ခေါင်းဆောင်တရား သူရှေ့သွား တရားတော်
ဆောင်ပုဒ်
ဝိညာဏ်ခြောက်တန်၊ တွင်းသန္တာန်၊ ဖန်ဖန်ဖြစ်ပျက်လှည့်။
ရှေ့လားဝိညာဏ်၊ နောက်ဝိညာဏ်၊ ဝိညာဏ်စက်ကြီးလှည့်။
တခုပျက်သော်၊ တခုပေါ်၊ ဘယ်သော်ပြတ်မရှိ။
ပေါ်လာကြုံခိုက်၊ ရှုဉာဏ်စိုက်၊ အလိုက်ဖြစ်ပျက်ကြည့်။
ဓမ္မပေါ်ပြန်၊ မရှိမှန်၊ ဧကန်ခွဲဝေသိ။
ခန္ဓာဖြစ်ပျက်၊ ငါမစွက်၊ သက်သက်ဓမ္မချည့်။
ခန္ဓာစွန့်လွှတ်၊ ဒိဋ္ဌိကျွတ်၊ ဝိပဿ်သံဒိဋ္ဌိ။
ဝိပဿ်ရင့်သော်၊ မဂ်ဉာဏ်ပေါ်၊ အဟောနိဗ္ဗူတိ။
သတိချပ်
ဒိဋ္ဌိသမ္မာ၊ ငါးမျိုးဖြာ၊ ကောင်းစွာခွဲဝေသိ။
သူမပါလျှင်၊ ဘုရားပင်၊ ဘယ်တွင်ပွင့်မရှိ။
ခေါင်းဆောင်တရား၊ သူရှေ့သွား၊ မှတ်သားမြင်မှန်သိ။
သာသနာ့ချက်ချာ၊ ဝိပဿနာ၊ သမ္မာထိုဒိဋ္ဌိ။
ဝိပဿနာလိုရင်း၊ သာသနာတွင်း၊ ရှင်းရှင်းမှတ်ပါဘိ။
ဝိပဿနာလောက်လုံ၊ ကုန်ပြည့်စုံ၊ ရွှေဘုံနိဗ္ဗူတိ။
ထို့ကြောင့်ဝိပဿနာ၊ ဆောလျင်စွာ၊ မချာကြိုးသင့်၏။
တရားသား
ခေါင်းဆောင်တရားဟာ သမ္မာဒိဋ္ဌိပဲ
ဒကာ ဒကာမတို့ နိဗ္ဗာန်သွားဖို့ရာ ခေါင်းဆောင်တရားဟာ သမ္မာဒိဋ္ဌိပဲဆိုတာ မှတ်ကြ၊ သမ္မာဒိဋ္ဌိဟာ နိဗ္ဗာန်သွားဖို့ရာ ခေါင်းဆောင်ရှေ့သွား လိုရင်းတရားပဲ၊ သူမပါရင် ဘုရားတောင် ဖြစ်ခွင့်မရှိဘူး၊ သူမပါဘဲ ဘုရားမပွင့်နိုင် ဘူးဆိုတာမှတ်ကြ၊ ရှင်းကြပလား။ ဒီ-သမ္မာဒိဋ္ဌိကလဲ ငါးမျိုးရှိတယ်လို့ မှတ်ရမယ်။ ငါးမျိုးက မနေ့ကပြောခဲ့တဲ့အတိုင်း ကမ္မသကတာ သမ္မာဒိဋ္ဌိ၊ ဈာနသမ္မာဒိဋ္ဌိ၊ ဝိပဿနာသမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိ၊ ဖလသမ္မာဒိဋ္ဌိ၊ ဒီ-ငါးမျိုးပဲ။
သမ္မာဆိုတာက အမှန်အကန်၊ ဒိဋ္ဌိက မြင်တာ၊ နှစ်ခုပေါင်းတော့ အမှန်အကန်မြင်တဲ့တရား၊ ဒါကြောင့် သမ္မာဒိဋ္ဌိဆိုတာ အမှန်အကန်မြင်တဲ့ သဘောတရားပဲဆိုတာ မှတ်ထားကြ၊ ဒီသမ္မာဒိဋ္ဌိငါးမျိုးလုံးဟာ အမှန်အကန်မြင်တာ ချည်းပဲ၊ ဒါပေမယ့် တစ်ခုနဲ့တစ်ခု အဆင့်အတန်းမတူကြဘူး၊ ဥပမာအားဖြင့်ဆိုရင် ကလေးအမြင်၊ လူလတ်အမြင်၊ လူကြီးအမြင်ပြားသလို ခြားနားသလို ကွဲပြားတယ်၊ ခြားနားတယ်ဆိုတာ မှတ်ကြ။
ဒကာ ဒကာမတို့ ကမ္မသကတာ သမ္မာဒိဋ္ဌိဟာ အစဦးဆုံးဉာဏ်ပဲ၊ ဉာဏ်စခန်းမှာ ဒီဉာဏ်ဟာ အစဉာဏ်ပဲလို့ မှတ်ကြ၊ ဒကာ ဒကာမတွေမှာ ဒီ-ကမ္မသကတာဉာဏ် ရကြတယ်၊ ပြည့်စုံနေကြတယ်၊ ဒါပေမယ့် ဒီဉာဏ်လောက်နဲ့ မတင်းတိမ်ကောင်းဘူးဆိုတာ မှတ်ကြရမယ်၊ ရှေ့ဆက်ရအုန်းမယ့် ဉာဏ်ရှိသေးတယ်၊ ရိပ်မိကြပလား။ ရှေ့က နှစ်နံပါတ် က ဈာနသမ္မာဒိဋ္ဌိပဲ၊ ဒီဟာက ဈာန်၊ အပ္ပနာဇော စေတနာ ဗြဟ္မာ့ပြည်ကို ရောက်နိုင်တယ်။
နံပါတ် ၂-ဈာနသမ္မာဒိဋ္ဌိနဲ့လဲ လမ်းမဆုံးသေးဘူး
ဒီ နံပါတ် ၂-ဈာနသမ္မာဒိဋ္ဌိနဲ့လဲ လမ်းမဆုံးသေးဘူး၊ အထက်တန်းလိုလိုနဲ့ ကိစ္စမပြီးနိုင်သေးဘူးဆိုတာ မှတ်ကြ၊ ဒီတော့ သူလောက်နဲ့ ကျေနပ်နေဖို့လဲ မဟုတ်သေးဘူး၊ ရှေ့တက်ရအုန်းမယ်၊ သုံးနံပါတ်ကို တက်ရအုန်းမယ်၊ သုံးနံပါတ်က ဝိပဿနာသမ္မာဒိဋ္ဌိပဲ၊ ဒီဟာသည် အရေးအကြီးဆုံးပဲ၊ ဝိပဿနာ သမ္မာဒိဋ္ဌိဟာ အရေးအကြီးဆုံး အချက်ပဲဆိုတာ မှတ်ကြ၊ ဒီ သမ္မာဒိဋ္ဌိက သာသနာတွင်းမှာသာ ပေါ်နိုင်တယ်။ ရှင်းကြပလား။
ပဌမနဲ့ ဒုတိယနှစ်ခုက သာသနာပတရား၊ တတိယက သာသနာတွင်းတရားပဲဆိုတာ မှတ်ကြ၊ တစ်နဲ့နှစ်က သာသနာပမှာလဲဖြစ်နိုင်တယ်။ သုံး၊ လေး၊ ငါးက သာသနာတွင်းကြုံမှသာ ဖြစ်နိုင်တယ်၊ သာသနာပအခါမျိုးမှာ သာဝကတွေအဖို့ ဖြစ်နိုင်ခွင့်မရှိဘူးဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။ ဒီတော့ အခုနေမှာ ငါတို့ရတဲ့ အခွင့်အရေးဟာ နည်းတဲ့အခွင့်အရေး မဟုတ်ပါလားလို့ ရိပ်မိပြီး ကြိုးစားကြ။
ဝိပဿနာ သမ္မာဒိဋ္ဌိ ကစပြီး လုပ်ကြရမယ်
အခု ဒကာ ဒကာမတွေ ခန္ဓာဇာတ်သိမ်း ငြိမ်းအေးရာဖြစ်တဲ့ နိဗ္ဗာန်သွားဖို့ရာ ဒီဝိပဿနာ သမ္မာဒိဋ္ဌိဆိုတဲ့ သုံးနံပါတ်ကစပြီး လုပ်ကြရမယ်၊ ဘဝများစွာ သံသရာအဆက်ဆက်က ပါလာတဲ့ကြွေးတွေ၊ အခုဘဝမှာဆပ်ရင် ကျေနိုင် တယ်၊ ကံငါးပါးလွတ်တဲ့သူဆိုရင် ဒီ ဝိပဿနာ သမ္မာဒိဋ္ဌိလုပ်ငန်း လမ်းဆုံးအောင်လုပ်ပြီးဆပ်ရင် ကြွေးအားလုံးကျေတယ် ဆိုတာ မှတ်လိုက်ကြ၊ သဘောပါပလား။
ဒကာ ဒကာမတို့မှာ ဘဝသံသရာကပါလာတဲ့ အကုသိုလ်ကြွေးတွေက အလွန်ပဲများပါတယ်၊ အခွင့်အလှည့်မသင့် သေးခင်မှာ အကျိုးမပေးသေးတာပါ။ သူ့အခွင့်သင့်လို့ အကျိုးပေးလိုက်ရင် ချမ်းသာခွင့်မမြင်တော့ဘူး၊ အဲဒီတော့ အခုနှယ် အခါကောင်းတုန်းမှာ တချီတည်းနဲ့ ကျေအောင်ဆပ်ကြရမယ်၊ ဆပ်တော့ ဝိပဿနာလုပ်ပြီး မဂ်ဉာဏ်နဲ့ ဆပ်ရမှာပဲ၊ မဂ်နဲ့မှမဆပ်နိုင်ရင် ခန္ဓာနဲ့ဆပ်ဖို့သာ ပြင်ထားကြ၊ ရိပ်မိကြရဲ့လား။
ဒါကြောင့် အခု သုံးအချက်ဖြစ်တဲ့ ဝိပဿနာအလုပ် လုပ်ကြရမယ်၊ ဒါမလုပ်ရင် ဖြစ်ပါ့မလား၊ ဘယ်နည်းနဲ့မှ မလုပ်ရင်မဖြစ်တော့ဘူး၊ သဘောပါပလား။ လုပ်တော့ ဒီသုံးနံပါတ် ဝိပဿနာဉာဏ်က ခန္ဓာပေါ်မှာ လှည့်ရမှာပဲ၊ ဒကာ ဒကာမတို့ လက်ရှိရနေတဲ့ခန္ဓာက ငါးမျိုး၊ ဒီငါးမျိုးပေါ်မှာ သုံးနံပါတ်ဉာဏ်နဲ့ လှည့်ရမယ်ဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြရဲ့လား။
ဝိညာဏ်ခြောက်မျိုးရှိတယ်
ခန္ဓာငါးမျိုးရှိပေမယ့် ခန္ဓာတမျိုးမျိုးပေါ်မှာသာ ဉာဏ်လှည့်ရမှာ၊ ပေါ်တဲ့အခါမှာ ငါးမျိုးပြိုင်ပြီးမပေါ်ဘူး၊ တမျိုးမျိုးသာ ပေါ်မှာမို့ ရှုတဲ့အခါ တမျိုးထဲကို ရှုကြဖို့ အရေးကြီးတယ်၊ ဒါပေမယ့် ဘုန်းကြီးကတော့ ဝိညာဏက္ခန္ဓာတမျိုး ကို လိုက်ကြလို့ ပြောလိုက်တယ်၊ ဝိညာဏက္ခန္ဓာမှာ ဝိညာဏ်ခြောက်မျိုးရှိတယ်၊ အဲဒီခြောက်မျိုးထဲကလဲ ပေါ်တဲ့အခါ တမျိုးပဲပေါ်မှာပဲ၊ တခုမပေါ် တခုကတော့ ပေါ်မှာပဲ၊ ရှင်းပလား။ အဲဒီ ပေါ်တာတမျိုးကို မိအောင်ရှုကြဖို့ အရေးကြီး တယ်၊ အဲဒါ စိတ္တာနုပဿနာပဲလို့ မှတ်ကြ။
ဥပမာ ။ ။ စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊
သောတဉ္စ ပဋိစ္စ သဒ္ဒေစ ဥပ္ပဇ္ဇတိ သောတဝိညာဏံ၊
ဃာနဉ္စ ပဋိစ္စ ဂန္ဓေစ ဥပ္ပဇ္ဇတိ ဃာနဝိညာဏံ၊
ဇိဝှဉ္စ ပဋိစ္စ ရသေစ ဥပ္ပဇ္ဇတိ ဇိဝှာဝိညာဏံ၊
ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေစ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ၊
မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ မနောဝိညာဏံ။
၁။ မျက်လုံးအကြည်နဲ့ အဆင်းနဲ့တည့်တဲ့အခါ – မြင်,သိစိတ်။
၂။ နားအကြည်နဲ့ အသံနဲ့ တည့်တဲ့အခါ – ကြား,သိစိတ်။
၃။ နှာခေါင်းအကြည်နဲ့ အနံ့နဲ့ တည့်တဲ့အခါ – နံ,သိစိတ်။
၄။ လျှာအကြည်နဲ့ အရသာနဲ့ တည့်တဲ့အခါ – အရသာ,သိစိတ်။
၅။ ကိုယ်အကြည်နဲ့ အတွေ့နဲ့ တည့်တဲ့အခါ – အတွေ့,သိစိတ်။
၆။ မနောအကြည်နဲ့ ဓမ္မာရုံနဲ့ တည့်တဲ့အခါ – မနော,အသိစိတ်။
သုံးနံပါတ် ဝိပဿနာ သမ္မာဒိဋ္ဌိလိုက်ဖို့က လိုရင်းပဲ
ဒကာ ဒကာမတို့ အဲဒါလို ခြောက်မျိုး တခုမဟုတ် တခု၊ လှည့်ပတ်ပြီး ပေါ်နေကြတာပဲ၊ ဒီဝိညာဏ်ပြီး နောက် ဝိညာဏ်စ၊ ဒီဟာပြီးပြန်တော့လဲ နောက်တခု ဆက်လာနဲ့ အဆက်မပြတ် အမြဲလှည့်ပတ်နေတယ်လို့သာ မှတ်ကြ၊ ရိပ်မိကြပလား။ ဒီလိုလှည့်ပတ်နေတဲ့ ခြောက်ခုကို သုံးနံပါတ်နဲ့ ရှုရမှာ၊ ရှုတဲ့အခါတော့ တခုပဲပေါ်တာမို့ တခုပဲရှုရမှာပါ၊ နှစ်ခု၊ သုံးခု ပြိုင်မပေါ်ဘူး၊ ပေါ်ချင်တာပေါ် ဒီသုံးနံပါတ် ဝိပဿနာ သမ္မာဒိဋ္ဌိလိုက်ဖို့က လိုရင်းပဲဆိုတာ မှတ်ကြတော့။
အခု ဒကာ ဒကာမတွေ တရားနာဆဲမှာ သောတဒွါရမှာ တရားသံကြားနေရတော့ “သောတဝိညာဏ်စိတ်” ကလေး ဖြစ်ပေါ်နေတယ်၊ အခု တရားသံကို ကြားတဲ့စိတ်ဟာ အိမ်ကပါတဲ့ ကြားစိတ်လား၊ မဟုတ်ပါဘူး၊ အိမ်ကပါတဲ့ ကြားစိတ်မဟုတ်ဘူးဆိုတာ သိကြပြီ၊ အဲဒီတော့ ဘယ်အချိန်မှာ ပေါ်တာလဲ၊ အခု တရားသံ ကြားရတဲ့အချိန်မှာ ပေါ် လာတာပဲ၊ ရိပ်မိကြပလား။ အခုကြားစိတ်ဟာ အခုအသံနဲ့ နားနဲ့ပေါင်းမှ ပေါ်တာမို့ ဒါလေးဟာ ပဋိစ္စသမုပ္ပါဒ်အစပဲ ဆိုတာ မှတ်လိုက်ကြ။
ဉာဏ်က မရှိတာကိုပဲ သိရမယ်
ဒကာ ဒကာမတို့ ဒီကြားစိတ်ဟာ ပဋိစ္စသမုပ္ပါဒ်အစဖြစ်သဖြင့်လဲ ဝိပဿနာရှုစရာ ဒီကစရမယ်၊ ဒီကြားစိတ်ဟာ ဝိပဿနာအစပဲ၊ ရှင်းကြပလား။ ဒါကြောင့် ဒီကြားစိတ်ကို သုံးနံပါတ်နဲ့ကြည့်၊ ဝိပဿနာဉာဏ်နဲ့ကြည့်လို့ ဆိုလိုတယ်၊ စိတ်ကလေးပေါ်လာ သုံးနဲ့ကြည့်တော့ မရှိတာကိုသိမယ်၊ ဉာဏ်က မရှိတာကိုပဲ သိရမယ်၊ မရှိတာကိုသိတာဟာ ကြားစိတ် ကိုသိတာမဟုတ်ဘူး၊ ခန္ဓာကိုသိတာလဲ မဟုတ်ဘူး၊ မရှိတာကိုသာ သိတာပဲလို့ မှတ်လိုက်ကြ။
ဒီလိုသိတော့ ဒကာ ဒကာမတို့ သုံးသည် ခန္ဓာကိုလဲ စွန့်တယ်၊ တဏှာကိုလဲစွန့်တယ်၊ ဒီသုံးဉာဏ်က ခန္ဓာကို မတွေ့ဘူး၊ မရှိမှုဘဲတွေ့တယ်၊ ဒီတော့ ဝိပဿနာသတ္တိဟာ မရှိတာကိုသိတယ်ဆိုတာ မှတ်လိုက်ကြ၊ မရှိတာက ဘယ်သူလဲ၊ ဝိညာဏက္ခန္ဓာပဲ၊ ရှင်းပလား။ ဝိပဿနာဉာဏ်နဲ့ကြည့်လိုက်တော့ ဝိညာဏက္ခန္ဓာလေး မရှိတော့ဘူးလို့သိတယ်၊ အဲဒါ ကြောင့် ခန္ဓာမရှိတာကို သိတာဟာ ဝိပဿနာပဲလို့ မှတ်လိုက်ကြ။
ဒကာ ဒကာမတို့ သောတဒွါရမှာ ကြားစိတ်ပေါ်လာရင် ဉာဏ်နဲ့ကြည့်လိုက်၊ ကြည့်တဲ့အခါ မရှိတာကို သိရမယ်၊ ကြားစိတ်ပေါ်လာ မရှိတာသိမှ ဝိပဿနာအမှန်ပဲဆိုတာ မှတ်ထားကြ၊ ရိပ်မိပလား။ ကြားစိတ်ကို ဉာဏ်နဲ့ကြည့်ရင် မရှိတာကို သိရမယ်၊ မရှိတာဟာ ဝိညာဏက္ခန္ဓာပဲ၊ ဝိညာဏက္ခန္ဓာ မရှိတာသိရင် သူနဲ့တွဲတဲ့ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ တွေကိုလဲ မရှိတာသိရတာပဲ၊ သဘောပါကြပလား။
ခန္ဓာမရှိတာ သိအောင်လုပ်တဲ့အလုပ်
အဒါကြောင့် ခန္ဓာမရှိတာ သိအောင်လုပ်တဲ့အလုပ်ဟာ ဝိပဿနာအလုပ်ပဲဆိုတာ မှတ်ထားကြ၊ ဒကာ ဒကာမ တွေ ပြောလေ့ပြောထရှိကြတယ်၊ လူတယောက်သေသွားတော့ “ဪ-အနိစ္စပဲကို၊ အနိစ္စ၊ အနိစ္စ” တဲ့၊ ဆူးငြောင့်ခလုတ် တိုက်မိတော့ “ဪ-ဒုက္ခ-ဒုက္ခ”နဲ့ ယောင်ရမ်းပြီး ပြောကြ၊ ညည်းတွားကြတယ်၊ အဲဒီလိုပြောတာဟာ ရိုးရာအနိစ္စသိ၊ ရိုးရာဒုက္ခသိနဲ့ ပြောကြတာပဲ၊ ဒါဟာ ရိုးရာသိလေးနဲ့ပြောတဲ့ ရိုးရာစကားပဲဆိုတာ မှတ်ကြ။
ဒါလောက်ကလေး သိရုံနဲ့ မရသေးဘူး၊ ဝေးသေးတယ်ဆိုတာ မှတ်ကြ၊ ရိပ်မိကြပလား။ ခန္ဓာမှာကြည့်တော့ ခန္ဓာမှာကြည့်တော့ ခန္ဓာမရှိတာသိတဲ့ သမ္မာဒိဋ္ဌိအမြင်ရမှ အမှန်ကျမယ်ဆိုတာ မှတ်ကြ။ ခန္ဓာမရှိတာသိတဲ့ သမ္မာဒိဋ္ဌိမှ ဝိပဿနာသမ္မာဒိဋ္ဌိ နိဗ္ဗာန်ရောက်မယ့် အသိပဲဆိုတာ ဆုံးဖြတ်ချက်ချ။ ဒကာ ဒကာမတို့ အခုလက်ရှိခန္ဓာဟာ လိုချင်လို့ ရထားတဲ့ခန္ဓာပဲ၊ ဒီခန္ဓာဟာ နောက်ထပ်ပြီး လိုချင်သေးရင် ထပ်ပြီးရအုံးမှာပဲ၊ ရှင်းကြရဲ့လား။
အဲဒီတော့ ဒီခန္ဓာဟာ လိုချင်လို့ရထားတာ၊ အဲဒီလို ခန္ဓာရသရွေ့ နိဗ္ဗာန်နဲ့ဝေးသေးတယ်၊ မိုးနဲ့မြေကြီးက နီး သေးတယ်။ နိဗ္ဗာန်နဲ့ကဖြင့် အဝေးကြီးဝေးသေးတယ်ဆိုတာ မှတ်ကြတော့၊ ခန္ဓာက ဒုက္ခသစ္စာ၊ နိဗ္ဗာန်က နိရောဓသစ္စာ၊ ဒုက္ခသစ္စာနဲ့ နိရောဓသစ္စာဆိုတော့ ဒကာတို့ပဲ စဉ်းစားကြည့်ကြ၊ ဒုက္ခခန္ဓာမရှိရာ ချုပ်ဆုံးရာဟာ နိဗ္ဗာန်ပဲ၊ အဲဒီတော့ ခန္ဓာရသရွေ့ နိဗ္ဗာန်နဲ့ မနီးတော့ဘူးဆိုတာ ပေါ်ကြပလား။
ဒုက္ခချုပ်တဲ့နိဗ္ဗာန်ကိုရချင်၊ ရောက်ချင်ရင်
ဒါကြောင့် ဒုက္ခချုပ်တဲ့နိဗ္ဗာန်ကိုရချင်၊ ရောက်ချင်ရင် ခန္ဓာမရှိတာကို သိအောင်လုပ်ရမယ်၊ ဒီအကျင့်ကိုကြိုးစား ရမယ်ဆိုတာ ရိပ်မိကြပလား။ ဒီတော့ ခန္ဓာမရှိတာသိအောင် ဘယ်သူ့ခန္ဓာ ကြည့်ရမှာလဲလို့ဆိုရင် မိမိခန္ဓာပဲမှတ်ကြ၊ ဒကာတို့တတွေ အရင်တုန်းက မိမိခန္ဓာမကြည့်မိကြလို့ မိမိခန္ဓာ့အကြောင်း မသိကြဘူး၊ မရိပ်မိကြဘူး၊ မကြည့်လို့ အမှန်အကန်မသိတော့ ဒီခန္ဓာကို ငါ့ကိုယ်ပဲ၊ ငါပဲနဲ့ လုပ်ထားမိကြတော့တာပဲ၊ ဟုတ်ကြရဲ့လား။
ဒကာ ဒကာမတွေ ဒီနည်းနဲ့ သံသရာရှည်ခဲ့တာ၊ ဒုက္ခရှည်ခဲ့တာ ဘယ်လောက်ကြာပလဲဆိုရင် ဘုရားရှင်ကိုယ် တော်မြတ်ကြီးတောင် ဟောပြလို့ မကုန်နိုင်ဘူး မဆုံးနိုင်ဘူးဆိုတာ ပြောလိုက်ပါတယ်၊ ဒီခန္ဓာငါးပါးကို ငါလုပ်ထားမိလို့ သံသရာတလျှောက်မှာ မှောက်ချင်တိုင်းမှောက်ပြီး ကျချင်တဲ့ချောက် ကျခဲ့ကြရပြီ၊ ရိပ်မိကြတော့၊ ဒီခန္ဓာကို ငါမဟုတ်မှန်း အမှန်အကန် သိရအောင် ဝိပဿနာဉာဏ်နဲ့ ကြည့်ရမယ်၊ ဒီဉာဏ်နဲ့ကြည့်ရင် သူများပြောမဟုတ်ဘဲ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်နိုင်ကြမယ်ဆိုတာ မှတ်ကြ။
ဒီခန္ဓာငါးပါးကို ဉာဏ်နဲ့မကြည့်မိတော့ ခန္ဓာရဲ့အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောအမှန်ကို မသိကြဘူး၊ ဒီလိုအမှန်အကန်မသိတော့ ငါလုပ်ထားမိတော့တယ်၊ အဲဒီလို ငါလုပ်ထားမိတော့ သံသရာရှည်ရ၊ ဒုက္ခပွေခဲ့ရ၊ ချောက်ကျ လို့ အဆုံးမသတ်နိုင်ခဲ့ကြဘူးဆိုတာ ရိပ်မိကြပလား။ ရိပ်မိရင် အခု သံသရာစခန်းသတ်အောင် လုပ်ရမယ်၊ ဝိပဿနာရှု ရမယ်ဆိုတာ မှတ်ကြ၊ သဘောပါပလား။
ငါ့ကိုယ်၊ ငါ့ဟာလုပ်ထားလို့ အမှန်အကန်မသိကြတာ
ဒီခန္ဓာကို ငါ့ကိုယ်၊ ငါ့ဟာလုပ်ထားလို့ အမှန်အကန်မသိကြတာ၊ အခု ဝိပဿနာဉာဏ်နဲ့ကြည့်တော့ ကြားစိတ်၊ ကြားတဲ့ခန္ဓာမရှိတာ ကိုယ်တိုင်သိရတယ်၊ ရှင်းကြရဲ့လား။ ဒီနည်းအတိုင်း ပေါ်လာသမျှ ဉာဏ်နဲ့ကြည့်ပေး၊ ကြည့်ပေးရင် ဘာခန္ဓာလာလာ မရှိတာပဲ သိကြရမယ်၊ အဲဒီလိုမလွတ်တမ်း ကြည့်ပေးတော့ မိမိရထားတဲ့ ခန္ဓာငါးပါးမရှိမှုသိရတဲ့ အတွက် ဝိပဿနာ သမ္မာဒိဋ္ဌိဖြစ်တယ်ဆိုတာ မှတ်လိုက်ကြတော့၊ ဒကာ ဒကာမတွေ သဘောပါကြပလား။
ဒကာ ဒကာမတို့ ဒီလိုသိတဲ့အသိဟာ တန်ဖိုးမပြတ်နိုင်ပါဘူး၊ ဒီအသိမျိုး မသိသေးရင် သိအောင်၊ သိရရင်လဲ တိုးတက်လာအောင် ကြိုးစားကြရမယ်၊ ဒီအသိမျိုးတာရှည်ရင် နိဗ္ဗာန်နား ကပ်နေပြီလို့သာ မှတ်လိုက်ကြ၊ ဒါကြောင့် ဒီအသိမျိုးရအောင် ရပြီးတော့လဲ ရင့်သန်သထက် ရင့်သန်လာအောင် အားစိုက်ကြလို့ အထူးသတိပေးလိုက်တယ်၊ ကျေနပ်ပလား။
ဒကာ ဒကာမတွေ နားကြီးကြီးနဲ့ထောင်ကြ၊ လွယ်လွယ်ကူကူနဲ့ ရနိုင်တဲ့အခွင့်အရေးမျိုး မဟုတ်ပါဘူး၊ တသံသရာ နဲ့ တနားဆိုသလို ကြားရတာပါ၊ အင်မတန် ကြားရခဲပါတယ်၊ ပြောတဲ့စကားနဲ့နားနဲ့ မတန်ဘဲ ဖြစ်နေမှာ အင်မတန် စိုးရိမ်မိတယ်၊ ဒါကြောင့် ကြိုးကြိုးစားစားနဲ့ နာယူကြပါလို့ အထူးပဲ တိုက်တွန်းလိုက်ပါတယ်၊ ရိပ်မိကြရဲ့လား။
ခန္ဓာမရှိတာ မြင်တဲ့အမြင်ဟာ နိဗ္ဗာန်မြင်မယ့် အမြင်
ဒကာ ဒကာမတို့ နိဗ္ဗာန်ဟာ ခန္ဓာမရှိတာပဲဆိုတာမှတ်ကြ၊ ဒီတော့ ခန္ဓာမရှိတာ မြင်တဲ့အမြင်ဟာ နိဗ္ဗာန်မြင်မယ့် အမြင်၊ နိဗ္ဗာန်နဲ့ နီးတဲ့အမြင်ပဲဆိုတာ မှတ်လိုက်ကြ၊ သဘောပါပလား။ ဒီအဓိပ္ပါယ်ကို သံယုတ်အဋ္ဌကထာမှာ အတိအလင်း ဖွင့်ပြထားတယ်၊ “ဝိပဿနာဉာဏ်ဟာ မဂ်ဉာဏ်နဲ့ အနီးဆုံးပဲ” တဲ့၊ ဒကာ ဒကာမတွေ ကျေနပ်ကြပလား။ ဝိပဿနာရှု တော့ ခန္ဓာမရှိတာ မြင်ရတယ်၊ ဒီလိုခန္ဓာမရှိတာမြင်လို့ ဝိပဿနာဉာဏ်ဟာ နိဗ္ဗာန်ကို တစိတ်တဒေသ မြင်တယ်လို့ မှတ်ရမယ်။
ပဌမရှေးဦးစွာ ဝိပဿနာဉာဏ်က ခန္ဓာမရှိတာမြင်တယ်၊ နောက်လာမယ့် မဂ်ဉာဏ်က နိဗ္ဗာန်ကိုမြင်တယ်၊ အဲဒီတော့ ဝိပဿနာဉာဏ်က ခဏနိဗ္ဗာန်ကိုမြင်တာ၊ မဂ်ဉာဏ်က အမြဲနိဗ္ဗာန်မြင်တာပဲလို့ မှတ်ကြ၊ မဂ်ဉာဏ်က ခန္ဓာတွေ လုံးဝချုပ်ပျောက်သွားတာကို မြင်ရတယ်၊ ခန္ဓာလုံးဝမရှိတာကိုမြင်တော့ ခန္ဓာမရှိတာဟာ နိဗ္ဗာန်မို့ပဲဆိုတာ မှတ်ကြ၊ ရှင်းကြရဲ့လား။ ဒကာ ဒကာမတွေ ဒါကြောင့် ဝိပဿနာဉာဏ်ရရင် နိဗ္ဗာန်ရဖို့ သေချာပြီဆိုတာ မှတ်ကြတော့။
ဒကာ ဒကာမတို့ ပဌမဆုံး ဒီဝိပဿနာဉာဏ်ရရင် ရှေ့အဖို့ရာ ဘာမှမခဲယဉ်းတော့ဘူး၊ ပဌမဒီဉာဏ်ကိုရအောင် ကြိုးစားကြ။ ဒီဟာရပြီးရင် သိပ်မလိုတော့ဘူး၊ သမ္မပဓာန်လေးပါးနဲ့ အားစိုက်ဖို့ပဲ လိုတော့တယ်ဆိုတာသာ မှတ်ထားကြ၊ ဒီလိုဆိုတော့ ဆရာသမားတာဝန်ဟာ ကုန်သလောက်ရှိနေပြီ၊ ဒကာ ဒကာမတို့တာဝန်ပဲ ကျန်တော့တယ်၊ ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် ဆောင်ရွက်ကြမှပဲလို့သာ ဆုံးဖြတ်ချက်ချကြ။
ရှုနည်းကိုပြကြစို့
ကိုင်း-ရှုနည်းကိုပြကြစို့၊ “သောတဉ္စ ပဋိစ္စ သဒ္ဒေစ ဥပ္ပဇ္ဇတိ သောတဝိညာဏံ” ဒကာ ဒကာမတို့ရဲ့ နားအကြည် ရုပ်နဲ့ ဒီက ဘုန်းကြီးပြောတဲ့ အသံရုပ်နဲ့ တိုက်ဆိုင်မိတော့ “ကြားစိတ်”ကလေး ပေါ်လာတယ်၊ ဒီကြားစိတ်ကလေးကို ဝိပဿနာဉာဏ်နဲ့ ကြည့်လိုက်တော့၊ ဒီစိတ်ကလေး မရှိတော့ဘူး၊ ဖြစ်ပြီးပျက်သွားပြီ၊ မြင်ကြရဲ့လား၊ ဘုန်းကြီးက ပြောတိုင်း၊ ပြောတိုင်း ကြားစိတ်ကလေးတွေ ပေါ်ပေါ်လာကြတယ်။
တခါပြောတော့ ကြားစိတ်တခုပေါ်လာ၊ နောက်တခါ ပြောပြန်တော့ နောက်တစိတ်ပေါ်လာ၊ အရင်စိတ်ကလေး ချုပ်သွား၊ ဒီလိုအတိုင်း တခါကြား၊ တစိတ်ပေါ်၊ တစိတ်ချုပ်သွားနဲ့ ဝိပဿနာဉာဏ်နဲ့ကြည့်တော့ ကြားစိတ်ကလေးတွေဟာ တစိတ်ချုပ်သွား၊ တစိတ်ပေါ်လာ၊ တစိတ်ပျက်၊ တစိတ်ဖြစ်နဲ့ ဖြစ်ပျက်နေတာကို တွေ့ရ၊ မြင်ရမယ်၊ မြင်ကြပလား။မြင်ရင် နေရာကျပြီ၊ ဆက်သာကြည့်ပေး၊ မလစ်နဲ့။
ဒီက ဘုန်းကြီးက ပြောတိုင်း ပြောတိုင်း ကြားစိတ်ကလေးတွေ ပေါ်လာတယ်၊ ဒါကို ဉာဏ်နဲ့ကြည့်တော့ ပေါ်လာပြီး မရှိတော့ဘူး၊ နောက်တစိတ်လာလဲ ဉာဏ်နဲ့ကြည့်တော့ မရှိတော့ဘူး၊ ပေါ်လာတိုင်း ပေါ်လာတိုင်း ဉာဏ်နဲ့ ကြည့်တော့ မရှိတာချည်း တွေ့ကြရတာပဲ၊ ဒီလို တွေ့အောင် ဂရုစိုက်ပြီး ဉာဏ်နဲ့လိုက်ကြ၊ ဒီလိုတွေ့လာရင် မညံ့တော့ ဘူး၊ ရှေ့သာဆက်ကြည့်၊ အကြည့်များလေ ဉာဏ်ရင့်လာလေပဲဆိုတာ မှတ်ကြ။
နိဗ္ဗာန်ကို တစိတ်တဒေသမြင်တာပဲလို့မှတ်ကြ
ဒီလို ကြည့်တဲ့အခါမှာ ဝိပဿနာဉာဏ်က ပေါ်လာတဲ့စိတ်ကလေး မရှိတာကိုချည်း မြင်နေရမယ်၊ ဒီလိုမြင်တာ ဟာ နိဗ္ဗာန်ကို တစိတ်တဒေသမြင်တာပဲလို့မှတ်ကြ၊ ကျေနပ်ကြပလား။ ဝိပဿနာဉာဏ်က ဒီလို နိဗ္ဗာန်ကို တစိတ်တဒေသ မှမမြင်ရင် မဂ်ဉာဏ်မပေါ်နိုင်ဘူး၊ ရိပ်မိကြရဲ့လား။ ဒါကြောင့် ခန္ဓာငါးပါး ဘာပေါ်ပေါ် မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ တွေ့ထိစိတ်၊ တွေးကြံစိတ်၊ ပေါ်ချင်တာပေါ် မလွတ်အောင်သာ ရှုပေးကြ၊ ရှုတဲ့အခါ ပေါ်လာပြီး မရှိတာကို သိစေရမယ်၊ ရှင်းပလား။
ဒကာ ဒကာမတို့ နည်းရကြပြီ၊ နည်းရရင် ကြိုးစားသာရှုကြတော့၊ ရှုတဲ့အခါ ကိုယ်ရှုနေတဲ့ ဝိပဿနာလုပ်ငန်းဟာ ခရီးရောက်မရောာက် ဘယ်လိုသိရမလဲဆိုတော့ “မူလပဏ္ဏာသ အဋ္ဌကထာ” မှာ ဖွင့်ဆိုထားတဲ့စကားက “သုံးနံပါတ် ဝိပဿနာ သမ္မာဒိဋ္ဌိခရီး ရောက်မရောက် သိဖို့ရာမှာ ခန္ဓာမရှိတာကိုသိအောင် ကြည့်နိုင်ရင် ခရီးရောက်ပြီ၊ ခန္ဓာမရှိတာ သိအောင် ကြည့်နိုင်လို့ရှိတာဖြင့် ခရီးရောက်ပြီလို့မှတ်ရမယ်” ဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်ပြထားတယ်ဆိုတာ မှတ်ကြ၊ ရှင်းပလား။
ခန္ဓာငါးပါးဖြစ်တဲ့ သဘောအဓိပ္ပါယ်ကိုပြောမယ်
ဒကာ ဒကာမတို့ ခန္ဓာငါးပါးဖြစ်တဲ့ သဘောအဓိပ္ပါယ်ကိုပြောမယ်၊ ဥပမာ-ဒီဘက်က အဆင်းရုပ်၊ ဒီက မျက်လုံး ရုပ်၊ ဒီနှစ်ခုတည့်လိုက်တော့ မြင်စိတ်ပေါ်လာတယ်၊ ဒီမြင်စိတ်ဟာ စက္ခုဝိညာဏ်စိတ်ကလေးပဲ၊ ဒီဝိညာဏ်ကလေးဟာ မျက်လုံးထဲမှာပေါ်တဲ့ ခန္ဓာငါးပါးပဲဆိုတာ မှတ်ကြ၊ ဝိပဿနာဉာဏ်က ဒီဝိညာဏ်ကလေးကို ကြည့်လိုက်တဲ့အခါ မရှိတာ ကိုသိရမယ်၊ မရှိတာက ခန္ဓာငါးပါးပဲလို့ မှတ်ကြ။
ခန္ဓာငါးပါးဆိုတာက စက္ခုဝိညာဏ်စိတ်က ဝိညာဏက္ခန္ဓာ၊ မျက်လုံးရုပ်က ရူပက္ခန္ဓာ၊ စက္ခုဝိညာဏ်နဲ့ အတူတကွ ဖြစ်တဲ့ ဥပေက္ခာဝေဒနာက ဝေဒနာက္ခန္ဓာ၊ သူနဲ့တွဲရက်ပါတဲ့ မှတ်သားမှု သညာကလေးက သညာက္ခန္ဓာ၊ သူနဲ့ တွဲရက်ပါတဲ့ စေ့ဆော်မှုစေတနာလေးက သင်္ခါရက္ခန္ဓာ၊ ကျန်တဲ့ သဟဇာတစေတသိက်တွေကလဲ သင်္ခါရက္ခန္ဓာပဲ၊ ရှင်းကြရဲ့လား။ အဲဒါကြောင့် ဝိညာဏ်လေးတခုဖြစ်တော့ ကျန်ခန္ဓာလေးခုလဲပါတယ်ဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။
ဥပမာအားဖြင့်ဆိုရင် တောင်းနှစ်လုံးကို ကြိုးနဲ့ဆိုင်းပြီး အလယ်ကထမ်းသလို ဒီနေရာမှာ ဝိပဿနာဉာဏ်ရဲ့ အလုပ်က နှစ်ကိစ္စပြီးတယ်ဆိုတာမှတ်ကြ၊ သဘောပါကြပလား။ ခန္ဓာစွန့်တော့ နိဗ္ဗာန်မြင်တယ်၊ တဏှာစွန့်တော့ နောက် သံသရာပြတ်တယ်။ “ကဏာသင်္ခယသုတ်” မှာ ဘုရားရှင်ကို သိကြားကမေးတဲ့အချက်မှာ ဒီအတိုင်း ဖြေဆိုတော် မူတယ်ဆိုတာ မှတ်ကြရမယ်၊ ရိပ်မိကြပလား။
ခန္ဓာငါးပါးမရှိတာက အနိစ္စ၊ သိတဲ့ဉာဏ်က မဂ္ဂ၊
ဒကာ ဒကာမတို့ ဥပမာ-ကြားစိတ်ကလေး ပေါ်လာတယ်ဆိုပါတော့၊ ဒီကဝိပဿနာဉာဏ်နဲ့ ကြားတဲ့ခန္ဓာငါးပါး ကိုကြည့်လိုက်တော့ မရှိတာသိတယ်၊ ခန္ဓာငါးပါးမရှိတာက အနိစ္စ၊ သိတဲ့ဉာဏ်က မဂ္ဂ၊ ကြားမှာ မဂ်ဝင်လိုက်တော့ နောက်လာမယ့် ဒုက္ခစက်သံသရာပြတ်သွားတယ်၊ မရှုမိရင် ကြားလို့ကောင်းတဲ့ တဏှာ၊ ဥပါဒါန်၊ ကံ၊ မကောင်းတော့ ဒေါသကစပြီး အဝိဇ္ဇာပြန်လှည့် သံသရာဆက်မယ်၊ ရှင်းကြရဲ့လား။
ဒီကြားစိတ်ကလေးကို ဝိပဿနာရှုမိတော့ ခန္ဓာလဲစွန့် တဏှာလဲစွန့်တယ်၊ ခန္ဓာစွန့်တော့ နိဗ္ဗာန်မြင်တယ်၊ တဏှာစွန့်တော့ သံသရာပြတ်တယ်၊ မရှုမိတော့ ပဋိစ္စသမုပ္ပါဒ်ဆက်၊ ဒုက္ခစက်ကြီးလည်၊ နောက်တော့ အပါယ်သွား၊ ဒကာ ဒကာမတို့ ဝိပဿနာရှုတဲ့သူနဲ့ မရှုသူ ဘယ်လောက်ကွာခြားသွားသလဲ၊ စဉ်းစားသာ ကြည့်ကြတော့၊ နိဗ္ဗာန်သွားနဲ့ အပါယ်သွားပဲ၊ ရှင်းကြရဲ့လား။ ဒီတော့ ဝိပဿနာမရှုသူအတွက်က အပါယ်ပဲဆိုတာ ရိပ်မိကြ။
ဒကာ ဒကာမတို့ အခုပြောတဲ့အဓိပ္ပါယ်ကို သဘောပေါက်ကြရဲ့လား၊ ကြားစိတ်ကလေးပေါ်လာ ဖြစ်ပျက်ရှုလိုက် တော့ ဒီဝိညာဏက္ခန္ဓာလေး မရှိတာကို သိရတယ်၊ အဲဒါ ခန္ဓာစွန့်တာပဲ၊ ခန္ဓာစွန့်တော့ ခန္ဓာနိရောဓော နိဗ္ဗာနံ-နိဗ္ဗာန် ပေါ်လာတယ်၊ ရှုလိုက်တော့ မဂ်ဝင်လာလို့ နောက်က တဏှာ၊ ဥပါဒါန်တွေ မလာဘူး၊ အဲဒါ တဏှာစွန့်တာပဲ၊ တဏှာ မလာလို့ တဏှာစွန့်၊ ခန္ဓာမရှိလို့ ခန္ဓာစွန့်တာပဲဆိုတာ မှတ်ကြ။
ဝိပဿနာရှုတော့ ဒုက္ခစက် သံသရာပြတ်တယ်
ဒကာ ဒကာမတွေ ကျေနပ်ကြပလား။ ဒါကြောင့် ဒီကုသိုလ်ဟာ ဒီပြင်ကုသိုလ်မျိုးတွေထက် အဆပေါင်း သိန်း၊ သန်း၊ ကုဋေ မကအောင်ပဲ ထူးခြားတယ်၊ ကဲလွန်တယ်၊ မြင့်မြတ်တယ်ဆိုတာ မှတ်လိုက်ကြတော့လို့ အထူးသတိ ပေးလိုက်ပါတယ်၊ ဝိပဿနာရှုတော့ ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက် သံသရာပြတ်တယ်၊ သံသရာပြတ်တော့ ဆင်းရဲဟူသမျှ ကိုယ်နဲ့အိုးစားကွဲပြီ၊ ဒုက္ခနဲ့ အိုးစားကွဲတော့ ခဏနိဗ္ဗာန်ကို မြင်တဲ့အတွက် သုခနိဗ္ဗာန် ရတာပဲလို့သာမှတ်ကြ။
ဒါကြောင့် ဒီလို အကျိုးတရားတွေကို ရစေချင်၊ ဖြစ်စေချင်လွန်းလို့ ဒကာ ဒကာမတွေကို ဝိပဿနာရှုကြ၊ ကြိုးစားအားထုတ်ကြဆိုပြီး အထူးတလည် တိုက်တွန်းနေတယ်၊ ဆရာဘုန်းကြီးက ကရုဏာထားပြီး တိုက်တွန်းတာမို့လဲ ကြိုးစားသင့်တယ်လို့သာ ဆုံးဖြတ်ချက်ချကြ၊ ဒီကြားထဲကမှ မလုပ်ချင်သေးဘူးဆိုရင် ငါ့ထက်မိုက်ဖြင့် မရှိတော့ဘူးလို့သာ ကိုယ့်ကိုယ်ကို ပြန်ပြောပြောကြ၊ ကျေနပ်ကြပလား။
သမ္မာဒိဋ္ဌိသည် ခန္ဓာလဲစွန့် တဏှာလဲစွန့်
ဒကာ ဒကာမတို့ ဝိပဿနာ သမ္မာဒိဋ္ဌိသည် ခန္ဓာလဲစွန့် တဏှာလဲစွန့် စွန့်တယ်၊ ဒီလိုစွန့်တဲ့ အကျိုးတရားကားဆို ရင် ခဏနိဗ္ဗာန်ကို မြင်တယ်၊ သံသရာလဲပြတ်တယ်၊ ဝိပဿနာသမ္မာဒိဋ္ဌိအလုပ် လုပ်ရတဲ့ကျေးဇူးကြောင့် သံသရာပြတ်ရ တယ်ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှေးတုန်းက ဒီအလုပ်မျိုး မလုပ်ခဲ့ဘူးလို့သာ သံသရာရှည်ခဲ့ရတာပဲဆိုတာ ပေါ်ကြပလား။
ဒကာတို့တတွေက “ဪ-သံသရာကြီးကရှည်လိုက်တာ” ဆိုပြီး ညည်းညူတတ်ကြတယ်၊ သံသရာရှည်တာ သူ့ဖာသာသူ ရှည်တာမဟုတ်ပါဘူး၊ ဒကာတို့ကိုယ်တိုင်က ရှည်ချင်လို့ ရှည်အောင်လုပ်ထားလို့သာ ရှည်ရတာပါ၊ ဒကာ တို့ဟာက သံသရာရှည်အောင်တော့ လုပ်တတ်ကြတယ်၊ ပြတ်အောင်တော့ မဖြတ်တတ်ကြဘူးဆိုတော့ တော်ပါ့မလား၊ မတော်တာသိရရင် အခု နည်းလမ်းရတုန်းမှာ မပြတ်၊ ပြတ်အောင် ကြိုးစားပြီး ဖြတ်ကြရမယ်၊ ရိပ်မိပလား။
လေးနံပါတ် မဂ္ဂသမ္မာဒိဋ္ဌိ ဖြစ်ဖို့ဆိုတာက သုံးနံပါတ်လုပ်ငန်း ထက်သန်ရင် ထက်သန်သလောက် အနှေးနဲ့အမြန် ဆိုသလို ဖြစ်လာရတာပဲ၊ ဝိပဿနာသမ္မာဒိဋ္ဌိလုပ်ငန်းစဉ်နဲ့ ခန္ဓာစွန့်၊ တဏှာစွန့် စွန့်တာများလာရင် ဉာဏ်စဉ်တက်လာ မယ်၊ ဉာဏ်ထက်လာမယ်၊ ဉာဏ်ထက်လာပြီး နောက်မကြာခင် မဂ်ဉာဏ်လာတော့တာပဲဆိုတာ မှတ်ကြ၊ ဝိပဿနာဉာဏ် နဲ့နေတုန်းက ခန္ဓာအစဉ်ကြီးဟာ ပေါ်လာလိုက်၊ ပျောက်သွားလိုက်နဲ့နေတယ်၊ ဒီနောက် မဂ်ဉာဏ်လာတော့မယ်ဆိုတာ ခန္ဓာကိုမလာတော့ဘူး၊ ခန္ဓာဒုက္ခဇာတ်သိမ်းပြီး ငြိမ်းတာပဲ တွေ့ရတယ်။
မဂ်ဉာဏ်က ခန္ဓာကိုလဲစွန့်၊ နိဗ္ဗာန်ကိုလဲမြင်
မဂ်ဉာဏ်က ခန္ဓာကိုလဲစွန့်၊ နိဗ္ဗာန်ကိုလဲမြင်၊ နောက် ကိလေသာတွေကိုလဲ ချုပ်စေတယ်၊ နောက် ကိလေသာတွေ ကို စွန့်ပစ်လိုက်တယ်၊ သုံးချက်ကိစ္စပြီးတယ်ဆိုတာ မှတ်ကြ၊ သုံးကိစ္စပြီးစေတာက မဂ္ဂင်ရှစ်ပါးပြည့်တဲ့ မဂ်ဉာဏ်ပဲဆိုတာ မှတ်ထားကြ၊ ရှင်းကြရဲ့လား။ ဒကာ ဒကာမတို့ မဂ်ဉာဏ်ပေါ်လာရင် ခန္ဓာရှာမတွေ့တော့ဘူး၊ နိဗ္ဗာန်ကို ကိုယ်တိုင်မြင် တယ်၊ ထကြွသောင်းကျန်းတဲ့ ကိလေသာတွေ မလာတော့ဘူး၊ သူ့ဆိုင်ရာ ကိလေသာတွေ သေတော့တာပဲ၊ သဘောပါ ပလား။
ဒီလိုဖြစ်ပေါ်တဲ့သဘောဟာ ဘယ်သူ့ကိုမှ မေးစရာမလိုဘူး၊ ဘယ်သူ့မှမမေးနဲ့၊ ကိုယ်တိုင်သိ၊ ကိုယ်တိုင်မြင်၊ ကိုယ်တိုင်ဆုံးဖြတ်ချက် ချနိုင်တယ်ဆိုတာ မှတ်လိုက်ကြ၊ “ပဋိနိဿဂ္ဂါနုပဿီ ဝိဟရတီ” ဆိုတာဟာ ဒါပဲလို့သာ မှတ်လိုက် ကြ၊ “ပဋိနိဿဂ္ဂါနုပဿီ ဝိဟရတီ”ဆိုတာ ဒီအဓိပ္ပါယ်ပါပဲ၊ ဒကာ ဒကာမတွေ သဘောပါကြရဲ့လား။ ဝိပဿနာသမ္မာဒိဋ္ဌိ က နှစ်ကိစ္စသာ လုပ်နိုင်တယ်၊ မဂ္ဂသမ္မာဒိဋ္ဌိက သုံးကိစ္စလုပ်တယ်ဆိုတာ မှတ်ထားကြ။
နိဗ္ဗာန်တွေ့တယ်ဆိုတာ
ဒကာ ဒကာမတွေ နိဗ္ဗာန်တွေ့တယ်ဆိုတာ ကျကျနန မှတ်ထားကြ၊ ကိုယ့်အလုပ်စဉ်မှာ သဘောပါဖို့ သေချာဖို့ပဲ ဆိုတာ မှတ်ရမယ်၊ ဝိပဿနာသမ္မာဒိဋ္ဌိနဲ့ ဖြစ်ပျက်တွေကို ရှုရှုနေတော့ ဉာဏ်ဟာ ရင့်သထက် ရင့်ရင့်လာပြီး ဒီလိုရှုရင်း ရှုရင်းက “ဖျတ်ကနဲ” ဆို ဖြစ်ပျက်တွေ ပျောက်ထွက်သွားတယ်၊ အဲဒီအခါမှာ “ဪ-ဒုက္ခချုပ်တာဟာ ဒါပဲကိုး” လို့ သိမြင်လိုက်တယ်၊ အဲဒါဟာ နိဗ္ဗာန်တွေ့တာပဲလို့သာ မှတ်လိုက်ကြတော့၊ ဒကာ ဒကာမတွေ ရှင်းကြရဲ့လား။
ဒကာ ဒကာမတို့ ဒါကြောင့် ဝိပဿနာ လက်မလွတ်ကြစေနဲ့၊ ကြိုးစားပြီး အချိန်ရသလောက် အားထုတ်ကြ၊ ဝိပဿနာလုပ်နေရင် ဖြစ်ပျက်မြင်ပြီး ကိလေသာကို စွန့်နေမှာပဲ၊ ဝိပဿနာအလုပ်များသလောက် ကိလေသာအစွန့် များမယ်၊ ခန္ဓာလဲစွန့်တယ်၊ ဝိပဿနာက နှစ်ကိစ္စလုပ်တယ်၊ မဂ်ဉာဏ်က သုံးကိစ္စလုပ်တယ်၊ ဒကာ ဒကာမတွေ မှတ်မိကြ ပလား။
ငါးနံပါတ် ဖလသမ္မာဒိဋ္ဌိက နှစ်မျိုးရှိတယ်၊ ဖိုလ်သမ္မာဒိဋ္ဌိက မဂ်ဉာဏ်နောက်က ကပ်ပြီးလိုက်လာတဲ့ ဖိုလ်ဉာဏ် ကတမျိုး၊ ဝိပဿနာဉာဏ်နောက်ကလိုက်တဲ့ ဖိုလ်ဉာဏ်က တမျိုးလို့ နှစ်မျိုးမှတ်ရမယ်၊ အခုပြောတဲ့ ငါးနံပါတ် ဖိုလ်ဉာဏ် က “အကာလိကော” ဆိုတဲ့ အခါမလင့် အကျိုးပေးတဲ့ ဉာဏ်ပဲ၊ အကာလိကောဆိုတာ ဒီငါးနံပါတ်ပဲလို့မှတ်ကြ၊ ဒါက ဓမ္မနိယာမတရား၊ မဂ်ရရင် ဒီဖိုလ်က ကပ်လိုက်လာတာပဲ၊ ဒီအစဉ်မဖြစ်အောင် ဘုရားတားလဲမရ၊ မာရ်နတ်တားလဲမရ၊ ဘယ်တန်ခိုးရှင်မျိုး တားလို့ မရနိုင်ဘူး၊ မရစကောင်းဘူး၊ မဂ်က စေတနာကံ၊ ဖိုလ်က အကျိုးပေးတရားပဲ၊ ရှင်းကြပလား။
မဂ်ဉာဏ်သည် သုံးကိစ္စပြီးစေတယ်
ဒကာ ဒကာမတို့ မှတ်မိကြပလား။ မဂ်ဉာဏ်သည် သုံးကိစ္စပြီးစေတယ်၊ ခန္ဓာကိုစွန့်တယ်၊ တဏှာကိုလဲ စွန့်တယ်၊ နိဗ္ဗာန်ကိုလဲ မြင်တယ်၊ ရှင်းကြရဲ့လား၊ နိဗ္ဗာန်ဟာ အမြဲတမ်းရှိတဲ့တရား၊ အမြဲတမ်းရှိတယ်ဆိုတော့ လူတိုင်းတွေ့ရသလား လို့ မေးစရာရှိတယ်၊ နိဗ္ဗာန်ဟာ အမြဲတမ်းရှိပေမယ့် လူတိုင်းမတွေ့နိုင်ဘူး၊ အားထုတ်သူသာ တွေ့နိုင်တယ်၊ မထုတ်သူမှာ မတွေ့နိုင်ဘူး၊ အားထုတ်လို့ ရောက်တဲ့သူအတွက် နိဗ္ဗာန်ရှိတယ်၊ အားမထုတ်သူအတွက် မရှိဘူးဆိုတာ မှတ်ကြ။
နိဗ္ဗာန်တရားဆိုတာ ထိုက်တဲ့သူမှာရှိတယ်၊ မထိုက်တဲ့သူမှာ မရှိဘူး၊ တရားအားထုတ်သူဟာ ထိုက်တဲ့သူပဲ၊ တရားအားမထုတ်သူဟာ မထိုက်တဲ့သူပဲဆိုတာ မှတ်ကြတော့၊ သဘောပါကြပလား။ နိဗ္ဗာန်နဲ့ထိုက်သူ ဖြစ်ချင်ရင် ကြိုးစားအားထုတ်ရမယ်၊ သမ္မပဓာန် လေးပါးဆိုတာဟာ အားထုတ်မှုအတွက် ဆိုတာပဲလို့ မှတ်လိုက်ကြ၊ သမ္မပဓာန်လေး ပါးဟောတာကို နားလည်သဘောပေါက်ရင် ဆုတောင်းနဲ့မရဘူး၊ အားထုတ်မှသာ ရမယ်ဆိုတာ ရိပ်မိလောက်ပါတယ်၊ ကျေနပ်ပလား။
ဝိပဿနာရှုလို့ ရင့်သန်လာတော့ မဂ်ဉာဏ်ပေါ်တာပဲ
ဝိပဿနာရှုလို့ ရင့်သန်လာတော့ မဂ်ဉာဏ်ပေါ်တာပဲ၊ မဂ်စိတ်ကလေးက တစ်၊ နှစ်ဆို ချုပ်သွားပြီး သူ့နေရာမှာ ဖိုလ်ဂင်ရှစ်ပါးလာမှာပဲ၊ မဂ်ပြီးတော့ ဖိုလ်လာတာပဲ၊ ဒီဖိုလ်ကလဲ မဂ်အလုပ်ကို ပြန်လုပ်တာပဲဆိုတာ မှတ်ရမယ်၊ မဂ်က ကိလေသာကို အကြမ်းသတ်နဲ့ သတ်လိုက်တယ်၊ ဖိုလ်ကျတော့ အနုသတ်အဖြစ်နဲ့ သတ်တာပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။
ဥပမာအားဖြင့်ဆိုရင် အင်မတန်ရဲနေတဲ့ မီးကျီးခဲကို ရေနဲ့လောင်းလိုက်တဲ့အခါ ရဲနေတဲ့ မီးကျီးခဲဟာ မီးရှိန်နည်း ပြီး မဲသွားတယ်၊ ဒါပေမယ့် လက်နဲ့မကိုင်နိုင်သေးဘူး၊ မကိုင်ရဲသေးဘူး၊ သူ့သတ္တိက ကျန်နေသေးတယ်၊ အပူရှိန်သတ္တိက ကျန်သေးတော့ မကိုင်ဝံ့သေးဘူး၊ ဒီ-ဥပမာအတူပဲ၊ ဖိုလ်ဟာ အဲဒီလိုကျန်နေသေးတဲ့သတ္တိကို သတ်ဖို့ပေါ်လာရတာပဲဆို တာ မှတ်လိုက်ကြ၊ မဂ်ဉာဏ်က မီးတောက်မီးလျှံနဲ့တူတဲ့ ကိလေသာကိုသတ်တယ်၊ ဖိုလ်ဉာဏ်က မီးရှိန်မီးဝါနဲ့တူတဲ့ ကိလေသာအပူကို ငြိမ်းအေးအောင် သတ်ပေးတယ်လို့ မှတ်ကြ၊ ရှင်းကြပလား။
မဂ်ဉာဏ်က ကိလေသာအမြစ်အရင်းကို သတ်တယ်၊ ဖိုလ်ဉာဏ်က အငွေ့အသက် ကိလေသာကို သတ်တယ်၊ ပဋိပဿမ္ဘနပဟာန်လို့ ခေါ်တယ်ဆိုတာ မှတ်ကြ၊ ဒီ ဖိုလ်ဉာဏ်ကလဲ နိဗ္ဗာန်မြင်တယ်၊ ဒကာ ဒကာမတို့ ဖိုလ်သတ္တိဟာ မဂ်သတ္တိထက် ထက်တယ်လို့ မှတ်လိုက်ကြ၊ ဥပမာအားဖြင့် စစ်ပြိုင်တိုက်ရတာနဲ့ နောက်က ငြိမ်းချမ်းရေးလိုက်ရတာမှာ နောက်ဟာ ခက်သလိုပဲဆိုတာ မှတ်ကြ။
ဖိုလ်က ငြိမ်းချမ်းရေးကိစ္စနဲ့ နိဗ္ဗာန်လဲမြင်တယ်
ဖိုလ်က ငြိမ်းချမ်းရေးကိစ္စနဲ့ နိဗ္ဗာန်လဲမြင်တယ်၊ သူ့ကိစ္စက နှစ်ကိစ္စလို့ မှတ်ကြ၊ ဖိုလ်ရဲ့ကိစ္စက မဂ်နောက်က လိုက်ရတဲ့ကိစ္စပဲ၊ ဒီဖိုလ်က ဉာဏ်ထက်ရင် သုံးဖိုလ်လာတယ်၊ ဉာဏ်ညံ့ရင် နှစ်ဖိုလ်လာတယ်လို့ မှတ်ကြ၊ ရှင်းကြပလား။ ဒီဟာတွေက ဒကာ၊ ဒကာမတို့ ဗဟုသုတအတွက် ပြောတာပဲဆိုတာ မှတ်ကြ၊ မဂ်ဉာဏ်ရဖို့က အထူးအားထုတ်ရတယ်၊ ဖိုလ်ဉာဏ်ရဖို့က အထူးအားမထုတ်ရဘူး၊ မဂ်ပြီးဖိုလ်ပဲ။
ဒကာ ဒကာမတို့ ဒါကြောင့် မဂ်ဉာဏ်ရဖို့ အထူးအားထုတ်ရမယ်ဆိုတာ ရိပ်မိကြ၊ အားထုတ်ရမှာလဲ ဝိပဿနာ နဲ့ အားထုတ်ရမှာပဲ၊ ဝိပဿနာအားထုတ်မယ့်ကြံရင်လဲ သက္ကာယဒိဋ္ဌိ အရင်ခွါရမယ်၊ ဒီ-ဒိဋ္ဌိမဖြုတ်ဘဲ အားထုတ်လို့မရ ဘူး၊ ဒါကြောင့် အားထုတ်မယ့်ကြံရင် သူ့ကိုအရင်ဖြုတ်ရမယ်၊ သူ့ဖြုတ်မယ်ကြံရင်လဲ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် မြင်အောင်ကြည့် ရမယ်၊ သဘောပါကြရဲ့လား။
ဒကာ ဒကာမတွေ အရေးကြီးတာမို့ ထပ်ပြောရမယ်၊ လေးလေးစားစားမှတ်ယူကြ၊ မဂ်ရအောင် ဝိပဿနာ အားထုတ်ရမယ်၊ ဝိပဿနာလုပ်ရင်လဲ သက္ကာယဖြုတ်ရမယ်၊ သက္ကာယဖြုတ်ရင်လဲ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်မြင်အောင် ရှုရမယ်၊ ဒကာ ဒကာမတွေ မှတ်မိကြရဲ့လား။
အစီအစဉ် မှတ်မိအောင်ပြောမယ်၊ ပြန်ပြီးမှတ်ကြ။
၁-က ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ရှင်းလင်းရမယ်။
၂-က သက္ကာယဒိဋ္ဌိ ဖြုတ်ရမယ်။
၃-က ဝိပဿနာ အားထုတ်ရမယ်။
အဲဒါ မဂ်ဉာဏ်ရဖို့လမ်းစဉ် မဂ်လမ်းစဉ်ပဲဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြပလား။
ကိုင်း-နာရီစေ့ပြီ၊ နက်ဖြန်မှ ဆက်ကြစို့။
