နှလုံးသွင်းမှန် အေးနိဗ္ဗာန် တရားတော်
မှတ်ရန်။ ။ ပထမနှလုံးသွင်းမှန်ကန်မှု ယောနိသော မနသိကာရ၊ ဒုတိယဖြစ်ပျက် ရှုကြည့်မှုပညာ။
ဆောင်ပုဒ်
နှလုံးသွင်းမှန်၊ အားထုတ်ကြံ၊ နိဗ္ဗာန်ရောက်မည်ပ။
ဓမ္မပေါ်ဟန်၊ နှလုံးမှန်၊ သွင်းရန်ပထမ။
ဓမ္မပေါ်စဉ်၊ ဖြစ်ပျက်မြင်၊ ကျင့်စဉ်ဒုတိယ။
အကြောင်းတိုက်သော်၊ ဝိညာဏ်ပေါ်၊ သင့်လျော်နှလုံးက။
သူငါမထင်၊ ဓမ္မမြင်၊ အစဉ်ဖြစ်ပျက်ပြ။
ဉာဏ်ဖြင့်ပိုင်းဘိ၊ ဖြစ်ပျက်သိ၊ ဒိဋ္ဌိကင်းကွာပ။
သတိချပ်
ဘုန်းတော်,ကံတော်၊ တန်ခိုးတော်၊ ဉာဏ်တော်အနန္တ။
လောကသုံးခွင်၊ မြတ်ရှင်ပင်၊ နှိုင်းယှဉ်တုမရ။
သို့ပင်မြတ်မူ၊ ဂုဏ်မယူ၊ ညီတူစိတ်မခွ။
မိမိပုံနေ၊ ချမ်းသာစေ၊ ကြီးထွေမေတ္တာမျှ။
ကရုဏာမြတ်၊ လောကဓာတ်၊ လွှမ်းပတ်ဟောညွှန်ပြ။
ကလေးမိုက်တူ၊ မလိုက်ယူ၊ ထိုသူလူ့အန္ဓ။
အန္ဓလွတ်ခွင့်၊ လိုက်နာကျင့်၊ အသင့်နှလုံးမျှ။
တရားသား
လောကထဲမှာ ဘုရားနဲ့တူတဲ့သူမရှိ
ဒကာ,ဒကာမတို့ လောကထဲမှာ ဘုရားနဲ့တူတဲ့သူမရှိ၊ ဘုရားနဲ့တူတာမရှိ။ ဘုရားဟာ အတုမရှိတဲ့ အသဒိသ အတုလပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးပဲဆိုတာ လူတိုင်းသိကြပါတယ်။ ဘုရားဟာ ဘုန်းတော်,ကံတော်, ဉာဏ်တော် အသံ တော် တန်ခိုးတော်တွေဟာ ဘယ်သူနဲ့မှမတူဘူး။ အလွန်ကြီးကျယ်တယ်၊ မြင့်မြတ်တယ်၊ ကောင်းမွန်တယ်၊ ပြည့်စုံတော် မူတယ်။
ဘုရားရှင်ဟာ ဒီလိုအလွန်တရာ ကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်နေလင့်ကစား ဂုဏ်ပကာသနမထား ဘူး။ ဒကာတို့တတွေကို နိဗ္ဗာန်ရောက်စေဖို့ရာမှာ ကိုယ်တော်တိုင်နဲ့ အတူထားတယ်။ ဘုရားက သတ္တဝါအများကို ကိုယ်တော်တိုင်နဲ့ အတူထားတယ်။ ဘုရားက သတ္တဝါအများကို မိမိကိုယ်နဲ့မခွဲခြားဘူး။ ဘုရားက ပင်ကိုယ်ဂုဏ်တွေ မယူဘဲနဲ့ ဒကာတို့နဲ့ အတူထားပြီး ကျင့်သုံးတော်မူတယ်။ ဒီစကားကို ပါဠိတော်မှာ ထုတ်ပြထားတာရှိတယ်ဆိုတာ မှတ်လိုက်ကြ။
ဘုရားက ဒကာ,ဒကာမတွေကို သူကဲ့သို့ ချမ်းသာစေချင်တယ်၊ သာမညမေတ္တာမဟုတ်ဘူး။ တော်တော်တန်တန် ကရုဏာမဟုတ်ဘူး။ အင်မတန်ကြီးမားတဲ့၊ အင်မတန်မြင့်မြတ်တဲ့ ကရုဏာတော်ပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြရဲ့ လား။ ဒါကြောင့် ဘုရားက “ငါဟာ မှန်မှန်ကန်ကန် ယောနိသော မနသိကာရနဲ့ အားထုတ်ခြင်းကြောင့် အတုမရှိ ချမ်းသာတဲ့နိဗ္ဗာန်ကို မျက်မှောက်လည်းပြုရပြီး ရောက်လည်းရောက်ပြီ”တဲ့။
”မင်းတို့ သာဝကတွေကလည်း ငါဘုရားနည်းတူ မှန်မှန်ကန်ကန် နှလုံးသွင်းမူ ယောနိသော မနသိကာရ နဲ့ အားထုတ်ကြပြီး အတုမရှိချမ်းသာတဲ့ နိဗ္ဗာန်ကို ရောက်နိုင်ကြ စေသတည်း”။ ဒါ… ငါ့ရဲ့ပင်ကိုယ်စိတ် ထားပဲတဲ့။
အဲဒီလို အသေအချာ ဟောကြားမိန့်မှာတော်မူခဲ့တယ်။ ဒါကြောင့် ကိုယ်တော်ကြီးဟာ ဘုန်းကြီးတို့ ဒကာ, ဒကာမတွေအဖို့ ပူဇော်လို့မဆုံးနိုင်အောင် ကျေးဇူးဆပ်လို့ မကုန်နိုင်အောင် ကျေးဇူးတော်တွေ များပြားတယ်။
နှလုံးသွင်းမှန်အောင်လုပ်ဖို့ရာ အဓိကအရေးပဲ
ဒကာ,ဒကာမတွေကို ဘုရားက ဘာကြောင့် ဒီလိုမှာတော်မူခဲ့တာလဲဆိုတော့ အင်မတန် သနားတော်မူလွန်း လို့ပဲဆိုတာ မှတ်လိုက်ကြ၊ ဘာကြောင့် သနားတော်မူတာလဲဆိုပြန်တော့ ဒကာတို့ရဲ့အခြေဆိုးအနေဆိုး အဖြစ်ဆိုး အမျိုးမျိုးတွေကို သိတော်မူ မြင်တော်မူတာမို့ သနားစရာမြင်လို့ သနားတော်မူတာပဲလို့သာ မှတ်ကြတော့၊ သဘော ပါကြရဲ့လား။
ဒါကြောင့် နှလုံးသွင်းမှန်အောင်လုပ်ဖို့ရာ အဓိကအရေးပဲဆိုတာ ရိပ်မိကြပလား။ ဒကာ,ဒကာမတွေ ဘုရား ရှင်က “နှလုံးသွင်းမှန်ပြီး အားထုတ်ကြရင် ရောက်နိုင်ပါတယ်။ နိဗ္ဗာန်ကို ဧကန်ရောက်ပါတယ်”လို့ အသေအချာ ဟောထားခဲ့တယ်။ ဒီစကားဟာ အထက်တန်းစကားမဟုတ်ဘူး၊ တစ်တန်းတည်းထားတဲ့ စကားပဲဆိုတာ မှတ်လိုက် ကြ၊ ရှင်းကြရဲ့လား။
ဒါကြောင့် လေးလေးစားစားနဲ့ ကြိုးစားသင့်တယ်၊ ကြိုးစားထိုက်တယ်လို့သာ ဆုံးဖြတ်ချက်ချကြ၊ သဘောပါ ကြရဲ့လား။ ဒကာ,ဒကာမတွေ ကလေးစိတ်မပေါက်ကြစေနဲ့လို့သာ သတိပေးလိုက်တယ်၊ ဥပမာဆိုရင် လူကြီးမိဘတွေ က “ခလုတ်မထိ ဆူးမငြိပါစေနဲ့”ဆိုပြီး ဘယ်လိုကြောင့်ကြနေ စိုးရိမ်နေပေမယ့် ထင်ရာသွား ထင်ရာစား သောက်ချင် ရာကောက်သောက်နဲ့ ထင်သလိုနေမယ်ဆိုရင် တော်ပါ့မလား။ ကောင်းပါဦးမလား။
ဘယ်နည်းနဲ့မှ မကောင်းနိုင်ဘူး၊ ဒီစကားတော်ဟာ အင်မတန် ကရုဏာကြီးလွန်းလို့ ပြောခဲ့တာပဲ။ ဒီကြားထဲ ကမှ မလိုက်နာကြဘူးဆိုရင် မိဘရင်ကျိုးရုံပဲရှိတော့တယ်။ ဒါကြောင့် ထော်လော်ကန့်လန့်လုပ်ဖို့ မသင့်တော့ဘူး။ ဘုရားရှင်က ဒကာတို့ကို ဘယ်လောက်သနားနေတယ်, သနားတော်မူတယ်ဆိုတာ သိဖို့ကောင်းတယ်၊ ရှင်းကြရဲ့လား။
မျောက်မင်းဘဝ ကရုဏာနဲ့ပဲ နှိုင်းချိန်ကြည့်
ဘုရားရှင်က ဒကာတို့ကို ဘယ်လောက်ကရုဏာတော်ရှိတယ်၊ ဘယ်လောက် သနားကြင်နာတော်မူတယ် ဆိုတာဟာ တကယ်လို့များ ကျောကုန်းပေါ်မှာတင်ပြီး နိဗ္ဗာန်ကိုပို့နိုင်ရင် ပို့ပေးပါတယ်၊ အဲဒါ မျောက်မင်းဝတ္ထုနဲ့ စဉ်းစားကြည့်ကြ၊ မျောက်မင်းဘဝ ကရုဏာနဲ့ပဲ နှိုင်းချိန်ကြည့်ရင် သိနိုင်ကြတယ်။ ဒါကြောင့် ဘုရားရှင်က ဒကာ,ဒကာမ တွေအပေါ်မှာ ထားတဲ့မေတ္တာ, ကရုဏာတော်ဟာ ဘယ်လောက်အထိ ကြီးမားတယ်ဆိုတာ သဘောပါကြပလား။
ဒါကြောင့် ဘုရားက “အသင့်အတင့် နှလုံးသွင်းပြီး ငါ…နိဗ္ဗာန်ရောက်သလို ရောက်ကြပါစေ”ဆိုပြီး ဟော တော်မူထားခဲ့တာပဲ၊ ရိပ်မိကြပလား။ ဒီစကားထဲမှာ အချက်နှစ်ခု အဓိပ္ပာယ်နှစ်လုံးပါတယ်ဆိုတာ မှတ်ကြရမယ်၊ အဓိပ္ပါယ်နှစ်လုံးဆိုတာက “ယောနိသော မနသိကာရ” နှလုံးသွင်းမှန်ကန်မှုရှိပြီး အားထုတ်ရင် နိဗ္ဗာန်ရောက်တယ် ဆိုတဲ့ စကားနှစ်လုံးပဲ။ နှလုံးသွင်းမှန်မှုနဲ့ အားထုတ်မှု၊ ဒီနှစ်လုံးကို မြဲမြဲကိုင်ထားကြ။
ဒီထဲမှာ နှလုံးသွင်းမှန်မှု ယောနိသော မနသိကာရဆိုတာ တွေ့တဲ့အာရုံပေါ်မှာ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ပါလားလို့ နှလုံးသွင်းတည့်သွားရင် နှလုံးသွင်းမှန်မှုဆိုတာ ဖြစ်တာပဲ၊ ဓမ္မပေါ်လို့ ဓမ္မသိရင် ဓမ္မမှန်းသိရင် နှလုံးသွင်းမှန်တဲ့ “ယောနိသော မနသိကာရ”ဖြစ်ပြီလို့သာ မှတ်ကြတော့၊ အဲဒါဖြစ်ရင် “ယောနိသော မနသိကာရ သမ္မပဓာနာ”ဆိုတာ ဖြစ်တာပဲ။
နှလုံးသွင်းမှန်မှန်လေးနဲ့ ဖြစ်ပျက်ကိုအားထုတ်ပါ
အဲဒီလို နှလုံးသွင်းမှန်လာရင် ဒီနှလုံးသွင်းမှန်မှန်လေးနဲ့ ဖြစ်ပျက်ကိုအားထုတ်ပါတဲ့၊ ဘုရားက နှလုံးသွင်းမှန် ပြီး အားထုတ်မှုရှိရမယ်တဲ့၊ အဲဒီလိုညီညွတ်လို့ အတုမရှိတဲ့နိဗ္ဗာန်ကိုရောက်မယ်၊ ညီညွတ်လို့ ငါဘုရားလည်း နိဗ္ဗာန် ရောက်တာပဲ”လို့ ဟောခဲ့တယ်၊ ဘုရားညွန်ပြခဲ့တာဟာ ဒကာတို့ကို မိမိနည်းတူ ရောက်စေချင်လွန်းလို့ပဲဆိုတာ ဆုံး ဖြတ်ချက်ချကြ၊ ရိပ်မိကြပလား။
ဒီကြားထဲကမှ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက ကာမဂုဏ်အာရုံတွေနဲ့ ကစားဖို့ မြူးတူးဖို့ ဝတ်ဖို့စားဖို့၊ မော်ဖို့ကြွားဖို့လောက်သာ အရေးကြီးနေကြရင် ဒါလောက်နဲ့သာ အချိန်ကုန်နေကြရင် ကလေးမိုက်သလိုမိုက်တာပဲ။ အမေ,မိဘမှာတော့ ရင်ကျိုးရုံပဲရှိတော့မယ်လို့သာ မှတ်လိုက်ကြ။ သဘောပါကြရဲ့လား။ အဲဒါကြောင့် ကိုယ့်အထင် အမြင်တွေကိုဖျောက် ဘုရားစကားကို ဝမ်းထဲရောက်ပြီး ကြိုးစားကြလို့ သတိပေးလိုက်တယ်။
ကိုယ့်အထင် ကိုယ့်အမြင်ကတော့ “စားဖို့မပြည့်စုံသေးဘူး။ သားသမီးတွေက တန်းလန်းနဲ့ ဘယ့်နှယ်လုပ်မတုံး။ မဖြစ်သေးပါဘူး”နဲ့ လုပ်နေမှာပဲ၊ အဲဒီလိုလုပ်လေသမျှ ကိုယ်နစ်မွမ်းဖို့၊ ကိုယ်ဒုက္ခရောက်ဖို့ပဲ ရှိတယ်ဆိုတာ မှတ်ကြ။ ကျေနပ်ကြပလား။ ကိုင်း…ဒီတော့ မလုပ်ရင် မဖြစ်တော့ဘူးဆိုတဲ့စကား အဓိပ္ပာယ်ပေါ်ကြပလား။
ဓမ္မရဲ့အပျက်ကို မြင်အောင်ကြည့်
ဒါကြောင့် ပထမပေါ်တာကို နှလုံးသွင်းမှန်ဖို့၊ ဒုတိယပေါ်လာတဲ့ ဓမ္မရဲ့အပျက်ကို မြင်အောင်ကြည့်ဖို့ဆိုတာ မှတ်မိကြပလား။ ဒီနှစ်ချက်ပဲ အရေးကြီးတယ်။ ဒီနှစ်ချက်ကို နေရာကျအောင် လုပ်တတ်ရမယ်၊ နှစ်ခုထဲဆို ခဲယဉ်း စရာ မရှိတော့ဘူး။ ဒကာ,ဒကာမတွေရဲ့ လက်သုံးစကားက “ဘုရားကတော့ ဟောရှာတာပဲ၊ ကိုယ်က မလုပ်နိုင်တာ ကခက်တယ်”နဲ့ ပြောတတ်ကြတယ်၊ “အဲဒါ အရူးစိတ်ပေါ်တာလား”လို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြ၊ ကျေနပ်ပလား။
ဘုရားက အင်မတန်သနားတော်မူတာဟာ ဒကာတို့တတွေကို ဒုက္ခရောက်မှာစိုးလွန်းလို့ပဲ၊ ဒုက္ခမရောက်စေ ချင်လို့ အမြင်ကျယ်ကျယ်နဲ့ ဟောပြနေတာပဲဆိုတာ သံသယမရှိကြနဲ့။ ဘုရားကိုယ်စားလှယ်လုပ်ပြီး ဘုန်းကြီးကလည်း ဇွတ်ပြောနေ၊ ဒကာတို့က ကလေးစိတ်မကုန်သေးလို့ မိုက်ချင်သေးတယ်ဆိုရင် မြေကြီးတွင်းတူးရုံအပြင် မရှိတော့ဘူး လို့သာ မှတ်လိုက်ကြ၊ ရှင်းကြရဲ့လား။
ဘုရားရှင်က ဒကာ,ဒကာမတွေကို ဘယ်လောက်ထိအောင် သနားတော်မူတယ်ဆိုတာ ဉာဏ်နဲ့သာတွေးကြည့် ကြ။ သနားတော်မူလွန်းလို့ အရိုးတွေ၊ အသားတွေ အသွေးတွေလှူ၊ ခြေလက်,နား,နှာခေါင်းစတဲ့ အင်္ဂါကြီးငယ်တွေ ဖြတ်တောက်လှူ အသက်ကိုပင် ပဓာနမထားဘဲ ရက်ရက်ရောရော ပေးကမ်းလှူဒါန်းပြီးတော့ ဘုရားဖြစ်အောင် ကျင့်ခဲ့ရတာ၊ ဘုရားဖြစ်တော့ ဒကာတို့ကို ဟောပြတော်မူတာပဲ။
ဒီလိုအနစ်နာအမျိုးမျိုး ဆင်းရဲဒုက္ခအမျိုးမျိုးတွေခံပြီး ကျင့်တော်မူတာ၊ ဒကာတို့ကို သနားတော်မူလို့၊ နောက်, ဘုရားဖြစ်တော့ နေ့မအား, ညမအား တရားဟောတော်မူတာလဲ၊ ဒကာ,ဒကာမတွေကို သနားတော်မူလွန်းလို့ ဟောပြ တော်မူတာပဲလို့ မှတ်လိုက်ကြ။ ဒကာ,ဒကာမတို့ ဒီကြားထဲက အရူးစိတ်ပေါက်ရင် ခက်မယ်။ ဘာမှမသိတဲ့သူက ဆင်ခြေလဲနေဦးမယ်ဆိုရင် မတော်တော့ဘူး၊ ရိပ်မိကြရဲ့လား။
(၁) က နှလုံးသွင်းမှန်မှု၊ (၂) က အားထုတ်မှု
ဒကာတို့လုပ်ပုံက “မြွေကိုက်မှာစိုးလို့ ဒီလမ်းကိုဖြင့် မသွားပါနဲ့”လို့ပြောပေမယ့် မရဘူး။ “ကိစ္စရှိသေးလို့ သွားဦးမယ်”ဆိုတဲ့ ဥပမာအတိုင်းပဲ ဖြစ်နေကြပြီဆိုရင် လွဲသလား။ မလွဲတော့ဘူး။ နောက်နားက အသက်အရွယ်ကြီးတဲ့ အဖိုးကြီး, အမယ်ကြီးတွေ ဘုရားကို ထော်လော်ကန့်လန့် လုပ်ကြဦးမှာလား။ အချိန်ကုန်တော့မယ်၊ ပြင်ကြတော့ ဆင်ကြတော့လို့ ပြောလိုက်ပါတယ်၊ သဘောပါကြရဲ့လား။
အလုပ်စဉ်ကော မှတ်မိကြပြီလား။ (၁) က နှလုံးသွင်းမှန်မှု၊ (၂) က အားထုတ်မှု၊ ဒီနှစ်ခုကို မြမြဲကိုင်ထား ကြ။ နှလုံးသွင်းမှန်မှုဆိုတာက ဥပမာ-ဒီနေရာကနေပြီး အရာဝတ္ထုတစ်ခုခုကို ပြလိုက်မယ်၊ ပြလိုက်တော့ “မြင်တယ်” “မြင်စိတ်ပေါ်တယ်” အဲဒီလိုပေါ်လာတော့ “မြင်စိတ်ပေါ်တယ်”လို့ သိရမယ်။ အဲဒီလိုသိတာဟာ နှလုံးသွင်းမှန်တာပဲ၊ ရိပ်မိကြပလား။
မြင်တာဟာ မြင်စိတ်ပဲ၊ ငါ, သူ, ယောက်ျား, မိန်းမက မြင်တာမဟုတ်ဘူး။ မြင်တဲ့အထဲမှာ ငါ, သူ, ယောက်ျား, မိန်းမဆိုတာ မဟုတ်ဘူးလို့သိရမယ်၊ အဲဒီလိုသိရင် နှလုံးသွင်းမှန်မှုဖြစ်ပြီဆိုတာ မှတ်ကြ၊ မြင်တာဟာ ဝိညာဏက္ခန္ဓာက မြင်တာ။ ခန္ဓာကမြင်တာဆိုတော့ ပုဂ္ဂိုလ်သတ္တဝါပျောက်ပြီး၊ “မြင်တာဟာ ဥပေက္ခာ သဟဂတံ စက္ခုဝိညာဏံ”ပဲ၊ ရှင်းကြရဲ့လား။
နှလုံးသွင်းမမှန်တော့ မြင်တာဟာ ငါထင်တယ်
နံပါတ် (၁) က နှလုံးသွင်းမမှန်တော့ မြင်တာဟာ ငါထင်တယ်၊ မြင်တော့ ငါမြင်တာပဲလို့ ယူလိုက်တယ်၊ မြင်တာဟာ မြင်တဲ့စိတ်ပဲ။ မြင်စိတ်ကသာ မြင်တာ။ သူကမြင်တာ ငါကမြင်တာမဟုတ်ဘူး၊ ရှင်းကြရဲ့လား။ ဘုရားက ဒီမြင်တာကို နှလုံးသွင်းမှန်ပြီး အသင့်အတင့် နှလုံးသွင်းပြီး အားထုတ်ကြလို့ဟောတယ်။ အဲဒီလိုဟောတော့ အခု နှလုံးသွင်းမှန်မှု ဖြစ်အောင်လုပ်ပေးပြီး တကယ်စစ်တမ်းထုတ်လိုက်တော့ မြင်တာ ဝိညာဏက္ခန္ဓာက မြင်တာပဲ၊ ရှင်း ကြရဲ့လား။
ဒကာ,ဒကာမတို့ ကမ္ဘာဦးက လူပဲ သူပဲ ငါပဲ သမုတ်ထားတာတွေကို အသာဖယ်ထား။ အဲဒီလိုသမုတ်ထား တာတွေကို ဖယ်ရှားပြီး အဟုတ်အမှန် တကယ်အရှိကို သိကြရမယ်။ ဒီလိုသိရင် ဘုရားဟောတာ သိရပြီလို့မှတ်ကြ။ မြင်တာဟာ မြင်စိတ်ကမြင်တာ၊ မြင်တာဟာ ဥပေက္ခာမို့ မြင်ကာမတ္တပဲ။ ငါသူတပါး မပါဘူး။ ဒကာ,ဒကာမတွေ နှလုံးသွင်းမှန်မှုကို သဘောပါကြပလား။
နံပါတ် (၂) အားထုတ်မှုဆိုတာက မြင်စိတ်ဝိညာဏ်ကလေးကို ကြည့်လိုက်တော့ ဝိညာဏ်ကသိတာ၊ ခန္ဓာက အစု၊ ဒါဟာ မြင်သိတဲ့အစုကလေး ဖြစ်နေတာပဲ။ အဲဒီလိုသိတဲ့ အစုကလေးဖြစ်နေတော့ ဒါလေးကို အစအဆုံးကြည့် လိုက်ဦး၊ ကြည့်တော့ ဖြစ်ပြီးမရှိတာကိုသိရတယ်၊ ရှင်းကြရဲ့လား။ နှလုံးသွင်းမှန်တော့ အဖြစ်ကိုသိရတယ်၊ အားထုတ်မှု ရှိတော့ ပျက်တာကိုသိရတယ်။ ဒီအသိဟာ သောတာပန်အသိပဲ၊ ကျေနပ်ကြပလား။
တရားအားထုတ်မှုဆိုတာ
ဒကာ,ဒကာမတို့ ဒါကြောင့် တရားအားထုတ်မှုဆိုတာ နှလုံးသွင်းမှန်ပြီး အားထုတ်မှုရှိရမယ်ဆိုတာ မှတ်ထား ကြ။
(၁) နံပါတ်တုန်းက သက္ကာယဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာပြုတ်တယ်။
(၂) နံပါတ်ကျတော့ သစ္စာကိုသိတယ်။ (၂) နံပါတ်က သစ္စာကို ပိုင်းပိုင်းခြားခြားသိပြီး မဂ်ဖြစ်လာတယ်။ သဘောပါကြပလား။ ဘုရားရဟန္တာ အားလုံးတို့ဟာ ဒီနှစ်ခုနဲ့ အားထုတ်လို့ ရကြတာပဲလို့ မှတ်လိုက်ကြ၊ ကျေနပ်ပလား။
ဒကာ,ဒကာမတို့ (၁) နံပါတ် နှလုံးသွင်းမှန်တုန်းက ဒိဋ္ဌိဝိစိကိစ္ဆာ ကွာသွားပြီ။ မြင်စိတ်ဟာ ဝိညာဏက္ခန္ဓာ ပဲလို့ သိတဲ့အတွက် ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်တာပဲ။ ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်တာဟာ နှလုံးသွင်းမှန်လို့ပဲဆိုတာ ပေါ်ကြပလား။ ရှေးတုန်းကတော့ “ငါမြင်တာ ငါမြင်ထားတာမယူကြနဲ့ ငါမှတ်ထားတာ မကိုင်ကြနဲ့”တဲ့။ ဝိညာဏက္ခန္ဓာကို ငါလုပ်၊ သညာက္ခန္ဓာကို ငါလုပ်နဲ့ လုပ်နေကြတယ်။ ရှေးတုန်းက မိဘရိုးရာအမှားနဲ့ပဲ နေခဲ့ကြရတယ်လို့ မှတ်လိုက်ကြ၊ ရိပ်မိ ကြရဲ့လား။
အခု ဒကာ,ဒကာမတွေကို ဆရာဘုန်းကြီးက ညွှန်ပြပေးလိုက်လို့ အသိမှန် အမြင်မှန်ရသွားကြပြီ။ ဝိညာဏ် ကိုသိတာဟာ ခန္ဓာပရမတ်ဆိုက်တဲ့ အသိပဲ။ မဇ္ဈိမပဋိပဒါနဲ့ အသင့်အတင့်နှလုံးသွင်းပြီး အားထုတ်တော့ ဖြစ်ပြီးပျက် သွားတာကို သိရတယ်။ ဖြစ်ပြီးပျက်တာကိုသိတော့ တစ်ခါတည်း မဂ်က ဝမ်းထဲရောက်လာတာပဲ၊ ကျေနပ်ပလား။ အဲဒါဟာ ဝိညာဏက္ခန္ဓာဖြစ်ပြီး ပျက်သွားတာလေးကိုသိလို့ မဂ်ဆိုက်သွားတာပဲ၊ ဖြစ်ပြီးပျက်တာလေးပဲလို့ သိတဲ့အတွက် မဂ်ဆိုက်သွားတယ်ဆိုတာ မှတ်ကြ။
မဂ်က နှစ်ကိစ္စရွက်ဆောင်တယ်
ဒါကြောင့်…
”ကိလေသေ မာရေန္တော နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ”
ကိလေသေ၊ ကိလေသာ ရန်သူအပေါင်းတို့ကို။ မာရေန္တော၊ သတ်လျက်။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ဂစ္ဆတိ၊ သွားတတ်၏။ ဣတိတသ္မာ၊ ထိုသို့ ကိလေသာရန်သူအပေါင်းကို သတ်လျက် နိဗ္ဗာန်သို့သွားတတ်သော သတ္တိ ကြောင့်။ မဂ္ဂေါ၊ မဂ်,မည်၏။”
လို့ မိန့်ဆိုတော်မူခဲ့တာပဲ၊ ရိပ်မိကြရဲ့လား။ မဂ်က နှစ်ကိစ္စရွက်ဆောင်တယ်၊ ကိလေသာသတ်တဲ့ကိစ္စလည်း သူ့ကိစ္စ၊ နိဗ္ဗာန်ကိုဆောင်တဲ့ကိစ္စလည်း သူ့ကိစ္စ၊ မဂ်က အလုပ်နှစ်လုပ်ကို တစ်ပါတည်းလုပ်တယ်။
ဒကာ,ဒကာမတွေ သဘောပါကြရဲ့လား။ ဒီအကျိုးကိုရတာဟာ “အသင့်အတင့် နှလုံးသွင်းမှန်၍ အသင့်အား ထုတ်လို့ရတာပဲ” အသင့်အတင့် နှလုံးသွင်း၍ အသင့်အားထုတ်သူဟာ ကိလေသာသေ၍ နိဗ္ဗာန်ရောက်တယ်ဆိုတာ မှတ်လိုက်ကြ။ ဘာကြောင့်လဲဆိုတော့ မဂ်က နှစ်ကိစ္စကို တစ်ခါတည်းဆောင်ရွက်ပေးလို့ပဲလို့ မှတ်ကြရမယ်၊ သဘော ပါကြရဲ့လား။ နှလုံးသွင်းမှန်ရင် နိဗ္ဗာန်ရောက်တယ်ဆိုတာ ထင်ရှားပလား။
နှလုံးသွင်းမှားရင် မြင်စိတ်ပေါ်တာနဲ့ တစ်ချက်တည်းမြင်တာဟာ ငါပဲဆိုပြီး ဒိဋ္ဌိလိုက်လုပ်တယ်။ ဒီဒိဋ္ဌိကလေး နောက်က ဒိဋ္ဌုပါဒါန်၊ နောက်-ကမ္မဘဝေါ၊ သုံးခုတန်းလိုက်တာပဲ၊ မြင်ကြပလား။ ဒီသုံးခု တဏှာ ဥပါဒါန် ကမ်လာတော့ ဇာတိရပြီး ဇရာ မရဏချောက်ထဲ သွားရတော့တာပဲ။ နှလုံးသွင်းမှားယင် ဒီနည်းအတိုင်း သံသရာခရီးမှာ ဒိုင်းဒိုင်း ပြေးပဲ၊ သဘောပါကြပလား။
နှလုံးသွင်းမှန်တော့
နှလုံးသွင်းမှန်တော့ ကိလေသာသေ၍
နိဗ္ဗာန်ရောက်တယ်။
နှလုံးသွင်းမမှန်တော့ ဒိဋ္ဌိ ဒိဋ္ဌိုပါဒါန်
ကမ်,ဆိုပြီး အပါယ်ရောက်တယ်။
ဒကာ,ဒကာမတွေ ရှင်းကြပလား။
ဒကာ,ဒကာမတို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ သူ့အရေး သူ့ကိစ္စအတွက်ဆိုရင် ဗောဓိပင်နဲ့ ရွှေပလ္လင် မှာထဲက ပြီးစီးခဲ့တယ်၊ သူ့အရေး သူ့ကိစ္စပြီးလို့ ဒကာ,ဒကာမတွေအတွက် ကြောင့်ကြတော်မူလို့ တရားဟောတော်မူ တာ၊ ဘုရားတရားဟောတော်မူတာ သူ့အရေးမဟုတ်ဘူး၊ ဒကာ,ဒကာမတို့ အရေးပဲကျန်တာမို့ ငါတို့အတွက်သက်သက် ရွက်ဆောင်တော်မူတာပဲလို့ မှတ်လိုက်ကြ။ ဒါကြောင့် ကိုယ်အရေးကိုဖြင့် အရေးတကြီး လုပ်ကြရမယ်။
ဘုရားရှင်က အရေးတကြီး ဆောင်ရွက်သလောက် ဒကာတို့က ပေါ့ပေါ့တန်တန်နေရင် ဘုရားရင်ကျိုးမယ်၊ နောက်ထပ်ဘုရားကို ရင်ကျိုးအောင် မလုပ်နဲ့တော့လို့သာ သတိပေးလိုက်တယ်၊ ဒီနေ့တော့ မအားသေးဘူး၊ နက်ဖြန် တော့ လုပ်ပါ့မယ်၊ အခုတော့ အလုပ်တွေများနေသေးလို့ နောက်တော့ လုပ်ပါမယ်နဲ့ ဒီလိုဆင်ခြေတွေဟာ ဘုရားရင် ကျိုးအောင် လုပ်တာပဲ၊ ကိုယ့်ကိုယ်ကိုယ် ချောက်ထဲသွားရအောင်လုပ်တာ တစ်မျိုးပဲလို့လည်း မှတ်ကြ။
ဒကာ,ဒကာမတွေ အိမ်ကျရင် ဆင်ခြေများတတ်ကြတယ်၊ အိမ်ကျရင် ဆင်ခြေတွေပေါလာကြပြီ။ ဆင်ခြေ လဲရင် ဒီလူဟာ အတော်ဆိုးတဲ့လူပဲလို့သာ ဆုံးဖြတ်ချက်ချ။ ဥပမာ ဘာနဲ့တူသလဲဆိုရင် သူခိုးဟာ ခိုးလည်းခိုးသေး တယ်၊ မိုးကြိုးပစ်ပြီးသေရပါစေရဲ့ မခိုးဘူးလို့လည်းကျိန်လိုက် တွယ်လိုက်သေးတယ်၊ ဆင်ခြေလဲရင် အဲဒီသူခိုးအတိုင်းပဲ ဆိုတာ မှတ်ကြတော့။ ရိပ်မိကြပလား။
ကိုယ့်ကိုယ်ကိုယ်မှ တကယ်မသနားရင်
ဘုရားလည်းမကြည်ညို၊ ကိုယ့်ကိုယ်ကိုယ်လည်း မသနားတဲ့သူဆိုရင် ဒီလူကို ဘာလို့ဆိုရမလဲ၊ လူမှဟုတ်ရဲ့ လားလို့ပဲ မေးဖို့သင့်တော့တယ်။ ဒကာ,ဒကာမတွေ နာကြသလား။ ဒီစကားကိုသုံးရတာ မကောင်းပါဘူး။ အိမ်မှာသာ ဒီအသုံးမျိုးသုံးလိုက်ရင် ညောင်ရေအိုးရော ကိုယ်တော်ကြီးရော ပစ်လိုက်တော့ပဲ၊ ဒကာ,ဒကာမတွေ ကိုယ့်ကိုယ်ကိုယ်မှ တကယ်မသနားရင် အစားလည်းမစားနဲ့၊ အဝတ်လည်းမဝတ်နဲ့တော့လို့ပဲ ပြောလိုက်ပါတယ်။
ဒကာ,ဒကာမတွေဟာ ဗုဒ္ဓဘာသာရိုးရာထုံးစံမို့ဆိုပြီး ဘုရားရှေ့တော်မှာ ထော်လော်ကန့်လန့် လုပ်နေကြတယ်။ ဘုရားရှေ့သွားပြီး ဆွမ်း, ရေချမ်း, ပန်း, ဆီမီးတွေလှူ၊ လှူပြီး လူ့ချမ်းသာ နတ်ချမ်းသာနဲ့ ဘဝအထွေထွေဆုတောင်း ယူ။ အဲဒါ ထော်လော်ကန့်လန့် လုပ်နေတာပဲဆိုတာ မှတ်လိုက်ကြ။ နောက်ကို ထော်လော်ကန့်လန့် မလုပ်ကြနဲ့တော့၊ ဓမ္မနဲ့ ပူဇော်ကြ၊ ဘုရားက ပူဇော်တကာ့ပူဇော်ဘာမှာ ဓမ္မနဲ့ပူဇော်တာကို အနှစ်သက်ဆုံး၊ အကြိုက်ဆုံးပဲလို့ မှတ်ကြ။ ဒါကြောင့် ဓမ္မနဲ့ပူဇော်ကြ။
အခု အလုပ်တရားကိုပြရမယ်။ ဒကာ,ဒကာမတို့အကြောင်း တရားက ပဋိစ္စသမုပ္ပါဒ၊ ပေါ်လာတဲ့အကျိုးတရား က ပဋိစ္စသမုပ္ပန္နလို့ မှတ်ထားကြ။ မြင်စိတ်က ပဋိစ္စသမုပ္ပန္န၊ ဒီမြင်စိတ်ပေါ်လာအောင် လုပ်တဲ့အကြောင်းက ပဋိစ္စ သမုပ္ပါဒ၊ ရှင်းကြရဲ့လား။ ဒကာ,ဒကာမတို့ မျက်လုံးအကြည်နဲ့ အဆင်းက ပဋိစ္စသမုပ္ပါဒ၊ ပေါ်လာတဲ့မြင်စိတ်က ပဋိစ္စသမုပ္ပါဒ၊ ပေါ်လာတဲ့မြင်စိတ်က ပဋိစ္စသမုပ္ပန္န၊ ရှင်းသွားပလား။
ဓမ္မလေးပေါ်လာပေါ့လို့သာ ရှုကြ
အဲဒီတော့ အကြောင်းတိုက်ဆိုင်တိုင်း မြင်စိတ်ပေါ်မယ်၊ အဲဒီလိုမြင်စိတ်ကလေး ပေါ်လာတိုင်း ဓမ္မလေးပေါ် လာပေါ့ ပေါ်လာပေါ့နဲ့ ရှုရမယ်၊ ဒီအတိုင်းကျန်တဲ့ ဒွါရငါးခုကလည်း အကြောင်းတိုက်ရင် ပေါ်မှာပဲ။ ဘယ်နေရာက ပေါ်,ပေါ် ပေါ်လာရင် ဓမ္မလေးပေါ်လာပေါ့လို့သာ ရှုကြ၊ ရှုတတ်ကြပလား။ ဒကာတို့ဟာ “ကလေးငယ်ကလေးကို လက်ဆွဲပြီး လမ်းသွားပြနေရသလိုပဲ” ဒါပေမဲ့ ကိုယ့်ဟာကိုသွားတတ်ရင် သွားနိုင်ရင် ဘုရားက အလွန်မတန် ဝမ်းသာ တော်မူမယ်ဆိုတာ မှတ်ကြ။
ဒကာ,ဒကာမတွေ ကိုယ်ချင်းစာကြည့်ကြ၊ ကိုယ့်သားလေး သမီးလေးများ လမ်းသွားတတ်ခါစမှာ မြင်ရတွေ့ရ တော့ မိဘလုပ်သူဟာ ဘယ်လောက်ဝမ်းသာကြသလဲ။ ဘုရားရှင်ကလည်း ဒကာ,ဒကာမတွေအပေါ်မှာ ဒီဥပမာအတူပဲ ဆိုတာ မှတ်လိုက်ကြ။ အခု အသွားသင်ပေးနေတာ အသွားသင်ရင်း နှလုံးသွင်းမှန်ရင် ဘုရားက ဝမ်းသာသွားပြီလို့ သာ မှတ်ကြတော့၊ ပေါ်ကြပလား။
ဒကာ,ဒကာမတို့ ဘယ်ဓမ္မဖြစ်ဖြစ် အကြောင်းမရှိဘဲ အာရုံဒွါရမရှိဘဲ မပေါ်ဘူး။ အဲဒီတော့ ပေါ်လာတဲ့အသိ စိတ်ကလေးဟာ အာရုံဒွါရဆိုတဲ့ အကြောင်းကြောင့် ပေါ်လာတဲ့ဝိညာဏ် အကျိုးတရားကလေးပဲလို့ သိကြရမယ်၊ သိအောင် ကြိုးစားရမယ်။ အဲဒီလိုသိရင် ဝိစိကိစ္ဆာလွတ်သွားပြီ။ မြင်တာဟာ ဓမ္မကလေးပဲ၊ ငါမဟုတ်ပဲကလားလို့ သိတော့ ဒိဋ္ဌိလွတ်သွားတယ်၊ ဒကာ,ဒကာမတွေ ကျေနပ်ကြပလား။
နှလုံးသွင်းမှန်မှုကြောင့် ဒိဋ္ဌိဝိစိကိစ္ဆာစင်သွားပြီ
ကုရုတိုင်းတစ်တိုင်းလုံး သောတာပန်တည်သလို ဒီသဘောကို ငယ်ငယ်ကသာသိရင် အားလုံးကျွတ်တယ်။ အခုသိရလို့လည်း ကျွတ်လွတ်ခွင့်ရှိသေးတယ်၊ အားမလျှော့ကြနဲ့ဦး၊ ဒီအဓိပ္ပာယ်ကိုသိရတာဟာ သာမညအခွင့်အရေးမျိုး မဟုတ်ဘူးဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြရဲ့လား။ ဒါကြောင့် ကြိုးစားပြီး အရယူကြရမယ်၊ နှလုံးသွင်းမှန်မှုကြောင့် ဒိဋ္ဌိဝိစိကိစ္ဆာစင်သွားပြီ။
ဒီလိုနှလုံးသွင်းမှန်မှန်နဲ့ အားထုတ်ရမယ်၊ အားထုတ်တော့ ဖြစ်ပျက်ဒုက္ခကိုမြင်မယ်၊ ဖြစ်ပျက်ဒုက္ခကိုမြင်မှု ကြောင့် မဂ်ဝင်လာမယ်။ အဲဒီတော့ ပေါ်လာတဲ့တရားက ခန္ဓာ၊ ပျက်သွားတာကိုသိလိုက်တော့ ဒုက္ခကိုသိတာပဲ၊ ရှင်း ကြရဲ့လား။ ဘုရားက “သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာပိဒုက္ခော”လို့ ဟောတော်မူတယ်။ ဒီတော့ ဘာလာလာ အားလုံးလာ သမျှဟာ ဒုက္ခချည်းပဲဆိုတာ မှတ်လိုက်ကြ။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ နှလုံးသွင်းမှန်တော့ ခန္ဓာကိုသိရတယ်၊ အားထုတ်လိုက်တော့ ဒုက္ခကိုသိရတယ်။ အဲဒီတော့ ဒုက္ခသစ္စာသိတဲ့ အဓိပ္ပာယ်ရှင်းသွားပြီ၊ ကျေနပ်ပလား။ ဒကာ,ဒကာမတို့ ကြားတဲ့အခါလည်း ဝိညာဏက္ခန္ဓာ ပေါ်တာပဲ၊ ပေါ်တဲ့အခါမှာ နှလုံးသွင်းမှန်ပြီး အားထုတ်လိုက်တော့ ပျက်သွားတာကိုတွေ့ရမယ်၊ ပျက်သွားတာတွေ့တာ ဟာ ဒုက္ခသစ္စာကို တွေ့တာပဲလို့သာ မှတ်လိုက်ကြ။
အသိစိတ်ဆိုတဲ့ ဝိညာဏက္ခန္ဓာကလေး ဒုက္ခရောက်သွားတာပဲ
ဒုက္ခသစ္စာတွေ့တယ်ဆိုတာ ဒကာ,ဒကာမတွေ မရှင်းဘဲဖြစ်နေရင် အသိစိတ်ဆိုတဲ့ ဝိညာဏက္ခန္ဓာကလေး ဒုက္ခရောက်သွားတာပဲလို့ မှတ်လိုက်ကြ။ အနံ့တစ်ခုခုနံတော့ နံစိတ်ဝိညာဏက္ခန္ဓာပေါ်လာ၊ ပေါ်ပြီးပျက်သွား၊ ဒုက္ခခန္ဓာ လည်း ပေါ်လာပြီး ပျက်သွားတာဟာ ဒုက္ခခန္ဓာပဲလို့သိရမယ်။ အဲဒီလိုဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင်သိတာ မဂ်ပဲဆိုတာ ဆုံးဖြတ်ချက်ချကြ၊ သဘောပါကြပလား။
ဒကာ,ဒကာမတို့ မိမိသန္တာန်မှာပေါ်လာတဲ့ ဓမ္မမှန်သမျှကို စောင့်ကြည့်တဲ့သဘောနဲ့ လုပ်ကြရမယ်။ ပေါ်တဲ့ဓမ္မ ကို သေသေချာချာ စောင့်ကြည့်တဲ့သဘောနဲ့ လုပ်မှရတယ်။ ဒါမှမဟုတ်ရင် ပဋိစ္စသမုပ္ပါဒ်တန်း, ဒုက္ခပဲတန်းလာနေမှာပဲ၊ ရိပ်မိရဲ့လား။ ဒါကြောင့် မပြတ်အောင်စောင့်ကြည့်၊ မလွတ်စေနဲ့၊ လွတ်တာနဲ့ ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်က တန်းလာ မယ်၊ မလွတ်ရင် မဂ်ချည်းလာမယ်၊ ရှင်းကြရဲ့လား။
ဒီဟာကို ဒုက္ခခန္ဓာကပြလို့ ကိုယ်တွေ့သိရတဲ့သဘောပဲ၊ သူပြောမဟုတ်ဘူး၊ ခန္ဓာကပြောလို့ ကိုယ်တိုင်သိရတဲ့ သဘောအမှန်ပဲ။ ဒါကြောင့် ဘုရားရှင်က…
ဒိဋ္ဌဓမ္မော၊ ကိုယ်တိုင်မြင်အပ်ပြီးသော တရားရှိသည်။
ပတ္တဓမ္မော၊ ကိုယ်တိုင်ရောက်အပ်ပြီးသော တရားရှိသည်။
ဝိဒီတဓမ္မော၊ ကိုယ်တိုင်သိအပ်ပြီးသော တရားရှိသည်။
ဆိုတဲ့အဓိပ္ပာယ်ကို ဟောတော်မူခဲ့တာပဲ၊ ရိပ်မိပလား။ ဒီလိုသိတဲ့အသိဟာ သောတာပန်အသိဖြစ်သွားပြီလို့ မှတ်ကြ တော့။
ကိုယ်ပေါ်မှာ ယားစိတ်ကလေးပေါ်လာလည်း ဝိညာဏက္ခန္ဓာပဲ၊ စောင့်ကြည့်လိုက်တော့ သူလည်းပျက်သွား တာပဲ။ ယားတဲ့သဘော ဆင်းရဲတာတွေ့ရတာဟာ ဒုက္ခသစ္စာတွေ့ရတာပဲ။ “သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာပိဒုက္ခာ”လို့ ဟောတော်မူတာဟာ ပေါင်းပြီးဟောတာပဲ။ အဲဒီလိုဟောပေမယ့် ဒီလိုဓမ္မတစ်ခုတစ်ခု ဖြစ်တာပျက်တာမြင်ရရင် “ငါတို့ အစိတ်အစိတ် မြင်ရပါပေါ့ကလား”လို့ ဆုံးဖြတ်ချက်ချကြ။
ပေါ်လာတဲ့ ဓမ္မကဖြစ်ပျက်၊ ရှုဉာဏ်က မဂ်
ဒီလိုဓမ္မလေးတွေ ပေါ်လာတိုင်း အဆက်မပြတ်အောင် ရှုနိုင်ဖို့ အရေးကြီးတယ်။ အဲဒီလိုမပြတ်အောင် ရှုနိုင်ရင် ဖြစ်ပျက်နဲ့ မဂ်, အဆက်မပြတ်တော့ဘူး။ ပေါ်လာတဲ့ ဓမ္မကဖြစ်ပျက်၊ ရှုဉာဏ်က မဂ်ဖြစ်သွားတယ်။ ဒီကြားထဲမှာ တဏှာမဝင်နိုင်တော့ဘူး။ တဏှာမဝင်လို့ မဂ်ဝင်တာပဲဆိုတာ မှတ်ကြ၊ သဘောပါကြပလား။
ကြံစိတ်ကလေးပေါ်လာလည်း ခန္ဓာလေးပေါ်တာပဲ၊ သူ့ကိုစောင့်ကြည့်လိုက်တော့ ပျက်သွားတာပဲတွေ့ရမယ်၊ ဒီခန္ဓာလေးပျက်သွားလို့ ဆင်းရဲတာဒုက္ခခန္ဓာပဲ။ အဲဒီလို ဒုက္ခခန္ဓာပဲလို့ ဉာဏ်နဲ့မြင်ရင် ဘုရားဟောတာ ကိုယ်တွေ့သိရ ပြီ၊ ကိုယ်တွေ့သဘောကျပြီဆိုတော့ ဒိဋ္ဌဓမ္မောဖြစ်တာပဲ။ အဲဒိဋ္ဌိဓမ္မောဖြစ်ရင် သောတာပန်အသိပဲဆိုတာ မှတ်ကြတော့။
အဲဒီအခါမှာ ပေါ်လာတဲ့ဓမ္မက ဒုက္ခသစ္စာ။
ရှုဉာဏ်က မဂ္ဂသစ္စာ။
အပိတ်အပင် အဆီးအတားမရှိတာက သမုဒယသစ္စာ။
အပိတ်အပင် အတားအဆီးမရှိတဲ့နေရာမှာ ပေါ်လာတာက နိရောဓသစ္စာ။
အဲဒီလို သစ္စာလေးပါး တစ်ပြိုက်နက်ပေါ်လာတယ်။ ဒကာ,ဒကာမတွေ ကျေနပ်ပလား။ ဒီလိုနဲ့မှ ဆင်ခြေလဲ ချင်သေးရင် လူ့တိရစ္ဆာန်ပဲလို့သာ မှတ်ကြတော့၊ ရိပ်မိကြရဲ့လား။
ဘုရားကို အိမ်ပေါ်မှာတင်ထားပြီး ဘုရားကို ထော်လော်ကန့်လန့်ချည်လုပ်နေရင် လုပ်နေချင်ရင် တိရစ္ဆာန် နဲ့ မခြားဘူး၊ တိရစ္ဆာန်မို့သာ ထော်လော်ကန့်လန့်လုပ်နေတာပဲလို့ ဆုံးဖြတ်ချက်ချကြ။
ကိုင်း… ဒီတွင်ပဲ တော်ကြဦး။
