20506

ဗြဟ္မစရိယံ အေးနိဗ္ဗာန် တရားတော်

ဆောင်ပုဒ်

ဝိပဿနံ၊ လုပ်ငန်းမှန်၊ မဂ္ဂံဗြဟ္မစရိယ။

လက်ရှိခန္ဓာ၊ ဖြစ်ဆဲမှာ၊ ရှုရာဉာဏ်မဂ္ဂ။

ဝိညာဏ်ခြောက်တန်၊ ပေါ်ခိုက်မှန်၊ ဧကန်ရှုကြည့်မှ။

ပစ္စုပ်တည့်ခိုက်၊ ရှုဉာဏ်တိုက်၊ အလိုက်ရှုကြည့်ရ။

ဝိညာဏ်သိကာ၊ ကျန်ခန္ဓာ၊ ကောင်းစွာသိနိုင်လှ။

ရုပ်-ဝေဒနာ၊ သင်္ခါရာ၊ သညာ-ဝိညာဏ။

တခုမမိ၊ တခုမိ၊ သတိချပ်ပါမှ။

တခုဖြစ်ပျက်၊ တခုဆက်၊ ဉာဏ်မဂ်ဖောက်ထွင်းရှ။

သတိချပ်

မှောင်ထဲမှာနေ၊ မှောင်ထဲသေ၊ ဗာလေလူမိုက်က။

မိုက်မှောင်ထွင်းဖောက်၊ အလင်းရောက်၊ အံ့လောက်ပဏ္ဍိတ။

မဂ္ဂဗြဟ္မံ၊ စရိယံ၊ ကျင့်ပြန်ပဏ္ဍိတ။

မကျင့်မေ့မူး၊ ကာမုန်ကြူး၊ မိုက်ရူးလူ့ဗာလ။

ဒုက္ခလောင်မြိုက်၊ ပူမီးကြိုက်၊ အမိုက်ဥမ္မတ္တ။

ဒုက္ခလွတ်ငြိမ်း၊ ပူဆာသိမ်း၊ အေးကိန်းပဏ္ဍိတ။

ခွင့်သာကြိုက်ငယ်၊ မိုက်မျိုးပယ်၊ အလွယ်ကျင့်မှ ပဏ္ဍိတ။

သမ္မာဒိဋ္ဌိငါးမျိုး

ကမ္မဿကတာ သမ္မာဒိဋ္ဌိ ။ ။ကံ-ကံ၏အကျိုးကို ယုံကြည်မှု။

ဈာန သမ္မာဒိဋ္ဌိ ။ ။ ဈာန်လုပ်ငန်းအကျိုးကို ယုံကြည်မှု။

ဝိပဿနာ သမ္မာဒိဋ္ဌိ ။ ။ ဝိပဿနာ လုပ်ငန်းအကျိုးကို ယုံကြည်မှု။

မဂ္ဂ သမ္မာဒိဋ္ဌိ ။ ။ မဂ်လေးပါး အကျိုးတရားကို ယုံကြည်မှု။

ဖလ သမ္မာဒိဋ္ဌိ ။ ။ ဖိုလ်လေးပါး အကျိုးတရားကို ယုံကြည်မှု။

တရားသား

လူမိုက်နဲ့ လူလိမ္မာ ကွာခြားပုံ

ဒကာဒကာမတို့ ဒီကနေ့ညမှာ ဗာလနဲ့ ပဏ္ဍိတ၊ လူမိုက်နဲ့ လူလိမ္မာကို ခွဲခြားပြီးပြောရမယ်၊ လူမိုက်နဲ့ လူလိမ္မာ ကွာခြားပုံ ထူးခြားပုံကို မှတ်ကြရမယ်၊ လူမိုက်ကနေတော့လဲ အမှောင်ထဲမှာနေရ၊ သေတော့လဲ အမှောင်ထဲမှာပဲ သေရတယ်၊ လူလိမ္မာကတော့ အမှောင်ထဲမှာနေရပြီး သေတော့ အလင်းထဲရောက်သွားတယ်လို့ မှတ်ကြရမယ်။

လူမိုက်က ကိလေသာ အမှောင်ထုထဲမှာပဲနေ၊ ဒီထဲမှာပဲသေသွား၊ နောက်အမှောင်ထဲပဲ ပြန်ရောက်ရတယ်၊ လူလိမ္မာကတော့ ကိလေသာ အမှောင်ထဲမှာနေရပြီး သေတော့ ကိလေသာအမှောင်က လွတ်မြောက်လို့ အလင်းနိဗ္ဗာန်ကြီး ကို ရောက်သွားတော့တယ်၊ ဗာလနဲ့ ပဏ္ဍိတ ခြားနားချက် ဒီလိုကွာတယ်ဆိုတာ မှတ်ကြရမယ်၊ ရိပ်မိကြပလား။

ပဏ္ဍိတက မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်တဲ့အတွက် ကိလေသာအမှောင်ငြိမ်းဘက်ကို ရောက်သွားရတာပဲ၊ အဲဒါ မဂ္ဂဗြဟ္မစရိယရဲ့ တန်ခိုးပဲလို့ မှတ်လိုက်ကြ၊ ဗာလကတော့ မဂ္ဂဗြဟ္မစရိယ အကျင့်မကျင့်ဘူး၊ သားရေး၊ သမီးရေး၊ စီးပွားရေးတွေနဲ့ အချိန်ကုန်ပြီး မေ့မေ့လျော့လျော့ နေခဲ့လို့ အမှောင်ထဲက မထွက်နိုင်တော့ဘူး၊ အမှောင်ထဲပဲ ပြန်ဝင်ရရှာ တယ်၊ သဘောပါကြပလား။

ဒါကြောင့် ဘုန်းကြီးက ဒကာဒကာမတွေ အလင်းထဲရောက်ချင်ရင် အခုပြောတဲ့ မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်ကြရမယ်ဆိုတာ မှတ်လိုက်ကြ၊ မဂ္ဂဗြဟ္မစရိယအကျင့်ဆိုတော့ မရှင်းဘဲဖြစ်နေရင် မဂ်အကျင့်ပဲလို့ မှတ်ကြ၊ မဂ် အကျင့်ဆိုတာ သမ္မာဒိဋ္ဌိအလုပ်၊ ဝိပဿနာအလုပ် လုပ်ဖို့ပါပဲ၊ ရှင်းကြပလား။

သမ္မာဒိဋ္ဌိငါးမျိုးဆိုတာ

သမ္မာဒိဋ္ဌိအလုပ်ဆိုတော့ သမ္မာဒိဋ္ဌိက ငါးမျိုးရှိတယ်၊ ဒီငါးမျိုးထဲကမှ လုပ်ရမယ့်ဟာရယ်၊ ပွားများရမယ့်ဟာရယ် လို့ နှစ်မျိုးနှစ်စား ကွဲပြားသေးတယ်၊ အဲဒီတော့ သူ့နေရာနဲ့သူ ခွဲခြားပြီး မှတ်ဖို့ကလဲ လိုသေးတယ်လို့ မှတ်ရမယ်၊ သမ္မာဒိဋ္ဌိငါးမျိုးဆိုတာက –

(၁) ကမ္မဿကတာ သမ္မာဒိဋ္ဌိ။

(၂) ဈာန သမ္မာဒိဋ္ဌိ။

(၃ ဝိပဿနာ သမ္မာဒိဋ္ဌိ။

(၄) မဂ္ဂ သမ္မာဒိဋ္ဌိ။

(၅) ဖလ သမ္မာဒိဋ္ဌိ။ ။ လို့ ငါးမျိုးကို ခွဲခြားပြီး မှတ်ကြ။

မဂ္ဂဗြဟ္မစရိယအကျင့်ဆိုတာ ဘာလဲ၊ သမ္မာဒိဋ္ဌိအလုပ်ဆိုတော့ ဘယ်သမ္မာဒိဋ္ဌိမျိုးလဲဆိုတဲ့ အချက်ကို ဝေဖန်ရ မယ်၊ ဆန်းစစ်ရမယ်။

(၁) ကမ္မဿကတာ သမ္မာဒိဋ္ဌိ – ဆိုတာက ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမယ်၊ မကောင်းတာလုပ် ရင် မကောင်းကျိုးပေးမယ်လို့ ကံကံ၏အကျိုးကို ယုံကြည်တဲ့ သမ္မာဒိဋ္ဌိပဲ၊ ဒီဟာက သမ္မာဒိဋ္ဌိဖြစ်ပေမယ်လို့ ဒုက္ခဝဋ်က မကျွတ်စေဘူး၊ သူက ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တိပဲ ပြည့်စုံစေတယ် ဆိုတဲ့အကြောင်း၊ အင်္ဂုတ္ထိုရ် အဋ္ဌကထာမှာ ဖွင့်ပြ ထားတယ်၊ ဒါနဲ့ အားမကိုးလောက်သေးဘူး၊ ဒီသမ္မာဒိဋ္ဌိနဲ့က “ဘဝပစ္စယာ ဇာတိ” ဆိုတော့ ဒုက္ခဝဋ်က မလွတ်သေးဘူးဆို တာ မှတ်ကြရမယ်။

(၂) ဈာန သမ္မာဒိဋ္ဌိ-ဆိုတာက ဈာန်လုပ်ငန်းပဲ၊ ဒီဉာဏ်အမြင်က ပထဝီ၊ ပထဝီ၊ အာပေါ၊ အာပေါစသည် အားဖြင့် ပွားများပြီး ဈာန်ကိုရတဲ့ သမ္မာဒိဋ္ဌိပဲ၊ သမ္မာဒိဋ္ဌိတော့ ဖြစ်ပါရဲ့၊ ဒါပေမယ့် သူနဲ့က ရူပဘုံ၊ အရူပဘုံဘဝကို သွားရမယ်၊ သူလဲ “ဘဝပစ္စယာဇာတိ” ဆိုတော့ ဝဋ်က မထွက်နိုင်သေးဘူး၊ ဒီသမ္မာဒိဋ္ဌိမျိုးက သာသနာပမှာလဲရှိတယ်၊ ရနိုင်တယ်ဆိုတာ မှတ်ကြ။

(၃) ဝိပဿနာ သမ္မာဒိဋ္ဌိ-ဆိုတာကတော့ ဝိပဿနာမဂ္ဂင်လုပ်ငန်းပဲ၊ ဒီသမ္မာဒိဋ္ဌိ အမြင်ဉာဏ်နဲ့ ဝိပဿနာ အလုပ်ကို ဆက်လုပ်သွားရင် နိဗ္ဗာန်တိုင်အောင် အကျိုးပေးမယ်၊ ဒကာဒကာမတို့ ဒီသုံးနံပါတ် သမ္မာဒိဋ္ဌိကို မြဲမြဲစွဲစွဲ မှတ်ထားကြရမယ်၊ သူကမှ နိဗ္ဗာန်ရောက် အကျိုးပေးမှာ၊ သူ့ကိုဆက်လုပ်သွား၊ “ဒုက္ခနိရောဓော နိဗ္ဗာနံ၊ တဏှာနိရောဓော နိဗ္ဗာနံ” ပဲ၊ ရှင်းကြပလား။

ဝိပဿနာ သမ္မာဒိဋ္ဌိဟာ အထူးအရေးကြီးတယ်

ဒီ သုံးနံပါတ် ဝိပဿနာ သမ္မာဒိဋ္ဌိဟာ အထူးအရေးကြီးတယ်၊ ဒီခေတ် ဒီအခါမှာ ဒီဟာကို မလွတ်တမ်းကြိုးစား ရမယ်၊ ဒီဟာရှိမှ နောက်က (၄)နံပါတ် သမ္မာဒိဋ္ဌိလာနိုင်မယ်၊ လေးနံပါတ်လာရင် ဒုက္ခဝဋ်ကြီးပြတ်မယ်၊ ဒီမဂ္ဂသမ္မာဒိဋ္ဌိက ကမ္မဝဋ်တွေကို ဖြတ်ချလိုက်တော့ ဝိပါကဝဋ်ကြီး မလာတော့ဘူး၊ မလာတော့ ဒုက္ခသစ္စာ အကုန်သိမ်းတော့တာပဲ၊ သဘောပါကြရဲ့လား၊ ဒါကြောင့် သုံးနံပါတ် အရေးကြီးတယ်ဆိုတာ မှတ်ကြ။

သုံး-မပြည့်စုံရင်၊ လေး-နဲ့ ငါးမပြည့်စုံနိုင်ဘူး၊ သုံးရှိမှ လေးနဲ့ငါးက လာနိုင်မှာ၊ ရှင်းကြရဲ့လား။ ဝိပဿနာ သမ္မာဒိဋ္ဌိရှိမှသာ မဂ္ဂနဲ့ ဖလသမ္မာဒိဋ္ဌိတို့ လာနိုင်မှာပဲဆိုတာ ရိပ်မိကြပလား။ ဒါကြောင့် သုံးအလုပ်ကို လုပ်ကြရမယ်၊ လုပ်ရမှာက သုံးအလုပ်၊ ဒါအရေးကြီးတယ်ဆိုတာ မှတ်လိုက်ကြ၊ ဒကာဒကာမတွေဟာ နောက်နောက်တုန်းက ဒါကို မတွေ့ခဲ့ကြဘူးလို့ သုံးအလုပ် မလုပ်ခဲ့ကြဘူးလို့သာ အခုနေမှာ အိုတတ်၊ နာတတ်၊ သေတတ်တဲ့ ခန္ဓာကြီးမှာ အတူနေရ တယ်၊ ခွဲခွါမရကြဘူးဆိုတာ ဆုံးဖြတ်ချက်ချ။

အစမထင်တဲ့ သံသရာတလျှောက်လုံး အို၊ နာ၊ သေ အထပ်ထပ် ကြုံခဲ့ရတယ်၊ ဘယ်လောက်များလိမ့်မယ်ဆိုတာ ဘယ်သူမှ ရေတွက်လို့ မရနိုင်ကြဘူး။ ဒုက္ခခန္ဓာကြီးနဲ့ အမြဲတမ်း တွဲလျက်ချပ်လျက် ခွဲမရခွါမရဘဲ နေခဲ့ရတယ်၊ ဒါ ဘာကြောင့်လဲ။ ဒီ ဝိပဿနာ သမ္မာဒိဋ္ဌိ မလုပ်ခဲ့ဘူးလို့ပဲဆိုတာ မှတ်လိုက်ကြ။ အခု ဒကာတို့ အိုခန္ဓာနဲ့ ခွဲမရတာ ဒါ ကြောင့်ပဲလို့ မှတ်ရမယ်၊ ဒီတော့ ဘယ်နေ့မှာများ စိတ်ချလက်ချ နေလို့ရကြသလဲ။

ဘယ်နေ့ ဘယ်အချိန်မှာမှ စိတ်ချလက်ချနေလို့မရခဲ့ကြဘူး

ဘယ်နေ့ ဘယ်အချိန်မှာမှ စိတ်ချလက်ချနေလို့မရခဲ့ကြဘူး၊ “ဒီအစာကလေး စားမယ်ကြံတော့ သင့်မှသင့်ပါ့ မလား” ညနေကြီး ဒီရေထဲဆင်းမိတာ နေမှကောင်းပါ့မလား၊ နေပူထဲသွားမိတာ နှာစေးနေမလားပဲ၊ တစိုးရိမ်ရိမ် တကြောင့်ကြကြနဲ့ နေရတာပဲ၊ ဒကာဒကာမတွေ ဘယ်တော့များ စိတ်ချလက်ချနဲ့ သွားရ၊ လာရ၊ စားရ၊ သောက်ရ၊ အိပ်ရ၊ နေရတဲ့အခါရယ်လို့ ရှိပါရဲ့လား၊ ဘယ်အခါမှ စိတ်မချရဘူး၊ သဘောပါကြပလား။

ဒါတွေထောက်ကြည့်ရတော့ သုံးအလုပ် မလုပ်ခဲ့ရလို့ပဲဆိုတာ သေချာတယ်၊ ရိပ်မိကြပလား။ အရင့်အရင်က ဒကာတို့ဟာ ဝေးသောအကြောင်းသာ လုပ်ခဲ့ဖူးကြတယ်၊ နီးသောအကြောင်းဖြစ်တဲ့ ဒီသုံးနံပါတ်အလုပ် မလုပ်ခဲ့ကြရဘူး၊ ဒါကို အခုရထားတဲ့ ခန္ဓာက သက်သေခံနေတယ်ဆိုတာ ရိပ်မိကြရဲ့လား။ သူက ဒုက္ခမျိုးစုံကို အကုန်လက်သင့်ခံတယ်၊ နဂိုကတည်းက ဒီခန္ဓာက ဒုက္ခသစ္စာ၊ နောက်လာမှာကလည်း ဒုက္ခသစ္စာချည်းပဲ၊ နောက်ထပ်က ဒုက္ခမျိုးစုံအောင် လာမှာပဲဆိုတာသာ မှတ်ကြတော့။

ဒကာဒကာမတို့ အခုအချိန်မှာ ဒီဒုက္ခတွေက လွတ်နိုင်ဖို့ရာ အခွင့်အရေးတွေ အကုန်လုံးရနေကြတယ်၊ အခုနှယ် မှာ ဒီသုံးနံပါတ်ဖြစ်တဲ့ ဝိပဿနာသမ္မာဒိဋ္ဌိအလုပ်ကို လုပ်မှဖြစ်တော့မယ်၊ ဒီတခါမှမလုပ်ရင် ကိုယ်ကျိုးတော့ အကြီး အကျယ်နည်းပြီ ကမ်းကုန်အောင်ပဲ အလွဲကြီး ကြုံတော့မယ်ဆိုတာ မှတ်လိုက်ကြ၊ ဒီအခါကမှ မလုပ်မိရင် သံသရာစခန်း မသတ်နိုင်တော့ဘူး၊ ဘယ်ကမ်းရောက်လို့ ဘယ်ချောက်ကျရမယ်ဆိုတာ မစဉ်းစားဝံ့တော့ဘူးဆိုတာ မှတ်လိုက်တော့။

ဝိပဿနာမျိုးစေ့ မရခဲ့ကြ လို့ပဲ

ဒကာဒကာမတို့တတွေ ဒီအခြေဒီအနေက မတတ်နိုင်ကြတာ ရှေးကလဲ ဒီသုံးအလုပ် ဝိပဿနာမျိုးစေ့ မရခဲ့ကြ လို့ပဲ၊ ဒါနဲ့မှ ပေါ့တန်နေကြအုံးမယ်ဆိုရင် ဒုက္ခလက်စ ဘယ်တော့မှ အဆုံးသတ်နိုင်ဖို့ မမြင်ရတော့ဘူးဆိုတာသာ မှတ်လိုက်ကြ၊ အဲဒီတော့ ရှေးကလဲ လူမိုက်အဖြစ်နဲ့ပဲ တသံသရာလုံး ကုန်ခဲ့တာပဲ၊ နောက်ပဲ ကုန်အုံးမှာပဲ၊ ရိပ်မိကြရဲ့လား၊ ဒီသဘောကို “ဗာလ ပဏ္ဍိတသုတ်” နဲ့ ဝေဖန်ကြည့်ရင် သိနိုင်ပါတယ်။

အခုလို အခါကောင်းကိုမှ လက်လွတ်ခံရရင် လူမိုက်ဘဝက မတတ်နိုင်ကြတော့ပါဘူးဆိုတာ ဆုံးဖြတ်ချက်သာ ချကြ၊ ဒကာဒကာမတို့ လူမိုက် ဘာ့ကြောင့် ဖြစ်ရသလဲ၊ ဘာ့ကြောင့် လူမိုက်ဖြစ်ရတာလဲ။ လက်သည်သိဖို့ အရေးကြီး တယ်၊ ဒီတော့ လူမိုက်ဖြစ်တာ အဝိဇ္ဇာ၊ တဏှာကြောင့်ပဲဆိုတာ မှတ်ကြတော့၊ လူမိုက်ဖြစ်တာ အဝိဇ္ဇာ၊ တဏှာတည်းဟူ သော အမှောင်ထဲကလာပြီး၊ ဒီအမှောင်ထဲမှာပဲနေ၊ ဒီအမှောင်ပဲ ပြန်သွားခဲ့လို့ပဲဆိုတာ မှတ်ထားကြ၊ ရှင်းကြပလား။

လူမိုက်အဖြစ်နဲ့ သံသရာလှည့်ခဲ့ရတာ ဘယ်လောက်ကြာတယ်၊ မကြာတယ် မပြောနဲ့တော့၊ မဖြစ်ဘူးတဲ့အဖြစ်မျိုး၊ မရဘူးတဲ့ စည်းစိမ်မျိုးဆိုတာ မရှိတော့ဘူး၊ မဖြစ်ဘူးတာမရှိ၊ ဖြစ်ဘူးတာမျိုးချည်းပဲ၊ ဒါပေမယ့် အမိုက်ချည်းပဲ၊ အမှန် တကယ် တခါမျှ မဖြစ်ခဲ့ဘူးတဲ့အဖြစ်က အလိမ္မာအဖြစ်တခုပဲ၊ ဒါလောက်ကြာလှတဲ့ သံသရာမှာ လုံးဝတခါ မဖြစ်ဘူးတာ ဟာ “လူလိမ္မာ” အဖြစ် တခုထဲပဲဆိုတာ ဆုံးဖြတ်လိုက်ကြ၊ ရိပ်မိပလား။

ညွှန်ပြတဲ့အတိုင်း ကြိုးစားလိုက်နာကြ

အဲဒီတော့ ဒကာတို့တတွေဟာ ကိုယ့်ကိုယ်ကို သနားတဲ့အဖြစ်၊ ဆရာသမားကို ကြည်ညိုလေးစားတဲ့အဖြစ်၊ ဘုရားရှင်ကို ကြည်ညိုလေးစားတဲ့အဖြစ်၊ တကယ်ရောက်အောင်၊ အခု ညွှန်ပြတဲ့အတိုင်း ကြိုးစားလိုက်နာကြ၊ အားထုတ် ကြလို့ သတိပေးလိုက်ပါတယ်၊ ရိပ်မိကြရဲ့လား၊ ဆရာသမားစကားလဲ နားမထောင်၊ ဘုရားရှင်လဲ မငဲ့၊ ကိုယ့်ကိုယ်ကိုလဲ မသနားတတ်တဲ့ လူဆိုရင် ဒီထက်မိုက်ဖြင့် လောကမှာ ရှာလို့မတွေ့နိုင်ဘူးလို့သာ မှတ်လိုက်ကြ။

ဒကာဒကာမတွေ လေးလေးနက်နက် စဉ်းစားပါ၊ အပါယ်လေးပါးဆိုတဲ့ အမှောင်တိုက်ထဲ သွားရမှာမို့ ကိုယ့် ကိုယ်ကို သနားရမယ်၊ ကိုယ့်အတွက်မို့ အလေးအနက် စဉ်းစားသင့်တယ်ဆိုတာ ပြောလိုက်ပါတယ်၊ ကိုယ့်ကိုယ်ကို သနားရင် ဝိပဿနာလုပ်ရမယ်၊ ဘုရားကရုဏာတော်ကို ငဲ့ရင်လဲ ဝိပဿနာလုပ်သင့်တယ်၊ လုပ်ရမယ်ဆိုတာ မှတ်ထား ကြ။

ဘုရားက “မင်းတို့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးစတဲ့ အလှူတွေ ဘယ်လောက်ပဲလှူလှူ၊ ဒါ လောက်နဲ့ဖြင့် မကျေနပ်ဘူးတဲ့၊ ငါပြောတဲ့ ဟောတဲ့စကားအတိုင်း လိုက်နာမှ ကျင့်သုံးမှ ငါ့စကား နားထောင်မှသာ ကျေနပ်တယ်” ဆိုတာ ဟောတော်မူခဲ့တယ်၊ ဥပမာဆိုရင် မိဘများဟာ ကိုယ့်စကားနားမထောင်တဲ့ ထော်လော်ကန့်လန့် သားသမီးကို မကျေနပ်ကြဘူး၊ ကိုယ့်စကား မြေဝယ်မကျ နားထောင်တဲ့ သားသမီးကိုသာ ကျေနပ်သလို မြတ်နိုးသလိုပဲဆို တာ မှတ်လိုက်ကြ၊ သဘောပါကြပလား။

ဆင်ခြေတက်နေရင် အတုမရှိတဲ့ဘုရားကို ကန့်လန့်လုပ်နေတာပဲ

ဘုရားက ထော်လော်ကန့်လန့် သားသမီးမျိုးကို အလိုမရှိဘူး၊ ဒီနေ့တော့ နေပါအုံး၊ နက်ဖြန်တော့ ဘယ့်နှယ့်နဲ့ ဆင်ခြေထူတာမျိုးကို မကျေနပ်ဘူး၊ ဒကာတို့လဲ ဒီလိုအစားထဲက များလား၊ ဒီပုံဆိုရင် အတော်ရုပ်ဆိုးနေတယ်ဆိုတာ မှတ်ကြ၊ ဆင်ခြေတက်နေရင် အတုမရှိတဲ့ဘုရားကို ကန့်လန့်လုပ်နေတာပဲဆိုတာ ရိပ်မိကြတော့၊ သဘောပါကြပလား။ ရိပ်မိရင် ဘုရားအလိုတော်ကျအောင် အမြန်ဆုံးသာ ကြိုးစားကြတော့။

တသံသရာလုံးကပါတဲ့ အမိုက်မျိုး ဝါဒမျိုးအ မစွန့်ဘူးကွဆိုတဲ့အနေမျိုး မလုပ်ကြနဲ့၊ အခုပြင်ကြ၊ ဆင်ကြတော့ အခုအချိန်ရသေးတယ်၊ မပြင်ဘူးဆိုပြီး သာသနာပအလုပ်မျိုးတွေနဲ့ တင်းတိမ်နေရင် ဘုရားကို ဓမ္မနဲ့ပူဇော်စရာမရှိဘူး၊ ဘုရားကို ဓမ္မနဲ့ မပူဇော်နိုင်သမျှ ဆင်းရဲတွင်းက မတက်နိုင်ကြဘူး၊ ဆက်လက်ပြီး ဆင်းရဲတွင်း နက်သထက်နက်ပြီး အကြီးအကျယ် ခံရဖို့မှတပါး တခြားမရှိတော့ဘူး။

ဒကာဒကာမတွေ ဘာကြောင့်ဆင်းရဲနေရသလဲဆိုတော့ သမီးကြောင့်၊ သားကြောင့်၊ ကိုးဆယ့်ခြောက်ပါး ရောဂါကြောင့်၊ မင်းကြောင့်၊ စိုးကြောင့်နဲ့ အမျိုးမျိုးတွေကြောင့် ဆင်းရဲနေကြရတယ်၊ ဒါလောက် ဆင်းရဲတွေ ခံနေရရက်က ဆင်းရဲလို့မထင်၊ ဒီဆင်းရဲတဲ့ကြားကထွက်ပြီး ဝိပဿနာမလုပ်ချင်ကြရင် အခက်ကြီးခက်ဖို့သာ ပြင်ထားကြ၊ တသံသရာ လုံးက ဗာလနဲ့သာ နေထိုင်ပေါင်းသင်း မှီဝဲခဲ့ရပြီး နောက်လဲ ဘယ်တော့မှ ပဏ္ဍိတနဲ့ တွေ့ရကြုံရ မှီဝဲရဖို့ မမြင်တော့ဘူး။

အခုအချိန်မှာ မလုပ်ရင် မဖြစ်တော့ဘူး

ဒါကြောင့် အခုအချိန်မှာ မလုပ်ရင် မဖြစ်တော့ဘူး၊ ဝိပဿနာ သမ္မာဒိဋ္ဌိအလုပ်၊ အခုလုပ်တော့မယ်လို့သာ ဆုံးဖြတ်လိုက်ကြ။

ဒကာဒကာမတို့ ဝိပဿနာ သမ္မာဒိဋ္ဌိအလုပ်ဟာ မဂ္ဂဗြဟ္မစရိယအလုပ်ပဲ၊ သမ္မာဆိုတာကအမှန်၊ ဒိဋ္ဌိကမြင်တာ၊ ဒီအလုပ်ဟာ အမှန်အကန်မြင်တဲ့ အလုပ်ပဲဆိုတာ မှတ်ရမယ်၊ အမှန်အကန်က ဘယ်သူ့အပေါ်မှာ မြင်ရမှာတုန်းဆိုတော့ ခန္ဓာမှာ စပြီးဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်အပေါ်မှာ မြင်ရမှာပဲဆိုတာ မှတ်ရမယ်၊ စပြီးဖြစ်တာ မမိလိုက်ရင် အလယ်မှာမိအောင် လုပ်ရမယ်၊ ဒါမှမိအောင် မလုပ်နိုင်ရန် သုံးနံပါတ်မဖြစ်တော့ဘူး၊ ဝိပဿနာ သမ္မာဒိဋ္ဌိမဖြစ်တော့ဘူးလို့ မှတ်ကြ။

ဝိပဿနာရှုဆိုတာ စဖြစ်တဲ့ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ပေါ်မှာ ရှုရမှတ်ရမယ်၊ အစမမိရင် အလယ်မှာမိဖို့ အရေးကြီး တယ်၊ တခုခုကို မိအောင်ရှုရမယ်၊ ရှုတာလွဲရင် သမ္မာဒိဋ္ဌိမဖြစ်ဘူးဆိုတာ မှတ်ကြ၊ ပဋိစ္စသမုပ္ပါဒ်က ဘယ်အချိန်မှာ စတာတုန်းဆိုတော့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” နဲ့မဆိုင်ဘူး၊ ဒီဟာကပြီးခဲ့ပြီ၊ အတိတ်ကဖြစ်ပြီးတာမို့ သူ့ကိုမရှုရဘူး၊ မဆိုင်ဘူးလို့ မှတ်ထားကြ၊ ရှင်းပလား။

ဝိညာဏ်ခြောက်ပါးဆိုတာ

ဝိပဿနာရှုရမှာက ဝိညာဏ်ကိုရှုရမှာ၊ ဝိညာဏ်မှာလဲ အခုပေါ်လာတဲ့ ပေါ်ဆဲဝိညာဏ်ကို ရှုရမယ်၊ ရိပ်မိကြ ပလား၊ ဝိညာဏ်ကခြောက်ပါး၊ ပေါ်လာတဲ့တပါးပါးကို မိဖို့အရေးကြီးတယ်၊ ရှုတဲ့အခါ အများမလိုဘူး၊ တပါးသာအရေး ကြီးတယ်ဆိုတာ မှတ်ကြ၊ ဝိညာဏ်ခြောက်ပါးဆိုတာက-

(၁) မြင်စိတ်က စက္ခုဝိညာဏ်၊

(၂) ကြားစိတ်က သောတဝိညာဏ်၊

(၃) နံစိတ်က ဃာနဝိညာဏ်၊

(၄) လျှာ(စား)စိတ်က ဇိဝှါဝိညာဏ်၊

(၅) (ကိုယ်)အတွေ့စိတ်က ကာယဝိညာဏ်၊

(၆) တွေးကြံစိတ်က မနောဝိညာဏ်၊

ဒီခြောက်မျိုးကို ခွဲခြားပြီးမှတ်ရမယ်၊ ဒါအရေးကြီးတယ်ဆိုတာ ပြောလိုက်ပါတယ်၊ မြင်စရာအဆင်းနဲ့တွေ့တော့ မြင်စိတ်ပေါ်လာတယ်၊ ကြားစရာအသံနဲ့တွေ့တော့ ကြားစိတ်လာတယ်၊ ဥပမာ အခု နာရီထိုးသံကြားရတယ်၊ ကြားတော့ ကြားတဲ့နားဝိညာဏ်က စတာပဲ၊ အဲဒီတော့ ခန္ဓာအစ ဝိညာဏ်က စတယ်လို့ ဆိုရတယ်၊ ဒီနေရာမှာ ဝိပဿနာရှုစရာ အစဟာ သောတ (နား)ဝိညာဏ်က စရမယ်လို့ မှတ်ကြ။

နံတယ်ဆိုတော့ နှာခေါင်းဝိညာဏ်၊ စားလို့အရသာရှိတယ်ဆိုတော့ လျှာဝိညာဏ်၊ ယားတယ်ဆိုတော့ ကိုယ် ဝိညာဏ်၊ တွေးတယ်၊ ကြံစည်စိတ်ကူးတယ်ဆိုတော့ မနောဝိညာဏ်၊ ဒီခြောက်ပါးလှည့်ပြီးပေါ်ကြမှာပဲ၊ ဝိညာဏဓာတ် ခြောက်ပါးဆိုတာ ဒီဟာတွေပဲ၊ ရိပ်မိကြပလား။ ဒီခြောက်ပါးက ပဝတ္တိဝိညာဏ်ကိုပြောတာ၊ ကိုယ့်သန္တာန်မှာ ပဋိစ္စသမုပ္ပါဒ် အစဟာ ပဝတ္တိဝိညာဏ်မှာ စတယ်ဆိုတာ မှတ်ထားကြ။

ဝိပဿနာရှုစရာ အစဟာ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်က

ဒကာဒကာမတွေ ရှင်းကြရဲ့လား။ ဝိပဿနာရှုစရာ အစဟာ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကစပြီး ရှုရမှာလို့မှတ်ကြ၊ မှတ်မိကြပလား။ ဒကာဒကာမတို့ သတိပဋ္ဌာန်မှာ ရေးထားပေမယ့် ဒီလောက်ပေါ်အောင် နားမလည်နိုင်ကြဘူး၊ နားလည် အောင်ပြောနိုင်ဖို့ခဲယဉ်းတယ်၊ ဒါကြောင့် အခုပြောတဲ့ အဓိပ္ပါယ်ကို ကြိုးကြိုးစားစား မှတ်ယူကြ၊ မမှတ်မိလိုက်လို့ စာအုပ်ထဲကြည့်မှပဲဆိုပြီး ကြည့်ပေမယ့် မလွယ်ဘူးဆိုတာ ပြောလိုက်ပါတယ်၊ သဘောပါကြရဲ့လား။

ဒကာဒကာမတို့ ဥပမာ ကြားစိတ်ကလေး ပေါ်လာတယ်ဆိုရင် ဝေဒနာ, သညာ, သင်္ခါရနှင့်တကွ ခန္ဓာငါးပါးလုံး ဟာ တခါတည်း ပါလာကြတယ်ဆိုတာ မှတ်ရမယ်၊ “သောတဉ္စ ပဋိစ္စ သဒ္ဒေစ ဥပ္ပဇ္ဇတိ သောတဝိညာဏ” ဆိုတော့ ဝိညာဏ်စိတ်နဲ့တွဲတဲ့ ခန္ဓာလေးပါး ပေါင်းဖြစ်ကြတာပဲ၊ ဒါပေမယ့် ဒီထဲမှာ ထက်မြက်တာတခုခုကို ရှုရမှာပဲဆိုတာ မှတ်ထားကြ၊ အများမလိုဘူး၊ တခုထဲ ပြဋ္ဌာန်းရာသာ ရှုကြဖို့ပဲ။

ဝိညာဏ်ဆိုတာနဲ့ ဝေဒနာပါပါတယ်၊ သိရင် ပေါ်တာရွေးရှု၊ သိရုံတင်ဆို ဝိညာဏ်ရှု၊ ကောင်းမကောင်းဆိုရင် ဝေဒနာရှု၊ ကောင်းတယ်က သုခဝေဒနာ၊ မကောင်းဘူးဆိုတော့ ဒုက္ခဝေဒနာ၊ ကောင်းမကောင်းမရွေးဘဲ အလတ်စားဖြစ် ရင် ဥပေက္ခာဝေဒနာ၊ အမှန်က ဒီဝိညာဏ်မှာ ဥပေက္ခာဝေဒနာဟာ သူပဋ္ဌမဆုံးပဲ၊ ပေါ်လွင်တာ ထင်ရှားတာကိုရှု၊ တခုကိုရှုရင် အကုန်ပါတယ်ဆိုတာ မှတ်လိုက်ကြ၊ ရှင်းပလား။

မရှိတာသိအောင် လုပ်ကြရမယ်

သုံးနံပါတ် အလုပ်လုပ်ရမယ်ဆိုတော့ ဒီ-ဝိပဿနာမှာ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဆိုတဲ့ ဒီ-ငါးပါးပါတယ်၊ ဒီငါးပါးနဲ့ ဝိညာဏ်မိမိ၊ ဝေဒနာပဲမိမိ၊ မိရာကို ရှုရမှာ၊ ရှုတော့ မရှိရာသိမယ်၊ ဥပမာ-ကြားစိတ်ကလေး ပေါ်လာတယ်၊ ကြား-သိဆိုချုပ်သွား၊ ဒီနောက်က ရှုတဲ့မဂ်ပေါ်တဲ့ ကြားသိစိတ် မရှိတော့ဘူး ဆိုတာ သိရတယ်၊ ရှင်းကြရဲ့လား။ ဒကာဒကာမတွေ မရှိတာသိအောင် လုပ်ကြရမယ်၊ အဲဒါ ဝိပဿနာပဲ။

ဓမ္မလေးတခုပေါ်လာ၊ မရှိတာသိအောင်လုပ်၊ သိတော့ သင်္ခါရ ပျက်သွားတယ်၊ အားထုတ်ထားတာမို့ သင်္ခါရပဲ ဆိုတာ မှတ်ကြ၊ မြင်လိုလို့ကြည့်၊ ကြည့်တော့ မြင်စိတ်ပေါ်ရတယ်၊ အဲဒီလိုမြင်စိတ်ပေါ်အောင် အားထုတ်ယူရတာမို့ ဒီမြင်စိတ်ဟာ သင်္ခါရလေးပဲ၊ မြင်စိတ်ပေါ် မဂ်နဲ့ကြည့်၊ မရှိတာသိတယ်၊ အဲဒီတော့ “သင်္ခါရသည် အနိစ္စရောက်သွားရှာ တယ်” လို့မြင်တယ်၊ သိတယ်၊ သဘောပါကြပလား။

ဒကာဒကာမတို့ ရှင်းကြပလား။ အဲဒီတော့ ဝိပဿနာဉာဏ်က သင်္ခါရအနိစ္စရောက်တာကိုမြင်တယ်၊ ပဋိစ္စ သမုပ္ပါဒ်စတဲ့ ဝေဒနာက္ခန္ဓာကြီး အနိစ္စရောက်တာကို ဝိပဿနာဉာဏ်က မြင်တယ်ဆိုရင်လဲ မမှားဘူး၊ ဒကာဒကာမတွေ ရိပ်မိပလား။ ဒီလိုမြင်တော့ “ေဩာ်-ပြုပြင်လိုက်၊ အနိစ္စရောက်လိုက်၊ ပြုပြင်လို့ ပေါ်လာလိုက်၊ အနိစ္စရောက်သွားလိုက်နဲ့ ဆိုတော့ နောက်ဆုံးမှာ ဖြစ်ပျက်တင် နိဂုံးချုပ်တာပါပဲကလား” လို့ သိမြင်လာတော့တာပဲဆိုတာ မှတ်ကြ။

သင်္ခါရတို့၏ ဖြစ်တာပျက်တာကို မြင်တယ်

ဝိပဿနာဉာဏ်သည် သင်္ခါရတို့၏ ဖြစ်တာပျက်တာကို မြင်တယ်ဆိုတာဟာ သင်္ခါရတို့ရဲ့ မရှိတာကို သိတာပဲလို့ မှတ်ကြ၊ ဘုရားက ဖြစ်ပြီးပျက်သွားတာရှိလို့ ရှိတယ်ဟောတာပါ၊ မြင်တဲ့သူကတော့ မရှိတာပဲ တွေ့တယ်လို့သာ မှတ်လိုက် ကြ၊ ရှင်းကြရဲ့လား၊ ရှုတဲ့ဉာဏ်က သင်္ခါရလေး အနိစ္စရောက်သွားတာ မြင်လိုက်ရတော့ “သဗ္ဗေသင်္ခါရာ အနိစ္စာ” ဆိုတဲ့ ပါဠိစကားတော်နဲ့ ကိုက်ညီမနေပေဘူးလား၊ “အနိစ္စာ ဝတ သင်္ခါရာ” ဆိုတဲ့ ပါဠိတော်နဲ့လဲ ညီညွတ်တယ်ဆိုတာ မှတ်လိုက်ကြ။

ဝိပဿနာဉာဏ်က အနိစ္စာဝတ သင်္ခါရာချည်းပဲဆိုတာ သဘောပါကြပါလား။ ဒီလိုမြင်တော့ အပါယ်သွားစေတဲ့ သက္ကာယဒိဋ္ဌိပြုတ်သွားပြီ၊ သင်္ခါရအနိစ္စတွေချည့်မြင်နေတော့ ငါ၊ သူ၊ ယောက်ျား၊ မိန်းမ မစွဲတော့ဘူး၊ မစွဲတော့ ဒိဋ္ဌိ ပြုတ်တော့တာပဲ၊ ရှင်းပလား။ အပါယ်ကို ရောက်စေတာဟာ ဒိဋ္ဌိက ရောက်စေတာပဲဆိုတာ မှတ်ကြ၊ ဒိပြင်က ဈာန် တရားတွေလုပ်ပြီး ဗြဟ္မာဖြစ်၊ ဒီဗြဟ္မာကနေပြီး နောက်တခါ ဝက်ဘဝလဲ ပြန်ဖြစ်ရတယ်ဆိုတာ ဒိဋ္ဌိလက်ချက်ပဲ။

ဒကာဒကာမတွေ ရိပ်မိကြရဲ့လား။ ဒိဋ္ဌိဟာ သာမညမဟုတ်ဘူး၊ အပါယ်ပို့တာ သူ့လက်ချက်ချည်းပဲဆိုတာ မှတ်ထားကြ၊ ရှင်းပလား။ ဒါကြောင့် အပါယ်မျိုးစေ့ပြုတ်အောင် ဝိပဿနာရှုကြပါလို့ အထူးတလည် တိုက်တွန်းနေတယ် ဆိုတာ ရိပ်မိကြ၊ ဝိပဿနာရှုတော့ သင်္ခါရတရားလေး ပျက်သွားပြီလို့ သိရတယ်၊ သိရတော့ ဒီအပေါ်မှာ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမသေတာ မဟုတ်ပါကလား၊ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမဆိုတာ မရှိပါလားလို့ ဆုံးဖြတ်ချက် ချနိုင်တယ်။

အပါယ်မျိုးစေ့ဖြစ်တဲ့ သက္ကာယဒိဋ္ဌိပြုတ်တော့တာပဲ

ဒီလိုဆုံးဖြတ်နိုင်တဲ့ ဉာဏ်ရတော့ အပါယ်မျိုးစေ့ဖြစ်တဲ့ သက္ကာယဒိဋ္ဌိပြုတ်တော့တာပဲ၊ သဘောပါကြပလား။ ဒကာဒကာမတွေကို “ဝိပဿနာရှုကြ၊ မပေါ့ကြနဲ့” ဆိုပြီး အရှုခိုင်းတာဟာ ဒီအပါယ်မျိုးစေ့ကို အသတ်ခိုင်းတာ သက္ကာယကို အဖြုတ်ခိုင်းတာပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။ ဒါကို ဆရာသမားခိုင်းတဲ့အတိုင်း မလုပ်ချင်ကြရင် မလုပ်ကြတော့ဘူးဆိုရင် အပါယ်မကြောက်တဲ့ လူစိတ်ပျောက်နေတဲ့ သူမို့ပဲဆိုတာ ပြောဖို့မလိုတော့ဘူး။

ဖြစ်ပေါ်လာတာက သင်္ခါရ၊ ပျက်သွားတာက အနိစ္စ၊ ဉာဏ်နဲ့ကြည့်တော့ မရှိတာကို ဉာဏ်ကမြင်ရတယ်၊ ဉာဏ်ကမြင်တော့ ပျက်သွားတာလေးဟာ သင်္ခါရလေးဟာ ငါမဟုတ်ပါဘဲကလားလို့ သိလာတယ်၊ ဒီလိုသိတော့ သက္ကာယ ဒိဋ္ဌိပြုတ်တာပဲ၊ ဒကာဒကာမတွေ ရိပ်မိပလား။ ဒါကြောင့် ပေါ်လာတာ သင်္ခါရ၊ ပျက်သွားတာ အနိစ္စ၊ မရှိတာကို သိအောင် ဉာဏ်နဲ့ကြည့်ပေးကြရမယ်၊ ကြိုးစားကြည့်ပေးကြ။

ဥပမာ-မြင်စိတ်ကလေးဟာ မျက်လုံးအကြည်နဲ့ အဆင်းတို့က ပြုပြင်လို့ ပေါ်လာတာမို့၊ သူ့ကို သင်္ခါရလေးပဲလို့ မှတ်ထား၊ ဒီမြင်စိတ်ဆိုတဲ့ သင်္ခါရလေးဟာ အကြောင်းနှစ်ခုက ပြုပြင်လို့ ပေါ်လာတာပဲ၊ ဒါကြောင့် သူ့ကို အကြောင်း တိုက်ဆိုင်လို့ ပေါ်လာတာမို့ သင်္ခါရလို့ ဆိုရတယ်၊ သူ့ကိုဉာဏ်နဲ့ကြည့်လိုက်တော့ ပျက်သွားတယ်၊ ဒီသင်္ခါရလေး အနိစ္စ ရောက်သွားတယ်၊ ဘာ့ကြောင့် ဒီသင်္ခါရလေးဟာ ပျက်သွားရသလဲ၊ မပိုင်လို့ မဆိုင်လို့ပဲ၊ ရိပ်မိကြပလား။

အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာ သင်္ခါရ

အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာ သင်္ခါရ၊ မပိုင်မဆိုင်လို့ ပျက်သွားတာသင်္ခါရ၊ အဲဒီလိုဉာဏ်နဲ့သိရတယ်၊ အဲဒီလိုသိတော့ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမလို့ စွဲနေတဲ့ သက္ကာယဒိဋ္ဌိပြုတ်သွားတာပဲ၊ ဒကာဒကာမတွေ သဘောပါ ကြရဲ့လား။ ဒီအချက်ဟာ အလွန်ပဲအရေးကြီးပါတယ်၊ သင်္ခါရပျက်တာမမြင်ရင် ဒိဋ္ဌိမကွာဘူး၊ ငါစွဲ၊ ငါဥစ္စာစွဲမပျောက်ဘူး၊ ဒီအစွဲမပျောက်ရင် ဒကာတို့သေရင် လိုက်မပို့နဲ့တော့၊ အပါယ်တန်းသွားမယ်ဆိုတာ မှတ်ကြတော့။

ဒကာဒကာမတို့ ယုံမှားမရှိကြနဲ့၊ ဒိဋ္ဌိမကွာရင် အပါယ်ရောက်ဖို့က သေချာတယ်၊ ဒိဋ္ဌိရှိ၊ တဏှာလဲရှိ၊ ရှိနေတော့ တဏှာ၊ ဒိဋ္ဌိက ပပဉ္စတရားမို့ သေရင်အပါယ်ချမယ်ဟေ့လို့ ဆိုသလိုပါပဲ၊ ဒါကြောင့် ဒိဋ္ဌိပြုတ်ဖို့ အလွန်အရေးကြီးတယ်။ ဒိဋ္ဌိပြုတ်အောင် ဝိပဿနာလုပ်မှပဲ ရနိုင်မယ်၊ ဒါမလုပ်ရင် ငရဲမျိုးစေ့မပြုတ်သေးဘူးဆိုတာ ဆုံးဖြတ်ချက်ချကြ။

အခု ဒကာဒကာမတွေကို ရှင်းပြရမယ်၊ ဥပမာ-မျက်လုံးအကြည်နဲ့ မြင်စရာအဆင်းနဲ့တဲ့တော့ မြင်စိတ်ကလေး ပေါ်လာရတယ်၊ ဒီမြင်စိတ်ကလေးဟာ အကြောင်းကပြုပြင်လို့ ပေါ်တာမို့ သင်္ခါရလေးပဲ၊ ဒီသင်္ခါရလေး ပေါ်လာတာ ဉာဏ်နဲ့ကြည့်လိုက်တော့ ပျက်သွားပြီ၊ မရှိတော့ဘူး၊ အဲဒါ သင်္ခါရလေး အနိစ္စရောက်သွားတာပဲ၊ ရှင်းကြရဲ့လား၊ ဒီမြင်စိတ် ကလေးဟာ သင်္ခါရလေးတခုပဲလို့လဲ သိရမယ်၊ ဖြစ်ပြီးပျက်သွားတာကိုလဲ သိရမယ်၊ ကြည့်တတ်ကြပလား။

ပေါ်လာတာသင်္ခါရ၊ ပျက်သွားတာအနိစ္စ

ဒီနည်းအတိုင်း ဘယ်စိတ်ပေါ်ပေါ် ကြည့်ပေးရမယ်၊ ပေါ်လာတာသင်္ခါရ၊ ပျက်သွားတာအနိစ္စ၊ ဒါကို ဉာဏ်နဲ့မြင်ဖို့ အရေးကြီးတယ်၊ ဒွါရခြောက်ခုက ပေါ်လာသမျှ ဒီအတိုင်း မြင်အောင်ကြည့်ပေးကြ၊ ကြားစိတ်ကလေးပေါ်လာလဲ ဖြစ်ပြီးပျက်သွားတာမြင်အောင် ဉာဏ်နဲ့သာ ကြည့်ပေးကြ၊ နှာခေါင်းကနံစိတ်၊ လျှာက စားသိစိတ်၊ ကိုယ်ကလဲ အတွေ့သိ စိတ်၊ မနောကလဲ ကြံစည်စိတ်၊ တွေးတောစိတ်၊ တခုခုတော့ ပေါ်မှာပဲ၊ ပေါ်ရာကို မလွတ်အောင်ကြည့်ကြ။

ပေါ်လာတဲ့တရားက သင်္ခါရ၊ ပျက်သွားတာက အနိစ္စ၊ ဉာဏ်နဲ့ကြည့်တဲ့အခါ မရှိတာကို သိရမယ်၊ ရှင်းကြရဲ့လား။ တခုမပေါ်ရင် တခုခုတော့ ပေါ်မှာပဲ၊ ပေါ်ရာကို မလွတ်တမ်းကြည့်ပေး၊ လွတ်သွားတာနဲ့ တပြိုင်နက် ကိလေသာတော ထတာနဲ့ တချက်ထဲပဲဆိုတာမှတ်ကြ၊ ဒီလိုဉာဏ်နဲ့ကြည့်တော့ ဒါဟာ ငါမဟုတ်ဘူး။ သင်္ခါရတရားပဲလို့ သိမယ်၊ ဒီသင်္ခါရ လေးရဲ့ အဖြစ်ကိုသိတော့ အပျက်ကိုလဲ သိတော့တာပဲ၊ ရှုတဲ့ဉာဏ်က နောက်ကဒီအတိုင်း သိသိနေတော့တာပဲ၊ ဒီလို နောက်ဉာဏ်က တွေးတာသိမြင်တာဟာ ဝိပဿနာ သမ္မာဒိဋ္ဌိ အမြင်ပဲလို့ မှတ်လိုက်ကြ၊ သဘောပါကြရဲ့လား။

ရှုတဲ့ဉာဏ်က ပေါ်လာတဲ့ဓမ္မလေး မရှိတော့ဘူးလို့ ဆုံးဖြတ်ချက်ချနိုင်ရင် ဒိဋ္ဌိကွာသွားပြီဆိုတာ မှတ်ကြ၊ ခန္ဓာမှာ ဓမ္မပေါ်လာတိုင်း သိဖို့လိုရင်းပဲ၊ ရှုဉာဏ်က ပေါ်လာပြီး မရှိတော့ဘူးဆိုတာ သိရမယ်၊ သဘောပါကြပလား။ ဒါကြောင့် ဒကာဒကာမတွေ ဝိပဿနာအရေးကြီးတယ်ဆိုတာ ပေါ်ကြပလား။ ဝိပဿနာရှုတယ်ဆိုတာ သင်္ခါရတရား ပျက်တယ်လို့သိအောင် လုပ်နေရတဲ့အလုပ်ပဲဆိုတာ မှတ်ကြ၊ ရှင်းပလား။

ပေါ်လာသမျှဟာ ပျက်တာချည်းပဲ

အဆင်းကြောင့် ပေါ်လာတဲ့စိတ်၊ အသံကြောင့်ပေါ်တဲ့စိတ်၊ အနံ့ကြောင့်ပေါ်တဲ့စိတ်၊ အချိုအချဉ်ကြောင့် ပေါ်တဲ့စိတ်၊ အတွေ့ကြောင့်ပေါ်တဲ့စိတ်၊ တခုခုကြောင့် ပေါ်လာတဲ့ ဓမ္မလေးဟာ သင်္ခါရလေးပဲဆိုတာမှတ်၊ အကြောင်း ကြောင့် ပေါ်လာတဲ့ဟာ သင်္ခါရချည်းပဲ၊ ဒီလိုပေါ်သမျှ သင်္ခါရဟာ အပျက်မှာချည်း လမ်းဆုံးတယ်၊ ပေါ်လာသမျှဟာ ပျက်တာချည်းပဲလို့ မှတ်ကြတော့ သဘောပါပလား။

ဒါကြောင့် “သဗ္ဗေသင်္ခါရာ၊ မင်းတို့သန္တာန်မှာ ပေါ်လာကြတဲ့ သင်္ခါရဟူသမျှတွေသည်။ အနိစ္စာ၊ အပျက်ချည်းမှာ သာ လမ်းဆုံးကြရပေကုန်၏” လို့ ဘုရားဟောတော်မူတာပဲဆိုတာ ဆုံးဖြတ်ချက်ချကြ၊ ဒီအခါမှာ ဒကာတို့က “ယဒါ ပညာယ ပဿတိ” ဖြစ်အောင် လုပ်ကြရမယ်တဲ့၊ “ယဒါ သင်္ခါရတရားက အပျက်ချည်းသာ ပြနေသည့် အကြင်အခါ၌။ ပညာယ၊ ဝိပဿနာရှုဉာဏ်ဖြင့်။ ပဿတိ၊ ရှုမြင်ရ၏”။ သူ့သဘာဝအမှန်ကို မြင်အောင် ကြည့်ပေးကြရမယ်-တဲ့။

အဲဒီလိုဉာဏ်နဲ့ အမှန်သဘာဝကို မြင်ရတဲ့အခါမှာ၊ ဒိဋ္ဌိကို မင်းသွားတော့လို့ မဆိုရဘူး၊ အလိုလိုကွာတော့တာပဲ ဆိုတာမှတ်ကြ၊ ရှင်းပလား။ မိမိသန္တာန်မှာ ဉာဏ်နဲ့ကြည့်တော့ သင်္ခါရတရားလေးတွေဟာ ပေါ်လာလိုက်၊ ပျက်သွားလိုက်၊ ပေါ်လာလိုက်၊ ပျက်သွားလိုက်နဲ့ ဒီသဘောနှစ်ခုပဲ တွေ့ရမယ်၊ ဒါကို ပိုင်ပိုင်နိုင်နိုင် ဉာဏ်နဲ့မြင်ရင် ဒိဋ္ဌိ အလိုလိုကွာပြီ ဆိုတာ မှတ်ကြတော့။

ခန္ဓာမှာပေါ်သမျှ မလွတ်အောင်ရှုကြ

ဒါကြောင့် ခန္ဓာမှာပေါ်သမျှ မလွတ်အောင်ရှုကြ၊ ရှုတော့ မရှိတာကို တွေ့ရမယ်၊ ပေါ်လာတာက သင်္ခါရ၊ မရှိတာက အနိစ္စ၊ ဒီလိုမြင်ရင် ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ ကင်းတဲ့ ဓမ္မ၏အနိစ္စကိုမြင်တာပဲ၊ ရိပ်မိကြရဲ့လား။ ဒါကြောင့် ဝိပဿနာဉာဏ်ဟာ ဒိဋ္ဌိရှင်းတဲ့ ဉာဏ်ပဲ၊ ဝိပဿနာရှုတာဟာ ဒိဋ္ဌိရှင်းတာပဲဆိုတာ မှတ်ကြ၊ ရှင်းကြရဲ့လား။

ဒကာဒကာမတို့သန္တာန်မှာ ပေါ်လာသမျှ သင်္ခါရချည်းသာမှတ်ကြ၊ ဘယ်အခါမှာ ပေါ်တာလဲဆိုရင် ဘယ်အခါ ပေါ်ပေါ် သင်္ခါရပဲ၊ ဘယ်အခါမှာပေါ်ပေါ် ပဋိစ္စသမုပ္ပါဒ် သင်္ခါရချည်းပဲဆိုတာသာ မှတ်လိုက်ကြ၊ ဒီလိုပေါ်လာသမျှမှာ မရှိတာသိအောင် ကြည့်ပေးရမယ်၊ လာသမျှ ဖြစ်ပျက်ချည်းသာရှုချ၊ ဒီဖြစ်ပျက်တလုံး ပိုင်ပိုင်နိုင်နိုင်ရှုပေး၊ ရှုပေးနေရင် အလိုလို ဒိဋ္ဌိကွာနေတယ်ဆိုတာ မှတ်ကြ။

ဒကာဒကာမတို့ သင်္ခါရကို မြင်တဲ့အချိန်ကစပြီး ဥစ္ဆေဒဒိဋ္ဌိမရှိတော့ဘူး၊ ဒီသင်္ခါရလေး ပျက်သွားတာမြင်သဖြင့် လဲ သဿတ၊ သက္ကာယ၊ အတ္တဒိဋ္ဌိတွေ မရှိတော့ဘူး၊ ဝိပဿနာဉာဏ်တချက်နဲ့ ဒိဋ္ဌိသုံးမျိုးခွါနိုင်တယ်၊ ပျက်သွားတာမြင် တော့ သဿတ, သက္ကာယနဲ့ အတ္တဒိဋ္ဌိ သုံးခုလုံး စင်သွားတယ်၊ ဒကာဒကာမတို့ ဝိပဿနာရှုတဲ့ ကျေးဇူးဟာ ဘယ် လောက်များသလဲ၊ အခုဟာ အစပဲရှိသေးတယ်၊ ဒီနောက် အင်မတန်ကြီးတဲ့ ကျေးဇူးတွေပါ ခံစားရမယ်ဆိုတာ မှတ်ကြ တော့၊ ရိပ်မိပလား။

ဖြစ်တာပျက်တာ မြင်အောင်ကြည့်

ဒကာဒကာမတို့ အားထားဖို့များ မကောင်းကြသေးဘူးလား။ ကောင်းတာရိပ်မိရင် ဝိပဿနာဖြစ်ပျက်ကို ကြိုးစားရှုကြ၊ ဖြစ်တာပျက်တာ မြင်အောင်ကြည့်၊ ဖြစ်ပြီးမရှိဘူးဆိုတာမြင်ရင်တော်ပြီ၊ ရှေ့ဆက်ပြီး ကြိုးစားသာ ရှုကြတော့၊ သဘောပါကြပလား။ ဝိပဿနာမရှုရင် မဖြစ်တော့ဘူးဆိုတာ ရိပ်မိကြတော့၊ ဘာကြောင့်လဲဆိုတော့ ဒကာဒကာမတွေ အလုပ်တွေအကိုင်တွေ အမျိုးမျိုး အခုလုပ်နေကြရတယ်၊ ဟုတ်ကြရဲ့လား။

အဲဒီလိုအလုပ်လုပ်တာ ဘာကြောင့်လဲ၊ ဘာလုပ်ဖို့လဲလို့ ဒီပြင်လူကမေးရင် “ငါစားဖို့-ငါသုံးဖို့” တဲ့၊ ဒကာတို့ အသံတွေက နေရာတကာမှာ ဒိဋ္ဌိချည်းပဲ၊ ဒကာတို့ဟာ ဒိဋ္ဌိလွတ်တဲ့နေရာများ ပါမယ်ထင်သလား။ မထင်ကြနဲ့၊ ဒိဋ္ဌိတွေ တောထနေတယ်ဆိုတာသာ မှတ်ကြ၊ ဒီဒိဋ္ဌိရှိနေရင် အကုသိုလ်ဟူသမျှ ဖြစ်ပေါ်ဖို့ မခဲယဉ်းတော့ဘူး၊ အကုသိုလ်ဟူသမျှ ဒိဋ္ဌိက လာတယ်ဆိုတာ မှတ်လိုက်ကြ။

အကုသိုလ်ဟူသမျှ ဒိဋ္ဌိက လာတာဖြစ်တော့ ဒိဋ္ဌိရှိသမျှ အပါယ်နဲ့ အိုးစားဘယ်တော့မှ မကွဲတော့ဘူး၊ အပါယ်ဟာ အိုးပိုင်၊ အိမ်ပိုင်၊ မြေပိုင်၊ ယာပိုင်ပဲ၊ ဒကာဒကာမတွေ သဘောပါကြရဲ့လား။ ဒါကြောင့် အပါယ်နဲ့ အဆက်ပြတ်အောင် ဝိပဿနာရှုကြရမယ်၊ ဝိပဿနာမရှုသူမှာ ဒိဋ္ဌိမကွာဘူး၊ ဒိဋ္ဌိမသေသမျှ အပါယ်နဲ့ အိုးစားမကွဲတော့ဘူးဆိုတာသာ မှတ်ကြတော့၊ ကျေနပ်ပလား။

ဝိပဿနာမှသာ သာသနာတွင်း တရားအစစ်မှန်

ဝိပဿနာတရားမှသာ ဒိဋ္ဌိကိလေသာကို နိုင်နိုင်တယ်။ ဝိပဿနာမှသာ သာသနာတွင်း တရားအစစ်မှန်တယ်၊ ဒါကြောင့် ဝိပဿနာ သမ္မာဒိဋ္ဌိဆိုတဲ့ သုံးနံပါတ် သမ္မာဒိဋ္ဌိသည် အပါယ်ကို ကျစေတတ်တဲ့ ဒိဋ္ဌိအမိုက်မှားကို စင်ကြယ် စေတတ်တယ်ဆိုတာ မှတ်ရမယ်၊ ရိပ်မိပလား။ အဲဒီတော့ ဒကာဒကာမတွေ ဝိပဿနာရှုတဲ့နေ့ဟာ အပါယ်ကျစေတတ်တဲ့ ဒိဋ္ဌိအမိုက်မှားစင်တဲ့နေ့ပဲဆိုတာ မှတ်ကြ။

ဒီလိုဆိုတော့ ဝိပဿနာမရှုတဲ့နေ့၊ ဝိပဿနာကင်းတဲ့နေ့ဟာ ဒိဋ္ဌိတော ထနေတဲ့နေ့။ အပါယ်ရိက္ခာ စုတဲ့နေ့ပဲလို့ ဆိုရင် လွဲသလား။ အေး-မလွဲမှန်းသိရင် ဝိပဿနာကြိုးစားရှုကြ၊ ဝိပဿနာတရားမှသာ သာသနာတွင်း တရားအစစ်၊ သူကမှ ဒကာဒကာမတို့ရဲ့ ကိုးစားရာ၊ အားထားရာ၊ ဧကန်ဖြစ်တယ်ဆိုတာ လေးလေးနက်နက် သတိပေးလိုက်ပါတယ်၊ သဘောပါကြရဲ့လား။

ကိုင်း-ယနေ့ ဒီတင် တော်ကြအုံး၊ နက်ဖြန်မှ ဆက်ကြစို့။

**********