20602

ခန္ဓာငါးခွင် အဆိပ်ပင် တရားတော်

ဆောင်ပုဒ်

ခန္ဓာငါးခွင်၊ အဆိပ်ပင်၊ ခင်မင်အာယတန။

တဏှာ,ဒိဋ္ဌီ၊ ဟပ်မျိုမိ၊ ကြီးဘိဝန်ဒုက္ခ။

မမျိုမိရန်၊ သတိဉာဏ်၊ ရှုရန်ကြီးလုလ္လ။

မျက်စိ,နား,နှာ၊ ကိုယ်နှင့်လျှာ၊ စိတ်ပါဤခြောက်ဝ။

သံသရာချဲ့ရန်၊ တွင်းသန္တာန်၊ ဖြစ်ပြန်အာယတန။

ဖြစ်ပေါ်ခိုက်တွင်၊ မဂ်ဉာဏ်ဝင်၊ အစဉ်ရှုပါမှ။

ဖြစ်ပေါ်ချုပ်ပျက်၊ ကြောင်းကျိုးဆက်၊ သက်သက်မြင်ဒုက္ခ။

ငါ,သူမမြင်၊ မခင်မင်၊ ကွာစင်တဏှာပ။

တဏှာချုပ်ငြိမ်း၊ ခန္ဓာသိမ်း၊ အောင်ကိန်းနိဗ္ဗာန။

သတိချပ်

ခန္ဓာငါးဖြာ၊ အဆိပ်သာ၊ ကြီးစွာဝဋ်ဒုက္ခ။

ခန္ဓာရှိသူ၊ ဒုက္ခဟူ၊ ဘယ်မူမလွတ်ကြ။

အို,နာ,သေမှာ၊ ပါယ်လေးဖြာ၊ ဝင်ကာစွက်ဖက်ရ။

ဘုရားသော်ငြား၊ ဝမ်းတော်လား၊ စံသွားနိဗ္ဗာန။

ဒုက္ခထိုထို၊ လွတ်ချင်လို၊ ဗဟိုမဂ်လမ်းမ။

ဒုက္ခစင်စစ်၊ သုခဖြစ်၊ မြတ်နှစ်မဂ္ဂင်္ဂ။

မဂ္ဂင်ရှစ်ရပ်၊ ဘာဝေတဗ်၊ အမြတ်သစ္ဆိက။

ခန္ဓာရုပ်သိမ်း၊ ဒုက္ခငြိမ်း၊ အောင်းကိန်း နိဗ္ဗူတ။

တရားသား

ဒကာ,ဒကာမတို့ ဒီကနေ့လည်း မနေ့က တရားအဆက်ကိုပဲ ထပ်ပြီးပြောရလိမ့်မယ်။ ဒကာ,ဒကာမတွေ အခု ခန္ဓာလက်ရှိရထားကြတယ်။ ဘာလို့ရလာတာလဲ။ ရချင်ကြလို့ရတာ။ ဒကာတို့က လိုချင်လို့၊ လိုချင်လို့သာ ရလာ ကြတာပါ လိုချင်တာက တဏှာပဲ ရှင်းကြရဲ့လား။ ဒကာ,ဒကာမတို့ ခန္ဓာရချင်တာဟာ တဏှာက ရချင်တာပဲလို့ မှတ်လိုက်ကြ။

ခန္ဓာရချင်လို့ ရလာကြတော့ အို,နာ,သေနဲ့ ခွဲလို့မရတော့ဘူး။ ခန္ဓာဖြစ်ချင်ရင် အိုဘေးသင့်မယ်၊ နာဘေး သင့်မယ်၊ သေဘေးသင့်မယ်၊ ခန္ဓာဖြစ်ရင် ဘုရားတောင် ဝမ်းလျှောဝမ်းလားပြီး ပရိနိဗ္ဗာန်စံတော်မူရတယ်ဆိုတော့ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေအဖို့ရာ ပြောစရာမရှိဘူး။ ဆေးနဲ့ဝါးနဲ့ ဆရာသမားအမျိုးမျိုးနဲ့ တားလည်းမရ။ ပရိတ် တွေ မန္တရားတွေလည်း မတားနိုင်။ မဂ္ဂင်မှသာ တားနိုင်မယ်။ မဂ္ဂင်က ဒုက္ခကို သုခဖြစ်အောင် လုပ်နိုင်တယ်၊ ရိပ်မိ ကြပလား။

မဂ္ဂင်အကျင့်နဲ့မှသာ ဒီအို,နာ,သေကို တားနိုင်တယ်

အို,နာ,သေကို တားဆီးနိုင်ဖို့၊ ဒုက္ခက သုခဖြစ်စေဖို့၊ မဂ္ဂင်လုပ်ကြရမယ်။ မဂ္ဂင်အလုပ်နဲ့ ဘာဝေတဗ္ဗနဲ့ သစ္ဆိ ကာတဗ္ဗဖြစ်အောင် လုပ်ကြရမယ်ဆိုတာ မှတ်လိုက်ကြ။ ဒီအို,နာ,သေတားနိုင်ဖို့ ဘယ်သားသမီးနဲ့ ဘယ်ပစ္စည်း ဘယ် ဆွေမျိုးမှလည်း မတတ်နိုင်ဘူး။ ဒါန,သီလ,သမထ သာမန်နဲ့လည်း မတတ်နိုင်ဘူး။ ဒီတော့ ဘာကတတ်နိုင်မှာလဲလို့ မေးစရာရှိတယ်။ “အတ္တာဟိ အတ္တနောနာထော”တဲ့။ မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်ထားတဲ့ မဂ္ဂင်အကျင့်နဲ့မှသာ ဒီအို,နာ,သေကို တားနိုင်တယ်။ ရှင်းကြပလား။

အို,နာ,သေဒုက္ခတွေကို ရုပ်သိမ်းစေချင်ရင် ဒီခန္ဓာရုပ်သိမ်းအောင် ကျင့်ရမယ်။ ဒီခန္ဓာရုပ်သိမ်းအောင် ကျင့် တဲ့ မဂ္ဂင်အကျင့်မှသာ တတ်နိုင်တယ်ဆိုတာ သဘောပါကြပလား။ ဒါကြောင့် အို,နာ,သေ ဒုက္ခတွေသိမ်းချင်ရင် မဂ္ဂင်အလုပ် ဝိပဿနာအားထုတ်ကြရမယ်။

ဘုရားက သမ္မသနသုတ်မှာ အို,နာ,သေဟာ ခန္ဓာကလာတယ်။ ခန္ဓာဟာ တဏှာကလာတယ်ဆိုတာ ဟောခဲ့ တယ်။ ဒီတဏှာက နှယ်နှယ်ရရမဟုတ်ဘူး။ အလွန်အစွမ်းထက်တယ်။ ဒီတဏှာက ခန္ဓာအမျိုးမျိုးကို လုပ်ပေးနိုင်တယ်၊ ခန္ဓာအမျိုးမျိုးလုပ်နိုင်လို့လည်း ဒုက္ခအမျိုးမျိုးကို ပေးနိုင်တယ်ဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြရဲ့လား။

ဒကာ,ဒကာမတို့ အခုမျက်မှောက်တင်ပဲ တဏှာကပေးတဲ့ ဒုက္ခတွေကြည့်ကြ။ ဒကာတို့မှာ တစ်နေ့လာလည်း မအားရဘူး။ တစ်နေ့ဖြင့်လည်း မအားရဘူး။ ဘယ်နေ့ဘယ်အချိန်မှ အားအားမနေရဘူး။ လိုချင်မှုနဲ့ ဈေးထွက်ရောင်း သူ၊ စက်ချုပ်ရသူ၊ အလုပ်အမျိုးမျိုးလုပ်ရသူနဲ့ မအားရတော့ဘူး။ အဲဒါတွေအားလုံးဟာ လိုချင်မှုတဏှာကခိုင်းလို့ လုပ်ရတာချည့်ပဲ။ ဒကာတို့ကို ဒီတဏှာက လျှာထွက်ပြီး သေအောင်ခိုင်းလိမ့်မယ်ဆိုတာ ယုံမှားမရှိကြနဲ့တော့၊ သဘော ပါကြရဲ့လား။

နွားရှင်က သူ့နွားကို ရိုက်ချင်သလိုရိုက်သလို

ဥပမာဆိုရင် နွားရှင်က သူ့နွားကို ရိုက်ချင်သလိုရိုက်၊ နှိပ်စက်ချင်တိုင်းနှိပ်စက်၊ ခိုင်းချင်သလိုခိုင်းပြီးလို့ နောက်ဆုံးခိုင်းလို့လည်း မဖြစ်၊ ဘယ်လိုမှလည်း သုံးမဖြစ်တဲ့အချိန်မှာ နွားသတ်ရုံပို့လိုက်တော့တာပဲ။ ဒီဥပမာအတိုင်း ပါပဲ။ ဒကာတို့ကိုလည်း တဏှာကခိုင်းချင်တိုင်းခိုင်း၊ ဝေဒနာအမျိုးမျိုးရောက်အောက် နှိပ်စက်၊ နောက်ဆုံး သုံးမဖြစ် လို့ သေတဲ့အခါကျတော့ အပါယ်ကိုတန်းချလိုက်တော့တာပဲ၊ ရိပ်မိကြရဲ့လား။

ဒကာ,ဒကာမတွေကို ဒီတဏှာက အို,နာ,သေနဲ့နှိပ်စက်၊ ဝေဒနာအမျိုးမျိုးရအောင် ခိုင်းစား၊ နောက်ပြီး အပါယ်ပို့ ဘယ်မှာကောင်းတာရှိသေးတုံး။ အို,နာ,သေမှာ အပါယ်ခန္ဓာ ဖြည့်စွက်ပေးလိုက်တယ်၊ ဒီတဏှာနဲ့ နောက် ထပ်ပေါင်းလို့ တော်ပါအုံးမလား။ လုံးဝပေါင်းဖို့မကောင်းတာဟာ တဏှာပဲလို့သာ မှတ်လိုက်ကြတော့။ သူက ပစ္စုပ္ပန် မှာလည်း ဆင်းရဲအမျိုးမျိုးပေးတယ်၊ သံသရာမှာလည်း ဆင်းရဲအမျိုးမျိုးပေးတယ်။

ဘုရားရှင်က သဗ္ဗညုတရွှေဉာဏ်တော်နဲ့ကြည့်ပြီး “တဏှာဟာ လောကတစ်ခုလုံးမှာ အဆိုးဆုံးတရားပဲ”လို့ ဟောတော်မူခဲ့တယ်ဆိုတာ မှတ်ကြ၊ သဘောပါကြရဲ့လား။

ဒကာ,ဒကာမတို့ သစ္စာလေးပါးကို ဟောတဲ့အရာမှာ ကြည့်ကြ၊ ဒုက္ခသစ္စာရဲ့ အဓိကအကြောင်းဖြစ်တဲ့ သမုဒယ သစ္စာဆိုတာဟာ တဏှာလောဘပဲ၊ သူက သမုဒယသစ္စာထိုက်အောင် အလွန်ကြီးကျယ်တဲ့ ဒုက္ခရဲ့အကြောင်းတရားပဲ၊ ရှင်းကြရဲ့လား။ ဒီတဏှာဟာ ဘယ်လောက်အရေးပါတယ်၊ အရာကျတယ်ဆိုတာ ရိပ်မိကြပလား။ ဒီတဏှာက ဘယ် ကလာတာတုံးဆိုတော့ ခင်ရာမင်ရာ အာယတနကလာတယ်၊ ရှင်းပြီနော်။

အဲဒီတော့ ခင်ရာမင်ရာက…သမုဒယသစ္စာ။

တဏှာက…ဒုက္ခသစ္စာ။

ချုပ်သွားတာက…နိရောဓသစ္စာ။

ချုပ်အောင်ကျင့်တဲ့အကျင့်က…မဂ္ဂသစ္စာ။

ဒီအာယတနကို ချုပ်အောင်ကျင့်ရမယ်

ဒကာ,ဒကာမတွေ ကျေနပ်ကြပလား။ ဒါကြောင့် ဒီအာယတနကို ချုပ်အောင်ကျင့်ရမယ်။ ချုပ်အောင် အာယတနတွေကို ဝိပဿနာရှုကြရမယ်ဆိုတာ ပေါ်ကြပလား။ ရှုတော့ ခင်ရာမင်ရာရှုမှ နေရာကျမယ်။ ခင်ရာမင်ရာကို ရှုတော့ တဏှာကိုမြင်တယ်၊ ခင်ရာမင်ရာကို ဝိပဿနာဖြစ်ပျက်ရှုတော့ ခင်ဇောကွာမယ်၊ ခင်ဇောကွာ၊ ခင်တာမင်တာ ချုပ် တဏှာချုပ်တာပဲဆိုတာ မှတ်ကြ။

သမ္မသနသုတ် စကားတော်လာအတိုင်း ခင်ရာမင်ရာကို ဝိပဿနာရှုရမှာပဲလို့ မှတ်ထားကြ။ ဘာကြောင့် သူ့ကိုရှုရမှာလဲလို့မေးရင် ခင်တာမင်တာ တဏှာလာမှာစိုးလို့ပဲဆိုတာ မှတ်ကြတော့။ န၈ိုက ခင်ရာမင်ရာလို့ထင်မိတာ ဝိပဿနာဉာဏ်နဲ့ကြည့်တော့ ခင်စရာမင်စရာမဟုတ် သိလာတော့တာပဲ၊ ဓမ္မလေးတွေ တစ်ခုနဲ့တစ်ခု အကြောင်းနဲ့ အကျိုး ဆက်စပ်ပြီးဖြစ်လာလိုက်, ပျက်သွားလိုက်နေတာကို အမှန်အကန်မြင်လာရမယ်။

ဓမ္မလေးတွေ တစ်ခုနဲ့တစ်ခု အကြောင်းနဲ့အကျိုး ဆက်တာမြင်တော့ ရှုအားသန်လာမယ်၊ အဲဒီအချိန်ရောက် လာရင် ဆက်သာရှု၊ ရှုအားသန်သလောက် ဉာဏ်တက်လာမယ်၊ ဉာဏ်တက်သထက်တက်၊ ရင့်သထက် ရင့်ကျက်လာ ရင် တစ်နေရာမှာ ဖျက်ကနဲ့ဆို ခန္ဓာလည်းချုပ်၊ တဏှာလည်းချုပ်၊ အို,နာ,သေလည်းချုပ်ပြီး နိဗ္ဗာန်ပေါ်တာပဲ။ ဒကာ, ဒကာမတွေ သဘောပါကြပလား။

ဒီတရားတွေဟာ နှိပ်စက် နေတဲ့ တရားတွေပဲ

ဒကာ,ဒကာမတို့ ခင်ရာမင်ရာဆိုတာ ခန္ဓာ,အာယတန,ဓာတ်ဆိုတဲ့ တရားတွေပါပဲ။ ဒီတရားတွေဟာ နှိပ်စက် နေတဲ့ တရားတွေပဲဆိုတာ မှတ်ကြတော့။ ဒကာ,ဒကာမတွေက နှိပ်စက်တဲ့တရားတွေကို နှိပ်စက်မှန်းမသိတော့ ခင်မင် ရုံနဲ့တင် အားမရကြဘူး။ ခလုတ်မသိ, ဆူးမငြိအောင် စောင့်ရှောက်,ကာကွယ်ပေး၊ အစားအစာနဲ့ ကျွေးမွေးပေး၊ ထီး တွေ, ဖိနပ်တွေနဲ့ပူဇော်၊ အနွေးထည်, အအေးထည်တွေနဲ့ ပူဇော်ကြနဲ့။ ဒကာတို့တတွေဟာ တော်တော်ကြည်ညိုလို့ပဲ မဟုတ်ပါလား။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေဟာ ခုထိအောင် ရန်သူမှန်း၊ မိတ်ဆွေမှန်း မခွဲခြားတတ်သေးဘူးလို့ပြောရင် လွဲပါ့မလား။ မလွဲမှန်းသိရင် ကြည်ညိုမှုတွေလျှော့ကြတော့၊ ကြည်ညိုမှုကြောင့် အခု ဒကာတို့မှာ အပြစ်သင့်နေကြတယ် ဆိုတာ မြင်ကြရဲ့လား။ အဆိပ်ပင်ကို အဆိပ်ပင်မှန်းသိကြဖို့ အချိန်တော်ပြီ၊ အဆိပ်ပင်မှန်းမသိ, အဆိပ်ပင်ကို ကြည် ညိုလေလေ အဆိပ်သင့်လေလေ နေတော့တာပဲ။

ဒီအဆိပ်ပင်ကို ခင်လေလေ အိုပွဲ,နာပွဲ,သေပွဲ အမျိုးမျိုးနဲ့ နွဲရလေလေပဲဆိုတာ မှတ်လိုက်ကြ။ ဒကာ,ဒကာမ တို့ ခန္ဓာငါးပါးဆိုတာ အဆိပ်ပင်ပဲ၊ ဒါကိုမသိကြလို့ သိအောင်ညွှန်ပြဖို့ ဘုရားပွင့်ရတာ၊ အဆိပ်မှန်းသိစေချင်လို့ ဘုရားပွင့်ရတာပဲဆိုတာ မှတ်လိုက်ကြ။ ရိပ်မိကြရဲ့လား။ ဒကာတို့တတွေက အဆိပ်ကို အဆိပ်မှန်းမသိရှာကြတော့ ဒီအဆိပ်တွေကိုပဲ ငါ့ကိုယ်, ငါ, ငါ့ဥစ္စာလုပ်နေကြတယ်။

”ဧတံမမ၊ ဒီခန္ဓာဟာ ငါ့ဥစ္စာပဲတဲ့၊

ဧသော ဟ မသ္မိ၊ ဒီခန္ဓာဟာ ငါပဲတဲ့၊

ဧသော မေ အတ္တာ၊ ဒီခန္ဓာဟာ ငါ့ကိုယ်ပဲတဲ့။”

အဆိပ်ပင်ကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာနဲ့လုပ်နေကြတော့

ဒကာ,ဒကာမတွေက အဆိပ်ပင်ကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာနဲ့လုပ်နေကြတော့ ဘုရားကကြည့်ပြီး ပြုံးတော် မူတယ်။ “ေဩာ်…သတ္တဝါတွေဟာ အဆိပ်ကိုတောင် အဆိပ်မှန်းမသိရှာကြတော့ဘူး၊ မသိရှာလို့သာ အဆိပ်ကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလုပ်နေကြတာပဲ။ အလွန်သနားစရာ အဖြစ်ဆိုးကြုံရပေတော့မယ်”ဆိုပြီး အင်မတန် သနား တော်မူတယ်ဆိုတာ မှတ်ကြတော့။ ရိပ်မိကြရဲ့လား။

ဒါကြောင့် ဒကာ,ဒကာမတွေကို သနားတော်မူလွန်းလို့ “ဒီအဆိပ်ကိုမျိုရင် တဏှာနဲ့မျိုမိရင် ခန္ဓာရပြီး သေပွဲ ဝင်ရတော့မယ်”လို့ မြင်တော်မူလို့ ဘုရားက အဆိပ်ပင်နားကစောင့်ပြီး ပြောပြနေတယ်ဆိုတာ မှတ်ကြရမယ်။ စောင့် မပြောရင် အဆိပ်သီးစားမိပြီး အဆိပ်ဘေးသင့်မယ်။ အဆိပ်ခေါက်ခွါစားမိလည်း အဆိပ်ဘေးသင့်မယ်။ အဆိပ်ဘေး သင့်ကုန်ရင် ဒုက္ခအကြီးအကျယ် ရောက်ဖို့ရှိတယ်ဆိုတာ သိတော်မူလို့ စောင့်ပြောနေတယ်ဆိုတာ မှတ်လိုက်ကြ။

ဒကာ,ဒကာမတို့ အဖြစ်မှန်ကိုသိတဲ့ပုဂ္ဂိုလ်က သနားထိုက်လို့ သနားတာ၊ အသနားခံထိုက်အောင် လုပ်ဖို့သင့် တော်လောက်ပြီဆိုတာ သတိပေးလိုက်တယ်၊ ခန္ဓာက အဆိပ်သီး, တဏှာနဲ့မျိုမှုတွေလျှော့ကြ၊ ခင်မင်မှုတွေ လျှော့ပစ် ကြ၊ ဒကာတို့တတွေဟာ ခင်တဲ့ဇွဲနဲ့ပဲ သုသာန်ချည်းပို့ကြရတာ အလောင်းပေါင်း ဘယ်လောက်များပြီလဲ။ မသာပေါင်း ဘယ်လောက်ရှိပြီလဲ။ မရေနိုင်တော့ဘူး။ ကိုယ်တိုင်ရောက်ရတာ မရေတွက်နိုင်သလို သူများတကာကိုလိုက်ပို့ရတာ ဒီဘဝမှာတင် မရေနိုင်တော့ဘူး။

အဆိပ်ရောတဲ့ အရက်

ဒကာတို့ဟာက ကိုယ့်ဒုက္ခရောက်ဖို့ကို ကိုယ်လုပ်နေကြတယ်ဆိုရင် မမှားဘူး။ “ကိုယ့်ကိုယ်ကိုမခင် ဘယ်သူ ခင်မတဲ့တုံး”တဲ့ အဲဒါ သာမညမမှတ်လိုက်နဲ့၊ အဲဒီလိုပြောတာဟာ “အဆိပ်မျိုဖို့ ကျုပ်နားလည်ပါတယ်”ဆိုလိုက်တာ ပဲ၊ ဒကာတို့တတွေက အဆိပ်မျိုဖို့အတတ်ကိုတော့ တတ်ထားကြတယ်၊ ကောင်းပါဦးမလား။

ဘုရားရှင်က “ခန္ဓာဟာ အရက်ခွက်နဲ့တူတယ်တဲ့၊ အနံ့ကလည်းကောင်း၊ အရသာလည်းကောင်း၊ ကောင်းပေ မယ့် သွားများမသောက်လိုက်နဲ့တဲ့၊ လတ်တလော သေတတ်တဲ့အဆိပ်ရေ ရောထားတယ်”လို့ ဟောတယ်။ ရိပ်မိကြ ပလား။ အဆိပ်ရောတဲ့ အရက်ကိုသောက်မိရင် လတ်တလောချင်း သေရမှာလို တဏှာရောတဲ့ခန္ဓာကို ခင်မင်မိရင် လည်း အိုဘေး,နာဘေး,သေဘေးနဲ့ တွေ့မယ်။ အဲဒါ အဆိပ်သင့်ပြီးသေတာပဲလို့ မှတ်လိုက်ကြ၊ ရှင်းကြပလား။

ဘုရားပွင့်တာဟာ ခန္ဓာငါးပါးနဲ့ပွင့်လာတာပဲ။ အဲဒါ အဆိပ်ပင်နားမှာပွင့်ပြီး ဒီနားမှာထိုင်စောင့်နေ “ဒီခန္ဓာ အဆိပ်ရေကို တဏှာနဲ့ ဒိဋ္ဌိနဲ့ သောက်ကြတော့မှာပဲ၊ ဒီလိုသာသောက်နေကြရင် အဆိပ်သင့်ပြီး အားလုံး ဒုက္ခရောက် ကုန်ကြတော့မှာပဲ”လို့ အလွန်စိုးရိမ်တော်မူ၊ ကြောင့်ကြတော်မူ၊ သနားတော်မူတာနဲ့ “မသောက်ကြနဲ့ အဆိပ်သင့်ပြီး သေကြရမယ်”ဆိုပြီး စောင့်ပြောနေတော်မူတယ်လို့ မှတ်ရမယ်။

တဏှာ,မာန,ဒိဋ္ဌိ အဆိပ်တွေရမ်းမျိုမိတော့

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေမှာ မသိတုန်းက သောက်မိမှားခဲ့ပြီမို့ ဒီဘဝမှာတော့ သေကြရမှာပဲ။ နောက် ဘဝတွေအတွက် အခုမသောက်ရင် မသေကြရပါဘူး။ ဒီတော့ အခွင့်အလမ်းသင့်တုန်းမှာ ကြိုးစားလိုက်နာကြရမယ်၊ ပေါ်ကြပလား။ ဒကာတို့က သားခင်ရက်နဲ့ သမီးခင်ရက်နဲ့ သေသွားကြ။ ခင်လို့မင်လို့ မဝဘဲနဲ့ သေသွားကြရတာပဲ။ အဲဒီတော့ ရောက်ရာဘဝမှာ တွေ့ကရာ မြင်ကရာ ဖမ်းသောက်နေကြတယ်။ ဘုရားက ဒါကို စောင့်ပြောနေတယ်ဆိုတာ မှတ်ကြ။

ဘုရားက စောင့်ပြောနေတယ်ဆိုတာ တရားဟောတော်မူတာကို ဆိုတာပဲလို့ မှတ်လိုက်ကြ၊ ရိပ်မိကြရဲ့လား။ တဏှာ,မာန,ဒိဋ္ဌိ အဆိပ်တွေရမ်းမျိုမိတော့ ပါးစပ်ထဲကျရော ချက်ချင်းသေတာပဲ။ ဒါတွေကို မြင်တော်မူလို့ အင်မတန် သနားတော်မူလို့ ဘုရားရှင်က ဒကာ,ဒကာမတွေကို ငါပြုတ်ဖို့၊ ငါ့ကိုယ် ငါ့ဥစ္စာပြုတ်ဖို့၊ ဖြုတ်ကြဖို့ ခိုင်းနေတယ်၊ ဟောပြောနေတယ်ဆိုတာ မှတ်ရမယ်၊ သဘောပါပလား။

ဘုရားဟောတဲ့အတိုင်း၊ ခိုင်းတဲ့အတိုင်း လုပ်ကြရင်ဖြင့် ငါ့ကိုယ်,ငါ့ဟာ,ငါ့ဥစ္စာ မဟုတ်တာကို သိကြမယ်။ အနိစ္စ,ဒုက္ခ,အနတ္တ တရားတွေပဲဆိုတာ သိမယ်။ အဲဒီလိုအမှန်အကန် သိမြင်ရရင် မခင်တော့ဘူး၊ မခင်ရင် ဒီအဆိပ် ရေ မသောက်တော့ဘူး။ သောက်ဖို့မသင့်ပေဘူးဆိုပြီး ရှောင်ကြဉ်လိုက်တော့ လွတ်ပြီကျွတ်ပြီဆိုတာ မှတ်ကြတော့။ အို,နာ,သေက ကင်းလွတ်သွားပြီ၊ ရိပ်မိကြပလား။

ဝိပဿနာမလုပ်တဲ့သူမှန်သမျှ အဆိပ်ရေကို သောက်မိမှား

ဒါကြောင့် ဝိပဿနာမလုပ်တဲ့သူမှန်သမျှ ဒီအဆိပ်ရေကို သောက်မိမှားနေတော့တာပဲဆိုတာ မှတ်လိုက်ကြ။

ဒကာ,ဒကာမတို့ ခန္ဓာငါးပါးဟာ အနိစ္စ မမြဲတဲ့တရား၊ ဒုက္ခဆင်းရဲတဲ့တရား၊ အနတ္တ အလိုမလိုက် အကြိုက် မပါ၊ အနှစ်သာရလုံးဝမရှိတဲ့ တရားတွေပဲ။ ဒါကို ဘုရားရှင်က “သဗ္ဗေသင်္ခါရာ အနိစ္စာ၊ သဗ္ဗေသင်္ခါရာ ဒုက္ခာ၊ သဗ္ဗေ ဓမ္မာ အနတ္တာ” စသည်အားဖြင့် ဟောကြားတော်မူခဲ့တယ်။ အမှန်စင်စစ်က ဒီခန္ဓာငါးပါးဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားသက်သက်တွေပဲ။ ဒကာတို့က ဒါကို နည်းနည်းမှမရိပ်မိခဲ့ကြဘူး၊ မသိနိုင်ခဲ့ကြဘူး၊ ရိပ်မိကြရဲ့လား။

အဲဒါ ဒကာတို့တတွေ ဝိပဿနာအလုပ် မလုပ်ဖူးဘူးဆိုတာ ထင်ရှားတယ်။ ဝိပဿနာမလုပ်ဖူးလို့သာ ဒီအခြေ အနေထိအောင် ရောက်လာကြရတယ်ဆုတာ ငြင်းဖို့မလိုတော့ဘူး။ ဒါကြောင့် အခု ဝိပဿနာအလုပ် တကယ်တမ်း လုပ်ကြရမယ်။ ဝိပဿနာရှုရင် မမျိုမိတော့ဘူး။ မျိုတယ်ဆိုတာ တဏှာနဲ့မျိုတာ။ ဝိပဿနာရှုတော့ တဏှာမဖြစ်လာ ဘူး။ တဏှာမဖြစ်ရင် ခန္ဓာမရ၊ ခန္ဓာမရတော့ အို,နာ,သေလွတ်တော့တာပဲ။

၁။ က…ဇရာ,ဗျာဓိ,မရဏ၊ အို,နာ,သေ။

၂။ က…ခန္ဓာငါးပါး၊ ရုပ်နာမ်တရား။

၃။ က…တဏှာခင်မင်မှု။

၄။ က…ခင်စရာမင်စရာ အာယတန။

ဒကာ,ဒကာမတို့ ၁၊ ၂၊ ၃၊ ၄ ရှိတဲ့အနက်က ၁ နဲ့ ၂ ကြားမှာ ၁ နားက ဘုရားပွင့်လာတာလို့ မှတ်ကြ။ ပွင့် လာပြီး ဒကာ,ဒကာမတွေကို အဆိပ်ရေတွေသောက်မိမှာစိုးလို့ တရားဟောတော်မူရတာပဲ။ ဘုရားဟောတော်မူလိုရင်း အကျဉ်းချုပ်က “ခန္ဓာငါးပါးဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေသာ ဖြစ်တယ်”လို့ ဟောတယ်ဆိုတာ မှတ်ရမယ်၊ ရိပ်မိပလား။ ဘုရားက “နိဗ္ဗာန်ပေါက်တရားဟာ အဆိပ်ရောတဲ့ရေကို မသောက်ဖို့ပဲ”လို့ ဟောလိုရင်းပဲ၊ ရှင်းကြရဲ့လား။

ဝိပဿနာမလုပ်ဘဲနဲ့ ဘယ်တော့မှ တဏှာမသေဘူး

ဒကာ,ဒကာမတို့ တဏှာလည်းမကြောက်နဲ့၊ ခင်ရာမင်ရာတော့ မမျိုမိစေနဲ့ ကြောက်ရမယ်။ ဒါကြောင့် ခင်ရာ မင်ရာ အာယတနကို ဝိပဿနာဖြစ်ပျက် ရှုရမယ်လို့ပြောတာပဲ။ ဒကာ,ဒကာမတွေက သားလေး သမီးလေးတွေ ကိုယ်နဲ့ဝေးနေရင် သဘောမကျနိုင်ကြဘူး။ သူတို့တတွေ ဖျားနေနားနေရင် ကိုယ့်နားမှာပဲ နေစေ့ချင်တယ်။ ကစား နေရင်လည်း ကိုယ့်အနားမှာ ကိုယ့်မျက်စိအောက်မှာပဲ ကစားနေစေချင်တယ်”တဲ့။ အဲဒါ အဆိပ်မျိုနေတာပဲလို့ မှတ် လိုက်ကြ။

ဝိပဿနာမလုပ်ဘဲနဲ့ ဘယ်တော့မှ တဏှာမသေဘူး။ ဒါပေမဲ့ တဏှာကိုမကြောက်နဲ့၊ ခင်ရာမင်ရာကြောက် ကြ၊ ရှင်းကြပလား။ ဒကာတို့အဖြစ်က “ကလေးမီးခဲကိုင်” ဥပမာလိုဖြစ်နေကြတယ်။ ကလေးများဟာ ပူတတ်မှန်း လောင်တတ်မှန်း မသိလေတော့ မီးခဲကို တအားဆုပ်ကိုင်လိုက်တာပဲ။ သူ့စိတ်ထဲက ရဲရဲကလေးမြင်လို့ လှတယ်ထင်မိ တာကိုး။ အဲဒီတော့ မီးခဲက အစွမ်းရှိသလောက် လောင်လိုက်တဲ့အခါမှာ အကြီးအကျယ် ဒုက္ခရောက်ရရှာသလိုပဲ ဆိုတာ မှတ်ကြတော့၊ သဘောပေါက်ကြရဲ့လား။

ဒါကြောင့် ဒကာ,ဒကာမတွေကို ဝိပဿနာလုပ်ကြ၊ တရားအားထုတ်ကြလို့ အထူးတလည် တိုက်တွန်းနေတာပဲ ဆိုတာ ပေါ်ကြပလား။ ဒီကြားထဲက ဒကာတို့တတွေက “တရားတော့ အားထုတ်ချင်ပါရဲ့၊ ဒါပေမဲ့ ဒါလေးတွေက ဖြစ်လာမှတော့ ဘယ့်နှယ်လုပ်မတုံး”ဆိုပြီး ဆင်ခြေထူနေကြတယ်။ ဒီဆင်ခြေက ကိလေသာကပေးတဲ့ ဆင်ခြေပဲ။ ကိလေသာ အငတ်ပြဿနာက ဘဝအဆက်ဆက်က ပါလာခဲ့တာ။ ပါလာတော့ ပြောဖို့ခက်တယ်၊ ပြောမရကြဘူး၊ ရိပ်မိကြဖို့ တော်ပြီဆိုတာ သတိပေးလိုက်ပါတယ်။

တရားအားလျော်စွာ ကျင့်ကြံအားထုတ်နေကြပါမှ

ဒကာ,ဒကာမတို့ ဘုရားအကြိုက်၊ ဘုရားအလိုတော်ကျဖြစ်အောင် ကြိုးစားကြရမယ်ဆိုတာ ဘုန်းကြီးက ပြောလိုက်ပါတယ်၊ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက “အာနန္ဒာတဲ့၊ မင်းပဲဖြစ်စေ၊ မင်းရဲ့ဒကာ,ဒကာမတွေပဲ ဖြစ်စေ၊ ဘယ်သူပဲဖြစ်စေ၊ အားလုံးတို့ဟာ “ဓမ္မာနုဓမ္မပဋိပန္န” ဖြစ်ကြပါစေ”တဲ့၊ ငါဘုရားရဲ့ သာဝကအားလုံးတို့ဟာ “တရား အားလျော်စွာ ကျင့်ကြံအားထုတ်နေကြပါမှသာ အမြတ်ဆုံးသော ပူဇော်ခြင်းဖြစ်ပေတယ်”လို့ ဟောတော်မူခဲ့တယ်။

ဒကာ,ဒကာမတို့ “ဓမ္မာနုဓမ္မပဋိပန္န”ဖြစ်တဲ့သူဟာ ငါဘုရားကို အမြတ်ဆုံးပူဇော်နေတာပဲ”လို့ မဟာပရိနိဗ္ဗာန သုတ် ပါဠိတော်မှာ ဟောတော်မူထားတယ်ဆိုတာ မှတ်လိုက်ကြ။

ပန်း, ရေချမ်းစတဲ့ ပူဇော်မှုမျိုးတွေ, ဆွမ်း, သင်္ကန်း, ကျောင်း, ဆေးစတဲ့ ပူဇော်မှုမျိုးတွေ ဘယ်လိုမွန်မြတ်တဲ့ ဒါနဝတ္ထုများနဲ့ ပူဇော်မှုမျိုးပဲဖြစ်ဖြစ်၊ မြတ်သောပူဇော်ခြင်း မဟုတ်သေးဘူးတဲ့၊ ပရမပူဇာ မပေါ်နိုင်သေးဘူးတဲ့၊ ပရမပူဇာဖြစ်အောင် တရားနဲ့ပူဇော်ရမယ်၊ တရားအားထုတ်ပြီး ပူဇော်တောဟာ အမြတ်ဆုံးပဲလို့ ဟောတော်မူတယ်၊ ဒကာ,ဒကာမတွေ ရိပ်မိကြပလား။

ဥပမာအားဖြင့်ဆိုရင် ရွှေငွေရတနာ ဘဏ္ဍာအမျိုးမျိုးတွေကို ဆက်သ,တာထက် ဆင်ဖြူတော်ရတနာ ဆက် သတာကို ရှင်ဘုရင်က ပိုပြီးနှစ်ခြိုက်သလို ပိုပြီးသဘောကျသလို ကျေနပ်သလိုပဲလို့ မှတ်ယူရမယ်၊ ရှင်ဘုရင်များဟာ ရွှေ,ငွေ,ရတနာ ဘဏ္ဍာအမျိုးမျိုးကို ဆက်သ,တာထက် ဆင်ဖြူတော်ဆက်သတာကို အလိုရှိသလို၊ ဘုရားရှင်ကလည်း အာမိသဒါန ဝတ္ထုအမျိုးမျိုးကို ပူဇော်တာထက် “ဓမ္မပူဇာ၊ ပရမပူဇာ”ကိုသာ ပိုပြီးအလိုတော်ရှိတယ်၊ နှစ်ခြိုက်တော် မူတယ်၊ ရှင်းကြရဲ့လား။

ဘုရားက “သုမေဓာ ရသေ့ဘဝမှာထဲက ငါ့အတွက်လုံလောက်တယ်။ ငါ့အတွက် ပြီးပါတယ်။ ဒါပေမဲ့ အများ အကျိုးအတွက် မျှော်ကိုးလို့ ကယ်ချွတ်ပေးချင်လို့သာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊ အချိန်တွေကုန်ရတာ အဆင်းရဲ အပင်ပန်းခံရတာ၊ ငါ့အတွက်မလိုဘူး၊ မင်းတို့အတွက်သာ လိုတယ်။ ဒါကြောင့် ဓမ္မာနုဓမ္မပဋိပန္နဆိုတဲ့ ငါ့အကြိုက်ဆုံးနဲ့ ပူဇော်ကြ။ တရားအားထုတ်ပြီး ပူဇော်ကြ”လို့ မှာတော်မူခဲ့တယ်။

အသင့်အတင့်နှလုံး သွင်းပြီး အားထုတ်ကြ

ဘုရားရှင်က “ငါနည်းပေးခဲ့မယ်တဲ့၊ အသင့်အတင့် နှလုံးသွင်းပြီး တရားအားထုတ်တာနဲ့ ဒုက္ခခပ်သိမ်းကင်း ငြိမ်းတဲ့ဆီကို ရောက်ရတယ်၊ အသင်တို့တတွေလည်း ဒီအတိုင်းလုပ်ကြ၊ ငါပေးတဲ့နည်းအတိုင်း အသင့်အတင့်နှလုံး သွင်းပြီး အားထုတ်ကြ”လို့ နည်းပေးထားခဲ့တယ်ဆိုတာ မှတ်ကြ၊ ဒကာ,ဒကာမတွေ သဘောပါကြပလား။

ဒကာ,ဒကာမတို့ ဒါကြောင့်မို့ အကြီးဆုံးသော ပူဇော်တာမျိုးဖြစ်အောင်၊ အမြတ်ဆုံးပူဇော်မှုမျိုးလည်းဖြစ်အောင်၊ ကိုယ့်အသေဒုက္ခကလည်း ကိုယ်လွတ်ကြရအောင် တရားအားထုတ်ကြရမယ်၊ ပေါ်ကြပလား။ ဒီတော့ တရားအားမထုတ် သူဟာ ဘုရားကိုမကြည်ညိုတဲ့သူ၊ အသေလွတ်ရာသို့လည်း မရှောင်တဲ့သူ၊ အလွန်မိုက်မဲသူပဲလို့သာ ဆုံးဖြတ်ချက်ချ လိုက်ကြ။

ဒကာ,ဒကာမတို့ တရားအားမထုတ်တဲ့အချိန်မှာ မင်း, ဘုရားကိုမကြည်ညိုတဲ့သူပဲ။ မင်း ဗုဒ္ဓဘာသာမဟုတ် ဘူးလို့ ကိုယ့်ကိုယ်ကိုယ်စွပ်စွဲကြ။ “မင်းဟာ တော်အောင်ယော်အောင်လူစားပဲ၊ မင်းဟာ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့အကောင် မဟုတ်ဘူး။ မင်းလောက်မိုက်တဲ့ကောင် မရှိဘူး”လို့ ကိုယ့်ကိုယ်ကို ပြောကြ၊ စွပ်စွဲကြ၊ ကျေနပ်ပလား။

အဲဒီတော့ တရားအားထုတ်မှသာဖြစ်တော့မယ်၊ မထုတ်ရင် မဖြစ်တော့ဘူးဆိုတဲ့အဓိပ္ပာယ် ပေါ်ကြပလား။ အားထုတ်ဖို့ဆိုတော့ ဓမ္မအားလျော်စွာ အားထုတ်ရမယ်။ အဲဒါမှလည်း အသေလွတ်ရာ ရှောင်နိုင်ကြမယ်၊ ရိပ်မိကြ ပလား။ ဘုရားက နှလုံးသွင်းမှန်ပြီး အားထုတ်ရင် အသေလွတ်ရာရကြမယ်လို့ ဟောတယ်။ ဒကာ,ဒကာမတို့ ခင်စရာ မင်စရာဆိုရင် နှလုံးသွင်းမှားပြီလို့သာ မှတ်ကြ၊ ရှင်းကြရဲ့လား။

ဖြစ်ပြီးပျက်တဲ့တရားချည့်ပဲ

ဝေဒနာကလေးတွေ, စိတ်ကလေးတွေ, ရုပ်ကလေးတွေအားလုံးဟာ ဖြစ်ပြီးပျက်တဲ့တရားချည့်ပဲ။ ခိုင်တာ မြဲတာမပါ၊ ခင်စရာမင်စရာ တစ်ခုမှမရှိဘူး။ အဲဒီလိုနှလုံးသွင်းမှန်ရမယ်၊ ဘယ်အပေါ်မှာ မှန်ရမှာတုံးဆိုတော့ မိမိ ခန္ဓာပေါ်မှာလို့ မှတ်လိုက်ကြ။ “အတ္တ သမံ ပေမံ နတ္ထိတဲ့၊ အတ္တာနံ အဓိပတေယျံပေမာ”တဲ့။ လောကမှာ ကိုယ့်ကိုယ် ကိုယ်သာ အချစ်ဆုံးဖြစ်တယ်၊ ဒါကြောင့် မိမိခန္ဓာကိုရှုရမယ်လို့ မှတ်ကြ။

ဥပမာ အိမ်ကိုမီးလောင်ရင် ကိုယ့်ကို အရင်ဆွဲထုတ်တယ်၊ ကိုယ်သာ အရင်လွတ်အောင်ပြေးတယ်၊ သားမယား ကို နောက်မှဆွဲထုတ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အခင်ဆုံးပဲဆိုတာ ရှင်းပလား၊ ဒါကြောင့် ကိုယ့်ခန္ဓာကိုရှုကြ ရမယ်၊ ဥပမာ ခြင်ကိုက်နေရင် ကိုယ့်ကိုက်တဲ့ခြင်ကို အရင်မောင်းတယ်။ မယားကိုက်တာ နောက်မှမောင်းပေးတယ်၊ ခရီးအတူသွားလို့ လမ်းမှာမြွေတွေ့ရင် ကိုယ်အရင်လွတ်အောင် ခုန်ကျော်ပြီးမှ “ဟေ့…ဒီနားမလာနဲ့ မြွေရှိတယ်” လို့ နောက်မှပြောတယ်။

အဲဒါ ကိုယ့်ကိုယ်ကိုယ် ပိုပြီးခင်လို့မင်လို့ပဲ မဟုတ်လား။ ဒါကြောင့် ဘုရားက “ကိုယ့်ကိုယ်ကိုယ်သာ အခင် ဆုံးဖြစ်တယ်။ အခင်ဆုံးဖြတ်တဲ့ ကိုယ့်ခန္ဓာငါးပါးကို ဝိပဿနာရှုကြ။ အဲဒါမှ ခင်မင်တဲ့တဏှာ အမြန်ဆုံးချုပ်မယ်” လို့ မိန့်တော်မူတယ်ဆိုတာ မှတ်ကြ။ သဘောပါပလား။

အခင်ဆုံး ဟာ တခုခုကိုရွေးပြီး ရှုကြရမယ်

ခန္ဓာမှာ အခင်ဆုံးရွေးရှုကြ။ စိတ်ဖြစ်ဖြစ်၊ ရုပ်ဖြစ်ဖြစ်၊ ဝေဒနာပဲဖြစ်ဖြစ်၊ သင်္ခါရပဲဖြစ်ဖြစ်၊ ဒီထဲက အခင်ဆုံး ဟာ တခုခုကိုရွေးပြီး ရှုကြရမယ်။ ရှုတတ်ကြပလား။ ဒီလိုရှုတော့ ခင်စရာမင်စရာတွေလို့ ထင်တာ မဟုတ်မှန်းသိလာ မယ်၊ အဲဒီအသိဉာဏ်ကြယ်သလောက် မဟုတ်မှန်းသိလာမယ်၊ အဲဒီအသိဉာဏ် စင်ကြယ်သလောက် အဆင့်အတန်း တက်လာမှာပဲ။ တက်လာလေ တိုးရှုလေ၊ တက်လာလေ, တိုးရှုလေ၊ နောက်ဆုံး လုံးဝမခင်မင်၊ စွန့်ချင်တော့ ဉာဏ်က စွန့်ချလိုက်တယ်ဆိုတာ မှတ်ကြ၊ ကျေနပ်ပလား။

အဲဒီအခါမှာ ခင်စရာမင်စရာချုပ်၊ ခင်ဇောလည်းချုပ်၊ ချုပ်တဲ့နေရာမှာ နိရောဓပေါ်လာတယ်၊ ရှင်းပလား။

၁။ ခင်စရာမင်စရာ ခန္ဓာ,အာယတနက…ဒုက္ခသစ္စာ။

၂။ ခင်တာမင်တာ ခင်ဇောတဏှာက…သမုဒယသစ္စာ။

၃။ ချုပ်တဲ့နေရာပေါ်လာတာက…နိရောဓသစ္စာ။

၄။ ချုပ်စေတဲ့ဉာဏ်က…မဂ္ဂသစ္စာ။

ကိုင်း… ယနေ့ ဒီတွင်ပဲ တော်ကြဦးစို့။

**********