20505

ဖြစ်ဆဲပဋိစ္စ တွေးဉာဏ်ချပ် တရားတော်

ဆောင်ပုဒ်

မနောဒွါရ၊ တွေးလုံးက၊ ပဋိစ္စအာဒိစက်။

မနောကြံတွေး၊ စိတ်မအေး၊ ပူရေးဒေါသယှက်။

ဒေါသနောက်မှာ၊ စိုးရိမ်လာ၊ သောကာဝင်နှိပ်စက်။

ပဋိစ္စနာမ်ရုပ်၊ ဖြစ်ကာချုပ်၊ မဟုတ် သူ၊ ငါ၊ သတ်။

တခုချုပ်သော်၊ တခုပေး၊ ဘယ်သော်စဉ်မပျက်။

ငါ ၊ သူ စွဲလျှင်၊ ဒိဋ္ဌိဝင်၊ သေလျှင်ပါယ်နရက်။

ဓမ္မပေါ်တိုင်း၊ ဉာဏ်ဖြတ်ပိုင်း၊ မဆိုင်းရှုဖို့တွက်။

ရှုကြည့်ဉာဏ်မြင်၊ ဒိဋ္ဌိစင်၊ အေးခွင်သောတာမဂ်။

သတိချပ်

ဘုရားမြတ်စွာ၊ ကိုယ့်ခန္ဓာ၊ ကြည့်ကာဖြစ်ပျက်သိ။

ဖြစ်ပျက်မြင်မုန်း၊ ဖြစ်ပျက်ဆုံး၊ ထွဋ်ဘုန်းမာရဇိ။

ကိုယ့်ဉာဏ်ကိုယ်ကိုး၊ အားသစ်ကြိုး၊ တန်ခိုးတုမရှိ။

သူများအကူ၊ ဘိတ်မယူ၊ ဘုန်းလူမြတ်ခေါင်ထိ။

ရှင်တော်မြတ်ဖျား၊ ဟောခဲ့သား၊ တရားလမ်းအရှိ။

ကိုယ့်ကိုကိုယ်ပင်၊ သနားလျှင်၊ ကိုယ်ပင်အားထုတ်ဘိ။

ကိုယ့်ကိုယ်ကိုသာ၊ ကိုးစားရာ၊ ဉာဏ်ဝါစွဲသတိ။

တရားသား

ဆင်းရဲမကြိုက်သူမှန်သမျှ အနိစ္စမြင်အောင်ကြည့်

ဒကာဒကာမတို့ ဒုက္ခကြောက်သူ၊ ဆင်းရဲမကြိုက်သူမှန်သမျှ မိမိခန္ဓာမှာရှိတဲ့ အနိစ္စကို ဆရာပြတဲ့ အတိုင်းမြင်အောင် ကြည့်ကြရမယ်ဆိုတာ ပြောလိုက်တယ်၊ ဒီခန္ဓာမှာ အမှန်အရှိဖြစ်တဲ့ အနိစ္စကို ဆရာပြောတဲ့အတိုင်း မြင်အောင်ကြည့်ရင် ဒုက္ခခပ်သိမ်း အကုန်ငြိမ်းတဲ့နိဗ္ဗာန်ကို ဧကန်ရောက်မယ်၊ ဆုတောင်းဖို့မလိုဘူးဆိုတာ မှတ်လိုက်ကြ တော့။

ဆရာဘုန်းကြီး ညွှန်ပြတဲ့အတိုင်းသာ လိုက်နာကြရင်၊ ဆုတောင်းစရာမလိုဘူး၊ ခိုင်းတဲ့အတိုင်းသာလုပ်၊ ဆုတောင်း တွေဖြုတ်ကြလို့ သတိပေးလိုက်တယ်၊ ရှင်းပလား။ ဥပမာ-ခန္ဓာထဲကြည့်တော့ ကိုယ့်ဉာဏ်ရှေ့နားမှာ ဝေဒနာကလေး ဖြစ်ပြီးပျက်သွားတာ မြင်လိုက်ရင် မဂ္ဂင်ခန္ဓာာထဲ ရောက်တာပဲ၊ မဂ်ဆိုတာ မြင်စရာအာရုံနဲ့ ရှုလုံးနဲ့တည့်ရင် မဂ်ဖြစ်တာပဲ၊ အရှုခံအာရုံနဲ့ ရှုဉာဏ်နဲ့တည့်ရင် မဂ်ဝမ်းထဲရောက်တာပဲဆိုတာ မှတ်လိုက်ကြ၊ ရှင်းပလား။

ဒကာဒကာမတို့ မဂ်ဝမ်းထဲရောက်အောင် အရှုခံနဲ့ ရှုဉာဏ်တည့်အောင် လုပ်ဖို့ဆိုတော့ ကိုယ့်သန္တာန်မှာဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ် အရေးကြီးတယ်ဆိုတာ မှတ်ကြ၊ ကြည့်ရမှာက ကိုယ့်သန္တာန်မှာဖြစ်တဲ့ ဖြစ်စဉ်ကိုကြည့်ရမှာ၊ ဒါကြောင့် အရေးကြီးတယ်လို့ ပြောတာ၊ ကြည့်တော့ ခုပေါ်တာ ခုမရှိဘူးဆိုတဲ့ သဘောအမှန်ကိုသိရမယ်၊ ပဌမဟာ ဖြစ်ပြီးပျက်သွား၊ ဒုတိယဟာလဲ ဖြစ်ပြီးပျက်သွား၊ တတိယဟာလာလဲ ဖြစ်ပြီးပျက်သွား၊ လာသမျှကိုသိရမယ်၊ ရှင်းပလား။

ကိုယ့်ပဋိစ္စ သမုပ္ပါဒ် ဒုက္ခစက်ကို ကိုယ့်ဉာဏ်နဲ့ ဖြတ်

ဒီလိုသိတော့ ဘာအကျိုးရှိသလဲဆိုတော့ ကိုယ့်သန္တာန်ဖြစ်တဲ့ ဖြစ်စဉ်ကို ကိုယ့်ဉာဏ်နဲ့ဖြတ်တာပဲ၊ ကိုယ့်ပဋိစ္စ သမုပ္ပါဒ် ဒုက္ခစက်ကို ကိုယ့်ဉာဏ်နဲ့ ဖြတ်တာပဲ၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်ကို ကိုယ့်ဉာဏ်နဲ့ဖြတ်တာပဲဆိုတာ မှတ်ကြ၊ သဘောပါကြပလား။ ဒီတော့ ဒကာဒကာမတွေ ကိုယ့်ဒုက္ခစက်ကို ကိုယ်တိုင်ဖြတ်နိုင်အောင် ကြိုးစားရမယ်၊ မပြတ်ပြတ် အောင် ဖြတ်တော့မယ်လို့သာ ဆုံးဖြတ်ချက် ချလိုက်ကြ၊ သဘောပါရဲ့လား။

ဘုရားဟာ သူ့ပဋိစ္စသမုပ္ပါဒ်ကို သူများဖြတ်ပေးလို့ ဘုရားဖြစ်တာလား၊ သူများက ဖြတ်ပေးတာလား၊ ရှင်သာရိ ပုတ္တရာ၊ ရှင်မဟာမောဂ္ဂလာန်တို့က ဖြတ်ပေးတာလား၊ မဟုတ်ပါဘူး၊ သူ့ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် သူ့ဉာဏ်နဲ့ဖြတ်လို့ ဘုရား ဖြစ်လာတာပဲ၊ သူ့ပဋိစ္စသမုပ္ပါဒ်ကို သူ့ကိုယ်ပိုင်ဉာဏ်နဲ့ဖြတ်လို့ ပြတ်တာပဲဆိုတာ ရိပ်မိကြရဲ့လား။

ဒါကြောင့် ဒကာဒကာမတွေ ကိုယ့်ဉာဏ်ကိုယ် အားကိုးကြပါလို့ အထူးသတိပေးလိုက်ပါတယ်၊ ကိုယ့်ဉာဏ်ကိုယ် အားကိုးပြီး ကိုယ့်သန္တာန်မှာတန်းတဲ့ ပဋိစ္စသမုပ္ပါဒ်ကို ဖြတ်ရမယ်၊ ကိုယ့်သံသရာ ကိုယ်ဖြတ်ရမယ်ဆိုတာ မှတ်ကြ၊ သူများနဲ့ မဆိုင်ဘူး၊ သူများဖြတ်ပေးလို့မရဘူး၊ ကိုယ့်သံသရာကို ကိုယ့်ဉာဏ်နဲ့သာ ဖြတ်ရမှာ၊ ကိုယ့်အရေးကို ကိုယ်ကြီးကြ၊ သဘောပါကြပလား။

အခုဉာဏ်နဲ့ဖြတ်ရင် အခုသောတာပန်တည်တာပဲ

ကိုယ့်သန္တာန်မှာ အခုပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ်ကို အခုဉာဏ်နဲ့ဖြတ်ရင် အခုသောတာပန်တည်တာပဲ၊ ရှင်းပလား။ ဘာမှသံသယမရှိကြနဲ့၊ ကိုယ်တိုင်လုပ်ရင် ကိုယ်ပိုင်ရမယ်ဆိုတာ ပြောလိုက်ပါတယ်၊ ဒီအဓိပ္ပါယ်စကားတွေကို အရမ်းပြော နေတာမဟုတ်ဘူး၊ ဘုရားပါဠိတော်တွေကို ကျမ်းညှိပြီး တိတိကျကျပြောပြနေတယ် ဆိုတဲ့အချက် အလေးအနက်မှတ်ယူပြီး လိုက်နာကြ။

ဒါကြောင့် ကိုယ့်ခန္ဓာအစဉ် ရှေ့ပိုင်းက ဒုက္ခကို နောက်ကမဂ်နဲ့ဖြတ်ရမယ်၊ ရှေ့ကဒုက္ခကို နောက်မဂ်နဲ့ဖြတ်နိုင် ရင် အေးတာပဲ၊ ဒကာဒကာမတို့အဖို့ရာ အခုအနေမှာ ညွှန်ပြနိုင်တဲ့ ညွှန်ပြပေးမယ့် ဆရာသမားနဲ့တွေ့ရကြုံရတာမို့ ဘာမှ အားမငယ်နဲ့တော့၊ နောက်က ဖြောင့်ဖြောင့်မတ်မတ်သာ လိုက်မယ်ဆိုတဲ့စိတ်ကို ထားကြ၊ သဘောပါကြရဲ့လား။

ကိုယ့်စိတ်အစဉ်တန်းတာ ကံမရောက်စေဖို့ အရေးကြီးတယ်ဆိုတာမှတ်ကြ။ စိတ်အစဉ်ပေါ်လာရင် ကံရောက် အောင် မတန်းစေနဲ့၊ ကံမရောက်ခင်မှာ ပြတ်အောင် ဉာဏ်နဲ့ဖြတ်ရမယ်၊ ရှင်းပလား။ ဘုရားရဟန္တာတွေဟာ ဒီလိုဖြတ်လို့ ပြတ်ရတာပဲ၊ သဘောပါကြရဲ့လား။ ဒကာတို့က လုပ်တတ်ကြတယ်၊ ဒါနအစ၊ သီလအလယ်၊ ဘာဝနာနောက်ဆုံးတဲ့၊ အဲဒီလိုသာ လုပ်နေရင် ဂွကျမယ်ဆိုတာ မှတ်ကြ။

ရှေးမူအမှားတွေကို ဖျောက်ပစ်ကြ

ဒကာဒကာမတို့ ရှေးမူအမှားတွေကို ဖျောက်ပစ်ကြ၊ ဒါနအစ၊ သီလအလယ်ဆိုပြီး ဒီကြားထဲသေသွားရင် ကိုယ်ကျိုးမနည်းပေဘူးလား။ သေမင်းနဲ့များ ကတိစာချုပ် လုပ်ထားတာ ရှိနေကြလို့လား။ သူများစကား နားမယောင်ကြနဲ့၊ ကိုယ်ကျိုးနည်းမကြုံချင်ရင် အခုစိတ်ကူးပေါ်ရင် အခုလုပ်ကြ၊ အခု ရှေ့စိတ်ကို နောက်စိတ်မဂ်ဉာဏ်နဲ့ လိုက်ပေးကြ။ ရှေ့ဖြစ်ပျက်ဒုက္ခကို နောက်ဉာဏ်မဂ်က ဖြတ်ပေးကြ၊ ရိပ်မိကြပလား။

ဒကာဒကာမတို့ မနေ့ကပြောခဲ့တဲ့ ဘုရားဖွားဖက်တော် ရှင်ဆန္နဟာ ဝိပဿနာရှုတာ အနှစ် ၄၀ ကျော်ကြာပေ မယ့် ဘာမှမဖြစ်တာဟာ ဒိဋ္ဌိမကွာလို့ဘဲဆိုတဲ့အချက်ကို မှတ်မိကြပြီ၊ အဲဒီတော့ ဝိပဿနာရှုမယ့်ကြံရင် ဒိဋ္ဌိအရင်ခွါရ မယ်၊ ဒိဋ္ဌိခွါမယ့်ကြံတော့လဲ ကိုယ့်ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ်ကို သိထားရမယ်ဆိုတာ ပြောခဲ့ပြီးပြီ၊ မှတ်မိကြရဲ့လား၊ အဲဒီလို အစဉ်မှန်မှသာ ဝိပဿနာလုပ်လို့ဖြစ်မယ်၊ ဒီအစဉ်မမှန်ရင် နိဗ္ဗာန်မရနိုင်ဘူးဆိုတာ မြဲမြဲမှတ်ထားကြ။

ဒီနေရာမှာ ဒကာဒကာမတွေအတွက် ပဋိစ္စသမုပ္ပါဒ်ကို ရှင်းလင်းပြောပြမယ်၊ တရားနာအသစ်တွေကလဲပါ၊ နာပြီးသားတွေအတွက်လဲ ပိုပြီးရှင်းလင်းသွားအောင် ကြိုးစားပြီးနာယူကြ၊ ဥပမာ-အခု တရားနာနေရင်းက အိမ်ပြန်ပြီး စဉ်းစားလိုက်တယ်ဆိုပါတော့ “တံခါးပိတ်ခဲ့မိရဲ့လား၊ ကလေးတွေကော အိပ်မှ အိပ်ပါ့မလား၊ နေမှကောင်းပါ့မလား” ဆိုပြီး စဉ်းစားစိတ်ကလေး ပေါ်လာတယ် ဆိုကြစို့၊ အဲဒါ အိမ်တွေးစိတ်ကလေး ပေါ်တာပဲလို့ မှတ်ကြ။

တွေးလုံးအစဟာ ပဋိစ္စသမုပ္ပါဒ်အစပဲ

ဒီစိတ်ကလေးပေါ်တာဟာ ပဋိစ္စသမုပ္ပါဒ် အလိုဆိုရင် အစပေါ်လာတာပဲလို့ မှတ်လိုက်ကြ။ တွေးလုံးအစဟာ ပဋိစ္စသမုပ္ပါဒ်အစပဲဆိုတာ မှတ်ထားကြ၊ ရှင်းကြရဲ့လား။ ဒီတွေးလုံးဟာ ဝိညာဏ်ပဲ၊ ဒီဝိညာဏ်က မနောမှာပေါ်လို့ မနောဝိညာဏ်ဆိုတာမှတ်ကြ၊ ဒီလိုတွေးမိတော့ ဘာဖြစ်သလဲ၊ စိတ်မချတာလာတယ်၊ ဒီစိတ်မချတာဟာ ဒေါသကလေးပဲ၊ စိတ်မချနိုင်တဲ့ ဒေါသလေးဟာ ဟဒယဝတ္ထုမှာ ပေါ်လာတယ်၊ ရိပ်မိပလား။

ဒီစိတ်မချမှုလေးဟာ တွေးလုံးနောက်က တွေးလုံးချုပ်ပြီးမှ ပေါ်လာတာပဲ၊ တွေးလုံးချုပ်တော့ စိတ်မချမှုပေါ်၊ စိတ်မချမှု ချုပ်ပြန်တော့ နောက်က စိုးရိမ်မှု သောကလာတယ်၊ စိတ်မချမှု ဒေါသချုပ်ပြီးမှ သောကလာတာ၊ ရှင်းကြရဲ့ လား၊ ဒါဟာ ဒကာဒကာမတွေရဲ့ ဖြစ်စဉ်ပဲ၊ ဘယ်သူ့ဖြစ်စဉ်မှမဟုတ်ဘူး၊ စိုးရိမ်မှုနောက်က မျက်ရည်လည်လာရင် အဲဒါ ဒုက္ခ၊ ဒေါမနဿ၊ သောက၊ ပရိဒေဝတွေ လိုက်လာတော့တာပဲ၊ သဘောပါပလား။

ပဌမတွေးလုံး၊ နောက် စိတ်မချမှု၊ နောက် စိုးရိမ်မှု၊ နောက်မျက်ရည်လည်၊ တခုချုပ်တော့ တခုလာတာပဲ၊ ရှင်းကြရဲ့လား။ ဒါတွေဟာ ဘာတွေလဲလို့မေးရင် ပြောတတ်ကြပလား။ ဒကာတို့သန္တာန်မှာ အခုပေါ်လာတဲ့ စိတ်အစဉ် တွေပဲ၊ ဒီတော့ ဒီထဲမှာ ပုဂ္ဂိုလ်၊ သတ္တဝါမပါဘူး၊ ငါလဲမပါ၊ သူလဲမပါပါဘူး၊ ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ်တန်းပဲ၊ ယောက်ျားလဲ မပါ၊ မိန်းမလဲမပါပါဘူး၊ ဒကာဒကာမတွေ ရှင်းကြရဲ့လား။

ဉာဏ်မအုပ်နိုင်ရင် ဒီအထဲမှာ ဒိဋ္ဌိသုံးမျိုး ကိန်းတယ်

ဒကာဒကာမတို့ အခု တွေးလုံးကလေးက ပဋိစ္စသမုပ္ပါဒ် စလိုက်တာ ရိပ်မိကြပလား။ ဒီအပေါ်မှာ ဉာဏ်အုပ်နိုင် ရင်အုပ်နိုင်၊ မအုပ်နိုင်ရင် ဒီအထဲမှာ ဒိဋ္ဌိသုံးမျိုး ကိန်းတယ်ဆိုတာ မှတ်ကြ၊ တွေးတာငါပဲ၊ ငါတွေးတာ၊ ငါဒေါသဖြစ်တာပဲ တဲ့။ အဲဒါ သက္ကာယဝင်တာပဲ၊ ရိပ်မိပလား။ သက္ကာယဝင်တာဟာ ဒီအစဉ်တခုချုပ် တခုဖြစ်တာကို သတိမထားမိလို့ ဖြစ်ရတာပဲ၊ ဒီအစဉ်ဖြစ်တာ ဉာဏ်ထဲမှာ မသိလိုက်လို့ ဖြစ်တာပဲ။

ပဌမပေါ်လာတာ ဓမ္မကလေးပဲ၊ ဒုတိယပေါ်တာလဲ ဓမ္မ၊ တတိယဟာလဲ ဓမ္မ၊ စတုတ္ထလဲ ဓမ္မပဲ၊ ဓမ္မတခု ပေါ်ပြီးချုပ်လိုက်၊ နောက်တခုပေါ်လိုက်၊ တခုချုပ်လိုက် တခုပေါ်လာလိုက်၊ ချုပ်တာကအကြောင်း၊ ပေါ်တာကအကျိုး၊ ရှေ့ကအကြောင်း၊ နောက်ကအကျိုး၊ ဒီလို အကြောင်းအကျိုး ဆက်နေတာပဲရှိတယ်၊ ဒါကိုသိရင် အကြောင်းအကျိုးသိလို့ ငါမပါဘူး၊ သူမပါဘူး၊ ယောက်ျား၊ မိန်းမလဲ မပါဘူး၊ ဓမ္မတွေလှည့်နေတာပဲလို့သိတယ်၊ ဒီလိုသိတော့ သက္ကာယချုပ်တယ်၊ ရှင်းပလား။

ဘာကြောင့် သက္ကာယပြုတ်သလဲ၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ် နားလည်လို့ သက္ကာယပြုတ်တာပဲ၊ ဒါကို ဉာဏ်နဲ့မြင် ရင် ငါဆိုတာ အစကတည်းကမပါဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်တယ်၊ ရိပ်မိရဲ့လား၊ မိမိသန္တာန် တနေကုန်လှည့်ပတ် နေတာ ဒါမျိုးချည်း လှည့်ပတ်နေတာပဲဆိုတာ မှတ်လိုက်ကြ၊ ဘုရားဟောတာ အမှန်ထား၊ ဘုရားစကားယူပြောတာမို့ ဘုန်းကြီးပြောတာ အမှန်ထား၊ ဒကာတို့အထင်တွေ တခုမှမမှန်လို့ အကုန်ဖြုတ်ပစ်ကြရမယ်၊ သဘောပါရဲ့လား။

ထက်မြက်တဲ့သူကျတော့ ဒီဓမ္မတွေ ကိုပဲ ဟောပြတော်မူတာပဲ

ဒကာဒကာမတွေအထင်က ငါဒေါသဖြစ်တာ၊ ငါသောကဖြစ်တာတဲ့၊ မရှိတာ မမှန်တာ အမှန်၊ အရှိထင်နေကြ တာပါ၊ ဘုရားရှင်က အတိတ်ကိုဆောင်ပြီး ဟောတဲ့အခါ “ဘယ်သူဟာဖြင့် ဘယ်ဘုံဘယ်ဘဝရောက်လေရဲ့” နဲ့ ဟော တော်မူတာဟာ ပါရမီနုသူအတွက် သူနဲ့လျော်ကန်တာ အကျိုးသက်ရာ ဟောရတာပဲ၊ ထက်မြက်တဲ့သူကျတော့ ဒီဓမ္မတွေ ကိုပဲ ဟောပြတော်မူတာပဲဆိုတာ မှတ်ကြ၊ ရိပ်မိကြပလား။

ဒါတွေ နောက်ဆက်မှာ ဘာတွေပါလိမ့်မတုန်း။ မတွေးနဲ့တော့၊ အခုလဲ ဓမ္မတွေပဲ၊ နောက်လဲ ဓမ္မတွေဆက်မှာပဲ၊ ဒီထဲမှာ ငါ မပါပါဘူး၊ ဓမ္မတွေဆက်ပြီး လှည့်ပတ်ဖြစ်နေတာပဲရှိတယ်၊ ဓမ္မအစဉ်ဟာ ဘယ်အခါမှမပြတ်ဘူး၊ အိပ်ပျော် နေတာလဲ ဘဝင်စိတ်တွေ အစဉ်အတိုင်းဖြစ်နေတဲ့ ဓမ္မတွေပဲ၊ အိပ်ရာကနိုးတော့လဲ နိုးစိတ်ပေါ်၊ နိုးစိတ်ကလဲ ဓမ္မပဲ၊ ပုဂ္ဂိုလ်သတ္တဝါမပါ၊ သူ၊ ငါ မပါပါဘူး၊ သဘောပါရဲ့လား။

တွေးတော့ တွေးစိတ်ပေါ်၊ သူလဲ ဓမ္မပဲ၊ ပုဂ္ဂိုလ်၊ သတ္တဝါမပါဘူး၊ ဒါတွေကို သိကြရမယ်၊ သိရင် သက္ကာယပြုတ်ပြီ၊ ရှင်းကြရဲ့လား၊ အသက်ရှင်နေတုန်းလဲ ဒီဓမ္မအစဉ်တွေ လှည့်ပတ်နေတာပဲ၊ သေတော့လဲ စုတိဓမ္မ၊ တဖန် ပဋိသန္ဓေနေ ပြန်တော့ ပဋိသန္ဓေ ဝိညာဏ်ဓမ္မတွေ၊ ဘယ်အခါမဆို နိဗ္ဗာန်မရောက်သေးသမျှ ဒီဓမ္မအစဉ်တွေပဲ လှည့်ပတ်ပြီး ဖြစ် လိုက်ပျက်လိုက် နေရမှာပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိပလား။

ဓမ္မစက်ကြီးလည်တာပဲရှိတယ်

ဒီဘဝက ဟိုဘဝဖြစ်တယ်ဆိုတာ စုတိပြီး ပဋိသန္ဓေစိတ်အစားထိုးပြီး တန်းတာပဲရှိတယ်၊ ပုဂ္ဂိုလ်၊ သတ္တဝါ သွားတာမဟုတ်ပါဘူး၊ ပုဂ္ဂိုလ်သတ္တဝါသွားတယ်ဆိုရင် နဂိုကမှ မရှိတဲ့ဟာ သွားတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့မှတ်ကြ၊ ခန္ဓာအစဉ်တွေမှာ ဓမ္မမှတပါး ဘာမှမရှိ၊ ဓမ္မစက်ကြီးလည်တာပဲရှိတယ်၊ ရိပ်မိကြရဲ့လား။ သံသရာလည်တယ်၊ လည်တယ် နဲ့ပြောကြတာဟာ သံသရာလည်တာ ပုဂ္ဂိုလ်ရယ်လို့ မရှိပါဘူး၊ သံသရာဆိုတာ ဓမ္မတွေ လှည့်နေတာပဲလို့သာ မှတ်ကြ။

ဘုရားဟောတော်မူတဲ့ တရားတွေမှာ ဉာဏ်နုသူဟောတဲ့နည်းက တမျိုး၊ ဉာဏ်ထက်သူဟောတဲ့နည်းက တမျိုး၊ ခွဲခြားပြီး ဟောတော်မူတယ်ဆိုတာ မှတ်ရမယ်၊ ပုဂ္ဂိုလ်အမည်၊ သတ္တဝါအမည်၊ ကပ်ပြီးဟောတာဟာ ဉာဏ်နုန့်သူ ဉာဏ်နုသူ ဟောတာပဲလို့ မှတ်ရမယ်၊ ဉာဏ်ရင့်သူ ဉာဏ်ထက်သူကျတော့ ဓမ္မအစဉ်နဲ့ ဟောတော်မူတာချည်းပဲ၊ ဒကာဒကာမတွေ သဘောပါရဲ့လား။

ဓမ္မနဲ့ဟောတော့ သက္ကာယပြုတ်တယ်၊ ပုဂ္ဂိုလ်အမည်နဲ့ဟောတော့ သက္ကာယဝင်ကပ်တယ်ဆိုတာ မှတ်ကြ၊ ပုဂ္ဂလပုဂ္ဂိုလ်ဆိုတာက သမုတ်မှန်၊ ဓမ္မကမှ ရှိမှန်၊ ပုဂ္ဂိုလ်၊ သတ္တဝါဆိုတာ သမုတ်ထားလို့ အမှန်ခေါ်ရတာ၊ တကယ်ရှိတာ မဟုတ်ဘူး၊ ဓမ္မကမှ တကယ်အဟုတ်ရှိတာမို့ ရှိမှန်၊ မှန်တာပဲ၊ မရှိမှန်နဲ့ ရှိမှန်၊ သမ္မုတိနဲ့ ပရမတ္ထနှစ်မျိုးကို ခွဲခြားပြီးမှတ်ယူ ရမယ်၊ သမ္မုတိနဲ့ ပရမတ္ထ ခွဲခြားမယူတတ်ရင် ဒုက္ခရောက်ဖို့သာ ပြင်ထားကြ၊ ရှင်းပလား။

ဓမ္မအစဉ် ဉာဏ်နဲ့မြင်ရင် သက္ကာယပြုတ်တယ်

ဓမ္မအစဉ် ဉာဏ်နဲ့မြင်ရင် သက္ကာယပြုတ်တယ်၊ သက္ကာယပြုတ်ရင် သဿတနဲ့ ဥစ္ဆေဒပါ ပြုတ်တော့တာပဲ၊ ဒီတော့ ဒီအသိဉာဏ်ကလေးဟာ သာမညမဟုတ်ပါဘူး၊ ဒီဉာဏ်ရရင် အပါယ်တံခါးပိတ်ပြီလို့သာ မှတ်လိုက်ကြ၊ သေး သေးသိမ်သိမ်လို့များ မအောက်မေ့လိုက်နဲ့၊ ဒီဉာဏ်ရတဲ့အခွင့်အရေးဟာ နည်းတဲ့အခွင့်အရေးမဟုတ်ပါဘူး၊ ဒါကြောင့် ဒကာဒကာမတွေ အခွင့်သင့်တုန်းမှာ ရအောင် ကြိုးစားယူလိုက်ကြ။

တွေးမှုကြောင့် ဆွေးမှုလာတယ်၊ ဆွေးမှုလာတော့ တွေးမှုချုပ်သွားတာပဲ၊ ဒါကို ဉာဏ်နဲ့သိအောင်ကြည့်ရမယ်၊ ဉာဏ်နဲ့ကြည့်တော့ တွေးမှုမရှိတာသိရမယ်၊ တွေးမှုမရှိတာသိရတော့ ခိုင်တယ်၊ မြဲတယ်လို့ မယူတော့ဘူး၊ မယူရင် သဿတစင်ပြီ၊ ဒကာဒကာမတို့ အပါယ်ကျတယ်ဆိုတာ ဒိပြင်ဟာကြောင့် ကျရတာမဟုတ်ဘူး၊ ဒီဒိဋ္ဌိတွေကြောင့် ကျရတာပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။

တွေးလုံးရှိလို့ ဆွေးလုံးပေါ်တာ၊ တွေးလုံးမရှိရင် ဆွေးလုံးမလာဘူး၊ အတွေးကြောင့်သာ အဆွေးပေါ်တာပဲလို့ သိရမယ်၊ ဒီလိုသိတာ အကြောင်းအကျိုးဆက်တာ သိရတာပဲ၊ ဒီလိုသိရင် ဥစ္ဆေဒ ဒိဋ္ဌိစင်ပြီ၊ သဘောပါကြပလား။ ဒကာဒကာမတွေ မှတ်မိကြရဲ့လား။ ပြန်ပြီးပြောရမယ်၊ ရှင်းအောင် မှတ်ထားလိုက်ကြ။

သက္ကာယကို အမြန်ဆုံးဖြုတ်ပစ်ကြ

ဓမ္မတွေ အဆက်ဆက်လှည့်နေတာပဲလို့သိရင် သက္ကာယစင်တယ်၊ အတွေးစိတ်ချုပ်တာသိရင် သဿတစင်တယ်၊ အတွေးချုပ်ပေမယ့် အဆွေးစိတ်ကျန်တယ်၊ တခုနဲ့တခု အကြောင်းအကျိုး ဆက်နေကြတာပဲလို့သိရင် ဥစ္ဆေဒစင်တယ်၊ ဒကာဒကာမတွေ အားလုံးမှတ်မိကြပြီ၊ သက္ကာယဒိဋ္ဌိဟာ နှယ်နှယ်ရရမဟုတ်ဘူး၊ သက္ကာယရှိသူမှာ ဒိဋ္ဌိသုံးမျိုးလုံးရှိတယ်၊ ဒါကြောင့် သက္ကာယကို အမြန်ဆုံးဖြုတ်ပစ်ကြလို့ ဘုရားဟောတော်မူတာပဲလို့ မှတ်ကြ။

ဒကာဒကာမတို့ ဒီအရေးဟာ သာမညကြီးတဲ့အရေး မဟုတ်ပါလားဆိုတာ ပေါ်ကြပလား။ သက္ကာယဒိဋ္ဌိက ကြီးထွားလာရင် သဿတဘက် ကူးချင်ကူးမယ်၊ ဒါမှမဟုတ် ဥစ္ဆေဒဘက် ကူးချင်ကူးမယ်ဆိုတာ မှတ်လိုက်ကြ၊ ဒကာ ဒကာမတွေ ပြောဆိုတတ်ကြတယ်၊ “အသက်ထွက်သွားပြီ” တဲ့၊ ဝိညာဏ်၊ လိပ်ပြာကလေးက “နတ်ပြည်သွားပြီ” တဲ့နဲ့ ပြောကြဆိုကြတာဟာ သဿတဒိဋ္ဌိအယူပဲ၊ ရိပ်မိရဲ့လား။

ဘုံဘဝ ပျော်မွေ့တဲ့သူဟာ သဿတရှိတယ်၊ သဿတရှိလို့ ပျော်မွေ့တာပဲ၊ “သေရင်ပြီးတာပဲ၊ ဘဝပြတ်သွားတာ အေးတာပဲ” လို့ ယူတဲ့သူဟာ ဥစ္ဆေဒဒိဋ္ဌိရှိလို့ပဲ၊ ဥစ္ဆေဒရှိသူက ဘဝကို အရမ်းမုန်းတဲ့သူပဲဆိုတာ မှတ်ကြ၊ ဒီသဿတနဲ့ ဥစ္ဆေဒနှစ်ခုက အရမ်းပျော်ခင်တာနဲ့ အရမ်းမုန်းတာ နှစ်ဘက်ဆန့်ကျင်တယ်၊ အရမ်းပျော်နဲ့ အရမ်းမုန်းပဲ၊ သဘောပါကြ ပလား။

ပဋိစ္စသမုပ္ပါဒ်ဟာ ပဌမဆုံးအနေနဲ့ ရှင်းလင်းဖို့

ဒကာဒကာမတို့ ပဋိစ္စသမုပ္ပါဒ်ဟာ ပဌမဆုံးအနေနဲ့ ရှင်းလင်းဖို့ နားလည်ဖို့ အလွန်အရေးကြီးတယ်ဆိုတာ ပြောခဲ့ပြီးပြီ၊ ဒါမရှင်းမလင်းဘဲ နားမလည်ဘဲနဲ့ ဖြစ်ပျက်ရှုနေရင် ဘာဖြစ်တတ်သလဲ၊ ဥပမာ-ဖြစ်ပျက်မြင်လို့ “ဖြစ်ပျက်၊ ဖြစ်ပျက်နဲ့ ဒါပဲကောင်းတယ်” လို့ ယူမိရင် ဥစ္ဆေဒဖြစ်တယ်၊ ဖြစ်ပျက်ကောင်းတယ်ယူရင် ဥစ္ဆေဒရှိတယ်ဆိုတာမှတ်၊ ဒီအယူက နိဗ္ဗာန်သဘောမကျနိုင်ဘူး၊ ရိပ်မိပလား။

ဒကာဒကာမတို့ ရှင်ဆန္နက ဝိပဿနာရှုတော့ ဖြစ်ပျက်တွေကို မြင်နေတာပဲ၊ ဒါပေမယ့် သူက ဖြစ်ပျက်ကို မကြိုက်ဘူး၊ ခိုင်မြဲတာကို ကြိုက်တယ်၊ အဲဒါ သဿတအယူရှိနေလို့ပဲ၊ သဿတရှိသူက ဖြစ်ပျက်မကြိုက်နိုင်ဘူး၊ ခိုင်တာမြဲတာမှ ကြိုက်တာကလား၊ အဲဒီတော့ ရှင်ဆန္နဟာ အပျက်ကလေးတွေ မြင်ပေမယ့် လန့်တယ်၊ နောက် ဘာအား ကိုးရမတုန်းဆိုတာ ပေါ်လာတယ်၊ လန့်တာက သဿတရှိလို့ အားကိုးရှာတာက အတ္တဒိဋ္ဌိရှိနေလို့ပဲ ရှင်းကြရဲ့လား။

ရှင်ဆန္နဟာ ဝိပဿနာရှုတော့ ဓမ္မက ဖြစ်ပျက်ပြပေမယ့် မဂ်မရဘူး၊ မဂ်မရတာဟာ သဿတခံနေလို့ပဲ၊ ဘာလို့ သဿတကခံတာလဲဆိုတော့ ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ပဲ၊ ရိပ်မိကြပလား။ အဲဒီတော့မှ ရှင်အာနန္ဒာက ဒီ ဒိဋ္ဌိခွါတဲ့တရားကို ဟောပြပြီး ဒီအတိုင်း ရှုပေတော့လို့ ပြောတော့မှ ရှင်ဆန္နဟာ တရားထူးရသွားတော့တယ်ဆိုတာ မှတ်ကြ။

ဒိဋ္ဌိပြုတ်ပြီးမှ ဝိပဿနာရှုကြ

ဒါကြောင့် ဝိပဿနာ ရှုချင်တဲ့သူဟာ ဒိဋ္ဌိအရင်ခွါပြီးမှသာ ရှုရမယ်၊ ဒိဋ္ဌိပြုတ်ပြီးမှ ဝိပဿနာရှုကြ ရှင်းပလား။ ရှင်ဆန္နဟာ အနှစ် ၄၀ကျော်ကြာအောင် အဟောသိကံ ဖြစ်နေရရှာတယ်၊ မဂ်, ဖိုလ်မရခဲ့ဘူး၊ အဲဒါ ဘာကြောင့်လဲ၊ သက္ကာယနဲ့ သဿတရှိနေလို့ပဲ၊ ရိပ်မိကြပလား။ အခု ဘုန်းကြီးတို့ ဒကာဒကာမတွေအတွက် အရင်လဲ ရှင်းပြခဲ့ပြီးပြီ၊ ရှင်းသထက်ရှင်းသွားအောင် ထပ်ပြီး ရှင်းပြအုံးမယ်။

ဥပမာ-တွေးလုံးလေးတစ်ခု ပေါ်လာတယ်၊ တွေးတော့ တွေးစိတ်နောက်က ဆွေးလုံးလေး လိုက်လာတယ်။ တွေးလုံးချုပ်လို့ ဆွေးလုံး အစားထိုးတာပဲလို့ မှတ်ကြ၊ နောက်တခါ ဆွေးလုံးနောက်က ပူလုံးလေး လာပြန်တယ်၊ ဆွေး လုံးချုပ်တော့ ပူလုံးအစားထိုးတာပဲ၊ ဒီနောက်က မျက်ရည်ကျတဲ့ ငိုလုံးလာတယ်၊ ပူလုံးချုပ်ပြန်တော့ အစားထိုးလိုက်တာ ပဲ၊ ဒကာဒကာမတွေ ရှင်းကြရဲ့လား။

ဒီ အခုလိုပြောခဲ့တဲ့ တွေးစိတ်၊ ဆွေးစိတ်၊ ပူစိတ်၊ ငိုစိတ်ကလေးတွေဟာ ဘာတွေလဲ၊ ဓမ္မသက်သက်တွေပဲ၊ သူလဲမပါ၊ ငါလဲမဟုတ်၊ ရုပ်နာမ်ဓမ္မသက်သက်ချည်းပဲ၊ ဒီ-ဓမ္မတွေဟာ ဖြစ်လဲဖြစ်တယ်၊ ပျက်လဲပျက်တယ်၊ ဖြစ်ပျက် ဒုက္ခချည်းပဲ၊ ရှေ့ကချုပ်တာလဲ ဒုက္ခ၊ နောက်ကပေါ်လာတာလဲ ဒုက္ခ၊ သံသရာတခုလုံးမှာ ဒီဒုက္ခစက် လည်နေတာပဲရှိတယ်၊ ဒကာဒကာမတွေ သဘောပါကြပလား။

သစ္စာဆိုတာ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ဒုက္ခသစ္စာကို ဆိုတာပဲ

ဒါကြောင့် မတွေးလေနဲ့၊ တွေးချင်ရင် အခုပေါ်တဲ့ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကို တွေးကြ၊ ဘုရားဟောတော်မူတာပဲလို့ ပြောလိုက်ပါတယ်၊ ဘုရားက တွေးချင်းတွေးရင် တခြားဟာမတွေးနဲ့၊ သစ္စာကိုတွေးကြလို့ ဟောတော်မူတယ်၊ သစ္စာဆိုတာ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ဒုက္ခသစ္စာကို ဆိုတာပဲလို့မှတ်ကြ၊ ရှင်းပလား။ ဒကာဒကာမတွေက ဒီလိုမဟုတ်ကြဘူး၊ ပူစရာရှာတွေး၊ ဆွေးစရာရှာတွေးနဲ့ အေးအေးမနေချင်ကြလို့ပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိရဲ့လား။

ဒကာဒကာမတွေ အေးတာ၊ ချမ်းသာတာ၊ ဘာလို့မကြိုက်ကြတာလဲဆိုတော့ ဓမ္မဖြစ်စဉ် သဘောမကျလို့၊ မရိပ်မိကြလို့ပဲဆိုတာ ထင်ရှားတယ်၊ ဓမ္မဖြစ်စဉ် သဘောမကျတော့ နိဗ္ဗာန်ဆိုတာ ဘာမှန်းမသိကြဘူး၊ သူများပြောသံကြား နဲ့ပဲ လမ်းဆုံးနေကြတယ်၊ အဲဒါ ဓမ္မဖြစ်စဉ် သဘောမကျလို့ ဖြစ်ရတာပဲဆိုတာ မှတ်ကြ၊ နိဗ္ဗာန်ဆိုတာ ဒုက္ခအကုန်ချုပ်တာ ဒုက္ခမရှိတာဟာ နိဗ္ဗာန်ပဲ။

နိဗ္ဗာန်ဆိုတာ တွေးလုံးချုပ်လို့ ဆွေးလုံးချုပ်ရင် နိဗ္ဗာန်ပဲ၊ ဒီနိဗ္ဗာန်က ခဏနိဗ္ဗာန်၊ ဒိဋ္ဌနိဗ္ဗာန်လို့ မှတ်ကြ၊ တွေးလုံးကို ဓမ္မာတခုလို့ မှတ်ရမယ်၊ ဒုက္ခဓမ္မတခုပဲလို့ယူကြ၊ ဒီတွေးလုံးကို ဉာဏ်နဲ့ ဖြစ်ဒုက္ခပျက်ဒုက္ခပဲလို့ ရှုကြည့်ရမယ်၊ ဉာဏ်နဲ့ရှုကြည့်ရင် တွေးလုံးနောက် ဆွေးလုံး၊ ပူလုံး၊ ငိုလုံး၊ အကုန်ချုပ်တော့တာပဲ၊ အဲဒါ “ဟဒယသုသီတလေန မဂ္ဂ ဒဿနာ” တဲ့၊ နှလုံးအေးမြစေတဲ့ မဂ်၊ ဝမ်းထဲဝင်လာလို့ ချုပ်တာပဲလို့ မှတ်ကြတော့၊ ရှင်းပလား။

တွေးလုံးပေါ်ရင် ဖြစ်ပျက်ရှုချ

ဒါကြောင့် ဒကာဒကာမတွေ တွေးလုံးပေါ်ရင် ဖြစ်ပျက်ရှုချ၊ တွေးလုံးရှုနိုင်ရင် ဆွေးလုံး၊ ပူလုံး၊ ငိုလုံး အကုန်ချုပ် တာပဲ၊ ဒါတွေချုပ်ရင် ချက်ချင်းအေးတယ်၊ အဲဒါ အခါမလင့် အကျိုးပေးတာပဲလို့ မှတ်လိုက်ကြ၊ အကာလိကောဆိုတာ အခါမလင့် အကျိုးပေးတယ်ပြောတာ ရိပ်မိကြရဲ့လား။ ဒကာဒကာမတို့ ပေါ်လာတဲ့ဓမ္မကို ရှုမိအောင် ရှုပေးကြ၊ လက်မလွတ်ကြစေနဲ့၊ ရှုရင် အခါမဆိုင်းဘူး၊ လက်ငင်း အကျိုးရကြမယ်။

ဉာဏ်နဲ့ ရှုကြည့်တော့ ဓမ္မကိုတွေ့ရမယ်၊ ဓမ္မကိုတွေ့လို့ ဓမ္မကိုသိရင် သက္ကာယစင်ပြီ၊ ဉာဏ်နဲ့ကြည့်လို့ မခိုင်တာ မမြဲတာသိရင် သဿတစင်ပြီ၊ တွေးလုံးချုပ်ရင် ဆွေးလုံးလာတယ်ဆိုတာသိရင် ဥစ္ဆေဒစင်ပြီ၊ ဒါဟာ ပဌမရတဲ့ လက်ငင်း အကျိုးတရားပဲ၊ ရှင်းပလား။ ဒကာဒကာမတို့ သဘောပါကြရဲ့လား။ (၁)က ဓမ္မလို့ သိရမယ်၊ (၂)က မခိုင်တာကို သိရမယ်၊ (၃)က တွေးလုံးချုပ်ရင် ဆွေးလုံးလာတာကို သိရမယ်၊ ဒီလိုသိရင် ဒိဋ္ဌိသုံးမျိုးလုံးချုပ်တယ်၊ ကျေနပ်ပလား။

ဒကာဒကာမတို့ မဂ္ဂင်လမ်းဆိုတာ ခိုင်တဲ့လမ်း၊ ပြတ်တဲ့လမ်း၊ နှစ်ခုတို့ရဲ့အလယ်က သွားတဲ့လမ်းပဲ၊ ခိုင်တဲ့လမ်း က သဿတလမ်း၊ ပြတ်တဲ့လမ်းက ဥစ္ဆေဒလမ်း၊ ဒီသဿတနဲ့ ဥစ္ဆေဒနှစ်ခုတို့ရဲ့ အလယ်က သွားရတာဟာ မဂ္ဂင်လမ်းပဲ ဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြရဲ့လား။ နိဗ္ဗာန်ရောက်ချင်ရင် ဘယ်လမ်းဘက်ကိုမှ မစောင်းစေရဘူး၊ တဘက်ဘက်စောင်း သွားရင် မှောက်မယ်၊ မြုပ်မယ်ဆိုတာမှတ်၊ ဒါကြောင့် အလယ်လမ်း၊ မဂ္ဂင်လမ်းက သွားမှသာ နိဗ္ဗာန်ရောက်မယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။

ရှုကြည့်ရင် လက်တွေ့သိရမယ်

ဒါကြောင့် ခန္ဓာမှာ လာသမျှ ရှုကြရမယ်၊ ဖြစ်ပျက်ရှုတဲ့အလုပ်၊ မဂ္ဂင်အလုပ် လုပ်ကြရမယ်၊ ရှုကြ၊ ရှုကြည့်ရင် “’သောကပရိဒေဝါနံ သမတိက္ကမာယ၊ နိဗ္ဗာနဿ သစ္ဆိကိရိယာယ” တဲ့၊ အဲဒါ သတိပဋ္ဌာန်ပါဠိတော်မှာ ဟောခဲ့တာ။ ရှုကြည့်ရင် သောက, ပရိဒေဝစတဲ့ ဒုက္ခမျိုးစုံ အကုန်ချုပ်မယ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုလဲ ရမယ်၊ နိဗ္ဗာန်လဲ မျက်မှောက်ပြု ရမယ်လို့ ဟောတော်မူတယ်၊ ရှုကြည့်ကြ၊ ရှုကြည့်ရင် လက်တွေ့သိရမယ်။

ဒကာဒကာမတွေ ကျေနပ်ကြရဲ့လား။ ကြိုးစားပြီး ယူထိုက်အောင် ယူလိုက်ကြ။ လွယ်ကူတဲ့ အခွင့်အရေးမျိုး မဟုတ်ဘူးဆိုတာ သတိပေးလိုက်ပါတယ်။ ရိပ်မိကြရဲ့လား။ ရှင်အာနန္ဒာက ရှင်ဆန္နကို နောက်ဆုံးဟောချလိုက်တယ်။ “ငါ့ရှင်ဆန္န ခိုင်တဲ့၊ မြဲတဲ့ သုခလဲမပါဘူး၊ ပြတ်သွားတဲ့အယူလဲ မပါဘူး၊ အဲဒီလိုမပါတာဟာ “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ” လို့ ဘုရားဟောတော်မူတဲ့ မဂ္ဂင်လမ်းပဲ၊ နိဗ္ဗာန်ရောက်ဖို့ရာ တကြောင်းတည်းသော ခရီးလမ်းဆိုတာ ဒီမဂ္ဂင်လမ်းပဲ” လို့ ဟောပြလိုက်တယ်။

အဲဒီတော့မှ အရှင်ဆန္နက “အရှင်ဘုရားနဲ့ တွေ့ရပေလို့၊ အရှင်ဘုရားကယ်တင်ပေးပေလို့ တပည့်တော်မှာ သံသရာဝဋ်က ကျွတ်လွတ်ခွင့်ရပါပြီ၊ အာသဝေါကင်းလို့ ရဟန္တာလဲ ဖြစ်ပါပြီ” ဆိုတဲ့အကြောင်းနဲ့ လျှောက်ထားလိုက် တယ်၊ ဒကာဒကာမတွေ ရှင်းကြရဲ့လား၊ ကြိုးစားလိုက်နာကြလို့ အထူးတလည် သတိပေးတိုက်တွန်းလိုက်တယ်။

ကိုင်း-ယနေ့ ဒီတင်ပဲ တော်ကြစို့၊ အချိန်စေ့သွားပြီ။

**********