20410

ပဋိစ္စစက်ရဟတ်၊ ရှုဉာဏ်ဖြတ်, တရားတော်

ဆောင်ပုဒ်

လူနတ်ဗြဟ္မာ၊ သတ္တဝါ၊ သူငါ မဖန်ဆင်း။

အတိတ်ကြောင်းခံ ပစ္စုပ္ပန်၊ ခန္ဓံရတင်းလင်း။

အကြောင်းကြောင့်သာ၊ အကျိုးဖြာ၊ ရလာခုလက်ငင်း။

အဝိဇ္ဇာစ၊ သင်္ခါရ၊ ငါးဝအကြောင်းရင်း။

ဝိညာဏ်စစွာ၊ ငါးခန္ဓာ၊ ဒုက္ခအကျိုးခြင်း။

ပစ္စုပ္ပန်တွင်၊ ရှုဉာဏ်ဖြတ်၊ ကင်းပြတ်တဏှာရှင်း။

တဏှာချုပ်ငြိမ်း၊ နောက်ကျိုးသိမ်း၊ အေးကိန် နိဗ္ဗူချင်း။

သတိချပ်

မိုက်မဲအဝိဇ္ဇာ၊ ရင်းခံလာ၊ ကမ္မာသင်္ခါရ။

တဏှာ, စွဲသန်၊ ဘုံတန်တန်၊ ဆုပန်လွှဲမှားကြ။

စုတိသန္ဓေ၊ ကမ်ကျိုးဝေ၊ ဆက်လေပဋိစ္စ။

ဒုက္ခသစ္စာ၊ ရလေပါ၊ ခန္ဓာထက်ချင်မျှ။

ဤနည်းမြုပ်မျော၊ သံသာကြော၊ မဟောအာဒိစ။

ငွေကုန်လူပန်း၊ ထင်ရာရမ်း၊ အကန်းဒုက္ခိတ။

အနပ္ပကမ်း၊ သံသာကြမ်း၊ တင်းကျမ်း တိဒုက္ခ။

တရားသား

လက်ရှိ ခန္ဓာကို ဘယ်သူကဖြစ်စေသလဲ?

ဒကာ ဒကာမတွေ ဒီကနေ့လည်း မနေ့က ပဋိစ္စသမုပ္ပါဒ်တရား အဆက်ကိုဘဲ ဟောလိမ့်မယ်လို့ မှတ်ကြ၊ ဒကာ ဒကာမတို့ အခုလက်ရှိ ခန္ဓာကို ဘယ်သူကဖြစ်စေသလဲ? မိဘတို့က ဖြစ်စေတယ်, ဆိုတာလည်း တစ်စိတ်တစ်ဒေသ သာ ဟုတ်တယ်၊ အကုန်မဟုတ်ဘူး၊ အကြောင်းမလုံလောက်ဘူး၊ ရှင်းပြီလား? ဗြဟ္မာ, သိကြား, ထာဝရ, စတဲ့ အယူတွေလည်း မမှန်ဘူး၊ မိစ္ဆာ, အယူတွေဘဲ၊ ဒိမိစ္ဆာ, အယူက လွတ်ချင်သူဟာ၊ ဒီ ပဋိစ္စသမုပ္ပါဒ်တရားကို ကြိုးစားပြီး နာယူရမယ်၊ ဒီတရားကို နားလည်မှသာ ဒီမိစ္ဆာ, အယူမျိုးတွေက လွတ်နိုင်ကြမှာ၊ သဘောပါကြရဲ့လား?

ဒီပဋိစ္စသမုပ္ပါဒ်တရားဟာ၊ ဘုရားမပွင့်လည်း သူ့သဘာဝအတိုင်းရှိနေတာဘဲ၊ ဘုရားပွင့်တဲ့အခါလည်း ရှိတာပဲ၊ ဒီဓမ္မသဘာဝ သဘောတရားတွေဟာ အမြဲတည်ရှိနေတယ်လို့ မှတ်ကြ။ ဒါပေမယ့် ဘုရားမပွင့်တဲ့အခါမျိုးမှာ ဘယ်သူမှ သိနိုင်ခွင့်မရှိကြဘူး၊ အင်မတန် သိမ်မွေ့နက်နဲ ခက်ခဲလှတဲ့ သဘာဝမျိုးဖြစ်လို့၊ သဗ္ဗညုဘုရားရှင်တို့အရာသာဖြစ်တယ်လို့ မှတ်ကြ၊ ရိပ်မိကြပလား။

အဲဒီတော့ ဒီပဋိစ္စသမုပ္ပါဒ်ဖြစ်ပုံ-ပျက်ပုံ အလုံးစုံကို ကိုယ်တိုင်ပိုင်ပိုင်နိုင်နိုင် ထွင်းဖောက်ပြီး အကုန်သိမြင်တော် မူတယ်၊ ဘုရားက ပဋိစ္စသမုပ္ပါဒ်အစကိုလဲ သိမြင်တော်မူတယ်၊ အလယ်နဲ့ အဆုံးကိုလဲ သိမြင်တော်မူတယ်၊ ရိပ်မိကြပလား၊ ဘုရားရှင်က ပဋိစ္စသမုပ္ပါဒ်အစကို သိတော်မူလို့ သံဝေဂဉာဏ် ပွားတော်မူတယ်၊ အဆုံးကိုသိလို့လဲ ဘုရားဖြစ်တယ်၊ ဘုရားအဖြစ် ရောက်တော်မူတယ်လို့မှတ်ကြ၊ သဘောပါကြရဲ့လား။

ကိုယ့်အတန်းနဲ့ကိုယ်

ဘုန်းကြီးတို့ ဒကာ ဒကာမတွေလဲ “ကိုယ့်အတန်းနဲ့ကိုယ်” ပဋိစ္စသမုပ္ပါဒ် အစလဲသိကြရမယ်၊ အဆုံးကိုလဲ သိကြရမယ်ဆိုတာ မှတ်လိုက်ကြ၊ ဒီလိုသိမှ ဒိဋ္ဌိဝိစိကိစ္ဆာကင်းမယ်၊ ဒါမှ မဂ်ရမယ်ဆိုတာ ဆုံးဖြတ်ချက်ချ။ ဒကာ ဒကာမ တွေ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာမကင်းရင် ဝိပဿနာအာပေါက်အောင် အားထုတ်ပေမယ့်လဲ မရနိုင်ဘူးလို့သာမှတ်လိုက်ကြ၊ ရှင်းပ လား။ ပဋိစ္စသမုပ္ပါဒ်ကို နားမလည်ရင် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာမကင်းဘူး၊ ပဋိစ္စသမုပ္ပါဒ်နားလည်မှသာ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာကင်းနိုင်မယ်၊ ဒီ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာကင်းမှ အားထုတ်ရမယ်၊ အဲဒါမှ မဂ်ဉာဏ်ရမယ်ဆိုတာ မှတ်ထားကြ။

ဒကာ ဒကာမတို့ ဘုရားရှင်ရဲ့အပေါ် ဟောညွှန်ပြသတဲ့ ဆရာသမားအပေါ်မှာ ယုံကြည်ပြီး ကြိုးစားအားထုတ် ကြလို့ သတိပေးလိုက်ပါတယ်၊ ရိပ်မိကြပလား။

အခု ဒကာ ဒကာမတွေ ဘယ်ထဲမှာ ရောက်နေကြသလဲ၊ စက်ဝိုင်းပြန်ကြည့်ကြ၊ နံပါတ် ၂-အကွက်ထဲရောက်နေ ကြတယ်၊ ပစ္စုပ္ပန်အကျိုးငါးပါးဆိုတဲ့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဒီခန္ဓာငါးပါးထဲ ရောက်နေကြတယ်၊ မြင်ကြပလား။ ဒီထဲမှာ ပဋိသန္ဓေ ဝိညာဏ်နဲ့လဲ နေခဲ့ကြပြီ။ အခု ပဝတ္တိဝိညာဏ်နဲ့လဲ နေကြရတယ်၊ ဒါက အိပ်နေဆဲအခါ မှာ မသေအောင် စောင့်ရှောက်နေတဲ့ ဘဝင်စိတ်ကို ခေါ်တာပဲလို့ မှတ်လိုက်ကြ။

ဒုက္ခသစ္စာပိုင်းမှာ ကျနေကြတယ်

နောက်ပြီး နာမ်တွေ, ရုပ်တွေ, စက္ခု, သောတစတဲ့ အာယတနတွေ, ဖဿတွေ, ဝေဒနာတွေ၊ အာရုံခံစားတဲ့ ဝေဒနာတွေကရှိပြီးနေကြတယ်၊ ရှင်းကြရဲ့လား၊ ဒီထဲမှာ ပဋိစ္စသမုပ္ပါဒ်က ငါးခု၊ ငါးခုကို ခန္ဓာဖွဲ့ရင်၊ ခန္ဓာငါးပါးပဲရတယ်၊ ၂-နံပါတ်ကြည့်လိုက်ကြ၊ ပဋိစ္စသမုပ္ပါဒ်အရနဲ့ကြည့်တော့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတွေနဲ့နေတယ် ဆိုတာ ထင်ရှားပြီ၊ အတွင်းဘက် သစ္စာပိုင်းကြည့်တော့၊ ဒုက္ခသစ္စာပိုင်းမှာ ကျနေကြတယ်။

ဒီတော့ ဒကာတို့ အခုလက်ရှိ ပစ္စုပ္ပန်ခန္ဓာဟာ ဘယ်သစ္စာထဲမှာလဲ၊ ဒုက္ခသစ္စာထဲမှာပဲ၊ ဒီတော့ ခန္ဓာမှာ ဘာပေါ်ပေါ် ဒုက္ခဆိုတာပဲ မှတ်ရမယ်၊ ရှင်းပလား၊ ဒါကြောင့် ခန္ဓာမှာ ရုပ်ပဲပေါ်ပေါ်၊ နာမ်ပဲပေါ်ပေါ် ဒုက္ခပဲလို့သာ မှတ်ကြတော့။ ဘယ်အခါရှုရှု၊ ဒုက္ခသစ္စာချည်းပဲ၊ ဒိပြင် ဘာမှမပါဘူး။ ခန္ဓာမှာ ဖြစ်မှု၊ ပျက်မှုဟူသရွေ့ ဒုက္ခသစ္စာပဲတဲ့၊ သဘောပါကြရဲ့လား၊ အဲဒီဒုက္ခသစ္စာဟာ ပစ္စုပ္ပန်အကျိုးတလွှာပဲ၊ စက်ဝိုင်းထဲမှာ တွေ့ကြရဲ့လား။

ပစ္စုပ္ပန်အကျိုးဟာ ဒုက္ခသစ္စာ၊ ဒီတော့ အခု ဒကာတို့လက်ရှိရထားတဲ့ ခန္ဓာဟာ ဘာသစ္စာလဲ၊ ဒုက္ခသစ္စာ။ လူ့ဘဝ ဘာသစ္စာတုန်း၊ ဒုက္ခသစ္စာ။ ရိပ်မိကြပလား။ “သံခိတ္တေန ပဉ္စုပါဒါ နက္ခန္ဓာပိ ဒုက္ခာ” လို့ ဘုရားဟောတော်မူထား တယ်၊ ဒါကြောင့် ဖြစ်ပေါ်သမျှအားလုံး ဒုက္ခသစ္စာချည်းပဲဆိုတာ ကျေနပ်ပလား။ ခန္ဓာမှာ ဉာဏ်နဲ့ကြည့်တော့ ဖြစ်၊ ပျက်ဒုက္ခပဲရှိတယ်၊ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခ ရနေတာပဲဆိုတာ သိမြင်ရမယ်၊ ဘာကိုပဲကြည့်ကြည့် ဖြစ်ပျက်ပဲရှိတယ်။ ဒါကြောင့် ခန္ဓာတစ်ခုလုံး ရှိသမျှ ဒုက္ခသစ္စာချည်းပဲလို့သာ မှတ်ကြ။

လူ့ဘဝရတာဟာ ဒုက္ခသစ္စာရတာပဲ

ဒကာ ဒကာမတွေ သဘောပါကြပလား။ ဒကာတို့ အခု လူ့ဘဝရတာဟာ ဒုက္ခသစ္စာရတာပဲ၊ ရှင်းပလား။ ဒီတော့ လူ့ချမ်းသာဆိုတာ ဘယ်မှာတုန်းလို့ မေးလိုက်ပါတယ်၊ ခန္ဓာငါးပါးက ဒုက္ခသစ္စာတရားကြီး၊ လူ့ချမ်းသာဆိုတာ မပါပါဘူး။ ဒကာ ဒကာမတွေက “လူ့ချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ၊ အကြိမ်ကြိမ်ခံစားစံစားရပါလို၏” လို့ဆိုပြီး ဆုပန်နေကြတယ်၊ အဲဒီလိုဆိုတာ မှန်ပါ့မလား၊ မမှန်တော့ဘူး၊ တက်တက်စင် လွဲနေကြပြီ၊ ငါးပါးမှောက်နေပြီဆိုတာ မှတ်ကြတော့။

ဒီလိုဆိုတော့ ဒကာ ဒကာမတွေကို ဘယ့်နှယ်ဆိုရမလဲ၊ “အကြိမ်ကြိမ် ဒုက္ခထဲမှာနေရ၍ အကြိမ်ကြိမ် ဒုက္ခခံစားရ ပါလို၏” လို့ ဆိုလိုက်တာပဲ၊ ရိပ်မိကြပလား၊ ဒုက္ခကို ဒုက္ခမှန်းမသိကြလို့ ပါးစပ်က ထွက်ရက်တာပဲ၊ မကောင်းတာကို မကောင်းမှန်းသိရင် တောင်းပါ့မလား၊ မတောင်းဘူး၊ အမှန်အကန်သိရင် ဒီအသံမျိုးက ပါးစပ်က ထွက်ရက်ပါ့မလား။ မထွက်ရက်ပါဘူး၊ ကျေနပ်ပလား။

တောင်ဝှေးဆွဲလွဲရင် ဒုက္ခချောက်ထဲ ကျရမယ်

ဒကာ ဒကာမတို့ ကြပ်ကြပ်သတိပြုကြ၊ တောင်ဝှေးဆွဲ-လွဲရင်ခက်မယ်၊ တောင်ဝှေးဆွဲ-ညံ့ရင် ညံ့တဲ့အထဲ ပါသွားမယ်၊ ကောင်းရင် ကောင်းတဲ့အထဲပါသွားမယ်၊ တောင်ဝှေးဆွဲလွဲရင် ဒုက္ခချောက်ထဲ ကျရမယ်ဆိုတာ မှတ်လိုက်ကြ။ တောင်ဝှေးလဲ ကြည့်ပြီးဆွဲရမယ်၊ သဘောပါကြရဲ့လား၊ ဒကာ ဒကာမတွေ စဉ်းစားကြ၊ ၂-နံပါတ် ဒုက္ခသစ္စာ အဖန်ဖန် ဖြစ်ရပါလို၏လို့ တောင်းကောင်းသလား၊ မတောင်းကောင်းဘူး၊ ဉာဏ်နဲ့စဉ်းစားကြပါ၊ နောက်ပြီး ပါလိုက်သေး၊ ခံစား၊ စံစားပြီး အဆုံးစွန်သောဘဝမှာတဲ့၊ သူဆုံးချင်မှဆုံးမှာ၊ သူမဆုံးချင်ရင် ဘယ်တော့မှ မဆုံးဘူးဆိုတာ မှတ်လိုက်ကြ၊ ရှင်းပလား။

ဒကာတို့တတွေ နောက်တစ်ခါ တောင်းချင်သေးရင် ဒီလိုဆိုပြီးတောင်းကြ၊ “ဒီအကုသိုလ်၏အကျိုးကြောင့် ဒုက္ခအကြိမ်ကြိမ် ခံစားရပါလို၏” လို့ တောင်းကြတော့၊ ဘယ့်နှယ့် တောင်းရဲပါ့မလား၊ ဒါမှ တောင်းရဲတဲ့သူဆိုရင် အာဂလူပဲ၊ အတော်မိုက်တွင်းနက်တဲ့သူမို့ပဲလို့သာ မှတ်လိုက်ကြ၊ ကျေနပ်ပလား၊ အခုကို ဒကာ ဒကာမတွေ ၂-နံပါတ် ဒုက္ခချောက်ထဲ ကျနေကြရတယ်၊ ဒါ ဘာလို့လဲ၊ ဒီချောက်ထဲ ဘာကြောင့် ဆင်းမိသလဲ၊ ရိပ်မိကြရဲ့လား။

၁-နံပါတ်အကွက်ကို ပြန်ကြည့်ကြ၊ အစက-အဝိဇ္ဇာကို တွေ့ကြရမယ်၊ အဝိဇ္ဇာဆိုတာ ဒုက္ခသစ္စာကို မသိမှုပဲ။ ၂-နံပါတ်ဒုက္ခချောက်ထဲ ဆင်းမိတာ ဒီဒုက္ခသစ္စာ မသိမှု အဝိဇ္ဇာကြောင့်ပဲဆိုတာ ပေါ်ကြပလား။ ဒီ အဝိဇ္ဇာကြောင့် ဘုံဘဝကို လိုချင်တဲ့ သင်္ခါရကိုပြုလိုက်တယ်၊ ပြုလိုက်တဲ့အတွက် သေပြီးတဲ့နောက်ကာလမှာ ဒီနံပါတ် ၂-ဒုက္ခသစ္စာ ပြန်ရတော့တာပဲ၊ ဒီလိုရရတာ မသိလို့ ရခဲ့တာပဲဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြပလား။

ဒုက္ခရတာ အဝိဇ္ဇာနဲ့တောင်းယူလို့

ဒီ ဒုက္ခရတာ အဝိဇ္ဇာနဲ့တောင်းယူလို့ရတာပဲ၊ အဝိဇ္ဇာနဲ့ သင်္ခါရတွေလုပ်၊ လုပ်ပြီးတောင်းယူ၊ ဥပါဒါန်စွဲလမ်း၊ ရိပ်မိကြပလား။ ဒကာ ဒကာမတွေက ဘုံဘဝရစေတဲ့ ကုသိုလ်သင်္ခါရတွေလုပ်လိုက်တော့ ဒုက္ခသစ္စာကို သေသည်၏ အခြားမဲ့မှာ ရလာတာပဲ၊ အကောင်းထင်လို့ တောင်းယူမိတာ အလောင်းပဲ အဖတ်တင်ခံရတယ်၊ ဒကာတို့ဟာက ငွေကုန်လူပန်းပဲ၊ ငွေကုန်လူပန်းဆိုတော့ ကြောက်စရာကြီးပဲ၊ သဘောပါလား။

ဒကာ ဒကာမတို့က အမှန်အကန်မသိလို့ လူ၊ နတ်၊ ဗြဟ္မာကို ချမ်းသာလို့ ထင်မိကြတယ်၊ ချမ်းသာထင်ပြီး၊ လိုချင်လို့ လုပ်လိုက်တော့ ဒုက္ခသစ္စာကြီး ရလာကြတယ်၊ ဒီတော့ ဒကာတို့ဟာက ဒီ ၁-နံပါတ်မှာ ငွေကုန်ခဲ့ကြရပြီး ဒီဘက် ၂-နံပါတ်ထဲမှာ လူပန်းကြရတယ်၊ ဒုက္ခသစ္စာကြီး ထမ်းပြီး လူပန်းနေကြရပြီ၊ ရိပ်မိကြပလား၊ ဒကာတို့တတွေ အင်မတန်ကံကောင်း၊ အကြောင်းသင့်ကြလို့ အခုလို သိနိုင်မြင်နိုင်တဲ့ အခွင့်အခါမျိုး ကြုံတွေ့လာရတာ၊ ကြိုးစားယူလိုက် ကြ။

သစ္စာသိနိုင်တဲ့ အခွင့်အရေးဟာ နည်းတဲ့အခွင့်အရေး မဟုတ်ဘူး၊ လွယ်ကူတဲ့ အခွင့်အရေးမျိုးလဲ မဟုတ်ပါဘူး ဆိုတာ မှတ်လိုက်ကြ။ အဝိဇ္ဇာက သစ္စာမသိတော့ သင်္ခါရအလုပ်တော့ ဉာဏ်မပါဘဲ ရမ်းပြီးလုပ်လိုက်ကြ။ မသိတဲ့သူ လုပ်လေသမျှ အမှန်ကျပါ့မလား။ မကျနိုင်ဘူး၊ ဘာကြောင့်လဲ၊ မသိတဲ့လူ လုပ်တာမို့ပဲ၊ ရှင်းပလား။ မသိသူက ကုသိုလ် ပြုတော့ “သင်္ခါရပစ္စယာဝိညာဏံ” ဆိုပြီး၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဒုက္ခသစ္စာကြီး ရလာတာပဲ၊ ရှင်းကြရဲ့လား။

သင်္ခါရနဲ့ ဝိညာဏ် စပ်နေတယ်

ဒကာ ဒကာမတွေ ၁-အကွက်နဲ့ ၂-အကွက်ကြားမှာ မြှားကလေးရှိတယ်၊ အဲဒီအလယ်မြှားကလေးကိုကြည့်ကြ။ မသိတဲ့သူ ကုသိုလ်ပြုတော့ ဘာတွေရသလဲ၊ မသိတာက အဝိဇ္ဇာ၊ ပြုတာက သင်္ခါရ၊ ဒီအဝိဇ္ဇာနဲ့ သင်္ခါရရှိတော့ ဒီဘက်က ဝိညာဏ်နဲ့စပ်သွားတယ်။ ဒီ ၁-အကွက်က သင်္ခါရနဲ့ ၂-အကွက်က ဝိညာဏ် စပ်နေတယ်၊ မြှားလေး မြင် ကြပလား၊ ဒကာ ဒကာမတွေ မသိတဲ့သူလုပ်တော့ အဝိဇ္ဇာနဲ့ သင်္ခါရနဲ့ စပ်နေပြီ၊ ရှင်းကြရဲ့လား။

အတိတ်ဘဝက ဒုက္ခသစ္စာမသိလို့ ဒုက္ခရကြောင်း ကုသိုလ်လုပ်၊ သေပြီးတဲ့နောက်မှာ ဒီခန္ဓာ ဒုက္ခသစ္စာ ပြန် ရလာတယ်၊ ယခု ပစ္စုပ္ပန်မှာ ဒကာတို့ ရလာကြတာကိုပြောတာ၊ ယခု ပစ္စုပ္ပန်မှာ ပဋိသန္ဓေဒုက္ခ ဝိညာဏ်က စ,ရခဲ့ကြတယ်၊ အိုဘေး၊ နာဘေး၊ ဇရာဒုက္ခ၊ ဗျာဓိဒုက္ခတွေကလဲ အခု ရနေကြတုန်း ရှိသေးတယ်၊ မရဏဒုက္ခ၊ သေဘေးကလဲ မလွတ် ကြသေးဘူး၊ ဒကာတို့နေရတာ ဒုက္ခသစ္စာနဲ့ချည်း နေကြရတာ၊ ဒါဘာကြောင့်လဲ၊ အဝိဇ္ဇာ၊ သင်္ခါရက ပြုလိုက်တာပဲ၊ သဘောပါပလား။

ဘယ်သူမှ ဖန်ဆင်းတာမဟုတ်ဘူး

ဒီခန္ဓာ သိကြား၊ ဗြဟ္မာ ဘယ်သူမှ ဖန်ဆင်းတာမဟုတ်ဘူး၊ အဝိဇ္ဇာ၊ သင်္ခါရကြောင့် ဖြစ်ရတာပဲ၊ ရှင်းကြပလား၊ ဒကာတို့တတွေ စိတ်ဝိညာဏ်တွေနဲ့ နာမ်ရုပ်တွေနဲ့ အာယတနတွေနဲ့ နေကြရတာဟာ မသိတဲ့အဝိဇ္ဇာကြောင့်၊ ပုညာဘိ သင်္ခါရဆိုတဲ့ ကုသိုလ်သင်္ခါရ ပြုလုပ်ကြ၊ လုပ်တော့ အကျိုးတရားပေါ်လာတယ်၊ အကျိုးတရားက ဘာသစ္စာလဲ၊ ဒုက္ခသစ္စာ ပဲ၊ ဒီဒုက္ခသစ္စာ ဘာကြောင့် ရသလဲ၊ မသိလို့ပြုလုပ်၊ ပြုလုပ်လို့ရရှိလာတယ်၊ မသိလို့လှူဒါန်း၊ ဒါကြောင့် ဒုက္ခသစ္စာ ရလာတာပဲ၊ ရှင်းကြရဲ့လား။

ဒကာ ဒကာမတွေ အခု ဘေးကင်းကြသေးရဲ့လား၊ ဘေးတွေမျိုးစုံနဲ့ အရှုံးဖြင့် တန်းကုန်ကြပြီ၊ ရိပ်မိကြရဲ့လား၊ မသိတဲ့အဝိဇ္ဇာနဲ့ပြုလုပ်တဲ့ ကုသိုလ်ကြောင့် သေသည်၏အခြားမဲ့မှာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဒီခန္ဓာငါးပါး အခု ရထားပြီ၊ ဒါက ဘာသစ္စာလဲ၊ ဒုက္ခသစ္စာ၊ ဒီဒုက္ခသစ္စာက ပစ္စုပ္ပန်အကျိုးတရား၊ သူ့ရဲ့အကြောင်းက အဝိဇ္ဇာ၊ သင်္ခါရတွေပဲ၊ စက်ဝိုင်းပြန်ကြည့်ကြ၊ မြင်ကြရဲ့လား။

သစ္စာမသိတဲ့ အဝိဇ္ဇာစီမံသလို သင်္ခါရကပြုတော့ ဒုက္ခသစ္စာရ,ထားပေါ့၊ ဟုတ်ကြရဲ့လား၊ အဝိဇ္ဇာနဲ့သင်္ခါရက သမုဒယသစ္စာ၊ စက်ဝိုင်းအတွင်းဘက်မှာပြန်ကြည့်၊ မြင်ကြရဲ့လား၊ အဝိဇ္ဇာဆိုတာ သစ္စာလေးပါးမသိတာကို ခေါ်တာ၊ မသိလို့ အတိတ်က ကုသိုလ်သင်္ခါရပြုကြ၊ ပြုတော့-လူ့ဘဝ နတ်ဘဝ လိုချင်တဲ့ကုသိုလ်ပြုကြတာ၊ ဒီတော့ ဇာတိဒုက္ခ အခု အသင့်ရပြီ၊ ရှေ့ဆက်သွား ဇရာပိ ဒုက္ခသစ္စာ၊ ဗျာဓိပိဒုက္ခသစ္စာ၊ မရဏမ္ပိဒုက္ခသစ္စာ၊ လေးချက်တစ်ဆက်တည်းရ မယ်၊ ရမှာက ဒုက္ခသစ္စာတွေချည်းပဲ။

လူ့ဘဝဆိုတဲ့ နတ်သမီးလိုချင်လို့ ခုန်ချလိုက်တာ

ဥပမာအားဖြင့်ဆိုရင် လူတစ်ယောက်ကို “မင်း-ဒီချောက်ကမ္ဘားပေါ်ကနေပြီး အောက်ကို ခုန်ချလိုက်ပါ၊ ခုန်ပြီး ချလိုက်လို့ အောက်ရောက်ရင် နတ်သမီးကလေးကို ရလိမ့်မယ်” လို့ ပြောတော့ အဲဒီလူက ခုန်ချလိုက်တော့ အရိုးအသား ရှာမရအောင် ကြေမွပျက်စီးသွားရရှာတယ်၊ နတ်သမီးတော့ မရရှာဘူး၊ အဲဒီဥပမာလိုပဲ ဒကာတို့တတွေလဲ လူ့ဘဝဆိုတဲ့ နတ်သမီးလိုချင်လို့ ခုန်ချလိုက်တာ တစ်ခါတည်း အရိုးအသား တခြားစီဖြစ်ရတော့မှာပဲ ရိပ်မိကြပလား။

အမှားအကြောင်းကြောင့် အမှားအကျိုးကို ရကြတဲ့အဖြစ်နဲ့တော့ ကိုယ်တိုင်တွေ့နေကြရပြီ၊ ဒကာတို့မှာ အနာက ပေါက်ပြီးသား၊ ဆေးမကုဘဲနဲ့ ထပ်ပြီးကုတ်ဖဲ့နေတယ်ဆိုရင် တော်ပါ့မလား၊ မတော်တာသိရင် ပြင်ကြ၊ ဒကာတို့က ဒီအတိုင်းပဲ ကုသိုလ်တွေအမျိုးမျိုးပြုကြ၊ ပြုပြီး လူ့ချမ်းသာ၊ နတ်ချမ်းသာတောင်းတာဟာ ဒီအတိုင်းပါပဲ၊ ဒီဥပမာနဲ့ ထပ်တူပဲ၊ အနာကို ထပ်ပြီးကုတ်ဖဲ့နေတာပဲလို့သာ မှတ်ကြ၊ သဘောပါကြပလား။

ဒကာတို့တတွေ အတိတ်အကြောင်းကြောင့် ယခု ပစ္စုပ္ပန်အကျိုးထဲ နေကြရတယ်၊ သမုဒယသစ္စာကြောင့် အခု ဒုက္ခသစ္စာရနေကြတယ်၊ မကုတ်ကြ၊ မဖဲ့ကြနဲ့၊ ထပ်မဆော့ကြနဲ့၊ ထပ်ပြီးဆော့ရင် အနာဂတ်အကျိုးတွေ လာဦးမယ်၊ နောက်ဒုက္ခ-သစ္စာရအုံးမယ်၊ ရိပ်မိကြရဲ့လား၊ ဥပမာ-လူတစ်ယောက်က ဒီကြမ်းပေါက်ကြားက ခုန်ချလိုက် ခုန်ချရင် ဘာတွေဘာတွေ ရလိမ့်မယ်လို့ပြောတော့ လူမိုက်က အဟုတ်မှတ်ပြီး ခုန်ချလိုက်တယ်၊ ခုန်ချလိုက်တော့-ဒဏ်ရာ၊ အနာတရ အပြင်းအထန် ရသွားရှာတယ်။

လူမိုက်က ခုန်ချတာ မသိလို့ ခုန်ချတာ

လူမိုက်က ခုန်ချတာ မသိလို့ ခုန်ချတာ၊ မသိတာက အဝိဇ္ဇာ၊ ခုန်ချလို့ရတဲ့အနာက ဒုက္ခသစ္စာ။ ဒကာ ဒကာမ တွေ သဘောပါကြပလား၊ အဝိဇ္ဇာက သမုဒယကိုလဲမသိဘူး၊ မသိတော့ တဏှာ၊ ဥပါဒါန်နဲ့ဆုတောင်း၊ ဆုတောင်းတော့ ဒုတိယဘဝ ပြန်ရပါရော။ အဝိဇ္ဇာက ဒုက္ခလဲမသိ၊ သမုဒယလဲ မသိဘူး၊ နိရောဓလဲ မသိရှာဘူး၊ ဒီသစ္စာသုံးချက်မသိတော့ လူနာနဲ့မသာပဲ အဖတ်တင်ရတာပဲ၊ အဝိဇ္ဇာက မဂ္ဂသစ္စာလဲ မသိရှာဘူး၊ မသိတော့ ကုသိုလ်လုပ်ရင် နေရာကျတယ်လို့ ထင်တယ်။ သူပြုရတဲ့ ဒါနစေတနာနဲ့ နိဗ္ဗာန်ရောက်ကြောင်းလို့ ထင်မိတယ်။

ဒီလို အထင်နဲ့ရမ်းပြီး လှူဒါန်းမိတော့ ဒုက္ခသစ္စာပဲ ပြန်ရပြန်တယ်၊ ရှင်းကြရဲ့လား၊ သစ္စာလေးချက်မသိတဲ့ အတွက် လုပ်သမျှအမှားချည်းပဲ၊ မသိဘဲလုပ်တော့ ပြန်ရတာဟာ ဒုက္ခသစ္စာချည်းပဲ ပြန်ရနေတယ်၊ သဘောပါကြပလား၊ ဒီအဝိဇ္ဇာဟာ သားရေး၊ သမီးရေး၊ စီးပွားရေးအတွက်နဲ့ လိမ်ကောက်ပြီးရှာဖွေမယ်၊ ကျွေးမွေးမယ်၊ ဒီတော့ အပါယ်သွားရ မယ်၊ အင်မတန် ကံကောင်းထောက်မလိုက်လို့ သံသရာက ပေါ်ဖို့လမ်းစရလာတာ၊ အပါယ်သံသရာက ပေါ်လာကြတာ၊ ဒီလိုနဲ့သေပြန်တော့၊ အပါယ်ခန္ဓာပေါ်လာပြန်တယ်၊ ဒါဟာ အကုသိုလ်သင်္ခါရကြောင့်ပဲ။

ဒကာ ဒကာမတွေ ကောင်းနိုင်ကြပါအုံးမလား၊ အဝိဇ္ဇာက သစ္စာလေးပါးမသိတော့၊ နောက်က-အကုသိုလ်သင်္ခါရ လာတယ်၊ ဒီလိုအကုသိုလ်သင်္ခါရပစ္စယာလာတော့ နောက်က ဝိညာဏ်စတဲ့ အပါယ်ခန္ဓာလာတော့တာပဲ၊ သဘောပါကြရဲ့ လား၊ အဝိဇ္ဇာပစ္စယာ ကုသိုလ်သင်္ခါရကတစ်မျိုး၊ အကုသိုလ်သင်္ခါရကတစ်မျိုး၊ မသိလို့ ကုသိုလ်ပြုတာလဲ ဒုက္ခသစ္စာပဲရ တယ်၊ မသိလို့အကုသိုလ်ပြုတာဟာလဲ ဒုက္ခသစ္စာရတာပဲ၊ ဘာများပိုပြီး ထူးခြားသေးတုန်း။

သုဂတိဒုက္ခသစ္စာနဲ့ ဒုဂ္ဂတိဒုက္ခသစ္စာ

ဒကာတို့တတွေ ရိပ်မိကြရဲ့လား၊ လောကမှာ ပြောကြတဲ့စကားတစ်ခုရှိတယ်၊ ဘယ်လိုလဲဆိုတော့ “ကျောင်း ဒကာနဲ့ နွားသတ်တဲ့သူဟာ၊ အတူတူပါပဲ” တဲ့၊ အဲဒီလိုပြောတာဟာ သစ္စာနဲ့ပြောတဲ့စကားပဲလို့ မှတ်ကြ၊ အဓိပ္ပါယ်က ကျောင်းဒကာလဲသေတော့ ဒုက္ခသစ္စာပြန်ရမှာပဲ၊ နွားသတ်တဲ့လူလဲ သေတော့ ဒုက္ခသစ္စာ ပြန်ရရမှာပဲ၊ မထူးပါဘူးတဲ့။ သစ္စာနဲ့ပြောရင် မထူးကြဘူး။ တကယ်တော့လဲ မတူကြဘူးပေါ့။ ဒုက္ခသစ္စာချင်းတူပေမယ့် သုဂတိဒုက္ခသစ္စာနဲ့ ဒုဂ္ဂတိ ဒုက္ခသစ္စာလို့ကောင်းတာ၊ ဆိုးတာ ကွာတယ်လို့မှတ်ကြ။

ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သိထားဖို့က ဒုက္ခသစ္စာမှန်ရင် ဘယ်ဟာမှ မကောင်းဘူးလို့သာ မှတ်လိုက်ကြ၊ ရှင်းပလား။

ဒကာ ဒကာမတွေ အဝိဇ္ဇာ၊ သင်္ခါရကြောင့် ဒုက္ခသစ္စာရတယ်၊ ဒုက္ခသစ္စာကတော့ ဒုက္ခသစ္စာချည်းပဲ၊ ဒကာတို့ သုဂတိ၊ ဒုဂ္ဂတိ ဒုက္ခသစ္စာနှစ်ခု ဘယ်ဟာကို ကြိုက်ကြသေးသလဲ၊ မကြိုက်ကြနဲ့၊ ဒုက္ခသစ္စာချင်းအတူတူပဲ၊ ဘယ်ဟာမှ မကြိုက်ကြနဲ့တော့၊ ပွေးကိုင်းနဲ့ ဝမ်းလျှောသေရတာနဲ့၊ သရက်မျိုးကောင်းစားပြီး ဝမ်းလျှောသေရတာနဲ့ ဘယ်ဟာမှ မကြိုက်ပါဘူး၊ သုဂတိဝမ်းလျှောနဲ့ ဒုဂ္ဂတိဝမ်းလျှော၊ ဘယ်ဟာမှ မကောင်းဘူး၊ သဘောပါကြရဲ့လား။

ဘာကြောင့် မကောင်းတာလဲဆိုတော့ အကြောင်းက မကောင်းလို့ပဲ၊ အကြောင်းမကောင်းတော့၊ အကျိုးကလဲ တူနေလို့ပဲ၊ ဒုက္ခသစ္စာချည်းပဲမို့ ဘယ်ဟာမှ မကောင်းဘူး၊ ရှင်းပလား။ အခု ဒုက္ခသစ္စာကြီး ရထားတာဘာလို့လဲ၊ အတိတ်က အကြောင်းတူလို့ လွန်ခဲ့တဲ့အတိတ်က ပြုခဲ့လို့ ဒုက္ခသစ္စာကြီး ရထားခဲ့တာ၊ ဘာမှလုပ်လို့မဟုတ်ဘူး၊ သူ့ အကြောင်းကဘာလဲ၊ အဝိဇ္ဇာ၊ သင်္ခါရပဲ၊ ဒါဟာ ဖြစ်ကြောင်းအစစ်ပဲလို့ မှတ်လိုက်ကြ။

အဝိဇ္ဇာရှိသူမှ ဒီသင်္ခါရကိုပြုမယ်

အဝိဇ္ဇာရှိသူမှ ဒီသင်္ခါရကိုပြုမယ်၊ ရိပ်မိပလား၊ ဒုက္ခသစ္စာမသိတော့ ကုသိုလ်သင်္ခါရပြုပြီး လူ့ဘဝရရပါလို၏တဲ့ ဒီတော့ ဒီဒုက္ခသစ္စာကြီး ရလာခဲ့တယ်၊ အခု ဒကာတို့တတွေ ဒီဒုက္ခက ရုန်းနိုင်ကြသေးရဲ့လား၊ မရုန်းနိုင်ကြဘူး၊ ဒီဒုက္ခက မလွတ်နိုင်ကြတော့ဘူး၊ ဟုတ်ကြရဲ့လား၊ ဗုဒ္ဓဘာသာကလွဲရင် တခြားဘာသာဝင်တွေမှာ ဒီသစ္စာကို မသိနိုင်ကြ ဘူး၊ သိနိုင်တဲ့အခွင့်အလမ်းပိတ်ပင်နေတယ်၊ ဒါကြောင့် ငါတို့ဟာ အလွန်ကံကောင်းပါလားလို့ ရိပ်မိပြီး ကြိုးစားယူကြ။

အကုသိုလ်သင်္ခါရလုပ်ပြီး အပါယ်ခန္ဓာ ဒုက္ခသစ္စာရကြမယ်၊ ဒီလိုဆိုတော့ အကုသိုလ်လဲ ကြောက်ရမယ်၊ မသိလို့လုပ်တဲ့ ကုသိုလ်လဲကြောက်ရမယ်ဆိုတာ မှတ်ကြ၊ ရှင်းပလား၊ ဒါကြောင့် အခုလောလောဆယ် အလှူမင်္ဂလာ လုပ်ချင်နေတဲ့ ဒကာတို့ကို ဆိုင်းပါအုန်း၊ ခဏ်လောက် နေစမ်းပါအုန်းလို့ တားထားရတယ်။ ဒုက္ခသစ္စာက လွတ်အောင် လှူတတ်ဖို့၊ လှူတတ်တဲ့ဉာဏ် အရင်လုပ်အုန်း၊ အရင်ရအောင် ကြိုးစားအုန်း၊ ဒီအသိဉာဏ်ရပြီးမှ လှူကြပါလို့” ပြောရ တယ်။

အသိဉာဏ်ဟာ အလွန်ပဲ အရေးကြီးပါတယ်

အသိဉာဏ်ဟာ အလွန်ပဲ အရေးကြီးပါတယ်။ အသိဉာဏ်မရှိရင် အမှားချည်းပဲ လုပ်မိတတ်တယ်။ ငွေကုန်ခံရ ကျိုး၊ လူပန်းခံရကျိုးနပ်အောင် အသိဉာဏ်အရင်ရအောင် ကြိုးစားကြရမယ်၊ ဒကာ ဒကာမတွေ သဘောပါကြရဲ့လား။ မသိတဲ့သူအဖို့ရာမှာ ဈာန်သမာပတ်တွေ အားထုတ်လဲပဲ ဗြဟ္မာခန္ဓာ ဒုက္ခသစ္စာရမှာပဲ။ မသိတဲ့အဝိဇ္ဇာနဲ့ သမထဈာန် သင်္ခါရ၊ ပြန်လုပ်တော့ ဗြဟ္မာခန္ဓာ ရလာတယ်၊ အဲဒါ-ဒုက္ခသစ္စာပဲ ပြန်ရလာတာပဲ၊ ဘာများထူးသေးတုန်း။

ဒီလိုဖြစ်ရတာ ဘာလို့လဲ၊ အဝိဇ္ဇာအုပ်ချုပ်လို့ပဲ။ အဝိဇ္ဇာအုပ်ချုပ်တာဖြစ်လေတော့ နိဗ္ဗာန်ကိုမပါဘူး၊ ဒုက္ခချည်းပဲ ရလာတော့တယ်၊ ဒကာ ဒကာမတွေ သဘောပါပလား။ ကုသိုလ်လုပ်ပေမယ့် ဆေးဖြစ်မှသာ ကောင်းတယ်၊ ဘေးဖြစ်ရင် မကောင်းဘူးလို့သာ မှတ်လိုက်ကြ၊ ရှင်းကြရဲ့လား၊ အရေးကြီးတဲ့အသိဉာဏ်က ခန္ဓာသိတဲ့ဉာဏ်ပဲ၊ ခန္ဓာမှာ ဉာဏ်ရောက်ရ မယ်၊ ရိပ်မိပလား၊ ဒုက္ခသစ္စာ ခန္ဓာမှာ ဉာဏ်ရောက်ပြီး၊ ဒီခန္ဓာဒုက္ခက လွတ်လို၊ ကျွတ်လိုလို့ ဤဒါနဝတ္ထုများကို ပေးလှူပါတယ်လို့ စိတ်ကိုညွတ်ရမယ်။

ဒကာတို့တတွေ သဘောပါကြရဲ့လား၊ ဒီခန္ဓာဒုက္ခက လွတ်လို၊ ကျွတ်လိုလို့ လှူဒါန်းပါတယ်ဆိုရင် ဒုတိယဒုက္ခ သစ္စာမလာတော့ဘူး၊ လှူတုန်းကတည်းက ဒီဒုက္ခကိုကြောက်လို့ ဒီဒုက္ခက လွတ်လိုလို့ လှူဒါန်းတာပဲ၊ ဒီတော့ နောက်ဒုက္ခ ချုပ်ပြီး နိဗ္ဗာန်ပဲလာတယ်၊ ရှင်းကြရဲ့လား။ ပဋ္ဌမ ဒုက္ခကို ဒုက္ခမှန်းသိဖို့ ဒီလိုလဲ ကြောက်ဉာဏ်လာမှာ၊ တကယ်သိပြီး တကယ်ကြောက်တော့ ဒီဒုက္ခက လွတ်ချင်မယ်၊ လွတ်ချင်တဲ့စိတ်ရှိမှသာ လွတ်အောင်ကြိုးစားမှာ၊ ဟုတ်ရဲ့လား၊ ဒါကြောင့် အခုနှယ်က အင်မတန်ကြောက်စရာကောင်းတဲ့အနေ၊ ဉာဏ်ရောက်ဖို့လိုတယ်၊ ဉာဏ်နဲ့သိအောင် ကြိုးစားရမယ်။

စက်ဝိုင်းပြန်ကြည့်လိုက်ကြ

ဒကာ ဒကာမတွေ စဉ်းစားမိကြပလား။ အခု စက်ဝိုင်းပြန်ကြည့်လိုက်ကြ။ ဒကာတို့တတွေဟာ (၁)အကြောင်း အားထုတ်ခဲ့လို့၊ အခု (၂) အကျိုးဒုက္ခ ရလာကြတယ်၊ (၃) အကြောင်းကို အခု ပြန်ပြီးအားထုတ်ကြရင် (၄) အကျိုးဒုက္ခတွေ ပြန်ရလာအုန်းမယ်၊ ရှင်းကြရဲ့လား။ (၃) အကြောင်းက (၂)ထဲက ဖောက်ထွက်လာတာ၊ အခု ဒကာတို့တတွေ (၂)ထဲ ရောက်နေတုန်း ရှိသေးတယ်၊ ဒီ (၂)ထဲ ရောက်နေတုန်းမှာ ဝိပဿနာအားထုတ်မှ ဖြစ်မယ်၊ မထုတ်ရင် သစ္စာမသိနိုင် တော့ဘူး၊ ရိပ်မိကြပလား။

သစ္စာမသိတော့ နောက်ဘဝ ဒီထက်ချမ်းသာတာလိုချင်တယ်ဆိုပြီး၊ ကုသိုလ်သင်္ခါရတွေ ပြန်အားထုတ် ပြန်ပြီး လုပ်လိုက်ကြ၊ အဲဒီတော့ သေသည်၏ အခြားမဲ့မှာ ဒီဘက် (၄)နံပါတ်အကွက်က အနာဂတ်ဒုက္ခသစ္စာကြီး ပြန်ရတော့ မယ်၊ ရမှာသေချာတယ်၊ ရိပ်မိကြရဲ့လား၊ အခု ဒကာတို့ကို ဟောနေတာဟာ (၂) ထဲမှာ ဟောနေတာ၊ ဒီထဲမှာ (၃) တရားမပါကြစေနဲ့၊ (၃) နံပါတ်အကြောင်းတရား သမုဒယသစ္စာတွေ မပွားမိကြစေနဲ့လို့ သတိပေးလိုက်တယ်။ (၂) က-၃၊ မပေါက်ပွားကြစေနဲ့။

ဒုက္ခပင်က သမုဒယသီးတွေ ပြန်သီးပြီ

ဒကာ ဒကာမတွေ အခု၊ သစ္စာမသိတော့ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ ပြန်လုပ်ကြ၊ အဲဒါ ဒုက္ခပင်က သမုဒယသီးတွေ ပြန်သီးပြီလို့သာ မှတ်ကြ။ ဒုက္ခပင်ကြီးက သမုဒယသီးတွေ ပြန်သီးလာတော့ အနာဂတ်၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဒုက္ခသစ္စာ ပြန်ရကြမယ်၊ မြင်ကြပလား၊ စက်ဝိုင်းထဲမှာ ၂-အကွက်နဲ့၊ ၃-အကွက်ကို ပြန်ကြည့်ကြ၊ အဲဒီ ၂-ထဲက အဆိပ်သီးတွေ သီးလာတယ်၊ ဘာတွေလဲဆိုတော့ တဏှာ၊ ဥပါဒါန်၊ ကံ၊ အဝိဇ္ဇာ၊ သင်္ခါရဆိုတဲ့ အဆိပ်သီးတွေပဲ ရှင်းပလား။

ဒီငါးပါး ပြန်လုပ်မိတယ်၊ အဲဒါ ပစ္စုပ္ပန်အကြောင်းအခြင်းအရာ ငါးပါးတဲ့၊ အဲဒီ အကြောင်းငါးမျိုး အဆိပ်သီး တွေ ပြန်သီးလာရင် စပ်မယ်တဲ့၊ ၂-နဲ့ ၃-ကြားမှာ မြှားကလေးကိုကြည့်ကြ၊ စပ်မှာက ၃-ထဲက အနာဂတ်အကျိုးအခြင်း အရာငါးပါးနဲ့စပ်မှာကိုဆိုလိုတာ။ အနာဂတ်အကျိုးတွေနဲ့ စပ်သွားရင်၊ ဒုက္ခသစ္စာ ပြန်ရကြမယ်၊ သဘောပါပလား။ ဒီ အနာဂတ်ဒုက္ခတွေ ဘာကြောင့် ပြန်ရလာသလဲဆိုတော့ အခု ၂-ထဲက ပစ္စုပ္ပန်အကြောင်း အဆိပ်သီးတွေ သီးမိလို့ပဲတဲ့ ရှင်းကြပလား။

ဒီတော့ ဒကာတို့ဟာ အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးရ၊ ပစ္စုပ္ပန်အကြောင်းကြောင့် အနာဂတ်အကျိုးရ ဒီတော့ တစ်ပတ်ပြန်ရပြန်တာပဲ၊ ဒကာတို့တတွေ ၁, ၂, ၃, ၄၊ ၁, ၂, ၃, ၄ ချည်း လယ်နေကြတယ်၊ ဒါပဲ လှည့်ပတ်နေရ တယ်၊ မြင်ကြပလား၊ သစ္စာဖွဲ့ရင် သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ နှစ်ပါးထဲမှာပဲ လယ်နေကြရတယ်။ သမုဒယကြောင့် ဒုက္ခဖြစ်၊ ဒုက္ခထဲမှာ သမုဒယပြန်ဖြစ်။ ဒီကနေ ဒုက္ခပြန်ဖြစ်ရ။ ဒကာတို့တတွေ လယ်နေကြရတာ။ ဒီစက်ဝိုင်းထဲမှာ ပါတဲ့အတိုင်းပဲ၊ ဒီတော့ ဖြတ်လမ်းပါသေးရဲ့လား၊ ဖြတ်လမ်းကိုမပါတော့ဘူး။

ဖြတ်လမ်းရှာကြရမယ်

ဒကာ ဒကာမတွေ ဘယ်လိုများကြံကြမတုန်း၊ ဖြတ်လမ်းရှာကြရမယ်၊ ကိုယ့်အဖြစ်မှန်သိရရင် လွတ်လမ်း၊ ထွက်လမ်းရှာရမယ်၊ သဘောပါကြပလား၊ ဖြတ်ဖို့နည်းက စက်ဝိုင်းပြန်ကြည့်လိုက်။ ပစ္စုပ္ပန်အကျိုးတလွှာဆိုတဲ့ ၂-နံပါတ်နဲ့ ပစ္စုပ္ပန်အကြောင်းတလွှာဆိုတဲ့ ၃-အကွက်ဟာ တစ်ခုနဲ့တစ်ခု စပ်နေတယ်။ မြှားလေးပြထားတာကြည့်လိုက် မြင်ပလား၊ ဒီအစပ်ကနေပြီး နောက်က “တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ” ဆိုတဲ့ ဒီသုံး-မလာအောင် ဖြတ်ရမယ်။

ဒီနောက်က တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ ဒီသုံးခုမလာအောင် ဖြုတ်ရမယ်၊ ဒီဖြုတ်နည်းဟာ ထွက်လမ်းလို့ပဲ မှတ်ကြ။ ၂-ထဲက ၁-မပေါက်ပွားအောင် ဖြတ်ကြရမယ်၊ ၂-ထဲက ၃-မပေါက်ပွားရင် ထွက်လမ်းပဲဆိုတာ မှတ်ကြတော့၊ သဘောပါပလား၊ ထွက်လမ်းရအောင် ဒီ ၂-ထဲကနေပြီး ဉာဏ်နဲ့ဖြတ်ရမယ်၊ ဖြတ်လို့ပြတ်ရင်၊ ၃-ထဲက အကြောင်းသမု ဒယတွေ ချုပ်သွားမယ်၊ ၃-အကြောင်းသမုဒယချုပ်ရင်၊ ၄-ထဲက အကျိုးဒုက္ခတွေ အကုန်သိမ်းတာပဲ၊ သိမ်းတာနဲ့ နိရောဓပေါ်တာနဲ့ တစ်ချက်ထဲပဲ ရှင်းကြပလား။

ဖြတ်တဲ့နည်းကို နက်ဖြန်မှ ဆက်ပြောမယ်၊ ဒကာ ဒကာမတွေ သဘောပါကြရဲ့လား။

ကိုင်း-နာရီစေ့သွားပြီ၊ နက်ဖြန်မှ ဆက်ကြစို့။

**********