နိဗ္ဗာန်သွားရန် မြေပုံမှန် တရားတော်
သိမှတ်ရန်
၁-နိဿတ္တ, နိဇ္ဇီဝတရား ကြားနာခြင်း။
၂-တရားနာ၍ နှလုံးသွင်းမှန်ကန်ခြင်း။
၃-အမြင်မှန် သမ္မာဒိဋ္ဌိရှိခြင်း။
ဤအင်္ဂါသုံးချက် ညီညွတ်မှ နိဗ္ဗာန်ကိုရနိုင်မည်။
ဆောင်ပုဒ်
နိဿတ္တသာ၊ နိဇ္ဇီဝါ၊ မြတ်စွာဟောမိန့်ရှိ။
ပုဂ္ဂိုလ်သတ္တ၊ မဟုတ်ကြ၊ ဓမ္မသက်သက်ချည့်။
ခန္ဓာငါးပါး၊ တပါးပါး၊ ရှုပွားဖြစ်ပျက်ကြည့်။
ဖြစ်ပျက်မြင်က၊ သုညတ၊ မဂ္ဂငါးပါးသိ။
သုညဉာဏ်မြင်၊ ငါသူစင်၊ မှန်မြင်သံဒိဋ္ဌိ။
ဒိဋ္ဌိလွတ်ရှင်း၊ ယုံမှားကင်း၊ အလင်းမဂ်အာဒိ။
ဆင်းရဲခပ်သိမ်း၊ အကုန်ငြိမ်း၊ အောင်ကိန်းမြိုက်သန္တိ
သတိချပ်
မဂ်ဖိုလ်ချမ်းသာ၊ ရကြောင်းရှာ၊ သမ္မာဒိဋ္ဌိစ။
တရားနာခြင်း၊ နှလုံးသွင်း၊ ဖြောင့်စင်းမှန်ကန်မှ။
နိဿတ္တသာ၊ နိဇ္ဇီဝါ၊ သစ္စာမြတ်ဓမ္မ။
ဟောဆဲဉာဏ်ယှဉ်၊ ခန္ဓာခွင်၊ အမြင်မှန်လုလ္လ။
ဤသို့ညီတုံ၊ သန္တိဘုံ၊ မြေပုံမှန်ဟုတ်စွ။
နိဗ္ဗာန်ရောက်ချင်၊ ဤလမ်းစဉ်၊ မြဲဖြင်စွဲကိုင်မှ။
မြေပုံပျောက်ကွယ်၊ မျက်စိလယ်၊ အပါယ်စောက်ထိုးကျ။
တရားသား
နိဗ္ဗာန်သွားဖို့ရာ လမ်းပြတဲ့မြေပုံ
ဒကာ,ဒကာမတို့ ဒီကနေ့ “နိဗ္ဗာန်သွားမြေပုံ’ကို ပြရမယ်။ နိဗ္ဗာန်သွားဖို့ရာ လမ်းပြတဲ့မြေပုံကို မှတ်လိုက်ကြ။ နိဗ္ဗာန်ရချင် ရောက်ချင်သူမှန်က ဒီမြေပုံကို အမြဲတမ်းဆောင်ထားရမယ်။ ဒီမြေပုံကို အမြဲလက်ကိုင်ထားပြီး သွားကြ ရမယ်။ ဒီမြေပုံကို မပျောက်ကြစေနဲ့၊ ဒီမြေပုံပျောက်သွားရင် ရောက်မိရောက်ရာ ရောက်သွားပြီး ကျချင်တဲ့ချောက်ကျ ဖို့ ရှိတယ်ဆိုတာ သတိပေးလိုက်တယ်၊ သဘောပါကြရဲ့လား။
နိဗ္ဗာန်ကိုရောက်ချင်ရင် ဘယ်ကစရမလဲ၊ အမြင်မှန်ဉာဏ်သမ္မာဒိဋ္ဌိက စရမယ်။ သမ္မာဒိဋ္ဌိဆိုပေမယ့် “တရား နာပြီး နှလုံးသွင်းမှန်မှု သမ္မာဒိဋ္ဌိ”က စရမယ်ဆိုတာ မှတ်လိုက်ကြ။ နတ်ရွာသုဂတိရောက်ကြောင်း၊ ဗြဟ္မာပြည်ရောက် ကြောင်းဖြစ်တဲ့ သမ္မာဒိဋ္ဌိမျိုးနဲ့ မရဘူး။ အဲဒီသာမန် သမ္မာဒိဋ္ဌိမျိုးနဲ့ မဖြစ်ဘူးဆိုတာ သတိပေးလိုက်တယ်။ ရိပ်မိကြ ရဲ့လား။
ဒကာ,ဒကာမတို့ နိဗ္ဗာန်ကိုရချင်တာမှန်ရင် သမ္မာဒိဋ္ဌိအစကို ရမှဖြစ်မယ်။ သမ္မာဒိဋ္ဌိအစကို ရချင်ရင်လည်း တရားနာပြီး နှလုံးသွင်းမှန်မှ ရမယ်ဆိုတာမှတ်ရမယ်၊ ရှင်းကြရဲ့လား။ မန္တလေးကို ဘယ်ကသွားသွား ရောက်တယ် ဆိုသလို နိဗ္ဗာန်ကိုသွားလို့ မရနိုင်ဘူး၊ သူ့လမ်းနဲ့သူ မှန်အောင်သွားနိုင်မှသာ ရမယ်ဆိုတာ မှတ်လိုက်ကြ၊ သဘောပါ ပလား။
နိဗ္ဗာန်ကိုရချင်ရင် သမ္မာဒိဋ္ဌိဖြစ်အောင် လုပ်
နိဗ္ဗာန်ကိုရချင်ရင် သမ္မာဒိဋ္ဌိဖြစ်အောင် လုပ်ရမယ်၊ သမ္မာဒိဋ္ဌိဖြစ်ချင်ရင်လည်း တရားနာပြီး နှလုံးသွင်းမှန် စေရမယ်ဆိုတာ ပေါ်ကြပလား။ သမ္မာဒိဋ္ဌိဖြစ်ဖို့က တရားနာပြီး နှလုံးသွင်းမှန်ကန်ရမယ်ဆိုတော့ ဘယ်လိုတရားကို နာရမှာလဲဆိုပြီး သံသယဝိစိကိစ္ဆာ ဖြစ်နေမှာစိုးလို့ လမ်းမှားနေမှာစိုးလို့ ဘုရားကဆက်ပြီး ဟောတော်မူတယ်၊ ဘယ် တရားမျိုးလဲဆိုတော့ “နိဿတ္တ နိဇ္ဇီဝ”တရားတဲ့၊ သတ္တဝါမဟုတ်, အသက်မဟုတ်တဲ့တရားကို ဆိုလိုတယ်လို့မှတ်ကြ။
ဘုရားက “သတ္တဝါမဟုတ်, အသက်မဟုတ်တဲ့ တရားမှသာ ဒီတရားနာရမှသာ နှလုံးသွင်းမှန်တဲ့တရားဖြစ် မယ်” ဒီတရားအပြင် သစ္စာမကိုက်တဲ့တရားမျိုးကို ဆိုလိုရင်းမဟုတ်ဘူူးဆိုတာ မှတ်ကြရမယ်၊ ဒကာ,ဒကာမတို့ ဒီ အချက်ဟာ အင်မတန်အရေးကြီးလွန်းလို့၊ ဘုရားရှင်က တိတိကျကျပြောတာမို့လည်း လေးလေးစားစား မှတ်ယူကြဖို့ ဆိုတာ ဆရာဘုန်းကြီးက သတိပေးလိုက်တယ်။
နိဗ္ဗာန်သွားဖို့လမ်းဟာ ဒီသမ္မာဒိဋ္ဌိလမ်းပဲ၊ ဒီလမ်းမှန်ဖို့ရာ မြေပုံအရေးကြီးတယ်၊ မြေပုံဆိုတာ ဒီလမ်းစဉ် မြေပုံပဲလို့မှတ်ကြ၊ ဒီလမ်းစဉ်မြေပုံကို မြဲမြဲမှတ်ထားရမယ်၊ နိဗ္ဗာန်သွားဖို့ ခရီးစဉ်မြေပုံ၊ သဘောပါကြပလား။ အခု ဒကာ,ဒကာမတွေကို နိဗ္ဗာန်သွားဖို့မြေပုံ၊ ခရီးစဉ်မြေပုံကိုပြမယ်၊ ကြိုးစားပြီး မှတ်ယူကြ။
မြေပုံကိုရရင် မပျောက်ကြစေနဲ့
မြေပုံကိုပြပြီးလို့ မြေပုံကိုရရင် မပျောက်ကြစေနဲ့၊ မြေပုံပျောက်ရင် မျက်စိလည်ပြီး နိဗ္ဗာန်မရောက်တော့ဘူး၊ မျက်စိလည်လမ်းမှားပြီး အို,နာ,သေ ဆင်းရဲတွေ ငရဲဒုက္ခတွေကြားထဲမှာ ဒုက္ခ,ဒေါမနဿ မွှေနှောက်ပြီး ဂျွမ်းထိုးမှောက် ခုန်ကျချင်တာ ကျမယ်ဆိုတာ မှတ်လိုက်ကြ။ ဒကာတို့တတွေ ရှေးတုန်းကလည်း ဒီမြေပုံမရခဲ့ကြလို့ ဒုက္ခချောက်အမျိုး စုံမှာ မှောက်ခုန်နဲ့ ဂျွမ်းထိုးချည်းကျခဲ့ရတယ်ဆိုတာ ယုံမှားမရှိကြနဲ့၊ ကျေနပ်ပလား။
နိဗ္ဗာန်မဂ်ဖိုလ်ကို ရချင်ရင် ဒီအချက်အရေးကြီးပါတယ်။ ဒီမြေပုံကို အိမ်ပြန်ရောက်တော့လည်း မပျောက် ကြစေနဲ့ဆိုတာ မှာလိုက်ပါတယ်။ ပထမ သမ္မာဒိဋ္ဌိအစကို ရှာရမယ်၊ ဒုတိယသမ္မာ ဒိဋ္ဌိအစကိုရချင်ရင် တရားနာပြီး နှလုံးသွင်းမှန်မှုကို ရှာရမယ်။ ဒါမှသာရမယ်။ တရားဆိုပေမယ့်လည်း သာမညတရားကိုမဆိုဘူး။ သုညတတရား၊ နိဿတ္တ, နိဇ္ဇီဝတရားမှသာ အရေးကြီးတယ်ဆိုတာ မှတ်ထားကြ။
ဒကာ,ဒကာမတွေ ရှင်းကြရဲ့လား။ ဒီလမ်းစဉ်မြေပုံမှန်မှသာ နိဗ္ဗာန်မဂ်ဖိုလ်ကို ရနိုင်ကြမယ်။ ဒီလမ်းစဉ် ပျောက်ရင် မျက်စိလည်ပြီး ငိုချင်းချရမယ်လို့သာ မှတ်လိုက်ကြ။ ဒကာ,ဒကာမတို့ နှလုံးသွင်းမှန်ချင်ရင်လည်း နိဿတ္တ, နိဇ္ဇီဝတရားကိုနာရမှ၊ ပုဂ္ဂိုလ်သတ္တဝါမဟုတ်၊ အသက်ဇီဝမဟုတ်တဲ့ တရားကိုနာရမှသာ နှလုံးသွင်းမှန်ကန်နိုင်မယ် ဆိုတာ မှတ်လိုက်ကြ၊ ပေါ်ကြပလား။
ဒီလေးချက်အရေးကြီးတယ်
ဒကာ,ဒကာမတို့ နိဗ္ဗာန်သွားမြေပုံအတွက် ဒီလေးချက်အရေးကြီးတယ်။ ဘယ်လေးချက်လဲဆိုတော့…
၁။ နိဿတ္တ, နိဇ္ဇီဝတရား နာကြားမှု။
၂။ ထိုတရားနားကြား၍။ နှလုံးသွင်းမှန်ကန်မှု။
၃။ သမ္မာဒိဋ္ဌိဖြစ်မှု
၄။ နိဗ္ဗာန်မျက်မှောက်ပြုမှု။
နိဗ္ဗာန်သွားမြေပုံအတွက် ဒီလေးချက်ကို မှတ်ထားကြရမယ်၊ နှလုံးသွင်းမှန်ရမယ်၊ နှလုံးသွင်းမှန်ချင်ရင်လည်း နိဿတ္တ, နိဇ္ဇီဝတရား နာရမယ်၊ ပုဂ္ဂိုလ်သတ္တဝါမဟုတ်တဲ့ တရားလို့မှတ်ကြ။ အဲဒီတရားနာရမှလည်း သမ္မာဒိဋ္ဌိဖြစ်မယ်၊ သမ္မာဒိဋ္ဌိဖြစ်မှလည်း နိဗ္ဗာန်ရမယ်၊ ဒီလမ်းစဉ်မြေပုံကို မှတ်မိကြပလား။
ဒကာတို့တတွေ…သံသရာတစ်လျှောက်မှာ နေလာခဲ့ရတာ အလွန်ကံကောင်းပါမှ ကမ္မဿတာ သမ္မာဒိဋ္ဌိ တရားချည်း များပါတယ်။ သစ္စာနုလောမိက သမ္မာဒိဋ္ဌိက အလွန့်အလွန်ရှားတယ်ဆိုတာ မှတ်လိုက်ကြ။ တစ်သံသရာမှ တစ်ခါဆိုသလို သစ္စာနုလောမိက သမ္မာဒိဋ္ဌိဉာဏ်မျိုးကို ရခွင့်ကြုံသူ ရနိုင်တဲ့သူဟာ အင်မတန်မှ ဘုန်းကံရှိပါပေတယ် လို့ ဆိုနိုင်ပါတယ်။ အခု…ဒကာတို့တတွေ နိဗ္ဗာန်သွားမြေပုံကို ကိုယ်ပိုင်ရနိုင်တဲ့ အခွင့်အရေးကြုံရတာ နှယ်နှယ်ရရ မဟုတ်ပါဘူး။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ကိုယ့်အကြောင်း ကိုယ်သိကြပလား။ သိရလို့ရှိရင် အလွဲသုံးစားမဖြစ်ကြစေနဲ့ လို့ သတိပေးလိုက်ပါတယ်။ ဒကာ,ဒကာမတို့ တစ်ခါထပ်ပြီး ပြောပါဦးမယ်။ ပထမက နိဗ္ဗာန်၊ ဒုတိယက သမ္မာဒိဋ္ဌိ၊ အမှန်မြင်တဲ့ဉာဏ်၊ တတိယက တရားနာပြီး နှလုံးသွင်းမှန်မှု၊ စတုတ္ထက နိဿတ္တ, နိဇ္ဇီဝတရားနာကြားမှု၊ ဒီလေးချက် မြေပုံပဲလို့ မှတ်လိုက်ကြ၊ ရှင်းကြရဲ့လား။
နိဗ္ဗာန်သွား မြေပုံအစဟာ
အဲဒီတော့ကား “နိဗ္ဗာန်သွား မြေပုံအစဟာ နိဿတ္တ, နိဇ္ဇီဝတရားကိုရှာမှုက စရမယ်ဆိုတာ ဆုံးဖြတ်ချက် ချကြ။
ဒကာ,ဒကာမတို့ သားနဲ့သမီးနဲ့ ပစ္စည်းနဲ့ခွဲရမှာ မစိုးရိမ်နဲ့။ ဒီမြေပုံက အရေးကြီးတယ်ဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။ ဥပမာအားဖြင့် လေယာဉ်ပျံကြီးတွေ၊ ပင်လယ်ကူးသင်္ဘောကြီးတွေနဲ့ ခရီးသွားတဲ့အခါ မြေပုံဟာ အရေးကြီးသလို နိဗ္ဗာန်သွားဖို့ရာလည်း ဒီမြေပုံဟာ အလွန်ပဲအရေးကြီးပါတယ်ဆိုတာ ပြောလိုက်တယ်။
လေယာဉ်ပျံတွေ၊ ပင်လယ်ကူးသင်္ဘောတွေနဲ့ သွားတဲ့အခါ မြေပုံလက်ကိုင်ပျောက်ရင် လေမုန်တိုင်းနဲ့ တွေ့ ချင်တွေ့မယ်။ ကျောက်ဆောင်စတဲ့ အန္တရာယ်အမျိုးမျိုးတွေနဲ့လည်း တွေ့နိုင်တယ်။ ဒီသဘောအတိုင်းပဲ၊ နိဗ္ဗာန်သွား မြေပုံပျောက်သွားရင် လောကဓံလေမုန်တိုင်း၊ လောကဓံကျောက်ဆောင် အန္တရာယ်တွေနဲ့ တွေ့ကြုံပြီး အပါယ်လေးပါး သမုဒ္ဒရာထဲမြုပ်မယ်၊ မျောမယ်ဆိုတာ မှတ်ကြတော့။
ဒါကြောင့်…နိဗ္ဗာန်သွားမြေပုံကို လက်ရှိရအောင် သမ္မာဒိဋ္ဌိအစကို ရှာကြရမယ်၊ သမ္မာဒိဋ္ဌိကိုတွေ့ရင် “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ”တဲ့။ ဘုရားက သမ္မာဒိဋ္ဌိနဲ့သွားတဲ့လမ်းဟာ တကြောင်းတည်းသော နိဗ္ဗာန်သွား ခရီးပဲတဲ့။ ဒီလမ်းအတိုင်းသွားရင် နိဗ္ဗာန်ကိုမရောက်ဘဲ မရှိဘူး၊ ဧကန်ရောက်မယ်”လို့ ဟောတော်မူခဲ့တယ်၊ သဘော ပါကြပလား။
ဒကာ,ဒကာမတို့ ဘာမှသံသယမရှိကြနဲ့၊ သံသယရှိနေဖို့ မလိုတော့ဘူး။ “သဗ္ဗဇာနာတီတိ သဗ္ဗညူ”ဆိုတဲ့ အတိုင်း ဘုရားက အလုံးစုံသိတော်မူလို့ သိတဲ့အတိုင်း ဟောပြထားခဲ့တာ ဒကာတို့တတွေက သဗ္ဗညူမဟုတ်လို့ ကိုယ် တိုင် မသိနိုင်ကြဘူး။ အဲဒီတော့ ကိုယ့်အထင်အမြင်တွေ ဘေးချိတ်ထား၊ ဘုရားပြောတာ အမှန်ယူကြ၊ အမှန်ယူပြီး ကြိုးစားလိုက်နာကြရမယ်၊ ရိပ်မိကြပလား။
ရိုးရာနှိပ်စက်နေတယ်
ဒကာတို့တတွေမှာ ရိုးရာနှိပ်စက်နေတယ်၊ ရိုးရာအနှိပ်စက်ခံနေရတော့ ငါ့သား, ငါ့သမီး, ငါ့ပစ္စည်း, ငါ့ကိုယ် ဆိုပြီး ရိုးရာအမြင် အထင်တွေနဲ့နေပြီး သူတို့အနှိပ်စက်ပဲ ခံနေကြရတယ်။ ဒါတွေကြောင့် အမှန်အကန်မသိနိုင်, မမြင်နိုင်ကြတော့ဘဲ ဖြစ်နေကြတယ်၊ ရှင်းကြရဲ့လား။
ဒါကြောင့် ဘုရားက
ဒိဋ္ဌိဗန္ဓနဗန္ဓာတေ၊ တဏှာသောတေန ဝုယှရေ။
တဏှာသောတေန ဝုယှန္တာ၊ နတေ ဒုက္ခာပမောစရေ။
*အဓိပ္ပာယ်
အမြင်မှာ၊ အယူမှား (ဒိဋ္ဌိ) အနှောင်အဖွဲ့ဖြင့်၊ အနှောင်အဖွဲ့ခံရသည့်သူတို့ကား တပ်မက်နှစ်သက်မှု (တဏှာ) အယဉ်ကြောဖြင့် မျောပါကြရလေ၏။ တဏှာအယဉ်ဖြင့် အစဉ်မျောပါကြရသူတို့မှာ ဆင်းရဲဒုက္ခဟူသမျှမှ မည်သည့် အခါမှ မလွတ်မြောက်နိုင်ကြလေကုန်။ အဲဒီအဓိပ္ပာယ်ကို ဟောကြားတော်မူခဲ့တယ်ဆိုတာ မှတ်ကြ။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေမှာ ဒီဒိဋ္ဌိအနှောင်အဖွဲ့တွေနဲ့ ဒီတဏှာရေယဉ်ကြော မျောပါနစ်မြှုပ်ပြီး လာ ကြရတာဖြစ်လေတော့ အမှန်အကန်မသိနိုင် မမြင်နိုင်ကြဘူး၊ သိမြင်နိုင်တဲ့မျက်လုံး မပါခဲ့ကြဘူး။ အဲဒီလိုမသိနိုင်တော့ တွေ့ကရာမြင်ကရာ မေးကြရ၊ မေးပြန်တော့လည်း အမေးခံရသူက ကိုယ်လိုလူပဲမို့ အမှန်မရဘူး။ အဲဒါနဲ့ သူများပါးစပ် ဖျား လမ်းဆုံးကြရပြန်တာပဲ၊ ရိပ်မိကြရဲ့လား။
နိဿတ္တ, နိဇ္ဇီဝတရား နာကြား၍ နှလုံးသွင်းမှန်မှု
ဒကာ,ဒကာမတွေဟာ ဒေါင်ချာစိုင်းနေကြပြီ၊ ဒီလမ်းကိုတော့ သိမ်းကြမှဖြစ်တော့မယ်၊ အမြန်ဆုံးသိမ်းကြ တော့၊ သဘောပါကြပလား။ ဒကာ,ဒကာမတွေ မြေပုံကိုမှတ်မိကြပလား။ ငါ, သူတပါး, ယောက်ျား, မိန်းမ မရောတဲ့ နိဿတ္တ, နိဇ္ဇီဝတရား နာကြား၍ နှလုံးသွင်းမှန်မှု၊ ယောနိသောမနသိကာရ၊ နောက်-အမြင်မှန်မှု, သမ္မာဒိဋ္ဌိ, ဒါပဲ အရေးကြီးတယ်၊ ဒါပဲ သေသေချာချာဟောခဲ့တယ်၊ ရှင်းကြပလား။
ဒီမြေပုံ အရေးကြီးတယ်၊ ဒီမြေပုံပျောက်ရင် အိုဘေး,နာဘေး,သေဘေး,အပါယ်ဘေးတွေ သုံးဆယ့်တစ်ဘုံ မှာ ကျချင်တဲ့’ချောက်’တွေထဲ စောက်ထိုးမိုးမြှော် ကျရမယ်၊ ဒါကြောင့် ဒီမြေပုံဟာ ဒကာတို့တတွေရဲ့ အတွင်းပစ္စည်း ထက် အတွင်းကျတဲ့ပစ္စည်းပဲဆိုတာ မှတ်လိုက်ကြ။ ဒကာတို့ ထင်မြင်ယူဆထားတဲ့ အတွင်းပစ္စည်းမျိုးက ရန်သူအစစ်၊ လောင်မီးအစစ်ဆိုတာ မှတ်ထားကြ။ အခုမြေပုံကမှ အားကိုးရာ, အားထားရာ, ငြိမ်းအေးရာအစစ်ပဲဆိုတာ ဆုံးဖြတ် ချက်ချကြ။
ဒကာ,ဒကာမတို့ မိမိခန္ဓာ, သားသမီးခန္ဓာ, ခန္ဓာဟူသရွေ့မှာ နိဿတ္တ, နိဇ္ဇီဝဖြစ်ရမယ်၊ မဖြစ်ရင် မြေပုံပျောက် ပြီဆိုတာ မှတ်ကြ။ မြေပုံပျောက်ရင် ဒုက္ခရောက်တော့မယ်၊ ကိုယ်ကျိုးနည်တဲ့ဇာတ်ဟာ မြေပုံပျောက်တဲ့ဇာတ်ပဲလို့သာ ဆုံးဖြတ်ချက်ချကြ၊ ရှင်းကြပလား။ ဒကာတို့တတွေ ရှေးကဒီမြေပုံကို တွေ့ကိုမတွေ့ဖူးခဲ့လို့ ပျောက်ကိုမပျောက်ခဲ့ဖူး ဘူး။ ဒကာတို့ အခု မြေပုံကိုတွေ့ကြရပြီ။ ဒါကိုပျောက်သွားခဲ့ရင် မတွေ့တဲ့သူနဲ့ အတူတူပဲ။
ရိပ်မိကြပြီလား။ ဒီမြေပုံပျောက်ရင် ဒိဋ္ဌိဦးစီးတာပဲ၊ ဒိဋ္ဌိလာရင် ဝိစိကိစ္ဆာပါ,ပါတယ်၊ ဝီစိကိစ္ဆာပါရင် လမ်း နှစ်ခွဖြစ်ပြီ၊ လမ်းနှစ်ခွတွေ့ရင် လိုက်မိလိုက်ရာ ရမ်းပြီးလိုက်ကြရော၊ လိုက်တော့ ရောက်ချင်တာရောက်၊ ကျချင်တဲ့ “ချောက်ထဲ”ကျပြီဆိုတာ မှတ်ကြတော့၊ ကျေနပ်ကြပလား။
နိဿတ္တ, နိဇ္ဇီဝဖြစ်ဖို့ အရေးကြီးတယ်
ဒကာ,ဒကာမတို့ နိဿတ္တ, နိဇ္ဇီဝဖြစ်ဖို့ အရေးကြီးတယ်။ ပထမဆုံး သူအရေးကြီးတယ်ဆိုတာ မှတ်ရမယ်၊ သူမပါရင် ယောနိသော မနသိကာရ မဖြစ်နိုင်ဘူး။ ယောနိသော မနသိကာရမဖြစ်ရင် သမ္မာဒိဋ္ဌိမဖြစ်နိုင်ဘူး။ ဒီအချက်ကို လေးလေးနက်နက် မှတ်လိုက်ကြ၊ သဘောပါကြပလား။
ယောနိသော မနသိကာရဖြစ်ဖို့ အလွန်ပဲအရေးကြီးပါတယ်။ ဒကာတို့ အိမ်ပြန်ရောက်ရင် အတော်ခဲယဉ်း သွားပြီ။ အိမ်ရောက်တော့ အိမ်မှာ ပဋိရူပဒေသ မဖြစ်နိုင်ဘူး။ အိမ်က အပဋိရူပဖြစ်နေတယ်။ အဲဒီတော့ အိမ်ကျရင် သောက, ဗျာပါဒ, ဒုက္ခ, ဒေါမနဿ။ အဲဒါတွေအကုန်ဝင်လာ အကုန်ဖြစ်တော့တာပဲ၊ ရိပ်မိကြရဲ့လား။ အဲဒီမှာ “အတ္တသမ္မာပဏိဓိ”လည်း မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် အိမ်ဟာမသွားကောင်းတဲ့အရပ်။ မနေအပ်တဲ့အရပ်ပဲဆိုတာ မှတ်လိုက်ကြ။
ဘုရားရှင် ဟောတော်မူသမျှမှာ နိဿတ္တ, နိဇ္ဇီဝရောက်တာချည့်ပဲ။ ဘုရားဟောတော်မူလိုရင်းတရားဟာ နိဿတ္တ, နိဇ္ဇီဝတရားပဲလို့ မှတ်ထားကြ၊ သဘောပါကြပလား။ ဒကာ,ဒကာမတို့ မနေ့ကဟောခဲ့တဲ့တရားမှာ “အို,နာ, သေဟာ ဘယ်ကလာသလဲဆိုတော့ ခန္ဓာငါးပါးက လာတယ်ဆိုတာ ပြောခဲ့ပြီးပြီ။ ဒကာ,ဒကာမတွေက “ဘယ်ခန္ဓာ ဖြစ်ရပါလို၏၊ ဘာဖြစ်ရပါလို၏”ဆိုရင် အဲဒါ မြေပုံပျောက်ပြီလို့သာ မှတ်လိုက်ကြ။ ၃၁-ဘုံမြေပုံက မျက်စိလယ်တဲ့သူ သွားတဲ့လမ်းပဲ။
ဒီခန္ဓာက ဘယ်ကလာတုံး
ဒီခန္ဓာက ဘယ်ကလာတုံးဆိုတော့ တဏှာကလာတာပဲ၊ ခန္ဓာငါးပါးကို တဏှာကဖြစ်စေတယ်၊ ဒီတဏှာကော ဘယ်ကလာတုံးဆိုပြန်တော့ ခင်ရာမင်ရာက လာတာပဲလို့ဆိုတဲ့ အဓိပ္ပာယ်ကိုမှတ်မိကြပြီ။ ဒကာ,ဒကာမတို့ ခင်ရာ မင်ရာက ဘယ်မှာအများဆုံးရှိသလဲ၊ အိမ်ရှာရှိတယ်။ အဲဒီတော့ ဒကာတို့တတွေ အိမ်ပြန်ရောက်ရင် ပုဂ္ဂိုလ်သတ္တဝါ ရောက်ပြီး နိတ္တဿ, နိဇ္ဇီဝပျောက်ပြီး နိဿတ္တ, နိဇ္ဇီဝပျောက်တာ မြေပုံပျောက်တာပဲလို့သာ မှတ်ကြ။
ဘုန်းကြီးက မေးလိုက်ပါတယ်။ “နိဗ္ဗာန်သွားမြေပုံ တစ်နေ့ဘယ်နှခါလောက် ပျောက်ကြသလဲလို့၊ ဘယ်နှခါ ပျောက်တယ်ရယ်လို့ မရေမတွက်နိုင်ပါဘူး”တဲ့။ အဖြေထွက်တယ်၊ ဟုတ်ကြရဲ့လား။ အဲဒီလိုသာဆိုရင် ဒကာတို့တော့ သွားပြီ၊ နိဿတ္တ, နိဇ္ဇီဝပျောက်ရင် တဏှာလာတယ်၊ တဏှာလာရင် ခန္ဓာရတယ်၊ ခန္ဓာရရင် အို,နာ,သေတွေ ရတော့ တာပဲ၊ ပေါ်ကြပလား။
ခင်ရာမင်ရာဆိုတာ သားသမီး သားမယား၊ ငါ,သူတပါး ယောက်ျား,မိန်းမ အားလုံးပဲ၊ ခင်ရာမင်ရာ မရေ မတွက်နိုင်ဘူး။ နိဿတ္တ, နိဇ္ဇီဝပျောက်တာနဲ့ တပြိုင်နက် ခင်ရာမင်ရာရောက်တာပဲ၊ ရိပ်မိကြရဲ့လား။ ဒကာ,ဒကာမ တို့ အို,နာ,သေ ပျောက်ချင်ရင် ဒါတွေကိုကြောက်ရင်၊ နိဿတ္တ, နိဇ္ဇီဝဖြစ်အောင် လုပ်ကြရမယ်။ “ပုဂ္ဂိုလ်, သတ္တဝါ မဟုတ်, ရုပ်,နာမ်ဖြစ်ပျက်သာ ဟုတ်၏။ ဒုက္ခသာဟုတ်၏။ အဲဒီလိုသိအောင် လုပ်ကြရမယ်။
ဒကာ,ဒကာမတို့ “ရုပ်,နာမ်,ဖြစ်,ပျက်သာ ဟုတ်၏။ ဒုက္ခသာလျှင် ဟုတ်၏။ ပုဂ္ဂိုလ်, သတ္တဝါမဟုတ်” အဲဒီလို သိရင် အဲဒီလိုနှလုံးသွင်းရင် ယောနိသော မနသိကာရဖြစ်တယ်၊ ယောနိသောဖြစ်ရင် သမ္မာဒိဋ္ဌိဖြစ်ပြီ၊ သမ္မာဒိဋ္ဌိဖြစ်ရင် နိဗ္ဗာန်ရောက်မယ်ဆိုတာ မှတ်လိုက်ကြ၊ သဘောပါကြပလား။ ဒကာ,ဒကာမတို့ ဒါကြောင့် နိဿတ္တ, နိဇ္ဇီဝဖြစ်အောင် သုညတဖြစ်အောင် ရှာရမယ်၊ ငါ-ငါ့ဥစ္စာမရှိအောင် ရှာရမယ်၊ ရှင်းကြပလား။
ဒကာ,ဒကာမတွေက သံသရာတလျှောက်လုံးမှာ ရောက်ချင်ရာရောက် မှောက်ချင်တိုင်းမှောက်ပြီး လာခဲ့ရ တာ ဖြစ်လေတော့ အမှန်အကန်မမြင်၊ အမှားကိုပဲ အမှန်လို့ထင်ပြီး ကြက်ကန်းစွဲနဲ့ ရမ်းစွဲမိခဲ့ကြရတယ်။ စွဲမိစွဲရာ ရမ်းစွဲတာကလည်း အစွဲက အလွန်နာနေကြပြီ၊ ရိပ်မိကြရဲ့လား။ ဒကာတို့တတွေ အဲဒီလိုအစွဲနာနေတာ အစွဲမှားနေ တာကို မှန်အောင်လုပ်ရမယ်၊ အမှန်ဖြစ်အောင် ရှာရမှာပဲဆိုတာ မှတ်လိုက်ကြ၊ သဘောပါကြပလား။
အပွားနဲ့မှ ပြီးမယ်
ဒကာတို့အတွက်မှာ နာတရားနဲ့ ကိစ္စမပြီးဘူး၊ အကြားနဲ့မပြီးနိုင်ဘူး၊ အပွားနဲ့မှ ပြီးမယ်ဆိုတာ မှတ်လိုက် ကြ၊ ဘာ့ကြောင့်လဲလို့ မေးခဲ့ရင် ဒကာတို့က တဏှာကအားကြီးထုံခဲ့လို့ပဲဆိုတာ မှတ်ရမယ်၊ ဒါကြောင့် ဒကာတို့အတွက် ရှေးတုန်းကလို နာတရားလောက်နဲ့ မရဘူး၊ ဘာဝေတဗ္ဗနဲ့ ပွားယူရမယ်။ ပွားယူမှရမယ်၊ ဒါကြောင့် နာပြီးရုံနဲ့ တင်း တိမ်မနေဘဲ ပွားယူကြပါလို့ သတိပေးလိုက်တယ်၊ ရှင်းကြရဲ့လား။
ပွားယူကြလို့ဆိုတော့ ဘယ်လိုပွားရမှာလဲဆိုရင် ဝိပဿနာအလုပ်ခွင်ဝင်ပြီး ပွားရမှာပဲ။ ဒီအလုပ်ကိုလုပ်ဖို့ က အခု…ဒကာတို့ကို ရှင်းပြောရမယ်၊ ဒကာ,ဒကာမတွေမှာ ပင်ကိုယ်သဘာက ခန္ဓာငါးပါပဲ၊ ပင်ကိုယ်သဘော အမှန်အရှိက ခန္ဓာငါးပါးပဲ၊ ဒီပြင် ဘာမှအပိုမစွက်ဘူးဆိုတာ မှတ်ထားကြ၊ ဒကာ,ဒကာမတို့ ဒီခန္ဓာငါးပါးဆိုတဲ့ ခန္ဓာဟာလည်း ဇာတိ,ဇရာ,မရဏတို့ရဲ့ စားဖတ်ဝါးဖတ်ပဲ၊ ဒါကြောင့် ခန္ဓာငါးပါးအားလုံးပေါင်းပြီး ဒုက္ခသစ္စာတစ်ခု ထဲပဲ ရှိတယ်ဆိုတာ မှတ်လိုက်ကြ။ ရိပ်မိကြရဲ့လား။
ခန္ဓာငါးပါးဆိုတာဟာ ဘာပါလဲဆိုတော့ ဒုက္ခသစ္စာပဲ၊ ဒါကြောင့် ဒီဒုက္ခသစ္စာ ခန္ဓာငါးပါးကို ရှုပွားရမယ်၊ ခန္ဓာငါးပါးကို မဂ္ဂင်ငါးပါးနဲ့ရှုရမယ်၊ ရှင်းကြပလား။ ရှုတဲ့အခါမှာတော့ ခန္ဓာငါးပါးရှိပေမယ့် ငါးပါးလုံးကို မရှုရဘူး၊ ခန္ဓာတပါးပါးကိုသာ ရှုရမယ်၊ ရှုတဲ့အခါမှာ ခန္ဓာငါးပါးထဲက တပါးထဲတင် ရှုဖို့အရေးကြီးတယ်၊ အများမလိုဘူး၊ တစ်ပါးထဲလိုတယ်ဆိုတာ မှတ်ထားကြ၊ သဘောပါကြပလား။
တစ်ခုရှုရင် အကုန်ပျက်တာ သိတယ်
ခန္ဓာငါးပါးထဲက တစ်ပါးပျက်ရင် အကုန်ရောပါသွားတယ်၊ သဟဇာတဖြစ်ပြီး ပါတယ်ဆိုတာ မှတ်ကြ။ ဥပမာ အိမ်ကို မီးလောင်တယ်ဆိုရင် အမိုးက အချဉ်ပါမကျန်ဘူး။ အကုန်ပါတာပဲ၊ ဒီအိမ်ကို မီးလောင်တဲ့ဥပမာအတိုင်းပါပဲ၊ ခန္ဓာငါးပါးဟာလည်း တပါးပျက်ရင် အကုန်ပျက်တာပဲ။ ဘာ့ကြောင့်လဲဆိုရင် သဟဇာတ အတူတကွဖြစ်ဖော်ဖြစ်ဖက် ဖြစ်လို့ပဲ၊ ရိပ်မိကြပလား။
အရှင်သာရိပုတ္တရာက “ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ ဝိညာဏံ”တဲ့၊ အရှင်မဟာကောဋ္ဌိက,က အဆန်းထင်ပြီးမေးလို့ ဖြေပြလိုက်တဲ့အချက်ပဲ၊ “ဝိပဿနာဉာဏ်နဲ့ ရှုကြည့်တဲ့အခါမှာ တစ်ခုရှုရင် အကုန်ပျက်တာ သိတယ်”လို့ ဟောခဲ့တယ်။ အဲဒီအဓိပ္ပာယ်ဟာ “နိဒါနဝဂ္ဂ သံယုတ်ပါဠိတော် နဠကလာပီသုတ်”မှာ လာတယ်လို့မှတ် ကြ။ နာမ်ကိုရှုရင် ရုပ်ဖြစ်ပျက်ကိုသိတယ်၊ ရုပ်ကိုရှုရင်လည်း နာမ်ဖြစ်ပျက်ကိုပါ သိတယ်ဆိုတာ မှတ်ထားကြ၊ ရှင်းကြ ပလား။
ဒကာ,ဒကာမတွေ ဒါကြောင့် ခန္ဓာငါးပါး တစ်ပါးပါးကိုပဲလိုတယ်၊ ငါးပါးလုံးမလိုဘူး။ တစ်ပါးရှုရင် အားလုံး ကိစ္စပြီးတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ်ကြပလား။ ရှုတဲ့အခါ ခန္ဓာငါးပါးထဲက တစ်ပါးပါးရှု၊ ရှုတော့ ဖြစ်ပျက်ဒုက္ခသစ္စာပဲ တွေ့ရမယ်၊ ဘာလာလာ ဘာရှုရှု ဖြစ်ပျက်ဒုက္ခပဲရှိတယ်၊ ရှုတော့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှုတဲ့ဉာဏ်က မဂ္ဂသစ္စာ ဖြစ် သွားတယ်၊ ဒါကြောင့် ဘာလာလာ လာသမျှ ဒုက္ခသစ္စာချည့်ပဲ၊ လာသမျှ ဖြစ်ပျက် မြင်အောင်ရှုချကြ။
ရုပ်ကိုရှုတဲ့သူက ရုပ်ဖြစ်ပျက်မြင်အောင်ရှု၊ ဝေဒနာရှုတဲ့သူကလည်း ဝေဒနာပေါ်လာသမျှ ဖြစ်ပျက်ဒုက္ခသစ္စာ ပဲဆိုပြီး ရှုသာချ။ ရှုတတ်ကြပလား။ ဒကာ,ဒကာမတွေ အဲဒီတော့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှုတဲ့ဉာဏ်က မဂ္ဂသစ္စာ ဖြစ်မသွားဘူးလား။ ဖြစ်သွားတယ်။ ဖြစ်သွားတော့ အဲဒီလိုနဲ့ ဖြစ်ပျက်တွေဆုံးသွားအောင် ရှုလိုက်ရမယ်၊ အဲဒီလိုဖြစ် ပျက်နဲ့ မဂ်နဲ့ချည့်နေအောင် ရှုသွားလိုက်ရင် တစ်ချက်ချက်မှာ ဖြစ်ပျက်တွေဆုံးသွားတော့တာပဲ၊ ရှင်းပလား။
အဲဒီတော့မှ ဖြစ်ပျက်တွေက ဒုက္ခသစ္စာ။
ဖြစ်ပျက်အဆုံးမြင်တဲ့ဉာဏ်က မဂ္ဂသစ္စာ။
ဖြစ်ပျက်အဆုံးမှာ ပေါ်လာတာက နိရောဓသစ္စာ။
ဖြစ်ပျက်အဆုံးမှာ ချုပ်တဲ့ကိလေသာက သမုဒယသစ္စာ။
ဒကာ,ဒကာမတွေ ကျေနပ်ကြပလား။ ဒါဖြင့် ပထမ ဖြစ်ပျက်မြင်အောင်ရှု၊ ဒုတိယ မုန်းလာအောင်ရှု၊ တတိယ မုန်းရက်နဲ့ ဒီဖြစ်ပျက်တွေဆုံးသွားအောင် ဆက်ရှုပေး၊ သဘောပါကြပလား။ ကြိုးစားကြ။
ကိုင်း…ယနေ့ ဒီတွင်တော်ကြဦး၊ နက်ဖြန်မှဆက်ကြစို့။
