20706

မှန်မသိတွက် ဆင်းရဲနက် တရားတော်

ဆောင်ပုဒ်

မသိမှန်ကန်၊ အရင်းခံ၊ တဏှံ ခင်မှုပွား။

ရအောင်ပြုလုပ်၊ ကံအားထုတ်၊ ဒုက္ခဆင့်ဆင့်ထား။

အကြောင်းပြုပြင်၊ ခြောက်ဝိညာဉ်၊ အစဉ် ရုပ်နာမ်များ။

နယ်ချဲ့ခြောက်တန်၊ ဖဿခံ၊ သုံးတန် လှည့်ခံစား။

တဏှာနှစ်သက်၊ စွဲလမ်းမက်၊ ဆက်လက် ကံပြုမှား။

ဇာတိစချေ၊ အိုနာသေ၊ ပူပွေ ဒုက္ခများ။

ခန္ဓာအဇ္ဈတ်၊ သတိချပ်၊ သင့်မြတ်နှလုံးသား။

ကြောင်းကျိုးအလျော်၊ ရုပ်နာမ်ပေါ်၊ ဉာဏ်မြော်ဖြစ်ပျက်ပွား။

အဝိဇ္ဇာပျောက်၊ ဝိဇ္ဇာရောက်၊ မျက်မှောက်နိဗ္ဗူလား။

သတိချပ်

ခန္ဓာခြင်းရာ၊ ဒုက္ခသာ၊ သေရာအမြဲသွား။

ဗြဟ္မာ နတ်လူ၊ ဇာတိဟူ၊ ရယူဒုက္ခပွား။

ကလေး မီးခဲ၊ မျိုသည့်နဲ၊ လွန်ကဲ ရူးချက်ထွား။

ဆွမ်းကွမ်းလှူစုံ၊ ငွေကြေးကုန်၊ တောင်ပုံ အလွန်မှား။

လမ်းညွှတ်ဆရာ၊ ကြုံခိုက်မှာ၊ မြန်စွာ ပြင်သင့်သား။

ကြောင်းကျိုးဆက်ဆက်၊ ပဋိစ္စစက်၊ ပြုတွက်မှောက်အမှား။

အဝိဇ္ဇာစ၊ တဏှာကြွ၊ ကမ္မ မျိုးစေ့ပွား။

အကြောင်းချုပ်ရန်၊ ဝိဇ္ဇာဉာဏ်၊ ရရန် လွန်ကြိုးစား။

တရားသား

ခန္ဓာဟာ ဘယ်လမ်းကိုသွားနေပါသလဲ?

ဒကာ,ဒကာမတို့ မိမိတို့ရဲ့ခန္ဓာဟာ ဘယ်လမ်းကိုသွားနေပါသလဲ? ဉာဏ်နဲ့ဆင်ခြင်ပြီး ကြည့်ကြစမ်းပါဆိုတာ သတိပေးလိုက်တယ်၊ ဉာဏ်နဲ့ဆင်ခြင်ပြီး မိမိတို့ကိုယ်တိုင် မေးကြည့်ကြစမ်းပါ၊ အဲဒီလိုမေးကြည့်တဲ့အခါ “ဪ… ဒုက္ခရှိတဲ့လမ်းကို သွားနေပါကလား”လို့ အဖြေပေးလိုက်မှာက သေချာပါတယ်၊ ရိပ်မိရဲ့လား?။

ဉာဏ်နဲ့ စဉ်းစားကြည့်ကြပါ၊ ဇာတိဒုက္ခကြီးက လာခဲ့ရတယ်၊ အခုနေမှာ အိုဒုက္ခ, နာဒုက္ခတွေကလည်း လက်ရှိနဲ့ သေရာအရောက် သွားနေကြရတယ်၊ တစ်ချိန်မဟုတ် တစ်ချိန်မှာဆိုသလို သေရာဒုက္ခ, မရဏဆိုတဲ့ဘူတာ ကို ဆိုက်ကြရတော့မယ်၊ နေ့လား ညလား? ယနေ့လား? နက်ဖြန်လား? ဆိုတာသာ မသိနိုင်ကြတယ်၊ သေမှာကတော့ မုချပဲဆိုတာ သိကြတယ်၊ ကျေနပ်ပလား?။

ဒကာ,ဒကာမတို့ တစ်ဘဝလာလည်း ဒီဘူတာဆိုက်ကြရတယ်။ နောက်တစ်ဘဝလာလည်း ဒီမရဏဘူတာပဲ ဆိုက်ကြရမယ်ဆိုတာ သေချာတယ်၊ ဘယ်ဘုံ ဘယ်ဘဝမှာပဲဖြစ်ဖြစ် ခန္ဓာရသူမှန်သမျှ ဒီဘူတာက လွှဲဖယ်လို့မရဘူး၊ အားလုံး သေဘေးသင့်ကြမှာချည့်ပဲ၊ သဘောပါကြပလား?။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက ဒါကို မစဉ်းစားမိကြပဲ ခန္ဓာအမျိုးမျိုးကို ရလိုကြောင်းနဲ့ တောင်းယူနေကြ ရတယ်၊ လူဖြစ်ရပါလို၏၊ နတ်ဖြစ်ရပါလို၏၊ ဗြဟ္မာဖြစ်ရပါလို၏တဲ့၊ အဲဒီလိုခန္ဓာတွေ တောင်းတာဟာ သေဘေးမကြောက် လို့ဘဲ၊ ခန္ဓာတောင်းပြီး မရဏဆီ အရောက်သွားနေကြတယ်၊ ရိပ်မိကြရဲ့လား။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “မရဏမ္ပိ ဒုက္ခသစ္စာ”ပဲလို့ ဟောထားပါရက်နဲ့ ဒကာတို့ဟာ မသိဆိုးဝါး တဲ့လူတွေပဲလို့ဆိုရင် မှားသလား? မမှားတော့ဘူး၊ နည်းနည်းမှ မရိပ်မိကြဘူးလို့လည်း စွဲချက်တင်လိုက်ပါတယ်၊ ဒါကို မရိပ်မိရှာတော့ ခန္ဓာတွေတောင်းပြီး အရယူကြ၊ သေဘေးရှိရာ အရောက်ပြေးတတ်တဲ့ ခန္ဓာကြီးကိုရလာကြ၊ ဒီခန္ဓာကြီးကိုရထားလို့ သေရာအရောက်သွားနေရ၊ ဒကာ,ဒကာမတို့ အသေလက်စ ဘယ်တော့များမှ သတ်ကြမတုန်းလို့ မေးလိုက်ပါတယ်။

သေဘေးသင့်ရပါလို၏လို့ ဆိုတာနဲ့ အတူတူပဲ

ဒကာ,ဒကာမတို့ ကိုယ့်အဖြစ်ဆိုးကို ကိုယ်တိုင်သိကြတော့၊ လူဖြစ်ရပါလို၏လို့ ဆိုတာဟာ သေရာဒုက္ခရှိတဲ့ ဆီကို ပြေးရပါလို၏။ သေဘေးသင့်ရပါလို၏လို့ ဆိုတာနဲ့ အတူတူပဲ၊ ရှင်းကြရဲ့လား?၊ အဖြစ်ကိုတောင်းတာဟာ အပျက်မရဏရဖို့ပဲ ဖြစ်တယ်ဆိုရင် အဲဒီလမ်းပဲဆိုတာ မှတ်ကြ။

အဖြစ်ကိုတောင့်တရင် ဆိတ်ဖြစ်ရပါလို၏။ သိုးဖြစ်ရပါလို၏လို့ ဆိုတာနဲ့ အတူတူပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြရဲ့လား၊ ဆိတ်ဖြစ်တော့ သူသတ်ထံသွားရမယ်၊ သိုးဖြစ်တော့လည်း သားသတ်ရုံသွားရမှာပဲ၊ ဒကာ,ဒကာမတို့ လိုချင်တောင့်တတဲ့ အဖြစ်ဟူသမျှတွေဟာလည်း နောက်ဆုံးတော့ သုသာန်သွားရမှာချည့်မို့ သိုး, ဆိတ်အဖြစ်နဲ့ ဘာမှ မထူးခြားဘူးလို့သာ ဆုံးဖြတ်ချက်ချ။

ဒကာတို့တတွေက အမှန်အကန် မသိမမြင်ကြတော့ အဖြစ်အမျိုးမျိုးကိုပဲ ဆုတောင်းပြီး ယူနေကြတယ်၊ ဆွမ်း, ကွမ်း အကုန်ခံပြီး တောင်းယူကြ၊ အလှူဒါနမျိုးစုံအောင် ငွေကုန်လူပန်းခံပြီး အဖြစ်တွေပဲ တောင်းယူနေကြ တယ်၊ ရမယ်ရတော့ အလောင်းချည့်ပဲ၊ ဒကာတို့ အကုန်အကျခံပြီး တောင်းလေသမျှ သေမင်းထံ ဝကွက်အပ်ကြရမှာ ချည့်ပဲ၊ သဘောပါကြပလား?။

လူအဖြစ်တောင်းတော့ လူ့ဇာတိက စရမယ်၊ နတ်တောင်းတော့လည်း နတ်ဇာတိကစ၊ ဗြဟ္မာတောင်းတော့ ဗြဟ္မာတောင်းတော့ ဗြဟ္မာဇာတိကစရ၊ ဘာအဖြစ်ရရ ဇာတိကစရမှာပဲ၊ ဇာတိပိ ဒုက္ခသစ္စာဆိုတော့ ဒကာ,ဒကာမတို့ တောင်းတာဟာ ဇာတိဒုက္ခနဲ့ ဖြစ်ရပါလို၏၊ ဒုက္ခရောက်ရပါလို၏လို့ ဆိုတာပါပဲ ရိပ်မိကြပလား?။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ အဖြစ်ကိုချည့် တောင်းနေကြတာ ဘာကြောင့်လဲ? ဘာလို့တောင်းတာလဲ? ဒကာတို့တတွေက လူလို့သိတယ်၊ ဇာတိလို့ မသိဘူး၊ နတ်လို့သိတယ်၊ ဗြဟ္မာလို့သိတယ်၊ နတ်ဇာတိ, ဗြဟ္မာဇာတိဆိုတာ ကိုလည်း မသိ၊ ဇာတိဒုက္ခသစ္စာဆိုတာလည်း မသိကြဘူး၊ သိတာ ဘာမှမပါဘူး၊ ဇာတိပိ ဒုက္ခသစ္စာပဲ၊ ဒါကိုမသိတော့ ရူးချက်သန်တော့တာပဲဆိုတာသာ မှတ်လိုက်ကြ။

ကလေး မီးကျီးခဲကိုင်ပြီး ပါးစပ်ထဲခွံ့နေသလို

ဒကာ,ဒကာမတို့ လုပ်ပုံတွေဟာ “ကလေး မီးကျီးခဲကိုင်ပြီး ပါးစပ်ထဲခွံ့နေတဲ့ ဥပမာအတူပဲ”ဆိုတာ မှတ်ကြ၊ ကလေးငယ်ဟာ အသိတတ်တရားမရှိတော့ ကိုယ့်ကိုလောင်ကျွမ်းမယ့် မီးကျီးခဲတောင် မသိရှာဘူး၊ တွေ့ရာမှာကောက် ပြီး ပါးစပ်ထဲ မျိုးချလိုက်တော့တာပဲ။ ဒကာ,ဒကာမတွေလည်း ဇာတိဒုက္ခသစ္စာမှန်း မသိလေတော့ ဟိုဘဝ ဒီဘဝ ရလိုကြောင်းနဲ့ တောင်းနေကြတာဟာ “ဇာတိမီးခဲကို မျိုရပါလို၏”လို့ ဆိုလိုက်တာပါပဲ၊ ရိပ်မိကြရဲ့လား?။

ဒကာ,ဒကာမတွေ အခု ဆရာဘုန်းကြီး အကူအညီရလို့ ရှင်းလင်းပေးလိုက်တော့ ဇာတိဒုက္ခသစ္စာမှန်း သိကြ ရပြီး ဒီလိုအမှန်အကန်သိရတော့ နောက်ကို ဘုရားရှေ့တော် သွားသွားပြီး ဇာတိမီးခဲကို မထည့်နဲ့တော့၊ ဇာတိမီးခဲကို တောင်းမယူကြနဲ့တော့ဆိုတာ သတိပေးလိုက်တယ်၊ ရှေးတုန်းက ဒီဇာတိမီးခဲကို ထည့်တောင်းမိခဲ့လို့ အခုလက်ငင်း ဒုက္ခရောက်နေကြရပြီ၊ သဘောပါပလား?။

ဒကာ,ဒကာမတို့တတွေ ငွေကုန်ခံပြီး တောင်းယူနေကြသမျှဟာ ဒုက္ခသစ္စာပဲရကြတယ်၊ သုခဆိုလို့ တစ်ခုမှ ကြားမညှပ်ဘူး၊ ရိပ်မိကြရဲ့လား? ဘုံဘဝကိုတောင်းတာဟာ ဘယ်ဘုံဘယ်ဝပဲတောင်းတောင်း ရတဲ့အခါ ဇာတိကစရမှာ ချည့်ပဲဆိုတာ ပေါ်ကြပလား? သူက မရဏဆီကို အရောက်ပြေးတော့တာပဲ။

ဇာတိဒုက္ခကို ကိုယ်ပိုင်ရသူမှန်သမျှ မရဏဒုက္ခဆီကို အရောက်ပြေးရပါလို၏လို့ ဆိုတာနဲ့ အတူတူပဲ၊ ဒကာ, ဒကာမတို့ ဘာများကောင်းတာပါသေးသလဲ?၊ ဖြစ်တာက ဒုက္ခသစ္စာ၊ လမ်းဆုံးတော့ အသတ်ခံရတာက ဒုက္ခသစ္စာ၊ အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ဇာတိပိဒုက္ခသစ္စာ မရဏံပိ ဒုက္ခသစ္စာ”လို့ ဟောတော်မူခဲ့တာပဲ ဆိုတာ မှတ်လိုက်ကြ၊ ရှင်းပလား?။

သေဘေးရှိရာကို အရောက်ပြေးနေကြရတယ်

အခု ဘုန်းကြီးတို့ ဒကာ,ဒကာမတွေဟာ သေဘေးရှိရာကို အရောက်ပြေးနေကြရတယ်၊ အခုနေ မရောက်သေး ပေမယ့် တစ်နေ့မှာ မုချရောက်ရတော့မယ်၊ ယနေ့ နက်ဖြန်ဆိုသလို မသိနိုင်ကြပေမယ့် မရဏဒုက္ခနဲ့ ရင်ဆိုင်တိုးရမှာ ကတော့ သေချာပြီးသားပဲ၊ ဟုတ်ကြရဲ့လား?၊ အဲဒီလို မရဏဒုက္ခကို တွေ့ရတာဟာ ဘာ့ကြောင့်လဲဆိုတော့ ဇာတိ ဒုက္ခသစ္စာကို မသိကြလို့ပဲဆိုတာ ဆုံးဖြတ်ချက်ချကြ။

ဒကာ,ဒကာမတို့ ဇာတိဒုက္ခသစ္စာကို မသိမှုအတွက်ကြောင့် မရဏဒုက္ခသစ္စာရဲ့ ခေါင်းဖြတ်အသတ်ကို ခံရ တော့မယ်ဆိုတာ ရိပ်မိကြရဲ့လား? ဒကာ,ဒကာမတို့ မရဏဒုက္ခသစ္စာ ပေါ်ရတာ ဘာကြောင့်လဲ? သိကြရဲ့လား? မရဏပေါ်တာ ဇာတိရှိလို့ပဲဆိုတာ မှတ်လိုက်ကြ။

မရဏပေါ်တာဟာ ဇာတိရှိလို့ ဒီဇာတိကကော ဘာကြောင့်ပေါ်ရသလဲ? ကံရှိလို့ပဲဆိုတာ မှတ်ကြရမယ်၊ ဒကာ,ဒကာမတို့ ဒီဇာတိက ကံရှိလို့လာတာပဲ၊ ဒီဇာတိက လှူဒါန်းပေးကမ်းတဲ့ စေတနာကံက လာတယ်၊ ကမ္မဘဝ ပစ္စယာ ဇာတိပဲ၊ ရှင်းကြပလား?။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဇာတိဒုက္ခဟာ ကံကလာပါတယ်ဆိုတာ သဘောပါကြပြီ။ အခု ဘုန်းကြီးတို့ ဒကာ,ဒကာမတွေဟာ လက်ရှိဘဝ လူ့ဇာတိက စခဲ့ကြရတယ်၊ လူ့ပဋိသန္ဓေ, လူ့ဇာတိကစပြီး ရခဲ့ကြတယ်၊ အဲဒီလို ရလာခဲ့ကြတာဟာ ဘာကြောင့်လဲ?ဆိုတာ ကံကဖြစ်အောင် လုပ်ပေးလိုက်လို့ပဲဆိုတာ မှတ်ကြ၊ သေချာရဲ့လား?၊ ဒီကံက ဇာတိကိုကြိုက်တဲ့ကံပဲ၊ သူဟာ ပုညာဘိသင်္ခါရပဲ၊ ကျေနပ်ပလား?။

တစ်ခါထပ်ပြီး ဆန်းစစ်လိုက်ပါဦး၊ ကံကြောင့် ဇာတိဖြစ်တာကိုတော့ သိကြရပြီ၊ ဒီကံကကော ဘယ်ကလာတာ လဲလို့ စစ်ကြပါဦးလို့ဆိုတော့ ဒီကံဟာ စွဲလမ်းတဲ့ဥပါဒါန်က လာပါတယ်၊ ဥပါဒါန်ရှိတဲ့သူမို့ ဥပါဒါန်က လာတယ်ဆိုတာ မှတ်ကြတော့၊ ဥပါဒါန်ရှိတဲ့သူဟာ ဟိုဘုံစွဲ, ဒီဘုံစွဲ, ဟိုသမီးစွဲ, ဒီသားစွဲဆိုတဲ့ စွဲလုံးရှိနေတယ်၊ ရှိနေတော့ ဒီကံဆိုတာ ဟာ အဲဒီစွဲလုံးက လာတာပဲဆိုတာ မှတ်လိုက်ကြ။

ကုသိုလ်ကံကို လုပ်မိတာဟာ သူ့လက်ချက်ပဲ

ဒကာ,ဒကာမတွေ သဘောပါကြပလား?၊ စွဲမိစွဲရာ သားသမီးစွဲလိုစွဲ၊ ဟိုဘုံဒီဘုံ၊ ဟိုဘဝ ဒီဘဝ စွဲလိုစွဲ၊ အဲဒီလိုစွဲနေတော့ ဒါတွေနဲ့မခွဲချင်၊ အမြဲတွဲနေချင်တယ်၊ ဟုတ်ကြရဲ့လား?၊ အဲဒီလို သူတို့နဲ့မခွဲချင်တော့ မခွဲရဖို့ကံကို လုပ်ပါရော၊ ပုညဘိသင်္ခါရဆိုတဲ့ ကုသိုလ်ကံကို လုပ်မိတာဟာ သူ့လက်ချက်ပဲ၊ ဒါကြောင့် “ဥပါဒါနပစ္စယာ ကမ္မဘဝေါ” လို့ ပဋိစ္စသမုပ္ပါဒ် ဒေသနာမှာ မလာဘူးလား? လာပါတယ်၊ ရှင်းပလား?။

ဒကာ,ဒကာမတွေ အရပ်တကာလျှောက်ပြီး ဘုရားဖူးသွားတဲ့အခါမျိုးမှာ တွေ့ကြပါလိမ့်မယ်။ ဘုရားတန်ခိုး ကြီးတွေမှာဆိုရင် ဒီလိုဥပါဒါန်အားကြီးတဲ့ လူမျိုးတွေဟာ စုံလို့ပဲနေမယ်၊ ဒီလိုလူမျိုးတွေဟာ တန်ခိုးကြီးတယ်ဆိုတဲ့ ဘုရားတွေမှာ သွားရောက်ပြီး ပစ္စည်းဝတ္ထုအမျိုးမျိုးတွေ လှူကြ, ဒါန်းကြ, လှူဒါန်းပြီး “ဤကုသိုလ်ကြောင့် ဒီသား ဒီသမီးတွေနဲ့ မခွဲရပါလို၏၊ ဘဝဆက်တိုင်း မကွဲမကွာဖြစ်ရပါလို၏”ဆိုပြီး ဆုတောင်းကြတယ်၊ အဲဒါဟာ ဥပါဒါန် လက်ချက်၊ ဥပါဒါန်နဲ့ တောင်းတာပဲဆိုတာ မှတ်ကြ။

သားစွဲသမီးစွဲ၊ ခင်ပွန်းစွဲ, စွဲလေသမျှ သူလက်သယ်ပဲဆိုတာ ဆုံးဖြတ်ချက်ချကြ၊ ရှေ့တစ်ခါ သွားပါဦး၊ ဒီလို စွဲလမ်းတဲ့ ဥပါဒါန်ကကော ဘယ်ကလာတာပဲလို့ဆိုတော့ စွဲလမ်းတဲ့ဥပါဒါန်သည် ခင်မင်တဲ့တဏှာက လာပါတယ်၊ အဲဒါကြောင့် “တဏှာပစ္စယာ ဥပါဒါန”လို့ မဆိုဘူးလား? ဆိုပါတယ်ဆိုတာ ရှင်းကြပလား?။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ စဉ်းစားပြီးကြည့်ကြပါ၊ ဒီဇာတိစတဲ့ဒုက္ခတွေ အခုကိုယ်ပိုင်ရထားကြတာ ဘာကြောင့်လဲ၊ သူ့အလိုလိုရတာလား?၊ အလိုလိုပေါ်တာလား?၊ အကြောင်းကြောင့် ပေါ်လာတာလား?ဆိုတာ အခု ပဋိစ္စသမုပ္ပါဒ် ခန္ဓာလမ်းစဉ်နဲ့ ဝေဖန်ကြည့်လိုက်တော့ ပေါ်ကြပလား?၊ ဒီဒုက္ခတွေဟာ အလိုလိုပေါ်တာလားဆိုတော့ မဟုတ်ပါဘူး၊ အကြောင်းကြောင့် ပေါ်လာ,ရလာကြတာပါ၊ အလိုလို ပေါ်တာမဟုတ်ပါဘူး။ ဒကာ,ဒကာမတွေ ရှင်း ရှင်းလင်းလင်းပဲ သိကြရပြီ။

တဏှာကော ဘယ်ကလာသလဲ

ရှေ့ကို ဆက်ကြည့်ကြဦးစို့ ဆိုတော့ ဒီခင်မင်တဲ့တဏှာကော ဘယ်ကလာသလဲဆိုတော့ ဒီတဏှာဟာ စားရ တာ ကောင်းတယ်၊ နေရထိုင်ရတာ ကောင်းတယ်ဆိုတဲ့ ခံစားမှုဝေဒနာက လာတယ်တဲ့၊ ဒါကြောင့် “ဝေဒနာပစ္စယာ တဏှာ”လို့ ဆိုတာပဲ၊ ရှင်းကြရဲ့လား?။

ဒီကောင်းတယ်, ဆိုးတယ်ဆိုပြီး ခံစားတဲ့ဝေဒနာကော ဘယ်ကလာသလဲ?ဆိုတာ အကြောင်းရှာပါဦးဆိုတော့ ဒီဝေဒနာဟာ တွေ့တာ၊ ထိတာက လာတယ်တဲ့၊ ဒါကြောင့် “ဖဿပစ္စယာ ဝေဒနာ”လို့ ဟောတော်မူတာပဲဆိုတာ ရိပ်မိကြပလား?။

နောက်တစ်ခါ ဆက်လက်ပြီး အကြောင်းရှာပါဦး၊ ဒီဖဿကော ဘယ်ကလာတာလဲ?၊ ဖဿဆိုတဲ့ အတွေ့ သဘောသည် အာယတနရှိလို့ ပေါ်တာတဲ့၊ ဒီဖဿလည်း စက္ခု, သောတ, ဃာန, ဇိဝှာ, ကာယ, မနဆိုတဲ့ အာယတန ရှိလို့ ဒီအာယတနကြောင့် ဖဿပေါ်တာ။ ဒါကြောင့် “သဠာယတနပစ္စယာ ဖဿော”ပဲ၊ ရှင်းပလား?။

ဒီဃာယတနတွေကော ဘာကြောင့်ပေါ်ရသလဲ? သူ့ကို အကြောင်းရှာလိုက်တော့ ဒီဃာယတနဟာ နာမ်ရုပ် ရှိလို့ နာမ်ရုပ်ကြောင့် ပေါ်ရတာပဲဆိုတာ မှတ်လိုက်ကြ၊ ဒါကြောင့် “နာမရူပပစ္စယာ သဠာယတနံ”တဲ့၊ ကျေနပ်ကြ ပလား?။

ဒီနာမ်ရုပ်ကလည်း ဘာကြောင့်ပေါ်တာလဲလို့ ဆိုပြန်တော့ ဝိညာဏ်ရှိလို့ပေါ်တာ၊ ဝိညာဏ်ကြောင့် နာမ်ရုပ် ပေါ်ရတာ၊ ရိပ်မိပလား?။ ဒါကြောင့် “ဝိညာဏပစ္စယာ နာမရူပံ”လို့ မဟောဘူးလား?၊ ဟောပါတယ်ဆိုတော့ ဝိညာဏ် မရှိရင် နာမ်ရုပ်မပေါ်နိုင်ဘူး၊ ရှင်းရဲ့လား?။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ သူ့အကြောင်းကိုကော ထပ်ပြီးရှာလိုက်ပါဦးဆိုတော့ ဝိညာဏ်ဟာ ဘာကြောင့် ဖြစ်သလဲ?၊ ဝိညာဏ်ဖြစ်တာ သင်္ခါရကြောင့်ပဲ၊ ကုသိုလ်, အကုသိုလ်ဆိုတဲ့ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ရတာ၊ ဒါကြောင့် “သင်္ခါရပစ္စယာ ဝိညာဏံ”တဲ့၊ ရိပ်မိကြပလား?။

ဒီသင်္ခါရကကော ဘာကြောင့်ဖြစ်ရတာလဲ? သူ့အကြောင်းကို ရှာလိုက်ပြန်တော့ အဝိဇ္ဇာရှိလို့ပဲတဲ့၊ မသိမှု အဝိဇ္ဇာရှိလို့ ကုသိုလ်, အကုသိုလ်စေတနာ သင်္ခါရတွေပေါ်လာရတယ်၊ ဒီတော့ သင်္ခါရတွေဟာ အဝိဇ္ဇာကြောင့် ဖြစ်ပေါ် လာရတာပဲပေါ့၊ ဒါကြောင့် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”လို့ ဟောတော်မူရတာပဲဆိုတာ ရိပ်မိကြပလား?။

အဲဒီလိုနဲ့ နောက်ဆုတ်ဆုတ်ပြီး အကြောင်းတွေကို တွေးလိုက်တော့ ဒီအဝိဇ္ဇာကို နောက်ဆုံးတွေးမိတယ်၊ အကြောင်းအကျိုး အဆက်ဆက်ကိုတွေးတော့ အဝိဇ္ဇာကို တွေ့ရတယ်ဆိုတာ ရှင်းကြပလား?၊ အဲဒီတော့ ဒီဘဝမှာ အခုလက်ငင်း ဒုက္ခနဲ့နေရတာ, ဒုက္ခဖြစ်တာ ဘယ်သူ့ကြောင့်လဲ?ဆိုတော့ အဝိဇ္ဇာ သင်္ခါရတို့ကြောင့်ပဲဆိုတာ ပေါ်ကြ ပလား?။

ဒုက္ခဖြစ်ကြောင်းသုံးခု

ကိုင်း… ဒါဖြင့် ဒကာ,ဒကာမတွေ အခုဘုန်းကြီးက အကြောင်းဆက်ပြီးပြလိုက်တော့ အတော်အတန် ရိပ်မိကြပြီ၊ ဒုက္ခက အကျိုးတရား၊ ဒီဒုက္ခကို မလိုချင်, မရချင်ရင် သူ့ကိုသတ်လို့တော့ မရဘူး၊ ဒီဒုက္ခကိုဖြစ်ပေါ်စေတဲ့ အကြောင်းတရားကို သတ်မှသာ ရနိုင်မယ်၊ ဒီတော့ သူ့ကိုဖြစ်စေတဲ့အကြောင်းတွေက ဘာလဲဆိုတာ ရှာကြဦးစို့ဆိုတော့ သူ့အကြောင်းက ဘယ်နှမျိုးလဲဆိုတာ ရှာရမယ်။

ဒကာ,ဒကာမတို့ ဒုက္ခဖြစ်တာ “ကမ္မဘဝကြောင့်လည်း ဟုတ်တာပဲ၊ တဏှာကြောင့်လည်း ဟုတ်တာပဲ၊ အဝိဇ္ဇာ ကြောင့်လည်း ဟုတ်တာပဲ”တဲ့၊ အကြောင်းကိုရှာလိုက်တော့ ဒုက္ခဖြစ်ကြောင်းသုံးခုကို သွားတွေ့ရတယ်။ ရှင်းကြရဲ့လား?။

၁။ အဝိဇ္ဇာကြောင့်လည်း ဒုက္ခဖြစ်ရတယ်။

၂။ တဏှာကြောင့်လည်း ဒုက္ခဖြစ်ရတယ်။

၃။ ကံကြောင့်လည်း ဒုက္ခဖြစ်ရတယ်။

ဒကာ,ဒကာမတွေ မှတ်မိကြပလား?၊ အဝိဇ္ဇာ, တဏှာ, ကံတွေဟာ ဒုက္ခဖြစ်ကြောင်းတွေပဲ၊ သူတို့ကြောင့် ဇာတိ, ဇရာ, မရဏဆိုတဲ့ ဒုက္ခတွေဖြစ်ပေါ်လာရတာပဲဆိုတာ စွဲစွဲမြဲမြဲ မှတ်ထားကြ၊ သဘောပါကြပလား?၊ ဒကာ,ဒကာမ တွေ ဒါဟာ အင်မတန်အရေးကြီးပါတယ်၊ လေးလေးစားစား မှတ်ယူထားကြပါဆိုတာ သတိပေးလိုက်တယ်။

ဒုက္ခကိုကြောက်ရင် ဒီဒုက္ခကလွတ်ချင်ရင် သူ့ကို ဖြစ်ပေါ်စေတဲ့အကြောင်းကို ဖြတ်ရမယ်၊ ဖြတ်ဖို့ဆိုတော့ လည်း သူ့အကြောင်းကိုသိမှသာ ဖြတ်နိုင်မယ်၊ ဒါကြောင့် သူ့အကြောင်းသုံးချက်ကို သိဖို့ရာ အရေးကြီးတယ်ဆိုတာ ပေါ်ကြပလား?။

ဒီတော့ ဒီအကြောင်းသုံးခုကို အခုဖြတ်ကြရမယ်၊ ဒါတွေကို ဘာနဲ့ဖြတ်ရမလဲ၊ ဘယ်လိုဖြတ်ရမလဲ? ဆိုတဲ့ အချက်ကို သိဖို့လိုတယ်၊ ဒီနေရာမှာ သူနဲ့သက်ဆိုင်တဲ့ ဝတ္ထုသာဓကကို ထုတ်ပြီးပြောမှ ပိုပြီးရှင်းလိမ့်မယ်။ ဒါကြောင့် ဒီနေရာမှာ ဝတ္ထုသက်သေနဲ့ ထုတ်ပြီးပြောကြစို့။

အစေလက ကဿပဝတ္ထု

ဒကာ,ဒကာမတို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ရာဇဂြိုဟ်ပြည်မှာ သီတင်းသုံးနေတော်မူတဲ့ အခါ ဖြစ်တယ်။ အဲဒီအခါမှာ တစ်နေ့သ၌မှာတော့ မနက်ခုနစ်နာရီခွဲလောက်အချိန်မှာ ရာဇဂြိုဟ်မြို့ထဲကို ဆွမ်းခံ ကြွတော်မူတယ်၊ အဲဒီလို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး မြို့ထဲကိုဆွမ်းခံကြွတော့ လမ်းခုလတ်မှာ “အစေလက ကဿပ”နဲ့ တွေ့တယ်ဆိုတာ မှတ်ကြရမယ်။

အစေလက ကဿပဆိုတာဟာ သူ့နာမည်ရင်းက ကဿပတဲ့၊ သူတို့ တိတ္ထိဂိုဏ်းက အဝတ်မဝတ်တဲ့အတွက် အစေလကတဲ့၊ အဓိပ္ပာယ်ကတော့ အဝတ်မပါတဲ့ ကဿပလို့ မှတ်ရမှာပေါ့။

ဒီကဿပဆိုတဲ့ တိတ္ထိကလည်း ဆွမ်းခံထွက်လာတာပဲ၊ သူက ဆွမ်းခံထွက်တာမှာ အဝတ်မပါဘူး၊ သူတို့ တိတ္ထိထုံးစံအတိုင်း သူတို့ကို ကြည်ညိုကိုးကွယ်တဲ့အိမ်တွေမှာ လှည့်လည်ပြီး သူလည်းဆွမ်းခံလာတာပဲတဲ့။

အဲဒီအချိန်မှာ သူတို့ကိုကြည်ညိုတဲ့သူတွေ အများအပြားရှိနေကြတယ်၊ ဘာ့ကြောင့်တုံးလို့ဆိုတော့ ခြိုးခြံတဲ့ အကျင့်ရှိလို့ ကြည်ညိုကြတာပဲဆိုတာ မှတ်ကြ။ အဝတ်မပါလောက်အောင်တောင် ခြိုးခြံကြတာပဲ၊ ဒါပေမဲ့ သူတို့ဝမ်းထဲ မှာ ဒိဋ္ဌိအကြီးအကျယ်ရှိပြီးနေတယ်၊ ဒီလိုရှိနေတော့ ဟီရိဩတ္တပ္ပကင်းလောက်အောင်ပဲ ဖြစ်ရတော့တယ်၊ အဲဒါကို အမှန်မသိတော့ ခြိုးခြံတဲ့အကျင့်ထဲ ဆွဲသွင်းလိုက်တော့တာပဲ၊ ရိပ်မိကြပလား?။

ဒါကြောင့် အသိပညာဟာ အင်မတန်ပဲ အရေးကြီးပါတယ်၊ အသိပညာမရှိပြီလားဆိုရင် ထင်မိထင်ရာ, ယူမိယူရာ, ကိုးမိကိုးရာ ရမ်းပြီးကိုးကွယ်ကြတော့တာပဲ၊ အမှားအမှန်ကို မဝေဖန်နိုင်ကြတော့ဘူး၊ သဘောပါကြရဲ့လား?၊ ဟီရိဩတ္တပ္ပကင်းနေတာကိုတောင် မသိမမြင်နိုင်အောင် ဖြစ်ကြရတယ်ဆိုတာ ပေါ်ပလား?။

ဒီလိုနဲ့ပဲ ရာဇဂြိုလ်မြို့ထဲ ဆွမ်းခံကြွတဲ့အခါ အဲဒီအဝတ်မပါတဲ့ အစေလက ကဿပဆိုတဲ့ တိတ္ထိနဲ့သွားတွေ့ တယ်၊ အဲဒီလိုတွေ့တဲ့အခါ အစေလက ကဿပက ဘုရားရှင်ရဲ့နောက်တော်က ကပ်လိုက်သွားပြီး လျှောက်ထားတယ် တဲ့၊ “ရှင်ကြီးဂေါတမ ပုစ္ဆာကလေးတစ်ခု မေးပါရစေ”ဆိုပြီး ခွင့်တောင်းလိုက်တယ်။

ပုစ္ဆာကလေးတစ်ခု မေးပါရစေ

အဲဒီအခါမှာ ဘုရားရှင်က ခွင့်မပြုဘူး၊ “ရပ်ထဲရွာထဲ ဆွမ်းခံသွားနေရတုန်း မမေးနဲ့ဦးကွ၊ မတော်သေးဘူး ကွ”ဆိုပြီး ပယ်ချလိုက်ပါတယ်။

ဒါနဲ့လည်း မရသေးပါဘူး၊ အစေလက ကဿပဟာ ဘုရားနောက်က ကပ်လိုက်သွားပြီး နောက်တစ်ခါခွင့် တောင်းပြန်တယ်၊ “ရှင်ကြီးဂေါတမ၊ ပုစ္ဆာကလေး အနည်းငယ်မေးစမ်းပါရစေ”ဆိုပြီး ခွင့်တောင်းပြန်တယ်၊ ဒီတစ်ကြိမ် မှာလည်း ဘုရားရှင်က ခွင့်ပြုတော်မမူသေးဘူး၊ “ဟ ကဿပရ ဒီအချိန်ဟာ မေးချိန်မဟုတ်သေးဘူး” ပယ်ချလိုက်ပြန် ပါတယ်၊ ရှင်းကြရဲ့လား?။

ဒကာ,ဒကာမတွေ ဘုရားပယ်တော်မူတာ ဒီအကြိမ်ပါနဲ့ဆိုရင် နှစ်ကြိမ်ရှိသွားပြီဆိုတာ သိကြရမယ်၊ အဲဒီလိုနဲ့ အစေလက ကဿပဟာ နောက်တစ်ကြိမ် ထပ်ပြီး ခွင့်တောင်းပြန်တယ်၊ “ရှင်ကြီးဂေါတမ၊ များလည်းမများလှသေး ပါဘူး၊ သိလည်းမသိလို့ပါ၊ ပုစ္ဆာကလေးတစ်ခု မေးခွင့်ပြုပါ”လို့ဆိုပြီး သုံးကြိမ်မြောက် ခွင့်တောင်းတော့မှ ဘုရားက “ကိုင်း, ဒါလောက်တောင် သိချင်တာဖြင့် မေးချင်တာမေးတော့”ဆိုပြီး ခွင့်ပြုချက်ရတော့ အစေလက,က မေးပါတော့ တယ်ဆိုတာ မှတ်ကြရမယ်။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဘာ့ကြောင့်များ ဘုရားက ရုတ်တရက် ဖြေတော်မမူဘဲ နှစ်ကြိမ်တိုင်ပယ်ရ ပါလိမ့်မလဲဆိုတဲ့ မေးခွန်းတစ်ခု မေးစရာဖြစ်နေတယ်။ ဒါဘာကြောင့်လဲဆိုတော့ ဘုရားက လွယ်လွယ်ကူကူနဲ့ ခွင့်ပြု လိုက်ရင် တိတ္ထိဂိုဏ်းသားတွေက ပေါ့ပေါ့ဆဆ ယူမှတ်သွားမှာကိုလည်း စိုးရိမ်တယ်။

နောက်တစ်ချက်က အစေလက ကဿပ ဉာဏ်ရင့်အောင်လည်း စောင့်ဆိုင်းတော်မူခြင်း ဖြစ်တယ်ဆိုတာ မှတ်ကြရမယ်၊ သဘောပါပလား?၊ အဲဒီအချိန်က အစေလက ကဿပဟာ ဉာဏ်မရင့်ကျက်သေးဘူး၊ အဲဒီလို ဉာဏ် မရင့်သေးတော့ အဖြေကိုနားမလည်မှာ စိုးရိမ်တော်မူတယ်၊ အဲဒါကြောင့် ဉာဏ်ရင့်အောင် ဆိုင်းငံ့တော်မူထားတယ် ဆိုတာ မှတ်ကြ။

ဒကာ,ဒကာမတို့ မှတ်မိကြပြီလား? လွယ်လွယ်ကူကူနဲ့ ဖြေလိုက်ခဲ့ရင် ဒီစကားကို လေးလေးစားစား မယူမိဘဲ နေမှာစိုးလို့လည်း ဆိုင်းငံ့တော်မူခြင်းတစ်ချက်၊ အစေလကရဲ့ ဉာဏ်ရင့်သည်တိုင်အောင် ဆိုင်းငံ့တော်မူခြင်း တစ်ချက် လို့ အဲဒီလို နှစ်ချက်မှတ်ထားကြ။

ဒုက္ခဟာ မိမိပြု တာလား

အဲဒီလို သုံးကြိမ်မြောက်ကျအောင် ခွင့်တောင်းနေတော့ ဘုရားရှင်က “မင်းမေးချင်လည်း မေးတာပေါ့ကွာ” ဆိုပြီး ခွင့်ပေးလိုက်တော့ အစေလက ကဿပက ဘုရားရှင်ကို မေးလိုက်ပါတယ်၊ “ရှင်ကြီးဂေါတမ, ဒုက္ခဟာ မိမိပြု တာလား”တဲ့။

ဒကာ,ဒကာမတွေ စောစောက ရှင်းပြောခဲ့တဲ့ ဇာတိဒုက္ခ, ဇရာဒုက္ခ, မရဏဒုက္ခဆိုတဲ့ ဒုက္ခတွေကို ဆိုပါတယ်၊ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေအတွက်တော့ ပဋိစ္စသမုပ္ပါဒ်နဲ့ ရှင်းလင်းပြောပြထားတာမို့ အတော်အတန် ရိပ်မိနေကြ ပြီ။ ဒီတော့ ဒုက္ခတွေ ဘာ့ကြောင့်ဖြစ်တာလဲ? ဒီဒုက္ခတွေကို မိမိပြုတာလား? ဘယ်သူက ပြိုပေးလိုက်တာတုံး?ဆိုတော့ ဖြေတတ်ကြပလား?။

စောစောကပြောခဲ့တဲ့အတိုင်း အဝိဇ္ဇာ, တဏှာ, ကံဆိုတဲ့ အကြောင်းသုံးခုကြောင့် ဖြစ်လာရတာ၊ သူတို့သုံးခု က ဒုက္ခပေါ်အောင် လုပ်ပေးလိုက်တာ၊ မိမိပြုတာမဟုတ်ဘူး၊ ဘယ်သူကမှ ပြုလို့ဖြစ်တာ မဟုတ်ဘူးတဲ့၊ ရှင်းကြပြီနော်။ အဲဒီလို အစေလက ကဿပက “ဒုက္ခကို မိမိပြုတာလားလို့”မေးတော့ ဘုရားက ပယ်ချလိုက်တယ်။

”ဒုက္ခကို မိမိပြုတာမဟုတ်ဘူး”တဲ့။

ဒကာ,ဒကာမတွေ အစေလက,က ဒီဇာတိ, ဇရာ, မရဏဆိုတဲ့ ဒုက္ခတွေကို မိမိပြုတာလားလို့မေးတော့ ဘုရားက မဟုတ်ပါဘူးလို့ အဖြေပေးလိုက်ပါတယ်။ မိမိပြုတာကော ဟုတ်ကြရဲ့လား?၊ အဝိဇ္ဇာကြောင့် သင်္ခါရတွေ ကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးတရားတွေပဲ၊ သူတို့ဟာ တဏှာကြောင့်လည်း ဖြစ်ပေါ်တာပဲ၊ အဲဒီတော့ အကြောင်း ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရား ခန္ဓာငါးပါး ဒုက္ခသစ္စာတရားသာ ဖြစ်ပါတယ်၊ ဒီအထဲမှာ မိမိဆိုတာပါသလား? မပါပါဘူး။

ဒီဒုက္ခတရားတွေဟာ မသိမှုအဝိဇ္ဇာကြောင့်လည်း ဖြစ်ရတယ်၊ ခင်မင်မှုတဏှာကြောင့်လည်း ဖြစ်ရတယ်၊ ပြုပြင်မှု ကမ္မဘဝကြောင့်လည်း ဖြစ်ရတယ်၊ စင်စစ်တော့ ပဋိစ္စသမုပ္ပါဒ်ကြောင့် ဖြစ်ရတာတွေပဲ၊ အကြောင်းကြောင့် ဖြစ်တဲ့ တရားတွေပဲဆိုရင်လည်း မမှားဘူး၊ ဒီအထဲမှာ မိမိသူတစ်ပါးဆိုတာ မပါဘူး၊ ဓမ္မသက်သက်တွေပဲ ရှင်းကြရဲ့ လား?။

ဒကာတို့တတွေက “ဘယ်သူမပြု မိမိမှုတဲ့”နဲ့ ပြောကြတယ် “မိမိပြုလို့ မိမိခံရ၊ မိမိစံရတယ်”လို့လည်း ပြော လည်းပြောကြ၊ ထင်လည်းထင်ကြတယ်။ “ကိုယ့်ဒုက္ခကိုယ်ပြုလို့ ရလာကြတာပဲ”နဲ့လည်း ပြောကြဆိုကြ၊ အဲဒါနှယ်နှယ် ရရ မမှတ်လိုက်ကြနဲ့၊ အဲဒါ သဿတဒိဋ္ဌိနဲ့ ပြောနေကြတာပဲလို့သာ မှတ်လိုက်ကြ၊ ကျေနပ်ရဲ့လား?။

“ကိုယ်ပြုလို့ကိုယ်ရ”တယ်ယူရင် သဿတဒိဋ္ဌိ

လောကထဲမှာ သားငယ် သမီးငယ်လေးတွေကလည်း တိုးလို့တန်းလန်းနဲ့၊ ရောဂါဝေဒနာကလည်း လက်ရှိ ရနေပြန်၊ ပစ္စည်းကလည်း အဖတ်မတင်၊ ဒုက္ခသုခတွေရောက်၊ အဲဒီလိုအခါမျိုးမှာ ပြောတတ်ကြတယ်၊ “ဪ… ဒုက္ခရောက်လိုက်တာ လွန်ရောပဲ၊ ခံနိုင်အောင် ခံရတော့မှာပဲ၊ ဘယ်သူမပြု မိမိမှုဆိုသလို ဒီဒုက္ခဟာ ကိုယ်ပြုလို့ကိုယ် ရတာပဲ”ဆိုပြီး ပြောတတ်ထင်တတ်ကြတယ်၊ “ကိုယ်ပြုလို့ကိုယ်ရ”တယ်ယူရင် သဿတဒိဋ္ဌိ အယူပဲဆိုတာသာ မှတ်လိုက် ကြ၊ ရှင်းပလား။

ပြုတဲ့ပုဂ္ဂိုလ်ကလည်း ကိုယ်ပဲ၊ ရတဲ့သူကလည်း ကိုယ်ပဲတဲ့၊ အဲဒါ သဿတဒိဋ္ဌိပဲ၊ ရှေးရှေးလူတွေက ပြောလို့ ပြောသံကြားနဲ့ ယောင်ရမ်းပြီး ပြောကြဆိုကြ, ယူဆနေကြတယ်၊ စစ်စစ်ဆေးဆေးနဲ့ မယူကြဘူး၊ ဘုန်းကြီးတို့ ဒကာ, ဒကာမတွေ ဘယ့်နှယ်တုံး? ဘုရားဖြေတာနဲ့ ဒကာတို့တတွေယူတာနဲ့ ကန့်လန့်ဖြစ်နေကြပြီ၊ ရိပ်မိကြရဲ့လား?။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေမှာ ဒီလိုဒိဋ္ဌိအယူအဆ ကိုယ်စီကိုယ်င ရှိနေကြတယ်၊ နှယ်နှယ်ရရများ မမှတ် လိုက်ပါနဲ့၊ ဒီဒိဋ္ဌိရှိနေရင် နိဗ္ဗာန်လည်းမရဘူး၊ အပါယ်လည်း ကျရဦးမယ်ဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြရဲ့လား?၊ ဒီဒိဋ္ဌိစင်မှသာ နိဗ္ဗာန်ရကြမယ်၊ ဒီတစ်နေ့ ဒီဒိဋ္ဌိစင်အောင် ဟောပေးလိမ့်မယ်ဆိုတာ မှတ်ကြ၊ ကျေနပ်ကြရဲ့လား?။

ဒကာ,ဒကာမတွေ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်တွေ့ ကိုယ်တိုင်ကြုံနေရတာကိုပဲ စဉ်းစားကြည့်ပါ၊ စောစော ပိုင်းက ဇာတိဒုက္ခကိုလည်း နွှဲခဲ့ကြရပြီ၊ အခုလည်း ဇရာဒုက္ခ လက်ရှိနွှဲနေရဆဲပဲ၊ ဒီဒုက္ခလက်ရှိ သေဘေးရှိရာ မရဏ ဒုက္ခဘက်သို့ အရောက်ပြေးနေကြရတယ်ဆိုတော့ ကောင်းတာပါသေးရဲ့လား? မပါပါဘူး၊ ကြပ်ကြပ်စဉ်းစားပါ၊ ဘုန်းကြီး တို့ ဒကာ,ဒကာမတွေမှာ ဇာတိ, ဇရာ, မရဏဒုက္ခတွေ စုံလို့နေရတာပဲရှိတယ်။

ဒါတွေရှိနေတာကိုတောင် မသိနိုင်ကြဘူး၊ ဒါတွေကို မသိတော့ မသိလို့ခင်မင်တယ်။ မသိတာက အဝိဇ္ဇာ၊ ခင်မင်တာက တဏှာ၊ ရှင်းကြရဲ့လား?၊ ခင်တော့မင်တော့ ဘာဖြစ်သလဲ?၊ ခင်မင်မိတော့ “သူနဲ့ မင်္ဂလာအခမ်းအနား ကိစ္စ လုပ်ဦးမှပဲ”ဆိုပြီး ကာယကံ, ဝစီကံတွေလာပါရော၊ ရိပ်မိကြပလား?၊ အဲဒီတော့ကိုတဲ့ ဒီဒုက္ခခန္ဓာဟာ အဝိဇ္ဇာ, တဏှာ, ကံတွေကလာတာပဲ၊ သူတို့သုံးခု ခေါင်းဆောင်ပြီး လုပ်လိုက်တာပဲဆိုတာ ပေါ်ကြပလား?။

မိမိလုပ်တာ ဟုတ်ပါရဲ့လား? ဆိုတော့ မဟုတ်ပါဘူးတဲ့၊ ဘယ်သူက လုပ်လိုက်တာလဲ?ဆိုတာ ခုနပြောခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ကံဆိုတဲ့ဖြစ်ကြောင်းသုံးခုက လုပ်ပေးလို့ ဒီဒုက္ခခန္ဓာကြီးကို ကိုယ်ပိုင်လက်ရှိ ရနေကြတာပါ၊ ရှင်းကြ ရဲ့လား?။

သူတပါးသားသမီးကို မသိလို့ ခင်မင်မိတယ်၊ ခင်မင်မိတော့ သူနဲ့မင်္ဂလာအခမ်းအနား ဆောင်ရွက်မှု ကာယကံ, ဝစီကံတွေလုပ်ပြီး အိမ်ထောင်ကျကြ၊ သားတွေသမီးတွေများလားပြီး ပွားစီးမှုလုပ်ကြပြီးနောက် တဖြည်းဖြည်း အိုမင်း, ကုန်းကွစတဲ့ ဒုက္ခအစုတွေ ရကြတော့တာပဲ၊ ဒါဟာ မိမိပြုတာမဟုတ်ပါဘူး၊ ပရမတ်သုံးခုက လုပ်လိုက်တာ။

မသိလို့ခင်ခင်၊ ခင်မင်လို့ ကံတွေလုပ်၊ လုပ်တော့ ဒုက္ခအစုတွေ ရကြ၊ ဒီလိုရတာဟာ မိမိပြုလို့မဟုတ်၊ အဝိဇ္ဇာ, တဏှာ, ကံတွေက ပြုလို့ရတာပါ၊ ဒါတွေဟာ ကိုယ်မဟုတ်ပါဘူး၊ ပရမတ် နာမ်ဓမ္မသက်သက်တွေပဲဆိုတာ ဆုံးဖြတ်ချက်ချကြ၊ ကျေနပ်ပလား?။

နာမ်ဓမ္မတွေကို နာမ်ဓမ္မပဲလို့ အမှန်မသိတော့ နာမ်ကို ကိုယ်ပဲ မိမိပဲဆိုပြီး လုပ်နေကြတာပဲဆိုတာ မှတ်လိုက် ကြ၊ ဒကာ,ဒကာမတွေ သဘောပါကြပလား?၊ အခု တရားနာနေကြတဲ့ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေကတော့ အမှန် အကန် သိကြပြီ၊ ဒီဒုက္ခတွေကိုလုပ်တာဟာ မိမိမဟုတ်၊ အဝိဇ္ဇာ, တဏှာ, ကံတွေက လုပ်ထားတာပဲဆိုတာ အမှန်အကန် သိကြရပြီ။

ကိုင်း, ဒီတော့ ရှေ့ဆက်ကြစို့၊ အစေလက ကဿပက ဒုက္ခကို မိမိပြုတာလားလို့မေးတော့ ဘုရားက မဟုတ် ဘူးကွလို့ ဖြေလိုက်တဲ့အခါမှာ သူက ဆက်လက်ပြီး မေးပြန်ပါတယ်။

ဒုက္ခကို သူတပါးပြုတာလား

”ရှင်ကြီးဂေါတမ၊ ဒါဖြင့် ဒုက္ခကို သူတပါးပြုတာလား၊”တဲ့ ဒီတော့ ဘုရားက “ဒုက္ခကို သူတပါးပြုတာလည်း မဟုတ်ပါဘူး”လို့ အဖြေပေးလိုက်တယ်။ ဘုရားရှင်က “ဒုက္ခကို သူတပါးပြုတာလား”လို့မေးတော့ “ဒီလိုမဆိုနဲ့တဲ့ မဟုတ်ပါဘူး”လို့ အဖြေပေးလိုက်ပါတယ်။

ဒကာ,ဒကာမတွေ သူတပါးပြုတာကော ဟုတ်ပါရဲ့လား?၊ မဟုတ်ပါဘူး၊ သူတပါးဆိုရင် တခြားသူတစ်ဦးတစ် ယောက်ကပေးလို့ ရသလိုလိုဖြစ်နေတော့မှာပေါ့၊ သူတပါးပြုတာမဟုတ် ဘာကြောင့်ဖြစ်ရသလဲ? အဝိဇ္ဇာ, တဏှာ, ကံဆိုတဲ့ နာမ်ဓမ္မတွေကြောင့် ဖြစ်တာပါ၊ ရှင်းရဲ့လား?။

ဒုက္ခကို မိမိပြုတယ်လို့ယူရင် သဿတဒိဋ္ဌိဘက်သွားတယ်။ သူတပါးပြုတယ်ယူရင် ဥစ္ဆေဒဒိဋ္ဌိဘက်ကို သွား တယ်။ မိမိပြုတာလည်း မဟုတ်၊ သူတပါးပြုတာလည်း မဟုတ်၊ အဝိဇ္ဇာ, တဏှာ, ကံတို့ကြောင့် ဖြစ်ရတာပဲလို့သိတော့ သဿတနဲ့ ဥစ္ဆေဒဒိဋ္ဌိ နှစ်ပါးလုံးစင်သွားတယ်၊ သဘောကျပလား?

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေကို မေးလိုက်ပါတယ်၊ ဒီအဝိဇ္ဇာ, တဏှာ, ကံဆိုတဲ့ နာမ်ဓမ္မတွေဟာ မိမိဟုတ် ပါရဲ့လား? မဟုတ်ဘူး၊ ဒါဖြင့် သူတပါးကော ဟုတ်ပါရဲ့လား? မဟုတ်ပါဘူး၊ စောစောကရှင်းပြထားလို့ ဒကာ,ဒကာမ တို့ ဉာဏ်မှာတော့ ရှင်းကြလင်းကြပြီ၊ သေချာရဲ့လား?

ဒီနာမ်ဓမ္မတွေပဲ ရှိပါတယ်ဆိုတော့ အခု ပုစ္ဆာနှစ်ချက်ပြေသွားပြီ။ ဒါနဲ့ ကဿပက မကျေနပ်သေးဘူး၊ သူက ဆက်ပြီးမေးပြန်ပါတယ်၊ ဒကာ,ဒကာမတို့အတွက်ကတော့ ရှင်းနေပါပြီ၊ သူ့အတွက်မှာ ပဋိစ္စသမုပ္ပါဒ်က နား မလည်ရှာတော့ မရှင်းမလင်းဘူးပေါ့၊ ဒါနဲ့ သူကဆက်ပြီး မေးပြန်တယ်တဲ့။

ဒုက္ခကို မိမိ, သူတပါး, နှစ်ဦးသားပေါင်းပြီး ပြုတာလား?

”ရှင်ကြီးဂေါတမ, ဒါဖြင့် ဒုက္ခကို မိမိ, သူတပါး, နှစ်ဦးသားပေါင်းပြီး ပြုတာလား?

”ဒီလိုလည်း မဟုတ်ပါဘူးကွာ”တဲ့။ ဘုရားက ဖြေလိုက်တယ်၊ အခုမေးတာက သုံးနံပါတ်မေးခွန်းဆိုတာ မှတ်ရမယ်။ ဒကာ,ဒကာမတွေ ရှင်းသည်ထက် ရှင်းသွားအောင် နှစ်နံပါတ်ကို ပြန်ပြောလိုက်ပါဦးမယ်။

ဒီဒုက္ခတွေကို သူတပါးပြုတာလားလို့ မေးတဲ့နေရာမှာ သူတပါးပြုတယ်လို့ယူရင် ဥစ္ဆေဒဒိဋ္ဌိအယူပဲ၊ သူတပါး ပြုလို့ သူတပါးခံရတာပဲလို့ ယူပြန်ရင်လည်း ဥစ္ဆေဒပဲဆိုတာ မှတ်ကြ၊ ရှင်းကြပလား?၊ မိမိပြုတယ်ဆိုရင် သဿတဒိဋ္ဌိ၊ သူတပါးပြုတယ်ယူရင် ဥစ္ဆေဒဒိဋ္ဌိ၊ သဘောပါကြပလား?။

အမှန်ကတော့ အမှန်ကိုမသိလို့ မသိတာက စလိုက်တာပဲ၊ မသိလို့ လိုချင်တယ်၊ လိုချင်လို့ အားထုတ်တယ်၊ အားထုတ်လို့ ရရှိလာခဲ့တာပဲ၊ ဒါကို မြဲမြဲမှတ်ထားကြ၊ ပြုလုပ်ပေးတာက အဝိဇ္ဇာ, တဏှာ, ကံတွေကပြုလုပ်ပေးတာ၊ ဒီအထဲမှာ မိမိလည်းမပါ သူတပါးလည်း မဟုတ်ပါဘူး၊ ရိပ်မိကြပလား?။

ဒကာ,ဒကာမတွေ ဒီအဓိပ္ပာယ်ကိုသိရင် သဿတလဲစင်ပြီ၊ ဥစ္ဆေဒလည်း စင်သွားပြီ၊ သဿတနဲ့ ဥစ္ဆေဒ နှစ်ခုကြားထဲ ရောက်နေပြီဆိုတာ မှတ်ကြတော့၊ ကျေနပ်ပလား? ဒီလိုသိတဲ့အသိဟာ မဂ္ဂင်ထိုက်နေပြီ၊ ဒီအသိဟာ အလယ်လမ်းနဲ့ သိရတဲ့အသိမို့ တန်ဖိုးမဖြတ်နိုင်ပါဘူး၊ ဒီအသိနဲ့သာသေရင် အပါယ်မကျဘူးဆိုတာ မှတ်လိုက်ကြ။

ဒီအသိက ဒိဋ္ဌိပြုတ်တဲ့အသိ။ အမှန်သိလို့ သမ္မာဒိဋ္ဌိဖြစ်တယ်၊ သမ္မာဒိဋ္ဌိဖြစ်တော့ သမ္မာသင်္ကပ္ပလည်း တစ်ခါ တည်းပါတယ်၊ ဒကာ,ဒကာမတွေ သဘောပါကြပလား? ဒီအသိဟာ မဇ္ဈိမပဋိပဒါလမ်း, အလယ်လမ်းနဲ့သိတာ၊ ဒီအသိနဲ့ သဿတပြုတ်၊ ဥစ္ဆေဒပြုတ်၊ သက္ကာယဒိဋ္ဌိလည်း ရောပါသွားပြီ၊ ဘယ်လောက်အဖိုးတန်သွားသလဲဆိုတာ ရိပ်မိကြရဲ့ လား?။

ဒီလိုသိရင် ဒိဋ္ဌိစင်ပြီ

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေကို အခုထပ်ပြီး မေးပါဦးမယ်၊ အခု ဒကာ,ဒကာမတွေ တွေ့နေရတဲ့ ဇာတိ, ဇရာ, မရဏ ဒုက္ခတွေဟာ မိမိပြုသလား? မဟုတ်ပါဘူး၊ ဘာကြောင့် ဖြစ်ရတာလဲ၊ အဝိဇ္ဇာ, တဏှာ, ကံဆိုတဲ့ဓမ္မ တွေကြောင့် ဖြစ်တာ၊ သူတို့က လုပ်လို့ဖြစ်တာပဲ၊ ဒီလိုသိရင် ဒိဋ္ဌိစင်ပြီဆိုတာ မှတ်ကြတော့။

အခု ဒကာ,ဒကာမတို့ လက်ရှိကိုယ်ပိုင်ဆိုသလို ဇာတိစတဲ့ ဒုက္ခတွေရှိပြီး နေကြရတယ်၊ ဒါတွေဟာ ဘယ်သူ လုပ်တာလဲ? လင်မကောင်းလို့၊ သားမကောင်းလို့၊ မယားမကောင်းလို့၊ ကံမကောင်းလို့လား? ကံမကောင်းလို့ချည်း မဟုတ်ဘူး၊ အဝိဇ္ဇာရယ်, တဏှာရယ်, ကံရယ်, ဒီသုံးခုကလုပ်ဖို့ပဲဆိုတာ ဆုံးဖြတ်ချက်ချကြ။

ဒကာ,ဒကာမတွေ အခုသုံးနံပါတ်ကို ပြောရမယ်၊ ဒုက္ခကို မိမိ, သူတပါး နှစ်ဦးသားပေါင်းပြီး ပြုတာလားလို့ မေးပြန်တော့ ဘုရားရှင်က ဒီလိုပဲမဟုတ်ပါဘူးကွာလို့ ဖြေလိုက်ပါတယ်ဆိုတော့ ဒကာ,ဒကာမတို့အဖို့ရာမှာ ရှင်းနေကြ ပြီ၊ အားလုံးတို့တတွေ ရထားကြတဲ့ဒုက္ခတွေ၊ ဇာတိ, ဇရာ, မရဏဆိုတဲ့ ဒုက္ခတွေကို အဝိဇ္ဇာ, တဏှာ, ကံတို့ကလုပ်လိုက် တာပဲ၊ ဒါကို ဉာဏ်နဲ့သိရင် ဒီဘဝ အပါယ်ကလွတ်နိုင်ကြပြီ။ ဒါကိုသိရုံနဲ့ပဲ အပါယ်တစ်ဘဝ လွတ်နိုင်တယ်ဆိုတော့ အားရှိဖို့ မကောင်းဘူးလား?၊ ဒကာ,ဒကာမတွေ မိမိမဟုတ်, သူတပါးလည်းမဟုတ်၊ ဒီပရမတ်တရားတွေက လုပ်တာ ပဲလို့ သိတာနဲ့ အပါယ်တံခါးပိတ်ပါတယ်၊ ကျေနပ်ပလား?။

တစ်နံပါတ်တုန်းက မိမိပြုတာလား?ဆိုတော့ မိမိပြုတာမဟုတ်၊ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရား ဒုက္ခသစ္စာ ခန္ဓာငါးပါးပဲလို့ သိရတဲ့အတွက် သဿတဒိဋ္ဌိစင်တယ်။

နှစ်နံပါတ်ကျတော့ သူတပါးပြုတာမဟုတ်၊ အကြောင်းသုံးခုတွေကြောင့် ပေါ်တဲ့အကျိုး ဒုက္ခသစ္စာတရားပဲလို့ သိရတဲ့အတွက် ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ်။

ဒကာ,ဒကာမတို့ သူတပါးပြုတာပဲ၊ ဗြဟ္မာဖန်ဆင်းတာပဲ၊ ထာဝရကဖန်ဆင်းတာပဲ၊ ပိဿနိုးကဖန်ဆင်းတာပဲ လို့ ယူလိုက်ရင် အကြောင်းအကျိုး မဆက်တော့ဘူး၊ ဖန်ဆင်းသူ, ပြုသူက တခြား၊ ခံရသူက တခြားဆိုတော့ အကြောင်း နဲ့အကျိုး ပြတ်နေတယ်၊ ဒီအယူက ဥစ္ဆေဒဘက် ပြေးဝင်သွားတယ်၊ သဘောပါကြပလား?။

သုံးနံပါတ်ကတော့ သဿတနဲ့ ဥစ္ဆေဒတွဲပြီး မေးလိုက်တာပဲ

သုံးနံပါတ်ကတော့ သဿတနဲ့ ဥစ္ဆေဒတွဲပြီး မေးလိုက်တာပဲ၊ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေမှာတော့ ရှင်းလင်း ပြပြီးသားမို့ ဒီဒိဋ္ဌိတွေ စင်ကြယ်နေပြီပဲ၊ မိမိလည်း ပြုတာမဟုတ်၊ သူတပါးလည်း ပြုထားတာမဟုတ်၊ အကြောင်းသုံးခု ကြောင့် ပေါ်လာတဲ့ အကျိုးတရားဒုက္ခသစ္စာတွေပဲဆိုတာ သိနေကြပြီ။

အဲဒီတော့ အကြောင်းသုံးခုက သမုဒယသစ္စာ၊ အကျိုးတရားက ဒုက္ခသစ္စာ ခန္ဓာငါးပါးပဲ၊ ဇာတိ, ဇရာ, မရဏတွေဆိုတော့ တရားကိုယ်ရှာတော့ ခန္ဓာငါးပါးပဲရပါတယ်၊ ဒီအကြောင်းထဲမှာရော မိမိမပါ, သူတပါးလည်းမ မပါဘူး၊ အဝိဇ္ဇာ, တဏှာ, ကံပဲ ဟုတ်တယ်၊ ရှိတယ်။ အကျိုးထဲမှာလည်း မိမိမပါ, သူတပါးမပါ ခန္ဓာဒုက္ခသစ္စာသာ ဟုတ်ပါတယ်၊ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ရှင်းကြရဲ့လား?။

အဲဒီလိုခွဲခြားပြီး သိလိုက်တော့ သက္ကာဒိဋ္ဌိလည်း တစ်ပါတည်း စင်သွားတယ်ဆိုတာ သဘောပါကြပလား?။ ဒီလိုဒိဋ္ဌိတွေ စင်ကြယ်သွားတော့ အလုပ်ခွင်ဝင်ရင် လွယ်လွယ်ကူကူ လျင်လျင်မြန်မြန်နဲ့ ဖြစ်ပျက်ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်၊ ဖြစ်ပျက်မဆုံးသေးဘဲ ဒီအသိနဲ့သေရင်လည်း အပါယ်တစ်ဘဝ လွတ်နိုင်ပါတယ်ဆိုတာ ဆုံး ဖြတ်ချက် ချလိုက်ကြ၊ ကျေနပ်ပလား?။

ကိုင်း, ရှေ့ဆက်ပြီး ပြောကြဦးစို့၊ ဒကာ,ဒကာမတွေ ဒီအစေလက ကဿပက မကျေနပ်တာနဲ့ ထပ်ပြီးမေး လိုက်ပြန်ပါတယ်ဆိုတာ မှတ်ကြရမယ်၊ လေးနံပါတ် မေးခွန်းတဲ့၊ ရိပ်မိပလား?။

ဒုက္ခဟာ အလိုလိုဖြစ်တာပါလား?

”ဒါဖြင့် ရှင်ဂေါတမ၊ ဒုက္ခဟာ အလိုလိုဖြစ်တာပါလား?။”

ဒီတော့ ဘုရားရှင်က “ဒီလိုလည်း မဟုတ်ပါဘူးကွာ”လို့ အဖြေပေးလိုက်တယ်၊ အဲဒါ မေးခွန်း အဓိစ္စသမုပ္ပန္န ဒိဋ္ဌိနဲ့ မေးလိုက်တာပဲဆိုတာ သိကြရမယ်။

ဒကာ,ဒကာမတွေ ကိုင်း ဒါဖြင့် ဒီဒုက္ခတွေဟာ အလိုလိုဖြစ်တာကော ဟုတ်ပါရဲ့လားဆိုတော့ မဟုတ်ပါဘူး၊ ဒီအဝိဇ္ဇာ, တဏှာ, ကံဆိုတဲ့ အကြောင်းသုံးခုကြောင့်ပေါ်တာ၊ သူတို့ကြောင့်ဖြစ်တာပဲ ရှင်းနေကြပြီ။ အလိုလိုဖြစ်တာ မဟုတ်ပါဘူး။ ဒီအဓိပ္ပာယ်ဟာ ဒကာ,ဒကာမတွေအတွက် အင်မတန် တန်ဖိုးကြီးပါတယ်၊ အဖိုးမဖြတ်နိုင်ပါဘူး။

ဒီလိုအသိဉာဏ်တွေကို ရလိုက်တာနဲ့ စူဠသောတာပန်ဖြစ်သွားပြီ၊ လုပ်ငန်းဝင်လို့ ခရီးရောက်ရင် မဟာသော တာပန်ပဲ၊ ဒီဘဝမှာ ခရီးမပေါက်ခဲ့ရင်တောင် ဒုတိယဘဝမှာ သေချာပြီးသားမှတ်ပါ။ အားကိုးဖို့ မကောင်းကြဘူးလား?၊ ဘာမှသံသယမရှိကြနဲ့တော့၊ ကြိုးစားဖို့သာ ကိုယ့်တာဝန်ပဲဆိုတာ သတိပေးလိုက်တယ်။

ဒကာ,ဒကာမတွေ အစေလက,က ဒုက္ခဟာ အလိုလိုဖြစ်တာလားလို့မေးတော့ ဒီလိုလည်းမဟုတ်ပါဘူးလို့ ဖြေလိုက်တယ်၊ ဒကာ,ဒကာမတွေ သိကြပြီးတဲ့အတိုင်း မသိတဲ့အဝိဇ္ဇာ၊ ခင်မင်တဲ့တဏှာ၊ အားထုတ်မိတဲ့ကံတွေကြောင့် ရတာပါ၊ သူတို့ကြောင့် ဖြစ်ရတာပါ။

အိမ်မှာ ဟိုလူကဓာတ်ရှော၊ ဒီလူကခေါင်းကိုက်၊ တစ်ယောက်က ဗိုက်နာနဲ့ ဒုက္ခအမျိုးမျိုးတွေရောက်၊ ကျက် သရေ မရှိတာတွေကို ရပြီးနေကြရတယ်၊ ဒီဒုက္ခတွေဟာ အဝိဇ္ဇာ, တဏှာ, ကံကြောင့်ဖြစ်တဲ့ ဒုက္ခတွေပဲ၊ ဘယ်သူလုပ် ပေးတာမှ မဟုတ်ဘူးဆိုတာ သိရမယ်၊ ဒီအသိဟာ ဒိဋ္ဌိတွေကို ဖယ်ရှားနိုင်တဲ့အသိ၊ အပါယ်လွတ်တဲ့ အသိပဲဆိုတာ မှတ်ကြ။ ဒါနဲ့ ရှေ့ဆက်ပြောကြဦးစို့၊ အစေလက, ကဿပ,က ငါးနံပါတ်ပုစ္ဆာကို မေးလိုက်ပြန်ပါတယ်။

ဒုက္ခမရှိဘူးလား

”ရှင်ကြီးဂေါတမ၊ ဒါဖြင့် ဒုက္ခမရှိဘူးလား”တဲ့။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဒုက္ခမရှိဘူးလားလို့မေးရင် ဘယ်လိုဖြေကြမလဲ?၊ ရှိပါတယ်ဆိုတာ ဇာတိ, ဇရာ, မရဏ ဒုက္ခသစ္စာတွေ ကိုယ်ပိုင်လက်ရှိမို့ အားလုံးပဲသိကြပါတယ်။ ဒကာတို့ကိုယ်တိုင်ပဲ ကြုံတွေ့နေရတာမို့ ဒုက္ခရှိတာကို သိကြတယ်ဆိုတာ သေချာပလား?။

ဒကာ,ဒကာမတို့ ကိုယ်တွေ့မျက်မြင်ပဲ၊ ဇာတိ, ဇရာ, မရဏတွေနဲ့ ခွဲမရ ခွါမရ အတူတူနေနေကြရတယ်။ သဘောပါကြရဲ့လား?၊ ဇာတိပိ ဘာသစ္စာလဲ? ဒုက္ခသစ္စာ၊ ဇရာပိ ဒုက္ခသစ္စာ၊ မရဏမ္ပိ ဒုက္ခသစ္စာ၊ “သံခိတ္တေန ပဉ္စု ပါဒါနက္ခန္ဓာပိ ဒုက္ခသစ္စာ”ပဲ မဟုတ်လား၊ လက်ရှိခန္ဓာငါးပါးကိုက ဒုက္ခတုံး ဒုက္ခခဲကြီးပဲဆိုတာ သေချာပလား? သေချာ ပြီ။ အဲဒါနဲ့ ဘုရားရှင်က သူ့အမေးကို ဖြေလိုက်ပါတယ်။

”ဒုက္ခရှိပါတယ်ကွာ”တဲ့ ဖြေလိုက်တယ်၊ ရှင်းကြရဲ့လား။

ဒါနဲ့ ရှေ့ဆက်ပြီး မေးလိုက်ပြန်ပါတယ်၊ “ရှင်ကြီးဂေါတမက ဒုက္ခမရှိဘူးလားမေးတော့ ရှိတယ်လို့ဖြေတယ်၊ ဒါဖြင့် ရှင်ကြီးဂေါတမဟာ ဒုက္ခကိုကော မသိဘူးလား?”တဲ့။ ဒီလိုမေးတော့ ဘုရားရှင်က “ဒုက္ခကို ငါသိပါတယ်၊ ဒုက္ခသိလို့ ဘုရားဖြစ်လာတာပဲ”လို့ အဖြေပေးလိုက်တယ်၊ ဒကာ,ဒကာမတွေ သဘောကျကြပလား?၊ ဘုရားက ခန္ဓာ ငါးပါးကို လက်ညှိုးထိုးပြီးတော့ ဒုက္ခကိုသိတော်မူတဲ့အကြောင်း ဖြေတော်မူလိုက်တာပဲဆိုတာ မှတ်ကြရမယ်။

အဲဒါနဲ့ အစေလက,က “ရှင်ကြီးဂေါတမဟာ ဒုက္ခရှိတာလို့လည်း ပြောတယ်၊ ဒုက္ခကို သိတယ်လို့ဖြေတယ်၊ ဒီလိုဖြင့် ဒုက္ခရှိပုံ၊ ဒုက္ခကိုသိပုံကလေးကို အဖြေပေးပါတော့”လို့ဆိုပြီး တောင်းပန်လိုက်ပါတယ်။ အဖြေပေးပါတော့တဲ့၊ ဒုက္ခရှိပုံနဲ့ ဒုက္ခကိုသိပုံကလေးကို ကြားနာပါရစေဆိုပြီး လျှောက်ထားလိုက်ပါတယ်ဆိုတာ မှတ်မိကြပလား?။

အခု ဒီနေရာမှာ ဘုရားက အစေလက ကဿပကို ဟောပြတဲ့တရားအချက်အလက်ကို ဘုန်းကြီးတို့ ဒကာ, ဒကာမတွေအတွက် ကျဉ်းကျဉ်းနဲ့ ပြောလို့မရဘူး၊ အဲဒါကြောင့် အကျယ်တဝင့် ရှင်းလင်းပြီး ပြောလိမ့်မယ်ဆိုတာ မှတ်ကြပါ။

ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်ကို နှလုံးသွင်းပြီး အာရုံထားကြပါ

ဒကာ,ဒကာမတွေ အခု ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်ကို နှလုံးသွင်းပြီး အာရုံထားကြပါ၊ မေးပါတော့မယ် ဒကာ,ဒကာမ တို့ ဇာတိဒုက္ခဟာ ဘယ်ကလာတာလဲ? ကမ္မဘဝပစ္စယာ ဇာတိလို့ဆိုတော့ ကံကလာတာပဲ၊ သေချာပလား? ဒီဇာတိ ဟာ ကံကြောင့်ဖြစ်တာပဲ။ မိမိပြုတာမဟုတ်၊ သူတပါးပြုတာလည်းမဟုတ်၊ မိမိ၏ သူတပါး နှစ်ဦးသားပြုတာလည်း မဟုတ်၊ အလိုလိုဖြစ်တာလည်း မဟုတ်။ ဒါဖြင့် ဘာကြောင့်ဖြစ်သလဲ? ကံကြောင့်ဖြစ်တာပါ။

ဒကာ,ဒကာမတွေ ဒီကံကကော ဘယ်ကလာတာလဲ?၊ ဥပါဒါန်က လာပါတယ်ဆိုတာ ဥပါဒါနပစ္စယာ ကမ္မ ဘဝေါလို့ မဟောဘူးလား? ဟောပါတယ်။ ဒီဥပါဒါန်ကကော ဘယ်ကလာတာလဲလို့ တဖန်စစ်ပါဦးဆိုတော့ ‘တဏှာ ပစ္စယာ ဥပါဒါနံတဲ့၊ တဏှာကလာတယ်၊ တဏှာကြောင့် ဖြစ်တယ်ဆိုတာ သေချာသွားပြီ။

ဒီတဏှာကော ဘယ်ကလာပါလိမ့်မလဲ ဆန်းစစ်ပြန်တော့ ဘာတွေ့ရသလဲ ‘ဝေဒနာပစ္စယာ တဏှာ’လို့ဆို တော့ ဒီတဏှာဟာ ဝေဒနာကလာတာပဲ၊ ရှင်းကြပလား? သူ့ကိုကော အကြောင်းရှာပါဦး၊ ဝေဒနာကကော ဘယ်က လာတာတုံး ဖဿပစ္စယာ ဝေဒနာ, ဝေဒနာဆိုတော့ ဖဿကလာတာဆိုတာ ရိပ်မိကြပလား?။

ကိုင်း, ဒါဖြင့် ဖဿကိုကော ကြည့်ပါဦး၊ သူကော ဘယ်ကလာတာလဲ?ဆိုတော့ ‘သဠာယတနက ဖဿော’တဲ့၊ ဒီဖဿဟာ သဠာယတနက လာပါတယ်ဆိုတာ ထင်ရှားပလား? သူ့အကြောင်းကော ရှာပါဦးတဲ့၊ သဠာယတနကကော ဘယ်ကလာတာပါလိမ့်မလဲ? နာမ်ရုပ်က လာတာပါဆိုတာ ‘နာမရူပပစ္စယာ သဠာယတန’လို့ ဟောပါတယ်။ ဒကာ, ဒကာမတွေ သဘောပါကြရဲ့လား?။

ဒီနာမ်ရုပ်တွေကကော ဘယ်ကလာတာတုံး?လို့ ရှေ့ဆက်ပြီး အကြောင်းရှာပါဦးဆိုတော့ နာမ်ရုပ်သည် ဝိညာဏ်ကလာတာ၊ ဝိညာဏ်ကြောင့် ဖြစ်ရတာပါ၊ ဒါကြောင့် ပါဠိတော်မှာ ဝိညာဏပစ္စယာနာမရူပံလို့ ဟောတော် မူထားပါတယ်၊ ကျေနပ်ကဲ့လား?၊ ရှေ့ဆက်လိုက်ပါဦး၊ ဝိညာဏ်ကကော ဘယ်ကလာတာတုံး?ဆိုတော့ သင်္ခါရက လာပါတယ်၊ ဒါကြောင့် ‘သင်္ခါရပစ္စယာ ဝိညာဏံ’တဲ့ ရှင်းကြပလား?။

အကြောင်းနဲ့အကျိုးပဲ ရှိပါတယ်

သူ့အကြောင်းကော ဆက်ရှာပါဦးတဲ့၊ ဒီသင်္ခါရကော ဘယ်ကလာတာတုံး?လို့၊ သင်္ခါရဟာ အဝိဇ္ဇာကလာတာ တဲ့။ ဒါကြောင့် ‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ’တဲ့။ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ အားလုံး သဘောပါကြပလား?၊ သူ့ အကြောင်းကြောင့် သူ့အကျိုးပေါ်ရတယ်၊ အကြောင်းနဲ့အကျိုးပဲ ရှိပါတယ်။

အကြောင်းကြောင်း အဆက်ဆက်တွေကြောင့် ဒီအကျိုးအဆင့်ဆင့်တွေ ရပါတယ်၊ ငါမပါ သို့မဟုတ် ဒုက္ခ အစုခန္ဓာ ငါးခုပဲရှိပါတယ်၊ ဒကာ,ဒကာမတို့ ဇာတိ, ဇရာ, မရဏစတဲ့ ဒုက္ခတွေဟာ ဘယ်သူပြုတာလဲ?၊ ဘာကြောင့် ပေါ်တာလဲ? ဆိုတော့ ဘယ်သူမှပြုတာမဟုတ်၊ သူ့အကြောင်းကြောင့်ပေါ်တဲ့ သူ့အကျိုးတရားအစုပဲဆိုတာ ကျေနပ် ကြပလား?။

ကောင်းပြီ, ဒါဖြင့်ရင် ဇာတိ, ဇရာ, မရဏဆိုတဲ့ ဒုက္ခတွေကင်းချင်ရင် ဒါတွေချုပ်ချင်ရင် ဘာလုပ်ရမလဲ? ဆိုတဲ့အခါမှာ အဖျဉ်းဆုံး ကံကစပြီး မပေါ်အောင်လုပ်ရမယ်။ ခန္ဓာမှာ အဖြစ်အပျက်ကိုရှုပြီး ဝေဒနာတွင် ရပ်အောင် ကြိုးစားရမယ်၊ ဝေဒနာနောက်က တဏှာ, ဥပါဒါန်, ကံဆိုတာတွေမပေါ်ဖို့ အရေးကြီးတယ်ဆိုတာ မှတ်လိုက်ကြ။

အခု ဒီဒုက္ခတွေ ချုပ်တဲ့နည်းကိုပြောရမယ်၊ အချုပ်မှတ်ဖို့ ခန္ဓာမှာ ဉာဏ်နဲ့သာကြည့်ပေးဖို့ပဲဆိုတာကို စွဲစွဲ မြဲမြဲ မှတ်သားထားလိုက်ကြပါ။ ဒုက္ခချုပ်တဲ့နည်းဟာ ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ပေးဖို့သာ လိုရင်းပဲလို့ဆိုတော့ ဘယ်လို ကြည့်ရမှာလဲ? ကြည့်နည်းကို အခုပြောပြလိမ့်မယ်ဆိုတာ မှတ်ကြ။

ခန္ဓာဆိုတာ တခြားမဟုတ်ဘူး၊ မိမိလက်ရှိ အခုရထားတဲ့ခန္ဓာကြီးပဲ၊ ဒီခန္ဓာကို ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ဝေဖန် လိုက်တော့ ဒကာ,ဒကာမတွေ သိထားကြတဲ့အတိုင်း “ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, ဒီငါးမျိုးကို ပထမသိရမယ်။

ပေါင်းတော့ ခန္ဓာငါးပါးပဲ ရှိတယ်

ဒီငါးမျိုးကို ခန္ဓာဖွဲ့လိုက်တော့ ဝိညာဏ်က ခြောက်ပါးရှိတယ်၊ အဲဒီဝိညာဏ်ခြောက်ပါးက ဝိညာဏက္ခန္ဓာ။ နာမ်ရုပ်ထဲမှာ နာမ်ကိုခွဲထုတ်လိုက်တော့ အဲဒီထဲမှာ သညာက္ခန္ဓာနဲ့ သင်္ခါရက္ခန္ဓာ နှစ်ပါးရတယ်၊ သဠာယတနဆိုတဲ့ အာယတနခြောက်ခုက ရူပက္ခန္ဓာ၊ ဖဿက သင်္ခါရက္ခန္ဓာ၊ ဝေဒနာသုံးပါးက ဝေဒနာက္ခန္ဓာ ပေါင်းတော့ ခန္ဓာငါးပါးပဲ ရှိတယ်ဆိုတာ မှတ်ကြရမယ်။

ဒီတော့ ဒီဝိညာဏ်စတဲ့ ငါးခုခန္ဓာအစုဟာ ယခုလက်ရှိရနေတဲ့ ငါးခုအစုပဲ၊ ဒီငါးခုထဲက ကြိုက်တာတစ်ခုခု ကို ကိုင်ရမယ်၊ စိတ်ကြိုက်ရင် စိတ်၊ ရုပ်ကြိုက်ရင် ရုပ်၊ ဝေဒနာကြိုက်လည်း ဝေဒနာကိုကိုင်ပေါ့။ ဥပမာ ဝေဒနာ ကိုင်တယ်ဆိုပါစို့၊ ခန္ဓာမှာ ဝေဒနာသုံးပါး လှည့်ပြီးပေါ်တာပဲ၊ ဝေဒနာကင်းတဲ့အချိန်ရယ်လို့ မရှိဘူး၊ တစ်ခုမရှိ တစ်ခု တော့ အမြဲတမ်း ရှိပြီးနေပါတယ်။

ဒကာ,ဒကာမတွေ ရိပ်မိကြပလား?၊ အဲဒီလို မိမိတို့ခန္ဓာမှာ ဝေဒနာသုံးပါး တစ်ပါးပါးပေါ်လာတဲ့အခါ ဉာဏ်နဲ့ ကြည့်ပေးရမယ်၊ သုခဝေဒနာလေး ပေါ်လာလည်း ဉာဏ်နဲ့ကြည့်လိုက်၊ ဒုက္ခပေါ်လည်းကြည့်၊ ဥပေက္ခာပေါ်လည်း ကြည့်၊ အဲဒီလိုပေါ်လာတဲ့ ဝေဒနာကို ဉာဏ်နဲ့ကြည့်ပေးတော့ ပေါ်လာပြီး မရှိတော့တာ၊ ပေါ်ပြီးပျောက်သွားတာကို သိရမယ်။

ဝေဒနာလေး တစ်ခုတစ်ခုဖြစ်ပေါ်လာလိုက်၊ ပျက်စီးသွားလိုက်၊ ဖြစ်လာလိုက်, ပျက်သွားလိုက်နေတာကို ဉာဏ်နဲ့ကြည့်ရင် သိလာမယ်၊ အဲဒီလို ဉာဏ်နဲ့ကြည့်နေတဲ့အချိန်အခါမှာ ဝေဒနာလေးတွေ ဖြစ်ပြီးပျက်နေတာချည့် သိနေ မြင်နေရမယ်၊ ရိပ်မိပလား?။

အဲဒီလိုကြည့်နေ မြင်နေတော့ ဝေဒနာကဖြစ်ပျက်၊ ကြည့်တဲ့ဉာဏ်က မဂ်ဖြစ်သွားတယ်၊ အဲဒီအချိန်မှာ ဝေဒနာ နောက်က တဏှာမလာဘူး ချုပ်နေတယ်၊ တဏှာချုပ်, ဥပါဒါန်လည်းချုပ်, ကံလည်းချုပ်နေတယ်၊ ဒကာ,ဒကာမတွေ သဘောပါကြပလား?။

ရှုတဲ့ဉာဏ်က မဂ်ဖြစ်နေတော့ သူဟာ မဂ္ဂင်ငါးပါး

တစ်နည်းအားဖြင့်ဆိုရင်လည်း ရှုတဲ့ဉာဏ်က မဂ်ဖြစ်နေတော့ သူဟာ မဂ္ဂင်ငါးပါးရှိတဲ့ ဝိဇ္ဇာဉာဏ်ကလေးပဲ ဆိုတာ မှတ်ရမယ်၊ ဝေဒနာက္ခန္ဓာပေါ်မှာ ဒီဝိဇ္ဇာဉာဏ်ကလေး ဝင်လာလိုက်တော့ အဝိဇ္ဇာချုပ်နေတယ်၊ အဝိဇ္ဇာနေရာ မှာ ဝိဇ္ဇာအစားထိုးလိုက်တယ်ဆိုတာ ရိပ်မိကြပလား?၊ အဲဒီတော့ အဝိဇ္ဇာ နိရောဓောဖြစ်နေပြီဆိုတာ ပေါ်ပလား?။

အဲဒီလို အဝိဇ္ဇာနိရောဓောဆိုတော့ “အဝိဇ္ဇာနိရောဓော သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓော, ဝိညာဏနိရော ဓော၊ ဝိညာဏနိရောဓော၊ နာမရူပနိရောဓော၊ နာမရူပနိရောဓော, သဠာယတနနိရောဓော၊ သဠာယတနနိရောဓော, ဖဿနိရောဓော၊ ဖဿနိရောဓော, ဝေဒနာနိရောဓော၊ ဝေဒနာနိရောဓော, တဏှာနိရောဓော၊ တဏှာနိရောဓော, ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓော, ဘဝနိရောဓော၊ ဘဝနိရောဓော, ဇာတိနိရောဓော၊ ဇာတိနိရောဓော, ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿပါယာသာ နိရုဇ္ဈန္တိ”ပဲ။ ကျေနပ်ပလား?။

ဒကာ,ဒကာမတို့ အဝိဇ္ဇာချုပ်တော့ သူ့နောက်ကရှိတဲ့ သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်စတဲ့ တရားတွေ အကုန်ချုပ် ပါတယ်၊ ဒုက္ခအစုကြီးဟာ အကုန်လုံးချုပ်သွားတော့တာပဲလို့ မှတ်လိုက်ကြပါ၊ ဒကာ,ဒကာမတို့ ဘုရားရှင်ကိုယ်တော် မြတ်ကြီးက အစေလက ကဿပကို ဒီသဘောအတိုင်း ဟောပြတော်မူလိုက်တယ်ဆိုတာ မှတ်ကြရမယ်။ ရှင်းကြပလား?။

အဲဒီတော့ ဒကာ,ဒကာမတွေက ဒုက္ခချုပ်ချင်ရင် အဝိဇ္ဇာချုပ်ဖို့ သိပ်အရေးကြီးပါကလား၊ အဝိဇ္ဇာချုပ်အောင် ကြိုးစားဖို့ပဲ လိုတော့တယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။

ဒကာ,ဒကာမတွေမှာ ဒုက္ခကိုယ်စီ, ဒုက္ခလက်ရှိနဲ့ နေနေကြရတယ်၊ ခွဲလို့မရ ခွါလို့မရ၊ ခန္ဓာရသူမှန်သမျှ ဒုက္ခအပြည့်နဲ့ အိမ်မှာလည်း ဒုက္ခတွေတင်းကြမ်းနဲ့။ ဈေးချိုသွားတော့လည်း ဒုက္ခနဲ့ခွဲမရ၊ ပွဲကုန်းဘက်သွားပြန်လည်း ခွဲမရ၊ ကိုယ်နဲ့တွဲရက် ဒုက္ခတွေက ကပ်ရက်ပါနေကြတယ်။ ရိပ်မိကြရဲ့လား?။

ဒုက္ခချုပ်အောင် လုပ်ကြရမယ်

ဒါကြောင့် ဒုက္ခချုပ်အောင် လုပ်ကြရမယ်၊ ဒုက္ခချုပ်ချင်ရင်လည်း အဝိဇ္ဇာ, တဏှာချုပ်မှ ချုပ်မှာဖြစ်နေတော့ အဝိဇ္ဇာ, တဏှာချုပ်အောင် အရေးတကြီးလုပ်ကြရမယ်ဆိုတာ မှတ်လိုက်ကြ။

ဒကာ,ဒကာမတို့ အဝိဇ္ဇာ, တဏှာချုပ်ဖို့ ဆိုပြန်တော့ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်အောင် လုပ်ရလိမ့်မယ်ဆိုတာ ပြောခဲ့ပြီးပြီ၊ ဝိဇ္ဇာဖြစ်အောင်လုပ်ရင် အဝိဇ္ဇာချုပ် တဏှာလည်းချုပ်ပါတယ်၊ ချုပ်ရင် နောက်ထပ်အဝိဇ္ဇာ ပြန်ပြီးမစဖို့ အရေးကြီးတယ်၊ အဝိဇ္ဇာပြန်မစတော့ရင်ဖြင့် နောက်က သင်္ခါရပင်တွေ ဝိညာဏ်ပင်တွေ မပေါက်နိုင်တော့ပါဘူး၊ နောက်လာမယ့်ဟာတွေ အကုန်ချုပ်တယ်။

ဒုက္ခတွေဟူသ၍ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်ရင် ကုန်ပါတယ်၊ ဒီအဝိဇ္ဇာချုပ်ရင် ဒုတိယလူစွမ်းကောင်းဖြစ်တဲ့ တဏှာ လည်း ချုပ်တယ်၊ တတိယလူစွမ်းကောင်း ကံလည်းချုပ်ပါတယ်။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ အဝိဇ္ဇာတစ်လုံး ချုပ်အောင်လုပ်ရင် အားလုံးပြီးစီးပါတယ်၊ ဒီတော့ ကာ အဝိဇ္ဇာချုပ်အောင် လုပ်ဖို့အရေးဟာ ဘယ်လောက်ကြီးတဲ့အရေးလဲဆိုတာ ပေါ်ကြပလား?။ ဒါဖြင့် အမြန်ဆုံး ကြိုးစားကြရမယ်။

အဝိဇ္ဇာမရှိရင် နိဗ္ဗာန်ရောက်တယ်၊ ဒုက္ခတွေ အကုန်သိမ်းနိုင်ပါတယ်ဆိုတာ လေးလေးနက်နက် မှတ်ယူကြ ပါ။

ကိုင်း…နာရီစေ့ပြီ၊ နက်ဖြန်မှ ဆက်ကြစို့။

**********