ဒုက္ခသိမှ နိဗ္ဗာန်ရ တရားတော်
အထူးမှတ်ရန်
ဦးစွာပဌမ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ရှင်းလင်းမှ၊ ဒုတိယမှာ ဒိဋ္ဌိခွါ၊ တတိယမှာ ဝိပဿနာ ဖြစ်ပျက်ရှု၊ ဤသုံးခု အစဉ်မှန်က နိဗ္ဗာန်ကို ဧကန်ရရှိမည်။
ဆောင်ပုဒ်
ခန္ဓာ့ဖြစ်စဉ်၊ ကြောင်းကျိုးထင်၊ ဉာဏ်ဝင်ပဋိစ္စရှင်း။
ပဋိစ္စမြင်သန်၊ အဇ္ဈတ္တံ၊ ရှုဉာဏ် ဝိပဿ်သွင်း။
ဖြစ်လာပျက်ကြ၊ အနိစ္စ၊ ဉာဏ်က ရုပ်နာမ်တွင်း။
ဒုက္ခစက်သွင်၊ ခန္ဓာခွင်၊ မြဲဖြင် နှိပ်စက်ညှင်း။
ဒုက္ခသိက၊ လွတ်လိုလှ၊ ဉာဏ်က ငြီးငွေ့ပြင်း။
ဖြစ်ပျက်ဒုက္ခံ၊ မဂ္ဂင်ဉာဏ်၊ ဖန်ဖန်ရှုကြည့်ရင်း။
ရှုဖန်များမြောက်၊ မဂ်ဉာဏ်ဖောက်၊ ဆုံးပျောက်ဒုက္ခရှင်း။
ဒုက္ခဆုံးသော်၊ သုခပေါ်၊ အဟော် နိဗ္ဗူချဉ်း။
သတိချပ်
ပဋိစ္စဖြစ်စဉ်၊ ခန္ဓာခွင်၊ ဉာဏ်မြင်ရှင်းပါမှ။
ဉာဏ်မြင်ရှင်းလာ၊ ဒိဋ္ဌိကွာ၊ ရှုရာဝိပဿန။
ရုပ်နာမ်ဖြစ်ပျက်၊ ကြောင်းကျိုးဆက်၊ ပွားတက်ကြီးဒုက္ခ။
ရှုမှတ်ဉာဏ်ဝင်၊ ဒုက္ခမြင်၊ ကွာစဉ် ပပဉ္စ။
ဒုက္ခဇာတ်သိမ်း၊ အပူငြိမ်း၊ အောင်ကိန်းနိဗ္ဗူတ။
ဤတိုင်းရှုလျှင်၊ နိဗ္ဗာန်မြင်၊ အေးခွင်ရောက်မည်ပ။
ပဋိစ္စမသိ၊ ကြီးဒိဋ္ဌိ၊ မသိနိဗ္ဗာန။
အစဉ်လွဲကွာ၊ ချိန်နှောင်းကြာ၊ လိုရာဘိတ်မရ။
နိဗ္ဗာန်ကို တောင်းသာနေကြတယ်
ဒကာဒကာမတို့ ဒီကနေ့မှာ မနေ့ကတရားတော်ကိုပဲ ပြောရလိမ့်မယ်ဆိုတာ မှတ်ကြ၊ နှစ်ည၊ သုံးညဆို သလို ဆက်ပြီးဟောနေတာဟာ ဒကာဒကာမတို့အတွက် အလွန်အရေးကြီးလို့ပဲဆိုတာ မှတ်ကြရမယ်၊ ရိပ်မိကြပလား။
ဒကာဒကာမတို့ ဒကာဒကာမတို့ဟာ ရေတခွက်လှူလှူ၊ ပန်းတပွင့်ပဲလှူလှူ၊ ဆွမ်းတစ်ဇွန်း၊ ဟင်းတခွက်ပဲလှူလှူ၊ ဘာလှူလှူ လှူပြီးတဲ့အခါမှာ နိဗ္ဗာန်ဆု တောင်းကြတယ်၊ မိဘရိုးရာ တောင်းရိုးတောင်းစဉ်မို့ တောင်းတာလား။ နိဗ္ဗာန် ဆိုတာ ဘယ်လောက်ကောင်းတယ်၊ ဘယ်လောက်ချမ်းသာအေးမြတယ်ဆိုတာ ရိပ်မိကြလို့ တကယ်လိုလိုချင်ချင်မို့ တောင်းတာလားလို့မေးရင် ဘယ့်နှယ်ဖြေကြမတုန်း။
ဒကာဒကာမတို့ နိဗ္ဗာန်ကို တောင်းသာနေကြတယ်၊ တကယ်ဆိုတော့ ဧကန်ဧက သဘောကျလို့ လိုလိုချင်ချင်နဲ့ တောင်းတဲ့သူဟာ အလွန်ရှားပါလိမ့်၊ ဒီလိုအမှန်းနဲ့ရမ်းပြီး မိဘရိုးရာမို့ တောင်းနေသူတွေကို “ဘယ့်နှယ်တုန်း” “နိဗ္ဗာန် အခုပို့မယ်၊ အခုလိုက်မလား” လို့ မေးခဲ့ရင် တရာမှာတယောက် မထွက်နိုင်ဘူးဆိုတာ ကိုယ်တိုင်ဆန်းစစ်ကြည့် သိကြရ မယ်၊ ဒါဘာကြောင့်လဲ၊ နိဗ္ဗာန်အကြောင်း မသိလို့ မရိပ်မိသေးလို့ပဲဆိုတာမှတ်ကြ။
ဒီတော့ နိဗ္ဗာန်ဆိုတာ အလွန်ကောင်းပါတယ်ဆိုတဲ့ ပြောသံကြားနဲ့ လမ်းမဆုံးဘဲနဲ့ ကိုယ်တိုင်သိရှိရိပ်မိအောင် ကြိုးစားဖို့လိုတယ်၊ ကိုယ်တိုင်အမှန်သိရမှ ကိုယ်တိုင်ကြိုက်ဖြစ်မယ်၊ ကိုယ်တိုင်ကြိုက်ဖြစ်မှလဲ နှစ်နှစ်ကာကာ လိုလိုချင်ချင်နဲ့ အားထုတ်ချင်စိတ်ပေါက်မယ်၊ ရိပ်မိကြရဲ့လား။ ဒီလိုမဟုတ်ရင် သာမန်ကာလျှံကာ မိရိုးဖလာကြိုက်လုံးနဲ့ အချိန်ဖြုန်းကြရ မှာပဲဆိုတာ သတိပေးလိုက်တယ်။
နိဗ္ဗာန်နားလည်ချင်ရင် ဒိဋ္ဌိကို အရင်ဖြုတ်ရမယ်
ဒါကြောင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ နိဗ္ဗာန်သဘောကျအောင် နိဗ္ဗာန်အကြောင်း နားလည်အောင် ကြိုးစား ကြရမယ်ဆိုတာ မှတ်လိုက်ကြ။ နိဗ္ဗာန်နားလည်ချင်ရင် ဘာလုပ်ရမလဲ။ ဒိဋ္ဌိဖြုတ်ရမယ်၊ ဒိဋ္ဌိပြုတ်မှ နိဗ္ဗာန်ကိုနားလည်မယ်၊ အဲဒါကြောင့် “နိဗ္ဗာန်နားလည်ချင်ရင် ဒိဋ္ဌိကို အရင်ဖြုတ်ရမယ်၊ ဒိဋ္ဌိပြုတ်မှပဲ နိဗ္ဗာန်နားလည်မယ်” ဆိုတဲ့အချက်ကို မြဲမြဲကြီး မှတ်လိုက်ကြ၊ သဘောပါပလား။
ဒကာဒကာမတို့တတွေဟာ ဒါနတွေပြု၊ သီလတွေဆောက်တည်၊ ဘာဝနာကမ္မဋ္ဌာန်းတွေ စီးဖြန်းကြ၊ ပွားများကြ၊ နိဗ္ဗာန်ရောက်ချင်လွန်းလို့ အမျိုးမျိုးလုပ်ကြတယ်၊ လုပ်တာကတော့ နိဗ္ဗာန်ရောက်ချင်လို့ လုပ်တာပဲ၊ ဒါတွေလုပ်လို့ကော နိဗ္ဗာန်ရောက်နိုင်ပါ့မလား၊ မြဲမြဲမှတ်ထားကြ၊ ပဋိစ္စသမုပ္ပါဒ်သဘောမပေါက်ရင် ဒိဋ္ဌိမကွာဘူး၊ ဒိဋ္ဌိမကွာရင် နိဗ္ဗာန်ဘယ် တော့မှ မရနိုင်ပါဘူး-တဲ့၊ ရှင်းကြရဲ့လား။
ပဋိစ္စသမုပ္ပါဒ်နားလည်မှ ဒိဋ္ဌိပြုတ်မယ်
ပဋိစ္စသမုပ္ပါဒ်ကို သဘောမကျရင် ဒိဋ္ဌိမကွာ၊ ဒိဋ္ဌိမကွာရင် နိဗ္ဗာန်သဘောမကျနိုင်ဘူး၊ သဘောမကျသမျှ ဘယ်တော့မှမရဘူးဆိုတာ ဆုံးဖြတ်ချက်ချကြ၊ ဒါကြောင့် နိဗ္ဗာန် သဘောကျချင်ရင် ရှေ့ပိုင်းက ပဋိစ္စသမုပ္ပါဒ် နားလည် ရမယ်၊ ပဋိစ္စသမုပ္ပါဒ်နားလည်မှ ဒိဋ္ဌိပြုတ်မယ်၊ ဒိဋ္ဌိပြုတ်မှလဲ ဝိပဿနာရှုနိုင်မယ်၊ ဒိဋ္ဌိဖြုတ်ပြီး ဝိပဿနာရှုမှသာ နိဗ္ဗာန်သဘောကျပြီး ရနိုင်တယ်ဆိုတာ အသေအချာ မှတ်ထားကြ။
ဒကာဒကာမတို့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ခန္ဓာဖြစ်စဉ်ကိုဆိုတာပဲ၊ ခန္ဓာ့ဖြစ်စဉ်၊ ခန္ဓာ့ပဋိစ္စသဘောကျမှ နိဗ္ဗာန် သဘောကျမယ်၊ ခန္ဓာ့ဖြစ်စဉ်မသိလို့ သဘောမကျရင် နိဗ္ဗာန်မြင်ဖို့နဲ့ ဝေးသေးတယ်ဆိုတာ မှတ်ကြ၊ ခန္ဓာ့ဖြစ်စဉ် သဘောကျဖို့ အခုရှင်းပြရမယ်၊ ဥပမာ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” လို့ တဦးဦးက ရွတ်ဆိုလိုက်တဲ့အခါ မိမိမှာ ကြားစိတ် ကလေးပေါ်လာတယ်၊ ဒီလိုကြားလိုက်ရတော့ “သဘောကျတယ်” “ဝမ်းမြောက်တယ်” ဆိုတဲ့အလုံးကလေး ပေါ်မလာပေ ဘူးလား၊ ပေါ်လာတယ်။
ကြားစိတ်ကတခြား၊ ဝမ်းမြောက်တဲ့စိတ်က တခြား
ဒီအထဲမှာ ကြားစိတ်ကတခြား၊ သဘောကျတဲ့စိတ် ဝမ်းမြောက်တဲ့စိတ်က တခြား၊ သူတို့နှစ်ခု တခြားစီပဲ၊ ရှင်းကြရဲ့လား။ အသံကြားတော့ “ကြားစိတ်” ပေါ်လာတယ်၊ ကြားစိတ်ကလေးချုပ်ပြီးတော့ “သဘောကျစိတ်ကလေး” ပေါ်လာတယ်၊ အဲဒါ ကြားစိတ်သေလို့ သဘောကျစိတ်လို့ မွေးဖွားလာတာဆိုရင် မမှားဘူး၊ ကြားတာဟာ ငါကြားတာ ဟုတ်ရဲ့လား၊ မဟုတ်ပါဘူး၊ ကြားစိတ်ကသာ ကြားတာပါ၊ ငါကြားတာထင်ရင် ကြားစိတ်ချုပ်တော့ “ငါသေပေါ့” လို့သာ အောက်မေ့ကြ။
ဒကာဒကာမတို့ ငါသေတာဟုတ်ရဲ့လား။ ငါသေတာမဟုတ် ကြားစိတ်သေတာပဲ၊ ဒကာတို့ဟာက ကြားတုန်းက တော့ ငါကြားတယ်၊ သေတော့ ငါမပါဘူးဆိုရင် တော်ပါ့မလား၊ နောက်ကို ကြားတဲ့အခါ ငါကြားတယ်ထင်ရင် ကြားစိတ် ချုပ်တော့ ငါသေပေါ့လို့သာ ယူကြတော့၊ သဘောပါပလား။ ဒီလိုယူမှသာ အမှန်ကျတော့မပေါ့။ ဒကာဒကာမတို့ ကြားဆဲမှာ ကြားစိတ်နဲ့ အသက်ရှင်နေတယ်၊ ကြားစိတ်ချုပ်တော့ ကြားသူသေတာဆိုရင် မမှားဘူး၊ ကြားပြီး တစ်၊ နှစ်ဆိုပျက်သွား၊ ကြားစိတ်သေပြီး အစားထိုးလာတာပဲ၊ ရှင်းကြရဲ့လား။
ဖြစ်လဲဖြစ်၊ ပျက်လဲပျက်တယ်
”ဩကာသ၊ ဩကာသ၊ ကာယဝစီ၊ မနောချီလျက်” စတဲ့ ဘုရားရှိခိုးသံကို ကြားလိုက်ရတယ်ဆိုပါတော့၊ ကြားတော့ကြားစိတ်ပေါ် ဒီအသံ ကြည်ညိုဖွယ်ဖြစ်တယ်ဆိုတော့ ကြားစိတ်ချုပ်၊ ကြည်ညိုစိတ် အစားထိုးတာပဲ၊ ရိပ်မိ ပလား။ ဒီတော့ ဒီကြားစိတ်ကလေးဟာ ဖြစ်လဲဖြစ်၊ ပျက်လဲပျက်တယ်ဆိုတော့ ဒုက္ခရောက်သွားတာပဲ၊ ဒုက္ခရောက်သွား တာမို့ ဒုက္ခသစ္စာပဲလို့သာ ဆုံးဖြတ်ချက်ချကြ။
ဒီသဘောအတိုင်းပဲ၊ မြင်စိတ်လာချုပ်သွား၊ နောက်တစိတ်အစားထိုး၊ ကြားစိတ်ပေါ်လာ ချုပ်သွား၊ နောက်စိတ် တခုက အစားထိုး၊ စိတ်တခုပေါ်လာ ဖျတ်ဆိုသေပြီး အစားထိုးတာပဲ၊ ရိပ်မိကြပလား။ စိတ်တခုပေါ်လာပြီး ဖျတ်ဆိုသေ၊ အစားမထိုးရင် သုဿာန်ရောက်မယ်ဆိုတာ မှတ်ကြ၊ သဘောပါပလား။ အစားထိုးတာ သဘောပေါက်ရင် နောက်စိတ် အစားထိုးလာလို့ မသေးသေးတာပဲဆိုတာ ရိပ်မိကြမယ်၊ ဒကာဒကာမတွေ ဒီအစားထိုးစိတ်နဲ့သာ အသက်ရှင်နေကြရတာ ပဲ၊ အစားထိုးရပ်တာနဲ့ သေမှာနဲ့ တချက်ထဲပဲဆိုတာ မှတ်လိုက်ကြ။
ကြားစိတ်ပေါ် ဖြစ်ပြီးပျက်၊ သဘောကျလာတာ ဖြစ်ပြီးပျက်၊ သဘောကျသူတစ်ယောက် သေပြန်တာပဲ၊ ရှင်းပလား။ ဒီတော့ “ကာယဝစီ၊ မနောချီလျက်” ဆိုပြီး ဘုရားရှိခိုးနေတဲ့ လူတစ်ယောက် ဖျတ်ဆို ပျောက်သွားတာပဲ၊ အသံချုပ်၊ ကြားစိတ်ချုပ်၊ ကြည်ညိုစိတ်ချုပ်၊ ချုပ်ပြီးပျောက်သွားတာဟာ အဲဒီလူတစ်ယောက် ဒုက္ခရောက်သွားတာပဲလို့ သာ မှတ်လိုက်ကြ။
ပဋိစ္စသမုပ္ပါဒ်တန်းလေသမျှဟာ ဒုက္ခသစ္စာ
ဒီရုပ်ဓမ္မ, နာမ်ဓမ္မကလေးတွေပေါ်တာ ပျက်မလို့ ပေါ်လာတာ၊ ဖြစ်ဖြစ်ပြီး ပျောက်ပျောက်သွားတာဟာ ဒုက္ခရောက်တာပဲ၊ ဒီလိုဓမ္မမျိုးတွေ ပေါ်သမျှဟာ ဒုက္ခရောက်ဖို့ချည်းပဲဆိုတာသာ မှတ်လိုက်ကြ။ ရိပ်မိကြပလား။ ဒကာဒကာမတို့ ပဋိစ္စသမုပ္ပါဒ်တန်းလေသမျှဟာ ဒုက္ခသစ္စာချည်းပဲ၊ ဒုက္ခရောက်ဖို့ချည်းပဲ၊ ရိပ်မိကြရဲ့လား။ ဒီဟာတွေ အဆက်မပြတ်လို့ တဏှာ၊ ဥပါဒါန်၊ ကံ၊ ကမ္မဘဝပစ္စယာ၊ ဇာတိလာလဲ ဒုက္ခသစ္စာပဲ၊ ရှင်းပလား။
ဒကာဒကာမတွေ သံသရာကြောမှာ ဒီနည်းနဲ့မျောခဲ့မြုပ်ခဲ့ရတာ အစကို မထင်နိုင်ဘူး၊ ဒီဒုက္ခစက်ထဲမှာပဲ တဝဲလည်လည် မြုပ်ခဲ့၊ မျောခဲ့ရတာ၊ ကယ်သူ၊ ဆယ်သူနဲ့ ဝေးခဲ့ရတာ ဒီအတန်းကြီး မဖြတ်နိုင်ကြလို့ပဲဆိုတာ မှတ်ကြ၊ ဒီဒုက္ခတန်းကြီးကို ပြတ်ချင်ပေမယ့်လဲ ဖြတ်တတ်ဖို့အရေးက လိုသေးတယ်၊ ဆရာမကူရင် ဖြတ်တတ်ဖို့ ခဲယဉ်းတယ်၊ ဆရာကူပြီးဖြတ်ပေးမှ၊ ဒါဖြတ်မပေးရင် နောက် ဒုက္ခရောက်မယ့်တရား လာမှာပဲ၊ ရိပ်မိကြပလား။
ဒါကြောင့် နောက်က ဒုက္ခရောက်မယ့်တရားမလာအောင် ပေါ်တဲ့တရားကို ဖြစ်ပျက်ရှုချ၊ ကြားစိတ်၊ သဘောကျ စိတ်၊ စွဲလမ်းစိတ် ဘာလာလာ မိအောင်ရှု၊ တခုမမိ၊ တခုမိအောင် ရှုရမယ်၊ တခုမှ မမိလိုက်ရင် ဒီကမ္မဘဝရောက် မယ်၊ ရောက်လာလဲ ဒီကံကို ဖြစ်ပျက်ရှု၊ ရှုတော့ ကံကဖြစ်ပျက်၊ ရှုတာက မဂ်ပဲ၊ ရှုတော့ နောက်က မဂ်လာတယ်၊ မဂ် လာတော့ နောက်-ဒုက္ခမဆက်တော့ဘူး၊ နောက် ဒုက္ခမဆက်တာဟာ နိဗ္ဗာန်ပဲ၊ ရှင်းကြပလား။ ဒုက္ခသစ္စာမလာတာဟာ နိဗ္ဗာန်ပဲဆိုတာ မှတ်ကြ။
ပေါ်တိုင်း ဖြစ်ပျက်ရှုပေးရမယ်
ဒီလို ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက်ရှုပေးရမယ်၊ ဒီလိုရှုခါမှ မဂ္ဂင်အလုပ် ဘာတွေတဗ္ဗအလုပ်ပဲ၊ မရှုရင်မရဘူး၊ ရှုတော့ အရှုခံတရားက ဖြစ်ပျက်၊ ရှုတဲ့ဉာဏ်က မဂ်ပဲ၊ နောက်လာမယ့် ဒုက္ခသစ္စာကို မဂ်က ဖြတ်ချလိုက်တယ်၊ ဒီလို ရှုတော့ နောက်က ဒုက္ခသစ္စာ မလာပါစေနဲပလို့ ဆုတောင်းဖို့မလိုဘူး၊ ဒုက္ခတွေ အကုန်ပြတ်ပြီး နိဗ္ဗာန်ပေါ်လာတယ်၊ နိဗ္ဗာန်ဟာ ဒုက္ခပြတ်လို့ ချမ်းသာတဲ့တရားပဲ၊ သဘောပါကြပလား။
ဒကာဒကာမတွေ ဒါလောက်ဆိုရင် နိဗ္ဗာန်ကို အတော်အတန် ရိပ်မိကြပြီ၊ ဟုတ်ကြရဲ့လား။ အခုဟာ အပြောနဲ့ အသိနဲ့ပဲ သဘောပေါက်ကြသေးတာ၊ အလုပ်နဲ့ရှင်းမှ ကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင် သိကြရမယ်၊ ဒါကြောင့် ပဋိစ္စသမုပ္ပါဒ် သဘောကျလို့ ဒိဋ္ဌိကွာပြီးရင် ဝိပဿနာရှုကြရမယ်၊ အဲဒီလိုရှုတော့ မဂ်ပေါက်လာတယ်၊ အရှုခံတရားက ဖြစ်ပျက်၊ ရှုဉာဏ်က မဂ်ပဲ၊ ဒါကြောင့် ဒီမဂ်နဲ့ရှုကြလို့ ဘုန်းကြီးက ပြောလို့ ရှုတော့ ဒီက နိဗ္ဗာန်ပေါ်လာတာ၊ ဒုက္ခသစ္စာတွေ မလာတာ၊ ဒုက္ခအဆက်ပြတ်တာဟာ နိဗ္ဗာန်ပဲ။
ဒကာဒကာမတွေ သဘောပါကြပလား။ ဒါကြောင့်မို့ နိဗ္ဗာန်ဟောမယ်ကြံရင် ပဋိစ္စသမုပ္ပါဒ် သဘောပေါက် အောင် အရင်ပြောရတယ်၊ ပဋိစ္စသမုပ္ပါဒ် သဘောကျမှသာ နိဗ္ဗာန်ကို သဘောကျနိုင်မယ်ဆိုတာ ပြောရတာပဲ၊ မိမိသန္တာန် မှာ ပဋိစ္စသမုပ္ပါဒ်တန်းကြီး မပြတ်လှည့်နေတာကို သိရမယ်၊ ဒီပဋိစ္စသမုပ္ပါဒ်စက်ကြီးဟာ ဘုရားက “ဒုက္ခက္ခန္ဓဿ” ကွလို့ ဟောတယ်၊ ဒုက္ခအစုကြီးပဲတဲ့၊ ဒီလိုလာတဲ့ ပဋိစ္စသမုပ္ပါဒ်ကို ဖြစ်ပျက်ရှုတော့ ဒုက္ခစက်ပြတ်တယ်၊ ရှင်းပလား။
ရှုမှတ်ဉာဏ်စိပ်လာလေ ဒုက္ခကျဲသွားလေ ပဲ
ဝိပဿနာရှုနေတာဟာ ဒီအစုတွေ ချုပ်ငြိမ်းအောင် လုပ်ပေးနေတာပဲ၊ ရှုမှတ်ဉာဏ်စိပ်လာလေ ဒုက္ခကျဲသွားလေ ပဲ၊ ဒီမဂ်က အားကောင်းရင် ကောင်းသလောက် ဒုက္ခအစုကို ဖြတ်တောက်ပစ်တယ်၊ ဒီမဂ်က နောက်က ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသဆိုတဲ့ ဒုက္ခတွေ ဖြတ်တောက်ပေးတာပဲဆိုတာ မှတ်ကြ၊ ရိပ်မိ ကြရဲ့လား။ ဒကာဒကာမတို့ ရှုမှတ်မှု မဂ်လာရင်လာ၊ မလာရင် ဒုက္ခအစုပဲ လာစရာရှိတယ်ဆိုတာ မှတ်ကြ။
ဒကာဒကာမတို့ ဒုက္ခချုပ်ရင် မဂ်လာအောင် လုပ်ရမယ်၊ မဂ်အဆက်မပြတ်လာအောင်လုပ်နိုင်ရင် ဒုက္ခ လာခွင့်မရဘူး။ ဒါကြောင့် ဝိပဿနာမဂ်အလုပ်ကို အဖန်ဖန်ပွားရမယ်၊ အဖန်ဖန်ပွားတဲ့မဂ်ပေါ်မှ ဒုက္ခအဆက်ပြတ်မယ်၊ ရှင်းကြပလား။ ပွားမှုအရေးကြီးတယ်၊ ပွားမှရမယ်၊ မပွားရင်မရဘူး၊ ဆုတောင်းရုံနဲ့ မရနိုင်ဘူး၊ ဒါကြောင့် ဆုတောင်း သမားတွေဖြုတ်ကြ၊ ပွားများတဲ့မဂ်အလုပ်လုပ်ကြ၊ ဒါမှ နိဗ္ဗာန်ရနိုင်တယ်၊ ရှင်းပလား။
ဖြစ်ပျက်မြင်ဖို့ အရေးကြီးတယ်
ဝိပဿနာရှုရင် ဖြစ်ပျက်မြင်ဖို့ အရေးကြီးတယ်၊ ဖြစ်ပျက်ဟာ အနိစ္စမို့ ဒုက္ခသစ္စာပဲ၊ ရှေ့ပိုင်းက ဒီဖြစ်ပျက် ဒုက္ခသစ္စာမြင်မှု အရေးကြီးတယ်ဆိုတာမှတ်၊ ဒုက္ခသစ္စာမြင်မှသာ မဂ်ပေါက်မှာ၊ ရှေ့ပိုင်းက ဒီဖြစ်ပျက် ဒုက္ခသစ္စာမြင်လို့ မဂ်ပေါ်တာပဲဆိုတာ မှတ်ရမယ်၊ သဘောပါပလား။ ပဌမ ဒုက္ခသစ္စာမြင်ဖို့ သိဖို့လိုတယ်၊ ပဋိစ္စသမုပ္ပါဒ်တခုလုံးဟာလဲ ဒုက္ခသစ္စာချည့်ပဲ၊ ဒါကိုသိရမယ်၊ မသိရင် မရဘူး၊ ဒုက္ခကိုမြင်မှ သိမှသာ ရမယ်ဆိုတာ မှတ်ကြ။
ဒကာဒကာမတွေ ရှေးက ဘာနဲ့ နေကြရသလဲ၊ မသိကြဘူး၊ ဒီဒုက္ခနဲ့ အမြဲနေခဲ့ကြရတယ်၊ ဘယ်အခါမှ မကွဲ ခဲ့ရဘူး၊ တသံသရာလုံးမှာ ဒုက္ခအဝိုင်းကြီးထဲမှာ လှည့်ပတ်ပြေးနေကြရတာပဲ ရှိတယ်၊ မွေးလိုက်၊ သေလိုက်၊ မွေးလိုက်၊ သေလိုက်၊ မွေးသေဒုက္ခနဲ့ ခွဲခဲ့ရတဲ့ ဘဝရယ်လို့ လုံးဝမပါဘူး၊ ရိပ်မိကြရဲ့လား။ မွေး၊ အို၊ နာ၊ သေတွေက လက်ရိုးဒုက္ခ၊ ဒီထဲ အပိုဒုက္ခ အမျိုးမျိုးတွေက ညှပ်လိုက်တော့ ပြောစရာမရှိတော့ဘူး၊ ဘုရားက ဒုက္ခက္ခန္ဓဿ ဒုက္ခအစုကြီးဆိုတာ အဲဒါပဲလို့ မှတ်ကြ။
ဒကာဒကာမတို့ နိဗ္ဗာန်ရချင်ရင် ဒီဒုက္ခအစု ပဋိစ္စသမုပ္ပါဒ်ပြတ်အောင် လုပ်ရမယ်။ ပြတ်အောင်လုပ်ဖို့ဆိုပြန် တော့လဲ မိမိခန္ဓာအစဉ်မှာ ဒုက္ခတန်းကြီးပါလား။ ဒုက္ခအစုကြီးပါကလားဆိုတဲ့ ဒုက္ခအမှန်သိတဲ့ဉာဏ် ရဖို့လိုတယ်။ အဲဒီလို ဒုက္ခအစုပဲလို့ ဉာတပရိညာစခန်းကနေပြီး အစဉ်အတိုင်း တက်ရမယ်၊ တက်ဆို ဝိပဿနာရှုပြီး မဂ္ဂင်လုပ်ငန်းနဲ့ တက်ရမှာပဲ၊ ဒါကြောင့် နိဗ္ဗာန်ရချင်ရင် ပဌမ ဒုက္ခသိရမယ်ဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။
ပဌမဒုက္ခမြင်ဖို့ သိဖို့ပဲ
ဒုက္ခမသိဘဲနဲ့ သုခနိဗ္ဗာန်ရချင်တယ်ဆိုရင် ဟုတ်ကို မဟုတ်သေးဘူး၊ နိဗ္ဗာန်ကြိုက်တာ ရမ်းကြိုက်ပဲဆိုတာ မှတ်ကြ၊ ကိုယ်တိုင်ကြိုက်ဖြစ်မှ သဘာဝကျတယ်၊ ကိုယ်တိုင်ကြိုက်ဖြစ်အောင် ပဌမဒုက္ခမြင်ဖို့ သိဖို့ပဲ၊ ဒုက္ခဆိုတာလဲ တခြားမှာမဟုတ်ဘူး၊ ဒုက္ခသစ္စာဆိုတာ မိမိခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်ပဲဆိုတာ မှတ်လိုက်ကြ၊ ရှင်းပလား။
ပဋိစ္စသမုပ္ပါဒ်မသိတော့ ဒိဋ္ဌိအုပ်ချုပ်ခံနေရတယ်၊ “ခင်ဗျား ဒါလေးကို မြင်ဘူးသလား” “ငါမမြင်ဖူးဘူး”တဲ့၊ ဘယ်သူ့ကို သိသလားဆိုတော့ ငါမသိဘူး-တဲ့။ ဘယ်နေရာမဆို ဒိဋ္ဌိအုပ်ချုပ်မှု မလွတ်ဘူး၊ မြင်တာ ငါမြင်တာ၊ ကြားတာလဲ ငါ၊ သိတာလဲ ငါ၊ ဒီ ငါတွေလာတာ ဒိဋ္ဌိအုပ်ချုပ်လို့ပဲ၊ သဘောပါကြပလား။ ဒီ ဒိဋ္ဌိတွေပြုတ်အောင် ကြိုးစားကြ၊ ပဌမ ညာတ၊ ဒုတိယ တိရဏ၊ တတိယ ပဟာန၊ ကြိုးစားရမယ့် အလုပ်ချည့်ပဲ၊ ရိပ်မိပလား။
ဒကာတို့ဟာက ကြိုးစားလုပ်ရတဲ့အလုပ်ကို ဘုရားရှေ့သွားပြီး ဆုတောင်းနေကြတယ်။ ဪ-ရတဲ့ဆုတောင်း အလုပ်မဟုတ်ဘူး၊ ဉာဏ်နဲ့လုပ်ရမယ့်အလုပ်ပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။ ပဋိစ္စသမုပ္ပါဒ် ဒုက္ခသစ္စာမမြင်၊ မြင်အောင်ကြည့်ရတဲ့ အလုပ်ပဲလို့ ဆုံးဖြတ်ချက်ချကြ၊ နိဗ္ဗာန်ရချင်တယ်ဆိုရင်၊ ပဋိစ္စသမုပ္ပါဒ် ဒုက္ခသစ္စာသိပြီးလိုချင်မှ နိဗ္ဗာန် လိုချင်၊ ရချင်တာ အစစ်ပဲဆိုတာ သဘောပါပလား။
ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ဒုက္ခသစ္စာမသိရင်
ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ဒုက္ခသစ္စာမသိရင် နိဗ္ဗာန်ရည်မှန်းပေမယ့် မရဘူး၊ ဒုက္ခမြင်မှသာ မဂ်ပေါ်မယ်၊ ရှင်းကြရဲ့ လား။ ဘုရားရှင်က ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ပဋိစ္စသမုပ္ပါဒ်ကို အပြန်ပြန်သုံးသပ်တော်မူပြီး ငါနေခဲ့တာဟာ ဒုက္ခနဲ့နေခဲ့ တာပဲ၊ ဒုက္ခနဲ့နေခဲ့တာသိပြီး ဒုက္ခချုပ်လို့ ဘုရားဖြစ်တာပဲလို့ မိန့်တော်မူတယ်၊ ဒကာဒကာမတွေ ကျေနပ်ပလား။ ဘုရားဖြစ်တာ ပဋိစ္စသမုပ္ပါဒ် ဆုံးလို့ဖြစ်တာ၊ ဒါကြောင့် မဂ်ဉာဏ်ရချင်ရင် ပဋိစ္စသမုပ္ပါဒ်ဆုံးအောင် လုပ်ရမယ်ဆိုတာ ပေါ်ပလား။
ပဋိစ္စသမုပ္ပါဒ်က အစဉ်မပြတ် ခန္ဓာမှာတန်းနေတယ်၊ ဒီ-ပဋိစ္စသမုပ္ပါဒ် ခန္ဓာပြတ်အောင် ရှုရမှာ၊ ဘုန်းကြီးက ရှုတဲ့နည်းပေးလို့ နည်းရရင် ကြိုးစားအားထုတ်ကြ၊ အချိန်မရွေ့နဲ့၊ နက်ဖြန်မှ ဘယ်ရက်မှလို့ မဆွဲနဲ့၊ ဆွဲရင် မဟာအလွဲတော် ကြီးနဲ့ ကြုံရမယ်ဆိုတာ ယုံမှားမရှိကြနဲ့၊ သေချာတယ်၊ ဘုရားက အခုကြိုးစားရင် အခုရရမယ်လို့ ဟောတယ်၊ နောက်မှ ရမယ်လို့မဟောဘူး၊ ရှင်းပလား။
ကိုင်း-ရှုနည်း ပြောကြစို့၊ ဒကာဒကာမတို့ ခန္ဓာမှာ စားချင်တဲ့စိတ်ကလေးပေါ်လာတယ်၊ စားချင်လို့စားတော့ ကောင်းတယ်ဆိုတာ လာချင်လဲလာမယ်၊ ဆိုးတယ်ဆိုတာ လာချင်လာမယ်၊ မြင်စိတ်လာလဲ မြင်တယ်၊ ကောင်းတယ်၊ ဆိုးတယ် စတဲ့ ရုပ်နာမ်အစဉ်တွေဟာ အမြဲတမ်း တန်းပြီးဖြစ်နေတာပဲရှိတယ်၊ ဒီလိုရုပ်နာမ်အစဉ်တွေ သိမ်းတာက နိဗ္ဗာန်ခေါ်တာပဲ၊ ရှင်းပလား။
ဖြစ်ပြီးပျက်တာချည်း တွေ့ရမယ်
အဲဒီတော့ ခန္ဓာမှာ ဘာစိတ်ပေါ်ပေါ် ပေါ်လာတာ ဖြစ်ပျက်ရှုရမယ်၊ ဥပမာ စားချင်တဲ့စိတ်က ပေါ်လာတာ ဖြစ်ပျက်ရှုရမယ်၊ ဥပမာ စားချင်တဲ့စိတ်ကပေါ်လာ အစာကိုလှမ်းယူလိုက်တော့ စားချင်စိတ်ချုပ်၊ လှမ်းယူစိတ်ပေါ်၊ စားလိုက်ပြန်တော့ စားသိစိတ်ပေါ်၊ လှမ်းယူစိတ်ချုပ်၊ မြိုချတော့ စားသိစိတ်ချုပ်၊ မြိုသိစိတ်ပေါ်၊ အဲဒီနည်းအတိုင်း ဘာပေါ်ပေါ် တခုခုမိအောင် ရှုပေးရမယ်၊ ရှုဉာဏ်နဲ့ကြည့်တော့ စိတ်ကလေးတွေဟာ ဖြစ်ပြီးပျက်တာချည်း တွေ့ရမယ်၊ ရှင်းကြရဲ့လား။
အဲဒီလို ရှုဉာဏ်ဝင်တော့ စိတ်ကလေးဖြစ်ပျက်၊ ရှုတာက မဂ်ပဲ၊ ဒီဖြစ်ပျက်အစဉ်မှာ ဉာဏ်မြင်နဲ့ ပိုင်းခြားနေရ မယ်၊ ရှေ့က ဖြစ်ပျက်ဒုက္ခသစ္စာ၊ ဒါကို မဂ်နဲ့ပိုင်းခြားတော့ ဒုက္ခမဆက်ဘူး၊ ဒီလို ဒုက္ခမဆက်အောင် မဂ်က လုပ်ပေးတာ ပဲ၊ ဒုက္ခမဆက်အောင် မဂ်ကလုပ်တော့ ဒီဘက်က နိရောဓပေါ်တယ်၊ အဲဒါကြောင့် “ဒုက္ခနိရောဓေါ နိဗ္ဗာနံ” လို့ ဟောတော်မူတာလို့ မှတ်ကြ။
ဒကာဒကာမတွေဟာ နဂိုက ဒုက္ခသစ္စာနဲ့ အသက်ရှင်ပြီး နေကြရတယ်၊ အခု မဂ်အလုပ်လုပ်တော့ မဂ်နဲ့ အသက်ရှင်နေတာပဲ၊ ရိပ်မိကြပလား။ မဂ်နဲ့ အသက်ရှင်နေရရင် ဒီဘက်က ဒုက္ခကို ဒုက္ခလို့သိရမယ်၊ ဒုက္ခချုပ်တာလဲ ချုပ်တယ်လို့ သိရမယ်၊ သူ့ဒုက္ခမရှိတာလဲ သိရမယ်၊ အဲဒီလိုသိနေ၊ မြင်နေရင် စုတိကျတဲ့အခါ ဒုက္ခမရှိရာ ရောက်မှာပဲ၊ ရှင်းပလား။ ရှင်တုန်းမှာ ဒုက္ခမရှိတာ မြင်နေတယ်၊ သေတော့ ဒုက္ခမရှိရာ ရောက်တာပဲ။
ဒုက္ခမသိရင် ဒုက္ခလွတ်ရာ နိဗ္ဗာန်မရောက်နိုင်ဘူး
ဒကာဒကာမတို့ ဒုက္ခမှ မသိတဲ့သူဟာ ဒုက္ခလွတ်ရာ နိဗ္ဗာန်မရနိုင်ဘူးဆိုတာ မြဲမြဲမှတ်ကြ၊ ဥပမာဆိုရင် ထောင်ကျနေတဲ့သူဟာ သူ့ကိုယ်တိုင်က ထောင်ကျနေတာ၊ ကျမှန်းမသိရင် လွတ်ချင်တဲ့စိတ် လာနိုင်ပါ့မလား။ မလာနိုင် ပါဘူး၊ ဒီဥပမာ အတူပါပဲ၊ မိမိမှာ ဒုက္ခရှိနေတာ၊ ဒုက္ခရောက်နေတာ၊ ရောက်မှန်းမသိသေးရင် ဒုက္ခလွတ်လိုတဲ့စိတ် မလာနိုင်ပါဘူးဆိုတာ ပေါ်ပလား။ ဒုက္ခမသိရင် ဒုက္ခလွတ်ရာ နိဗ္ဗာန်မရောက်နိုင်ဘူး၊ ရှင်းပလား။
နိဗ္ဗာန်ဆိုတာဟာ ဒုက္ခပြတ်သွားတဲ့သဘော၊ ဒုက္ခတွေ ပြတ်သွားတဲ့သဘောဟာ နိဗ္ဗာန်ပဲ၊ တချို့က နိဗ္ဗာန်ဆိုတာ ဘာမှမရှိဘူးတဲ့၊ လေလိုပဲတဲ့၊ ထင်မိထင်ရာ ပြောတတ်ကြတယ်၊ ဘာမှမရှိတာမဟုတ်ဘူး၊ ဒုက္ခမရှိတာဟာ နိဗ္ဗာန်ပဲလို့ မြဲမြဲမှတ်ကြ၊ ဒုက္ခတွေပြတ်ပြီး သုခသက်သက်သာ ရှိတယ်၊ ဒါကြောင့် နိဗ္ဗာန်ဟာ သုခသက်သက်သာ ရှိတယ်ဆိုတာ မှတ်ထားကြ၊ ရှင်းကြပလား။
ဒီတော့ နိဗ္ဗာန်ရောက်ချင်ရင် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကို သိရမယ်၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် သဘောကျမှသာ နိဗ္ဗာန်ရောက် မယ်ဆိုတာ ရိပ်မိကြပလား။ ဒုက္ခကို ဘယ်လိုသိရမလဲဆိုရင် ခန္ဓာမှာ အခုပေါ်တာကို အခု ဒုက္ခသစ္စာလို့ သိရမယ်ဆိုတာ မှတ်ကြ။ ခန္ဓာမှာ ပေါ်ဆဲပေါ်ဆဲကို ဒုက္ခပဲလို့ သိရမယ်၊ ဒီလိုသိတော့ အခုပေါ်တာက ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ၊ ဒါကြောင့် ပေါ်လာသမျှ ရှုပေး၊ ဒုက္ခနောက်က မဂ်လာပစေ၊ ဒုက္ခနဲ့မဂ် တန်းစေရမယ်။
ဒီဘဝမှာတင် နိဗ္ဗာန်မြင်အောင် အားထုတ်ကြပါ
ဒကာဒကာမတို့ ဘုန်းကြီးက စေတနာထားပြီး ထူးထူးခြားခြားပဲ တိုက်တွန်းလိုက်ပါတယ်၊ ဒီဘဝမှာတင် နိဗ္ဗာန်မြင်အောင် အားထုတ်ကြပါလို့၊ ဒီအချိန်မှာမှရအောင် မကြိုးစားလို့ တခါလွဲရရင် ကိုယ်ကျိုးနည်းပေါ့လို့သာ မှတ်ကြတော့ပဲ၊ ဥပမာအားဖြင့်ဆိုရင် “လူတစ်ယောက် ရွှံံ့ဗွက်ထဲက တက်လာပြီး ရွှံံ့ဗွက်ထဲပြန်ဆင်းသွား၊ နောက်တခါ ပြန်တက်ပြီး တခါပြန်ဆင်းနဲ့ ရွှံ့ဗွက်ထဲပဲ တက်ချီဆင်းချီလုပ်နေတာ ဘေးကမြင်ရတော့ ဘယ့်နှယ်ပြောမလဲ။
”ဪ-သူ့ခမြာ သနားပါတယ်၊ ဒီအဖြစ်က လွတ်ပါစေ၊ ဒီဝဋ်က ကျွတ်ပါစေ” ဆိုပြီး ဆုတောင်းနေကြမှာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလူကအရူးကိုး၊ အရူးမို့ ဘေးလူတွေက သနားလို့ ဒီဝဋ်က လွတ်ရှာပါစေ၊ ကျွတ်ရှာပါစေနဲ့ အောက်မေ့ကြ၊ ဆုတောင်းကြတယ်၊ ဘာကြောင့်လဲ၊ အကောင်းကကြည့်တော့ အရူးမှန်းသိရလို့ သနားလို့ပဲဆိုတာ ပေါ်ကြပလား။
ဒီဥပမာအတိုင်းပါပဲ၊ ဒကာတို့တတွေဟာ ပဋိသန္ဓေနေလိုက်၊ တခါသေပြီး ပဋိသန္ဓေ ပြန်နေလိုက်၊ ဒီလိုနဲ့ အဖန်ဖန် ပဋိသန္ဓေနေကြရတယ်။ အဲဒီလိုနေရတာကို ဘုရားရှင်က ဒီဥပမာအတိုင်း မြင်တော်မူတယ်၊ ဒကာတို့ဟာ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏဆိုတဲ့ ရွှံ့ဗွက်တွေထဲပဲ ထပ်ပြန်တလဲလဲ ဆင်းနေကြရှာတယ်၊ ဒီဘဝဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ၊ ရွှံ့ဗွက်ကနေ၊ နောက်ဘဝ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏရွှံ့ဗွက်ထဲ ပြန်ဆင်းရ၊ ဘဝတခုပြီးတခု ဇာတိရွှံ့ဗွက်ထဲပဲ ပြန်ဆင်းနေရတာ ဘုရားကမြင်တော်မူတယ်။
ဘုရား မြင်တော်မူတာဟာ အကောင်းစိတ်နဲ့ မြင်တော်မူတာ
ဘုရား မြင်တော်မူတာဟာ အကောင်းစိတ်နဲ့ မြင်တော်မူတာ၊ အကောင်းစိတ်နဲ့ကြည့်ပြီး မြင်တာပဲဆိုမှတ်ကြ၊ ဒကာတို့ဟာ ဇာတိဗွက်ထဲခုန်ချ၊ ဒီက ပြန်တက်လာ၊ နောက်တခါ ပြန်ခုန်ချနဲ့ ဒီလိုပဲ မြင်တော်မူတယ်၊ ဒီတိုင်းမြင်နေရ တော့ “ဪ-သနားစရာပဲ၊ ဒီလိုဖြစ်နေရတာ ရူးရှာလို့ပဲ၊ ကယ်တင်မှသာ ဒီဝဋ်က ကျွတ်တော့မှာပဲ” ဆိုပြီး ရူးတာကိုသိ လို့ သနားစရာပဲဆိုတာသိလို့ ဘုရားပွင့်တော်မူလာရတာပဲဆိုတာ မှတ်ကြ။
ဘုရားပွင့်တာဟာ ဒကာတို့တတွေ အရူးပျောက်အောင် ကရုဏာနဲ့ ကယ်တင်ပေးဖို့ ကယ်ချွတ်ပေးဖို့ ပွင့်လာ တာပဲဆိုတာ ဆုံးဖြတ်ချက် ချလိုက်ကြ၊ ရိပ်မိကြပလား။ ဒကာဒကာမတွေက အကယ်၍ သွက်သွက်ခါအောင် လူစိတ် ပျောက်အောင် ရူးနေတဲ့သူများတွေ့ရင် “ဝဋ်ကြီးရှာတယ်၊ သူ့ခမြာ ဆရာကောင်း၊ သမားကောင်းများနဲ့ တွေ့ပါစေ၊ ကြုံပါစေ” ဆိုပြီး ဆုတောင်းကြတယ်၊ အဲဒါ အလွန် သနားကြင်နာရှာလွန်းလို့ပဲ မဟုတ်လား။
အေး ဒီသဘောအတိုင်းပါပဲ၊ ဘုရားက ဘုန်းကြီးတို့ ဒကာဒကာမတွေအပေါ်မှာ ဒီအတိုင်း မြင်တော်မူလို့ သနားကြင်နာတော် မူလွန်းလို့ ကယ်တင်ပေးတော်မူတာပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။ ရိပ်မိရင် ပေးတဲ့ဆေးကို ကြိုးစား၊ စားကြ၊ စားချင်၊ မစားချင် ကြိတ်မှိတ်ပြီးသာ စားကြ၊ မဂ်ရမှသာ စိတ်ချရမယ်၊ မဂ်နဲ့မဖြတ်သမျှ ရွှံ့ဗွက်ထဲပဲ ထပ်တလဲလဲ ပြန်ဆင်းရမယ်၊
ရွှံ့ဗွက်ထဲပြန်ဆင်းရတာ ရူးချက် အလွန်သန်လွန်းလို့ပဲဆိုတာ မှတ်ကြ၊ မဂ်နဲ့မဖြတ်သေးရင် အကြိမ်ပေါင်းမည်မျှ ဆိုတာ မသိနိုင်တော့ဘူး၊ ဘုရားတွေမမြှော်နဲ့တော့၊ နောက်လာမှာလဲ ဂင်္ဂါဝါဠု သဲစုမက လာမှာပဲ၊ အရင်ကလဲ ဂင်္ဂါ ဝါဠုသဲမကအောင် ဒီနည်းအတိုင်း ရှောင်ခဲ့ကြပြီ၊ လွဲခဲ့ကြရပြီ၊ သဘောပါကြရဲ့လား။
သံသယမရှိနဲ့ လုပ်ရင်ရတယ်
ဘုရားပရိနိဗ္ဗာန် စံခါနီးမှာ သုဘဒ်ရဟန်းကမေးလို့ ဘုရားက ဖြေတော်မူခဲ့တာမှာ “ငါဘုရား သာသနာမှာ ကျင့်ကြံအားထုတ်သူမကွယ်သမျှ ရဟန္တာမကွယ်ဘူး” ဆိုတဲ့အဓိပ္ပါယ် လာရှိတယ်ဆိုတာ မှတ်ကြ၊ ဒါကြောင့် သံသယမရှိနဲ့ လုပ်ရင်ရတယ်ဆိုတာ ဆုံးဖြတ်ပြီး အခုလုပ်ကြ၊ ရှင်းပလား။ ဒကာဒကာမတွေက “ဒီချောက်နေပြီး ဟိုချောက် ကျရပါလို ၏၊ ဒီဗွက်ကနေပြီး ဟိုဗွက်ရောက်ရပါလို၏” နဲ့ ဆိုသလိုပဲ လုပ်နေကြတယ်။
”ဒီကုသိုလ်ကြောင့် လူ့ပြည်၊ နတ်ပြည်၊ အကြိမ်ကြိမ် ခံစားစံစား၍” တဲ့ ဆိုကြတာဟာ ဒီအတိုင်းပါပဲ၊ အကြိမ်ကြိမ် ဆိုတာ တခါနှစ်ခါဆို မကြိုက်နိုင်ဘူး၊ ချောက်အကြိမ်ကြိမ် အကျခံချင်လို့ဆိုတာ ထင်ရှားတယ်၊ ဒီလိုဆိုတော့ ဒကာတို့ဟာ ချောက်ချစ်တဲ့ ချောက်ကျချင်တဲ့ အရူးတွေပဲလို့ ဆိုထိုက်မဆိုထိုက် စဉ်းစားကြည့်ကြ၊ နိဗ္ဗာန်မရခင်စပ်ကြားတဲ့၊ ဒီစပ်ကြား က ဘယ်လောက်ကျယ်တဲ့ စပ်ကြားလဲမသိကြဘူး၊ မရေတွက်နိုင်တဲ့ စပ်ကြားပဲလို့ မှတ်ကြ။
ဒကာဒကာမတို့ ရှေးကလုပ်ခဲ့တဲ့ အမှားတွေပြင်ကြ၊ လုပ်မှရမှာမို့၊ လုပ်ယူကြရမယ်၊ ဝိပဿနာမဂ္ဂင်အလုပ် လုပ်ယူမှသာ နိဗ္ဗာန်ရနိုင်တယ်၊ အလုပ်လုပ်ကြဆိုတော့ ဖြစ်ပျက်ကို အရင်မလုပ်နဲ့၊ နိဗ္ဗာန်ရချင်ရင် ဒိဋ္ဌိခွါမှုကို အရင် လုပ်၊ ဒိဋ္ဌိရှိရက်နဲ့ ဝိပဿနာရှုနေတာ နှစ်ပေါင်း ၄၀ကျော်ကြာပေမယ့် ရှင်ဆန္နဟာ နိဗ္ဗာန်မရဘူး၊ အဲဒါ ဒိဋ္ဌိမကွာလို့ဘဲ မှတ်ကြ၊ သဘောပါပလား။
(၁)က ပဋိစ္စသမုပ္ပါဒ်ရှင်းမှု၊ (၂)ကဒိဋ္ဌိခွါမှု၊ (၃)က ဝိပဿနာရှုမှု
ဒိဋ္ဌိက သဿတရယ်၊ ဥစ္ဆေဒရယ်၊ သက္ကာယရယ်၊ ဒါတွေကို အရင်ခွါရမယ်၊ ဒီဒိဋ္ဌိတွေ ခွါမယ့်ကြံရင်လဲ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကို နားလည်အောင် လုပ်ပါအုံးလို့ သတိပေးလိုက်တယ်၊ ဒီအလုပ်စဉ် မမှားဖို့ အရေးကြီးတယ်ဆိုတာ မှတ်ထားကြ၊ အဲဒီတော့ (၁)က ပဋိစ္စသမုပ္ပါဒ်ရှင်းမှု၊ (၂)ကဒိဋ္ဌိခွါမှု၊ (၃)က ဝိပဿနာရှုမှု၊ ဒီအစဉ် မမှားစေရဘူး၊ ဒီအစဉ်မပါရင် မရဘူးလို့ မှတ်လိုက်ကြ။
မောင်ဆန်ဟာ နှစ်ပေါင်း ၄၀ကျော်ကြာအောင် ဝိပဿနာအားထုတ်တာပဲ၊ ဖြစ်ပျက်မြင်ပြီး အားထုတ်တာပါပဲ၊ အားထုတ်ပေမယ့် မရဘူး၊ ဘာကြောင့်လဲဆိုတော့ ဒိဋ္ဌိမကွာလို့၊ ဒိဋ္ဌိမခွါတတ်လို့ပဲ၊ ဘာကြောင့် မခွါတတ်သလဲဆိုတော့ ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ပဲ၊ သဘောပါကြပလား။ ဥပမာ ဘာနဲ့တူသလဲဆိုတော့ ကလေးတွေ (စွန်)လေတံခွန် ကြိုးတပ်ပြီး လွှတ်သလိုပဲဆိုတာ မှတ်ကြ၊ ဒီမှာလဲပဲ နိဗ္ဗာန်မရအောင် ဒိဋ္ဌိကြိုးက ဆွဲချထားလို့ပဲ ရှင်းပလား။
ဒါကြောင့် ဝိပဿနာမရှုခင် ဒိဋ္ဌိအရင်ခွါရမယ်၊ ဒိဋ္ဌိခွါချင် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် အရင်သိရမယ်၊ ခန္ဓာ့အကြောင်း သိမှသာ ဒိဋ္ဌိကွာနိုင်မယ်၊ ဒီအလုပ်စဉ်ကိုမလွဲအောင် အမြဲအစွဲမှတ်ထားကြ။
ရှင်ဆန္နကို ရဟန်း တော်တွေက ဝိုင်းပြီးကြဉ်တယ်
ဒီနေရာမှာ ရှင်ဆန္နဝတ္ထုသက်သေကို ပြန်ဆက်ပြောရမယ်၊ အရင်နေ့က ပြောပြီးခဲ့အတိုင်း ရှင်ဆန္နကို ရဟန်း တော်တွေက ဝိုင်းပြီးကြဉ်တယ်ဆိုပါတော့၊ အဲဒီလိုကြဉ်တဲ့ “ဗြဟ္မဒဏ်ထားတော့” ရှင်ဆန္နဟာ အသက် ၈၀ကျော်နေပြီ၊ အဲဒီနောက်မှ သူက ရဟန်းတွေဆီလှည့်ပြီး ဆုံးမပါအုံး၊ သွန်သင်ပါအုံးနဲ့ လိုက်တောင်းပန်တော့ ရဟန်းတွေက “ရုပ်ဟာ အနိစ္စ၊ ဝေဒနာဟာ အနိစ္စ (လ)အလုံးစုံ သင်္ခါရတွေဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေပဲ” ပြောပြကြတယ်။
ရဟန်းတွေဟောပြတဲ့အတိုင်း အားထုတ်ပေမယ့် သူ့မှာ နိဗ္ဗာန်မပေါ်လာဘူးတဲ့၊ နိဗ္ဗာန်မမြင်ရဘူးတဲ့၊ အားထုတ် တဲ့အခါမှာ ဖြစ်ပျက်တွေ ဆုံးသွားပေမယ့် နိဗ္ဗာန်မလာတဲ့ လန့်လန့်သွားတယ်-တဲ့၊ လန့်တဲ့နောက်က ဘာများ အားကိုးရ မလဲဆိုတဲ့ အားကိုးရှာမှု လာနေတယ်-တဲ့၊ ရိပ်မိပလား။ အဲဒါ ဘာကြောင့်လဲဆိုတော့ သူ့မှာ သဿတဒိဋ္ဌိရှိနေလို့ပဲ၊ သဿတဒိဋ္ဌိက ခိုင်တာမြဲတာ သဘောကျနေတာ၊ ခိုင်တာမြဲတာ သဘောကျနေတော့ ဖြစ်ပျက်မြင်လေ ဒိဋ္ဌိသောင်းကျန်း လေပဲဆိုတာ မှတ်လိုက်ကြ။
ရှင်ဆန္န ဒီလိုဖြစ်နေတာဟာ သဿတခံနေလို့ပဲ၊ ဒါ ခုခံနေတော့ မဂ်စစ်မပေါ်လာဘူး၊ မဂ်စစ်မပေါ်တော့ နိဗ္ဗာန်မမြင်ရဘူး၊ အဲဒီတော့ ရှင်ဆန္နက ငါအရင်ကလဲ အားထုတ်တာပဲ၊ အခုလဲ ရဟန်းတွေဟောပြလို့ အားထုတ်ကြည့် တာပဲ၊ ထုတ်ပေမယ့် နိဗ္ဗာန်မမြင်ပါဘူး၊ နိဗ္ဗာန်မရပါဘူးနဲ့ ညည်းတွားရှာတယ်၊ ဒါကြောင့် ဒကာဒကာမတွေ အားထုတ် ဆိုပေမယ့် ရမ်းအားထုတ်လို့ မရဘူးဆိုတာမှတ်ကြ၊ ဒကာတို့တတွေမှာ ရှင်ဆန္န နှစ်ပေါင်း ၄၀ကျော်နဲ့စာရင် တော်သေးရဲ့ လို့ ဆိုရမယ်။
ဒိဋ္ဌိမကွာလို့ အားနည်းတဲ့ ဝိပဿနာ ဖြစ်နေတယ်
အဲဒါနဲ့ ရှင်ဆန္နဟာ ရှင်အာနန္ဒာထံသွားပြီး အကျိုးအကြောင်း ပြောဆိုလျှောက်ထားလိုက်တယ်၊ အဲဒီအခါမှာ အရှင်အာနန္ဒာက သူပြောတဲ့စကားအရနဲ့ တွေးတောစဉ်းစားပြီး ကြည့်လိုက်တော့ “ဒိဋ္ဌိမကွာလို့၊ အားနည်းတဲ့ ဝိပဿနာ ဖြစ်နေတယ်၊ အားနည်းလို့ မဂ်မပေါ်နိုင်ဘူး၊ ဒိဋ္ဌိကနိုင်နေလို့ပဲ၊ သဿတရှိနေလို့ မရတာပဲကိုး” လို့ တွေးတောပြီး ဆုံးဖြတ်ချက်ချလိုက်တယ်။
ဒီလိုဆုံးဖြတ်ပြီးတော့မှ သူ့အတွက်နဲ့ သူနဲ့တော်တဲ့တရား ဘယ်တရားလဲဆိုပြီး ပိဋကတ်သံုံးပုံ အကုန်မွှေနှောက်ပြီး ရှာကြည့်လိုက်တယ်၊ ရှာကြည့်လို့ သူနဲ့တော်မယ့် တရားတွေ့တော့မှ “ငါ့ရှင်-ဆန္န ဘာမှမပူနဲ့၊ မဂ်ဖိုလ်ကို ဧကန်ရရမယ်၊ သေသေချာချာမှတ်ပြီး နာယူပေတော့” လို့ပြောပြီး ကစ္စာနအနွယ်ဖြစ်တဲ့ရဟန်းကို ဘုရားဟောတော်မူခဲ့တဲ့ တရားကို ဟောပြလိုက်တယ်-တဲ့။
ဒကာဒကာမတို့ အဲဒီရှင်အာနန္ဒာက ရှင်ဆန္နကို တဆင့်ဟောပြတဲ့တရားက ဒိဋ္ဌိဖြုတ်တရားပဲ၊ ဒီတရားကို ဒကာဒကာမတွေအတွက် နားရှင်းအောင် ဟောပြမယ်၊ ဒိဋ္ဌိဖြုတ်ပုံကို ပြောလိမ့်မယ်ဆိုတာ မှတ်ကြ၊ ဒိဋ္ဌိဖြုတ်ပုံက ဥပမာ ယားတယ်ဆိုပါတော့၊ ယားတယ်ဆိုတာ ဒုက္ခဝေဒနာကလေးပဲ၊ ယားရင် ယားတဲ့ဒုက္ခဝေဒနာကို ဖြစ်ပျက်ရှုရမယ်၊ ရိပ်မိပလား။
ယားတဲ့ဝေဒနာကို မရှုမိရင်
ယားတဲ့ဝေဒနာကို မရှုမိရင် နောက်က ဒေါသလာမယ်၊ မခံချင်တဲ့ဒေါသလာမယ်၊ ဒီဒေါသနောက်က ဒီလိုသာ ဖြင့်ခက်တယ်၊ အိပ်ရေးကပျက်လှချည့်၊ သောက စိုးရိမ်မှုလာတယ်၊ အိပ်လို့က မပျော်နိုင်၊ မတင်မကျဖြစ်ပြီး မျက်ရည်တွေ ထွက်လာ ပရိဒေဝလိုက်လာတာပဲ၊ ဒီထက်ပိုဆိုးလာတော့ ဥပါယာသ လာတာပဲ၊ အဲဒါဟာ ဒုက္ခဝေဒနာလေး ဖြစ်ပျက် မသိလိုက်လို့ဆိုတဲ့ အဝိဇ္ဇာနဲ့တွဲလျက်ပဲ၊ နောက်က အားလုံးဟာလဲ ဒီအဝိဇ္ဇာနဲ့ တွဲလျက်ချည့်ပဲ။
ပဌမလာတဲ့ ယားတဲ့ဒုက္ခဝေဒနာလေးကို မသိလိုက်တဲ့ဒဏ်ချက်ဟာ အဲဒီမှာမသိလို့ အဝိဇ္ဇာနဲ့တွဲလျက်၊ နောက် အဝိဇ္ဇာနဲ့ ဒေါသ၊ အဝိဇ္ဇာနဲ့ ဒေါမနဿ၊ အဝိဇ္ဇာနဲ့သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသအားလုံး အဝိဇ္ဇာနဲ့ တွဲလျက်ချည်းပဲ၊ အဲဒီအခိုက်မှာ အဝိဇ္ဇာနဲ့ တွဲလျက်နဲ့ အသက်ရှင်နေရတယ်ဆိုတာ မှတ်ကြ၊ ဘာပေါ်လာလာ ဖြစ်ပျက်မရှု မိရင် မသိမှုနဲ့နေတာမို့ အဝိဇ္ဇာနဲ့ အသက်ရှင်နေတာပဲ၊ အဝိဇ္ဇာနဲ့ အသက်ရှင်ရတာ သက်ဆိုးရှည်ပဲဆိုတာသာ မှတ်လိုက် ကြ။
ကြောင်သက်ရှည်လေ သက်ဆိုးရှည်လေ ဆိုသလိုပဲ၊ ဒကာဒကာမတို့လဲ မသိမှုနဲ့ အသက်ရှည်ရတာ သက်ဆိုး ရှည်တာပဲ၊ ပေါ်ကြပလား။ ဝေဒနာလာတာ ဝေဒနာမှန်းမသိဘူး၊ မသိတဲ့သူမို့ ဒေါသဖြစ်တာပဲ၊ အဲဒါ အဝိဇ္ဇာနဲ့တွဲတာပဲ၊ ရိပ်မိကြပလား။ ဒီလိုဖြင့်ရင် အဝိဇ္ဇာပစ္စယာ သင်္ခါရာဖြစ်တာပဲပေါ့၊ ဖြစ်တော့ ပဋိစ္စသမုပ္ပါဒ်အစက ပြန်လည်ကြအုံး၊ ဘယ်တော့များ ဆုံးကြပါ့မတုန်း။
ဒုက္ခစက်ရဟတ်ကို ဆုံးတတ်အောင် ဆုံးကြ
ဒကာဒကာမတို့ ဒီဒုက္ခစက်ရဟတ်ကို ဆုံးတတ်အောင် ဆုံးကြ၊ မဆုံးတတ်သမျှ ဒုက္ခပင်လယ်ဝေတော့မယ် ဆိုတာ မှတ်ကြတော့၊ ဆုံးတတ်အောင် ဘယ်လိုလုပ်ရမလဲ၊ ခြင်ပါးစပ်နဲ့ အသားနဲ့ထိတာနဲ့ ဖဿပစ္စယာ ဒုက္ခဝေဒနာ ပေါ်လာတယ်၊ အဲဒီဒုက္ခဝေဒနာလေးဟာ ပေါ်ပြီး ဖြတ်ဆိုချုပ်သွားတယ်၊ ဝေဒနာပေါ်တဲ့အချိန်မှာ ဝေဒနာနဲ့ အသက်ရှင် နေတယ်လို့သိရင် သက္ကာယဒိဋ္ဌိပြုတ်ပြီ။
ဒီဝေဒနာကို ဉာဏ်နဲ့ကြည့်ရင် တစ်နဲ့နှစ်ပဲ ရှိတယ်၊ တစ်ဆိုဖြစ်ပြီး နှစ်ဆို ချုပ်သွားတာပဲ၊ ဒီဝေဒနာဟာ တစ်၊ နှစ်ဆိုမမြဲဘူး၊ အနိစ္စပါလားလို့သိရင် သဿတဒိဋ္ဌိပြုတ်တယ်၊ ရှင်းကြရဲ့လား။ ဝိပဿနာမရှုမိရင် ဒုက္ခဝေဒနာ ပစ္စယာ ဒေါသော၊ ဒုက္ခဝေဒနာကြောင့် ဒေါမနဿဖြစ်တယ်၊ ဖဿကြောင့် ဝေဒနာဖြစ်တယ်၊ ဒီဒုက္ခဝေဒနာကြောင့်လဲ ဒေါသဖြစ်ရတယ်၊ အဲဒီလိုအကြောင်းအကျိုးဆက်တာမြင်ရင် ဥစ္ဆေဒဒိဋ္ဌိပြုတ်တယ်။
ဖြစ်ပျက်သာဆက်ပြီး ရှုကြတော့
ဒါကို မြင်အောင် ဟောပြလို့သိရရင် ဖြစ်ပျက်သာဆက်ပြီး ရှုကြတော့ ဒိဋ္ဌိတွေ သီးသန့်ခွါဖို့ မလိုတော့ဘူး၊ ဒီ-ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ် ဟောပြထားလို့ ဉာဏ်နဲ့သိရရင် တဒင်္ဂအားဖြင့် ဒိဋ္ဌိတွေအလိုလို ကွာနေပြီဆိုတာ မှတ်ကြ၊ ဒီအမြင်နဲ့ ဝိပဿနာသာ ဆက်ကြိုးစားတော့ သဘောပါပလား။
ဝိပဿနာရှုတဲ့အခါမှာ ခန္ဓာထဲမှာ ပေါ်လာသမျှဟာ ဒုက္ခသစ္စာချည့်ပဲ၊ ဒုက္ခပေါ်တာ ဒုက္ခမှန်းသိရင် သက္ကာာယ စင်ပြီ၊ ဓမ္မလေးတွေပေါ်လာတိုင်း ပျက်, ပျက်သွားတာမြင်ရင် သဿတစင်ပြီ၊ ဓမ္မတခုနဲ့တခု အကြောင်းအကျိုး ဆက်နေတာပဲလို့မြင်ရင် ဥစ္ဆေဒစင်ပြီ၊ ဒီဒိဋ္ဌိသုံးခုစင်ရင် ဒိဋ္ဌိ ၆၂မျိုးလုံး အကုန်စင်တာပဲလို့သာ မှတ်ကြတော့၊ သဘောပါ ပလား။
ကိုင်း-ယနေ့ ဒီတင်ပဲ တော်ကြအုံးစို့။
