20701

ဩဃလေးတန်း မြုပ်မျောခံ တရားတော်

ဩဃလေးပါး

၁။ ကာမောဃ -ငါးပါးအာရုံ ကာမဂုဏ်၌ သာယာခြင်း။

၂။ ဘဝေါဃ -ရူပါရူပ ဈာန်သမထ၌ သာယာခြင်း။

၃။ ဒိဋ္ဌောဃ -ငါ့ကိုယ်စသည် ယူစွဲခြင်းစသော ဒိဋ္ဌိအမျိုးမျိုးယူခြင်း။

၄။ အဝိဇ္ဇောဃ -သစ္စာလေးပါး မသိ,မမြင်ခြင်း။

ဆောင်ပုဒ်

ရိုးရာလုပ်ခင်း၊ ချိန်ကုန်လျှင်း၊ ရပ်ခြင်းဓိပ္ပာယ်မှတ်။

ပဉ္စာတပံ၊ မှားကျင့်ကြံ၊ အလွန်အားထုတ်မှတ်။

ရပ်တည်နေပြန်၊ သဿတံ၊ ကျင့်လွန်ဥစ္ဆေဒတ်။

အသင့်အတင့်၊ အားထုတ်ကျင့်၊ မြတ်မြင့်မဇ္ဈိမတ်။

သဿတုစ္ဆေ၊ ကွင်းရှောင်တွေ၊ မဇ္ဈေမဂ္ဂမြတ်။

ယောနိသောပင်၊ ဉာဏ်ရှေ့တင်၊ ငါးခွင်ခန္ဓာချပ်။

ဖြစ်ပျက် အနိစ္စ၊ သိပိုင်က၊ ဩဃကုန်လုံးပြတ်။

သတိချပ်

ငါးဝအာရုံ၊ သာယာစုံ၊ မှတ်တုံ ကာမောဃ။

ဗြဟ္မာနှစ်ဆယ်၊ ဈာန်ကိုတွယ်၊ မှတ်ဖွယ် ဘဝေါဃ။

ငါ့ကိုယ်စွဲတုံ၊ ဒိဋ္ဌိစုံ၊ မှတ်ကုန် ဒိဋ္ဌောဃ။

သစ္စာလေးအင်၊ မသိမြင်၊ ဝဲသွင် အဝိဇ္ဇောဃ။

သတွာထွေထွေ၊ မြုပ်မျောချေ၊ လေးထွေသူ့လုလ္လ။

မြုပ်မျောသိမြင်၊ လွတ်လိုလျှင်၊ မြန်ပင် အားထုတ်မှ။

လွန်အားမထုတ်၊ ရပ်မဟုတ်၊ ကျင့်ထုတ် မဇ္ဈိမ။

တရားသား

ဩဃက လေးခုရှိတယ်

ဒကာ, ဒကာမတွေကို ဒီကနေ့ ဩဃဆိုတဲ့အကြောင်းကို ပြောပြရမယ်၊ ဩဃက လေးခုရှိတယ်။ လေးခုဆိုတာ က ကာမောဃ, ဘဝေါဃ, ဒိဋ္ဌောဃ, အဝိဇ္ဇေဃ ဒီလေးခုကိုမှတ်ထားကြ။ ဘာ့ကြောင့် ဒီလေးခုကို ဩဃလို့ဆိုရသလဲ လို့ဆိုတော့ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေကို ဝဋ်ဆင်းရဲမှာ နစ်မွန်းအောင်, မျောအောင်လုပ်တတ်လို့ ဩဃလို့ ခေါ်ဆိုရတယ်။

ဥပမာအားဖြင့်ဆိုရင် ဝဲထဲမှာ သစ်ရွက်ကလေးများကို ချလိုက်သလိုပဲလို့ မှတ်ရမယ်။ ဝဲထဲမှာ သစ်ရွက်ကလေး တစ်ရွက်ကို ချလိုက်တဲ့အခါမှာ ပထမတော့ သစ်ရွက်ကလေးဟာ လည်ပြီးလိုက်နေရတယ်၊ ဝဲအရှိန်က လှည့်သလောက် လည်လိုက်နေပြီး နောက်တဖြည်းဖြည်း အလည်ဝိုင်းဟာ ကျဉ်းမြောင်း,ကျဉ်းမြောင်းလာတယ်။ အဲဒီလိုကျဉ်းမြောင်းပြီး အလယ်ရောက်တဲ့အခါ မြုပ်သွားတော့တာပဲ။

ဒကာ,ဒကာမတို့ ဒီသစ်ရွက်ကလေး အတူပဲ သတ္တဝါတွေရဲ့သန္တာန်မှာ ခုနကပြောခဲ့တဲ့ ဩဃလေးခုကိန်းနေ ရင် လူနတ်ဗြဟ္မာ ခန္ဓာအမျိုးမျိုး, ဘဝအမျိုးမျိုးမှာ လည်ရမယ်၊ အလည်ရပ်တဲ့အချိန်မှာ ငရဲ, တိရစ္ဆာန်, ပြိတ္တာစတဲ့ ဒုဂ္ဂတိဘဝ ခန္ဓာအမျိုးမျိုးရပြီး စုန်းစုန်းမြုပ်ရတော့တာပဲ၊ ဒကာဒကာမတွေ သဘောပါကြပလား၊ ဩဃရဲ့သတ္တိက ဒီလိုအစွမ်းရှိတယ်ဆိုတာ မှတ်ကြရမယ်။

ဒကာ ဒကာမတို့ နတ်တစ်ဦးက ဘုရားရှင်ကို မေးမြန်းလျှောက်ထားလို့ ဘုရားရှင်ကဟောပြတဲ့ အဓိပ္ပာယ် စကားကို ရှင်းလင်းပြီးပြောပြမယ်၊ ပထမသိထားဖို့ရာက ဩဃလေးပါးတဲ့၊ ဒီလေးပါးက…

၁။ ကာမောဃ – လောဘ။

၂။ ဘဝေါဃ – ဒေါသ။

၃။ ဒိဋ္ဌောဃ – ဒိဋ္ဌိ။

၄။ အဝိဇ္ဇောဃ – မောဟ။

ဖြတ်တဲ့နည်းကို သိရမယ်

ဒီလေးပါးပဲ၊ ပထမ သူ့ကိုသိရမယ်၊ ဒုတိယ သူ့ကိုဖြတ်တဲ့နည်းကို သိရမယ်၊ သဘောပါကြပလား၊ ဒကာ ဒကာမတွေ ကိုယ့်သန္တာန်မှာ အမြဲတမ်း ဒီလေးခုဟာလာနေတယ်။ ကိုယ့်သန္တာန်မှာလာတာကို သိမှလည်း ဖြတ်တတ် မယ်၊ မသိရင် မဖြတ်တတ်ဘူး၊ မသိရင် သတိပဋ္ဌာန်မဖြစ်ဘူး၊ မဖြစ်တော့ သတိပဋ္ဌာန ဘာဝနာလည်း မဖြစ်တော့ ဘူး၊ ရိပ်မိကြရဲ့လား။

မိမိတို့သန္တာန်မှာ ဖြစ်ပေါ်လာတာကို သိရမယ်၊ သိရင် သတိပဋ္ဌာနဘာဝနာဖြစ်မယ်။ ကျေနပ်ပလား၊ ဒါကြောင့် ဒါကိုသိအောင် ကြိုးစားရမယ်ဆိုတာ ပေါ်ကြပလား။

ကာမောဃ…ဒကာ,ဒကာမတို့ ဩဃလေးခုရဲ့ သဘောသကန်ကို အတော်အတန် ရိပ်မိသွားကြပြီ၊ ဒကာ, ဒကာမတွေကို အောက်သံသရာပို့တာ မြုပ်အောင်လုပ်တာ သူတို့ပဲ၊ ဒီလေးခုလေးချက်ပဲဆိုတာ မှတ်ကြတော့။ ဒါကြောင့် သူတို့ကို “ဩဃ”လို့ခေါ်ဆိုရတယ်၊ ဒကာ,ဒကာမတွေ မြင်ကြပလား။

ဒီဩဃတွေ ဝမ်းထဲမှာရှိနေရင် ဘုံအထွေထွေ ဘဝအထွေထွေမှာ လှဲ့ပတ်ခိုင်းမယ်။ လှဲ့ပတ်ပြီး အောက်ကို ဆွဲချမယ်။ သူ့သဘောက သတ္တဝါတွေကို မူးနေအောင်လည်း ခိုင်းဦးမယ်။ ခိုင်းပြီး အားရတော့ နောက် အပါယ်ကိုဆွဲချ မယ်၊ ဒကာ,ဒကာမတွေ ကျေနပ်ပလား၊ ဒါ ဩဃရဲ့သဘောသဘာဝ အမှန်ပဲ။

သူက ခိုင်းလည်းခိုင်းသေးတယ်၊ နောက် သေသည်၏အမြားမဲ့မှာ မြှုပ်လည်းမြှုပ်ဦးမယ်၊ ဒီလိုဆိုတော့ သက်သာ ခွင့် ရနိုင်ပါဦးမလား၊ ဥပမာအားဖြင့် “တောင်သူလယ်သားရဲ့ ခိုင်းနွား”နဲ့ပဲ တူတော့တယ်ဆိုရင် မလွဲဘူးဆိုတာ မှတ်လိုက်ကြ။ တောင်သူလယ်သမားရဲ့ ခိုင်းနွားဟာ တစ်သက်လုံး အားရအောင်ခိုင်းခံရတယ်၊ ခိုင်းလို့အားရလို့ အိုမင်း မစွမ်းဖြစ်တော့ နွားသတ်ရုံ ရောင်းအစားခံရရှာတယ်၊ ရိပ်မိကြပလား။

ဩဃတွေ ဝမ်းထဲမှာရှိနေရင်

ဒီဥပမာအတူပဲ ဒီဩဃတွေ ဝမ်းထဲမှာရှိနေရင် ဒကာတို့တတွေကို ထွန်လည်းကောက်မယ်၊ ထယ်နဲ့လည်း ကောက်မယ်၊ လှည်းကိုလည်း အရုန်းခိုင်းမယ်၊ ဆီဆုံကိုလည်း အလှဲ့ခိုင်းမှာပဲ၊ အဲဒီလို အမျိုးမျိုးခိုင်းပြီးလို့ အားရတော့ နောက်ဆုံး မရဏ သူသတ်လက်တွင်းအပ်ပြီး အပါယ်ကိုပို့လိမ့်မယ်ဆိုတာ သံသယမရှိကြနဲ့တော့၊ သဘောပါကြပလား။

ဒကာ,ဒကာမတို့ ကာမောဃက သားသမီးနဲ့လည်တယ်၊ ပစ္စည်းနဲ့လည်း လည်တယ်၊ ဒီနည်းအတိုင်း အလည် များလာရင် နောက်နယ်ကျဉ်းသွားပြီး နောက်တစ်ခါတည်း မြုပ်တော့တာပဲ။ လောဘပေါ်ပေါ်၊ ဒေါသပေါ်ပေါ် ပေါ်တဲ့ဘက်ကို လည်ရတာပဲ၊ အဲဒီလိုအလည်များတော့ သေပြီးတဲ့နောက် မြုပ်ရမယ်၊ ကျေနပ်ပလား။

ဒကာ,ဒကာမတွေ ဒီဝဲထဲမှာလည်ပြီး မြုပ်ချင်ကြသလား၊ အေး, မမြုပ်ချင်ဘူးဆိုတော့ မမြုပ်ချင်ရင် ဘာလုပ် ရမလဲဆိုတဲ့အချက်ကို သိဖို့လိုတယ်၊ ဒီအချက်ဟာ အရေးကြီးတဲ့အချက်ပဲ။ ဒီအချက်ကိုမှမသိရင် အထက်ခိုင်းလည်း သွားရ၊ အောက်ခိုင်းလည်း သွားရ၊ ဘယ်ခိုင်းခိုင်း သွားရမယ်၊ အမျိုးမျိုးလှဲ့နေရမယ်၊ ဒီဝဲကိုမှ မဖြတ်နိုင်ရင် မြုပ်ဖို့ပဲ ရှိတော့တယ်။

သဘောပါကြပလား၊ ဒကာတို့ကို ဩဃလေးပါးက အခုအလှဲ့ခိုင်းမယ်၊ သေတော့ အမြုပ်ခိုင်းမယ်ဆိုတာ မှတ်လိုက်ကြ၊ ဒကာ,ဒကာမတွေ အခုနေမှာ လုပ်ငန်းအမျိုးမျိုးတွေ လုပ်ကြ၊ ယက္ကန်းစင်တွေထောင်ကြ၊ အရောင်းအဝယ် တွေ လုပ်ကြနဲ့ အမျိုးမျိုး အထွေထွေ လုပ်နေကြတယ်။ အဲဒီလိုလုပ်နေတာတွေဟာ ဩဃကလှဲ့တာပဲ၊ ရိပ်မိကြရဲ့လား။

မသိရင် မြုပ်ကြတော့မှာပဲ

ဒကာတို့မှာ ဉာဏ်မပါတော့ အခုကို ဩဃလှည့်တာ ခံနေကြရပြီ။ လှည့်ခံရတာကိုတောင် မခံရမှန်းမသိတဲ့ အဖြစ်က ဆိုးလှတယ်။ သားသမီးတွေကို စိတ်မချလို့ ဟိုအရပ်ပို့, ဒီအရပ်ပို့၊ ဟိုမြို့ထား, ဒီမြို့ထားနဲ့ ထားကြတယ်၊ အဲဒါ ဩဃအလှည့်ခံရတာပဲ၊ နေရာတကာမှာပဲ ဩဃအလှည့်ခံနေကြရတယ်ဆိုတာ မှတ်ကြတော့။

စားတဲ့အခါမှာလည်း စားတဲ့စိတ်ကို ဖြစ်ပျက်မရှုမိရင် ဩဃထဲလည်မှာပဲ၊ သားဆီကိုသွားတဲ့ စိတ်ပေါ်လာ လည်း ဒီဉာဏ်မလာရင် ထို့အတူ အလှည့်ခံရမှာပဲ၊ ရိပ်မိကြရဲ့လား။ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက နေ့တိုင်း, အချိန်တိုင်းဆိုသလို ဩဃလှည့်သမျှ ခံကြရတယ်၊ အလှည့်ခံကြရပေမယ့် လှည့်မှန်းတောင်မသိနိုင်ကြဘူး။ ဒကာ,ဒကာမ တို့ မသိတာ ဘာအပြစ်ရှိသလဲဆိုတော့ “မသိရင် မြုပ်ကြတော့မှာပဲ”လို့သာ ဆုံးဖြတ်ချက်ချကြ။ ကျေနပ်ပလား။

ဒကာ,ဒကာမတို့ မသိဖာသာနေရင် မြုပ်ရလိမ့်မယ်ဆိုတာ ပေါ်ကြပလား၊ ဩဃလှည့်တာကို လှည့်မှန်းသိကြ ပါတော့ဆိုတာ သတိပေးလိုက်တယ်၊ ကိုယ်အလှည့်ခံရတာ လှည့်မှန်းမသိဘူးဆိုတော့ အတော်ဆိုးဝါးနေကြပြီ၊ ရိပ်မိ ရဲ့လား၊ ဒီလိုအလှည့်ခံရရင် မြုပ်ရမှာချည့်ပဲဆိုတာသာ မှတ်ကြ။

အလှဲ့မရပ်သမျှ အမြုပ်မရပ်

အလှည့်ရပ်မှ အမြုပ်ရပ်မယ်၊ အလှဲ့မရပ်သမျှ အမြုပ်မရပ်ဘူး၊ ကျေနပ်ပလား၊ ဒကာ,ဒကာမတို့ ဘဝေါဃက အထက်သံသရာမှာ လှည့်ပြီး အောက်သံသရာထဲ မြုပ်ချလိုက်မယ်။ ကာမောဃက လူသံသရာ, နတ်သံသရာမှာ လှည့်ပြီး အောက်သံသရာမှာ မြုပ်ချမှာပဲ။ ဒီဋ္ဌောဃကျတော့ အောက်ဝဲထဲမှာပဲ လှည့်ပတ်ပြီး မြုပ်ချလိုက်မှာပဲ၊ ရှင်း ကြရဲ့လား။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ရိပ်မိကြပလား။ အဝိဇ္ဇောဃကျပြန်တော့ ခန္ဓာကြီးကဘယ်လိုဖြစ်ဖြစ် မသိဘူး၊ အဲဒီလိုမသိတာတွေဘဲ လှည့်နေမယ်၊ သူက ဘာမှမသိဘူး၊ ခန္ဓာမှာဘာပေါ်ပေါ် မသိဘူး၊ ပထမတစ်ခုပေါ်လာတာ လည်း မသိ၊ ဒုတိယပေါ်လာတာလည်း မသိ၊ တတိယပေါ်လာတာလည်း မသိ၊ အဲဒီလို ဘာမှမသိတာဘဲ လှည့်နေတယ်။

ဒကာ,ဒကာမတို့ ဘာမှမသိတဲ့အဖြစ်ဟာ လူသစ်တုံးဖြစ်နေတာပဲ၊ ရိပ်မိကြရဲ့လား၊ သစ်တုံးဟာ ရေထဲမှာ လေတိုက်တိုင်း, ရေလှုပ်တိုင်းဆိုသလို ချာချာလည်နေရတယ်၊ ဒါပေမဲ့ သစ်တုံးဟာ “ငါချာချာလည်နေပါကလား”လို့ မသိဘူး၊ ဒကာတို့မှာလည်း အဲဒီသဘောပဲ၊ လူ့သစ်တုံး ဖြစ်နေကြတယ်ဆိုရင် မလွဲဘူး။ မသိတဲ့လူဟာ ဒီအတိုင်းပဲ၊ ပေါ်ကြပလား။

ဘာမှမသိတော့ အဝိဇ္ဇာချယ်လှယ်သလို လူ့သစ်တုံးအဖြစ်နဲ့ လှည့်နေရ။ လှည့်ရပြီး နောက် မြုပ်မယ်၊ သေရင် မြုပ်ရမယ်၊ အခုမသေလို့ မမြုပ်သေးတာ၊ ရိပ်မိကြရဲ့လား၊ ဒကာ,ဒကာမတို့ ဒီအတိုင်းသာနေပြီး ဒီအတိုင်းသာသေရ ရင် မြုပ်မှာသေချာတယ်၊ “ငါသေရင် ဆွမ်းမသွတ်နဲ့၊ အမျှမဝေနဲ့’လို့သာ မှာခဲ့ကြ။ အောက်သွားတာမို့ အမျှဝေလို့ မရဘူး၊ သဘောပါကြပလား။

ငါဘယ်သွားရမလဲဆိုတာ တွေးမနေနဲ့တော့

ငါဘယ်သွားရမလဲဆိုတာ တွေးမနေနဲ့တော့၊ ဒိဋ္ဌောဃကလှည့်၊ ကာမောဃကလှည့်၊ လှည့်တော့ မသိဘဲ သွားမြဲတိုင်းသွား၊ အဲဒါ အဝိဇ္ဇောယ အလှည့်ခံရတာပဲ။ ရှင်းကြရဲ့လား၊ ဒကာတို့တတွေက “ဟိုသားသမီးက နေကောင်း ရဲ့လား၊ ရောင်းချင်တာလည်း ရောင်းရမှ နေရာကျမယ်၊ သူများဆီကကြွေးတွေလည်း ရအောင်တောင်းဟဲ့”ဆိုပြီး လှည့်နေကြရတယ်၊ ဒီထဲမှာ ဒိဋ္ဌောဃက လက်မလွှတ်ဘူး၊ ကာမောဃကလည်း လှည့်ခံနေရ၊ သူတို့တတွေ တစ်မျိုးပြီး တစ်မျိုးဆိုသလို ကိုယ့်သန္တာန်မှာ ဖြစ်လိုက်ပျက်လိုက်နဲ့ ဖြစ်ခါပျက်ခါ လှည့်ပတ်နေကြတယ်။ အဲဒါ ဒကာတို့တတွေ အလှည့်ခံနေကြရတာပဲ။ ဒီသဘောကိုလည်း ဒကာတို့ကိုယ်တိုင်က မသိရှာကြဘူး၊ မရိပ်မိကြဘူး။

အဲဒီလိုမသိလေတော့ အဝိဇ္ဇောဃရဲ့အလှည့်ကို ခံနေကြရတာပဲ၊ အဝိဇ္ဇောဃလှည့်တာ ဒကာတို့ခံရပြန်တာပဲ လို့သာ မှတ်လိုက်ကြ၊ သဘောပါကြရဲ့လား၊ အဲဒီလိုနဲ့ ဒကာတို့တတွေကို ကာမောဃကလည်း လှည့်တယ်၊ ဘဝေါဃ ကလည်း လှည့်၊ ဒိဋ္ဌောဃကလည်းလှည့်၊ အဝိဇ္ဇောဃကလည်းလှည့်နဲ့၊ လှည့်တာဟာ ဘာကြောင့်လဲ သိကြရဲ့လား၊ ဒကာတို့တတွေကို အောက်သံသရာမှာ မြုပ်အောင်လို့ပဲ၊ သူတို့လေးခုက မြုပ်ချနေတာလို့သာ မှတ်ကြ။

ဒကာတို့ကို ဒီဩဃလေးခုက မြုပ်ချင်တဲ့အခါမြုပ်မယ်၊ မျှောချင်တဲ့အခါ မျှောမယ်ဆိုတာ မှတ်ထားကြ။ ဒါနတွေ အမျိုးမျိုးပြုကြ၊ မဏ္ဍကန္နားကြီးတွေဆောက်ပြီး လှူလိုက်ကြ ဒါန်းလိုက်ကြ၊ နောက်ပြီး ဒကာတို့ရည်ရွယ်ချက် က “ခုဘဝကောင်းဖို့၊ လူချမ်းသာ,နတ်ချမ်းသာတွေ အကြိမ်ကြိမ်ခံစားဖို့ တောင်းယူလိုက်ကြ။ အဲဒီလိုတောင့်တပြီး တကယ်လုပ်နေကြ”

အဲဒါတွေဟာ ဘဝေါဃကလှည့်နေတာ ရိပ်မိကြပလား၊ ဒကာတို့ကိုယ်တိုင်က ဆုတောင်းယူ၊ မပြည့်ဘဲမနေ ဘူး၊ ပြည့်မယ်ဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြပလား။

လယ်လမ်းနဲ့မြုပ်လမ်းဟာ ဒို့ဖြစ်စဉ်ပဲ

ဒကာ,ဒကာမတွေကို အချိန်ရှိသမျှ နေ့ညမရွေး ဒီလေးခုကလှည့်နေတယ်၊ လှည့်တာ အလှည့်ခံရတာကော သိကြပါရဲ့လား၊ အင်း, မသိကြဘူးတဲ့၊ အဲဒါ အဝိဇ္ဇာလက်ချက်၊ အဝိဇ္ဇောယ လက်ချက်မိပြန်တာပဲ၊ ရိပ်မိကြပလား၊ ဒကာတို့ဟာ လွန်လွန်းပြီထင်ထယ်၊ ဒကာ,ဒကာမတို့ဟာ ဒီဩဃလေးခုက မလွတ်ကြရင် လယ်လမ်းနဲ့မြုပ်လမ်းဟာ ဒို့ဖြစ်စဉ်ပဲလို့သာ ဆုံးဖြတ်ချက်ချ၊ သဘောပါပလား။

ဒကာတို့ကိုယ်တိုင် ပစ္စည်းရှာတာဟာ ဘာလုပ်ဖို့လဲလို့မေးတော့၊ ငါစားဖို့တဲ့၊ ငါစားဖို့ရာ ပစ္စည်းရှာတာပဲတဲ့၊ ငါစားဖို့ရာ ဘာလေးယူခဲ့ဦးတဲ့၊ အဲဒီလိုအသံတွေဟာ ဒိဋ္ဌောဃရဲ့အလှည့်ခံရတာပဲလို့သာ မှတ်ကြ။ ဘယ်ကိုသွားတုန်း ဆိုတော့ ရောက်ချင်တဲ့နေရာကို သွားတာပဲတဲ့၊ ဈေးရောင်းချင်လို့ ဈေးကိုသွားလိုက်တာပဲတဲ့၊ အဲဒါ ကာမောဃရဲ့ လက်ချက်ပဲ၊ ဈေးသွားလို့ ဆိုင်ရောက်ပြန်တော့လည်း ဘာမှမသိတော့ဘူး၊ အဲဒီမှာ အဝိဇ္ဇောဃရဲ့အလှည့်ကို တစ်ချိန် လုံး ခံရပြန်တာပဲ၊ ရိပ်မိကြရဲ့လား။

ဒကာ,ဒကာမတို့တတွေဟာ နေ့ရှိသမျှ အချိန်ရှိသမျှဆိုသလို ဒီလေးပါးပဲ လှည့်နေကြတော့တယ်၊ ဩဃ လေးမျိုးရဲ့ အလှည့်ကိုပဲ ခံနေကြရရှာတယ်။ ဩဃမလှည့်တဲ့အချိန်၊ အလှည့်မခံရတဲ့အချိန်ရယ်လို့ တစ်ကွက်မှမပါ ပါဘူး၊ ဝိပဿနာကင်းတဲ့အချိန်ဟာ အလှည့်ခံရတဲ့အချိန်ချည့်ပဲလို့သာ ဆုံးဖြတ်ချက်ချကြ၊ သဘောပါပလား။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ အခု ဆရာဘုန်းကြီးက ဒကာတို့ဖြစ်စဉ်ကို အမှန်အကန်မြင်အောင်လို့ ပြော ပြနေတာ၊ ဉာဏ်နားနဲ့ အဝါးဝအောင်သာ ထောင်ကြပေတော့၊ ဒီလိုထောင်လို့ အမှန်အကန်သိရရင် အမြန်ဆုံးပြင်ကြ ဆင်ကြဖို့ပဲ၊ ပြင်ချိန်ဆင်ချိန် ရှိသေးတယ်၊ ဒါကြောင့် ကြိုးစားလိုက်နာပြီး ပြင်ကြဆင်ကြတော့လို့ သတိပေးလိုက်ပါ တယ်။ အခုဟောနေတာ ဒကာတို့ ခန္ဓာထဲမှာရှိတဲ့ အဘိဓမ္မာကို ဟောပြနေတာ၊ မှတ်တမ်းအဘိဓမ္မာ မဟုတ်ဘူးဆိုတာ မှတ်ကြရမယ်၊ ရှင်းပလား။

ကိုယ့်အကြောင်း ကိုယ်မသိကြလို့ ဖော်ပြောနေရတယ်

ဒကာ,ဒကာမတို့ နေ့တိုင်းလုပ်နေတာ ဘာတွေလဲ ရိပ်မိကြရဲ့လား၊ ကိုယ့်အကြောင်း ကိုယ်မသိကြလို့ ဆရာ ဘုန်းကြီးက ဖော်ပြောနေရတယ်၊ “ငါစားဖို့ ပစ္စည်းရှာထွက်ရဦးမယ်၊ အထုပ်အပိုးပြင်ဟေ့”လို့ဆိုတော့ ဒိဋ္ဌောဃလှည့် တာ။ နောက်ပြီး ရောက်ချင်တဲ့ဇောနဲ့ ဈေးကိုသွားလိုက်တယ်။ အဲဒါက ကာမောဃ၊ ဈေးရောက်တော့ ဘာမှမသိဘဲ ဆိုင်ထွက်ရောင်းလိုက်တော့တာပဲ၊ အဲဒါက အဝိဇ္ဇောဃလက်ချက်။ အိမ်အပြန်မှာလည်း ဒီနည်းအတိုင်းပဲ၊ ကိုင်း… ရိပ်မိကြပလား။

ဒကာတို့တတွေ နေ့ရှိသမျှမှာပဲ ဒီလေးခု အလှည့်ခံနေကြရတယ်၊ ဒီ့ပြင် ကြားညှပ်စရာမရှိသလောက်ပါပဲ၊ ကိုယ့်အဖြစ်မှန်ကို ရိပ်မိကြပလား။ ဒါနဲ့မှ မရိပ်မိသေးရင် ပြင်ချိန်က သိပ်မရှိတော့ဘူး၊ နောင်အခါမှ နောင်တ, အကြီးအကျယ်ရကြမယ်ဆိုတာ မှတ်လိုက်ကြ။ ဘုရားရှိရင်တောင် ဒကာတို့ကို ဒီလောက်ဆစ်ဆစ်ဖုဖု ဟောချင်မှ ဟောမှာပါ၊ ဒီလိုနဲ့မှ နားမထောင်ကြရင် ချောက်ကျချင်လို့ပဲဆိုတာ မှတ်ကြတော့၊ ကျေနပ်ပလား။

ဒကာတို့ အိမ်ကထွက်ရင် ဒီလေးခုလှည့်နေတာပဲ၊ ညနေပြန်လာတော့လည်း ဒီနည်းအတိုင်း လှည့်ပြန်တာပဲ၊ ဒီဩဃတွေရဲ့လက်ချက်က လွတ်စရာအကွက် မရှိကြပါဘူး။ သားကလေးရှင်ပြု၊ ဇရပ်ကလေး ကျောင်းကလေးဆောက်၊ အလှူ့ဒကာ ကျောင်းဒကာဆိုပြီး ကျေနပ်နေကြတယ်။ ငါဟာ ဘာကုသိုလ်တွေလုပ်ပြီးပြီ သေပျော်ပြီတဲ့ ပြောဆိုတတ် ကြတယ်၊ ဒကာတို့မှာ သေပျော်တဲ့အလုပ်က နည်းနည်းပါးပါးရယ်၊ ဩဃက ပိုပြီးများတယ်၊ မသေပျော်ကြနဲ့ဦးလို့ သတိပေးလိုက်တယ်။

ဒကာတို့တတွေ ကုသိုလ်ဒါပြုကြတာက ဘယ်လိုစိတ်ထားနဲ့လဲလို့ မေးရင် “ေဩာ်…နောက်နောက်ဘဝ အတွက် လူကောင်း,နတ်ကောင်းဖြစ်ပြီး ချမ်းချမ်းသာသာနေချင်လို့ပဲ”တဲ့၊ အခုလှူတာ “ဘဝကူးကောင်းအောင်လို့ ပဲ”တဲ့။ အဲဒါ သာမညများ မမှတ်လိုက်ကြနဲ့၊ ဘဝေါဃရဲ့အလှည့်ကို အကြီးအကျယ်ခံလိုက်ရတာပဲဆိုတာ မှတ်ကြ၊ သဘောပါရဲ့လား။

ဩဃက လွန်မြောက်အောင်လုပ်ဖို့ပဲ

ဒီလိုဆိုတော့ ဒကာ,ဒကာမတွေ ကိုယ့်အကြောင်း ကိုယ်သိကြပလား၊ ဒီအကြောင်းတွေကိုသိရရင် ဩဃက လွန်မြောက်အောင်လုပ်ဖို့ပဲ လိုတော့တယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။

ကိုယ့်အိမ်ကိုယ့်ယာမှာ ဖာသာလဝါနေရင်းနဲ့ပဲ အလှည့်ခံနေရမှ ဒကာတို့က ကျေနပ်နိုင်ကြတာ၊ ရိပ်မိကြ ပလား၊ မိမိတို့နေအိမ်ကိုကြည့်ပြီး ပျက်တာစီးတာတွေ့ရတော့ “ပျက်လို့ ငါပြင်ချင်တယ်”တဲ့၊ ငါပြင်ချင်တယ်ဆိုတာ ဒိဋ္ဌောဃ။ ဒါကတော့ မပျက်သေးဘူး တော်သေးရဲ့တဲ့၊ အဲဒါ ကာမောဃ။ ကိုယ့်ခန္ဓာကိုယ်အတွင်းမှာ ရုပ်နာမ်ကြောင်း ကျိုးတွေဟာ အစဉ်အဆက် ဖြစ်ပျက်ပြီးနေကြတယ်၊ ဒီသဘောကိုလည်း မရိပ်မိ, မသိရှိဘူး၊ အဲဒီလို ခန္ဓာတွင်းမှာမသိ တာက အဝိဇ္ဇောဃ၊ ဒကာ,ဒကာမတွေ မရိပ်မိကြသေးဘူးလား။

ဒကာ,ဒကာမတို့ ဖြစ်စဉ်ကိုက်ပဲ၊ ဒါနဲ့မှ မရိပ်မိကြသေးရင် ဒုက္ခအသွယ်သွယ်မှာ လည်ရဖို့၊ အပါယ်သံသရာ မှာ မြုပ်ကြဖို့ပဲ ရှိတယ်ဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြပလား၊ ဒကာတို့ဖြစ်စဉ်ဟာလည်း လမ်းမြုပ်လမ်းပဲ၊ တက်လမ်း ဆန်လမ်းမပါဘူး၊ ပေါ့ပေါ့ကလေးလို့များ မအောက်မေ့လိုက်ကြနဲ့။

ဉာဏ်နဲ့ ခန္ဓာမှာကြည့်ပေးကြ၊ ကြည့်ပေးရင် အမှန်မြင်,အမှန်သိ သိကြရမယ်။ ပထမ ဘုန်းကြီး လမ်းခင်းပြီး ဟောပြပေးတယ်။ ဒီအတိုင်းလိုက်နာပြီး ခန္ဓာမှာ ဉာဏ်နဲ့ကြည့်တော့ ဒုတိယခန္ဓာက ဟောပြလိမ့်မယ်။ ခန္ဓာဟောတာ ခန္ဓာကပြောတာကို အမှန်ယူ၊ ခန္ဓာပြောစကား လိုရင်းထားပြီး မှတ်ယူကြရမယ်၊ သဘောပါပလား။

ခန္ဓာပြောကို ဉာဏ်နဲ့ မြင်အောင်ကြည့်နိုင်ရင် ဩဃက လွန်မြောက်တော့မယ်ဆိုတာ ဆုံးဖြတ်ချက်ကြ။ ဒါကြောင့် နည်းလမ်းရရင် ခန္ဓာမှာ ဉာဏ်နဲ့ကပ်ပြီး အမှန်သိ,သိမြင်ရအောင် မပြတ်ကြည့်ပေးကြလို့ တိုက်တွန်းလိုက် တယ်။

အခု ဘုန်းကြီးတို့ ဒကာ,ဒကာမတွေကို ဩဃလေးပါးနဲ့ စပ်ဆိုင်တဲ့အကြောင်းအရာ ဝတ္ထုသက်သေ သာဓက တစ်ခုကို ထုတ်ပြီးပြောရမယ်။ ဒီသက်သေဝတ္ထုက “သဂါထာဝဂ္ဂ သံယုတ်ပါဠိတော် ဩဃတရဏသုတ်”မှာလာတဲ့ အဓိပ္ပာယ်ပဲဆိုတာ မှတ်ကြရမယ်။

ဩဃလေးပါးက လွန်မြောက်ကြောင်းတရား

ဒကာ,ဒကာမတို့ “ကဿပရှင်တော်ဘုရား လက်ထက်အခါတုန်းက ‘ဩဃလေးပါး’ ကြားနာဖူး သိမှတ်ထား ဖူးတဲ့ နတ်တစ်ဦးရှိတယ်ဆိုတာ မှတ်ကြရမယ်၊ အဲဒီနတ်တစ်ဦးဟာ “ဩဃလေးပါး”ကို ကြားနာမှတ်သားဖူးလို့ ဩဃ ရယ်လို့တော့ သူသိတယ်တဲ့၊ ဒါပေမဲ့ ဒီဩဃလေးပါးက လွန်မြောက်ကြောင်းတရားကိုတော့ မသိမမြင်ရှာဘူးတဲ့၊ မှတ်မိကြပလား၊ ဒီနတ်က ဩဃကိုတော့ သိဖူးကြားဖူးတယ်၊ လွန်မြောက်ကြောင်းကိုတော့ မသိဘူးတဲ့၊ ရှင်းကြပလား။

အဲဒီနတ်တစ်ဦးဟာ ဂေါတမဘုရားရှင် ပွင့်တော်မူလာတဲ့အခါကျတော့ ဘုရားထံတော်မှောက် လာရောက် မေးမြန်းလျှောက်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်ကို မှတ်ကြရမယ်၊ အဲဒီနတ်လျှောက်ထားပုံက ဒီလိုတဲ့…

”ကထံ နု တွံ မာရိသ, ဩဃမထရီတိ၊”

”အရှင်ဘုရား၊ အရှင်ဟာ ဩဃလေးပါးက ဘယ်လိုလွန်မြောက်ပြီး လာခဲ့ပါသလဲ ဘုရား”

အဲဒီလို လျှောက်ထားမေးမြန်းလိုက်တယ်ဆိုတာ မှတ်ကြရမယ်၊ ဒကာ,ဒကာမတို့ အဲဒီနတ်က သံသရာဝဲဩဃ မှာ လည်တာ၊ မြုပ်တာကိုတော့ သူသိတယ်၊ လွတ်ရာလွတ်ကြောင်းကိုတော့ သူမသိဘူး၊ မသိလို့ ဒီဩဃက လွန်မြောက် လိုလို့ လွတ်ရာလွတ်ကြောင်းကို သိချင်လို့ မေးတာပဲလို့ မှတ်ယူကြရမယ်၊ ဒီနတ်က အခု ဒကာ,ဒကာမတွေအတွက်ပါ ဆောင်ရွက်ပေးခဲ့တာပဲဆိုရင် မမှားပါဘူး။

ဒါကြောင့် သူက “အရှင်ဘုရား အရှင်, ဩဃကလွန်မြောက်တာဟာ ဘယ်လိုနည်းနဲ့ လွန်မြောက်ခဲ့ပါသလဲ၊ ဘယ်လိုအားထုတ်ပြီး, ဘယ်လိုလုပ်ပြီး လွန်မြောက်ခဲ့ပါသလဲဘုရား”တဲ့။ အဲဒီလိုလျှောက်ထား မေးမြန်းတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက…

”အပ္ပတိဋ္ဌံ ခွါဟံအာဝုသော အနာယူတံ ဩဃမတရီတိ၊”

”အိုနတ်သား၊ ငါဘုရားဟာ အလုပ်တစ်ခုကို ရပ်လည်းမနေဘဲ အလွန်လည်း အားမထုတ်ဘဲနဲ့ ဩဃလေးပါးက လွန်မြောက်ခဲ့တယ်”

လို့ အဲဒီလို အဖြေပေးတော်မူလိုက်တယ်၊ ရှင်းကြရဲ့လား၊ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ တိုတိုနဲ့လိုရင်း မှတ်ထားဖို့က ဘုရားကိုယ်တော်မြတ်ဟာ ရပ်လည်းမနေဘဲ အလွန်လည်း အားမထုတ်ဘဲ ဩဃက လွန်မြောက်တော် မူခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ မှတ်တတ်ကြပလား၊ တိုတိုနှစ်လုံးထဲပဲ မှတ်ထားကြပါ၊

ရပ်လည်းမနေနဲ့၊ အလွန်လည်း အားမထုတ်နဲ့

ဩဃက လွန်မြောက်ဖို့ရာ ဘာလုပ် ရမလဲဆိုတော့…

၁။ ရပ်လည်း မနေဘူး။

၂။ အလွန်လည်း အားမထုတ်ဘူးတဲ့။

ဒကာ,ဒကာမတွေ ဒီနှစ်လုံးထဲကို မှတ်မိအောင် အရေးကြီးတယ်၊ နှစ်လုံးထဲ မှတ်ထားကြ၊ ဘာတဲ့လဲ ဩဃက လွန်မြောက်ချင်ရင် ရပ်လည်းမနေနဲ့၊ အလွန်လည်း အားမထုတ်နဲ့တဲ့၊ သဘောပါကြပလား၊ ဒီနှစ်လုံးထဲပဲ မှတ်ရမှာ၊ ဒါ အိမ်ပါဖို့ အရေကြီးတယ်၊ ရိပ်မိကြပလား။

ဒကာ,ဒကာမတွေ ဆရာဘုန်းကြီးပြောတာဟာ အင်မတန်အရေးကြီးလို့ အရေးကြီးတယ်လို့ ပြောတာ၊ ဆရာ သမား အရေးထားသလို၊ ဒကာ,ဒကာမတွေဘက်ကလည်း လေးလေးစားစား သဘောထားပြီး လိုက်နာကြရမယ်။ ဒါမှလည်း အပေးနဲ့အယူ ညီညွတ်ပေမယ်၊ သေချာကြပလား။

အင်မတန်ကောင်းတဲ့ဟင်းကို စားစေချင်လွန်းလို့ ကျွေးတဲ့သူကကျွေးရင် စားမှသာ ကောင်းတယ်၊ စားတဲ့သူက မစားဘဲနေရင် သင့်တော်ပါ့မလား၊ မသင့်တော်ဘူး၊ ဒါကြောင့် ကြိုးစားပြီးယူကြပါလို့ သတိပေးလိုက်တယ်၊ ဒကာတို့ ဟာ ပေးထိုက်လို့ပေးတာကို အရမယူဘဲ ဖျောက်ဖျက်ပစ်ကြရင် ဘယ့်နှယ်ဆိုကြမတုန်း။ ကလေးကျင့်ပဲ၊ ကလေးကျင့် တွေ ဖျောက်ကြဖို့ အချိန်တော်ပြီ၊ သဘောပါကြရဲ့လား။

ဆရာဘုန်းကြီးက သနားလို့ ကရုဏာရှေ့ထားပြီး ပေးနေတာ၊ ဒကာတို့တတွေ မြုပ်ခြင်း, မျောခြင်းက လွတ် စေချင်လို့ပေးတာ၊ အရေးတကြီးယူကြ၊ ရိပ်မိကြပလား၊ မယူဘဲနေရင် တော်ပါ့မလား၊ မတော်တာသိရင် ယူဖြစ်အောင် ယူကြပါလို့ အထူးပဲတိုက်တွန်းလိုက်တယ်။ အခုအထက်က အဓိပ္ပာယ်ကို ရှင်းလင်းပြောမယ်၊ ရပ်လည်းမနေဘူးဆိုတာ ဘယ်လိုအဓိပ္ပာယ်လဲဆိုတော့ ဒကာ,ဒကာမတွေရဲ့ ရိုးရာထုံးတမ်းစဉ်လာ အလုပ်တွေပဲလို့ သိကြရမယ်။

ရပ်နေတယ်ဆိုတာ

ရပ်နေတယ်ဆိုတာ မိဘရိုးရာအတိုင်းပဲ ရောင်းလိုက်,ဝယ်လိုက် နေထိုင်စားသောက်လိုက်နဲ့ နေကြတာ၊ သား နဲ့ သမီးနဲ့ ပြုံးလိုက် ရယ်လိုက်ကြ၊ ပျော်လိုက်ကြ ရွှင်လိုက်ကြနဲ့နေကြတာ။ ဒကာတို့ နေ့ရှိသမျှ မရိုးနိုင်, မတင်းတိမ် နိုင်တဲ့ သားရေး, သမီးရေး, စီးပွားရေးတွေနဲ့ နေနေကြတာ။ အဲဒါမျိုးတွေဟာ ရပ်နေတာလို့ခေါ်တယ်။ ရိပ်မိကြပလား။

အဲဒီလိုနည်းနဲ့ ရပ်နေရင် ဘာအပြစ်ရှိသလဲ၊ အဲ ရပ်နေရင်လည်း နေရာမကျဘူးတဲ့၊ ရပ်နေတော့ မြုပ်မယ် တဲ့၊ ဒကာ,ဒကာမတို့ ရိုးရာအလုပ်တွေနဲ့ ရပ်နေရင် အပါယ်လေးပါးမှာ မြုပ်ကြရမယ်ဆိုတာသာ မှတ်လိုက်ကြ၊ ရိပ်မိ ကြပလား၊ အလွန်အားထုတ်ပြန်တော့ ဘာဖြစ်မလဲဆိုတော့ မျောရမယ်တဲ့၊ ရှင်းကြရဲ့လား။

ဒကာ,ဒကာမတွေ နေ့စဉ်နဲ့အမျှဆိုသလို ရိုးရာအလုပ်တွေ ထုံးစံအလုပ်တွေနဲ့ပဲ အချိန်ကုန်၊ ဒီအလုပ်တွေပဲ လုပ်နေကြ၊ ဒီလိုလုပ်ကြပြီး ဝိပဿနာမပါတော့ ရပ်နေတယ်လို့ခေါ်တယ်၊ သဘောပါပလား၊ အဲဒီလို ဝိပဿနာမပါဘဲ ရပ်နေတော့ မြုပ်မယ်၊ ရပ်နေကြရင် အပါယ်လေးပါးမှာ မြုပ်ကြဖို့သာ ပြင်ထားကြပေတော့လို့ သတိပေးလိုက်ပါတယ်၊ ကျေနပ်ပလား။

ဒကာ,ဒကာမတွေ ရပ်မနေချင်လို့ အားထုတ်ပါမယ်ဆိုတော့လည်း ဆရာမှားနဲ့တွေ့ကြ၊ ရှေ့ဆောင်ပုဂ္ဂိုလ် အမှားနဲ့တွေ့ကြ၊ နောက်,မဟုတ်တဲ့ဟာတွေ လမ်းစဉ်မှားတွေပြပြီး အားထုတ်မိကြ၊ ပဉ္စာတပစတဲ့ အကျင့်မျိုးတွေကျင့် မိကြ၊ အဲဒီလိုကျင့်မိတာတွေဟာ မျောဖို့ပဲလို့သာ မှတ်လိုက်ကြ။ မဂ္ဂင်လမ်းကြောင်းက လွှဲဖယ်ပြီးတော့ အလွန်အမင်း အားထုတ်တဲ့ အကျင့်မှန်သမျှ မျောရမှာချည့်ပဲ။

မိဘရိုးရာအတိုင်း ဘာမှမလုပ်ဘဲနေရင်လည်း မြုပ်မယ်။ ဘုံဘဝအထွေထွေကို တောင့်တပြီး သင်္ခါရကုသိုလ် အမျိုးမျိုးတွေကို အားထုတ်ပါးထုတ် ပြုလုပ်နေကြရင်လည်း မျောမယ်။ နောက်ဘဝကောင်းစားရေးဆိုပြီး ဒါန,သီလ တွေ အားထုတ်ပြန်တော့လည်း မျောမှာပဲတဲ့၊ ဒကာ,ဒကာမတွေ ရိပ်မိကြပလား။

ဒါဖြင့် ဘယ်လိုနေရမလဲ။ မြုပ်မယ့်အလုပ်, မျောမယ့်အလုပ်, နှစ်ခုကိုရှောင်ရမယ်၊ ရှောင်မှဖြစ်မယ်ဆိုတဲ့ အဓိပ္ပာယ် ပေါ်ကြပလား။

မြုပ်လမ်းနဲ့ မျောလမ်းကို ရှောင်မှဖြစ်မယ်

ဘုရားရှင်က ရပ်လည်းမနေဘူး၊ သိပ်လည်း အားမထုတ်ဘူးလို့ဆိုတော့ မြုပ်လမ်းနဲ့မျောလမ်းကို ရှောင်တာ ပဲဆိုတာ ရိပ်မိကြပလား။ ဒါကြောင့် ဩဃကလွန်မြောက်ဖို့ရာ မြုပ်လမ်းလည်း မလိုက်နဲ့၊ မျောလမ်းလည်း မလိုက်နဲ့၊ မြုပ်လမ်းနဲ့ မျောလမ်းကို ရှောင်မှဖြစ်မယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဒါနပြုပြု, သီလပဲဆောက်တည် ဆောက်တည်၊ ဘာတွေပဲလုပ်လုပ်၊ ပြုလုပ် သမျှ ကုသိုလ်တွေမှာ “ဒီကုသိုလ်ကြောင့် ဒုက္ခခပ်သိမ်း ကင်းငြိမ်းရပါလို၏’လို့ စိတ်ညွှတ်ဆုတောင်းပြီး လှူကြ, ဒါန်းကြ, ပြုလုပ်ကြ။ အဲဒီလိုဒုက္ခဝဋ်က ကျွတ်လိုတဲ့ဆန္ဒနဲ့လှူရင် လှူချင်သလောက်လှူကြ, ဒါန်းကြ၊ ပြုချင်တဲ့ကုသိုလ်ကို အစွမ်း ကုန်သာ ပြုကြတော့လို့ ပြောလိုက်ပါတယ်။

ဒီလိုမှမဟုတ်ဘဲ ဒကာ,ဒကာမတို့က လူ့ဘဝ, နတ်ဘဝ အကြိမ်ကြိမ်ခံစားလိုလို့ တောင်းယူကြမယ်ဆိုရင် အဲဒါ သာမညမမှတ်ပါနဲ့၊ မျောမယ့်ဥစ္စာ သွက်သွက်ခါအောင်လို့ နောက်ကထိုးဝါးကူပေးလိုက်တာနဲ့ အတူတူပဲ၊ မြန်မြန် မျောဖို့ ထိုးဝါးကူလိုက်တာပဲလို့သာ မှတ်ကြတော့ ရိပ်မိကြရဲ့လား။

ဒကာ,ဒကာမတို့ ဘုရားကိုယ်တော်မြတ်ကြီးက နတ်တစ်ဦးကိုဟောတဲ့ အဓိပ္ပာယ်အချုပ်က “ငါသည် မြုပ်ခြင်း, မျောခြင်းကို ရှောင်၍ မြုပ်ခြင်း,မျောခြင်း အလုပ်မလုပ်ဘဲ အလယ်လမ်းအလုပ်ကိုလုပ်ပြီး ဩဃကလွန်မြောက်ခဲ့တယ်” လို့ ဟောတော်မူတာပဲ၊ ဒကာ,ဒကာမတွေ ဘုရားဟာ ဘာကြောင့် ဩဃကလွန်မြောက်ခဲ့သလဲ၊ မြုပ်မယ့်အလုပ်လည်း မလုပ်ဘူး၊ မျောမယ့်အလုပ်လည်း မလုပ်ဘူးတဲ့၊ ဒီမြုပ်လမ်း မျောလမ်း နှစ်ခုကြားထဲက အလယ်လမ်းအလုပ် လုပ်လို့ ပဲဆိုတာ သဘောပါကြပလား။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ သိထားကြဖို့က အကုသိုလ်တွေကိုလုပ်ရင် မြုပ်မယ်၊ ဝဋ်နွယ်တဲ့ ဝဋ္ဋကုသိုလ် မျိုးတွေကိုလုပ်ရင် မျောမှာပဲဆိုတော့ မှတ်ကြရမယ်၊ ရှင်းကြပလား၊ ဒီနှစ်ခုကို ဘုရားကရှောင်တယ်၊ ဘုရားက ဒီနှစ် မျိုးကို မလုပ်ဘူးတဲ့၊ ရိပ်မိကြပလား။

အလယ်လမ်းလုပ်ပြီး လွန် မြောက်ခဲ့တယ်

တစ်နည်းအားဖြင့်ဆိုရင် ဘုရားဟာ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌ နှစ်ခုကြားထဲက အလယ်လမ်းလုပ်ပြီး လွန် မြောက်ခဲ့တယ်တဲ့၊ ဒကာ,ဒကာမတို့ ဒီနှစ်ချက်မှာ ကိုယ့်ကိုယ်ကိုယ် ခိုင်တယ်, မြဲတယ်ထင်တာဟာ သဿတအယူပဲ။ သေရင်ပြီးတာပဲ, ပြတ်တာပဲလို့ယူတာဟာ ဥစ္ဆေဒအယူလို့မှတ်ကြ၊ ဒီနှစ်ခုကလည်း မြုပ်မျောလမ်းပဲ။ ဘုရားက ဒီနှစ်ခု ကလွတ်ပြီး ကြားထဲကအလယ်လမ်း လုပ်ခဲ့လို့ ဩဃလေးပါးက လွန်မြောက်ခဲ့တာပဲ၊ ရိပ်မိကြပလား။

ဒါကြောင့် ဘုရားကိုယ်တော်မြတ်ကြီးက “ဩဃလေးပါးက လွန်မြောက်ချင်ရင် ရပ်လည်းမနေနဲ့၊ အလွန်လည်း အားမထုတ်နဲ့ အလယ်အလတ်နေကြတဲ့၊” သဿတနဲ့ ဥစ္ဆေဒ နှစ်ခုကိုရှောင်ပြီး အလယ်လမ်းဖြစ်တဲ့ မဂ္ဂင်လမ်းလိုက် ကြဆိုတဲ့ အဓိပ္ပာယ်ပဲ၊ ရှင်းကြပလား။

ဒိဋ္ဌိနှစ်မျိုးလမ်းက အစွန်းလမ်း, အယုတ်လမ်း, မြုပ်မျောလမ်း၊ မဂ္ဂင်လမ်းက အလယ်လမ်း၊ အမြတ်လမ်း, အဆန်လမ်း, နိဗ္ဗာန်လမ်းပဲဆိုတာ မှတ်ကြရမယ်၊ ရှင်းကြရဲ့လား၊ ဒကာ,ဒကာမတို့ သဿတလမ်းဆိုတာက ကာပသုခလ္လိ ကာနုယောဂ အကျင့်လမ်း၊ ဥစ္ဆေဒလမ်းဆိုတာက အတ္တကိလမထာနုယောဂ အကျင့်လမ်း၊ အဲဒီနှစ်ခုဟာ မြုပ်လမ်းနဲ့ မျောလမ်းပဲဆိုတာကို ဒကာ,ဒကာမတွေ ရိပ်မိကြပြီ။

ကာမသုခလ္လိကာနုယောဂ မြုပ်လမ်း၊ အတ္တကိလမထာနု ယောဂမျောလမ်း။ ဒကာ,ဒကာမတွေ တရားကျင့်တဲ့ အခါမှာ ဒီနှစ်လမ်းကိုရှောင်ပြီး ကျင့်ကြံရမယ်။ မိဘရိုးရာ ဖာသာလဝါအနေမျိုးနဲ့လည်း နေလို့မဖြစ်ဘူး။ ခန္ဓာကိုယ် ကိုညှဉ်းပြီး အပင်ပန်းခံပြီး အားထုတ်တိုင်းလည်း မဖြစ်ဘူးတဲ့၊ ရိပ်မိကြပလား၊ တော်စွာလျော်စွာ အားထုတ်လို့လည်း မရဘူး၊ ကိုယ့်ကိုယ်ကိုယ်ညှဉ်းဆဲပြီး ကျင့်လို့လည်း မရဘူးဆိုတဲ့အဓိပ္ပာယ်ကို မှတ်ကြရမယ်။ ရှင်းကြပလား။

ဒကာ,ဒကာမတွေ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ငါဟာကွာတဲ့ အစာရေစာခြိုးခြံ အငတ်အဖြတ်ခံပြီး ကျင့်တဲ့ ဒုက္ကရစရိယာအကျင့်နဲ့လည်း ဘုရားမဖြစ်ခဲ့ဘူးတဲ့၊ နောက် အလယ်လမ်းလိုက်မှ ဘုရားအဖြစ်ကို ရောက်ခဲ့ တယ်တဲ့။ အဲဒီကျမှ ဩဃလေးပါးက လွန်မြောက်ခဲ့တယ်လို့ ဟောတော်မူတယ်၊ သဘောကျကြပလား။

ယောနိသောမနသိကာရလမ်း မဂ္ဂင်လမ်း

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေဟာ မိဘရိုးရာအလုပ်တွေကို ရှောင်ကြ၊ ဒါကိုရှောင်ပြီး အလွန် အားထုတ်တဲ့လမ်းလည်း မလိုက်ကြနဲ့ဆိုတာ အထူးသတိပေးလိုက်ပါတယ်။ ကျေနပ်ပလား၊ အခုလိုသိရတဲ့ အချိန်ကစပြီး အလယ်လမ်း, အသင့်အတင့်လမ်းကို လိုက်ကြ။ အဲဒါက ယောနိသောမနသိကာရလမ်း မဂ္ဂင်လမ်းပဲ။

ရပ်နေတော့ မြုပ်တယ်၊ အားထုတ်တော့ မျောတယ်တဲ့၊ ရပ်လည်းမနေဘဲ အလွန်လည်းအားမထုတ်ဘဲ အလယ် လမ်းလိုက်ပြီး ဩဃက လွန်မြောက်ခဲ့တာပဲလို့ ဘုရားဟောတော်မူတယ်ဆိုတဲ့ အဓိပ္ပာယ် ရိပ်မိကြပလား၊ ဒါကြောင့် “မင်းတို့သာဝကတွေလည်း ဩဃက လွန်မြောက်ချင်ကြရင် အလယ်လမ်း, နှလုံးသွင်းမှန်တဲ့လမ်းကို လိုက်ကြတဲ့၊ ရိပ်မိကြပလား။

ယောနိသော မနသိကာရလမ်း နှလုံးသွင်းမှန်တဲ့လမ်းဆိုတာက မိမိခန္ဓာမှာ ဉာဏ်နဲ့ကြည့်၊ ကြည့်တော့ ခန္ဓာ က အနိစ္စကိုပြရင် အနိစ္စလို့သိရမယ်၊ ဒုက္ခပြရင် ဒုက္ခလို့သိ၊ အနတ္တပြရင် အနတ္တလို့သိ။ အဲဒီလို ခန္ဓာကပြတဲ့အတိုင်း ဉာဏ်ကလိုက်သိနေဖို့ အလုပ်ပဲတဲ့၊ အဲဒါဟာ မဂ္ဂင်လမ်း, အလယ်လမ်းပဲဆိုတာ မှတ်လိုက်ကြ။ ပေါ်ကြပလား။

ဘုရားဖြစ်တာဟာ ဒီလမ်းပဲ၊ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်တာလည်း ဒီအလယ်လမ်း နှလုံးသွင်းမှန်တဲ့လမ်းပါပဲ။ နိဗ္ဗာန်ကို ဒီအလယ်လမ်းက ရောက်ကြတာချည်းပဲဆိုတာ ဆုံးဖြတ်ချက်ချလိုက်ကြ။ ရှင်းကြ ပလား။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ အမှန်အကန်ပြပေးတဲ့ ဆရာသမားနဲ့တွေ့လို့ အမှန်အကန်သိကြရပြီ၊ သိရရင် ဘာလိုသေးလဲ၊ လိုက်နာပြီး အားထုတ်ကြဖို့တာဝန်ပဲ ကျန်တော့တယ်၊ ဒါနဲ့မှ မလိုက်ချင်သေးဘူးဆိုရင် အရှက်တကွဲ အကျိုးနည်း ကြုံချင်သေးလို့ပဲဆိုတာ မှတ်လိုက်ကြ။

အရှက်ကွဲရမယ်၊ အကျိုးလည်း အကြီးအကျယ် နည်းမယ်ဆိုတာကို လေးလေးနက်နက်ကြီး သတိပေးလိုက် ပါတယ်။ ပေါ့ပေါ့တန်တန်များ မနေလိုက်ကြပါနဲ့။ အင်မတန်ကြီးလေးတဲ့ အရေးပါ၊ ရိပ်မိကြရဲ့လား။

မဂ္ဂလမ်းကို မလိုက်မိရင်

အခုနေက ဒီမဂ္ဂလမ်းကို မလိုက်မိရင် ဒီဘဝကနေ ဟိုဘဝပြောင်းရ၊ ဒီဘုံကနေ ဟိုဘုံပြောင်းရနဲ့ အရှက်ကွဲ ကြရမယ်၊ ဒကာ,ဒကာမတွေ အလမ္ပါယ်ပခြုတ်ကို ဟိုရွာလှည့်ပြ, ဒီရွာလှည့်ပြနဲ့ လှည့်ပြခံရတာလို၊ ဟိုဘဝ, ဒီဘဝ အထွေထွေမှာ လှည့်ပြီး အရှက်ကွဲခံကြရမယ်။

လူ့ဘဝ, နတ်ဘဝ စတဲ့ခန္ဓာအမျိုးမျိုး၊ ငရဲတိရစ္ဆာန်, ပြိတ္တာစတဲ့ အကောင်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုး၊ ဆင်းရဲဒုက္ခ အမျိုးမျိုးတွေနဲ့ဆိုတော့ အရှက်လည်းကွဲကြရမယ်၊ အကျိုးနည်းလည်း ကြုံကြရမယ်ဆိုတာ ယုံမှားမရှိကြနဲ့၊ ကျေနပ်ပလား။

ဒကာ,ဒကာမတွေက တောင်းယူနေကြတယ်၊ “လူ့ဘဝ,နတ်ဘဝ၊ လူနတ်စည်းစိမ် အကြိမ်ကြိမ်ခံစံရပါလို၏” တဲ့၊ အဲ…အကြိမ်ကြိမ်ဆိုရင် သွားပြီ၊ ဆက်ကပ်ပွဲရုံပြောင်းပြီး ပြရသလို ဟိုပြရ-ဒီပြရနဲ့လှည့်ပြီး အရှက်ခွဲခံရတော့ မယ်။ ရှေးကလည်း အရှက်ကွဲခဲ့ အကျိုးနည်းခဲ့ကြရပြီ၊ အခုလည်း ဒီအတိုင်း၊ နောက်လည်းခံချင်သေးတယ်ဆိုရင် တစ်ခါမိုက်မက, ဆယ်ခါပြန်မိုက်ကြလို့ပဲဆိုတာ ငြင်းဖို့မရှိဘူး။ အခုအချိန်မှာ ပြင်ကြတော့၊ နောက်ဆိုရင် ပြင်ချိန် မရှိတော့ဘူး။

ပြင်ဖို့ဆိုတော့ ပြင်ချင်ရင် လွယ်ပါတယ်။ ပြင်ရင် မဂ္ဂင်လမ်းဘက်ကိုပြင်ကြ၊ မဂ္ဂင်လမ်းဆိုတာက ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ပေးရတဲ့လမ်း၊ ဉာဏ်နဲ့ကြည့်တော့ ခန္ဓာက အမှန်အကန် သူ့သဘာဝကိုပြလိမ့်မယ်၊ ခန္ဓာ၏က အနိစ္စကို ပြရင် အနိစ္စလို့ ဉာဏ်ကသိရမယ်၊ ဒုက္ခလို့ပြရင် ဒုက္ခလို့သိရမယ်၊ အနတ္တကိုပြရင် အနတ္တလို့ ဉာဏ်ကသိရမယ်၊ ရှင်း ကြရဲ့လား၊ အဲဒီလို ခန္ဓာကပြတဲ့အတိုင်း သိရင် အဲဒါဟာ နှလုံးသွင်းမှန်တဲ့ မဂ္ဂင်လမ်းပဲ၊ သဘောပါကြပလား။

နှလုံးသွင်းမှားတဲ့လမ်း

ဒကာ,ဒကာမတွေက အနိစ္စကို နိစ္စလို့ထင်တယ်၊ ဒုက္ခကို သုခလို့ထင်တယ်၊ အနတ္တကို အတ္တလို့ထင်တယ်၊ အဲဒါ နှလုံးသွင်းမှားတဲ့လမ်း၊ အဲဒီလိုဆိုရင် လမ်းလွဲပြီဆိုတာ မှတ်ကြတော့၊ ရှင်းကြပလား၊ ဒကာ,ဒကာမတွေ ဆရာ သမားနဲ့ မတွေ့ရခင်က ဒီလမ်းမှားနဲ့ပဲ နေလာခဲ့ကြတယ်၊ လမ်းမှန်ကို တစ်ခါတလေမှ မရောက်ခဲ့ကြဘူးဆိုရင် လွဲပါ့ မလား၊ မလွဲပါဘူး။

ဒါကြောင့် အခုလို အခွင့်အခါသင့်တုန်းမှာ လမ်းမှန်ကိုလိုက်လိုက်ကြ၊ လမ်းမှန်က နှလုံးသွင်းမှန်တဲ့လမ်းပဲ။ဒကာ,ဒကာမတို့ နှလုံးသွင်းမှန်ဖို့ လုပ်ကြရမယ်၊ နှလုံးသွင်းမှန်ဖို့ဆိုတော့ ဘယ်သူ့အပေါ်မှာ မှန်ရမှာလဲလို့ မေးစရာ ရှိတယ်။ အဲဒီတော့ မိမိခန္ဓာငါးပါးအပေါ်မှာ နှလုံးသွင်းမှန်ရမယ်” ဆိုတဲ့အချက်ကို လေးလေးနက်နက် မှတ်လိုက်ကြ၊ ရိပ်မိကြပလား။

ကိုယ့်ခန္ဓာငါးပါးအပေါ်မှာ ပင်ကိုယ်အရှိနဲ့ အခုအသိနဲ့ ကိုက်ညီနေရင် နှလုံးသွင်းမှန်တာပဲ၊ ဒကာ,ဒကာမတွေ ဉာဏ်ရောက်ကြပလား၊ ခန္ဓာအရှိနဲ့ ဉာဏ်အသိနဲ့ကိုက်ညီရင် နှလုံးသွင်းမှန်တာပဲ၊ ရှင်းကြပလား၊ အရှိနဲ့အသိကိုက်ရင် မှန်တယ်၊ မကိုက်ရင် မှားတယ်၊ မမှန်ဘူးဆိုတဲ့အဓိပ္ပာယ် ပေါ်ကြပလား။

ဥပမာဆိုပါတော့၊ ကိုယ်ထဲ တစ်နေရာက ယားတဲ့ဝေဒနာကလေးတစ်ခု ပေါ်လာတယ်ဆိုပါတော့။ ယားတယ် ဆိုတာ ဝေဒနာကယားတာ၊ အဲဒီယားတာကလေးကို ဒကာ,ဒကာမတွေက “ငါယားတယ်”လို့ လုပ်လိုက်တော့ ဝေဒနာ ဟာ ငါဖြစ်သွားတယ်၊ အဲဒီလိုဝေဒနာကို ငါလို့လုပ်မိရင် နှလုံးသွင်းမှားပြီ၊ ဝေဒနာခန္ဓာကို ငါလုပ်မိရင် နှလုံးသွင်း မမှန်တော့ဘူး၊ ရှင်းကြရဲ့လား။

ဝေဒနာပေါ်လာရင် ဝေဒနာပဲလို့သိရမယ်။ ယားတဲ့သဘောလေးဟာ ဝေဒနာကလေးပေါ်တာပဲလို့ အမှန် အတိုင်း သိရမယ်၊ သိရင် နှလုံးသွင်းမှန်ပြီ၊ မှန်ရင် မဂ္ဂင်လမ်းပေါ်ရောက်တာပဲ၊ ဒါကြောင့် ဒကာ,ဒကာမတွေ ကိုယ် ပေါ်မှာ ဝေဒနာပေါ်ရင် ဝေဒနာပဲလို့ သိအောင်ကြိုးစားကြရမယ်၊ ဝေဒနာပေါ်လာတာသိရင် ဝေဒနာရဲ့အဖြစ်ကို သိတာပါပဲ၊ အဖြစ်ကိုသိရင် အပျက်ကိုလည်း သိမယ်ဆိုတာမှတ်ကြ၊ သဘောပါပလား။

အပျက်ကိုသိတာ မြင်တာက သမ္မာဒိဋ္ဌိ

ဝေဒနာကိုသိတာဟာ ဝေဒနာရဲ့အဖြစ်ကို သိတာ၊ အဖြစ်ကိုသိရင် အပျက်လည်းသိတာပါပဲ၊ ရိပ်မိကြပလား၊ ဝေဒနာကလေးရဲ့ အဖြစ်နဲ့အပျက်ကိုသိတာဟာ မနသိကာရစေတသိက်နဲ့ သမ္မာဒိဋ္ဌိနဲ့ တွဲဝင်လာတာပဲဆိုတာ မှတ်ကြ ရမယ်။ နှလုံးသွင်းမှန်တာက မနသိကာရ၊ အပျက်ကိုသိတာ မြင်တာက သမ္မာဒိဋ္ဌိပဲ၊ ရှင်းကြရဲ့လား။

ဒကာ,ဒကာမတို့ ခန္ဓာမှာ ဝေဒနာသုံးမျိုး လှည့်ပြီးဖြစ်နေတယ်၊ ဝေဒနာလွတ်တဲ့အချိန် မရှိဘူး၊ တစ်မျိုးမရှိ တစ်မျိုးတော့ ရှိနေတာပဲလို့သာ မှတ်လိုက်ကြ။ ကောင်းတယ်, အသင့်အတင့်ရှိတယ်၊ မကောင်းဘူးဆိုတဲ့ ဝေဒနာသုံးမျိုး ပဲ။ ခံလို့ကောင်းတာရယ်၊ ခံလို့ဆိုးတာရယ်၊ အသင့်အတင့်ရှိတာရယ်လို့ သုံးမျိုး။ စာလိုပြောတော့ သုခဝေဒနာ, ဒုက္ခ ဝေဒနာ, ဥပေက္ခာဝေဒနာ၊ ရှင်းကြရဲ့လား။

ဒီသုံးမျိုးထဲက တစ်မျိုးမဟုတ် တစ်မျိုးဆိုသလို တစ်ခုခုကတော့ ရှိနေတာပဲ၊ ဒါကို ဉာဏ်နဲ့ကြည့်ပေးရမယ်၊ ကြည့်ပေးရင် ဒီဝေဒနာတွေဟာ ဖြစ်ပြီးပျက်တယ်ဆိုတာကို သိရမယ်၊ ဒီလိုသိရင် နှလုံးသွင်းမှန်တဲ့ သမ္မာဒိဋ္ဌိဖြစ်တယ် ဆိုတာ မှတ်လိုက်ကြ၊ သဘောပါပလား၊ အချုပ်သဘောက မိမိတို့ကိုယ်မှာ ဝေဒနာပေါ်တဲ့အခါ ဝေဒနာပဲလို့သိရမယ်။

ဒီဝေဒနာဟာလည်း ဉာဏ်နဲ့ကြည့်တော့ ဖြစ်ပြီးပျက်တဲ့ သဘောရှိတာပါပဲကလားလို့ ဆုံးဖြတ်ချက်ချနိုင်ရမယ်၊ ရှင်းကြ ပလား။

အဲဒီလို အမှန်အကန်သိရင် ဘာကျေးဇူးများသလဲလို့ဆိုတော့ အမှန်အကန်သိတာဟာ ဝိဇ္ဇာပဲ၊ ဝိဇ္ဇာဆိုရင် သမ္မာဒိဋ္ဌိမဂ္ဂင်ပဲ၊ မဂ္ဂင်ဆိုတော့ အလယ်လမ်းပဲ၊ ဒီအလယ်လမ်း မဂ္ဂင်လမ်းကိုလိုက်မှသာ ဩဃလေးပါးက လွန်မြောက် မယ်ဆိုတာ ဆုံးဖြတ်ချက်ချလိုက်ကြ၊ ကျေနပ်ကြပလား၊ ဒကာ,ဒကာမတွေ ဒါကြောင့် ရုပ်,နာမ်ဖြစ်ပျက်ကို ရှုမှသာ အလယ်လမ်းဖြစ်မယ်ဆိုတာ မှတ်ကြတော့။

ဖြစ်ပျက်ရှုတဲ့အလုပ်ကို လုပ်မှသာ ဖြစ်တော့ မယ်

ဒါကြောင့် ကိုယ့်ခန္ဓာမှာ နှလုံးသွင်းမှန်ပြီး ဉာဏ်နဲ့ကြည့်တဲ့အလုပ်၊ ဖြစ်ပျက်ရှုတဲ့အလုပ်ကို လုပ်မှသာ ဖြစ်တော့ မယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ်ကြပလား၊ ဒါဖြင့် ကြိုးစားကြ။ မိမိတို့ကိုယ်ပေါ်မှာ ဝေဒနာကိုကြည့်လို့ရှိရင် ဘာဝေဒနာလာလာ ရှုပေးကြ၊ သုခပေါ်လည်း ဖြစ်ပျက်ရှု၊ ဒုက္ခပေါ်လည်းရှု၊ ဥပေက္ခာပေါ်လည်း ဖြစ်ပျက်သာရှုပေးကြ။ ဝေဒနာလေးတွေ ဖြစ်ပေါ်တာကိုလည်း သိရမယ်၊ ဖြစ်ပြီး မရှိတော့ဘူးဆိုတာကိုလည်း သိရမယ်၊ သဘောပါကြရဲ့လား။

ဘယ်နေရာမှာပဲပေါ်ပေါ် ဖြစ်ပျက်သာရှုချကြ၊ အဲဒီလိုရှုရင် မဂ္ဂင်ငါးပါးပေါ်လာတယ်၊ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိဆိုတဲ့ ငါးပါးပဲ၊ ရုပ်နာမ်အဖြစ်အပျက်ကို မြင်တာဟာ ဒီငါးပါးနဲ့မြင်တာပဲ လို့သာ မှတ်ကြ၊ ရိပ်မိကြပလား၊ ဝေဒနာပေါ်တဲ့အခါ အဖြစ်နဲ့အပျက်ကို မြင်ဖို့၊ မြင်အောင်ကြည့်ဖို့ အရေးကြီးတယ်။ ဖြစ်ပျက်မြင်ရင် ပါရမီဖြည့်ပြီးသားပဲဆိုတာ ဆုံးဖြတ်ချက်ချ။

မိမိခန္ဓာမှာ ပေါ်လာတဲ့ဝေဒနာကလေးကို ဖြစ်ပျက်မြင်အောင် ရှုနိုင်တော့ ဝေဒနာက ဖြစ်ပျက်၊ ရှုတဲ့ဉာဏ်က မဂ်ဖြစ်သွားတယ်။ အဲဒီလို ဝေဒနာဖြစ်ပျက်တဲ့နေရာမှာ မဂ်ပေါ်လာတော့ တဏှာမလာတော့ဘူး၊ ဥပါဒါန်လည်း မလာဘူး၊ ဝေဒနာပစ္စယာ တဏှာချုပ်၊ ဥပါဒါန်ချုပ် ချုပ်ကုန်တော့တယ်၊ အဲဒီတော့ ကာမောဃချုပ်ပြလို့သာ မှတ်ကြ တော့၊ တဏှာ, ဥပါဒါန်ချုပ်တာဟာ ကာမောဃချုပ်တာပဲဆိုတာ ရိပ်မိကြရဲ့လား။

ဝေဒနာကလေးကို ဖြစ်ပျက်ရှုတော့ ဉာဏ်၏က ဖြစ်ပြီးပျက်သွားတာဟာ ငါ့ကိုယ်, ငါ့ဟာမဟုတ်လို့ပဲဆိုတာ သိတယ်၊ ပေါ်လာတဲ့ဝေဒနာကလေး ပျက်သွားလို့ ငါ့ကိုယ်, ငါ့ဟာမဟုတ်ပါကလားလို့ ဆုံးဖြတ်ချက်ချလိုက်တော့ ဒိဋ္ဌောဃချုပ်သွားတယ်။ ဒကာ,ဒကာမတွေ ဘယ်လောက်ကျေးဇူးများတယ်ဆိုတာ ပေါ်ကြပလား၊ ပေါ်လာတဲ့ဝေဒနာ လေးရဲ့ ဖြစ်ပျက်ကိုမြင်လို့ ကာမောဃ, ဒိဋ္ဌောဃ နှစ်ခုလုံးချုပ်သွားပြီး နေရာကျပလား။

ဝိဇ္ဇာလာတော့ အဝိဇ္ဇောဃလည်း ချုပ်တော့တာပဲ

ဒါတွင်ပဲလားဆိုတော့ မဟုတ်သေးပါဘူးတဲ့။ ရှုတဲ့အခါမှာ နှလုံးသွင်းမှန်လို့ ဖြစ်ပျက်ကိုမြင်တာ၊ မမှန်ရင် မမြင်ဘူး၊ ဖြစ်ပျက်ကိုမြင်တာဟာ သမ္မာဒိဋ္ဌိနဲ့မြင်တာ၊ ဒီလို သမ္မာဒိဋ္ဌိနဲ့မြင်တာမို့ ဒီနေရာမှာ ဝိဇ္ဇာဉာဏ်ကလေး ဝင် လာတယ်၊ ဝိဇ္ဇာလာတော့ အဝိဇ္ဇောဃလည်း ချုပ်တော့တာပဲ၊ ရှင်းကြရဲ့လား။

ဒကာ,ဒကာမတို့ ဒီမဂ္ဂင်လမ်းအကျင့်ဟာ ဘယ်လောက်အဖိုးတန်တယ်ဆိုတာ ရိပ်မိကြပလား၊ ဖြစ်ပျက်ကလေး တစ်ခုကို မြင်တာနဲ့ လောဘ,ဒိဋ္ဌိ, မောဟဆိုတဲ့ ဩဃလေးပါးလုံး တစ်ခါတည်း အကုန်ချုပ်သွားတယ်၊ ကျေနပ်ကြပလား၊ ဒါက အစွန်းနှစ်ဖက်လွတ်တဲ့ အလယ်လမ်း မဂ္ဂင်လမ်းက သွားလို့ရတဲ့အကျိုးကျေးဇူးပဲ။

ဒကာ,ဒကာမတို့ အခုသွားတဲ့လမ်းက ကာမဂုဏ်ခံစားတဲ့လမ်းလည်း မဟုတ်ဘူး၊ အလွန်ပင်ပန်းဆင်းရဲပြီး ဘုံဘဝတောင့်တတဲ့ လမ်းလည်းမဟုတ်ဘူး၊ ဒီလမ်းနှစ်လမ်းတို့ရဲ့ အလယ်ဗဟိုက သွားရတဲ့မဂ္ဂင်လမ်း, အလယ်လမ်းပဲ၊ သဘောပါကြပလား။

ဒီလမ်းအတိုင်း တန်းတန်းလျှောက်သွားရင် ရုပ်နာမ်တို့ရဲ့ အဖြစ်အပျက်ကို ကောင်းကောင်းမြင်လာမယ်၊ အဲဒီလို ဉာဏ်အမြင်အားကောင်းလာတဲ့အချိန်မှာ သုံးဆယ့်တစ်ဘုံလုံးမှာ ဖြစ်ပျက်သာရှိပါကလား၊ ဖြစ်ပျက်ကလွဲလို့ ဘာတစ်ခုမျှ မရှိပါကလားလို့ သိမြင်လာတော့တာပဲ။ အဲဒီလိုသိတော့ ဘယ်ဘုံဘယ်ဘဝကိုမှ မလိုချင်, မနှစ်သက်တော့ ဘူး၊ အဲဒီလိုမလိုချင်တဲ့ ဉာဏ်လာရင် ဘဝေါဃချုပ်တော့တာပဲ။

အဲဒီမှာ မဂ်ကိစ္စ မပြီးစီးသေးရင် ထိုက်သည်အားလျော်စွာ ဩဃတွေဟာ တဒင်္ဂ, ဝိက္ခမ္ဘနချုပ် ချုပ်နေတယ်၊ ဆိုင်ရာကိစ္စ ပြီးစီးရင် အမြစ်ပြတ်ဆိုတဲ့ သမုစ္ဆေဒချုပ် ချုပ်ကုန်တော့တာပဲဆိုတာ မှတ်ကြ။ ဒါကြောင့် မဂ္ဂင်အလုပ် လုပ်သူ၊ ဖြစ်ပျက်ရှုသူဟာ မြုပ်ခြင်း မျောခြင်းဆိုတဲ့ဩဃက လွန်မြောက်တယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။ ရှင်းကြရဲ့ လား။

ဖြစ်ပျက်မရှုသူအတွက်

ဒါဖြင့် ဖြစ်ပျက်မရှုသူအတွက် ဩဃဆိုတဲ့ မြုပ်ခြင်း၊ မျှောခြင်းက မလွန်မြောက်နိုင်ဘူးဆိုတဲ့အချက် ပေါ်ကြ ပလား၊ ဒါဖြင့် မြုပ်ခြင်းမျောခြင်းက လွတ်လိုရင် ကြိုးစားပြီး ဖြစ်ပျက်ရှုကြဖို့ပဲ၊ ဒကာ,ဒကာမတွေ အခွင့်အခါကောင်း တုန်း အချိန်အခါရတုန်းမှာ ဒီလမ်းနဲ့ဒီစခန်း မလိုက်မိရင် ကိုယ်ကျိုးအကြီးအကျယ်နည်းပြီလို့သာ မှတ်ကြတော့။

ဒီတစ်ခါမှလွဲရင် မဟာအလွဲတော်ကြီးပဲ၊ အပါယ်လေးပါးမှာ ရှိသမျှမီးဟာ ကိုယ့်လောင်ဖို့၊ အပါယ်လေးပါးက ပစ္စည်းရှိသမျှ ကိုယ့်ပစ္စည်း၊ အပါယ်လေးဘုံဆိုတာ ကိုယ့်အိုးပိုင်အိမ်ပိုင် ဖြစ်တော့မယ်ဆိုတာ သံသယမရှိနဲ့တော့၊ သေချာတယ်၊ ရိပ်မိကြပလား။

ဒကာ,ဒကာမတို့ ဘုရားရှင်ထံတော်မှောက်မှာ နတ်သားတစ်ဦးက ဩဃကလွန်မြောက်ပုံ အခြင်းအရာကို မေးမြန်းလျှောက်ထားလို့ ဘုရားရှင်က ပြန်လည်ဖြေကြားပုံအကြောင်း အစောပိုင်းက ပြောခဲ့ပြီးပြီ။ အခုဘုန်းကြီးက ဒကာ,ဒကာမတွေ ပြောခဲ့တဲ့နည်းလမ်းအတိုင်း “ဒီလိုရှုကွ၊ ဒီလိုရှုရတယ်၊ ဒီလိုရှုရင် ဩဃကလွန်မြောက်တယ်”လို့ ဟောပြောလိုက်တဲ့အခါ နတ်ကလည်း ဘုရားရှင်ညွှန်ကြားတဲ့အတိုင်း သူ့ခန္ဓာမှာ ဉာဏ်စိုက်ပြီး ရှုလိုက်သွားလို့ အဲဒီ နတ်ဟာ ချက်ချင်း သောတာပန်တည်သွားတယ်ဆိုတာ မှတ်ကြရမယ်၊ ကျေနပ်ပလား။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေလည်း ဒီနည်းအတိုင်း လိုက်နာပြီး အားထုတ်ကြရမယ်၊ အားထုတ်ရင် ပထမ ဖြစ်ပျက်မြင်၊ ဒုတိယ ဖြစ်ပျက်မုန်းပြီး၊ တတိယမှာ ဖြစ်ပျက်ဆုံးတော့ သောတာပန်တည်မယ်။ ဒီနည်းအတိုင်း ဆက် လက် အားထုတ်သွားရင် အာသဝေါကုန်မယ်၊ ကုန်တာနဲ့ ဩဃကလွန်မြောက်တော့တာပဲ။ ရှင်းကြပလား။

ဒကာ,ဒကာမတို့အဖို့ရာ နည်းလမ်းကိုလည်း ရကြပြီ၊ နောက်ထပ် ဘာများလိုသေးသလဲ၊ ဆရာသမားတာဝန် ကတော့ မလိုတော့ဘူး၊ ဒကာ,ဒကာမတို့ တာဝန်ပဲလိုတော့တယ်ဆိုတာ ပေါ်ကြပလား၊ ကိုင်း, ဒါဖြင့် ဒီလမ်းကိုလိုက် ကြ။ ရိပ်မိကြပလား။

ကိုင်း, ယနေ့…ဒီတွင်ပဲ တော်ကြဦးစို့။

ပုံကိုထော‌က်ပြီး အပိုင်း(၂) အပိုင်း(၃) ဆက်လက်ဖတ်ရှုပါ။

**********