မဂ္ဂင်ပွားရန် ကိုယ့်တာဝန် တရားတော်
ဆောင်ပုဒ်
မိမိခန္ဓာ၊ အဇ္ဈတ်မှာ၊ ဉာဏ်ဝါသတိချပ်။
ဖြစ်ပေါ်ပျောက်ပျက်၊ ရုပ်နာမ်စက်၊ မပျက်ရှုဉာဏ်ကပ်။
ကြောင်းကျိုးစဉ်ဆက်၊ ဖြစ်ပြီးပျက်၊ သက်သက်ခန္ဓာဓာတ်။
ပေါ်ဆဲဉာဏ်ရှင်၊ ရှုကြည့်လျှင်၊ မှန်ပြင်ဒိဋ္ဌိပြတ်။
ရှုပွားများပါ၊ ဉာဏ်ထက်လာ၊ ဒုက္ခာမြင်တပ်တပ်။
ဒုက္ခမြင်များ၊ ကိလေပါး၊ ပေါ်ငြားနိရောဓာတ်။
ယောဂီဝန်တာ၊ တစ်ခုသာ၊ မဂ္ဂါလုပ်ငန်းရပ်။
မရှုလွဲဖယ်၊ မျက်စိလည်၊ အပါယ်ကိုယ့်အိမ်မှတ်။
သတိချပ်
ခန္ဓာဖြစ်ပျက်၊ ပွားဉာဏ်စွက်၊ မဂ္ဂသစ္စာမှတ်။
ဖြစ်ပျက်အနိစ္စ၊ ကြီးဒုက္ခ၊ အနတ္တမြင်တပ်တပ်။
ခန္ဓာဉာဏ်ရှင်း၊ နှစ်သက်ခြင်း၊ လွတ်ကင်းတဏှာဓာတ်။
ပွားမှုကိစ္စ၊ ဆောင်ရွက်က၊ ချုပ်ရ သမုဓာတ်။
အကြောင်းကွယ်ချုပ်၊ ဒုက္ခချုပ်၊ ဝိမုတ်နိရောဓာတ်။
ဖြစ်ပျက်တစ်ခု၊ ရှုပွားမှု၊ ဂရုလုလ္လကပ်။
ဆုတောင်းမရ၊ ပွားများမှ၊ ဒုက္ခချုပ်မည်မှတ်။
မဂ္ဂပွားမှု၊ တစ်ခုကိစ္စ၊ ရွက်ဆောင်ကလျှင်၊ သိမြင်ဒုက္ခ။
ပယ်ချသမုဒယံ၊ နိရောဓံ၊ မြင်ဉာဏ်ပြီးစီးမှတ်။ ။
တရားသား
မဂ္ဂသစ္စာဆိုတာ “ဖြစ်ပျက်”ကိုမြင်အောင် လုပ်နေတာ
ဒကာ,ဒကာမတို့ မဂ္ဂသစ္စာဆိုတာ “ဖြစ်ပျက်”ကိုမြင်အောင် လုပ်နေတာကို ခေါ်တာပဲလို့ မှတ်လိုက်ကြ။ ဖြစ်ပျက်ကို မြင်အောင်ရှုပွားနေတာဟာ မဂ္ဂသစ္စာ၊ ရိပ်မိကြပလား။ ရုပ်နာမ်ဖြစ်ပျက်ကို မြင်အောင် ခဏခဏပွားနေ သောကြောင့် ဘာဝေတဗ္ဗကိစ္စရှိတဲ့ မဂ္ဂသစ္စာပဲ၊ ရှင်းကြရဲ့လား။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ကိုယ့်စိတ်ကိုရှုကြ၊ မိမိတို့စိတ်ကို ဖြစ်တာပျက်တာ မြင်အောင် ကြည့်ကြလို့ပြောရတာပဲ။ (၁) နံပါတ်ဖြစ်တဲ့ စိတ်ကို (၂) နံပါတ် ဉာဏ်စိတ်နဲ့ရှုကြရမယ်၊ သဘောပါကြပလား။ ရှေ့ စိတ်ကို နောက်စိတ်နဲ့ရှုကြရမယ်။ အာရုံစိတ်က ဖြစ်ပျက်ဆိုတော့ နောက်ကဉာဏ်စိတ်က သိလိုက်ရမယ်။ ဒီလိုရှေ့စိတ် က ဖြစ်ပျက်ကိုပြတိုင်း,ပြတိုင်း သိလိုက်နေရမယ်။ အဲဒီလိုသိလိုက်နေတာဟာ ပွားနေတာပဲ၊ ရှင်းကြရဲ့လား။
ဒကာ,ဒကာမတို့ ရှေ့စိတ်ကလေးဖြစ်ပေါ်လာပြီး မရှိတာကို သိလိုက်နေရမယ်၊ ဖြစ်ပေါ်လာတဲ့စိတ် မရှိဘူး, မရှိဘူးလို့သိတာဟာ ပွားတာပဲ၊ သဘောပါကြပလား။ ဒီလိုပွားနေတော့ ခန္ဓာက “ပေါ်လာတဲ့စိတ်”ဖြစ်ပျက်။ သိတာ ပွားတာက မဂ်။ ဒကာ,ဒကာမတို့ ပွားတာက မဂ္ဂသစ္စာပဲ။ အဲဒီတော့ မဂ်ရချင်ပါတယ်ဆိုရင် ပွားနေရမယ်။ ပွားနေရင် ရပြီးသားပဲလို့ မှတ်ကြ၊ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ မဂ်ရတယ်ဆိုတာ “ဖြစ်ပျက်ကိုပွားနေရင် မဂ်ရပြီးသားပဲ” ဆိုတာ ရိပ်မိကြပလား။
မဂ်ရဖို့အရေးဟာ ပွားတဲ့အရေးပဲ
ဒါဖြင့်ရင် မဂ်ရဖို့အရေးဟာ ပွားတဲ့အရေးပဲဆိုတာ ဆုံးဖြစ်ချက်ချလိုက်ကြ။ တောင်းတဲ့အရေး မဟုတ်ပါဘူး။ ဘာဝေတဗ္ဗကိစ္စတဲ့၊ ပွားများရတဲ့အရေး။ ဒကာ,ဒကာမတွေ တောင်းနေလို့မရ၊ ပွားများမှသာ ရနိုင်မယ်ဆိုတာ မြဲမြ စွဲစွဲ မှတ်ထားကြ။ ပွားတာက ဘယ်မှာပွားရမှာလဲဆိုတော့ “ခန္ဓာဖြစ်ပျက်”ကို ပွားတာပဲ။ ခန္ဓာဖြစ်ပျက်ကိုပွားတော့ ခန္ဓာက ဖြစ်ပျက်, ပွားတာက မဂ်ပဲ။ ဒီတော့ ပွားများနေတာဟာ မဂ္ဂသစ္စာတစ်ခု ရနေတာပဲ။ ပွားတာဟာ မဂ္ဂသစ္စာ တစ်ခု ရတာပဲ၊ ရှင်းကြရဲ့လား။
ဒီလိုပွားနေတာ ဘာကျေးဇူးရှိသလဲဆိုတော့ ဒီလိုပွားနေရင် ကိုယ့်ခန္ဓာကြီးမှာ ခင်တဲ့တဏှာ၊ ဘဝကို နှစ်သက် တဲ့တဏှာတွေ ပါးပါးသွားတယ်။ ခင်တဏှာပါးပါးသွားတဲ့ ကျေးဇူးရှိတယ်လို့ မှတ်ကြ။ ဒီလိုပွားများနေတော့ “ကိုယ် ခန္ဓာမဟုတ်လို့ ဖြစ်ပျက်ပြီးနေတာပဲ၊ ကိုယ့်ခန္ဓာမဟုတ်လို့ ဖြစ်ပျက်ပြီးနေတဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တ သဘောတွေပဲ၊ မိမိနဲ့မဆိုင်ဘူး”ဆိုတာသိတော့ ခန္ဓာမှာ သာယာနှစ်သက်တဲ့ တဏှာဟာ ပါးပါးသွားတော့တယ်။ ရိပ်မိကြပလား။
နဂိုက ဒီအတိုင်းနေတော့ လူ့ဘဝ,နတ်ဘဝ အကောင်းထင်လို့ ခင်မင်မိ, နှစ်သက်မိတယ်။ ဉာဏ်နဲ့ကြည့်တော့ အခု အနိစ္စပဲ, ဒုက္ခပဲ, အနတ္တပဲလို့ သိရတယ်။ ဒီလိုသိတော့ ခင်တာလျော့သွားတယ်။ ခင်တဲ့တဏှာ ပါးသွားတော့တယ်။ သဘောပါကြပလား။ ဒကာ,ဒကာမတို့ မဂ္ဂသစ္စာနဲ့ပွားနေတော့ ခန္ဓာကိုခင်တဲ့ သမုဒယကိလေသာတွေ အခိုက်အတံ့ မျှ ချုပ်နေတယ်ဆိုတာ မှတ်ရမယ်၊ ကျေနပ်ပလား။
ဒါကိုပွားတော့ သမုဒယသစ္စာကို သူကပယ်ထား။ ပွားတဲ့ကိစ္စရှိတော့ ပယ်တဲ့ကိစ္စ အလိုလိုပြီးသွားတယ်။ ဒီအတိုင်းသာ ဆက်ပြီးကြာကြာပွား၊ ပွားပါများတော့ သမုဒယဟာ လုံးဝချုပ်တော့တာပဲ၊ ရှင်းကြရဲ့လား။ ပဋိစ္စသမုပ္ပါဒ်နဲ့ ကြည့်တော့ တဏှာ, ဥပါဒါန်, ကံတွေချုပ်တယ်။ ဒါတွေချုပ်ရင် ဇာတိ, ဇရာ, မရဏတွေလည်း ဇာတ်သိမ်းတာပဲ၊ သဘောပါကြပလား။ ဒကာ,ဒကာမတို့ ဒီဟာ မဂ္ဂသစ္စာကိုပွားနေတာနဲ့ တဏှာပါး၊ ပါးရာကနေ ပျောက်ထွက်သွားတာ ပဲလို့ မှတ်လိုက်ကြ၊ ကျေနပ်ပလား။
ခန္ဓာမရှိ၊ အနိစ္စ, ဒုက္ခ, အနတ္တသာ ရှိပါကလား
ဒကာ,ဒကာမတို့ ရှုမှတ်နေတဲ့ ယောဂီရဲ့ဉာဏ်ထဲမှာ “ခန္ဓာမရှိ၊ အနိစ္စ, ဒုက္ခ, အနတ္တသာ ရှိပါကလား”လို့သိ။ ဒီလိုသိတော့ ပျောက်ထွက်သွားတာပဲ။ ဒီလိုပျောက်ထွက်သွားရတာဟာ ဖြစ်ပျက်လာတိုင်း ပွားနေလို့ပဲဆိုတာ မှတ် ကြတော့။ ဒါကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေလည်း ပွားများမှုကို အထူးဂရုစိုက်ပြီး ကြိုးစားကြရမယ်ဆိုတာ ပေါ်ကြပလား။ ပွားရင် ကိလေသာပါးပြီး တစ်ချက်ချက်မှာ ပျောက်ထွက်သွားတော့တာပါပဲ။
အဲဒီလိုပျောက်ထွက်သွားတော့ လက်ရှိခန္ဓာလုပ်ပေမယ့် တဏှာ, ဥပါဒါန်, ကံတွေ မလာတော့ဘူး။ ဒါတွေ မလာတော့ နောက်ခန္ဓာလုပ်ပေမယ့် ဇာတိစတဲ့ တရားတွေလည်း မလာတော့ဘူး။ မလာတော့ သမုဒယလည်းချုပ်, ဒုက္ခလည်းချုပ်ကရော။ ဒကာ,ဒကာမတွေ သဘောပါကြပလား။ ဒါကြောင့် ပွားများမှုဟာ အလွန်အရေးကြီးတယ်။ ပွားများမှုကို ကြိုးစားအားထုတ်ကြပါလို့ အထူးတလည် တိုက်တွန်းလိုက်တယ်။ ဒီလိုပွားများမှုရှိရင် ခန္ဓာမှာ ရုပ်ကလေး တွေ, ဝေဒနာကလေးတွေ, စိတ်ကလေးတွေဖြစ်ပြီး ပျက်နေတာကို တွေ့ကြရမယ်။
ပွားများတဲ့အခါတော့ မိမိနှစ်သက်ရာတစ်ခုထဲကို ပွားရမယ်။ ရုပ်ကိုကြိုက်ရင် ရုပ်, စိတ်ကိုကြိုက်ရင် စိတ်, ဝေဒနာကြိုက်ရင် ဝေဒနာပွား၊ တစ်ခုခုကို လာသမျှပွားပေး။ ပွားပေးတော့ ဖြစ်ပြီးပျက်ပျက်သွားတာတွေချည့် တွေ့ ရမယ်။ အဲဒီလိုတွေ့ရင် “ငါ့ခန္ဓာဆိုတာ”မဟုတ်မှန်း သိလာမယ်၊ ဒီလိုအမှန်အကန်သိမြင်ရင် ခန္ဓာပေါ်မှာခင်တဲ့ တစှာ, ငါ့ကိုယ်လို့ထင်တဲ့ ဒိဋ္ဌိမရှိတော့ဘူး။ ကွာသွားပြီဆိုတော့ မှတ်ကြတော့၊ သဘောပါကြရဲ့လား။
မဂ္ဂက တဏှာဒိဋ္ဌိကွာအောင် လုပ်ပေးတာပဲ
ဒီဥစ္စာကို မဂ္ဂကလုပ်ပေးတာပဲ၊ မဂ္ဂက တဏှာဒိဋ္ဌိကွာအောင် လုပ်ပေးတာပဲလို့ မှတ်ကြရမယ်။ မဂ္ဂသစ္စာကို ပွားတော့ ပွားရင်းက သမုဒယကိုပယ်သွားတာပဲ၊ ကျေနပ်ကြပလား။ ဒီမဂ္ဂကိုမပွားရင် ခန္ဓာကိုခင်တဲ့ ကိလေသာဟာ ပါးလည်း မပါဘူး။ ပျောက်လည်းမပျောက်ဘူးဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား၊ မဂ္ဂသစ္စာကိုပွားရင် တဏှာ ဥပါဒါန်ကံတွေလည်းပျောက်၊ နောက်က ဇာတိစတဲ့ ဒုက္ခအစုတွေလည်းပျောက်၊ သမုဒယနဲ့ ဒုက္ခသစ္စာပျောက်တာပဲ၊ ရှင်းကြရဲ့လား။ ဒုက္ခသစ္စာပျောက်တော့ ပျောက်တဲ့နေရာမှာ “ဒုက္ခနိရောဓော နိဗ္ဗာနံ”ဆိုတော့ နိဗ္ဗာန်ရောက်တာပဲ၊ ကျေနပ်ကြပလား။
ဒကာ,ဒကာမတို့ ဘာ့ကြောင့်နိဗ္ဗာန်ရောက်ရသလဲလို့ မေးရင် မဂ္ဂသစ္စာကိုပွားလို့ပဲ။ နောက်ခန္ဓာပျောက်ပြီး နိဗ္ဗာနိပေါ်လာတာဟာ မဂ္ဂသစ္စာကြောင့်ပဲလို့သာ ဆုံးဖြတ်ချက်ချလိုက်ကြ၊ ရှင်းကြရဲ့လား။ မဂ္ဂသစ္စာကိုပွားမှုတာ ဘယ်လောက်ကျေးဇူးများတယ်ဆိုတဲ့အချက် ပေါ်ကြပလား။ မဂ္ဂသစ္စာတစ်ခုထဲကို ပွားနေရုံနဲ့ ဒုက္ခသစ္စာကိုလည်း မြင်တယ်။ သမုဒယလည်းသေ နိရောဓသစ္စာလည်း ရောက်လာတယ်။ အလွန်နေရာကျသွားတယ်။ ဒကာ,ဒကာမတွေ ကျေနပ်ကြပလား။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဒါဖြင့် နိဗ္ဗာန်ရဖို့ အလုပ်ဟာ ဆုတောင်းအလုပ်လား၊ ပွားတဲ့အလုပ်လား၊ ပွားလို့သာ ဒုက္ခချုပ်တာပဲ။ မပွားရင် ဒုက္ခဘယ်တော့မှ မချုပ်ဘူး။ ဒီတော့ နိဗ္ဗာန်ရချင်ရင် ပွားယူမှရမယ်။ ဆုတောင်း နဲ့မရဘူးဆိုတာ တထစ်ချမှတ်လိုက်ကြ၊ ရှင်းကြရဲ့လား။ ဒကာ,ဒကာမတို့ မဂ္ဂသစ္စာကို ပွားလိုက်တာနဲ့ သမုဒယလည်း သေတယ်။ ဒုက္ခတွေလည်းချုပ်တယ်၊ နိဗ္ဗာန်လည်းပေါ်လာတယ်၊ သဘောပါကြရဲ့လား။
ဒို့အလုပ်က ပွားရုံပဲ
အဲဒါကြောင့် ဒီကရှေ့ကို ဒကာ,ဒကာမတွေက “နိဗ္ဗာန်ကို မြန်မြန်ရ,ရပါလို၏”ဆိုတဲ့အလုပ်တွေ လုပ်မနေ ကြနဲ့တော့။ နိဗ္ဗာန်ကို မြန်မြန်ရောက်ချင်ရင် ဒီပွားမှုမဂ္ဂင်အလုပ်ကို မြန်မြန်လုပ်ဖို့ပဲရှိတယ်။ ဆုတောင်းအလုပ် မဟုတ် ဘူး၊ ပွားများမှုအလုပ်၊ ဒကာတို့တတွေက “ဒို့အလုပ်က ပွားရုံပဲ၊ နိဗ္ဗာန်ရောက်ဖို့ရာ ပွားမှုအပြင် ဘာမှလုပ်ဖို့မလိုဘူး” လို့ မှတ်လိုက်ကြ၊ ရှင်းကြရဲ့လား။
ဒကာ,ဒကာမတွေ ပွားများရင် ဘာကျေးဇူးရှိသလဲလို့ဆိုတော့ “သမုဒယကိုပယ်တယ်၊ ဒုက္ခကို ပိုင်းခြားတယ်၊ နိရောဓကိုလည်း အရယူတယ်”၊ ပွားတဲ့ကိစ္စဟာ အင်မတန်ခရီးရောက်တာပဲ။ ပွားတဲ့ကိစ္စဟာ အလွန်မတန်ဘဲ ခရီး ပေါက်နိုင်တယ်ဆိုတာ ဆုံးဖြတ်လိုက်ကြ။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဆရာရင်း ဒကာရင်းတွေမို့ ထူးထူးခြားခြား ပြောနေပါတယ်။ စဉ်းစဉ်းစားစား နားထောင်ကြပါ။ ဉာဏ်နားနဲ့ ထောင်ကြပါ။ အရပ်နား မိဘရိုးရာနားနဲ့ မထောင်ကြပါနဲ့။ ဒကာတို့တတွေ ရှေးက အလွဲချည်းလုပ်ခဲ့ကြတယ်၊ အမှန်လုပ်ရမှာက တစ်ခုတည်းပါ။ အားလုံးကိုလျှောက်လုပ်နေတယ်။ လေးပါးလုံးကိုလျှောက် ပြီးလုပ်နေကြတယ်။ ဒကာတို့တာဝန်က ဘာမှလျှောက်မလုပ်နဲ့၊ “ဖြစ်ပျက်ပွားရုံ အလုပ်တစ်ခုပဲ”လို့သာ မှတ်ထားကြ တော့၊ ရိပ်မိကြပလား။
ဒကာ,ဒကာမတွေ အရေးကြီးတာ ပေါ်ကြပလား။ ဖြစ်ပြီးပျက်တဲ့ဓမ္မတွေ ခန္ဓာထဲမှာ လာတိုင်း,လာတိုင်း ပွားနေရုံပါပဲ။ ဒီလိုပွားနေရင် ခန္ဓာက ဒုက္ခသစ္စာဖြစ်လာမယ်။ ခန္ဓာက ဒုက္ခသစ္စာအဖြစ်ကို ပြလာပြီးတဲ့နောက် ဉာဏ်က သိမြင်တာနဲ့ သမုဒယသေတယ်။ ဒီနောက်မှာ နိရောဓလည်း အလိုလိုရောက်လာမယ်၊ ကျေနပ်ကြပလား။ ပွားရင် ခန္ဓာက “ကျုပ် ဒုက္ခသစ္စာပဲ”လို့ပြောမယ်။ သမုဒယကလည်း “ကျုပ် မရှိတော့ပါဘူး သေပါပြီ”လို့ ပြောမယ်။ နိရောဓကလည်း “ငါလာပြီကွ”လို့ ပြောမယ်ဆိုတာ မှတ်လိုက်ကြ၊ သဘောပါကြရဲ့လား။
“ဆန်စက် အင်ဂျင်မောင်းသမား”လိုပဲ
ဥပမာဆိုရင် “ဆန်စက် အင်ဂျင်မောင်းသမား”လိုပဲလို့ မှတ်ရမယ်။ ဆန်စက်က အင်ဂျင်မောင်းသမားရဲ့ တာဝန်ဟာ အင်ဂျင်လည်ဖို့ တစ်ခုပဲရှိတယ်။ စပါးထည့်ဖို့ ဆန်ကျိတ်ဖို့၊ ဆန်ကွဲကျဖို့၊ ဖွဲ့ကျဖို့ စတဲ့တာဝန်တွေဟာ သူ့အလုပ်တာဝန် မဟုတ်ဘူး။ သူ့အလုပ်က အင်ဂျင်လည်လည်နေရင် ပြီးတာပဲ၊ သူ့အလုပ်တာဝန်က အင်ဂျင်စက် လည်အောင်လုပ်ဖို့ လှည့်ပေးနေဖို့ တာဝန်တစ်ခုထဲပဲရှိတယ်။ ဒီဥပမာအတိုင်းပဲ။ ဒကာ,ဒကာမတွေရဲ့ တာဝန်ကလည်း တစ်ခုထဲပဲရှိတယ်ဆိုတာ မှတ်ကြရမယ်။ ဒါကြောင့် အင်ဂျင်စက်လည်ဖို့ တာဝန်တစ်ခုဟာ “ဒို့တာဝန်”ပဲလို့သာ မှတ် ထားလိုက်ကြ။
ဒကာ,ဒကာမတွေ ဆုံးဖြတ်ချက်ချလိုက်ကြ။ ဒို့က “ပွားရုံပဲ”လို့၊ ကျေနပ်ကြပလား။ ဥပမာ ယားရင် နာရင် ဖြစ်ပျက်ရှုပစ်၊ မရှုမိရင် လောဘ,ဒေါသတွေ တန်းလာမယ်။ သံသယဖြစ်ရင်လည်း ရှုပစ်၊ ငိုက်တဲ့အပြစ်ကလေးပေါ် လာလည်း ဖြစ်ပျက်ဦးအောင်ရှုပစ်။ ဘာလာလာ ဘာစိတ်ပေါ်ပေါ် ဖြစ်ပျက်ရှုပစ်ဖို့ အရေးကြီးတယ်။ ဒီတာဝန်ဟာ ဒကာတို့လုပ်ရမယ့် တာဝန်ပဲဆိုတာ ရိပ်မိကြပလား။ ရိပ်မိရင် ကြိုးစားရှုကြ။ မလွတ်စေနဲ့။ လွတ်ရင် ပဋိစ္စသမုပ္ပါဒ် “ဒုက္ခစက်ကြီး”တန်းလာတော့မှာပဲ ရှင်းကြပလား။
မိမိသန္တာန်မှာ လာသမျှမလွတ်အောင်ရှု၊ လာတိုင်းလာတိုင်း ပွားပေး၊ ဒီလိုပွားပေးရင် ဒုက္ခသစ္စာဖြစ်တာ အမှန်အကန် သိမြင်လာမယ်။ ဒီလိုသိလို့ ဒုက္ခသစ္စာအပြစ်ကို မြင်လေလေ သမုဒယပါးလေလေပဲ။ ဒုက္ခသစ္စာအပြစ် အမြင်သန်သလောက် သမုဒယသစ္စာ မြန်မြန်ပျောက်မယ်ဆိုတာ မှတ်လိုက်ကြ။ ဒီနည်းအတိုင်း အရှုအပွားများရင် များသလောက် ဉာဏ်ထက်လာမယ်။ ဉာဏ်ထက်သထက် ထက်လာရင် လောကုတ္တရာမဂ်လာတာပဲ၊ ကျေနပ်ကြပလား။
ဒုက္ခသစ္စာ အမြင်များလေလေ သမုဒယ ပါးလေလေ
ဒကာ,ဒကာမတို့ဉာဏ်က ထက်လေလေ, ကိလေသာကုန်လေလေ၊ ဒုက္ခသစ္စာ အမြင်များလေလေ သမုဒယ ပါးလေလေ၊ နိရောဓပေါ်လေလေပဲဆိုတာ မှတ်ကြတော့။ အဲဒါ ရှုပွားမှုတစ်ခုထဲကို လုပ်လို့ရတဲ့အကျိုးတရားတွေပဲ။ ဒီရှုမှတ်ပွားများမှုဆိုတဲ့ မဂ်သည် လေးကိစ္စလုပ်တယ်၊ လေးကိစ္စဆောင်ရွက်ပါတယ်။ မဂ်က သူ့ဟာသူထက်အောင် ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင်သိအောင် သမုဒယတွေပျောက်အောင် နိရောဓပေါ်အောင် ဒီလေးကိစ္စလုပ်တယ်။ သဘော ပါကြပလား။
ဒါကြောင့် “မဂ္ဂသစ္စာပွားမှု တစ်ခုထဲသာ လိုရင်းအချက်ပဲ။ ဒါသာ ဒို့တာဝန်ပဲ”ဆိုတာ ဆုံးဖြတ်လိုက်ကြ။ ဒီတော့ ဒကာ,ဒကာမတွေက မေးစရာရှိတယ်။ ဘယ်လောက်များပွားရမလဲ၊ ဘယ်အခြေရောက်အောင် ပွားရမှာလဲ လို့ဆိုတော့ “ထက်အောင် ပွားရမှာပဲ”လို့ မှတ်ထားကြ။ ထက်အောင်ပွားရမယ်၊ ထက်လို့ ဉာဏ်အောက်မှာ နိရောဓ ရောက်လာရင် ပွားမှုရပ်စဲရုံပဲ၊ ကိစ္စပြီးပြီလို့သာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။
ဒကာ,ဒကာမတို့ ပွားမှုဟာ အကန့်အသတ်ရှိပါတယ်။ မရောက်ခင်ကလေးအတွင်းမှာတင် ပွားရုံပဲ။ ရောက်ရင် ပြီးပါတယ်။ ဖြစ်ပျက်အဆုံးကိုရောက်ရုံ ပွားရမှာပါ၊ ဖြစ်ပျက်ဆုံးရုံတင် ပွားရမှာပါ၊ ဖြစ်ပျက်ဆုံးရင် နိရောဓပေါ်လာ တော့ ကြည့်နေရုံပဲ၊ မပွားနဲ့တော့၊ အဲဒီဖြစ်ပျက် အဆုံးရောက်ရင် ပွားမှုကိစ္စပြီးပါပြီ။ ဒကာ,ဒကာမတွေ ကျေနပ်ကြ ပြီလား။ ကြိုးစားပြီးသာ ပွားကြတော့။
ဒကာ,ဒကာမတို့ မဂ္ဂသစ္စာကိုပွားတဲ့အလုပ်ဟာ သံသရာကထွက်တဲ့အလုပ်ပဲ၊ သံသရာဝဋ်က ကျွတ်ချင် လွတ်ချင်တာမှန်ရင် မဂ္ဂသစ္စာပွားတဲ့အလုပ်ကို လုပ်ကြ။ ဒါကိုမလုပ်ရင် ဘယ်နည်းနဲ့မှမရနိုင် မကျွတ်လွတ်နိုင် ဘူးဆိုတာ တစ်ထစ်ချသာ မှတ်လိုက်ကြတော့။ လေးလေးနက်နက်ကြီး သတိပေးလိုက်ပါတယ်။
ဒကာ,ဒကာမတွေရဲ့ အကျင့်တစ်ခု
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေရဲ့ အကျင့်တစ်ခုက “ကျောင်းရောက်လာ ရှုကြ, ရှုကြလို့ ဆရာကပြောတော့ ကြိုးစားပြီးရှုလိုက်ကြ၊ နောက် ရုပ်နာမ်ဖြစ်ပျက်ကလေးလည်း မြင်ရရော အိမ်ပြန်သွားကြ၊ ဖြစ်ပျက်မြင်ရုံနဲ့ပဲ အိမ်ပြန် ပြန်သွားကြတယ်။ “နေကြပါဦး…ခဏလောက်ဆိုင်းပါဦး”လို့ပြောတော့ “အလုပ်ရှိသေးလို့”တဲ့နဲ့ ပြောတတ်ကြတယ်။ တရားလည်း ကောင်းမယ့်အခြေအနေရော အလုပ်ရှိသေးသတဲ့ဆိုပြီး ပြန်ပြန်သွား၊ ပြန်သွားပြီး တောင်ပြောမြောက် ပြော ပြောတတ်ကြတယ်။
ကိုယ်နေရာမကျတာ ကိုယ်မသိဘူး၊ ကိုယ်က နောက်ဆုတ်နေပြီး “ပါရမီက ဒါလောက်ပဲထင်ပါရဲ့”တဲ့။ ဒီအချိုး တွေ ပြင်ကြတော့၊ ကိုယ့်ဟာကိုယ် အညွန့်ချိုးတဲ့အလုပ်တွေ မလုပ်ကြနဲ့တော့ဆိုတာ အထူးသတိပေးလိုက်တယ်။ ဒကာ တို့ဟာ တဏှာနဲ့အိပ်, တဏှာနဲ့စား, တဏှာနဲ့သွား, တဏှာနဲ့ အဖော်လုပ်ပြီး တစ်သံသရာလုံးလည်း ငါးပါးအာရုံ ကာမဂုဏ်ကိစ္စတွေနဲ့ အချိန်ကုန်ခဲ့ကြပြီ။ ဒီဘဝတစ်သက်လုံး ဆိုသလိုပါပဲ ဒီကာမဂုဏ်အာရုံ အလုပ်တွေနဲ့ပဲ အချိန်ဖြုန်း ပြီး လူစတုံးတော့မယ်။
တစ်သံသရာမှ တစ်ခါဆိုသလို အင်မတန်မှတွေ့ရခဲ ကြုံရခဲ့တဲ့ မဂ္ဂင်လုပ်ငန်း သံသရာစခန်းသတ်အလုပ်ကို အားမထုတ်ချင်ဘူးဆိုရင်ဖြင့် ပြောဖို့မရှိတော့ဘူး။ ကိုယ့်ဟာကိုယ်ပဲ “ငါဘယ်အစားထဲကလဲ”ဆိုတာကို ဉာဏ်နဲ့သာ ဝေဖန်ကြည့်ကြတော့၊ လကွယ်ည သန်းကောင်ယံအချိန်မှာ မီးသွေးတိုက်ထဲက မွေးဖွားလာတဲ့သူမို့လားဆိုတာ စဉ်းစား ကြ။
ကိုယ်ကျိုးကိုယ့်စီးပွားအစစ်
အလွန်မြတ်တဲ့ ကိုယ်ကျိုးကိုယ့်စီးပွားအစစ်ဖြစ်တဲ့ အလုပ်မို့ ကြိုးစားသင့်တယ်ဆိုတာ အထူးသတိပေးလိုက်ပါ တယ်။ ဒီလုပ်ငန်းက တကယ်လုပ်ရင် အလွန်မကြာပါဘူး။ ကာမဂုဏ်အလုပ်မျိုးလောက် မကြိုးစားရပါဘူး။ တကယ် အားထုတ်ရင် အားထုတ်သလောက် အကျိုးရပါတယ်။ အားထုတ်တဲ့အခါ ကိလေသာမခြားရင် အများဆုံး ခုနစ်ရက် နဲ့တောင် နိဗ္ဗာန်မြင်နိုင်တယ်ဆိုတာ ဘုန်းကြီးက ကတိပေးလိုက်ပါတယ်။ ရိပ်မိကြပလား။
ဒီတော့ ကိုယ်ကျိုးကိုယ့်စီးပွား အစစ်ဖြစ်တဲ့ ဒီမဂ္ဂင်အလုပ်ကိုဖြင့် တကယ်တမ်းမရ,ရအောင် အားထုတ်တော့ မယ်ဆိုတဲ့စိတ် ပြင်းပြင်းထန်ထန်မွေးပြီး ကြိုးစားကြ။ နောက်မှဆိုရင် ဒီအခွင့်အခါမျိုး မလွယ်ကူတော့ဘူး။ ဘာမှ မဟုတ်တဲ့ သံသရာ့အလုပ် ရိုးရာအလုပ် ဘာမှမဆန်းတဲ့ ဘုံဆိုင်အလုပ် ကာမဂုဏ်လုပ်ငန်းတွေကို ခေတ္တခဏလောက် ချထား။ ရပ်ဆိုင်းထားပြီး ဒီမဂ္ဂင်အလုပ်ကို လုပ်ကြရမယ်၊ လုပ်သင့်တော့တယ်ဆိုတဲ့အချက်ကို နက်နက်နဲနဲ စဉ်းစား ကြ၊ ဆုံးဖြတ်ချက်ချကြ။
ဒကာ,ဒကာမတွေ သဘောပါကြပလား။ ဒီနေရာမှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ဂဏပါမောက္ခဖြစ်တဲ့ ပုဏ္ဏားကြီးတစ်ဦးက မေးမြန်းလို့ ဘုရားရှင်က ပြန်ကြားဖြေဆိုတော်မူတဲ့အချက်ကို ပြောပြရမယ်။ အဲဒီပုဏ္ဏားက ဘုရားရှင်ကို မေးမြန်းလျှောက်ထားတယ်။ သူမေးတဲ့အချက်က…
”အရှင်ဘုရား၊ တပည့်တော်တို့ ပုဏ္ဏားထုံးစံ ဗေဒင်ပညာကို သင်ကြားရတဲ့အခါမှာ တစ်,နှစ်,သုံး,လေး စတဲ့ အပေါင်းအနှုတ် အမြှောက်အစားဆိုတဲ့ ဂဏန်းအတတ်ကို သင်ရပါတယ်။ ဒီနောက်မှာ ဗေဒင်ပညာကို အဆင့်ဆင့် တက်ပြီး အစဉ်အတိုင်း သင်ကြားရပါတယ်။ ဒီလိုသင်ကြားတာကြောင့် ဗေဒင်ပညာကို အစအဆုံး တတ်မြောက်ကြ ပါတယ်။ အရှင်ဘုရားရဲ့ ပညာမှာကော ဒီလိုအစဉ်ရှိပါသလား။”
ဒို့မှာလည်း အစီအစဉ်ရှိပါတယ်
ပုဏ္ဏားက ဒီလိုမေးတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက…
”ဒို့မှာလည်း အစီအစဉ်ရှိပါတယ်”လို့ပြောပြီး အစီအစဉ်ကို သင်ပြတော်မူလိုက်တယ်ဆိုတာ မှတ်ကြ။ “ရှေးဦး စွာ သီလလုံခြုံရမယ်၊ သီလလုံတော့ မဂ္ဂင်ငါးပါးနဲ့ ရုပ်နာမ်ဖြစ်ပျက်ကို ရှုပွားရမယ်၊ ဒီနောက် မြင်တဲ့ဖြစ်ပျက်ကို လက်မလွတ်စေနဲ့၊ မလွတ်အောင် ရှုပေးရမယ်။ ဒီနောက် ဆက်ပြီး ဒီဖြစ်ပျက်ကိုပွားသာနေတော့”လို့ ပြောပြပြီး လုပ်ငန်းအစဉ် ပွားများမှုအစဉ်ကို ပြောပြပေးလိုက်တယ်။
အဲဒါနဲ့ ပုဏ္ဏားက ဆက်ပြီးမေးပြန်တယ်ဆိုတာ မှတ်ရမယ်။
”အရှင်ဘုရား၊ ဒါဖြင့် ဒီလိုကျင့်ကြံအားထုတ်တဲ့သူတွေ အားလုံးပဲ နိဗ္ဗာန်ရောက်ကြပါသလား”။
ဒီလိုမေးတော့ ဘုရားရှင်က ဥပမာစကားနဲ့ ဖြေကြားတော်မူလိုက်တယ်လို့ မှတ်ကြရမယ်။
ဘုရားရှင်က ပုဏ္ဏားကို…
”ဥပမာဆိုပါတော့၊ လမ်းမသိတဲ့ လူတစ်ယောက်က သာဝတ္ထိပြည်ကို ဘယ်လမ်းကသွားရပါသလဲလို့ မေးတော့၊ လမ်းသိတဲ့လူက “ဒီလမ်းက ဒီလိုသွား၊ ဘယ်နားကျရင် ဘယ်လိုကွေ့ပြီး ဘယ်လမ်းအတိုင်းလိုက်” စသည်အားဖြင့် လမ်းညွှန်ပြလိုက်တဲ့အခါမှာ မျက်စိမလည်တဲ့သူဟာ သာဝတ္ထိကိုရောက်တယ်၊ မျက်စိလည်တဲ့ သူကျတော့ မရောက်ဘူး၊ ထို့အတူပဲ၊ ညွှန်ပြတဲ့အတိုင်း နားထောင်သူမှန်ရင် နိဗ္ဗာန်ရောက်ပါတယ်”
လို့ ပြန်ကြား ဖြေဆိုတော်မူလိုက်တယ်။ ဒကာ,ဒကာမတွေ သဘောပါကြပလား။ နားထောင်သူ ရောက်တယ်။ နားမထောင်သူ ထော်လော်ကန့်လန့်သမားဆိုရင် မရောက်ဘူးဆိုတဲ့အဓိပ္ပာယ် ပေါ်ကြပလား။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေဟာ ဘုရားကဘယ်လိုဟောဟော၊ ဆရာဘုန်းကြီးက ဘယ်လိုပြောပြော ကိုယ့် အိမ်ပြန်ရောက်ရင် မျက်စိလည်သွားကြတာချည်းပဲ။ အိမ်ကျလို့ ကိလေသာတောထဲရောက်ရင် မျက်စိအကြီးအကျယ် လည်သွားကြတော့တာပဲ။ အိမ်ကျတော့ “အပ်ကလေးတစ်ချောင်းကအစ အသုံးကျတယ်။ ကောက်သိမ်းကြ၊ အိမ်မှာ အသုံးကျတာမို့ ပစ်စရာမရှိဘူး”ဆိုပြီး ကိလေသာတော တဏှာတောထနေတာနဲ့ပဲ မရှုဖြစ်တော့ဘူး၊ တစ်ခါတည်း မျက်စိလည်ကုန်ကြတော့တာပဲ၊ ရိပ်မိကြပလား။
ပွားတဲ့သူအပေါ်မှာ တည်တယ်
ဘုရားက ပုဏ္ဏားကိုဖြေလိုက်တဲ့အချက်မှာ “ဒို့မှာလည်း အစီအစဉ်ရှိပါတယ်တဲ့၊ နိဗ္ဗာန်ပွားများပြီး သွားရတယ်၊ ပွားပြီးသွားတဲ့နေရာမှာ ပွားတဲ့သူအပေါ်မှာ တည်တယ်၊ ပွားတဲ့သူက အတိအကျလိုက်နာပြီး အားထုတ်ရင် နိဗ္ဗာန် ရောက်ပါတယ်၊ ဒီလိုမဟုတ်ရင် မရောက်ဘူး၊ ဒါကြောင့် တချို့ရောက်တယ်၊ တချို့ မရောက်ဘူး”လို့ ဟောတော်မူ တာပဲလို့ မှတ်လိုက်ကြ၊ ဒကာ,ဒကာမတွေ ရှင်းကြရဲ့လား။
ဒကာ,ဒကာမတွေက မနေကောင်းတဲ့အရပ်မှာနေပြီး မသွားကောင်းတဲ့နေရာကိုပဲ သွားနေကြတာပဲဆိုရင် မလွဲဘူး၊ မနေကောင်းတဲ့အရပ်ဆိုသာ အခင်အမင်များတဲ့အရပ်၊ အဲဒီနေရာမျိုးဟာ တရားအားထုတ်မှု ပျက်တဲ့နေရာမို့ မနေကောင်း မသွားကောင်းတဲ့ နေရာအရပ်ပဲလို့သာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။ ဒကာ,ဒကာမတွေကတော့ ဒီလို အရပ်, ဒီလိုနေရာမျိုးမှာမှ ပိုပြီးပျော်တယ်၊ ပိုပြီးနေချင်တယ်၊ ဘယ်တော့မှ ကောင်းဖို့မမြင်ဘူးဆိုတာ ပြောလိုက်ပါ တယ်။
ဒကာတို့တတွေက လမ်းနှစ်ခွတွေ့ရင် ဘယ်ဘက်လမ်းလိုက်တာချည်းပဲ။ စိမ့်တွေ မြိုင်တွေနဲ့ အရိပ်အာဝါသ တွေ ကောင်းတယ်၊ အလွန်အေးမြတယ်၊ ချမ်းသာတယ်ဆိုပြီး နားနေကြ၊ ခိုဝင်နေကြတယ်။ အဲဒီဥပမာက ဘယ်လိုလဲ ဆိုတော့ “လောကီမှာရှိတဲ့ စည်းစိမ်တွေ တိုက်တာအိမ်ခြေ၊ ရွှေငွေပစ္စည်းတွေ၊ သားသမီး, သားမယား စတဲ့အာရုံတွေ ဒီဟာတွေထဲမှာ နားနေခိုနေ ပျော်ပိုက်နေကြတော့တာပဲ” မြင်ကြရဲ့လား။
ဘုရားပြတဲ့လမ်းအတိုင်း
ဒကာ,ဒကာမတွေ ဘုရားပြတဲ့လမ်းအတိုင်း ဖြောင့်ဖြောင့်မတ်မတ် မလိုက်ချင်ကြဘူး၊ ဘုရားက ညာလမ်း လက်ျာလမ်း, မဂ္ဂလမ်းကသွားရင် သာဝတ္ထိပြည်ဆိုတဲ့ နိဗ္ဗာန်ကို အမှန်ရောက်ပါတယ်လို့ ပြောပေမယ့် ဟိုနားကျတော့ မျက်စိလည်သွားကြပြီး မျက်စိလည်ပြီး ဘယ်လမ်း၊ လက်ဝဲလမ်းဆိုတဲ့ ကာမဂုဏ်အာရုံလမ်းဘက် လိုက်သွားကြတာ ချည်းပဲ၊ သင်္ဘောပါကြပလား။
ဒီက ဘုရားရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ ဆရာဘုန်းကြီးများက “ဒကာ,ဒကာမတို့ မပေါ့ကြနဲ့၊ ဒီနည်း ဒီလမ်း ဒီစခန်းနဲ့ ဒီအစီအစဉ်အတိုင်း မဂ္ဂင်အလုပ်လုပ်ကြ၊ တရားအားထုတ်ကြ”လို့ ပြောလိုက်ပေမယ့် မရဘူး၊ ကိုယ့်အိမ် နားလည်းရောက်ရော တစ်ခါတည်း ဇောက်ထိုးမိုးမျှော် မျက်စိလည်ပြီး သွားကြတော့တာပါပဲ။ အိမ်ပြန်ရောက်တော့ သားနဲ့ပျော်, သမီးနဲ့ပျော်, ဇနီးနဲ့ပျော်ဆိုသလို ပျော်ပြီးနားနေ ခိုနေ မျက်စိလည်ပြီး ပျော်ပိုက်နေကြတော့တာပဲ။
ဒီကြားထဲမှာ အသက်အရွယ်ကြီးတဲ့ ဒကာ,ဒကာမတွေက ပိုပြီးဆိုးချင်ကြသေးတယ်၊ ဘာကြောင့်ညာကြောင့် ဘယ်သူ့စိတ်မချလို့ ဘယ်ဝါစိတ်မချလို့နဲ့ ယိုးမယ်ဖွဲ့ ရမယ်ရှာပြီး ကွေ့ကွေ့ကောက်ကောက် လုပ်နေတတ်ကြတယ်။ အသက်ကြီးသူ ကွေ့ကောက်နေတာက သာပြီးဆိုးသေးတယ်၊ ဆိုးလိမ့်ဦးမယ်ဆိုတာ ကြပ်ကြပ်သတိပြုကြ။ ငယ်ရွယ်သူ မျက်စိလည်နေရင် လမ်းညွှန်ဖို့ အချိန်ကျန်သေးတယ်၊ ကြီးသူတွေအတွက်က အချိန်မကျန်ကြတော့ဘူး၊ ရိပ်မိကြရဲ့ လား။
သေမယ့်အချိန်က ယနေ့လား, နက်ဖြန်လား
သေမယ့်ရက်, သေမယ့်အချိန်က ယနေ့လား, နက်ဖြန်လား၊ အခုလား၊ တော်…နေလားဆိုတာ မသိနိုင် ကြဘူး။ ဒကာတို့ အသက်ရှင်နေကြတာဟာ ကံကြောင့်လည်း အသက်ရှင်နေကြရ၊ စိတ်ကြောင့်လည်း ရှင်နေကြရ၊ ဥတုရာသီကြောင့်လည်း ရှင်နေကြရ၊ အစာအဟာရကြောင့်လည်း အသက်ရှင်ပြီး နေကြရတာပဲ။ အဲဒီတော့ ကံက သော်လည်းကောင်း၊ စိတ်ကသော်လည်းကောင်း၊ ဥတုရာသီကသော်လည်းကောင်း၊ အစာအဟာရကသော်လည်းကောင်း၊ တစ်ခုခုက ဖောက်ပြန်လိုက်ရင် လတ်တလောခြင်း သေနိုင်တယ်ဆိုတာ ပေါ်ကြရဲ့လား။
ဒါကြောင့် အသေကမဦးခင် ကိုယ်က အရင်ဦးအောင် အမြန်ဆုံးလုပ်သင့်တယ်၊ တရားအားထုတ်သင့်တယ်၊ အားထုတ်တော့မယ်လို့သာ ဆုံးဖြတ်လိုက်ကြ။ အသက်ရှင်နေရေးမှာ ကံက အဓိကအကြောင်းရင်းပဲ။ နေရဖို့ကပ်က ဘယ်လောက်ကျန်သေးတယ်။ ဘယ်လောက်ကျရင် သေရမယ်ဆိုတာ မသိရပေမယ့် အချိန်အလွန်နည်းနေပြီ။ များများ မကျန်တော့ဘူးဆိုတာ ရိပ်မိကြရမယ်၊ ရှင်းကြပလား။
ကံက အဓိကအကြောင်း၊ တချို့ပြိတ္တာတွေဟာ ဘုရားတစ်ဆူကြား၊ နှစ်ဆူကြားဆိုသလို အစားအစာ မစား မသောက်ကြရရှာဘူး။ ဒါပေမဲ့ အသက်မသေကြဘူး။ ကံ,အာဟာရနဲ့ နေကြရတယ်။ ဒါကြောင့် ဒကာ,ဒကာမတွေလည်း အတိတ်ကပြုခဲ့တဲ့ကံကြောင့် အသက်ရှင်နေကြရတာပဲ။ ဒီတော့ ဒီကံကနည်းသလား၊ များသလားဆိုတာ မသိနိုင်ကြ ဘူး။ ဒီကံက ဘယ်တော့ကုန်မလဲဆိုတာ မသိနိုင်ကြဘူး။ ရှေ့တစ်လှမ်း လှမ်းသွားဖို့က ကံကပေးပေမယ့် ဒုတိယ ခြေလှမ်းကျလို့ မပေးတော့ရင် “ဗိုင်း”ခနဲ လဲသေရတော့မှာပဲ။
အဲဒီလို ရုတ်တရက် ဗိုင်းခနဲလဲသေရတာမျိုးဟာ “လေဖြတ်တာတဲ့” ပြောကြတယ်။ လေဖြတ်တာမဟုတ်ဘူး၊ “ကံဖြတ်တာပဲ”၊ ကံဖြတ်လို့ သေရတာပဲဆိုတာ မှတ်လိုက်ကြ၊ ကျေနပ်ပလား။ အဲဒီလိုသတ်တာ ကံကသတ်တာ၊ လေ ကသတ်တာ မဟုတ်ဘူး။ ဒကာတို့တတွေ အိပ်ဖို့ ကံကပေးပေမယ့် နိုးဖို့မပေးရင် မနိုးနိုင်တော့ဘူးဆိုတာ မှတ်လိုက် ကြ၊ သဘောပါပလား။
ကံကနည်းနေပြီ
ဒကာ,ဒကာမတို့ ဒီကံက နေရာတကာမှာ နေ့တိုင်း,နေ့တိုင်း ပေးနေရလို့ နည်းနေပြီ၊ များများမကျန်တော့ ဘူး။ အလွန့်ကိုနည်းနေပြီဆိုတာ ရိပ်မိကြတော့။ နောက် နားတွေကထိုင်းလား၊ မျက်စိတွေကမွဲနဲ့၊ အဲဒါတွေဟာ ကံ ပေးတဲ့နား၊ ကံပေးတဲ့မျက်လုံး မွဲတာပဲဆိုတာ သံသယမရှိကြနဲ့။ အားအင်တွေကလည်း နည်းပါးလာ၊ ဘာစားစား အရင်ကလို အရသာမတွေ့ချင်တော့ဘူးတဲ့။ အဲဒါ ကံအားနည်းလို့ပဲဆိုတာသာ မှတ်လိုက်ကြ၊ ရှင်းပလား။
အခု မျက်မြင်ကိုယ်တွေ့အနေမှာ ကံအားနည်းတာက သေချာနေပြီ။ နည်းရင် ကုန်တော့မလို့ပဲဆိုတာ အထူး ပြောဖို့ မလိုတော့ဘူး။ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက ရေတွင်းထဲကရေခမ်းတာတော့ ရိပ်မိကြတယ်။ ကိုယ့်ကံ ခမ်းတာကျတော့ မသိကြဘူး။ ကိုယ့်ကံခမ်းတာကိုမှ မသိမမြင်ကြရင် အကြုံကြီးကြုံပေမယ့် အဆုံကြီးနဲ့လွဲရတော့မယ်၊ ဘယ်လောက်နစ်နာမယ်ဆိုတာ ပြောဖို့မရှိတော့ပါဘူး။
ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ သာသနာနဲ့လည်းကြုံ၊ သစ္စာတရားကို နာကြားခွင့်၊ အားထုတ်ခွင့်ဆိုတဲ့ တကယ့်အခွင့်အရေးနဲ့လည်းကြုံ၊ ဟောကြားညွှန်ပြပေးမယ့် ဆရာသမားနဲ့လည်းကြုံ၊ ဒီလိုအင်မတန်မှ ကြုံကြိုက်ခဲလှ တဲ့ အခွင့်ကောင်းအခါကောင်းကြီးတွေနဲ့ ကြုံရပါရက်ကနဲ့ မဂ္ဂင်အလုပ်ကို မလုပ်လိုက်ရဘဲ ရုတ်တရက် ကံများကုန်သွား ရင် ဘယ့်နှယ်နေကြမလဲ။ အနိစ္စနဲ့များ ကြုံသွားရရင် သံသရာကျိုး အကြီးအကျယ်နည်းပြီ။ မျက်ရေပွဲနွှဲရဖို့မှတပါး တခြားဘာမှ မရှိတော့ဘူးဆိုတာ ဆုံးဖြတ်ချက်ချ။
ဒကာ,ဒကာမတွေ ကြပ်ကြပ်သတိပြုကြပါ၊ သာမညလို့များ မအောက်မေ့လိုက်ကြပါနဲ့၊ အလွန်ကြီးတဲ့ အရေး ပါလားဆိုတာ ရိပ်မိကြဖို့လိုပါတယ်။ အသက်အရွယ်ကြီးရင် ကြီးသလောက် ကံအားတွေက တစတစ နည်းပါးဆုတ်ယုတ် လာကြပြီ။ ကံအားနည်းတော့ တစ်မိုင်ခရီးဆိုရင် ရှေးကမပင်ပန်းပါဘူး။ အခု တစ်မိုင်ခရီးလောက်ဆိုရင် ပန်းချင် လာပြီ။ တတိုင်ခရီးဆို သွားဖို့လာဖို့ ရုတ်တရက် မလွယ်ကြတော့ဘူး၊ သဘောပါကြရဲ့လား။
ဆီမီးခွက်ကလေးများဟာ ဆီကုန်ခါနီးတော့
ဥပမာ ဘာနဲ့တူသလဲဆိုရင် ဆီမီးခွက်ကလေးများဟာ ဆီကုန်ခါနီးတော့ မီးတောက်က အားသေးလာတယ်၊ မီးအားသေးတော့ မီးတောက်ကလေးဟာ တောက်လိုက်လင်းလိုက်နဲ့ နောက် ဆီဓာတ်တွေ လုံးလုံးကုန်သွားတော့ မီး တောက်ကလေးဟာ မှေးမှေးပြီး ရုတ်တရက် ငြိမ်းသွားရတော့တာပဲ။ ဒီအတူပါပဲ။ အခု ဒကာ,ဒကာမတွေ မောပန်း လာ၊ ခါးကိုင်းလာ၊ နားထိုင်းလာ၊ မျက်စိတွေကမှုန်လာနဲ့ ဒီလိုဖြစ်လာတာဟာ တောက်လိုက်လင်းလိုက် ဖြစ်လာတာ ပဲ။ မှေးမှေးပြီး မကြာခင်မှာ ငြိမ်းရတော့မယ်ဆိုတာ မှတ်လိုက်ကြ။
ဒါကြောင့် အခွင့်အခါကောင်းတုန်း၊ အချိန်အခါရတုန်းမှာ မဂ်အလုပ်ကို လုပ်ကြမှဖြစ်မယ်။ လုပ်ပါတော့မယ် ဆိုတာသာ ဆုံးဖြတ်လိုက်ကြ၊ ရှင်းကြပလား။ မဂ်အလုပ်ကိုလုပ်ကြဖို့ဆိုတော့ မဂ်အလုပ်က ပွားတဲ့အလုပ်၊ တောင်းတဲ့ အလုပ်မဟုတ်ဘူး။ တောင်းလို့မရဘူး၊ ပွားမှသာရမယ်ဆိုတာ မှတ်ကြရမယ်၊ သဘောပါကြပလား။
ဒကာ,ဒကာမတွေ မဂ်အလုပ်ဟာ ပွားတဲ့အလုပ်ပဲဆိုတာ သေသေချာချာမှတ်ထားကြ၊ ပွားရင် သမုဒယ,ပါး မယ်၊ ပွားပါများတဲ့နောက် ခန္ဓာဒုက္ခသစ္စာအဖြစ်ကို အမှန်အကန်ဉာဏ်နဲ့ ဆုံးဖြတ်ချက်လည်းချလိုက်ရော သမုဒယ လည်းချုပ်၊ ဒုက္ခသစ္စာလည်းပျောက်၊ နိရောဓလည်း ရောက်တော့တာပဲ။ အဲဒီမှာ မဂ္ဂကလည်း လောကုတ္တရာစခန်း ပေါက်သွားတာပဲ။ ဒကာ,ဒကာမတွေ ကျေနပ်ကြပလား။
တောင်းနေလို့မရ, ပွားမှရမယ်
ဒကာ,ဒကာမတွေ “အာသဝေါတရားကုန်ဖို့ရာ တောင်းနေလို့မရ, ပွားမှရမယ်ဆိုတာ ရိပ်မိပလား။ ဒါဟာ ဘုန်းကြီးက ကိုယ့်သဘောတစ်ခုထဲနဲ့ အလွတ်ပြောနေတာ မဟုတ်ပါဘူး။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဒီအဓိပ္ပာယ် ကို “ခန္ဓဝဂ္ဂသံယုတ် ပါဠိတော် ဝါသိဇဓသုတ်”မှာ အသေအချာဟောကြား မိန့်မှာတော်မူခဲ့တယ်ဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြပလား။
အဲဒီပါဠိတော်မှာ…
”ဘာဝနာနုယောဂံ အနနုယုတ္တဿ ဘိက္ခဝေ ဘိက္ခုနော ဝိဟရတော ကိဉ္စာပိ ဧဝံ ဣစ္ဆာ ဥပ္ပဇ္ဇေယျ။”
”အဟောဝတ မေ အနုပါဒါယ အာသဝေဟိ စိတ္တံ ဝိမုစ္စေယျာ”တိ၊ အထခွဿ နေဝအနုပါဒါယ အာသဝေဟိ စိတ္တံ ဝိမုစ္စတိ၊ တံ ကိဿဟေတု၊ “အဘာဝိတတ္ထာ” တိဿဝစနီယံ။ ကိဿ အဘာဝိတတ္ထာ။
အဘာဝိတတ္တာ စတုန္နံ သတိပဋ္ဌာနာနံ (လ) အဘာဝိတတ္ထ အရိယဿ အဋ္ဌင်္ဂီတဿ မဂ္ဂဿ။”
အဓိပ္ပာယ်
ချစ်သားတို့၊ ဘာဝနာတရား ပွားများအားထုတ်မှုကို မပြုလုပ် အားမထုတ်ဘဲနေသော ရဟန်းအား “ငါ၏စိတ် သည် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်မြောက်ပါမူကား ကောင်းလေစွ”ဟူသော အလိုဆန္ဒ အကယ်၍ကား ဖြစ်ပေါ်ငြားလည်း ထိုသူ၏စိတ်သည် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ စင်စစ် မလွတ်မြောက်နိုင်ပေ။
အဘယ့်ကြောင့်ဆိုသော်…
”မပွားများသောကြောင့်ပင် ဖြစ်ပါချေသည်” အဘယ်ကိုမပွားများသောကြောင့်နည်း ဆိုသော် “သတိ ပဋ္ဌာန်လေးပါးတို့ကို မပွားများသောကြောင့် (လ) မဂ္ဂင်ရှစ်ပါး အရိယာတရားကို မပွားများသောကြောင့် ဖြစ်ပါချေ၏။”
ဒကာ,ဒကာမတို့ ဒီပါဠိတော်က ဒီလိုအဓိပ္ပာယ်ရှိတယ်ဆိုတာ မှတ်လိုက်ကြ၊ ကိုင်း…လုံလုံလောက်လောက် ရှိကြပြီမဟုတ်လား။
ကြက်မကြီးဥပမာပြ
ဒီနောက် ဆက်ပြီး ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဥပမာနဲ့ ရှင်းလင်းဟောပြတော်မူပြန်တယ်လို့ မှတ်ကြ ရမယ်။ ဒကာ,ဒကာမတို့ ဥပမာဆိုရင် “ကြက်မဟာ ကြက်ဥတွေကို ဆယ် (၁၀)လုံးလောက်ဥပြီး ပစ်ထားတယ်။ ဒီဥ တွေပေါ်မှာ အတောင်ဖြန့်ပြီးလည်းမဝပ်ဘူး၊ ကိုယ်ငွေ့အပူဓာတ်ကိုလည်း မပေးဘူး။ သဘာဝကြက်ရနံ့ကိုလည်း မပေးဘူး၊ အဲဒီလိုမပေးဘဲနဲ့ အနားကနေပြီး ကြက်ကောင်ကလေးတွေ ခြေသည်းတို့ နှုတ်သီးတို့ချွန်ပါစေ, ဥခွံလဲပါစေ, ဥထဲက အရေတွေလည်း ခန်းခြောက်ပြီး ပေါက်ဖွားလာကြပါစေ”လို့ တောင့်တနေရင် ကြက်ကောင်ကလေးတွေ ပေါက် နိုင်ပါ့မလား။ ဘယ်နည်းနဲ့မှ မပေါက်နိုင်ကြဘူး။
အဲဒါဘာကြောင့်လဲဆိုတော့ ကြက်မဟာ သူလုပ်ရမယ့် သူ့အလုပ်မလုပ်လို့ဘဲ။ သူလုပ်ရမယ့် ကြက်အလုပ် သုံးလုပ်ကိုမလုပ်ဘဲနဲ့ အနားကထိုင်ပြီး တောင့်တနေလို့ တောင်းနေလို့ မပေါက်တာပဲ၊ ရှင်းကြရဲ့လား။ ဒကာ,ဒကာမ တို့ ဒီဥပမာအတူပါပဲ၊ အာသဝေါတရားကုန်တဲ့ နိဗ္ဗာန်ရောက်ဖို့ရာ မဂ္ဂင်အလုပ်,လုပ်မှ ပွားများမှသာ ရမယ်ဆိုတာ တထစ်ချသာ မှတ်လိုက်ကြ။
ကြက်တို့ရဲ့အလုပ်သုံးမျိုးက
အဲဒါ ဘာကြောင့်လဲ။ ကြက်အလုပ် ကြက်လုပ်လို့၊ သူ့အလုပ်သူမလုပ်ရင် ပုပ်ကုန်ဖို့ပဲရှိတယ်၊ ရိပ်မိကြပလား။ ဒီဥပမာအတိုင်းပါပဲ။ ယောဂီပုဂ္ဂိုလ်ဟာလည်း ယောဂီအလုပ်မျိုးကို လုပ်ကြရမယ်၊ အဲဒီလိုမှ အဝိဇ္ဇာဥခွံပါးမယ်၊ တဏှာရေတွေ ခန်းခြောက်မယ်၊ ဉာဏ် ခြေသည်းလက်သည်းများလည်း ထက်မြက်လာမယ်ဆိုတာ မှတ်လိုက်ကြ။
ဖြစ်ပျက်တစ်လုံးထဲကို ရှုမှတ် ရင် ပြီးနိုင်ပါတယ်
ဒကာ,ဒကာမတို့ ယောဂီအလုပ် သုံးမျိုးဆိုပေမယ့် အလုပ်လုပ်တဲ့အခါမှာတော့ ဖြစ်ပျက်တစ်လုံးထဲကို ရှုမှတ် ရင် ပြီးနိုင်ပါတယ်။ ဖြစ်ပျက်တစ်လုံးကို လုပ်လိုက်ရင် အနိစ္စ, ဒုက္ခ, အနတ္တဆိုတဲ့ သုံးကိစ္စလုံး ကိစ္စပြီးပါတယ်။ အဲဒီ တော့ ဘာများခဲယဉ်းနေစရာ ပါသေးသလဲ။ မခဲယဉ်းပါဘူး။ ဖြစ်ပျက်အနိစ္စတလုံးတည်း လုပ်ရမှာမို့ အလွန်လွယ်ကူ ပါတယ်။ လွယ်ကူတာမို့ အမြန်ဆုံးလုပ်ကြပါလို့ဆိုတာ ဘုန်းကြီးက ထူးထူးခြားခြား တိုက်တွန်းလိုက်ပါတယ်။
ယောဂီအလုပ် သုံးမျိုးဆိုတာက အနိစ္စ, ဒုက္ခ, အနတ္တဆိုတဲ့ လက္ခဏာရေးသုံးပါးဆိုတာ ဒီနေရာမှာ ဖြစ်ပျက် အနိစ္စတလုံးကိုလုပ်ရင် ကျန်တဲ့နှစ်ပါးကလည်း အလိုလိုပြီးစီးသွားတယ်။ တခြားသီးသန့်လုပ်နေဖို့ မလိုဘူး။ ဒုက္ခလိုသေး တယ်။ အနတ္တလည်း လုပ်ရဦးမယ်လို့ မရှိတော့ဘူး၊ ရှင်းကြပလား။ ဒါကြောင့် “ယံ အနိစ္စံ၊ တံ ဒုက္ခံ၊ တဒေဝ အနတ္တာ”တဲ့။ ဖြစ်ပျက်ဟာ အနိစ္စပဲ၊ ဒီအနိစ္စဟာ ဒုက္ခပါပဲ။ ဒီအနိစ္စပင်လျှင် အနတ္တတရားပါပဲ”လို့ ဆိုလိုရင်းဖြစ်တယ်၊ သဘောပါပလား။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ တောင်းလို့မရ၊ ပွားယူမှသာ အာသဝကုန်ရာ နိဗ္ဗာန်ကို ရကြမယ်ဆိုတာ ပေါ်ကြပြီ။ အဲဒီတော့ အတောင်းကိုဖြုတ်ပြီး အလုပ်နဲ့ပွားယူကြ။ ဒါမှ နိဗ္ဗာန်ရမယ်၊ ပွားရင် သမုဒယပါးမယ်။ သမုဒယ ပါးတာဟာ ပွားလို့ပါးတာ၊ မပွားရင် မပါးဘူး၊ ဒုက္ခသစ္စာကိုသိတာလည်း ပွားလို့သိတာ၊ နိရောဓပေါ်တာလည်း ပွား လို့ပဲ၊ ရှင်းကြပလား။ ဒီမဂ္ဂသစ္စာကိုပွားနေရင် ကိလေသာရေခန်းဖို့ ဉာဏ်ထက်မြက်ဖို့ အလင်းနိဗ္ဗာန်မြင်ဖို့ ဖြစ်လာ ရမယ်။
ကြက်မ, ဝပ်ပေးမှုကြောင့် အရေခန်းခြောက်ဖို့ ခြေသည်းတွေ နှုတ်သီးတွေချွန်ထက်ဖို့ ပြင်ဘက်အလင်းရောင် မြင်ရဖို့ ဖြစ်ရသလို ပွားမှုလုပ်ရင် အလင်းနိဗ္ဗာန်မြင်ရဖို့ပဲဆိုတာ ဆုံးဖြတ်ချက်ချ၊ ကျေနပ်ကြပလား။ အဲဒီတော့ ဒကာ,ဒကာမတွေ ဒီကရှေ့ ဆုတောင်းလျှော့ပြီး ပွားယူကြ၊ ပွားယူမှရမယ်၊ “ပွားရမယ်” ပေးလို့မရဘူးဆိုတဲ့အကြောင်း နဲ့ ဟောကြားတော်မူရတယ်၊ ရှင်းကြပလား။
သစ္စာလေးချက် တစ်ပြိုင်နက် ကိစ္စပြီး
ဒကာ,ဒကာမတို့ တောင်းတဲ့ရမ်းတဲ့အလုပ်ဟာ အလွန်အောက်တန်း နောက်တန်းကျပါတယ်၊ ဒီအလုပ်တွေ ဖြုတ်ကြတော့၊ အောက်ကျနောက်ကျ အလုပ်တွေကိုဖြုတ်ပြီး ပွားများကြ၊ ပွားရင် ဉာဏ်ထက်လာမယ်၊ ပွားများမှုအား ကောင်းသလောက် သူ့ဉာဏ်က ထက်မြက်လာမယ်၊ ဉာဏ်ထက်မြက်သည်နှင့်အမျှပဲ သမုဒယကိုပယ်မယ်၊ ဒုက္ခသစ္စာ ကို ပိုင်ပိုင်နိုင်နိုင်သိမြင်မယ်၊ ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင်ကြီး ဆုံးဖြတ်ချက်လည်းချလိုက်ရော နိရောဓလည်းပေါ်လာ တော့တာပဲ၊ ရှင်းကြပလား။
အဲဒီအခါမှာ အရှုခံရုပ်နာမ်ဖြစ်ပျက်က… ဒုက္ခသစ္စာ။
ရှုတဲ့ဉာဏ်က… မဂ္ဂသစ္စာ။
ဒီနေရာမှာ သေတဲ့ကိလေသာက… သမုဒယသစ္စာ။
ဖြစ်ပျက်အဆုံးမှာ ပေါ်လာတာက… နိရောဓသစ္စာ။
မဂ္ဂသစ္စာတစ်လုံးထဲ ပွားများမှုနဲ့ သစ္စာလေးချက် တစ်ပြိုင်နက် ကိစ္စပြီးစီးသွားတယ်၊ မဂ္ဂသစ္စာ ပွားမှုတစ်ခု ထဲက ကိစ္စလေးပါးလုံး ဆောင်ရွက်သွားတယ်ဆိုတာ မှတ်လိုက်ကြ၊ ကျေနပ်ကြပလား။ ဒါကြောင့် မဂ္ဂသစ္စာပွားမှု ဖြစ်ပျက်ရှုတဲ့အလုပ်ကို မဆုတ်တမ်း ကြိုးစားရမယ်၊ ကြိုးစားကြ။
ကိုင်း… ယနေ့ ဒီတွင်ပဲတော်ကြဦး။
