အနတ္တလက္ခဏာ ဉာဏ်မြတ်ရှာ တရားတော်
အနတ္တနှင့် လက္ခဏာ
၁။ ရုပ် နာမ် ခန္ဓာငါးပါးသည်… အနတ္တ။
၂။ ဖောက်ပြန် ပျက်စီးခြင်းသည်… လက္ခဏာ။
ဆောင်ပုဒ်
ရုပ်နာမ်ခန္ဓာ၊ သင်္ခါရာ၊ ဉာဏ်ဝါခွဲဝေသိ။
ရုပ်လည်းမပိုင်၊ နာမ်မပိုင်၊ ငါဆိုင် မဟုတ်သိ။
ပင်ကိုယ်ဘာဝ၊ စွန့်ကုန်ကြ၊ အနတ္တလက္ခဏာရှိ။
ဖြစ်ပေါ်ခိုက်မှာ၊ အနတ္တာ၊ ပျက်ရှာလက္ခဏသိ။
ဓမ္မပြောစဉ်၊ ဉာဏ်ရှင်းလျှင်၊ ကွာစင်မျိုးဒိဋ္ဌိ။
အနတ္တပါ၊ လက္ခဏာ၊ ဉာဏ်မှာထိုးထွင်းသိ။
ထွင်းဖောက်ဉာဏ်မြင်၊ အတ္တစင်၊ ပါယ်ခွင်လွတ်ငြိမ်း၏။
သတိချပ်
ကံ-စိတ်-ဥဟာ၊ ကြောင်းလေးဖြာ၊ ရှုပါသင်္ခါရ။
ဒွါရအာရုံ၊ ပြုပြင်စုံ၊ ပေါ်တုံနာမ်များက။
ကြောင်းကပြုပြင်၊ ရုပ်နာမ်စဉ်၊ များဖြင်သင်္ခါရ။
သူငါမပြု၊ အကြောင်းပြု၊ စုစုသင်္ခါရ။
ရုပ်နာမ်ခန္ဓာ၊ သင်္ခါရာ၊ သူငါမဟုတ်ကြ။
ခန္ဓာနာမ်ရုပ်၊ ငါမဟုတ်၊ အလုပ်ဉာဏ်ရှင်းမှ။
သင်္ခါရတွင်၊ ဉာဏ်ရှင်းလျှင်၊ ကွာစင်သက္ကာယ။
တရားသား
သင်္ခါရဆိုတာ လိုရင်းတော့ ခန္ဓာငါးပါးပဲ
ဒကာ,ဒကာမတို့ မနေ့ကတရားမှာ “သင်္ခါရ”ကိုဟောခဲ့တယ်၊ သင်္ခါရဆိုတာ လိုရင်းတော့ ခန္ဓာငါးပါးပဲဆိုတာ ရိပ်မိကြပြီ။ အဲဒါကြောင့် အခု ဒကာ,ဒကာမတွေရဲ့ လက်ရှိဖြစ်တဲ့ ခန္ဓာငါးပါးဟာ သူများပြုပြင်လို့ဖြစ်တဲ့ ခန္ဓာငါးပါးပဲ ဆိုတာ သဘောပါကြပလား။ အကြောင်းတရားက ပြုပြင်ပေးလို့ ဖြစ်ပေါ်လာတဲ့ ရုပ်နာမ် ခန္ဓာငါးပါးပဲ၊ ရှင်းကြပြီ မဟုတ်လား။
အဲဒီတော့ ဒီခန္ဓာထဲမှာ မိမိစွမ်းရည်သတ္တိ မပါဘူး။ သူတပါးပြုပြင်ပေးလို့ ဖြစ်ရတာမို့ သူတပါးကိုမှီပြီးနေ ရတယ်ဆိုတာ မှတ်လိုက်ကြ။ ဒါကြောင့် ဘုရားရှင်က “သဗ္ဗေ-အလုံးစုံကုန်သော၊ ဓမ္မာ-ရုပ်နာမ်ခန္ဓာငါးပါး သင်္ခါရ တရားတို့သည်၊ အနတ္တာ-အနတ္တတရားတို့ပေတည်း၊ အနတ္တာ-မိမိအလိုသို့မလိုက် မိမိအကြိုက်သို့မပါ အနတ္တတရား တို့ပါပေတည်း”လို့ ဟောတော်မူထားတာပဲ၊ ရိပ်မိကြပလား။
ဒကာ,ဒကာမတို့ မနေ့ကဟောခဲ့တဲ့ တရားထဲမှာ ဒီကနေ့မစုံတာကို ထပ်ထည့်ပြီးပြောရမယ်၊ မနေ့က မစုံ လင်တာကို ဒီနေ့ထပ်ဖြည့်ပြီး ပြောရမယ်။ မနေ့ကပြောခဲ့တာထဲမှာ ရုပ်ရဲ့အကြောင်းလေးပါးကို ပြောခဲ့ပြီးပြီ။ ရုပ်ကို ပြုပြင်တဲ့အကြောင်းက လေးပါး၊ လေးပါးက ကံ, စိတ်, ဥတု, အာဟာရ၊ ဒီလေးပါးပဲ၊ ဒီလေးခုက ပြုပြင်လိုက်လို့ ပေါ် လာတဲ့ ရုပ်တရားတွေဟာ သင်္ခါရပဲ၊ သူတို့ပြုပြင်လို့ ပေါ်လာရတာဖြစ်လို့ ရုပ်ဟာ သင်္ခါရပဲ။ ရှင်းကြပလား။
ကံတရားက ရုပ်ကိုပြုပြင်တယ်၊ စိတ်ကလည်း ပြုပြင်တယ်၊ ဥတုကလည်း ပြုပြင်တယ်၊ အာဟာရကလည်း ရုပ်ကိုပြုပြင်တယ်ဆိုတာ မှတ်ကြရမယ်။ နာမက္ခန္ဓာလေးပါးကို အသာထားလိုက်ဦး၊ အခု ဒကာ,ဒကာမတွေမှာ ကိုယ်စီ ကိုယ်ငှ မျက်လုံးအကြည်, နားအကြည်, နှာခေါင်းအကြည်, လျှာအကြည်, ကိုယ်အကြည်ဆိုတဲ့ အကြည်ရုပ်ကလေးတွေ ရှိကြတယ်၊ ပါဠိလို ပသာဒရုပ်ဆိုတာ အဲဒါတွေပဲ၊ ရိပ်မိကြပလား။
နောက်ပြီး မနောစိတ်တည်ရာ ဟဒယဝတ္ထုရုပ် အဲဒီရုပ်တွေကို ကံကလည်းပြုပြင်တယ်၊ စိတ်ကလည်းပြုပြင် တယ်၊ စိတ်ကလည်း ပြုပြင်တယ်၊ အာဟာရကလည်း ပြုပြင်တယ်၊ ဒီပြင်ကျန်တဲ့ရုပ်တွေကိုလည်း ဒီအကြောင်းလေးပါး က ပြုပြင်ပေးတာပဲ၊ သဘောပါကြပလား။ ဒါကြောင့် ရုပ်မှာ အကြောင်းလေးပါးက ပြုပြင်တယ်၊ အကြောင်းတစ်ခု ပြုပြင်ပေးလို့ ရုပ်တရားတွေဖြစ်ပေါ်ရတယ်။ အဲဒါကြောင့် ရုပ်ဟာ သင်္ခါရတရားပဲဆိုတာ မှတ်ထားကြ။
နာမ်ဆိုတာ အာရုံဒွါရကြောင့် ဖြစ်တယ်
ဒီကနေ့ နာမ်တရားအတွက် အထူးထည့်ပေးမယ်၊ ဒကာ,ဒကာမတွေ နာမ်ဆိုတာ အာရုံဒွါရကြောင့် ဖြစ်တယ် လို့မှတ်ကြ၊ ဥပမာဆိုရင် လင်းကွင်းနှစ်ခုဟာ တစ်ခုနဲ့တစ်ခု မထိရင် မမြည်ဘူး၊ ထိမှသာ အသံမြည်တယ်။ ဒီဥပမာ အတူပဲ၊ နာမ်က အာရုံဒွါရတိုက်ဆိုင်မှ ပေါ်လာရတယ်။ ဒါကြောင့် နာမ်တရားဟာလည်း အာရုံဒွါရက ပြုပြင်လို့ ပေါ်ရတဲ့ တရားဖြစ်လို့ သူ့ကိုလည်း သင်္ခါရလို့မှတ်လိုက်ကြ။
ရုပ်တရားတွေဟာ ကံကသတ်ရင်သေ၊ စိတ္တကကြည်ရင် ရုပ်ကလည်းကြည်တယ်၊ စိတ်ညှိုးတော့ ရုပ်လည်း ညှိုးတာပဲ၊ ဥတုကအေးရင် ရုပ်ကအေးတာပဲ၊ ဥတုကပူတော့ ပူရုပ်၊ အေးတော့ အေးရုပ်၊ နောက်ပြီး အာဟာရကလည်း ဆာလောင်မွတ်သိပ်တော့ တစ်မျိုး, စားပြီးတော့ ဝမ်းပြည့်တော့လည်းပြည့်လို့ တစ်မျိုးနဲ့ အမျိုးမျိုးပြုပြင်ပေးနေတာပဲ။ ဒါကြောင့် ပြုပြင်လို့ဖြစ်ရတာမို့ ဘယ်ရုပ်မဆို သင်္ခါရပဲလို့သာ မှတ်ကြ။
ဒကာ,ဒကာမတွေ သဘောပါကြပလား။ နာမ်တရားကျတော့ အာရုံဒွါရက ပြုပြင်တယ်။ ဥပမာဆိုရင် မျက်လုံး အကြည်၊ နားအကြည်စတဲ့ အကြည်ရုပ်တွေက အခံဓာတ် အဆင်းအာရုံ၊ အသံအာရုံစတဲ့ အာရုံတရားတွေက အတိုက် ဓာတ်၊ အဲဒီအာရုံတွေနဲ့ အကြည်ဒွါရနဲ့ တိုက်ဆိုင်တဲ့အခါမှာ နာမ်တရားတွေ ပေါ်လာရတယ်၊ ရှင်းကြပလား။
အကြည်က မျက်လုံးအကြည်၊ နားအကြည်စတဲ့ ခြောက်မျိုး၊ အဲဒီခြောက်မျိုးနဲ့ မြင်အာရုံ၊ ကြားအာရုံ စတဲ့ ခြောက်မျိုးနဲ့ တိုက်ဆိုင်တဲ့အခါမှာ ပေါ်လာရတယ်။ အဲဒီပေါ်လာတဲ့ နာမ်တရားတွေဟာ သင်္ခါရတွေပဲ၊ ရိပ်မိကြပလား။
မနောအကြည်နဲ့ သားအာရုံနဲ့ တိုက်ဆိုင်လိုက်တော့
ဥပမာအားဖြင့် အခု ဒီနေရာကစပြီး ကိုယ့်သားကလေးကို အာရုံပြုလိုက်တယ်ဆိုတော့ မနောအကြည်နဲ့ သားအာရုံနဲ့ တိုက်ဆိုင်လိုက်တော့ “သားစိတ်”ကလေးပေါ်လာတယ်။ အဲဒီသားစိတ်ဟာ အာရုံဒွါရ နှစ်ခုတိုက်လို့ ပေါ်လာရတာ၊ ဒါကြောင့် ပေါ်တဲ့သားစိတ်ဟာ နာမ် သင်္ခါရတရားကလေးပဲလို့ မှတ်လိုက်ကြ၊ ရှင်းကြပလား။
ဒကာ,ဒကာမတို့ခန္ဓာမှာ ရုပ်နဲ့နာမ်ပဲရှိတယ်။ ရုပ်နာမ်အပြင် ဘာမှအပိုမရှိဘူး၊ အကြောင်းလေးပါးက ပြုပြင် တာ ရုပ်၊ အကြောင်းနှစ်ပါးက ပြုပြင်တာ နာမ်၊ ဒီနှစ်မျိုးပဲ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးဟာ သင်္ခါရပဲ၊ သင်္ခါရအစုပဲ ဆိုတာ မှတ်ထားကြ။
ဒီတော့ ခန္ဓာထဲမှာ ကိုယ်လုပ်ထားတာ မပါဘူး။ ကိုယ်လုပ်လို့ဖြစ်တဲ့ပစ္စည်း တစ်ခုမှမပါဘူး။ နာမ်ထဲမှာလည်း မပါဘူး။ ရုပ်ထဲမှာလည်း မပါဘူး။ ဒီရုပ် ဒီနာမ် ဒီခန္ဓာဟာ သူများပြုပြင်လို့ပေါ်လာတာ၊ အကြောင်းတရားက လုပ် ပေးထားလို့ ဖြစ်ပေါ်ရတဲ့တရားပဲဆိုတဲ့ အဓိပ္ပာယ် ကျေနပ်ကြရဲ့လား။ ဒီခန္ဓာဟာ သူများပြုပြင်ထားတဲ့ သင်္ခါရအစုပဲ ဆိုတာ ဆုံးဖြတ်ချက်ချကြ။
ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက “ဒီတရားတွေကို ဒီရုပ်, ဒီနာမ်, ဒီခန္ဓာတွေကို ငါမစွဲနဲ့တဲ့၊ သူများ ပြုပြင်ထားတဲ့ တရားတွေမို့ သင်္ခါရတွေပဲ၊ သင်္ခါရမို့ သင်္ခါရလို့ပဲ သဘောထားလိုက်ကြ။ ဒီဟာတွေပေါ်မှာ ငါဝင်မရှုပ် နဲ့တဲ့။ ငါဝင်ရှုပ်ရင် သက္ကာယဒိဋ္ဌိပဲ”လို့ ဟောတော်မူထားခဲ့တယ်ဆိုတာ မှတ်ကြရမယ်၊ ရှင်းကြရဲ့လား။
ငါပိုင်ငါဆိုင်ဆိုတာလည်း ဝင်ပြီးမရှုပ်ကြစေနဲ့
ဒကာ,ဒကာမတို့ ခန္ဓာမှာ သင်္ခါရအစုပဲရှိတယ်၊ ဒီခန္ဓာကို သင်္ခါရအစုကြီးပဲလို့ဆိုရင် မလွဲဘူး၊ ဒီခန္ဓာဟာ သူများပြုပြင်ထားတဲ့ တရားအစုကြီးပဲ။ ဒီအထဲမှာ ငါပိုင်ငါဆိုင်ဆိုတာ မပါဘူး။ ဒါကြောင့် ငါပိုင်ငါဆိုင်ဆိုတာလည်း ဝင်ပြီးမရှုပ်ကြစေနဲ့လို့ သတိပေးလိုက်ပါတယ်၊ ရိပ်မိကြပလား။
ရုပ်ကို အကြောင်းလေးပါးက ပြုပြင်ထားတယ်၊ နာမ်ကို အကြောင်းနှစ်ပါးက ပြုပြင်ထားတယ်၊ သူများပြုပြင် ထားတာထဲကို ငါဝင်ရှုပ်ရင် သူများပစ္စည်းကို ခိုးယူတာပဲလို့သာ မှတ်ကြတော့၊ သဘောပါကြပလား။ ဒကာ,ဒကာမတွေ သင်္ခါရကို သင်္ခါရပဲဆိုတာ သိကြရမယ်၊ မသိရင် ခိုးပြစ်သင့်မယ်၊ သင်္ခါရကို သင်္ခါရမှန်းမသိလို့ ငါဝင်ရှုပ်နေကြတော့ တယ်။
သင်္ခါရထဲ ငါဝင်ရှုပ်နေတယ်ဆိုတာ ပြောတဲ့အရှုပ်မဟုတ်ဘူး၊ ထင်တဲ့အရှုပ်ကို ပြောနေတာ၊ ထင်တဲ့အရှုပ် မရှုပ်ကြစေနဲ့ဆိုတာ သတိပေးလိုက်တယ်၊ သဘောပါကြပလား။ ပြောရုံပြောတဲ့အရှုပ်က အရေးမကြီးဘူး၊ အထင်ရှုပ်က အရေးကြီးတယ်၊ အဲဒါဖြုတ်ဖို့ ကြိုးစားကြရမယ်၊ သဘောပါကြပလား။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက “ကမ္ဘာနဲ့မြေဇာ”ဆိုသလို ဒါတွေကို အမှန်အကန်မသိကြလို့ ငါ့ကိုယ်လို့ ထင်နေကြတယ်၊ ငါ့ဟာလို့ထင်နေကြတယ်၊ ငါ့ကိုယ် ငါ့ဟာ ထင်မှားမှုကြီးက အလွန်ကိုရှည်လျားလှပြီ။ ဒါကြောင့် ဒီသင်္ခါရထဲမှာ “ငါဝင်မရှုပ်ဖို့” လေးလေးနက်နက်ကြီး တိုက်တွန်းလိုက်တယ်၊ ရိပ်မိကြပလား။
ခန္ဓာငါးပါးအပြင် ဘာမှ အပိုမပါဘူး
အခု ဒကာ,ဒကာမတို့နေတာဟာ နာမ်နဲ့ရုပ်ပဲရှိတယ်၊ ဒါကိုဖြန့်ရင် ခန္ဓာငါးပါးပဲ၊ ခန္ဓာငါးပါးအပြင် ဘာမှ အပိုမပါဘူး၊ ငါမပါဘူး၊ သူလည်းမပါဘူး၊ ငါသူမပါ သူများပြုပြင်ထားတာပဲ ပါတယ်၊ ဒါကို ဒကာ,ဒကာမတွေက “ငါပဲ ငါ့ဥစ္စာပဲ ငါ့ဟာပဲ”နဲ့ ငါလုပ်နေကြတယ်၊ အဲဒီလိုလုပ်တာဟာ သူများပစ္စည်းကို အတင်းဝင်လုတာပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။
ငါဆိုတာက ဒိဋ္ဌိ၊ ဒိဋ္ဌိက ရုပ်ဆိုတာနဲ့ ရောသွားတယ်၊ ရုပ်တရားက သူများလုပ်ထားတာ၊ သူများလုပ်ထားလို့ ဖြစ်ပေါ်နေတဲ့တရား၊ ဒါကို ငါပဲ ငါ့ဥစ္စာပဲလို့လုပ်တော့ သူများပစ္စည်းကို အတင်းလုတာနဲ့တူနေတယ်၊ မတူကြဘူးလား။ အတင်းလုယူလိုက်တာပဲ။ ဒီလိုယူတော့ ငါကဒိဋ္ဌိ၊ ငါ့ဥစ္စာကရုပ်၊ အဲဒီလိုနဲ့ အတင်းလုပြီး မလွှတ်တော့ဘူး၊ တအားခဲထား လိုက်တော့တာပဲ၊ ကျေနပ်ပလား။
သတ္တဝါတွေ ဘာကြောင့် အပါယ်ရောက်ရတာလဲလို့မေးရင် ဒိဋ္ဌိကဝင်ခိုးလို့ ရောက်ရတာပဲ၊ ဒိဋ္ဌိက ဝင်ခိုးလို့ သတ္တဝါတွေ အပါယ်ရောက်ရတာပဲဆိုတာ ဆုံးဖြတ်ချက်ချ၊ သူတပါးလုပ်တဲ့ဟာကို ငါပဲ ငါ့ဥစ္စာပဲဆိုပြီး ခိုးယူသော ကြောင့် ခိုးပြစ်သင့်လို့ အပါယ်ရောက်ရတယ်ဆိုတာ မှတ်ကြတော့၊ ရိပ်မိကြပလား။
သတ္တဝါတွေဟာ တစ်သံသရာလုံး အပါယ်သွားများကြတယ်၊ ဒါဘာကြောင့်လဲဆိုတော့ ဘယ်အခါမှ “ငါလုံး” မဖြုတ်ခဲ့ဘူးလို့ပဲ။ ခိုးမှုကျူးလွန်နေလို့ပဲ၊ ခိုးတာ ဘာကြောင့်လဲဆိုတော့ “အမြင်မှား”လို့ပဲဆိုတာ သေသေချာချာ မှတ်ကြတော့၊ ဒကာ,ဒကာမတို့ သတ္တဝါတွေ အနေများရတာ ဘယ်မှာလဲ၊ အနေများတာ အပါယ်မှာချည်းပဲ၊ ဘာကြောင့် လဲမေးရင် သူများပစ္စည်းခိုးလို့ပဲဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြပလား။
ခိုးမှုနဲ့ အပါယ်သွားမှု မဆုံးတော့ဘူး
ဒကာ,ဒကာမတို့ဟာ တစ်သံသရာလုံး ဘယ်လိုနေခဲ့ ထိုင်ခဲ့ကြသလဲ၊ “ခိုးလိုက် အပါယ်သွားလိုက်၊ ခိုးလိုက် အပါယ်သွားလိုက်” ခိုးမှုနဲ့ အပါယ်သွားမှု မဆုံးတော့ဘူး။ အဲဒီလိုပဲနေခဲ့ကြတယ်ဆိုတာ မှတ်လိုက်ကြတော့။ ရိပ်မိကြ ရဲ့လား။
သူများပစ္စည်းခိုးတာဟာ ပစ္စုပ္ပန်မှာတောင် အပြစ်သင့်သေးတယ်၊ သံသရာမှာဆိုရင် သံသရာပြစ်သင့်ရမယ် ဆိုတာ ယုံမှားမရှိကြနဲ့တော့… ရှင်းကြပလား။ တစ်သံသရာလုံးမှာ အပါယ်လေးပါးက မတက်နိုင်, မကျော်နိုင်, မလွှားနိုင်နဲ့ နေခဲ့ကြရတာ ခိုးမှုကြောင့်ပဲ၊ သဘောပါကြပလား။ သေတော့လည်း ငါ့ကိုယ်ငါ့ဟာ မလွတ်ဘူး။ ခိုးထုပ် ခိုးထည် မလွတ်ဘဲ သေပွဲဝင်ကြရရှာတယ်၊ မလွတ်ဘဲ သေပွဲဝင်ရတော့ အမြဲတမ်း အပါယ်မှာပဲနေရတယ်ဆိုတာ သံသယမရှိကြနဲ့တော့။
ဒကာ,ဒကာမတွေဟာ လှူကြဒါန်းကြ၊ ပေးကြကမ်းကြ၊ လှူဒါန်းပေးကမ်းတာ နိဗ္ဗာန်ရောက်နိုင်တယ်၊ နိဗ္ဗာန် ရောက်နိုင်ပေမယ့် ခိုးထုပ်ခိုးထည်နဲ့ဆိုတော့ အပြစ်သင့်ကြရတယ်။ နိဗ္ဗာန်မရောက်တော့ဘဲ အပြစ်သင့်ပြီး အပါယ် ချည်း သွားကြရတော့တာပဲ၊ သဘောပါကြပလား။ ဒကာ,ဒကာမတွေ အခုပြောတဲ့အဓိပ္ပာယ်ဟာ လွတ်တဲ့ဟာမဟုတ် ပါဘူး။ ဘုရားတစ်ဆူတစ်ဆူပွင့်ပါမှ သိရ ကြားရနိုင်တဲ့ အဓိပ္ပာယ်စကားပဲ၊ လွယ်လွယ်ကူကူနဲ့ ကြားရသိရတဲ့စကားမျိုး မဟုတ်ဘူး၊ ရိပ်မိကြရဲ့လား။
ဒါကြောင့်… ဆရာသမားပြောတဲ့ ဟောတဲ့စကားကို လေးလေးစားစား မှတ်သားနာယူကြဖို့ အထူးတလည် သတိပေးလိုက်ပါတယ်၊ အခုလိုအခါမျိုး အခုတရားမျိုးကိုမှ ထောင်နိုင်တဲ့နားမပါကြရင် နောက်ဆိုတဲ့စကား မပြောနဲ့ တော့…၊ မလွယ်တော့ဘူးဆိုတာ မှတ်လိုက်ကြ၊ သဘောပါကြပလား။
ခန္ဓာမှာ အမှန်ရှိတာ ရုပ်နဲ့နာမ်ပဲရှိတယ်
ဒီခန္ဓာမှာ အမှန်ရှိတာ ရုပ်နဲ့နာမ်ပဲရှိတယ်၊ ရုပ်လည်းမပိုင်ဘူး၊ နာမ်လည်းမပိုင်ဘူး၊ ရုပ်ရောနာမ်ရော သူ့ အကြောင်းတရားပြုပြင်ပေးလို့ ဖြစ်ကြရတာ၊ ဘာမှပိုင်တာဆိုင်တာ မပါဘူး၊ ဒါသိဖို့ အရေးကြီးတယ်၊ ဒီလိုသိရင် အနတ္တကိုသိပြီ၊ မပိုင်မဆိုင်တာသိမှ အနတ္တကိုသိတာပဲ၊ ရှင်းကြရဲ့လား။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက အကျင့်တစ်ခုရှိတယ်။ အိုးကွဲမှ ကိုယ့်သားကလေး, သမီးကလေးသေမှ အနတ္တဆိုပြီး လက်လျှော့ရတာမျိုးကို အနတ္တပဲလို့ ရေရွတ်နေကြတယ်၊ အဲဒါမမှန်သေးဘူး၊ အနတ္တဆိုတာ မသေခင်က ကို အနတ္တပဲ၊ မပိုင်မဆိုင်တဲ့သဘောကို မသေခင်ကတည်းက သိကြရမယ်၊ သဘောပါကြရဲ့လား။ အကြောင်းလေးပါး, အကြောင်းနှစ်ပါးတို့က ပြုပြင်ပေးလို့ ဖြစ်ရတဲ့ ရုပ်နာမ်ခန္ဓာဖြစ်လို့ အနတ္တပဲဆိုတာ သိကြရမယ်။
ဒီရုပ်နာမ်,ဒီခန္ဓာဟာ ဒကာ,ဒကာမတို့ လုပ်လို့ဖြစ်တာလား၊ ဘာကြောင့်ဖြစ်တာလဲ။ အကြောင်းလေးပါး ပြုပြင်ပေးလို့ ရုပ်တရားဖြစ်ရတယ်။ နာမ်ကျတော့ အကြောင်းနှစ်ပါးက ပြုပြင်ပေးလို့ဖြစ်ရတာပဲ။ ဒကာ,ဒကာမတို့ လုပ်လို့ဖြစ်တာ မပါဘူး။ ပိုင်တာဆိုင်တာ မပါကြဘူး၊ ရိပ်မိကြပလား။
”ရုပ်ဖြစ်ပေါ်အောင် ပြုပြင်တာက ကံ,စိတ်,ဥတု,အာဟာရ၊ နာမ်ဖြစ်ပေါ်အောင် ပြုပြင်ပေးတာက အာရုံ ဒွါရ။”
သူ့အကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့အကျိုး ရုပ်နာမ်, ခန္ဓာငါးပါးပဲ။ ဒါကြောင့် ဒီရုပ်နာမ်, ဒီခန္ဓာကို သင်္ခါရတရားလို့ ဆိုရတယ်၊ သူ့အကြောင်း ပြုပြင်လို့ဖြစ်တဲ့အကျိုး သင်္ခါရတရားတွေမို့ ကိုယ်ပိုင်ကိုယ်ဆိုင် မဟုတ်လို့ အနတ္တတရားတွေပဲဆိုတာ ဆုံးဖြတ်ချက်ချ။ ဒီသဘောအဓိပ္ပာယ်ကိုပိုင်ရင် အနတ္တပိုင်တာပဲဆိုတာ မှတ်ကြ၊ ကျေနပ် ပလား။
ဒကာ,ဒကာမတွေ အခု အနတ္တကိုပိုင်ကြပြီ။ လက္ခဏာကို မပိုင်သေးဘူး။ လက္ခဏာကိုပိုင်ဖို့ လိုသေးတယ်၊ ရိပ်မိကြပလား။
လက္ခဏာကို မပိုင်သေးဘူး
ဘုရားရှင်က…
”ရူပံ အနတ္တာ၊ ဝေဒနာ အနတ္တာ။
သညာ အနတ္တာ၊ သင်္ခါရာ အနတ္တာ။
ဝိညာဏံ အနတ္တာ။”
ဆိုပြီး ဟောတော်မူတယ်၊ အနတ္တဆိုတာ ငါတို့လက်ရှိခန္ဓာငါးပါးပဲဆိုတာ ရှင်းကြပြီ။ ဘုရားဟောတဲ့အတိုင်း အနတ္တကို သိကြရပြီ။ ဒီရုပ်နာမ် ခန္ဓာငါးပါးပဲဆိုတာ ဉာဏ်ရောက်ကြပလား။ အဲဒီလိုသိရတဲ့ “အနတ္တ”က “ဆ,ဆက္က သုတ်”မှာလာတဲ့ အနတ္တလို့မှတ်ကြ။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ သိကြဖို့က ဘုရားရှင်ဟာ အနတ္တသုတ်လို့မဟောဘဲ “အနတ္တလက္ခဏာ”သုတ် လို့ ဟောထားတယ်ဆိုတာပဲ။ ဒါကြောင့် လက္ခဏာကိုသိဖို့ လိုသေးတယ်ဆိုတာ မှတ်ကြရမယ်၊ သဘောပါကြပလား။ အခု အနတ္တဆိုတာကို သိပြီးရင် လက္ခဏာသဘောကို ဆက်ပြောရမယ်၊ ဒါမှ အနတ္တလက္ခဏာကို သိမယ်၊ ဒီလိုသိမှ သာ အနတ္တလက္ခဏာဉာဏ်ကို ရကြမယ်၊ ရှင်းကြပလား။
ဒကာ,ဒကာမတွေကို ဥပမာနဲ့ ရှင်းပြီးပြောရမယ်၊ ဥပမာဆိုရင် အိုးကို ဘယ်သူလုပ်သလဲဆိုတော့ မီးကလုပ် တယ်၊ မီးနဲ့မဖုတ်ရင် အိုးဖြစ်ပါ့မလား၊ မဖြစ်ဘူး။ ဒါကြောင့် အိုးကိုဖြစ်စေတဲ့ အဓိကအကြောင်းဟာ မီးပဲ။ ဒီတော့ အိုးကိုဘယ်သူလုပ်သလဲ၊ မီးကလုပ်တယ်။ အဲဒါ အဓိကအကြောင်းကိုဆိုတာ၊ အဲဒီတော့ မီးတည်းဟူသော အကြောင်း ကြောင့်ဖြစ်တဲ့ အိုးပဲဆိုတာ ထင်ရှားတယ်။
ပင်ကိုယ်သဘောစွန့်တာဟာ လက္ခဏာပဲ
ဒီအိုးဟာ ကွဲရှပျက်စီးတဲ့အခါကျတော့ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးရတယ်။ အိုးဟာ မီးတည်းဟူသော အကြောင်းက လုပ်ပေးလို့ဖြစ်ရတာ၊ သူ့အစွမ်းအစ မပါဘူး။ ဒါကြောင့် အိုးဟာ နဂိုကအနတ္တ၊ ပျက်စီးတဲ့အခါမှာ အိုးဆိုတဲ့ ပင်ကိုယ်သဘောကို စွန့်သွားတယ်။ အဲဒီပင်ကိုယ်သဘောစွန့်တာဟာ လက္ခဏာပဲ။ ဒီနှစ်ခုပေါင်းမှ ပြည့်စုံ တယ်၊ သဘောပါကြရဲ့လား။
ဒကာ,ဒကာမတို့ ဒီဥပမာအတူပဲ မှတ်ယူကြရမယ်။ ရုပ်နာမ်ခန္ဓာတွေက နဂိုကတည်းက မပိုင်မဆိုင်တဲ့ဟာ တွေပဲ။ သူတို့ဟာ ဖြစ်ပေါ်လာပြီးတော့လည်း ဖြတ်ဆို ပျက်သွားကြပြန်တာပဲ။ အဲဒီရုပ်,နာမ်ဟာ နဂိုကလည်း မပိုင် တာမို့ အနတ္တ၊ ဖြတ်ခနဲဆို ပျက်သွားတာက လက္ခဏာပဲ။ မပိုင်မဆိုင်ဘဲ သဘောကို ဓမ္မက, ပြသွားတယ်၊ ရှင်းကြရဲ့ လား။
အဲဒါကြောင့် ပေါ်လာတုန်းက အနတ္တ၊ ဖြတ်ဆိုပျောက်သွားတာဟာ လက္ခဏာပဲလို့ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။
ဒီဓမ္မတွေက မည်သူ့အလို မည်သူ့အကြိုက်မှ မလိုက်ဘူး။ အဲဒါဟာ…သူ့လက္ခဏာ ပြောသွားတာပဲ။ အကြောင်းညီညွတ်ရင် ဖြစ်ပေါ်လာလိုက်၊ ဖြစ်ပြီးတာနဲ့ ပျက်သွားလိုက်၊ အကြောင်းဆုံပြန်ရင် ဖြစ်လာလိုက်, နောက် ပျက်သွားလိုက်နဲ့ သူတို့သဘောလက္ခဏာဟာ ဒါပဲရှိတယ်၊ သဘောပါကြပလား။
ခန္ဓာထဲမှာ ဘာပေါ်ပေါ်, ဘယ်ဓမ္မပေါ်ပေါ် အနတ္တပဲ၊ ပေါ်လာတဲ့ဟာ အနတ္တပဲ။ ပေါ်ပြီး ပျောက်သွားတာက လက္ခဏာ၊ ဒကာ,ဒကာမတွေ ရှင်းပြီမဟုတ်လား။ အဲဒီအဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း သိကြရမယ်၊ ဒါသိရင် အနတ္တ လက္ခဏာဉာဏ်ရတာပဲ၊ အနတ္တ၏လက္ခဏာကို ဓမ္မကပြောလို့ ဓမ္မကပြသွားလို့ ရှင်းရှင်းကြီးသိရတာပဲ၊ ရှင်းရှင်းကြီး သိရင် “အနတ္တလက္ခဏာဉာဏ်”ရပြီလို့သာ မှတ်ကြ။
အနတ္တလက္ခဏာဉာဏ် ရတာ
ဒကာ,ဒကာမတို့ ဒီအနတ္တလက္ခဏာဉာဏ်ကိုရရင် အတ္တဒိဋ္ဌိပြုတ်သွားပြီ။ တဒင်္ဂတော့ အတ္တဒိဋ္ဌိကွာသွားပြီ။ ဒီဉာဏ်အသိနဲ့ ဆက်လက်ပြီးကြည့်ရမယ်။ ဉာဏ်နဲ့ ခန္ဓာကိုစောင့်ကြည့်ရမယ်။ ခန္ဓာထဲ ရုပ်ဓမ္မကလေးတစ်ခု ပေါ်လာ တယ်ဆိုတော့… ဉာဏ်နဲ့စောင့်ကြည့်နေ၊ ကြည့်နေတော့ ပေါ်လာပြီးပျောက်သွားတာပဲဆိုတာ မြင်ကြရမယ်။ အဲဒီလို မြင်တာဟာ အနတ္တလက္ခဏာဉာဏ် ရတာပဲ။ ဒီဉာဏ်ရရင် အတ္တဒိဋ္ဌိပြုတ်ပြီဆိုတာ မှတ်တော့။
ဒီနည်းအတိုင်း ဒီဉာဏ်အမြင် ရင့်သန်လာအောင် ကြိုးစားပြီး ကြည့်ပေးကြရမယ်။ ခန္ဓာမှာ ဉာဏ်နဲ့စောင့်။ မပြတ်မလပ် အထပ်ထပ်ကြည့်ပေးကြ။ တဒင်္ဂအမြင်နဲ့ စိတ်မချရသေးဘူး။ အမြင်ဆုံးမှ သမုစ္ဆေဒရောက်မှ စိတ်ချ ရမယ်။
ဒကာ,ဒကာမတွေ အထူးသတိပြုဖို့က အနတ္တကိုမသိရင် လက္ခဏာကိုလည်း မသိနိုင်ဘူး၊ အနတ္တကိုသိမှသာ လက္ခဏာကို သိမယ်ဆိုတဲ့အချက်ပဲ၊ ရှင်းကြရဲ့လား။ ဒကာ,ဒကာမတွေ နှုတ်တက်နေကြတာ ရှိသေးတယ်။ ပစ္စည်း ပျက်လို့ဖြစ်ဖြစ်, သားလေး, သမီးလေး အနိစ္စရောက်လို့ဖြစ်ဖြစ် ပြောတတ်ကြတယ်။ “အို…အနတ္တပဲ စွန့်ရမှာပေါ့” တဲ့။ အဲဒီလိုအနတ္တမို့ စွန့်ရတာဆိုတာဟာ အနတ္တလည်းမသိ၊ လက္ခဏာလည်းမသိလို့ ဒေါမနဿနဲ့ ပြောတဲ့စကားပဲ ဆိုတာ မှတ်လိုက်ကြ။
ဒကာတို့က အနတ္တကိုမသိလို့ လက္ခဏာကပြတော့ ဒေါမနဿဖြစ်, ဒကာတို့တတွေ အပါယ်သွားကြဖို့ပဲ ရှိတယ်ဆိုတာ ရိပ်မိကြရဲ့လား။ နဂိုက အနတ္တကိုမသိ၊ ဒီကြားထဲက လက္ခဏာကပြလိုက်တော့ အကြီးအကျယ်ဒေါမနဿ ဖြစ်ပြီး အပါယ်သွားကြရရှာတာပဲ။ တချို့တွေက ပြောတတ်တာရှိသေးတယ်။ တစ်ဦးတစ်ယောက် အနိစ္စရောက်တော့ “ကံကုန်လို့သေတာပေါ့တဲ့၊ ဆန်စုံတုန်းစား၊ ကံကုန်တော့ သွားပေါ့”နဲ့ ပြောကြတယ်။
ကံကုန်လို့ သေတာဆိုရင် တစ်ခုထဲယူထားတဲ့အယူပဲ၊ ဒီအယူ အကြောင်းမစုံဘူး၊ ဒီအယူရှိလဲ “ကမ္မဝါဒီ ဒိဋ္ဌိ”ပဲဆိုတာ မှတ်ကြ။
ဝိပဿနာရှုရင် ချက်ချင်းမဂ်ဖိုလ်ဆိုက်အောင်
ဒကာတို့တတွေ အနတ္တကိုမသိကြဘူး၊ မသိလို့ လက္ခဏာကပြလိုက်တော့ ဘုရားနဲ့ရန်ဖြစ်, တရားနဲ့ရန်ဖြစ်, ဖြစ်တတ်ကြတယ်၊ ဘာ့ကြောင့်လဲဆိုတော့ မူလက အနတ္တကို မသိကြလို့ပဲလို့ဆိုတာ မှတ်ကြရမယ်၊ သဘောပါကြရဲ့လား။ ဒါအရေးကြီးတယ်။ အရေးကြီးလို့ ပြောနေရတာ၊ ရိပ်မိကြရဲ့လား။ ဒီအဓိပ္ပာယ်ကို ဒါလောက်ပြောနေတာဟာ “ဝိပဿနာရှုရင် ချက်ချင်းမဂ်ဖိုလ်ဆိုက်အောင်”လို့ပဲ၊ ရှင်းပလား။
ဒကာ,ဒကာမတို့ ဝိပဿနာရှုမယ်ကြံရင် မရှုခင်မှာ ဒီဉာဏ်ရအောင် အရင်ရှင်းထားမှ အမြန်မဂ်ဖိုလ်ရမယ်။ ဒါကို ရှင်းမထားရင် မလွယ်ကူဘူး။ ကျေနပ်ပလား။ ဒါကြောင့် ဒီဟာအရေးကြီးတယ်ဆိုတာ ပေါ်ကြပလား။ အနတ္တ ကိုလည်းသိ၊ လက္ခဏာကိုလည်းသိ၊ ဒီလိုအနတ္တရော, လက္ခဏာရော သိတဲ့ဉာဏ်မှသာ အနတ္တလက္ခဏာဉာဏ် ဖြစ်မယ်၊ ဒါမှ အတ္တဒိဋ္ဌိပြုတ်နိုင်မယ်၊ ရှင်းကြပလား။
အဲဒါကြောင့် ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ပေးကြ။ ဉာဏ်နဲ့ကြည့်ရင် အမှန်သိရမယ်။ ခန္ဓာမှာပေါ်သမျှ အနတ္တပဲ၊ ပေါ်ပြီး သူက ဉာဏ်အောက်မှာပဲပျောက်သွားတာ တွေ့ရမယ်။ အဲဒါ လက္ခဏာပြသွားတာပဲ။ ဒါကိုသိရင် အနတ္တ လက္ခဏာဉာဏ်ရပြီလို့သာ မှတ်ကြတော့။ ဒကာ,ဒကာမတွေ သဘောပါကြပလား။
ဖြစ်ပေါ်လာတာက အနတ္တ၊ ပျောက်ပျက်သွားတာက လက္ခဏာနှစ်ခုပေါင်းတော့ အနတ္တလက္ခဏာပဲ။ ဒီလို သိရတော့ ဖြစ်ပျက်ပဲဆိုတာ ထင်ရှားတယ်။ ဖြစ်ပေါ်တာက အနတ္တ၊ ပျက်သွားတာက လက္ခဏာ၊ ဒီနှစ်ခုဖြစ်တော့ ပျက်တာပဲရှိတယ်၊ ဒါကြောင့် ဘာပဲဟောဟော, ဟောသမျှတရားဟာ “ဖြစ်ပျက်”ပဲ ပြန်ဝင်တယ်ဆိုတာ ပေါ်ကြပလား။
အကြောင်းကအနတ္တမို့ အကျိုးလည်းအနတ္တ
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဒီထက်ရှင်းအောင် “ဆ,ဆက္ကသုတ်”မှာ ဟောပြထားတာရှိတယ်။ ဘယ်လိုလဲ ဆိုတော့ စေ့ဆော်မှုစေတနာက ကံ၊ ဒီကံကပြုပြင်လိုက်လို့ ပေါ်တာဟာ အနတ္တ၊ ပြုပြင်တဲ့အကြောင်းက အနတ္တ၊ ပေါ်လာတဲ့အကျိုးကလည်း အနတ္တ၊ အကြောင်းကအနတ္တမို့ အကျိုးလည်းအနတ္တမလို့ ဟောတော်မူတယ်၊ အဲဒီမှာက ကြောင်းကျိုးဆက်ဆက် အနတ္တဖြစ်ပုံ ဟောပြထားတယ်ဆိုတာ မှတ်ကြ။ ဒီအရင်ရက်တွေကလည်း ရှင်းပြခဲ့ပြီ၊ မှတ်မိ ကြရဲ့လား။
အခု ဒကာ,ဒကာမတွေကို ဟောနေတာက သင်္ခါရအနတ္တနဲ့ လက္ခဏာကို ကွဲကွဲပြားပြား သဘောပေါက်ကြဖို့ ပဲ၊ ဒီနှစ်ခုကို ဉာဏ်ရှင်းဖို့အရေးကြီးတယ်။ ဉာဏ်ရှင်းအောင် ဆရာပြထားတဲ့အတိုင်း မိမိခန္ဓာမှာ စိုက်ကြည့်ကြရမယ်။ ကြည့်တဲ့အခါ ဥပမာ တစ်နေရာရာက ယားယံလာတယ်ဆိုတော့ ယားတဲ့နေရာမှာ ဝေဒနာပေါ်တာပဲ။ အဲဒီယားတဲ့ ဝေဒနာကို ဉာဏ်နဲ့စောင့်ကြည့်၊ ကြည့်တော့ ဖြတ်ဆိုပျောက်သွားတာ တွေ့ရမယ်။
ဒကာ,ဒကာမတို့ အဲဒီနေရာမှာ ရှင်းအောင်မှတ်ယူကြ။ “ဝေဒနာကလေး နဂိုပေါ်တုန်းက အနတ္တ၊ ပျောက်သွား တာဟာ လက္ခဏာပဲ၊ ရှင်းကြပလား။ ဒီဉာဏ်အရေးကြီးတယ်၊ ဒီဉာဏ်ရရင် ပဋိစ္စသမုပ္ပါဒ်ပြတ်တာပဲ။ ဒီအနတ္တလက္ခဏာ ဉာဏ်ဆိုတာဟာ ဒီမဂ္ဂင်ငါးပါးထဲမှာ သမ္မာဒိဋ္ဌိက ခေါင်းဆောင်နေတယ်ဆိုတာ မှတ်လိုက်ကြ။
ဒီလိုသမာဒိဋ္ဌိခေါင်းဆောင်တဲ့ မဂ္ဂင်ငါးပါးနဲ့ ဉာဏ်ကိုရတော့ ဘယ်လိုကျေးဇူးများသလဲလို့ မေးခဲ့ရင် နဂိုက ငါ့ကိုယ်ငါ့ဟာဆိုတာဟာ မိစ္ဆာခေါင်းဆောင်နေခဲ့တာပဲ။ အခုခန္ဓာမှာ ဉာဏ်နဲ့ကြည့်ပြီး သမ္မာဒိဋ္ဌိခေါင်းဆောင်လိုက်တဲ့ အခါကျတော့ နဂိုခေါင်းဆောင် မိစ္ဆာဒိဋ္ဌိတဏှာဟာ ပြုတ်ထွက်သွားရတော့တယ်၊ ခေါင်းဆောင်ပြုတ်တော့ နောက်လာ မယ့် ဥပါဒါန်ပြုတ်, ကံပြုတ်, နောက် ပဋိစ္စသမုပ္ပါဒ်တွေ အကုန်ချုပ်တော့တာပဲ။
ပဋိစ္စသမုပ္ပါဒ် ပြတ်တယ်ဆိုတော့
ဒကာ,ဒကာမတွေ သဘောပါကြပလား။ “လောဘ သဟဂတံ ဒိဋ္ဌိဂတ သမ္ပယုတ္တံ”လို့ဆိုတော့ ဒိဋ္ဌိဟာ လောဘ နဲ့တွဲနေတယ်။ ဒီလိုတွဲနေတော့ ဒိဋ္ဌိပြုတ်တော့ တဏှာပါ ရောပြုတ်တာမို့ ပဋိစ္စသမုပ္ပါဒ်မှာ တဏှာလာပြီး ပြတ်သွားရ တယ်ဆိုတာ မှတ်ကြရတယ်၊ ရိပ်မိကြပလား။ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ပဋိစ္စသမုပ္ပါဒ် ပြတ်တယ်ဆိုတော့ ဒီဉာဏ် ဟာ သာမညမဟုတ်ပါလားဆိုတဲ့ အဓိပ္ပာယ်ပေါ်ကြပလား။
ဒါကြောင့် ဒီအနတ္တဉာဏ်ရဖို့ မဂ္ဂင်အလုပ်ဟာလည်း သာမညအလုပ် မဟုတ်ပါပဲလားလို့ ဆုံးဖြတ်ချက်ချကြ။ သေးသေးကွေးကွေး မဟုတ်ပါဘူး၊ အပါယ်သွားစခန်းသိမ်းတဲ့အလုပ်ပဲဆိုတာ ကျေနပ်ကြပလား။ အဲဒါကြောင့် ဒုက္ခ ကြောက်သူ အပါယ်လွတ်လိုသူမှန်က ကြိုးစားပြီးယူကြရမယ်။
ဒကာ,ဒကာမတွေ အနတ္တလက္ခဏာဉာဏ်ရရင် ပဋိစ္စသမုပ္ပါဒ်ပြတ်တယ်။ ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်ပြတ်တဲ့နေရာ မှာ နိဗ္ဗာန်ပေါ်တာပဲ။ “ဒုက္ခနိရောဓော နိဗ္ဗာနံ၊ တဏှာ နိရောဓော နိဗ္ဗာနံ”ပဲ။ အဲဒီတော့ အနတ္တတစ်လုံးပေါက်ရင် နိဗ္ဗာန်ရောက်တယ်ဆိုတာ ထင်ရှားပလား၊ ထင်ရှားသွားပြီ။
ဒီဉာဏ်ကိုရဖို့ရာ ရှေ့ပိုင်းက ခန္ဓာငါးပါး သင်္ခါရတရားကို သိရမယ်၊ ဒါကိုသိရင် အနတ္တကိုသိတာပဲ။ ဒီသင်္ခါရ ခန္ဓာငါးပါးပေါ်လာပြီး ပျက်စီးသွားတာသိရင် လက္ခဏာကိုသိတာပဲ။ ဒီလိုသိတော့ ဉာဏ်ပါရတယ်။
ဒါ့ကြောင့်…
”ဇာတံ ရူပံ ပစ္စုပ္ပန္နံ၊ တဿ နိဗ္ဗတ္တိလက္ခဏံ ဥဒယော”တဲ့၊ အဲဒါက ရုပ်သင်္ခါရ အနတ္တကိုပြောတာ။
”ဝိပရိဏာမလက္ခဏံ ဝယော”တဲ့၊ အဲဒါက သူ့ရဲ့လက္ခဏာကိုပြောတာ။
”အနုပဿနေ ဉာဏံ”တဲ့၊ အဲဒါက အနတ္တလက္ခဏာဉာဏ်ရတာကို ပြောတာပဲလို့မှတ်ကြ၊ ရှင်းပလား။
ဝိဇ္ဇာလာတော့ အဝိဇ္ဇာချုပ်
အဲဒီဉာဏ်ရတော့ ပဋိစ္စသမုပ္ပါဒ်ကို အလယ်ကဖြတ်လိုက်ပါတယ်။ သမ္မာဒိဋ္ဌိခေါင်းဆောင်ဖြစ်လို့ သမ္မာဒိဋ္ဌိက ဝိဇ္ဇာဖြစ်ပြီး အစကလည်းပြတ်ပါတယ်။ ဝိဇ္ဇာလာတော့ အဝိဇ္ဇာချုပ်ပြီး အစကပြတ်တာပေါ့၊ သဘောပါကြပလား။
ဒါကြောင့် ဆုတောင်းမနေနဲ့ ရှုသာနေကြလို့ ဘုန်းကြီးက အထူးသတိပေး တိုက်တွန်းလိုက်တယ်။ ကျေနပ် ကြပလား။
မရှုပဲ ဆုတောင်းနေလို့တော့ ဘယ်အခါမှမရဘူးလို့သာ ဆုံးဖြတ်ချက်ချကြ၊ ရှင်းပလား။ ရှုမှတ်နေမှ သင်္ခါရ ကိုသိမယ်၊ အနတ္တလည်းသိမယ်၊ လက္ခဏာလည်းသိမယ်၊ အဲဒီလိုသိမှ အနတ္တလက္ခဏာဉာဏ်ကိုရမယ်၊ ရိပ်မိပလား။
သင်္ခါရကိုမသိရင် အနတ္တလည်းမသိ၊ လက္ခဏာလည်းမသိ၊ ဉာဏ်ကိုလည်းမရတော့ဘူး။ ဒါကြောင့် ဆုတောင်း ဖြုတ်ပြီး ခန္ဓာမှာ ဉာဏ်နဲ့ရှုကြ၊ ပွားများကြဖို့ဆိုတာ လေးလေးစားစားကြီး မှတ်ယူလိုက်ကြ၊ သဘောပါကြပလား။
ဒကာ,ဒကာမတို့ ဘုရားရှင်က သုဘဒ်ပရဗိုဇ်ကို ဟောတဲ့အချက်မှာ…
”သင်္ခါရာ-ရုပ်နာမ်သင်္ခါရ တရားတို့သည်၊ သဿတာ-ခိုင်မြဲသည်မည်သည်၊ နတ္တိ-ဘယ်တော့မှမရှိပေ”တဲ့။
ခန္ဓာမှာ ဉာဏ်နဲ့ကြည့်။ သင်္ခါရတရား မခိုင်မမြဲတာကို ကိုယ်တိုင် ဧကန်သိမြင်ကြရမယ်ဆိုတာ မှတ်ကြ။ အဲဒီလိုကြည့်လို့ သင်္ခါရတရားမခိုင်မြဲတာကို သိရ,မြင်ရရင် အဲဒီနေရာမှာ ဒိဋ္ဌိတဏှာချုပ်တယ်။ သူတို့ချုပ်တော့ ပဋိစ္စသမုပ္ပါဒ် အလည်ကပြတ်၊ နောက်-ပဋိစ္စသမုပ္ပါဒ် မဆက်လာတော့ဘူး။
ပဋိစ္စသမုပ္ပါဒ်မလာတာက နိဗ္ဗာန် နိရောဓသစ္စာ
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ သဘောပါကြပလား။ နောက်-ပဋိစ္စသမုပ္ပါဒ်လာရင် ဒုက္ခသစ္စာပဲ။ နောက် ပဋိစ္စသမုပ္ပါဒ်မလာတာက နိဗ္ဗာန် နိရောဓသစ္စာပဲ၊ ကျေနပ်ကြပလား။ ဒါကြောင့် ဆရာသမားက နည်းပေးထားတဲ့ အတိုင်း ဉာဏ်နဲ့ကြည့်ပေးကြ၊ ကြည့်ပေးရင် ဒုက္ခချုပ်တဲ့နိဗ္ဗာန်ဟာ သူ့သဘာဝအလျောက် ပေါ်လာမယ်၊ ရှင်းကြရဲ့ လား။
ဒကာ,ဒကာမတို့ ယနေ့အနတ္တကိုလည်း သိကြပြီ၊ လက္ခဏာကိုလည်း သိကြပြီ၊ ဉာဏ်ကိုလည်းရကြပြီ၊ အနတ္တ လည်းသိ၊ လက္ခဏာလည်းသိ၊ ဉာဏ်ကိုလည်းရတဲ့အတွက် ဒိဋ္ဌိတဏှာချုပ်ပြီး ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်အလည်က ပြတ် တယ်။ ဘယ်လောက်များ နေရာကျသွားသလဲဆိုတာ ပေါ်ကြပလား။
ဒီတော့ ဆရာဘုန်းကြီး ညွှန်ပြတဲ့အတိုင်း လိုက်နာအားထုတ်ကြဖို့ ဒကာတို့ တာဝန်တစ်ခုပဲ လိုတော့တယ် ဆိုတာ ရိပ်မိကြပလား။ ဒီတာဝန်ကို ကျေပြွန်မှသာ ဒီအနတ္တလက္ခဏာကိုရလို့ ပဋိစ္စသမုပ္ပါဒ်ပြတ်ပြီး နိဗ္ဗာန်ပေါ်လာ မယ်။
မနေ့က ဟောခဲ့တဲ့တရားမှာ သုဘဒ်ကမေးလို့ ဘုရားရှင်က ဖြေဆိုတော်မူတဲ့အချက်ကို ပြောခဲ့ပြီးပြီ။ သုဘဒ် က သူကိုယ်တိုင် တရားအရသာကိုခံစားရလို့ နောင်လာနောက်သား ဘုန်းကြီးတို့ ဒကာ,ဒကာမတွေအတွက် အကျိုး လိုလားလို့ မေးမြန်းလိုက်တာပဲဆိုတာ မှတ်ကြရမယ်။
သုဘဒ်က “အရှင်ဘုရား၊ မရှိတဲ့နောက် အရှင့်အဆုံးအမ သာသနာတော်ဟာ ကွယ်တော့မှာလား”လို့ မေး လျှောက်တော့ ဘုရားရှင်က…
”ဣဓေဝ သုဘဒ္ဒ ဘိက္ခူဧဝံ သမ္မာဝိဟရေယျုံ အသုညော လောကော အရဟန္တေဟိ အဿ”။
ရဟန္တာ မဆိတ်သုဉ်းဘူး
အဓိပ္ပာယ်က
ငါဘုရားမရှိတာနဲ့ မဆိုင်ဘူးတဲ့။ ငါဘုရား သာသနာတော်မှာရှိနေတဲ့ ရဟန်းတွေကသာ ငါဟောတဲ့ ပြောတဲ့ တရားတော်အတိုင်း ကောင်းကောင်းမွန်မွန် ကျင့်သုံးနေထိုင်ကြမယ်ဆိုရင် ဘယ်အခါမှ ရဟန္တာ မဆိတ်သုဉ်းဘူးတဲ့၊ ရှင်းကြရဲ့လား။
ငါရှိတာ မရှိတာနဲ့ မဆိုင်ဘူးတဲ့၊ ငါပြောတဲ့အတိုင်း ကျင့်ကြံဖို့တဲ့၊ ငါဟောထားခဲ့တဲ့ တရားတော်အတိုင်း ကောင်းအောင်နေထိုင် ကျင့်ကြံဖို့သာ လိုရင်းအချက်ပဲတဲ့၊ သဘောပါကြပလား။ ဒီတော့ ဒကာ,ဒကာမတွေက ကောင်း အောင်ကျင့်ကြံဖို့ တစ်ခုထဲပဲလိုပါတယ်၊ သဘောပါကြပလား။
ဒါကြောင့် ကောင်းအောင် အနတ္တရဲ့လက္ခဏာကိုသိအောင် ဒီဉာဏ်ကို ရအောင်လုပ်ကြ။ ဒီလိုလုပ်ရင် နိဗ္ဗာန် ရတယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ၊ ကျေနပ်ပလား။ ဒီအနတ္တလက္ခဏာဉာဏ်ကိုရတော့ ဒီဉာဏ်က ပဋိစ္စသမုပ္ပါဒ်ကို ဖြတ်လို့ နိဗ္ဗာန်ပေါ်လာတယ်၊ ရှင်းပလား။
ရဟန္တာက ပဋိစ္စသမုပ္ပါဒ်ကို လုံးလုံးဖြတ်တယ်၊ ဒီအနတ္တလက္ခဏာဉာဏ်နဲ့က ဒိဋ္ဌိကိုဖြတ်တယ်။ ဒိဋ္ဌိဖြတ် တော့ ဒိဋ္ဌိဒိဋ္ဌုပါဒါန်ဆိုပြီး ပဋိစ္စသမုပ္ပါဒ်မှာ အလည်ကပြတ်၊ မိစ္ဆာဒိဋ္ဌိပြုတ်လို့ သမ္မာဒိဋ္ဌိဖြစ်လာတဲ့အတွက် အစက လည်း ပြတ်တယ်။ ဒီလိုအစကဖြတ်လိုက်တော့ “ဝိဇ္ဇာဥဒပါဒိ” ဖြစ်တော့တာပဲ။ အလည်ကဖြတ်တော့ “တဏှာနိရောဓော နိဗ္ဗာနံ”ပဲ၊ ရိပ်မိကြပလား။
သိမြင်တဲ့ ဝိဇ္ဇာဉာဏ်ရတော့ အဝိဇ္ဇာချုပ်၊ ဝိဇ္ဇာဥဒပါဒိဖြစ်တာပဲ။ ဒိဋ္ဌိကစဖြတ်လို့ တဏှာချုပ်တော့ တဏှာ နိရောဓော နိဗ္ဗာနံဆိုပြီး နိဗ္ဗာန်ပေါ်လာတာပဲ၊ ကျေနပ်ပလား။ ဒါဖြင့် ကြိုးစားအားထုတ်ကြ။
ကိုင်း… ယနေ့ ဒီတွင်တော်ကြဦးစို့။
