတာ ပြောခဲ့ပြီးပြီ၊ ဒကာ,ဒကာမတွေ စဉ်းစားကြည့်ကြ၊ ဥပမာ ချမ်းသာတဲ့ သုခဝေဒနာကလေး ပေါ်မယ်၊ အဲဒီလို သုခဝေဒနာကလေး ကိုယ်ပေါ်မှာပေါ်တာဟာ ပဋိစ္စသမုပ္ပါဒ်စတာပဲ၊ အစပေါ်တာပဲလို့ မှတ်လိုက်ကြ၊ ရိပ်မိကြပလား?။
ခန္ဓာမှာ ဝေဒနာက စပေါ်လာတယ်ဆိုတာ ဝေဒနာက္ခန္ဓာတစ်ခု ပေါ်လာတာပဲ။ ကိုယ်ပေါ်မှာ ဝေဒနာကလေး စလိုက်တာဟာ ဝေဒနာက္ခန္ဓာပေါ်တာပဲဆိုတာ ရိပ်မိကြပလား? အဲဒါကြောင့် ပဋိစ္စသမုပ္ပါဒ်ဆိုတာ မိမိခန္ဓာထဲမှာ ဝေဒနာက္ခန္ဓာပေါ်တာပဲကိုးလို့ သိကြရမယ်၊ ရှင်းကြပလား?။
ဝေဒနာပစ္စယာ တဏှာ
ဒကာ,ဒကာမတို့ ဒီလိုပေါ်လာတဲ့ ဝေဒနာ, ဝေဒနာက္ခန္ဓာကလေးကို သာယာလိုက်ရင် နောက်ကသာယာတဲ့ တဏှာပေါ်လာပြန်တယ်၊ သဘောကျတယ်, သာယာတယ်ဆိုတဲ့ တဏှာပေါ်တာဟာ သင်္ခါရက္ခန္ဓာပေါ်တာပဲ၊ ရိပ်မိကြပလား? ဒါကို သေသေချာချာကြည့်လိုက်တော့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ တခြားမဟုတ်ပါကလား၊ ဝေဒနာပေါ်ရင် ဝေဒနာက္ခန္ဓာ ပဋိစ္စသမုပ္ပါဒ်၊ တဏှာပေါ်ရင် သင်္ခါရက္ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ပဲဆိုတာ ထင်ရှားပါတယ်။
ဒကာ,ဒကာမတွေ အကြောင်းနဲ့အကျိုး ဆက်နေတာကော မြင်ကြပလား? ဝေဒနာပစ္စယာ တဏှာ။ ဝေဒနာ မပေါ်ဘဲနှင့် တဏှာမပေါ်နိုင်ပါဘူး၊ ဝေဒနာက္ခန္ဓာ, သင်္ခါရက္ခန္ဓာဆိုပြီး ဆက်ပေါ်လာတာပဲ၊ ဘာတွေဆက်ပြီး ပေါ် တာတုံးဆိုတော့ ခန္ဓာတွေဆက်ပေါ်တာ၊ အဲတာ ပဋိစ္စသမုပ္ပါဒ်ပါပဲတဲ့၊ ကျေနပ်ကြပလား။
ဒီနည်းအတိုင်း တဏှာချုပ်တော့ ဥပါဒါန်ပေါ်လာပြန်တယ်၊ ဥပါဒါန်က တဏှာအကြီးစားပဲ အဲဒီတော့ သင်္ခါရက္ခန္ဓာအကြီးစားပဲ၊ ဒါလည်း ခန္ဓာပေါ်တာပဲ၊ သေချာကြပလား?။ ဥပါဒါန်ပေါ်ပြီးရင် ဓမ္မနိယာမအတိုင်း ကာယ ကံ, ဝစီကံ, မနောကံတွေလည်း ပေါ်လာမယ်၊ ဒီကံတွေဟာလည်း သင်္ခါရက္ခန္ဓာပဲ။ ဒကာ,ဒကာမတွေ ရိပ်မိကြပလား?။
အဲဒီတော့ကို ပထမ ခန္ဓာချုပ်ပြီး ဒုတိယခန္ဓာပေါ်တယ်။ ဒုတိယခန္ဓာပေါ်ပြီး တတိယခန္ဓာပေါ်တာပဲ ရှိတယ်၊ အဲဒီလို ခန္ဓာတစ်ခုချုပ်ပြီး တစ်ခုပေါ်တာပဲ ပဋိစ္စသမုပ္ပါဒ်လို့ ခေါ်ပါတယ်၊ ရှင်းကြပလား?။
ဒကာ,ဒကာမတို့ ဒီဝေဒနာရယ်, တဏှာရယ်, ဥပါဒါန်ရယ်, ကံရယ်ဆိုတဲ့ လေးခုကို ယခုဘဝ ပစ္စုပ္ပန်လို့ မှတ်ထားကြပါ၊ ဒီလိုဆိုတော့ တစ်ခန္ဓာ, နှစ်ခန္ဓာ, သုံးခန္ဓာ, လေးခန္ဓာပေါ်လာတဲ့အတွက် ကမ္မဘဝပစ္စယာ ဇာတိ ပေါ်ရတော့မယ်၊ သဘောပါပလား? နောက်ခန္ဓာရမယ့် နောက်ပဋိသန္ဓေပဲ မဟုတ်လား၊ နောင်,ဘဝ ပဋိသန္ဓေရတော့ မယ်ဆိုတာ သေချာသွားပြီ။
ဒီဘက်ခန္ဓာနဲ့ ဟိုဘက်ခန္ဓာ ဆက်သွားတယ်
နောက်ပဋိသန္ဓေဆိုတာလည်း ခန္ဓာငါးပါးပဲ၊ အဲဒီတော့ ဒီဘက်ခန္ဓာနဲ့ ဟိုဘက်ခန္ဓာ ဆက်သွားတယ်၊ ယခု လက်ရှိက ပစ္စုပ္ပန်ခန္ဓာ၊ နောက်ပေါ်မှာက အနာဂတ်ခန္ဓာ၊ ဒီခန္ဓာနှစ်ခု ဆက်သွားတယ်၊ ရှင်းကြပလား?။
ဇာတိကိုရမှာတော့ ဇာတိလာပြီး ဇရာ, မရဏသွားရမယ်၊ သူ့အစဉ်အတိုင်း ဇရာ, မရဏကို မုချသွားရတော့ မယ်။ ဒကာ,ဒကာမတို့ ဒီပစ္စုပ္ပန်အကြောင်းလေးခုပေါ်ရင် ဒီအကြောင်းလေးခုကြောင့် ဒီဇာတိ, ဇရာ, မရဏဆိုတဲ့ အကျိုးသုံးခု မရချင်လို့ မဖြစ်တော့ဘူး၊ ဒီအကြောင်းလေးခုကြောင့် ဒီအကျိုးသုံးခုကို မုချရတော့မှာပဲဆိုတာ မှတ် လိုက်ကြ။
ဒီဘက် အကြောင်းလေးခုကို စုထားမိရင် ဒီဘက်က အကျိုးသုံးခုကို မရချင်တော့ပါဘူးဆိုပေမယ့် မရတော့ ဘူး၊ မုချရတော့မယ်ဆိုတာ သံသယမရှိကြနဲ့တော့၊ ရှင်းပလား?။
ဒကာ,ဒကာမတွေ နေ့ရှိသမျှ ရောင်းဝယ်ဖောက်ကားပြီး စီးပွားရေး ကြီးပွားရေးတွေ လုပ်နေကြတာ ဘာလဲ? လို့မေးရင် နှစ်ဘဝဆက်မိအောင် လုပ်နေတာပါလို့သာ ဖြေကြ၊ ရိပ်မိကြပလား?။ အခု ဒကာတို့ဖြစ်စဉ်ကိုက်အတိုင်း ရှင်းလင်းပြလိုက်တော့ နှစ်ဘဝဆက်အောင် လုပ်နေတာပဲဆိုတာ ငြင်းဖို့မရှိတော့ဘူး။ ကိုယ့်ဖြစ်စဉ်နဲ့ ကိုက်ကြည့် တော့ ဒကာတို့အမြင်ပဲ၊ ကျေနပ်ကြပလား?။
ဒကာတို့က ပြောကြပေမယ့် ရောင်းဝယ်ဖောက်ကားတာ သမ္မာအာဇီဝပဲ၊ ကောင်းရောင်းကောင်းဝယ် လုပ် နေတာပဲ၊ ဘာအပြစ်ရှိတုံး?လို့ ပြောချင်ပြောကြမယ်၊ အခု ကိုယ့်ခန္ဓာ ပဋိစ္စသမုပ္ပါဒ်နဲ့ ဝေဖန်လိုက်တော့ နှစ်ဘဝ ဆက်မိအောင် လုပ်နေတာပဲရှိတယ်။ နှစ်ဘဝဆက်မှုအတွက် လုပ်နေကြတာဟာ အထင်မဟုတ်ဘူး၊ အမြင်ပဲ၊ ကျေနပ် ပလား?။
လက်ရှိဒုက္ခနဲ့ အားမရလို့ နောက်ဒုက္ခရှာနေကြတာ
ဒကာတို့က ပြောကြပေမယ့် ကျုပ်တို့ ဘာအကုသိုလ်ရှိသတုံး?လို့ တိတိကျကျမှတ်လိုက်ကြပါ၊ ဒကာတို့လုပ် နေတာဟာ ဒုက္ခရှာနေတာပဲလို့ လက်ရှိဒုက္ခနဲ့ အားမရလို့ နောက်ဒုက္ခရှာနေကြတာလို့သာ မှတ်လိုက်ကြ။
ဒုက္ခသိမ်းမှုကို အခုအချိန်မှ မလုပ်ဖြစ်ရင် လွတ်ဖို့မရှိဘူး၊ အခုဘဝမှာ တဏှာစတဲ့ အကြောင်းလေးခုနဲ့ ဒုက္ခရှာတယ်၊ နောက်ဘဝမှာ ဇာတိစတဲ့ ဒုက္ခသုံးခုကိုမုချရမယ်၊ ဒီပဋိစ္စသမုပ္ပါဒ်ကိုလုပ်နေရင် လုပ်နေသမျှ ဒီဒုက္ခ အစုကို ရရမှာပဲ၊ ရိပ်မိကြရဲ့လား?။
ဒီလိုနည်းနဲ့ ပဋိစ္စသမုပ္ပါဒ် ခန္ဓာတွေတန်းနေတယ်၊ ဝေဒနာ, တဏှာ, ဥပါဒါန်, ကံ၊ ဝေဒနာ, တဏှာ, ဥပါဒါန်, ကံဆိုပြီး ဒီအကြောင်းတွေပေါ်ပေါ်နေတယ်၊ တစ်နေ့တစ်နေ့မှာ ဘယ်လောက်များသလဲလို့ မေးလိုက်ပါတယ်၊ မရေမတွက်နိုင်ဘူးတဲ့၊ ဒါဖြင့် ဒကာတို့တော့ ကံဆိုးမိုးမှောင်ကျတော့မယ်လို့သာ မှတ်ကြ။
ဒကာတို့ နေ့ရှိသမျှ ဒုက္ခရှာနေကြတာ ဝေဒနာ, တဏှာ, ဥပါဒါန်, ကံ၊ တစ်နေ့တစ်နေ့မှာ ဒါတွေပဲတန်းနေ တယ်၊ တစ်နေ့မှာ ဘယ်လောက်များသလဲ?ဆိုတော့ မရေတွက်နိုင်ဘူးတဲ့၊ ကံပေါင်း ဘယ်လောက်စုမိသလဲ?ဆိုတာ ရေတွက်လို့ မရနိုင်တော့ဘူး၊ မရေမတွက်နိုင်ကြတော့ဘူး။
ဒကာ,ဒကာမတို့ အခုလိုစုမိထားတဲ့ကံတွေဟာ ကံဆိုးတွေလား? ကံကောင်းတွေလား?၊ ကံဆိုးတွေပဲဆိုတာ သိကြပြီ၊ သူတို့က အခု အကျိုးမပေးသေးဘူး၊ ဘယ်တော့မှ ပေးမှာတုံးဆိုတော့ သေပြီးတဲ့နောက် ရတော့မှာပဲဆိုတာ မှတ်လိုက်ကြ၊ အနာဂတ်အကျိုးတွေ အခုမလာသေးဘူး၊ သေရင်ရမယ်ဆိုတာ ကျေနပ်ကြပလား?။
မဂ်နဲ့မပယ်ရသေးသမျှ အနုသယသဘောနဲ့ ကိန်းနေတယ်
ဒီကံတွေဟာ သူတို့လည်း အနိစ္စပဲ၊ အနိစ္စမို့ ပျောက်ပျက်သွားပါတော့လား၊ ပျောက်ပျက်မသွားဘူးလား?လို့ မေးစရာရှိတယ်၊ ဒကာ,ဒကာမတို့ မှတ်လိုက်ကြစမ်းပါ၊ ဟောဒီမှာ ဒကာတို့သန္တာန်မှာ အနုသယသဘောနဲ့ ကိန်းနေတဲ့ တဏှာ, ဥပါဒါန်တွေရှိနေတယ်၊ ဒီတဏှာ, ဥပါဒါန်တွေ မဂ်နဲ့မပယ်ရသေးသမျှ အနုသယသဘောနဲ့ ကိန်းနေတယ်၊ ရှိနေတယ်ဆိုတာ မှတ်ကြ။
အဲဒီလိုရှိပြီးတဲ့နောက် တဏှာ, ဥပါဒါန်တို့က လေလွင့်မသွားအောင် သိမ်းဆည်းထားတယ်၊ ဒီကံတွေကို သူတို့က အမြဲတမ်းသိမ်းထားတယ်၊ ပေါ်လာသမျှ ကံတွေကို မသေမချင်း သူတို့ကသိမ်းထားတယ်ဆိုတာ ရိပ်မိပလား?၊ တဏှာက ကံလာသမျှ အားလုံးသိမ်းထားပါတယ်၊ ကျေနပ်ပလား?။
ဒါဖြင့် တစ်နေ့တစ်နေ့မှာ ကံပေါင်းဘယ်လောက် သိမ်းဆည်းမိလိမ့်မယ် ထင်သတုံးဆိုတော့ မရေမတွက် နိုင်ပါဘူးတဲ့၊ အဲဒီတော့ သူတို့က အရင်ကံတွေကုန်ရင် နောက်ကံတွေလုပ်ပေး၊ တစ်ကံကုန်ပြန်တော့ တစ်ကံလွှတ်ပေး နဲ့ဆိုတော့ ဒကာတို့တတွေ အသစ်အသစ်ရမယ့် ဇာတိ, ဇရာ, မရဏတွေဟာ ဘယ်လောက်များလိမ့်ဦးမယ်ဆိုတာ မပြောနိုင်တော့ဘူး၊ ကိုယ့်အဖြစ်ဆိုးနေတာ ရိပ်မိကြပလား?။
ဒီလိုနဲ့ သိမ်းဆည်း, သိမ်းဆည်းထားတဲ့ကံတွေ တစ်ဘဝမှာတွင် မရေမတွက်နိုင်အောင် ရှိပြီးနေတယ်၊ ဘဝ ပေါင်းကလည်း အသင်္ချေနဲ့ အနန္တဆိုတော့ ဒကာတို့ သေသေချာချာ မှတ်လိုက်ကြပါ၊ အပါယ်ကို တစ်ခါလောက်ကျ လိုက်ရင် လွတ်ရက်ကျွတ်ရက် မရှိတော့ဘူး၊ လွတ်ဖို့လမ်း မမြင်နိုင်တော့ဘူးလို့သာ ဆုံးဖြတ်ချက်ချကြ၊ ကျေနပ်ပလား?။
အပါယ်မှာကျတော့ ကံသစ်တွေ အထပ်ထပ်စုမိပြန်တယ်
အပါယ်မှာကျတော့ ကံသစ်တွေ အထပ်ထပ်စုမိပြန်တယ်၊ တစ်ကံကုန်ရင်း စုမိပြန်ရင်း တစ်ကံကုန်မယ် ရှိရင်းစုမိပြန်ရင်းနဲ့ ဘယ်တော့မှ ကုန်ဖို့ရာလမ်းမမြင်တော့ဘူး။ အပါယ်မှာက ကုသိုလ်ဇော, စောစရာ အကွက်မမြင် ဘူး၊ မကောင်းတဲ့ အကုသိုလ်ဇောချည့်ပဲ အများဆုံးဖြစ်နိုင်တယ်၊ ဒကာ,ဒကာမတွေ လေးလေးနက်နက် စဉ်းစားကြ။
သုဂတိ ဒုက္ခတွေနဲ့ အားမရ မကျေနပ်သေးလို့ ဒုဂ္ဂတိ ဒုက္ခတွေကို ဆက်ပြီးခံဦးမယ်ဆိုတာ တော်ပါ့မလား? မတော်ပါဘူး၊ မတော်တာကိုသိရင် ဒီကံတွေကိုကုန်အောင် အမြန်ဆုံးကြိုးစားရမယ်၊ ကြိုးစားသင့်တယ်၊ တစ်ခါလောက် အပါယ်ကျရရင် လွတ်ရက်မမြင်ဘူး၊ ဘာကြောင့်လဲ?ဆိုရင် အပါယ်ကံတွေ ထပ်တလဲလဲ သိမ်းဆည်းမိလို့ပဲဆိုတာ မှတ်ကြတော့။
ဒကာတို့ အပြောကရှိတယ်၊ “တပည့်တော်တို့ မတတ်နိုင်ဘူးတဲ့၊ ဒီလိုပဲ ရောင်းဝယ်ဖောက်ကားပြီး နေကြရ တာပဲ၊ ဒါတွေနဲ့ မကင်းနိုင်ဘူး၊ ကံစီမံသလို ခံရတော့မှာပဲ”နဲ့ ပြောဆိုတတ်ကြတယ်၊ အဲ, သေသေချာချာ မှတ်ထား လိုက်ပါ၊ ကံစီမံသလိုဆိုရင် ထွက်ပေါက်မရှိဘူးလို့။
အခုဘဝမှာတင် စုမိထားတဲ့ မကောင်းကံတွေ အသင်္ချေအနန္တ၊ လွန်ခဲ့တဲဘဝတွေ အသင်္ချေအနန္တက စုမိ ဆောင်းမိထားခဲ့တဲ့ မကောင်းကံတွေကလည်း အသင်္ချေနဲ့ အနန္တဆိုပြန်တော့ လွတ်စရာလမ်းမရှိတော့ဘူး၊ ဒါကြောင့် ငရဲမှာ အသက်တမ်းမရှိဘူး၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငရဲသက်တမ်း ငါဘုရားမဟောနိုင်ဘူးတဲ့။
အဲဒီတော့ ဒကာ,ဒကာမတွေ ဘာအားကိုးကြသေးတုန်း၊ ဒကာတို့တတွေက ကံပဲအားကိုးရမယ်ဆိုပြီး ကံတစ်ခု ထဲမှတ်ပြီး ပြောနေကြတယ်၊ အဲဒါကို ဆရာသမားက အလွန်ပဲစိုးရိမ်လို့ အခုနေမှာ ကယ်ယူရာကယ်ယူကြောင်း၊ လွတ်ရာလွတ်ကြောင်းကို ညွှန်ပြနေရတယ်ဆိုတာ ရိပ်မိကြရဲ့လား?။
ကံတွေကို တဏှာ, ဥပါဒါန်က စုဆောင်းပြီးထားတယ်
ဒကာ,ဒကာမတို့ ကံတွေကို တဏှာ, ဥပါဒါန်က စုဆောင်းပြီးထားတယ်၊ စုထားလိုက်တဲ့ ကံတွေကလည်း မရေနိုင်လောက်အောင်ပဲ များပြားပါတယ်။ အကျိုးပေးတဲ့ အခါကျတော့လည်း တစ်ကံကုန်မှ တစ်ကံဆိုသလို တစ်ကံ စီလွှတ်ပြီး အကျိုးပေးမှာဖြစ်လေတော့ အပါယ်က ထွက်ပေါက်မမြင်တော့ဘူး၊ သဘောပါကြရဲ့လား? ဒုက္ခမျိုးစုံက ထွက်ပေါက်မမြင်တော့ဘူးဆိုတာ မှတ်လိုက်ကြပါ။
ဒီကံတွေက အကျိုးပေးလေသမျှဟာ ဇာတိ, ဇရာ, မရဏပဲ၊ ပထမကံကုန်တော့ ဒုတိယကံက ဇာတိ, ဇရာ, မရဏပေးမှာပဲ၊ ဒုတိယကုန်ပြန်တော့လည်း တတိယက ဒါတွေပဲပေးဦးမှာပဲ၊ အဲဒီတော့ သူပေးလေသမျှမှာ ဒုက္ခသစ္စာ ချည့်ပဲဆိုတာ ရိပ်မိကြရဲ့လား?။
ဒီလိုကံမျိုးတွေဟာ နောက်နောက်ဘဝတွေက စုမိခဲ့တာလဲမနည်းဘူး၊ ဘဝများစွာ သံသရာကစုလာခဲ့တာ မြေကြီးအထု မြေမှုန့်အစုထက်ပင် များပါသေးတယ်၊ ဒီလိုဖြစ်ပါရက်ကနဲ့ အခုဘဝမှာ တစ်ခါထပ်ပြီး ဒီကံတွေပဲစုနေ ကြဦးမယ်, စုနေကြပြန်တယ်ဆိုတော့ တစ်ချက်တိမ်းသွားလိုက်ရင် ပြန်တက်ဖို့လမ်း မမြင်တော့ဘူး။
ဒါကြောင့် အခုလို အခွင့်အခါရတုန်းမှာ အားကိုးရာအားထားရာကို ရှာကြတော့၊ အားကိုးရာမရှိရင် မဖြစ် တော့ဘူးဆိုတာကို လေးလေးနက်နက် သတိပေးလိုက်ပါတယ်။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ဒီကံတွေဟာ ဒကာတို့ကို အမျိုးမျိုးလှည့်ပြီး ဒုက္ခသစ္စာအကျိုးတွေကို ပေးတော့မယ်တဲ့၊ လူ, နတ်, ဗြဟ္မာဆိုတာလည်း ဇာတိ, ဇရာ, မရဏပဲ၊ အပါယ်မှာဖြစ်တော့လည်း ဇာတိ, ဇရာ, မရဏပဲ၊ ဘယ်ဘုံဘယ်ဘဝမှာဖြစ်ဖြစ် ဇာတိ, ဇရာ, မရဏ ဒုက္ခသစ္စာချည်ပဲ၊ ရှင်းကြရဲ့လား?။
ဒုက္ခသစ္စာတွေချည့် ပေးနေတာဟာ ဘယ်သူ့အစွမ်းသတ္တိလဲ?
ဒကာ,ဒကာမတို့ ဒီလိုဒုက္ခသစ္စာတွေချည့် ပေးနေတာဟာ ဘယ်သူ့အစွမ်းသတ္တိလဲ?လို့ဆိုတော့ ကံရဲ့အစွမ်း သတ္တိပဲလို့ မှတ်ကြ၊ ဒီကံကိုကော ဘယ်သူကစုထားတာလဲ?လို့ ဆိုပြန်တော့ ကံကို တဏှာ, ဥပါဒါန်က စုထားပါတယ်၊ သဘောပါပလား။
ဒီတော့ ဒီကံတွေကို ဘယ်သူကဖြစ်ပေါ်စေတာတုန်းလို့ မေးပြန်တော့ ဝေဒနာကဖြစ်စေတယ်လို့ သိကြရမယ်၊ ဒကာ,ဒကာမတို့ တဏှာ, ဥပါဒါန်က စုထားတဲ့ကံတွေကို ဝေဒနာက ဖြစ်ပေါ်စေတယ်ဆိုတာ ရိပ်မိကြပလား?၊ ဒီဝေဒနာဆိုတာလည်း တခြားမဟုတ်ဘူး၊ ဒကာတို့သန္တာန်မှာ ဝေဒနာက္ခန္ဓာက ဖြစ်စေတယ်လို့ပဲ မှတ်လိုက်ကြတော့၊ ရှင်းကြရဲ့လား။
ဝေဒနာက္ခန္ဓာက ဖြစ်စေတယ်ဆိုတဲ့နေရာမှာ ဒကာ,ဒကာမတွေ အခုတရားနာနေကြတာ ဘယ်သူတွေလဲ? ယောက်ျားတွေလား?၊ မိန်းမတွေလား? ဝေဒနာက္ခန္ဓာတွေပဲလား?လို့မေးရင် ဝေဒနာက္ခန္ဓာတွေပဲလို့ အမှန်ဖြေရမယ်။
အဲဒီတော့ ခန္ဓာက ပေါက်ပွားလာတယ်ဆိုတာ ရိပ်မိကြပြီ၊ ခန္ဓာပေါက်ပွားလာတယ်ဆိုတော့ ခန္ဓာရှိသ၍ တဏှာ, ဥပါဒါန်က ရှိတယ်၊ တဏှာ, ဥပါဒါန်ရှိသ၍လည်း ဒီကံတွေပေါ်ပြီး သူတို့ကစုထားမယ်၊ ဒီကံတွေကို စုထား သမျှ ကာလပတ်လုံးလည်း ဒုက္ခသစ္စာထဲက လွတ်ရက်၊ ကျွတ်ရက် မမြင်တော့ဘူးဆိုတာ မှတ်လိုက်ကြ။
ဒါကြောင့် ဒီကံတွေကို အခုလို သာသနာတော်နဲ့ ကြုံကြိုက်တုန်း ဆရာသမားကောင်းနဲ့ တွေ့ကြုံတုန်းမှာ အဟောသိကံဖြစ်အောင်လုပ်ဖို့ အရေးကြီးပါတယ်။ ဒီကံတွေကို ဘယ်လောက်ပဲစုထား စုထား၊ အဟောသိကံဖြစ်အောင် လုပ်လိုက်ရင် အားလုံးကျေတယ်၊ ကိစ္စပြီးတယ်ဆိုတာ မှတ်လိုက်ကြ။ ဒကာ,ဒကာမတို့ အဟောသိကံဖြစ်အောင်လုပ်ဖို့
အရေးကြီးလာပြီဆိုတာ ပေါ်ကြပလား?။
ဒကာတို့အတွက် စုမိထားတဲ့ကံတွေက မရေတွက်နိုင်ကြဘူး၊ သားချစ်လို့ သမီးချစ်လို့ ထွေးပိုက်ထားတဲ့ကံ တွေ၊ သား,သမီးကို ခင်လွန်း, ချစ်လွန်းလို့ ဆုံးမတဲ့ ကာယကံ, ဝစီကံတွေကလည်း မနည်းဘူး။ ပါးစပ်နဲ့ပြောလိုက် ဆိုလိုက်၊ ချစ်ခင်လွန်းလို့ နမ်းလိုက်ရှုပ်လိုက်, ကာယကံတွေ, ဝစီကံတွေ တစ်ခါပြောတစ်ကံ၊ တစ်ခါပြုတော့ တစ်ကံနဲ့၊ ကံပေါင်းက မနည်းဘူး။
ခါးစည်းပြီးခံဖို့သာ ပြင်ကြပေတော့
ဒီကံတွေကလည်း တစ်နေ့ဘယ်လောက်ရယ်လို့ မရေတွက်နိုင်ဘူး၊ အရင့်အရင်က ပါလာတဲ့ ကံတွေကလည်း မရေမတွက်နိုင်ဘူးဆိုတော့ ဆရာသမား အကူအညီမရရင် သူစီမံသလိုသာ ခံရတော့မယ်၊ ကံတွေကမနည်းဘူး၊ ခံနိုင်ရည်ရှိကြပါ့မလား? ခါးစည်းပြီးခံဖို့သာ ပြင်ကြပေတော့၊ လွတ်ပေါက်က မရှိတော့ဘူး၊ တစ်ချက်တိမ်းရင်လည်း သွားတော့မှာပဲ။
သား, သမီး ပစ္စည်းအတွက်နဲ့ ပြုပြီးစုထားတဲ့ ကံတွေကလည်း မရေနိုင်၊ အကျိုးပေးမှာကိုလည်း မရေနိုင်၊ ဒကာတို့က ဒါတွေနဲ့ပြည့်စုံနေကြတယ်၊ လွတ်ပေါက်မရှိရင် စီမံသလိုခံရမယ်၊ ခါးစည်းခံရုံပဲ၊ လွတ်ပေါက်မရှိရင် ခက် တော့မယ်၊ ရိပ်မိကြရဲ့လား?။
ဒကာတို့ စုထားလိုက်တာ အပါယ်သွားကြောင်း၊ ငရဲ, တိရစ္ဆာန်၊ ပြိတ္တာဖြစ်ဖို့ ကံတွေမနည်းဘူး၊ နတ်ရွာသုဂတိ ကံတွေလည်းပါတာပဲ၊ ဒီကံတွေက ဘာသစ္စာတုန်းဆိုတော့ ဒုက္ခသစ္စာတွေ ဖြစ်နေတယ်၊ ဒီတော့ ဘယ်ပဲသွားသွား ဒုက္ခသစ္စာမှတစ်ပါး ရစရာမရှိဘူး၊ ဒုက္ခသစ္စာပဲရမယ်၊ ဒီဒုက္ခသစ္စာဆိုတာတွေကလည်း မရေနိုင်မတွက်နိုင်အောင် များပြားတယ်ဆိုတာ မှတ်လိုက်ကြ။
ဒကာတို့တတွေ အရင်တုန်းက ပြောလေ့ပြောထရှိကြတယ်၊ ကျောင်းလည်းဆောက်ပြီးပြီ၊ ဘုရားလည်းတည် ပြီးပြီ၊ ရေတွင်းရေကန်လည်း တူးထားပြီးပြီ၊ တို့အနေနဲ့ဖြင့် သေပျော်နေပျော်ရှိပြီနဲ့ ပြောတတ်ကြတယ်၊ ဒီကုသိုလ်က နည်းနည်းလေးပါ၊ ဒကာတို့ တစ်နေ့တစ်နေ့ စုတဲ့ကံက များနေတယ်၊ တစ်နေ့စုမိတဲ့ အကုသိုလ်ကံကိုတောင် နိုင်နိုင် ဖို့ မမြင်ဘူး။
သားလေး သမီးလေးတွေကို အော်ရငေါက်ရတဲ့ ကံတွေ၊ ချစ်ရခင်ရတဲ့ကံတွေ၊ ကျွေးရမွေးရ, ပေးရကမ်းရတဲ့ ကံတွေ၊ ဒီကလေးတွေနဲ့ပတ်သက်ပြီး ပစ္စည်းရှာရ ရောင်းရဝယ်ရတဲ့ကံတွေ၊ အဲဒီအကုသိုလ်ကံတွေက ဒကာတို့ပြုထား တဲ့ ကုသိုလ်ကံနဲ့ ချိန်ဆလို့မရဘူး၊ ပိုပြီးများနေတယ်ဆိုတာ သဘောပါကြရဲ့လား?။
အဲဒီတော့ ဒီကံတွေကို အဟောသိကံဖြစ်အောင် လုပ်ရလိမ့်မယ်၊ မလုပ်ရင် ဖြစ်ပါ့မလား? မဖြစ်တော့ဘူး၊ အခုနေမှ မလုပ်နိုင်ရင် သူတို့က ဒုက္ခသစ္စာချည့် အကျိုးပေးတော့မယ်၊ ဘယ်နည်းနဲ့မှ ခံနိုင်ရည်မရှိကြပါဘူး။
အကုသိုလ်ကံတွေကို မဂ်နဲ့ဖြတ်လိုက်နိုင်လို့ပဲ
ဒီအလုပ်ကိုလုပ်ရင် ဥပမာ သောတာပတ္တိမဂ်ကို ရသွားတယ်ဆိုပါတော့ ဒီပုဂ္ဂိုလ်ဟာ ကလျာဏမိတ္တ သူတော် ကောင်းကို ဆည်းကပ်ပေါင်းသင်းလို့ တရားကိုနာယူလို့ တရားတွေညွှန်ကြားတဲ့အတိုင်း ကျင့်လိုက်တော့ သောတာပန် တည်သွားတယ်၊ တည်တော့ ဒီပုဂ္ဂိုလ်ဟာ အပါယ်မကျတော့ဘူးဆိုတာ သံသယရှိဖို့ မလိုတော့ဘူး။
ဘာကြောင့်လဲဆိုတော့ သူက အပါယ်ရောက်စေတတ်တဲ့ အကုသိုလ်ကံတွေကို မဂ်နဲ့ဖြတ်လိုက်နိုင်လို့ပဲဆိုတာ မှတ်ကြ၊ ဒီမဂ်က ဘဝများစွာ သံသရာကစုမိလာခဲ့တဲ့ အပါယ်မျိုးစေ့ ကံတွေကိုဖြတ်ချလိုက်တယ်၊ ဖြတ်ချလိုက်တော့ အကုန်အဟောသိကံ ဖြစ်သွားတော့တာပဲ၊ ကျေနပ်ပလား?။
ဒကာ,ဒကာမတို့ သောတာပတ္တိမဂ် တစ်ကြိမ်ပေါ်ရင် အပါယ်မျိုးစေ့ဟူသ၍ အကုန် အဟောသိကံဖြစ်သွား ရတယ်ဆိုတာ မှတ်လိုက်ကြ၊ ဒါဖြင့် အကုသိုလ်ကံတွေ အဟောသိကံ မဖြစ်သ၍ စိတ်ချလက်ချ နေလို့မဖြစ်တော့ဘူး ဆိုတာ ဆုံးဖြတ်ချက်ချကြ။
အခုနှယ်အချိန်မှာ အမြန်ဆုံးလုပ်ကြရလိမ့်မယ်၊ အဟောသိကံ မဖြစ်သမျှ မေ့လျှော့နေလို့မဖြစ်ကြဘူး၊ ဒကာ တို့က အိပ်လိုက်စားလိုက်၊ သွားလိုက်လာလိုက်၊ သားသမီး ပစ္စည်းနဲ့ပျော်လိုက်၊ အဝတ်အစားအမျိုးမျိုးတွေနဲ့ ပျော် လိုက်ဆိုလို့ရှိရင် ပျော်နေသမျှ တစ်နေ့ကျတော့ မချိသွားဖြဲ အဖြစ်ဆိုးကြုံရမယ်။
ဘယ်လိုအဖြစ်မျိုးတွေလဲဆိုတော့ လူ, နတ်, ဗြဟ္မာ ပါယ်လေးရွာဆိုတဲ့ ဇာတိ, ဇရာ, မရဏတွေလာမယ်၊ ဒါတွေက ဘာကြောင့်လာရတာလဲ?ဆိုတော့ ကံက အကျိုးပေးလို့ပဲ၊ ကံကို ဘယ်သူစုထားတုံး?ဆိုတော့ တဏှာ, ဥပါဒါန်တို့က စုထားတယ်၊ ဒီတဏှာတို့က ဘာကြောင့်လာရသလဲ? ဆိုပြန်တော့ ဝေဒနာရှိလို့ ဝေဒနာကြောင့်လာရ တာ ရှင်းပလား?။
အဲဒီလိုဆိုတော့ ဒီဝေဒနာကို ဖြစ်ပျက်ရှုရလိမ့်မယ်၊ ဝေဒနာကို ဝိပဿနာမရှုမိရင် ဒုက္ခဟူသမျှ ဒုက္ခသစ္စာ လာသမျှ ကိုယ်ပိုင်ပစ္စည်း ဖြစ်မယ်ဆိုတာ မှတ်ကြတော့၊ ကျေနပ်ပလား?။
ဝေဒနာကို ဝိပဿနာရှုမှ တဏှာသေမယ်
ဒကာ,ဒကာမတို့ ဝေဒနာကို ဝိပဿနာရှုမှ တဏှာသေမယ်၊ တဏှာသေမှလည်း စုထားတတ်တဲ့တရားတွေ သေမယ်၊ စုတတ်တဲ့တရားသေမှလည်း ကံတွေ အကုန်လွင့်သွားမယ်၊ ကံတွေလွင့်ကုန်မှသာ ဒကာတို့တတွေ ဇာတိ, ဇရာ, မရဏ ဒုက္ခဟူသ၍နဲ့ အိုးစားကွဲမယ်၊ ရှင်းကြရဲ့လား?။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဒီအကျိုးအကြောင်းတွေကို ဧကန်သိရတော့ မေ့လျော့နေဖို့, ပေါ့တန်နေဖို့, ပျင်းရိနေဖို့, အိပ်ပျော်နေဖို့ အချိန်မဟုတ်တော့ဘူးဆိုတာ အထူးသတိပြုကြရမယ်။
ဒကာတို့မှာက ငရဲမျိုးစေ့တွေ အနန္တရှိနေကြတယ်၊ မေ့လျော့ပေါ့တန်ပြီး ပျင်းရိဖင့်နွှဲနေရင် သေသည့်အခြားမဲ့မှာ ငရဲကောင် အပင်ပေါက်ရမယ်၊ ငရဲမျိုးစေ့က ငရဲအပင်ပေါက်သွားရရင် လွတ်ရက်မမြင်တော့ဘူး၊ ရိပ်မိကြပါတော့။
ဒါကြောင့် ဆရာသမားညွှန်ကြားတဲ့အတိုင်း လုပ်ကြရမယ်၊ လုပ်ရင် သောတာပတ္တိမဂ်ကိုရမယ်၊ ဒီမဂ်ကိုရရင် သေသေချာချာ မှတ်လိုက်ကြပါ၊ “စတုဟာပါယေဟိစ ဝိပ္ပမုတ္တော”တဲ့၊ အပါယ်လေးပါးက လွတ်ပြီတဲ့၊ “သဟာဝဿ ဒဿနသမ္ပဒါယ”တဲ့။ ဒဿနသမ္ပဒါယ၊ သောတာပတ္တိ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကိုမြင်သည်နှင့်။ သဟာဝ၊ တကွသာလျှင်။ အဿ၊ ထိုပုဂ္ဂိုလ်အားတဲ့ ဒီပုဂ္ဂိုလ် အပါယ်လွတ်ပြီတဲ့။
”တယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ”တဲ့၊ သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ မှားယွင်းတဲ့ သီလဗ္ဗတပရာမာသအကျင့် အဲဒီသုံးပါးကို စွန့်လိုက်ပြီ၊ အပါယ်ရောက်စေတတ်တဲ့ တဏှာကိုလည်း စွန့်လိုက်ပြီဆိုတော့ မသေချာသေးဘူးလား?၊ တဏှာစွန့်တဲ့နောက်တော့ အပါယ်မျိုးစေ့ ဥပါဒါန်တွေ ကံတွေလည်း အကုန်စွန့်တော့တာပဲ၊ သဘောကျပလား?။
မဂ်ဉာဏ်အမြင်မရရင် အပါယ်လေးပါးပဲ
ဒီအဓိပ္ပာယ်ကိုသိရရင် မဂ်ဉာဏ်အမြင်ကို ရမှပဲ ဖြစ်တော့မယ်ဆိုတာ ရိပ်မိကြပလား?၊ မဂ်ဉာဏ်အမြင်မရရင် အပါယ်လေးပါးပဲဆိုတာ ယုံမှားမရှိနဲ့တော့၊ အခုလူ့ပြည်လာတာဟာ ခဏတဖြုတ် အလည်လာရတာပါ၊ အခုလို အခွင့် ကောင်းလို့ အလည်လာတုန်းမှာ ဒီဉာဏ်ကိုရအောင် ကြိုးစားကြရမယ်။
အခု မကြိုးစားမိရင် ကိုယ်ကျိုးအကြီးအကျယ် နည်းရတော့မယ်၊ ကြွေးပေါင်းအနန္တ ကျေဖို့မမြင်ဘူး၊ အပါယ် သွားပြီး ခန္ဓာနဲ့ဆပ်ရတော့မယ်၊ အခုအချိန်မှာ မဂ်နဲ့ဆင်ရင် အလွယ်နဲ့ကျေမယ်၊ မဂ်နဲ့ဆပ်နိုင်ရင်ဆပ်, မဆပ်နိုင်ရင် ခန္ဓာနဲ့ဆပ်ရမယ်၊ သုဂတိ, နတ်ရွာဆိုတာ ခဏတဖြုတ်ပဲဆိုတာ မှတ်လိုက်ကြ။
ဒုဂ္ဂတိအပါယ်က ဒကာတို့ အမြဲနေရာအိမ်ပါ၊ မဂ်နဲ့ မဆပ်နိုင်ရင် အမြဲနေရာ အိမ်ဂေဟာပဲလို့သာ မှတ်ထား ကြ၊ ကျေနပ်ရဲ့လား?။ ဒကာတို့တတွေမှာ အကုသိုလ်ကြွေးတွေက ဘဝများစွာက စုမိလာခဲ့တာ အများကြီးရှိနေတယ်၊ အေးစက်စက်လုပ်နေလို့ မတော်ဘူး၊ အပါယ်ကြွေးက အနန္တမို့ အေးမနေကြပါနဲ့။
ဒကာ,ဒကာမတွေက တရားလည်းမနာဘူး၊ သိအောင်လည်း မလုပ်ဘူး၊ အားလည်းမထုတ်ဘူးဆိုရင် အေးနေ တာပဲ၊ ကြွေးရှိသူမှန်က ပြန်ဆပ်ရမယ်၊ ဘယ်နည်းနဲ့ဆပ်ရမလဲဆိုတာ စဉ်းစားကြ၊ ဉာဏ်နဲ့ဆပ်မလား? ခန္ဓာနဲ့ပဲ ဆပ်ကြမလား?။
ကြွေးရှိရက်နဲ့ အေးနေရင် လူကောင်းမဟုတ်ဘူး၊ ပုထုဇဉ်အရူးမို့ပဲလို့သာ မှတ်လိုက်ကြ။ ကြွေးရှိနေရင် အပါယ် တံခါး ပွင့်နေတယ်၊ အပါယ်တံခါး မပိတ်သေးဘဲနဲ့ ပျော်နေလို့မဖြစ်ဘူး၊ သားနဲ့ သမီးနဲ့ ဆွေနဲ့မျိုးနဲ့ အပျော်ကြီးပျော်ပြီး နေကြ၊ သာရေးနာရေး ရပ်ရေးရွာရေးတွေနဲ့ အချိန်ကုန်နေကြ၊ မဂ်ရကြောင်း, ဖိုလ်ရကြောင်းဖြစ်တဲ့ ကိုယ်ရေးကိုယ်တာ ဘာမှမလုပ်ဘဲနဲ့ အချိန်ကုန်နေကြ၊ အဲဒါ ကြွေးရှိရက်နဲ့ ကြွေးရှိမှန်းမသိ၊ ပြန်ဆပ်ရမှန်းမသိတဲ့သူဆိုရင် အရူးနဲ့မထူးဘူး၊ “ပုထုဇ္ဇနော ဥမ္မတ္ထကော”ဆိုတာ အဲဒါပါပဲ၊ သဘောပါပလား?။
ကိုယ့်ခန္ဓာမှာ ဉာဏ်နဲ့ကြည့်လိုက်ကြပါ
အခုဟောနေတာ ခြောက်ဟောနေတာလို့များ အောက်မေ့ကြသလား? မအောက်မေ့ကြနဲ့၊ ဒကာတို့ဖြစ်စဉ် ကိုက်ပဲ၊ အခု ကိုယ့်ခန္ဓာမှာ ဉာဏ်နဲ့ကြည့်လိုက်ကြပါ၊ ဥပမာ ကိုယ်ပေါ်မှာ ချမ်းသာတဲ့ သုခဝေဒနာကလေး ပေါ်လာ တယ်ဆိုရင် တဏှာက ဒါလေးကိုသဘောကျတယ်၊ ဥပါဒါန်က စွဲလမ်းတယ်၊ ဒီအတိုင်းဖြစ်နေဖို့ ကာယကံ, ဝစီကံ တွေနဲ့ အားထုတ်တယ်၊ ဟုတ်ကြရဲ့လား?။
ဒီအတိုင်း အားထုတ်နေတာ ဒီကံမျိုးတွေ တစ်နေ့မှာ ဘယ်လောက်စုမိကြတုံး? မရေနိုင်ကြဘူး၊ ဒီကံတွေကို ဘယ်သူက စုထားလိုက်တုံး?မေးတော့ တဏှာ, ဥပါဒါန်က စုထားတယ်၊ စုထားပြီးတဲ့ကံတွေဟာ အချိန်အခါမကျသမျှ ပျောက်ပျက်မသွားကြဘူး၊ ကံတစ်ခုတစ်ခုကို သူတို့က စုထားတယ်ဆိုတာ မှတ်ကြရမယ်။
ဒါကြောင့် ကမ္မသမင်္ဂီပုဂ္ဂိုလ်ဆိုတာပဲ၊ ကံဟူသမျှကို တဏှာဥပါဒါန်က မပျောက်မပျက်ရအောင် ကွပ်ကဲပြီး စောင့်ရှောက်ထားတယ်၊ ထိန်းသိမ်းထားတယ်ဆိုတာ သိကြရမယ်၊ ဒါကြောင့် တဏှာနဲ့ ဥပါဒါန်ကို ကံကိုထိန်းသိမ်းတဲ့ တရား၊ ကံစောင့်တရားလို့ မှတ်ထားလိုက်ကြ၊ သဘောပါပလား?။
ဒီလိုနဲ့ ကံတွေကို တစ်နေ့တစ်နေ့မှာ မရေမတွက်နိုင်လောက်အောင် ရှိနေတယ်။ ဒီကံတွေကို တဏှာ, ဥပါ ဒါန်က စုထားတယ်၊ ဘယ်သူကရှာထားတာလဲ? ဒကာတို့က ဝေဒနာနဲ့ရှာထားကြတာ၊ ဝေဒနာကို ဝိပဿနာမရှုမိလို့ ကံတွေစုမိနေတယ်၊ ဒီကံတွေက အကျိုးပေးတော့လည်း တစ်ခုကုန်တစ်ခုဆိုသလို အဆက်မပြတ် အကျိုးပေးမယ်။ ဒီတော့ လွတ်ရက်ကျွတ်ရက် မမြင်တော့ဘူး။
ဒါဖြင့် ဘာအားကိုးကြမလဲ? မဂ်ကို အားကိုးရမယ်၊ ဒီမဂ်က “သဟာဝဿ ဒဿနသမ္ပဒါယ၊ တယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ”တဲ့၊ သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆ, သီလဗ္ဗတပရာမာသတို့ကို စွန့်ပယ်လိုက်တော့ “စတူဟာပါယေဟိစ ဝိပ္ပမုတ္တော” အပါယ်လေးပါးက လွတ်ပါတယ်တဲ့၊ အပါယ်ကျစေတတ်တဲ့ ကံတွေ အများကြီးပါသွားတယ်။
မဂ်ကိုအားကိုးလို့ အပါယ်လွတ်ရတာ
အဲဒီလိုမဂ်ကိုရလိုက်တော့ အပါယ်ကံတွေဟူသမျှ အဟောသိကံဖြစ်ကုန်တယ်။ ဒီလိုအပါယ်လွတ်ရတာ မဂ် ကြောင့် လွတ်ရတာ၊ မဂ်ကိုအားကိုးလို့ အပါယ်လွတ်ရတာဆိုတာ သိကြပလား?၊ မဂ်ဖြစ်လို့ အပါယ်ကံတွေ အဟောသိကံ ဖြစ်ရတာ၊ မဂ်မဖြစ်ရင် အဟောသိကံမဖြစ်ဘူး၊ သေချာကြပလား?။
ဒကာ,ဒကာမတို့မှာ ဒီကံကြွေးတွေက အလွန်များနေပြီဖြစ်နေတော့ မဂ်နဲ့မှမဆပ်နိုင်ရင် ခန္ဓာနဲ့ဆက်ရလိမ့် မယ်၊ မကျေကျေအောင် ခန္ဓာနဲ့ဆပ်ရမယ်၊ ဆပ်နိုင်ကြပါ့မလား? ဒယ်အိုးအမျိုးမျီုး ပြောင်းလဲပြီးဆပ်ရမယ်၊ တိရစ္ဆာန် ခန္ဓာ အမျိုးမျိုးနဲ့လည်း ဆပ်ရမယ်၊ ပြိတ္တာဘဝအထွေထွေနဲ့လည်း ဆပ်ရမယ်၊ ကိုင်း ဆပ်နိုင်ကြပါ့မလား? မကြောက် ကြဘူးလား။
မဆပ်နိုင်ဘူး၊ ကြောက်ပါတယ်ဆိုတော့ သတိပေးလိုက်ပါတယ်၊ အကျိုးကို မကြောက်ပါနဲ့၊ အကြောင်းကို ကြောက်ပါဆိုတာ သတိပေးလိုက်တယ်။ အကြောင်းကြောက်ဖို့ဆိုတော့ အကြောင်းကိုသတ်ရလိမ့်မယ်၊ အကြောင်းသေ ရင်, အကျိုးမပေါ်တော့ဘူး။ ဒါကြောင့် အကြောင်းသတ်ရမယ်၊ ရိပ်မိကြရဲ့လား? ကိုင်း, အခုသတ်နည်းကိုပြောကြစို့။
ဥပမာ ကိုယ်ထဲမှာ သုခဝေဒနာကလေးတစ်ခု ပေါ်လာတယ်ဆိုတော့ ဒကာ,ဒကာမတွေက ဉာဏ်နဲ့ကြည့်လိုက် ပါ၊ ပေါ်တဲ့ သုခဝေဒနာကို ဖြစ်ပျက်ရှုပေးကြရမယ်၊ အဲဒီလိုရှုတော့ နောက်က တဏှာမလာ, ဥပါဒါန်လည်းမလာဘူး၊ မလာတော့ သိမ်းဆည်းတတ်တဲ့တရားတွေ မရှိတော့ဘူး၊ သူတို့မရှိတော့ အကျိုးပေးမယ့်ကံလည်း မလာတော့ဘူး၊ မလာတော့ အကျိုးပေးစရာလည်း မရှိဘူး၊ အကျိုးတရား ချုပ်ငြိမ်းသွားတယ်။
အဲဒါ အကြောင်းသတ်နိုင်လို့ပဲ၊ ဒီအကြောင်းမပေါ်အောင် ဝိပဿနာမဂ်ကို သွင်းလိုက်တဲ့အတွက် အကြောင်း တွေချုပ်ပြီး အကျိုးလည်းမပေါ်နိုင်တော့ဘူး၊ ရှင်းပလား? ဒါကြောင့် ဝိပဿနာမဂ်ကိုဖြင့် သွင်းနိုင်အောင်သွင်းပေး ကြရမယ်၊ မေ့လျော့ပေါ့တန်နေလို့ မဖြစ်တော့ဘူးဆိုတာ မှတ်ကြ။
ဝေဒနာပေါ်တဲ့အခါ ဖြစ်ပျက်ရှုတဲ့ ဝိပဿနာမဂ်ကိုသွင်းရမယ်
ဝေဒနာပေါ်တဲ့အခါ နောက်ကြားထဲမှာ မဂ်သွင်းနိုင်ရင် နောက်ကအကြောင်းတွေ အကုန်ချုပ်တယ်၊ ဒါကြောင့် ဝေဒနာပေါ်တဲ့အခါ ဖြစ်ပျက်ရှုတဲ့ ဝိပဿနာမဂ်ကိုသွင်းရမယ်၊ ဒါကိုမေ့နေရင် နောက်ကတဏှာ, ဥပါဒါန်, ကံ၊ နောက်တစ်ခါ ဝေဒနာတဏှာ, ဥပါဒါန်, ကံ, ဇာတိ, ဇရာ, မရဏဆိုပြီး အကြောင်းတွေ အကျိုးတွေ မုချပေါ်တော့မယ်၊ ရှင်းပလား?၊ မဂ်ခြားမသွင်းရင်လာမယ်။
မဂ်ခြားသွင်းရင် တဏှာမပေါ်ဘူး၊ မပေါ်တော့ ကံမဖြစ်၊ မဖြစ်တော့ အကျိုးမပေးဘူး၊ မပေးတော့ ဒုက္ခသစ္စာ က လွတ်မယ်၊ ကျေနပ်ပလား? ဒါကြောင့် ဝေဒနာပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်ရှုပေါ်ကြ၊ ရှုပေးနိုင်ရင် နောက်က အကြောင်းတွေရော အကျိုးတွေပါ အကုန်ပြတ်တယ်၊ ဒကာ,ဒကာမတို့ ဒီစခန်းနဲ့ ဒီလမ်းဟာ သေချာကြပလား?။
ဒီစခန်းနဲ့ ဒီနည်းလမ်းက ရနိုင်ဖို့မလွယ်ဘူး၊ အင်မတန် ခဲခဲယဉ်းယဉ်းနဲ့ အင်မတန်ကံကြီးမှ ရနိုင်တဲ့အခွင့် အရေးပါဆိုတာ မှတ်လိုက်ကြ၊ ဒါက သာသနာတွင်း တရားအစစ်၊ သာသနာတွင်း ကြုံမှသာ ရနိုင်ကြတာ၊ သာသနာ တွင်းလည်းကြုံ၊ ဆရာသမားကောင်းလည်းဆုံ၊ ယူနိုင်တဲ့ဉာဏ်, ထောင်နိုင်တဲ့နားလည်းရှိပါမှ ပြည့်စုံနိုင်တာ၊ လွယ်တဲ့ ကိစ္စ မဟုတ်ဘူး။
အဲဒီတော့ ဒီဝိပဿနာရှုတဲ့အလုပ်ကို မလုပ်ရင် မဖြစ်တဲ့အလုပ်၊ ဧကန်မုချ လုပ်ရမယ့်အလုပ်ပဲဆိုတာ ကျေကျေနပ်နပ် ဆုံးဖြတ်ချက်ချလိုက်ကြ၊ သဘောပါရဲ့လား?။
သာမညအရေးလို့ မမှတ်လိုက်ပါနဲ့၊ ပေါ့တန်နေလို့ မဖြစ်ဘူး၊ ဒီခန္ဓာဖြစ်စဉ် ပဋိစ္စသမုပ္ပါဒ်တရားက ဓမ္မနိယာမ အတိုင်း အမြဲတစေ တန်းနေမှာပဲ၊ ဒကာတို့က နှလုံးမသွင်းဘဲနေရင် သူတို့ကဆက်နေမှာပဲ၊ ပြောရင်း, ဆိုရင်း, သွားရင်း, လာရင်း, စားရင်း, သောက်ရင်း, နေရင်း, ထိုင်ရင်း, ရောင်းရင်း, ဝယ်ရင်း ဘယ်အချိန်မဆို ဆက်နေမှာပဲ၊ ရိပ်မိပလား?။
ပပဉ္စချုပ်တဲ့ တရား ဟောကြားတော်မူပါ
ဒီနေရာမှာ ကြားဖြတ်ပြီး သိကြားမင်း သောတာပန်တည်ပုံကို ပြောရမယ်၊ သိကြားမင်းက ဘုရားရှင်ကိုယ် တော်မြတ်ကြီးကို လျှောက်ထားမေးမြန်းပါတယ် ဆိုတဲ့အကြောင်း တစ်နေ့က ပြောခဲ့ပြီးပြီ။ “အရှင်ဘုရား၊ ပပဉ္စချုပ်တဲ့ တရား ဟောကြားတော်မူပါလို့”လျှောက်တော့ “ဝေဒနာကမ္မဋ္ဌာန်းကို ရှုရမယ်”လို့ ဘုရားက အဖြေပေးလိုက်တယ်။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ အဲဒီလိုဆိုတော့ ဆရာဘုန်းကြီး ဝေဒနာကိုဟောနေတာ သုံးရက်ရှိနေပြီ၊ အခုလည်း ဝေဒနာပဲရှုကြရမယ်၊ ရှုတော့ တစ်နေ့ကပြောသလို ဝေဒနာက ငါးမျိုး၊ ကိုယ်ပေါ်မှာ သုခဝေဒနာ၊ ဝမ်းထဲ မှာ သောမနဿဝေဒနာ၊ ဒီနှစ်ခုပေါ်လာလည်း ဖြစ်ပျက်ရှုရမယ်။
ကိုယ်ပေါ်မှာ ဒုက္ခဝေဒနာ၊ ဒေါမနဿ ဝေဒနာက ဝမ်းထဲမှာ၊ သူတို့ပေါ်လာရင်လည်း ဖြစ်ပျက်ရှုပေး၊ မျက်စိ, နား, နှာခေါင်း, လျှာပေါက်တွေမှာက ဥပေက္ခာဝေဒနာ သူတို့ပေါ်လာလည်း ရှုပေးရမယ်၊ အကျဉ်းချုပ်ရင် သုခ, ဒုက္ခ, ဥပေက္ခာ သုံးမျိုး၊ ဘာဝေဒနာလာလာ ဖြစ်ပျက်သာရှုပစ်ကြ။
ဒကာ,ဒကာမတို့ ဘာဝေဒနာပေါ်ပေါ် ဝေဒနာပေါ်တဲ့အခါ ဖြစ်တာပျက်တာကို မမြင်ဘဲ မရှိကြပါစေနဲ့ ဆိုတဲ့အကြောင်း အထူးသတိပေးလိုက်တယ်၊ မရှုဖြစ်လို့ မမြင်ရင် နောက်အကြောင်းသုံးခုက ကြောက်စရာကောင်းလွန်း လို့ အကျိုးသုံးခုကိုရမှာ စိုးရိမ်လို့ပဲဆိုတာ မှတ်ကြ။
ဒကာတို့ကို ကယ်နိုင်ယူနိုင်တဲ့တရားဟာ ဝိပဿနာမဂ်ပဲ၊ ဒကာတို့ အားကိုးစရာအစစ်ဟာလည်း ဝိပဿနာ မဂ်ပဲ၊ ဒီအလုပ်လုပ်လို့ ဝိပဿနာရင့်ကျက်လာတဲ့အခါ လောကုတ္တရာမဂ် ဖြစ်သွားမယ်၊ အဲဒီကျတော့ အပါယ်ပို့မယ်၊ တဏှာ, ဥပါဒါန်, ကံတွေ ချုပ်သွားတော့တာပဲ၊ ချုပ်သွားတော့ ဒီဘက် အပါယ်ခန္ဓာပေါ်ဖို့ မရှိတော့ဘူး၊ ရှင်းကြပလား?။
ဒါဖြင့် ဒကာ,ဒကာမတွေ ဘာကိုအားကိုးကြမတုန်း?လို့ဆိုတော့ ၁ကို ၂နဲ့ရှုတာ အားကိုးကြရမယ်၊ တစ်ကို နှစ်နဲ့ရှုတာကို မလွတ်စေနဲ့ မလစ်စေနဲ့၊ လစ်ရင် ဝေဒနာ, တဏှာပဲ၊ မလစ်လို့ရှုမိရင် ဝေဒနာ, ပညာ၊ ဝေဒနာနောက်က ဝိပဿနာလိုက်ရမယ်၊ မလိုက်ရင် ဘာဖြစ်မလဲ? မလိုက်ရင် အဝိဇ္ဇာ၊ လစ်ရင် တဏှာ, ဥပါဒါန်, ကံ, ဇာတိ, ဇရာ, မရဏတွေ တန်းလိုက်လာတော့တာပဲ၊ ရိပ်မိကြပလား?။
ဝေဒနာဖြစ်ပျက် အနိစ္စကို မြင်အောင်ကြည့်
ဝေဒနာပေါ်တဲ့အခါ မရှုမိရင် ဝေဒနာအဝိဇ္ဇာ၊ ရှုလို့မြင်တော့ ဝေဒနာပစ္စယာ ပညာပဲ၊ မြင်အောင်ရှုတော့ တဏှာ, ဥပါဒါန်, ကံ, ဇာတိ, ဇရာ, မရဏတွေမလာဘူး၊ အကုန်ချုပ်တယ်၊ ဒီအလုပ် မလုပ်ဘဲနေရင် ဒုက္ခရောက် ရမယ်၊ ဒါမလုပ်ဘဲ အေးစက်စက်နေရင် ဒီအစဉ်ကတော့ တန်းနေမှာပဲ၊ ရှင်းကြရဲ့လား?။
ဒါကြောင့် ဝေဒနာဖြစ်ပျက် အနိစ္စကို မြင်အောင်ကြည့်ရမယ်ဆိုတာ လေးလေးစားစားမှတ်လိုက်ကြ၊ ဒါ အားကိုးရာအစစ်ပဲ။
ဒကာတို့ အေးအေးနေသမျှ ဒီအစဉ်ကတော့ တန်းနေမှာပဲ၊ အေးအေးနေတဲ့အပြစ်က ကြီးပါတယ်၊ အေးအေး နေတာဟာ တဏှာဘက်သွားနေတာ သာမညမမှတ်ကြနဲ့၊ အေးအေးနေချိန် မဟုတ်တော့ဘူး၊ အပူတပြင်း လုပ်ကြရ လိမ့်မယ်ဆိုတာ သိကြတော့။ ဒါကြောင့် ဝေဒနာနောက်က မဂ်သွင်းတဲ့အလုပ်ကို လုပ်ကြရမယ်။
ဝေဒနာပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်ရှုကြရမယ်၊ ရှုလိုက်တော့ ဝေဒနာဖြစ်ပျက် ဝေဒနာနိရောဓော ဖြစ်သွား တယ်၊ ဖြစ်တော့ ဝေဒနာနိရောဓော တဏှာနိရောဓောဆိုပြီး မဂ်ပေါ်လာတယ်။ ရှုလိုက်နိုင်တော့ ဝေဒနာနောက်က တဏှာမလာဘဲနဲ့ တဏှာချုပ်တယ်ဆိုတာ ကျေနပ်ပလား? ဒါဖြင့် ဒီလိုချုပ်အောင် ကြိုးစားကြ။
ဒါကြောင့် ဘာဝေဒနာလာလာ ဖြစ်ပျက်ရှုကြ၊ ရှုတော့ ဝေဒနာက္ခန္ဓာချုပ်တဲ့နောက်က မဂ်ဝင်လာမယ်၊ မရှု လို့ ဝေဒနာက္ခန္ဓာ မချုပ်ရင် နောက်, မဂ်ခန္ဓာပေါ်ခွင့်မရှိဘူး၊ ဒါကြောင့် ရှုရမယ်ဆိုတာ ပေါ်ကြပလား?။
ရှုမှတ်တဲ့အခါကျတော့ ဝေဒနာဖြစ်တာပျက်တာကို မြင်တဲ့အတွက် ဒီအပေါ်မှာ တွယ်တာမှုကင်းသွားတယ်၊ အဲ…ဒီတော့ ဝေဒနာနိရောဓော တဏှာနိရောဓောဆိုပြီး မဂ်ပေါ်လာတယ်၊ ဝေဒနာဖြစ်တာ ချုပ်တာကို မြင်တာက မဂ်ပဲ။ ဝေဒနာချုပ်ပြီး မဂ်ပေါ်တယ်၊ တဏှာက မလာဘဲနဲ့ ချုပ်ရတယ်ဆိုတာ မှတ်ကြ၊ သဘောပါပလား?။
တဏှာမှ မလာနိုင်တော့ နောက်က ဥပါဒါန်, ကံ, ဇာတိစတဲ့အကြောင်းတွေ, အကျိုးတွေလည်း အကုန်လုံး ရုပ်သိမ်းသွားတော့တာပဲ။ ဒါကြောင့် ဆင်ခြေလဲမနေကြနဲ့၊ မအားမလပ်ဘူးဆိုပြီး ဖင့်နွှဲမနေကြနဲ့၊ ရှုဖြစ်အောင်ရှုကြ။
မအားလပ်ဘူးဆိုပြီး ဆင်ခြေလဲရင်
မအားလပ်ဘူးဆိုပြီး ဆင်ခြေလဲရင် မအားတာ ဒီခန္ဓာကြီးအတွက်ပဲ၊ ဒီခန္ဓာအတွက် ကျွေးဖို့မွေးဖို့ ရှာဖွေရ ဖို့ မအားမလပ်ဖြစ်နေတာမှန်ရင် ဝေဒနာက္ခန္ဓာအတွက် မအားမလပ်တာပဲဆိုတာ ရိပ်မိကြရမယ်၊ ဒီခန္ဓာအတွက် စားဖို့သောက်ဖို့ဆိုတော့ ဝေဒနာက္ခန္ဓာအတွက်ပဲဆိုတာ ထင်ရှားတယ်။
ဒီခန္ဓာအတွက် ရှာဖွေရတယ်ဆိုတော့ ရှာတာက တဏှာ၊ မရရအောင် ရှာမယ်ဆိုတော့ ဥပါဒါန်မရရအောင် အားထုတ်မယ်ဆိုတော့ ကံ၊ ဒကာတို့ မအားမလပ်တာဟာ လက်စသတ်တော့ ပဋိစ္စသမုပ္ပါဒ် ဆက်နေကြတာပါ၊ စင် စစ်တော့ ဒုက္ခပွားအောင် လုပ်နေကြတာပဲ၊ မအားပြစ် အလွန်ကြီးနေပြီဆိုတာ ရိပ်မိကြပလား?။
ဒကာတို့ကိစ္စတွေက ဟိုမှာလည်း လုပ်သား၊ ဒီမှာလည်း လုပ်သားနဲ့၊ လူတွေ့တဲ့အခါ ပြောကြတယ်၊ မအား ဘူးတဲ့၊ ကိစ္စက အလွန်များတယ်တဲ့၊ ပြောတော့ ကြားရတဲ့လူက ေဩာ် ဟုတ်ပေလိမ့်မယ် မအာနိုင်ရှာဘူး၊ အလုပ်က များပေသကိုးဆိုပြီး မြှောက်နေတတ်ကြတယ်။ အဲဒါ သာမညလို့မမှတ်ကြနဲ့၊ အပါယ်သွားဖို့ အချင်းချင်းချောက်တွန်း နေကြတာပဲလို့သာ မှတ်လိုက်ကြ၊ ရိပ်မိပလား?။
ဒါကြောင့် အခုတရားတပွဲလုံးပဲ ဆုံးဖြတ်ချက်ချကြပါ “ငါတို့ မအားမလပ်တဲ့အပြစ်ဟာ အကြီးဆုံးပါကလား” လို့၊
ဒကာ,ဒကာမတွေ မအားတဲ့အပြစ်ဟာ ဘာကြောင့်ဖြစ်ရတုံး?ဆိုတော့ ဝေဒနာက္ခန္ဓာဆိုတဲ့ ဒကာတို့ခန္ဓာ အတွက်ကြောင့်ပဲဆိုတာ ရှင်းကြပြီ၊ ထပ်ပြီး ဆန်းစစ်လိုက်ပါဦးတဲ့၊ ဝေဒနာက္ခန္ဓာဟာ သူ့ချည့်ပဲလား?ဆိုတော့ မဟုတ် ဘူး၊ ခန္ဓာငါးပါးလုံးတွဲပြီး ပါနေပါတယ်၊ အဲဒီတော့ ဒီခန္ဓာကြီးကြောင့်ပဲလို့သာ မှတ်လိုက်ကြ၊ သဘောပါကြရဲ့လား?။
ဒီခန္ဓာကြီးစားဖို့ရာ ရှာရတယ်၊ ဘာနဲ့ရှာရတုံး? တဏှာနဲ့ရှာတာ၊ ရှာတဲ့အခါတော့ ရှာရရုံနဲ့ပဲ ကျေနပ်သလား? မကျေနပ်ဘူး၊ မရရအောင်ဆိုတဲ့ ဥပါဒါန်လာတယ်၊ မရရအောင် ဆိုပြန်တော့ ကိုယ်ရောစိတ်ရော နှုတ်ရော အားထုတ် မှပဲဆိုတော့ ကံဖြစ်သွားတယ်၊ အဲဒါ ဒကာတို့ အမှားဒဏ်ချက်ပဲလို့သာ မှတ်ကြတော့။
အမှားဒဏ်ချက်များတော့ ဘာဖြစ်သလဲ?
အမှားဒဏ်ချက်များတော့ ဘာဖြစ်သလဲ? ငါ အပါယ်သွားမယ်ဆိုတာနဲ့ အတူတူပဲ၊ အဲဒီလိုဖြစ်တာ မအားလို့ အပါယ်သွားရတာပဲလို့သာ မှတ်လိုက်ကြ၊ ဖြစ်စဉ်က ဒီအတိုင်းကိုက်နေပါတယ်၊ ကျေနပ်ပလား?။
ဒါကြောင့် မအားသေးဘူးဆိုရင် ဘယ်လိုပြောရမလဲ?၊ “တပည့်တော်တို့ မအားလို့ ခုတော့မလုပ်နိုင်သေးဘူး၊ နောက် ဖြည်းဖြည်းတော့ လုပ်ပါမယ်”လို့ဆိုရင်ဖြင့် “အခုတော့ အပါယ်သွားလိုက်ပါရစေဦး”ဆိုတာနဲ့ အတူတူပဲလို့ သာ မှတ်ကြပေတော့။
ဒကာတို့ ဆင်ခြေဟူသမျှဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာနဲ့ အတူတူပဲ၊ သေကြောင်းကြံတယ်ဆိုတာ အပါယ်သွားကြောင်း ကြံတာကိုပြောတာ၊ ရိပ်မိကြရဲ့လား?။
ဆရာရင်း, ဒကာရင်းတွေမို့ ရင်းရင်းနှီးနှီးပဲ ပြောရပါတယ်၊ ဖြစ်စဉ်ကလည်း ကိုက်နေလို့ လွဲှပြောင်းဟောလို့ လည်း မရဘူး၊ ဘုရားကဟောလည်း ဒီအတိုင်းပဲရှိမယ်။ ဒီတော့ သေသေချာချာ မှတ်လိုက်ကြပါ၊ “ဒကာတို့ မအားတာ ဟူသ၍ကဖြင့် တဏှာ, ဥပါဒါန်, ကံတွေကြောင့်ပဲ၊ ဒါတွေလုပ်နေရလို့ မအားတာပဲ” ကျေနပ်ပလား?။
ဒကာတို့ မအားတာဟူသ၍ အပါယ်သွားဖို့ ကံစုတာအပြင် ဘာမှမရှိဘူး၊ ဒီကံတွေက အများအပြားရှိနေ တယ်၊ အသင်္ချေနဲ့ အနန္တ စုမိဆောင်းမိနေတယ်၊ ဒီကံတွေက အပါယ်တစ်ခါပို့လိုက် တစ်ခုလွှတ်ပေးလိုက်၊ တစ်ကံ ကုန်ခါနီးရင်း တစ်ကံလွှတ်ပေးရင်းနဲ့ပဲ ဒကာတို့စုထားတဲ့ကံတွေဟာ ကုန်နိုင်စရာမမြင်ဘူး။
အဟောသိကံဖြစ်အောင် လုပ်ရလိမ့်မယ်
ဒါကြောင့် အခုနေမှာ အဟောသိကံဖြစ်အောင် လုပ်ရလိမ့်မယ်၊ အဟောသိကံ မဖြစ်သမျှ အပါယ်, ငရဲက တက်ခွင့်ရဖို့ မမြင်ဘူး၊ လွတ်ရက်ကို မရှိတော့ဘူး။
ဒါကြောင့် ဖြစ်ပျက်ရှုတဲ့ ဝိပဿနာအလုပ် လုပ်မှဖြစ်မယ်၊ ဝေဒနာပေါ်တဲ့အခါ တဏှာမကူးခင် မဂ်ကြားဝင် တဲ့အလုပ် လုပ်မှဖြစ်တော့မယ်ဆိုတာ သဘောပါကြပလား?။
ဝေဒနာပေါ်လို့ မဂ်ကြားမသွင်းမိတော့ “ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါန်၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာ ဇာတိ, ဇရာ, မရဏ” သွားလေဦးတော့ပဲ၊ ဒီလမ်းစဉ်ကို မပြောင်းသမျှ ဘယ်အခါမှ ဒုက္ခလက်စမသတ်ဘူးဆိုတာ ကြပ်ကြပ်သတိပေးလိုက်တယ်။
ဒါကြောင့် အခုအချိန်မှာ ဘုရားစကားတော်ကို နားထောင်၊ ဆရာသမားစကားကို နားထောင်ပြီး လိုက်နာ ကြရမယ်၊ လိုက်နာရမယ်ဆိုတော့ ဘုရားက “သုခံဝါ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ” သိအောင်လုပ်ရမယ်လို့ ဟောထားပါတယ်။ ဒီတော့ ခန္ဓာကိုယ်ထဲမှာ သုခဝေဒနာကလေး ပေါ်လာတယ်ဆိုတော့ ဒီကဉာဏ်နဲ့ ကြည့်လိုက်ရမယ်။
ဉာဏ်နဲ့ကြည့်လိုက်တဲ့ အချိန်အခါကျတော့ သုခဝေဒနာကလေး ဖြစ်ပေါ်လာပြီး ပျောက်ပျက်သွားတာကို တွေ့ရမယ်၊ ဉာဏ်နဲ့ကြည့်တဲ့အချိန်မှာ ဝေဒနာကလေး မရှိတော့ဘူးဆိုတာ သိရမယ်၊ အဲဒီတော့ မရှိတာက အနိစ္စ၊ သိတာက မဂ္ဂဖြစ်သွားတယ်၊ ရှင်းကြရဲ့လား?၊ မရှိတာက ဘာတုံး?ဆိုတော့ ဝေဒနာကလေး မရှိတာကိုပြောတာ။
မဂ္ဂဖြစ်သွားတော့ ဝေဒနာက နိရောဓ၊ ရှုဉာဏ်က မဂ္ဂပဲ၊ အဲဒီလိုဝေဒနာ နိရောဓဖြစ်တဲ့အတွက် ဝေဒနာ နိရောဓာ တဏှာနိရောဓောပဲ၊ ဒီတော့မှ တဏှာနိရောဓောတိ မဂ္ဂေါ၊ တဏှာချုပ်တယ်ဆိုတာ မဂ်ပေါ်တာကို ခေါ်တာ ပဲတဲ့။ ဒကာတို့ တဏှာချုပ်တယ်ဆိုတာ တဏှာမလာဘဲ ချုပ်တာကိုဆိုပါတယ်၊ တဏှာလာမယ့်နေရာမှာ မဂ်ပေါ်လာ တယ်။
ဒကာ,ဒကာမတို့ ဒီနေရာမှာ စာသိနဲ့ စာစကားပဲပြောနေလို့ မရဘူး၊ စာသမားက ဝေဒနာချုပ်လို့ တဏှာ ချုပ်တယ်ဆိုတော့ “ဒီတဏှာ ချုပ်ပျောက်သွားရမှာပဲ”လို့ ယူချင်ယူနေမယ်၊ အမှန်က တဏှာဟာ ပေါ်ကိုမလာဘူး၊ မလာဘဲ ချုပ်ပျောက်တာကို ဆိုတာပဲလို့မှတ်ကြ။
ဝေဒနာကိုရှုမှ ပပဉ္စချုပ်မယ်
ဘုရားသခင် ကိုယ်တော်မြတ်က သိကြားကိုဟောတဲ့နေရာမှာ “ဝေဒနာကို ဖြစ်ပျက်ရှုရမယ်၊ ဝေဒနာကိုရှုမှ ပပဉ္စချုပ်မယ်”လို့ဆိုတယ်၊ ပပဉ္စချုပ်စေချင်ရင် ဝေဒနာကိုရှုရမယ်ဆိုတော့ ဝေဒနာကိုရှုတဲ့အခါမှာ တဏှာမလာတော့ ဘူး၊ တဏှာဟာ ပပဉ္စတရားပဲ၊ တဏှာ, မာန, ဒိဋ္ဌိတို့ကို ပပဉ္စလို့ဆိုပါတယ်။ တဏှာချုပ်တော့ သူနဲ့တွဲပြီး ဒိဋ္ဌိလည်း ချုပ်တယ်၊ မာနလည်း တွဲပြီးချုပ်ပါတယ်၊ တဏှာနဲ့ဒိဋ္ဌိက ခွဲလို့မရဘူး၊ လောဘစိတ်ရှစ်ခုထဲမှာ “သောမနဿသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ”တဲ့၊ ရှင်းပလား?။
တဏှာနဲ့ ဒိဋ္ဌိ ခွဲမရသလို တဏှာနဲ့ မာနလည်း တွဲနေပါတယ်၊ ဒီတော့ ဒီအထဲမှာ တဏှာ, မာန, ဒိဋ္ဌိ ပပဉ္စ တရား သုံးပါးလုံး အစုံပါနေတယ်၊ ဒါကြောင့် ဒီပပဉ္စချုပ်စေချင်ရင် မဂ်ကိုသွင်းပေးရမယ်၊ ဝေဒနာကိုရှုတဲ့ ဝိပဿနာ မဂ်ကို သွင်းရမယ်ဆိုတာ မှတ်လိုက်ကြ။
သွင်းတတ်ကြပလား? ကိုင်း ဒါဖြင့် အခု ဆရာဘုန်းကြီးက နည်းပေးလိုက်ပါမယ်၊ ဒကာတို့တတွေ အိမ်ပြန် ရောက်တဲ့အခါကျတော့ ဆိတ်ငြိမ်တဲ့နေရာမှာ ထိုင်ပြီးရှုကြပါ၊ ရှုနည်းက ပထမ အသက်ရှူတဲ့အခါ ရှူတဲ့ရှိုက်တဲ့စိတ် ကလေးကို သိနေရမယ်။
ရှုတဲ့အခါ ရှုစိတ်၊ ရှိုက်တဲ့အခါ ရှိုက်စိတ်၊ ရှူတိုင်းရှိုက်တိုင်း နှာသီးဖျားကစောင့်ပြီး စိတ်ကလေးဖြစ်လိုက်, ချုပ်လိုက်နဲ့နေတာကို သတိနဲ့ကြည့်ပေးနေပါ၊ အဲဒီဟာ သမာဓိအတွက် မတယ်လိုက်တာပဲ။
အဲဒီလိုရှုလို့ ၅ မိနစ်၊ ၁၀ မိနစ်၊ ၂၀ မိနစ်ဆိုသလို ကြာလာတော့ ခန္ဓာကပြောလာလိမ့်မယ်၊ ခန္ဓာကိုယ်ထဲက ယားတယ်၊ နာတယ်၊ ကိုက်တာခဲတာ၊ တောင့်တာတင်းတာ, ကောင်းတာဆိုးတာ တစ်မျိုးမျိုးပေါ်လာလိမ့်မယ်၊ ဒီလို ဝေဒနာလေးတွေ ပေါ်တဲ့အခါ ရှုတာ, ရှိုက်တာကိုလွှတ်ပြီး ဝေဒနာဖြစ်ပျက် ရှုပေးကြရမယ်။
စိတ်ကလေး ဘယ်မှ မပြေးတော့မှ ဝေဒနာလိုက်ပါ၊
ပထမ ရှုစိတ်, ရှိုက်စိတ်ကို မှန်မှန်ရှုပေး၊ ၁၅ မိနစ်၊ ၂၀ မိနစ်ဆိုသလို ကြာလာလို့ စိတ်ကလေး ဘယ်မှ မပြေးတော့မှ ဝေဒနာလိုက်ပါ၊ စိတ်ကလေးတည်ငြိမ်လာရင် ခန္ဓာကိုယ်ထဲမှာ ဝေဒနာအမျိုးမျိုးပေါ်လာမယ်၊ ပေါ်လာ တော့ ပေါ်တဲ့နေရာကို ရှုဉာဏ်လိုက်ပေးရမယ်။
ဝေဒနာအမျိုးမျိုး ပေါ်ချင်ရာပေါ်မှာပဲ၊ ပေါ်တဲ့အခါသာ မလွတ်စေနဲ့၊ ဝိပဿနာမဂ်နဲ့ လိုက်ပေးရမယ်၊ လိုက်တတ်ကြပလား? ဝေဒနာလေးတွေ မဂ်နဲ့လိုက်တော့ ဖြစ်ပေါ်လာလိုက် ပျောက်ပျက်သွားလိုက်၊ ဖြစ်လာလိုက်, ပျက်သွားလိုက်ဆိုတာ သိရမြင်ရမယ်၊ နောက်တော့ ဖြစ်ပြီးပျက်နေတာပါလားဆိုတာ သိလာလိမ့်မယ်၊ ရှင်းကြပလား?။
ဝိပဿနာမဂ်နဲ့လိုက်ဖို့ရာ ခြောက်နေရာ၊ ဝေဒနာငါးမျိုး မှတ်ရမယ်၊ မျက်စိ, နား, နှာခေါင်း, လျှာ, အဲဒီ လေးခုမှာ ဥပေက္ခာဝေဒနာ။ ကိုယ်ပေါ်မှာက သုခဝေဒနာ, ဒုက္ခဝေဒနာ နှစ်မျိုး၊ ဝမ်းထဲမှာက သောမနဿဝေဒနာ, ဒေါမနဿဝေဒနာလို့ နှစ်မျိုး၊ အဲဒီငါးမျိုး တစ်မျိုးမျိုးပေါ်တိုင်း ဖြစ်ပျက်ရှုရမယ်၊ ပေါ်လာပြီး မရှိတော့တာကို သိအောင် လုပ်ရမယ်။
ဒကာ,ဒကာမတို့ ဝိပဿနာမဂ်ငါးခုနဲ့ လိုက်ရမယ်ဆိုတာကို မှတ်ထားလိုက်ကြ၊ ဆုတောင်းနဲ့ မရဘူး၊ လိုက်ရှု မှသာ ရမယ်၊ ဒကာတို့က တောင်းယူရင် ရလိမ့်မယ်မှတ်ပြီး “မဂ်ဖိုလ်နိဗ္ဗာန် ရရပါလို၏”ဆိုပြီး တောင်းနေကြတာ အတော်အရုပ်ဆိုးတယ်။ ဝိပဿနာမဂ်နဲ့ လိုက်ရှုမှသာ ရမယ်ဆိုတာ ကျကျနနမှတ်လိုက်ကြ။ လိုက်ရှုမှ မဂ်ဖြစ်တာ ရှင်းပလား?။
မဂ်က တောင်းယူလို့ ရတဲ့အမျိုးမဟုတ်ဘူး၊ တောင်းယူလို့ရတာက တစ်မျိုး၊ ပေးကမ်းလှူဒါန်းပြီး နတ်ရွာ, သုဂတိကို တောင်းယူရင်ရတယ်၊ မဂ်က တောင်းယူလို့မရဘူး၊ ရှုမှဖြစ်တယ်ဆိုတာ အားလုံးပဲ မှတ်ထားလိုက်ကြပါ၊ ရှင်းပလား?။
ဝေဒနာကဖြစ်ပျက်၊ ရှုတာက မဂ်
မရှုဘဲနေရင် ဝေဒနာနောက်က တဏှာ, ဥပါဒါန်, ကံ ဒါတွေပဲလာပြီး ဒီအတိုင်းချည့်တန်းနေမှာပဲ။ ရှုလိုက် တော့ ဝေဒနာပေါ်တဲ့အခါ မဂ်နဲ့ရှုလိုက်တော့ ဝေဒနာကဖြစ်ပျက်၊ ရှုတာက မဂ်ဖြစ်သွားတယ်၊ “ဝေဒနာနိရောဓော တဏှာနိရောဓော, တဏှာနိရောဓောတိ မဂ္ဂေါ”ဆိုတာ ရှုလို့ဖြစ်တာ၊ ကျေနပ်ကြပလား။
မရှုရင် မဖြစ်ဘူး၊ ရှုတော့ တဏှာ, ဥပါဒါန်, ကံတွေအကုန် ချုပ်သွားတယ်။ မဂ်ဆိုတာဟာ ပွားယူရတဲ့အမျိုး၊ ရှုရပွားရမယ့်အမျိုးဆိုတာ သိကြရမယ်၊ ဝိပဿနာမဂ်မှာ ပွားရမယ်၊ လောကုတ္တရာမဂ်ကျတော့ ပွားဖို့မလိုဘူး၊ တစ် ကြိမ်တည်းနဲ့ ကိစ္စပြီးတယ်။ ဒါကြောင့် မဂ္ဂဘိညာ သကိမတာတဲ့၊ ဒါပေမဲ့ “ဝိပဿနာမဂ် ရှေ့သွားရှိပါမှ၊ လောကုတ္တရာ မဂ်လာမယ်”ဆိုတာ ကျကျနန မှတ်ထားကြရမယ်၊ ရှင်းပလား?။
ဝိပဿနာမဂ် ရှေ့သွားရှိမှ လောကုတ္တရာမဂ် ပေါ်နိုင်တယ်၊ ဝိပဿနာမဂ် ရှေ့သွားမရှိရင် လောကုတ္တရာ မဂ် ပေါ်ခွင့်မရှိဘူး။
ဒကာ,ဒကာမတွေကို ပွားကြ-ပွားကြလို့ တိုက်တွန်းနေရတာ လောကုတ္တရာမဂ် ပေါ်စေချင်လို့ပဲဆိုတာ ရိပ်မိ ကြပလား၊ ဒီအရေးထက် ကြီးတဲ့အရေးဖြင့် မရှိတော့ပါဘူး၊ အခုမှ သာသနာကြုံလို့ ရနိုင်ယူနိုင်ကြတာ၊ သာသနာတွင်း မကြုံရင် အသံတောင် ကြားရဖို့မလွယ်ဘူး။
ဒကာတို့မှာ အကုသိုလ်ကံကြွေးတွေက ဒုနဲ့ဒေးဆိုသလို ကိုယ်စီကိုယ်င ရှိနေကြတယ်၊ ဒီကြွေးတွေကို မဂ်တစ် ချက်ဖြတ်လိုက်ရင် ကျော်နိုင်တယ်၊ အဟောသိကံဖြစ်နိုင်တယ်၊ မဂ်နဲ့မှမဖြတ်နိုင်ရင် ခန္ဓာအမျိုးမျိုးနဲ့ ကုန်းရုန်းပြီး မကျေကျေအောင် ဆပ်ရတော့မယ်။
မဂ်နဲ့ဖြတ်ရင် ကျေပါတယ်
တစ်သက်လုံးပဲ မုဆိုး, တံငါလုပ်နေပါစေ မဂ်နဲ့ဖြတ်ရင် ကျေပါတယ်၊ ပဉ္စာနန္တရိယကံနဲ့ နိယတမိစ္ဆာဒိဋ္ဌိကံ တို့ကလွဲရင် ကျန်တဲ့ကံမျိုးတွေကို မဂ်က အကုန်ဖြတ်နိုင်တယ်၊ အကုန်ကျေနိုင်တယ်၊ ဒီအထဲမှာ အမိသတ်, အဖသတ် လူမျိုးလည်း မပါပါဘူး။ နိယတမိစ္ဆာဒိဋ္ဌိသမားလည်း မရှိပါဘူး၊ ဒါကြောင့် ကြိုးစားရင် မုချရမယ်ဆိုတာ ဆုံးဖြတ်ချက် ချကြ။
ဒကာတို့မှာ ကြွေးတွေ အများကြီးတင်နေတယ်၊ ဒကာတို့ကြွေးကို ဒကာတို့ဆပ်မှသာ ကျေမယ်၊ ဘုန်းကြီးဆပ် လို့ မကျေဘူး၊ သားသမီး, သားမယား, ဆွေမျိုးဉာတကာတွေက ဆပ်လို့လည်းမရဘူး၊ ကိုယ့်ကြွေးကို ကိုယ်တိုင်ဆပ်မှ ရမယ်၊ သေချာပလား။
ကိုယ့်တဏှာနဲ့ ကိုယ့်ကံကို စုထားတာ၊ သူများစုပေးတာ မဟုတ်ဘူး၊ ဒါကြောင့် ကိုယ်စုတဲ့ကြွေး, ကိုယ်သာ ဆပ်ရမယ်ဆိုတာ ကျေနပ်ပလား? ဒါကြောင့် လက်ရှိအခြေအနေနဲ့ တင်းတိမ်မနေဘဲ ဝိပဿနာမဂ်ဉာဏ်ကို ပွားကြ ပါဆိုတာ ယနေ့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။
ဒကာ,ဒကာမတွေ ဒီကံကြွေးတွေက မဂ်နဲ့မဆပ်သ၍မှာဖြင့် ဘယ်တော့မှ မကျေနိုင်တော့ဘူးဆိုတာ မှတ်လိုက် ကြပါ၊ ဒါကြောင့် အခုအချိန်ကစပြီး မဂ်နဲ့ဆပ်ကြရမယ်။
ဆပ်နည်းကို ပြောကြပါစို့ဆိုတော့ တစ်နေ့ကပြောခဲ့တဲ့အတိုင်း သိကြားမင်းက လျှောက်ထားလို့ ဘုရားက ဟောတော်မူတဲ့အချက်မှာ ခန္ဓာမှာ ဝေဒနာပေါ်တိုင်း ရှုရမယ်ဆိုတာ သိကြရပြီ။
အဲဒါကြောင့် ဝေဒနာငါးပါး, ဝေဒနာသုံးပါး, ပေါ်ချင်ရာပေါ်၊ ပေါ်လာသမျှ မလွတ်အောင် ဖြစ်ပျက်ရှုကြ ရမယ်၊ သုခဝေဒနာပေါ်လည်း ဖြစ်ပျက်ရှု၊ ဒုက္ခဝေဒနာပေါ်လည်း ဖြစ်ပျက်ရှု၊ ရှုတော့ ဝေဒနာက ဖြစ်ပျက်၊ ရှုတဲ့ဉာဏ် က မဂ်ဖြစ်သွားတယ်။ ဝေဒနာနောက်မှာ မဂ်ဝင်လိုက်တော့ နောက်, တဏှာ, ဥပါဒါန်, ကံတွေအကုန်ချုပ်တယ်၊ ရှင်းကြပလား?။
ဒီနည်းအတိုင်း ဆက်လက်ပြီး ရှုလိုက်သွားတော့ ဝေဒနာဖြစ်ပျက်တွေ အများမြင်လို့ ဉာဏ်တက်လာတော့ မုန်းလာမယ်၊ ဆက်လက်ပြီး ရှုမြဲရှုပြန်တော့ မုန်းရာကနေပြီး တစ်ချက်ချက်မှာ ဝေဒနာဖြစ်ပျက်တွေ ဆုံးသွားတော့ တယ်ဆိုတာ မှတ်ကြရမယ်။
ဝေဒနာဖြစ်ပျက် ဆုံးတဲ့နေရာမှာ မဂ္ဂင်ရှစ်ပါး
အဲဒီဝေဒနာဖြစ်ပျက် ဆုံးတဲ့နေရာမှာ မဂ္ဂင်ရှစ်ပါးရှိတဲ့ လောကုတ္တရာမဂ်စစ် ပေါ်လာတော့တာပဲ၊ နဂိုက ရှုနေတာ မဂ္ဂင်ငါးပါးရှိတဲ့ ဝိပဿနာမဂ်နဲ့ရှုနေတာ၊ အဲဒီလောကီဝိပဿနာမဂ်က ရင့်ကျက်လာလို့ မဂ္ဂင်ရှစ်ပါးပြည့် ပြီး လောကုတ္တရာမဂ် ပေါ်လာတယ်။ ကိုင်း ဒကာ,ဒကာမတွေ ကျေနပ်ကြပလား?။
အဲဒီအခါကျတော့မှ ဝေဒနာဖြစ်ပျက်တွေက ဒုက္ခသစ္စာ၊ ဝေဒနာဖြစ်ပျက်အဆုံးကို မြင်တဲ့ဉာဏ်က မဂ္ဂသစ္စာ၊ ဝေဒနာဖြစ်ပျက် ဆုံးတဲ့နေရာမှာ ပေါ်လာတာက နိရောဓသစ္စာ၊ အပါယ်ကြွေးတွေ ကျေကုန်တာက သမုဒယသစ္စာ။
အဲဒီလို မဂ်တစ်ချက်ဖြတ်လိုက်တာနဲ့ ကိစ္စလေးချက် တစ်ပြိုင်နက် ပြီးစီးသွားတယ်၊ အပါယ်သွားရမယ့် အကု သိုလ်ကြွေး ဟူသမျှတွေလည်း အကုန် အဟောသိကံဖြစ်သွားတဲ့အတွက် အကုန်ကျေတယ်ဆိုတာ မှတ်လိုက်ကြတော့၊ သဘောကျပလား?။
ကိုင်း, ဒါဖြင့် ဆရာဘုန်းကြီးက ကရုဏာရှေ့ထားပြီး လမ်းစဉ်ကိုတော့ ညွှန်ပြပြီးပြီ၊ လမ်းစဉ်အတိုင်း ဖြောင့် ဖြောင့်မတ်မတ်လိုက်ဖို့က ဒကာတို့တာဝန်ပဲ ကျန်တော့တယ်။
ကိုယ့်ကိုယ်ကိုယ် ချစ်သနားတာမှန်ရင်ဖြင့် အကုသိုလ်ကြွေးတွေကို ယနေ့ မဂ်ဉာဏ်နဲ့ ဆပ်ကြပါဆိုတာကို ထူးထူးခြားခြားပဲ တိုက်တွန်းလိုက်ပါတယ်။
ဒကာ,ဒကာမတွေ သဘောပါကြရဲ့လား?။
ကိုင်း… နာရီစေ့ပြီ၊ ဒီတွင်ပဲ တော်ကြဦးစို့။
