အမှားသုံးချက် ဒုက္ခစက်တရားတော်
ဆောင်ပုဒ်
တကယ်အရှိ၊ လိုက်စားဘိ၊ ရောက်၏သေလွန်ရာ
ခန္ဓာငါးခွင်၊ ဉာဏ်သက်ဝင်၊ မှန်မြင်ရှုကြည့်ရာ
ငါသူမဟုတ်၊ နာမ်နှင့်ရုပ်၊ ဖြစ်ချုပ်သဘာဝါ။
အကြောင်းတိုက်လျက်၊ ဖြစ်ပျက်ပေါ်၊ သက်သက်အနိစ္စာ။
သူ့သဘာဝ၊ ဖောက်ပြန်ကြ၊ ဒုက္ခ အနတ္တာ။
ပုဂ္ဂိုလ်သတ္တ၊ မဟုတ်ကြ၊ သုည သူ့ခြင်းရာ။
ဟုတ်မှန်သိမြင်၊ မချစ်ခင်၊ လွှတ်လျှင် ငြိမ်းချမ်းသာ။ ။
သတိချပ်
အခေါ်အရှိ၊ လိုက်စားဘိ၊ လား၏ သေမင်းရွာ။
မရှိပညတ်၊ ဆိုင်းဘုတ်တပ်၊ ဟုတ်မှတ် ယူစွဲကာ။
ဒဏ်ရာမထင်၊ ပူဘေးဝင်၊ နာကျင် သေရရှာ။
ခဲယောင်လှမ်းကောက်၊ ပစ်ဟန်ခြောက်၊ လန့်ကြောက်ခွေးပမာ။
မရှိထင်ရှား၊ ရိုက်ခံငြား၊ အမှား သုံးချက်နာ။
အရူးရင်းခံ၊ မှားချက်သန်၊ ထပ်ပြန် ပါယ်လေးရွာ။
ရူးမှားထပ်ပြန်၊ သံသာရံ၊ ဖန်ဖန် ဓွန့်ရှည်ကြာ။
တရားသား
အခေါ်အရှိကို လိုက်စားရင် သေမင်း နိုင်ငံရောက်မယ်
ဒကာ,ဒကာမတို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက “သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်”မှာ ဟောတော် မူထားခဲ့ပါတယ်၊ “တကယ်အရှိကို လိုက်စားရင် သေမင်းလွတ်ရာရောက်မယ်၊ အခေါ်အရှိကို လိုက်စားရင် သေမင်း နိုင်ငံရောက်မယ်” အဲဒီလို ဟောတော်မူခဲ့တာ ရှိပါတယ်။ အဓိပ္ပာယ် အချုပ်သဘောကတော့ ပုဂ္ဂိုလ်သတ္တဝါ, ငါ, သူတပါး, ယောက်ျား, မိန်းမ, အမေ, အမေ, သား, သမီး စတဲ့ အခြင်းအရာတွေဟာ အခေါ်သာရှိပြီး တကယ်အရှိ မဟုတ်ကြဘူး၊ အမှန်ရှိ တကယ်အရှိသဘာဝကတော့ ခန္ဓာငါးပါးပါပဲ။ ခန္ဓာငါးပါးက အတည်ရှိ အဟုတ်ရှိတဲ့ ပစ္စည်း ပဲဆိုတာ မှတ်ကြရမယ်။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့သာဝကတွေ တကယ်အရှိကို လိုက်စားကြရမယ်၊ အခေါ်မရှိကို မလိုက်စားကြနဲ့၊ အခေါ်အရှိကို လိုက်စားရင် အပါယ်လေးပါး ရောက်ကြလိမ့်မယ်၊ တကယ်အရှိကို လိုက်စားမှုသာ အသေလွတ်ရာ ရောက်ကြမယ်လို့ မှာတော်မူခဲ့တယ်ဆိုတာ စွဲစွဲမြဲမြဲ မှတ်လိုက်ကြပါ။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက “ဪ…အခေါ်အရှိနဲ့ တကယ်အရှိဆိုတာ တို့ကိုနှိပ်စက်တဲံ ရန်သူနဲ့ တို့ကိုကယ်တင်မယ့် မိတ်ဆွေပါကလား”လို့ ဆုံးဖြတ်ချက်ချကြ၊ ရိပ်မိပလား?။
ဒကာ,ဒကာမတွေ ကိုယ်တွေ့မျက်မြင်မှာပဲ ကြည့်ကြစမ်းပါ။ ယောက်ျားရယ်, မိန်းမရယ်, သားရယ်, သမီး ရယ်, မြေးရယ်, မြစ်ရယ်နဲ့နေကြ, ထိုင်ကြ, ခင်မင်ကြ, တွယ်တာကြ, ချစ်ကြရ, ကြောင့်ကြစိုက်ကြရ, စောင့်ရှောက်ရ ပြုစုရ, ကျွေးရမွေးရ အခေါ်သာရှိတဲ့ သူတို့အတွက်ကြောင့်ပဲ ပူကြရပင်ကြရ၊ စိုးရိမ်ကြရ၊ ပူဆွေးကြရ၊ ငိုကြွေးကြရ၊ အဲဒါတွေဟာ အခေါ်အရှိကြောင့်ပဲ၊ ရိပ်မိကြပလား?။
ဒကာ,ဒကာမတွေ လေးလေးနက်နက် ဉာဏ်နဲ့စဉ်းစားကြပါ၊ ဘယ်လောက်နစ်နာတယ်ဆိုတာ ပေါ်ကြမယ်။ တကယ်မရှိတာကို အရှိလုပ်ပြီး ရင်ထုကြ, မြေလူးကြ, ကြမ်းခုန်ပြီး ငိုကြွေးကြနဲ့ အဲဒါတွေဟာ အခေါ်အရှိကြောင့် ချည့်ပဲ၊ သဘောပါကြပလား?၊ ဒကာ,ဒကာမတို့အဖြစ်ဟာ စဉ်းစားကြည့်ရင် အင်မတန်မှ နစ်နာပါတယ်။
မရှိတဲ့တုတ်(ဒုတ်)နဲ့ အရိုက်ခံပြီး အော်ရဟစ်ရနဲ့ အတူတူပါပဲ
မရှိတဲ့တုတ်(ဒုတ်)နဲ့ အရိုက်ခံပြီး အော်ရဟစ်ရနဲ့ အတူတူပါပဲ၊ အခေါ်အရှိအတွက်နဲ့ပဲ သေခြင်းဆိုးနဲ့ သေရ တာတွေ၊ သားသေလို့၊ သမီးသေလို့၊ ခင်ပွန်းသေလို့နဲ့ ဒီစိတ်တွေနဲ့ပဲ နောက်လူက သေရပြန်သတဲ့၊ အဲဒါတွေဟာ သားဆိုတဲ့အခေါ် သမီးဆိုတဲ့အခေါ်တွေက နှိပ်စက်လိုက်တာပဲ။ တကယ်မရှိ အခေါ်သာရှိတာက နှိပ်စက်လို့ ဒုက္ခ ရောက်ရတယ်ဆိုတာဟာ သဘာဝမကျဘူး၊ တကယ်ရှိတဲ့ ရှားသားတုတ်(ဒုတ်)နဲ့ ရိုက်လို့ သေတာဟာ သဘာဝကျပါ သေးတယ်။
ဒကာ,ဒကာမတို့ သေသေချာချာ မှတ်လိုက်ကြပါ၊ မရှိတာနဲ့ ရိုက်လို့သေတာ၊ မရှိတာက နှိပ်စက်လို့ သေတယ် ဆိုတာဟာ သာမညလို့မမှတ်ပါနဲ့ “သူ့ရူးချက်နဲ့ သူသေတာပဲ”လို့သာ မှတ်လိုက်ကြတော့။ သူ့အမြင်က ဖောက်ပြန်နေ တော့ သူ့အရူးရောဂါ ဝေဒနာနဲ့ အနိစ္စရောက်ရရှာတာပဲဆိုတာ မှတ်ကြ၊ ရိပ်မိကြရဲ့လား?။
ရူးချက်ဘယ်လောက် သန်နေကြသလဲ?ဆိုတာ ကိုယ့်ပတ်ဝန်းကျင်မှာကြည့်ရင် မြင်နိုင်ကြမယ်။ မရှိတဲ့သားက နှိပ်စက်တာနဲ့ အမေ အပါယ်သွားရတာမျိုးတွေ၊ မရှိတဲ့သမီးက နှိပ်စက်လို့ အဘေ ဒုက္ခရောက်ရတဲ့ အဖြစ်မျိုးတွေ အများကြီးပဲ။ ရပ်ထဲရွာထဲမှာကြည့်ရင် ဒါမျိုးတွေချည့် တွေ့ရမြင်ရမယ်ဆိုတာသာ မှတ်ကြ၊ ဒကာ,ဒကာမတို့တတွေဟာ အခေါ်အရှိက အနှိပ်စက်ခံရတာချည့်ပါပဲ။ ရှင်းကြပလား?။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက ဆေးရောင်အမျိုးမျိုးတွေသုတ်၊ စာတွေကိုလည်း အမျိုးမျိုးရေးထားကြပြီး ဆိုင်းဘုတ်တွေကို အမျိုးမျိုးဆွဲနေကြတယ်၊ အမေဆိုတဲ့ဆိုင်းဘုတ်၊ အဘေဆိုတဲ့ဆိုင်းဘုတ်၊ သားဆိုင်းဘုတ်၊ သမီးဆိုင်း ဘုတ်၊ အဲဒါတွေ အမျိုးမျိုးတပ်ထားကြပြီး အပူဇာတ်ထုပ်တွေ ခင်းနေကြတာပဲရှိတယ်၊ ဆိုင်းဘုတ်တွေတပ်ပြီး အမေ ပျက်စီးလို့၊ အဘေပျက်စီးလို့၊ သားသမီးပျက်စီးလို့၊ ခင်ပွန်းဖောက်ပြန်သွားလို့နဲ့ မျက်ရည်နဲ့မျက်ခွက် ဖြစ်ကြရတယ်။
မရှိတာ အရှိလုပ်ပြီး မဟုတ်တာတွေကို လိုက်စားနေကြလို့ပဲ
ဒါဘာကြောင့်လဲလို့ဆိုတော့ မရှိတာ အရှိလုပ်ပြီး မဟုတ်တာတွေကို လိုက်စားနေကြလို့ပဲဆိုတာသာ မှတ်ကြ၊ ရိပ်မိကြရဲ့လား?၊ ဒကာ,ဒကာမတို့တတွေဟာ အင်မတန်မှ မသိသား ဆိုးရွားလွန်းလှတယ်လို့ပဲ ဘုန်းကြီးက စွဲချက် တင်လိုက်ပါတယ်။ ဥပမာ-သားကလေးက ကိုယ့်စကားနားမထောင်, သူထင်သလိုသူနေ, ကိုယ်သဘောမတူတာနဲ့ ပေါင်းသင်းနေထိုင်တာ တွေ့ရကြုံရပလားဆိုတော့ သားစိတ်နဲ့ပဲ အဖေ,ဒုက္ခရောက်ရရှာတယ်။
သမီးလုပ်သူကလည်း မိဘစကား နားမထောင်၊ သူ့သဘောအတိုင်း သွားလိုရာသွား၊ တော်လော်ကန့်လန့် လုပ်ပလားဆိုပြန်တော့ သမီးစိတ်နဲ့ပဲ အမေဒုက္ခရောက်ရပြန်တယ်၊ အဲဒါဟာ မရှိတာဟာ နှိပ်စက်တာပါပဲ၊ ဒကာ,ဒကာမ တို့တတွေမှာ တကယ်မရှိတာက နှိပ်စက်နေတာ ငုံ့ပြီးခံနေကြရတယ်ဆိုရင် မမှားပါဘူး၊ သဘောပါကြပလား?။
ဥပမာအားဖြင့်ဆိုရင် “ခွေးများလိုက်တဲ့အခါ အလိုက်ခံရတဲ့သူက ကုန်းပြီးတော့ ခဲကောက်တဲ့အယောင်မျိုး, ပစ်လိုက်တဲ့အယောင်မျိုးကို ပြလိုက်တာနဲ့ ခွေးဟာ ကြောက်လန့်ပြီး ထွက်ပြေးသွားရတာလိုပဲလို့ မှတ်ကြရမယ်။ ဒကာ,ဒကာမတို့မှာလည်း ခွေးက လိုက်ကိုက်တဲ့အခါ ခဲကောက်ပြီး အယောင်ပြလိုက်တာနဲ့ ခွေးပြေးရတဲ့ဥပမာလို မရှိတာက အနှိပ်စက်ခံနေကြရတာ အရှိနှိပ်စက်တာ မဟုတ်ဘူးဆိုတာ ဆုံးဖြတ်ချက်ချကြ။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေမှာလည်း မရှိတာ အနှိပ်အစက်ခံနေကြရသမျှမှာ ဒီခွေးဥပမာအတူပဲလို့ မှတ်လိုက်ကြတော့၊ ကျေနပ်ကြပလား? ဒကာ,ဒကာမတို့ မနာကြနဲ့တော့၊ ပုံကတော့ ခပ်ရိုင်းရိုင်းပဲ။ ခဲမပါဘဲနဲ့ အပြေး ကြီး ပြေးရရှာတယ်ဆိုတာ ခွေးက တိရစ္ဆာန်မို့ကိုး။ ဒကာတို့မှာလည်း မရှိတာကနှိပ်စက်လို့ မျက်ရည်ကျရတာဟာ စဉ်းစားသာကြည့်ကြပါတော့၊ တိရစ္ဆာန်ကိုးလို့ မဆိုပေမယ့် အဓိပ္ပာယ်ရောက်နေပြီ၊ ပေါ်ကြပလား?။
ဒီအဓိပ္ပာယ်သဘောကို ဉာဏ်နားနဲ့ထောင်ကြ၊ ထောင်ပြီး ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ကြပါ၊ ကြည့်ရင် အမှန်အကန် ကိုယ်တိုင်ဧကန် သိကြရမယ်။ အခု ဒကာ,ဒကာမတို့ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ပေးပါ၊ ဥပမာ မိမိကိုယ်မှာ လက်ကလေး နဲ့ပဲ စမ်းကြည့်စမ်းပါ၊ ဘာတွေ့ရမလဲ?၊ ပူတာ, နွေးတာရင်လည်း တွေ့မယ်၊ အေးတာရင်လည်း တွေ့မယ်၊ နောက်ပြီး ကြမ်းတာ, နုတာ၊ မာတာ, ပျော့တာ တစ်ခုခုကိုသာတွေ့ရမယ်။
သူမဟုတ်, ငါမဟုတ်, ယောက်ျားမဟုတ်, မိန်းမမဟုတ်
ပူတာ, နွေးတာ, အေးတာတွေက တေဇောသဘော၊ ကြမ်းတာ, နုတာ, မာတာ, ပျော့တာတွေဆိုတာက ပထဝီသဘော၊ ဒီဓာတ်သဘာဝတွေ တစ်ခုခုပြဋ္ဌာန်းပြီး တွေ့ရမြင်ရတာပဲရှိတယ်၊ ပထဝီဟာ ပထဝီပဲ၊ သူမဟုတ်, ငါမဟုတ်, ယောက်ျားမဟုတ်, မိန်းမမဟုတ်, ရုပ်ဓာတ်အစုမျှသာပဲ ဖြစ်ပါတယ်။ ဒကာ,ဒကာမတွေ သဘောပါကြ ပလား?။
ဥပမာ သမီးကလေးလားဆိုပြီး နဖူးပြင်မှာ စမ်းကြည့်လိုက်ပါ၊ သမီးကိုတွေ့ပါ့မလား? မတွေ့ရပါဘူး၊ နွေးတဲ့ တေဇောဓာတ် ရုပ်သဘောလေးကို တွေ့ရမယ်၊ မာပျော့ ပထဝီရုပ်ကလေးကို အရင်တွေ့ရမယ်၊ အမှန်အရှိက ဒီရုပ် သဘာဝအစု ဖောက်ပြန်မှုတွေပဲရှိလို့ ဒါတွေကိုပဲ တွေ့ရမှာပဲ၊ သားလည်းမရှိ, သမီးဆိုတာလည်း မရှိပါဘူး။ ရှင်းကြ ရဲ့လား?။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေမှာ မရှိတာ နှိပ်စက်နေရတယ်ဆိုတာ ပေါ်ကြပလား?၊ သား လင် ခင်ပွန်း ဆိုတာလည်း မရှိ၊ ဒီလိုတကယ်မရှိတာက အနှိပ်စက်ခံ၊ မရှိနှိပ်စက်လို့ အပါယ်သွားကြ၊ အဲဒါ လေးလေးနက်နက် စဉ်းစားပါ၊ ခွေးစိတ်ပေါက်လို့ပဲလို့ ဆိုထိုက်မဆိုထိုက်၊ ရိပ်မိကြရဲ့လား?။
ဒဏ်ရာဒဏ်ချက်က စွဲချက်တင်လောက်အောင် မရှိဘဲနဲ့ ပိန်ချုံးချိနဲ့ပြီး သေကြရတာတွေဟာ မရှိနှိပ်စက် ခံရလို့ပဲဆိုတာ မှတ်ကြတော့။ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေထဲမှာ မရှိနှိပ်စက်ခံရတာက လွတ်တဲ့သူများ ဘယ်နှယောက် ပါကြသလဲ?၊ တစ်ယောက်ကမှ မပါကြဘူးဆိုတော့ လွန်လွန်းကုန်ပြီ။ အခေါ်သာရှိပြီး တကယ်မရှိတာက နှိပ်စက်၊ သူနှိပ်စက်တော့ သေမင်းနိုင်ငံလိုက်ရ၊ နောက် အပါယ်သွားကြ၊ ကောင်းနိုင်ပါဦးမလား?။
အမှန်အကန်သိပြီး ပြင်ဖို့ဆင်ဖို့ အချိန်တော်လောက်ပါပြီ၊ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ သံသရာမှာ ဘယ် လိုများ နေခဲ့ထိုင်ခဲ့ကြရသလဲလို့မေးရင် တကယ်မရှိတာက နှိပ်စက်လို့ သံသရာတစ်လျှောက်လုံး ခွေးနေနေပြီး, ခွေး သေ သေခဲ့ကြရပါတယ်လို့သာ ဖြေကြတော့၊ ရှင်းပလား?၊ စီးပွားရေးပျက်လို့ ရွှေထုပ်ငွေထုပ်ပျောက်လို့ အတိုးချထား တဲ့ငွေတွေ ဆုံးလို့ ဥစ္စာရူး ရူး၊ ရူးပြီးသေကြရ၊ အဲဒါတွေဟာ မရှိနှိပ်စက်တာပဲ။
ပွဲကြည့်တဲ့အခါများမှာ
ပွဲကြည့်တဲ့အခါများမှာ အရုပ်ချင်းက ရိုက်ကြ, နှက်ကြ၊ နှိပ်စက်ခန်းပြကြ၊ အဲဒီအခါမှာ ဒကာတို့က ငိုကြ ယိုကြ၊ အဲဒါ ရူးတာပဲ၊ ရူးတာဟာ ရူးပါးမဝကြလို့ပဲဆိုတာသာ မှတ်ကြတော့၊ သဘောပါကြပလား?။
လူရယ်, နတ်ရယ်, ပုဂ္ဂိုလ်သတ္တဝါရယ်၊ ယောက်ျားရယ်, မိန်းမရယ်ဆိုပြီး သမုတ်ထားကြတယ်၊ အဲဒါတွေဟာ ခေါ်ဝေါ်လွယ်အောင်လို့ဆိုပြီး ကမ္ဘာဦးက သမုတ်ထားကြတာပါ၊ လူသတ္တဝါ, နတ်သတ္တဝါတွေဆိုတာဟာ အမှန်အရှိ မဟုတ်ကြဘူး၊ အခေါ်အရှိမျှသာ ဖြစ်တယ်၊ ခေါ်လွယ်ရုံမျှ သမုတ်ထားခဲ့တာတွေပဲဆိုတာ မှတ်ကြရမယ်၊ ဒကာ,ဒကာမ တို့ အဲဒီအခေါ်အရှိကို အဟုတ်မှတ်ပြီး သူတို့အတွက်နဲ့ ငိုကြွေးကြ၊ စိုးရိမ်ပူဆွေးကြ၊ ဒုက္ခရောက်ကြ၊ ငြင်းခုံကြ၊ ခိုက် ရန်ဖြစ်ကြ၊ တရားတဘောင်တွေ့ကြ၊ ရုံးရောက်ကြ၊ ဂတ်ရောက်ကြနဲ့ ကိစ္စများနေကြရတယ်။
ဒကာ,ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒကာတို့ဖြစ်စဉ်တွေ ရူးချက်သန်လို့ ဒုက္ခရောက်ရတာ တွေကို ရွှေဉာဏ်တော်နဲ့ကြည့်ပြီး ဟောပြထားတော်မူခဲ့တာ ရှိပါတယ်။ ‘သံဂါထာဝဂ္ဂ သံယုတ်ပါဠိတော် သမိဒ္ဓိသုတ်” မှာ အသေအချာရှိပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
အက္ခေယျ သညိနော သတ္တာ၊
အက္ခေယျသ္မိံ ပတိဋ္ဌိတာ။
အက္ခေယျံ အပရိညာယ၊
ယောဂမာယန္တိ မစ္စုနော။
အက္ခေယျသညိနော၊ ခန္ဓာငါးပါးကို ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး ယောက်ျား မိန်းမဟု အထင်ရှိကုန်သော။ သတ္တာ၊ သတ္တဝါဟူသမျှတို့သည်။ အက္ခေယျသ္မိံ၊ ခန္ဓာငါးပါး၌။ ပတိဋ္ဌိတာ၊ တည်နေကြကုန်၏။ အက္ခေယျံ၊ ခန္ဓာငါးပါး ကို။ အပရိညာယ၊ ပရိညာသုံးပါးဖြင့် ပိုင်းခြား၍မသိခြင်းကြောင့်။ မစ္စုနော၊ မရဏပစ်ကွင်း ရှင်သေမင်း၏။ ယောဂံ၊ ဆွဲငင်လေရာ ဆွဲယူရာသို့။ အာယန္တိ၊ မလွဲပုံသေ လိုက်ပါကြရလေကုန်၏။
သေမင်းစားဖတ် ဝါးဖတ်
ဒကာ,ဒကာမတို့ အဲဒီစကားတော်က ရာဇဂြိုလ်ပြည် တပေါဒါရုံကျောင်းတော်မှာ သီတင်းသုံးနေတော်မူဆဲ အချိန် နတ်သမီးတစ်ဦးနဲ့ ရှင်သမိဒ္ဓိဆိုတဲ့ ရဟန်းငယ်ကလေးတို့ကို ဟောတော်မူတဲ့ စကားတော်ဖြစ်တယ်ဆိုတာ မှတ်ကြရမယ်။
အဓိပ္ပာယ်ကတော့ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေဟာ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို ငါပဲ သူပဲ၊ ယောက်ျားပဲ မိန်းမပဲ၊ သားပဲ သမီးပဲ ဆိုတဲ့အထင်တွေနဲ့ ဒီခန္ဓာငါးပါးမှာ စွဲလမ်းနေကြတယ်၊ ရပ်တည်နေကြတယ်။ အဲဒီလိုစွဲလမ်းမှုနဲ့ ရပ်တည်နေလို့ အမှန်အကန်ကို ဉာဏ်နဲ့မပိုင်းခြားနိုင်ကြဘူး၊ အမှန်မသိကြဘူး၊ အဲဒီလိုမသိတော့ ခန္ဓာအမျိုးမျိုးနဲ့လှည့်ပြီး သေပြီးရင်း သေရင်းဆိုသလို သေမင်းစားဖတ် ဝါးဖတ်အဖြစ်ပဲ ခံနေကြရတော့တယ်တဲ့။
ဒကာ,ဒကာမတွေ သံသရာတစ်လျှောက်လုံး ဒုက္ခရောက်ရတာဟာ ပရမတ္တသစ္စာ ခန္ဓာငါးပါးကို မသိမမြင် ကြလို့ သမ္မုတိသစ္စာကို မကျော်နိုင်ကြလို့ပဲဆိုတာ မှတ်ကြရမယ်၊ ရိပ်မိကြပလား?၊ ဒကာ,ဒကာမတွေဟာ သမ္မတိသစ္စာ ကို မကျော်နိုင်ခဲ့ကြလို့သာ ဒုက္ခပင်လယ်ဝေခဲ့ကြရတယ်၊ ဒုက္ခထဲမှာ လှည့်ခဲ့ရတယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။
အမှန်အရှိက ပရမတ္တသစ္စာ ခန္ဓာငါးပါးပဲရှိပါတယ်၊ ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ရင် ပရမတ္တသဘာဝကို အမှန် အရှိအတိုင်း မြင်ကြသိကြမယ်၊ အခု ခန္ဓာမှာကြည့်၊ ကြည့်တော့ ဘာတွေ့မလဲ၊ ပူတာရင်လည်း တွေ့မယ်၊ အေးတာ ရင်လည်း တွေ့မယ်၊ လေးတာ,ပေါ့တာ တစ်ခုခုရင်လည်း တွေ့မယ်၊ မာတာ, ပျော့တာ, လှုပ်ရှားတာ, တောင့်တင်းတာ ဟာ ဒီသဘောတွေကိုပဲ တွေ့ရမယ်။
သဘာဝအမှန်အရှိကို မပိုင်းခြားပဲ
ဒကာ,ဒကာမတွေက ဒီသဘာဝအမှန်အရှိကို မပိုင်းခြားပဲ သားဆိုင်းဘုတ်, သမီးဆိုင်းဘုတ်, ဇနီးဆိုင်းဘုတ် ဆိုသလို ဆိုင်းဘုတ်အမျိုးမျိုးတွေကို တင်းတင်ပြီး အားကိုးတစ်ခုပြုကြ၊ ဒီလိုပြုမိတော့ သူ့သဘာဝအတိုင်း ဖောက်ပြန် ပြလိုက်တော့၊ ဖောက်ပြန်ပြလိုက်ပလား ဆိုမှဖြင့် တစ်ခါတည်း ဒုက္ခရောက်ရတော့တာပဲ၊ ဒကာ,ဒကာမတွေ ရိပ်မိကြ ပလား?။
အဲဒီလိုဒုက္ခရောက်ရတာ ဘာကြောင့်လဲလို့ ဆန်းစစ်ကြည့်လိုက်တော့ သမ္မုတိသစ္စာကို မကျော်နိုင်လို့ ပရမတ္တ သစ္စာကို မပိုင်းခြားနိုင်လို့ပဲဆိုတာ မှတ်ကြတော့၊ ရှင်းကြရဲ့လား?၊ ဒကာ,ဒကာမတွေမှာ တစ်သံသရာလုံး အရူးထပြီး အပါယ်လေးပါးချည့် လားခဲ့ကြရတယ်၊ အဲဒါလည်းပဲ သမ္မုတိကိုမကျော်နိုင်၊ ပရမတ္တကို မပိုင်းခြားနိုင်လို့ပဲ၊ ကျေနပ် ကြပလား?။
သမ္မုတိသစ္စာက အခေါ်အရှိ၊ ပရမတ္ထသစ္စာက တကယ်အရှိ၊ အဟုတ်အမှန်ရှိတဲ့ ခန္ဓာငါးပါး။ ဒကာ,ဒကာမတို့ အခေါ်အရှိ သမ္မုတိကို ကျော်နိုင်ရမယ်။ အခေါ်အရှိကို ကျော်လွန်ပြီး သား, သမီး, ဇနီး, ခင်ပွန်းစတဲ့ သမ္မုတိတွေဟာ တကယ်မရှိပါလား?၊ ဒါတွေဟာ တကယ်မရှိဘူး၊ တကယ်အမှန်ရှိတာက ခန္ဓာငါးပါး ပရမတ္တတရားပဲလို့ ပိုင်းခြားနိုင် ရမယ်။
အဲဒီလိုပိုင်းခြားနိုင်ရင် သေမင်းနိုင်ငံကို လွန်မြောက်ပါတယ်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟော တော်မူထားတယ်၊ အဲဒီလိုမှ မပိုင်းခြားနိုင်သေးရင် မပိုင်းခြားနိုင်သေးသမျှ သေမင်းနောက်လိုက်ရမှာချည့်ပဲ၊ ဒုက္ခထဲမှာ ဝဲလှည့်ရမှာချည့်ပဲဆိုတာသာ မှတ်လိုက်ကြ၊ ရှင်းပလား?။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေလုပ်ပုံက ကမ်းကုန်ပါတယ်၊ “ဒါက ကျုပ်အချစ်ဆုံး သမီးပဲတဲ့၊ အမေက ဒါဟာ သမီးတဲ့၊” အဲဒီလိုပြောတော့ အပြောခံရတဲ့သူက “တကယ့်သမီးလား”လို့ ထပ်မေးပြန်တော့ “ဟုတ်ပါတယ် ကျုပ်သမီးအရင်းမှ အစစ်ပါ” ဘယ်နေ့ဘယ်ရက်က ဘယ်နှနာရီမှာ မွေးဖွားခဲ့တာပဲ”နဲ့ ပြောဆိုကြတယ်။
အမှန်ရှိနေတာက ခန္ဓာငါးပါး, ရုပ်တရား, နာမ်တရားပဲ
အဲဒီနေရာမှာ အမှန်ရှိနေတာက ခန္ဓာငါးပါး, ရုပ်တရား, နာမ်တရားပဲ၊ ဒါကို အမှန်မသိလို့ သမီးလုပ်တော့ အမှတ်ကမှားသွားပြီ၊ အဲဒါ အမှတ်မှားတဲ့ သညာဝိပ္ပလ္လာသ ဒဏ်ချက်သင့်တာပဲဆိုတာ မှတ်လိုက်ကြ။
တကယ်လို့ တစိမ်းတရံစံက “ခင်ဗျားမှာ သားသမီးရှိသလား”လို့ မေးခဲ့မြန်းခဲ့ရင် “အံမာ ကျုပ်က ဥတစ်လုံး တစ်ကောင်ကြွက် မဟုတ်ပါဘူး၊ လူကိုချစ်ရင် နောက်ကို ဒီလိုမမေးပါနဲ့”တဲ့၊ ဒီသားက မွေးစားတာလားလို့ မေးပြန် ရင်လည်း မကြိုက်နိုင်ကြဘူး၊ တကယ်လို့ မွေးစားသားဟုတ်သည့်တိုင်အောင် စိတ်အလိုမကျနိုင်ကြဘူး၊ ဟုတ်ကြရဲ့လား?။
အဲဒါတွေဟာ သညာဝိပ္ပလ္လာသဆိုတဲ့ အမှတ်မှားမှုတွေ ဝင်လာတာပဲ၊ အမှတ်မှား နှိပ်စက်လာပြီဆိုတာ မှတ်ကြရမယ်၊ သမီးမဟုတ်တာကို သမီးလုပ်၊ သားမဟုတ်တာကို သားလုပ်၊ အဲဒီလိုလုပ်တော့ ဘာအပြစ်ရှိသလဲ?၊ သမီးမဟုတ်တာကို သမီးလုပ်တော့ နောက်က အသိမှားလိုက်လာပါရော၊ အသိမှားလိုက်တော့ အဲဒီအသိမှားရဲ့နောက် က အယူမှားပါ တစ်ခါတည်း လိုက်လာပြန်ပါရော။
ဒကာ,ဒကာမတို့ အမှတ်မှားက သညာဝိပ္ပလ္လာသ၊ အသိမှားက စိတ္တဝိပ္ပလ္လာသ၊ အယူမှားက ဒိဋ္ဌိဝိပ္ပလ္လာသ။ သမီးမဟုတ်တာကို သမီးလုပ်လိုက်မိတဲ့အတွက် ဒီအမှားသုံးချက်, နောက်ကလိုက်လာတယ်၊ ပေါ်ကြပလား?။
အဲဒီတော့ ဒကာ,ဒကာမတွေ ဒိဋ္ဌိဝိပ္ပလ္လာသဆိုတာ အယူမှားကိုဆိုပါတယ်၊ အယူမှားရင် ငရဲသွားမလားဆိုတာ မမေးနဲ့တော့၊ သေချာပြီလို့သာ ဆုံးဖြတ်ချက်ချကြ၊ ရိပ်မိကြရဲ့လား?၊ ဘာကြောင့် ငရဲသွားရတာလဲ?၊ ဒီအပြစ်သင့်တာ ဘာကြောင့်လဲလို့ ဆန်းစစ်လိုက်ပါ၊ အဲဒါ အခေါ်အရှိကို လိုက်စားမိလို့ပဲ၊ အခေါ်အရှိနဲ့ တကယ်အရှိ မကွဲလို့ပဲဆိုတာ ပေါ်ကြမယ်။
အမှားသုံးချက် ဆက်လိုက်လာတယ်
အခေါ်အရှိနဲ့ အမှန်အရှိမှာ မကွဲတော့ အမှားသုံးချက် ဆက်လိုက်လာတယ်၊ အမှန်တစ်ချက်ကမှ မပါဘူး၊ အမှန်တစ်ချက်ကမှ မပါတဲ့သူသေရင် ဘယ်လိုသေမလဲ?၊ အယူမှားနဲ့သေမှာပဲ၊ ဒကာ,ဒကာမတွေ ကိုယ်ပိုင်ဉာဏ်နဲ့ သာ စဉ်းစားကြည့်တော့၊ အယူမှားနဲ့ သေဖို့မှတပါး တခြားမရှိတော့ဘူး။
ဝိပဿနာမှမပါရင် ဒါနဲ့ပဲသေရမယ်၊ ဒါနဲ့သေတာပဲ များတယ်ဆိုတာ သံသယမရှိနဲ့တော့၊ ဒကာ,ဒကာမတို့ ကိုယ်တိုင်စဉ်းစားကြည့်ကြ၊ အယူမှားနဲ့ သေရတာဟာ အယူတိမ်းတာပဲ၊ ဒကာ,ဒကာမတွေ ပြောတတ်ကြတယ်၊ “ဘယ်သူ ဘယ်ဝါဟာဖြင့် အယူတိမ်းလို့ နတ်စိမ်းဖြစ်လေရဲ့”နဲ့ ပြောကြတယ်၊ အဲဒါက ဟုတ်ချင်မှဟုတ်မယ်၊ အခုပြောတဲ့ အယူမှားနဲ့သေရင်တော့ အယူတိမ်းကာ ဧကန်အစစ်ပဲဆိုတာ မှတ်ကြ၊ ကျေနပ်ကြပလား?။
အခု တရားတစ်ပွဲလုံး အားလုံးပဲ မှတ်လိုက်ကြစမ်းပါ၊ ဝိပဿနာမပါရင် အယူမှားနဲ့ချည့် သေရမှာ ဧကန် ပဲလို့သာ ဆုံးဖြတ်ချက်ချကြ၊ ဒီလိုအယူမှားနဲ့ သေရတဲ့လူပေါင်း ဘယ်လောက်ရှိပြီလဲဆိုရင် မရေမတွက်နိုင်တော့ဘူး၊ ဝိပဿနာမှမပါရင် ဒီအယူမှားနဲ့ချည့် သွားရမှာပဲ၊ ရှင်းကြရဲ့လား?။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဝိပဿနာမှမပါရင် လူတစ်သိန်းသေလို့ တစ်ယောက်တလေမျှ သုဂတိ ကို မရောက်နိုင်ဘူးလို့ ဟောတော်မူခဲ့တယ်။ အယူမှားနဲ့ သေလေသမျှ တစ်ယောက်မှ သုဂတိကိုမရောက်ဘူးတဲ့၊ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ သာမညကလေးလို့များ မအောက်မေ့လိုက်ကြပါနဲ့၊ အင်မတန်ကြီးတဲ့ အရေးပါလားလို့ ဆုံးဖြတ်ချက်ချကြ။
တချို့တွေများ သေတဲ့အခါကျတော့ ဟိုနားချွတ်ချွတ် ဒီနားချွတ်ချွတ်နဲ့ လုပ်ကြသတဲ့၊ အဲဒီလို ချွတ်ချွတ်လုပ် တာဟာ သူ့ခမျာ အယူတိမ်းလို့ပဲနဲ့ ပြောကြတယ်။ အဲဒီချွတ်ချွတ်လုပ်တဲ့ အမှားထက် ချွတ်ချွတ်တောင်မလုပ်နိုင်တဲ့ အယူမှားက ပိုပြီးဆိုးတယ်ဆိုတာ မှတ်လိုက်ကြ၊ သူက ငရဲသွားတဲ့အတွက် ချွတ်ချွတ်တောင် မလုပ်နိုင်တော့ဘူး၊ ရိပ်မိကြပလား?။
အမှတ်မှား၊ အသိမှား၊ အယူမှား
ဒကာ,ဒကာမတို့ အခြားသူတစ်ယောက်က မေးတယ်ဆိုပါတော့၊ “ဒါက ဘာတော်တာတုန်း”လို့ဆိုတော့ “ဒါက သားပဲ၊ ဟောဒါက သမီးပဲတဲ့”တဲ့၊ ဒကာတို့ဟာက အပြောတင်မဟုတ်ကြဘူး၊ သမီးလေးလို့ဆိုပြီး ဒီနောက်က “သမီး လေးမို့ ချစ်ရခင်ရမှာပဲ”ဆိုတဲ့အသိမှား လိုက်လာတယ်၊ ဒီတွင်မရပ်သေးပါဘူး၊ “နောက် လူလားမြောက်ရင် သူ့ကိုပဲ အားကိုးရမှာပဲ”ဆိုတဲ့အယူမှား လိုက်လာပြန်တယ်။
ဘုန်းကြီးတို့ ဒကာ,ဒကာမတို့ဟာ ဒီအမှားသုံးချက်နဲ့ပဲ သံသရာလည်နေကြရတယ်၊ အမှန်ဆိုလို့ တစ်ခုမှ မပါခဲ့ကြဘူး၊ နေတော့လည်း ဒီအမှားသုံးချက်နဲ့ပဲ နေကြရတယ်၊ သေတော့လည်း ဒီအမှားသုံးချက်နဲ့ပဲ သေကြရတယ်၊ ပေါ်ကြပလား?။
၁။ ဒါက သမီးလေးပဲတဲ့၊ အဲဒါ အမှတ်မှား။
၂။ သမီးလေးမို့ ချစ်ရခင်ရမှာပဲတဲ့၊ အဲဒါက အသိမှား။
၃။ တစ်နေ့ကျရင် သူ့ကိုပဲ အားကိုးရမှာပဲတဲ့၊ အဲဒါက အယူမှား။
ဒကာတို့တတွေဟာ ဒီအမှားသုံးချက်နဲ့ပဲ နေကြထိုင်ကြ၊ သွားကြလာကြ၊ လုပ်ကြကိုင်ကြ၊ သေတော့လည်း ဒီအမှားသုံးချက်နဲ့ပဲ သေကြရ၊ သံသရာတစ်လျှောက်လုံး ဒီအမှားသုံးချက် အနှိပ်စက်ခံပြီး ဒုက္ခရောက်ခဲ့ကြရပြီဆိုတာ မှတ်ကြပါတော့။ ရှင်းကြပလား?။
ဒကာ,ဒကာမတို့က ဘာမှမသိကြတော့ မသိပြောဘဲ ပြောတတ်ကြတယ်၊ “ကိုယ့်ဟာနဲ့ကိုယ် ကောင်းကောင်း မွန်မွန်နေတာ ဘာအပြစ်ရှိသတုန်း? ကောင်းကောင်းမွန်မွန်နေတာမို့ အပြစ်မရှိဘူး”တဲ့၊ ဒီလိုပြောပြီး ဒီလိုပဲထင်မှတ် နေကြတယ်၊ ဒီအမှားသုံးချက်က နေ့တိုင်း ဗွက်ပေါက်နေတာကိုတော့ မရိပ်မိကြဘူး။
တကယ်ကောင်းကောင်းမွန်မွန် နေတာမှန်ရင် အပြစ်မရှိပါဘူး၊ အခုတော့ ဒကာတို့ဟာက သမီးမဟုတ်တာ ကို သမီးလုပ်၊ သမီးလို့ပဲမှတ်ထင်ပြီး ဒီအတိုင်းပဲပြောကြ၊ နောက်က ခင်ရမင်ရမှာပဲဆိုတဲ့ အသိမှားနဲ့ အိုမင်းမစွမ်း ရှိတဲ့အခါ သူ့ကိုပဲ အားကိုးရပေမယ်ဆိုတဲ့ အယူမှားကပါ ကပ်ရက်ပါလာတယ်၊ အဲဒါ ဝိပ္ပလ္လာသ အမှားသုံးချက်နဲ့ ဗွက်ပေါက်နေတာမို့ အနေကောင်းလို့ ခေါ်နိုင်ပါ့မလား?။
အပါယ်သွားလေသမျှဟာ အယူမှားနဲ့ သွားတာချည့်ပဲ
အပါယ်သွားလေသမျှဟာ အယူမှားနဲ့ သွားတာချည့်ပဲဆိုတာ မှတ်ကြတော့၊ ရှင်းကြပလား?၊ အပါယ်သွားရ တာမှာ ဆူဆူညံညံနဲ့ သွားရတာရယ်၊ ငြိမ်ငြိမ်နဲ့သွားရတာရယ် ဒါပဲကွဲတယ်၊ သွားရတာကတော့ အတူတူပဲ၊ ဒကာ,ဒကာမ တွေ ဘယ်နည်းနဲ့ အပါယ်သွားချင်ကြသလဲ?၊ ဘယ်နည်းနဲ့မှ မသွားချင်တာမှန်ရင် အမှန်ရောက်အောင် အမြန်ဆုံးသာ ပြင်ကြဆင်ကြတော့ဆိုတာ သတိပေးလိုက်တယ်။
တကယ်မရှိတာကို တကယ်သမီးပဲလို့ မှတ်တယ်၊ အဲဒါက သညာမှား၊ တကယ်သမီးလေးပဲလို့ စိတ်ကထင်တော့ စိတ်မှား၊ ကိုယ့်ဟာနဲ့ကိုယ်ပဲ၊ ကိုယ့်သမီးနဲ့ကိုယ်၊ ကိုယ့်သားနဲ့ကိုယ်ပဲဆိုတော့ အယူဒိဋ္ဌိမှား ရှင်းကြပလား?၊ သူများလို အများအစားရှိတာ မဟုတ်ဘူး၊ တစ်ယောက်တည်းမို့ ပခုံးပေါ်တင်ထားရတယ်နဲ့ ပြောကြဆိုကြ၊ ဒီအမှားသုံးချက်ကကို မလွတ်နိုင်ကြဘူး။
ဒကာ,ဒကာမတို့ ဝိပဿနာအလုပ်ကို မလုပ်ရင် ဒီအမှားသုံးချက်ကို မစွန့်နိုင်ကြဘူး၊ ဒီအမှားသုံးချက်နဲ့ပဲ နေ၊ သေတော့ ဒီအမှားသုံးချက်က အပါယ်ဆွဲချခံရတော့တာပဲ၊ ဒါကြောင့် ဝိပဿနာလုပ်ငန်းနဲ့ ဒီအမှားလမ်းကို သိမ်းကြတော့၊ ပြင်ကြတော့ ဆင်ကြတော့ဆိုတာ တိုက်တွန်းသင့်လို့ တိုက်တွန်းနေတာပဲလို့သိပြီး လေးလေးစားစားနဲ့ လိုက်နာသင့်တယ်။
ဒကာ,ဒကာမတွေ ရိပ်မိကြပလား?၊ တိရစ္ဆာန်သေတုန်းကလည်း ဒီအမှားသုံးချက်ပါတယ်၊ ကျောင်းဒကာ သေတုန်းကလည်း ဒီအမှားသုံးချက်နဲ့ သေရတာပဲ၊ သူတို့ချင်း ဘာခြားနားသေးသလဲ?၊ ဒကာ,ဒကာမတို့ တိရစ္ဆာန် သေတော့လည်း အယူမှားပါတယ်၊ ကျောင်းဒကာသေတော့လည်း အယူမှားပါတယ်ဆိုတော့ ဘာထူးသေးသလဲ၊ ဉာဏ် နားနဲ့ထောင်ပြီး စဉ်းစားကြည့်ကြ။
ဒိဋ္ဌိမပြုတ်ဘဲသေရရင် ဘာမှမခြားနားဘူး
ဒိဋ္ဌိမပြုတ်ဘဲသေရရင် ဘာမှမခြားနားဘူး၊ တိရစ္ဆာန်ထက် ဘာမှထူးခြားမှု မရှိဘူးဆိုတာ မှတ်လိုက်ကြတော့၊ ပေါ်ကြပလား?၊ သတ္တဝါတွေဟာ ဒီဒိဋ္ဌိဝိပ္ပလ္လာသနဲ့ တစ်သံသရာလုံးမှာ အရူးနဲ့အမှားမို့ အရူးမှားချည့်ပါဘိ၊ သံသရာ လည်ခဲ့ရသမျှ မီးနဲ့မစင် မကွဲခဲ့ကြဘူး။ သံသရာမှာနေခဲ့ရသမျှ မီးနဲ့ မစင်နဲ့ မကွဲဘဲနေပြီး မကွဲဘဲ သေခဲ့ကြရတာချည့်ပဲ၊ ရိပ်မိကြရဲ့လား?။
ဒါ ဘာ့ကြောင့်လဲဆိုတော့ အရူးမှားသမားတွေမို့ပဲတဲ့၊ ဒိဋ္ဌိကအရူး၊ ဝိပ္ပလ္လာသက အမှား၊ နှစ်ခုပေါင်းတော့ အရူးမှား၊ ဒကာတို့တတွေဟာ ရူးလည်းရူးသေး၊ မှားလည်းမှားပြီး သေကြရတယ်ဆိုတော့ အလွန်အသည်းနာစရာ ကောင်းပါတယ်၊ သဘောပါကြပလား?၊ ကိုယ့်အကြောင်းကိုယ် ရိပ်မိဖို့ အချိန်တော်လောက်ကြပါပြီ။
ဒကာ,ဒကာမတွေက အထင်နဲ့ပြောကြမယ်၊ “ဪ…ဒီလူဟာဖြင့် လူကောင်းတစ်ယောက်ပဲ၊ ရတနာသုံးပါး ဝေယျာဝစ္စနဲ့ မလွတ်ဘူး၊ ဘုရားဒကာလည်း ဟုတ်, ကျောင်းဒကာလည်း ဟုတ်ရှာတယ်၊ သူသေရင် အပါယ်မကျပါလို့” လို့ ထင်မြင်ယူဆပြီး ပြောဆိုတတ်ကြတယ်၊ အဲဒါ အမှန်မသိလို့သာ ပြောကြတာပါ၊ အမှားမလွတ်သမျှ အပါယ်ကျရ မယ်ဆိုတာ သံသယမရှိကြနဲ့တော့၊ သဘောပါကြပလား?။
အားလုံးကိုပဲ မေးကြည့်ပါ၊ “ဒီသူငယ်ဟာ ခင်ဗျာ့မွေးစားသားလားလို့” ဘယ်သူကဖြစ်ဖြစ် မွေးစားသားလား မေးရင် မကြိုက်ဘူး၊ “ကျုပ်တို့က ရွှေပေါ်မြတင်ထားတာပါ၊ ကလေးရှေ့မှာ ဒီစကားမျိုးမပြောပါနဲ့တဲ့” အဲဒါမျိုးတွေဟာ မှားချက် အလွန်နာနေတာပဲဆိုတာ မငြင်းကြနဲ့တော့၊ ရိပ်မိကြရဲ့လား?။
အဲဒီလိုနဲ့ တစ်မျိုးလုံး, တစ်ဆွေလုံး, တစ်မြို့လုံး, တစ်ပြည်ထောင်လုံး, တစ်ကမ္ဘာလုံးဆိုသလို မှားချက်နာနေ ကြတယ်၊ အဲဒီလိုမှားချက်နာရတာ ဘာကြောင့်လဲဆိုတော့ တကယ်ရှိကို မသိကြလို့ပဲဆိုတာ ဆုံးဖြတ်ချက်ချကြ။ အခေါ် သာရှိတာ သားသမီး၊ သားသမီးဆိုတာက အခေါ်သာရှိတာပါ၊ အမှန်အရှိက ခန္ဓာငါးပါးပဲ၊ ခန္ဓာငါးပါးပဲ ရှိတယ်လို့ သိရင် အမှတ်မှန်ရောက်ပြီ၊ အမှတ်မှားပျောက်ပြီ။
အသိမှန်ရတော့ အမှတ်မှန်လည်းကျပြီ
ဒကာ,ဒကာမတို့ ခန္ဓာငါးပါး ရုပ်တရား၊ နာမ်တရားတွေပဲ အမှန်ဟုတ်တယ်၊ ငါ သူတပါး၊ သားသမီး, ဇနီး ခင်ပွန်းဆိုတာတွေဟာ အမှန်ရှိမဟုတ်ကြဘူး၊ ဆိုင်းဘုတ်တပ်ထားတဲ့ သမ္မုတိပညတ်တွေပဲလို့ အမှန်သိရင် အသိမှန်ပဲ။ အသိမှန်ရတော့ အမှတ်မှန်လည်းကျပြီ၊ နောက်က အသိမှားလည်း မလာတော့ဘူး၊ အယူမှားလည်း မရှိတော့လို့ အယူမှန်ရပြီဆိုတာ မှတ်ကြတော့။ ရှင်းရဲ့လား?။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေဟာ တစ်သံသရာလုံး အမှားသုံးချက်နဲ့ အချိန်ကုန်ခဲ့ကြရတယ်။ အခုလည်း အသက်အရွယ်ကြီးကြပြီ၊ ဒီအမှားတွေကို မပြင်ရင် တော်ပါ့မလား? မတော်တော့ဘူး၊ အမြန်ဆုံး ပြင်ကြရလိမ့်မယ်၊ ဒါတွေကိုမပြင်ရင် ဆန်ကုန်ရုံပဲ၊ ဆန်ကုန်မြေလေးတွေပဲလို့သာ စွဲချက်တင်ကြည့်ပေတော့၊ ကျေနပ်ပလား။
သားခန္ဓာ၊ သမီးခန္ဓာမှာ လက်နဲ့စမ်းကြည့်၊ ပူရုပ်တွေ, အေးရုပ်တွေ, မာရုပ်တွေ, ပျော့ရုပ်တွေ၊ ဒါတွေကိုပဲ တွေ့ရမယ်၊ သိတတ်မှု စိတ်သဘောတွေ, ခံစားမှုဝေဒနာသဘောတွေ, မှတ်သားမှု သညာသဘောတွေ, စေ့ဆော်တိုက် တွန်းမှု စေတနာ သင်္ခါရသဘောတွေ၊ ဒီသဘာဝအစုတွေကိုပဲ တွေ့မြင်ကြရမယ်၊ ရှင်းကြရဲ့လား?။
အမှန်စင်စစ်က သားဆိုပြီးတော့လည်း ခင်စရာမရှိ၊ သမီးဆိုပြီးတော့လည်း ခင်စရာမရှိ၊ ရုပ်နာမ်, ပရမတ်, ဓာတ်အစုမျှပဲရှိတယ်၊ သမ္မုတိနယ်မှာ သား,သမီးဆိုတော့ မိဘတို့ဝတ္တရားမပျက် ဆောင်ရွက်ရုံပဲရှိတယ်လို့ သိရင် အမှန်ရောက်ပြီ၊ ရိပ်မိကြပလား?၊ ငါဆိုတာမရှိ၊ ငါမရှိတော့ ငါ့သမီးလည်းမရှိ၊ ငါ့သားဆိုတာလည်း မရှိဘူးလို့သိရင် အယူမှန်ရောက်ပြီ၊ ရှင်းကြပလား?။
ဒိဋ္ဌိပြုတ်ပြီးသေတာဟာ သောတာပန်သေခြင်းပဲ
ဒီလိုအယူမှန်ရောက်ပြီး သေရင် ဒိဋ္ဌိပြုတ်ပြီးသေတာပဲ။ ဒိဋ္ဌိပြုတ်ပြီးသေတာဟာ သောတာပန်သေခြင်းပဲ ဆိုတာ မှတ်လိုက်ကြ။ ဒကာ,ဒကာမတွေ အားတက်ဖို့မကောင်းဘူးလား။ ဒီအယူမှန်လေး တစ်လုံးရလိုက်တာ ဘယ် လောက် ကျေးဇူးများသွားသလဲ?၊ သောတာပန်သေခြင်းနဲ့ သေရင် အပါယ်စိတ်ချရပြီး သုဂတိနတ်ရွာ သေချာတယ်၊ ကျေနပ်ပလား?။
ဒကာ,ဒကာမတို့ ကိုယ်တိုင်လက်ရှိရနေတဲ့ အခွင့်အရေးဟာ နည်းတဲ့အခွင့်အရေး မဟုတ်ပါဘူး၊ လွယ်ကူတဲ့ အခွင့်အရေးမျိုးလည်း မဟုတ်ပါဘူး၊ အင်မတန်ကံကြီးလို့ ရလာတဲ့အခွင့်အရေးမို့ အရယူလိုက်ကြပါ။
ဒကာ,ဒကာမတွေ ရှေးတုန်းက နေခဲ့ထိုင်ခဲ့ကြတာဟာ အမှန်ပြင်ပေးတဲ့ ဆရာသမားလည်းမရှိ၊ ဆရာသမား ရှိပြန်တော့ ထောင်နိုင်တဲ့နားကလည်း မရှိ၊ အဲဒီလိုနဲ့ တစ်သံသရာလုံး သေခြင်းဆိုးနဲ့ချည့် သေခဲ့ရ၊ သေခြင်းဆိုးနဲ့ သေမင်းဆီမှာ ခန္ဓာနဲ့ထိုးအပ်ခဲ့ရ။ သေမင်းနိုင်ငံ မလွန်ဆန်နိုင်ကြဘူး၊ အဲဒါ ဘာကြောင့်လဲဆိုတော့ အမှားသုံးချက်နဲ့ အသက်ထွက်ခဲ့ရလို့ပဲဆိုတာ ဆုံးဖြတ်ချက်ချ။ ရိပ်မိကြပလား?
”သမင်မွေးရင်း ကျားစားရင်း၊ ကြက်မမွေးရင်း ကြောင်စားရင်းဆိုသလို ဒကာ,ဒကာမတို့မှာလည်း သံသရာမှာ နေခဲ့ရတာဟာ ခန္ဓာဖြစ်ရင်း သေမင်းစားရင်းပဲ၊ ကျေနပ်ပလား?။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေမှာ အယူမှားကို မပြင်နိုင်သမျှ ဒကာတို့အနေဟာ အလဟဿ အချည်းအနှီး အချိန်မစီးတဲ့နေခြင်းပဲ။ တိုက်နဲ့တာနဲ့ မော်တော်ကားတဝီဝီနဲ့ မော်ကြကြွားကြ၊ ဝတ်ကောင်းစားလှနဲ့ ဝတ်ဆင်နေထိုင် ကြ၊ အစားကောင်း, အသောက်ကောင်းတွေနဲ့ ကျကျနန နေထိုင်ကြပေမယ့်လည်း အလကားချည့်ပဲ၊ အယူမှားမပယ် ရသေးရင် သေတဲ့အခါ သေမင်း ခေါင်းစင်းအပ်ရတာနဲ့ နောက်အပါယ်သွားရမှာပဲ ရှိတယ်၊ သဘောကျပလား?။
အမှတ်မှား, အသိမှား, အယူမှားဆိုတဲ့ ဒီဝိပ္ပလ္လာသသုံးချက် မလွတ်သမျှ သေမင်းခေါင်းစင်းရမှာရယ်၊ အပါယ် သွားရမှာရယ် မုချမလွတ်ရတော့ဘူး၊ ဝိပ္ပလ္လာသသုံးချက်က လွတ်ရင် သေမင်းခေါင်းစင်းရမှုနဲ့ အပါယ်ကျမှုက လွတ် တယ်ဆိုတာ မှတ်လိုက်ကြ။
ပညာနားနဲ့ထောင်ပြီး ရအောင်ယူကြပါ
ဒကာ,ဒကာမတွေ သဘောပါကြပလား?၊ အရပ်နားနဲ့ မထောင်ပါနဲ့၊ ပညာနားနဲ့ထောင်ပြီး ရအောင်ယူကြပါ၊ အရပ်နားဆိုရင် ရဖို့မရှိနိုင်ဘူး။ အရပ်ထဲမှာပြောကြဆိုကြ “ဒီဟာက သူ့အမေ၊ ဒီဟာက သမီးနဲ့ပြောတတ်ကြတယ်၊ ကြားကဖောက်ပြီး သမီးကအရင်းလား? လို့မေးတော့ “ဒီလူ လူကဲမခတ်တတ်ဘူးတဲ့၊ ထူတဲ့အတဲ့လူပဲ”လို့ အဆိုအပြော ခံရတယ်၊ အဒါ အမှတ်မှားရဲ့လက်ချက်ကြောင့်ပဲ၊ “တကယ့်သမီးလား”လို့မေးတာနဲ့ စိတ်ဆိုးကြတယ်၊ အဲဒီဟာ အမှတ် မှား အလွန်ကြီးလွန်းလို့ပဲ၊ ရှင်းကြပလား?။
”သားနဲ့ အဘ ခင်ခင်မင်မင် ရှိကြရဲ့လား? ကိုယ့်သားသမီးလေးတွေ ကြင်ကြင်နာနာရှိကြရဲ့လား? အဲဒီလို မေးမိရင် “အို လူပဲချစ်ချစ်ခင်ခင် ကြင်ကြင်နာနာပဲပေါ့၊ မချစ်မခင်သူဆိုရင် တိရစ္ဆာစိတ်ပေါက်လို့ နေမှာပေါ့၊ တိရစ္ဆာန် စိတ်ပေါက်လို့လား”တဲ့၊ မေးတဲ့သူ အပြောခံရမယ်၊ ရိပ်မိကြပလား?၊ သမီး ကယောင်ချောက်ချားဖြစ်ရင် ကျုပ်ရူးမယ် သေမယ်တဲ့၊ မှားချက် ဘယ်လောက်ပြင်းတယ်ဆိုတာ စဉ်းစားကြ။
ဒီလိုမှားချက်က ပြင်းလွန်းတော့ သေခါနီးကျရင် သူကအရင်လာတယ်၊ သေခါနီးရင် အယူမှားက အရင်လာ တယ်ဆိုတာ မှတ်ကြ၊ ဒါနကံတွေ, သီလကံတွေ, ဘာဝနာကံတွေဆိုတာက နောုက်မှလာတယ်၊ သူတို့က အားနည်းနေ တော့ မလာနိုင်ဘူး၊ အားကြီးတဲ့ကံက အရင်လာတယ်၊ လာပြီး အာသန်ကံဖြစ်သူက အရင် အကျိုးပေးချလိုက်တော့ တာပဲ၊ ရိပ်မိပလား?။
အယူမှားက အရင်အကျိုးပေးချလိုက်တော့ စုတိပြီး မှားတဲ့အရူးအဖြစ်နဲ့ သေသွားရရှာတယ်၊ နောက်ဘယ် သွားသတုန်း?လို့ မမေးနဲ့တော့၊ ဝိနိပါတိက ဘေးသင့်ပြီး အပါယ်ကျဖို့ပဲရှိတယ်ဆိုတာ ယုံမှားမရှိကြနဲ့တော့၊ ဒကာ,ဒကာမ တွေ သဘောပါကြပါသလား?။
ဒကာတို့တတွေက လေချိုသွေးတတ်ကြတယ်၊ “နင်တို့အတွက်နဲ့ ငါ အပါယ်ကျရလိမ့်မယ်”နဲ့ လေချိုသွေးတတ် ကြတာရှိတယ်၊ သားသမီးတွေ ပြောမရဆိုမရ ဆုံးမလို့နားမထောင်ပလားဆိုရင် မာန်မဲဆဲဆို အော်ငေါက်ပြီး လေချို သွေးလေ့ ရှိကြတယ်၊ အခု ဒကာ,ဒကာမတွေထဲမှာကော လေချိုသွေးဘူးတဲ့သူ ပါကြသလား?၊ လေချိုမသွေးနဲ့၊ သေချာ တယ်လို့သာ မှတ်ပေတော့။
လောကွတ်ချောနေကြတယ်
ဒကာ,ဒကာမတွေက လောကွတ်မချော်ကောင်းတာမှာ လောကွတ်ချောနေကြတယ်၊ “တူကလေးအရင်းလို၊ တူမလေးအရင်းလို သဘောထားရမယ်”နဲ့ လောကွတ်ချော်ကြတယ်။ “အစ်ကိုတန်ရင် အစ်ကို၊ နှမတန်ရင် နှမလို့ ခေါ်ရပြောရမယ်၊ ဒါမှ နောက်တဖြည်းဖြည်း ခင်မင်လာမှာပေါ့”လို့ဆိုပြီး လောကွတ်ချော်နေကြတယ်။ အဲဒီလို လော ကွတ်ချော်နေတာ အပါယ်သွားဖြောင့်ချင်လို့ပဲဆိုတာ မှတ်ကြ။
နောက်ကို လောကွတ်လည်း မချော်ကြပါနဲ့တော့၊ အခေါ်ရှိနဲ့ တကယ်ရှိကိုလည်း ကွဲပြားအောင်ကြိုးစားကြ၊ အမှန်ရှိက ရုပ်ရှိ, နာမ်ရှိ, ခန္ဓာငါးပါးပဲရှိတာပါ၊ အခေါ်ရှိနဲ့ အမှန်ရှိ ကွဲပြားရင် အမှန်သုံးချက်ရမယ်၊ အမှန်သုံးချက် ရရင် အပါယ်သွားလွတ်မယ်၊ အဲဒီတော့…
”စတုဟာပါယေဟိ စ ဝိပ္ပမုတ္တော၊”
အပါယ်လေးပါးက လွတ်ပြီဆိုတာ သက္ကာယဒိဋ္ဌိကိုပယ်မှ လွတ်မှာ၊ ဒီသုံးချက်ထဲက အယူမှားကိုစပြီးပယ်ရမယ်၊ ဒါကိုမပယ်ရင် သောတာပန်မတည်နိုင်ဘူး၊ ဒကာ,ဒကာမတွေ သဘောပါကြရဲ့လား?။
ခန္ဓာငါးပါး အရှိသာ လိုရင်းစွဲဆိုတာ မှတ်ကြပါ၊ မရှိတာကို မရှိတဲ့အတိုင်း သိထားကြရမယ်၊ ဒါမှ အမှားတွေက လွတ်နိုင်မယ်၊ သမီးဆိုတာ တကယ်ရှိမဟုတ်ဘူး၊ သမီးဆိုတာ “မိန်းကလေးမွေးခဲ့ရင် သမီးလို့သမုတ်ကြစို့ရဲ့”ဆိုပြီး ကမ္ဘာဦးကာလက သမုတ်လာခဲ့ကြလို့ပဲ၊ သားဆိုလည်း ထို့အတူ သမုတ်ထားတာပဲရှိတယ်၊ ရှင်းပလား။
တကယ်ဆိုတော့ သားဆိုတာမရှိ၊ သမီးဆိုတာလည်းမရှိ၊ သမုတ်ထားတဲ့ အခေါ်ပဲရှိတယ်၊ အမှန်ရှိတာက ရုပ်နာမ်, ခန္ဓာငါးပါးပဲ၊ ဒီ့အပြင် ဘာမှအပိုမစွက်ဘူးဆိုတာ သိကြရမယ်၊ သိရင် အမှားသုံးချက်ဟာ အမှန်ရောက်မယ်၊ ဒီအမှားသုံးချက်ကို မလိုက်ရင် ပဋိစ္စသမုပ္ပါဒ်ပြတ်တယ်၊ ပဋိစ္စသမုပ္ပါဒ်ပြတ်ရင် အပါယ်လေးပါးက လွတ်ပြီလို့သာ မှတ်လိုက်ကြ။
စောစောပြုံးဟာ သေခါနီးမှာမဲ့ဖို့ပဲ
ဒကာ,ဒကာမတို့ “သာကလေးလို့”ဆိုတော့ အမှတ်မှားပဲ၊ “သားကလေးမို့ ခင်မှပဲ”ဆိုတော့ အသိမှားပဲ။ “အကြောင်းရှိတော့ သူ့ကိုပဲအားကိုးရမှာ”ဆိုတော့ အယူမှားပဲ၊ အယူမှားက ပြုံးပြီးမှားတာ၊ စောစောတုန်းကတော့ ပြုံးပြီးမှားနေကြတာပဲ၊ အဲဒါ သာမညမမှတ်လိုက်နဲ့ စောစောပြုံးဟာ သေခါနီးမှာမဲ့ဖို့ပဲ ပြုံးနေတာဟာ ရူးတာပဲ၊ မသိတာက ဒိဋ္ဌိ၊ ပြုံးနေရင် မသိတဲ့ဒိဋ္ဌိရူးပြုံးဘဲဆိုတာ မှတ်ပေတော့။
ဒကာ,ဒကာမတို့ “မကောင်းအစဉ်၊ ပြင်ခဏ”တဲ့၊ ပြင်ကြပါတော့၊ မကောင်းတာတွေ အစဉ်ဖြစ်နေရင် ဒုက္ခ ရောက်ဖို့အပြင် မရှိတော့ဘူး၊ ရိပ်မိကြရဲ့လား?။
သားသမီးဆိုတာ အခေါ်သာရှိတာပါ၊ တကယ်မရှိပါဘူး၊ တကယ်မရှိတာမို့ ခင်စရာမရှိဘူး၊ အားကိုးဖို့လည်း မဟုတ်ပါဘူး၊ အဲဒီလိုအမှန်အကန် သိမြင်ကြရမယ်၊ အဲဒီလိုသိမြင်ရင် သုံးချက်မှန်ပြီး သုံးချက်မှန်ရင် အပါယ်စိတ်ချ ရပြီ။
ကိုယ့်ကိုယ်ကိုယ် ဟုတ်မဟုတ် ဉာဏ်နဲ့ကြည့်ပေးကြ၊ ကိုယ့်ကိုယ်မှာ ဉာဏ်နဲ့ကြည့်တော့ ယောက်ျားဆိုတာ မရှိ၊ ယောက်ျားပဲဆိုပြီး သမ္မုတိမို့ သမုတ်ထားတာပဲရှိတယ်ဆိုတာ ဧကန်သိရမယ်။ ကိုယ့်ခန္ဓာမှာ ဉာဏ်နဲ့ကြည့်တော့ ရုပ်နာမ်ခန္ဓာငါးပါးပဲ ရှိတာကိုသိရမယ်၊ ငါမဟုတ်, သူမဟုတ်, ခန္ဓာငါးပါးပဲဆိုတာ သိရလို့ ခင်စရာမင်စရာ မရှိဘူး ဆိုတာ ဆုံးဖြတ်နိုင်မယ်။
ဒီခန္ဓာဟာ ဖရိုဖရဲ ပြိုကွဲပျက်စီးနေတာ
နောက်ပြီး ဉာဏ်နဲ့ကြည့်တော့ ဖြစ်ပြီးပျက်, ဖြစ်ပြီးပျက်နဲ့ ဖြစ်ဖြစ်ပြီး ပျက်စီးနေတဲ့ အမှန်သဘာဝကို အထပ် ဧကန်သိမယ်၊ အဲဒီအခါမှာ ဪ ဒီခန္ဓာဟာ ဖရိုဖရဲ ပြိုကွဲပျက်စီးနေတာမို့ အားကိုးစရာ ဘာတစ်ခုမျှမရှိပါကလား လို့ ဆုံးဖြတ်ချက်ချနိုင်မယ်ဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြပလား?။
ဒကာ,ဒကာမတို့ ဒါကြောင့် ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ရမယ်၊ ဉာဏ်နဲ့ကြည့်မှသာ အမှန်ရောက်မယ်ဆိုတဲ့ အဓိပ္ပာယ် ပေါ်ကြပလား?၊ ကိုင်း ဒါဖြင့် ဉာဏ်နဲ့ ခန္ဓာမှာ ကြည့်ပေးကြရမယ်၊ ကြည့်တဲ့အခါတော့ အများမလိုဘူး၊ ငါးပါးလုံး ကြည့်ဖို့ မလိုဘူး၊ ခန္ဓာတစ်ပါးပါး ရှုဖို့အရေးကြီးတယ်၊ တစ်ပါးထဲကိုရှုကြ၊ ရှင်းကြပလား။
ဒကာ,ဒကာမတို့ ခန္ဓာမှာ ဉာဏ်နဲ့မရှုရင် အယူမှားက မပြုတ်ဘူးဆိုတာ မှတ်လိုက်ကြ၊ ဒီတော့ မရှုရင် မဖြစ်တော့ဘူး၊ ရှုမှဖြစ်တော့မှာပဲလို့ ဆုံးဖြတ်ချက်ချပြီး ရှုကြရမယ်၊ ရှုတဲ့အခါမှာ ခန္ဓာထဲမှာ ဉာဏ်နဲ့ကြည့်၊ ရုပ်ကလေး တွေပေါ်ရင် ရုပ်ကိုရှု၊ ဝေဒနာပေါ်ရင် ဝေဒနာရှု၊ စိတ်ပေါ်ရင် စိတ်ကိုရှု၊ မိမိဉာဏ်သက်ရာ ပေါ်ရာတစ်ခုကိုသာ စွဲမြဲပြီးရှုပေး၊ ရှုတဲ့အခါတော့ ပထမ ရှုစမှာ ရုပ်ကိုမြင်မယ်၊ ဝေဒနာကို စိတ်ကိုမြင်မယ်။
ဝိပဿနာဆိုတာ အမှန်တကယ်ရှုရမှာက ရုပ်အနိစ္စ, ရုပ်ဖြစ်ပျက်၊ နာမ်အနိစ္စ, နာမ်ဖြစ်ပျက်၊ ဒီဖြစ်ပျက်ကို သာ ရှုရမှာ၊ အဲဒီတော့ ပထမရှုစမှာ ရုပ်ရှုရင် ရုပ်ကလေးပေါ်လာတာကို သိအောင်ကြိုးစားပါ၊ ဝေဒနာရှုရင်လည်း ဝေဒနာကလေးတစ်ခုခု ပေါ်လာတာကို သိအောင်ကြိုးစားရမယ်။
အဲဒီလိုနဲ့ ဝေဒနာရှုတယ်ဆိုပါစို့၊ ဝေဒနာကလေးတစ်ခု ပေါ်လာတာ ဉာဏ်ကသိလိုက်ရမယ်၊ သိလိုက်ပြီးတော့ ဝေဒနာကလေးကိုးလို့ သိပြီးတာနဲ့ ပေါ်လာတဲ့ ဝေဒနာကလေးဟာ ဉာဏ်အောက်မှာပဲ ပျောက်သွားတာကိုတွေ့ရတယ်၊ ဝေဒနာကလေး မရှိတော့ဘူးဆိုတဲ့ အဖြစ်ကိုတွေ့ရ မြင်ရမယ်၊ ရှင်းပလား?။
ပျက်ပျက်သွားတာကို ဉာဏ်နဲ့မိအောင် ကြည့်ပေးကြ
အဲဒီနည်းအတိုင်း ခန္ဓာမှာ ကောင်းတဲ့ခံစားမှု သုခဝေဒနာ၊ မကောင်းတဲ့ခံစားမှု ဒုက္ခဝေဒနာ၊ အသင့်အတင့် ခံစားမှု ဥပေက္ခာဝေဒနာ၊ အဲဒီသုံးမျိုး လှည့်ပြီးပေါ်မှာပဲ၊ တစ်မျိုးမဟုတ် တစ်မျိုးဆိုသလို အမြဲပေါ်နေမယ်၊ အဲဒီပေါ်တဲ့ ဝေဒနာကို ပေါ်ပြီးတာနဲ့ တစ်ပြိုင်နက် ပျက်ပျက်သွားတာကို ဉာဏ်နဲ့မိအောင် ကြည့်ပေးကြ။
အဲဒီလို ဝေဒနာပေါ်တိုင်းပေါ်တိုင်း မလွတ်အောင် ဖြစ်ပျက်ရှုပေးကြရမယ်၊ အဲဒီလိုရှုတာဟာ မဂ္ဂင်ငါးပါးနဲ့ ရှုနေတာပဲ၊ ဒကာ,ဒကာမတို့ အဲဒီနေရာမှာ ဝေဒနာက ဝေဒနာ၊ ခန္ဓာဆိုတာက အစုအပုံပဲ၊ ခန္ဓာတစ်ခုလုံးကြည့်တော့ ဝေဒနာအစု ဝေဒနာအပုံပဲ ရှိတယ်ဆိုတာ သိရမယ်။ ဒီသဘောအတိုင်း ခန္ဓာမှာ ရုပ်အစု၊ သင်္ခါရအစု၊ သညာအစု၊ ဝိညာဏ်အစု၊ ဒီငါးမျိုးပဲရှိတာကို သိရမြင်ရမယ်၊ သဘောပါပလား?။
အဲဒီရှိတဲ့အစုတစ်ခုခုမှာ ဉာဏ်နဲ့ကြည့်လိုက်တော့ မြင်ပြီးပျက်သွား၊ ဖြစ်ပြီးပျက်သွားနဲ့ ဖြစ်ပျက် အနိစ္စကိုသာ တွေ့မြင်ရတော့တယ်။ ဒကာ,ဒကာမတို့ အဲဒီလိုအမြင်မှန်ကို ရတော့မှ ဖြစ်ပြီးပျက်နေတာမို့ သားမဟုတ်၊ သမီးမဟုတ်၊ နာမ်ရုပ်ဒုက္ခအစုပဲဆိုပြီး မလိုချင်တော့ဘူး၊ မခင်မင်တော့ဘူး၊ ဖြစ်ပြီးပျက်နေတာမို့ ကိုးစားဖို့၊ အားထားဖို့လည်း မရှိတော့ဘူးဆိုပြီး အယူမှားဆိုတဲ့ ဒိဋ္ဌိပြုတ်သွားတယ်၊ ကျေနပ်ပလား?။
ဒိဋ္ဌိပြုတ်ပြီးသေရင်
ဒကာ,ဒကာမတို့ အဲဒီလို ဒိဋ္ဌိပြုတ်ပြီးသေရင် သောတာပန်သေခြင်းဖြစ်လို့ အပါယ်မလားတော့ဘူးလို့သာ ဆုံးဖြတ်ချက်ချကြ၊ ကိုင်း၊ ကျေနပ်ကြရဲ့လား?၊ အဲဒီအခါမှာ-
ဖြစ်ပျက်တွေက – ဒုက္ခသစ္စာ
ရှုတဲ့ဉာဏ်က – မဂ္ဂသစ္စာ
ဝိပ္ပလ္လာသသုံးခုပြုတ်တာက – သမုဒယသေတာပဲ။
အပါယ်သံသရာလွတ်တာက – ပထမနိဗ္ဗာန်နိရောဓပေါ်တာပဲ။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဒီလိုဆိုတော့ ကြိုးစားဖို့မသင့်သေးဘူးလား?၊ ကိုင်း သင့်တာကို သိရရင် အမြန်ဆုံးသာ ကြိုးစားကြပါတော့လို့ အထူးတလည် တိုက်တွန်းလိုက်တယ်။
ကိုင်း… ယနေ့ နာရီစေ့ပြီး နက်ဖြန်မှဆက်ကြစို့။
