20601

သစ္စာသိမှ ချမ်းသာရ တရားတော်

ဆောင်ပုဒ်

အကြောင်းသစ္စာ၊ ကျိုးသစ္စာ၊ မှန်စွာသိအောင်လုပ်။

သစ္စာသိမှ၊ သံသာရ၊ ဒုက္ခအမြန်ချုပ်။

သစ္စာမမြင်၊ သံသာခွင်၊ မြဲပင်စုံးစုံးမြှုပ်။

ခန္ဓာငါးခွင်၊ သစ္စာမြင်၊ မြန်လျှင်ဒုက္ခချုပ်။

ခန္ဓာငါးဖြာ၊ မီးလောင်စာ၊ လျှံဝါရှိန်သက်သုတ်။

ဖြစ်ပေါ်ပျောက်ပျက်၊ လွန်နှိပ်စက်၊ သက်သချည်းနာမ်ရုပ်၊

ဒုက္ခချုပ်သော်၊ သုခပေါ်၊ အဟော်သန္တိအုပ်။

သတိချပ်

အကြောင်းသစ္စာ၊ ငါးခန္ဓာ၊ မှန်စွာသမုဒယ။

ခန္ဓာရထွေ၊ အိုနာသေ၊ မသွေထက်ချပ်ရ။

ဇရာမရဏံ၊ ကျိုးဒုက္ခံ၊ အမှန်သစ္စာပ။

ခန္ဓာကြောင့်သာ၊ ကျိုးဒုက္ခာ၊ လှဲ့ကာခံနေရ။

အကြောင်းချုပ်လျှင်၊ အကျိုးစင်၊ အေးခွင်နိဗ္ဗူတ။

အကြောင်းချုပ်ရန်၊ အဇ္ဈတ္တံ၊ ရှုဉာဏ်သွင်းပါမှ။

ရှုမှတ်ဉာဏ်သွင်း၊ အမှန်ထွင်း၊ အလင်းဉာဏ်မဂ္ဂ။ ။

တရားသား

အကြောင်းတရားကို သုံးသပ်ကြရမယ်

ဒကာ, ဒကာမတို့ ဒီကနေ့ မနေ့ကတရားကိုပဲ ဆက်ပြီးပြောရမယ်။ ဘုရားရှင် ကုရုတိုင်းမှာ သီတင်းသုံးနေ တော်မူဆဲ၊ ရဟန်းပရိသတ်တွေ ဘုရားထံတော်မှောက်မှာ စုဝေးရောက်ရှိနေကြတဲ့ အကြောင်းလည်း ပြောခဲ့ပြီးပြီ၊ အခုအခါ ပိုပြီးမှတ်မိအောင် ဒီအကြောင်းကိုပဲ ထပ်ပြီးပြောမယ်ဆိုတာ မှတ်ကြ။

အဲဒီလို ပရိသတ်အများအပြား ဘုရားထံမှောက်မှာ စုဝေးရောက်ရှိလာကြတော့ ဘုရားရှင်ခန္ဓာထဲကမှာ အကြောင်းတရားရှိတယ်။ ဒီအကြောင်းတရားကို သုံးသပ်ကြရမယ်၊ အသင်တို့သုံးသပ်ကြရဲ့လားလို့ မေးတော်မူတော့၊ ရဟန်းတပါးက “တပည့်တော် ၃၂ ပါးသော ကောဋ္ဌာသကို အပြန်ပြန်အလှန်လှန် သုံးသပ်ပါတယ်၊ နှလုံးသွင်းပါတယ်” ဆိုတဲ့အကြောင်း လျှောက်ထားလိုက်တော့၊ ဘုရား,အလိုတော်မကျဘူး။

”သုံးဆယ့်နှစ် ကောဋ္ဌာသဆိုတာ အကြောင်းအကျိုးမဟုတ်ဘူး။ ဒါက အသုဘပွားများတာပဲ”လို့ မိန့်တော် မူပြီး ကျေနပ်တော် မမူဘူးတဲ့၊ အဲဒါနဲ့ ရှင်အာနန္ဒာက “အရှင်ဘုရား ဆုံးမတော်မူမှ သိကြရပါမည်ဘုရား”လို့ လျှောက် ထား တောင်းပန်တော့မှ “ဒါဖြင့် ကောင်းစွာနာယူကြ”လို့ မိန့်တော်မူပြီး ဆက်လက်ဟောပြတော်မူတယ်ဆိုတာ မှတ် ကြ။ ဒီနေရာမှာ ဒကာ, ဒကာမတွေ သဘောပေါက်အောင် ဘုန်းကြီးက ရှင်းလင်းပြောပေးလိမ့်မယ်လို့ မှတ်ကြ။

ခန္ဓာထဲမှာ သစ္စာကိုမြင်အောင် သုံးသပ်ကြရမယ်

ဒကာ,ဒကာမတို့ ဘုရားက ခန္ဓာထဲမှာ သစ္စာကိုမြင်အောင် သုံးသပ်ကြရမယ်တဲ့။ ခန္ဓာမှာ အကြောင်းသစ္စာ လည်း ရှိတယ်။ အကျိုးသစ္စာလည်းရှိတယ်။ ဒါတွေကိုသိအောင် သုံးသပ်ရမယ်။ ဒါတွေကိုသိဖို့လိုတယ်။ မသိရင် သံသရာရှည်မယ်၊ သိမှသာ ဒုက္ခခပ်သိမ်းအကုန်ငြိမ်းတဲ့ နိဗ္ဗာန်ကိုရကြမယ်လို့ ဟောတော်မူတယ်။ သဘောပါကြပလား။

ဒကာ,ဒကာမတို့ ကိုယ့်ခန္ဓာကို စမ်းသပ်ကြည့်ကြ၊ ဉာဏ်နဲ့လဲကြည့်ပေးကြ၊ ခန္ဓာမှာ နွေးတဲ့သဘောတွေ ရှိနေတယ်။ အဲဒီလိုနွေးတဲ့သဘောဟာ ဇရာမီးလောင်နေတာပဲဆိုတာ မှတ်ကြရမယ်။ ဒကာ,ဒကာမတို့ မနွေးဘဲနေတဲ့ အချိန် ရှိရဲ့လား၊ မရှိဘူး၊ အမြဲတမ်းနွေးနေတာပဲ။ အဲဒါ ဇရာမီးက အမြဲလောင်နေတာပဲလို့သာ မှတ်လိုက်ကြ။ ဒီလို အမြဲလောင်နေတော့ ကျွမ်းရုံပဲရှိတော့မှာပဲ။

ဒကာ,ဒကာမတို့ နေ့ရှိသမျှ အချိန်ရှိသမျှ ဒီခန္ဓာကို ဝတ်စားဆင်ယင် ပေးနေကြရတယ်၊ အစားအသောက် အမျိုးမျိုးနဲ့ ကျွေးမွေးနေကြရတယ်၊ ဘယ်လိုဝတ်စားဆင်ယင် ကျွေးမွေးပေမယ့်လည်း ဇရာမီးကမလျော့ဘူး။ အလောင် မရပ်ဘူး၊ ပိုမိုများလာတာပဲရှိတယ်၊ ရိပ်မိကြရဲ့လား။ ဇရာမီးအလောင်များအား ကြီးလာပြန်တော့ ဇရာကနေ ဗျာဓိ ဘက်လဲမယ်၊ ဗျာဓိများပြန်ရင်လည်း မရဏဘက် လဲတော့မှာပဲ။

ဇရာ, ဗျာဓိ, မရဏ သုံးမျိုးရှိတယ်

ယခု တရားနာနေရင်းက အငြိမ်မနေနိုင်ကြဘူး။ ဟိုဘက်စောင်းလိုက်၊ ဒီဘက်ပြောင်းလိုက်ရ၊ အဲဒါလည်း ဗျာဓိမီးလောင်ခံရတာပဲ။ ခေါင်းထဲကကိုက်၊ ဗိုက်ထဲကနာ၊ ရင်ထဲကပူ၊ ကျောထဲကအောင့်၊ ဇက်ထဲက တောင့်တာတွေ ကလည်း ဗျာဓိမီးလောင်နေတာပဲ၊ သဘောပါကြပလား။ ဒကာ,ဒကာမတို့ ဒီဗျာဓိမီး လောင်ဖန်များလာရင် သုသာန် သွားဖို့ပဲ ရှိတော့တယ်ဆိုတာ မှတ်ကြတော့၊ ရိပ်မိကြရဲ့လား။

ဒကာ,ဒကာမတို့ ခန္ဓာမှာ ဇရာ, ဗျာဓိ, မရဏ သုံးမျိုးရှိတယ်။ ဒီသုံးမျိုးက အမြဲလောင်မြိုက်နေတယ်၊ အမြဲ နှိပ်စက်နေတယ်။ မနှိပ်စက်တဲ့အချိန်ရယ်လို့ မရှိတော့ဘူးဆိုတာ မှတ်ကြ။ အမြဲတမ်း သူတို့ကနှိပ်စက်လို့ ဒုက္ခသစ္စာလို့ ဆိုရတယ်။ သူတို့မနှိပ်စက်တဲ့အချိန် မရှိဘူး၊ သူတို့နှိပ်စက်တာဟာ ဘုရားကိုတောင် မညှာတာဘူးဆိုတာ မှတ်လိုက် ကြ။

တနေ့သ၌မှာတော့ ဘုရားရှင်က နေစာလှုံတော်မူနေတယ်။ အဲဒီအခါမှာ ရှင်အာနန္ဒာ “မြတ်စွာဘုရား… အရှင်မြတ်ရဲ့ခန္ဓာတော်ဟာ အရင်တုန်းက ရွှေတုံးရွှေခဲလိုပဲ အောက်မေ့ရပါတယ်၊ အခုနေမှာတော့ အရေတွေတွန့် ကုန်ပါပြီ၊ အရောင်အဆင်းတော်များလည်း လျော့ပါးကုန်ပါပေါ့လားဘုရား”လို့ လျှောက်ထားတော့ ဘုရားရှင်က “အာနန္ဒာ…သတ္တဝါအားလုံးတို့ဟာ အတူတူချည်းပဲ၊ သတ္တဝါအားလုံးဟာ ဇရာဆိုတဲ့ အိုဘေးနှိပ်စက်ခံရတဲ့သူချည်း ပဲ၊ ဒီဘေးတွေကို လွတ်ကင်းနိုင်သူမရှိဘူး”လို့ မိန့်ကြားတော်မူတယ်၊ ရိပ်မိကြရဲ့လား။

အမြဲတမ်းနှိပ်စက်နေတာပဲ

ဒကာ,ဒကာမတို့ ကြီးတယ်, ငယ်တယ်မရှိဘူး၊ ဘယ်သူ့ကိုမှလည်း ချမ်းသာမပေးဘူး၊ ဒီဘေးတွေက အကုန် လုံးကို နှိပ်စက်မှာပဲ၊ အမြဲတမ်းနှိပ်စက်နေတာပဲဆိုတာ မှတ်လိုက်ကြ။ လူကြီးတော့ သေခါနီးပြီလို့ အောက်မေ့ပြီး “ကျုပ်တို့က ငယ်သေးတယ် မသေနိုင်သေးဘူး၊ ခင်ဗျားတို့ကကြီးပြီ သေခါနီးကုန်ပြီ”နဲ့ ပြောကြတယ်။ မဟုတ်ဘူး အားလုံးအတူတူပဲ၊ သေခါနီးတဲ့သူချည်းပဲဆိုတာ မှတ်လိုက်ကြ၊ ရှင်းပလား။

ဒကာ,ဒကာမတို့ထံမှာ ဘယ်သစ္စာမှမရောဘူး၊ အားလုံး ဒုက္ခသစ္စာချည်းပဲ၊ ခန္ဓာမှန်သမျှမှာ ဇရာ, ဗျာဓိ, မရဏအားလုံး အပြည့်အစုံရှိတယ်၊ ဇရာလည်း ဒုက္ခသစ္စာ၊ ဗျာဓိလည်း ဒုက္ခသစ္စာ၊ မရဏလည်း ဒုက္ခသစ္စာ၊ ရိပ်မိကြပလား။ ဒီဒုက္ခသစ္စာတွေဟာ ဘယ်ကလာသလဲဆိုတော့ ခန္ဓာငါးပါးကလာတာပဲ၊ ခန္ဓာရှိလို့ ခန္ဓာထဲကပေါ်လာ တာ၊ ရှင်းကြရဲ့လား။ ခန္ဓာအကြောင်း သမုဒယသစ္စာ၊ ဇရာ, ဗျာဓိ, မရဏက ဒုက္ဓသစ္စာ၊ သဘောပါကြပလား။

ဒီခန္ဓာရှိလို့သာ ဒီဇရာ, ဗျာဓိ, မရဏတွေရှိတာ၊ ခန္ဓာမရှိရင် ဒါတွေလည်းမရှိနိုင်ဘူး၊ ခန္ဓာက အကြောင်း၊ ဇရာ, ဗျာဓိ, မရဏက အကျိုး၊ ခန္ဓာငါးပါးက သမုဒယသစ္စာ၊ ဇရာ, ဗျာဓိ, မရဏက ဒုက္ခသစ္စာ၊ ဒကာ,ဒကာမတွေ သဘောပေါက်ကြပလား။ သံသရာမှာ ဒီနှစ်မျိုးပဲ လှည့်နေကြရတယ်။ ဒကာ,ဒကာမတို့ဟာ သံသရာတလျှောက်လုံး အမြဲတမ်း ဒီဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နှစ်ပါးနဲ့ပဲနေကြရတယ်၊ ရိပ်မိကြရဲ့လား။

အကျိုးဒုက္ခသစ္စာကို ကိုယ်တိုင်တွေ့နေရပြီ

ဒကာ,ဒကာမတွေမှာ အကျိုးဒုက္ခသစ္စာကို ကိုယ်တိုင်တွေ့နေရပြီ။ အကြောင်းသမုဒယသစ္စာက လက်ရှိနဲ့ ခွဲလို့ခွါလို့ ရသေးရဲ့လား။ ဘယ်နည်းနဲ့မှ ခွဲခွါလို့မရနိုင်တော့ဘူး၊ မကောင်းတဲ့ အကြောင်းတရားကြောင့် မကောင်းတဲ့ အကျိုးတရားတွေကို ကိုယ်ပိုင်လက်ရှိ ရလာကြတာပဲ။ ရှင်းကြရဲ့လား။ မကောင်းတဲ့ အကြောင်းတရားက မကောင်း တဲ့ အကျိုးတရားကိုဖြစ်စေတယ်၊ ဒါကြောင့် အခုမှတော့ ပြင်မရတော့ဘူး။

ဒကာ,ဒကာမတို့ အခုသစ္စာနှစ်ပါးကို သိကြရပြီ၊ မကောင်းတာကိုလည်း ရိပ်မိကြပြီ။ ဒီတော့ ဒါတွေကို သိမ်းပစ်ရမယ်၊ သိမ်းချင်တော့ ဘာလုပ်ရမလဲ၊ သိမ်းချင်ရင် ခန္ဓာငါးပါး ချုပ်အောင်လုပ်ရမယ်၊ ခန္ဓာငါးပါးချုပ်အောင် ကျင့်နိုင်ရင် ဇရာ, ဗျာဓိ, မရဏ ဒုက္ခသစ္စာတွေ အကုန်ချုပ်တော့တာပဲ၊ ဆုတောင်းနေဖို့ မလိုဘူး၊ ရှင်းကြရဲ့လား။ လောကမှာ အဆိုးဆုံး၊ အကြီးဆုံးဒုက္ခဟာ ခန္ဓာဒုက္ခပဲရှိတယ်၊ ခန္ဓာဒုက္ခထက် ပိုပြီးကြီးကျယ်တဲ့ ဒုက္ခမျိုးမရှိဘူး၊ ရိပ်မိ ကြရဲ့လား။

”နတ္ထိ ခန္ဓာ ပရမာ ဒုက္ခာ’လို့ ဆိုတဲ့အတိုင်း လောကမှာ အဆိုးဝါးဆုံး၊ အကြီးကျယ်ဆုံး ဒုက္ခဟာဖြင့် ခန္ဓာ ငါးပါးပဲလို့သာ မှတ်လိုက်ကြ။

အဲဒီတော့ ဒီဒုက္ခချုပ်အောင် ဒီခန္ဓာငါးပါးကို ဉာဏ်နဲ့ကြည့်ပေးရမယ်၊ ဉာဏ်နဲ့ကြည့်ရင် အမှန်အကန် သဘာဝ ကိုမြင်ရမယ်၊ သူ့သဘာဝကို အမှန်မြင်ရင် ကြီးကျယ်တဲ့ဒုက္ခအစစ်အမှန် သိမြင်ရပြီး လိုချင်, တောင့်တ, ကြောင့်ကြမှု တွေ ရုပ်သိမ်းတော့တာပဲ၊ ဒါတွေရုပ်သိမ်းနိုင်ရင် ခန္ဓာဒုက္ခငြိမ်းမယ်ဆိုတာ မှတ်လိုက်ကြ၊ သဘောပါပလား။

ခန္ဓာငါးပါးကို ဖြစ်ပျက်ရှုကြ

ဒါကြောင့် ခန္ဓာငါးပါးကို ဖြစ်ပျက်ရှုကြရမယ်။ ဒကာ,ဒကာမတို့ ခန္ဓာကို ဖြစ်ပျက်ရှုခိုင်းတာ ဘာကြောင့်လဲ၊ ရိပ်မိကြပလား။ ခန္ဓာကို ဖြစ်ပျက်ရှုခိုင်းတာဟာ အို,နာ,သေ လွတ်အောင်လို့၊ လွတ်ပါစေလို့ ရှုခိုင်းတာပဲ၊ မရှုတဲ့အခါမှာ ဒီဗျာဓိနဲ့နေရတာပဲ၊ မရှုလို့မဖြစ်ဘူးဆိုတာ မှတ်လိုက်ကြ။ ဒကာ,ဒကာမတွေက ဒါကိုမရိပ်မိတော့ ဆင်ခြေလဲနေကြ တယ်။ “တရားရှုမလို့စိတ်ကူးတာ မထိုင်နိုင်လို့တဲ့၊ မအားလို့တဲ့၊ ခေါင်းကိုက်လို့၊ ဖျားလို့နဲ့” ဆင်ခြေကန်နေကြတယ်။ အဲဒါတွေမရှိအောင် ရှုခိုင်းတာပဲဆိုတာ မှတ်လိုက်ကြ။

ဒီလိုအနာရောဂါတွေ ဗျာဓိတွေမရှိအောင်လို့ ရှုခိုင်းတာကို ဒါနဲ့ဆင်ခြေလဲနေရင် ဒါနဲ့နေချင်လို့ပဲ၊ ဝိပဿနာ မရှုတာဟာ ဒါတွေနဲ့နေတဲ့အချိန်ပဲ၊ ဒါတွေနဲ့နေချင်လို့ မရှုတာပဲဆိုတာ မှတ်ကြတော့၊ ရှင်းကြရဲ့လား။ ဒကာ,ဒကာမတို့ ဒီလိုရောဂါအန္တရာယ်တွေထူလေ ရှုရလေပဲ။ ဒီလိုဖြစ်ရင် ပိုပြီးတောင်ရှုရမယ်၊ ဒါတွေမကောင်းဘူး, မကောင်းဘူးလို့ ရှုရင်းရှုရင်း ချုပ်သွားမယ်၊ ရိပ်မိကြပလား။

ဒကာ,ဒကာမတို့ သဘောပါကကြပလား။ ခန္ဓာမှာ ဝေဒနာဖြစ်ရင် ဒီဝေဒနာပေါ်မှာ ဉာဏ်နဲ့စိုက်ပြီးရှုလိုက်၊ ရှုလိုက်သွားရင် ဝေဒနာချုပ်သွားမယ်၊ ဝေဒနာချုပ်သွားရင် မဂ်ဉာဏ်ဝင်လာတာပဲ၊ မဂ်ဉာဏ်ဝင်လာတာနဲ့ အနှိပ်စက် ခံက လွတ်သွားမယ်၊ ဒီဝေဒနာဟာ ရှုလိုက်ရင် ချုပ်သွားမှာပဲဆိုတာ မှတ်ကြ။ မရှုဘဲနေရင် ပွားမယ်၊ ရှုရင် ချုပ်သွား မယ်။ ဒကာတို့တတွေ ဘယ်ဟာကြိုက်သတုံး၊ အပွားကြိုက်သလား၊ အချုပ်ကြိုက်သလား၊ ကြိုက်ရင် ကြိုးစားပြီးရှုကြ။

ဝေဒနာလာတိုင်း ဖြစ်ပျက်ရှုရမယ်

ဘုရားက “ခန္ဓာရှိလို့ ဇရာ, ဗျာဓိ, မရဏတွေရှိတာပဲ၊ ဒါကိုရှုရင် ပျောက်သွားမယ်”လို့ဟောတယ်။ ဒါကြောင့် နေမကောင်း, ထိုင်မသာရှိရင် ရှုပစ်ကြ။ ဒါဟာ အနာကင်းကြောင်းတရားပဲ၊ ကျေနပ်ပလား။ ဒကာ,ဒကာမတို့ ဝေဒနာ လာရင် ရှုပစ်ရမယ်၊ ဝေဒနာလာတိုင်း,လာတိုင်း ဖြစ်ပျက်ရှုရမယ် ဆင်ခြေတွေပြင်ကြတော့၊ အလွဲမှာ ဆင်ခြေမလဲကြနဲ့ တော့လို့ သတိပေးလိုက်တယ်။

ဒကာ,ဒကာမတို့ “မနေ့ညက ဝိပဿနာရှုကြရဲ့လား”ဆိုတော့ ဝေဒနာနှိပ်စက်လို့ မရှုရပါဘူး”တဲ့။ အဲဒါ အလွဲမှာ ဆင်ခြေလဲတာပဲ၊ ဆင်ခြေလွဲပဲဆိုတာ မှတ်လိုက်ကြ။ ဒီဆင်ခြေဟာ အလွဲပဲဆိုတော့ ဘယ်လောက်ထိအောင်များ လွဲမယ်ထင်သလဲ၊ အပါယ်ကျအောင်လွဲမယ့် ဆင်ခြေပဲလို့သာ ဆုံးဖြတ်လိုက်ကြ။ အဲဒီတော့ မာလဲရှုကြ၊ မမာလည်း ရှုကြရမယ်ဆိုတာ မှတ်ကြတော့။

ဒကာ,ဒကာမတို့ မမာလေ ဝေဒနာနှိပ်စက်လေလေ၊ ကြပ်ကြပ်ရှုရလေပဲဆိုတာ မှတ်ကြ၊ ဗောဇ္ဈင်သုတ်ကို မမာတဲ့အခါ ရွတ်ကြရတယ်၊ ဒီဟာ ဘယ်ကလာတဲ့သဘောလဲဆိုတာ ရိပ်မိကြပလား၊ ရှင်မဟာကဿပ ခေါင်းကိုက် ဝေဒနာဖြစ်နေတဲ့အခါမှာ ဘုရားရှင်ကြွရောက်ပြီး မေးမြန်းတော်မူလို့ ဝေဒနာနှိပ်စက်တဲ့အကြောင်း လျှောက်တဲ့အခါမှာ ဘုရားရှင်က “ဝေဒနာနှိပ်စက်ရင် ဗောဇ္ဈင်သုတ်ကိုရှုကြ”လို့ ဟောတော်မူတယ်ဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။

ဗောဇ္ဈင်ကို အရှုခိုင်းတာပဲ

ရှင်မဟာမောဂ္ဂလန် မမာတော့လည်း ဗောဇ္ဈင်ကို အရှုခိုင်းတာပဲ။ ဘုရားကိုယ်တော်တိုင် မမာတော်မူတော့ ရှင်စုန္ဒက ရှုမှတ်ဖို့ရာ ဗောဇ္ဈင်သုတ်ကိုရွတ်ဖတ်ပြီး လျှောက်ထားပေးရတယ်၊ သဘောပါကြပလား။ ဒကာ,ဒကာမတို့ ဗောဇ္ဈင်ဆိုတာ ဓမ္မဝိစယ, သတိ, ဝိရိယတွေပဲ၊ ဘုရားရှင်က “မင်းတို့မမာရင် ဒါတွေရှုပါလားတဲ့၊ ဒါတွေကိုရှုလို့ ဒါနဲ့ ပဲ ရဟန္တာဖြစ်ရတာ၊ မမာရင် အခုရှု”လို့ အရှင်မဟာကဿပကို ဘုရားကပြောလို့ ရှုလိုက်တော့ ဝေဒနာတွေ ချက်ချင်း ပျောက်သွားတယ်၊ ကျေနပ်ပလား။

ဒကာ,ဒကာမတို့ သဘောပါကြပလား။ သာမညမဟုတ်ဘူးဆိုတာ ရိပ်မိကြပလား။ ဘာဝိတာ ဗဟုလီကတာ ဆိုတာ အကြိမ်ကြိမ်အဖန်ဖန် ရှုရမှာကိုဆိုတာ၊ ဒါကြောင့် မမာလေ တိုးရှုလေ ရှုရမယ်၊ မမာတဲ့အခါမှာ ပိုပြီးရှုပေး ကြ။ ဒကာ,ဒကာမတွေ အခုဘုန်းကြီးက ညွှန်ပြပေးလို့ ပျောက်တဲ့ဆေးတော့ တွေ့ကြရပြီ။ ကြိုးစားပြီးသောက်ကြမှပဲ နေရာကျမယ်၊ ပျောက်တဲ့ဆေးကိုတွေ့ရလို့မှ မသောက်ရင် အတော်ဆိုးဝါးပြီလို့သာ မှတ်ကြ။

ဗောဇ္ဈင်ဆိုတာ ရွတ်ရုံသက်သက်မဟုတ်ဘူး။ ပွားများဖို့ပဲဆိုတာ မှတ်ကြရမယ်။ ဘာဝိတာဆိုတာ ပွားများတာ ကိုဆိုတာ။ ဗဟုလီကတာဆိုတာ အကြိမ်များစွာ ပွားများရမှာကို ပြောတာ။ ဒါကြောင့် မမာလည်းရှု မာတဲ့အခါလည်း ရှုရမှာပဲဆိုတာ မှတ်လိုက်ကြ။ ဒကာ,ဒကာမတို့ ဘုရားဟောတာ ဆရာသမားကူပေးလို့ ရှုရမှန်းသိသွားကြပြီ။ ဒီလို ရတဲ့ အသိဉာဏ်ဟာ သေးသေးသိမ်သိမ်လေးလို့များ မမှတ်လိုက်ကြနဲ့၊ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းရှာမှ ရတဲ့ဉာဏ်နဲ့ ပြောခဲ့တာပါ။ ကျေနပ်ပလား။

ရှုရမှန်းသိတာက မဂ္ဂသစ္စာ

ဒကာ,ဒကာမတွေ အရင့်အရင်တုန်းက ၁ နဲ့ ၂၊ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ နှစ်မျိုးနဲ့ပဲ လှည့်နေခဲ့ရတယ် ဆိုတာ ပြောခဲ့ပြီ။ အခုမှ သာသနာတွင်းကြုံလို့ သာသနာတွင်းတရားနဲ့လည်း ဆုံမိကြလို့ အနေကိုပြောင်းလဲပစ်ရမယ်။ ၃ နဲ့ ၄ ဆိုတဲ့ မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာနှစ်မျိုးကို ပြောင်းကြရမယ်၊ ရှင်းကြရဲ့လား။ အခု ဒကာ,ဒကာမတွေဟာ ဝေဒနာလာရင် ရှုရမှန်းသိကြပြီ၊ ရှုရမှန်းသိတာက မဂ္ဂသစ္စာပဲ၊ ရှုတော့ ဝေဒနာပျောက်တာက နိရောဓသစ္စာ၊ ရှင်း ကြရဲ့လား။

၃ က ချုပ်အောင်ကျင့်တဲ့အကျင့်၊ ၄က ချုပ်သွားတာကို ဆိုတယ်လို့မှတ်ကြ။ ၃ က မဂ္ဂသစ္စာ၊ ၄ က နိရောဓ သစ္စာ၊ ဒကာတို့တွေ သံသရာတလျှောက်လုံး ၃ နဲ့ ၄ မပါခဲ့ကြရဘူး၊ ၁ နဲ့ ၂ မှာပဲ ချာချာလည်ခဲ့ရတယ်။ အခုအချိန် မှာ အင်မတန်ကံကြီးကြလို့ ၃ နဲ့ ၄ ကို ပြောင်းနိုင်တဲ့အခွင့်အရေးကို ရလာကြတယ်ဆိုတာ သံသယမရှိကြနဲ့တော့လို့ သတိပေးလိုက်တယ်။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ သဘောပါကြပလား။ ဘုရားကပြောပြလို့ အရှင်မဟာကဿပ မထေရ်ကြီး ဟာ ဗောဇ္ဈင်ကိုရှုလိုက်တော့ ဘုရားမကြွခင်မှာပဲ ဝေဒနာတွေ ပျောက်ကင်းသွားတယ်။ အဲဒါနဲ့ နောက် အရှင်မဟာ ကဿပ အဆင့်ဆင့်ပြောပြလို့ ရှုကြတဲ့အခါမှာ ဝေဒနာတွေ အကုန်ပျောက်ကုန်ကြတယ်ဆိုတာ မှတ်လိုက်ကြ။ ဒကာ, ဒကာမတို့ ဗောဇ္ဈင်ပွားရတဲ့အကျိုးဟာ စရိတ်ကုန်လည်း သက်သာတယ်၊ နိဗ္ဗာန်လည်းရတယ်၊ ဆရာဝန်အခေါ်လွတ် တယ်။

နည်းရရင် ကြိုးစားကြ

ဒကာ,ဒကာမတို့ နည်းရရင် ကြိုးစားကြ၊ ရှုရင် သစ္စာလေးပါးကို ကိုယ်တိုင်သိကြရမယ်။ ဒီသစ္စာလေးပါးက လည်း တခြားမှာရှိတာမဟုတ်ဘူး။ ဒကာ,ဒကာမတို့ ခန္ဓာမှာပဲရှိနေတာပါ။ ဘုရားက ဒီတလံမျှလောက်သာ ခန္ဓာအဆုံး မှာရှိတယ်လို့ သေသေချာချာ ဟောထားခဲ့တယ်။ ရှုတဲ့အခါ ခန္ဓာကိုသာရှုရမှာ၊ ဒီခန္ဓာကိုဆုံးအောင်ရှုရင် ဆုံးတဲ့နေရာ မှာ နိရောဓပေါ်တာပဲ၊ ရိပ်မိကြပလား။

ဝတ္ထုသက်သက်သာဓကက “ရောဟိတနတ်သား”ကို ဟောတော်မူတဲ့အချက်ပဲဆိုတာ မှတ်ရမယ်။ ရောဟိတ နတ်သားဟာ တချိန်တခါမှာ အင်မတန်တန်ခိုးကြီးလှတဲ့ ရသေ့အဖြစ်နဲ့ လောကဆုံးရာကို ရှာကြည့်တဲ့အကြောင်း အင်မတန်လျင်မြန်လှတဲ့ အသိဉာဏ်ဈာန်တန်ခိုးနဲ့ ဘယ်လောက်မြန်အောင်သွားပြီး ရှာလို့မှမတွေ့တဲ့ အကြောင်းစုံ ကို လျှောက်ထားလိုက်တော့ ဘုရားက ဘယ်လောက်ကြီးကျယ်တဲ့ ဈာန်တန်ခိုးနဲ့ပဲရှာရှာ၊ မြေပြင်ခြေလျင်နဲ့ပဲရှာရှာ၊ မတွေ့နိုင်ဘူး၊ လောကအဆုံးဟာ ဒီတလံမျှလောက်သော ခန္ဓာအဆုံးမှာရှိတယ်လို့ ဟောပြတော်မူလိုက်တယ်၊ ရိပ်မိ ကြပလား။

ဝေဒနာကုန်အောင် လိုက်ရမယ်

ဒါကြောင့် ခန္ဓာမှာ ဝေဒနာပေါ်လာရင် ဝေဒနာကိုဖြစ်ပျက်ရှု၊ ဝေဒနာကုန်အောင် လိုက်ရမယ်၊ ဝေဒနာကုန် အောင် ရှုနိုင်ရင် နိဗ္ဗာန်ပေါ်တာပဲ၊ “ဝေဒနာနိရောဓော နိဗ္ဗာနံ”ပဲ ရှင်းပလား။ သံယုတ်ပါဠိတော်မှာလည်း အသေအချာ ဟောတော်မူခဲ့တယ်။ ဝေဒနာနံခယောဘိက္ခု၊ နိစ္ဆာတော ပရိနိဗ္ဗုတော”တဲ့။ အဲဒါကြောင့် ပေါ်လာတဲ့ဝေဒနာကို ကုန် အောင်လိုက်ပေး။ ဝေဒနာကုန်ရင် နိဗ္ဗာန်ရတာပဲဆိုတာ မှတ်လိုက်ကြ။ သဘောပါပလား။

ဒကာ,ဒကာမတို့ ခန္ဓာမှာ ဒုက္ခသစ္စာ အမြဲတမ်းရှိပြီးနေတယ်၊ ဒါကို ဉာဏ်နဲ့ကြည့်ပေးရင် အမှန်အကန် သိမြင်လာမယ်၊ ရှိတဲ့ဓမ္မကို ကြည့်ပေးဖို့သာ ကိုယ့်တာဝန်ပဲလို့ မှတ်လိုက်ကြ။ မရှိလို့ မသိတာမဟုတ်ဘူး၊ မကြည့်လို့ သာ မသိတာပဲဆိုတာ မှတ်ကြတော့။ ဉာဏ်နဲ့သာကြည့်ပေး၊ ကြည့်ပေးရင် အမှန်သိမြင်မယ်။ အနုဓမ္မစာရီဆိုတာ ဒုက္ခသစ္စာရှိလို့ ဒုက္ခသစ္စာသိနေတာဟာ အနုဓမ္မစာရီပဲ၊ အဲဒါလျော်တဲ့အကျင့်ပဲ။

တရားနဲ့လျော်တဲ့အကျင့် အနုဓမ္မစာရီဆိုတာ တရားရှိလို့ တရားသိတာကိုဆိုတာပဲ။ တရားရှိတာက (၁) ဒုက္ခသစ္စာ၊ တရားသိတာက (၃) မဂ္ဂသစ္စာ၊ ရှိတဲ့တရား ချုပ်သွားတာကို သိတာက မဂ္ဂသစ္စာပဲ၊ အဲဒီချုပ်တဲ့နေရာမှာ ပေါ်လာတာက နိရောဓသစ္စာ နိဗ္ဗာန်ပဲ၊ ဒကာ,ဒကာမတွေ ကျေနပ်ပလား။ ခန္ဓာဟာ တဏှာရှိလို့လာတာ၊ တဏှာ မရှိရင် ခန္ဓာမလာဘူး၊ တဏှာက အကြောင်း၊ ခန္ဓာက အကျိုး၊ ရိပ်မိပလား။

အဲဒီတော့… ခန္ဓာက…ဒုက္ခသစ္စာ။

တဏှာက… သမုဒယသစ္စာ။

သိတဲ့ဉာဏ်က… မဂ္ဂသစ္စာ။

ချုပ်တာက… နိရောဓသစ္စာ။

ဘုရားပွင့်မှပေါ်တဲ့တရား

ဒကာ,ဒကာမတို့ ဒီတရားက ဘုရားပွင့်မှပေါ်တဲ့တရား၊ ဘုရားမပွင့်ရင် ပေါ်နိုင်တဲ့တရားမျိုး မဟုတ်ဘူး ဆိုတာ မှတ်လိုက်ကြ။ ဘုရားဟာ ပွင့်,ပွင့်ချင်း ဒီသစ္စာလေးပါးကို ဟောတော်မူတယ်၊ ဘယ်လောက်တောင် အရေးကြီး တယ်ဆိုတာ သိကြရမယ်။ ဘုရားပွင့်ရတာ သစ္စာသိလို့သာပွင့်ရတာ၊ သစ္စာကိုဟောဖို့ ပွင့်ရတာဆိုရင် အတူတူပဲ။ ဒါကြောင့် ဒီသစ္စာသိဖို့ အလုပ်ကိုဖြင့် ဒို့အလုပ်ပဲ၊ မလုပ်ရင်မဖြစ်တဲ့အလုပ်ပဲလို့သာ ဆုံးဖြတ်ချက်ချကြ။

ရှေ့နှစ်ခုက ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ၊ နောက်နှစ်ခုက မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာ၊ ရှေ့နှစ်ခုနဲ့ နောက်နှစ်ခု ထဲက ကျင့်ချင်တာကျင့်၊ တခုကိုကျင့်ရင် နိဗ္ဗာန်ရောက်တယ်ဆိုတာ မှတ်ကြ။ အများမလိုဘူး၊ တခုပဲ အရေးကြီးတယ်၊ တခုလုပ်ရင် ကျန်သုံးခုလည်းပြီးနိုင်တယ်။ ခန္ဓာရှုလည်း ခန္ဓာချုပ်, တဏှာချုပ်ပြီး, နိဗ္ဗာန်ရောက်တာပဲ။ တဏှာရှုရင် လည်း တဏှာလည်းချုပ်, ခန္ဓာလည်းချုပ်ပြီး နိဗ္ဗာန်ရောက်တာပဲ။ “ခန္ဓာနိရောဓော နိဗ္ဗာနံ၊ တဏှာနိရောဓော နိဗ္ဗာနံ” ရိပ်မိကြပလား။

ဒကာ,ဒကာမတို့ ခန္ဓာဟာ တဏှာကလာတယ်ဆိုတာ သိကြပြီ၊ တဏှာကကော ဘယ်ကလာသလဲ။ အာယတန ဆယ့်နှစ်ပါးက လာတယ်၊ မြန်မာလိုပြောတော့ ခင်တာမင်တာ ဘယ်ကလာသလဲ၊ ခင်စရာမင်စရာက လာတာပဲ။ အဲဒီတော့ ခင်စရာမင်စရာက သမုဒယသစ္စာ၊ တဏှာက ဒုက္ခသစ္စာ၊ သိတဲ့ဉာဏ်က မဂ္ဂသစ္စာ၊ ခင်ရာမင်ရာဆုံးသွား တာက နိရောဓသစ္စာ၊ ဒကာ,ဒကာမတွေ ရှင်းကြရဲ့လား။

တဏှာဟာ ဘယ်ကလာသလဲ

အသိဉာဏ်ရှုပ်သွားသလား၊ ပြန်ပြီးရှင်းပြမယ်၊ တဏှာဟာ ဘယ်ကလာသလဲ၊ အာယတနက လာတယ်။ အဲဒီတော့ အာယတနက သမုဒယသစ္စာ၊ တဏှာက ဒုက္ခသစ္စာ၊ သိတဲ့ဉာဏ်က မဂ္ဂသစ္စာ၊ တဏှာဆုံးသွားတာက နိရောဓသစ္စာဆိုတာ ရှင်းလောက်ပြီ။ အထက်ကစကားနဲ့ပြန်ပြီး ဟပ်ကြည့်ကြ၊ ရှင်းလာကြမယ်။

ဒကာ,ဒကာမတို့ ဒီလိုဆိုတော့ နိဗ္ဗာန်ရောက်တရားတွေ ပုံပြီးတောင်နေတယ်၊ အများကြီးပဲ၊ များလွန်းအား ကြီးပြီး ဘာလုပ်ရမှန်းမသိအောင် ဖြစ်ကုန်ကြမယ်။ ဥပမာဆိုရင် ပုတီးလယ်ပင်းဆွဲပြီး ဘာမှမလုပ်တဲ့သူလိုနေမှာပဲ လို့ မှတ်ကြ။ တရားတွေက ခန္ဓာမှာ အများကြီးရှိနေတယ်။ ဒါကိုမသိတော့ တဏှာကပြုံးမယ်၊ ခန္ဓာကလည်း ပြုံးမယ် ဆိုတာ မှတ်ကြ၊ ရိပ်မိကြရဲ့လား။

အခု ရှေ့နားမှာထိုင်နေတဲ့ ဒကာကြီးတွေ အသက်ကြီးကြပြီ။ နိဗ္ဗာန်ရောက်ပလား။ မရောက်သေးတာ ဘာကြောင့်လဲ၊ အဲဒါ ပုတီးလည်ပင်းစွပ်ပြီး ဘာမှမလုပ်ဘဲနေကြလို့ပဲဆိုတာ မှတ်ကြ။ အခုစပြီး လုပ်ကြရမယ်၊ လုပ်ကြ ဆိုတော့ ကိုယ့်ဇရာ ကိုယ်ရှုကြရမယ်လို့ ပြောလိုက်ပါတယ်။ ကိုယ့်ဝမ်းထဲက ဇရာကိုရှုနေရင် ပြီးတာပါပဲ၊ ရိပ်မိကြ ပလား။ ဝမ်းထဲကဇရာဆိုတာ ဝမ်းထဲကတေဇောကို ရှုရမယ်ဆိုတာ မှတ်လိုက်ကြ။

ရှုရင် နိဗ္ဗန်ရောက်ပါတယ်၊ နိဗ္ဗာန်ရောက်ရင် တေဇောသိမ်းတာပဲ။ နေထိုင်ကောင်းတယ်လို့ မရှိဘူး။ ဝေဒနာ က ထူပြောတယ်ဆိုလည်း ဒီဝေဒနာကိုရှုရမှာပဲ။ ဒီလိုရှုတော့ ဝေဒနာက ဒုက္ခသစ္စာ၊ ရှုတဲ့ဉာဏ်က မဂ္ဂသစ္စာ၊ ဒကာ, ဒကာမတွေက ဒါကိုမသိပြန်တော့ အကုန်ဂွကျကုန်တော့တာပဲ၊ သဘောပါကြရဲ့လား။

ထီပေါက်တာ နံပါတ်မမှတ်မိ

ခန္ဓာမှာ ရှုစရာ နိဗ္ဗာန်အရောက်ပို့ပေးမယ့် တရားတွေက အလွန်များပါတယ်၊ ဒါကို နည်းနည်းမှမရိပ်မိဘူး ဆိုတော့ “ကန်းပုံတွေ ကမ်းကုန်နေကြပြီ”လို့ပဲ မှတ်ကြတော့၊ ဘာဖြစ်နေနေ ရှုကြရမှာပဲ။ အနာတွေများလည်း ဒါကို ဖြစ်ပျက်ရှုရမှာပဲ။ ဒကာတို့ဟာက “ထီပေါက်တာ နံပါတ်မမှတ်မိ”ဆိုတဲ့ ဥပမာလိုပဲ။ ထီကတော့ ပေါက်နေတာပဲ။ ဒါပေမယ့် နံပါတ်မမှတ်မိလို့ စာရွက်ကိုဆုတ်ပြီး မီးရှို့ပစ်နေကြတယ်။

ဒကာ,ဒကာမတွေဟာ အနာရောဂါများလို့ ဒုက္ခအမျိုးမျိုးတွေရောက်လို့ ညည်းညူကြတယ်၊ “ဒုက္ခတွေက အလွန်များလှတယ်၊ ဒီဒုက္ခတွေက ဘယ်တော့များမှလွတ်ပါ့မတုံး”နဲ့ ညည်းတတ်ကြတယ်။ ဒကာ,ဒကာမတို့ အဲဒီညည်း တဲ့အထဲမှာ နိဗ္ဗာန်ရောက်တရား ပါတယ်ဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြရဲ့လား။ ဗျာဓိနှိပ်စက်ရင် ဒီဗျာဓိဝေဒနာကို ဖြစ်ပျက်ရှု၊ ဇရာဆိုတော့ ပူတဲ့ရုပ် နှိပ်စက်တာကိုရှု၊ ရှုဖန်များလို့ နှိပ်စက်တာနဲ့ မနေချင်တော့ နှိပ်စက်တာချုပ်တာပဲ၊ ချုပ်ရင် နိဗ္ဗာန်ပဲ။

ဒကာ,ဒကာမတို့ အသက်ကြီးလေ ရှုစရာတရားက ပေါ်လေပဲဆိုတာ မှတ်လိုက်ကြ။ အသက်ကြီးလာလေလေ ဒုက္ခသစ္စာတွေက ပေါ်လာလေ ရှုစရာတွေများလေလေ၊ ရှုတတ်ရင် အဖိုးတန်လေလေပဲဆိုတာ မှတ်ကြ၊ ရိပ်မိကြပလား။ အိုတဲ့ဇရာ ဒုက္ခသစ္စာ၊ နာတဲ့ဗျာဓိ ဒုက္ခသစ္စာ၊ ဒါတွေက အဆက်မပြတ်အောင်လာပါ၊ ရှုပါ၊ ကျုပ်ရှုပါ, ကျုပ်ရှုပါနဲ့ ခေါ်ကြမယ်၊ အဲဒီအခါမှာ ပရိညေယျနဲ့ဉာဏ်က ပိုင်းခြားရမယ်။

ဒုက္ခသစ္စာ တစ်ခုထဲကို သိအောင်လုပ်

ဒကာ,ဒကာမတို့ ခန္ဓာထဲမှာ ဒုက္ခသစ္စာ အမြဲရှိနေတယ်၊ သူကလည်း ကျုပ်ဟာ ဒုက္ခသစ္စာပါလို့ အမြဲပြောနေ တယ်၊ ဒါကို အမှန်အတိုင်းသိအောင် ဒကာ,ဒကာမတွေက လုံ့လစိုက်ပေးရမယ်၊ ဒကာ,ဒကာမတို့တာဝန်က ဒုက္ခသစ္စာ တစ်ခုထဲကို သိအောင်လုပ်ရမယ်။ ဒုက္ခသိဖို့ ဒုက္ခမြင်ဖို့ အရေးကြီးတယ်ဆိုတာ မှတ်လိုက်ကြ။ ဒုက္ခကိုသိမှ နိဗ္ဗာန် ရောက်မယ်၊ ဒုက္ခမသိဘဲနဲ့ နိဗ္ဗာန်ရောက်တဲ့ ဘုရားရဟန္တာ ဘယ်အခါမှမရှိဘူးလို့သာ မှတ်ကြ။ ဒါကြောင့် ရှိနေတဲ့ ဒုက္ခကို သိအောင်လုပ်ရမယ်၊ ရှင်းပလား။

ဒကာတို့တတွေက ရွှေကောက်ရတဲ့ကလေးပဲဆိုရင် မမှားဘူး၊ ခန္ဓာထဲမှာ ရွှေတုံးတွေ တန်ဖိုးမဖြတ်နိုင်အောင် အများအပြားရှိပြီးနေတာ မသိတော့ အသုံးမချတတ်လို့ ဘာမှအကျိုးမရကြဘဲ ဖြစ်နေကြရတယ်၊ သဘောပါကြရဲ့လား။ သုံးတတ်တဲ့ဉာဏ်ကို ဆရာကပေးပြီးပြီ။ သုံးတတ်အောင်သုံးကြ။ အိုတတ်တဲ့တေဇော၊ ကြီးတတ်တဲ့တေဇောကို ဖြစ်ပျက် ရှုပေးကြ၊ ရှုတတ်ကြပလား။ တရားက “ဧဟိပဿိကော”တဲ့။ “လာခဲ့ ရှုလှည့်”လို့ခေါ်နေတာ၊ ဝေဒနာက “ငါ့ကိုရှု လှည့် လာခဲ့ ရှုလှည့်”နဲ့ ခေါ်တယ်ဆိုတာ မှတ်ကြ။

ဒကာတို့တတွေက တရားက ငါ့ရှုပါလို့ခေါ်တာမသိ၊ မသိတော့ တရားနဲ့ရန်ဖြစ်နေကြတယ်၊ ဝေဒနာကို “မင်းနဲ့ငါ ရန်ဖြစ်မယ်နဲ့” လုပ်နေကြတယ်၊ ဒကာတို့ဟာ ရန်ထောင်သမားတွေလားလို့ မေးစရာဖြစ်နေတယ်။ “ဝေဒနာ ခံစားရတာ တယ်ဆိုးတယ်”ဖြစ်ပဲဖြစ်တတ်တယ်။ “ကျုပ်မှပဲ ဖြစ်ရပလေဗျာ”နဲ့ဆိုပြီး လူလာတိုင်း ထိုးပြနေတတ်တယ်။ အဲဒါဟာ တရားနဲ့ရန်ဖြစ်တာပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြရဲ့လား။

မိတ်ဆွေကို ရန်သူမှတ်နေကြတယ်

ဒကာတို့ဟာက မသိတော့ မိတ်ဆွေကို ရန်သူမှတ်နေကြတယ်။ “အနာက ကျက်သရေမရှိဘူး”တဲ့။ နိဗ္ဗာန် ရမယ့်တရားက ခေါ်နေတာ မရှုချင်ကြဘူး၊ မရှုချင်ဘဲ နိဗ္ဗာန်ပို့မယ့်တရားနဲ့ ရန်ဖြစ်နေတယ်ဆိုတော့ တော်ပါ့မလား။မတော်တာသိရရင် ပြင်ကြဆင်ကြတော့၊ အချိန်က သိပ်မကျန်တော့ဘူး၊ အချိန်အလွန်နည်းနေပြီ။ နေဝင်တော့မယ် ဆိုတာ သတိပေးလိုက်ပါတယ်၊ ရိပ်မိကြရဲ့လား။

ဒါကြောင့် ခန္ဓာမှာပေါ်သမျှ ဖြစ်ပျက်ရှုကြ၊ ဝေဒနာပေါ်လည်းရှု၊ ရှုရင် ဒုက္ခသစ္စာကိုမြင်မယ်၊ မရှုရင် မမြင် ဘူး။ သစ္စာမသိရင် အပါယ်ကျမယ်၊ သစ္စာသိရင် နိဗ္ဗာန်ရမယ်၊ သဘောပါကြပလား။ သစ္စာသိမှုနဲ့ မသိမှု အကျိုးသွား ဘယ်လောက်ကွာခြားတယ်ဆိုတာ ရိပ်မိကြလား။ ဒကာ,ဒကာမတို့ အို,နာ,သေ ဒုက္ခတွေကို ကြောက်ကြသလား။ ကြောက်ပေမယ့် အတွင်းထဲကိုရောက်နေကြပြီ၊ ကြောက်ပေမယ့် မတတ်နိုင်တော့ဘူး၊ ရှုမှသာ လွယ်မယ်ဆိုတာ မှတ် လိုက်ကြ။

အိုတတ်,နာတတ်,သေတတ်တဲ့ တရားတွေဟာ ဒကာ,ဒကာမတို့ရဲ့ ခန္ဓာတွင်းမှာ ရောက်နေကြပြီ၊ ရှုမှသာ လွတ်နိုင်တဲ့လမ်းရှိတယ်၊ ရှုတဲ့လမ်းအပြင် အခြားလွတ်နိုင်ဖို့မရှိဘူး၊ ရှုရမှာကလည်း ဒီအိုတတ်,နာတတ်,သေတတ်တဲ့ တရားတွေကိုပဲ ရှုရမှာ၊ သူတို့ကိုပဲရှုရမှာဆိုတာ မှတ်လိုက်ကြ။ ဒကာ,ဒကာမတွေ သဘောပါကြရဲ့လား။

အို,နာ,သေ ဘယ်ကလာသလဲ

ဒကာ,ဒကာမတို့ အို,နာ,သေ ဘယ်ကလာသလဲ။ ခန္ဓာကလာတယ်၊ ခန္ဓာ ဘယ်ကလာသလဲ၊ တဏှာကလာတယ်။ ဒီတဏှာ ဘယ်ကလာတာလဲ၊ အာယတနာကလာတာ၊ မှတ်မိကြပလား။ အာယတနဆိုတာ ခင်စရာ,မင်စရာကို ဆိုတာ လို့လည်း သိကြပြီ။ ဒကာ,ဒကာမတို့ အို,နာ,သေရဲ့ အရင်းခံဟာ ခင်စရာမင်စရာကို ခင်မင်မိလို့ပဲ။ အဲဒီတော့ အို, နာ,သေကို ကြောက်ရင် ခင်စရာ,မင်စရာကို မခင်ဘဲနေမှ ဖြစ်တော့မယ်ဆိုတာ ရိပ်မိကြပလား။

ဒကာ,ဒကာမတို့ ဒီအို,နာ,သေကိုကြောက်ရင် ခင်မင်တဲ့တဏှာကို ဖြတ်ရမယ်ဆိုတာ မှတ်လိုက်ကြ။ ဒကာတို့ တတွေက ခင်စရာ မင်စရာကိုပဲ တမင်္ဂလာရှာဖွေပြီး ခင်တတ်မင်တတ်ကြတယ်။ ခင်စရာမင်စရာမရှိရင် မနေတတ် ကြဘူး၊ နေလို့ထိုင်လို့ မဖြစ်ကြဘူး၊ ခင်စရာမင်စရာမရှိတော့ “ကျီးနဲ့ဖုတ်ဖုတ်ပဲတဲ့၊ အိမ်မှာလည်း ဇရပ်လိုဖြစ်နေပြီတဲ့” ပျင်းတတ်တဲ့ ဒေါမနုဿအစား ဝင်လာတယ်၊ ပဋိစ္စသမုပ္ပါဒ် ချဲ့သွားမိလို့ အပါယ်သွားရမယ်ဆိုတာ မှတ်ကြ။

အပါယ်သွားကြောက်ရင် သံသရာမချဲ့ချင်နဲ့၊ ပဋိစ္စသမုပ္ပါဒ်ချဲ့တာဟာ သံသရာချဲ့တာပဲ။ “ပျင်းခြောက်ခြောက် နဲ့”ဆိုပြီး ဒေါမနဿ အနုစားလေးဝင်လာရင် ဖြစ်ပျက်ရှုမိအောင်ရှုချ၊ မရှုမိရင် သံသရာကျယ်ပြီး အပါယ်သွားမယ်၊ ရှင်းကြရဲ့လား။ ဒါကြောင့် ဒကာ,ဒကာမတို့ ခင်စရာ,မင်စရာကို မခင်မင်ကြနဲ့တော့၊ ခင်တဲ့တဏှာဖြတ်ကြရမယ်၊ သူ့ကိုဖြတ်ရင် ခန္ဓာမလာဘူး၊ ခန္ဓာမလာရင် အို,နာ,သေ သိမ်းတာပဲ။

အို,နာ,သေဟာ ခန္ဓာကလာတာ

ဇရာ,ဗျာဓိ,မရဏဆိုတဲ့ အို,နာ,သေဟာ ခန္ဓာကလာတာ၊ ခန္ဓာဟာ တဏှာကလာတာ၊ တဏှာဟာ အာယတန က လာတာ၊ ရှင်းကြရဲ့လား။ ဒကာ,ဒကာမတို့တတွေမှာ ဘဝတိုင်းဘဝ, ဒီအို,နာ,သေနဲ့ပဲ အသက်ပျောက်ခဲ့ကြရတယ်၊ ဘာကြောင့်လဲလို့ဆိုတော့ ဘဝများစွာက အို,နာ,သေ၊ ဒီဘဝမှာလည်း အို,နာ,သေ၊ ဒီဘဝမှာ သစ္စာမမြင်ရင် နောက် ဘဝတွေမှာလည်း အို,နာ,သေ၊ ဒါတွေပဲဆက်နေတာဟာ ခင်စရာ,မင်စရာကို ခင်မင်မိလို့ပဲ၊ ရိပ်မိကြရဲ့လား။

ဒကာ,ဒကာမတွေ အို,နာ,သေ သံသရာရှည်ရတာ ဘာကြောင့်လဲ၊ ခင်စရာ,မင်စရာကြောင့်ပဲဆိုတာ မှတ် လိုက်ကြ။

အာယတနဆိုတော့ နားမရှင်းဘဲနေချင်နေမယ်။ ဒကာ,ဒကာမတွေ နားလည်ထားဖို့က အာယတနဆိုတာ ကိုယ့်ခန္ဓာ, သားသမီးခန္ဓာ ဒါတွေပဲလို့မှတ်ထားကြ၊ ခန္ဓာအမျိုးမျိုးတွေ ခင်မင်မှုဟာ အာယတနပဲလို့ မှတ်လိုက်ကြ၊ ရှင်းကြပလား။ ဒီခင်မင်မှုမဖြုတ်သမျှ အို,နာ,သေက မလွတ်ကြရဘူး၊ အို,နာ,သေကြောက်ရင် ခင်မင်မှုတွေပြုတ်ကြ၊ ရိပ်မိကြရဲ့လား။ ဒကာတို့က အန္တရာယ်ကင်းချင်, ဘေးရှင်းချင်လို့ မေတ္တာပို့နေကြ၊ အန္တရာယ်ကော ကင်းပါရဲ့လား၊ ဘေးကော ရှင်းပါရဲ့လား။

ဘုရားရွှေဉာဏ်တော်နဲ့ ကြည့်လိုက်တော့ “ေဩာ်…အန္တရာယ်ကင်းအောင်, ဘေးရှင်းအောင် မေတ္တာပို့နေ ပေမယ့် သူတို့မှာ အို,နာ,သေတွေနဲ့ပဲ၊ အန္တရာယ်အပြည့်၊ ဘေးအတိနဲ့ပဲ”ဆိုပြီး သနားတော်မူလို့ ရင်မ,ရှာတယ်၊ ရွှေ စိတ်တော် ပင်ပန်းရှာတယ်ဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြရဲ့လား။ ဒကာတို့တတွေက အမှန်အကန်မသိရှာတော့ ဒီ အို,နာ,သေ အန္တရာယ်ကြား, ဘေးတွေကြာထဲကနေပြီး ပြုံးတောင်နေလိုက်ကြသေးတယ်။

မသိရူးရူးလို့ ပြုံးတာပဲ

ဒကာ,ဒကာမတွေ သဘောပါကြရဲ့လား။ သူများမသာကို လိုက်ပို့ရင်းက တဝါးဝါး တဟားဟား လမ်းသွားရင်း များ ပြုံးနေကြတယ်။ ဒီအို,နာ,သေဘေးကြားထဲက ပြုံးတာဟာ သာမညမဟုတ်ဘူး။ ဘုရားက ဒီအပြုံးဟာ အရူးပြုံး ပဲလို့ မိန့်တော်မူတယ်။ မသိဘဲပြုံးတာမို့ မောဟုမ္မတ္တကမောဟရူး၊ အဝိဇ္ဇာရူး၊ မသိရူးရူးလို့ ပြုံးတာပဲဆိုတာ မှတ်လိုက် ကြ။ သစ္စာမသိတဲ့အရေးဟာ ဘယ်လောက်များ ဝန်လေးမယ်ဆိုတာ ပြောဖို့မရှိတော့ဘူး။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ သစ္စာသိဖို့အရေးဟာ အလွန်ကြီးတဲ့ အရေးပါလားဆိုတာ ပေါ်ကြပလား။ သစ္စာမသိတော့ ပြောမိပြောရာပြော၊ ထင်မိထင်ရာထင်၊ မျက်မမြင်လမ်းသွားသလို နေတော့တာပဲဆိုတာ မှတ်ကြ တော့။ မသိတော့ ရမ်းပြောတာဘဲ “ကျုပ်သားသမီးတွေ လူလားမမြောက်သေးလို့၊ လူလားမြောက်မှ သူတို့ပဲအားထား ရမယ်”တဲ့၊ အားကိုးအားထားရမယ်ထင်လို့ ပြုံးပြီးများ ပြောလိုက်သေးတယ်။

ဘုရားရှင်က ဒီလိုလူတွေကြည့်ပြီး “ေဩာ်…တော်တော်ရူးတာပါပဲကလား”လို့ ပြုံးတော်မူမယ်ဆိုတာ မှတ် လိုက်ကြ။ သစ္စာမသိလို့ ပြုံးတဲ့အပြုံးပဲ။ ဒကာတို့ဟာက မသိပြုံးပြုံးနေကြတာပဲ ရှိတယ်။ တော်တော်နေရင် အို,နာ,သေ လာမှာ မသိရှာကြလို့ဘဲ။ အားကိုးရမလားလို့ အောက်မေ့နေတုန်း သုသာန်ပို့ချင်ပို့လိုက်ရမယ်ဆိုတာ မြင်ကြရဲ့လား။ ခန္ဓာရှိသူ အို,နာ,သေက မလွတ်ကြဘူး၊ ခန္ဓာလက်ရှိမှာ အို,နာ,သေက ပွေ့ထားရတာဘဲဆိုတာ မှတ်လိုက်ကြ။

လွတ်ရေးကျွတ်ရေး အချိန်ရှိသေးတယ်

ဒကာ,ဒကာမတို့ ဒီလိုအဖြစ်ဆိုး ဒုက္ခသစ္စာတွေကြားထဲက နေရပြီးပြုံးရင် မောဟုမ္မတ္တက၊ မသိရူးမို့ဘဲ၊ ရိပ် မိကြရဲ့လား။ ပြုံးနိုင်တာ ဘာမှမသိလို့သာ ပြုံးနိုင်တာပဲ။ ကိုယ့်အခြေ, ကိုယ့်အနေကို အမှန်သိရရင် ပြုံးနိုင်ဖို့နေနေ သာသာ ထမင်းတလုတ်တောင် မိန်အောင်စားနိုင်ဖို့ မလွယ်ဘူးဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြရဲ့လား။ ဒကာ,ဒကာမတို့ အခုနေမှာ လွတ်ရေးကျွတ်ရေး အချိန်ရှိသေးတယ်။ “အရိုးကြေကြေ၊ အရေခန်းခန်း”လုပ်တော့မယ်လို့ မျက်နှာတင်း တင်းထားပြီး လုပ်ကြဖို့ တိုက်တွန်းလိုက်တယ်။

ဒကာ,ဒကာမတွေ မသိပြုံးကိုလျှော့ကြတော့။ ပြုံးချင်ရင် ဘုန်းကြီးက အထူးသတိပေးလိုက်တယ်။ နောက်ကို ပြုံးတိုင်းပြုံးတိုင်း ပြုံးတာဟူသရွေ့ အို,နာ,သေပွေ့ပြီးပြုံးတာမို့ “ခွေးနာလေက်ကိုက်ရင်း ပြုံးတာနဲ့အတူတူပဲ”လို့သာ မှတ်လိုက်ကြတော့၊ ကျေနပ်ရဲ့လား။ မနာကြနဲ့တော့။ ဒကာတို့အခြေအနေက ဒီထက်အဆများစွာ ရာထောင်မက အောင် ဆိုးဖို့ရှိတယ်ဆိုတာ ပြောလိုက်ပါတယ်။ သဘောပါကြရဲ့လား။

အခုနေမှာ ပြုံးလို့မဖြစ်သေးဘူး။ ပြုံးချိန်ရောက်မှ ပြုံးပါ။ ပြုံးချိန်မရောက်ခင်ပြုံးရင် မသိပြုံးပဲ။ ခန္ဓာမှာ အို,နာ,သေရောဂါတွေ အပြည့်ရှိတယ်။ အို,နာ,သေပျောက်ဆေးကို အရင်စားဖို့က အရေးကြီးတယ်၊ ပျောက်ဆေးကို စားပြီးမှ အို,နာ,သေကလွတ်မှ ပြုံးချင်ရင်ပြုံးကြ။ အဲဒီအခါမှာမှ အမှန်ပြုံးကျမယ်၊ ပြုံးသင့်လို့ပြုံးတာမှ သစ္စာသိလို့ အရိယာပြုံးဖြစ်မယ်၊ ရိပ်မိကြပလား။

ဘုရားက ရွှေဉာဏ်တော်နဲ့ ကြည့်လိုက်တော့ အို,နာ,သေတွေ တွေ့ရတယ်၊ အို,နာ,သေဒုက္ခတွေ အပြည့်ရှိနေ တာကို မြင်တော်မူ၊ သိတော်မူလို့ အလွန်သနားကြင်နာတော်မူတာနဲ့ ဒီအို,နာ,သေတွေဟာ ဘယ်ကလာတာလဲလို့ ဆက်ပြီးကြည့်ပြန်တော့၊ ခန္ဓာငါးပါးကလာတာပဲ။ ဒီခန္ဓာကော ဘယ်ကလာတာလဲ၊ တဏှာကလာတာပဲ၊ တဏှာကော ဘယ်ကလာတာလဲ၊ ခင်ရာမင်ရာက လာတာပဲလို့ အဆင့်ဆင့်တွေးကြည့်ပြီး အရင်းခံကို သိမြင်တော်မူတယ်ဆိုတာ မှတ်လိုက်ကြ။

အဲဒါနဲ့ ဘုရားရှင်ဟာ တရားဟောချင်စိတ်ပေါ်လာတယ်၊ ဒီသတ္တတွေ ဒီဆင်းရဲဒုက္ခတွေက လွတ်ထွက်နိုင် အောင် အမှန်အတိုင်း သိမြင်လာအောင် ဟောပြမှပဲဆိုပြီး ဟောပြတော်မူတယ်။ သတ္တဝါတွေ ဘာကြောင့်ခင်တာ မင်တာလဲလို့ တွေးတော့ မသိလို့ ခင်ရာမင်ရာဖြစ်တာပဲလို့ သိတော်မူတယ်၊ သိတော်မူတော့ ဒါဟာ လက်သယ်ပဲကိုး၊ ဒီအရင်းခံလက်သယ်ကို ဟောပြမှ ဖြစ်တော့မယ်ဆိုပြီး ဟောပြတော်မူတယ်ဆိုတာ မှတ်လိုက်ကြ။

အကြောင်းဖြတ်ဖို့ ဟောထားခဲ့တဲ့တရားပဲ

သံယုတ်ပါဠိတော် သမ္မသနသုတ်မှာ ဟောတော်မူခဲ့တယ်။ အကြောင်းသုံးသပ်ပြီး ဒီအကြောင်းကို ဖြတ်ပေး မှပဲလို့ အကြောင်းဖြတ်ဖို့ ဟောထားခဲ့တဲ့တရားပဲဆိုတာ မှတ်ကြရမယ်၊ ရိပ်မိကြပလား။ ဒကာ,ဒကာမတို့ ရှုမှတ်ဖို့ နည်းကို အတော်အတန်ပြောခဲ့ပြီးပြီ၊ ပထမ ခင်ရာမင်ရာကို ဖြစ်ပျက်မြင်အောင် ရှုပေးရမယ်။ ပေါ်လာသမျှ မလွတ် တမ်း ရှုပေးရမယ်၊ အရှုအမြင်များရင် မုန်းဉာဏ်လာမယ်၊ ခင်ရာမင်ရာကို မုန်းတဲ့ဉာဏ်လာရင် နေရာကျပြီလို့သာ မှတ်လိုက်ကြ။

ဒကာ,ဒကာမတို့ ခင်ရာမင်ရာကို မုန်းဖို့၊ မုန်းစရာသိရင် ပစ်ဖို့၊ မုန်းစရာမလိုချင်စရာ ပစ်စရာပဲလို့ အမှန် သိဖို့ရာ တစ်နဲ့နှစ်ကို ပြင်လိုက်ရင် ကျန်တဲ့ဟာ အကုန်ပြုတ်တယ်။ ဒါကိုသိရင် အို,နာသေ ဘာမှကြောက်စရာမလိုဘူး၊ အို,နာ,သေကို မကြောက်နဲ့၊ ခင်စရာမင်စရာကို ကြောက်ကြ။ ဒကာ-ဒကာမတို့ဟာ တသံသရာလုံး ခင်တဲ့မင်တဲ့ဥစ္စာ ဟာ ဝပြီးသေတဲ့မသာရယ်လို့ မရှိခဲ့ဘူးဆိုတာ မှတ်လိုက်ကြ။ ဒကာတို့တတွေဟာ “ခင်လို့မင်လို့ မဝဘဲနဲ့ချည့် သေကြ ရတယ်” ရှင်းကြပါရဲ့လား။

ဘဝသံသရာ ကျင်လည်သမျှမှာ ခင်ရက်တန်းလန်းနဲ့ သေကြရတယ်၊ မင်ရက်တန်းလန်းနဲ့ သေကြရတယ်၊ သဘောပါကြပလား။ ဒကာ,ဒကာမတို့ ဒါကြောင့် ဒီဘဝတွေ ခင်မိ,မင်မိလို့ အခင်အမင် မလျော့ဘဲသေကြရ၊ ဒီဘဝ ခင်တော့ နောက်ဘဝဆက်လာ၊ နောက်ဘဝလည်း ခင်မိပြန်တော့ နောက်ထပ်ဘဝဆက်လာ။ အဲဒီလိုနဲ့ ခင်ဇောမပြေဘဲ၊ အငတ်သေနဲ့ချည့် လာခဲ့ကြရတာပဲ။ အဲဒီလိုအငတ်သေနဲ့ အငတ်မပြေလေတော့ ရောက်ရာမှာ အဆိပ်ချည့်သောက်မိ ကြတော့တာပဲ။

ဒကာ,ဒကာမတွေ ရိပ်မိကြရဲ့လား၊ ကိုယ့်အဖြစ်မှန်ကို ကိုယ်တိုင်သိကြပါရဲ့လား၊ ဒကာ,ဒကာမတွေဟာ ခင် မဝ, ကြင်မဝ, အငတ်ဘဝနဲ့ပဲ သေခဲ့ကြရတယ်၊ ဒီဘဝအထွေထွေမှာ ခင်စရာမင်စရာကို ခင်မဝ,ကြင်မဝနဲ့ဘဲ နွားငတ် ရေကျချည့် ဖြစ်ရတာပဲဆိုတာ မှတ်လိုက်ကြ။ ခင်စရာကို ခင်တတ်တာနဲ့ သေကြ၊ သေပြီး နောက်ခန္ဓာရ အို,နာ,သေနဲ့ မကွဲတော့ဘူး၊ ရှင်းကြရဲ့လား။

ဒီအငတ်ပြဿနာမျိုးကို ဝိပဿနာနဲ့ ဖြေရှင်းမှပြေမယ်

ခန္ဓာရလေသမျှ အို,နာ,သေနဲ့ခွဲမရဘူး၊ နောက် ခန္ဓာတွေရရင် ဒီအတိုင်း ဘဝသံသရာလှည့်ပြီး လည်ကြဦး ပဲ၊ လည်တယ်ဆိုပေမယ့် အငတ်ဘဝနဲ့သာ လည်ရမှာ၊ ဝတဲ့ဘဝ တခါမှမပါဘူးဆိုတာ မှတ်ကြ။ ဒီကြားထဲမှာ ဘုရား မပွင့်သမျှ အငတ်ပြဿနာ မဖြေနိုင်တော့ဘူး၊ ရိပ်မိကြရဲ့လား။ အခု ဘုန်းကြီးတို့ ဒကာ,ဒကာမတွေမှာ အင်မတန် ကံကြီးလို့ ဘုရားပွင့်တဲ့အခါနဲ့ ကြုံကြိုက်လာရတယ်၊ ရိပ်မိပလား။

ဘုရားပွင့်တဲ့အခါမှလည်း ဝိပဿနာအခွင့်ပေါ်တယ်၊ ဒီအငတ်ပြဿနာမျိုးကို ဝိပဿနာနဲ့ ဖြေရှင်းမှပြေမယ်၊ ရှင်းကြရဲ့လား။ အဲဒီတော့ ခင်စရာကို မုန်းစရာ ရွံစရာဖြစ်မှ အငတ်ပြေမယ်၊ ဒီလိုဖြစ်အောင် ဝိပဿနာနဲ့မှ လုပ် နိုင်တယ်ဆိုတာ မှတ်လိုက်ကြ၊ သဘောပါပလား။ ဒကာ,ဒကာမတို့အတွက် အခုအချိန်မှာ ဘာလိုသေးသလဲ၊ ဘုရား ပွင့်တာနဲ့ ကြုံရပြီ။ ဘုရားကိုယ်စားလည် ဆရာသမားကပြောပြလို့ ဝိပဿနာနည်းလမ်းလည်းရကြပြီ။ ဒကာ,ဒကာမ တို့ တာဝန်တစ်ခုပဲလိုတော့တယ်။

ဘုရားတို့ ဆရာသမားတို့က ဟောပြဖို့ နည်းပေးဖို့တာဝန်၊ ဒကာတို့က ဟောပြောတဲ့အတိုင်း လိုက်နာကြဖို့ ကျင့်ကြံအားထုတ်ဖို့တာဝန် ကိုယ့်တာဝန်ကိုယ် ကျေပြွန်ကြရမယ်၊ သဘောပါကြရဲ့လား။

ဒါကြောင့် ဝိပဿနာနည်းရရင် ရှုကြရမယ်၊ ရှုတဲ့အခါမှာ ခင်စရာ,မင်စရာ အာယတန ဆယ့်နှစ်ပါးသည် “သဗ္ဗေသင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာပဲ”။ ဒီတရားတွေဟာ မမြဲတဲ့အနိစ္စတရားတွေ၊ ဆင်းရဲနှိပ်စက်တဲ့ ဒုက္ခ တရားတွေချည်းပဲ။ ဒါကိုမြင်အောင် ကြည့်ပေးရမှာပဲဆိုတာ မှတ်ကြ။ ဒီတရားတွေဟာ မမြဲတာတွေ ဆင်းရဲနှိပ်စက် တတ်တာတွေဖြစ်လို့ ခင်စရာ,မင်စရာ မဟုတ်ကြဘူး။

ဒကာ,ဒကာမတို့ ဉာဏ်နဲ့ကြည့်ရင် သူ့သဘောအမှန်ကို သိမြင်လာကြမယ်၊ ဉာဏ်နဲ့မကြည့်ရင် အမှန်မသိဘူး။ မသိရင် ခင်စရာမင်စရာက အားကြီးနစ်နာကြတော့မယ် ဆိုတာသာ မှတ်ကြတော့၊ ရိပ်မိကြရဲ့လား။ ဒါကြောင့် ခင် စရာ, မင်စရာကို ဝိပဿနာရှုကြရမယ်။ ဝိပဿနာမှသာ ခင်စရာ,မင်စရာပျောက်မယ်၊ ရှင်းကြရဲ့လား။ ဒကာ,ဒကာမ တို့ ဒါကြောင့် “ဝိပဿနာအစ၊ ခင်စရာ, မင်စရာကစကြ”လို့ ပြောလိုက်ပါတယ်။

ကိုင်း…နာရီစေ့သွားပြီ၊ နက်ဖြန်မှ ဆက်ကြစို့။

**********